* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, November 16, 2010

“ဖန်တီးနိုင်စွမ်းရှိသော ခွင့်လွှတ်ခြင်းသည် ချစ်ခြင်းမေတ္တာမှ ပေါက်ဖွားလာသည် ”



အကျွန်ုပ်တို့ဟာ အမုန်းတရား၊ ပျက်စီးရာပျက်စီးကြောင်းနဲ့ မာန်မာနများ တန်လန်းလုပ်လက်စ ရှိနေခဲ့မယ်ဆိုယင်တောင် အမှန်တရား၊ ချစ်ခြင်းမေတ္တာနဲ့ ခွင့်လွှတ်ခြင်းများကို တွေ့ရှိရဖို့ လိုအပ်ပါတယ်။
Napoleon က ပြောပါတယ်။ အဲဒါကတော့ “ ဒီကမ္ဘာမှာ အကျွန်ုပ်တို့ကို အလွန်အံ့အားသင့်စေတဲ့အရာကတော့ ဘာမဆို ရယူဖန်တီးဖို့ အင်အားသုံးမှုက တတ်နိုင်ခြင်းမရှိ။ ရေရှည်မှာ စိတ်ဓာတ်အားမာန်က ဓားကို အနိုင်ယူ သာလွန်သွားတယ်” ဆိုတာပါ။
ဒီလိုပြောဆိုရာမှာ Napoleon ဟာ ခွင့်လွှတ်ခြင်းရဲ့ အရေးပါတဲ့ အခြေခံသဘောတရား မူတစ်ခုကို ထည်သွင်းစဉ်းစားခဲ့ပါတယ်။ အဲဒီခွင့်လွှတ်ခြင်းဟာ ဖန်တီးနိုင်စွမ်းရှိပြီး ဒါဟာ ချစ်ခြင်းမေတ္တာမှ ပေါက်ဖွားလာပါတယ်။ အဲဒီအရာဟာ ချစ်ခြင်းမေတ္တာနဲ့ မိမိရဲ့လက်များကို ဆန့်တန်းကမ်းလှမ်းနေစဉ်အတွင်း မိမိကိုယ်တိုင်အတွက်တော့ ဒဏ်ရာ ဒဏ်ချက်နဲ့ပတ်သက်တဲ့ နာကျင်မှုကို ပွေ့ဖက်ဖို့ စွမ်းရည်ပဲ ဖြစ်ပါတယ်။

ခွင့်လွှတ်ခြင်းဟာ လွယ်ကူသည်တော့ မဟုတ်။ အခြားသူများက အကျွန်ုပ်တို့ကို အနာတရဖြစ်စေတဲ့ ထိခိုက်နင့်နာစေခြင်းများဟာ လွန်ခဲ့တဲ့အတိတ်ကာလမှစလို့ အကျွန်ုပ်တို့ကို ချောက်ချားစရာအဖြစ် စိတ်မှာ စွဲထင်နေစေပြီး အကျွန်ုပ်တို့ရဲ့ အနာဂတ်အလားအလာအတွက် ညိုနွမ်းညစ်ပေစေပါတယ်။ ကံမကောင်းစွာနဲ့ပဲ အကျွန်ုပ်တို့ဟာ မလွမ်းလောက်တာအဖြစ် မေ့ဖျောက်ပစ်ခြင်းနဲ့သာ ခွင့်လွှတ်ခြင်းကို တန်တူသဘောထားလေ့ ရှိပါတယ်။ ဒါပေမယ့် ပစ္စုပ္ပန်မျက်မှောက်မှာ နေထိုင်ဖို့ လေ့လာသင်ကြားနေခြင်းက အကျွန်ုပ်တို့ဟာ ဒဏ်ရာဒဏ်ချက်နဲ့ပတ်သက်တဲ့ နာကျင်မှုဝေဒနာကို ပွေ့ဖက်ဖို့ အကျွန်ုပ်တို့ကိုယ်တိုင်ကို ထောက်ကူပါလိမ့်မယ်။ ဒါဟာ အကျွန်ုပ်တို့ ကိုယ်တိုင်ရော အခြားသူများကိုပါ ကုစားနိုင်ပါလိမ့်မယ်။

မကြာခဏဆိုသလို အကျွန်ုပ်တို့ဟာ နာကြည်လောက်ဖွယ်ဖြစ်ခဲ့တဲ့ သတိတရမှတ်မိနေခြင်းများက တဖန်ပြန်လည်လို့ ဝေဒနာကို အနာတရ ဖြစ်ခွင့်ပြုပြန်ပါတယ်။ မှတ်နိုင်စွမ်း မှတ်ညဏ်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ အပျက်သဘောဆောင်တဲ့ ဆန့်ကျင်ဘက်အရာ များစွာရှိပါတယ်။ အဲဒီမှတ်ညဏ်ကို လွှတ်ပေးလိုက်ဖို့ လွတ်ငြိမ်းခွင့်ပြုဖို့ကို Raymond Studzinski က ပြောပါတယ်။
မိမိလို ဖိအားများ ပဋိပက္ခများနဲ့အတိပြီးနေတဲ့ မပြည့်စုံတဲ့ကမ္ဘာမှာ နေထိုင်ရတဲ့လူသားတစ်ယောက်နဲ့အလားတူ - ထိခိုက်ဒဏ်ရာအနာတရဖြစ်နေတဲ့ အခြားလုပ်ဖော်ကိုင်ဖက်များကို ကြည့်ရှု့ဖို့ ဖြစ်ပါတယ်။
ခွင့်လွှတ်ခြင်းဟာ အတိတ်က ကြုံကြိုက်တိုက်ဆိုင် ဖြစ်ပျက်ခဲ့ပြီးတဲ့အရာကို ကြည်ဖြူစွာအသိအမှတ်ပြုလက်ခံဖို့ ဖြစ်ပါတယ်။ ဒါဟာ ကိုယ်ကိုယ်တိုင် ဒါမှမဟုတ် အခြားသူများနဲ့ပတ်သက်တဲ့ နောက်ဆုံးအဆုံးအဖြတ်ကဲ့သို့ လက်သင့်ခံဖို့တော့ မဟုတ်ပါ။

ဒါက ဖန်တီးနိုင်စွမ်းရှိအောင် ပြုလုပ်ပါတယ်။ Edward Guinan က ပြောပါတယ်။
အဲဒါကတော့ “အာဇာနည်များ၊ အတိုက်အခံများနဲ့ သူတော်စဉ်များက အကျွန်ုပ်တို့ကို ချန်ထားခဲ့တဲ့ အမွေးအနှစ်က - ဘ၀ရဲ့ အခက်အခဲများ၊ နာကျင်မှုများရှိသော်ငြားလည်း ယနေ့ ချစ်ခြင်းမေတ္တာနဲ့နေထိုင်နိုင်စွမ်း ရှိရပါ့မယ်။ နေထိုင်ရပါ့မယ်။ ယနေ့ အကျွန်ုပ်တို့ ရှင်သန်ရပ်တည်နေထိုင်တဲ့ ကြင်နာယုယမှုများ ငြိမ်းချမ်းရေးများကို မနက်ဖြန်က သယ်ဆောင်လာလိမ့်မယ်” ဆိုတာပါပဲ။

စိတ်ပညာဆရာများစွာက ယခု အသိအမှတ်ပြုဝန်ခံထားတာကတော့ “ ခွင့်လွှတ်ခြင်းရဲ့အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဟာ ဘယ်သူမျှ ဒဏ်ရာဒဏ်ချက်များမှ လွတ်ငြိမ်းချမ်းသာခွင့်မပြုတဲ့ဘ၀အတွက် ပထမဦးဆုံး မိမိကိုယ်ကိုယ်မိမိ ခွင့်လွှတ်ဖို့ ဖြစ်တယ်” ဆိုတာပါပဲ။
ကောင်းတာဖြစ်ဖို့ အခြားသူများက အနာတရဖြစ်စေခဲ့တဲ့ ထိခိုက်နာကျင်မှုများမှ ဘယ်သူကိုမျှ တားဆီးပိတ်ပင်မထားပါဘူး။ ခွင့်လွှတ်ခြင်းဟာ ဒဏ်ရာဒဏ်ချက်ရှိသူများကို စာနာရိုင်းပင်းတတ်မှုကရုဏာဖြင့် တုံ့ပြန်ပါတယ်။ ဒါက အကျွန်ုပ်တို့အားလုံးမှာ တူညီတဲ့ပျက်စီးစေလိုတဲ့ တစ်ဖတ်စောင်းနင်းမှုများ ရှိတယ်ဆိုတာနဲ့ - အကျွန်ုပ်တို့ဟာ အခြားသူများအပေါ် ထိခိုက်နာကျင်မှုများကို ဒဏ်ရာအနာတရဖြစ်စေဖို့ အလားအလာစွမ်းရည်များကို အကျွန်ုပ်တို့ကိုယ်တိုင်က အတွင်းသို့ သယ်ဆောင်လာတယ်- ဆိုတာကို ၀န်ခံနေခြင်းပဲ ဖြစ်ပါတယ်။

အကျွန်ုပ်တို့အားလုံးဟာ အကျွန်ုပ်တို့ကိုယ်တိုင်အတွက် တရားမျှတမှုကို ကြိုးပမ်းရှာဖွေဖို့ တိုက်တွန်းနှိုးဆော်မှု တစ်ခုကို သတိပြုမိကြပါတယ်။ သို့စေကာမူ အားလုံးကို ညှာတာသနားမှုနဲ့ သက်ညှာမှုက ရွေ့လျေားမသွားစေပါဘူး။ ထာဝရဘုရားနဲ့ပတ်သက်တဲ့ သမ္မာကျမ်းလာ ရုပ်သွင်ကတော့ ခွင့်လွှတ်နေတဲ့ ထာဝရဘုရားသခင်ရဲ့ရုပ်သွင်ပဲ ဖြစ်ပါတယ်။ လူသားများရဲ့ အမှားများအတွက် ထာဝရဘုရားရဲ့သက်ညှာမှုကို မိခင်ရဲ့ လှုပ်ခတ်တုန်ခါနေတဲ့သားအိမ်ဝမ်းဗိုက်ကဲ့သို့ သရုပ်ဖော်ထားပါတယ်။
ခွင့်လွှတ်နေတဲ့ ထာဝရဘုရားသခင်ရဲ့ ရုပ်သွင်ဟာ -“ အဖဘုရားသခင်! သူတို့ ပြုလုပ်တဲ့အရာကို သူတို့မသိတဲ့အတွက် သူတို့ကို ခွင့်လွှတ်ပေးပါ” ဆိုတဲ့ စကားလုံးများနဲ့ အသက်စွန့်ခဲ့ရတဲ့ ကာစင်သို့ ဖမ်းဆီးအတင်ခံထားရသူ Jesus ရဲ့ ရုပ်သွင်က အကောင်းဆုံး စံနမူနာ ဖြစ်ပါတယ်။

ခွင့်မလွှတ်တဲ့သဘောထားနဲ့အမုန်းတရားများဟာ ရုပ်ပိုင်းဆိုင်ရာ ထင်ရှားပေါ်လွင်အောင်ပြခြင်းနဲ့ စိတ်ဖိစီးမှုကို အရင်းခံတဲ့ မကျန်းမာမှုဆီသို့ ဦးတည်နိုင်ပါတယ်။ Dr Norman Vincent Peale-က သူမရဲ့လက်ပေါ်မှာ ဆိုးဝါးစွာယားနာခံစားနေရတဲ့ အမျိုးသမီးတစ်ဦးနဲ့ပတ်သက်တဲ့ကုသမှုကို ထုတ်ပြန်ကြေငြာပါတယ်။ သူမဟာ သူ့အဖေသေဆုံးပြီးနောက် သူ့အဖေရဲ့ အမွေများကို အများဆုံးခွဲဝေမှုများ ရရှိခံစားခဲ့ရတဲ့ သူမရဲ့အမကို မကျေမချမ်းဖြစ်ပါတယ်။ ဒီလိုခွဲဝေပေးရခြင်းအကြောင်းက သူမဟာ လူလွတ်ဖြစ်ပေမယ့် သူမရဲ့အမဟာ အိမ်ထောင်ရှင် သားသမီရှိသူ ဖြစ်နေလို့ပါ။

အမုန်းတရားများ၊ နာကျင်မှုများနဲ့ပြည့်နေတဲ့သူမဟာ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ ပြောင်းလဲ တိုးတက်လာခဲ့ပါတယ်။ ဒါဟာလည်းပဲ သူမရဲ့အမကို ခွင့်လွှတ်နိုင်တဲ့အချိန် ချစ်ခြင်းမေတ္တာထားနိုင်တဲ့ အချိန်ကြမှသာလျင် ဖြစ်ပါတယ်။ သူမဟာ နောက်တစ်ကြိမ်ထက်ပြီး ကျန်းမာရေးနဲ့ပျော်ရွှင်တဲ့ ဘ၀မှာနေထိုင်ဖို့ စွမ်းရည်များကို ပြန်လည်ရရှိခဲ့ပါတယ်။ ခွင့်လွှတ်ခြင်းဟာ ဘုရားသခင်တို့ရဲ့ ကျက်သရေလည်း ဖြစ်ပါတယ်။

လူသားသတ္တ၀ါများဟာ နှိပ်စက်ညှဉ်းပန်းမှု၊ သေခြင်းတရားနဲ့ ရှက်ဖွယ်လိလိရခြင်းများကို လွန်မြောက် ကျော်လွှားနိုင်စွမ်း ရှိကြပါတယ်။ အကြောင်းကတော့ လူသားရဲ့စိတ်ဟာ အဲဒီအရာကို ကျော်လွှားနိုင်ဖို့ စွမ်းရည်ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဖန်တီးနိုင်စွမ်းရှိတဲ့ ခွင့်လွှတ်ခြင်းများက သူမရဲ့နာဇီ(Nazi)နှိပ်စက်ညှဉ်းပန်းသူကို လွတ်ငြိမ်းခွင့်ပြုဖို့နဲ့ ချစ်ခြင်းမေတ္တာရဲ့ သတင်းစကားကို ကူးစက်ပျံ့နှံ့သွားစေဖို့ Corrie Ten Boom ကို ထောက်ကူခဲ့ပါတယ်။
အဲဒီအရာက သူ့ရဲ့ အကောင်းဆုံး -Man’s Search for Meaning- နဲ့ စိတ်ပညာအရ၊ စိတ်ရောဂါကုသမှုအရ လူသားကို ချမ်းသာစေဖို့ Victor Frankl ကို လှုံ့ဆော်စေခဲ့ပါတယ်။

ချစ်ခြင်းမေတ္တာရဲ့ ဆိုလိုခြင်းက - သူတို့ရဲ့ဘ၀များကို ပြန်လည်ပြင်ဆင်တည်ဆောက်ဖို့ - တော်လှန်ရေးရဲ့ လက်ကျန် အနိဌာရုံရလဒ်များမှ ပြန်လည်သက်ဝင်လူးလွန့်လာဖို့ - လက်လျော့ထားရတဲ့လူတစ်ယောက်ကို အထောက်အကူပြုတဲ့ ခွင့်လွှတ်တတ်တဲ့စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။
ဒီကမ္ဘာမှာ အမုန်းတရားဟာ ချစ်ခြင်းမေတ္တာဖြင့်ပြီးတဲ့ ခွင့်လွှတ်ခြင်းပါဝါလောက် ဘယ်တော့မှ ပါဝါမရှိဘူး ဆိုတာပါပဲ။

Janina Gomes
0 comments

Read more...

သုမိတြရ ကျွန်းပေါ်က သံဃာ့အစည်းအဝေးကြီး

မြတ်ဗုဒ္ဓပွင့်တော်မူပြီးစ ၉ လအကြာ မဂဓတိုင်း ရာဇဂြိုလ်မြို့ ဝေဠုဝန်ကျောင်း၌ စုဝေးမိသော သံဃာ့အစည်းအဝေးကြီးမှာ ရဟန္တာပေါင်း ၁၂၅၀ တို့တက်ရောက်တော်မူခဲ့ကြသည်။ မြတ်ဗုဒ္ဓ၏ ထိုပထမ မဟာသံဃသန္နိပါတ၌ မြတ်ဗုဒ္ဓက အရှင်သာရိပုတ္တရာအား ပထမအဂ္ဂသာဝက အပ်နှင်းတော်မူသည်။ အရှင်မောဂ္ဂလာန်အား ဒုတိယအဂ္ဂသာဝက အပ်နှင်းတော်မူ၍ ဘုရားအဆူဆူလက်ထက် သာသနာခေတ် အဆက်ဆက် ဂိုဏ်းဂဏအားလုံး လိုက်နာကျင့်သုံးရမည့် အဆုံးအမသြ၀ါဒ ပေးတော်မူခဲ့သည်။

သီးခံခြင်း, ခွင့်လွတ်ခြင်း, မေ့ပျောက်ခြင်း, သူတပါးကို မပုတ်ခက်ခြင်း, မစောင်းမြောင်းခြင်း, မနှိပ်စက်ခြင်း, နှိမ့်ကျ သိမ်ဖျင်းသော အကျင့်တို့ကို မကျင့်သုံးရခြင်း, စည်းကမ်း စောင့်ထိမ်းခြင်း, အ၀တ်အစား ပစ္စည်းများ၌ နှိုင်းနှိုင်းချိန်ချိန် အလှူခံ သုံးဆောင်ရခြင်း, မြို့စွန် ရွာစွန် တောကျောင်းတို့၌ မွေ့လျော်ရခြင်း, စိတ်၏တည်ငြိမ်မှုကို တည်ဆောက်ရခြင်း, မကောင်းမှုမှန်သမျှ မပြုရခြင်း, မကောင်းသော စကားတို့ကို မပြောဆိုရခြင်း, စိတ်ဖြူစင်ကြောင်း အကျင့်ကောင်းတို့ကို ကျင့်ခြင်း ဟူသော Common Platform သြ၀ါဒလက်ဟောင်းတို့ကို ချမှတ် လမ်းညွှန်တော်မူခဲ့သည်။
ယခု ၂၀၁၀ အောက်တိုဘာလ ၃၀၊ ၃၁ (မြန်မာနှစ် ၁၃၇၂ သီတင်းကျွတ်လပြည့်ကျော် (၇-၈ ) ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆုမတြာ (Sumatera) ကျွန်း မြောက်ပိုင်း Brastagi ဘရာစတာဂီ တောင်ပေါ်မြို့ကလေးအနီး တောအုပ်ကောင်းသော တောင်စောင်းမြို့ကလေးပေါ်၌ ပေ ၁၇၀ ခန့်အမြင့်ရှိသော မြတ်ဘုရား ရွှေတိဂုံ၏ ပုံတူကို မီဒန်း(Medan)မြို့က ပစ္စည်းနှင့် သဒ္ဓါ ဤနှစ်ဖြာကြွယ်ဝသော သူဌေးတစ်ဦးက တည်ဆောက် ပူဇော်ခဲ့လေသည်။ ဤရွှေတိဂုံစေတီတော် အသစ်တည်ဆောက်ရာ၌ သဒ္ဓါကောင်းကြသည့် မြန်မာ အပေါင်းကလည်း အလှူဒါန မြောက်မြားစွာ ပါဝင်ကြသည်။

သုဝဏ္ဏဘူမိ
သုဝဏ္ဏဘူမိ ဟူသည် ရွှေမြေဟု ဖွင့်ဆိုကြသည်၊ မြေကြီးကပင် ရွှေထွက်နေသလား? သို့သော် မြေကြီးက ရွေရောင်ပေါက်နေသလား? မေးဖွယ်ရာရှိသည်။ သို့သော် ကျွန်ုပ်တို့အယူအဆအရ ရွှေရောင်တောက်သော နှလုံးသားရှိသည့် လူတို့၏ မြေကို ရွှေမြေဟု ဆိုချင်ပါသည်။

လူသားနှလုံးသား အရောင်များ

မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ၌ စိတ်၏ ဖန်ဆင်းနိုင်သည့်စွမ်းအား (creative power) ကို ဖွင့်ဆိုရာ၌ တဏှာ လောဘ ရာဂ စရိုတ်ရှိသူတို့မှာ နှလုံးသား နှလုံးသွေးတို့သည် ကြက်သွေးရောင်ကဲ့သို့ နီရောင်ရှိ၏။ ဒေါသစရိုတ် ရှိသူတို့မှာ သူတို့၏ နှလုံးသား နှလုံးသွေးတို့သည် ညိုပုတ်ပုတ် ရှိ၏။ မောဟစရိုတ်ရှိသူတို့မှာ နီကျဲကျဲ နီစပ်စပ် ရှိသည်။ ၀ိတက်စရိုတ်ရှိသူမှာ ပဲပြုတ်ရည်ကဲ့သို့ ဖြူကျဲကျဲရှိ၏။ သဒ္ဓါစရိုတ်ရှိသူတို့၏ နှလုံးသား နှလုံးသွေးမှာ ရွှေရောင်တောက်၏။ (မျက်နှာအဆင်းက ရွှေလို ၀င်း၏ဟူလို) ။ ပညာစရိုတ်ရှိသူတို့မှာ ပတ္တမြားသွေးနှင့်တူ၏။ သဒ္ဓါ ပညာ ဤနှစ်ဖြာ အားကောင်းသော လူတို့၏ မျက်နှာ အသွင်အပြင် အသွေးအသား အရောင်အသွေးတို့မှာ သိင်္ဂီနိက် ရွှေတွင် ပတ္တမြား သွင်းထားသော လည်ဆွဲ,လက်စွပ် အသွင်ဖြစ်ပေ၏။
ကျွန်ုပ်တို့၏ အရှေ့တောင်အာရှသားတို့သည် ရွှေစင်တွင် ပတ္တမြားသွင်းထားသော ရတနာကဲ့သို့ သဒ္ဓါ ပညာ ဤနှစ်ဖြာ အားကောင်းသော လူသားများ ဖြစ်ကြသည်။

မည်သည့် နတ်လူ ဗြဟ္မာတို့မျှ မဖော်ထုတ်နိုင်သော သစ္စာတရားကို ဖော်ထုတ်ခဲ့သော မြတ်ဗုဒ္ဓက မွန်မြတ်သည့် လူနေမှုစနစ်ကြီးတခု၏ အခြေခံမူတို့ကို ဖော်ထုတ်ခဲ့သော ကွန်ဖြူရှပ် (Confucius Chinese Philosopher)။ သက်ရှိသတ္တ၀ါတို့ကို သတ်ဖြတ် နှိပ်စက် စားသောက်ခြင်းတို့ကို အဆုံးအစွန်ရောက် ရှောင်ကျဉ်၍ အဟိံသ ၀ါဒကို ဖော်ထုတ်ခဲ့သော မဟာဝီရ အစရှိသော အတွေးခေါ်ပညာရှင်, လူမှုရေးပညာရှင်, နိုင်ငံရေးပညာရှင်, ဘာသာရေးပညာရှင်၊ သစ္စာ ၄ပါး ပရမတ္ထတရားတို့ကို ဖော်ထုတ်ပေးသော သဗ္ဗညူဘုရားတို့ ပေါ်ပေါက်ရာ ကျွန်ုပ်တို့ အာရှတိုက်သည် အရိယာမြေ မဟုတ်လော၊ သုဝဏ္ဏဘူမီ= ရွှေမြေပင် မဟုတ်ပါလော။

ဘာထရန်ရပ်ဆဲလ် Bertrand Russell အင်္ဂလိပ်စာရေးဆရာကြီးက ကမ္ဘာ့ပညာရှင်သမိုင်းတွင် ကြီးမြတ်ဆုံးသော ပညာရှိတို့ပေါ်ပေါက်ရာ မြေဟုဆိုခဲ့၏။ ( the light of Asia စာအုပ်) တွင် အဒ်ဝင်အာနိုး (Edwin Arnold) က မြတ်ဗုဒ္ဓသည် အာရှတိုက်၏ မီးရှူးတန်ဆောင် အလင်းရောင်ဟုဆိုခဲ့။ မော်လမြိုင် တောင်ပေါက်ဆရာတော်ကြီးက သူ၏ဗုဒ္ဓသာသနိက ပထ၀ီဝင်ကျမ်း၌ ဆုမတြာကျွန်းကို သုဝဏ္ဏဘူမိ၌ ပါဝင်ကြောင်း ဖော်ပြထားသည်။ သုဝဏ္ဏဒီပဟူ၍လည်း ဤကျွန်းကို ခေါ်ဆိုခဲ့ကြသည်။ တောင်ပေါက်ဆရာတော်ကြီးကပင် အင်ဒိုနီးရှားဟူသည် ဣန္ဒော-နိသျှ၊ ဣန္ဒ-နိသျှ ဟူသော ပုဒ်ရင်းမှ ပြောင်းလဲလာသည်ဟု ကြံဆတော်မူသည်။

စာရေးသူသည် ဗောာရောဗူဒေါ ဘုရား (Borobudur Pagoda) စေတီတော်ကြီးကို ၁၉၈၂ ခုနှစ်မှစ၍ အကြောင်းသင့်တိုင်း သွားခဲ့ရာ ၇ ကြိမ် ၇ ခေါက် ရောက်ခဲ့သည်။ ဘောရောဘူဒါ စေတီတော်ကြီးအကြောင်း စာအုပ် ၇ အုပ်ထက်မနဲ ဖတ်ခဲ့ဖူးသည်။ ပါဠိအဘိဓာန်၊ ပါဠိ-အင်္ဂလိပ် အဘိဓာန် စာအုပ် တော်တော်များများကိုလည်း ဖတ်ခဲ့ဖူးသည်။ အင်ဒိုနီးရှားသမိုင်းကို လေ့လာရာ၌ သမိုင်းဆရာတိုင်းက ငြီးငြူသည်မှာ အထောက်အထား ကျောက်စာ၊ ပေစာ ရှားပါးဆုံးဟူသော အချက်ပင်ဖြစ်သည်။

ဤကျွန်းစုများပေါ်၌ နှစ်သန်းပေါင်း များစွာကထဲက လူများရောက်ရှိနေထိုင်ကြသည်ဟု ရသမျှ အထောက်အထားနှင့် ခန့်မှန်းတွက်ချက်ကြသည်။ ကျွန်းပေါင်း ၁၈၀၀ ခန့်တို့ဖြင့် စုစည်းထားသော ဤအင်ဒိုနီးရှား တ၀ိုက်၌ အခြေချနေကြသော ရှေးဦးလူတို့မှာ ညိုမှောင်သော အသားရေရှိသော မုဆိုး တံငါ လူရိုင်းများဟု ဆိုကြသည်။

အင်ဒိုနီးရှား(Indonesia)

ဣန္ဒ ဟူသည် နီလအဓိပ္ပါယ်ရသည်၊ နိသျှ ဟူသည် ( barbarian လူရိုင်း) အ၀တ်မရှိ ဓားလှံတို့ဖြင့် အသက်မွေးသော လူရိုင်းများ ဖြစ်သည်။ ယနေ့တိုင်ပင်လျှင် ဆုမတြာကျွန်းကြီး၏ အနောက်မြောက်စွန်း၊ သီဟိုဠ်ကျွန်းနှင့် နာဂဒီပကျွန်းများဆီသို့ ဦးတည် နီးစပ်နေသော ကျွန်းတခု နိသျှ (nisia) ဆိုသော ကျွန်းတခု ရှိနေပါသေးသည်။ ထိုနိသျှကျွန်းပေါ်က လူတို့၏ အ၀တ်အစား ဆင်ယင်, အနေအထိုင်, စရိုတ်, ယုံကြည်ကိုးကွယ်မှုတို့မှာ barbarian လူရိုင်းတို့ ခေတ်က primate, religion, worship အနေထားမျိုးပင် ရှိနေသေးဟု တွေ့မြင်ရပေသည်။ Insight Guide Indonesia စာအုပ်တွင်ကြည့်နိုင်ပါသည်။

ပညာရှိ အချိ့ကမူ ဣန္ဒောဏိသ( ဣန္ဒ+ဥဏှီသ) ဟု ပုဒ်ခွဲကာ သကြား နဖူးနှင့်တူသောကျွန်း၊ သို့မဟုတ် ဣန္ဒ နိဿျ= သကြားနေသော ကျွန်း၊ သို့မဟုတ် ဣန္နနီလာ ကျောက်ညိုတို့ ပေါများသော ကျွန်း။ နောက် ကြံဆရသော ဘာသာပြန်တခုမှာ ဣန္ဒ- ညိုမှောင်သော၊ ဏိသ- ည၊ မှောင်မိုက်သော ညဥ့်အခါကဲ့သို့ မိုးတိမ်များ၊ မီးတောင်မှ ထွက်သော အခိုးများ၊ ပြာများ၊ သစ်တောများဖြင့် အစဉ်သဖြင့် နေ့ညမခြား ညိုမှောင်နေသော ကျွန်း၊ ကျွန်းစု ဟု အဓိပ္ပါယ်ယူရမည်ဖြစ်သည်။

ဘီစီ ၄၀၀ (400 BC) ခန့်က အိန္ဒိယပြည်ရှိ တောင်စွန် မဒ္ဒရဇ်နယ်က ကုန်သည်တွေ၊ အိန္ဒိယနောက်ဘက်ကမ်းခြေ ဂူဂျာရက် (Gujarat) ကမ်းခြေက ကုန်သည်တွေ ဤတောင်ဘက်ဒေသက ကျွန်းစုများဆီသို့ သင်္ဘောများဖြင့် ကုန်ကူးသန်းရောင်းဝယ်ကြခြင်း၊ တဖြည်းဖြည်း အခြေစိုက်ရန် ဤကျွန်း၌ ဦးသလို ကြုံသလို အိန္ဒိယသားတို့ နေထိုင်ခဲ့ကြသည်။ တရုပ်ပြည် အရှေ့တောင်ပိုင်းက ကုန်သည်များလည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ဖြစ်မည်။
အိန္ဒိယနှင့် တရုပ်တို့ ရေကြောင်း ကုန်သွယ်မှုဖြင့် နယ်မြေနှင့်ဈေးကွက် အပြိုင်ပြု ရောယှက်ရာမှ နိုင်ငံကြီးနှစ်ခုက လူသားတို့ ပေါင်းစပ်သော ဤဒေသကို Indochina ဟု ခေါ်ခဲ့ကြလေသည်။ မဒ္ဒရဇ်မြို့အနီး ပလ္လ၀နယ်မြေသည် အကောင်းဆုံး ကုန်သွယ်ရေး ဆိပ်ကမ်းဖြစ်သည်။ အင်ဒိုနီးရှား၌တွေ့ရသော ဟိန္ဒူဘုရားကျောင်းတွင် ကောင်းမှုရှင်သမိုင်းများ မှတ်တမ်း၌ ပလ္လ၀အက္ခရာနှင့် ရေးသားသော ကျောက်စာပင်တွေ့ရသည်။ အိန္ဒိယပြည်သား မဟာရာဇာတို့ အာဏာပြိုင်ပြု ထီးနန်းလုကြရာမှ သင်္ဘောများဖြင့် ဦးတည်ရာ ထွက်ပြေးခဲ့ကြရာ အင်ဒိုနီးရှား ကျွန်းစုများပေါ်၌ မြို့မြတည်ဆောက်၍ နိုင်ငံသစ်ပြုကာ မင်းမူကြပြန်လေသည်။ တောင်ဘက်အလယ်ပိုင်း၌ ၀ိဇယပူရမြို့ဟောင်း ဂျာဘား၏ ရှေ့ပိုင်း၌ သူရဘယမြို့ဟောင်းတို့သည် အထောက်အထားပင်ဖြစ်သည်။ ကျွန်းများအပေါ်၌ သမိုင်းခေတ်ဦးက နေကြသော နိသျှဟူသည် barbarian လူရိုင်းတို့ကို စစ်ဆင်ရေးစနစ်နှင့် လက်နက်တို့ တိုးတက်ခဲ့ပြီးဖြစ်သော အိန္ဒိယသားတို့က တိုက်ခိုက် အောင်မြင်ခြင်း အထိမ်းအမှတ်ဖြင့် မြို့ရွာများ တည်ဆောက်ခဲ့ကြရာ သူတို့မြို့များကို အောင်မြေ အောင်မြို့ဟု အမည်ပြုခဲ့ကြသည်။

ဂျာကာတာ ဟူသည် ဇယ+ကရ= အောင်မြင်ခြင်းကို ပြုသောမြို့ဟု အဓိပ္ပါယ်ဖော်ပြနေပါသည်။ ပလ္လ၀နယ်မြေက သုမိတ္တရကုန်းဝယ် စခန်းကြီး တည်ဆောက်၍ ခြေချခဲ့သော ကျွန်းဟာ ယနေ့တိုင် ဆုမတ္တရ (သုမိတ္တ) ကျွန်းဟု ခေါ်ဆိုနေပါသည်။
ပါဠိ သက္ကဋ စာလုံး ယ၀ ဟူသည် ဂျုံ မုယော ပင်ဟု အဓိပ္ပါယ်ရသည်။ အိန္ဒိယက လူတွေ ဂျုံတွေ မုယော(ယ၀) ဟူသော မျိုးစေ့တွေ ကြဲချစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းသော ကျွန်းကို ယ၀ကျွန်းဟု ခေါ်ရန်ရှိပေသည်၊ သို့သော် နုတ်ခမ်း ၂ ခုကို လှိုင်း လေ ပုတ်ခက်သဖြင့် ယ၀ဟူသော ပါဠိကို ပီအောင် မဖတ်နိုင်ကြဘဲ ဂျာဗားဟု အသံထွက်၍ ဖတ်ကြသည်။ ထို့ကြောင့် ဂျာဗားကျွန်းပေါ်၌ ဗြဟ္မာ ဗိသနိုး ရှီဝဟူသော ဟိန္ဒူဘာသာဝင်တို့၏ ရတနာသုံးပါး ကျောင်းတော်ကြီးများမှာ နေရာအနှံ့အပြား စည်စည်ကားကား ရှိနေပေသည်။ ဂူဂျာရတ် (Gugarat) နယ်က လူသားတို့သည် ကျောက်တောင် ကျောက်ဆောင် ထူထပ်သော အရပ်၌ နေကြရသဖြင့် ကျောက်ထွင်း ကျောက်ထု ကျောက်ဆင်း လုပ်ငန်းများ၌ နိုင်နှင်း ကျွမ်းကျင်ကြသည်။

ဗောရောဗုဒေါ (Borobudur Pagoda)
မြန်မာနိုင်ငံ စကျင်ရွာများနှင့် ခက်ဆင်ဆင်တူမည်။ ထို့ကြောင့် ကျောက်ကို နိုင်သော၊ ကျောက်ကို အစိုးရသော နယ်မြေက မဟာရာဇာတို့ကို သေလိန္ဒရ=ကျောက်နိုင်မင်းများဟု ဆိုနိုင်သည်။ ထိုသေလိန္ဒရ မင်းဆက်တို့ လွှမ်းမိုးရာ အေဒီ ၇၈၀ (780 AD) နှင့် ၈၂၅ (825 AD) ၄၅ နှစ်တိုင်ကာလအတွင်း ကမ္ဘာ့အံ့ချီးဖွယ်ရာ ဗောရောဗုဒေါ (Borobudur Pagoda) စေတီတော်ကြီးကို ဂျာဗားကျွန်းပေါ်၌ တည်ဆောက်ခဲ့ကြသည်။ ၀ရဗုဒ္ဓ=မြတ်ဗုဒ္ဓ သို့မဟုတ် ၀ိဟာရဗုဒ္ဓ=ဘုရားကျောင်း သို့မဟုတ် ၀ရဘူမိ ဗောဓိသမ္ဘာရ= ဘုရားလောင်းတို့ ပါရမီစုဆောင်းရာမြေဟု အမျိုးမျိုးကြံဆ၍ စေတီတော်ကြီး၏အမည်ကို ဖော်ထုတ်ကြသည်။

အေဒီ ၄၀၀ စုနှစ်တွင် တရုပ်ဘုန်းတော်ကြီး ဟူယင်စန်သည် တရုပ်ပြည်မှ ကုန်သည်လမ်းကြောင်းအတိုင်း ဟိမ၀န္တာတက်၍ အိန္ဒိယပြည်တပြည်လုံး ဘုရားဖူးပြီး ပလ္လ၀ဆိပ်ကမ်းမှာ သင်္ဘောဖြင့်ထွက်၍ သုမိတ္တရ (သုမိတြ) ကျွန်း,ယ၀ကျွန်းတို့၌ ကြာမြင့်စွာ နေခဲ့ဖူးသည်။ သူ၏ခရီးသွားမှတ်တမ်း၌ သံဃာ ၁၀၀၀ ကျော်တို့ စာသင်ကြား၍ နေကြသော တက္ကသိုလ်ကျောင်းကြီးကို ဂျာဗားကျွန်းပေါ်၌ တွေ့ရသည်ဟု ရေးထိုးထားသည်။ ဤသည်မှာ ဗုဒ္ဓဘာသာသံဃာတော်များ နေထိုင်ခဲ့ကြောင်း၊ ဗုဒ္ဓဘာသာကျောင်းကန် ရှိကြောင်း ထင်ရှားသော အထောက်အထားဖြစ်သည်။
အေဒီ ၈၀၀ စုတွင် သေလိန္ဒရမင်းဆက်တို့ခေတ်၌ တည်ဆောက်ခဲ့သော ဗောရောဗုဒေါ (Borobudur Pagoda) စေတီတော်ကြီး၌ ထွင်းထုထားသော ဘုရားဖြစ်စဉ်ဗုဒ္ဓ၀င်တို့၏ ရုပ်လုံးရုပ်ကြွများမှာ မဟာယာနဗုဒ္ဓဘာသာကျမ်းများ လာရှိသော ဗုဒ္ဓ၀င်အယူအဆများနှင့် ထေရ၀ါဒဗုဒ္ဓ၀င်အယူအဆများ ပေါင်းစပ် ထွင်းထုထားသည်ကို တွေ့ရသည်။
ယနေ့ ဆုမတ္တရ (သုမိတ္တရ) ကျွန်း ဘရာစတာဂီ (Brastagi) မြို့အနီး တောအုပ်ထဲက မြတ်ဘုရားရွေတိဂုံမှာမူ စနစ်ကျကျ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တို့ဖြင့် တန်ဆာဆင်တည်ဆောက် ပူဇော်ထားခြင်းဖြစ်ရာ သစ်ပင် သစ်ရိပ် တိမ်တောင် တိမ်လိပ် မီးခိုး မြူမှုံတို့၏အကြား ရွှေရောင်တ၀င်းဝင်း နေခြည်အောက်မှာ တောက်ပလျှက်ရှိသဖြင့် သုဝဏ္ဏဒီပ ၏ အဓိပ္ပါယ်မှာ ထင်လင်းစွာ အဓိပ္ပါယ်ကို ဖော်ပြလျက်ရှိနေပေသည်။

မြန်မာ့ကျောက်စိမ်း ဆင်းတုတော်ကြီးများ၊ မြန်မာ့ကျောက်ဖြူ ဆင်းတုတော်ကြီးများ၊ မြန်မာ့လက်ရာ ရွှေထီး၊ ပန်းချီများဖြင့် သပ္ပါယ် ကွန့်မြူး အထူးပင် ကြည်နူးဖွယ်ကောင်းသည်။ ဤစေတီတော်တည်ဆောက်ခြင်းနှင့် ဗုဒ္ဓါဘိသေက ဗုဒ္ဓပူဇာ အနေကဇာတင်ပွဲ ကျင်းပရာ၌ ဘုရားဒါယကာ မစ္စတာ တွန်ဂါရီယိုဂျို အန်ကာဆာ-မိသားစုက အမေရိကန် ဒေါ်လာ ၁၅ သန်းခန့် စွန့်လွတ်ကော်ရော် လှူဒါန်း ပူဇော်ခဲ့သည်။
ရွှေမြေမှာ ဖွားသည့် ရွှေနှလုံးသားပိုင်ရှင်ဖြစ်သည်ဟု ဂုဏ်ပြုပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းလင်းပါစေ။


သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ
Ph.D, D,Litt
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

အပိုင်း (၂) ဖော်ပြပါဦးမည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
15-11-2010

Read more...

ကံ၏ အမွေခံ


မြတ်စွာဘုရား လက်ထက်တော်ကာလတုန်းက သာဝတ္တိပြည်မှာ မဟာကာလဆိုတဲ့ သောတာပန် ဥပါသကာ တစ်ယောက်ရှိပါတယ်။ အဲဒီ ဥပါသကာဟာ ဇေတ၀န်ကျောင်းတော်မှာ ဥပုသ်စောင့် ညအိပ်ပြီး တရားနာနေရာက နံနက်စောစောထပြီး ဇေတ၀န်ကျောင်းတိုက် အ၀က ရေကန်မှာ မျက်နှာသစ်ပါတယ်။ အဲဒီအချိန်မှာ သူခိုးလိုက်ဖမ်းကြတဲ့ လူတစ်စုက မဟာကာလ ရဲ့ အနီးမှာ သူခိုးက ပစ်ချခဲ့တဲ့ ခိုးရာပါ ပစ္စည်းနှင့်တကွ တွေ့ရတဲ့ အတွက် သူ့ကို သူခိုးထင်မှတ်ပြီး ၀ိုင်းရိုက်ကြလို့ မဟာကာလ ဥပါသကာဟာ သေဆုံးသွားရရှာပါတယ်။

အဲဒီအခါမှာ ရဟန်းတော်များက မဟာကာဟာ ဥပုသ်စောင့်ပြီး ကျောင်းမှာဘဲညအိပ် တရားနာနေတဲ့ သူတော်ကောင်း စင်စစ်ဖြစ်ပါလျက် သူခိုးလို့ အစွဲခံရ ပြီး အသတ်ခံရတာဟာ မသင့်လျော်တဲ့အကြောင်း မြတ်စွာဘုရားကို လျောက်ကြပါတယ်။

မြတ်စွာဘုရားက ပစ္စုပ္ပန် အခြေအနေအရ မသင့်လျော်သော်လဲ သူ၏ ရှေးကံအရဆိုလျင်တော့ သင့်လျော်တဲ့ အကြောင်း မိန့်တော်မူပါတယ်။

သင့်လျော်ပုံကတော့ ဒီလိုတဲ့၊

မဟာကာလဟာ တစ်ခုသော ဘ၀တုန်းက လမ်းဓားပြတွေပေါများတဲ့ တောတစ်ခု၏ အ၀မှာ တောစခန်းစောင့် အရာရှိဖြစ်ခဲ့တယ်။ အဲဒီ တောစခန်း ဖြတ်သန်းသွားလိုတဲ့ ခရီးသည်တွေကို တဖက်မှ တဖက်အရောက် ဘေးရန် ကင်းအောင် သူက စောင့်ရှောက်ပြီး ပို့ဆောင်ပေးရတယ်။ တစ်နေ့သောအခါမှာ လူတစ်ယောက်ဟာ ရုပ်ရည်အဆင်းလှပတဲ့ ဇနီးနဲ့တကွ လှည်းယာဉ်ကလေးစီးပြီး အဲဒီတော့ စခန်းကို ရောက်လာတယ်။ တောစခန်းစောင့်က အဲဒီလူရဲ့ ဇနီးချောကလေးကို လိုချင်တာနဲ့ သူ့အိမ်မှာ တညအိပ်စေပြီးတော့ နောက်တစ်ရက် ခရီးထွက်တဲ့အခါမှာ ပတ္တမြားပျောက်တယ်၊ မသင်္ကာဘူး ဆိုပြီး အဲဒီလှည်းကို ရှာဖွေစစ်ဆေးတယ်။ စောစောက သူ့ဟာသူထည့်ထားတဲ့ ပတ္တမြားကို တွေ့ရတဲ့အခါမှာ သူက အဲဒီခရီးသည်ကို ပတ္တမြားသူခိုးလို့ စွဲချက်တင်ပြီး သတ်ခဲ့တယ်။

အဲဒီ မကောင်းမှုကံကြောင့် မဟာကာလ အလောင်း တောစခန်းစောင့်ဟာ အဲဒီဘ၀က သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ပြီး ရှည်မြင့်စွာသော ကာလပတ်လုံး ငရဲဒုက္ခတွေကို အကြီးအကျယ် ခံစားခဲ့ရတယ်။ ငရဲမှ လွတ်ပြန်တော့လဲ အဲဒီ ကံကြွင်းကြောင့် ဘ၀ တစ်ရာတိုင်တိုင် ဒီပုံဒီနည်းဖြင့် သူခိုးလို့ အစွဲခံရပြီး အသတ်ခံခဲ့ရတယ်။ ဒါကြောင့် ရှေးဘ၀က ရက်ရက်စက်စက်ပြုခဲ့တဲ့ သူ့မကောင်းမှုကံအရ ဆိုလျှင်တော့ သူခိုးထင်ပြီး မဟာကာလ အသတ်ခံရတာဟာ သင့်လျော်ထိုက်တန်လှပါတယ်လို့ မြတ်စွာဘုရားက ရှင်းလင်းဟောကြားတော်မူပါတယ်။

အပြစ်မရှိဘဲ ခံရတယ်လို့ ထင်ရသူအတွက် သူကံနဲ့သူဘဲလို့ နှလုံးသွင်းသင့်တယ်လို့ သက်သေ သာဓက တစ်ခုပါပဲ၊

နောက်ပြီး အားလုံး ကံတရားအတိုင်းဘဲလို့ နှလုံးသွင်းနေတဲ့အတွက် မရနိုင်တဲ့ အခွင့်အရေး မျှော်လင့်တောင့်တ ခြင်းလဲ ကင်းမယ်။ အဆင်မပြေတာရှိရင်လဲ ကံတရားအတိုင်း ဘဲလို ဆင်ခြင်ပြီး စိတ်သက်သာရမယ်။ နောက်ပြီး နတ်သိကြား၊ ဘိုးတော်မယ်တော်၊ ဂိုဏ်းဆရာ စသော သူတစ်ပါးကို အားမကိုးဘဲ ကြီးပွားချမ်းသာရန် နည်းလမ်းမှန်ဖြစ်တဲ့ အလုပ်အကိုင်ကိုသာ အားကိုးပြီးတော့လဲ လုပ်ကိုင်မယ်၊ ဒီလို လုပ်ကိုင်တဲ့အတွက် မျက်မှောက်မှာလဲ စီးပွားဥစ္စာတွေကို ရသွားနိုင် ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက အဘိဏှသုတ်မှာ မြတ်စွာဘုရားက ကိုယ်ကိုယ်ကိုလဲ ဒီနည်းအတိုင်း ဆင်ခြင်ဖို့ ညွန်ကြားတော်မူခဲ့ပါတယ်။

ငါ့မှာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်၊ ကံ၏ အမွေခံဖြစ်တယ်၊ ကံသာလျင် ချမ်းသာဖို့ ဆင်းရဲဖို့ အကြောင်းရှိတယ်၊ ကံသာလျှင် ဆွေမျိုးအစစ်ရှိတယ်၊ ကံသာလျှင် အားကိုးရာရှိတယ်၊ ကောင်းမှုကံကို ပြုလျှင် ကောင်းကျိုး အမွေကိုခံစံရမယ်၊ မကောင်းမှုကံကိုပြုလျှင် မကောင်းကျိုး အမွေဆိုးကို ခံစားရမယ်လို့ အဖန်တလဲလဲ ဆင်ခြင်ပါတဲ့။


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

Read more...

*လမ်းပေါ်မှာ လမ်းမချော်ရလေအောင်*


နေ၏ အလင်းရောင်သည် ပူလောင်၏။
ဒေါသက ပို၍ ပူလောင်၏။
ရက်စက်မှုကတော့ အပူလောင်ဆုံးတည်း။

အကျွန်ုပ် ၁၅-နှစ်သားအရွယ် ပေါင်ချိန်၊ ကျန်ကျောင်းတို့ ခေတ်စားချိန်၊ ဖတ်မိသော ပြည်သူ့တရားရှင် ပေါင်ချိန် ၀တ္ထုတစ်ပုဒ်မှ မှတ်သားဖူးခဲ့ တာပါ။

ဒေါသက ပူလောင်တယ်တဲ့.. ဟုတ်ပါ့.. မနေ့က ဒေါသမထွက်စဖူး အတော် ဒေါသထွက်မိသည်။ နှလုံးသွင်း လွဲသွားသည်။ ကိုယ့်ကိုယ်ကိုပင် အတော် အံ့ဩမိသည်။ ပူလိုက်တဲ့ ဒေါသ။ လူးလှိမ့်နေအောင် ခံရသည်။ ဒီလို ဒေါသ မထွက်ဘူးတာ အတော်ပင် ကြာခဲ့ပြီ။ ခုမှ..။

ဒီ ဒေါသနဲ့သာ သေလို့ကတော့ မတွေးဝံ့စရာ ဆိုပြီး အကြိမ်ကြိမ် ကိုယ့်ကိုယ်ကို အားပေးလိုက်၊ ဖြေသိမ့်လိုက်၊ ဘုရားအဆုံးအမတွေ နှလုံးသွင်းလိုက်နှင့် အတော်ပင် စိတ်တည်ငြိမ်အောင် လုပ်ယူရသည်။ ယခုအချိန် မြတ်စွာဘုရားရှင်သာ သက်ရှိထင်ရှား ရှိနေလျှင် အကျွန်ုပ်ကို တရားပဲ လာဟောမည်လား၊ တရားဟောလည်း ကျွတ်မည့်သူမဟုတ်၍ သနား ကရုဏာသက်စွာ ဥပေက္ခာ ပြုလေမည်လား မပြောတတ်။ ဒေါသဖြင့် ပူလောင်နေတုန်းတော့ မြတ်စွာဘုရားကို အကျွန်ုပ် သတိရမိတာကတော့ အမှန်။

အော် ဒေါသ၊ ဒေါသ.. ဒီလို ဒေါသနဲ့ပဲ သံသရာမှာ အကျွန်ုပ်သေခဲ့ရတဲ့ ဘ၀ပေါင်း ဘယ်လောက်ပင် များခဲ့ပြီလဲ.. တော်တော့်ကို များခဲ့မှာပါ။ ဒီဒေါသကြောင့် ဒီလက်ရှိ ကျွန်ုပ်နေထိုင်သည့် နေရာမှာပဲ ကျွန်ုပ်၏ လက်ရှိ အမည်နာမနဲ့ပဲ သေဆုံးခဲ့ရသည့် အကြိမ်ပေါင်းကို ရေတွက်လျှင်ပဲ တော်တော့်ကို များခဲ့မှာ..။ ပင်ပန်းလိုက်ပါဘိ၊ ဆင်းရဲလိုက်ပါဘိ၊ စံစားရတာနဲ့ မမျှအောင် ခံစားခဲ့ရတဲ့ ဘ၀တွေ များလိုက်ပါဘိ။

ဟော ထပ်တွေးမိပြန်တယ်။ ဒီလက်ရှိ မြေကမ္ဘာမှာပဲ ဒီဒေါသနဲ့ ကျွန်ုပ်သေခဲ့ရတဲ့ ဘ၀တွေကကော.. ရေတွက်လို့ရလျှင်ဖြင့် ရေတွက်ကြည့်ချင်သေးသည်။ သံသရာနဲ့ မြေကမ္ဘာ.. အော် အသင်္ချေပေါင်း အနန္တ ရှည်ကြာခဲ့ပြီ။ ကုသိုလ်တွေများလို့ မေတ္တာအားနဲ့ ဟိုးအထက်ကို ဆန်တက်လိုက်၊ အားနဲ့ ပစ်တင်လိုက်တဲ့ ခဲပမာ.. အရှိန်ကုန်တော့ ပြန်ကျလိုက်.. ဒီလိုနဲ့ စုန်ချည် ဆန်ချည်၊ အထက်မျောလိုက်.. အောက်လျောလိုက်နဲ့ ကျင်လည်ခဲ့ရတာ.. အတော့်ကို ပင်ပန်းခဲ့တာပဲ။

အသင်္ချေပေါင်း အနန္တ ကြာခဲ့ပြီတဲ့.. အော်.. တစ်သင်္ချေ ဆိုတာကလည်း တစ်အနောက်မှာ သုည အလုံးပေါင်း တစ်ရာ့နဲ့ လေးဆယ်၊ သင်္ချာဆန်ဆန် ပြောရင်တော့ ten to the power 140.. (〖10〗^140)၊ ဒီ တစ်အနောက်က သုညအလုံးပေါင်း တစ်ရာ့လေးဆယ်ကလည်း နှစ်တွေလား ဆိုတော့ မဟုတ်ဘူးတဲ့.. ကမ္ဘာတွေတဲ့.. အဲ.. တစ်ကမ္ဘာဟာ ဘယ်လောက်ကြာသလဲ ထပ်ကြည့်ပြန်တော့.. ဘုရားက ခုလို ဥပမာပေးတယ်တဲ့..

အလျား ၁၂-မိုင်၊ အနံ ၁၂-မိုင်၊ အမြင့် ၁၂-မိုင်ရှိတဲ့ ကန်ကြီးတစ်ကန် ရှိမယ်တဲ့.. (ဘုရားလက်ထက်ကတော့ မိုင်နဲ့ မသုံးဘဲ ယူဇနာနဲ့ သုံးမယ်ထင်တယ်၊ ကျွန်တော်နာတဲ့ တရားထဲမှာတော့ မိုင်နဲ့ ဟောလို့ မိုင်နဲ့ပဲ ဖော်ပြခြင်းပါ။) အဲဒီကန်ထဲကို မုန်ညင်းစေ့ အပြည့် ဖြည့်လိုက်တဲ့.. မုန်ညင်းစေ့တွေကို နှစ် တစ်ရာနေမှ တစ်စေ့ ဖယ်ထုတ်၊ အဲလို ဖယ်ထုတ်လို့ ကန်ထဲက မုန်ညင်းစေ့ ကုန်သွားတဲ့ ကာလကို တစ်ကမ္ဘာခန့်လို့ ယူတဲ့..။

နောက် ဥပမာတစ်ခု ထပ်ပေးသေးတယ် ဘုရားက.. အလျား ၁၂-မိုင်၊ အနံ ၁၂-မိုင်၊ အမြင့် ၁၂-မိုင်ရှိတဲ့ ကုဗပုံ ကျောက်တုံးတစ်တုံး ရှိမယ်တဲ့.. အဲဒီ ကျောက်တုန်းကို ၀ါဂွမ်းစလေးနဲ့ နှစ်တစ်ရာနေမှ တစ်ကြိမ် ပွတ်.. အဲလို ပွတ်ဖန်များလို့ ဒီလောက် ကြီးမားတဲ့ ကျောက်တုန်းကြီးကနေ ကျောက်မှုန့် သေးသေးလေး ဖြစ်သွားမယ်တဲ့.. အဲလို ဖြစ်သွားတဲ့ ကာလကို တစ်ကမ္ဘာခန့်လို့ ယူတဲ့..။ အားပါးပါး.. ဒီတရား စနာမိတဲ့ အချိန်က သံသရာကို တော်တော်လေး ကြောက်သွားတာ.. တော်တော်ရှည်တဲ့ ကာလတွေပဲဆိုပြီး..။

အင်းလေ.. ဒီလို ကြောက်စိတ်ရှိမှလည်း သံဝေဂတွေဖြစ် ၀ိပဿနာအလုပ် အားထုတ်ဖြစ်တာဆိုတော့ ဒီလို ကြောက်တာကပဲ ခပ်ကောင်းကောင်း..။ “၀ိပဿနာ အစကလည်း သံဝေဂလို့ ဆိုထားပြန်တော့.. သံဝေဂ များများ ရအောင် ပွားနိုင်လေ၊ ကောင်းလေပဲပေါ့..။

ကျွန်ုပ်အပါအ၀င် လူတွေ တော်တော်များများ သံဝေဂ မရတဲ့အကြောင်း ကြည့်တော့ နှလုံးသွင်း လွဲနေကြာတာကိုး.. အသေမှ မကပ်ထားကြတာ.. တော်ကြာနေ သေရမယ် ဆိုတဲ့ အတွေးပျောက်ပြီး လက်ရှိရထားတဲ့ ဘ၀ကို သက်တမ်း အရှည်ကြီး ထင်နေကြတာကိုး.. ဒီအကြောင်း စဉ်းစားမိပြန်တော့ ပုံပြင်တစ်ပုဒ် သွားသတိရမိတယ်။

ဟိုးရှေးရှေးတုန်းကပဲ ဆိုလိုက်ပါစို့၊ ဘုရင်ကြီးတစ်ပါးက မျဉ်းကြောင်းလေး တစ်ကြောင်းဆွဲပြီး သူ့ရဲ့ ပညာရှိအမတ်တွေကို ဒီမျဉ်းကြောင်းကို မဖျက်ဘဲနဲ့ တိုအောင် လုပ်နိုင်မလား ဆိုပြီး မေးသတဲ့.. ဒီအမေးကို ပညာရှိအမတ်တွေ မဖြေနိုင်ကြဘူး ဆိုပဲ၊ နောက်မှ အမတ်ငယ်တစ်ပါးက သူ ဒီမျဉ်းကြောင်းလေးကို မဖျက်ဘဲနဲ့ တိုအောင် လုပ်နိုင်ပါတယ်ဆိုပြီး ခုန ဘုရင်ကြီး ဆွဲထားတဲ့ မျဉ်းကြောင်းလေး ဘေးမှာ ဒီ့ထက်ရှည်တဲ့ မျဉ်းတစ်ကြောင်းကို ထပ်ဆွဲလိုက်သတဲ့.. ဘယ်လောက် ကောင်းလိုက်တဲ့ အိုင်ဒီယာလဲ..။

ကျွန်ုပ်တို့လည်း လက်ညှိုးတစ်ချောင်းတည်း ထောင်ထားရင် ဒီလက်ညှိုးဟာ တိုသလား ရှည်သလား မဆုံးဖြတ်နိုင်ကြပါဘူး.. ဟော.. လက်ညှိုးဘေးမှာ လက်ခလယ်လည်း ထောင်လိုက်ကော.. ဘယ်ဟာတိုတယ်၊ ဘယ်ဟာရှည်တယ် ဆိုတာ ဆုံးဖြတ်လို့ ရသွားကော.. ခုန အမတ် လုပ်လိုက်တာကလည်း ဒီသဘောပါပဲ..

ဒီလိုပါပဲ.. ကျွန်ုပ်တို့ တစ်တွေဟာ ခုလက်ရှိ ရထားတဲ့ သက်တမ်းကို အရှည်ကြီး ထင်နေကြတယ်။ ဟော.. အခုန ပြောခဲ့တဲ့ သံသရာ သက်တမ်းနဲ့လည်း နှိုင်းယှဉ်လိုက်ကော ကျွန်ုပ်တို့ အခု ရထားတဲ့ လူ့ဘ၀သက်တမ်းဟာ ရေပွက်ပမာ ခဏတာ ဖြစ်သွားကော.. မြတ်စွာဘုရားကလည်း ဘ၀သက်တမ်းကို ပြရာမှာ ခုနစ်ရက် ခုနစ်လီ (၄၉-ရက်) ကြာ သဲသဲမဲမဲ ရွာသွန်းနေတဲ့ မိုးမှောင်ထဲမှာ လျှပ်စီး တစ်ခါလက်သလောက်ပဲ ရှိတယ်တဲ့.. ဒီလို နှိုင်းယှဉ် တွေးတောတာဟာ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျအောင် လုပ်နေသလားလို့ ထင်စရာ ရှိပါတယ်။ တကယ်တော့ ဒါဟာ စိတ်ဓာတ်ကျအောင် တွေးတဲ့ အတွေးမဟုတ်ဘဲ ၀ိပဿနာအလုပ် အားထုတ်လိုသူတွေ အနေနဲ့ လက်ရှိရထားတဲ့ ဘ၀အပေါ်မှာ ငြီးငွေ့လာအောင်၊ သံဝေဂတွေ တိုးသထက်တိုးအောင် တွေးပေးသင့်တဲ့ အမှန်တရားပါပဲ.. “နေဖို့က မရေရာ၊ သေဖို့ကတော့ သေချာတဲ့ အမှန်တရား တစ်ခုပဲလေ”။

နောက်တစ်ခုက ဒီဘ၀မှာတင် ဘ၀ပြတ်ချင်တဲ့သူတွေ၊ ဒါမှမဟုတ် အပါယ်တံခါး ပိတ်လိုသူတွေ အနေနဲ့တော့ အသေကို အမြဲ ကပ်ထားရမှာပါ။ ခဏနေရင် သေရတော့မယ် ဆိုတဲ့ အတွေးကို လက်လွှတ် မခံသင့်ပါဘူး။

အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊
သေခြင်းတစ်ခြား၊ ကွဲပြားတစ်တန်၊
ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊
မကွာနေ့ည၊ ဉာဏ်သက်ဝင်၍ ဆင်ခြင်ကြ..

ဆိုပြီးတော့လည်း အဘိဏှသုတ်မှာ ဘုရားက ဟောညွှန် လမ်းပြပြီးသားပါ။ အသေကို မိမိသူတစ်ပါး နှစ်ဦးနှစ်ဘက် များများ ဆင်ခြင်နိုင်မှ သံဝေဂများပြီး တရားကို ရေရှည် ကျင့်နိုင်မှာ။ သံဝေဂ ကျဲကျဲနဲ့ တရားရေရှည်ကျင့်ဖို့ ဆိုတာကတော့ နည်းနည်း အလှမ်းဝေးပါတယ်။

တကယ်တမ်းကျတော့ အဓိကက အတွေးတွေပါပဲလေ.. နောက်တစ်နည်း ပြောရင်တော့ နှလုံးသွင်းမှုပေါ့.. ဘောလုံးပွဲ စဉ်ဆက်မပြတ်ကြည့်၊ ဘောလုံးပွဲ အကြောင်းတွေး၊ ဘောလုံးပွဲအကြောင်းပဲ စဉ်ဆက်မပြတ် နှလုံးသွင်းနေတဲ့ သူတစ်ယောက် အနေနဲ့တော့ သူ့အတွေးစဉ် တစ်လျှောက်မှာ ဘောလုံးနဲ့ ပတ်သတ်တဲ့ အတွေးတွေပဲ ဗွက်ပေါက်နေပြီး သူ့ပါးစပ်က ထွက်လာရင်လည်း ဘောလုံးပွဲ အကြောင်းတွေပဲ ထွက်လာမှာပါ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး အစရှိတဲ့ အရေးတွေမှာလည်း ဒီလိုပါပဲ.. သူ ကျင်လည်ကျက်စားရာ အတွေးတွေပဲ သူ့အာရုံမှာ စွဲငြိပြီး ဒီအတွေးတွေကိုပဲ ထပ်ကာ ထပ်ကာ ဗွက်ပေါက်အောင် တွေးလို့သူ့ပါးစပ်ကလည်း ဒီအရေးနဲ့ ပတ်သတ်တဲ့ စကားလုံးတွေပဲ ထွက်လာတော့ မှာပါ။ လူတစ်ယောက်ရဲ့ စကားလမ်းကြောင်း အချိတ်အဆက်ကို အကဲခတ်ရုံနဲ့ ဒီလူ ဘယ်လို အာရုံတွေမှာ များများစားစား ကျင်လည် ကျက်စား အတွေးပွားနေတယ် ဆိုတာ ခန့်မှန်းလို့ ရပါတယ်ဒီလို စကားပြောစဉ်မှာ စကားလမ်းကြောင်း အချိတ်အဆက်ကို မိအောင် ဖမ်းတဲ့နည်းကလည်း သမာဓိ အင်အားကို တိုးစေပါသတဲ့..။

ဒီလို တွေးချင်ရာတွေး ပြောချင်ရာပြောပြီး အသေ မေ့နေရင်တော့ အမြဲ သေဖို့ပဲ ရှိပါတယ်။ ဗဟုသုတ ရှာမှီးတာက ကောင်းပါတယ်။ ဒါပေမယ့် ဘုရားက “တတ်ကောင်းတတ်ရာ ဟူသမျှကို ကြားမြင်သုတ ရှိပါစေ” လို့ပဲ ဟောပါတယ်။ မတတ်ကောင်း မတတ်သင့်တဲ့ ဘုရား မကြိုက်တဲ့ အရာတွေကို ကြားမြင်သုတ ရှိနေ၊ တွေးနေ၊ အာရုံ ကျက်စားနေရင်တော့ အစုန်လမ်းပဲ သွားနေပါလိမ့်မယ်။ ဘုရား မကြိုက်ပေမယ့် တို့ကြိုက်လို့ တို့လုပ်တယ် ဆိုပြီး ပြောလိုသူတွေ အတွက်တော့ တစ်ခု သိထားသင့်တာက ဘုရားဟောတဲ့ တရားတွေဟာ ဘုရားဟောလို့ မှန်တာ မဟုတ်ဘဲ အမှန်တရားတွေကိုသာ ဘုရားက ချပြခဲ့တယ်၊ လမ်းညွန်ခဲ့တယ် ဆိုတာပါပဲ။ ကြိုက်တာလုပ်.. အကျိုးပေးမယ့် ဓမ္မသဘော တစ်ခုကတော့ အသေအချာ ရှိနေတာပါပဲ.. ဒီလို အကျိုးပေးတဲ့ ဓမ္မသဘောကလည်း လူမျိုးဘာသာ မရွေးပါဘူး၊ လူ၊ ရဟန်း ဆိုပြီးတော့လည်း ပုဂ္ဂိုလ်၊ အ၀တ်အစား မရွေးပါဘူး..။ ကြိုက်တာလုပ် ကိုယ်ဖြစ် ကိုယ်ခံ (သို့) ကိုယ်စံ ကြေးပါပဲ။ ဘုရား ညွှန်ပြတဲ့ နည်းအတိုင်း လျှောက်တဲ့သူက ရောက်ပြီး၊ မလျှောက်သူတွေ၊ မရောက်ချင်သေးတဲ့ သူတွေကတော့ နေခဲ့ရုံပါပဲ..။

ဘုရားရဲ့ ဉာဏ်တော်နဲ့ ကြည့်လိုက်တော့.. လူတစ်သိန်း၊ နတ်တစ်သိန်း သေလို့မှ တစ်ဦးတစ်ယောက် လောက်တောင် သုဂတိဘုံ ပြန်မရောက်ဘူးတဲ့။ ပုထုဇဉ် ဗြဟ္မာတွေကတော့ ခြွင်းချက်ပေါ့လေ။ ကုသိုလ်အရှိန် အားကြီးသူတွေ ဆိုတော့ သေရင် အပါယ် တိုက်ရိုက် မကျဘူးတဲ့။ ဘာပဲပြောပြော “ဗြဟ္မာ့ပြည်မှာ တစ်ဝင်းဝင်း၊ ၀က်စားကျင်းမှာ တစ်ရှုံ့ရှုံ့” ဆိုတဲ့ စကားကိုတော့ မေ့မထားသင့်ပါဘူး။ တစ်သိန်း တစ်ယောက်တဲ့.. ဒီနေ့ ကမ္ဘာ့လူဦးရေ သန်းဘယ်လောက်ရှိသလဲ.. အချိုးချကြည့်လိုက်.. သုဂတိဘုံ ရောက်မယ့် စာရင်းထဲ ကိုယ်ပါပြီလား.. ပါကော ပါနိုင်ပါ့မလား..။ ဒီလို အတွေးတွေကလည်း ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် မေးပြီး အကြိမ်ကြိမ် သံဝေဂယူလို့၊ ကိုယ့်ရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေကို အမြဲ ဆန်းစစ်ကာ တွေးသင့်တဲ့ အတွေးတွေပါပဲ..။ ဒါမှလည်း စိတ်အစဉ်မှာ မကောင်းတဲ့ အမိုက်ဓာတ်တွေကို များများ မောင်းထုတ်နိုင်ပြီး ကောင်းတာတွေကို ပိုလုပ်မိတော့ မပေါ့..။

မြတ်စွာဘုရားရှင်က သတိ တဲ့.. သတိဆိုတာ ပါဠိစကား..။ မြန်မာလို ဘာလဲ၊ ဘာကို ဆိုလိုသလဲ မေးလာစဉ်တုန်းက အကျွန်ုပ်လည်း ယောင်ဝါးဝါး..။ နောက်မှ သိရတာက သတိ ဆိုတာ မြန်မာလို “အောက်မေ့ခြင်း” တဲ့..။ ဆိုလိုတာက အခုနေ ကိုယ့်အိမ်အကြောင်း၊ စီးပွားအကြောင်း တွေးလိုက်တယ် ဆိုပါစို့။ ဒါသည် အိမ်အကြောင်း၊ စီးပွားအကြောင်းကို အောက်မေ့နေတဲ့ သတိပဲလေ..။ ဟော.. “အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား” ဆိုပြီး ဘုရားအကြောင်း တွေးရင်တော့ ဘုရားကို သတိရ အောက်မေ့နေခြင်းပဲပေါ့..။ နောက်ဆုံး ခန္ဓာငါးပါး သိသဘော တစ်ချက်ဟာ မမြဲပါလား၊ အကောင်အထည် မဟုတ်ပါလား လို့ တွေးလိုက်ရင်ကိုပဲ ဘုရားကို အမြတ်ဆုံး ပူဇော်ခြင်းနဲ့ ပူဇော်လိုက်တဲ့ သတိရ အောက်မေ့ခြင်းပါပဲ။ တကယ်တော့ မှန်ကန် ကောင်းမွန်တဲ့ သတိတရား ရှိဖို့ကလည်း စိတ် အလှည့်လေးပါပဲ။ အစမှာ ကျွန်ုပ် ပြောခဲ့သလို အနုစားအဆင့်ကနေ အလတ်စား အဆင့်အထိ ကျွန်ုပ် ဒေါသထွက်သွားတယ် ဆိုတာကလည်း ဒီ စိတ်အလှည့်လေး မတတ်ခဲ့လို့ပါပဲ။ အာရုံနဲ့ စိတ် အဆင်မပြေဘူးပေါ့လေ..။ နောက် တစ်မျိုး ပြောရရင် အဆိုး လောကဓံ လာတာကို ဒီဘက်ကလည်း အဆိုးနဲ့ ပြန်ခုခံရင်း လောကဓံနဲ့ ရန်ဖြစ်သလို ဖြစ်သွားတာ..။ တကယ်တန်း စဉ်းစားရင် ကျွန်ုပ်ဘက်က အရှုံးတွေချည်းပါပဲ..။ ဒေါသထွက်ပြီ ဆိုကတည်းက စရှုံးနေပြီလေ..။ အကုသိုလ်တွေ တစ်သီကြီး ရလိုက်တာပေါ့။

ကုသိုလ် အကုသိုလ်အပေါ် အမှီပြုပြီး ကံအကျိုးပေးတွေကလည်း တအားကို ဆန်းကြယ်ပါတယ်။ အတွေးလေး တစ်ချက် ချော်လိုက်တာနဲ့ ငါးပါး မှောက်တော့တာပဲ။ အတွေးချော်လို့ ဒီနေ့ရဟန်း နက်ဖြန် သန်း ဖြစ်သွားတာတွေ၊ ဒီနေ့ သူဋ္ဌေး နက်ဖြန် ခွေး ဖြစ်သွားတာတွေ၊ နောက်ပြီး ဒီနေ့ မိဖုရား နက်ဖြန် ချေးပိုးထိုး ဖြစ်သွားတာတွေ.. အဖြစ်အပျက် သံဝေဂ ယူစရာတွေ ကတော့ အများကြီးပါပဲ..။ နောက်ပြီး အတွေး တစ်ချက်ချော်လို့ ကုသိုလ် အကုသိုလ် ရောအကျိုးပေးပြီး ဒီနေ့ ရဟန်း နက်ဖြန် နတ်နဂါး ဖြစ်သွားရတာတွေ လည်း ရှိနေတော့.. ကိုယ့် အတွေးစဉ်တွေကို ကုသိုလ် အာရုံတွေမှာပဲ အမြဲ ပျော်မွေ့နေအောင်နဲ့၊ ရင်ထဲကို ပူလောင်စေမယ့် အတွေးတွေ မထည့်ရင်တော့ အကောင်းဆုံးပါပဲ..။

အတွေးနဲ့ ပတ်သတ်လို့ “ချစ်သား ရာဟုလာ.. မတွေးခင် စဉ်းစားလိုက်ပါဦး၊ မိမိ သူတစ်ပါး အကျိုးမဲ့စေတဲ့ အတွေးဆို ဆက်မတွေးပါနဲ့၊ တွေးနေစဉ်လည်း စဉ်းစားလိုက်ပါဦး.. မိမိ သူတစ်ပါး အကျိုး ထိခိုက်စေရင် ဆက်မတွေးပါနဲ့တဲ့.. နောက်ဆုံး တွေးပြီးရင်လည်း စဉ်းစားလိုက်ပါဦး.. မိမိ သူတစ်ပါး အကျိုးမဲ့စေတဲ့ အတွေမျိုးဆို နောင် မတွေးပါနဲ့” လို့ မြတ်ဘုရားကလည်း ဆိုဆုံးမထားတာ တော်တော်များများ သိဖူးပြီးသား ဖြစ်ကြမှာပါ။

တစ်ကယ်တန်းကျတော့ ကျွန်ုပ်တို့ တစ်တွေက လူမမာသည်တွေလေ၊ မြတ်ဗုဒ္ဓကတော့ သမားတော်ကောင်း တစ်ဦးပေါ့.. မြတ်ဘုရား ဟောညွှန်တဲ့ ဓမ္မတွေကတော့ ကျွန်ုပ်တို့အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ဆေးဝါးတွေပါပဲ..။ ကျွန်ုပ်တို့ တစ်တွေဟာ ဒီလို လူမမာသည်ဘ၀၊ အနာရောဂါ ပျောက်ကင်းဖို့ ဆေးကုနေကြရတဲ့ ဘ၀မှာ ရောဂါ မြန်မြန် ပျောက်ချင်ရင်တော့ အရင်ဆုံး မတည့်စာတွေကို ရှောင်သင့်တယ်လေ..၊ ရှောင်လည်း ရှောင်ရမယ်..။ မတည့်စာဆိုတာ ဘုရားမကြိုက်တဲ့ အတွေးတွေ၊ ဘုရားမကြိုက်တဲ့ စကားတွေ၊ နောက်ဆုံး ဘုရားမကြိုက်တဲ့ အပြုအမူ လုပ်ဆောင် ချက်တွေပေါ့..။ ဘုရားမကြိုက်ပေမယ့် ငါ ကြိုက်လို့ ငါလုပ်တယ် ဆိုတဲ့ သူတွေကိုတော့ ချန်ထားလိုက်ပေါ့..။

ဒါပေမယ့် ရောဂါ တကယ် ပျောက်လိုသူတွေကတော့.. ဟော ခုန ပြောသလို ဘောလုံးပွဲ တစ်ပွဲ၊ ဇာတ်ကား တစ်ကား ကြည့်ချင်ပြီ ဆိုပါစို့..။ အရင်ဆုံး ဘုရားကြိုက်မကြိုက် ချင့်ချိန်လိုက်လေ.. “သတိ တမံ၊ ဉာဏ် မြေကတုတ်” ပေါ့၊ သတိနဲ့ အတွေးကို ထိန်းပြီး ဉာဏ်နဲ့ ဆင်ခြင်ကြည့်လိုက်..။ ဘုရားက နစ္စ၊ ဂီတ လုပ်တာ ကြိုက်လား..။ မကြိုက်ဘူး.. ဟုတ်ပြီ ဒါဆို ငါတို့လည်း နစ္စ၊ ဂီတ.. ဒါတွေနဲ့ ဆက်စပ်တာတွေ မလုပ်ဘူး။ နောက်တစ်ဆင့် ဘုရားအပေါ် ယုံကြည်မှု သဒ္ဓါနဲ့ ထပ်ပြီး ဆင်ခြင်ကြည့်လိုက်.. ဘာလို့ ဘုရား မကြိုက်တာလဲ.. ဒီ့နောက်ကွယ်မှာ မကောင်းကျိုးပေးမယ့် ဓမ္မသဘော တစ်ခုတော့ ရှိနေလို့ ဖြစ်မယ်.. ဒါဟာ ဘာလဲ.. အော် ဟုတ်ပြီ ဇာတ်ကားတွေကို ကြည့်လိုက်.. ဘယ်ဇာတ်ကားဖြစ်ဖြစ် မင်းသမီး မင်းသားကို ချက်ခြင်း ပေါင်းပေးတယ် ဆိုတာ ရှားတယ်.. ဒီတော့ ကိုယ်က ပေါင်းစေချင်တာက တောင့်တမှု ကာမစ္ဆန္ဒ၊ ဒါပေမယ့် ဇာတ်လမ်းလည်း ဆုံးကော ကိုယ်ပေါင်းစေချင်လို့ မင်းသမီး မင်းသားက မပေါင်းရဘဲ သေချင်သေ၊ ဒါမှမဟုတ် ကွဲချင်ကွဲတော့ ကိုယ့်အလိုကျ မဖြစ်ဘဲ ကြောင့်ကြရတာက ဗျာပါဒ.. အော် ဒီလို အကုသိုလ် ကိလေသာ တရားတွေ ရှိလို့ ဘုရားက ရှောင်ကြဉ်ခိုင်းတာ နေမှာပါဆိုပြီး.. ဆင်ခြင်ပြီး မကြည့်ဖြစ်လိုက်တော့ ဘုရားစကားလည်း နားထောင်ရာလည်းကျ.. နောက်ပြီး တရားကိုလည်း လေးစားရာ ကျသွားကော..။ ဒီလိုပဲ အခြား အရာတစ်ခုခု လုပ်တော့မယ် ဆိုရင်လည်း ဘုရားကြိုက်မကြိုက်၊ ကောင်းကျိုးရှိမရှိ ဆင်ခြင်ပေါ့..။ ဒီလို နည်းနဲ့ပဲ မတည့်စာတွေကို ရှောင်မယ်၊ ဆေးညွှန်းအတိုင်းလည်း ဆေးသောက်မယ် ဆိုရင်တော့ ရောဂါက မပျောက်စရာအကြောင်း မရှိပါဘူး..။ သို့သော်လည်း ကိုယ့်ရဲ့ လက်ရှိရောဂါ အခံဓာတ်ပေါ် မူတည်ပြီး ရောဂါ ပျောက်ချိန်ကတော့ တစ်ဦးနဲ့ တစ်ဦး တူချင်မှ တူပေမပေါ့လေ..။ အဓိက လိုရင်းကတော့ ဆေးပုံမှန်စားပြီး မတည့်စာတွေ ရှောင်ဖို့ပါပဲ။

အသိနဲ့ အကျင့် တစ်ထပ်တည်း ကျဖို့ ခက်တယ် ဆိုတဲ့ စကားကိုတော့ ကျွန်ုပ်နည်းတူ တော်တော်များများ သိပြီးသားပါ။ သိအောင်လုပ်ဖို့က အကျင့်နဲ့ စာရင် လွယ်တယ်လေ..။ ဒီလိုပြောလို့ သိတယ်ဆိုတဲ့ အဆင့်ကိုလည်း လျှော့မတွက်လိုက်ပါနဲ့။ ဒီနေ့ခေတ်လို ဘုရားတရားတွေ များများစားစား နာနိုင်ပြီး သိနိုင်တယ်ဆိုတဲ့ အဆင့်ကိုက ကိုယ့်မှာ အတော်လေးကို ပါရမီ ဓာတ်ခံအားတွေ ကောင်းနေလို့ပါ။ ထပ်ဆင့်ကြည့်လိုက်ဦးမယ်.. ဒီလို နာနိုင် ကြားနိုင် ဖတ်နိုင်၊ သိနိုင်ဖို့ ဆိုတာက ကိုယ့်မှာ နာနိုင်၊ ကြားနိုင်ဖို့ နားလည်း ကောင်းဦးမှ၊ ဖတ်နိုင်ဖို့ဆိုရင် မျက်စိလည်း ကောင်းဦးမှ၊ နောက်ပြီး တရားတော်ကို နာချင်၊ ဖတ်ချင်စိတ်လည်း ရှိဦးမှ.. သိဖို့ ဆိုရင်တောင် ဒီ ကိုယ်ဖတ်လိုက် နာလိုက်တဲ့ အသိကို လက်ခံနိုင်တဲ့ ဉာဏ်အားလည်း ရှိပါဦးမှ.. နောက်ဆုံး စဉ်းစားရင် ကိုယ့်မှာ ဉာဏ်အားတွေပြည့် ကိုယ်လက်အင်္ဂါတွေ ပြည့်စုံနေရင်တောင်မှ ဘုရား သာသနာနဲ့ ကြုံဦးမှ.. ဒါကြောင့်လည်း “မြတ်စွာဘုရားရဲ့ တရားတော်တွေကို နာကြားရသူတွေဟာ အတော့်ကို ဘုန်းကံ ကြီးမားကြပါပေတယ်” လို့ မိထွေးတော် ဂေါတမီက မိန့်ခဲ့ဟန် တူပါတယ်လေ..။ အစကို ပြန်ကောက်လိုက်ရင် သိအောင် လုပ်ဖို့က လွယ်တယ်၊ အကျင့်ထက်စာရင် လွယ်တယ်..၊ ကျွန်ုပ် ဒီလို ဆိုလိုက်လို့ အကျင့်က ခက်နေသလား ဆိုတော့လည်း မဟုတ်ပါဘူး။ အသိနဲ့ အကျင့်မထပ်ဘူး ဆိုတာက လျော့တိလျော့ရဲ ကျင့်နေလို့ပါ။ များများ မကျင့်လို့ပါ။ ကြိမ်ဖန်များစွာ မကျင့်လို့ပါ။ နောက်တစ်ခုက အသိနဲ့သာ ရောင့်ရဲပြီး ကျင့်ဖို့ကို စိတ်ကူးမရှိလို့ပါ။

မြတ်စွာဘုရားက ဘယ်လို ကျင့်ရင်တော့ဖြင့် ၇-ရက်နဲ့ တရားသိမယ်၊ ၇-လနဲ့ တရားသိမယ်၊ ၇-နှစ်နဲ့ တရားသိမယ် လို့ ဟောကြားခဲ့တာတွေဟာ အကြောင်းမဲ့တော့ ဟောခဲ့တာ မဟုတ်ပါဘူး။ နောက်ပြီး မြတ်စွာဘုရား လက်ထက်က ဇာတိကုန်ရာ ရောက်ခဲ့တဲ့ အရှင်မြတ်တွေရဲ့ နောက်ကွယ်က အကျင့်တွေကို လေ့လာကြည့်ရင်လည်း အော်.. ကိုယ်ဒီလို မကျင့်သေးလို့ တရားမသိသေးတာ ပါလား ဆိုတာကိုလည်း ခန့်မှန်းနိုင်ပါတယ်။ စက္ခုပါလ မထေရ်မြတ်တို့ရဲ့ အကျင့်စရဏတွေ၊ နောက် ရေအိုးကို ဖင်ဖောက်၊ ခေါင်းပေါ်တင်လို့ သံဝေဂဉာဏ် ပြင်းပြင်းနဲ့ အားထုတ်ခဲ့တဲ့ အရှင်မြတ်တို့ရဲ့ အကြောင်းတွေ ဒါတွေကို ဖတ်ကြည့်ရင် တအားကို ကြည်ညိုဖို့ ကောင်းသလို ကိုယ့်မှာ ဘာတွေ လိုအပ်သလဲ ဆိုတာတွေကိုလည်း တိုက်ဆိုင် စစ်ဆေးလို့ ရပါတယ်လေ။

ဘာပဲပြောပြော မြတ်ဘုရားကတော့ ဆရာစားမချန် လမ်းကြောင်းကို ထင်းနေအောင် ချပြခဲ့ပြီးပြီ။ တရားတွေကို အဆုံးစွန် မိန့်မြွက်ခဲ့ပြီးပြီ။ ကျင့်နိုင်အောင်သာ ကျင့်ကြပေရော့..။ လျှောက်တဲ့သူကား ရောက်၍ ရောက်တဲ့သူကား လျှောက်လို့သာပဲ ဆိုတာတော့… ငြင်းဖွယ်မရှိပြီ။

-------------------------------------

လမ်းမှန်ထက် လျှောက်လှမ်းနိုင်ကြပါစေ။

ဖိုးသား

11/15/2010, SUN:, 10:39:41 PM

Read more...

*ဆင်ခြင် သိမှတ်ဖွယ်ရာ*

11/16/2010 တောသားလေး , Posted in , 0 Comments

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရေးသားသော ဘ၀ဆိုတဲ့ ကျောင်း စာအုပ်မှ မှတ်သားဖွယ်ရာ ကောက်နုတ်ချက်လေးများကို ဖော်ပြလိုက်ပါသည်။

  • သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲဒီအပြစ်မျိုး ကိုယ့်မှာရှာကြည့်ပါ။ ရှိနေတတ်တာပဲ များပါတယ်။ သူတစ်ပါးမှာ ကောင်းတာမြင်ရင်လည်း အဲဒီလိုကောင်းတာ ငါ့မှာကော မရှိဘူးလား။ ရှိရင်ကောင်းပါတယ်။ ကောင်းသထက်ကောင်းအောင် ကြိုးစားရမယ်။ မရှိသေးရင်တော့ ရှိလာအောင် ကြိုးစားရမယ်။
  • တကယ့်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ့ အသိဥာဏ်ကိုရတာပါ။ အလေးနက်ဆုံး အသိဥာဏ်ကို ဘ၀အတွေ့အကြုံကပဲ ရနိုင်တယ်။ စာအုပ်ထဲက မရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပဲ။
  • အများအကျိုးကို တကယ်ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ လူဆိုတာဟာ သူ့ကိုယ်သူ လေးစားမှုရှိရမယ်။ တည်ကြည် ဖြောင့်မတ်မှုရှိရမယ်။ အများကိုလည်း လေးစားမှုရှိရမယ်။ အဲဒီလို လူသာလျှင် အများအကျိုးကို တကယ်ဆောင်ရွက်နိုင်တဲ့သူဖြစ်တယ်။
ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Read more...

တိမ်ဖုံးပါလို့ လမသာ - အရှင်နန္ဒဝံသ

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဦးသူရဟန်မိသားစုက မိဘနှစ်ပါးအား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းရာ လောကချမ်းသာ စနေနေ့တရားပွဲကို ဆွမ်းအနုမောဒနာတရားနှင့် ပေါင်း၍ မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီခွဲအထိ ကျင်းပ ပြုလုပ်၏။

ရှေးဦးစွာ ဆရာတော် ဦးစက္ကိန္ဒက ငါးပါးသီလပေး၍၊ သံဃာတော်အရှင်မြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး၊ Wisconsin ပြည်နယ်မှ ခေတ္တ ရောက်ရှိ သီတင်းသုံးနေသော ဆရာတော် အရှင်နန္ဒဝံသက “တိမ်ဖုံးပါလို့ လ,မသာ” ဟူသော တရားတော်ကို မှတ်ဖွယ်ရာရာ လင်္ကာများဖြင့် ဟောကြား ချီးမြှင့်၏။





လင်္ကာများ

ဘဝဟူက ဒုက္ခမှန်သည်
ဘယ်ဘဝမှလည်း အမြဲမတည်
လူ့ပြည်မှာလည်း ဖြစ်ခဲ့ရပြီ
နတ်ပြည်မှာလည်း စံခဲ့ရပြီ
ငရဲမှာလည်း ခံခဲ့ရပြီ
၃၁-ဘုံ နယ်ကို လှည့်၍
တကယ့်ကိုပဲ ဆင်းရဲလှပါသည်။


မရှိပြန်တော့လည်း တောင့်တပူ
ရှိပြန်တော့လည်း ကြောင့်ကြပူ
မရှိ,တောင့်တ ရှိ,ကြောင့်ကြ ပူ
လူ့ဘဝကြီး ‘အထက်မီး-အောက်မီးမုန့်’နဲ့ တူ။


ဇာတိဘေး ကြောက်လှပါ
ဖြစ်မှုတွေ ချုပ်ငြိမ်းလို့ ဇာတ်သိမ်းဖို့ရာ ညွှန်ပြပါ
ဖြစ်မှုတွေ ဇာတ်သိမ်းလို့ ချုပ်ငြိမ်းဖို့ရာ ညွှန်ပြပါ
ရူပက္ခန္ဓာ အနိစ္စ ဒုက္ခ အနတ္တများမို့
ပရမတ်များသာ ရှုစမ်းပါ
သူသူငါငါ စွဲတာ ဖြုတ်မှ
ဖြစ်မှုဆုံး အဆုံး‘နိဗ္ဗူတာ’။


မျက်စိ၂-ပေါက်က ကြည့်ခဲ့လေပြီ
အဆင်းဟူသမျှ ကြည့်ခဲ့လှပြီ
ကောင်းတာတွေ့တော့ လောဘဖြစ်သည်
ဆိုးတာတွေ့တော့ ဒေါသဖြစ်သည်
သင့်အတွက်နဲ့ စိတ်ပျက်လှပြီ
သံသရာထဲ တဝဲလည်လည်
ထိန်းသိမ်းကြဖို့ ယခုတော်ပြီ
‘ငါ’သိမ်းပိုက် မီးမြိုက်လေဦးမည်။


လောဘတရား ဖြစ်ပွားလာသည်
အလောဘနဲ့ သတ်ဖို့ကြံစည်
သတ်နိုင်က အာဂခရီးသည်။
ဒေါသတရား ဖြစ်ပွားလာသည်
အဒေါသနဲ့ သတ်ဖို့ကြံစည်
သတ်နိုင်က အာဂခရီးသည်။
မောဟတရား ဖြစ်ပွားလာသည်
အမောဟနဲ့ သတ်ဖို့ကြံစည်
သတ်နိုင်က အာဂခရီးသည်။


လိုတာမရတာ၊ သည်းခံခြင်းနဲ့ ဖြေ
မလိုတာ ရလာ၊ သည်းခံခြင်းနဲ့ ဖြေ
လိုတာ ရလာ၊ တင်းတိမ်ခြင်းနဲ့ ဖြေ
လောဘ သေ၊ ဒေါသ သေ
ဤလူ့ဘုံတွင်း တွေ့ကြုံ နေ့တိုင်း ဖြေ။


သဘောကျတော့ ပြုံးပြန် ပြုံးပြန်
သဘောမကျတော့ မုန်းပြန် မုန်းပြန်
ပြုံးပြန်မုန်းပြန် နှစ်ရုပ်နှစ်နာမ်
မျက်စိအောက်က ချုပ်ပျောက် ရုပ်နဲ့နာမ်
‘ငါ’ မပါရန် ကိုယ်ပိုင်ဉာဏ်နဲ့ ကြံ
အမှန်သိတော့ သန္တိပြည်နိဗ္ဗာန်။


+++++

တရားပွဲပြီးနောက် မွန်းလွဲ ၃ နာရီမှ ၄ နာရီအထိ အဘိဓမ္မာ အာရမ္မဏသင်္ဂဟပိုင်း ပြန်လည် သင်ကြား လေ့လာခြင်း၊ ၄ နာရီခွဲမှ ၅ နာရီခွဲအထိ မဟာသတိပဋ္ဌာနသုတ် သင်ကြား လေ့လာခြင်းတို့ကို လောကချမ်းသာဆရာတော်က သင်ကြား ပို့ချပေး၏။

သာဓု ... သာဓု ... သာဓု။

Read more...

မဟောသဓာအပိုင်း- ၃၈ “အားကိုးထိုက်သူ မဟောသဓာ” အဆက် (နိဂုံး)

ပရိဗိုဇ်မက “ညီတော် တိက္ခိနမန္တိကို ပေးမည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေးပြန်သည်။

မင်းကြီးက “ညီတော်သည် စလာကဒေဝီနှင့် ဆမ္ဘီပုဏ္ဏားတို့ လက်ဆက်ပြီးမှ ဖွားမြင်သော မင်းသားဖြစ်သည်။ ထို့ကြောင့် ဆမ္ဘီပုဏ္ဏားက သူနှင့် သင့်၍ရသော မင်းသားဟု မှတ်ထင်ကာ အရွယ်ရောက်သောအခါ သန်လျက်ပေးအပ်၍ အခစား ခိုင်းထားသည်။ မင်းသားကလည်း သူ့ဖခင် ဟူ၍ပင် ထင်သည်။ သို့ရာတွင် အမတ်များက မင်းသားအား ‘သင့်မယ်တော်သည် သင့်ကို ကိုယ်ဝန်ရှိသော အချိန်၌ မဟာစူဠနီဗြဟ္မဒတ် မင်းကြီးကို အဆိပ်ခတ်သတ်ပြီး ပုဏ္ဏားကို နန်းတင်ခြင်းသာ ဖြစ်သည်’ ဟု ပြောပြကြသည်။ ဤတွင် တိက္ခိနမန္တိ မင်းသားသည် ဆမ္ဘီပုဏ္ဏားကို လုပ်ကြံသတ်ဖြတ်လျက် နန်းတက်မည်ပြုသည်။ ထိုအခါ မယ်တော်က ‘မဒ္ဒရာဇ်တိုင်း၌ သင့်နောင်တော် ရှိနေသေးသည်’ ဆိုသဖြင့် နောင်တော်ဖြစ်သော ကျွန်ုပ် စူဠနီဗြဟ္မဒတ်ကို ပင့်ဆောင်ကာ နန်းတင်ခဲ့သည်။ ဤမျှ ကျွန်ုပ်အပေါ် ကျေးဇူးကြီးလှပါသည်။ သို့ရာတွင် သူချီးမြှောက်၍ မင်းအဖြစ်သို့ ရောက်ရသည်ဟု သဘောထားကာ ကျွန်ုပ်အပေါ် မထေမဲ့မြင် ပြုတတ်ပါသည်။ ထို့ကြောင့် ရေစောင့်ဘီလူးအား ညီတော်ကို ပေးမည်ဟု ပြောရပါသည်” ဟု ဆို၏။

ပရိဗိုဇ်မက “ဓနုသေခကို ပေးမည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေးမြန်း၏။ မင်းကြီးက “ဓနုသေခသည် ငယ်စဉ်က အတူအိပ်၊ အတူစား၊ ကစားဖော်ဖြစ်ခဲ့သည်။ ကျွန်ုပ် မင်းအဖြစ်သို့ ရောက်သောအခါ အရေးအရာမသိ၊ မင်းမဖြစ်မီကကဲ့သို့ပင် ရောရောနှောနှောနေကာ ရယ်မော ပြောဆိုလေ့ရှိသည်။ တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်ခွင့် ရထားသည်ဆိုပြီး ကျွန်ုပ်နှင့် မိဖုရားကြီး နှစ်ကိုယ်တူနေသည့် အခါတွင်လည်း အခွင့်မတောင်း၊ အကြောင်းမကြား၊ စွပ်ခနဲ ဝင်ချင်ဝင်လာတတ်သည်။ ထို့ကြောင့် ဓနုသေခကို ရေစောင့်ဘီလူးအား ပေးမည် ပြောခြင်းဖြစ်ပါသည်” ဟု ဆို၏။

ပရိဗိုဇ်မက “ပုရောဟိတ် ကေဝဋ်ပုဏ္ဏားကို ပေးမည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေးမြန်း၏။ မင်းကြီက “ကေဝဋ်ပုဏ္ဏားသည် ပရိသတ်အလယ်၌ ကျွန်ုပ်ကို မျက်မှောင်ချီလျက် ဒေါသဖြင့် မျက်စိပြူး ကြည့်တတ်ပါသည်။ ထို့ကြောင့် သူ့ကို ရေစောင့်ဘီလူးအား ပေးမည် ပြောခြင်းဖြစ်ပါသည်” ဟု ဆို၏။

ထို့နောက် ဘေရီ ပရိဗိုဇ်မက “မယ်တော် စသော ပုဂ္ဂိုလ်ငါးဦးတို့ကို ရေစောင့်ဘီလူးအား ပေးမည်ဆိုသည့် အကြောင်းရင်းကို သိရပါပြီ။ သင်မင်းကြီး ကိုယ်တိုင်ကား ဧကရာဇ်ဘုရင်ကြီး ဖြစ်ပါလျက် မဟောသဓာကိုယ်စား မိမိအသက်ကို စွန့်မည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေး၏။

မင်းကြီးက “မဟောသဓာ သုခမိန်သည် အကျွန်ုပ်ထံသို့ ရောက်သည့်နေ့မှစ၍ ယနေ့တိုင် ကျွန်ုပ်အား ကိုယ်နှုတ်ဖြင့် ပြစ်မှားခြင်း လုံးဝမရှိခဲ့ပါ။ မဟောသဓာ သုခမိန်သည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် တည်းဟူသော ကာလသုံးပါးတို့၌ အကျိုးစီးပွား ဖြစ်ထွန်းနိုင်သည်တို့ကိုလည်း သိမြင်နိုင်သူဖြစ်သည်။ သူတစ်ပါးတို့အား ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော ကံသုံးပါးတို့ဖြင့်လည်း ပြစ်မှားခြင်း မပြုတတ်။ မဟောသဓာ သုခမိန် မသေမီ အကျွန်ုပ် သေရလျှင် သားတော်အစဉ်၊ မြေးတော်အဆက်တိုင်အောင် မဟောသဓာသည် စောင့်ရှောက်လိမ့်မည်။ ဤတွင် ကျွန်ုပ်အဖို့ ကောင်းသောသေရခြင်း ဖြစ်ပါသည်။ ထို့ပြင် မဟောသဓာ သုခမိန်၏ ကောင်းကျိုးပြုမှုကြောင့် လူခပ်သိမ်းတို့အဖို့လည်း ပစ္စုပ္ပန် သံသရာတို့၌ စီးပွားချမ်းသာ ရနိုင်ပါသည်။ ထို့ကြောင့် မဟောသဓာကိုယ်စား ကျွန်ုပ်၏ အသက်ကို ရေစောင့်ဘီလူးအား ပေးမည်ဟု ဆိုခြင်းဖြစ်သည်” ဟု ရှင်းလင်း ပြောဆို၏။

ဘေရီ ပရိဗိုဇ်မလည်း မဟောသဓာ၏ ဂုဏ်ကို ထို့ထက် ပို၍ ထင်ရှားစေလိုသောကြောင့် မြို့သူမြို့သားတို့ကို စည်းဝေးစေသည်။ မင်းကြီးအား ပရိသတ်အလယ်တွင် ရေစောင့်ဘီလူး ပြဿနာကို အထက်ပါအတိုင်း ထပ်၍ မေးပြန်၏။ မင်းကြီကလည်း အထက်ပါအတိုင်းပင် ဖြေကြား၏။

ပညာမည်သည်

ထိုအခါ ပရိဗိုဇ်မက “တိုင်းသူပြည်သား အပေါင်းတို့၊ ယခု မင်းကြီးပြောသည့် စကားကို ကြားကြပြီ မဟုတ်လော၊ ပညာရှိ မဟောသဓာအတွက် မိမိအသက်ကိုပင် စွန့်မည်ဟု ပြောချေပြီ။ မင်းကြီးသည် မယ်တော်၊ မိဖုရား၊ ညီတော်၊ အဆွေခင်ပွန်း၊ ပုရောဟိတ်ပုဏ္ဏားနှင့် မိမိကိုယ်ကိုပင် စွန့်၍ ပညာရှိကို စောင့်ရှောက်ပေသည်။ ပညာမည်သည် မဏိဇောတ ပတ္တမြားနှင့် တူ၏။ အလိုရှိအပ်သော အရာခပ်သိမ်းကို ပြီးစေ၏။ အလွန် တန်ခိုးကြီး၏။ ပညာသည် ဒုစရိုက် ဆယ်ပါးကို ရှောင်ရှားစေ၍ သူတော်ကောင်း တရားကို ပွားစေ၏။ ပညာသည်သာလျှင် မျက်မှောက်ဘဝ၌ ကိုယ်၏ စီးပွားနှင့် သူတစ်ပါးတို့၏ စီးပွားအကျိုးကို ဆောင်နိုင်၏။ နောင်တမလွန် ဘဝ၌လည်း ကောင်းမြတ်သော သုဂတိသို့ ပို့ဆောင်ပေးနိုင်၏။ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာကိုလည်း ရွက်ဆောင်နိုင်၏” ဟူ၍ မဟောသဓာ၏ ပညာဂုဏ်ကို ချီးမွမ်း ပြောဆိုလေ၏။

(ဇာတ်ပေါင်းသော် မဟောသဓာသည် ဂေါတမမြတ်စွာဘုရား၊ အမရာဒေဝီသည် ယသော်ဓရာ၊ မဟောသဓာ၏ ခမည်းတော် သီရိဝဍ္ဎန သူဌေးသည် သုဒ္ဓေါဒန မင်းကြီး၊ သူဌေးကတော် သုမနဒေဝီသည် မယ်တော်မာယာ၊ ဝိဒေဟရာဇ်မင်းသည် ကာဠုဒါယီ၊ စူဠနီဗြဟ္မဒတ်မင်းသည် အရှင်သာရိပုတ္တရာ၊ ကေဝဋ်ပုဏ္ဏားသည် ဒေဝဒတ်၊ သေနက အမတ်သည် အရှင် မဟောကဿပ၊ ပက္ကုသ်အမတ်သည် အမ္ဗဌလုလင်၊ ကာမိန္ဒအမတ်သည် ကုဋဒန္တပုဏ္ဏား၊ ဒေဝိန္ဒအမတ်သည် ပိလောတိကလုလင်၊ ဥဒုမ္ဗရဒေဝီသည် ဒိဌမင်္ဂလိက အမျိုးသမီး၊ ပဉ္စာလစန္ဒီ မင်းသမီးသည် သုန္ဒရီ၊ ဘေရီ ပရိဗိုဇ်မသည် ဥပ္ပလဝဏ်၊ ကျေးလိမ္မာသည် အရှင်အာနန္ဒာ၊ သာလိကာမသည် မလ္လိကာ မိဖုရားတို့ အသီးသီး ဖြစ်လာကြလေသည်)

***ဤမဟောသဓာဇာတ်တော်တွင် ဂေါတမဘုရားရှင် ပညာပါရမီ၊ ဝီရိယပါရမီနှင့် ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်***

Read more...

Rich & Poor

အချမ်းသာဆုံးလူနှင့် အဆင်းရဲဆုံးလူ

တစ်နေ့သောအခါ၌ လူတစ်ယောက်သည် သူတော်စင်တစ်ပါးထံသို့သွားလျက် သူ၏ရွှေခွက်တစ်ခွက်ကို သူတော်စင်အား အလှူဒါနအဖြစ်ပေးလှူသည်။ သို့သော်လည်း သူတော်စင်က ရွှေခွက်ကို အလှူမခံဘဲ “ငါဆင်းရဲသားဆီက အလှူဒါနကို လက်မခံဘူး” ဟု ပြောလိုက်သည်။ ထိုအခါ အလှူဒါနပြုသူက တအံ့တသြဖြစ်သွားပြီး ”အရှင်သူမြတ်၊ ကျွန်ုပ် ဒီဒေသမှာ အကြီးဆုံး သူဋ္ဌေးသူကြွယ်တစ်ယောက်ဖြစ်ပါတယ်။ သူဋ္ဌေးသူကြွယ်ဖြစ်တဲ့ ကျွန်ုပ်ရဲ့ အလှူကို လက်ခံပါ။” ဟု ပြောလိုက်သည်။

ထိုအခါသူတော်စင်က ပြုံးပြီးပြောလိုက်သည်။

“မင်း အကြွယ်ဝအချမ်းသာဆုံးဖြစ်တယ်ဆိုတာတော့ ဟုတ်ပါပြီ။ ငါမေးတဲ့ မေးခွန်းတစ်ခုကို ဖြေကြည့်စမ်းပါ။ ယခုလောက် ဥစ္စာဓန ကြွယ်ဝချမ်းသာနေပါလျက်နဲ့ မင်း နောက်ထပ်ဥစ္စာဓန မလိုချင်ဘူးလား။”

သူတော်စင်ကြီး၏ အမေးကို ကြားရသောအခါ “ကျွန်ုပ် နောက်ထပ် ပစ္စည်းဥစ္စာ လိုချင်တဲ့စိတ်ရှိပါတယ်” ဟုပြောလိုက်သည်။ ထိုအခါ သူတော်စင်က သူ၏ အယူအဆကို ပြောပြလိုက်သည်။

“အဆင်းရဲဆုံး ပုဂ္ဂိုလ်ဆိုတာ ကိုယ့်ဆီမှာ မရေမတွက်နိုင်လောက်တဲ့ ဥစ္စာဓနရှိနေပေမယ့် နောက်ထပ် ဥစ္စာဓနလိုချင်တဲ့လူဖြစ်တယ်။ ချမ်းသာကြွယ်ဝသူကတော့ ဥစ္စာဓန မရှိပေမယ့် ဥစ္စာဓနရယူလိုတဲ့ အာသာဆန္ဒမရှိတဲ့လူဖြစ်တယ်” ဟု ပြောလိုက်သည်။

ဥစ္စာဓနမာန် တက်နေသော သူဌေးသူကြွယ်ကြီးသည် မိမိ၏ဆင်းရဲသည့်အခြေအနေကို သူတော်စင်ကြီးပြောပြသည့်အတွက် နားလည်သဘောပေါက်သွားသည်။

ဧကံသမယံ (၅)

ပါရဂူ

Read more...

မလေးရှားမှာ ဘေးစကားတွေ ပြောနေတယ် (၃)

တောင်ကုန်းပေါ်က ကျောင်းကြီးက အတော်ဟောင်းနေပြီ။ အသစ်ပြန်လည် ပြုပြင်ထားတာ မရှိဘူး။ ဘုရားကျောင်းနံရံကြီးက အထူကြီး။ အမိုးမရှိတော့ဘူး။ ပေါ်တူဂီစာလား၊ ဒတ်ခ်ျစာလား မသိတဲ့ ကျောက်စာတွေ ရှိတယ်။ ထူးခြားတာကတော့ (ကိုယ့်အတွက်ပေါ့လေ) ဘုရားကျောင်းထဲမှာ ဂစ်တာတစ်လက်နဲ့ သီချင်းဆိုနေတဲ့ သူတစ်ယောက်။ သူက အင်္ဂလိပ်သီချင်းတွေကို ဟန်ပါပါနဲ့ဆိုနေတာ။ အနောက်တိုင်းသားတွေတောင် အငေးသားနဲ့ ၀ိုင်းနားထောင်နေကြတယ်။ သူ့ရှေ့ချထားတဲ့ အင်္ကျီပေါ်မှာ ပိုက်ဆံလေးတွေ ချသွားကြတယ်။ ဘုရားကျောင်းနံရံအထူကြီးတွေကြောင့်လား မသိဘူး။ သူ့အသံက အရမ်းကို ကောင်းနေတယ်။ သီချင်းနှစ်ပုဒ်လောက်ပြီးတဲ့အထိ ရပ်ငေးခဲ့တယ်။ စိတ်ထဲမှာ ထူးအိမ်သင်ကြီးလိုလို (စိတ်ထဲမှာ စွဲမိတဲ့ အနုပညာသည်ဆိုလို့ကလည်း ထူးအိမ်သင်တစ်ယောက်သာ ရှိတာ။ အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ရဲတဲ့ အနုပညာသည် ခပ်ရှားရှားထဲက တစ်ယောက်ဖြစ်လို့လည်း ပါတာပေါ့) မြင်ယောင်မိတယ်။

၁၁-နာရီကျော်တော့ ဆွမ်းချိန်ရောက်ပြီမို့ ထမင်းဆိုင် လိုက်ရှာတယ်။ ဘ၀မှာ တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ မြင်ကွင်းတစ်ခု တွေ့ခဲ့တယ်။ ထမင်းဆိုင်တွေ ရှေ့မှာ လူတန်းကြီး။ ထမင်းတစ်ခါစားဖို့အရေး တန်းစီစောင့်နေကြတာပေါ့။ ခြေသွက်လက်သွက်ရှိတဲ့ ကိုသူရက ရှေ့သွားပြီး တစ်ဝိုင်းယူလိုက်လို့ တန်းမစီလိုက်ရဘူး။ တရုတ်အစားအစာတွေ စားခဲ့တယ်။ ထမင်းဆိုင်တိုင်းရှေ့မှာ လူတန်းကြီးတွေက ပိုများလာတယ်။ စားပွဲထိုးလေးက မြန်မာ။ နိုင်ငံရပ်ခြားမှာ မြန်မာတွေ ဒီလို လုပ်နေတာတွေ့ရင်ကို စိတ်ထဲမှာ အတော်ဝမ်းနည်းမိတာ။ တို့မြန်မာတွေ။ သာကီမျိုးဟေ့ ဒို့ဗမာတွေ အော်လိုအော်။ ပုဂံမြို့ဟောင်းကြီး ကြည့်ပြီး မာန်တွေ တက်လိုတက်။ ဘယ်လောက်တောင် နောက်ကျကျန်ရစ်နေခဲ့ပြီလဲ။ အော် တို့မြန်မာတွေ ဘယ်တော့များမှ နိုးကြားလာကြမှာလဲ။

ပြီးတာနဲ့ ပေါ်တူဂီသင်္ဘောဟောင်းကြီးကို သွားကြည့်တယ်။ သစ်သားအထူကြီးတွေနဲ့ လုပ်ထားတာ။ လေးထပ်ရှိတယ်။ အခုချိန်ထိ ခိုင်ခန့်နေဆဲပဲ။ သင်္ဘောကြီးဆီ သွားတဲ့လမ်းဘေးမှာ ထိုင်စရာလေးတွေ့လို့ ထိုင်နေတယ်။ ကောင်မလေးနှစ်ယောက်။ ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်။ နှုတ်ဆက်ချင်ပုံ ရပါတယ်။ နှုတ်ဆက်ချင်ရင် လာလိမ့်မယ်ပေါ့။ မရယ်မပြုံးဘဲ နေလိုက်တယ်။ နောက်က ဦးဇင်းတွေနဲ့ အမေကြီးတို့လာမှ ခပ်လှမ်းလှမ်းမှာ စကားပြောနေကြတာ တွေ့ရတယ်။ ဘေးက ဦးဇင်းကလည်း မြန်မာကောင်မလေးတွေ ထင်တယ်။ သွားစကားပြောလိုက်မယ်ဆိုပြီး ထသွားတယ်။ မိနစ် ၂၀-ခန့် ရှိမယ်။ လမ်းသွားလမ်းလာတွေ ကြားမှာ သူတို့က ဒူးတုပ်ပြီး လက်အုပ်လေးတွေ ချီလို့ပေါ့။ သူတို့တွေ စကားပြောနေကြတယ်။ အတော်ဝမ်းသာနေကြတဲ့ပုံပါပဲ။

အတူပါတဲ့ ဦးဇင်းက ပြောတယ်။ သူတို့က အောက်ပိုင်း မအူပင်ဘက်ကတဲ့။ သနားစရာကောင်းပါတယ်ကွာ။ အလုပ်ကလည်း အရမ်းပင်ပန်းတယ်တဲ့။ ပိုက်ဆံလည်း သိပ်မရဘူးတဲ့။ ဘုန်းကြီး မဖူးရတာလည်း ကြာပြီတဲ့။ ကိုယ်တို့ကို တွေ့တော့ အတော်ဝမ်းသာနေကြတာ။ အခု တို့ နှုတ်ဆက်တော့ မျက်ရည်လေးတွေ တစမ်းစမ်းနဲ့။ စိတ်မကောင်းစရာပါပဲကွာ။ အေးပေါ့လေ….. ကိုယ့်နိုင်ငံက မကောင်းတော့လည်း ဒီလိုပဲပေါ့။ သူက ပြောရင်းနဲ့ သက်ပြင်းရှည်ကြီး ချလိုက်သေးတယ်။ (တကယ်တော့ သွားတာ နှုတ်မဆက်တာ၊ သူတို့ကို မြင်ကတည်းက ကိုယ်လည်း သက်ပြင်းချနေမိတာ)။

ကိုယ်က ရှေ့ဆုံးကပေမယ့် နှုတ်မဆက်ဖြစ်တာကလည်း အကြောင်းရှိပါတယ်။ ကိုယ့်သဘာဝကိုက အရင်ဆုံး နှုတ်ဆက်ရတာ သိပ်မလုပ်ချင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က နှုတ်ဆက်ပြီး တလေးတစား၊ ရင်းရင်းနှီးနှီး စကားပြန်မပြောရင် ကိုယ်က အရမ်းနာကျင်တတ်တယ်။ အရင်က ပြည်ပတွေ့တဲ့ မြန်မာဆိုတော့ ရင်းရင်းနှီးနှီး နှုတ်ဆက်တာပေါ့။ ဒါပေမယ့် မသိချင်ယောင်ဆောင်နေတာ ခံရဖူးတယ်။ အဲဒီနောက်မှာ ကိုယ်ကို လာနှုတ်မဆက်တဲ့ ဒကာ၊ ဒကာမ၊ လူငယ်၊ လူကြီး ဘယ်သူ့ကိုမှ စနှုတ်မဆက်တော့ဘူး။ နောက်ပြီး မလေး၊ စင်္ကာပူမှာက အချို့မြန်မာတွေက သူတို့ကို နှုတ်ဆက်တာနဲ့ အလှူခံမလား၊ အလှူခံဘုန်းကြီးဆိုတဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်ကြတယ်။ ဒါမျိုးလည်း ကိုယ်မကြိုက်ဘူး။ သူတို့လေးတွေရဲ့ အလုပ်ကာလတစ်လျှောက် အဆင်ပြေချောမွေ့စွာနဲ့ ပြီးဆုံးသွားကြပါစေလို့တော့ ဆုတောင်းမိပါတယ်။

လမ်းမှာ တိရစ္ဆာန်ရုံတစ်ခုကို ၀င်တယ်။ သိပ်အထူးအဆန်းတွေတော့ မရှိလှဘူး။ မြန်မာနိုင်ငံနဲ့စာရင် ရှိတဲ့သတ္တ၀ါလေးတွေ ၀၀ဖြီးဖြီး ရှိနေကြတာပဲ ထူးပါတယ်။ နေက အရမ်းပူတော့ မောနေကြပြီ။ အမေကြီးဆို မလိုက်နိုင်တော့ဘူး။ ၂-နာရီခန့်လောက် သွားလိုက်တော့ နှံ့သွားတယ်။ ကားပေါ်လည်းရောက်ရော အိပ်ပျော်သွားကြတယ်။ လမ်းမှာ ပိန်ချုံ့နေတဲ့ကားလေးတစ်စီးရယ်၊ ပက်လက်လှန်ပြီး သိကြားမင်းကို မထေမဲ့မြင်ပြုနေတဲ့ ကုန်ကားကြီးတစ်စင်းရယ်၊ အနည်းငယ်ပိန်သွားတဲ့ ကားလေးတစ်စီးရယ် တွေ့လိုက်ရတယ်။ ဘုရားတခဲ့ရတယ်။ အချို့ကားတွေက တစ်နာရီကို ကီလိုမီတာ ၁၆၀-နှုန်း မောင်းကြသတဲ့လေ။ တစ်ခုခုဖြစ်လို့ကတော့ အစအနတောင် ရှာရပါ့မလား။ လမ်းတွေက အရမ်းကောင်းတော့ အရမ်းမောင်းကြတယ်ဆိုပဲ။ မလကာက ပြန်ခဲ့တယ်။ ကျောင်းပြန်ရောက်တော့ နေပူဒဏ်ကြောင့် ထင်တယ်။ ခေါင်းက အတော်လေး ကိုက်နေတယ်။ ဒီလောက်တောင် ခံနိုင်ရည်နည်းရလားဆိုပြီး မကျေနပ်ဘူး။ ဒါနဲ့ ကတ်ပုံးကို ဆန်အိတ်တွေ သွားသယ်မယ်လိုက်မလားဆိုတော့ ကိုယ့်ခေါင်းကို အမြင်ကပ်လို့ ခေါင်းကိုက်ကိုက်နဲ့ လိုက်သွားတယ်။ ညက မောပေမယ့် အတော်နဲ့ မအိပ်ခဲ့ဘူး။ အပြင်မှာ မိုးတွေ ရွာနေသလိုပဲ။

Read more...

Ajahn Brahm in Bangkok

by Cittasamvaro

English Dhamma Talks in Bangkok
with Ajahn Brahm
(Abbot of Bodhinyana Monastery, Western Australia)

6 – 8 December 2010

================================

Day 1: Monday 6 December

Topic: ‘Meditation to Overcome Stress’

Time: 09.00 am – 10.00 am Registration
10.00 am – 12.30 pm Talk & Guided Meditation session
12.30 pm – 1.30 pm Lunch break
1.30 pm – 3.30 pm Talk & Guided Meditation session
3.30 pm – 4.00 pm Questions & Answers

Venue: World Fellowship of Buddhist Headquarters
Benjasiri Park, between Sukhumvit 22 & 24
Bus 2, 25, 38, 48, 508, 511 BTS Sky Train Prompong Station

Read more...

မဖျက်ဆီးနဲ့

* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။
* ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။
* မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။
* သူ၏ကောင်းမှု၊ ဖျက်ဆီးပြု၊ အကုသိုလ်စုသာ။
* အကုသိုလ်ကား၊ ပါယ်လေးပါး၊ လျင်လျား ပို့သည်သာ။
* သာဓုခေါ်က၊ ကောင်းကျိုးရ၊ ရောက်ကြ ထက်နတ်ရွာ။
မှတ်ချက်။ ။ ပျက်စီးစေလိုသော စေတနာနှင့် ဖျက်လျှင် အကုသိုလ် ဖြစ်သည်။
ပျက်စီးနေသော ကျောင်း ကန် ဘုရား စေတီတို့ကို ကောင်းစေလိုသော စေတနာဖြင့် ဖျက်၍
အသစ်ပြုပြင်လျှင် ကုသိုလ် ဖြစ်သည်။

စစ်ကိုင်း ရွှေဟင်္သာဆရာတော်ဘုရားကြီး။

Read more...

စုပေါင်းတရားထိုင်ပွဲနှင့်တရားတော်နာဖိတ်ကြားလွှာ

ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ

ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို….. မနက်ဖြန် (၁၇၊ ၁၁၊ ၂၀၁၀) ဗုဒ္ဓဟူးနေ့သည် အများပြည်သူ ရုံးပိတ်ရက်ဖြစ်သည့်အတွက် စင်္ကာပူနိုင်ငံ ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ ပါရမီရှင်များပေါင်းစုကာ တရားထိုင်ခြင်း၊ တရားတော်နာယူမှတ်သားဆွေးနွေးခြင်းစသော သာသနာတော်၏ အနှစ်သာရ အခွင့်အရေးတစ်ခုကို တွေ့ဆုံကြုံကြိုက်ကြရမည် ဖြစ်ပါ၍ ပါဝင်ဆင်နွဲနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။

ဓမ္မကထိကများ ။ ။ ဘဒ္ဒန္တပညာစက္ကမထေရ်မြတ် (မိုးကုတ်မြို့သား)
ဘဒ္ဒန္တဥတ္တရသာရ (ရင်တွင်းငြိမ်းချမ်းဆရာတော်)
ဒေါက်တာအရှင်ရာဟုလာ (နာယကချုပ်)

ကျင်းပမည့်အချိန်။ ။ နေ့လည် ၂း၀၀ နာရီ မှ ညနေ ၆း၀၀ နာရီ အထိ
ကျင်းပမည့်နေရာ။ ။ ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ (မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ)
23A, Jalan Mas Puteh, Near ESSO Station,
West Coast Road, Singapore 128628
Bus No.: ၃၀၊ ၁၄၃၊ ၅၁၊ ၇၈၊ ၂၈၅

မှတ်ချက်၊။ ရခိုင်မုန့်တီဖြင့် လှူဒါန်းပါမည်။

Read more...

Dhamma Tour In Sumatra

I have just returned from a five-day Dhamma tour of northern Sumatra in Indonesia. I traveled to six locations and spoke to big crowds, the largest being a 3500 audience at the Grand Aston City Hall in Medan itself. It is really good to see the level if interest in the Dhamma in this somewhat isolated part of Indonesia.
3 comments

Read more...

မိုးကုတ်ဆရာတော်ကြီး၏ စေတနာ စကား...

- ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ ရုပ်အဆိုးဆုံး။

- ကိုယ့်ကိုယ်ကို သနားရင် ၀ိပဿနာ လုပ်ကြ။ ကိုယ့်ကိုယ်ကို မသနားရင် သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ကြ။

- ယခု သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပစ္စည်းဥစ္စာတွေနဲ့ မသိပြုံး ပြုံးနေသလောက် မသိပျော် ပျော်နေသလောက် နောင်သေခါနီး အိပ်ယာ ညောင်စောင်းမှာ မျက်ရည် ကျရပါလိမ့်မယ်။

Read more...

ဘုရားဆိုတာဘယ်လိုလူလဲ

စာရေးသူ စင်ကာပူကိုရောက်နေချိန် စာရေးသူတည်းခိုတဲ့ သစ္စာပါရမီဓမ္မရာဇာရိပ်သာတွင် 13-11-2010 ရက်နေ့ ရှင်ပြုပွဲတစ်ပွဲနှင့်ဆုံတွေ့သည်။ ညီအစ်ကိုနှစ်ယောက် ၁၅ နှစ်၊ ၁၆ နှစ်ဝန်းကျင်ဖြစ်သည်။ မြန်မာစကားတော့ ပြောနိုင်သည် စာကိုတော့မဖတ်တက်ပါ၊ ကိုရင်ဝတ်ပြီးကျောင်းမှာနေကြသည်။ တစ်နေ့တော့ ဆရာတော်မှ စာရေးသူကို ဦးဇင်းက ကိုရင်လေးနှစ်ပါးကို ဂုဏ်တော်တွေနှင့် သင့်တော်မည့်စာတွေကို ခဏသင်ပေးပါဆိုပြီး အမိန့်ရှိလာပါသည်။ စာရေးသူမှာလည်း သူတို့လေးတွေကို ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃဂုဏ်တော်များကို သင်ပေးသည်။ တိပိ သော ဘဂ၀ါ အရဟံ သမ္မာသမုဒေါ စသည်ဖြင့်ဂုဏ်တော်များကိုသင်ပေးပါသည်။ အခုကိုရင်တို့ဆိုလိုက်တာကို ဘုရားဂုဏ်တော်လို့ခေါ်တယ်၊ ဘုရားဂုဏ်တော် ၉ ပါးရှိတယ်။ ဂုဏ်တော်များကို အလွတ်ကျတ်ခိုင်းပြီး တစ်ခုချင်းစီကို အဓိပါယ်ရှင်းပြသည်။

အဲဒီတော့ကိုရင်ငယ်လေးက ဦးဇင်းဘာဖြစ်လို့ ဘုရားလို့ခေါ်တာလဲတဲ့ မေးသည်။ ဒီတော့ စာရေးသူက (၁) အရဟံ- ကိလေသာ အပူကင်း၍ ပူဇော်အထူးကိုခံထိုက်သောကြောင့် ဘုရား။ (၂) သမ္မာသမုဒေါ- သစ္စာလေးပါး မြတ်တရားကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသောကြောင့် ဘုရား။ (၃) ၀ိဇာစရဏသမန္နော- အသိဥာဏ် ၀ိဇာ၊ အကျင့်စရဏနှင့် ပြည့်စုံတော်မူသောကြောင့် ဘုရား။ (၄) သုဂတော- ကောင်းသောစကားကိုပဲ ပြောဆိုတော်မူသောကြောင့် ဘုရား။ (၅) လောက၀ိဒူ- သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟု ဆိုအပ်သော လောကသုံးပါးလုံးကို အကုန်အစင် သိမြင်တဲ့အတွက်ကြောင့် ဘုရား။ (၆) အနုတ္တရောပုရိသဓမ္မသာရထိ- မယဉ်ကျေးသေးသော လူ၊ နတ်၊ ဗြဟ္မာ၊ တိရိစ္ဆာန် သတ္တ၀ါတို့ကို တုတ်ဓါးမပြ တရားချ၍ ယဉ်ကျေးအောင် ဆုံးမနိုင်သောကြောင့် ဘုရား။ (၇)သတ္ထာဒေ၀မနုဿာနံ- လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသောကြောင့် ဘုရား။ (၈) ဗုဒေါ- သစ္စာလေးပါးတရားကို မိမိကိုယ်တိုင်လည်းသိတယ် သူတစ်ပါးတို့ကိုလည်း သိအောင်ဟောပြ သင်ပေးနိုင်သောကြောင့် ဘုရား။ (၉) ဘဂ၀ါ- ဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တဆိုတဲ့ ဂုဏ်ခြောက်ပါးနှင့် ပြည့်စုံသောကြောင့် ဘုရားဖြစ်တယ် စသည်ဖြင့်ရှင်းပြသည်။
နောက် ဗုဒ၀င်ကိုပြောပြ၊ ခြောက်နှစ်လုံးလုံး တရားကျင့်ပုံတွေ ကျင့်ပုံကျင့်နည်းတွေပြောပြ၊ အဲဒီအကျင့်တွေဟာ လူသာမန်တွေမကျင့်နိုင်ဘူး၊ ဘုရားဖြစ်ဖို့အတွက် သူ့မှာဘ၀ပေါင်းများစွာ ပေးဆပ်ခဲ့ရတာတွေ၊ အဲဒီလိုပေးဆပ်ခဲ့ ကျင့်ခဲ့လို့ နောက်ဆုံးမှာဘုရားဖြစ်သွားတယ်။ ဘုရားဖြစ်သွားတော့ သူဟာအနှိုင်းမဲ့ဖြစ်သွားတယ်၊ ဒီလောကကြီးမှာ သူနဲ့နှိုင်းယှဉ်မဲ့သူမရှိဘူး၊ ဘုရားဟာ လူတော့လူပဲ ဒါမယ့်သာမန်လူလိုမဟုတ်တော့ဘူး၊ သာမန်လူတွေမှာ မရှိနိုင်တာ ဘုရားမှာရှိတယ်၊ သာမန်လူတွေအတွက် အရမ်းခက်ခဲတဲ့ အလုပ်တွေဟာ ဘုရားရှင်အတွက် အရမ်းလွယ်နေတယ်။ ကိုရင်တို့ တပည့်တော်တို့တွေ မလုပ်နိုင်တာကို ဘုရားရှင်ကလုပ်နိုင်တယ်။ အခုကိုရင်တို့ တပည့်တော်တို့တွေဟာ ဒီစင်ကာပူမြို့ထဲကို လျှောက်သွားတဲ့အခါမှာ ကောင်းတဲ့ပစ္စည်းတွေ မြင်ရင်လိုချင်တယ်၊ အဲဒီလိုချင်တာကို ဦးဇင်းတို့စာပေက လောဘ လို့ခေါ်တယ်၊ အဲဒီလောဘဟာ အကုသိုလ်ဖြစ်တယ်၊ စိတ်ဆိုးစရာနဲ့တွေ့လာရင် ကိုရင်တို့ တပည့်တော်တို့က စိတ်ဆိုးကြတယ်၊ အဲဒါကို စာပေက ဒေါသ လို့ခေါ်တယ်၊ အဲဒီဒေါသကို အကုသိုလ်လို့ခေါ်တယ်၊ အဲဒီအကုသိုလ်ဟာ ကိုယ့်အတွက်လည်း ကောင်းကျိုးကိုမပေးဘူး၊ သူများအတွက်လည်း ကောင်းကျိုးကိုမပေးဘူး။ ကြောက်စရာရှိရင် ကြောက်တယ်။ အေး ဘုရားရှင်မှာ အဲဒီလို လိုချင်တာ၊ စိတ်ဆိုးတာတွေဟာ မရှိတော့ဘူး မကောင်းမှု အကုသိုလ်မှန်သမျှကို အကုန်ပယ်လိုက်ပြီ။ အဲဒီ အကုသိုလ်တွေ မရှိတော့ ဘုရားရှင်ဟာ အရမ်းသန့်ရှင်းစင်ကြယ်တယ်။ ဘုရားရှင်ကို ကြည့်လိုက်ရင်လေ အရမ်းကြည်ညိုဖို့ကောင်းတယ်။
အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ် နေရူးကိုကြားဖူးလား ဆိုတော့ ကြားဖူးတယ်တဲ့၊ အဲဒီနေရူးကိုလေ အင်္ဂလိပ်အစိုးရက ဖမ်းပြီးထောင်ထဲမှာထားတော့ နေရူးဟာ ဘုရားရဲ့ရုပ်ပွါးတော်ကို ကြည့် ကြည့်ပြီး အေးချမ်းတယ်၊ ပျော်ရွှင်နေတယ်၊ အရမ်းစိတ်ချမ်းသာနေတယ်တဲ့၊ အဲဒါသက်ရှိထင်ရှားမဟုတ်ဘူးနော် ရုပ်ပွါးတော်ကိုကြည့်ပြီး ကြည်ညိုတာ၊ သက်ရှိထင်ရှင်းဆိုရင် ဘယ်လောက်ကြည်ညိုစရာကောင်းလိုက်မလဲ စဉ်းစားကြည့်ပါ။ အဲဒီလိုမျိုးတွေ ဘုရားရှင်မှာ Power တွေအများကြီးပဲရှိတယ်။ ဒီလောကကြီးမှာ ဘုရားရှင်ကို ဘယ်သူမှယှဉ်ပြိုင်လို့မရဘူး။ great great teacher ဆိုတာလေ ဘုရားကိုပြောတာပဲ။ နှစ်ပေါင်း ၂၅၀၀ ကျော်သွားပြီ ယနေ့တိုင်အောင် လူတွေဟာ ဘုရားကိုပူဇော်တယ်၊ ရှိခိုးတယ်ဆိုတာဟာ အနှိုင်းမဲ့၊ အတုမရှိလို့ပေါ့၊ ဘုရားပြောခဲ့တဲ့စကားတွေကို လိုက်နာ ကျင့်သုံးနေကြသေးတယ်။ ကိုရင်တို့ တပည့်တော်တို့ထက် အများကြီးပညာတက်တယ် အများကြီးတော်တဲ့ သူတွေဒီနေ့ထက်တိုင် ဘုရားကို ပူဇော်နေတယ်၊ ရှိခိုးနေတယ်၊ အရိုအသေပေးနေတာတွေဟာ ကိုယ့်ထက်တော်လို့ပေါ့ ကိုယ့်ထက်သာလို့ ကိုယ့်ထက်မြင့်မြတ်လို့ပေါ့၊
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ဘာသာတရားများနှင့် စိတ်ဓာတ် တိုးတက်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ကြီးတစ်ခုရှိတယ်၊ အဲဒီအဖွဲ့ကြီးကလေ ၂၀၀၉ နှစ်မှာ ကမ္ဘာ့ဘာသာရေး ခေါင်းဆောင် (၂၀၀) ကျော်ကို ဖိတ်ခေါ်၍ အစည်းအဝေးတစ်ခုကျင်းပခဲ့တယ်၊ အစည်းအဝေးသို့ တက်ရောက်သူတွေဟာ ခရစ်ယန်၊ အစ္စလန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ဂျူး စသည့် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များပါဝင်ခဲ့တယ်၊ အဲဒီအစည်းအဝေးမှ “ကမ္ဘာ့အကောင်းဆုံး ဘာသာဆု” ဟူ၍သတ်မှတ်ပြီး ရွေးချယ်ခဲ့တယ် ထိုဆုကို ဘယ်ဘာသာက ရတယ်ထင်လဲ ဗုဒ္ဓဘာသာက ရရှိခဲ့တယ်။ ဗုဒ္ဓဘာသာရရှိသွားတာကိုလေ တစ်ခြားဘာသာဝင်တွေဟာ လုံးဝ ကန့်ကွက်ခြင်းမရှိဘူး၊ တစ်ညီတစ်ညွတ်တည်းပင် သဘောတူလက်ခံကြတယ်။ ထိုအဖွဲ့ကြီးမှ သုတေသနညွှန်ကြားရေးမှူး Jonna Hult ကပြောတယ် “ဗုဒ္ဓဘာသာအား ကမ္ဘာ့အကောင်းဆုံး ဘာသာတရားဆုကို ပေးလိုက်ကြတာကို ကျွန်ုပ်အဖို့ အံ့သြခြင်းမရှိပါ၊ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာတရားသည် အခြားဘာသာတရားများနှင့်မတူ မိမိတို့ဘာသာအတွက်သော်၎င်း၊ မိမိတို့ကိုးကွယ်သော အရှင်သခင်အတွက်သော်၎င်း၊ လုံးဝစစ်တိုက်ခြင်းမရှိ၊ ငြိမ်းချမ်းရေးကိုသာ ဖော်ဆောင်သောထူးခြားသည့် ဘာသာတရားဖြစ်ပါသည်” ဆိုပြီးပြောသွားခဲ့တယ်၊ အဲဒီလိုပဲ အခြားအခြား ခေါင်းဆောင်တွေဟာလည်း ဗုဒ္ဓဘာသာဟာ ကောင်းမွန်ကြောင်းတွေကို ပြောသွားခဲ့ကြတယ်။
နောက်စာရေးသူက သီလက္ခန် အမဋ္ဌသုတ်မှ ပေါက္ခရသာတိပုဏ္ဏားက အမဋ္ဌလုလင်ကို ဘုရားရှင်ဆီလွှတ်ပုံနှင့် အမဋ္ဌလုလင်က ပေါက္ခရသာတိပုဏ္ဏားကို ပြန်ပြောပုံများ၊ ဘုရားရှင်ရဲ့ စက်လက္ခဏာများ၊ မဟာပုရိသ လက္ခဏာကြီး ငယ်များစသည်ဖြင့် ရှင်းပြသည်။ အကြီးကိုရင်ကတော့ စာရေးသူပြောပြလျှင်လည်း စိတ်ဝင်စားစွာ နားထောင်နေသည် ပြီးလျှင်သူ့ထင်မြင်ယူဆချက်တွေကိုလည်း စာရေးသူအားပြန်ပြောပြသည်။ အငယ်ကိုရင်လေးကတော့ သိပ်မယုံကြည်ချင်၊ အဲဒီတော့ စာရေးသူက ကိုရင်လေး ကိုရင်ကငယ်လည်းငယ်သေးတယ် ဘာသာရေးနဲ့ အရမ်းဝေးနေတော့ တစ်ချို့ဟာတွေကို တပည့်တော်ပြောလို့ ယုံချင်မှယုံမယ်၊ နောက် တစ်ချို့နေရာတွေမှာလေ ဘုရားဟောကြားချက်တွေဟာ သူများပြောပြတာထက် ကိုယ်တိုင်ကျင့်ကြည့်မှ ယုံကြည်နိုင်တာ သိနိုင်တာတွေရှိတယ် စသည်ဖြင့် စာရေးသူမှာ ကိုယ်နားလည်သမျှကို ရှင်းပြရသည်။
ကိုရင်ကအခု ကိုရင်ဝတ်နဲ့ သုံးရက်တည်းပဲ နေမှာဆိုတော့ ရက်ကအရမ်းနည်းတယ် နောက် အားရင်လေ ကျောင်းကိုလာခဲ့ပေါ့ ဖိတ်ခေါက်လိုက်သည်။ အကြီးကိုရင်ကတော့ လာမယ်လို့ပြောသွားသည်။ အငယ်ကိုရင်ကတော့ ဘာမှမပြောသွားဘူး။ ကိုရင်နှစ်ပါးလူထွက်သွားတော့ စာရေးသူရဲ့စိတ်ထဲမှာ အော်…… သူတို့လိုမျိုး ဗုဒဘာသာ မြန်မာလူမျိုး မိဘနှစ်ပါးမှ မွေးဖွါးပြီး နိုင်ငံခြားမှာနေထိုင်ရတဲ့ ကလေးတွေဟာ “ကံကောင်းတာလား ကံဆိုးတာလား” ဟု စဉ်းစားမိသည်။ သူတို့လေးတွေမှာ ဘာသာရေးနဲ့ပတ်သတ်လို့ကတော့ ဗလာနတ္ထိပါပဲ၊ မိဘနှစ်ပါးကလည်း စက်ရုပ်နဲ့မခြား မိမိတို့ရဲ့ဝမ်းရေးအတွက် အလုပ် လုပ်နေကြရသည်။ သား သမီးတွေကလည်း ကျောင်းတက်ဆိုတော့ မိသားစု စုံညီစွာနေရချိန် အရမ်းနည်းသည်။ ကိုယ့်သားသမီးကို ဘာသာရေး အသိဥာဏ် မမေးနိုင်ဆိုတော့ သူတို့လေးတွေဟာ ဘုရားကိုလည်း ဘုရားမှန်းမသိ၊ တရားကိုလည်း တရားမှန်းမသိ၊ သံဃာကိုလည်း သံဃာမှန်းမသိ၊ မိဘရဲ့ဂုဏ်ကျေးဇူးတွေကို ကျေးဇူးမှန်းမသိ၊ ဆရာကိုလည်း ဆရာမှန်းမသိ ဖြစ်ကုန်တာပေါ့၊ ကိုရင်လေးတွေ ပြောပြလို့ သိခဲ့ရသည် စင်ကာပူမှာ စာသင်ပေးတဲ့ ကျောင်းဆရာ/မတွေက ကိုယ့်တပည့်ကို အပြစ်တစ်ခုခုကြောင့် သတ်မယ်ဆိုရင် သက်ဆိုင်သူ မိဘနှစ်ပါးထံမှာ ခွင့်တောင်းပြီးမှ သတ်ရတယ်၊ မိဘကခွင့်မပြုရင် မသတ်ရဘူးတဲ့၊ အဲဒီတော့ ဒီကလေးတွေဟာ ဆရာသမားရဲ့ကျေးဇူး ဆရာရဲ့ဂုဏ်တွေကို ဘယ်မှာနားလည်တော့မှာလဲ၊ အဲဒီတော့ သူတို့လေးတွေဟာ ဘာသာခြားများက စည်းရုံလို့ရှိရင် ပါသွားမှာပေါ့၊ ကိုယ့်ဘာသာအကြောင်းမှ ဘာမှကိုမသိတာ၊ ဒီတော့ စာရေးသူတို့ ရဟန်းတော်များ ဘက်မှ ယဉ်ကျေးမှုကလေးလိမ္မာသင်တန်း၊ အခြေခံဗုဒဘာသာသင်တန်းများဖွင့်ပြီး သာသနာပြုရန် များစွာလိုအပ်လျှက်ရှိပါသည်။

အရှင်န္ဒောဘာသ(သန္တာမြေမှကြယ်တစ်ပွင့်)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP