* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, September 25, 2010

ဗုဒ္ဓ၀ါဒရှု့ထောင့်မှ လူ့ သဘာဝနှင့်ပဋိပက္ခ (၃)



(၄) ပဋိပက္ခဟာ လူသားနှင့်လူ့အဖွဲ့အစည်းအတွက် သဘာဝနှင့် မရှိမဖြစ် လိုအပ်ချက်လား?


အနိစ္စ၊ ဒုက္ခ၊ အနတ္တ - ဤလက္ခဏာရေးသုံးခုဟာ ပဋိပက္ခအခြေအနေကို အပြည့်အ၀ ရှင်းပြနိုင်တဲ့ စည်းမျဉ်းများ ဖြစ်ပါတယ်။ ကမ္ဘာတွင် အရာရာတိုင်းကို အထူးအားဖြင့် ပဋိပက္ခနှင့်ပတ်သက်၍ ဤအရာသုံးခုက ထူးခြားသည့် သွင်ပြင်လက္ခဏာကို ဖော်ပြပါတယ်။

အချို့နိုင်ငံရေးပဋိပက္ခ အယူအဆသမားများဟာ “ ပဋိပက္ခဟာ အနိစ္စဆီသို့ ဦးတည်တယ်” ဆိုတာကို အခိုင်အမာ ပြောကြပါတယ်။ လက္ခဏာရေးသဘောတရားအရ နိစ္စသည်လည်း ပဋိပက္ခသို့ ဦးတည်ပါတယ်။ လူသားနှင့်လူ့အဖွဲ့အစည်းများရဲ့ အတွေးအခေါ်များ၊ အပြုအမူများဟာ စဉ်ဆက်မပြတ်ပြောင်းလဲနေပြီး ကြံ့ကြံ့ခံဖို့ အားတင်းထားဖို့ မတတ်နိုင်ကြပါဘူး။ သက်ရောက်မှုအဖြစ် ၄င်းတို့ကို တားဆီးထားလိုသည့် ဆန္ဒရှိလျင်တောင်မှ ထိုအရာများက တားဆီးမည်မဟုတ်ပါ။ ဒ့ါကြောင့် အကျိုးတရား၊ အခြေအနေနှင့်ပတ်သက်၍ မျော်လင့်ချက်များကို တွေ့ဆုံခွင့်မရသည်နှင့်တပြိုက်နက် ပဋိပက္ခဟာ ဖြစ်ပေါ်လာပါတယ်။

အမှန်စင်စစ် တစ်စုံတစ်ယောက်ဟာ လက္ခဏာရေးသဘောတရားနှင့်ပတ်သက်၍ ဥပဒေသများကို နားလည်လာတဲ့အခါ “ပဋိပက္ခဟာ လူသားနှင့်လူ့အဖွဲ့အစည်းများအတွက် မရှိမဖြစ် လိုအပ်တယ်၊ သဘာဝကျတယ်” ဆိုတာ ဟုတ် မဟုတ် ရှင်းပြရန် အလွန်လွယ်ကူပါတယ်။ သည်မေးခွန်းကို ဖြေကြားခြင်းမတိုင်မီ ဤအခြေအနေတွင် လူသားသတ္တ၀ါများနှင့်ပတ်သက်၍ ပထမဆုံး ရှင်းပြသင့်ပါတယ်။ သူတို့ဟာ ပုထုဇဉ် ဒါမှမဟုတ် ရဟန္တာလား ဆိုတာ ဖြစ်ပါတယ်။

သို့စေကာမူ လက္ခဏာရေးအယူအဆကို အသုံးပြုလျက် လူသားသတ္တ၀ါကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ လောဘ ဒေါသ မောဟပါဝင်တဲ့ ပြင်းပြသည့်အရာများက သူတို့ကို ၀ါးမျိုလောင်မြိုက်နေတဲ့ မည်သည့်အချိန် ဖြစ်ဖြစ် တွေးခေါ်ခြင်း၊ ပြောဆိုခြင်းများအပါအ၀င် သူတို့ရဲ့အပြုအမူအရာအားလုံးဟာ ကောင်းမှု မကောင်းမှု အပေါ်မှာ မှီတည်နေပါလိမ့်မယ်။ သည်အခြေအနေတွင် ပဋိပက္ခဟာ ပုထုဇဉ်လူသားများအကြား ဖြစ်ပေါ်လိမ့်မည်ဖြစ်သော ပုံမှန်အရာဝတ္ထုတစ်ခု ဖြစ်ပါတယ်။ တိပိဋကအလိုအရ ပဋိပက္ခများဟာ ကောသမ္ဗီတွင် ၀ိနယဓရနှင့်ဓမ္မဓရရဟန်းတော်များအကြား ဖြစ်ပေါ်သော ပဋိပက္ခ၊ ရောဟိနီမြစ်ရေနှင့်ပတ်သက်၍ မြတ်ဗုဒ္ဓ၏ ဆွေမျိုးဖြစ်သော သကျနှင့်သာကီမျိုးများအကြား ဖြစ်ပေါ်သော ပဋိပက္ခတို့ ဖြစ်ပါတယ်။

သည်ဥပမာအားလုံးက ပဋိပက္ခကို ရှောင်ရှားရန် ခက်ခဲတယ်ဆိုတာကို ညွှန်ပြနေပါတယ်။ အကြောင်းကတော့ ကျယ်ကျယ်ပြန့်ပြန့် လူအများဟာ အခြားသူများနှင့် ဆက်စပ်ရပါတယ်။ အလုပ်အကိုင်၊ နိုင်ငံရေး၊ စီးပွါးရေး၊ မိသားစုအရေးတို့နှင့် စပ်ဆက်လျက်ရှိပါတယ်။ ဒါ့ကြောင့် “ လူသားနှင့်လူ့အဖွဲ့အစည်းများဟာ ကမ္ဘာတွင် အတူတကွ နေထိုင်ကြဖို့၊ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ကျေနပ်ကြဖို့၊ အတူတကွ အလုပ်လုပ်ကြဖို့ လိုအပ်တယ်” ဆိုတာကို ပဋိပက္ခက ဖြစ်ပေါ်စေပါတယ်။

သို့ဖြစ်၍ မြတ်ဗုဒ္ဓ၏ဒေသနာတော်အလိုအရ ပဋိပက္ခဟာ သဘာဝဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး လူသားဘ၀၏မရှိမဖြစ် အခန်းကဏ္ဍဟု ဆိုစေဦး ထိုအရာများဟာ လုံးလုံးလျားလျား ကောင်းသည်လည်းမဟုတ်၊ အလုံးစုံ ဆိုးသည်လည်းမဟုတ်ပါ။ တချိန်တည်းမှာဘဲ အကောင်းဆုံးဖြစ်နိုင်ချေနည်းလမ်းများတွင် ပဋိပက္ခနှင့် ဘယ်လို နေထိုင်ကြမလဲဆိုတာကို ကိုယ့်ကိုယ်ကို မေးမြန်းကြရပါမယ်။ ဒါ့အပြင် လူသားနှင့်လူ့အဖွဲ့အစည်းများက ပဋိပက္ခတွင် ကိုယ်ကိုယ်တိုင် တွေ့ကြုံရသည့်အကြောင်းကို ဆင်ခြင်သုံးသပ်ရန် အချိန်ယူသင့်ပါတယ်။





(၅) ရဟန္တာများ သဘောထားကွဲလွဲသလား?

ဗုဒ္ဓဘာသာအလိုအရ အသိညဏ်ထူးကို သိပြီးသော ရပြီးသော ပုဂ္ဂိုလ်ကို ရဟန္တာလို့ ခေါ်ပါတယ်။ ဒီအဓိပ္ပါယ်ဖြင့် သူတို့စိတ်၏အတွင်းဒိဋ္ဌဖြစ်ရပ်ကို ရည်ညွန်းပါတယ်။ အမှန်စင်စစ် ရဟန္တာမှာ ပဋိပက္ခရှိတယ် ဆိုတာကို ပြောဆိုဖို့ မထိုက်တန်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ ပြည့်ပြည့်၀၀ အသိညဏ်ထူးကို ရရှိပြီးလို့ ဖြစ်ပါတယ်။
“အို အဂ္ဂိဝေဿန! အသိညဏ်ထူးကို ရရှိပြီးသော ရဟန်းဟာ ကမ္ဘာလောက၏အမြင်များတွင် အခြားသောသူများနှင့် ငြင်းခုံခြင်း၊ ခိုက်ရန်ဖြစ်ခြင်း မရှိတော့ပါ။ ပညာနှင့်ပြည့်စုံသော မုနိဟာ……၊ ညဏ်အလင်းရပြီးသော သူဟာ …….ခိုက်ရန်ဖြစ်ခြင်း မရှိတော့ပါ”ဆိုတာကို မြတ်ဗုဒ္ဓက မိန့်ပါတယ်။

အခြားတစ်ဖက်တွင် ရဟန္တာများဟာ ပဋိပက္ခရှိခဲ့သော် သံဃာများအတွင်း လုပ်ကိုင်ပြီး၊ စီမံပြီးဖြစ်တယ်ဆိုတာ ဖြစ်နိုင်ချေရှိပါတယ်။ အဲဒီနောက် အမှန်တရားကို အကြွင်းမဲ့သိမြင်ပြီးတဲ့ ရဟန္တာများဟာ သမရိုးကျဖြစ်တဲ့ အမှန်တရားအားလုံးကို နားလည်နိုင်တာလည်း ဖြစ်နိုင်ချေရှိပါတယ်။ တကယ်တော့ တရားထူးကို ရောက်ခြင်းမတိုင်မီ သူတို့ဟာ ကွဲပြားခြားနားတဲ့ဗဟုသုတ ဒါမှမဟုတ် အတွေးအခေါ်များ မရှိခဲ့ပါဘူး။

မိလိန္ဒာပဥှာအလိုအရ အရှင်နာဂသေနက ပြောဆိုထားတာ ရှိပါတယ်။ “ ယေဘုယျအားဖြင့် ရဟန္တာများအားလုံး၏သဘာဝအရ အားလုံးသောအရာများကို သိရှိတယ်ဆိုတာ မဟုတ်ပါ။ အချို့က လူများ၏ အမည်နာမများ၊ ဇာတိမျိုးရိုးများကဲ့သို့သော အချို့အရာများကို မသိပါ။ အချို့က ၀ိမုတ္တိကိုသာလျင် သိပါတယ်။ အချို့က အဘိညာဉ်ကိုသာလျင် သိပါတယ်။ သဗ္ဗညုတညဏ်ရှင်သည်သာ အရာအားလုံးကို သိပါတယ်”။ သည်အခြေအနေတွင် ရဟန္တာများဟာ အချို့အရာများနှင့်ပတ်သက်၍ ဗဟုသုတဆိုင်ရာ နယ်နိမိတ်အကန့်အသတ်မရှိပါ။ သို့ဖြစ်၍ သူတို့ဟာ ခြားနားတဲ့အမြင်များရှိနိုင်ပြီး အခြားအရာများနှင့်ပတ်သက်၍ နားလည်ခြင်းများ ရှိနိုင်တယ်ဆိုတာ ဖြစ်နိုင်ချေရှိသော အဓိပ္ပါယ်ကောက်ယူချက် ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်တော်မူအပြီးသုံးလအကြာ ပိဋကများကို စိစစ်တည်းဖြတ်ခြင်း၏ရည်ရွယ်ချက်အတွက် ဗုဒ္ဓ၀ါဒီများကကျင်းပတဲ့ ပထမသင်္ဂါယနာမှာ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ သေးငယ်သောသိက္ခာပုဒ် ၀ိနည်းဥပဒေများကို ဆွေးနွေးရန် ရဟန္တာငါးရာဟာ တွေ့ဆုံခဲ့ပါတယ်။ ဒီမေးခွန်းကို ဖြေရှင်းဖို့ အချိန်များစွာ အသုံးပြုပြီးသော်လည်း နောက်ဆုံး သူတို့ဟာ အဖြေကို မရှာဖွေနိုင်ခဲ့ပါဘူး။ သူတို့မှာ အဖြေများစွာ ရှိခဲ့ပါတယ်။ ဒါပေမယ့် အုပ်စုအသီးသီးအကြား အဖြေအသီးသီးဟာ ခြားနားနေပါတယ်။ သို့ဖြစ်၍ ဤအရာများက ရဟန္တာများဟာ ပဋိပက္ခများ ရှိနိုင်တယ်ဆိုတာကို သက်သေပြနိုင်တဲ့ အကောင်းဆုံး ဥပမာတစ်ခု ဖြစ်ပါတယ်။

Read more...

ကမ္မဋ္ဌာန်းပိုင်း (၁)

ကမ္မဋ္ဌာန်း

ကမ္မဋ္ဌာန်းဆိုသည်မှာ စိတ်ဓာတ်ကို သမာဓိဖြစ်အောင် လေ့ကျင့်ခြင်း၊ သမာဓိဖြစ်ပြီး ပညာဖြစ်အောင် ပွားများခြင်းကို ခေါ်၏။
အာရုံကို ကမ္မဋ္ဌာန်းဟု ခေါ်သည်လည်း ရှိ၏။ အလေ့အကျင့်ကို ကမ္မဋ္ဌာန်းဟု ခေါ်သည်လည်း ရှိ၏။

ကမ္မဋ္ဌာန်း ၂-မျိုး

ဗုဒ္ဓဘာသာမှာ သင်ကြားသော ကမ္မဋ္ဌာန်း ၂-မျိုး ရှိ၏။
(၁) သမထကမ္မဋ္ဌာန်းနှင့် (၂) ဝိပဿနာကမ္မဋ္ဌာန်းတို့ ဖြစ်သည်။

သမထကမ္မဋ္ဌာန်း = နီဝရဏတရားများကို ငြိမ်းစေတတ်သော ကမ္မဋ္ဌာန်း ဖြစ်၏။ သမထကမ္မဋ္ဌာန်းကို လေ့လာ ပွားများ အားထုတ်က ဈာန်၊ အဘိညာဏ်တို့ကို ရနိုင်၏။

ဝိပဿနာကမ္မဋ္ဌာန်း = တေဘူမကသင်္ခါရတရားတို့ကို လက္ခဏာယာဉ်သုံးပါးဖြင့် အဖန်ဖန် ရှုဆင်ခြင်ခြင်း။

တေဘူမကသင်္ခါရ = ဘုံသုံးပါး၌ဖြစ်သော သင်္ခါရတရားများ (လောကီ ရုပ်, နာမ်)
လက္ခဏာယာဉ်သုံးပါး = အနိစ္စ၊ ဒုက္ခ၊ အနတ္တ

ဝိ = အမျိုးမျိုး (လက္ခဏာယာဉ် သုံးပါး)
ပဿနာ = ရှုမြင်ခြင်း

ဝိပဿနာ = အမျိုးမျိုးသိအောင် အားထုတ်ခြင်း။

ဝိပဿနာ ရှုမှတ် ပွားများ အားထုတ်ပြီး အောင်မြင်ကာ အဆုံးသို့ရောက်လျှင် တရားထူး မဂ်ဖိုလ် ရ၏။

သမထကမ္မဋ္ဌာန်းနှင့် ဝိပဿနာကမ္မဋ္ဌာန်း ၂-မျိုးရှိရာတွင် သုတ္တန်များ၌ သမထကနေ ဝိပဿနာသို့ သွားသည်ကို ဟောကြားခြင်း များ၏။
ဝိပဿနာသက်သက် ဟောကြားခြင်း နည်းပါး၏။

မဂ်ဖိုလ်ရအောင် အားထုတ်ရာ၌ သမထယာနိကနည်းနှင့် ဝိပဿနာယာနိကနည်းဟူ၍ ၂-မျိုး ရှိ၏။

သမထယာနိကနည်း

ရှေးဦးစွာ သမထအားထုတ်ပြီး ဈာန်ရကာ၊ ဈာန်ဝင်စား၊ ဈာန်ဝင်စားရာကနေ ဈာန်မှ ထပြီး ထိုဈာန်ကိုပင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုခြင်း (သို့မဟုတ်) တခြား တေဘူမကသင်္ခါရကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုပြီး မဂ်ဖိုလ်ရအောင် အားထုတ်သောနည်း ဖြစ်၏။

ဝိပဿနာယာနိကနည်း

ဈာန်ရအောင် အားမထုတ်တော့ဘဲ ဝိပဿနာကိုပင် စ,စချင်း ရှုမှတ် ပွားများ အားထုတ်ကာ ဝိပဿနာသမာဓိ (ခဏိကသမာဓိ) ရပြီး၊ ဝိပဿနာညာဏ် အဆင့်ဆင့် တက်၍ မဂ်ဖိုလ်ရအောင် အားထုတ်သောနည်း ဖြစ်၏။

+++++

သမထကမ္မဋ္ဌာန်း

သမထကမ္မဋ္ဌာန်း၌ -

(၁) ကသိုဏ်း ၁၀-ပါး
(၂) အသုဘ ၁၀-ပါး
(၃) အနုဿတိ ၁၀-ပါး
(၄) အပ္ပမညာ ၄-ပါး
(၅) သညာ ၁-ပါး
(၆) ဝဝတ္ထာန် ၁-ပါး
(၇) အာရုပ္ပ ၄-ပါး ဟူ၍ ၇-မျိုးဖြင့် ဝေဖန် ပိုင်းခြား သိအပ်၏။

+++

ကသိုဏ်း ၁၀-ပါး

(၁) ပထဝီ = မြေကသိုဏ်း
(၂) အာပေါ = ရေကသိုဏ်း
(၃) တေဇော = မီးကသိုဏ်း
(၄) ဝါယော = လေကသိုဏ်း
(၅) နီလ = အညိုရောင်ကသိုဏ်း
(၆) ပီတ = အရွှေရောင်ကသိုဏ်း
(၇) လောဟိတ = အနီရောင်ကသိုဏ်း
(၈) သြဒါတ = အဖြူရောင်ကသိုဏ်း
(၉) အာကာသ = အပေါက်ဟင်းလင်းကသိုဏ်း
(၁၀) အာလောက = အရောင်အလင်းကသိုဏ်း

မှတ်ချက်။ လုံးစုံမကြွင်း ပျံ့နှံ့ခြင်းကို ကသိုဏ်းဟု ခေါ်သည်။

+++

အသုဘ ၁၀-ပါး

(၁) ဥဒ္ဓုမာတက = ဖူးဖူးရောင်သော သူကောင်အသုဘ
(၂) ဝိနီလက = ညိုညိုမည်းမည်း အဆင်းရှိသော သူကောင်အသုဘ
(၃) ဝိပုဗ္ဗက = ယိုစီးသောပြည်ရှိသော သူကောင်အသုဘ
(၄) ဝိစ္ဆိဒ္ဒက = ဓားလက်နက်စသည်ဖြင့် အလယ်၌ နှစ်ပိုင်းဖြတ်အပ်သော သူကောင်အသုဘ
(၅) ဝိက္ခာယိတက = ခွေးစသည်တို့ ကိုက်ခဲ၍ ထားအပ်သော သူကောင်အသုဘ
(၆) ဝိက္ခိတ္တက = ခွေး ကျီး လင်းတ စသည်တို့ ကိုက်ချီ စားသောက်၍ ပစ်လွှင့်ထားအပ်သော သူကောင်အသုဘ
(၇) ဟတဝိက္ခိတ္တက = ရန်သူသည် ဓားသန်လျက်ဖြင့် ကိုယ်တခြား ခေါင်းတခြား ခြေတခြား လက်တခြား ဖြတ်တောက်လျက် အထူးထူးသော အရပ်၌ ဖရိုဖရဲ ပစ်ထားအပ်သော သူကောင်အသုဘ
(၈) လောဟိတက = ယိုစီးသောသွေးရှိသော သူကောင်အသုဘ
(၉) ပုဠုဝက = ပိုးလောက်တို့ဖြင့်ပြည့်သော သူကောင်အသုဘ
(၁၀) အဋ္ဌိက = အရိုးစုမျှသာဖြစ်သော သူကောင်အသုဘ

+++

အနုဿတိ ၁၀-ပါး

(၁) ဗုဒ္ဓါနုဿတိ = မြတ်စွာဘုရား၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၂) ဓမ္မာနုဿတိ = တရားတော်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၃) သံဃာနုဿတိ = သံဃာတော်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၄) သီလာနုဿတိ = မိမိ၏ သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၅) စာဂါနုဿတိ = မိမိ၏ စွန့်ကြဲခြင်း ဒါနဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၆) ဒေဝတာနုဿတိ = နတ်တို့ကို သက်သေအရာ၌ ထား၍ နတ်တို့၏ သဒ္ဓါစသော ဂုဏ်နှင့်တူသော မိမိ၏သဒ္ဓါစသော ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၇) ဥပသမာနုဿတိ = နိဗ္ဗာန်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၈) မရဏာနုဿတိ = သေခြင်းတရားကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၉) ကာယဂတာဿတိ = ဆံအစရှိသော ၃၂-ပါးသော ကောဋ္ဌာသကို ရွတ်ဆို နှလုံးသွင်းခြင်း။
(၁၀) အာနာပါနဿတိ = ထွက်သက်ဝင်သက်ကို အာရုံပြု၍ အောက်မေ့ခြင်း သတိ။

+++

အပ္ပမညာ ၄-ပါး

(၁) မေတ္တာ = အတိုင်းမသိသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ ချစ်ခြင်းမေတ္တာ။
(၂) ကရုဏာ = အတိုင်းမသိသော ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်း ကရုဏာ။
(၃) မုဒိတာ = အတိုင်းမသိသော သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း မုဒိတာ။
(၄) ဥပေက္ခာ = အတိုင်းမသိသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ လျစ်လျူရှုခြင်း ဥပေက္ခာ။

အတိုင်းမသိသော သုခိတ ဒုက္ခိတ သတ္တဝါ ပညတ်ကို အာရုံပြု၍ ဖြစ်တတ်သောကြောင့် အပ္ပမညာ မည်၏။
ဤလေးပါးကို ကျင့်သုံးသောသူသည် မြတ်သောနေခြင်း ဖြစ်သောကြောင့် ဗြဟ္မဝိဟာရတရား ၄-ပါးဟုလည်း ခေါ်သည်။


၅၂၈-သွယ် မေတ္တာ

သဗ္ဗေသတ္တာ၊
သဗ္ဗေပါဏာ၊
သဗ္ဗေဘူတာ၊
သဗ္ဗေပုဂ္ဂလာ၊
သဗ္ဗေအတ္တဘာဝပရိယာပန္နာ - ဤ ၅-ခုကား မည်သူမည်ဝါ ယောက်ျား မိန်းမ စသည်ဖြင့် ရည်မှတ် ပိုင်းခြားခြင်း မရှိသောကြောင့် “အနောဒိသပုဂ္ဂိုလ်” မည်၏။

သဗ္ဗာဣတ္ထိယော၊
သဗ္ဗေပုရိသာ၊
သဗ္ဗေအရိယာ၊
သဗ္ဗေအနရိယာ၊
သဗ္ဗေဒေဝါ၊
သဗ္ဗေမနုဿာ၊
သဗ္ဗေဝိနိပါတိကာ - ဤ ၇-ခုကား မိန်းမ ယောက်ျား စသည်ဖြင့် ရည်မှတ် ပိုင်းခြားခြင်း ရှိသောကြောင့် “သြဒိသပုဂ္ဂိုလ်” မည်၏။

၎င်း သြဒိသ အနောဒိသ ၂-ပါးကို ပေါင်းသော် ၁၂-ပါး ဖြစ်၏။

၎င်း ၁၂-ပါးကို တည်၍ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနီဃာဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု ဟူသော အခြင်းအရာ ၄-ပါးနှင့် မြှောက်သော် ၄၈-ပါး ဖြစ်၏။

ဤ ၄၈-ပါးကား အရပ်မျက်နှာနှင့် မစပ်ဘဲ ပို့သော မေတ္တာတည်း။

အရပ် ၁၀-မျက်နှာနှင့် စပ်၍ ပို့ရာ၌ တစ်မျက်နှာ တစ်မျက်နှာတွင် ၄၈-ပါးစီ ရသောကြောင့် အရပ် ၁၀-မျက်နှာ၌ ၄၈၀ ဖြစ်၏။
ထို ၄၈၀ ကို အရပ်မျက်နှာနှင့် မစပ်သော ၄၈ နှင့် ပေါင်းသော် ၅၂၈ ဖြစ်၏။

+++

ဧကသညာ

မျိုအပ် စားအပ်သော အစာအာဟာရ၌ စက်ဆုတ် ရွံရှာဖွယ်သော အဖြစ်ကို အောက်မေ့ ဆင်ခြင်သော အမှတ်သညာသည် “အာဟာရေပဋိကူလသညာ” မည်၏။

+++

ဧကဝဝတ္ထာန

မိမိကိုယ်၌ တည်ရှိကုန်သော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော ဓာတ် ၄-ပါးကို မှတ်သောအားဖြင့် ပိုင်းခြား ရှုဆင်ခြင်၍ ဆုံးဖြတ်ခြင်းသည် “စတုဓာတုဝဝတ္ထာန” မည်၏။

+++

အာရုပ္ပ ၄-ပါး

ရုပ်၏ ဆန့်ကျင်ဘက်ဖြစ်သော ကောင်းကင်ပညတ်စသော လေးပါးသော အာရုံ၌ဖြစ်သော အာရုပ္ပကမ္မဋ္ဌာန်း ၄-ပါးသည် အာရုပ္ပ ၄-ပါး မည်၏။

+++++

ကမ္မဋ္ဌာန်းလေးဆယ်ကို စရိုက် ၆-ပါးနှင့် တွဲစပ်ပုံ

အဖြစ်များခြင်းကြောင့်လည်းကောင်း၊ မပြတ်ဖြစ်ခြင်းကြောင့်လည်းကောင်း စရိုက် မည်၏။

စရိုက်တို့သည် ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ သဒ္ဓါစရိုက်၊ ဗုဒ္ဓိစရိုက်၊ ဝိတက်စရိုက် ဟူ၍ ၆-ပါး အပြားရှိ၏။

စရိုက် သင့်လျော်သော ကမ္မဋ္ဌာန်း ပေါင်း
ရာဂ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ ၁၁
ဒေါသ အပ္ပမညာ ၄-ပါး၊ နီလ, ပီတ, လောဟိတ, သြဒါတကသိုဏ်း
မောဟ၊ ဝိတက် အာနာပါနဿတိ
သဒ္ဓါ ဗုဒ္ဓါ၊ ဓမ္မာ၊ သံဃာ၊ သီလာ၊ စာဂါ၊ ဒေဝတာနုဿတိ
ဗုဒ္ဓိ မရဏာနုဿတိ၊ ဥပသမာနုဿတိ၊ အာဟာရေပဋိကူလသညာ၊ စတုဓာတုဝဝတ္ထာန်
စရိုက် ၆-ပါး ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသ၊ အာလောကကသိုဏ်း၊ အာရုပ္ပ ၄-ပါး ၁၀

ရာဂစရိုက်များသောသူသည် အသုဘ ၁၀-ပါး၊ ကာယဂတာသတိကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများအပ်၏ စသည် ယူပါ။

+++++

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၁ ရက် စနေနေ့ လောကချမ်းသာ ဆည်းဆာတရားပွဲကို အရှင်စက္ကိန္ဒက ဟောကြား ချီးမြှင့်ရာ သိကြားမင်း ရှိခိုးခံရသူများအကြောင်း မှတ်သား နာယူကြရလေသည်။

  • ကုသိုလ်တရား၊ ပြုသူများ၊ သိကြား ရှိခိုးသည်။
  • သီလတရား၊ ရှိသူများ၊ သိကြား ရှိခိုးသည်။
  • တရားသမှု၊ မိသားစုအား၊ လုပ်ကျွေးငြား၊ သိကြား ရှိခိုးသည်။
သာဓု ... သာဓု ... သာဓု။

Read more...

လောကအကျိုးအတွက် စွမ်းဆောင်နေသူများ (၂၉ ကြိမ်မြောက် လစဉ်အလှူတော်မှတ်တမ်း)

အလှူမှတ်တမ်းများ - လစဉ်အလှူမှတ်တမ်းများ
ပစ္စည်းဥစ္စာ အရာဝတ္ထုဆိုတာ အနိမ့်ဆုံးသို့ စုစည်းလေ့ရှိကြပါတယ်။ ဥပမာ- ရေဆိုရင်လည်း နိမ့်ရာအရပ်သို့ စီးဆင်းပါတယ်။ တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေဆိုလည်း ပင်လယ်ရေရဲ့အနက်ရှိုင်းဆုံးနေရာသို့ စုစည်းလေ့ရှိပါ တယ်။ ဒီလိုပါပဲ သူများမလုပ်ချင်တဲ့၊ လုပ်ဖို့မလွယ်တဲ့အရာကို မေတ္တာစိတ်ဖြင့် အရာရာကိုသည်းခံပြီး အောင်မြင်အောင် ကြိုးစားချင်တဲ့စိတ်ထားပြီး ကိုယ်ကျိုးမဖက် အများအတွက် လုပ်ကြသူတွေဟာ တန်ဖိုးအရှိဆုံး၊ အမြင့်မြတ်ဆုံး အနှစ်သာရတရားကို ရရှိနိုင်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အများအတွက်ဆိုရင် ပေးလိုစိတ်လည်း မွေးရတယ်။ ပေးစရာလည်း ရှာရမယ်။ ဘာလုပ်လုပ် ပေးတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရပါမယ်။ ပေးတယ်ဆိုရာမှာ ပစ္စည်းဝတ္ထုတင် မဟုတ်ပါဘူး။ သီလတရားတွေ ပြည့်စုံအောင် ပြုစုပေးတာ၊ လောကီအတတ်ပညာ၊ လောကုတ္တရာအတတ်ပညာတွေ ပြည့်စုံအောင် ပျိုးထောင်ပေးဖို့ စတဲ့အချက်တွေလည်း ပါဝင်နေမှာပါ။

အဲဒီလို ပေးစွမ်းတော့မယ်ဆိုရင် အပေးခံရသူဆီက ဘာကိုမှ မမျှော်လင့်နဲ့(မတောင်းတပါနဲ့)။ နှုတ်အားဖြင့်သော်မှ ကျေးဇူးတင်စကား အပြောခံရဖို့ မတောင်းတပါနဲ့။ လောကကြီးက ကောင်းတာလုပ်တိုင်း အကောင်းနဲ့ တုန့်ပြန်မှာ မဟုတ်ပါဘူး။ တုန့်ပြန်ချင်လည်း တုန့်ပြန်ပါလိမ့်မယ်။ လောကကြီးက လောကအလုပ်တိုင်း လုပ်မှာပါ။ ကိုယ်ကလည်း ပေးလိုစိတ်နဲ့ ပေးနိုင်အောင် ပေးစရာတွေကို ကြိုးစားရှာဖွေနေဖို့ပဲလိုပါတယ်။ သူတစ်ပါးတို့ ဒုက္ခဖြစ်နေတာကို ပယ်ဖျောက် ပေးမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး လက်ကိုင်ထားဖို့ လိုအပ်ပါတယ်။ ဒါကိုပဲ ကရုဏာလို့ ခေါ်တာပါ။ ဒီလို ကရုဏာတရားတွေ ပြည့်စုံလာမယ်ဆိုရင် ဝိဟိံသူပသမော ကရုဏာ သမ္ပတ္တိ ဆိုတဲ့အတိုင်း ဝိဟိံသတရားလို့ ခေါ်တဲ့ ညှင်းဆဲနှိပ်စက်ခြင်း၊ ပင်ပန်းဆင်းရဲခြင်းတရားတွေ ချုပ်ငြိမ်းမယ်။ လူတွေကြောင့်ဖြစ်တဲ့ ဒုက္ခ၊ သဘာဝကြောင့်ဖြစ်တဲ့ ဒုက္ခတွေကနေ ကင်းလွတ်ပယ်ဖျောက်ပေးတဲ့ အကျိုးတွေ ရရှိလာမှာပါပဲ။

“အခု ရေတွင်းတူး၊ အခု ရေကြည်သောက်”ဆိုတဲ့ စကားကို လူတိုင်းကြားဖူးကြပါတယ်။ အဲဒီလိုမျိုး အခု ချက်ခြင်း တူး၊ အခုရေကြည်သောက်လို့ မရနိုင်ပါဘူး။ ရေကြည်ထွက်တဲ့အချိန်အထိ စောင့်ရပါမယ်။ စိတ်မရှည်ရင် ရေရှည်ခံတဲ့ ရေတွင်း တူးလို့မရနိုင်ပါဘူး။ တူးလို့မရရင် ရေကြည်သောက်ဖို့လည်း ဖြစ်လာမှာမဟုတ်ပါဘူး။ ရေငတ်လာပြီဆိုရင် ရေကြည်ရာ မြက်နုရာကို ရှာကြတာဟာ လူ့ဘဘာဝပါ။ ပရဟိတကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ၊ သီလရှင် ဆရာကြီးသင်ပညာရေးကျောင်းတွေဟာ ရေကြည်သောက်ဖို့ ရေတွင်းတူးပေးနေတဲ့ နေရာတွေပါ။ အဲဒီကျောင်း တွေမှာရှိတဲ့ ရဟန်း၊ သီလရှင်ဆရာကြီးတွေဟာ မေတ္တာစိတ်ထားပြီ်း အများအတွက် ပေးလိုစိတ်အပြည်နဲ့ ကလေးငယ် တွေကို ဗုဒ္ဓဘာသာတံဆိပ် ခတ်နှိပ်ပေးဖို့ အကောင်းဆုံးကြိုးစားပေးနေကြသူတွေပါပဲ။

“အနာဂတ်”ဆိုတဲ့ စကားလုံးလေးကို လူတိုင်းလူတိုင်း တွင်တွင်ကျယ်ကျယ်အသုံးပြုကြတယ်။ အနာဂတ် များစွာထဲက အနာဂတ်သာသနာကိုကြည့်ရင် အဓိကအကျဆုံးအခန်းကဏ္ဍက ပါဝင်တာကတော့ ကလေးငယ်တွေပါပဲ။ တစ်ချိန်မှာ သူတို့ဟာ သာသနာ့ဝန်ထမ်းတွေ၊ သာသနာကို ထောက်ပံ့သူတွေ ဖြစ်လာကြမှာ မလွဲပါပဲ။ သို့ပေမယ့် သူတို့လေးတွေကို ငယ်ငယ်ကတည်းက ဗုဒ္ဓဘာသာတံဆိပ် ခပ်နှိပ်မထားရင် ဗုဒ္ဓဘာသာအပေါ်မှာ လေးလေးနက်နက် သက်ဝင်ယုံကြည်ပြီး လောကကောင်းကျိုးအတွက်ရော၊ ဘာသာသာသနာအတွက်ရော အားကိုးရလောက်တဲ့သူတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ ကလေးငယ်တွေဟာ ဘ၀ကံကြမ္မာ အလှည့်အပြောင်းတစ်ခုခုကြောင့် ဘ၀မုန်တိုင်းကြားမှာ လမ်းပျောက်ပြီး ဘာသာခြားဘ၀၊ ဘာသာမဲ့ဘ၀သို့ ရောက်ရှိနိုင်ပါတယ်။ ထိုသို့မဖြစ်ရအောင် အနာဂတ်မှာ ဦးဆောင်ကြ မယ့်ကလေးတွေကို ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ပြုစုပေးနိုင်အောင် ကြိုးစားကြရပါမယ်။

အဲဒီလိုဖြစ်လာအောင် ဆောင်ရွက်ပေးနေချိန်မှာ သူတို့ဘ၀လေးတွေ တိုးတက်ဖို့အတွက် သူတို့ရဲ့ မမြင်ရသေးတဲ့ အစွမ်းတွေကို ဆွဲထုတ်ပေးဖို့ အရေးကြီးလာပြန်ပါတယ်။ သူတို့မှာ ကောင်းတဲ့အစွမ်းတွေဖြစ်လာအောင် မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်နဲ့အညီ မြေတောင်မြှောက်ပေးဖို့ ဆောင်ရွက်ကြရပါမယ်။ သူတို့လေးတွေကို အစစအရာရာ အဆင်ပြေစေဖို့၊ သူတို့အနာဂတ်၊ သူတို့ဘ၀တိုးတက်ဖို့၊ သာသနာတော်အဓွန့်ရှည်ဖို့ဆိုတဲ့ များစွာသော ရည်ရွယ်ချက် တွေကို အောင်မြင်အောင် ကြိုစားဖို့ဆိုတာကလည်း ပေးလိုစိတ်တစ်ခုတည်းနဲ့လည်း မဖြစ်ပြန်ပါဘူး။ ပေးလိုစိတ်ရှိသလို ပေးစရာလည်း ရှိရပါမယ်။ လုပ်ဆောင်သမျှတွေဟာလည်း ပေးဖို့ရည်ရွယ်ချက်နဲ့သာ လုပ်ဆောင်ရပါမယ်။

အချုပ်ကို ပြန်စဉ်းစားကြည့်ရင် ပေးလိုစိတ်ဖြစ်တဲ့ အလောဘနဲ့မေတ္တာ၊ ပေးစရာကို ရှာတဲ့ ၀ီရိယ၊ ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ အဓိဋ္ဌာန်၊ အနာဂတ်အတွက် ကြိုတင်မျှော်တွေးနိုင်တဲ့ ပညာ၊ ကြုံလာတဲ့ လောကဓံတိုင်းကို တရားနှင့်ရင်ဆိုင်နိုင်တဲ့ ခန္တီနဲ့ ဥပေက္ခာ၊ အမြဲဆောက်တည်နေတဲ့ သီလ၊ စတဲ့ပါရမီကျင့်စဉ်တွေကို လုပ်ဆောင်နေခြင်းဟာ အင်မတန်မှ မွန်မြတ်လှပါတယ်။ အင်မတန်မှကို လေးစားဂုဏ်ယူထိုက်ပါတယ်။ ထိုကဲ့သို့ လေးစားဂုဏ်ယူစရာကောင်းတဲ့ သူတွေကတော့ လူငယ်တွေကို လောကအတွက် အချီးအနှီးဖြစ်မသွားဘဲ လောကအတွက် ကောင်းမွန်လာအောင်၊ အနာဂတ်မှာ လောကအကျိုးကိုဆောင်နိုင်အောင် ပြုစုစောင့်ရှောက်ပေးနေကြတဲ့ ပရိယတ္တိစာသင်တိုက်ကြီးတွေ၊ ပရဟိတကျောင်းတွေ၊ မိဘမဲ့ကလေးဂေဟာတွေ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ၊ သီလရှင်ရှင်သင်ပညာရေးကျောင်း တွေ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေမှာ ဆောင်ရွက်နေကြတဲ့ ရဟန်းတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ် စွမ်းဆောင် ရှင်များပဲ ဖြစ်ပါတယ်။

ဓမ္မမိတ်ဆွေများအနေဖြင့် တို့များလည်း ပါဝင်ကူညီကြစို့ရဲ့၊ ပါဝင်လှူဒါန်းကြစို့ရဲ့ စသဖြင့် သဒ္ဓါတရားများ ပွားများစေရန်လည်းကောင်း၊ လှူဒါန်းခဲ့ကြတဲ့ စေတနာရှင်များ၊ ပါဝင်ကူညီခဲ့ကြတဲ့ စေတနာရှင်များ အနေဖြင့်လည်း မိမိတို့အလှူသည် မည်မျှကြီးကျယ်မြင့်မြတ်လှကြောင်း၊ မွန်မြတ်လှကြောင်း ပြန်လည်ပီတိဖြစ်ကာ ကုသိုလ်တရားများ ထပ်မံတိုးပွားစေရန်လည်းကောင်း ဤဆောင်းပါးကို ဖော်ကျူးရေးသားအပ်ပါတယ်။

ဓမ္မမိတ်ဆွေများအားလုံး၊ အလှူရှင်စေတနာရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာနိုင်ကြပါစေ။

အမောင်(ရေနံ့သာ)
၂၀၁၀ သြဂုတ်လ (၂၉)ကြိမ်အတွက် ကျောင်းအလိုက် ကောက်ခံရရှိသော အလှူငွေစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

1. MEPhI - 7100 Rubles 0 coins

2. MATI - 1150 ။ 0 ။

3. MISA - 1120 ။ 0 ။

4. BMSTU - 1910 ။ 1218 ။

5. MPEI - 1130 ။ 0 ။

6. STANGUN - 1460 ။ 780 ။

7. MSMU - 1400 ။ 0 ။

8. MIET - 1550 ။ 0 ။

Total - 16820 Rubles 1998 coins

ကောက်ခံရရှိသော အလှူငွေများအား (၁)ဒေါ်လာကို ၃၀.၀၀ရူဘယ်ဖြင့် လဲလှယ်ရရှိပါသည်။ အကြွေစေ့လဲလှယ်ငွေများ ယခုလတွင် လဲလှယ်မှုအဆင်ပြေသောကြောင့် အကြွေစေ့မှ ရူဘယ်အဖြစ်သို့ လဲလှယ်ရရှိငွေ (၁၅၈၀၀)ရူဘယ်အား အလှူငွေထဲသို့ ထပ်ပေါင်းထည့်ဝင်၍ လှူဒါန်းထားပါသည်။
ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှ ဦးဆောင်၍ (၂၉)ကြိမ်မြောက်အဖြစ် အောက်ပါနေရာအား လှူဒါန်းခဲ့ပါသည်။
  • ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင် ရွှေစေတီနားတွင် တည်ရှိသော ဇလွန်သီလရှင်သင် ပညာရေးကျောင်းရှိ သီလရှင် အပါး(၄၀)နှင့် ကျောင်းသား (၃၀၀)ခန့်သည် တစ်နေရာထဲမှာပင် စာသင်ခြင်း၊ အိပ်ခြင်း၊ စားခြင်း များပြုလုပ်နေရကာ ခက်ခဲပင်ပန်းစွာဖြင့် ပညာသင်ကြားနေကြရပါသည်။ ဖော်ပြပါကျောင်းလေးသည် အခြေခံပညာ အဋ္ဌမတန်းအထိ ပညာသင်ကြားပေးလျှက်ရှိပါသည်။ ထိုလိုအပ်လျှက်ရှိသော သီလရှင်စာသင်ကျောင်းနှင့် စာသင်သားကလေးများ အတွက် ကျွန်တော်တို့ ၁၉.၉.၂၀၁၀ (စနေနေ့) မနက် (၁၀း၃၀)နာရီတွင် သွားရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီးဒေါ်ဧသိင်္ဂီ (ဓမ္မာစရိယ)အား န၀ကမ္မ၀တ္ထုငွေ ငါးသိန်းကျပ် (၅၀၀၀၀၀/ိ- ကျပ်) လှူဒါန်းခဲ့ကြသည်။ လှူဒါန်းမှု မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှု့၍ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။
အလှူမှတ်တမ်းဓာတ်ပုံများ


Read more...

ဂန္ဓာရနှင့် အယုဒ္ဓယမှ ဘုရားပျက်များ

“ရွှေမှန်ကင်းက ထင်းဖြစ်ရသည်” ဆိုသည်မှာ အဆန်းတော့ မဟုတ်ပါ။ အလွန်စည်ကားလှသော မင်းနေပြည်ကြီးသည်ပင် မြို့ငယ်ရွာငယ်လေးအဖြစ် သေးသိမ်တိမ်ကောသွား တတ်ပါသည်။ “ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော သင်္ခါရတရားတို့သည် စင်စစ် မမြဲ” ဟု သံဝေဂတရားဖြင့် ဖြစ်စေ၊ “ငါ့လူမျိုး, ငါ့နိုင်ငံ” ဟူသော မာန်မာနတရားဖြင့်ဖြစ်စေ ရှုမြင်နိုင်သည်။ ဂန္ဓာရနှင့် အယုဒ္ဓယမှ ဘုရားပျက်များအား ကြည့်၍ သံဝေဂယူကောင်း ယူနိုင်သည်။ မာန်မာန, ဒေါမနဿတရားများ ပွားကောင်း ပွားနိုင်သည်။

ဂန္ဓာရကို ကိုယ်တိုင် မရောက်ဖူးပါ။ ဂန္ဓာရဒေသသည် တရုတ်ပြည်နှင့် အနောက်ဖက်မှ ပါရှား, ဂရိစသော နိုင်ငံများကို ဆက်သွယ်ပေးရာ Silk Road ခေါ် ကုန်သွယ် လမ်းကြောင်းပေါ်တွင်ရှိ၍ ယခုခေတ် ပါကစ္စတန်နှင့် အာဖကန်နစ္စတန် နိုင်ငံတို့ရှိသော ဒေသဖြစ်သည်။ ထိုလမ်းကြောင်းမှပင် ဂရိနိုင်ငံပြည့်ရှင် Alexander the Great က ပါရှားနှင့် အိန္ဒုမြစ်ဝှမ်းဒေသကို ချီတက် သိမ်းပိုက်ခဲ့ဖူးသည်။ ထိုလမ်းကြောင်းမှပင် မဂဓတိုင်းပြည့်ရှင် အသောကမင်းကြီးက ဂန္ဓာရတိုင်းနှင့် ဂရိနိုင်ငံ ယောနတိုင်း (Ionian) တို့ကို ဗုဒ္ဓသာသနာပြုခရီး စေလွှတ်ခဲ့သည်။ ထို့ကြောင့် ဂန္ဓရာတိုင်းသည် ဂရိယဉ်ကျေးမှု အတွေးအခေါ်များ နှင့် ဗုဒ္ဓသာသနာတို့ ပေါင်းဆုံမိရာ ဒေသဖြစ်သည်။ ထိုသို့ပေါင်းဆုံမှု၏ ရလဒ်တခုသည် မိလိန္ဒပဉှာကျမ်းဖြစ်၍ အခြားတခုမှာ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ ထုလုပ် ကိုးကွယ်ခြင်း ဖြစ်သည်။
ပြင်သစ်နိုင်ငံ မြို့ငယ်လေးတခုတွင် ဓာတ်ပုံဆရာတဦးက သူရိုက်ထားသော ဓာတ်ပုံအယ်ဘမ် စာအုပ်များကို ထုတ်ပြရင်း၊ ဤဂန္ဓာရဒေသမှ ရပ်တော်မူ ဆင်းတုတော်ကြီးနှင့် အတူရိုက်ထားသော ဓာတ်ပုံနှစ်ပုံကို ထုတ်ပြသည်။ တစ်ပုံမှာ Bamiyan ခေါ် တောင်ကြားဒေသ ကျောက်နံရံကြီးများအား ထွင်း၍ ထုလုပ်ထားသော ဉာဏ်တော် ပေ-၁၈၀ နီးပါးရှိသော ရုပ်ပွားဆင်းတုတော်ကြီး၏ ရှေ့တွင် ရိုက်ထားသော ပုံဖြစ်သည်။ မပျက်စီးသေးဘဲ ကျန်ရှိနေသည့် ရပ်တော်မူ ရုပ်ပွားဆင်းတုတော်ကြီး နှစ်ဆူအား UNESCO အဖွဲ့ကြီးက ကမ္ဘာ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ နိုင်ငံတကာ ခရီးသွားများနှင့် ဘုရားဖူးဧည့်သည် အများအပြား လာရောက် ဖူးမြှော် လေ့လာကြသောကြောင့် အာဖကန်နစ္စတန်နိုင်ငံအတွက် ၀င်ငွေရှာပေးသော နေရာလည်း ဖြစ်ခဲ့ပါသည်။ သို့သော် တာလီဘန်တို့က ထိုရုပ်ပွားတော်ကြီးများ တည်ရှိနေခြင်းအား အရှက်ရစရာ တခုအဖြစ်မြင်ခဲ့သည်။ UNESCO နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ၀ိုင်းဝန်းပန်ကြားခဲ့ကြသည်ကို ဂရုမစိုက်ဘဲ တာလီဘန်တို့က ဆင်းတုတော်ကြီး နှစ်ဆူအား ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသည်။ ထိုသို့ ဖျက်ဆီးပြီးစအချိန်တွင် ဓာတ်ပုံဆရာသည် အာဖဂန်နစ္စတန်သို့ ထပ်မံသွားရောက်၍ ဖျက်ဆီးထားသော ရုပ်ပွားတော် ရှိရာနေရာကို နောက်ခံထား၍ တာလီဘန်များနှင့် အတူ ဓာတ်ပုံရိုက်ခဲ့သေးသည်။ ထိုဓာတ်ပုံထဲမှ တာလီဘန်တို့၏ မျက်နှာတွင် သူတို့လုပ်ရပ်အတွက် ဂုဏ်ယူနေသည့် အသွင်ပေါ်လွင်နေသည်။ သူတို့လုပ်ရပ်သည် နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် အရှက်ရစရာ ဖြစ်စေသည်ဟု စိုးစဉ်းမျှထင်ပုံမရ။ အကောင်းအဆိုး အမှားအမှန်ကို ခွဲခြားဝေဖန်နိုင်မည့် အသိဉာဏ် ကင်းမဲ့သွားလောက်အောင် မှိုင်းမိနေသူများပါပေတည်း။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ဟောင်းသို့ အလည်ရောက်ခဲ့ဖူးသည်။ ကမ္ဘာခရီးသွားဧည့်သည် အများအပြား လာရောက်တတ်သည့် နေရာဖြစ်သဖြင့်၊ အင်္ဂလိပ်စကားပြော လေ့ကျင့်လိုသော ထိုင်းကျောင်းသား, ကျောင်းသူလေးများက အခမဲ့ဧည့်လမ်းညွှန်အဖြစ် အယုဒ္ဓယမြို့ဟောင်း၏ သမိုင်းကို ရှင်းပြပေးတတ်ပါသည်။ ဘုရားရုပ်ပွား ဆင်းတုတော်ပျက်များကို လက်ညိုးဖြင့် ညွှန်ပြကာ အယုဒ္ဓယကို မြန်မာတို့ စစ်ဆင်စဉ်က ဘုန်းတော်ကြီးကျောင်းများ, ဘုရားများကို ဖျက်ဆီးခဲ့ကြပုံ, မြန်မာစစ်သားတို့၏ ရဟန်းသံဃာများ, မိန်းမများနှင့် ကလေးသူငယ်များအပေါ် ရက်စက်ခဲ့ကြပုံတို့ကို နာကျည်းသည့် လေသံဖြင့် ရှင်းပြ ကြသည်။ ထိုစဉ်က မြန်မာတို့ အယုဒ္ဓကို အနိုင်တိုက် နိုင်ခဲ့၍ ဂုဏ်ယူလိုစိတ်နှင့်အတူ မြန်မာတို့၏ ရက်စက်ရိုင်းပျမှုအတွက် ရှက်စိတ်တို့ ရောပြွမ်းနေခဲ့သည်။ “မြန်မာလူမျိုးအများစုက ဘာသာတရား ကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေ… ဒီလို အလုပ်မျိုးတော့ တမင်လုပ်မယ် မထင်ဘူး… ။ စစ်ဖြစ်နေတာပဲ တဖက်နဲ့ တဖက် ပစ်ကြခတ်ကြ မတော်တဆဖြစ်တာ နေမှာပေါ့။ ပြီးတော့ ရှေးဟောင်းပစ္စည်း ခိုးထုတ်တဲ့သူတွေ ခေါင်းတော်တွေဖြတ်, ဌာပနာတွေ ဖောက်ယူကြတာကော မဖြစ်နိုင်ဘူးလား…။ ရဟန်းတော်တွေ, ကလေးငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်ဆိုတာ (သူတို့ဟာသူတို့ ၀ါဒဖြန့်ဖို့ ဆွဲထားတဲ့) ပန်းချီကားတွေကလွဲလို့ အထောက်အထား ခိုင်ခိုင်မာမာမှ မရှိတာ” လို့ပဲ ရှက်စိတ်ကို ပေါ့အောင် ဖြေတွေးခဲ့ဖူးသည်။ ၂၀၀၇-ခု စက်တင်ဘာလ အရေးအခင်း နောက်ပိုင်းကာလတွင် အတွေးများ ပြောင်းသွားခဲ့သည်။ အကယ်၍ အယုဒ္ဓယရဟန်းတော်များသည် ရဟန်းတု ရဟန်းယောင်များသာဖြစ်လေဟန် မြန်မာစစ်သားတို့အား မှိုင်းသွင်းပေးထားပါက ဆင်းတုတော်များကိုလည်း ဖျက်ဆီးခဲ့ကြပါလိမ့်မည်။ ရဟန်းတော်များအားလည်း သတ်ဖြတ်ခဲ့ကြပါလိမ့်မည်။

ဗုဒ္ဓသာသနာ တိမ်ကောပျောက်ကွယ်သွားသည့် ဂန္ဓာရဒေသတွင် ယဉ်ကျေးမှုအမွေအနှစ် ရုပ်ပွားဆင်းတုတော်ကြီးများ ပျက်စီး ဆုံးရှုံးခဲ့ရခြင်းသည် အဆန်းမဟုတ်ပါ။ လူတို့၏ စိတ်ဓာတ် အဆင့်အတန်းများ တစတစ နိမ့်ကျ ပျက်စီးသွားပါက ထိုလူ့ဘောင်လောကသည် အေးချမ်းသာယာမှု မရနိုင်။ ငြိမ်းချမ်းမှု မရှိသော နေရာဒေသတွင် သာသနာလည်း အရှည်မတည်နိုင်ပေ။

စာညွှန်း
၁။ The Buddhas of Bamyan - Wikipedia.
၂။ Ayutthaya Kingdom - Wikipedia.

Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၃)

သေခြင်းတရားကို မမြင်

သတ္တ၀ါသည် သေရမည်ကို အလွန်ကြောက်၏။ လူလည်း ကြောက်၏။ တိရစ္ဆာန်များလည်း ကြောက်၏။ နွားတစ်ကောင်ကို သားသတ်ရုံသို့ ဆွဲသွင်းသည့်အခါ၊ တတ်နိုင်သမျှ ရုန်းကန်ရှာ၍ မျက်ရည်များ တွေတွေကျစီးခြင်းကို မြင်ရဖူး၏။ သို့ဆိုလျှင် သေခြင်းတရားကို မြင်သည်ဟု ဆိုရမည်လော။ လွန်ခဲ့သော ကမ္ဘာစစ်ကြီးအတွင်း၌ ဗုံးကြဲလေယာဉ်များ ပျံသန်းလာရာတွင် လူများသည် ဗုံးကျင်းများသို့ ပြေးဆင်းကာ ပုန်းအောင်းကြ၏။ အချို့ က မိမိတို့သည် သေခြင်းတရားကို ခဏခဏ သတင်းရ၍ နှလုံးသွင်းပြီး ဖြစ်တော့သည်ဟုပင် ပြော၏။ ဟုတ်ပါ၏လော။ သေမည့်ဘေးကိုလန့်၍ ထွက်ပြေးခြင်းသည် သေခြင်းသဘောတရားကို သိခြင်း ဟုတ်ပါ၏လော။ ခိုကိုးရာ ရှာကြခြင်းသည် သေခြင်းသဘောတရားကို နှလုံးသွင်းခြင်း မည်ပါ၏လော။ “နဂါးသည် မြေကိုမမြင်၊ ငှက်သည် လေကို မမြင်၊ သတ္တ၀ါသည် သေခြင်းသဘောတရားကို မမြင်” ဟူသော စကားအဓိပ္ပါယ်ကို မည်သို့ ကောက်ယူပါမည်နည်း။

အဖိုးတန်သော နှလုံးသွင်းတရား

စင်စစ်သော်ကား သတ္တ၀ါသည် သေခြင်းသဘောတရားကို မမြင်ဟူသော စကားသည် မှန်ကန်၏။ သေဘေးကို ကြောက်သောကြောင့် တိမ်းရှောင်ထွက်ပြေးခြင်းသည် သေခြင်းသဘောတရားကို မြင်သောကြောင့် ဖြစ်သည်ဟူသော စကားမူကား မမှန်ကန်ချေ။ တစ်နေ့နေ့၌ သေရမည်ဆိုခြင်းကို ဘယ်သူမှ မငြင်းသော်လည်း ဤနည်းဖြင့် သေခြင်းသဘောတရားကို မြင်သည်ဟု မဆိုနိုင်ချေ။ တစ်နေ့နေ့၌ သေရမည်ဆိုခြင်းကို မငြင်းသော်လည်း ဘယ်တော့မှ မသေရတော့မည်ကဲ့သို့ ပြုမူကျင့်ကြံလျက် ရှိကြသည်ကို တွေ့မြင်ကြရသည် မဟုတ်ပါလော။ လောဘမီး၊ ဒေါသမီး တောက်လောင်ကြရခြင်းများသည် အချိန်မရွေး သေနိုင်သည်ဟူသော မရဏသဘာဝကို မမြင်ကြသောကြောင့် မဟုတ်ပါလော။ နက်ဖြန်တွင် ကြိုးစင်တက်ရမည်ဟု အမိန့်ချထားသော တရားခံသည် ဤအရာ ထိုအရာများကို လိုချင်သည်၊ ပစ္စည်းဥစ္စာစုဆောင်းချင်သည် ဟူသော စိတ်မျိုး ဖြစ်နိုင်ပါမည်လော။ မရဏသဘာဝကိုသိ၍ အချိန်မရွေးသေနိုင်သည်ဟု သတိပြုသောသူသည် အထက်ပါတရားခံကဲ့သို့ ပစ္စည်းဥစ္စာ လိုချင်တောင့်တမှုမျိုး ယုတ်လျော့ရမည် မဟုတ်ပါလော။ ဤသို့ဆိုခြင်းဖြင့် တရားခံသည် မရဏသဘာဝကို သိမြင်သည်ဟု ဆိုလိုခြင်းမဟုတ်။ မိမိသေရတော့မည့်အရေးကို တွေး၍ပူပန်ခြင်းသာ ဖြစ်သောကြောင့် တန်ဖိုးမရှိချေ။ တန်ဖိုးရှိသော နှလုံးသွင်းတရားမှာ ကျန်းကျန်းမာမာ ရှိစဉ်အခိုက်၌ပင် အချိန်မရွေး သေတတ်ခြင်းတည်းဟူသော သဘာဝကို သတိပြုတတ်ခြင်းပင် ဖြစ်လေသည်။

လောဘနည်းစေသော တရား

အချို့ က သေခြင်းတရားကို မစဉ်းစားလေနှင့်၊ စိတ်ပူတတ်သည်၊ မေ့မေ့ပျောက်ပျောက် နေခြင်းဖြင့်သာလျှင် ပျော်ပျော်ရွှင်ရွှင် ဖြစ်နိုင်သည်ဟု ပြောတတ်ကြသည်။ ထိုလူမျိုးကား ဗုဒ္ဓ၏သြ၀ါဒကို ကျောခိုင်းသော လူမျိုးဖြစ်ရုံသာမက အလွန်မွန်မြတ်သော ‘သန္တိသုခ’ အကြောင်းကို အလျဉ်းနားမလည်သူများသာ ဖြစ်ကြလေသည်။ လောက၌ လိုချင်စရာတွေ အလွန်ပေါများ၍ လိုချင်သောအရာကို ရပါမှ ပျော်စရာကောင်းသည်။ စိတ်ချမ်းသာသည်ဟု ယူဆသော လူများအဖို့မှာ လိုချင်တတ်သော လောဘတရား ခေါင်းပါးလျော့နည်းသွားမည်ကို

ပင် စိုးရိမ်ရှာကြ၏။ လျော့နည်းအောင် ကြိုးစားစကောင်းသည် ဟူ၍လည်း သဘောမပေါက်၊ နားမလည်ကြချေ။ ထိုလူများအဖို့ကား (သန္တိသုခဖြစ်သော) နိဗ္ဗာန်တရားသည် ဝေးလှသေး၏။ မတတ်နိုင်၍သာ လောဘရှိနေသည်။ လောဘနည်းလျှင် ကောင်းလေစွဟု သဘောပေါက်သောလူ အနည်းငယ်အဖို့သာ ဗုဒ္ဓ၏သြ၀ါဒသည် သင့်လျော်ပေလိမ့်မည်။ လောဘအတွက်မှာ မရဏသဘောသည် ‘ဆေး’ မည်၏ဟု ဗုဒ္ဓဟောတော်မူ၏။ သေတတ်သည့်သဘာဝကို နှလုံးသွင်းလိုက်သည်နှင့် တစ်ပြိုင်နက်၊ လိုချင်မှု လျော့ကျသွားသည်ကို တွေ့ကြရမည်ဖြစ်သောကြောင့် ဗုဒ္ဓ၏ဆေးနည်းကို ယုံမှားစရာ ဘာမျှမရှိချေ။ သို့ရာတွင် လိုချင်သောအရာကိုရမှ ပျော်နိုင်သည်ဆိုကာ လောဘလျှော့နည်းရန် အလိုမရှိသော လူများအဖို့မူကား မရဏ သဘောတရားကို နှလုံးသွင်းဖို့ မလို ဆိုခြင်းမှာ ဟုတ်ပါပေလိမ့်မည်။

ဗုဒ္ဓ၏ အာမခံချက်

သတ္တ၀ါသည် သေခြင်းတရားကို မြင်နိုင်ခဲသောကြောင့် သိလျှင်ကိစ္စပြီးသည်ဆိုသော ‘တရားသမား’များသည် တစ်နေ့နေ့တွင် သေရမည်ဟု ‘သိ’သည်ဆို၍ တင်းတိမ်ရောင့်ရဲနေကြကာမူ၊ တန်ဖိုးရှိသော အသိဉာဏ်မျိုးမဟုတ်။ သူလိုငါလို သိပုံသိနည်းမျှသာဖြစ်၍ တကယ့်ဘေးနှင့် တွေ့ကြုံသည့်အခါ မျက်လုံးဝိုင်းကြပေလိမ့်မည်။ သေခြင်း၏ အခြင်းအရာကို အထပ်ထပ် အဖန်ဖန် ဆင်ခြင်သုံးသပ်၍ မရဏသဘာဝကို အဟုတ်တကယ် သိမြင်ထားသော ယောဂီအဖို့မူကား (အာသဝေါကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်ကဲ့သို့ ထိတ်လန့်တုန်လှုပ်ခြင်း လုံးဝမရှိဟု မဆိုနိုင်စေကာမူ) သူလိုငါလို လူများထက် သက်သာရာရနိုင်သည် ဆိုခြင်းမှာ ဗုဒ္ဓ၏ အာမခံချက် ဖြစ်လေသည်။

မြင်သင့်ပါလျက် မမြင်ကြလျှင်

ဤနေရာ၌ လှမ်းလိုက်သောခြေထောက်သည် ချလိုက်သောအခါ၌ မရှိတော့၊ ပျောက်ပျက် ကုန်ဆုံးသွားခဲ့လေပြီဟူသော နှလုံးသွင်းတရားမျိုး အကြောင်းနှင့်ပတ်သက်၍ တဖန် ပြန်ကောက်ရပေဦးမည်။

စင်စစ်အားဖြင့် သေခြင်းသဘောတရားသည် အတော်ထင်ရှားသော သဘောတရားကြီးဖြစ်၏။ ဘိုးဘေးဘီဘင်များ သေဆုံးကုန်ကြခြင်းကိုလည်း သိကြပြီးဖြစ်၏။ ညီအစ်ကို မောင်နှမနှင့် မိဘများ သေဆုံးခြင်းကို မျက်စိအောက်တွင် တွေ့မြင်ကြသူများလည်း ရှိကြ၏။ စစ်ကြီးအတွင်း၌ ဤပြည်၊ ထိုပြည်များမှ အမြောက်အမြား သေကြေပျက်စီးကြခြင်းအကြောင်းလည်း ကြားကြရ၏။ အိမ်နီးချင်းများ သေကြေခြင်း၊ တစ်ရွာတည်း တစ်မြို့ တည်း အတူနေကြသူများ သေကြေခြင်းကို နေ့စဉ်နှင့်အမျှ တွေ့မြင်ကြရ၏။ ဤမျှလောက် ထင်ထင်ရှားရှားကြီး သေကြေပျက်စီးနေကြသော အခြင်းအရာကို နေ့ရှိသမျှ မြင်တွေ့နေကြရပါလျက်နှင့်ပင် မရဏသဘာဝကို မဟုတ်တကယ် မမြင်နိုင်ကြ၊ မသိနိုင်ကြကြောင်း ဖော်ပြခဲ့ပြီဖြစ်ရာ၊ ကိုယ်တိုင်မမြင်နိုင်ဘဲ မြင်ပြီးသားပုဂ္ဂိုလ်များ၏ အပြောစကားကို မှတ်သားကာဖြင့် “ကြွလိုက်သောခြေထောက်သည် ချလိုက်သောအခါ၌ မရှိတော့၊ ပျောက်ပျက် ကုန်ဆုံးသွားခဲ့လေပြီ” ဟူသော “အဖြေမှန်” ကို နှလုံးသွင်းခြင်းအားဖြင့် မည်မျှလောက် ခရီးရောက်နိုင်မည်ကို စဉ်းစားချင့်ချိန်ကြဖို့ ကောင်းလှသည်။ ခဏခဏမြင်ကြသော မရဏသဘာဝကိုပင် ထိုးထွင်း၍ မမြင်တတ်ကြပါဘဲလျက်၊ ဘယ်တော့ကမှ မမြင်ဖူးသည့် လှမ်းပြီးရင်း ပျောက်သည်ဆိုသော ခြေထောက်အချင်းအရာကို မြင်နိုင်ဖို့ အဆများစွာ ခဲယဉ်းလိမ့်မည် မဟုတ်ပါလော။ ဟော၍သာ ဟောတတ်ကြသည်။ ဗုဒ္ဓသာသနာ ၀င်ရောက်လာသည်မှစ၍ ယနေ့တိုင် ထိုနည်းမျိုးဖြင့် ပေါက်ရောက်သူများဟူ၍ ပီပီသသ မကြားရဖူးချေ။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

Read more...

*သွေးသည် အသက်*




လေးစားရိုသေစွာဖြင့်
ဖိုးသား

Read more...

မွတ်စလင်အတွက်


(အောက်ပါအကြောင်းအရာများဟာ မွတ်စလင်တစ်ဦးက မေးလို့ သူနားလည်အောင် အရပ်သုံးစကားများသုံးပြီး ဖြေဆိုထားခြင်းဖြစ်ပါတယ်။ နားလည်ပေးပါ။)

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း
ဘုရားရှိခိုးရခြင်း၏အကြောင်းရင်းမှာ မြတ်စွာဘုရားသည်
ကောင်းသောသဘာဝတရားများ နှင့်
မကောင်းသော သဘာဝတရားများကို ဟောကြားပေးခဲ့သည်။ သင်ကြားပေးခဲ့သည်။
ထိုကြောင့် မြတ်စွာဘုရားကို ဗုဒ္ဓဘာသာဝင်တို့က ဆရာအဖြစ်မှတ်ယူသည်။
ဆရာအဖြစ်မှတ်ယူကာ ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။
မြတ်စွာဘု၇ားကို ကြောက်၍ ရှိခိုးခြင်းမဟုတ်ပါ။
ရှိမခိုးဘဲ နေလိုက နေနိုင်သည်။
ကိုယ်ကျင့်တရားသာ အဓိကဖြစ်သည်။
မိမိကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်ကာ
ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် လုပ်ပေးဘို့နှင့်
ကိုယ့်ပတ်ဝတ်ကျင် စိတ်ချမ်းသာအောင် လုပ်ပေးဘို့ အရေးကြီးသည်။

လွတ်လပ်ရေးရအောင်လုပ်ပေးသော အာဇာနည်သူရဲကောင်းများကို
နိုင်ငံသူ နိုင်ငံသားများက အုတ်ဂူသို့သွား၍
ကျေးဇူးတင် အမှတ်ရ အောက်မေ့သည့်အနေဖြင့် အလေးပြုကြသလို
မြတ်စွာဘုရားကို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းသာဖြစ်ပါသည်။

ထိုသို့ရှိခိုးရတွင် အကြိမ်ရေ သတ်မှတ်ချက်မရှိပါ။
ရှိခိုးခြင်းထက် ကိုယ်ကျင့်သီလကို ဦးစားပေးသော ဘာသာဖြစ်သည့်အတွက်
ကိုယ်ကျင့် ကောင်းဘို့သာလိုပါသည်။
ကိုယ်ကျင့်တရားမကောင်းပဲ ၂၄ နာရီပတ်လုံး ရှိခိုးစေကာမူ အချည်းနှီးဖြစ်သည့်အတွက်
ရှိခိုးခြင်းကို ဦးစားမပေးပါ။
သို့သော် အထက်မှာ ဖော်ပြခဲ့သလို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးလိုက
လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်က ပေါ်ပေါက်ခဲ့တဲ့ ဘုရားရဲ့ ဂုဏ်ကို အာရုံပြုပီး (၁) ကြိမ်
သူ့ရဲ့ တရားတော်ကို အာရုံပြုပီး (၁) ကြိမ်
သူ့တရားတော်တွေကို မပျောက်အောင် ထိမ်းသိန်းစောင့်ရှောက်တဲ့သူတွေရဲ့ ဂုဏ်ကို အာရုံပြုပီး (၁) ကြိမ် စုစုပေါင်း တစ်ခါရှိခိုးခြင်း အမှုပြုက ဦး (၃) ကြိမ်ချရပါသည်။

ရှိခိုးရာတွင် ခြေ၊ လက်၊ နဖူး၊ တဒေါင်ဆစ်၊ ဒူးတို့ကို ကြမ်းပြင်ထိစေ၍ ရှိခိုးရပါသည်။ ထိုသို့ ကြမ်းပြင်ကို ထိရခြင်းရည်ရွယ်ချက်မှာ ရှိခိုးသူ၏ မာန်မာနများ နှိမ့်ချစေခြင်းပင်ဖြစ်ပါသည်။

ဥပုသ်စောင့်ရခြင်း
ဥပုသ်စောင့်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ
မတော်မတရားလိုချင်မှု လောဘ၊
ကြမ်းကြုတ်မှု ဒေါသ၊
မိုက်မဲတွေဝေမှု မောဟ တို့ နည်းပါးအောင် လုပ်ခြင်းပင်ဖြစ်ပါသည်။
အဆင်းအာရုံ၊ အသံအာရုံ စသော ငါးဖြာအာရုံတို့အပေါ်မှာ မှီပြီး မကောင်းတဲ့ စိတ် မ၀င်မိအောင်၊ မဖြစ်ပေါ်လာအောင် ကြိုးစားခြင်းကို ဥပုသ်စောင့်ခြင်း ဟုခေါ်ပါသည်။

ဥပုသ်ကို ပုံမှန်အားဖြင့် လပြည့်နေ့နှင့် လကွယ်နေ့များတွင် စောင့်ထိန်းလေ့ရှိပါသည်။
သို့သော် မိမိဆန္ဒအားလျှော်စွာ မည်သည့်နေ့တွင်မဆို စောင့်ထိန်းနိုင်ပါသည်။
အတင်းအကျပ် လုပ်ကို လုပ်ရမယ် ဆိုသော ဖိအားပေးမှုမျိုး ဗုဒ္ဓဘာသာတွင် မရှိပါ။ ဗုဒ္ဓဘာသာလမ်းစဉ်သည် အလယ်အလတ်လမ်းစဉ် ဖြစ်ပါသည်။

ဥပုသ်စောင့်ရာတွင် စည်းကမ်းချက်များမှာ ထွေထွေထူးထူးမရှိပါ။
ရှစ်ပါးဥပုသ်သီလ၊ ကိုးပါးဥပုသ်သီလ၊ ဆယ်ပါးဥပုသ်သီလစသည်ဖြင့် ရှိပါသည်။
မိမိအရွယ်နှင့် မိမိအင်အားနှင့် မိမိအချိန်နှင့်ကိုက်ညီအောင် ဥပုသ်သီလများ စောင့်ထိန်းနိုင်ပါသည်။

ဗုဒ္ဓဘာသာအဓိကပွဲသဘင်များကို ဗုဒ္ဓမြတ်စွာဘုရားက ချမှတ်ခဲ့တာ မဟုတ်ပါ။ နောင်လာနောက်သားများက ဗုဒ္ဓဘာသာအမှတ်တရနေ့များအဖြစ်
သတ်မှတ်ပြီး ကျင်းပကြခြင်းဖြစ်ပါသည်။

ဥပမာ။ မေလ လပြည့်နေတွင် (Vesak Festival) ၀ိသာခါ ပွဲသဘင်ကို ကျင်းပပါသည်။
ထိုပွဲသဘင်သည်
ဘုရားဖြစ်မဲ့သူရဲ့ မွေးနေ့၊
ဘုရားအဖြစ်သို့ရောက်တဲ့နေ့၊
ဘုရားကွယ်လွန်တဲ့နေ့တို့ကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ဘို့ လိုက်နာရမည့်စည်းကမ်းသတ်မှတ်မထားပါ။
ဗုဒ္ဓဘာသာတွင် ငါးပါးသီလရှိပါသည်။
ထိုငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်အတွက် မဟုတ်ပါ။
လူသားတိုင်းအတွက်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားကို ကြားဘူးစရာမလိုပါ။
မြင်ဘူးစရာမလိုပါ။
ရှိခိုးစရာ မလိုပါ။
ငါးပါးသီလ စောင့်ထိန်းက ထိုငါးပါးသီလစောင့်ထိန်းသူသည်
ဗုဒ္ဓဘာသာဝင်ဖြစ်သွားပေတော့သည်။ ငါးပါးသီလစောင့်ထိန်းသူ ဘယ်သူမဆို။
တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊
ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် ကောင်းတဲ့ ဘုံဘ၀ ရောက်မည်။

ငါးပါးသီလ မစောင့်ထိန်းသူ ဘယ်သူမဆို၊
တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊
ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် မကောင်းတဲ့ ဘုံဘ၀ ရောက်မည်။

ငါးပါးသီလ
(၁) သူတပါးအသက်မသတ်ရ။
(၂) သူတပါးဥစ္စာ မခိုးရ။
(၃) သူတပါး သားမယား စိတ်နဲ့တောင် မပြစ်မှားရ။
(၄) လိမ်မပြောရ။
(၅) အရက်၊ ဆေးခြောက်စတဲ့ မူယစ်စေတတ်တဲ့အရာဝတ္ထုမှန်သမျှ မသုံးစွဲရ။

ဗုဒ္ဓဘုရားဖြစ်ပေါ်ရခြင်း၏အကြောင်းရင်းမှာ သဘာဝတရားကို သိဘို့ ကြိုးစားရင်း နောက်ဆုံးသဘာဝတရားတွေကို သိလာလို့ သိသူ (ဗုဒ္ဓ) အမည်ရလာတာ။
ဗုဒ္ဓဆိုတာ သိသူလို့ အဓိပ္ပါယ်ရပါတယ်။

ဗုဒ္ဓဘာသာတို့၏ အဓိကယုံကြည့်ချက်မှာ ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းဖြစ်သည်။
ထာဝရဘုရားသခင်ကို မယုံကြည်။

မွေးခါစကတည်းက မျက်စိကန်းလာတဲ့ခလေးလေးတွေ၊ နားမကြားတဲ့ခလေးတွေ၊
ရုပ်မလှတဲ့သူ၊ ရုပ်လှတဲ့သူ၊ ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူတွေ
ဘာကြောင့် ဒီလိုဖြစ်နေကြရတာလဲ ဆိုတဲ့ အကြောင်းအကျိုး သဘာဝကို
လေ့လာလက်ခံယုံကြည်သော ၀ါဒဖြစ်သည်။

ဗုဒ္ဓဘာသာတွင် အကြမ်းအားဖြင့်း ဂိုဏ်းကြီး ၃ ဂိုဏ်းကွဲပြားနေသည်။
ယင်းတို့မှာ
(၁) ထေရ၀ါဒဗုဒ္ဓဘာသာ
(၂) ဟီနယာနဗုဒ္ဓဘာသာ
(၃) မဟာယာနဗုဒ္ဓဘာသာ တို့ဖြစ်သည်။

၁။ ထေရဝါဒဗုဒ္ဓဘာသာ
ထို့ကြောင့်ထေရဝါဒသာသနာဆိုသည်မှာ မြတ်စွာဘုရား ဟောကြားတော်မူထားသော
တရားတော် မူရင်းအတိုင်း လက်ခံကျင့်သုံးသည်။
ထုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်းမပြု။
ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ ရိုးရိုးသာမန် တပည့်အဖြစ်ဖြင့် ကျင့်သုံး၍လည်း ရောက်နိုင်သည်။ ဘုရားဖြစ်အောင် ကျင့်ကြံ၍လည်း ဘုရားဖြစ်ပြီး ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ရောက်နိုင်သည်။
ထေရဝါဒဗုဒ္ဓဘာသာကို
၁။ မြန်မာ၊ ၂။ ထိုင်း၊ ၃။ သီရိလင်္ကာ၊ ၄။ ကမ္ဗောဒီးယား၊ ၅။ လော-နိုင်ငံတို့မှာ
ကိုးကွယ်နေလျက် ရှိကြသည်။
ထေရဝါဒဗုဒ္ဓဘာသာဟူသည်မှာ မြတ်စွာဘုရား၏ တရားတော်ကို
မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း မပြုမပြင်၊ မဖြည့်မစွက်၊ မပယ်မနှုတ်ဘဲ
လိုက်နာကျင့်သုံး သည့် ဗုဒ္ဓဘာသာကို ခေါ်ဆိုခြင်းသာတည်း။

၂။ ဟီနယာနဗုဒ္ဓဘာသာ
ထေရဝါဒဗုဒ္ဓဘာသာကဲ့သို့ မူရင်းတရား အစစ်အမှန်တွေကိုလည်း
အတိအကျ မလိုက်နာနိုင် မဟာယာနတွေလောက်လည်း ပြုပြင်ဖြည့်စွက်ပယ်နှုတ်ဖို့
မလုပ်ချင်သော ဗုဒ္ဓဘာသာကို ဟီနယာနဗုဒ္ဓဘာသာဟု ခေါ်ဆိုသည်။

အခုအခါမှာတော့ ၎င်းဂိုဏ်းတို့သည် မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းက
မျိုထားခြင်းကို ခံလိုက်ကြရသည်ဖြစ်၍ မဟာယာနအတွင်းမှာ တိမ်မြုပ်ကြကုန်ပြီး
ပျောက်ကွယ် သလောက် ဖြစ်သွားကြပါသည်။

ယင်းဂိုဏ်းတို့အား ဟီနယာန=နိမ့်ကျသည့်ယာဉ်ဟူ၍ နာမည်တပ်မှုကို
မဟာယာနတို့က ပြုလုပ်ခဲ့သည်။
ဘီစီ ငါးရာစုခန့်က စတင်ပေါ် ထွန်းခဲ့သည့်ဂိုဏ်းဟု ဆိုနိုင်ပါသည်။

၃။ မဟာယာနဗုဒ္ဓဘာသာ
မဟာယနဂိုဏ်း၏ အဓိကအချက်ကြီးကား ဘုရားလောင်းဝါဒပင်ဖြစ်သည်။
လူတိုင်းလူတိုင်း သတ္တ၀ါတိုင်းသတ္တ၀ါတိုင်း ဘုရားလောင်းဆုကို ယူရသည်။
ဘုရားလောင်းဖြစ်ရမည်။ ဘုရားလောင်းအဖြစ်နှင့် လောကကို ကယ်တင်ရမည်။
ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ သွားရမည်။

မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း မဟုတ်ဘဲ
ကာလ၊ ဒေသ၊ ပုဂ္ဂလ အစရှိ သော အခြေအနေအရပ်ရပ်တို့နှင့် ကိုက်ညီအောင်
ဘုရားရှင်၏ တရားတော်တို့ကို ပြုပြင်ပြီး
တပည့်သာဝကအဖြစ်၊ သီးခြားဘုရား (ဘုရားဖြစ်ကာမတ္တ) ပစ္စေကအဖြစ်ဖြင့်
နိဗ္ဗာန်ကိုမရနိုင်ဘဲ သမ္မာသမ္ဗုဒ္ဓအဖြစ်ဖြင့်သာ နိဗ္ဗာန်ကို ရနိုင်သည်ဟူ၍
ယူဆသည့် ဗုဒ္ဓဘာသာကို မဟာယာနဗုဒ္ဓ ဘာသာဟုခေါ်ဆို သည်။
ယခု -တိဘက်၊ ဆိကင်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုလီးယား၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်
အစရှိသောနိုင်ငံ - တို့မှာမဟာယာနဗုဒ္ဓဘာသာကို ကိုးကွယ်နေကြသည်။

မှတ်ချက်။ ထေရ၀ါဒနှင့် ဟီနယာန မတူပါ။

Read more...

"Harmony of Head and Heart "dies

HARMONY OF HEAD AND HEART





All along,
the head is thinking
the heart is feeling
two engines chugging inside.





Normally,
what the head thinks
the heart feels and
what the heart feels
the head thinks in tandem.



But sometimes
a conflict appears
leading to a tug-of-war
between
thoughts and feelings.



Woe!

What must man do?
Head and heart once friends
but now as foes
clash and drift apart.



As tensions mount,
the head becomes heartless
the heart becomes headless
making man a maniac or robot.


What a pity!
Life has a purpose.
Even nature has its ways of doing things.

Why not man __ the intelligent?


The head and heart must reconcile.

How?

The head with wisdom, the heart with love
and vice versa
the heart with wisdom and the head with love,
should reciprocate.


Wisdom and love
like sunshine and moonbeam
serve best for the harmony of
head and heart.




(From Poems On Head And Heart)



Moe Hein (Son Journal Kyaw)



Sad Notes

I know the loss. I couldn't imagine the possible death of the true philosopher. Feeling sorry!

Read more...

Death Talk - သေစကား

Post စရာ ရှားလွန်းလို့တော့ မဟုတ်ပါ။
..
ရည်ညွှန်း -
http://yaungni-oo.blogspot.com/2010/09/blog-post_21.html#comments

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP