* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, October 13, 2010

ဆန္ဒ နှင့် ဘဝ

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၉ ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း အဘိဓမ္မာသင်တန်း၌ စေတသိက်ပိုင်းနှင့် ပကိဏ်းပိုင်းတို့ကို လောကချမ်းသာဆရာတော်က မူလပဋ္ဌာန်းဆရာတော်၏ ဇယားများနှင့် ဆိုရိုးများဖြင့် အလွယ်တကူ နားလည် သဘောပေါက်စေရန် အထူး သင်ကြား ပို့ချပေး၏။

အဘိဓမ္မာသင်ခန်းစာများ ပြန်လည် ပို့ချသင်ကြားပေးခြင်း ပြီးသော်၊ လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို လောကချမ်းသာဘုရားကျောင်းသို့ ခေတ္တ ရောက်ရှိ သီတင်းသုံးနေသော အရှင်ပညာနန္ဒက “သာသနာအကြောင်း၊ ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒအကြောင်း၊ ဆန္ဒနှင့်ဘဝအကြောင်း” ဟောကြား ချီးမြှင့်၏။



တရားပွဲအပြီးတွင် ၁၀-မိနစ်ခန့် တရား ရှုမှတ် ပွားများကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြပါသည်။

သာဓု ... သာဓု ... သာဓု။

Read more...

ပိုင်းလော့ဆရာတော်ဘုရား၏ စင်္ကာပူ သာသနာပြု ခရီးစဉ်

ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ရှင့်...


ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး အရှင်ဇေယျပဏ္ဍိတ (မိုးညှင်း သိင်္ဂီကျောင်းတိုက်) သည် ၂၀.၁၀.၂၀၁၀ တွင် စင်္ကပူနိုင်ငံကို သာသနာပြု ခရီးကြွရောက်တော် မူမှာဖြစ်ပါတယ်...။ ဆရာတော်ဘုရားကြီးမှ တရားတော်များ ဟောကြားချီးမြှင့်မည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြား သတင်းကောင်းပါးအပ်ပါတယ်ရှင့်။

နေ့ရက်။ အောက်တိုဘာ ၂၄ ရက် ၂၀၁၀ (တနင်္ဂနွေနေ့)
အချိန် ။ ညနေ ၄း၀၀ နာရီ မှ ၇း၀၀ နာရီ
နေရာ ။ Informatic Campus
12 Science Center Road, S609080, (near Jurong East MRT) ,SINGAPORE


*****************************************************

သီရိမင်္ဂလာ မြန်မာသီလရှင်ကျောင်းမှ စီစဉ်ကျင်းပသော (၅)ရက် အချိန်ပြည့် တရားစခန်းပွဲ နှင့် ရဟန်းခံ၊ သီလရှင်ဝတ်ပွဲ


နေ့ရက် ။ နိုဝင်ဘာ ၁၀ ရက် ၂၀၁၀ (ဗုဒ္ဓဟူး) မှ ၁၄ ရက် (တနင်္ဂနွေနေ့) အထိ
နေရာ ။ Aloha Loyang
(Free shuttle bus pick-up from Pasir Ris MRT to drop-off point Aloha Loyang)

တရားစခန်းဝင်လိုသူများ၊ အာရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ သောက်ရေသန့်၊ အအေးလှူဒါန်းလိုသူများ အောက်ပါလိပ်စာတွင် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်..။

ဆက်သွယ်ရန် - သီရိမင်္ဂလာ မြန်မာသီလရှင်ကျောင်း
6A Beatty Road, #03-03 Wu De Building, S 209946,SINGAPORE

Tel: 62963549, 91393307 (5min walk from Farrer Park MRT Exit G)

Read more...

မဟောသဓာဇာတ် (အပိုင်း-၁၂ )

0005052Kph0.jpg

မြင်းကောင်းတစ်စီးနှင့် သူဌေးကောင်းတစ်ယောက်

နောက်တစ်နေ့၌ မင်းကြီးသည် သေနကအမတ်အား "မဟောသဓာကို မည်သို့ခေါ်ဆောင် ရမည်နည်း" ဟု မေးတော်မူ၏။ အမတ်ကြီးက

"မင်းကြီး၊ အရှေ့ယဝမဇ္ဈဂုံ ရွာသားတို့အား မြင်းကောင်းတစ်စီးနှင့် သူဌေးတစ်ယောက် ငါ့ထံ ပို့ဆက်စေရမည်ဟု စေတော်မူပါ။ မဟောသဓာသည် ပညာရှိမှန်လျှင် မြင်းကောင်းဆိုသည်ကား ငါ့ကို ရည်၍ဆိုသည်။ သူဌေးကောင်းဆိုသည်ကား ငါ့အဖ သူဌေးကြီးကို ရည်၍ဆိုသည်ဟု သိပါလိမ့်မည်" ဟူ၍ လျှောက်၏။

မင်းကြီးလည်း ထိုအကြံကို လက်ခံကာ အမတ်တစ်ယောက်အား မဟောသဓာ့ရွာသို့ စေလွှတ်လိုက်၏။ ထိုအခါ မဟောသဓာက 'ဤမှာကြားချက်သည် သာမန်ရည်ရွယ် မှာကြားချက် မဟုတ်။ ငါ့ကိုလည်းကောင်း၊ ငါ့ဖခင်ကိုလည်းကောင်း တွေ့မြင်လို၍ မှာကြားခြင်းသာ ဖြစ်တန်ရာသည်' ဟု တွေးတောမိသည်။

ထို့ကြောင့် ဖခင်သူဌေးကြီးအား အကျိုးအကြောင်း ပြောပြ၏။ မင်းကြီးထံ ဖခင်ကို မိမိအလျင် သွားစေ၏။ မသွားမီလည်း-
"ဖခင်၊ ဖခင်၏ နောက်မှ အကျွန်ုပ် လိုက်လာပါမည်။ ကျွန်ုပ်မရောက်မီ မင်းကြီးက ဖခင်အား နေရာချထား ပေးပါလိမ့်မည်။ ထိုပေးသောနေရာ၌ ဖခင် နေတော်မူပါ။ ကျွန်ုပ်ရောက်လာသောအခါ၌လည်း မင်းကြီးက ကျွန်ုပ်ကို နေရာချထားပေးပါလိမ့်မည်။ ထိုအခါ ကျွန်ုပ်က ဖခင့်မျက်နှာကို ကြည့်ပါမည်။ ကျွန်ုပ်ကြည့်လျှင် ဖခင်က သည်းခံ၍ နေရာမှထပြီး ကျွန်ုပ်ကို နေရာပေးတော်မူပါ။ ဤသို့ပြုလျှင် တစ်ခုသောပြဿနာကို ဖြေဆိုပြီး ဖြစ်ပါလိမ့်မည်" ဟု မှာကြား တောင်းပန်၏။

သူဌေးကြီးလည်း သား သုခမိန် မှာကြားသည့်အတိုင်း ပြု၏။ သူသည် သူဌေးငယ် အပေါင်းခြံရံလျက် မင်းကြီးထံမှောက်သို့ သွား၏။ မင်းကြီးပေးသော နေရာ၌ နေ၏။ ထိုအချိန်တွင် မဟောသဓာသည်လည်း ဖွားဖက်တစ်ထောင် ခြံရံလျက် မြင်းရထားစီးကာ လိုက်လာ၏။ နန်းတော်သို့ ဝင်ခါနီးတွင် မြည်းတစ်ကောင်ကို မြင်သည်။ ထိုအခါ လုလင်တို့အား မြည်းကို ဖမ်းစေပြီး ဖျာဖြင့် လိပ်၍ ယူဆောင်လာစေ၏။ လူအပေါင်းလည်း ကျော်ကြားလှသော သုခမိန်ကလေးကို မြင်လိုတွေ့လိုကြသဖြင့် ဝိုင်းဝန်းကြည့်ရှုကြ၏။ ချစ်ခင်မြတ်နိုးကြသဖြင့် နန်းတော်တံခါးဝတိုင်အောင် လိုက်၍ ကြည့်ကြ၏။

မဟောသဓာသည် မင်းကြီးရှေ့တော်မှောက်သို့ ရောက်သောအခါ ရှိခိုးလျက် သင့်တင့်သော နေရာ၌ ရပ်နေ၏။ မင်းကြီးလည်း နှစ်သက်ဝမ်းမြောက်စွာဖြင့် ချိုသာစွာ နှုတ်ခွန်းဆက်၏။
"ချစ်သား သုခမိန်၊ လျောက်ပတ်သောနေရာကို ရွေးချယ်နေလော့" ဟု ဆို၏။

ထိုအခါ မဟောသဓာသည် ဖခင်သူဌေးကြီး မျက်နှာကို လှမ်းကြည့်လိုက်၏။ သူဌေးကြီးသည်လည်း တင်ကြိုမှာကြားထားသည့်အတိုင်း မိမိနေရာမှ ထ၍ "ချစ်သား၊ ဤနေရာ၌ နေလှည့်လော့" ဟု ဆို၏။ နေရာဖယ်ပေး၏။ မဟောသဓာလည်း ဖခင်၏နေရာ၌ နေ၏။ ထိုအခါ သေနက၊ ပက္ကုသ၊ ကာမိန္ဒ၊ ဒေဝိန္ဒ အမည်ရှိသော အမတ်သုခမိန်လေးဦးတို့သည် လက်ခုပ်တီးကာ ပြင်းစွာရယ်ကြ၏။ ပြက်ရယ်ပြုကြ၏။ နန်းတွင်းသား မူးမတ်တို့သည်လည်း လိုက်လံပြက်ရယ် ပြုကြ၏။

မြည်းပြဿနာ

ထိုအခါ ကြည်ရွှင်ပျနေသော မင်းကြီးသည် မျက်နှာညှိုးသွား၏။ "သုခမိန်၊ အမျိုးကောင်းသားတို့သည် မိမိထက် အသက်ကြီးသော သူစိမ်းကိုသော်မှ နေရာမှထစေခြင်းငှာ မထိုက်။ ယခု သင်မူကား ကျေးဇူးရှင် ဖခင်ကိုပင် နေရာမှထစေ၏။ သင့်တော်ပါ၏လော" ဟု မေး၏။ ထိုအခါ မဟောသဓာကလည်း လိမ္မာစွာ ပြန်လည်လျှောက်တင်၏။

"အရှင်မင်းကြီး၊ နေရာတိုင်းတွင် သားထက် အဖမြတ်သည်ဟု ထင်မှတ်ပါသလော"
"သုခမိန်၊ နေရာတိုင်းမှာပင် သားထက်အဖက မြတ်ပေသည်"

ထိုအခါ မဟောသဓာသည် လုလင်ပျိုတို့အား မြည်းကို ဆောင်ယူလာစေပြီး မင်းကြီးရှေ့တော်မှောက်တွင် ထားစေ၍ ဆက်လက် လျှောက်ထား၏။

"အရှင်မင်းကြီး၊ ဤမြည်းသည် အဖိုးမည်မျှ ထိုက်ပါသနည်း"
"သုခမိန်၊ မြည်းကောင်းဖြစ်လျှင် အလွန်ဆုံး ၈-ကျပ်မျှ အဖိုးထိုက်၏"
"အရှင်မင်းကြီး၊ ဤမြည်းထီးနှင့် အာဇာနည်မြင်းမတို့ ပေါင်းဖော်၍ရသော အဿတိုရ်မြင်းကောင်းသည် အဘယ်မျှ အဖိုးထိုက်ပါသနည်း"
"သုခမိန်၊ အဿတိုရ် မြင်းကောင်းသည် တန်ဖိုးမဖြတ်နိုင်ပါ"
"အရှင်မင်းကြီး၊ ဤသို့ဆိုလျှင် နေရာတိုင်းမှာ အဖကသားထက် မြတ်၏ ဆိုခြင်းမှာ မှန်ကန်ပါ၏လော။ စင်စစ်မှာ အခြေအနေကို လိုက်၍ ထိုက်ရာသာ အမြတ်အယုတ်ကို ယူရပါမည်။ အရှင်မင်းကြီး၏ သုခမိန်ကျော်လေးယောက်တို့ ဤမျှလောက်ကိုပင် မသိရှိကြပါတကား။ အရှင်မင်းကြီး၊ ထိုသို့ မြည်းကို ပုံပြု၍ အကျွန်ုပ်တင်လျှောက်သည်ကို လက်မခံလိုပါက ကျွန်ုပ်တို့ သားအဖတွင် အဖမြတ်လျှင် အဖကို ကောက်ယူတော်မူပါ။ အကျွန်ုပ်မြတ်လျှင် အကျွန်ုပ်ကို ကောက်ယူတော်မူပါ"

ဤစကားကို ကြားလျှင် မင်းကြီးသည် ညှိုးငယ်ရာမှ ရွှင်ပြုံးလာ၏။ မင်းပရိသတ်တို့သည်လည်း ရွှင်မြူးစွာ ကောင်းချီးပေးကြ၏။ သုခမိန်ကျော်လေးယောက်တို့သည်ကား မျက်နှာအောက်ချလျက် ငေးမှိုင်နေကြ၏။

ဤနေရာ၌ မဟောသဓာသည် ဖခင်ကို နေရာမှ ထစေခြင်းမှာ မရိုမသေပြုခြင်း မဟုတ်။ "မြင်းကောင်းတစ်စီးကို ဖြစ်စေ၊ သူဌေးကောင်း တစ်ယောက်ကိုဖြစ်စေ ပို့ဆက်စေ" ဟု ဆင့်ဆိုသည့် ပြဿနာကို ဖြေလိုသောကြောင့်ဖြစ်သည်။

မင်းကြီးသည် မဟောသဓာ၏ မြည်းပြဿနာ ဖြေဆိုချက်ကို လွန်စွာ နှစ်သက်တော်မူ၏။ ထို့ကြောင့် မဟောသဓာ၏ ဖခင် သူဌေးကြီးအား အရှေ့ယဝမဇ္ဈဂုံးရွာကို အပိုင်စားပေး၍ မြို့စားမင်း ခန့်တော်မူ၏။ မဟောသဓာ၏ မိခင်ကိုလည်း မြို့စားကတော်၏ အဆောင်အယောင် အဝတ်တန်ဆာတို့ ပို့ဆက်စေသည်။

ထို့နောက် မင်းကြီးက သူဌေးကြီးအား "မဟောသဓာကို ငါ့အား သားတော်အဖြစ် မွေးရန်ပေးပါ" ဟု ဆို၏။ သူဌေးကြီးက "မဟောသဓာသည် ငယ်ပါသေးသည်။ အရွယ်ရောက်သောအခါ မင်းကြီးထံ၌ ခစား ထမ်းရွက်ပါလိမ့်မည်" ဟု လျှောက်၏။

မင်းကြီးက မစောင့်နိုင်။ ထပ်မံ၍ တောင်းခံပြန်၏။ သူဌေးကြီးလည်း မငြင်းဆန်သာဘဲ မဟောသဓာကို နန်းတော်၌ ထားခဲ့ရ၏။ သွားခါနီးတွင် သားကို ရင်ခွင်၌ထားလျက် "ချစ်သား၊ သတိဖြင့် ခစားပါလေ" ဟု မှာကြား၏။ မဟောသဓာကလည်း ဖခင်ကို ရိုသေစွာ ရှိခိုးလျက် "မစိုးရိမ်၊ မကြောင့်ကြပါလင့်" ဟု နှစ်သိမ့်စကား ပြန်ကြား၏။

သူဌေးကြီး ပြန်သွားသောအခါ မင်းကြီးက မဟောသဓာအား "ချစ်သား၊ အတွင်း၌ နေ၍ ခစားမည်လော၊ အပြင်၌နေ၍ ခစားမည်လော" ဟု မေးတော်မူ၏။
မဟောသဓာက "အကျွန်ုပ်မှာ ဖွားဖက်တစ်ထောင်နှင့်တကွ အခြံအရံ များလှပါသည်။ အပြင်၌နေ၍သာ ခစားပါမည်" ဟု လျှောက်တင်၏။

ထိုအခါမင်းကြီးသည် မဟောသဓာအား သင့်လျော်သော နေအိမ်ကိုပေး၏။ အခြံအရံများအတွက်လည်း နေအိမ်များပေး၏။ ထိုအခါမှစ၍ မဟောသဓာသည် နေ့စဉ်ပင် မင်းကြီးကို ခစားရလေသည်။

(မဟောသဓာဇာတ် အပိုင်း-၁၃ "ရေကန်ထဲမှ ပတ္တမြားရောင်" ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။

Read more...

ဒုတိယအကြိမ် ရေသန့်ရေအေးစက် အတွက် အလှူခံခြင်း။



မင်္ဂလာပါရှင်။

အလှူငွေကျပ် ၁၀ သိန်း တန်ဘိုးရှိ စတီးရေသန့်ရေအေးစက်တစ်ခုကို စစ်ကိုင်းတောင်ရိုးတွင် ဒုတိယအကြိမ်လှူဒါန်းရန် အလှူခံရာတွင် အောက်ပါ အလှူရှင်များထံမှ အလှူငွေ စုစုပေါင်း ၆၅၀၀၀၀ ကျပ် တိတိ လက်ခံရရှိထားပြီး ဖြစ်ပါတယ်ရှင်။

ဒုတိယအကြိမ်မြောက် ရေသန့်ရေအေးစက်ကို အမြန်ဆုံး ဆက်လက်လှူဒါန်းသွားနိုင်ရန်အတွက် အလှူရှင်များအနေဖြင့် ဆက်လက်ပါဝင် လှူဒါန်းနိုင်ကြပါကြောင်း လေးစားစွာဖြင့် မေတ္တာရပ်ခံလိုက်ရပါတယ်ရှင်။

ရေသန့်ရေအေးစက် စတီးရေလှောင်ကန် တစ်ကန် တန်ဘိုး.... ( တစ်ဆယ်သိန်းကျပ်)



အလှူငွေလက်ခံရရှိပြီးထားသော ဒုတိယအကြိမ် ရေ ၅၀၀လီတာဆန့် ရေသန့်ရေအေး စတီးရေလှောင်ကန် အလှူရှင်များ….

၁.ဒေါက်တာမြတ်ဥာဏ်+ဒေါ်ဝါ၀ါခိုင်မင်း ၊သမီးလေး မေမြတ်နိုးခိုင် မိသားစု (ရန်ကုန်)မှ အလှူငွေ ၁၀၀၀၀၀ ကျပ်။

၂.နှစ်ဖက်မိဘများကို ရည်စူး၍ ဒေါ်ခင်ဌေး နှင့်မိသားစု (တက္ကသိုလ်ရိပ်သာလမ်းသစ် ၊ ဗဟန်း) မှ အလှူငွေ ၅၀၀၀၀ ကျပ်။

၃.နှစ်ဖက်မိဘများကို ရည်စူး၍ ဦးဂျင်မီစိုး နဲ့ မိသားစု ((တက္ကသိုလ်ရိပ်သာလမ်းသစ် ၊ ဗဟန်း) မှ အလှူငွေ ၅၀၀၀၀ ကျပ်။

၎.နှစ်ဖက်မိဘများကို ရည်စူး၍ ဒေါက်တာစိုင်းထက်ယံဦး + ဒေါ်စန္ဒီဇော်မောင် မိသားစု မှ အလှူငွေ ၅၀၀၀၀ ကျပ်။

၅.မသန္တာဝင်း (စင်္ကာပူ) မှ အလှူငွေ ၁၀၀၀၀၀ ကျပ်။

၆.ကွယ်လွန်သူဒေါ်စိန်သွင်ကိုရည်စူးပြီး ဦးတင်ထွန်းဒေါ်ညွန့်ညွန့်မိသားစုမှ အလှူငွေ ၁၀၀၀၀၀ ကျပ်။

၇.ကိုမြင့်သူ+မမွှေးမွှေးကြူ ၊ သမီး ဇင်မွန်ထက် (ကနေဒါနိုင်ငံ) မှ ၁၀၀၀၀၀ ကျပ်။

၈. ကိုထွန်းထွန်း (စင်္ကာပူ) မှ ၅၀၀၀၀ ကျပ်

၉.ဒေါက်တာဦးတင်ဇော်မောင်+ဒေါက်တာခင်သန်းအေး မိသားစု(စမ်းချောင်း၊ရန်ကုန်) မှ ၅၀၀၀၀ ကျပ်

---------------------------------------------------------------------------------------------------
လက်ခံရရှိပြီး အလှူငွေ စုစုပေါင်း = ၆၅၀၀၀၀ ကျပ်

(ဒုတိယအကြိမ် စတီးရေသန့်ရေလှောင်ကန်အတွက် လိုအပ်နေသော အလှူငွေ ၃၅၀၀၀၀ ကျပ် )




အလှူငွေများကို ထည့်ဝင်ရန်…..
မ၀ါဝါခိုင်မင်း (မြန်မာနိုင်ငံ ၊ ဂျပန်နိုင်ငံ)
SAKURA DENTAL CLINIC
အမှတ် ၅၂ -က (ပထမထပ်)
ရန်ကုန်-အင်းစိန်လမ်းမကြီး
စံရိပ်ငြိမ် (၃)လမ်းထောင့်
လှည်းတန်းကမာရွတ်မြို့နယ် ၊ရန်ကုန်မြို့။
ဖုန်း-၀၁ ၇၃၀၉၅၈၅၁ ၊ ၀၉၅ ၁၇၂ ၁၅၄
Email- nawarwarmg2009@gmail.com

၂.ကိုဇူလိုင် (စင်္ကာပူ)
julydream0707@gmail.com

၃.ကိုရန်အောင် (USA)
aungyan@gmail.com
များသို့ ဆက်သွယ် လှူဒါန်းနိုင်ကြပါတယ်ရှင်။

လေးစားစွာဖြင့်..

ဝါ၀ါခိုင်မင်း

Read more...

အံ့ဖွယ် ထူးခြား အင်ဒိုနီးရှား


ရွှေနှလုံးသားပိုင်ရှင်၏
ရွှေမြေပေါ်မှ ရွှေတိဂုံစေတီပွါး အခမ်းအနား


ဆုမတြာကျွန်းကို သုမိတြကျွန်းဟု ပါဠိ၊ သက္ကဋစကားဖြင့် ခေါ်ဝေါ်ခဲ့ဘူးသည်။ အိန္ဒိယတောင်ပိုင်း ပလ္လ၀အရပ်မှ သုမိတ္တ (သုမိတြ) အမည်ရှိ ကုန်သည်ကြီး ခေါင်းဆောင်၍ အိန္ဒိယသားတို့ အခြေချခဲ့ကြသည်။ ခန့်မှန်း B.C. 4 ရာစုဟု ယူဆရသောခေတ်က ဟိန္ဒူဘာသာဝင် အိန္ဒိယလူမျိုးတို့ (ဟိန္ဒူတို့) နေခဲ့ကြသည်။ A.D. 4 ရာစုခန့်လောက်တွင် တရုတ်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဖာဟီယန် (Faxian)တို့ ရောက်ခဲ့ကြသည်။
ဤသို့လျှင် အိန္ဒိယတလှည့် တရုတ်တလှည့် ဘာသာရေးခေါင်းဆောင်များနှင့် ကုန်သည်များ ရောက်ရှိခဲ့ကြရာ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာတို့လည်း ရောက်ရှိခဲ့ကြ သည်ဟု ဆိုရမည်ဖြစ်သည်။
[မှတ်ချက်။ ။ထိုနေရာကို အင်ဒိုချိုင်းနားဟုခေါ်စမှတ်ရှိသည်။]


ရာမာယဏဇာတ်တော်တွင်လာရှိသည့် အမည်များကိုသုံး၍ မဟာဝိဇယအမည်ရှိသည့် မင်းဆွေမင်းမျိုးများလည်း ရောက်ရှိခဲ့ကြသည်။ သူတို့တည်ထောင်သောမြို့သည် ၀ိဇယပုရ-ဖြစ်သည်။ မဟာဝိဇယဟူသော အောင်တော်မူမင်းများ၊ သေလိန္ဒရ-ဟူသော ကျောက်နိုင် မင်းများက မုဆိုး၊ တံငါအလုပ်ဖြင့် အသက်မွေးကြကုန်သော barbarian တို့ကို တိုက်ခိုက်နှိမ်နင်း အောင်မြင်ခြင်းကို အထိမ်းအမှတ်ပြု၍ မြို့ပြပြည်ရွာ တည်ထောင်ကြရာ သူတို့၏အောင်မြို့ကို ဇယကရ-ဟုခေါ်ခဲ့ကြသည်။ ယနေ့တော့ ဂျကာတာ-ဟု ခေါ်ကြသည်။

အိန္ဒိယပြည်မှ လာကြကုန်သော မင်းဆွေမင်းမျိုးများ၊ အိန္ဒိယပင်လယ် တရုတ်ပင်လယ်တွင် သွားလာကြသော သင်္ဘောကုန်သည်များက ရိက္ခာအဖြစ် ဂျုံမျိုးစေ့တို့ကို သယ်ဆောင်လာခဲ့ကြပြီး စိုက်ပျိုးကြရာ ဂျုံများအလွန့်အလွန် အောင်မြင်ဖြစ်ထွန်းသဖြင့် ထိုကျွန်းကို ဂျာဗားကျွန်းဟုခေါ်ဆိုကြလေသည်။
မှတ်ချက်။ ။ ဂျာဗားဟူသည် ယ၀-ဟူသော ပါဠိပုဒ်မှ ဆင်းသက်လာသည်။ ယ၀-ပါဠိပုဒ်သည် ဂျုံမုယော-ဟု အဓိပ္ပါယ်ရသည်။ ဣန္ဒနိဿယ (အိန္ဒနိသျ-အိန္ဒိယလူမျိုးတို့နေရာဒေသ၊ (သို့) သိကြားမင်း၏ နေရာဒေသ) မှ အင်ဒိုနီးရှား [အိန္ဒနိသျ (ရှ)] ဟု ဖြစ်လာရသည်။


တောင်အာရှနှင့် အရှေ့တောင်အာရှတစ်ခွင်လုံးသို့ အာဏာစက်ဖြန့်ကြက်ခဲ့သော အသောကခေတ်တွင် အရှေ့တောင်အာရှနယ်မြေ (မြန်မာအရှေ့တောင်ပိုင်း၊ ထိုင်းအနောက်တောင်ပိုင်း၊ မလေးကျွန်းစု၊ ဆုမတြာကျွန်းစု) တစ်ခုလုံးကို သုဝဏ္ဏဘူမိ-ဟူ၍ ခေါ်ဆိုခဲ့ကြသည်။ ဤရွှေမြေ၌ အသောက၏ ဓမ္မဒူတအဖွဲ့များ ရောက်ခဲ့ဖူးသည်။
A.D. 8 ရာစုခန့်တွင် သေလိန္ဒရမင်းတို့ တည်ဆောက်ခဲ့သော ၀ရဗုဒ္ဓစေတီတော်ကြီး (သို့) ၀ိဟာရဗုဒ္ဓစေတီတော်ကြီး ဗောရောဗုဓော (Borobudur) က ဗုဒ္ဓသာသနာ ထွန်းကားခဲ့ရာ သုဝဏ္ဏဘူမိ ရွှေမြေ၏ အမှတ်လက္ခဏာ (Landmark of Golden Land) ပင်ဖြစ်သည်။

ယခုအခါ ဤရွှေမြေပေါ်၌ ရွှေတိဂုံစေတီပွါး ပေ-၁၇၀-ခန့်မြင့်သည့် ရွှေတိဂုံစေတီတော်ကို ရွှေနှလုံးသားပိုင်ရှင် သူဌေးတစ်ဦးက ရက်ရက်ရောရော စွန့်လွှတ်၍ တည်ဆောက်ခဲ့ပြီးဖြစ်သည်။ ထိုရွှေမြေပေါ်က မြတ်ဘုရားရွှေတိဂုံ၏ စေတီပွါးကို သံဃာတော်ပေါင်း ၁၅၀၀-ခန့်တို့ဖြင့် ဗုဒ္ဓါဘိသေကဗုဒ္ဓ-ဟူသော အနေကဇာတင်၍ ပူဇော်တော်မူကြမည်ဖြစ်သည်။
သုဝဏ္ဏစေတီတော်၏ စေတိယပူဇာပွဲကျင်းပရာ သုဝဏ္ဏဘူမိသို့ မြန်မာနိုင်ငံမှ သံဃာတော်-၆၀၀၊ ထိုင်းနိုင်ငံမှ သံဃာတော်-၄၀၀၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော်-၄၀၊ ကဗ္ဘောဒီးယားနိုင်ငံမှ သံဃာတော်-၂၀၊ လာအိုနိုင်ငံမှ သံဃာတော်-၁၀၊ နီပေါ-အိန္ဒိယ-တိဗက်-တရုတ်-ကိုရီးယား-ဂျပန်-မက္ကစီကို-အမေရိက-ပြင်သစ်-အင်္ဂလန်-ဂျမေကာ-ဒိန်းမတ်-ယုဂန္ဓာနိုင်ငံတို့မှ သံဃာတော်များနှင့်ပေါင်းလျှင် သံဃာတော်ပေါင်း ၁၅၀၀-တို့၏ မဟာသံဃသန္နိပါတ၊ မဟာစေတိယပူဇာပွဲကြီးကို ဆင်နွှဲကြမည်ဖြစ်သည်။

အစီအစဉ်

၁။ ဗုဒ္ဓါဘိသေက ဗုဒ္ဓပူဇာ စေတိယပူဇာပွဲ
၁၃၇၂-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၇)ရက် (30th Oct. 2010)

၂။ မဟာသံဃသန္နိပါတ အစည်းအဝေး၊ တရားဆွေးနွေးခြင်း၊
၁၃၇၂-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၈)ရက် (31st Oct. 2010)

၃။ သာဂရ ရေသောက်မြစ် သိမ်သမုတ်ခြင်း
၁၃၇၂-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၉)ရက် (1st Nov. 2010)

ဘာသယေ ဇောတယေ ဓမ္မံ၊ ပဂ္ဂဏှေ ဣသိနံ ဓဇံ။
သုဘာသိတဒ္ဓဇာ ဣသယော၊ ဓမ္မော ဟိ ဣသိနံ ဓဇော။

ဓမ္မံ-လောကုတ္တရာတရား မြတ်ကိုးပါးကို (၀ါ) သစ္စာလေးပါး မြတ်တရားကို၊ ဘာသယေ-ဟောပြောပြသပို့ချရာ၏၊ ဇောတယေ-ပြောင်ပြောင်ဝင်းဝင်း ထိန်လင်းရာ၏၊ ဣသိနံ-ရသေ့ရဟန်းတို့၏၊ ဓဇံ-တရားတည်းဟူသော အောင်လံကို၊ ပဂ္ဂဏှေ-စိုက်ထောင်မြင့်မြင့် စွင့်စွင့်လူလူ လွှင့်ထူရာ၏၊ ဣသယော-ရသေ့ရဟန်းတို့သည်၊ သုဘာသိတဒ္ဓဇာ-ကောင်းစွာစိုက်ထောင်အပ်ပြီးသော တရားအောင်လံရှိတော်မူကြကုန်၏၊ ဟိ-မှန်၏၊ ဓမ္မော-တရားတော်သည်၊ ဣသိနံ-ရသေ့ရဟန်းတို့၏၊ ဓဇော-အောင်လံတစ်ဆူ ဖြစ်ပါပေ၏။

Preach, glorify the Truth, and
Lift the Sage's flag on high,
Emblem of saints is goodly speech,
Truth is the flag they fly.

သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေသတည်း။
May the Sublime Dhamma prevail in its pristine purity in every corner of the world.

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
May all beings be well, happy and peaceful as a full-moon.

သီတဂူဆရာတော်ကြီး၏ သြ၀ါဒမှ ဖော်ပြသည်။

သီတဂူစတား
၁၁-၁၀-၂၀၁၀

Read more...

ချစ်စရာပဋိပက္ခများ


နားလည်မှုဆိုတာ လွဲချင်ရင် ရှာကြံပြီးလွဲတာ။

လက်ဖဝါးနှစ်ခုစုံတီးလို့ “ဖြောင်း ဖြောင်း” ဆိုတာ ထွက်ပေမယ့် နားလည်မှုက အဲ့လိုထွက်မလာတတ်ဘူး။ နားလည်မှုဆိုတာ တစ်ဘက်သားကို နားလည်ပေးလိုက်တာ အဲ့ဒီလိုပါလားဆိုတာ ကိုယ့်ကိုယ်ကို သိခွင့်ရ လိုက်တဲ့သဘောပါ။ ကိုယ့်ဘက်က ဘယ်လောက်နားလည်မှုပေးပေး တစ်ခြားတဘက်က အနေအထားကို သိမထားဘူးဆိုရင် တစ်ခါတစ်ရံ စေတနာက ဝေဒနာတွေ အလိပ်လိုက် အလိပ်လိုက်ထပ်ကုန်ရော။ ဖြစ်စေချင်တာနဲ့ ဖြစ်ချင်တာပဲဆိုရင်တော့ မုန်တိုင်းဆိုတာ လေရှိမှ မဟုတ်ဘူးဆိုတာ အဲ့ဒီအချိန်မှာ နားလည်မိတယ်။

တစ်ဘက်သားရဲ့သဘောသဘာဝကို စောကြောနားလည်ခြင်းမရှိရင် သားအဖချင်းကို ဆန့်ကျင်ဘက် ဖြစ်ဖြစ်သွားတယ်။ ကျနော့်အဖေနဲ့ ကျနော့်ကြားမှာလည်း အဲ့ဒီလိုလေးတွေ ရှိခဲ့ဖူးတယ်။ ရှိနေသေးတယ်။ အဖေ့ဘက်က ကြည့်တော့လည်း ဟုတ်နေတာနဲ့ ကျနော်ကပဲ အဖေအလိုကျ ဖြည့်ပေးလိုက်တယ်။ ကျနော်တို့ငယ်ငယ်က ဒီဟာမကြိုက်ဘူး ဟိုဟာမကြိုက်ဘူးဆိုတာတွေကို မငြီးမညူလုပ်ပေးခဲ့တာလေ။ ကျနော့်တို့အလှည့်ကျတော့ အဖေတို့ အမေတို့မကြိုက်ဘူးဆိုတာကို ဇွတ်ကြိုက်စေချင်တယ်။ နားလည်မှု ရပ်ဝန်းဟာ ကျနော်တို့အလှည့်ကျတော့ အဖေတို့ အမေတို့လောက် စိတ်မရှည်ကြတော့ဘူး။

ခုတော့ ကိုယ်ဆန္ဒရှိရာ ကိုယ်ဝယ်ပေးထားတာလေး ဝတ်စေချင်တယ် သုံးစေချင်တယ်။ ဒါပေမယ့် ကျနော့်အဖေက မသုံးဘူး။ အဖေမသုံးရင်လည်း သူများပေးလိုက်လားဆိုတော့လည်း မပေးချင်ဘူး ခက်တာက။ ဒါ ငါ့သားပေးထားတာလေ ဆိုတာကို သိမ်းထားချင်တာ။ အဖေ့အတွက် အသုံးတည့်မယ့် ပစ္စည်းလေးတွေ ကျနော် အဖေ့ကို ဝယ်ပေးလေ့ရှိတယ်။ တခါတရံတော့ အဖေ့ကို စမိတယ်။ အဖေမသုံးရင်တော့ လူလေးကို ပြန်ပေးလိုက်နော်ဆိုတော့ ခု သုံးနေပါတယ် လူလေးရာတဲ့။

ကျနော်ရန်ကုန်က ပြန်လာရင် အဖေကကြားကြားချင်း ကျနော်ဆီလာတယ်။ အဖေနေတဲ့ရွာနဲ့ ကျနော် တည်းတဲ့ရွာက တခြားစီကိုး။ အဖေလာနေအတိုင်း ကုန်းကြောင်း(ခြေလျင်)များတယ်။ အဖေရာ ထွေလာ (လယ်ထွန်စက်နောက်ဆွဲ)နဲ့ လာရင်ပြီးရော အဖေ့အတွက်ပင်ပန်းလိုက်တာဆိုတော့ “ပိုက်ဆံလည်း ပေးရသေး၊ ကိုယ်နားချင်တဲ့နေရာလည်း မနားရဘူး၊ ခြေလျင်က ကိုယ်နားချင်တဲ့နေရာ နားပြီး ပါလာတဲ့ ရေနွေးလေး ကျိုက်လို့ရသေးတယ်”တဲ့။ အဖေပင်ပန်းမှာစိုးလို့ပါဆိုတော့ ကိုယ့်အကြောင်းကိုယ်သိတယ် ဆိုတာနဲ့ ကျနော်ဘာမှဆက်မပြောဖြစ်ဘူး။ ခုထိ အဲ့ဒီအတိုင်းသွားနေတုန်း။ ဟိုတစ်ခေါက်ပြန်တုန်းက သူ့တူ တရုပ်ဆိုင်ကယ်လေးဝယ်ထားလေတော့ သူ့မြေးတွေမောင်းခိုင်းပြီး “လူလေးရေ မကြာပါဘူး ဖွတ် ချွတ်ပဲ” ဆိုပြီး သကျဲ(သွားကျဲ)လေးနဲ့ ပြောလေရဲ့။ ဒီလိုတော့ အဖေက ချစ်စရာ။

တခါက အဖေ့ကို စမိတယ်။ အဖေ ကျနော်မြို့သားနော်လို့။ “လူလေးရ ငါ့သား မြို့သားစစ်ချင်မှစစ်လိမ့်မယ်၊ ငါ့သားမြို့သားဖြစ်တိုင်း အဖေမြို့သားမဖြစ်ပါဘူး။ အဖေက တောသားစစ်စစ်ပဲ။ အဖေမြို့သားဖြစ်လည်း ကိုယ့်တောက လူတွေကိုသိသလို မြို့မှာသိဖို့မလွယ်ဘူး။ လွယ်လည်း လူလေးတို့ မြို့သားဆိုတာတွေက ခပ်ထယ်ထယ်တွေရယ်”တဲ့။ ဟုတ်တော့လည်း ဟုတ်မယ်။ တစ်နှစ်က အဖေ့ကို မြို့မှာ အကြာကြီးခေါ်ထား တော့ အဖေပျော်ရဲ့လားဆိုတော့ “ပျော်ပါဘူး လူလေးရာ လူတွေများသလောက် ကိုယ့်နဲ့သိတဲ့သူ တစ်ယောက်မှမရှိဘူး”တဲ့။ နောက်များတော့ အဖေပျော်သလောက်ပဲ။

ခု ပြောပြချင်တာက အဖေပြောတဲ့ ဖိနပ်ကိစ္စ။ ကျန်တာ ပြန်တိုင်းကျနော်ဝယ်ပေးထားခဲ့တဲ့ အင်္ကျီ နဲ့ပုဆိုးကိုဝတ်တယ်။ ဖိနပ် ကျတော့ သူလိုချင်တာမှာတယ်။ ကျနော်ဝယ်ပေးတာ မစီးဘူး။ ရန်ကုန်မှာ ခေတ်စားနေတဲ့ ဖိနပ်ဝယ်သွားတယ်။ မစီးဘူး။ ကိုယ့်တော ဗွက်နဲ့ အိုင်နဲ့ မဖြစ်ဘူးတဲ့။ ဆင်ကြယ် မြင်းကြယ်ဖိနပ်ဝယ်ပေးတယ် မစီးဘူး။ ခြေထောက်ရုန်းတိုင်း လိုက်နေတယ် ကီးမကိုက်ဘူးတဲ့ လူလေး ဖိနပ်က။ အဖေမှာတာလည်း ကြည့်အုံး ကားတာရာဖိနပ်ကောင်းကောင်းတဲ့။ အဖေ့နယ်ဗျာဆိုတော့ “အိုး လူလေးရဲ့ ဖိနပ်ကောင်းကောင်းတွေက ဆူးရှည်ရင်ကိုယ့်ထိသေးတာ၊ မိုးရွာရင်ပိုဆိုးတယ်၊ လူကြီးဆိုတော့ ချော်လဲ မှာလည်းကြောက်သေးတာ၊ နောက်ဆုံး တရားနာသွားရင်တောင် ကောင်းကောင်း တရားမနာရဘူး။ ကားဖိနပ်ဆိုတော့ တရားနာရတာကို ဖြောင့်လို့” တဲ့။

ဘာပဲဖြစ်ဖြစ် အဖေ့အကြိုက်ပေါ့။ ကျနော်က အဖေ့ ချစ်တာကိုး။

Read more...

လွမ်းရပါဘိ... မောင်လူခင်

Read more...

ဗြဟ္မယာန ရှင်းလင်းချက်

ဗြဟ္မယာန ရှင်းလင်းချက်


အမှာစကား....

ကိုနေမျိုးက ဦးဇင်းဆိုက်မှာ ဒီလို ကွန်မန့်ပေးသွားတယ်။ ကိုနေမျိုးကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုနေမျိုး အဲဒီလို ရေးသွားတော့ ဦးဇင်းမှာ အဲဒီဟောကြားချက်တွေကို အသေးစိတ် ပြန်ဖတ်ဖြစ်သွားတယ်။ နောက်ပြီး ဗုဒ္ဓဘာသာဝင်တွေ သိသင့်တယ်လို့ ယူဆမိတဲ့အရာအချို့ကိုလည်း သိခွင့်ရသွားတယ်။ ဦးဇင်း အခုတင်ပြသွားတာတွေက ကိုနေမျိုးကို ပြောတယ်ဆိုတာထက် အဲဒီလို တစ်ပိုင်းတစ်စလေးတွေနဲ့ တောင်ပြောမြောက်ပြော ပြောနေကြသူတွေကို ဦးတည်ပါတယ်။ ဦးဇင်းက အခြားဘာသာအကြောင်း ပြောခဲ့ရင်တောင် သူတို့ ကျမ်းဂန်မှာ အသေအချာ ပြထားတာတွေကိုပဲ ပြောလေ့ရှိပါတယ်။ ထင်ရာမြင်ရာတွေနဲ့ ပုတ်ခတ်ပြောရတာ မကြိုက်ပါဘူး။ အခု ကိုနေမျိုး ထားခဲ့တဲ့ မက်ဆေ့တွေကို ရှင်းလင်းတဲ့အနေနဲ့ ပို့စ်တစ်ခု ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အခြားဘာသာကို ထိခိုက်စေတဲ့ သဘောမျိုး အလျဉ်း မရှိပါကြောင်း..........

ကိုနေမျိုးက မြတ်စွာဘုရားရှင် ဟောကြားထားတဲ့ ကျမ်းဂန် လေးမျိုး ထုတ်ပြသွားတယ်။ အဲဒါတွေက
၁။ ဒီဃနိကာယ်
၂။ မဇ္ဈိမနိကာယ်
၃။ သံယုတ္တနိကာယ် နဲ့
၎။ ဣတိဝုတ်ပါဠိတော် တို့ ဖြစ်တယ်။ အဲဒီလေးမျိုးထဲမှာ “ဗုဒ္ဓ၀ါဒဟာ ဗြဟ္မယာနဖြစ်တယ်”ဆိုနိုင်တဲ့ ကောက်ချက်ချနိုင်တဲ့ အနေအထားမျိုး မရှိပါဘူး။ မရှိတာကို အရှိလုပ်ပြီး လေ့လာသူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တာဟာ အောက်တန်းကျတဲ့ စိတ်ဓာတ်ပါ။ ပညာရှင်လို့ မဆိုနိုင်ပါဘူး။ ကိုနေမျိုး ရေးသွားတဲ့ ဘာသာပြန်တွေဟာ ဘယ်သူဘယ်ဝါ ပြန်ထားတယ်ဆိုတော့ မသိပါဘူး။ ဒီနေရာမှာ ပြောစရာရှိတာက အဲဒီလို ဟောထားတာ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီလောက်လေး အဓိပ္ပာယ်ယူပြီး ပြန်ထားတာ၊ ထုတ်နုတ်ထားတာက မရိုးသားတာပါ။

စကားစပ်လို့ တစ်နေ့က မွတ်စလင်ပါမောက္ခတစ်ယောက်ပြောသွားတဲ့ ဟောပြောပွဲတစ်ခု ကြည့်လိုက်ရတယ်။ သူက တမန်တော် မိုဟာမက် ပေါ်ပေါက်မယ့်အကြောင်း ဂေါတမမြတ်စွာဘုရားကိုယ်တိုင် ဟောထားတယ်လို့ ဟောပြောနေပါတယ်။ တမန်တော် မိုဟာမက်ဟာ ဘုရားဟော ပိဋကတ်တွေထဲက စကြ၀တေးမင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ပရိသတ်များစွာရှေ့မှာ ကျမ်းကိုးကျမ်းကားတွေနဲ့ ခပ်တည်တည် ဟောနေတာပါ။ ဗုဒ္ဓကျမ်းဂန် ဘယ်စာအုပ်၊ စာမျက်နှာဘယ်လောက်မှာ စသည်ဖြင့် အတိအကျကြီးကို ဆော်နေတာပါ။ အောက်က မသိတဲ့ပရိသတ်တွေကတော့ အဟုတ်ကြီး ထင်ကောင်းထင်နေပါလိမ့်မယ်။ ဦးဇင်းကတော့ ရယ်ရလွန်းလို့ ပြီးအောင် ကြည့်လိုက်ပါတယ်။ ဟုတ်တာ တစ်ခုမှမှ မပါတာ။

ကဲ…အခု ကိုနေမျိုး တင်ပြသွားတဲ့ ကျမ်းဂန် လေးခုကို မူရင်းနဲ့ဆိုင်ပြီး ပြောပါ့မယ်။

၁။ ဒီဃနိကာယ်မှာ ပါတဲ့အကြောင်းကို ရှင်းပါမယ်။ ကိုနေမျိုး ကိုးကားသွားတဲ့အရာတွေကို ချုပ်လိုက်ရင် “I teach the way to the union with Brahman, I know the way to the supreme union with Brahman, and the path and means leading to Brahman, whereby the world of Brahman may be gained.”ပါပဲ။ “ငါဘုရားဟာ ဖန်ဆင်းရှင် ဗြဟ္မာကြီးနဲ့ ပေါင်းစည်းရေးနည်းလမ်းကို ဟောကြားတယ်၊ နည်းလမ်းကို သိတယ်၊ အဲဒီနည်းနဲ့သွားရင် ဗြဟ္မာ့ပြည်ကို ရောက်နိုင်တယ်”

ဒီကိုးကားချက်လောက်လေးကို ကြည့်လိုက်ရင် ဗုဒ္ဓ၀ါဒဟာ ဗြဟ္မယာန-ဗြဟ္မာ့ပြည်ရောက်ရေး လမ်းစဉ်ဖြစ်တယ်လို့ ဆိုနိုင်စရာ ရှိပါတယ်။ ဒီတော့ အဲဒီစကားပေါ်ထွက်လာခြင်းရဲ့မူလဇာတ်လမ်းကို သိဖို့လိုတယ်။
ဇာတ်လမ်းအကျဉ်းက

ဝါသေဋ္ဌနဲ့ ဘာရဒွါဇဆိုတဲ့ ပုဏ္ဏားနှစ်ယောက် အငြင်းအခုန် ဖြစ်နေကြတယ်။ ၀ါသေဋ္ဌက ဖန်ဆင်းရှင် ဗြဟ္မာကြီးနဲ့ ပေါင်းစည်းရေးအတွက် ပေါက္ခရသာတိရဲ့ လမ်းစဉ်က ကောင်းတယ်လို့ ဆိုတယ်။ ဘာရဒွါဇကတော့ တာရုက္ခရဲ့ လမ်းစဉ်က မှန်တယ်လို့ ဆိုတယ်။ သူတို့ အငြင်းပွားနေတဲ့ကာလမှာ ဘုရားရှင် အဲဒီဒေသကို ရောက်လာတယ်။ ဘုရားရှင်နဲ့ ဆွေးနွေးကြတယ်။

ဘုရားရှင်က သင်တို့ပြောနေတဲ့ ပုဏ္ဏားကြီးတွေဟာ ဗြဟ္မာကို ကိုယ်တိုင် မြင်ဖူးတယ်လို့ ပြောတာ ကြားဖူးလားလို့ မေးတယ်။ မကြားဖူးကြကြောင်း ဖြေတယ်။ ဒါဆိုရင် သင်တို့တွေဟာလေ ကိုယ်တိုင်လည်း မမြင်ဖူး၊ ဆရာ့ဆရာအစဉ်အဆက်တွေလည်း မကြားဖူးတဲ့၊ မမြင်ဖူးတဲ့ ဒီဖန်ဆင်းရှင်ဗြဟ္မာကြီးကို ယုံကြည်နေကြတာ ပြောဆိုနေကြတာဟာဖြင့် သူကန်းတွေလိုပါပဲလား။ သူကန်းတောင် ရိုးရိုးသူကန်းတွေ မဟုတ်ဘူး။ သူကန်းအစဉ်အတန်းကြီးပဲ။ ရှေ့က အကန်းကလည်း ဘာမှ မသိ၊ ဘာမှ မမြင်ဘဲ လျှောက်ပြော၊ နောက်က အကန်း…..ဟိုးနောက်ကလည်း အကန်း….အကန်းတွေ တစ်ယောက်ပြီး တစ်ယောက်ပြောနေတာကို အကန်းတွေက လိုက်ယုံနေကြပါလား။ သင်တို့ဟာ အဲဒီသူကန်းတွေလိုပါပဲလား။

(ဤနေရာမျှဖြင့် မြတ်စွာဘုရား ဆက်ဟောမည့် ဗြဟ္မာ့ပြည်ရောက်ရေး လမ်းစဉ်ဟာ အခြား ဖန်ဆင်းရှင် ဗြဟ္မာကြီး သို့မဟုတ် အခြားဖန်ဆင်းရှင်တစ်ဦးဦးနဲ့ လုံးဝ လုံးဝ သက်ဆိုင်ခြင်း မရှိတော့ကြောင်း သိထားနိုင်ပါပြီ။ ကိုနေမျိုး ပြောတဲ့ Abraham ဆို ဝေးပြီပေါ့။)

ဘုရားရှင်က ဒီလိုပြောလိုက်တော့ သူတို့က ပြန်မေးတယ်။ “အရှင်ဘုရားကကော ဗြဟ္မာ့ပြည်ရောက်ရေး လမ်းစဉ်ကို သိပါသလား”တဲ့။ အဲဒီလို မေးလို့ ဘုရားရှင်က ဗြဟ္မ၀ိဟာရတရားလေးပါးကို ဟောလိုက်တာ။ ဗြဟ္မ၀ိဟာရ ဆိုတဲ့ စကားလေးကိုလည်း ခဏရပ် စဉ်းစားစေချင်တယ်။ ဗြဟ္မ + ၀ိဟာရ။ ဗုဒ္ဓဘာသာ ထုတ်ပြထားတဲ့ ၃၁-ဘုံမှာ ဗြဟ္မာ့ဘုံ ၂၀ ရှိပါတယ်။ သူတို့ ဘယ်လိုနေတယ်….စသည်တော့ ရှည်မှာစိုးလို့ မပြောတော့ပါဘူး။

ပြောချင်တာက သူတို့ဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာဆိုတဲ့ တရားတွေနဲ့ ငြိမ်းအေးစွာ နေထိုင်ကြတယ်။ အဲဒါကို တင်စားပြီးတော့ “အေးအေးချမ်းချမ်း နေထိုင်ကြတဲ့ ဗြဟ္မာကြီးတွေလို အေးအေးချမ်းချမ်း နေထိုင်ခြင်း (ဗြဟ္မ၀ိဟာရ)”လို့ တင်စားလိုက်တာ။

သင်တို့အနေနဲ့ နောက်ဘ၀မှာ ဗြဟ္မာ့ပြည်ကို ရောက်ချင်သလား၊ ဗြဟ္မာကြီးတွေနဲ့ ပေါင်းစည်းချင်သလား။ ဒီလိုဆိုရင် မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာဆိုတဲ့ အေးချမ်းရေးစိတ်ဓာတ်များနဲ့ နေကြပါတဲ့။ ဒီလေးပါးနဲ့နေခြင်းဟာ ငါဟောတဲ့ ဗြဟ္မာ့ပြည်ရောက်ရေး၊ ဗြဟ္မာကြီးတွေနဲ့ ပေါင်းစည်းရေးတရားတော်ပါပဲတဲ့။ မှတ်ထားရမှာ “ဒါဟာ (မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပက္ခောဆိုတဲ့ လောကငြိမ်းချမ်းရေးတရားများကို ကျင့်သုံးလိုက်နာခြင်းဟာ) ငါ ဟောတဲ့ ဗြဟ္မာ့ပြည်ရောက်ရေး လမ်းစဉ်ဖြစ်တယ်။ ဗုဒ္ဓ၀ါဒတစ်ခုလုံးသည် ဗြဟ္မပြည်ရောက်ရေးဝါဒမျှသာ မဟုတ်ဘူး”ဆိုတာပါပဲ။ သုတ်ကတော့ အရှည်ကြီးပါပဲ။ ဒါပေမယ့် ဒီလောက်ဆိုရင် ကိုနေမျိုး ယူဆထားတဲ့ တင်ပြထားတဲ့အရာဟာ ဘယ်လောက်တောင် မပြည့်မစုံ ဖြစ်နေသလဲဆိုတာ သဘောပေါက်လောက်ပြီလို့ ယူဆပါတယ်။

အထက်ပါသဘောတရားကို နားလည်သဘောပေါက်ပြီဆိုရင် ကျန်တဲ့ အကိုးအကားတွေကိုလည်း နားလည်နိုင်ပါတယ်။ ဒီနေရာမှာ သံယုတ္တနိကာယ်မှာ လာတဲ့ ဟောကြားချက်ကိုတော့ အနည်းငယ် ပြောပါအုံးမယ်။

(၂) သံယုတ္တနိကာယ်မှာ “တမေနံ ဇနော ဒိသွာ ဧဝမာဟ – ‘ဗြဟ္မံ ဝတ, ဘော, ယာနံ! ဗြဟ္မယာနရူပံ ဝတ, ဘော’တိ!! သက္ကာ နု ခေါ, ဘန္တေ, ဣမသ္မိံ ဓမ္မဝိနယေ ဗြဟ္မယာနံ ပညာပေတု’’န္တိ?။ ‘‘သက္ကာ, အာနန္ဒာ’’တိ ဘဂဝါ အဝေါစ – ‘‘ဣမေဿဝ ခေါ ဧတံ, အာနန္ဒ, အရိယဿ အဋ္ဌင်္ဂိကဿ မဂ္ဂဿ အဓိဝစနံ – ‘ဗြဟ္မယာနံ’ ဣတိပိ, ‘ဓမ္မယာနံ’ ဣတိပိ, ‘အနုတ္တရော သင်္ဂါမဝိဇယော’ ဣတိပီ’’တိ”လို့ ဟောပါတယ်။

အဓိပ္ပာယ်အကျဉ်းက “အရှင်ဘုရား လူတွေဟာ - ယာဉ်က ကောင်းလိုက်တာ၊ (ဗြဟ္မာမင်းရဲ့ ယာဉ်နဲ့ တူလိုက်တာ)-လို့ (ဇာဏုေဿာဏိပုဏ္ဏားရဲ့ယာဉ်ကို) ပြောနေကြပါတယ်။ တပည့်တော်တို့ သာသနာမှာကော မြတ်သောယာဉ် (ဗြဟ္မာမင်းရဲ့ယာဉ်နဲ့တူတဲ့ ယာဉ်) ရှိပါသလား -လို့ လျှောက်တော့ -ရှိတာပေါ့ အာနန္ဒာရဲ့…ငါဟောတဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်လို့ဆိုတဲ့ ယာဉ်ဟာ မြတ်သောယာဉ် (ဗြဟ္မယာန)ပေါ့”လို့ အဓိပ္ပာယ်ရပါတယ်။ ဒီတော့ ဒီမှာဟောတဲ့ ဗြဟ္မယာန ဆိုတာဟာ ကိုနေမျိုးပြောတဲ့ ဖန်ဆင်းရှင် ထာဝရယာဉ်၊ ဗြဟ္မာကြီးရဲ့ ယာဉ် သို့မဟုတ် ထာဝရလမ်းစဉ်၊ ထာဝရယာဉ်မဟုတ်ဘူး။ မဂ္ဂင်ရှစ်ပါးအကျင့် လမ်းစဉ်ဆိုတဲ့ မြင့်မြတ်တဲ့ လမ်းစဉ်ဖြစ်တယ်ဆိုတာ နားလည်လောက်ပါပြီ။

အထက်ပါ ဟောကြားချက် ဖြစ်လာတဲ့ ဇာတ်လမ်းလေးကို သိလိုသူတွေအတွက် ပြောပါအုံးမယ်။ မြတ်စွာဘုရားရှင် သာဝတ္ထိမြို့မှာ သီတင်းသုံးစဉ်က ဇာဏုေဿာဏိပုဏ္ဏားကြီးဆိုတာ ရှိတယ်။ တစ်နေ့တော့ သူဟာ အ၀တ်ဖြူကို ၀တ်၊ အဖြူရောင် ယာဉ်ကို စီး၊ ထီးအဖြူကိုဆောင်း၊ ဖိနပ်အဖြူကို စီး၊ ယပ်တောင်အဖြူကို ကိုင်….အားလုံး အဖြူရောင် အသုံးအဆောင်တွေနဲ့ မြို့ထဲက ထွက်ခွါတယ်။ မြို့သားတွေက မြင်တော့ “ဟေးးး ပုဏ္ဏားကြီးစီးတဲ့ ယာဉ်က မိုက်လိုက်တာ၊ ဗြဟ္မာမင်းကြီး စီးတဲ့ ယာဉ်ကြီးကျနေတာပဲဟေ့ (ဗြဟ္မာမင်းကြီး စီးတဲ့ယာဉ်ကို သူတို့ တွေ့ဖူးတာတော့ မဟုတ်ပါဘူး။ တင်စားပြီး ပြောကြတာ၊ နတ်သမီးမမြင်ဖူးဘဲ လှလိုက်တာ နတ်သမီးလေးကျနေတာပဲလို့ ပြောသလိုပေါ့)”လို့ ပြောနေကြတယ်။

ဒီအသံကို ဆွမ်းခံကြွရင်း အရှင်အာနန္ဒာက ကြားတော့ မြတ်စွာဘုရားကို ပြန်လျှောက်တယ်။ “အရှင်ဘုရား မြို့ထဲမှာ လူတွေဟာ …….ဗြဟ္မယာနဆိုပြီး ချီးမွမ်းနေကြတယ်။ တပည့်တော်တို့ သာသနာမှာ ဗြဟ္မယာန (ဖြူစင်သောလမ်းစဉ်၊ ဖန်ဆင်းရှင် သို့မဟုတ် ဗြဟ္မာမင်းရဲ့ လမ်းစဉ် မဟုတ်) မရှိဘူးလား”လို့ မေးတယ်။ ဒီတော့ မြတ်စွာဘုရားက “ရှိတယ်။ ငါဟောတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရား လမ်းစဉ်ဟာ ဖြူစင်သော မြင့်မြတ်သော ဗြဟ္မယာနပါပဲ”လို့ ဟောလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်းက ဒါပါပဲ။ ဖန်ဆင်းရှင်လမ်းစဉ်၊ ဗြဟ္မာမင်းလမ်းစဉ်ဆိုတဲ့ ဗြဟ္မယာနမျိုး မဟုတ်ပါဘူး။

ဒီနေရာမှာ ဦးဇင်းတို့ မြတ်စွာဘုရားရှင်ရဲ့ သူ့ခေတ်အိန္ဒိယဝေါဟာရတွေအပေါ်မှာ ရှုမြင်ချက်၊ သဘောထားကို အနည်းအကျဉ်း ပြောချင်ပါတယ်။ အိန္ဒိယမှာ အဲဒီခေတ်က “ဗြဟ္မ”ဆိုတဲ့ ဝေါဟာရကို “ဗြဟ္မာကြီး”လို့ပဲ သဘောထားတယ်။ လက်ခံတယ်။ ဘုရားရှင် ဒီဝေါဟာရကို ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ပြီး ပြောတဲ့ဟောတဲ့အထဲမှာ ထည့်သွင်းအသုံးပြုတယ်။ အခြားဝေါဟာရတွေလည်း ဒီလိုပဲ။ ဥပမာ လူတစ်ယောက် “အရှင်ဂေါတမ … သင်ဟာ သတ်ဖြတ်ညှင်းဆဲသူလား”လို့ မေးရင် “အေး … ဟုတ်တယ်၊ ငါဟာ သတ်ဖြတ်ညှင်းဆဲသူပဲလို့ ဖြေတယ်။ ဒါပေမယ့် သင် ယူဆတဲ့ သတ်ဖြတ်ညှင်းဆဲသူတော့ မဟုတ်ဘူး၊ ငါက ကိလေသာအညစ်အကြေးတွေကို သတ်ဖြတ်ညှင်းဆဲသူ ဖြစ်တယ်”လို့ ဖြေလိမ့်မယ်။ တစ်ယောက်က “အရှင်ဂေါတမ သင်ဟာ လောင်ကျွမ်းစေတတ်သူလား”လို့ မေးခဲ့ရင် “အေး … ဟုတ်တယ်၊ ငါဟာ လောင်ကျွမ်းစေတတ်သူပဲ၊ ဒါပေမယ့် ငါက ကိလေသာတွေကို လောင်ကျွမ်းစေသူသာ ဖြစ်တယ်”လို့ ဖြေလိမ့်မယ်။ လေ့လာချင်ရင် ပါရာဇိကဏ်၊ ဝေရဉ္ဇကဏ္ဍမှာ ကြည့်နိုင်ပါတယ်။ အခု ဒီနေရာမှာလည်း ဗြဟ္မ၊ ဗြဟ္မဏလို့ ဆိုတဲ့ သူ့ခေတ်အခါက တွင်ကျယ်တဲ့ ဝေါဟာရတွေကို ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ပြီး လက်ခံယူဆ၊ ဟောပြောတော်မူခဲ့တယ်။ ဗုဒ္ဓ၀ါဒဟာ ဗြဟ္မ၀ါဒ၊ ဗြဟ္မာလမ်းစဉ် သို့မဟုတ် ထာဝရဖန်ဆင်းရှင်လမ်းစဉ် မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါတယ်။

နောက်ပြီး ကိုနေမျိုး ပြောသွားတဲ့ အကြောင်းအရာထဲက ဘုရားရှင် အရင်က မိန်းမယူခဲ့တာကို ပြောချင်တယ်။ ဦးဇင်းတို့က မိန်းမတန်းလန်းကြီးနဲ့ ဘုရားရှင်ကို ကိုးကွယ်တာ မဟုတ်ပါဘူး။ အခြားသူတွေကို သတ်ဖြတ်ညှင်းဆဲပြီး လက်နက်ကိုင်နေတဲ့ ဘုရားရှင်ကို ကိုးကွယ်တာ မဟုတ်ပါဘူး။ နောက်ပြီး ဦးဇင်းတို့ဟာ ကာမဂုဏ်မျိုးစုံ ခံစားနေတဲ့ သိဒ္ဓတ္ထကို ကိုးကွယ်နေကြတာလည်း မဟုတ်ပါဘူး။ ကိလေသာအားလုံးကို အကြွင်းမဲ့ ပယ်သတ်ပြီး အေးချမ်းတည်ငြိမ်သော၊ မြင့်မြတ်သော၊ အကြမ်းမဖက်သောလမ်းစဉ်အားဖြင့် ဘ၀နေနည်းကို လမ်းပြတော်မူသော ဘုရားရှင်ကို ကိုးကွယ်ကြတာပါ။

ဘုရားဖြစ်ပြီးတဲ့နောက်မှာ ဘယ်လောက်တောင် အေးချမ်းသလဲ၊ ငြိမ်းချမ်းသလဲဆိုတာကို လေ့လာကြည့်ပါ။ အချို့ဘာသာရေးခေါင်းဆောင်တွေ၊ ဖန်ဆင်းရှင်ဘုရားတွေဆိုရင် လက်နက်ကိုင်ကြတယ်။ စစ်တိုက်ကြတယ်။ (သူများ ဘာသာကို ပုတ်ခတ်ချင်လို့ ပြောတာ မဟုတ်ပါ။ မြတ်စွာဘုရားရှင် အဲဒီလိုတွေ မသတ်ဖြတ်၊ မညှင်းဆဲဘူးဆိုတာကို ပြောချင်တာပါ။) ဂေါတမမြတ်စွာဘုရားဟာ ဘာလက်နက်မှ ကိုင်ဆောင်သူ မဟုတ်ဘူး။ ဘယ်သောအခါမှလည်း အကြမ်းမဖက်ခဲ့ဘူး။ ဦးဇင်းတို့ဟာ ဒီလို ကိုယ်တိုင်လည်း ငြိမ်းချမ်းတည်ငြိမ်၊ သူတစ်ပါးကိုလည်း အေးချမ်းမှုတွေရအောင် လမ်းပြပေးတော်မူသော ဘုရားရှင်ကို ကိုးကွယ်ကြတာပါ။

နောက်ပြီး ကိုနေမျိုး ပြောသွားတဲ့ အသောက မင်းတရားကြီးအကြောင်းကို ပြောချင်တယ်။ အသောကဟာ ဗုဒ္ဓဘာသာမဖြစ်ခင်က ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင်ဖြစ်တယ်။ ဗုဒ္ဓဘာသာဖြစ်ပြီးတဲ့နောက်မှာတော့ သူ့ဘ၀ဟာ လုံးဝခြားနားသွားခဲ့တယ်။ မြင့်မြတ်တဲ့ဘုရင်တစ်ပါး ဖြစ်လာခဲ့တယ်။ မဟုတ်မတရား၊ အရူးချီးပန်း၊ ကိုယ်ကိုယ်တိုင် ဘာမှ မသိတဲ့ သမိုင်းတွေနဲ့ လူတွေကို လှည့်စားချင်တဲ့သူတွေဟာ အောက်တန်းကျပါတယ်။ အသောကဟာ ရဟန်းတွေကို မသတ်ပါဘူး။ ကိုနေမျိုး ပြေသလို သူ့အလိုဆန္ဒအတိုင်း (သူ့စိတ်တိုင်းကျ) သာသနာကို ပြုစုခဲ့တာ မဟုတ်ပါဘူး။ သာသနာအစစ်၊ တရားတော်အစစ်များ အလိုအတိုင်း သာသနာပြုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာပါ။

အသောကမင်းဟာ ဗုဒ္ဓဘာသာဖြစ်ပြီးမှ ကြမ်းတမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေသေးလား၊ မလုပ်ဆောင်တော့ဘူးလားဆိုတာကို သိချင်ရင်တော့ အသောက ကျောက်စာတွေကို လေ့လာကြစေချင်တယ်။ မြန်မာလို ရေးထားတာတွေလည်း ရှိပါတယ်။ သူဟာ မြင့်မြတ်တဲ့ဘုရင်တစ်ပါးလို့ ဆိုနိုင်တဲ့စကားထက်ပိုတဲ့ ဂုဏ်တွေရှိပါတယ်။ ဒါတွေက သူ့ကျောက်စာတွေကို လေ့လာမှ သိနိုင်တာပါ။

အဲဒီထဲက တစ်ခုကို ပြောရရင် ဒီနေ့ခေတ်အထိ လူတွေ အမြင်မကျယ်နိုင်ကြသေးတဲ့ ဘာသာအချင်းချင်း ပုတ်ခတ်ပြောဆိုမှု၊ ခွဲခြားမှုတွေကိုတောင် သူက လမ်းညွှန်ခဲ့ပါသေးတယ်။ သူ့တိုင်းပြည်မှာရှိတဲ့ ဘာသာတရားအားလုံးကို ပြုစုထောက်ပံ့ကြဖို့၊ ပစ်မထားဖို့ မိန့်ကြားပြီး သက်ဆိုင်ရာ ၀န်ကြီးတွေကို တာဝန်ပေးထားပါတယ်။ ဒီလို လေးစားစရာကောင်းတဲ့ စိတ်နေသဘောထားတွေကို အများကြီး လေ့လာနိုင်ပါတယ်။

နောက်ပြီးတော့ အသောကဟာ ဗုဒ္ဓဘာသာကျင့်စဉ်တရားတွေ သူသိသလို အများသိစေဖို့ ကမ္ဘာအနှံ့အပြားကို သာသနာပြုတွေ စေလွှတ်ခဲ့တယ်။ သာသနာပြုတွေဟာ ဘယ်စစ်တပ်ကိုမှ ခေါ်မသွားဘူး။ ဘာလူအင်းအားမှလည်း မပါဘူး။ ဘာလက်နက်မှလည်း ယူမသွားကြဘူး။ သူတို့မှာ ပါသွားတာက ကျမ်းစာများသာ ဖြစ်တယ်။

ကဲ…ဒီတော့

ဦးဇင်းပြောချင်တာက မဟုတ်မတရား၊ အရူးချီးပန်း သူများကို နှိပ်ကွပ်ချင်တာနဲ့ လိုရာဆွဲရေးထားတဲ့၊ သုံးသပ်ထားတဲ့ ရေးသားချက်တွေကို သူတစ်ပါးဘာသာကို ပုတ်ခတ်ဝေဖန်ဖို့ အသုံးမချကြပါနဲ့။ တကယ့်ကို ဘာသာတရားတွေကို လေးစားသလား။ လေ့လာကြပါ။ ပြည့်ပြည့်စုံစုံ လေ့လာကြပါ။ “ဧဟိ ပဿိကော”ဆိုတာ “လာလှည့်၊ ကြည့်လှည်၊ အားထုတ်ကြည့်လှည့်”လို့ လက်ယပ်ခေါ်နေတာပါ။ ဗြဟ္မယာန၊ ဗြဟ္မ ဆိုတဲ့ စကားတွေဟာ ကိုနေမျိုး ပြောတဲ့ Abraham ဆိုတဲ့ ဝေါဟာရနဲ့ မိုးကောင်းကင်နဲ့ မြေကြီးလို ကွာဟနေပါတယ်။ ဘာမှ မဆိုင်ပါဘူး။ ဝေါဟာရအနေနဲ့ ဆင်းသက်မှုချင်း တူကောင်းတူနိုင်ပါတယ်။ အနှစ်သာရ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်အားဖြင့် လုံးဝ မတူတော့ဘူးဆိုတာကို သိလောက်ပြီ ထင်ပါတယ်။

Read more...

Typing - ရိုက်ခြင်း

ကွန်ပျူတာစာစီတာ အင်္ဂလိပ်လို ရပေမယ့် မြန်မာလို မရလို့ လေ့ကျင့်ချင်တယ်ဆိုရင် အဆင်ပြေပါတယ်။ ကိုယ်ဖော်တဲ့ဆေး ကိုယ်စားတာမို့လားတော့ မသိဘူး လေ့ကျင့်ကြည့်တာ အဆင်ပြေပါတယ်။ အင်္ဂလိပ်လက်ကွက်သိပြီး မြန်မာလက်ကွက် မသိသူတစ်ယောက် နည်းနည်းချင်း ပုံမှန်လေ့ကျင့်ရင် စုစုပေါင်း လေ့ကျင့်ချိန် ငါးနာရီလောက်ဆို တန်းဝင်အောင် ရိုက်နိုင်လာပါလိမ့်မယ်။ ယူကြည့်ချင်ရင်


မှတ်မှတ်ရရ ကျေးဇူးတင်ထိုက်သူများ -

ပါဠိလေ့ကျင့်ခန်းသင်္ခန်းစာတွေ ပြင်ဆင်ခဲ့တုန်းက ကူညီတည်းဖြတ် ပေးခဲ့တဲ့ [ဟိုတုန်းက တပည့်ဟောင်းကြီး၊ အခု ဆရာအသစ်လေး] အရှင်တေဇာဘာသ (မြင်းခြံ)၊

မြန်မာစာ လေ့ကျင့်ခန်းသင်္ခန်းစာတွေ ပြင်ဆင်နိုင်ဖို့ သူငယ်တန်းမြန်မာသင်ပုန်းကြီးစာအုပ် ရှာပေးခဲ့တဲ့ [ငယ်ငယ်တုန်းက ကစားဖော်၊ အခု ရွာမှာအပျိုခေါင်း] မဇာခြည်ဦး။

Read more...

“ရောင်နောက် ဆံထုံးသို့ ပန်းဆယ်ပွင့်”

Monday, 11 October 2010 07:41 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာကျောင်းမှာ 2010-ခု၊ အောက်တိုဘာလ-၁၀ ရက်၊ တနင်္ဂနွေနေ့ည မှာ ကိုအောင်ခိုင်စိုး(ခ)မောင်မောင် နှင့် မသက်မာဝင်း တို့၏ မင်္ဂလာအောင်ပွဲ ဓမ္မသဘင်အဖြစ် ဆရာတော်ဦးဇာဂရ(စာရေးဆရာ ကံထွန်းသစ်) ဟောကြားချီးမြှင့်အပ်သော တရားတော် ဖြစ်ပါသည်။

Read more...

မာနရှင်ရယ်...

ခဏတာ တွေ့ဆုံကြတဲ့ ဤလောကမှာ
ဘ၀တာ ရှည်ကြာထင်ခဲ့ ဤလူတွေခမျာ
ငါမာန်ဝင် ဘ၀င်ခိုက်မယ့် စိတ်ရိုင်းပွေလာ
ခန္ဓာစွဲ ဟုတ်၏ မှတ်ထင်နေတာ

ငါသေတော့ ငါမဟုတ်မှန်း မသိတော့ရှာ
ရုပ်ခန္ဓာ ပုပ်ပွလာတော့ နှာခေါင်းရှုပ်ကြခါ
မြေမြှုပ်တော့ ပိုးကောင်စာဖြစ်
မီးရှို့ရင်တော့ ငါကောင်ပြာဖြစ်
ဂူထည့်လို့လည်း မသာကောင်ပဲ
ဘယ်မှာလဲ ငါ့မာန
ထောင်လွှားခဲ့ ငါ့အတ္တ
ကုသိုလ်တရား ဖွေရှာမရ
အသက်ရှင်ခါ မာန်စွယ်မကျ
ဧကန်မုချ အပါယ်ကြွ


မာနရှင်ရယ်…
နိဗ္ဗန်နဲ့ ဝေးစွ။

အရှင်ဉာဏဒီပ

Read more...

အောက်တိုဘာ ၁၃ ရက်နေ့  တရားတော် အစီအစဉ်

မြန်မာစံတော်ချိန် ၀၂း၀၀ နာရီမှ ၂၄း၀၀ နာရီအထိ...
ဒေါက်တာအရှင်ပညိဿရ ဟောကြားတော်မူသော
၁။ တရားကျင့်ဖို့ကောင်းတဲ့အချိန်
၂။ ၀ဋ်ကျွတ်ရာမှန် မြတ်နိဗ္ဗာန်
၃။ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့
သီတဂူဆရာတော် အရှင်ဥာဏိဿရ ဟောကြားတော်မူသော
၁။ ဥဒေါင်းမင်းမောရဇာတ်သုတ္တန်
၂။ ဗုဒ္ဓဓာတ်တော်ဝေခန်း
၃။ ကျောင်းလှူရကျိုးပြဇေတ၀နသုတ္တန်
ဖြူးဆရာတော် ဟောကြားတော်မူသော
သွေးနဲ့ရေးတဲ့မြတ်သာသနာ
ဝါခင်းကုန်းဆရာတော် ဟောကြားတော်မူသော
မျိးချစ်အာဇာနည် ဓနဉ္စာနီ
သီတဂူဆရာတော် အရှင်ဥာဏိဿရ ဟောကြားတော်မူသော
၁။ သူတော်ကောင်းလက္ခဏာသုံးပါး
၂။ ဘ၀ဆီမီးတိုင်
၃။ သာနုသာမဏေရဟန္တာဝတ္ထု
လယ်တီဆရာတော် အရှင်ဝိလာသ ဟောကြားတော်မူသော
ယုံထင်ကြောင်ထင်
မစိုးရိမ်ဆရာတော် ဟောကြားတော်မူသော
ပရိတ်ကြီး (၁၁)သုတ်
မင်းကွန်းဆရာတော် ဦးဝိစိတ္တာဘိဝံသ ( ၀ီရသူ) ဟောကြားတော်မူသော
၁။ သြကာသကန်တော့ချိုးရှင်းလင်းချက်
၂။ မိခင်ရွာက သာသနာ
၃။ နောက်မကျစေနဲ့
၎။ လောကမိခင်

Read more...

ပြောင်းလဲခြင်း ဓာတ်ပုံများ



သစ်ပင်ကြီးကြီးလည်း
အရွက်တွေက ပြောင်းလဲသွားတာပဲ




သစ်ပင်သေးသေးလည်း
အရွက်တွေက ပြောင်းလဲသွားတာပါပဲ





မြစ်ကမ်းဘေးဆီက သစ်ပင်တွေလည်း
အရွက်တွေက ပြောင်းလဲရတာပါပဲ





စိမ်းစိမ်းစိုစို သစ်ခက်တွေ ၊
သစ်ရွက်တွေလည်း ပြောင်းလဲ
ရေထဲ မျောရတာပါပဲ


....................................................................


ပြောင်းလဲခြင်း ဓာတ်ပုံများ


ကြည့်သောသူ မြင်၏၊
ဟုတ်၏၊
မကြည့်က မမြင်။

ဒီတစ်ခုကိုပဲ ကြည့်သော်ငြား
အကြည့်မတူက ကွဲပြားပြန်၏၊
ဟုတ်၏။
ကိုယ့်စိတ်ကူးတည့်သလို မြင်ကြ၏

အလှခံစား ကပ်ကြည့်က
အလှကို မြင်မည်။

ဘ၀ထံပါး မှတ်ကြည့်က
ဘ၀ကို မြင်မည်။..

( ကြည့်သောသူ မြင်၏။
ဟုတ်၏
မကြည့်က မမြင်။ )


မှတ်ချက်။ ။ အလိုရှိသလို ကြည့်ရှု ကြပါလေ။

မြတ်ရောင်နီ
( ၁၁ ၊ ၁၀ ၊ ၂၀၁၀ )

Read more...

Asita, The Sage

Asita, also known as Kanhasiri, was a sage who lived in the forest in the Sakyan country. He is described as wearing matted hair (Sn.689). One day he noticed that the gods were wildly celebrating and he asked them why they were so happy. They replied, ‘A Bodhisattva, an excellent and incomparable jewel, has been born in the Sakyan town in Lumbini, for the welfare and happiness of the human world. This is why we are so happy.’(Sn.683). Anxious to see this child Asita went to Kapilavastu where Suddhodana welcomed him and gave him the child to hold. Being accomplished in the art of ‘signs and mantras’ (lakkhana mantra, Sn.690) he examined the baby and proclaimed that he would ‘attain complete enlightenment’ (Sambodhi), reach the ultimate purified vision’ (paramavisuddhidassi), and proclaim the Truth ‘out of compassion of the many’ (bahujamhitanukampii, Sn.693). Then tears welled up into his eyes. Noticing this and being worried by it, the Sakyans asked Asita if he had foreseen some misfortune in the boy’s future. He replied that he was sad because he knew that he would pass away before this all happened (Sn.694).
The name Asita literally means ‘not clinging’ while Kanhasiri means 'dark splendour'.
This is the only mention of Asita in the Tipitaka. According to some scholars the story about him is purely legendary and it may be. However, there is little in it that is inherently fantastic or unbelievable. It would have been quite common in ancient India for a monarch to invite a local holy man to bless and perhaps name his new-born son. Likewise, it would be normal for the holy man to ‘predict’ that the king’s son would grow up to be a great man.
Later re-tellings of the Asita story, and there are many of them, each more detailed and elaborate than the earlier ones, often say that Asita predicted than the baby prince would become either a universal monarch (cakkavattin) or a fully enlightened sage (Buddha). This ‘either or’ prediction is absent from the Tipitaka story.

Read more...

ဆတ္တာသည်နှင့် ဦးမြင့်ဆွေ


ရှင်အာနန္ဒာကြီးအကြောင်း ဆက်ပြောရရင်
သူဟာ မြတ်စွာဘုရားရဲ့ အလုပ်အကျွေးဖြစ်လို့ မြတ်စွာဘုရားနဲ့
အနီးကပ်ဆုံးနေရသူဖြစ်တယ်။
ဒါပေမဲ့ မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်
အရိယာနယ်ပယ်ထဲမှာ အောက်ဆုံးအဆင့်ဖြစ်တဲ့ သောတာပန်အဆင့်ပဲ သူရောက်တယ်။

တခြားသူငယ်ချင်းတွေလဲဖြစ် ညီကိုဝမ်းကွဲတွေလဲဖြစ်တဲ့
နန္ဒတို့၊ အနုရုဒ္ဓတို့နဲ့ယှဉ်လိုက်ရင် ရှင်အာနန္ဒာကြီးအနေနဲ့
စိတ်ဓာတ်ကျမယ်ဆို ကျချင်စရာ။
သူတို့တတွေအားလုံ ရဟန္တာဖြစ်ကုန်ကြပြီကိုး။

ဒါကို မြတ်စွာဘုရားလဲ သတိပြုမိခဲ့ပါတယ်။
ပရိနိဗ္ဗာန်စံခါနီးမှာတောင်
“အာနန္ဒာ၊ မင်းလဲ အရင်ဘ၀တွေတုန်းက ကုသိုလ်ကောင်းမှုတွေ အများကြီး ပြုလုပ်ခဲ့ဘူးတာပဲ။ စိတ်ဓာတ်မကျပါနဲ့။ မကြာခင် ကိလေသာကုန်ခန်းတဲ့ ရဟန္တာဖြစ်မှာပါ”
လို့ ရှင်အာနန္ဒာ့ကို အားပေးစကား ပြောခဲ့ပါသေးတယ်။
ဒီလိုနဲ့ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး မကြာခင် ပထမသင်္ဂါယနာတင်ခါနီးကာလမှာမှ
ရှင်အာနန္ဒာကြီးရဟန္တာဖြစ်သွားတယ်။

သူရဟန္တာဖြစ်ပုံက ထူးဆန်းတယ်။
တရားအားထုတ်ပြီး အိပ်မလို့ သူ့ခုတင်ပေါ် လဲလျောင်းမယ်လို့ လုပ်တဲ့အချိန်
ခြေထောက်က အောက်ကြမ်းပြင်လွတ်၊
ဦးခေါင်းက ခေါင်းအုံးပေါ်ကို မရောက်သေးတဲ့အခါကာလလေးမှာ
ရဟန္တာအဖြစ်သို့ ရောက်ရှိတယ်လို့ စာပေမှာ လာပါတယ်။

(Ananda was the only disciple who attained Arahantship
free from the postures of sitting, standing, walking or sleeping)
ပထမသင်္ဂါယနာလို သမိုင်းဝင်းလုပ်ငန်းကြီးတွေလုပ်ခဲ့ပြီး
အသက် ၁၂၀ အရွယ်မှာ ပရိနိဗ္ဗာန်စံပါတယ်။

ပထမသင်္ဂါယနာပွဲမှာ အရေးအကြီးဆုံးပုဂ္ဂိုလ် နောက်တစ်ဦးကတော့
ရှင်ဥပါလိဖြစ်ပါတယ်။
သူက ဘုရားရှင်တို့ ဇာတိ ကပိလ၀တ်ပြည် သား။
ဆတ္တာသည် မိသားစုက ပေါက်ဖွားလာသူ၊
ဆတ္တာသည် ဆိုတာ
ဆံပင်ညှပ်ပေးတဲ့သူ၊ ဆံပင်ညှပ်ပြီး အသက်မွေးဝမ်းကြောင်းပြုတဲ့သူကို ပြောတာ။

(တချိန်တုန်းက ဆရာကြီးဦးမြင့်ဆွေနဲ့အတူ)

ဒီလို ထူးဆန်းတဲ့ စကားလုံးတွေကို တွေ့ရင်
ဆရာကြီးဦးမြင့်ဆွေ ကို သတိရတယ်။
ဒီဆရာကြီးက အတော်စိတ်ရှည်တယ်။ ဘုန်းကြီးလူထွက်ကြီး။
ဓမ္မာစရိယ (၉) ကျမ်းအောင်ပြီးမှ လူထွက်တာ၊
နာမည်ကြီးခဲ့တဲ့ အနီးစခန်းဆရာတော်တို့လို ဆရာတော်တွေဆီမှာ ပညာဆည်းပူးပြီး
၁၀ တန်းတွေ ဘာတွေအောင်ပြီး ဘီအေဘွဲ့ရတယ်။

ဦးနုလက်ထက်က လန်ဒန်ကို အစိုးရပညာသင်စု (Scholarship) နဲ့
ပညာသင်ခွင့်ရပြီး မဟာဝိဇ္ဇာဘွဲ့ရခဲ့တယ်။

သာသနာ့တက္ကသိုလ် စာသင်သားဘ၀တုန်းက
ဒီဆရာကြီးဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊ လန်ဒန်) က
ဘာသာဘေဒ (Philology) သင်ပေးတယ်။
သက္ကဋဘာသနဲ့ ပါဠိဘာသာနှီးနွယ်မှု၊ ဒီပါဠိပုဒ်က ဘယ်သက္ကဋပုဒ်က ဆင်းသက်လာတာ၊
ပြာကတမှာက ဘယ်လို စသဖြင့် သူသင်ပေးတယ်။

တွေ့ဘူးတဲ့ အပင်ပန်းခံသင်ပေးတဲ့ဆရာတွေထဲမှာ
ဆရာကြီးဦးမြင့်ဆွေ တစ်ဦးအပါအ၀င်ပါ။
ဂျွတ်ဂျွတ်ကြိုးနဲ့ မိုက်ကိုချည်၊ အကွင်းလေးလုပ်၊
လည်ပင်းမှာတတ်ပြီး ဘောမှာ ရေးလိုက်၊ ပြောလိုက်၊ ဖျက်လိုက်နဲ့၊
သူ့ကြည့်ရတာကိုက အတော်စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဆရာကြီးက ဖက်ကြမ်းဆေးလိပ်လဲ သောက်လေ့ရှိတယ်။
ဖက်ကြမ်းဆေးလိပ်သောက်တဲ့အခါ တစ်ခါးတည်း ဘယ်တော့မှ အကုန်မသောက်ပြစ်ဘူး။
သူ့မှာ ၀ါးကျည်တောက်ဗူးလေးပါတယ်။ နှစ်ခါလောက် ရှိုက်ဖွာ ဖွာပြီး
ပါလာတဲ့ ၀ါးကျည်တောက်ဗူးထဲ ပြန်ထည့်ထည့်ထားတယ်။
ဆာတဲ့အခါ မီးညှိ၊ နှစ်ခါလောက် ဖွာ၊ ပြန်ထည့်။
နောက်ဆုံး ဆေးလိပ် တိုစိသွားတဲ့အထိ သောက်တာ။
ဆေးလိပ် ဖင်ဆီခံရောက်တဲ့အထိ သောက်တာ။
ဆေးလိပ်မီးခိုးမထွက်တော့မှ နွှံ့ (စွန့်) ပစ်လေ့ရှိတယ်။

အတော်တော့ စီစစ်တယ်ပြောရမလားပဲ။
ဖိနပ်ဆိုလဲ အပေါစား ဖော့ဖိနပ်နဲ့။ သူစီးတဲ့ဖော့ဖိနပ် ဖနောင့်နေရာ
ဗထက်ချိုက် ဖြစ်တဲ့အထိ စီးတုန်း။

အလားအလာကောင်းလောက်မဲ့ သာသနာအတွက် အားကိုးရလောက်မယ်ထင်တဲ့
ဦးဇင်းလေးတွေဆို သူက အလွန်ချစ်တာ။ အလေအလွင့် ဖြစ်မသွားစေချင်ဘူး။
ခရီးတစ်ခုသွားတုန်းက သူနဲ့ ရထားပေါ်အတူ တစ်တွဲထဲ ကျဘူးတယ်။ ဆုံဘူးတယ်။
သူက သူ့ဇနီးနဲ့အတူထိုင်လိုက်လာတာ။
လမ်းခရီးက တက်စီးလာတဲ့ ကိုယ့်လဲ မြင်ရော သူ့ဇနီးဘေးက ထလာပြီး
ကိုယ့်ဘေးလာထိုင်ကာ စကားတွေ ပြောလာလိုက်တာ မန္တလေး အထိပဲ။
သူ့ဇနီးနား သွားမထိုင်တော့ဘူး။ ဒီလောက်အထိ ဆရာကြီးက ဦးဇင်းတွေကို ခင်တာ။

ဆရာကြီးပြောတဲ့စကားတွေက အင်မတန် မှတ်သားစရာကောင်းတယ်။
အလုပ်တစ်ခုလုပ်တဲ့အခါမှာ
ဟုန်းခနဲ ထတောက်ပြီး သေသွားတဲ့ ကောက်ရိုးမီးလို မလုပ်သင့်ကြောင်း၊
အခု မန္တလေးသာသနာ့တက္ကသိုလ်ထွက် ဦးဇင်းတစ်ပါး
တရားဟော နာမည်ကြီးနေကြောင်း၊ ကောက်ရိုးမီးသာဖြစ်ကြောင်း၊
မကြာခင် ငြိမ်းသွားမှာ ဖြစ်ကြောင်း
(မငြိမ်းခင် သုံးနှစ်လောက် တင်ကြိုပြီး) ပြောပြဘူးပါတယ်။

ဆရာကြီး ဆက်ပြောတာက
အလုပ်လုပ်ရင် မီးတောင်တွေလို ပြုကျင့်သင့်ကြောင်း
မီးတောင်တွေ ပေါက်ကွဲတာဟာ ကောက်ရိုးမီးလို ချက်ချင်း ၀ုန်းကနဲ ပေါက်ကွဲတာ မဟုတ်ကြောင်း၊ နေ့စဉ်နှင့်အမျှ မြေကြီးထဲမှာ ပေါက်ကွဲဘို့ လှုပ်ရှားနေရကြောင်း၊
ပေါက်ကွဲဘို့အတွက် နှစ်ပေါင်းများစွာ လိုကြောင်း
ပေါက်ကွဲလိုက်ပြီဆိုရင်လဲ အထွဋ်အထိပ်သို့ရောက်ကြောင်း ပြောပြပါတယ်။
ဆရာကြီးပြောတဲ့ “ပေါက်ကွဲ” ဆိုတာ အောင်မြင်မှုကို ပြောတာလို့
ပြောစဉ်ကတည်းက နားလည်ခံစားမိပါတယ်။

ဆရာကြီးက ဘာသာ၊ သာသနာနဲ့ မျိုးချစ်စိတ် အလွန်ရှိတယ်။
တောင်တန်းဒေသတွေမှာ သာသနာရောက်ဖို့ သာသနာပြုရဟန်းတော်များ လိုကြောင်း
တွေ့တိုင်းပြောတယ်။ ဒီအတွက် တောင်တန်းသာသနာပြုတက္ကသိုလ် ရှိသင့်ပြီး
လုပ်နိုင်တဲ့အင်အားရှိက လုပ်ဖို့ တည်ထောင်နိုင်တဲ့အင်အားရှိက
တည်ထောင်ဖို့ ပြောလေ့ရှိတယ်။

နောက်ပြီး ဘွဲ့ရပြီးသား ဦးဇင်းငယ်တွေ သူတစ်လူ ငါတစ်မင်းမနေပဲ
အတူတကွ စုစည်းနေထိုင်ပြီး
ပါဠိသုတေသနဌာန (Pali Research Centre) ကို တည်ထောင်ဘို့လဲ တိုက်တွန်းတယ်။
ဦးဇင်းငယ်တွေ တစ်စုတစ်ဝေးတည်းနေပြီး
(အဋ္ဌကထာသူစိ) အဋ္ဌကထာပေါင်းချုပ်ကို ရေးပေးပါရန်လဲ တောင်းဆိုဘူးတယ်။
အဋ္ဌကထာပေါင်းချုပ် ရေးထုတ်လိုက်ရင်
စာသင်သား ဦးဇင်းငယ်တွေ အချိန်တိုအတွင်း ပါဠိအဋ္ဌကထာစာပေတွေကို
လေ့လာသင်ယူနိုင်မှာဖြစ်ပြီး ပါဠိပညာသင်ခရီး အချိန်တိုတိုနဲ့ ပေါက်နိုင်ကြောင်းကိုလဲ
ထပ်လောင်းပြောကြားလိုက်ပါသေးတယ်။

ဆရာကြီးဟာ သူကတော့ ဘာမှ မလုပ်ဘဲ
သူများကိုချည်း တိုက်တွန်းနေတဲ့ လူစားမျိုးမဟုတ်ပါဘူး။
သူကိုယ်တိုင်လဲ
ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ဆိုပြီး
မြို့ကြီး နှစ်မြို့မှာ တက္ကသိုလ်နှစ်ခုဖွင့်လစ်ပြီး သင်ကြားပို့ချနေပါတယ်။
မြန်မာပြည်က ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့တက္ကသိုလ်တွေထဲမှာ
ဆရာကြီးတက္ကသိုလ်က သင်တန်းသားအများဆုံးတက္ကသိုလ်ဖြစ်ကြောင်း
သူငယ်ချင်းတွေ ပြောပြလို့ သိရပါတယ်။

ဆရာကြီးဟာ စာသင်သားသံဃာတွေအပေါ်မှာ
ပညာရေးနဲ့ပတ်သက်ပြီး အလွန်စေတနာ ထားရှာတယ်။
သာသနာ့တက္ကသိုလ်မှာ ဦးဇင်းပေါက်စ စာသင်သားဘ၀ကတည်းက
ဆရာကြီးရဲ့ကျေးဇူးကြောင့်
လန်ဒန်က ထုတ်တဲ့ ပါဠိအဘိဓာန်လို ရှားပါး စာအုပ်မျိုးကြီးတွေကို
ကိုင်ဘူး လေ့လာဘူးနေပြီ။ ဆရာကြီးက သူငယ်ငယ်တုန်းက စုဆောင်းထားတဲ့စာအုပ်တွေကို
လိုချင်တဲ့သူရှိက ငှားရမ်းပြီး မိတ္တူကူးစေပါတယ်။
သူကိုယ်တိုင်ကလဲ စာသင်သားဦးဇင်းငယ်တွေကို
တကယ်လိုအပ်တဲ့ အရေးကြီးတဲ့ စာအုပ်တွေကို ညွှန်ပြပြောဆိုပြီး မိတ္တူကူးခိုင်းပါတယ်။
သူ့မှာရှိတဲ့စာအုပ်ဆို အလွယ်တကူ မိတ္တူကူးပေးပါတယ်။

ဆရာကြီးက သူ့မှာ ရှိတဲ့စာအုပ်တွေကို မိတ္တူကူးချင်တဲ့သူလာရင် လွယ်ကူဘို့
စာအုပ်ချုပ်ရိုးများဖြေ (ဖြည်) ထားကြောင်းလဲ ထပ်လောင်းပြောလိုက်ပါသေးတယ်။

တစ်နေ့ စာသင်ခန်းထဲမှာ မြန်မာစကားနဲ့ပတ်သက်လို့ သူပြောပြတာက
မြန်မာစကားလုံးစစ်စစ်တွေရဲ့ တစ်လုံးစီ တစ်လုံးစီမှာ အဓိပ္ပါယ်ရှိပါကြောင်း၊
တစ်လုံးစီ တစ်လုံးစီမှာ အဓိပ္ပါယ်ဖော်မရတဲ့ မြန်မာစကားလုံးများဟာ
မြန်မာစကား စစ်စစ်မဟုတ်ကြောင်း၊
ပါဠိဘာသာ သို့မဟုတ် အခြားဘာသာစကားတစ်ခုခုက
ဆင်းသက်လာတာဖြစ်ကြောင်း ပြောပြပြီး
ဥပမာအနေနဲ့ (သူသေတို့ မြှုပ်နှံရာ) သင်္ချိုင်း ဆိုတဲ့စကားလုံးကို ထုတ်ပြပါတယ်။
သင်း ဆိုတဲ့အလုံးမှာ အဓိပ္ပါယ်ဖော်မရသလို ချိုင်း ဆိုတဲ့အလုံးမှာလဲ
အဓိပ္ပါယ်ဖော်မရကြောင်း၊ ဒီလို အလုံးတိုင်း အလုံးတိုင်း အဓိပ္ပါယ်ဖော်မရတဲ့ မြန်မာစကားများဟာ မြန်မာစကားစစ်စစ်မဟုတ်ကြောင်း စာသင်ခန်းထဲမှာ
သူ ပြောဘူးတာ မှတ်သားဘူးပါတယ်။

အခု ဥပါလိရဲ့ လုပ်ငန်းကလဲ ဆတ္တာသည် တဲ့။
ဆရာကြီး ဦးမြင့်ဆွေ ပြောသလိုဆို ဆတ္တာသည်ဆိုတာ
မြန်မာစကားတော့ ဟုတ်ပုံမပေါ်ဘူး။

ဆတ္တာသည် မိသားစုက ပေါက်ဖွားလာတဲ့ ဥပါလိ
အရွယ်ရောက်လာတော့ ဆတ္တာသည် ပဲ လုပ်ရပါတယ်။
သူ့အလုပ်က နန်းတွင်းထဲမှာ။ မင်းညီ မင်းသားတွေကို ဆံညှပ်ပေးရတာ။
သူ ဆံညှပ်ပေးရတာက မြတ်စွာဘုရားရှင်နဲ့ညီကိုဝမ်းကွဲတော်တဲ့ အနုရုဒ္ဓ တို့တတွေ။
မြတ်စွာဘုရား ဇာတိမြေ ကပိလ၀တ်ပြန်ကြွတော့
ခမည်းတော်ရှင်ဘုရင် သုဒ္ဓေါဒန မင်းကြီးက သူ့သားဘုရား
အခြံအရံ နည်းမှာစိုးလို့ဆိုပြီး
ယောက်ကျားသားမှန်သမျှ ဘုန်းကြီးဝတ်ခိုင်းတယ်။
ဥပါလိ ဆံညှပ်ပေးနေရတဲ့ အနုရုဒ္ဓတို့ မင်းညီမင်းသားတွေလဲ ရဟန်းဝတ်ရတော့တာပေါ့။

တိုတိုပြောကြပါစို့။
သူ့အလုပ်ရှင်ဖြစ်တဲ့ မင်းညီမင်းသားတွေ ဘုန်းကြီးဝတ်တော့
ဥပါလိလဲ ဘုန်းကြီးဝတ်ချင်စိတ် ပေါက်သွားတယ်။
ဥပါလိလဲ မင်းညီမင်းသားတွေနဲ့အတူ ခေါင်းတခါထဲ တုံးတယ်။
မြတ်စွာဘုရားက ရဟန်းဘောင် တက်ပေးလိုက်တယ်။

ဒီနေရာမှာ တစ်ခုသတိပြုမိတာက
မြတ်စွာဘုရားက ရဟန်းဘောင်တက်ပေးတဲ့နေရာမှာ
အလုပ်သမားဖြစ်တဲ့ ဥပါလိကို အရင် ရဟန်းဘောင်တက်ပေးတယ်။
အလုပ်ရှင်များဖြစ်ကြတဲ့ မင်းညီမင်းသားတွေကို နောက်မှ ရဟန်းဘောင် တက်ပေးတယ်။

သာသနာတော်မှာက တစ်စက္ကန့်လေးနောက်ကျပြီးမှ
ရဟန်းဘောင်ရောက်လာတဲ့ ပုဂ္ဂိုလ်က တစ်စက္ကန့်လေးစောပြီး ရဟန်းဘောင်ရောက်လာတဲ့ပုဂ္ဂိုလ်ကို
အရိုအသေပေးရမယ်၊ ရှိခိုးရမယ်၊ ဦးချရမယ်ဆိုတဲ့ ဥပဒေသရှိတယ်။

အခု အလုပ်သမားဥပါလိက အရင်ရဟန်းဖြစ်၊ မြတ်စွာဘုရားရဲ့ ညီကိုဝမ်းကွဲဖြစ်တဲ့
မင်းညီမင်းသားတွေက နောက်မှ ရဟန်းဖြစ်တော့
မင်းညီမင်းသားရဟန်းတွေက ဆတ္တာသည်တဖြစ်လဲ ရှင်ဥပါလိကို ရှိခိုးရတော့မယ်။
မြတ်စွာဘုရားကလဲ ဒီရည်ရွယ်ချက်နဲ့ပဲ လုပ်တာဖြစ်တယ်။
မင်းညီမင်းသားတွေရဲ့ မာန ကျသွားအောင်လို့တဲ့။
ဒီမာနခံနေရင် ဘယ်လိုမှ တရားထူးရမှာ မဟုတ်ဘူး။ ရဟန္တာမဖြစ်နိုင်ဘူး မို့လား။
ဒါ့ကြောင့် မြတ်စွာဘုရားက မင်းညီမင်းသား ရဟန်းတွေကို
စစချင်း ဆောက်နဲ့ ထွင်းပစ်လိုက်တာ။

ရှင်ဥပါလိ ရဟန်းဖြစ်ပြီး မြတ်စွာဘုရားထံ ကမ္မဋ္ဌာန်းတရားတောင်းတယ်။
တောထဲသွား တရားအားထုတ်ဖို့ မြတ်စွာဘုရားကို လျှောက်တယ်။
မြတ်စွာဘုရားက ဒါကို သဘောမတူပါဘူး။
တောထဲသွားတရားအားထုတ်ရင် ကမ္မဋ္ဌာန်းတရားသာ သိမှာဖြစ်ပြီး
အခြားအခြားသော တရားတော်တွေကို သိမှာ မဟုတ်တော့ဘူး။
ကမ္မဋ္ဌာန်းတရားသာမက အခြားသော သိသင့်သိထိုက်သောတရားတွေကိုပါ
သိရအောင် မြတ်စွာဘုရားက သူ့အနားမှာပဲနေစေပြီး တရားအားထုတ်ခိုင်းတယ်။
မြတ်စွာဘုရားကိုယ်တော်တိုင်ပဲ ၀ိနည်းတရားကို ရှင်ဥပါလိကို သင်ပေးတယ်။
နောက်ဆုံးတော့ ရှင်ဥပါလိမထေရ်ကြီးဟာ
ဝိနည်းစာပေမှာ ၀ိနည်းအရာမှာ ၀ိနည်းတရားမှာ အကျွမ်းကျင်ဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း မြတ်စွာဘုရားပြောခဲ့တယ်။
သူလဲ အချိန်တန်တော့ ရဟန္တာဖြစ်သွားပါတယ်။

ပထမသင်္ဂါယနာတင်တဲ့အချိန်မှာ
ဒီရှင်ဥပါလိမထေရ်က ၀ိနည်းပိဋကကို ဖြေရပြီး
သုတ္တပိဋကနဲ့ အဘိဓမ္မပိဋကတို့ကို ရှင်အာနန္ဒာဖြေရပါတယ်။
အမေးဆရာတော်ကတော့ ရှင်မဟာကဿပကြီးတစ်ပါးတည်းပါ။
အမေးဆရာတော်လုပ်တဲ့
ရှင်မဟာကဿပကြီးအကြောင်းကလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။“

Read more...

လမ်းလျှောက်ပါက ရုတ်တရက် လေဖြတ်ခြင်းမှ ကင်းဝေနိုင်

နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်ခြင်း အလေ့အကျင့်ကို ပုံမှန်ပြုလုပ်ပေးပါက ရုတ်တရက် လေဖြတ်ခြင်းမှ ကင်းဝေစေနိုင်ကြောင်း ဗြိတိသျှ ဆေးသိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားလိုက်သည်။

အထူးသဖြင့် နေ့စဉ် နံနက်ပိုင်း နာရီဝက်ခန့် လမ်းလျှောက်ခြင်းကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူ ပြုသည့်အပြင် ခန္ဓာကိုယ် သွေးလည်ပတ်မှု ကောင်းမွန်စေနိုင်ကြောင်း၊ သွေးအတွင်း အဆိပ်ဓာတ်ထွက်မှုကို ဖယ်ရှားပေးနိုင်ကြောင်း၊ အဆိုပါ ဆေးသိပ္ပံ ပညာရှင်များက ထပ်မံ ပြောကြားသည်။

ညအချိန်တွင် အိပ်စက်အနားယူထားခြင်းကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု ငြိမ်သက်ခဲ့သဖြင့် နံနက်ပိုင်း အိပ်ရာထချိန်၌ လမ်းလျှောက်ခြင်းမှာ အကောင်းဆုံး လေ့ကျင့်ခန်းပင် ဖြစ်ကြောင်း သိရသည်။

နံနက်ပိုင်း လမ်းလျှောက်မှုကြောင့် နှလုံးသွေးကြောများ လန်းဆန်းခိုင်မာပြီး နှလုံး၏လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်ရန် အထောက်အကူပြုစေနိုင်ကြောင်းကိုလည်း အဆိုပါ ဆေးသိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

မင်းစောထက်

Read more...

အိန္ဒိယနိုင်ငံရဲ့ လင်းလတ်နေတဲ့ ကြယ်တစ်ပွင့် (အပိုင်း ၃)

အပမာဒ။ ဆရာတော်ရဲ့ သာသနာပြု အောင်မြင်မှုများဟာ အံသြ၀မ်းမြောက် သာဓုခေါ်ဆိုစရာပါဘုရား။ ဆရာတော်ကို မြန်မာနိုင်ငံတော် အစိုးရကရော နိုင်ငံရပ်ခြားကရော ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်း ခဲ့တယ်လို့သိရပါတယ်ဘုရား၊ ဘွဲ့တံဆိပ်တော်များကိုလည်း မိန့်ပါဦးဘုရား။
ဆရာတော်။ မြန်မာနိုင်ငံတော်အစိုးရက ဘုန်းကြီးကို နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာ နှစ်ပေါင်းများစွာ ဒုက္ခခံပြီး သာသနာပြုခဲ့လို့ ၇-၃-၉၃ ခုနှစ်မှာ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ယူပီပြည်နယ်အစိုးရ အတွင်းဝန်ချုပ် ကြီးမှူးပြီး ၂၈-၅-၉၈ ခုနှစ်မှာ၊ Monk in Chief ဘွဲ့ထူးကို ဆက်ကပ်ခဲ့ပါတယ်။ ဗီဟာပြည်နယ် အစိုးရကလည်း ၂၆-၅-၉၉ ခုနှစ်မှာ ၀ိဆွဗုဒရတနာ (၀ိဆွ ဗုဒသားကောင်းရတာနာ)ဘွဲ့ထူးကို ဗီဟာပြည်နယ် ဂ၀န်နာက ဆက်ကပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ၂၆-၅-၂၀၀၁ ခုနှစ်မှာ ဗုဒ၀ိသာရဒ ဘွဲ့ထူးကိုလည်း ထပ်မံပြီး ဗီဟာပြည်နယ် ပညာရေးဝန်ကြီးက လှူဒါန်းဆက်ကပ်ခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ် မာယာဝတီက ဒဥတ်ကြိဆ်ဓမ္မ (ဆေးဝါထူးဆန်းအံသြဘွယ် ဘာသာရေး အားပေးကူညီဆောင်ရွက်မှုအတွက် သာသနာပြု အကောင်းဆုံး) ဘွဲ့နှင့် ၁၉၉၆ ခုနှစ်မှာ ကန်နပူရ် ဗုဒဘာသာများက အသင့်တော်ဆုံး သာသနာပြုဆုများ ချီးမြှင့်ခဲ့ပါတယ်။
အပမာဒ။ စာဖတ်ပရိသတ်များ ဆရာတော်ရဲ့ ဘွဲ့ထူးနဲ့ ဘွဲ့အပြည့်အစုံကို သိရှိကြည်ညိုကြစေရန်အတွက် အပြည့်အစုံ မိန့်ကြားပါဘုရား။
ဆရာတော်။ ဘုန်းကြီးဘွဲ့ကို အပြည့်အစုံ ရေးမယ်ဆိုရင်တော့ ဒီလိုရေးရင် ဖြစ်ပါတယ်။ ကုသိနာရုံဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒန္တ ဥာဏိဿရ၊ M.A (သမိုင်း). M.A (ပါဠိ)၊ L.L.B၊ ပါဠိသာဟိတျရတနာဘွဲ့၊ တိဗက်ဒီပလိုမာ၊ B.A.M. ခေါ်တိုင်းရင်းဆေး ဆရာဝန်ဘွဲ့၊ ၀ိဆွဗုဒရတနာ၊ ဗုဒ၀ိသာရဒ၊ Monk in Chief ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဆိုရင် ပြည့်စုံပါတယ်။ ဒါပေမယ့် အများသိထားတဲ့ ကိုသိနာရုံဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒန္တဥာဏိဿရ ဆိုရင် ပြည့်စုံပါပြီ။ ဒကာကြီးတို့လျှောက်ထားလို့သာ ဘုန်းကြီးက အပြည့်အစုံပြောပြတာပါ။
အပမာဒ။ ကုသိနာရုံမှာ ဆရာတော်ကြီး သာသနာပြုဖို့ လျာထားချက်များ ဘယ်လိုစီမံကိန်း ချထားပါသလဲ ဆိုတာလည်း သိပါရစေဘုရား။
ဆရာတော်။ ဘုန်းကြီးအနေနဲ့ ကုသိနာရုံမှာ တစ်ခုပြီးတခု လုပ်ခဲ့တဲ့အထဲမှာ ကုသိနာရုံအနေနဲ့ ပြောရမယ်ဆိုရင် ကုသိနာရုံတွင် ဆရာတော်တို့ အပိုင်တစ်နေရာထဲမှာ မြေဧက ၄၀ လောက်ကျယ်ဝန်းပါတယ်။ အဲဒီမှာ ဗုဒဘာသာနဲ့ ပက်သတ်တဲ့ တက္ကသိုလ်တစ်ခု တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီတက္ကသိုလ်မှာ ထေရ၀ါဒနဲ့ပတ်သတ်တာရော၊ မဟာယနနဲ့ပတ်သတ်တာရော အဲဒါတွေပါမယ်၊ မဟာယနကဘယ်လို ထေရ၀ါဒကဘယ်လို ဆိုတာတွေမဖြစ်ရအောင် နောက်ကျရင် ထေရ၀ါဒသန့်သန့် ဖြစ်သွားဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီမှာ ကိုရီးယားတို့ ဂျပန်တို့လည်းပါမှာပါ။ သူတို့ကလုပ်နိုင်တဲ့ တက်နိုင်တဲ့စွမ်းရည်ရှိတယ်။ သူတို့နဲ့တဖြည်းဖြည်းလုပ်ယူရပါမယ်။ အဲဒါကတစ်ခုပေါ့။ နောက် အိန္ဒိယမှာ မြန်မာမင်း အဆက်ဆက် သာသနာပြုကိစ္စတွေဘာတွေ လုပ်ခဲ့တယ်ဆိုတဲ့ ကျောက်စာတွေ အသီသီးရှိပါတယ်။ အဲဒီကျောက်စာတွေ ဖော်ထုပ်ရေးကော်မတီမှာ ဘုန်းကြီးလည်းပါပါတယ်၊ ဘုန်းကြီးရဲ့အယူအဆကတော့ အပြင်ကနေ သာသနာပြုတာနဲ့ အထဲကနေ သာသနာပြုတာ ပိုပြီးထိရောက်တယ်လို့ ခံယူထားပါတယ်။ အထဲကိုရောက်တော့ ပြောခွင့်ဆိုခွင့်ရှိတယ်။ ထေရ၀ါဒ သာသနာကို ပြောခွင့်ရှိတယ်။ ဘုန်းကြီး ရောက်ရောက်ချင်းပဲ ဘုရားဟာ ပြတိုက်မဟုတ်တဲ့ အကြောင်း ရှင်းပြခဲ့ရပါတယ်။ စောစောပိုင်းတုန်းက ဗုဒဂယာနဲ့ ကုသိနာရုံမှာ ဂိတ်ဝင်ကြေးပေးပြီးမှ ၀င်ရတယ်။ ခုတော့ ဘုန်းကြီးဆောင်ရွက်လို့ ၀င်ကြေးမပေးရတော့ပါဘူး။ ဘုရားပရိဝုဏ်ဟာ ပြတိုက်မဟုတ်တဲ့အတွက် အခကြေးငွေပေးပြီး ၀င်စရာမလိုပါဘူး အထဲကိုရောက်လို့ရှိရင် သူတို့ ကြည်ညို သဒါရှိတာနဲ့အမျှ ၁ ကျပ်မကဘူး ၁၀၀-၁၀၀၀-၁၀၀၀၀ စသည်လှူမှာချဉ်းပဲလို့ ရှင်းပြရတယ်။ အောင်မြင်ခဲ့ပါတယ် ပထမတော့ သူတို့က ရှေးဟောင်းသုတေသနအနေနဲ့ စကားပြောပါသေးတယ်၊ ဘုန်းကြီးက ကျုပ်တို့ ဗုဒဘာသာရဲ့ ဘုရားနေရာဒေသဖြစ်တယ် ဌာနဆိုင်ရာအနေနဲ့ ဒီလိုလုပ်ဖို့မလိုဘူးလို့ ရုံးမှာအတော် စကားပြောခဲ့ရပါတယ်။ သတ္တရှိဖို့တော် အထူးလိုအပ်ပါတယ်။ စောစောကပြောခဲ့တဲ့ တက္ကသိုလ်ဆိုတာကလည်း အိန္ဒိယက ကလေးတွေကို ဦးစားပေးပြီးသင်ဖို့ပါ၊ ယိုးဒယား၊ ကိုရီးယား၊ ဂျပန်စသည် တို့ကိုလည်း လက်ခံပါမယ်။ သူတို့တွေကို ပညာတက်အောင်သင်ပေးပြီး ဒီအနီးအနား ၀န်းကျင်မှာရှိတဲ့ ကျောင်းတွေမှာ ပြန်ပြီးနေရာချထားပေးရမယ်။ ဒါမှ ခိုင်မြဲမှာပါ ကိုရီးယားတို့ ဂျပန်တို့မှာ ဒီလိုဗုဒ္ဓဘာသာ သင်ပေးတဲ့ကျောင်းတွေ မရှိပါဘူး၊ ဒါကြောင့် ဒီမှာလက်ခံပြီး သင်ဖို့ပါ။ အထူးအားဖြင့် အိန္ဒိယက ကလေးတွေ ပညာတက်ဖို့ အရေးကြီးပါတယ်။ သူတို့ကိုလေ့ကျင့် သင်ကြားပေးပြီး လိုအပ်တဲ့နေရာတွေမှာ ငါးကြင်းသားကို ငါးကြင်းဆီနဲ့ကျော်ဆိုသလို အစားထိုး နေရာချထားဖို့ လိုအပ်ပါတယ်။ ဒါမှ အိန္ဒိယမှာ ဗုဒ္ဓဘာသာကျောင်းနဲ့ သာသနာဟာ ပိုပြီးခိုင်မြဲမှာ ဖြစ်ပါတယ်။
အပ္ပမာဒ။ ဆရာတော်ရဲ့ ရည်ရွယ်ချက် ကြီးမားတာကို ဂုဏ်ယူပြီး သာဓုခေါ်ပါတယ်ဘုရား။ အခြေအမြစ်ကျတဲ့ လုပ်ငန်းများဖြစ်ပါတယ်၊ ဆက်ပြီးမိန့်ပါဦးဘုရား။
ဆရာတော်။ ဘုန်းကြီး ဂျပန်သွားပြီ တရားဟောတော့ သူတို့က ဘာလိုပါသလဲ မေးတယ်၊ ဘုန်းကြီးက စောစောက ရည်ရွယ်ချက်ကို ပြောပြတယ်၊ အိန္ဒိယမှာက မိန်းကလေး အတော်များများဟာ စာမတက်ကြဘူး၊ သူတို့ကိုလည်း သင်ကြားပေးရမယ်။ အခု ယိုးဒယားဘုန်းကြီးတစ်ပါးနဲ့ ကိုရီယားဘုန်းကြီးတစ်ပါး ရထားပါတယ်။ မဟာဝိဇာအောင်မြင်ပြီးသားရော B.Com, B.Sc, B.Ed တို့အောင်မြင်ပြီးသားတွေ ခြောက်ယောက်လောက်ရနေပါပြီ၊ တော်တဲ့ ကလေးတွေကို ထူးချွန်အောင် လုပ်ပေးရမှာပါ ဒါမှလည်း သူတို့ရဲ့မိဘတွေပါ ပါလာမှာဖြစ်တယ်။ အခုလက်ရှိ ကုသိနာရုံမှာ ဘုန်းကြီးရဲ့ကျောင်း တစ်ကျောင်းပဲရှိပါတယ်။ ရှစ်ဧကလောက်ကျယ်ပါတယ်။ အဲဒီမှာ မူလကျောင်းကြီးရယ်၊ နောက်ထပ် ကိုရီးယားကျောင်း၊ ဂျပန်ကျောင်း၊ ယိုးဒယားကျောင်း၊ သီဟိုဠ်ကျောင်း ဆိုပြီးတော့ရှိတယ်။ ပညာတက်လူငယ်တွေများတယ်၊ အိန္ဒိယမှာ ပထမဆုံးဆောက်တဲ့ မဟာပရိနိဗာန ဓမ္မသာလာယဆိုတဲ့ ကျောင်းလဲရှိပါတယ်။ ဘုရားဖူးတွေ တည်းခိုဖို့ အဆောင်လည်းရှိတယ်။ တစ်ကြိမ်ကို ဘုရားဖူး ၆၀ လောက် တည်းခိုနိုင်တယ်။ သံဃာကတော့ မြန်မာကျောင်းတွေ ထဲမှာဆိုရင် ဘုန်းကြီးရဲ့ ကုသိနာရုံကျောင်းက သံဃာအများဆုံးပါ ၁၂၅ ပါးခန့်ရှိပါတယ်။ ကိုရင် ၁၆ ပါးရှိပါတယ်။ မြန်မာနိုင်ငံက တစ်ပါးပဲ ရှိပြီးတော့ နီပေါနဲ့ အိန္ဒိယက များပါတယ်၊ ဘုန်းကြီး စည်းရုံးထားတာပါ။
အပမာဒ။ ခုလို ပြည့်ပြည့်စုံစုံ ရှင်းပြတာကို ကျေးဇူးတင် ၀မ်းမြောက်လှပါတယ်ဘုရား။ မြန်မာနိုင်ငံမှာ ယခုလို သာသနာရေးရာများ ထွန်းကားနေမှုအပေါ် ဆရာတော်ရဲ့ အကြံပြုချက်များကိုလည်း သိချင်ပါသေးတယ်ဘုရား။
ဆရာတော်။ ခုလို မြန်မာနိုင်ငံမှာ သာသနာတိုးတက် ထွန်းကားနေတာ ဘုန်းကြီး ၀မ်းမြောက်ပါတယ်။ သို့သော် အကြံပြုချင်တာကတော့ ဘာသာရေး စာရေးဆရာများရော၊ တိုးတက်ပြန့်ပွါးအောင် ဆောရွက်နေသူများကိုရော အကြံပေးချင်ပါတယ်။ ဘုရားရှင်ရဲ့ သာသနာတော်ကို ပြန့်ပွါးအောင် ဖြန့်တဲ့နေရာမှာ ရှေးရိုးကြီးကိုပဲ အားကိုးမနေပဲနဲ့ ခေတ်အမြင်နဲ့လည်း နှိုင်းယှဉ်ပြီး ခေတ်အမြင်ရှိကြဖို့လိုပါတယ်။ ဥပမာအားဖြင့် တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသ ဆိုရင် ဘုရားဟောများကိုလည်း ဖော်ပြတယ်၊ ဗုဒဘာသာကို ခေတ်အမြင်နဲ့လည်း များစွာတင်ပြထားပါတယ်။ ဆိုလိုချင်တာကတော့ ရှေးဟောင်း ရှေးဟောင်းကိုလည်း လက်ကိုင်ထားရပါတယ်။ သို့သော် ခေတ်အမြင် သိပံအမြင်နဲ့ ယှဉ်တွဲပြီးတော့ လက်တွေ့ကျကျ ယုတ္တိ ယုတ္တာကျကျ ခေတ်လူငယ်တွေ လက်ခံကျင့်သုံးနိုင်အောင်လို့ တင်ပြဖို့ လိုအပ်ပါတယ်။ အရင်တုန်းကတော့ ဘုန်းကြီးကျောင်း ပညာရေးစနစ်ထွန်းကားလို့ ဧ၀ံ မေ သုတံ ဆိုရင် နားလည်တယ်။ ခုခေတ် ဘုန်းတော်ကြီး ပညာရေးစနစ်ကလည်း မရှိသလောက်ဖြစ်နေတော့ ဧ၀ံ မေ သုတံ ဆိုရင် မသိတဲ့လူကများတယ်။ အဲဒါကို ဘုရားဟောလည်း လူတွေသိအောင် ခေတ်အမြင်နဲ့လည်း လက်ခံနိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နေက်တစ်ခုက ပေးကမ်းခြင်းဖြင့် အောင်မြင်ရာသည် ဆိုတာလည်း ရှိပါတယ်။ သစ္စာလည်း ခိုင်မြဲရပါမယ်။ ယုံကြည်မှုလည်း ရှိရပါမယ်၊ ဇွဲလဲရှိရမယ်၊ ဒါမှ သာသနာပြုလို့ရမှာပါ၊ ဘုန်းကြီးကတော့ ကုသိနာရုံမှာ သစ္စာပြုပြီး သာသနာပြုနေတာပါ၊ တကယ့် သစ္စာမှန်ကန်ရင် တကယ်အောင်မြင်ပါတယ်။ ဆိုလိုချင်တာကတော့ ဗုဒဒေသနာနဲ့ ခေတ်အမြင်နဲ့ သစ္စာတရားနဲ့ ယုံကြည်မှုများစွာ လိုပါတယ်လို့ ပြောချင်ပါတယ်။
အပမာဒ။ မှန်လှပါဘုရား ဆရာတော်ကြီးအနေနဲ့ မြန်မာပြည်ကို ခေတ္တရောက်ခိုက် မအားလတ်တဲ့ကြားက တပည့်တော်ကို ခုလိုအချိန်ပေးပြီး စိတ်ရှည်စွာ ဖြေကြားပေးတော်မူတဲ့အတွက် တပည့်တော် ဦးခိုက်ပါတယ်။ နောက်ဆုံး မေးခွန်းအနေနဲ့ တပည့်တော်များ အပမာဒ မဂ္ဂဇင်းနဲ့ အပမာဒ မဂ္ဂဇင်း စာဖတ်ပရိသတ်များကို သြ၀ါဒအကျဉ်း ပေးတော်မူပါဦးဘုရား။
ဆရာတော်။ အပမာဒဆိုတာ မမေ့မလျော့ခြင်း မဟုတ်လား၊ ဒီစကားကို မြန်မာနိုင်ငံ ဗုဒဘာသာဝင်တိုင်း ရင်းနီးပြီး ဖြစ်ခဲ့တဲ့စကား မဟုတ်လား၊ သူ့အဓိပါယ် အပြည့်အစုံက မမေ့မလျော့ခြင်းသည် မသေခြင်းရဲ့အကြောင်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်း မဟုတ်လား၊ ဒကာကြီးတို့ရော စာဖတ်သူများပါ ဘုရားရှင်ရဲ့ အဆုံးအမဖြစ်တဲ့ ၀ိပဿနာအလုပ်ကို မမေ့ဖို့လိုပါတယ်။ အမြဲသတိရနေဖို့၊ စွမ်းနိုင်သမျှလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း မိမိတို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာပါ။ ဒါက ဒကာကြီးတို့ရော စာဖတ်သူများကိုရော ဘုန်းကြီးပြောလိုတာပါ။ အပမာဒ မဂ္ဂဇင်းအနေနဲ့ အခုလို ထုပ်ဝေနေတာ ဘုန်းကြီး သဘောကျပါတယ်။ ဒါမယ့် အထက်မှာပြောခဲ့သလို ဗုဒဒေသနာတော်နဲ့ ခေတ်အမြင်ကို ပေါင်းစည်းပေးဖို့ လိုပါတယ်၊ ရှေးရိုးစာပေတွေ ထည့်တာလည်းထည့်ပေါ့ ခေတ်အမြင်အနေနဲ့လည်း အများနားလည် လက်ခံနိုင်အောင် ရေးသားကြမယ်၊ တင်ပြကြမယ်၊ ဆန်းသစ်ကြမယ် ဆိုရင်တော့ ထရ၀ါဒ သာသနာတော်အတွက် မဂ္ဂဇင်းထုပ်ရကျိုး ရေးရကျိုးဟာ ပိုပြီးထိရောက်မှာဖြစ်မယ်လို့ ဘုန်းကြီးမေတ္တာစကား ပြောကြားပါတယ်။
အပမာဒ။ သာဓု- သာဓု- သာဓုပါ ဘုရား။

အရှင်န္ဒောဘာသ (ကျောက်ဖြူ)
0 comments

Read more...

မန္တလေးရေဘေး-အရေးပေါ် ကူညီကြပါရန်

ရေထဲ ရင်ခေါင်းရောက်အောင် ဆင်းပြီး ထမင်းထုပ်ဝေနေရတဲ့ သံဃာများ

ဆည်တော်ကြီး ရေလှောင်တမံက ရေလွှတ်လိုက်တဲ့အတွက် မန္တလေးက မြရည်နန္ဒာ၊ အောင်ပင်လယ်၊ သမန်းကုန်း စတဲ့ ရပ်ကွက်တွေမှာ ရေကြီးပြီး လူပေါင်းများစွာ ရေဘေးဒုက္ခ ကြုံနေရပါတယ်။ ထမင်းထုပ်တွေ အရေးပေါ် လှူဒါန်းနေရပြီး ထမင်းထုပ်ပေါင်းများစွာ နေ့စဉ် လိုအပ်နေဆဲပါ။

ဆည်ရေကျိုးပြီဆိုပြီး ကြေညာလိုက်ချိန်မှာ လူတွေ အထုပ်တွေ သေတ္တာတွေ ခေါင်းပေါ်ရွက်ပြီး ပြေးကြလွှားကြပါတယ်။ အလောင်း ၁၁ လောင်း တွေ့ထားပါပြီ။ နာရေးအသင်းတွေကို အကြောင်းကြားလိုက်ရပါတယ်။ ဆည်ကျိုးကြောင်း ကြေညာတဲ့ အောက်တိုဘာ ၁၁ ရက် ညက လူတွေ စိုးရိမ်ထိတ်လန့်နေကြလို့ လိုက်ဝေတဲ့ ထမင်းထုပ်တွေကိုတောင် ကောင်းကောင်း မစားနိုင်ကြပါဘူး။

မေတ္တာရှင် ဆရာတော် ၃ သိန်းကျပ်
ဝင်းဝင်း သနပ်ခါး၊ ဖယောင်းတိုင် လုပ်ငန်း - ၅ သိန်းကျပ်

မတည် လှူဒါန်းထားပါတယ်။ ဒီငွေနဲ့ ဆန်တွေဝယ်၊ ထမင်းဟင်းချက်ပြီး ဝေငှလှူဒါန်းနေပါတယ်။ ထမင်းထုပ်က တစ်နေ့ကို လူ ၅၀၀ ကျော်ခန့် ဝေရပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့က လူ ၇၀၀ ကျော်စာ ဝေခဲ့ရပါတယ်။ လှူဒါန်းပို့ဆောင်ရေးအတွက် ဒါယကာ ကိုထွေးက ဟိုင်းလတ်ကားတစ်စီး ကူညီပေးထားပါတယ်။

မန္တလေး မြို့ထဲက စေတနာ၇ှင်တွေလဲ ရေဘေးသင့် မြို့နယ်တွေကို ကားတွေနဲ့ စုရုံးရောက်လာပြီး လိုက်ဝေနေတာ ရှိပါတယ်။

၁၂-၁၀-၂၀၁၀ နေ့က ဆမ်းလောင်းအသင်း ဆွမ်းဒကာ ကိုထက်ရဲ့မိတ်ဆွေ ကိုကျော်ကျော်က ထမင်းထုပ် ၂၀၀ နဲ့ ငါးပိဘူး၊ ကြက်ဥပြုတ်များ လှူဒါန်းပါတယ်။ ၁၂ ရက်နေ့အတွက် ကျန်ထမင်းထုပ်အားလုံးက ဝင်းဝင်းဖယောင်းတိုင်လုပ်ငန်းရဲ့ဒါန ဖြစ်ပါတယ်။

ယနေ့ (၁၃-၁၀-၂၀၁၀) နေ့လယ်စာအတွက် လပ်ကီးသောက်ရေသန့်က ထမင်းထုပ် ၇၀၀ နဲ့ အခြားအလှူရှင်များလဲ ရှိပါတယ်။ ဆွမ်းလောင်းအသင်းက ညနေစာ ဝေပါမယ်။

အရေးကြီး လိုအပ်နေတာက ဝမ်းပိတ်ဆေး၊ ဓာတ်ဆားထုပ်၊ ဖယောင်းတိုင်၊ ဆန်နဲ့ ဟင်းချက်စရာများ ဖြစ်ပါတယ်။ ကလေးတွေ ဝမ်းလျှောနေလို့ ဝမ်းပိတ်ဆေး လိုနေကြောင်း ဆေးမှူးတွေက ပြောပါတယ်။

နောက်ပိုင်း အဝတ်အစားတွေပါ လိုပါမယ်။ ဂျပန်နိုင်ငံ ဘူမိဗေဒ ကျောင်းသားများမှ လှူဒါန်းတဲ့ အဝတ်အစားအိတ်ကြီး ၈ အိတ် မေတ္တာရှင်ဆရာတော်မှတစ်ဆင့် ဦးဇင်း ဦးကောဝိဒထံ ရောက်နေပါပြီ။

လူအား ပစ္စည်းအား အရေးပေါ် လိုအပ်နေပြီမို့ ရေဘေးသင့် ပြည်သူများအတွက် တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီကြစေလိုပါတယ်။
ထမင်းထုပ်ဝေဖို့အတွက် ကိုထွေး ကုသိုလ်ပြုထားတဲ့ ဟိုင်းလပ်ကား



ပုဆိုးခါးတောင်းကျိုက်နှင့် သွားကြလာကြ
ထမင်းထုပ်တွေ ပြိုက်ခနဲကုန်ပြီ

မြန်မာပြည်က စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားတွေ

ထမင်းထုပ်တွေ လက်ခံနေတဲ့ ကလေးမလေး
ဒီလို ဝေရ လှူရပါတယ်

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP