* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, October 7, 2010

*ခန္ဓာအိမ်ကိုအရင်းပြု၍ သဘာဝဓမ္မကို လေ့လာခြင်း*

ရာဇဂြိုဟ်မှ သီရိမာ၏ အသုဘရှုပွဲကြီးကား လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ထိုအသုဘရှုပွဲကြီး၌ ပါဝင်ခဲ့သူ အသီးသီးတို့သည်လည်း ကိုယ်စီ တရားအသိဉာဏ်နှင့် ထိုက်တန်သော ဘ၀တွေကိုလည်း ရရှိနေပြီ ဖြစ်ပါသည်။ အချို့သည် မြင့်မြတ်သောဘုံ၊ မြတ်သောဘ၀၊ မြတ်သောဌာနတွေမှာ ခံစားနေပေပြီ။ အချို့လည်း နိဗ္ဗာန်သို့ မျက်မှောက်ပြုခဲ့ကြပြီ။ သီရိမာကို အကြောင်းပြု၍ တရားဒေသနာ ချီးမြှင့်ခဲ့သော ဘုရားရှင် ကိုယ်တော်တိုင်ပင် ပရိနိဗ္ဗာန် ပြုခဲ့ရပြီ မဟုတ်ပါလော။

သီရိမာကို စွဲလမ်းစိတ် ဖြစ်ခဲ့စဉ်က ရာဂစိတ် အဓိပတိ ဖြစ်ခဲ့ရသော ကိုယ်တော်လေးသည် သုသာန် တစပြင်မှ သီရိမာ၏ ရုပ်အလောင်းကို မျက်ဝါးထင်ထင် တွေ့ရင်းမှ ဘုရားရှင်၏ ဒေသနာတော်ကို နာကြားလိုက်ရ သောအခါ…။

တင့်တယ်ခြင်းနှင့် မတင့်တယ်ခြင်း။ သုဘနှင့် အသုဘ။

သုဘနိမိတ်ကို မြင်သောအခါ စိတ်သည် စွဲလမ်းသည့်ဘက်သို့ ဦးတည်သည်။ အသုဘနိမိတ်ကို မြင်သောအခါ စိတ်သည် စက်ဆုပ်ရွံရှာသည့် ဘက်သို့ ပြောင်းလဲသွားသည်။ မြင်ကွင်း ပြောင်းသည့်အခါ စိတ်ပြောင်းသွားသည်။ မြင်ကွင်း အပြောင်းအလဲကို မည်သူက ဖန်တီးသနည်း။ ပုဂ္ဂိုလ် တစ်ဦးတည်းက ဖန်တီးခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကား သီရိမာ။

သီရိမာ၏ ခန္ဓာအိမ်နေရာတွင် အခြားသူတစ်ဦး၏ ခန္ဓာအိမ် အသစ်တစ်ခု အစားထိုး ၀င်ရောက်လာခြင်း မဟုတ်ပါ။ နဂိုရှိရင်းစွဲ သီရိမာ၏ ခန္ဓာအိမ်ကြီးကသာ ဖောက်ပြန် ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော သုံးရက်ခန့်က ကပိုကရို အလှကလေးနှင့်ပင် ကြည့်၍မ၀နိုင် ဖြစ်ခဲ့ရသော သီရိမာ၊ ယခုတော့ ဖရိုဖရဲ၊ ပြိုကွဲ ယိုစီး နံစော်၊ မြင်မကောင်း ရှုမကောင်း၊ ယင်တလောင်းလောင်းနှင့် နှစ်ခါပြန် ကြည့်ချင်စရာ မကောင်းတော့သည့် သီရိမာ။ ဖြစ်နိုင်လျှင် မကြည့်ချင်တော့။ မျက်လုံးစုံမှိတ် ထားလိုက်ချင်တော့သည်။

ဘယ်မှာလဲ ဟိုတစ်နေ့က ဆွမ်းမစားနိုင်လောက်အောင် စွဲလမ်းခဲ့ရတဲ့ သီရိမာရဲ့ အလှပုံရိပ်တွေ။ ကိုယ်တော်လေးသည် အငွေ့အသက်ကို မမေ့ရက်စရာ အဖြစ် သတ်မှတ်သိမ်းဆည်း ထားခဲ့သည်ပဲ။ မျက်စိဖြင့် သီရိမာကို မြင်သည်။ မြင်သိစိတ် ဖြစ်ပေါ်သည်။ မြင်သိစိတ်နောက်က လိုချင်စိတ်ကလေး ကပ်ပါလာသည်။ ကြည့်စမ်း.. မြန်လိုက်သည့်စိတ်။

တပ်မက်မှု တဏှာစိတ်ကလေးက အမြစ်စတွယ်ပေပြီ။ အမြစ်တွေ ပွားလာသည်။ လိုချင်စိတ်သည် ကင်ဆာရောဂါနှင့် တူသည်။ အမြစ်ပွားနှုန်း မြန်လှသည်။ ရှေ့စိတ်သည် နောက်စိတ်ဆီသို့ လောဘ၏ သတ္တိကို အဆင့်ဆင့် လက်ဆင့်ကမ်း ပေးသွားသည်။ လောဘအိုးကြီးသည် တဖြည်းဖြည်း ကြီးထွားလာပေပြီ။ စိတ်နှင့်မဆန့်အောင် ကြီးထွားလာသောအခါ စိတ်သည် ထိုလောဘ၏ ၀န်ထုပ်ကို အလေးအပင် တစ်ခုအနေဖြင့် ပြန်ထမ်းနေရတော့သည်။ စိတ်ကြီးကား လေးလံလှချေပြီ။ လေးလံလာသောအခါ ထိုင်းမှိုင်းလာစမြဲ။ ကိလေသာ ဟူသမျှ ပူရသည်မှာမလွဲ။ ကိလေသာ ခေါင်းဆောင်ဖြစ်သော လောဘသည် အပူဓာတ်တွေကို ယူဆောင်လာသည်။ ထို အပူဓာတ်သည် တည်ငြိမ်အေးချမ်းမှု မရှိတော့။ ဘယ်မှာလာ၍ ငြိမ်းအေးနိုင်ပါတော့ မလဲ။

ထို့ကြောင့်ပင် ကိုယ်တော်လေးသည် သီရိမာ လောင်းလှူလိုက်သော ဆွမ်းကိုပင် မစားနိုင်တော့သည် အထိ ဖြစ်ခဲ့ရသည်။ ကိုယ်တော်လေး၏ စိတ်အတွင်းဝယ် သီရိမာ၏ ပုံရိပ် အငွေ့အသက်တွေသည် သုံးရက်တိတိ ၀င်မွှေ လောင်ကျွမ်းနေခဲ့သည်။ သတိလက်လွတ် ဖြစ်နေသောအခါ၊ သညာသည် တန်ခိုးထွားလာသည်။ ခုနက မှတ်ထားခဲ့သော သီရိမာ၏ ပုံရိပ်ကို သညာက အထပ်ထပ် ပုံဖော်ပေးနေသည်။ ကိုယ်တော်လေးသည် သညာခေါ်ရာသို့ လိုက်သည်။ အငွေ့အသက်ကို တကယ့်အရှိတရားဟု ကိုယ်တော်လေး ယုံကြည်နေသည်။ အမြင်မှားပေပြီ။ ဒိဋ္ဌိဝင်ပြီ။ ကိုယ်တော်လေး၏ အာရုံရိပ်တွင် အငွေ့အသက်အဖြစ် ပုံဖော်နေသော သီရိမာသည် အမှန်တကယ်တွင်မူ သုဿာန်တစပြင်၌ အလောင်းကောင်အဖြစ် ဖောက်ပြန်ချင်တိုင်း ဖောက်ပြန်နေချိန် ဖြစ်သည်။ ဤသည်ကို ကိုယ်တော်လေးသည် မသိမမြင်။

ဒီတော့ သညက္ခန္ဓာကြီးက ပုံဖော်ပေးလိုက်၊ ဝေဒနက္ခန္ဓာက ချဲ့ပြီး ခံစားပေးလိုက်၊ ၀ိညာဏက္ခန္ဓာကြီးက လိမ်ပြီးသိနေလိုက်၊ သင်္ခါရက္ခန္ဓာကြီးက အမှားနောက် တကောက်ကောက် လိုက်လံပြုပြင် ပေးနေလိုက်နှင့် ကိုယ်တော်လေး၏ စိတ်သည် အလုပ်များခဲ့ရသည်။ ပင်ပန်းခဲ့ရသည်။ အဆမတန် ပူလောင်ခဲ့ရသည်။ အမြင်မှားမှုကို အခြေခံသော မိစ္ဆာဒိဋ္ဌိ၏ နောက်၌ တန်းလန်း တန်းလန်း ပါလာသော အကျိုးတရားများမှာ အကုသိုလ်သတ္တိတွေသာ ကိန်းအောင်းနေပေသည်။

ကိုယ်တော်လေးခမျာ သုံးရက်လုံးလုံး ဆွမ်းခံမထွက်၊ ဆွမ်းမစား၊ တပိန်ပိန် တလိမ်လိမ်။ သူ့စိတ်ထဲမှာတော့ သီရိမာမှ သီရိမာ။ ထိုသုံးရက် လွန်ပြီးနောက် သီရိမာဆိုသော အသံကို ကြားရမှ သပိတ်ကို ဆေးခဲ့သည့် သူ့အဖြစ်။ ထိုအခါမှ သပိတ်ထဲမှ ပုပ်သိုးနံစော်နေသော ဆွမ်းပုပ်တွေကို တွေ့ရသည်။ မေ့မြောရာမှ သတိလည်လာသူပမာ။ ဒါတောင် ဘုရားရှင်ဆိုသော အသံထက် သီရိမာဆိုသော အသံကိုသာ သူကြားခဲ့ခြင်း ဖြစ်သည်။ သုဿာန်သို့ အပြေးတပိုင်းနှင့် ထွက်လာခဲ့။ ကဲ.. တွေ့ရပြီ.. သီရိမာ။

အလို.. သူထင်သလို မဟုတ်တော့ပါလား။ သုံးရက်လုံးလုံး သူ့စိတ်ထဲ၌ အချိန်ပြည့် နေရာယူခဲ့သည့် သီရိမာတည်းဟူသော အငွေ့အသက်သည် ဒီပုံမဟုတ်။ သူ နောက်ဆုံးတွေ့ခဲ့သည့် ကပိုကရို အလှကလေးနှင့် သီရိမာသည် ဒီပုံစံမဟုတ်။ လုံးဝမဟုတ်။ သူ ထင်မှတ်မှား နေရော့လား။ သူ ဇဝေဇ၀ါ ဖြစ်နေရော့လား။ စိတ်တွေထွေပြား၍ အမြင်မှားနေခြင်း ပေလား။

ဟော.. ဘုရားရှင်၏ အမေးတွင် ပရိသတ်အပေါင်းက တစ်ခဲနက် ညာသံပေး၍ ဖြေကြပေပြီ။ ဒီရုပ်အလောင်းကြီးသည် သီရိမာတဲ့။ မဖြစ်နိုင်တာ။ သူ့စိတ်ထဲက မည်သို့ ငြင်းပယ် ငြင်းပယ်၊ ဒီရုပ်အလောင်းကြီးသည် သီရိမာ အစစ်ပင်တည်း။ အားလုံး တစ်ခဲနက် ထောက်ခံနေကြပြီ။ ဟော.. အသက်ရှင်စဉ်က တစ်ရက်လျှင် အသပြာတစ်ထောင် တန်သည့် သီရိမာသည် ယခုတော့ အခကြေးငွေ မဆိုထားနှင့်၊ အခမဲ့ ယူမည့်သူပင် မရှိတော့ပြီကော။ ကဲ.. ဘယ်မှာလဲ သီရိမာရဲ့ တန်ဖိုးဆိုတာ..။

သီရိမာရဲ့ တန်ဖိုးတွေသည် သီရိမာရဲ့ ဆံပင်တွေထဲမှာလား။ ဘယ်မှာ ဟုတ်နိုင်ပါတော့မလဲ။ မဖြီးမလိမ်း၊ မပြင်မဆင်ထားတော့ ဘယ်မှာလဲ ဆံပင်ပုံ၊ ဆံထုံးပုံ။ ဖွာလန်ကြဲ မွဲခြောက်နေတဲ့ ဆံပင်တွေမှာ ဖုန်တွေ အလိမ်းလိမ်းနဲ့။ ရုပ်ပျက်လိုက်တာ။

ကိုယ်တော်လေးရဲ့ စိတ်ထဲမှာ အငွေ့အသက်အဖြစ် အရိပ်ခိုခဲ့တဲ့၊ ကိုယ်တော်လေးရဲ့ စိတ်ကို အလွှမ်းမိုးကြီး လွှမ်းမိုးနိုင်ခဲ့တဲ့ သီရိမာရဲ့ မျက်နှာလေးကရော၊ ဘုရား.. ဘုရား.. ကြည့်နေရင်းမှပင် မျက်လုံးကြီးနှစ်ဖက် ထပေါက်တော့မယ့် အတိုင်းပါလား။ ဖူးရောင်ရုန်းကြွ ခုံးထနေတာ.. ဖောက်ခနဲ ပေါက်သွားလိုက်ရင်ဖြင့်..။ နှာခေါင်းကြီးကလည်း ပွထ၊ အထက်နှုတ်ခမ်း၊ အောက်နှုတ်ခမ်း အစုံကလည်း ထူလပျစ်။ ပါးကြီးနှစ်ဖက်ကလည်း ပါးချိတ်ရောင်.. သွားကိုက် ဝေဒနာသည်လို ရောင်ကား ဖောင်းထနေလိုက်တာ။ အလို.. ပါးစပ်ထဲကလည်း အပုပ်ရည်တွေ စီးကျနေလိုက်တာ..။ အခုရနေတဲ့ အပုပ်နံ့တွေဟာ အဲဒီ့ အပုပ်ရည်တွေဆီကလား မသိ။

ကိုယ်တော်လေးသည် စိတ် မသက်သာစွာဖြင့် မျက်လုံးအစုံကို မှိတ်လိုက်သည်။ သူ့စိတ်ထဲတွင် နေရာယူထားသော သီရိမာ၏ ပုံရိပ် အငွေ့အသက်တို့သည် တဖြည်းဖြည်း လွင့်ပြယ်စ ပြုလေပြီ။ ဒီပုံကြီးဆိုရင်ဖြင့် သီရိမာကို ဘယ်လိုလုပ်ပြီး စိတ်ထဲမှာ ထည့်သွင်းသိမ်းဆည်း ထားနိုင်ပါတော့မလဲ။ ဘယ်လိုလုပ်ပြီး ပုံဖော် စိတ်ကူးယဉ်နိုင်ပါတော့ မလဲ။ ခဏတဖြုတ် ကြည့်လိုက်ရတဲ့ အချိန်ကလေး မှာတောင် ဆက်မကြည့်ချင်တော့လို့ မျက်စိကို မှိတ်လိုက်ရတာ။

ကြည့်ပါဦး.. လည်ပင်းကြီးကလည်း အဆမတန် ရောင်ကိုင်းကြီးထွား နေပါပကောလား။ ပခုံးတွေ၊ လက်တွေလည်း ရောင်ကိုင်း ပွထနေလိုက်တာ။ ၀တ်ထားတဲ့ အရှက်လုံအင်္ကျီ ဖျင်စတွေပင်လျှင် အချို့နေရာမှာ ချုပ်ရိုးပြုတ်လိုပြုတ်၊ ကွဲထွက်လို ကွဲထွက် ဖြစ်နေပါရော့လား။ ရင်ဘတ်ကြီး မို့မောက်လိုက်ပုံကလည်း တောင်ကုန်းတစ်ကုန်းလို။ အို.. ဗိုက်ပေါ်က အ၀တ်စတွေမှာလည်း စိုရွှဲ ရိရွဲလို့။ အပုပ်ရည်တွေ စွန်းထင်း ပေကျံနေပါရောလား။ နံလိုက်တာနော်။

ပေါင်မှသည် ခြေသလုံး။ နည်းတဲ့ ရောင်ကိုင်း ပွထမှုကြီးမဟုတ်။ သီရိမာသည် မူလခန္ဓာကိုယ်ထက် နှစ်ဆကျော်ကျော်၊ သုံးဆနီးပါး ရှိနေချေပြီ။ ခြေချောင်းတို့၏ တုတ်ခိုင် ပွထမှုများကတော့ မပြောပါနဲ့တော့။ အ၀လွန်နေသည့် မိန်းမတစ်ယောက်၏ ဖ၀ါးတွေ၊ ခြေချောင်းတွေလို။ အ၀လွန်သည့် မိန်းမကြီးတစ်ယောက် ပိုးစိုးပက်စက် ပစ်စလက်ခတ် အိပ်နေသည့်ပုံကြီးနှင့် တူလွန်းလှသည်။

ဒါဟာ အလှဘုရင်မ တစ်ယောက်ရဲ့ ရုပ်ကလာပ်တဲ့လား..။ တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်တော့ မှိုင်းဝနေသော မီးပုံးပျံကြီးလို ဖြစ်နေသေည့် သီရိမာ။

ပြုပြင်ပြောင်းလဲ ပေးနေရသော နာမ်ခန္ဓာတစ်ပါးဖြစ်သည့် သင်္ခါရက္ခန္ဓာကြီး အလုပ်မလုပ်တော့သော အခါ ဒီခန္ဓာအိမ်ကြီးသည် ပိုင်ရှင်မဲ့သူ တစ်ဦးအဖြစ် ကျန်ခဲ့ရသည်။ မှတ်သားခြင်း၊ သိမြင်ခြင်း၊ ခံစားခြင်း၊ ပြုပြင်ခြင်း ကိစ္စများ ဆောင်ရွက်နေသော နာမ်ခန္ဓာလေးပါးသည် သူတို့ အမှီပြု အလုပ်လုပ်ရာ ကာယခန္ဓာကြီးကို ရက်စက်စွာ ထားရစ် စွန့်ပစ်ခဲ့ကြလေပြီ။ ရုပ်ခန္ဓာ တစ်ပါးဖြစ်သော ရူပက္ခန္ဓာကြီးသည်လည်း ညီတော်နောင်တော် ပီသစွာ နာမ်ခန္ဓာ လေးပါးနောက်သို့ တစ်ပါတည်း လိုက်သွားခဲ့ပေပြီ။ သူတို့ငါးပါး အုပ်စုသည် နောက်ခန္ဓာအိမ် အသစ်တစ်ခု၌ အလုပ်တွေ လုပ်နေကြပေပြီ။ သို့သော် သီရိမာ၏ ခန္ဓာအိမ်အဟောင်းတွင် ဖြစ်ခဲ့သော ခန္ဓာငါးပါးတော့ မဟုတ်တော့ပါချေ။ အဟောင်း ချုပ်ငြိမ်း၍ အသစ်အသစ် ဖြစ်ပေါ်လာသော ခန္ဓာငါးပါးတို့သာ ဖြစ်ပါသည်။ ထိုအခါ မူလက သူတို့ အမှီပြု အလုပ်လုပ်ရာ ဌာနကြီးဖြစ်သော သီရိမာ၏ ခန္ဓာအိမ် အဟောင်းကြီးသည် ယခုမူ ပိုင်ရှင်မဲ့အဖြစ် သုဿာန် တစပြင်၌ ဖြစ်ချင်တိုင်း ဖြစ်နေလေပြီ။

ဤသည်ကို တရားနာ ပရိသတ်အဖြစ် ရောက်ရှိနေသော သီရိမာ နတ်သမီးကိုယ်တိုင် ပြတ်ပြတ်ထင်ထင် သိမြင်နေရသည်။ ယခင်က ရာဇဂြိုဟ်မြို့က ပြည့်တန်ဆာ သီရိမာ။ ယခုတော့ ယာမာနတ်ပြည်က နတ်သမီး သီရိမာ။ သူ့ခန္ဓာအိမ် အဟောင်းကို သူကိုယ်တိုင် အသုဘ ပြန်ရှုနေရသော အဖြစ်။ ဒီခန္ဓာအိမ်ကို အမှီပြု၍ သီရိမာသည် ငါမှငါ ဖြစ်ခဲ့သေးသည်။ ငါ့ခန္ဓာ၊ ငါ့အလှဟူ၍ မာန်တွေ တက်ခဲ့သေးသည်။ ထိုမာန်တွေကြောင့်ပင် ဥတ္တရာကို ဆီပူနှင့် လောင်းချခဲ့သည်အထိ ကျူးလွန်ခဲ့မိသေးသည်။ ဥတ္တရာ၏ ခင်ပွန်းသည် သုမန သူဌေးသားကို ပိုင်ဆိုင်လိုစိတ်တွေ ဖြစ်ခဲ့သေးသည်။ အဲဒီ သီရိမာဆိုတာကြီးကို အခုဘယ်မှာ အသုံးချနိုင် ပါတော့မလဲ။ အခုတော့ သီရိမာဆိုသော အပေါင်းအစု၊ အစုအဝေးကြီးသည် ဘာမျှ တုံ့ပြန်ပြောဆိုခြင်း မပြုနိုင်တော့ပြီကော။ ဒီအစုအဝေးကြီးကို ကိုင်စွဲ၍.. ငါဟဲ့၊ သီရိမာဟဲ့ဟု ပြောဆို ဆက်ဆံခဲ့တာတွေသည်..။

ကြည့်စမ်း.. ငါတည်းဟူသော သီရိမာ၏ ခန္ဓာကို အစွဲအလမ်းကြီး စွဲလမ်း၍ သောက ပရိဒေ၀မီး တောက်လောင်နေရှာတဲ့ ကိုယ်တော်လေး..၊ သီရိမာရဲ့ ခန္ဓာလို့ ထင်နေတဲ့ ကိုယ်တော်လေးခမျာ မသက်မသာ ပင်ပန်းနေရှာ ပါလား။ ဒီမှာ ကိုယ်တော်လေး..။ တပည့်တော်မဟာ ယာမာ နတ်ဘုံမှာ နတ်သမီး သီရိမာ ဖြစ်နေပါပြီ။ အခု ဘုရားရှင်က တပည့်တော်မ အလောင်းကို ရှုကြည့်ပြီး တရားဟောမယ် ဆိုလို့ တပည့်တော်မ ယာမာနတ်ပြည်ကနေ အပြေးလာခဲ့ရတာ။ တပည့်တော်မရဲ့ ခန္ဓာအိမ် အသစ်ကို ကိုယ်တော်လေး ဘယ်မြင်နိုင်ပါဦး မလဲ။ ကောင်းပါပြီလေ.. ကိုယ်တော်လေး အခုမြင်နေတဲ့ တပည့်တော်မရဲ့ ခန္ဓာအိမ် အဟောင်းဟာ ကိုယ်တော်လေး ရှေ့မှာပဲ ဖောက်ပြန် ပြောင်းလဲနေပုံကို ကိုယ်တော်လေး မြင်ရင်းက သံဝေဂ ရပါစေတော့..။

ကိုယ့်ရုပ်အလောင်းကို ကိုယ်ပြန်ကြည့်ရင်းက ဖြစ်ပျက်တရား၊ ပြုပြင်မှု တရား၊ ဖောက်ပြန်မှု တရားတွေကို ဉာဏ်ဖြင့် အထပ်ထပ် ဆင်ခြင် ရှုပွားလေသော် ဘုရားရှင်၏ ဒေသနာအဆုံး၌ နတ်သမီး သီရိမာသည် အနာဂမ် တည်ခဲ့လေပြီ။

ကိုယ်တော်လေးကား လက်ငင်း မြင်တွေ့နေရသည့် အမှန်တရားကို လက်မလွတ်စတမ်း ဆုပ်ကိုင် ဖမ်းယူရင်းမှ ဖြစ်ပျက်၊ ဖောက်ပြန် ပြုပြင်မှု၊ အနိစ္စ လက္ခဏာတို့ကို ရှုပွား ဆင်ခြင်မိသောအခါ သောတာပတ္တိမဂ်သို့ ဆိုက်ရောက်လေ တော့သည်။

ကိုယ်တော်လေး၏ အမြင်သည် မိစ္ဆာဒိဋ္ဌိမှ သမ္မာဒိဋ္ဌိသို့ ပြောင်းခဲ့လေပြီ။

တကယ်တော့ သီရိမာဟူသည် ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော ဟူသော ဆံပင်၊ မွေးညင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေထူ၊ အရေပြား စသည့် ၃၂ ကောဋ္ဌာသ အစိတ်အပိုင်းတို့ ပေါင်းစုထားသော အစုအဝေးကို တိုတိုနှင့် လွယ်လွယ် ခေါ်လိုက်ခြင်း မဟုတ်လော..။

ကိုယ်တော်လေး၏ ဉာဏ်အမြင် ပြောင်းသွားလေပြီ။ ကိုယ်တော်လေးသည် သီရိမာ၏ ခန္ဓာအိမ်မှ တစ်ဆင့် သဘာဝ ဓမ္မတစ်ခုကို တွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။ သည့်အတွက် သီရိမာ၏ ခန္ဓာအိမ်သည် အရင်းအနှီး တစ်ခုအဖြစ် ပေးဆပ်ခဲ့ရသည်။ နတ်သမီး သီရိမာအတွက် ပင်လျှင် သူမ၏ ဘ၀ဟောင်း ခန္ဓာအိမ်သည် သူမ အနာဂမ် ဖြစ်ဖို့အတွက် အရင်းအနှီးတစ်ခု ဖြစ်ခဲ့သည်သာ။

ခန္ဓာအိမ်ကို အရင်းပြု၍ သဘာဝဓမ္မကို လေ့လာမိခြင်းကြောင့် ရရှိသော အကျိုးကား ကြီးမားလှပေစွ..။

******************************

ဆရာမြသန်းစံ ရေးသားသော “ခန္ဓာအိမ်ကို အရင်းပြု၍ သဘာဝဓမ္မကို လေ့လာခြင်း” စာအုပ်မှ ကူးယူ ဖော်ပြပါသည်။

လေးစားစွာဖြင့်
ဖိုးသား

10/6/2010, WED:, 7:35:42 PM

Read more...

နိဗ္ဗာန် ဥပမာသိစေရာများ


၁။ နိဗ္ဗာန်နှင့်လမ်းညွှန်သူ


နိဗ္ဗာန်သည် ထင်ရှားရှိ၏။ နိဗ္ဗာန်ရောက်ကြောင်းလည်း ထင်ရှားရှိ၏။ လမ်းပြသူ အရှင်ဘုရားလည်းရှိ၏။ သို့ပါလျက် အဘယ့်ကြောင့်အချို့ ရကြ၍ အချိုမရကြပါသနည်း။
ပုဏ္ဏား …. သင်သည် ရာဇဂြိုဟ်သို့ သွားသောလမ်းကိုသိသလော´´
``သိပါသည်အရှင်ဘုရား´´
``လူတစ်ယောက်သည် သင့်အား ရာဇဂြိုဟ်ပြည် သွားရာလမ်းကို ညွှန်ပြပါဟုမေးလာခဲ့သော် သင်က ဘယ်လမ်းကနေ ဘယ်လိုသွား၊ ဘယ်ကိုရောက်လိမ့်မည်ဟု ညွှန်ပြ၏။ သင်ပြောသည့်အတိုင်း အသွားဘဲ၊ လမ်းလွဲလိုက်ကာ ပြန်လာ၏။ တစ်ယောက်ကမှု သင်ညွှန်ပြသည့်အတိုင်းသွား၍ ရာဇဂြိုဟ်ပြည်သို့ ရောက်၏။ ပုဏ္ဏား ရာဇဂြိုဟ်လည်း အထင်အရှားရှိ၏။ ရာဇဂြိုဟ်ပြည်သို့ သွားရာလမ်းသည်လည်း အထင်အရှားရှိ၏။ ညွှန်ပြသူ သင်ပုဏ္ဏားလည်း အထင်အရှားရှိ၏။ သို့ဖြစ်ပါလျက် တစ်ယောက်ကရာဇဂြိုဟ်ပြည်သို့ ရောက်၍ တစ်ယောက်မှာ အဘယ့်ကြောင့် မရောက်ဘဲရှိသနည်း´´
``အရှင်ဘုရား၊ မတတ်နိုင်ပါ၊ တပည့်တော်သည် လမ်းပြတတ်သူသာ ဖြစ်ပါသည်´´
´´ပုဏ္ဏား၊ ထို့အတူပဲ၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလည်းရှိ၏။ ညွှန်ပြဆုံးမတတ်သူ ငါဘုရားလည်းရှိ၏။ သို့ဖြစ်ပါလျက် အချို့မှာ နိဗ္ဗာန်ရကြ၍ အချို့မှာမရခြင်းသည် ငါဘုရားအပြစ်မဟုတ်ပါ။ ငါသည်လည်းနည်းပေးလမ်းပြ ဆုံးမတတ်သူသာ ဖြစ်ပါသည်။

(ဗုဒ္ဓ-ဥပရိပဏ္ဏာသဂဏမောဂ္ဂလ္လာနသုတ်)


၂။ နိဗ္ဗာန်ကိန်းဝပ်ရာ နေရာဌာန


`ဉာဏ်ပညာ´ တို့ `လေ`တို့ဆိုတဲ့တရားတွေဟာ တကယ်တမ်း ရှိပါလျက်၊ ဘယ်နေရာ ဘယ်ဒေသမှာ ကိန်းဝပ်လျက်ရှိတယ်လို့ မပြနိုင်သလိုပဲ၊ နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိသော်လည်း ဘယ်နေရာ ဘယ်ဒေသမှာ ကိန်းဝပ်တယ်လို မပြနိုင်ဘူး။ ဉာဏ်ပညာ ဆိုတဲ့တရား၊ လေဆိုတဲ့တရားတို့ တကယ်တမ်း ရှိတယ်ဆိုတာကို အာရုံခံစားခြင်း၊ တွေ့ထိခြင်း ဆိုတဲ့ သဘောတို့နဲ့သာ သိနိုင်နားလည်နိုင်သလို၊ နိဗ္ဗာန်ဆိုတဲ့တရား တကယ်ရှိ တယ် ဆိုတာ ကိုလည်း အရဟတ္တမဂ် အရဟတ္တဖိုလ် ရနေကြတဲ့ လောကုတ္တရာဉာဏ် အာသ၀တ္ခယ ဉာဏ်တို့ဖြင့်သာ သိမြင်နားလည်နိုင်ပေတယ်။
(အရှင်အရိယဓမ္မ-ဗုဒ္ဓ၀ါဒပြဿနာများ)

၃။ နိဗ္ဗာန်၏အထည်ဒြပ်


``အရှင်ဘုရား၊ နိဗ္ဗာန်ဟာအထည်ဒြပ်သဏ္ဍာန်နဲ့ ထင်ရှားရှိပါသလား´´
``မင်းကြီး . . . နိဗ္ဗာန်ဟာ အထည်ဒြပ်သဏ္ဍာန်နဲ့တော့ ထင်ရှားမရှိဘူး´´
``အရှင်ဘုရား၊ နိဗ္ဗာန်ဟာ အထည်ဒြပ်သဏ္ဍာန်နဲ့ထင်ရှား မရှိဘူးဆိုရင် နိဗ္ဗာန်ကို အာရုံပြုနိုင်တယ်ဆိုတဲ့စကားဟာ အလကားမဖြစ်နေဘူးဘားဘုရား´´
``မင်းကြီး ၀ါးလုံးထဲမှာ အရင်က မီးပါသလား´´
´´မပါခဲ့ပါ´´
``၀ါးလုံးနှစ်လုံးကို အားထုက်ပြီး အချင်းချင်း ပွတ်တိုက်ပါများရင် မီး မထွက်လာပေဘူးလား´´
´´ထွက်ပေါ်လာပါတယ်ဘုရား´´
´´၀ါးလုံးထဲမှာ နဂိုက မီးမပါပေမယ့် ပွတ်တော့ မီးထွက်လာရတယ်၊ ဤဥပမာအတိုင်းပါပဲ၊ မပွတ်ရင် မီးမထွက်သလို၊ နိဗ္ဗာန်ဟာလည်း အားထုက်မှ ပေါ်လာတာပါ။ အားထုတ်တဲ့ပုဂ္ဂိုလ်မှ သာ မြင်နိုင်တယ်။ တွေ့နိုင်တယ်၊ အားမထုက်ရင် မမြင်နိုင်ဘူး´´
(အရှင်နာဂသိန်(မိလိန္ဒပညှာ)

၅။ နိဗ္ဗာန်ပုံသဏ္ဍာန်


ကျန်းမာခြင်းတရားဟာ တကယ်ရှိပြီး ဒီတရားရဲ့ အကျိုးကျေးဇူးကို လူသားတွေ ခံစားနေရသော်လည်း ဘယ်သူမကမျှ ကျန်းမာခြင်းဆိုတဲ့ တရားဟာ ဘာနဲ့တူတယ်၊ ဘယ်လိုတိုင်းတာစမ်းသပ်လို့ရတယ်၊ ဘယ်လိုအဖိုးတန်တယ်ဆိုတာ ကိုင်တွယ်ပြသလို မရသလိုပဲ နိဗ္ဗာန်ဆိတဲု့ တရားဟာလည်း စကြ၀ဠာကြီး အတွင်းမှာရှိတဲ့ သတ္တ၀ါနန္တတို့ ခံစားနေကြရတဲ့ ပဋိသန္ဓေ နေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်းဆိုတဲ့ဆင်းရဲ ဒုက္ခတွေနဲ့တကွ အခြားဒုက္ခတွေပါ၊ လွတ်ငြိမ်းအောင် ဖန်တီးနိုင်တာကတော့ မှန်ပါတယ်၊ ဒါပေမယ့် နိဗ္ဗာန်ဆိုတဲ့တရားဟာ နီတယ်၊ ၀ါတယ်၊ ညိုတယ်၊ ပြောပြလို့မဖြစ်နိုင်ဘူး။ လုံးတယ်၊ ပြားတယ်၊ ရှည်တယ်၊တိုတယ်လို့လည်း ပြောပြလို့မဖြစ်ဘူး၊ ဒီတရားကို ရတဲ့လူမှသာ ကိုယ်တိုင်တွေ့ကြုံခံစားပြီး သိအပ်တဲ့တရားဖြစ်တယ်။

(အရှင်အရိယဓမ္မ-ဗုဒ္ဓ၀ါဒပြဿနာများ)

၆။ လူတိုင်းနှင့် နိဗ္ဗာန်

``အရှင်ဘုရား၊ နိဗ္ဗာန် မရသေးပဲလျက် နိဗ္ဗာန်၏ ချမ်းသာအေးငြိမ်းခြင်းကို သိနိုင်ပါသဘား``
``သိနိုင်ပေတယ် မင်းမြတ်´´
``အရှင်ဘုရား၊ မိမိ မရောက်သေးပါဘဲ အဘယ်ကြောင့် သိနိုင်ပါသနည်း´´
``မင်းမြတ် အကြင်သူတစ်ဦးသည် လက်ခြေဖြတ်ခြင်း၊ မခံရသေး၊ လက်ခြေပြတ်ခြင်း သည်လည်း မရှိသေး၊ ပြတ်ခဲ့လျှင် မည်ရွေ့မည်မျှဆင်းရဲဒုက္ခ ရောက်မည်ကို ကြိုတင်မသိ အပ်ပါသလော´´
``သိပါတယ်ဘုရား´´
အဘယ့်ကြောင့်နည်း မင်းမြတ်
``မိမိအဖြတ်မခံရသေးသော်လည်း အခြားသူတို့၏ အဖြတ်ခံရစဉ် ငိုကြွေးမြည်တမ်းသံကို ကြားရသဖြင့်လည်းကောင်း လက်ခြေပြတ်နေသည့်အတွက် အဘက်ဘက်မှ ဆင်းရဲပုံကို လည်းကောင်း သိမြင်ရခြင်းကြောင်ဖြစ်ပါသည်´´
´´မင်းမြတ်၊ နိဗ္ဗာန်၏ချမ်းသာကိုလည်း ထိုကဲ့သို့ပင် နှိုင်းယှည်သိမှတ်အပ်ပေတယ်၊ မိမိကိုယ်တိုင် မရောက်သေးသော်လည်း နိဗ္ဗာန်ကို မြင်တတ်သူ၊ ရောက်သူတို့၏စကားကို ကြားရ နာရခြင်းအားဖြင့် နိဗ္ဗာန်၏ အခြင်းအရာ နိဗ္ဗာန်၏ချမ်းသာအေးငြိမ်းခြင်းကို သိနားလည် နိုင်ပေတယ်´


၇။ နိဗ္ဗာန်နှင့် ဆုတောင်းခြင်း


နိဗ္ဗာန်ကို ဆုတောင်းနေရုံနဲ့ ရမယ်လို့ ထင်ကြတယ်။ ကြက်ဥက ကြက်ကလေးပေါက်ပါစေ၊ ပေါက်ပါစေဆိုပေမယ့် မပေါက်ပါဘူး၊ ကြက်မကြီး ၀ပ်ပေးမှ ကြက်ကလေးတွေ ပေါက်မှာပါ။ နိဗ္ဗာန်လည်း ဆုတောင်းနေရုံနဲ့ မရဘူး၊ပွားမှရမယ်။

(မိုးကုတ်ဆရာတော်ဘုရားကြီး)


ပြန်လည်ဝေမျှသူ - ကိုရင်လေး

၅.၁၀.၂၀၁၀

Read more...

မဟောသဓာဇာတ် (အပိုင်း-၈)

0005052Kph0.jpg

ငမည်းကွနှင့် ငကျောရှည် အမှု

တစ်ခါသော် ငမည်းကွ (ဂေါတကာဠ) အမည်ရှိသော ယောက်ျားပျိုတစ်ယောက် ရှိသည်။ သူသည် အရပ်ကလည်း ပုကွသည်။ အသားကလည်း မည်းသည်။ ထို့ကြောင့် 'ငမည်းကွ' ဟု အမည်တွင်ခြင်း ဖြစ်သည်။

သူသည် ရွာနီးချင်းမှ လယ်လုပ်သူ တစ်ဦး၏ သမီးကို မေတ္တာရှိသည်။ ထိုအမျိုးသမီးမှာ ထန်းပင်ကဲ့သို့ မြင့်သွယ်သော ကိုယ်ဟန်ရှိသဖြင့် မအိမ်ထန်း(ဒီဃတာလာ) ဟု အမည်တွင်သည်။

ငမည်းကွသည် မအိမ်ထန်း၏ မိဘတို့အား သမီးကို ထိမ်းမြားပေးပါရန် တောင်းခံသည်။ မအိမ်ထန်း၏ မိဘများက မိမိတို့၏ အိမ်၌ ၇-နှစ် အလုပ်လုပ်လျက် ကျွန်ခံလျှင် ထိမ်းမြားပေးမည်ဟု ဆိုသည်။ ငမည်းကွလည်း လက်ခံကာ ၇-နှစ်တိုင် ကျွန်ခံသည်။ ၇-နှစ် စေ့သောအခါ မအိမ်ထန်း၏ မိဘများကလည်း ကတိအတိုင်း ပေးထိမ်းမြားသည်။ မိမိတို့အိမ်မှာပင် နေစေသည်။

ငမည်းကွသည် ယောက္ခမအိမ်၌ နေရာမှ တစ်နေ့တွင် ထိုအိမ်၌ မနေလို။ မိဘရပ်ထံ သွားရောက်နေလိုသော ဆန္ဒဖြစ်လာသည်။ ထို့ကြောင့် မအိမ်ထန်းအား သူ၏ မိဘရပ်ထံ သွားရောက်နေထိုင်လိုကြောင်း ပြောသည်။ မအိမ်ထန်းက ၃-ကြိမ်တိုင် တားမြစ်သည်။ မရ။ နောက်ဆုံးတွင် ငမည်းကွနောက်သို့ လိုက်ပါသွားသည်။

လမ်းခရီးတွင် မြစ်တစ်ခုသို့ ရောက်လာသည်။ သူတို့နှစ်ဦးလုံး ရေကြောက်သူများ ဖြစ်ကြသဖြင့် မြစ်ကို မကူးဝံ့။ ကမ်းပါးတွင် ရပ်လျက် တစ်ဖက်ကမ်းကို မျှော်လျက်နေကြသည်။

ထိုအခိုက် သူတို့အနီးသို့ ယောက်ျားတစ်ယောက် ရောက်လာသည်။ သူသည် ကျောကုန်း ရှည်လှသည်။ ထို့ကြောင့် ငကျောရှည် (ဒီဃပိဌိ) ဟု အမည်တွင်သည်။

ငမည်းကွက "အဆွေ- ဤမြစ်သည် ရေနက်သလော။ ရေတိမ်သလော" ဟု ငကျောရှည်ကို မေး၏။ ငကျောရှည်က "ဤမြစ်ကား အလွန်ပင် ရေနက်၏။ ငါး၊ လိပ်၊ မကန်း၊ မိကျောင်း၊ လင်းပိုင်တို့လည်း ရှိ၏" ဟူ၍ လိမ်ညာပြော၏။ ငမည်းကွက "ဤသို့ဆိုလျှင် သင် မည်သို့ကူးမည်နည်း" ဟု မေး၏။ ငကျောရှည်က "ဤမြစ်၌ ငါသည် ကျင်လည်နေသဖြင့် မိကျောင်း၊ လင်းပိုင်တို့သည် ငါနှင့် ယဉ်ပါးနေသည်။ ငါ့ကို ရန်မပြုကြပါ" ဟူ၍ လိမ်ညာပြောပြန်၏။

ငမည်းကွလည်း ငကျောရှည်စကားကို ယုံကြည်ကာ မိမိတို့ကို တစ်ဖက်ကမ်းသို့ ပို့ပေးရန် တောင်းပန်၏။ ငကျောရှည်လည်း လက်ခံသည်။ မအိမ်ထန်းကို ပခုံးပေါ်မှာ ထမ်းလျက် အလျင်ပို့၏။ မြစ်ထဲသို့ အတန်ငယ် ဆင်းမိသောအခါ ရေနက်သည်ဟု ထင်စေရန် ဆောင့်ကြောင့်ထိုင်၍ သွားလေသည်။

မြစ်လယ်သို့ရောက်သောအခါ ငကျောရှည်သည် မအိမ်ထန်းအား ချစ်ကြိုက်စကားပြောသည်။ မအိမ်ထန်းကလည်း သဘောတူသည်။ တစ်ဖက်ကမ်းသို့ရောက်သောအခါ နှစ်ယောက်အတူ ထွက်ပြေးကြလေသည်။

ထိုအခါ ငမည်းကွသည် လိုက်ရန်အတွက် အသက်စွန့်၍ မြစ်ထဲသို့ဆင်းသည်။ ရေမနက်။ ရေတိမ်မှန်း သိသွားသည်။ အမြန်လိုက်ရာ ငကျောရှည်တို့ကို မှီလေသည်။

ငမည်းကွက "ဟယ် သူယုတ်မာ၊ ငါ့မိန်းမကို အဘယ်သို့ ခိုးယူသွားမည်နည်း" ဟုဆို၏။ ငကျောရှည်ကလည်း "ဟယ် သူယုတ်သား ငကွ၊ ငါ့မယားနှင့်ငါ ခရီးသွားရာ အဘယ့်ကြောင့် ငါ့ကို မယားခိုးဟု စွပ်စွဲပါသနည်း" ဟု ဆိုကာ တွန်းပစ်၏။

ယင်းသို့ အငြင်းအခုံဖြစ်ရာမှ ထိုအမှုသည် မဟောသဓာထံ ရောက်လာသည်။ မဟောသဓာလည်း ရှေးဦးစွာ ငကျောရှည်ကို ခေါ်ယူ၍ သူ၏အမည၊် မယားအမည်၊ မယားရွာအမည်၊ မယားမိဘအမည် စသည်တို့ကို မေးသည်။ ငကျောရှည်သည် မိမိအမည်မှ တစ်ပါး အခြား အမည်တို့ကို မှန်အောင် မပြောတတ်။ ရမ်းဆ၍သာ ပြော၏ ထိုစကားတို့ကို မဟောသဓာသည် ပရိသတ်အား မှတ်သားစေသည်။

ထို့နောက် ငမည်းကွကို ခေါ်သည်။ ငကျောရှည်နည်းတူ မေးမြန်းသည်။ ငမည်းကွက မိမိအမည်၊ မယားအမည်၊ မယားရွာအမည်၊ မယားမိဘအမည် စသည်တို့ကို ဟုတ်တိုင်းမှန်ရာ ပြောပြသည်။ မဟောသဓာသည် ထိုစကားတို့ကိုလည်း ပရိသတ်အား မှတ်သားစေသည်။

ထို့နောက် မအိမ်ထန်းကို အထက်ပါအတိုင်း စစ်မေးပြန်သည်။ မအိမ်ထန်းလည်း မိမိအမည်၊ မိမိရွာအမည်၊ မိမိ မိဘအမည် စသည်တို့ကို ဟုတ်တိုင်းမှန်ရာ ပြောနိုင်သည်။ လင်အမည်ကိုကား မပြောနိုင်။ ငကျောရှည်အမည်ကို မသိသဖြင့် ရမ်းဆ၍ ပြောလိုက်သည်။ မမှန်။ မဟောသဓာသည် ထိုစကားကိုလည်း ပရိသတ်အား မှတ်သားစေသည်။

ပြီးသော် ပရိသတ်အား "အချင်းတို့၊ ဤမိန်းမ ထွက်ဆိုသော စကားသည် ဤလူကျောရှည်စကားနှင့် ညီသလော၊ သို့မဟုတ် ဤလူကွစကားနှင့် ညီသလော" ဟု မေးသည်။ ပရိသတ်က "ဤမိန်းမစကားသည် ဤလူကွစကားနှင့်သာ ညီတော့သည်။ အရှင့်သား၊ ဤ လူကွသည် ဤ မိန်းမ၏ လင်တည်း။ ဤလူကျောရှည်ကား မယားခိုးတည်း" ဟူ၍ တညီတညွတ်တည်း ဆိုကြ၏။

ငကျောရှည်လည်း မငြင်းသာ။ မယားခိုးကြောင်း ဝန်ခံရလေသည်။ ငမည်းကွလည်း မဟောသဓာအား ချီးကျူးစကားဆိုပြီးလျှင် မအိမ်ထန်းကို မိမိ၏ မိဘအိမ်သို့ ခေါ်သွားလေသည်။

မဟောသဓာနှင့် ဖွားဖက်တော်တို့လည်း ငကျောရှည်အား ဆုံးမ၍လည်းကောင်း၊ ဒဏ်ပေး၍လည်းကောင်း လွှတ်လိုက်၏။

ဤအကြောင်းကို အမတ်သိလျှင် အလုံးစုံကို စာရေး၍ ဝိဒေဟရာဇ်မင်းကြီးအား လျှောက်စေသည်။ မင်းကြီးက မဟောသဓာအားခေါ်မည် ပြုပြန်သည်။ သေနကအမတ်က တားမြစ်ပြန်သည်။ ဤတွင် မင်းကြီးသည် မဟောသဓာကို မခေါ်ဖြစ်ပြန်။ "ထပ်မံစုံစမ်းလေဦး" ဟု အမတ်ထံ စေလိုက်ရပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၉ "ရထားခိုးမှု" ဆက်တင်ပါမည်)

Read more...

အသိ+သတိ

အသိပညာ များသော်ငြားလည်း
မိုက်မဲကောက်ကျစ် အမှောင်ထုဝယ်
လောဘ ဒေါသ သံသရာတွင်း
ဝဲစုပ်လည်လည် ငါမာနနှင့်
မမြင်မောဟ မရှိလိမ္မာ...
သိလေဟန်နှင့် ဟန်ဆောင်လောက
လွန်ကြွယ်ဝ၏ ထိုထိုဘဝ
ပေါများလှ။

မကောင်းမှုရှောင် ကောင်းမှုဆောင်ဟု
တွင်တွင်ပြောကြား လျှာနှုတ်ဖျားဝယ်
လက်တွေ့ဘဝ မကျင့်သုံးကြ
ပါးစပ်တရား လက်ကားရားနှင့်
မရှိသတိ မသိသာသနာ
တတ်လေဟန်နှင့် အတုအယောင်
ပေါကြွယ်ဝ၏ ထိုထိုအတန်းအစား
လွန်များလှ။

အသိသာရှိ သတိမရှိ
ကောက်ကျစ်စိတ်ထားညံ့...
သတိသာရှိ အသိမရှိ
လူလိမ်ခံရတတ်...
အသိနှင့်သတိ တန်းတူမျှ
သာသနာကောင်းကျိုးရ။ ။
.

Read more...

ဇယမင်္ဂလာ အောင်ကြောင်းဖြာလျက်

စင်္ကာပူအနောက်ဘက်ခြမ်းက လွမ်းမောစရာကောင်းတဲ့နေရာလေးတစ်ခုမှာ ဖွင့်လှစ်လျက်ရှိသော ဇယမင်္ဂလာဗုဒ္ဓဝိဟာရ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာသည် ၊တစ်နေ့ပြီးတစ်နေ၊ တစ်ပတ်ပြီး တစ်ပတ်၊တစ်လပြီးတစ်လ၊ ဆထတပိုး တိုးကာ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ မန္တလေးမြို့ မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာဆရာတော် ဘဒ္ဒန္တ္ကဣန္ဒကနှင့်ညှိနိုင်း တိုင်ပင်လျက် မိုးကုတ်ရိပ်သာအဖြစ် အတိအလင်းကြေငြှာခဲ့ပြီးအချိန်ကစ၍ အမြဲတမ်းလိုလို စနေ၊တနင်္ဂနွေ နေ့လည်(၁) နာရီမှ ညနေ(၆း၃၀) အထိ သိသင့်သိထိုက်တာ မကျန်ရအောင် သင်ကြားပို့ချ လေ့ကျင့် အားထုတ်နေကြရာ စင်္ကာပူရောက်မြန်မာများ ဝမ်းမြောက်လျက်ရှိကြပါသည်။

ယခုလက်ရှိအခြေအနေမှာ မန္တလေးမိုးကုတ်ရိပ်သာဌာနချုပ်မှာ ဒုတိယဆရာတော် ဦးပညာစက္ကမှ ဦးဆောင်၍ ဝါတွင်းသုံးလအပတ်စည် စခန်းသွင်းလေ့ကျင့်လာခဲ့ရာ တကယ်ပင်ဝမ်းမြောက်ရွှင်လန်း ကြရပါတယ်။

အသက်အရွယ်ငယ်ငယ်ဖြင့် ဆရာတော်တာဝန်ကို ထမ်းရွက်နေသော ဒေါက်တာအရှင်ဝိစိတ္တကို ပထမဦးစွာ တကယ်စစ်မှန်သော သဒ္ဒါဖြင့် သိက္ခာထပ်မင်္ဂလာဆင်ယင်ကာ ကျောင်းတိုက်ကိုRemovation လုပ်ခြင်း စသည်ဖြင့် ချီးမြောက်ပေးသော ပါရမီရှင်ဒကာလေး ကိုကြည်ထွန်း(Mr Dacid)နှင့် သဒ္ဒါအရာမှာ ရှာမှရှားဒေါက်တာလဲ့လဲ့မိုး(Mrs.Lily)တို့မိသားစုနှင့် ဆွေမျိုး မိတ်သင်္ဂဟများက ပထမဦးစွာ ကျောင်းအမ၊ရဟန်း ဒကာ၊ဒကာမများအဖြစ်ခံယူကြပါတယ်။

အဲဒီနောက်ပိုင်းမှာ စင်္ကာပူနေပါရမီရှင် ဒေါ်မူမူအေး အမူးပြုသော ကိုထွန်းအောင်ကျော်၊မအေးနုခင်၊ မနှင်းရည်လွင်၊ မခင်လေးမွန်၊ ကိုကျော်ဇောဦး၊မယာဉ်ယာဉ်အေး၊ မနိုင်ဇာမွန်နှင့် ဓမ္မမိတ်ဆွေများက ရဟန်းတကာ ၊ရဟန်းအစ်များအဖြစ် ခံယူကာ သိမ်ထပ် မင်္ဂလာကိုစည်ကားစွာကျင့်းပခဲ့ကြပါတယ်။

လွန်ခဲ့သော တစ်လကျော်လောက်ရောက်တဲ့အခါ စင်္ကာပူနေ မခင်သီတာကျော်ကလည်း အနှစ်နှစ်အလလက ဆရာတော်ကိုကြည်ညိုလာခဲ့သူဖြစ်တော့ သူမရဲ့မွေးနေ့မှာ သိက္ခာထပ်မင်္ဂလာ ဆင်ယင်ကျင်းပကာ ဘဝမှတ်တိုင်စိုက်ထူးသွားခဲ့ပြန်ပါတယ်။ ဒါဟာဆရတော်ကလေးရဲ့ နဂိုရှိပြီးစစ်မှန်သော အင်အားတွေ့ကိုဖေါ်ထုတ်ပေးလိုကတာပါပဲ။

ပြီးခဲ့တဲ့အောက်တိုဘာ သုံးရက်နေရောက်လာတဲ့အခါ မိုးကုတ်ယောဂီများဖြစ်ကြတဲ့

(၁)ပါရမီရှင်ဦးစန်းတင် +ဒေါ်ဆွေဆွေသန်း၊သားသက်ဝေလင်းမိသားစုနှင့်ချစ်စွာသော

(၂) ဦးမောင်ပို+ဒေါ်သွယ်သွယ်စိုး (Ph-9351 6439)

(၃) ဦးကြည်ထွန်း+ဒေါက်တာလဲ့လဲ့မိုး (Ph-9108 2264)

(၄) မမိုးသူဇာ (Ph-8186 1464)

(၅) ဦးစိုင်းစိုးလှိုင်+ဒေါ်စုစုအောင်မိသားစု

(၆)ဦးမင်းထွန်း+ဒေါ်ကေသီအောင်မိသားစု

(၇) ဒေါ်ကြည်ကြည်သန်းမိသားစု

(၈) ဒေါ်ကြည်ကြည်ဝင်းမိသားစု

(၉) မဝင်းမွန်မွန်လွင် (Sunday school) (Ph-9859 2415)

(၁၀) မအိအိလွင် (မိဘနှစ်ပါး၊ဦးအောင်ကြည်+ဒေါ်ခင်စန်းလွင်တို့အမှူးထားပြီး)

(၁၁)မယုသီရိထွန်း (Sunday school)

(၁၂)မိခင်ဒေါ်ရီရီ၊နှင့်ကိုစည်သူ+မမေသက်နှင်း မိသားစု (Ph: 84175904)

(၁၃) ဦးမြအေးသွင်၊ဒေါ်ခင်ဝင်း

(၁၄) ဦးသန့်ဇင်+ဒေါ်တင်တင်ပု သားစု

(၁၅) ဦးရဲမင်းဦး+ဒေါ်ခင်ဆွေမြတ် မိသားစု

(၁၆) ဦးတင်စိုး+ဒေါ်စန်းမြင့်မိသားစု

(၁၇) ဒေါ်မြင့်မြင့်သန်းမိသားစု

(၁၈) ဦးဘုန်းမြင့်+ဒေါ်ခင်မြတ်နိုင် မိသာစု

(၁၉) မိခင်ကြီးဒေါ်တင်တင်မြင့်အမှူးထားပြီး ဦးအောင်မျိုးသန့်၊ဒေါ်သက်ထားဦးမိသားစု

(၂၀) ဒေါ်ရင်ရင် (သံတွဲ)မိသားစု

(၂၁) ဦးသိန်းမြင့်+ဒေါ်ဌေးမြင် မိသားစု


(၂၂) ဦးတိုးအောင်၊ဒေါ်ဝင်းဝင်းမော် (သမီးမေသရဖီတိုးအောင်)


(၂၃) ဦးဇော်ထွန်း၊ဒေါ်မင်းမင်းသက် မိသာစု

ဓမ္မမိတ်ဆွေ(၂၅)ဦးခန့်က မန္တလေးမိုး ကုတ်ဌာန ချုပ်မှ အရှင်ပညာစက္ကနှင့် ဇယမင်္ဂလာဗုဒ္ဓဝိဟာရကျောင်းတိုက်များ၏ နာယကချုပ် ဆရာတော် ဒေါက်တာအရှင်ဝိစိတ္တကို သိမ်ထပ်မင်္ဂလာ ဆင်ယင်ကျင်းပကာ ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တြိ ပီးပြည့် စုံကြစေရန် သိမ်ထပ်မင်္ဂလာဆင်ယင်ကျင်းပခဲ့ကြပါတယ်။

ယခုလာမည့်စနေနေ့မှာရောက်တဲ့အခါ နှစ်ဖက်သောမိဘများကိုအမှုးထား၍ (ပိုင်လော့ )ကိုရဲအောင်ကြိုင် +ပါရမီရှင်မလေး မနှင်းလဲ့ရည် မိသားစု၊ညီအစ်ကိုမောင်နှမများနှင့် မြန်မာနိုင်ငံ ပုသိမ်မြို့နေ မိဘ နှစ်ပါး အမှုးထား၍ပါရမီရှင်မလေး မခင်ညိုညိုဆန်းတို့က(၁၃)ကြိမ်မြောက် သိမ်ထပ်မင်္ဂလာပွဲတော်ကို ကျင်းပ ရန်ပြင်ဆင်နေကြတာကိုတွေ့ရပါတယ်။

ဘုန်းတော်ကြီးမြတ်သော သာသနာတော်မှာ ဘုန်းကြီးမြတ်သောပါရမီရှင်မျုားသာ စီမံခွင့်၊ထောက်ပံ့ ခွင့်ရကြလေ၏ ဆိုတဲ့အတိုင်းမျက်နှာလေးက ရွှင်လန်းဝမ်းမြောက်စွာဖြင့်သာသနာသယ်ပိုးနေကြသော ဘုန်းဘုန်းအားလုံးနှင့် ပါရမီရှင်မိုးကုတ်ယောဂီအားလုံး ဆုံးဆည်းရာဟောဒီ ဇယမင်္ဂလာဗုဒ္ဓဝိဟာရ(စင်္ကာပူ မိုးကုတ် ဝိပဿနာဓမ္မရိပ်သာ)ဟာ တကယ်ပင် တစ်နေ့ပြီး တစ်နေ့ အသက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။

တရားစခန်းသက်သက်မဟုတ်ကျောင်းတိုက်အတွင်းရေးလေ့လာကြည့်လိုက်ပြန်တော့ ပိုပြီးလေးစားဂုဏ် ယူမိပြန်ပါတယ်။

နေ့စဉ်နေ့နက် (၅) နာကျော်အိပ်ရာမှထကြပြီး သံဃာတော်များ အနေကဇတင်၊ ပရိတ် မေတ္တာဘာ ဝနာများကို နံနက်(၆)နာရီမှ ဘယ်တော့မှအပျက်မခံ ရွတ်ဖတ်ပူဇော်လာခဲ့ရာ(၅) နှစ်ပြည့်ခဲ့ပါပြီ။ အာရုံဆွမ်းကိုဆရာတော်က အခြေအနေအရသာ စီမံပေးနေတာက တကာ၊တကာမများမ ပင်ပန်းကြ စေဖို့ရည်ရွယ်ပါတယ်။ မိုးကုတ်ရိပ်သာကိုကြွလာကြသော သံဃာတော်များ Favourite food က ပေါင်မုန့်လေးတွေဖြစ်ပါတယ်။ White bread, Corm bread banana bread တွေဟာ အဓိက အာရုံဆွမ်းပါပဲ။

ကိုစိုင်း+မစုစုလွင် သားအာကာတို့က အင်္ဂါနေ့မှာ အာရုံဆွမ်းပို့နိုင်အောင်ကြိုးစားနေကြပါပြီ။ ဗုဒ္ဓဟူးနေ့အာရုံဆွမ်းကိုတော့ ရှာမရှားတကာမလေး မအိအိအောင်က ကြိုးစားဆက်ကပ်နေပါတယ်။
ကြာသပတေးနေ့အတွက်အာရုံဆွမ်းကိုဦးပန်းအောင် +ဒေါ်လှလှဝင်းမိသားစုက ညဥ့်ကပင် ဟင်းလျာ
များလာပို့ပေးလေ့ရှိပါတယ်။ စနေနေ့မှာ ဆွမ်းစားပင့်အနည်းအပါးရှိပေမဲ့ တနင်္ဂနွေနေ့မှာတော့ ရှိသမျှ
ကျောင်းရှိသံဃာများ အာရုံ(၃)နေရာ နေ့လည်(၃)နေရာ တစ်ခါတစ်လေကြားဆွမ်းဆိုပြီး ပင့်ဆောင်ခြင်း
ခံရပါတယ်။ ညနေပိုင်းမှာ အန္တရာယ်ကင်းပရိတ်ရွတ် အိမ်သစ်တက်စသည်တို့အတွက် အခါအားလျော်စွာ
ကြွရောက်ကြရပါတယ်။
ညနေစောင့်(၇)နာရီရောက်တဲ့အချိန်မှာတေ့ ကျောင်းရှိသံဃာအားလုံးနေ့စဉ်ဘုရားရှိခိုး ယောဂီပါရမီရှင်များ ပေါင်းစုကာ ဘုရားဝတ်ပြု၊အနေကဇာတင်၊ပရိတ်၊ပဋ္ဌာန်း၊ပစ္စယနိနိဒ္ဒေသစသည်ကို ဘယ်အခြေအနေမှာမှအ
ပျက်မခံပဲကျင့်ဝတ်တစ်ခုအနေဖြင့် တစ်နာရီခန့်အားထုတ်ကြပါတယ်။ပညာရှိသူတော်ကောင်းများ အဘယ်မှာလျင်ဝမ်းမမြောက်ပဲရှိပါအံ့နည်း။
အချို့ယောဂီများသည် ပညာ၊သဒါနုနယ်ခဲ့တုန်းက ဘုန်းကြီးတွေ အလကားအိပ်နေတာဖြစ်မယ်ဟု ထင်ကောင်းထင်ကြပေမယ့် တကယ်အခြေအနေမှန်ကိုသိလာကြသောခါ မြစ်ရေများတစ်သွင်သွင်စီးဆင်း
လာသော သဒါတရာဖြင့် စင်္ကာပူမိုးကုတ်ရိပ်သာကို ဆက်သွယ်ကာ လက်တွဲသာသနာပြုလျက်တရားဓမ္မများ
ထိုးထွင်းသိမြင်နေကြပေပြီ ။
(စကားညှပ်)မကြာခင်မြန်မာနိုင်ငံမှ ဓုတင်ဆရာတော် ဦးဝံသကြွရောက်လာမည်ဖြစ်သလို၊ မအိအိမော်တို့ကြည်ညိုတဲ့ ကမ်မဌာန်းဆရာတော် ဦးဥတ္တရသာရ(လှည်းကူး စခန်းကြီးတောရ) ဆရာတော်
ကြွရောက်လာဦးမည် ။ ပြီးရင် မေမြို့မိုးကုတ်ရိပ်သာဆရာတော်က နိုဝင်ဘာလထဲကြွလာပါမည်။ အဲဒီနောက်
ထူးကြီးဆရာတော်ဘုရား သူ့နောက်မှာ မစုစုအောင်၊မကေသီအောင်တို့ဆရာရင်းကမ်မဌာန်းဆရာတော်ကြွ
ရောက်လာဘို့စီစည်ထားကြောင်းသိရလို့ အထူးပင်ဝမ်းမြောက်ရပါတယ်။ နောက်ဆောင်းပါးမှာ သဒါအရာမှာ
ပြိုင်စံရှားတဲ့ ဘယ်အခြေအနေ မှာမှ(အလူရပ်မသွားတဲ့ ပါရမီရှင်များအကြောင်း တင်ပြဘို့ရှိပါတယ်။)

Read more...

လင်္ကာဝီကျွန်း (၆)

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီယာ့ပြတိုက်ကြည့်ပြီးတော့
သင်္ဘောဆိပ် (Jetty) ကို သွားဘို့ တစ်ယောက်က သတိပေးတယ်။
ပီနန်းကို ပြန်ဘို့ သင်္ဘောအချိန်က ညနေ ၅ နာရီခွဲ။


အခုလေးနာရီ ကျော်ကျော်ပဲ ရှိသေးတော့
သင်္ဘောဆိပ်ကို တန်းမသွားပဲ သင်္ဘောဆိပ်နားက စားသောက်ဆိုင်ကို သွားတယ်။
အဲ့စားသောက်ဆိုင်မှာ ပါကြီးဆိုတဲ့ ဗမာဒကာလေးရှိတယ်။
စားသောက်ဆိုင်တစ်ဆိုင်လုံး သူ့ခြေ သူ့လက်ပါပဲ လို့ လျှောက်တယ်။
အဲ့မှာ နာရီဝက်လောက်နားပြီး သင်္ဘောပေါ်တက်ဖို့ အချိန်ကလဲ စောနေသေးတာနဲ့
သင်္ဘောဆိပ်ဘေးမှာ ရှိတဲ့ သိန်းငှက်ရုပ်တုကြီးနားသွားပြီး ဓာတ်ပုံရိုက်ကြတယ်။


ဒီသိန်းငှက်ရုပ်ကြီးက အတော်အသက်ဝင်တာပါကလား။
တကယ့်သက်ရှိ သိန်းငှက်ကြီးကျနေတာပဲ။
သိန်းငှက်ဆိုလို့ အရင်ရေးခဲ့တဲ့အထဲမှာ သိန်းငှက်တွေကို အစာကျွေးတဲ့နေရာကို
လှေသမားက လိုက်ပို့တယ်ဆိုတဲ့အကြောင်း ပြောခဲ့ပြီးပြီ။
ရှေးရှေးတုန်းက ဒီလင်္ကာဝီကျွန်းမှာ သိန်းငှက်တွေ အတော်ပေါခဲ့ပုံပေါက်တယ်။
အခုလဲ သိန်းငှက်တွေကို တွေ့နေရဆဲပါပဲ။
လင်္ကာဝီဆိုတဲ့အမည်ကိုက နီညိုရောင်သိန်းငှက် လို့ အဓိပ္ပါယ်ရတယ်။

မလေးရှားစကားမှာ သိန်းငှက်ကို helang လို့ခေါ်တယ်။
Helang ရဲ့ အတိုကောက်က lang ၊ kawi ဆိုတာက နီညိုရောင်။
နှစ်ရပ်ပေါင်းတော့ lang+kawi (လင်္ကာဝီကျွန်း) ဆိုတာ
နီညိုရောင် သိန်းငှက်တို့ ပျော်စံရာကျွန်းလို့ ပြောရမှာပဲ။

အခုတော့ သိန်းငှက်တို့တင် ပျော်စံရာကျွန်း မဟုတ်တော့ပါဘူး။
အဖြူကောင်တွေရော၊ အမဲကောင်တွေရော ပျော်နေတာ တွေ့ခဲ့ရပါတယ်။
တရုတ်တွေရော ကုလားတွေပါ ပျော်နေတာ တွေ့ခဲ့ရပါတယ်။
ဘုန်းကြီးဖြစ်တဲ့ ဒို့တတွေတောင် ပျော်ခဲ့ကြသေးတာပဲမို့လား။
သိန်းငှက်ရုပ်တုကြီးရှေ့မှာ ဓာတ်ပုံအသီးသီးရိုက်ပြီးတော့
ပီနန်းထွက်မဲ့သင်္ဘောဆီကို သွားခဲ့ကြပါတယ်။

သင်္ဘောက ၅နာရီခွဲတိတိမှာ ကမ်းက ခွါပါတယ်။
မျက်စိအမြင်မှာ လင်္ကာဝီကျွန်းဟာ တဖြေးဖြေး မှုန်ဝါးသွားပေမဲ့
ပင်လယ်ထဲ ဘုတ်စီးပြီး လည်ပတ်ခဲ့ရတာ၊
cable ကြိုးစီးပြီး တောင်ထိတ်တက်ခဲ့ရတာ၊
ငါးကင်စားခဲ့ရတာတွေဟာ
နှလုံးသားထဲမှာတော့ ပိုပြီးထင်ရှားလာသလိုပဲ။
မြန်မာစကားမှာ (မမေ့နိုင်ဘူး) ဆိုတာ
ဒီလို နှလုံးသားထဲမှာ စွဲထင်ရစ်တာကို ပြောတာနေမှာလို့လဲ
ဆက်စဉ်းစားမိလိုက်သေးတယ်။


သင်္ဘောပေါ်မှာ နာရီဝက်လောက်ကြာတော့ အပေါ်ထပ် (အမိုးပေါ်) တက်ပြီး
နေ၀င်ခါနီး နေညိုချိန် ပင်လယ်ပြင်တိမ်တောက်နေတာတွေကို
နောက်တစ်ခါ မမြင်ရတော့မည့်အလား
အငန်းမရ အ၀ကြည့်ဖြစ်တယ်။

မြတ်စွာဘုရား ဘုရားဖြစ်ပြီးတော့ ဘယ်မှ မသွားပဲ ဗောဓိညောင်ပင်နားမှာ
ခုနစ်ရက် ခုနစ်လီ (၇× ၇=) ၄၉ ရက်ကြာ နေခဲ့တယ်။
၄၉ ရက်ကို ပါဠိစာပေမှာတော့ သတ္တသတ္တာဟ လို့ခေါ်တယ်။
ဒီလိုနေရာမှာ ၇-ရက်ကို ပုံစံတစ်မျိုးစီနဲ့ နေတယ်လို့ဆိုပါတယ်။
၄၉-ရက်ကြာဆိုတော့ မြတ်စွာဘုရား ဗောဓိပင်နားမှာ ပုံစံ (၇) မျိုးနဲ့ နေခဲ့တာပေါ့။
ပုံစံ (၇) မျိုးထဲမှာ တစ်မျိုးက မျက်စိလုံးဝမမှိတ်ပဲ ကြည့်၍နေခြင်း
(မျက်တောင်မခတ်ပဲ ကြည့်၍ နေခြင်း) လို့ဆိုပါတယ်။

မြတ်စွာဘုရားက သူအမှီပြုပြီး တရားကျင့်ခဲ့တဲ့ ဗောဓိညောင်ပင်ကြီးကို
မမှိတ်သောကြည့်ခြင်း (မျက်တောင်မခတ်ပဲကြည့်ခြင်း) နဲ့
(၇) ရက်ကြာ ကြည့်ခဲ့တယ်တဲ့။
ဝမ်းသားလွန်းလို့နေမှာပေါ့။ ကျေးဇူးတင်လွန်းလို့နေမှာပေါ့။

ဒါ့ကြောင့် ကျေးဇူးသိတတ်တဲ့သူတွေထဲမှာ
မြတ်စွာဘုရားကို မှီတဲ့သူ မရှိဘူးလို့ ပြောလေ့ ဟောလေ့ရှိကြတယ်။
သက်ရှိကို မဆိုထားနဲ့၊ သက်မဲ့ဖြစ်တဲ့ ဗောဓိညောင်ပင်ကိုတောင်
ကျေးဇူးသိသိနဲ့ ကျေးဇူးတင်တတ်တဲ့ ဒို့မြတ်စွာဘုရားပါလားလို့ စဉ်းစားပြီး
ကိုယ်ကိုးကွယ်တဲ့ဘုရားကို အားရမိတယ်၊ အားကျမိတယ်။

ဒီနေရာမှာ ပြောချင်တာက ၀မ်းသာလွန်းတဲ့အခါမှာဖြစ်စေ၊
ပီတိဖြစ်လွန်းပြီး သဘောကျစရာတွေကို မြင်ရတဲ့အခါမှာ ဖြစ်စေ၊
မျက်တောင်ခတ်ဖို့ မေ့သွားတတ်တယ်။
(မြတ်စွာဘုရား မျက်တောင်ခတ်ဖို့ မေ့သွားတယ်လို့တော့ မပြောချင်ပါဘူး)
ဒါပေမဲ့
မြတ်စွာဘုရားလဲ သူရခဲ့တဲ့ သဗ္ဗညုတဥာဏ်စတဲ့ ဂုဏ်ထူးတွေကို ပြန်စဉ်းစား အမှတ်ရပြီး
ပီတိဖြစ်သဘောကျကာ မျက်စိတောင် မမှိတ်ဖြစ်အောင် ဖြစ်သွားပုံပေါက်ပါတယ်။


နေ၀င်ခါနီး နေညိုချိန် ပင်လယ်ပြင်တိမ်တောက်နေတာတွေကို
သင်္ဘောပေါ်က ကြည့်လိုက်ရတဲ့ ရှုခင်းကလဲ
အတော်ပီတိဖြစ်စရာ ကောင်းတာပါကလား။
အတော်စွဲဆောင်မှု ရှိတာပါကလား။
ကြည့်နေရင်း
ကိုယ်လဲ မျက်တောင်ခတ်ဖို့ မေ့သွားတယ်။
မျက်တောင်မခတ်ပဲ ကြည့်နေမိတာ အချိန်အတော် ကြာသွားတယ်။

ည ၈နာရီခွဲလောက်မှာ ပီနန်း၊ ဆိပ်ကမ်းကို ရောက်တယ်။
ပီနန်းဆရာတော်ကြီးရဲ့ ကျောင်းဖြစ်တဲ့ ဓမ္မိကာရာမမြန်မာဘုန်းတော်ကြီးကျောင်းကို
ည ၉ နာရီလောက်ရောက်ပါတယ်။
ကျောင်းမှာနေနေတဲ့ ဦးဇင်းပညာစာရရဲ့စေတနာကြောင့်
အတော်ကြီးကို စိတ်ချမ်းချမ်းသာသာ တည်းခိုခဲ့ရပါတယ်။

ရောက်ပြီး နာရီဝက်လောက်ကြာတော့
အဲ့ကျောင်းမှာနေနေတဲ့ နောက်ဦးဇင်းတစ်ပါးဖြစ်တဲ့ ဦးဝိစိတ္တ ရောက်လာပါတယ်။
သူက ကထိန်ပင့်စာနဲ့ စာအုပ်ခလေးတစ်အုပ် လက်ဆောင်လာပေးတာ။
ကထိန်ပင့်စာထက် စာအုပ်ကို စိတ်ဝင်စားလို့ စာအုပ်ကို အရင်ကြည့်ဖြစ်တယ်။

စာအုပ်နာမည်က
The Ancient Buddhist Monuments In 22 Countries တဲ့။
စာအုပ်ထဲမှာ စာအုပ်နာမည်နဲ့အညီ
အိန္ဒိယ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်၊
နီပေါ၊ ဘူတန်၊ တိဘက်၊ မြန်မာ စတဲ့ ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ (ထွန်းကားဆဲဖြစ်တဲ့)
နိုင်ငံပေါင်း ၂၂ နိုင်ငံက ထင်ရှားတဲ့ ရှေးဟောင်းဖြစ်တဲ့ သမိုင်းဝင်တဲ့
နေရာဒေသတွေကို ရုပ်ပုံပန်းချီကားချပ်တွေနဲ့ ဖော်ပြထားတာတွေ့ရတယ်။


ဒီနိုင်ငံပေါင်း ၂၂ နိုင်ငံက ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ သမိုင်းဝင်ရုပ်ပုံကားချပ်တွေကို
တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်း ကြည့်လို့ရအောင်
လေ့လာလို့ရအောင် ဖူးမျှော်လို့ရအောင်ဆိုပြီး
ပီနန်းဆရာတော်ကြီးဦးဆောင်ကာ
ပီနန်း၊ မြန်မာဗုဒ္ဓဘာသာကျောင်းတော်ကြီးအတွင်းမှာ
Golden Pagoda Bell Tower ဆိုတဲ့အမည်နဲ့
အင်မတန်ခန်းနားထည်ဝါတဲ့ အဆောက်အဦကြီး တည်ဆောက်နေပါတယ်။
အမြင့် ၁၀၈ ပေရှိပြီး သုံးထပ်၊ ဘုံလေးဆင့်ရှိပါတယ်။
၉၀% ပြီးစီးနေပါပြီ။ ဖွင့်ပွဲကို မကြာခင်ပြုလုပ်တော့မှာဖြစ်ကြောင်း သိခဲ့ရပါတယ်။

အဲ့ဒီအဆောက်အဦကြီးပြီးသွားရင်တော့
နိုင်ငံပေါင်း ၂၂ နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာနဲ့ဆက်စပ်တဲ့ အထင်ကရ သမိုင်းဝင်နေရာတွေကို
ပီနန်း၊ ဗုဒ္ဓဘာသာမြန်မာကျောင်းတော်ကြီးအတွင်း
တစ်နေရာထဲမှာ လေ့လာခွင့်ရရှိသွားမှာပါ။
ငွေလဲ အကုန်သက်သာ၊ အချိန်လဲ အကုန်သက်သာသွားပြီပေါ့။
ဒီအတွက် ပီနန်းဆရာတော်ကြီးနှင့်တကွ သူ့တပည့်ဦးဇင်းများ၊
သူ့ဒကာ၊ ဒကာမများကို ကျေးဇူးတင်ရမှာပါ။

Read more...

Metaphor - အလင်္ကာ

အသေကောင်ပေါ်ကနေ
ခေါင်းအဖုံး ပိတ်လိုက်ပြီးတဲ့နောက်
တစ်ခါတစ်ခါ
တိတ်ဆိတ်ခြင်းကို ဆူသံအဖြစ် လှစ်ပြတယ်။
မဟုတ်ဘူး။
တိတ်ဆိတ်ခြင်းပါ
နောက်ပြီး ပူဆွေးသူများ
ကစားစရာ ရေချိုးစည်ပိုင်းပြတ်တွေလို
အဲ့ဒီပေါ်မှာ ပေါလော။

After the coffin lid closes
over the body,
the silence
is sometimes described as noise.
It is not.
It is silence
and the mourners float upon it
like bathtub toys.

(McDougall)

Sited: http://www.olivesofoblivion.com (6 Oct 2010)

Read more...

မက်ဒီတေးရှင်း



မက်ဒီတေးရှင်းတဲ့။ ကိုယ့်ဘာသာမှာပဲ မက်ဒီတေးရှင်း ရှိတယ်လို့  ဟို မသိသေးခင်တုန်းက မှတ်ခဲ့ဖူး တာ။ အဲလို မဟုတ်ပါလားနော်။ ဘာသာတိုင်းမှာ မက်ဒီတေးရှင်း ရှိတယ်ဆိုတာ ဟိုတုန်းက နဲနဲလေး သဘောပေါက်ခဲ့ပေမယ့် ခုလောက် နဖူးတွေ့  ဒူးတွေ့  မျက်တွေ့  မသိခဲ့တာတော့ အမှန်ပါပဲ။

မက်ဒီတေးရှင်းဆိုတာ ပါဠိလို ဘာဝနာ တဲ့။ ဘာဝနာကို မက်ဒီတေးရှင်းလို့  ဘာသာပြန်ကြတယ်ပေါ့။ သို့ သော် ဘာဝနာကို မက်ဒီတေးရှင်း လောက်ပဲ ဘာသာပြန်တာကိုတော့ ကိုယ့်အနေနဲ့  သဘော မကျဘူး။ ဘုရားရှင်ရဲ့  ပြောဟောခဲ့တာ ဘာဝနာ သိက္ခာကျလို့ ထင်မိရဲ့ ။ အဲ လူတတ်ကြီး လုပ်ပြော တာတော့ မဟုတ်ဘူး။ မပြည့်စုံဘူးလို့ ကို ထင်မိတာ။ဘယ်လို အသစ်ဘာသာပြန်ရမလဲဆိုတာတော့ မသိဘူး။ သိတာတစ်ခုကတော့ ဘာဝနာ ဟာ ဘာဝနာ လို့ ပဲ ဘာသာပြန်မှ ကွက်တိကျမယ်။

ဘာဝနာ ဆိုတာက သမထ ဘာဝနာ ၊ ၀ိပဿနာ ဘာဝနာ ရယ်လို့  ဗုဒ္ဓဘာသာမှာက ဖွင့်ဆိုတယ် လေ။ အခြားဘာသာမှာက၀ိပဿနာ လို့  သူတို့ ရှိဟန်မတူ။ ပြောသံလည်း တစ်ခါမှ မကြားပါဘူး။

အများစု ကျောင်းလာသူတွေနဲ့  စကား ပြောကြည့်တဲ့အခါ ခန္ဓာကိုယ်ကို ကျန်းမာအောင် လေ့ကျင့်တဲ့ ယောဂကိုလည်း မက်ဒီတေးရှင်း ပြောသူက ပြောပြန်တယ်။ ပြီးတော့ မြူးဇစ် မက်ဒီတေးရှင်းတဲ့။ ယောဂ အကျင့်ကတော့ ကိုယ်ကျန်းမာတာတော့ မှန်ပါလိမ့်မယ်။ ခန္ဓာကိုယ် အဓိက လေ့ကျင့်တာ ကို။ ဒါက ကိုယ့်အမြင်ပေါ့လေ။ ဘယ်လောက်ထိ စိတ်ကို ထိန်းနိုင်အောင် ကျင့်ကြသလဲတော့ မသိဘူး။ စိတ်ကိုလည်း ထိန်းရတယ်တော့ ပြောပါတယ်။

မြူးဇစ် မက်ဒီတေးရှင်း သမားကို မေးပြန်တော့ ညိမ့်ညောင်း သာယာတဲ့ မြူးဇစ်ကို အသာလေး ဖွင့်ထားပြီး နားစိုက် စိတ်စိုက်နေတာပါတဲ့။ သီချင်း ၀ါသနာသူဆိုရင်တော့ မလွယ် လောက်ဘူး လို့  အသံတေးသွားအလိုက် ညီးဖြစ်လေမလား တွေးမိပါတယ်။

တေးသွားဆိုတာကတော့ စိတ်ကို နူးညံ့သွားစေတာတော့ ဖြစ်လောက်ရဲ့ ။ ကလေးဘ၀က မိဘ သားသမီးကို သီချင်းလေးဆို ပါးစပ်က မြူးဇစ်လေးနဲ့ တောင် သားသမီး ကလေးငယ်များခမျာ စိတ်က မိဘရဲ့  သီချင်း အာရုံစိုက်ကာ အိပ်ပျော်သွားတယ်ပေါ့။

ဟိုတစ်လောလေးက ဗုဒ္ဓဘာသာ မဟုတ်တဲ့ ဘုန်းကြီး နှစ်ပါးကတော့ ကျောင်းမှာ လာပြီး မိတ်ဖြစ် ဆွေဖြစ် လာလည်ရင်း တရားထိုင်သွားပါတယ်။ တရား မထိုင်မီ စကားတွေ ပြောပေါ့လေ။ မိတ်ဆက် စကား အလ္လာပ သလ္လာပနဲ့  အမှတ်ရဖွယ် သာရဏီယ ကထာ စကားလေးတွေ ပြောဖြစ်တယ်ပေါ့။

တရားထိုင်ဖို့  အချိန်ကျရောက်လာတာနဲ့  ကိုယ်တို့  မက်ဒီတေးရှင်း လုပ်တာက ဒီလို အာနပါန ပေါ့။
ဝင်လေ ထွက်လေ ကို အာရုံ တစ်ခုအနေနဲ့ ထားတယ်။ နှာသီးဝမှာ ၀င်လာတဲ့ လေကို ၀င်လေ ထွက်လေ သိနေရုံပဲ။ ၀င်လေ ထွက်လေ ဟာ ရှည်သလား ၊ တိုသလား ။ လေက ရှည်တာ တိုတာ အပေါ် မူတည်ပြီးလည်း မှတ်လို့ ရပါတယ်။ စိတ်က လေ၀င် လေထွက်ကို သတိစိုက်နေဖို့ ပဲလို့  ပြောပြီး ထိုင်ကြပါတယ်။

သူတို့ ကလည်း ဘုန်းကြီးတွေပဲ ဆိုတော့ တစ်နာရီကို မပြင်ပဲနဲ့ တောင် ထိုင်နိုင်ပါတယ်။ ပြောတဲ့ အတိုင်း မှတ်မမှတ်ကတော့ သူတို့ မှ သိမှာပါ့။ တရားထိုင်ပြီးတော့ သူတို့ က ပြောပြလိုက်ပါတယ်။ ကောင်းတယ်နော်။ တရားထိုင်ရတာ။ အာနာပါန ဆိုတာက လူတိုင်း လုပ်လို့ ရတယ်။ ဘာသာတိုင်း ပေါ့နော်။

ကိုယ်ကလည်း ဘုရားဂုဏ်တော်ကြောင်းကို အထူး မပြောပါဘူး။ အာနာပါန ကို လုပ်သွားပြီးဆိုတာနဲ့ ဘုရားကြောင်းကို မပြောသော်လည်း ဘုရား အဆုံးမတိုင်းလုပ်ရင် ဘုရားအကြောင်း ပြောတာထက် ထိရောက်မယ် ထင်တာပဲ။

ပြီးတော့ ပြောလိုက်သေးတယ်။ မက်ဒီတေးရှင်းက ပါဠိလို ဘာဝနာ ။ ဘာဝနာက နှစ်မျိုးရှိတယ်။ အဲဒီ နှစ်မျိုးထဲက သမထက တော့ နေရာရွေးတယ်။ ဆိတ်ညိမ်တဲ့ အရပ်လိုပါတယ်။ တောတောင်ဖြစ်ဖြစ်၊ မြစ်ဘေးမှာ ဖြစ်ဖြစ် လူအသွားလာ နည်းပြီး ဆိတ် ညိမ်တဲ့ အရပ်က သမာဓိ ရလွယ်တယ်ပေါ့။

သမထက အာရုံ တစ်ခုတည်းကို စူးစိုက်ရတာမို့  ပတ်ဝန်းကျင်က အနှောက်ယှက်ရှိရင် အာရုံပြား တယ်ပေါ့။ ပြီးတော့ ထိုင်တဲ့ ဣရိယာပုထ်က ပိုကောင်းတယ်။ သမာဓိရလွယ်ကြောင်း ပြောပြပါ တယ်။

ဝိပဿနာကတော့ နေရာ မရွေးဘူး။ နေရာ တကာ လုပ်လို့ ရပါတယ်။ တရားထိုင်မှ မဟုတ်ဘူး။ သွားသွား လာလာ၊ လဲလျောင်း နေရင်းလည်း တရားလုပ်လို့ ရတယ်။ စကား ပြောရင်းလည်း သတိကပ်ကာ ပြောမယ်ဆိုရင် ၀ိပဿနာ ဖြစ်တယ်။ ကြားရင်လည်း ကြားတယ်မှတ်။ မြင်ရင်လည်း မြင်တယ်မှတ်။

မဟာသတိပဋ္ဌာန် သုတ်မှာက အဘိဇ္ဈာဆိုတဲ့ လောဘ ရယ်၊ ဒေါမနဿဆိုတဲ့ ဒေါသရယ် မဖြစ်ဖို့  တရား အားထုတ်ရတာ။ အဓိက လောဘ ဒေါသ မဖြစ်ရင် ၀ိပဿနာပဲ။ တရားပဲပေါ့။ မက်ဒီတေးရှင်း ပါပဲ။ အလွယ်တကူ ဒီလိုလေးပဲ ရှင်းပြခဲ့ပါတယ်။

အဓိကကတော့ တရား အားထုတ်ပြီဆိုတာနဲ့  ကြိုးကြိုးစားစား( အာတာပီ)၊ အာရုံကို သတိထားကာ ( သတိမာ ) ၊ ဖြစ်တဲ့ အရာတိုင်းကို ရှင်းရှင်း လင်းလင်း သိနေရမယ့် ( သမ္ပဇာနော ) နဲ့  တရား အားထုတ် ရမယ်ပေါ့။

ကိုယ်ပြောချင်ရာကို ပြောလိုက်ပြီးပြီ။ သူ့ ဘက်က ဘယ်လို အားထုတ်တယ် ဆိုတာကျ သူက မပြောသေးဘူး။ ကိုယ်ကလည်း ပါးစပ်ကလည်း အညိမ်မနေ။ သိချင်စိတ်ကလည်း လှုပ်လှုပ်ရွရွ သိချင်လာတယ်။ အဲဒါနဲ့ ပဲ ဘုန်းကြီးတိုကတော့ ဘယ်လို အားထုတ်သလဲ။ သိပါရစေလား ဆိုတော့- တစ်ပါးက ပြောပါတယ်။ သူတို့ ဂေါ့ဒ်ဘုရား ပြောတဲ့ ကျမ်းဂန်ကို ရွတ်ဖတ်တာက တစ်မျိုး၊ ရွတ်ဖတ် ပြီး လမ်းလျှောက်ကာ အဲဒါကို ပြန်နှလုံးသွင်းပြီး တရား အားထုတ်တာပါတဲ့။

အော်... ဟုတ်လား။ အင်း... ကိုယ်တို့  ဘာသာမှာလည်း ရှိတယ်။ မြတ်စွာဗုဒ္ဓက ဟောထားတဲ့ တရားတော်ရဲ့  ဂုဏ်ကို ပြန်လည် သတိရတာကို ဓမ္မာနုဿတိ ဘာဝနာ လို့ ခေါ်တယ်။ ဓမ္မ+ အနုဿတိ ။ ဓမ္မ- ဘုရားဟော တရားဓမ္မကို၊ အနု- ခဏခဏ၊ အပြန်အလှန်၊ သတိ- အမှတ်ရနေတာ လို့  ရှင်းပြလိုက်ပါတယ်။ တူသားပဲနော်။ ဟာမိုနီလေး ဖြစ်သွားတာပေါ့လေ။

ဟုတ်တယ်။ တူတယ်တဲ့။ သူက ပြောပါတယ်။ ဘာသာတိုင်းက ငြိမ်းချမ်းအောင် လုပ်နေတာပါတဲ့။ အင်း... ဟုတ်ပါတယ် ဆိုတာက ထောက်ခံကာ ကိုယ်ကလည်း ပြောပြပါတယ်။

ပြီးတော့ သူက သဘောကျသွားတာက ဘုရား ဂုဏ်တော်တွေ အကြောင်းလည်းမပါ၊ အာနာပါန နဲ့  မြင်ရင် မြင်တယ်မှတ်၊ ကြားရင်ကြားတယ်မှတ်၊ လောဘ ဒေါသ မဖြစ်ဖို့  အဓိကဘဲ ဆိုတာကိုပေါ့။

တကယ်တမ်းက ဘာသာဆိုတာ အမှတ်တံဆိပ်ပါဘဲ။ သင်္ကေတလောက်သာ။ ဘယ်သူ အာနပါန လုပ်လုပ် သမာဓိရမှာ မလွဲပင်။ ဘယ်သူ ၀ိပဿနာ ရှုရှု ၊ ရှင်းရှင်း လင်းလင်း သိမည်ပင်။

ဒါကို ကြည့်ခြင်းအားဖြင့် မြူးဇစ် မက်ဒီတေးရှင်း သမားကိုလည်း အပြတ်သတ် မငြင်းခဲ့ပါဘူး။ ဟုတ်တော့ ဟုတ်မှာပေါ့လေ။ သို့ သော် တီးလုံးကို သဘောကျနေရင် သမာဓိကတော့ မရနိုင်ဘူး။ မသိမသာလေး ဆွဲထည့်လိုက်တယ်။ စိတ်ကတော့ အဲဒီထဲ ပျော်ဝင်သွားမယ်ပေါ့။

တရား အားထုတ်တယ် မက်ဒီတေးရှင်းဆိုတာ စိတ်ငြိမ်ဖို့ လို့  သူတို့ က ဒီလောက်ဘဲ သိထားကြတာ ကိုး။ ခန္ဓာရဲ့  အဖြစ်ပျက်ကို သိဖို့ လည်း မဟုတ်တာကများတယ်။ ဘာလို့ လည်းဆိုတော့ ကျောင်းမှာ လာပြီး မက်ဒီတေးရှင်း လုပ်ချင်လို့  လာတဲ့ သူများများက စိတ်မငြိမ်လို့  အိပ်မရတာရယ်၊ စိတ်ထဲ
မှာ နေရကြပ်တာနဲ့  စိတ်ကျသလိုမျိုး ဖြစ်တာရယ်။ Stress ဆိုတဲ့ စိတ်ဖိစီးမှုတွေ ပျောက်အောင် ဆိုတာရယ် စတာကြောင့် လာကြတာပါ။

နိဗ္ဗာန်အကြောင်းကိုလည်း ထူးမမေးတာများတယ်။ အဲဒါမမေးသလို ခန္ဓာကိုယ် ဘယ်လိုဖြစ်ပြီး ပျက်တယ်ဆိုတာကိုလည်း သူတို့  စိတ်ဝင်စားစွာ မေးလေ့ မရှိပါဘူး။ (မမေးတတ်ဘူးထင်ရဲ့ ။)

သူတို့  နားလည်ထားတာကတော့ တရားထိုင်ရင် စိတ်ချမ်းသာတယ် ဆိုတာတော့ နားလည်တယ်။ ၀ါရီဆိုတဲ့ စိုးရိမ်မှုတွေကိုလည်း လျှော့သွားတယ်ဆိုတာ တရားထိုင်ပြီးတာနဲ့  သဘောပေါက် သွားကြတယ်။ အိပ်မပျော်သူကလည်း တရားထိုင်တာ အိပ်ကောင်းတယ်လို့  ဖွင့်ဟပြန်ရော။

ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ သမထဆိုတာကတော့ ဘုရားရှင် မပွင့်လည်း သိနိုင်ပါတယ်။ သိကြလို့ လည်း ဈာန်ရ အဘိညာဉ် မြေလျှိုး မိုးပျံ တန်ခိုးရကြတဲ့ ရသေ့များ ဇာတ်တော်များစွာမှာ တွေ့ ရပါ တယ်။ ဘုရားရှင် ဘုရားမဖြစ်မီကပင် ရသေ့ဆရာကြီးများ ထံ ဈာန်အဘိညာဉ် ရခဲ့ဘူးတယ် မဟုတ် ပါလား။

နိဗ္ဗာန် ဆိုတဲ့စကား၊ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ ၀ိပဿနာတို့  ၊ ပညတ်တို့  ဆိုတာကတော့ ဘုရားရှင် ပွင့်တော်မူမှ သိခွင့်ရပါတယ်။ ဘုရားရှင် မပွင့်လို့ ကတော့ နာမည်လေးတောင် ကြားဖူးဖို့  မလွယ်ကူ ကြောင်း ၀ိနည်းပရိဝါရ ပါဠိတော်မှာတွေ့ ရပါတယ်။

ဒိလိုဆိုတော့ ဘာဝနာ ဆိုတာကို မက်ဒီတေးရှင်း လို့  ဘာသာပြန်တာ ကိုယ်သဘောမကျတာက ဒါကြောင့်ပါ။ ကိုယ့်ဘာသာမှာက ၀ိပဿနာ ကိုပါတယ်။ သူတို့ သိထားတဲ့ မြူးဇစ်လောက်၊ သမထ ရိုးရိုးလောက်ဆိုတော့ ဘုရားရှင် ဖေါ်ထုတ် ဟောပြတော်မူခဲ့တဲ့ ၀ိပဿနာ မပါတော့ သိက္ခာကျတာ ပေါ့။

ကဲ ဒီလောက်ဆိုရင်တော့ မက်ဒီတေးရှင်းဆိုတာကို ဘယ်လို လုပ်သင့်တယ် ဆိုတာ သိပြီပေါ့နော်။ အိပ်ဆေးလည်းဖြစ်၊ ၀ါရီ ပူပန်မှုလည်းဝေး၊ ဖိစီးစိတ်လည်း အေးမှတော့ မက်ဒီတေးရှင်းဆိုတာကို လက်မနှေးသင့်ဘူး မဟုတ်ပါလားနော်။

အေးဆေးစွာ အိပ်ပျော်နိုင်အောင် ကောင်းကောင်းလေး...
ဝါရိ ပူပန်မှုလည်းဝေးနိုင်အောင် ကောင်းကောင်းလေး...
ဖိစီးစိတ်တွေလည်း အေးနိုင်အောင် ကောင်းကောင်းလေး...
ကြိုးစားကြစေရာသတည်း...။



မှတ်ချက်။ ။ သမထကို tranquility နှင့်
ဝိပဿနာကို Insight meditation လို့ 
ဘာသာပြန်တာရှိပါတယ်။
သို့ သော် အခြားဘာသာမှ ၀ိပဿနာဆိုတာ
မကြားရခြင်း မတွေ့ ခြင်းကို ရည်ရွယ်သည်။


မြတ်ရောင်နီ

( ၀၆ ၊ ၁၀ ၊၂၀၁၀ )


.

Read more...

သိရီမင်္ဂလာဘုန်းတော်ကြီးကျောင်း နိဗ္ဗာန်ဈေးပွဲတော် ဓာတ်ပုံမှတ်တမ်း (10.2.2010)

Sunday, 03 October 2010 12:38 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

အမေရိကန်ပြည်ထောင်စု၊ Oregon ပြည်နယ်၊ Portland မြို့၊ သိရီမင်္ဂလာဘုန်းတော်ကြီးကျောင်း၊ 2010-ခု၊ အောက်တိုဘာလ ၂-ရက်၊စနေနေ့က ကျင်းပပြုလုပ်တဲ့ နိဗ္ဗာန်ဈေးပွဲတော်လေးမှာ မှတ်တမ်းတင်ထားတဲ့ အမှတ်တရ မှတ်တမ်းဓာတ်ပုံများပါ။

Read more...

ရသေ့ကိုယ်တော်ကြီး ဦးခန္တီ (၁)

မန္တလေးတောင်အကြောင်းကို ရေးတယ်ဆိုရင် ကျွန်မတို့ ကနေ့မြင်တွေ့နေရတဲ့ ကျောက်လှေကား၊ သံစောင်းတန်း၊ သံတန်ဆောင်းတွေနဲ့ မန္တလေးတောင်ကို တည်တော်မူခဲ့တဲ့ ရသေ့ကိုယ်တော်ကြီး ဦးခန္တီအကြောင်းကို မရေးလို့ မပြည့်စုံနိုင်ပါဘူး။ မန္တလေးတောင်နဲ့တကွ မန္တလေးသာသနာတော်မှာရော၊ မြန်မာနိုင်ငံက တခြားသာသနာ့အဆောက်အအုံတွေကောရော တည်ဆောက်သွားတဲ့ ရသေ့ကိုယ်တော်ကြီးရဲ့ ရွက်ဆောင်သွားတဲ့ အခန်းကဏ္ဍက အလွန်ကြီးမားပါတယ်။

ကျွန်မတို့ စာတွေ ပေတွေထဲမှာ ဘယ်ရသေ့က ဘာ၊ ဘယ်ရသေ့က ဘယ်လို စသဖြင့် ဘာတွေပဲ ရေးထားရေးထား၊ ကျွန်မတို့ ကလေးဘဝမှာတော့ ရသေ့ဆိုတာ ပွဲထဲ ဇာတ်ထဲက ရသေ့နဲ့ ဘုရားပွဲ လမ်းပွဲတွေမှာ သစ်ကြားသီး စိပ်ပုတီးကြီး လည်ဆွဲပြီး ကခုန်နေတဲ့ ဒေါက်ခြာဆောင်းရသေ့ ဆိုတာမျိုးတွေသာ တွေ့ဖူး မြင်ဖူးသော ရသေ့ဆိုတာ ဖိုးသူတော်နဲ့ သိပ်မကွာလှပါဘူးလို့ပဲ အောက်မေ့မိခဲ့ပါတယ်။

ဒါပေမယ့် မန္တလေးတောင်ကို ရသေ့ကြီး ဦးခန္တီ ရောက်ရှိလာတဲ့အခါမှာတော့ ဘုရားဖူး ပြည်သူတွေအားလုံး မန္တလေးတောင်ပေါ်ကို ဘုရားဖူးတက်တယ်ဆိုရင် ရသေ့ကိုယ်တော်ကြီးကို တနေရာမှာ မဟုတ် တနေရာမှာ ဖူးတွေ့ရစမြဲပါ။ တွေ့ရဖူးရပြီဆိုတော့လည်း ကျွန်မတို့ကလေးဘဝတုန်းက မြင်တွေ့ သိမှတ်ထားတာနဲ့ ဘာမှမဆိုင်တဲ့ ပုဂ္ဂိုလ်ကြီးပါ။ ဒါကြောင့် ရသေ့ကြီး ဦးခန္တီဆိုတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ပုံရိပ် ဘုရားဖူးတွေအပေါ် မြင်တွေ့ရပုံ ကျွန်မကိုယ်တွေ့ကို ရေးပြပါရစေ။

ရသေ့ကိုယ်တော်ကြီးဟာ မန္တလေးတောင်ကို ၁၂၆၉-ခု၊ တပေါင်းလဆန်း ၁-ရက် (၂-၃-၀၈) နေ့က စပြီး ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ၁၃၁၀-ခု ပြာသိုလပြည့်ကျော် ၁၄-ရက်နေ့ (၂၇-၁-၄၉)မှာ အသက်ဇီဝိန် ချုပ်ငြိမ်းပါတယ်။ ဒါကြောင့် ရသေ့ကိုယ်တော်ကြီးကို ကျွန်မတို့ ကောင်းကောင်းကြီး သိမီခဲ့ပါတယ်။ တော်ပေါ်မှာ နှစ်ပေါင်း ၄၀-ကျော် သီတင်းသုံးသွားတာ ပေကိုး။

ရသေ့ကြီးရဲ့ ဥပဓိရုပ်က အင်မတန် ကောင်းပါတယ်။ ဗမာလူမျိုးပီသပြီး မျက်နှာကျလှတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလိုပဲ၊ နှာတံပေါ်ပေါ်နဲ့ မျက်လုံးမျက်ဖန် ကောင်းကောင်း၊ မျက်နှာကျ လှလှနဲ့ မြင်လိုက် ဖူးတွေ့လိုက်ရရင် တကယ့်ကြည်ညိုဖွယ် ရုပ်အဆင်းရှိသူပါ။ ပြီးတော့ ရသေ့ကြီးက အသက် ၁၃-နှစ်သားက ကိုရင်ဝတ်တာ၊ အသက် ၂၀-မှာ ရဟန်းခံတာ၊ ရဟန်းဘဝ ၁၂-ဝါ ရပြီးတော့မှ သာသနာပြုဖို့ ရည်ရွယ်ချက်တခုနဲ့ ရဟန်းဘဝက ရသေ့ဘဝကို ကူးပြောင်းလိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်လေတော့ ဘာသာရေး ယုံကြည်ချက်တခု အောင်မြင်ဖို့ တသက်ပန်လုံး ရွက်ဆောင်တဲ့ ပုဂ္ဂိုလ်မို့ တည်ငြိမ်တဲ့ဣနြေ္ဒနဲ့ သိက္ခာရှိတာကတော့ မဆန်းဘူးပေါ့။ ဒါပေမယ့် ရသေ့ကိုယ်တော်ကြီးနဲ့ ပတ်သက်လို့ ထူးဆန်းတာတခုကတော့ မျက်စိအောက်မှာ အသက်ထင်ရှား ရှိပါလျက် နေ့တိုင်း ဘယ်အချိန်မဆို သွားရောက်ဖူးတွေ့လိုရင် ဖူးတွေ့နိုင်ပါရဲ့နဲ့ ရသေ့ကိုယ်တော်ကြီးနဲ့ ပတ်သက်လို့ ဒဏ္ဍာရီတွေလို ပုံပြင်တွေလို ပြောစကားတွေ အလွန်များတဲ့ ပုဂ္ဂိုလ်ကြီးပါ။

ကျွန်မတို့ ကိုယ်တွေ့ကလေး ပြောချင်ပါသေးတယ်။ မန္တလေးတောင်ခြေကို ခြင်္သေ့ကြီး ၂-ကောင်ကနေပြီး တက်လာကြရော၊ လမ်းတနေရာရာမှာ ရသေ့ကြီး တက်လာတာကို ဖူးတွေ့ရပါတယ်။ ပြီးတော့ ကျွန်မတို့ ပြန့်ကြီးကို ရောက်ကြတော့ ရသေ့ကိုယ်တော်ကြီးက ပြန့်ကြီးမှာ ထိုင်နေပြီး ဘုရားဖူးတွေရဲ့ အဖူးအမြော်ကို ခံနေတာ တွေ့ရပါရော။ အတူတူ တော်ပေါ်တက်ခဲ့ကြတာပဲ။ ဘယ်အချိန်က ရသေ့ကိုယ်တော်ကြီးက ကျွန်မတို့ကို ဖြတ်တက်သွားလို့ ဒီလို အရင်ရောက်နေတယ် ဆိုတာ သတိမထားမိလိုက်တာကတော့ အမှန်ပါ။ ကိုယ်တွေခဲ့တုန်းက ရသေ့ကြီးက ဘုရားတဆူက နိဗ္ဗာန်ဆော်တယောက်ကို တစုံတရာ မှာကြားပြောဆိုနေရစ်တာကို အမြင်ခဲ့သား။ ပြီးတော့ ကိုယ်က ရှေ့ကတက်ခဲ့တယ်လို့ ထင်တာပဲ။ ဒါပေမယ့် ခုတော့ ရသေ့ကြီးက ထိုင်အကန်တော့ခံနေပြီ။

ရသေ့ကြီးနဲ့ ဒီလို ကြုံရဆုံရတယ်ဆိုတာ ကိုယ့်ချည်းမဟုတ်ပါဘူး။ ဘုရားဖူးအများစုရဲ့ ပြောစမှတ်စကားတခုပါ။ ရသေ့ကြီးဟာ ရှိန်းပြီးတယ်၊ ကိုယ်ပျောက်တယ် စတဲ့ အထင်တွေကလည်း အဲဒီနောက်က တသီတတန်းပေါ့။ ကျွန်မ ထင်ပါတယ်။ ကျွန်မတို့ အတူတူတက်ခဲ့ကြပေမယ့် ကျွန်မတို့က ဘုရားတွေ့တိုင်း ဝင်ဖူးဝင်နားတာ၊ ရသေ့ကိုယ်တော်ကြီးက ကျွန်မတို့လို နားချင်မှနားမှာပေါ့။ မနားတော့လည်း ရသေ့ကြီးက ကိုယ့်ကို သွားနှင့်ပြီလို့ နှုတ်ဆက်သွားတာမျိုးမှ မဟုတ်ဘဲ။ အဲဒီတော့ ကိုယ့်ရှေ့က ရောက်နှင့်မှာပေါ့။ နို့ပေမယ့် ရသေ့ကြီးကို လမ်းမှာတွေ့ခဲ့သားနဲ့ ကိုယ့်ရှေ့ကရောက်နှင့်တာကို ဘယ်သူကမှ မကျေနပ်ပါဘူး။ အံ့သြသူချည်းပါ။

ရှိပါသေးတယ်၊ ရသေ့ကြီးက သူစတင် ပြုပြင်ခဲ့တဲ့ ရွှေမြင်တင်ဘုရားမှာ တနှစ်တကြိမ် ဘုရားပွဲလုပ်ရင် ဒီဘုရားပွဲကို ရသေ့ကြီး ကြွလေ့ရှိပါတယ်။ အဲဒီမှာလည်း ငါ ကနေ့ပဲ မန္တလေးက ပြန်ခဲ့တာ၊ မန္တလေးတောင်ပေါ်မှာ ရသေ့ကြီး အဖူးခဲ့သားပဲ၊ ရသေ့ကြီးက ရွှေမြင်တင်ဘယ်တုန်းက ရောက်နေတာလဲ ဆိုတာမျိုး နှစ်တိုင်း ပြောကြတဲ့စကားမျိုးပါ။

အဲဒီကိစ္စက ထားပါတော့၊ မန္တလေးတောင်ကြီးကို ဘယ်တော့သွားသွား၊ တနေရာတည်းမှာမဟုတ်ဘဲ နေရာပေါင်းများစွာမှာ အလုပ်သမားတွေနဲ့ ဆောက်လုပ်ပြုပြင်နေတာကို ဘုရားဖူးတိုင်း မြင်တွေ့နေရတော့ ရသေ့ကြီးဟာ "ရွှေဖြစ်တယ်၊ ငွေဖြစ်တယ်" ဆိုတဲ့ စကားကလည်း အထပ်ထပ်နဲ့ အကြိမ်ကြိမ် ပြောဆိုနေကြတာပါ။ ဒီသတင်း ဒီစကားက ဘုရားဖူးတွေကြားမှာသာမက ဗြိတိသျှ အာဏာပိုင်များနားအထိ ကြားရတာမို့ စုံထောက်လွှတ်ပြီး စုံစမ်းစေဖူးတယ်။ ဒီအကြောင်း တနေ့မှာ ရသေ့ကြီးသိလို့ ရသေ့ကြီးက စုံထောက်ကို မေးတော့ "ဟုတ်ပါတယ်၊ စုံစမ်းပါတယ်"ပြောလို့ ရသေ့ကြီးက သူရွှေဖြစ်တယ်၊ ငွေဖြစ်တယ် ဆိုတာ မှန်ပါတယ်၊ ကြည့်လိုရင် ပြမယ်-ဆိုပြီး အလှူခံပုံးကို စုံထောက်ရှေ့ ချပြတယ်။ ဘာမှ မကြာလှတဲ့ကာလအတွင်းမှာ ဘုရားဖူးတွေက လာလာပြီး ထည့်ဝင်လှူဒါန်းသွားကြတာမို့ ငွေစ၊ ငွေအနုတ်၊ ငွေစက္ကူများသာမက ရွှေလက်ဝတ်လက်စားများပါ အလှူခံပုံးမှာ ပြည့်ခမန်း ရောက်လာတာကို စုံထောက်များ မြင်တွေ့သွားရတယ် ဆိုတဲ့ စကားမျိုးကလည်း အမျိုးမျိုးအဖုံဖုံ ပြောကြပါတယ်။

ရသေ့ကြီးက ညအချိန်တော့ ပြန့်ကြီးမှာပဲ ကျိန်းစက်တာ။ ဒါကြောင့် ဘုရားဖူးစဲတဲ့ ညအချိန်ဆိုရင် ရသေ့ဆီကို လူမဟုတ်တဲ့ နတ်မျိုးစုံ ဘုရားဖူးရင်း ရသေ့ကြီးကို အကန်တော့လာတယ်။ တခါတော့ မန္တလေးတောင်ရဲ့ မြောက်ဘက်က မဟာနန္ဒာကန်ရဲ့ မြောက်ထိပ်မှာရှိတဲ့ မယ်ဥတောင်က တောင်တော်သခင်မ မရွှေဥ ရသေ့ကြီးကို လာပြီးဖူးမြော်ရင်း ရွှေတွေ ငွေတွေ လှူသွားတယ်။ သူ့တောင်မှာလည်း ရသေ့ကြီး ပြုပြင်ပေးပါဦးလို့ လျှောက်ထားသွားတယ်။ ဒါကြောင့် ရသေ့ကြီးက မယ်ဥတောင်မှာ သံတန်ဆောင်း ကြီးနဲ့ နတ်နန်းတဆောင် ဆောက်ပေးတယ်။ မန္တလေးတောင်က မြောက်ဘက်ကိုဆင်းတဲ့ စောင်းတန်းကြီးကိုလည်း ဆောက်လုပ်တယ်။ အဲဒါ မယ်ဥ ဆင်းသွားတဲ့ လမ်းတဲ့။ မြောက်စောင်းတန်းအဆင်းမှာ မယ်ဥနတ်ကွန်း ဆောက်ပေးထား တာလည်း သိပ်လှတာပဲလို့ လူတွေက ပြောကြပါတယ်။ မယ်ဥ,လာတာ မလာတာ၊ ရွှေတွေ ငွေတွေ လှူတာ မလှူတာကတော့ ဘာမှ မပြောနိုင်ပါဘူး။

ရသေ့ကြီးက မယ်ဥတောင်ကို ပြုပြင်ပြီး နတ်နန်းဆောက်ပေးတာ၊ မန္တလေးတောင်မှာ မြောက်စောင်းတန်းကြီး ဆောက်ပေးတာ၊ စောင်းတန်းခြေရင်းမှာ မရွှေဥနတ်ရုပ် လုပ်ထားတာကတော့ အမှန်ပါ။ မန္တလေးတောင်မှာ စောင်းတန်းကြီး (၄)သွယ် ရှိပါတယ်။ အဲဒီ ၄-သွယ်မှာ မြောက်ဘက်စောင်းတန်းက အရှည်ဆုံးမို့ ငွေကုန်ကြေးကျ အများဆုံးပါ။ ဦးခန္တီက မန္တလေးမြို့ဘက်ကို ဆင်းတဲ့ တက်တဲ့ စောင်းတန်း ၄-သွယ် လုပ်ပါတယ်။ ခြင်္သေ့ကြီးနှစ်ကောင်က တက်တဲ့ အနောက်ဘက် တောင်စောင်းတန်းက (၃၅၆) ခန်း၊ ဓာတ်တော်တိုက်ကို တက်တဲ့ အရှေ့ဘက် တောင်စောင်းတန်းက ခန်းရေ (၂၅၀)၊ တောင်အနောက်ဘက် သစ်ဆိမ့်တိုက်နဲ့ မြင်းပြိုင်ကွင်းဘက်ဆင်းတဲ့ အနောက်စောင်းတန်းကြီးက (၃၈၁) ခန်းပါ။ မယ်ဥနတ်ရုပ်ရှိတဲ့ မြောက်စောင်းတန်းကြီးက (၉၄၂)ခန်း ရှည်ပါတယ်။

ရသေ့ကိုယ်တော်ကြီးကို ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ ဘယ်လိုပဲ ပြောကြပြောကြ၊ ဘယ်လိုမှ ဘာကမှ ပြောသံမကြားရဘူးတဲ့ ကိစ္စ နှစ်ရပ်လည်း ရှိပါသေးတယ်။ တခုက မာတုဂါမများနဲ့ ပတ်သက်တဲ့ သတင်းမျိုးပါ။ ရသေ့ကြီးတသက်လုံး အဲဒီလို အငြိအစွန်း သတင်းမျိုး ဝေ့ခနဲလေးတောင်မှ ကျွန်မတို့တသက်လုံး မကြားခဲ့ရစဖူးပါဘူး။ ရသေ့ကြီး ဒီကိစ္စမှာ အင်မတန် သန့်ရှင်းတယ်ထင်ပါရဲ့၊ မန္တလေးတမြို့လုံးနဲ့ မန္တလေးတောင်က ပန်းသည်တွေ၊ နိဗ္ဗာန်ဆော်တွေ အားလုံးကို စုံစမ်းကြည့်ပါ။ ဘယ်သူကမှ ဘာမှ ပြောနိုင်ကြ မှာ မဟုတ်ပါဘူး။ မပြောကြတဲ့အပြင် ရသေ့ကိုယ်တော်ကြီးဟာ ရသေ့ကြီးဆိုပေမယ့် ဆရာတော် သံဃာတော်ကြီးများနဲ့မခြား၊ ပြုမူ ကျင့်ကြံတော်မူတာပါလို့ အားလုံးက ပြောကြမှာပါ။

ပြီးတော့ ငွေကြေးကိစ္စ၊ ရသေ့ကိုယ်တော်ကြီးဟာ တတိုင်းပြည်လုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေက လှူတဲ့ငွေတွေ အသောင်းအသိန်းကို အလှူခံပြီးတော့ သာသနာ့အဆောက်အဦးတွေကို ဆောက်လုပ်ပေးသွားရာမှာ ငွေကြေး ကိုယ်တွယ်သုံးစွဲ မှုနဲ့ ပတ်သက်လို့ မသန့်မရှင်းရှိတဲ့ကိစ္စမျိုး ဘာသတင်းမျိုးမှ ပြောသံ မကြားရစဖူးပါဘူး။ ရသေ့ကြီးက ဒီကိစ္စမှာ သူသာမက သူ့တပည့် သားမြေးတွေပါ မငြိရ မစွန်းရအောင် ဘယ်သူ့ကိုမှ ငွေကြေးကို မကိုင်တွယ်စေဘူး။ အားလုံးကို ကာကွယ်ထားတယ်လို့ ကြားရဖူးပါတယ်။

ရသေ့ကိုယ်တော်ကြီးမှာ အဲဒီလို ကြည်ညိုဖွယ် သန့်ရှင်းစင်ကြယ်မှုကြီးများနဲ့အတူ ရင်သပ်ရှုမော အံ့သြလောက်တဲ့ စွမ်းအင်ကြီး ရှိပါသေးတယ်။ အဲဒါကတော့ ဦးခန္တီလို ဘယ်ပုဂ္ဂိုလ်မှ ပြည်သူတွေဆီက အလှူငွေတွေကို ဒီလိုရရှိအောင် အလှူခံနိုင်ပြီး၊ ဒီလို များပြားလှတဲ့ သာသနာ့ အဆောက်အဦးတွေကို ပြီးမြောက်အောင် ရွက်ဆောင်နိုင်ကြမှု မရှိကြတဲ့ ကိစ္စကြီးပါ။ မြန်မာ့သာသနာမှာ ဦးခန္တီဟာ ဒီကိစ္စအတွက် တကယ့် အာဇာနည်ပုဂ္ဂိုလ်ကြီးပါ။

လူထုဒေါ်အမာ
(ကျွန်မတို့ မန္တလေးက မန္တလေးတောင်-မှ)

Read more...

အောက်တိုဘာလ (၇) ရက်နေ့တရားအစီအစဉ်များ.။

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီအထိ...
ဖားအောက်တောရဆရာတော် ကမ္မဋ္ဌာနာစရိယ အရှင်ရေ၀တ ဟောကြားတော်မူသော-
၁) တန်ဖိုးရှိရှိနေမယ်
၂) ငြိမ်းငြိမ်းချမ်းချမ်းနေမယ်
၃) ၀န်ထမ်းဟူသည်
၎) အတွင်းနေတပည့်
၅) လုံခြုံသောဘဝ
၆) မေတ္တာတရား
၇) နားလည်စေချင်
၈) လူ့ဘ၀တန်ဘိုး
၉) နှလုံးသားရဲ့ လိုအပ်ချပ်
၁၀) လွတ်လပ်ရေး တရားတော်များကို

လွှင့်ကြားပေးသွားပါမည်။
တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏
ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။

Read more...

ထွက်ပေါက်

နားလည်မှုကို နာခံကြ
အမိန့်ဆိုတာ နေရာကျမှ…။

တမတ်ဆိုလား နှစ်မတ်ဆိုလား သုံးမတ်လား
ကျပ် မပြည့်တာသေ ချာတယ်…၊

ဈေးရောင်းပွဲပဲ
လျှော့ဈေးရမှာဘဲ
ချိုတယ်ဆိုပြီး မှိုတက်စာ ၀ယ်မစားနဲ့
အသိနဲ့ ချွေတာ
ရှိအောင်ရှာပါ
နာတာရှည် မထားကြနဲ့…၊

ကိုယ့်မွေးမြေမှာ ကိုယ်ကစားကြ
အဖိုးအဖွားတွေကို အောက်မေ့ကြ
ကိုယ့်စကားတွေကို နားလည်ကြ
….အရမ်း မဆာနဲ့
…လောင် မပြနဲ့
…တော မထနဲ့
ခြံတိုင်ရွှေ့လို့ မခတ်ကြနဲ့...၊


ဦးနှောက်ကို ချုံ့ထားဖို့ကောင်းလား?
နှလုံးသား လူတိုင်းမှာပါတယ်
သမိုင်းက ကိုယ်စီ
ရင်ချင်းနီးလို့ စည်းချည်တယ်…၊

ခါးကြား မထိုးနဲ့
အညီအမျှ ဝေစားကြ
ကျေနပ်မှ ခရီးဆက်ပါ…။ ။

ကိုပိန်
၀၆.၁၀.၂၀၁၀

Read more...

သူ့အရိပ်နှင့် ပဋိပက္ခ


ဘ၀ရဲ့ နေမူ့ထိုင်မူ့
သင်ရိုးညွှန်းတမ်းတွေထဲ
နေသားတကျ ရှိနေခဲ့တာကြာပြီ။
ခု….
သူ့အရိပ်နှင့် မှ ကိုယ်ဟာ
ပြေးသူဖြစ်ရ လိုက်သူဖြစ်ရ
တယုတယ မရှိခဲ့တာတွေကိုပဲ
ယုယုယယ ကောက်သီမိခဲ့လေသလားရယ်။
ဘယ်ရာသီမှ ပွင့်ဖို့မပြောနဲ့
ဖူးဖို့တောင် စိတ်ကူးမယဉ်ခဲ့မိတဲ့
ရင်ဘတ်အရိုင်းဟာ သူ့ဥပက္ခေတွေနှင့်မှ
ဖူးဟယ် ပွင့်ဟယ် ဆေးဖက်ဝင်နေမိတာ။
ကြည့်……….
သူ့အရိပ်နှင့် အာရုံမှောက်မှားနေမိတာ
ပြေရာပြေကြောင်း မေတ္တာစာပဲ ရွတ်ရတော့မလိုလို
ဝိပဿနာပဲကြည့်ရတော့ မလိုလို
ကိုယ့်တစ်ကိုယ်စာ ငရဲလေးကို
ကိုယ်တိုင် စိုက်ပျိုးမိခဲ့သူရယ်ပါ။


ခိုင်နုငယ် 05-10-2010(2.00 pm)

Read more...

The Good Side of Wrong Speech

by Cittasamvaro

The fabulous Annals of Improbable Research has awarded some research into the emotional benefits of wrong speech – specifically swearing.

Does shouting about your pain lessen it? In fact, psychologists (and others) have long noted that things hurt less if you direct attention away from the source of discomfort.

Much of meditation is learning to put your attention where you want to put it.

This way you can govern your perceptions, see the way you create suffering by grasping, and take back some control putting wisdom ahead of the unruly mind. Further, you can deliberately focus attention on certain perceptions that foster wisdom and good qualities. Such perceptions include impermanence, dukkha, the fragility of your own life, old age/illness/death etc. One insight that comes from this is just how much Dukkha you creat for yourself.

‘We are not disturbed by events, but by the view we take of them’.

Stoic philosopher Epictetus

A recent story shows a not uncommon ability of a hypnotist to focus his attention where he wishes to, and keep the mind from creating suffering, even when surgeons are chiseling away at his thumb bones.

A hypnotist has undergone surgery on his right hand without anaesthetic.

Alex Lenkei, 61, from Worthing, West Sussex, sedated himself by hypnosis before the 83-minute operation.

He told the BBC he was fully aware of everything going on around him but free from pain.

The operation at Worthing Hospital involved removing some bone in the base of the thumb and fusing some joints in an attempt to improve his arthritis.

Mr Lenkei said: “It took between 30 seconds to a minute for me to place myself under hypnosis, and from that point I felt a very deep relaxation.

“I was aware of everything around me, from people talking and at one stage a hammer and chisel was used as well as a surgical saw, but I felt no pain.”

Throughout the operation, an anaesthetist was on standby to administer an anaesthetic if necessary.

Consultant orthopaedic surgeon David Llewellyn-Clark said he’d been confident Mr Lenkei was a skilled hypnotist and was “delighted all went well”.

Is this meditation?

Lenkei is focussing his attention expertly. He is not letting his mind create suffering around the situation. And, he claims that he is fully aware of everything going on around him.

While the article focuses on the ‘party trick’ which makes for good news, it does demonstrate just how far the mind can be trained by a gifted meditator.

Well, it seems a good rant has a similar effect! Here is the abstract from the Ignobel Awards:

Although a common pain response, whether swearing alters individuals’ experience of pain has not been investigated. This study investigated whether swearing affects cold-pressor pain tolerance (the ability to withstand immersing the hand in icy water), pain perception and heart rate. In a repeated measures design, pain outcomes were assessed in participants asked to repeat a swear word versus a neutral word. In addition, sex differences and the roles of pain catastrophising, fear of pain and trait anxiety were explored. Swearing increased pain tolerance, increased heart rate and decreased perceived pain compared with not swearing. However, swearing did not increase pain tolerance in males with a tendency to catastrophise. The observed pain-lessening (hypoalgesic) effect may occur because swearing induces a fight-or-flight response and nullifies the link between fear of pain and pain perception.

Read more...

ဗုဒ္ဓ၀ါဒနှင့် စဉ်စားဝေဖန်မှု (၁)

Posted on 3:44 AM by သားသားလေး


စာရေးသူ ဒီပို့စ်လေးကို တင်ပြလိုက်ရသော အကြောင်းကတော့ ဗုဒ္ဓဘာသာဝင် အပေါင်းတို့ စဉ်စားဝေဖန် နိုင်အောင်နှင့် ဗဟုသုတ ရပါစေခြင်း အလို့ငှာ သီရိလင်္ကာနိုင်ငံ ကလနိယ တက္ကသိုလ်တွင် ဗုဒ္ဓဘာသာကို သင်ကြားပေးနေသော အနောက်တိုင်း ပါဠိပါရဂူ ဆရာများ၏ ဗုဒ္ဓဘာသာအပေါ်တွင် ဝေဖန်နှိုင်းယှဉ် သုံးသက် ချက်များကို သင်ကြားခဲ့ရ၍ သိခဲ့ရသော ဗုဒ္ဓဘာသာ အကြောင်းတရားများနင့် စာရေးဆရာ ဦးအေးမောင် ရေးသေားထားသော ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ စာအုပ်ထဲမှ အချက်အလက် များကိုပေါင်းစုကာ စာဖတ်သူများ မျက်မှောက်သို့ တင်ပြလိုက်ပါသည်။ စာဖတ်ပရိတ်သတ်အားလုံး ကိုယ်ပိုင်ဥာဏ်အစွမ်းဖြင့် ဝေဖန်စဉ်စား နိုင်ကြပါစေ..........

မြန်မာနိုင်ငံသည် ဗုဒ္ဓဝါဒထွန်းကားသော နိုင်ငံဖြစ်၍ မြန်မာတို့သည် အများအားဖြင့် ဗုဒ္ဓဝါဒကို ယုံကြည် ကိုးကွယ်ကြပါသည်။ ဗုဒ္ဓဝါဒကို မြန်မာတို့ ယုံကြည် ကိုးကွယ်ကြခြင်းမှာ ပဓနအားဖြင့် မျိုးရိုးစဉ်ဆက် ဗုဒ္ဓဝါဒီ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့ကြသောကြောင့် ဖြစ်ပါသည်။ ဗုဒ္ဓဝါဒကို ပညာဥာဏ်ဖြင့် ဆင်ခြင်သုံးသပ်ပြီးမှ နှစ်သက်ကျေနပ်၍ လက်ခံယုံကြည်ကြသော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများမှာ အလွန်နည်းပါးလှပါသည်။ သို့ရာတွင် ကမ္ဘာပေါ်ရှိ ဘာသာ အယူဝါဒများတွင် မည်သည့် ဘာသာဝါဒသည် စဉ်စားဝေဖန်မှုကို အများဆုံး အားပေးပါသနည်း၊ မည်သည့် ဘာသာတရားသည် လူတို့အား အစစအရာရာ စဉ်စားဆင်ခြင်ပြီးမှ လက်ခံယုံကြည်ရန် အများဆုံး ဟောကြားခဲ့ပါသနည်းဟု မေးလျှင် ဗုဒ္ဓဝါဒကို ညွန်ပြရပါလိမ့်မည်။

ဗုဒ္ဓဝါဒသည် "ပစ္စတ္တံဝေဒိတဗ္ဗော" ဟူသော တရားတော်၏ဂုဏ်နှင့်အညီ မိမိပညာဥာဏ်ဖြင့် ဆင်ခြင် သုံးသပ်ပြီးမှ လက်ခံယုံကြည်ရမည့် ဝါဒဖြစ်၏၊ အဂုင်္တ္တရနိကာယ်၌ ဗုဒ္ဓသည် ကာလာမ အမျိုးသားတို့အား အကြင်စကားသည် ရှေးအစဉ်အလာစကား ဖြစ်သောကြောင့်သော်၎င်း၊ မိမိတို့ နှစ်သက်ကျေနပ်သောကြောင့်၎င်း၊ မိမိတို့ကြည်ညိုလေးစားသော ဆရာ ရဟန်း ပုဏ္ဏားတို့၏ စကားဖြစ်သောကြောင့်သော်၎င်း၊ ထိုစကားကို မျက်စိမှိတ်၍ လက်ခံခြင်းမပြုဘဲ အကောင်းအဆိုး အကျိုးအပြစ် ဝေဖန်စိစစ်ပြီးမှ လက်ခံယုံကြည်ကြရန် ဟောတော်မူခဲ့ပါသည်။

ဘဒ္ဒိယမင်းသားအားလည်း ထိုနည်းနှင့် ဖြင့်သာဟောတော်မူခဲ့ပါသည်။ (အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ဘဒ္ဒိယလိစ္ဆဝီသုတ်)။ အမှန်ဆိုသော ဗုဒ္ဓသည် တပည့်ရဟန်းတို့က မိမိအားကြည်ညိုသောကြောင့် မိမိတရားကို လက်ခံယုံကြည်ခြင်းကို မလိုလားချေ။ "ရဟန်းတို့၊ သင်တို့သည် ငါဘုရားအား ကြည်ညိုလေးစား၍ ငါဘုရား၏ စကားကို လက်ခံယုံကြည်ခြင်းသည်က မသင့်။ သင်တို့သည် အကြင်တရားကို ကိုယ်တိုင်ဥာဏ်ဖြင့် ထိုးထွင်း၍ သိအပ်၏။ မြင်အပ်၏။ ထိုကိုယ်တိုင်သိမြင်သောတရားကိုသာလျှင် သင်တို့ယုံကြည်ကြသည်မဟုတ်လော။" (မဇ္ဈိမနိကယ် မဟာတဏှာသင်္ခယသုတ်)။

ထို့ကြောင့် ဗုဒ္ဓသည် ဗုဒ္ဓဝါဒသို့ အခြားသော ဘာသာဝင်များ အလွယ်တကူ အလျင်စလို ကူးပြောင်းခြင်းကို အားပေးတော်မမူချေ။ ဝိနယပိဋကတ်မဟာဝဂ်၌ တိတ္ထိဖြစ်ဘူးသော သူသည် အကယ်၍ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါက လေးလတိတိ ဆိုင်းငံ့ရမည်ဟု လာရှိပါသည်။ မဇ္ဈိမနိကယ် ဥပါလိသုတ်၌ ဥပါလိ သူကြွယ်သည်၎င်း၊ ဝိနည်းပိဋကတ်မဟာဝဂ်၌ သီဟစစ်သူကြီးသည်၎င်း၊ ဘုရားရှင်၏တရားကို အလွန်နှစ်သက်သဖြင့် တိတ္ထိအယူကို စွန့်၍ အသက်ထက်ဆုံး ဥပါသကာအဖြစ် မှတ်ယူရန် လျှောက်ထားသောအခါ ဘုရားရှင်သည် ထိုသူတို့အား လေးလေးနက်နက်စဉ်စားဆင်ခြင်ပြီးမှ ဗုဒ္ဓဝါဒသို့ သက်ဝင်ယုံကြည်ရန် သတိပေးတော်မူခဲ့ပါသည်။


ဗုဒ္ဓအလိုအားဖြင့် ဗုဒ္ဓ၏တရားကို ဗုဒ္ဓထင်ရှားရှိစဉ်က ဗုဒ္ဓထံမှကိုယ်တိုင် ကြားနာရသောသူသည် လေးလေးနက်နက် ဆင်ခြင်သုံးသပ်ပြီးမှ လက်ခံယုံကြည်သင့်သည်ဆိုပါက အရှင်အာနန္ဒာ, အရှင်မဟာကဿပ စသော တပည့်သာဝကများထံမှ တဆင့် ကြားသိရသည်ဆိုသော ဗုဒ္ဓဒေသနာကို ပို၍ ဝေဖန်ဆန်းစစ်ဘို့ လိုပေလိမ့်မည်။ များစွာသော ဗုဒ္ဓဒေသနာများသည် အရှင်အာနန္ဒာ ထံမှ တဆင့်ကြားသိရသော ဒေသနာများဖြစ်ပါသည်။ သိုရာတွင် အရှင်အာနန္ဒာကိုယ်တိုင်က တဆင့်ကြားကို မှီသော၊ တဆင့်ကြားကို ယုံကြည်သောအားအဖြင့် ကျင့်သောဆရားအား ကောင်းစွာကြားခြင်းသည်ဖြစ်၏၊ မကောင်းသဖြင့်ကြားခြင်းသည်လည်း ဖြစ်၏၊ ကြားတိုင်းသော အခြင်းအရာ အားဖြင့်လည်းဖြစ်၏။ ကြားသည်မှ တပါးသောအခြင်းအရာအားဖြင့်လည်းဖြစ် ဟု မိန့်ဆိုဘူးလေသည်။ (မဇ္ဈိမနိကယ် သန္ဒကသုတ်)။

ဗုဒ္ဓကလည်း "ထိုရဟန်းပုဏ္ဏားတို့သည် ဤအယူသည်သာမှန်၏။ အခြားသောအယူဝါဒတို့သည် အချည်းနှီးသာတည်းဟု ပြောဆိုကြကုန်၏။ စင်စစ် ထိုသူတို့အား ယုံကြည်ခြင်း၊ အရမ်းမဲ့စွဲယူခြင်းကို ကြဉ်၍၄င်း၊ မျက်မှောက်ထင်ထင် သိမြင်သော အသိဥာဏ်ဖြစ်ပေါ်ရန် အကြောင်းသည် မရှိဟု ထိုသို့ပြောဆိုကုန်သော သူများကို မိန့်ဆိုတော်မူလေသည်။ (မဇ္ဈိမနိကယ် ပဉ္စာယတနသုတ်)။ " ရဟန်းတို့ ဤတရားတို့ကို ယုံကြည်ခြင်း နှစ်သက်ခြင်း တဆင့်စကားကြားခြင်းဖြင့် သိအပ်သည်မဟုတ် ပညာဖြင့် တွေ့မြင်၍သိအပ်ကုန်သည်သာဖြစ်၏ ဟု မိန်တော်မူပါသည်။(သဠာတယနသံယုတ်၊ နဝပုရာဏဝဂ်၊ ပရိယာယသုတ်)။


ဗုဒ္ဓဝါဒသည် သိမ်မွေ့နက်နဲ့သောကြောင့် ပညာဥာဏ်ဖြင့် စေ့ငုံသေချာစွာ လေ့လာခြင်းမပြုပါက မိမိရရသိရှိ နားလည်ရန် ခဲယဉ်းပါသည်။ ထိုသို့ နားလည်ရန် ခတ်ခဲသဖြင့် ပညာဥာဏ်မသုံးပဲ ဗုဒ္ဓဒေသနာကို မှားယွင်းစွာ ဆင်သုံးသပ်မိပါက မြွေကို မဆင်ခြင်ဘဲ ဖမ်းသော ယောက်ျားကဲ့သို့ အကျိုးယုတ်နိုင်ပါသည်။ (မဇ္ဈိမနိကာယ်၊ အလဂ္ဂဒ္ဒူပမသုတ်)။ သို့ဖြင့် အာရှမြောက်ပိုင်း နိုင်ငံများရှိ အချို့သော မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းများသည် မူလဗုဒ္ဓဝါဒနှင့် များစွာဆန့်ကျင်သောအယူများကို လက်ခံထားကြပါသည်။ စာရေးသူတို့ မြန်မာနိုင်ငံသည် အတော်အတန် သန့်ရှင်းစင်ကြယ်သော ပါဠိပိဋကတ်ကို ရရှိထားပါသည်။ သို့ရာတွင် နှံနှံစပ်စပ် ဖတ်ရှုလေ့လာမှု၊ ပညာဥာဏ်ဖြင့် ဝေဖန်စိစစ်မှုနည်းပါးသောကြောင့် အချို့သော မြန်မာ့ဘာသာရေး အယူအဆများနှင့် အပြုအမူများမှာ သို့လောသို့လော ယုံမှားဖွယ်ရာ များဖြင့် မေးဖွယ်ရာ ဖြစ်ပါသည်။ ဥပမာအားဖြင့် မြန်မာတို့၏ ဘာသာရေးယုံကြည်ချက်တစ်ခုနှင့် ဓလေ့ထုံးစံတစ်ခုကို ဆင်ခြင်စဉ်းစားနိုင်ပါသည်။


ဗုဒ္ဓသည် ကဆုန်လပြည့်နေ၌ ပရိနိဗ္ဗာန်ပြုတော်မူသည်ဟု မြန်မာတို့ယုံကြည်ပါသည်။ ထိုယုံကြည်ချက်အတွက် အထောက်အထားကား ဇိနတ္ဘပကာသနီကျမ်းနှင့် အခြားဗုဒ္ဓဝင်ကျမ်းများဖြစ်သည်။ ဗုဒ္ဓ၀င်ကျမ်းပြုဆရာတို့သည် ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ခန်းကို ရေးသားရာ၌ ဒီဃနိကာယ်မဟာပရိနိဗ္ဗာနသုတ်ကို မှီငြမ်းပြုကြရပါသည်။ မဟာပရိနိဗ္ဗာနသုတ်၌ကား ဘုရားရှင်ပရိနိဗ္ဗာန်ပြုသော နေ့အမည်ကို ဖော်ပြမထားချေ၊ အမှန်ဆိုသော် ဗုဒ္ဓ၏ဘဝဖြစ်စဉ်ကို ဖော်ပြထားသော အခြားပါဠိတော်များ၌လည်း ဗုဒ္ဓ၏အခြားဖြစ်စဉ်များနှင့် စပ်လျင်း၍ ခု, နှစ်, လ, ရက်, များအတိအကျပြထားခြင်းမရှိပါဘူး။


မဟာပရိနိဗ္ဗာနသုတ် အလိုအားဖြင့် ဗုဒ္ဓသည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝရွာ၌ နောက်ဆုံးအကြိမ် ဝါဆိုတော်မူပါသည်။ ထိုနောက် ဝေသာလီပြည်အနီး စာပါလစေတီအရပ်၌ မာရ်နတ်မင်းအား ငါဘုရားသည် ယနေ့မှ နောက်သုံးလ လွန်မြောက်သောနေ့၌ ပရိနိဗ္ဗာန်ပြုမည်ဟု မိန့်ကြား၏။ ထိုသို့မိန့်ကြားအချိန်မှာ ဝါဆိုနေစဉ် သို့မဟုတ် ဝါမှအထတွင် ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောလသည် အောက်တိုဘာလနှင့် ဇန္နဝါရီလအကြား တစ်လ၊ လ ဖြစ်တန်ရာ၏။ မေ(ကဆုန်)လမဖြစ်တန်ရာ၊ မေလဖြစ်ပါက ဗုဒ္ဓသည်မကျန်းမာသဖြင့် အင်းအားနည်းနေပါလျက် ပူပြင်းသော နွေရာသီမှာ သုံးလတိုင်တိုင် ဒေသစာရီကြွချီရသည် ဆိုသော ယုတ္တိမရှိသည့်စကားကို လက်ခံရပေလိမ့်မည်။ ထို့အပြင် မေလဖြစ်ပါက ဘုရားပရိနိဗ္ဗာန် စံခါနီးအတွင် ကုသိနာရုံ ဥယျာဉ်၌ အင်ကြင်းပန်းတို့သည် အခါမဲ့ပွင့်သည်ဆိုသော ပါဠိတော်လာစကားသည် မှားဖွယ်ရာရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော ယခုကာလ အိန္ဒိယရုက္ခဗေဒပညာရှင်တို့၏ စူးစမ်းချက်များအရ ထို အင်ကြင်းပန်းမျိုးသည် သဘာဝအားဖြင့် ဧပြီလ-မေလလောက်၌သာ ပွင့်တက်၍ ကဆုန်လမှ တစ်ပါး အခြားလများ၌ ပွင့်မှသာ အခါမဲ့ပွင့်သည်ဟု ဆိုရပေလိမ့်မည်။


ခရစ်သက္ကရာဇ် ခြောက်ရာစုလောက်က အိန္ဒိယပြည်သို့ ရောက်ရှိခဲ့သော တရုပ်ခရီးသည် ဟီယန်ဆိုင်၏မှတ်တမ်းတွင် ထိုအခါက သဗ္ဗတ္တိဝါဒီ ခေါ် ဗုဒ္ဓဝါဒီတို့သည် အောက်တို့ဘာ သို့မဟုတ် နိုဝင်ဘာလ၌ ဘုရားပရိနိဗ္ဗာန်ပြုသည်ဟု ယုံကြည်ကြကြောင်း ဖော်ပြထားပါသည်။ အနောက်ပညာရှင် ပါဠိပါရဂူတစ်ဦးကမူ ပါဠိတော်များကိုလေ့လာပြီးနောက် ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနေ့သည် ၄၃၈ ဘီစီ အောက်တိုဘာလ ၁၃ ရက်ဖြစ်တန်ရာဟု ဆိုလေသည်။


နောက်တစ်ခုက မြန်မာ့ဘာသာရေး ဓလေ့ထုံးစံများတွင် စဉ်းစားစရာကောင်းသော ထုံးစံတစ်ခုမှာ ကလေးသူငယ်များကို ရှင်ပြုပေးသော အချက်ပင်ဖြစ်ပါသည်။ မြန်မာဗုဒ္ဓဝါဒီတို့သည် ဘာမျမသိသေးသော ကလေးသူငယ်များကို ရှင်ပြုလေ့ရှိကြပါသည်။ ထိုသို့ ရှင်ပြုကြခြင်းဖြင့် ထိုကလေးများသည် ဘုန်းကြီးကျောင်း၌ ရှင်သာမဏေအဖြစ်ဖြင့် ရက်အနည်းငယ် နေထိုင်ဘူးသည်မှအပ အခြားမယ်မယ်ရရအကျိုးတစ်စုံတစ်ရာမရှိချေ။ ဝိနည်းပိဋကတ်မဟာဝဂ်၌ ဗုဒ္ဓသည် ကျီးခြောက်လှန့်ခြင်းငှါ စွမ်းနိုင်သော သူငယ်တို့အားရှင်ပြု နိုင်သည်ဟု မိန်တော်မူသည်ဆိုပါသည်။ စင်စစ် အသက် ၃ နှစ် ၄ နှစ်ရှိသောကလေး သူငယ်သည်ပင် ကျီးကိုခြောက်လှန့်နိုင်စွမ်းရှိရကား ဤစကားသည် ဗုဒ္ဓမိန့်ကြားသော စကားအမှန် ဖြစ်ပါ၏လောဟု သံသယ ဖြစ်ဘွယ်ရှိ၏။ မည်သို့ဖြစ်စေ ဤစကားသည် ထိုဝိနည်းပါဠိတော်၌လာသော ပညတ်ချက်နှင့် ဆန့်ကျင်၏။ ဝိနည်းပိဋကတ်မဟာဝဂ်၌ ဗုဒ္ဓသည် အသက်တစ်ဆယ့် ငါးနှစ်မပြည့်သေးသော သူငယ်အားရှင်မပြုအပ်၊ ရှင်ပြုပေးသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူထားပါသည်။


ဤပညတ်တော်မူချက်မှာ လျော်ကန်သင့်မြတ်လှပေ၏။ ရှင်သာမဏေအဖြစ်သည် တတ်သိလိမ္မာသောအရွယ်သို့ ရောက်ရှိပြီး ဖြစ်သည့်အလူငယ်များအဖို့သာလျင် အကျိုးရှိ၏။ ယခုခေတ်ကာလ၌ မိဘများက ရှင်ပြုပေးသော သူငယ်များမှာ အများအားဖြင့် အသက်ငယ်ရွယ်ဥာဏ်နုနယ်သေးသော သူများဖြစ်ကြရကား ထိုသူငယ်များအဖို့ ဘာသာရေးဘက်တစ်စုံတစ်ရာ ထားခြားပြောင်းလဲခြင်းမရှိချေ။ ထိုကြောင့်လည်း ငယ်ငယ်ရွယ်ရွယ် သာမဏေဖြစ်ခဲ့ဘူးပါလျက် ဘာသာရေးအသိတရား ခေါင်းပါးနေကြ၏။ မိဘများသည် သားသမီးများကို ရှင်ပြုရသော ကုသိုလ်ကောင်းမူအတွက် နှစ်သိမ်ကျေနပ်ကြပေလိမ့်မည်။ သို့ရာတွင် ကလေးကို ရှင်ပြုခြင်းသည် မိဘများ၏ယခုဘဝကျေနပ်မူအတွက် ကုသိုလ် ရမူအတွက် ဖြစ်ပါသလော။ ကလေး၏အကျိုးစီးပွား သာသနာတော်၏ အကျိုးစီးပွားအတွက် ဖြစ်သင့်သည်မဟုတ်ပါလော ဟု မေးဘွယ်ရှိသည်။ ဤသို့လျင် အချို့သော မြန်မာ့ဘာသာရေးအယူနှင့်အပြုအမူများမှာ စဉ်စားဝေဖန်ဘွယ်ရာဖြစ်ပါသည်။ သို့ဖြစ်စေကာမူ လူတို့သည် မိမိတို့ ယုံကြည်ချက်များကို ကိုယ်တိုင်ဝေဖန်ဘို့ဝေးစွ သူတစ်ပါးတို့ ဝေဖန်သည်ကိုပင် လက်မခံနိုင်ကြချေ။ ထိုသို့ လက်မခံနိုင်ကြခြင်းမှာ စင်စစ်ထိုယုံကြည်ချက်များသည် စဉ်းစားဆင်ခြင်ဥာဏ် အောက်ခြေလွတ်နေသောကြောင့် ဖြစ်၏။ ဆိုင်ကိုအနာလစ်(Psychoanalysis) စိတ်ပညာအရ လူတို့သည် မိမိတို့ ယုံကြည်ချက် တစ်ခုအား ဝေဖန်ဆန်းစစ်မှုကို သည်းမခံနိုင်လေ ထိုယုံကြည်ချက်သည် အခြေအမြစ် ယုတ္တိကင်းမဲ့ကြောင်း ထင်းရှားလေဖြစ်၏။ ( နောက်ပိုင်း တွင် ဘုရားလက်ထက်က ခုနှစ်နှစ် သားလေးများ ဘာကြောင့်ရှင်ပြုရသည်ကို ဆက်လက်ဖော်ပြသွားပါမည်)


ဥပမာ အကယ်၍ လူတဦးက ကမ္ဘာကြီးလုံးသည်ဆိုသော စကားမှာ ရယ်စရာဖြစ်သည်။ သိုမဟုတ် တြိဂံတစ်ခုတွင် ဒီဂရီ ၁၈၀ ရှိသည်ဆိုသော စကားမှာ မှားသည်ဟုဆိုပါက စိုးစိမျှစိတ်တုန်လှုပ်မည်မဟုတ်ပါ အဘယ်ကြောင့်ဆိုသော် ထိုအချက်များမှာ သေချာစွာ စုံစမ်းစစ်ဆေးပြီးမှ လက်ခံထားသော အချက်များဖြစ်ပါသည်။ ဘာသာရေး ယုံကြည်ချက်များသည်က ထိုကဲ့သိုမဟုတ် အများအားဖြင့် မစူးစမ်းမဆင်ခြင်ပဲ လက်ခံထားသော ယုံကြည်ချက်များဖြစ်၍ ဝေဖန်ဆန်းစစ်မှုကို ကျွန်ုပ်တို့ သည်းမခံနိုင်ဖြစ်တက်၏။


ထို့ကြောင့် ဥရောပတိုက်၌ ဘာသာတရားကို မျက်စိမှိတ်၍ အကြွင်းမဲ့ယုံကြည်သော ရှေးအခါ ဘာသာတရးနှင့် ဆန့်ကျင်ဘက်စကားပြောသော သိပ္ပံပညာရှင်(ဂါလီလီအို) သည် နှိပ်ကွပ်ခြင်းခံကြရ၏။ ဘာသာရေး၌ အယူသည်းမူ စိတ်ထားသေးသိမ်မူကြောင့် ဘာသာရေး စစ်ပွဲကြီးများဖြစ်ပွားကာ အမျိုးသားအချင်းချင်း သွေးချောင်းစီးသတ်ဖြတ်ခဲ့ကြသည်။ ယခုခေတ်ကာလ၌ အနောက်တိုင်းနိုင်ငံများတွင် ဘာသာရေး အယူသည်းမှု နည်းပါးလာ၍ လွတ်လပ်စွာဝေဖန်မှုကြောင့် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဒေါသဖြစ်ခြင်းမရှိတော့ချေ။


ဗုဒ္ဓဝါဒသည် လွန်လပ်စွာ စဉ်းစားဝေဖန်မှုကို အားပေးသောကြောင့် ဗုဒ္ဓဝါဒသမိုင်းတွင် ဘာသာရေးစစ်ပွဲစသော အမဲကွက်များမရှိဘဲ ဘာသာရေးစိတ်သဘောထားကြီးမှုအတွက် ကမ္ဘာ့စံပြ ပုဂ္ဂိုလ်များပေါ်ထွက်ခဲ့၏။ အသောကမင်းသည် ဘာသာအယူဝါဒ အားလုံး သင့်တင့်ညီညွတ်မှုကို လိုလားကြောင်း ကျောက်စာရေးထိုးခဲ့ပါသည်။ မင်းတုန်းမင်းသည် ခရစ်ယန်သာသနာပြုလုပ်ငန်းကို အားပေးချီးမြှင့်ခဲပါသည်။ စင်စစ် ဘာသာရေး စိတ်သဘောထားကြီးမှုသည် ဗုဒ္ဓဘုရားရှင်အလေးအနက်ဟောတော်မူခဲ့သော တရားဖြစ်ပါသည်။ " ရဟန်းတို့ သူတပါးတို့သည် ငါ၏အပြစ်ကို ဖြစ်စေ တရား၏အပြစ်ကိုဖြစ်စေ သံဃာ၏အပြစ်ကိုဖြစ်စေ ပြောကြသောကြောင့် သင်တို့သည် အမျက်ထွက်မည် နှစ်လုံးမသာမယာဖြစ်မည်ဆိုလျင် သင်တို့အားသာ အန္တရာယ်ဖြစ်၏။ သင်တို့သည် သူတစ်ပါးတို့၏ စကားကောင်း စကားဆိုကို သိနိုင်ကြမည်မဟုတ်။"(ဒီဃနိကာယ် ဗြဟ္မဇာလသုတ်)။


အကယ်၍ ဗုဒ္ဓဝါဒသည် မှန်ကန်သောတရားဖြစ်သည်ဟု ကျွန်ုပ်တို့ စွဲစွဲမြဲမြဲ ယုံကြည်ခဲ့လျင် သူတပါးတို့၏ ဝေဖန်စိစစ်မှုကို ခံနိုင်ရပေသည်။ ထိုသို့ ခံနိုင်ရန်ရှိရန်အတွက် ယုံကြည်ချက်သည် မိမိကိုယ်တိုင် စေ့ငုံသေချာစွာ လေ့လာမှု လွတ်လပ်စွာ စဉ်းစားဝေဖန်မှု အပေါ်၌ အခြေတည်ရမည်ဖြစ်သည်။ ထိုနေရာတွင် စဉ်စားဝေဖန်မှုကို ပိတ်ပင်တားဆီးတတ်သော အစွဲနှစ်ခုကို သတိပြုဘို့လေသည်။


၎င်းတို့ကို အပိုင်း (၂) တွင်ရှုပါ.......

Read more...

တန်အောင် နှိပ်ပေးတယ်

မန္တ္တလေးတိုင်းမြစ်သားမြို့နယ် ကုက္ကိုစုကျေးရွာတွင် ဦးကျောက်လုံးအမည်ရ အနှိပ်သည်ကြီးတစ်ယောက်ရှိလေသည်။ သူသည် ထိုနယ်ဝန်းကျင်တစ်ဝိုက်တွင် အလွန်ဟိုလေးတစ်ကျော်ကျော်ဖြစ်
လေသည်။ တစ်နေ့ ဦးကျောက်လုံးသည် မိမိတို့ ကျောင်းသို့ ၀င်လာရာ သူနှင့် စကားများစွာ ပြောဖြစ်လေသည်။ မိမိကပင် စ၍
" ဒကာကြီးဦးကျောက်လုံး ဘယ်လိုလဲ ကောင်းကောင်း နှိပ်နေရပါသလား"ဟု မေးသောအခါ ဦးကျောက်လုံးက
"အော် ဦးဇင်းကလဲ လူသားတွေ ကိုယ်ကာယရှိနေသ၍ နာမှုဆိုတာရှိနေမှာပါ၊ နာမှုရှိနေသ၍တော့ ကျောက်လုံးတို့ မငတ်သေးပါဘူး ဦးဇင်းရယ်၊"ဟုမှတ်သွားဖွယ်ရာများကိုပင် ဖြေကြားခဲ့လေသည်။
မိမိသည် တစ်ဆက်တည်းမှာပင်
"အော် အနှိပ်သည်တစ်ပိုင်း ဂေါပကတစ်ပိုင်းဖြစ်နေတဲ့ ဒို့ဒကာကြီးဦးကျောက်လုံးကတော့ ကြာရင်ကမ္မ၀ါစာတောင် ဖတ်မည့်သဘောရှိပါပေ၏"ဟု အတွေးပင်ဝင်လာခဲ့သည်။ ထို့နောက်
"ဒကာကြီး, စကားမစပ် ခုဒကာကြီးက တစ်ခါနှိပ်ရင် ဘယ်လောက်ယူပါသလဲ" မေးလေသောအခါ
"ဦးဇင်းရေ အရင်ကတော့ နှစ်ရာ့ငါးဆယ်ကျပ်ယူပါတယ်၊ ခုတော့ ကုန်ဈေးနှုန်းတွေကတက်တော့ ငါးရာယူပါတယ်၊ ဒါပေမယ့် တစ်ချို့က နှစ်ရာ့ငါးဆယ်ပဲပေးတယ်၊ တစ်ခါတစ်လေ အကြွေးတောင်
ကျသေးတယ်၊ ငါးရာပေးတဲ့သူကိုတော့ ဆရာစားမချန်အကုန်နှိပ်ရတာပေါ့၊ နှစ်ရာ့ငါးဆယ်သမားတော့ နှစ်ရာ့ငါးဆယ်နဲ့တန်အောင်နှိပ်ပေးရတာပေါ့ဇင်းရယ်၊"ဟု အနှိပ်သည်ကြီး ဦးကျောက်လုံးသည်
သူ၏ ပါးနပ်မှုအကြောင်းတွေ့ကို ခရေစေ့တွင်းကျရှင်းပြနေလေသည်။ထိုစဉ် ရွာအတွင်းမှ ကလေးတစ်ယောက်သည်
"ဘကြီးဦးကျောက်လုံး ကိုသိန်းဟန်က အနှိပ်ခံချင်လို့တဲ့၊ သူ့အိမ်ကို လာခဲ့ပါအုံးတဲ့" ဟု လာရောက်ခေါ်သည်ကိုပင်
"ငါမအားဘူးလို့ပြောလိုက်ကွာ ဦးဇင်းနဲ့ စကားပြောနေတယ်လို့ ပြောလိုက်ကွာ" ဆိုသောအခါ မိမိက မနေသာတော့သဖြင့်
"လိုက်သွားပါ ဒကာကြီးရာ ဦးဇင်းနဲ့စကားပြောလို့ ဘာမှ ရလာမှာမှ မဟုတ်တာ၊ သွားနှိပ်လိုက်ရင် ငွေငါးရာဝင်မည့်အရေးလက်မနှေးနေပါနဲ့ ဒကာကြီးရာ"
"ဦးဇင်းက ဘာမှ မသိဘူး၊ သိန်ဟန်ဆိုတဲ့ကောင်က အနှိပ်သာ ခံချင်တာ ငွေပေးရမှာကျ တွန့်တိုတယ်၊ဟိုတစ်ပတ်က နှိပ်တာ နှစ်ရာငါးဆယ်ပဲပေးတယ်၊ ဒါတောင် အကြွေးတစ်ရာကျန်သေးတယ်၊သွား
တောင်းရင် နေ့ရွေ့ညရွေ့နဲ့ မပေးချင်ဘူး၊ ဒါကြောင့် ဒီကောင်ကို နှိပ်မပေးချင်တာ၊နေပေ့စေ့၊ ဒီကောင်ကို ပစ်ထားလိုက်အုံးမယ်၊"
လာခေါ်သော ကလေးသည်ပင် မပြန်သေးပေ၊ အနှိပ်သည်ကြီး ဦးကျောက်လုံးကို မရ ရအောင် ပေကပ်ခေါ်နေလေ၏။
ဦးကျောက်လုံးသည်ကား ထိုကလေးခေါ်သည်ကိုပင် ပဓာနမထားပေ၊ သူ၏ အနှိပ်သည်ဘ၀ အတွေ့အကြုံများကို ဆက်လက်ကာ ရှင်းပြနေလေသည်။ သို့ဖြစ်သဖြင့် မိမိက
" ဒကာကြီးဦးကျောက်လုံးရေ လူတွေတော့ နှစ်ရာ့ငါးဆယ် သို့မဟုတ် ငါးရာယူတာတော့ ဟုတ်ပါပြီ၊ ဦးဇင်းတို့ ဘုန်းကြီးတွေ နှိပ်ရင်တော့ ဘယ်လောက်ယူပါသလဲ"မေးသောအခါတွင်တော့
ဘုန်းကြီးတွေတော့ ကြေးရယ်လို့တော့ မပြောပါဘူးဘုရား၊ အရှင်ဘုရားတို့ ကြိုက်သလောက်သာ စွန့်ပါဘုရားလို့လျှောက်လိုက်တာပါပဲ၊ များသောအားဖြင့်တော့ ငွေတော့မစွန့်ကြပါဘူး၊ ဆန်နှစ်ပြည့်
သုးံပြည်လောက်တော့ စွန့်ကြတာပေါ့ဘုရား၊သို့သော် တစ်ချို့ဘုန်းကြီးတွေကလဲ ကပ်စေးနဲတယ်ဘုရား၊ ဘာမှမစွန့်ကြဘူးဘုရား၊ 'အေး ဒကာကြီး ဤကဲ့သို့ ပြုရသော ကောင်းမှုကြောင့် ကျန်းမာ
ချမ်းသာပါစေ'လို့ပဲ ဆုပေးလိုက်ကြတာပါပဲ၊ ဒါနဲ့ပဲ ကျေနပ်ခဲ့ရတာပါပဲဘုရား၊အများအားဖြင့် ဘုန်းကြီးတွေထဲမှာတော့ တပည့်တော်တို့ ဘုန်းကြီးကတော့ ကပ်စေးအနဲဆုံးပဲဘုရား၊နှိပ်ခိုင်းတာတော့
နေ၀င်လုနည်းပါးပဲ၊ တပည့်တော်က တိုက်ရိုက်တောင်းရတာ မကောင်းလို့ 'တောင်ကျောင်းကိုယ်တော်နှိပ်ရင်တော့ ဆန်နှစ်ပြည် သုံးပြည်စွန့််တာပဲဘုရား'လို့ သွယ်ဝိုက်လျှောက်တော့ သူက
ဘာပြန်မိန့်သလဲ မှတ်လဲ'ဒကာကြီးရေ တောင်ကျောင်းကိုယ်တော်က ချမ်းသာတယ်ဗျ၊ ဦးဇင်းက ဆင်းရဲတယ်ဗျ၊ဘယ်စွန့်နိုင်မလဲ၊ ကုသိုလ်ယူပေါ့ဗျ၊ ဒီတော့ တပည့်တော်ကလဲ 'ဟွန်း ကိုယ်တော်
စွန်ပါဘူးကိုယ်တော်'ဟုပြန်လျှောက်လိုက်တယ်လေ၊ အဲဒီလိုလျှောက်တော့လဲ မနာဘူးကိုယ်တော်ရေ၊ ရွာကျောင်းဘုန်းကြီးက တဟားဟားရယ်နေတာ၊သူကတော့ မစွန့်ရရင် ပြီးတာပဲ သူ့ကို
ဘာပြောပြော မနာဘူး။ကပ်စေးနည်းချက်ကလဲ ကမ်းကုန်းတယ် အာဂန္တုကသဌေးကတောင် အဖေခေါ်လောက်ပါပေတယ်၊"ဟု အနှိပ်ဆရာကြီးဦးကျောက်လုံးက သူ့၏ အနှိပ်သည်ဘဝ
ငွေမရပုံများကို ညည်းညူးပြောပြလာသဖြင့် မိမိကပင်
"ဒါဆိုရင် ဒကာကြီးအဖြစ်ကလဲ အရင်က မြင်းလှည်းဆရာကြီး တစ်ယောက်လိုဖြစ်နေပြီပေါ့" ဆိုလိုက်သောအခါ အနှိပ်ဆရာကြီးဦးကျောက်လုံးက
"မြင်းလှည်းဆရာကြီးက ဘယ်လိုဖြစ်တာလဲ မိန့်ပါအုံးဘုရား"ဟုဆိုလာသဖြင့်
"ဒကာကြီးရေ တစ်ခါ မြို့တစ်မြို့မှာ ကိုယ်တော်တစ်ပါးက မြင်းလှည်းဂိတ်ကို လာရောက်ပြီး မြင်းလှည်းငှားသတဲ့၊ဒီတော့ မြင်းလှည်းဆရာကြီးက
ကိုယ်တော်ဘယ်ကြွမှာလဲ မေးတော့ ကိုယ်တော်က ထင်းရှားတဲ့ စာသင်တိုက်ကြီးရဲ့နာမည်ကို ပြောသတ၊ဲ့ အဲဒီအခါ မြင်းလှည်းဆရာကြီးက
ကိုယ်တော့စာသင်တိုက်က တော်တော်ဝေးတယ၊် မြို့ပြင်မှာ၊ ဘယ်လောက်ပေးနိုင်မလဲ ပေးကြည့်ပါ၊'ဆိုတော့
ကိုယ်တော်က 'ဒကာမနာစေရပါဘူး'လို့ မိန့်တယ်လေ၊ ဒီတော့ မြင်းလှည်းဆရာကြီးလဲ 'ကြေးတော့ ကောင်းကောင်းရမှာပဲ'ဆိုတဲ့ အတွေးနဲ့ လိုက်သွားတယ်လေ၊ မြင်းလှည်းဆရာကြီးဟာ
လမ်းတွင် ကိုယ်တော်ပေးမည့် ငွေပမာဏကို သိလိုသောကြောင့်
ကိုယ်တော်ဘယ်လောက်လဲ အတိအကျပြောပါအုံးဘုရားဟု မေးပြန်တာပေါ့။ ထိုအခါ ကိုယ်တော်က
'ဒကာမနာစေရပါဘူးလို့ဆိုပြန်လေတယ်လေ။ သို့ဖြစ်သဖြင့် မြင်းလှည်းဆရာလဲ ကြေးကို ဆက်မမေးတော့ဘူးပေါ့၊ ဒီလိုနဲ့ ကျောင်းရောက်သွားရော ဒကာကြီးရာ။
ကျောင်းရောသောအခါတွင် ကိုယ်တော်က ဘာမှ မပြော၊ မြင်းလှည်းခလဲ မပေးပဲ ဆင်းသွားလေတော့၊ မြင်းလှည်းဆရာကြီးက
ကိုယ်တော်မြင်းလှည်းခလေး စွန့်ပါအုံးဘုရားဆိုတော့ ကိုယ်တော်က
'ဟာ ဒီ ဒကာနာချင်ပြီးထင်တယ်'လို့ မိန့်လိုက်တော့ မြင်းလှည်းဆရာလဲ မြင်းလှည်းခမရတဲ့အပြင် အရိုက်ခံရမည့်ကိန်းတောင်ကြုံတွေ့နေရလေတော့ တစ်ချိုးတည်း မြင်းလှည်းကို မောင်းပြေးလာရသ
တဲ့ ဒကာကြီးရေ၊ ဒကာကြီးအဖြစ်က အဲဒီလောက်တော့ မဆိုးသေးပါဘူး ဒကာကြီးရာ၊" ဟု ပြောလိုက်သောအခါ ဒကာကြီး ဦးကျောက်လုံးသည် ခွက်ထိုးခွက်လန်ရယ်ကာ
"အဲဒီ ကိုယ်တော်ကလဲ တော်တော်ဆိုးသားပဲ၊ အွန်းပြောသာပြောရ သူပြောတာလဲ ဟုတ်သားပဲ ဒကာမနာစေရပါဘူးတဲ့၊ မြင်းလှည်းခပေးမယ်လို့ ပြောတာမှ မဟုတ်တာ၊ မြင်းလှည်းဆရာကြီးအဖြစ်
နဲ့စာရင် သိန်းဟန်ကို နှိပ်လို့ရတဲ့ ငွေ၂၅၀က မဆိုးသေးပါဘူး၊ ကဲကိုယ်တော်ရေ လိုက်သွားလိုက်ပါမယ်"ဟုဆိုကာ လာခေါ်သော ကလေးနောက်သို့ လိုက်သွားလေတော့သတည်း။
0 comments

Read more...

နဲနဲလေးတော့ လွဲနေတယ် (၁၃) ...

ကုသိုလ်ကောင်းမှုနဲ့ ရက်ကောင်းရက်မြတ်…
တစ်လောက မြန်မာပြည်မှာရှိတဲ့ ရဟန်းဒကာမ တစ်ဦးထံက ဖုန်းဝင်လာပါတယ်။ “ကျန်းမာရေး မကောင်းတဲ့ အမေအတွက် အလှူလုပ်ပေးဖို့ဟာ အလှူလုပ်မယ့်ရက်က ပြဿဒါးရက်ကြီး ဖြစ်နေလို့ အမေတစ်ခုခုဖြစ်မှာ စိုးတဲ့အကြောင်း၊ အဲဒါ ဘယ်နေ့လုပ်သင့်တယ်ဆိုတာ အရှင်ဘုရားဆီက အကြံဉာဏ်တောင်းလိုတဲ့ အကြောင်း” လျှောက်လာပါတယ်။ ဖြစ်မှဖြစ်ရလေ။ ကုသိုလ်လုပ်တာပဲ ပြဿဒါးရက် ဖြစ်နေလို့တဲ့။ လွဲနေတာကို ပြောတာပါ။ “အမေတစ်ခုခုဖြစ်မှာစိုးရင် ဟိုရက်ဒီရက် ရွေးမနေနဲ့ အမေဘာမှ မဖြစ်ခင် အမြန်သာလုပ်ပေးလိုက်”လို့ ဘုန်းဘုန်းက ပြောလိုက်ပါတယ်။ သူတို့ယူဆသလို ကုသိုလ်လုပ်တာတောင် ရက်မကောင်းလို့ ကောင်းတဲ့ရက်ကို စောင့်ရင်း လုပ်ကြမယ်ဆိုရင်တော့ သေမယ့်သူက သေသွားမှဖြင့် ဘာမှကို ရလိုက်ကြမှာ မဟုတ်ပါဘူး။

အဲဒါပါပဲ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ အရိုးစွဲနေတဲ့ အလွဲတွေထဲမှာ ရက်ရာဇာ၊ ပြဿဒါး ရွေးတတ်တဲ့ အလွဲကလည်း ဖျောက်ဖျက်ဖို့ခက်တဲ့ အလွဲတစ်ခုလို ဖြစ်နေတယ်ဆိုတာ။ ကောင်းတဲ့အလုပ်ကို လုပ်တဲ့ဟာကို ဘာများ ရက်ကောင်းရက်မြတ် ရွေးနေစရာ လိုသေးလို့လဲပေါ့။ အဲဒီလို ဟိုရွေးဒီရွေး လုပ်ရင်းနဲ့ တစ်ခါတစ်လေ လုပ်ရမယ့် ကုသိုလ်ကောင်းမှုတွေ မလုပ်ဖြစ်ဘဲ ပျက်ပြယ်သွားကြတာလည်း မနည်းလှပါဘူး။ တစ်ချို့က ကုသိုလ်ကောင်းမှု လုပ်ဖို့သာ ဟိုရက်ဒီရက် ရွေးနေကြတာ။ မကောင်းတာ လုပ်ဖို့ကျတော့ ဘာရက်မှမရွေးဘူး။ အချိန်မရွေး ထလုပ်ဖြစ်နေတတ်ကြပါတယ်။ တကယ်တမ်း ရက်ရာဇာ၊ ပြဿဒါး ပြောကြမယ်ဆိုရင် ကောင်းတာလုပ်တဲ့နေ့ဟာ ရက်ရာဇာနေ့ဖြစ်ပြီး မကောင်းတာလုပ်တဲ့နေ့ဟာ ပြဿဒါးနေ့ပဲ ဖြစ်ပါတယ်။ ရွေးမယ်ဆိုရင်လည်း ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့ အလုပ်ပဲ ရွေးစရာရှိပါတယ်။ ကောင်းတာတွေဖြစ်ချင်ရင်၊ ကောင်းတဲ့ကံတွေ ရောက်လာစေချင်ရင် ကောင်းတာတွေကို ရွေးလုပ်ဖို့ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓအလိုတော်အရ ပြောရမယ်ဆိုရင်တော့ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ၊ ကောင်းတဲ့အချိန်အခါ စတာတွေဆိုတာဟာ ကောင်းတဲ့သုစရိုက်အလုပ်၊ ကောင်းတဲ့ကုသိုလ် အလုပ်တွေလုပ်နေတဲ့ အချိန်အခါတွေပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီထက် အသေးစိပ် ပြောရမယ်ဆိုရင် ကောင်းတဲ့ကာယကံ အမှု၊ ကောင်းတဲ့ဝစီကံအမှု၊ ကောင်းတဲ့ မနောကံအမှုတွေနဲ့ နေနေတဲ့ အချိန်အခါတွေဟာ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ၊ ကောင်းတဲ့ ရက်ရာဇာတွေနဲ့ နေနေတဲ့ အချိန်အခါများပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းတဲ့ရက်၊ ကောင်းတဲ့အချိန် စသဖြင့် ရွေးမယ်ဆိုရင် ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတွေကို ကောင်းတဲ့အလုပ်တွေနဲ့ နေနိုင်အောင် ကြိုးစားရင်း ရွေးချယ်ကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက ကောင်းတဲ့အလုပ်ကို လုပ်တဲ့အခါတွေဟာ ကောင်းတဲ့အခါ၊ ကောင်းတဲ့ရက်ကောင်း ရက်မြတ်များ ဖြစ်တဲ့အတွက် အချိန်မရွေး၊ နေရာမရွေး လုပ်ဖို့လိုကြောင်းနဲ့ မကောင်းတဲ့အလုပ် လုပ်နေတဲ့အခါတွေဟာ ဘယ်လိုအချိန်၊ ဘယ်လိုရက်မျိုးမှာ ရွေးပြီးလုပ်လုပ် မကောင်းတဲ့ ပြဿဒါးများပဲ ဖြစ်နေမှာဖြစ်လို့ အချိန်မရွေး၊ နေရာမရွေး မလုပ်ဘဲ နေနိုင်အောင် ကြိုးစားဖို့လိုကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။ ကောင်းမှုကုသိုလ်မှာ ပြဿဒါးဆိုတာ မရှိသလို မကောင်းမှု အကုသိုလ်မှာလည်း ရက်ရာဇာဆိုတာ မရှိတဲ့အတွက် ရက်ရာဇာ၊ ပြဿဒါးဆိုတာတွေဟာ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်လုပ်ကိုင်မှုများသာ ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ ကိုယ်က အမြဲရက်ရာဇာတွေပဲ ဖြစ်ချင်တယ်ဆိုရင် ကောင်းတာတွေကို လုပ်နေဖို့လိုပြီး ရက်ကောင်းရက်မြတ်တွေ မလိုချင်ဘူးဆိုရင်တော့ မကောင်းတဲ့အလုပ်တွေနဲ့ နေလိုကနေနိုင်ကြောင်းနဲ့ အရာရာမှာ ကိုယ့်ရဲ့ရွေးချယ်မှုသာ အဓိကကျတယ်ဆိုတာ သဘောပေါက်စေလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘာလေးပဲ ဖြစ်ဖြစ် ရွေးချယ်လိုက်ရမှ ကျေနပ်ကြ၊ လောကဓာတ် နည်းလေးနဲ့မှ ယုံကြည်မှု ရှိတတ်ကြတဲ့ မြန်မာဗုဒ္ဓဘာသာများ အနေနဲ့ ကောင်းမှုကုသိုလ် ပြုတာဟာ ဟိုရက်ဒီရက်၊ ဟိုအချိန်ဒီအချိန် ရွေးချယ်ရမယ့် အရာတွေ မဟုတ်တဲ့အတွက် အချိန်မရွေး၊ နေရာမရွေး လုပ်နိုင်အောင် ကြိုးစားကြဖို့နဲ့ မကောင်းမှု အကုသိုလ်ကတော့ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ လုပ်လုပ် လုပ်နေချိန်တွေဟာ မကောင်းတဲ့ ပြဿဒါးတွေ ဖြစ်နေတဲ့အတွက် အချိန်နေရာ စတာတွေကို ရွေးလို့ရသလောက်ရွေး၊ ရွေ့လို့ရသလောက် ရွေ့ပြီး တဖြည်းဖြည်းနဲ့ မလုပ်ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း အရွေးအချယ် လွဲနေကြတာတွေကို သတိပြု ဆင်ခြင်နိုင်ဖို့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP