* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, October 25, 2010

Kathina Teachers' Day - ကထိန်ဆရာများနေ့

၂၄ အောက်တိုဘာ၊ ၂၀၁၀
၅၁ကြိမ်မြောက်ကထိန်ပွဲ (Kathina Day) နှင့်
၅၁ကြိမ်မြောက်အာစရိယပူဇော်ပွဲ (Teachers' Day)
မင်္ဂလ၀ိဟာရကျောင်းတိုက် (Mangala Vihara Buddhist Temple)၊
30 Jalan Eunos, Singapore

သံဃာသုံးဆယ် ကြွရောက်ပါတယ်။ လူ ၅၀၀ ကျော်တက်ရောက်ပါတယ်။ နှစ်ခုလုံး ပွဲကြီးတွေ ဖြစ်ပါတယ်။ ပွဲကြီးတာ မဆန်းပေမယ့် ပွဲကြီးနှစ်ခုကို (တစ်မနက်ခင်း) ရှစ်နာရီအတွင်း တစ်နေရာတည်းမှာ ဆက်တိုက်လုပ်လိုက်တာ၊ သပ်သပ်ရပ်ရပ် နဲ့ ယတိပြတ်ပြီးအောင် လုပ်လိုက်ကြတာ အတုယူစရာကောင်းပါတယ်။ ဦးဆောင်ခဲ့တဲ့လူ ၂၀လောက်ရဲ့ စိတ်ဓာတ်နဲ့ စီမံခန့်ခွဲမှုစွမ်းရည်ကို လေးစားဖို့ကောင်းပါတယ်။

ကထိန်ကို ရံပုံငွေ စုတဲ့ပွဲလို့ မြင်မိပါတယ်။ ရိုးရာယဉ်ကျေးမှု နဲ့ ဘာသာရေး ထုံးတမ်းလည်း ပါတာပေါ့။ ကထိန်သင်္ကန်း အလှူခံတာကို ၀ါဆိုဦးကတည်းက စခဲ့ကြပါတယ်။ သူတို့အခေါ် Volunteerဆိုတဲ့ လုပ်အားဒါနကုသိုလ်ရှင်တွေ လုပ်ကြတာပါ။ အလှူရှင်က ၀တ္တုငွေလှူရပါတယ်။ ဂေါပက(ကော်မတီ)က သင်္ကန်းစုစည်းရှာဖွေပေးပါတယ်။ သင်္ကန်းအစုံ ၈၀၀ကျော် အလှူခံရာက ရလာတဲ့ ငွေကတော့ ဂေါပက(ကော်မတီ)ရံပုံငွေပေါ့။ ပင့်သံဃာတွေကို ဆွမ်း၊ သင်္ကန်း နဲ့ န၀ကမ္မ သင့်ရုံလှူပါတယ်။ ကျောင်းခံသံဃာကိုတော့ အထူးတလည် ဘာမှ မလှူပါဘူး။ ကျောင်းခံဖြစ်တဲ့ ကထိန်ခံကိုယ်တော်ကိုတော့ သင်္ကန်းတိစုံလှူပါတယ်။ လူရိသတ် ၅၀၀ ကျော်ကိုနေ့လယ်စာ ကျွေးပါတယ်။ နေ့လယ်စာက ၁၁နာရီမှပါ။ လူတွေ အထူးသဖြင့် သင်္ကန်းလှူတဲ့သူတွေကတော့ မနက် ၅.၃၀ အရောက်လာရပါတယ်။ အလှူရှင်နာမည်ကပ်ထားတဲ့ သင်္ကန်းတွေကို သက်ဆိုင်ရာ အလှူရှင်တွေဆီ ပေးအပ်ပြီး မနက် ၆ နာရီမှာ သင်္ကန်းတွေကိုင်ပြီး ရှင်လောင်းယူလှည့်သလို ကျောင်းကို သုံးပတ်ပတ်ကြပါတယ်။ ပတ်နေရင်း “သာဓု”ဆိုပြီး တစ်ခွန်း တစ်ခွန်း ထထအော်ကြပါသေးတယ်။ ၀မ်းသာတဲ့ သင်္ကေတ နေမှာပေါ့။ သင်္ကန်းကပ်။ ဆွမ်းကပ်။ ကထိန်ခင်း။ ပင့်သံဃာတွေ ပြန်ကြွနေတုန်း လူတွေနေ့လယ်စာ စားနေတုန်းမှာ သင်္ကန်းတွေကို ထုပ်ပိုးသိမ်းဆည်းကြပါတယ်။ မြန်မာ၊ သီရိလင်္ကာ နဲ့ ဘင်္ဂလားဒက်ရှ်မှာရှိတဲ့ သင့်တော်ရာ ကျောင်းတိုက်သံဃာတွေကို လှူဖို့ပါ။ ပြီးတာနဲ့၉.၃၀မှာ အာစရိယပူဇော်ပွဲ စပါတယ်။

အာစရိယပူဇော်ပွဲကတော့ မင်္ဂလ၀ိဟာရကျောင်းတိုက်ရဲ့ (ဓမ္မနဲ့ အဘိဓမ္မ သင်ပေးတဲ့) Dhamma Schoolက ဆရာတွေကို ပူဇော်တာပါ။ (ပစ္စုပ္ပန် နဲ့ အနာဂတ်) ကျောင်းသူကျောင်းသားတွေကို Dhamma Education (Buddhism)မှာ စိတ်ဝင်စားလာအောင် လှုံ့ဆော်တာလည်း ပါမယ် ထင်ပါတယ်။ ဂုဏ်ပြုသီချင်းတွေ တီးမှုတ် သီဆိုကြပါတယ်။ တေးသရုပ်ဖော်တွေ လုပ်ကြပါတယ်။ ဒါတွေကို တစ်လလောက်က ကြိုပြီး ပြင်ခဲ့ကြပါတယ်။ Dhamma Schoolမှာ တန်းခွဲ ခုနစ်ခု ရှိတဲ့အထဲက Junior I, Junior II, Senior I, Senior II နဲ့ Diploma Class တို့က ဂုဏ်ပြုသီချင်းတွေ ဓမ္မသီချင်းတွေ ဆိုကြပါတယ်။ Kindergarten Class နဲ့ Youth Class ပေါင်းပြီး ဗုဒ္ဓ၀င် တေးသရုပ်ဖော် လုပ်ကြပါတယ်။ ဆရာတွေကို Small Giftတွေ ပေးကြပါတယ်။ နေ့လယ် ၁နာရီမှာ ဆရာတွေ စုပေါင်းဓာတ်ပုံရိုက်ပြီး အားလုံးကို အဆုံးသတ်လိုက်ကြပါတယ်။

တစ်နာရီခွဲမှာ သုတ်သင်ရှင်းလင်းစရာရှိတာတွေ ရှင်းလင်းပြီး အားလုံး ပြန်သွားကြတော့ ကျောင်းတိုက်ဟာ ခြေရာလက်ရာမပျက် ကျန်နေခဲ့ပါတယ်။ ဒီနေ့ ဒီနေရာမှာ ဒီပွဲတွေ လုပ်ခဲ့ပါတယ်လို့ နေ့လယ် တစ်နာရီခွဲ နှစ်နာရှိလောက် ရောက်လာတဲ့ လူစိမ်းတစ်ယောက်ကို ပြောပြရင် ယုံမှာမဟုတ်ပါဘူး။ ပုံမှန်နေ့တွေနဲ့ မတူတာကို ထူးထူးခြားခြား သက်သေပြစရာဆိုလို့ ထုပ်ပိုးထားတဲ့ သင်္ကန်းပုံးတွေပဲ ရှိပါတယ်။ ကျန်တာ ဘာမှ မထူးပါဘူး။

လှူဖို့ပြင်ဆင်
လှူဖို့အဆင်သင့်
သံဃဿ ဒေမ
ပင့်သံဃာ (ညာဘက်အခြမ်း)
ကထိန်ခံကိုယ်တော်လေး
ကိုယ်တိုင်ယူစား
လူတွေစားနေတုန်း ပင့်သံဃာပြန်ကြွ
တစ်ဆင့်လှူဖို့ သင်္ကန်းတွေကို ထုပ်ပိုး
ထုပ်ပိုးပြီး လိပ်စာကပ်ပြီး
အာစရိယပူဇော်ပွဲမစမီ
“လောကမှာ ငါ အမြတ်ဆုံး” (တေးသရုပ်ဖော်)
သူအို (တေးသရုပ်ဖော်)
သူနာ (တေးသရုပ်ဖော်)
သူသေ (တေးသရုပ်ဖော်)
ရဟန်း (တေးသရုပ်ဖော်)
ပွဲပြီးမီးသေ နဂိုနေ ညောင်ရိပ်
ပုံမှန်အတိုင်း ဘုရားဖူး တစ်ယောက်စ နှစ်ယောက်စ
သန့်ရှင်းမှုဖြင့် ကူညီကြပါရန်

Read more...

ဘုရားမကယ်နိုင်သူများ…

လောကတွင် အချို့သူများသည် အကြောက်တရား နည်းပါးတတ်၏။ အယုံအကြည်လည်း နည်းပါးတတ်၏။ လက်တွေ့မဟုတ်လျှင် မယုံသည်များလည်း ရှိတတ်၏။ ထို့ကြောင့် အချို့ဆိုလျှင် မည်သည့်ကိစ္စများတွင် မဆို ပေါ့ပေါ့တန်တန်ပင် ပြောဆိုပြုမူ တုံ့ပြန်တတ်၏။ အချို့ကား ယုံကြည်မှုနှင့် အကြောက်တရား မရှိရုံမျှမက အတွေးအခေါ်များပင် မှားယွင်းသွားကာ ကံတရား၏ သဘောတရားများ အပေါ်တွင်လည်း အပျော်အပြက် ကဲ့ရဲ့တတ်သည်အထိ ဖြစ်တတ်ပေ၏။ ကံကံ၏အကျိုးတရားနှင့် စပ်လျဉ်း၍လည်း လက်တွေ့ မခံရသေးသည့်အခါ ကလေးကလား သဘောထားတတ်၏။ အချိန်တန်မှ အကျိုးပေးတတ်သည့် ကံတရား၏ သက်ရောက်မှုတွင် လက်တွေ့မခံ ရသေးသည့်အခါ အယုံအကြည် နည်းနေတတ်၏။ ထို့အတူ မိမိ၏လုပ်ရပ်များတွင် လက်ယဉ်လာသည့်အခါ အကြောက်တရားပါ ခေါင်းပါးလာတတ်၏။

ထို့သို့သောသူများကို အခြားသူများက မကောင်းသည့် လုပ်ရပ်များကြောင့် “ဟေ့…ဟေ့… အဲဒီလို မလုပ်နဲ့ ငရဲကြီးလိမ့်မယ်” ဟု ပြောဆိုသည့်အခါ “ငရဲကြီးတော့ ငရဲလေးကို နိုင်တာပေါ့..” စသည်ဖြင့် ပြန်လှန်တုံ့ပြန် တတ်သကဲ့သို့ အချို့က “ဒီလိုမကောင်းတဲ့ အလုပ်တွေ လုပ်ရင် ၀ဋ်လိုက်တတ်တယ်..”ဟု ပြောလာလျှင်လည်း “၀ပ်လိုက်ရင် ထပြေးတာပေါ့…” စသည်ဖြင့် သံတူကြောင်းကွဲ စကားလုံးများဖြင့် ပြန်လည်ပြောဆိုတတ်၏။ ထိုသူတို့ ဆိုချင်သည်မှာ လေးဘက်ထောက်ကာ ၀ပ်ပြီးလိုက်နေသည့်သူထက် မတ်တပ်ရပ်ပြီး ပြေးနေသူက ပို၍အလျင်အမြန် ပြေးနိုင်သည့် သဘောကို ရည်ရွယ်လျက် အပျော်အပြက် ပြောလိုဟန် ရှိပေ၏။

အပျော်ဖြစ်စေ၊ အမှန်အကန်ဖြစ်စေ ထိုသူတို့ ပြောဆိုကြသည့် “ငရဲကြီးတော့ ငရဲလေးကို နိုင်တာပေါ့၊ ၀ပ်လိုက်ရင် ထပြေးတာပေါ့” စသည့် စကားများသည် မကောင်းမှု၏ တန်ပြန်သက်ရောက်မှု အပေါ်တွင် အမှန်တကယ် ကြောက်ရွံ့မှုမရှိ၊ ယုံကြည်မှုမရှိသည့် သဘောကို ပြသနေသကဲ့သို့ ဖြစ်နေပေ၏။ မခံရသေးသည့်အခါ အပျော်အပြက် ပြက်ရဲ့ပြုနိုင်သော်လည်း မကောင်းမှု၏ အကျိုးသက်ရောက်မှုများ အမှန်လက်တွေ့ ရောက်လာသည့် အခါတွင်ကား ဘုရားပင် မကယ်နိုင်သည်ကို သတိမပြုမိကြဟန် ရှိပေ၏။ ဘုရားလည်း မကယ်နိုင်၊ သိကြားလည်း မ မနိုင်သည့် သူများတွင် အကုသိုလ်ကြီးသူများ၊ ၀ဋ်ကြီးသူများ ပါနေသည်ကို သတိမပြုမိကြဟန် ရှိပေ၏။ အထူးသဖြင့် မကောင်းမှု ဒုစရိုက်အမှုများတွင် လက်ယဉ်နေသူများသည် မည်သို့သောပုဂ္ဂိုလ်များ၊ မည်သို့သော အရာများဖြင့် ပြသပြောဆို ဆုံးမစေကာမှု သတိသံဝေဂ ရရန်၊ နောင်တရရန် ခက်ခဲနေတတ်ပြီး တစ်ခါတစ်ရံ သတိသံဝေဂ ရသယောင်ရှိတတ်သော်လည်း မထူးဇာတ် ခင်းတတ်သည်များလည်း ရှိနေတတ်၏။ ထိုသို့ မကောင်းမှုဒုစရိုက်အမှုများတွင် လက်ယဉ်ကာ မထူးဇာတ်ခင်းနေမိလျှင်ကား မည်သူကယ်၍မျှ ရမည်မဟုတ်သကဲ့သို့ ဘုရားလည်း ကယ်၍ရနိုင်မည်မဟုတ်သည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

အချို့က မကောင်းမှု အလုပ်များကို မည်မျှပင် လုပ်နေပါသော်လည်း ကြီးပွားနေသူများ၊ အစစ အရာရာ အဆင်ပြေနေသူများ၊ မကောင်းသည့် အလုပ်များဖြင့် အကျိုးပေးနေသူများကို ကြည့်ကာ “ဒီလိုလူတွေကျတော့ ဘယ်လိုလုပ်မလဲ..”ဟူသည့် အမေးမျိုးဖြင့် စောဒကတက်သည်များ ရှိတတ်၏။ စင်စစ် ထိုသို့ မကောင်းမှုဖြင့် ကြီးပွားနေသူများသည်ကား ဘုရားကယ်ထား၍ ကြီးပွားနေသူများ မဟုတ်ကြပေ။ အတိတ်ကံ တစ်ခုခုက ပြုခဲ့သည့် ကောင်းသည့်ကံများ၏ အကျိုးပေးကောင်းချိန်နှင့် ယခုဘ၀ ပြုလုပ်ထားကြသည့် အကုသိုလ်ကံများ၏ အကျိုးပေးချိန် မတန်သေး၍သာ ဖြစ်ပါ၏။ မြတ်ဗုဒ္ဓက “မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေးကြောင်း၊ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသောသူသည် မကောင်းကျိုးကို ခံစားရကြောင်း” စသည်ဖြင့် မိန့်တော်မူထား၏။ ဤစကားတော်အရ ကောင်းမှု၊ မကောင်းမှုတို့၏ အကျိုးပေးမှုသည် အချိန်ကာလနှင့် သက်ဆိုင်နေပြီး အချိန်တန်လျှင်ကား မိမိတို့ လုပ်သည့်ကံများ၏ အကျိုးသက်ရောက်မှုများသည် မိမိတိုထံသို့ ဧကန်မုချ ရောက်လာမည်မှာ အမှန်ပင်ဖြစ်ကြောင်း သိရှိနိုင်မည် ဖြစ်၏။ အထူးသဖြင့် အကုသိုလ်ကံများ၏ အကျိုးပေးချိန်သည်ကား အထူးပင် သိသားထင်ရှားလှ၏။ အကုသိုလ် အလုပ်၏ အကျိုးပေးချိန် ရောက်လာလျှင်ကား မည်သည့်တံခိုးရှင်မျှ ကယ်မ,၍ ပေးနိုင်မည်မဟုတ်သည်မှာ သေချာလှ၏။

မှန်၏။ အကုသိုလ်အလုပ်များကို လုပ်ရင်း အကုသိုလ်ကံ၏ အကျိုးပေးချိန်သို့ ရောက်လာသော သူများသည်ကား အကုသိုလ်အလုပ်များတွင် သာယာပျော်မွေ့ကာ အကုသိုလ်အလုပ်ကို အကုသိုလ် အလုပ်ဟု မသိဘဲ ထိုမကောင်းမှုများနောက်ကို မှားမှန်းမသိ လိုက်နေမိတတ်၏။ ထိုသို့ မကောင်းမှုကို ပျော်ပျော်ပါးပါး လုပ်နေသူများသည် ကြာလာသည့်အခါ ပညာ၊ သတိတရားများ ချွတ်ယွင်းလာကာ အပြောအဆို အလုပ်အကိုင်များတွင်လည်း အမှားမှား အယွင်းယွင်းဖြစ်လာပြီး နောက်ဆုံးတွင် ထိုမကောင်းသည့် လုပ်ရပ်များကြောင့် ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်၏။

မန်လည်ဆရာတော်ကြီးက အကုသိုလ်အလုပ်များကြောင့် ပျက်စီးချိန်တန်လာသူများသည် ပညာသတိ မရှိဖြစ်ကာ မိမိတို့၏ အပြောအဆို၊ အသွားအလာများတွင် အမှားမှား အယွင်းယွင်းဖြင့် ဘုရားပင် မကယ်နိုင်သူများ အဖြစ်သို့ ရောက်ရတတ်ကြောင်း မဃဒေ၀ လင်္ကာကြီးတွင် စပ်ဆိုထားသည်ကို သံဝေဂယူဖွယ် ဖတ်မှတ်ဖူးပါ၏။ ဆရာတော်ကြီးက “ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိနြ္ဒိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်းကြီးလည်း၊ ပျက်စီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)ဟု စပ်ဆိုတော်မူထား၏။

ဆရာတော်ကြီး၏ အဆိုအရ ကံကြမ္မာ တစ်လှည့်ပြောင်း၍ ပျက်စီးချိန် စောင်းလာသည့် သူများသည် စူးစမ်းဆင်ခြင်တတ်သည့် ဉာဏ်၊ မမေ့မလျော့ မပေါ့မဆသည့် သတိတရားများ ယုတ်လျော့လာပြီး ကိုယ်ကျင့်တရားများပါ ပျက်စီးချွတ်ယွင်းလာကာ ဘုန်းကံများနည်းပါးလျက် ပြောသမျှစကား၊ လုပ်သမျှအလုပ်၊ ကြံသမျှအတွေးများတွင် အမှားများဖြင့်သာ မကောင်းသည့် ဒုစရိုက်များတွင် ဇွတ်တိုးဝင်၍ ကျင်လည်နေမိတတ်ကြောင်း၊ ထိုသို့ မကောင်းမှုများဖြင့် ကျင်လည်နေသူများသည် ထိုဒုစရိုက်အမှုများကြောင့် ကြာလာသည့်အခါ ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်ကြောင်း သဘောပေါက် နားလည်နိုင်မည်ဖြစ်၏။

အမှန်အားဖြင့် အကုသိုလ် ဒုစရိုက်အမှုများသည် အချိန်တန် အကျိုးပေးချိန် ရောက်လာလျှင်ကား ယခုမျက်မှောက်ဘ၀မှာပင် အကျိုးပေးကာ ပြုလုပ်သူကို တစ်ဖန်ပူလောင်မှုဖြင့် သက်ရောက်မှု ဖြစ်စေတတ်၏။ ထိုသို့ မကောင်းမှု အကျိုးပေးကို ခံရမည့်သူ ဖြစ်လျှင်ကား ဘုရားရှင် အနားမှာပင် ဖြစ်သော်လည်း ဘုရားမကယ်နိုင်သူများ အဖြစ် အကုသိုလ် အပြစ်ကို ခံသွားရတတ်၏။ ထိုအကုသိုလ် အပြစ်ကို ၀ဋ်တစ်ခုအဖြစ် ခံစားရကာ သေပြီးနောက်မှာလည်း အပါယ်ဘုံသို့ ရောက်ရတတ်၏။

ဗုဒ္ဓလက်ထပ်က စုန္ဒအမည်ရှိသည့် သူတစ်ယောက်ရှိ၏။ စုန္ဒသည် ၀က်မွေးမြူကာ သတ်ဖြတ်ရောင်းချ စားသောက်ခြင်းဖြင့် အသက်မွေးလေ့ရှိ၏။ ထို့ကြောင့် သူ့ကို စုန္ဒသူကရိက စုန္ဒ၀က်သတ်သမားဟု ခေါ်လေ့ရှိကြ၏။ စုန္ဒ၀က်သတ်သမားသည် လယ်သမားများ အစားအသောက် ရှားပါးချိန်များတွင် တောရွာဇနပုဒ်များသို့ စပါးများကို လှည်းအပြည့်တင်ကာ စပါးအနည်းငယ်ဖြင့် တောရွာများမှ ၀က်ငယ်များကို လှည်းအပြည့်ဝယ်ယူကာ မိမိအိမ်သို့ ရောက်သည့်အခါ အိမ်နောက်ဖေး ၀က်ခြံတွင် ၀က်များအသားတိုးစေရန် မွေးမြူလေ့ရှိ၏။ ၀က်များ အသားတိုးလာသည့် အခါတွင်လည်း ထိုဝက်များကို မသတ်မီ လက်ခြေလေးဘက်တို့ကို တိုင်လေးတိုင်တွင် ကြိုးဖြင့်တုတ်ကာ အသားအရေ ဆူဖြိုးအောင် တစ်ကိုယ်လုံး ဖူးရောင်သည်အထိ ရိုက်ပုတ်လေ့ရှိ၏။ ၀က်များသည် ရိုက်ပုတ်သည့်ဒဏ်များကြောင့် ဖူးဖူးရောင်ရောင် ဖြစ်လာသည့်အခါ ပါးစပ်တွင် ပိတ်မရအောင် သံဖြင့်ထောက်၍ ပွတ်ပွတ်ဆူနေသည့် ရေနွေးဖြင့် ပါးစပ်အတွင်းမှ လောင်းထည့်လေ၏။ ထိုလောင်းထည့်သည့် ရေနွေးသည် ၀က်၏အူအတွင်း ပူလောင်ပျော်ဆင်းကာ စအိုဝမှ အညစ်အကြေးများသည် ရေနွေးရေနှင့်အတူ ထွက်ကျလာသည်အထိ ပါးစပ်မှ လောင်းချလေ၏။ စအိုမှဆင်းလာသည့် ရေနွေးများ၏ အရောင်သည် အညစ်အကြေးကင်းပြီး သန့်ရှင်းသည့် အရောင်အဖြစ် ရောက်သည့်အထိ ပါးစပ်မှ ရေနွေးများကို လောင်ထည့်လေ့ရှိ၏။ စုန္ဒ၏ လုပ်ရပ်ကြောင့် နာကျင်ပူလောင်လှသဖြင့် အော်ဟစ်ကြသည့် ၀က်တို့၏ အသံများမှာ အလွန်စူညံ ကျယ်လောင်လှပြီး နောက်ဆုံးတွင် မခံမရပ်နိုင်ဘဲ သေဆုံးကြရ၏။ စုန္ဒသည် ၀က်တို့၏ အော်ဟစ်သံကို အလေးမထားနိုင်ဘဲ နောက်ထပ်ရေနွေးပူများဖြင့် ၀က်၏ကျောကုန်းထက်မှ လောင်းချကာ မည်းနက်သော သားရေတို့ကို ကျွတ်ကွာစေ၏။ ထို့နောက် မြက်မီးဖြင့် အမွေးအမြင်တို့ကို လောင်မြိုက်စေကာ အမွေးခွာပြီး ထက်လှစွာသော ဓားသန်လျက်ဖြင့် အသားများကို လှီးဖြတ်ကာ ချက်ပြုတ်လျက် မိသားစုနှင့်အတူ မြိန်ရေရှက်ရေ စားသောက်၍ ကျန်သည့်အသားများကို ရောင်းချလေ၏။ ဤနည်းဖြင့် စုန္ဒသည် ၀က်များကို မွေးမြူသတ်ဖြတ် စားသောက်ရောင်းချ လာခဲ့သည်မှာ နှစ်ပေါင်း (၅၅)နှစ်အထိ ကြာမြင့်ခဲ့၏။

တစ်နေ့တွင် စုန္ဒ၀က်သတ်သမားတွင် အနားရောဂါ ဖြစ်ပေါ်လာခဲ့၏။ အနာဖြစ်လာသည့် စုန္ဒ၀က်သတ်သမားသည် ထိုအနာကြောင့် အရှင်လတ်လတ် ငရဲခံရသကဲ့သို့ အလွန်ပူလောင်သည့် ဒဏ်ကိုခံစားနေရ၏။ တစ်ကိုလုံး ပူလောင်လွန်းသဖြင့် နေမထိ ထိုင်မထိဖြစ်ကာ အိပ်မရ စားမရဖြစ်ပြီး အိမ်၏လေးဘက် လေးတန်တွင် ရှေ့နောက်လေးဘက်ထောက်ကာ ၀က်ကဲ့သို့ ပြေးလွှာရင်း ၀က်အော်သံအတိုင်း အော်ဟစ်နေရ၏။ မိသားစုများက အမျိုးမျိုးသက်သာအောင် လုပ်ပေးသော်လည်း မရဘဲ ပါးစပ်ကို ပိတ်မရဖြစ်ကာ ပူလောင်စွာ အော်ဟစ်နေခဲ့ရ၏။ စုန္ဒ၏ အော်ဟစ်သံကို အနီးမှာရှိသည့် ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးနေကြသည့် ရဟန်းတော်များသည် ဆွမ်းခံသွားစဉ် ကြားခဲ့ရ၏။ ရဟန်းတော်များကား ၀က်အော်သံဟုထင်ကာ စုန္ဒအိမ်တွင်ရှိသည့် ၀က်တို့၏ အသံမှာ ဆူညံလှကြောင်း ပြောဆိုကြ၏။ ထိုအခါ ဘုရားရှင်က ယင်းအသံသည် ၀က်တို့၏ အသံမဟုတ်ကြောင်း စုန္ဒ၏ အသံသာ ဖြစ်ကြောင်း မိန့်ကြားကာ တရားစကား ဟောကြားတော်မူ၏။ မြတ်ဗုဒ္ဓက “မကောင်းမှု ပြုလုပ်သူသည် ဤဘ၀တွင်လည်း စိုးရိမ်ပူလောင်ရ၏၊ နောင်ဘ၀တွင်လည်း စိုးရိမ်ပူလောင်ရ၏၊ ပစ္စုပ္ပန်၊ တမလွန် ဘ၀နှစ်ခုလုံးတွင်လည်း စိုးရိမ်ပူလောင်ရ၏၊ ထိုသူသည် မိမိ၏ ညစ်ညူးသည့် အကုသိုလ်ကံကို မြင်ရ၍လည်း စိုးရိမ်ရ၏၊ ပင်ပန်းရ၏” စသဖြင့် တရားစကား ဟောကြားတော်မူ၏။ ဘုရားစကားကြောင့် ရဟန်းတော်များမှာ တရားရသွားကြသော်လည်း စုန္ဒ၀က်သတ်သမားသည်ကား ခုနှစ်ရက်ပတ်လုံး ၀က်ကိုသတ်စဉ်က ပြုလုပ်ခဲ့သည့် အကုသိုလ်ကံအတိုင်း ၀က်ကဲ့သို့ ပူလောင်ပြင်းထန်စွာ အော်ဟစ်ပြီး နောက်ဆုံးတွင် အသက်ကုန်ကာ အ၀ီစီငရဲသို့ ကျရောက်သွားခဲ့ရ၏။

ဤကား ဓမ္မပဒ၊ ယမက၀ဂ်လာ စုန္ဒ၀က်သတ်သမား၏ အကုသိုလ် အကျိုးခံစားရပုံ အကြောင်း တစ်စိပ်တစ်ဒေသ ဖြစ်ပါ၏။ စုန္ဒသည် ဘုရားလက်ထပ်၊ ဘုရားအနီးမှာ ရှိနေခဲ့သော်လည်း ဘုရားမကယ်နိုင်သည့် အကုသိုလ် အလုပ်ဖြင့်သာ မိမိဘ၀ကို မိမိဖန်တီးသွားခဲ့ရ၏။ ဘုရားကယ်သည် မကယ်သည်မှာ ပုဂ္ဂိုလ်ရေးနှင့် မဆိုင်ဘဲ မိမိပြုသည့် ကံနှင့်သာ ဆိုင်သည်ကို စုန္ဒက သက်သေပြနေခဲ့၏။ မှန်၏။ အကုသိုလ်အလုပ်များ၊ ဒုစရိုက်အမှုများဖြင့် နေသူများသည် မည်မျှပင် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိနေစေကာမှု ဘုရားမကယ်နိုင်သည့် သူများသာ ဖြစ်ပါ၏။ ဒေ၀ဒတ်ထက် ဘုရားနှင့်နီးသူ ဘုရားနှင့် ပုဂ္ဂိုလ်ရေး ဆက်စပ်မှုရှိသူ တစ်စုံတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က မကယ်မနိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော ဒေ၀ဒတ်ကို ဒေ၀ဒတ်၏ လုပ်ရပ်များက သက်ရောက်မှု ဖြစ်စေခဲ့သောကြောင့် ဖြစ်ပါ၏။

ဆိုလိုသည်မှာ ဘုရားမကယ်နိုင်သူများဟူသည် မကောင်းမှု ဒုစရိုက်အမှုများဖြင့် ကျင်လည်နေသူများကို ဆိုခြင်းဖြစ်သဖြင့် မကောင်းမှုလုပ်ကာ ဘုရားတနေကြသည်ထက် ဘုရားမ, နိုင်အောင်၊ ဘုရားကယ်နိုင်အောင် မကောင်းမှုကို ရှောင်ပြီး ကောင်မှုကိုသာ ဆောင်ကြရမှာ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်ပါ၏။ ကောင်းမှုရှိသူကို ဘုရားစသော သူတော်ကောင်းများက စောင့်ရှောက် ကယ်မတတ်သော်လည်း မကောင်းမှု ရှိသူကိုကား ဘုရားစသော အရိယ သူတော်ကောင်းများက မကယ်မနိုင်သဖြင့် မိမိဘ၀ကို မိမိ၏ အလုပ်များကသာ ကယ်မနိုင်ကြမည်ကို သတိပြုဆင်ခြင်ပြီး မကောင်းမှုမှ ရှောင်နိုင်အောင် ကြိုးစားကြရန်လိုကြောင်း အသိပေးလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် စုန္ဒကဲ့သို့ ဘုရားရှင်နှင့်ကြုံ၊ ဘုရားရှင် အနားမှာဖြစ်သော်လည်း ဘုရားမကယ်နိုင်သူ အဖြစ် ဘ၀နိဂုံး အဆုံးသပ်သွားရသည့် သူများ မဖြစ်ကြစေရန် မိမိတို့၏ အသိ၊ သတိများဖြင့် ဘုရားမကယ်နိုင်သည့် အကုသိုလ်အလုပ်များကို မလုပ်မိအောင် မိမိကိုယ်ကို မိမိထိန်းသိမ်းကာ ကောင်းသည့်အလုပ်များကို လုပ်ရင်း ဘုရားကယ်နိုင်သူ ဖြစ်အောင်သာ ကြိုးစားကြပါဟု စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းစကား ပါးလိုက်ရပါသည်။

Read more...

2010 (10)ကြိမ်မြောက် အဇူဇာပဋ္ဌာန်းပွဲ ဖွင့်ပွဲနေ့ မှတ်တမ်းဓာတ်ပုံများ

Sunday, 24 October 2010 20:11 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ LA အဇူဇာကျောင်းမှာ ကျင်းပပြုလုပ်တဲ့ 2010=(၁၀)ကြိမ်မြောက်ကျင်းပပြုလုပ်သည့် အသံမစဲပဋ္ဌာန်းပွဲ ဖွင့်ပွဲနေ့ မှတ်တမ်းဓာတ်ပုံများဖြစ်ပါတယ်။

Read more...

ဓမ္မပဒ ကျေးဇူး

ဓမ္မပဒဆိုသည်မှာ ပိဋကတ်သုံးပုံ၌ပါရှိသော ခုဒ္ဒကနိကာယ်လာ ပါဠိတော်ပင်ဖြစ်သည်။ ဗုဒ္ဓဘုရားရှင် အခါအားလျော်စွာ ဟောကြားတော်မူအပ်သော တရားတော်တို့မှ လိုရင်းအချက်များကို ဂါထာဖြင့် အကျဉ်းချုံး၍ သီကုံးဖော်ပြထားသော တရားတော်များ ဖြစ်သည်။

ဓမ္မပဒပါဠိတော်တွင် မဂ်တရား ဖိုလ်တရားတို့ဆိုင်ရာ တရားတော်များသာမက လူ့လောကီကျင့်စဉ်တရား များနှင့် သင်ခန်းစာများလည်း ပါဝင်သည်။ ယင်းတို့ကို ဥပမာ ဥပမေယျတို့ဖြင့် ဖော်ပြထားသည်။ ဂါထာပေါင်း ၄၂၃-ပုဒ် ပါဝင်သည်။

ဓမ္မပဒသည် တန်ဖိုးမဖြတ်နိုင်ပေ။ အသောကမင်းကြီးသည် နိဂြောဓသာမဏေ ရွတ်ဆိုဟောကြားသော အပ္ပမာဒေါ အမတံ ပဒံ-အစချီသည့် ဓမ္မပဒဂါထာကို ကြားနာရခြင်းကြောင့် ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည် လာခဲ့သည်။ ထင်ရှားသော သာသနာပြုဧကရာဇ် ဘုရင်တပါး ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ပုဂံအနော်ရထာမင်းသည် မွန်ရဟန္တာ ရှင်အရဟံ ရွတ်ဆိုဟောကြားသော အဆိုပါ အပ္ပမာဒေါ အမတံ ပဒံ-အစချီသည့် ဓမ္မပဒဂါထာကိုပင် ကြားနာရခြင်းကြောင့် အရည်းကြီးအယူကို စွန့်ခဲ့သည်။ ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ပြီးလျှင် သာသနာပြုခဲ့သည်။

ခရစ်ယာန်ဘာသာဝင်များအဖို့ သမ္မာကျမ်းစာသည် အထွတ်အမြတ်ဖြစ်သည်။
အစ္စလာမ်ဘာသာဝင်များအဖို့ ကိုရန်ကျမ်းစာသည် အထွတ်အမြတ်ဖြစ်သည်။
ဟိန္ဒူများအဖို့ ဝေဒကျမ်းများသည် အထွတ်အမြတ်ဖြစ်သည်။
ထို့အတူ ဗုဒ္ဓဘာသာဝင်များအဖို့ ဓမ္မပဒသည် အထွတ်အမြတ်ဖြစ်သည်။

ထို့ကြောင့် ဓမ္မပဒပါဠိတော်ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ သီဟိုဠ် (သီရိလင်္ကာ)ဘာသာ၊ ဟိန္ဒီဘာသာ၊ လက်တင်ဘာသာ၊ အီတလီဘာသာ စသည်တို့ဖြင့် ပြန်ဆိုကြသည်။

အီတာလျံလူမျိုး သိပ္ပံပညာရှင် ဆာဗာတိုရေစီအိုဖီ(၁၈၉၇-၁၉၆၆) သည် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားသော ဓမ္မပဒစာအုပ်ကို ဖတ်မိခဲ့သည်။ ဓမ္မပဒတွင် ပါရှိသော-
စိတ်သည် ရုပ်တရား၊ နာမ်တရားတို့၏ ရှေ့ဆောင်ကြီးမှူး ဖန်တီးသူ ဖြစ်သည်။
အကြင်သူသည် မကောင်းယုတ်မာသောစိတ်ဖြင့် ပြောသော်၎င်း၊ ပြုသော်၎င်း၊ လှည်းဘီးသည် နွားခြေရာနောက်သို့ လိုက်သကဲ့သို့ ဆင်းရဲခြင်းသည် ထိုသူ၏နောက်သို့ ထက်ကြပ်မကွာ လိုက်လေ၏-ဟူသော အပိုဒ်ကို ဖတ်ရှုမိသည်။ ထိုသို့ ဖတ်ရှုမိရာမှ ဗုဒ္ဓအယူဝါဒကို စိတ်ဝင်စားကာ နှစ်သက်ယုံကြည်လာခဲ့သည်။ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် ဗုဒ္ဓဘာသာရဟန်းတော် ဖြစ်လာခဲ့သည်။ အီတာလျံ ဘုန်းတော်ကြီး ဦးလောကနာထအမည်ဖြင့် ထင်ရှားခဲ့သည်။ ကမ္ဘာတွင် ဗုဒ္ဓအယူဝါဒ ပြန့်ပွားရေးကို တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ဦးလောကနာထက ကျွန်ုပ်သည် ထိုဓမ္မပဒစာအုပ်ကို ၁၉၂၂-ခုနှစ်တွင် စတင်ဖတ်ရှုမိသည်။ ပထမဆုံး ဖတ်ရှုမိခြင်းဖြစ်သော်လည်း ကျွန်ုပ်၏စိတ်၌ အသစ်အဆန်းဟု မထင်မိ၊ နှစ်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာက ရင်းနှီးမှုရှိခဲ့၍ ကွဲကွာနေခဲ့သော အဆွေခင်ပွန်းလို ဖြစ်သည့် စာအုပ်ဟောင်းကို ပြန်လည်ဖတ်ရှုရသည်ဟု ခံစားနေမိသည်။ ကျွန်ုပ်အဖို့ ထိုစာအုပ်ကို ဖတ်ရသည်မှာ အရသာအရှိဆုံး ဖြစ်နေပေသည်-ဟူ၍ ဆိုခဲ့ပေသည်။

အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင် ချားလ်(စ်)ဟင်နရီ အယ်လင်ဘင်းနက် (၁၈၇၂-၁၉၂၃) သည်လည်း ဗုဒ္ဓအယူဝါဒကို နှစ်သက်ယုံကြည်၍ ရဟန်းပြုခဲ့သည်။ အင်္ဂလိပ်ဘုန်းတော်ကြီး အရှင်အာနန္ဒာမေတ္တေယျ အမည်ဖြင့် ထင်ရှားခဲ့သည်။ သာသနာပြုခဲ့သည်။ အရှင်အာနန္ဒာမေတ္တေယျသည် ဤဓမ္မပဒကို အလွန်မြတ်နိုးသည်။ သူသည် -
မကောင်းမှုဟူသမျှ မပြုရာ၊
ကုသိုလ်ကောင်းမှုနှင့် ပြည့်စုံစေရာ၏၊
မိမိ၏ စိတ်ကို ဖြူစင်စေရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတည်း-
ဟူသော ဓမ္မပဒလာ ဗုဒ္ဓ၏အဆုံးအမကို ဦးထိပ်ထားသည်။ ထိုအဆုံးအမသည် လူသားတို့အတွက်
ကျင့်စဉ်အချုပ်ဟု ခံယူသည်။

သူရေးသားခဲ့သော စာတမ်းတစောင်တွင် -ထိုအဆုံးအမအတိုင်း လူသားတို့သည် ပြုကျင့်သင့်သည်။ မကောင်းမှုကို မပြုရာဆိုရာ၌ ငါးပါးသီလဖြစ်သော သူ့အသက် မသတ်ခြင်း၊ သူ့ဥစ္စာ မခိုးခြင်း၊ သူ့သားမယား မပြစ်မှားခြင်း၊ မုသားစကား မပြောခြင်း၊ သေရည်သေရက် မသောက်ခြင်း တို့ဖြစ်သည်။ ဤငါးချက်တို့သည် ရှောင်ရန်ဖြစ်သည်။
ကုသိုလ်ကောင်းမှုနှင့် ပြည့်စုံရမည်ဆိုရာ၌ ပေးကမ်းစွန့်ကြဲခြင်းနှင့် သတ္တ၀ါများအပေါ် မေတ္တာထားခြင်းတို့ ဖြစ်သည်။ ဤအချက်နှစ်ချက်သည် ဆောင်ရန်ဖြစ်သည်။
စိတ်ကိုဖြူစင်စေရန်အတွက်မူ ဗုဒ္ဓနည်းအတိုင်း ကမ္မဋ္ဌာန်းဘာဝနာ ပွားများခြင်းပင် ဖြစ်ပေသည်-ဟူ၍ ဖော်ပြ ဖားပေသည်။

ဤသို့လျှင် ဓမ္မပဒသည် လူမျိုး ဘာသာ မရွေး အလင်းရောင်ပေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဓမ္မပဒကို တန်ဖိုးမဖြတ်နိုင်သော စာမြတ်စာမွန်အဖြစ် ခံယူသင့်သည်။ ဓမ္မပဒကို လက်စွဲပြုလျက် ဆင်ခြင်၊ စဉ်းစား၊ သုံးသပ်၊ ကျင့်ကြံအားထုတ်ကာ ဘ၀ခရီးကို ရဲဝံ့စွာ လျှောက်လှမ်းသင့်ကြပေသည်။

Read more...

လမ်း


ဘုရားရှင်ကျင့်ခဲ့တဲ့ (အလယ်အလတ်လမ်းစဉ်) မဇ္ဈိမပဋိပဒါကျင့်စဉ်မှာ
အချက် (၈) ချက်ရှိတယ်။
ဒါကို အင်္ဂလိပ်လို Noble Eightfold Path, Middle Way စသဖြင့်
အဆင်ပြေသလို ပြန်ဆိုကြတယ်။

(၁) သမ္မာဒိဋ္ဌိ
ဒီသမ္မဒိဋ္ဌိကို အင်္ဂလိပ်လို
Right View, Right Understanding စသဖြင့် ပြန်ဆိုကြတယ်။
မြန်မာလိုတော့ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ နားလည်မှုပေါ့။

နိဗ္ဗာန်သို့ ချီတက်သူ နိဗ္ဗာန်သို့လျှောက်လှမ်းသူတစ်ယောက်အနေနဲ့
ပထမဦးဆုံးမှန်ကန်တဲ့အမြင် (သမ္မာဒိဋ္ဌိ) (ခြေလှမ်း) ရှိကို ရှိရပါမယ်။

မှန်ကန်တဲ့အမြင်ရှိဘို့အတွက်
အမြင်မှန်ဘို့လိုအပ်တယ်။
အမြင်မှန်ဘို့အတွက် မှန်ကန်တဲ့နားလည်မှု ရှိဘို့လိုပါတယ်။
မှန်မှန်ကန်ကန်နားလည်ဘို့ဆိုတာ
ကိုယ့်ကိုယ်ကို နားလည်တာကို ပြောတာပါဘဲ။

Right Understanding is the understanding of oneself as one really is.

ကိုယ့်ကိုယ်ကို နားလည်တာဆိုတာ
ကိုယ့်မှာရှိနေတဲ့ သိအပ်တဲ့ရုပ်နဲ့ သိတတ်တဲ့စိတ်ကို
ပိုင်းပိုင်းခြားခြား တိတိပပ သိတာကို ပြောတာပါ။

ဒါကို စာပေစကားမှာတော့
နာမ်ရုပ်တို့ကို ပိုင်းခြား၍ သိတတ်သော(နာမရူပပရိစ္ဆေဒ) ဥာဏ်တဲ့။
ဒီမှန်ကန်တဲ့အမြင် မှန်ကန်တဲ့နားလည်မှုဟာ
မဇ္ဈိပဋိပဒါလမ်းစဉ်မှာ အဓိကသော့ချက်ပဲ။
The key-note of Buddhism is this right understanding.

(၂) သမ္မာသင်္ကပ္ပ
မှန်မှန်ကန်ကန်မြင်တတ်တဲ့ မှန်မှန်ကန်ကန်နားလည်မှုရှိတဲ့သူသာ
မှန်ကန်တဲ့အတွေးရှိမှာပါ။
မှန်ကန်တဲ့အတွေးကို ပါဠိလို သမ္မာသင်္ကပ္ပတဲ့။
အင်္ဂလိပ်လိုတော့
Right Resolutions, Right Aspirations, Right Ideas စသဖြင့်
အမျိုးမျိုးပြန်ဆိုကြတယ်။

ပါဠိ၊ အင်္ဂလိပ်တတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါးက
မှန်ကန်တဲ့အတွေးဆိုတော့ Right Thoughts လို့ဘာသာပြန်သင့်တယ်တဲ့။

(၃) သမ္မာဝါစာ
မှန်ကန်တဲ့အတွေးအခေါ်ရှိတဲ့သူသာ မှန်ကန်တဲ့စကားကို ပြောမှာ။
မှန်ကန်တဲ့စကားကို ပါဠိလို သမ္မာဝါစာတဲ့။

နိဗ္ဗာန်ကို တက်လှမ်းလိုသူအဖို့
သမ္မာဝါစာ - မှန်ကန်တဲ့စကားကိုသာ ပြောဆိုသင့်ပါတယ်။
မုသာဝါဒ - လိမ်လည်လှည့်ဖြား မပြောကြားသင့်ပါဘူး။
ဒါ့အပြင် ဂုံးချော ဂုံးတိုက်တဲ့စကား၊ ကြမ်းတမ်းတဲ့စကား၊
အရည်မရ အဖတ်မရတဲ့စကားတွေကိုလဲ ရှောင်ကြဉ်ရမှာပါ။
သမ္မာဝါစာ - မှန်ကန်တဲ့စကားဆိုလို့
ကိုယ်ပြောတဲ့စကား မှန်ကန်နေရုံနဲ့ မလုံလောက်ပါဘူး။
နားဝင်ချိုနေရုံနဲ့ မလုံလောက်ပါဘူး။
သာယာနာပျော်ဖွယ်ကောင်းနေရုံနဲ့ မလုံလောက်ပါဘူး။
ကိုယ်ပြောလိုက်တဲ့စကားဟာ သူတစ်ပါးအတွက်
အသုံးတည့်ရပါမယ်၊ အကျိုးဖြစ်ထွန်းစေရပါမယ်။ အကျိုးရှိရပါမယ်။

What one utters is not only true, sweet and pleasant
but also useful, fruitful and beneficial.

(၄) သမ္မာကမ္မန္တ
အပြောမှန်တာနဲ့ အလုပ်မှန်တာ ခွဲခြားလို့ မရပါဘူး။
ဘာ့ကြောင့်လဲဆိုရင် အပြောမှန်တဲ့သူသာ အလုပ်မှန်တတ်လို့ပါဘဲ။
အလုပ်မှန်တာကို ပါဠိလို သမ္မာကမ္မန္တလို့ခေါ်တယ်။
အင်္ဂလိပ်လို Right Action ပေါ့။
အလုပ်မှန်တဲ့ အမှန်လုပ်တဲ့ ဒီ Right Action ဆိုတာ
တခြားထွေထွေထူးထူးမဟုတ်ပါဘူး။

မိုက်မဲမှု(မောဟ) ကြောင့် လောဘစိတ်၊ ဒေါသစိတ်တွေအခြေခံပြီး
သူ့တပါးအသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊
သူတပါးသားမယား ပြစ်မှားစော်ကားခြင်းတို့ကို မလွန်ကျူးဘူးဆိုရင်
Right Action ဖြစ်တော့တာပါဘဲ။
It deals with abstinence from killing, stealing and sexual misconduct.

(၅) သမ္မာအာဇီဝ
အတွေးအခေါ် မှန်၊ အပြောမှန်ပြီး အလုပ်မှန်တဲ့သူအတွက်
အကြံအဖန်စီးပွါးရေးလုပ်ငန်းကို လုံးဝ စိတ်မ၀င်စားတော့ပါဘူး။
မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းနဲ့ပဲ သူ့ဘ၀ရပ်တည်တော့မှာ အမှန်ပါ။
မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းကို သမ္မာအာဇီဝလို့ခေါ်တယ်။
အင်္ဂလိပ်လို Right Livelihood ပေါ့။

ဒါနဲ့စပ်လို့ ဗုဒ္ဓဘာသာစာပေထဲမှာ
မလုပ်ရမဲ့စီးပွါးရေးလုပ်ငန်း ငါးမျိုးကို ပြဆိုထားပါတယ်။
(က) လက်နက်ရောင်းဝယ်မှု (Traiding in arms)
(ခ) လူကုန်ကူးမှု (Traiding in human beings)
(ဂ) သားငါးမွေးမြူရေး (Traiding in flesh)
(ဃ) အရက်၊ မူးယဇ်ဆေးဝါး (Traiding in intoxicating drinks)
(င) အဆိပ် (Trading in poison)

(၆) သမ္မာဝါယာမ
သမ္မာဝါယာမဆိုတာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှု။
အင်္ဂလိပ်လိုတော့ Right Effort တဲ့။

နိဗ္ဗာန်သို့တက်လှမ်းလိုသူအတွက် နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်ဘို့ လိုအပ်ပါတယ်။
ဒီခေတ်မှာ ဟိုနည်း ဒီနည်းနဲ့ နည်းတွေက နည်းတာမဟုတ်ဘူး။
နည်းမှန်ဘို့ အင်မတန်အရေးကြီးတယ်။
နည်းမှန်မှ လမ်းမှန်မှာပါ။
နည်းမှားနေရင် လမ်းမှားနေမှာ ဖြစ်တဲ့အတွက်
လိုချင်တဲ့ လျှောက်လှမ်းနေတဲ့ပန်းတိုင်ကို ရောက်မှာ မဟုတ်တော့ဘူး။

ဗုဒ္ဓစာပေမှာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှုလေးမျိုးရှိတယ်။
(၁) ဖြစ်ပေါ်ပြီးတဲ့မကောင်းမှုအကုသိုလ်တွေကို ပယ်စွန့်နိုင်အောင် ကြိုးစားခြင်း၊
(၂) မဖြစ်သေးတဲ့ မကောင်းမှုအကုသိုလ်တွေကို မဖြစ်မိအောင် ကြိုးစားခြင်း
(၃) မဖြစ်ပြီးသေးကုသိုလ်ကောင်းမှုတွေကို ဖြစ်ပေါ်လာအောင် ကြိုးစားခြင်း၊
(၄) ဖြစ်ပြီးတဲ့ကုသိုလ်ကောင်းမှုတွေကို တိုးပွါးလာအောင် ကြိုးစားခြင်းဆိုပြီး
လေးမျိုးရှိပါတယ်။

မဇ္ဈိမပဋိပဒါ - အလယ်အလတ်လမ်းစဉ် ရှစ်ချက်ထဲမှာ
ဒီသမ္မာဝါယာမ (မှန်မှန်ကန်ကန်ကြိုးစားအားထုတ်မှု) ဟာ အင်မတန်အရေးကြီးပါတယ်။
သံသရာမှ ထွက်မြောက်ဘို့ နိဗ္ဗာန်ကို ရဘို့ ရောက်ဘို့အတွက်
ကိုယ့်အားကို အားကိုးပြီး ကိုယ်ကိုယ်တိုင် ကြိုးစားရမှာပါ။

ပေးကမ်းလှူဒါန်း၊ ဆုတောင်းနေရုံမျှနဲ့
နိဗ္ဗာန်ကို လုံးဝ မရောက်နိုင်ပါဘူးလို့ ဒီအချက်က ရည်ညွှန်းပါတယ်။

(၇) သမ္မာသတိ
မဇ္ဈိမပဋိပဒါ - အလယ်အလတ်လမ်းစဉ် ရှစ်ချက်ထဲမှာ
သမ္မာဝါယာမနဲ့ ကပ်လိုက်လာတာက သမ္မာသတိ (မှန်ကန်တဲ့သတိ) ပါ။
Right Mindfulness လို့ အင်္ဂလိပ်လို ဘာသာပြန်ကြတယ်။

ကိုယ် (body), ဝေဒနာ (feeling), စိတ် (thoughts), နဲ့ ဓမ္မ (mind-objects) လို့ခေါ်တဲ့ အာရုံလေးမျိုးအပေါ်မှာ မိမိရဲ့ သတိကို အမြဲမပြတ်တင်ထားတာကို (အမြဲသတိ ရှိနေခြင်းကို)
သမ္မာသတိ - မှန်ကန်သော သတိလို့ခေါ်ပါတယ်။

ကိုယ့်ကိုယ်ကို
လှတယ် တင့်တယ်တယ်လို့ မမှတ်ယူမိအောင်၊
ချမ်းသာတယ်လို့ မမှတ်ယူမိအောင်၊
မြဲတယ်လို့ မမှတ်ယူမိအောင်၊
အတ္တရှိတယ်လို့ မမှတ်ယူမိအောင်၊
အဆိုပါ အာရုံလေးမျိုးအပေါ်မှာ သတိအမြဲရှိနေရတာ။

Mindfulness on these four objects tend to eradicate the misconceptions
with regard to desirablity (subha), so-called happiness (sukha),
permanence (nicca) and an immortal soul (atta) respectively.

(၈) သမ္မာသမာဓိ
မှန်မှန်ကန်ကန်ကြိုးစားပြီး သတိရှိလာတဲ့သူအဖို့
မှန်ကန်တဲ့သမာဓိတရားရရှိလာမှာ မလွဲပါဘူး။
မှန်ကန်တဲ့သမာဓိကို သမ္မာသမာဓိလို့ခေါ်တယ်။ Right Concentration တဲ့။

သမာဓိရလာရင်တော့ ကိုယ့်ကိုယ်ကို အမှန်အတိုင်းသိမြင်လာမှာပါ။
ကိုယ်ကိုယ့်ကို အသုဘကောင်ကြီးဆိုတာ သဘောပေါက်လာမှာပါ။
သစ္စာလေးပါးကို တကယ်သိလိုသူ၊ နိဗ္ဗာန်ကို ရလိုသူ၊ မျက်မှောက်ပြုလိုသူ
မည်သူမဆို
မဇ္ဈိမပဋိပဒါကျင့်စဉ်ဖြစ်တဲ့ ဒီအချက် (၈) ချက်ကို ကျင့်ရမှာပါ။

Ref: The Buddha and His Teaching
ပုံ၊ Google

Read more...

ကံအပြား (၁၆)ပါး…

ကိစ္စအစွမ်းအားဖြင့် ကံ (၄) မျိုး
(၁) ဇနကကံ - ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ကိုယ်တိုင် ဖြစ်စေတတ်သော ကံ။
(၂) ဥပတ္ထမ္ဘကကံ - ဇနကကံကို အထောက်အပံ့ ပြုသောကံ။
(၃) ဥပပီဠကကံ - ဇနက ကံ၏ အကျိုးကို အားနည်းအောင် ဖိနှိပ်တတ်သော ကံ။
(၄) ဥပဃာတကကံ - ဇနကကံ အကျိုးပေးထားသော ၀ိပါက် နာမက္ခန္ဓာနှင့် ကဋတ္တာရုပ် အစဉ်ကို ဖြတ်တတ်သော ကံ။

အကျိုးပေးသော အလှည့်အကြိမ်အားဖြင့် ကံ(၄) မျိုး
(၁) ဂရုကကံ - စုတိပြီး အခြားမဲ့၌ အကျိုးပေးမြဲဖြစ်သော အလွန်အားကြီးသည့် ကံ။
(၂) အာသန္နကံ - စုတိခါနီး လောလောဆယ်၌ ပြုအပ်သော ကံ သို့မဟုတ် ရှေးကပြုခဲ့ပြီး၍ သေခါနီး၌ အောက်မေ့အပ်သော ကုသိုလ်၊ အကုသိုလ် ကံ။
(၃) အာစိဏ္ဏကံ - အမြဲမပြတ် လေ့လာပြုလုပ်အပ်သော ကုသိုလ်၊ အကုသိုလ်ကံ၊ တစ်ကြိမ် ပြုလုပ်ပြီးနောက် အမြဲမပြတ် ဆင်ခြင်အောက်မေ့အပ်သော ကံ။
(၄) ကဋတ္တာကံ - အထက်ပါ ကံသုံးပါးအဖြစ်သို့ မရောက်တတ်ဘဲ သာမန်ပြုလုပ်အပ်သော ကံ။

အကျိုးပေးရာ ကာလအားဖြင့် ကံ (၄) မျိုး
(၁) ဒိဋ္ဌဓမ္မဝေဒနိယကံ -
ယခုမျက်မှောက်မှာပင် အကျိုးပေးသော ပထမဇော စေတနာ ကံ။
(၂) ဥပပဇ္ဇဝေဒနိယကံ - ဒုတိယဘ၀၌ အကျိုးပေးသော သတ္တမဇော စေတနာ ကံ။
(၃) အပရာပရိယဝေဒနိယကံ - မျက်မှောက်ဘ၀နှင့် ဒုတိယဘ၀တို့မှ တစ်ပါး တတိယဘ၀မှ စ၍ အနာဂတ် နိဗ္ဗာန် ရသည့် ဘ၀တိုင်အောင် အကျိုးပေးတတ်သော အလယ်ဇော ငါးချက် စေတနာ ကံ။
(၄) အဟောသိကံ - အထက်ပါ သက်ဆိုင်ရာ ကာလများတွင် အကျိုးပေးရန် အခွင့်အခါ မရကြလျှင် ထိုကံတို့သည် ဟောသိကံ ဖြစ်သွားရသည်။

အကျိုးပေးရာ ဘုံဌာနအားဖြင့် ကံ (၄) မျိုး
(၁) အကုသိုလ်ကံ - အပါယ်လေးဘုံ၌ ပဋိသန္ဓေနှင့် ပ၀တ္တိအကျိုးတို့ကို ပေးသော ကံ။
(၂) ကာမကုသိုလ်ကံ - ကာမသုဂတိ ၇-ဘုံ၌ ပဋိသန္ဓေနှင့် ပ၀တ္တိအကျိုးတို့ကို ပေးသော ကံ။
(၃) ရူပါဝစရကုသိုလ်ကံ - ရူပဗြဟ္မာ ၁၆-ဘုံ၌ ပဋိသန္ဓေနှင့် ပ၀တ္တိအကျိုးတို့ကို ပေးသော ကံ။
(၄) အရူပါဝစရကုသိုလ်ကံ - အရူပဗြဟ္မာ ၄-ဘုံ၌ ပဋိသန္ဓေနှင့် ပ၀တ္တိအကျိုးတို့ကို ပေးသော ကံ။

Read more...

လှည့်ကွက်


(၁)

ဇင်းဘုန်းကြီး ဘန်ကိုင်ရဲ့ ဟောကြားချက်တွေက လူအများကို စိတ်ဝင်စားစေတယ်။ သူ့ဟောပြောပွဲတွေကို ဇင်းကျောင်းသားတပည့်တွေသာမက ဂိုဏ်းအသီးသီး၊ လူတန်းစားအသီးသီးက လူတွေကလည်း စိတ်ဝင်တစား တက်ရောက်နာယူကြတယ်။ ဘန်ကိုင်က သူ့ဟောပြောချက်တွေထဲမှာ သုတ္တန်အကိုးအကားတွေ မသုံးဘူး။ ပညာရှင်ဆန်တဲ့လေ့လာချက်တွေလည်း မပါစေရဘူး။ နားထောင်သူတွေရဲ့ နှလုံးသားကို သူ့နှလုံးသားက ပြောတဲ့အသံတွေနဲ့ပဲ ပြောပါတယ်။ (သူ့နှလုံးသားမှာ ခံစားရတဲ့အတိုင်းပဲ နားထောင်သူတွေရဲ့ နှလုံးသားကို ခံစားရအောင် လုပ်ပါတယ်။)

သူ့တရားနာယူတဲ့ ပရိသတ်များက နိချိရန်ဂိုဏ်းဘုန်းကြီးကို မကျေနပ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိချိန်ရန်ဂိုဏ်းသားတွေက ဇင်းအကြောင်းတွေကို ထိန်ချန်ပြောဟောတတ်ကြလို့ပါပဲ။ တစ်နေ့တော့ တစ်ကိုယ်ကောင်းဆန်စိတ်ရှိတဲ့ နိချိရန်ဂိုဏ်းဘုန်းကြီးတစ်ပါးဟာ ဘန်ကိုင်ကို နှိပ်ကွပ်မယ်ဆိုပြီး ဘန်ကိုင်ရှိရာကျောင်းတော်ကို ရောက်လာခဲ့တယ်။

အဲဒီအချိန်မှာ ဘန်ကိုင်က ပရိသတ်များကို တရားဟောနေချိန်ဖြစ်တယ်။ ရောက်တာနဲ့ “ဟေ့..ဇင်းဆရာကြီး…ခဏနေအုံး”လို့ အော်လိုက်တယ်။ ပြီးမှ “ခင်ဗျားကို လေးစားတဲ့သူတိုင်းက ခင်ဗျားပြောသမျှကို လိုက်နာကြလိမ့်မယ်၊ နာခံကြလိမ့်မယ်၊ ကျုပ်လိုလူကတော့ ခင်ဗျားကို မလေးစားဘူး၊ ခင်ဗျားပြောတာတွေကိုလည်း လိုက်နာမှာ မဟုတ်ဘူး၊ ခင်ဗျား ကျုပ်ကို ခင်ဗျားပြောသမျှ နာခံတဲ့သူဖြစ်အောင် လုပ်နိုင်သလား”လို့ မေးလိုက်ပါတယ်။

ဒီတော့ ဘန်ကိုင်က “ဆရာကြီး…နိချိရန်ဂိုဏ်းက ဆရာကြီး..ကျုပ်ဘေးမှာ လာပြောပါ၊ ကျုပ် လုပ်ပြပါ့မယ်”ဟု ပြောလိုက်တယ်။ နိချိရန်ဂိုဏ်းဘုန်းကြီးလည်း ခပ်ကြွကြွဖြစ်သွားပြီး ပရိသတ်ထဲကနေ ဘန်ကိုင်ဆီကို တိုးထွက်လာခဲ့ပါတယ်။ ဒါကို ဘန်ကိုင်က ကြည့်ပြီး ပြုံးလိုက်တယ်။ “နိချိရန်ဂိုဏ်းက ဆရာကြီး ကျုပ်ရဲ့ ဘယ်ဘက်ဘေးမှာ လာထိုင်ပါလား”လို့ ပြောလိုက်တော့ သူ့ဘေးကို ရောက်လာတယ်။ ပြီးမှ ဘန်ကိုင်က “ဟာ မဟုတ်သေးပါဘူး၊ ဂိုဏ်းဆရာကြီးက ကျုပ်ညာဘက်ဘေးမှာ ထိုင်မှ စကားပြောလို့ ကောင်းမှာပေါ့၊ ညာဘက်ကို လာလိုက်ပါ”လို့ ဆိုလိုက်တယ်။ နိချိရန်ဂိုဏ်းဆရာကြီးလည်း ညာဘက်ကို ရွှေ့လိုက်တယ်။ ဒီတော့မှ ဘန်ကိုင်က “ကဲ … ကြည့်လေ၊ ခင်ဗျား ကျုပ်ခိုင်းသမျှကို လိုက်နာနေပြီ၊ ခင်ဗျားဟာ တော်တော်သိမ်မွေ့တဲ့သူတစ်ယောက်ပါ၊ (လူတော်လေးပါ)။ ကဲ… ထိုင်ပြီး ကျုပ်ပြောတာ နားထောင်တော့”လို့ ဆိုလိုက်ပါတော့တယ်။

(၂)

“လှည့်ကွက်”လို့ ခေါင်းစဉ်ပေးထားတဲ့ ဇင်းစတိုရီလေး ရေးထားပြီး ဖတ်ကြည့်နေတယ်။ အနားရောက်လာတဲ့ သူငယ်ချင်းက “ဘာရေးနေတာလဲ၊ ပြစမ်းပါ”ဆိုပြီး ပြောပြောဆိုဆို ၀င်ဖတ်နေတယ်။ ဖတ်ပြီးတော့ သူက ရယ်တယ်။ “ဘာဖြစ်လို့ ရယ်တာလဲ”ဆိုတော့ “ရယ်စရာမို့ ရယ်တာပေါ့၊ ဟို နိချိရန်ဂိုဏ်းဘုန်းကြီးလေ…ငါ သူ့ဟန်အမူအရာကို မျက်စိထဲ မြင်နေတယ်၊ ပုံစံက မြောက်ကြွမြောက်ကြွနဲ့၊ တစ်ဖက်သားကို ပရိသတ်ရှေ့မှာ နှိပ်ကွပ်မယ်ဆိုတဲ့ ဂိုက်မျိုး၊ နောက်ဆုံးတော့ လူကြားထဲမှာ အရှက်ကို ကွဲရော”လို့ ပြောပြီး ဆက်ရယ်နေပါတယ်။

(၃)

သူနဲ့ စကားပြောပြီးတော့ ဘန်ကိုင်ရဲ့ လှည့်ကွက်အောက်မှာ အရှက်ကွဲနေတဲ့ နိချိရန်ဘုန်းကြီးကို မြင်ယောင်လာတယ်။ ဇာတ်လမ်းလေးက ဘန်ကိုင်ပြောပြီးတာနဲ့ ရပ်ထားတယ်။ နိချိရန်ဘုန်းကြီးက ဘာတွေ ပြန်ပြောတယ်၊ ပရိသတ်ထဲမှာ ဘယ်လိုတွေ ထပ်ဖြစ်တယ်ဆိုတာ မပါတော့ဘူး။

လောကမှာ တစ်ခါတစ်ရံ ကြုံရတတ်ပါတယ်။ တစ်ဖက်သားကို နှိပ်ကွပ်မယ်၊ ဆုံးမမယ်ဆိုပြီးမှ ကိုယ့်ကို ပြန်နှိပ်ကွပ်ခံလိုက်ရတာလေ။ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်အမြင်၊ အတွေး၊ စိတ်ကူး၊ အိပ်မက်တွေ ကိုယ်စီရှိနေကြတာပဲ။ ကိုယ့်ကောင်းကင်အောက်မှာတော့ ကိုယ်ဟာ အရှင်သခင်ပါပဲ။ သူများကောင်းကင်အောက်မှာ ၀င်ရောက်ခြယ်လှယ်ချင်နေရင် တစ်နည်းနည်းနဲ့ ကိုယ့်အပေါ် ပြန်ပက်လာမယ့် မိုးရေတွေနဲ့ စိုရွှဲသွားနိုင်ပါတယ်။ တိုက်ပွဲတစ်ခုအတွက် စစ်မြေပြင်ကလည်း အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်တယ်။ ဘယ်လောက်ပဲ တိုက်ရည်ခိုက်ရည် ကြွယ်ဝတယ်ပြောပြော ကိုယ်မကျွမ်းတဲ့မြေမှာ တိုက်ပွဲက အောင်မြင်ဖို့ မလွယ်ပါဘူး။

(၄)

အတွေးလေးတွေ အမျှင်တန်းနေဆဲမှာ အနားကတစ်ယောက်က ထပြောတယ်။ “ငါ ဒီဇာတ်လမ်းလေးဖတ်လိုက်တော့ မဟော်သဓာနဲ့ ကေ၀ဋ်ပုဏ္ဏားကြီးတို့ အဖြစ်အပျက်ကို သတိရမိတယ်။ တကယ်တော့ လောက၀တ်စကားတွေနဲ့ ဘန်ကိုင်က နိချိရန်ဘုန်းကြီးကို လှည့်ကွက်ဆင်ပြီး အနိုင်ယူလိုက်တာပဲ။ ဘာပညာသားမှတော့ မပါပါဘူး။ ကိုယ့်အမြင်ပေါ့လေ။ မဟော်သဓာလည်း လူလည်ကျခဲ့တာပဲလေ။ ကေ၀ဋ်နဲ့ဆွေးနွေးမယ်ဆိုပြီး ကေ၀ဋ်ရှေ့မှာ အဖိုးတန်ပတ္တမြားကို လက်ထဲက လွတ်ကျသယောင် လွှတ်ချထားတယ်။ ဒါကို ကေ၀ဋ်က ကုန်းကောက်တယ်။ ကေ၀ဋ်ပုဏ္ဏား ကုန်းနေတဲ့ အချိန်မှာ မဟော်သဓာက ခေါင်းကို အတင်းနှိပ်ထားပြီး အနိုင်ယူလိုက်တယ်။ ကေ၀ဋ်က မဟော်သဓာရှေ့မှာ ဒူးလေးထောက်လို့ပေါ့။ ပရိသတ်ကြားထဲမှာဆိုတော့ ကေ၀ဋ်ပုဏ္ဏားကြီး မဟော်သဓာကို ဦးတိုက်နေပြီပေါ့။ အခုလည်း ဒီလိုပဲ၊ ဘာပညာမှ မဆွေးနွေးရသေးဘူး၊ လောက၀တ်စကားတွေနဲ့ ဘန်ကိုင်က အနိုင်ယူသွားတာပါပဲ”လို့ ပြောပါတယ်။

(၅)

တကယ်တော့ သေသေချာချာ သုံးသပ်ကြည့်မယ်ဆိုရင် “လှည့်ပတ်ခြင်းနဲ့ လှည့်ပတ်ခံရခြင်း”နှစ်မျိုးလုံးကို စဉ်းစားကြည့်။ နှစ်ဘက်စလုံးမှာ အားနည်းချက်တွေ ရှိနေတာပဲ။ ဥပမာ အခု ဘန်ကိုင်က လှည့်ကွက်လေး အသုံးချပြီး အနိုင်ယူတယ်။ နိချိရန်ဂိုဏ်းဘုန်းကြီး အလှည့်ခံလိုက်ရတယ်။ ဒါပေမယ့် အလှည့်ခံလိုက်ရတဲ့ နိချိရန်ဂိုဏ်းဘုန်းကြီးကလည်း မရိုးသားဘူးလေ။ သူ့ဟာသူ သူ့လမ်းကြောင်းသူ သွားနေတဲ့ ဘန်ကိုင်ကို နှိပ်ကွပ်ချင်စိတ်က ဖြစ်နေတာကိုး။ နောက်ပြီး မဟောသဓာနဲ့ ကေ၀ဋ်ပုဏ္ဏားတို့လည်း ဘာထူးမှာလဲ။ မဟောသဓာက လှည့်ကွက်ကို အသုံးပြုပြီး ကေ၀ဋ်ကို နှိပ်ကွပ်တယ်။ ကေ၀ဋ်မှာလည်း ပတ္တမြားမြင်တာနဲ့ ရွရွတက်လာတဲ့ လောဘရှိနေတယ်။ ဒါက အားနည်းချက်ပဲ။ ဒီတော့ “လှည့်ပတ်ခြင်းနဲ့ လှည့်ပတ်ခံရခြင်း”နှစ်ဘက်လုံးမှာ မရိုးသားမှုကိုယ်စီတော့ ရှိနေကြတယ်လို့ သုံးသပ်မိတယ်။

(၆)

ဟုတ်တယ်။ အဲဒီအကြောင်းတွေ ပြောတော့ ကိုယ်က မြန်မာနိုင်ငံက ဘိုးတော်လိမ်တွေနဲ့ ရွှေငွေစသည် အလိမ်ခံရတဲ့သူတွေကို သွားမြင်မိတယ်။ ဘိုးတော်ကလည်း လိမ်တာပဲ။ ဒါပေမယ့် တစ်ဖက် အလိမ်ခံရသူဘက်မှာ စဉ်းစားဆင်ခြင်သုံးသပ်နိုင်စွမ်း ညံ့ဖျင်းသွားလောက်အောင် လောဘတက်နေတာကလည်း အားနည်းချက်တစ်ခုပဲလေ။

(၇)

ဘာပဲဖြစ်ဖြစ် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ လောကမှာ လှည့်ကွက်ဆိုတာတွေကတော့ ရှိနေအုံးမှာပါပဲ။ ကိုယ့်အနေနဲ့ လှည့်ကွက်တွေကို သတိထားဖို့ပဲ လိုတာပေါ့။ တတ်နိုင်ရင်တော့ ကိုယ်တိုင်ကလည်း သူများကို လှည့်ကွက်အသုံးပြုပြီး အနိုင်မယူသင့်ပါဘူး။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြဖို့ကတော့ မတော်လောဘနဲ့ အချင်းချင်း နားလည်မှုလေးတွေ ရှိဖို့က အရေးအကြီးဆုံး ဖြစ်နေပါလိမ့်မယ်။ ဒါကလည်း ကိုယ့်တို့ရဲ့ စိတ်လေးကို မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားလေးအပေါ်မှာ တည်နေစေမှလည်း ဖြစ်နိုင်မှာပေါ့လေ။

Read more...

မြင့်မြတ်တဲ့ နေရာ ရောက်ရင် မြင့်မြတ်တဲ့ စိတ်ထားတတ်ရမယ်


ကျမတို့ငယ်ငယ်ထဲက ကိုးကွယ်တဲ့ဘုန်းကြီးတပါးရှိပါတယ်။ အဲဒီဘုန်းကြီးကို အိမ်မှာ ဆွမ်းပင့်ကျွေးတိုင်း မှတ်သားစရာ စကားလေးတွေ ပြောလေ့ရှိတယ်။ တရားဟောသလို ရှည်ရှည်ဝေးဝေး ငြီးငွေ့ဖွယ်မဟုတ်ဘဲ ပုံပြင်ပြောသလိုပြောတတ်လို့ ကျမတို့ငယ်ငယ်ထဲက နားထောင်ပြီး စိတ်ထဲ စွဲနေအောင်မှတ်မိနေခဲ့တယ်။
အခုဘုန်းကြီးပြောတဲ့ ပုံပြင်ကတော့ ကျမကို ခဏခဏပြောလေ့ရှိတဲ့ ပုံပြင်ပါပဲ။ ကျမက စာရေးဝါသနာပါသူမို့ သူ့ပုံပြင်ကို ရေးစေချင်လို့ ခဏခဏ ပြောတာပါ။ သူဘယ်လောက်ပြောပြော ကျမကလဲ မရေးဖြစ်ပါဘူး။ ဒါပေမဲ့ ဒိုင်ယာရီထဲမှာတော့ တေးမှတ်ထားတယ်။ ကျမ ၈ တန်းနှစ်လောက်ထဲက ပြောခဲ့တာ ခုချိန်ထိပါပဲ။ ရေးပြီးပလား မေးတိုင်း ကျမက ရယ်ကျဲကျဲနဲ့ မရေးရသေးပါဘူးဘုရားလို့ ပဲ ပြန်လျှောက်ခဲ့ရတယ်။ အခုတော့ ကျမရေးပါပြီ။ ဒီပုံပြင်ကို သိတဲ့သူတွေလဲ သိမှာပါ …။ ဘာပဲဖြစ်ဖြစ် ... ဘုန်းကြီးကရေးဆိုလို့ ရေးလိုက်တယ်လို့သာ … မှတ်ယူကြပါတော့။
***
တခါတုန်းက မြို့ရွာနဲ့ မနီးမဝေး တောတွင်းတနေရာမှာ သစ်ခက်တဲလေးထိုးပြီး တရားအားထုတ်နေတဲ့ ရသေ့ကြီးတပါးရှိသတဲ့။ ဒီသစ်ခက်ကျောင်းသင်္ခမ်းလေးနားကို ခွေးပိန်မလေးတကောင်က လာပြီးတော့ ရသေ့ကြီးဆွမ်းစားပြီး ကျန်တဲ့ ဆွမ်းကျန်ဟင်းကျန်လေးတွေစားလေ့ရှိပါတယ်။ ဒီ ထမလေစား (ထမင်းလုံးအလေအလွင့်ကိုစားသော)ခွေးမလေးဟာ နေ့စဉ်နဲ့အမျှ ဆွမ်းကျန်လေးတွေ လာလာစားနေတာကြာလာတော့ ရသေ့ကြီးဟာ ခွေးမလေးကို သနားတဲ့အပြင် သံယောဇဉ်ဖြစ်လာပြီး … လူအဖြစ်ကို ဖန်ဆင်းပေးလိုက်သတဲ့။ (အဲဒီမှာ ရသေ့ကြီး စမှားတာပဲ)

ထမလေစား ခွေးမလေးဟာ အရှင်လတ်လတ် လူမိန်းကလေးဘ၀ကို ပြောင်းသွားတာပေါ့။ ရသေ့ကြီးဖန်ဆင်းထားတဲ့ မိန်းကလေးဆိုတော့လဲ ရုပ်ရည်ရူပကာက လှတပတ ရှိပါသတဲ့။
ဒီလိုနဲ့ ခွေးမလေး တဖြစ်လဲ မိန်းကလေးဟာ ရသေ့ကြီးရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးရင်း တောထဲမှာ နေလာလိုက်တာ တနေ့တော့ … တောကစားထွက်လာတဲ့ ဘုရင်ကြီးတပါးက တွေ့သွားပါလေရော။
ဒီမိန်းကလေးကိုတွေ့သွားတဲ့ ဘုရင်ကြီးဟာ ထုံးစံအတိုင်း နှစ်သက်သဘောကျတော်မူတာပေါ့။ သူတို့နှစ်သက်ပြီဆိုမှဖြင့် ပိုင်ရှင်ရှိမရှိမေးမြန်းပြီး (မေးလို့တော်သေးတာပေါ့) ဖခင်ဖြစ်သူ ရသေ့ကြီးထံမှာ တောင်းရမ်းပါတော့တယ်။

ဘုရင်မင်းမြတ်ကိုယ်တိုင်က တော်ကောက်တာဆိုတော့ ရသေ့ကြီးကလဲ ရုတ်တရက် ဒီမိန်းကလေးဟာ ခွေးမလေးပါ လို့ ပြောမထွက်ဘူးပေါ့။ ဒါပေမဲ့ … အခုလို မင်းကြီးကို လျှောက်တင်မှာကြားပါတယ်။
“မြတ်သောမင်းကြီး … အကျွန်ုပ်၏ သမီးဖြစ်သူ ဒီမိန်းကလေးဟာဖြင့် တောတွင်းသူ အရိုင်းအစိုင်းကလေး ဖြစ်ပါတယ်၊ ဒါကြောင့် အရှင်မင်းကြီးတို့ နန်းတွင်းရောက်တဲ့အခါ တစုံတရာ အပြစ်ကျူးလွန်မိခဲ့ပါလျှင် သနားသောအားဖြင့် အပြစ်မှ ခွင့်လွှတ်တော်မူပါ”
ဘုရင်ကြီးကလဲ နောင်ခါလာနောင်ခါဈေး … အခုလောလောဆယ် ဒီမိန်းကလေးကို ရရင်ပြီးရောဆိုပြီး ခွင့်လွှတ်မှာဖြစ်ကြောင်း ပြောပြီး ခွေးမိန်းကလေးကို ခေါ်သွားပါလေရော။

ရသေ့ကြီးက ဘုရင်ကြီးကိုမှာကြားပြီးတဲ့နောက် ခွေးမိန်းကလေးကို …
“ချစ်သမီး …မြင့်မြတ်တဲ့နေရာရောက်ရင် … မြင့်မြတ်တဲ့စိတ်မွေးပါ …” ဆိုပြီး မှာကြားရပြန်ပါတယ်။
ခွေးမိန်းကလေးကလဲ ကောင်းပါပြီ အဘရသေ့ကြီး ဆိုပြီး ဘုရင်ကြီးခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားပါသတဲ့။
***
နန်းတော်ထဲရောက်သွားတဲ့ ခွေးမိန်းကလေးဟာ အရာရာအထူးအဆန်းတွေချည်းမို့ အံ့ဘနန်းဖြစ်နေတာပေါ့။ ဘုရင်ကြီးကလဲ သူ့ကို သင်ကြားစရာရှိတာသင်ကြားစေပြီးနောက် အခမ်းအနားနဲ့ မိဖုရားမြှောက်လိုက်သတဲ့။ ကုသိုလ်ကံများ အကျိုးပေးချင်တော့ နေရင်းထိုင်ရင်း ခွေးမိဖုရားကြီးဖြစ်သွားတာပေါ့။
ခွေးမိဖုရားကြီးဟာ နန်းတော်ထဲမှာ နေရထိုင်ရ အားလုံးအဆင်ပြေပေမဲ့ တစုံတခုကြောင့် စိတ်ထဲ နေမထိ ထိုင်မထိဖြစ်နေပါတယ်။

ဘာလဲဆိုတော့ သူဟာ ခွေးဘ၀ကလာသူဖြစ်တဲ့အတွက် နန်းတော်ထဲမှာ ချွတ်ထားတဲ့ ခြေနင်း ဖိနပ်တွေကို မြင်တဲ့အခါ ဒီဖိနပ်တွေရဲ့ သားရေနံ့က သူ့ကို ဆွဲဆောင်နေပြီး ဖိနပ်သားရေတွေကို ကိုက်ချင်စိတ်ကို မနည်းအောင့်အီးထားရလို့ပါပဲ။
ဒီလိုနဲ့ လူခြေတိတ်တဲ့ ညရောက်တော့ … သူ့စိတ်ကို မထိမ်းနိုင်တော့တာနဲ့ ခြေနင်းဖိနပ်တွေ ချွတ်ထားတဲ့ နေရာကို အမြန်သွားပြီး အာသာပြေအောင် ဖိနပ်တွေတရံပြီးတရံ ကိုက်ဝါးပါလေရော။

မနက်မိုးလင်းတော့ ဖိနပ်မြီးတိုတွေ မြင်တဲ့အခါ နန်းတော်ထဲမှာ ကြွက်စီကြွက်စီနဲ့ပေါ့။ ဘယ်ကခွေးလေခွေလွင့်က ၀င်ပြီး ငါတို့ဖိနပ်တွေ ကိုက်သွားသလဲ ဆိုပြီး နန်းတော်တခုလုံး အုံးအုံးကျက်ကျက်နဲ့ ဖြစ်နေတယ်။ နန်းတော်ထဲ ရှိသမျှ ခွေးလေခွေးလွင့်တွေ ဖယ်ရှားပစ်ပေမဲ့ နောက်တညမှာလဲ ဖိနပ်တွေ ကိုက်ခံရပြန်တာပဲ။ ဒီတော့ မဖြစ်ချေဘူး … မှူးကြီးမတ်ရာတွေက ဖိနပ်စားတဲ့ ခွေးကို ညဘက် စောင့်ဖမ်းဖို့ စီစဉ်ကြသတဲ့။

ဒါကိုသိတဲ့ ခွေးမိဖုရားကြီးဟာ ဖိနပ်မစားမိအောင် စိတ်ထိန်းတာပါပဲ။ ဒါပေမဲ့ ဗီဇဆိုတာ တော်ရုံနဲ့ ဖျောက်လို့ရတာမှ မဟုတ်ဘဲ။ ဆန္ဒ ဆိုတာလဲ ထိမ်းချုပ်ဖို့ ခက်သားလား။ ညရောက်တော့ သူ့စိတ်ကို သူ မလွန်ဆန်နိုင်ပြန်ဘူး။ သွားရေတမြားမြား ပါးစပ်တပြင်ပြင်နဲ့ ဖိနပ်တွေဆီ ရောက်သွားပြန်တာပဲ။

ခွေးအလာကိုသာ စောင့်နေတဲ့ မှူးမတ်တွေဟာ ခွေးမိဖုရားကြီးကိုတော့ ဘယ်သတိထားမိမှာတုန်း။ ဒီလိုနဲ့ နောက်တည ဖိနပ်တွေကိုက်ခံလိုက်ရပြန်ပါရော။ ဒီလို ခဏခဏဖြစ်လာတော့ ဘုရင်ကြီးနားကို ဒီသတင်း ပေါက်ကြားသွားသတဲ့။ (ဘုရင်ဆိုတာ တခုခုဆိုရင်နောက်ဆုံးမှသိရတာ)

ဘုရင်ကြီးက ဖိနပ်ကိုက်သောခွေးနှိမ်နင်းရေးကော်မတီ ဖွဲ့စည်းစေပြီး ဒီခွေးကို မိအောင်ဖမ်းနိုင်ရင်ဖမ်း … မဖမ်းနိုင်ရင် မင်းတို့ကို ပြစ်ဒဏ်ပေးမယ် လို့ အမိန့်ချမှတ်လိုက်တယ်။ (ခွေးတကောင်ကြောင့် ဒုက္ခရောက်ကြရတာလေ)
နန်းတော်ထဲမှာ ခွေးနှိမ်နင်းရေးကော်မတီက နေ့ဆိုင်းညဆိုင်းနဲ့ ချောင်းဖမ်းဖို့ ကင်းစောင့်ကြတယ်။
သန်းခေါင်ကျော်လောက်လဲကျရော …ခွေးမိဖုရားကြီးက ကုပ်ကုပ် ကုပ်ကုပ်နဲ့ ထွက်လာပြီး ဖိနပ်တွေ ကိုက်ဝါးနေတာကို ချောင်းနေတဲ့ မှူးမတ်တွေကတွေ့သွားတော့ … တယောက်မျက်နှာတယောက်ကြည့်ပြီး ခေါင်းယမ်းကြတယ်။
ဘယ်လိုလုပ်ရပါ့။ တကယ့်မီးခဲပဲ။ ဘုရင်ကြီးကို ဘယ်လိုလျှောက်တင်မလဲ။ ဖိနပ်တွေ ကိုက်နေတဲ့ခွေးကို မမိရင်လဲ ငါတို့မှာ ပြစ်ဒဏ် ခံရပေအုံးမည်။ ဖိနပ်စားတာ မိဖုရားကြီးပါလို့ ပြောရင်လဲ … ….
***
မနက်မိုးလင်းတော့ ညီလာခံမှာ ဘုရင်ကြီးက မေးပါတယ်။
ကဲ .. ဘယ်လိုလဲ … ဖိနပ်ကိုက်တဲ့ ခွေးကို မိပြီလား ပေါ့။ ခွေးမိဖုရားကလဲ နဘေးနားမှာ ခစားရင်း မှူးမတ်တွေ ဘယ်လိုများဖြေမလဲလို့ ရင်တထိတ်ထိတ်နဲ့ပေါ့။
မှူးမတ်တယောက်က ပြားပြားဝပ်ခစားနေရင်းက
“မှန်လှပါ … ဖိနပ်စားတဲ့ခွေးဟာ ကျွန်တော်မျိုးတို့ထက် ဘုန်းကံမြင့်မားတဲ့သူ ဖြစ်နေတာကြောင့် ကျွန်တော်မျိုးတို့တွေ့သော်လည်း ဖမ်းလို့ မမိပါဘုရား” လို့ လျှောက်တင်တော့ …
ဘုရင်ကြီးလဲ … ဒါဖြင့် ငါကိုယ်တော်မြတ်ကိုယ်တိုင် ဖမ်းမယ် လို့ မိန့်တော်မူလိုက်ပါသတဲ့။

အဲဒီညမှာတော့ ခွေးမိဖုရားကြီးဟာ ဘုရင်ကြီးနဲ့အတူ အိပ်ရာညောင်စောင်းထက်မှာ လဲလျောင်းနေရပေမဲ့ အိပ်မပျော်နိုင်ဘူးတဲ့။ ဒီညအဖို့ ဖိနပ်မစားဘဲနေရ ကောင်းမလားတော့တွေးမိပါရဲ့၊ သို့သော်လဲ ရသတဏှာရဲ့ အလိုကို မလွန်ဆန်နိုင်ပေဘူး။ ခဏနေတော့ ဘုရင်ကြီး အိပ်ပျော်သွားပြီ အထင်နဲ့ တိတ်တိတ်လေး အိပ်ရာကထပြီး ဖိနပ်တွေရှိရာဆီကို သွားတယ်။ တကယ်တော့ ဘုရင်ကြီးက အိပ်ချင်ယောင်ဆောင်နေတာပါ။ ခွေးမိဖုရားကြီး ထသွားတာနဲ့ သူက နောက်က အသာလေးလိုက်သွားပြီး ချောင်းကြည့်တဲ့အခါ … လားလား ..ခွေးမိဖုရားကြီးဟာ ဖိနပ်တွေကို အားရပါးရ ကိုက်ဝါးနေတာ မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။ ဒီမြင်ကွင်းကြောင့် အံ့အားသင့်ပြီး “ဟင်” ခနဲ အာမေဋိတ် ထွက်သွားတော့ ဘုရင်ကြီးလိုက်ချောင်းတာကို ခွေးမိဖုရားကြီးလဲ သိသွားတော့တာပေါ့။

ဒါပေမဲ့ ဘုရင်ကြီးဟာ အသာလေး လှည့်ထွက်ပြီး အိပ်ရာထဲပြန်သွားခွေနေပြီး သက်မကြီးတွေ တချချနဲ့ တညလုံး မအိပ်နိုင်တော့ဘူး။
ဒီမိန်းကလေးရဲ့ အကျင့်ဟာ ဆိုးလှချည့်။ ဒါကြောင့် ရသေ့ကြီးက ငါ့ကိုမှာတာ နေမှာ။ ဘယ်လိုလုပ်ရမလဲ … ဆက်ထားပြန်ရင်လဲ ရှိရှိသမျှ ဖိနပ်တွေ မြီးတိုတွေချည်းဖြစ်ကုန်မဲ့ အပြင် … အကြောင်းသိနေတဲ့ မှူးမတ်တွေရဲ့ ကဲ့ရဲ့စရာဖြစ်အုံးမယ်၊ ပြစ်ဒဏ်ပေးပြန်ရင်လဲ …. ရသေ့ကြီးကို ကတိဖျက်ရာကျမယ် … ။ စသဖြင့် တောင်တွေး မြောက်တွေး စိတ်မအေးနိုင်ဖြစ်နေတော့တယ်။

ခွေးမိဖုရားကြီးကလဲ သဘောပေါက်ပါတယ်။ ဘုရင်ကြီးတော့ ငါဖိနပ်ကိုက်တာ သိသွားပြီ၊ ငါ့အကြောင်း ရသေ့ကြီးကို သွားမေးပြီး ငါဟာ ခွေးမှန်းသိရင် ငါ့ကို သတ်မှာဘဲ။ ဒီတော့ ငါက အရင် ရသေ့ကြီးဆီသွားပြီး ငါ့အကြောင်း မဖော်နိုင်အောင် သတ်ပစ်ရမယ် လို့ မိုက်မဲစွာတွေးပြီး မိုးမလင်းခင်ဘဲ နန်းတော်ထဲက ထွက်ပြီး ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းဆီ သွားသတဲ့။

ရသေ့ကြီးက ဈာန်အဘိညာဉ်ရထားသူဆိုတော့ ဆင်ခြင်ကြည့်လိုက်တဲ့အခါ ခွေးမိဖုရားကြီး သူ့ကိုသတ်ဖို့ လာနေတာကို သွားမြင်တယ်။
ဒါနဲ့ပဲ …
“သြော် … ငါသနားပြီး ကယ်ထားတဲ့သူက ငါ့ကိုသတ်ဖို့ လာနေပြီ …. မိုက်မဲလေစွ … အင်း … သတ္တ၀ါတခု ကံတခုပေပဲ …” လို့ စိတ်ထဲ တွေးလိုက်မိတာနဲ့ ဗြုန်းဆို မိဖုရားအသွင်ကနေ မူလနဂိုအတိုင်း ခွေးဘ၀ကူးပြောင်းသွားပြီး လမ်းခရီးချောက်ကမ်းပါးထဲ လိမ့်ကျသေဆုံးသွားပါသတဲ့။
***
မြင့်မြတ်တဲ့ နေရာ ရောက်ရင် မြင့်မြတ်တဲ့ စိတ်ထားတတ်ရမယ် ဆိုတဲ့ ရသေ့ကြီးရဲ့ မိန့်ကြားချက်ကို နားမထောင် တဲ့အတွက် ခွေးမလေးဟာ ခုလို ဒုက္ခရောက်ရတယ်။
အတွေးအခေါ် အမြော်အမြင် ဆင်ခြင်ဥာဏ် နည်းပါးတဲ့သူမျိုးကို ဘယ်လိုကြီးမားတဲ့ ကရုဏာနဲ့ မြှင့်တင်ပေးလို့မှ မရဘူး … အဲလို မြှင့်တင်ပေးရင် ကိုယ်သာ ဒုက္ခတွေ့ရနိုင်တယ် … လို့ ဘုန်းကြီးကပြောရင်း သူ့ပုံပြင်ကို နိဂုံးချုပ်လိုက်ပါတယ်။
***
ပုံပြင်လေးကတော့ဒါပါပဲ … ။ (မေဓာဝီ)

Read more...

ရေးသူနှင့်ဖတ်သူတို့၏အကွာအဝေး(၂)

လူတစ်ယောက်အတွက် ခေတ်နောက်ကျခြင်း မကျခြင်းဆိုတာ စာပေနဲ့ဂီတဟာ လေးနဲ့မြှားလိုပဲ။ လေးဟာ စာပေ မြှားဟာ ဂီတပဲထင်မိတယ်။ လူတစ်ယောက်နဲ့ လက်ရှိရှင်သန်နေတဲ့ စာပေနဲ့ဂီတအကြောင်းကို စကားပြောကြည့်ရုံနဲ့ သူဘယ်လို ဘာလဲဆိုတာ တွေးကြည့်လို့ရပါတယ်။ စာပေနဲ့ဂီတကို ခေတ်နှင့်အညီ ဝေးကွာနေရင် လူတစ်ယောက်ရဲ့တွေးခေါ်မှုဟာ သီးခြားကျန်ရစ်ခဲ့မှာပါ။ စီးပွါးရေး လူမှုရေးဟာ လက်တွဲ ခေါ်လို့ရပေမယ့် စာပေနဲ့ဂီတကတော့ လက်တွဲခေါ်ဖို့ နဲနဲခက်ခဲလိမ့်မယ်ထင်တယ်။ စာဖတ်ခြင်းဟာ ပြောင်းလဲဖတ်ဖို့ ရွေးချယ်ဖတ်ဖို့ဆိုတာ ကျေနပ်မှုလက်ခံစွမ်းအားထက်ဖို့ အရေးကြီးမယ်ထင်ပါတယ်။ ကျနော်နဲ့စာအတူဖတ်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ဟာ ခုထိ သိုင်းဝတ္ထုဖတ်နေတုန်းပဲ။ ပြောင်းလဲဖတ်ဖို့ ကျနော်ပြောကြည့်သေးတယ် သူ့ကျေနပ်မှုဟာ ရှေ့ဆက်ဖတ်ဖို့ခက်နေသလိုမျိုး။ ဘာပဲဖြစ်ဖြစ် ခေတ်ရဲ့စာပေ ဂီတနဲ့ဝေးနေသေးရင်တော့ ခေတ်တစ်ခေတ်ရဲ့အကန့်တွေကြားမှာ ခေတ်နဲ့ဝေးရင်း ဝေးရင်းနဲ့ ငါတို့တုန်း ဘယ်လိုဆိုတဲ့စကားသံတွေ တထောင့်တနေရာက အမှတ်မထင်ကြားနေရအုံးမှာပါပဲ။


ခုလည်း ကျနော် တွေ့တဲ့စာ ဖတ်မိတော့ ရှေးသူတို့ သူတို့နဲ့ခေတ်ပြိုင်တွေက အနေဝေးလေတော့ တစ်ယောက်စကားနဲ့ နားအကြားကို အတည်ယူဖို့ မေတ္တာစာနဲ့အတူ မေးခွန်းတွေမေးခဲ့တာဖတ်ရတယ်။ ခုဖေါ်ပြမယ့်စာက မေတ္တာပြန်စာပါ။ စာပြန်သူက တသက်လုံးရဟန်းမပြုဘဲ ရှင်သာမဏေ(သို့မဟုတ်) ကိုရင်ဘဝနဲ့နေသွားပြီး ပုစ္ဆာမေးခွန်းပေါင်း(၁၁၁၇)ခုပါဝင်တဲ့ နာမည်ကျော် စွယ်စုံကျော်ထင်ကျမ်းကို ပြုစု သွားတဲ့ ကြည့်ကန်ရှင်ကြီးပါ။ ပြန်စာက.............

ရူပါရမံ စိတ္တမိဒံ ဌပေတွာ အစဖြာလျက် ကျမ်းလာနှင့်အညီ ပကတိသော လူသာမညတ္ထတို့ကို စော်စော်ကားကားမဆိုထားနှင့် နတ်များပင် တသက်ပတ်လုံး ကြည့်သော်လည်း မြင်စော်မနံသာ ဗြဟ္မာမင်းတို့၏ ဒိဗ္ဗစက္ခုဖြင့် ရှုသော်လည်း လေးလုံးမကွဲ ဒေဝါတိဒေဝါ ဖြစ်တော်မူသော မြတ်စွာဘုရား သခင်၏ သဗ္ဗညုတဉာဏ်စက္ခုဖြင့်သာ မြင်စကောင်းသော အလွန်သိမ်မွေ့စွာသော ပရမတ္ထအစု အကုသိုလ်တရားတည်းဟူသော ရန်သူတို့ကို မပျူကွာဝေး ပြေးလွင့်စေခြင်းငှါ မဟာကုသလ ဉာဏသမ္ပယုတ်ဝီထိနှင့် သတိကို မြို့ရိုးမြို့တောင် ပြုစေကာ ပညာတည်းဟူသော လက်နက်ဖြင့် တိုက်လွင့်ဖြိုနှင် အောင်မြင်သည်ဖြစ်စေသောဟူ၍၎င်း ပါတိမောက္ခံ ဝိသောဓေန္တော အပ္ပေဝ ဇီဝိတံ ဇဟေ။ နက်လေးဂါထာ လာသည်နှင့်အညီ သီလသံဝရဘိဇ္ဇနန ဖြစ်အံ့သောအရာဝယ် လေးသွယ်သော ပါတိမောက္ခမြို့ကို မြတ်နိုးမပျက် နှစ်သက်တော်မူသော ဇောစေတနာအရှိန်နှင့် ဇီဝိတိနြေ္ဒကိုမငဲ့ကွက် သက်စွန့်ကျင့်ဆောင်တော်မူသည်သာ ဖြစ်ပါစေသောဟူ၍၎င်း စာမရီဝါလဓိ ဟူသောပါဌ်နှင့်အညီ ဇာ(မြီ)မည်သောသားသည် မွေးဖျားတပင် ခြုံတွင်ငြိချေက မထ မသွားရက် လွန်စုံမက်၍ သက်စွန့်သည့်ပမာ ဇာ(မြီ)ဝါ ပရိတ်ကို ယိုဖိတ်မည့်အချက်ကိုလည်း စုံမက်တော်မူသဖြင့်
သက်စွန့် ကြဉ်းဆောင်တော်မူနိုင်သည် ဖြစ်ပါစေဟူ၍လည်းကောင်း
ဆုပဋ္ဌနာ မေတ္တာမပျက် ဆက်လေ့ရှိပါသော
ဧရာဝတီ သီတာမြစ်ဆုံ ကမ်းခုံနောက်ပါး ငါးရတွင်း ငါးပြန်ခန့်လောက် အနောက်ဘက်တိုက်ကြီးအတွင်း လင်းကတောဆယ်ရွာဝင် ရေယဉ်ချောင်းဆန် ရွာကြည့်ကန်က နန္ဒဓဇ
ပဋိလောမ သိန္နေဟဝါစာ မေတ္တာစကား ပြန်ကြား လျှောက်လိုက်ပါသည်
ပါရမီတိံသ ဇိနဆုယူ ဖြည့်တော်မူလေ့ရှိပါသော အရိယာဝံသ အာဒိစ္စရံသီ နောင်တော်သူမြတ်။

ညီတော်တို့မှာ ရတနတ္တယ နုဘာဝတွင် နောက်ကမေတ္တာ ပတ္ထနာကြောင့် မနှောင့်ဘေးဘျမ်း ငြိမ်းချမ်းသင့်စွာ သာသနာကို ယထာသတ္တိ စွမ်းရှိသမျှ ဖြည့်ပေးရသည်
အကြည်တော်သူမြတ်မှာလည်း ဈေးနာစုံလင် စက်လေးအင်နှင့် အံ့လျှင်မပြီး ရပ်ကြီးရွာကိုယ့်ရပ်ထံ လက်ဝဲလက်ယာ သင်္ဃာတော်မြတ်တို့နှင့်တကွ သီလတည်းဟူသော ကနက်ထီးဖြူကို
လူလူဆောင်းမိုးကာ ဖာသုဝိဟာရဖြစ်သဖြင့် သုံးဆင့်သောသာသနာတော်မြတ် ထွန်းလင်းအောင် ဖြည့်ဆောင်တော်မူရကြောင်း ကောင်းမြတ်သောမင်္ဂလာစကားကို ကြားရပေ၍လည်း
တကြိမ်မှုတ်ရလျှင် လေးလမှ အသံစဲသော ဝိဇယုတ္တရ သိကြားခရုသင်းသံကို နာခံရဘိသကဲ့သို့၎င်း တစ်ဆဲ့နှစ်ယူဇနာ ကျယ်လှစွာသော ဗာရာဏသီ ပြည်လုံးချဉ်းအောင်
တသင်းသင်း တကြိုင်ကြိုင် တလှိုင်လှိုင် တပျံ့ပျံ့ တနံ့နံ့ တဧးဧး မွှေးကြူစေနိုင်သော ကက္ကရုမဉ္ဖူသကနတ်ပန်းကို နမ်းရဘိသကဲ့သို့၎င်း
တကြိမ်တလီမျှ သုံးဆောင်ရလျှင် ကာလဓွန့်ရှည်စွါ ဆာလောက်မွတ်သိပ်ခြင်း ကင်းငြိမ်းစေနိုင်သော နတ်သုဓါ ဘုတ်သြဇာကို လျှာ၌တင်ရဘိသကဲ့သို့၎င်း
သောမနဿတဒါရုံ ကြိုက်ကြုံရွှင်လန်း ဝမ်းမြောက်ပါသည်။

ထူးလီလျှောက်ရန်မှာ။ ။
ယသ္မိံ မနော နိဝိသတိ၊ စိတ္တဉ္စာပိ ပသီဒတိ၊
အဒိဋ္ဌပုဗ္ဗကေပေါသေကာမံ တသ္မိမ္ပိ ဝိဿသေတိ။
မိန့်ရှိတော်မူသော ဒေသနာတော်ဝယ်
တကြိမ်တခါမျှ မမြင်ရဘူးသည်ဖြစ်စေကာမူ အကြင်သူ၌ နှစ်ခြိုက်သောစိတ်ဝင်၍ ကြည်လင်သောစေတနာရောက်က စိတ်ရှိတိုင်းအကျွမ်းဝင်သည်သာ အဓိပ္ပါယ်လာသကဲ့သို့ သဟာယကြည်တော်မူလျက် အထူးထူးသောကျမ်းဂန်နှင့်ညှိ၍ သိပင်သိသော်လည်း မသိသကဲ့သို့ ကြို့ငဲ့တော်မူသော နိဝါတမင်္ဂလာနှင့် ပုစ္ဆာစီရေး၍ အမေးတော်ရှိသည်မှာ
ဗာလလူ မာနလူကိုကြဉ်
ပဏ္ဍိသူ ဥာဏ်ရှိသူကိုယှဉ်
ချဉ်းလာညာစားတို့ကိုဖိ
ပညာပွားခြင်းအသွားညှိ
ရှိပြီးဖြစ်သော်ထပ်၍ပေး
သိပြီးဖြစ်သော်လည်းထပ်၍မေး
ပေးကမ်းနိုင်က ရန်ရှားသည်
မေးမြန်းနိုင်က ဥာဏ်ပွါးသည်
မျောက်သားမို့ စပ်ရအောင်မေးလေသည်
နောက်သားတို့မှတ်ရအောင်ပေးလေသည် ဆိုဘိသကဲ့သို့
ပျားနှယ်ပြားထုတ်ရှာဖွေ၍ ငါးဆယ့်ငါးပုစ္ဆာတွေနှင့် ဖြေနိုင်လျှင်ဖြေကြလေ
နေပိုင်လျှင်နေကြရော့ ဆိုလသေးပမာ မလာဖြစ်သာ နေ့ရွေးလျက်
ဒယမေတ္တာရှေ့ပြေး၍ မေးတော်မူပေသောကြောင့်
အစိန္တိမ္ပိ ဘဝတိ ဗောဓိသတ္တော စိန္တာမယာဟူသော ဒေသနာတော်မြတ်အထွက်နှင့်
ဆက်ဆက်ဆံဆံ ပန်းရှင်မှန်သဖြင့် မကြံပဲနှင့် စော်ကဲမင်းဖြစ်သည်
အလောင်းမင်းကို ဖုတ်သွင်းရထားဆိုက်သည် ဆိုဘိသကဲ့သို့အရေးတွင်
မဆေးချင်က စင်နှင့်သည်
မပြေးခင်းက လျင်နှင့်သည်
မရေးခင်က ထင်နှင့်သည်
မပေးခင်က ခင်နှင့်သည်
မဝေးခင်က နှင်နှင့်သည်
မလေးခင်က တင်နှင့်သည်
မအေးခင်က ကင်နှင့်သည်
မမွှေးခင်က ဆင်နှင့်သည်
မနှေးခင်က ယှဉ်နှင့်သည်
မလွေးခင်က ဝင်နှင့်သည်
မသွေးခင်က တင်နှင့်သည်
မနွှေးခင်က နွှင်နှင့်သည်
မဆွေးခင်က လွင်နှင့်သည်
မမွေးခင်က သင်နှင့်သည်
မမေးခင်က ပြင်နှင့်သည်
မချေးခင်က ခြင်နှင့်သည်
မထွေးခင်က သင်နှင့်သည်
မတွေးခင်က မြင်နှင့်သည်
မသုံးခင်က ကုန်နှင့်သည် ဟူသော
သူတော်ကောင်းတို့ထုံးလည်း တွက်ကျုံးဝင်ပြန်သောကြောင့်
ကြံတိုင်းလည်းမပြီး
တီးတိုင်းလည်း မမည်
တည်တိုင်းလည်း မနေ
စေတိုင်းလည်း မရောက်
ပေါက်တိုင်းလည်း မရှင်
ရွှင်ကြည်လျက် လမ်းသာသည်
ကြင်ပါလျက် ကျွမ်းသာသည်
မြင်ပါလျက် စမ်းသာသည
ခင်ပါလျက် ခမ်းသာသည်
မင်ပါလျက် လှမ်းသာသည်
မေးချင်က မြန်းသာသည်
ပေးချင်က ကမ်းသာသည်
ရောက်ချင်က လာသာသည်
လာချင်က လမ်းသာသည်
လမ်းသာက ခန့်သင့်သည်
ခန့်သင့်မှ ခွင့်လျော်သည်
ခွင့်လျော်မှ စိုးပိုင်သည်
စိုးပိုင်က မူဆိုင်သည်
ဆိုင်ချင်က ပိုင်သာသည်
ကြိုင်ချင်က လှိုင်လာသည် လောကနိဿရည်း ထုံးနည်းနယ ကမ္ကာ့ကျက်သရေ ဥပဒေကဲ့သို့ ကြံလေတိုင်းပြီးရမည် ဧကန်တွင် မကြံတကြံနှင့်ပင်ပြီးတော့သည် အရေးဖြစ်၍
မေးတိုင်းကြိုက်ရမည်
ဖြေတိုင်းလိုက်ရမည်
ပေးတိုင်းပိုက်ရမည်
လက်တွင်လှော်ကာ ရွှေချခြေတော်တင် သမ္မာစစ်လှခက်ရင် ဖော်ထားဖြေမှ မြေပေါ်တွင် ဥာဏ်မြန်ဖြစ်သည် အရေးထွက်လျှင် စေထိုက်သည်
အမေးခက်လျှင် ဖြေလိုက်မည်
အမေးအဖြေမြောက် မေတ္တာရောက်က သည်မှာမဟူ
အာဃလူ သဲ့လူ အိုဘဲ့လူ ကြောက်ဖွယ်လူဟူသော သူဟောင်းတို့လက်စ
လောကဥပမည်း ကမ္ပည်းသမိုင်း မော်ကွန်းနိဒါန်း ထုံးတမ်းထုံးစံ လှော်ပြန်သည့်အနေနှင့်
ရွှေကိုကားရွှေ ငွေကိုကားငွေ လှေကိုကားလှေ လူကိုပင်လူ ရှင်ကိုရှင် ဆင်ကိုဆင်
မြင်းကိုမြင်း မင်းကိုမင်းနှင့် အတော်အသင့်ဆိုဘိသကဲ့သို့
မြို့ကိုမြို့ချင်း ဆက်သွင်းဖြေဆိုမည့်အကြံနှင့် ပြန်လျှောက်လိုက်ဖူးသည်
ရှေးဦးကင် တတ်စား မေတ္တာဂဟေဆော်တွင် ကိုယ်တော်မြတ်တို့မှာတမူကား
သတင်းကိုစသော် လူလှလို့ထင်သည်
ခံတွင်းဟသော် အူမကိုမြင်သည်
မအေကိုမြင်သော် အသွင်ကိုမိသည်
အဖြေကိုမြင်သော် အတင်ကိုမိသည်
အမေရုပ်ရည်ကို စုံစုံလင်လင် အဖြေဟုတ်မည်
ကုန်ကုန်စင်စင် သိမြင်ပြီးသော သဘောရှိသည်နှင့်ထပ်ဆင့်၍
အကြည်တော်မစေ နေတော်မူသောကြောင့် ဖြေလျှင်လည်း ဖြေလွယ်သည် နေလျှင်လည်းနေသာသည် စာကားတည်နှစ်ဖြာ နေသာအချက် ကိုယ်နှင့်ကွက်ကြံ စိတ်ကူးမြန်၍ ဥာဏ်ဣနြေ္ဒမကွန့် အဓွန့်ရှည်စွာ ပုစ္ဆာမဖြေနေတော်မူသည် သည်အချက်တွင် တခါပြရင်း သီတင်းသုံးဖော် ကိုယ်တော်မြတ်မှတပါး စပ်ကြားတွင် လျှောက်ပြန်လာသောကြောင့် ဖြေလိုက်ပြန်ပါသည်။

သို့ရာတွင်
အရင်းစစ်သော် အမြစ်မြေကြီးက
အခင်းဖြစ်သော် အမြစ်ဖွေမှ
အမြစ်ကောက်၍ ကွယ်လေသည်
အမြစ်လျှောက်၍ နွယ်လေသည်ဆိုဘိသကဲ့သို့
ကိုယ်တော်မြတ်နှင့်စပ်နွယ်ရင်း ပုစ္ဆာဖြစ်စေသည်လည်းတကြောင်း
အမေးကျွဲကျောင်း အလောင်းဖြေသူ ရှေးလူတို့စကား ထင်ရှားရှိသည်ကို သိတော်မူသည် မှန်ဘိသည် ဆုံမိအောင် ပေးလေသည်
ဂုဏ်ရှိအောင် မေးပေသည် ဆိုဘိသကဲ့သို့
မေတ္တာတော်ရှေ့ပြေးနှင့် မေးတော်မူပေသည် ကျေူးဇူးအထူးရှိပေ၏ဟု အောက်မေ့ပါကြောင်းကို သိတော်မူစေလိုသောကြောင့် အကြင်နာသူမလတ်အား အလျင်လာသူ မပြတ်သားဆိုဘိသကဲ့သို့ မေတ္တာမပျက် ဆက်ပါကြောင်းကို သိစေတော်မူလိုသည်လည်းတကြောင်း
လှေတတ်ပါက မြစ်နားဆန်
နေရပ်ရွာက မေတ္တာခံဆိုဘိသကဲ့သို့
ပို့တော်မူသောမေတ္တာတော်ကို မပြတ်နိယံ ခံယူလိုပါသည်လည်းတကြောင်း
လက်ဖျားခါလှုပ် လျှာကိုထုတ်၍ အဟုတ်သခေါ ဖြစ်လိမ့်မည်ဆိုဘိသကဲ့သို့
စီရင်လိုက်သော ပုစ္ဆာစကားမှာလည်း
လျှာဖျားလှုပ်၍ ခွေမတတ်
လက်ဖျားကိုလှုပ်လျှင် ကြွေမတတ်
အလွန်ကောင်းမြတ် ဤအရပ်ထက်ဝန်းကျင် ရှင်လူရဟန်းပင် ဆန်းကြယ်ပြေပြစ် အနှစ်သာရနှင့် ပြည့်စုံပေ၏ဟု ကြည့်ရှုတော်မူ ပြု၍ထားပါကြောင်း တပည့်သူငယ်တို့ကိုလည်း ထိုတရားထိုပုစ္ဆာကို
ဝါစုဂ္ဂဟ လျှာဖျားရွအောင် ရရဆောင်ရွက် လေ့လာပါရစေကြောင်း
သို့အကြောင်းကြောင့် အဆစ်ဆစ် သနစ်သနာ အဖြေစာနှင့် ပျူငှါမပြား မုသားမပါ မာယာမထုတ် ဝေဝုစ်မသွယ် ပရိယာယ်မသွတ် လောကဝတ် ပလာ ဟုတ်တိုင်းသာလျှင်
မေတ္တာဆက် မေတ္တာခံ အတန်တန်မင်္ဂလာရိပ်နှင့် အဘိက္ကန္တဣဋ္ဌ အဒေါသ ပိယဒယာ သိန္နေဟာ
မေ မမ ဂါရဝါ မေတ္တာစကား ပြန်ကြားလိုက်ပါသည် အကြည်တော် သူမြတ်ဘုရား။

Read more...

အောက်တိုဘာလ (၂၅) ရက်နေ့ တရားအစီအစဉ်များ-

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီအထိ...
....... တရားတော်များကို လွှင့်ကြားပေးသွားပါမည်။

တရားချစ်ခင် သူတော်စဉ်များခင်ဗျာ...
မြန်မာစံတော်ချိန် ၁၇း၃၀ မှ ၁၉း၃၀ နာရီအထိ...
ဓမ္မဒူတဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ စင်္ကာပူနိုင်ငံတွင် ဟောကြားတော်မူသောတရားတော်များကို တိုက်ရိုက်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။

အရှင်ဆေကိန္ဒ တရားပွဲ။

Time : 7:00pm to 9:00pm
Place : Informatics Campus, Informatics #03-21, 12 Science Centre, Road (S)609080, * Near Jurong East MRT (West - East Line), Singapore;

တရားတော်များကို နာကြားနိုင်ပါရန် လေးစားစွာဖြင့် အသိပေး နှိုးဆော်အပ်ပါသည်ခင်ဗျာ..။

Read more...

ပ၀ါရဏာနေ့ မှာ

မြန်မာလအားဖြင့် သီတင်းကျွတ်လပြည့်နေ့ သည် ပ၀ါရဏာနေ့ ဟုခေါ်ပါသည်။ ပ၀ါရဏာ ဟူသည် ဖိတ်မံခြင်းတည်း ၊ ပ၀ါရဏာနေ့ တွင် ရဟန်းတော်များသည် အချင်းချင်း ဖိတ်မံရပါသည်။ သံဃာ ပင့်ဖိတ်သည်ကို ဖိတ်မံသည်ဟု မဆိုလို။ ကိုယ့်ကျောင်းတိုက် တစ်ခုတည်း သံဃာကိုဖြစ်စေ။ နီးစပ်ရာ ကျောင်းများမှ တစ်နေရာတည်း စုရုံးကာဖြစ်စေ ( အညမညာနုလောမတာ )ရဟန်းတော် အချင်းချင်း ညီညွတ်ဖို့ ၊ ( အာပတ္တိဝုဋ္ဌာနတာ ) ရဟန်းတော်တို့ ၏ အပြစ်ဟုခေါ်သည့် အာပတ်မှ လွတ်စေဖို့  ၊ ( ၀ိနယပုရေက္ခာရတာ ) ၀ိနည်းကို တလေးတစားရှိစေဖို့ ကို ဦးတည်လျက် ဘုရားရှင်က ပညတ်တော် မူခဲ့ခြင်းဖြစ်ပါသည်။

မြတ်စွာဘုရားရှင် ပ၀ါရဏာဟု မပညတ်ခင်က ရဟန်းတော်များသည် သူတို့ စိတ်ကူးနှင့် အချင်းချင်း ညီညွတ်ဖို့  ရာ ၀ါတွင်းကာလ စကားကို အချင်းချင်း မပြောဘဲ နေခဲ့ကြသည်။ လုပ်စရာရှိသည့် ဝေယျာဝစ္စလုပ်ငန်းများကိုလည်း တော်သလို လျော်သလို လုပ်ကိုင်ကြဖို့ စည်းမျဉ်းဆွဲခဲ့ကြသည်။ အကယ်၍ တစ်ပါးတည်း မနိုင်ဝန် ဖြစ်ပါက လက်ယက်ခေါ်ကာ ကူညီခိုင်းရမည်။ မနိုင်ဝန်ကို အကူညီ လိုချင်လို့  ဆိုသည့် အကြောင်းပြချက်နှင့်လည်း စကားမပြောရဟု စည်းမျဉ်းချက်တွင် ပါဝင်သေး သည်။

ဤသို့ နှင့် ၀ါကျွတ်ကာလရောက်လာခဲ့ကြသည်။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလက ၀ါကျွတ်သွားပြီဆိုတာနှင့် မြတ်စွာ ဘုရားရှိရာ ဒေသသို့  အရောက်လှမ်းကာ ဘုရားဖူး ထွက်ကြ သည်။ ဤသည်ပင် ရှေးခေတ်ကာလက ရဟန်းတော်များ၏ ဓမ္မတာ တစ်ရပ်ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်ထံ ရဟန်းတော်များ နယ်အသီးသီးက ရောက်ကြသည် ဆိုလျင်ပဲ မြတ်စွာဘုရား ရှင်က နှုတ်ခွန်းဆက် စကားဆိုတော်မူပါသည်။ ရဟန်းတို့  အားလုံး နေထိုင်ကောင်းကြရဲ့ နော်။ အားလုံး မျှမျှတတ ရှိကြရဲ့ နော်။ အချင်းချင်း ညီညီညွတ်ညွတ် ၀မ်းပမ်းတသာ အချင်းချင်း ရန်မဖြစ်ပဲ ချမ်းချမ်းသာသာ ၀ါဆိုခဲ့ကြရဲ့ နော်။ ဆွမ်းကွမ်း ( မြန်မာအလို) ပေါင်မုန့် ထောပတ် ( ဥရောပ အလို ) ပြည့်စုံကြရဲ့ နော်- ဟု မေးတော်မူပါသည်။ ဤသည်ပင် ဘုရားရှင်တို့ ၏ ထုံးစံ ဓမ္မတာ တစ်ရပ်ဖြစ်ပါ သည်။

ဘုရားရှင်တို့ သည် အကြောင်းရာကို ကိုယ်တိုင်သိထားပြီးသော်လည်း မေးတော်မူတတ်ကြကုန်၏၊ ( တစ်ခါတစ်ရံ ) သိပြီးသော်လည်း မမေးတော်မူကြကုန်။ မေးသင့်သည့် အချိန်အခါ ကြည့်ပြီး သိပြီး မေးတော်မူကြသည်။ မမေးသင့်သည့် အချိန်အခါသိပြီးလည်း မေးတော်မမူကြ။ အများအတွက် အကျိုးရှိမည်ဆိုလျင် မေးတော်မူကြ၏၊ အကျိုးမဖြစ်ထွန်းက မေးတော်မူလေ့မရှိကြကုန်။ အကျိုး မဖြစ်ထွန်းသည့် အပြောအဆိုကို အကြွင်းမဲ့ လုံးဝကို ပြစ်ပယ်ထားတော်မူကြပါသည်။

ရဟန်းတော်တို့ ကို မေးခြင်းအကြောင်း နှစ်မျိုးရှိပါသည်။ တရားတော်ကို ဟောလိုတော်မူလို၍ဖြစ်စေ ၊ သာသနာ အထက်တန်းရောက်ရေး ၀ိနည်း စည်းမျဉ်း သိက္ခာပုဒ်ကို ထုတ်ပြန် ပညတ်တော်မူလို၍ ဖြစ်စေ မေးတော်မူလေ့ရှိကြပါသည်။

မြတ်စွာဘုရားရှင်က ရဟန်းတို့ မည်သို့ မည်ပုံ နည်းအားဖြင့် ညီညီညွတ်ညွတ် ၀မ်းပမ်းတသာ ရန် မဖြစ်ပဲ ချမ်းသာစွာ ၀ါဆိုခဲ့ပြီး ဆွမ်းကွမ်းကိစ္စ လျှောလျှောရှုရှု ဖြစ်ခဲ့သနည်း ဟု ထပ်မံကာ မေးတော် မူပြန်ပါသည်။

ရဟန်းတော်များကလည်း သူတို့  နေခဲ့သည့်အတိုင်း အစအဆုံး လျှောက်တင်ပြခဲ့ကြပါသည်။
ထိုသို့  ရဟန်းတော်များ လျှောက်တင်ပြပြီးသည့်နောက် ဘုရားရှင်က ယခု နေခဲ့သည့်ပုံစံမှာ မချမ်း မသာ နေခဲ့တာဖြစ်ပြီး သင်တို့ ချမ်းသာသည်ဟု ထင်ကြသည်။ ဤသို့  နေခြင်းမျိုးသည် တိရ စ္ဆာန်တို့  နေသလိုမျိုးဖြစ်သည်။ မခေါ်နိုင် မပြောနိုင် ရန်သူ အချင်းချင်း နေသလိုမျိုးဖြစ်သည်။ အ- အ အ-ထိုင်း တိတ္ထိများ ဆောက်တည်ကျင့်သုံးသည့် အကျင့်ကို ကျင့် သုံးသလိုမျိုးဖြစ်သည် ။ သာသနာ မကြည်ညိုသေးသူတို့  မကြည်ညိုနိုင်သလို ကြည်ညိုပြီးသားသူများလည်း အကြည်ညိုပျက်ဖွယ် အလုပ်မျိုးဖြစ်သည် - စသဖြင့်ကဲ့ရဲ့ တော်မူကာ ထိုအနေထားမျိုး မနေရ ၊ နေခဲ့လျင် အာပတ် အသေး စား ဒုက္ကဋ်သင့်၏ လို့  ပညတ်တော်မူပါသည်။ထို့ နောက် ပ၀ါရဏာ ပြုဖို့  ခွင့်ပြုတော်မူခဲ့ပါသည်။

ပ၀ါရဏာ ပြုပုံ-
သံဃံ ဘန္တေ ပ၀ါရေမိ ၊
ဒိဋ္ဌေန ၀ါ သုတေန ၀ါ ပရိသင်္ကာယ ၀ါ။
ဝဒန္တု မံ အာယသ္မ န္တော အနုကမ္ပံ ဥပါဒါယ၊
ပဿန္တော ပဋိကရိဿာမိ။
ဒုတိယမ္ပိ ...။ တတိယမ္ပိ...။

အရှင်ဘုရားတို့ သံဃာတော်ကို ဖိတ်မံပါ၏ ( တပည့်တော်မှာ အပြစ်အာပတ်ကို) ကိုယ်တိုင်မြင်မြင် ၊ သူများပြောလို့  ကြားကြား၊ သံသယရှိရှိဘုရား အရှင်ဘုရားတို့ တပည့်တော်ကို သနားသည် ဆိုလျင် မဆိုင်းမတွ ဆိုဆုံးမတော်မူပါ။ တပည့်တော်က အပြစ်ဟု သိမြင်ခဲ့ပါလျင် အပြစ်မရှိအောင် ရှင်းရှင်း လင်းလင်းနေပါမည် ဘုရား။ နှစ်ကြိမ်မြောက်... သုံးကြိမ်မြောက်...ဘုရား။

သံဃာတော်များသည် ဘုရားရှင်လက်ထက်မှ စကာ ပ၀ါရဏာကို ယခုထက်ထိတိုင် ပြုခဲ့ကြပါသည်။ မြန်မာလူများအဖို့ ပ၀ါရဏာနေ့ ခေါ် သီတင်းကျွတ်လပြည့်နေ့ တွင် မိဘဆရားသမားတို့ ကို ရှိခိုး တောင်းပန်ခြင်း ၊ ပူဇော်ကန်တော့ကြခြင်း။ ထို့ ပြင် အသက်ဂုဏ်ဝါကြီးသူများအားလည်း ရှိခိုး တောင်းပန် ကန်တော့ကြခြင်း။ ကျေးဇူးရှိသူများအား ကျေးဇူးဆပ် ကန်တော့ကြခြင်း စသဖြင့် ပြုလုပ်ခြင်းများပြုလုပ်ကြပါသည်။

ဤသို့ လျင်ရဟန်းတော်တို့ အတွက် ( အညမညာနုလောမတာ )ရဟန်းတော် အချင်းချင်း ညီညွတ်ဖို့ ၊ ( အာပတ္တိဝုဋ္ဌာနတာ ) ရဟန်းတော်တို့ ၏ အပြစ်ဟုခေါ်သည့် အာပတ်မှ လွတ်စေဖို့  ၊ ( ၀ိနယ ပုရေက္ခာရတာ ) ၀ိနည်းကို တလေးတစားရှိစေဖို့ ကို ဦးတည်လျက် ဘုရားရှင်က ပညတ်တော်မူခဲ့ ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ပင် ပ၀ါရဏာနေ့ ခေါ် သီတင်းကျွတ်လပြည့်နေ့ မှာ လူအများအဖို့  ယခုကဲ့သို့  ပြုလုပ် ဆောင်ရွက် နေကြသည်မှာလည်း အချင်းချင်း ညီညွတ်ဖို့ ၊ အပြစ်ရှိက ခွင့်လွတ်ကာ အပြစ် အနာ အဆာ ကင်းရှင်းစေဖို့ ၊ လူ့ စည်းကမ်းအတိုင်း ရှိစေဖို့ ကို ဦးတည်လျက် သာသနာ့ခေါင်းဆောင် ရှေးရှေးဆရာတော်များက ဆိုဆုံးမတော်မူခဲ့သည်ဟုလည်း ယူဆမိပါတော့သည်။
( မိမိထင်မြင်ချက် ယူဆချက်ဖြစ်ပါသည်။)


ကျမ်းကိုး-
ဝိနည်း မဟာဝါ
စာမျက်နှာ ၂၂၀မှ ၂၂၃ ထိ


မြတ်ရောင်နီ

၂၅၅၄ခု ၊ပ၀ါရဏာနေ့ 
၁၃၇၂ခု ၊သီတင်းကျွတ်လပြည့်နေ့ 


Read more...

သီတင်းကျွတ်အမှတ်တရ မီးထွန်းပွဲတော်






Read more...

Culture – Tak Baht Thevo day

by Cittasamvaro

24th October 2010

Tak Baht Thevo Custom

This festival is called the ‘Tak Baht Thaewo’ and is essentially an auspicious pindapada, almsround. It is in commemoration of the end of the Buddha’s 7th Rains retreat when he came down from the Tavatimsa heaven. The story goes that he had been teaching Abhidhamma (philosophical explanation of how mind and matter work) to his mother who had passed away 7 days after the Buddha’s birth. He descended from that heavenly relm via a triple staircase of Silver, Gold, and Emerald – and you can see an image of this behind the main Buddha statue in most temples.

Buddha’s descent from the Tavatimsa Heaven

During the Rains retreat the Buddha came back to this world each day and gave a summary of the teaching to his main disciple Sariputta, while leaving a replica of himself teaching the Devas in heaven. Apparently only Devas have the capacity to understand Abhidhamma, but Sariputta insisted that the world of men have access to the summaries. The Abhidhamma in fact is larger than the Suttas and Vinaya sections of the Tipitaka. Most scholars consider the Abhidhamma to be the work of later scholars who rearranged the teaching into, essentially, a big set of lists. It is still Buddha-Dhamma, but rearranged.

The Buddha descended from the heaven to lead a procession of 100 arahant monks out on almsround about the town.

Descent from Tavatimsa Heaven

The ceremony involves a special almsround, usually inside the temple grounds, but also in some special public places. The monks will generally circumambulate the central chapel while the people offer food into the bowls. There is always far too much to carry and volunteers will be following the monks putting the offerings into sacks. Generally it is all over by 9 or 10 am.

One variation is the Tak Baat Phra Roy (100 monks almsround) festival which started in Pathom Thani, where the monks go almsround by boat.

Read more...

“ဆားထမ်းတဲ့သူ ဆင်းနင်းခံရပြန်ပြီ”

တစ်ခါက ရွာတစ်ရွာတွင် ဇာတ်ပွဲတစ်ပွဲကလေသည်။ ရွာတို့၏ ထုံးတမ်းစဉ်လာအရ တစ်နှစ်မှ တစ်ခါသာကျင်းပလေ့ရှိသည်။ တစ်နှစ်မှ တစ်ခါသာ ကျင်းပသော တောပွဲဖြစ်သဖြင့် အလွန်အင်မတန်မှ စည်းကားလှသည်။ ပွဲခင်းတစ်ခင်းလုံးသည် အရပ်လေးမျက်နှာရွာများမှ လာကြသော ပွဲကြည့်ပရိသတ်များဖြင့် ပြည့်နေလေသည်။ ထိုပွဲကျင်းပသော ရွာမှ ဒကာတစ်ယောက်သည်လည်း ပွဲကို အလင်းပေါက်ကြည့်မည်ဆိုသော ရည်ရွယ်ချက်ဖြင့် သွားလေသည်။ သို့သော် သူသည် အရက်ကို အလွန်အင်မတန်သောက်ထားသောကြောင့်
ပွဲကို မကြည့်နိုင်ပဲ ထိုပွဲခင်းတွင်ပင် အိပ်ပျော်သွားလေသည်။နံနက်မိုးလင်း၍ ပွဲပြီးသွားသောအခါမှ သူ၏ သူငယ်ချင်းများမှ နှိုးသဖြင့် အိပ်ချင်မူတူးထလာလေသည်။ ထိုအခါ
သူသည် နောင်တရလိုက်သည်။
“အော် ငါ အရက်အသောက်များသွားသဖြင့် ပွဲမကြည့်ရလိုက်ပါလား၊ ဇာတ်ကလဲ ဘာဇာတ်ထုတ်ကသွားတယ်မသိ၊တစ်ညလုံး အိပ်ပျော်သွားတယ်၊ အိမ်ရောက်လို့ ဘာဇာတ်ထုတ်ကလဲလို့ ငါ့အမျိုးသမီးက မေးလို့ မဖြေနိုင်ရင်တော့ အအော်ခံရအုံးမယ်၊ အော် မထူးပါဘူးလေ၊ ရှေ့ကပွဲကြည့်ပရိသတ်တွေနောက်လိုက်ပြီး နားထောင်အုံးမှ၊”ဟူ၍ပင်ဖြစ်သည်။ သူသည် အိပ်ချင်မူးတူးနှင့် ရှေ့လူများပြောသွားသည်ကို မှတ်သားလိုက်သည်။ အိမ်ရောက်သောအခါ သူ၏ ဇနီးဖြစ်သူက
“တော် ညက ပွဲသွားကြည့်တယ်၊ ဘာဇာတ်ထုတ်များကလဲ၊”ဟုမေးလေသည်။ ထိုအခါ အမျိုးသားဖြစ်သူက
“အေး ဇာတ်ထုတ်နာမည်ကတော့ ဆားထမ်းတဲ့သူ ဆင်နင်းသွားလို့တဲ့”ဟု ဖြေကြားလိုက်သောအခါ
“တော့ဇာတ်ထုတ်နာမည်ကလဲ ဟုတ်ကောဟုတ်ရဲ့လဲ၊ဆားထမ်းတဲ့သူ ဆင်နင်းသွားလို့တဲ့၊ ကြား မကြားဖူးပါဘူးတော်၊ တော် တစ်ခုခုတော့ မှားနေပြီထင်တယ်”ဟု အတွန့်တက်သောအခါ
“ငါတစ်ညလုံးအိပ်ရေးအပျက်ခံပြီး ကြည့်လာတာပါဟ”ဟု ဆိုလာသဖြင့် ဇနီးဖြစ်သူသည်
“အော် ဟုတ်မှာပါလေ”ဟု စဉ်းစားကာ ဆိတ်ဆိတ်နေလိုက်လေသည်။
မှတ်ချက် အမူးသမားရှေ့မှ ပွဲကြည့်ပရိသတ်များပြောသွားသော ဇာတ်ထုတ်၏ အမည်မှန်သည်ကား ”ဆဒ္ဒန်ဆင်မင်းဇာတ်”ဟူ၍ပင်ဖြစ်သတည်း။
“အော် အမူးသမားရယ် ကြားလဲ ကြားတတ်ပါပေ၊ ဆားထမ်းတဲ့သူ ဆင်းနင်းသွားလို့တဲ့”
0 comments

Read more...

Meeting Suffering Without Creating More Suffering

Whatever is happening to us now mirrors our past karma. If we know that, and know it truly, whenever suffering and difficulties befall us, we do not view them particularly as failures or catastrophes, or see suffering as a punishment in any way. Nor do we blame ourselves or indulge in self-hatred.

We see the pain we are going through as the completion of the effects, the fruition, of a past karma. Tibetans say that suffering is “a broom that sweeps away all our negative karma.” We can even be grateful that one karma is coming to an end. We know that “good fortune,” a fruit of good karma, may soon pass if we do not use it well, and that “misfortune,” the result of negative karma, may in fact be giving us a marvelous opportunity to evolve.

~ Sogyal Rinpoche (Rigpa Glimpse of the Day for Oct 15 2010)


When we view suffering as something bad, we naturally react with a defiled mind. That makes the things appear far worse than it is, and become far worse than it was. Moreover it conditions new negative karmas. In our delusion and ignorance, we may fail to see that much of the suffering we experience is not the result of the old karmas or any external conditions, but the new negative karmas that we're creating in reaction to them.

However, if we see the suffering as it is, wisely, we see that it is simply part of the natural phenomena of causes and effects. Just as when a storm happens, instead of cursing it, we just look for shelter if we can, and it passes naturally.

~ Ayasma Kumara

Read more...

တရားပြဆရာ ဦးဒတ္တ

ဦးဒတ္တသည် ဘုရားဝတ်ပြု၊ တရားထိုင် စတဲ့ ကုသိုလ်ကောင်းမှုကို အချိန်မှန်မှန် ပြုလေရှိသူဖြစ်၏။ ဘုရားပန်းအိုး၊ သောက်တော်ရေ ကပ်တာကအစ ကိုယ်တိုင်ကိုယ်ကျ ပြုတက်လေ၏။ ပရိတ်၊ ပဋ္ဌာန်းကိုလဲ အသံနေ အသံထားနဲ့ ရွတ်ဖတ်လေ့ရှိသူဖြစ်၏။

တစ်နေ့တော့ သူသီတင်းသုံးရာ ကျောင်းတိုက်သို့ လယ်တီတရားပြ ဆရာတစ်ယောက်ကို ပင့်ခေါ်ပြီး သင်္ကြန်တွင်း တရားပွဲလေးကျင်းပဖြစ်၏။ ကျောင်းရှိသံဃာများ ကမ္မဋ္ဌာန်းရစေရန် ရည်ရွယ်တဲ့ပွဲမို့ အကြီးအကျယ် မဟုတ်သော်လဲ နီးစပ်ရာ ဒကာဒကာမတို့လည်း စုပေါင်းအားထုတ်နိုင်၏။ ယောဂီ ဆယ့်ငါးယောက်ခန့်ဖြစ် ဆယ်ရက်စခန်းလေးကို အောင်မြင်စွာ ကျင်းပဖြစ်၏။

ယောဂီများထဲတွင် ဦးဒတ္တလဲ တစ်ပါးအပါအ၀င်ဖြစ်ပြီး နည်းနာကျကျဖြင့် တရားအားထုတ် လိုက်ရ၍ အတော်ပင် သဘောခွေ့ကာ နေလေ၏။ ထိုနေ့မှစ၍ တွေ့သည့်လူတိုင်းကိုလည်း တရားထိုင်ဘို့ချည်း တိုက်တွန်းတော့၏။ ကာလံဒေသံ ဆိုတာကို သိပ်မသိ၊ မပါးလေတော့ ကိုရင်လေးတွေ့လဲ တရားထိုင်ခိုင်း၊ ဒကာ ဒကာမတွေ့လဲ တရားထိုင်ဖို့ တိုက်တွန်းနဲ့ ဟန်ကျနေပေတော့၏။ သူကတော့ တရားအကြောင်းကို အာပေါင်အာရင်း သန်သန်နဲ့ ပြောဟောပေမဲ့ အများကတော့ သူ့ကိုတွေ့လျှင် ဝေးဝေးကပင်ရှောင်သွား တက်ကြလေတော့၏။ သူကတော့ ဇွဲမလျှော့ပေ ဟောစရာ၊ တိုက်တွန်းစရာ မတွေ့လျှင်လိုက်ရှာပြီး တိုက်တွန်းတက်၊ တရားထိုင်ခိုင်းတက်၏။

တစ်နေ့တော့ ကျောင်းမှာ အလုပ်လုပ်နေသော ပန်းရန်ဆရာတစ်ယောက်ကို တရားဟောရန် အကွက်ဆိုက် လေတော့၏။ အရင့် အရင်လဲ သူဟောပြောချက်ကို ထိုပန်းရန်ဆရာသည် အလူးအလဲခံဖူး၏။ ထိုနေ့တွင်တော့ အလုပ်ခွင်ထဲ ရောက်နေသောကြောင့် ထွက်မပြေးသာ။ လှိမ့်ခံရုံသာရှိသည်ဟု သဘောပိုက်၍ အလိုက်ထိုက် ပြန်ပြော၊ ပြန်လျှောက်မိတော့၏။ ဦးဒတ္တလည်း အကွက်ဝင်တုန်း တရားထိုင်ဖို့ ၀ါသနာအရင်းခံဖြစ် စည်းရုံး သိမ်းသွင်းလေတော့၏။

''ဒကာ ခင်းဗျာ အချိန်လဲရှိ၊ အရွယ်လဲရတုန်း တရားလေးအားထုတ်ပေါ့ဗျာ၊ ဒါမှ ကိုယ့်နောက်ပါမှာဗျ.."

''တင့်ပ တပည့်တော်လဲ သဘောပေါက်ပါတယ်ဘုရား၊ ဒါပေမဲ့ မိသားစု စားဝတ်နေရေးကလဲ ရှိ၊ တစ်နေ့လုပ်မှ တစ်နေ့စားဆိုတော့ တရားထိုင်ဖို့အချိန်မပေးနိုင်ဘူးဘုရား''

ဒကာသည် တော်တော်ညစ်ဟန်တူ၏။ အလုပ်လုပ်ရင်းမို့ အပေါ်စီးက ဖိဟောသမျှ ပြန်ပြောနေရလေ၏။

''ဟား ဒကာနဲ့ ခင်ဗျား ညဘက်ကောဗျာ၊ ညဘက်အားရင်ထိုင်လို့ရတာပေါ့ဗျ''

''အရှင်ဘုရားက ပြောတော့ လွယ်တယ်ဘုရား၊ တပည့်တော်က တစ်နေကုန် အလုပ်ကြမ်းလုပ်ရတယ် ညဘက် အလုပ်သိမ်းတော့ လူတစ်ကိုယ်လုံးကိုင်ရိုက် ထားသလိုဖြစ်ပြီး လှုပ်တောင် မလှုပ်ချင်အောင်ဖြစ်နေတာ ဘယ်လိုလုပ် တရားထိုင်လို့ရမလဲဘုရား၊ ကိုယ့်သံသရာအတွက်ပဲ ဘယ်မလုပ်ချင်ပဲ ရှိပါ့မလဲဘုရား''

''အဓိကကတော့ စိတ်ပါဗျာ ဦးဇင်းဆိုရင် တစ်နေကုန် စာချတယ်၊ ညဘက်ဆိုရင် အချိန်ရတာနဲ့ တရားထိုင်တာပဲ''

''တပည့်တော်လဲ အရှင်ဘုရား နေရာမှာဆိုရင် လုပ်ကောင်း လုပ်နိုင်လိမ့်မယ်ဘုရား၊ အခုတော့ ၀မ်းဝဖို့အတွက်လုံးပမ်းနေရတော့ မလွယ်ဘူးဘုရား၊ ဖြစ်နိုင်ရင် ပင်းပန်လို့ အိပ်နေချင်တာ၊ အလုပ်မလုပ်ရင် ငတ်မှာမို့လုပ်နေရတဘုရား''

ဦးဒတ္တသည်ကား ဟောရှိန်တက်လျှက်ရှိ၏။ တစ်ဖက်သား ဘာဖြစ်နေသည်မသိ၊ အကွက်ဝင်တုန်း လိပ်ခေါင်းပင်ထွက်ထွက် ဟောမည်ဆိုသောသူ ဖြစ်လေ၏။ အခုတရားထိုင် အခုပင် သောတာပန် ဖြစ်မည့်ဟန်ဖြင့် ဆက်လက် တိုက်တွန်းလေ၏။

''ခင်ဗျား နောက်ဘ၀အတွက် မကောင်းဖြစ်မယ်နော်၊ ဦးဇင်းကတော့ နောက်ဘ၀အတွက် ပါရမီပါအောင်ပဲ လုပ်တယ်''

ဒကာတော်သည်ကား သီးခံနိုင်မှုကုန်ပြီထင်၏။ အလုပ်လုပ်ရလို့ မော၊ နားကိုအဓမ္မ လာကျင့်သူနဲ့ပါ တိုးတဲ့ကိန်း ဆိုက်နေတော့ ဘယ်လိုဘုတော လွတ်လိုက်သည်မသိ ဦးဒတ္တလဲ ချွတ်မရတဲ့ဒကာ ဟု သဘောပိုက်ကာ တစ်ချိုးတည်း လစ်ပြေးလေတော့၏။

နောက်မှ ဒကာတော် ဘာပြန်ပြောလိုက်သည်ကို သိချင်၍ ကပ်မေးကြည့်မိ၏။ ဒကာ ပြန်ပြောလိုက် သည်းကား..........

အရှင်ဘုရား တပည့်တော်ကို တရားဒီလောက်ထိုင်စေချင်ရင် တပည့်တော် မိန်းမနဲ့ကလေးတွေကို ခဏလောက် လုပ်ကျွေးထားပေးပါဘုရား၊ အရှင်ဘုရားရဲ့ မိန်းမလိုသဘောထားပီး လုပ်ကျွေးပေးပါ။ တပည့်တော် သင်္ကန်းဝတ်ပြီး တရားထိုင်ပါ့မယ် .. ဟူ၏။

ဦးဒတ္တသည်ကား ကာလံဒေသံကို ရိပ်ပါးမိကာ နောက်ဆိုလျှင် လူထူထူ တရားထိုင်ကြောင်း မပြောရဲတော့ပေ။



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP