* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, September 30, 2010

ဗုဒ္ဓ၀ါဒရှု့ထောင့်မှ လူ့ သဘာဝနှင့်ပဋိပက္ခ (၄)




(၆) လူသားနှင့်လူ့အဖွဲ့အစည်းကို ငရဲတွင်ကျခံစေသော ပဋိပက္ခ၏အပြစ်

ဗုဒ္ဓ၀ါဒီများအမြင်မှ ပဋိပက္ခက လူသားနှင့်လူ့အဖွဲ့အစည်းကို ငရဲတွင်ကျခံစေခြင်း အကြောင်းများစွာ ရှိပါတယ်။

(က) စိတ်ပိုင်းဆိုင်ရာ ချိန်ခွင်လျာ ဆုံးရှုံးခြင်း။ ။ မြတ်ဗုဒ္ဓက မကြာခဏ မိန့်ကြားသည်မှာ - ခံပြင်းစိတ်ဟာ ခိုက်ရန်ဖြစ်ခြင်းမှ လာတယ် - ဆိုတာ ဖြစ်ပါတယ်။ ဒီစကားများကို ခွဲခြားဝေဖန်တဲ့အခါ - အငြင်းပွါးမှုက အကောင်းဆုံး ဖြေရှင်းမှုကို တွေ့ရှိခြင်းမှ လူသားသတ္တ၀ါများကို တားဆီးတယ် - ဆိုတာ အကြံပြုထားတာကို တွေ့မြင်နိုင်ပါတယ်။ အကျိုးဆက်အဖြစ် သူတို့ရဲ့စိတ်ဟာ ဟန်ချက်ညီညီ ဆုံးရှုံးပါလိမ့်မယ်။ အကြောင်းကတော့ ခံပြင်းစိတ်ဟာ သူတို့ကို မွှန်းထူသွားစေပြီး ပူးဝင်သွားလို့ပါ။ သူတို့ကိုယ်ကိုယ်သူတို့ ထိန်းချုပ်မထားနိုင်တဲ့ အခါမှာတော့ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါတယ်။ ဤဖြစ်စဉ်မှာ သဘိယထေရ်ရဲ့ ဒီစကားဖြင့် ကောက်ချက်ချကြည့်သင့်ပါတယ်။

“ လူအများက ဤကမ္ဘာတွင် သူတို့ဟာ ပြိုလဲပျက်စီးခြင်းအဆုံးသို့ လာနေတယ်ဆိုတာကို သဘောမပေါက်ပါ။ ဒါပေမယ့် ဤအချက်တွင် ဗဟုသုတရှိပြီးသော သူတို့က ထိုနည်းဖြင့် ပဋိပက္ခကို ရပ်စဲပြီးပြီ။ သို့သော်လည်း မသိမိုက်မဲသူများက ထာဝရ တည်နေကြတော့မည်ကဲ့သို့ ပြုမူကြတဲ့အခါ ဓမ္မကို ကောင်းစွာနားလည်သူများကတော့ နာကျင်နေသူများအကြား နာကျင်မှုများမှ ကင်းဝေးနေကြတယ်။”

ဒီဖော်ပြချက်အရ ပဋိပက္ခကို ကိုင်တွယ်ရန် စွမ်းရည်မရှိတဲ့အခါ ဤအရာများက စိတ်ပိုင်းဆိုင်ရာချိန်ခွင်လျာနှင့်ပတ်သက်၍ ဆုံးရှုံးမှုဆီသို့ ဦးတည်သည်သာမက လူ့အဖွဲ့အစည်း၏ညီညွတ်ခြင်းကိုလည်း ဖျက်ဆီးရန် ဦးတည်နိုင်ပါတယ်။ ဒီဖြစ်စဉ်မှ မြတ်ဗုဒ္ဓက “လူအများဟာ ခိုက်ရန်ဖြစ်ခြင်းမှ ထိန်းသိမ်းသင့်၊ ရှောင်ရှားသင့်ပြီး ခိုက်ရန်ဖြစ်ခြင်းထဲသို့ မပါဝင်သင့်။ အဲဒီနောက် ခံပြင်းစိတ်မှ သူတို့ရဲ့စိတ်ကို လွတ်မြောက်စေသင့်တယ်” ဆိုတာကို ကောက်ချက်ချပါတယ်။





(ခ) ဥစ္စာပစ္စည်း ဆုံးရှုံးခြင်း။ ။ ခုဒ္ဒကနိကာယအရ- ကန်ထဲတွင် ငါးတစ်ကောင်ကို ဖမ်းမိတဲ့ ဖျံနှစ်ကောင်ဟာ အဲဒီငါးကို ခွဲမဝေနိုင်ကြပါဘူး။ သူတို့ဟာ အချိန်များစွာ တစ်ကောင်နဲ့တစ်ကောင် ငြင်းခုံကြပါတယ်။ အဲဒီနောက် မြေခွေးတစ်ကောင်ဟာ သူတို့ထံသို့ ချဉ်းကပ်လာပါတယ်။ သူတို့ဟာ တရားမျှတစွာ ငါးကို ခွဲဝေပေးရန် မြေခွေးကို တောင်းပန်ခဲ့ပါတယ်။ ဒီအခါ မြေခွေးက ခေါင်းကို သူတို့အထဲက တစ်ကောင်ကို ပေးပြီး အမြီးကို ကျန်တဲ့အခြားတစ်ကောင်ကို ပေးပါတယ်။ ငါးရဲ့အဓိကအစိတ်အပိုင်းကိုတော့ မြေခွေးက သူ့ဇနီးအတွက် သူ့နေရာသို့ သယ်ဆောင်သွားပါတော့တယ်။

အကျိုးဆက်အဖြစ် ဖျံနှစ်ကောင်ဟာ “ ငါတို့ ပဋိပက္ခမဖြစ်ခဲ့ကြယင် ငါးရဲ့အဓိကအစိတ်အပိုင်းကို အချိန်ကြာမြင့်စွာ ငါတို့ စားကြရလိမ့်မယ်။ ဒါပေမယ့် ငါတို့ ရန်ဖြစ်နေတဲ့အတွက် မြေခွေးဟာ ငါးရဲ့အဓိကအသားကို ယူဆောင်သွားတယ်” ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်လာခဲ့ပါတယ်။ မြတ်ဗုဒ္ဓက “ ဤကမ္ဘာတွင် လူသားများအနက် ငြင်းခုံခိုက်ရန်ဖြစ်နေတဲ့သူများဟာ ဖြေရှင်းမှုကို တွေ့မြင်ရန်အလို့ငှါ ရှေးဦးစွာ အကဲဖြတ် တရားသူကြီးထံ သွားပါလိမ့်မယ်။ အဲဒီနောက် သူတို့ဟာ သူတို့ရဲ့ပိုင်ဆိုင်မှုများ ဆုံးရှုံးပါလိမ့်မယ်” ဆိုတာကို ကောက်ချက်ချပါတယ်။





(ဂ) လူ့အဖွဲ့အစည်းအတွင်း စေ့စပ်ညှိနိုင်းမှု ဆုံးရှုံးခြင်း။ ။ တစ်ဦးချင်းအလိုက်နှင့်လူမှုရေး ဆင်းရဲဒုက္ခများကို ဖယ်ရှားရန်အတွက် အထူးသဖြင့် ပဋိပက္ခကို ကိုင်တွယ်ခြင်းကိစ္စတွင် စံနမူနာတစ်ခုအဖြစ် ဖြည့်ဆည်းပေးရန် မြတ်ဗုဒ္ဓက သံဃာ့အဖွဲ့အစည်းကို ပုံစံထုတ်လုပ်ပါတယ်။

အမှန်စင်စစ် မြတ်ဗုဒ္ဓက ရှင်းလင်းပြတ်သားစွာ သံဃာကို အလေးအနက်ပြုထားပါတယ်။ ဒေ၀ဒတ်လို ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က သံဃာ့အဖွဲ့အစည်းအတွင်း ဖျက်ဆီးရန် ကြိုးစား၍ရခဲ့သည့်တိုင် သူ၏အပြုအမူဟာ ဓမ္မ(အနန္တရာယိကမ္မနှင့် ၀ိနယ) နှင့်အညီ မှားယွင်းမှုတစ်ခု ဖြစ်ပါတယ်။ ဤအရာဟာ “သုခါ သံဃဿ သာမဂ္ဂီ” အုပ်စုနှစ်စုကြားထဲတွင် ညီညွတ်မှုသည် ပျော်ရွှင်မှု၏ရင်းမြစ်ဖြစ်ပါတယ်-ဆိုတဲ့ မြတ်ဗုဒ္ဓ၏ပြောဆိုချက်များအတွက် အထူးသဖြင့် အားကောင်းသောအကြောင်းပြချက်တစ်ခု ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက စေ့စပ်ညှိနှိုင်းမှုဆိုင်ရာအဖွဲ့အစည်းနှင့် ကောင်းသောအပြုအမူတွင် ကူညီထောက်ပံ့သူအဖြစ် သံဃာကို တည်ထောင်ရန် ကြိုးစားခဲ့ပါတယ်။ မြတ်ဗုဒ္ဓက မှားယွင်းသောအမြင်အဖြစ် ခိုက်ရန်ဖြစ်ခြင်း၏အန္တရာယ်ကို ထုတ်ဖော်ပြောဆိုပါတယ်။ ဥစ္စာ၊ ရာထူး၊ ဂုဏ်သတင်း၊ ပျော်ရွှင်မှုအသီးသီးဖြစ်တဲ့ ကမ္ဘာလောကရဲ့ အရာဝတ္ထုများကို ရရှိရန် အောင်မြင်ရန် အလိုဆန္ဒရှိခဲ့ပါတယ်။ လူအများဟာ ဒါကို သိမြင်နားလည်တဲ့အချိန် ခိုက်ရန်ဖြစ်ခြင်းမှ ဝေးကွာသင့်၊ ရှောင်ရှားသင့်ပါတယ်။

အကျုဉ်းချုပ်ရလျင် ငြင်းခုံခြင်းနှင့် ခိုက်ရန်ဖြစ်ခြင်း၏ အပြစ်များက အနုတ်လက္ခဏာဆောင်သော ကဏ္ဍ ၅-ခု ကို ဖြစ်စေပါတယ်။ ၄င်းအရာများကတော့ ဥစ္စာဆုံးရှုံးခြင်း၊ အချိန်ကုန်ခြင်း၊ ခံစားမှုကုန်ဆုံးခြင်း၊ အခွင့်အရေးဆုံးရှုံးခြင်းနှင့် သူငယ်ချင်းများဆုံးရှုံးခြင်းတို့ ဖြစ်ပါတယ်။

Read more...

ကမ္မဋ္ဌာန်းပိုင်း (၃)

ကသိုဏ်း ၁၀-ပါး၏ အစွမ်းသတ္တိ

ပထဝီကသိဏ၊ စွမ်းဗလကြောင့်
ဧက ဗဟု၊ ဗဟု ဧက
စသည်ဖြစ်ချင်
ကောင်းကင်ရေတွင်း၊ မြေဖန်ဆင်း၍
သွားခြင်းထိုင်လျောင်း
ရကောင်း အဘိပါ၊ စစွာသဘော
ပြီးကြောင်း ဟော၏။

ပထဝီကသိုဏ်း၏ အစွမ်းသတ္တိ အကျိုးများမှာ တစ်ယောက်တည်းကနေ အများဖြစ်အောင် ဖန်ဆင်းခြင်း၊ အများကနေ တစ်ယောက်ဖြစ်အောင် ဖန်ဆင်းခြင်း၊ ကောင်းကင်ပေါ်၌ မြေကြီး, ရေထဲ၌ မြေကြီး ဖန်ဆင်းပြီး သွား,ထိုင်,ရပ်နိုင်ခြင်းတို့ကို နိုင်နိုင်နင်းနင်း ပွားများ ပြုလုပ်နိုင်၏။

အာပေါစွမ်းအင်၊ မြေတွင်ပေါ်လျှိုး
မိုးသမုဒ်မြစ်၊ ဖြစ်စေဖောင်ဖောင်
မြေတောင်ပြာသာဒ်၊ လှုပ်လတ်စေမော
ရေလျှံပြော၏။

အာပေါကသိုဏ်းဝင်စားပြီး မြေတွင် လျှိုးဝင်နိုင်ခြင်း၊ မိုးဖန်ဆင်းနိုင်ခြင်း၊ မြစ်ကြီးဖန်ဆင်းနိုင်ခြင်း၊ သမုဒ္ဒရာဖန်ဆင်းနိုင်ခြင်း၊ မြေကြီး, တောင်, ပြာသာဒ်တို့ကို လှုပ်ရှားစေနိုင်ခြင်းတို့ကို ပြုလုပ်နိုင်၏။

တေဇောလျှံခိုး၊ မီးကျဉ်းမိုးတည့်
သူ့တန်ခိုးကို၊ နှိမ်ချိုးနိုင်လေ
ဝတ္ထုတွေတွင်၊ လောင်ချင်စေရာ
ဒိဗ္ဗာစက္ခု၊ အလင်းပြုလတ်
တေဇောဓာတ်လောင်၊ မိုက်မှောင်ပယ်လျော

တေဇောကသိုဏ်းဝင်စားပြီး မီးကျည်းမိုးရွာအောင် အလျှံအခိုးများ ဖြစ်ပေါ်အောင် ဖန်ဆင်းနိုင်၏။ တစ်ဖက်သား၏ တန်ခိုးကို ချိုးနှိမ်နိုင်၏။ ပစ္စည်းအမျိုးမျိုးရှိသည်အနက် လောင်စေချင်သော ပစ္စည်းကို မီးလောင်အောင် ပြုလုပ်နိုင်၏။ ဒိဗ္ဗစက္ခုအဘိညာဏ်အတွက် အလင်းရောင်ဖြစ်အောင် ဖန်ဆင်းနိုင်၏။ သေပြီး ကျန်ရစ်သော ရုပ်အလောင်းကို အလိုလို မီးလောင်စေနိုင်၏။ အမိုက်တိုက်ကို ပယ်နိုင်၏။

ဝါယောစွမ်းမှာ၊ လျင်စွာလေမျှ
မုန်တိုင်းထစေ၊ ရောက်လေလိုရာ

ဝါယောကသိုဏ်း၏ အစွမ်းဖြင့် လေတိုက်အောင်၊ မုန်တိုင်းဖြစ်အောင်၊ လိုရာရောက်အောင် ပြုလုပ်နိုင်၏။

နီလာကသိုဏ်း၊ ညိုမှိုင်းအဆင်း
မိုက်စေခြင်းတည့်
အဘိဘာယတန၊ သုဘဝိမောက္ခာ
ရလေရာ၏

နီလကသိုဏ်းဖြင့် အမှိုက်မှောင်ကြီးကို ဖြစ်စေနိုင်၏။ အားကောင်းသော ဈာန်များကိုလည်း ရစေနိုင်၏။

ပီတာ ရွှေဆင်း၊ ရွှေဖန်ဆင်း၏
ရခြင်းအဘိဘာ၊ သုဘဝိမောက္ခာ
ရလေရာ၏

ပီတကသိုဏ်းဖြင့် အဝါရောင်, ရွှေရောင် ဖန်ဆင်းနိုင်၏။ အားကောင်းသော အထက်ဈာန်များကိုလည်း ရစေနိုင်၏။

လောဟိတစွမ်းအင်၊ နီလွင်ဖန်ဆင်း
ရခြင်းအဘိဘာ၊ သုဘဝိမောက္ခာ
ရလေရာ၏

လောဟိတကသိုဏ်းဝင်စားပြီး အနီရောင် ဖန်ဆင်းနိုင်၏။ အားကောင်းသော အထက်ဈာန်များကိုလည်း ရစေနိုင်၏။

သြဒါတမူ၊ ဖြူရောင်ဖန်ဆင်း
ကင်းဝေးမျည်းငိုက်၊ မှောင်မိုက်ပျောက်ထ
ဒိဗ္ဗစက္ခု၊ ရှုဖို့အလင်း
ပြုခြင်းစွမ်းထ

သြဒါတကသိုဏ်းဖြင့် အဖြူရောင် ဖန်ဆင်းနိုင်၏။ အိပ်ချင်မှုကို, အမှောင် ပယ်ဖျောက်နိုင်၏။ ဒိဗ္ဗစက္ခု ရှုရန် အလင်းရောင် ဖြစ်ေ၏။

အာလောကလည်း၊ တောက်ပရောင်ဆင်း
ကင်းဝေးမျည်းငိုက်၊ မှောင်မိုက်ပျောက်ထ
ဒိဗ္ဗစက္ခု၊ ရှုဖို့အထင်း
ပြုခြင်းစွမ်းထ

အာလောကကသိုဏ်းမှာ သြဒါတနှင့် ဆင်၏။ အရောင်အဆင်း ဖန်ဆင်းနိုင်၏။ ဒိဗ္ဗစက္ခုအတွက် အလင်းရောင် ဖြစ်စေ၏။

အာကာသဝယ်၊ ပိတ်ကွယ်ခွာဟင်း
ရေမြေတွင်း၌၊ ဖန်ဆင်းကောင်းကင်
ပြုပြင်ယာပိုတ်၊ မခိုက်မငြိ
တိလောကုတ္တ၊ စသည်ကွယ်ခြား
သွားနိုင်ငြားသည်၊ ဆယ်ပါး ကသိုဏ်းသတ္တိတည်း။

အာကာသကသိုဏ်းဖြင့် မြေကြီးထဲလျှိုးပြီး စင်္ကြန်လျှောက်နိုင်၏။ အာကာသထဲ, ရေထဲ နေရာဖန်ဆင်းပြီး လမ်းလျှောက်နိုင်၏။ နံရံထဲ နေရာကွက်လပ်ဖန်ဆင်းပြီး ဖြတ်သွားနိုင်၏။

ဤကား ကသိုဏ်း ၁၀-ပါး၏ အစွမ်းသတ္တိများ ဖြစ်၏။

+++++

ကာယဂတာသတိအားထုတ်နည်း

ကာယဂတာသတိမှာ ဆံပင်စသော ၃၂-ပါးသော ကောဋ္ဌာသကို အဆင်းအားဖြင့် ရွံဖွယ်၊ အနံ့အားဖြင့် ရွံဖွယ်၊ သဏ္ဍာန်အားဖြင့် ရွံဖွယ်ဟု အမျိုးမျိုး ရွံဖွယ် မြင်အောင် ရှုမှတ်ခြင်း ဖြစ်၏။

၃၂-ကောဋ္ဌာသကို အုပ်စုများ ခွဲထား၏။

တစပဉ္စက

ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။

ဝက္ကပဉ္စက

မံသံ၊ နှာရု၊ အဋ္ဌိ၊ အဋ္ဌိမိဉ္ဇံ၊ ဝက္ကံ။

ပပ္ဖါသပဉ္စက

ဟဒယံ၊ ယကနံ၊ ကိလောမကံ၊ ပိဟကံ၊ ပပ္ဖါသံ။

မတ္ထလုင်္ဂံပဉ္စက

အန္တ၊ အန္တဂုဏံ၊ ဥဒရိယံ၊ ကရီသံ၊ မတ္ထလုင်္ဂံ။

မေဒဆက္က

ပိတ္တံ၊ သေမှံ၊ ပုဗ္ဗော၊ လောဟိတံ၊ သေဒေါ၊ မေဒေါ။

မုတ္တဆက္က

အဿု၊ ဝသာ၊ ခေဠော၊ သိင်္ဃာဏိကာ၊ လသိကာ၊ မုတ္တံ။

စာ၌ လာရှိသည်မှာ ဤ ၃၂-ကောဋ္ဌာသကို ပထမ ပါးစပ်ဖြင့်(နှုတ်ဖြင့်) ရွတ်ဆိုရ၏။
ထိုနောက် စိတ်ဖြင့် ရွတ်ဆိုရ၏။
ထိုနောက် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ သဏ္ဍာန်အားဖြင့်လည်းကောင်း ရွံဖွယ်ဖြစ်အောင် ရှုရ၏။

ရွတ်နည်း

ပထမ ၅-ရက်၌ အနုလုံအားဖြင့် “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော”ဟု မပြတ် ရွတ်ရ၏။

ဒုတိယ ၅-ရက်၌ ပဋိလုံအားဖြင့် “တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ”ဟု မပြတ် ရွတ်ရ၏။

နောက် ၅-ရက်၌ အနုလုံပဋိလုံအားဖြင့် “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ”ဟု မပြတ် ရွတ်ဆိုရ၏။

ပထမအုပ်စုအတွက် ၁၅-ရက် ကြာ၏။

ထိုနောက် ဝက္ကပဉ္စကအတွက် အနုလုံ၊ ပဋိလုံ၊ အနုလုံပဋိလုံ ၁၅-ရက် ရွတ်ဆိုရ၏။
ထိုနောက် တစပဉ္စကနှင့် ဝက္ကပဉ္စက ၂-ခုပေါင်း “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ မံသံ၊ နှာရုံ၊ အဋ္ဌိ၊ အဋ္ဌိမိဉ္ဇံ၊ ဝက္ကံ” ၁၀-ပါးကို အနုလုံ၊ ပဋိလုံ၊ အနုလုံပဋိလုံ ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် ပပ္ဖါသာပဉ္စကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက ၃-ခုပေါင်း ၁၅-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် မတ္ထလုင်္ဂံပဉ္စကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက၊ မတ္ထလုင်္ဂံပဉ္စက ၄-ခုပေါင်း ၂၀-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် မေဒဆက္ကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက၊ မတ္ထလုင်္ဂံပဉ္စက၊ မေဒဆက္က ၅-ခုပေါင်း ၂၆-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် မုတ္တဆက္ကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက၊ မတ္ထလုင်္ဂံပဉ္စက၊ မေဒဆက္က၊ မုတ္တဆက္က ၆-ခုပေါင်း ၃၂-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ဤသို့ နှုတ်အားဖြင့် ၅-လခွဲ ရွတ်ဆိုရကြောင်း သမ္မောအဋ္ဌကထာ၌ ပြဆိုထား၏။
ထိုနောက် ဤနည်းအတိုင်း စိတ်နှင့် ရွတ်ဆိုရပြန်၏။
ပြီးမှ အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ သဏ္ဍာန်အားဖြင့်လည်းကောင်း၊ အရပ်ဒေသအားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ အပိုင်းအခြားအားဖြင့်လည်းကောင်း ရွံဖွယ်ကို ရှုရ၏။

+++++

ဝိပဿနာကမ္မဋ္ဌာန်း

ဝိပဿနာကမ္မဋ္ဌာန်း၌ ဝိသုဒ္ဓိ ၇-ပါး၊ လက္ခဏာ ၃-ပါး၊ အနုပဿနာ ၃-ပါး၊ ဉာဏ် ၁၀-ပါး၊ ဝိမောက္ခ ၃-ပါး၊ ဝိမောက္ခမုခ ၃-ပါးဟု လာရှိ၏။

ဝိသုဒ္ဓိ ၇-ပါး

ဝိပဿနာအားထုတ်ရာတွင် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။

ဝိသုဒ္ဓိ ၇-ပါးမှာ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၊ ဉာဏဒဿနဝိသုဒ္ဓိ ဟူ၍ ဖြစ်၏။

(၁) သီလဝိသုဒ္ဓိ

သီလဝိသုဒ္ဓိဆိုသည်မှာ သီလစင်ကြယ်ခြင်း ဖြစ်၏။
ရဟန်းတို့၌ စတုပါရိသုဒ္ဓိသီလ၊ လူတို့၌ ၅-ပါး, ၈-ပါး, ၁၀-ပါး သီလ စင်ကြယ်အောင် စောင့်ထိန်းရ၏။

(၂) စိတ္တဝိသုဒ္ဓိ

စိတ္တဝိသုဒ္ဓိမှာ စိတ်၏ စင်ကြယ်မှုကို ဆို၏။
စိတ်၏ စင်ကြယ်မှု ဆိုသည်မှာလည်း ဥပစာရသမာဓိ(ကသိုဏ်းနိမိတ် စိတ်ထဲ မြင်လာချိန်)၊ အပ္ပနာသမာဓိ(ဈာန်သမာဓိ)ဖြစ်ခြင်းကို ခေါ်၏။

ဝိပဿနာယာနိကဖြင့် တရားအားထုတ်သူတို့အတွက် ခဏိကသမာဓိသည် ဥပစာရသမာဓိနှင့် အလားတူ၏။
ဥပစာရသမာဓိသည် နီဝရဏတို့၏ တုန်လှုပ်ချောက်ချားမှုကို ခံနိုင်ရည် ရှိ၏။ ခိုင်မြဲ၏။ ထို့အတူ ဝိပဿနာခဏိကသမာဓိသည်လည်း ခိုင်မြဲ၏။ ထိုကဲ့သို့ ဝိပဿနာခဏိကသမာဓိဖြစ်က ဝိပဿနာမှာ စိတ္တဝိသုဒ္ဓိဖြစ်ပြီဟု ဆိုရ၏။

(၃) ဒိဋ္ဌိဝိသုဒ္ဓိ

မှားသော အယူများ၏ စင်ကြယ်ခြင်းကို ဒိဋ္ဌိဝိသုဒ္ဓိဟု ခေါ်၏။

မှားသောအယူဆိုသည်မှာ အတ္တရှိသည်ဟု ယူခြင်းမျိုး၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး ယောက်ျားမိန်းမရှိသည်ဟု ယူခြင်းမျိုး၊ မြဲသည်ဟု ယူခြင်းမျိုး စသည် ဖြစ်၏။

ပရမတ္ထတရားတို့ကို လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့အားဖြင့် သိရ၏။

လက္ခဏာ = အမှတ်အသား
ရသ = ပြုလုပ်သောကိစ္စ၊ အကြောင်းစုံညီ၍ ဖြစ်ပုံ
ပစ္စုပဋ္ဌာန် = ဉာဏ်ထဲပေါ်လာသော အခြင်းအရာ
ပဒဋ္ဌာန် = နီးစွာသော အကြောင်း

သမာဓိအရှိန်ရလာပြီး စိတ္တဝိသုဒ္ဓိဖြစ်လာပြီးနောက် မှတ်စရာ အာရုံများကို ရှုမှတ် ရှုမှတ်သောအခါ အမှတ်ခံအာရုံ၏ သဘောတရား၊ လက္ခဏာ သို့မဟုတ် ရသ သို့မဟုတ် ပစ္စုပဋ္ဌာန်ကို အလိုလို မြင်လာ သိလာ၏။

မဟာစည်ဆရာတော်ဘုရားကြီးက လျှပ်စီးလက်သောအခါကို မြင်လိုက်ခြင်းဖြင့် ဥပမာပေး၏။
လျှပ်စီး၏ လက္ခဏာ=လင်းသွားခြင်း၊ ရသ=အမှောင်ဖျောက်ခြင်း၊ ပစ္စုပဋ္ဌာန်=ဖြောင့်ဖြောင့် သို့မဟုတ် ကောက်ကောက် မြင်လိုက်ရသော ပုံသဏ္ဍာန် အခြင်းအရာ စသည်ကို မေးမြန်းလျှင် သိချင်မှ သိမည်ဖြစ်ပြီး၊ လျှပ်စီးလက်ခြင်းကိုသာ သိမည် ဖြစ်၏။
ထို့အတူ ရုပ်နာမ်တို့၏ ဖြစ်ပျက်သော အခိုက်အတန့်၊ ရုပ်နာမ်တို့၏ သဘောတရားကို မြင်သိ၏။

ဤဒိဋ္ဌိဝိသုဒ္ဓိ၌ နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်၏။

(၄) ကင်္ခါဝိတရဏဝိသုဒ္ဓိ

နောက်ဘဝက ဖြစ်ဖူးသလား၊ ရှေ့ဘဝကော ဖြစ်ဦးမှာလား .. စသည့် ယုံမှားမှု ၁၆-မျိုး ကင်းသောအဖြစ်ဖြင့် စင်ကြယ်ခြင်းကို ကင်္ခါဝိတရဏဝိသုဒ္ဓိဟု ခေါ်၏။

ရုပ်နာမ်တို့ကို ခွဲခြား မြင်လာပြီးနောက် ရုပ်နာမ်တို့၏ ဖြစ်ခြင်းအကြောင်းကိုပါ မြင်လာ၏။ မြင်စရာအာရုံ၊ မျက်စိ စသည်ကြောင့် မြင်ခြင်းဖြစ်ကြောင်း သိလာ၏။ မှတ်စရာအာရုံ ရှိ၍ မှတ်သိသော စိတ်ဖြစ်ကြောင်း သိလာ၏။ အကြောင်းအကျိုး ဆက်သွယ်မှုကို သိမြင်လာ၏။ “ငါ .. ဒီဘဝမှာ ရှိနေခြင်းသည် နောက်က အကြောင်းတစ်ခု ရှိခဲ့၍သာ ဖြစ်၏။ မဂ်ဖိုလ်မရသေးသမျှ ဘဝများစွာ ဆက်နေရဦးမည်”ဟု အကြောင်းအကျိုး ဆက်စပ်ပြီး မြင်လာ၏။ ယုံမှားမှုတို့ ကင်းကုန်၏။

ကင်္ခါဝိတရဏဝိသုဒ္ဓိသို့ ရောက်က သောတာပန်အငယ်စား (စူဠသောတာပန်)ဟု ခေါ်၏။
ကင်္ခါဝိတရဏဝိသုဒ္ဓိအဆင့်သို့ ရောက်ပြီး ထိုအဆင့်မှ ပြန်မလျောကျဘဲ တရားအားထုတ်မြဲ တရားအားထုတ်ပြီး သေလျှင် အပါယ်သို့မကျ ဂတိမြဲ၏ ဆို၏။

ဤကင်္ခါဝိတရဏဝိသုဒ္ဓိကို ဝိပဿနာဉာဏ်အားဖြင့် ပစ္စယပဋိဂ္ဂဟဉာဏ်(အကြောင်းအကျိုးဆက်စပ်မှုကို ရှုဆင်ခြင် သိမြင်သောဉာဏ်)ဟု ခေါ်၏။

(၅) မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

အကြောင်းအကျိုး ဆက်စပ်မှုကို သိမြင်လာပြီးနောက် ရုပ်နာမ်တရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိမြင်သောဉာဏ် ပေါ်၏။

ရုပ်နာမ်တို့၏ ဖြစ်ပြီးပျောက်သွားခြင်း အနိစ္စ၊ ဖြစ်ပျက်နှိပ်စက်မှုကို ခံရ၍ ဆင်းရဲခြင်း ဒုက္ခ၊ အတ္တမဟုတ် အနှစ်သာရမရှိ အလိုမလိုက်သော အနတ္တတို့ကို သိမြင်လာတော့၏။

ရုပ်ရှုရှု နာမ်ရှုရှု အနိစ္စ, ဒုက္ခ, အနတ္တသဘောတရားကို သိမြင်လာ၏။ ဤဉာဏ်ကို သမ္မသနဉာဏ်(ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်စေသော ဉာဏ်)ဟု ခေါ်၏။

သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏။
ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ သြဘာသ, ပီတိ စသည့် ဝိပဿနာ၏ အညစ်အကြေးများ ဖြစ်ပေါ်လာတတ်ပြီး မဂ်ရပြီဟု အထင်မှားမှု ဖြစ်တတ်၏။

ထိုသို့ အထင်မှားခြင်းကို ဤကား မဂ်မဟုတ်သေးဟု ပိုင်းခြား ဆုံးဖြတ်နိုင်သော သဘောသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++

အဘိဓမ္မာသင်တန်းပြီးနောက် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို ပြုလုပ်ရာ အရှင်ဝိမလက “ဂင်္ဂါလို စိတ်ထား”တရားတော်ကို ဟောကြား ချီးမြှင့်၏။



+++++

Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၆)

ကျွန်ုပ်တွေ့သော စိတ်သဘာဝ (၈)

တရားအားထုတ်ရာ၌ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်နှင့် သမ္မာသင်္ကပ္ပတို့၏ အရေးကြီးပုံ

ကျွန်ုပ်အားထုတ်ပြီး အားထုတ်ဆဲဖြစ်သော ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းသည် ဗုဒ္ဓဟောတော်မူခဲ့သည့် ၀ိပဿနာရှုနည်းပင်ဖြစ်သော်လည်း အခြားသောနည်းများနှင့် ခြားနားချက်ကြီးတစ်ခု ရှိခြင်းကို တင်ပြရပေဦးမည်။

များစွာသော ၀ိပဿနာ ဆရာ့ ဆရာတော်များက စိတ်သည်နှစ်ခု တပြိုင်တည်းမဖြစ်နိုင်၊ တစ်ခုပြီးမှ တစ်ခုဖြစ်ရသည်။ မိမိ၏စိတ်ကို မိမိသိသည်ဆိုရာ၌ ရှေ့ စိတ်ကို နောက်စိတ်ကသိခြင်းသာ ဖြစ်ရမည်။ ဥပမာ တစ်စုံတစ်ခုကို ကိုင်ချင်သောအခါ၌ ကိုင်ချင်သောစိတ် ဖြစ်ပေါ်လာခြင်းကို လူသာမန်တို့မသိလိုက်ဘဲ၊ ရှုမှတ်သောယောဂီတို့ သည်သာလျှင်သိရသည်။ သို့ရာတွင် ကိုင်ချင်သောစိတ်က ရှေ့ မှဖြစ်သွားခြင်းကို နောက်စိတ်က လိုက်၍ သိခြင်းဖြစ်သည်ဟု ပြောဟောပြခြင်းကို ကြားနာရဖူး၏။ စိတ်နှစ်ခု တပြိုင်နက်တည်း မဖြစ်နိုင်ခြင်းကိုလည်း ၀န်ခံ၍ သူ့နည်းနှင့်သူ မှန်ကန်ခြင်းကိုလည်း ၀န်ခံရပေမည်။ သို့ရာတွင် ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းမူ၌ ရှေ့ ဆင့်နောက်ဆင့် မဟုတ်ဘဲ တပြိုင်နက်တည်းကဲ့သို့ ဖြစ်ပေါ်ရသော အခြင်းအရာကို တင်ပြလိုပါသည်။

ဧကုပ္ပာဒ ဧကနိရောဓ

ရှင်းဦးအံ့။
စိတ်နှစ်ခု တပြိုင်နက်တည်း မဖြစ်နိုင်ခြင်းမှာမူကား ဘုရားဟောဖြစ်ရုံသာမက၊ လက်တွေ့အားဖြင့်လည်း (စမ်းသပ်သူတိုင်းအဖို့) အလွန်ရှင်းလှသည်ဖြစ်၍ အထူးရေးသားရန်မလိုပါ။ သို့ရာတွင် ‘သတိ’ ဟူသည်မှာ စိတ် (၀ိညာဏက္ခန္ဓာ) မဟုတ်၊ စေတသိက်တရား (သင်္ခါရက္ခန္ဓာ)မျှသာဖြစ်၏။ ‘သတိ’ယှဉ်သော ‘စိတ်’ ဟူ၍လည်းရှိ၍၊ သတိမယှဉ်သော စိတ်ဟူ၍လည်း ရှိ၏။ စေတသိက်တို့မည်သည် (ဧကုပ္ပာဒ နိရောဓာစ၊ ဧကာလမ္ဗဏ ဟူသော သဂြိုဟ်အရ) စိတ်နှင့် တပြိုင်တည်းဖြစ်၍ တပြိုင်တည်းချုပ်သည်ဆိုရာ၊ စိတ်နှစ်ခု တပြိုင်တည်း မဖြစ်နိုင်သော်လည်း စေတသိက်ဖြစ်သော ‘သတိ’သည် စိတ်နှင့် တပြိုင်တည်း ဖြစ်နိုင်စွမ်းရှိ၏။ ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအရ အားထုတ်သောယောဂီသည် သတိနှင့်ယှဉ်သောစိတ် ရှိသည်ဆိုအံ့။ မြင်သောအခြင်းအရာကို “မြင်သည်”ဟူ၍ နောက်စိတ်ကလိုက်ပြီး မှတ်နေရတော့သည်မဟုတ်။ သတိနှင့်ကြည့်လိုက်လျှင် သတိနှင့်မြင်လိုက်တော့ သည်သာ ဖြစ်၏။ မြင်ခြင်းတည်းဟူသော အခြင်းအရာကို အလုပ်တစ်ခုအနေဖြင့် ရှုမှတ်ရတော့သည်မဟုတ်။ မလပ်သောသတိရှိသည်ဆိုလျှင် မြင်သည်နှင့်တပြိုင်နက် သတိတွဲလျှက်သာ ရှိရပါတော့သည်။ ဥပမာ ရေစိုသောလက်ဖြင့် တစ်စုံတစ်ခုသော ၀တ္ထုပစ္စည်းကို ကိုင်တွယ်လိုက်သည့်အခါ ထိလိုက်ခြင်းနှင့် စွတ်စိုခြင်းတည်းဟူသော အခြင်းအရာတို့မှာ တပြိုင်တည်း ဖြစ်ရသကဲ့သို့ပင်။ ထိုလက်ဖြင့် တစ်ခုပြီးတစ်ခု သိနိုင်ခြင်းကား မှန်သကဲ့သို့ စိတ်မှာလည်း တစ်ခုပြီးတစ်ခု သိနိုင်ပါသည်။ သို့ရာတွင် စိုစွတ်သောလက်သည် ၀တ္ထုပစ္စည်းကို ထိခြင်းကား အလုပ်တစ်ခု၊ စိုစွတ်စေခြင်းကား အလုပ်တစ်ခု မဟုတ်သကဲ့သို့ သတိယှဉ်သောစိတ်သည် အာရုံနှင့်ထိတွေ့သည်နှင့် တပြိုင်နက် ရှုမှတ်ပြီး ဖြစ်နိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအတိုင်း ကျနအောင် အားထုတ်သော ယောဂီသည် ဤအတိုင်းပင် တွေ့ရပေမည်။ ကျွန်ု့ပ်မှာ အကြိမ်ကြိမ် ၀န်ခံခဲ့သည့်အတိုင်း ကျမ်းတတ်တစ်ယောက် မဟုတ်သဖြင့် ကျမ်းဂန်ကို အခြေခံပြီး ကြံဆခြင်းမဟုတ်။ ကိုယ်တိုင်အားထုတ်၍ တွေ့ရှိရသော အခြင်းအရာကို တင်ပြခြင်းမျှသာ ဖြစ်ပါ၏။ သို့ရာတွင် ကျွန်ုပ်တွေ့ရှိသော သဘာဝသည် ကျမ်းဂန်နှင့် ကိုက်ညီသည်ဟု ယုံကြည့်ပါသည်။

တပြိုင်တည်းယှဉ်နိုင်ခြင်း

ထပ်၍ရှင်းဦးအံ့။
ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအရ အားထုတ်သော ယောဂီသည် စင်္ကြလျှောက်ခိုက်တွင် ပစ္စုပ္ပန်တည့်အောင် သုံးသပ်လျက်ရှိသည်ဆိုအံ့။ ကြွခြင်း၊ လှမ်းခြင်း စသောအလုပ်များကို ‘ကြွတယ်၊ လှမ်းတယ်’ စသည့် ပညတ်အခေါ်အဝေါ်များဖြင့် ရှုမှတ်ရန်လိုသည်မဟုတ်။ ကိုယ်ကာယ၏ အမူအရာပြောင်းလဲပုံ အခြင်းအရာများကို မပြတ်သောသတိဖြင့် စောင့်ကြည့်ရန်သာ လိုပေသည်။ ယင်းသို့ရှိစဉ် ‘ဒိုင်း’ခနဲ မြည်သောအသံကြီးတစ်သံ ကြားရသည်ဆိုအံ့။ ၄င်းကို ကြားရခြင်းအတွက်ကြောင့် စင်္ကြနှင့်ပတ်သက်၍ အလုပ်ပျက်သွားလေပြီဟု နှလုံးမသာယာခြင်း ဖြစ်ဖို့မလို။ အာရုံပြောင်းလဲသွားခြင်းကို ချက်ချင်းသိစေဖို့ သတိရှိရန်သာ အရေးကြီးပေသည်။

အာရုံပြောင်းလဲသွားခြင်းကို မသိလိုက်ဘဲ “ဘာသံပါလိမ့်” “ဘယ်ကလာတဲ့အသံပါလိမ့်” အစရှိသော အတွေးအခေါ်များ ၀င်ရောက်မလာစေအောင်၊ သတိရှိစေဖို့မှာလည်း အတော်ရင့်ကျက်လာသော ယောဂီများ၏ အလုပ်ကြီးဖြစ်လေသည်။ ဤကျင့်စဉ်၏ အရေးကြီးသော အလုပ်မှာ လွန်လေပြီးသော အတိတ်စိတ် (သို့မဟုတ် အာရုံ) ကို လိုက်၍ သိစေဖို့မဟုတ်၊ ပစ္စုပ္ပန်ဆတ်ဆတ်အပေါ်၌ သတိယှဉ်သောစိတ်ဖြင့် စောင့်ကြည့်ရန်သာ ဖြစ်လေသည်။ ရှေ့ စိတ်ကို နောက်စိတ်က သိခြင်းတည်းဟူသော အလုပ်မှာ အခြားရှုနည်းများအတွက် ဖြစ်ပေရာ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ ကျင့်စဉ်မူကား (ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်အရ) လွန်လေပြီးသော အာရုံကို ရံဖန်ရံခါတွင် တမင်တကာ ဆင်ခြင်သုံးသပ်ခြင်းမျိုးမှတပါး အခါခပ်သိမ်း နောက်ပြန်ရှုမှတ်ရသော အလုပ်မျိုးမဟုတ်ပေ။ (ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်အကြောင်းကို ရှေ့ တွင် ရှင်းလင်း ဖော်ပြပါဦးမည်။)

လက်ထပ်ဆရာ အရေးကြီးခြင်း

ဝိပဿနာ တရားအားထုတ်ခြင်း ဟူသည်မှာ ဂေါတမဗုဒ္ဓဟောတော်မူခဲ့သည့် နိဗ္ဗာန်ရောက်ကြောင်း လမ်းစဉ်ကြီးဖြစ်သည် မှန်သော်လည်း ကျမ်းဂန်ကိုကြည့်၍ အားထုတ်ရခြင်းထက် ထိုကျမ်းဂန်အရ အားထုတ်၍ အထိုက်အလျောက် ပေါက်ရောက်ထားသည့် ဆရာတော်ထံသို့ ချဉ်းကပ်ကာ အားထုတ်ပုံ အားထုတ်နည်းကို လက်ထပ်သင်ပြခြင်းခံရသည်က ပို၍အရာရောက်ကြောင်းမှာ ကျွန်ုပ်၏ ကိုယ်တွေ့ ဖြစ်ပါသည်။

ကိုယ်တိုင်အားထုတ်ဖူးခြင်းမရှိဘဲ ကျမ်းဂန်ထဲမှ ထုတ်နုတ်ကာ နည်လမ်းညွှန်ပြခြင်းသည်လည်း စာမဖတ်တတ်သူများအဖို့ အသုံးဝင်နိုင်သော်လည်း အဟုတ်တကယ် လိုလားသူဖြစ်ပါက အားထုတ်ထားသည့် အာစရိယထံ သြ၀ါဒခံယူပါမှ အရာရောက်နိုင်သည်ဟု နားလည်ကြရာချေသည်။ စင်စစ်မှာ တစ်ကြိမ်တစ်ခါမျှ လမ်းညွှန်ပြရုံနှင့် မပြီးသေး။ ဆရာသွားခဲ့သော လမ်းအတိုင်း တပည့်ဖြစ်သူက လိုက်လျှောက်ရာတွင် လမ်းခုလတ်၌ တိမ်းချော်ခြင်းများလည်း ရှိတတ်သည်ဖြစ်၍ မကြာမကြာ တွေ့ဆုံကာဖြင့် ပြုပြင်ပေးဖို့လည်း အရေးကြီးလှပေသည်။ ဤလမ်းကို ကိုယ်တိုင်မလျှောက်ဖူးသော ပုဂ္ဂိုလ်က ဆရာလုပ်ကာ မတိမ်းမချော်ရအောင် ပြုပြင်ပေးဖို့ဟူသည်မှာ လွန်စွာ သဘာဝမကျသဖြင့် ခဲယဉ်းသော အလုပ်တစ်ခုဟု ဆိုထိုက်ပေသည်။ ထို့ကြောင့်လည်း ကျွန်ုပ်၏ ငယ်ဆရာတော်က “လက်ထပ်ဆရာ အပြကောင်းမှ အကြောင်းကို ရိပ်မိနိုင်သည်” ဟု ဟောတော်မူဖူးလေသည်။

ကျွန်ုပ်၏သန္နိဋ္ဌာန်

ကျွန်ုပ်ရေးသားခဲ့သော ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းကို သဘောကျသဖြင့် အားထုတ်သူအချို့ ၏ ‘လမ်းချော်’ ပုံနှင့် ကျွန်ုပ်ကိုယ်တိုင် စိတ္တာနုပဿနာ အလုပ်ကို လုပ်ဖူးစဉ်က ‘လမ်းချော်’ ပုံတို့ကို ဖော်ပြရပေဦးမည်။

ကျွန်ုပ်၌ ငယ်ဆရာတော် ရှိဖူးသည်မှန်သော်လည်း အလွန်နုနယ်သောအချိန်က တွေ့ရသော ဆရာတော်ဖြစ်၍၊ မဂ်ဖိုလ်နိဗ္ဗာန်ကိုရအောင် တစ်နေ့နေ့၌ အားထုတ်မည်ဟူသော သန္နိဋ္ဌာန်မျိုးစေ့ကလေး ချပေးခဲ့ရုံမှတပါး၊ ကျွန်ုပ်အား လက်ထပ်သင်ပြနိုင်သော အရေးအခွင့် မရှိခဲ့ချေ။

ဆရာတော်ပျံလွန်တော်မူသော်အခါ ကျွန်ုပ်မှာ အသက်၂၀ရှိပြီဖြစ်ရာ၊ ၁၃နှစ်ခန့်က ချထားခဲ့သော သန္နိဋ္ဌာန်ကို ကောင်းကောင်းသတိရသော်လည်း အားမထုတ်နိုင်သေးဘဲ၊ အမှတ်အသား ပြုထားလိုက်ရုံမျှသာရှိ၏။ သန္နိဋ္ဌာန်ချထားသောအချိန်၌လည်း ကျွန်ုပ်သည် မဂ်ဖိုလ်နိဗ္ဗာန်ကို လိုချင်လှသောကြောင့်မဟုတ်၊ (နားမလည်သော အခြင်းအရာတစ်ခုကို လိုချင်တတ်သည်ဟူ၍လည်း မဖြစ်နိုင်) ဆရာတော်ဘုရားက ကျွန်ုပ်၏ မိဘများနှင့် အခြားတပည့်များအား မကြာခဏ ဟောပြောလေ့ရှိသည့် ‘နိဗ္ဗာန်’ ဟူသော အခြင်းအရာမှာ မည်သို့သော အခြင်းအရာမျိုးဖြစ်သည်ဟု သိလိုသဖြင့် တစ်နေ့နေ့တွင် သိအောင် ကြိုးစားမည်ဟူသော ဆုံးဖြတ်ချက်မျှသာ ဖြစ်လေသည်။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

Read more...

ဘဝအမောတွေပြေတဲ့နေ့ (သို့မဟုတ်) သမီးလေးအတွက် မွေးနေ့ဆုမွန်

၂၉.၉.၉၂ ဆိုတဲ့ နေ့စွဲ လေးဟာ..ထူးခြားသလို
ဘဝမှာလည်း ထူးခြား တဲ့ အလင်း
ချင်းနင်းဝင်ရောက်..တောက်ပတဲ့အဆင်း
လတစ်စင်းလို ..ဝင်းဝင်းပပ..ရွှန်းရွှန်းမြမြ…
ရွှင်ပျခြင်း….အေးမြခြင်း….လှပခြင်း….သာယာခြင်း ….ငြိမ်းချမ်းခြင်း…
ခြင်းပေါင်းများစွာ သယ်ဆောင်လာပြီး ……
သမီးလေးတစ်ယောက်၊
(အဲဒီနေ့ကပဲ)…လောကထဲကို ရောက်ခဲ့တယ်…။

စုမြတ်ရတနာ…..တဲ့
ရတနာထိုက် တဲ့ချစ်သမီး… ….ထီးတစ်စင်းသဖွယ်..။
တင့်တယ် တဲ့ အရိပ်...ချွေးသိပ် အေးမြ
ဘဝရဲ့ အမောတွေပြေခဲ့တယ်…။

မီးမီးစုမြတ်…
နာမည်လည်းမြတ် စိတ်လည်း မြတ် …
ကြီးမြတ်တဲ့ သဘောထား..
အားထားရာ အမှန် … မှန်ကန်တဲ့ စိတ်နှလုံး
အားလုံးကိုရွှင်ပြုံးစေတာ..ဘယ်သူလာလို့ ငြင်းဆိုမလဲ။
စတုတ္ထ မဏ္ဍိုင်..ကြံ့ခိုင်စေကြောင်း
အားသစ်လောင်းမတဲ့….သမီးရဲ့ခွန်အား…
စာနယ်ဇင်းသမား…တဲ့..။

ပြည်သူကြား က ပြည်သူ့အားပါ..
အမှန်တရား အတွက် ချီတက်
ထက်မြက် သွက်လက်….ချက်ချာတဲ့ သမီး
တန်ဘိုးကြီးမြတ်နေပြန်တယ်..။

သမီးလေးဟာ…
အဆင်း လည်း ရှိ အချင်းရှိတဲ့ တိကျသူလည်းဖြစ်
ဒေါသ၊ မာန ခဝါချတဲ့ နှိမ့်ချသူလည်းဖြစ်
အားနည်းတဲ့သူ၊ ဖေးမကူတဲ့ ဖြူစင်သူလည်း ဖြစ်
မေတ္တာ စေတနာ..ကရုဏာ နဲ့ ကြင်နာတတ်သူလည်းဖြစ်
ဖြစ်ဖြစ်မြောက်မြောက်…ထွန်းတောက်စေကြောင်း
ကိုယ့်အကြောင်းကိုယ်သိ…. သတိရှိစေ..
ကိုယ့်တန်ဘိုးကိုယ်သိ….အသိရှိစေ….နိုးကြားစေဘို့
မေမေ ဆုတောင်းပေးနေမယ်..။

မေတ္တာများစွာဖြင့်
မေမေ သစ္စာအလင်း


ချစ်လှစွာသော သမီးငယ် မစုမြတ်ရတနာ (ဒုတိယနှစ်-သတင်းနှင့်စာနယ်ဇင်းအတတ်ပညာ၊ အမျိုးသားစီမံခန့်ခွဲမှုပညာသင်ကောလိပ်) ရဲ့ ၂၉.၉.၂၀၁၀ နေ့တွင်ကျရောက်သော ၁၈နှစ်မြောက်မွေးနေ့ အမှတ်တရ အဖြစ် ဒီကဗျာကိုရေးဖွဲ့ပါတယ်။

ဆက်ဖတ်ပါရန်

Read more...

*ချမ်းမြေ့ဆရာတော် (ဘာသာရေးစံ သာသနာရေး မှတ်ကျောက်)*

အမေရိကန် ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်း၌ 2010၊ စက်တင်ဘာ ၂၆၊ တနင်္ဂနွေနေ့၊ ည ၈-နာရီအချိန်တွင် ဟောကြားသော တရားတော် ဖြစ်ပါတယ်ခင်ဗျာ။


ဆင်းရဲငြိမ်းခြင်း၊ မငြိမ်းခြင်း

မဂ္ဂင်ရှစ်ပါး၊ အကျင့်တရားမရှိရာ၊ ဓမ္မ၀ိနယခေါ်တဲ့၊ ဘာသာအယူဝါဒ၌၊ ကိလေသာငြိမ်းသူ မရှိ၍၊ ဆင်းရဲငြိမ်းသူ မရှိနိုင်။ (သုံးခေါက်ဆိုကြည့်ပေးပါ။)

(ဆရာတော်ဘုရားက နောက်တစ်ခေါက် တိုင်ပေးရာမှာ တိုသွားအောင်ဆိုပြီး *ဓမ္မ၀ိနယခေါ်တဲ့* ဆိုတာကို ဖြုတ်လိုက်ပါတယ်)

မဂ္ဂင်ရှစ်ပါး၊ အကျင့်တရားမရှိရာ၊ ဘာသာအယူဝါဒ၌၊ ကိလေသာငြိမ်းသူ မရှိ၍၊ ဆင်းရဲငြိမ်းသူ မရှိနိုင်။

မဂ္ဂင်ရှစ်ပါး၊ အကျင့်တရားရှိရာ၊ ဘာသာအယူဝါဒ၌၊ ကိလေသာငြိမ်းသူရှိ၍၊ ဆင်းရဲငြိမ်းသူ ရှိနိုင်သည်။

ဘာသာဝါဒ ဘယ်လို ရွေးချယ်မလဲ

ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှကျိုးများမည်။
ဘာသာဝါဒ၊ မှားယွင်းက၊ မုချကျိုးနည်းမည်။

အမေးလင်္ကာ (သုံးခေါက်စီ ဆိုကြည့်ပေးပါခင်ဗျာ။)
ဘာသာမှန်, မမှန်၊ ရွေးချယ်ရန်၊ စံမှန်စံကောင်းရှိသလော။
သာသနာမှန်, မမှန်၊ ရွေးချယ်ရန်၊ စံမှန်စံကောင်းရှိသလော။

အဖြေလင်္ကာ (ဒါကိုလည်း သုံးခေါက်စီ ဆိုကြည့်ပေးပါ။)
ဘာသာမှန် မမှန်၊ ရွေးချယ်ရန်၊ စံမှန်စံကောင်း ရှိပါသည်။
သာသနာမှန် မမှန်၊ ရွေးချယ်ရန်၊ စံမှန်စံကောင်း ရှိပါသည်။

မဂ္ဂင်ရှစ်တန်၊ စံကောင်းမှန်၊ တင်ရန်မှတ်ကျောက် ဖြစ်ပါသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်မ၀င်၊ ကျင့်စဉ်မှားလှသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်၌၀င်၊ ကျင့်စဉ်မှန်လှသည်။

ကျင့်စဉ်မှန်မှ၊ ၀ဋ်ဒုက္ခ၊ မုချငြိမ်းစေမည်။
ဒုက္ခငြိမ်းမှ၊ ထိုဝါဒ၊ မုချစစ်မှန်သည်။
ဗုဒ္ဓသာသနာ၊ မဂ်ရှစ်ဖြာ၊ သေချာရှိပေသည်။
ထို့ကြောင့်ဗုဒ္ဓ၊ ယူဝါဒ၊ မုချစစ်မှန်သည်။

မဂ္ဂင်ရှစ်ပါး အကျင့်တရား ဆိုသည်မှာ

ပညာမဂ္ဂင်နှစ်ပါး
၁။ သမ္မာဒိဋ္ဌိ- မှန်စွာသိမြင်မှု။
၂။ သမ္မာသင်္ကပ္ပ- မှန်စွာကြံစည်မှု။

သီလမဂ္ဂင်သုံးပါး
၃။ သမ္မာဝါစာ- မှန်စွာပြောဆိုမှု။
၎။ သမ္မာကမ္မန-္တ မှန်စွာပြုလုပ်မှု။
၅။ သမ္မာအာဇီဝ- မှန်စွာအသက်မွေးမှု။

သမာဓိမဂ္ဂင်သုံးပါး
၆။ သမ္မာဝါယာမ- မှန်စွာကြိုးစား အားထုတ်မှု။
၇။ သမ္မာသတိ- မှန်စွာ သတိကပ်ရှုမှတ်မှု။
၈။ သမ္မာသမာဓိ- မှန်စွာ စူးစိုက်တည်ငြိမ်မှု။
ဤသို့အားဖြင့် မဂ္ဂင်ရှစ်ပါး ဖြစ်ပါသည်။

ဆရာတော်ဘုရားက ဆက်လက်ပြီး သံဝေဂ လင်္ကာ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုဟောပြပါတယ်။ ဒီ သံဝေဂ လင်္ကာကို ကျွန်တော် မြောက်ဦးဆရာတော် ဘုရားရဲ့

*ချမ်းသာတာ နိဗ္ဗာန်လား၊ နိဗ္ဗာန်သည် ချမ်းသာတာလား*

http://myautoosayadaw.com/index.php?option=com_content&view=category&layout=blog&id=40&Itemid=65


တရားတော်မှာ အရင်ဆုံး နာကြားဖူးခဲ့ ပါသေးတယ်။ တစ်ချို့နေရာတွေမှာ စကားလုံး အသုံးလေးတွေ အနည်းငယ် ကွဲပေမယ့်.. သဘောတရားကတော့ အတူတူပါပဲ။ ကဲ.. ကျွန်တော်တို့ သံဝေဂ လင်္ကာလေးကို အတူတကွ ရွတ်ဆို ပူဇော်ကြည့်ကြရအောင်..။

အိုဘယ့်လူသား၊ ငမိုက်သားတို့
သင်ကားအ၀ိဇ္ဇာ၊ ပိတ်ဖုံးကာ၍

ငါးဖြာအာရုံ၊ ဒုက္ခဘုံကို

အကုန်မမြင်၊ အကောင်းထင်လျက်

ခုံမင်တပ်မက်၊ တွယ်ကာဖက်လျက်

အောက်ထက်သံသာ၊ စုန်ဆန်ကာဖြင့်

တဏှာလက်သည်၊ ထင်တိုင်းခြယ်၍

အေးတယ်မရှိ၊ ဆင်းရဲဖိသည်

ဝဋ်၏သားကောင်၊ လုံးလုံးတည်း။


ဝဋ်၏သားကောင်၊ ဒုက္ခဘောင်မှ

လွတ်အောင်ရုန်း၍၊ ချမ်းတာတွေ့ဖို့

မမေ့ရုပ်နာမ်၊ ဖြစ်ပျက်ဟန်ကို

အမှန်ဉာဏ်ညှိ၊ ဖြစ်တိုင်းသိလော့။


ဝီရိနှစ်တန်၊ ရှို့မြှိုက်တံဖြင့်

ဆယ်တန်ကိလေ၊ လောင်ကျွမ်းကြေအောင်
မသေမနာ၊ မအိုပါခင်

တက်သုတ်နှင်လျက်

စောလျင်မြန်စွာ၊ ရှို့မြှိုက်ပါလော့။



နောင်ခါကာလ၊ ချိန်လွန်ရဟု

နောင်တ, တကြီး၊ သင်မညည်းနဲ့။


ဇနီးမယား၊ သမီးသားနဲ့
လင်သားအိမ်ယာ၊ အဖြာဖြာကို

ငဲ့ကာဖက်နှေး၊ အချိန်ရွေးက
သေဘေးသင့်ကို၊ ဦးလိမ့်မယ်


ဟုတ်ပြီ၊ သေဘေးမဦးခင် ဘာအရင် ဦးအောင်လုပ်မလဲ.. ကျွန်တော်တို့ ဆက်ရွက်ကြည့်လိုက်ရအောင်။

အိုဘေးနှိပ်စက် လက်မဦးခင်
နာဘေးနှိပ်စက် လက်မဦးခင်
သေဘေးနှိပ်စက် လက်မဦးခင်

တရားကဦးမှ တော်မည်ထင်။

ဒီလင်္ကာလေးပြီးတော့ ဆရာတော်ဘုရားက လက်တွေ့ကျင့်ဖို့ဆိုပြီး သတိပဋ္ဌာန်နည်း (အကျဉ်း)ကို ဆက်လက် ဟောကြားပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သိထားရမှာက သတိပဋ္ဌာန် အကျင့်ပဲ ပြောပြော၊ မဂ္ဂင်ရှစ်ပါး အကျင့်လို့ပဲ ဆိုဆို၊ ဗောဇ္ဈင် ခုနစ်ပါး အကျင့်လို့ပဲ သုံးသုံး.. ဘယ်လိုပဲ အသုံးအနှုန်း ကွဲပြားနေပါစေတဲ့.. ဘာဝနာ တစ်ချက် (အရှိကို အရှိအတိုင်း ရှုမှတ်မိတဲ့အခါ) မှာ ပိဋကတ်သုံးပုံ အနှစ်ချုပ်ဖြစ်တဲ့ ဗောဓိပက္ခိယတရား ၃၇-ပါးလုံး အကျုံးဝင်ပြီး ဖြစ်ပါတယ်တဲ့..။ ဒါကတော့ မူလမင်းကွန်း ဇေတ၀န် ဆရာတော် ဘုရားတို့၊ နောက် ဝေဘူဆရာတော် ဘုရားတို့ရဲ့ အဆုံးအမပါ။ တရားရှုမှတ်နေတဲ့ ယောဂီတွေအတွက် တကယ့်ကို အားရှိစရာပါ။ ကဲ.. ကျွန်တော်တို့ ဆရာတော်ဘုရား ဆုံးမတဲ့ သတိပဋ္ဌာန် လက်တွေ့ကျင့်စဉ်ကို ကြည်ညိုကြည့်ကြ ရအောင်..။

လက်တွေ့ကျင့်ရန် သတိပဋ္ဌာန် (အကျဉ်း)

ခန္ဓာကိုယ်မှာ ဖြစ်သမျှ၊
စိတ်မှာဖြစ်သမျှ သဘောတွေကို
ဖြစ်နေ ရှိနေတဲ့အတိုင်း သတိနဲ့ စောင့်ရှု၊
အဲဒါ သတိပဋ္ဌာန် ၀ိပဿနာပဲ။
အဲဒါ မဂ္ဂင်ရှစ်တန် အကျင့်မှန်ပဲ။
အဲဒါ မဇ္ဈိမ ပဋိပဒါ အလယ်လမ်း အကျင့်ပဲ။
အဲဒါ သိက္ခာသုံးပါး အကျင့်တရားပဲ။ ။

ချမ်းသာရကြောင်း သဘောတရား အဆင့်ဆင့်

ရုပ်နာမ် သဘာဝကို သဘာဝမျှသာဟု အမှန်အတိုင်း ပိုင်းပိုင်းခြားခြား သိရမည်။
သိအောင် ရှုရမည်။
ရှုမှ တည်ငြိမ်သည်။
တည်ငြိမ်မှ သိသည်။
သိမှ ကိလေသာငြိမ်းသည်။
ကိလေသာငြိမ်းမှ ဆင်းရဲငြိမ်းသည်။
ဆင်းရဲငြိမ်းမှ ချမ်းသာရသည်။

ကိလေသာ ဆိုတာ

မိမိကိန်းရာ၊ သတ္တ၀ါကို
ဗျာပါလှိုက်ဆူ၊
ပူလောင်စေတတ်၊ နှိပ်စက်တတ်၍
ထပ်ထပ်ညစ်ပေ၊ ပြုတတ်လေ
ဆယ်ထွေ ကိလေသာ။

ချမ်းမြေ့ဆရာတော်ဘုရား ရေးသားထားသော စာအုပ်များ


တရားတော် အဆုံးမှာတော့ ဆရာတော်ဘုရားက မေတ္တာပို့လေးနဲ့ အဆုံးသတ်ခဲ့ပါတယ်။ မေတ္တာပို့ကိုလည်း ကျွန်တော်တို့ တစ်ကြောင်းကို သုံးခေါက်စီ ဆိုကြည့်လိုက်ကြ ရအောင်..။

အားလုံးသတ္တ၀ါတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊
ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊
အစစ အရာရာ အဆင်ပြေကြပါစေ။

တရားတော် နာယူလိုပါက



*****************************************************

တရားတော်ကို ဖတ်ရှု နာယူနေသော ဓမ္မ မောင်နှမတို့အပေါင်း စိတ်နှလုံး အေးမြကြပါစေ။

လေးစားရိုသေစွာဖြင့်
ဖိုးသား

9/28/2010, TUE:, 3:45:32 AM

Read more...

မဟောသဓာဇာတ် အပိုင်း-၃

0005052Kph0.jpg

စွန်ချီလာသော သားတစ်

တစ်နေ့သ၌ စွန်ရဲတစ်ကောင်သည် ဈေးထဲမှ သားတစ်တစ်ခုကို ချီ၍ ပျံလာသည်။ မဟောသဓာ၏ ဖွားဖက်တော် သူငယ်ချင်းများ မြင်သော် သားတစ်ကို ချစေလိုသဖြင့် အော်ဟစ် ခြောက်လှန့်ကြသည်။ မရ။ ဤတွင် စွန်ကို မျှော်ကြည့်၍ ပြေးလိုက်ရာ ခလုတ်တိုက်၍ လဲပြိုကြသည်။

ထိုအခါ မဟောသဓာက "အချင်းတို့ ထိုစွန်ချီသော သားတစ်ကို ယခုပင် ချစေအံ့" ဟု ဆိုကာ ကောင်းကင်ကို မကြည့်။ စွန်၏ အရိပ်ကိုသာ ကြည့်၍ ပြေးလိုက်သည်။ ထို့နောက် စွန်၏ အရိပ်ကို နင်းပြီးလျှင် လက်ခုပ်တီးလျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ စွန်လည်း ကြောက်လန့်၍ သားတစ်ကို လွှတ်ချလိုက်လေသည်။

ထိုသားတစ်ကို မဟောသဓာသည် မော်၍မကြည့်၊ အရိပ်ကို ကြည့်၍သာ လက်ဖြင့် ဖမ်းယူလိုက်လေသည်။ မြင်သူအပေါင်းလည်း အံ့သြ ချီးမွမ်းမဆုံး ရှိကြသည်။

စုံစမ်းနေသော အမတ်သည် ထိုအခြင်းအရာကို တွေ့မြင်သောအခါ မင်းကြီးထံ တမန်စေလွှတ်လျက် အကြောင်းစုံ လျှောက်ထားသည်။ မင်းကြီးက သိန်းအမတ်ကို တင်ပင်ပြန်သည်။ သိန်းအမတ်သည် မဟောသဓာ ရောက်လာလျှင် ငါတို့ တန်ခိုး မှိန်လိမ့်မည်ဟု တွေးသည်။ "ဤမျှလောက်ဖြင့် ပညာရှိ မဆိုနိုင်သေးပါ" ဟု ဆိုကာ တားမြစ်ပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၄ "နွားခိုးမှု" ဆက်တင်ပါမည်)

Read more...

The Way to Nibbana (Part 7) - နိဗ္ဗာန်လမ်း (အပိုင်း ၇)

တစ်ခါသော် ဘုရားရှင် ဆွမ်းခံကြွတော်မူစဉ် ပုဏ္ဏားတစ်ယောက်သည် ဘုရားရှင်ကို ဇာတ်နိမ့်သူဟု စွပ်စွဲ၏။ ဘုရားရှင်က တည်တည်ငြိမ်ငြိမ် သည်းခံ၍ ဘ၀ပဋိသန္ဓေသည် တစ်ဦးတစ်ယောက်ကို နိမ့်ကျသူဖြစ်အောင် မလုပ်နိုင်ကြောင်း၊ ယုတ်မာသော အကျင့်ကသာ လုပ်နိုင်ကြောင်း ရှင်းလင်း ဟောကြားတော်မူ၏။ ထိုပုဏ္ဏားသည် ဘုရားရှင်၏ သာဝက ဖြစ်သွား၏။

လူတစ်ယောက်သည် ဘုရားရှင်ကို ဆွမ်းခံကြွရန် ဖိတ်ကြားပြီး ထိုခေတ်က အယုတ်မာဆုံး ဖြစ်ခဲ့သည့် စကားလုံးတို့ဖြင့် ဧည့်ခံလေ၏။ ဘုရားရှင်သည် “လူယုတ်မာ” “လူရမ်းကား” “နွားကြီး” စသည်ဖြင့် အခေါ်ခံတော် မူခဲ့ရ၏။ သို့သော် ဘုရားရှင်သည် စိတ်အနှောင့်အယှက် ဖြစ်တော် မမူခဲ့ပေ။ တုံ့ပြန်တော်မမူခဲ့ပေ။ သင့်အိမ်သို့ ဧည့်သည်များ ရောက်လာသည့်အခါ မည်သို့ ပြုကျင့်မည်နည်းဟု ဘုရားရှင်သည် တည်ငြိမ်စွာဖြင့် ထိုသူကို မေးတော်မူ၏။ ဧည့်သည်တို့ကို စားသောက်ဖွယ်တို့ဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်း ထိုသူက ဖြေ၏။

“ကောင်းပြီ။ ဧည့်သည်တို့က မစားလျှင် သင် မည်သို့ ပြုမည်နည်း”ဟု ဘုရားရှင် မေးတော်မူ၏။

“ထိုသို့ဖြစ်လျှင် စားသောက်ဖွယ်တို့ကို ကိုယ်တိုင် စားမည်”ဟု ထိုသူက ဖြေ၏။

“ကောင်းပါပြီ ဒကာ။ သင်က ငါ့ကို သင့်အိမ် ဆွမ်းခံကြွဖို့ ဖိတ်ခဲ့၏။ သင်က ငါ့ကို ဆဲရေးခြင်း မျိုးစုံနဲ့ ဧည့်ခံခဲ့ပြီ။ ဆဲရေးတိုင်းထွာမှုကို ငါ လက်မခံ။ ပြန်ယူပါ”ဟု အေးဆေးစွာ မိန့်တော်မူ၏။ ထို ပြစ်မှု ကျူးလွန်သူ၏ စရိုက်လက္ခဏာသည် လုံးဝ ပြောင်းလဲသွား၏။

“လက်တုံ့မပြန်ကြကုန်လင့်။ သူတစ်ပါးတို့၏ ဆဲရေးမှုကို ခံရသောအခါ ကွဲပျက်နေသော မောင်းကဲ့သို့ ဆိတ်ဆိတ်နေလော့။ ဤသို့ ပြုကျင့်လျှင် ‘ငါသည် နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်ပြီ’ဟု မသိသော်လည်း နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသူဟု မှတ်ယူအပ်၏။” ဤကား ဘုရားရှင်၏ အဆုံးအမ ဖြစ်ပေသည်။

ဤသည်တို့ကား စည်းကမ်းမဲ့နေသော ယနေ့ကမ္ဘာ၌ နားစိုက်ထောင်သင့်သော အဖိုးတန် စကားလုံးများ ဖြစ်ပေသည်။

တစ်ခါသော် နန်းတွင်းသူ တစ်ယောက်သည် ဘုရားရှင်ကို ဆဲရေးပုတ်ခတ်ရန် အမူးသမားတို့ကို စေလွှတ်၏။ ထို့ကြောင့် ဘုရားရှင်၏ အလုပ်အကျွေးဖြစ်သော ရှင်အာနန္ဒာသည် ထိုမြို့မှ အခြားတစ်နေရာသို့ ကြွတော်မူရန် လျှောက်ထားတောင်းပန်၏။ ဘုရားရှင်ကား တုန်လှုပ်တော် မမူပေ။

အခြား အမျိုးသမီး တစ်ယောက်သည် ကိုယ်လေးလက်ဝန် ရှိဟန်ပြု၍ ထိုကိုယ်ဝန်သည် ဘုရားရှင်၏ ကိုယ်ဝန်ဖြစ်သည်ဟုဆိုကာ ကိုယ်တော်မြတ်ကို စွပ်စွဲ၏။ ပြိုင်ဘက် တိတ္တိတို့ သတ်ဖြတ်အပ်သော အမျိုးသမီး တစ်ယောက်ကို ဘုရားရှင် သတ်သည်ဟု အစွပ်စွဲ ခံခဲ့ရ၏။ ဘုရားရှင်၏ ညီဝမ်းကွဲလည်းဖြစ် တပည့်သာဝကလည်း ဖြစ်သော ရှင်ဒေ၀ဒတ်သည် တောင်ကမ်းပါးမှနေ၍ ဘုရားရှင် အပေါ်သို့ ကျောက်တုံးလှိမ့်ချ ကျိတ်သတ်ရန် ကြိုးစားခဲ့၏။ ဘုရားရှင်၏ တပည့်သာဝက တစ်ချို့သည် ဘုရားရှင်ကို မနာလိုဝန်တိုသူ ခွဲခြားဆက်ဆံတတ်သူ ဘက်လိုက်သူ စသည်ဖြင့် စွပ်စွဲခဲ့ကြ၏။

တစ်ဘက်ကလည်း ဘုရားရှင်ကို ချီးကျူးထောမနာ ပြုခဲ့ကြ၏။ ဘုရင်မင်းမြတ်တို့ကိုယ်တိုင် ဘုရားရှင်၏ ခြေတော်ရင်း၌ ၀ပ်စင်းခယ ခဲ့ကြသည်။ အလေးအမြတ် ပြုခဲ့ကြသည်။

ဘုရားရှင်သည် ပြီးပြည့်စုံသည့် ဥပေက္ခာကို ကျင့်သုံးခြင်းဖြင့် ဆင်းရဲမှန်သမျှကို မြေမဟီကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ လက်ခံတော်မူခဲ့၏။

ခြင်္သေ့မင်းသည် မည်သို့သော အသံကို ကြားရသည်ဖြစ်စေ မကြောက်ရွံ့ မတုန်လှုပ် သကဲ့သို့ ပါးစပ်မစောင့်သူတို့၏ အဆိပ်ပြင်းသည့် နှုတ်လှံထိုးချက်တို့ကြောင့် မတုန်လှုပ်သင့်ပေ။ လေသည် ပိုက်ကွန်တို့၌ မငြိကပ်သကဲ့သို့ အပြောင်းအလဲများသော ဤကမ္ဘာ၏ မရေရာသည့် သာယာဖွယ်တို့၌ မတွယ်ငြိသင့်ပေ။ ရွှံ့ညွန်မှ ပေါက်ဖွားခဲ့သော ကြာပန်းကို ညွှန်အညစ်အကြေး မပေးကျံနိုင်သကဲ့သို့ လောကီသွေးဆောင်မှုတို့၏ လွှမ်းမိုးမှု မခံရအောင် နေထိုင်သင့်၏။ အမြဲတမ်း တည်ငြိမ်စွာ ကြည်လင်အေးချမ်းစွာ ငြိမ်းချမ်းစွာ နေထိုင်သင့်၏။

မေတ္တာသည် သတ္တ၀ါ အားလုံးတို့ကို အာရုံပြု၏။ ကရုဏာသည် ဒုက္ခိတ သတ္တ၀ါတို့ကို အာရုံပြု၏။ မုဒိတာသည် သုခိတ သတ္တ၀ါတို့ကို အာရုံပြု၏။ ဥပေက္ခာသည် ကောင်းမြတ်သူ ဆိုးသွမ်းသူ၊ ချစ်အပ်သူ မချစ်အပ်သူ၊ နှစ်သက်အပ်သူ မနှစ်သက်အပ်သူ အားလုံးတို့ကို အာရုံပြု၏။

ဤဘ၀မှာပင် နတ်ဗြဟ္မာတို့ကဲ့သို့ မြင့်မြတ်လိုသူသည် လူသားအားလုံးတို့၏ သန္တာန်၌ ကိန်းဝပ် တည်ရှိနေပြီး ဖြစ်သော ဤဗြဟ္မ၀ိဟာရတရား လေးပါးတို့ကို နေ့စဉ် ကျင့်သုံးနိုင်၏။

မိမိကိုယ်ကို အပြည့်အ၀ဆုံးသူတစ်ယောက် ဖြစ်စေလိုလျှင်၊ ကျင်လည်ရာရာ သံသရာ မရေမတွက် နိုင်သော ဘ၀တို့၌ ကရုဏာတရား ကြီးမားစွာဖြင့် သတ္တ၀ါတို့၏ အစီးအပွားကို ရွက်ဆောင်လိုပါလျှင် ပါရမီ ဆယ်ပါးတို့ကို အားသွန်၍ ဖြည့်ကျင့်နိုင်၏။ နောက်ဆုံး၌ အထွတ်မြတ်ဆုံး ဥာဏ်အလင်းကို ရရှိသူ သမ္မာသမ္ဗုဒ္ဓဘုရား ဖြစ်လာပါလိမ့်မည်။

နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနှင့် ရရှိခြင်းဖြင့် တဏှာမှန်သမျှကို သုတ်သင်လိုသူ၊ ဒုက္ခကို အဆုံးသတ်လိုသူသည် မူရင်းမပျက် စင်ကြယ်စွာ တည်ရှိဆဲ အကျင့်လမ်းဖြစ်သည့် မဂ္ဂင်ရှစ်ပါး တရားထူး တရားမြတ်တို့ကို လုံ့လကြိုးကုတ် အားထုတ်နိုင်၏။

ဘုရားရှင်ကိုယ်တော်မြတ် အလေးအနက် တိုက်တွန်းတော်မူခဲ့သည်မှာ ဤသို့ ဖြစ်၏။

“ရဟန်းတို့ ဥပမာ ဆိုပါစို့။ ကြီးကျယ်သော ဤကမ္ဘာမြေသည် ရေထုဖြစ်သွား၏။ လူတစ်ယောက်သည် အပေါက်တစ်ခုသာပါသော ထမ်းပိုးတစ်ခုကို ထိုရေထုသို့ ပစ်ချ၏။ အရှေ့အရပ်မှ တိုက်ခတ်သောလေသည် ထိုထမ်းပိုးကို အနောက်အရပ်သို့ သယ်ဆောင်သွား၏။ အနောက်အရပ်မှ တိုက်ခတ်သောလေသည် အရှေ့အရပ်သို့ သယ်ဆောင်သွား၏။ မြောက်အရပ်မှာ လာသောလေသည် တောင်အရပ်သို့ သယ်ဆောင်သွား၏။ တောင်အရပ်မှ လာသောလေသည် မြောက်အရပ်သို့ သယ်ဆောင်သွား၏။ ရေမျက်နှာပြင်သို့ အနှစ်တစ်ရာကြာမှ တစ်ကြိမ်သာ ပေါ်တတ်သော မျက်လုံးတစ်ဘက်သာပါသည့် လိပ်ကန်းတစ်ကောင် ရှိလေရာ တစ်ခါသော ထိုလိပ်သည် ထမ်းပိုးပေါက်၌ လည်ပင်းစွပ်မိလေ၏။”

“အရှင်ဘုရား။ ထိုသို့ ထမ်းပိုးပေါက်၌ လိပ်၏လည်ပင်း စွပ်မိမည့် အရေးသည် ခက်ခဲလှပါပေ၏။”

“ရဟန်းတို့။ ထို့အတူပင် လူအဖြစ် မွေးဖွားရန် ခဲယဉ်း၏။ လောက၌ သဗ္ဗညု ဘုရားရဟန္တာ တထာဂတတို့ ပွင့်ထွန်းရန် ခဲယဉ်း၏။ တထာဂတမည်သော ဘုရားရှင်တို့ ဟောတော်မူသည့် ဓမ္မနှင့် ၀ိနယတို့ လောကအလယ် ထွန်းလင်းတည်ရှိရန် ခဲ့ယဉ်း၏။”

“ရဟန်းတို့။ စင်စစ်သော်ကား ယခုအခါ လူ့အဖြစ်ကို ရနေလေပြီ။ ဘုရားရှင် ပွင့်တော်မူနေပြီ။ ဘုရားရှင် ဟောတော်မူသည့် ဓမ္မနှင့် ၀ိနယတို့ လောကအလယ် ထွန်းလင်းတည်ရှိ နေလေပြီ။”

“ရဟန်းတို့။ ထို့ကြောင့် သင်တို့သည် 'ဤကား ဒုက္ခတည်း၊ ဤကား ဒုက္ခဖြစ်ကြောင်းတည်း၊ ဤကား ဒုက္ခချုပ်ငြိမ်းရာတည်း၊ ဤကား ဒုက္ခချုပ်ငြိမ်းရာသို့ ရောက်စေသည့် နည်းလမ်းတည်း'ဟု သိနိုင်ရန်အတွက် လုံ့လကြိုးကုတ် အားထုတ်ကြရပေမည်။”

နာဒရထေရ် The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

Read more...

တရားနှင့်အညီ နေထိုင်ခြင်း…

လူဖြစ်စေ ရဟန်းဖြစ်စေ တစ်ခါတစ်ရံ မိမိတို့၏ တစ်နေ့တာ အချိန်များကို စာဖတ်ခြင်း၊ စာရေးခြင်း၊ တရားနာခြင်း၊ တရားဟောခြင်း၊ စာသင်ခြင်း၊ စာချခြင်းများဖြင့် ကုန်သွားတတ်သည့် အခါများ ရှိတတ်၏။ အထူးသဖြင့် ရဟန်းတော်များသည် နေ့စဉ် စာသင်စာချ၊ တရားဟော၊ တရားပြ အလုပ်များဖြင့် တစ်နေ့တာ အချိန်များကို ကုန်လွန်စေတတ်သည်ကို သတိပြုမိ၏။ စာရေးသူလည်း တစ်ခါတစ်ရံ ထိုသို့ ကုန်ဆုံးခဲ့သည့် အချိန်များလည်း ရှိတတ်၏။ သေချာတွေးကြည့်လျင် ထိုသို့ ဗုဒ္ဓစာပေများကို သင်ကြားပို့ချ ဟောပြောပြသရင်းဖြင့် ကုန်ဆုံးသွားသည့် အချိန်များသည် စာရေးသူတို့အတွက် ကုသိုလ်ကောင်းမှုများဖြင့် ကုန်ဆုံးသွားသည့် အချိန်များဖြစ်သဖြင့် ကောင်းသောကုန်ခြင်း၊ တရားသဖြင့် ကုန်ခြင်း၊ ကောင်းသောနေထိုင်ခြင်း၊ တရားသဖြင့် နေထိုင်ခြင်းဟု တွေးနိုင်ဆိုနိုင်မည် ဖြစ်၏။ တရားနှင့် နေလေ့ရှိသူဟု ပြောလိုက ပြောနိုင်မည်ဖြစ်၏။ ဗုဒ္ဓအလိုတော် အားဖြင့်ကား ထိုသို့မဟုတ်။ တရားဟော၊ တရားပြ၊ စာသင်စာချ စသည်များသည် တရားဟော၊ တရားပြ၊ စာသင်စာချခြင်းမျှသာ ဖြစ်၏။ တရားနှင့်အညီ နေထိုင်ခြင်းဟုကား မဆိုနိုင်လှပေ။ ဗုဒ္ဓအလိုရှိသည့် တရားနှင့်အညီ နေထိုင်ခြင်းမှာ အကျင့်တရားကို ဦးစားပေးသည့် နေထိုင်ခြင်းမျိုးကို ဆိုလိုပေ၏။

တစ်ခါက ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားထံ ချည်းကပ်၍ တရားနှင့်အညီ နေထိုင်ခြင်းနှင့် စပ်လျဉ်း၍ မြတ်စွာဘုရားရှင်အား မေးလျှောက်ဖူး၏။

ထိုရဟန်းက
“အရှင်ဘုရား… တရားနှင့်နေလေ့ရှိသူ၊ တရားနှင့်နေလေ့ရှိသူဟု ဆိုလေ့ရှိပါ၏၊ အဘယ်မျှလောက်ဖြင့် ရဟန်းသည် တရားနှင့် နေလေ့ရှိသူ ဖြစ်ပါသနည်း ဘုရား” ဟု မေးလျှောက်၏။

ထိုအခါ မြတ်စွာဘုရားရှင်က
“ရဟန်း … ဤသာသနာတော်၌ ရဟန်းသည် သုတ်၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန်း၊ ဣတိဝုတ်၊ ဇာတ်၊ အဗ္ဘုတ၊ ဝေဒလ္လဟူသော တရားကိုသင်ယူ၏၊ ထိုရဟန်းသည် ထိုတရားတော်ကို သင်ယူခြင်းဖြင့် နေ့ကိုကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိအတွင်း သန္တာန်၌ စိတ်၏ ကိလေသာမှ ငြိမ်းမှုကို မကြိုးစား။ ရဟန်း… ဤရဟန်းကို သင်ကြားမှု ပရိယတ္တိများသူဟုသာ ဆိုအပ်၏၊ တရားနှင့် နေ့လေ့ရှိသူဟူ၍ကား မဆိုအပ်။

ရဟန်း… နောက်တစ်မျိုးကား ရဟန်းသည် ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို အကျယ်အားဖြင့် သူတပါးတို့အား ဟော၏၊ ထိုရဟန်းသည် ထိုတရားကို သူတပါးတို့အား သိစေခြင်းဖြင့် နေ့ကိုကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိ၏ အတွင်းသန္တာန်၌ စိတ်၏ကိလေသာမှ ငြိမ်းမှုကို မကြိုးစား။ ရဟန်း… ဤရဟန်းကို သိစေခြင်း များသူဟုသာ ဆိုအပ်၏၊ တရားနှင့် နေလေ့ရှိသူဟူ၍ကား မဆိုအပ်။

ရဟန်း… နောက်တစ်မျိုးကား ရဟန်းသည် ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို အကျယ်အားဖြင့် ရွတ်အံသရဇ္ဈာယ်ခြင်းအားဖြင့် နေ့ကိုကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိ၏ အတွင်းသန္တာန်၌ စိတ်၏ကိလေသာမှ ငြိမ်းမှုကို မကြိုးစား။ ရဟန်း.. ဤရဟန်းကို ရွတ်အံသရဇ္ဈာယ်ခြင်း များသူဟုသာ ဆိုအပ်၏၊ တရားနှင့် နေ့လေ့ရှိသူဟူ၍ကား မဆိုအပ်။

ရဟန်း… နောက်တစ်မျိုးကား ရဟန်းသည် ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို စိတ်ဖြင့်ကြံ၏၊ သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန်ရှု၏၊ ထိုရဟန်းသည် ထိုတရားကို ကြံစည်ခြင်း ၀ိတက်တို့ဖြင့် နေ့ကို ကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိ၏ အတွင်းသန္တာန်၌ စိတ်၏ကိလေသာမှ ငြိမ်းမှုကို မကြိုးစား။ ရဟန်း… ဤရဟန်းကို ကြံစည်ခြင်းဝိတက် များသူဟုသာ ဆိုအပ်၏၊ တရားနှင့် နေလေ့ရှိသူဟူ၍ကား မဆိုအပ်။

ရဟန်း … ဤသာသနာတော်၌ ရဟန်းသည် သုတ်၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန်း၊ ဣတိဝုတ်၊ ဇာတ်၊ အဗ္ဘုတ၊ ဝေဒလ္လဟူသော တရားကိုသင်ယူ၏၊ ထိုရဟန်းသည် ထိုတရားတော်ကို သင်ယူခြင်းဖြင့် နေ့ကိုမကုန်လွန်စေ၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို မစွန့်လွှတ်၊ မိမိအတွင်း သန္တာန်၌ စိတ်၏ ကိလေသာမှ ငြိမ်းမှုကို ကြိုးစား၏။ ရဟန်း… ဤသို့လျှင် ရဟန်းသည် တရားနှင့် နေလေ့ရှိသူဖြစ်၏။

ရဟန်း… ဤသို့လျှင် ငါသည် သင်ကြားခြင်းများသူကို ဟောပြီးပြီ၊ သူတပါးတို့အား သိစေခြင်းများသူကို ဟောပြီးပြီ၊ ရွတ်အံသရဇ္ဈာယ်ခြင်း များသူကို ဟောပြီးပြီ၊ ကြံစည်ခြင်းများသူကို ဟောပြီးပြီ၊ တရားနှင့် နေလေ့ရှိသူကို ဟောပြီးပြီ။ ရဟန်း အစီးအပွားကို ရှာလေ့ရှိ၍ သနားစောင့်ရှောက်တတ်သည့် ဆရာဖြစ်သော ငါသည် တပည့်တို့အား သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ သင်တို့အတွက် ပြုဖွယ်ကို ငါပြုပြီးပြီ။ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာ အရပ်တို့ပင်တည်း၊ ရဟန်း ကပ်၍ရှုကြကုန်လော့၊ မမေ့မလျော့ကြကုန်လင့်၊ နောက်မှ အားမထုတ်လိုက်ရဟု နောင်တပူပန်ခြင်း မဖြစ်ကြစေကုန်လင့်၊ ဤသည်ကား သင်တို့အား ငါတို့၏ အဆုံးအမပင်တည်း…”
ဟု မိန့်တော်မူ၏။ ဤကား ဓမ္မ၀ိဟာရီ သုတ်တွင် မြတ်ဗုဒ္ဓဟောကြား တော်မူသည့် တရားနှင့်နေလေ့ရှိသူ၏ တရားနှင့်အညီ နေထိုင်ခြင်းအကြောင်းပင် ဖြစ်ပါ၏။

ဤဒေသနာတော်အရ မြတ်ဗုဒ္ဓမိန့်တော်မူသည့် တရားနှင့်အညီ နေထိုင်ခြင်းဟူသည် တရားဒေသနာတော်များကို အချိန်ပြည့် နာယူမှတ်သား သင်အံပို့ချ ဟောပြောပြသ နေသည်များကို ဆိုခြင်းမဟုတ်ဘဲ မိမိတို့၏ အတွင်းသန္တာန်ဝယ် စိတ်၏ကိလေသာမှ ငြိမ်းချမ်းအောင် ကြိုးစားနေထိုင်မှုကိုသာ တရားနှင့်အညီ နေထိုင်ခြင်း၊ တရားနှင့် နေလေ့ရှိခြင်းဟု ဆိုခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်နိုင်မည် ဖြစ်၏။ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ တရားများကို အမြောက်အများ သင်ယူလေ့လာ ပို့ချနေခြင်းထက် မိမိ၏ အတွင်းစိတ်တွင် ကိလေသာတရားတို့၏ ပူလောင်လိုက်စားမှုမှ ငြိမ်းအေးအောင် ကြိုးစားနေခြင်းကိုသာ တရားနှင့်နေလေ့ရှိခြင်းဟု မိန့်တော်မူလိုရင်း ဖြစ်ပါ၏။ အများနှင့် ရောရောနှောနှော ကိလေသာ ထူပြောစွာ နေထိုင်ခြင်းထက် တစ်ဦးတစ်ယောက်တည်း နေထိုင်ကာ ကိလေသာ နည်းပါးအောင် ကျင့်ကြံနေထိုင်ခြင်းကိုသာ တရားနှင့်အညီ နေထိုင်ခြင်း၊ တရားနှင့် နေလေ့ရှိခြင်းဟု သိစေလိုရင်း ဖြစ်ပါ၏။ စာတတ်ပေတတ် ကျမ်းဂန်တတ်ကာ စာပေများနှင့် အချိန်ကုန် ပျော်မွေ့နေသည်ထက် ကိလေသာကုန်ရာ ငြိမ်းချမ်းမှုကို ရှာဖွေနိုင်အောင် ကြိုးစားနေခြင်းကသာ တရားနှင့်အညီ နေထိုင်ကျင့်သုံးခြင်း ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပေ၏။

မှန်၏။ တစ်ခါတစ်ရံ စာရေးသူတို့သည်လည်း မိမိကိုယ်ကို သတိပြုမိသည့် အခါများ ရှိတတ်၏။ နေ့စဉ်စာပေများဖြင့် အချိန်ကုန်နေသဖြင့် တစ်နေ့တာ ကုန်ဆုံးမှုသည် ကုသိုလ်အလုပ်များဖြင့် ကုန်ဆုံးမှုများဖြစ်၍ တန်ဘိုးရှိသည့် ကုန်သွားခြင်းဟု ဆိုနိုင်သော်လည်း ပုထုဇင်တို့ သဘာဝအရ မိမိတို့၏ အတွင်းသန္တာန်တွင် ရှိနေသည့် လောဘဒေါသ မောဟစသည့် ကိလေသာများကြောင့် စာသင်နေရင်း၊ ကျမ်းဂန်များကို ရွတ်ဖတ်သရဇ္ဈာယ်နေရင်းပင် စိတ်အစဉ်တွင် အကုသိုလ်စိတ်များက ကြိုကြားကြိုကြား ပေါ်လာတတ်သည့် အခါများ ရှိနေတတ်၏။ စာပေကျမ်းဂန်များကို မည်မျှပင် ထုံလွှမ်းပွားများနေသော်လည်း အတွင်းစိတ်သန္တာန်ဝယ် ကိလေသာ တရားများက မလျော့ပါးဘဲ ရှိနေသဖြင့် အခြားသူများနည်းတူ လောဘတရား၊ ဒေါသတရား၊ မောဟတရားများဖြင့် ပူလောင်နေတတ်သည့် အခါများလည်း ရှိတတ်၏။ တစ်ခါတစ်ရံ စာတတ်ပေတတ် ကျမ်းဂန်တတ်သည့် ပညာရှိကြီးများ၏ လောဘကြီးတတ်သည့် အဖြစ်၊ ဒေါသအားကြီးသည့် အဖြစ်၊ မနာလိုမှု၊ ၀န်တိုမှု အားကြီးသည့် အဖြစ် စသည်များကြောင့် စာပေကျမ်းဂန်များဖြင့် မည်မျှပင် အချိန်ကုန်နေသော်လည်း အတွင်းစိတ်ဝယ် ကိလေသာတရားများ မလျော့ပါးလျှင်ကား စာပေကျမ်းဂန်များဖြင့် ထုံလွှမ်းထားရုံမျှဖြင့် တရားနှင့်အညီ နေထိုင်ခြင်း မဟုတ်ကြောင်း အတွေးများလည်း ဖြစ်ပေါ်မိ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက စာပေကျမ်းဂန်များ ထုံလွှမ်းပြီး တစ်နေ့တာ ကုန်လွန်သွားခြင်းသည် တရားနှင့်နေလေ့ရှိခြင်း မဟုတ်ဘဲ မိမိ၏ အတွင်းစိတ်ဝယ် ကိလေသာမှ ငြိမ်းအေးအောင် အားထုတ်နေထိုင်ခြင်းသည်သာ တရားနှင့်အညီ နေထိုင်ခြင်း ဖြစ်ကြောင်း မိန့်တော်မူခြင်း ဖြစ်ပေ၏။

မြတ်ဗုဒ္ဓအလိုရှိသည်မှာ သင်အံလေ့ကျက်မှုများထက် ကျင့်ကြံအားထုတ်မှုများကို အလိုရှိတော်မူခြင်း ဖြစ်၏။ သင်အံလေ့လာသဖြင့် သိရှိလာသည့် အသိများသည် သညာသိသာဖြစ်သဖြင့် အချိန်မရွေး ပျောက်ပျက်သွားနိုင်ပြီး လက်တွေ့ကျင့်ကြံအားထုတ်သဖြင့် သိရှိလာသည့် အသိသည်ကား စစ်မှန်သည့် ပညာဉာဏ်ဖြင့် သိသည့် ပညာသိ ဖြစ်သဖြင့် ပျောက်ပျက်မှုမရှိသည့် အမှန်သစ္စာအသိ ဖြစ်သောကြောင့် သညာသိထက် ပညာသိနှင့် သိစေနိုင်ရန် ကျင့်ကြံကြိုးကုတ် အားထုတ်ကြဖို့ တိုက်တွန်းတော်မူခြင်း ဖြစ်၏။ ဤသဘောကို ဗုဒ္ဓစာပေ တစ်နေရာတွင် မြတ်ဗုဒ္ဓ မိန့်တော်မူသည့် ဓမ္မစကားက သက်သေပြနေ၏။ မြတ်ဗုဒ္ဓက “နွားရှင်တို့အား နွားတို့ကို ရေတွက်အပ်နှင်း လိုက်ရသော နွားကျောင်းသားသည် နွားနို့အရသာကို မခံစားလိုက်ရသကဲ့သို့ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို များစွာဟောပြော နေသော်လည်း မကျင့်မကြံ မေ့လျော့ပေါ့တန်နေသူသည် ပြုထိုက်သည်ကို ပြုသည်မမည်၊ မဂ်ဖိုလ်၏ အရသာကို မခံစားရ…” (ဓမ္မပဒ၊ ဒွေသဟာယက ဘိက္ခုဝတ္ထု)ဟု မိန့်တော်မူထား၏။ ဤစကားဖြင့် မြတ်ဗုဒ္ဓအလိုရှိသည့် သင်အံလေ့ကျက်မှုများထက် ကျင့်ကြံအားထုတ်မှုကသာ အဓိကကျပြီး စိတ်အစဉ်တွင် ကိလေသာငြိမ်းအောင် အားထုတ်နေခြင်းသည် တရားသဖြင့် နေခြင်းဖြစ်ကြောင်း ရည်ညွှန်းတော်မူခြင်း ဖြစ်၏။

ဆိုလိုသည်မှာ တရားနှင့်အညီ နေထိုင်ခြင်း၊ တရားနှင့် နေလေ့ရှိခြင်းဟူသည်မှာ သုတ်ဝိနည်း အဘိဓမ္မာစသည့် ကျမ်းဂန်များကို နေ့စဉ်ဖတ်ရှုလေ့လာ၊ သင်အံပို့ချ၊ ဟောပြောပြသခြင်းများဖြင့် အချိန်ကုန်ဆုံးပြီး နေထိုင်ခြင်းကို ဆိုလိုသည်မဟုတ်ဘဲ မိမိတို့၏ အတွင်းစိတ်သန္တာန်ဝယ် ကိလေသာတရားများ တဖြည်းဖြည်း လျော့နည်းငြိမ်းအေးအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် တစ်နေ့တာ ကုန်ဆုံးသွားခြင်းကိုသာ တရားနှင့်အညီ နေထိုင်ခြင်းဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ အများနှင့်ရောနှောကာ စာသင်စာချ၊ တရားဟော တရားပြ စသည့်အလုပ်များကို လုပ်ဆောင်ရင်း အချိန်ကို ကုန်ဆုံးသွားကြသည်ထက် တစ်ပါးတည်း၊ တစ်ယောက်တည်းနေကာ မိမိ၏ စိတ်အစဉ်ကို ကိလေသာတရားများ၏ ပူလောင်မှုမှ ငြိမ်းအေးနိုင်အောင် ကြိုးစားအားထုတ် နေထိုင်ရင်း အချိန်ကို ကုန်ဆုံးသွားကြသည်ကသာ တရားနှင့်အညီ နေထိုင်ခြင်း၊ တရားနှင့်အညီ ကုန်ဆုံးသွားခြင်းဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် တရားနှင့်အညီ နေထိုင်ခြင်းဖြင့် မိမိတို့၏ အချိန်များကို ကုန်လွန်စေလိုသူများသည် သုတ်ဝိနည်း အဘိဓမ္မာစသည့် တရားများကို သင်အံလေ့လာ ပွားများကာ နေ့စဉ်နေ့တိုင်း အချိန်များကို ကုန်ဆုံးနေကြသည်ထက် မိမိတို့၏ အတွင်းစိတ်ဝယ် ကိလေသာတရားများ လျော့ပါးလာအောင် ကြိုးစားရင်း ကိလေသာမှ ငြိမ်းအောင်အားထုတ် နေထိုင်ခြင်းဖြင့် နေ့စဉ်အချိန်များကို ကုန်လွန်သွားစေခြင်းကသာ စစ်မှန်သည့် တရားနှင့်အညီ နေထိုင်ခြင်း ဖြစ်သဖြင့် သင်အံလေ့လာ ဟောပြောပို့ချ နေမှုများထက် လက်တွေ့ကျင့်ကြံ ကြိုးကုတ် အားထုတ်နေမှုများကိုသာ အဓိက ပြုလုပ်ရင်းဖြင့်သာ မိမိတို့၏ နေ့စဉ်နေထိုင်ခြင်းကို တရားနှင့်အညီ နေထိုင်ခြင်းများ ဖြစ်အောင် ကြိုးစားအားထုတ်ပါကြောင်း တိုက်တွန်းစကား ပါးလိုက်ရပါသည်။

Read more...

နိဗ္ဗာန်ဆိုတာ ရောက်နိုင်တဲ့ဘုံဌာနတစ်ခုလား

အမေး။ ။ဆရာတော်ဘုရား….လူအတော်များများဟာ နိဗ္ဗာန်နဲ့ပတ်သက်ပြီး နိဗ္ဗာန်ရောက်ပါစေ၊ နိဗ္ဗာန်ရရပါလို၏ လို့ ဆုတောင်းကြတယ်ဘုရား၊ တပည့်တော်သိလိုတာက နိဗ္ဗာန်ဆိုတာ ရောက်နိုင်တဲ့(ဘုံ)နေရာလား။ ရနိုင်တဲ့(အခြား)အရာကို ခေါ်တာလားဘုရား၊ နိဗ္ဗာန်နဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းအောင် ဖြေကြားပေးတော်မူပါဘုရား။
ကိုညီညီအောင်
မင်းဘူးမြို့

အဖြေ။ ။နိဗ္ဗာန်ဆိုတာ တည်နေရာ (ဘုံ)မရှိပါဘူး။ လူအများရောက်နိုင်၊ ရနိုင်ပြီး တကယ်လဲရှိတဲ့ သဘာဝအမှန်တရားတစ်ခုဖြစ်တယ်။ ဒါနဲ့စပ်ပြီး မိလိန္ဒမင်းက ရှင်နာဂသိန်ကို “ နိဗ္ဗာန်ဆိုတာ အမြဲအစွဲတည်ရာ ရှိပါသလား”လို့မေးတော့ ရှင်နာဂသိန်က “နိဗ္ဗာန်ဆိုတာ တည်ရာမရှိဘူး” လို့ မိန့်တော်မူတယ်။ဒီအခါ မိလိန္ဒမင်းက “အရှင်ဘုရား…တကယ်လို့နိဗ္ဗာန်ဟာ တည်ရာမရှိဘူးဆိုရင် နိဗ္ဗာန်လဲရှိမှာ မဟုတ်ဘူး။ နိဗ္ဗာန်မျက်မှောက် ပြုတယ်ဆိုတာလဲ တကယ်တော့ မှားတာဖြစ်လိမ့်မယ်။ဥပမာပြောရင် စပါးဆိုတာ သူရဲ့ဖြစ်ရာ စပါးပင်ရှိတယ်။အသီးဆိုတာ သူ့ရဲ့တည်ရာအပင်ရှိ တယ်။ဒါကြောင့်နိဗ္ဗာန်ဆိုတာလဲ တကယ်ဆိုရင် အမြဲတည်ရာရှိရမှာပါဘုရား” လို့ ရှင်နာဂသိန်ကိုမေးလျှောက်တဲ့အခါ ရှင်ဂသိန်က “မင်းကြီး…နိဗ္ဗာန်ဆိုတာ အမြဲတည်ရာမှီရာမရှိပါဘူး၊ ဒီလိုတည်ရာမှီရာအရပ်မရှိပေမဲ့ နိဗ္ဗာန်ဆိုတာ တကယ်ထင်ရှားရှိပါတယ်။ ဥပမာပြောရရင်…
မီးဆိုတာ ထင်ရှားရှိတယ်။ဒါပေမဲ့ ထိုမီးရဲ့ စွဲမြဲတည်ရာအရပ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ထင်းနှစ်ခုကို ပွတ်တိုက်ရင် မီးကို ရပါတယ်။ မီးချက်ဆံနဲ့ မီးချက်ကြုပ်ကို ခတ်လိုက်တဲ့အခါ ‘မီး’ ကိုရလာပါတယ်။ ဒီလိုပါပဲ နိဗ္ဗာန်ဆိုတာ တကယ်ထင်ရှားရှိတယ်။ဒါပေမဲ့သူ့မှာ တည်ရာအရပ် ဆိုတာ မရှိပါဘူး” လို့ မိန့်ကြားတော်မူပါတယ်။
ဒါကြောင့် နိဗ္ဗာန်ဟာ ရှေ့နောက်ဝဲယာ ထက်အောက် အရပ်တွေမှာ ရှိတယ်ဆိုတာ ဘယ်လိုမှ ပြောလို့မရပါဘူး။ ဘယ်နေရာမှာ နိဗ္ဗာန်ရှိ တယ်ဆိုတာ ပြောလို့မရပါဘူး။ နိဗ္ဗာန်ဆိုတာ လောဘစတဲ့ကိလေသာတို့ချူပ်ခြင်းသဘောရှိတယ်။ ဒီသဘောတရားကို ဘယ်နေရာမှာရှိတယ် ဆိုတာ ပြောလို့မရပါဘူး။ ညွန်ကြားလို့လဲမရဘူး။ တည်ရာအရပ်လဲမရှိပါဘူး။
နိဗ္ဗာန်လို့ပြောလိုက်ရင် ဘုံတစ်ခုအနေမျိုးနဲ့မမြင်မိစေနဲ့ ၊ ရောက်စရာဌာနတစ်ခုအနေနဲ့လဲမမြင်မိစေဖို့အရေးကြီးတယ်။ ဘာ့ကြောင့် ဆိုရင် နိဗ္ဗာန်ဟာ သဘောတရားတစ်ခုသာဖြစ်နေလို့ပါပဲ။
နိဗ္ဗာန်ရဲ့သဘောကိုပြောရရင်..
နိဗ္ဗာန်ကို ပုထုဇဉ်တို့ဥာဏ်နဲ့မမြင်နိုင်သော်လဲ ထူးတဲ့မဂ်ဥာဏ်ဖိုလ်ဥာဏ်နဲ့(မဂ်ဖိုလ်ရတာနဲ့တပြိုင်နက်) သိနိုင်မြင်နိုင်လောက်အောင် ထင်ရှားတဲ့သဘောရှိတယ်။
နိဗ္ဗာန်ဟာ ထင်ရှားတဲ့သဘောရှိပေမဲ့ ပကတိမျက်စိနဲ့ ဘယ်လိုနည်းနဲ့မှ မမြင်နိုင်ပါ။ နိဗ္ဗာန်ဟာ ဘယ်လိုချမ်းသာတယ်၊ အေးမြတယ်၊မွန်မြတ်တယ် ဆိုတာကို ထပ်တူပြုဖို့ရာ ဥပမာလဲမရှိပါ။
စိတ်တစ်ခုမှာစတင်ဖြစ်ပေါ်တာရယ် ၊ မပျက်ခင်တည်နေတာရယ်၊ ပျက်သွားတာရယ်ဆိုပြီး သုံးပိုင်းခွဲလို့ရပေမဲ့ နိဗ္ဗာန်မှာတော့ ပိုင်းခြားဖို့အတွက် အပိုင်းဆိုတာမရှိပါ။ ဖြစ် တည် ပျက်ဆိုတာမရှိ၊ အမြဲသစ်လွင်နေတဲ့သဘောရှိပါတယ်(သင်္ဂြိုဟ်ဘာသာဋီကာ၊နှာ၊၆၄၃)
နိဗ္ဗာန်နဲ့စပ်ပြီး ထိုထက်စုံစုံလင်လင်သိချင်တယ်ဆိုရင် မိလိန္ဒပညှာမှာ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဥပမာ သရက်သီးတစ်လုံးရဲ့အရသာကို မစားဘဲသိရတာထက် ကိုယ်တိုင်စားပြီးသိရတာက ပိုထိရောက်သလိုပါပဲ၊ နိဗ္ဗာန်အကြောင်းကို ဒီအတိုင်းလေ့လာနေမဲ့အစား၊ ကိုယ်တိုင်ပဲ လေ့လာအားထုတ်ပြီး မဂ်ဖိုလ်ရအောင်ကြိုးစားနိုင်ရင်မယ်ဆိုရင် ပိုပြီးထိရောက်မှာပါ။

Read more...

စရိုက် (၆) ပါးနှင့် ကမ္မဋ္ဌာန်း (၄၀)…

စရိုက် - ပင်ကိုရိုးရာ သူတကာ ဖြစ်နေကျထက် လွန်ကဲပိုမို၍ အဖြစ်များသည့် အမူအရာကို “စရိုက်” ဟု ခေါ်၏။
ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ သဒ္ဓါစရိုက်၊ ၀ိတက်စရိုက်နှင့် ဗုဒ္ဓိ(ပညာ) စရိုက် ဟူ၍ (၆) မျိုး ရှိ၏။
ကမ္မဋ္ဌာန်း - သမထဘာဝနာ ပွားများ အားထုတ်မှု၏ တည်ရာဖြစ်သော ပထ၀ီကသိုဏ်း၊ အာပေါကသိုဏ်း အစရှိသည့် အာရုံများသည် လည်းကောင်း၊ ၀ိပဿနာ ဘာဝနာ ပွားများ အားထုတ်မှု၏ တည်ရာဖြစ်သော ရုပ်နာမ် အာရုံတို့သည် လည်းကောင်း “ကမ္မဋ္ဌာန်း” ဖြစ်ကြ၏။

(စရိုက်နှင့် ကမ္မဋ္ဌာန်း (၄၀) ကို အောက်ပိုင်းတွင် ဖော်ပြထားပါသည်)

(၁) ရာဂစရိုက် ရှိသူသည် လောကီအာရုံ ကာမဂုဏ်များကို မရှက်မကြောက် လိုက်စား၏။ ၀တ္ထုကာမ၊ ကိလေသာ ကာမ တို့၌ လွန်ကဲစွာ ကပ်ငြိတတ်၏။
(၂) ဒေါသစရိုက် ရှိသူသည် နေရာတကာတွင် ရှူးရှူးရှဲရှဲ အမြဲစိတ်တို၏။ အာဃာတ၊ ဣဿာ၊ မစ္ဆရိယ စသည်တို့ လွန်ကဲ၏။
(၃) မောဟစရိုက် ရှိသူသည် ထိုင်းမှိုင်း တွေဝေ ဖျင်းအ ပြီး အောက်ကျနောက်ကျ ရှိ၏။
(၄) သဒ္ဓါစရိုက် ရှိသူသည် ရတနာမြတ် သုံးပါးကို လွန်စွာ ကြည်ညို၏။ ယုံကြည်လွယ်လေ့ ရှိ၏။
(၅) ၀ိတက်စရိုက် ရှိသူသည် အကြံအစည်များပြီး အလုပ် မတွင်ကျယ်ဘဲ ရှိတတ်၏။ လွန်စွာ စိတ်ကူးယဉ်တတ်၏။
(၆) ဗုဒ္ဓိစရိုက် (သို့မဟုတ်) ပညာစရိုက် ရှိသူသည် ထက်မြက်သော ဉာဏ်ပညာဖြင့် အရာရာကို အကြောင်းအကျိုး အကောင်းအဆိုး တို့ကို စဉ်းစား ဆင်ခြင်လေ့ ရှိ၏။ သူများ ပြောတိုင်း မယုံပေ။

ထိုစရိုက်များနှင့် သင့်တော်သော ကမ္မဋ္ဌာန်းများ မှာ
ရာဂစရိုက် ရှိသူ
သည် အသုဘ (၁၀) ပါးနှင့် ကာယဂတာသတိ ဤကမ္မဋ္ဌာန်း (၁၁) ပါးတို့နှင့် လျောက်ပတ်၏။ ဤကမ္မဋ္ဌာန်းသည် ရာဂမီးကို ငြိမ်းအေးစေနိုင်၏။
ဒေါသစရိုက် ရှိသူသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော အပ္ပမညာ ခေါ် ဗြဟ္မစိုရ်တရား (၄) ပါး၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ဟူသော ၀ဏ္ဏကသိုဏ်း (၄) ပါး ဤ(၈) ပါးသော ကမ္မဋ္ဌာန်းတို့နှင့် လျောက်ပတ်၏။ ဒေါသကြီးသူသည် မကောင်းသော အာရုံများကို ရှုနေရလျှင် ပို၍ ဒေါသ ထွက်လာနိုင်၏။ ဤ(၈) ပါးသော ကမ္မဋ္ဌာန်းတို့သည် သန့်ရှင်း ကြည်လင်ကြသဖြင့် အာရုံပြုသူတို့အား စိတ်ရွှင်လန်း ၀မ်းမြောက်စေ၏။
မောဟစရိုက်နှင့် ၀ိတက်စရိုက် ရှိသူတို့သည် အာနာပါနဿတိ ကမ္မဋ္ဌာန်းနှင့် သင့်လျော် လျောက်ပတ်၏။ မောဟစရိုက် ရှိသူသည် ၀ိစိကိစ္ဆာနှင့် ဥဒ္ဓစ္စတို့ အယှဉ်များသဖြင့် စိတ်ပျံ့လွင့် တုန်လှုပ်၏။ ၀ိတက်စရိုက် ရှိသူသည်လည်း စိတ်ကူး အကြံအစည် များသဖြင့် စိတ်ပျံ့လွင့်၏။ အာနာပါနဿတိ ကမ္မဋ္ဌာန်းကား ၀င်သက်နှင့် ထွက်သက်တို့ကို အချက်ကျကျ လိုက်၍ ရှုမှတ်ရသဖြင့် တုန်လှုပ် ပျံ့လွင့်သည့် စိတ်ကို ချုပ်ထိန်း ဖမ်းဆွဲ ထားနိုင်၏။
သဒ္ဓါစရိုက် ရှိသူသည် ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေ၀တာနုဿတိ ဟူသော ကမ္မဋ္ဌာန်း (၆) ပါးတို့နှင့် သင့်လျော်၏။ ပင်ကိုက ကောင်းနေသော သဒ္ဓါတရားသည် ဘုရား၊ တရား၊ သံဃာ စသည့် အာရုံများနှင့် ကြုံတွေ့လျင် ပို၍ အားကောင်းလာ၏။
ပညာစရိုက် ရှိသူသည် သိမ်မွေ့ နက်နဲသော မရဏာနုဿတိ၊ ဥပသမာနုဿတိ၊ အာဟာရေ ပဋိကူလသညာ၊ စတုဓာတုဝ ၀တ္ထာန် ဟူသော ကမ္မဋ္ဌာန်း (၄) ပါးနှင့် သင့်လျော်၏။ ပင်ကိုက စဉ်းစားချင့်ချိန် လေ့ရှိသူသည် သိမ်မွေ့ နက်နဲသော အာရုံနှင့် ကြုံတွေ့လျင် ပို၍ နက်နက်နဲနဲ စဉ်းစား ဆင်ခြင်သဖြင့် ဉာဏ်ပညာ တိုးပွားထက်မြက်၏။
အများနှင့် ဆိုင်သော ကမ္မဋ္ဌာန်းတို့ကား ပထ၀ီကသိုဏ်း၊ အာပေါကသိုဏ်း၊ တေဇောကသိုဏ်း၊ ၀ါယောကသိုဏ်း၊ အာကာသကသိုဏ်း၊ အာလောကကသိုဏ်း နှင့် အာရုပ္ပ (၄) ပါး ဖြစ်သော အာကာသာနဉ္စာယတနဈာန်၊ ၀ိညာဏဉ္စာယတနဈာန်၊ အာကိဉ္စညာယတနဈာန်၊ နေ၀သညာနာသညာယတနဈာန် တို့ ဖြစ်ပွားရန် ရှုပွားရသော ကမ္မဋ္ဌာန်း တို့ဖြစ်ကြ၏။
တစ်နည်း ဆိုရလျှင် ရာဂကို ပယ်ခြင်းငှာ အသုဘ ကမ္မဋ္ဌာန်း ပွားအပ်၏။ ဒေါသကို ပယ်ခြင်းငှာ မေတ္တာကို ပွားအပ်၏။ ၀ိတက်ကို ပယ်ခြင်းငှာ အာနာပါနဿတိ ပွားအပ်၏။ မာနကို ပယ်ခြင်းငှာ အနိစ္စသညာကို ပွားအပ်၏။

ကမ္မဋ္ဌာန်း (၄၀)

ကသိုဏ်း (၁၀) ပါး
(၁) ပထ၀ီကသိုဏ်း - မြေကသိုဏ်း
(၂) အာပေါကသိုဏ်း - ရေကသိုဏ်း
(၃) တေဇောကသိုဏ်း - မီးကသိုဏ်း
(၄) ၀ါယောကသိုဏ်း - လေကသိုဏ်း
(၅) နီလကသိုဏ်း - အညိုရောင် အဆင်းကသိုဏ်း
(၆) ပီတကသိုဏ်း - ရွှေရောင်အဆင်းကသိုဏ်း
(၇) လောဟိတကသိုဏ်း - အနီရောင် အဆင်းကသိုဏ်း
(၈) သြဒါတကသိုဏ်း - အဖြူရောင် အဆင်းကသိုဏ်း
(၉) အာကာသကသိုဏ်း - ကောင်းကင် ဟင်းလင်းပြင်ကသိုဏ်း
(၁၀) အာလောကကသိုဏ်း - အလင်းရောင်ကသိုဏ်း

အသုဘ (၁၀) ပါး
(၁) ဥဒ္ဓုမာတက - သေလွန်ပြီး နှစ်ရက် သုံးရက်ကြာသည့်အခါ ဖူးဖူးရောင် ပုပ်သဖြင့် စက်ဆုပ်ဖွယ်သော မသာလောင်း။
(၂) ၀ိနီလက - အသားများရာ၌ နီ၊ ပြည်စုရာ၌ ဖြူ၊ ဤသို့ အနီအဖြူ ရောစပ်လျက် ညိုမည်း ပုပ်ပွနေသော မသာလောင်း။
(၃) ၀ိပုဗ္ဗက - ပြည်တစိုစို ပေါက်ကွဲယိုလျက် စက်ဆုပ်ဖွယ်ရာ မသာလောင်း။
(၄) ၀ိစ္ဆိဒ္ဒက - ကိုယ်အထက်ပိုင်း အောက်ပိုင်း နှစ်ပိုင်း သုံးပိုင်း ဖြစ်နေသော မသာလောင်း။
(၅) ၀ိက္ခာယိတက - ခွေး၊ လင်းတ၊ ကျီး စသည်တို့ ခဲ စား ကိုက်ဖြတ်ထားသော မသာလောင်း။
(၆) ၀ိက္ခိတ္တက - လက်၊ ခြေ၊ ဦးခေါင်း၊ ကိုယ်ခန္ဓာတို့ကို တကွဲတပြားစီ ဖရိုဖရဲ ကြဲပစ်ထားသော မသာလောင်း။
(၇) ဟတ၀ိက္ခိတ္တက - ဓား၊ လှံ လက်နက်တို့ဖြင့် အစိတ်စိတ် အမြွှာမြွှာ နေအောင် ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ထားသော မသာလောင်း။
(၈) လောဟိတက - သွေးများ ထွက်ယို၍ တစ်ကိုယ်လုံး လိမ်းကျံနေသော မသာလောင်း။
(၉) ပုဠုဝက - ပိုးလောက်များ ပြည့်နှက်နေသော မသာလောင်း။
(၁၀) အဋ္ဌိက - အရိုးများ စုပေါင်း၍ သို့မဟုတ် ပြန့်ကြဲ၍ ကြွင်းကျန်ရစ်သော မသာလောင်း။

အနုဿတိ (၁၀) ပါး
(၁) ဗုဒ္ဓါနုဿတိ - ဘုရား၏ ပုံသဏ္ဍာန်တော်နှင့် ဂုဏ်တော်များကို အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။
(၂) ဓမ္မာနုဿတိ - ပိဋကတ် တရားတော်များနှင့် တကွ မဂ်ဖိုလ် နိဗ္ဗာန် တရားတော်များ၏ ဂုဏ်တော်တို့ကို အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။
(၃) သံဃာနုဿတိ - အရိယာ သံဃာတော်များ၏ ဂုဏ်တော်တို့ကို အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။
(၄) သီလာနုဿတိ - မိမိ စောင့်ထိန်းထားသော သီလ အမျိုးမျိုးတို့၏ ဂုဏ်တော်များကို မကျိုးမပေါက် မပြောက်မကျား ပုံတို့ကို အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။
(၅) စာဂါနုဿတိ - ဂုဏ်ပကာသနကိုလည်း မမျှော်၊ မော်မော်မောက်မောက်လည်း မပြု၊ ၀န်တိုမှုလည်း မဖက်ဘဲ ရက်ရက်ရောရော မိမိစွန့်ကြဲ ပေးလှူအပ်သော အလှူဒါန၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။
(၆) ဒေ၀တာနုဿတိ - နတ်ဗြဟ္မာများကို သက်သေပြု၍ မိမိ၏ ကုသိုလ် ကောင်းမှုများကို အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။
(၇) ဥပသမာနုဿတိ - နိဗ္ဗာန်၏ ငြိမ်းအေးပုံ စသည့် ဂုဏ်ကျေးဇူးများကို အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။
(၈) မရဏာနုဿတိ - မိမိ၏ သေခြင်း သဘောကို အဖန်ဖန် တွေးတော အောက်မေ့ ဆင်ခြင်မှု။
(၉) ကာယဂတာသတိ - ဆံပင်၊ မွေးညင်း အစရှိသည့် ၃၂ ကောဋ္ဌာသကို ထင်အောင် အဖန်ဖန် အောက်မေ့ ဆင်ခြင်မှု။
(၁၀) အာနာပါနဿတိ - ၀င်သက်၊ ထွက်သက်ကို အောက်မေ့ ဆင်ခြင်သော သတိတရား။

အပ္ပမညာ (၄) ပါး (သို့မဟုတ်) ဗြဟ္မ၀ိဟာရ (၄) ပါး
(၁) မေတ္တာ - သတ္တ၀ါ အများကို ကောင်းစားစေလိုခြင်း၊ ချစ်ခင် မြတ်နိုးခြင်းသဘော။
(၂) ကရုဏာ - ဒုက္ခိတ သတ္တ၀ါ ပညတ်ကို အာရုံပြု၍ သနား ကြင်နာခြင်းသဘော။
(၃) မုဒိတာ - သုခိတ သတ္တ၀ါ ပညတ်ကို အရုံပြု၍ ၀မ်းမြောက်ခြင်းသဘော။
(၄) ဥပေက္ခာ - သတ္တ၀ါ ပညတ်ကို အာရုံပြု၍ ကံစီမ့ရာ ဖြစ်ကြ၏ ဟု အောက်မေ့ ဆင်ခြင်ကာ လျစ်လျူရှုခြင်း သဘော။

အာဟာရေပဋိကူလသညာ (၁) ပါး
စားသောက် မျိုသွင်းအပ်သော ခဲဖွယ်ဘောဇဉ် စသည့် အစာအာဟာရတို့၌ စက်ဆုပ်ဖွယ်ဟု ထင်မြင်လာအောင် အောက်မေ့ဆင်ခြင် ရှုမှတ်တတ်သော သညာကို ခေါ်သည်။

စတုဓာတု၀၀တ္ထာန် (၁) ပါး
ခန္ဓာကိုယ်၌ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော ဟူသည့် ဧာတ် လေပါးကို ပိုင်းခြားတတ်သော ဉာဏ်ကို ခေါ်၏။

အာရုပ္ပ (၄) ပါး
အာကာသာနဉ္စာယတနဈာန်၊ ၀ိညာဏဉ္စာယတနဈာန်၊ အာကိဉ္စညာယတနဈာန်၊ နေ၀သညာ နာ သညာယတနဈာန် တို့ ဖြစ်၏။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP