* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, November 12, 2010

“အတွင်း ငြိမ်းချမ်းရေး ရရှိဖို့”

စစ်ပွဲကို ဘယ်လိုဆင်နွှဲရမယ်ဆိုတာကို သင်ကြားပေးတဲ့ အတည်တကျသတ်မှတ်ပြဌာန်းထားတဲ့ တက္ကသိုလ်, ကောလိပ်များနဲ့ အဖွဲ့အစည်းများကတော့ ရှားပါးပြတ်လပ်တယ်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးကို ဘယ်သူက သင်ပေးမှာလဲ? ငြိမ်းချမ်းရေးရှု့ထောင့်မှ ပဋိပက္ခများကို ဘယ်သို့ဘယ်ပုံ ရှု့ကြည့်မလဲဆိုတာကိုကော ဘယ်သူက သင်ပေးမှာလဲ?
စိတ်ပိုင်းဆိုင်ရာ မြင့်မြတ်တဲ့ ခေါင်းဆောင်များက ငြိမ်းချမ်းရေးကို သင်ကြားပေးပါတယ်။
ခေတ်ရေးစီးကြောင်းမှ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ၀ိဇ္ဇာ, သိပ္ပံတို့ရဲ့ တသီးတသန့် ကွဲပြားခြားနားနေခြင်းက ပဋိပက္ခနဲ့ ရှုပ်ထွေးမှုများဆီသို့သာ ဦးတည်နေပါလိမ့်မယ်။ အစိုးရများဟာ ကာကွယ်ရေးအစီအစဉ်အတွက် ၀န်ကြီးဌာနများနဲ့ ဌာနဆိုင်ရာများကို နှစ်မြှုပ်ထားပြီးပါပြီ။ သို့သော် ငြိမ်းချမ်းရေးကို သင်ကြားဖို့အတွက်ကိုတော့ တစ်ဦးတစ်ယောက်ကိုမှ ရည်ညွန်းထားခြင်း မရှိပါဘူး။

တကယ့်လက်တွေ့နိုင်ငံရေးနဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်နေခြင်းအဖြစ် စစ်ဆန့်ကျင်ရေးဝါဒကို သိရှိထားကြပါတယ်။ အကြောင်းကတော့ အစိုးရတွင်းရှိ ပုဂ္ဂိုလ်များဟာ အားနည်းတဲ့မဟာဗျူဟာအဖြစ် စစ်ဆန့်ကျင်ရေးဝါဒကို ရှု့မြင်သဘောထားကြလို့ပါ။ တိုက်ခိုက်ခြင်းဟာ ကာကွယ်ရေးနဲ့ပတ်သက်လို့ အကောင်းဆုံး လုပ်နည်းလုပ်ဟန် တစ်ခုတော့ မဟုတ်ပါ။ စစ်ပွဲအနေဖြင့်ထက် ငြိမ်းချမ်းရေးအနေဖြင့် ရပ်တည်ပေးဖို့ ရဲဝံ့တဲ့သတ္တိ များစွာ လိုအပ်ပါတယ်။

အစိုးရများမှာ ငြိမ်းချမ်းရေးကို သင်ကြားပေးခြင်းနဲ့ပတ်သက်လို့ သက်ဆိုင်မှုက ဘာများပါလဲ? အစိုးရတွင်းရှိ ပုဂ္ဂိုလ်များဟာ ငြိမ်းချမ်းရေးကို သင်ကြားပေးတဲ့သူများကို တန်ဖိုးထားဖို့ လိုအပ်ပါတယ်။ အရေးကြီးတဲ့ အစပထမဟာ ငြိမ်းချမ်းရေးကို သင်ကြားဖို့ ကာကွယ်ရေးအသုံးစရိတ်ရဲ့ အနည်းဆုံး တစ်ရာခိုင်နှုန်းကို ဘေးဖယ်ထားဖို့ ဖြစ်ပါလိမ့်မယ်။

ပုဂ္ဂလိကဆိုင်ရာများနဲ့ မြို့ပြအဖွဲ့အစည်းအုပ်စုများက ငြိမ်းချမ်းရေးကိုဖြစ်စေတဲ့ အကြောင်းတရားများအတွက် ကာလကြာရှည်စွာ အချိန်ယူခဲ့ပြီးပါပြီ။ ဒါပေမယ့် ပူးပေါင်းပါဝင်အုပ်ချုပ်ပုံနဲ့ပတ်သက်တဲ့အသွင်သဏ္ဍန်မှာ၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်မှုအဖြစ် အစိုးရမှ အစကနဦး လိုက်ပါလာတဲ့အခါ ထိရောက်မှုက အကျွန်ုပ်တို့ရဲ့ ဘ၀ခရီးလမ်းကို အပြည့်အ၀ ပြောင်းလဲလိမ့်မယ်ဆိုတာပါ။ အကျွန်ုပ်တို့ဟာ အောက်ခြေ လူတန်းစားအထိ ငြိမ်းချမ်းရေးကို ပျိုးစုပျိုးထောင်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ငြိမ်းချမ်းရေးဟာ ကလေးများရဲ့ ကျောင်းသင်ရိုးညွှန်းတမ်းရဲ့ အစိတ်အပိုင်း ဖြစ်သင့်ပါတယ်။

တိုင်းမ်ဖောင်းဒေးရှင်း (Times Foundation)မှာ တာဝန်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ငြိမ်းချမ်းရေးကို သင်ကြားပေးဖို့နဲ့ အဲဒီပန်းတိုင်ကို ရောက်ရှိဖို့ ကြိုးပမ်းထောက်ပံ့ပေးခြင်းဖြင့် World Wisdom Centre-မှ တဆင့် ငြိမ်းချမ်းရေးအမြင်ကို ပြုစုပျိုးထောင်ေးပးဖို့ လိုအပ်ချက်အရ ပြည်သူလူထုအသိကို ဖန်တီးပေးရန် ဖြစ်ပါတယ်။ ဒါကို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ အကြောင်းကတော့ Teach Peace-လှုပ်ရှားမှုနဲ့ ပတ်သက်လို့ နိုးကြားတက်ကြွမှုအတွက်၊ Alliance for a New Humanity- ကို အားကောင်းစေဖို့၊ တစ်နေ့တာအတွင်း အားလပ်တဲ့အချိန် သူတို့ရှိတဲ့ဘယ်နေရာမှာမဆို တွေ့ဆုံနိုင်အောင် လုပ်ပေးဖို့ အကျွန်ုပ်တို့က လူအများကို မေတ္တာ ရပ်ခံနေခြင်းကြောင့် ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကို သင်ကြားဖို့ လှုပ်ရှားမှုတစ်ခု အကျွန်ုပ်တို့ ဘာ့ကြောင့် လိုအပ်သလဲ? ဘာသာရေးကျမ်းဂန်များမှာ ခြားနားမှုလို့ပြောတဲ့အရာများက ပဋိပက္ခသို့ ဦးတည်တဲ့အရာ ဖြစ်ပါတယ်။ အကျွန်ုပ်တို့ဟာ အများပြည်သူများကို တွေ့ရှိဝင်ဆံ့ဖို့ လိုအပ်ပြီး အကျွန်ုပ်တို့ရဲ့ အကြီးမားဆုံး ဘုံအကျိုးစီးပွါးအတွက် သူတို့ကို မီးမောင်းထိုး အသားပေးရန် လိုအပ်ပါတယ်။ သိပ္ပံပညာနဲ့ စိတ်ပိုင်းဆိုင်ရာများက တသားတည်းဖြစ်တဲ့ လမ်းကြောင်းပေါ်သို့ အကျွန်ုပ်တို့ကို ယူဆောင်လျက် လူသားအသိကို တိုးချဲ့ပြန့်ကားလာခြင်းဆီသို့ တပြိုင်တည်း ရောက်လာနိုင်ပါတယ်။

ဥပမာအားဖြင့် လျပ်စစ်မီးဟာ သိပ္ပံဆိုင်ရာစမ်းသပ်တီထွင်မှုတစ်ခု ဖြစ်ပါတယ်။ အဲဒီအရာဟာ အလင်းရောင်နဲ့ အပူကို ပေးပါတယ်။ ဒါပေမယ့် ဒါဟာ တီထွင်တဲ့လူ, နေရာများမှာသာ ကန့်သတ်ထားတာ မဟုတ်ပါဘူး။ ဒီအရာများဟာ ကမ္ဘာအနှံ့ လူအများအတွက် ရနိုင် သုံးနိုင်ပါတယ်။ အလားတူပါပဲ။ ဘာသာရေးနဲ့ပတ်သက်တဲ့ ဒေသနာတော်များဟာ ငြိမ်းချမ်းရေးကို ရယူဖို့ အဲဒီအရာများမှာ နည်းလမ်းများစွာ ရှိပါတယ်။ ဒါဟာ ဘာသာတစ်ခု ဒါမှမဟုတ် ဆရာတစ်ယောက်ရဲ့နောက်လိုက်များအတွက်မျှသာ မဟုတ်ပါ။ ညီညွတ်မှု၊ ငြိမ်းချမ်းရေးနဲ့အတူ နေထိုင်ဖို့ လူတိုင်းအတွက်လည်း သက်ဆိုင်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ပြောဆိုမှုက အတွင်းငြိမ်းချမ်းရေးကို ရည်ညွှန်းတဲ့အခါ အဲဒါဟာ အရေးပါ အဖိုးတန်ပါတယ်။ နောက်ကျမှသာ အကျွန်ုပ်တို့ဟာ တစ်စုတစ်ပေါင်းတည်းဖြစ်တယ်ဆိုတာကို အကျွန်ုပ်တို့ သဘောပေါက်တဲ့အနေနဲ့ ညီညွတ်မှုကိုဖြစ်ပေါ်စေလျှက် ကြီးမားတဲ့အပြောင်းအလဲတစ်ခုကို အဲဒါက ကူညီပါလိမ့်မယ်။ Teach Peace-ဟာ Deepak Chopra’s Alliance for a New Humanity နဲ့ အခြားကျော်ကြားတဲ့ဆရာများ၊ ဂုရုများနှင့်အတူတကွ ပူးတွဲလုပ်ကိုင်နေပါတယ်။ အကြောင်းကတော့ ပူးပေါင်းဆောင်ရွက်မှုအဖြစ် စောင့်မျော်နေတဲ့ အတွင်းငြိမ်းချမ်းရေးလမ်းကြောင်းမှာ အကျွန်ုပ်တို့ဟာ တိုးတက်လာအောင် ပြုလုပ်နိုင်ဖို့ ဖြစ်ပါတယ်။

အချိန်ရဲ့လိုအပ်ချက်ဟာ Peace Alliance Spiritual Masters-တစ်ခု ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် တိုက်ခိုက်ဖို့ ကျောင်းသူကျောင်းသားများကို လေ့ကျင့်ပေးတဲ့ အကယ်ဒမစ်များ၊ စင်တာများ ရှိပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးအတွက် ချစ်မြတ်နိုးဖို့၊ အပြန်အလှန်ဆွေးနွေးပြောဆိုခြင်းမှတဆင့် ပဋိပက္ခများကို ဖြေရှင်းဖို့၊ သီအိုရီထက် သင့်လျော်တဲ့ လက်တွေ့မှာ နားလည်သဘောပေါက်ဖို့ ဒါတွေအတွက် လူအများကို လေးကျင့်ပေးဖို့ တစ်ခုတစ်လေမျှ မရှိပါဘူး။

ဘယ်လိုငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်မလဲ၊ ဘာသာတရားတွေနဲ့ ယုံကြည်မှုတိုင်းကို ဘယ်လို လေးစားမြတ်နိုး တန်ဖိုးထားမလဲ-ဆိုတာကို လေ့လာသင်ယူခြင်းမှ ဘ၀နဲ့ပတ်သက်တဲ့ စွမ်းရည်ပါရမီများဟာ ကလေးဘ၀မှ စလို့ ပြောကြားပေးဖို့ စိတ်ထဲစွဲမြဲအောင်ပြုလုပ်ပေးဖို့ လိုအပ်တဲ့အရာများ ဖြစ်ပါတယ်။ လူ့သားရဲ့ ရည်မှန်းချက်ခရီး ပန်းတိုင်ကို ရောက်ရှိခြင်းဆိုင်ရာ ခြားနားတဲ့နည်းလမ်းများစွာ ရှိတယ်ဆိုတာ - စံထားရလောက်သည့်အထိ ကလေးများဟာ သင်ယူသင့်ပါတယ်။ အဲဒီအရာဟာ အဆုံးမှာတော့ တစ်ခုတည်း ဖြစ်တယ်ဆိုတာ - အဆုံးစွန် အထွတ်အထိပ် တွေ့ကြုံခံစားရသည့်တိုင်အောင် ကလေးများဟာ သင်ယူသင့်ပါတယ်။

အကျွနုပ်တို့အပြင် အကျွနုပ်တို့မှာ ဘာများရှိပါသေးသလဲ? အကျွန်ုပ်တို့မှာရှိတဲ့အရာအားလုံးက “ အကျွန်ုပ်တို့”–“ ငါတို့ ” ဆိုတာပဲ ဖြစ်ပါတယ်။ ဘ၀နဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေးနည်းလမ်းများ ကလေးများကို သင်ကြားပေးဖို့ အရေးကြီးပါတယ်။ ပဋိပက္ခများအတွက် အနည်းငယ်မဆိုသလောက်နေရာရှိတယ် ဒါမှမဟုတ် အခန်းနေရာမရှိဘူးဆိုတာ Teach Peace-က ဘ၀နဲ့ပတ်သက်တဲ့ နည်းလမ်းများကို ပြသပါလိမ့်မယ်။ Teach Peace - ဟာ အားလုံးနဲ့သဘာဝအကြား ညီညွတ်မှုနဲ့တစ်သားတည်းဖြစ်မှုကို ဖန်တီးပေးလိမ့်မယ် ဆိုတာပါပဲ။

Read more...

ငြိမ်းချမ်းရေးစိတ်ဓာတ် (အဆက်)


အပိုင်း (၂)

နေ့စဉ်သတင်းများတွင် ဣဋ္ဌာရုံထက် အနိဋ္ဌာရုံတွေက ပိုများနေသည်။ ကမ္ဘာ့နိုင်ငံပေါင်း တော်တော်များများမှာ တည်ငြိမ်မှုဆိုတာ ဘာလဲဟု မေးယူရလောက်အောင် ဖြစ်နေ၏။ လူတွေအချင်းချင်း အတ္တရှေ့ ထား၍ အနိုင်ရယူလိုမှုအတွက် ရသမျှနည်းလမ်းတို့ဖြင့် ဆောင်ရွက်လျက်ရှိကြသည်။ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြောင့် အရပ်ကယ်ပါ၊ လူဝိုင်းပါ ဖြစ်နေကြရသည့်အထဲ ဗုံးခွဲမှုတွေ၊ အကြမ်းဖက်မှုတွေက အရှိန်ကျဟန်မတွေ့ရသေး။ သဘာဝဘေးအန္တရာယ်ကလည်း တစ်ခါတစ်ခါ ခပ်ကြမ်းကြမ်းနှောက်လိုက်သေးသည်။ လုပ်ပိုင်ခွင့်အတော်အားနည်းရှာသော ကုလသမဂ္ဂကြီးမှာ အမှုအခင်းတွေက အပုံအပင်၊ တစ်နိုင်ငံမှလည်း ကောင်းကောင်းမလိုက်နာကြ။

ကမ္ဘာကြီးသည် ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြစ်နေပြီလားဟုပင် တစ်ခါတစ်ခါ တွေးမိရသေးသည်။ အရာအားလုံးသည် အတ္တကြီးမားမှု (Egocentric) ဟူသော ကိုယ့်အတွက်သာ ပဓာနထားသည့်စိတ် လွန်ကဲမှုကြောင့် ဖြစ်ပေါ်လာရသော ရလဒ်ဖြစ်သည်။ အသုံးလှစေရန် National Interest ဟူသော “အမျိုးသားကိုယ်ကျိုးစီးပွား” စကားလုံးဖြင့် တချို့ က ဖလှယ်သုံးစွဲကြသည်။ အတ္တသည် အတ္တသာဖြစ်သည်။

လူ့သမိုင်းမှတ်တမ်းပြုနိုင်သည့် နှစ်ပေါင်း (၅၅၀၀) ကျော်အတွင်း စစ်ပွဲပေါင်း (၁၄၅၀၀) ကျော် ဖြစ်ပွားခဲ့ပြီး လူသန်းပေါင်း ရာနှင့်ချီ၍ သေကြေပျက်စီးခဲ့ပြီးဖြစ်သည်။

“ယောနိသော မနသိကာရ”
ကို ဗုဒ္ဓက အလေးထားဟောကြားခဲ့သော်လည်း အများစုက “အယောနိသော မနသိကာရ” ဖြစ်နေကြသည်။ အတတ်ပညာ တစ်ဟုန်ထိုး တိုးတက်လာသောကြောင့် အသိပိုင်းတွင် ဆုံးရှုံးခဲ့ရသည်လား မသိ။ “၀ိဇ္ဇာ” ဖြစ်၍ လောကအကျိုး သယ်ပိုးနိုင်သူတွေထက် ”အ၀ိဇ္ဇာ” ဖြစ်၍ လောကအကျိုး ဆုတ်ယုတ်စေသူတွေ ပို၍များပြားလာသည်ဟု ခံစားခဲ့သည်။ အရင်းခံသည် အတ္တလွန်ကဲမှု "Egoism" ကြောင့်ဖြစ်သည်။ “သူများ” ထက် “ငါ” ဟူသော Egoistic ဖြစ်မှုများကြောင့်ဖြစ်သည်။ Selfishness ဟူသော တစ်ကိုယ်ကောင်းစိတ်သည်လည်း အပေါင်းအဖော်ဖြစ်သည်။

အတတ်လွန်သော (၂၁) ရာစုတွင် လူသားတို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့နှင့် ကင်းဝေးကြပြီလား၊ အတော် သံသယရှိလာရသည့် အခြေအနေဖြစ်သည်။



အပိုင်း (၃)

ဂန္ဒီကြီးသည် ငြိမ်းချမ်းရေးစိတ်ကို အပြည့်အ၀ပိုင်ဆိုင်သူဖြစ်၏။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက်ဟူသော ရည်မှန်းချက်ကိုသာ ထားရှိခဲ့သူဖြစ်သည်။ ထို့ထက်ပို၍ ဘာမှမရှိ၊ သူ၏ မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့သည် အကြားအလပ်မရှိ ထင်ရှားသည်။

ဗုဒ္ဓက လောကအမြင် (၆)မျိုးကို ခွဲခြားပေးခဲ့သည်။ ဤအမြင် (၆) မျိုးသည် အမှန်စင်စစ် ပညာလည်းဖြစ်သည်။ ဤ (၆)မျိုးဖြင့် မျှတစွာကြည့်နိုင်ပါက "An eye for an eye" သည် မရှိနိုင်တော့။

(၁) တတွ ဒဿန (ရှိ/မရှိ ရှုထောင့်မှ မြင်ခြင်း)
(၂) ပမာဏ ဒဿန (အမှား/အမှန် ရှုထောင့်မှ မြင်ခြင်း)
(၃) တက္က ဒဿန (သင့်/မသင့် ရှုထောင့်မှ မြင်ခြင်း)
(၄) အာစာရ ဒဿန (ကောင်း/မကောင်း ရှုထောင့်မှ မြင်ခြင်း)
(၅) ရသ ဒဿန (ခံစားမှု ရှုထောင့်မှ မြင်ခြင်း)
(၆) စရိက ဒဿန (၀ါသနာနှင့် စရိုက်ရှုထောင့်မှ မြင်ခြင်း)

ဤရှုထောင့် (၆) မျိုးကို ရှုမြင်ရာတွင် လူတိုင်း တစ်ထပ်တည်းမကျနိုင်။ “အတ္တ” က ရှုမြင်ပုံမတူရန် တွန်းအားပေးသောကြောင့်ဖြစ်သည်။ သို့သော်လည်း အကွာအဟနည်းပါးရန် ကောင်းသည်။ သာမန်လူသားများအတွက် မထောင်းသာလှသော်လည်း ခေါင်းဆောင်ကြသည့်သူများ၊ ဤအမြင်ရှုထောင့်များတွင် ဆန့်ကျင်ကြပါက...လောကသည် အနိဋ္ဌာရုံသို့ ရှေးရှုရသည်။

ခေါင်းဆောင်များသည် လောကကြီး ဣဋ္ဌာရုံဖြစ်ရန် တာဝန်ရှိသည်။ မျိုးဆက်ဟောင်းတို့သည် မျိုးဆက်သစ်တို့အတွက် ကောင်းမွေပေးရန် တာဝန်ရှိသည်။ မျိုးဆက်ဟောင်းတို့သည် မျိုးဆက်သစ်တို့အတွက် အာဝါသကောင်း၊ ရေခံမြေခံကောင်းများဖြင့် ရှင်သန်ခွင့်ရှိရန် ဖန်တီးပေးနိုင်ဖို့လိုသည်။

အတိတ်သူတို့ ကြိုးစားခဲ့ကြရခြင်းမှာ ပစ္စုပ္ပန်သူများအတွက်ဖြစ်သည်။ သို့ဆိုလျှင် ပစ္စုပ္ပန်သူတို့ ကြိုးစားရခြင်းမှာ အနာဂတ်မျိုးဆက်တို့အတွက်သာ ဖြစ်သင့်သည်။ အမွေကောင်းတို့ကို ချန်ထားနိုင်ခဲ့ရန်သာ ရည်မှန်းချက်ဖြစ်သင့်သည်။ ဤအယူအဆကို အခြေခံရပ်တည်ချက်အဖြစ် ယုံကြည်ပါက အေးချမ်းမှု၊ ငြိမ်းချမ်းမှု၊ အတူတကွ ပူးပေါင်းဆောင်ရွက်မှုတို့သည် စကားအမယ်ဖွဲ့သည့် အဆင့်တွင်ပင် မရှိနိုင်တော့။ သို့သော်လည်း လောကအမြင် (၆)မျိုးမှ မှန် မမှန်၊ သင့် မသင့်၊ ကောင်း မကောင်း စသည်တို့ကို အများစုက ကောင်းစွာ မခွဲခြားနိုင်ကြ၊ ထို့ထက်ပို၍ ခံစားမှုရှုထောင့်ကို ဦးစားပေးကြည့်သောအခါ Conflict ဟူသော ၀ိဝါဒကွဲပြားမှုများ ကြီးထွားလာကြရသည်။

“လောကကြီးနှင့် မျိုးဆက်သစ်တို့” ဟူသော ရည်မှန်းချက်ကို ဖျက်ဆီးသည့်အရာသည် အဂတိတရား (၄)ပါးလည်းဖြစ်သည်။ လူတို့ အဂတိတရား (၄)ပါးနှင့် ကင်းလွတ်သောအခါ Self Interest ဟူသော ကိုယ်ကျိုးစီးပွား ဦးစားပေးမှုကို ဆောင်ရွက်နိုင်ကြတော့၏။

(၁) ဆန္ဒာ ဂတိ (အလိုဆန္ဒကြောင့် ဖောက်ပြန်မှု)
(၂) ဒေါသာ ဂတိ (ဒေါသကြောင့် ဖောက်ပြန်မှု)
(၃) မောဟာ ဂတိ (အမှား-အမှန် မသိမှုကြောင့် ဖောက်ပြန်မှု)
(၄) ဘယာ ဂတိ (ကြောက်ရွံ့ မှုကြောင့် ဖောက်ပြန်မှု)

လူသည် အတ္တ၏ သားကောင်ဖြစ်သည်။ အတ္တနှင့်ယှဉ်၍ မွေးဖွားလာကြသူများလည်း ဖြစ်သည်။ လောက၏ ပညာကိုရှာရင်း အတ္တနှင့် ပရကို မျှတစွာ ကျင့်ကြံလာကြရသည်။ ပညာနုံ့သူများမှာ မျှတစွာ မကျင့်ကြံနိုင်ကြ။

အနာဂတ်ကို ကြီးကြီးမားမား ဖန်တီးခွင့်ရှိကြသူများ၊ လောကကို သာမန်ထက်ပို၍ အလှဆင်နိုင်ကြမည့်သူများ အတ္တ-ပရ မျှတစွာရှိရန် အထူးလိုအပ်ပါသည်။

အပိုင်း(၄)

ငြိမ်းချမ်းရေးစိတ်နှင့်ဝေးကွာသူများက "Might is Right" ဟူသော “အင်အားအခြေခံ” အယူအဆကို ကျင့်သုံးကြသည်။ ထို့ကြောင့် တစ်ချိန်က ဗြိတိသျှအင်ပါယာကြီးကို နေမ၀င်အင်ပါယာအဖြစ် ထူထောင်ခဲ့ကြခြင်းဖြစ်သည်။ အင်အားဟူသော Power တစ်ရပ်ရရန် ရယူနိုင်သောနေရာ အများအပြားရှိသည်။ Sources Of Power ဖြစ်သည်။ ငြိမ်းချမ်းရေးစိတ်ဓာတ် အခြေခံသူများက ဤသို့သောပါဝါကို အမှန်တရားသည်သာ အင်အားဟူသော "Right is Might" မှ ရယူကြသည်။ ဤတွင် လောကကြီးသည် ဓမ္မနှင့် အဓမ္မတို့အားပြိုင်ရာ သလင်းပြင်ဖြစ်ခဲ့ရသည်။ သမိုင်းမတင်နိုင်မီခေတ်တွင်ရော၊ သမိုင်းတင်နိုင်သည့် ခေတ်မှာရော ဤအားပြိုင်မှုသည် အမြဲတစေ ရှိနေခဲ့ပါသည်။ လူတို့ ငြိမ်းချမ်းရေးစိတ်ဓာတ် မပိုင်ဆိုင်နိုင်သေးသရွေ့  ဆက်လက်ဖြစ်ပေါ်နေမည့်အရာ ဖြစ်သည်။

သတ္တလောကကြီးတစ်ခုလုံးတွင် နှစ်မျိုးသာခွဲခြားထားသည်။ “လူ”နှင့် “တိရစ္ဆာန်” ဟူ၍ဖြစ်သည်။ မရေမတွက်နိုင်သော သတ္တ၀ါတို့တွင် တစ်မျိုးတည်းသောအရာကို “လူ” ဟု တစ်တန်းထားပြီး၊ ကျန်အရာများကို တိရစ္ဆာန်ဟု သတ်မှတ်ရခြင်းမှာ “အသိပညာ” ပေါ် အခြေခံ၍ဖြစ်သည်။ အသိပညာထူးကို ပိုင်ဆိုင်နိုင်သောသူမျိုးဖြစ်၍ “လူ” ဟု သတ်မှတ်ရခြင်း ဖြစ်သည်။ ကျန်တိရစ္ဆာန်တို့သည် “အိပ်၊ စား၊ ကာမ” ဟူသော ရည်ရွယ်ချက်(၃)မျိုးအတွင်းမှာသာ ရှင်သန်ကြ၏။ ထို့ ထက် ပို၍ မရှိနိုင်၊ လောကကောင်းကျိုးကို မသိ၊ ငြိမ်းချမ်းခြင်းကို နားမလည်၊ သူတို့လောကတွင် “Might is Right" ဟူသော အင်အားသည်သာ အဓိကဖြစ်၏။

လူတွင်ကား ထိုသို့မဟုတ်၊ “အသိထူး” ကို ပိုင်ဆိုင်နိုင်ကြ၍ အမှားအမှန်ကို ခွဲခြားနိုင်သည်။ လောကကို အလှဆင်နိုင်ခွင့်လည်း ရှိသည်။ “အိပ်၊ စား၊ ကာမ” ထက်ပိုသော ရည်ရွယ်ချက်၊ အတွေးအမြင်များလည်း ရှိနိုင်ကြသည်။ ငြိမ်းချမ်းရေးကို နားလည်နိုင်ခွင့်ရှိသည်။ "Right is Might" သည် လူသားများအတွက် ထားလိုလျှင် ထားနိုင်သော အယူအဆတစ်ရပ်ဖြစ်သော်လည်း လူတို့သည် တိရစ္ဆာန်များထက် ပို၍ အတ္တကြီး၊ လောဘကြီး၍ အများစုက မထားခဲ့ကြ၊ တိရစ္ဆာန်များက တစ်ဝမ်းစားရလျှင် ကျေနပ်စိတ်ဖြင့် တင်းတိမ်နိုင်ကြသော်လည်း လူတို့က အတ္တစိတ်များသဖြင့် ရုပ်ဝတ္ထု ချမ်းသာမှုတို့အတွက် အတောမသတ် လောဘထားတတ်ကြသည်။ တိရစ္ဆာန်တို့ထက် အဆများစွာပို၍ ဖောက်ပြန်တတ်သော သတ္တ၀ါလည်းဖြစ်သည်။ ပရိယာယ်ပိုသော သတ္တ၀ါလည်းဖြစ်သည်။ လူတို့တွင် တင်းတိမ်စိတ် အလျဉ်းမရှိတတ်ကြ၊ အတ္တ၊ လောဘတို့က ထူးသောအသိကို တလွဲသုံးစေရန် လှုံ့ဆော်နိုင်သောကြောင့် ဖြစ်သည်။ အသိထူးရနိုင်ခွင့် ရှိကြသော်လည်း ပညာအဖြစ်သို့ မပြောင်းနိုင်လျှင် လူသည် လောကတွင် ကြောက်စရာ အကောင်းဆုံး သတ္တ၀ါအဖြစ်သို့ ရောက်တော့သည်။ တချို့ က အသိတစ်ခုကို ပညာသို့ ရောက်ပြီဟု ယူဆကြသည်။ တကယ်ပညာအဖြစ်သို့ မရောက်သောအခါ အနုတ်သဘောဆောင်သော ရလဒ်တို့ကို ရတော့သည်။

မြန်မာပညာရှိတို့က ပညာတတ်မှုနှင့် ပညာရှိမှုကို ကြွက်(၄)မျိုးနှင့် ဥပမာပြုခဲ့သည်။
(၁) တွင်းတူးလျက် မအောင်းသောကြွက် (စာတတ်သော်လည်း အမှန်မသိသူ)
(၂) အောင်းလျက် မတူးသောကြွက် (စာမတတ်သော်လည်း အမှန်သိသူ)
(၃) တူးလည်းတူး၊ အောင်းလည်း အောင်းသောကြွက် (စာလည်းတတ်၊ အမှန်လည်းသိသူ)
(၄) တူးလည်းမတူး၊ အောင်းလည်း မအောင်းသောကြွက် (ဘာမှမသိ၊ ဘာမှမတတ်သူ)

လောကတွင် အမှားကို အမှန်ဟုထင်မြင်၊ ခံယူထားကြသောသူများ အများအပြားရှိသည်။ နောက်လိုက်ဘ၀တွင် သူတို့၏အမှားကြောင့် ၀န်းကျင်အတွက် မထောင်းသာလှသော်လည်း၊ ခေါင်းဆောင်တို့တွင် ဤလွဲမှားသော အရည်အချင်း ကပ်ငြိပါက လောကအတွက် အန္တရာယ်ကြီးသည်။ တစ်ချိန်က ဂျာမနီမှ ဟစ်တလာ၊ အီတလီမှာ မူဆိုလီနီတို့သည် ဤမှာယွင်းသော အယူအဆများကို အမှန်ဟုယုံကြည်မှု ထားရှိခဲ့ကြသူများဖြစ်သည်။

ဒေါက်တာနေဇင်လတ်

(ဆက်လက်ဖော်ပြပေးသွားပါမည်။)



Read more...

ံ ဂစ္ဆာမိ *မိတ်ဆွေလား ရန်သူလား ဘယ်လိုခွဲခြား*

11/11/2010 တောသားလေး , Posted in , 1 Comment

လောကမှာ မိတ်ကောင်းဆွေကောင်း ရှိရန်အထူး လိုအပ်လှပါတယ်။ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” ဆိုသလို ပတ်ဝန်းကျင် မိတ်ကောင်းဆွေကောင်းကြောင့် ဘ၀ကို တိုးတက်နိုင်သလို မိတ်ဆွေတုနဲ့ ဆုံဆည်း ခဲ့ရရင်လည်း ဘ၀ကို ပျက်စီးဆုံးရှုံး သွားနိုင်ပါတယ်။ လောကီလူ့ဘောင်တွင် ကျင်လည်နေသမျှ ကာလပတ်လုံး မိတ်ဆွေရန်သူ ဆိုတာ ရှိနေမှာဘဲဖြစ်ပါတယ်။ ပုထုဇဉ်တို့ သဘာဝအရ သူတစ်ပါး ကောင်းစားတာကို ရှု့စိမ့်နိုင်သူ ရှိသလို မနာလို အကောက်ကြံတတ်တဲ့သူလည်း ရှိပါတယ်။ မိတ်ဆွေအချင်းအချင်း အလွန်ချစ်ကြည်ရင်းနှီးပြီ ဆိုရင်လည်း ရန်သူ အဖျက်ကလည်း ရှိတတ်ပါတယ်။ ထို့ကြောင့် ကိုယ့်ပတ်ဝန်းကျင်တွင် မိတ်ဆွေရန်သူ ခွဲခြားတတ်ရန် လိုအပ်လာပါသည်။

မိတ်ဆွေရန်သူ ခွဲခြားနည်းနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားရှင်က ဇေတ၀န်ကျောင်းတော်မှာ ကောသလမင်းကြီး၏ အကျိုးစီးပွားကို ဆောင်ရွက်တဲ့ အမတ်တစ်ဦးကို အကြောင်းပြုပြီး “မိတ္တာမိတ္တ” ဇာတ်တွင် အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါသည်။
မြတ်စွာဘုရားရှင် ပါရမီတော်ဆယ်ပါး ဖြည့်ဆည်းတော်မူစဉ် ဘ၀တစ်ခုမှာ ဗာရာဏသီပြည်ကို အစိုးရတဲ့ ဗြဟ္မဒတ်မင်းကြီးထံမှာ အမှုထမ်းတဲ့ အမတ်ဖြစ်ခဲ့ပါတယ်။ အဲဒီအမတ်ကို မင်းကြီးက ချီးမြှင့်မြှောက်စားပါတယ်။ အဲဒီတော့ လောကီထုံးစံအတိုင်း မလိုလားသူများက ကုန်းတိုက်ကြပါတယ်။ ဒါပေမယ့် မင်းကြီးက ကုန်းတိုက်တဲ့သူတွေကို မယုံကြည်တာနဲ့ အမတ်ကို “အချင်းအမတ်၊ မိတ်ဆွေနဲ့ရန်သူ ဘယ်လိုခွဲရမလဲ၊ သင် သိသလားလို့” မေးတော့ အမတ်က အောက်ပါအတိုင်း ဖြေပါတယ်။
မြတ်သောမင်းကြီး
၁။ ရန်ဘက်ဖြစ်သောသူကို မြင်သောသူသည် မပြုံးမရွင်တတ်။
၂။ ရန်ဘက်ဖြစ်သောသူကို မနှစ်သက်တတ်။
၃။ ရန်ဘက်ဖြစ်သောသူကို မနှစ်သက်၍ မျက်နှာလွှဲတတ်။
၎။ ရန်သူလို သဘောထားသူနဲ့ ဆန့်ကျင်တဲ့ အမှုများကို ပြု၏။
၅။ ရန်ဘက်ဖြစ်သောသူ၏ ရန်သူကိုလည်း မှီဝဲဆည်းကပ်တတ်၏။ (ပေါင်းတတ်၏။)
၆။ ထိုရန်ဘက်၏ အဆွေခင်ပွန်းတို့ကို မမှီဝဲ မဆည်းကပ်တတ်။
၇။ ရန်ဘက်ကို ချီးမွမ်းမည့်သူတို့ကို တားမြစ်အပ်၏။
၈။ ရန်ဘက်ကို ဆဲရေးမည့်သူတို့ကို ချီးမွမ်းတတ်၏။ (အားပေးတတ်၏။)
၉။ ရန်ဘက်ဖြစ်သူအား လျှို့ဝှက်အပ်သော စကားများကို မပြောကြား။
၁၀။ ရန်ဘက်ဖြစ်တဲ့သူရဲ့ လျှို့ဝှက်အပ်တဲ့ စကားများကို ပြောကြားတတ်၏။
၁၁။ ရန်ဘက်ဖြစ်သူ ဘာပဲလုပ်လုပ် မချီးမွမ်းတတ်။
၁၂။ ရန်ဘက်ဖြစ်သောသူ၏ ပညာကို မချီးမွမ်းတတ်။
၁၃။ ရန်ဘက်ဖြစ်တဲ့သူရဲ့ စီးပွားချမ်းသာ ပျက်စီးတာကို သဘောကျ နှစ်သက်တတ်၏။
၁၄။ ရန်ဘက်၏ စီးပွားချမ်းသာ တိုးတက်မှုကို မနှစ်သက်တတ်။
၁၅။ ကောင်းမြတ်တဲ့ ပစ္စည်းကိုရရင် ရန်ဘက်ကို မပေးကမ်းတတ်။
၁၆။ ရန်ဘက်ဖြစ်တဲ့သူဟာ အကြောင်းကြောင်းကြောင့် မရွှင်မပျဖြစ်နေရင်လည်း ကူညီစောင့်ရှောက်ခြင်း မပြုတတ်တဲ့။ အားလုံးပေါင်း (၁၆) ချက်ကို ဖြေကြားခဲ့ပါသည်။ မိတ်ဆွေစစ်ကိုတော့ အထက်ဖော်ပြပါ (၁၆) ချက်နဲ့ ဆန့်ကျင်ပြီး ရှာဖွေနိုင်ပါသည်။
ကျွန်တော်တို့သည် မိတ်ဆွေစစ်ကို လူသားတွေကမှ မဟုတ်ဘဲ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့အတိုင်း စာအုပ်စာပေများမှလည်း ရှာဖွေနိုင်သည့်အတွက် စာအုပ်စာပေများသည်လည်း ကျွန်တော်တို့အတွက် မိတ်ဆွေစစ်များပင် ဖြစ်ပါသည်။ စာအုပ်စာပေတွေကို ဖတ်ခြင်းဖြင့် အကောင်းအဆိုး ရန်သူလား မိတ်ဆွေလား ဆိုတာကို ခွဲခြားနိုင်သော အသိဥာဏ် ဖွံဖြိုးတိုးတက် လာမှာဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့သည် စာအုပ်စာပေကောင်းများကိုလည်း ဖတ်ရန် လိုအပ်ကြောင်း ပြောကြားရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်။
အားလုံးသော ဓမ္မမိတ်ဆွေများ မိတ်ဆွေ ရန်သူကို ခွဲခြားတတ်ပြီး မိတ်ဆွေစစ်ကို ရှာဖွေနိုင်သော သူများဖြစ်ပါစေ။
တောသားလေး

Read more...

သူ့သရော်


မနေ့က ဘက်စုံမွမ်းမံ ဆိုတဲ့ခေါင်းစဉ်နဲ့ ပို့စ်တစ်ခုတင်ဖြစ်ပါတယ်။
အထက်ဖော်ပြပါ Logo နဲ့ ဘလော့ဂ်ရေးနေတဲ့
http://mrmrt.blogspot.com
ဘလော့ဂ်ရှင် အရှင်အာစာရ က အောက်ခြေ Comment မှာ
ဒီလိုသရော်ပြီး ဒီလိုဆော်ထားပါတယ်။
ကျေးဇူးပါ။

အရှင်အာစာရ said...

စာကြည့်တိုက် မထားတာက စာသင်သားတွေ စာကြည့်တိုက်သွားနေရင်
ရုပ်တွက်တို့ သရုပ်ခွဲတို့ အာဘောဖော်တို့ ဥာသ်ကောက်တို့
ဘာတို့ညာတို့ မလုပ်ဖြစ်မှာစိုးလို့၊
အဲဒါတွေ ဘာတွေညာတွေ အားနည်းသွားမှာစိုးလို့ ထင်ပါတယ်။

နောက်တစ်ခုက မလိုအပ်ဘူးထင်လို့
(ရုပ်တွက်တို့ သရုပ်ခွဲတို့ အာဘော်ဖော်တို့ ဥာသ်ကောက်တို့
ဘာတို့ညာတို့က ပိုအရေးကြီးတယ်ထင်လို့)၊
နောက်တစ်ခုက စရိတ်မတတ်နိုင်လို့ (မွဲလို့) ထင်ပါတယ်။

မိတ္တူကူးစက်လည်း မ၀ယ်နိုင်လို့ နေမှာပါ။ မီးမလာတာလည်း ပါမှာပေါ့။

စာသင်ခန်းမထားတာလည်း မတတ်နိုင်လို့ (မြေကြီးပဲ တတ်နိုင်တာမို့၊
လှူမယ့်ဒကာတွေက စိတ်မ၀င်စားလို့၊
နောက်ပြီး အလှူခံမယ့် ဆရာတော်ကြီးတွေကလည်း စိတ်မ၀င်စားလို့) ထင်ပါတယ်။

နောက်တစ်ခု ဖြစ်နိုင်တာက စာချဆရာတော်တွေကိုယ်တိုင်က
စာသင်သား တပည့်တွေ ကြမ်းပြင်ပေါ်မှာ ၀တ်အဲကုန်းပြီး
စာဝါလိုက်နေတာကို ကြည့်ပြီး ပီတိဖြစ်နေကြပုံရပါတယ်။

စာဝါချိန်တစ်နာရီအတွင်းမှာ ဘုန်းတော်နေလထွန်းလင်းတောက်ပတဲ့
ရှင်ဘုရင်ကြီးလိုလို၊ ရွှေဇီးကွက်ကြီးလိုလို အပေါ်စီးက နေခွင့်ရတာကိုး။
တပည့်တွေရဲ့ လေးစားရိုကျိုးမှုကို ဘာသာပြန်လွဲနေကြပုံရပါတယ်။

ဟုတ်ပါတယ်။ ဘက်စုံမွမ်းမံရအုံးမှာ။ လာမယ် ကြာမယ်။
ကြာချင်သလောက် ကြာပါလိမ့်မယ်။
ကြာချင်သလောက် ကြာစမ်းပါစေ။

Read more...

ဘက်စုံ မွမ်းမံ


ဗုဒ္ဓဘာသာခေါင်းဆောင်များဖြစ်ကြတဲ့ ရဟန်းသံဃာတို့အလုပ်ဟာ
အကြမ်းအားဖြင့်
(၁) ပရိယတ်လုပ်ငန်းနဲ့
(၂) ပဋိပတ်လုပ်ငန်းလို့ နှစ်မျိုးရှိပါတယ်။

နားလည်သလိုပြောရရင်
(၁) သင်ခြင်းအလုပ်နဲ့ ကျင့်ခြင်းအလုပ်ပေါ့။

စာသံပေသံ၊ စာလာပေလာစကားနဲ့ပြောရရင်
(၁) ဂန္ထဓူရနဲ့ (၂) ၀ိပဿနာဓူရတဲ့။

နံပါတ် (၁) လုပ်ငန်းဖြစ်တဲ့ ဂန္ထဓူရလို့ခေါ်တဲ့
ပရိယတ္တိလုပ်ငန်း၊ စာသင်စာချခြင်းလုပ်ငန်းကို
မြန်မာပြည်အနယ်နယ်အရပ်ရပ် မြို့ကြီးမြို့လေးတွေမှာရှိတဲ့
ပရိယတ္တိစာသင်တိုက်တွေက ထမ်းဆောင်ကြပါတယ်။

သာသနာကို ရေရှည်တည်တံ့အောင် လုပ်ဆောင်ပေးနေတာ
ဒီပရိယတ္တိစာသင်တိုက်တွေပါ။
ပရိယတ်သမားမရှိဘဲ နည်းမှန်လမ်းမှန်ညွှန်ပြပေးနိုင်တဲ့
ပဋိပတ်သမား ပေါ်ထွက်လာနိုင်စရာ အကြောင်းမရှိဘူးဆိုတာ
အားလုံးတညီတညွတ်တည်း လက်ခံထားပါတယ်။

ဒါ့ကြောင့်မို့
ပရိယတ်မကင်းတဲ့ ပဋိပတ်ဖြစ်ရေး၊
ပဋိပတ်မကင်းတဲ့ ပရိယတ်ဖြစ်ရေးမူတွေကို
တတ်သိနားလည်တဲ့ဆရာတော်ကြီးများက
လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက စတင်ချမှတ်လာခဲ့ပါတယ်။
အောင်မြင်သင့်သလောက် အောင်မြင်လာတယ်လို့ ပြောလို့ရပေမဲ့
လိုအပ်တာတွေ ရှိနေဆဲပါ။

နိုင်ငံတကာမှာ စာသင်ဌာန (Institute) တစ်ခုတည်ထောင်တော့မယ်ဆိုရင်
အရေးအကြီးဆုံးက စာကြည့်တိုက် ပါ။
စာသင်ဌာနတစ်ခုရဲ့ အောင်မြင်မှုဟာ
အဲ့ဒီစာသင်ဌာနမှာရှိတဲ့ စာကြည့်တိုက်မှာ စာအုပ်ဘယ်လောက်စုံစုံလင်လင်ရှိသလဲ၊
စာကြည့်တိုက်စနစ် ဘယ်လောက်ကောင်းသလဲ ဆိုတာပေါ်မှာ မူတည်တယ်လို့
နိုင်ငံတကာပညာသင်ဌာနတွေက လက်ခံယုံကြည်ထားပါတယ်။

ဆိုတော့ မြန်မာပြည်က ဘုန်းကြီးကျောင်းပညာသင်ဌာနတွေဖြစ်တဲ့
ပရိယတ္တိစာသင်တိုက်တွေမှာ
စာသင်ဌာနတစ်ခုရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ စာကြည့်တိုက် ရှိပါရဲ့လား။
ရှိခဲ့ရင် စနစ်ဘယ်လောက်ကောင်းပါသလဲ။
စာကြည့်တိုက်မှာ စာသင်သားတစ်ဦးလိုအပ်တဲ့စာရွက်စာတမ်းတွေ မိတ္တူကူးဘို့
မိတ္တူကူးစက်လို အထောက်အကူပြုပစ္စည်းမျိုးတွေ အလွယ်တကူ ထားပေးနိုင်ပါသလား။

ပရိယတ္တိစာသင်တိုက်တွေမှာ စာကြည့်တိုက်မရှိရင် ရှိအောင်လုပ်ရပါမယ်။
စာကြည့်တိုက်နဲ့ဆက်စပ်တဲ့အထောက်အကူပြုပစ္စည်းတွေ
စာသင်သားတွေအတွက် ဖြည့်ဆည်းပေးရပါမယ်။
စာကြည့်တိုက်ဟာ စာသင်သားရဲ့အသက်ဆိုတာကို
နိုင်ငံတကာမှာ နားလည်သဘောပေါက်နေတဲ့အချိန်
ပရိယတ္တိစာသင်တိုက်တွေမှာ စာကြည့်တိုက် ထားပေးရကောင်းမှန်းမသိရင်
ခေတ်နဲ့ရင်ဘောင်တန်းနိုင်တဲ့အသိဥာဏ် ဘယ်လိုလုပ် ရနိုင်မလဲ။

စာမေးပွဲပြဌာန်းစာထဲမှာ မပါတဲ့ ဘာသာကြီးလေးခုအကြောင်း၊
ဗုဒ္ဓဘာသာသမိုင်းစာအုပ်၊ မြန်မာလူမျိုးတို့လက်ခံယုံကြည်တဲ့ဗုဒ္ဓဘာသာနဲ့
တခြားနိုင်ငံက လက်ခံယုံကြည့်တဲ့ဗုဒ္ဓဘာသာတူမတူ စတာတွေကိုဖတ်ဖို့
ပရိယတ္တိစာသင်တိုက်တွေမှာ စာကြည့်တိုက် ရှိကို ရှိရပါမယ်။
ဒါမှသာ ခေတ်နဲ့ရင်ဘောင်တန်းနိုင်လာမှာဖြစ်ပြီး သာသနာကို
အကွက်ကျကျ စွမ်းစွမ်းတမံ ပြုနိုင်မှာပါ။

ခေတ်နဲ့ရင်ဘောင်တန်းနိုင်တဲ့အသိဥာဏ်မရရင်
(၀ါ) သဒ္ဒါရုပ်တွက်နဲ့သဂြိုဟ်သရုပ်ခွဲလောက်ကိုသာ လေ့လာခွင့်ရမယ်ဆိုရင်
ဗုဒ္ဓသာသနာတိုးတက် ပြန့်ပွါးဘို့ ဘယ်လိုလုပ် စွမ်းဆောင်နိုင်မလဲ။

နောက်တစ်ခုက ပရိယတ္တိစာသင်တိုက်တွေမှာ စာသင်ခန်းမရှိတာ။
စာသင်တိုက်လုပ်ပြီး စာသင်ခန်းမရှိတာ အတော်အံ့သြစရာကောင်းပါတယ်။
တချို့စာသင်တိုက်တွေမှာ ကျောင်းဆောင်တွေ မှိုလိုပေါက်အောင် ဆောက်ထားပေမဲ့ စာသင်ခန်းကျောင်းဆောင် မဆောက်တာဟာ အတော်ဝမ်းနည်းစရာကောင်းပါတယ်။

တချို့စာသင်တိုက်တွေမှာဆိုရင်
စားလဲဒီနေရာဘဲ၊ အိပ်လဲ ဒီနေရာဘဲ၊ စာသင်လဲ ဒီနေရာဘဲ။
ဒီလို မဖြစ်သင့်ပါဘူး။

စာသင်တိုက်မှာ စာသင်ခန်းရှိသင့်ပါတယ်။ ရှိရပါတယ်။
ဒီနေရာအိပ်၊ ဒီနေရာစား၊ ဒီနေရာမှာပဲ လေးဘက်ထောက်ပြီး
စာသင်ရတာဟာ စာသင်သားရဲ့ ဦးဏှောက်ကို မရွှင်လန်းစေပါဘူး။
အမြင်မတော်ပါဘူး။ အမြင် မတင့်တယ်ပါဘူး။
လေးဘက်ထောက်ပြီး စာသင်ရတဲ့ခေတ် စနစ်ကြီး ကုန်ဆုံးသင့်ပါပြီ။

အဆင့်မြင့်တဲ့ဘုရားရှင်ရဲ့ စာပေတွေကို သင်ကြား သင်ယူနေတာဖြစ်တဲ့အတွက်
အဆင့်မြင့်မြင့်ဘဲ သင်ကြား သင်ယူသင့်ပါတယ်။
လောကဓာတ်ကျောင်းသားတွေလို
ကိုရင်စာသင်သား ဦးဇင်းစာသင်သားတွေလဲ စာသင်ခန်းထဲမှာ ထိုင်ခုံနဲ့၊ စားပွဲနဲ့၊
စာချဘုန်းကြီးကလဲ စာသင်ခန်းထဲမှာ ထိုင်ခုံနဲ့၊ စားပွဲနဲ့၊ မိုက်နဲ့၊ ဘောနဲ့ စသဖြင့်
လိုအပ်တဲ့အထောက်အကူပြု ပစ္စည်းအပြည့်အစုံနဲ့ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။
သင်ပေးသူရော သင်ယူသူရော စိတ်တက်ကြွ ရွှင်လန်းပြီး
ဥာဏ်တွေ နဂိုကထက် ပွင့်လင်းလာမှာ အမှန်ပါ။

ပရိယတ္တိစာသင်တိုက်တွေမှာ ကိုရင်လေးတွေ ဦးဇင်းပေါက်စတွေကို စာသင်ပေးရင်
စာချဘုန်းကြီးလုပ်တဲ့သူက စာချည်းသက်သက် ပို့ချနေရုံနဲ့ မလုံလောက်ပါဘူး။
ဒီကိုရင်လေးတွေ ဦးဇင်းပေါက်စတွေကို
သာသနာပြုချင်စိတ်ဖြစ်ပေါ်လာအောင် အမြဲတမ်း ပြောဆိုပေးသင့်ပါတယ်။
ငယ်ငယ်လေးကတည်းက သာသနာကို စောင့်ရှောက်လိုတဲ့စိတ်ဖြစ်ပေါ်လာအောင်၊
ရောက်ရာအရပ်မှာ ဖြစ်တဲ့နည်းနဲ့ သာသနာပြုချင်စိတ်ဖြစ်ပေါ်လာအောင် ပြောပြသသင့်ပါတယ်။

ဒီလိုလုပ်ပေးခြင်းဖြင့် တောရွာတွေမှာ ဝေးလံတဲ့အရပ်တွေမှာ
သာသနာပြုချင်စိတ်ပေါ်ပေါက်လာမှာဖြစ်ပြီး
အခုလောလောဆယ်တွေ့ကြုံနေရတဲ့ တောရွာတွေမှာ
စာမတတ် ပေမတတ်တဲ့ တောထွက်ရဟန်းတော်ကြီးတွေ
ကြီးစိုးနေတဲ့ဘေးက ကင်းလွတ်သွားမှာပါ။

တကယ်တော့ ဒါတင်မကပါဘူး။
ကိုရင်လေးတွေ ဦးဇင်းပေါက်စလေးတွေကို
(မြင်လိုက်တာနဲ့ ရှိခိုးချင်စိတ်၊ ကြည်ညိုစိတ်ပေါက်လာအောင်)
ဝတ်နည်း ရုံနည်း၊ နေနည်း ထိုင်နည်း၊
စားနည်း သောက်နည်း၊ ပြောနည်း ဟောနည်းတွေကို သင်ပေးသင့်ပါတယ်။

သို့မှသာ အချိုးကျတဲ့ ဦးဆောင်နိုင်တဲ့သူဖြစ်လာမှာပါ။
လူရှေ့သူရှေ့ထွက်ရင် တင့်တယ်သပ်ရပ်တဲ့သူဖြစ်လာမှာပါ။
ရှိခိုးခံရမဲ့သူဟာ ရှိခိုးမဲ့သူထက် အစစအရာရာ သာလွန်နေရပါမယ်။

စားတဲ့နေရာမှာလဲ အဆင့်မြင့်မြင့် စားတတ်မယ်၊
ဝတ်တဲ့နေရာမှာလဲ အဆင့်မြင့်မြင့် ၀တ်တတ်မယ်၊
ပြောတဲ့ ဟောတဲ့နေရာမှာလဲ အဆင့်မြင့်မြင့် ပြောတတ် ဟောတတ်မယ်ဆိုရင်
သူတို့လေးတွေကို ကြည့်ပြီး အထင်သေးမှု မဖြစ်တော့ဘဲ
လေးစားအတုယူအားကျသူတို့အဖြစ် မှတ်ယူလာမှာဖြစ်ပါတယ်။

ဒီလိုလုပ်ပေးခြင်းဟာ သာသနာတော်ကို မြှင့်တင်ပေးရာရောက်တဲ့အပြင်
လူမျိုးကို မြှင့်တင်ပေးရာလဲ ရောက်ပါတယ်။

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့နိုင်ငံဆိုတော့
မြို့ကြီး မြို့လေးတွေရဲ့ ရပ်ကွက်အသီးသီးသီးမှာ
ဗုဒ္ဓဘာသာ ဓမ္မာရုံတွေရှိပါတယ်။
အမြဲတမ်း တံခါးပိတ်ထားတာကို တွေ့ရပါတယ်။

ဒီ ဓမ္မာရုံတံခါးတွေကို ဖွင့်ဘို့ ဖွင့်နိုင်ဘို့က
ပရိယတ္တိစာသင်တိုက် ဆရာတော်တွေရဲ့ တာဝန်လို့ မြင်မိပါတယ်။
ရပ်ကွက်ထဲကဓမ္မာရုံလူကြီး ဂေါပကအဖွဲ့တွေနဲ့တိုင်ပင်ညှိနှိုင်းပြီး
ဥပုသ်နေ့လို ဒါမှမဟုတ် တနင်္ဂနွေနေ့လိုနေ့တွေမှာ
စာသင်တိုက်က အဆင်ပြေလောက်မဲ့ စာချဘုန်းကြီး ဦးဇင်းတွေကို စေလွှတ်ပြီး
(ငှက်ပျောပွဲ၊ အုန်းပွဲကို မကြည့်ဘဲ)
သြကာသမှသည် ငါးပါးသီလ၊ ဗုဒ္ဓ၀င်စသည်တွေကို သင်ကြားပေးသင့်ပါတယ်။

ဒီလို သင်ကြားပေးခြင်းဖြင့် ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓဘာသာအကြောင်းနားလည်လာပြီး
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးနဲ့ကြုံကြုံ
အခြားဘာသာကို ကူးပြောင်းတော့မှာ မဟုတ်ပါဘူး။

လောကီဆန်ဆန်အတွေးနဲ့ပြောရရင်လဲ စာသင်တိုက်ဆရာတော် သံဃာတော်များ
(ရိပ်သာက ဘုန်းကြီးတွေလို) ဒကာ ဒကာမတွေနဲ့ တိုက်ရိုက်တွေ့ထိလာနိုင်ပြီး
စာသင်တိုက် စိုပြေရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုလာမှာ
မြေကြီးလက်ခတ်မလွဲပါ။

သိသလောက်နဲ့တတ်နိုင်သမျှ အကျဉ်းချုပ်အကြံပြုချင်တာကတော့
ပရိယတ္တိစာသင်တိုက် ဆရာတော်သံဃာတော်များ
မိမိတို့အုတ်တံတိုင်းအတွင်းမှာလဲ တတ်နိုင်သမျှ ခေတ်မီတဲ့ပညာရေးစနစ်ကို ချမှတ်ပြီး
တစ်ပိုင်တစ်နိုင်ထမ်းဆောင်ရပါမယ်။

အုတ်တံတိုင်းအပြင်ထွက်ပြီးတော့လဲ
မိမိတို့နဲ့နီးစပ်ရာ ဒကာ၊ ဒကာမတွေနဲ့ တတ်နိုင်သမျှ နီးစပ်အောင်အားထုတ်ပြီး
ဘာသာအသိ သာသနာအသိတွေကို သူတို့ရဲ့ ဦးဏှောက်ထဲ ထည့်သွင်းပေးသင့်ပါတယ်။

(မြန်မာပြည်၊ မန္တလေး၊ မဟာကုသိုလ်ပရိယတ္တိစာသင်တိုက် ငွေရတုစာစောင်အတွက်
ရေးလိုက်တဲ့ ဆောင်းပါးလေးဖြစ်ပါတယ်)

Read more...

န၀ကမ္မ

From မနက်ဖြန်


ရဟန်းသံဃာများအတွက် ၀တ္ထုကြေးငွေတို့ကို လှူဒါန်းကြရာတွင် န၀ကမ္မအတွက်ပါ ဘုရားဟု နှုတ်မြွက်ဆို၍ ကပ်လှူလေ့ရှိကြပါ သည်။ တချို့ကလည်း စာအိပ်ပေါ်တွင် န၀ကမ္မ အလှူငွေဟု ရေးသားပြီး လှူလေ့ရှိကြပါသည်။ န၀ကမ္မဟူသည်ကား န၀-အသစ်ဖြစ် ပေါ်လာသော၊ ကမ္မ-အမှုကိစ္စများ၊ အသစ်ဖြစ်သော အမှုကိစ္စများအတွက် သုံးစွဲနိုင်ရန်ဟူ၍ အဓိပ္ပါယ်ကောက်ယူကြပါသည်။ အချို့ ကလည်း န၀ကာမဟု ဆိုကြသေး၏။ န၀ကမာဆိုလျှင်ကား န၀-အသစ်ဖြစ်သော၊ ကာမ- လိုအင်ဆန္ဒ။ အသစ်ဖြစ်ပေါ်လာသော ဆန္ဒအတွက် လိုတာပြည့်အောင် သုံးဆောင်နိုင်သော ၀တ္ထုပစ္စည်းဟု ဆိုရမည်။ အချို့ကတော့ အဓိပ္ပါယ်သိ၍ ဆိုခြင်းဟုတ်ဟန်မတူ။ အများပြော၍ အကြားသဘောဖြင့် ရောယောင်ပြောကြားခြင်း ဖြစ်နေပါသည်။ အချို့ပုဂ္ဂိုလ်တို့ကလည်း ဒကာ-ဒကာမများအား စာအိပ်များကပ်လှူရာတွင် န၀ကမ္မပါဘုရားဟု နှုတ်မြွတ်ဆို၍ ကပ်လှူရန် သြ၀ါဒပေးကြသည်။

လူဒကာ-ဒကာမနှင့် ရဟန်းသံဃာဆက်ဆံရေးကိစ္စတွင် အများဆုံးပါဝင်နေသော ဤန၀ကမ္မကိစ္စများကို ဒကာ-ဒကာမများက လည်းအထိုက်အလျောက် သိရှိနားလည်ထားသင့်ကြပေသည်။ သို့မှသာ တပည့်လိမ္မာ ဆရာအာပတ်လွတ်နိုင်ပေလိမ့်မည်။ မည်သို့ပင် လှူသည်ဖြစ်စေ ရာဇာပဓာနံဆိုသည့်အတိုင်း နိုင်ငံတော်အစိုးရမင်းများက တန်ဖိုးသတ်မှတ်ထားသော ငွေစက္ကူများသည်လည်း ငွေကောင်းသော (မသာယာကောင်းသော) ပစ္စည်းသာလျှင်ဖြစ်ပါသည်။ ငွေအသပြာသည် ရဟန်းသံဃာများအတွက် အနာမာသ၀တ္ထု (မခံယူကောင်းသော ပစ္စည်းအမျိုးအစား) သာလျှင်ဖြစ်ပါ၏။

သို့ရာတွင် ငွေကြေးကိစ္စသည် ကျယ်ဝန်း၏။ ရှုပ်ထွေး၏။ မရှိမကောင်း ရှိမကောင်းဟု ဆိုနိုင်၏။ ငွေသည် တိုက်ရိုက် ကိုယ်တိုင်အားဖြင့် ခံယူသုံးစွဲရန် မအပ်စပ်သော ရဟန်းများအတွက်သာမက ငွေမရှိလျှင် နေ၍မဖြစ်သော လောကလူသားများ အတွက်ပင် အန္တရာယ်ရှိ၏။ သုံးတတ်လျှင် လိုတရ ဣစ္ဆာသယသပစ္စည်းသဖွယ်ဖြစ်သကဲ့သို့ မသုံးစွဲတတ်။ မကိုင်တွယ်တတ်လျှင် အန္တရာယ်ဖြစ်သည်ကို ရှိ၏။ ငွေသည် ဆေးသဖွယ်ဖြစ်သကဲ့သို့ ဘေးအန္တရာယ်လည်း ဖြစ်နိုင်သည်ကို ငြင်းဆိုဘွယ်ရာ မရှိပေ။ ငွေကိုအသုံးချတတ်သဖြင့် အောင်မြင်မှုအသွယ်သွယ် ရရှိပြီးလျှင် ဘ၀သရဖူ ဆောင်းသွားသူတွေ ရှိကြသလို ငွေကြောင့်ပင် ဘ၀ပျက်စီးကာ အဖတ်ဆယ် မရသူတေလည်း အနမတဂ္ဂ မြောက်မြားလှပေသည်။ ထို့ကြောင့်ပင် ဓမ္မပဒ၊ ဗာလ၀ဂ်တွင် ဗုဒ္ဓရှင်ကလည်း ငွေကို မြွေဟုတင်စားပြီး ဟောကြားခဲ့ဖူးလေသည်။

ကောင်းပြီ။ ထိုမရှိမကောင်း၊ ရှိမကောင်းသော ငွေနှင့်ရဟန်းများလုံးဝကင်းကွာ၍ ရနိုင်ပါသလား ..ဟုတိုက်ရိုက်မေးမြန်လျှင် မကိုင်ကောင်းပါ။ အလှူမခံကောင်းပါဟူ၍ (၀ိနည်းဒေသနာအတိုင်း) ဖြေရပေမည်။ သို့သော် ကင်းနိုင်ကြပါမည်လား။ ဂါမ၀ါသီခေါ် ရပ်ထဲရွာထဲ လူဒါယကာ ဒါယိကာမများနှင့် ဆက်စပ်နေသော ရဟန်းများ နဂရ၀ါသီဟုခေါ်ဆိုနိုင်သော ရဟန်းသံဃာများ အဖို့ငွေကြေးနှင့် မကင်းနိုင်သည်မှာ မှန်ပါသည်။

အရည၀ါသီ သို့မဟုတ် ၀န၀ါသီခေါ် တောရဆောက်တည်ပြီး တောထဲတောင်ထဲမှာ တစ်ပါးတည်း သွားနေပြီး ရသမျှ အာဟာရဖြင့် မျှတနေထိုင်ကာ တရားဓမ္မကိုသာ ကျင့်ကြံကြိုးကုတ် အားထုတ်နေသော ပုဂ္ဂိုလ်မြတ်ဖြစ်ပါက ဤကိစ္စမျိုး ကင်းရှင်းနိုင်ဖွယ်ရာ ရှိပါသည်။ ဂါမ၀ါသီ နဂရ၀ါသီကျေးလက်မြို့ပြနေ ပုဂ္ဂိုလ်များအတွက်ကား တော်တော် မလွယ်သော ကိစ္စဟုဆိုနိုင်ပေသည်။

ဤငွေကြေးကိုင်တွယ်မှု ကိစ္စကိုပင် လိုအပ်သည်ထက် ပိုမိုပြီး ရေးကြီးခွင်ကျယ်လုပ်နေကြသူတွေလည်း ရှိကြသည်။ ရေးကြ သူတွေလည်း ရှိကြသည်။ ဤ၌စဉ်းစားဝေဖန်ဖွယ်ရှိသည်မှာ အနှီးပုဂ္ဂိုလ်များ ကိုယ်တိုင်ပင်လျှင် ငွေကြေးကိစ္စကင်ရှင်းကြပါရဲ့လား ..ဟူသောပြာဿနာပင် ဖြစ်ပါသည်။

ဗုဒ္ဓဘုရားရှင်၏ ၀ိနည်းသိက္ခာပုဒ်တော်များတွင် လောက၀ဇ္ဇ-လောကအတွင်းမှာ နေထိုင်ရင်း သင့်ရောက်တတ်သော အပြစ်မျိုးနှင့် ပဏ္ဏတ္တိဝဇ္ဖ-ဘုရားရှင်တို့ ပညတ်တော်မူသဖြင့် သင့်ရောက် ရရှိနိုင်သော အပြစ်မျိုးဟူ၍ နှစ်မျိုးရှိပါသည်။ အမှန်အားဖြင့် ဘုရားရှင်တို့က ဒါကို မလုပ်နဲ့ဟု ပညတ်ထားပါက မည်သို့ပင်ဖြစ်စေ အပြစ်သင့်ရောက်မည်သာ ဖြစ်ပါသည်။

သို့ရာတွင် လိုတိုး ပိုလျှော့လုပ်ချင်သော ပုထုဇဉ်တို့၏ ဉာဉ်အတိုင်း မလိုတာငြင်း လိုရာသွင်း ပြုလုပ်တတ်ကြပါသည်။ ရေးကြီးခွင်ကျယ် လုပ်သူတို့က လုပ်နေကြသော်လည်း အချို့သောနေရာများ၌ ၀ိနည်းဒေသနာတော်ကို ကျောပေးကာ ကျောချမ်းဖွယ် ပြုလုပ်နေကြသည်ကို တွေ့မြင်နေရပါသည်။

လောက၌ လူတို့၏အကြိုက်ဆိုသည်မှာ အမျိုးမျိုးရှိနိုင်သည်။ မှန်သည် မှားသည် အပထား၊ လုပ်ပိုင်ခွင့်သာ ရှိလာမည်ဆို လျှင် မိမိကြိုက်သည်ကိုသာ အရေးပေးရှေ့တန်းတင်၍ လုပ်ချင်တတ်ကြသည်မှာလည်း လူ့သဘောပင်မဟုတ်လော။ ငွေစက္ကူများ သိမ်ဆင်းလောင်းခြင်းနှင့် ပတ်သက်၍လည်း ဓမ္မစာဆောင်မဂ္ဂဇင်းများတွင် ကလောင်ရှင်များအသီးသီးက ရေးသားခဲ့ဖူးကြပါ သည်။

ထိုကလောင်ရှင်များသည် လူပုဂ္ဂိုလ်များဖြစ်ကြသည်ကိုလည်း တွေ့ရသည်။ လူက ရဟန်းကိစ္စများကို ရှေ့တန်းတင်ရေးသား လာသောအခါ သာသနာ့ဝန်ထမ်းရဟန်းတို့အတွက် အလေးအနက် စဉ်းစားစရာဖြစ်လာနိုင်ပေသည်။ သူတို့ အာဘော်အရ သိမ်ဆင်းတွင် ငွေမလှူသင့် အပ်စပ်သော သင်္ကန်းစသည်ပစ္စည်း ၀တ္ထုများကိုသာ ကိုယ်ထိလက်ရောက် လှူဒါန်းသင့် သည်ဟု ဆိုထား၏။ ရဟန်းသံဃာများက ငွေကြေးစသော ပစ္စည်းဝတ္ထုများကို သင်္ကန်းဖြန့်၍ အလှူခံသည်ကို အပြစ်ပြော၏။ အချို့က အမြင်လျော်အောင် ကြွပ်ကြွပ်အိပ်ဆက်ကပ်ပြီး ခံယူစေ၏။

တရားရိပ်သာ ဆရားတော်တစ်ပါး၏ သိက္ခာထပ်ပွဲတစ်ခုတွင် တရားချီးမြှင့်ရာ၌ သံပေါက်လင်္ကာများကို ပရိသတ်အား ချပေးပြီး တရားဟောလေ့ရှိသော တိပိဋကဓရဆရာတော်တပါးလည်း ပါဝင်၏။ ကမ္မ၀ါစာများ ဖတ်ကြားပြီး၍ သိမ်ဆင်းလောင်းလှူခါနီး တွင် ဒကာ ကျောင်းနေပုဂ္ဂိုလ်တို့က ကြွပ်ကြွပ်အိပ်တစ်လုံးစီ လိုက်ကပ်ကြသည်။ ထိုအခါ အဆိုပါ တိပိဋကဆရာတော်က ကြွပ်ကြွပ်အိပ် ကို လက်မခံဘဲ ပယ်ပစ်လိုက်လေ၏။ ဒါက ဘာလုပ်တာတုံးဟုလည်း မိန့်ကြားလိုက်သည်ကို ကြားလိုက်ရသည်။

သို့ဖြင့် ဆရာတော်များရှေ့ ကပ္ပိယဒကာတစ်ယောက်စီ လိုက်ပါ၍ သိမ်ဆင်းလောင်းပွဲ ကျင်းပခဲ့သည်ကို တွေ့ကြုံရဖူးပါသည်။ ခက်ပါသည်။ မကင်းနိုင်သော ကိစ္စတို့ကို အပြစ်ပြောနေကြမည့်အစား ပညာ သတိ ဖြင့်သာ ကိုင်တွယ်ကျင့်ဆောင်မှု ပြုသင့်ကြသည်ဟု ထင်ပါသည်။ ၀ိနည်းဒေသနာတော်လာ ရူပိယသိက္ခာပုဒ်ကို ကြည့်ပါ။ ဥဂ္ဂဏှေယျဝါ- မိမိကိုယ်တိုင် ကိုယ်တွင်မှမဟုတ်၊ ဥပနိက္ခိတ္တံ သာဒယေယျ-ဟု ဆိုသည့်အတွက် ခံယူမှမဟုတ် ငွေလှူဒါန်းသည်ကို သာယမိလျှင် အပြစ်က မလွတ်ချေ။ မသာယာပါ၏ နှုတ်မြွက်ပြောဆိုနိုင်သော်လည်း စိတ်မနောထဲမှ ဖြစ်ပေါ်လာသော ကိစ္စကို ကာယကံရှင်ကိုယ်တိုင်မှ တပါး သိနိုင်ဖွယ် မရှိပေ။

ငွေကို ကိုယ်တိုင် ခံယူခြင်းသာမဟုတ် ဟိုနားထားလိုက်ပါ၊ ဟိုထဲထည့်လိုက်ပါဟု ဝေခိုင်းခြင်းပင် ပြုခွင့်မရှိပေ။ တချို့ ငွေကို လက်ဖြင့်တော့ မကိုင်ကြပါ။ (ဥဂ္ဂဏှာပေယျဝါ) ယပ်တောင်လေးထိုးပေးလိုက်ကြသည်။ ဘာမျှအကြောင်းမထူးပါ။ အပြစ်မလွတ် နိုင်ပါ။ ဤသို့သော ပုဂ္ဂိုလ်များ၏ ညွှန်ကြားမှုဖြင့် ဒကာ-ဒကာမများက ငွေကိုစာအိပ်ထဲထည့်ကာ အမြင်တော်အောင် ဆက်ကပ်ကြ ခြင်းဖြစ်လေသည်။

အချို့ဒကာ-ဒကာမများကလည်း ပကာသနမက်ကာ ငွေစက္ကူတန်ဖိုးကြီးကြီးလှူမှန်း အခြားသူများ မြင်သိစေရန် စာအိပ်မပါပဲ ဆက်ကပ်တတ်ကြပါသည်။ ငွေကြေးကိစ္စကား ပြောမဆုံးပေါင်း တောသုံးထောင် ဖြစ်ပါသည်။ ၀ိနည်းဒေသနာ၌သာ မဟုတ်သေ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး လူမျိုးအသီးသီးတို့သည်ပင် ဤငွေကိစ္စဖြင့် အလုပ်ရှုပ်နေကြသည် မဟုတ်လော။ အမှုပွေ ရတက်မအေး ဖြစ်နေကြသည် မဟုတ်လော။

ငွေကြေးကို ကိုယ်တိုင်ကိုင်တွယ်ပြီး ကိုယ်ထူကိုယ်ထ ကျောင်းဆောက်နေကြရသော ပုဂ္ဂိုလ်များအတွက် အလွယ်ခက်ပါသည်။
ကပ္ပိယထားဖို့ကလည်း တတ်သိနားလည်သော သစ္စာရှိသော ဆရာမှတ်မှတ် ကျင့်သုံးနေထိုင်သော ကပ္ပိယတပည့်တို့သည်ကား အလွန့်အလွန်ပင် ရှားပါးလှပါတော့သည်။

သို့ဖြစ်ရာ မကင်းနိုင်ကြသော ထိုငွေကြေးနှင့် ဆက်ဆံကြရာတွင် ရဟန်းတော်တို့အနေဖြင့် ကိုယ်နှုတ်ဖြင့် မပယ်သာလျှင် ငါမယူလို ငါမသာယာ ကပ္ပိယသုံးချင်တာ သုံးပါစေဟု အမှန်စင်ကြယ်သော မသာယာသောစိတ်ဖြစ်နိုင်လျှင် အာပတ်မသင့်ဟု မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဆရာကြီးတော်ကြီးက ဆိုထားပေသည်။

သို့အတွက် အလိုက်သိသော တတ်သိနားလည်သော သစ္စာရှိသော ကျောင်ဒကာ ကျောင်းဒကာမ ရဟန်းဒကာ ရဟန်းဒကာမ ကပ္ပိယ လုပ်သူတိုင်း ဤကိစ္စကို နာလည်ထားရန် အရေးကြီးပေသည်။ ရဟန်းသံဃာများအား လိုအပ်သော ပစ္စည်းမိန့်ရန် ဒကာ ဒကာမများက အလိုက်သိစွာ လျှောက်ထားရပေမည်။ သို့မှသာ ရဟန်းသံဃာများငွေကြေးနှင့် ပတ်သက်သော အပြစ် (အာပတ်)မှ လွတ်ကင်းနိုင်ဖွယ် ရှိပေတော့မည်။

ဤသို့လျှင် ဆရာဒကာ လက်တွဲညီညာ နားလည်စွာ ဗုဒ္ဓသာသနာပြုနိုင်ကြပါစေ။

အကျယ်သိလိုက ၀ိနယ ပါဠိတော်များနှင့် ကင်္ခါ ပါတိမောက် ဘာသာဋီကာ စသည်များတွင် ဖတ်ရှုပါ)

မုံရွာနေဇာ
2000-ဒီဇင်ဘာလ- (အမှတ်-13)

မှတ်ချက်။ ။ ဓမ္မရံသီ ပေါင်းချုပ် မဂ္ဂဇင်းမှ ဗဟုသုတအလို့ငှာ ကူးယူဝေမျှပါသည်။ (မနက်ဖြန်)

Read more...

မွန်းဘိုင်း (ဘုံဘေ) မြို့မှ ဒေဝါလီ ပွဲတော်

ဒီနှစ်ကတော့ ဘယ်လိုဖြစ်ရတယ် မသိပါဘူး။ နှစ်သစ်ကူးပွဲတွေ အတော် ဆင်နွဲခွင့် ရနေလို့လေ။ ၂၀၁၀ နှစ်စ ဖေဖော်ဝါရီလက မလေးရှား ဆစ်တီယာဝမ် မြို့လေးမှာ တရုပ် နှစ်သစ်ကူးပွဲတော်နှင့် ကြုံခဲ့တယ်။ အဲဒီပွဲမှာ ဘာသာရေး အပိုင်းကို ဦးဆောင် လုပ်ပေးခဲ့ရပါတယ်။ နောက် ဧပြီလ ရောက်တော့ စင်္ကာပူ ဆမ်ဘာဝမ်း မြန်မာ သင်္ကြန်နှင့် ကြုံဆုံပြန်ရော။ အခုတော့ မွန်ဘိုင်းမှာ ဒေဝါလီပွဲတော်နှင့် ပက်ပင်း တိုးပြန်ပြီ။

အော် နှစ်သစ်ကူးပွဲတော်တွေနှင့် ကြုံဆုံနေတယ် ဆိုတော့ ပျော်မြူးနေမယ်လို့လဲ ဖတ်ရင်း တွေးမနေနှင့်ဦး။ ဘုန်းကြီးဘဝ ဆိုတော့ ဘာမှ ထူးပြီး ပျော်ရတာမှ မဟုတ်တာ။ သိကြတဲ့အတိုင်းပေါ့။ ဒါပေမဲ့ ဒီပွဲတော် အကြောင်း နည်းနည်းတော့ ရေးပါဦးမယ်။

အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေကို ဒေဝါလီပွဲတော် တစ်ခု တက်ဖို့ ဖိတ်ပါတယ်။ ဘုန်းကြီးဖြစ်နေ တာကြောင့် တက်ချင်စိတ် မရှိလှပါဘူး။ မလွတ်မလပ် ပုံစံမျိုးနှင့် သွားရတော့ မျက်နှာပေါ်မှာ ရှက်ရိပ် သန်းတဲ့ မျက်နှာထားက အလိုလို ပေါ်လာတတ်တယ်။ အဲဒါက သိပ် မကောင်းလှဘူးလို့ ထင်ပါ တယ်။

ဒါပေမဲ့ ထည့်သွင်း စဉ်းစားစရာလေးတွေက ရှိနေခဲ့ပြန်ပါတယ်။ ပထမတစ်ချက်က အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေ အတွက် လုပ်ပေးတာဆိုတာကို စဉ်းစား မိတာပါ။

နောက်တစ်ခု ပိုအရေးကြီးတာက အခြားသူများရဲ့ လောကထဲမှာ နေတယ်ဆိုရင် ယဉ်ကျေးမှု ပဋိပက္ခ (cultural clash) မဖြစ်ဖို့က အရေးကြီးပါတယ်။ အခြားယဉ်ကျေးမှုတစ်နှင့် ကွက်တိဖြစ်သွားဖို့က မလွယ်လှဘူး။ ဘီဘီစီ အင်္ဂလိပ်စာ သင်ခန်းစာ တစ်ခုမှာ ဆိုရင် တိုင်းခြားမှာ သွားနေမဲ့သူတွေကို သက်ဆိုင်တဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှုကို ကောင်းကောင်း လေ့လာပါ (Do lots of research) လို့ အကြံပေးတာကို ကြားဖူးပါတယ်။ စိတ်ဝင်စားမှုတူညီတဲ့ လူ၊ ရိုးရာယဉ်ကျေးမှု တူတဲ့လူ၊ တူညီတဲ့ နောက်ခံရှိသူတွေ (like-minded people) နှင့် တွေ့ရဖို့ကလဲ အခက်သား။ သွားလိုက်ရင်တော့ သူများ ယဉ်ကျေးမှုကို လေ့လာခွင့်ရတယ်။ တစ်ခါ တစ်ခါမှာ ဆိုရင် တမင်တောင် လေ့လာကြ၊ သုတေသန သလောမျိုး လုပ်ယူကြရသေးတာ။ ဒီတော့ တက်သင့်တယ်လို့ အသိစိတ်က ပြောနေပြန်ပါတယ်။ အဲဒါနှင့် တက်ဖြစ်သွားပါရော။

သူငယ်ချင်း နိုင်ငံခြားကျောင်းသား အချို့နှင့်အတူ

သိပ်စည်စည်ကားကားကြီး မဟုတ်ပါဘူး။ နိုင်ငံခြားကျောင်းသားရေးရာက ဒါရိုက်တာနှင့် အခြားလူ အချို့၊ နောက် ကျောင်းအုပ်တစ်ယောက်နှင့် သူ့ဇနီး၊ အခြား ဖိတ်ကြားခံရတဲ့ လူတွေလာကြပါတယ်။ မွန်ဘိုင်း တက္ကသိုလ်မှာ ကျောင်းသား ငါးသိန်းခွဲ ရှိတယ် ဆိုတာနှင့် ဘယ်နှစ်က ယဉ်ကျေးမှုရေးရာ စသည်မှာ ဆုရတယ် စတာတွေကို အဲဒီ principle က ပြောသွားတယ်။ နောက် ဟိုလူ နည်းနည်း ဒီလူ နည်းနည်း စကားပြောကြတယ်။

ပြီးတော့ ရိုးရာ တီးဝိုင်းနှင့် ဧည့်ခံပါတယ်။ အိန္ဒယကျောင်းသား ကျောင်းသူ အချို့၊ ပွဲလာ အချို့ကတော့ ကလိုက်ကြတာ။ ကင်ညာနှင့် ဆူဒန်ကျောင်းသားတွေလဲ ကကြပေမဲ့ ခဏခဏ ပြောင်းပြောင်းသွားတဲ့ က-ကွက်ကို မသိလို့နှင့် တူပါတယ်။ ကလိုက် ရပ်လိုက်ပါပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ ပုံ မတွေ့ရတဲ့ အပြင် မဝန့်မရဲဟန်က ပိုပေါ်လွင်နေတယ်။ ကျောင်းသားသစ်တွေမို့ ထင်ပါရဲ့။ အိန္ဒယကျောင်းသားတွေက ခဏခဏ လာလာ ဆွဲခေါ်ကြပေမဲ့ ရဲရဲတင်းတင်း ကကြတာ မတွေ့ရပါဘူး။

နောက် ကျောင်းသူတစ်ချို့က ဗီယက်နမ်ဘုန်းကြီး တစ်ပါးကို ဘုန်းကြီးမှန်း မသိလို့ က-ဖို့ လာဆွဲခေါ်ကြလို့ အတော် ရီလိုက်ရသေးတယ်။ အဲဒီ ဘုန်းကြီးခမျာ Oh my God လို့ ငြီးငြူပြီး အတင်း ရုန်းကန် ငြင်းဆန်ရှာတယ်။ ဟုတ်တာပေါ့။ သူတို့ ဝတ်ရုံ (သင်္ကန်း)က လူဝတ်စုံ တစ်မျိုးအတိုင်းပဲပေကိုး။ သိမထားရင် တိုင်းရင်းသား တစ်မျိုး၊ ဒါမှ မဟုတ် နိုင်ငံခြားသား တိုင်းပြည်က ရိုးရာ အဝတ်လို့ပဲ ထင်မှာပေါ့။

ဒို့ကိုတော့ က-ဖို့ ဘယ်သူမှ လာဆွဲ မခေါ်ကြပါဘူး။ အန္ဒိယမှာ သာသနာ လုံးဝကွယ်မလောက် ဖြစ်သွားခဲ့ပေမဲ့ မဟာရဋ္ဌ ပြည်နယ်မှာတော့ ဒေါက်တာ အမ်ဘေဒကာရ် (Ambedkar) ရဲ့ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာဝင်တွေ ရှိနေသလို သိလဲ သိကြပါတယ်။ကြီးကျယ် ထင်ရှားခြင်း သိပ် မရှိလှပေမဲ့ ဘုံဘေမှာ ကျောင်းလေးတွေ တစ်သောင်းလောက် ရှိတယ်ဆိုပဲ။ (စာရင်း အတိအကျ မဟုတ်ပါ။)


ဒေဝါလီ အချိုပွဲ ပြင်ဆင်နေကြစဉ်

နောက်တော့ လက်ဖက်ရည်နှင့် ဒေဝါလီ အချိုပွဲ သွားရည်စာ ကျွေးမွေး ဧည့်ခံ၊ မီးရှူးမီးပန်းတွေ ထွန်းညှိ ပစ်ဖောက်ကြပြီး ပွဲတော်ကို အဆုံးသတ်လိုက်ကြပါတယ်။ ရိုးရိုးသားသား ဝန်ခံရရင် ပွဲစီစဉ်တာကတော့ ညံ့ပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေကို ဖိတ်ကြားတဲ့ စေတနာကတော့ မြင့်မြတ် ကောင်းမွန်ပါတယ်။


ဒေဝါလီပွဲတော်မှာ တစ်မြို့လုံး မီးတွေ ထိန်ထိန်လင်းနေတယ်။ အိမ်တိုင်း အဆောင်တိုင်းနှင့် တစ်ချို့ သစ်ပင် ပန်းပင်တွေမှာ ရောင်စုံမီးတွေ လှပ နုယဉ်နေအောင် ထွန်းထားတာ မြင်မိတော့ အမိ မြန်မာပြည်ကို သတိယမိတယ်။ ကောင်းတာလေးတွေ ခံစားရတဲ့ အခါမှာ ကိုယ် ချစ်မြတ်နိုးသူတွေကို အရင် သတိယတတ်ကြတာ ဓမ္မတာပါပဲလို့ (သီလက္ခန္ဓအဋ္ဌကထာမှာ) ဖတ်ရဖူးပါတယ်။ မြေကြီးက ရွှေသီးပြီး၊ စပါးတောင်လိုပုံ၊ ဆီကို ရေချိုးဖြစ်ခဲ့တဲ့ တိုင်းပြည်မှာ အစစ အရာရာ ဆင်းရဲမွဲတေသွားပြီး ရန်ကုန်၊ မန္တလေးလို မြို့တော်ကြီးတွေမှာတောင် လျက်စစ်မီး မရနိုင်ဖြစ်နေကြကို ယှဉ်ပြီး သတိယမိလို့ အတော်ဝမ်းနည်းမိပါတယ်။ မကြာသေးခင်က ပြီးသွားတဲ့ သီတင်းကျွတ် မီးထွန်းပွဲတော်မှာ လှလှပပမှ ဖြစ်ခဲ့ပါလေစ။
နောက် ဒေဝါလီ ပွဲတော် တစ်ခု
၀၇၊ ၁၁၊ ၂၀၁၀ နေ့မှာလဲ ဒေဝါလီပွဲတော် တစ်ခု တက်ဖို့ ဖိတ်ကြားပြန်ပါတယ်။ ပွဲတော်က မွန်းဘိုင်း တက္ကသိုလ်ဝင်းထဲမှာပါ။ အမှန်ဝန်ခံရရင် အဲဒီနေ့က ကမ္ဘာကျော် မျက်လှည့်ပြပွဲ ရှိနေတာကြောင့် ဒီပွဲကို သိပ် မသွားချင်ပါဘူး။ မျက်လှည့်ပွဲကို ရုပ်သံ သို့မဟုတ် အင်တာနက်ကနေ တစ်နေကုန် အားရပါးရ ထိုင်စောင့်ကြည့်ချင်တယ်။ ဘာတွေ သိရ၊ မြင်ရ၊ ကြားရမလဲပေါ့။ ဒါပေမဲ့ ကိုယ့်ရဲ့ ကျမ်းကြီးကြပ်ရေးမှူး ကိုယ်တိုင် နှစ်ခါတောင် ဖိတ်တာမို့ သွားတော့ သွားရပါတယ်။ ဒဿနိကဗေဒဌာနက ကျင်းပတာလို့ နာမည်ခံပေမဲ့ ဆရာမ မိသားစုကပဲ ဦးစီးကျင်းပပေးတာပါ။ သူရယ်၊ သူ့ခင်ပွန်းရယ်၊ သူ့သမီးရယ် အစ အဆုံး နောက်ကွယ်ကနေ ကြိုးစား ပမ်းစားလုပ်ကိုင် ဆောင်ရွက်နေတာကို တွေ့မိပါတယ်။


လူသားများရဲ့ ဖျက်ဆီးခြင်း ခံနေရတဲ့ မိခင် ကမ္ဘာမြေကြီုးရဲ့ အဖြစ်ကို ပုံဖော်နေစဉ်

Dhamma wisdom လို့ နာမည်ပေးထားမိလို့ ပွဲအကြောင်းကို သိပ်မရေးချင်ဘူး။ ဒီတော့ မြန်မာပြည်က ဗီဒီယိုခွေတွေ ကြည့်ကြသူတွေလို အစကို ကျော်လိုက်ကြတာပေါ့။ အဲဒီတင်ဆက်မှုတွေထဲက တစ်ခုက လူသားတွေ ဖျက်ဆီခံရလို့ အတော်ကို ပုံပျက် ပန်းပျက် ဖြစ်နေတဲ့ မိခင် ကမ္ဘာမြေကြီးပုံကို သရုပ်ဖော် တင်ပြတာကိုတော့ အတော် သဘောကျမိပါတယ်။

လူသားတွေရဲ့ နည်းမျိုးစုံနှင့် ဖျက်ဆီးတာကို ခံနေရတာများတော့ ကမ္ဘာမြေကြီးက ဖြစ်ချင်ရာ ဖြစ်စေတော့ရယ်လို့ လျစ်လျှူရှုတော့မယ်တဲ့။ အဲဒါကို သိတော့မှ လူသားတွေ (လူမျိုးစုံ၊ အရွယ်စုံက လျစ်လျှူမရှုဖို့၊ ကမ္ဘာမြေကို ဂရုတစ်စိုက် ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ ဝိုင်းပြီး ဂတိပြု တောင်းပန်ကြပါတယ်။ ကမ္ဘာကြီးက ပြောတိုင်း မယုံပါဘူး။ “ဘာ!!!။ ဂတိစကား၊ ဟုတ်လား။ မင်းတို့ ဂတိပေးခဲ့တဲ့ အကြိမ်တွေ သိပ်များနေပြီ။ တစ်ခါမှ ဂတိမတည်ဖူးဘူး” တဲ့။ ကမ္ဘာကြီးက ပြန်ပြောတာလေ။ ကလေးတွေ အများစုက တင်ဆက်တာ ဆိုပေမဲ့ အိုက်ဒီယာကိုတော့ အရမ်းကို ကြိုက်ပါတယ်။ အရမ်း အရေးကြီးပြီး လက်ရှိ ဖြစ်ပျက်နေတာကို မီးမောင်းထိုးတင်ပြထားတာလေးပါ။ လက်ရှိ အခြေအနေကို ထင်ဟပ်စေပါတယ်။

မျက်လှည့်ပြကွက်များဖြင့် ဧည့်ခံတင်ဆက်နေသည့် ဆယ်နှစ်အရွယ် သမီးလေး

မျက်လှည့်ပွဲ ကြည့်ချင်နေတဲ့ ဆန္ဒက သိပ်ကြီးမားနေလို့လားတော့ မသိပါဘူး။ ဒီပွဲမှာလဲ မျက်လှည့်ပွဲ ပါလာပါတယ်။ မျက်လှည့်ဆရာက ဆယ်နှစ်သမီးလေးပါ။ သူလေးရဲ့ ပြကွက်တွေကို အင်္ဂလိပ်လိုပဲ ရှင်းလင်း ပြောဆိုတင်ဆက်သွားတာ ပရိတ်သတ်က လက်ခုပ်သံ တဝေါဝေါနှင့် အားပေးပါတယ်။


ပြကွက်တွေက သိပ် အမြင့်ကြီး၊ အဆန်းကြီး မဟုတ်ပေမဲ့ အရွယ်နှင့် စာလိုက်ရင် အရမ်းကောင်းတာကြောင့် ပရိတ်သတ်ကြီးရဲ့ စိတ်ဝင်စားမှု၊ မေတ္တာနှင့် အားပေးမှုတွေကို အားလုံး သိမ်းကြုံး ထွေးပိုက်သွားနိုင်တာ တွေ့ရပါတယ်။ ပြကွက်တွေက များလဲများ၊ ကောင်းလဲကောင်းပေမဲ့ ခမောက်ကို ခြင်္သေ့ဖြစ်အောင် လုပ်တာတို့၊ ကျားဖြူကြီးကို ခြင်္သေ့ဖြစ်အောင် လုပ်တာမျိုးတို့တော့ မစွမ်းဆောင်နိုင်သေးပါဘူး။ ကလေးမို့ ထင်ပါတယ်။ အင်း ... မတတ်အပ် မတတ်သင့်တာတွေတော့ မတတ်တာပဲ ကောင်းပါတယ်လေ။ လူကြီးဖြစ်လာလဲ မလုပ်တတ်ပါစေနှင့်လို့ ဆုတောင်းပေးရမှာပါပဲ။

နောက်ဆုံး အစီအစဉ်ကတော့ လာရောက်ကြသူတွေကို ညစာနှင့် ရေခဲမုန့်တို့နှင့် ဧည့်ခံပါတယ်။ ချောင်ကျကျ နေရာလေးမှာ ထိုင်ပြီး ရေခဲမုန့်စားနေပါတယ်။ ကလေးမလေး တစ်သိုက် အနားလာထိုင်ပြီး စားကြတယ်။

ခဏနေတော့ လူသုံးယောက်က ဦးထုပ်ဖြူလေး လိုက်ဆောင်းပေးပြီး စာအုပ် တစ်အုပ် လက်ဆောင် ပေးနေတာကို လှမ်းမြင်ရတယ်။ နောက်ဆုံးတော့ သူတို့တွေ ကိုယ့်ဆီ ရောက်လာပါလေရော။ သင်္ကန်း သေချာရုံပြီး ထိုင်နေတဲ့ ဒို့ကိုလဲ အဲဒီ ဦးထုပ် ဆောင်းပေးမယ် လုပ်လို့ ဒို့က “တောင်းပန်ပါတယ်။ ဘုန်းကြီးမို့ မဆောင်းပါရစေနှင်”့လို့ ပြောလိုက်တယ်။ သူက “(မဟတ္တမ) ဂန္ဓီကြီး ဦးထုပ်မို့ပါ။ ဆောင်ပြီးပြီးချင် ချွတ်ပစ် လို့ ရပါတယ်။ ဆောင်းပေးပါရစေ” လို့ အတင်းပြောနေတာနဲ့ ကိုယ်လဲ ပြန်မပြောတော့ဘူး။ သူကလဲ ဆောင်းဖြစ်အောင်ကို ဆောင်းပေးသွားတာ။ လူဖြင့် ငိုရမလို ရယ်ရမလို ရှိလိုက်တာ။ ဒါနှင့် မထူးပါဘူး ဆိုပြီး အနားလာထိုင်စားနေတဲ့ ကလေးမ ပေါက်စိကွေးလေး တစ်သိုက်ကို ပြောလိုက်တယ်။ “အခု ငါက ဂန္ဓီကြီး ဖြစ်သွားပြီး။ မင်းတို့က သူ့ရဲ့ မြေး မြစ်တွေပေါ့။ ငါ မင်းတို့နှင့်အတူ ဓာတ်ပုံ ရိုက်လို့ ရမလား” ဆိုတော့ သူတို့က “ရပါတယ်”လို့ ပြုံးပြီး ပြောတာနှင့် သူငယ်ချင်းတစ်ယောက်ကို ခေါ်ပြီး ဓာတ်ပုံ ရိုက်လိုက်သေးတယ်။ ပြီးတာနှင့် ဆွဲချွတ်ပစ်လိုက်ရတော့တယ်။

အခု ဒီနေရာမှာသာ အဲဒီပုံကို တင်လိုက်ရလို့ကတော့ စာဖတ်နေတဲ့ ဒကာ/ ဒကာမတွေ ဘုန်းဉာဏ်ကို စိတ်ပဲ အဆိုးကြီး ဆိုးမလား၊ အူတက်အောင်ပဲ ရယ်မလား မသိတော့ပါဘူး။ ဒါပေမဲ့ လက်ဆောင်ပေးတဲ့ An Autobiography or The Story of My Experiments with Truth စာအုပ်ကတော့ အသိ အလိမ္မာ ပွားမှာ သေချာပါတယ်။

အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။

Read more...

ဘလက်ခ်ဘယ်ရီ၊ဂျင်းပင်နှင့် ယမုံနာယဉ်ကျေးမှု

(၁)

ဒေလီမြို့တော်သည် မကြာမီက ကျင်းပခဲ့ပြီးသော ဓနသဟာယအားကစားပွဲတော်ဝတ်စုံကို မချွတ်ရသေး သည့်ဟန် ကျော့မော့နေဆဲပင်။ မြင်ကွင်းများ အသစ်ဖြစ်သွားသည်။ ယခင်ဒေလီမဟုတ်တော့တာ သေချာသည်။ ကြိမ်ဖန်များစွာ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော ဒေလီသည် ရှုပ်ထွေးညစ်ပတ်မှုတို့ဖြင့်သာ ကြိုဆိုတတ်လေ့ရှိခဲ့သည်။ ယခုတော့ ရှင်းလင်းတောက်ပနေလေသည်။

ဒေလီမီးရထားဘူတာရုံကြီးထဲမှ သူ ထွက်လိုက်သည် မြို့ပြအငွေ့ကို ရှိုက်လိုက်ရ၏။ ဟီးရိုးဟွန်ဒါမီးခိုးငွေ့ များထဲမှ သူ့အသက်ရှူသံကို ခပ်သုတ်သုတ်ဆွဲဖယ်ထားလိုက်ရသည်။ နယူးဒေလီ မြေအောက်ရထား ဘူတာရုံလေးထဲသို့ ဆင်းလာခဲ့သည်။ ရူပီးအကြွေစေ့များကို ထုတ်ကာ လက်မှတ်ကောင်တာမှ တိုကင်ပြားလေးတစ်ခုကို ၀ယ်ယူလိုက်သည်။


ထို့နောက် အမျိုးသားဝင်ပေါက် စစ်ဆေးရေးတံခါးတွင် သူတန်းစီရပ်လိုက်သည်။ တစ်ခါတုန်းဆီကတော့ ဤအမျိုးသားဝင်ပေါက်တွင် ရောထွေးရပ်နေမိသော သူ့ကို လုံခြုံရေးဝန်းထမ်းတစ်ဦးက '' No Lady ' No Lady '' ဟု ကျယ်လောင်စွာ အော်ဟစ် သတိပေးခံရဖူးသည်။ သင်္ကန်းဝတ်စုံနှင့် ဆာရီသင်တိုင်းကို အမြင်မှားယွင်းသွားခြင်းဖြစ်သည်။ သူ့မျက်နှာကို မြင်မှ ထိုဝန်ထမ်းက ရှက်ကိုးရှက်ကန်းဖြင့် ဆောရီးလုပ်သည်။

ဒေလီမြို့တော်၏ မြေအောက်မက်ထရိုရထားခရီးစဉ်တိုင်းသည် ရဟန်းတစ်ပါး၏ အာရုံခံကိရိယာများအတွက် အမြဲစိန်ခေါ်မှု ရှိနေတတ်မြဲပင်ဖြစ်သည်။ သတိလက်လွတ်သွားသည်နှင့် မျက်မှန်ကျွတ်သွားနိုင်သည်။ ငှက်တစ်ကောင်ဆိုလျှင်တော့ ငှက်တောင်ကျွတ်သွားနိုင်လေသည်။ ပိဋကတ်မှတ်တမ်းတွင် ဗုဒ္ဓအရှင်က သတိပဋ္ဌာန်ဒေသနာတရားကို ဒေလီမှာ ဟောကြားခဲ့သည်ဟု လေ့လာရဖူးသည်။

ထိုစဉ်က ကုရုတိုင်း ကမ္မာသဒမ္မရွာနိဂုံးလေးတစ်ခုမျှသာ ဖြစ်သော ဒေလီသည် ယခုတော့ နည်းပညာနှင့် ရိုးရာဝတ်စုံကို တွဲဖက်ဝတ်ဆင်ထားသည့် မယုံကြည်နိုင်ဖွယ်အိန္ဒိယ(Incredible India)၏ အမြင်ထူးခြားသော ပြခန်း တစ်ခုဖြစ်နေသည်။ ဗာရာဏသီနှင့် ယဉ်ကျေးမှုယူဇနာများစွာ အကာအဝေးတွင် သူရောက်ရှိသွားသည်။ ဂျင်းဘောင်းဘီ၊ဆင်စွယ်ရောင်အာရယန်အလှနှင့် ဘလက်ခ်ဘယ်ရီမိုဘိုင်းဖုန်းများ........



(၂)

ဝိဿဝိဇ္ဇာလယ(၀ိရွှဝိဒျာလယ) မက်ထရိုဘူတာရုံတွင် သူဆင်းလိုက်သည်။ ၀ိဿဝိဇ္ဇာလယဆိုသည်က ကမ္ဘာ့တက္ကသိုလ်ဟု အဓိပ္ပါယ်ရသည်။ နာမည်ကျော်နယူးဒေလီတက္ကသိုလ်ကြီး၏ ၀င်ပေါက်တွင် သူရပ်နေမိခြင်းဖြစ်သည်။ မြေအောက်ဘူတာရုံမှ ထွက်လိုက်သည်နှင့် နတ်သမီးတိုင်းပြည်သို့ ဘွားကနဲ ရောက်ရှိသွား သည့် ညီတော်မင်းနန်လို ဗာရာဏသီကို မေ့သွားသည်။ ညစ်ထေးဆူညံသော လမ်းမများ၊ လမ်းကြိုလမ်းကြား ဥဒဟိုသွားလာနေကြသော ဘေးမဲ့နွားများ၊ညှီဟောက် စူးဝါးသော အနံ့များမှ တဒင်္ဂလွတ်မြောက်သွားသည်။ နောက်တစ်ခေါက် အသက်ကို ပြန်ရှိုက်လိုက်တော့ နောက်တစ်ခါ အသက်ကို ပြန်ရ၏။

ဗာရာဏသီတွင် အလှကို ဆာရီဖြင့် ထုတ်ပိုး ကွယ်ဝှက်ထားလေ့ရှိသည့်အတွက် ရဟန်းတစ်ပါး၏ စက္ခုနြေ္ဒကို တခုတ်တရ ထိန်းကျောင်းရန်မလို...။ ဒေလီမြို့တော်၏ ၀ိဿဝိဇ္ဇာလယမြေအောက်ရထားဘူတာရုံကတော့ ဘာသာရပ်အသစ်ဖြစ်သည်။ ဒေလီတက္ကသိုလ်ကျောင်းတော်ကြီးတွင် ၀င်ထွက်သွားလာနေကြသည့် အာရယန်နွယ်ဖွားမိန်းမပျိုတို့က ရွေ့လျားနေသော နတ်ဘုရားမရုပ်တုများဖြစ်နေကြသည် ။ တကယ်ဆိုတော့ ဒေလီသည် မဇ္ဈိမ၏ အလှတရားကို ဖော်ကျူးထားနိုင်သည့် ပြယုဂ်ကောင်းတစ်ခုဖြစ်သည်။

မဇ္ဈိမ၏ အဓိပ္ပါယ်ကို ဒေလီရောက်မှ နားလည်သွားသည် ဟု မိတ်ဆွေအမျိုးကောင်းသားတစ်ဦးက လျှောက်ထားဖူးသည်။ အာရှ၏ ဆင်စွယ်နှစ်ရောင်အသားအရေဖြင့် ထုဆစ်ထားသော ဥရောပကောက်ကြောင်းထင်းထင်းများ တဲ့ ။ ထိုစကားကို အမှတ်ရပါမှ ရဟန်းတစ်ပါး၏ စက္ခုအကြည်ဓါတ်တွင် သတိမျက်စဉ်းကို စစ်စစ်ပေါက်ပေါက် ခတ်လိုက်ရသည်။ ဒေလီတွင် ဟောကြားထားသည့် ဗုဒ္ဓအရှင်၏ သတိမူရေးလမ်းစဉ်သည် ဒေလီ၏ အာရုံငါးပါးနားမကျန်းမှုအတွက် ပဋိဇီဝဆေးတစ်လက်ဖြစ်မည်။

ဗုဒ္ဓအရှင်ပွင့်ထွန်းရသော နေရာမြတ်သည် မဇ္ဈိမမှ လွဲ၍ အခြားနေရာမဖြစ်နိုင်..။ ဘုရားတစ်ဆူပွင့်ဖို့အတွက် ပြည့်စုံရသည့် ကာလ ဒီပ ဒေသ ကုလ မာတုအာယုပရိစ္ဆေဒ အခြေခံအချက်ငါးမျိုးတွင် အမျိုးအနွယ်ပြည့်စုံမှု သည်လည်း အရေးကြီးသည့် အကြောင်းတရားဖြစ်သည်။ ဘုရားအလောင်းအတွက် ထိုက်တန်သော ခတ္တိယသတို့သမီးသည် မဇ္ဈိမသူပဲ ဖြစ်ရပေမည်။အော် ကြံဖန်တွေးမိခြင်းပါပဲ...။မဇ္ဈိမတွင် ဗုဒ္ဓဘုရားရှင်ပွင့်ထွန်းရခြင်း၏ အဓိကအကြောင်းတရားများတွင့် ဘာသာစကား(Language) နှင့် ယဉ်ကျေးမှုဓလေ့(Custom) တို့သည် အရေးကြီးသော အခြေခံတရားများဖြစ်ကြောင်း ပို့ချဖူးလေသည့် သူ့ ပါမောက္ခဆရာကြီးတစ်ဦးကတော့ ခေါင်းတညိတ်ညိတ်ရှိနေပေတော့မည်။ ငါးရာငါးဆယ်ဇာတကတွင် အလှထိပ်ခေါင်တင်မိန်းမမြတ်များသည် ဒေလီနှင့် ပန်ဂျပ်ပြည်နယ်များမှ ဖြစ်နေတတ်သည်။ မဒ္ဒီဒေ၀ီက ကုရုတိုင်း (ဒေလီ) သူ၊ ပဘာဝတီက မဒ္ဒတိုင်း(ပန်ဂျပ်)သူဆိုပဲ..။ ထိကေ ထိကေ (ကောင်းလင့်တေး ကောင်းလင့်တေး)



(၃)

ဒေလီမြို့တော်၏ မြစ်မှာ လှပသော အမည်ဖြင့် ထင်ရှားသည့် ယမုံနာဖြစ်သည်၊ ဟိမ၀န္တာ ယမုံနောတြိရေခဲတောင်မှ ပျောင်းနွဲ့စွာ စီးလာသော ယမုံနာသည် ဒေ၀စ္ဆရာတစ်ဦးလိုပင် ဒေလီမြို့တော်ကို ပွေ့ပိုက်စီးဆင်းသွားကာ ဂင်္ဂါနှင့် အတူ ပင်လယ်သီချင်းဆိုသွားသည်။ ကမ္ဘာကျော်အချစ်ဗိမာန် တပ်ခ်ျမဟာလ်သည် ယမုံနာမြစ်ကမ်းတွင် လွမ်းလို့ကောင်းဆဲဖြစ်နေသည်။ သူ ဒေလီတွင် ရက်သတ္တပတ် တစ်ခုနီးပါးမျှ ကြာသွားသည်။ ယမုံနာက ယမုံနာဖြစ်နေမှတော့ သူလည်း တိတ်တိတ်လေးပဲ ပြန်ခဲ့သည်။ ဧည့်ဝတ်ကျေပွန်ကြသော မိတ်ဆွေများကိုတော့ လွန်ခဲ့သော ရက်က အိန္ဒိယပါလီမန်တွင် အမေရိကန်သမ္မတ မစ္စတာအိုဘာမားပြောသွားသော မဇ္ဈိမဘာသာနှုတ်ခွန်းဆက်စကားကိုပဲ ထပ်ပြောလိုက်တော့မည်။

BAHUT DHANYAVAAD (ကျေးဇူးအထူးတင်ရှိပါတယ်)...။

ဓမ္မဂင်္ဂါ

(၁၀-၁၁-၂၀၁၀)

Read more...

မကြာမီ ပြန်လာမည်…

ခုတစ်လော မနာပဒါယီ အင်တာနက်စာမျက်နှာမှာ ပို့စ်အသစ်တွေ မတက်တာ နဲနဲကြာသွားလို့လား မသိဘူး။ စာဖတ်ပရိတ်သတ်တွေရဲ့ အသံလေးတွေ ကြားလာရပါတယ်။ စာမရေးတော့ဘူးလား…၊ ဘာဖြစ်လို့ ပို့စ်အသစ် မတင်ဖြစ်တာလဲ…၊ နေမကောင်းလို့လား…၊ ဒါမှမဟုတ် ဘယ်များကြွသွားလို့လဲ… စသဖြင့်ပေါ့။ ပို့စ်အသစ် မတင်ဖြစ်တာတော့ မှန်ပါတယ်။ ဒါကလည်း နေမကောင်းလို့ မဟုတ်သလို တစ်နေရာရာကို ရောက်နေလို့လည်း မဟုတ်ပါဘူး။ ၀ါကျွတ်ပြီးကတည်းက ဟိုအလုပ်ဒီအလုပ်တွေနဲ့ နဲနဲရှုပ်သွားတာရယ်၊ စာရေးဖို့ အချိန်မရဖြစ်တာရယ်၊ မြန်မာပြည် ခဏပြန်ကြွဖို့ ပြင်ဆင်နေတာတွေရယ်ကြောင့် စာမရေးဖြစ်ပဲ ဖြစ်နေတာပါ။ စာရေးတာကတော့ ရေးကိုရေးမှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီနေ့ခေတ်မှာ အင်တာနက်ကနေ စာရေးပြီး သာသနာပြုတဲ့ အလုပ်ဟာ တကယ့်ကိုပဲ ထိရောက်တဲ့ သာသနာပြု အလုပ်တစ်ခုလို ဖြစ်လာနေလို့ပဲ ဖြစ်ပါတယ်။ ခုတစ်လော အလုပ်နဲနဲများသွားလို့ စာမရေးဖြစ်ပေမယ့် မကြာခင် ပြည်တွင်းကပဲ ဖြစ်ဖြစ်၊ မြန်မာပြည်က ပြန်လာမှပဲ ဖြစ်ဖြစ် သိသင့်သိထိုက်တာလေးတွေတော့ ရေးဖြစ်အောင် ရေးတင်နေမှာ ဖြစ်ပါတယ်။ မကြာမီလာမည်ပေါ့…။

ဟုတ်ပါတယ်။ ဘုန်းဘုန်းအနေနဲ့ ကိုရီးယားမှာဝါဆို၊ ဒီမှာဝါကျွတ်၊ ဒီမှာကထိန်လုပ်ပြီး မြန်မာပြည်မှာ ရှိတဲ့ကျောင်းရဲ့ ကထိန်ကာလအမှီ ပြန်ကြွရမှာဖြစ်လို့ မဖြစ်မနေ မြန်မာပြည်ထဲကို ပြန်ဝင်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာပြည်မှာ လုပ်ပေးရမယ့် စာရေးစာချ၊ စာအုပ်ထုတ်ဖို့ပြင်ဆင်၊ သင်တန်းပို့ချ၊ တရားဟော တရားပြ ပေးရမှာလေးတွေကလည်း ရှိနေပြန်သေးတော့ ပြည်တွင်းရဲ့ တာဝန်ကလည်း ပစ်ထားလို့ မရဘူး ဖြစ်နေပါတယ်။ ဒါကြောင့် ဒီ ၁၁လပိုင်း၊ ၁၁ရက်နေ့ကို မြန်မာပြည် ပြန်ကြွဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။

သိတဲ့အတိုင်း အလုပ်ကလည်း မလုပ်ရင်တော့ မရှိဘူး။ လုပ်မယ်ဆိုရင်တော့ ဘယ်နေရာ၊ ဘယ်ဒေသ ရောက်ရောက် ရှိနေတော့တာ ဖြစ်ပါတယ်။ ရှိတဲ့အတိုင်းအတာ၊ ရှိသမျှ အားလေးတွေနဲ့ တတ်နိုင်သမျှ လုပ်ပေးကြမယ်ဆိုရင် သူ့အတိုင်းအတာနဲ့ သူတော့ အကျိုးတစ်ခုခုကို ဖြစ်နေစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုန်းကံကြီးတဲ့သူ၊ စွမ်းအားရှိတဲ့သူတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ကြသလို ဘုန်းကံနဲ့ပြီး စွမ်အားသေးတဲ့ သူတွေအနေနဲ့လည်း အားသေးပေမယ့် တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုတဲ့ ပရဟိတစိတ်ထား၊ သူတော်ကောင်းစိတ်ထား လေးတွေနဲ့ တစ်နိုင်တစ်ပိုင် လုပ်နေနိုင်ကြတာ ဖြစ်ပါတယ်။ ကိုယ့်အထက်ကို မကြည့်ဘဲ ကိုယ့်အောက်ကို ပြန်ကြည့်မယ်ဆိုရင် ကိုယ်လုပ်ပေးနိုင်တာတွေက အများကြီး ရှိနေတယ်ဆိုတာ အလွယ်တကူ တွေ့နိုင်မှာ ဖြစ်ပါတယ်။ အဓိကကတော့ ပရဟိတစိတ်လေးနဲ့ တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုတဲ့ စိတ်ထားလေး ရှိနေဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့လည်း မြန်မာပြည် ခဏပြန်တဲ့ အခိုက်မှာ အများအတွက် တတ်နိုင်သမျှ တစ်နိုင်တစ်ပိုင် လုပ်နေမယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

တစ်ဘက်ကို အားဖြည့်ရင် တစ်ဘက်မှာ နဲနဲအားလျှော့ သွားတတ်တဲ့ သဘောရှိတဲ့အတွက် မြန်မာပြည်မှာ ရှိတုန်းတခြား ဟောရေးပြောရေးများနဲ့ သင်တန်းများမှာ အာရုံစိုက်နေရမှာ ဖြစ်လို့ အင်တာနက် စာမျက်နှာပေါ်မှာ စာတွေရေးတင်ပေးရမယ့် အပိုင်းမှာ အားနည်းသွားဖို့တော့ ရှိနိုင်ပါတယ်။ ပြီးတော့ မြန်မာပြည်ရဲ့ အင်တာနက် ဆက်သွယ်မှုကလည်း ခက်ခဲမယ့် သဘောရှိတဲ့အတွက် ထင်သလို စာရေးပြီး ပို့စ်မတင်ဖြစ်ဖို့ကလည်း များနေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် စာတွေရေးပြီး ဖိုင်ထဲမှာ သိမ်းထားကာ ကိုရီးယားကို ပြန်ကြွတဲ့အခါ အသစ်အသစ်တွေကို ဆက်တိုက် တင်ဖြစ်နေမယ်ဆိုတာတော့ အသေအချာ ပြောနိုင်မှာ ဖြစ်ပါတယ်။

တစ်ခု အခွင့်အရေးရှိသွားတာက ဘုန်းဘုန်းရဲ့အင်တာနက် စာမျက်နှာကို အမြဲမပြတ် ဖတ်ရှုတတ်တဲ့ မြန်မာပြည်မှာ ရှိတဲ့ စာဖတ်ပရိတ်သတ်တွေ အတွက်တော့ မနာပဒါယီ အင်တာနက် စာမျက်နှာမှာ ပို့စ်အသစ် မဖတ်နိုင်ပေမယ့် သိချင်တာ၊ မေးလိုတာ စတာတွေ ရှိရင် ဘုန်းဘုန်းကို ဆက်သွယ်ပြီး အလွယ်တကူ တိုက်ရိုက်မေးလို့ ရနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်း မြန်မာပြည်မှာ ရှိတုန်း၊ ဘာသာရေးနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ တခြားမိမိတို့ သိလိုတဲ့ အကြောင်းများပဲ ဖြစ်ဖြစ် မေးမြန်းလျှောက်ထား လိုကြရင်တော့ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာတိုက်ထဲမှာ ရှိတဲ့ သီရိဇေယျုံကျောင်းကို လာရောက်ကာ မေးမြန်းလျှောက်ထားနိုင်ကြမှာ ဖြစ်ပါတယ်။ ကျောင်းကိုလာတဲ့အခါ ဘုန်းဘုန်းကျောင်းမှာ ရှိမရှိ ဖုန်းနံပါတ် ၃၈၃-၇၉၆ကို အရင်ဆက်သွယ်ပြီးလာရင် ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။

ဒါကြောင့် မနာပဒါယီ အင်တာနက် စာမျက်နှာ စာဖတ်ပရိတ်သတ်များအား အထူးအသိပေးလိုတာက အင်တာနက် စာမျက်နှာပေါ်မှာ ပို့စ်များအတင် ကျဲသွားခြင်းဟာ စာမရေးတော့လို့ ကျဲသွားတာ မဟုတ်ဘဲ၊ အလုပ်များပြီး မြန်မာပြည်ကို ပြန်ကြွသွားနေတဲ့ အတွက်ကြောင့် ဖြစ်ကြောင်း၊ မြန်မာပြည်မှာရှိတဲ့ သာသနာပြု အလုပ်များကြောင့် ဖြစ်ကြောင်းနဲ့ မြန်မာပြည်မှာ ရှိနေတဲ့အချိန် အသုံးပြုရမယ့် အင်တာနက် ဆက်သွယ်မှု အခက်အခဲများကြောင့် ဖြစ်ကြောင်း စသဖြင့် အသိပေးလိုတာ ဖြစ်ပါတယ်။ ပြီးတော့ တစ်ဆက်တည်း သိစေလိုတာက မြန်မာပြည်တွင်းမှာ ရှိနေတဲ့ စာဖတ်ပရိတ်သတ်များ အနေနဲ့ သိလိုတာ၊ လျှောက်လိုတာတွေကို ဘုန်းဘုန်းမြန်မာပြည်မှာ ရှိခိုက် တိုက်ရိုက်ဆက်သွယ် လျှောက်ထားနိုင်ကြောင်းနဲ့ အင်တာနက် စာဖတ်ပရိတ်သတ်များ အတွက်တော့ အခွင့်အရေးရတာနဲ့ စာတွေရေးပြီး အင်တာနက်ပေါ်မှာ ပြန်လည်တင်ပြမှာ ဖြစ်ပါကြောင်း…၊ မကြာမီ ပြန်လာမည် ဖြစ်ပါကြောင်း စသဖြင့် သိစေလိုတာ ဖြစ်ပါတယ်။

Read more...

မယ်တော်မာယာ သက်တော်ဘယ်လောက်မှာ ဘုရားအလောင်းပဋိသန္ဓေနေသလဲ

ဒကာ။ ။ အလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ မယ်တော်မာယာ သက်တော် ဘယ်လောက်မှာ ပဋိသန္ဓေတည်နေစွဲယူပါသလဲ ဆရာတော်၊ သက်တော် ဘယ်လောက်ထဲမှာ နတ်ရွာစံပါသလဲဘုရား၊ ဒါဟာ ဗုဒ္ဓဘာသာရဲ့ မှတ်ကျောက်ပါပဲ ဆရာတော်။
ဆရာ။ ။ အင်း…ကြံကြံဖန်ဖန် တော်တော်တွေးပြီး မေးတာပဲကိုး၊ သည်အကြောင်းအရာကို သမန္တစက္ခုဒီပနီစတဲ့ ကျမ်းဆရာတော်တို့က အသက်တစ်ရာတမ်းကို သုံးပုံပုံ၍ အရွယ်သုံးပါး ပိုင်းခြားထားကာ မယ်တော်မာယာ၏ ဒုတိယပိုင်းအရွယ် အသက် ငါးဆယ့်ငါးနှစ်နှင့် ခြောက်လ အရက်နှစ်ဆယ်ရောက်သော ၀ါဆိုလပြည့် ကြာသပတေးနေ့မှာ အလောင်းမင်းသား ပဋိသန္ဓေတည်နေစွဲယူကြောင်းနှင့် ရေးသားပြဆိုတော်မူကြတယ်။
မယ်တော်မာယာ၏ ၀မ်းဗိုက်ရတနာတိုက်ခန်းမှာ ဆယ်လကြာမျှ ကိန်းအောင်းလျက် ကဆုန်လပြည့် သောကြာနေ့၌ ဖွားမြင်တော်မူကာ ခုနစ်ရက်ကြာသောအခါ မယ်တော်မာယာ နတ်ရွာစံရသည်တဲ့။
သည်နှစ်ရပ်ကို ပေါင်းစပ်လိုက်လျှင် ငါးဆယ့်ခြောက်နှစ်နှင့် လေးလနှစ်ဆယ့်ခုနစ်ရက် ရှိရမှာမို့ သက်တော် ၅၆ နှစ်၊ ၄ လ၊ ၂၇ ရက်မှာ မယ်တော်မာယာ နတ်ရွာစံကြောင်းနဲ့ သိရတယ်၊ မိမိတို့ရဲ့ အထွတ်ထိပ်ထား ဗုဒ္ဓဘုရားကိစ္စမို့ သိထားကြပေါ့လေ၊ ဒါဟာ သိထားရမယ့် ဘာသာရေးအချက်ပဲကိုး။
ဒကာ။ ။ ဒီလို တိုတိုနဲ့ ရှင်းရှင်း သိရလို့ အားရကျေနပ် ၀မ်းသာလှပါတယ်ဆရာတော်။

Read more...

လုမ္ဗိနီဥယျာဉ်၊ ရွှေတိဂုံ ပုံတူစေတီတော် အနေကဇာတင်နှင့် ဗုဒ္ဓဘာသာညီလာခံအခမ်းအနားအစီအစဉ်


၂၀၁၀-ပြည့်နှစ်၊ အောက်တိုဘာလ ၃၀-၃၁ နေ့များတွင်

မြောက်ပိုင်း ဆုမတြာ၊ ဘရာစတာဂီ၊ လုမ္ဗိနီဥယျာဉ်၊ ရွှေတိဂုံပုံတူစေတီတော်

အနေကဇာတင်နှင့် ဗုဒ္ဓဘာသာညီလာခံအခမ်းအနားအစီအစဉ်

ရက်စွဲ၊ ၂၀၁၀-ပြည့်နှစ်၊ အောက်တိုဘာလ-၃၀-ရက် (စနေ)နေ့

နံနက်ပိုင်း အခမ်းအနား အစီအစဉ်

၅း၀၀ - ၆း၀၀

၆၀

နံနက်စာ စားသုံးခြင်း (သက်ဆိုင်ရာဟိုတယ်)

၆း၀၀ - ၇း၀၀

၆၀

သက်ဆိုင်ရာဟိုတယ်များမှ တမန်အလန် လုမ္ဗိနီသို့ သက်ဆိုင်ရာ မော်တော်ယာဉ်များဖြင့် ထွက်ခွါခြင်း

၇း၀၀ - ၈း၀၀

၆၀

တမန်အလန် လုမ္ဗိနီဥယျာဉ် ရွှေတိဂုံပုံတူစေတီတော်သို့ ရောက်ရှိခြင်း

၈း၀၀ - ၈း၁၀

၁၀

အခမ်းအနားမှူးက အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခြင်း

၈း၁၀ - ၈း၂၀

၁၀

အဖွဲ့လေးဖွဲ့မှ ဆီမီးဖယောင်းတိုင် ထွန်းညှိပူဇော်၍ အခမ်းအနား စတင်ခြင်း

(တမန်အလန် လုမ္ဗိနီမိသားစုမှ တစ်ဦး၊ သံဃရာဇာ-၃-ပါး)

၈း၂၀ - ၈း၃၀

၁၀

တမန်အလန် လုမ္ဗိနီကောင်စီနှင့် အင်ဒိုနီးရှားသံဃာ့အဖွဲ့ကိုယ်စားပြုပုဂ္ဂိုလ်မှ အခမ်းအနားဖွင့် စကားပြောကြားခြင်း

၈း၃၀ - ၈း၄၀

၁၀

ကော်မတီဥက္ကဋ္ဌ အလှူရှင် မစ္စတာ-တွန်ဂရီယိုဂျို အင်ကာဆာ-က ကြိုဆိုနှုတ်ခွန်းဆက် စကားပြော ကြားခြင်း

၈း၄၀ - ၈း၅၅

၁၅

ဧည့်သည်တော် မြန်မာသံဃာတော်အားလုံးက အနေကဇာတင် ရွတ်ဆိုပူဇော်ခြင်း

၈း၅၅ - ၉း၁၀

၁၅

မြောက်ပိုင်း ဆုမတြာအုပ်ချုပ်ရေးမှူး မစ္စတာ အိတ်ခ်ျ စယန်ဆူးလ် အရစ်ဖင်-က ချီးကျုးဂုဏ်ပြုစကားပြောကြားခြင်း

၉း၁၀ - ၉း၁၅

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားခြင်း

၉း၁၅ - ၉း၂၀

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားခြင်း

၉း၂၀ - ၉း၃၀

မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး၏ သ၀ဏ်လွှာဖတ်ကြားခြင်း

၉း၃၀ - ၉း၄၀

၁၅

တမန်အလန် လုမ္ဗိနီ ကောမတီဥက္ကဋ္ဌ မစ္စတာ-တွန်ဂရီယိုဂျို အင်ကာဆာ-က မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာန ၀န်ကြီးသို့ အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခြင်း

၉း၄၀ - ၉း၅၀

၁၀

အင်ဒိုနီးရှားနိုင်ငံ၊ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ သူရိယဓမ္မအလီ-က ချီးကျုးနှုတ်ခွန်းဆက် စကားပြောကြားခြင်း

၉း၅၀ - ၁၀း၀၀

၁၀

တမန်အလန် လုမ္ဗိနီ ကောမတီဥက္ကဋ္ဌ မစ္စတာ-တွန်ဂရီယိုဂျို အင်ကာဆာ-က အင်ဒိုနီးရှား နိုင်ငံ သာသနာရေးဝန်ကြီးဌာန ၀န်ကြီးသို့ အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခြင်း

၁၀း၀၀ - ၁၀း၀၅

ထိုင်းနိုင်ငံ သံဃရာဇာ၏ သ၀ဏ်လွှာဖတ်ကြားခြင်း

၁၀း၀၅ - ၁၀း၁၀

ပျံလွန်တော်မူပြီးဖြစ်သော မြန်မာသံဃာ့ရာဇာ ဘဒ္ဒန္တကုမာရ၏ နောက်ဆုံးအမှာစကား သ၀ဏ်လွှာကို သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ-က ဖတ်ကြားခြင်း

၁၀း၁၀ - ၁၀း၁၅

မြန်မာနိုင်ငံ လက်ရှိသံဃာ့ရာဇာ ဆရာတော်၏သ၀ဏ်လွှာကို ဖတ်ကြားခြင်း

၁၀း၁၅ - ၁၀း၂၀

ကမ္ဗောဒီးယားသံဃာ့ရာဇာ(၁)၏ သ၀ဏ်လွှာကိုဖတ်ကြားခြင်း

၁၀း၂၀ - ၁၀း၂၅

ကမ္ဗောဒီးယားသံဃာ့ရာဇာ(၂)၏ သ၀ဏ်လွှာကိုဖတ်ကြားခြင်း

၁၀း၂၅ - ၁၀း၃၀

လာအိုသံဃာ့ရာဇာ၏ သ၀ဏ်လွှာကိုဖတ်ကြားခြင်

၁၀း၃၀ - ၁၀း၄၀

၁၀

အင်ဒိုနီးရှားနိုင်ငံ၏ ပြတိုက်မော်ကွန်းမှတ်တမ်းဆုကို လက်ခံရယူခြင်း

နေ့လည်စာ ဘုဉ်းပေးသုံးဆောင်ခြင်း

၁၀း၄၀ - ၁၁-၁၀

၃၀

သံဃာတော်များအားလုံးအတွက် နေ့ဆွမ်းဘုဉ်းပေးရန် ပြင်ဆင်ခြင်း

၁၁း၁၀ - ၁၂း၅၀

၁၀၀

သံဃာတော်များ နေ့ဆွမ်းဘုဉ်းပေးခြင်း





ရက်စွဲ၊ ၂၀၁၀-ပြည့်နှစ်၊ အောက်တိုဘာလ-၃၀-ရက် (စနေ)နေ့

နေ့လည်ပိုင်း အခမ်းအနား အစီအစဉ်

၁၂း၅၀ - ၂း၂၀

၉၀

စေတီတော်ရှေ့မျက်နှာစာတွင် စုပေါင်း၍မှတ်တမ်းဓာတ်ပုံရိုက်ခြင်း

၂း၂၀ - ၂း၃၀

၁၀

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ-က သော့ချက်မူဝါဒမိန့်ခွန်းကို မိန့်ကြားခြင်း

၂း၃၀ - ၂း၄၀

၁၀

ဒေါက်တာမျိုးမြင့်က လုပ်ငန်းကော်မတီ ဆောင်ရွက်မှုအစီရင်ခံစာကို ဖတ်ကြားခြင်း

၂း၄၀ - ၃း၀၀

၂၀

အင်ဒိုနီးရှားသံဃာတော်များက ဗုဒ္ဓပူဇာ ရွတ်ဆိုပူဇော်ခြင်း

၃း၀၀ - ၃း၂၀

၂၀

ထိုင်းသံဃာတော်များက ဗုဒ္ဓပူဇာ ရွတ်ဆိုပူဇော်ခြင်း

၃း၂၀ - ၃း၄၀

၂၀

မဟာယာန (တရုတ်) ရဟန်းတော်များက ဗုဒ္ဓပူဇာ ရွတ်ဆိုပူဇော်ခြင်း

၃း၄၀ - ၄း၂၀

၄၀

ဂိုဏ်းလေးဂိုဏ်းမှ တိဗက်ရဟန်းတော် ၂၂-ပါးက ဗုဒ္ဓပူဇာ ရွတ်ဆိုပူဇော်ခြင်း

၎း၂၀ - ၄း၄၀

၂၀

ဂျပန်ရဟန်းတော်များက ဗုဒ္ဓပူဇာ ရွတ်ဆိုပူဇော်ခြင်း

၎း၄၀ - ၅း၀၀

၂၀

ကိုရီးယားရဟန်းတော်များက သ၀ဏ်လွှာဖတ်ကြားခြင်းနှင့် ဗုဒ္ဓပူဇာ ရွတ်ဆိုပူဇော်ခြင်း

၅း၀၀ - ၅း၂၀

၂၀

ကမ္ဗောဒီးယားသံဃာတော်များက ဗုဒ္ဓပူဇာ ရွတ်ဆိုပူဇော်ခြင်း

၅း၂၀ - ၅း၂၅

ဒေါက်တာ အရှင်ဂုဏရတန (USA) က သ၀ဏ်လွှာဖတ်ကြားခြင်း

၅း၂၅ - ၅း၃၀

ဗီယက်နမ်ကိုယ်စားလှယ်သံဃာတော်များက သ၀ဏ်လွှာဖတ်ကြားခြင်း

၅း၃၀ - ၅း၃၅

အိန္ဒိယသံဃာ့ကောင်စီ (အရှင်သတျပါလ) က သ၀ဏ်လွှာဖတ်ကြားခြင်း

၅း၃၅ - ၅း၄၀

မဟာမကုဋ်တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်က သ၀ဏ်လွှာဖတ်ကြားခြင်း

၅း၄၀ - ၅း၄၅

အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်က သ၀ဏ်လွှာဖတ်ကြားခြင်း

၅း၄၅ - ၅း၅၅

၁၀

S.N. Goenka ၏သ၀ဏ်လွှာကို ဖတ်ကြားခြင်း

၅း၅၅ - ၆း၁၀

၁၅

ဦးအောင်သိန်းညွန့်က မဟာစည်ဆရာတော်၏ အင်ဒိုနီးရှား သာသနာပြုခရီးစာတမ်း ဖတ်ကြားခြင်း

၆း၁၀ - ၆း၃၀

၂၀

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သာသနာပြုနှင့် သာသနာပြုလုပ်ငန်းစာတမ်းကို ဒေါက်တာစန္ဒာသီရိက ဖတ်ကြားခြင်း

၆း၃၀ - ၆း၅၀

၂၀

သြစတေလျ-သုတေသီ Dr. Titus Leber က ပါဝါပွိုင့်ဖြင့် ဗောရောဗုဓော ပုထိုးတော်ကြီး စာတမ်းကို ဖတ်ကြားတင်ပြခြင်း

၆း၅၀ - ၈း၀၅

၇၅

လူပုဂ္ဂိုလ်များ ညစာစားသုံးခြင်း

၈း၀၅ - ၉း၀၅

၆၀

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ ညတရားပွဲ

ရက်စွဲ၊ ၂၀၁၀-ပြည့်နှစ်၊ အောက်တိုဘာလ-၃၁-ရက် (တနင်္ဂနွေ)နေ့

နံနက်ပိုင်း အခမ်းအနား အစီအစဉ်

၅း၀၀ - ၆း၀၀

၆၀

ဟိုတယ်၌ နံနက်စာစားသုံးခြင်း/ အရုဏ်ဆွမ်းဘုဉ်းပေးခြင်း

၆း၀၀ - ၇း၀၀

၆၀

သက်ဆိုင်ရာ ဟိုတယ်များမှ တမန်အလန် လုမ္ဗိနီသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွါခြင်း

၇း၀၀ - ၈း၀၀

၆၀

ရွှေတိဂုံပုံတူစေတီတော်တည်ရှိရာ တမန်အလန်လုမ္ဗိနီသို့ ရောက်ရှိခြင်း

၈း၀၀ - ၈း၀၅

နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း

၈း၀၅ - ၈း၂၅

၂၀

ဂိုဏ်းလေးဂိုဏ်းမှ သီရိလင်္ကာသံဃာတော် ၃၈-ပါးက ဗုဒ္ဓပူဇာရွတ်ဆိုပူဇော်ခြင်း

၈း၂၅ - ၈း၄၅

၂၀

ဂိုဏ်းလေးဂိုဏ်းမှ ကိုရီးယားရဟန်းတော်-၇-ပါးက ဗုဒ္ဓပူဇာရွတ်ဆိုပူဇော်ခြင်း

၈း၄၅ - ၉း၀၅

၂၀

ကမ္ဗောဒီးယားသံဃာတော်များက ဗုဒ္ဓပူဇာရွတ်ဆိုပူဇော်ခြင်း

၉း၀၅ - ၉း၂၅

၂၀

လာအိုသံဃာတော်များက ဗုဒ္ဓပူဇာရွတ်ဆိုပူဇော်ခြင်း

၉း၂၅ - ၉း၄၀

၁၅

အရှင်သုဂန္ဓောက Buddhism in South-East Asia စာတမ်းဖတ်ကြားခြင်း

၉း၄၀ - ၁၀း၀၀

၂၀

Ancestral Stupa of Shwedagon စာတမ်းကို ပါဝါပွိုင့်ဖြင့် ဖတ်ကြားတင်ပြခြင်း

၁၀း၀၀ - ၁၀း၁၅

၁၅

ဆရာကြီးဦးစိုင်းအောင်ထွန်းက Buddha Discipline & World Peace စာတမ်းဖတ်ကြားခြင်း

နေ့လည်စာ ဘုဉ်းပေးသုံးဆောင်ခြင်း

၁၀း၁၅ - ၁၀း၄၅

၃၀

သံဃာတော်များ နေ့ဆွမ်းဘုဉ်းပေးရန်ပြင်ဆင်ခြင်း

၁၀း၄၅ - ၁း၁၅

၁၅၀

နေ့လယ်စာစားသုံးချိန်/ နေ့ဆွမ်းဘုဉ်းပေးချိန်

ရက်စွဲ၊ ၂၀၁၀-ပြည့်နှစ်၊ အောက်တိုဘာလ-၃၁-ရက် (တနင်္ဂနွေ)နေ့

နေ့လည်ပိုင်း အခမ်းအနား အစီအစဉ်

၁း၁၅ - ၁း၃၀

၁၅

စေတီတော်ဝင်းအတွင်း ပြန်လည်စုစည်းခြင်း

၁း၃၀ - ၃း၃၀

၁၂၀

စာတမ်းများကို စုစည်းသုံးသပ်၊ ဆွေးနွေးခြင်း

(၁) သဘာပတိ ဒေါက်တာဂုဏရတန USA

(၂) တွဲဘက်သဘာပတိများ

(က) သီတဂူဆရာတော်

(ခ) အရှင်သုဂန္ဓော

(ဂ) ဒေါက်တာမျိုးမြင့်

(၃) သဘာပတိအဖွဲ့ဝင်များ

(က) ဆရာကြီးဦးစိုင်းအောင်ထွန်း

(ခ) ဦးအောင်သိန်းညွန့်

(ဂ) ဒေါက်တာအရှင်ဓမ္မပိယ

(ဃ) ဦးဝင်းမောင်

(င) Dr. Titus Leber

၃း၃၀ - ၃း၄၀

၁၀

ဒေါက်တာအရှင်သတျပါလ၏ နိဂုံးချုပ်သုံးသပ်ချက်ပြောကြားခြင်း

၃း၄၀ - ၃း၄၅

ကော်မတီဥက္ကဋ္ဌ မစ္စတာ တွန်ဂရီယိုဂျို အင်ကာဆာ-က နှုတ်ဆက်ကျေးဇူးတင်စကား ပြောကြားခြင်း

၃း၄၅ - ၃း၅၅

၁၀

အင်ဒို

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP