* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, August 28, 2010

ပစ္စည်းပိုင်း - ပဋိစ္စသမုပ္ပါဒ်နည်း (၁)

၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက် စနေနေ့၌ လောကချမ်းသာဘုရားကျောင်းတွင် အောင်ဆန်းဆရာတော် ပူဇော်ပွဲ ကျင်းပ ပြုလုပ်ခြင်း၊ စုပေါင်း ဆွမ်းကပ်ခြင်း၊ အနုမောဒနာတရား နာကြားခြင်း၊ သြဂုတ်လ ၂၂ ရက် တနင်္ဂနွေနေ့ဝယ် ပြုလုပ်မည့် ပထမအကြိမ် အေဘီဘီအေ နိဗ္ဗာန်ဈေးအတွက် ကြိုတင် ပြင်ဆင်ခြင်း၊ ရွက်ထည်တဲထိုးခြင်း စသည်တို့ကြောင့် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များသင်တန်း အပတ်စဉ် (၄၇) သင်ခန်းစာဖြစ်သော ပစ္စည်းပိုင်း၊ ပဋိစ္စသမုပ္ပါဒ်နည်း (၁) သင်ခန်းစာကို ညနေ ၄ နာရီခွဲမှ နာယူ မှတ်သား သင်ယူ လေ့ကျက်ကြရ၏။

ပစ္စည်းပိုင်း

ပရမတ္ထတရားလေးပါးတို့ကို သဘောတူချင်း ပေါင်းစု၍ သမုစ္စည်းပိုင်း၌ ပြဆိုခဲ့ပြီးနောက် ထိုသဘာဝဓမ္မတို့သည် တန်ခိုးရှင် နတ် ဗြဟ္မာတို့က ဖန်ဆင်း၍ ပေါ်လာသည် မဟုတ်၊ အကြောင်းကင်း၍ ပေါ်လာသည် မဟုတ်၊ အကြောင်းအကျိုး ဆက်သွယ်နေပုံကို ပဋိစ္စသမုပ္ပါဒ်နည်းဖြင့်လည်းကောင်း၊ အကျိုးတရားများ ဖြစ်လောက်အောင် အကြောင်းတရားတို့၌ သတ္တိစွမ်းပကားရှိပုံကို ပဋ္ဌာန်းနည်းဖြင့်လည်းကောင်း ဤပစ္စည်းပိုင်း၌ ထိုက်သည်အားလျော်စွာ ပြဆို၏။

ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်း ၂-ပါး၏ ထူးခြားချက်

အကြောင်းတရားကို စွဲ၍ အကျိုးတရားသည် ကောင်းစွာ ဖြစ်ပေါ်သောကြောင့် ပဋိစ္စသမုပ္ပါဒ် မည်၏။
အထူးထူး အပြားပြားရှိသော ဟေတုစသော ပစ္စည်းတို့၏ အစွမ်းဖြင့် ပြအပ်သောကြောင့် ပဋ္ဌာန်း မည်၏။

ပဋိစ္စသမုပ္ပါဒ်နည်း၌ ဟေတုသတ္တိ အာရမ္မဏသတ္တိ စသော သတ္တိထူး မပါ။ ပစ္စည်း ပစ္စယုပ္ပန်တို့၏ ဖြစ်ပုံလောက်ကိုသာ ပြ၏။
ပဋ္ဌာန်းနည်း၌ကား ပစ္စည်း၊ ပစ္စယုပ္ပန်အပြင် ပစ္စယသတ္တိကိုလည်း ပြသည်။

ဤသို့ ပဋိစ္စသမုပ္ပါဒ်နည်း၌ ပစ္စယသတ္တိ မပါခြင်း၊ ပဋ္ဌာန်းနည်း၌ ပစ္စယသတ္တိ ပါရှိခြင်းသည် နည်း ၂-ပါး၏ ထူးခြားချက် ဖြစ်သည်။

+++++

ပဋိစ္စသမုပ္ပါဒ် အနုလောမ ပါဠိတော်

အဝိဇ္ဇာပစ္စယာ သင်္ခါရာ
သင်္ခါရပစ္စယာ ဝိညာဏံ
ဝိညာဏပစ္စယာ နာမရူပံ
နာမရူပပစ္စယာ သဠာယတနံ
သဠာယတနပစ္စယာ ဖေဿာ
ဖဿပစ္စယာ ဝေဒနာ
ဝေဒနာပစ္စယာ တဏှာ
တဏှာပစ္စယာ ဥပါဒါနံ
ဥပါဒါနပစ္စယာ ဘဝေါ
ဘဝပစ္စယာ ဇာတိ
ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿသုပါယာသာ သမ္ဘဝန္တိ
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယောဟောတိ။

ပစ္စည်း ပစ္စယုပ္ပန်
၁။ အဝိဇ္ဇာ သင်္ခါရ
၂။ သင်္ခါရ ဝိညာဏ
၃။ ဝိညာဏ နာမရူပ
၎။ နာမရူပ သဠာယတန
၅။ သဠာယတန ဖဿ
၆။ ဖဿ ဝေဒနာ
၇။ ဝေဒနာ တဏှာ
၈။ တဏှာ ဥပါဒါန
၉။ ဥပါဒါန ဘဝ
၁၀။ ဘဝ ဇာတိ
၁၁။ ဇာတိ
ဇရာ, မရဏ, သောက, ပရိဒေဝ,
ဒုက္ခ, ဒေါမနဿ, ဥပါယာသ။

+++++

အဝိဇ္ဇာပစ္စယာ သင်္ခါရာ

သစ္စာလေးပါး(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ)တို့၌လည်းကောင်း၊
ရှေ့အစွန်းဟု ဆိုအပ်သော ပုဗ္ဗန္တ၊
နောက်အစွန်းဟု ဆိုအပ်သော အပရန္တ၊
ရှေ့နောက်အစွန်းဟု ဆိုအပ်သော ပုဗ္ဗန္တာပရန္တ၊
ပဋိစ္စသမုပ္ပါဒ်တို့၌လည်းကောင်း
ဤရှစ်ရပ်သော တရားတို့၌ ဖုံးလွှမ်းတတ်သော မောဟစေတသိက်သည် အဝိဇ္ဇာ မည်၏။

၁။ ကာမကုသိုလ်စေတနာ ၈-ခု၊ ရူပကုသိုလ်စေတနာ ၅-ခု၊ ဤကုသိုလ်စေတနာ ၁၃-ခုသည် ကောင်းသော ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့ကို ဖြစ်စေတတ် ပြုပြင်စီရင်တတ်သောကြောင့် ပုညာဘိသင်္ခါရ။

၂။ အကုသိုလ်စေတနာ ၁၂-ခုသည် မကောင်းသော ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့ကို ပြုပြင်စီရင်တတ်သောကြောင့် အပုညာဘိသင်္ခါရ။

၃။ အရူပကုသိုလ်စေတနာ ၄-ခုသည် မတုန်လှုပ်တတ်သော အရူပဘဝကို ပြုပြင်စီရင်တတ်သောကြောင့် အာနေဉ္စာဘိသင်္ခါရ မည်၏။

တနည်း

၁။ ကာယဝိညတ်ဟု ဆိုအပ်သော ကာယဒွါရကြောင့် ဖြစ်ကုန်သော ကာမကုသိုလ်စေတနာ ၈-ခု၊ အကုသိုလ်စေတနာ ၁၂-ခု၊ ဤ ၂၀ သော ကာယကံစေတနာအပေါင်းသည် ကာယသင်္ခါရ။

၂။ ဝစီဝိညတ်ဟု ဆိုအပ်သော ဝစီဒွါရကြောင့် ဖြစ်ကုန်သော ဆိုအပ်ပြီးသော ၂၀-သော ဝစီကံ စေတနာအပေါင်းသည် ဝစီသင်္ခါရ။

၃။ ဝိညတ် ၂-ပါးကို မဖြစ်စေမူ၍ မနောဒွါရ၌သာ ဖြစ်သော အကုသိုလ်စေတနာ ၁၂-ခု၊ မဟာကုသိုလ်စေတနာ ၈-ခု၊ မဟဂ္ဂုတ်ကုသိုလ်စေတနာ ၉-ခု၊ ဤစေတနာ ၂၉-ခုသည် စိတ္တသင်္ခါရ မည်၏။

ဤပြဆိုခဲ့ပြီးသော သင်္ခါရ ၆-ပါး၊ တရားကိုယ်အားဖြင့် လောကီကုသိုလ် အကုသိုလ် စေတနာ ၂၉-ပါးတို့သည် အဝိဇ္ဇာပစ္စယာ သင်္ခါရာပုဒ်၌ အဝိဇ္ဇာကြောင့် ဖြစ်သော သင်္ခါရတရားတို့ဟူ၍ မှတ်ပါ။

လောကုတ္တရာစေတနာသည် ဝဋ္ဋကထာ (ဝဋ်လည်ပုံကိုပြသော စကား)၌ မဟောသင့်သောကြောင့် သင်္ခါရဟု မဆိုရ။

+++++

သင်္ခါရပစ္စယာ ဝိညာဏံ

‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ’ပုဒ်၌ သင်္ခါရအရ အလုံးစုံသော လောကီကုသိုလ် အကုသိုလ် စေတနာ ၂၉ ကို အကုန်လုံး ယူ၏။
‘သင်္ခါရပစ္စယာ ဝိညာဏံ’ပုဒ်၌ သင်္ခါရအရကို ပဋိသန္ဓေအခါ ဥဒ္ဓစ္စစေတနာ၊ ပဝတ္တိပဋိသန္ဓေအခါတို့၌ အဘိဉာဏ်စေတနာကို ကြဉ်၍ ကြွင်းသော လောကီကုသိုလ် အကုသိုလ် စေတနာများကိုသာ ယူရမည်။

ဝိညာဏပုဒ်အရကို ဘုံသုံးပါး၌ဖြစ်သော ပဋိသန္ဓေဝိညာဏ် ၁၉၊ ပဝတ္တိဝိညာဏ် လောကီဝိပါက် ၃၂ ကိုသာ ဤပဋိစ္စသမုပ္ပါဒ်အရာ၌ ယူရမည်။

ပဋိသန္ဓေအစွမ်းဖြင့် ကျေးဇူးပြုပုံ

ပုညာဘိသင်္ခါရကြောင့် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ၁-ပါး၊
မဟာဝိပါက် ၈-ပါး၊
ရူပဝိပါက် ၅-ပါး၊
ဤ ၁၄-ပါးသော ဝိညာဏ် ဖြစ်၏။

ဥဒ္ဓစ္စစေတနာကြဉ်သော အပုညာဘိသင်္ခါရကြောင့် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ ၁-ခုသာ ဖြစ်၏။
ဥဒ္ဓစ္စကား ပဝတ္တိဉာဏ်ကို ဖြစ်စေနိုင်၏။

အာနေဉ္စာဘိသင်္ခါရကြောင့် အရူပဝိပါက်ဝိညာဏ် ၄-ခုသာ ဖြစ်၏။

ပေါင်းသော် သင်္ခါရသုံးပါးကြောင့် (၁၄+၁+၄) ပဋိသန္ဓေဝိညာဏ် ၁၉ ဖြစ်၏။

ပဝတ္တိအစွမ်းဖြင့် ကျေးဇူးပြုပုံ

ကာမာဝစရကုသိုလ် ပုညာဘိသင်္ခါရ ၈-ခုကြောင့် အဟိတ်ကုသလဝိပါက် ၈-ပါး၊ မဟာဝိပါက် ၈-ပါး၊ ပေါင်း ၁၆-ပါး ဖြစ်၏။

ရူပါဝစရကုသိုလ် ပုညာဘိသင်္ခါရ ၅-ခုကြောင့် ရူပါဝစရဝိပါက် ၅-ခု ဖြစ်၏။

အပုညာဘိသင်္ခါရကြောင့် အကုသလဝိပါက် ၇-ခု ဖြစ်၏။

အာနေဉ္စာဘိသင်္ခါရကြောင့် အရူပါဝစရဝိပါက် ၄-ခု ဖြစ်၏။

+++++

ဝိညာဏပစ္စယာ နာမရူပံ

သင်္ခါရပစ္စယာ ဝိညာဏံပုဒ်၌ ဝိညာဏအရကို ပဋိသန္ဓေဝိညာဏ် ၁၉၊ ပဝတ္တိဝိညာဏ် လောကီဝိပါက် ၃၂ ကို ယူ၏။
ကံ၏အကျိုးတရားဖြစ်သောကြောင့် ဝိပါက်ဝိညာဏ်ကိုသာ ယူရသည်။

ဝိညာဏပစ္စယာ နာမရူပံပုဒ်၌ ဝိညာဏအရကို အလုံးစုံသော စိတ်တစ်ခုယုတ် ကိုးဆယ်ကို ယူ၏။
နာမရူပံပုဒ်၌ နာမအရကို ဝေဒနာအစရှိသော ခန္ဓာ ၃-ပါး၊ စေတသိက် ၅၂-ပါးကို ယူအပ်၏။
ရူပံအရကိုကား ကမ္မဇရုပ်၊ တနည်း စတုသမုဋ္ဌာနိကရုပ်ကို ယူအပ်၏။

ဝိညာဏ်သည် နာမ်ရုပ်အား ကျေးဇူးပြုပုံ

ပဋိသန္ဓေဝိညာဏ်သည် ပဋိသန္ဓေနာမ်ရုပ်အား ကျေးဇူးပြု၏။
ပဝတ္တိဝိညာဏ်သည် ပဝတ္တိနာမ်ရုပ်အား ကျေးဇူးပြု၏။

ပြုပုံကား - ပဉ္စဝေါကာရဘုံ၌ ပဋိသန္ဓေအခါ ပဋိသန္ဓေဝိပါက်စိတ် ၁၅၊ စေတသိက် ၃၅၊ ကာယဒသက၊ ဝတ္ထုဒသက၊ ဘာဝဒသကဟု ဆိုအပ်သော ကမ္မဇကလာပ် ၃-စည်း (၇-စည်း၊ ၄-စည်း)တို့သည် တပြိုက်နက် ဖြစ်၏။
ပဋိသန္ဓေဝိညာဏ်စိတ်သည် မိမိနှင့်အတူတကွဖြစ်သော စေတသိက် နာမ်နှင့် ကမ္မဇရုပ်တို့အား ကျေးဇူးပြု၏ဟု ဆိုလိုသည်။

ပဝတ္တိအခါ ကုသိုလ်စိတ် စသည်ဖြစ်ရာ၌ ၎င်းကုသိုလ်စိတ်နှင့်အတူတကွ စေတသိက် ၃၈-ပါး၊ စိတ္တဇရုပ် ဖြစ်၏။
ကုသိုလ်စိတ်ဝိညာဏ်သည် မိမိနှင့်အတူတကွဖြစ်သော စေတသိက်နာမ်နှင့် စိတ္တဇရုပ်တို့အား ကျေးဇူးပြု၏။

စတုဝေါကာရဘုံ၌ ပဋိသန္ဓေ ပဝတ္တိ ၂-ပါးလုံးပင် လေးပါးသော အရူပဝိပါက်ဝိညာဏ်သည် စေတသိက် ၃၀ တည်းဟူသော နာမ်တရားအား ကျေးဇူးပြု၏။

+++++

နာမရူပပစ္စယာ သဠာယတနံ

နာမ၏အရကို ဝေဒနာအစရှိသော ခန္ဓာ ၃-ပါး အပေါင်းကိုပင် ယူအပ်၏။

ရူပ၏အရကို မဟာဘုတ် လေးပါး၊ ဆဝတ္ထုရုပ်၊ ဇီဝိတရုပ်တို့ကို ယူအပ်၏။

သဠာယတန၏အရကို အဇ္ဈတ္တိကာယတန ၆-ပါးကို ယူအပ်၏။

+++++

သဠာယတနပစ္စယာ ဖေဿာ

ဤ၌ သဠာယတနအရကို အဇ္ဈတ္တိကာယတန ၆-ပါး၊ ဗာဟိရာယတန ၆-ပါး = ပေါင်း အာယတန ၁၂-ပါး စလုံးကိုပင် ယူအပ်၏။

ဖဿ၏အရကို လောကီဝိပါက် ၃၂-ခုနှင့် ယှဉ်သော ဖဿစေတသိက် ၃၂-ပါးသည် ဖဿ မည်၏။
ထိုတွင် စက္ခုဝိညာဏ်ဒွေး၌ ယှဉ်သော ဖဿစေတသိက်သည် စက္ခုသမ္ဖဿ၊
သောတဝိညာဏ်ဒွေး၌ ယှဉ်သော ဖဿစေတသိက်သည် သောတသမ္ဖဿ၊
ဃာနဝိညာဏ်ဒွေး၌ ယှဉ်သော ဖဿစေတသိက်သည် ဃာနသမ္ဖဿ၊
ဇိဝှါဝိညာဏ်ဒွေး၌ ယှဉ်သော ဖဿစေတသိက်သည် ဇိဝှါသမ္ဖဿ၊
ကာယဝိညာဏ်ဒွေး၌ ယှဉ်သော ဖဿစေတသိက်သည် ကာယသမ္ဖဿ၊
ကြွင်းသော လောကီဝိပါက် ၂၂-ခုနှင့် ယှဉ်သော ဖဿစေတသိက်သည် မနောသမ္ဖဿ မည်၏။

ဒွေးပဉ္စဝိညာဏ် ၁၀ မှ ကြွင်းသော စိတ် ၇၉-ခု၌ ယှဉ်သော ဖဿစေတသိက်သည် မနောသမ္ဖဿဟုလည်း ယူသေး၏။

ဤ၌ ဝဋ္ဋကထာဖြစ်၍ လောကီဝိပါက် ၃၂-ခု၌ ရှိသော ဖဿကိုသာ ကောက်ယူသင့်၏။

+++++

ဖဿပစ္စယာ ဝေဒနာ

လောကီဝိပါက် ၃၂-ပါးနှင့် ယှဉ်သော စက္ခုသမ္ဖဿဇာဝေဒနာ၊ သောတသမ္ဖဿဇာဝေဒနာ၊ ဃာနသမ္ဖဿဇာဝေဒနာ၊ ဇိဝှါသမ္ဖဿဇာဝေဒနာ၊ ကာယသမ္ဖဿဇာဝေဒနာ၊ မနောသမ္ဖဿဇာဝေဒနာတို့ကို ယူအပ်၏။

+++++

ဝေဒနာပစ္စယာ တဏှာ

ဖဿပစ္စယာ ဝေဒနာ၌ ဝေဒနာ၏အရကို လောကီဝိပါက် ၃၂-ခု၌ ရှိသော အကျိုးဝေဒနာကိုသာ ကောက်ခဲ့၏။

ဝေဒနာပစ္စယာ တဏှာ၌ကား အကြောင်းဝေဒနာဖြစ်၍ တဏှာကို ဖြစ်စေနိုင်သော ဝေဒနာတို့ကို ကောက်ယူသင့်သောကြောင့် လောကီစိတ် ၈၁-ခု၌ ရှိသာ ဝေဒနာ ၈၁-ခုကို ယူ၏။

တဏှာ၏အရကိုကား ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာအားဖြင့် ၆-ပါး ဖြစ်၏။
တဏှာအရကား လောဘစေတသိက်ပင်တည်း။

ရူပါရုံ၌ တပ်သော လောဘသည် ရူပတဏှာ၊
သဒ္ဒါရုံ၌ တပ်သော လောဘသည် သဒ္ဒတဏှာ၊
ဂန္ဓါရုံ၌ တပ်သော လောဘသည် ဂန္ဓတဏှာ၊
ရသာရုံ၌ တပ်သော လောဘသည် ရသတဏှာ၊
ဖောဋ္ဌဗ္ဗာရုံ၌ တပ်သော လောဘသည် ဖောဋ္ဌဗ္ဗတဏှာ၊
ဓမ္မာရုံ၌ တပ်သော လောဘသည် ဓမ္မတဏှာ မည်၏။

တနည်း -
ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာအားဖြင့် ၃-ပါး ဖြစ်၏။

+++++

တဏှာပစ္စယာ ဥပါဒါနံ

တဏှာ၏အရ အားနည်းသော လောဘသည် တဏှာ၊ အားကြီးသော လောဘသည် ဥပါဒါန် မည်၏။

ဥပါဒါန် ၄-ပါးကို သမုစ္စည်းပိုင်း၌ ပြဆိုခဲ့ပြီး ဖြစ်၏။ ဖွတ်ကြီးလျှင် မိကျောင်း၊ မြွေကြီးလျှင် နဂါး၊ တစ္ဆေကြီးလျှင် သူရဲ၊ သူရဲကြီးလျှင် သဘက်ဆိုသကဲ့သို့ တဏှာဓာတ် အဆင့်ဆင့် ရင့်သန်၍ အပြင်းအထန် စွဲလမ်းမှုကြီး ဖြစ်ပေါ်၍ လာ၏။
ထိုသို့ အပြင်းအထန် စွဲလမ်းမှုကိုပင် ဥပါဒါန်ဟု ခေါ်၏။

+++++

ဥပါဒါနပစ္စယာ ဘဝေါ

ဤ၌ ဥပါဒါန်၏အရမှာ ဆိုခဲ့ပြီးသော ဥပါဒါန်တရား ၄-ပါးတို့ပါင်တည်း။

ဘဝ၏အရကား ကမ္မဘဝ၊ ဥပပတ္တိဘဝ ၂-ပါး ရ၏။
ဖြစ်ပေါ်တတ် ကြီးပွားတတ်သောကြောင့် ဘဝ မည်၏။

ချမ်းသာအမျိုးမျိုး ဆင်းရဲအမျိုးမျိုးတို့၏ ဖြစ်ပေါ်ခြင်း ကြီးပွားခြင်း၏ အကြောင်းဖြစ်သော လောကီကုသိုလ် အကုသိုလ်တို့နှင့် ယှဉ်သော စေတနာ ၂၉-ခုသည် ကမ္မဘဝ မည်၏။

ထင်ရှားစွာ ဖြစ်ပေါ်လာတတ်သော လောကီဝိပါက် ၃၂၊ စေတသိက် ၃၅၊ ကမ္မဇရုပ် ၂၀ တို့သည် ဥပပတ္တိဘဝ မည်၏။

သင်္ခါရနှင့် ဘဝ အထူး

အတိတ်ဘဝ၌ဖြစ်သော စေတနာသည် သင်္ခါရ မည်၏။
ယခု ပစ္စုပ္ပန်ဘဝ၌ ဖြစ်သော စေတနာသည် ကမ္မဘဝ မည်၏။

တနည်း -
စေတနာသက်သက်သည် သင်္ခါရ မည်၏။
စေတနာသည်လည်းကောင်း၊ စေတနာနှင့်ယှဉ်သော စေတနာသမ္ပယုတ်ဖြစ်သော သံသရာ၌ ကျင်လည်တတ်သော အဘိဇ္ဈာစသော တရားအပေါင်းသည်လည်းကောင်း ဘဝ မည်၏။

ဥပါဒါန်ကြောင့် ဘဝဖြစ်ပုံ

ကာမုပါဒါန်ကြောင့် ဒုစရိုက်ကို ပြု၏။ ထိုဒုစရိုက်စေတနာသည် ကမ္မဘဝ မည်၏။
ထိုအကုသိုလ်ကမ္မဘဝကြောင့် ငရဲဘုံစသည်တို့၌ လားရ ရောက်ရ၏။ ထိုဒုဂ္ဂတိဘဝ၌ ပဋိသန္ဓေဝိပါက်ဖြစ်မှုသည် ဥပပတ္တိဘဝ မည်၏။
ဤသို့ အကုသိုလ်ကံဟူသော ကမ္မဘဝနှင့် ဒုဂ္ဂတိဘဝဟူသော ဥပပတ္တိဘဝသည် ကာမဂုဏ်၌ လွန်စွာ စွဲလမ်းမှုကြောင့် ဘဝဖြစ်၏ဟု ဆိုရ၏။

လူ့ဘုံ နတ်ဘုံ၌ သာယာစွဲလမ်းခြင်းကြောင့် သုစရိုက်ကုသိုလ်ကံကို ပြုလုပ် အားထုတ်၏။ ထိုကုသိုလ်ကံသည် ကမ္မဘဝ မည်၏။
ထိုကံသည် ဖြစ်စေအပ်သော နတ်ပဋိသန္ဓေဝိပါက် နာမက္ခန္ဓာသည် ဥပပတ္တိဘဝ မည်၏။

အကုသိုလ်ကမ္မဘဝ ပြုမိလေသောကြောင့် အပါယ် ၄-ဘုံ၌ အပါယ်ခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝအမျိုးမျိုးတို့သည် ဖြစ်ပေါ်ကုန်ပြန်၏။
ကုသိုလ်ကမ္မဘဝကို ပြုမိလေသောကြောင့် ကာမသုဂတိ ၇-ဘုံ၌ ကာမသုဂတိခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝအမျိုးမျိုးတို့သည် ဖြစ်ပေါ်ရပြန်ကုန်၏။ ရူပါဝစရဘုံ၌ ဗြဟ္မာခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝအမျိုးမျိုးသည်လည်း ဖြစ်ပေါ်ရပြန်ကုန်၏။ အရူပ ၄-ဘုံတို့၌ အရူပဗြဟ္မာခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝအမျိုးမျိုးတို့သည်လည်း ဖြစ်ပေါ်ရပြန်ကုန်၏။

ဤသို့ ဘဝ ၂-ပါး၏ ဖြစ်ပွား ဆက်လက်နေမှုသည်လည်း အပြင်းအထန် စွဲလမ်းသော ဥပါဒါန်အတွက်ကြောင့်သာ ဖြစ်ရ၏။
ထို့ကြောင့် ဥပါဒါန်ကြောင့် ဘဝဖြစ်သည်ဟု ဆိုရလေသည်။

+++++

ဘဝပစ္စယာ ဇာတိ

ဥပါဒါနပစ္စယာ ဘဝေါ၌ ဘဝအရကို ကမ္မဘဝရော ဥပပတ္တိဘဝရော ယူ၏။

ဘဝပစ္စယာ ဇာတိ၌ ဘဝအရကို ကမ္မဘဝရော ဥပပတ္တိဘဝရော နှစ်ခုလုံး ယူ၍ မရပေ။ ဥပပတ္တိဘဝနှင့် ဇာတိမှာ အတူတူ ဖြစ်သောကြောင့် ကမ္မဘဝကိုသာ ယူရ၏။

ကမ္မဘဝ ကုသိုလ်ကံ အကုသိုလ်ကံတို့ကြောင့် အကျိုးအဖြစ် ဇာတိပဋိသန္ဓေနေခြင်း ဖြစ်၏။ ထိုထို ဘုံဘဝ၌ ပဋိသန္ဓေစိတ်၊ ပဋိသန္ဓေစိတ်နှင့်ယှဉ်သော စေတသိက်၊ ကမ္မဇရုပ်တို့ ဖြစ်၏။

+++++

ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ

ဇာတိကြောင့် ဇရာ (ရင့်ရော်အိုမင်းမှု)၊ မရဏ (သေခြင်း)၊ သောက (စိုးရိမ်ပူဆွေးခြင်း)၊ ပရိဒေဝ (ငိုကြွေးမြည်တမ်းခြင်း)၊ ဒုက္ခ (ကာယိကဒုက္ခ)၊ ဒေါမနဿ (စေတသိကဒုက္ခ)၊ ဥပါယာသ (စိုးရိမ်ပူဆွေးငိုကြွေးမြည်တမ်းရုံမျှမက ရှိုက်ကြီးငင်ကြီး ဖြစ်မှု၊ မြော၍သွားမှု၊ နစ်၍သွားမှု)သည် ဖြစ်၏။
ဥပါယာသ၏ တရားကိုယ်မှာ ဒေါသစေတသိက်ပင်တည်း။

ပါဠိတော်၌ ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ = ချမ်းသာနှင့် လုံးဝ မဖက်၊ ချမ်းသာ လုံးဝ မပါ မရောနှောသော ဒုက္ခကြီး တစ်ခုဖြစ်ကြောင်း မြတ်စွာဘုရားရှင် ဟောတော်မူ၏။

ဤကား အစဉ်အတိုင်းသွားသော ပဋိစ္စသမုပ္ပါဒ် အနုလုံ ဒေသနာ ဖြစ်၏။

အဝိဇ္ဇာကို အစ၌ ထားခြင်းမှာ ဟောစဉ်အရ ထားခြင်း၊ ဒေသနာအရ အစထားခြင်းသာ ဖြစ်၏။
အဝိဇ္ဇာသည် ဝဋ်တရား၏ အစ မဟုတ်။
ဝဋ်တရားမှာ မမြင်နိုင်သော အစ၊ မသိအပ်သော အစရှိကြောင်း ဘုရားရှင် ဟောတော်မူ၏။

ပဋိစ္စသမုပ္ပါဒ်မှာ ဘီးတစ်ခုလို လည်နေ၏။

+++++

လောကချမ်းသာဆရာတော်ကလည်း စာချနည်းများအတိုင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်များကို အလွယ်တကူ မှတ်သားနိုင်ရန် အထူးတလည် ရှင်းပြ သင်ကြားပေးသွား၏။

မွန်းလွဲတွင် အောင်ဆန်းဆရာတော်ပူဇော်ပွဲ၌ အောင်ဆန်းဆရာတော်က ၂-နာရီခန့် တရားဟောကြား ချီးမြှင့်သွားပြီးဖြစ်၍ လောကချမ်းသာ ဆည်းဆာ တရားပွဲကို ယခုတပတ်တွင် မပြုလုပ်ဖြစ်တော့ပေ။


Read more...

CO2 ကောက်ကြောင်း၌ စီးမြောမိခြင်း


*ဤပို့ စ်ကို ရွံတတ်သူများ ဖတ်ရှုရန် မသင့်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။*

နိဒါန်း

“ဥပဒ္ဒုတံ ၀တ ဘော, ဥပဿဋ္ဌံ ၀တ ဘော

မနက်အလုပ်သွားဖို့  ရထားစီးရင်း အမြဲလို သတိထားမိတဲ့ ကိစ္စတစ်ခုကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅၀၀)ကျော်လောက်က လူငယ်တစ်ဦး ညကြီးမိုးချုပ် တရေးနိုးမှာ အလန့် တကြားရေရွတ်လိုက်တဲ့ စကားလေးကို သတိရမိစေပါတယ်။

ကျွန်တော် အခုရောက်နေတဲ့မြို့ က ခေတ်မီတိုးတက်တယ်လို့ သတ်မှတ်ထားတဲ့ အခြားနိုင်ငံတွေမှာရှိတဲ့ မြို့ ကြီးများနည်းတူ မနက်အလုပ်သွားချိန်နှင့် ညနေအလုပ်ဆင်းချိန်တွေမှာ ရထားဘူတာတွေနှင့် ရထားတွေထဲမှာ ရုံးသမား၊ အလုပ်သမား အလွှာပေါင်းစုံက လူမျိုးအသီးသီးတွေနှင့် ပြည့်ကျပ်ညှပ်ပိတ်နေတတ်တာ ဓမ္မတာပါဘဲ။ ရထားတွေကလည်း တစ်စီးပြီး တစ်စီးဆက်တိုက်ဆိုသလို တန်းစီဆွဲပေးနေပေမယ့်လို့  ထူထပ်တဲ့လူဦးရေကြောင့် အလုပ်ချိန်တွေမှာ ရထားစီးတဲ့လူက လျော့သွားပြီး ချောင်တယ်ရယ်လို့ မရှိတတ်ပါဘူး။ ဆင်းတဲ့သူက အတင်းတိုးဆင်း၊ တက်မယ့်သူက အတင်းတွန်းတက်နှင့် ရထားရဲ့ တံခါးအပေါက်ဝကျဉ်းကျဉ်းတွေဟာ ရထားထွက်ဖို့ တံခါးအလိုအလျောက်ပိတ်တော့မှဘဲ တိုးနေတာတွေ ရပ်သွားရတတ်ပါတယ်။ အထဲရောက်တော့လည်း ထိုင်ခုံတွေက အားလုံးပြည့်နေ၊ ရပ်နေတဲ့လူတွေကလည်း အပြည့်။ အဲဒီမှာမှ သွားမယ့်ခရီးဝေးသေးရင် တံခါးပေါက်ကနေ အတွင်းထဲရောက်အောင် အတင်းတိုးဝင်ရပ်ဖို့ ကြိုးစားရပါတယ်။ အင်း...ဘာပဲပြောပြော မြန်မာပြည်အလွမ်းပြေလေးပါဘဲ။


တခါတလေ ကံကောင်းရင်တော့ ကိုယ်ရပ်နေတဲ့နေရာ အရှေ့ ကထိုင်ခုံမှာ ထိုင်နေတဲ့သူက ကိုယ် သူ့ ရှေ့ ရပ်လို့ မှ သိပ်မကြာခင် ဆင်းဖို့ လုပ်ပြီဆိုရင်တော့ ကံထူးသူအဖြစ် ထိုင်ခုံ နေရာရတတ်ပါတယ်။ ထိုင်လိုက်ရရင်တော့ ရပ်ပြီးစီးရတာထက်တော့ အများကြီးသက်သာသွားတယ်လို့  ဆိုရပေမပေါ့။ သို့ သော်လည်း.........အဲဒီ သို့ သော်လည်းက ဒီစာရေးဖြစ်တဲ့ အကြောင်းပါပဲ။

(၁)

ယေဘုယျအားဖြင့် ကျွန်တော်မြင်သလောက်ပြောကြည့်ရရင် ဒီမြို့ကလူတွေရဲ့ ဘ၀ပုံစံက မနက် မိုးလင်းကနေ မိုးချုပ်တဲ့အထိ တစ်နေကုန် အလုပ်လုပ်ကြတယ်။ မိုးချုပ်လို့ အလုပ်ပြီးရင် အများအားဖြင့် အိမ်ကိုတော့ တန်းမပြန်တတ်ကြဘူး။ အပေါင်းအသင်းမိတ်ဆွေတွေနှင့် စားသောက်ဆိုင်တစ်ခုခုကိုဝင်ပြီး ညနေစာ စားရင်း၊ သောက်ရင်း စကားစမြည်ပြောကြတယ်။ ညနက်မိုးချုပ်မှ အိမ်ပြန်ဖို့ လုပ်ကြပါတယ်။ အိမ်ပြန်ချိန်မှာတော့ တစ်နေ့ လုံးအလုပ်လုပ်ထားလို့  ပင်ပန်းနေတာရော၊ သောက်စားထားတာတွေရောပေါင်းပြီး သူတို့ တွေ အားအင်ကုန်ခန်းလို့  ချိနဲ့ နေကြပါပြီ၊ အချို့ လည်း အမူးလွန်ပြီး ဘူတာမှာ အန်တဲ့သူကအန်၊ ရထားထဲ အန်တဲ့သူက အန်ပေါ့။

ဒီလို့ နဲ့ မနက်ရောက်လို့  အလုပ်ပြန်သွားရမယ်ဆိုတော့ အိပ်ယာကနေ အလုပ်ချိန်နီးကပ်မှ ထပြီး ဘူတာကို အပြေးတစ်ပိုင်းသွားကြ၊ ရထားမီအောင် လုတက်ကြ၊ ဒီလိုနဲ့  တစ်နေ့ တာ ပြန်စကြတာပါဘဲ။ အချို့ ဆို ဘူတာသန့် စင်ခန်းထဲက လက်ဆေးဘေဇင်ကျမှ မျက်နှာသစ်၊ သွားတိုက်လုပ်ကြတာမျိုးလည်း တွေ့ ရတတ်ပါတယ်။ သင်ဖူးတဲ့စာထဲက ဂျပန်လူမျိုးတွေကျင့်သုံးတဲ့ Just In Time စနစ်ဆိုတာကိုတောင် ပြေးပြီးသတိရမိပါတယ်။ အခုမှပဲ လက်တွေ့ မြင်ရတော့တာကိုး။


ဒီလိုနဲ့ ရထားထဲကို ရောက်ကြပြီဆိုတဲ့အချိန်မှာတော့....။
ရထားထဲမှာ လေအေးပေးစက်က ဖွင့်တော့ထားပါတယ်၊ ဒါပေမယ်လို့  လူတွေတအားများနေတော့ သူလည်း အေးသင့်သလောက် မအေးပေးနိုင်တော့ဘူးပေါ့။ အထူးသဖြင့် အခုလိုနွေရာသီအချိန်မှာဆို အပူချိန်က အပြင်မှာ သိသိသာသာမြင့်နေတော့ ရထားတွင်းမှာလည်း အအေးက အပြင်အပူကို ကျော်ဖို့ မနဲကို ကြိုးစားနေရပုံပါ။

ထိုင်ခုံနေရာရပြီး စီးရတဲ့သူ (၁၀)ယောက်မှာ (၇)ယောက်လောက်က စထိုင်ပြီဆိုတာနှင့် ငိုက်ကြပါတော့တယ်။ ဒါကတော့ဒီမြို့ ကလူတွေရဲ့ ဓလေ့ထုံးစံပါဘဲ။ အိပ်ရေးမ၀တဲ့ ဝေဒနာဟာ လူတိုင်းနီးပါးမှာ ရှိနေကြပါတယ်။ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ကျားမ မရွေး ငိုက်ကြပါတယ်။ ငိုက်ရင်းတချို့ ဆို ဟောက်သံတောင်ထွက်လာတတ်ပါတယ်။ တချို့ လည်း ဘေးကလူပေါ် ယိုင်ကျလိုကျ၊ ဒါမှမဟုတ် ခေါင်းနှင့် အနောက်ကပြူတင်းပေါက်မှန်နှင့် ဆောင့်လို ဆောင့်ပေါ့။

(၂)

နေရာရလို့ ထိုင်စီးတဲ့အခါ မတ်တပ်ရပ်နေရတာမဟုတ်တော့လို့  ခန္ဓာကိုယ်သက်သာသော်လည်း ကိုယ့်ရဲ့ ဘေးက ငိုက်နေသော ပုဂ္ဂိုလ်များရဲ့ ခေါင်းများ ကိုယ့်စီအရှိန်နှင့် လာမဆောင့်အောင် သတိပြုနေရတတ်သလို၊ တခြားဆိုးတဲ့ကိစ္စတစ်ခုကတော့ အနံ့ အသက်များပဲ ဖြစ်ပါတယ်။

လေအေးပေးစက်တွေ သိပ်မနိုင်တာလည်း အကြောင်းတစ်ခုပါဘဲ။ ခုနကပြောခဲ့သလို လူတော်တော်များများက အိပ်ယာက လူးလဲထလာကြတာတွေဆိုတော့....။ သူတို့ တွေရဲ့ ထွက်သက်တိုင်းဟာ လေထုကို သက်ရောက်မှုဖြစ်နေတော့တာပါဘဲ။ အားလုံးနီးပါးကတော့ ကိုယ်ခန္ဓာကို ရေမွှေးတွေ၊ ခေါင်းလိမ်းဆီတွေ၊ ပေါင်ဒါတွေ လိမ်းကျံချယ်သလာကြတဲ့ သူတွေချည်းပါဘဲ။ ဒါပေမယ့် လိမ်းထားတဲ့နံ့ သာတွေရဲ့ အနံ့ က သက်သက်၊ ကိုယ်ခန္ဓာထဲကထွက်ပေါ်လာတဲ့အနံ့ က သက်သက်ဆိုတာ သတိပြုမိသူ နည်းလိမ့်မယ်ထင်ပါတယ်။

ရထားစီးရင်းက မြန်မာပြည်မှာတုန်းက ခရီးဝေးသွားခဲ့တဲ့အတွေ့ အကြုံတွေကိုလည်း သတိရမိပါတယ်။ လေအေးပေးစက်သိပ်မကောင်းတဲ့၊ ဒါမှမဟုတ် ဆီချွေတာပြီး အအေးလျှော့ထားတတ်တဲ့ Express ကားတွေကို စီးရတဲ့အခါမျိုးတွေနှင့် ကြုံခဲ့ဖူးပါတယ်။ ညဘက်အားလုံးအိပ်ပျော်နေတဲ့အချိန် ရုတ်တရတ်တရေးနိုးလာမိပြီဆိုရင် တစ်ကားလုံးမှာရှိတဲ့ ခရီးသည်တွေရဲ့  ထွက်သက်က ဖြစ်လာတဲ့ အနံ့ ကို ရှူရှိုက်ရမိတတ်ပါတယ်။ အဲဒီအခါ တော်တော်ကို နှာခေါင်းအဆင်မပြေမှုဖြစ်ပြီး အမြန်ဆုံးပြန်အိပ်ပျော်နိုင်ဖို့ ကို ကြိုးစားရပါတော့တယ်။ မဟုတ်ရင်တော့ ဒီဒေါမနဿဝေဒနာနှင့် မနက်ရောက်တဲ့အထိ နှစ်ပါးသွားရပါတော့တယ်။

(၃)

ဒီမြို့ မှာရှိတဲ့ အိမ်ခန်းတွေအားလုံးဟာ အလုံပိတ်တွေများတယ်။ မှန်တံခါးထုကြီးတွေ၊ သံတံခါးမကြီးတွေနှင့် ဖွဲ့ စည်းထားပါတယ်။ ရာသီဥတုကလည်း အေးပြီဆို သုညအောက်ရောက်သွားတတ်သလို ပူပြီဆိုရင်လည်း မီးဖိုနားရပ်နေရသလိုမျိုးကိုး။ အဲဒီတော့ လူတိုင်း အခန်းထဲမှာ လေအေးနှင့် လေပူ ပေးလို့ ရတာတွဲပါတဲ့ စက်တွေတပ်ဆင်ပြီး နေကြပါတယ်။ အခန်းတွေက လေ၀င်ပေါက် လုံးဝမရှိတော့ တခါတလေ မနက်စောစောစီးစီး အခန်းထဲက သူများတွေအိပ်နေချိန်မျိုး အပြင်ကနေပြန်လာမိရင် အခန်းတံခါးမကြီး ဆွဲဖွင့်လိုက်တာနှင့် နှာခေါင်းထဲကို အနံ့ တစ်ခုက တန်းခနဲဝင်လာပြီး ကြိုဆိုတတ်ပါတယ်။ (အခုတော့ လေသန့် စက်လေး တစ်လုံးဝယ်ပြီး အခန်းထဲဖွင့်ထားတော့ နဲနဲတော့ တော်သွားပါတယ်။ ဒီလိုဘဲ နည်းပညာအထောက်အကူယူရတာပေါ့လေ။)

အမှန်တော့ ကျွန်တော်အပါအ၀င် လူတိုင်း၊ သတ္တ၀ါတိုင်းဟာ အပုပ်ကောင်ရုပ်ဆောင်ပြီး နေကြရတဲ့ သူတွေမဟုတ်ပါလားဗျာ။ ကိုယ်ကသူများတွေနံတာလျှောက်ပြောနေလို့  ကိုယ်ကိုယ်တိုင်ရော မနံဘူးလားဆိုတော့ နံတာပါဘဲ။ ဒါက သဘာဝတွေထဲက သဘာဝတစ်ခုဘဲကိုး။ လူဆိုတာမျိုးကလည်း တစ်ကိုယ်ရည် သန့် ရှင်းရေး လုပ်ပေးနေလို့ သာပါ။ သန့် သန့် ရှင်းရှင်းမနေဘဲ နှစ်ရက်လောက် ပစ်ထားကြည့်ရင် မသာရဲ့ သဘာဝတွေ အထင်းသားပေါ်လာတော့တာပါဘဲ။

မြန်မာပြည် နယ်ဘက်တွေက သုဿန်တွေကို သွားဖူးရင် အသုဘကမ္မဋ္ဌာန်းကို အမြည်းအနေနှင့် တီးခေါက်ကြည့်လို့ ရတတ်ပါတယ်။ တစ်ယောက်ယောက်သေဆုံးလို့  သုဿန်မှာ လာမြေမြှုပ်သွားတဲ့အခါ တကယ်လို့ အဲဒီမြှုပ်သွားတဲ့တွင်းကလည်း တိမ်မယ်၊ သေသေချာချာလည်း မြေမဖို့ ခဲ့ဘူးဆိုရင် မြှုပ်ပြီး နောက်တစ်ရက်ရောက်ပြီဆိုရင်တော့ အနံ့ က လှိုင်နေအောင်ထွက်လာတော့တာပါဘဲ။ သက်ဆိုင်သူမိသားစုကတော့ နောက်တစ်ခေါက်ထပ်မလာတော့လို့  သူတို့ ရဲ့ သေဆုံးသွားတဲ့ ချစ်ခင်သူရဲ့ နောက်ဆက်တွဲအခြေအနေကို မသိနိုင်လောက်တော့ဘူးပေါ့။ ဂူသွင်းပြီး သဂြိုလ်ရင်တော့ မြင်ကွင်းက ပိုရှင်းတတ်ပါတယ်။ ဂူသွင်းပြီး နောက်တစ်ရက်နှစ်ရက်လောက်နေရင် အုပ်ဂူအောက်ခြေပိုင်းကနေ အရည်စီးကြောင်းတွေ စိမ့်ထွက်လာတတ်ပါတယ်။ အဲဒီအရည်နှင့်အတူ အနံ့ ကလည်း ရောပါလာတာပေါ့။ သေဆုံးသွားသူရဲ့  သက်ဆိုင်သူတွေသာ ဒီမြင်ကွင်းကို မြင်ကြရရင် ဘယ်လိုခံစားကြရမလဲတော့ မပြောတတ်ပါဘူး။ ကိုယ့်မှာတော့ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုအပေါ် ထိတ်လန့် မှုတွေအစဉ်အတန်းကြီး ဖြစ်ရတတ်ပါတယ်။

(၄)

“ဥပဒ္ဒုတံ ၀တ ဘော, ဥပဿဋ္ဌံ ၀တ ဘော”

“အို-အချင်းတို့ ...အလုံးစုံသော ကိုယ်၏အဖြစ်သည် နှစ်သက်ခင်မင်ဖွယ် မရှိဘဲလျက် တပ်ငြိစွဲလန်းသဖြင့် ပင်ပန်းနှိပ်စက်လေစွတကား၊ ဤခန္ဓာငါးပါး၏ အဖြစ်သည် အနှစ်သာရမရှိ၊ တစီးတွင်း၌ တက်သောအမြှုပ်ကဲ့သို့  ယုတ်မာလှစွာလျက် တဏှာ၏အဟုန်ဖြင့် စုံမက်ခြင်းပြင်း၍ ညှဉ်းဆဲပူလောင်လေစွတကား”

ဒီစကားကို ရေရွတ်လိုက်တဲ့သူကတော့ ဘုရားရှင်လက်ထက်တော်အခါက အားလုံးသိထားကြတဲ့ ယသသူဌေးသားပါပဲ။

မြတ်စွာဘုရားရှင် ပဉ္စ၀ဂ္ဂီငါးပါးကို ဓမ္မစကြာတရားဦးဟောပြီး မိဂဒါဝုန်တောမှာ သီတင်းသုံးနေတော်မူတဲ့အချိန် ဗာရာဏသီပြည် သေနနိဂုံးက နို့ ဆွမ်းလှူတဲ့ သုဇာတာရဲ့ သား ယသသူဌေးသားဟာ ပြဿဒ်သုံးဆောင်မှာ ရာသီအလိုက် တလှည့်စီ တစ်ထောင့်ငါးရာသော မောင်းမမိဿံတွေနှင့် မိမိကလွဲ တခြားသော ယောကျာ်းမရှိပဲ ကာမဂုဏ်စည်းစိမ်းကို ခံစားနေပါတယ်။

တစ်ညမှာတော့ သတို့ သားဟာ ခပ်စောစောအိပ်ပျော်သွားပြီး ညဥ့်နက်ပိုင်းမှာ တရေးနိုးထလာတယ်။ အဲဒီအချိန်ဟာ မိုးတွင်းကာလဖြစ်တော့ (ကျွန်တော့်စိတ်ထင် ပြဿဒ်ရဲ့ လေသာပြူတင်းတွေကို မိုးလေမ၀င်အောင်လို့ ပိတ်ထားကြမယ်ထင်တယ်) ညအစောပိုင်းတုန်းကတော့ သူဌေးသားကို အလုပ်အကျွေးတွေက ၀ိုင်းပြီး ယပ်ခပ်ပေးနေကြမှာပါ။ မင်းသားလည်း အိပ်ပျော်သွားရော၊ သူတို့ တွေလည်း ယပ်ခပ်တာကို ရပ်နားကြပြီး အိပ်မောကျနေစဉ် အခန်းဟာ လေ၀င်လေထွက်မရှိတော့ဘဲ လှောင်ပိတ်နေဖို့ များပါတယ်။ သတို့ သားက အိုက်စပ်စပ်နှင့် နိုးလာတဲ့အချိန် မိမိရဲ့ ကိုယ်လုပ်မောင်းမတွေမှာ ဟောက်တဲ့သူက ဟောက်၊ အ၀တ်အစားဖရိုဖရဲနှင့် အိပ်ပျော်တဲ့သူက ပျော်၊ လက်ကားယား ခြေကားယားတွေနှင့် အိပ်တဲ့သူကအိပ်၊ ဒီကြားထဲ သူတို့ တွေဆီကထွက်လာတဲ့ စက်ဆုပ်ဖွယ်အနံ့ တွေကို ရတဲ့အခါ သတို့ သားဟာ စိတ်နှလုံးတုန်လှုပ်ပြီး အလန့် တကြား ခုနက စကားကို ရေရွတ်မိတာ ဖြစ်ပါလိမ့်မယ်။

ဒီလိုနဲ့ ပဲ ယသသတို့သားဟာ ပြဿဒ်ကနေထွက်လာ၊ မိဂဒါဝုန်တောကို ရောက်ပြီး စကြံင်္လျှောက်တော်မူနေတဲ့ မြတ်စွာဘုရားရှင်နှင့် ဆုံတွေ့ပါတော့တယ်။ ဒီအခါမှာလည်း ယသဟာ “ဥပဒ္ဒုတံ” ကိုပဲ မြတ်စွာဘုရားရှင်ကို ပြောကြား လျှောက်ထားလိုက်ပါတယ်။ ဒီတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ြ
ကီးက-

“ဣဒံ ခေါ ယသ အနုပဒ္ဒုတံ အနုပဿဋ္ဌံ၊ ဧဟိ ယသ နိသီဒ၊ ဓမ္မံ တေ ဒေသေဿာမိ”

“ချစ်သား ယသ.... ငါ ရအပ်သော အမြိုက်နိဗ္ဗာန်သည် ရွံ့ရှာစက်ဆုပ်အပ်သော သဘောမရှိ၊ ထိပါးနှိပ်စက်ခြင်းလည်း ကင်း၏၊ သန့် ရှင်းစင်ကြယ်စွာ ချမ်းသာ တကာတို့ ၏ အထွတ်လည်းဖြစ်၏၊ ယုတ်ညံ့သော သတ္တ၀ါတို့  ရောက်ခြင်းငှာမထိုက်၊ ကြီးမြတ်သော ပုညသမ္ဘာရ ရှိသောသူတို့ ၏ နေရာသာလျှင်ဖြစ်၏၊ အနှစ်သာရနှင့်ပြည့်စုံ၍ ဂုဏ်အပေါင်းတို့ ၏ တည်ရာလည်းဖြစ်၏၊ ချစ်သား ယသ.... စင်ကြယ်လှသော သုခကို သင်အလိုရှိမူကား လျင်စွာလာလော့၊ ချမ်းသာကြောင်းဖြစ်သော နိဗ္ဗာန်တရားကို သင့်အား ငါဟောအံ့”


လို့ မိန့် တော်မူပြီး ကြိုဆိုခဲ့ပါတယ်။ ဒီလိုနဲ့ ပဲ ယသလုလင်တစ်ယောက် ဘ၀တွေရဲ့ ကုန်ဆုံးရာဆီသို့ ဆိုက်ရောက်ခိုလှုံသွားခဲ့ရပါတော့တယ်။

နိဂုံး

ကျွန်တော်အခုရောက်နေတဲ့ မြို့ မှာတော့ တီဗွီတွေထဲမှာ အိပ်ယာထ ပါးစပ်မနံအောင်ဆိုပြီး သောက်ဖို့ ဆေးပြားလေးတွေ ကြော်ငြာနေတာတော့ တွေ့ နေရပါတယ်။ သွားတိုက်ဆေးကြော်ငြာတွေ၊ ခံတွင်းသန့် ဆေးကြော်ငြာတွေကတော့ ထုံးစံအတိုင်း အသွင်အမျိုးမျိုးနှင့် စားသုံးသူတွေ ၀ယ်ချင်စိတ်တဖွားဖွားပေါ်လာအောင် ဆွဲဆောင်နေကြလေရဲ့ ။

ခေတ်မီနည်းပညာတွေနှင့်တော့ လူတွေရဲ့ အမှန်သရုပ်ကို ဟန်လုပ်ဖုံးကွယ်ဖို့  နည်းပေါင်းစုံနှင့် ကြိုးစားနေကြတာ တိုးတက်ဖွံ့ ဖြိုးမှုရဲ့ လက္ခဏာတစ်ခုအနေနှင့်တော့ ချီးကျူးရမှာ အမှန်ပါပဲ။ ဒါပေမယ့်....ခန္ဓာရဲ့ တကယ့်အရှိတရားက အပုပ်ကောင်ရုပ်ဆောင်နေတာသာမို့  တစ်ချိန်မှာတော့ ကြိုးစားပြုပြင် ဖုံးကွယ်ထားတာတွေ အားလုံးရပ်ဆဲပြီး အရှိ အရှိအတိုင်း ဖြစ်မယ့်၊ ကျန်ခဲ့မယ့် အချိန် ရောက်လာကြမှာပါဘဲ။ အဲဒီအချိန်မတိုင်မီ ဒီအပုပ်ခန္ဓာကိုယ်ကို အရင်းပြုပြီး အကျိုးတစ်စုံတစ်ရာထွက်အောင် လုပ်ထားနိုင်မှသာ တော်ပေတော့မယ်လို့  ရထားပေါ်မှာ နိုးတစ်ဝက် ငိုက်တစ်ဝက်နှင့် ကိုယ့်ဟာကိုယ်နှလုံးသွင်းမိရင်း.....

လေးစားစွာဖြင့်
ဝိမုတ္တိသုခ


ကျမ်းကိုး
ဇိနတ္ထပကာသနီကျမ်း

Read more...

ဒီတစ်ခုကိုမှ မလုပ်လို့ရှိရင်

ဒီတစ်ခုကိုမှ မလုပ်လို့ရှိရင်
ကိုယ့်မှာရှိတဲ့ အကောင်းဆုံး စိတ်ထားတွေ၊
အကောင်းဆုံး အသိဥာဏ်တွေ ထွက်လာဖို့ဆိုရင်
ကိုယ့်စိတ်ကို ကိုယ် သိပြီးနေတဲ့ အလေ့အကျင့်ဟာ
အခြေခံ အဓိက လုပ်ရမယ့်အလုပ်ဖြစ်တယ်။


ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာ လူသားရဲ့ အင်မတန်ထူးခြားတဲ့ အရည်အသွေးတစ်မျိုးဖြစ်တယ်။ တိရစ္ဆာန်တွေမှာ အဲဒီ စွမ်းရည်မျိုး မရှိဘူး။ တကယ်အမှန်ပြောရမယ်ဆိုရင် ကိုယ်စိတ်ကို ကိုယ်သိတာ လူသားရဲ့ အမြင့်မြတ်ဆုံးစွမ်းရည် ဖြစ်တယ်လို့ ပြောလို့ရတယ်။

ကိုယ့်စိတ်ကိုကိုယ် သိတယ်ဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းတွေ ထွက်လာဖို့ အဓိက အကြောင်းဖြစ်တယ်။ ဒီတစ်ခုကို မလုပ်လို့ရှိရင် ဒီထက်ကောင်းတဲ့ တခြားအရည်အချင်းတွေ ထွက်မလာနိုင်ဘူး။ ကိုယ်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေ၊ အကောင်းဆုံးအသိဥာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ်စိတ်ကိုကိုယ် သိပြီးနေတဲ့ အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမယ့်အလုပ်ဖြစ်တယ်။

ဒါကြောင့် အချိန်ရသလောက် သတိရတိုင်း ကိုယ့်စိတ်ကိုကိုယ်ကြည့်ပြီးတော့ ဘာတွေ တွေးနေလဲ၊ ဘာတွေ ခံစားနေသလဲ၊ ခုလုပ်နေတာ၊ ပြောနေတာတွေဟာ ဘာကို တန်ဖိုးထားပြီး လုပ်နေတာလဲ၊ ပြောနေတာလဲဆိုတာကို မကြာမကြာ ဆန်းစစ်ရမယ်။

ဘက်လိုက်တာ မပါပဲနဲ့ ကိုယ့်ကိုကိုယ် ရိုးရိုးသားသား ကြည့်ပြီးတော့ အမှန်အတိုင်း သိနိုင်တယ်ဆိုတဲ့ ဒီအလုပ် ဒီအရည်အချင်းက တကယ်စစ်မှန်တဲ့စေတနာနဲ့ လူတွေ အပေါ်မှာ ဆက်ဆံဖို့ လိုအပ်တဲ့အရည်အချင်းဖြစ်တယ်။

ကိုယ်စိတ်ကို ရိုးရိုးသားသားမှ မကြည့်နိုင်ရင်၊ ကိုယ့်ကိုယ်ကို ညာပြီဆိုရင် သူများကိုလည်း ညာမယ်ဆိုတာ သေချာသလောက် ဖြစ်နေပြီ။

ဆရာတော်ဦးဇောတိက (ဘာကိုတန်ဖိုးထားရမလဲ)စာအုပ်မှ ကူးယူဖော်ပြပါသည်။


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

Read more...

နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ (၂)

Friday, August 27th, 2010 | Author: admin

ဗုဒ္ဓ
(ရုပ်စုံ ဗုဒ္ဓသာသနာဝင် စာအုပ်မှ ပန်းချီပုံအား ယူသုံးထားခြင်းဖြစ်သည်။)

ထို့နောက် မြတ်ဗုဒ္ဓသည် နောက်ဆုံးဝါဆိုတော်မူခဲ့ရာ ဝေဠုဝရွာ မှ သာဝတ္ထိမြို့သို့ကြွချီတော်မူလေသည်။

သာဝတ္ထိမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့ ၌ အရှင်သာရိပုတ္တရာကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူခဲ့လေသည်။
အဲဒီနောက် သာဝတ္ထိမှ ရာဇဂြိုလ်မြိုသို့ ဆက်လက်ကြွတော်မူသည်။
ရာဇဂြိုလ်မြို့တွင် တန်ဆောင်မုန်းလကွယ်နေ့၌ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူလေသည်။

အဲဒီ့နောက် ဝေသာလီပြည် စာပါလစေတီသို့ကြွတော်မူ၏။ တပို့တွဲလပြည့်နေ့တွင် စာပါလစေတီသို့ ရောက်လေ၏။ ထိုနေရာတွင် မြတ်ဗုဒ္ဓသည် အာယုသင်္ခါရ ကို စွန့်လွှတ်တော်မူလေ၏။ ရောဂါကင်းဝေး၊ အသက်ရှည်ရန် ပြုပြင်မှု ဖလသမာပတ်ဝင်စားခြင်းကို အပြီး စွန့်လွတ်လိုက်ခြင်းဖြစ်၏။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူရန် (၃)လသာ လိုတော့လေသည်။

ထိုစာပါလစေတီမှတဖန် ဝေသာလီပြည် မဟာဝုန်တော ကျောင်းတိုက်ကြီးရှိရာသို့ ကြွချီတော်မူလေသည်။ ထိုကျောင်းတိုက်ကြီးတွင် မြတ်ဗုဒ္ဓသည် သံဃာတော်များ စုစည်းခေါ်ယူပြီး သာသနာအရှည်တည်တံ့ကြောင်းတရားတော်ကို ဟောတော်မူခဲ့၏။
ထိုကျောင်းတိုက်ကြီးမှတဖန် ဘဏ္ဍုရွာသို့ ကြွတော်မူလေသည်။
ထိုရွာ၌ သီလ၊ သမာဓိ၊ ပညာ၊ ၀ိမုတ္တိ တရားတော်ကို ဟောတော်မူလေသည်။
ထိုဘဏ္ဍုရွာမှတဖန် ဟတ္ထိရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာ၊ ဘောဂမြို့ သို့ တဆင့်ဆင့် ကြွချီတော်မူခဲ့လေသည်။ ထိုဘောဂမြို့၌ မြတ်ဗုဒ္ဓသည် မဟာပဒေသလေးပါးတရားတော်ကို ဟောတော်မူခဲ့၏။

ထို့နောက် ဘုရားကိုယ်တော်မြတ်သည် များစွာသော ရဟန်းသံဃာတို့နှင့်အတူ ဘောဂမြို့မှ ပါဝါပြည်သို့ ဆက်လက် ခရီးဒေသစာရီ ကြွချီတော်မူလေပြီ။

ပါဝါပြည်သို့ ရောက်ရှိသော အချိန်မှာ..ကဆုန်လဆန်း ၁၄ရက် ညနေစောင်းအချိန်ဖြစ်၏။

ပါဝါပြည် စုန္ဒအမည်ရှိသော ရွှေပန်းတိမ်သည် ၏ သရက်တောဥယျာဉ်ကြီးတွင် သီတင်းသုံးနေတော်မူလေသည်။

စုန္ဒရွှေပန်းတိမ်သည်လည်း မြတ်ဗုဒ္ဓထံသို့ ရောက်ရှိလာပြီး နောက်နေ့ နက်ဖြန် သံဃာတော်များနှင့်တကွ ဆွမ်းဘုန်းပေးခြင်းကို လက်ခံတော်မူပါရန် လျှောက်ထားလေသည်။ မြတ်ဗုဒ္ဓမှ လက်ခံတော်မူပြီးနောက် စုန္ဒလည်း ဆွမ်း ခဲဖွယ် ဘောဇဉ်တို့ကို ပြည့်စုံစွာ ပြင်ဆင်လေတော့သည်။ စုန္ဒစီမံသော အစားအစာများထဲတွင် သူကရမဒ္ဒ၀ အမည်ရှိသော စားဖွယ်လည်းပါဝင်သည်။
ထို သူကရမဒ္ဒ၀ စားဖွယ်မှာ အဋ္ဌကထာများတွင် (၅)မျိုးကွဲပြားနေလေသည်။

  1. မကြီးမငယ် ၀က်သားစားဖွယ်
  2. မှိုစားဖွယ်
  3. မျှစ်စားဖွယ်
  4. နွားနို့အရသာ ငါးမျိုးဖြင့် စီမံထားသော စားဖွယ်
  5. ဆေးတို့ဖြင့် စီမံထားသောစားဖွယ်..ဟူ၍ ကွဲပြားနေသည်။

လောကဓာတ် (၁)သောင်းမှ နတ်အပေါင်းတို့သည်လည်း ထိုသူုကရမဒ္ဒ၀စားဖွယ်ထဲသို့ နတ်သြဇာများထည့်၍ ပူဇော်ကြလေသည်။ စုန္ဒက..မြတ်ဗုဒ္ဓအား မနက်စောစောတွင် ဆွမ်းစားပင့်လေသည်။ မြတ်ဗုဒ္ဓက..စုန္ဒကပ်သော စားဖွယ်များထဲမှ ထိုသူကရမဒ္ဒ၀တွင် နတ်သြဇာများပါဝင်နေသည်ကို သိတော်မူ၏။ မြတ်ဗုဒ္ဓမှတပါး တခြားသူများစားလျင် အစာမကြေနိုင်မှန်းကိုလည်း သိတော်မူလေသည်။ နတ်သြဇာများပါဝင်နေသောကြောင့် ကမ္မဇတေဇောဓတ် အားကောင်းမှသာလျင် စားသုံးနိုင်၏။ ထိုကြောင့် မြတ်ဗုဒ္ဓက..အခြားသံဃာများအတွက် စိုးရိမ်တော်မူပြီး..ထိုစားဖွယ်မှလွဲလျင် တခြားစားဖွယ်တို့ကို သံဃာတို့အား ကပ်လိုက်ဟု စုန္ဒအား မိန့်တော်မူ၏။ ထိုစားဖွယ်ကိုတော့ ငါဘုရားကိုသာ ကပ်ပါဟု မိန့်တော်မူ၏။ ဆွမ်းဘုန်းပေးပြီး ကြွင်းကျန်ရှိသော ထို သူကရမဒ္ဒ၀ဟင်းတို့ကို တွင်းတူး၍ စွန့်ပစ်လိုက်ရန် မြတ်ဗုဒ္ဓက..စုန္ဒအား ထပ်မံမိန့်တော်မူလေ၏။

ထို့နောက်..မြတ်ဗုဒ္ဓသည် အလွန်ပြင်းထန်သော ရောဂါဝေဒနာ ခံစားရလေတော့၏။ ပရိနိဗ္ဗာန်စံဝင်လောက်အောင် ပြင်းထန်သော သွေးဝမ်းလွန်သော ရောဂါဖြစ်၏။

ထိုပြင်းထန်သော ဝေဒနာခံစားရခြင်းမှာလည်း စုန္ဒကပ်သော သူကရမဒ္ဒ၀စားဖွယ်ကြောင့် မဟုတ်ပေ။ စုန္ဒကပ်သော ဆွမ်းဟင်းကြောင့်ပင် မြတ်ဗုဒ္ဓမှာ အားအင်များပင် ပြည့်ဝလာပါသေး၏။ ယခုလို သွေးဝမ်းလွန်ရောဂါ ခံစားရခြင်းမှာ..ဟိုးရှေးဘ၀တုန်းက..ပြုခဲ့မိသောကံ၏ ၀ဋ်ကြွေးပင်ဖြစ်၏။

ကပတိအနေဖြင့် မြတ်ဗုဒ္ဓတွင် ဆင်ပေါင်းကုဋေတစ်ထောင်ဆောင်နိုင်သော အားအင် ရှိပေ၏။ သို့သော် ယခုတော့ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားရသောကြောင့် မြတ်ဗုဒ္ဓမှာ အားအင်တို့ ကုန်ခန်းသွားတော့လေ၏။

ထိုသို့ ရောဂါဝေဒနာဖြင့် အားအင်လျော့ကျနေပေမယ့်လည်း ဆက်လက်ခရီးဒေသစာရီ ဆက်လက်ကြွချီရန် အရှင်အာနန္ဒအား မိန့်တော်မူလေသည်။ ပါဝါပြည်မှ (၃)ဂါဝဂ် ဝေးကွာသော ကုသိနာရုံပြည်သို့ ဖြစ်၏။

ဤနေရာတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် တရားတော်၌ ပါဝါ နှင့် ကုသိနာရုံသည် (၆)မိုင်ဝေးကွာသည်ဟု ဟောထားသေးပါ၏။ ၁ဂါဝဂ်လျှင် ၂မိုင် နှုန်းဖြင့် (၆)မိုင်ဝေးကွာမည်ဟု ဟောထားသည်။

မြတ်ဗုဒ္ဓ ဒီခရီးကို ကဆုန်လပြည့်နေ့မှာပဲ ကြွတော်မူခဲ့ခြင်းဖြစ်၏။

အမှန်ဆိုလျင်…ရာသီဥတုကလည်း အလွန်ပူပြင်းနေသော ကဆုန်လဖြစ်၏။ ပရိနိဗ္ဗာန်စံဝင်ခါနီး၍ သွေးဝမ်းလွန်ရောဂါကြောင့် ဘုရားကိုယ်တော်မြတ်မှာ အလွန်ပင် အားအင်ကုန်ခန်းနေသော အချိန်ဖြစ်၏။ ထိုသို့ ပင်ပန်းစွာခံစားနေသည့်ကြားမှ ကုသိနာရုံသို့ ကြွတော်မူရခြင်းမှာ အကြောင်းရှိ၏။

သုဘဒ္ဒပုရိဗိုဇ်ကြီးကို ချေချွတ်တော်မူဖို့ရန်ဖြစ်၏။ သုဘဒ္ဒသည် ထိုကုသိနာရုံတွင် ရှိသည်။ သူသည် ဘုရားကိုယ်တော်မြတ်၏ တရားစကားကို နာလိုက်ရလျင်ပင် သစ္စာကိုသိမြင်ကာ နောက်ဆုံးသာဝကဖြစ်ပေလိမ့်မည်။ ထိုသုဘဒ္ဒ၏ တရားထူးမြင်မည့် အကျိုးစီးပွားကို မြင်တော်မူ၍သာ ကုသိနာရုံသို့ မြတ်ဗုဒ္ဓမှာ အပင်ပန်းခံ၍ ကြွချီတော်မူခြင်းဖြစ်၏။

ထို့ပြင် အတိုင်းတိုင်း အပြည်ပြည်မင်းတို့၏ ဆရာဖြစ်သော ပုဏ္ဏားဒေါနကြီးသည်လည်း ထိုအရပ်၌ပင်ရှိ၏။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်ပြီးလျင် ကျန်ရှိသော ဓာတ်တော်များကို ခွဲဝေပါက စီမံပေးမည့်သူသည်လိုပေ၏။ ထိုသို့ စီမံဝေပေးမည့်သူမရှိလျင် အတိုင်းတိုင်းအပြည်ပြည်မင်းတို့ အကြား ဓာတ်တော်လုပွဲကြီးဖြစ်၍ စစ်ပွဲပင် ဖြစ်နိုင်မည်ကို ကြိုတင်၍သိတော်မူ၏။ ထိုသို့သွေးချောင်းစီး စစ်ပွဲများ မဖြစ်ရလေအောင် ထိုအရပ်သို့ ကြွတော်မူရခြင်းလည်းဖြစ်၏။

မြတ်ဗုဒ္ဓသည် နောက်ဆုံးအချိန်လေးအထိ သတ္တ၀ါတို့အတွက် ပြည့်ပြည့်စုံစုံနှင့် ကောင်းစွာ အလုပ်လုပ်သွားခဲ့လေသည်။ ကိုယ်တော်မြတ်ကိုယ်တိုင် ဘယ်လောက်ပင်ပန်းနေပါစေ သတ္တ၀ါတစ်ဦးတစ်ယောက် သစ္စာမြင်သိမည့် အရေးဆိုလျင် ကိုယ်တော်တိုင် ကြွချီတော်မူလေသည်။ ခရီးဘယ်လောက်ဝေးနေပါစေ ရောက်အောင်သွားပြီး တရားဟောခဲ့၏။ အမှန်တရားကို ရှင်းလင်းဟောပေး၏။ လမ်းမှန် အကျင့်ကောင်းကို ညွှန်ပြပေး၏။ နောက်ဆုံး… စိတ်အညစ်အကြေးများ ကင်းစင်အောင် ဆုံးမပေးခဲ့၏။ တကယ်ပင် ကျေးဇူးကြီးမားလှပေသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဘုရားဂုဏ်တော်ကို ပေါ်လွင်စေသော စာပိုဒ်လေးကို ဖော်ပြလိုပါသည်။

“ ဗုဒ္ဓမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူမည့် ကဆုန်လပြည့်နေ့၌ နံနက်ပိုင်းတွင် စုန္ဒအမည်ရှိသော ရွှေပန်းတိမ်သည် ဆွမ်းကို ဘုန်းပေးပြီးသောအခါ ၀မ်းသွေးသွန်သော ရောဂါ အကြီးအကျယ်နှိပ်စက်နေ၍ သုဘဒ္ဒပရိပိုဒ်၏ တရားထူးရမည့်အရေးကို မြင်တော်မူ၍ သုဘဒ္ဒပုရိပိုဒ်အား သနားတော်မူသဖြင့် ပါဝါမြို့မှ ကုသိနာရုံအထိ ၃ဂါဝဂ် ၆မိုင်ဝေးကွာသော ခရီးကို ပင်ပန်းကြီးစွာဖြင့် ၂၅ပါးသော ဋ္ဌာနတို့၌ နားကာနားကာ ကြွချီတော်မူလေသည်။ ထိုသို့ကြွချီတော်မူခြင်းမှာ သုဘဒ္ဒအားသနားတော်မူသော မဟာကရုဏာတော်ကြောင့်ဖြစ်ပါ၏။ ထိုမဟာကရုဏာတော်ဖြင့် သနားခြင်းကြီးစွာဖြင့် ပင်ပန်းဆင်းရဲစွာ ကြွချီတော်မူသော ဗုဒ္ဓမြတ်စွာဘုရားကို တပည့်တော်တို့သည် ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။ ”



ပြင်းထန်စွာ ခံစားနေရသော ရောဂါဝေဒနာကို သည်းခံတော်မူပြီး ရှိသမျှအားအင်ကိုယူကာ..ကုသိနာရုံပြည်သို့ ကြွတော်မူခဲ့လေပြီ။

(ဆက်ရန်ရှိသေးသည်)

အောက်ပါတရားတော် နာယူမှတ်သားပြီး ရေးသားထားသည်။
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓတရားတော် (၂၇၊ ၁၂၊ ၁၉၇၇)- သီတဂူဆရာတော်ဘုရားကြီး

Read more...

ပညတ်နှင့် ပရမတ်…

ပညတ်နှင့် ပရမတ်ဟူသော စကားများကို အတော်များများ ကြားသိနေကြမည် ဖြစ်၏။ စာပေများတွင်လည်း အရေးများသကဲ့သို့ ဆရာတော် အတော်များများကလည်း ဟောပြောပေးနေသဖြင့် ရင်နှီးနေသော စကားများ ဖြစ်၏။ သို့သော် တိကျသည့် အဓိပ္ပါယ်နှင့် ဆိုလိုရင်းကိုကား မသိသူများလှ၏။ အများပညတ်ဟူ၍ ပညတ်နေကြ၊ အများပရမတ်ဟူ၍ ပရမတ်နေကြသော်လည်း ထိုစကားများ၏ အနက်အဓိပ္ပါယ်ကို ပြောပါဟုဆိုသော် မပြောနိုင်သူက များနေကြမည်သာ ဖြစ်၏။ အချို့မှာ ပညတ်ဟူသော စကား၊ ပရမတ်ဟူသော စကားများကို တွင်တွင်သုံးနေကြသော်လည်း လက်တွေ့ပိုင်းတွင် ပညတ်များဖြင့် ရှုတ်ထွေးနေပြီး စစ်မှန်သည့် ပရမတ်သဘောကို မသိသဖြင့် ပညတ်ကို ပရမတ်ဟု ထင်နေသူများအဖြစ် ရှိနေတတ်၏။ အချို့လည်း ပညတ်နှင့် ပရမတ်မကွဲသဖြင့် ပရမတ်ယောင်ယောင် ပညတ်ယောင်ယောင်ဖြစ်ကာ လိုအပ်လျှင် အရာရာကို ပညတ်ဟုဆိုသူများလည်း ရှိနေတတ်၏။ စင်စစ် ပညတ်နှင့် ပရမတ်ကို ၀ိပဿနာဉာဏ်ဖြင့် မခွဲခြားနိုင်သေးသမျှ လွဲမှားနေကြမည် ဖြစ်သော်လည်း သညာသိအားဖြင့်ကား ထိုအသုံးများသည့် ပညတ်နှင့် ပရမတ်တို့၏ အနက်အဓိပ္ပါယ်ကို သိထားရန် လိုအပ်လှ၏။ ထို့ကြောင့် စာပေအဖွင့်များနှင့်အညီ ပညတ်နှင့်ပရမတ်အကြောင်း အနည်းငယ် တင်ပြရခြင်း ဖြစ်ပါ၏။

ပညတ္တိအတ္ထ၊ ပရမတ္ထဟူသော စကားများကို မြန်မာမှုပြုကာ ပညတ်၊ ပရမတ်ဟု အလွယ်ပြောဆို နေကြသည့် ထိုစကားများ၏ မူရင်းအနက်အဓိပ္ပါယ်ကို ဗုဒ္ဓအဘိဓမ္မာ စာပေများတွင် ဥပမာအမျိုးမျိုးဖြင့် ရှင်းလင်းဖွင့်ဆိုထား၏။ ဘာသာဋီကာ ကျမ်းပြုဆရာတော် အရှင်မြတ်ကလည်း ပညတ္တိအတ္ထ၊ ပရမတ္ထတို့၏ အဓိပ္ပါယ်များကို သဂြုင်္ိဟ်ဘာသာဋီကာ ကျမ်းစာတွင် ဖွင့်ဆိုရှင်းပြထား၏။ ဘာသာဋီကာကျမ်းပြု ဆရာတော် အရှင်ဇနကာဘိဝံသက “လူနတ်ဗြဟ္မာ စသော သက်ရှိသတ္တ၀ါ အကောင်အထည် ဒြဗ်နှင့် ရေမြေတောတောင် အိမ်ကျောင်းစသော သက်မဲ့အရာဝတ္ထု ဟူသည်ကို ပညတ္တိအတ္ထဟု ဆိုကြောင်း၊ ရှေးလူကြီးသူမတို့ သမုတ်ထားအပ်သော အနက်ဒြဗ်ဖြစ်သောကြောင့် ထိုပညတ္တိအတ္ထကို သမ္မုတိအတ္ထဟုလည်း ဆိုကြောင်း” စသည်ဖြင့် ပညတ်၏ အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းပြ၏။ ပရမတ္ထ၏ အဓိပ္ပါယ်နှင့် ပတ်သက်၍လည်း “ပရမတ္ထဟူသည် မုချဆတ်ဆတ်ဖြစ်သော အနက်သဘော၊ ဗလောင်းဗလဲ ပြောင်းလဲခြင်းသဘော မရှိသော အနက်သဘောကို ဆိုကြောင်း” စသည်ဖြင့် ရှင်းပြ၏။

ထိုပညတ် ပရမတ်တို့တွင် ပညတ်သည် အကယ်စင်စစ် ထင်ရှားမရှိလှပေ။ ပုထုဇင်တို့က အဟုတ်အမှန် ရှိသည်ဟု ထင်ကြသော်လည်း အသေအချာ ခွဲခြမ်းစစ်သည့်အခါ အမှန်တကယ်မရှိ ဖြစ်နေတတ်ပေ၏။ လူကောင်ကြီးကို စစ်ဆေးလျှင် ဆံပင်အမွေးစသည့် ကောဋ္ဌာသ အစုအဝေးကိုသာ တွေ့ရမည်ဖြစ်ပြီး လူကိုတွေ့ရမည် မဟုတ်ပေ။ ထို့အတူ ဆံပင်အမွေး စသည်ကို စစ်ဆေးပြန်လျှင်လည်း ဆံပင် အမွေးစသည်ကို မတွေ့ရဘဲ ရုပ်အစုအဝေးကိုသာ တွေ့ရမည်ဖြစ်၏။ ဤသည်မှာ ပညတ်ဟူသမျှတို့၏ သဘောပင်ဖြစ်၏။ လောက အမှတ်အသားများအရ ရှိသည်ဟု ဆိုရသော်လည်း ဉာဏ်ဖြင့် စစ်ဆေးကြည့်သည့်အခါ အထင်အရှား မရှိတတ်ကြပေ။ ရုပ်နာမ်ဟူသော ပရမတ်သည်သာ အမှန်ရှိနေပြီး ဉာစ်ဖြင့်စစ်ဆေးနိုင်လေ အမှန်ရှိကြောင်း ထင်ရှားလေ ဖြစ်ပေ၏။ ထို့ကြောင့် ပညတ်သည် ရှိသော်လည်း မရှိသည့်တရား၊ ပရမတ်သည်ကား ကြည့်နိုင်လေ ရှိလေတရားဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

ထို့အတူ ပညတ်သည် ဖောက်ပြန်တတ်သည့် တရားဖြစ်ပြီး ပရမတ်သည်ကား မဖောက်ပြန်တတ်သည့် တရားဖြစ်သည်မှာလည်း ထင်ရှားလှ၏။ ဥပမာအားဖြင့် လူဟူသော ခန္ဓာကိုယ်ဒြပ် အထည်ပညတ်ကြီးကို ဖျက်စီး၍ ဆံပင်တစ်ပုံ၊ အမွေးတစ်ပုံ၊ ခြေသည်းလက်သည်း တစ်ပုံ၊ အရိုးတစ်ပုံ၊ သွားတစ်ပုံ၊ အရေတစ်ပုံ စသည်ဖြင့် စုပုံထားလျှင် လူမဟုတ်တော့ပေ။ လူဟူသော ပညတ်ကြီး ဖောက်ပြန်သွားပြီ ဖြစ်၏။ ဆံပင်အမွေးစသည့် ပညတ်များသာ ရှိလေတော့၏။ ထို ဆံပင်အမွေးစသည့် အစုပုံများထဲမှ အရိုးဟူသော ပညတ်အစုကိုလည်း မီးရှို့ဖျက်စီးလိုက်ပါက အရိုးဟူသည် မရှိတော့ဘဲ အရိုးဟူသော ပညတ်မှ မီးသွေးပြာဟူသော ပညတ်သို့ ပြောင်းလဲသွားလေတော့၏။ ထိုမီးသွေးကိုလည်း မှုန့်မှုန့်ညက်ညက် ထောင်းထုပြန်လျှင် မီးသွေးမဟုတ်တော့ဘဲ မြေမှုန့်အဖြစ် ပြောင်းသွားပြန်၏။ ဤသည်မှာ ပညတ်ဟူသမျှတို့၏ ထာဝရမတည် ဖောက်ပြန်ပြောင်းလဲတတ်သည့် သဘောပင် ဖြစ်၏။

ပရမတ်သဘောသည်ကား မည်သည့်အချိန်၊ မည်သို့သော အရာများတွင်မှ ပြောင်းလဲဖောက်ပြန်ခြင်း သဘောမရှိလှပေ။ ဥပမာအားဖြင့် ရုပ်နာမ်တရားတို့တွင် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော ဓာတ်ကြီးလေးပါး သဘောတရားများ ပါရှိ၏။ ပထ၀ီဓာတ်သည် ခိုင်မာခြင်း (ကက္ခဠ) သဘောရှိ၏။ ထို့ကြောင့် မည်သည့် ရုပ်နာမ်တွင်မဆို ထိုသဘောကို တွေ့ရမည် ဖြစ်၏။ အထက်တွင် ဆိုခဲ့သည့် မြေမှုန့်တွင်လည်း ဤပထ၀ီဓာတ်မှုန့်များ များစွာပါရှိ၏။ ထိုပထ၀ီဓာတ်၏ ခိုင်မာခြင်း (ကက္ခဠ) သဘောကို ဖွဲ့စည်းခြင်း (အာဗန္ဓ) သဘောသို့ ပြောင်းလွဲသွားအောင် ပြောင်း၍ မရပေ။ ထို့အတူ စိတ်၏အာရုံကို သိခြင်း (၀ိဇာနန) သဘောကို တွေ့ထိခြင်း (ဖုသန)စသော သဘောသို့ လည်းကောင်း၊ ဖဿ၏ တွေ့ထိခြင်း (ဖုသန) သဘောကို ခံစားခြင်း (အနုဘာဝ)စသော သဘောသို့လည်းကောင်း စသည်ဖြင့် ပြောင်းလဲသွားအောင် မည်သူမျှ မပြုလုပ်နိုင်ပေ။ နိဗ္ဗာန်၏ ငြိမ်းအေးခြင်း (သန္တိ) သဘော၏ မဖောက်ပြန်မှုကား ဆိုဖွယ်မရှိလှပေ။ အလားတူပင်။ လောဘစသည် တို့သည်လည်း လိုချင်မှုစသော သဘောမှ မပြောင်းလဲ၊ အလောဘစသည် တို့သည်လည်း မလိုချင်မှု သဘောမှ မပြောင်းလဲကြဘဲ မိမိ၏ မဖောက်ပြန်ခြင်း ပရမတ်သဘောအတိုင်း တစ်သမတ်တည်းပင် တည်ရှိနေလေ၏။ ကောင်းလျှင်လည်း ကောင်းသည့်အတိုင်း၊ မကောင်းလျှင်လည်း မကောင်းသည့်အတိုင်းသာ တည်ရှိနေပေ၏။ ဤသည်မှာ ပရမတ်ဟူသမျှတို့၏ မဖောက်ပြန်ခြင်း၊ မပြောင်းလဲခြင်း သဘောပင် ဖြစ်ပါ၏။

စင်စစ် ပညတ်နှင့် ပရမတ်တို့သည် ဆက်စပ်နေသည့် တရားများဖြစ်ပြီး အသီးသီး အမှီပြုကာ အကျိုးပြုနေသည့် တရားများဖြစ်၏။ ပညာရှင်တို့အဆိုအရ နှမ်းမှ ဆီကို ထုတ်ယူရသကဲ့သို့ ပရမတ်အနှစ်ကိုလည်း ပညတ်မှပင် ဉာဏ်ဖြင့် ထုတ်ယူကြရမည်သာ ဖြစ်၏။ ဥပမာအားဖြင့် လူဟူသော ပညတ်ကို ဉာဏ်ဖြင့် ခွဲဖျက်၍ ဆံပင်တခြား၊ အမွေးတခြား၊ ခြေသည်းလက်သည်း တခြား၊ သွား၊ အရေ၊ အရိုး၊ အကြော စသည် တခြားအဖြစ် ခွဲကြည့်လျှင် လူဟူသည့် ပုံသဏ္ဌာန် မရှိဘဲ ဆံပင်၊ အမွေး စသည်သာ ရှိမည်ဖြစ်၏။ ထိုဆံပင်စသည် များသည်လည်း ပညတ်များသာ ဖြစ်၏။ ဆံပင်စသည်ကို ထပ်၍ စစ်ဆေးကြည့်လျှင် သေးငယ်သည့် အဋ္ဌကလာပ် ရုပ်လေးများသာ ပူးတွဲပေါင်းစပ်နေသည်ကို တွေ့ရမည်ဖြစ်၏။ ထို့ကြောင့် ဆံပင်စသည့် အခေါ်အဝေါ်များသည် အမှန်တကယ် မရှိသည့် ပညတ်များဖြစ်ပြီး ထိုဆံပင်စသည်တို့တွင် အမှန်ရှိသည်မှာ သေးငယ်သည့် အဋ္ဌကလာပ် ရုပ်လေးများခေါ် ပရမတ်များသာ အမှန်ရှိနေသည်များ ဖြစ်ကြောင်းတွေ့ရမည် ဖြစ်၏။ ဤသို့သော ရုပ်ကလာပ်များဖြစ်သည့် ပရမတ်သဘောများအထိ မြင်အောင် ထုတ်ယူကြရမည်သာ ဖြစ်ပါ၏။

ထို့အပြင် လူဟူသောဒြဗ်တွင်လည်း အာရုံကို သိတတ်ထိတတ် ခံစားတတ်သည့် စိတ် ဝေဒနာ ဖဿစသည့် နာမ်ပရမတ်များလည်း ရှိနေသည်ကို တွေ့ရမည်ဖြစ်၏။ အစစ်အမှန် ထုတ်ယူရမည်ဆိုလျှင် လူဟူသော သက်ရှိပညတ်မှ ရုပ်နာမ်ဟူသော ပရမတ်ကို ထုတ်ယူကြရမည် ဖြစ်၏။ ထို့အတူ သတ်မဲ့ပညတ် တို့တွင်လည်း တောဟူသည် သစ်ပင်အများ စုပေါင်းနေသော အရာဝတ္ထုများသာ ဖြစ်ပြီး ထိုသစ်ပင်များကို တစ်ခုချင်း ခွဲခြားကြည့ှ်လျှင် တောဟူသည် ပြစရာ မရှိလှပေ။ ထိုသို့သော သက်မဲ့ပညတ်များမှလည်း အဋ္ဌကလာပ်ရုပ်ဟူသော ပရမတ်သဘောကို ထုတ်ယူကြရမည်သာ ဖြစ်ပါ၏။ ဤသို့လျှင် သက်ရှိသက်မဲ့ ပညတ်များမှ ရုပ်နာမ်ဓမ္မဟူသော ပရမတ်သဘောကို ထုတ်ယူကြရန် တိုက်တွန်းကြခြင်း ဖြစ်၏။

စင်စစ် ထိုသို့တိုက်တွန်း သမှုပြုကြသော်လည်း ထိုပညတ်နှင့် ပရမတ်သဘောကို အမှန်အစစ်သိရန် မလွယ်လှပေ။ အထူးသဖြင့် ပုထုဇင်တို့သည်ကား ပရမတ်၏ သဘောအမှန်ကို မသိနိုင်ကြပေ။ အကောင်အထည် ပုံဟန်များက ဖုံးအုပ်ထားသဖြင့် ပညတ်များအပေါ်တွင်သာ စိတ်အစဉ် ကျက်စားနေလေ့ရှိကြပေ၏။ အရိယာသူတော်ကောင်း များသည်သာ လူကောင်နတ်ကောင် အရာဝတ္ထုစသည့် အထည်ဒြဗ်များကိုခွာ၍ ရုပ်နာမ်ဓမ္မဟူသော ပရမတ်သဘောကို သိနိုင်ကျက်စားနိုင်ပေ၏။ ထို့ကြောင့် ပုထုဇင်များအနေဖြင့် မည်မျှပင် ပညတ်ပရမတ် ကွဲသည်ဟုဆိုသော်လည်း ထိုကွဲပြားသိမှုသည် ပညတ်သိမျှသာ ဖြစ်နေပြီး အရိယာ အဖြစ်ရောက်မှသာ ပညတ်ကိုခွါ၍ ပရမတ်အသိဖြင့် သိနိုင်ကြကြောင်း ဆိုခြင်းဖြစ်၏။

ထင်ရှားသည့် သာဓကတစ်ခုအားဖြင့် ပြရလျှင် “လူသွားသည်”ဟူသည့် သဘောကို ပုထုဇင်တို့က လူအထည်ကိုယ်ကြီး သွားသည်ဟု ထင်မြင်ကြမည် ဖြစ်၏။ အရိယာတို့ကား ထိုသို့မမြင်။ “လူသွားသည်”ဟု ဆိုရာတွင် အမှန်စင်စစ် လူကောင်းကြီးသွားသည် မဟုတ်၊ သွားနိုင်သည့် လူကောင်ကြီးဟူသည် မရှိ၊ သွားလိုသော စိတ်ဆန္ဒ ဖြစ်ပေါ်လာမှုကြောင့် ၀ါယောဓာတ် လွန်ကဲပြီး လိုရာသို့ ပို့ပေးနိုင်သည့် သတ္တိထူး ၀ိညတ်ရှိသည့် စိတ္တဇရုပ်များ ဖြစ်ပေါ်လာကာ ထိုဝိညတ်နှင့်တကွ ၀ါယောဓာတ်တို့၏ တွန်းထိုးလှုပ်ရှားမှုကြောင့်သာ ရုပ်ကလာပ် အစုအဝေးတို့၏ နေရာမှ ရွေ့လျားမှု ဖြစ်ခြင်းသာ ဖြစ်သည်ဟု မြင်ကြ၏။ ဤကား ပညတ်အသိရှိသည့် ပုထုဇင်များ၏ ပညတ်အမြင်နှင့် ပရမတ်အသိရှိသည့် အရိယာတို့၏ ပရမတ်အမြင် ကွဲပြားမှုပင် ဖြစ်ပါ၏။ ထို့ကြောင့် ထိုသို့သော အမြင်အသိ မတူမှုများကြောင့် ပညတ်နှင့် ပရမတ်တို့သည် သိရှိကွဲပြားရန် ခက်ခဲလှကြောင်း ဆိုခြင်း ဖြစ်ပါ၏။

ဆိုလိုသည်မှာ ပညတ်နှင့် ပရမတ်တို့သည် သဘောသွားချင်း မတူသကဲ့သို့ အကျိုးပြုပုံချင်းလည်း မတူညီကြောင်း ဆိုလိုပါ၏။ ပညတ်သည် ဖောက်ပြန်ပြောင်းလဲတတ်သည့် သဘောရှိပြီး ပရမတ်သည် မဖောက်မပြန် တစ်သမှတ်တည်း တည်နေသည့် သဘောရှိကြောင်း သိစေလိုရင်း ဖြစ်ပါ၏။ ထိုသို့ သဘောသွားချင်း မတူသော်လည်း ဆက်စပ်မှု ရှိနေသဖြင့် ပညတ်သဘောမှ ပရမတ် သဘောတရားများကို ထုတ်ယူကြရန်နှင့် ပညတ်သိမှ ပရမတ်အသိ အထိရောက်ရန် အားထုတ်ကြရမည် ဖြစ်ကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။ ပညတ်အစွဲမှသည် ပရမတ်ကွဲသည်အထိ ကြိုးစားကြရန် ဖြစ်ပါ၏။ ပညတ်မှသည် ပရမတ်ကို ထုတ်ယူရမည် ဖြစ်သဖြင့် ပညတ်ကို ပယ်ရမည်မဟုတ်ဘဲ ပညတ်ကို ပညတ်အတိုင်းထားကာ ပရမတ်အမြင်ဖြင့် မြင်နိုင်ရန် အားထုတ်ရမည်သာ ဖြစ်ပါ၏။ ထိုသို့ မဟုတ်လျှင် ပရမတ်အမှန်လည်းမမြင် ပညတ်သဘောလည်း မသိဘဲ နေရာတကာ လိုလျှင်ပရမတ်၊ မလိုလျှင် ပညတ်ဟု ဆိုတတ်သည်အထိ အမှတ်မှားတတ်ပေ၏။

ထို့ကြောင့် ပညတ်နှင့်ပရမတ်တို့၏ သဘောသဘာဝကို ဉာဏ်ဖြင့်မသိနိုင် သေးသော်လည်း သညာသိဖြင့် အကောင်းဆုံးသိကာ အမှားအမှန် ခွာခြားနိုင်စေဖို့ ကြိုးစားအားထုတ်ကြရန်နှင့် ထိုမှတစ်ဆင့်တက်ကာ ပညတ်အသိမှ ပရမတ်အသိအထိ သိရှိနိုင်စေဖို့ ၀ိပဿနာအလုပ်ကို ကြိုးစားအားထုတ်ကြပါဟု တိုက်တွန်းရင်း ဗုဒ္ဓစာပေလာ ပညတ်နှင့် ပရမတ်အကြောင်း တစ်စေ့တစ်စောင်းကို စေတနာအားဖြင့် မိတ်ဆက်စကား ပါးလိုက်ရပါသည်။
ကျမ်းကိုး = သင်္ဂြိဟ်ဘာသာဋီကာ (အရှင်ဇနကာဘိဝံသ)

Read more...

မေတ္တာပန်းတို့ လက်ဆောင်မွန် (၂)


တစ်နေ့တစ်နေ့ကို လာလည်ကြတဲ့ ဆွေဟောင်းမျိုးဟောင်းတွေကလည်းရာနဲ့ချီပြီးရှိနေတော့ မိမိ တို့အနေနဲ့ အကောင်းဆုံးလက်ဆောင်လေးတွေ မဖြစ်မနေ ပေးရမှာ ဖြစ်ပါတယ်၊၊တို့တထွေဟာ အလုပ် အရှုပ် ဆုံးလူသားတွေထဲမှာ ပါဝင်ပါလိမ့်မယ်၊ ဒီကြားထဲမှာ Blog-လေးတွေ တည်ထောင်ပြီး မိမိတို့ တတ် သလောက်၊မှတ်သလောက် ပြန်လည်ဝေငှနေကြတာကို အပြစ်မယူပဲ အပြုသဘောနဲ့ဖတ်ရှု့အာ:ပေး နေကြတာကိုလည်း တဖက်ကကျေးဇူးတင်မိတာအမှန်ပါ။

ယောနိသောမနသိကာရ-အကောင်းမြင်တတ်မှ၊ သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်တတ်မှ ၊ကုသိုလ်ဆိုတာရကြပါတယ်၊ မိမိတို့ အဖွဲ့  ရဲ့အတိုင်ပင်ခံ၊ စာပေပါရဂူ ၊ဒေါက်တာရာဟုလာ ဟာလည်း မိမိတိုနှင့် ထပ်ကြပ်မကွာ အားရင် အားသလို ကြည့်ရှု့စစ်ဆေးပေးနေပါသေးတယ်၊၊အချို့ Links လေးတွေဟာ ပညာရှိလူကြီး သူမများ အတွက် ဘာမှ မလိုအပ်ပါသဖြင့် Click လုပ်စရာအကြောင်မရှိပါ၊ တရားသံဝေဂများ ပါရှိရာဆိုက်လေးတွေကို ဝင်ရောက်အားပေးမိဖို့ အထူးတိုက်တွန်းပါတယ်၊

သူသူငါငါ ဘယ်သူမဆိုအထက်တန်းကို တက်လှမ်းချင်ကြမှာပါပဲ၊သီအိုရီပိုင်းကိုတော့ မေတ္တာပန်းတို့ လမ်းရာမြေမှာတင်ပြပေးသွားပါမယ်၊လက်တွေ့ကျင့်လိုက်တာနဲ့ အကာလိကအခါမလင့် အကျိုးရပါလိမ့် မယ်၊၊
စိတ္တနိယာမ၊စိတ်တွေရဲ့သဘာဝကို လေ့လာကြည့်တဲ့အခါ စိတ်ဆိုတာပရမတ္ထ-ထာဝရ အမှန် တရား ဖြစ်လေသောကြောင့် ကိုယ်မွေးမြူထားတဲ့၊ကောင်းတဲ့စိတ်ဟာ ကိုယ့်ရဲ့အမှီသဟဲ အားကိုးတရားဖြစ်ပါတယ်၊ မကောင်းတဲ့စိတ်ကို မွေးထားရင် ကိုယ်မွေးတဲ့မျောက် ကိုယ့်ကိုပြန်ကိုက်သလို ကိုယ့်ကိုပြန် နှိပ်စက်ပါလိမ့်မယ်၊ ယခင်ဆောင်ပါးတခုမှာ ပြောခဲ့သလို စိတ်ဆိုတာ မိမိနှလုံးအိမ်ထဲ မှာ ကပ်ပြီးတော့ပေါ်လာပြီး၊အဲဒီမှာပဲ ကပ်ပြီးပျက်သွားတယ်၊၊

အဲဒီတော့ ရှေ့ က ကပ်ပြီးပျက်သွားတဲ့ စိတ်နဲ့ တူမျှတဲ့ စိတ်တမျိုးဟာ နောက်ကပ်ပြီးပေါ်လာပြန်တယ်၊
အဲဒီစိတ်ချုပ်တာနဲ့ တူတဲ့စိတ်ကပြန်ပေါ်လာပြန်တယ်၊ အဲလိုနဲ့အသက်ရှင် အသေခင်မှာ စိတ်ကောင်း လေးတွေ၊ qualified ဖြစ်တဲ့စိတ်တွေ ရှေ့ကချုပ်နေမှ နောက်ကကောင်းတဲ့စိတ် quailfied ဖြစ်တဲ့စိတ်လေးတွေကပ်ပြီးတော့ပေါ်လာလိမ့်မယ်၊ အဲဒီခါ သိပ်ပြီးချမ်းသာတဲ့စိတ်လေးတွေ လှပတဲ့ မေတ္တာပန်းလေးတွေ ဘဝပန်းခင်းထဲ့မှာဝေဝေဆာဆာ ပွင့်လန်းလာကြလိမ့်မယ်၊ ဒီလိုဖြစ်ဖို့အတွက် အကြောင်းတရားလေးတွေအမြဲဖန်တီးနေဖို့လိုပါတယ်၊ ဒါနပြုနေရမယ်၊သီလဆောက် တည်နေရမယ်၊ တရားစခန်းတွေ တရားပွဲတွေ သွားနေရမယ်၊ အများအကျိုးသယ်ပိုးနေရပါလိမ့်မယ်၊ ဒါမှအဲဒီကောင်းတဲ့ စိတ် qualifedbဖြစ်တဲ့စိတ်တွေရှေ့က ချုပ်စေပြီး နောက်ကအရည်အသွေးကောင်းတဲ့ စိတ်တွေ ရရှိပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။

အဲဒါကြောင့်မဟာဂန္ဓာရုံဆရာတော်ကြီးက သူ့ကျောင်းတိုက်မှာ စိတ်ထားကောင်းဖို့က ပထမ ကျန်တာအားလုံးနောက်မှထားပြီးဆုံးမသွားခဲ့ပါတယ်၊စိတ်ကောင်းဖြစ်ပေါ်လာရင် အပွင့်ဓါတ်၊အလင်းဓါတ်၊ ကံကောင်းတဲ့ဓါတ်တွေ အလိုအလျှောက်ြဖစ်ပေးလာနိုင်တယ်၊ ဒါကြောင့် ကံပွင့်။ လဘ်ပွင့်၊ စန်းပွင့် ၊ဇာတာပွင့်ဖို့ ဆိုတာ စိတ်ကောင်းရှိတဲ့ အခါ အကုန်ပွင့်သွားပါတယ်၊ဥပမာလေးတစ်ခု စဉ်းစားကြပါစို့  ၊ဟို--တစ်ချိန်က တရုပ်ပြည်ကြီးကိုပိတ်ထားလိုက်တာ ဘယ်သူမှအလွယ်တကူသွားလို့မရခဲ့ပါဘူး၊ ရယ်စရာပါ တခါတည်းပြောလိုက်ပါရစေ-တရုပ်မတစ်ယောက်ဟာနိုင်ငံခြားသားတစ်ယောက်နဲ့တွဲသွားနေရင် ရဲက ရောက်လြာ့ပီး စာရွက်စာတမ်းတွေ အထောက်အထားတွေမေးပြီး ခွဲသင့်ရင်ခွဲပေးလိုက်တယ်၊ဒီလိုနဲ တရုပ်ပြည်ကြီးက ဆင်းရဲလွန်းလို့များစွာသော တရုပ်တွေဟာ ရေကြည်ရာ မြက်နုရာ Flee လုပ်ကြ တော့တာပဲ၊၊ မကြာခင်ဆယ်စုနှစ်က တရုပ်တွေသဘောပေါက်ပြီး အပွင့်ဝါဒ၊ တံခါးဖွင့်ဝါဒတွေ ကျင့်သုံးလိုက်တဲ့အခါ တရုပ်ပြည်ရဲ့စီးပွားရေးဟာ ကမ္ဘာစီးပွားရေး၊ ကမ္ဘာ့စီးပွား ရေးဟာလည်း တရုပ်ပြည်စီးပွားရေး ဖြစ်လာခဲ့ရပြီး ၊အပွင်ဓါတ်တွေ ဝေဆာလာခဲ့ ရပါတယ်။ အပွင့်ဓာတ် အရေးပါပုံ ကိုပြောချင်တာသက်သက်ပါ။

ရှေ့ ကပွင့်လန်းတဲ့ စိတ်၊အကျိုးစီးပွားရေးကိုဆောင်တဲ့ စိတ်တွေ အဖြစ်များအောင် ကြိုးစားနေရင်း ၄င်းနဲ တူမျှတဲ့ စိတ်တွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ချမ်းသာတဲ့ ဘဝတွေမှာ ကျင်လည်ခွင့်ရပါလိမ့်မယ်၊ မိမိရင်ထဲ နှလုံးသားထဲမှာ ရှေ့ ကချုပ်ပျောက်နေကြတဲ့လောဘစိတ်၊ဒေါသစိတ်နှင့်မောဟစိတ်များသည် နောက်မှာ ၄င်းစိတ်များကိုသာ ပြန်လည်မွေးဖွားစေမည်ဖြစ်တာမို့ ဆင်းရင်း ဒုက္ခဝေနေပေဦးမည်။

ဒါကြောင့်တရားဓမ္မတွေ လာယူကျင့်ကြံဖို့လည်း လိုအပ်ပါတယ်၊တရားထိုင်မယ်ဆိုရင် ပူလောင် သောက တွေ၊ကြေကွဲဝမ်းနည်းမှုတွေနဲ့တရားမမှတ်သင့်ပါ၊ ဘုရားအာရုံ၊တရားအာရုံ၊သံဃာအာရုံ၊မိဘ၊ဆရာ သမား အာရုံ-တို့ ကိုစိတ်အစဉ်ဝယ် ထင်အောင်ယူပြီး နှာသီးဖျားမှာစိတ်ကို ကပ်ထားပါ၊

ပြင်မရှုန၊ဲ့လုပ်မရှုနဲ့၊ဝင်လေသည်တိုးပြီးဝင်လာလိမ့်မယ်၊အေးတဲ့သဘောရှိတဲ့ဝင်လေသည် တိုက်ပြီးဝင်သွား ပါလိမ့်မယ်၊၊မကြာခင်မှာနွေးတဲ့သဘောရှိတဲ့ထွက်လေသည် နှာသီးဖျားကိုတိုက်ပြီးထွက် သွားပါ လိမ့်မယ်၊ဒီလိုထင်ရှားတဲ့သဘောတရားတွေကို စူးစိုက်တဲ့သတိဖြင့်ဝိရီယစိုက်ကာ မလွတ်တန်းမှတ် နေရပါလိမ့်မယ်၊ အဲဒီအခါ ခန္ဓာကတရားတွေ အလိုအလျှောက် ပြလာပါလိမ့်မယ်၊ခန္ဓာနဲ့ဆက်စပ်သမျှ ပေါ်ရာထင်ရှားရာသဘောကို ရုပ်လို့ခေါ်ပါတယ်၊ စိတ်နဲ့ဆက်စပ်သမျှကို နာမ်လို့ခေါ်ပါတယ်၊ ရုပ်သည်အစိုးမရ အနတ္တ သဘော-နာမ်သည်လည်းအစိုးမရအနတ္တ သဘောဖြစ်ကြောင်း သဘောပေါက် သိလာပါလိမ့်မယ်၊။

ပထမပြောခဲ့သလို ရှေ့ကချုပ်သွားတဲ့ တူမျှတဲ့စိတ်တွေ နောက်ကကပ်ပြီးပေါ်တယ်၊လောဘနဲ့ချုပ် ရင်လောဘနဲ့ပေါ်မယ်၊ဒေါသနဲ့ချုပ်ရင်ဒေါသနဲ့ပေါ်မယ်၊မောဟနဲ့ချုပ်ရင်မောဟနဲ့ပေါ်မယ်ဆိုတာ လေးတွေ ကို သိမြင်လာတဲ့အခါမှာယောဂီတစ်ဦးအနေနဲ့ အမှန်တရားတွေမြင်လာပါလိမ့်မယ်။

ဒီဘဝနောက်ဆုံးချုပ်တဲ့စိတ်ဟာ လောဘနဲ့သာ အဆုံးသတ်ချုပ်သွားရင် ဘာဖြစ်သွားမလဲ၊? လောဘရဲ ပေးနိုင်တဲ့အကျိုးကပြိတ္တာဘဝရောက်သွားနိုင်ပါတယ်၊ဒီဘဝနောက်ဆုံးချုပ်တဲ့စိတ်ဟာဒေါသနဲ့အဆုံးသတ်ရင် အခြားမရှိသောဘဝမှာ ဒေါသအကျိုးပေးတဲ့ ဘဝက ငရဲပဲဖြစ်ပါ လိမ့်မယ်၊ ဒီဘဝနောက်ဆုံးချုပ်တဲ့ စိတ်က မောဟနဲ့  ချုပ်ရင် မောဟပဋိသန္ဓေဖြစ်တဲ့ တိရိစ္ဆာန်ဘဝကိုပဲ ရောက်ပါလိမ့်မယ်။။

(ဆက်ရန်)

Read more...

ရိပ်သာဝင်မည်ဆိုပါလျှင်



ရိပ်သာဝင်မည့်သူများ အနေဖြင့် "တရားအားထုတ်တယ်ဆိုတာ ဒုက္ခအကြောင်းကို သင်ယူခြင်း ဖြစ်တယ်" ဆို သည်ကို ဦးစွာ သဘောပိုက်ထားသင့်ကြပါသည်။ သက်တောင့်သက်သာ နေလိုသဖြင့် တရားလာအားထုတ် သည်ဟု ဆိုပါလျှင် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်တတ်သဖြင့် ထိုသူမျိုးတို့မှာ နောက်ပိုင်းတွင် ရိပ်သာ ဆို သောအသံကို ကြားရုံမျှနှင့်ပင် နောက်တွန့် သွားကြ မြဲဖြစ်ပါသည်။ ထိုစကားမှန်၏။ တရားအားထုတ်သည်ဖြစ်စေ ၊ အားမထုတ်သည်ဖြစ်စေ လူတိုင်းလူတိုင်းတွင် အကောင်းအဆိုး နှစ်မျိုးသော ခံစားချက်မျိုး ရှိကြစမြဲပင်ဖြစ်ပါ၏။

လူအတော်များများသည် မိမိတို့ဘ၀၏ အချိန်အတော်များများကို တကယ်အလုပ်မဖြစ်သောအရာများအတွက် အချည်းနှီးဖြုန်းတီးပစ် တတ်ကြပါသည်။ မှန်၏ ။ ကျွုပ်တို့သည် နှစ်လိုဖွယ်ရာအာရုံများကိုသာ မရမက ဖမ်းဆုပ် နိုင်ရန် ကြိုးစားခြင်း ၊ မနှစ်လိုဖွယ် အာရုံများကို မရမက မောင်းထုတ်ရန် ကြိုးစားခြင်းတို့ဖြင့် တန်ဖိုးရှိလှသော အချိန်များကို အချည်းနှီးဖြုန်းတီးနေကြသည် သာဖြစ်ပါ၏ ။

ကျွန်ုပ်တို့သည် အိမ်မှာနေစဉ် ကျင့်သုံးခဲ့သော ထိုအလေ့ အထများကို ရိပ်သာသို့တိုင် သယ်ဆောင် လာတတ်ကြ၏။ တရားအားထုတ်စဉ် နာကြင်ခံခက်သော အခြေအနေများကိုငြင်းဆန်လိုခြင်း၊ သက်တောင့်သက်သာ အနေအထားမျိုးကိုသာ မျှော်လင့်တောင့်တခြင်းမျိုး ကို သူသူငါငါ ပြုမိ တတ်ကြ၏ ။ ထိုအခြေအနေမျိုးသည် ရိပ်သာ၏ပြင်ပမှာ လည်းမရှိနိုင်သကဲ့သို့ ရိပ်သာတွင်းမှာ လည်းရှိနိုင် သောအရာမျိုးမဟုတ်ကြသည်ကို ကောင်းစွာ သတိချပ်သင့်ကြပါ၏။


သို့ဆိုလျှင် ရိပ်သာဝင်ရကျိုးမရှိတော့ပြီလောဟု မေးစရာရှိ၏။ မေးလာသော် အိမ်၌နေစဉ်သတိမထားမိခဲ့သော တကယ်ရှိဒုက္ခ အကြောင်းကို ကောင်းစွာသိရှိ သတိပြုမိခြင်းအကျိုးရှိ၏ဟု ဖြေရမည်သာဖြစ်ပါ၏။ အိမ်၌နေစဉ် ဒုက္ခအကြောင်းသတိပြုမိ၍သာ ရိပ်သာလာရောက် တရားအားထုတ်ခြင်းဖြစ်သည် မဟုတ်ပါလောဟု ထပ်၍ စောဒက တက်လာစရာအကြောင်းရှိနေပြန်၏။

ဤသို့ စောဒကတက်လာသော် အိမ်၌နေစဉ် ဒုက္ခအကြောင်းကို သိသည်ဆိုသော်လည်း အလိုရှိသည်ကိုမရ၍သော်လည်းကောင်း၊ အလိုရှိသည်ကို လက်လွတ်ဆုံးရှုံးရ သော် လည်းကောင်း ဖြစ်သောဒုက္ခလောက်ကိုသာ ရိပ်မိရုံမျှ သိသောအခြေအနေမျိုးဖြစ်၏။ ရိပ်မိသည်ဆိုရာ၌လည်း တည်ငြိမ်သော အနေအထားမျိုးဖြင့် ရိပ်မိသိရှိခြင်းမျိုးကားမဟုတ် ၊ အလိုမပြည့် အငတ်မပြေ၍ တောင့်တမှု
ကြောင့်ကြမှု စိုးရိမ်မှုကြီးစွာဖြစ်ခြင်းမျိုးသက်သက်မျှသာဖြစ်၏။ ဤအသိမျှလောက်နှင့် ငြိမ်သက်မှု၊ အေးချမ်းမှု၊ လျစ်လျူရှုနိုင်မှု မျိုးကို စင်စစ် လက်လှမ်းမမီနိုင်သေးပါချေ။

ရိပ်သာဝင်ရောက် တရားအားထုတ်လိုက်သောအခါ အလဟဿအချိန်ဖြုန်းတီးမှု, မိမိကိုယ်ကိုထပ်၍ညှင်းဆဲမှု သက်သက်မျှသာ ဖြစ်သော တကယ်အလုပ်မဖြစ်သော စိုးရိမ်ကြောင့်ကြနေရသော အလုပ်တို့အစား ငြိမ်သက်မှု၊ အေးချမ်းမှု၊ လျစ်လျူရှုနိုင်မှုမျိုးကို ကိုယ်တွေ့ခံစားသိမြင်လာ နိုင်ကြမည်သာဖြစ်ပါ၏။ အိမ်၌နေစဉ် သတိမထားမိခဲ့သောဒုက္ခ၏အကြောင်း၊ ဒုက္ခ၏သဘာဝ၊ ဒုက္ခ၏ အကန့်အသတ်၊ ဒုက္ခ၏ပျက်စီးမှုတို့ အကြောင်းကို ကောင်းစွာသိရှိ သတိထားမိလာနိုင်ကြမည်သာဖြစ်ပါ၏။

လိုရင်းချုပ်၍ဆိုရပါလျှင် ဒုက္ခကိုမသိနားမလည်ခြင်းကြောင့်သာ (တရားအားထုတ်သည်ဖြစ်စေ၊ တရားအားမထုတ်သည်ဖြစ်စေ) မလွဲမရှောင်သာ ခံစားကြုံတွေ့နေကြရသော ဒုက္ခတရားတို့အပြင် အပိုဆုအဖြစ် စိုးရိမ်ကြောင့်ကြခြင်း၊ နှလုံးမသာယာခြင်းစသော စိတ်ပိုင်းဆိုင်ရာ ဒုက္ခမျိုးကိုပါတိုး၍ ခံစားနေကြရခြင်းဖြစ်ပါ၏။ ဒုက္ခကို အတိုင်းအတာတစ်ခုအထိ သိရှိနားလည်သွားကြသူတို့အဖို့၌မူ ယခင်ပူခဲ့သလောက် အပူမရောက် တော့ခြင်း၊ ယခင်စိုးရိမ်ခဲ့ရသလောက် စိုးရိမ်မှုအပိုမနှောက်တော့ခြင်းစသော အကျိုးတရားတို့ကို လက်ငင်းခံစားရရှိနိုင်ကြမည်သာဖြစ်ပါ၏။

ထို့ကြောင့် တရားအားထုတ်ရန် ရိပ်သာဝင်ရောက်မည်ဟုကြံ ရွယ်ထားကြသူတို့ အဖို့ရာမှာ "ရိပ်သာကိုလာခြင်းကြောင့် သက်တောင့် သက်သာအနေအထားမျိုးကို ကြုံတွေ့ကြရလိမ့်မည်ဟု မမျှော်လင့်သင့်ကြမူ၍၊ ဒုက္ခအကြောင်းကိုသိရန်သာ ရိပ်သာဝင်ရောက်ခြင်း ဖြစ်သည်" ဟူသောသဘောမျိုးကိုပိုက်၍သာ ရိပ်သာဝင်ရောက်ထိုက်သင့်ကြပါကြောင်း စကားလက်ဆောင်ပါးလိုက်ရပါ၏။

(ဒုက္ခသစ္စံ ပရိညေယျံ)

(ရိပ်သာဝင်မည့်အကြောင်း အသိပေးလျှောက်ထားလာသူသို့ ရည်ညွှန်းပါသည်)

Read more...

Gmail Phone Calling Feature Success in First 24 Hours...


Phone Calling Feature Success in First 24 Hours - Gmail Users Make One Million Calls in 24 Hours its looks like Gmail users are already taking advantage of the cheap calling that Google launched yesterday. According to Google, there were over one million phone calls placed from Gmail in the first 24 hours after the service went live.

Google said Thursday via Twitter. “Over 1,000,000 calls placed from Gmail in just 24 hours! Thanks to everyone using this new feature,” said Google in a tweet.

This Gmail Phone Calling Feature is particularly attractive if you’re contacting someone in the US or Canada, because those calls are completely free. Google says it’s subsidizing those calls through its international rates, but those are pretty low too you can call many countries for just two cents a minute.

Now you can call a number of countries through Gmail Phone Calling Feature including the United Kingdom, France, Germany, Argentina, China, and Japan, for as low as two cents per minute. The rates however seem to vary from country to country.

Here is the site: Gmail Phone Call...

Read more...

တချို့အလှူ...

Read more...

ပုရာဘေဒသုတ္တန်

ဘ၀ကူးပြောင်းရာ သိကောင်းစရာ

အခြေခံသမ္ပဇညတရား(၄)ပါး

နှစ်ယောက်မြောက်အဖော်ကောင်း

ဥပုသ်သီလ(၄)မျိုး

မိဘကျေးဇူးအထူးသိတတ်တရားတော်

အသက်ရှည်ကြောင်း(၅)ပါး

Read more...

စိတ်ဝင်စားဖို့ကောင်းပါတယ် ဖတ်ကြည့်ပါ

စာမရေးနိုင်တာ တစ်ပတ်ပြည့်တော့မယ်။ ဒါပေမယ့် မှတ်မှတ်သားသား ဒါလေးတော့ ဖတ်ဖြစ်တယ်။ သာသနာရေးနဲ့ ဆိုင်တဲ့ အတွေးကွက်ကို ချခင်းပြထားတာပါ။
မူရင်းဆိုဒ်က http://mrmrt.blogspot.com/

Read more...

မော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ.... မင်းကွန်း တိပိဋက ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ အရှင်ဝိစိတ္တသာရာဘိဝံသ ဆရာတော်၏ သံဝေဂ ဓမ္မလင်္ကာ

ရုပ် နာမ် ဓမ္မ သခါင်္ရတို့ ကိုယ့်ကဤပုံ ဖြစ်လိုတုံလည်း တစ်ဖုံဆင်ကွဲ သူတနဲဖြင့် ဖောက်လွဲတတ်စွာ ဓမ္မာတာကို ပညာစက္ခု မျှော်ထောက်ရှု၍ ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့.........
ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့.......
ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့......
ရတုချိန်ထောက် ဤခါရောက်မှ ချုပ်ပျောက်ခန္ဓာ သေပိမ့်ငါဟု သတ္တ၀ါ ခပ်ပင်း ရှင်သေမင်းနှင့် မိတ်သင်းဖွဲ့လျှက် ချိန်းအချက်လျှင် တစက်ကမှ မရှိကြဘူး (အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ) ဘုရားစကား လိုက်နာပွားသည် တရားလက်မလွတ်စေနှင့်။ ။


2 အကြုံပြုဆွေးနွေးနိုင်ပါသည်။

Read more...

ပါးပြင်မှာ မျက်ရည်စက်တွေနဲ့


နာဂတောင်ပေါ်ဒေသရှိ နာဂတိုင်းရင်းသူ တိုင်းရင်းသားများသည် စားဝတ်နေရေးအတွက် နေပူမိုး
ရွာမရှောင် အလုပ်လုပ်ပါမှ နပ်မှန်သည့်ဘဝသို့ ရောက်ကြရသည်။ ပြည်မနှင့်ဆက်သွယ်မှု အားနည်းသော
ဒေသ ဖြစ်တာကြောင့် ဆင်းရဲသူကများ၍ ချမ်းသာသူက နည်းပါးသည်။
ကွန်ပျုတာနှင့် အင်တာနက်အကြောင်းကို ပြောပြလျှင် သူတို့ဘဝမှာ ဒဏ္ဍာရီလားဟုပင် သို့လော
သို့လော တွေးတောနေတတ်သည်။ ရေခဲသေတ္တာ၊ အဲယားကွန်း စသော သိပ္ပံပညာနှင့်ပတ်သက်သည့် အ
ကြောင်းအရာများကို ပြောပြသည့်အခါများမှာလည်း သူတို့ဘဝမှာ မကြားဖူး။ မမြင်ဖူးသည့်အတွက် ပုံပြင်တစ်ခုလိုပင် ဖြစ်နေတတ်သည်။ တောင်ယာလုပ်ငန်းနှင့်ပင် အသက်မွေးဝမ်းကျောင်း ပြုနေကြရသော
တောင်တန်းပျော်တောင်ပေါ်သားတို့ဘဝမှာသိပ္ပံအကြောင်းကို စိတ်မဝင်စားဘဲ မိရိုးဖလာတောင်ယာအလုပ်
ကိုသာ စိတ်ဝင်စားကြသည်။ တောင်ယာအလုပ်၌ပင် နစ်မြှုပ်နေကြ၏။ တောင်ပေါ်နာဂဒေသတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုများတိုးတက်မှုအားနည်းသေးသောကြောင့်အခက်အခဲတစ်စုံ
တစ်ခုနှင့် ရင်ဆိုင်တွေ့ကြုံရပြီဆိုလျှင် ဆောက်တည်ရာမဲ့ ဖြစ်နေကြရသည်။
တစ်နေ့ဝယ် “အနိုး”ဆိုသူသည် လက်မကို ဓားနှင့်ခုတ်မိ၍ သွေးများပန်းထွက်ကာ ဘုန်ကြီးကျောင်းသို့ ရောက်လာခဲ့သည်။စာရေးသူထံသို့ တိုက်ရိုက်မလာရဲဘဲ ကျောင်းခြံဝလမ်း တံခါးပေါက်
နားမှာ တအီးအီးအော်၍ ထိုင်နေသည်။အော်သံကြား၍ ထွက်ကြည့်သောအခါလက်မမှာကား ပြတ်လုလုပင်
ဖြစ်နေပေသည်။ လက်ဝါးပြင်တစ်ခုလုံးမှာလည်း သွေးများပေကျံနေ၏။ ဤသို့ ရောက်ရှိလာခြင်းမှာ စာရေးသူကို အလွန်အားကိုးတကြီးဖြင့် ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။
ထိုလူနာအား စာရေးသူအနေဖြင့် ဆေးကုသပေးနိုင်စွမ်းမရှိခဲ့လျှင် “ငါ့တို့ကိုးကွယ်နေတဲ့ ပုဂ္ဂိုလ်ကြီး
ဟာ အလကားပဲ၊ ဘာတစ်ခုမျှ အားကိုးမရပါလား”ဆိုတဲ့ အတွေးဝင်သွားမည်မှာ သေချာနေပါသည်။ ထို့ကြောင့် ထိုလူနာကို ကျောင်းထဲသို့ခေါ်သွင်းပြီး အတတ်နိုင်ဆုံး ဒဏ်ရာကို ရေနွေးဖြင့် ဆေးကြောပေးပြီး
ဆေးရည်များ ထည့်ပေးရသည်။
ဤကဲ့သို့ ဆေးကုသပေးသည့်အခါ လူနာ၏စိတ်အစဉ်မှာ ရွှင်လန်းနေပြီး ဝမ်းလည်း ဝမ်းသာနေပါ
သည်။ စာရေးသူအနေဖြင့် ဤသို့ဆေးကုသရသည်မှာ ဆေးပညာကို တတ်ကျွမ်းထားသောကြောင့် မဟုတ်ပါ။ စာရေးသူ၏ ဒကာ၊ ဒကာမများက တောင်ပေါ်သို့အသွားမှာ အင်္ဂလိပ်ဆေး၊ ဗမာဆေးများ လှူဒါန်းပေးလိုက်ပြီး ဆေးပေးပုံပေးနည်းများကိုလည်း စာရွက်ဖြင့် ရေးပေးလိုက်သောကြောင့် ဖြစ်သည်။ ထို
လူနာကို သောက်ဆေး၊ လိမ်းဆေးများပေးပြီး သုံးလေးငါးရက် ကုသပေးလိုက်သောအခါ ထိုသူ၏ဒဏ်ရာမှာ
သက်သာသည်ထက် သက်သာလာပြီး ၁၂-ရက်လောက်အကြာတွင် လုံးလုံးကောင်းသွားပါသည်။ အနာ
ကောင်းသွားသောအခါ စာရေးသူကို ကျေးဇူးတင်လို့မဆုံးပါ။ ထိုသူက စာရေးသူကို “ကြမင်းပူ-ငါတို့ရွာမှာ
အမြဲနေပါ”တဲ့။ “ကြမင်းပူ-ရှိနေတော့ ငါ့တို့မှာလည်း အားကိုးရတာပေါ့။ ကလေးတွေကလည်း ကြမင်းပူကို
နှစ်သက်ကြတယ်။ကြမင်းပူ ပြန်သွားရင်ငါ့တို့မှာ မလွယ်ဘူး
”စသည်ဖြင့် နာဂစကားဖြင့် ပြောကြားပါသည်။ ကြမင်းပူဆိုတာဟာ နာဂလို ဘုန်းကြီးလို့ခေါ်တာပါ။
(၁၅) ရက်လောက်အကြာတွင် “ကျေးဇူးဆပ်တာပါ” ဆိုပြီး ကြက်ဥတစ်လုံး လာပေးသည်။ သူ့အနာကိုပျောက်အောင် ကုပေးလိုက်သောကြောင့်ဟု ထင်မိသည်။ စာရေးသူကို အလွန်ခင်မင်သွား၏။ထို
ပုဂ္ဂိုလ်သည် ဗုဒ္ဓဘာသာဟု အမည်ခံထားသော်လည်း သူတို့၏ရိုးရာနတ်ကို အစွဲအလမ်းကြီးစွာ ကိုးကွယ်နေ
သူဖြစ်သည်။
သူသည်ယခင်က ဘုန်းကြီးကျောင်းသို့ တစ်ကြိမ်တစ်ခါမျှ မလာဖူးပါ။အနာကောင်းသွားသည့်နောက်
ပိုင်းမှာ ဘုန်းကြီးကျောင်းသို့ အမြဲလာလေ့ရှိသည်။ တောင်ယာမှာ ပြောင်းဖူးစဖူးပြီ၊ ဟင်းသီးဟင်းရွက်များ စသီးပြီဆိုလျှင် ဦးဦးဖျားဖျား အမြဲလှူဒါန်းလေ့ရှိသည်။ ထိုပုဂ္ဂိုလ်ကျောင်းသို့လာတိုင်း “ရောဂါဖြစ်လျှင် နတ်မ
တင်ရဘူး။ အနာရှိက ဆေးရှိတယ်”စသည်ဖြင့် လောက၊ ဓမ္မနှစ်ထွေသောစကားတို့ဖြင့် မကြာခဏဆိုသလို
ပြောပြသောအခါ နတ်ကိုးကွယ်အယူဝါဒကို စွန့်လွတ်လိုက်ပြီး သူ့စိတ်ဓာတ်သည်လည်း ယခင်ကထက်ပိုပြီး
သိမ်မွေ့လာသည်ကို တွေ့ရသည်။
ကျောင်းသို့လာတိုင်းကျောင်းဝေယျာဝစ္စကိုလည်းကြုံ၊ကြုံသလိုလုပ်ပေးလေ့ရှိသည်။ဘုရားအကြောင်း
တရားအကြောင်းများနှင့် ပြောဆိုဆုံးမလျှင် သူသဘောပေါက်နားလည်သည်။ သူနှင့် စာရေးသူသည် ရှေးဘဝက ရေစက်ကြောင့်ဟုထင်မိသည်။ ဒကာ၊ ဆရာသဖွယ် စာရေးသူအပေါ်မှာ အလွန်ခင်မင်ရှာသည်။
စာရေးသူသည် တောင်တန်းမြေမှာ သာသနာပြုတာဝန် ထမ်းဆောင်ပြီးလို့အံ့ပေါ်ရွာမှ အပြီးပိုင်ထွက်ခွါလာ
တဲ့နေ့မှာ “ခင်မင်သူတစ်ယောက် ငါ့တို့မြေမှ ထွက်ခွါသွားတော့မယ်”ဆိုတဲ့ အသိဖြင့် သူဟာ စာရေးသူကြည့်ရင်း ဝမ်းနည်းလျက် ညှိုးငယ်နေသော မျက်နှာ၏ မျက်စိအစုံမှ ပါးပြင်ပေါ်သို့ တလိမ့်လိမ့်ကျဆင်းလာနေသော မျက်ရည်စက်တွေကို စာရေးသူမကြည့်ရက်နိုင်ခဲ့ပါ။
သစ္စာရောင်ခြည်
(၂၇-၈-၂၀၁၀)

Read more...

မင်းအလှ ခဏ ငှါးပါရစေ

Thursday, 26 August 2010 13:34 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

အရှင်ဉာဏိကာဘိဝံသ

(ကာလီဖိုးနီးယားတက္ကသိုလ်)

နံနက်စောစော လမ်းလျောက်တဲ့အခါတိုင်း Good morning ဒါမှမဟုတ် Morningဆိုတဲ့ နှုတ်ဆက်စကားကို မျက်နှာချင်းဆိုင် လျှောက်လာသူ၊ ပြေးလာသူတွေဆီကဖြစ်စေ။ နောက်ကနေ ကိုယ့်ကိုယ် ဖြတ်ကျော်ပြေးသွားသူတွေ ဆီကဖြစ်စေ။ အိမ်ရှေ့မြက်ခင်း စိမ်းစိမ်းတွေကို ရေလောင်းနေသူတွေဆီက ဖြစ်စေ။ အလုပ်သွားဖို့ ကားပေါ်တက်လုဆဲဆဲ သူတွေဆီကဖြစ်စေ၊ အမြဲလိုလို ကြားရတတ်တယ်။ သူတို့ကဦးလျင် သူတို့ကနှုတ်ဆက်၊ ကိုယ်ကဦးလျင် ကိုယ်ကဆက်။ သစ်လွင်လန်းဆန်းတဲ့ နေ့သစ်တစ်နေ့အတွက် ခွန်အားသစ်တို့ ဖြစ်စေနိုင်သော လှပတဲ့ယဉ်ကျေးမှု အစဉ်အလာ ကောင်းတစ်ခုပေါ့။

ဒီလို နံနက်ခင်းမှာ ကြားလိုက်ရတဲ့ Good morning ဆိုတဲ့အသံဟာ အခြားအချိန်များမှာ ကြားရတတ်တဲ့ နှုတ်ဆက်စကားထက် ပိုပြီးသာယာတယ်၊ စိတ်ကိုရွှင်လန်းစေတယ်လို့လည်း ထင်မိတယ်။ ဒီလို နှုတ်ဆက်စကား ကြားရတဲ့ နေ့မျိုးမှာ အစစအရာရာ တစ်နေ့တာလုပ်ရသမျှ ပိုမိုချောမွေ့အဆင်ပြေ တတ်တယ်လို့လည်း အစွဲတစ်ခု ဖြစ်နေသလို ခံစားမိတယ်။ နောက်ပြီး မှားမလားတော့ မဆိုနိုင်ဘူးပေါ့။ နံနက်စောစော လမ်းလျှောက်တတ်သူတွေဟာ အခြားသူတွေ ထက် ဝီရိယအားကောင်းသူတွေလို့လည်း မှတ်ယူထားမိတယ်။ ဒါကပဲ နံနက်စောစော လမ်းပေါ်မှာ တွေ့ရသူတွေကို အလိုလိုလေးစားမိရ ခြင်း အကြောင်းဖြစ်နိုင်သလို ဒီကတဆင့် သူတို့တွေရဲ့နှုတ်ဆက်စကားသံကလည်း ပိုမိုချိုမြနေသလို၊ ကျက်သရေရှိနေသလို ခံစားရဖို့ အကြောင်းလည်းပဲ ဖြစ်မယ်ထင်တယ်။

ခေတ်သစ်လူ့အဖွဲ့စည်းများမှာ အမျိုးမျိုးသော ဖျော်ဖြေရေးအစီအစဉ်များရဲ့ ဆွဲငင်မှု၊ မပြီးဆုံးနိုင်တဲ့ လုပ်ငန်းအဝဝရဲ့ ဖိအားကြောင့် အများစုသော သူတွေက ညဉ့်နက်မှ အိပ်လေ့ရှိတတ်တာ။ ဒီတော့ နံနက်စောစော အိပ်ရာထသူ ဆိုတာက အနည်းသား။ အလုပ်စောစော သွားရမည့်သူတွေ၊ ကျောင်း စောစော သွားကြရမည့်သူတွေလောက်ပဲ မဖြစ်မနေ လူးလဲထ တတ်ကြတာ။ ပုံမှန်အားဖြင့် နံနက် စောစော အချိန်တွေမှာက လမ်းတွေပေါ်မှာ၊ ဈေးဆိုင်တွေမှာ၊ ကားရှင်း၊ လူရှင်း။ မြင်ကွင်းတွေလည်း ရှင်းလင်းလို့။ ရှင်းရှင်းလင်းလင်းကို နှစ်သက်တတ်တဲ့ ကိုယ့်အဖို့ ဒါသည်ပင် တကယ့်ကိုမှ စိတ်ကြည် နူးစရာ။ နှလုံးရွှင်ပြုံးစရာ။ ဘဝင်ချမ်းမြ၊ စမ်းလ သန္တာ။

ကိုယ်က အခြားနေရာမှာသာ ဝီရိယ မကောင်းတာ။ ငါးနာရီ မထိုးမီအိပ်ရာထရတဲ့ အလေ့အကျင့်က အသားကျနေပြီမို့ ဘယ်အရပ်ပဲရောက်ရောက် နံနက်ပိုင်းဆိုလျင်တော့ ၆ နာရီလောက်ရောက်လျင် အိပ်ရာထဲမှာ ဆက်နေလို့ မရလောက် အောင်ကိုပဲ ဖြစ်နေတတ်ပြီ။ ဒီတော့ နံနက်စောစော အိပ်ရာထ ရတာ အသားကျနေတဲ့ သူအဖို့တော့ ခုလို ငြိမ်သက်စွာအေးချမ်းနေတတ်တဲ့ နံနက်ခင်းမှာ လတ်ဆတ် စွာ တိုက်ခတ်လာတဲ့ လေပြညင်းနဲ့အတူ မျောလွင့် ပါလာတတ်တဲ့ Early bird လေးများရဲ့ ချိုမြမြ သံ သာသာ သီချင်းသံလေးတွေကို ကံကောင်းလှစွာ ပြည့်ပြည့်ဝဝ ခံစားခွင့်ရလေ့ ရှိတတ်တာကပင် နံနက်ချိန်ခါ မင်္ဂလာဖြစ်လို့နေတယ်။

စာရေးသူနေထိုင်နေတဲ့ အရပ်မှာ ပန်းတွေက အစွမ်းကုန်ပွင့်တတ်ပေမယ့် အေးတဲ့ရာသီနဲ့ နည်းပါးတဲ့ နေရောင်ခြည် ကြောင့်ထင့်။ အနံ့ကောင်းကောင်း သင်းလေ့မရှိပါဘူး။ ပင်လုံးညွတ်ပွင့်နေတဲ့ နှင်းဆီရုံ ကြီးတွေဘေးမှာ ဖြစ်လျှောက် တာတောင်မှ နှင်းဆီနံ့သင်းသင်းလေး ရလေ့မရှိပါဘူး။ သို့ပေမယ့် နံ နက်စောစော အချိန်များမှာတော့ ရေမြေလေ သဘာဝတွေက သန့်ရှင်းလတ်ဆတ်နေသေးတာရယ်၊ ပန်းရနံ့လေးတွေကို ခိုးယူတတ်တဲ့ အခြားအညစ်အကြေး လေဆိုးတွေနဲ့ ပန်းရနံ့ကို မျှဝေ မယူရသေး တာရယ်ကြောင့် ဖြစ်မယ်။ အိမ်ရှေ့တွေမှာ စိုက်ထားတဲ့ ပန်းလှလှလေးတွေရဲ့ ညင်းဆဆပေမယ့် သင်း မြမြ ရနံ့လေးတွေကို ပြည့်ပြည့်ဝဝ ရလေ့ရှိတယ်။ ဒီသင်းမြမြ ရနံ့လေးတွေနဲ့အတူ မြက်ခင်း စိမ်းစိမ်း တွေကို ဖျန်းပက်ပြီးစ ရေငွေ့နဲ့အတူ ပါလာတတ်တဲ့ မြက်စိမ်းရနံ့လေးတွေကိုလည်း ရှိုက်ခွင့်ရတယ်။ ဒါကြောင့် စိတ်ကိုလန်းဆန်းတက်ကြွ ဖြစ်စေရတယ်။

မကြာခဏ လျှောက်ဖြစ်တတ်တဲ့ ရပ်ကွက်လေးတစ်ခုရှိတယ်။ ဒီရပ်ကွက်လေးထဲမှာပဲ တစ်ကွင်းလုံး စိမ်းလန်းနေတဲ့ မြက်ခင်းပြင်တစ်ခုနဲ့ ပန်းခြံလေးတစ်ခုလည်းရှိတယ်။ နံနက်စောစော အချိန်များမှာ ကားရှင်းရှင်း လူရှင်းရှင်းမို့ထင်ရဲ့။ လမ်းမဘေး ရပ်ကွက်ပန်းခြံထဲက ရှဥ့်ငယ်လေးတွေက လမ်းမပေါ် ထွက်ထွက်လာတတ်တယ်။ တခါတရံများမှာဆို လမ်းမအလယ်တည့်တည့်မှာ ဆောင့်ကြောင့်ထိုင်ပြီး လက်နှစ်ဖက်နဲ့ကိုင်ကာ သစ်သီးလေးတွေကို အားရပါးရ စားနေ တတ်တာကို တွေ့ရတတ်တယ်။ တစ်ကောင်မက နှစ်ကောင်မက၊ အကောင်များစွာ။ လိုက်တမ်းပြေးတမ်း ကစားနေ တတ်တဲ့ ရှဥ့်ငယ်လေးတွေကို ငေးပြီးတောင် ရပ်ကြည့်နေမိတဲ့အခါရှိတယ်။ ကိုယ့်လိုပဲ ရပ်ကြည့်နေတတ်တဲ့ အဖိုးအဖွားအို စုံတွဲကိုလည်း အမြဲနီးပါး တွေ့ရတတ်တယ်။ ဒီအရပ်မှာက ရှဥ့်လေးတွေကို ရန်မူမဲ့သူ၊ အနှောင့်အယှက် ပေးမည့်သူ ဘယ်သူမှ မရှိဘူးလေ။ လမ်းလျှောက်နေသူတွေဟာ သူတို့ကို ရန်မူမည့်သူတွေ မဟုတ် ဘူးဆိုတာ ရှဥ့်လေးတွေကလည်း သိနေတဲ့အတိုင်းပဲ။ တခါခါမှာတော့ လက်တစ်ကမ်းလောက်အထိ ရောက်လာတတ်တယ်။ ထိုင်နေ ရပ်ကြည့်နေတဲ့ သူကိုတောင်မှ ပတ်ခြာဝိုင်းကာ လိုက်တမ်းပြေးတမ်း ကစားနေတတ်သေးတယ်။ တခါတရံမှာတော့လည်း ရှေ့တည့်တည့်ကိုရောက်လာပြီး ဆောင့်ကြောင့် ထိုင်ကာ မျက်နှာကိုစေ့စေ့ကြည့်လို့ ကွိကွိကွကွနဲ့ စကားဆို နေတတ်ကြသေးတယ်။ သူတို့ပြောတာ နားလည်နိုင်ဖို့ သူတို့ဘာသာစကားကိုတောင် လေ့လာရမလို ဖြစ်နေပြီလို့တောင် ကြံကြံဖန်ဖန် အတွေးပေါ်မိတတ်တယ်။

ရပ်ကွက်ထဲနေသူအချို့ကတော့ နားလည်ဟန်ပါ။ ဒီအနီးအနားရောက်တာနဲ့ ကားကိုအရှိန်လျော့ပြီး ဖြေးဖြေးသာသာ မောင်းတတ်ကြတယ်။ ရှားရှားပါးပါး ပေါ်လာတတ်တဲ့ ရပ်ဝေးကရောက်လာတတ်သူ တွေကတော့ ဒီလမ်းပေါ်က ရှဥ့်ငယ်လေးတွေကြောင်း မသိကြလို့ ကားကိုပုံမှန်အရှိန်နဲ့ မောင်းတတ်ကြ တယ်။ ဒီအခါမျိုးမှာ လမ်းပေါ်ထိုင်နေတတ်တဲ့ ရှဥ့်ငယ်လေးတွေကိုများ တိုက်မိလေမလားလို့ မနေနိုင် မထိုင်နိုင် ပူပင်မိရသေးတယ်။ သို့ပေမယ့် နှစ်ပေါင်းတော်တော်ကြာလာတဲ့အထိ တစ်ခါမှ ရှဥ့်ငယ်လေး တွေကို ကားတိုက်မိတာ မတွေ့မိဘူး။ လမ်းမပေါ်က ရှဥ့်ငယ်လေးတွေကို မြင်တာနဲ့ ကားအရှိန်ကို လူတိုင်းက လျော့မောင်းကြတာကြောင့်လည်း ဖြစ်မယ်ထင်တယ်။ ကြင်နာတတ်သူတွေဆိုတာက ကိုယ့် ပယောဂကြောင့် သတ္တဝါလေးတစ်ကောင် သေကြေပျက်စီးရမှာမျိုးကိုပင် မလိုလားတတ်ကြပါဘူး။

ဒီမနက်မှာတော့ မင်္ဂလာနဲ့ အမင်္ဂလာဖြစ်ရတဲ့ မြင်ကွင်းနှစ်ခုကို ပူးတွဲတွေ့ခဲ့ရတယ်။ ပုံမှန်ထက်နဲနဲပြင်းတဲ့ အရှိန်နဲ့ ကားတစ်စီး ကိုယ့်ဘေးကနေ ဖြတ်ကျော်သွားတယ်။ တစ်ခုခု အရေးကြီးနေမှန်း ခန့်မှန်းမိ တယ်။ ရှေ့ကိုက် ၂ဝဝ လောက်မှာ ရှဥ့်လေးတွေရှိနေတတ်လို့ သူတို့အတွက် စိတ်ပူမိလိုက်တယ်။ ကိုယ့်အပူမှ မဆုံးသေးဘူး။ ရုတ်တရက်ပဲ ဖြတ်မောင်းသွားတဲ့ကားရဲ့ ဘရိတ်အုပ်သံပြင်းပြင်း ကြားလိုက်ရတယ်။ နောက်ပြီး မောင်းနေတဲ့ ကားဦးကို ဘယ်ဖယ် ယိမ်းလိုက်၊ ညာဖက်ယိမ်းလိုက်နဲ့ ကား မောင်းသူ အလုပ်များနေတာကို မြင်ရတယ်။ လမ်းပေါ်က ရှဥ့်တစ်ကောင်ကို ရှောင်တိမ်းမောင်းနေမှန်း သိလိုက်တယ်။ ကားဦးက ဘယ်ဖက်ယိမ်း၊ ရှဥ့်လေးကလည်း ကြောက်လန့်တကြား ဘယ်တိမ်း။ ဒီတော့ ကားဦးက ညာယိမ်း၊ ရှဥ့်လေးကလည်း ညာတိမ်းနဲ့ ကားနဲ့ရှဥ့်လေးက ထုတ်ဆီးတိုး ကစားတဲ့ အတိုင်း ဖြစ်နေတယ်။ ကားက ရှေ့ကိုနည်းနည်း တိုးသွားလိုက်။ ကားတိုးတဲ့ဖက် ရှဥ့်လေးက တိမ်း တာကြောင့် ကားက နောက်နည်းနည်း ပြန်ဆုတ်လိုက်နဲ့ တမင်ကစားနေသလို ဖြစ်နေတယ်။ နှစ်ကြိမ် လောက်စီ ဘယ်တိမ်း ညာယိမ်း၊ ရှေ့တိုးနောက်ငင်ဖြစ်နေချိန်မှာပဲ လမ်းဘေးပလက်ဖောင်းပေါ်က ရှဥ့်လေးတစ်ကောင်က ပြေးထွက်လာတယ်။ ကားနောက် ပိုင်းဖြစ်နေတာမို့ ကားမောင်းသူ မြင်လိုက် ဟန် မတူဘူး။ ဒါကြောင့် နောက်ပြန်ဆုတ်လိုက်တဲ့ ကားဘီးနဲ့ ရှဥ့်လေးကို ကြိတ်မိသွားတယ်။ နောက်နားကိုရောက်နေတဲ့ စာရေးသူက ဒီမြင်ကွင်းကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတယ်။ ဒီ အတွက် ရှဥ့်လေးအတွက် စိတ်အတော် ထိခိုက်မိတယ်။ ရှဥ့်ကလေးကို တက်နင်းလိုက်တာကိုတော့ ကားမောင်းသူ သိသွားဟန်ရှိတယ်။ ကားကို လမ်းဘေးမှာရပ်ပြီး ဆင်းလာတယ်။ ဒီတော့မှ ကား မောင်းသူ မိန်းမငယ်တစ်ဦးဖြစ်မှန်း သိရတယ်။

သူမ ဘာများလုပ်လေမလဲလို့ ကြည့်နေစဉ်မှာပဲ ရှဥ့်သေလေးဘေးမှာ သူမဒူးထောက်ထိုင်လိုက်တယ်။ လက်နှစ်ဖက်နဲ့ ရှဥ့်သေလေးကို ကောက်ပြီး သူ့လက်ဝါးနှစ်ဖက်ထဲမှာ ရှဥ့်လေးကို ယုယုယယထည့် ကာ ရှဥ့်သေလေးရဲ့ နှုတ်သီးဖျားကို သူ့နှုတ်ခမ်းနဲ့ တို့ထိနမ်းလိုက်တယ်။ ပါးပြင်ပေါ်မှာလည်း မျက်ရေ တွေ သွင်သွင်စီးကျလို့။ နောက်ပြီး ရှဥ့်သေလေးကို စေ့စေ့ကြည့်ကာ ရှိုက်ရှိုက်ငင်ငင် ငိုချလိုက်တာကို မြင်လိုက်ရတယ်။ တကယ့်ကိုမှ ဝမ်းနည်းတဲ့ အသွင်အပြင်နဲ့ပါ။

မင်သက်ပြီး ရပ်ကြည့်နေမိတဲ့ စာရေးသူလည်း ရှိုက်ကြီးတငင် ငိုကြွေးနေသူအတွက် တစ်ခုခုတော့ ပြောမှ တော်မယ်ဆိုတာ သိလိုက်တယ်။ ဒါကြောင့် မင်းမှာ အပြစ်မရှိပါဘူး။ မမြင်လိုက်လို့ ဖြစ်ခဲ့တာပဲ။ မင်းမြင်ရတဲ့ ရှဥ့်လေးအတွက် မင်းရှောင်တိမ်းမောင်းနေတာကို ကိုယ်မြင်နေရတာပဲ။ ဒီတော့ သူမက မဟုတ်ဘူး။ သူအရေးတကြီး အမြန်မောင်းတဲ့အတွက် အခုလိုအဖြစ်ဆိုး ဖြစ်ရတာ။ အပြစ်မဲ့တဲ့ သတ္တဝါလေးသေဆုံးရတာ။ သူဘဝတစ်လျောက်လုံးမှာ သူ့ကြောင့် သတ္တဝါတစ်ကောင်တလေမှ မသေကြေစေခဲ့၊ အနာတရ မဖြစ်စေခဲ့ဖူးဘူး။ ခုတော့ သတ္တဝါတစ်ကောင် သေဆုံးသွားရပြီမို့ သူ့မှာ အလွန်ကြီးတဲ့ အပြစ်ရှိသွားပြီ။ ဒီအတွက် သူ့ကိုဘုရားသခင်က အပြစ်ကြီးကြီးပေးတော့မှာ သေချာ တယ်တဲ့။ ဒီတော့ စာရေးသူက မပူပါနဲ့၊ ဘုရားသခင်ရှေ့ရောက်လျင် မင်းမှာ ဘာမှအပြစ်မရှိတဲ့ အကြောင်း ငါသက်သေခံပေးပါ့မယ်လို့ ရုတ်တရက် ပြောမိလိုက်တယ်။ စိတ်သက်သာရာရသွားဟန် ရှိပါတယ်။ တကယ်လားလို့ အားတက်သရော ပြန်မေးတယ်။ တကယ်ပါ။ ဘုရားသခင်ရှေ့ရောက်လျင် ကိုယ့်ကိုသာ လှန်းတမ်းတလိုက်။ ကိုယ်သေချာ အရောက်လာခဲ့မယ်လို့လည်း ပြောလိုက်တယ်။

စိတ်သက်သာရာရစေဖို့ ရိုးရိုးပဲ ပြောလိုက်ပေမယ့် ဒီဖြစ်ရပ်နောက်ဆက်တွဲက ဘုရားသခင်ရှေ့ ရောက်တယ်ဆိုဦး။ သူက ကိုယ့်ကိုဘယ်လိုအနေနဲ့ တမ်းတမယ်၊ ကိုယ်ကလည်း ဘယ်လို အရောက် သွားနိုင်မယ်ဆိုတာ သူလည်းစဉ်းစားမိမှာ မဟုတ်သလို ပြောလိုက်စဉ်ကတော့ ကိုယ်လည်း သတိ မထားမျလိုက်ပါဘူး။ ဒါပေမယ့် သူကတော့ လုံးဝစိတ်ချ ယုံကြည်သွားဟန်တူတယ်။ လာမယ်ဆိုတာ တကယ့်ကတိနော်လို့ သေချာအောင် ထပ်မေးခဲ့ပါသေးတယ်။ ကတိပါလို့ ကိုယ်ကလည်း ထပ်မံ ကတိ ပြုလိုက်ပါတယ်။ သူ ဘယ်ကလာလို့ ကိုယ်ဘယ်နေမှန်းမသိ၊ အချင်းချင်းတွေရဲ့ နာမည်တွေကိုတောင် မသိကြတဲ့သူနှစ်ဦးရဲ့ ကတိပေး ကတိယူ စကားတွေက တွေးကြည့်မယ်ဆိုလျင် ရယ်ဖွယ်ရာပါ။ သို့ပေ မယ့် ဒီအချိန်မှာ သူမနဲ့စာရေးသူတို့ နှစ်ဦးကြားမှာ သတ္တဝါတစ်ဦး ဆင်းရဲဖြစ်နေတာကို မကြည့်ရက် နိုင်၊ မမြင်ဝံ့ရက် ဖြစ်နေတဲ့ ကရုဏာစိတ်၊ အသီးသီးရဲ့ရင်မှာ တူညီညာ ဖြစ်နေတယ်ဆိုတာကိုတော့ နှစ်ဦးစလုံး ကောင်းကောင်းသိနိုင်ကြပါတယ်။

ရှဥ့်ကလေးကို ကားပေါ်မှာပါလာတဲ့ အဝတ်စလေးနဲ့ ကျကျနန တယုတယထုတ်ပြီး ခွင့်ပြုပါဦးဆိုကာ သူမထွက်သွားတယ်။ ကားတံခါးဖွင့်ပြီး ကားပေါ်မတက်မီမှာ ဘုရားသခင်ရှေ့ကို လာဖြစ်အောင် လာ နော်ဆိုပြီး အထူးမှာကြားသွားသေးတယ်။ လာခဲ့ပါမယ်။ စိတ်ချပါလို့ ပြောလိုက်တယ်။ ပြောပြီးပြီးခြင်း ရုတ်တရက်ပဲ ဟေး ဟေး မင်းအလှ ခဏငှါးနိုင်မလားလို့ နှုတ်ကအလိုလို ထုတ်မေးမိတယ်။

ဘာကိုဆိုလိုမှန်း သူဘောပေါက်ဟန်မရှိဘူး။ ဒီလိုပါ၊ မင်းရဲ့သတ္တဝါ တွေအပေါ် ကြင်နာတတ်တဲ့ နှလုံး သားအလှမျိုးကို တို့နိုင်ငံက လူအချို့ဆီမှာ ခဏဖြစ်ဖြစ် ပြောင်းတတ်ပေးချင်လို့ ခဏငှါးချင်လို့ပါလို့ ပြောလိုက်မှ သူသဘောပေါက်သွားပုံရတယ်။ ဒီတော့မှ သူက မင်းဘယ်ကလဲလို့ မေးတယ်။ ငါ မြန် မာနိုင်ငံကပါဆိုတော့ အို သူကောင်းကောင်းသိတယ်။ မကြာမီက မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ နိုင်ငံ မဟုတ်လားတဲ့။ မင်းနိုင်ငံသားတွေအတွက် သူအကြိမ်များစွာ ဆုတောင်းပေးခဲ့ပါတယ်တဲ့။ နောင်လည်း ဆက်လက်ဆုတောင်းပေးပါ့မယ်။ သူဆုတောင်းပေးတဲ့ အကြောင်းကိုလည်း သူတို့တွေကို ပြောပေးပါ။ သူဒီသတင်းကြားရတော့ ယူနီဆက်ကဆင့် အလှူငွေထည့်ဝင်ခဲ့ပါသေး တယ်လို့လည်း ပြောပါတယ်။ ကိုယ့်ပြည်သူပြည်သားတွေအရေးကို အားပေးကူညီသူဖြစ်တာကြောင့် သူ့ကိုလည်း ပိုမိုလေးစားမိရတယ်။

မင်းအချိန်နောက်ကျနေပြီ။ သွားဖို့အချိန်တန်ပြီလို့ သတိပေးလိုက်မှ ကားကိုဖြေးဖြေး မောင်းထွက် သွားတယ်။ ကားမထွက်မီမှာ “ခဏငှါးလို့ ရမယ်ဆိုလျင် သူ့အလှကို ရာထောင်သိန်းသောင်းမက မိတ္တူပွားပြီး ငှါးပေးချင်ပါ တယ်’ဆိုတဲ့ သူ့စကားထဲမှာပဲ ကရုဏာအလှတွေ ပြည့်လျမ်းနေတာကို ထပ် တွေ့လိုက်ရတယ်။ သူ့ကားမြင်ကွင်းက ပျောက်သွားတဲ့အထိ မလှုပ်ရှားမိပဲ အံ့သြငြိမ်သက်စွာ ရပ် ကြည့်နေမိတယ်။ မိနစ်ပိုင်းလေးမျှ တွေ့ရပေမယ့် သိမ်မွေ့တဲ့ သူ့စကား၊ လှပတဲ့သူ့မျက်နှာ၊ ကြင်နာ တဲ့သူ့နှလုံး၊ မျက်ဝန်းမှာထင်နေတဲ့ နက်ရှိုင်းတဲ့ သူ့ရဲ့ကရုဏာ ပုံရိပ်ကြောင့် ငါလူသားတစ်ဦးနဲ့တွေ့ရ တာမှ ဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးလိုက်မိတယ်။

ဒီဃနိကကယ်၊ သီလက္ခန္ဓ၀ဂ္ဂ ၊ သာမညဖလသုတ်မှာ ဖခင်ကိုသတ်ထားတဲ့ အမှားကြောင့် မအိပ်နိုင် မစားနိုင် အပူမီး လောင်မြိုက်ခံထားရတဲ့ အဇာတသတ်မင်းသား ဗုဒ္ဓထံပါး ဖူးမြော်ရန်ရောက်လာတဲ့ အကြောင်း မိန့်ကြားထားတယ်။ ပြည့်ဝန်းနေတဲ့လမင်းကြီးနဲ့အတူ ကြယ်တာရာတွေ အစုံခနေတဲ့ တန်ဆောင်မုန်းလပြည့်ညမှာ မြတ်စွာဘုရား သီတင်း သုံးနေတဲ့ ရာဇဂြိဟ်မြို့အနီးက ဇီဝကရဲ့ သရက် ဥယျာဉ်အတွင်းရှိ ကျောင်းတော်ဆီကို အဇာတသတ်မင်း ရောက်လာ ခဲ့တယ်။ ထောင်ကျော်တဲ့ရဟန်းတော်တွေ ဘုရားရှင်ရှိရာဖက် မျက်နှာလှည့် လက်အုပ်ချီကာ ငြိမ်သက်စွာ ထိုင်နေကြတာ။ အေချမ်း တည်ကြည်စွာ။ အဇာတသတ်နဲ့ ရာပေါင်းများစွာသော ပရိတ်သတ်တွေ ရောက်လာတာကိုပင်၊ အမှတ်မပြု ၊ မရှုမကြည့်။ ပကတိအေးချမ်းမှု အပြည့်။

ဆိတ်ငြိမ်အေးချမ်းတဲ့ ပရိတ်သတ်အသွင်အပြင်ကိုမြင်ရတော့ အဇာတသတ်က သူချစ်ရတဲ့သား ဥဒယ ဘဒ္ဒမင်းသား ကို သွားသတိရတယ်။ သူ့သားတော်ရဲ့ရင်ထဲမှာလည်း ရဟန်းတော်တွေ ငြိမ်သက်နေသ လို ငြိမ်သက်နေစေချင်လိုက်တာ။ ရဟန်းတော်တွေ အေးချမ်းနေသလို သူ့သားတော်လေးလည်း အေး ချမ်းနေစေချင်လိုက်တာ။ မြင်ကွင်းလှလှမြင်ရတော့ ချစ်ခင်သူတွေကိုလည်း ကိုယ့်လိုပဲမြင်စေချင်တာ။ အသံသာသာ ကြားရတော့ တွယ်တာသူတွေကိုလည်း ဒီလို အသံသာလေး သောတနား ဆင်စေချင် တာ။ အစားကောင်းကောင်းစားရတော့ မြတ်နိုးရသူတွေကိုလည်း ဒီလို အရသာကောင်းလေး မြည်း စမ်း စားစေချင်တတ်တာ။ ဒါက လောကသဘာဝ မဟုတ်လား။

တမင်သက်သက်လုပ်တာ မဟုတ်ပါပဲ တိုက်ဆိုင်မှုအရ မတော်တဆဖြစ်သွားခဲ့တဲ့ ရှဥ့်ငယ်လေးတစ် ကောင် အသက်ဆုံးပါးသွားတာကိုကြည့်ပြီး ရှိုက်ကြီးတငင် ငိုကြွေးတဲ့ မိန်းမငယ်တစ်ယောက်၊ မိုင် ပေါင်းထောင်ချီဝေး ကွာတဲ့အရပ်က လူသားတွေရဲ့ ဒုက္ခကို စာနာနားလည်ပြီး ဆုတောင်းနေပါတယ်၊ ကူညီခဲ့ပါတယ်ဆိုတဲ့ မိန်းမငယ် တစ်ယောက်။ ဒီလို နှလုံးသား နူးညံ့သူတွေ၊ စာနာသနားတတ်သူတွေ၊ ရိုင်းပင်းကူညီတတ်သူတွေကို တွေ့ရတော့ ဆင်းရဲဒုက္ခ ရောက်နေကြတဲ့ ကိုယ့်ပြည်သူတွေကို သတိရမိတယ်။ ကိုယ့်ပြည်သူပြည်သားတွေကိုလည်း ခုလိုနှလုံးသား နူးညံ့တဲ့၊ စာနာထောက်ထားတတ်တဲ့၊ ရိုင်းပင်းကူညီတတ်တဲ့ မိသားစုဝင်တွေ၊ အုပ်ချုပ်သူတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ အိမ်နီးနားချင်း ကောင်းတွေနဲ့ အများကြီး အများကြီးပဲ ဆုံစေ တွေ့စေချင်လိုက်တာ။ သူတို့ ဒုက္ခတွေက အလွန်ပဲ ကြီး လွန်း လှ သလို အလွန်မှပဲ ရှည်ကြာလွန်းလှတယ် မဟုတ်လား။ ကမ္ဘာလောကသား အားလုံးအဖို့၊ အထူးသဖြင့် ဆင်းရဲကြီးစွာ တာရှည်လွန်းလှတဲ့ ကိုယ့်ပြည်သူပြည်သားတွေအဖို့မှာက ဒီလိုစိတ်ထား ကောင်းရှိသူတွေ၊ ကရုဏာရှင်တွေ၊ ဖေးဖကူညီမည့်သူတွေ အများကြီး အများကြီး လိုအပ်နေတယ် မဟုတ်ပါလား။ ။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP