ဒေါက်တာနေဇင်လတ်သင်တန်း ပဲ့တင်သံများ
အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးရဲ့ ပထမအကြိမ် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု အတတ်ပညာ သင်တန်းအောင်ပွဲအခမ်းအနားကို အဖွဲ့ပိုင်မြန်မာဗုဒ္ဓဘာသာပညာရေးဗိမာန်တော်ကြီးမှာ သာသနာနှစ် ၂၅၅၄၊ ကောဇာ ၁၃၇၂ သီတင်းကျွတ်လဆန်း ၁၁ ရက်။ ခရစ်နှစ်၁၉၊၁၀၊၂၀၁၀၊အင်္ဂါနေ့က ပျော်ရွှင်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။
သင်တန်းအောင်ပွဲကို ဖော်ပြပါအစီအစဉ် (၇) ရပ်နဲ့ ကျင်းပခဲ့တာပါ။
၁ ။ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားရှိခိုးပြီး ဖွင့်လှစ်ခြင်း
၂ ။ အဖွဲ့ကြီး၏ ဥက္ကဌ ဆရာတော်က အဖွင့်အမှာစကားပြောကြားခြင်း
၃ ။ တက္ကသိုလ်အသီးသီးမှ သံဃာတော်များက သင်တန်းနှင့်ပတ်သတ်၍ ရင်တွင်းဖြစ်အတွေ့အကြုံ ခံစားချက်များကို ဖော်ထုတ်လျှောက်ထား ပြောကြားခြင်း
၎။သင်တန်းပြ ဆရာကြီး ဒေါက်တာနေဇင်လတ်အား ဓမ္မလက်ဆောင်ပေးအပ်ခြင်း
၅။သင်တန်းပြ ဆရာကြီး ဒေါက်တာနေဇင်လတ်က ၀မ်းမြောက်ကြောင်းပြောကြားခြင်း
၆။သင်တန်းပြ ဆရာကြီး ဒေါက်တာနေဇင်လတ်အား ပေးအပ်သည့် ဗုဒ္ဓဆင်းတုတော်ကိုသံဃာတော်တို့က အနေကဇာတင်ခြင်း
၇။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားသိမ်းခြင်းတို့ဖြစ်ပါတယ်။
အစီအစဉ် (၁) အရ နမော တဿ သံပြိုင်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ပြီးတဲ့နောက်မှာ အစီအစဉ်(၂)အရ ဥက္ကဋ္ဌဆရာတော်က အဖွင့်အမှာစကား ပြောကြားရာမှာ
'' အခုလို သင်တန်းဖြစ်မြောက်အောင် အဖက်ဖက်မှဝိုင်းဝန်းကူညီကြတဲ့ အမှုဆောင်သံဃာတော်များနဲ့ ဂျပန်နိုင်ငံမှ ဦးဝိမုတ္တိသုခတို့ကို အထူးကျေးဇူးတင်ပါတယ်။ အထူးသဖြင့် မိမိရဲ့ များမြောင်လှတဲ့ လုပ်ငန်းကိစ္စတွေကို ဥပေက္ခာပြုပြီး ဘာသာ သာသနာတော်ရဲ့ အကျိုးကို ရှေ့တန်းတင်ပြီး ခေါင်းဆောင်မှု အတတ်ပညာရပ်များကို လာရောက်ပို့ချပေးတဲ့ ဆရာကြီးဒေါက်တာနေဇင်လတ်ကို အထူးပဲ ကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။ သင်တန်းတက်ရောက်ခဲ့ကြတဲ့ အရှင်ဘုရားများအနေနဲ့ ပြည်တွင်းမှာ ဘွဲ့အသီးသီးကို ရရှိခဲ့ကြပြီး ယခုပြည်ပမှာ ပညာရပ်များကို ဆက်လက်ရှာဖွေနေကြတဲ့ Good seeker များ ဖြစ်နေကြသလို Good speaker များလည်း ဖြစ်နေကြပါတယ်။ အဲဒီကမှ တစ်ဆင့်တက်ပြီး Good Leader Great Leader များ ဖြစ်လာကြဖို့ မျှော်လင့်ပါတယ် ဘုရား၊ ယခုရရှိထားတဲ့ အသိပညာ အတတ်ပညာများနဲ့ လောကအရေး ဓမ္မအရေးများကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း'' စသည် ၀မ်းမြောက်အားတက်ဖွယ် စကားပြောကြားခဲ့ပါတယ်။
အစီစဉ် (၃)အရ တက္ကသိုလ်အသီးသီးမှသင်တန်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို တင်ပြကြတာ ကြည်နူးဝမ်းသာစရာ၊ ဂုဏ်ယူအားတက်ဖွယ်ရာ အသံတွေ ကြားခဲ့ရပါတယ်။
ဗာရာဏသီ Sampurnanand Sanskrit university မှ ဦးဝိသိဋ္ဌ ပြောကြားချက်
သင်တန်းဖြစ်မြောက်ရေးတာဝန်ရှိသူများ၊သင်တန်းသားသံဃာတော်များနှင့် သင်တန်းပြဆရာ အားလုံးကိုကျေးဇူးတင်ရှိပါတယ်။ တပည့်တော်တို့ဟာ အနည်းဆုံးအနေနဲ့ ကိုယ့်ကျောင်း ကိုယ့်ဋ္ဌာနမှာ Leader တွေဖြစ်နေကြပ်ပြီဘုရား၊သပိတ်အိုင်ဆရာတော်ကြီး မိန့်ကြားခဲ့တဲ့ ဆုံးမစကားကိုမှတ်သားခဲ့ရပါတယ်ဘုရား၊ စာကို နားလည်အောင်သင၊် အသုံးချဖြစ်အောင်သင်၊လောကကြီးနဲ့တထပ်ထည်းဖြစ်အေင်သင်-ပါတဲ့ဘုရား။ ပြီးတော့ Good speaker တွေဖြစ်အောင် စာတွေ့မှ ငါတွေ့ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်ဘုရား။
နာလန္ဒာတက္ကသိုလ်မှ ဦးသူရိယပြောကြားချက်
တပည့်တော်တို့ အခုသင်ကြားရတဲ့ ဘာသာရပ်က ငယ်ငယ်တုန်းက သင်ခဲ့တဲ့ သဒ္ဒါ သဂြိုဟ် ၀ိနည်းသင်တာနဲ့ မတူသလို တမျိုးတဖုံအနေနဲ့ သင်ကြားရတဲ့အတွက် အထူးပင် ကျေးဇူးတင်ပါတယ်။ နောက်နောင်များမှာလည်း ဒီလိုသင်တန်းမျိုးကို များများဖြစ်စေလိုပါတယ်။ လူအသုံးအနှုံးတွေနဲ့ ကင်းဝေးနေတဲ့ Leader management စသည် စာလုံးလေးတွေကို ကြားရတဲ့အတွက်လည်း များစွာအားရမိပါတယ်။ နောက်နောင် သင်တန်းတွေမှာလဲ တက်ရောက်နိုင်အောင် ကြိုးစားကြဖို့ လိုအပ်ပါတယ်။
မဂဓတက္ကသိုလ်မှ ဦးဇ၀န ပြောကြားချက်......
မလှူဖူးသေးတဲ့ အလှူကို လှူခြင်းကြောင့် မရဖူးသေးတဲ့ ကုသိုလ်တွေကို ရရှိတယ်-လို့ မင်းကွန်းဆရာတော်ကြီးကမိန့်ခဲ့သည့်နည်းတူ တပည့်တော်တို့မသင်ဖူးတဲ့ Management ပညာကို သင်ရတဲ့အတွက် အလွန်တရာ အကျိုးထူးရရှိပါတယ်။ တပည့်တော်တို့ မြန်မာပြည်မှာ ရေကလည်းနှောက် မြက်တွေကလည်း ခြောက်တယ်ဘုရား၊ ရေကြည်ရာ မြက်နုရာကို မလိုက်ဘဲ နောက်နေတဲ့ ရေတွေကြည်အောင် ခြောက်နေတဲ့ မြက်တွေ စိမ်းလန်းစိုပြေအောင် လုပ်ကြပါစို့လို့ တိုက်တွန်းရင်းနိဂုံးချုပ်ပါတယ်။
ဒေလီတက္ကသိုလ်မှ ဦးဇာဂရာလင်္ကာရ ပြောကြားချက်..
ဒေလီမှာ နေရတာ ခက်ခဲတယ်ဆိုတဲ့အကြောင်း၊ ထိုနောက် ဒီသင်တန်းကြီး ဖြစ်မြောက်အောင် စည်နေအောင် လုပ်ပေးတဲ့ ညီတော် နောင်တော်တွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ငယ်ငယ်တုန်းက သင်ခဲ့ ဖတ်ခဲ့တဲ့ ဘာသာရပ်နဲ့မတူ စာအုပ်ပေါင်းများစွာကို တစ်နေရာတည်းမှာ ဖတ်ရသလို ဗဟုသုတများစွာရရှိခဲ့တဲ့အတွက် သင်ပေးတဲ့ဆရာကြီးကိုလည်း အထူးပင် ကျေးဇူးတင်ပါတယ်။ ဒေလီမှာ အကြောင်းကိစ္စရှိရင် ဆက်သွယ်လို့ရပါတယ် ။ နောက်နှစ်တွေမှာလည်း ဒီလိုသင်တန်းမျိုးတွေ ထပ်တွေ့ပါရစေလို့ ဆုတောင်းပေးပါတယ်ဘုရား။
နာဂဇုနတက္ကသိုလ်မှ ဦးသီဟဥာဏာဘိဝံသ ပြောကြားချက်...
ပထမဆုံးအနေနဲ့ အချို့လူတွေက ဒီသင်တန်းဟာ အကျိုးရှိလား မရှိဘူးလားစသည် မေးလာကြပါတယ်။ တပည့်တော်ဟာ သီတဂူတက္ကသိုလ်မှာ နေစဉ်အခါတုန်းက Leadership သင်တန်းတက်ခဲ့ဖူးပါတယ်၊ အဲဒီတုန်းကတော့ စာအုပ် စာတန်းနဲ့ သင်ခဲ့တာ မဟုတ်ပါဘူး၊ လက်တွေ့နဲ့လေ့လာခဲ့ရတာပါ။ အခု ဒေါက်တာနေဇင်လတ်ထံမှာ ပြန်သင်ရတဲ့အတွက် များစွာကို အထောက်အကူ ဖြစ်ပါတယ်။ Leadership မှ After Leadership ဖြစ်ဖို့လည်း လိုအပ်ပါတယ်။
မဂဓတက္ကသိုလ်မှ ဦးဂန္ထသာရ ပြောကြားချက်.....
တပည့်တော်တို့ဟာ ဥက္ကဋ္ဌဆရာတော် ဦးပညာသာမိ၊ အထွေထွေအတွင်းရေးမှူး ဦးဝိစိတ္တသာရ (မော်ဒန်)၊ ဂျပန်နိုင်ငံမှ ၀ိမုတ္တိသုခ စသည်ပုဂ္ဂိုလ်မျုားရဲ့ ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တဲ့ ဒီသင်တန်းကို တက်ရောက်ခွင့်ရခဲ့တဲ့အတွက် လွန်စွာ အထောက်အကူဖြစ်ခဲ့ရပါတယ်။ အဲဒီအတွက် ကျေးဇူးတင်ကြောင်း ပြေားကြားလိုပါတယ်။ ပြီးတော့ ဒီသင်တန်းမှ ပေးတဲ့ ပညာနဲ့ ရှေ့ဆက်ပြီး Leadership မှ After Leadership ဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ ခု သင်တန်းအောင်ပွဲမှာ ကိုယ်တိုင်ကြိုးစားပမ်းစား ပူဇော်ထားတဲ့ ဗောဓိညောင်ရွက်ကိုလည်း သင်တန်းသားများရဲ့ ကိုယ်စား ဆရာကြီးအား ပေးအပ်ပါတယ်။ နောက်ဆုံးအနေနဲ့ ဒီသင်တန်းရဲ့ ရလာဒ်အနေနဲ့ အများအကျိုး သာသနာအကျိုးတို့ကို ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။
B.H.U တက္ကသိုလ်မှ ဦးနိပုဏာလင်္ကာရ ပြောကြားချက်...
ဆရာကြီးသင်ကြားတဲ့ သင်ခန်းစာဟာ စာအုပ်ပေါင်း မြောက်များစွာကို ဖတ်ရမည့်အစား တစ်ထိုင်တည်းမှာ Knowledge ပေါင်း မြောက်များစွာကို ပေးနိုင်ခဲ့ပါတယ်။ ဒီသင်ခန်းစာကို အကြောင်းပြုပြီး ရလာဒ်ထွက်အောင် တပည့်တော်တို့ ကြိုးစားသင့်ပါကြောင်း လျှောက်ထားလိုပါတယ်။
မဂဓတက္ကသိုလ်မှ ဦးသုဇာတ ပြောကြားချက်...
အခုလို ပရိသတ်ရှေ့ထွက်ရပ်လာနိုင်တာ သင်တန်းရဲ့ ကျေးဇူးပါ။ ပစ္စုပ္ပန်မှာ ကောင်းကောင်းနေထိုင်ပါတ၊ဲ့ အနာဂတ်ကို မကြံပါနဲ့တဲ့ အခုတော့ ပြောင်းပြန်လိုဖြစ်သွားခဲ့ပါပြီ။ အရင်တုန်းကတော့ တီကောင်လိုနေခဲ့ပါတယ်။ မပြောရဲ မဆိုရဲ မလုပ်ရဲ မကိုင်ရဲခဲ့ပါဘူး။ ခုတော့ ဆရာကြီးရဲ့ ကျေးဇူးကြောင့် အသိဥာဏ်တွေပွင့်လာပြီး သိမ်းငှက်လို ကမ္ဘာကြီးကို အပေါ်စီးက ကြည့်ချင်နေပြီ။
နာလန္ဒာတက္ကသိုလ်မှ ဦးဇနက ပြောကြားချက်...
ဒေါက်တာနေဇင်လတ် သင်ကြားတဲ့ပညာဟာ လုပ်ချင် ကိုင်ချင်တဲ့ စိတ်ရှိအောင် စိတ်ဓာတ် တက်ကြွလာအောင် ၊လုပ်ချင် ကိုင်ချင်တဲ့ စိတ်ဓာတ်ရှိလာတဲ့ အခါ မှန်ကန်စွာ လုပ်တတ် ဆောင်ရွက်တတ်အောင် သင်ပေးတဲ့အတွက် တပည့်တော်တို့ဘက်က Leader After Leader ဖြစ်ဖို့ပဲ ကြိုးစားကြဖို့ လိုအပ်ပါတယ်။
မဂဓတက္ကသိုလ်မှ ဦးရာဇဓမ္မ ပြောကြားချက်...
ဆရာကြီးက မသိတဲ့အရာတွေကို သိအောင် သင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆရာကြီးက စိတ်ကို သင်ပေးတာပါ၊ လုပ်ချင် ကိုင်ချင်စိတ်ရှိအောင် သင်ပေးခဲ့တာပါ၊ ဆရာကြီး သင်ကြားတဲ့အတိုင်း Management ကို ပြန်ပွားအောင် လုပ်ဖို့ မြန်မာ့သာသနာ ကမ္ဘာမှာ ပြန်ပွားအောင် လုပ်ဖို့ လိုအပ်ပါတယ်။
အစီစဉ် (၄) အရ သင်တန်းပို့ချပေးခဲ့တဲ့ ဆရာကြီးဒေါက်တာနေဇင်လတ်ကို ဓမ္မလက်ဆောင်ပေးအပ်ခဲ့ကြရာမှာ အဖွဲ့ဥက္ကဋ္ဌဆရာတော်က ဂုဏ်ပြုလက်မှတ် ပေးအပ်ပြီး ပညာရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးဇ၀နက ဗုဒ္ဓရုပ်ပွားတော်၊ ဒု-ဥက္ကဋ္ဌ ဦးသုဇယဥာဏက အသောကကျောက်စာတိုင် နဲ့ ဦးဂန္ထသာရက အမှတ်တရ မဟာဗောဓိညောင်ရွက်တို့ကို အသီးသီးပေးအပ်ခဲ့ကြပါတယ်။
အစီစဉ် (၅)အရ ဒေါက်တာနေဇင်လတ်က အမှတ်တရ စကားလျှောက်ထားရာမှာတော့
'' ဥက္ကဋ္ဌဆရာတော် ပညာရေးကော်မတီနှင့် E.Cအဖွဲ့ဝင်အားလုံးတို့ကို ကျေးဇူးတင်မိပါတယ်၊ မလာခင်တုန်းကတော့ ရဟန်းတော်တွေက ငါတို့နဲ့
မဆိုင်ဘူးလို့ တွက်ပြီး သင်တန်းပြီးဆုံးတဲ့ အချိန်ထိ သင်တန်းသားမရှိရင် ဒုက္ခပဲလို့ ထင်မိပါတယ်။ ဒါပေမဲ့ အခုကြတော့ ဒီသင်တန်းကို မတွန့်ဆုတ်ဘဲ
တက်ရောက်တာ တွေ့ရတဲ့အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ထိုနောက် ဒီသင်တန်းပြီးသွားတဲ့ နောက်မှာလည်း ဒီသင်ခန်းစာများကို စာအုပ်ထဲမှာသာ မထားဘဲ ရလာဒ်တွေ ထွက်အောင် ကြိုးစားလျှင် ပိုကောင်းမည်ဖြစ်ပါတယ်။ အခါအားလျော်စွာ ကြုံလျှင်လည်း နောက်နှစ်တွေမှာ
ဒီလိုသင်တန်းမျိုး ဆက်လက်ပညာပေးနိုင်အောင် ကြိုးစားသွားပါ့မယ်။ နောက်ဆုံးအနေအားဖြင့် ဒီပညာကို အခြေပြပြီး ဘာသာ သာသနာအကျိုး
ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
အစီစဉ်(၆)အရသင်တန်းပြဆရာ ဒေါက်တာနေဇင်လတ်အတွက် ပေးအပ်ချီးမြင့်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကို သံဃာတော်အရှင်သူမြတ်တွေက အနေကဇာတင်ခဲ့ကြပါတယ်။
အစီစဉ် (၇)အရ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီးချိန်မှာတော့ ပီတိမျက်နှာများနဲ့ အမှတ်တရဓါတ်ပုံကင်မရာမီးပွင့်များ တဖျပ်ဖျပ်.. လင်းလက်...........................။
ကလျာဏမိတ္တ
(၂၅-၁၀-၂၀၁၀)
(သင်တန်းအမှတ်တရ)
