* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, September 23, 2010

*ဧည့်သည်*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:

သံဝေဂ ရစရာ လင်္ကာလေးပါခင်ဗျာ။ လင်္ကာလေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


ဧည့်သည်
လာတုန်းကလည်း တစ်ယောက်တည်းနော့၊
လက်တွဲခေါ်ကာ အဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။

ပြန်သွားတော့လည်း တစ်ယောက်တည်းနော့၊
လက်တွဲခေါ်ကာ အဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။





လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်မှ၊
ဝန်းကျင်ခက်နွယ် နှောင်ကြိုးသွယ်ကြ၊
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ၊
မလိုဒေါသ လိုလောဘနဲ့၊
ဘ၀ရိပ်မြုံ-ကကြိုးစုံခဲ့၊
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ၊
သုတ်သုတ်ဆောလျင် ခရီးနှင်သည်၊
တို့များ“ဧည့်သည်”ပါတကား။
ဗန်းမော်ရွေညို။
ကျွန်တော်တို့တွေအားလုံးဟာ အမှန်တော့ သံသရာခရီးကို သွားနေသည့် ခရီးသွားဧည့်သည်များပင်ဖြစ်ပါ သည်။ ရထားစီးရင် ဘယ်ခရီး ဘယ်ဘူတာကို သွားရမယ်ဆိုတာ လက်မှတ်လေးဝယ်ရပါတယ်။ အဲဒီလိုဝယ် ရာတွင် အထက်တန်းလက်မှတ်ဝယ်ရင် အထက်တန်းကျကျစီးရပြီး ရိုးရိုးလက်မှတ်ဝယ်ရင်တော့ ရိုးရိုးနဲ့ တိုးဝှေ့ပြီးစီးရမှာဘဲဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့တွေဟာလည်း ဘ၀ခရီးမှာ တစ်ယောက်တည်းလာ ပြီး တစ်ယောက်တည်း ပြန်ရမှာဆိုတော့ လက်မှတ်ကောင်းလေးကို ၀ယ်ပြီးသွားမှသာ နေရာကောင်းလေး ရမှာဖြစ်ပါတယ်။
ကျွန်တော်ပြုလုပ်ထားသော ပုံလေးကိုဓမ္မမိတ်ဆွေများအားလုံးအတွက် လက်ဆောင်ပေးလိုက်ပါတယ်။

အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Read more...

ဝေဿန္တရာဇာတ် (အပိုင်း-၉၊ ၁၀)

ထိုအခါ ဝေဿန္တရာမင်းကြီးသည် မဒ္ဒီဒေဝီ သေပြီဟု မှတ်ထင်ကာ လွန်စွာ တုန်လှုပ်သွားသည်။ 'မဒ္ဒီဒေဝီသည် လူသူမနီး တောကြီးထဲတွင် သေရရှာပြီ။ အကယ်၍ နေပြည်တော်၌ သေမည်ဆိုလျှင် ဆွေတော်၊ မျိုးတော်တို့ ဝိုင်းလျက် အုတ်အုတ် ကျက်ကျက် ဖြစ်လာကြမည်။ ယခု ဤတောကြီး အလယ်တွင် ငါတစ်ယောက်တည်းသာ ရှိသည်။ မည်သို့ စီမံရမည်နည်း' ဟု ပြင်းစွာ ပူဆွေးသောက ဖြစ်၏။

ဤသို့ဖြစ်ရာမှ သတိကို ဆောင်လိုက်သည်။ ထိုင်နေရာမှ ထလာသည်။ မဒ္ဒီဒေဝီ၏ ရင်ဝကို လက်တင်ကြည့်သည်။ ထွက်သက်၊ ဝင်သက် အငွေ့ရှိသေးကြောင်း သိရသည်။ ဤတွင် ရွှေကရားဖြင့် ရေကို ခပ်ယူသည်။ မဒ္ဒီဒေဝီကို ပွေ့ထူကာ မျက်နှာကို ရေဖြင့် ဖျန်းဆွတ်ပေး၏။ လက်ဖြင့်လည်း အသာအယာ သပ်ပေး၏။ ရင်ဝကိုလည်း အသာအယာ ဖိပေး၏။

ခဏကြာသောအခါ မဒ္ဒီဒေဝီသည် သတိရလာ၏။ ထ၍ထိုင်၏။ ဝေဿန္တရာမင်းကြီးကို ရှိခိုးလျက် "အရှင်မင်းကြီး၊ သားတော်၊ သမီးတော်တို့ အဘယ်အရပ်သို့ သွားလေသနည်း" ဟု မေးလျှောက်၏။ ထိုအခါ ဝေဿန္တရာမင်းကြီးက ညင်သာစွာ ပြန်ကြား၏။

"မဒ္ဒီဒေဝီ၊ သားတော် သမီးတော်တို့ကို ပုဏ္ဏား တစ်ယောက်အား ကျွန်အဖြစ် ခိုင်းစေရန် ငါလှူလိုက်ပါသည်"

"အရှင်မင်းကြီး၊ သို့ဖြစ်ပါလျက် တစ်ညလုံး ငိုယိုကာ ဒေါင်းတောက်အောင် ရှာနေသော အကျွန်ုပ်အား အဘယ့်ကြောင် မပြောပါသနည်း"

"မဒ္ဒီဒေဝီ၊ ထိုအကြောင်းကို ချက်ချင်းပြောလိုက်လျှင် သင် ပြင်းထန်စွာ စိတ်ထိခိုက်လျက် အသည်းကွဲ သွားနိုင်သောကြောင့် ဖြစ်သည်။ ယခုမူကား ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သဖြင့် သောကဖြစ်မူ အနည်းငယ် သက်သာလိမ့်မည်ဟု ယူဆကာ ပြောပြခြင်းဖြစ်သည်။ မဒ္ဒီဒေဝီ၊ စိတ်သောကကို ဖြေဆည်ပါ။ ငါတို့သည် ကျန်းကျန်းမာမာဖြင့် အသက်ရှည်စွာ နေကြရလျှင် သားတော် သမီးတော်တို့ကို ပြန်လည် တွေ့ဆုံကြရပါလိမ့်မည်။ သားသမီးကို လှူသောအလှူသည် အလွန်မြတ်သော အလှူဖြစ်သည်။ ဝမ်းမြောက်စွာ သာဓု ခေါ်ပါ"

"အကျွန်ုပ် ဝမ်းမြောက်စွာ သာဓုခေါ်ပါသည်။ အရှင်မင်းကြီးလည်း စိတ်ကြည်လင်စွာ ထားတော်မူပါ။ အရှင်မင်းကြီးသည် သည်ထက်မက သာလွန်၍ အလှူဒါနကို ထပ်ကာထပ်ကာ ပြုနိုင်ပါစေ"

"မဒ္ဒီဒေဝီ၊ 'အဘယ့်ကြောင့် စိတ်ကို ကြည်လင်စွာ ထားတော်မူပါ' ဟု ဆိုရသနည်း။ ငါသည် သားတော် သမီးတော်တို့ကို လှူပြီးနောက် စိတ်ကို ကြည်လင်စွာ မထားနိုင်ခဲ့လျှင် အံ့ဖွယ်သရဲတို့ အဘယ်မှ မဖြစ်ဘဲ နေမည်နည်း"

ဝေဿန္တရာက ဤသို့ဆိုကာ မြေငလျင်လှုပ်ခြင်း စသော အကြောင်းတို့ကို ပြောပြ၏။ ထိုအခါ မဒ္ဒီဒေဝီကလည်း မိမိတွေ့ကြုံရသော မြေငလျင်လှုပ်ခြင်း၊ အခါမဟုတ်ဘဲ လျှပ်စီးပြက်ခြင်း စသည်တို့ကို ပြောပြ၏။ မင်းကြီး၏ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လေ၏။

ထိုအချိန်တွင် သိကြားမင်းသည် တာဝတိံသာ နတ်ပြည်ဝယ် ဆင်ခြင်စဉ်းစားလျက် ရှိ၏။ 'ဝေဿန္တရာမင်းကြီးသည် ယမန်နေ့က သားတော် သမီးတော်တို့ကို ဇူဇကာပုဏ္ဏားအား လှူခဲ့ပြီ။ အကယ်၍ တစ်စုံတစ်ယောက်က လာ၍ မဒ္ဒီဒေဝီကို အလှူခံလျှင်လည်း လှူပေဦးမည်။ ထိုအခါ ဝေဿန္တရာမင်းကြီးမှာ ပြုစုမည့်သူ မရှိ။ တစ်ပါးတည်း ဖြစ်နေတော့မည်။ ငါသည် ပုဏ္ဏားယောင် ဖန်ဆင်း၍ မင်းကြီးထံသွားမည်။ မဒ္ဒီဒေဝီကို အလှူခံမည်။ ထို့နောက် မည်သူ့ကိုမျှ မလှူနိုင်အောင် မင်းကြီးထံ ပြန်အပ်ထားခဲ့မည်' ဟု ကြံစည်၏။

ထို့နောက် သိကြားမင်းသည် ပုဏ္ဏားအိုအသွင် ဖန်ဆင်း၍ ဝေဿန္တရာမင်းကြီးထံ သွားသည်။ "ကျွန်ုပ်သည် အသက်အရွယ် ကြီးပြင်းပြီဖြစ်၍ အလုပ်အကျွေး လိုနေပါသည်။ အရှင်မင်းကြီး၏ မိဖုရား မဒ္ဒီဒေဝီကို ပေးလှူတော်မူပါ" ဟု ဆိုလေသည်။

ဝေဿန္တရာမင်းကြီးလည်း တွန့်တိုခြင်း မရှိ။ မဒ္ဒီဒေဝီ၏ လက်ကို ကိုင်လျက် ပုဏ္ဏားလက်ထဲသို့ ပေးအပ်လိုက်သည်။ "ငါ့မိဖုရားကို သူတစ်ပါးအား ပေးလှူသောအလှူသည် သဗ္ဗညုတဉာဏ် ရရှိရန် အထောက်အပံ့ ဖြစ်စေသတည်း" ဟု ရွှေကရားဖြင့် ရေစက်ချ၍ လှူလေသည်။ ထိုအခါ မြေငလျင် လှုပ်ခြင်းစသော အံ့ဖွယ်သရဲတို့ ဖြစ်ပေါ်ပြန်လေသည်။
မဒ္ဒီဒေဝီသည် မိမိအား ပုဏ္ဏားအိုကြီး လက်သို့ လှူသည့်အတွက် အမျက်ဒေါသ မဖြစ်။ မကြည်မသာ မရှိ။ 'ငါကဲ့သို့သော မိန်းမ ရတနာကိုပင် လှူနိုင်ခြင်းသည် ထူးကဲလှပေသည်' ဟု တွေးလျက် မင်းကြီး၏ မျက်နှာကိုသာ ကြည့်နေ၏။

ဝေဿန္တရာမင်းကြီးကလည်း အကဲခတ်သောအနေဖြင့် မဒ္ဒီ၏ မျက်နှာကို ကြည့်နေ၏။ ထိုအခါ မဒ္ဒီဒေဝီက "အရှင်မင်းကြီး၊ အဘယ့်ကြောင့် အကျွန်ုပ်ကို ကြည့်နေသနည်း။ အကျွန်ုပ်သည် ၁၆-နှစ် အရွယ် ငယ်စဉ်ကပင် မိဘများ ထိမ်းမြားပေးသဖြင့် အရှင်၏ မိဖုရားဖြစ်ခဲ့၏။ အရှင်သည် အကျွန်ုပ်ကို စိုးပိုင်သော လင်ယောက်ျား ဖြစ်၏။ အကျွန်ုပ်ကို တစ်စုံတစ်ယောက်အား အရှင်မင်းကြီးက ပေးလိုက ပေးနိုင်၏။ ရောင်းလိုက ရောင်းနိုင်၏။ သတ်လိုက သတ်နိုင်၏။ အရှင်မင်းကြီး သဘောကျသလို ပြုနိုင်ပါသည်။ အကျွန်ုပ် အမျက် မထွက်ပါ" ဟူ၍ ဆို၏။

သိကြားမင်းသည် မင်းနှင့်မိဖုရားတို့၏ မွန်မြတ်သော စိတ်ထားကို သိရသောအခါ ချီးကျူးစကားဆို၏။ "အရှင်မင်းကြီး၊ မဒ္ဒီဒေဝီကို အရှင်မင်းကြီးအား ကျွန်ုပ် ပြန်ပေးပါ၏။ သင်မင်းကြီးသည် မဒ္ဒီဒေဝီနှင့်သာ သင့်လျော်ပါ၏။ ထို့အတူ မဒ္ဒီဒေဝီသည်လည်း သင်မင်းကြီးနှင့်သာ သင့်လျော်ပါသည်" ဟုဆိုကာ မဒ္ဒီဒေဝီကို ဝေဿန္တရာမင်းကြီးအား ပေးအပ်၏။

ထို့နောက် သိကြားမင်းသည် ပုဏ္ဏားအသွင် ဖျောက်ကာ သိကြားမင်းအသွင်ဖြင့် ကောင်းကင်၌ ရပ်လိုက်သည်။ "အရှင်မင်းကြီး၊ ကျွန်ုပ်ကား သိကြားမင်း ဖြစ်သည်။ အရှင်မင်းကြီးထံ ကူညီမစရန် လာပါသည်။ အလိုရှိသော ဆု ၈-ဆုကို ပေးအံ့။ တောင်းဆိုလော့" ဟု ဆို၏။
ဝေဿန္တရာမင်းကြီးက "အရှင် သိကြားမင်း၊ သင်သည် ကျွန်ုပ်အား ဆု ၈-ပါး ပေးမည်ဆိုပါက ဤဆုတို့ကို ပေးပါ။
(၁) ကျွန်ုပ်အား ခမည်းတော်မင်းကြီးက ပြန်ခေါ်၍ မင်းအဖြစ် ပေးစေလိုပါသည်။
(၂) မင်းအဖြစ်သို့ ကျွန်ုပ်ရောက်သောအခါ မင်းပြစ်မင်းဒဏ်သင့်၍ သတ်ထိုက်သူပင်ဖြစ်စေ၊ မသတ်ဖြတ်ရလို။
(၃) ကျွန်ုပ်သည် လူခပ်သိမ်းတို့၏ မှီခိုအားထားရာ ဖြစ်လို၏။
(၄) သူတစ်ပါး မယားကို မပြစ်မှားရလို။ မိမိမယားဖြင့်သာ ရောင့်ရဲလို၏။
(၅) သားတော် သမီးတော်တို့သည် အသက်ရှည်စွာ တရားသဖြင့် မင်းစည်းစိမ်၌ ပျော်စံကြစေလို၏။
(၆) နောက်နေ့နံနက်တွင် နတ်ဘောဇဉ် ခဲဖွယ်တို့ဖြစ်ပေါ် လာစေလို၏။
(၇) လှူဆဲအခါ၌လည်း စိတ်ကြည်လင်၍ လှူပြီးသောအခါ၌လည်း နောင်တ ပူပန်ခြင်း မရှိစေရအောင် ပစ္စည်းဥစ္စာတို့သည် လှူ၍ မကုန်မခန်းစေလို။
(၈) ဤဘဝမှ စုတေသောအခါ တုသိတာနတ်ပြည်သို့ ရောက်၍ ထိုမှတစ်ဖန် ဤလူ့ပြည်သို့ လာ၍ ဘုရားအဖြစ်သို့ ရောက်ရလို၏။

ဤ ဆု ၈-ပါးကို တောင်းသောအခါ သိကြားမင်းက "အရှင်မင်းကြီး ဤ ဆု ၈-ပါး စလုံး ပြည့်စုံပါလိမ့်မည်။ မကြာမီပင် ခမည်းတော် သိဉ္စည်းမင်းကြီးသည် ဤဝင်္ကပါတောင်သို့ ရောက်လာ၍ သင်မင်းကြီးအား မင်းအဖြစ် ပြန်လည်အပ်နှင်းလျက် ပြည်တော်သို့ ပြန်ခေါ်ပါလိမ့်မည်။ မစိုးရိမ်ပါနှင့်" ဟူ၍ ဆိုကာ တာဝတိံသာသို့ ပြန်ကြွသွားလေ၏။

(ဇာတ်သိမ်း)

0005052Kph0.jpg

ထိုအချိန်ဝယ် ဇူဇကာပုဏ္ဏားသည် ဇာလီနှင့်ကဏှာဇိန်တို့ကို ခေါ်ဆောင်သွားဆဲဖြစ်၏။ လမ်းခရီးတစ်လျှောက်၌ မောင်နှမနှစ်ယောက် ဘေးမရောက်စေရန်လည်း နတ်တို့က စောင့်ရှောက်ပေး၏။

ဇူဇကာပုဏ္ဏားသည် ညအချိန်သို့ ရောက်သောအခါ ဇာလီနှင့်ကဏှာဇိန်တို့ကို ချုံတစ်ခု၌ ချည်နှောင်၍ မြေကြီးပေါ်၌ အိပ်စေ၏။ မိမိကမူ သားရဲတိရစ္ဆာန်တို့ဘေးရန်မှ ကင်းစေရန် သစ်ပင်ပေါ်သို့ တက်၍ အိပ်၏။ ထိုအခါ နတ်သားတစ်ပါးက ဝေဿန္တရာမင်းကြီး အဟန် ဖန်ဆင်း၏။ အခြားနတ်သား တစ်ပါးက မဒ္ဒီဒေဝီ အဟန် ဖန်ဆင်း၏။ ဇာလီနှင့် ကဏှာဇိန်တို့အား ချည်နှောင်ထားသော ကြိုးတို့ကို ဖြေပေး၏။ အစားအစာ ကျွေး၏။ နတ်အိပ်ရာ၌ သိပ်ကြ၏။ အရုဏ်တက်ချိန် ရောက်သောအခါတွင်မှ ဇာလီ မောင်နှမအား နဂိုအတိုင်း ချည်နှောင်၏။ မြေကြီးပေါ်၌ သိပ်ထား၏။ ထို့နောက် ကွယ်ပျောက်သွားကြလေ၏။ ဤသို့လျှင် နတ်တို့က စောင့်ရှောက်သောကြောင့် ဇာလီနှင့် ကဏှာဇိန်တို့သည် ဘေးမသီ၊ ရန်မခဘဲ ချမ်းသာရာ ရကြသည်။

ဇူဇကာပုဏ္ဏားသည် ကလိင်္ဂတိုင်းသို့ သွားမည်ဟု လာခဲ့သည်။ သို့ရာတွင် နတ်တို့၏ တန်ခိုးကြောင့် လမ်းမှားသွားသည်။ ဇာလီတို့၏ ဘိုးတော် စိုးစံရာ စေတုတ္တရာပြည်သို့ ရောက်ရှိလာသည်။ တစ်ဖန် နတ်တို့တန်ခိုးကြောင့် စေတုတ္တရာပြည်သို့ ရောက်သော်လည်း အခြားနေရာသို့ မရောက်။ သိဉ္စည်းမင်းကြီး နန်းစံရာ နန်းရင်ပြင်သို့ ရောက်သွားသည်။

ထိုအချိန်တွင် သိဉ္စည်းမင်းကြီးသည် မှူးမတ်စုံညီဖြင့် လွှတ်သဘင် တက်နေသည်။ မင်းကြီးသည် ပုဏ္ဏားနှင့် ကလေးနှစ်ယောက်ကို လှမ်းမြင်သည်။ သို့ရာတွင် မြေးတော်တို့ကို မမှတ်မိ။ စိတ်တွင်း၌မူကား ထူးခြားနေသည်။ 'ဤကလေး နှစ်ယောက်သည် အရောင်အဆင်း အလွန်တင့်တယ်သည်။ ရုပ်ချင်းလည်း လွန်စွာတူသည်။ ငါ့မြေးတော်များနှင့်လည်း တူသည်' ဟူ၍ သို့လော၊ သို့လော ဖြစ်မိသည်။

ချက်ချင်းပင် အမတ်တစ်ယောက်အား ပုဏ္ဏားနှင့် ကလေးငယ်နှစ်ယောက်ကို ရှေ့တော်မှောက်သို့ ခေါ်ယူစေသည်။ မင်းကြီးက ဇူဇကာပုဏ္ဏားအား "ဤကလေးငယ် နှစ်ယောက်ကို အဘယ်အရပ်မှ ခေါ်ဆောင်လာခဲ့သနည်း" ဟူ၍ မေးမြန်းသည်။
0005052Kph0.jpg

ဇူဇကာပုဏ္ဏားက "အရှင်မင်းကြီး၊ ဤကလေးငယ် နှစ်ယောက်ကို ဝေဿန္တရာမင်းကြီးသည် ကျွန်တော်မျိုးအား ကျွန်အဖြစ် ပေးလှူလိုက်ပါသည်။ ကျွန်တော်မျိုး လက်တွင် ရောက်ရှိနေသည်မှာ ၁၅-ရက် ရှိပါပြီ" ဟူ၍ လျှောက်ထားသည်။

ဤတွင်မှ မင်းကြီးသည် အကြောင်းစုံကို သိရှိသည်။ ကလေးများသည်လည်း မိမိတို့၏ ဘိုးတော်မှန်း သိကြသည်။ သို့ရာတွင် ပုဏ္ဏား၏ ကျွန်ဖြစ်နေသဖြင့် ဘိုးတော်ထံ ချဉ်းကပ်မသွားနိုင်။ အဝေးမှသာ ခစားနေရသည်။ ဘိုးတော်မင်းကြီးသည် များစွာရင်ထုမနာ ဖြစ်မိသည်။

လွှတ်သဘင်၌ ရှိနေကြသော အမတ်တို့သည်လည်း စိတ်ထိခိုက်ကြသည်။ "မိမိ၏ ရင်သွေးများကို ကျွန်အဖြစ် ပေးလှူနိုင်ရက်ပါပေသည်တကား" ဟူ၍ ဆိုကာ ဝေဿန္တရာမင်းကြီးကို ကဲ့ရဲ့ ပြစ်တင်ကြသည်။

ထိုအခါ ဇာလီမင်းသားက မခံရပ်နိုင်။ "ခမည်းတော်သည် တောထဲတွင် နေရသည်ဖြစ်၍ အဘယ်မှာလျှင် ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ ရှိပါမည်နည်း။ ထို့ကြောင့် ခမည်းတော်သည် စိတ်နှလုံးပူပန် ဆင်းရဲခြင်း ကြီးစွာဖြစ်လျက် ရင်သွေးတို့ကို ပေးလှူရပေသည်" ဟူ၍ ရှင်းလင်း ပြောဆိုသည်။

မင်းကြီးသည် ချက်ချင်းပင် မြေးတော်တို့ကို ကျွန်အဖြစ်မှ ရွေးနုတ်တော်မူသည်။ ဝေဿန္တရာမင်းကြီး ပေးလှူစဉ်က တန်ဖိုး ဖြတ်ထားသည့်အတိုင်းပင် သိဉ္စည်းမင်းကြီးသည် ဇူဇကာပုဏ္ဏားအား ဇာလီမင်းသားအတွက် ရွှေစင်ကျပ်တစ်ထောင် တန်ဖိုးဖြတ်၍ ပေးသည်။ ကဏှာဇိန်အတွက် ကျွန်ယောက်ျား တစ်ရာ၊ ကျွန်မိန်းမ တစ်ရာ၊ ဆင်တစ်ရာ၊ မြင်းတစ်ရာ၊ နွားလားဥသဘ တစ်ရာ၊ ရွှေစင်ကျပ်တစ်ရာ တန်ဖိုးဖြတ်၍ ပေးသည်။ ထို့ပြင် ဇူဇကာပုဏ္ဏားအား ဘုံခုနှစ်ဆင့်ရှိသော ပြာသာဒ်ကိုလည်းပေးသည်။

ဇူဇကာပုဏ္ဏားသည် မရဖူးသော စည်းစိမ်ချမ်းသာကို ရသဖြင့် ကျေနပ်ဝမ်းသာမဆုံး ဖြစ်မိသည်။ သူသည် ပြာသာဒ်ထက်သို့ တက်၍ အစားအစာကောင်းတို့ကို စားသည်။ ထို့နောက် မြတ်သောအိပ်ရာထက်၌ တက်၍ အိပ်နေလေသည်။

မင်းကြီးသည် မြေးတော် နှစ်ယောက်ကို ဦးခေါင်းဆေးလျက် ရေချိုးစေသည်။ သစ်လွင်သော အဝတ်တန်ဆာတို့ကို ဆင်ပေးသည်။ ကောင်းမြတ်သော အစားအစာတို့ကို ကျွေးမွေးသည်။ ထို့နောက် မင်းကြီးက ဇာလီကို မိမိရင်ခွင်၌် ထားလျက်၊ ဖုဿတီ မိဖုရားကြီးက ကဏှာဇိန်ကို မိမိရင်ခွင်၌ ထားလျက် ဝေဿန္တရာမင်းကြီးနှင့် မဒ္ဒီဒေဝီတို့အကြောင်းကို ချစ်ခင်ယုယစွာဖြင့် မေးမြန်းသည်။

ဇာလီတို့ မောင်နှမကလည်း တောတွင်း၌ ခမည်းတော်၊ မယ်တော်တို့ ပင်ပန်းဆင်းရဲစွာဖြင့် နေထိုင်ရပုံကို လျှောက်တင်ကြသည်။

ထိုအချိန်တွင် ကလိင်္ဂတိုင်းသား ပုဏ္ဏားတို့ အလှူခံသွားသော ဝေဿန္တရာမင်းကြီး၏ ပစ္စယဆင်ဖြူတော်သည် စေတုတ္တရာပြည်သို့ ပြန်ရောက်နေပြီ။ ကလိင်္ဂတိုင်းတွင် မိုးကောင်းစွာ ရွာပြီးဖြစ်သဖြင့် ပြန်၍ ပို့သောကြောင့် ဖြစ်သည်။ သိဉ္စည်းမင်းကြီးသည် မြေးတော်များ၏ လျှောက်တင်ချက်အရ ဝေဿန္တရာမင်းကြီး၏ ဆင်းရဲဒုက္ခကို ကောင်းစွာ သိရှိသွားသည်။ ထို့ပြင် ပြည်သူပြည်သားတို့ကလည်း စိတ်ပြေကြပြီ ဖြစ်သည်။ သို့ဖြင့် သားတော်အား နှင်ထုတ်မိခြင်းကို နောင်တတရား ရကာ စစ်သည်ဗိုလ်ပါ များစွာနှင့်တကွ ဝင်္ကပါတောင်သို့ သွား၍ သားတော်နှင့် ချွေးမတော်တို့ကို ပြန်ခေါ်ရန် ချက်ချင်းစီစဉ်သည်။

ထိုစဉ် ဇူဇကာပုဏ္ဏားသည် လောဘကြီးစွာဖြင့် အစားအစာတို့ကို အငမ်းမရ စားသောက်ရာ စားပိုးနင့်၍ သေဆုံးသွားလေသည်။

မကြာမီ သိဉ္စည်းမင်းကြီး ဦးဆောင်လျက် သားတော် ဝေဿန္တရာကို သွားခေါ်ကြသည်။ ဝင်္ကပါတောင်တွင် သိဉ္စည်းမင်းကြီး၊ ဖုဿတီမိဖုရား၊ သားတာ် ဝေဿန္တရာမင်းကြီး၊ ချွေးမတော် မဒ္ဒီဒေဝီ၊ မြေးတော် ဇာလီနှင့်ကဏှာဇိန်တို့ ပေါင်းဆုံမိကြသည်။ အားလုံးပင် ဝမ်းသာဝမ်းနည်း ငိုကြွေးကြသည်။ ထိုအခါ သိကြားမင်းက စွတ်စိုလိုသောသူကိုသာ စွတ်စိုစေ၍၊ မစွတ်စိုလိုသော သူကို မစွတ်စိုစေသည့် ပေါက္ခရဝဿမိုးကို ရွာစေသည်။ ထိုအချိန်တွင် ကြီးစွာသော မြေငလျင်ကြီးလည်း လှုပ်သည်။ သတ္တမအကြိမ်လှုပ်ခြင်းပင်တည်း။


ဝေဿန္တရာမင်းကြီးနှင့် မဒ္ဒီဒေဝီတို့သည် ခမည်းတော်၊ မယ်တော်၊ သားတော်၊ သမီးတော်တို့နှင့်အတူ စေတုတ္တရာပြည်သို့ ပြန်ကြွသည်။ ပြန်လည်၍ ထီးနန်းစိုးစံသည်။ တိုင်းသူပြည်သား အပေါင်းလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ နှစ်လို ဝမ်းမြောက်သောအခါ၌ တီးရသော နန္ဒီစည်တော်ကိုလည်း တစ်ပြည်လုံး လှည့်လည် တီးကြသည်။

ဝေဿန္တရာမင်းကြီးသည် အကျဉ်းထောင်နှင့် နှောင်အိမ်တို့၌ အကျဉ်းခံနေရသော အကျဉ်းသားတို့အား လွှတ်ပစ်သည်။ ရောက်သည့် ညမှာပင် "ငါရောက်သည် ကြားလျှင် အလှူခံ ပုဂ္ဂိုလ်တို့ လာကြလိမ့်မည်။ ထိုအလှူခံ ပုဂ္ဂိုလ်တို့အား အဘယ်ပစ္စည်းကို လှူရပါအံ့နည်း" ဟူ၍ အကြံဖြစ်သည်။ သိကြားမင်းသည် မင်းကြီး၏ အကြံကို သိသောအခါ ရတနာ ခုနှစ်ပါးမိုးကို ရွာချလေသည်။ ထိုရတနာမိုးသည် နန်းတော်အတွင်း၌ ခါးလောက်အထိ ရှိသည်။ မြို့တွင်းရှိ အိမ်များ၌ ဒူးဆစ်အထိ ရှိသည်။

နံနက်လင်းသောအခါ ဝေဿန္တရာမင်းကြီးသည် တိုင်းသူပြည်သားတို့အား မိမိ အိမ်တွင်းရှိ ရတနာတို့ကို အသီးသီး ယူစေသည်။ ကျန် ရတနာတို့ကိုကား ဘဏ္ဍာတော်အဖြစ် သိမ်းယူကာ ကျီကြတို့၌ သိုလှောင်ထားသည်။ ထိုရတနာတို့ဖြင့် အသက်ထက်ဆုံး အလှူဒါနကို မပြတ်ပြုလုပ်လေသည်။ ဝေဿန္တရာမင်းကြီးသည် သက်တမ်းစေ့၍ နတ်ရွာစံသောအခါ တုသိတာနတ်ပြည်၌ စံစားရလေသည်။

(ဇာတ်ပေါင်းသော် ဝေဿန္တရာမင်းသည် ဂေါတမဘုရားရှင်၊ မဒ္ဒီဒေဝီသည် ယသော်ဓရာ၊ ဇာလီမင်းသားသည် ရာဟုလာ၊ ကဏှာဇိန်မင်းသမီးသည် ဥပ္ပလဝဏ်၊ သိဉ္စည်းမင်းသည် သုဒ္ဓေါဒနမင်း၊ ဖုဿတီဒေဝီသည် မဟာမာယာဒေဝီ၊ သိကြားမင်းသည် အရှင်အနုရုဒ္ဓါ၊ ဇူဇကာပုဏ္ဏားသည် ဒေဝဒတ်၊ အမိတ္တာပုံသည် စိဉ္စမာဏ ဝိကာတို့ အသီးသီး ဖြစ်လာကြလေသည်)

*ဤဝေဿန္တရာ ဇာတ်တော်တွင် ဂေါတမဘုရားရှင် ဒါနပါရမီ၊ ဥပေက္ခာပါရမီ၊ ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်*

☺ပြီးပါပြီရှင်...။

Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၂)

သိစိတ်အကြောင်း

ထိုနည်းတူစွာ ‘ဒိဋ္ဌေဒိဋ္ဌမတ္တံ’နည်းအတိုင်း လေ့ကျင့်၍ (ရုပ်နာမ်ရှိသည့်အနက်) နာမ်ဘက်သို့ ဦးညွတ်သော ယောဂီသည် မိမိ၏စိတ်ကို စောင့်၍ကြည့်ခြင်းအားဖြင့် စိတ်၏သဘာဝကို ယထာဘူတကျကျ သိနိုင်ပါသည်ဆိုလျှင် မယုံကြည်နိုင်စရာမရှိပေ။ သတိဦးစီးလျက် မိမိ၏စိတ်ကို စောင့်ကြည့်သည့်အခါ အသစ် အသစ်ဖြစ်လျက်ရှိသော ‘သိစိတ်’ ကလေးတွေကို တွေ့ရလိမ့်မည်။ အဆင်း (ရူပါရုံ) ကို သိသောစိတ်၊ အသံကို သိသောစိတ်၊ အရသာကို သိသောစိတ်၊ (တစ်ချက် တစ်ချက် သတိလစ်သည့်အခါ) ကြံစည်တွေးတောသောစိတ် စသည်ဖြင့် တစ်ခုပြီးတစ်ခု၊ တစ်စိတ်ပြီးတစ်စိတ် ဖြစ်နေသော အခြင်းအရာကို လက်တွေ့မြင်ရလိမ့်မည်။ ဤအချင်းအရာကို လူတိုင်းမြင်သည် မထင်လေနှင့်။ သတိနှင့် စောင့်ကြည့်သော ယောဂီသာလျှင် လက်တွေ့မြင်ရသည်။ တစ်ခုပြီးတစ်ခု သိတတ်သည်ဟု လူတိုင်းနားလည်ပုံရသော်လည်း နာလည်ရုံမျှ နားလည်ခြင်းနှင့် တကယ်စောင့်ကြည့်ခြင်းအားဖြင့် တွေ့ရသော ယောဂီ၏ ကိုယ်တွေ့သိမြင်ခြင်းတို့သည် ကြီးစွာသော ခြားနားခြင်းရှိလေသည်။ (ဤအချက်ကို လေးလေးနက်နက် ယုံကြည်ဖို့ အရေးကြီးသည်။) ခဏချင်း ခဏချင်း အသစ်အသစ်ဖြစ်နေသော ‘သိစိတ်’ ကလေးများပေတကားဟု သဘောပေါက်လာသောအခါ အသစ်တစ်ခု ဖြစ်လာသည်ဆိုကတည်းက အဟောင်းတစ်ခု ပျောက်ပျက်သွားတော့သည်ဟု ‘လက်တွေ့’ သဘောပေါက်လာတတ်သည်။ လက်စသတ်တော့ ဖြစ်ချည်ပျက်ချည်ဖြစ်နေသော သိစိတ်ကလေးပါတကား၊ အမြဲတစေ တည်ရှိနေသော သိစိတ်ကလေးမျိုး မဟုတ်ပါတကားဟု တစ်ကြိမ်တစ်ခါတွင် လှိုက်လှိုက်လှဲလှဲ သဘောကျသွားတတ်ပေသည်။ ဤကား ဥဒယဗ္ဗယဉာဏ်ပေတည်း။

ဤမျှလောက်တော့ လူတိုင်းသိသည်။ မြစ်ရေအလျဉ်ကဲ့သို့ တစ်သွင်သွင်စီးနေသော စိတ်သဘာဝကို သိပါမှ ဟုတ်လိမ့်မည်။ ဗုဒ္ဓက လက်ဖျစ်တစ်တွက်အတွင်း ကုဋေတစ်သိန်း ချုပ်တတ်သည်ဟု ဟောတော်မူသောကြောင့် ဤမျှလောက် ကြဲကြဲကြီးသိရုံလောက်နှင့် ဘာမျှမဟုတ်သေး စသည်ဖြင့် ပြောတတ်သူများလည်း ရှိကြလေသည်။ ဤကဲ့သို့ ပြောဟောတတ်သော ပုဂ္ဂိုလ်များကြောင့် မြန်မာပြည်သို့ ဗုဒ္ဓသာသနာရောက်ခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါလျက် အရိယာပုဂ္ဂိုလ်ဆို၍ ဤနောက်ပိုင်းကာလတွင်မှ ကြားကြရခြင်းဖြစ်သည်။ သိစိတ် တစ်ခုပြီးတစ်ခု ဖြစ်ခြင်းကို အတွေးဖြင့်မဟုတ်ဘဲ၊ မျက်ဝါးထင်ထင် တစ်ကြိမ်တစ်ခါ သိလိုက်ရခြင်း၏ တန်ဖိုးရှိခြင်းကို ထိုပုဂ္ဂိုလ်များ နားမလည်ကြ၊ လက်တွေ့လည်း အလုပ်လုပ်မကြည့်ဘဲ မှန်းဆရမ်းသန်း ပြောဆိုကြခြင်းမျှသာ ဖြစ်လေသည်။ မြစ်ရေအလျဉ်ကဲ့သို့ဟူသော အမြင်မှာ အရိယာပုဂ္ဂိုလ်၏ အမြင်ဖြစ်ရာ၊ ဥဒယဗ္ဗယဉာဏ်အဆင့်၌ အဘယ်မှာ အရိယာ၏အမြင်မျိုး မြင်နိုင်ပါဦးမည်နည်း။ အရိယာဖြစ်အောင် အားထုတ်သော ယောဂီသည် ဥဒယဗ္ဗယဉာဏ်လမ်း အတိုင်းပင် သွားရမည် မဟုတ်ပါလော။ အရိယာတို့၏ အမြင်ကို တစ်ခါတည်း မူတည်ပြီး၊ မိမိလည်းမြင်အောင် (လုပ်နည်းမပါဘဲ) လေ့ကျင်ကြသူတို့ များခဲ့ခြင်းအတွက်ကြောင့် မြန်မာပြည်၌ မဂ်တရား၊ ဖိုလ်တရား တိမ်မြှုပ်ခဲ့ခြင်း ဖြစ်လေသည်။

စိတ်ကူးဖြင့်မြင်ရတတ်ခြင်း

စိတ်အကြောင်းကို ယထာဘူတကျကျ သိလိုလျှင် စိတ်အကြောင်းရေးထားသော စာတွေကိုဖတ်၍ ‘ကိုယ်တွေ့’ အသိမျိုးမသိနိုင်။ မိမိ၏စိတ်ကို စောင့်ကြည့်ခြင်းဖြင့်သာလျှင် သိနိုင်ကြောင်း ဖော်ပြခဲ့ရာ၊ ရုပ်အကြောင်းကို သိလိုလျှင်လည်း ဤနည်းတူပင်ဖြစ်သည်။ ‘ဒိဋ္ဌေဒိဋ္ဌမတ္တံ’နည်းအတိုင်း လေ့ကျင့်၍ (ကာယ)ဘက်သို့ ဦးလှည့်သော ယောဂီသည် ကာယကို စောင့်ကြည့်သော အလေ့အကျင့် ဖြစ်ပေါ်လာတတ်သည်။ ဣရိယာပထ ဣရိယာပုတ် အပြောင်းအလဲနှင့်တကွ ကိုယ်ကာယ၏ လှုပ်ရှားမှု၊ ဖောက်ပြန်မှုဟူသမျှကို သတိနှင့် စောင့်၍ကြည့်ရသည်။ မိမိက ခုနက ကိုယ်ကာယကြီးမရှိတော့ဘူး၊ ယခုအသစ်ဖြစ်လာပြီဟူ၍ (အရိယာတို့မြင်သော အခြင်းအရာကို) ကြိုတင်ပြီးနှလုံးသွင်းရန်မဟုတ်။ မိမိ၏ အလုပ်မှာ ပြောင်းလဲတိုင်း ပြောင်းလဲတိုင်း သတိမပြတ်စေအောင် စောင့်ကြည့်ပြီး ကြည့်ရန်မျှသာဖြစ်သည်။ မိမိကိုယ်တိုင်က မမြင်သေးဘဲ၊ အရိယာတို့မြင်သော (အဖြေမှန်) အဖြစ်ကို ကြိုတင်ပြီး စိတ်ကူးခြင်းသည် ကိုယ့်ကိုယ်ကို ‘ညှို့ ’ခြင်း (auto suggestion) မျှသာဖြစ်၍ လူအများထင်ကြသလောက် ခရီးမရောက်တတ်ချေ။ စိတ်ကူးဖြင့် ကိုယ့်ကိုယ်ကြီး ပျက်ကျနေသည်ဆိုခြင်းသည် စိတ်ကူး (imagination) မျှသာဖြစ်၍ တကယ့်ဉာဏ်အမြင် မဟုတ်သေးချေ။ ဆိုလိုရင်းမှာ ယောဂီ၏အလုပ်သည် အပြောင်းအလဲဟူသမျှကို သတိနှင့် ရှုကြည့်ရန်မျှသာဖြစ်ရာ၊ ပျက်ကျခြင်းစသော အခြင်းအရာများကို မြင်ရန်မှာ မိမိက တတ်နိုင်သည်မဟုတ်၊ ရင့်ကျက်သောအခါ၌ အလိုအလျှောက် ပေါ်လာရသော ဉာဏ်အမြင်မျှသာဖြစ်သည်ဟူလို။

အလိုအလျှောက် ပေါ်ရသော ဉာဏ်အမြင်

ကာယနုပဿနာ သတိပဋ္ဌာန်၌ ဗုဒ္ဓက (ဣရိယာပထပိုင်းတွင်) ထိုင်ခြင်း၊ ထခြင်း၊ လဲလျောင်းခြင်းမှစ၍ လည်ပင်းကို စောင်းငဲ့ခြင်းတိုင်အောင် သိစေရမည်ဟု ဟောတော်မူ၏။ လည်ပင်းကို စောင်းငဲ့သည့်အခါ စောင်းငဲ့သည်ဟူ၍ ‘ပဇာနာတိ’ သိစေရမည်ဟု ဟောတော်မူ၏။ အချို့ က ပဇာနာတိ၊ သိရမည်ဆိုခြင်းအားဖြင့် သိရုံမျှကလေးသိစေရမည်မဟုတ်၊ ဓာတ်လေးပါး အစုအဝေးဖြစ်ခြင်း၊ မမြဲသောသဘောတရားရှိခြင်း စသည်တို့ကိုပါ သိစေရမည်ဟု ဋီကဖွင့်တတ်ကြသည်။ သတိပဋ္ဌာန်ဟူသောအလုပ်မှာ ဤအရာများကို နှလုံးသွင်းရန်အတွက် ဗုဒ္ဓက ဟောတော်မူခဲ့ခြင်းမဟုတ်။ သတိယှဉ်သောစိတ်မျိုး အမြဲရှိစေရန် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ဟောတော်မူခဲ့ခြင်း ဖြစ်သည်ဟု ကျွန်ုပ်နားလည်သည်။ သတိယှဉ်သော စိတ်မျိုးဖြစ်အောင် လုံလောက်စွာ လေ့ကျင့်ထားသော ယောဂီအဖို့၌ ဖြစ်ချည်ပျက်ချည်ရှိနေခြင်း၊ မမြဲခြင်း၊ အစိုးမရခြင်း၊ ငါမဟုတ်ခြင်း၊ အနှစ်သာရမရှိခြင်းစသော အဖိုးထိုက်သည့် ဉာဏ်အမြင်မျိုးတို့ သည် အလိုအလျှောက် ပေါ်ပေါက်လာရမည် ဖြစ်လေသည်။ အဆိုပါ ဉာဏ်အမြင်မျိုးကို မိမိက ခေါ်ယူ၍ ရသည်မဟုတ်။ သဒ္ဓါ၊ ၀ီရိယ၊ သမာဓိ၊ ပညာတည်းဟူသော ဗိုလ်ငါးပါးတို့ ညီမျှသောအခါ၌ ဘွားခနဲ ဖြစ်ပေါ်လာရသော ဉာဏ်အမြင်မျိုးမျှသာ ဖြစ်ခဲ့လေသည်။

တိရစ္ဆာန်သိနည်းမျိုးမဟုတ်

အချို့ က ပြောတတ်ကြသေးသည်ကား၊ ထိုင်လျှင်ထိုင်ခြင်းကို လည်ကောင်း၊ ထလျှင် ထခြင်းကိုလည်းကောင်း၊ လူတိုင်းလည်းသိသည်။ တိရစ္ဆာန်များပင် သိကြသည်ဆို၏။ ဤလူများကား ဗုဒ္ဓ၏ သတိပဋ္ဌာန်အလုပ်အကြောင်းကို အလျဉ်းနားမလည်သော သူများသာဖြစ်ကြသည်။ ထိုင်ခြင်း ထခြင်းကို လူလည်းသိသည်။ တိရစ္ဆာန်လည်းသိကြသည်ဆိုရာ၌ တိရစ္ဆာန်နှင့်အတူတူ သိခြင်းမျိုးကို ဗုဒ္ဓရည်ရွယ်တော်မူခြင်း မဟုတ်ချေ။ ထိုင်လျှင် ထိုင်သည်ဟု သိတတ်ကြခြင်းကား မှန်သည်။ သို့ရာတွင် အမှတ်မဲ့သိကြခြင်းမျိုးသာ ဖြစ်၏။ ဗုဒ္ဓဆိုလိုတော်မူသည်မှာကား သတိနှင့်ယှဉ်သော သိခြင်းမျိုး၊ ကိုယ်ကာယပြောင်းလဲမှု ပြုလုပ်ရာတွင် တောင်ဟာ မြောက်ဟာတွေ မစဉ်းစားတော့ဘဲ ထိုင်တော့မည်ဆိုလျှင် ထိုင်တော့မည့်အဖြစ်ကို သတိစောင့်သောစိတ်ဖြင့် ထပ်၍သိခြင်းကို ဆိုလိုတော်မူသည်။ သတိနှင့် စောင့်ပြီး ထပ်၍သိခြင်းမျိုးကိုမူ တိရစ္ဆာန်မဆိုထားဘိ၊ အထပ်ပါ ပုဂ္ဂိုလ်များပင်လျှင် တစ်ကြိမ်တစ်ခါမျှ သိဖူးဟန်မတူသောကြောင့် ဤစကားမျိုး ပြောရဲခြင်း ဖြစ်ပေသည်။

သိလျှင် ပြီးသည်ဟူသော အယူ

တရားသမားတစ်မျိုးရှိသေးသည်ကား ဗုဒ္ဓ၀ါဒအရမှာ သိလျှင်ပြီးသည်။ အလုပ်လုပ်နေဖို့ (တရားအားထုတ်ဖို့) မလို။ မသိသေးသော လူများသာ အားထုတ်ဖို့ လိုသည်ဟု ဆိုကြသည်။ ဤအယူအဆသည် ဟုတ်သလိုလိုနှင့် မှားသော အယူအဆတစ်ခုဖြစ်၏။ သိလျှင် ကိစ္စပြီးနိုင်သည် ဆိုခြင်းမှာ ဟုတ်သယောင်ယောင် ထင်ရ၏။ ဗုဒ္ဓကလည်း အသိဉာဏ်ပင် အရေးကြီိးသည်ဟု ဟောတော်မူချက် ရှိပေသည်။ သို့ရာတွင် မည်သို့သော သိပုံသိနည်းမျိုးကို ဆိုလိုပါသနည်း။ (၀ိညာဉ်သိ၊ သညာသိ၊ ပညာသိအကြောင်းကို ယခင်ဆောင်းပါးတစ်ပုဒ်၌ ရှင်းပြခဲ့ဖူးရာ ကျွန်ုပ်၏ ရှင်းလင်းချက်ကို လက်မခံချင်သူများ ရှိနေသောကြောင့် ၄င်းအခေါ်အဝေါ်များကို မသုံးဘဲ သဘာဝသက်သက်ဖြင့် တင်ပြပါတော့မည်။)

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

Read more...

မြို့ပြလရောင်တမ်းချင်း

ဘလော့ဂ်ဆိုတာကို ဘာမှန်းမသိ ညာမှန်းမသိ ပုံဖော်နေတာ… အသက်ဝင်လာပုံကတော့ ဖွင့်ချထားတဲ့ ဒိုင်ယာရီပါပဲ…
တွေ့ကြုံခံစားမိတာလေးတွေ ရေးချဖြစ်တော့ ပို့စ်လေးတွေ ဖြစ်လာတယ်။
အဲ့ဒါတွေမှ မရေးရင်လည်း ဘလော့ဂ်ဟာ ရင်ဘတ်ဟောင်းလောင်းနဲ့ အကျည်းတန်လှတယ်…။

မနေ့က မမKOM အိမ်ဘက်ကနေ မျောလွင့်လာတဲ့ တိမ်တွေ ဒီနေ့မှ ဒီဘက်မှာ မိုးတွေအဖြစ်ရွာချထားလို့ အိမ်နောက်ဖေး ပန်းခြံထဲ အမှတ်မထင် လမ်းလျှောက်ဖြစ်တယ်။ အမှတ်မထင် ဆိုပေမဲ့ မိုးရွာပြီး အငွေ့အသက်ကို တို့ထိ ခံစားချင်နေမိတဲ့ အသွေးထဲ အသားထဲက တောင့်တချက်ကြောင့် ရောက်အောင် လျှောက်ခဲ့တဲ့ လမ်းပါ…။

သူတို့တွေ လမုန့်ပွဲတော် (Mooncake Festival) မှာ ပျော်ဝင်နေကြတယ်။ မနက်ဖန် လပြည့်နေ့ ကိုး…။

ကိုယ်တို့အနားမှာ တခါတလေလည်း ပြည့်ပြည့်၀၀ကြီးပြုံးလို့၊ တခါတရံလည်း ပြုံးတယ်ဆိုရုံ လဲ့လဲ့လေးပြုံးလို့ အေးမြတဲ့ အလင်းတွေ ပေးတဲ့ လသခင်ကို အချိန်များများ မေ့လျော့နေမိကြတာဟာ မွေးရာပါ အခွင့်အရေးတခုကို လက်လွှတ် အဆုံးရှုံးခံတဲ့ မိုက်မဲမှုပဲ လို့ ကိုယ့်ကိုကိုယ် အပြစ်ဆိုမိပါရဲ့။

ကိုတို့ ဆီမှာ ဘယ်လို…
ကျမတို့ ဆီမှာ ဘယ်လိုနဲ့
အပြိုင်အဆိုင်လုပြောနေကြတာတွေက လမုန့်ပွဲတော်အကြောင်းတော့ မဟုတ်ပြန်လေဘူး…
မီးပုံးလေးတွေ အပြိုင်အဆိုင် ထွန်းလို့ ကလေးတွေ ပျော်နေကြတာကို သားငယ်ကတော့ သီတင်းကျွတ်ပွဲတော်လို့ ဘယ်သိနိုင်ပါ့မလဲ

ဒီပွဲတော်ရောက်တိုင်း ဟိုလူကြီး ပြောပြတတ်တဲ့ ပုံပြင်လေး…
ဟိုးရှေးရှေး တရုတ်ပြည်ကို မွန်ဂိုတွေ သိမ်းပိုက်ထားတဲ့ အချိန်ကပေါ့၊ လူစုလူဝေးလည်း လုပ်ခွင့်မရတော့ တော်လှန်ရေးသမားတွေက “၈လပိုင်းရဲ့ လပြည့်နေ့မှာ မွန်ဂိုတွေကို တော်လှန်ကြ”လို့ တပ်လှန့်တဲ့ စာခေါက်လေးတွေကို လမုန့်တွေထဲထည့်ပြီး ဝေကြတယ်။ တကယ်လည်း အဲဒီလပြည့်နေ့မှာ မွန်ဂိုတွေကို တော်လှန်နိုင်ခဲ့ကြတယ်...တဲ့။


Get this widget | Track details | eSnips Social DNA
သီချင်းကို ဒီက ယူပြီး စာသားကို www.htooeainthin.com က ယူပါတယ်။

Read more...

အခြေခံအသိတရား

Tuesday, September 21, 2010



ငယ်စဉ်အခါကလေးဘ၀တုန်းက ဆရာဆရာမတွေ အမြဲဆုံးမပေးတဲ့ စကားတစ်ခွန်းရှိပါတယ်။ စာတွေသင်ရင် အခြေခံတွေကောင်းအောင် သေချာလေ့လာရတယ် လေ့ကျင့်ရတယ်ဆိုပြီး အမြဲဆုံးမပေးခဲ့ပါတယ်။ ဒီလိုပါပဲ.. အသက်ရွယ်ကြီးလာလို့ လုပ်ငန်းခွင်တွေ ၀င်ရောက်လာတဲ့အခါကျတော့လည်း အောက်သက်ကျေအောင် အခြေခံတွေကအစ လေ့လာထားရမယ်.. လုပ်ငန်းအတွေ့အကြုံရှိအောင် လုပ်ငန်းဆောင်တာရဲ့အခြေခံတွေကို နားလည်ရမယ်ဆိုပြီး ကိုယ့်ထက်အကြီးကဲတွေက သွန်သင်ဆုံးမတာတွေ ရှိပါတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ဘယ်တာဝန်တွေပဲ ထမ်းဆောင်နေရနေရ ဘယ်နေရာပဲရောက်ရောက် အခြေခံသိရမယ့်အသိတွေဆိုတာတော့ လူတိုင်းလူတိုင်းအတွက် လိုအပ်နေပြန်တာပါ။ ဒီလိုပါပဲနော်.. လောကရေးရာ၊ ဓမ္မရေးရာတွေမှာလည်း အခြေခံသိထားသင့်တဲ့ အသိတရားတွေ၊ အသိစိတ်ဓါတ်တွေဆိုတာလည်း လိုအပ်ပြန်တာပါပဲ။ အခြေမခိုင်ရင် ဘယ်လောက်အမြင့်ရောက်ရောက် တစ်ချိန်ချိန်မှာပြိုကျသွားနိုင်ဖို့ဟာ အင်မတန်လွယ်ကူပါတယ်။ ဒါမို့လို့လည်း အဆောက်အဦးတွေဆောက်တဲ့အခါမှာ အခြေအမြစ်ခိုင်ဖို့.. အခြေအမြစ်တွေကောင်းမွန်ဖို့ကို အဓိကထားပြီး ဆောက်လုပ်ကြရတာ မဟုတ်ပါလား။ ဒီလိုပါပဲ.. ဓမ္မရေးရာဘက်မှာလည်း အခြေခိုင်စေဖို့အတွက် အခြေခံထားရှိသင့်တဲ့ အသိတရားတွေ အသိစိတ်ဓါတ်တွေကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောပြဆုံးမပေးခဲ့ပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီး လောကအလယ် ပွင့်ထွန်းတော်မူလာတဲ့ အဓိကရည်ရွယ်ချက်ကတော့ မအို၊မနာ၊မသေရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို လောကီလူသားတွေ ရရှိခံစားနိုင်ဖို့ဆိုတဲ့ မသေရာလမ်းကို ညွှန်ပြပေးဖို့အတွက်ပါ။ နိဗ္ဗန်ချမ်းသာဆိုတာကတော့ ဘုရားရှင်ဆုံးမခဲ့တဲ့အဆုံးမတွေနဲ့လျောက်လှမ်းရမယ့် အမြင့်မြတ်ဆုံး ပန်းတိုင်တစ်ခုပေါ့။ သို့ပေမယ့်.. နိဗ္ဗာန်တစ်ခုထဲ.. လောကုတ္တရာတစ်ခုထဲအတွက် ပွင့်ထွန်းတော်မူခဲ့တာ မဟုတ်ပါဘူး။ ပွင့်ထွန်းခဲ့ဖူးသော ဘုရားရှင်တိုင်းဟာ.. အလောင်းတော်ဘ၀တိုင်းမှာ ကျင့်စဉ်ကြီးသုံးခုကို ဦးထိပ်ထားပြီး ကျင့်ဆောင်ခဲ့ကြရတာပါ။ အဲ့ဒါတွေကတော့.. စရိယသုံးပါးဟုခေါ်သော
(၁) လောကတ္ထစရိယာ - လောကလူသား ကမ္ဘာသူကမ္ဘာသား သတ္တ၀ါအများ ကောင်းစားချမ်းသာရေးအတွက် ကျင့်တော်မူခြင်း၊ (၂) ဉာတတ္ထစရိယာ- ဆွေမျိုးတွေဘေးကင်းဖို့၊ ကြီးပွားချမ်းသာဖို့၊ ပညာရေးတိုးတက်ဖို့ စသည့်ကောင်းကျိုးများအတွက် ကျင့်တော်မူခြင်း။ (၃) ဗုဒ္ဓတ္ထစရိယာ - သတ္တ၀ါအများကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်သော သဗ္ဗညုတ ဘုရားဖြစ်ရေးအတွက် ကျင့်တော်မူခြင်းဆိုတဲ့ စရိယသုံးပါးပဲဖြစ်ပါတယ်။ ဘုရား အလောင်းတော်များဟာ ဘ၀တိုင်းဘ၀တိုင်း ပါရမီဖြည့်ကျင့်တိုင်းမှာ ဤကျင့်စဉ်ကြီး သုံးရပ်ကို ဦးထိပ်ထားခဲ့ကြရပါတယ်။

စရိယာသုံးပါးမှာ ရှေ့ဆုံးနှစ်ခုဖြစ်တဲ့ လောကတ္ထစရိယာနဲ့ ဥာတတ္ထစရိယာဆိုတဲ့ နှစ်ချက်ဟာ လောကအကျိုး သတ္တ၀ါအားလုံးအတွက် အကျိုးစီးပွားတွေဖြစ်စေလိုတဲ့ စိတ်ထားတွေနဲ့ ဖြည့်ကျင့်ခဲ့ခြင်းဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုဖြစ်တဲ့ ဥာတတ္ထစရိယာဆိုတာကတော့ သတ္တ၀ါတွေကို အို၊နာ၊သေဘေးကနေ ကယ်တင်ပေးစေနိုင်မယ့် အဆုံးမတွေ ဆုံးမပေးဖို့အတွက် သဗ္ဗေညုတရွှေဥာဏ်တော်အတွက် ဖြည့်ကျင့်ခဲ့ခြင်းပါပဲ။ ဒါမို့လို့လည်း ဘုရားရှင်ဟောပြခဲ့တဲ့အဆုံးမတွေဟာ လောကီ၊ လောကုတ္တရာနှစ်လုံးအတွက် အကျိုးများစေခဲ့တာပါ။ လောကီမှာဘုရားအဆုံးမအတိုင်း လိုက်နာကျင့်ကြံမယ်ဆိုရင် သတ္တ၀ါတွေအားလုံးအတွက် ကောင်းကျိုးချမ်းသာတွေ မုချမသွေ ရရှိခံစားနိုင်မှာဖြစ်သလို.. လောကုတ္တရာဘက်မှာ ဆိုရင်လည်း မအို၊မနာ၊မသေရာ အမြတ်နိဗ္ဗာန်အထိတိုင်အောင် ဘုရားအဆုံးမတွေက ပို့ဆောင်ပေးနိုင်ပါသေးတယ်။ ဘယ်လောက်ထိ လောကသတ္တ၀ါတွေအတွက် အကျိုးများစေတဲ့ အဆုံးမတွေပါလဲ။ ဒီလိုအကျိုးများစေတဲ့ အဆုံးမတွေကို လိုက်နာကျင့်ကြံနိုင်ဖို့အတွက်ဆိုရင် အခြေခံလိုက်နာရမယ့် အသိတရားတစ်ခုရှိဖို့လိုအပ်ပါတယ်။ အဲ့ဒီ့အခြေခံအသိတရားဆိုတာကတော့ ကိုယ်ချင်းစာတရား၊ ကိုယ်ချင်းစာစိတ်ပါပဲ။


ဟုတ်ပါတယ်..။ ဘုရားရှင်ကိုယ်တြော်မတ်ကြီး ဟောပြဆုံးမပေးခဲ့တဲ့ အခြေခံအသိတရားဟာ ကိုယ်ချင်းစာတရားပါပဲ။ “ကိုယ်ချင်းစာတရားဆိုတာ ကိုယ်နဲ့နှိုင်းယဉ်ပြီး စာနာထောက်ထားငဲ့ညှာတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။” လွယ်လွယ်ပြောမယ်ဆိုရင်တော့ သူ့နေရာမှာငါသာဆိုရင်ဆိုတဲ့ စိတ်ကိုအရင်ဆုံးမွေးပြီး သူ့နေရာမှာ ကိုယ်တိုင်ဝင်ရောက်ခံစားကြည့်တဲ့ သဘောပါပဲ။ ဒီလိုသူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့စိတ်ကို မွေးမြူဖို့အတွက် ရှောင်ကျဉ်ရမယ့် အခြေခံငါးပါးကို ဘုရားရှင်ကိုယ်တြော်မတ်ကြီးက ဟောပြဆုံးမပေးခဲ့ပါတယ်။ ဒါမို့လို့လည်း ဗုဒ္ဓဘာသာဝင်တွေအတွက် အခြေခံစောင့်ထိန်းရမယ့်သီလဟာ ငါးပါးသီလဖြစ်နေတာပါ။ ကိုယ့်ကိုညှင်းပန်းနှိတ်စက်ပြီး သတ်ဖြတ်တာ မကြိုက်သလို သူများကိုလည်း မညှင်းပန်းမနှိတ်စက်ပါနဲ့.. ကိုယ့်ပစ္စည်းကို မတရားသိမ်းပိုက်တာ မတော်မတရားယူတာ မကြိုက်သလို သူတစ်ပါးဥစ္စာပစ္စည်းကိုလည်း မယူပါနဲ့.. ကိုယ့်အမေ၊ ကိုယ့်အစ်မ၊ ကိုယ့်နှမကို မတော်မတရားစော်ကားတာ မကြိုက်သလို သူတစ်ပါးဇနီး၊ သားသမီးကိုလည်း မတော်မတရားမပြုမူနဲ့.. ဆိုတဲ့စသည့် ငါးပါးသီလကို အခြေခံစောင့်ထိန်းလိုက်နာကျင့်ကြံရတဲ့ဝါဒဟာ ဗုဒ္ဓရဲ့အဆုံးမတွေပဲမဟုတ်ပါလား။ ကိုယ့်ကိုလိမ်ညာဖြီးဖြန်းပြီး မဟုတ်မမှန်ပြောဆိုတာမကြိုက်ရင် သူတပါးကိုလည်း မလိမ်မညာပါနဲ့ဆိုတာတွေဟာ ကိုယ်ချင်းစာစိတ်တွေထားဖို့ ဟောပြဆုံးမပေးခဲ့တာပါ။ ဘုရားဟောပြခဲ့တဲ့ အဆုံးမတွေဟာ သူသားတိုင်း နားလည်လက်ခံနိုင်တဲ့ မြင့်မြတ်တဲ့အဆုံးမတွေပါ။ ကိုယ့်ကိုအဲ့လိုပြုမူပြောဆိုတာမကြိုက်ရင် သူတစ်ပါးကိုလည်း အဲ့ဒီလိုမျိုးမပြုမူပါနဲ့ဆိုတာ ဘယ်လောက်တရားမျှတပါသလဲ။ ဒီလိုတရားမျှတတဲ့စိတ်တွေရှိဖို့အတွက် အခြေခံမွေးမြူရမယ့် စိတ်ဓါတ်ကတော့ ကိုယ်ချင်းစာစိတ်ပါပဲ။


ဒီလိုငါးပါးသီလနဲ့ပြည့်စုံမှလည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်လို့ သတ်မှတ်လို့ရသလို.. ဒီလိုကိုယ်ချင်းစာတရားရှိမှလည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ် အသိမှတ်ပြုနိုင်မှာပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်လို့ အသိမှတ်ပြုလိုက်တာဟာ.. မှတ်ပုံတင်ထဲမှာ ရေးလိုက်ယုံနဲ့ ပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်ပါပြောပြီး ဗုဒ္ဓရဲ့အဆုံးမကို မလိုက်နာတာဟာ ဗုဒ္ဓဘာသာတစ်ယောက် မဟုတ်သေးပါဘူး။ အခြေခံကိုယ်ချင်းစာစိတ်မှ မရှိပြန်ရင်လည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်လို့ မခေါ်ဆိုနိုင်ပြန်ပါဘူး။ ဒါမို့လို့လည်း ရှေးရှေးဆရာတော်ဘုရားတွေက ငါးပါးသီလလုံအောင်ထိန်းမှ ဗုဒ္ဓဘာသာကောင်းတစ်ယောက် ဖြစ်မယ်လို့ ဟောပြဆုံးမပေးခဲ့တာ ဖြစ်ပါမယ်။ သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး အရင်မွေးမြူလိုက်မယ်ဆိုရင်ကို ငါးပါးသီလက အလိုလိုလုံခြုံသွားမှာပါ။ ငါးပါးသီလကိုထိန်းသိမ်းနိုင်ခြင်းဟာ ကိုယ်ချင်းစာတရားတွေကိုယ့်ရင်မှာ ပေါက်ပွားလာအောင် မွေးမြူနေတာဖြစ်သလို.. ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်နေတာနဲ့ ထပ်တူကျနေပါတယ်။


ယခုလိုအချိန်ခါမှာ ဘုရားရှင်ဆုံးမခဲ့တဲ့ အခြေခံအသိတရားဖြစ်တဲ့ ကိုယ်ချင်းစာတရားတွေဟာ အင်မတန်မှ ခမ်းခြောက်လာကြပါတယ်။ ကိုယ်ချင်းစာတရားထားပါလို့ ပြောလိုက်တာဟာ အင်မတန်ကျယ်ပြန့်ပါတယ်။ ကိုယ်ချင်းစာတရားထားရတာဟာ ငါးပါးသီလလုံလလုံခြုံဖို့တစ်ခုထဲအတွက် မဟုတ်ပါဘူး။ သတ္တ၀ါအားလုံးအပေါ်မှာ ကိုယ်နဲ့နှိုင်းယှဉ်ပြီး စာနာတတ်တဲ့စိတ်ထားတွေ အမြဲမွေးမြူနိုင်ဖို့ပါ။ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးအတွက် အမျိုးမျိုးဆွေးနွေးကြတယ်၊ စစ်ပွဲတွေမဖြစ်ဖို့ အမျိုးမျိုးတားမြစ်ကြတယ်၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံမတရား မသိမ်းပိုက်ဖို့အမျိုးမျိုး ပြောဆိုနေကြပါတယ်။ ဘယ်လောက်ကြီးပဲပြောဆိုပြောဆို၊ ဘယ်လိုပဲတားမြစ်တားမြစ် မတရားမှုတွေကတော့ ဖြစ်နေကြတုန်းပါပဲ။ ငြိမ်းချမ်းရေးတွေ လုပ်နေပေမယ့် ငြိမ်းအေးလားဆိုတော့ မငြိမ်းအေးကြပါဘူး။ ဒါတွေဟာ ဘာလို့လည်းဆိုတော့ ကိုယ်နဲ့နှိုင်းယှဉ်ပြီး စာနာတတ်တဲ့ ကိုယ်ချင်းစာတရားတွေ ကိုယ်ချင်းစာစိတ်တွေ မရှိကြလို့ပါပဲ။


ကိုယ့်မိသားစုကျတော့ နွေးနွေးထွေးထွေးနဲ့ အေးအေးချမ်းချမ်းလေး နေချင်တယ်.. သူတစ်ပါးမိသားစုကျ ဘာဖြစ်ဖြစ်ဆိုတဲ့စိတ်ထားတွေ၊ ကိုယ့်နိုင်ငံတိုးတက်ဖွင့်ဖြိုးဖို့.. သူတစ်ပါးနိုင်ငံ ဘယ်လောက်မွဲပြာကျကျဆိုတဲ့ စိတ်ထားတွေ၊ ကိုယ့်ဘာသာကိုယ့်လူမျိုးကောင်းစားရေးအတွက် သူများဘာသာဝင်တွေကို ဘယ်လိုမတရားနည်းတွေနဲ့ သိမ်းပိုက်ရသိမ်းပိုက်ရဆိုတဲ့ စိတ်ထားတွေ၊ ကိုယ့်ဘာသာ ကိုယ့်လူမျိုးကျနည်းနည်းမှအထိမခံ၊ သူများဘာသာသူများလူမျိုးကျ လုပ်ချင်ရာလုပ်ကြတဲ့ စိတ်ထားတွေဟာ လောကငြိမ်းချမ်းရေးတွေ မဟုတ်ပါဘူး။ ဒီလိုနည်းနဲ့ဘယ်လိုမှ မငြိမ်းချမ်းနိုင်သလို ဘယ်လိုမှလည်း လောကကြီးသာယာဝပြောမလာနိုင်ပါဘူး။ သူ့လူမျိုးနေရာမှာ ငါ့လူမျိုးဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာတဲ့စိတ်ထားတွေ၊ သူ့နိုင်ငံနေရာမှာ ငါ့နိုင်ငံသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာတဲ့စိတ်ထားတွေ၊ သူ့ဘာသာဆိုတဲ့နေရာမှာ ငါ့ဘာသာသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်တွေ မရှိကြသ၍ ဘယ်တော့မှ စစ်မှန်တဲ့ ငြိမ်းအေးမှုကို မရရှိနိုင်ပါဘူး။ ကိုယ်ချင်းစာစိတ်တွေ မမွေးမြူပဲ ဘယ်လောက်ကြီးပဲ ငြိမ်းချမ်းရေးတွေလုပ်နေပါစေ.. ဘယ်တော့မှငြိမ်းချမ်းနိုင်ပါဘူး။


ဗုဒ္ဓဘာသာဝင်တွေအတွက်လည်း ကိုယ်ချင်းစာတရားနဲ့ ပတ်သက်လို့ ဆရာတော်ဦးသုမင်္ဂလ ဟောပြဆုံးမတာလေး သတိရမိပါတယ်။ "ဘယ်လောက်ကြီးပဲ ပါးစပ်က ဗုဒ္ဓဘာသာဝင်ပါလို့ အော်နေပါစေ.. ကိုယ်ချင်းစာစိတ်မှ မမွေးနိုင်ရင်တော့ ဒွန်းစဏ္ဏားဗုဒ္ဓဘာသာ (သူတောင်းစားဗုဒ္ဓဘာသာ)ပဲဖြစ်တော့မှာ" ဆိုတာပါပဲ။ ကိုယ့်ဆီက မတော်မတရားတောင်းတာ၊ မတော်မတရားယူတာမကြိုက်ရင် သူတစ်ပါးဆီကလည်း မယူဘူးဆိုတဲ့ စိတ်မျိုးမှ မမွေးမြူနိုင်ရင် သူတောင်းစားဘ၀ကကို တက်မှာမဟုတ်တော့ဘူး ဆိုတာပါပဲ။ အင်မတန်မှ မှတ်သားသင့်ပါတယ်။ သူတစ်ပါးကို လိမ်ရပတ်ရ၊ လူလည်ကျရတဲ့အချိန်တုန်းကတော့ ပြုံးပျော်လို့.. ကိုယ်လည်းခံရရော ယမ်းပုံမီးကျဖြစ်တာတွေဟာ ကိုယ်ချင်းမစာတတ်တဲ့ စိတ်ထားတွေကြောင့်ပါ။ ကိုယ့်ချင်းမစာတတ်တဲ့စိတ်တွေကြောင့်လည်း သူများမိုးခါးရေသောက်ရင် လိုက်သောက်မယ်ဆိုတဲ့လူတွေ များလာတာပါ။ ငါကောင်းစားပြီးရော သူတစ်ပါးဘာဖြစ်ဖြစ် ဆိုတဲ့စိတ်တွေ ၀င်လာတဲ့အတွက် တိရိစ္ဆာန်နဲ့တူညီတဲ့ ကြီးနိုင်ငယ်ညှင်း စိတ်ရိုင်းတွေ ဖြစ်လာကြရတာပါ။ ဒါမို့လို့လည်း မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက.. “လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။ သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့.. မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။ အနစ်နာခံစရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။” ဆိုပြီးဆုံးမပေးခဲ့တာပါ။ မှန်ပါတယ်.. အဓိကကတော့.. သူတစ်ပါးဆင်းရဲမှ ကိုယ်ချမ်းသာမယ့်အလုပ်မျိုးတွေ မလုပ်မိဖို့ပါပဲ။ ဘာတွေပဲလုပ်လုပ်၊ ဘာတွေပဲပြောပြော ဘာတွေပဲကြံကြံ.. သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး အရင်ဆုံးနှလုံးသွင်းနိုင်ဖို့ပါပဲ။ လူသားတိုင်း လူသားတိုင်း.. ကိုယ်ချင်းစာတရားနဲ့ လောကကြီးကို အလှဆင်ပေးနိုင်ကြပါစေ…။

Read more...

ပစ္စည်းပိုင်း - ပဋ္ဌာန်းနည်း (၂)

အမည် ပစ္စည်း ပစ္စယုပ္ပန်
ဟေတု နာမ် နာမ်,ရုပ်
အာရမ္မဏ နာမ်,ရုပ်,နိဗ္ဗာန်,ပညတ် နာမ်
အဓိပတိ (အာရမ္မဏာဓိပတိ) နာမ်,ရုပ်,နိဗ္ဗာန် နာမ်
အဓိပတိ (သဟဇာတာဓိပတိ) နာမ် နာမ်
အနန္တရ, သမနန္တရ, အနန္တရူပနိဿယ, နတ္ထိ, ဝိဂတ နာမ် နာမ်
သဟဇာတ, သဟဇာတနိဿယ, သဟဇာတ္ထိ, သဟဇာတဝိဂတ နာမ်,ရုပ် နာမ်,ရုပ်
အညမည နာမ်,ရုပ် နာမ်,ရုပ်
နိဿယ (သဟဇာတနိဿယ) နာမ်,ရုပ် နာမ်,ရုပ်
နိဿယ (ဝတ္ထုပုရေဇာတနိဿယ) ရုပ် နာမ်
နိဿယ (ဝတ္ထုရမ္မဏပုရေဇာတနိဿယ) ရုပ် နာမ်
ဥပနိဿယ (အာရမ္မဏူပနိဿယ) နာမ်,ရုပ်,နိဗ္ဗာန် နာမ်
ဥပနိဿယ (အနန္တရူပနိဿယ) နာမ် နာမ်
ဥပနိဿယ (ပကတူပနိဿယ) နာမ်,ရုပ်,ပညတ် နာမ်
ပုရေဇာတ (ဝတ္ထုပုရေဇာတ) ရုပ် နာမ်
ပုရေဇာတ (အာရမ္မဏပုရေဇာတ) ရုပ် နာမ်
ပစ္ဆာဇာတ နာမ် ရုပ်
အာသေဝန နာမ် နာမ်
ကမ္မ (နာနက္ခဏိကကမ္မ) နာမ် နာမ်,ရုပ်
ကမ္မ (သဟဇာတကမ္မ) နာမ် နာမ်,ရုပ်
ဝိပါက နာမ် နာမ်,ရုပ်
အာဟာရ (ရုပ်အာဟာရ) ရုပ် ရုပ်
အာဟာရ (နာမ်အာဟာရ) နာမ် နာမ်,ရုပ်
ဣန္ဒြိယ (ဝတ္ထုပုရေဇာတိန္ဒြိယ) ရုပ် နာမ်
ဣန္ဒြိယ (ရူပဇီဝိတိန္ဒြိယ) ရုပ် ရုပ်
ဣန္ဒြိယ (သဟဇာတိန္ဒြိယ) နာမ် နာမ်,ရုပ်
ဈာန နာမ် နာမ်,ရုပ်
မဂ္ဂ နာမ် နာမ်,ရုပ်
သမ္ပယုတ္တ နာမ် နာမ်
ဝိပ္ပယုတ္တ (သဟဇာတဝိပ္ပယုတ်) နာမ်,ရုပ် နာမ်,ရုပ်
ဝိပ္ပယုတ္တ (ပုရေဇာတဝိပ္ပယုတ်) ရုပ် နာမ်
ဝိပ္ပယုတ္တ (ပစ္ဆာဇာတဝိပ္ပယုတ်) နာမ် ရုပ်

အထ္ထိပစ္စည်းသည် သဟဇာတတ္ထိ၊ ပုရေဇာတတ္ထိ၊ ပစ္ဆာဇာတတ္ထိ၊ အာဟာရတ္ထိ၊ ဣန္ဒြိယတ္ထိ အားဖြင့် ၅-ပါး အပြားရှိ၏။
ထို ၅-ပါးတို့တွင် -
သဟဇာတတ္ထိသည် သဟဇာတ ၃-ပါးနှင့် တူ၏။
ပုရေဇာတတ္ထိသည် ပုရေဇာတ ၂-ပါးနှင့် တူ၏။
ပစ္ဆာဇာတတ္ထိသည် ပစ္ဆဇာတနှင့် တူ၏။
အာဟာရတ္ထိသည် ရုပ်အာဟာရနှင့် တူ၏။
ဣန္ဒြိယတ္ထိသည် ရူပဇီဝိတိန္ဒြိယနှင့် တူ၏။

နတ္ထိနှင့် ဝိဂတပစ္စည်းတို့သည် အနန္တရနှင့် တူ၏။

အဝိဂတသည် အတ္ထိနှင့် တူ၏။

+++++

ပစ္စည်းသဘောတူ ပေါင်း၍ ပြခြင်း

ဤ ၂၄-ပစ္စည်းတို့တွင် -

(၁) နာမ်သည် နာမ်အား ပစ္စည်း-ပစ္စယုပ္ပန်၏ အဖြစ်ဖြင့် ကျေးဇူးပြုရာ၌ အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတ၊ အာသေဝန၊ သမ္ပယုတ္တအားဖြင့် ၆-ပစ္စည်း။

(၂) နာမ်သည် နာမ်ရုပ်အား ပစ္စည်း-ပစ္စယုပ္ပန်အဖြစ်ဖြင့် ကျေးဇူးပြုရာ၌ ဟေတု၊ ဈာန၊ မဂ္ဂ၊ ကမ္မ၊ ဝိပါကအားဖြင့် ၅-ပစ္စည်း။

(၃) နာမ်သည် ရုပ်အား ကျေးဇူးပြုရာ၌ ပစ္ဆာဇာတပစ္စည်း။

(၄) ရုပ်သည် နာမ်အား ကျေးဇူးပြုရာ၌ ပုရေဇာတပစ္စည်း။

(၅) ပညတ်,နာမ်,ရုပ်တို့သည် နာမ်အား ကျေးဇူးပြုရာ၌ အာရမ္မဏ၊ ဥပနိဿယ ၂-ပစ္စည်း။

(၆) နာမ်ရုပ် ၂-ပါးသည် နာမ်ရုပ် ၂-ပါးအား ကျေးဇူးပြုရာ၌ အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ အာဟာရ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတအားဖြင့် ၉-ပစ္စည်းဖြင့် ကျေးဇူးပြုကုန်၏။


ပစ္စည်းအကျဉ်းချုပ်

၂၄-ပစ္စည်းတို့ကို အကျဉ်းချုံး၍ သိမ်းရုံး ပေါင်းစည်းအပ်သည်ရှိသော် -

(၁) အာရမ္မဏ
(၂) ဥပနိဿယ
(၃) ကမ္မ
(၄) အတ္ထိ စသော ၄-ပစ္စည်းသို့သာ ဝင်ကုန်၏။

(၁) အာရမ္မဏပစ္စည်း၌ အာရမ္မဏာဓိပတိ၊ ဝတ္ထာရမ္မဏပုရေဇာတနိဿယ၊ အာရမ္မဏူပနိဿယ၊ အာရမ္မဏပုရေဇာတ၊ ဝတ္ထာရမ္မဏပုရေဇာတဝိပ္ပယုတ္တ၊ အာရမ္မဏပုရေဇာတတ္ထိ၊ အာရမ္မဏပုရေဇာတအဝိဂတ ဤ ၇-ပစ္စည်းနှင့် အာရမ္မဏပါ ပေါင်း ၈-ပစ္စည်းတို့သည် အာရမ္မဏ ရှစ်မျိုး မည်ကုန်၏။
(အာ၊ ဓိ၊ နိ၊ ဥ၊ ပု၊ ဝိပ်၊ အတ်၊ အဝိ တို့တည်း။)

(၂) ဥပနိဿယ၌ အနန္တရ၊ သမနန္တရ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ၊ အာသေဝန၊ အနန္တရကမ္မ၊ ဗလဝနာနာက္ခဏိကကမ္မ၊ နတ္ထိ၊ ဝိဂတ ဤ ၉-ပစ္စည်းတို့သည် ဥပနိဿယ ၉-မျိုး၊ ပစ္စည်းအားဖြင့် ၇-ပါး မည်ကုန်၏။
(အနံ၊ သနံ၊ ဥ၊ အာသေ၊ ကံ၊ နတ်၊ ဝိဂတ တို့တည်း။)

(၃) ကမ္မမှာ ကာမဝိပါက်အားတပ်သော ဒုဗ္ဗလကမ္မ၊ ကဋတ္ထာရုပ်အားတပ်သော ပဉ္စဝေါကာရကုသိုလ်, အကုသိုလ်စေတနာဟု ဆိုအပ်သော ဗလဝဒုဗ္ဗလကမ္မတစ်ပါးသာတည်း။ ဤကား နာနာက္ခဏိကကမ္မမျိုးတည်း။

(၄) အတ္ထိ၌ (က) သဟဇာတတ္ထိ၊ (ခ) ဝတ္ထုပုရေဇာတတ္ထိ၊ (ဂ) ပစ္ဆာဇာတတ္ထိ၊ (ဃ) ရူပအာဟာရတ္ထိ၊ (င) ရူပဇီဝိတိန္ဒြိယတ္ထိ ဟူ၍ ၅-ပါး အပြားရှိ၏။

(က)သဟဇာတတ္ထိ၌ ဟေတု၊ သဟဇာတာဓိပတိ၊ သဟဇာတ၊ အညမည၊ သဟဇာတနိဿယ၊ သဟဇာတကမ္မ၊ ဝိပါက၊ နာမ်အာဟာရ၊ သဟဇာတိန္ဒြိယ၊ ဈာန၊ မဂ္ဂ၊ သမ္ပယုတ္တ၊ သဟဇာတဝိပ္ပယုတ္တ၊ သဟဇာတတ္ထိ၊ သဟဇာတအဝိဂတ - ပေါင်း သဟဇာတမျိုး ၁၅-ပါး။

(ခ) ဝတ္ထုပုရေဇာတတ္ထိ၌ ဝတ္ထုပုရေဇာတနိဿယ၊ ဝတ္ထုပုရေဇာတ၊ ဝတ္ထုပုရေဇာတိန္ဒြိယ၊ ဝတ္ထုပုရေဇာတဝိပ္ပယုတ္တ၊ ဝတ္ထုပုရေဇာတတ္ထိ၊ ဝတ္ထုပုရေဇာတအဝိဂတ - ပေါင်း သဟဇာတ ၆-ပါး။

(ဂ) ပစ္ဆာဇာတတ္ထိ၌ ပစ္ဆာဇာတ၊ ပစ္ဆာဇာတဝိပ္ပယုတ္တ၊ ပစ္ဆာဇာတတ္ထိ၊ ပစ္ဆာဇာတအဝိဂတ - ပေါင်း ပစ္ဆာဇာတမျိုး ၄-ပါး။

(ဃ) ရူပအာဟာရတ္ထိ၌ ရုပ်အာဟာရ၊ ရုပ်အာဟာရတ္ထိ၊ ရူပါဟာရအဝိဂတ - ပေါင်း ရုပ်အာဟာရမျိုး ၃-ပါး။

(င) ရူပဇီဝိတိန္ဒြိယတ္ထိ၌ ရုပ်ဇီဝိတိနြေ္ဒ၊ ရူပဇီဝိတိန္ဒြိယတ္ထိ၊ ရူပဇီဝိတိန္ဒြိယအဝိဂတ - ပေါင်း ရူပဇီဝိတိန္ဒြိယမျိုး ၃-ပါး ဟူလို။


ကာလသုံးပါး စသည်ဖြင့် ဝေဖန်ပြခြင်း

ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ ပုရေဇာတ၊ ပစ္ဆာဇာတ၊ ဝိပါက၊ အာဟာရ၊ ဣန္ဒြိယ၊ ဈာန၊ မဂ္ဂ၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ - ဤ ၁၅-ပစ္စည်းတို့သည် ပစ္စုပ္ပန်ကာလ တစ်ပါး၌ ဖြစ်၏။

အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတ - ၌ ၅-ပါးတို့သည် အတိတ်ကာလ တစ်ပါးတည်း၌သာ ဖြစ်၏။

ဤ ၂၀-သော ပစ္စည်းတို့သည် ကာလတစ်ပါးတည်း၌သာ ဖြစ်သော ပစ္စည်း မည်၏။

သဟဇာတကမ္မပစ္စည်းသည် ပစ္စုပ္ပန်ကာလ၌ ဖြစ်၍၊ နာနာက္ခဏိကကမ္မပစ္စည်းသည် အတိတ်ကာလ၌ ဖြစ်သောကြောင့် ကမ္မပစ္စည်းသည် ကာလ ၂-ပါး၌ ဖြစ်သော ဒွေကာလိကပစ္စည်း မည်၏။

အာရမ္မဏ၊ အဓိပတိ၊ ဥပနိဿယ ဤ ၃-ပစ္စည်းတို့သည် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ဟူသော ကာလ ၃-ပါး၌ ဖြစ်ကုန်သောကြောင့် တေကာလိကပစ္စည်း မည်ကုန်၏။

နိဗ္ဗာန်, ပညတ် ၂-ပါးတို့သည် ကာလ ၃-ပါးမှ လွတ်သော တရားတို့ မည်ကုန်၏။

အာရမ္မဏ၊ အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဥပနိဿယ၊ ပုရေဇာတ၊ အာဟာရ၊ အတ္ထိ၊ အဝိဂတ - ဤ ၁၀-ပါးသော ပစ္စည်းတို့သည် အဇ္ဈတ္ထ ဗဟိဒ္ဓ ၂-ပါးလုံး၌ ဖြစ်သော တရားတို့ မည်ကုန်၏။
ကြွင်းသော ၁၄-ပစ္စည်းတို့သည် အဇ္ဈတ္ထဖြစ်သော ပစ္စည်းတို့ မည်ကုန်၏။

+++++

အမျိုးအားဖြင့် ခွဲဟန်

သဟဇာတမျိုး ၁၅-ပါး

ဟေတု၊
သဟဇာတာဓိပတိ၊
သဟဇာတ၊
အညမည၊
သဟဇာတနိဿယ၊
သဟဇာတကမ္မ၊
ဝိပါက၊
နာမ်အာဟာရ၊
သဟဇာတိန္ဒြိယ၊
ဈာန၊
မဂ္ဂ၊
သမ္ပယုတ္တ၊
သဟဇာတဝိပ္ပယုတ္တ၊
သဟဇာတတ္ထိ၊
သဟဇာတအဝိဂတ။

အာရမ္မဏမျိုး ၈-ပါး

အာရမ္မဏ၊
အာရမ္မဏာဓိပတိ၊
ဝတ္ထာရမ္မဏပုရေဇာတနိဿယ၊
အရမ္မဏူပနိဿယ၊
အာရမ္မဏပုရေဇာတ၊
ဝတ္ထာရမ္မဏပုရေဇာတဝိပ္ပယုတ္တ၊
အာရမ္မဏပုရေဇာတတ္ထိ၊
အာရမ္မဏပုရေဇာတအဝိဂတ။

(အချို့စာအုပ်များ၌ ဝတ္ထာရမ္မဏပုရေဇာတတ္ထိ၊ ဝတ္ထာရမ္မဏပုရေဇာတအဝိဂတ ဟု ဆို၏။ ဝတ္ထာရမ္မဏပုရေဇာတဆိုလျှင် ဝတ္ထုမဟုတ်သော အာရမ္မဏပုရေဇာတတို့ မပါဝင်နိုင်။ အာရမ္မဏပုရေဇာတဆိုမှ ဝတ္ထာရမ္မဏပုရေဇာတ၊ အာရမ္မဏပုရေဇာတ အားလုံး ပါဝင်နိုင်သည်။ ထို့ကြောင့် အချို့စာအုပ်များ၌ ခွဲခြားပုံမှာ မစုံလင်။)

အနန္တရမျိုး ၇-ပါး

အနန္တရ၊
သမနန္တရ၊
အနန္တရူပနိဿယ၊
အာသေဝန၊
ပကတူပနိဿယကမ္မတစိတ်၊
နတ္ထိ၊
ဝိဂတ။

(ဖိုလ်အား ကျေးဇူးပြုသော မဂ္ဂစေတနာကို ပကတူပနိဿယ နာနာက္ခဏိကကမ္မတစိတ်ဟု ဆိုထားသည်။ ထိုစေတနာသည် နောက်နောက်စိတ်စေတသိက်အား ကျေးဇူးပြုသော ဗလဝရှေ့စိတ္တုပ္ပါဒ်တွင် ပါဝင်သောကြောင့် ပကတူပနိဿယတစိတ်လည်း ဟုတ်၏။ စေတနာတရားဖြစ်၍ နာနာက္ခဏိကကမ္မတစိတ်လည်း ဟုတ်၏။ အခြားမဲ့ဖိုလ်အား ကျေးဇူးပြုသောကြောင့် အနန္တရမျိုးတွင်လည်း ပါဝင်ရသည်။ ဤအနန္တရမျိုး ၇-ပါးကို အချို့စာအုပ်၌ “အနန္တရူပနိဿယပကတူပမျိုး”ဟုလည်း နာမည်ပေး၏။ ထိုသို့ပေးခြင်းသည် “အာရမ္မဏူပနိဿယ၊ ပေ၊ သမောဓာနံဂစ္ဆန္တိ”ဟူသော သင်္ဂြိုဟ်၌ ပြသည့် ပစ္စည်း ၄-မျိုးတွင် ဥပနိဿယမျိုး၌ ဤအနန္တရ ၇-ပါးလုံး ဝင်ကြရသောကြောင့် ကောင်းလှပေ၏။)

ဝတ္ထုပုရေဇာတမျိုး ၆-ပါး

ဝတ္ထုပုရေဇာတနိဿယ၊
ဝတ္ထုပုရေဇာတ၊
ပုရေဇာတိန္ဒြိယ၊
ဝတ္ထုပုရေဇာတဝိပ္ပယုတ်၊
ဝတ္ထုပုရေဇာတတ္ထိ၊
ဝတ္ထုပုရေဇာတအဝိဂတ။

(အချို့စာအုပ်၌ “ပုရေဇာတမျိုး”ဟု နာမည်တပ်၏။ ပုရေဇာတဟု သာမန်ဆိုလျှင် အာရမ္မဏပုရေဇာတများပါ ပါဝင်ဖွယ် ရှိ၏။ ထိုအာရမ္မဏပုရေဇာတစုကား အာရမ္မဏမျိုး၌ ပါဝင်ခဲ့ပြီ။ ထို့ကြောင့် များစွာသော ဆရာမြတ်တို့က “ဝတ္ထုပုရေဇာတမျိုး”ဟု နာမည်တပ်ကြသည်။)

ပစ္ဆာဇာတမျိုး ၄-ပါး

ပစ္ဆာဇာတ၊
ပစ္ဆာဇာတဝိပ္ပယုတ္တ၊
ပစ္ဆာဇာတတ္ထိ၊
ပစ္ဆာဇာတအဝိဂတ။

အာဟာရမျိုး ၃-ပါး

ရုပ်အာဟာရ၊
အာဟာရတ္ထိ၊
အာဟာရအဝိဂတ။

ရူပဇီဝိတိန္ဒြိယမျိုး ၃-ပါး

ရူပဇီဝိတိန္ဒြိယ၊
ဣန္ဒြိယတ္ထိ၊
ဣန္ဒြိယအဝိဂတ။

(“ရူပဇီဝိတိန္ဒြိယတ္ထိ”ဟုလည်း အချို့စာ ရှိ၏။ ပစ္စည်း ၄-မျိုးဖြင့် ခွဲလျှင် အတ္ထိမျိုးတွင် ပါဝင်ရမည် ဖြစ်၍ ကောင်း၏။)

ပကတူပနိဿယမျိုး ၂-ပါး

၁။ နောက်နောက်စိတ်စေတသိက်အား တပ်သော ဗလဝဖြစ်သော ရှေးရှေးစိတ္တုပ္ပါဒ် ရုပ် ပညတ်ဟူသော သုဒ္ဓပကတူပနိဿယ။
၂။ ဝိပါက်နာမက္ခန္ဓာအား တပ်သော ဗလဝကံဟူသော မိဿကပကတူပနိဿယ နာနာက္ခဏိကကမ္မ။

(၁-သည် “ရာဂါဒယောပန၊ ပေ၊ ကုသလာဒိဓမ္မာနံ”နှင့် ညီ၏။ ၂-ကား “ကမ္မံ ဝိပါကာနံ”နှင့် ညီသည်။ ဗလဝကံကို ကောက်ရာ၌ အနန္တရမျိုးတွင် ပါဝင်ပြီးသော မဂ္ဂစေတနာကို ကြည်။ ဤပကတူပ ၂-မျိုးသည် ၃-ချက်စု ဆိုရိုးစာအုပ်များ၌ မရှိသော်လည်း သင်္ဂြိုဟ်မှာပင် တိုက်ရိုက် ရှိပေသည်။)

နာနာက္ခဏိကကမ္မမျိုး တစ်ပါး

ကာမဝိပါက်အား တပ်သော ဒုဗ္ဗလကမ္မ, ကဋတ္တာရုပ်အား တပ်သော ဗလဝဒုဗ္ဗလကမ္မ။

[ကာမဝိပါက်အား တပ်သော ဗလဝကံမှာ ပကတူပနိဿယတွင် ပါဝင်ပြီ။ မဟဂ္ဂုတ်လောကုတ္တရာကံဟူသော စေတနာတို့ကား ဒုဗ္ဗလဟု မရှိ။ ဗလဝချည်းသာ ဖြစ်၍ ပကတူပနိဿယနှင့် အနန္တရမျိုးတွင် အသီးအသီး ပါဝင်လေပြီ။ ပကတူပနိဿယပစ္စယုပ္ပန်တွင် ကမ္မဇရုပ်များ မပါဝင်သောကြောင့် ထိုရုပ်တို့အား တပ်သော (ထိုရုပ်တို့ကို ဖြစ်စေတတ်သော) ကံဟူသမျှ ဗလဝဖြစ်ဖြစ်, ဒုဗ္ဗလဖြစ်ဖြစ် နာနာက္ခဏိကကမ္မ သက်သက်သာတည်း။]

ဆောင်

ဆယ့်ငါး သဟ၊
ရှစ်ဝအာနှင့်၊
ခုနစ်ဖြာနန်၊
ခြောက်တန်ဝတ္ထု၊
လေးခုပစ္စာ၊
သုံးဖြာဟာရော၊
တယောဣန္ဒြိ၊
ဒွိပကတူ၊
တစ်ခုယူကံ၊
မျိုးကိုးတန်ဟု၊
မှတ်ရန်အပြား၊
ဝေဖန်ခြားသည်၊
ဤကား အမျိုးအခွဲတည်း။

+++++

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၄ ရက် စနေနေ့ လောကချမ်းသာ ဆည်းဆာ တရားပွဲကို ဘော်လ်တီမိုးမြို့ အရှင်ကေလာသဝိဟာရ ဆရာတော် အရှင်ကစ္စာယနက ဟောကြား ချီးမြှင့်သွားခဲ့၏။

Read more...

*စိတ်အကြောင်း- ပိုင်းလော့ဆရာတော်ဘုရား*

Mind-Pilot

လေးစားရိုသေစွာဖြင့်
ဖိုးသား
Tags: ,

Read more...

ဆွေမျိုးတွေပဲ

အဆင်ပြေဖို့ အတွက်ဆိုရင် အချင်းချင်း နားလည်ထားသင့်တာက ဆွေမျိုးတွေပဲလို့ ဆိုတာပေါ့။ ဆွေမျိုးတောင်မှ ချစ်ရတဲ့ ဆွေမျိုးဖြစ်တယ်လို့  သိထားမယ်၊ စိတ်ထားနိုင်မယ်ဆိုရင် အတော်လေး အဆင်ပြေဖွယ် ရှိပါတယ်။


၁၇ရက် စက်တင်ဘာလ ၊ ၂၀၁၀ခုနှစ်။ ခုလောလောဆယ်ကပေါ့။ ဥရောပနဲ့ တရုတ် ခရစ်စယာန် သာသနာပြုကြပုံ အစည်းဝေးကြီးမှာ ကျောင်းနား နီးနေတာနဲ့  အနီးနေ ဂျာမန်ကိုယ်တော်က သူတို့  ဘယ်လို လုပ်ကြသလဲ ဆိုတာ သိကြရမယ်။

ဗဟုသုတလည်း ရနိုင်တယ် သွားကြမယ် ဆိုပြီး
နှစ်နာရီကြာ အစည်းဝေးကို တက်ရောက်ခဲ့ကြတယ်ပေါ့။

အစည်းဝေးကြီးကလည်း လူများစွာပါ။ သူတို့  ဘုန်းကြီး ၊ သီလရှင်တွေ ၊ လူတွေရယ်။ ပြီးတော့ လူပရိသတ် က တရုတ်နဲ့  ဂျာမန် အီတလီ အိုင်ယာလန် အိမ်နီးနားချင်း ဥရောပ က လူများစွာ ပေါ့ လေ။ အစည်းဝေး စာတမ်းက ပရော်ဖက်ဆာ ဒေါက်တာ တစ်ဦးက ဖတ်ကြားပါတယ်။

အဲဒီနောက်မှာတော့ မေးခွန်းမေးကြ ဖြေပေးကြ ၊
လုပ်ကြပါတယ်။ ထားလိုက်ကြစို့  ရဲ့ ။
အစည်းဝေး အကြောင်းကို။

အဲဒီအထဲမှာ ခရစ်စယာန် ဘုန်းတော်ကြီး တစ်ပါးက တကယ့် စေတနာ ကောင်း ကောင်း ရင်းနီးစွာ စကား လက်ဆုံကြဖြစ်ပါတယ်။ လက်ဘက်ရည်လည်း ကပ်ပေါ့။ ပြီးတော့ သူနဲ့  ပြောသွားတဲ့ စကားတစ်ခွန်းက အမှတ်တရ ဖြစ်စေခဲ့ပါတယ်။ ဘာလဲ ဆိုတော့ အားလုံးက ဘုရား သခင် ဖန်ဆင်းထားတာမို့  ဆွေမျိုးတွေတဲ့။

သူပြောခဲ့တဲ့ စကားကို မငြင်းပယ်ခဲ့ပါဘူး။ ကိုယ်သဘောကျတဲ့ အပိုင်းက အားလုံးက ဆွေမျိုးတွေ ဆိုတာကိုပဲလေ။ သူပြောချင်ရာ သူပြောသလို ကိုယ်ပြောချင်ရာ အာနပါန အကြောင်း၊ အာနပါန လုပ်ရင် သမာဓိ ဖြစ်လာပုံကို လည်း သူကို့  ပြောထားပြီးပြီကို။

တကယ်တော့ အားလုံးဟာ ဆွေမျိုးစပ်တတ်ရင် ဆွေမျိုးတွေချည်းပါပဲ။ ကိုယ့်အမြင်နဲ့ ကို စပ်ကြည့် မယ် ဆိုရင်ပေါ့လေ။ ကိုယ့်မိသားစုဝင်မို့ ကိုယ်နဲ့ ဆွေမျိုးတော်တယ်။ ကိုယ့်ရပ်ကွက်ကမို့  ကိုယ့်ရွာ ကမို့  ၊ ရပ်ဆွေရပ်မျိုးတော်တယ်။ ကိုယ့်နယ်ကမို့  ကိုယ်တိုင်းကမို့ ၊ ကိုယ့်နိုင်ငံကမို့ ၊ ကိုယ့်အာစီယံ နိုင်ငံ ကမို့ ၊ ကိုယ့်အာရှကမို့  အဲဒီလို တော်စပ်ကြည့်လိုက်ပါ။

နောက်ဆုံး ကိုယ့်ကမ္ဘာပေါ်ကမို့ ၊ ကိုယ့်လူသားချင်းမို့ ၊ နောက်ထပ် အောက်ထစ်ဆုံး စကားဆိုရရင် တိရ စ္ဆာန်လေးတွေနဲ့ တောင်မှ ကိုယ်လည်း သတ္တ၀ါ ၊ တိရ စ္ဆာန်လည်း သတ္တ၀ါ ဆိုပြီး သတ္တ၀ါ အချင်းချင်းမို့ တော်စပ်လို့ ရပါတယ်။( သတ္တ ဆိုတဲ့ ပါဠိမှ သတ္တ၀ါလို့ ဆိုသည်၊ လူသည်လည်း သတ္တအထဲမှာ ပါဝင်သည်။) ဒါက ကိုယ့်အမြင် သက်သက်ပါ။ ( အတ္တနောမတိ။ အတွေး)

ဘုရားရှင် အလိုတော်က ဒီလောက် ဒီလောက်လို့  အစမထင် ဂဏန်းချမရတဲ့ သံသရာ တစ်ခွင်မှာ ဆွေမျိုး မတော်ဖူးသူမရှိဘူးတဲ့။

ဘုရားလက်ထက်က ပုဏ္ဏားကြီး လင်မယားတောင် ဘုရား တွေ့ တွေ့ ချင်း သားအမှတ်နဲ့ ချစ်စိတ်ဝင်၊ ဘုရားကို သားလို့ ပါးစပ်က ထွက်ကျလာတယ်။ ကြားရတဲ့ ရဟန်းတော်တွေများက အံ့ကိုသြလို့ ။ သားရယ် အမေ အဖေတို့  ကြီးလှပါပြီ၊ သားသမီးတွေ ဆိုတာ အရွယ်ကြီးတဲ့ အဖေအို အမေအို ပစ်မထား သင့်ဖူး မဟုတ်လား။ ခုမှ ကြွလာရတယ်လို့  လည်းပြောတယ်။ ဒါကတော့ လူပြော ပြောတာ ပေါ့လေ။ ( လူပြောဟူသည် လူအချင်းချင်း ပြောသလိုမျိုး)။

ပြီးတော့ ဟေ့ ငါ့ သားတို့  သမီးတို့  နင်တို့ ရဲ့  အကိုကြွလာတယ်။ ရှိခိုးကြတဲ့။ ပြီးတော့ သားခုချိန်က စပြီး ဘယ်မှ မသွားနဲ့ ၊ အမြဲ ဆွမ်းကပ်မယ် စသဖြင့် ပြောပြန်ရော။ ( ကြည့်ဦး၊ အတ္တကြီးပုံများ သား
ဆိုတဲ့ ဆွေမျိုး သံယောဇဉ် ကြောင့် ပြောလိုက်တာ၊ တရားမှ အတွင်း မရောက်သေးတာကိုး)။

နောက်တော့ ဘုရားရှင်က သူတို့ ကို တရားဟောပြောခဲ့ပါတယ်။ တရားထူးရကြတယ်ပေါ့။ ရဟန်း တော်တွေက မျက်စိ တွေလည်ကုန်တာပေါ့။ ဖခမည်းတော် သုဒ္ဓေါဓနမင်းတြားကြီး နဲ့  မိဖုရား မဟာ မာယာက မွေးဖွားတော်မူတဲ့ ဘုရားကိုများ သူတို့  သား သားနဲ့  တစ်သားသားတည်း ဆိုပြီး လုပ်နေ ကြတယ်၊ ဘယ်အကြောင်းကြောင့်ပါလိမ့်ဗျာ။ ဘုရားရှင်ကလည်း မဟုတ်ဘူး မပြောဘူး၊ သာသာ လေး ငြိမ်နေတော်မူလိုက်တာ။ သိချင်လိုက်တာ ဘာလို့ လဲမသိ။

ဒါနဲ့  ပဲ ဘုရားရှင်ကို ရဟန်းတော်တို့ က လျှောက်ဖြစ်ကြတယ်။ ဘုရားရှင်က ရှင်းပြလိုက်တယ်။ သူတို့ က အဖေ အမေ ဘ၀ ၅ရာ၊ အဖေလေး အမေလေး ဘ၀ ၅ရာ၊ အဖေကြီး အမေကြီးဘ၀ ၅ရာ အဲလိုကို ဆက်တိုက် ဆွေမျိုးတော်ခဲ့ဘူးတာ။ အဲဒါကြောင့် သူတို့ က သားချစ်စိတ်တွေပိုခဲ့ ယိုခဲ့တာ ပေါ့တဲ့။

ဟိုတုန်းက မမြင်ဘူးတဲ့ လူတစ်ယောက်ယောက်မှာ
စိတ်ပါဝင်စားသွားတယ်၊ စိတ်က ကြည်နူးသွား တယ် ဆိုရင်
အဲဒီ လူမှာ တကယ့်ကို အကျွမ်းဝင်တော့တာပါပဲ။ ( ဇာတက)

အဲလို ဖြစ်သွားတာဟာ-

ဟိုတုန်းက အတူ နေခဲ့ဖူး ထိုင်ခဲ့ဖူး သွားတူ လာတူ
လုပ်ခဲ့ဖူးလို့  ဖြစ်ဖြစ်၊ ခုဘ၀မှာလည်း သူ့ ကောင်း ကျိုး
ကိုယ့်ကောင်းကျိုးလေးတွေ ရှယ်ယာ အချင်းချင်း
လုပ်ကြလို့ ဖြစ်ဖြစ် အကျွမ်းဝင် ခင်မင် အချစ် စိတ်
ဖြစ်လာတတ်ပါတယ်။
ဥပမာ- ရေနဲ့  ကြာပန်းတွေ့ တဲ့ အခါ
လှလှ ပပ ပွင့်သလို မျိုးပါပဲ။
( ဇာတက)

ဒီလိုမျိုး ဘုရားရှင်က ရှင်းလင်းပြလိုက်တော့မှ ရဟန်းတော်တွေက အော် ဒီလိုကိုး ဆိုတာ ရှင်းရှင်း လင်းလင်း သိသွားကြတယ်ပေါ့။

ဒီဝတ္ထုမျိုးလိုပဲ နကုလပိတာ နဲ့  နကုလမာတာတို့ က ဘုရားကို မြင်မြင်ချင်း ချစ်စိတ်သက်ခဲ့ကြတာ။ နောက်ဆုံး မှာတော့ ဘုရားရှင်ဟာ အရင်းနီးဆုံး ပုဂ္ဂိုလ်ထဲမှာ သူတို့ က ထိပ်တန်းက ဖြစ်ကြောင်း ပရိသတ်အလယ် ဖေါ်ထုတ်ပြောကြား တော်မူခဲ့ပါတယ်။

ဒီလိုဆိုတော့ ဟို ခရစ်စယာန်ဘုန်းကြီး ပြောသလို သူတို့ ဘုရားက ဖန်ဆင်းတာမို့  ဆွေမျိုးဆိုတာကို လက်ခံရမယ် လို့  မဆိုလိုသော်လည်း ဆွေမျိုး ဆိုတာတော့ လက်ခံသင့်ပါတယ်။

သို့ မဟုတ် ကိုယ့်အမြင် ကိုယ့်အတွေးအရ တစ်နည်းနည်းနဲ့  စပ်ပြီး ကိုယ့်နိုင်ငံ ကိုယ်ကမ္ဘာ စတဲ့ ဆွေမျိုး စပ်နည်းနဲ့ လည်း စပ်လိုက စပ်နိုင်ပါတယ်။

ဘုရားရှင် အလိုတော်ကျတော့ အားလုံး သံသရာမှာ လူတိုင်းလူတိုင်း ၊ သတ္တ၀ါတိုင်း သတ္တ၀ါတိုင်း ဆွေမျိုးမတော်ဘူးသူ မရှိဘူး လို့  ဆိုထားတာမို့  ဆွေမျိုးစပ်လို့  ရနိုင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ပေါ့လေ၊ ဆွေမျိုးတွေပဲ လို့  သဘောပေါက်ရင်၊ ဆွေမျိုးတောင်မှ ချစ်ရတဲ့ ဆွေမျိုး လို့ သိထား ကြရင် ၊ သဘောထားနိုင်ကြရင် အတော်လေး အဆင်ပြေမှာ သေချာပါတယ် ။

ဆွေမျိုးတွေပဲ
ဆွေမျိုးတွေပဲ
ဆွေမျိုးတွေပဲ


အားလုံးဟာ ဆွေမျိုးတွေပဲနော်။
ဟုတ်တယ်ဟုတ်။


ကျမ်းကိုး-

ဓမ္မပဒအဋ္ဌကထာ ၊ ဗုဒ္ဓပိတု ဗြာဟ္မဏ၀တ္ထု
ဇာတကအဋ္ဌကထာ၊ နကုလပိတုဂဟပတိဝတ္ထု
အတ္တနောမတိ ၊ ပစ္စုပ္ပန္နုပ္ပတ္တိ

မြတ်ရောင်နီ

( ၂၀ ၊ ၀၉ ၊ ၂၀၁၀ )



Read more...

သေခြင်းရဲ့  စကားများ

ယနေ့ ( ၂၁ ၊ ၀၉ ၊၂၀၁၀ ) ဗုဒ္ဓဘာသာ သင်တန်းမှာ လာပြီးတတ်နေကျ ဒကာမတစ်ဦးမှ ဘိုးဘွား ရိပ်သာသို့ ဆွမ်းစား တရားနာပင့်ဖိတ်ပါတယ်။ ဘိုးဘွားရိပ်သာ ဆိုတဲ့ အတိုင်း တကယ့်ကို သံဝေဂ ရစရာ ကောင်းလောက်အောင် အိုမင်း ရွတ်တွ၊ ကိုယ့်ရဲ့ လက်ခြေကိုသော်မှ ကိုယ့်အလိုကို မလိုက် လေတော့တဲ့ ဘိုးဘွားတွေပဲ။

တစ်ချို့ ကတော့ အတော်လေး အိုမင်းလို့  ကိုယ့်လက် ကိုယ့်ခြေသာမက ကိုယ့်ရဲ့ စိတ်ကိုတောင် မထိန်းသိမ်းနိုင်ကြတဲ့သူတွေလည်း တွေ့ ခဲ့ရပါတယ်။ မြန်မာနိုင်ငံလို တောက်ဝှေးက ဒုက်တစ်ချောင်း မဟုတ်ဘဲ လေးဘီးတပ် တွန်းလှည်း၊ အဲလို တောက်ဝှေးထက် အကူညီ ပိုပေးနိုင်တဲ့ တွန်းလှည်း လေးတွေကို အသုံးပြု နေတာ တွေ့ ရပါတယ်။ ဒါ့ပြင် တစ်ချို့ က လေးဘီးတပ် တွန်းလှည်းပေါ် ထိုင်ပြီး နောက်က လူအပို တွန်းပေးနေတာလည်း တွေ့ ရပြန်သေးပါတယ်။

အဲဒိမှာ ရောက်သွားတဲ့ အချိန်မှာတော့ ၁၁ နာရီခွဲကျော်နေပြီမို့  နေ့ ခင်းစာ အတွက် သူတို့  နေရာ အသင့် ယူထားကြပါပြီ။ နေရာ အသင့် ယူထားတဲ့ နေရာ အသီးသီးကို လိုက်လံပြီး သင်တန်းသူ ဒကာမက ဒါက ဗုဒ္ဓဘာသာ ဘုန်းကြီးတွေပါ၊ ဒီမှာ ဆွမ်းဘုဉ်းကြမယ်။ ပြီးရင် နေ့ ခင်း ၃ နာရီခွဲမှာ တရားဟောမယ် ဆိုတဲ့ သတင်းကို ခပ်အော်အော်လေး မိတ်ဆက် ပြောပါတယ်။

ခပ်အော်အော် ပြောတာက သက်ကြီးရွယ်အိုတို့ မှာ ပုံမှန်လေသံဖြင့်ကား မကြားနိုင်တော့လို့ ပါပဲ။ တစ်ချို့  တစ်ခြားဘက်လှည့်နေရင် ဟိုမယ် ဗုဒ္ဓဘာသာ ဘုန်းကြီး သုံးပါး၊ ဒီမှာ ဆွမ်းဘုဉ်းကြမယ်။ နေ့ လည် ၃ နာရီခွဲ တရားဟောမယ်။ ဒါကိုပဲ ကိုးနေရာ ဆယ်နေရာ အပေါ်ထပ် အောက်ထပ် စုံအောင် လိုက်လံ ပြောကြား သံဃပရိစာရိကာ ( သံဃာ့အလုပ်ကျွေး )နှယ် မမောမပန်း ၀န်ထမ်း ဆောင်ရွက် ပါတယ်။

တစ်နေရာ အရောက်မှာတော့ အဲဒီ ဒကာမက ပြောတယ်။ ဒီနေရာက ဘိုးဘွားတွေက အချင်းချင်း မှတ်မိလိုက် မမှတ်လိုက်နဲ့  စိတ်က လွတ်လွတ်သွားတတ်တယ်-တဲ့။ အဲဒါနဲ့  ကိုယ့်ဘုန်းကြီးတွေကို ဟေ့ ကိုယ့်လူတို့  သတိထားနော်၊ သတိထား လို့ ပြောလိုက်တော့ ဒကာမက နောက်လှည့်ကာ ရယ်သွားပါတယ်။ ( ကိုယ်က တစ်ခုခုများ သူတို့ က လုပ်လိုက်ကြလေမလား တွေးမိတာကိုး။ )

အထဲ ၀င်ကြည့်မှ သူရယ်လည်း ရယ်ထိုက်ပါတယ်။ အဲဒီ သတိ လွတ်နေသူတွေက တစ်ချို့ ဆို စားဖို့  စောင့်ရင်း တွန်းလှည်းပေါ် အိပ်ပျော်လို့ ။ ကိုယ့်ဘာမှ အန္တရာယ် မလုပ်နိုင်ပါဘူး။ ဘိုးဘွားတွေက တစ်ချို့ လဲ ဟလို၊ ဟလို ကောင်းကောင်းကို နှုတ်ဆက်နိုင်ကြတယ်။ အိုရုံသက်သက်ပါပဲ။ စကားတွေ ကလည်း သူတို့  လှိုက်လှိုက်လဲ ကြိုဆိုကြောင်း။ တရားဟောမယ်ဆိုလို့  ၀မ်းသာကြောင်း ပြောကြ ပေါ့။

အဲဒီလိုနဲ့  လိုက်နှုတ်ဆက်ရင်းက တစ်ချို့ လည်း စားသောက်တဲ့ သူတွေလည်း စားသောက်ကြနဲ့ ၊ ၁၂ နာရီက ထိုးတော့မယ်။ ကိုယ့်အလှည့်က မရောက်သေး။ မနက်ကလည်း ဆွမ်းစားထားတာ မဟုတ်။ ဒီလိုနဲ့  ဗိုက်ကဆာဆာနဲ့  သံဝေဂ ယူရမလို ဗိုက်ကို နှိပ်ထားရမလို။ တော်သေးတာပေါ့။ ကိုယ့် အလှည့် သိပ်မကြာခင် ရောက်လာလို့ ။

စားပြီး သောက်ပြီး ဆိုတာနဲ့  အချိန်က လိုသေးတယ်။ ဒါနဲ့  ဘိုဘွားရိပ်သာ အပြင်ဘက်က ခုံလေး တွေပေါ်ထိုင်ခဲ့ပါတယ်။ ထိုင်ပြီးနောက် မောင်ဂျာမန် ကိုယ်တော်က လူအိုကြီးတွေ ကြည့်ပြီး သေဖို့ စောင့်နေတာပဲလို့  သဘောပေါက်လို့ လေလားမသိဘူး။ သူတို့  ကြည့်ရတာ ဘုရား ၊ ထောင်သား တွေလိုပဲ ဘယ်မှ မသွားနိုင်ကြတော့ဘူးတဲ့။

ကိုယ်ကလည်း ပြောလိုက်ပါတယ်။ အင်း ... ဟုတ်တယ်ကွ။ သူတို့  ကြည့်ရတာ ထောင်သားတွေလို ပါပဲ။ တကယ်တော့ သူတို့ တင် မကဘူး။ ငါတို့ လည်း ဒီအတိုင်း မထူးပါဘူး။

ဥပမာကွာ- အသတ်ခံရမည့် ကြက်ခြင်းတောင်းထဲက ကြက်တွေလိုပဲ။ အသတ်ခံဖို့  စောင့်နေရတာ။ သူတို့ ကတော့ အကောင်ကြီးလို့  ပထမ သေမှာပေါ့ဗျာ လို့  ပြောလိုက်ပါတယ်။ သူလည်း ခေါင်း ညိတ်ပြီး သဘောတူတဲ့ အမူရာကို ပြပါတယ်။

တကယ်တော့ အကောင်ကြီးလို့  ပထမ သေနိုင်ပေမယ့် သိထားရမှာက စားသုံးသူက အကောင်သေး ကြိုက်လို့  စားချင်တယ် လက်ညိုး အထိုးခံရရင်လည်း အကောင်သေးက ပထမ သေမှာပဲနော် ခုမှ ပြန်တွေးမိတယ်။

ကိုယ်ကလည်း ဟိုတုန်းက ကလေးတုန်းက ကျက်ခဲ့တဲ့ မြတ်ရောင်နီ ဘလော့မှာ ကိုယ်ရေးခဲ့တဲ့ ဆောင်ပုဒ်ကို ပြန်သတိရသွားတယ်။ အဲဒီအချိန်မှာပေါ့လေ။
အဲဒီဆောင်ပုဒ်က ဒီလိုပါတဲ့...

သူ့ ကို အ မှတ် ရ တာ များ ပါ မှ


၁။ ညဥ့်နေ့  တစ်နေ့  ထက်ဝက်နေ့ တည်း။ တစ်ကြိမ် ရွှေ့ စား၊ ထက်ဝက် စား နှင့်။ လေး ငါး လုတ် သွင်း ၊ မသေလျင်းမူ၊ ခြောက်ယောက်သူကို ၊ မေ့သူ ဟောထား။ တစ်လုတ်စားတွင်း ၊ ရှုရှိုက်တွင်းမှာ မသေပါမူ၊ မြတ်စွာ ဘုရား ၊ ဟောတရားကို၊ အားထုတ်အံ့ဟု၊ နှစ်ယောက်သူသာ၊ အပူထက်စွာ ပွါး သတည်း။

၂။ မြွေကင်း ကိုက်ခဲ၊ ခြေချော်လဲ နှင့်၊ ဆွမ်းခဲ မကြေ၊ ပိတ္တေပျက်ပြား၊ လေဖျက်သွားလည်း၊ လူများ သတ်မှန်၊ ဘီးလူရန်ကြောင့်၊ သေပြန်ရသေး၊ ဖန်ဖန်တွေးသည်၊ သေရေး သတိ ပွါးပုံတည်း။

(ယမက၀ဂ်၊ မရဏဿတိ ပထမ၊
ဒုတိယ သုတ်၊ အဂုင်္တ္တရနိကာယ)

မြတ်ရောင်နီ
( ၂၆၊ ၀၃၊၂၀၁၀ )

အဲလို ပြောကြဆိုပြီး နေရာလေး အုပ်စုခွဲပြီး ကိုယ်ကလည်း စားပြီး သောက်ပြီး အိပ်ချင်စိတ်ပေါက် လာတယ်။ ကိုယ်ထိုင်နေတဲ့ ခုံလေးပေါ်မှာဘဲ မျောက်မှေး မှေးပြီး ငိုက်လိုက်တယ်။ အဲဒီနောက် ပစ္စယနိဒ္ဒေသ နှစ်ခေါက် အဲဒီ ဘိုးဘွားရိပ်သာ အတွင်းမှာ လမ်းလျှောက် ရွတ်ဖြစ်ခဲ့တယ်။

အချိန်ကလည်း ၃ နာရီခွဲပြီမို့  ဂျာမန် ဥူးဇင်းကလည်း တရားဟောဖို့  နေရာယူကာဟောကြားပါတော့ တယ်။ ၂ နာရီခန့်  မေးလိုက် ဖြေလိုက် ပြုလုပ်ဖြစ်ခဲ့ပါတယ်။

တရားပွဲပြီး ကျောင်းပြန်ရောက်တဲ့ အချိန်မှာတော့ ဒီနေ့  ဆောင်းပါးရေးဖို့ အတွက် သေခြင်းရဲ့  စကား များ - လို့  စိတ်ကပေါ်လာတာနဲ့ ပဲ လူအများကိုလည်း ကိုယ့်လက် ကိုယ်ခြေ ကိုယ်ကြိုက်သလို စိတ်ကြိုက် ဖန်တီးရတုန်းလေး ဒါန သီလ ဘာဝနာ ကိစ္စမှာ မမေ့လျော့စေရန် ရည်သန်ကာ ရေးသား လိုက်ပါတော့တယ်။

သတိပြုဖွယ်

မမေ့လျင် မလျော့ဘူး။

မေ့လျင် လျော့မယ်။

ကုသိုလ် ကိစ္စ၀ယ်။
ကောင်းသည့် ကိစ္စ နယ်။



မြတ်ရောင်နီ
( ၂၁၊ ၀၉ ။ ၂၀၁၀ )


Read more...

ဗုဒ္ဓ၀ါဒရှု့ထောင့်မှ လူ့ သဘာဝနှင့်ပဋိပက္ခ (၂)




(၃) လူသားနှင့်အဖွဲ့အစည်းများ ဘာကြောင့် သဘောထားကွဲလွဲသလဲ


လူသားနှင့်အဖွဲ့အစည်းများအကြား ရှုပ်ထွေးမှုများမှာ အကြောင်းများစွာ ရှိနိုင်ပါတယ်။ ပထမဆုံးအနေ့ဖြင့် ဗုဒ္ဓဘာသာမှာ နားလည်ထားတဲ့အတိုင်း ဒီစကားရပ်ကို စဉ်းစားကြည့်ပါ့မယ်။ ယေဘုယျအားဖြင့် လူအများဟာ ခြားနားသော ယဉ်ကျေးမှုများမှ လာကြပါတယ်။ မတူသော ဘာသာစကားများကို ပြောဆိုကြပါတယ်။ ကွဲပြားသော ဘာသာတရားနောက်သို့ လိုက်ပါနေကြပါတယ်။ တစ်ချိန်တည်းမှာပင် တိုးတက်လာနေသော ဂလိုဘယ်လိုက်ဇေးရှင်းကို ရင်ဆိုင်ကြရပြန်ပါတယ်။

သို့စေကားမူ ပဋိပက္ခဟာ လူနှစ်ဦး သို့မဟုတ် အုပ်စုနှစ်စုဟာ တစ်ချိန်တည်းမှာ အရာဝတ္ထုတစ်ခုကို လိုချင်တဲ့အခါ ဖြစ်ပေါ်လာတာပါ။ အပြန်အလှန်အားဖြင့် ကိစ္စတော်တော်များများမှာ လူတစ်ယောက် အုပ်စုတစ်ခုထက် များစွာက အရာဝတ္ထုတစ်ခုကို ခြားနားတဲ့အချိန်မှာ လိုချင်တပ်မက်လျင် ပဋိပက္ခဟာ ဖြစ်နိုင်ချေ အလားအလာမရှိပါ။ သို့ဖြစ်၍ ညှိယူ၍မရသော စိတ်ဝင်စားမှုအဖြစ် ပဋိပက္ခကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။

မြတ်ဗုဒ္ဓ၏ရှု့ထောင့်မှ ပြဿနာအကြောင်းများစွာမှာ အစိတ်အပိုင်းများစွာ ပါဝင်တယ်ဆိုတာကို ကောက်ချက်ချနိုင်ပါတယ်။ အဲဒါတွေကတော့ အလိုဆန္ဒများ၊ မာနများ၊ မောဟများ ပါဝင်ပါတယ်။


(က) အလိုဆန္ဒဟာ ရလိုမှုနှင့် ပြင်းပြသောဆန္ဒ ဖြစ်ပါတယ်။ ရလိုမှုမှာ ရုပ်ပိုင်းဆိုင်ရာအရာဝတ္ထုများနှင့်လူများ စသည့်ပိုင်ဆိုင်မှု လိုအပ်ချက်များ ပါဝင်ပြီး စင်စစ် ပြင်းပြသောဆန္ဒမှာ အဆင့်အတန်းဂုဏ်၊ အာဏာ၊ ရာထူးများအတွက် လိုအင်ဆန္ဒများနှင့် သက်ဆိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့သဘာဝရင်းမြစ်များဟာ ကမ္ဘာ့လူသားများ အားလုံးအတွက် လုံလောက်ပါလိမ့်မယ်။ ဒါပေမယ့် အလိုလောဘကြီးတဲ့သူများအတွက်တော့ အမြဲတမ်း လိုအပ်နေမှာပါ။ အကြောင်းကတော့ အရင်းရှင်ဖြစ်တဲ့ ရုပ်ဝါဒလူ့အဖွဲ့အစည်းဟာ ကုန်ကြမ်းများကို ကန့်သတ်ထားချက်မရှိပါ။ ဒါ့ကြောင့် အခြားသောအုပ်စုများဟာ ဆင်းရဲနွမ်းပါးချို့တဲ့နေလင့်ကစား အချို့သော လူ့အဖွဲ့အစည်းများက ရနိုင်သမျှ ရင်းမြစ်များအားလုံးကို ရရှိဖို့အတွက် မဖြစ်မနေ ကြိုးပမ်းလုပ်ဆောင်ပါလိမ့်မယ်။ ဆွေးနွေးညှိနှိုင်းမှု ပျက်ကွက်ခြင်းဟာ အကျိုးဆက်အဖြစ် ပဋိပက္ခသို့ သက်ရောက်စေပါတယ်။

ဗုဒ္ဓ၀ါဒီကျမ်းဂန်များမှ အောက်ပါအကြောင်းအရာကို ရည်ညွှန်း၍ ပုံစံပြနိုင်ပါတယ်။ ဗြဟ္မဏတစ်ဦးက မဟာကစ္စာယနထေရ်ကို မေးလျှောက်ခဲ့ပါတယ်။ “ဘုရင်နှင့်ဘုရင်အကြား၊ ဗြဟ္မဏနှင့်ဗြဟ္မဏအကြား၊ သူဌေးများနှင့် သူဌေးများအကြား ပဋိပက္ခဖြစ်စေသောအကြောင်းကား အဘယ်ပါနည်း”ဆိုတာပါ။ ဒီအခါ အရှင်မဟာကဿပထေရ် ဖြေကြားခဲ့တာကတော့ “လူသားသတ္တ၀ါဟာ မြဲမြံစွာ အမိအရ ဖမ်းဆုပ်ထားတဲ့ ဘယ်အခိုက်အတံ့ဖြစ်ဖြစ်၊ ငြိကပ်နေတဲ့ မည်သည့်အချိန်ဖြစ်ဖြစ်၊ ကာမဂုဏ်အာရုံများ ၀န်းရံနေတဲ့ ဘယ်အချိန်မဆို၊ အလိုဆန္ဒက လူသားသတ္တ၀ါကို ပွေ့ပိုက်ထားတဲ့ မည်သည့်အချိန်မဆို၊ သူတို့ဟာ ပဋိပက္ခထဲသို့ ၀င်ရောက်လာပါတယ်”။ မိဘများ၊ သားသမီးများ၊ ညီရင်းအကိုများ၊ မောင်နှမများ၊ အခြားသောဆွေမျိုးများဟာလည်းပဲ အလိုဆန္ဒကြောင့် အချင်းချင်း ပဋိပက္ခထဲသို့ ၀င်ရောက်လာပါတယ်။ ခိုက်ရန်ဖြစ်ခြင်းထဲသို့ ဆွဲခေါ်လာပါတယ်။ တိုက်ခိုက်ခြင်းထဲသို့ တိုးဝင်လာပါတယ်။”

ပိဋကအလိုအရ မြတ်ဗုဒ္ဓရဲ့ဆွေမျိုးများဖြစ်တဲ့ ကောလိယနှင့်သကျများဟာ ကောက်စပါးပင်များစိုက်ပျိုးရန် ရေကို အလိုရှိတဲ့အတွက် တိုက်ခိုက်ကြပါတယ်။ ဘုရင်ပသေနဒီကောသလမင်းနှင့် အဇာတသတ်မင်းတို့ဟာ တိုင်းပြည်နှစ်ခုအကြား နယ်စပ်ရှိ နယ်မြေအချို့ကို ထိန်းချုပ်လိုတဲ့အတွက် တိုက်ခိုက်ကြပါတယ်။ သည်ဥပမာနှစ်ခုကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ အလိုဆန္ဒက သူတို့ကို ကြီးစိုးထားတဲ့အတွက် ဒီလူများအကြား ပဋိပက္ခဟာ ဖြစ်ပေါ်လာတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် သည်အကြောင်းရပ်မှာ အလိုဆန္ဒက တန်ခိုးအာဏာအတွက် လိုအပ်မှုကို ဖုံးကွယ်ထားပါတယ်။ တန်ခိုးအာဏာကိုယ်တိုင်က အကောင်း သို့မဟုတ် အဆိုးလည်းမဟုတ်ပါ။ သို့သော် ဤအခြေအနေတွင် တန်ခိုးသြဇာဟာ နိုင်ငံရေး၊ ငွေကြေးနှင့် လှုမှုရေးအခွင့်အာဏာကို ရည်ညွှန်းပါတယ်။ တန်ခိုးသြဇာဖြစ်တဲ့ ဒီအမျိုးအစားများဟာ စိတ်ကို ဖောက်ပြန်စေလေ့ရှိပါတယ်။ ခုံမင်နှစ်သက်ခြင်းရဲ့စွမ်းအားများက တန်ခိုးသြဇာနှင့် အခွင့်အာဏာများအတွက် အလိုဆန္ဒကို တွဲခေါ်သွားပါတယ်။ လူတိုင်း သြဇာအာဏာကို လိုချင်တောင်းတလာတဲ့အခါမှာ ပဋိပက္ခဟာ ဖြစ်ပေါ်လာပါတယ်။ အကြောင်းကတော့ မည်သူတစ်ဦးတစ်ယောက်ကမှ အာဏာတန်ခိုးအောက်မှာ လက်အောက်ခံအဖြစ် သွတ်သွင်းမခံချင်ကြပါဘူး။ အခြားတစ်စုံတစ်ယောက်ရဲ့ အမိန့်သြဇာကိုလည်း မလိုချင်ကြပါဘူး။


(ခ) မာနဟာ ပုဂ္ဂိုလ်ရေးအရ၊ ပစ္စည်းဥစ္စာအရ၊ ပညာရေးအရ၊ အလုပ်အကိုင်အရ၊ အသိပညာအရ၊ ဂုဏ်အဆင့်အတန်း သတ်မှတ်ချက်အရ အခြားသောသူများထက် သူတို့ကိုယ်ကို တော်တယ်ဆိုတာကို ပြဖို့ နှစ်သက်မြတ်နိုးတဲ့ လူသားသတ္တ၀ါကို ရည်ညွှန်းပါတယ်။

အကျိုးဆက်အဖြစ် ရိုင်းပျစော်ကားပြီးတဲ့ အချို့သူများဟာ ရံခါများမှာ ငြင်းခုံပါတယ်။ ခိုက်ရန်ဖြစ်ပါတယ်။ နောက်ဆုံး သတ်သည့်အထိပင် ဖြစ်တတ်ပါတယ်။ ဒီအကြောင်းပြချက်မှာ ဗုဒ္ဓက မိန့်ကြားထားတာ ရှိပါတယ်။ “ အခြားသူများထက် တော်တယ်ဆိုတာကို တကယ်ပြောစေချင် ထင်စေချင်ပုံပေါ်တဲ့သူဟာ သူရဲ့ လူမှုအဖွဲ့အစည်းအတွင်း ပဋိပက္ခဖြစ်ဖို့ အလားအလာရှိပါတယ်။”

ဒီအခြေအနေအတွက် အကောင်းဆုံးပြယုဂ်ဟာ ဇမ္ဗူဒီပကျွန်းတွင် အခြားဘုရင်များထက် လူမျိုးရေးအရ ပိုမိုမြင့် မြတ်တယ်ဆိုတာကို ယုံကြည်ထားတဲ့ သကျဘုရင်များရဲ့ကိစ္စမှာ ထင်ရှားသိသာပါတယ်။ သူတို့ဟာ အခြားအုပ်စုများနှင့် လက်ထပ်ရန် ပေါင်းဖော်ရန် ငြင်းဆန်ပါတယ်။ ပသေနဒီကောသလမင်းဟာ သကျမျိုးများကို လက်ထပ်ချင်ခဲ့ပါတယ်။ ဒါပေမယ့် သကျတွေဟာ အစေခံကျွန်မဖြစ်သူကိုသာ ဘုရင်ထံသို့ ဆောင်ပို့ခဲ့ကြပါတယ်။ မကြာမီမှာပဲ ၀ိဋဋုဘဆိုတဲ့ သားတစ်ယောက် ရရှိခဲ့ပါတယ်။ လုလင်ငယ်ဖြစ်တဲ့ ၀ိဋဋုဘဟာ ကပိလ၀တ္ထုမြို့သို့ ခရီးသွားတဲ့အခါ သကျအမျိုးများက သူ့ကို ခရီးဦးကြို မပြုခဲ့ကြပါဘူး။ ၀ိဋဋူုဘက သူဟာ သကျတို့ရဲ့သား မဟုတ်ဘဲ အစေခံကျွန်မရဲ့သားဖြစ်တယ်ဆိုတာကို သိရှိသွားခဲ့ပါတယ်။ အဲဒီစိတ်ခံစားမှုက သကျများကို သတ်ဖို့အထိ သူ့စိတ်ကို ဆွဲခေါ်သွားပါတယ်။

ဒီအကြောင်းအတွက် မြတ်ဗုဒ္ဓက အောက်ပါအတိုင်း မိန့်ပါတယ်။ “ စောင့်ထိန်းထားတဲ့သီလ ပြုခဲ့ဘူးတဲ့ ကုသိုလ်ကောင်းမှု များစွာရှိတဲ့အတွက် ငါတို့ဟာ အကောင်းဆုံးလူများ ဖြစ်တယ်ဆိုတာကို ရဟန်းတော်များဟာ မပြောဆိုသင့်ဘူး”။ လူအများဟာ စိတ်ကြီးဝင်လာတဲ့ မည်သည့်အချိန်မဆို သူတို့ဟာ အချင်းချင်း နားထောင်ရန် နားလည်ပေးရန် လိုလားမှုမရှိပါ။ ယေဘုယျအားဖြင့် စိတ်ဝင်တစားရှိတဲ့ နားထောင်ခြင်းဟာ အလွန်အရေး ကြီးပါတယ်။ အကြောင်းကတော့ အဲဒါဟာ အခြားလူ၏ ခံစားချက် လိုအပ်ချက်ကို နားလည်ရန် မိမိရဲ့စိတ်ကို ဖွင့်ဟထားခြင်းနှင့် သက်ဆိုင်နေပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် အတ္တဟာ ထိုးထွင်းသိမြင်တတ်တဲ့အတွေးများကို တားဆီးပါတယ်။ အမြင်အမျိုးမျိုးကို လက်မခံနိုင်ကြောင်းကို ဖြစ်စေလျှက် တားမြစ်ပါတယ်။


(ဂ) မောဟက တကယ်ဖြစ်တဲ့အတိုင်း အရာဝတ္ထုများကို မြင်ခြင်းမှ တားဆီးတဲ့စိတ်အပေါ် အရိပ်ထိုးမှုနှင့် နှိုင်းယှဉ်ထားတဲ့ မသိမှု၏ပုံစံ ဖြစ်ပါတယ်။ သို့ဖြစ်၍ အကောင်း အဆိုးများဟာ ရှုပ်ထွေးလာနိုင်ပါတယ်။ အကျိုးရှိသည်ကို အကျိုးမရှိအဖြစ် ပြောင်းပြန် သဘောပေါက်လာနိုင်ပါတယ်။

မြတ်ဗုဒ္ဓက ပြောသည်မှာ - ခိုက်ရန်ဖြစ်ခြင်းအမြင်ကို လွယ်လွယ်ကူကူ ဆုပ်ကိုင်ထားတဲ့ မည်သူဖြစ်ဖြစ် အဲဒီနောက် ငြင်းခုံခြင်းကို ရှောင်ရှားရန် ခက်ခဲပါလိမ့်မယ်။ အခါတစ်ပါး မဟာကစ္စာယနထေရ်ဟာ ရဟန်းများအကြား ပြဿနာကို ဖြစ်စေတဲ့အကြောင်းဟာ ဘာလဲဆိုတာကို မြတ်ဗုဒ္ဓကို မေးမြန်းခဲ့ပါတယ်။ မြတ်ဗုဒ္ဓက အခုလို မိန့်ကြားခဲ့ပါတယ်။ “ ရဟန်းများဟာ သူတို့၏ကိုယ်ပိုင်အမြင်များမှ ခြားနားတဲ့ အမြင်များကို လက်ခံရန် ငြင်းပယ်ခဲ့သည့် မည်သည့်အချိန်ဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာအရာဝတ္ထုများကို ငြိကပ်သည့်ဘယ်အချိန်ဖြစ်ဖြစ်၊ ကာမဂုဏ်အာရုံများက ၀န်းရံနေသည့်ဘယ်အချိန်ဖြစ်ဖြစ်၊ အလိုဆန္ဒက ကြီးမှုးထားသည့်ဘယ်အချိန်ဖြစ်ဖြစ် ပဋိပက္ခဟာ လွယ်လွယ်ကူကူ ဖြစ်ပေါ်လာပါတယ်”။

ပိဋကအလိုအရ ပဋိပက္ခဟာ ကောသမ္ဗီပြည်ရှိ ၀ိနဓရရဟန်းတော်များနှင့် ဓမ္မဓရရဟန်းတော်များအကြား ဖြစ်ပေါ်လာခြင်းပါ။ သည့်မတိုင်မီက သူတို့ဟာ သူငယ်ချင်းမိတ်ဆွေကောင်းများ ဖြစ်ကြပါတယ်။ အကြောင်းကတော့ ၀ိနည်းနှင့်ပတ်သက်၍ အဓိပ္ပါယ်ကောက်ယူခြင်းအပေါ် ခြားနားသောအမြင်များရှိလို့ပါ။

အကျဉ်းချုပ်ရလျင် ပဋိပက္ခများစွာဟာ မြတ်ဘုရားက ဆန့်ကျင်ဟန့်တားရန် လမ်းညွှန်းထားတဲ့ လောဘ၊ မာန၊ မောဟများမှ ဖြစ်ပေါ်လာပါတယ်။ အကြောင်းကတော့ အဲဒါတွေဟာ ရှင်းလင်းသောအတွေးများကို တားမြစ်ထားပြီး ထိရောက်တဲ့လူမှုရေးနှင့် အသက်မွေးမှုဆိုင်ရာ ဆက်နွှယ်မှုများကို ဟန့်တားထားတဲ့အတွက် ဖြစ်ပါတယ်။ ဤအရာများကို နားလည်သဘောပေါက်ရန် လူသားသတ္တ၀ါများသို့ ယူဆောင်လာနိုင်သည့် ဘယ်အချိန်ဖြစ်ဖြစ် အတွင်းငြိမ်းချမ်းမှုဟာ ဖြစ်ပေါ်လာပါလိမ့်မယ်။ ဤအရာများဟာ လူ့အဖွဲ့အစည်းအတွင်း မှန်ကန်သော ပျော်ရွှင်မှုများအတွက် အခြေခံများ ဖြစ်ပါတယ်။

Read more...

Magic - မာယာ

မှာ ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။

“တစ်ဘက်သားကို ဟန်ဆောင်လိမ်ညာရင် ကိုယ်လည်း ခံစားလိုက်ရတာပဲ။” မိတ်ဆွေရင်းချာ တစ်ယောက်ရဲ့ ဒဿန။ သူက ဆက်ရှင်းပြတယ်။ ရိုးရိုးသားသား လိမ်တဲ့ မုသားဖြူတောင်မှ ကိုယ် ခံရသေးတယ်။ ဆိုပါစို့။ ထမင်းစားပြီးပြီးလား မေးတော့ အားနာလို့ စားပြီပြီ ပြောလိုက်တယ်။ ဟန်ဆောင်လိုက်တာ။ လိမ်လိုက်တာ။ ပြီးတော့ ကိုယ်ပဲ ဗိုက်ဆာရတယ်။

ရိုးသားခြင်း နဲ့ လှည့်စားခြင်းအကြောင်း။ ဆိုင်လှတယ်တော့ မဟုတ်။ ရေးခဲ့ဖူးတဲ့ စာတစ်ပုဒ် သတိရမိတယ်။

Read more...

ပိဋကတ်ဆိုတာကို နားလည်ကြည့်ခြင်း (၁၀)


အမျိုးသမီးတွေ သာသနာ့ဘောင်ဝင်ရောက်ဘို့ ရဟန်းမ ပြုဘို့ (ဘိက္ခုနီလုပ်ဘို့)
မြတ်စွာဘုရားက သုံးကြိမ်သုံးခါ ငြင်းဆန်ခဲ့ပေမဲ့
မိထွေးတော် မဟာပဇာပတိဂေါတမီ ဇွဲမလျှော့ပါဘူး။

ယောက်ကျားတို့ဇွဲ သေခါမှ လျှော့မယ် အဆိုရှိပေမဲ့ သူကတော့
မိန်းမတို့ဇွဲ သေခါမှ လျှော့မယ်လို့ နှလုံးသွင်းထားပုံပေါက်ပါတယ်။

မြတ်စွာဘုရား ဝေသာလီမှာ နေခိုက်
မဟာပဇာပတိဂေါတမီဟာ ရဟန်းမလုပ်ဘို့ စိတ်ပါတဲ့အမျိုးသမီးအချို့ကို ခေါ်ပြီး
ဝေသာလီကို လိုက်သွားပါတယ်။
ဝေသာလီနဲ့ မဟာပဇာပတိဂေါတမီတို့နေတဲ့ ကပိလ၀တ္ထုက
မိုင်ပေါင်း ၁၅၀ လောက်ဝေးပါတယ်။

ဒီလောက်ဝေးကွာတဲ့ခရီးကို
လေယာဉ်နဲ့သွားတာလည်း မဟုတ်ပါဘူး။ ရထားနဲ့သွားတာလည်း မဟုတ်ပါဘူး။
ရှင်ဘုရင်ရဲ့ မိဖုရားဖြစ်လို့ မာစီဒီး (သို့) BMW နောက်ဆုံးပေါ်ကြီးစီးပြီး သွားတယ်လို့လည်း
မထင်လိုက်ပါနဲ့။ ကုန်းကြောင်းလျှောက်သွားကြတာပါ။
လမ်းလျှောက်သွားကြတာပါ။ On foot ပါ။

ဒီလောက်ဝေးကွာတဲ့ခရီး မိန်းမသားတွေ လမ်းလျှောက်ကြရတာဆိုတော့
အ၀တ်အစားကလည်း သယ်ဆောင်နိုင်မှာ မဟုတ်ဘူး။ ခါးဝတ်ခါးစားပဲ ပါမှာ။
ကိုယ်ကိုယ်တိုင် ၀င်ခံစားပြီး စဉ်းစားသာကြည့်ပေတော့။
မိုင် ၁၅၀ ခရီးဆိုတော့ ဘယ်နှရက်လောက် ကြာကြာ လျှောက်ခဲ့ရမယ်မသိဘူး။
လမ်းခရီးမှာ မိုးဒဏ် လေဒဏ် နေဒဏ်တွေနဲ့ဆိုတော့
သူတို့အ၀တ်အစားတွေ ညစ်ပတ်ပေရေနေမှာ သေချာတယ်။
နန်းတွင်းသူတွေဆိုတော့ လမ်းလည်း ရှည်ရှည်ဝေးဝေး လျှောက်ဖူးမယ်မထင်ဘူး။
ဆန္ဒပြင်းပြလို့သာ လာကြတာ။

ခရီးရှည် ခရီးကြမ်းကြီးသွားလိုက်ရတော့
မိန်းမသားကလည်းဖြစ်ပြန် နန်းတွင်းသူတွေကလည်းဖြစ်ပြန်ဆိုတော့
သူတို့ ခြေဖ၀ါးလေးတွေ ပေါက်ပြဲ ဖူးယောင်ကုန်တာပေါ့။

သူတို့ ဝေသာလီပြည် မြတ်စွာဘုရားနေတဲ့ ကျောင်းရောက်တော့
ပထမဆုံးတွေ့လိုက်ရတာက ရှင်အာနန္ဒာ။
သူတို့တစ်တွေကို မြင်လိုက်ရတော့ အတော်လေး စိတ်မကောင်းဖြစ်သွားမှာပဲ။
သန့်ပြန့်ကြော့ရှင်းနူးညံ့နေတဲ့နန်းတွင်းသူတွေကို ကြည့်ပြီး
စာနာစိတ်၊ နားလည်စိတ်တွေ ရင်ထဲမှာ ပြည့်နေတဲ့ရှင်အာနန္ဒာ
ဒီမြင်ကွင်းကို မြင်ကွင်းအတိုင်း ချက်ချင်း မြတ်စွာဘုရားထံ သတင်းပို့တယ်။

တချိန်းတည်းမှာပဲ သူတို့တစ်တွေကို
သာသနာတွင်းဝင်ရောက်ခွင့်ပြုဘို့ ရဟန်းမအဖြစ်လက်ခံဘို့ လျှောက်တယ်။
မြတ်စွာဘုရား ငြင်းဆိုပါတယ်။
ဒုတိယအကြိမ် ဆက်လျှောက်တယ်။
ပယ်ချတယ်။
တတိယအကြိမ်။
ပယ်ချတာပါပဲ။ ခွင့်မပြုပါဘူး။

အော်၊ မြတ်စွာဘုရားနှယ်၊ သာသနာ့ဘောင်ဝင်ရောက်ချင်လွန်လို့ ရဟန်းမ ဖြစ်ချင်လွန်လို့
ဘိက္ခုနီလုပ်ချင်လွန်းလို့ အပင်ပန်းခံပြီး မိုင် ၁၅၀ ဝေးကွာတဲ့နေရာက တကူးတကလာရတာ၊ ကိုယ်ချင်းမစာတတ်လိုက်တာလို့ အပြစ်တင်မစောလိုက်ပါနဲ့။

အဲ့ခေတ် အဲ့အခါက အိန္ဒိယလူ့အဖွဲ့အစည်းမှာ အမျိုးသမီးဆိုတာ
မီးဖိုချောင်ထဲမှာပဲ နေရတဲ့သက်ရှိသတ္တ၀ါတစ်မျိုးလို့ မှတ်ယူထားကြတာ။
မြတ်စွာဘုရားက အဲ့သက်ရှိသတ္တ၀ါကို
မီးဖိုးချောင်ထဲက ဆွဲထုတ်ပြီး သင်္ကန်းဝတ်ပေးပြီး
ထိပ်တည့်တည့်က ထိုင်ခိုင်းလိုက်ရင်
ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ကြည့်ရသေးတယ်။
ဒါ ဒေသကို ကြည့်တာလို့ ဆိုရမယ်။
နောက်ပြီး ကာလ ဆိုတဲ့ အချိန်ဆိုတာကိုလည့် ထည့်တွက်ရတယ်။
အချိန်တန်ပြီလား။ မတန်သေးဘူးလားဆိုတာ။

ဒီ Time and Space ဆိုတဲ့ ချိန်ခွင်ညှာကို ညှိနိုင်မှသာ
ကိုယ်တည်ထောင်လိုက်တဲ့လုပ်ငန်း အောင်မြင်မယ်ဆိုတာ
မြတ်စွာဘုရားသိနေလို့သာ ရှင်အာနန္ဒာရဲ့ လျှောက်ထားတောင်းပန်ချက်တွေကို
ငြင်းဆိုနေတာဖြစ်မယ်။
မိန်းမတွေကို ခွဲခြားဆက်ဆံနေတာ မဟုတ်ပါဘူး။

မြတ်စွာဘုရားဟောတာကို ကြည့်ပါလား။
(မနုဿတ္တဘာဝ ဒုလ္လဘ) လူ့အဖြစ်ကို ရခဲတယ် လို့သာ ဟောခဲ့တာ။
ယောက်ကျားအဖြစ်ကို ရခဲတယ်၊ မိန်းမအဖြစ်ကို ရခဲတယ်လို့ မဟောခဲ့ပေါင်။
လူ့ဘ၀ရောက်လာ လူ့အဖြစ်ကို ရရှိလာမှတော့
ယောက်ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်
ရခဲတဲ့ဘ၀ကို ရရှိခဲ့ကြလို့ အကုန် ကံကောင်းသူတွေချည်းပါပဲ။
ဒါပေမဲ့ ယောက်ကျားနဲ့ မိန်းမ မတူဘူးဆိုတာကိုတော့ လက်ခံရမှာပဲ။
တူမှ မတူပဲဟာကိုး။

အခုခေတ်အော်နေတဲ့ ယောက်ကျားမိန်းမ တန်းတူညီမျှအခွင့်အရေးဆိုတာတွေလည်း
ရာနှုန်းပြည့်တော့ ဘယ်ခေတ်ကာလကိုရောက်ရောက် ရနိုင်မယ်မထင်ပါဘူး။

တချို့အမျိုးသမီးတွေကလည်း စီးပွါးရေးရှုဒေါင့်က ကြည့်ပြီး
သူတို့လည်း ငွေရှာနိုင်တော့ သူတို့ ယောက်ကျားတွေနဲ့ ခြေရာချင်း တိုင်းချင်ကြတယ်။
ခြေရာချင်း မတူနိုင်ပါဘူး။ ယောက်ကျားခြေထောက်နဲ့ မိန်းမခြေထောက် မတူလို့ပါ။

မြန်မာစကားမှာရှိတဲ့ မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုတာကိုက
ယောက်ကျားတွေက အိမ်ထောင်မှုဝန်ကို ပိုထမ်းနေရကြောင်း သိသာပါတယ်။

ဟုတ်တယ်လေ၊ ယောက်ကျားတစ်ထမ်းနဲ့ မိန်းမ တစ်ရွက်
ဘယ်သူက ၀န်ကို ပိုထမ်းရလဲ၊ ပိုထမ်းနိုင်သလဲ။ ပိုသယ်ရသလဲ။
အသိသာကြီးပါ။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP