* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, September 13, 2010

ဗောဓိပင်နှင့် ဆန်းဒေးစကူးလ်





ဆန်းဒေးစကူး ဖွင့်ပွဲ အမှတ်တရ
ဘုရားထံ ပန်း ဆီမီး ပူဇော်ထားပုံ




သီရိလင်္ကာမိသားစုများမှ
ရွှေမဟာဗောဓိပင် လှူဒါန်းကပ်စဉ်




ဆန်းဒေးကူး ကလေးငယ်များ
သင်တန်းမစမီ
သင်တန်းဆရာတော် မှ ရှင်းပြနေစဉ်





နမော တဿ သုံးကြိမ် ရွတ်ပြီး
သရဏဂမန ( သရဏဂုမ် ) သုံးပါး
ရှင်းလင်း ပြောကြားစဉ်





ကလေးဆိုတော့လည်း စာထက်
ဘုရားပုံတော်ကြည့်နေတာကို
သဘောကျတယ်ဆိုတာ သဘာဝပါပဲ



ဗောဓိပင်

အာ- ဗော- ကာ- ယ- ဆန်- ရွှေ- ကဏ် ဆိုတာ မြန်မာလို ဘုရားရှင်နဲ့  ဖွားဖက်တော်ကို ရည်ညွှန်း ပြောဆို ထားတာပါ။ ဖွားဖက်တော်ဆိုတာ နေ့ တူ မွေးဖွားတာကို ဆိုလိုပါတယ်။

အာ- အရှင်အာနန္ဒာ။ ဗော-မဟာဗောဓိပင်။ ကာ- ကာဠုဒါယီ။ ယ- ယသော်ဓရာ။ဆန်-အရှင်ဆန္န။ ရွှေ-ရွှေအိုးကြီးလေးလုံး။ ကဏ်-တောထွက်ချိန်မှာစီးတဲ့ ကဏ္ဍက စီးတော်မြင်းတို့ ပါပဲ။

အဲဒီဖွားဖက်တော်များထဲက ဘုရားရှင် ဖွားဖက်တော်ဖြစ်တဲ့ မဟာဗောဓိပင်အောက် ရွှေပလ္လင် ထက်မှာ ဘုရားဖြစ်တော်မူပါတယ်။ ဘုရားရှင် ဘုရားဖြစ်တဲ့ ဗောဓိပင်မိုလို့  ဘုရားရှင်ကို ရိုသေ လေးစား မြတ်နိုးသောအားဖြင့် ဗောဓိပင်ရဲ့  ဗောဓိရွက်တို့  ဗုဒ္ဓဘာသာ လူမျိုးအသီးသီးတို့ က ကိုးကွယ် ဆည်းကပ်ကြပါတယ်။

အဲဒီလို ကိုးကွယ် ဆည်းကပ်သည့်အထဲတွင် သီရိလင်္ကာ ပိုပြီး လေးစားသမှုပြုကြတာတွေပါ တယ်။ ဘုန်းကြီးကျောင်းမှန်ရင် ဗောဓိပင်ရှိရမယ် လို့  စေတီ ရှိရမယ် ပုံစံမျိုး ပြောရလောက် အောင် ဘုန်းကြီးကျောင်းမှာ ရှိတာကိုတွေ့ ရပါတယ်။ ပြီးတော့ လမ်းဆုံလမ်းခွတွေမှာလည်း ဗောဓိပင်တွေ တွေ့ ရတယ်။ ဗောဓိပင်ကိုလည်း ခုတ်ခြင်း ဖြတ်ခြင်း လုပ်တာ လုံးဝကို မကြိုက်
် ခုတ်ဖြတ်လျင် သူတို့  အလွန်မတန် ၀မ်းနည်း တတ်ပါတယ်။ ငိုသည့်အထိ ၊ ပြဿနာ ဖြစ်သည် အထိ ဖြစ်တယ်လို့  သီရိလင်္ကာနေစဉ်က ကြားဖူးခဲ့ပါတယ်။

သီရိလင်္ကာ ကန္နီမြို့ ရှိ သီရိမဟာဗောဓိကိုလည်း ဘုရားရှင် အသုံးပြုတော်မူသွားခဲ့တဲ့ မူလ ဗောဓိ ပင်မှ အကိုင်းကို သင်္ဃမိတ္တ ဘိက္ခုနီ အရှင်မ သယ်ယူပင့်ဆောင်ကာ စိုက်ပျိုးထားတယ် လို့ ဆိုပါ တယ်။ ဒါကြောင့်မို့ လည်း သီရိလင်္ကာ ပြည်သူပြည်သားများဟာ ဗောဓိပင်ကို အသက်တမျှ လို့  ပြောရလောက်အောင် ဘုရားရှင်နဲ့  မခြား ကိုးကွယ်ကြပါတယ်။

ဒီနေ့ မှာလည်း မဟာဗောဓိပင်ရဲ့  ဗောဓိညောင်ရွက် တစ်ရွက်ကို ရွှေဗောဓိညောင်ပင်ကြားညှပ် ကာ ပင့်ဆောင်လာခဲ့ပြီး ကျောင်းကို လှူဒါန်းခြင်းဖြစ်ပါတယ်။

ဆန်းဒေးစကူးလ်

သီရိလင်္ကာနိုင်ငံရှိ ကလေးသူငယ်များသည် အစိုးရကျောင်းများ ၌ ၅ နှစ်အရွယ်မှ စတင်ပြီး ပညာသင်ယူရသကဲ့သို့  ဆန်းဒေးစကူးလ်ကို အစိုးရကျောင်းများနှင့် တူညီစွာပင် အတန်းများကို သူ့ အဆင့်သူခွဲခြားထားပါသည်။ အစိုးရကျောင်းများက သူငယ်တန်းဆိုလျင် ဆန်းဒေးစကူးမှာ သူငယ်တန်းပင်ဖြစ်သည်။

ဆန်းဒေးစကူးကို ... ၁။ သူငယ်တန်း ( Primary ) ၂။ ၁ တန်းမှ ၁၀ ( Grade 1 to Grade 10 )။
၃။နောက်ဆုံးအဆင့် ၁ ၊ ၂ ( Final1.2 ) ဟု အတန်းပေါင်း ၁၃ တန်း ခွဲခြားပြီး သင်ကြားပေးပါ သည်။ ပြဋ္ဌာန်းထားသည့် စာအုပ်များမှာ ငါးရာငါးဆယ်လာ ဇာတ်တော်များ၊ ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်ကအဖြစ်ပျက်များ၊ ကဗျာများ၊ဗုဒ္ဓ၀င်အကြောင်း၊ ပရိတ်ကြီးပါဠိနှင့် အဓိပ္ပါယ် စသည်တို့  ဖြစ်သည်။

သင်ရိုးပြဋ္ဌာန်းစာအုပ်တွေကိုလည်း သာသနာရေး ၀န်ကြီး ဌာနက ရိုက်နှိပ်ထုတ်ဝေပြီး အခမဲ့ ဖြန့် ဝေ၏။ ယင်း ဆန်ဒေး စကူးလ် စာမေးပွဲကို သာသနာရေး ၀န်ကြီး ဌာနကပင် တာဝန်ယူပြီး ဒီဇင် ဘာလ ပထမပတ်မှာ ကျင်းပပေးပါသည်။
( နန္ဒစိုးမင်း- တန့် ဆည်၊ လင်္ကာတမန် မဂ္ဂဇင်း မှ)

မြန်မာနိုင်ငံမှာတော့ ဆန်းဒေးစကူးရယ်လို့  ထူးပြီး မပေါများလှသေး။ နွေရာသီ ယဉ်ကျေးမှု သင် တန်း များနဲ့ အဘိဓမ္မာသင်တန်း၊ ၀ိသုဒ္ဓိမဂ် စာမေးပွဲများလောက်သာ ရှိပါတယ်။

မြန်မာနိုင်ငံ သင်တန်းနဲ့  စာမေးပွဲများကတော့ လေ့လာဖို့  အချိန်ရသူနဲ့  စားဝတ်နေရေး ပြေလည် သူလောက်သာ တတ်နိုင်ပါတယ်။ မတတ်နိုင်သူ အဖို့ ကတော့ ကလေးလည်း ကလေးနဲ့  ထိုက် တန်တဲ့ အလုပ် လုပ်နေရတာမို့  တစ်ချို့ လည်း ကျောင်း မရောက်ပဲ ဓမ္မနဲ့  ဆိုင်ရာ ဗဟုသုတ နဲနေတာ တွေ့ ရပါတယ်။

သီရိလင်္ကာနိုင်ငံမှာတော့ မဖြစ်မနေ ဆိုသလို သင်တန်း တတ်ကို တတ်ကြရတာမို့  ဘာသာရေး အသိက အတော် လေး အဆင်ပြေလှတယ်။ အလုပ်ခွင် ၀င်တာတောင် ဆန်းဒေးစကူး လက်မှတ် ပြရတယ် လို့  ကြားဖူးတယ်။ ဆန်းဒေးစကူးလ် တက်ထားမှ အလုပ်ကောင်းတဲ့ သဘောထိ ပြောပါတယ်။

ဒါကြောင့်လည်း ဒီနေ့  ဆန်းဒေးစကူးမှာ သီရိလင်္ကာ ကလေးများက လေးယောက် ထိုင်းကလေး က တစ်ယောက် အစနေ့ မှာ စခဲ့ပါတယ်။

သင်တန်းကိုတော့ ကိုယ်ကိုယ်တိုင် စဖွင့်လှစ်ပေးခဲ့ပါတယ်။ သင်တန်းဆရာများအနေနဲ့ ဘုန်းကြီး များနဲ့  သီရိလင်္ကာ ဆရာမ၊ ထိုင်းဆရာမ ၊ ဂျာမန် ဆရာ တို့ ဖြစ်ပါတယ်။

တစ်လ တစ်ကြိမ် ကလေးများအဖို့  ဗုဒ္ဓဘာသာ နဲ့  ပတ်သက်တဲ့ သိသင့်သိထိုက်ထားတာတွေ ကိုတော့ သိသွားကြမယ်လို့  ယုံကြည်လျက် ဆန်းဒေးစကူး စတင်ကာ ဖွင့်လိုက်ပါတယ်။



မှတ်ချက် ။ ။ သင်တန်း တက်လို က
http://bodhi-vihara.org/blog/ မှာ
အသေးစိပ် ဖတ်ရှုနိုင်ပါသည်။



မြတ်ရောင်နီ

( ၁၂ ၊၀၉ ၊၂၀၁၀ )

.

Read more...

အကျိုးကျေးဇူး အကြီးမားဆုံး စိတ်ပုတီးစိပ်နည်း

(၁)
ကုန်းမြင့်လေး၏အထက်တွင် ၀ါးတဲကျောင်းသင်္ခန်းလေးက သီးခြားတည်ရှိနေသည်။ မြို့လေးနှင့်မလှမ်းမကမ်းမှာ တည်ရှိနေပေမယ့် တောရိပ်တောင်ရိပ်တို့ဖြင့် ဆိတ်ငြိမ်အေးချမ်းလှသည်။ ထိုဝါးတဲကျောင်းလေးတွင် ခေတ္တသီတင်းသုံးကာ တရားအားထုတ်နေသည့် ရဟန်းတော်၏ မျက်နှာတော်က ပိုပြီးတည်ကြည်အေးချမ်း၍နေသည်။

“ဒါဆို ဒကာလေးကစာရေးဆရာ တစ်ယောက်ပေါ့´´
“တင်ပါ့ဘုရား။ စာရေးဆရာဖြစ်ဖို့ ကြိုးစားနေတာပါဘုရား။ အခုတော့ နည်းနည်းပါးပါးပဲ ရေးနိုင်ပါသေးတယ်ဘုရား´´

အသက် (၂၅) နှစ်ခန့်အရွယ် လူငယ်က ပျပ်ဝပ်ရိုသေစွာဖြင့် ပြန်လည်လျှောက်ထားလေသည်။

“တရားစခန်းမှာ တရားလာနာနေတာကိုရော၊ တရားလာလာ ထိုင်နေတာကိုပါ ဦးဇင်း သတိထားမိနေပါတယ်။ ဒီလိုငယ်တုန်း ရွယ်တုန်းမှာကတည်းက စာပေနဲ့ မွေ့လျော်နေတာ၊ တရားဓမ္မနဲ့ မွေ့လျော်နိုင်တာကိုလည်း ဦးဇင်းက သာဓုခေါ်ပါတယ်။ အခု ဒကာလေးက ဘာများ သိချင်တာရှိလို့လဲ´´

ရဟန်းတော်၏ အသံတော်က ငြိမ်းအေး ကြည်မြနေသည်။

“တပည့်တော် ၁၅နှစ်သား အရွယ်လောက်ကတည်းက ပုတီးစိပ်ဖြစ်နေခဲ့ပါတယ်ဘုရား။ ပုတီးစိပ်ချင်တဲ့ စိတ်သက်သက်နဲ့ ကုသိုလ်ဖြစ် စိပ်နေခဲ့မိတာပါဘုရား။ ဘုရားဂုဏ်တော်ကိုပဲ စိပ်ဖြစ်နေခဲ့တာပါဘုရား။ အခုဒီဘက်(၂)နှစ် လောက်မှာတော့ ၀ိပဿနာတရားတွေကို နာယူလာဖြစ်ပါတယ်ဘုရား။ တရားလည်းထိုင်ဖြစ် ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ပုတီးစိပ်လာတဲ့ အလေ့အကျင့်က စွဲမြဲနေပါပြီဘုရား။ အမှန်ကိုဝန်ခံရရင် ပုတီးစိပ်ရတာကိုလည်း နှစ်သက်သဘောကျမိပါတယ်ဘုရား။ အဲဒါကြောင့် ၀ိပဿနာ အလုပ်ကိုလုပ်နေပြီးမှ ပုတီးကြီးကိုင်နေမိတာ သက္ကာယဒိဋ္ဌိများ ဖြစ်နေသလား၊ သဿတဒိဋ္ဌိများ ဖြစ်နေသလားလို့ သံသယ ဖြစ်နေမိလို့ပါဘုရား´´

လူငယ်က ရဟန်းတော်၏ရှေ့ ၀ါးကြမ်းခင်းပေါ်တွင် ပုဆစ်ဒူးတုတ်၍ ကျုံ့ကျုံကလေး ထိုင်ရင်း ရဟန်းတော်အား လက်အုပ်ချီမိုးကာ လျှောက်တင်နေခြင်းဖြစ်သည်။ လူငယ်၏စကားကြောင့် ရဟန်းတော်၏ မျက်နှာတော်က ပိုပြီး တည်ကြည်လေးနက်သွားလေတော့သည်။

“ဘာသာရေးနဲ့ ပတ်သက်ပြီး ဘယ်လို စာပေတွေများ ဒကာလေးဖတ်ဖြစ်ခဲ့သလဲ´´
“အခုလောလောဆယ်တော့ `ရဟန္တာနဲ့ပုဂ္ဂိုလ်ထူးများ´ စာအုပ်ကို ဖတ်ဖြစ်နေပါတယ်ဘုရား။ ဟိုတုန်းကတော့ `ကိုယ်ကျင့်အဘိဓမ္မာ´ တို့၊ `ဗုဒ္ဓဘာသာကောင်းတစ်ယောက်´ တို့လို စာအုပ် တွေကိုလည်း ဖတ်မှတ်လေ့လာခဲ့ဖူးပါတယ်ဘုရား´´

ဝါးကျောင်းလေး၏ ပြူတင်းပေါက်မှ လေပြေညှင်းလေးက ခပ်ဖြူးဖြူးတိုက်ခတ် ၀င်ရောက်လာသည်။ ကျောင်းအနီးဝန်းကျင်မှ ကျေးငှက်သံလေးတွေကလည်း ၀ါးကျောင်းဆောင်လေးထဲသို့ ပျံ့ဝဲလာတတ်သည်။

“အမှန်တော့`စိပ်ပုတီး´ဆိုတာ လှုတ်ခတ်ပျံ့လွင့်နေတဲ့ ပုထုဇဉ်ရဲ့စိတ်အရိုင်းတွေကို တည်ငြိမ်လာအောင် ထိန်းကျောင်းပေးတာပါပဲ ဒကာလေး။ အဲဒါကိုပဲ သမာဓိထူထောင်တယ်လို့ ခေါ်တာပါပဲ။`၀ိပဿနာ´ဆိုတာကတော့ ကိုယ့်ခန္ဓာထဲမှာရှိတဲ့ ရုပ်တရား နာမ်တရားတွေရဲ့ မတည်မြဲတဲ့သဘော၊ ဖြစ်ချင်း ပျက်ခြင်းသဘောတွေကို ဉာဏ်မျက်စိနဲ့ အထူးစောင့်ကြည့်ရှုမှတ် နေတဲ့အလုပ်ပေါ့။ အဲဒီလို အထူးစောင့်ကြည့်ရှုမှတ် နေနိုင်ဖို့ဆိုတာကလည်း တည်ကြည်တဲ့စိတ်၊ သမာဓိ ရှိမှ စောင့်ကြည့်ရှုမှတ်နေနိုင်တာမျိုးပေါ့ ဒကာလေး။ အဲဒီတော့ ၀င်လေထွက်လေကို အမှတ်သညာထား ပြီးတော့စိတ်ကို တည်ကြည်ငြိမ်သက်သွားအောင် သမာဓိထူထောင်တာပဲဖြစ်ဖြစ်၊ စိတ်ပုတီးနဲ့ ဂုဏ်တော်တစ်မျိုးမျိုးကို ပုတီးစိပ်ပြီး သမာဓိ ထူထောင်တာပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ ဖြည့်ကျင့်သင့်တဲ့ အလုပ်တွေပါပဲ´´

ရဟန်းတော်က စကားကို ခေတ္တရပ်ထားသည်။ ၀ါးကျောင်းလေး၏ အမိုးတံစက်မြိတ်မှ သက်ကယ်မျှဉ်လေးတွေကို လေတိုးဝှေ့သံ တဖျတ်ဖျတ်မှအပ တိတ်ဆိတ်နေပြန်သည်။ ထိုအသံတို့၏ ဖြစ်ခြင်းပျက်ခြင်း သဘောတွေကိုပင် ရဟန်းတော်က တရားအသိဖြင့် နှလုံးသွင်းရှုမှတ်နေပြန်သည်ဟု ထင်ရ၏။ ခဏနေမှ စကားဆက်တော်မူသည်။

“ဒကာလေး ဖတ်မှတ် လေ့လာနေတဲ့ “ရဟန္တာနဲ့ပုဂ္ဂိုလ်ထူးများ” စာအုပ်ကြီးထဲမှာလည်း ပါပါတယ်။ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ကြီးတို့၊ ထွဋ်ခေါင်ဆရာတော်ကြီးတို့၊ ညောင်လွန့်ဆရာတော်ကြီးတို့၊ မိုးညှင်းဆရာတော်ကြီးတို့၊ ရွှေဥဒေါင်းတော်ဆရာတော်ကြီးတို့။ အဲဒီဆရာတော်ကြီးတွေဟာ စိတ်ပုတီးကိုလည်း လက်မလွှတ်ခဲ့ကြပါဘူး။ တစ်နည်းအားဖြင့်တော့ စိတ်ပုတီးကိုမပစ်ပယ်ဘဲ ကျင့်သုံးတော်မူခဲ့ကြတာပဲ မဟုတ်လား။ တကယ်တော့ ပုတီးစိပ်တယ်ဆိုတဲ့ကိစ္စကလည်း အလွန်မွန်မြတ်တဲ့ အလုပ်ပါပဲ။ အတုမရှိတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ကျေးဇူးဂုဏ်တော်တွေကို အာရုံပြု ကြည်ညိုပြီး ဗုဒ္ဓါနုဿတိပွားတဲ့အလုပ်ဟာ အတုမရှိတဲ့အကျိုးကျေးဇူးတွေကို ပေးနိုင်စွမ်းတာအမှန်ပါပဲဒကာလေး။ အကျိုးကျေးဇူးခံစားရမယ်ဆိုတာကလည်း လောကီအကျိုးစီးပွားအတွက်တင် ဘယ်ကပါ့မလဲဒကာရယ်။ သံသရာဝဋ်ဆင်းရဲက လွတ် မြောက်တဲ့အထိ အထောက်အပံ့ဖြစ်စေနိုင်စွမ်း ပါတယ်။ အဲဒါကိုတော့ မမှိတ်မသုံ ယုံကြည်ထား လိုက်ပေတော့´´
“တင်ပါ့ဘုရား…´´
“အဲဒီမှာ အရေးကြီးတာက သံသရာ ၀ဋ်ဆင်းရာက လွတ်မြောက်တဲ့အထိ၊ မဂ်ဉာဏ်ဖိုလ်ပေါက်အသိထူး၊ ဓမ္မထူးတွေ ရရှိနိုင်တဲ့အထိ ရည်စူးပြီး အလုပ်လုပ်နေမိဖို့တော့ လိုတာပေါ့ ဒကာလေးရယ်´´
“တပည့်တော် အဲဒါကိုပဲ သိချင်တာပါ ဘုရား´´

အပြင်တွင် သစ်ပင်ပန်းပင်တွေပေါ်သို့ နေရောင်ခြည်က တောက်ပစွာဖြာကျနေသည်။ ရဟန်းတော်၏ မျက်နှာတော်မှာလည်း သီလ၊ သမာဓိ၊ ပညာဉာဏ်အလင်းရောင်တို့ဖြင့် ထူးထူး ခြားခြား လင်းလက်တောက်ပနေသည်ဟု လူငယ်က တွေးနေမိပြန်သည်။

“ပုထုဇဉ်တွေဆိုတာ ကိုယ့်ရဲ့အတိတ်ဘ၀တွေက ပါလာတဲ့ ပါရမီဓါတ်ခံတွေ စေ့ဆော်မှုအရ ပါရမီအကျင့်လမ်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြည့်ကျင့်လျှောက်လှမ်းနေကြရတာ ဒကာရဲ့။ အဲဒီမှာ စစ်မှန်တဲ့အသိဉာဏ်ပညာဖေးမမှုကို ရရှိနေဖို့ကသာ အဓိကပါပဲ။ စစ်မှန်တဲ့အသိဉာဏ်ပညာရဲ့ ညွှန်ပြထိန်းမတ်ပေးမှုပါမှ အခြေခံအကျဆုံးဖြစ်တဲ့ သီလကိုလည်း စင်ကြယ်အောင်စောင့်ထိန်းနိုင်တယ်။ သမာဓိကိုလည်း ထူထောင်နိုင်တယ်။ ဘာဝနာတရားကိုလည်း ထိထိမိမိ စီးဖြန်းရှုမှတ်နိုင်တယ်။ အဲဒီလိုပဲ ပုတီးစိပ်တဲ့သူတွေဟာလည်း ပုထုဇဉ်ဓလေ့၊ လောကီဓလေ့တွေနဲ့ ပုတီးစိပ်ပုံစိပ်နည်းတွေအမျိုးမျိုးရှိမယ်။ ပုတီးစိပ်တဲ့ဂါထာတော်တွေ၊ ဂုဏ်တော်တွေလည်း အမျိုးမျိုးရှိမှာပဲ။ ကိုယ်ကြိုက်တာကို ရွေးချယ်ပြီး ကျင့်သုံးနိုင်တာပါပဲ။ ဦးဇင်းအနေနဲ့တော့ အတုမရှိတဲ့ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်ကို ဗုဒ္ဓါနုဿတိ ဘာဝနာပွားပြီး သမာဓိထူတောင်တာကို အကြိုက်ဆုံးပါပဲ။ တရိုတသေ တလေးတစားနဲ့ အာရုံမိမိနဲ့ ဂုဏ်တော်ကို ကြည်ညိုရင်း ပုတီးစိပ်ပြီး စိတ်ရဲ့ တည်ကြည်ငြိမ်းအေးမှု သမာဓိထူထောင်ခြင်းကို ပြုနိုင်ဖို့ပဲ လိုရင်းပါ။ အဲဒီလို ပုတီးစိပ်ပြီး ဘာဝနာ ပွားထုံပေးနေတာနဲ့ကိုပဲ ထိုက်သင့်တဲ့စိတ်ရဲ့ တည်ကြည်ငြိမ်းအေးမှု သမာဓိကိုလည်းရရှိလာမယ်။ အကုသိုလ် စေတသိက်တွေ လျော့ပါးပြီး ကုသိုလ်ဇောတွေ မွှမ်းထုံလာမယ်။ ထိုက်သင့်တဲ့ လောကီလောကုတ္တရာ ကောင်းကျိုးချမ်းသာခြင်းတွေကိုလည်း ရရှိမှာအမှန်ပါပဲ။ ပုထုဇဉ်လူသားတွေ အလိုရှိကြ၊ တောင့်တမိတတ်ကြတဲ့ ဘေးရန်ကင်းတာ၊ ကျန်းမာတာ၊ လောကီအကျိုးစီးပွား တိုးတက်ချမ်းသာ နိုင်တယ်ဆိုတာတွေဟာလည်း အမှန်ပါပဲ ဒကာလေး။ ဘာဖြစ်လို့လဲဆိုတော့ ပုထုဇဉ်လူသာမန်တွေရဲ့ နေ့စဉ်ဘ၀မှာ ဘုရားရှိခိုးတာ၊ ပန်းရေချမ်း ဆီမီးကပ်လှူတာ၊ သီလခံယူ ဆောက်တည် စောင့်ထိန်းတာ၊ ဗုဒ္ဓါနုဿတိဘာဝနာ ပွားထုံတာဆိုတဲ့ ကုသိုလ်ကောင်းမှုတွေကို ဖြည့်ကျင့် နေနိုင်ဖို့ဆိုတာကလည်း နည်းတဲ့ပါရမီမှ မဟုတ်တာ။ ကုသိုလ်အလုပ်ဆိုတာကလည်း နည်းနည်းလေး လုပ်ရင်လည်း အဲဒါနဲ့ ထိုက်တန်တဲ့ အကျိုးကတော့ အကာလိကော အခါမလင့် ကောင်းကျိုးပေးတတ်တာပဲလေ။ အဲဒါကြောင့် ပုတီးစိပ်တယ် ဆိုတာ လည်း အလွန်မွန်မြတ်တဲ့အလုပ်၊ အလွန်ကောင်းတဲ့ ကုသိုလ်ရေး စရဏတစ်ခုပါပဲ။ ကောင်းမှုကိုမြတ်နိုးတဲ့ စိတ်အရင်းခံနဲ့ စိပ်ဖြစ်နေဖို့သာ လိုရင်းပါ´´

ရှည်လျားစွာ ပြောပြဆုံးမလိုက်ရပေမယ့် မောသွားဟန်မရှိ။ ရဟန်းတော်၏အသံတော်တို့ ကြည်လင်အေးချမ်း၍နေဆဲ။ ထိုအချိန်မှာပင် ဆွမ်းချက်ကျောင်းလေးဆီမှ ဒကာကြီးတစ်ဦးက ဆရာတော်အတွက် ဆွမ်းပွဲပြင်ခွင့်လျှောက်ထားလေသည်။ ရဟန်းတော်က ဆယ်မိနစ်ခန့် စောင့်ဆိုင်းထားရန် မိန့်တော်မူလေ၏။

“ပထမဦးဆုံးကတော့ ဘာဝနာ(၄၀) ထဲက ကြိုက်တဲ့ဘာဝနာကို ရွေးချယ်နိုင်ပါတယ်။ ဥပမာ-အရဟံဂုဏ်တော်ကို ရွေးချယ်လိုက်ပြီဆိုပါတော့။ ဗုဒ္ဓါနုဿတိဘာဝနာအနေနဲ့ အရဟံဆိုတဲ့ ဘုရားရှင်ရဲ့ဂုဏ်တော်ကို ပါရမီမြောက်ဘာဝနာ ပွားထုံဖြည့်ကျင့်တော့မယ်ဆိုတဲ့အသိကို နှလုံးသွင်းလိုက်ပါတော့ဒကာလေး။ ပြီးတော့မှ စေတီတစ်ဆူဆူမှာပဲဖြစ်ဖြစ်၊ ကိုယ့်နေအိမ် ဘုရား ကျောင်းဆောင်ရှေ့မှာပဲဖြစ်ဖြစ် ပုတီးစိပ်ခြင်း စရဏကုသိုလ်ဘာဝနာကိုဖြည့်ကျင့်ဖို့အတွက်- (၁)နဂိုနေထိုင်တာထက် ပိုပြီးသန့်ရှင်းစင်ကြယ်အောင် ရေချိုးတာ၊ ကိုယ်လက်သန့်စင်တာ၊ နှုတ် ခံတွင်းသန့်စင်တာ၊ သန့်ရှင်းစင်ကြယ်တဲ့ အ၀တ်တွေ ၀တ်ဆင်တာတွေကို ပထမဦးဆုံးပြုလုပ်သင့်တာပါပဲ။
(၂)ပြီးမှ ရတနာသုံးပါးကို ကိုယ်တတ်စွမ်းသမျှ ပန်းရေဆီမီးအလင်းတွေနဲ့ ပူဇော်တာ၊ ရတနာသုံးပါးနဲ့ အနန္တငါးပါးကို ပျပ်ဝပ် ရိုကျိုးစွာ မာန်ချပြီးကန်တော့တာတွေကိုလုပ်သင့်တယ်။
(၃)ပြီးရင် ငါးပါးသီလခံယူဆောက်တည်ပါ။ ပြီးမှ ဘ၀သံသရာ အဆက်ဆက်ကစလို့ ယနေ့အထိ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ သံဃာတော်အရှင်သူမြတ်တွေနဲ့တကွ မိဘ၊ ဆရာသမားအစရှိတဲ့ မပြစ်မှား သင့်တဲ့သူတွေရဲ့ အပေါ်မှာ ခင်ပွန်းကြီးဆယ်ပါးရဲ့အပေါ်မှာ ပြစ်မှားမိခဲ့၊ ကျူးလွန်စော်ကားမိခဲ့တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ဆိုင်တဲ့အပြစ်တွေကို ကျကျနန ၀န်ချတောင်းပန်တာကို မဖြစ်မနေ ပြုရမယ်။
(၄)ပြီးတော့ အသက်နဲ့ခန္ဓာကို ဘုရားရှင်ထံ အပ်နှံပြီး ဗုဒ္ဓါနုဿတိဘာဝနာကမ္မဋ္ဌာန်းတရားကို ပွားများ ဖြည့်ကျင့်ခွင့်ပြုဖို့ ဘုရားရှင်ထံမှာ တောင်းခံရဦးမယ်။
(၅)ပြီးမှ ၃၁ဘုံ အရပ်ဆယ်မျက်နှာ အနန္တစကြာဝဠာမှာရှိနေတဲ့ ဝေနေယျသတ္တ၀ါအနန္တကို မေတ္တာပို့သရဦးမယ်။ ပြီးမှ ဗုဒ္ဓါနုဿတိဘာဝနာ ကမ္မဋ္ဌာန်းတရားကို ကြည်ညို နှလုံးသွင်းပြီး ဖြည်းဖြည်းမှန်မှန် ပွားထုံနိုင်ပါပြီ။ ဒါဆိုရင် ပုတီးစိပ်ခြင်းအလုပ်၊ ဗုဒ္ဓါနုဿတိဘာဝနာ အလုပ်အတွက် ပြည့်စုံပါပြီ။

အဲဒါတွေက ပုတီးစိပ်ချင်တဲ့ လူအများစုအတွက်ခြုံပြီး ဦးဇင်းပြောနေတာပါ။ ဒကာလေးတို့ လို ၀ိပဿနာဓမ္မကို ကျင့်သုံးနေတဲ့သူတွေအတွက် သက္ကာယဒိဋ္ဌိ၊ သဿဒိဋ္ဌိဆိုတဲ့အစွန်းတွေက လွတ်အောင် ပုတီးစိပ်ပြီး ဘာဝနာပွားထုံတဲ့နည်းကို ဦးဇင်းပြောပြပါဦးမယ်။ ဦးဇင်းပြောပြချင်တာက ဒကာလေးအနေနဲ့ ပုတီးစိပ်ခြင်းဘာဝနာ ကမ္မဋ္ဌာန်းကိုပွားထုံတဲ့အခါ ပစ္စုပ္ပာန်မှာ ကုသိုလ်ဖြစ်ရုံ၊ သမာဓိထူထောင်ရုံသာ မကဘဲ မဂ်ဖိုလ်ချမ်းသာအထိ အထောက်အပံ့ ဖြစ်အောင် ဖြည့်ကျင့်ချင်တယ်ဆိုရင် မှန်ကန်တဲ့ စိတ်နှလုံးသွင်းလေးနဲ့ အားထုတ်လိုက်ဖို့ပါပဲ။ အဲဒါကတော့ စောစောကပြောခဲ့တဲ့ ပုဗ္ဗကိစ္စတွေပြုပြီးတာနဲ့ ပုတီးကိုကိုင်၊ ခါးမတ်မတ်ထား၊ မျက်လွှာလေးချပြီး `ငါမဟုတ် သူမဟုတ်၊ ရုပ်တရား နာမ်တရား အစုမျှသာဖြစ်တယ်။ ပုတီးကလည်းရုပ်တရား၊ စိပ်ချင်တာကနာမ်တရား၊ ထိုင်ပြီး စိပ်နေတာကလည်းရုပ်တရား၊ နှလုံသွင်းအားထုတ်ပြီး ဂုဏ်တော်ကို ပွားထုံနေတာကလည်း နာမ်တရားသာဖြစ်တယ်။ အားလုံးဟာ ရုပ်တရား နာမ်တရားမျှ သာဖြစ်တယ်။ အဲဒီရုပ်တရား နာမ်တရားတွေဟာလည်း ဖြစ်ခြင်းပျက်ခြင်း သဘောမျှသာဖြစ်တယ်´ လို့ အခိုက်အတန့်လေးလောက် နှလုံးသွင်းဆင်ခြင်လိုက်ပါဒကာ။ ဒါဆိုရင် သက္ကာယဒိဋ္ဌိ သဿတဒိဋ္ဌိ၊ ဥစ္ဆေဓဒိဋ္ဌိဆိုတဲ့ အစွန်းကလွတ်မြောက်တဲ့ အမြတ်ဆုံးဘာဝနာ အလုပ်တစ်ခု ဖြစ်သွားပါလိမ့်မယ်။ ဒကာလေးကတော့ ၀ိပဿနာဓမ္မ၊ ၀ိပဿနာဘာဝနာအတွက်ပါ အထောက်အပံ့ဖြစ်အောင် ပုတီးစိပ်ချင်တဲ့သူဆိုတော့ အဲဒီလိုနှလုံးသွင်း ဒိဋ္ဌိဖြုတ်ပြီးမှ စိပ်ပါ။

တခြားကုသိုလ်ဖြစ် စိပ်တဲ့လူတွေကတော့ စောစောကပြောပြခဲ့တဲ့ အချက်(၅)ချက်ထဲက ကျင့်ဝတ်တွေနဲ့ ကိုက်ညီအောင် စိပ်နိုင်ရင်ကိုပဲ ပြည့်စုံလုံလောက်ပါပြီ။ အဓိကကတော့ မိမိပူဇော်ချင်တဲ့ ဂုဏ်တော်ကို ပုတီးစိပ်ခြင်းဆိုတဲ့အလုပ်နဲ့ ဘာဝနာပွားထုံဖြစ်ဖို့သာ လိုရင်းပါ။ ရိုရိုသေသေ ထိထိမိမိ ပွားထုံဖြစ်ဖို့သာ အဓိကပါ။ ပြင်ပ ဗဟိဒ္ဓိဖြစ်တဲ့ ဘာပုတီးနဲ့စိပ်တယ်။ ဘယ်ပုံဘယ်နည်းစိပ်တယ် ဆိုတာတွေက သာမညကိစ္စတွေပါ။ အဓိကနဲ့ သာမညကို ခွဲခွဲခြားခြား သိမြင်အောင် ကိုယ်တိုင်လည်း ကြိုးစားပါ။ သူတစ်ပါးတွေကိုလည်း ရေးသားညွှန်ပြပေးပါဒကာလေး´´

ထိုအချိန်မှာပင် ရဟန်းတော်အတွက် ကပ်လှူရန် ဆွမ်းပွဲအသင့်ပြင်ပြီးဖြစ်ကြောင်း ဒကာကြီးတစ်ဦးက လာရောက်လျှောက်ထားလေတော့သည်။

လူငယ်သည် ရဟန်းတော်၏ခြေအစုံ၌ နဖူးတိုက်ဦးခိုက်၍ကန်တော့ကာ ၀ါးတဲကျောင်းသင်္ခန်းလေးမှ ပြန်လာခဲ့လေ၏။ အပြင်တွင် စူးစူးလက်လက် နေရောင်အောက်၌ မြေနီနီလမ်းကလေးက တောက်ပ၍နေသည်။ သစ်ပင်တွေကလည်း စိမ်းမြနေကြသည်။ လူငယ်၏ခြေလှမ်းတို့ကလည်း ဓမ္မအသိအမြင် တို့ဖြင့် အေးချမ်း၍နေလေတော့သည်။

(၂)
အချိန်ကာလတို့က နှစ်ပေါင်း(၂၀)မျှသော အတိုင်းအတာတို့ကို ကျော်လွန်လာခဲ့လေပြီ။ ထိုစဉ်က ၀ါးတဲကျောင်းကလေးတွင် တရားဓမ္မ အားထုတ်ခြင်း၊ တရားဓမ္မဟောပြခြင်းတို့ ပြုနေခဲ့သည့် ရဟန်းတော်သည် တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ကမ္မဋ္ဌာနာစရိယတရားပြဆရာတော်ကြီးတစ်ပါး ဖြစ်နေလေပြီ။

ထိုစဉ်က ၀ိပဿနာဓမ္မနှင့်အညီ ပုတီးစိပ်တတ်ဖို့ တောင်းပန်လျှောက်ထားပြီး အဆုံးအမ ခံယူခဲ့သည့် လူငယ်လေးသည်လည်း စာရေးဆရာ အလုပ်ကို တမြတ်တနိုးဖြင့် ဆက်လက်လုပ်ကိုင် နေခဲ့လေသည်။ ထိုလူငယ်သည် ကျွန်တော် (သက်နှင်းဆွေ-ပုပ္ပါး) ပင်ဖြစ်ပါသည်။

ကျွန်တော်သည် ထိုဆရာတော်၏ ကျေးဇူးကြောင့် စိတ်တွင်ရှင်းလင်းစွာဖြင့် ပရိတ်တော် ဂါထာတော်ရွတ်ခြင်း၊ သို့မဟုတ် ၀ိပဿနာ ဘာဝနာပွားထုံခြင်းတို့ကို အလျင်းသင့်သလို ကြိုးစားပြီး ဖြည့်ကျင့်နေခဲ့မိပါသည်။ ပုတီးစိပ်မှ၊ တရားထိုင်မှ ဆိုသည့် သီးခြားအယူအစွဲတွေမရှိ။ အလျင်းသင့်သလို ပုတီးစိပ်အဓိဋ္ဌာန်ဝင်သည့်အခါ ၀င်ပါသည်။ တရားဓမ္မတို့ကို နာယူ နှလုံးသွင်းခြင်း ပွားများအားထုတ်ခြင်း ပြုသည့်အခါ ပြုပါသည်။ တတ်စွမ်းသမျှအတိုင်းအတာနှင့် ဖြည့်ကျင့်နေမိခြင်းသာဖြစ်ပါသည်။ သို့သော် သေချာသည်မှာ ဘာပဲလုပ်လုပ် ကျွန်တော့်စိတ်ထဲတွင် ရှင်းလင်း နေပါသည်။ အစွန်းရောက် အယူအစွဲတွေ မရှိ။ သာမန်ပုထုဇဉ်ဘ၀တွင် ကုသိုလ်ရေးစရဏ တစ်ခုခုကို မကြာမပြတ် ဖြည့်ကျင့်နေနိုင်ဖို့သည်ပင် လွယ်ကူလှသည်မဟုတ်ဟု ကျွန်တော်ခံယူထား ပါသည်။

ထို့အပြင် ကျွန်တော်နှင့် စကားစပ်မိ၍ ပုတီးစိပ်နည်း တောင်းခံသူတွေ၊ ဘာနေ့သားအတွက် ဘာပုတီးကိုစိပ်ရမလဲဟု မေးမြန်းသူတွေ၊ ဘယ်လို ဘယ်ပုံ ပုတီးစိပ်ရမည်လဲဟု ဆွေးနွေးလာသူတွေလည်း များစွာ ကြုံခဲ့ဖူးပါသည်။ ပုတီးစိပ်ခြင်း နှင့် ပတ်သက်ပြီး ပုတီးစိပ်ဂါထာ၏ တိကျခြင်း၊ အချိန်တိကျခြင်း၊ နေရာတိကျခြင်း၊ ပုတီးပတ် တိကျခြင်း၊ ဆုတောင်းတိကျခြင်း စသည့် တိကျခြင်းများအကြောင်းမှအစ သန့်စင်ခြင်းများ အကြောင်းတို့ကို ဆရာပေါင်းများစွာ၊ ကျမ်းပေါင်းများစွာဖြင့် လေ့လာခဲ့ဖူးပါသည်။ ယုတ်စွ အဆုံး ပုတီးစိပ်ရာတွင် ခင်းထိုင်ရမည့် အမျိုးအစား၊ ပုတီးစိပ်ရာတွင် ထိုင်ရမည့် ထိုင်နည်းမျိုးစုံ၊ ပုတီးစိပ်ရာတွင် လက်မနှင့် လက်ခလယ်တွဲ၍ စိပ်ခြင်း စသည်ဖြင့် ပုတီးလမ်း၏ ကျယ်ပြန့်နက်နဲသော အကြောင်းချင်းရာ များစွာတို့ကိုလည်း များစွာ လေ့လာခဲ့၊ သင်ယူခဲ့၊ ကျင့်သုံးခဲ့ဖူးပါသည်။

သို့သော် ယခုအချိန်တွင်မူ ထိုထိုသော နည်းများစွာကို လိုက်နာခြင်းထက် ပို၍ အရေးကြီး သည်မှာ နေ့စဉ် မှန်မှန် ပုတီးစိပ်နိုင်ဖို့သာ ဖြစ်သည်ဟု ခံယူမိပါသည်။ အကြောင်းမူ ထိုထိုသော ပုတီးလမ်း မှ နည်းစနစ်ကောင်းတို့သည် ပုတီးစိပ်ခြင်းဖြင့် အကြားဓါတ်၊ အမြင်ဓါတ်၊ မနောဓါတ်ပေါက်ရန် မှ အစပြုလျှက် သိဒ္ဓိပေါက် မဟိဒ္ဓိပေါက်အထိ ကျင့်ကြံနေသည့် ပါရမီရှင်များ အတွက်မူ အလွန် အကျိုးရှိသည့်၊ လိုက်နာကျင့်သုံးရမည့် စနစ်ကောင်း များပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည် လူသာမန် ပုထုဇဉ်တို့သဘာဝ လောကီထုပ္ပါတ် လူတို့ဇာတ် တွင် လောကီစားဝတ်နေမှုကိစ္စတို့နှင့် ကိစ္စများစွာ လူတို့ဝန်တာတို့ဖြင့် အချိန်ကုန်နေတတ်သည် ဖြစ်ရာ နေ့စဉ်မှန်မှန် ဘုရားရှိခိုးနိုင်ဖို့၊ ကုသိုလ်ဖြစ် ပုတီးစိပ်နိုင်ဖို့ပင် အတော်ကြိုးစားနေကြရသည် မဟုတ်ပါလား။ ထို့ကြောင့် ကျွန်တော်သည် ယခုအချိန်တွင် လွန်ခဲ့သည့်နှစ်ပေါင်း (၂၀) ခန့်က ဆရာတော်ကြီး ညွှန်ပြခဲ့သည့် ရိုးရိုးနှင့် အထိရောက်ဆုံးနည်းဖြင့်သာ ပုတီးစိပ်ဖြစ်ပါတော့သည်။ အလုပ်များလွန်းသည့်နေ့များ၊ လူမှုရေးကိစ္စတွေ များလွန်းသည့် နေ့များတို့တွင် အိပ်ယာဝင်ခါနီးမှ အပြေးအလွှား ပုတီးစိပ်ရသည့် အဖြစ်မျိုးလည်း များစွာ ရှိလာ ပါသည်။

ပုတီးစိပ်ရာတွင်လည်း လွယ်လွယ်ကူကူဖြင့် အာရုံထိမိစွာစိပ်နိုင်သည့် လက်မဖြင့်သာ ပုတီးလုံးလေးတွေကို တစ်လုံးချင်း ဆွဲယူပြီး စိပ်ဖြစ်ပါသည်။ သို့သော် ပုတီးစိပ်ခါနီးတွင် ဒိဋ္ဌိဖြုတ် နှလုံးသွင်းခြင်းကိုတော့ အတတ်နိုင်ဆုံး ကြိုးစားဖြည့်ကျင့်မိပါသည်။

စာဖတ်သူမိတ်ဆွေ…။သင်သည် ပုထုဇဉ်သဘာဝ ပုတီးစိပ်နည်းဂါထာ၊ ကျင့်စဉ် အမျိုးမျိုးအနက်မှ သင်ကြိုက်ရာ ရွေးချယ်နိုင်ပါသည်။ လာဘ်ပွင့်ချင်လို့ပဲဖြစ်ဖြစ်၊ စီးပွားတက်ချင်လို့ပဲဖြစ်စေ၊ ရာထူးတက်ချင်လို့ပဲဖြစ်စေ၊ သင်ကြိုက်ရာကို သက္ကာယစွဲဖြင့်ပင် ရွေးချယ်ပြီး ပုတီးစိပ်ခြင်း အဓိဋ္ဌာန်ဝင်နိုင်ပါသည်။ သို့သော် ရိုးရိုးရှင်းရှင်းနှင့် အကျိုးအရှိဆုံးဖြစ်အောင် နှလုံးသွင်းပြီး ပုတီးစိပ်လိုပါက ကျွန်တော်မှတ်သားထားခဲ့ဖူးသည့် (၁၊ ၂၊ ၃၊ ၄၊ ၅) အစီအစဉ်အတိုင်း ကျကျနန စိပ်ကြည့်လိုက်ပါ။ ထို့ပြင် ဒိဋ္ဌိဖြုတ် နှလုံးသွင်းနည်းလေးဖြင့် နှလုံးသွင်းဆင်ခြင်ပြီး စိပ်ကြည့်လိုက်ပါ။ နံပါတ်စဉ် ၁ ၂ ၃ ၄ ၅ လောက်ကို လိုက်နာကျင့်သုံးနိုင်လျှင်ပင် သင့်အတွက် အတော်လုံလောက်နေပြီဟု ကျွန်တော် ယုံကြည်ပါသည်။ ဒိဋ္ဌိဖြုတ်နှလုံးသွင်း ဆင်ခြင်မှုပါ ပြုနိုင်လျှင် အလွန်ကောင်းမြတ်စွာ ကျင့်သုံးနိုင်ခြင်း ဖြစ်ပါလိမ့်မည်။

ဘယ်လိုပဲဖြစ်ဖြစ် သင်တို့ ကျွန်တော်တို့အတွက်မှာမူ နေ့စဉ်မှန်မှန် ပုတီးစိပ်နေဖြစ်ခြင်းသည်ပင် သာမန်ကုသိုလ်မဟုတ်တော့တာ သေချာပါသည်။ ပုထုဇဉ်လူသာမန်ကျွန်တော်တို့၏ နေ့စဉ် ဘ၀ရှင်သန်မှုတွင် ကုသိုလ်ရေးအလုပ် တစ်ခုခုကို မိနစ်ပိုင်း နာရီပိုင်းမျှဖြစ်စေ တွဲဖက် ဖြည့်ကျင့် နေနိုင်ခြင်းသည် ပါရမီဓါတ်ခံများသူမှသာ ဆောင်ရွက်နိုင်သည်ဟု ကျွန်တော် ခံယူထားမိပါသတည်း။

«ဓမ္မကိုကျင့်သုံးသူကို ဓမ္မကပင် ပြန်လည် စောင့်ရှောက်သွားတတ်သည်ဟူသော မြတ်ဗုဒ္ဓ အဆုံးအမကို ဦးထိပ်ပန်ဆင်လျှက်။»

အားလုံးသတ္တ၀ါချမ်းသာပါစေ
သက်နှင်းဆွေ-ပုပ္ပါး
(၁၀.၁.၂၀၀၉ ၊ တနင်္ဂနွေနေ့ ၃း၅၅)



(http://www.aungnamate.com မှ ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။)

Read more...

ဝေဿန္တရာဇာတ် (အပိုင်း-၃၊ ၄)

0005052Kph0.jpg

ဤသို့ ဆင်ဖြူတော်ကို ကလိင်္ဂတိုင်းသို့ လှူလိုက်သောအခါ စေတုတ္တရာပြည်သူတို့သည် မကျေမနပ် ဖြစ်ကြသည်။ ဝေဿန္တရာမင်းကို အမျက်ထွက်ကြသည်။ ခမည်းတော် သိဉ္စည်းမင်းကြီးထံ သွား၍

"အရှင်မင်းကြီး၊ အရှင့်သားတော်သည် တစ်တိုင်းပြည်လုံးက အမြတ်တနိုးထားသော ဆင်ဖြူတော်ကို အဘယ့်ကြောင့် လှူရပါသနည်း။ ဝေဿန္တရာမင်းကို အကျွန်ုပ်တို့ အလိုမရှိပြီ။ အရှင်မင်းကြီးသည် အကျွန်ုပ်တို့လျှောက်တင်သည့် စကားကို လိုက်နာတော်မူပါ။ အကယ်၍ လိုက်နာတော်မမူလျှင် အရှင်မင်းကြီးလည်း သားတော် ဝေဿန္တရာနှင့်အတူ ပြည်သူတို့လက်တွင် ဘေးတွေ့တော်မူပါလိမ့်မည်" ဟု ဆူပူကြွေးကြော်ကြ၏။

သိဉ္စည်းမင်းက "သူတစ်ပါးကို ဖျက်ဆီး နှောင့်ယှက်ခြင်း မရှိ။ မိမိ၏ ဆင်ဖြူတော်ကိုသာ လှူသည့်သားတော်ကို သင်တို့စကားကြောင့် ငါသည် တိုင်းပြည်မှ မနှင်ထုတ်နိုင်။ သတ်လည်း မသတ်နိုင်" ဟုဆို၏။

ထိုအခါ ပြည်သူတို့က "အရှင်မင်းကြီး၊ သားတော်ကို သတ်ရမည် မဆိုပါ။ သို့ရာတွင် တိုင်းပြည်၌ကား မထားနိုင်။ ပြည်သူတို့အား ထောက်ထားညှာတာခြင်း မရှိသော အရှင့်သားတော်ကို အကျွန်ုပ်တို့ အလိုမရှိ။ ဝင်္ကပါတောင်သို့ နှင်တော်မူပါ" ဟူ၍ မကြောက်မရွံ့ ရဲဝံ့စွာ လျှောက်ကြသည်။

သိဉ္စည်းမင်းလည်း ပြည်သူတို့၏ ဆန္ဒကို မဖယ်ရှားနိုင်။ "အသင်တို့၏ ဆန္ဒကို ငါ လိုက်လျောပါမည်။ သို့ရာတွင် သားတော် ဝေဿန္တရာကို မိမိ၏သားမယားတို့အား ဆုံးမသြဝါဒ ပေးနိုင်ရန် ယခုတစ်ည နေပါစေဦး။ နက်ဖြန်ခါကျမှ အသင်တို့ အညီအညွတ် စုဝေးလျက် သားတော် ဝေဿန္တရာကို ပြည်မှ နှင်ထုတ်ကြပါ" ဟူ၍ ဆိုသည်။ ပြည်သူတို့လည်း မင်းကြီးစကားကို လက်ခံကာ လူစုခွဲ၍ ပြန်သွားကြလေသည်။

ချက်ချင်းပင် သိဉ္စည်းမင်းကြီးသည် အမတ်တစ်ယောက်အား သားတော်ထံစေလွှတ်လိုက်သည်။ အကြောင်းစုံကို လျှောက်ထားစေသည်။

ဝေဿန္တရာမင်းသည် အမတ်၏ စကားကိုကြားရသောအခါ ဝမ်းနည်းစိတ်ထိခိုက်ခြင်း မရှိ။ "ငါသည် နှလုံးသားနှင့် မျက်လုံးတို့ကိုပင် လှူအံ့ ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။ စိန်၊ ရွှေ၊ ဆင်၊ မြင်း စသည့် အပ ပစ္စည်းတို့ကား အဘယ်မှာလျှင် မလှူဘဲ နေနိုင်အံ့နည်း။ ယင်းသို့လှူသည့်အတွက် တိုင်းသူပြည်သားတို့သည် ငါ့ကို နှင်ထုတ်လိုလျှင်လည်း နှင်ထုတ်ကြပါစေ။ သတ်လျှင်လည်း သတ်ကြပါစေ။ အလှူကိုကား မလှူဘဲ နေမည်မဟုတ်" ဟု ရဲဝံ့စွာဆိုလေသည်။

ထို့နောက် ဝေဿန္တရာမင်းကြီးက "ပြည်သူတို့၏ လိုအင်ဆန္ဒအတိုင်း ငါသည် တိုင်းပြည်မှ ထွက်သွားပါမည်။ သို့ရာတွင် မသွားခင် ခုနှစ်ရာ၊ ခုနှစ်လီ အလှူကြီးပေးလှူလိုပါသည်။ နက်ဖြန်တစ်ရက် အလှူပေးခွင့်ပြုရန် ပြည်သူတို့ကို တောင်းပန်ပေးပါ။ နက်ဖြန်ခါ အလှူပေးပြီးလျှင် သန်ဘက်ခါ တိုင်းပြည်မှ ထွက်သွားပါမည်" ဟု ဆိုလေ၏။ အမတ်လည်း "ကောင်းပါပြီ" ဟု ဆိုကာ ပြန်သွားလေသည်။

ဝေဿန္တရာမင်းကြီးလည်း စစ်သူကြီးအမတ်ကို ခေါ်ပြီးလျှင် "နက်ဖြန်ခါ ခုနှစ်ရာ၊ ခုနှစ်လီ အလှူကြီးကို ပေးမည်။ ဆင်ခုနှစ်ရာ၊ မြင်းခုနှစ်ရာ၊ ရထားခုနှစ်ရာ၊ မိန်းမခုနှစ်ရာ၊ နွားမခုနှစ်ရာ၊ ကျွန်ယောက်ျားခုနှစ်ရာ၊ ကျွန်မိန်းမခုနှစ်ရာတို့ကို လှူရန် အသင့်စီစဉ်ပါ။ ထို့ပြင် အထူးထူးသော ထမင်း၊ အဖျော် စသည်တို့ကိုလည်း လှူဒါန်းရန် လိုလေသေးမရှိ ပြည့်စုံအောင် စီစဉ်ထားပါ" ဟု စေခိုင်း၏။

ထို့နောက် မဒ္ဒီဒေဝီအား ဖြစ်ပျက်ပုံကို ပြောပြ၏။ သန်ဘက်ခါတွင် မိမိတစ်ယောက်တည်း ဝင်္ကပါတောင်ရှိရာ ဟိမဝန္တာတောကြီးထဲသို့ ထွက်သွားရတော့မည်ဖြစ်ကြောင်း ပြောဆို၏။
ထိုအခါမဒ္ဒီဒေဝီက "မောင်တော်တစ်ပါးတည်း တောကြီးမျက်မည်းသို့ ထွက်ခွာသွားရမည်ဆိုခြင်းမှာ နည်းလမ်းမကျပါ။ အရှင်မင်းကြီး ထွက်တော်မူလျှင် နှမတော်လည်း နောက်တော်ပါးမှ တစ်ဖဝါးမခွာ လိုက်ပါမည်သာ ဖြစ်ပါသည်။ အရှင်မင်းကြီးနှင့် ကွေကွင်း၍ အသက်ရှင်နေရသဖြင့် အဘယ်အကျိုး ရှိပါမည်နည်း။ အရှင်မင်းကြီး သွားရာနောက်သို့ သားတော်၊ သမီးတော်တို့ကို အတူခေါ်၍ လိုက်ပါပါမည်။ ပြုစုလုပ်ကျွေး နေပါမည်" ဟူ၍ ဆို၏။

သို့ဆိုရာမှ ဝေဿန္တရာမင်းကြီး စိတ်သက်သာရာ ရစေရန် မိမိ မရောက်ဖူးသော ဟိမဝန္တာကို ရောက်ဖူး၊ မြင်ဖူးသကဲ့သို့ ချီးကျူး လျှောက်ထားလေသည်။

"အရှင်မင်းကြီး၊ ဟိမဝန္တာဝယ် နေရာသင်္ခမ်းကျောင်း ဆောက်လုပ်၍ နေသောအခါ ပန်းနံ့သာ လိမ်းပန်လျက် ကခုန်ရွှင်ပျော်ကြသော သားငယ်၊ သမီးငယ်တို့ မျက်နှာကို မြင်ရလျှင် ပြည့်စည်းစိမ်ကို အောက်မေ့မှုတို့ ပြေပျောက်ရပါလိမ့်မည်။ သားမျိုးစုံလင်သော ဟိမဝန္တာမြိုင်တောခွင်ဝယ် ......

တင့်တယ်လှသော ဆင်ပြောင်ကြီးတို့ အနီးအပါးမှ ဖြတ်သန်းသွားသည်ကို မြင်တွေ့ရသဖြင့်လည်း ပြည့်စည်းစိမ်ကို အောက်မေ့မှုတို့ ပြေပျောက်ရပါလိမ့်မည်။ သားရဲဖြင့် ပြည့်သော တောစုံမြိုင်ခန်း၌ သစ်ခက်၊ အညွန့်၊ အဖူးတို့ ယှက်ကူးနေသော သိစ်ရိပ်ကို ခိုလျက် တောအရေး၏ တင့်တယ်ခြင်းကို မျှော်ရှုကာ သွားကြရလျှင် ရွှေနန်းရွှေဘုံကို အရှင်ဘယ်မှာ အောက်မေ့တော့မည်နည်း။ ညနေချမ်း အခါဝယ် မြစ်သို့ ဆင်းသက်လာသော သမင်၊ စိုင်၊ ဖား၊ သား အပေါင်းတို့ကို မြင်လျှင်လည်း အရှင်ဘယ်မှာ ပြည်နန်းသာကို သတိရတော့မည်နည်း။ ကိန္နရီ၊ ကိန္နရာတို့ မြူးပျော် ပျံဝဲသီဆို ကခုန်သည်ကို မြင်ကြားလျှင်လည်း ရွှေပြည်နန်းကို အရှင်ဘယ်မှာ လွမ်းဆွတ်တော့မည်နည်း။ ညဥ့်အခါဝယ် ခင်ပုပ်၊ ဇီဝဇိုး၊ ကြိုးကြာ၊ ဥဒေါင်း တို့၏ ရင့်ရူကြွေးသော ငှက်တေးသံသာသည် အရှင့်အတွက် ဖျော်ဖြေစရာ ရပါလိမ့်မည်။ နွေဦးရောက်လျှင် ပိတောက်၊ အင်ကြင်း၊ စွယ်တော်၊ ကံ့ကော်၊ စကား၊ ချရား၊ ပုန်းညက်တို့ ပင်လုံးညွတ်အောင် ပွင့်ဝတ်ဆင်သည်ကို တွေ့မြင်လျှင် အရှင် ပျော်မြူး ရွှင်လန်းရပါလိမ့်မည်" စသည်ဖြင့် အားပေး ပြောဆိုလျှောက်ထား၏။

ဝေဿန္တရာမင်းကြီးလည်း မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော် တို့ကို ဟိမဝန္တာသို့ အတူခေါ်ဆောင် သွားရန် သဘောတူလိုက်လေ၏။ ဝေဿန္တရာမင်းကြီး ပြည်မှထွက်ခွာရမည့်သတင်းသည် တစ်နန်းတော်လုံး ပျံ့နှံ့သွားသည်။ မယ်တော် ဖုဿတီမိဖုရားကြီးနှင့်တကွ နန်းတွင်းသူ၊ နန်းတွင်းသား အာလုံး ဝမ်းနည်းပူဆွေးကာ ငိုကြွေးကြသည်။

နောက်တစ်နေ့သို့ ရောက်သောအခါ ဝေဿန္တရာမင်းကြီးသည် အလှူမဏ္ဍပ်သို့ သွားသည်။ ဆင်ခုနှစ်ရာ၊ မြင်းခုနှစ်ရာ၊ ရထားခုနှစ်ရာ၊ သတို့သမီးခုနှစ်ရာ၊ နွားမခုနှစ်ရာ၊ ကျွန်ယောက်ျားခုနှစ်ရာ၊ ကျွန်မိန်းမခုနှစ်ရာ စသည်ဖြင့် ခုနှစ်ရာခုနှစ်လီသော အလှူကြီးကို ကိုယ်တိုင် ကြပ်မတ်လှူဒါန်းသည်။ လှူဒါန်းစဉ် "ဤ အလှူသည် သဗ္ဗညုတဉာဏ်၏ အထောက်အပံ့ ဖြစ်စေသတည်း" ဟု လက်အုပ်ချီ၍ ဆုတောင်းသည်။ ထိုအခါ မဟာပထဝီ မြေကြီးသည် မြည်ဟည်း၍ ငလျင်ကြီး လှုပ်ပြန်လေ၏။

ထို့နောက် ဝေဿန္တရာမင်း၊ မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော်တို့သည် ခမည်းတော် မယ်တော်တို့ကို ရှိခိုးကန်တော့ကာ မြင်းလေးကောင်ကသော ရထားဖြင့် ထွက်ခွာသွားကြသည်။ ထိုစဉ် အလှူကြီးကို မမီလိုက်သော ပုဏ္ဏားလေးယောက်တို့သည် မြင်းတို့ကို အလှူခံမည်ဆိုကာ လိုက်လာကြသည်။ မဒ္ဒီဒေဝီက ပုဏ္ဏားလေးယောက်တို့ လိုက်လာကြောင်း လျှောက်ထားသောအခါ ဝေဿန္တရာမင်းကြီးသည် ရထားကို ရပ်လိုက်သည်။

ပုဏ္ဏားလေးယောက်လည်း မကြာမီ ရောက်လာသည်။ မြင်းတို့ကို အလှူခံသည်။ ဝေဿန္တရာလည်း မြင်းလေးကောင်ကို ရထားမှ ဖြုတ်၍ တစ်ယောက်တစ်ကောင်စီ လှူလိုက်သည်။ ထိုအခါ နတ်သားလေးယောက်သည် စိုင်လေးစီးအသွင် ဖန်ဆင်းလျက် ရထားထမ်းပိုးခွင်သို့ ဝင်၍ ရုန်းကြသည်။ ထိုစဉ် ပုဏ္ဏားတစ်ယောက် ပေါ်ပေါက်လာသည်။ ရထားကို အလှူခံပြန်သည်။ ဝေဿန္တရာကလည်း ထိုပုဏ္ဏားအား ရထားကို လှူလိုက်သည်။ ထိုအခါ စိုင်းလေးစီး (နတ်သားလေးယောက်) ကွယ်ပျောက်သွားလေသည်။

ထိုနေရာမှစ၍ မင်းကြီးက သားတော်ဇာလီကို ချီလျက်၊ မဒ္ဒီဒေဝီက သမီးတော် ကဏှာဇိန်ကို ချီလျက် ခြေကျင် သွားကြရလေ၏။

ဝေဿန္တရာနှင့် မဒ္ဒီဒေဝီတို့ မိသားစုသည် ရှေးဦးစွာ သုဝဏ္ဏဂီရိတာလတောင်သို့ ရောက်သည်။ ထိုမှတစ်ဖန် ကောန္တိမာရမြစ်၊ ထိုမှတစ်ဖန် အဉ္စနဂီရိတောင်၊ ထိုမှ တစ်ဖန် တုဏ္ဏဝိနာလိ ဒဏ္ဍပုဏ္ဏားရွာ၊ ထိုမှတစ်ဖန် စေတတိုင်း၊ မဒ္ဒရာဇ်ပြည်သို့ ရောက်လာကြသည်။ မဒ္ဒရာဇ်ပြည်ကား ဝေဿန္တရာ၏ ဦးရီး၊ မဒ္ဒီဒေဝီ၏ ဖခမည်းတော် မယ်တော်များ စံရာပြည် ဖြစ်သည်။

ဝေဿန္တရာနှင့် မဒ္ဒီဒေဝီသည် မဒ္ဒရာဇ်ပြည်သို့ ရောက်သောအခါ မြို့ထဲသို့မဝင်။ မြို့ပြင်ရှိ ဇရပ်ပေါ်၌သာ နေကြသည်။ မကြာမီပင် သူတို့ရောက်ရှိနေကြောင်းကို မဒ္ဒရာဇ်မင်းကြီး သိရှိသွားသည် ချက်ချင်းပင် ဆွေတော်၊ မျိုးတော်များသည် စိုးရိမ်ပူပန်ကာ ဇရပ်သို့ ပြေးလာကြသည်။ အကျိုးအကြောင်း မေးကြသည်။

(ဝေဿန္တရာဇာတ် အပိုင်း-၅ ဆက်တင်ပါမည်)


Read more...

သတ္တ၀ါတို့၏ ၃၁- ဘုံ

(သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ခုနှစ်၊ တန်ခူးလ္ဆန်း ၃-ရက်နေ့ည၊ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ ကံမြင့်ကျောင်းတိုက် ဓမ္မာရုံအတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ညဦးယံ ဓမ္မသဘင်ဝယ် ဟောကြားအပ်သော သတ္တ၀ါတို့၏ ၃၁-ဘုံအကြောင်း တရားဒေသနာတော်။)

`သတ္တ၀ါတို့ရဲ့ ၃၁-ဘုံ၊ သတ္တ၀ါတွေ မျိုးစုံရှိတဲ့ ၃၁-ဘုံအကြောင်း၊ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ထိုထိုကျမ်းဂန်တွေမှာ ပါရှိတယ်။ အဘိဓမ္မာမှာသာ ပါရှိတာမဟုတ်ဘူး ၃၁-ဘုံက၊ မူလပရိယာယသုတ်မှာလည်း ဘုံတွေအကြောင်း ပါတာပဲ၊ တခြားသုတ္တန်တွေမှာ လည်း ပါတယ်။ အဘိဓမ္မာ ၇-ကျမ်းမှာ အပါအ၀င်ဖြစ်တဲ့ ၀ိဘင်္ဂလို့ခေါ်တဲ့ ၀ိဘင်းကျမ်းမှာလည်း ဒီဘုံနဲ့သက်တမ်းတွေအကြောင်း ရှင်းလင်းတင်ပြထားတာ ရှိတယ်။

သို့သော်လည်း မြန်မာနိုင်ငံမှာတောင်မှ အချို့အချို့ပုဂ္ဂိုလ်တွေက ၃၁-ဘုံဆိုတာကို ငြင်းပယ်ချင်ကြတယ်။ သူတို့ငြင်းပယ်ခြင်းရဲ့ အကြောင်းက ၃၁-ဘုံ မရှိဘူးဆိုပြီးတော့ ငြင်းပယ်ကြတာ ဘာလို့ငြင်းပယ်တာတုန်းဆိုတော့ မမြင်ရလို့တဲ့၊ အကြောင်းပြကတော့၊ မြင်ရတာ လူတွေနဲ့ တိရစ္ဆာန်တွေပဲ မြင်ရတယ်၊ ကျန်တာတွေက မမြင်ရလို့၊ မမြင်ရလို့ ငြင်းပယ်ကြစတမ်းဆို မမြင်ရတာတွေ အများကြီးပဲ၊ ဟုတ်ရဲ့လား၊ မမြင်ရဘဲနဲ့ ရှိနေတဲ့ဟာ အသံဆိုတာ မြင်ရရဲ့လား၊ (မမြင်ရပါဘူးဘုရား) အနံ့ကကော မြင်ရရဲ့လား၊ (မမြင်ရပါဘူးဘုရား) အရသာရော (မမြင်ရဘူးဘုရား) မမြင်ရဘူး၊ မမြင်ရပေမဲ့လို့ အရှိထဲထည့်ရတာတွေ အများကြီးပဲ လောကကြီးမှာ။

အဲဒါကို မြန်မာနိုင်ငံမှာပဲ အရင်တုန်းက ဘုန်းကြီးတို့ငယ်ငယ်တုန်းက တွေ့တယ် `၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ´ဆိုပြီးတော့၊ အမှန်ကတော့ ဘုရားကလက်မခံတာ မဟုတ်ပါဘူး၊ သူလက်မခံတာ၊ တကယ်ကတော့ ရေးသင့်တာ `၃၁-ဘုံဝါဒ ငါလက်မခံ´ဆိုရင်တော့ ကောင်းတာပေါ့နော်၊ (မှန်လှပါဘုရား) ဘုရားနာမည်ကို အလွဲသုံးစား လုပ်တယ်လို့ ဒီလိုပြောရမှာပေါ့။

အေး.. တော်တော်များများ တခြားနိုင်ငံတွေမှာလည်းပဲ Buddhism- ဆိုပြီးတော့၊ ဗုဒ္ဓ၀ါဒဆိုပြီး ခေါင်းစဉ်တပ်ပြီးတော့ ရေးလိုက်တဲ့အခါကျတော့ သူတို့အယူအဆတွေချည်းပဲ ရေးရေးနေကြတယ်။ အဲဒါမျိုးတွေ တော်တော်များများတွေ့နေရတယ်၊ သတိထားစရာ ကောင်းတာပေါ့၊ ရိုးသားဖြောင့်မတ်ဖို့ လိုအပ်တယ်။ ကိုယ်မကြိုက်တာနဲ့ မရှိဘူးလို့ ပြောလို့မရဘူးလေ။ ကိုယ်မမြင်ရလို့ ပြောစတမ်းဆိုလို့ရှိရင်လည်း နှစ်ပေါင်း ၂၅၀၀-ကျော်က ပွင့်ခဲ့တဲ့ဘုရားလည်း ကိုယ်မှမြင်ရတာမှ မဟုတ်ဘဲကို၊ မမြင်ရလို့ လက်မခံဘူးဆိုလို့ရှိရင် လက်မခံရမယ့် အကြောင်းတွေအများကြီးပဲ၊ အမေ့ဗိုက်ထဲ နေတုန်းက ကိုယ်အဖေနဲ့ ကိုယ့်အမေ မြင်ခဲ့ရတာမှ မဟုတ်ဘဲနဲ့၊ အပြင်ဘက်ရောက်မှ ဘေးကလူတွေက အဖေလို့ပြောလို့ အဖေဆိုပြီး လက်ခံနေကြရတာ။

အေး `၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ´ဆိုပြီး အရင်တုန်းက စာအုပ်တစ်အုပ် မြန်မာပြည်မှာ ထွက်ဘူးတယ်။ တကယ်ကတော့ သူလက်မခံတာပါ။ စာပေကျမ်းဂန်မှာ လိုက်ပြီးတော့ ကြည့်မယ်ဆိုရင် ထေရ၀ါဒပိဋကတ်၊ သံဂါယနာ ခြောက်တန်က အသိအမှတ်ပြုပြီးတော့ လက်ခံထားတဲ့ ကျမ်းဂန်တွေထဲမှာ ၃၁-ဘုံ ဆိုတာ အတိအလင်း ပါရှိပြီးသားဖြစ်တယ်။ ထိုထိုဘုံတွေရဲ့အကြောင်းကို ရေးသားထားတာ အကြောင်းအားလျော်စွာပေါ့.. နော်..၊ (မှန်လှပါဘုရား)။

အေး တချို့ကလည်းပဲ ဘုံတွေအကြောင်းများတာ လူတွေကို ဘုံခန်းနဲ့ မြှောက်တယ်-လို့ ဒီလိုထင်ကြသေးတယ်။ ဘုံဆိုတာ သူ့ဟာသူရှိတာ မြှောက်စရာအကြောင်းလည်း မဟုတ်ပါဘူး.. နော်၊ (မှန်လှပါဘုရား)။ ဘုံဆိုတာ သတ္တ၀ါတို့ရဲ့ ဖြစ်ရာဌာနကို ပြောတာလေ၊ `ဘူမိ´ဆိုတဲ့ ဒီပါဠိစကားလုံးကနေလာတော့ လူသတ္တ၀ါတွေရဲ့ ဖြစ်ရာနေရာကို လူ့ဘုံလို့ ဒီလိုခေါ်တာ၊ လူသတ္တ၀ါတွေနဲ့ မတူညီတဲ့ အခြားသတ္တ၀ါတွေ မြောက်များစွာ ရှိတယ်ဆိုတာ ဒါ မမြင်ရပေမဲ့လို့ ရှိနိုင်တယ်ဆိုတာ အများကြီးပဲ လက်ခံစရာ၊ အဲဒီတော့ သတ္တ၀ါရှိတယ်ဆိုတာ စိတ်ကူးယဉ်ပြီး ပြောတာတော့ မဟုတ်ဘူး။ ထိုသတ္တ၀ါတွေဟာ ဘာကံကြောင့် အဲဒီဘုံရောက်တယ်၊ ထိုဘုံရဲ့ ပဋိသန္ဓေစိတ်က ဘာတွေလဲ၊ ထိုဘုံမှာ ဘာတွေဖြစ်သလဲဆိုတာ တိတိလင်းလင်း ဟောထားတာ။ ဆိုပါစို့ စိတ်ကူးပြီး ဘယ်ဘုံရှိတယ်လို့ ပြောတာမှ မဟုတ်ပဲ၊ အဲဒီဘုံမှာ သတ္တ၀ါတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျ အကြောင်းနဲ့ အကျိုးနဲ့ သေသေချာချာ ဟောထားတာဖြစ်သည့်အတွက်ကြောင့် သာမာန် မှန်းရမ်းပြီးတော့ ပြောတာမဟုတ်ဘူး။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောတယ်၊ `ယဒေ၀ သာမံ ဉာတံ၊ သာမံ ၀ိဒိတံ´- ငါကိုယ်တိုင်သိတာတဲ့၊ ငါကိုယ်တိုင်သိပြီးတာကို ဟောတာ၊ သူများဆီက ကြားပြီး ဟောတာမဟုတ်ဘူး ၃၁-ဘုံနဲ့ ပတ်သက်လာလို့ရှိရင်၊ ဘုံတွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက ငါကိုယ်တိုင်သိလို့ ငါကိုယ်တိုင်မြင်လို ဟောတာလို့၊ ဒါဖြင့် ဘာဖြစ်လို့သိတာတုံး၊ ဘာနဲ့သိတာတုံးလို့ မေးလို့ရှိရင် မြတ်စွာဘုရားမှာ ဒိဗ္ဗစက္ခုလို့ ဆိုတဲ့ အင်မတန်အစွမ်းထက်တဲ့ မနေ့တုံးကပြောထားတယ်၊ စိတ်ကို အာရုံနဲ့ လေ့ကျင့်လိုက်သည့် အတွက်ကြောင့် ထူးခြားတဲ့ အမြင်တစ်မျိုးကို ရရှိထားတယ်၊ သမာဓိစွမ်းအားတွေ ဖြစ်တယ်၊ အဲဒီ ဒိဗ္ဗစက္ခုဆိုတဲ့ အဘိဉာဉ်စွမ်းအားတွေ ရလိုက်တာနဲ့ တပြိုင်နက် ထိုဒိဗ္ဗစက္ခုဉာဏ်ရဲ့ အပွားဖြစ်တဲ့ ယထာကမ္မူပဂဉာဏ်၊ ဘယ်ကံလုပ်ရင် ဘယ်အလုပ်လုပ်ရင် ဘယ်မှာဖြစ်မယ်ဆိုတာကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သိလို့ မြင်နေတယ်ပေါ့၊ အကြောင်းတရားတွေကို ကြည့်ပြီးတော့ မြင်နေတာ။ (….)

အေး မြန်မာပြည်မှာ တစ်ချိန်တုံးက မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ စောဒကတက်တယ်၊ ဘုရားရဲ့ဉာဏ်နဲ့ပတ်သက်ပြီး သဗ္ဗညုတဉာဏ်ဆိုတာရှိသလား ဆိုပြီး၊ ဒီလိုပုဂ္ဂိုလ်မျိုးတွေကလည်း ထွက်လာသေးတယ်နော်။

တချို့ကလည်းရောယောင်ပြီးတော့ ရှောက်ပြီးတော့ စာတွေထဲမှာရေးကြတာရှိတယ်၊ `ဗုဒ္ဓနဲ့ ဗုဒ္ဓ၀ါဒ´ ဆိုပြီးနာမည်တပ်ပြီးတော့ အဲဒီထဲမှာ ကိုယ့်ဝါဒတွေရေးတာတွေ ရှိသေးတယ်။ အင်မတန်မှ သတိထားစရာကောင်းတယ်နော်၊ အဲဒီထဲမှာ ဘယ်လိုရေးထားသတုန်းဆိုရင် မြတ်စွာဘုရားက သူ့ကိုသူ သဗ္ဗညုတဉာဏ်ရှိတယ်လို့ ၀န်မခံဘူးတဲ့ ဆိုပြီးတော့ သူက refer- လုပ်တယ်၊ ညွန်းတဲ့သုတ်တွေက ဘာသုတ်တွေတုန်းဆိုတော့ အဲဒီညွန်တဲ့သုတ်တွေထဲမှာ ဘယ်လိုအဓိပ္ပါယ်ရှိတုန်း သေချာစာကို ဖတ်ပုံမရဘူး၊ အဲဒီထဲမှာ `သတတံ သမိတံ ဉာဏဒဿနံ ဇာဂရတောပိ သုတ္တတောပိ စရတောပိ တိဋ္ဌတောပိ´အဲဒီစကားလုံးလေးတွေ ပါတယ်။ တခြားဗုဒ္ဓနဲ့ခေတ်ပြိုင် အယူဝါဒရှိတဲ့ မက္ခလိဂေါသာလ-စတဲ့ ပုဂ္ဂိုလ်တွေက သူတို့မှာလည်း သဗ္ဗညုတဉာဏ်ရှိတယ်လို့ ၀န်ခံကြတယ်။ သူတို့ဝန်ခံတဲ့ သဗ္ဗညုတဉာဏ်က ဘယ်လိုအမျိုးအစားတုန်းလို့ ဆိုလို့ရှိရင် အိပ်နေတုန်းဖြစ်စေ ရပ်နေတုန်းဖြစ်စေ သွားနေတုန်းဖြစ်စေ ဘယ်အချိန်မှာမဆို သူ့ဉာဏ်ကြီးက ရှိနေတယ်လို့ ၀န်ခံတယ်။ ဒါအဓိပ္ပါယ်မှ မရှိဘဲ၊ အိပ်ပျော်နေတာ ဘယ်လိုလုပ် ဉာဏ်ကရှိမတုန်း။ အဲဒီစကားလုံးပါတာကို သတိမထားဘူး၊ မြတ်စွာဘုရားက အဲဒီ ဉာဏ်မျိုးရှိသလားလို့ မေးတဲ့အခါကြတော့ မရှိဘူးလို့ ဖြေတာပေါ့၊ ဘယ်ရှိမတုန်း အိပ်နေတုန်းဆိုတာ omnipresent- ဆိုတာ ထာဝရ အမြဲတမ်းရှိနေတယ်ဆိုတာ ဘယ်ဟုတ်မတုန်း၊ ဒါ ယုတ္တိလည်းမရှိဘူး၊ ထာဝရအမြဲရှိနေတာ၊ အဲဒီလိုဉာဏ်မျိုးတော့ မြတ်စွာဘုရားမှာ မရှိဘူး၊ ကျိန်းစက်တော်မူနေတဲ့ အချိန် ဘယ်ဉာဏ်ရှိမလဲ။ ကျိန်းစက်နေရင်တော့ ဘ၀င်စိတ်ပဲဖြစ်မှာပေါ့၊ အိပ်ပျော်နေတာကိုး၊ အဲဒီတော့ အချိန်မရွေး ဉာဏ်ကြီးဟာ မီးကြီးထွန်းထားရင် လင်းနေသလို အချိန်မရွေး လင်းနေတယ်လို့ ဒီလို ၀န်ခံတာဟာတော့ ရီစရာကြီးပေါ့။

မြတ်စွာဘုရားကိုယ်တိုင်ကလည်း ဝေဖန်ထားတယ် ဒီ တချို့ဘုရားတွေဟာ သူတို့မှာ ဒီလို အိပ်နေတုန်းရော နိုးနေတုန်းရော သွားနေတုန်းရော ထိုင်နေတုန်းရော အမြဲတမ်း ဉာဏ်တော်ကြီးက လင်းနေတယ်ပြောတယ်တဲ့ ဒါပေမဲ့လို့ လမ်းမှားလို့ လမ်းမသိလို့ လမ်းမေးရတာရှိတယ်တဲ့ နာမည်မသိလို့မေးရတာ ရှိတယ်တဲ့ မဟုတ်တဲ့လမ်းရောက်သွားလို့ ဒုက္ခရောက်သွားတာတွေရှိတယ်တဲ့၊ ကဲ ဘယ်လိုလုပ်မလဲ၊ အမြဲတမ်း ဉာဏ်ကြီးရှိနေရင် လမ်းမှားပါ့မလား၊ လမ်းမေးစရာကော လိုသေးသလား၊ မလိုဘူး၊

မြတ်စွာဘုရားမှာရှိတဲ့ သဗ္ဗညုတဉာဏ်မျိုးဆိုတာ ဘယ်လိုဟာတုန်းဆိုရင် `သိချင်လို့ ကြည့်လိုက်လို့ရှိရင် အကြွင်းအကျန်မရှိအောင်သိတဲ့ဉာဏ်၊´ သိချင်ပြီ ဉာဏ်ကိုအသုံးချပြီဆိုရင် ဉာဏ်ဆိုတာ ဓားလိုပဲလေ၊ ဓားအိမ်ထဲထည့်ထားရင် ဘယ်ခုတ်လို့ရမလဲ။ ထုတ်ပြီး အသုံးပြုပြီဆိုလို့ရှိရင် ဓားရှိတယ် ခုတ်လို့ရတယ် ဒါပြောတာ၊ ဘုရားရဲ့ သဗ္ဗညုတဉာဏ်စွမ်းအား၊ ဒီအကြောင်းအရာတစ်ခုကို သိချင်လို့ ကြည့်လိုက်ပြီဆိုလို့ရှိရင် ဘာမှမကျန်ရအောင် အပိတ်အပင် အတားအဆီးမရှိအောင်၊ မရှိတာ `အနာဝရဏ´ လို့ခေါ်တယ်၊ အပိတ်အပင် အတားအဆီးမရှိတဲ့ဉာဏ်။

ပစ္စုပ္ပန်မှာပဲဖြစ်စေ အတိတ်မှာပဲဖြစ်စေ အနာဂတ်မှာပဲဖြစ်စေ ဘယ်လောက်ဝေးကွာ ဝေးကွာ ဘယ်လောက်နက်နဲနက်နဲ ဘယ်လောက် ခက်ခဲခက်ခဲ သိချင်လို့ ဦးလှည့်လိုက်ပြီဆို ရင် အကုန်မြင်ရတယ်လို့ပြောတာ အကုန်သိရတယ်လို့ပြောတာ၊ မသိချင်ဘူးဆိုရင်တော့ ဒီဉာဏ်က ဘယ်အလုပ်လုပ်မလဲ၊ ဒါသဘာဝမဟုတ်ဘူး၊ မသိချင်ဘဲနဲ့ သူ့ဟာသူ အလိုလိုလာသိနေရင် ဘယ်လိုလုပ် အိပ်လို့ရမလဲ၊ Omnipresent- ဆိုတာ မဖြစ်နိုင်ဘူးပေါ့၊ အဲတော့ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ခုကနလို အိပ်နေတုန်း အမြဲတမ်းရှိနေတဲ့ သဗ္ဗညုတဉာဏ်မျိုးကိုတော့ ဘုရားက လက်မခံဘူး၊ အဲဒီလက်မခံတာကိုပဲ ရောပြီး ဘုရားမှာ သဗ္ဗညုတဉာဏ်ရှိကြောင်း မြတ်စွာဘုရား လက်မခံဘူး-လို့ ရောယောင်ပြီး ရေးတာမျိုးတွေ ရှိတယ်၊ မြန်မာပြည်မှာ စာအုပ်တွေ၊ ပြီးတော့ အဲဒီလိုစာအုပ်ထဲမှာပဲ နိုင်ငံခြားသားက ရေးတာတွေကို အဟုတ်ထင်ပြီးတော့ အင်္ဂလိပ်လိုရေးလိုက်လို့ရှိရင် တစ်ချို့မြန်မာပြည်က အင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်တွေကလည်း အင်္ဂလိပ်လို့ ရေးလိုက်လို့ရှိရင် အဟုတ်ထင်တယ်။ အဲဒါလဲပဲ သတိထားစရာလေးတွေ ရှိတယ်။

`အခုလိုပြောရတာဟာ သူများကို ပြစ်တင်ရှုတ်ချ ကဲ့ရဲ့လို၍ ပြောတာမဟုတ်ဘူး၊ သတိထားဖို့ပြောတာ။´

အဲမြန်မာလိုရေးထားတဲ့ နိုင်ငံခြားက အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေကို ကိုးကားပြီးတော့ နောက်ယောင်လိုက်ထားတဲ့ စာအုပ်တွေထဲမှာ ဘာတွေ ရေးထားတုန်းဆိုတော့ `မြတ်စွာဘုရားက ၃၁-ဘုံကို လက်မခံဘူးတဲ့၊ ဗြဟ္မာပြည်ရှိတယ် ဆိုတာကို လက်မခံဘူးတဲ့၊ သူဆွဲထားတာ၊ ဆွဲထားပြီးတော့ ဘာကို အကိုးအကားပြတုန်းလို့ ဆိုတဲ့အခါကျတော့ တေ၀ိဇ္ဇသုတ်မှာတဲ့ မြတ်စွာဘုရားက ၀ါသေဋ္ဌဆိုတဲ့ ပုဏ္ဏားကို မေးတယ်၊ မင်းတို့ဆရာတွေရော ဗြဟ္မာကို မြင်ဖူးလား-လို့ မေးတော့ မမြင်းဖူးဘူး၊ ဒါဖြင့် မင်းတို့ဆရာ့ဆရာကြီးတွေရော မြင်ဘူးလားဆိုတော့၊ မမြင်ဖူးဘူး။ ဒါဖြင့် မင်းတို့ ဝေဒကျမ်းပြု ရှေးဟောင်းရသေ့ကြီးတွေကရော ဗြဟ္မာကို မြင်ခဲ့ဖူးလားဆိုတော့၊ မမြင်ဖူးဘူး၊ ဒါဖြင့် မင်းတို့ဟာ မမြင်ဖူးပဲနဲ့ ပြောနေကြတာ ရမ်းပြီးတော့ ရှေ့ကလူကလည်း မမြင်၊ နောက်ကလူကလည်း မမြင်ဘူးဆိုတဲ့ မျက်မမြင် သူကန်းတွေရဲ့ အစဉ်အတန်းကြီးလို ဖြစ်နေတာပေါ့-လို့ မြတ်စွာဘုရားက ပြောတယ်။

အဲဒီစကားလေးကို ထောက်ပြီးတော့ သူက ကြည့်တဲ့ မြတ်စွာဘုရားက ဗြဟ္မာမရှိဘူး-လို့ ပြောတယ်တဲ့၊ ဟော၊ အဲဒီ စာပိုဒ်လေးရဲ့ နောက်ကို ဆက်ဖတ်လိုက်လို့ရှိရင် ဘုရားက ဘယ်လိုပြောထားတုန်းဆိုတော့ အဲဒါကျတော့ မြှုပ်ထားလိုက်တယ်၊ မြတ်စွာဘုရားက ဘယ်လိုဆက်ပြောသတုန်းဆို `၀ါသေဋ္ဌ၊ ငါက ဗြဟ္မာကိုလည်း မြင်ဘူးတယ်၊ ဗြဟ္မာပြည်ရောက်ကြောင်းတရားကိုလည်း သိတယ်၊´ အဲဒါကျတော့ ထည့်မရေးတော့ဘူး။

ဒါကြောင့်မို့လို့ `Buddhism- ကို လေ့လာမယ်ဆိုရင် မူရင်းကျမ်းကို ဖတ်ပါ။ မြတ်စွာဘုရား တရားတော်ကို လေ့လာမယ်ဆိုလို့ရှိရင် မူရင်းကျမ်းကို ဖတ်ဖြစ်အောင်ဖတ်၊ ကိုးထားတာလေးနဲ့ မကျေနပ်နဲ့။´

ဗုဒ္ဓရဲ့ အယူဝါဒကို မိမိရဲ့ အယူအဆတွေနဲ့ pollution- လုပ်တယ်ပေါ့။ Polluted-ဆိုတာ ညစ်နွမ်းစေတာ၊ လေကို ညစ်နွမ်းစေတာ air-pollution; ရေကို ညစ်နွမ်းစေလို့ရှိရင် water-pollution; အသံတွေ ဆူညံနေလို့ရှိရင် noise-pollution; အလင်းရောင်တွေ သိပ်များနေလို့ရှိပင် light-pollution; မှားယွင်းတဲ့ အယူအဆတွေ ထည့်ပြီးတော့ ပြောလို့ရှိရင် view-pollution- ပေါ့။

အဲဒါကြောင့်မို့လို့ အင်မတန်သတိထားစရာ ကောင်းတယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဟောထားတဲ့မူရင်းကျမ်း၊ ဆိုလိုတာက တစ်ပိုင်းတစ်စတော့ လက်ခံတယ်၊ တစ်ပိုင်းတစ်စတော့ လက်မခံဘူးဆိုတော့ ဘာနဲ့တူတုန်းဆိုရင် `ငါကြိုက်ရင် အမှန်၊ ငါမကြိုက်တာ အမှား´ ဒီပုံစံမျိုးရောက်နေတယ်၊ မကိုးဘူးဆိုရင် တစ်သုတ်လုံး မကိုးနဲ့လေ၊ ကိုးပြီဆိုရင်လည်း ချန်မထားနဲ့ အကုန်ကိုးရမယ်။ ရှေ့စကား နောက်စကား အကုန်လုံး ပြည့်ပြည့်စုံစုံ ထည့်ရမယ်၊ ကိုယ်လိုချင်တဲ့ အပိုဒ်လေးကို ဖြတ်ယူပြီးတော့ ကိုယ်လိုချင်တဲ့ နိဂုံး၊ conclusion- ဆွဲတာကတော့ အင်မတန်မှ ဆိုးဝါးတယ်၊ ဒါမျိုးတွေ ရှိတယ်။

ဘုန်းကြီးတို့ ငယ်ရွယ်စဉ်ကတည်းက အဲဒီစာအုပ်ကို ဖတ်ဖူးတယ်။ စိတ်ဝင်စားလို့ ဖတ်ထားပြီးတော့ အဲဒီစာအုပ်ရဲ့ ရှေ့ပိုင်း စာရွက်အလွတ်မှာ ရေးထားတယ်။

`ဤစာအုပ်သည် `ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ´ဟု နာမည်တပ်ထားသော်လည်း သူ့ဝါဒတွေကိုသာ တင်ပြထားသည်ဖြစ်၍ ဖတ်တဲ့လူတိုင်း သတိထား၍ ဖတ်ကြပါ´လို့။ တကယ်တမ်းတော့ ဘုရားဝါဒ ဟုတ်မှမဟုတ်ဘဲ။ (….)

ဒါကြောင့်မို့ တစ်ခါတစ်ရံများ `၃၁-ဘုံဝါဒဟာ ဘုရားဟောမဟုတ်ဘူး၊ မျက်စိနဲ့ မမြင်ရလို့ မရှိဘူးလို့များ တစ်ချို့တစ်လေ အယူအဆမှားယွင်းမှာစိုးလို့ ပြောပြနေတာ။ ရှိနိုင်တယ်ဆိုတာ ကိုယ်မမြင်ရပေမယ်လို့ ရှိနိုင်တာတွေ ရှိနေတာတွေဟာ လောကမှာ အများကြီးရှိတယ်ပေါ့။

(ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ `အယူအဆမှားယွင်းမှာ စိုးရိမ်တော်မူသည့်အတွက်´ သတိပေး ဟောကြားတော်မူချက်ကို စာဖတ်ပရိသတ်များလည်း သိရှိမှတ်သားနိုင်ရန် အနည်းငယ် ကောက်နှုတ်တင်ပြကာ ပူဇော်လိုက်ပါသည်။)

အရှင်ကောဝိဒ

Read more...

ဗုဒ္ဓဂေါတမဟာ အငြင်းအခုံ သန်သလားတဲ့

ဒကာ။ ။ တချို့သော ၀ါဒရှင်တွေက ဗုဒ္ဓဂေါတမဟာ အလွန်အငြင်းသန်တယ်၊ သူ မပေါ်ခင် လာရှိထားကြတဲ့ အယူဝါဒအစွဲတွေကို နိုင်အောင်ငြင်းပြီးတော့ ဖျက်စီးကာ အနိုင်လျှောက်ယူနေတာပဲ။ သစ္စကပရိဗိုဇ်စတဲ့ တကယ့်ပညာရှိဗြဟ္မဏကြီးတွေနဲ့လည်း ပြိုင်ငြင်းတာပဲ စသည်ဖြင့် ပြောသံကြားရလို့ပါ ဆရာတော်၊ မြတ်စွာဘုရားဟာ အငြင်းသန်သလား။
ဆရာ။ ။ ဟင့်အင်း….မြတ်စွာဘုရားဟာ ဘယ်သူနှင့်မှ မငြင်းခုံဘူး၊ အငြင်းအခုံကို ၀ါသနာနှင့်တကွ ပယ်စွန့်ပြီးသားပဲဟာ၊ ဂေါတမဘုရားမှာ ခန္တီ၊ မေတ္တာ အမြဲတမ်းရှိနေတယ်၊ ဘုရားရှင်ကိုသာ လူလောက နတ်လောကသားတွေက လာ လာပြီးငြင်းခုံကြတာ ဖြစ်တယ်၊ ဒကာကြီးတို့ရ။
ဒကာ။ ။ သစ္စက ပရိဗိုဇ် စတဲ့ ဒိဋ္ဌိကြီးတွေနဲ့ ၀ါဒပြိုင်ပွဲကြီးတွေ လုပ်တာဟာ သူတို့နဲ့ ငြင်းခုံတာ မဟုတ်ဘူးလား ဆရာတော်။
ဆရာ။ ။ ငြင်းခုံတာက သူတို့က၊ သူတို့ကသာ ဘုရားကို ပြန်ပြန်ငြင်းနေကြတာ၊ မြတ်စွာဘုရားက ငြင်းတာ မဟုတ်ပါဘူး၊ အမှန်တရားကိုသာ ပြောပြ ဖြေကြားပေးနေတာပါ၊ ဒီပြဿနာနဲ့စပ်ပြီး ခန္ဓ၀ဂ္ဂသံယုတ် ပုပ္ဖသုတ် ပါဠိတော်မှာ ဗုဒ္ဓကိုယ်တိုင် မိန့်ကြားတော်မူတာရှိတယ်။
(၁) နာဟံ ဘိက္ခဝေ လောကေန ဝိဝဒါမိ။
(၂) လောကေဝ မယာ ဝိဝဒတိ။
(၃) န ဘိက္ခဝေ ဓမ္မဝါဒီ ကေနစိ လောကသ္မိံ ဝိဝဒတိ။

(၁) ရဟန်းတို့ ငါဘုရားဟာ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါခေါ်တဲ့ လောကသားအပေါင်းနှင့် ဘယ်သောအခါမှ မငြင်းခုံပါဘူး။
(၂) လောကသားဖြစ်တဲ့ လူတွေ နတ်တွေ ဗြဟ္မာတွေ ကသာ ငါဘုရားနှင့် လာ လာ ပြိုင်ဆိုင်ငြင်းခုံနေတာပါ။
(၃) ရဟန်းတို့ အမှန်တရားကိုသာ ထုတ်ဆိုဟောကြား ပြောပြသွားလေ့ရှိသော ပုဂ္ဂိုလ်ဟာ ဘယ်သူနဲ့မှ ပြိုင်ဆိုင် ငြင်းခုံမှု မပြုပါတဲ့။
ဆိုလိုရင်းကတော့ အမှန်တရားကိုသာ ပြောကြား ပြောကြားနေသောကြောင့် အဲဒီ အမှန်တရား ပြောကြားနေတဲ့သူဟာ ဘယ်သူနဲ့မှ ငြင်းခုံသည် မမည်ပါဘူးလို့ ဆိုတာပဲ၊ ကဲ…သဘောကျရဲ့လား။
ဒကာ။ ။ မှန်တဲ့ဘက်ကတော့ အမြဲနိုင်နေတာပဲဟာ ငြင်းစရာ မလိုတော့ပါဘူး၊ သဘောကျ ကျေနပ်ပါတယ် ဆရာတော်။

Read more...

သိက္ခာထပ် မင်္ဂလာဆင်ယင်ကျင်းပပြီးစီး





မြန်မာလူမျိုးတို့ အတွက် နေ့စဉ်စကားအသုံးအနှုံးအများစုတွင် ဗုဒ္ဓဘုရားအဆုံးအမ များ စိမ့်ဝင်ပြန့်နှံ့ နေသည်။ စကားခြောက်ခွန်း လူ၌ထွန်း လေးခွန်းကို ပယ် နှစ်ခွန်း တွယ် ဆိုတဲ့ စကား လုံးများက ဗုဒ္ဓမြတ်ဘုရား ရဲ့ သုဂတ ဂုဏ်တော် နှင့်တိုက် ရိုက်ဆက်စပ် ပတ်သက်နေပါတယ်။ သုဂတော အနက်က သုဂတော- ဟုတ်မှန် ကျိုးများ ကြိုက် မကြိုက်အားဖြင့် နှစ်ပါး သော စကား ကောင်း ကိုသာ ပြောဆိုတတ်သော မြတ်စွာဘုရား၊ သုဂတော- နိဗ္ဗာန် သို့ ကောင်းစွာ ကြွသွား တော် မူသော မြတ်စွာဘုရား .ဖြစ်ပါတယ်။ အဲဒီအထဲက နှစ်ပါးသော စကား ကောင်းဆိုတာကို ၊
မစ္ဇျိမ ပဏ္ဏာသ ပါဠိတော် မှာ.

(၁) ဟုတ်မှန် ၍ အကျိုးရှိပြီး သူလည်း နာလိုသော စကား၊
(၂) ဟုတ်မှန် ၍ အကျိုးရှိပြီး သူများ မနာလိုသော စကား၊
(၃) ဟုတ်မှန် ၍ အကျိုးမရှိ သူများလည်း မကြားနာ လိုသော စကား၊
(၄) မဟုတ်မမှန် အကျိုးရှိ၍ သူများ ကြားနာလိုသော စကား၊
(၅) မဟုတ် မမှန် အကျိုးမရှိ သူများ ကြားနာလိုသော စကား၊
(၆) မဟုတ် မမှန် အကျိုးလည်းမရှိ သူများလည်း မကြားနာလိုသော စကား၊

ဟူသော ဤ စကား ခြောက်ခွန်းတွင် ဘုရားရှင် တို့မှာ ပ- ဒု စကား နှစ်ခွန်းကို သာ သင့်လျော်သလို သုံးစွဲတော်မူကြပြီး၊ နောက်လေးခွန်း ကို လုံးဝ ပြောဆိုခြင်း မပြုဟု ဆိုပါတယ်။မိမိက ကောင်းသော အကျိုးရှိသော စကားကို ပြောဆိုနေစေကာမူ နားထောင်သူ တစ်ပါး၏ စရိုက် နှင့် ကိုက်ညီမှ သာ အဲဒီစကားကို အလိုက်သင့် လက်ခံ သဘောကျပေလိမ့်မယ်။ စကားပြောရာ တိုက်တွန်း ရာ ၌ ကောင်းမွန် သည်ပင် ဖြစ်စေကာမူ နားထောင်သူ အလို အကြိုက်စရိုက် နှင့် မကိုက်ညီပါမူ မကောင်းသော စကားဟု အထင်ခံရတတ်ကြောင်း ဒုက္ကထာသုတ် (အံ-၅-ပါ-၁၅၉)မှာ ဖေါ်ပြထားပါတယ်။

(၁) သဒ္ဓါတရား မရှိသူအား သဒ္ဓါတရားနှင့်စပ်သော စကားသည် မကောင်းသော စကား.
(၂) သီလ မရှိသူအား သီလနှင့်စပ်သော စကားသည် မကောင်းသော စကား၊
(၃) အကြားအမြင်နည်းပါးသူအား အကြားအမြင် များမှုနှင့် စပ်သော စကားသည် မကောင်းသော စကား၊
(၄) ၀န်တိုသူအား စွန့်ကြဲမှု နှင့် စပ်သော စကားသည် မကောင်းသော စကား ၊
(၅) ပညာမရှိသူအား ပညာနှင့် စပ်သော စကားသည် မကောင်းသော စကား .အဖြစ်အထင်ခံရကြောင်း နှင့်

အပြန်အလှန်အားဖြင့် နားထောင်သူရဲ့ အလို အကြိုက် စရိုက်နဲ့ ကိုက်ညီလျှင်မူ ထိုသူအတွက် စကားကောင်းဖြစ် ရပြန်တယ်။ ဒီတော့
(၁) သဒ္ဓါတရား ရှိသူ အတွက် သဒ္ဓါ တရား နှင့်စပ်တဲ့စကား သည် စကားကောင်း..
(၂) သီလ ရှိသူအတွက် သီလတရားနှင့် စပ်တဲ့စကားသည် စကားကောင်း၊
(၃) အကြားအမြင် များသူအတွက် အကြားအမြင်ဗဟုသုတ နှင့် စပ်တဲ့စကားသည် စကားကောင်း၊
(၄) စွန့်ကြဲမှု ရှိသူအတွက် ပေးကမ်းစွန့်ကြဲမှု နှင့်စပ်တဲ့စကားသည် စကားကောင်း၊
(၅) ပညာ ရှိသူအတွက် ပညာ နှင့် စပ်တဲ့စကား ဟာ စကားကောင်းဖြစ်တယ်။

မိမိမှာ ရှိနေတဲ. သဒ္ဓါ.သီလ.ဗဟုသုတ.စာဂ .ပညာ စတဲ့ အရာကို ပြောကြားလာရင် ထိုအရာတွေနှင့် ပြည့်စုံနေတဲ့အတွက် နှစ်သက်ဝမ်းမြောက်မှု ကို ရတယ်။ ဒါကြောင့် အဆိုပါ ပုဂ္ဂိုလ်ငါးမျိုး တို့ အားပြောအပ်တဲ့ စကား သည် ပုဂ္ဂိုလ် အစားစား ကို လိုက်၍ ကောင်းတဲ့စကား ဖြစ်လာရတယ် လို့ ဘုရားရှင်က ညွှန်ပြဟောဆိုပါတယ်။

ဒါ့အပြင် စကားကောင်း တို့ရဲ့ အင်္ဂါ (၄) ပါးကို သဂါထာဝဂ္ဂ သံယုတ် ၊ သုဘာသိတ သုတ်မှာ ဆိုထားပါသေးတယ်။

ကောင်းစွာဆိုအပ်တဲ့စကား၊ မကောင်းသဖြင့် ဆိုအပ်တဲ့ စကားမမည်၊ အပြစ်လည်း မရှိ၊ ပညာ ရှိတို့ မကဲ့ရဲ့ အပ် တဲ့စကား (ပညာနုံဖျင်း လူ့ဗာလ နှင့် ဘာသာခြားတို့ ကဲ့ရဲ့ချင် ကဲ့ရဲ့ပါစေ) လို့ညွှန်ပြထားတာက..
(၁) ကောင်းစွာ ဆိုအပ် တဲ့ စကား၊
(၂) တရားနှင့် ညီသော စကား၊
(၃) ချစ်ခင်ဖွယ် သော စကား၊
(၄) မှန်သော စကား၊

အဲဒီ ၄ ပါးမှာ (၁) က ပထမ အမြတ်ဆုံး စကား (ဟုတ်မှန် ကျိုးများ ကြိုက်မကြိက် .ဆိုသော စကား) ၊
(၂) (၃)(၄) ကား အစဉ်အတိုင်း အမြတ်စကား ဟု ဘုရားရှင် ညွှန်ပြတော်မူပါတယ်။

စကားဆိုတာ လူတိုင်း ပြောဆိုနေကြတာပါ။ ပြော သာ ပြော နေတယ်။ မတတ်တာ က စကား လို့ ဆိုကြပါသေးတယ်။ ဘာကြောင့်လဲ…စကားကောင်း မပြောတတ်တဲ့အတွက် ဟု ပင် ဆိုရပါလိမ့်မယ်။
စကားပြောသူနှင့် စပ်ပြီး ပုဂ္ဂိုလ် သုံး မျိုး ရှိကြောင်း ဂူထဘာဏီ သုတ်(အံ-၃-ပါ-၁၂၅) မှာ ဆိုထားပါတယ်။ အချို့က မြင်တာ ကို မမြင်ဘူး၊ မြင်တာကိုမြင်တယ် စသည်ဖြင့် မုသာဝါဒ ကိုရေလဲ သုံး တတ်တဲ့ သူမျိုး၊ လာဘ်ပေးလာဘ်ယူ မတရားသက်သေလိုက် တတ်တဲ့သူမျိုးများ၊ ၊မုသား မပါ လင်္ကာမချော လို့လည်း သူတို့ရဲ့ အပြစ်ကိုကာဗာ လုပ်တတ်သူ များ ရှိပါတယ်။ အဲဒီသူမျိုးကိုတော့ မစင် ကဲ့သို့ မကောင်းသော အနံ့ ရှိသော စကား ကို ဆိုတတ် သူ- ဂူထဘာဏီ ပုဂ္ဂိုလ် တဲ့။

အချို့ ကတော့ မြင်တာ ကိုမြင်တယ်၊ မမြင်တာ ကို မမြင်ဘူး၊ ဟု မှန်မှန်ကန်ကန်ပြောဆိုတတ်သူများ ရှိပါ တယ်။ အပြစ်လုပ်မိရင်လည်း ၀န်ခံ တယ်။ သိလျက် မမှန်တဲ့ စကားကို မပြော ဆို။ ထိုသူများကိုတော့ပန်းကဲ့ သို့ ကောင်းသော အနံ့ ရှိသော စကားကို ပြောတတ်သူ - ပုပ္ဖဘာဏီ ပုဂ္ဂိုလ် ။

နောက်ဆုံး တစ်မျိုးကတော့ အပြစ်ကင်းတဲ့စကား၊ နှစ်လိုဖွယ် စကား ၊ ယဉ်ယဉ်ကျေးကျေး ပြော တတ် တယ်။ ထိုသူများကိုတော့ ပျားကဲ့ သို့ချိုသာ စကားကို ဆိုတတ်သူ - မဓုဘာဏီ ပုဂ္ဂိုလ် ဟု ဘုရားရှင် မိန့် ဆိုတော် မူပါ တယ်။

နေ့စဉ် လူမှု ဆက်ဆံ ရေးနယ်ပယ်၊ တစ်ဦးနှင့် တစ်ဦး စကားပြောဆို ဆက်ဆံ ရာမှာ ဘယ်နည်းဘယ်ပုံ စကားကို ပြောရမယ်။ ဘယ်လိုဘယ်ပုံ မပြောသင့်ဘူး၊ ဘယ်လိုမျိုး စကား ပြောသူ ကို ရှောင်၊ ဘယ်လိုမျိုး စကားကို ပြောရင် လူအများရဲ့ ချစ်ခင် နှစ်သက် မှု ကို ရပြီး လူမှု ဆက်ဆံ ရေးမှာ အောင်မြင် နိုင်မယ်…စသည်ဖြင့် ပိဋကတ် တော်ထဲမှာ အသေးစိတ် နည်းပေး ညွှန်ပြထားတာ တွေ့နိုင်ပါတယ်။ စကားပြောကောင်းသူတစ်ယောက် ဖြစ်လာဖို့ သင်ယူလေ့ကျင့်ကြဖို့ လိုအပ်မယ် လို့ထင်ပါတယ်။

စကားပြောကောင်းခြင်းဖြင့် နေ့စဉ် လူမှု ဆက်ဆံရေမှာ အဆင်ပြေအောင်မြင်ခြင်း၊ အပေါင်းအသင်း ၀င်ဆန့်ခြင်း၊ လုပ်ငန်းအဆင်ပြေချောမွေ့ခြင်း၊ အများရဲ့ ချစ်ခင်လေးစားမှု ရရှိခြင်း စတဲ့ လက်ငင်းအကျိုးများသာမက နိဗ္ဗာန် မ၈်ဖိုလ် ပန်းတိုင် သို့ပင် ပို့ဆောင်ပေးနိုင်တယ် လို့ ဆိုရင် ပိုလွန်းသည် ဟု တစ်ချို့က ဆိုချင် ဆိုကြပါလိမ့်မယ်။

ဘုရားပွင့်တော်မူလာခြင်းက လောက သားအားလုံး ဆင်းရဲကင်းပျောက်ချမ်းသာရောက်ဖို့ အတွက်ဖြစ်ပြီး ဆင်းရဲခြင်းအမှန်တရား၊ ဆင်းရဲကြောင်းအမှန်တရား နှင့် ဆင်းရဲငြိမ်းရာအမှန်တရား နှင့် ဆင်းရဲကင်းပျောက်ချမ်းသာရောက် စေနိုင်တဲ့လမ်းစဉ် ကျင့်စဉ် တရား ကိုညွှန်ပြခဲ့ပါတယ်။ သစ္စာလေး ပါး လို့သိနားလည်တဲ့အရာပါပဲ။ အဲဒီအထဲက နိဗ္ဗာန်ရောက်စေတဲ့ လမ်းစဉ်အဖြစ် မဂ္ဂင် ရှစ်ပါး ကိုဟောဖေါ်ညွှန်ပြတော်မူပါတယ်။ မဂ္ဂင် ရှစ်ပါး ကို အကျဉ်းချုပ်လိုက် ပါ က သီလ၊ သမာဓိ၊ ပညာ ဤ သုံးပါး ရပါတယ်။

ထိုတွင်. သီလ မရှိရင် သမာဓိ မတည်၊ သမာဓိ မတည် လျှင် ပညာ မဖြစ် ၊ ပညာ မပ်ါလျှင် နိဗ္ဗာန် ရောက်ရိုး ထုံးစံ မရှိရကား၊ သီလ တရားသည် နိဗ္ဗာန် ရကြောင်း အခြေခံ ပင် ဖြစ်နေပါ၏။ သီလ မဂ္ဂင်များ စုံညီရေးအတွက် သမ္မာ ၀ါစာ သည် မရှိမဖြစ် အရေးပါနေပါ၏။ စကားမပြောတတ်လျှင် သမ္မာ ၀ါစာမဖြစ်၊ သမ္မာ ၀ါစာ မဖြစ်လျှင် မဂ္ဂင် မရထိုက်၊ မဂ္ဂင် မရ ထိုက်လျှင် မဂ် မဆိုက်နိုင်၊မဂ် မဆိုက်လျှင် နိဗ္ဗာန် မရ နိုင် ဖြစ်ရ လေသောကြောင့် - စကားပြောတတ်မှ နိဗ္ဗာန်ရ၊ နိဗ္ဗာန် ရချင် စကားကောင်းပြောတတ်သူ ဖြစ်အောင် သင်ဟုသာ ဆိုလိုက်ရပါသည်။ (forward email)

Read more...

ဆင်ဖြူတော်

ရှေးမြန်မာမင်းများသည် ဆင်ဖြူတော်များကို အလွန်ပင် အရေးထားခဲ့ကြကြောင်း တွေ့ရှိရသည်။ အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ် (သီရိလင်္ကာ)၊ မလေးဆူမတြား၊ ယိုးဒယား စသော အာရှတိုက်သားတို့သည် ရှေးအခါက ဆင်များကို အများအပြားသုံးစွဲခဲ့ကြ၏။

ဆင်နှင့်ဆိုင်သော (တိရစ္ဆာန်ဗေဒ) ပညာရပ်များကို သိရှိနားလည်ကြသည့် ဂဇင်ကိစ္ဆ (ဆင်ကုထုံး) ကျမ်းအမျိုးမျိုးတို့ကိုလည်း ရေးသားခဲ့ကြသည်။ ဆင်ကြန်ကျမ်းများတွင် ဆင်ဇာတ်အမျိုးမျိုး၊ ဆင်ဖြစ်ရာဒေသ အမျိုးမျိုး၊ ဆင်ကြန်အင် လက္ခဏာအမျိုးမျိုး၊ အကျိုးအပြစ် အမျိုးမျိုး၊ အသုံးပြုနည်း အမျိုးမျိုး တို့ကို အကျယ်တ၀င့် ရေးသားဖော်ပြခဲ့ကြ၏။

( ပိဋကျမ်းထွက် ဆင်ဖြူတော်များ )
ပိဋကတ်တော် အဖွင့်များဖြစ်သော ၀ိဘင်း၊ အဋ္ဌကထာ၊ မူလပဏ္ဏာသ မဟာသီဟနာဒသုတ်၊ အဋ္ဌကထာ စသည်တို့၌
(၁) ကာဠာဝကဆင်
(၂) ဂင်္ဂေယျဆင်
(၃) ပဏ္ဍရဆင်
(၄) တမ္ဗဆင်
(၅) ပိင်္ဂလဆင်
(၆) ဂန္ဓဆင်
(၇) မင်္ဂလဆင်
(၈) ဘေမဆင်
(၉) ဥပေါသထဆင်
(၁၀) ဆဒ္ဒန္တဆင်-ဟူသော ဆင် ၁၀-မျိုးတို့ကို ပြဆိုထား၏။

တဖန် ကာဠာဝကဆင်ကလည်း ဂီရိစရ (တောင်နေဆင်)၊
နဒီစရ (မြစ်နေဆင်)၊
ဝနစရ (တောနေဆင်) စသည်ဖြင့် အမျိုးများစွာ ရှိပြန်သေးသည်ဟု သီဟနာဒသုတ်ဋီကာ စသည်တို့တွင် ပြဆိုထား၏။

(ဗေဒင်ကျမ်းထွက် ဆင်ဖြူတော်များ)
(၁) ဘဒြဆင်
(၂) မန္တဆင်
(၃) မိဂဆင်
(၄) သံကိဏ္ဏဆင်
(၅) မိဿရဆင်
(၆) ကေဒန္တဆင်
(၇) ဒန္တဘင်္ဂဆင်
(၈) ကုဉ္စရဆင်
(၉) ပါသတ္တိဆင် -ဟူသော ဗေဒင်ကျမ်းထွက် (၉)စီးတွင် ဘဒြဆင်မှာ ဆင်ဖြူတော်မျိုး ဖြစ်သည်။
အရပ် ၇-တောင် ရှိသည်။ အလျား ၉-တောင် ရှိသည်။ လုံးပတ် ၃၀-တောင်ရှိသည်။ တောဝက်ထီးနှင့်တူသော ခြေလေးဖက်ရှိသည်။ ပျားရည်အဆင်းနှင့်တူသော အစွယ်ရှိသည်။ လောက်လေးကိုင်းနှင့်တူသော ကျောကုန်းရိုး ရှိသည်ဟုလည်းဆို၏။

အခြားတနည်းမှာ-
(၁) မဟာကဏ္ဏဆင်
(၂) ၀ီသနဆင်
(၃) သီဟဇင်္ဂဆင်
(၄) ဂေါပုစ္ဆဆင်
(၅) ဒန္တိဥက္ခဆင်
(၆) ဧကဒန္တဆင်
(၇) နာဂဌိတဆင်
(၈) သေတဆင်-ဟူသော ဗေဒင်ကျမ်းထွက်ဆင် ၈-စီးပြဆိုထားသည်။
ထိုအထဲတွင် သေတဆင်သည် ဆင်ဖြူတော်ပင် ဖြစ်၏။

( ဆင်ဖြူ ၁၂-မျိုး)
ရိုးရာအစဉ်အလာအရ ဆင်ဖြူ ၁၂-မျိုးဟူ၍ ရှိသေးသည်။ ယင်းတို့မှာ-
(၁) ရတနာ သရဖူ ဆင်ဖြူတော်၊ ငွေသားရောင်ကဲ့သို့ ဦးကင်းဖြူသည်။
(၂) ရတနာ ပလ္လင် ဆင်ဖြူတော်၊ ဘုရင်မင်းမြတ်တို့ ထိုင်သည့်နေရာ၌ ဖြူသည်။
(၃) ရတနာက တင် ဆင်ဖြူတော်၊ ဆင်ကတင်သည့်နေရာတွင် ဖြူသည်။
(၄) ရတနာက ကျည်းဆင်ဖြူတော်၊ ကိုယ်ပြင်၏ လက်ဝဲလက်ယာ၌ ဖြူသည်။
(၅) ရတနာ ထောက်ရှည် ဆင်ဖြူတော်၊ လှည်းဘီးခန့်နံ၏ အပြင်ဘက်၌ ဖြူသည့်ပြင် ခြေထောက်လေးဖက်လည်း ဖြူသည်။
(၆) ရတနာ ပြသာဒ် ဆင်ဖြူတော်၊ ကုန်းဖြူသည်။
(၇) ရတနာသိမ်း ၁-ဆင်ဖြူတော်၊ သရက်စေ့မှ ခါးအထိ တံရောက်အရေပါဖြူသည်။
(၈) ရတနာပုံ ဆင်ဖြူတော်၊ မေးအဆုံး မေးစေ့ ဖြူသည်။
(၉) ရတနာဆုပ် ဆင်ဖြူတော်၊ နှာရုံ နှာဖျားလှထွားဖြူသည်။
(၁၀) ရတနာကြန့် ဆင်ဖြူတော်၊ ၀မ်းတွင်းကျောတလျှောက် ဖြူသည်။
(၁၁) ရတနာယပ် ဆင်ဖြူတော်၊ နားရွက်နှစ်ဖက် ငွေစင်ကဲ့သို့ ဖြူသည်။
(၁၂) ရတနာ ကြန်စုံ ဆင်ဖြူတော်၊ တကိုယ်လုံး ဖြူသော ဆင်ဖြူတော်။

ထိုဆင်ဖြူတော် ၁၂-မျိုးတို့တွင် ရတနာကြန်စုံ ဆင်ဖြူတော်သာလျှင် ဆင်ဖြူတော်အစစ် ဖြစ်သည်။
ကျန် ၁၁-မျိုးတို့မှာ သာမည အဖြူရောင်ပါရှိ၏။ ဆင်ဖြူဟု ခေါ်ဆိုရခြင်းဖြစ်သည်။ တကိုယ်လုံးဖြူသော ဆင်ပင်ဖြစ်စေကာမူ အမျိုးနိမ့်မြင့် ကွဲပြားလေသည်။ ကြန်အင်လက္ခဏာလည်း ကွဲပြားသေးကြောင်း သတိရမှတ်သားသင့်၏။

(ဆင်ဖြူတော်ဆိုင်ရာ စာတမ်းများ)
ဆင်ဖြူတော်များ အကြောင်းဆိုင်ရာ စာတမ်းများမှာ-
(၁) စစ်လျှင် ထောင်မှူးရှင်ထွေးညို စပ်ဆိုသော ရွှေစာတိုင် ဆင်ဖြူတော်မော်ကွန်း။
(၂) တွင်းသင်းမင်းကြီး စပ်ဆိုသော ပုဏ္ဍရိက ဆင်တော်မော်ကွန်းနှင့် ၀ရသေတဂိရိ ဆင်တော်မော်ကွန်း။
(၃) လက်ဆောင်ယူမှူးရှင် သံကိုယ် စပ်ဆိုသော ရတနာပြောင်မွန် ဆင်တော်မော်ကွန်း။
(၄) အတွင်းဝန်ထောက် မောင်ညို စပ်ဆိုသော ရွှေမင်းတုန်း ဆင်တော်မော်ကွန်း။
(၅) ပိဋကတ်တိုက်ဝါး ရမ္မသီရိကျော်ထင် စပ်ဆိုသော ဆဒ္ဒန်ပြောင်ကျော် ဆင်တော်မော်ကွန်း စသည်တို့ ဖြစ်ကြ၏။

(မြန်မာဘုရင်များနှင့် ဆင်ဖြူတော်များ)
ဆင်ဖြူတော်များကို ရှေးမြန်မာ မင်းများသည် အလွန်ပင် အရေးထားခဲ့ကြ၏။
ဆင်ဖြူတစီးရလျှင် တစီးရှင်-ဟူ၍၄င်း၊
လေးစီးရလျှင် လေးစီးရှင်-ဟူ၍၄င်း၊
ငါးစီးရလျှင် ငါးစီးရှင်-ဟူ၍၄င်း၊
အများရလျှင် ဆင်များရှင်-ဟူ၍၄င်း၊
ဆင်ဖြူ ဆင်နီများရှင်-ဟူ၍၄င်း အမျိုးမျိုးပင် ဂုဏ်ယူကာ အမည်ခံတတ်ကြ၏။

ပင်းယခေတ် တစီးရှင် သီဟသူ (၆၇၄-၆၈၄) သည် တစီးရှင်-ဟူသော အမည်ကို ခံယူလိုသည်။ ထို့ကြောင့် စမုံမြစ်တွင် မျောပါလာသော ဆင်ဖြူမ (အသေကောင်) ကိုပင် ဆယ်ယူရန် ညှပ်လုပ်ကာ စက်ဖြင့်ထူပြီး ရတနာကတင်၍ စီးတော်မူသည်ဟု ရာဇ၀င်တွင် အထင်အရှား ဆိုထား၏။

ဆင်ဖြူရသော မင်းများကိုလည်း ဆင်ဖြူ မရသော မင်းများက ခံ့ညားရိုသေတတ်ကြသည်။ ဥဇနာမင်း (၆၈၄-၇၀၄) သည် ကျော်စွာမင်း (၇၀၄-၇၁၂) အားဆင်ဖြူငါးစီးရသည်ဟု ကြားသောကြောင့် ညီ,မခေါ်ဖူးဘဲ ညီ,ခေါ်သည်ဟု ဆို၏။

ဟံသာဝတီမင်းတရားကြီးသည် ယိုးဒယားသို့ စစ်နှစ်ကြိမ် ချီတက်သည်။ ပထမအကြိမ် တက်ခြင်းမှာ ယိုးဒယားတွင် ဆင်ဖြူလေးစီးရှိသည့်အနက် တစီးတောင်းသည်ကို မရသောကြောင့် ချီတက်ခြင်းဖြစ်သည်ဟု ရာဇ၀င်များတွင် ပြဆိုထား၏။

(အမြင့်မြတ် အကြီးကျယ်ဆုံး)
မြန်မာမင်းလက်ထက်တော်အခါက ဆင်များကို ထူးဆင်၊ ထူးဆင်မတော်၊ စီးစုဆင်မတော်၊ စီးတော်ကြီး၊ ရွေးဆင်၊ ၀င်းဆင်၊ ထမ်းဆင်တော်၊ ၀န်ရည်ဆင်တော်၊ မှိန်သစ်ဆင်တော်၊ ကျင်းဆင်၊ ဆင်မင်းစသည်ဖြင့် ခွဲခြားထားသည်။ ထိုအထဲတွင် ဆင်မင်းမှာ အမြင့်မြတ်၊ အကြီးကျယ်ဆုံးဖြစ်၏။

(ဆင်အမှုထမ်း)
မြန်မာမင်းများလက်ထက်တော်အခါက ဆင်ဝန်၊ အောက်မားဝန်၊ ဆင်မှူး၊ ဆင်စာရီ၊ ဆင်ကဲ၊ ဆင်တိုင်အမှုထမ်း၊ ရွေလွန်အမှုထမ်း၊ ကျုံးမှူး၊ ယရည်း၊ ဆင်အစီရင်၊ ဆင်ဆေးသမား၊ ဆင်ဆော်၊ ဆင်အမှုထမ်း စသည်ဖြင့် အရာထမ်း အမှုထမ်းများကို စေ့ငအောင်ခန့်ထား စီမံခဲ့ကြောင်း သိရှိရ၏။

ဆင်ဝန်ဖြစ်ထိုက်သူတွင်-
(၁) တိရစ္ဆာန်တို့အား သားသမီးကဲ့သို့ သနားချစ်ခင်ခြင်း။
(၂) သင့်တော်သော အစားကို သိခြင်း။
(၃) တိရစ္ဆာန်ဆေးဝါးကုသရေး၌ လိမ္မာခြင်း။
(၄) ယဉ်ကျေးအောင် ဆုံးမတတ်ခြင်း။
(၅) ဇာတ်အင်္ဂလက္ခဏာတို့ကို သိတတ်ခြင်း-စသော လက္ခဏာ ၅-ချက် ရှိရမည်ဟုဆို၏။

ိထို့ပြင်လည်း ဆဒ္ဒန်ဆင်မင်းဝန်-ဟူ၍၄င်း၊ ဆင်မင်းဝန်ထောက်-ဟူ၍၄င်း၊ ဆင်မင်းနာခံ၊ ဆင်မင်း စာရေးကြီး၊ ဆင်မင်းနောက်ထိုင်၊ ဆင်မင်းမြတ်ပို့ စသည်ဖြင့် သီးသန့်ခန့်ထားစီမံထားကြောင်းကိုလည်း သိရှိရ၏။

( မင်းတုန်းမင်းတရားကြီး လက်ထက်)
မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင် မောရိယ ပစ္စယနာဂရာဇာ-ဆင်မင်းအတွက် ဆင်မင်းဝန်အပြင် လခ ၁၂၀-စား၊ ဆင်မင်းနာခံလေးဦးခ ၁၂၀-စား၊ စာရေးကြီးလေးဦး၊ လခ ၃၀၀-စား၊ ဆင်မင်း နောက်တော်ထိုင် ဆယ်ဦး။ ဆင်မင်းနှင့် (ဆင်ဖြူတော်များ) မြတ်ပို့လခ ၇၀၅-ကျပ်စား အမှုထမ်းခုနစ်ဦး စသည်ဖြင့် ရှိခဲ့ကြောင်း သိရ၏။

(ဆင်ဖြူတော်အကြောင်း သိကောင်းစရာ)
ရှေးမြန်မာမင်းများ လက်ထက်တော်အခါက ဆင်ဖြူတော်ကို ကြိုဆိုသည့်အခမ်းအနားနှင့် အကြောင်းအရာများ၊
ဆင်ဖြူတော်ကို သိမ်းယူသည့် အခမ်းအနားများနှင့် အကြောင်းအရာများ။
ဆင်မင်းနန်းတော် ဆောက်လုပ်၍ ပုံအကြောင်းအရာများ။
ဆင်ဖြူတော်များ ကံကုန်လျှင် သင်္ဂြိုဟ်သည့်အခမ်းအနားများ။
ဆင်ဖြူတော်ကို ခေါင်းဆေးသင်္ကြန်တော်ခေါ်ပုံ အခမ်းအနားနှင့် အကြောင်းအရာများ။
ဆင်ဖြူတော်ကို တန်ဆာဆင်သပုံ အကြောင်းအရာများကို ရာဇ၀င်တော်ကြီးနှင့် ဆိုင်ရာစာတမ်းများတွင် အကျယ်တ၀င့် ပါရှိ၏။
ကုန်းဘောင်ခေတ် ဘိုးတော်ဗဒုံမင်းတရားကြီး လက်ထက်တော်တွင် အလွန်ထင်ရှားကျော်စောသော နိဗ္ဗနပစ္စယနနာဂရာဇာ-ဆင်မင်းအကြောင်းနှင့် ဆင်ဖြူတော်မ-သီရိမလ္လာမဟာသုဘတ္တာ-အကြောင်းများကို ရာဇ၀င်ခန်းများနှင့်ဆိုင်ရာ စာတမ်းများတွင် အကျယ်တ၀င့် ရေးသားဖော်ပြထား၏။

(သုတေသနပြုသင့်)
အထက်ဖော်ပြပါ ဆင်ဖြူတော် အကြောင်းအရာများမှာ မပြည့်စုံသေးပေ။ ဆင်ဖြူတော်အကြောင်း နိဒါန်းမျှသာဖြစ်၏။
ကမ္ဘာပေါ်ရှိ တောတောင်တိုင်း၌ ဆင်များရှိသည်မဟုတ်ပေ။ အာရှနှင့် အာဖရိက တောတောင်များ၌သာ ဆင်များကို မြင်တွေ့ကြရသည်။ ယင်းသို့ ဆင်များကို တွေ့ရှိသည့်တိုင်အောင် ဆင်ဖြူတော်မှာ-အလွန်ရရှိခဲ့သော ရတနာတပါး ဖြစ်၏။

ဆင်နှင့်ပတ်သက်၍ ဗေဒင်လာဆင် ၃၈၊
ဟေမ၀န်နေ ဆင် ၄၄၊
ကျွမ်းဆင် ၈၁-မှစ၍ ဆင်အမျိုးအစားပေါင်း များစွာရှိသည်။ ထို့အပြင်လည်း ရုပ်ပုံနှင့်တကွ ဆင်ကျမ်းများနှင့် ဆင်ဖြူတော်အကြောင်း မူကွဲများစွာလည်း ရှိသေးသည်ဆို၏။

ဆင်ဖြူတော်များအကြောင်းကို ရာဇ၀င်များ၌၄င်း၊ ဆိုင်ရာ စာတမ်းများ၌၄င်း၊ ရှေးစာဟောင်း ပေဟောင်းများ၌၄င်း၊ ပါရှိသည်များကို စုစည်း၍ ပညာရှင်များက သုတေသနပြုပြီး စာတအုပ် ကျမ်းတစောင်အဖြစ် ပြုစုထားသင့်ပေသတည်း။

အားလုံးသတ္တ၀ါ ချမ်းသာပါစေ။
သုတေသီမြင့်ထွန်း။

ကျမ်းကိုးစာရင်း။
၁။ ဆရာကြီး ဦးဘိုးမြင့်-၏ လောကဟိတရာဦကျမ်း (၁၂၆၅-ခုနှစ် တောသ်လင်းလတွင် ပုံနှိပ်)။
(၂) ဆရာကြီး ဦးသာဂရ စီစဉ်ရေးသားသည့် သုတသန္နိစယမူကျယ်ကျမ်း။
(၃) ၀ဏ္ဏကျော်ထင် ဦးသာတင်-၏ ဆင်ဖြူတော် ရတနာ (ဆောင်းပါး) ယဉ်ကျေးမှု စာစောင် အတွဲ ၃၊ အမှတ် ၅၊ ၁၉၅၉-ခုနှစ်၊ အောက်တိုဘာလ။

ငွေတာရီ
၂၀၀၃-ဖေဖော်ဝါရီလ

Read more...

မဇ္ဈိမရောက်မြန်မာရဟန်းတော်များအတွက် နေဇင်လတ်



ပညာရေးကဏ္ဍဆွေးနွေးကြရာတွင် မြန်မာပြည်မှ မိမိစရိတ်ဖြင့် လာရောက်ကာ Management and Leadership Course သင်ကြားပို့ချပေးမည့် ဆရာကြီးဒေါက်တာနေဇင်လတ်အတွက် သင်တန်းကာလအတွင်း နေရာထိုင်ခင်းစီစဉ်ပေးရန်၊ သင်တန်းပြီးဆုံးလျှင် ဆရာကြီးအား သာသနာတော်နှင့်လျောက်ပတ်သည့် ဓမ္မလက်ဆောင်တစ်ခုပေးအပ်ရန်၊ သင်တန်းအတွက်သာမက အဖွဲ့ကြီးအတွက် လိုအပ်မည့် ပရော်ဂျက်တာတစ်ခု ၀ယ်ယူရန်၊ သင်တန်းကာလမှာ (၁၀) ရက်ဖြစ်ပြီး သင်တန်းကို အောက်တိုဘာပထမပတ်တွင် စတင်နိုင်ရန် သင်တန်းတက်ရောက်ကြမည့် ရဟန်းတော်များအတွက် ဆွေးနွေးကြရာတွင် အိန္ဒိယနိုင်ငံတက္ကသိုလ်အသီးသီးရှိ အဖွဲ့ဝင်ရဟန်းတော် များအားလုံး မည်သည့်ပုဂ္ဂိုလ်မဆို တက်ရောက်ဖို့ ဖိတ်ကြားရန်၊ သင်တန်းတက်ရောက်ကြမည့် ရဟန်းတော်များအား အဖွဲ့ကြီးမှ ခရီးစရိတ်တာဝန်ယူနိုင်မည် မဟုတ်သော်လည်း စာရွက်စာတမ်းနှင့် အခြားလိုအပ်မည့် အရာများကို တတ်နိုင်သမျှ ပံ့ပိုးပေးရန် အတည်ပြုခဲ့ကြပါသည်။
(အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ ၊ ဧကာဒသမနှစ်၊ ဒုတိယလေးလပတ်အစည်းအဝေးမှတ်တမ်း)

အိန္ဒိယနိုင်ငံဗုဒ္ဓဂယာရှိ အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့၊ မြန်မာဗုဒ္ဓ ဘာသာ ပညာရေးဗိမာန်တော်တွင် အဖွဲ့ဝင်မြန်မာရဟန်းတော်များအား ဓမ္မဒါနသင်တန်းပို့ချပေးမည့် ဆရာကြီး ဒေါက်တာနေဇင်လတ်သည် အောက်တိုဘာလ (၆) ရက်နေ့တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်မည့် ရဟန်းတော်များ ကြိုတင်သိရှိနိုင်စေရန် ဆရာကြီး ဒေါက်တာနေဇင်လတ်၏ ကိုယ်ရေးအကျဉ်းနှင့် ဆရာကြီး၏ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြအပ်ပါသည်။ (သင်တန်းရက် မကြာမီကြေငြာပါမည်။)

ဒေါက်တာနေဇင်လတ်

ဒေါက်တာနေဇင်လတ် (၁၉၅၂)
၁။ အမည်ရင်း နေဇင်လတ်
၂။မိဘအမည်-ဦးယုထော်+ဒေါ်ကြင်နု
၃။မွေးသက္ကရာဇ်-၁၉-၁၂-၁၉၅၂
၎။မွေးဖွားရာဒေသ- ရန်ကုန်

ကိုယ်ရေးဖြစ်စဉ်

နေဇင်လတ်ကို ၁၉၅၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အဖဦးယုထော် အမိ ဒေါ်ကြင်နုတို့က ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ နေဇင်လတ်ဖြစ်သည်။

၁၉၅၈ ခုနှစ်တွင် St। John Diocesan Boy's School (လမ်းမတော် အထက -၁) မှ မူလတန်းအောင်မြင်ပြီး ၁၉၆၆ ခုနှစ်တွင် အလယ်တန်းကို အထက(၁) တောင်ဥက္ကလာပတွင် သင်ယူခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ အထက (၆) ဗိုလ်တထောင်မှ အထက်တန်းအောင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ ဗိသုကာဘွဲ့(B।Arch) ရရှိခဲ့သည်။ MBA (ADAM University, US), Doctor of Business Administration ကို (Brookes University, UK) မှ ရရှိခဲ့သည်။ H।G।P।, D।A., Dip in English, DL 101, Cert: Advance Diplomatic Skill သင်တန်းများအောင်မြင်ခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်လောင်းသင်တန်းအပတ်စဉ် (၆၁) သို့ တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အမှတ်(၉၀၁) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊စစ်အင်ဂျင်နီယာပြန်ကြားရေးရုံး၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အမှတ်(၉၅၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။

နေဇင်လတ်သည် ၁၉၇၃ ခုနှစ်မှ စ၍ ရန်ကုန်စက်မှုတက္ကသိုလ်မဂ္ဂဇင်း၊တံခွန်မဂ္ဂဇင်း၊ သပြေမဂ္ဂဇင်းများတွင် စာပေများကို စတင်ရေးသားခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ပုလဲမြို့ပြမဂ္ဂဇင်းတွင် စာပေများကို ပြန်လည်ရေးသားခဲ့ပြီး စက်မှုတက္ကသိုလ်မဂ္ဂဇင်း၊ တံခွန်၊ သပြေ၊ ရွှေအမြုတေ၊ ပန်၊ သဇင်၊ ၊ Executive၊ CEO၊ Life Style၊ Ecovision၊ Fashion Image၊ Perfect စသည့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားခဲ့သည်။

၁၉၇၃ ခုနှစ်မှ စ၍ ခေတ်သစ်လူသားတို့ ကျင်လည်လှုပ်ရှားရသည့် စီးပွားလူမှုဆိုင်ရာ၊ ဗဟုသုတဆိုင်ရာ ဆောင်းပါးများကို ရွှေအမြုတေမဂ္ဂဇင်း၊ CEO မဂ္ဂဇင်းတို့တွင် အဆက်မပြတ် ရေးသားခဲ့သည်။ ယခုအခါ AMBO Co। Ltd। နှင့် AMBO Hotel Group ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ADAM University တွင် Principal အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးအဖြစ် လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

နေဇင်လတ်ရေးသားပြုစုခဲ့သော စာအုပ်များ
၁။ ပညာခေတ်နှင့် မြန်မာ့စံနှုန်း၂၀၀၄)
၂။ လူ သို့မဟုတ် အနာဂတ်ဖြင့် ရှင်သန်သူ(၂၀၀၄)
၃။ 10 Days, MBA (၂၀၀၅)
၎။ ပညာမတတ်သော ပညာရှိ၊ ပညာမရှိသော ပညာတတ်( ၂၀၀၅)
၅။ ခေါင်းဆောင် - ခေၝင်းဆောင်မှုနှင့် ကမ္ဘာ့အမြင်( ၂၀၀၇)
၆။ စိန်ခေါ်မှုများနှင့် မဟာဗျူဟာစီမံခန့်ခွဲမှု (၂၀၀၇)
၇။ လုပ်ပိုင်ခွင့်ရှိသူ လုပ်ပိုင်သူ( ၂၀၀၈)
၈။ လူတော်လား လူကောင်းလား (၂၀၀၈)
၉။ ဦးဆောင်သူ ဘယ်လောက် အရေးကြီးသလဲ (၂၀၀၈)
၁၀။ အမွေပေးသူဆိုရာမှာ(၂၀၀၈)
၁၁။ ဦးဆောင်ခြင်းသည် ခေၝင်းဆောင်မဟုတ် (၂၀၀၈)
၁၂။ စီးပွားဖျက်သူလျှို (၁) (၂၀၀၈)
၁၃။ New 10 Days, MBA (၂၀၀၉)
၁၄။ ပီတာဒရပ်ကာ (၂၀၀၉)
၁၅။ ယုံကြည်မှုအပေါ် နားလည်ခြင်းနှင့် လက်တွေ့လုပ်ငန်းခွင်အင်တာဗျူး(၂၀၀၉)
ဤဆိုဒ်မှ ကူးယူဖော်ပြပါသည်။


ဆရာဒေါက်တာနေဇင်လတ်၏ ဆောင်းပါးတစ်ပုဒ်ကိုလည်း ဖော်ပြအပ်သည်။



ပေးဆပ်ကြရာတွင်
by နေဇင်လတ်

ဦးရွှေအောင်၏ ဗုဒ္ဓ၀ါဒ ပေါ်ထွန်းခြင်း စာအုပ်သည် ဘာသာရေး လေ့လာလိုသူများ သာမက အတွေးအခေါ်ပိုင်း လေ့လာလိုသူများ၊ လူ့အဖွဲ့အစည်း တစ်ရပ်အတွက် စဉ်းစားကြသူများ၊ ဖတ်ရှုလေ့လာဖို့ ကောင်းသည်။ ဗုဒ္ဓက လောကနှင့် ပတ်သက်၍ လောကအပေါ် ကြင်နာတတ်ဖို့ လိုသည်။ ၎င်းမှ မဟာကရုဏာတော်ကို ရရှိသည်။ အနစ်နာခံတတ်ဖို့ လိုသည်။ ၎င်းမှ အရဟတ္တမဂ် ဉာဏ်တော်ကို ရသည်။ သူတစ်ပါး အကျိုးကို ဆောင်ရွက်တတ်ဖို့ လိုသည်။ ၎င်းမှ သဗ္ဗညုတ ဉာဏ်တော်ကို ရသည်ဟု ဆိုထားပါသည်။

ဗုဒ္ဓတို့ ပေါ်ထွန်းခဲ့သော ဘီစီ (၆) ရာစု ခေတ်သည် ၀ိဇ္ဇာရှုထောင့်မှ ထူးထူးခြားခြား ဖြစ်ခဲ့၏။ စရဏရှု ထောင့်မှလည်း ထူးထူးခြားခြား ဖြစ်ခဲ့၏။ ထိုစဉ်က သူတို့သည် လောကအကြောင်း ပို၍ စူးစမ်းခဲ့ကြသည်။ လောကအကျိုး ပို၍ ဦးထိပ်ထားခဲ့ကြ သည်ဟု ယူဆနိုင်သော် ရနိုင်ကောင်း၏။ အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတ ရွှေဉာဏ်တော် ရ၊ မရသည် အဓိက မဟုတ်။ မဟာကရုဏာတော် မဟုတ်ဘဲ သာမန် ကရုဏာဖြင့်ပင် လူတို့သည် လောကနှင့် ဆက်စပ်သော မိမိ တို့၏ လူမှု အဖွဲ့အစည်း တစ်ရပ်အတွက် ကြင်နာတတ်ဖို့၊ အနစ်နာခံတတ်ဖို့၊ အများ အကျိုးအတွက် တစ်စုံတစ်ရာ ဆောင်ရွက်တတ်ဖို့ လိုအပ်ပေသည်။

လူတိုင်းကသာ အတ္တကို အခြေခံ၍ ရယူလိုသူချည်း ဖြစ်လျှင် လောကသည်လည်း ပျက်စီး၍ မိမိတို့၏ အမျိုးဘာသာ၊ သာသနာ တို့သည်လည်း ကွယ်ပျောက်ကြမည် ဖြစ်ပါသည်။ အနည်းဆုံး လူတိုင်းသည် 'ရယူလိုမှု' နှင့် 'ပေးဆပ်လိုမှု' နှစ်ခုကြား မဇ္ဈိမ ပဋိပဒါဖြင့် ရှိသင့်ကြသည်။

အကျိုးပေး
အနောက် ကမ္ဘာထက် အရှေ့ကမ္ဘာက အကျိုးပေးတို့ အကြောင်း ပို၍ လေ့လာခဲ့ကြပြီး ဖြစ်သည်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တို့က 'အကျိုးပေး' 'တူသောအကျိုးပေး'တို့ အကြောင်း ယုံကြည်ချက်ပို၍ ထားခဲ့ကြသည်။ အကျိုးပေးနှင့် ပတ်သက်လျှင် အဆင့် (၃) ဆင့်ကို တွေ့နိုင်သည်။

ပထမအဆင့်တွင် အလိုဆန္ဒ (ကာမ)၊ ဒုတိယအဆင့်တွင် အလိုဆန္ဒနှင့် လျှော်ညီသော ကြံစည်မှု (ကြတု)၊ တတိယအဆင့်တွင် ကြံစည်သည့် အတိုင်း ဆောင်ရွက်မှု (ကမ္မ) ဟူ၍ အဆင့် (၃)ဆင့်ရှိပြီး ထိုသုံးဆင့်လုံးဖြင့် ပြည့်စုံသောအခါ အကျိုးပေး (ဖလ)ဟူ၍ ရပေသည်။ ဤတွင် ဆောင်ရွက်သူသည် ဆန္ဒမှန်လျှင် လည်းကောင်း၊ ကြံစည်မှုမှန်လျှင် လည်းကောင်း၊ ဆောင်ရွက်မှုမှန်လျှင် လည်းကောင်း၊ လောကအတွက် ကောင်းသော အကျိုးကျေးဇူးများ ထွက်ပေါ်လာသလို ဆောင်ရွက်သူ အတွက်လည်း တူညီသော အကျိုးပေးကို ပြန်လည်ခံစားရမည် ဖြစ်သည်။ ဆန္ဒမှား၊ ကြံစည်မှုမှား၊ ဆောင်ရွက်မှုမှားလျင်ကား လောကအတွက် ဆုတ်ယုတ်ကျိုးပေးသလိုဖြစ်၍ ဆောင်ရွက်သူ အတွက်လည်း တူသော အကျိုးပေးကိုသာ ပြန်လည် ရရှိမည် ဖြစ်သည်။ ဆောင်ရွက် ကြံစည်မှု များသည် ခေတ်သစ်စကားဖြင့် ဆိုလျှင် စွမ်းအင်တစ်ခုသာ ဖြစ်၍ စွမ်းအင်များသည် ပျောက်ပျက်မှု မရှိကြပေ။ စွမ်းအင်တည်မြဲခြင်း နိယာမကို ကောင်းစွာ လိုက်နာကြ၏။ စွမ်းအင်တည်မြဲခြင်း နိယာမကို ကောင်းစွာ လိုက်နာကြကြောင်းလည်း ခေတ်သစ်သိပ္ပံဖြင့် ထုတ်ဖော်ခဲ့ကြပြီး ဖြစ်သဖြင့် ကောင်းကျိုးလုပ်လျှင် ကောင်းကျိုးရ၍ ဆိုးကျိုးပြုခဲ့လျင် ဆိုးကျိုး ပြန်ရမည်ဟု ယုံမှားသံသယ မရှိအပ်တော့ချေ။

ဝိဘဇ္ဇ၀ါဒ
ဗုဒ္ဓ၏ ၀ိဘဇ္ဇ၀ါဒသည် ပိုင်းခြား ဝေဖန်ရသော ၀ါဒ ဖြစ်သည်။ ယနေ့ Analytical Thinking, Critical Thinking, Vertical Thinking တို့၏ အစုအပေါင်းလည်း ဖြစ်သည်။ ကာလမ ရွာသားများအားဟောကြားခဲ့သော 'ကာလမသုတ်' သည် အယူဝါဒ၊ အ ကြောင်းတရား တစ်ခုအပေါ် မျက်ကန်း မယုံကြည်ရန်နှင့် ကိုယ်ပိုင် အသိတို့ဖြင့် ခွဲခြမ်းစိတ်ဖြာ ဝေဖန်ပိုင်းခြားနိုင်ရန် များစွာ အထောက်အကူ ပေးခဲ့ပါသည်။

ပစ္စက္ခသိဒ္ဓခေါ် မျက်မျက်လက်တွေ့ သိနိုင်သော အချက်များ ရှိပါသည်။ ထို့အတူ အနုမာနသိဒ္ဓ၊ အာကပ္ပသိဒ္ဓခေါ် ဆင်ခြင်တွေးတော၍ ဖြစ်နိုင်သည်များကို ဆက်ဆံရသော အကြောင်းချင်းရာများလည်း လောကတွင် များပြားစွာ ရှိနေပါသည်။ သိဒ္ဓေ ယျသိန္ဓ ခေါ် မြတ်စွာဘုရား၏ ဉာဏ်တော်ကို ယုံကြည်၍ လက်ခံရသော အချက်များလည်း ရှိနေပြန်ပါသေးသည်။

ငယ်စဉ်က မိဘများ၏ 'ဒါမလုပ်နဲ့' ဟု ဆုံးမမှုများကို မျက်မြင် လက်တွေ့ မဟုတ်သေးသည့်အတွက် မလိုက်နာခဲ့မှုများ ရှိခဲ့ဖူးကြမည် ဖြစ်သည်။ သူတို့၏ အတွေ့အကြုံ၊ အဆင်အခြင်ဖြင့် ဆိုဆုံးမခဲ့ခြင်း ဖြစ်၍ 'နောင်မှမှန်' ကြောင်း ကြုံဖူးနိုင်ကြပေ မည်။ 'ကိုင်တွယ်၍မရ' 'မြင်၍မရ' သောကြောင့် 'လေ' မရှိဟူ၍ ငြင်းမရသည်မျိုးများလည်း လောကတွင် အပုံအပင် ဖြစ်ပါသည်။

ဗုဒ္ဓ၏ ၀ိဘစ္စ၀ါဒဖြင့် အရာအားလုံးကို ပိုင်းခြားဝေဖန် နိုင်ခဲ့လျှင် 'အကောင်း' 'အဆိုး' တို့ကို ကောင်းစွာ ခွဲခြားနိုင်မည် ဖြစ်ပါသည်။ အဆိုးများကို ဖြစ်ပေါ်စေမည့် 'အတ္တ'၏ အကြောင်းအရာများကိုလည်း ဖယ်ထုတ်နိုင်မည် ဖြစ်သည်။ အကောင်းများကို ၀ိဘစ္စ၀ါဒ ဖြင့် ရှာဖွေပြီး ဆောင်ရွက်နိုင်ကြလျှင် လောကအကျိုးကို သယ်ပိုးပြီးသား ဖြစ်ကြပါလိမ့်မည်။

လူ၏ စိတ်ဓာတ်၊ ကျင့်ဝတ်၊ သိက္ခာနှင့် ပညာ တို့သည် လူ၏တန်ဖိုးများသာ ဖြစ်သည်။ ဤအရည်အချင်းများ အရ 'အသက်ရှူ' မတူဟု ရှေးလူကြီးများက ဆိုခဲ့ကြခြင်း ဖြစ်သည်

ခံစားမှုမှအသိသို့
သက်မဲ့ဖြစ်သော ကျောက်တုံးတစ်တုံးတွင် ခံစားမှုမရှိ၊ အမှားအမှန်ကို မသိနိုင်။ သက်ရှိ ဖြစ်လာသော တိရစ္ဆာန်ကောင် တစ်ကောင်သည်လည်း ခံစားမှုရှိသော်လည်း အမှားအမှန်ကို ကောင်းစွာ ခွဲခြားနိုင်သော ဉာဏ်ရည် အသိဆင့် နည်းပါးပါသေးသည်။ ထို့ကြောင့် တိရစ္ဆန်များတွင် လိုအပ်ချက် (Necessity)ဟူသော ရှင်သန်ရေး (Survival)အတွက်သာ ရှင်သန်ကြရသည်။ လောကအကြောင်း မစဉ်းစားတတ်၊ မစဉ်းစားနိုင်၊ မျိုးဆက်သစ်တို့ အကြောင်း မစဉ်းစားနိုင်၊ မစဉ်း စားတတ်ကြချေ။

အမှားအမှန်ကို စဉ်းစားဝေဖန် ပိုင်းခြားနိုင်မှုသည် ခံစားမှု ရှိကြသော အရေအတွက် အနန္တရှိသော သတ္တလောကကြီး တစ်ခုလုံးတွင် 'လူ' တစ်မျိုးတည်း၌သာ တည်၏။ ထို့ကြောင့် ဗုဒ္ဓက လူ့ဘ၀ကို ရခဲလှသောဘ၀ဟု ဆိုခြင်းဖြစ်သည်။ လူတွင် ခံစားမှု ကောင်းစွာရှိ၏။ ထို့ထက်ပိုသော စွမ်းရည်ကား အမှားအမှန်ကို ဝေဖန်ပိုင်းခြား နိုင်ခြင်းပင် ဖြစ်သည်။

လူ၏စိတ်ဓာတ်၊ ကျင့်ဝတ်၊ သိက္ခာနှင့်ပညာ တို့သည် လူ၏ တန်ဖိုးများသာ ဖြစ်သည်။ ဤအရည်အချင်းများအရ 'အသက်ရှူ' မတူဟု ရှေးလူကြီးများက ဆိုခဲ့ကြခြင်း ဖြစ်သည်။ လူတို့နှင့် ပတ်သက်၍ ကျင့်ဝတ်ဟူသော Ethics အကြောင်းကို ဗုဒ္ဓက ကျယ်ပြန့်စွာ ဟောကြားခဲ့ပြီး ဖြစ်သည်။ အတ္တခွာ ကျင့်ဝတ်တို့ကိုသာ လိုက်နာနိုင်ပါက လောကအကျိုး၊ အမျိုးဘာသာ၊ သာသနာအကျိုး ဆောင်ရွက်ကြသူတို့ အလိုအလျှောက် ဖြစ်လာကြမည် ဖြစ်သည်။

အချို့ပညာနည်း၊ အသိနည်းသူများက Determinism သို့မဟုတ် Predestination ဟူသော ကံကြမ္မာကို ကြိုတင်ဆုံးဖြတ်သည် ဟူသည့် ၀ါဒအပေါ် မျက်လုံးမှိတ် ယုံကြည်ထားကြသူများ ရှိကြသည်။ ဗုဒ္ဓဖြစ်စေလိုသော ပညာကို လုံးဝမသုံးရာ ရောက် နေပါသည်။ သံသရာတစ်လျှောက် ဘ၀ပေါင်းများစွာက စုတေလာသော ကံကံ၏ အကျိုးဆက်က တစ်ပိုင်းရှိသလို ယခုဘ၀ ဉာဏ်၊ ၀ီရိယ၊ စိတ် တို့၏ အပိုင်းကလည်း တစ်ပိုင်း ရှိနေပါသေးသည်။ ရှင်ဘုရင် ဖြစ်မည့်သူက ရှင် ဘုရင် ဖြစ်လာရသော်လည်း ပုဂံမင်းလို ရာဇ၀င်မကောင်းသော ဘုရင်အဖြစ် ထိုစဉ်က သူလုပ်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ကဲ့သို့ ရှင်ဘုရင် များမှာလည်း သူတို့၏ ထိုစဉ်က ဆောင်ရွက်ချက်များကြောင့်သာ သမိုင်း ဖြစ်ခဲ့ခြင်း ဖြစ်သည်။

သူတောင်းစားချင်း တူသော်လည်း တောင်းကြသော ခွက်ထဲ ငွေအနည်းအများရခြင်း မတူသည်ကို သတိထားမိနိုင် ကြပါလိမ့်မည်။ ထည့်သူ၊ မထည့်သူ အားလုံးကို ကောင်းစွာ ဆုတောင်းပေးသော သူတောင်းစားခွက်က မထည့်သူအား မျက်စောင်းထိုးတတ်သော သူတောင်းစား ခွက်ထက် ပို၍ သဒ္ဓါကြေး ပိုနေတတ်သည်မှာ သူတို့၏ လုပ်ရပ်ကြောင့်သာ ဖြစ်ပါသည်။

ငွေအရနည်းသော သူတောင်းစားက ခံစားမှု သက်သက်ကိုသာ ခံစားသူဖြစ်ပြီး ငွေအရများသော သူတောင်းစားမှာ ခံစားမှုထက်ပိုသော အမှားအမှန် တို့ကို ဝေဖန်ပိုင်းခြားနိုင်မှု တစ်စုံတစ်ရာ ရှိလာခြင်းကြောင့် ဖြစ်သည်။ လူမှတစ်ပါး အခြား သတ္တ ၀ါတို့သည် 'သိစိတ်' နှင့် 'ခံစားမှု' ရှိကြသော်လည်း 'အဆင့်နိမ့် သိစိတ်'များသာ ဖြစ်ကြ၏။ အမှားအမှန် မဝေဖန်၊ မပိုင်းခြားနိုင်၍ သဒ္ဓါ၊ စေတနာတို့ ပါးလျကြသည်။ လူသည် 'အဆင့်မြင့် သိစိတ်' ရှိသူဖြစ်ပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ကောင်းစွာရှိကြသူများ ဖြစ်သည်။ သဒ္ဓါ၊ စေတနာ၊ ကရုဏာ တို့ကို ထားနိုင်ကြ၏။

အကယ်၍ တစ်ဦးတစ်ယောက်သည် အမှားအမှန်တို့ကို ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိဘဲ စေတနာ၊ သဒ္ဓါ၊ ကရုဏာတို့ ကင်းမဲ့သည် ရှိသော် ထိုသူတို့၏ အဆင့်မှာ အဘယ်သို့ ရောက်ရှိသွားနိုင်ပါမည်နည်း။

တန်ဖိုး
ခေတ်သစ်တွင် တန်ဖိုးဟူသော Value ကို ရှေ့တန်းတင်၏။ ထိရောက်မှု (Effectiveness)ဖြင့်လည်း အရာရာကို တိုင်း၏။ ရလဒ်ကောင်း (Positive Result)သည် အလုပ်တို့၏ နောက်ဆုံး အဖြေသာ ဖြစ်၏။ ရလဒ်မကောင်းလျှင် မအောင်မြင်၊ ရလဒ် ကောင်းလျှင် အောင်မြင်၏။ အခြား ဘာမှ ထူးထွေသည့် အံရော်သော် မကြည့်တတ်ကြချေ။ ဗုဒ္ဓက တန်ဖိုး နှင့်ပတ်သက်၍ ပြည့်စုံရမည့် အကြောင်းတို့ကို အသိဖွင့် ပေးခဲ့ပြီး ဖြစ်ပါသည်။

ကာလသမ္ပတ္တိ ဟူသော အချိန်အခါနှင့် ပြည့်စုံမှု ရှိရမည်ဟု ဆိုသည်။ ကာလ၏ အထောက်အပံ့ကောင်းကို ရရှိခြင်းဖြင့် ပြည့်ဝသော တန်ဖိုးဖြစ်စေခြင်းကို ဆိုလိုပါသည်။ ထမင်းတစ်လုံး၊ ရေတစ်ကျိုက်သည် သာမန်အ ချိန်တွင် များစွာ တန်ဖိုး မရှိသော်လည်း ဆာလောင်မွတ်သိပ်ချိန်တွင် ကြီးစွာသော အထောက်အပံ့ကို ဖြစ်စေပါသည်။

ဂတိသမ္ပတ္တိဟူသော ဒေသ၏ ပြည့်စုံမှုလည်း ရှိရမည် ဖြစ်သည်။ ဒေသ၏ အထောက်အပံ့ကြောင့် တန်ဖိုး ပို၍ ပီပြင်ခြင်း ဖြစ်သည်။ အုတ်ချပ်တို့ကို စေတီ၊ လမ်းခင်း၊ အိမ်ဆောက်ရာ၌ တန်ဖိုးတို့ ကွဲပြားကြသည်ကို အလွယ်တကူ တွေ့နိုင်ပေမည်။

ဥပဓိသမ္ပတ္တိဟူသော ပင်ကိုယ် အရည်အသွေးဖြင့် ပြည့်စုံမှုကို ရည်ညွှန်းပါသည်။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးနှစ်ပါး ကောင်းစွာပြည့်စုံလျှင် တန်ဖိုးကို များစွာ အထောက်အပံ့ ဖြစ်စေပါသည်။

နောက်တစ်ခုမှာ ပယောဂသမ္ပတ္တိ ဟူသော ဆောင်ရွက်ပုံ ထိရောက်မှု ဖြစ်သည်။ ယနေ့ ဆိုနေကြသော Effectiveness သဘောဖြစ်ပါသည်။ ရလဒ်ကောင်းထွက်အောင် ဆောင်ရွက်နိုင်ခြင်းသည် ထိရောက်သော ဆောင်ရွက်မှုဖြစ်ပြီး မည်မျှ ကြိုးစား၊ အပင်ပန်းခံ၍ ဆောင်ရွက်သော်လည်း ရလဒ်ကောင်း မထွက်လျင် ဆောင်ရွက်ပုံ မထိရောက်ဟုသာ သတ်မှတ်ပါသည်။

နီးကပ်သော ကာလတစ်ခုတွင် မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်သို့ ရွေ့လျားပြောင်းလဲရာ၌ ကောင်းမွန်သော တန်ဖိုး တစ်စုံတစ်ရာ ပါဝင်ရန် မျှော်လင့်ကြပါသည်။ အပြောင်းအလဲတစ်ရပ် ဆိုသည်မှာ သာမန်ဖြစ်စဉ် တစ်ခု မဟုတ်ပါချေ။ တန်ဖိုးရှိသော အပြောင်းအလဲတစ်ခု၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်မျိုးဆက်သစ်များအတွက် အကျိုးတစ်စုံတစ်ရာကို ဆောင်ကြဉ်းပေးနိုင်မည့် ပြောင်းလဲမှုမျိုး ဖြစ်ရန် ဆန္ဒပြုရသည်။

သိမှု၊ သိခြင်း
လူသည် သိတတ်သော စွမ်းရည်၊ ခံစားနိုင်သော စွမ်းရည်တို့ ရှိသော သတ္တ၀ါဖြစ်၏။ မည်သို့သော အသိ၊ အသိ ပမာဏ မည်မျရှိသည်မှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားကြသော အရည်အချင်း တစ်ပါး ဖြစ်ပါသည်။ သိလျက်နှင့် မသိသူများ ရှိကြပါသည်။ ရှုထောင့်တစ်ခုမှရှုလျင် လူကို

မသိခြင်း (အပ္ပဋိပတ္တိ)
ဖောက်ပြန်စွာသိခြင်း (၀ိပ္ပဋိပတ္တိ)
မှားယွင်းစွာသိခြင်း (မိစ္ဆာဋိပတ္တိ) ဟူ၍ ခွဲခြားနိုင်မည် ဖြစ်သည်။
မသိခြင်းအတွက် အထူးအထွေ မရှိသော်လည်း ဖောက်ပြန်မှုစွာ သိသူများ၊ မှားယွင်းစွာ သိသူများသည် မိမိတို့အသိကို အမှန်သိဟုပင် ယုံမှတ် မှားတတ်ကြသည်ဖြစ်ရာ မိမိတို့၏ အသိကို ကောင်းစွာ ဆန်းစစ်နိုင်ခြင်း မရှိကြဘဲ ပြုပြင်မှု မရှိကြလျှင် မှားသော အသိတို့သည် လောကကို အကျိုးတစ်စုံတစ်ရာ ဖြစ်စေမည် မဟုတ်ပါချေ။

(ပေးဆပ်ကြရာတွင် ) by Nay Zin Latt (နေဇင်လတ် )
http://www.first-11.com/

Read more...

You choose!


Think of the last time
you were happy…
Think of the last time
you were angry…

Which will you choose next time?

Read more...

Happy Kathina 2010


The Above Titles Are Schedule to be Release
during Kathina Celebration*
from October — November 2010

(1)
四念处概要说明
(Simplified Chinese)
喜戒禅师
An Exposition on Four Foundations of Mindfulness
by Sayadaw U Silananda

(2)
Dhamma Padetha II:
Purposeful Dhamma
by Sayadaw U Kundala

(3)
止觀輔行:
淨治睡眠與經行利益
(Traditional Chinese)
釋開仁、溫宗堃 合著

(4)
The Path of Freedom:
Practising The Four Noble Truths
by Ashin Dr Nandamalabhivamsa

(5)
Why Like That One:
Dhamma Food for Thought
by Metta

(6)
Secret of a Good Relationship
by Ven. K Rathanasara


For those who are interested to sponsor these titles,
please contact:

Mr. Sunanda Lim
+6012-4302893
sunandahelim@gmail.com
or
inwardpathpublisher@gmail.com

And those who are interested on these new publications,
kindly visit our website:
www.inwardpath.org

SADHU, SADHU, SADHU!


*Kindly note that the books will only be released
once there are sufficient fund for publication.
0 comments

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP