* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, September 1, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၂)


http://www.ashinkusala.com/ အရှင် ကုသလသာမိ (ပျော်ဘွယ်) မှ ကူးယူဖော်ပြပါသည်။
အရှင်ကုမာရကဿပ၏ ဥပမာ (၁)

“ကဲ…မြို့စားကြီး…ဒါဆိုရင် သင့်ကို ဥပမာတစ်ခု ပြောမယ်။ လ၊ နေတွေဟာ တကယ်ရှိသလား”

“ရှိတာပေါ့”

“ဒီလောကမှာ ရှိတာလား။ တခြားလောကမှာ ရှိတာလား”

“တခြားလောကမှာ ရှိတာပေါ့”

“လ၊ နေတွေဟာ လူတွေလား၊ နတ်တွေလား”

“လူတွေ မဟုတ်ပါဘူး၊ နတ်တွေပါ”

“ဒါဆိုရင် တမလွန်ဘ၀ဆိုတာ မရှိဘူးလို့ မယူဆလိုက်ပါနဲ့၊ ရှိတယ်လို့ ယူလိုက်ပါ”

“ဒီဥပမာလေးနဲ့ ကျွန်ုပ်အယူအဆတွေကို မပြောင်းနိုင်ပါဘူး။ အသင် ဒီလို ပြောလည်း ကျွန်ုပ်အယူအဆကတော့ မပြောင်းပါဘူး။ အရင်အတိုင်းပဲ ယူဆနေဆဲပါ”

ဤဥပမာတွင် စဉ်းစားစရာ အချို့ ရှိပါသည်။ အရှင်ကုမာရကဿပအနေဖြင့် ပါယာသိလို ပညာရှင်မြို့စားကြီးကို မပြောပလောက်သော ဥပမာလေးဖြင့် အယူဝါဒကြီးတစ်ခုလုံးကို အဘယ့်ကြောင့် ပြောင်းခိုင်းပါသနည်း။ နောက်ထပ် တင်ပြလာသော စကားအခြေအတင်ပြောပုံများကို ကြည့်၍ အရှင့်အနေဖြင့် အလွယ်မှ အခက် တဖြည်းဖြည်း ပြောပြသွားလိုပုံရသည်ဟု ယူဆမိပေသည်။

တစ်ဖန် လ၊ နေ တို့သည် အာရုံငါးပါးတွင် စက္ခု(မျက်စိ)ဖြင့် မြင်တွေ့နိုင်သောအရာများသာ ဖြစ်နေသည်။ သို့ဖြင့်၍ အာရုံငါးပါးနဲ့ ထိတွေ့လို့ရမှ အမှန်ဟု ယူဆထားသော ပါယာသိအတွက် မဖြုံလောက်သော ဥပမာတစ်ရပ်ပင် ဖြစ်နေပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လ၊နေတို့သည် အာရုံငါးပါးတွင် ရူပါရုံစက်ကွင်းမှ မလွတ်နိုင်သေးသောကြောင့် ဖြစ်ပါသည်။ စကားကို ကပ်သီးကပ်သပ် တွေးပြီး ပြောတတ်သော ပါယာသိသည် ဤအချက်ကို အဘယ့်ကြောင့် မထောက်ပြခဲ့သလဲဆိုသည်ကို စဉ်းစားမရနိုင် ဖြစ်မိပါသည်။

တစ်ဖန် “လ၊ နေတို့ကို လူတွေ မဟုတ်ပါဘူး၊ နတ်တွေပါ”ဟု ပြောသော ပါယာသိစကားကိုလည်း အရှင်ကုမာရက မည်သို့မျှ ပြန်မပြောခဲ့ပါ။ စာရေးသူ တို့ပြခဲ့သော ဤအချက်များမှာ သူတို့ဆိုလိုသော ပွိုင့်(အကြောင်းအရာ)မဟုတ်သဖြင့် မေးခွန်းထုတ်ခြင်း၊ ထပ်မံရှင်းပြခြင်း မပြုလုပ်ခဲ့ဟု ဆိုလျှင် ရနိုင်ကောင်းပါသည်။ အမှန်မှာ လ၊ နေတို့သည် နတ်များလည်း မဟုတ်ကြပါ။ စကြာဝဠာအနန္တအတွင်းမှ ကမ္ဘာတစ်ခုစီသာ ဖြစ်ကြပါသည်။

ပါယာသိ မြို့စားကြီး၏ လက်တွေ့ သုတေသန (၁)

“ကျွန်ုပ်အနေနဲ့ တမလွန်ဘ၀ မရှိဘူးလို့ ယူဆရတဲ့အကြောင်းတွေထဲက လက်တွေ့ သုတေသနလုပ်ထားတာလေးကို အရှင့်ကို ပြောပြမယ်”

“ထူးဆန်းလှချည်လား ပါယာသိ….၊ ဘယ်လိုများ သုတေသနတွေ လုပ်ထားလဲ…၊ ပြောပါ”

“ငါးပါးသီလလေးကိုမှ မစောင့်ထိန်းနိုင်ရင်၊ စိတ်ဓာတ်ကောင်းတွေ မမွေးမြူနိုင်ရင်၊ အယူမှားရင် နောက်ဘ၀မှာ အပါယ်ငရဲ ကျမယ်လို့ အရှင်တို့ ဟောကြတယ် မဟုတ်လား”

“ဟုတ်ပါတယ်၊ ဟောပါတယ်”

“ကျွန်ုပ် သုတေသနအရတော့ ငရဲကို မကျပါဘူး”

“ဘယ်လို” အရှင်ကုမာရ အာမေဋိတ်သံထွက်လာသည်။

“ဒီလိုပါ…၊ ကျွန်ုပ်ဆွေးမျိုးတွေထဲမှာ ငါးပါးသီလကိုလည်း ချိုးဖျက်တယ်၊ စိတ်ဓာတ်ကလည်း ဆိုးမှဆိုး၊ အယူအဆတွေကလည်း မှားနေတဲ့သူ ရှိတယ်။ တစ်နေ့မှာ သူဟာ အပြင်းအထန် ရောဂါဖြစ်တယ်။ သူ တကယ်သေတော့မယ်ဆိုတာကို သိတာနဲ့ ကျွန်ုပ်က သူ့ကို သွားပြောလိုက်တယ်”

“ဘယ်လိုများ သွားပြောလိုက်သလဲ”

“သင် ငရဲရောက်တယ်ဆိုရင် ငရဲမှာ တကယ်ရောက်တဲ့အကြောင်း ကျွန်ုပ်ဆီကို ပြန်လာပြီး အကြောင်းကြားပါလို့ မှာလိုက်ပါတယ်။ သူဟာ ဒီနေ့ထိ ကျွန်ုပ်ဆီကို လာအကြောင်းမကြားပါဘူး”

“ဒါနဲ့ပဲ သင်ဟာ တမလွန်ဘ၀မရှိဘူး၊ ကောင်းဆိုးကံတွေရဲ့ အကျိုးမရှိဘူးလို့ ယူဆလိုက်တာပေါ့”

“ဟုတ်ပါတယ်”

အရှင်ကုမာရကဿပ၏ ဥပမာ (၂)

“ဒီလိုဆိုရင် သင့်ကို ဥပမာတစ်ခု ပြောပြမယ်။ သင့်မြို့နယ်မှာ ပြစ်မှု ထင်ရှားလို့ သေဒဏ်အပေးခံရတော့မယ့် သူခိုးတစ်ယောက်ရှိတယ်ဆိုပါစို့။ သူ့ကို ကြိုးတွေ တုပ်ထားပြီပြီ။ ခေါင်းဖြတ်ပြီး သတ်တော့မယ်။ အဲဒီအချိန်မှာ သေဒဏ်ပေးခံရတဲ့ သူခိုးက တောင်းဆိုတယ် ဆိုပါစို့”

“ဘယ်လို တောင်းဆိုတာလဲ”

“အချင်း သူသတ်ယောက်ျားတို့… ကျွန်ုပ်မှာ ဆွေးမျိုးသားချင်းတွေ ရှိပါတယ်။ ဘယ်လောက် ချမ်းသာပါတယ်။ ပိုက်ဆံရှိပါတယ်။ ဆွေမျိုးသားချင်းတွေနဲ့အတူတကွ သွားနေပြီးမှ ပြန်လာပါ့မယ်။ ပြန်လာမှ သတ်ကြပါလို့ တောင်းဆိုလို့ ရမလား”

“မရပါဘူး။ သူပြောနေတုန်းမှာပဲ သူ့ခေါင်းက ပြတ်ပြီးသွားလောက်ပါပြီ”

“အေး…အဲဒီလိုပဲပေါ့။ သင် မြို့စားကြီးရဲ့ ဆွေမျိုးဟာ ငရဲပြည်ရောက်ပြီး ငရဲသားတွေက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ကြတော့မယ်။ အဲဒီအခါမှာ အချင်း…ငရဲသားတို့ ခဏစောင့်ပါအုံး။ ကျွန်ုပ်မှာ ပါယာသိမြို့စားကြီးဆိုတဲ့ ဆွေမျိုးတစ်ယောက်ရှိပါတယ်။ သူ့ကို စကားအနည်းငယ် သွားပြောချင်ပါတယ်။ ကျွန်ုပ်ပြန်လာမှ ဆက်လက် ညှင်းပန်းနှိပ်စက်ကြပါလို့ ဘယ်လိုလုပ် ခွင့်တောင်းလို့ ရပါ့မလဲ။ ဒါကြောင့် သင့်အယူဝါဒကို ပြောင်းပါလာလော့”

“မပြောင်းနိုင်ပါဘူး”

“ဘာဖြစ်လို့လဲ”

“ကျွန်ုပ်မှာ အခြားပြစရာ သုတေသနလုပ်ထားတာတွေ ရှိပါသေးတယ်”

ပါယာသိမြို့စားကြီး၏ သုတေသန (၂)

“အရှင်…ကျွန်ုပ်မှာ နောက်ထပ်ပြစရာ အကြောင်းတွေ ရှိတယ်။ အရှင်တို့ တရားတွေ ဟောတယ်မလား။ ငါးပါးသီလလုံရင် စိတ်ကောင်းရှိရင် နတ်ပြည်တွေ ရောက်တယ်လို့။ ကျွန်ုပ်ဆွေမျိုးတွေထဲမှာ ငါးပါးသီလလည်း လုံတယ်။ စိတ်ကောင်းလည်း ရှိတယ်။ အဲဒီလူဟာ သေလောက်အောင် ရောဂါဖြစ်တယ်။ သူ အသက်မရှင်နိုင်တော့ဘူးဆိုတာ သိတော့ “အမောင်… မင်းနတ်ပြည်ရောက်ရင် နတ်ပြည်ရောက်တဲ့အကြောင်း ငါ့ကို လာပြောပါအုံး”လို့ မှာလိုက်ပါတယ်။ သူဟာ သေပြီးတဲ့နောက်ပိုင်း ကျွန်ုပ်ဆီ ပြန်လာပြီး ဘာမှ အကြောင်းမပြန်ပါဘူး။ ဒါဟာ ဘာကို ပြနေသလဲဆိုတော့ နတ်ပြည်ဆိုတဲ့ တမလွန်ဘ၀ဆိုတာ မရှိလို့ပေါ့။ ကျွန်ုပ်က ဒီတမလွန်ဘ၀မရှိ၊ ကောင်းမှုမကောင်းမှု အကျိုးမရှိဆိုတဲ့အယူကို အရမ်းကာရော လက်ခံယုံကြည်နေတယ်လို့များ ထင်သလား။ ဒီလို အကြောင်းပြချက်တွေနဲ့မို့ ဒီလို အယူအဆ ရှိနေတာပါ”

ဆက်လက်ဖော်ပြပါမည်....

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

Read more...

*လူတိုင်းဆင်မြန်းသင့်သောအဆင်တန်ဆာ *

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:


ကျွန်တော်တို့တတွေဟာမိမိတို့၏ ကိုယ်ခန္ဓာလှပဖို့အတွက် လောကီရတနာတွေဖြစ်သော ရွေ၊ငွေ၊ပတ္တမြား၊ ပုလဲစသောရတနာများ အ၀တ်တန်ဆာများကို ၀တ်ဆင်ရပါသည်။ ထို့သို့ဝတ်ဆင်ရာတွင် ယနေ့ခေတ်ဝတ် စားဆင်ယင်မှုမျိုးဖြစ်သော လူငယ်များဝတ်ဆင်သ လိုအိုမင်းရင့်ရော်နေသူတွေက၀တ်ဆင်ကြရင် ကဲ့ရဲ့ပြစ် တင်ကြလိမ့်မည်။လူငယ်ဆိုလည်းလူငယ်အလျောက် အများအမြင်သင့်တော်သော ၀တ်စားဆင်ယင်မှုမျိုး အိုမင်းသူတို့ကလည်းမိမိတို့နှင့်သင့်လျော်သော ၀တ်စားဆင်ယင်မှုမျိုးကိုသာ ၀တ်ဆင်မှသာ ကဲ့ရဲ့ခြင်းကင်း လိမ့်မည်။
သို့သော်လည်း လူကြီး၊လူငယ်လူလတ် အဆင့်အတန်းမရွေး ဆင်မြန်းနိုင်သောအဆင်တန်ဆာမျိုးတော့ရှိပါ သည်။ထိုအဆင်တန်ဆာကား သီလပင်ဖြစ်ပါသည်။ သီလသည် လူတစ်ဦးချင်းစီ၏ ခွန်အားနှင့်အလှတရား ပင်ဖြစ်ပါသည်။သီလပျက်လျှင် လူ၏အလှပျက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့်ကျွန်တော်တို့သည် ခါးဝတ်ပုဆိုး ကိုမြဲမြံအောင်ဝတ်ဆင်သကဲ့သို့ သီလကိုလည်းစောင့်ထိန်းရပါမည်။သီလဆိုသည်မှာ ငါးပါး၊ရှစ်ပါး၊ဆယ်ပါး၊ သာမဏေသီလ၊ ရဟန်းသီလစသည်ဖြင့်အမျိုးမျိုးရှိပါသည်။ကိုယ်နဲ့လုပ်၊နှုတ်နဲ့ပြောတဲ့ အလေ့အထမှန်သမျှ သီလဟုခေါ်ဆိုနိုင်ပါသည်။
သီလတွင်ရှောင်ကြဉ်ရမည့်သီလ(၀ါရိတ္တသီလ)နှင့် ပြုကျင့်ရမည့်သီလ(စာရိတ္တသီလ) ဟူ၍နှစ်မျိုးခွဲခြားထား ပါသည်။
ဥပမာအားဖြင့် ငါးပါးသီလတွင်ပါဝင်သော သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ မုသားစကားဆိုခြင်း၊သူ့ သားမယားပြစ်မှားကူးလွန်ခြင်း၊ မူးယစ်သောက်စားခြင်း၊ ဥပဒေအရတားမြစ်ထားသောအရာများကိုမကူး လွန်ခြင်းတို့သည် ရှောင်ကြည်ရမည့် ၀ါရိတ္တသီလကိုစောင့်ထိန်းခြင်းဖြစ်ပါသည်။
ပြုကျင့်ရမည့် စာရိတ္တသီလမှာ မိဘကလည်းမိဘ၀တ္တရား၊ သားသမီးကလည်းသားသမီးဝတ္တရား၊ ဆရာက လည်းဆရာဝတ္တရား၊ တပည့်ကလည်းတပည့်ဝတ္တရားစသည်ဖြင့် မိမိတို့နှင့်သက်ဆိုင်သော နယ်ပယ်အသီး သီးတွင်တာဝန်ကိုကျေပွန်အောင်ပြုလုပ်ခြင်းသည် စာရိတ္တသီလကို စောင့်ထိန်းခြင်းပင်ဖြစ်ပါသည်။ စာရိတ္တသီလပျက်ခြင်းသည် အကျင့်မကောင်းခြင်းဖြစ်၍ အကျင့်ပျက်ခြင်းနှင့်အတူတူပင်ဖြစ်ပါသည်။
ပညာရှိသူတော်ကောင်းတို့က
  • ရစ်မသည် မိမိ၏အသက်ကို စွန့်၍ဥကို စောင့်ရှောက်သကဲ့သို့၊
  • စာမရီသားကောင်သည် မိမိအသက်ကိုစွန့်၍ မြီးဆံကို စောင့်ရှောက်သကဲ့သို့၊
  • သားတစ်ယောက်တည်းရှိသူ မိခင်သည် တစ်ယောက်တည်းသောသားကို စောင့်ရှောက်သကဲ့သို့၊
  • မျက်စိတဖက်တည်းသာ အကောင်းရှိသူသည် ထိုတစ်ဖတ်တည်းသော မျက်စိကိုအရေးယူ စောင့်ရှောက်သကဲ့သို့၊
  • လူသည်သီလကိုစောင့်ထိန်းရာ၏ဟု ဆုံးမ၏။
“သီလခြေ၊ သဒ္ဓါလက်” ဆိုတဲ့စကားရှိပါတယ်။သီလမရှိတဲ့သူဟာ ခြေထောက်မရှိတဲ့သူနဲ့တူပြီး သဒ္ဓါမရှိတဲ့သူ ကတော့လက်မရှိတဲ့သူနဲ့အတူတူပဲဖြစ်ပါတယ်။သီလရော၊သဒ္ဓါရောမရှိရင်တော့ ခြေမဲ့လက်မဲ့နဲ့ တကယ့်ကို လူဖြစ်ရှုံးရမှာပါဘဲ။
လူတစ်ယောက်သည် ဘယ်လောက်လှလှ ပညာဘယ်လောက်တတ်တတ် သီလမရှိလျှင်တော့ ခြေမဲ့လက်မဲ့ လူနဲ့အတူတူဘဲဖြစ်ပါတယ်။ ထို့ကြောင့်ကျွန်တော်တို့တတွေဟာ ဘာလုပ်လုပ်၊ဘာပြောပြော သူတစ်ပါးကို မထိခိုက်၊မနစ်နာအောင် ပြုမူပြောဆိုမှသာ သီလရှိပြီးကိုယ်ကျင့်ကောင်းသော သူတော်ကောင်းများဖြစ်လာ ပါမည်။ နိဂုံးချုပ်အနေဖြင့် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏
“သီလရနံ့ မွေးပျံ့ကြိုင်စွာ၊
သီလဆင်တိုင်း ရှုတိုင်းလှပါ၊
သီလစောင့်ငြား မလားပါယ်ရွာ၊
မြတ်သီလ စိတ်ချကိုးကွယ်ရာ” ဆိုတဲ့ဆုံးမစာလေးနဲ့နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
ဓမ္မမိတ်ဆွေများလည်း သီလနဲ့ပြည့်စုံသော သူတော်ကောင်းတရားများကို မှီဝဲဆည်းကပ်နိုင်သောသူ များဖြစ်ပါစေ။
ဆရာချစ်စံဝင်း၏“အရည်အသွေး”စာအုပ်ကိုမှီးငြမ်းပါသည်။

Read more...

ပစ္စည်းပိုင်း - ပဋိစ္စသမုပ္ပါဒ်နည်း (၂)

“ကောင်းပြီ ... တစ်ခုပြောစရာလိုသေးတယ်။
အဲဒါကတော့ အကျဉ်းပဲ ပြောမယ်။
ဒီမှာ ပြောထားတာက အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။
သင်္ခါရကြောင့် ဝိညာဉ်၊
ဝိညာဏ်ကြောင့် နာမ်ရုပ် စသည်ဖြင့် ပြောထားတဲ့အခါကျတော့
အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်မနေဘူးလား။

ဗုဒ္ဓဘာသာမှာက အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ ဝါဒ၊
အကြောင်းတစ်ခု အကျိုးအများကြီးဆိုတဲ့ ဝါဒ၊
အကျိုးတစ်ခု အကြောင်းအများကြီးဆိုတဲ့ ဝါဒ၊
ဒီ ၃-ခုကို လက်မခံဘူး။

Multiplicity of cause and effect - များစွာသော အကြောင်းကြောင့် များစွာသော အကျိုးဖြစ်တယ်။
ဒါကို လက်ခံတယ်။
အဲဒါလေး မှတ်ထားရမယ်။

အကြောင်းတစ်ခုကြောင့် အကျိုးတစ်ခုဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာက လက်မခံဘူး။
အကြောင်းများစွာ စုပေါင်းပြီးတော့ ဖြစ်တဲ့အခါမှာလည်း အကျိုးများစွာ ဖြစ်တယ်။ ဒီအယူဝါဒကို ဗုဒ္ဓဘာသာ လက်ခံတယ်။

ဒါပေမယ်လို့ ထင်ရှားတဲ့အကြောင်း၊ သူများနဲ့ မဆက်ဆံတဲ့အကြောင်းတွေကို ပြောချင်တဲ့ ပြချင်တဲ့အတွက်ကြောင့်မို့ ဒီမှာ အဝိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့် ဝိညာဏ် စသည်ကို ပြောတာ။

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်ဆိုတာ စဉ်းစားကြည့်လေ။
သင်္ခါရဆိုတာ ကံ မဟုတ်လား။
ကံဆိုတာ စေတနာ၊ စေတနာဆိုတာ စေတသိက်။
အဲဒီ စေတသိက်ဟာ စိတ်မဖြစ်ရင် မဖြစ်နိုင်ဘူး။ အဲဒီတော့ စိတ်ကလည်း အကြောင်းတစ်ခုအနေနဲ့ ပါတာပဲ။
တစ်ခါ ဒီစိတ်ကလည်း အာရုံမရှိဘဲနဲ့ ဖြစ်ပါ့မလား၊ မဖြစ်ဘူး။
အာရုံရှိပြီဆိုပါတော့၊ မှီရာဝတ္ထုရုပ် မရှိဘဲနဲ့ ဖြစ်ပါ့မလား၊ မဖြစ်ဘူး။
အဲသလို အာရုံအကြောင်းတို့၊ မှီရာဝတ္ထုအကြောင်းတို့၊ သမ္ပယုတ်အကြောင်းတို့ ဒါတွေ အားလုံးစုံမှ သင်္ခါရက ဖြစ်တာ။
အဝိဇ္ဇာဆိုတဲ့ အကြောင်းတစ်ခုတည်းကြောင့် သင်္ခါရဖြစ်တာ မဟုတ်ဘူး။

ဒါပေမယ်လို့ အဝိဇ္ဇာက ပြဋ္ဌာန်းတဲ့အတွက်ကြောင့် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်လို့ ဒီလို ဟောတော်မူတယ်။

ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ ဟောထားတာဟာ အဲဒီလို ထင်ရှားရာကို ယူပြီးတော့ ဟောထားတာ ဖြစ်တယ်။
အဝိဇ္ဇာတစ်ခုတည်းကြောင့် သင်္ခါရတစ်ခုတည်း ဖြစ်တယ်၊ သင်္ခါရတစ်ခုတည်းကြောင့် ဝိညာဏ်တစ်ခုတည်း ဖြစ်တယ်၊ ဝိညာဏ် သူ့ချည်းသက်သက်ကြောင့် နာမ်ရုပ်ဖြစ်တယ်လို့ ဒီလို မမှတ်ရဘူး။
တခြား အကြောင်းတွေလည်းပဲ ရှိသေးတယ်။
ဆိုင်ရာ အာရုံတို့၊ ဝတ္ထုတို့၊ ယောနိသောမနသိကာရတို့ ဘာတို့ပေါ့လေ။
အဲဒီအကြောင်းတွေကြောင့် အကျိုးဖြစ်တယ်လို့ အဲဒါကိုလည်း မှတ်ရမယ်။

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

၂၀၁၀ ခုနှစ် သြဂုတ်လ ၂၈ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များသင်တန်း အပတ်စဉ် (၄၈) ပစ္စည်းပိုင်း - ပဋိစ္စသမုပ္ပါဒ် သင်ခန်းစာ ဒုတိယပိုင်းကို နာယူ သင်ယူ မှတ်သားကြရ၏။

ရှေးဦးစွာ လောကချမ်းသာဆရာတော်က ပဋိစ္စသမုပ္ပါဒ်ကို ကာလ၊ အင်္ဂါ၊ အခြင်းအရာ၊ အစပ်၊ ဝဋ် စသည်ဖြင့် ဝေဖန်ပုံများကို ရှင်းလင်း သင်ကြားပေး၏။
ထိုနောက် ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အသံသွင်း ပို့ချချက် သင်ခန်းစာကို နာယူ မှတ်သားကြရသည်။

+++++

လင်္ကာ

‘မူလနှစ်ဖြာ’
‘သစ္စာနှစ်ခု’
‘လေးခုအလွှာ’
‘အင်္ဂါတစ်ဆယ့်နှစ်ပါး’၊ တရားကိုယ်များနှင့်
‘သုံးပါးအစပ်’
နှစ်ရပ်မူလ
‘ဝဋ်သုံးဝ’နှင့်
‘ကာလသုံးဖြာ’
‘ခြင်းရာနှစ်ဆယ်’
ဤရှစ်သွယ်ကို
အလွယ်ကျက်မှတ်
သိစေအပ်သည်
သံသရာမှ လွတ်ကြောင်းတည်း။

+++++

အင်္ဂါ ၁၂-ပါး

အဝိဇ္ဇာ
သင်္ခါရ
......
ဝိညာဏ်
နာမ်ရုပ်
သဠာယတန
ဖဿ
ဝေဒနာ
.....
တဏှာ
ဥပါဒါန်
ဘဝ
.....
ဇာတိ
ဇရာ မရဏ

+++++

မူလ ၂-ပါး (မူလနှစ်ဖြာ/နှစ်ရပ်မူလ)

(၁) အဝိဇ္ဇာ

သံသရာရှေ့ပိုင်း၏ ဝဋ်မြစ် (မောဟ)။
အတိတ်အကြောင်းမှ စ၍ ပစ္စုပ္ပန်အကျိုးတိုင်အောင် ဖြစ်သော အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော ရှေ့ပိုင်းဘဝစက်၏ မူလသည် အဝိဇ္ဇာ ဖြစ်၏။

(၂) တဏှာ

သံသရာနောက်ပိုင်း ဝဋ်မြစ်။
ပစ္စုပ္ပန်အကြောင်းမှ စ၍ အနာဂတ်ဘဝအကျိုးတိုင်အောင် ဖြစ်သော တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ မရဏဟူသော နောက်ပိုင်းဘဝစက်၏ မူလသည် တဏှာ ဖြစ်၏။

+++++

သစ္စာ ၂-ပါး

အတိတ်အကြောင်း အဝိဇ္ဇာ၊ သင်္ခါရနှင့်
ပစ္စုပ္ပန်အကြောင်း တဏှာ၊ ဥပါဒါန်၊ ဘဝတို့သည် သမုဒယသစ္စာ

ပစ္စုပ္ပန်အကျိုး ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာနှင့်
အနာဂတ်အကျိုး ဇာတိ၊ ဇရာ မရဏတို့သည် ဒုက္ခသစ္စာ

+++++

အလွှာ ၄-ပါး

(၁) အတိတ်အကြောင်း တစ်လွှာ = အဝိဇ္ဇာ၊ သင်္ခါရ၊ (တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ)။
(၂) ပစ္စုပ္ပန်အကျိုး တစ်လွှာ = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။
(၃) ပစ္စုပ္ပန်အကြောင်း တစ်လွှာ = တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ (အဝိဇ္ဇာ၊ သင်္ခါရ)။
(၄) အနာဂတ်အကျိုး တစ်လွှာ = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။

+++++

အစပ် ၃-ပါး

(၁) ဟေတုဖလအစပ် = သင်္ခါရနှင့် ဝိညာဏ်အကြားသည် အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုး တစ်စပ်။
(၂) ဖလဟေတုအစပ် = ဝေဒနာနှင့် တဏှာအကြားသည် ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း တစ်စပ်။
(၃) ဟေတုဖလအစပ် = ကမ္မဘဝနှင့် ဇာတိအကြားသည် ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုး တစ်စပ်။

+++++

ဝဋ် ၃-ပါး

ဝဋ် = အကြောင်းပြီး အကျိုး၊ အကျိုးပြီး အကြောင်းဟု အကြောင်းအကျိုး မပြတ်ဘဲ ချာချာလည်နေအောင် လည်ပတ်နေသော တရား။

(၁) ကိလေသဝဋ် = အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်။
(၂) ကမ္မဝဋ် = သင်္ခါရ၊ ကမ္မဘဝ။
(၃) ဝိပါကဝဋ် = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ မရဏ။

+++++

ကာလ ၃-ပါး (အဓွန့် ၃-ပါး)

(၁) အတိတ်အဓွန့် (အတိတ်ကာလက ဖြစ်ခဲ့သော တရားများ) = အဝိဇ္ဇာ၊ သင်္ခါရ ၂-ပါး။
(၂) ပစ္စုပ္ပန်အဓွန့် (ပစ္စုပ္ပန်ကာလ၌ ဖြစ်သော တရားများ) = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ ၈-ပါး။
(၃) အနာဂတ်အဓွန့် (အနာဂတ်၌ ဖြစ်မည့် တရားများ) = ဇာတိ၊ ဇရာ မရဏ ၂-ပါး။

+++++

အခြင်းအရာ ၂၀-ပါး

အတိတ်အကြောင်း ၅-ပါး တစ်လွှာ၊ ပစ္စုပ္ပန်အကျိုး ၅-ပါး တစ်လွှာ၊ ပစ္စုပ္ပန်အကြောင်း ၅-ပါး တစ်လွှာ၊ အနာဂတ်အကျိုး ၅-ပါး တစ်လွှာဟူသော အလွှာလေးရပ်ရှိ တရားပေါင်း ၂၀ သည်ပင် အာကာရ အခြင်းအရာ ၂၀ မည်၏။

+++++

အဝိဇ္ဇာ၏ အကြောင်းရင်း

အဝိဇ္ဇာ၏ အကြောင်းရင်းသည် အာသဝတရား (အာသဝေါတရား) ၄-ပါး ဖြစ်၏။
သတ္တဝါများသည် အာသဝတရား (လောဘ၊ ဒိဋ္ဌိ၊ မောဟ)ရှိနေခြင်းကြောင့်သာ သောကစသည်တို့ ဖြစ်နေရခြင်း ဖြစ်သည်။
ဤသို့ သောကစသည်တို့ ဖြစ်ရခြင်းတွင် အဝိဇ္ဇာသဝသည် အဓိကအကြောင်း ဖြစ်ပြီး၊ ၎င်းကို အကြောင်းပြု၍ သောကစသည်တို့နှင့်အတူ နောက်နောက် အဝိဇ္ဇာများ ထပ်ဖြစ်ရခြင်းကြောင့် အဝိဇ္ဇာ၏ အကြောင်းမှာ အာသဝတရား ဖြစ်၏။

ပဋိစ္စသမုပ္ပါဒ် လည်ပုံ

သတ္တဝါများသည် လူ၊ နတ်၊ ဗြဟ္မာ စသော ဘဝအမျိုးမျိုး၊ ရုပ်နာမ် ခန္ဓာအမျိုးမျိုးဖြင့် ပုံစံအမျိုးမျိုး ကျင်လည်နေကြရခြင်းမှာ ဗြဟ္မာ ဗိဿနိုး အစရှိသော တန်ခိုးရှင်တို့၏ ဖန်ဆင်းမှုကြောင့် မဟုတ်ဘဲ အဝိဇ္ဇာနှင့် တဏှာတည်းဟူသော ဝဋ်မြစ် မူလ ၂-ပါးကြောင့် ဖြစ်၏။

ဤဝဋ်မြစ် ၂-ပါးကို အခြေခံ၍ ကျန်တရားစုများဖြစ်သော သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ် စသည့် တရားများသည်လည်း ဆက်စပ်၍ အကြောင်းအကျိုးမပြတ် လည်ပတ်ကြရလေသည်။

ဤသို့ဖြင့် မိမိတို့ ရရှိထားသော ရုပ်နာမ်စုကို အရင်းတည်၍ နောက်ရုပ်နာမ်သစ် ရစေရန် အဝိဇ္ဇာစသော အကြောင်းတရားများကို ကြောင်းကျိုးဆက်စပ် ပြုလုပ်ခြင်းဖြင့် သံသရာတစ်ခွင်တွင် ဘဝအမျိုးမျိုး၊ ခန္ဓာအမျိုးမျိုး ကျင်လည်နေရခြင်း ဖြစ်သည်။

ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ် ပျက်ကိန်း

သစ်ပင်၌ ရေသောက်မြစ် ပြတ်လျှင် တစ်ပင်လုံး ပျက်စီးသကဲ့သို့ အဝိဇ္ဇာ၊ တဏှာတည်းဟူသော ရေသောက်မြစ် ၂-ခုကို အရဟတ္တမဂ်တည်းဟူသော ဓား သန်လျက်ဖြင့် ဖျက်ဆီးလိုက်သောအခါ သင်္ခါရတရားများသည် အပြီးတိုင် ချုပ်ငြိမ်း၍ အဖန်ဖန် လည်ပတ်နေရသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး ပျက်လေသည်။

+++++

လင်္ကာ

အဝိဇ္ဇာနှင့် တဏှာ အရင်းခံ
ဥပါဒါန်
ကံကြောင့် ရုပ်နာမ်ပေါ်
အပင်မှ မျိုး
မျိုးမှ အပင်
အမျှင်မပြတ်
ဆက်စပ်သည့်ဟန်
ကံကြောင့် နာမ်ရုပ်
နာမ်ရုပ်ကြောင့် ကံ
အဖန်ဖန် ဖြစ်ပြန်နည်းအလျော်
ဗြဟ္မာသိကြား စသည်များက
ထင်ရှားပြုပြင်
စီရင်ဖန်ဆင်း
အကြောင်းရင်းကြောင့်
လူနတ်များစွာ
သတ္တဝါတို့
ဖြစ်လာရမှု မဟုတ်ဟု
ဉာဏ်ဖြင့် ရှု၍ မျှော်။

+++++

နည်း ၄-ပါး

ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကို ၄-ရပ်သော နည်းဖြင့် အသီးအသီး ဆင်ခြင်လိုက်သောအခါ ပုဂ္ဂိုလ်သတ္တဝါ သူတပါး ယောက်ျားမိန်းမ မရှိတော့ကြောင်း ကောင်းကောင်းကြီး သိမြင်လျက် သဿတ၊ ဥစ္ဆေဒစသော ဒိဋ္ဌိတို့မှ ကင်းစင်နိုင်သောကြောင့် ဧကတ္တနည်း၊ နာနတ္တနည်း၊ အဗျာပါရနည်း၊ ဧဝံ ဓမ္မတာနည်း ဟူသော နည်း ၄-တန်ဖြင့် အဖန်ဖန် ဆင်ခြင်ကြရာ၏။

ဧကတ္တနည်း

“သန္တာန်အစဉ် အမျှင်မပြတ် တစ်စပ်တည်း တစ်ဆက်တည်း”ဟု သိရသောနည်းသည် “ဧကတ္တနည်း” မည်၏။

ဧကတ္တနည်းအရ “မျိုးစေ့မှ အညှောက်ထွက်၍ သစ်ပင်ကြီးအဖြစ်သို့ ရောက်အောင် သန္တာန်အစဉ် အမျှင်မပြတ်သကဲ့သို့ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်၏။
ရှေးရှေး သင်္ခါရကြောင့် ယခုဘဝ ဝိညာဉ်သစ် ဖြစ်၏” စသည်ဖြင့် အစဉ်မပြတ် ဆက်စပ်နေပုံကို ဆင်ခြင်သောအခါ “ဤဘဝ ဤသတ္တဝါ ဤခန္ဓာအစဉ်သည် ဤဘဝဆုံးလျှင် ပြတ်၏။ နောက်ဘဝ နောက်သတ္တဝါ နောက်ခန္ဓာမျိုး ဖြစ်ပြန်၏”ဟု ယူမှားသော ဥစ္ဆေဒဒိဋ္ဌိသည် အလိုအလျောက် ကင်းပျောက်တော့၏။

နာနတ္တနည်း

သန္တာန်အစဉ် အမျှင်မပြတ်သော်လည်း အဝိဇ္ဇာ၏ သဘောက တစ်မျိုး၊ သင်္ခါရသဘောက တစ်မျိုး ဤသို့ စသည်ဖြင့် သဘောလက္ခဏာချင်း ကွဲလွဲကြသည်ဟု သိရသော နည်းသည် နာနတ္တနည်း မည်၏။

ဤနာနတ္တနည်းအရ အဝိဇ္ဇာနှင့် သင်္ခါရတို့ မတူပုံ၊ သင်္ခါရနှင့် ဝိညာဉ်တို့ မတူပုံ၊ အသစ်အသစ် အကြောင်းနှင့် အသစ်အသစ် အကျိုးတို့ တစ်မျိုးပြီးတစ်မျိုး ဖြစ်ပုံကို ဆင်ခြင်လိုက်သောခအခါ မပျက်မစဲ အမြဲတည်သည်ဟု ယူမှားသော သဿတဒိဋ္ဌိသည် အလိုအလျောက် ကင်းပျောက်တော့၏။

အဗျာပါရနည်း

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရာ၌ “ငါသည် သင်္ခါရကို ဖြစ်စေမည်”ဟု အဝိဇ္ဇာဝယ် ကြောင့်ကြဗျာပါရ မရှိ။ သင်္ခါရကြောင့် ဝိညာဉ်ဖြစ်ရာ၌လည်း “ငါသည် ဝိညာဉ်ကို ဖြစ်စေမည်”ဟု သင်္ခါရဝယ် ကြောင့်ကြဗျာပါရ မရှိ။ ဤသို့ စသည်ဖြင့် အကျိုးတရားကို ဖြစ်စေဖို့အရေး၌ အကြောင်းတရားစုဝယ် ကြောင့်ကြဗျာပါရ မရှိပုံကို သိရသောနည်းသည် အဗျာပါရနည်း မည်၏။

ဤနည်းအရ ဆင်ခြင်လိုက်သောအခါ အကြောင်းတရား အကျိုးတရားတို့ ဘာသိဘာသာ ဖြစ်နေပုံကို သိမြင်ရသဖြင့် “ဤ ကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါတွေကို ထာဝရဘုရား စသူတို့က ဖန်ဆင်းပေးနေသည်”ဟူသော ဣဿရ နိမ္မာနဝါဒသည်လည်းကောင်း၊ “မိမိခန္ဓာကိုယ်တွင်း၌ ထိုထိုအမှုကို ပြုလုပ်တတ် ခံစားတတ်သော အတ္တရှိ၏”ဟု စွဲလမ်းတတ်သော အတ္တဝါဒသည်လည်းကောင်း အလိုအလျောက် ကင်းပျောက်တော့၏။

ဧဝံဓမ္မတာနည်း

ဤသို့ အဝိဇ္ဇာစသော အကြောင်းကြောင့် သင်္ခါရစသော အကျိုးများ၏ ဖြစ်ရခြင်းသည် ထုံးစံ ဓမ္မတာပင်တည်းဟု သိရသော နည်းသည် ဧဝံဓမ္မတာနည်း မည်၏။

ဤဧဝံဓမ္မတာနည်းအရ ဆင်ခြင်သောအခါ ချိုဆိမ့်သော နို့ရည်ကြောင့် ချဉ်သော နို့ဓမ်း ဖြစ်ရခြင်း၊ နှမ်းကြောင့် ဆီဖြစ်ရခြင်း၊ ကြံကြောင့် ကြံရည်ဖြစ်ရခြင်းများသည် ထုံးစံဓမ္မတာပင် ဖြစ်၍ သဲမှ ဆီမထွက်နိုင်၊ ကြံမှ နို့ရည်မထွက်နိုင်ခြင်းများသည် ဓမ္မတာပင် ဖြစ်သကဲ့သို့ ထို့အတူ “အဝိဇ္ဇာကြောင့် သင်္ခါရသာ ဖြစ်ခြင်း၊ သင်္ခါရလည်း အဝိဇ္ဇာကြောင့်သာ ဖြစ်ခြင်း၊ တစ်စုံတစ်ခု အကြောင်းမရှိဘဲ ဘာသိဘာသာ မပေါ်လာနိုင်ခြင်း၊ မဆိုင်သောအကြောင်းကြောင့်လည်း မဆိုင်သော အကျိုးမဖြစ်နိုင်ခြင်းသည် ဓမ္မတာပင် ဖြစ်သည်တကား”ဟု စဉ်းစားလိုက်သောအခါ “အားလုံးတရားမှာ ဆိုင်ရာအကြောင်းမကင်း”ဟု သိတတ်သော သဟေတုကအယူပေါ်လာရကား “အကြောင်းမဲ့သက်သက် ဖြစ်တတ်သည်”ဟု ယူမှားသော အဟေတုကဒိဋ္ဌိနှင့် “ကုသိုလ် အကုသိုလ်ကို ပြုသော်လည်း ပြုရာမရောက်၊ အကျိုးမရ နိရတ္တကသာဟု ယူမှားသော အကြိယဒိဋ္ဌိ”များသည် အလိုအလျောက် ကင်းပျောက်တော့၏။

တိုက်တွန်းချက်

ဗုဒ္ဓဘာသာဝင် ဖြစ်၍ အရာရာ၌ စဉ်းစားလေ့ရှိသူတို့သည် “ကမ္ဘာလောကကြီးသည် အချိန်ကျလျှင် ပျက်စီး၏။ ပျက်ပြီးနောက် ကမ္ဘာပြုမိုး ရွာသည်က စ၍ တဖန် ဖြစ်ပေါ်လာ၏”ဟူသော ကျမ်းစာအရ ဖြစ်ချည်ပျက်ချည် အတည်မကျပုံကို ယုံကြည်နိုင်ကြသော်လည်း “ဘယ်တုန်းက စ၍ ဖြစ်ခဲ့ပါလိမ့်မည်နည်း”ဟု တဆင့် စဉ်းစားလေ့ရှိကြပြန်၏။

သတ္တဝါများအတွက် “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ” စသည်ကို ယုံကြည်နိုင်သော်လည်း “ဘယ်တုန်းက စခဲ့ပါလိမ့်မည်နည်း”ဟူ၍ကား စဉ်းစားလျက်ကြပင်တည်း။
ထိုကဲ့သို့ စဉ်းစား၍ မဆုံးဖြတ်နိုင်သောအခါ “ကမ္ဘာလောကကြီးနှင့် သတ္တဝါတွေသည် အကြောင်းမဲ့သက်သက် ဖြစ်တတ်၏။ ဖြစ်ဖို့ရန် အစမှာ အကြောင်းမရှိ”ဟူသော အဟေတုကဒိဋ္ဌိတွင်းသို့ တချို့ သက်ဆင်းကြလေသည်။
တချို့ကား “ဖန်ဆင်းတတ်သူ တစ်ယောက်,ယောက်တော့ ဧကန် ရှိဦးမှာပဲ”ဟူသော ဣဿရနိမ္မာနဝါဒကို သဘောတူသလို ရှိပြန်၏။

ဗုဒ္ဓဘာသာကျမ်းစာများ၌ “မိမိဉာဏ် မပိုင်၍ မကြံနိုင်သော လောက၊ အကြောင်းအရာ ကမ္ဘာ၏ဖြစ်ပုံကို မကြံလေနဲ့၊ ကြံဖန်များလျှင် အသိဉာဏ် အမှန်မရက ရူးသွပ်တတ်သည်”ဟု မိန့်မှာတော်မူ၏။

ထို့ကြောင့် ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ်လည်ပုံကိုသာ နည်း ၄-ဖြာ ဖြန့်ခင်း၍ သန့်ရှင်းအောင် အထပ်ထပ် စဉ်းစားလျှင် ထိုသံသရာ ထိုကမ္ဘာလောကကြီးနှင့် မိမိခန္ဓာအစဉ်၏ အစမရှိကြောင်းကို ကောင်းကောင်း ရှင်းလင်းပါလိမ့်မည်။

ထိုပဋိစ္စသမုပ္ပါဒ်ကို ရှင်းလင်းစွာ မထွင်းဖောက်နိုင်သေးဘဲ သံသရာမှ ထွက်မြောက်နိုင်သူကား အိပ်မက်ထဲမှာပင် မရှိခဲ့ကြဖူးပါချေ။
သို့အတွက် သံသရာမှ မြန်စွာ ထွက်မြောက်ဖို့ရာ ဤဘဝစက်ဝိုင်းကို ကသိုဏ်းရှုသလို အထပ်ထပ် ကြည့်ရှု ဆင်ခြင်၍ ထင်မြင်အောင် အားထုတ်ကြပါကုန်။

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်စက္ကိန္ဒက “သတိပဋ္ဌာန် ၄-ပါးနှင့် ဝိပလ္လာသ”တရားတော်ကို ဟောကြား ချီးမြှင့်၏။



သတိပဋ္ဌာန်

လွန်လွန်ကဲကဲ၊ အာရုံထဲ၌၊ စွဲမြဲတည်ဘိ၊ ထိုသတိ သတိပဋ္ဌာန်ခေါ်။
(အခြေပြုသင်္ဂြိုဟ်)

သတိ‘တစ်’သာ
ဖြစ်တုံပါလည်း
ယူရာအာရုံ
၎-ပါးစုံခဲ့
ယူပုံခြင်းရာ
၎-မျိုးသာတည်း
ပယ်ခွာကိစ္စ
ဖြစ်ပြန်ကလျှင်
၎-ပါးပင်မို့
တို့ရှင်ပင်စော
၎-မျိုးဟောသည်
မှတ်လော သတိပဋ္ဌာန်တည်း။

ယူရာအာရုံ ၄-မျိုး = ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ

ယူပုံ (ရှုပုံ) အခြင်းအရာ ၄-မျိုး = အသုဘ၊ ဒုက္ခ၊ အနိစ္စ၊ အနတ္တ

ထင်မှားမှုကို ပယ်ခြင်းကိစ္စ ၄-မျိုး = သုဘ၊ သုခ၊ နိစ္စ၊ အတ္တ

(၁) ကာယာနုပဿနာသတိပဋ္ဌာန်သည် ဆံပင်၊ အမွေး စသော ကောဋ္ဌာသ ပညတ်ကို အာရုံပြု၏။ ထိုကောဋ္ဌာသပညတ်ကို အသုဘ အခြင်းအရာ ပေါ်လာအောင် အထပ်ထပ် ရှုသောအခါ အသုဘ = မတင့်တယ် ရွံရှာဖွယ်ဖြစ်သော အခြင်းအရာ ထင်လာ၏။ ထို့ကြောင့် ကာယာနုပဿနာသည် သုဘဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်သည် ဝေဒနာ(သုခ၊ ဒုက္ခ၊ ဥပေက္ခာ)တို့ကို ရှုသောအခါ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရပုံကို မြင်သဖြင့် ကြောက်မက်ဖွယ်သော ဒုက္ခဟူ၍ ထင်လာ၏။ ထို့ကြောင့် ဤဝေဒနာနုပဿနာသည် ရုပ်နာမ်တို့၌ သုခဟု မှတ်ထင်သော သုခဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်သည် ဤစိတ်ကာ သရာဂစိတ်၊ ဤစိတ်ကား ဒေါသစိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စအခြင်းအရာ ထင်လာအောင် အဖန်ဖန် ရှုတတ်သော သတိသည် စိတ္တာနုပဿနာသတိပဋ္ဌာန် မည်၏။ ဤသတိပဋ္ဌာန်ဖြင့် စိတ်ကို ခွဲခြားလျက် ဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲ ဖြစ်ပျက်နေပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာ ထင်၏။ ထို့ကြောင့် စိတ္တာနုပဿာနသတိပဋ္ဌာန်သည် နိစ္စဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်ဆိုရာ၌ ဓမ္မဟု သာမညဆိုသော်လည်း ရူပက္ခန္ဓာကို ကာယာနုပဿနာဖြင့်၊ ဝေဒနက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်၊ ဝိညာဏက္ခန္ဓာကို စိတ္တာနုပဿာနာဖြင့် ရှုပြီး ဖြစ်သောကြောင့် ဓမ္မအရ သညာ၊ သင်္ခါရက္ခန္ဓာ ဓမ္မများကိုသာ ယူခွင့်ရှိတော့သည်ဟု ယူရမည်။ ထိုဓမ္မတို့ကို အနတ္တအခြင်းအရာ ထင်လာအောင် အဖန်ဖန် အာရုံပြုလျက် ရှုသောအခါ အရာရာကိစ္စတို့၌ ထိုပရမတ္ထဓမ္မများသာ ရွက်ဆောင်နေကြောင်း သိရ၍ စီမံနိုင်သော အတ္တကောင် ဝိညာဉ်ကောင် လိပ်ပြာကောင် မရှိဟူသော အနတ္တအခြင်းအရာ လွန်စွာ ထင်လာသည်။ ထို့ကြောင့် ဓမ္မာနုပဿနာသတိပဋ္ဌာန်သည် အတ္တဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

လောကချမ်းသာ စနေနေ့တရားပွဲ ပြီးသော် ၁၅ မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အားလုံးသော သတ္တဝါတို့အား အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

+++++
စာကိုး
မိုးကုတ်ဝိပဿနာ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းနှင့် လင်္ကာများ
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
ဆုထူးပန်ဆရာဟန်၏ “ဆုထူးပန်အဘိဓမ္မာ”

Read more...

ကုသိနာရုံသို့ ကြွချီတော်မူခြင်း (သို့) နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ (၃)

Tuesday, August 31st, 2010 | Author: admin

လမ်းခုလတ်တနေရာ အရောက်တွင် မြတ်ဗုဒ္ဓသည် ပင်ပန်းလွန်းသောကြောင့် လမ်းခရီးမှ ဘေးဖယ်ကာ..တစ်ခုသော သစ်ပင်ရင်းရှိရာသို့ ချဉ်းကပ်၏။ ထို့နောက် ရှင်အာနန္ဒာအား..

“ချစ်သားအာနန္ဒာ ငါဘုရား၏ ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်ပြီး ခင်းပါလော့၊ ငါဘုရား ပင်ပန်းလို့ ထိုင်တော်မူအံ့”

ဟု မိန့်တော်မူလေသည်။

နေရာထိုင်ခင်းတွင် မြတ်ဗုဒ္ဓထိုင်တော်မူပြီးလျင်…

“ချစ်သားအာနန္ဒာ…ငါဘုရားအတွက် သောက်တော်ရေလေးတခွက် ဆောင်ယူခဲ့ပါ”

ဟု မိန့်တော်မူ၏။

ထိုအနီးအနားတွင် မြစ်ကလေး တခုရှိ၏။ သို့ပေမယ့် ပူပြင်းသော ရာသီဖြစ်သောကြောင့် ရေအလွန်နည်းပေသည်။ ထို့ပြင် ခရီးသွား လှည်း (၅၀၀)တို့ ထိုမြစ်ကလေးကို ဖြတ်မောင်းထားသောကြောင့် ရေများမှာ နောက်၍ ရွှံ့အနည်များ ထနေလေသည်။ ထိုကြောင့် အရှင်အာနန္ဒာက..မြတ်ဗုဒ္ဓအား ပြန်လည်၍ လျောက်တင်လေသည်။

“အရှင်ဘုရား အနီးအနားမှ ထိုမြစ်ကလေးမှာ ရေများ နောက်ကျူနေပါ၏။ ဟိုရှေ့နားတွင် ကကုဓာမြစ်သည် ရှိ၏။ အေးမြသောရေ ရနိုင်ပေမည်။ ချိုမြိန်သော ရေသန့်ရနိုင်ပေမည်။ သာယာ၍ ဆိပ်ကမ်းလည်း ကောင်းပေမည်။ ထိုမြစ်ဆိပ်ကမ်းသို့ ရောက်လျင် ဘုရားတပည့်တော် ရေကြည် ရေချမ်းကို ဆပ်ကပ်ပါ့မည် ဘုရား” ဟု လျောက်တင်သည်။



သို့သော် မြတ်ဗုဒ္ဓ နီးရာ ထိုမြစ်ကလေးမှပင် သောက်ရေကို ယူဆောင်လာရန် ထပ်မံ မိန့်တော်မူပြန်၏။ အရှင်အာနန္ဒာလည်း ရှေ့စကားအတိုင်းပင် ပြန်လည် လျောက်တင်သည်။ ဒုတိယအကြိမ် မြတ်ဗုဒ္ဓက..သောက်ရေကို ဆောင်ယူရန် မိန့်တော်မူသော်လည်းပဲ အရှင်အာနန္ဒာလည်း ထိုစကားကိုသာ ပြန်လည်လျောက်တင်လေသည်။
မြတ်ဗုဒ္ဓက..တတိယအကြိမ် မိန့်တော်မူသောအခါမှ အရှင်အာနန္ဒာလည်း သပိတ်ကို ယူကာ ထိုချောင်းလေးဆီသို့ ချဉ်းကပ်လေ၏။

ထိုနောက် သပိတ်ကလေးဖြင့် လှမ်းခပ်မည်အပြုတွင် ချောင်းထဲရှိ ရေများမှာ ကြည်လင်သွားလေတော့၏။ အနည်များထိုင်ပြီး သန့်ရှင်းသွားလေ၏။ အရှင်အာနန္ဒာလည်း မြတ်ဗုဒ္ဓ၏ တန်ခိုးအာနုဘော်ကို လွန်စွာပင် အံ့သြသွားလေတော့၏။

ထို့နောက် ဘုန်းတော်ကြီးမားသော မြတ်ဗုဒ္ဓအား သောက်ရေကို ကပ်လေသည်။ မြတ်ဗုဒ္ဓလည်း သောက်ရေကို သုံးဆောင်မူပြီးသကာလ ဆက်လက်၍ ကြွချီတော်မူလေသည်။

ထို့နောက် ကကုဓာန်မြစ်သို့ရောက်သော အခါ တဖန်အနားယူလေ၏။ ထိုမြစ်တွင် မြတ်ဗုဒ္ဓ ရေသုံးသပ်၊ သောက်ရေ ဘုန်းပေးတော်မူလေသည်။ မြတ်ဗုဒ္ဓသည် ဆက်လက်၍ မြစ်၏ဟိုဘက်ကမ်း သရက်ဥယျာဉ်ကြီးရှိရာသို့ ကြွချီတော်မူလေသည်။ ထိုသရက်ဥယျာဉ်အတွင်းတွင် ခေတ္တခဏမျှ ထပ်မံ အနားယူ လှဲလျောင်းတော်မူလေ၏။ ပြန်လည် ထဦးမယ်ဆိုသော အမှတ်သညာ သတိလေးဖြင့် အနားယူခြင်းဖြစ်၏။

ထိုနောက် မြတ်ဗုဒ္ဓ နှင့် သံဃာတော်အပေါင်းတို့သည် ဟိရည၀တီမြစ်၏ တဖက်ကမ်း ကုသိနာရုံပြည် လမ်းကွေ့ မလ္လမင်းတို့၏ အင်ကြင်းတောသို့ ကြွတော်မူခဲ့လေ၏။

(ဆက်ရန်ရှိသေးသည်)

အောက်ပါတရားတော် နာယူမှတ်သားပြီး ရေးသားထားသည်။
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓတရားတော် (၂၇၊ ၁၂၊ ၁၉၇၇)- သီတဂူဆရာတော်ဘုရားကြီး

Read more...

အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၅)

*မဟောတွေ့ ကြုံ ပြဿနာစုံ*

အလောင်းတော်မဟောသဓာ တွေ့ ကြုံရသော ပြဿနာများသည် အကျဉ်းချုပ်အားဖြင့်
၁။ ရွှေနန်းတော်သို့ မရောက်မီ တွေ့ ကြုံရသော ပြဿနာများ
၂။ ရွှေနန်းတော်သို့  သုခမိန်အဖြစ် အမှုထမ်းဖို့  ရောက်ရှိပြီးနောက် တွေ့ ကြုံရသော ပြဿနာများဟူ၍ နှစ်မျိုးဖြစ်ပါသည်။

၁။ ရွှေနန်းတော်သို့ မရောက်မီ တွေ့ ကြုံရသော ပြဿနာများမှာ အလောင်းတော်မဟောသဓာ၏ တိုးတက်ကြီးပွားမှုကို မလိုလားသော သေနကအမတ်ကြီးက ဖန်တီးခြင်းကြောင့် တွေ့ ကြုံရခြင်းဖြစ်သည်။ ၀ိဒေဟရာဇ်မင်းကြီးသည် မိမိ၏ အိပ်မက်အရလည်းကောင်း၊ အလောင်းတော်၏ တရားသူကြီးဂုဏ် သတင်းကြောင့်လည်းကောင်း၊ အလောင်းတော်ကို (၅)ဦးမြောက်သုခမိန်အဖြစ် ရွှေနန်းတော်သို့  ခေါ်ယူချီးမြှောက်လိုသည်။

မင်းကြီး၏ဆန္ဒကို သေနကအမတ်ကြီးက မနှစ်သက်ပေ။ အလောင်းတော်၏ ပညာစွမ်းကြောင့် မိမိအကျိုးစီးပွား လျှော့ကျသွားမည်ကို စိုးရိမ်ပြီး အလောင်းတော်အပေါ် မုဒိတာမပွားနိုင်ပေ။ သို့ အတွက် အလောင်းတော် ရွှေနန်းတော်အရောက်နှေးပြီး ကြီးပွားတိုးတက်ဖို့ ဝေးသွားစေရန် ပြဿနာများကို စီရင်စမ်းသပ်သည်။

ထိုပြဿနာတို့ ကား ရှားလွှတ်ပြဿနာ၊ ဦးခေါင်းခွံပြဿနာ၊ မြွေပြဿနာ၊ ကြက်ပြဿနာ၊ ပတ္တမြားပြဿနာ၊ သားဖွားပြဿနာ၊ ထမင်းပြဿနာ၊ သဲလွန်ပြဿနာ၊ ရေကန်ပြဿနာ၊ ဥယျာဉ်ပြဿနာ၊ ရွှဲပြဿနာတို့ ဖြစ်ကြပါသည်။

မဟောသဓာသုခမိန်ကား သေနကအမတ်ကြီး ဖန်တီးစီရင်သော ထိုထိုပြဿနာများကို တိကျမှန်ကန်စွာ ရှင်းလင်းနိုင်ခဲ့သည်။ သေနကအမတ်ကြီး၏ ဣဿာ = မနာလိုမှုကြောင့် ပေါ်ထွက်လာသော ပြဿနာများသည် အလောင်းတော်၏ ပညာစွမ်းရည်ကို ဖော်ထုတ်တောက်ပြောင်စေခဲ့သည်။

အလောင်းတော်၏ ပညာဂုဏ်ထူးကြောင့် ၀ိဒေဟရာဇ်မင်းကြီးသည် အလောင်းတော်ကို ရွှေနန်းတော်သို့ ခေါ်ယူကာ (၅)ဦးမြောက် သုခမိန်အဖြစ် ချီးမြှောက်ခဲ့သည်။ အလောင်းတော်၏ မိဘနှစ်ပါးကိုလည်း မင်းစည်းစိမ်နီးပါးမျှ ဂုဏ်ပြုခဲ့သည်။ အလောင်းတော်အဖို့ ကား သေနကအမတ်ကြီး၏ အောက်ကျသောစိတ်ထားကြောင့် ဖြစ်ပွားလာရသော ပြဿနာများသည် ပြဿနာပေါ် ပညာတော်ခြင်းနှင့် မိဘကျေးဇူးဆပ်နိုင်ခြင်းဟူသော ကောင်းကျိုးများ ရယူနိုင်ရေးအတွက် အားဆေးများသဖွယ် ဖြစ်လာရပေသည်။ ဂုဏ်ယူအားကျဖွယ် ကောင်းလှပါပေစွ။

ပြဿနာပေါ် ပညာတော်

ပြဿနာပေါ် ပညာတော်သည့်
မဟော်သုခမိန် ဂုဏ်စွမ်းရှိန်ကို
ကြိမ်ကြိမ်ဖန်ခါ ပွားယူကာလျှင်
သူသူငါငါ ပြဿနာတို့ 
ကြုံလာလေတိုင်း ချိန်ဆနှိုင်းလျှက်
ခြားပိုင်းဝေဖန် ကိုယ့်စွမ်းဉာဏ်ကို
အားမာန်ပြည့်ဖြိုး တိုးထက်တိုးဖို့ 
ကောင်းကျိုးပွားရေး ပီတိမွေး၍
အေးအေးရွှင်ကြည် ကြိုးစားညီသော်
မြန်ပြည်နောက်ခေတ် ရွှေရောင်သစ်မည်
ပြည်ချစ်သူတို့  စွဲဖို့ တည်း။ ။

အညတြသုတေသီတစ်ဦး

ရွှေရတု
အတွဲ (၉)၊ အမှတ် (၁၁)၊
မတ်လ ၂၀၁၀။

(ဆက်လက်ဖော်ပြပေးသွားပါမည်။)

အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၂)
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၃)
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၄)

ဆက်လက်ဖတ်ရှုရန်

Read more...

Parrot


ကြက်တူရွေး

Einstein [အိန်းစတိန်း (သို့မဟုတ်) အိုင်းစတိုင်း]သည် ကြက်တူရွေးတစ်ကောင် ဖြစ်ပါသည်။
ဤbloggerသည် ကြက်တူရွေးတစ်ကောင် ဖြစ်ပါသည်။
ဤblogသို့ လာလည်သူများသည် ကြက်တူရွေးများ ဖြစ်ကြပါသည်။
အခြားbloggerများသည် ကြက်တူရွေးများ ဖြစ်ကြပါသည်။
အခြားblogများသို့ သွားရောက်သူများသည် ကြက်တူရွေးများ ဖြစ်ကြပါသည်။
Bloggerမဟုတ်သူများရော blogနှင့် လုံးဝမပတ်သက်သူများပါ ကြက်တူရွေးများသာ ဖြစ်ကြပါသည်။
မည်သူမဆို ကြက်တူရွေးသာ ဖြစ်ပါသည်။
မည်သူမဆို ကြက်တူရွေးလို အစာစားတတ်ပါသည်။
မည်သူမဆို ကြက်တူရွေးလို စကားပြောတတ်ပါသည်။
မည်သူမဆို ကြက်တူရွေးလို သီချင်းဆိုတတ်ပါသည်။
မည်သူမဆို ကြက်တူရွေးလို စာအံတတ်ပါသည်။
မည်သူမဆို ကြက်တူရွေးလို တုယောင်မူတတ်ပါသည်။
မည်သူမဆို ကံ စိတ် ဥတု နှင့် အာဟာရ မမျှတသောကြောင့်၊ ဥာဏ် နှင့် ၀ီရိယ အညီအညွတ် မပေါင်းစည်းမိသောကြောင့်၊ ပထ၀ီ အာပေါ တေဇော နှင့် ၀ါယောတို့ ဖောက်ပြန်သောကြောင့်၊ ယံဝါတံဝါ တစ်ကြောင်းကြောင်းကြောင့် တုယောင်မူရန် မစွမ်းသာသည့် အခါမျိုး၌ သဘာဝတရား၏ အကန့်သတ်ခံ ကြက်တူရွေးတစ်ကောင်လို ငေးမှိုင်နေတတ်ပါသည်။
ထိုထိုကြက်တူရွေးများကို မင်းသုဝဏ် K နှင့် Luceတို့က သနားကရုဏာ သက်ကြပါသည်။
မည်သည့်ကြက်တူရွေးမှ အမှတ်ပြည့်ရအောင် ဖြေဆိုနိုင်မည် မဟုတ်သော မေးခွန်းတစ်ခုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
"အောက်ပါတို့ကို မြန်မာစကားပြေပြန်ဆိုပါ။"

ရွှေခဲကြက်တူရွေး

ကြက်တူရွေး ကြက်တူရွေး၊
ရွှေခဲ ကြက်တူရွေး၊
ညီပုလေးကို စာအံသင်၊
ရွှေခဲ စာအံသင်၊
ညီလေးခင်က စာပြန်တုန်း၊
ရွှေခဲ စာပြန်တုန်း၊
ဝလုံးရေးဖို့ ညီလေးထိုင်၊
ရွှေခဲ မရေးနိုင်၊
ငေးမှိုင်ရှာပေါ့ ကြက်တူရွေး၊
ရွှေခဲ ကြက်တူရွေး။ ။

Parrot

Polly, Polly,
Silly Polly,
Baby says 'O'
Polly says 'O'
Baby says 'P'
Polly says 'P'
Baby sits down,
His 'O' to write,
Polly sits down,
But cannot write --
Don't look so sorry,
Poor old Polly!

Read more...

နဲနဲလေးတော့ လွဲနေတယ် (၁၂)...

ဝိကာလနဲ့ အချိန်သတ်မှတ်ချက်…
တစ်လောက ဒကာလေးတစ်ချို့ ကျောင်းမှာဆွမ်း လာကပ်ကြပါတယ်။ ကျောင်းကိုအရောက် နောက်ကျတာရယ်၊ ဆွမ်းပွဲပြင်နေရတာ တွေရယ်ကြောင့် ဆွမ်းစားချိန် နည်းသွားသလို ဖြစ်ခဲ့ပါတယ်။ ဒီတော့ ဒကာလေးတစ်ယောက်က “ဘုန်းဘုန်း ဖြည်းဖြည်းဘုဉ်းပေးပါဘုရား…၊ စားနေရင်း ၁၂နာရီကျော်သွားလည်း ဖြစ်တယ်မဟုတ်လား ဘုရား…”လို့ လျှောက်ပါတယ်။ သူပြောမှပဲ ဒကာဒကာမတွေ ဒီလိုမှတ်ထားတာတွေ များနေတယ်ဆိုတာ ထပ်ပြီး သတိထားမိပါတယ်။ အကြောင်းသင့်ရင်တော့ ရှင်းပြပေးဦးမယ်လို့ စဉ်းစားခဲ့ပါတယ်။

တစ်ခါတုန်းကလည်း မြန်မာပြည်မှာသွားပြီး ရဟန်းဝတ်ကာ ထေရ၀ါဒ အဖြစ်နဲ့ ပြန်ရောက်လာတဲ့ ကိုရီးယား ဘုန်းကြီးတစ်ပါးနဲ့ ဆွမ်းစားရင်း ၁၂နာရီထိုးခါနီးတော့ ဘုန်းဘုန်းက “အရှင်ဘုရား မြန်မြန်ဘုဉ်းပေးမှဘုရား၊ ၁၂နာရီ ထိုးတော့မယ်”လို့ သတိပေးတဲ့အခါ အဲဒီဘုန်းကြီးက “ရပါတယ်ဘုရား မြန်မာပြည်မှာဆို အခုမှ ၉နာရီခွဲပဲ ရှိသေးတယ်”လို့ ပြောလာပါတယ်။ ကိုရီးယားနဲ့ မြန်မာပြည်က ၂နာရီခွဲလောက်ကွာတော့ ကိုရီးယားမှာ ၁၂နာရီဆို မြန်မာပြည်မှာ မနက် ၉နာရီခွဲပဲ ရှိပါသေးတယ်။ ဒီဘုန်းကြီးက အချိန်ကို သူလိုသလိုများ သတ်မှတ်နေလား မသိဘူးလို့ ကိုယ့်ဖာသာကိုယ် တွေးနေရင်း အချိန်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး သူ့ကိုလျှောက်ထား ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒါတွေဟာ နေလွဲညစား စားခြင်းနဲ့ ပတ်သက်တဲ့ လွဲနေတဲ့ သတ်မှတ်ချက် အလွဲလေးတွေပဲ ဖြစ်ပါတယ်။ တစ်ချို့က တကယ်ပဲ ဘုန်းကြီးတွေ ဆွမ်းစားနေတုန်း ၁၂နာရီကျော်သွားလည်း စားကောင်းတယ်လို့ ထင်နေတတ်ပါတယ်။ တကယ်တော့ ၀ိကာလ သတ်မှတ်မှုဟာ နာရီနဲ့ သတ်မှတ်တာထက် နေနဲ့သတ်မှတ်တာက ပိုမှန်ပါတယ်။ ဘုရားလက်ထက်က အခုလို နာရီအမျိုးမျိုးတွေ မပေါ်သေးတော့ ခေါင်းတည့်တည့်မှာ နေရောက်နေတဲ့အချိန်ကို နေမွန်းတည့်ချိန်လို့ သတ်မှတ်ပြီး ဦးခေါင်းတည့်တည့်က ကျော်သွားရင်တော့ နေမွန်းလွဲချိန်လို့ သတ်မှတ်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ၀ိကာလကို နေလွဲချိန်နောက်ပိုင်းကာလလို့ သတ်မှတ်တာဖြစ်ပါတယ်။ ဒီလို နေနဲ့ သတ်မှတ်ချက်အရ စားနေတုန်း ၁၂နာရီတိတိမှာ နေလွဲသွားပြီဆိုရင် မစားရတော့ပါဘူး။ စားရင်အာပတ်သင့်ပါတယ်။ ၁၂နာရီကျော်သွားပေမယ့် နေမွန်းမတည့်သေးဘူးဆိုရင် စားကောင်းပါတယ်။ ဒီလို တစ်ချို့နိုင်ငံတွေဟာ နေရဲ့ရွေ့လျားမှုကြောင့် ၁၂နာရီခွဲ၊ တစ်ခါတစ်လေ ၁နာရီလောက်မှ နေမွန်းတည့်တာတွေ ရှိတဲ့အတွက် အဲဒီနိုင်ငံတွေမှာ ရှိတဲ့ ထေရ၀ါဒ ဘုန်းကြီးတွေဟာ ၁၂နာရီခွဲ၊ တစ်နာရီလောက်အထိ ဆွမ်းစားကြတာ ဖြစ်ပါတယ်။ အဓိကကတော့ ၁၂နာရီ ထိုးတာမထိုးတာထက် နေမွန်းတည့်တာ မတည့်တာက အဓိကကျပါတယ်။

ဒါပေမယ့် ရာသီဥတု ဆိုးဝါးတဲ့နေရာတွေမှာ နေကို မမြင်ရတဲ့အခါတွေ ရှိတတ်တဲ့အတွက် အကောင်းဆုံးကတော့ ရောက်တဲ့နေရာမှာ သူ့နိုင်ငံအသီးသီးက သတ်မှတ်ထားတဲ့ စံတော်ချိန်အတိုင်း လိုက်နာကျင့်သုံးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒီလို နေကို အဓိကထား သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် ခုနက ကိုရီးယားဘုန်းကြီး ယူဆသလို ကိုရီးယားမှာနေပြီး မြန်မာစံတော်ချိန်ကို လှမ်းယူလို့ မရပါဘူး။ အဲလိုဆို ညစာစားချင်ရင် မနက်ပိုင်း ဖြစ်နေတဲ့ နိုင်ငံရဲ့ နာရီကိုကြည့်ပြီး စားလို့ရသလိုလို သတ်မှတ်ကုန်ပါလိမ့်မယ်။ ရောက်တဲ့နေရာမှာ သူ့နေရာက သတ်မှတ်တဲ့ နာရီအချိန်အတိုင်း လိုက်နာတာဟာ ၀ိကာလ ဘောဇနသိက္ခာပုဒ်ကို စောင့်ထိန်းဖို့အတွက် သံသယ အကင်းဆုံးပဲ ဖြစ်ပါတယ်။

စကားစပ်လို့ ဒကာတစ်ယောက်ရဲ့ အဖြစ်ကလေးကို သတိရမိပါတယ်။ အဲဒီ ဒကာတစ်ယောက် ဥပုသ်နေ့မှာ ဥပုသ်သီလယူပြီးတော့ ဗိုက်ကအရမ်းဆာတဲ့အတွက် ည ၁၂နာရီကျော်တော့ ထမင်းကြော်ပြီး စားလိုက်တယ်လို့ ဆိုပါတယ်။ သူ့အထင်က ည၁၂နာရီ ကျော်ရင် စားလို့ရပြီလို့ ထင်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒါဘုန်းဘုန်းကို လျှောက်ပြတော့ ၀ိကာလဘောဇ သိက္ခာပုဒ်ရဲ့ သတ်မှတ်ချိန်ဟာ နေမွန်းလွဲချိန်ကစပြီး နောက်တစ်နေ့ မနက်အရုဏ်တက်ချိန်အထိ သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် အရုဏ်တက်တဲ့အထိ ဒီသိက္ခာပုဒ်ကို စောင့်ထိန်းရမယ်လို့ ရှင်းပြဖြစ်ပါတယ်။ ဒါဟာ ဥပုသ်သည်တွေ အနေနဲ့ ၀ိကာလအချိန် သတ်မှတ်တာနဲ့ ပတ်သက်လို့ သတိထားရမယ့် အချက်ပဲ ဖြစ်ပါတယ်။

ထားပါတော။့ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ပြောချင်တာက ၀ိကာလ သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး လွဲနေတာလေးတွေ ရှိတဲ့အတွက် အခုတင်ပြခဲ့တာနဲ့ ပတ်သက်လို့ အမှတ်လွဲနေတာ ရှိကြရင်လည်း ပြင်နိုင်ကြဖို့ ပြောလိုရင်း ဖြစ်ပါတယ်။ အသေးအဖွဲလေးတွေပဲ ဆိုပေမယ့် အသေးအလွဲလေးတွေကစပြီး အလွဲကြီးတွေ ဖြစ်တတ်တဲ့အတွက် အသေးအဖွဲလေးတွေကိုလည်း တတ်နိုင်သမျှ သတိထားပြီး လိုက်နာကြတာ ကောင်းပါတယ်လို့ အကြံပြုရင်း လွဲတတ်တဲ့ အလွဲတစ်ခု အဖြစ် တင်ပြလိုက်ရပါတယ်။

Read more...

Mind

Since everything
is a reflection of
our minds,
everything
can be changed by
our minds.

Read more...

“မိန်းမ ကြောက်သူ မ၀င်ရ”

တစ်ခါက တိုင်းပြည်တစ်ပြည်တွင် ဘုရင်ကြီးတစ်ပါးရှိလေသည်။ ဘုရင်ကြီးသည် သူ၏ မိဖုရားခေါင်ကြီးကို အလွန်အင်မတန်မှကြောက်ရလေသည်။ထိုဘုရင်ကြီးသည် တိုင်းပြည်ရေးရားကိစ္စနှင့် နန်းရေးနန်းရာကိစ္စများကို စီမံရာတွင် သူ၏ မိဖုရားခေါင်းကြီး၏ စကားကို လိုက်နာကာ စီမံနေရသည်။ တစ်နေ့ ဘုရင်ကြီးအကြံဖြစ် သည်ကား
“ငါရဲ့တိုင်းပြည်အတွင်းမှာ နေထိုင်နေကြတဲ့ အမျိုးသားမှန်သမျှလဲ သူတို့၏ အမျိုးသမီးတွေကို ငါလိုပဲကြောက် ကြသလား သို့တည်းမဟုတ် မကြောက်ကြဘူးလားဆိုတာကို စုံစမ်းကြည့်အုံးမှပဲ”ဟု အကြံဖြစ်တော်မူလေသည်။ သို့ဖြစ်သဖြင့် မှူးကြီးမတ်ရာများနှင့်တိုင်ပင်ကာ မဏ္ဍပ်ကြီးနှစ်ခုကို ဆောက်လုပ်လိုက်လေသည်။ ထိုမဏ္ဍပ်နှစ်ခု တွင် တစ်ခုသည်ကား
“မိန်းမကို ကြောက်သော ယောက်ျားများဝင်ရန်ဖြစ်သည်။ နောက်မဏ္ဍပ်တစ်လုံးသည်ကား မိန်းမကို မကြောက်သော အမျိုးသားများဝင်ရန်ဖြစ်သည်” ပြိုင်ပွဲနေ့ရောက်လာပါပြီ။ ဘုရင်ကြီးသည် သူ၏ နန်းတော် လေသာပြုတင်းပေါက်မှ ထိုင်တော်မူကာ အမျိုးသမီးကို ကြောက်သော အမျိုးသာကများသလား သို့တည်းမဟုတ် အမျိုးသမီးကို မကြောက်သော အမျိုးသားကများသလားဆိုသည်ကို ကြည့်ရှုတော်မူနေလေသည်။ အမျိုးသား များသည်ကား
“အမျိုးသမီးကို ကြောက်သော အမျိုးသားများဝင်ရန်”ဟူသော မဏ္ဍပ်သို့သာ စုပြုံတိုးဝင်နေကြသည်ကို တွေ့နေရ သဖြင့် ဘုရင်ကြီးသည်
“အော် ငါ့တိုင်းပြည်အတွင်းရှိ အမျိုးသားတွေလဲ ငါလိုပဲ သူတို့ရဲ့ အမျိုးသမီးတွေ(မိန်းမတွေ)ကို ကြောက်နေရတဲ့ သူတွေချည့်ပါလား”ဟု စိတ်ပျက်အားငယ်တော်မူနေလေသည်။ ထိုအချိန်တွင် ထူးထူးခြားခြား အမျိုးသား တစ်ယောက်သည် မိန်းမကို မကြောက်သော မဏ္ဍပ်ဆီသို့ တမ်းတမ်းမတ်မတ်ဝင်လာလေသည်။ ထိုအခါ ပရိသတ်ကြီးသည် သြဘာလက်ခုပ်တစ်ဖျောင်းဖျောင်းဖြင့် ကောင်းချီးပေကြလေသည်။ ဘုရင်ကြီးသည်ပင် အားရကျေနပ်နှစ်သက်တော်မူခဲ့လေသည်။ သို့ဖြစ်သဖြင့် ထိုအမျိုးသားအား ဆုပေးရန် နန်းတော်သို့ ဖိတ်မန်ကာ
“အမောင်ယောက်ျား သင်သည်ကား မိန်းမကို မကြောက်သော အမျိုးသားများဝင်ရန်လို့ ဆိုင်းဘုတ်ချိတ်ထားတဲ့ မဏ္ဍပ်ကို ၀င်တယ်ဆိုတော့ သင်သည်ကား သင်ရဲ့ မိန်းမကို မကြောက်ဘူးဆိုတဲ့သဘောလားကွယ့်”ဟု မေးတော်မူသောအခါ အမျိုးသားက
“ဘုရင်ကြီးရယ် ကျွန်တော်က မိန်းမကို မကြောက်လို့မဟုတ်ပါဘူး၊ ကျွန်တော်မိန်းမက မှားလိုက်တယ်ပါတယ်၊ မိန်းမကြောက်သူများ ၀င်ရန်လို့ ရေးထားတဲ့ မဏ္ဍပ်ထဲကို တော်သွားမ၀င်နဲ့နော်လို့မှာလိုက်လို့ ကျွန်တော်မျိုးက မ၀င်တာပါအရှင်မင်းကြီး”ဟု လျှောက်ထားလိုက်လေသည်။ ထိုအခါ ဘုရင်ကြီးညည်းချင်းထုတ်လိုက်သည်ကား
“အော် ငါ့တိုင်းပြည်အတွင်းရှိ အမျိုးသားမှန်သမျှလဲ သူတို့ရဲ့ အမျိုးသမီးတွေကို ငါကိုယ်တော်မြတ်ကဲ့သို့ ကြောက်နေကြရပါလားနော်”ဟူ၍ပင်ဖြစ်သတည်း။

Read more...

ဆည်ပူးပညာ မဟာချူလာသို့ ဖိတ်လို့သာပေ ချစ်မိတ်ဆွေ


ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် တက္ကသိုလ်

ထိုင်းနိုင်ငံတွင် တည်ရှိသော မဟာချူလာလောင်ကွန်တက္ကသိုလ်အမည်ကို ၁၉၉၆ -နှစ် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ပထမနှစ်သင်တန်းသားအဖြစ် အဆောင်(၁၈)တွင် နေထိုင်၍ ပညာသင်စဉ်က ကြာဖူးမိခဲ့၏။ အဆောင် (၁၈) အဆောင်မှူး ဖြစ်သူ အရှင်သာဓိန(ယခု အိန္ဒိယမှ ဒေါက်တာဘွဲ့ပြီး) အထံတွင် အင်္ဂလိပ်စာ အခြေခံဝါကျ (၂၀) သင်ယူရင်း ကြားဖူးမိခဲ့ခြင်းဖြစ်၏။
ထိုစဉ်ကတည်းက မဟာချူလာလောင်ကွန်တက္ကသိုလ်ကို စိတ်ဝင်စားမိသည်။ “တချိန်ချိန်တွင် အခြေအနေများပေးလို့ တက်ရောက်ခွင့်ရရင် တက်ရောက်ချင်စမ်းပါဘိ” ဟု စိတ်ထဲမှလည်း ရည်မှန်းချက်များ ထားရှိမိသည်။ ယခုခေတ် အခါကဲ့သို့ ဆက်သွယ်ရေးများ မကောင်းသဖြင့်လည်း အချိန်ကာလ ကြာမြင့်သည်နှင့် ရည်မှန်းချက်များ ဝိုးတဝါးဖြင့် ပျောက်ကွယ်လု မတတ်ဖြစ်ခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ထိုင်းနိုင်ငံမှ မဟာချူလာတက္ကသိုလ် အဘိဓမ္မာပါမောက္ခ မစ္စတာကျန်းဘရွန်း၏ စပွန်ဆာပေးမှု၊ မွှေးကော်အိတ် လုပ်ငန်းမှ ကိုကျော်မြင့်၏ စီစဉ်ပေးမှုတို့ဖြင့် ထိုင်းနိုင်ငံသို့ သာသနာပြုခရီး ရောက်ခဲ့ရ၏။ မိမိတက်ရောက်ချင်သည်ကား မဟာချူလာလောင်ကွန်တက္ကသိုလ်မှ မာစတာ(MA)တန်း။ သူတို့ ဖြစ်စေချင်သည်ကား ထိုင်းနိုင်ငံတွင် ထိုင်းစာကိုသင်၊ တတ်မြောက်လျှင် ပြန်လည် ပို့ချပေး။ ဤကဲ့သို့ဖြစ်၏။ ရည်ရွယ်ချက်နှင့် ရလဒ်ကား တခြားစီဖြစ်ခဲ့ပေပြီ။

လမ်းပန်းမြို့မှ မြန်မာဆရာတော်ကြီး

သည်လိုနှင့် ထိုင်းနိုင်ငံ ချင်းမိုင်(မြန်မာအခေါ်ဇင်းမယ်) မြို့အနီး မြန်မာနိုင်ငံတွင် ပြင်ဦးလွင်ခေါ် မေမြို့ကဲ့သို့ လှပချမ်းအေးလှသော လမ်းပန်းမြို့သို့ ထိုင်းစာပေများ သင်ယူရန် ရောက်ခဲ့ရပြန်၏။ လမ်းပန်းမြို့တွင် မြန်မာဆရာတော်ကြီး ဘဒ္ဒန္တဓမ္မာနန္ဒ သီတင်းသုံး နေထိုင်သော ကျောင်းဖြစ်၏။ ဆရာတော်ကြီးသည် ထိုင်းနိုင်ငံတွင် သီတင်းသုံး နေထိုင်၍ မြတ်ဗုဒ္ဓသာသနာ၊ မြန်မာ့ယဉ်ကျေးမှုတို့ကို ဖြန့်ဖြူးခဲ့သည်မှာ အနှစ်ငါးဆယ်နီးပါး ရှိခဲ့ပေပြီ။
ထူးခြားသည်မှာ ယခုအချိန်အထိ ဆရာတော်ကြီးသည် မြန်မာပတ်စ်ပို့ကိုင်၍ မြန်မာနိုင်ငံသားအဖြစ် ခံယူလျက်ပင် ထိုင်းနိုင်ငံတွင် သာသနာပြုနေဆဲဖြစ်၏။ မြန်မာဆရာတော်ကြီး၏ သာသနာပြုမှုတို့ကြောင့် ထိုင်းရဟန်းတော်တို့မှာ မြန်မာစာပေ သင်ကြားခွင့်ရ။ မြန်မာပြည်သို့ ကြွရောက်၍ စာပေးသင်ကြားခွင့်ရကြ၏။ ယခုဆိုလျှင် ဆရာတော်ဘုရားကြီး၏ တပည့် ထိုင်းလူမျိုးများမှာ အဆင့်မြင့်သော နေရာများတွင် အဆင့်မြင်သော မြန်မာနည်း မြန်မာ့ဟန်တို့ဖြင့် ထိုင်းနိုင်ငံတွင်လက်ဆင့်ကမ်း သာသနာ ပြုနေကြပေပြီ။

မျက်ခုံးမွှေးရိတ်ခြင်း ပြဿနာ

ထိုင်းနိုင်ငံတွင် မြန်မာပြည်သား ရဟန်းတော်တို့အတွက် အလွန်အရေးကြီးလှသောအရာမှာ မျက်ခုံးမွှေး ရိတ်ခြင်းပင်ဖြစ်၏။ မြန်မာပြည်သား ရဟန်းတော်တို့မှာ မြန်မာပြည်တွင် တစ်ခါမှ မျက်ခုံးမွှေးကို မရိတ်ခဲ့ဘူးကြချေ။ ထို့ကြောင့် မျက်ခုံးမွှေးရိတ်ဖို့ဆိုသည်မှာလည်း အခက်အခဲတစ်ခုလို ဖြစ်နေတော့၏။ ထိုင်းလူမျိုးတို့သည် သံဃာတော်တို့ကို ပထမမြင်တွေ့ခွင့် ရသည်နှင့် မျက်ခုံးမွှေးကို အရင်ကြည့်၏။ မျက်ခုံးမွှေး မရှိမှ သူတို့စိတ်ထဲတွင် သံဃာအစစ်ဟု ထင်မှတ်ကြပုံရ၏။ ထို့ကြောင့် ထိုင်းလူမျိုးသံဃာတော်တို့သည် ဆံပင်ကို တစ်လပြည့်၍ (လပြည့်နေ့တိုင်း) အလွန်ရှည်လျားမှ ရိတ်ကြသော်လည်း မျက်ခုံးမွှေးကိုကား သတိထား၍ တစ်ပတ်တစ်ခါ ရိတ်ကြ၏။
ဝပ်ထာ့မအိုးကျောင်းတိုက်သို့ ရောက်ပြီးသည်နှင့် တစ်ပတ်အကြာ ဆရာတော်ကြီး၏ သာသနာပြု အတွေ့အကြုံနှင့် မျက်ခုံးမွှေးကို ယခုအချိန်အထိ တစ်ခါမှ မရိတ်ခဲ့ဘူးကြောင်း၊ ဘမုခဝိနိစ္ဆယ (မျက်ခုံးမွှေးရိတ်ခြင်း၊ မရိတ်ခြင်း အဆုံးအဖြတ်) ကျမ်းကိုလည်း အင်္ဂလိပ်၊ ပါဠိ၊ ထိုင်းဘာသာတို့ဖြင့် စာအုပ်ထုတ်ဝေခဲ့ကြောင်း အမိန့်ရှိကာ ယင်းစာအုပ်ကို စာရေးသူအား စွန့်လိုက်၏။ ဆရာတော်ကြီး၏ ကျောင်းတိုက်တွင် မြန်မာနည်း မြန်မာ့ဟန် မြန်မာ့ယဉ်ကျေးမှုတို့ဖြင့် ကျောင်းတိုက်၊ စေတီများကို တွေ့ခွင့်ရခဲ့၏။ မြန်မာပြည်နှင့် မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးသော ဆရာတော်၏ မျိုးချစ်စိတ်ကိုကား နိုင်ငံခြားသာသနာပြု မြန်မာရဟန်းတော်တို့ အတုယူသင့်လှ၏။ ဆရာတော်ကြီး၏ ဝပ်ထာ့မအိုးကျောင်းတိုက်တွင် တနှစ်တာမျှ ထိုင်းစာပေတို့ကို သင်ကြားခဲ့ရ၏။ ဆရာတော်ကြီး၏ အရိပ်အာဝါသ အောက်မှာ နေရသည်ကား အလွန်မှ ငြိမ်းချမ်းလှ၏။

ဗီဇာအခက်အခဲ

ဆရာတော်ကြီး၏ ကျောင်းတိုက်မှာ နေရသည်မှာ ပျော်ရွှင် ငြိမ်းချမ်းလှသော်လည်း မပျော်ရွှင်သည်ကား နေထိုင်ခွင့် ဗီဇာကိစ္စပင် ဖြစ်၏။ ထိုင်းနိုင်ငံတွင် မြန်မာပြည်သား ရဟန်းတော်တို့အတွက် နေထိုင်ခွင့်ဗီဇာသည် အရမ်းခက်ခဲလှ၏။ မည်သို့ မည်ပုံ ဗီဇာကိစ္စလုပ်ရမည် ဟု မိမိအား ညွှန်ပြမည့်သူ မရှိ။ တက္ကသိုလ်တက်ခွင့်ရရေး ရည်ရွယ်ချက်ကား မည်သို့ရှိသည် မသိ။ လောလောဆယ်တွင် ဗီဇာကိစ္စ အဆင်မပြေ၍ မြန်မာနိုင်ငံသို့ ပြန်လှည့်ရမည့် အခြေအနေဖြစ်၏။ ထိုကဲ့သို့လည်း မဖြစ်ချင်။ ကြံရာမရ ဖြစ်နေစဉ် တစ်လအတွင်းမှာပင် လမ်းပန်းမြို့ ဝပ်ထာ့မအိုးကျောင်းတိုက်သို့ စာပေသင်ကြားရန် မြန်မာနိုင်ငံတွင် ရဟန်းဖြစ်ခဲ့၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ဒီပလိုမာတန်းနှင့် ဘီအေတန်းတွင် သင်ကြားခဲ့ဖူးသည့် ဂျပန်လူမျိုး ရဟန်းတစ်ပါး ရောက်ရှိလာ၏။ တစ်ပတ်ခန့်အကြာတွင် ယင်းဂျပန်ရဟန်းတော်နှင့် ရင်းနှီး၍ စကားစပ်မိသဖြင့် ဗီဇာအကြောင်း သိခွင့်ရခဲ့၏။ စိတ်မပူဖို့အကြောင်းနှင့် သူကူညီမည့်အကြောင်း ပြောကြားလာ၏။
ထို့နောက် မြန်မာပြည်စာသင်ရာမှ ပြန်ကြွလာသော ထိုင်းလူမျိုး ရဟန်းတော်တစ်ပါး၏ ကူညီမှုကြောင့် ဗီဇာကိစ္စ အဆင်ပြေခဲ့၏။ သို့သော် လမ်းပန်းမြို့နှင့် ဘန်ကောက်မြို့မှာ (၉)နာရီကျော်ကြာ ကားစီးရ၊ ခရီးသွားရ၏။ အသွားအပြန် ဘန်ကောက်သို့ ရှစ်ကြိမ်ခန့် သွားရမှုကြောင့် ကျောင်းတက်ဖို့ စုစောင်းထားသည့် တက္ကသိုလ်တက်ဖို့ ကျောင်းစာရိတ်များမှာ တက်တက်စင်အောင် ကုန်သွားခဲ့ရပြန်ပါသည်။ သည်လိုနှင့် တစ်နှစ်အကြာ မြန်မာပြည်သို့ ကျောင်းစာရိတ်ရှာ ပြန်ခဲ့ရတော့သည်။

ဘန်ကောက်မြို့ ထိုင်းဘုန်းကြီးကျောင်းတွင် နေခွင့်ရဖို့

မြန်မာပြည်မှ ပြန်အလာ ဘန်ကောက်သို့ ပြောင်းရွှေ့ရန်နှင့် တက္ကသိုလ်တက်ခွင့်ရဖို့ရန် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စုံစမ်းခဲ့ရ၏။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တက္ကသိုလ်တက်ခွင့်ရဖို့ အသာထား အရေးကြီးသည်ကား မိမိအတွက် ဘုန်းကြီးကျောင်းတစ်ခုခုတွင် ကျောတစ်နေရာစာ နေခွင့်ရဖို့ပင်ဖြစ်၏။ ထိုင်းနိုင်ငံရှိ ကျောင်းထိုင်ဘုန်းကြီး၏ ထောက်ခံစာရှိမှ တက္ကသိုလ်ဖောင်တင်ခွင့်၊ ဖြေခွင့်၊ တက်ခွင့်ရ၏။ ထိုင်းဘုန်းကြီးကျောင်းတွင် နေခွင့်ရဖို့ဆိုသည်မှာလည်း အလွန်ပင် ခက်ခဲလှ၏။ အဆက်အသွယ် မရှိလျှင် မည်သို့မျှ အဆင်မပြေနိုင်။ မိမိသည်ကား ထိုင်းလူမျိုးရဟန်းတော်တစ်ပါး၏ ကူညီမှုကြောင့် ဘန်ကောက်မြို့ရှိ မြဘုရားအနီးတွင် ကျောင်းတစ်ဆောင်တွင် အခန်းတစ်ခန်း ရရှိခဲ့၏။

မဟာချူလာ၏ မူလတည်နေရာ

မဟာချူလာလောင်ကွန်တက္ကသိုလ်၏ မူလတည်နေရာကား မြဘုရားအနီး ဝပ်မဟာထာ့ကျောင်းတိုက် ဧရိယာတွင် တည်ရှိသောကြောင့် သွားရ လာရ စုံစမ်းရသည်မှာ မိမိအတွက် အလွန်လွယ်ကူလှ၏။ အချက်အလက်တို့ကို သိခွင့်ရပြီးသည့်နောက် ကုန်ကျစာရိတ်တို့ကို တွက်ချက်ရပြန်၏။ အဆင်ပြေလောက်ပြီဆိုမှ ဖောင်တင်၊ ဝင်ခွင့်ဖြေ၊ အောင်စာရင်းထွက်၊ အင်တာဗျူးဖြေ စသည်ဖြင့် အဆင့်ဆင့်လုပ်ဆောင်ရတော့၏။ ဝင်ခွင့်ရပြီးနောက် စာမေးပွဲကြေး သွင်းပြီးသည်နှင့် ဗီဇာကိစ္စ၊ တက္ကသိုလ်မှ အဆောင်တွင် အခန်းရဖို့ကိစ္စ လွယ်ကူသွားတော့၏။ (ယခုအချိန် တက္ကသိုလ်တွင် အဆောင်မှ အခန်းရဖို့ အခက်အခဲရှိနေသေး၏။ ဆက်လက်ဆောက်လုပ်နေဆဲ။)

မာစတာတန်းအတွက် လိုအပ်သမျှ

မဟာချူလာလောင်ကွန်တက္ကသိုလ်၏ မာစတာခေါ် အမ်အေ (MA)တန်းအတွက် ဖောင်တင်ချိန်မှာ နှစ်စဉ် ဒီဇင်ဘာလ (၂၅)ရက်ဖြစ်၏။ ဝင်ခွင့်အတွက် လိုအပ်သည့် စာရွက်စာတမ်းများမှာ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ဘွဲ့ရရှိပြီးသည့် ညီတော်နောင်တော်တို့အတွက် အခက်အခဲ သိပ်မရှိလှချေ။ မူရင်းအောင်လက်မှတ်နှင့် အမှတ်စာရင်းတို့ကို မိတ္တူကူး၊ မြန်မာပြည်တွင် နေထိုင်သော ကျောင်းတိုက်မှ ကျောင်းထိုင်ဘုန်းကြီး၏ ထောက်ခံစာတို့ကို နိုတြီပြန်ထားပြီးလျှင် ထိုင်းကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး၏ နေထိုင်ကြောင်းထောက်ခံစာတို့ ပူးတွဲ တင်ပြရ၏။ သည်လောက်ဆိုလျှင် ဝင်ခွင့်ဖောင်တင်ဖို့အတွက် လုံလောက်ပြီဖြစ်၏။ ဝင်ခွင့်ဖောင်အတွက် ဘတ်(၅၀၀)ငါးရာ (ကျပ် တစ်သောင်းခွဲခန့်) ဖြစ်၏။ သာသနာ့တက္ကသိုလ်မှ မဟုတ်သည့် ပြင်ပနည်းစနစ်တို့ကိုတော့ အတိအကျ မသိချေ။
ဝင်ခွင့်ဖြေချိန်မှာ မတ်လ (၁၉)ရက် နှင့် (၂၀)ရက်။ ဝင်ခွင့်ကို တခါတရံ တစ်ကြိမ် တစ်ရက်နှုံးဖြင့် နှစ်ချိန်၊ နှစ်ရက်ဖြေဆိုရ၏။ တခါတရံ တစ်ရက်တည်း ဖြေဆိုရ၏။ ပုံမှန်တော့ မရှိချေ။ နံနက် (၉)နာရီမှ (၁၁)နာရီအထိ အထွေထွေ ဗဟုသုတနှင့် နေ့ခင်း (၁)နာရီမှ (၃)နာရီအတွင်းအချိန်ကား အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတို့ကို ဖြေဆိုရ၏။ မတ်လ (၂၇)ရက်နေ့ နေ့ခင်း (၂)နာရီတွင် ဝင်ခွင့် အောင်စာရင်းထွက်၏။ ဝင်ခွင့်စာမေးပွဲ အောင်မြင်သော သူတို့ မတ်လ (၂၈)နေ့ မနက် (၉)နာရီမှ ညနေ (၄)နာရီအထိ အင်တာဗျူး ဖြေဆိုရ၏။ အင်တာဗျူး အောင်စာရင်းကိုကား ဧပြီလ (၈)ရက် နေ့ခင်း (၂)နာရီတွင် ထွက်၏။
ကျောင်းတက်ဖို့ မှတ်ပုံတင်ခြင်းကိစ္စကို ဧပြီလ (၁၈)ရက်နေ့တွင် (၁)နာရီမှ (၅)နာရီအတွင်း ကျောင်းလခ၊ ဓာတ်ပုံ၊ လိုအပ်သည်စာရွက်စာတမ်းတို့နှင့်အတူ ပေးသွင်းရ၏။ ထိုအချိန်တွင် နေရမည့် အဆောင်နှင့် အခန်းတို့ကို သက်ဆိုင်ရာမှ သတ်မှတ်ပေး၏။ ကျောင်းစတင် တက်ရမည့် ရက်ကား ဇွန်လ (၁၆)ရက်နေ့တွင်ဖြစ်၏။ တခါတရံတွင် ကြိုတင် သင်တန်းတက်ခြင်း၊ အစည်းအဝေးကျင်းပခြင်း၊ မိတ်ဆက်ခြင်းတို့ကို ကြိုတင် အကြောင်းကြား၍ ပြုလုပ်လေ့ရှိ၏။

ဘီအေတန်းအတွက် လိုအပ်သမျှ

မဟာချူလာလောင်ကွန်တက္ကသိုလ်၏ ဘီအေ (BA)တန်းအတွက် ဖောင်တင်ချိန်မှာ နှစ်စဉ် ဧပြီလ (၁)ရက်ဖြစ်၏။ ဝင်ခွင့်အတွက် လိုအပ်သည့် စာရွက်စာတမ်းများမှာ အထက်၌ ဖော်ပြခဲ့ပြီးသာ အမ်အေ(MA) တန်းနှင့် အတူတူပင်ဖြစ်၏။ ပြင်ပမှ ပထမကြီးတန်းနှင့် သာသနဓဇဓမ္မာစရိယ အောင်မြင်ပြီးသော သူတို့မှာ သာသနာရေးဝန်ကြီးဌာနမှ ထောက်ခံချက်များ အမှတ်စာရင်းများ နိုတြီပြန်ထားဖို့ အမှန်တကယ်လိုအပ်မည်ဖြစ်၏။
ဝင်ခွင့်ဖြေချိန်မှာ မေလ (၁၈)ရက်၊ နေ့ခင်း (၁)နာရီမှ (၅)နာရီထိ နှစ်ချိန်ခွဲ ဖြေဆိုရ၏။ ပထမအချိန်မှာ အထွေထွေ ဗဟုသုတကို ဖြေဆိုရပြီး ဒုတိယအချိန်မှာ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတို့ကို ဖြေဆိုရ၏။ မေလ (၂၃)ရက်နေ့ နေ့ခင်း (၂)နာရီတွင် ဝင်ခွင့် အောင်စာရင်းထွက်၏။ ဝင်ခွင့်စာမေးပွဲ အောင်မြင်သော သူတို့ မေလ (၂၅)နေ့ မနက် (၉)နာရီမှ ညနေ (၄)နာရီအထိ အင်တာဗျူး ဖြေဆိုရ၏။ အင်တာဗျူး အောင်စာရင်းကိုကား မေလ (၂၈)ရက် နေ့ခင်း (၂)နာရီတွင် ထွက်တော့၏။
ကျောင်းတက်ဖို့ မှတ်ပုံတင်ခြင်းကိစ္စကို ဇွန်လ (၁)ရက်နေ့တွင် (၁)နာရီမှ (၅)နာရီအတွင်း ကျောင်းလခ၊ ဓာတ်ပုံ၊ လိုအပ်သည်စာရွက်စာတမ်းတို့နှင့်အတူ ပေးသွင်းရ၏။ ထိုအချိန်တွင် နေရမည့် အဆောင်နှင့် အခန်းတို့ကို သက်ဆိုင်ရာမှ သတ်မှတ်ပေး၏။ ကျောင်းစတင် တက်ရမည့် ရက်ကား ဇွန်လ (၁၈)ရက်နေ့တွင်ပင် ဖြစ်တော့၏။

ကုန်ကျစာရိတ်များ

အမ်အေ(MA) တန်း တက်ခွင့်ရသူတို့သည် ကျောင်းတက် (၂)နှစ်၊ Thesis (၃)နှစ်ဖြစ်၏။ ကုန်ကျစာရိတ်များမှာ အမ်အေတန်း ပထမနှစ်အတွက် ပထမခြောက်လပတ် ဘတ် (၁၄၅၀၀) တစ်သောင်းလေးထောင့်ငါးရာ (ကျပ်ငွေငါးသိန်းခန့်)၊ ဒုတိယခြောက်လပတ် ဘတ်(၁၃၅၀၀)တစ်သောင်းသုံးထောင် (ကျပ်ငွေလေးသိန်းလေးသောင်းခန့်)၊ (၁)နှစ်လျှင် စုစုပေါင်း ကျပ်ဆယ်သိန်းနီးပါး ပေးသွင်းရမည်ဖြစ်၏။ ယင်းမှာ ပထမနှစ် သင်တန်းကြေးသက်သက်သာ ဖြစ်၏။ ဗီဇာကြေး၊ စာအုပ်၊ မိတ္တူ၊ အစားအသောက်နှင့် သွားလာစာရိတ်တို့ မပါသေးချေ။ ကျန်ရှိသော အတန်းတို့ကိုလည်း ပထမနှစ်လောက် မများသော်လည်း ပထမနှစ်နီးပါး ပေးသွင်းရမည်ဖြစ်သည်။
ဘီအေ (BA) တန်းအတွက် ပထမနှစ် ပထမခြောက်လပတ်အတွက် ဘတ်(၆၅၀၀) ခြောက်ထောင်ငါးရာ(ကျပ်နှစ်သိန်းနှစ်သောင်းခန့်)၊ ဒုတိယခြောက်လပတ် ဘတ်(၅၅၀၀) (ကျပ်နှစ်သိန်းနီးပါးခန့်)၊ တစ်နှစ်လျှင် ကျပ်လေးသိန်းနှစ်သောင်းခန့် ပေးသွင်းရမည်ဖြစ်သည်။ ယင်းမှာ ပထမနှစ် သင်တန်းကြေးသက်သက်သာ ဖြစ်၏။ ဗီဇာကြေး၊ စာအုပ်၊ မိတ္တူ၊ အစားအသောက်နှင့် သွားလာစာရိတ်တို့ မပါသေးချေ။ ကျန်ရှိသော အတန်းတို့ကိုလည်း ပထမနှစ်ထက်အနည်းငယ် ပိုမိုလျက် ပေးသွင်းရမည်ဖြစ်သည်။

လိုအပ်သော အင်္ဂလိပ်စာ အရည်းအချင်း

အထက်ပါ နှစ်တန်းလုံးအတွက် အင်္ဂလိပ်စာ အထူးကျွမ်းကျင်စွာ ရေးတတ်၊ ပြောတတ်၊ နားထောင်တတ်ရမည်ဖြစ်သည်။ အထူးသဖြင့် နားထောင်နိုင်စွမ်းရှိဖို့ ပိုမိုလိုအပ်မည် ဖြစ်ပြီး သို့မှသာ မိမိသဘောပေါက်သလို ပြန်လည် ပြောဆို ရေးသားနိုင်မည် ဖြစ်သည်။ အတန်းတိုင်းတွင် အဆိုင်းမင့်များ ရေးသားခြင်း၊ ပါဝါပွိုင့်များပြုလုပ်ကာ ပရော်ဂျက်တာဖြင့် တင်ပြခြင်းတို့ကို ဘာသာရပ်တိုင်းတွင် ပြုလုပ်ရမည်ဖြစ်သည်။
အင်္ဂလိပ်စာဝေါဟာရကျွမ်းကျင်မှုကလည်း မိမိတို့အတွက် ပိုမို အထောက်အပံ့ ရနိုင်မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော ဘီအေတန်း ပထမနှစ်တွင် Economics in Daily Life, Techniques of Higher Education, Language and Communication, Introduction to Linguistics, Introduction to Philosophy, Introduction to Logic နှင့် Basic mathematics ကဲ့သို့သော ဘာသာရပ်များနှင့် ဝေါဟာရများမှာ မြန်မာပြည်သား ရဟန်တော်များအတွက် တရင်းတနှီး မရှိသောကြောင့် ဝေါဟာရကြွယ်ဝမှုများလည်း လိုအပ်လှပါသည်။ ဘာသာရပ်များ၏ အသေးစိတ်ကို မဟာချူလာ၏ ဆိုဒ်ဖြစ်သည့် http://inter.mcu.ac.th နှင့် မဟာချူလာလောင်ကွန် တက္ကသိုလ်၏ ပုံရိပ်များ၊ သင်ကြားရမည့် အချိန်၊ ဘာသာရပ်အသီးသီးတို့ကိုလည်း မြန်မာဘာသာဖြင့် ရေးသားထားသည့် http://www.pyinnyarzarni.com/ ဆိုဒ်တွင်လည်း ဝင်ရောက် ကြည့်ရှုလေ့လာ နိုင်ပါသည်။

တက္ကသိုလ်ပေါင်းများစွာ

အချိန်လည်းရ ငွေကြေးလည်း အဆင်ပြေသူတို့အတွက် ဘီအေအတန်းမှ စတင်တက်ရောက်ခြင်းဖြင့် (ဘွဲ့အတွက်သာမဟုတ်) မိမိတို့၏ အတတ်ပညာပိုင်းဆိုင်ရာ အသိပညာပိုင်းဆိုင်ရာများမှာ ဘဝအတွက်သော် လည်းကောင်း၊ မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက်သော်လည်းကောင်း များစွာမှ အထောက်အကူပြုမည် ဖြစ်သည်။ အထက်၌ တင်ပြခဲ့သည်မှာ မဟာချူလာလောင်ကွန် တက္ကသိုလ်မှ အင်တာနေရှင်နယ် အင်္ဂလိပ်အစီအစဉ်အတွက် သီးသန့်ဖြစ်၏။ အခြားတက္ကသိုလ်များဖြစ်သော အိုင်ဘီစီတက္ကသိုလ်၊ မဟာမကုဋ်တက္ကသိုလ်။ မဟီဒေါတက္ကသိုလ်၊ အေဘက်တက္ကသိုလ်၊ စိတ်ဂျွန်းတက္ကသိုလ်၊ အယုဒ္ဓယတက္ကသိုလ်၊ ရန်ခါမ်ဟိန်းတက္ကသိုလ် စသည်ဖြင့် တက္ကသိုလ်ပေါင်းများစွာ ကျန်ရှိနေပါသည်။ ယင်းတက္ကသိုလ်များတွင် မိမိတို့၏ အင်္ဂလိပ်စာ အရည်အချင်း၊ တတ်နိုင်သည့် ငွေကြေးပေါ်မူတည်၍ တက်ရောက်နိုင်ပါသေးသည်။

သင်တန်းချိန်များ

မဟာချူလာလောင်ကွန်တက္ကသိုလ်တွင် အမ်အေ(MA)တန်းအတွက် တပတ်လျှင် နှစ်ရက်(သို့) သုံးရက် သင်ကြားရမည်ဖြစ်ပြီး၊ ဘီအေ (BA) တန်းတွင် လေးရက် (သို့) ငါးရက် သင်ကြားရမည်ဖြစ်သည်။ အတန်း စတင်ချိန်မှာ နံနက်ကိုးနာရီ ဖြစ်ပြီး သင်တန်းဆင်းချိန်မှာ ညနေ ငါးနာရီဖြစ်သည်။ အင်္ဂလိပ်စာ ထပ်မံလေ့လာလိုသူတို့အတွက် အခြေခံအတန်း၊ အလယ်တန်း၊ အဆင့်မြင့်တန်း စသည်ဖြင့် အတန်းလိုက် ငွေကြေးပေးသွင်း၍ ညနေပိုင်းအချိန်တွင် ထပ်မံသင်ကြားဆည်းပူးကာ အောင်လက်မှတ်များ ရယူနိုင်ပါသေးသည်။

ဝင်ခွင့်အတွက် မသေချာ

ဝင်ခွင့် စာမေးပွဲကိုတော့ ကန့်သတ်သည့် အရေအတွက်ဖြင့်သာ လက်ခံ၏။ ဝင်ခွင့် ဖြေသည်က အရေအတွက်အားဖြင့် တစ်ရာ၊ သို့သော် လက်ခံသည်ကား တစ်ရာလုံး လက်ခံမည် မဟုတ် သုံးဆယ့်ငါး(၃၅)၊ (သို့) လေးဆယ်(၄၀)ဝန်းကျင်သာ လက်ခံမည်ဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ဝင်ခွင့် လက်ခံသည့် ပုံစံကဲ့သို့ ဖြစ်၏။ မိမိက မည်မျှတော်သည် ဖြစ်စေ မိမိထက် ပို၍ တော်သော သူတို့ မိမိအထက်မှာ ရှိနေလျှင်ကား ဝင်ခွင့်အတွက် မသေချာပေ။

မြန်မာပြည်မှ ဗီဇာအတွက်လိုအပ်ချက်များ

မြန်မာနိုင်ငံမှ ထွက်ခွါခွင့်ရရန်အတွက် ထိုင်းသံရုံးသို့ ဗီဇာတင်ရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ထောက်ခံစာ၊ သက်ဆိုင်ရာ တက္ကသိုလ် မော်ကွန်းထိန်းဌာနမှ ထောက်ခံစာ၊ ထိုင်းနိုင်ငံမှ မြန်မာရဟန်းတော် တစ်ပါးပါး၏ သာသနာဝင် မှတ်တမ်း၊ ပတ်စ်ပို့နှင့် နေရပ်လိပ်စာတို့ ရယူပြီး မြန်မာနိုင်ငံရှိ သာသနာရေးရုံးနှင့် ဆက်သွယ်လျက် လိုအပ်သည့်အချက်သည့်အချက်အလက်တို့ကို မြန်မာနိုင်ငံရှိ ထိုင်းသံရုံးသို့ စုစောင်း တင်ပြရမည်ဖြစ်သည်။

မြန်မာရဟန်းတော်များအတွက် အခက်အခဲ

ထိုင်းဘုန်းကြီးကျောင်းများတွင် မြန်မာရဟန်းတော်တို့အဖို့ အဆင်ပြေပြေ နေခွင့်ရဖို့ဆိုသည်မှာ အလွန်ခက်ခဲသလို နေခွင့်ရပြီးသည့်နောက် သူတို့၏ ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေ နေတတ်ဖို့ရန်မှာလည်း အလွန်ပင်ခဲယဉ်းလှ၏။ ပထမအခက်အခဲမှာ သင်္ကန်းဝတ်ရုံခြင်းဖြစ်၏။ သူတို့၏ အခမ်းအနားတွင် ဝတ်ရုံခြင်း၊ ဘုရားရှိခိုးရာတွင် ဝတ်ရုံခြင်း၊ ဆွမ်းစားရာတွင် ဝတ်ရုံခြင်းတို့မှာ မြန်မာရဟန်းတော်တို့အတွက် အလွန်ပင် စိတ်ပင်ပန်းလွန်းလှ၏။ ဆွမ်းစားရာတွင်လည်း တစ်နာရီခန့်ကြာမြင့်ခြင်း၊ အေးဆေးစွာ ဘုဉ်းပေးသုံးဆောင်တတ်ခြင်းတို့မှာလည်း မြန်မာရဟန်းတော်တို့အတွက် အခက်အခဲတစ်ခုပင် ဖြစ်၏။
ထိုင်းရဟန်းတော်တို့သည် ညနေစောင်းသည်နှင့် မြို့ရွာတွင်းသို့ သွားခြင်း၊ လိုင်းကားစီးခြင်း၊ ဈေးဝယ်ခြင်း၊ လမ်းလျှောက်ခြင်း တို့ကို မတွေ့ရတော့ချေ။ ည (၈)နာရီခန့် ရောက်သည်နှင့် မီးပိတ်၍ အိပ်စက်တော့သည်သာ။ နံနက်စောစောထကာ ဘုရားရှိခိုး၊ ဆွမ်းခံထွက်၊ သန့်ရှင်းရေးလုပ်။ ညနေပိုင်းတွင်လည်း ဘုရားရှိခိုး သန့်ရှင်းလုပ်။ တခါတရံ နေ့ခင်းပိုင်းတွင်ပါ ဘုရားရှိခိုးတတ်ကြသေးသည်။ ဘုရားရှိခိုးပြန်တော့လည်း ဒူးထောက်၍ ရှိခိုးရ၏။ တစ်နာရီခန့်ကြာမြင့်၏။ ထိုင်းရဟန်းတော်များမှာ မကြာမကြာ ဘုရားရှိခိုးလေ့ရှိကြ၏။
မြန်မာတက္ကသိုလ်ကျောင်းသား ရဟန်းတော်များအဖို့ စောစောအိပ်စက် အနားယူဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်သလို ဘုရားရှိခိုးခြင်း၊ သန့်ရှင်းလုပ်ခြင်း သက်သက်ဖြင့်လည်း အချိန်ကုန်ခံဖို့မလွယ်၊ ဖြစ်နိုင်လျှင် တက္ကသိုလ်မှ အဆောင်တွင် အခန်းရပါက ယင်းအဆောင်တွင် ရက်သတ္တပတ်လျှင် ငါးရက်နေ။ ထိုင်းဘုန်းကြီးကျောင်းများတွင် စနေ၊ တနင်္ဂနွေနှစ်ရက်နေခြင်းက မြန်မာရဟန်းတော်အဖို့ ပို၍ အဆင်ပြေတော့သည်။
ထိုနေရာများတွင် မနေနိုင်၍ အိန္ဒိယနိုင်ငံ၊ သိရီလင်္ကာနိုင်ငံများကဲ့သို့ တိုက်ခန်းများတွင် ငှါး၍ နေဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောကြောင့်တည်း။ ထို့ထက်ပို၍ သတိထားသင့်သည်မှာ မာတုဂါမ(အမျိုးသမီး)များနှင့် တရင်းတနှီး နေလေ့မရှိဘဲ၊ သူတို့ လှူသော ပစ္စည်းဝတ္ထုများကိုလည်း တိုက်ရိုက်အလှူခံခွင့်မရှိ။ လက်ကိုင် ပဝါကဲ့သို့သော ပဝါစ တစ်ခုခုပေါ်တွင် တင်၍ အလှူခံခြင်းပင်ဖြစ်တော့သည်။

ဝပ်တစ်လုံးကျောင်းတိုက်

ယခုအချိန်အခါတွင် မြန်မာကျောင်းသားရဟန်းတော်တို့အတွက် အားကိုးရာ ကျောင်းတိုက်တစ်ခု ပေါ်လာခဲ့ပြီ ဖြစ်၏။ ယင်းကျောင်းတိုက်မှာ ဝပ်တစ်လုံးကျောင်းတိုက်ဖြစ်၏။ ယင်းကျောင်းတိုက်၏ ကျောင်းထိုင်းဆရာတော်သည် မြန်မာလူမျိုးများကို ချစ်ခင်၏။ မြန်မာလူမျိုးတို့၏ အရေးကိစ္စများကို ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်ပေး၏။ မြန်မာကျောင်းသား ရဟန်းတော်တို့၏ ဘဝကို စာနာ နားလည်ပေး၏။ အချိန်နှင့် လုပ်ဆောင်ချက်တို့ကိုလည်း သိထား၏။
ယင်းကျောင်းတိုက်တွင် ယခုအခါ မြန်မာကျောင်းသားရဟန်းတော်များ သီတင်းသုံးနေထိုင်သည်မှာ (၁၀၀)တစ်ရာကျော်ရှိ၏။ ကျောတစ်နေရာစာ ရဖို့ပင် အခက်အခဲများစွာရှိလှ၏။ တစ်လလျှင် ရေဖိုးမီးဖိုး အင်တာနက်ဖိုး ဘတ်(၅၀၀) ငါးရာ (ကျပ်တစ်သောင်းခွဲ) ပေးရ၏။ အင်တာနက်အသင်းဝင်ကြေးမှာ ဘတ်ရှစ်ရာ(ကျပ်နှစ်သောင်းခွဲခန့်)ပေးရ၏။ သို့သော် ယင်းကျောင်းတိုက်တွင် မြန်မာရဟန်းတော်တို့ နေထိုင်ရသည်မှာ များစွာ အဆင်ပြေလှ၏။ မည်သည့် မြန်မာရဟန်းတော်မဆို ယင်းကျောင်းတိုက်တွင် နေထိုင်ခွင့်တောင်းပါက နေထိုင်ခွင့်ရကြ၏။ သို့သော် ကျောချစရာ နေရာ အခက်အခဲကိုတော့ သတိပြုရမည်ဖြစ်၏။

ပညာသင်ကြားနိုင်ရေး အထောက်အပံ့များ

မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသော တက္ကသိုလ်ကျောင်းသားရဟန်းတော်များ စုပေါင်း၍ Myanmar Student Monks Organization in Thailand (MSMO) ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ ရှိ၏။ ယင်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်မှာ တစ်နှစ်ခွဲခန့် ရှိပြီ ဖြစ်၏။ မြန်မာပြည်သူ ပြည်သားများ လှူဒါန်းထားသည့် ဝတ္ထုငွေများကို ယင်းအဖွဲ့အစည်းမှ ထိမ်းသိမ်းထား စောင့်ရှေက်ထား၍ တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ပြန်လည် ခွဲဝေလှူဒါန်းပေး၏။ ကျောင်းသား အနည်းအများပေါ် မူတည်၍ ဘတ်သုံးထောင်မှလေးထောင်အကြား ရရှိကြ၏။ ရံဖန်ရံခါ ဝါဆိုဦးပွဲတော်၊ ကထိန်ပွဲတော်၊ သင်္ကြန်ပွဲတော် စသည့် ပွဲတော်များတွင်လည်း ပညာသင်ကြားဖို့ရန် အထောက်အပံ့များ ရရှိနိုင်ပါသေးသည်။

တိုက်တွန်းချက်

ထိုင်းနိုင်ငံသည် ယခုအချိန်အခါတွင် လွန်စွာမှ ဖွံ့ဖြိုးတိုးတက်နေပြီး ဒီမိုကရေစီထွန်းကားသည် နိုင်ငံတစ်နိုင်ဖြစ်၏။ ထိုင်းနိုင်ငံ ပညာသင်ကြားရသည်မှာ လွတ်လပ်ခွင့်အပြည့်အဝ ရရှိကြ၏။ ဆရာနှင့် တပည့် စာသင်ခန်းထဲတွင် စာပေနှင့်ပတ်သက်သမျှတို့ကို ငြင်းခုံခွင့် အပြည့်ရှိ၏။ ဆရာကလည်း သူမှားရင် သူမှားကြောင်း ဝန်ခံဖို့ ဝန်မလေး။ တပည့်ကလည်း သူမှန်လျှင် မှန်ကြောင်း ပြောဖို့ ဝန်မလေး။ ပြီးတော့လည်း စာသင်ခန်းထဲမှာပင် ပြီးသွားကြ၏။
ရင်ထဲမှာ ဘာမျှ မရှိ။ အမုန်းမရှိ။ အငြှိုးမရှိ။ ချစ်တော်မရှိ။ ပကတိဖြူစင်သော စိတ်ထားများဖြင့် တွေ့ကြ၊ ဆုံကြ၊ အချိန်တန်တော့လည်း ခွဲခွါသွားကြပြန်၏။ ချစ်စရာကောင်းသည် ထူးခြားချက်မှာ တပည့်ကြောင့် ဆရာတည်မြဲခြင်းပင် ဖြစ်၏။ စာသင်နှစ်၏ ပထမခြောက်လပတ် တဝက်ကျိုးသည်နှင့် တပည့်တွေကို သင်ကြားပေးခဲ့သည် ဆရာတို့၏ အရည်အချင်းကို တပည့်တွေက မှတ်ချက်ပေးရ၏။ ကောင်းသလား၊ အလွန်တော်သလား၊ သာမန်တော်သလား၊ ညံ့သလား စသည်တို့ကို ရွေးချယ် မှတ်ချက်ပေးရ၏။ တပည့်တွေ မှတ်ချက်၌ အဆင်မပြေသော ဆရာများသည် နောင် ဒုတိယ ခြောက်လပတ်တွင် ပြန်လည်သင်ကြားခွင့် မသေချာတော့ပေ။
သင်ကြားရေးနှင့် ပတ်သက်သမျှ မိမိထင်မြင်ရာ မှန်သမျှကို စိတ်ထဲမှာ ရှိသည့်အတိုင်း တင်ပြခွင့်ရှိ၏။ စကားပြော၍ တစ်မျိုး၊ စာရေး၍ တစ်ဖုံ၊ တင်ပြချင်သလို တင်ပြခွင့် ရှိ၏။ ပါမောက္ခချုပ်ကို မည်သူမဆို တွေ့ခွင့်ရှိ၏။ မိမိ ပြောဆိုတင်ပြလိုသော အကြောင်းအရာ အချက်အလက်တို့ကို ပါမောက္ခချုပ်ထံ တင်ပြတောင်းဆိုနိုင်၏။ အင်တာနက်မှာ (၂၄)နာရီအပြည့် စိတ်ကြိုက် သုံးခွင့်ရှိ၏။
ဆရာတို့၏ အရည်အချင်းမှာလည်း ဗုဒ္ဓအဘိဓမ္မာစာပေများမှလွဲ၍ အလွန်ပင် ပြည့်ဝလှ၏။ တပည့်တွေက နိုင်ငံစုံသလို ဆရာတွေမှာလည်း နိုင်ငံစုံလှ၏။ အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျ၊ ကိုးရီးယား၊ အိန္ဒိယ၊ သိရီလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်စသည်ဖြင့် စုံလင်လှ၏။ ဗုဒ္ဓစာပေကို ခေတ်အမြင် ခေတ်အတွေးဖြင့်သင်လိုသော၊ နိုင်ငံတကာ ဗဟုသုတရလိုသော၊ အင်္ဂလိပ်စာ ကျွမ်းကျင်လိုသော၊ လောကီစာပေပေါင်စုံတို့ကို အင်္ဂလိပ်လို လေ့လာလိုသော ၊ နိုင်ငံတကာ အဆင့်မှီ အသိအမှတ်ပြု အောင်လက်မှတ် ဘွဲ့တံဆိပ် ရရှိလိုသော သုတေသီတို့အား အရောက်လှမ်းလို့သာ မဟာချူလာလောင်ကွန်တက္ကသိုလ်သို့ ကြွလှမ်းလာခဲ့ပါဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။


မောင်ပညာ (မန်းတက္ကသိုလ်)
မဟာချူလာလောင်ကွန်တက္ကသိုလ်၊ ထိုင်းနိုင်ငံ
pyinyar08@gmail.com

မှတ်ချက်။ ။
ဤဆောင်းပါးကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်အတွက် ရည်ရွယ်ရေးသားခဲ့ကာ တက္ကသိုလ်သို့ ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။

Read more...

စက်တင်ဘာလ ၁ ရက်နေ့ တရားအစီအစဉ်များ.။

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီအထိ...
ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) ဟောကြားတော်မူသော
၁) လမ်းခွဲတာဝမ်းနည်းစရာလား
၂) မြင့်မြတ်သူတို့စံအိမ်
၃) ငြိမ်းအေးသောဘ၀ပိုင်ရှင်
၎) တောင်ဘို့တူးသမား
၅) ကိုယ့်စိတ်ကိုယ်စစ်
၆) နှလုံးသားတောင်ထိပ်ကအရဟံစေတီ
၇) ငါ့ကိုမချစ်ပါနဲ့
၈) ရလေလိုလေ ဒါပေမဲ့တဒင်္ဂလေးတွေ
ဖြူးဆရာတော် ဘဒ္ဒန္တ နရပတိ ဟောကြားတော်မူသော

၁) ဝေလာမသုတ္တန်

၂) ဆင်းရဲငြိမ်းရန် သတိပဋ္ဌာန်

၃) သြကာသကန်တော့ကျိုးရှင်းတန်းနှင့်ဝိပဿနာ

၎) ကောင်းမှကောင်း

၅) သီလရှင်းတန်းနှင့်ဝိပဿနာ

၆) ကရုဏာရှင် ဗုဒ္ဓ

၇) သမထဘာဝနာ၊ ၀ိပဿနာဘာဝနာ

၈) နိဗ္ဗာန်သွားမယ့်ရထား

၉) ဝေဒနာနုပဿနာ

၁၀) ၀ိပဿနာအလုပ်ပေး(၁)

၁၁) ၀ိပဿနာအလုပ်ပေး(၂)

၁၂) ၀ိပဿနာအလုပ်ပေး(၃)

၁၃) သွေးနဲ့ရေးတဲ့သာသနာ

၁၄) တရားဂုဏ်ရှင်(၁)

၁၅) တရားဂုဏ်ရှင်(၂)

၁၆) ဗာကုလ ဇာတ်တော်

၁၇) လူခြင်းမတူတာဘာကြောင့်လဲ

၁၈) လေးကြိမ်မြောက်ဘုံကထိန်

၁၉) သိမ်အလှူ(၁)

၂၀) သိမ်အလှူ(၂) တရားတော်

လွှင့်ကြားပေးသွားပါမည်။
တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏ ငြိမ်းအေးရာ တရားထူးများရှာတွေ့နိုင်ကြပါစေ။


Read more...

ဧဟိသွာဂတံ ဆိုင်းဘုတ်လေးတွေဆီ



၁-က

သိပ္ပံ နည်းပညာတွေက မှော်ဆရာ တစ်ယောက်ရဲ့ ကြိမ်လုံးလို ကမ္ဘာကြီးကို ချုံ့ပစ်လိုက်ပါတယ်။ ကမ္ဘာကြီးက ရွာလေးတစ်ရွာ ဖြစ်သွားတဲ့အခါ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတဲ့အသံတွေက ပဲ့တင်ထပ် ကျယ်လောင်လာခဲ့ ပါတော့တယ်။ အရှေ့အနောက် ယဉ်ကျေးမှု စီးပြန့်နှုံးကလည်း မျက်စိမှိတ်ချိန် လက်ဖျစ်တီးချိန်တောင် မရ လိုက်ပါဘူး။ ကမ္ဘာတစ်ခြမ်းက မျက်နှာက ကမ္ဘာတစ်ခြမ်းမှာ ဘွားကနဲ ပေါ်လာ၊ ကမ္ဘာတစ်ခြမ်းက အသံက ကမ္ဘာတစ်ခြမ်းမှာ ၀ုန်းကနဲ ပေါက်ကွဲ။ သွားကြ လာကြ လေ့လာကြ လည်ပတ်ကြ စီးပွားကူးသန်းကြနဲ့ ပွဲဈေးခင်းလေး ဖြစ်နေတဲ့ ကမ္ဘာမြေ ကျဉ်းကျဉ်းလေးထဲမှာ ကမ္ဘာ့စီတီဇင် တစ်ဦးနဲ့တစ်ဦး မလွဲမသွေ ခလုတ်တိုက်ကြ ဆက်ဆံကြရပါပြီ။ ပြုံးပြရုံနဲ့ လုံလောက်ရင် ပြုံးပြ၊ လက်ဆွဲ နှုတ်ဆက်သင့်ရင်လည်း နှုတ်ဆက်လို့၊ မဖြစ်မနေ စကားပြောရမယ် ဆိုရင်လည်း ပြောကြရုံပဲပေါ့။ အကြောင်းအမျိုးမျိုးနဲ့ အတူ အလျဉ်ဖြစ်နေတဲ့ ရာစုသစ် စီးကြောင်းထဲမှာ ကိုယ်က ရေသေအဖြစ် ကျန်မနေခဲ့ဖို့ အရေးကြီးလှပါတယ်။ ပင်လယ်ဆီ အရောက်သွားမလား၊ နွံဖြစ်ပြီး နစ်နေခဲ့မလား။


၁-ခ

ဒေသ ယဉ်ကျေးမှု ဘာသာစကာားနဲ့ အတွေးအခေါ် တွေကို အရောင်အသွေး ကွဲပြားစွာ ၀တ်ဆင်ထားတဲ့ လူအချင်းချင်း ထိပ်တိုက် တွေ့ဆုံကြတဲ့အခါ ကိုယ့်ရင်ဘတ်မှာ သတိမီးပွိုင့်လေး တပ်ဆင်ထားဖို့ လိုအပ် လာပါလိမ့်မယ်။ နီရင်ရပ်၊ ၀ါရင်ကြည့်၊ စိမ်းရင်တော့ သွားပေါ့လေ။ ဒီလိုမှ မဟုတ်ဘဲ တစ်စုံတစ်ခု လွဲချော်ခဲ့ပြီ ဆိုရင်တော့ ပဋိပက္ခနဲ့ တွန်းတိုက်မှုတွေ ၀ိရောဓိနဲ့ ငြင်းခုန် ရန်လိုမှုတွေဟာ မငြိမ်းသတ်နိုင်တဲ့ မီးတောက် မီးလျှံများ ပမာ လောင်မြိုက် ကြတော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ဦးတစ်ယောက်ရဲ့ ရပ်တည်မှုနဲ့ ဂုဏ်သိက္ခာကို တစ်ဦးတစ်ယောက်က အသိအမှတ် ပြုတတ်ဖို့၊ လေးစားတတ်ဖို့၊ ဖေးမတတ်ဖို့ ပညာ၊ လူမှုဆက်ဆံရေး နည်းနာ (Etiquette)တွေဟာ အဓိက အခန်းကဏ္ဍအဖြစ် ပါဝင်လာကြရပါပြီ။

၁-ဂ

လူမှုနီတိကျမ်းနဲ့ ပညာ အဆိုအမိန့်တွေ ဘယ်လိုပဲ ဖတ်ဖတ်၊ ဘယ်လောက်ပဲ လေ့လာ လေ့လာ၊ တကယ် လက်တွေ့ ကျင့်သုံးမှသာ ထိရောက် အောင်မြင်နိုင်မှာပါ။ ဒါပေမယ့် ကံဆိုးလှစွာ တစ်ခါတစ်ရံမှာတော့ မထင်မှတ်ပဲ သတိ လွတ်ကျသွားလို့ ဖြစ်ပေါ်လာရတဲ့ ဆက်ဆံရေး အကြိတ် အဖုလေး တစ်ခုအတွက် နားလည်မှု လွဲမှားခြင်းနဲ့အတူ အနှိုင်းဆမဲ့ ဆုံးရှုံးမှုတွေ အုံကျင်းဖွဲ့ ၀င်ရောက်လာ တတ်ပါတယ်။ အမှန်တကယ်လည်း ဆုံးရှုံးခဲ့ကြဖူးပါတယ်။ တစ်သက်လုံး မွေးလာတဲ့ ကြက်ကိုလည်း တစ်မနက်တည်းနဲ့ ရိုက်သတ်ခဲ့ကြ ဖူးပါတယ်။ စကားတစ်ခွန်း၊ အမူအရာ တစ်ချက်နဲ့လည်း နာလည်မှု ကမ်းပါးတွေ ပြိုကျခဲ့ဖူးပါတယ်။ ဒီလိုနဲ့ ရင်းနှီး ကျွမ်းဝင်ဖူးသူတို့ရဲ့ သူစိမ်းဆန်တဲ့ အသွင်အပြင်တွေ ကြားမှာ ချောက်ခြားစွာ ရှက်ရွံ့ နာကျင်ခဲ့ကြ ဖူးပါတယ်။ တကယ်ပါပဲ လူမှုဆက်ဆံရေး ပညာဟာ လူတိုင်းလူတိုင်း နေ့စဉ် ဖြေဆိုနေကြရပြီး အမှတ်ကောင်းကောင်း ရဖို့လည်း မသေချာတဲ့ ဘာသာရပ် တစ်ခု ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဖြေတော့ ဖြေနေကြရ ဦးမှာပါပဲ။

၂-က

ပိဋကတ် ပြတင်းပေါက်ကနေ ဖြတ်ကနဲ လှမ်းပြီး ဖူးမြင်လိုက်ရတဲ့ ဗုဒ္ဓအရှင်ရဲ့ လူမှုဆက်ဆံရေး အခင်းအကျင်း ကတော့ ကြည်ညို လေးမြတ်ဖွယ်၊ ကြည်နူး အံသြဖွယ် ကောင်းစွာ ရင်ကို ထိရှခဲ့ပါတယ်။ လှိုက်လှဲပျူငှါ ရှိလှတဲ့ ဗုဒ္ဓအရှင်ရဲ့ ဆက်ဆံရေး နည်းနာများက ဗုဒ္ဓနဲ့ တွေ့ဆုံဖူးသူတိုင်းရဲ့ ရင်ထဲမှာ မှတ်မှတ်ရရ စွဲထင် စိမ့်ကျန်ရစ်နေခဲ့ သလို နှုတ်ကလည်း တဖွဖွ၊ စိတ်ကလည်း တသသ ဖြစ်ခဲ့ရပါတယ်။ သူတို့ရင်ထဲက ပဲ့တင် လျှံဝေကျလာတဲ့ ဗုဒ္ဓအရှင်ရဲ့ လူမှုရေးဆိုင်ရာ ဘုန်းတော် ဘွဲ့များစွာထဲမှာ ဧဟိသွာဂတ ၀ါဒီ ဆိုတဲ့ ပါဠိစကားလုံးက ရိုးရှင်း လှပသလောက် နက်ရှိုင်း ကျုယ်ဝန်းတဲ့ အဓိပ္ပါယ်တွေကို ဖော်ဆောင် နေပါတယ်။ လှည့်ဖြား သွေးဆောင်မှုမှာ အာဝဋ္ဋနီမာယာ အတတ်တစ်မျိုးကို အသုံးပြုသူအဖြစ် ပြိုင်ဘက် မိစ္ဆာတို့ရဲ့ စွပ်စွဲတိုက်ခိုက်မှုနဲ့ အထင်လွဲမှားအောင် ၀ါဒဖြန့်မှုကို ခံယူတော် မူခဲ့ရရှာသေးတဲ့ အရှင်မြတ်ရဲ့ ခမ်းနားတဲ့ အပြုံးတော်မှာ မဟာ ကရုဏာဓါတ်နဲ့အတူ တောက်ပ သန့်စင်နေတဲ့ ရိုးသားမှုများသာ လင်းလက် သီးပွင့်ခဲ့ကြောင်း အဲဒီ ပါဠိစကားလုံးလေးက ခေတ်အဆက်ဆက် သက်သေ ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မိတ္တဗလဋီကာမှာ မာယာ တစ်စွန်းတစ်စ မပါဝင်ခဲ့ကြောင်း သေချာခဲ့ပါတယ်။

၂-ခ

အားလုံးသည် ဗုဒ္ဓဘာသာအတွက် မဖြစ်နိုင်သော်လည်း ဗုဒ္ဓဘာသာသည် အားလုံးအတွက် ဖြစ်သည်တဲ့။ လူမျိုး အသီးသီးရဲ့ ဓလေ့ ထုံးစံတိုင်းမှာ နှုတ်ဆက်ခြင်းဟာ ယဉ်ကျေးသော အမူအရာ အဖြစ် လက်ခံထားကြပါတယ်။ နှုတ်ဆက်ပုံ အခြင်းအရာ စကားတွေကိုလည်း ကြွယ်ဝစွာ ပိုင်ဆိုင်ကြပါတယ်။ ဒါပေမယ့် အဲဒီ တံခါးချပ်တွေဟာ လူတိုင်းအတွက် ပွင့်ခဲ့တာမှ ဟုတ်ပါရဲ့လား။

ဗုဒ္ဓ အရှင်ကတော့ ကမ္ဘာမြေရဲ့ နံရံအားလုံးအတွက် ဧဟိသွာဂတံ ဆိုတဲ့ နှုတ်ခွန်းဆက် တံခါးချပ်ကို ဖွင့်လို့ သစ္စာ ညောင်ရိပ်အောက်မှာ သန္တိသုခ ရေချမ်းစင် တည်ထားခဲ့ပါပြီ။ လူတန်းစား အလွှာအသီးသီး၊ ပြဿနာအဖုံဖုံ၊ အကြောင်းအရာ အသွယ်သွယ်၊ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ချဉ်းကပ်လာသူတိုင်း အတွက် ဗုဒ္ဓအရှင်ရဲ့ နှုတ်တော်က နုညံ့သိမ်မွေ့စွာ စီးဆင်းလာတဲ့ တစ်ခွန်းတည်းသော နှုတ်ဆက်စကား ကတော့ ‘’ဧဟိ သွာဂတံ‘’ ပဲ ဖြစ်ပါတယ်။ ဧဟိ-လာပါ၊ သွာဂတံ-ကောင်းသော လာခြင်းပါပဲ တဲ့။ ဗုဒ္ဓအရှင်ရဲ့ အသံတော်ကို အာရုံညွတ်ပြီး တစ်ခေါက်လောက် နားထောင် ကြည်ညို ကြည့်လိုက်ပါ။ အနောက်တိုင်း ဓလေ့နဲ့ ရင်းနှီး ကျွမ်းဝင်သူတစ်ယောက် ဆိုရင်တော့ “Come, you are welcome.’’ လို့များ ကြားရလေမလား။ ဘယ်လောက်များ အေးမြ ငြိမ်းချမ်းလိုက်ပါသလဲ။ နေပူကြဲကြဲ ချွေးပြိုက်ပြိုက်ကျ ဖုန်းဆိုးတော ခရီးမှာ ညောင်ရိပ်နဲ့ ရေချမ်းစင်ကို တွေ့လိုက်ရသလိုမျိုး မခိုနားမီက အမောပြေ အေးမြစေနှင့်မယ့် နှစ်လိုဖွယ်ရာ လုပ်ဆောင်ချက်လေး တစ်ခုပဲ ဖြစ်ပါတယ်။ အလွန် ယဉ်ကျေးပါတယ် ဆိုတဲ့ အနောက်တိုင်းသား တွေရဲ့ နှုတ်ဆက်စကားဟာ ဧဟိသွာဂတံက ဆင်းသက်လာခြင်းပဲ ဖြစ်ပေလိမ့်မယ်။

၂-ဂ

နေ့စဉ်နဲ့အမျှ တနည်းနည်းနဲ့ ဆက်စပ် နွှယ်ယှက်နေကြရတဲ့ လူတွေထဲမှာ တစ်ချို့က မိမိတို့ရဲ့ ထွန်းကား အောင်မြင်နေတဲ့ လက်ရှိဘ၀ကို အသိအမှတ်ပြုပြီး ဆက်ဆံစေချင် ကြပါတယ်။ တစ်ချို့ကတော့ မိမိတို့ရဲ့ ပါးလျှကျရှုံးနေတဲ့ လက်ရှိဘ၀ကို မေ့ပျောက် လွှဲဖယ်ပြီး ဆက်ဆံ စေချင်ကြပါတယ်။ အဲဒီအချက်ကို မျက်ကွယ်ပြုပြီး မြင့်မားသူကို မုဒိတာ မပွားနိုင်ဘူး၊ နိမ့်ပါးသူကို ကရုဏာ မထားနိုင်ဘူး ဆိုရင်ဖြင့် ကိုယ့်ထက် သာသူကို မြင်တိုင်း မနာလိုမှု၊ ကိုယ့်အောက် နိမ့်ပါးသူကို တွေ့တိုင်း ၀န်တိုမှု အကုသိုလ် တရားတွေရဲ့ လှိုက်စားမှုကို ခံစားကြရမှာ အမှန်ပါပဲ။ ဒီလိုနဲ့ပဲ အတုအယောင် ဆက်ဆံရေး နယ်ပယ်ထဲမှာ မလတ်ဆတ်တဲ့ အပြုံးတွေကို ဖန်တီး ကျင်လည်ရင်း ကိုယ်လည်း မချမ်းသာ၊ သူလည်း မကြည်ဖြူ ဖြစ်ကြ ရပါတော့တယ်။

ဗုဒ္ဓ အရှင်မြတ်ကတော့ ကရုဏာ၊ မုဒိတာတွေ ထုံမွှမ်းထားတဲ့ ဧဟိ သွာဂတံ မေတ္တာရေ စစ်စစ် တစ်ခွက် လူတိုင်းအတွက် အကျုံးဝင်စေတော် မူခဲ့ပါတယ်။ လူတိုင်းရဲ့ ရပ်တည်မှုကို အသိအမှတ်ပြုပြီး လူတိုင်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင် ပေးတော်မူခဲ့ပါတယ်။ ဧဟိ သွာဂတံ ဆိုတဲ့ စကားတော် တစ်ခွန်းဟာ ဧကရာဇ် ဘုရင်တစ်ပါးရဲ့ ၀င့်ကြွားမှုကို ခိုင်မာ တည်ကြည် စေခဲ့ပါတယ်။ သူဖုန်းစား တစ်ယောက်ရဲ့ သိမ်ငယ်မှုကို ပျယ်လွင့် မေ့ပျောက် စေခဲ့ပါတယ်။ သူကြွယ်တစ်ဦးရဲ့ သဒ္ဓါတရားကို တိုးပွား မြင့်တက် စေခဲ့ပါတယ်။ ပညာရှင် တစ်ဆူရဲ့ ထောင်လွှားမှုကို သိမ်မွေ့ မျှတစေခဲ့ပါတယ်။ ဗုဒ္ဓအရှင်မြတ်ရဲ့ ဗြဟ္မစိုရ် ဖြန့်ခင်းထားတဲ့ ဧဟိ သွာဂတံ လမ်းမှာ ပသေနဒီကောသလ၊ ဗိမ္ဗိသာရတို့လို တိုင်းကြီး ပြည်ကြီးရှင် ဘုရင်မင်းမြတ်တွေ လာခြင်း ကောင်းခဲ့ကြ ပါတယ်။ ကုဋ္ဌနူနာ စွဲကပ်နေတဲ့ သုပ္ပဗုဒ္ဓတို့လို အိမ်ခြေယာမဲ့တွေ လာခြင်း ကောင်းခဲ့ကြ ပါတယ်။ အနာထပိဏ္ဍိက၊ ဇောတိကတို့လို ကုဋေကြွယ် သူဌေးကြီးတွေ လာခြင်း ကောင်းခဲ့ကြ ပါတယ်။ ပေါက္ခရသာတိ၊ ဗြဟ္မာယုနဲ့ ကူဋဒန္တတို့လို ပညာရှင် ပါမောက္ခ ပါရဂူကြီးတွေ လာခြင်း ကောင်းခဲ့ကြ ပါတယ်။ ဗုဒ္ဓခေတ် အိန္ဒိယပြည်ကြီးဟာ လာခြင်း ကောင်းသူတို့ရဲ့ သာသနာ့ အရောင်၊ ဓမ္မအသံ၊ သစ္စာအသိတွေ တောက်ပ လင်းလက်၊ ပျံ့လွင့်စည်ဝေ၊ အေးမြငြိမ်းချမ်းရာ ဒေသကြီး တစ်ခုအဖြစ် မော်ကွန်းရေးထိုး နိုင်ခဲ့ပါ တော့တယ်။

၃-က

လူသား တစ်ဦးနဲ့တစ်ဦး ကူးလူး ဆက်သွယ်မှုမှာ ယုံကြည် ကိုးစားမှု၊ မျှော်လင့်ချက်၊ ရင်းနှီး ကျွမ်းဝင်မှုနဲ့ အခြားသော အရာတွေများစွာ ပါဝင်နေခဲ့ကြ ပါတယ်။ လူတစ်ယောက်က လူတစ်ယောက် ဆီကို သွားတယ် လာတယ်ဆိုတာ အကြောင်းမဲ့ သက်သက် ဖြစ်ပေါ်ခဲ့တာတော့ မဟုတ်ပေဘူး။ ဒီတော့ ကိုယ့်ဆီ ရောက်လာသူ တစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လိုဆန္ဒနဲ့ ရည်ရွယ်ချက်တွေ စိမ့်ယို ပျော်ဝင်နေခဲ့ကြ သလဲ။ အလွမ်းတွေလား၊ အပျော်တွေလား၊ လောကဓံ အခက်အခဲတွေလား။

တကယ်ပါ လူဆိုတာ ဝေဒနက္ခန္ဓာရဲ့ တွန်းအားနဲ့ အလွမ်းတွေကို မျှဝေချင်ပါတယ်။ အပျော်တွေကို ကူးစက်စေချင် ပါတယ်။ အခက်အခဲတွေကို ရင်ဖွင့်ချင် ပါတယ်။ အဲဒီအလွမ်း အဲဒီအပျော် အဲဒီအခက်အခဲ တွေကိုမှ မျက်ကွယ်ပြု လစ်လျူရှုခဲ့မိကြ လေသလား။ အဲဒီအလွမ်း အဲဒီအပျော် အဲဒီအခက်အခဲ တွေကိုပဲ နားလည် စာနာမှုနဲ့အတူ နွေးထွေးစွာ သိမ်းပိုက်မိခဲ့ကြ ပါလေစ။ လူတစ်ဦးက လူတစ်ဦးကို အသိအမှတ်ပြုတယ် ဆိုတာ အသိအမှတ်ပြု ခံရသူရဲ့ ဘ၀ခွန်အားကို အရှိန် မြှင့်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ခုတော့ သတိတရ လွမ်းစိတ်နဲ့ လာခဲ့တယ်၊ တင်းမာ စိမ်းပြတ်တဲ့ အကြည့်တွေကိုပဲ ရင်ဆိုင်လိုက် ရတယ်။ မေတ္တာ စေတနာ တနင့်တပိုးနဲ့ ကံကောင်းခြင်း ယူဆောင် လာခဲ့တယ်၊ အရေးမထားခြင်းက စောင့်ကြိုနေခဲ့တယ်။ အမှားတွေကို တည့်မတ်ပေးဖို့ လာခဲ့တယ်၊ နားလည်မှု လွဲမှားခြင်းကိုပဲ ရိတ်သိမ်းလိုက်ရတယ်။ အခက်အခဲ တွေကို ဖွင့်ဟဖို့ မျှော်လင့်ချက် အပြည့်နဲ့ လာခဲ့တယ်၊ ဖြစ်နိုင်ပါလျက်နဲ့ ငြင်းပယ် ခံလိုက်ရတယ် (ဒါမှ မဟုတ်ရင်လည်း) ကိုယ်ကိုယ်တိုင် မပြောရက်တဲ့ စကားတွေကို ကိုယ်တိုင် နားထောင်ရဲမှ မဖြစ်စလောက် အကူအညီလေး တစ်ခုနဲ့ ပစ်ပေါက်ခြင်း ခံလိုက်ရတယ်။
“ဒီကတော့ လွမ်းလိုက်ရတာ၊” “ဒီမှာတော့ စေတနာတွေ ထားလိုက်ရတာ၊” “သူမို့ ဒီလို ပြောရက်တယ်၊” ဆိုတဲ့ အတွေးတွေက ရင်ကို လှိုက်စား ဖဲ့ချွေခဲ့ကြ ဖူးပါပြီ။ ဒီလိုနဲ့ အတုံ့အလှည့် စက်ဝိုင်းထဲ သူကအလှည့် ကိုယ်က အတုံ့၊ ကိုယ်က အလှည့် သူက အတုံ့ ရုပ်ဆိုးလွန်းစွာ လည်ပတ် နေကြရ ပါတော့တယ်။ တစ်ဦးက တစ်ဦးဆီ သွားဖို့ ခြေလှမ်းတွေ ဆွံ့အခဲ့ကြ ပါတော့တယ်။ “လူသာ လာပါ ပြဿနာ ခေါ်မလာပါနဲ့” “ကျွန်ုပ် ဒုက္ခရောက်စဉ် သင် ဘာကူညီဖူးသလဲ” အဲလိုမျိုး ဆိုင်းဘုတ်တွေကို ဘယ်လောက်ကြာအောင် မသိဆိုးဝါးစွာ ချိတ်ဆွဲခဲ့ကြ ပြီးပြီလဲ၊ အဲဒီဆိုင်းဘုတ်တွေ ရှေ့ကနေ ဘယ်နှစ်ကြိမ် ရှက်ရွံ့ကြေကွဲစွာ လှည့်ပြန်ခဲ့ကြ ပြီးပြီလဲ။

၃-ခ

ဗုဒ္ဓအရှင်မြတ်ဟာ ကိုယ်တော်တိုင် ကမ္ဘာလောကကြီး အတွက် လာခြင်းကောင်းသော အရှင်သုဂတ ဖြစ်သလို အရှင်မြတ်ထံပါး အကြောင်း အမျိုးမျိုးနဲ့ ချဉ်းကပ်လာသူတိုင်း ကိုလည်း လာခြင်းကောင်းသူ သွာဂတ တွေ ဖြစ်စေလိုတဲ့ ဆန္ဒတော်သာ အမှန်ရှိခဲ့ပါတယ်။ လောကဓံ အပျက်အစီးတွေ ဒုက္ခပင်လယ် ဝေပြီး အရူးမတစ် ယောက်လို ၀ိုင်းပယ် ဟားတိုက်ခြင်း ခံနေရရှာတဲ့ ပဋာစရာ (ပဋာစာရီ) ကို နားလည် စာနာစွာ သွာဂတဖြစ်စေ တော်မူခဲ့ပါတယ်။ ဓမ္မ ဆာလောင်မွတ်သိပ်မှုနဲ့ အတူ မေးခွန်း ပြဿနာတွေ လေးလံစွာ ထမ်းပိုးလာခဲ့တဲ့ သုဘဒ္ဒကိုလည်း ပရိနိဗ္ဗာန် စံဝင်ဖို့ နာရီပိုင်းသာ လိုတော့တဲ့ နောက်ဆုံး အချိန်မှာတောင် မဟာ ကရုဏာကြီးစွာ သွာဂတ ဖြစ်စေတော် မူခဲ့ပါသေးတယ်။ ယုတ်စွအဆုံး အစွယ်ငေါငေါမှာ ရန်လိုမှုတွေ တပ်ဆင်ပြီး ကိုယ်တော်မြတ်ကို ထိုးသတ် နင်းခြေဖို့ ပြေးဝင်လာတဲ့ နာဠာဂီရိလို အဟိတ် တိရိစ္ဆာန်ကိုတောင် ခန္တီမေတ္တာ ကြီးမားစွာ သွာဂတ ဖြစ်စေတော် မူခဲ့ပါလေရဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ် သြဂုတ်လက ထင်ပါတယ်။ အပ္ပမာဒ မဂ္ဂဇင်းမှာ ရေးဖြစ်ခဲ့တ~ဲ့ စာပါ။ မဂ္ဂဇင်းလက်ခံ မရှိတော့လို့ ပြန်တွေ့ရတဲ့ ကော်ပီ စာရွက်ကြမ်းလေး ကိုပဲ ပြန်တင်မိတာပါ။ ကံဆိုးချင် တော့ နောက်ဆုံး နိဂုံးစာရွက်က ပျောက်ရှ သွားပါပြီ။ မဂ္ဂဇင်း ပြန်တွေ့ရင်တော့ နိဂုံးလေးနဲ့ဆိုရင် ပိုလှသွားမ လားပဲ၊)

Read more...

သွေးတိုးအတွက် ဆေးတခွက်

စာရေးသူသည် တိုင်းရင်းဆေးဆရာတဦး မဟုတ်ပါ။ ဆေးပညာရပ်ကို လေ့လာနေသူတဦးလည်း မဟုတ်ပါ။ မိမိ၏ကျန်းမာရေးအတွက် ကြုံခဲ့ရသည့် အနေအထားကို ဖော်ပြလိုရင်း ဖြစ်ပါသည်။

ယနေ့ကာလတွင်
သွေးတိုးရောဂါသည် အထူးရေပန်းစားနေသည့် ရောဂါတမျိုးဟု ဆိုရမလို ဖြစ်နေပါသည်။ မြို့ရောကျေးလက်ဒေသပါမကျန် သွေးတိုးရောဂါကို သိနေကြသည်။ သွေးတိုးအမည်နှင့် ယဉ်ပါးနေကြသည်။

ဘယ်နေ့က ဘာစားမိလို့ သွေးတက်လိုက်တာ၊
ဘယ်သူက သွေးတိုးနေလို့ ဒီနေ့ ခွင့်ယူထားရတာ၊
အပေါ်သွေးက ဘယ်လောက်၊ အောက်သွေးက ဘယ်လောက်ပဲရှိတာ၊ ဟူ၍ လူတကာ ပြောနေ၊ သိနေ၊ ကြားနေကြသည်။

သွေးတိုးရောဂါသည် အမှန်တကယ် ခံစားရသော ပုဂ္ဂိုလ်အတွက် အထူးစိတ်ဓာတ်ကျစရာကောင်းသည်ဟု ဆိုရမလို ဖြစ်နေပါသည်။ ဟိုဟာရှောင်ရ၊ ဒီဟာမစားရနှင့် စားကောင်းသောက်ဖွယ်များ ပွဲကြီးများဆို ဝေးဝေးက ရှောင်ရတော့သည်။

စာရေးသူအနေဖြင့် သွေးတိုးရောဂါခံစားခဲ့ရဖူးသည်။ လုပ်ငန်းတွင် တကာယ့်အရေးကြီးချိန်ကျမှ ရုတ်တရက် မူးသလိုဖြစ်လာသည့်အတွက် အနားယူခဲ့ရပါသည်။ ရုံးလုပ်ငန်း လုပ်နေရင်း သွေးတိုးလာသည့်အတွက် ချက်ချင်း အိမ်တအိမ်တွင် အိပ်ရာပေါ် လှဲနေရင်း ဆေးသောက်ကာ နေခဲ့ရဖူးသည်။ စားကောင်းသောက်ကောင်းများနှင့် လွဲခဲ့ရသည်။

သွားလေရာဆေးဆောင်ရသည်။ တပတ်လျှင် နှစ်ကြိမ်လောက် သွေးချိန် သွေးတိုင်းရသည်။ ရှောင်ရမည့် အစားအစာများ အိမ်တွင် စာရွက်တရွက်နှင့် ရေးကပ်ထားရသည်။ တကယ်ပင် ဒုက္ခကြီးပါသည်။

တကယ့်စေတနာအရင်းခံနှင့် ဖော်ပြလိုရင်း ဖြစ်ပါသည်။ စာရေးသူအနေဖြင့် ငါးသလောက်၊ ဒံပေါက်၊ ဝက်သား၊ ပဲငါးပိ တို့နှင့် တောက်လျှောက် ဝေးခဲ့သည်ဆိုသော်လည်း မိတ်ဆွေတဦး၏ ဆေးမြီးတိုကြောင့် ယနေ့တွင် ဘာကိုမျှ မရှောင်ရတော့။ ဘယ်ခံစားမှုမျှလည်း မလာတော့။

အခြားသူများအတွက်တော့ မသိပါ။ မိမိအတွက်ကတော့ သက်သာ ပျောက်ကင်းသွားခဲ့သည်မှာ နှစ်ပင် အတော်ကြာခဲ့ပါပြီ။ ဆေးနည်းကား လွယ်ကူလှသဖြင့် ယုံချင်မှ ယုံကြပါလိမ့်မည်။

ကွမ်းရွက် (စစ်တောင်းကွမ်း) နှင့် ရဲယိုရွက်ကို ဆတူထောင်းပြီး အရည်ညှစ်ပြီး သောက်ပါ။
အရသာက စိမ်းရွှေရွှေနဲ့ အနံ့ဆိုးပါသည်။
ကြက်ဥပန်းကန် တဝက်ခန့် တနေ့ နှစ်ကြိမ် သောက်ပါ။
စေတနာနှင့် မှန်သောစကားကို ဆိုခြင်းဖြစ်ပါသည်။

မန်းစံရွှေ
(နက္ခတ္တရောင်ခြည် ၂၀၀၅-ခု နိုဝင်္ဘာလ)

Read more...

ကမ်းဝေးတိမ်


ကျွန်တော် အိမ်က ထွက်ခဲ့တယ်
နှုတ်ဆက်ခြင်းမှာ အသံ မပါဘူး။

ပင်လယ်ရဲ့ ဆွဲငင်မှုနဲ့
ကိုယ့်ရင်ဘတ်ကို ပြန်ရိုက်တဲ့ လှိုင်းလို
မိုက်မိုက်ရိုင်းရိုင်း ကမ်းနဲ့ဝေးပစ်လိုက်တယ်
ဒီ့ထက် ပိုဝေးလည်း
ဒီ့ထက် ပိုမဝေးနိုင်တော့ဘူး။

လေထဲ တိုက်အိမ်ဆောက်ပြီး
အိမ်မက်တွေ ရှည်ခဲ့တဲ့နောက်မှာ
ရှည်သလောက် မက်ခဲ့တဲ့ အိမ်နဲ့
တိမ်ဟာ ပြေးသထက် ... ပြေးလို့ ...
အိမ်ဟာ ဝေးသထက် ဝေးလာခဲ့တယ်
ဒီ့ထက် ပိုဝေးလည်း
ဒီ့ထက် ပိုမဝေးနိုင်တော့ပါဘူး။

လေပြည်
(၃၀-၀၈-၂၀၁၀။ တနင်္လာနေ့၊ ည ၉း၀၀ နာရီ။)

Read more...

“အရတော်စွ လူ့ဘ၀” တရားတော်

Tuesday, 31 August 2010 05:45 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

အမေရိကန်ပြည်ထောင်စု၊ Oregon ပြည်နယ်၊ Portland မြို၊ သိရီမင်္ဂလာကျောင်း၊ 2010-ခု၊ သြဂုတ်လ 30-ရက်၊ တနင်္လာနေ့ည အပတ်စဉ်ဓမ္မသဘင်ဝယ်။ အရှင်ခေမိန္ဒ သာသနတက္ကသီလဓမ္မာစရိယ B. A (Buddhism) မဟာဓမ္မာစရိယ M. A (Buddhism) M. A ( Buddhist Studies, Sri Lanka) ဟောကြားတော်မူသောတရားတော်ဖြစ်ပါတယ်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP