* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, September 11, 2010

ပိဋကတ်ဆိုတာကို နားလည်ကြည့်ခြင်း (၅)


ညီအစ်ကို (၇) ယောက်
၁။ သုဒ္ဓေါဒန
၂။ ဓတောဒန
၃။ သက္ကောဒန
၎။ သုက္ကောဒန
၅။ အမိတောဒန
၆။ အမိတ
၇။ ပမိတာ

နံပါတ် (၁) အစ်ကိုအကြီးဆုံး သုဒ္ဓေါဒန ဆိုတာက
မြတ်စွာဘုရားရဲ့ အဖေ။
နံပါတ် (၅) အမိတောဒန ဆိုတာက
ရှင်အာနန္ဒာရဲ့ အဖေ။
ဆိုတော့ မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာ တို့က ညီအစ်ကို တစ်ဝမ်းကွဲ။
မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာတို့က သက်တူရွယ်တူတွေ။
ဖွားဖက်တော်လို့ စာပေကဆိုတယ်။

မြတ်စွာဘုရား ဘုရားအဖြစ်ကို ရောက်ပြီး (၂) နှစ်မြောက်မှာ
ရှင်အာနန္ဒာ သာသနာဘောင်ဝင်ရောက်လာတယ်။ ဘုန်းကြီးဝတ်လာတယ်ပေါ့။
မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်ရှိတာက အသက် (၃၅) နှစ်အရွယ်ဆိုတော့
မြတ်စွာဘုရားအသက် (၃၆) နှစ်ဖြစ်တဲ့
ဘုရားဖြစ်ပြီး (၂) နှစ်မြောက်မှာ
သက်တူရွယ်တူ (ဖွားဖက်တော်) ရှင်အာနန္ဒာ
သာသနာ့ဘောင်ဝတ်ရောက်လာတယ်လို့ ဆိုရမယ်။

လူလည်း လူ့အလျှောက်၊ ဘုန်းကြီးလည်း ဘုန်းကြီးအလျှောက်
မြတ်စွာဘုရားလည်း မြတ်စွာဘုရားအလျှောက်
အသက်အရွယ်ရလာရင် အနီးကပ် သတ်သတ်မှတ်မှတ် ပြုစုလုပ်ကျွေးမဲ့သူ
လိုအပ်တာ့ အမှန်ပဲ။

မြတ်စွာဘုရား ငယ်စဉ်တုန်းကတော့
သွားလိုတဲ့နေရာကို သွားပြီး ဟောလိုတဲ့တရားကို အေးအေးဆေးဆေးဟောကြားကာ
ရောက်တဲ့အရပ်က ဒကာ ဒကာမတွေ၊ ရဟန်းသံဃာတွေ ပြုစုလုပ်ကျွေးတာနဲ့ အဆင်ပြေနေတာပဲ။

မြတ်စွာဘုရားကို အနီးကပ် ပြုစုလုပ်ကျွေးတဲ့ ရဟန်းတော်အချို့ ရှိခဲ့ပါရဲ့။ ခဏပဲ။
ကြာလာတော့ မြတ်စွာဘုရား ပြောစကားနားမထောင်ဘူး။
မြတ်စွာဘုရားကို အလုပ်အကျွေးပြုဘူးတဲ့ရဟန်းတစ်ပါးဆို
အဲဒီအရပ်ကို မသွားပါနဲ့လို့ တားနေတဲ့ကြားက ထွက်သွားပြီး
ပြဿနာတက်ကာ
မြတ်စွာဘုရားထံမှ လစ်ထွက်သွားတယ်။
ဆိုတော့ မြတ်စွာဘုရားကို အနီးကပ်အလုပ်အကျွေးပြုစုဘူးတဲ့ရဟန်းတော် ခပ်များများဟာ
ခေတ်စကားနဲ့ပြောရရင်
မြတ်စွာဘုရားရဲ့ အထာကို မနပ်ကြဘူး။

ဒီလိုနဲ့
သက်တော် (၅၅) နှစ် ၀ါတော် (၂၀) ရသည့်တိုင်အောင်
မြတ်စွာဘုရားမှာ သတ်သတ်မှတ်မှတ် အနီးကပ် အမြဲတမ်း ပြုစုလုပ်ကျွေးမဲ့သူ မရှိခဲ့ဘူး။
သက်တော် ၅၅ နှစ် ၀ါတော် (၂၀) အရွယ်ရောက်တော့
မြတ်စွာဘုရားက ရဟန်းတွေကို စုဝေးစေပြီး
ရဟန်းတို့၊
ငါ အရွယ်ရလာပြီ။
ငါ့ကိုယ် အနီးကပ် အမြဲတမ်း ပြုစုစောင့်ရှောက်လုပ်ကျွေးနိုင်မဲ့ ရဟန်းတော်တစ်ပါးလိုအပ်တယ်။`
ငါ့အထာကို သိတဲ့
ငါ့ကို အမြဲတမ်း အနီးကပ် ပြုစုစောင့်ရှောက်လုပ်ကျွေးနိုင်မဲ့
ရဟန်းတစ်ပါးကို ရွေးချယ်ကြ -
လို့ မိန့်တော်မူပါတယ်။

ဒီတော့ ရှင်အာနန္ဒာ ကလွဲလို့
မြတ်စွာဘုရားရဲ့ ညာလက်ရုံး ဘယ်လက်ရုံးတွေဖြစ်ကြတဲ့
ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်တို့ကအစ
စုဝေးရောက်ရှိလာတဲ့ ရဟန်းသံဃာအားလုံး
တပည့်တော်တို့ အနီးကပ်ပြုစုလုပ်ကျွေးပါရစေလို့
အလုအယက်လျှောက်ကြတာပေါ့။
လျှောက်ထားသမျှ ရဟန်းသံဃာတွေ
မြတ်စွာဘုရားရဲ့ Reject နဲ့ တိုးတော့တာပဲ။

နောက်ဆုံးတော့ သံဃာကြားထဲ ခေါင်းကြီးစိုက်ပြီး ငြိမ်နေတဲ့ ရှင်အာနန္ဒာကြီးကို
ဝိုင်းတိုက်တွန်းရတော့တာပေါ့။

တိုက်တွန်းတော့ ရှင်အာနန္ဒာကြီး ဘာပြောတယ်ထင်တုန်း။
မြတ်စွာဘုရားရှင်အနေနဲ့ တပည့်တော်တောင်းဆိုတဲ့အချက် (၈) ချက်ကို လိုက်လျောပေးနိုင်မှသာ
အလုပ်အကျွေးလုပ်နိုင်မည်ဖြစ်ကြောင်းလျှောက်ကြားတယ်။

ကြည့်စမ်း၊ သူများတွေ သူ့ထက်ငါ မြတ်စွာဘုရားကို
အလုပ်အကျွေးလုပ်ချင်လွန်းလို့ အလုအယက်လျှောက်နေတဲ့အချိန် ရှင်အာနန္ဒာကြီးကတော့ အေးဆေးပဲ။
အချက် (၈)ချက်တောင် မြတ်စွာဘုရားဘက်က လိုက်လျှောဘို့ တောင်းဆိုလိုက်သေးတယ်။

လောက လူ့သဘာဝက
ကိုယ့်ဆွေမျိုးထဲက တစ်ယောက်ယောက်များ
ရာထူးကြီးကြီးရရင်
ရာထူးကြီးကြီးရထားထဲ့ အဲ့ဆွေမျိုးကို အမှီပြုပြီး
မြေ၊ အိမ်ယာ၊ တိုက်တာ၊ ဈေးခန်း၊ ကားစသည်များရအောင်
အခွင့်အရေးယူတတ်ကြတာထုံးစံပဲ။

ရှင်အာနန္ဒာကရော?
မြတ်စွာဘုရားဟာ ငါ့အစ်ကိုဝမ်းကွဲပဲ၊ ဒီတစ်ချီတော့ ငါ့အကွက်ဆိုက်ပြီ၊ ငါ့ဆွေမျိုးကောင်းစားတုန်း ငါလဲ တစ်သက်တာဖူလုံအောင် ရိက္ခာရှာလိုက်မဟဲ့၊
ဖွားဘက်တော် နောင်တော်ဘုရားဆီက အခွင့်အရေးရတုန်း တောင်းလိုက်အုံးမဟဲ့ ဆိုတဲ့ အတ္တကိုယ်ကျိုးအတွက် ရှင်အာနန္ဒာကြီးက အဆိုပါ အချက် (၈) ချက်ကို တောင်းဆိုခဲ့တာလား။ မဟုတ်ပါဘူး။

သူတောင်းဆိုခဲ့တာ မြတ်စွာဘုရားအတွက်ပါ။ ရဟန်းသံဃာတော်တွေအတွက်ပါ။
ဗုဒ္ဓဘာသာဝင်တွေအတွက်ပါ။
ရှင်အာနန္ဒာ မြတ်စွာဘုရားရဲ့ အလုပ်အကျွေးဖြစ်ဘို့အတွက် မြတ်စွာဘုရားထံက သူတောင်းဆိုတဲ့ အချက် (၈) ချက်ကို လေ့လာကြည့်ရအောင်။

၁။ မြတ်စွာဘုရား ရရှိလာတဲ့ သင်္ကန်းကို ဘယ်တော့မှ သူ့ကို မပေးရဘူးတဲ့။

၂။ မြတ်စွာဘုရားရဲ့ ဆွမ်းကို သူ့ကို ဘယ်တော့မှ မကျွေးပါနဲ့တဲ့။

၃။ မြတ်စွာဘုရားနေတဲ့ သန့်ရှင်းသပ်ယပ်တဲ့ ကျောင်းတော်အခန်းကို
ဘယ်လိုအကြောင်းပြချက်နဲ့မှ သူ့ကို မနေခိုင်းပါနဲ့ တဲ့။

၎။ မြတ်စွာဘုရားကို ဆွမ်းလှူဘို့ သင်္ကန်းလှူဘို့ စသဖြင့်
ပင့်တဲ့နေရာတွေကို သူ့ကို ဘယ်တော့မှ မခေါ်ပါနဲ့တဲ့။

၅။ သူ့ကို ပင့်တဲ့နေရာတွေကိုတော့ မြတ်စွာဘုရား အမြဲလိုက်ပါပေးရမယ်တဲ့။

၆။ ရပ်ဝေးရပ်နီးမှ မြတ်စွာဘုရားကို ဖူးမျှော်ဘို့ လာကြတဲ့ဧည့်ပရိသတ်တွေကို
မိတ်ဆွေဖွဲ့ခွင့်ပြုပါတဲ့။

၇။ သူ့မှာ တစုံတရာ သံသယရှိလို့ မေးစရာရှိလာလျှင်
ဘယ်အချိန်မဆို မြတ်စွာဘုရားထံလာရောက် လျှောက်ထားခွင့်ပြုပါတဲ့။

၈။ မြတ်စွာဘုရားအနေနဲ့ သူ့မျက်ကွယ် ဘယ်မှာပဲ တရားဟောခဲ့ ဟောခဲ့၊
သူ့ကို ပြန်ဟောပြရမယ်တဲ့။

ရှင်အာနန္ဒာကြီးတောင်းဆိုတဲ့ ဒီအချက် (၈) ချက်ကို ကြည့်ပြီး
ရှင်အာနန္ဒာကြီးကို ကြည်ညိုလိုက်တာ။ အားကျလိုက်တာ။
ဖတ်ရင်းဖတ်ရင်းနဲ့ ၀မ်းသာ သဘောကျလွန်းလို့
နားနားပြီး ဖတ်ရတယ်။

ဒီအချက်တွေထဲက ပထမ (၃) ချက်ကို သေချာဖတ်ပြီး စဉ်းစားကြည့်ရအောင်။
ဘ၀မှာ အရေးအကြီးဆုံးဖြစ်တဲ့ စားဝတ်နေရေးနဲ့ပတ်သက်ပြီး
ရှင်အာနန္ဒာ မြတ်စွာဘုရားနဲ့ မပတ်သက်ချင်ဘူး။
ဘုရားကို အလုပ်အကျွေးပြုစုလို့
ဘုရားရဲ့ ပေးစာ ကမ်းစာ စားရ ၀တ်ရတဲ့ဘ၀မျိုး
ရှင်အာနန္ဒာ မနေလိုဘူး။
ဒါ့အပြင်
ရှင်အာနန္ဒာကြီး
ဘုရားပြုစုလုပ်ကျွေးပြီး ဘုရားပေးစာ ကမ်းစာစားပြီး ကြီးပွါးနေတာပါကွာ။
လူအများပြောမှာကို သူလိုလားဟန်မတူဘူး။

နံပါတ် (၄) တောင်းဆိုချက်ကို ကြည်။
ဘုရားတစ်ပါးတည်းပင့်တာကို ရှင်အာနန္ဒာကြီးက
(လုပ်ကျွေးပြုစုတာကို အကြောင်းပြပြီး)
လိုက်ကပ်စားသောက်နေတာဟေ့ လို့ ပတ်ဝန်းကျင်ကလည်း မြင်လာနိုင်တယ်။
ဒီလိုလဲ သူအမြင်မခံနိုင်ဘူး။

နံပါတ် (၅) တောင်းဆိုချက်ကြတော့
သူ့ကို သူ့ဒကာ ဒကာမတွေက ပင့်ရင်တော့ မြတ်စွာဘုရားပါ လိုက်ပေးရမယ်ဆိုပဲ။
ဘယ်လောက် ဆရာသမားကို ရှေ့တန်းတင်တဲ့ ရှင်အာနန္ဒာကြီးလဲ။
ရှင်အာနန္ဒာတောင်းတဲ့ ပထမအချက် (၅) ချက်ကို နားလည်မိတာပါ။
Cousin Brother ဖွားဖက်တော်ဖြစ်တဲ့ နောင်တော်ဘုရားဆီက
လုံးဝအခွင့်အရေးမယူတတ်တဲ့ ရှင်အာနန္ဒာကြီးကို ကြည့်ပြီး
အလားတူ ဆွေမျိုးတော်စပ်တဲ့
ရှင်ဒေ၀ဒတ်ကြီးကိုလဲ သတိရမိသေးတယ်။

Read more...

*သတိပဋ္ဌာန် ၀ိပဿနာတရား- ချမ်းမြေ့ဆရာတော် (9.9.2010)*

အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယား ပြည်နယ်၊ ဘေးဧရိယာ၊ ဒေလီစီးတီးမြို့မှာ- 2010 စက်တင်ဘာလ ၉-ရက် ည ၈ နာရီမှာကျင်းပတဲ့ ချမ်းမြေ့ဆရာတော်၏ သတိပဋ္ဌာန်ဝိပဿနာ တရားတော်





လေးစားရိုသေစွာဖြင့်
ဖိုးသား
Tags: ,

Read more...

ဝေဿန္တရာဇာတ် အပိုင်း-၁၊ ၂


ရှေးလွန်လေပြီးသောအခါ သိဝိတိုင်း၊ စေတုတ္တရာပြည်၌ သိဉ္စည်းမင်းကြီး မင်းပြု၏။ ထိုမင်း၏ မိဖုရားကြီးသည် ဖုဿတီဒေဝီ အမည်တွင်၏။ အလွန်လှပတင့်တယ်၏။ အချိန်တန်သော် ဖုဿတီဒေဝီသည် သားတော်တစ်ပါး ဖွားမြင်သည်။ ထိုသားတော်ကို ဝေဿန္တရာဟု အမည်ပေးသည်။


ဝေဿန္တရာကို ဖွားမြင်သောနေ့၌ပင် ကောင်းကင်၌ ကျက်စားသွားလာနေသော ဆင်ပျံမတစ်စီးသည် ဆင်ဖြူပေါက်ကလေးကို မင်း၏ဆင်တင်းကုပ်၌ ထားခဲ့ပြီးလျှင် မိမိနေရာသို့ ပြန်သွားလေသည်။ ထိုဆင်ဖြူတော်ကလေးအား ပစ္စယဟု အမည်ပေးသည်။

ဝေဿန္တရာမင်းသားသည် မွေးစကပင် အလှူအတန်းကို မြတ်နိုးသည်။ မင်းကြီးသည် ဝေဿန္တရာအား အဖိုးတစ်သိန်းထိုက်သော လည်ရွဲတန်ဆာကို ဆင်ပေးထားသည်။ ဝေဿန္တရာသည် အသက် ၄-၅ နှစ် ရှိသောအခါ ထိုလည်ရွဲတန်ဆာကို အထိန်းတော်တို့အား ချွတ်၍ ပေးလှူသည်။ အထိန်းတော်တို့က မယူဝံ့သဖြင့် မင်းကြီးအား ပြန်ပေးသည်။ မင်းကြီးက “ငါ့သားတော်ပေးခြင်းသည် ငါပေးသည်နှင့် အတူတူဖြစ်သည်။ ယူပါ” ဟုဆို၍ လက်ခံစေသည်။ ထို့နောက် လည်ရွဲတန်ဆာအသစ်ကို မင်းသားအား ဆင်မြန်းစေသည်။ ဝေဿန္တရာမင်းသားသည် ထိုလည်ရွဲတန်ဆာအသစ်ကိုလည်း တစ်ဖန် အထိန်းတော်တို့အား ပေးလှူပြန်သည်။ ဤသို့လျှင် ၉-ကြိမ် တိုင်အောင် အထိန်းတော်တို့အား ပေးလှူခဲ့သည်။

ဝေဿန္တရာမင်းသားသည် ၈-နှစ်အရွယ်သို့ ရောက်သောအခါ လည်ရွဲတန်ဆာစသော ပစ္စည်းများ ပေးလှူရသည်ကို ကျေနပ်အားရခြင်းမရှိ။ ‘အကယ်၍ တစ်စုံတစ်ယောက်သောသူသည် ငါ၏နှလုံးသားကို တောင်းလာအံ့။ ငါသည် ရင်ကိုခွဲ၍ နှလုံးသားကို ပေးလှူမည်။ ငါ၏မျက်စိကို တောင်းလာအံ့။ မျက်စိအစုံကို ထုတ်၍ပေးလှူမည်။ ငါ့ကိုယ်၏ အသားကို တောင်းလာအံ့။ ဓားငယ်ဖြင့် အသားကိုလှီးဖြတ် ပေးလှူမည်။ ငါ့ကို ကျွန်ပြုလုပ်လိုသည်ဟု တောင်းဆိုအံ့။ ထိုသူ၏ ကျွန်အဖြစ်ခံမည်’ ဟု အကြံဖြစ်၏။ ထိုအခါ ဤမဟာပထဝီမြေကြီးသည် ပြင်းထန်စွာ မြည်ဟည်းလျက် ငလျင်လှုပ်လေသည်။

0005052Kph0.jpg

ဝေဿန္တရာမင်းသားသည် အသက် ၁၆-နှစ်အရွယ်သို့ ရောက်သောအခါ မင်းသားတို့ တတ်အပ်သော အတတ်မျိုးစုံကို တတ်မြောက်သည်။ ထိုအခါ မင်းကြီးသည် မိဖုရားကြီးနှင့် တိုင်ပင်ကာ ဝေဿန္တရာ မင်းသားအား အလွန်လှပတင့်တယ် ယဉ်ကျေးသော မဒ္ဒီမင်းသမီးနှင့် ထိမ်းမြားပေးသည်။ ထီးနန်းကိုလည်း လွှဲအပ်သည်။ မဒ္ဒီဒေဝီကား မဒ္ဒရာဇ်မင်း၏ သမီးတော် ဖြစ်ပေသည်။

ဝေဿန္တရာမင်းသားသည် မင်းဖြစ်သည့်နေ့မှစ၍ နေ့စဉ်နေ့တိုင်းပင် ၆-သိန်း၊ ၆-သိန်းသော ဥစ္စာတို့ကို ပေးလှူလေသည်။

မကြာမီ မဒ္ဒီဒေဝီသည် သားတော်တစ်ပါးဖွားမြင်သည်။ ဇာလီဟု အမည်ပေးသည်။ ဇာလီမင်းသား မတ်တတ်ပြေးနိုင်သောအရွယ်တွင် မဒ္ဒီဒေဝီသည် သမီးတော်တစ်ပါး ဖွားမြင်ပြန်သည်။ ကဏှာဇိန်ဟု အမည်ပေးသည်။

ဝေဿန္တရာမင်းသည် နေ့စဉ် အလှူကြီးပေးရာတွင် တစ်လလျှင် ၆-ကြိမ်၊ ဆင်ဖြူတော်ပစ္စယကို စီးလျက် အလှူဇရပ် ၆-ဆောင်တို့ကို လှည့်လည်ကြည့်ရှုတော်မူလေသည်။

ထိုအချိန်တွင် ကလိင်္ဂရာဇ်ပြည်၌ မိုးခေါင်သည်။ ငတ်မွတ်ခေါင်းပါးသော ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်ရောက်နေလေသည်။ ကလိင်္ဂရာဇ်မင်းသည် မိုးရွာစေရန် ၇-ရက်တိုင်တိုင် ဥပုသ်ဆောက်တည်သည်။ သို့သော် မိုးမရွာချေ။ ထိုအခါ အမတ်ပညာရှိတို့က “ဆင်ဖြူတော် ရောက်ရာ အရပ်၌ မိုးရွာပါသည်။ စေတုတ္တရာပြည်၊ ဝေဿန္တရာမင်းကြီး၌ ဆင်ဖြူတော် ရှိသည်။ ဝေဿန္တရာမင်းသည် အလှူပေးရာ၌ ထင်ရှားကျော်စောသည်။ ထိုမင်းထံ ဆင်ဖြူတော်ကို အလှူခံသင့်ပါသည်” ဟူ၍ အကြံပေး လျှောက်ထားကြသည်။

ကလိင်္ဂရာဇ်မင်းသည် “ကောင်းပြီ” ဟု ဆိုကာ သင့်တော်သော ပုဏ္ဏား ၈-ယောက်ကို ရွေးချယ်သည်။ “ဝေဿန္တရာမင်းထံမှ ဆင်ဖြူတော်ကို ရအောင် အလှူခံချေ” ဟူ၍ စေလွှတ်လိုက်သည်။

ပုဏ္ဏားတို့သည် ဝေဿန္တရာမင်းထံ ရောက်သော် ဆင်ဖြူတော်ကို အလှူခံသည်။ ဝေဿန္တရာမင်းလည်း ဆင်ဖြူတော်ကိုနှင့်တကွ ဆင်ဖြူတော်၌ ဆင်ယင်ထားသော အဖိုးတန် အဆင်တန်ဆာတို့ကိုပါ ပေးလှူလိုက်သည်။ ထို့ပြင် ဆင်ထိန်းနှင့်တကွ ဆင်ဖြူတော်အား ပြုစုစောင့်ရှောက်ရသူများကိုပါ ပေးလှူလိုက်သည်။ ထိုအခါ ဤ မဟာမြေကြီးသည် ပြင်းထန်စွာ တုန်ဟည်းလျက် ဒုတိယအကြိမ် ငလျင်ကြီးလှုပ်လေသည်။

(ဝေဿန္တရာဇာတ် အပိုင်း-၃ အားဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။


Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂၅)

ဝေဒနာရှုပုံခြင်း မတူ

ဝေဒနာကိုရှုသည့် “ဝေဒနာနုပဿနာ” အလုပ်နှင့် ပတ်သက်၍ အချို့ လူများ ရှုကြသောနည်းနှင့် ဒိဋ္ဌေဒိဋ္ဌမတ္တံသမား၏ ဝေဒနာရှုပုံတို့ သည် ခြားနားခြင်းရှိသည်ကိုပင် တင်ပြလိုပေသေး၏။

အများအားဖြင့် ဝေဒနာကို ရှုမှတ်ကြပုံမှာ ကမ္မဋ္ဌာန်းထိုင်လျှက်ရှိရာမှ နာကျင်သော ဝေဒနာ၊ ကိုက်ခဲသောဝေဒနာ စသည်ဖြင့် အခံရခက်သည့် ဒုက္ခဝေဒနာအမျိုးမျိုး ဖြစ်ပေါ်လာသည်တွင်မှ ဒုက္ခကို မြင်အောင်ရှုကြသည်ဟု ဆိုကြသည်။ ဒိဋ္ဌေဒိဋ္ဌမတ္တံသမားမူကား အခြားသော အာရုံများသို့ မရောက်စေဘဲ ကိုယ်ခန္ဓာ၌ရှိသော ဝေဒနာကို အာရုံပြုလိုက်သည့်အခါ ဝေဒနာအမျိုးမျိုးသည် အခါခပ်သိမ်းဖြစ်ပေါ်လျက် ရှိခြင်းကို တွေ့ရသည်။ နာကျင်သည်ဖြစ်စေ၊ မနာကျင်သည်ဖြစ်စေ ဝေဒနာတစ်ခုခုသည် အမြဲတစေ ဖြစ်ပေါ်လျက်ရှိ၏။ စူးစိုက်၍ရှုခဲ့လျှင် တွေ့ရမည်သာ ဖြစ်သည်။ နာကျင်သည် မဟုတ်ဘဲ ရိုးရိုးရှိနေသည့်အခါ၌ပင် ကြာရှည်စွာ စူးစိုက်၍ ရှုလိုက်သောအခါ အသက်ရှင်လျှက်ရှိခြင်းသည် မည်မျှလောက်များ မက်မောတွယ်တာစရာ ရှိပါသနည်း၊ “ဘ၀”ဆိုသည်မှာ ဤအခြင်းအရာမျှသာ ဖြစ်၍ ဘယ်လောက်များ စုံမက်စရာ နှမြောစရာ ရှိပါသနည်း၊ သာယာဖွယ်သော ဣဋ္ဌာရုံများအကြောင်းကို စိတ်ကူးသောကြောင့်သာ (အိပ်မက်လောကထဲ၌ မြောနေသောကြောင့်သာ) စုံမက်စရာကြီး ထင်ရသည်။ သူ့အတိုင်းထားသည့်အခါ စုံမက်နှစ်သက်စရာလည်း မဟုတ်၊ တွန်းဖယ်ပစ်စရာလည်းမဟုတ်၊ အခြောက်တိုက်သက်သက် သူ့ဘာသာ ဖြစ်ပေါ်လျှက်ရှိသော သဘောတရားပေတကား အစရှိသော ဉာဏ်အမြင်မျိုးသည် တစိမ့်စိမ့်ဖြစ်ပေါ်လာတတ်ပေသည်။

ဒုက္ခဝေဒနာဖြစ်ပေါ်လာအောင် စောင့်၍ ဒုက္ခဟု မြင်အောင်ရှုခြင်းနှင့် အခါခပ်သိမ်း ဖြစ်ပေါ်လျက်ရှိသည့် ဝေဒနာကို သူ့ဖာသာဖြစ်ပေါ်နေသော သဘာဝတစ်ခုဟူ၍ မြင်အောင်ရှုသည့် ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းတို့၏ ခြားနားပုံကို စဉ်းစားဉာဏ်ရှိသူတို့ သဘောပေါက်အောင် ဆင်ခြင်ဖို့ တိုက်တွန်းအပ်ပါသည်။

တသက်လုံး ရွတ်မှတ်ရမည်လော

ကွေးခြင်း၊ ဆန့်ခြင်း၊ လှမ်းခြင်း၊၊ ချခြင်းစသော အပြုအမူဟူသမျှကို သိစေရမည်ဟု ဗုဒ္ဓဟောတော်မူခြင်းကား မှန်ပါသည်။ သို့ရာတွင် များစွာသော ယောဂီပုဂ္ဂိုလ်တို့သည် ဤအမှတ်အသားကို ‘မူသေ’ ပြုလုပ်ကာ လ ပေါင်းများစွာ၊ နှစ်ပေါင်းများစွာ စိတ်ထဲ၌ ရွတ်ဆိုကာ “ကွေးတယ်၊ ကွေးတယ်၊ ကွေးတယ်” ဟူ၍လည်းကောင်း၊ “ဆန့်တယ်၊ ဆန့်တယ်၊ ဆန့်တယ်” ဟူ၍လည်းကောင်း၊ “လှမ်းတယ်” “ချတယ်” ဟူ၍လည်းကောင်း၊၊ ထင်ထင်ရှားရှားမှတ်သားခြင်းအာြး

ဖင့် တရားအားထုတ်ကြခြင်းများကို တွေ့ရသည်။

ဤအခြင်းအရာနှင့်ပတ်သက်၍ ဥဒါဟရုဏ်တစ်ခု တင်ပြပါဦးမည်။

ကလေးသူငယ်တစ်ယောက်အား စာသင်ကြားသည့်အခါ “ကကြီး ယရစ် ကသတ်-ကြက်” ဟူ၍သင်ပေးရခြင်းကား မှန်သည်။ ထိုကလေးသည် စာဖတ်တတ်စအခါ၌ “ကကြီး ယရစ် ကသတ်-ကြက်” ဟူ၍ စာလုံးပေါင်းပြီးမှ ဖတ်တတ်ခြင်းလည်း မှန်သည်။ သို့သော် စာဖတ်ခြင်း၌ အလေ့အကျင့် ရလာသောအခါ၌ကား ထိုကဲ့သို့ ရွတ်ဆိုမနေတော့ဘဲ “ကြက်” ဟူ၍ တစ်ခါတည်း ဖတ်တတ်တော့သည် မဟုတ်ပါလော။ “ကကြီး ယရစ် ကသတ်-ကြက်” ဟူ၍ ရွတ်ဆိုနေသေးလျှင် စာဖတ် မကျွမ်းကျင်သေးခြင်းကို ဖော်ပြသည်ဟု ဆိုကြမည် မဟုတ်ပါလော။ တသက်ပတ်လုံး ဤကဲ့သို့ ရွတ်ဆိုနေဘို့ မဟုတ်ခြင်းကို နားလည်ကြသည် မဟုတ်ပါလော။

ပညတ်ကို ထိုးဖောက်ရမည်

ထိုနည်းတူစွာ ဣရိယာပထ ကိစ္စ၌လည်း ကွေးခြင်း၊ ဆန့်ခြင်း၊ ကြွခြင်း၊ လှမ်းခြင်း၊ ချခြင်းတည်းဟူသော အလုပ်များကို စိတ်ထဲကလိုက်၍ဆိုကာ မှတ်သားရခြင်းမှာ သင်ခါစ ယောဂီပုဂ္ဂိုလ်များအတွက်သာ ဖြစ်သင့်၍ တစ်သက်ပတ်လုံး တရားအားထုတ်တိုင်း ကွေးတယ်၊ ဆန့်တယ်၊ လှမ်းတယ်၊ ကြွတယ် စသည်ဖြင့် မှတ်သားရခြင်းသည် နည်းလမ်းမှန်မမှန် စဉ်းစားထိုက်ကြပေသည်။ ဤသို့ တင်ပြရခြင်းမှာ အချည်းနှီးအကြောင်းမဲ့မဟုတ်။ အဓိပ္ပါယ်နှင့် တင်ပြရခြင်း ဖြစ်ပါသည်။

တရားအားထုတ်ခြင်းဆိုသည်မှာ ပညတ်ကိုဖောက်ထွင်းပြီး ပရမတ် အစစ်အမှန်ကို ထိုးထွင်း၍မြင်နိုင်ရန် ဖြစ်သည်ဆိုခြင်းကို လူတိုင်း ၀န်ခံကြရပါမည်။ ကွေးခြင်း၊ ဆန့်ခြင်း၊ ကြွခြင်း၊ လှမ်းခြင်းဟူသည်တို့မှာ ပညတ်သဘောများ မဟုတ်ပါလော။ “ကွေးတယ်” “ဆန့်တယ်” စသည်ဖြင့် အာရုံပြုခြင်းများသည် “ပညတ်”ပေါ်၌ အာရုံပြုခြင်းမျာ မဟုတ်ပါလော။ “ပညတ်” ကို ဤမျှလောက်အလေးပြုပြီး အာရုံစိုက်နေရလျှင် ပရမတ်ကိုထိုးထွင်းပြီး သိမြင်ဖို့ အခက်အခဲရှိလိမ့်မည် မဟုတ်ပါလော။

ဖြစ်သင့်သည်မှာ ပထမ၌ လုပ်တတ်အောင် မှတ်ချင်မှတ်ချေဦးတော့။ အလေ့အကျင့်ရလာသောအခါ၌မူ ကွေးခြင်း၊ ဆန့်ခြင်းတည်းဟူသော ပညတ်အမှတ်အသားမျာကို စွန့်လွှတ်ပြီး ကိုယ်အမူအရာသက်သက်မျှကိုသာ အမြဲမပြတ် သတိပြုတတ်ဖို့ ကြိုးစားရပေလိမ့်မည်။ ထိုအခါ၌ အကြင်ယောဂီပုဂ္ဂိုလ်သည် ကွေးသည်ဟူ၍လည်းကောင်း၊ ဆန့်သည်ဟူ၍လည်းကောင်း စိတ်ထဲ၌ အသိအမှတ်မပြုတော့ဘဲ လှုပ်ရှားမှုအမူအရာ သက်သက်မျှကိုသာ မြင်သည်ဖြစ်၍ ရုပ်တရားနှင့် နာမ်တရားတို့ တွဲပြီးအလုပ်လုပ်ကြပုံ၊ နာမ်တရားက ရှေ့ ဆောင်ပြီး ရုပ်တရားကြီးက နောက်မှလိုက်နေရပုံ အစရှိသည့် စစ်မှန်သော ရုပ်နာမ်သဘာဝကို တစ်ကြိမ်တစ်ခါတွင် ထိုးထွင်းသိမြင်ကာ လှိုက်လှိုက်လှဲလှဲ သဘောကျနိုင်တန်ရာပေသည်။

ပညာရှင်တို့ဆင်ခြင်ရန်

တရားအားထုတ်ခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်သည် စိတ်ကူးသက်သက်ဖြင့် ရေးသားဖော်ပြခြင်းမဟုတ်။ (ယခုအခါ မြန်မာပြည်၌ ခေတ်စားလျက်ရှိသော) နည်းအမျိုးမျိုးတို့ဖြင့် စမ်းသပ်ပြီးမှ တင်ပြခြင်းဖြစ်ပါ၏။

တစ်ချိန်က ကျွန်ုပ်သည် စင်္ကြံလျှောက်ခြင်းအလုပ်တွင် ‘ကြွတယ်’ ‘လှမ်းတယ်’ ‘ချတယ်’ဟူသော မှတ်နည်းမျိုးဖြင့် စမ်းသပ်ခဲ့ဖူးပါသည်။ ၄င်းနောက်တွင် ထိုကဲ့သို့သော အမှတ်အသား မထားတော့ဘဲ စင်္ကြံလျှောက်ရင်း ရုပ်နာမ်တို့၏ အလုပ်လုပ်ပုံ အခြင်းအရာကို သတိနှင့် စောင့်ကြည့်၏။ သမာဓိကောင်းလာသောအချိန်တွင် ကိုယ်ကာယကြီးသည် မိမိပိုင်ဆိုင်သော ပစ္စည်းဟူ၍ မထင်တော့ဘဲ စိတ်၏ရှေ့ ဆောင်မှုအတိုင်း ရွေ့ နေရှာသည်ဟု ထင်မြင်လာသည်။ ခိုင်းသောစိတ်သည်လည်း မိမိ၏ပစ္စည်းမဟုတ်။ သူတို့ချင်းတွဲစပ်ပြီး အလုပ်လုပ်သည်ဟု ထင်မြင်လာသည်။ ဤတွင် ကိုယ်ကာယကြီးသည် မိမိနှင့်အလွတ် သူ့ ဘာသာရွေ့ နေခြင်းကို တွေ့ ရ၍ ရှေးအခါက လူသေကောင်ကို ခေါင်ရန်းပွင့်ပန်ပေးပြီး သင်္ချိုင်းသို့  သူ့ ဘာသာလွှတ်လိုက်သည် ဆိုသော အခြင်းအရာကို သတိရမိသေးသည်။ ဤသို့ သောထင်မြင်မှုသည် တရား၏ အဆုံးမဟုတ်သေးသော်လည်း နာမ်ရုပ်တို့၏ အနတ္တသဘောနှင့် ပတ်သက်၍ “အပြတ် အပြတ် မြင်သည်” ဆိုခြင်းမျိုးနှင့် မည်သည်က တန်ဖိုးရှိမည်ကို ပညာရှင်တို့ ဆင်ခြင်သုံးသပ်ဖို့ တင်ပြလိုက်ရပါသည်။

ပညာသည် မံသစက္ခုနှင့် မဆက်စပ်

“အပြတ် အပြတ် မြင်သည်” ဆိုခြင်းမျိုးကို ကျွန်ုပ်လည်း ကြုံဖူးပါ၏။ ဂျပန်ခေတ်၌ ကျွန်ုပ်သည် စိတ္တာနုပဿနာအလုပ်ကို လုပ်ရာတွင် လမ်းချော်၍ သွားခဲ့ဖူး၏။ ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်းသော အာရုံကို စောင့်ကြည့်ရမည့်အစား ခန္ဓာအိမ်အတွင်းမှ သိနေသော စိတ်ကလေးသို့ စူးစူးစိုက်စိုက်ကြည့်နေမိ၏။ မည့်သည့် အခြားအာရုံသို့မှ မရောက်စေဘဲ တသိတည်းသိနေသော စိတ်ကလေးကို တစ်နာရီကျော်ကျော်မျှ စူးစိုက်၍ ကြည့်နေနိုင်သည်အထိ သမာဓိကောင်းလာ၏။ ကိုယ့်ဟာကိုယ်လည်း အတော်ကျေနပ်၏။ တစ်နေ့တွင် ထိုကဲ့သို့ တစ်နာရီကျော်မျှ စူးစိုက်နေပြီးနောက် အနားယူဦးမည်ဟု ဣရိယာပုဒ်ကိုပြင်ပြီးလျှင် တစ်နေရာသို့ လှမ်းကြည့်လိုက်ရာ ပြေးနေသော ခွေးတစ်ကောင်ကို မြင်လိုက်ရ၍ အံ့အားသင့်သွား၏။ အကြောင်းမူကား ထိုခွေးသည် တစ်ကောင်တည်း မထင်ရဘဲ တစ်ကောင်မှတစ်ကောင် ထွက်၍ထွက်၍လာပြီး အဆင့်ဆင့် ပြေးလျက်ရှိသကဲ့သို့ မြင်လိုက်ရသောကြောင့်တည်း။ ဤအချင်းအရာကိုပင် အချို့ ယောဂီများက “အပြတ်အပြတ်မြင်ရသည်” ဟု ဖြေကြားခြင်း ဖြစ်ပေလိမ့်မည်။ ဤသည်ကား တစ်ခုသော အာရုံ၌ ကြာရှည်စွာ စူးစိုက်ထားပြီးနောက် လှုပ်ရှားနေသော အရာဝတ္ထုတစ်ခုခုကို ကြည့်လိုက်သည့်အခါ ဖြစ်တတ်သော သဘာဝပေတည်း။ ‘သမာဓိ’ အစွမ်းကားဟုတ်ပေသည်။ သို့သော် ‘ပညာ’၏ သတ္တိမဟုတ်သောကြောင့် ဥဒယဗ္ဗယတည်းဟူသော ၀ိပဿနာဉာဏ်ဖြစ်သည်ဟု မဆိုသင့်ချေ။ စင်စစ်မှာ ထိုအဖြစ်သည် တစ်မျိုးတစ်မည် ထူးထူးထွေထွေမြင်ခြင်း (Hallucination) မျှသာ ဖြစ်လေသည်။ သမထနိမိတ်ဟူသမျှတို့သည် ဤအတိုင်းပင် ဖြစ်ကြ၏။ ဤသို့သောအမြင်ကြောင့် သမာဓိကောင်းလာသည်ဟု ဆိုနိုင်သော်လည်း ပရမတ္ထသဘောတရား အမှန်ကိုမြင်သော ပညာအစွမ်းမဟုတ်နိုင်ချေ။ ‘ပညာ’ တည်းဟူသော ဉာဏ်အမြင်သည် မံသစက္ခုနှင့် ဆက်သွယ်မှုမရှိသင့်ပေ။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

Read more...

*အတွေးမှတ်စု*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:

ဆရာတော်ဦးဇောတိက ရေးသားတော်မူသော ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်၊ သတိဖြင့်နေထိုင်ခြင်း စာအုပ်မှပြန်လည်ကူးယူပြီးဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
၁။ ဘယ်လိုအလုပ်မျိုးကိုပဲလုပ်လုပ်၊ မိမိလုပ်တဲ့ အလုပ်ကြောင့် မိမိကိုယ်ကို မိမိပူဇော်နိုင်ရမယ်။ လေးစား နိုင်ရမယ်။
၂။ သူများကို နိုင်ချင်တဲ့စိတ်ဟာ ကလေးဆန်တဲ့ စိတ်ဖြစ်တယ်။ သူများကိုအပြစ်ရှာချင်တဲ့ စိတ်ထားဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
၃။ သင်ဘယ်လိုလူလဲဆိုတာသိချင်ရင် သင်နဲ့သင့်ပတ်ဝန်းကျင်က လူတွေရဲ့ဆက်ဆံရေးကို အကဲခတ်ပါ။ ကိုယ့်ရဲ့ဆက်ဆံရေးဟာ ကိုယ့်ရဲ့Personality ကိုဖော်ပြနေတယ်။
၎။ အောင်မြင်မှုဆိုတာ မှန်ကန်တဲ့စိတ်ထားပါ။အောင်မြင်မှုဆိုတာ စိတ်ဓာတ်အရည်အသွေး ပြည့်ဝသူတွေ သာရရှိပိုင်ဆိုင်နိုင်တယ်။
၅။ စက္ကန့်တိုင်း စက္ကန့်တိုင်း တစ်ခဏတိုင်း တစ်ခဏတိုင်းကို တန်ဖိုးထားနိုင်မှ ဘ၀ဟာ တန်ဖိုးရှိတဲ့ဘ၀ဖြစ် မှာပါ။
၆။ ကိုယ့်ရဲ့စိတ်ချမ်းသာမှုကို အပျက်အစီးမခံပဲနဲ့ သူတစ်ပါးကို စိတ်ဆင်းရဲအောင် လုပ်လို့မရနိုင်နိုင်ဘူး။
၇။ သူများပါးစပ်လှုပ်တိုင်း ကိုယ့်စိတ်က လှုပ်ရှားရမယ်ဆိုရင် ကိုယ့်ဘ၀ဟာ သူများပါးစပ်မှာ လမ်းဆုံးသွား မယ်။

ဆရာတော်ဦးဇောတိက
အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Read more...

အတွေး ရောင်နီ ( ၁ )

ကိုယ့်ဖာသာမေးနော်

လူရယ်လို့ ဖြစ်လာရင်
ပျော်နိုင်ဖို့  အတွက်
အပျော်လေးတွေ
ရှာနေကြတယ်။

ဘယ်လိုအပျော်မျိုးနဲ့ 
ပျော်နေကြတာလဲ။
ရှာနေကြတာလဲ။

ကာမရတိ-
သမားရိုးကျ
အပျော်လား။

ဓမ္မရတိ -
ထူးထူးဆန်းဆန်း
အပျော်လား။


သမားရိုးကျ အပျော်က
အပျော်အစစ်လား။

ထူးထူးဆန်းဆန်း အပျော်က
အပျော်အစစ်လား။

အပျော်ရဲ့  အဆုံး
ရလာဒ်ကိုကြည့်လိုက်ပါ။


( ဘယ်လိုအပျော်မျိုးနဲ့ 
ပျော်နေကြတာလဲ။
ရှာနေကြတာလဲ။ )

ကိုယ့်ဖာသာ မေးနော်။


မှတ်ချက်။ ။ ကဗျာ မဟုတ်ပါ။
အတွေး ရောင်နီ သက်သက်မျှ ဖြစ်ပါတယ်။

မြတ်ရောင်နီ
( ၁၀ ၊ ၀၉ ၊ ၂၀၁၀ )-
.

Read more...

ဓါတ်ပုံနှင့် အခြားဓါတ်ပုံများ

(က)သာသနာ့တက္ကသိုလ်နေ့များ(မန္တလေး)



သာသနာ့တက္ကသိုလ်မုခ်ဦးရှေ့မှာ စာကြည့်တိုက်တွေ ၀ါသနာပါတဲ့ ဂျပန်မလေးတစ်ယောက်နဲ့



သာသနာ့တက္ကသိုလ်ဒုတိယနှစ်(အဆောင် ၁၅)


သာသနာ့တက္ကသိုလ်တတိယနှစ် (အဆောင် ၂၀)


သာသနာ့တက္ကသိုလ် စတုတ္ထနှစ်(အဆောင် ၁၇)


ဘွဲ့ယူစာတမ်း(Term Paper) တင်ဖို့ ပြင်နေတာ...




နှစ်နှစ်တာ သာသနာပြုခရီးအတွင်း ရှမ်းအရှေ့ပိုင်းက တောင်ပေါ်တွေမှာ တောင်ဝှေးလေးကို အားပြုတက်ရင်း လားဟူတိုင်းရင်းသားတို့ရဲ့ ကမ္ဘာဦးအစားအစာ(မုန်လာပြုတ်၊ ၀ဥပြုတ်၊ ငရုတ်သီးနဲ့ ဆားတစ်ခွက်)၊



သာသနာပြုနှစ်နှစ်တာ ကွင်းဆင်းအပြီး ကမ္ဘာအေးကုန်းမြေဘွဲ့နှင်းသဘင်တက်ဖို့ အသွား ဥတ္တရကုရုအဆောင်တော်ရှေ့ မန္တလေးသာသနာ့တက္ကသိုလ်က ဘွဲ့ခံရဟန်းတော်များ

ဓါတ်ပုံလေးအချို့တွေ့တာနဲ့ ဥပါဒါန်ပိုးလေး ပြန်ထလာပါတယ်။ အမှတ်ရစရာဓါတ်ပုံအချို့ ပျောက်ဆုံးသွားတာ နှမျောစရာပါ။ ပထမနှစ် အဆောင်၁၉ ရှေ့မှာ ရိုက်ထားတဲ့ ဓါတ်ပုံရှာမတွေ့တော့ဘူး၊ ပြီးတော့ နောက်ဆုံးနှစ်စာမေးပွဲဖြေကာနီး ကုသိုလ်တော်ဘုရားအနီးက ထနှောင်းရိပ် လက်ဘက်ရည်ဆိုင်လေးမှာ လက်ဘက်ရည်တစ်ကြိုက် သောက်လိုက်၊ စာလေးတစ်ပိုဒ်ဖတ်လိုက်၊ စကားလေးနည်းနည်း ပြောလိုက်မြင်ကွင်းကို အမှတ်မထင်ရိုက်ထားတဲ့ ဓါတ်ပုံလေး ။ ပြီးတော့ သာသနာ့တက္ကသိုလ်ဘွဲ့ယူဓါတ်ပုံတွေလည်း မရှိတော့။ ဘာပဲဖြစ်ဖြစ် သာသနာ့တက္ကသိုလ်နေ့ရက်များက ရိုက်ထားတဲ့ ဓါတ်ပုံအချို့မှာ မရင့်ကျက်မှုလေးတွေ (ထွင်ကြတာပေါ့လေ) ပါနေတာ တွေ့ရပါတယ်။ ဖြည့်သာ ကြည့်ကြပေရော့.....။

(ခ)ထေရ၀ါဒတက္ကသိုလ်နေ့များ(ရန်ကုန်)


ထေရ၀ါဒတက္ကသိုလ်မုခ်ဦးမှာ ဗုဒ္ဓဓမ္မဒီပလိုမာတန်းအမှတ်တရ


ထေရ၀ါဒစာသင်ခန်းထဲ (ရဟန်းတော်တွေက ရှေ့ဆုံးက ထိုင်ရလေတော့ ငိုက်မရ)


နိုင်ငံတကာသင်တန်းသားများ (အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ် ၊ ကမ္ဘောဒီယား၊ နီပေါလ် ၊သြစတေးလျ အာရှ တိုက်သားက ပိုများတော့ မြန်မာတွေနဲ့ ခွဲခြားမရ)


ဘွဲ့နှင်းသဘင်မြင်ကွင်း


ထေရ၀ါဒတက္ကသိုလ်ဘွဲ့နှင်းသဘင်မှာ


ဗန်းမော်ဆရာတော်ကြီးထံမှ ဘွဲ့ပုံလက်မှတ်ကို ခံယူ...(ကျွန်းသားယတ်တောင်ကြီးက လေးပါ့။)

မိခင်ဖခင်တို့အတွက် ဘွဲ့ယူအပြီး ဓါတ်ပုံလေးရိုက်ပို့လိုက်ပါတယ်...(ဘွဲ့နှင်းသဘင်တက်ဖို့ ကျေးလက်ကနေ တကူးတက ရောက်လာခဲ့ကြပေမယ့် ဘွဲ့သတ်မှတ်ရက် အပြောင်းအလဲကြောင့် ကျေးဇူးရှင်များက မြို့မှာ ကြာကြာမနေနိုင်ဘဲ ရွာပြန်ကြလေသကိုး...။

တရားနာချင်ကြသတဲ့လေ...(ကဲ မထတမ်း ဟောတော့ လန့်သွားရော) ရိုးရိုးတရားပွဲလေးပါ။

Read more...

“ငါ့ဟာတွေကုန်ပါပြီ”

တခါကဇနီးမောင်နှံနှစ်ဦးတို့ရှိကြလေသည်။သူတို့နှစ်ဦးတို့တွင် လင်ယောက်ျားဖြစ်သူသည်ကား အလွန်ကပ်စေး နှဲသည်။ဇနီးသည်ကားအလွန်စေတနာကောင်းသည်။တစ်နှစ်တွင်သူတို့သည် စပါး ကြက်သွန်ငရုတ်စသည်တို့ကို ထူးခြားစွာရလေသည်။ ထို့ကြောင့်သူတို့သည်ဗုဒ္ဓဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာအရ သားဖြစ်သူများကို ရှင်ပြု ပေးကြလေသည်။ လင်သားဖြစ်သူသည် ဇနီးသည်၏ အလိုအရလည်းကောင်း ထုံးတမ်းစဉ်လာဖြစ်နေသည်က တစ် ကြောင်း သားဖြစ်သူများကို ရှင်ပြုပေးလိုက်ရသည်။ ငွေကုန်မှာကိုကားအလွန် ကြောက်နေလေသည်။ ရှင်ပြု ပွဲကြီးကို ပြုလုပ်ပါပြီ။အလှူပွဲကြီးနေ့ နံနက်ခင်းတွင် ပရိသတ်များကို ထမင်း ဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေနေစဉ် အလွန်ကပ်စေးနှဲသော အလှူဒါယကာကြီးသည် “ငါ့ဟာတွေကုန်ပါပြီ ငါ့ဟာတွေကုန်ပါပြီ”ဟု ထမင်းထည့်ထား သောပုတ်ကြီးကို မ,ကာ မ,ကာနေလေတော့သည်။ထိုအချိန်အခါ အလှူဒါယ ကာကြီး၏ ရင်ဝယ်ပုတ်မစေတနာ သည်ဖြစ်ပေါ်၍လာလေ၏။ ထို့နောက် အလှူဒါယကာကြီးသည် ထမင်းကို အလှူအကျွံစားသော သူများကို ကြည့် ကာ မုန်းစစေတနာသည် ဖြစ်ပြန်လေ၏။ နောက်ဆုံးတွက်ကား အလှူဒါယကာကြီးသည် အပါယ်ရစေတနာ ဖြစ်လေတော့သတည်း။

မှတ်ချက်=ဗုဒ္ဓဘာသာဝင်တို့၏ထုံးတမ်းစဉ်လာအရ အလှူတစ်ခုပြုတော့မည်ဆိုလျှင်မလှူခင်ရှေးဦးအစ၌လှူချင် စိတ်တွေတစ်ဖွားဖွားဖြစ်နေခြင်းသည် ပုဗ္ဗစေတနာဖြစ်သည်။ သို့သော် အလှူဒါယကာကြီးသည်ကား ထိုပုဗ္ဗ စေတနာမဖြစ်မူ၍ “ငါ့ဟာတွေကုန်သွားပါပြီ၊ ငါ့ဟာတွေကုန်သွားပါပြီ”ဟု ပုတ်ကြီးကို မ,ကာ မ,ကာဖြစ်နေ လေတော့ ထိုဒါယကာကြီး၏ ရင်ဝယ်ပုတ်မစေတနာသာဖြစ်လေတော့သည်။ လှူဆဲတွင် ၀မ်းမြောက်ဝမ်းသာဖြစ် နေသော စေတနာသည် မုဉ္ဇစေတနာဖြစ်သည်။ထိုစေတနာမဖြစ်မူ၍ အလှူဒါယကာကြီးသည်ကား အလွန်စား သော သူများကို ကြည့်ကာ မုန်းစစေတနာဖြစ်လေတော့သည်။ အလှူပွဲပြီးနောက် ၀မ်းမြောက်ဝမ်းသာဖြစ်နေရ မည်ဖြစ်သော စေတနာသည်ကား အပရစေတနာဖြစ်သည်။ သို့သော် အပရစေတနာမဖြစ်မူ၍ အလှူဒါယကာ ကြီးဖြစ်သွားသောစေတနာသည်ကား အပါယ်ရစေတနာဖြစ်သွားလေတော့သတည်း။
မှတ်ချက် ဤပုံပြင်ကို ဦးသုဝဏ် (ရမ်းဗြဲ သို့မဟုတ် ရမ်းပြည့်)မှ ပြောပြသည်။

Read more...

လောကဓမ္မနှင့် အရိယသာဝက…

“လာဘ်ရမှုသည် လည်းကောင်း၊ လာဘ်မရမှုသည် လည်းကောင်း၊ အခြံအရံ ရှိမှုသည် လည်းကောင်း၊ အခြံအရံ မရှိမှုသည် လည်းကောင်း၊ ကဲ့ရဲ့မှုသည် လည်းကောင်း၊ ချီးမွမ်းမှုသည် လည်းကောင်း၊ ချမ်းသာမှုသည် လည်းကောင်း၊ ဆင်းရဲမှုသည် လည်းကောင်း ဤသဘောတရားတို့သည် လူတို့၌ အမြဲမရှိကုန်၊ အတည်မရှိကုန်၊ ဖောက်ပြန်ပြောင်းလဲ တတ်သော သဘောရှိကုန်၏။

သတိနှင့်ပြည့်စုံသော ပညာရှိသည် ထိုတရားတို့ကို သိ၍ ဖောက်ပြန်တတ်သော တရားတို့ကို ဉာဏ်ဖြင့် ရှုဆင်ခြင်၏။ ထိုသို့သော ပညာရှိ၏စိတ်ကို အလိုရှိအပ်သော လောကဓံ တရားတို့သည်လည်း မချောက်ချားနိုင်ကုန်၊ အလိုမရှိအပ်သော လောကဓံ တရားတို့ကြောင့်လည်း စိတ်ထိခိုက် ပင်ပန်းခြင်းသို့ မရောက်နိုင်ပေ။

ထိုသူအား စိတ်နှင့်လျော်သော လောကဓံတရားတို့သည် လည်းကောင်း၊ စိတ်နှင့်ဆန့်ကျင်သော လောကဓံတရားတို့သည် လည်းကောင်း ပျက်စီးပြီး ချုပ်ပျောက်ပြီးဖြစ်၍ မရှိကုန်။ ဘ၀၏ တဖက်ကမ်းသို့ ရောက်သောသူသည် ကိလေသာ မြူကင်း၍ စိုးရိမ်မှု မရှိသော နိဗ္ဗာန်ကိုသိလျက် ဘ၀၏ တဖက်ကမ်းသို့ ရောက်သည်၏ အဖြစ်ကို ကောင်းစွာသိနိုင်ပေ၏။”
(အံ၊ ၃၊ ဒုတိယ လောကဓမ္မသုတ်)

ဤကား မြတ်စွာဘုရားရှင် နှုတ်တော်မှ ထုတ်ဖော်တော်မူခဲ့သည့် လောကဓံနှင့် ပတ်သက်သည့် ကောက်ချက်ချ ဓမ္မစကား ဖြစ်ပါ၏။ မြတ်စွာဘုရား စကားတော်အရ လောကဓမ္မခေါ် လောကဓံတရားသည် လောကရှိ ပုထုဇင်ဖြစ်စေ၊ အရိယာဖြစ်စေ မည်သို့သော သတ္တ၀ါမဆို တွေ့ကြုံရမည့် သဘာဝတရား ဖြစ်ပြီး ထိုတရားနှင့် တွေ့ကြုံရသည့်အခါ လက်ခံနှလုံးသွင်း ဆင်ခြင်သည့် ပုဂ္ဂိုလ်သို့လိုက်၍သာ လောကဓံ တရား၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်တတ်သည့် အကောင်းအဆိုး အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ဖြစ်တတ်သည်ကို သိရှိနိုင်မည် ဖြစ်၏။

မှန်၏။ လောကဓံတရားဟူသည် ပုထုဇင်ဖြစ်စေ၊ အရိယာဖြစ်စေ တွေ့ကြုံနေရမည့် တရားဖြစ်၏။ မည်သူမဆို တစ်ခါတစ်ရံ လာဘ်လာဘ ပေါများတတ်သကဲ့သို့ တစ်ခါတစ်ရံ လာဘ်လာဘမရှိ ဗလာနတ္ထိ ဖြစ်နေသည်လည်း ရှိတတ်၏။ တစ်ခါတစ်ရံ အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများနေတတ်သကဲ့သို့ တစ်ခါတစ်ရံ အခြံအရံ အပေါင်းအသင်းမရှိ တစ်ယောက်တည်း အထီးကျန်နေသည်လည်း ရှိတတ်၏။ တစ်ခါတစ်ရံ ကဲ့ရဲ့ခံရသည်များ ရှိသကဲ့သို့ တစ်ခါတစ်ရံ ချီးမွမ်းမှုများ ခံရတတ်၏။ တစ်ခါတစ်ရံ ချမ်းသာမှုများ ရှိတတ်သကဲ့သို့ တစ်ခါတစ်ရံ ဆင်းရဲအတိ ဖြစ်နေသည်လည်း ရှိတတ်၏။ မည်သို့ပင်ဖြစ်စေ အကောင်းအဆိုး နှစ်မျိုးတို့သည် မည်သူမဆို ကြုံနေရမည် ဖြစ်သကဲ့သို့ ထိုကြုံတွေ့မှုသည်လည်း အမြဲမရှိ အခိုက်အတန့်သာ ဖြစ်သည်ဟူသည်ကား ထင်ရှားလှ၏။ အရေးကြီးသည်မှာ ထိုတရားများနှင့် ကြုံတွေ့သည့်အခါ မည်သို့နှလုံးသွင်း ဆင်ခြင်ကာ မိမိကိုယ်ကိုမိမိ မည်သို့ခံနိုင်ရည်ရှိရန် ကြိုးစားလေ့ကျင့်မည်ဟူသည့် အချက်ပင် ဖြစ်၏။

ဤသို့ လောကဓံတရားများနှင့် တွေ့ကြုံရသည့်အခါ ပုထုဇင်များနှင့် အရိယသာဝကများ၏ လက်ခံနှလုံးသွင်း ဆင်ခြင်မှုကား ကွာခြားလှ၏။ ပုထုဇင်ပုဂ္ဂိုလ်တို့ကား လာဘအလာဘစသည့် လောကဓံတရားများနှင့် ကြုံတွေ့သည့်အခါ “ဤတရားများသည် ငါ့အားဖြစ်ခဲ့ပြီ၊ ထိုတရားများကား အမြဲမရှိ ဆင်းရဲ၏၊ ဖောက်ပြန်တတ်သည့် သဘောရှိ၏” စသည်ဖြင့် နှလုံးသွင်း ဆင်ခြင်မှုကို မပြုနိုင်သော်လည်း အရိယသာဝတို့ကား ထိုလောကဓံတရားများနှင့် ကြုံတွေ့သည်အခါ “ဤတရားများသည် ငါ့အားဖြစ်ပေါ်ခဲ့ပြီ၊ ထိုတရားများကား အမြဲမရှိ ဆင်းရဲ၏၊ ဖောက်ပြန်တတ်သည့် သဘောရှိ၏”ဟု နှလုံးသွင်း ဆင်ခြင်မှုကို ပြုလုပ်နိုင်ပေ၏။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓက “ပုထုဇင်ပုဂ္ဂိုလ်များအား လောကဓံတရားနှင့် ကြုံတွေ့ရသည့်အခါ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်းများ ဖြစ်ပေါ်လေ့ရှိခြင်း ဖြစ်ကြောင်း၊ ထိုဝမ်းနည်းခြင်း ၀မ်းသာခြင်းများကြောင့်ပင် ပဋိသန္ဓေနေခြင်း၊ အိုခြင်းသေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း နှလုံးမသာယာခြင်း ပြင်းစွာပူပန်ခြင်းတို့မှ မလွတ်နိုင်ဘဲ ဆင်းရဲအပေါင်းမှ မလွန်မြောက်နိုင်အောင် ဖြစ်နေခြင်း ဖြစ်ကြောင်း၊ အရိယာ သာဝကတို့ကား ပုထုဇင်တို့နှင့် ဆန့်ကျင်ပြီး လောကဓံတရားများ အပေါ်တွင် မမြဲဆင်းရဲသည့်တရား၊ ဖောက်ပြန်တတ်သည့် တရားဟု နှလုံးသွင်းဆင်ခြင်ကာ ၀မ်းနည်းမှု ၀မ်းသာမှု ဖြစ်လေ့မရှိဘဲ ထိုဒုက္ခများမှ လွန်မြောက်နိုင်ကြောင်း” စသည်ဖြင့် ဟောတော်မူခြင်းဖြစ်၏။

ပုထုဇင်ပုဂ္ဂိုလ်တို့သည် လာဘ်လာဘ ပေါများသည့်အခါ စိတ်ဓာတ်များလည်း ပြောင်းသွားတတ်၏။ လာဘ်လာဘ အပေါ်အမီပြု၍ မာနတရား ဖြစ်ပေါ်လေ့ရှိပြီး လာဘ်လာဘကို အကြောင်းပြု၍ မနာလိုမှု၊ ၀န်တိုမှုများလည်း ဖြစ်ပေါ်လေ့ ရှိတတ်၏။ လာဘ်လာဘ မရှိသည့်အခါတွင်လည်း စိတ်ဓာတ်များ ပျက်ပြားတတ်၏။ လာဘ်လာဘ မရှိသည့်ဒဏ်ကို ခံနိုင်ရည်မရှိဘဲ လာဘ်လာဘရမည်ဆိုလျင် တရားသောနည်း၊ မတရားသောနည်း စသည်ဖြင့် မည်သည့်နည်းနှင့်မဆို မရရအောင် ကြိုးစားတတ်ကြ၏။ ရှိသည့်အခါလည်း စိတ်အစဉ် ပြောင်းလဲတတ်သကဲ့သို့ မရှိသည့်အခါတွင်လည်း စိတ်ဓာတ်ခွန်အား ပျက်သွားတတ်၏။ ထို့အတူ အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများလျင်လည်း ပေါများသည့်အလျောက်၊ မရှိလျင်လည်း မရှိသည့်အလျောက်၊ ကဲ့ရဲ့ခံရလျင်လည်း ကဲ့ရဲ့ခံရသည့်အလျောက်၊ ချီးမွမ်းခံရလျင်လည်း ချီးမွမ်းခံရသည့်အလျောက်၊ ချမ်းသာလျင်လည်း ချမ်းသာသည့်အလျောက်၊ ဆင်းရဲလျင်လည်း ဆင်းရဲသည့်အလျောက် စိတ်အစဉ်များ ပြောင်းလဲ ပျက်ပြားတတ်ကြ၏။ ထိုသို့ အပြောင်းအလဲ မြန်သဖြင့်လည်း ပုထုဇင်များသည် လောကဓံတရားနှင့် ကြုံတွေ့သည့်အခါ ခံနိုင်ရည် မရှိဖြစ်ကာ ကောင်းလျင်ဝမ်းသာပြီး ဆိုးလျင်ဝမ်းနည်း တတ်ကြခြင်း ဖြစ်၏။ ၀မ်းနည်းဝမ်းသာ ဖြစ်တတ်လာလျင် နောက်ဆက်တွဲများအဖြစ် တဒင်္ဂချမ်းသာနှင့် အဆင်ထာဝရ ဆင်းရဲမှုများလည်း ပါလာတတ်မြဲ ဖြစ်ပေ၏။ အများအားဖြင့် ဒုက္ခများသာ ဖြစ်နေကြသည်သာ များလေ၏။ ထို့ကြောင့် လောကဓံ တရားများနှင့် ကြုံတွေ့သည့်အခါ မတုန်မလှုပ် ခံနိုင်ရည်ရှိအောင် ကြိုးစားကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။

အရိယသာဝကတို့ကား ထိုသို့မဟုတ်။ လောကဓံတရားကို ကောင်းစွာခံနိုင်ရည်ရှိ၏။ လာဘ်လာဘပေါများမှုသည့် အရိယာသာဝကတို့၏ စိတ်အစဉ်ကို တုန်လှုပ်ချောက်ခြားအောင် မလုပ်နိုင်သကဲ့သို့ လာဘ်လာဘမရှိမှုသည်လည်း အရိယသာဝကတို့အဖို့ ထူးခြားမှု တစ်စုံတစ်ရာ မဖြစ်ပေါ်နိုင်ပေ။ ရှိမှု၊ မရှိမှု၊ အခြံအရံ ပေါမှုမပေါမှု၊ ချီးမွမ်းမှု ကဲ့ရဲ့မှု၊ ချမ်းသာမှု ဆင်းရဲမှုဟူသည် အခိုက်အတန့်သာ ဖြစ်ပြီး အမြဲပြောင်းလဲနေသည့် သဘောတရားများ ဖြစ်သည်ကို ကောင်းစွာ သိရှိထားသည့် အရိယသာဝကတို့သည် ထိုအခိုက်အတန့်ကို ကောင်းစွာခံနိုင်ကြပေ၏။ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော အမှန်ကို တုန်လှုပ်မှုမရှိ ကောင်းစွာကျော်လွှားနိုင်ပေ၏။ ကောင်းလျှင်လည်း ၀မ်းသာမှု မဖြစ်သကဲ့သို့ ဆိုးလျှင်လည်း ၀မ်းနည်းမှု မဖြစ်သဖြင့် အကောင်းအဆိုးသည် အရိယာတို့၏ စိတ်ကို တုန်လှုပ်မှု မပြုနိုင်ခြင်းဖြစ်၏။ ထိုသို့ဝမ်းသာဝမ်းနည်း မဖြစ်သဖြင့်လည်း ဆင်းရဲဒုက္ခဟူသည် မဖြစ်ပေါ်ခြင်း ဖြစ်ပေ၏။ ထို့ကြောင့် လောကဓမ္မသည် အရိယသာဝကများအဖို့ တစ်စုံတစ်ခုမျှ သက်ရောက်မှုကို ဖြစ်စေနိုင်သည့် တရားများ မဟုတ်ဟု ဆိုခြင်းဖြစ်ကာ အရိယသာဝကများကဲ့သို့ ပုထုဇင်တို့သည်လည်း မိမိတို့၏ စိတ်အစဉ်ကို လေ့ကျင့်သင့်ကြောင်း ဆိုခြင်းဖြစ်၏။

မင်္ဂလသုတ်တော်တွင် မြတ်ဗုဒ္ဓက “ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ” စသည်ဖြင့် ဟောတော်မူထား၏။ လောကဓံတရားနှင့် တွေ့ကြုံသည့်အခါ စိတ်အစဉ် မတုန်လှုပ်ခြင်းသည် ကောင်းမြတ်သည့် မင်္ဂလာ တစ်ပါးဖြစ်ကြောင်း မိန့်တော်မူခြင်း ဖြစ်၏။ မှန်၏။ ကြုံလာသမျှ ကောင်းဆိုးနှစ်တန် လောကဓံကို ခံနိုင်ရည် ရှိထားလျှင် ၀မ်းသာမှု၊ ၀မ်းနည်းမှု မဖြစ်ဘဲ စိတ်အစဉ် တည်ငြိမ်နေသဖြင့် ထိုလောကဓံကို အမှီပြု၍ ဖြစ်ပေါ်လာနိုင်သည့် လောဘဒေါသစသည့် အကုသိုလ်တရားများလည်း ဖြစ်ပေါ်ခြင်း မရှိနိုင်တော့ပေ။ အကုသိုလ်မဖြစ်ခြင်းသည် ကုသိုလ်ဖြစ်ရန် အထောက်အပံ့တစ်ခု ဖြစ်သဖြင့် ကုသိုလ်ဖြစ်နေခြင်းသည် မင်္ဂလာ ဖြစ်နေခြင်းပင် ဖြစ်၏။ ထို့ကြောင့် လောကဓံကို ခံနိုင်ခြင်းသည် မင်္ဂလာတစ်ပါးဟု ဆိုခြင်းဖြစ်၏။

မျက်မှောက်ခေတ်တွင် လောကဓံတရားကို မခံနိုင်သဖြင့် ပျက်စီးသွားသူများကို အများအပြားတွေ့ဖူး၏။ အကောင်းအဆိုးဟူသည် အခိုက်အတန့် ဖြစ်သည်ဟူသည့် သဘောကို ကောင်းစွာသဘောမပေါက် သဖြင့် အခိုက်အတန့် ကြုံတွေ့ရသည့် အကောင်းလောကဓံ၊ အဆိုးလောကဓံများတွင် စိတ်အစဉ် ပြောင်းလဲသွားသဖြင့် ဘ၀ပျက်သွားသူများလည်း အများအပြားရှိ၏။ ငွေကြေးလာဘ်လာဘ ပေါများသည့်အခါ၊ အပေါင်းအသင်း မိတ်ဆွေပေါများသည့်အခါ၊ ချီးမွမ်းသည့်အခါ၊ ချမ်းသာသည့်အခါများတွင် အကျေနပ်ကြီး ကျေနပ်ကာ ထိုသာယာမှုများနောက်ကို လိုက်ရင်း ရုတ်တရက် ထိုအရာများ ပျောက်ပျက်သွားသည့်အခါ တုန်လှုပ်ချောက်ခြား ပျက်စီးသွားသူများ ရှိသကဲ့သို့ လာဘ်လာဘမရှိမှု၊ အပေါင်းအသင်းမရှိမှု၊ ကဲ့ရဲ့မှု၊ ဆင်းရဲမှု စသည့် အဆိုးလောကဓံများနှင့် ကြုံတွေ့ကြသည့်အခါ ခံနိုင်ရည်မရှိဖြစ်ကာ ထိုအဆိုးဒဏ်ကို မခံနိုင်သဖြင့် အကောင်းများရအောင် ကြိုးစားရင်း ဆိုးသထက်ဆိုးသွားသူများ၊ မကောင်းသည့် အရာများတွင် နစ်မွန်းသွားသူများလည်း အများအပြားရှိနေ၏။ ဤသည်မှာ အခိုက်အတန့်ဖြစ်သည့် အပြောင်းအလဲ လောကဓံကို ခံနိုင်ရည် မရှိသဖြင့်သာ ဖြစ်၏။ အတက်ရှိလျှင် အကျရှိသကဲ့သို့ အကျရှိလျှင်လည်း အတက်ရှိမည်ဟူသည့် သဘောကို ရင်မဆိုင်နိုင်သဖြင့် အတက်အကျ တဒင်္ဂတွင် အဆင်မကျ ဖြစ်ကြရခြင်း ဖြစ်၏။

တစ်ခါက ဒကာမတစ်ဦးနှင့် ဆုံဖူး၏။ ထိုဒကာမနှင့် စတွေ့စဉ်က ဒကာမသည် စီးပွားရေး အလွန်ကောင်းပြီး အစစအရာရာ အဆင်ပြေနေသည့် အချိန်ဖြစ်၏။ ထိုသို့ အစစအရာရာ အဆင်ပြေနေသဖြင့်လည်း ထိုဒကာမ၏ အပြောအဆို အပြုအမူ အနေအထိုင်များက မာနတရား၊ မောက်မာမှုတရား လွှမ်းမိုးထားသည့် အသွင်ကို ဆောင်နေသည်ဟု ခံစားရ၏။ အလှူအတမ်း လုပ်သည်ကအစ ဂုဏ်တုဂုဏ်ပြိုင် သဘောမျိုးဖြင့် အပြိုင်အဆိုင် လုပ်တတ်သည်ကို တွေ့ရ၏။ အခြားသူများ လှူနိုင်သည်ထက် အဆများစွာလှူပြကာ ပရိတ်သက်အလယ်တွင် ဂုဏ်ကြွယ်လိုသည့် သဘောအပြောများကို ပြသလေ့ရှိ၏။ တစ်နှစ်လောက်ကြာသည့်အခါ ထိုဒကာမနှင့် တစ်ခါဆုံ ဖြစ်ပြန်၏။ ထိုအခါတွင်ကား ယခင်တွေ့ခဲ့သည့် အမူအရာ မဟုတ်ဘဲ ဆင်းရဲနွမ်းပါးနေသည့်အပြင် စိတ်ဓာတ်များလည်း ပျက်ပြားနေသည့် အသွင်ကို ဆောင်နေ၏။ တစ်ခါတစ်ရံ သတိလက်လွတ်ဖြင့် စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြောဆိုတတ်သည်ကိုလည်း တွေ့ရပြန်၏။ နောက်မှသိရသည်မှာ ထိုဒကာမ၏ စီးပွားရေးလုပ်ငန်းများ ကမောက်ကမဖြစ်ကာ ဆိုင်လည်းမီးလောင်ပြီး ကားတိုက်မှုပါ ထပ်ဖြစ်သဖြင့် အမှုရင်ဆိုင်ရင်း ရှိသမျှအရာများ ကုန်ဆုံးသွားခြင်း ဖြစ်ကြောင်း၊ ငွေကြေးလည်းမရှိ၊ စီးပွားရေးလည်း မရှိသည့်အခါ အခြံအရံ အပေါင်းအသင်းများလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြကြောင်း၊ ဘာမှမရှိသဖြင့် လုပ်သမျှများလည်း ကဲ့ရဲ့စရာများဖြစ်ကာ ဆင်းရဲဒုက္ခများနှင့်သာ ကြုံတွေ့သွားရကြောင်း၊ ထို့ကြောင့် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်နေကြောင်း တစ်ဆင့်စကား ကြားသိရ၏။ ထိုဒကာမနှင့် ပတ်သက်၍ မြင်ကြားရသည်မှာ အမှန်ပင် အံသြစရာ ကောင်းသည့် အပြောင်းအလဲ လောကဓံပင် ဖြစ်ပါ၏။ အခိုက်အတန့်ကာလမှာပင် ကပြောင်းကပြန် ဖြစ်စေနိုင်သဖြင့် ဤဒဏ်ကို မခံနိုင်သူများအဖို့ ပျက်စီးဖွယ်ရာ အမှန်ပင် ဖြစ်ပေ၏။ ထို့ကြောင့် အခိုက်အတန့် ဖြစ်သည့် အကောင်းအဆိုးရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိအောင် ကြိုးစားကြရန် တိုက်တွန်းကြခြင်း ဖြစ်၏။

ဆိုလိုသည်မှာ လောကဓမ္မခေါ် လောကဓံ တရားများသည် အမြဲမရှိ ဖောက်ပြန်တတ်သည့် သဘောရှိသဖြင့် အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ မည်သို့သော အရာများနှင့် ကြုံတွေ့ပါစေ ကြုံတွေ့သည့် အခိုက်တွင် မိမိတို့၏ စိတ်အစဉ်ကို တုန်လှုပ်ချောက်ခြားမှု မဖြစ်စေဘဲ အခိုက်အတန့် ကာလလေးကို ခံနိုင်ရည်ရှိရန် ကြိုးစားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မြတ်ဗုဒ္ဓ၏ အရိယာသာဝကများ နှလုံးသွင်း ဆင်ခြင်သကဲ့သို့ အကောင်းအဆိုး တရားတို့၏ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ ဖောက်ပြန်ခြင်း သဘောများကို ဟုတ်တိုင်းမှန်စွာ သိရှိဆင်ခြင်ပြီး “ဒါလည်းပဲ ပြီးသွားမှာပါပဲ”ဟု မိမိကိုယ်ကို အထပ်ထပ် သတိပေးကာ ခံနိုင်ရည်ရှိအောင် ကြိုးစားလေ့ကျင့်သင့်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အရိယာသာဝကများကဲ့သို့ လောကဓံကို အကြွင်းမဲ့ ခံနိုင်သည့် ပုဂ္ဂိုလ်များ မဖြစ်နိုင်သေးသော်လည်း သာမန်ပုထုဇင်များ အနေဖြင့်ကား မိမိတို့ ဖြတ်သန်းကျင်လည်ရသည့် ဘ၀အခြေအနေတွင် အကောင်းအဆိုး လောကဓမ္မများကို မဖြစ်မနေ ရင်ဆိုင်တွေ့ကြုံကြရမည် ဖြစ်သဖြင့် ကြုံသမျှ အရာများတွင် “အရာရာ အမြဲမရှိဘဲ ပြောင်းလဲဖောက်ပြန်တတ်သည့် သဘော”ကို ကောင်းစွာ သတိပြုဆင်ခြင်ကာ အကောင်းများနှင့် ကြုံတွေ့သည့် အခါတွင်လည်း မာနမ၀င် သတိဆင်၍ အဆိုးများနှင့် ကြုံတွေ့သည့် အခါတွင်လည်း မတုန်မလှုပ် အကောင်းလုပ်လျက် အကြောင်းဟုတ်အောင် ကြိုးစားသင့်ကြောင်း တိုက်တွန်းရင်း လောကဓမ္မနှင့် အရိယသာဝက တို့၏ နှလုံးသွင်းဆင်ခြင်မှုကို အတုယူနိုင်စေဖို့ မြတ်ဗုဒ္ဓ၏ လောကဓမ္မသုတ်ကို ကိုးကား၍ ကြိုးစား တင်ပြလိုက်ရပါ တော့သည်။

Read more...

အနာဂါမ်၏အရိုးများ ဓာတ်တော် ဖြစ်နိုင်သလား

အနာဂါမ်၏အရိုးများ ဓာတ်တော် ဖြစ်နိုင်သလား

ဒကာ။ ။ ပက္ကုသာတိမင်းကြီးဟာ ဘုရားနဲ့တွေ့ အနာဂါမ်ဖြစ် ရဟန်းပြုဖို့ သင်္ကန်းပရိက္ခရာ ရှာဖွေရင်း နွားဝှေ့၍ စုတိကျသွားတော့ ဗိမ္ဗိသာရမင်းကြီးက အလောင်းတော်ယူကာ ကောင်းစွာမီးသင်္ဂြိုဟ်ပြီး ဓာတ်တော်များကို ကောက်ယူ၍ စေတီတည်ထား ကိုးကွယ်တယ်လို့ ဟောပြောနေကြတာ မှန်သလား ဆရာတော်၊ အနာဂါမ်က ဓာတ်တော်ကျနိုင်ပါသလား၊ တိုတိုကျဉ်းကျဉ်းနဲ့ ရှင်းပြပါဦးဘုရား။
ဆရာ။ ။ အင်း….ဒီကလည်း အပိုမပြောတတ်ဘူး၊ တိုတိုတိတိသမားပဲ၊ အမှန်ကတော့ ဓာတ်တော်ဆိုတာ ကိလေသာလုံးဝမရှိ သန့်ရှင်းစင်ကြယ်တော်မူကြတဲ့ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့ရဲ့ အသားတော် အသွေးတော် အရိုးတော် ဆံတော် မွေးညင်းတော်တို့က ပြာမကျဘဲ အလုံးအခဲကလေးတွေဖြစ်ကာ တည်နေတာကို ဓာတ်တော် လို့ ခေါ်တာပဲ။ အဲဒီ ဓာတ်တော်များကို ကိုးကွယ်တည်ထား ကြည်ညိုလေးစား ပူဇော်မှုများ ပြုကြရမည်၊ လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာအထိ အကျိုးစီးပွားသုံးပါးကို ရနိုင်သည်ဟု ပိဋကတ်တော်မှာ လာရှိတယ်။
ပက္ကုသာတိမင်းကြီးကတော့ မြတ်စွာဘုရား၏ တရားတော်နာယူပြီး ချက်ချင်းပဲ ၀ိပဿနာတရားရှုမှတ်ပွားများလိုက်တာ အနာဂါမိဖိုလ်အထိ ရသွားတယ်၊ ဒီတော့ ရဟန်းအဖြစ် ရယူနိုင်ရန် ဘုရားထံလျှောက်ထားတယ်၊ သူက သင်္ကန်း ပရိက္ခရာ မပေးလှူခဲ့ဖူးလို့ ဧဟိဘိက္ခုရဟန်း အဖြစ်ကို မရနိုင်တဲ့အတွက် ရဟန်းပရိက္ခရာ ထွက်ရှာရင်း နွားဝှေ့ခံရ စုတိကျသွားတော့ သုဒ္ဓ္ဓါဝါသ ဗြဟ္မာ့ဘုံကို ရောက်ရောက်ခြင်း အရဟတ္တမဂ်ဖိုလ်ရပြီး ရဟန္တာကြီးဖြစ်သွားသောကြောင့် သူ့ကို ရဟန္တာလို့ ခေါ်ဆိုနိုင်တယ်၊ သူ့ရဲ့ဓာတ်တော်များကို စေတီတည်ထား ကိုးကွယ်ထိုက်တယ်လို့ ပိဋကတ်တော်က…..
ကုလပုတ္တဿ သရီရကိစ္စံ ကတွာ ဓာတုယော အာဒါယ စေတိယံ ပတိဋ္ဌာပေသိ။ လို့ လာရှိတယ်၊ ရှင်းရဲ့လား၊ အဲဒါဟာ ပိဋကတ်တော်ရဲ့ အဆုံးအဖြတ် တိုတိုပဲ။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ မင်းကြီးက စုတိလည်းကျ သုဒ္ဓါဝါသဗြဟ္မာ ရဟန္တာကြီးလည်း ဖြစ်သွားတာကိုး၊ ကျေနပ်စွာနဲ့ ကျေးဇူးတင်လှပါတယ်ဘုရား။

Read more...

“ကရုဏာက အကြောင်းကောင်းဖို့, ဉာဏ်ပညာက အကျိုးကောင်းဖို့”

Wednesday, 08 September 2010 09:56 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

လူသားတစ်ဦးအတွက် မြင့်မြတ်ရာသို့ သွားရာလမ်းခရီးမှာ မလွဲမသွေ လှမ်းတက်ရမယ့် လှေကား သုံးထစ် ရှိပါတယ်။ အဲဒါတွေက--

စိတ်ကောင်းရှိမှု၊ အသိဉာဏ်ကြီးမြင့်မှုနဲ့အများအကျိုးပြုမှုတို့ပဲ ဖြစ်ပါတယ်။

စိတ်ကောင်းရှိမှု ဆိုတာဟာ ကရုဏာတရားရဲ့ သင်္ကေတဖြစ်သလို အသိဉာဏ် ကြီးမြတ်မှုက ပညာ စေတသိတ်ရဲ့ လက္ခဏာ ဖြစ်ပါတယ်။ ကရုဏာ တရားနဲ့ ပညာတို့ရဲ့ လက်တွေ့ ပေါင်းစပ်မှု အင်အားကြောင့် ဖြစ်ပေါ်လာတဲ့ လောက ကောင်းကျိုး သယ်ပိုးမှု တွေကတော့ အများ အကျိုးပြုမှုရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ကရုဏာတရားဟာ အများရဲ့ ကိုးစားရာဖြစ်ပြီး ပညာတရားက မိမိရဲ့ ကိုးစားရာ ဖြစ်ပါတယ်။ သနား ကြင်နာခြင်းနဲ့ သူတစ်ပါးကို စောင့်ရှောက် တတ်သူဟာ မိမိကိုလည်း စောင့်ရှောက်ရာ ရောက်ပါတယ်။

ဒါကြောင့်မို့ အများအကျိုးပြု ၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက် သူတိုင်းမှာ ရှိသင့်ရှိထိုက် ရှိရမယ့် စိတ်အရည် အသွေး ဟာ ကရုဏာနဲ့ ပညာတရားပဲ ဖြစ်ပါတယ်။ ကရုဏာနဲ့ ပညာတရား နှစ်ပါးပြည့်စုံရင် တကယ့် စစ်မှန်တဲ့ အများအကျိုး သယ်ပိုးနိုင်သူ ဖြစ်တော့တာပါပဲ။

တစ်ကိုယ်ကောင်း၊ တစ်ခုကောင်း ဆန်တဲ့စိတ် အလျှင်းမမွေးဘဲ အများအကျိုး သူတစ်ပါးအကျိုး ပဓာနထားပြီး လောကကို ချစ်ခင် ကြင်နာခြင်းဟာ ကရုဏာရဲ့ သင်္ကေတ ဖြစ်ပါတယ်။

ငါ၊ ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့နိုင်ငံ၊ ငါ့လူမျိုး စတဲ့ ကျဉ်းမြောင်းတဲ့ အတ္တစည်းဝိုင်းကို ကျော်လွန်ပြီး သတ္တ၀ါအားလုံးကို ဘောင်မဲ့ အကန့် အသတ်မဲ့ ချစ်တတ် ခင်တတ် ကြင်နာတတ်ဖို့ နားလည်သူဟာ ကရုဏာ တ၇ားကို နားလည်သူ ဖြစ်ပါတယ်။

ကရုဏာ တရားရှိရင် အများအကျိုးပြု ၀န်ဆောင်မှုလုပ်ငန်း ရွက်ဆောင်ရာမှာ ထက်ဝက် အင်အား ရှိလာပါတယ်။ ကရုဏာတရား ရှိပါမှ လောကအတွက် တာဝန် ထမ်းဆောင်လိုစိတ် ရှိမှာဖြစ်ပြီး ဆောင်ရွက်ရာ မှာလည်း မိမိ အကျိုးစီးပွားကို ပဓာနမ ထားဘဲ အများရဲ့ အကျိုး စီးပွားကို အဓိကထားပြီး ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဖြူစင်ရိုးသားတဲ့ စိတ်ထား သက်သက်နဲ့ ဆောင်ရွက် လာနိုင်မှာ ဖြစ်ပါတယ်။

လောဘ၊ ဒေါသ၊ မောဟစတဲ့ စိတ်တွင်း အမိုက်မှောင်တွေကို ဖယ်ရှားကာ အသိဉာဏ် အလင်း ရခြင်းဟာ ပညာရဲ့ သင်္ကေတ ဖြစ်ပါတယ်။ အကျိုးမရှိ မသင့်လျော်တာတွေကို ရှောင်ရှားပြီး အကျိုးရှိ သင့်တော် တာတွေကို ဆောင်ပွားဖို့ နားလည်သူဟာ ပညာရှိသူ ဖြစ်ပါတယ်။

ပညာရှိရင် အများ ကောင်းကျိုးပြု ၀န်ဆောင်လုပ်ငန်း ဆောင်ရွက်၇ာမှာ နောက်ထက်ဝက် အင်အား ပြည့်စုံလာပါတယ်။

ပညာပြည့်စုံမှပဲ ကရုဏာရဲ့ စေ့ဆော်မှုအရ လောကအတွက် ဆောင်ရွက်မှု မှန်သမျှမှာ အမှန်တကယ် အကျိုးရှိ၊ မရှိကို စိစစ် ရွေးချယ် နိုင်မှာဖြစ်ပြီ အများ အကျိုးပြုလုပ်ငန်းကို ဗန်းပြကာ ထင်ပေါ် ကျော်ကြားလိုမှု၊ ကိုယ်ကျိုးစီးပွား ရှာလိုမှု စတဲ့ အလိုဆိုးတွေကို ပယ်သတ်ပြီး အထက်တန်းကျတဲ့ ပန်းတိုင်ကို ရည်စူးကာ အများ အကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါတယ်။

လောကီ အကျိုးစီးပွားကို ဆောင်ရွက် တော့မယ်ဆိုရင် ကရုဏာ တရားလောက် ကြီးမားတဲ့ အားစွမ်းအင်မရှိ၊ လောကုတ္တရာ အကျိုးစီးပွား ဆောင်ရွက် တော့မယ်ဆိုရင် ပညာ တရားလောက် ကြီးမားတဲ့ အားစွမ်းအင်မည်သည် မရှိလို့ ကျန်းဂန်တွေမှာ ဖော်ပြကြပါတယ်။

တကယ်တော့ လောက အကျိုးစီးပွား ဆောင်ရွက်ရာမှာ ကရုဏာက ရှေ့ဆောင်ဦးစီပြီး လောကုတ္တရာ စီးပွား ဆောင်ရွက်ရာမှာတော့ ပညာက ဦးဆောင်ပြဌာန်းပါတယ်။

ဒါကြောင့်မို့ လောကီ၊ လောကုတ္တရာ အကျိုးနှစ်မျိုးလုံးကို ဆောင်ရွက်နိုင်ဖို့ဆိုရင် ကရုဏာနဲ့ ပညာ နှစ်မျိုးလုံးကို လိုအပ်တာ ဖြစ်ပါတယ်။

အမှန်မှာတော့ မြင့်မြတ်တဲ့ လုပ်ငန်း ဟူသမျှဟာ ကရုဏာ ပညာတွေနဲ့ ၀န်းရံရစမြဲ ဖြစ်ပါတယ်။ ဘယ်လို လုပ်ငန်း မျိုးကိုပဲ ဖြစ်ဖြစ် ပြုလုပ် ဆောင်ရွက်သူမှာ ကရုဏာနဲ့ ပညာရှိဖို့ လိုပါတယ်။

ဥပမာစကား နှိုင်းယှဉ်ပြောရရင် ဒင်္ဂါးပြားတစ်ပြားမှာ ခေါင်းနဲ့ပန်း နှစ်ဖက်စလုံးပါမှ အသုံးပြုလို့ ရပါတယ်။ အဲဒီလိုပါပဲ အများ အကျိုးပြု ၀န်ဆောင်လုပ်ငန်း ဆောင်ရွက်လိုတဲ့ စိတ် စေတနာမှာလည်း ကရုဏာနဲ့ ပညာဟာ ခေါင်းနဲ့ပန်းလို နှစ်ဖက်စလုံး ပါရှိရပါတယ်။

အဲဒီလို ပါရှိမှလည်း လောကအတွက် အကျိုးရှိ အသုံးဝင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာနိုင်သလို အများကလည်း မြတ်နိုး တန်ဖိုး ထားစရာလည်း ဖြစ်လာနိုင်ပါမယ်။

လူတစ်ယောက်ဟာ ကရုဏာရှိပြီး ပညာကင်းမဲ့နေရင် နှလုံးလှ လူမိုက် ဖြစ်နေတတတ်ပြီး ကရုဏာမဲ့ကာ ပညာရှင် ဖြစ်နေရင်လည်း နှလုံးသားမဲ့ ပညာရှင် ဖြစ်နေတတ်ပါတယ်။ အများကောင်းကျိုးပြု ၀န်ဆောင် လုပ်ငန်းဆိုတာ နှလုံးလှ ပညာရှင်တွေကသာ အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါတယ်။

အခု ဒီအကြောင်းနဲ့ ဆက်စပ်ပြီး ဇာတ်တော်တစ်ခုကို ပြောပြချင်ပါတယ်။ အဲဒီ ဇာတ်တော်ဟာ ငါးရာ့ငါးဆယ်၊ ဧကနိပါတ်၊ အတ္တကာမ၀ဂ်မှာပါတဲ့ အာရာမဒူသက အမည်ရပါတယ်။

မျက်မှောက်အားကိုးမိလို့ ကိုယ်ကျိုးနည်းရသူ

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံနေစဉ် ဘုရားအလောင်းတော်ဟာ ပညာရှိ အမျိုးသားတစ်ဦး လာဖြစ်ပါတယ်။

ဗာရာဏသီပြည်မှာ နက္ခတ်ပွဲ သဘင်ဆင်နွဲချိန် ရောက်လာတိုင်း မြို့တွင်းကို စည်ကားလေ့ရှိပါတယ်။ နက္ခတ်ပွဲ သဘင်မှာ မြို့တော်သူ မျြို့တော်သားတိုင်းက ၀တ်ကောင်း စားလှ ၀တ်ဆင်ကာ ပါဝင်ဆင်နွဲ ပျော်ရွှင် မြူးတူး တတ်ကြပါတယ်။

ဘုရင့်ဥယျာဉ်တော်ကို စောင့်ရှောက်တဲ့ အမှုထမ်းတွေလည်း အများနည်းတူ နက္ခတ်သဘင်ပွဲ ပါဝင်ဆင်နွဲချင်ကြပါတယ်။

ဒါပေမယ့် သူတို့မှာ နေ့စဉ် နေ့တိုင်း ဥယျာဉ်တော် ထဲမှာရှိတဲ့ သစ်ပင်ငယ်များနဲ့ ပန်းပင်တွေကို ရေလောင်းရမယ့် တာဝန်က ရှိနေပါတယ်။ ဒီတာဝန်ကလည်း လစ်ဟင်း ပျက်ကွက်လို့ မရပါဘူး။ နက္ခတ်သဘင်ပွဲ မဆင်နွှဲဘဲ မနေနိုင်တဲ့ ဥယျာဉ်မှုးကြီးဟာ နောက်ဆုံးမှာတော့ ဥယျာဉ်တော်ထဲမှာ ဘေးမဲ့ပေးထားတဲ့ မျောက်တွေကို အကူအညီ တောင်းဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ဥယျာဉ်မှုးဟာ မျောက်အုပ်ထဲက အကြီးဆုံး မျောက်ကြီးထံ ချဉ်းကပ်ပြီး…

“အချင်း မျောက်ကြီး၊ ဒီ ဥယျာဉ်ဟာ သင်တို့အတွက် သိပ်ပြီး ကျေးဇူးများပါတယ်၊ ဥယျာဉ်ထဲမှာ ရှိသမျှအသီး အပွင့်တွေကို သင်တို့ပဲ စားသုံးနေကြတာပဲ။ ဒါကြောင့် ကျွန်ုပ် နက္ခတ်ပွဲ သွားနေတုန်းမှာ ကျွန်ုပ်ကိုယ်စား ဥယျာဉ်ထဲက သစ်ပင်ငယ်နဲ့ ပန်းပင်တွေကို ရေလောင်း ထားလိုက်ကြပါ” လို့ မေတ္တာရပ်ခံတယ်။

ဥယျာဉ်မှုးရဲ့ မေတ္တာ ရပ်ခံချက်ကို မျောက်ကြီးကလည်း လိုလို လားလား လက်ခံပြီး စိတ်ချ လက်ချ နက္ခတ်သဘင်ပွဲသွားဖို့ ပြောကြားလိုက်ပါတယ်။

ဒါနဲ့ ဥယျာဉ်မှုးလည်း ရေးပုံး၊ ရေခွက်တွေကို မျောက်ကြီးထံပေးအပ်ပြီး နက္ခတ်သဘင် ကျင်းပရာကို ထွက်ခွာ သွားပါတယ်။

ရေလောင်းနေကျ အချိန် ရောက်တဲ့အခါ မျောက်ကြီးက မျောက်တွေကို အစည်းအဝေးခေါ်ပြီး-

“အချင်းမျောက်တို့၊ ဥယျာဉ်မှုးက တာဝန် ပေးထားတဲ့အတွက် ဒီပွဲတော်ရက် အတွင်းမှာ ငါတို့ဟာ ဒီဥယျာဉ်ကို ရေလောင်း ကြရလိမ့်မယ်၊ ဒီတော့ ရေမလောင်းခင်မှာ အရေးကြီးတဲ့ အချက်တစ်ခုကို သတိပေးရဦးမယ်၊ ခုလို နွေရာသီမှာ ရေဆိုတာ အင်မတန် အရေးကြီးတယ်၊ နောက်နောင်အခါ ရေအခက်အခဲ မရှိရအောင် ခုနေက တည်းက ရေကို ချွေတာထားမှ ဖြစ်မယ်။ ဒါကြောင့် ဥယျာဉ်ထဲက သစ်ပင်ငယ်တွေကို ရေမလောင်းခင်မှာ အရင်းနှုတ်ကြည့်ရမယ်၊ ပြီးမှ အမြစ်ရှည်တဲ့ အပင်ကိုသာ ရေများများ လောင်းပြီး အမြစ်တိုတဲ့ အပင်တွေကို ကျတော့ ရေနည်းနည်းပဲ လောင်းရမယ်။ ဒါမှသာ ရေကို အကျိုးရှိရှိ သုံးရာရောက်မယ်” လို့ အဆုံးအမပေးပါတယ်။

မျောက်တွေကလည်း မျောက်ကြီး ပြောကြား ထားတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာလုပ် ဆောင်ကြပါတယ်။

အဲဒီအချိန်မှာ အလောင်းတော် ပညာရှိအမျိုးသားဟာ နောက်လိုက် ငယ်သားတွေနဲ့အတူ ဥယျာဉ် တော်ထဲကို ရောက်ရှိ လာကြပါတယ်။ အလောင်းတော်ဟာ မျောက်တွေ ဘာကြောင့် သစ်ပင်ငယ်တွေ ကို နုတ်ပြီးမှ ရေလောင်းနေသလဲ ဆိုတာကို စူးစမ်းပါတယ်။

နောက်ဆုံး မျောက်ကြီးရဲ့ ညွန်ကြားချက်အရ ဒီလို ဖြစ်နေကြောင်း သိလိုက်ရတဲ့အခါ နောက် လိုက်ငယ်သားတွေကို--

“အို..အမောင်တို့၊ မျောက်တွေ လုပ်ပုံကိုသာ ကြည့်ပါလေတော့။ ပညာမဲ့တဲ့သူဟာ စေတနာကောင်း ပေမယ့် ရလဒ်ကောင်းကို ရအောင် မဆောင်ရွက်နိုင်ဘူး၊ အကျိုးရှိအောင် ဆောင်ရွက်၇င်း အကျိုးမဲ့ကိုသာ ဖြစ်စေနိုင်တယ်။ မကျွမ်းကျင်တဲ့ သူဟာ အများကြီးပွားအောင် မလုပ်ဆောင်နိုင်ဘူး” လို့

ဥပမာပေး ဆုံးမစကား ပြောကြားကာ ဥယျာဉ်တော်အတွင်းက ထွက်ခွာသွားပါတယ်။

ဒီဇာတ်တော်ဟာ ရည်ရွယ်ချက်စေတနာ ကောင်းမွန်ပေမယ့် အကောင် အထည် ဖေါ်ရာမှာ လိမ္မာ ကျွမ်းကျင်မှုမရှိရင် ရလဒ်ကောင်း မပေါ်ထွက်လာ နိုင်တာကို ပညာပေးလိုလို့ ဟောကြား တော်မူခဲ့တဲ့ ဇာတ်ဝတ္ထုတစ်ခုပါ။

ဒီဇာတ်ဝတ္ထုနဲ့ အလားတူ ဖခင်ဖြစ်သူရဲ့ ဦးခေါင်းပေါ်က ခြင်ကို ပုဆိန်ဖြင့်ထူသူ သားမိုက်နဲ့ မိခင်ရဲ့ ကိုယ်ပေါ်မှာ နားနေတဲ့ ယင်ကောင်တွေကို ကျဉ်ပွေ့နဲ့ ရိုက်မောင်းသူ သမီးမိုက်တွေရဲ့ အကြောင်းကို ဟောပြ ထားတဲ့ မကသဇာတ်နဲ့ ရောဟိဏီ ဇာတ်ဝတ္ထုတွေလည်း ရှိပါသေးတယ်။

တကယ်တမ်း လူအများကို အလုပ်အကျွေး ပြုချင်သူတွေဟာ ရည်ရွယ်ချက် စိတ်စေတနာကောင်း သာမက ထွက်ပေါ်လာမယ့် ရလဒ်ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကိုပါ အမှန်အတိုင်း ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိ ဉာဏ်နဲ့ ပြည့်စုံရပါတယ်။ ကရုဏာက အကြောင်းကောင်းဖို့ အာမခံပြီး ဉာဏ်ပညာက အကျိုးကောင်းဖို့ တာဝန်ယူပါတယ်။

ပရဟိတ အကျိုးဆောင်သူတွေဟာ ကရုဏာတရား ခေါင်းပါးရင် ကိုယ်ကျိုးရှာတတ်ပြီး အသိဉာဏ် နည်းပါးရင် အမှား အယွင်း များတတ်ပါတယ်။

ဒါကြောင့်မို့ ကရုဏာနဲ့ ပညာနှစ်ပါးစုံမှ ပရဟိတသမား ပီသပါတယ်။ အများအကျိုး၊ လောကအကျိုး၊ သာသနာတော်အကျိုးကို ဖြူဖြူစင်စင် အောင်အောင်မြင်မြင် သယ်ပိုး ရွက်ဆောင်နိုင်ပါတယ်။

တော်ဝင်နွယ်

မဏိဇောတ မဂ္ဂဇင်း

Read more...

အဘိဓမ္မာသင်ရအောင်(၁၆)

သင်တန်းမှာတော့
စာရေးသူရဲ့ သင်တန်းမှာတော့ ဒီလိုသင်တယ်။ (က) ပါဠိဖတ်၊ (ခ) အင်္ဂလိပ် ဘာသာပြန်၊ (ဂ) အဓိပ္ပါယ် ရှင်းလင်းပြောပြ၊ (ဃ) အကျယ်တ၀င့်ဆွေးနွေး၊ (င) ဘယ်လို ကျင့်သုံးရမယ်ဆိုတာကို ချပြပေးတယ်။ အားလုံးက ကိုရီးယား၊ ဂျပန်၊ ဂျာမာန်၊ အိန္ဒိယ စတဲ့ နိုင်ငံခြားသားများချည်းဖြစ်လေတော့ အင်္ဂလိပ်လိုပဲ ရှင်းလင်း ပြောပြ ပေးရတယ်။ သင်တန်းချိန်မှာ မေးခွန်းတွေ အဖြေတွေ၊ ငြင်းခုံမှုတွေ၊ ဆွေးနွေးမှုတွေနှင့် အတော်လေးကို စိုစိုပြေပြေရှိလှပါတယ်။

နမောတဿ ဘုရားရှိခိုး
သင်တန်း မစမီမှာ အားလုံး နမောတဿ သုံးကြိမ် ရွတ်ဆိုပြီးတော့ ဘုရားကန်တော့ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးမှု အစဉ်အလာတစ်ခုကို ထိန်းသိမ်းရာရောက်လို့ ဖြစ်တယ်။ ဟုတ်တယ် ဒီအစဉ်အလာက စာပေ သင်ကြားမှုမှာ သိပ်အရေးပါတယ်။ နမောတဿ ရွတ်ဆိုတဲ့အချိန်မှာ ကုသိုလ်စိတ်ဖြစ်တယ်။ ကုသိုလ်ရတယ်ဆိုပါတော့။ အဲဒီကုသိုလ်(စိတ်) က ရွတ်ဖတ်သူကို ဘေးအန္တရာယ်ကင်းအောင် ပြုလုပ်နိုင်စွမ်းရှိတယ်။ ဒီနေရာမှာ ဆရာရော တပည့်ပါ လိုချင်တဲ့ အကျိုးတရားက အန္တရာယ်ကင်းစွာနဲ့ သင်ယူမယ့်ကျမ်းစာကို ပြီးဆုံးတိုင် သင်ယူနိုင်ခြင်းဆိုတဲ့ အကျိုးတရားဖြစ်တယ်။ ဒါကြောင့် အန္တရာယ်ပျောက်ကင်း ကျမ်းပြီးခြင်း အကျိုးငှာ ကျမ်းစာ သင်ယူ မှုရဲ့အစမှာ ဘုရားရှိခိုးခြင်းဖြစ်တယ်လို့ အစဉ်အလာ ပြောဆိုမှု ရှိခဲ့တယ်။ အဋ္ဌကထာ ဋီကာကျမ်းစာများမှာ ကျမ်းဦးပဏာမ အနေနဲ့ ဘုရား တရား သံဃာနှင့် ဆရာသမားတွေကို တစ်လေးတစ်စား ကန်တော့ပန်းဆင်ထားတာ ရွှန်းရွှန်းကို ဝေနေတာပဲ။ ပိဋကတ်ကျမ်းစာ စာအုပ်တိုင်းရဲ့ အဖွင့်စာမျက်တိုင်းမှာ နမောတဿ ပါရှိနေတာကို သတိပြုမိလိမ့်မယ်။ ဆိုလိုတာက ကျမ်းစာရေးသားမှု သင်ယူမှုကိစ္စတွေမှာ အနှောက်အယှက်ပေးနိုင်တဲ့ (ဖျားတာ နာတာ စာသင်ချိန်ဧည့်သည်လာတာကအစ)မည်သည့် အန္တရာယ် အနှောက်အယှက် မျိုးမဆို မလိုလားဘူး။ အဲလို အန္တရာယ်ကင်းမှလည်း ကျမ်းစာကို လွယ်လွယ် ကူကူ ပြီးဆုံးတိုင် သင်ယူရေးသားနိုင်မယ်လေ။ ဒါကြောင့် ကျမ်းဦးအစမှာ သင်တန်းမစမီမှာ ရတနာသုံးပါး အမြတ်ဆုံးထား ရှိခိုးသမှုပြုကြတာပေါ့။

Read more...

စက်တင်ဘာလ ၁၁ ရက်နေ့ တရားအစီအစဉ်များ

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီအထိ...
အရှင်အာစရာလင်္ကာရ (စစ်ကိုင်းရွှေင်္ဟသာ) ဟောကြားတော်မူသော
၁။ ကျေးဇူးဆပ်ခွင့်ပြုပါ
၂။ အမေ့နို့ဘိုး ဆပ်တဲ့သား
၃။ မွေးမေမေ မေတ္တာသားလိမ္မာ
၎။ အဖေ့နေရာ
ဆရာတော်ဦးသုမင်္ဂလ ဟောကြားတော်မူသော
ပဋ္ဌာန်းတရားတော်များအပိုင်း(၁)မှ(၂၀)အထိ... လွှင့်ကြားပေးသွားပါမည်။

Read more...

Will Know When Being Kicked

ကန်တော့သိလိမ့်မယ်


"ဟဲ့ အဲ့ဒီကြားထဲ မသွားနဲ့။ နွားကန်လိမ့်မယ်။" အမေကအော်တယ်။ အမေ့ကို ကြည့်ရတာ စိုးရိမ်နေတဲ့ပုံ။ အမေ့ကို သနားမိသလိုလို။

ဟိုဘက်အိမ်က ဇာခြည်ဦးလေ။ ကျောင်းနေခါစ။ အသက်က ငါးနှစ် ခြောက်နှစ်လောက် ရှိသေးတာ။ ဇာခြည်ဦး ဘောလုံးလေးနဲ့ ကစားနေရင်း ဘောလုံးက နွားတွေကြား ရောက်သွားတာ။ ဆော့ပုတ်ကစားရင်း နွားတွေကြားထဲ ရောက်သွားတဲ့ ဘောလုံးကို သွားကောက်မယ်အလုပ် အမေက အော်လိုက်တော့ ဇာခြည်ဦး ငိုမဲ့မဲ့နဲ့ နောက်ဆုတ်လာတယ်။ ဇာခြည်ဦးကို စာနာမိသလိုလို။

အမေ့အော်သံကြားတော့ ဇာခြည်ဦးရဲ့အဖေ ဦးသောင်းခိုင် ထွက်လာတယ်။ ဦးသောင်းခိုင်က စကားနည်းတဲ့သူ။ ပြောမိရင်လည်း သူ့စကားတွေက ပိဿာလေးနံပေးပေါက်။ လူကလည်း လူ့ကန့်လန့်။ နွားတွေကြား ရောက်နေတဲ့ သူ့သမီးရဲ့ ဘောလုံးလေးကို ဦးသောင်းခိုင် သွားကောက်ပေးမယ် ထင်တာ။ ကောက်မပေးတဲ့အပြင် "သွားပါစေ။ ကန်တော့သိလိမ့်မယ်"ဆိုပြီး အိမ်ထဲ ပြန်ဝင်သွားတယ်။ ဦးသောင်းခိုင်ရဲ့ စကားကို သဘောကျမိသလိုလို။

နှစ် နှစ်ဆယ်ကျော် သုံးဆယ်နီးပါး ကြာခဲ့ပြီ။ ခု ပြန်စဉ်းစားမိတယ်။ ကလေးတစ်ယောက် အနေနဲ့ ဦးသောင်းခိုင်ရဲ့ စကားကို သဘောကျမိတာက သူ့စကား ကွက်ကျော်ကန့်လန့်ရဲ့ အဓိပ္ပာယ်ကို နားလည်လို့ သဘောကျတာ။ စကားအဓိပ္ပာယ် မကောင်းသလို ကလေးကို ပစ်ပစ်ခါခါ လုပ်ခဲ့တဲ့ သူ့လုပ်ရပ်ကလည်း အားကျစရာမဟုတ်။ ဒါပေမယ့် သူ့စကားကို နားလည်လို့ သဘောကျမိခဲ့ရင်း သူ့ကို အားကျမိခဲ့သလား မသိ။

ဗီဇလား။ ပတ်ဝန်းကျင်လား။ အရိပ်လား။ သြဇာလား။ ဘာလဲမသိ။ အကြင်နာမကင်းပေမယ့် တစ်ခါတစ်ခါ ဦးသောင်းခိုင်ရဲ့ စကားနဲ့ အဓိပ္ပာယ်တူတဲ့ စကားတွေ ပြောမိတတ်တယ်။ စာနာတတ်ပေမယ့် ကလေးတွေနဲ့ ပတ်သက်ရင်တောင် ဦးသောင်းခိုင်လို လုပ်မိတတ်သေးတယ်။ ဘယ်အချိန် ဘယ်လို အကန်ခံလိုက်ရမယ် မသိ။

Read more...

Amy's Retreat

Today, Amy joined yogis in the nine-days Vipassana Meditation Retreat under the guidance of Sayadaw U Vimalacarabhivamsa. Sadhu! Sadhu! Sadhu!

Read more...

မွမ်ဘိုင်းမြို့၊ ဗုဒ္ဓဘာသာညီလာခံအကြောင်းတစ်စေ့တစ်စောင်း







မွမ်ဘိုင်းမြို့သည် အိန္ဒိယနိုင်ငံ၏အကြီးဆုံးနှင့် လူဦးရေအများဆုံး စီးပွါးရေးမြို့တော် ဖြစ်သည်။ မဟာရဌပြည်နယ်တွင် တည်ရှိပါသည်။ ပုနေးမြို့၊ နာဂပူမြို့ စသည်မြို့များမှာ ဤပြည်နယ်တွင် ပါဝင်လေသည်။ အခြားတစ်ဖက်မှာမူ ဗုဒ္ဓဘာသာဝင် အများဆုံးနယ်မြေဟု ဆိုလိုပါကလည်း ဆိုနိုင်ပါသည်။ အကြောင်းမှာ ဒေါက်တာ အမ်ဘေဒကာ သာသနာပြုသွားသော နာဂပူမြို့မှာ ဤနယ်မြေတွင် ရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဤနယ်မြေ၌ ဇာတ်နိမ့် ဗုဒ္ဓဘာသာဝင်များ များပြားစွာ တွေ့ရှိရပါသည်။ ကမ္မဌာန်းနည်းပြဆရာကြီး ဂိုအင်ကာ လက်ထက်တွင်မူ ရုပ်ရှင်မင်းသား မင်းသမီးများ၊ ဆရာဝန်များ၊ တက္ကသိုလ်ဆရာဆရာမများ စသဖြင့် ဇာတ်မြင့်များဟု ဆိုနိုင်သော ပညာတတ်များမှာ ဗုဒ္ဓဘာသာဝင်သို့ ၀င်ရောက်လာကြပါသည်။ ထို့အပြင် ဗုဒ္ဓဘာသာဝင်ဟု အမည်မတပ်သော်လည်း ဗုဒ္ဓဘာသာကို မြတ်နိုးသောသူများမှာ အများအပြားတွေ့ရှိရသည်။ သို့သော် ဗုဒ္ဓဘာသာဝင်ဟု ခံယူပြောဆိုဖို့ကိုကား ခက်ခဲနေဆဲ ဖြစ်ပါသည်။

ဤနယ်မြေ၌ ဗုဒ္ဓဘာသာဝင်များ ပြန်လည် ထွန်းကားလာခြင်းသည် အံသြစရာမဟုတ်ဟု ဆိုနိုင်ပါသည်။ မဟာရဌပြည်နယ် တစ်ခုလုံးသည် တောတောင်များ ထူထပ်လျှက်ရှိပြီး ရေမြေသဘာဝရာသီဥတုမှာလည်း မပူလွန်း မအေးလွန်ဟု ဆိုနိုင်သည်။ ထိုတောတောင်များတွင် တစ်ချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့သော သင်္ကေတဖြစ်သည့် အာဂျန်တာ လိုဏ်ဂူကဲ့သို့သော လိုဏ်ဂူများမှာ များပြားစွာ ရှိသည်။ ထိုလိုဏ်ဂူများကပင် တချိန်က ဤနေရာတွင် ထေရ၀ါဒဗုဒ္ဓဘာသာ အမှန်ထွန်းကားခဲ့ကြောင်း သက်သေပြလျှက် ရှိနေပါသည်။ ကံကောင်းသည်မှာ ထိုလိုဏ်ဂူများသည် မပျက်မစီး ယနေ့တိုင် ကျန်ရှိနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် ဗုဒ္ဓဘာသာဝင် အကြွင်းအကျန်များသည် ဤနယ်မြေတွင် ကျန်ရှိနေနိုင်ခြင်း ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့သော အခြေအနေအရပ်ရပ်နှင့် ဒေါက်တာအမ်ဘေဒကာ သာသနာပြုခဲ့သော ဇာတ်နိမ့်များ၊ ဆရာကြီးဂိုအင်ကာ၏ကမ္မဌာန်းရိပ်သာထွက်များ စသဖြင့် ပေါင်းစပ်လိုက်သောအခါ ဤနယ်မြေသည် ဗုဒ္ဓဘာသာ အားအကောင်းဆုံးနယ်မြေ ဖြစ်လာပါသည်။

ထိုအားအကောင်းဆုံးသော နယ်မြေတွင် ဗုဒ္ဓဘာသာညီလာခံကို ကျင်းပခြင်းသည် သင့်လျှော်မှန်ကန်သည်ဟု ဆိုချင်ပါ သည်။ ဤနယ်မြေတ၀ိုက်တွင် ဆရာကြီးဂိုအင်ကာ၏ကမ္မဌာန်းရိပ်သာထွက် လူဦးရေးက များပြားလျက်ရှိသလို့ ဆရာကြီး၏ထင်ပေါ်ကျော်ကြားမှုကလည်း ဤနယ်မြေတွင် အခြားသောနယ်မြေတို့ထက် သာလွန်နေပြန်ရာ ကမ္မဌာန်းနှင့် စပ်ဆက်သောဗုဒ္ဓဘာသာညီလာခံကို ဤနေရာ၌ ကျင်းပခြင်းသည် ကမ္မဌာန်းနည်းများ၏အရေးပါမှုကို ပိုမို ထင်ဟပ်ပေါ် လွင်စေပါသည်။ အိန္ဒိယနိုင်ငံတွင် meditation ဆိုသော ဝေါဟာရမှာ လူတော်တော်များများ၏ ပါးစပ်ဖျား၌ ရေပန်း စားလျက်ရှိပါသည်။ ကမ္မဌာန်းနည်းများကိုလည်း သူတို့အိန္ဒိယက မူလပိုင်ရှင်ဖြစ်သည်ဟု ခံယူထားကြပြန်သည်။ ထို့ကြောင့် ဤညီလာခံသည် သူတို့ပိုင်ပစ္စည်းဟု ခံယူထားသော ကမ္မဌာန်းနည်းများကို ပြန်တောင်းသောညီလာခံလည်း ဖြစ်နိုင်ပါသည်။


အိန္ဒိယသားတို့ ကမ္မဌာန်းတရားကို အားထုတ်ကြရာမှာ မြန်မာအများ နားလည်ခံယူထားသော “အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ နိဗ္ဗာန်၊ ငရဲ၊ နတ်ပြည်” စသော ဝေါဟာရများထက် လက်ရှိဘ၀တွင် စိတ်ကို ထိန်းသိမ်းနိုင်ရန်၊ ဖိအားများ၊ တင်းကျပ် မှုများကို လျော့ချရန်နှင့် ကျန်းမာရေးအတွက် ပဓာနထားသည်ဟု ဆိုနိုင်ပါသည်။ ယောဂအကျင့်မှာလည်း အိန္ဒိယနိုင်ငံ၏ မူပိုင်ပစ္စည်းဖြစ်ပြီး ထူးခြားသည်ကား အိန္ဒိယသားတို့ ယောဂကျင့်သုံးကြခြင်းသည်လည်း ကျန်းမာရေးအတွက် အများဆုံး လိုက်စားကြခြင်းဖြစ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ ထိုကမ္မဌာန်းအကျိုးတရားများမှ တဆင့် ဗုဒ္ဓဘာသာသို့ ၀င်ရောက်လာသူများ များပြားလာသလို ဗုဒ္ဓဘာသာအပေါ် ညွတ်ကိုင်းသူများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာသည်ဟု ဆိုနိုင်ပါသည်။ နောင်တစ်ချိန်တွင် ဤနေရာသည် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားမည့်နေရာဒေသတစ်ခုဖြစ်မည်မှာ ယုံမှားဘွယ်မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဆရာကြီးဂိုအင်ကာ၏ရိပ်သာအပြင် အခြားသော ကောလိပ်များ၊ တက္ကသိုလ်များတွင် ဗုဒ္ဓ၀ါဒကို ဖြန့်ဝေရာဖြစ်သည့် ဗုဒ္ဓဘာသာဌာနများသည် တဖြည်းဖြည်း နေရာယူလာသောကြောင့်ဖြစ်ပါသည်။ ဤတွင် စောမယကောလိပ် လည်းတစ်ခုအပါအ၀င်ဟု ဆိုချင်ပါသည်။

စောမယကောလိပ်တွင် ဘာသာရေးဌာနများ ထည့်သွင်းထားသဖြင့် ကောလိပ်တည်ထောင်သူ၏ အမြော်အမြင်ကြီးမှုကို ခန့်မှန်းနိုင်ပါသည်။ ပုပ်ရဟန်းမင်းမှအစ ဒလိုင်းလားမား၊ မြန်မာမှ ထင်ရှားသောဆရာတော်များ စသဖြင့် ကမ္ဘာတွင် ကျော်ကြားသော ဘာသာရေးခေါင်းဆောင်တော်တော်များများမှာ စောမယကောလိပ်သို့ ရောက်ဖူးကြသူများသာ ဖြစ်သည်။ ထိုဘာသာရေးခေါင်းဆောင်များ၏ကျော်ကြားမှု၏နောက်ကွယ်တွင် စောမယကောလိပ်မှာလည်း ထင်ရှား လာပါသည်။ ထို့အပြင် ဗုဒ္ဓဘာသာဌာနတွင် အခြားနိုင်ငံမှ Ph.D ကျောင်းသားများသာရှိရာ ထိုကျောင်းသားများက နေရာ ဌာနအသီးသီးသို့ ရောက်ရှိသောအခါတွင်လည်း စောမယကောလိပ်ထွက်ဆိုသည့်နာမည်က တပါတည်းပါဝင်သွား ပြီးဖြစ်သဖြင့် ထိုကျောင်းသားများ အောင်မြင်မှု ရှိလျင်ရှိသလောက် ထိုအောင်မြင်မှုများနှင့်အတူ စောမယကောလိပ်၏ ကျော်ကြားမှုကလည်း ကပ်ပါသွားမည်ဖြစ်သည်။ ထို့အပြင် ဗုဒ္ဓဘာသာညီလာခံကဲ့သို့သော ညီလာခံများကို လက်ခံ ကျင်းပပြန်ရာ စောမယကောလိပ်၏ကျော်ကြားမှုသည် ပို၍ ပေါ်လွင်လာဖွယ်ရှိသည်ဟု ဆိုချင်ပါသည်။

ထိုစောမယကောလိပ်တွင် ကျင်းပခဲ့သော ဗုဒ္ဓဘာသာညီလာခံသည် ဗုဒ္ဓဘာသာ၏တိုးတက်မှုအတွက် မည်မျှလောက် အထောက်အကူပြုခဲ့ပါသနည်း ဆိုသည်ကိုတော့ ဖြေကြားဖို့ရန်ခက်ပါလိမ့်မည်။ တက္ကသိုလ်၊ကောလိပ်များတွင် ပြုလုပ်သော ကွန်ဖရင့်များ၊ ဆီမီနာများမှာ မြန်မာနိုင်ငံမှာ ကျင်းပသော ဘာသာရေးပွဲတော်ကြီးများကဲ့သို့ မမြင်ယောင်မိရန် အရေးကြီးပါသည်။ အကြောင်းမှာ ဘာသာေ၇းပွဲတော်ကြီးများကား လူမျိုးစုံ၊ အဆင့်အတန်းမျိုးစုံပါဝင်လျှက် ကြက်ပျံမကျ စည်ကားမည်ဆိုက စည်းကားနိုင်ပါသည်။ သို့သော် တက္ကသိုလ်၊ ကောလိပ်များတွင် ပြုလုပ်သော ကွန်ဖရင့်များမှာကား ထိုကဲ့သို့မဟုတ်ပါ။ ပါဝင်သောသူအားလုံးမှာ ပညာရှင်များ၊ ပညာတတ်လူတန်းစားများသာ ဖြစ်သည်။ စာတမ်းကို တင်သွင်းသူနှင့် လာရောက်နားထောင်သူများမှာလည်း အကန့်အသတ်ဘောင်အတွင်းမှ သီးသန့်ဖိတ်ကြားထားသော သူများသာ ဖြစ်သည်။ ဤဗုဒ္ဓဘာသာဌာနတွင်ကျင်းပသော တက်ရောက်ကြသူအများစုမှာ နိုင်ငံပေါင်း ၂၀-ကျော်မှ ဘာသာရေးခေါင်းဆောင်များ၊ တက္ကသိုလ်အကြီးအကဲများ၊ ပရောဖက်ဆာများနှင့် အောက်ထစ်ဆုံး Ph.D ကျောင်းသား များသာ ဖြစ်ပါသည်။

နိုင်ငံပေါင်း ၂၀-ကျော်မှ တင်သွင်းသော စာတမ်းများမှာ ၄၀-ကျော်ရှိရာ ထိုစာတမ်းများမှာလည်း အသွင်မျိုးစုံ၊ အရသာမျိုးစုံထွက်လျှက်ရှိပါသည်။ အားလုံးသော စာတမ်းများမှာ ကမ္မဌာန်းနှင့်စပ်ဆက်သော စာတမ်းများသာ ဖြစ်ရာ ကမ္မဌာန်းသံ လွှမ်းနေသော ညီလာခံခန်းမဟု ဆိုပါကလည်း မှားအံ့မထင်။ ထေရ၀ါဒဘက်မှ တင်သွင်းသော စာတမ်းများ၊ မဟာယာနဘက်မှ အဆိုပြုလာသော စာတမ်းများ၊ တိဘက်အယူအဆဘက်မှ တင်ပြလာသော စာတမ်းများ စသဖြင့် စာတမ်းများမျိုးစုံသည်နှင့်အမျှ မေးခွန်းများမှာလည်း မျိုးစုံ ထွက်လာသည်ကို တွေ့ရှိရသည်။ သုံးရက်တာမျှကျင်းပသော ထိုညီလာခံအတွင်း မေးမြန်းထားသော မေးခွန်းမျိုးစုံကို ဖော်ပြရန် မလွယ်ကူသကဲ့သို့ အဖြေများမှာလည်း ရှု့ထောင့် စုံလင်လှသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ထေရ၀ါဒနိုင်ငံအချင်းချင်း မတူသော အချို့အယူအဆများကို တွေ့ရှိလာရသကဲ့သို့ မဟာယာန စသူတို့မှာလည်း အချင်းချင်း အယူအဆကွဲပြားမှုများရှိကြောင်းကို လေ့လာတွေ့ရှိရသည်။ ဤတွင် “ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံများအတွက် ကမ္မဌာန်းနည်းများဟာ လိုအပ်ပါသလား” ဆိုသည့် မေးခွန်းများသည် ပရိသတ်များကို စိတ်ဝင်စား စေသကဲ့သို့ “ ကမ္မဌာန်းများ ထွန်းကားသည် နိုင်ငံများတွင် ငြိမ်းချမ်းမှုများ တကယ်ရ ပါသလား” ဆိုသည့် မေးခွန်းများကလည်း ပရိသတ်၏အာရုံကို ဆွဲဆောင်နေပါသည်။ ဆွေးနွေးငြင်းခုံမှုများသည် ရံခါ အချေအတင်ငြင်းခုံမှုလေးများ ရှိသော်လည်း ကမ္မဌာန်းလေ့လာနေသူများဖြစ်သည့်အလျောက် ပညာရှိဆန်စွာဖြင့်ပင် ငြိမ်းအေးစွာဖြင့် ငြင်းခုံမှုကို ရှောင်ရှားနိုင်ခဲ့ကြပါသည်။

စာတမ်းရှင်သည် ပညာရှင် လူတန်းစားများရှေ့တွင် စာတမ်းကို တင်ပြပြောဆိုရမည်ဖြစ်ရာ အဓိကအားဖြင့် တင်ပြသူကိုယ်တိုင်က ကိုယ်တင်ပြမည့် ဘာသာရပ်စာတမ်းကို ပိုင်နိုင်ဖို့ လိုအပ်ပေလိမ့်မည်။ သို့မှသာ မေးခွန်းရှင်များက မေးလာမည်ဖြစ်သည့်မေးခွန်းများကို ပိုင်ပိုင်နိုင်နိုင် ဖြေဆိုနိုင်ပေလိမ့်မည်။ ဘာသာရပ်များစွာတွင် ဘာသာရေးနှင့်ပတ်သက်သော အယူအဆများသည် အထိအခိုက်မခံသော အတိမ်းအစောင်း မခံသော ဘာသာရပ်ဖြစ်ရာ ကိုယ့်ဘာသာအယူဝါဒကို ပီပြင် ကျနစွာ သိရှိနေရန် လိုအပ်သကဲ့သို့ အခြားသော ဘာသာ အယူဝါဒကိုလည်း ချိုးနှိမ်လိုသောစိတ်ထားမျိုး မမွေးမြူမိရန် လိုအပ်ပါသည်။

ဤကမ္မဌာန်းညီလာခံသည် မြန်မာ့ကမ္မဌာန်းသာသနာ၏အောင်မြင်မှုမှတ်တိုင်ကို စိုက်ထူသောပွဲဟု ဆိုလိုပါကလည်း ဆိုနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထေရ၀ါဒနိုင်ငံများတွင် လက်ရှိကျင့်သုံးနေသော နည်းစနစ်များမှာ မြန်မာနိုင်ငံမှ မဟာစည် ကမ္မဌာန်းနည်းစနစ်မှာ အများဆုံးဖြစ်နေသကဲ့သို့ အခြားသော ကိုးရီးယား၊ ဂျပန်စသဖြင့် ကမ္မဌာန်းနည်းများမှာ လည်း မြန်မာနည်းများနှင့် ပေါင်းစပ်ထားသောနည်းများကို လေ့လာတွေ့ရှိရသောကြောင့် ဖြစ်ပါသည်။ ထို့ကမ္မဌာန်းနည်းပြ ဆရာများမှာ မြန်မာနိုင်ငံ၊ ကမ္မဌာန်ရိပ်သာတစ်ခုခုတွင် နှစ်အားဖြင့်ဖြစ်စေ၊ သို့မဟုတ် လအားဖြင့်ဖြစ်စေ တရားထိုင်ခဲ့ဘူး ကြသူများသာ ဖြစ်ကြပြီး မိမိတို့နိုင်ငံရောက်ရှိသောအခါ မူလပထမရှိနည်းများနှင့် မြန်မာနိုင်ငံမှ နည်းများကို ပေါင်းစပ် ထားကြခြင်း ဖြစ်ပါသည်။ ဤကား ကွန်ဖရင့်တွင် သိမြင်ခွင့်ရသော အများစုကို ဆိုလိုခြင်း ဖြစ်ပါသည်။ ထူးခြားသည်မှာ အခြားသော ကမ္မဌာန်းနည်းပြခေါင်းဆောင်များမှာ သဘောထားကြီးစွာဖြင့်ပင် ပရိသတ်များစွာရှေ့၌ မြန်မာနိုင်ငံမှ ရယူခဲ့ သောကမ္မဌာန်းနည်းများပါဟု ဖွင့်ဟ၀န်ခံကြခြင်းပင် ဖြစ်ပါသည်။

ကမ္ဘာတွင် ဗုဒ္ဓဘာသာဂိုဏ်းများမှာ အများအားဖြင့် မဟာယာနနှင့်ထေရ၀ါဒဟူ၍ ထင်ရှားပါသည်။ အခြားသောဂိုဏ်း များလည်း ရှိပါသေးသည်။ ဤညီလာခံတွင် တင်ပြသော ဗုဒ္ဓဘာသာကမ္မဌာန်းနည်းနှင့်ပတ်သက်သော နည်းစနစ်များမှာမူ စုံလင်စွာ ရှိလှသဖြင့် လေ့လာသူသုတေသီများမှာ တစ်နေရာတည်းဖြင့် ဗုဒ္ဓဘာသာ၏ကမ္မဌာန်းနည်းများစွာကို လေ့လာ အကဲခတ်ခွင့် ရနိုင်ခဲ့ကြပါသည်။ “ သင်ယူမှုက အရေးကြီးသည်၊ ကျင့်သုံးမှုက ပို၍ အရေးပါသည်” ဟု ငြင်းခုံမှုများ ရှိခဲ့ကြ သော်လည်း တက္ကသိုလ်၊ ကောလိပ်တို့၏သဘာဝအရ အမြဲတမ်း သုတေသနပြုနေကြရမည်ဟု အဆိုကိုမှု အားလုံးက လက်ခံခဲ့ကြပါသည်။ ဤညီလာခံသည် ဗုဒ္ဓဘာသာဝင်များ၏ ညီညွတ်မှုအင်အားကို ပြသောညီလာခံဟု ဆိုနိုင်သည့်အပြင် ကမ္ဘာတွင် ကမ္မဌာန်းနည်းများ တစ်နေ့တစ်ခြား လက်ခံလာသည်ကို ဖော်ထုတ်ပြသောညီလာခံ၊ တစ်နည်းအားဖြင့် ဗုဒ္ဓတရားများကို ကမ္ဘာက အဘယ့်ကြောင့်လက်ခံလာခြင်းဖြစ်သည်ကို ဆွေးနွေးတင်ပြသောညီလာခံဟုလည်း ဆိုနိုင်ပါသည်။ ထို့အပြင် ဗုဒ္ဓ၀ါဒဂိုဏ်းများ၌ မည်မျှ အယူအဆ ပိုင်းဆိုင်ရာ ကွဲပြားမှုများ ရှိနေစေကာမှု အနှစ်ချုပ်ဖြစ်သည့် မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ်၊ သစ္စာလေးပါးဟူသော နိဗ္ဗာန်သို့သွားရာ ကျင့်သုံးမှု အပိုင်းတို့ကား အတူတူပင် ဖြစ်ကြောင်းကို ကောက်ချက်ချနိုင်ခဲ့ကြပါသည်။ “ သိပ္ပံပညာ တိုးတက်လေလေ၊ ဗုဒ္ဓဘာသာက ကြိုက်လေလေ” ဆိုသည့် ဆရာကြီးဇေယျာမောင်- ဦးကိုလေး၏ မှတ်ချက်စကားသည် ညီလာခံတွင် ထွက်ပေါ်လာသည့် ဤကဲ့သို့သော ကမ္မဌာန်းနှင့်စပ်သော လက်တွေ့ကျသော နည်းစနစ်များအပေါ် အခြေခံ၍ ပြောဆိုခဲ့လေသလောဆိုသည်ကိုမူ…………။

Read more...

မယား သို့မဟုတ် ဇနီး ( ၇ ) မျိုး

ဘယ်မယားမျိုးကို ရွေးချယ်ချင်လဲ၊ ဘယ်လို ဇနီးမျိုး ဖြစ်ချင်ပါသလဲ၊
တနေ့က ဒကာမတစ်ယောက်က သူ၏ လက်ရှိဘ၀ဖြတ်သန်းနေရတဲ့ ဘ၀နှင့် ပတ်သက်ပြီး ပြောပြပါသည်၊ သူ့ဘ၀ကို အားမလို အားမရ ဖြစ်နေသည်၊ တခါတရံ သံသယစိတ်တွေ များနေသည်။ ကိုကိုယ်တိုင်က ဇနီးမယား နေရာမှာ နေရပေမဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု နဲနေသည်၊ တပည့်တော် ဘယ်လို နေပေးရမလဲ ဇနီးကောင်း တစ်ယောက် ဖြစ်အောင် ဘယ်လို နေပေးရမလဲဘုရား ဟူ၍ မေးလာသဖြင့် စာပေလာ ဇနီးကောင်း နှင့် ဇနီးဆိုးတို့ အကြောင်း တင်ပြလိုက်ပါသည်။
ဘယ်လို မယားမျိုးဖြင့် ဘ၀ကိုဖြတ်သန်းသွားမလဲ? သင်ကကော ဘယ်လို မယားမျိုးကို ရွေးမလဲ? ရွေးစရာနှင့် ဖြစ်ချင်စရာ မယားများကို ဗဟုသုတ အဖြစ် တင်ပြလိုက်ပါသည်။

မယား (၇)မျိုး ပေါ်ပေါက်လာပုံ
မြတ်ဗုဒ္ဓလက်ထက်တော်က မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်ကြီး၏ အလှူရှင် ကျောင်းဒကာ အနာထပိဏ်သူဌေး၏ အိမ် ဆွမ်းခံကြွစဉ် ထို ကျောင်းဒကာကြီးအိမ်မှာပဲ အော်ဟစ်ပြီး ရန်ဖြစ်နေကြသည်။ အငြင်းပွားနေကြသည်။ ကျောင်းဒကာကြီး အိမ်မှာ ဘာဖြစ်နေကြတာလဲ? အသံတွေ ကျယ်လိုက်တာ တံငါသည်တွေ ငါးလုနေသလို ဖြစ်နေတယ်။ မှန်ပါဘုရား သုဇာတာဆိုတဲ့ ချွေးမတစ်ယောက်ဘုရား ယောက္ခမကိုလည်း မရိုသေ၊ လင်ကိုလည်း မရိုသေ၊ ဘုရား တရား သံဃာကိုလဲ မရိုသေဖြစ်နေပါတယ်ဘုရား။ ဆိုဆုံးမလို့လည်း မရ ဖြစ်နေပါတယ်ဘုရား။ ကဲ--ဒါဆို သူ့ကို ခေါ်လိုက်ဆိုပြီး ဘုရားထံမှောက် ရောက်လာသော အနာထပိဏ်သူဌေး၏ ကြမ်းထမ်းသော ချွေးမကို ဘုရားရှင်က အောက်ပါ မယား (၇) မျိုးအကြောင်း ဟောကြားလိုက်လေသည်။

ထို မယား အကြောင်းအရာများကို နားလည်သွားသော သုဇာတာသည် ဒီကနေ့စပြီး ဒါသီသမာ ဘရိယာ (ကျွန်နှင့်တူသော) မယား ဖြစ်ပါတော့မယ်ဘုရားဟူ၍ ဘုရားထံ အာမခံသွားသည်။

မယား ( ၇ ) မျိုး

၁ ။ (၀ဓာ ဘရိယာ) ရန်သူနှင့်တူသောမယား

မိမိ လင်ယောကျာ်းအပေါ်၌ အထင်သေး၏၊ အခြား ယောက်ျားတို့အပေါ်၌ တပ်မက်၏၊ မိမိလင် အပေါ်၌ နားလည်မှုမရှိဘဲ အမြဲတစေ စကားကောင်း မပြောတတ်ဘဲ မြည်တွန်တောက်တီး၍ ရန်သူလိုရန်ပြုပြီး ဆဲရေး၏ ။ ဆောင့်အောင့်၏ ။ မိမိလင် အပေါ်၌ အကျိုးမဲ့ကိုပဲ လိုလား၏ ပြုလုပ်တတ်၏။ ထိုမိန်းမသည် ၀ဓာ ဘရိယာ- ရန်သူနှင့်တူသော မယားဖြစ်၏။

၂ ။ (စောရီ ဘရိယာ) သူခိုးနှင့်တူသောမယား

မိမိ လင်ယောကျာ်း မျက်ကွယ်၌ သူခိုးပမာ လင်ယောက်ျား ရှာဖွေစုဆောင်းထားသော အိမ်ရှိပစ္စည်းတို့ကို မိမိ လင်မသိအောင် ခိုးဝှက်ပြီး သုံးဖြုန်းပစ်တတ်၏။ ထိုမိန်းမမျိုးသည် စောရီ ဘရိယာ- သူခိုးနှင့်တူသော မယားမည်၏။

၃ ။ (အယျာ ဘရိယာ) အရှင်နှင့်တူသောမယား

မိမိ လင်သားအပေါ်အာဏာပြတတ်၏ ။ လင်ပြောဆိုသမျှ အကောင်းမထင်ဘဲ မလိုက်နာတတ်ချေ။ အနိုင်အထက်ပြုလုပ်တတ်၏။ ကြမ်းထမ်းသော နုတ်ရှိ၏၊ ကြမ်းကြမ်းထမ်းထမ်း မောက်မောက်မာမာ ပြောတတ်၏၊ အပျင်းကြီး၏၊ နေရာတကာ၌ အရှင်သခင်ကဲ့သို့ ပြုလုပ်တတ်၏။ ထိုမိန်းမသည် အယျာ ဘရိယာ- အရှင်သခင်နှင်တူသော မယားဖြစ်၏။

၎ ။ (မာတာ ဘရိယာ)အမေနှင့်တူသောမယား
အမေသည် သားသမီးတို့အပေါ်ဝယ် မေတ္တာ ၊ စေတနာ အပ်နှင်းသကဲ့သို့ မိမိ၏လင်သားအပေါ် အမေစိတ်မျိုးထားနိုင်သော မိန်းမမျိုးဖြစ်၏၊ ရှာဖွေစုဆောင်းထားသော ပစ္စည်းတွေကိုလည်း သိမ်းဆည်းတက်သော မိန်းမမျိုးသည် မာတာ ဘရိယာ- အမေနှင့်တူသော မယား ဖြစ်၏။

၅ ။ (ဘဂိနီ ဘရိယာ)နှမနှင့်တူသောမယား
နှမသည် အကို ၊ မောင်တို့အပေါ်၌ ချစ်ကြောက်ရိုသေမြတ်နိုးသည့်နည်းတူ မိမိလင်သား၏ စီမံမှုအပေါ် မဖီမဆန် ၊ မငြင်းဆန်ဘဲ ဆောင်ရွက်တတ်သော မိန်းမမျိုးဖြစ်သည်။ အရှက်တရားရှိပြီး လင်၏ အလိုဆန္ဒအတိုင်း လိုက်လျောသော မိန်းမသည် ဘဂိနီ ဘရိယာ- နှမနှင့်တူသော မယား မည်၏။

၆ ။ (သခီ ဘရိယာ) အဆွေခင်ပွန်းနှင့်တူသောမယား

မိတ်ဆွေကောင်းကဲ့သို့ မိမိ လင်သား၏ တိုင်ပင်နှီးနှောသည့် အကြံအစည်တို့ကို သင့် ၊ မသင့် ဝေဖန် ထောက်ပြနိုင်သော မယားကောင်းဖြစ်၏။ အမျိုးကို စောင့်ရှောက်၏၊ အကျင့်သီလ ရှိ၏၊ ထိုမိန်းမသည် သခီ ဘရိယာ- မိတ်ဆွေနှင့်တူသော မယားဖြစ်၏။

၇ ။ (ဒါသီ ဘရိယာ) ကျွန်နှင့်တူသောမယား

မိမိလင် သည် မိမိအပေါ် ခြိမ်းခြောက်သော်လည်း မိမိလင် အပေါ် အမျက်ဒေါသမထွက်၊ မပြစ်မှာဘဲ သည်းခံတတ်၏၊ လင်ယောက်ျား အလိုဆန္ဒအတိုင်း ဖြစ်စေ။ ကျွန်သည်သခင့်ကွယ်ရာတွင် စိတ်မချရသည့်နည်းတူ ပစ္စည်းဥစ္စာတို့၌ ကုန်ခန်းပျောက်ပျက်အောင် နှမြောခြင်းမရှိဘဲ သုံးဖြုန်းပစ်တတ်သော မယားဖြစ်သည် ။ ( တစ်နည်း ) ကျွန်ကောင်းတို့သည် အရှင်သခင်အား ရိုသေတုပ်ကွစွာ လုပ်ကျွေးသကဲ့သို့ လင်ကို ရိုသေစွာလုပ်ကျွေးသော မိန်းမမျိုးဖြစ်၏ ။

အကောင်းဆုံးမယားများ
ထို ( ၇ ) မျိုးသော မယားတို့တွင် နောက်ဆုံး (၄) မျိုးဖြစ်သော အမေနှင်တူသူ၊ မိတ်ဆွေနှင့်တူသူ၊ နှမနှင့်တူသူနှင့် ကျွန်နှင့်တူသူတို့သည် ပေါင်းသင်းထိုက်သူများဖြစ်သည်၊ သီလ၌ကြာမြင့်စွာ ဆောက်တည်သောကြောင့် ထို အမျိုးသမီးတို့သည် ဘ၀ဆက်တိုင်း ကောင်းသောဘ၀ မြင့်မြတ်သော ဘ၀ကို ပိုင်ဆိုင်ကြမည် ဖြစ်သည်။ ပြောင်းပြန်အားဖြင့် ရှေ့ (၄) ခုသော မယားတို့သည် သီလမရှိ ကြမ်းထမ်းသော သဘောရှိ၊ ရိုသေ လေးစားသော သဘောမရှိရကား နောက်ဘ၀ မကောင်းသော ဂတိ (သို့မဟုတ်) ငရဲအထိ ရောက်ရ၏။

ဒကာမရေ-သုဇာတာမည်သော အမျိုးသမီးကတော့ ဒါသီ သမာ ဘရိယာ- ကျွန်နှင့်တူသော မယားအဖြစ်ကို ခံယူသွားပါကြောင်းပါ။ ပြီးတော့ သိင်္ဂါလောဝါဒသုတ်လာ ဇနီးကျင့်ဝတ် ၅ မျိုးလည်းရှိပါသေးသည်။ နောက်တစ်ချိန် ဖော်ပြပေးပါဦးမည်။

ကျမ်းကိုး-- အဂုင်္တ္တရ နိကာယ် သတ္တကနိပါတ၊ ဘရိယာသုတ်ကို ဘာသာပြန်ဆိုသည်။

ဘ၀မှာ ပျော်ရွှင်နိုင်ကြပါစေ။
သီတဂူစတား
၁၀-၉-၂၀၁၀

1 comments

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP