* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, August 22, 2010

The mind that made your problems

The following is a personal note from the respected Sayadaw U Jotika to one of his followers regarding a life that has many problems.

** ** **


You are right when you said, “Life is full of problems.”


Life is full of problems.

From the time you are born, you have problems. Problems are natural. We just need to find the best ways to solve them.

There are natural problems and man made problems.

For natural problems we find natural ways to solve them.

But we are making problems. How do we solve problems that we are making?

First we must see clearly that we are making these problems.

The mind that makes problems and the mind that sees we are making problems are not the same type of mind.




  • The mind that makes problems has no awareness/ mindfulness, no wisdom.
  • The mind that sees that we are making problems has awareness and wisdom.

We cannot solve the problem with the same type of mind that made it.

We need a mind that is mindful and therefore wise to see the problem and solve it.

When we see that the mind is making problems – just seeing it solves most of the problems. When we don’t make problems we have only natural problems to solve. Then we will find that more than 90% of the problems are gone. Just because we are not making them anymore.

With the rest of the 10% of the problems to solve, we are not so burdened anymore. We can solve them or just live with them.

If you are carrying 100 pounds and then you drop 90 pounds, with only 10 pounds to carry now, you are not so burdened. You can carry it.

With a mind that does not create more unnecessary problems, life is not so burdensome. You can travel very light.

There are two kinds of burdens.


The burden of the body. And the burden of the defilements.

We need to keep the body healthy. So, we eat, we protect our body from excess heat or excess cold. We rest when we are tired. We sleep. When we get sick we get medical treatment. All that is burden of the body. But it has a limit.

Healthy food is not so expensive.

It is unhealthy food which is more expensive. Cigarettes are very expensive. Wine is very expensive. And many other things which we don’t need to eat or drink or use are very expensive. Clothes that keep you healthy are not so expensive.

We can stay healthy without much difficulty. With modern medical treatment it is not difficult to cure most of the diseases.

But the burden of the defilements have no limit.

Greed has no limit. We can never really satisfy greed. No matter what we do to satisfy greed it is never enough. Only wisdom can put a limit to greed.

Greed cannot solve the problem it has created. It is a mind without greed that can solve the problems greed has created.

Pride, conceit, anger, envy, jealousy all create problems.

Anger cannot solve the problems it has created. It is a mind without anger that can solve the problems anger has created.

Pride cannot solve the problems it has created. Envy, jealousy cannot solve the problems they have created.

A mind without greed, anger, pride, envy, jealousy, a mind that is mindful and wise can see the problems clearly and solve them too.

Therefore to live a good life,

to live a life which is not so burdensome; to travel light,

to live with joy, we must live mindfully.

When you are mindful you are more creative in living.

Mindful living is the best way of living.

Read more...

*ရန်ငြိုးဖြေရာ မေတ္တာတိုက်ပွဲ*


၁။ ရန်သူရှိလျှင် သို့မဟုတ် တနုံ့နုံ့ တမြေ့မြေ့ စိတ်မကျေချမ်းဖွယ်ရာ ရန်ငြိုးဖွဲ့မိသူ ရှိနေလျှင် အလွန်ချစ်မြတ်နိုးသူ၊ မချစ်မမုန်း အလယ်အလတ်စား ရှိသူများအပေါ် မေတ္တာဈာဉ်စိတ် (အနည်းဆုံး ဥပစာရသမာဓိ) ဖြစ်ပေါ်အောင် တစ်ဦးချင်း ပွားများနေရ၏။ ပြီးမှ ရန်သူကို ပွားရသည်။

အကယ်၍ မေတ္တာပွားနေဆဲ ဒေါသ အာဃာတစိတ် ၀င်နှောက်လာခဲ့လျှင် ရှေးပုဂ္ဂိုလ်များ အပေါ် ပြန်၍ပွားရသည်။ မနိုင်လျှင် ရှေ့မတက်ရ၊ မိမိဒေါသကို မနိုင်မချင်း တိုက်ရသော မေတ္တာတိုက်ပွဲ ဖြစ်၏။ ဤနည်းဖြင့် မနိုင်လျှင် အောက်ပါအတိုင်း ဆက်လက် ဆင်ခြင်ပါ။

သင် ဘုရားစကား နားထောင်သူလား

၂။ “လောကမှာလည်း ချမ်းသာ၊ သံသရာ လွတ်မြောက်မှုကိုလည်း ရှာနေပါသည် ဆိုသော အိုယောဂီ၊ “ခိုးသားဓားပြ လူဆိုးများက အစွန်းနှစ်ဘက် အရိုးတပ်ထားသော ငါးမန်းစွယ်လွှဖြင့် တိုက်ဖြတ် ခံရသော်လည်း စိတ်မဆိုးရ၊ ထိုသူအပေါ် အမျက်မထွက်ရ၊ စိတ်ဆိုးစိတ်ပျက် အမျက်ထွက်သေးလျှင် ထိုယောဂီဟာ ငါဘုရားစကားကို နားထောင်သူ မဟုတ်တော့ဘူး” လို့ ဟောခဲ့တယ် မဟုတ်လား၊ ဒါတင်မက-

အရင်လူထက် နောက်လူမိုက်

၃။ “ပထမ အမျက်ထွက်သူကို တုံ့ပြန်၍ အမျက်ထွက်လျှင် ပထမလူထက် ယုတ်မာတဲ့သူ ဖြစ်သွားပြီ။ တုံ့ပြန် အမျက်မထွက်ဘဲ သည်းခံနိုင်မှ အောင်နိုင်ခဲသော စစ်ပွဲ (ကိလေသာစစ်ပွဲ) ကို အောင်နိုင်မယ်” လို့လည်း ဟောတော်မူခဲ့တယ်။ အမျက်ထွက်တာ အကျိုးယုတ်မှန်း သင်မြင်နေရပါလျက် ထိုလမ်းစဉ်ကိုပဲ သင်ထပ်ပြီး လိုက်နေပြန်ပြီ။

ပြည်သူ့အကျိုး ကိုယ့်အကျိုး

၎။ သူတစ်ပါး အမျက်ထွက်၍ လက်တွေ့ ဆင်းရဲပူပန်ရသည်ကို သိတဲ့သူဟာ အမျက်မထွက်ဘဲ ချက်ချင်းစိတ်ကို နိုင်အောင် ထိန်းလိုက်နိုင်လျှင် ငြိမ်းချမ်းစွာ နေရရုံမျှမက တစ်ဘက်သား အကျိုးကိုပါ ကျင့်ဆောင်သည် မည်သတဲ့။ (မိမိ သူတစ်ပါး နှစ်ဦးသား အကျိုးရှိအောင် လုပ်လိုသူလို့ ခေါ်သတဲ့။)

စိတ်ဆိုးလျှင် ရုပ်ဆိုး

၅။ အိုယောဂီ.. ဒေါသထွက်နေတဲ့ လူဟာ (၁) အရုပ်ဆိုးလာတယ်၊ (၂) ချမ်းချမ်းသာသာ မအိပ်ရ မနေရဘူး၊ (၃) အကျိုးစီးပွားလည်း ပျက်တယ်၊ (၄) စည်းစိမ်ဥစ္စာ ယုတ်လျော့တယ်၊ (၅) မြွေဆိုးနား မကပ်ရဲသလို ဒေါသကြီးသူမှာ အခြွေအရံလည်း မရှိဘူး၊ (၆) မိတ်ကောင်း ဆွေကောင်း မရှိဘူး၊ (၇) သေတဲ့နောက် သုဂတိဘ၀ကို မရ၊ အပါယ်လေးပါးသို့ ကျတတ်တယ်။

အိုယောဂီ.. ဒါတွေဟာ သင့်ရန်သူက သင့်ကို ဖြစ်စေချင်နေတဲ့ ဟာတွေချည်းပဲ၊ သင်ဟာ သင့်ရန်သူ အကြိုက်ကိုချည်း လျှောက်ပြီး လုပ်နေသလို ဖြစ်နေပါပကောလား။ သင့်အပေါ် ရန်သူက လုပ်ရမယ့် အလုပ်တွေကို ရန်သူအကြိုက် သင့်ဟာသင် လိုက်ပါလုပ်နေရာ မရောက်ပါလား။

ထင်းကုလားတုံး အသုံးမကျ

၆။ အိုယောဂီ.. သူသေကောင် မီးဖုတ်ရာ၌ ထိုးဆွတဲ့ သံစူးဝါး ထင်းကုလားတုံးဟာ အိမ်ဆောက်ဖို့၊ မီးဆိုက်ဖို့ တောရောအိမ်ပါ ဘာမှ အသုံးမ၀င်တော့ သလို အလိုရမ္မက်နှင့် အမျက်ဒေါသကြီးတဲ့ ယောဂီဟာ ကာမဂုဏ် ခံစားမှုကိုလည်း မရ၊ အကျင့်ဓမ္မလည်း ဆုံးရှုံး ထင်းကုလားတုံးပဲ လို့လည်း ဟောတော်မူခဲ့တယ်။

အိုယောဂီ.. သင်ဟာ ဘုရားစကားကို မလိုက်နာသူ၊ ပထမ ဒေါသထွက်သူထက် ပို၍ယုတ်မာကာ အောင်ပွဲမရသူ၊ ရန်သူအကြိုက် ခုရောနောင်ပါ ကိုယ့်ကိုယ်ကို နစ်နာ ဆုံးရှုံးအောင် လုပ်သူ ထင်းကုလားတုံးလိုလူ ဖြစ်နေပြီ။”

ဤသို့ စသည်ဖြင့် ဘုရားဟော ဒေသနာ စာပေကျမ်းဂန် အရလည်း ဆင်ခြင်၍ ဒေါသကို ရှောင်ကြဉ်ရ၏။ အရိယာ သူတော်ကောင်းကြီးများ ပြောဆို ဆုံးမချက်များကို အောက်မေ့၍လည်း ဆင်ခြင်ရ၏။ ဤနေရာ၌ အရှင်သာရိ ပုတ္တရာ၏ ရန်ငြိုးဖြေနည်းကိုလည်း မှတ်သားသင့်သည်။

ကောင်းကွက်ကလေးများကို ရှာကြည့်
အရှင်သာရိပုတ္တရာ ရန်ငြိုးဖြေနည်း

၇။ ရန်ငြိုးဖြေဖျောက်နည်းနှင့် စပ်၍ အရှင်သာရိ ပုတ္တရာက ရဟန်းများကို ဟောကြားဖူး၏။ “အင်္ဂုတ္ထိုရ် ပဉ္စကနိပါတ် ဒုတိယ အာဃာတ ပဋိဝိနယသုတ်” ဟု ခေါ်၏။ အတိုချုပ် ဆိုလိုချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

လောက၌ ရန်ငြိုးထားမိသော ပုဂ္ဂိုလ်ကို ငါးမျိုးငါးစားခွဲခြား၍ ပုဂ္ဂိုလ်အလိုက် “ဆိုးတာကို မေ့ဖျောက်လျက် ကောင်းကွက်ကလေး များကိုသာ ရှာကြံနှလုံးသွင်း၍ ဖြေဖျောက်ရသောနည်း” ဖြစ်သည်။ လူတိုင်း၌ အဆိုးရှိသကဲ့သို့ အကောင်းကလေးများလည်း ရှိမြဲပင်။

(၁) အချို့ရန်သူမှာ ကိုယ်အမူအယာ ယုတ်သော်လည်း နှုတ်ကောင်း၏။ (ကာယကံ ဒုစရိုက် ပြုသော်လည်း ၀စီသုစရိုက် ကျင့်သူဖြစ်၏။) ပံ့သကူ အ၀တ်စုတ်ကို သင်္ကန်းချုပ်ရန် ကောက်ယူသော ရဟန်းသည် အညစ်အထေး အဆွေးအမြေ့နေရာကို ဖြတ်ပယ်၍ အကောင်းကလေးများ ကိုသာ ရွေးချယ် ချုပ်စပ်ရသကဲ့သို့ ထိုသူ၏ ရိုင်းပြသော ကိုယ်အမူအကျင့်ကို မေ့ဖျောက်ကာ ၀စီကံ စင်ကြယ်မှုကိုသာ ကြည့်ရှု ၀မ်းမြောက်၍ နေရမည်။

(၂) နှုတ်ရိုင်း၍ ကိုယ်ယဉ်ကျေးသူမျိုး အပေါ်၌လည်း ခရီးပန်း ရေဆာနေသူအတွက် မှော်သေး မှော်မှိုက်များရှိသော ရေကန်ကို တွေ့လျှင် မှော်ရေညှိများကို ဖယ်ကာဖယ်ကာ ရေကိုသာ လက်ခုပ်ဖြင့် သောက်ရသကဲ့သို့ ကောင်းကွက်ကိုသာ ရှု၍ ဖြေဖျောက်ရမည်။ (အပြောက သူ့ဝသီမို့ အပေါက်ဆိုးပေမယ့် သူ့ လုပ်ဆောင်ချက်ကတော့ ကောင်းပါတယ်.. စသည်)

(၃) အချို့သူမှာ ကိုယ်ရော နှုတ်ပါ ရိုင်းပြသော်လည်း ထိုသူနှင့်စပ်၍ ရံခါ ၀ိပဿနာ အခွင့်အလမ်းနှင့် စိတ်ချမ်းမြေ့မှုကို ရတတ်သော အလှည့် ရှိတတ်သေး၏။ ထိုသူမျိုး အပေါ်၌ နွေအခါ ခရီးပန်း ရေဆာနေသူအတွက် နွားခြေရာခွက်ထဲက ရေသည်ပင် အကျိုးပြုတတ်သကဲ့သို့ သဘောထားရသေးသည်။ ထိုနွားခြေရာခွက်ထဲက ရေကို လက်ခုပ်ဖြင့်၊ ခွက်ဖြင့် ခပ်ယူလျှင် နောက်ကျိသွားနိုင်၏။ လေးဘက်ထောက်၍ သောက်တတ်ပါလျှင် မွတ်သိပ်မှု ပြေပျောက်နိုင်သကဲ့သို့ ထိုသူ၏ ကိုယ်နှုတ် ရိုင်းပြမှုကို မေ့ဖျောက်ကာ သူ့ကို အကြောင်းပြု၍ ရရှိသော ၀ိပဿနာ အခွင့်အလမ်းနှင့် စိတ်ချမ်းမြေ့မှု ကလေးကိုသာ အာရုံပြုပြီး ကျေနပ်ရမည်။

(၄) ကိုယ်နှုတ်လည်း ရိုင်းပြ၊ နွားခြေရာခွက်ထဲက ရေလောက်မှ ကျေးဇူးမရှိ၊ ၀ိပဿနာ အခွင့်အလမ်းနှင့် စိတ်ချမ်းမြေ့ဖွယ်ရာ တစ်ကွက်မှ ရှာမတွေ့သော သူမျိုးလည်း ရှိပေသေး၏။

ထိုလူမျိုးအပေါ်၌ အနာရောဂါကြီး နှိပ်စက်၍ ကူဖော်လောင်ဖက်မရှိ၊ အစာရေစာ ဆေးဝါးမရှိ၊ ရွာဆက်ဝေးသော ခရီးအကြား ဒုက္ခကြီးစွာဖြင့် ခရီးသွားနေရသော လူ့ဒုက္ခိတကို မြင်တွေ့ရသောအခါ မိမိလည်း ဘာမှမတတ်နိုင်၊ သနားစိတ်ကိုသာ မွေးမြူရသကဲ့သို့ “ဒုစရိုက်ဖယ်ရှားကာ သုစရိုက်တရား ကျင့်ပွားနိုင်ပါစေ၊ အပါယ်ငရဲ လွတ်ပါစေ” ဟုသာ ကောင်းကွက်ကို ရှာမရသဖြင့် ကရုဏာကိုသာ ပွားနေရမည်။

(၅) ကိုယ်နှုတ်ယဉ်ကျေး၊ ၀ိပဿနာ အခွင့်အရေးနှင့် စိတ်အေးချမ်းမှုရသော ပုဂ္ဂိုလ်မျိုး အပေါ်၌ကား နွေအခါ ရေဆာခရီးပန်းသူ ရေကန်အသင့် ကြာအသင့် တွေ့ရသကဲ့သို့ အကောင်းတွေကိုချည်း ဆင်ခြင်အောက်မေ့ကာ ရန်ငြိုးကို လွယ်ကူစွာ ဖြေဖျောက်နိုင်ရမည်။

ကံတရားကို ဆင်ခြင်

၈။ အထက်ပါအတိုင်း ဆင်ခြင်၍မှ မပြေပျောက်သေးလျှင် ကံ, ကံ၏အကျိုးကို ဆင်ခြင်ရမည်။

“အိုယောဂီ၊ သတ္တ၀ါမှန်သမျှ ကိုယ်ပြုတဲ့ ကံတရားအတိုင်းသာ ခံကြ စံကြရတယ်၊ သူက သင့်အပေါ်ပြုလို့ သင့်မှာ မခံရ၊ မစံရဘူး၊ သူ့ထိုက်နဲ့ သူ့ကံသာ ရှိပါစေ၊ အကုသိုလ်ဟာ အလွန် ကြောက်စရာ ကောင်းတယ်၊ သင်ဟာ ကံ, ကံ၏ အကျိုးကို သိပါလျက် အလွန် တာဝန်ကြီးလှတဲ့ ဒေါသကြီးကို လက်မခံသင့်ဘူး။”

သူတစ်ပါးကို နှိပ်စက်ပုတ်ခတ်ရန် မီးကျီခဲနှင့် မစင်ကို ကိုယ်ယူမိတဲ့ သူဟာ သူတစ်ပါးကို မနှိပ်စက်ရခင် ပထမဆုံး မိမိမှာ ပူလောင် ညစ်ပေစေသလို ကိုယ့်ဒေါသကပဲ ကိုယ့်ကို အရင်ဆုံး ဒုက္ခပေးနေပြီ၊ လေအောက်ကနေပြီး လေညာကလူကို သဲနဲ့ ဖုံနဲ့ ပက်သလို မလုပ်သင့်ဘူး။”

ဤသို့ စသည်ဖြင့် ဒေါသ၏ အပြစ်များကို ကြားနာ ဖတ်ရှုဖူးသမျှ၊ တွေ့မြင်ဖူးသမျှ ဆင်ခြင်၍ ဒေါသ မထွက်မိအောင် စိတ်ကို ထိန်းနိုင်ရ၏။ လေ့ကျင့်ရ၏။ ဒေါသ ဖြစ်စရာကို ရှောင်တန် ရှောင်သွားရ၏။

တစ်စုံတစ်ခုသော တရားလေ့ကျင့်နည်း လက်ကိုင် ရှိလျှင်ကား အလွယ်တကူပင် ကျော်လွန်အောင် ရှုမှတ်ပစ်ရလေသည်။ ယောဂီများအတွက် မခက်ခဲတတ်။ ထို့ကြောင့် ကမ္မဋ္ဌာန်း ရှုပွားနေသော ယောဂီများ မေတ္တာကို လေ့ကျင့်လျှင် ပို၍ လွယ်ကူထမြောက် ခရီးပေါက် မြန်ကြလေသည်။

~~~~~~~~~~~~~~~~~~~~

၁၉၈၇၊ ဇန်န၀ါရီလထုတ် ဓမ္မာစရိယဦးဌေးလှိုင် ရေးသားသော မေတ္တာဝါဒ (ဗြဟ္မ၀ိဟာရအဖွင့်) စာမျက်နှာ ၂၆၄ မှ ၂၆၈ ထိ။

လေးစားစွာဖြင့်
ဖိုးသား
8/22/2010, SUN:, 12:20:30 AM

Read more...

ဂျပန်မှာ ထင်ရှားတဲ့ ကာမာကူရဘုရား (Kamakura Daibutsu)

ကျွန်တော် အခု ရောက်နေတဲ့ ဂျပန်နိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံတစ်ခု အဖြစ် ကျွန်တော်တို့ မြန်မာတွေသိထားခဲ့ကြပါတယ်။ ဂျပန်မှာ ထင်ရှားတဲ့ ကာမာကူရဘုရား (Kamakura Daibutsu) ဆိုရင်လည်း မြန်မာတွေ တော်တော်များများ သိကြသလို ဘုရားဆင်းတုတော်ကိုလည်း ဓါတ်ပုံတွေ၊ ဆင်းတုတော် အသေးလေးတွေကနေတဆင့် မြင်ဖူး၊ ဖူး ဖူးကြပါတယ်။

ဂျပန်ရောက်နေတဲ့ မြန်မာဗုဒ္ဓဘာသာဝင်တွေဆိုရင်တော့ ဂျပန်ရဲ့ ဘယ်နယ်ကိုပဲ ရောက်နေနေ ဆင်းတုတော်ကြီးရှိရာကို ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းမဟုတ် တစ်နည်းနဲ့ တော့ ရောက်အောင်ကြိုးစားသွားဖူးကြတာပါဘဲ။ ကျွန်တော်တို့ အတွက် ဘာသာရေးအထွဋ်အမြတ်အဖြစ် သတ်မှတ်ရိုသေရတဲ့ နေရာမြတ်တစ်ခုပေပဲကိုး။

ဘုရားကြီး သီတင်းသုံးတဲ့နေရာက တိုကျိုမြို့ ပေါ်ကနေ ရထားနှင့်သွားမယ်ဆို တစ်နာရီလောက်စီးရင် ကာမာကူရဘူတာကို ရောက်ပါတယ်။ အဲဒီကမှ ဘက်စ်ကားဖြစ်ဖြစ်၊ Taxi နဲ့ ဖြစ်ဖြစ် (၁၅) မိနစ်လောက်စီးရင် ဘုရားကြီးဆီရောက်ပါတယ်။ ဘုရားကြီးရဲ့ ပတ်ချာလည်မှာ တောင်ကုန်းတွေ၊ သစ်ပင်တွေ ထူထူထဲထဲရှိလို့  သာသာယာယာရှိပါတယ်။ သိပ်မဝေးတဲ့နေရာမှာ ပင်လယ်လည်းရှိနေတာမို့  ပတ်ဝန်းကျင်ကတိုက်ခတ်နေတဲ့လေကအစ သန့် ရှင်းလတ်ဆတ်ပြီး ရောက်ရှိလာတဲ့သူတွေကို ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့မှုကို ဖြစ်စေပါတယ်။

တချို့ သောပုဂ္ဂိုလ်များကတော့ ကာမာကူရဘုရားကြီးကို ဒါက ဗုဒ္ဓဆင်းတုတော်မဟုတ်ဘူး၊ မဟာယာနအယူအဆအရ ဘုရားအလောင်းရုပ်တုပဲလို့ ဆိုကြပါတယ်။ ဒါပေမယ့် သွားကြတဲ့မြန်မာတွေကတော့ မြတ်စွာဘုရားရှင်ဆင်းတုတော်အဖြစ်နှင့်ဘဲ သိကြ၊ နှလုံးသွင်းကြပြီး အာရုံပြုကြည်ညိုဖူးမြော်ကြတာဘဲ များပါတယ်။

ဘုရားကြီးရဲ့ သမိုင်း
Amida Buddha
အမိတာဘာ= အမိတ(အနှိုင်းဆမရှိသော)+အာဘာ(ပညာအရောင်ရှိတော်မူသော ဘုရား)

ကျွန်တော် ဘုရားကြီးဆီ ဂျပန်ကို ရောက်ခါစ ပထမဆုံးအကြိမ်စသွားတော့ စိတ်ထဲမှာ မြန်မာပြည်ကဘုရားတွေလို ဘုရားပုရ၀ုဏ်တွေ၊ အာရုံခံတန်ဆောင်းတွေရှိမယ်လို့  ထင်ထားတာပါ။ အနည်းဆုံးတော့ ဘုရားဝတ်ပြုစရာ နေရာသီးသန့် တစ်ခုတော့ရှိမယ်ပေါ့။ တကယ်လည်း ရောက်သွားရော ဘုရားဆင်းတုတော်ကြီးဟာ ကုန်းမြင့်တစ်ခုပေါ်မှာ ဒီအတိုင်း သီတင်းသုံးနေတာပါ။ ပတ်ချာလည်မှာက ရင်ပြင်တော်လိုမျိုး လမ်းလျှောက်ပြီး ကြည့်လို့ ရတဲ့ လူသွားလမ်းကျယ် လုပ်ထားပါတယ်။ ဘုရားဝတ်ပြုစရာနေရာသီးသန့် မရှိပါဘူး။ ဘေးဘက်တွေမှာတော့ အမိုးနှင့် အဆောက်အအုံတွေအောက်မှာ ထိုင်စရာခုံရှည်တွေတော့ ချပေးထားပါတယ်။ ဘုရားရင်ပြင်ရဲ့  ထောင့်တချို့ မှာ ကျောက်တုံးအကြီးကြီးတွေ လူထိုင်လို့ ရအောင် ချပေးထားတာတော့ရှိပါတယ်။ တချို့ မြန်မာတွေက အဲဒီကျောက်တုံးတွေပေါ်တက်ပြီး ဘုရားဝတ်ပြုရှိခိုးကြပါတယ်။ တချို့ လည်း ရင်ပြင်စင်္ကြံပေါ်မှာဘဲ အဆင်ပြေသလိုထိုင်ပြီး ကန်တော့ကြပါတယ်။ ပုတီးစိပ်တာတို့ ၊ တရားထိုင်တာတို့ ၊ ဘုရားစာရွတ်ပြီး ပူဇော်တာတို့ လုပ်ဖို့ ဆိုတာကတော့ နေရာအနေအထားကြောင့် နဲနဲ ခက်မယ်လို့ ပြောရမှာပါဘဲ။

နောက်ပိုင်းတော့ ကျွန်တော် ကာမာကူရကို မကြာခဏဆိုသလို ရောက်ဖြစ်ပါတယ်။ ရောက်တိုင်း ကျွန်တော်က ဘုရားကြီးမှာ အေးအေးဆေးဆေး တစ်နေရာမှာ ထိုင်တတ်ပြီး တွေ့ သမျှမြင်သမျှကို ဂရုတစိုက် သတိထား လိုက်ကြည့်ဖြစ်တတ်ပါတယ်။ အဲဒီလို လိုက်ကြည့်တော့ ကျွန်တော် ဘာတွေ သတိထားမိသွားသလဲပေါ့...။

ဘုရားကြီးရဲ့  စီမံအုပ်ချုပ်ရေးဝန်ထမ်းတွေဟာ ဒီဘုရားအပေါ်မှာ အရိုအသေနည်းတာကို တွေ့ ရပါတယ်။ သူတို့ က ဒီဘုရားကြီးကို Tourist Attraction အဖြစ်၊ ရုပ်တုတစ်ခု အဖြစ်လောက်သာ သဘောထားတဲ့ပုံစံ သူတို့ အပြုအမူတွေမှာ တွေ့ ရတတ်ပါတယ်။ ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်ရုပ်တုဆိုတာမျိုးတောင် စိတ်ထဲရှိချင်မှ ရှိလိမ့်မယ်လို့  ကျွန်တော်ထင်ပါတယ်။

နောက်....လာကြတဲ့သူတွေ။ များသောအားဖြင့်တော့ သူတို့ လူမျိုးတွေပဲများပါတယ်။ နိုင်ငံခြားသားတွေလာတာလည်း ရှိတော့ရှိပါတယ်။ မြန်မာတွေကိုကတော့ တွေ့ ရခဲပါတယ်။ ဂျပန်လူမျိုးကို ဗုဒ္ဓဘာသာကိုးကွယ်တယ်လို့ သိထားတဲ့ ကျွန်တော်ဟာ (သူတို့ မှာ မဟာယာနတို့ ၊ ဇင်တို့ ၊ ရှင်တို တို့ စသဖြင့်တော့ အမျိုးကွဲတွေတော့ရှိပါတယ်) ဘုရားလာကြတဲ့သူတွေကို မြင်ရရင် တော်တော်လေးအံ့သြရပါတယ်။ ဘာလို့ လဲဆိုတော့ သူတို့ ဟာ ဆင်းတုတော်ကို အရိုအသေပေးတဲ့ပုံလည်းမပြ၊ ဘာသာရေးအထိမ်းအမှတ်တစ်ခုလို့ လဲ သဘောထားပုံမရ။ သူတို့ တွေက ဆင်းတုတော်ကြီးကို Disney Land က အရုပ်တွေလိုမျိုးသဘောထားသလားတော့မပြောတတ်ဘူး။ ဓါတ်ပုံတွေ မျိုးစုံရိုက်ပြီး ပြန်ကြတာဘဲ တွေ့ ရတတ်ပါတယ်။

ဒီတစ်ခါလည်း မနေ့ က ကျွန်တော် ဘုရားကို ရောက်တယ်။ အ၀င်ဝမှာ ၀င်ကြေးပိုက်ဆံပေးပြီး ဘုရားပုရ၀ဏ်ထဲ စ၀င်လိုက်တာနဲ့  တွေ့ ရတဲ့မြင်ကွင်းက စိတ်ထဲ ကသိကအောင့်ဖြစ်စေပါတယ်။ ဆင်းတုတော်ကြီးရဲ့ ရှေ့ တည့်တည့်မှာ အ၀င်ဝဂိတ်တံခါးနှင့်ဆက်ထားတဲ့ လူသွားလမ်းရှည်တစ်ခုရှိတယ်။ စပြီး ပုရ၀ဏ်ထဲဝင်လိုက်တာနဲ့  ဆင်းတုတော်ကြီးတစ်ကိုယ်လုံးကို ဖူးလိုက်ရပြီး တန်းတန်းမတ်မတ် အဲဒီလမ်းအတိုင်း ဆင်းတုတော်ဆီ လျှောက်သွားရတာမျိုးပေါ့။ ကျွန်တော်ဝင်သွားတော့ အဲဒီလူသွားလမ်းပေါ်မှာ လူငယ်အုပ်စုတစ်ဖွဲ့ ဓါတ်ပုံရိုက်နေကြတယ်။ ရိုက်တာက ရိုးရိုးမဟုတ်ဘူးဗျ။ တစ်ယောက်က သူ့ လက်ဖ၀ါးကို မှောက်ပြီး ဆင်းတုတော်ကြီးရဲ့ တည့်တည့်နေရာမှာ အပေါ်ကို မြှောက်ထားတယ်။ အဲဒါကို နောက်တစ်ယောက်က ကင်မရာကို နေရာလိုက်ချိန်ပြီးရိုက်တယ်။ ကျွန်တော်ကြည့်လိုက်တာနဲ့  တန်းသဘောပေါက်တယ်။ ဒီကောင်တွေ ဆင်းတုတော်ကြီးရဲ့ ဦးခေါင်းတော်ကို လက်နဲ့ ပုတ်နေတဲ့ပုံတော့ရိုက်နေပြီလို့ ။


ပုရ၀ဏ်အ၀င်မှ လှမ်းမြင်ရသော လူသွားလမ်းနှင့် ဆင်းတုတော်ကြီး

စိတ်ထဲကဒေါသက ထောင်းကနဲထွက်သွားတာကို အသာလေးထိန်းပြီး အဲဒီအဖွဲ့ ကို ကျွန်တော် ကျော်လာခဲ့လိုက်တယ်။ ဘုရားရင်ပြင်တော်ပေါ်တက်တဲ့ လှေကားနားရောက်တော့ နောက်ထပ် လူငယ်တစ်ဖွဲ့ ထပ်တွေ့ ပြန်တယ်။ သူတို့ ကလည်း လှေကားထိပ်မှာ ဓါတ်ပုံရိုက်နေကြတာပါဘဲ။ အဲ....ရိုက်ပုံရိုက်နည်းကတော့ သူတို့ ထဲက တစ်ယောက်က ဘုရားဆင်းတုတော်ကြီးရဲ့  ကိုယ်နေဟန်ထား၊ လက်နေဟန်ထားတော် အတိုင်း ချွတ်စွပ်တူအောင် လိုက်ထိုင်ပြီး ဓါတ်ပုံအရိုက်ခံနေတာပါ။ အဲဒါကို ဘေးကဖြတ်သွားတဲ့ လူတွေကလည်း သဘောတွေကျလို့  အားပေးသွားကြပါသေးတယ်ဗျာ။ ကျွန်တော် ဒေါသက ပိုပြီးထွက်လာပါတယ်။ သူတို့ ကိုလည်း ကျွန်တော်ကျော်လာပြီးတော့ ရင်ပြင်တော်ပေါ်တက်လာခဲ့လိုက်ပါတယ်။

ဘုရားအာရုံပြုပြီး ခုံတန်းရှည်တစ်ခုမှာထိုင်ရင်း ကိုယ့်စိတ်ကိုယ်ပြန်ပြီးသတိပေးရပါတယ်။ ငါကုသိုလ်ပြုဖို့ ဘုရားလာတာ၊ အကုသိုလ်မဖြစ်စေနဲ့ လို့  ဆင်ခြင်နေလို့ မှ မဆုံးသေးဘူး။ မြင်ကွင်းထဲကို မတော်တာက ထပ်ဝင်လာပြန်ပါရောဗျား...။ ကျွန်တော်လည်း အဲဒီမြင်ကွင်းကို ကြည့်ရင်း ငါဒီအကြောင်းတော့ ပို့ စ်ရေးတော့မယ်လို့  ခေါင်းထဲအကြံရသွားပြီး သက်သေခံအဖြစ် ဓါတ်ပုံရိုက်ယူထားလိုက်တော့မယ်လို့ စိတ်ကူးရသွားပါတယ်။ အဲဒါနဲ့ ကင်မရာလည်း မပါတော့ ပါတဲ့လက်ကိုင်ဖုန်းထုတ်ပြီး ဓါတ်ပုံမှတ်တမ်းတင်လိုက်တော့တယ်ခင်ဗျာ။
မြင်ကွင်းကတော့ အနောက်တိုင်းသူမ နှစ်ယောက်၊ ဘုရားဆင်းတုတော်အောက်က အုတ်ဘောင်ပေါ်မှာ ကို့ ယို့ ကားယားပက်လက်လှန်ပြီး အိပ်ချလိုက်လို့ ပါဘဲ။ သူတို့ ဝတ်ထားတဲ့ အ၀တ်အစားတွေနှင့် သူတို့ အိပ်လိုက်ပုံနဲ့ က ဘုရားကြီးရှေ့ မှာ ကျွန်တော် ဗုဒ္ဓဘာသာမြန်မာတစ်ယောက်မျက်စိနှင့် ဘယ်လိုမှ အဆင်မပြေဘူးဗျာ။ သူတို့ ကလည်း ဘာစိတ်ကူးပေါက်ပြီးများ အိပ်လဲမသိ။ အကြာကြီးဘဲ။ ပထမ ကျွန်တော်က မသိမသာအဝေးကြီးကနေ ဓါတ်ပုံရိုက်တယ်။ နောက်တော့ မထူးဘူးကွာဆိုပြီး စိတ်ထဲတင်းတင်းရှိတာနဲ့  သူတို့ အနားသွားပြီးတော့ကို ရိုက်လိုက်တော့တယ်။ နောက်တော့ တစ်ယောက်ကထသွားတယ်။ ကျန်တဲ့နောက်တစ်ယောက်ကတော့ တော်တော်ကြီးကြာမှ ထသွားတယ်။





ဒီလိုတွေ ဖြစ်ချင်တိုင်းဖြစ်၊ လုပ်ချင်တိုင်းလုပ်နေကြတာကို ဘယ်သူမှလည်း တားမယ့်သူမရှိ၊ သတိပေးမယ့်သူလည်းမရှိ၊ သဘောကျလို့ အားတောင်ပေးလိုက်ကြသေးတယ်။ ဘုရားကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ ကလည်း သူတို့ နှင့်မဆိုင်သလိုပါဘဲ။

ဒီလိုအပြုအမူမျိုးတွေ မြန်မာပြည်မှာသာ အခုလိုလုပ်လို့ ကတော့ ကျွန်တော်ဝင်တားမိမှာ ကျိန်းသေပါတယ်။ ကိုယ်မတားခင်တောင် ကိုယ့်ထက် လက်ဦးပြီး တားမယ့်သူတွေ တန်းစီနေမှာပါ။ အခုတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်အရပ်မဟုတ်တော့ ကိုယ့်မှာ ထွက်နေတဲ့ ဒေါသကို အတင်းချိုးနှိမ်ရင်း ပြန်လာခဲ့ရတယ်။ ဒါပေမယ့် စိတ်ထဲမှာ ဘာသာ၊ သာသနာကို အစော်ကားခံလိုက်ရသလို ခံစားရတယ်ဗျာ။

လူတိုင်းမှာ ဘာသာရေးနှင့်ပတ်သက်ပြီး လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိပါတယ်။ ဒါပေမယ့် ကိုယ်မယုံကြည်တဲ့ မကိုးကွယ်တဲ့ ဘာသာအယူအဆအပေါ်မှာ စော်ကားခွင့်၊ မလေးမစားလုပ်ခွင့်မရှိပါဘူး။ ကျွန်တော်တို့ တွေ အကြောင်းတိုက်ဆိုင်လို့  တခြားဘာသာဝင်တွေရဲ့  ဘုရားရှိခိုးကျောင်းတွေ၊ ဘာသာရေးအလေးအမြတ်အဖြစ်သတ်မှတ်ထားတဲ့နေရာတွေကို သွားကြရင်လည်း သူတို့ တွေရဲ့  အလေးအမြတ်ထားတဲ့ ရုပ်ပုံကားချပ်တွေ၊ ရုပ်တုတွေကို မလေးမစား မလုပ်ကြပါဘူး။ အသိအမှတ်ပြု တန်ဖိုးထားကြပါတယ်။ အဲဒီနေရာက သတ်မှတ်ထားတဲ့ စည်းကမ်းကိုလည်း လိုက်နာတာပါဘဲ။ ဒါဟာ လူ့ ယဉ်ကျေးမှုတစ်ခုပါ။ ကိုယ်မယုံကြည် လက်မခံပေမယ့် မစော်ကားပါဘူး။

အခုတော့ အင်မတန်တိုးတက်ခေတ်မီနေတဲ့ တိုင်းပြည်မှာရှိတဲ့ သူတို့ ကိုယ်သူတို့  Civilized ဖြစ်ပါတယ်လို့  ကြွေးကြော်နေတဲ့ လူမျိုးတွေရဲ့  တခြားဘာသာအပေါ် မထေမဲ့မြင်ပြုမှုကြီးပါ။ တော်တော်ကို ရုပ်ဆိုးတယ်လို့  ကျွန်တော်သုံးသပ်ပါတယ်။

ဒီပို့ စ်ကို ကျွန်တော်ရေးတဲ့ ရည်ရွယ်ချက်က ဗုဒ္ဓဘာသာနိုင်ငံတစ်ခုလို့  အများသိထားကြတဲ့တိုင်းပြည်တစ်ခုမှာရှိတဲ့ အထင်ကရ ကမ္ဘာကျော် ဗုဒ္ဓဆင်းတုတော်ကြီးအပေါ် သူတို့ နိုင်ငံသားတွေနှင့် ဘာသာခြားအနောက်တိုင်းသားတွေရဲ့  ပြုမူဆက်ဆံပုံကို အားလုံးကို သိစေချင်လို့ ပါ။ တကယ်တော့ ကာမာကူရဆင်းတုတော်ကြီးဟာ ဒီတိုင်းပြည်မှာ တည်ရှိသီတင်းသုံးနေပေမယ့်လို့  တစ်ကမ္ဘာလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံးနှင့် ပတ်သက်ပါတယ်။ ဆက်နွှယ်ပါတယ်။ ဘယ်တိုင်းပြည်၊ ဘယ်ဒေသကပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာရဲ့  အထိမ်းအမှတ်၊ အဆောက်အအုံ၊ စေတီပုထိုး၊ ဆင်းတုတော်တွေအားလုံးကို ထိန်းသိမ်းစောင့်ရှောက်ရမယ့်တာဝန်ဟာ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ တာဝန်တစ်ခုဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို တတ်နိုင်သလောက် ကိုယ်နဲ့ နီးစပ်ရာအားလုံးကို သိအောင်ပြောပြပေးကြဖို့  ကျွန်တော်မေတ္တာရပ်ခံပါတယ်။ ဖြစ်နိုင်ရင် မြန်မာလူမျိုးမှရယ်မဟုတ်ပါဘူး။ နိုင်ငံအသီးသီးက ဗုဒ္ဓဘာသာဝင်အားလုံးကို သိစေချင်တာပါ။ နောက် ဒီကမှရှေ့ ဆက်ပြီး ဘာသာ၊ သာသနာကို အစော်ကားမခံရအောင် ဘယ်လိုမျိုး ကာကွယ်စောင့်ရှောက်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ကျွန်တော်တို့ ထက် အတွေ့ အကြုံပိုများတဲ့ ရဟန်းပညာရှိတွေ၊ လူပညာရှိတွေ နှင့် တိုင်ပင်ညှိနှိုင်းလို့  အဖြေဆက်ထုတ်ပေးစေချင်ပါတယ်ခင်ဗျာ။ (oိမုတ္တိသုခ)

Read more...

“မြတ်ရောင်နီ”၊ “၀ိမုတ္တိသုခ” တို့မှ တစ်ဆင့်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဆေးရုံတက် ဆေးကုသလျက်ရှိသော
ရဟန်းတော် အရှင်ဇောတိကအတွက်


ဂျာမဏီနိုင်ငံ မြတ်ရောင်နီ အရှင်တေဇောဘာသ၏ သီတင်းသုံးဖော် ဘိက္ခုဌိတဓမ္မောမှ ယူရိုငွေ (200)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မှ န၀ကမ္မအလှူငွေစာရင်း (20.08.2010 Fri.)
၁။ ဦးစန္ဒိမာ - ၅၀၀၀ ယန်း
၂။ ဦးသြဘာသ - ၆၀၀၀ ယန်း
၃။ ကိုကင်းဝန် - ၁၀၀၀၀ ယန်း
၎။ ဒေါ်ခင်ဆွေအေး - ၄၀၀၀ ယန်း
၅။ ကိုမျိုးထက်အောင် နှင့် သူငယ်ချင်းများ - ၁၀၀၀၀ ယန်း
၆။ ကိုထွန်းမင်းဝေ - ၅၀၀၀ .ယန်း
၇။ Bliss + Crystal - ၅၀၀၀ ယန်း

စုစုပေါင်း ယန်းငွေ (၄၅၀၀၀) (လေးသောင်းငါးထောင်ယန်းတိတိ)


အင်္ဂလန်နိုင်ငံနေ သီဟဇော်မှ ပေါင်စတာလင် ၇၁ နှင့် မဟာဗောဓိအသင်းမှ အမေရိကန်ဒေါ်လာ ၂၀၀(နှစ်ရာ)ကို ပေးပို့လှူဒါန်းပါကြောင်း။

Read more...

သူတို့တွေ ဘာလုပ်နေကြတာလဲ

တပအကျင့်ကို ကျင့်နေကြတဲ့ ဂျိန်းဝါဒီများ

သူတို့တွေဟာ နိဗ္ဗာန်ကိုရှာဖွေနေကြတာပါ။ သူတို့တွေက ဂျိန်းဝါဒီတွေပဲပေါ့။ ဂျိန်းဝါဒီတွေရဲ့လမ်း
စဉ်ဟာအတ္တကိုအခြေခံပြီး အတ္တကိလမထာနုယောဂလမ်းနဲ့ တပအကျင့်ကိုကျင့်သုံး၍ နိဗ္ဗာန်ကိုရှာဖွေနေတဲ့
လမ်းစဉ်ပါပဲ။
ဗုဒ္ဓဘာသာမှာတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေးသုံးပါး၊ မဂ္ဂင်ရှစ်ပါးကိုအခြေခံ၍ မဇ္ဈိမပဋိပဒါလမ်းအတိုင်း သမထ၊ ဝိပဿနာအလုပ်နဲ့ နိဗ္ဗာန်ကိုရှာဖွေတဲ့လမ်းစဉ်ပါဖြစ်ပါတယ်။
ဒါနဲ့ ဂျိန်းဝါဒ ရဲ့လမ်းစဉ်နဲ့ ဗုဒ္ဓဘာသာရဲ့လမ်းစဉ်ဟာ သုံးနဲ့လေးလိုကွဲပြားနေလေတော့ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေပါတော့တယ်။
မဇ္ဈိမဒေသ၊ အိန္ဒိယနိုင်ငံတော်ကြီးမှာ ဗုဒ္ဓနဲ့ခေတ်ပြိုင် တိတ္တိဆရာကြီး (၆)ဦးရှိခဲ့ပါတယ်။ အဲဒီခြောက်ဦးကတော့ ၁။ ပုရာဏကဿပ ၂။ပကုဓကစ္စာယန ၃။အဇိတကေသကမ္ဗလ ၄။မဂ္ဂလိဂေါသာလ
၅။ သဉ္စယဗေလဋ္ဌပုတ္တ ၆။ နိဂဏ္ဍနာဋပုတ္တတို့ဖြစ်ကြပါတယ်။
သူတို့တွေမှာ ကိုယ်စီ အသီးသီး အယူဝါဒတွေ ရှိကြပါတယ်။
ပုရာဏကဿပရဲ့အယူဝါဒကတော့ တစ်ဦးတစ်ယောက်ပြုလုပ်တဲ့ ကောင်းမှု၊မကောင်းမှုတွေဟာ
အဲဒီသူအပေါ်မှာပြန်လည်၍အကျိုးသက်ရောက်မှုမရှိဘူးလို့ခံယူပါတယ်။အဓိကတော့ကံရဲ့အကျိုးကိုပယ်တဲ့အယူဝါဒပါပဲ။ပကုဓကစ္စာယနကျတော့ လူဆိုတာဟာ ပထဝီ၊အာပေါ၊တေဇော၊ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါးတို့ရဲ့အစုအဝေး၊ အစုအပေါင်းဖြစ်တယ်
်လို့ လက်ခံယုံကြည်ပါတယ်။အဲဒီဓာတ်ကြီးလေးပါးဟာ အမြဲထာဝ ရတည်ရှိနေပြီး ဘယ်သောအခါမှ
မပျက်စီးနိုင်။ ဓာတ်ကြီးလေးပါးကို ဘယ်သူကမှလည်း ဖျက်စီးလို့မရဘူး လို့ ယုံကြည်ပါတယ်။
ဥပမာ..လူတစ်ယောက်ကို အခြားလူတစ်ယောက်က ခေါင်းကို ဓားနဲ့ဖြတ်လိုက်တယ်
ဆိုပါစို့၊အဲဒီလိုပြုလုပ်တာဟာမကောင်းမှုဖြစ်တယ်လို့မဆိုနိုင်။ ခုတ်ပိုင်းလိုက်တဲ့ဓားဟာ
ဓာတ်ကြီးလေးပါးအတွင်းသို့ကျရောက်သွားခြင်းသာဖြစ်တယ်။ဒါ့ကြောင့် ကောင်းမှုပြုလုပ်တယ်၊မကောင်းမှုပြုလုပ်တယ်ဆိုတာ
မရှိဘူးလို့ဆိုပါတယ်။ ကံကိုပယ်တဲ့ဝါဒဖြစ်ပါတယ်။
မဂ္ဂလိဂေါသာလဆရာကြီးကတော့ လောကကြီးမှာ အရာရာကို ကံကြမ္မာက ထိန်းချုပ်ထားတယ်။
ကံကြမ္မာရဲ့စီမံဖန်တီးတဲ့အတိုင်းဖြစ်ပေါ်နေကြရတယ်လို့ယူဆပါတယ်။ကံကြမ္မာကို မည်သူကမျှရပ်တန့်သွား
အောင်မလုပ်နိုင်။ အရာရာကို ကံကြမ္မာက ဖန်တီးတယ်လို့ယူဆတဲ့ဝါဒပါပဲ။ သဉ္စယဗေလဋ္ဌပုတ္တကိုယ်တော်
ကြီးကတော့ ငါးရှဉ့်လို အဖမ်းရခက်တဲ့ အမရာဝိက္ခေပဝါဒကို ဆုတ်ကိုင်ထားတဲ့သူပါပဲ။ သူရဲ့ဝါဒကို သံသယဝါဒလို့ဆိုကြပါတယ်။ မေးမြန်းလာတဲ့ ပြဿနာမေးခွန်းတွေကို အတိအကျမဖြေကြားဘဲ ရှောင်ရှားလေ့ရှိတဲ့ ဝါဒဖြစ်ပြီး ဘယ်အဖြေကိုမျှ ဘယ်ဆုံးဖြတ်ချက်ကိုမျှ တိတိကျကျမှန်ပါတယ်လို့မဆိုတဲ့ဝါ
ဒဖြစ်ပါတယ်။
နောက်ဆုံးဆရာကြီးကတော့ နိဂဏ္ဍနာဋပုတ္တဖြစ်ပါတယ်။ သူဟာ ဂျိန်းဝါဒီတို့ရဲ့ခေါင်းဆောင်တစ်
ဦးဖြစ်ပြီး ဂျိန်းဘာသာမှာ ဘုရားရယ်လို့ထင်ရှားခဲ့တဲ့ပုဂ္ဂိုလ်တစ်ဦးပါ။ သူရဲ့ဝါဒကတော့ အတိတ်ကံရဲ့အကျိုး
ဆက်ကိုတပခေါ်မိမိကိုယ်ကိုညှဉ်းဆဲ့တဲ့အကျင့်နဲ့( ပစ္စုပ္ပန်ကံနဲ့)ဖယ်ရှားပစ်နိုင်တယ်လို့ ယူဆတဲ့အယူဝါ ဒဖြစ်
်ပါတယ်။
ဂျိန်းဝါဒဟာ B.C 3000 မှာ အိန္ဒုမြစ်ဝှမ်းဒေသ ယဉ်ကျေးမှုမှ စတင်ပေါ်ပေါက်ခဲ့တယ်လို့ဆိုကြပါ
တယ်။အချို့ကမူဂျိန်းဝါဒဟာဗုဒ္ဓနဲ့ခေတ်ပြိုင်ဝါဒတစ်ခုလို့ဆိုကြပြီး အချို့ဂျိန်းသုတေသီတွေကတော့ ဂျိန်းဝါဒ
ဟာ ဗုဒ္ဓမတိုင်မီကတည်းက ပေါ်ပေါက်ခဲ့တဲ့ဝါဒဖြစ်တယ်လို့ဆိုကြပါတယ်။ဂျိန်းဘာသာမှာ ဘုရားပေါင်း(၂၄)
ဦးရှိခဲ့ပြီး ပထမဦးဆုံးပုဂ္ဂိုလ်မှာ ရသဘဒေဝ ဖြစ်ပါတယ်။ B.C (၆)ရာစုမှာ ဗုဒ္ဓနဲ့စင်ပြိုင်ပေါ်ထွက်ခဲ့တဲ့ နာက်ဆုံးပုဂ္ဂိုလ်မှာတော့ မဟာဝီရ ခေါ် နိဂဏ္ဍနာဋပုတ္တပင်ဖြစ်ပါတယ်။
ဂျိန်းဘာသာမှာ (၂၄)ယောက်သောပုဂ္ဂိုလ်တွေကို တိသင်္ကာရ(Tirthankaras-people) လို့ခေါ်ဝေါ်
ကြပြီးသူတို့တွေဟာ အလုံးစုံကိုသိရှိကြတယ်လို့ဆိုပါတယ်။ သူတို့သိရှိထားတဲ့တရားတွေကိုလည်း
လူသားတွေကိုဟောပြခဲ့ပါတယ်။ဒါ့ကြောင့်သူတို့လောက်တရားအားလုံးကိုထိန်းချုပ်နိုင်တဲ့သိနိုင်တဲ့အဆင့်မြင့်စွမ်း
ရည်နဲ့ ပြည့်စုံတဲ့ သူတစ်ယောက်မျှ မရှိဘူးလို့ဆိုပါတယ်။
ဂျိန်းဝါဒီတွေဟာ လူဝင်စားဘဝကို ယုံကြည်ကြပါတယ်။ သူတို့တွေရဲ့ အသက်၊ လိပ်ပြာ၊ ဝိညာဏ်
တွေဟာ ပဋိသန္ဓေနေခြင်း၊ သေခြင်း၊ ပြည်လည်မွေးဖွါးခြင်းဆိုတဲ့ သံသရာကြီးအတွင်းထဲမှာ ပုံစံအမျိုးမျိုးနဲ့
ဖြစ်ကြတယ်။ အဲဒီအသက်၊ လိပ်ပြာ၊ ဝိညာဏ်တွေဟာ ကမ္ဘာလောကြီးအတွက် လိုအပ်တဲ့အရာဝတ္ထုတစ်ခု
ဖြစ်တယ်လို့ယုံကြည်ပါတယ်။ ဒီသံသရာလောကကြီးဟာအမြဲတမ်းဆက်လက်ဖြစ်နေပြီး လောကကြီးမှာ အစနဲ့ အဆုံးဆိုတာလဲမရှိ။
အဲဒီလောကကြီးဟာ အမြဲတမ်းဖြစ်တည်နေ၍အမြဲတမ်းလည်းဖြစ်နေအုံးမှာပဲလို့ယုံကြည်ကြပါတယ်။
ဂျိန်းဝါဒီ တွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ သူတို့တွေရဲ့ အသက်၊ လိပ်ပြာ၊ ဝိညာဏ်ပေါ်မှာကံတရားကိုဖယ်ရှား၊ ပယ်သတ်ရမယ်။ ဒါမှသာလျင် သံသရာကြီး အဆုံးသတ်မယ်ဆိုတာပဲ။ တချိန်မှာ အလုံးစုံကိုသိရှိပြီးတဲ့ သူတိုတွေရဲ့ဝိညာဏ်တွေဟာ အဲဒီပန်းတိုင်သို့ရောက်ရှိကြပြီး ကောင်းရာသုဂတိ နိဗ္ဗာန်မှာ အမြဲတမ်း အနားယူရပ်တန့်သွားတယ်လို့ဆိုပါတယ်။
ကံရဲ့အယူအဆဟာ အသက်၊ ဝိညာဏ်လမ်းစဉ်ကိုသယ်ဆောင်ပေးတဲ့အကြာင်းနဲ့အကျိုးဖြစ်ပြီး အဲဒီကံဟာအသက်ဝိညာဏ်နဲ့စပ်၍အကြောင်းအကျိုးတွေရဲ့ရိုးရိုးနည်းလမ်းပါပဲတဲ့။ဥပမာ..ဒီနေ့အတွက်လုပ်
ဆောင်ချက်တွေဟာနောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ့်အကျိုးရဲ့ အကြောင်းပါပဲ။ ကံကိုပယ်သတ်၊ဖယ်ရှား
ဖို့နည်းလမ်းက ပညတ်တော်(၁၀)ပါး၊ သို့မဟုတ် သူတို့တွေရဲ့သမ္မာကျမ်းစာနဲ့ ကိုက်ညီတဲ့ ကောင်းတဲ့ စည်းကမ်းအနည်းငယ်ကို လိုက်နာရမယ်လို့ဆိုပါတယ်။
အဲဒီသမ္မာကျမ်းစာထဲမှာပါတဲ့ ဂျိန်းဝါဒီတွေလိုက်နာရမယ့်အခြေခံနည်းလမ်းများမှာ…………
၁။ ဘဝအားလုံးကို ကန့်ကွက်ခြင်း၊ မလိုလားခြင်း( ငြိမ်းချမ်းခြင်း)
၂။ မဟုတ်မမှန်တဲ့စကားကို မပြောဆိုခြင်း
၃။သူတစ်ပါးသားမယားကို မပြစ်မှားခြင်း၊ မလွန်ကျူးခြင်း တနည်း အိမ်ထောင်ဂါရဝါသမပြုခြင်း
၎။ စီးပွါးဥစ္စာတွေကိုကန့်သတ်ထားရှိခြင်းတို့ဖြစ်ပါတယ်။
ဂျိန်းဝါဒီတွေဟာ သက်သတ်လွတ်စားမှု၊ စိတ်ထဲမှာ တည်ငြိမ်အေးချမ်းမှုလုပ်ငန်းတွေကိုလေ့ကျင့်၍
အထက်ပါအခြေခံစည်းကမ်းတွေကို လိုက်နာကျင့်သုံးကြပါတယ်။ကာမဂုဏ်ခံစားမှုကိုရှောင်ရှား၍ ရာဂကင်း
အောင်အားထုတ်ကြပါတယ်။ အမှားကိုဝန်ခံပြီး အမှား အပြစ်အတွက် ပပျောက်အောင်ကုစားမှုတွေပြုလုပ်
ကြပါတယ်။ လူ့အဖွဲ့အစည်းမှလွတ်လွတ်ကင်းကင်းနေထိုင်ကြပါတယ်။ ပစ္စည်းပိုင်ဆိုင်မှုတွေကိုလည်း စွန့်
လွတ်ကြပါတယ်။
ဂျိန်းဝါဒီတို့မှာ ၁။ သွေတန်ဘရဂိုဏ်း ၂။ ဒီဂန်ဘရဂိုဏ်းဆိုပြီး ဂိုဏ်း(၂)ဂိုဏ်းရှိပါတယ်။အဲဒီထဲမှာ သွေတန်ဘရဂိုဏ်းဟာ ပိုက်ဖြူစဝတ်တဲ့ ဂိုဏ်းဖြစ်ပြီး ဒီဂန်ဘရဂိုဏ်းကတော့ အဝတ်မဝတ်တဲ့ဂိုဏ်းဖြစ်ပါ
တယ်။ ( Jainism is one of the oldest religions known today and its origins lie in the country of India.) ဂျိန်းဘာသာဟာ ယနေ့ ငါတို့သိရှိကြတဲ့ ရှေးအကျဆုံး ဘာသာတွေထဲက တစ်ခုဖြစ်ပြီး အဲဒီဘာသာရဲ့မူရင်းကတော့ အိန္ဒိနိုင်ငံအတွင်းမှာပဲရှိပါတယ်။ ဂျိန်းဝါဒဟာ အိန္ဒိယနိုင်ငံအတွင်းမှာ ရေပန်းစားတဲ့ ဘာသာတစ်ခုပါပဲ။ ဒါပေမဲ့ ဗုဒ္ဓဘာသာတွေအနေနဲ့ကတော့ တိတ္ထိဆရာကြီး(၆)ဦးတို့ရဲ့အယူ
အဆတွေဟာ မှားယွင်းတဲ့အတွေး၊ မှားယွင်းတဲ့နည်းလမ်းတွေဖြစ်တယ်လို့ ယူဆထားတာကြောင့် သူတို့တွေကို မိစ္ဆာဒိဋ္ဌိစာရင်းတွင် ထည့်သွင်းထားကြပါတယ်။
Ref: General Facts about Jainism
သစ္စာရောင်ခြည်
၂၂-၈-၂၀၁၀

Read more...

သိဒ္ဓတ္ထအတွေး

သိဒ္ဓတ္ထကို ခမည်းတော် အပါဝင် ဆွေတော်မျိုးတော် အားလုံးက လောကမှာ အကြီးကျယ်ဆုံးဆိုတဲ့ စကြာဝတေးမင်းဖြစ်ဖို့ ၀ိုင်းပြီးဖိအားပေးနေချိန်မှာ သိဒ္ဓတ္တမင်းသားက ဒီလိုတွေးလိုက်တာပါ။

သူတို့က ငါ့ကို အကြီးကျယ်ဆုံး ဖြစ်စေဖို့အတွက်
အနိမ့်ကျဆုံးတွေကို လုပ်စေလိုကြတယ်၊

ငါက အမြင့်မြတ်ဆုံးဖြစ်ဖို့အတွက်
အကြီးကျယ်ဆုံးများကို စွန့်လွှတ်ရမယ်။

ကြီးကျယ်မှုကိုသာ မျှော်မှန်းသူဟာ
အနိမ့်ကျဆုံးကိုပင် လုပ်ရဲကြတယ်။

ကြီးကျယ်ခြင်းနဲ့ မြင့်မြတ်ခြင်းတို့ရဲ့
တန်ဖိုးကို နားမလည်ကြဘူး။

ကြီးကျယ်မှုဟာ အမြင်ခမ်းနားသလောက်
အနှစ်အခိုင်မာ မရှိတဲ့ တစ်ဘ၀ တစ်နပ်စာသာ ဖြစ်တယ်။
မြင့်မြတ်မှုဟာ အမြင်မခမ်းနားပေမယ့် အနှစ်သာရ ပြည့်ဝခိုင်မာတယ်။

မော်ကွန်းသစ်
၂၁.၈.၁၀

Read more...

လောကွတ်နှင့် လောက၀တ်



သူငယ်ချင်း

မင်းစဉ်းစားပါ


တစ်ဖက်သားလိုအပ်နေတဲ့အကူအညီ


တို့ဆီကလည်းအလွယ်တကူပေးနိုင်တဲ့အနေအထား


(ဟိုလိုလို သည်လိုလို)

လောကွတ်စကားတွေလောက်နဲ့


ပြီးများသွားသင့်သလား။



စဉ်းစားပါသူငယ်ချင်း

သူ့ကိုလူပျင်းတစ်ယောက်ရယ်လို့များ


မင်းမြင်နေသလား


တစ်ခါတစ်လေ သူ့အနေအထား


တို့တွေကော ရောက်မသွားနိုင်ဘူးလား။



လက်ရှိပါလျက်နဲ့ လှမ်းမယူနိုင်တာတွေ


ခြေရှိပါလျက်နဲ့ လမ်းမလျှောက်နိုင်တာတွေ


မျက်လုံးရှိပါလျက်နဲ့ အမြင်မှုန်ဝါးနေတာတွေ


နားရှိပါလျက်နဲ့ မကြားသင့်လိုက်နိုင်တာတွေ


တစ်ခါတစ်လေ ကျန်းမာရေးချို့ယွင်းတဲ့အခါ


အဲဒါမျိုးတွေ ဖြစ်တတ်ပါတယ်သူငယ်ချင်း။



ဒါပေမယ့် သူငယ်ချင်းရယ်

တစ်ချို့က-----------


ကိုယ်တွေ့ကြုံမှ ကိုယ်ချင်းစာတတ်ကြတယ်လေ။


တစ်ချို့ကတော့--------


ကိုယ့်အလှည့်မှာ ညည်းတတ်ကြပေမယ့်


သူများအလှည့်လည်းရောက်ရော


သောက်ရမယ့်ဆေးပဲ ညွှန်းသလိုလို


ရှောင်ရမယ့်အစာတွေပဲ ညွှန်ကြားသလိုလို


(မလောက်လေးမလောက်စား)


ဟိုလိုလိုသည်လိုလို လောကွတ်စကားတွေလောက်နဲ့ပဲ


ပြီးသွားတတ်ကြတယ်လေ။



သူငယ်ချင်း


မင်းသိမှာပါ


လောကွတ် နဲ့ လောက၀တ်


တူသယောင် ထင်မှတ်တတ်ကြပေမယ့်


လက်တွေ့လုပ်ရပ်နဲ့ ချိန်ကြည့်ရင်


ကောင်းကင်နဲ့ မြေကြီးလိုကွာခြားတာ

သိပ်ကို သိသာနိုင်ပါတယ်။



လောကွတ်ကို နာနာဆို


လောက၀တ်ကိုတော့ ဘေးဖယ်ထား


ဒီလိုသာနေသွားကြမယ်ဆိုရင်


(မိတ်ဆွေသူငယ်ချင်းဆိုတာ)


တကယ်ကော လိုကြမှာတဲ့လားကွာ။



လောကွတ်တောင်မဆိုတတ်ဘူးရယ်လို့ထင်ချင်လည်းထင်

လောက၀တ်သာကြေစမ်းချင်ပါတယ်သူငယ်ချင်း။

Read more...

ဝါဆို အလှူတော်မင်္ဂလာ အမှတ်တရ






Read more...

မိဘများကို အမှုးထား၍ မမိုးပွင့်ဖြူ၏ မွေးနေ့ အလှူပွဲ

၁၃၇၂ ခု ၀ါခေါင်လဆန်း (၇)ရက် အင်္ဂါနေ့ (၁၇.၈.၂၀၁၀)ရက်နေ့

မိဘများကို အမှုးထား၍ မမိုးပွင့်ဖြူ၏ မွေးနေ့ အလှူပွဲ

အရုဏ်ဆွမ်းကို - ကြက်သားကြာဇံချက်ဆွမ်းဖြင့် ကပ်လှူပါတယ်...

နေ့ဆွမ်းလောင်းကိုတော့ - ဆွမ်း၊ ၀က်သား+အာလူးဟင်း၊ သရက်ချဉ်သုတ်၊ ပဲ၊ ငါးရုတ်သီး+ငါးပိကြော်တို့ဖြင့် လောင်းလှူပေးခဲ့ပါသည်။

ယနေ့အရုဏ်ဘုန်းပေးကြသောသံဃာများပါတယ်။ သံဃာ အပါး ၃၀၀ ကျော်လောက်အရုဏ်ဘုန်းပေးကြပါတယ်။ ဆွမ်းခံကြွသောသံဃာတော်
(၃၀၀)ခန့်ရှိပါတယ်။

ဝေယျာဝစ္စများကတော့ - ဦးအာဒိစ္စ ၊ မပွေး၊ ငြိမ်းအိထွေး၊ မောင်စိုလင်းအောင်၊ ဦးကျော်၊ ကွန်ပျူတာကျောင်းသားနှစ်ဦး၊ ဒါယကာကြီးတစ်ဦးနှင့်
ကောလင်းမြို့ မှ ဒါယိကာမကြီးနှင့်ဒါယကာကြီးတစ်ဦးတို့ဖြစ်ကြပါတယ်။

အားလုံးပဲ အလှူရှင်တို့ နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေရှင်..။







Read more...

လျှောက်ရမယ့်လမ်း

ချစ်ခြင်းတရားတွေလေ
အချိန်တွေနဲ့ ပေးဆပ်မှုတွေများခဲ့မိပေါ့။
(နောင်တမှိုင်းတွေနဲ့ မူးချင်လည်းမူးတော့)

ချည်နှောင်မှုတွေဟာ
ရစ်ပတ်မှုသက်သက်နဲ့ပဲ
ငါတို့ချစ်ခြင်းတရားတွေ
အားလုံး.............အားလုံး......
ဗြဟ္မစိုရ်တရားထိ မရောက်ခဲ့ဘူးနော်။

ချစ်ခြင်းတရားတွေ
အထားအသိုမတတ်တာနဲ့
လွဲချော်မှုတွေ ဒုနဲ့ဒေး။

တစ်ကယ်ဆို
ချစ်ခြင်းတရားဟာ
အားလုံးတို့ရဲ့ Feeling တွေပါ
အာရုံစိုက်မှုတွေ အားနည်းတာနဲ့
လွတ်လပ်မှုတွေလည်း ဝေးရင်းနဲ့ ဝေး........။

အစကတည်းက
ချစ်ခြင်းတရားဟာ
ဗြဟ္မစိုရ် ဖြစ်ခဲ့မယ်ဆိုရင်
ဒီလောက်ထိ စကားလုံးတွေ ဖောင်းပွနေမှာ မဟုတ်ဘူး။
ဒီလောက်ထိ လွတ်လပ်ခြင်းတွေ ဝေးနေမှာမဟုတ်ဘူး။

1 comments

Read more...

စံကင်းဆရာတော်

Friday, 20 August 2010 14:58 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

စိတ်ဝင်စားလွန်းလို့ အကြိမ်ကြိမ် ပြန်ဖတ်ဖြစ်တဲ့ ထေရုပတ္တိ စာအုပ်တွေထဲမှာ စံကင်းဆရာတော်ရဲ့ ထေရုပ္ပတ္တိ စာအုပ်လည်း တစ်အုပ်အပါအ၀င်ပါ။ ရေးသားပြုစုတဲ့ ဆရာတော်ဦးမာနိတသိရီနဲ့ ဦးနန္ဒမာလာဘိဝံသတို့ကလည်း အရေးကောင်းပါ။ ဒါကြောင့် ကိုယ်နဲ့ နွယ်ရာနွယ်ရာတွေကိုတောင် ပေးဖတ်ဖြစ်ခဲ့ဖူးပါတယ်။ စာအုပ်က ထေရုပ္ပတ္တိစာအုပ် သက်သက် မဟုတ်ပါဘူး။ သာသနာ့သမိုင်း ကြောင်းနဲ့ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွေပါ ပူးတွဲပါနေပါတယ်။ ဘာသာရေးသမိုင်း သုတေသီ တွေအတွက် အဖိုးတန်စာအုပ် တစ်အုပ်ပါ။
သာသနာ့နယ်ပယ်က ထင်ရှားတဲ့ဆရာတော်တွေ၊ နိုင်ငံရေးနယ်ပယ်က ထင်ရှားတဲ့ခေါင်းဆောင်တွေ၊ စာပေနယ်က ထင်ရှားတဲ့စာရေးဆရာတွေ၊ နိုင်ငံခြားက ခေါင်းဆောင်တွေ စသည်ဖြင့် နယ်ပယ်စုံက ပုဂ္ဂိုလ်မျိုးတွေ၊ ၄င်းပုဂ္ဂိုလ်တွေနဲ့နွယ်ပြီး စံကင်းဆ ရာတော်မိန့်ခဲ့တဲ့ သြ၀ါဒတွေဟာ ဘ၀တစ်သက်တာ အမှတ်ရစရာတွေပါ။ အဲဒီအထဲက အချို့ လောက်ကို ရွှေစကားအဖြစ် ဖော်ပြပါရစေ။

စံကင်းဆရာတော်ဆိုတာ န၀မမြောက် ရွှေကျင်သာသနာပိုင်ဆရာတော်ပါ။ ရွှေကျင်သာသနာ ပိုင်ဆရာတော်တွေဟာ သက်တော်ရှည်ကြတယ်လို့ အများပြောကြတဲ့အတိုင်း စံကင်းဆရာတော်ဟာ လည်း သက်တော် (၁၀၂)နှစ်အထိ သက်တော်ရှည်ခဲ့ပါတယ်။ သက်တော်ရှည်သလို အသိဥာဏ် လည်းရှည်တယ်လို့ ဆိုရပါမယ်။ ဆရာတော့်ထေရုပ္ပတ္တိစာအုပ် ဖတ်လို့သာဆုံးသွားတယ် အသိဥာဏ် မဲ့တဲ့ အပြုအမူ၊ အပြောအဆို၊ အတွေးအခေါ်မျိုး တစ်စက်မှ မတွေ့ရပါဘူး။ အမည်ဗျုပ္ပနဲ့လိုက်အောင် စံကင်းဆရာတော်လို့သာ ခေါ်နေကြတာ စံကင်းရွာဇာတိ မဟုတ်ပါဘူး။ ဆရာတော့်ဇာတိက စစ်ကိုင်း တိုင်း၊ လင်းယဉ်ရွာပါ။ စံကင်းဆရာတော်လို့ အမည်တွင်ရခြင်းကတော့ မဟာဝိသုဒ္ဓါရုံဆရာတော်ဘု ရားကြီးရဲ့အမိန့်အရ ဓနုဖြူမြို့နယ်၊ စံကင်းရွာကိုသွားပြီး သီတင်းသုံးခဲ့လို့ စံကင်းဆရာတော်ရယ်လို့ အမည်တွင်ခဲ့တာပါ။ ပြီးတော့ ဆရာတော်က အသက် ၁၅-နှစ်အရွယ်မှာ သီပေါမင်း ပါတော်မူပုံမြင် ကွင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူပါ။ ဒါတွေကတော့ စံကင်းဆရာတော်ရဲ့ ဘ၀ကောက်ကြောင်း အကျဉ်းကို အရင်ပြောပြထားတာပါ။

ဟိုဘက်ကာလ ဆရာတော်တွေကို ဘွဲ့တံဆိပ်ဆက်ကပ်တာ အဂ္ဂမဟာပဏ္ဍိတဘွဲ့နဲ့ အဘိဓဇမ ဟာရဋ္ဌဂုရုဆိုတဲ့ ဘွဲ့နှစ်မျိုးပဲ ဆက်ကပ်ပါတယ်။ ပြီးတော့ ဆက်ကပ်ခံရသူ အပါးအရေအတွက်လည်း အလွန်နည်းပါတယ်။ သမ္မတအိမ်တော်မှာ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဆက်ကပ် တာဆိုတော့ တစ်ဘွဲ့ဆို ဆိုသလောက် ရဟန်းပရိသတ်၊ လူပရိသတ် အလွန်တန်ဖိုးထားကြပါတယ်။ ဒါ့ကြောင့် ကိုယ့်နယ် ကိုယ်ဒေသက ဆရာတော်တစ်ပါးပါး ဘွဲ့ရပြီဆိုရင် ဂုဏ်ယူမဆုံးဖြစ်ပြီး ခြိမ့်ခြိမ့်သဲပူဇော်ပွဲ တွေလုပ်ကြတာ တော်တော်နဲ့မပြီးနိုင်တော့ဘူးလို့ ဆိုပါတယ်။

၁၉၅၃-ခုနှစ်မှာ စံကင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ရမဲ့အကြောင်း သတင်းရောက်လာပါတယ်။ ဆရာတော်ကို အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ကပ်ဖို့ အဆိုပြုသူမှာ နိုင်ငံတော်အကြီးအကဲကိုယ် တိုင်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ခံယူမဲ့ ဆရာတော်ဟာ အဂ္ဂမဟာပဏ္ဍတဘွဲ့ ရရှိ ပြီးဖြစ်ရမယ်ဆိုတဲ့ မူရှိပါတယ်။ စံကင်းဆရာတော်က အဂ္ဂမဟာပဏ္ဍတဘွဲ့ မရသေးပါဘူး။ ဒါကြောင့် မူအရ ဘွဲ့ပေးဖို့ ခက်နေပြန်ပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ သာသနာရေးဝန်ကြီးတို့ တိုင်ပင်ကြပါ တယ်။ နောက်ဆုံး ဘယ်လိုဆုံးဖြတ်ချက်ချလိုက်ကြသလဲဆိုတော့ “စံကင်းဆရာတော်ဆိုတာ ရွှေကျင်သာသနာပိုင် ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍတဘွဲ့ကပ်မထားပေမဲ့ ဆက်ကပ်ထားသလို ပညာရှိ တယ်။ ဒါ့ကြောင့် ဆက်ကပ်သင့်တယ်”ဆိုပြီး ဘွဲ့တံဆိပ်ဆက်ကပ်ဖို့ အတည်ပြုလိုက်ပါတယ်။ ဆရာ တော့်ဆီကိုလည်း ဘွဲ့တံဆိပ်ဆက်ကပ်ခံယူဖို့ လေယဉ်လက်မှတ် (၄)စောင်ကို တစ်ခါတည်း ပို့ပေး လိုက်တယ်လို့ ဆိုပါတယ်။

အဘိဓဇပူဇော်ပွဲမှာ ဒကာဒကာမတွေ လှူဒါန်းကြတာ အချိန်တော်တော်လေး ကြာသွားပါ တယ်။ လှူဒါန်းမှုတွေပြီးသွားမှ နားနေခန်းမှာပြန်ပြီး အနားယူရပါတယ်။ ဒီလိုအနားယူနေချိန်မှာ ရန်ကုန်ကျောင်းတော်ရာ သုံးထပ်ဆရာတော် ဦးသီလက္ခန္ဓ အနားရောက်လာပြီး ၀မ်းပမ်းတသာနဲ့ အလ္လာပ သလ္လာပစကားတွေပြောကြရင်း “ရန်ကုန်မှာ ဆရာတော်ဘုရားကို အခုလို အများက သိလာကြ ကြည်ညိုလာကြတာ တပည့်တော်တို့ဂိုဏ်းကြီးလည်း ပိုပြီး အရောင်ထွက်လာနိုင်ပါတယ် ဘုရား”လို့ လျှောက်ထားပါတယ်။ ဒီတော့ ဆရာတော်က…..“သုံးထပ်ရယ် ကိုယ့်ဘုန်းဟုတ် မထင်ပါဘူး။ ဂိုဏ်းဘုန်းပါ။ ဂိုဏ်းကပေးတဲ့ တံဆိပ်ပါ။ ဂိုဏ်းကပေးတဲ့ ဂုဏ်ထူး၊ ဂိုဏ်းကခိုင်းတဲ့ တာဝန်၊ ဂိုဏ်းကခိုင်းလို့ အခု ရန်ကုန်ရောက်လာရတာပါ။ သုံးထပ်ဆရာတော် မကြားဖူးဘူးလား၊ အညာဆီမှာ ကလေးတွေ ထန်းပလပ်ကို မြင်းသဏ္ဌာန်လုပ်ပြီး စီးကြတာလေ၊ မြင်းပြေးလေ ပင်ပန်းလေ၊ ဘုန်းကြီးတယ်ဆိုတာ ထန်းပလပ်မြင်း စီးရတာလိုပါပဲ၊ ဘုန်းကြီးလေ ပင်ပန်းလေပေါ့”လို့ ပြန်မိန့်တော်မူပါတယ်။

“ဘုန်းကြီးတယ်ဆိုတာ ထန်းပလပ်မြင်း စီးရတာလိုပါပဲ” ဆိုတဲ့စကားဟာ ဆရာတော်ရဲ့ ကိုယ့်ကိုယ်ကို နှလုံးသွင်းမှန်မှန်နဲ့ အတွေးမှန်မှန် သုံးသပ်ပြတဲ့စကားပါ။ ဒီစကားဟာ အလွန်အတုယူ စရာနဲ့ သတိထားစရာပါ။ ဒီစကားကို သုံးထပ်ဆရာတော်က သဘောကျလွန်းလို့ အခွင့်သင့်တိုင်း တပည့်တွေကို ပြန်ပြန်ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့အဖွဲ့ဟာ မန္တလေးရောက်တိုင်း ဆရာတော်ကို ၀င်ဝင်ဖူးလေ့ရှိပါတယ်။ ၁၃၂၃-ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅-ရက်နေ့ညနေ ၄-နာရီမထိုးမီ ၁၅-မိနစ်လောက်အလိုမှာ သာသနာရေးဝန်ကြီးဦးဘစောနဲ့ လူထုဦးလှတို့ ဦးစွာရောက်လာပြီး သတင်းပို့ပါတယ်။ မကြာခင်မှာပဲ နိုင်ငံတော်အကြီးအကဲနဲ့အဖွဲ့ ရောက်လာကြပါတယ်။ ရောက်ရောက်ချင်းပဲ နိုင်ငံတော်အကြီးအကဲက ဆရာတော်ကို စကား စဆိုပါတယ်။ “ဆရာတော်ဘုရားကြီး နေကောင်းပါရဲ့လား” “အင်း…..ကောင်းပါရဲ့”။ “အခု ၉၂-နှစ်ထဲ ရောက်လာပြီ။ ဆရာဝန်မခေါ်ရဘူး။ နတ်တော်လက ၉၂-နှစ်ထဲ ရောက်လာတာ။ စားနေကျဆေး များလည်း စားနေတယ်”။ “ဗီတာမင်ဆေးများဟာ အဖျားရောဂါတို့ ဘာတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်ဘုရား၊ အဲဒါဘုဉ်းပေးရင် သင့်တော်ပါတယ်ဘုရား”။ “အဲဒီဗီတာမင်ဆေးလည်း တစ်နေ့ ၂-လုံး စားပါရဲ့၊ ကံ စိတ် ဥတု အာဟာရ လေးမျိုးအနက် ကံဟောင်းကို မပြုပြင်နိုင်ပေမဲ့ ကံသစ်ကိုတော့ ပြုပြင်ကြရတယ်။ စိတ်လည်း ထို့အတူပဲ။ ငယ်ငယ်တုန်းကစိတ်တွေ အသက်ကြီး လာတော့ ကောင်းအောင်ပြုပြင်နိုင်တယ်။ ဥတု အာဟာရ တို့က ပိုထင် ရှားတယ်။ ဒကာကြီးတို့ ကိစ္စအမျိုးမျိုး ဆောင်ရွက်နေနိုင်တာ ကျမ်းမာလို့ ဖြစ်မှာပေါ့။ တစ်ခါတစ်ခါ စဉ်းစားကြည့်မိတယ်။ ကံတရားဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေ တစ်ယောက်နဲ့တစ်ယောက် မတူအောင်စီမံထားတယ်။ တူတဲ့နေရာတူပေမဲ့ မတူတဲ့အရာတွေကလည်း အများကြီးရှိတယ်။ ဒါ့ကြောင့် မြတ်စွာဘုရားက (ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ)လို့ ဟောတော်မူတာပဲ။ မိမိကိုယ်ကို မကောင်းအောင်လုပ်တာ ဘယ်သူလဲ။ မိမိအလုပ်ကိစ္စ မိမိကံပဲ။ ဘေးအန္တရာယ်ဖြစ်အောင် ဘယ်သူလုပ်သလဲ မိမိကံလုပ်တာပဲ။ ဥပမာ….ဧရာဝတီမြစ်ကြီးရှိတယ်။ ဒီမြစ်ကြီးက ကုန်းပေါ်မှာနေတဲ့လူကို ရေနစ်အောင် မလုပ်နိုင်ပါဘူး။ မြစ်ထဲဆင်းတဲ့လူကိုသာ ရေနစ်စေနိုင်တယ်။ ဒီအတိုင်းပဲ ဘေးအန္တရာယ်တွေရှိပေမဲ့လည်း အလုပ်ကောင်းလုပ်သူ၊ ကံကောင်းရှိသူကို ဘေးအန္တရာယ် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မကောင်း ကျိုးကိုဖြစ်စေတတ်တဲ့ မိမိရဲ့ ကံညံ့ကံယုတ်ကိုသာ ကြောက်စရာလိုတယ်။ ဘေးရန်အန္တရာယ်တွေကို ကြောက်စရာမလိုဘူး”။

“ဂြိုဟ်တွေပူးတာနဲ့ ဘေးဥပဒ်ဖြစ်ပါသလားဘုရား”

“ဂြိုဟ်တွေပူးပူး မပူးပူး ဇာတိ ဇရာ မရဏစတဲ့ သံသရာဘေးရန်တွေ သတ္တ၀ါတိုင်း တွေ့နေ ကြရတယ်။ သံသရာကျင်လည်ခိုက်မှာ မကောင်းကံပါလာလို့ ကပ်ကြီးသုံးပါး တွေ့ကြရ သံသရာဒုက္ခ ခံကြရတယ်”။ “ဂြိုဟ်ကြီးရှစ်လုံးပူးတာနဲ့ သတ္တ၀ါတွေ ဘေးဥပဒ်ဖြစ်နိုင်တယ်ဆိုတာ ဟုတ်မှန်ပါသ လားဘုရား” “ခုနကပြောခဲ့တဲ့ အဓိပ္ပါယ်ပါပဲ။ ဘေးရန်တွေက မိမိမှာ လာဖြစ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကြောင့် မကောင်းတဲ့အကျိုးတွေဖြစ်ကြရတာ။ အမှန်ကတော့ ကိုယ့်ရဲ့စိတ်ပါ ပဲ။ အတိတ်နိမိတ်ဆိုတာကတော့ တစ်ခါတစ်ရံ ရှိတတ်ပါရဲ့။ ငရဲကြီးရှစ်ထပ်ရှိပေမဲ့ ငရဲကြီးရှစ်ထပ်က ဘယ်သူ့ကိုမှ လာမခေါ်ပါဘူး။ ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကသာ ငရဲကြီးရှစ်ထပ်ရှိရာကို ခေါ်သွားနိုင် တယ်”။

ဆရာတော်နဲ့ နိုင်ငံတော်အကြီးအကဲတို့ ပြောခဲ့တဲ့စကားတွေထဲက စကားတစ်ချို့ပါ။ တစ်ခြား ဘာသာရေး သာသနာရေး တိုင်းပြည်အရေး တွေကိုပြောပြီး ပြန်သွားကြပါတယ်။ ဆရာတော့်အ ကြောင်းရေးရင် မဖြစ်မနေပါရမဲ့ အဖြစ်အပျက်တစ်ခု ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ ဆရာတော့်ဇာ တာကြည့်ပြီး အာယုဒသာဖြတ်ကြတာပါ။ မန္တလေးက ဗေဒင်ကျော်ပညာရှိကြီးတွေ အောက်ပါအတိုင်း ဖြတ်ကြပါတယ်။

ညောင်ကန်နည်းအရ ၉၇-နှစ်၊ ၅-လ၊ ၂၅-ရက်၊ ၉-နာရီ။

ဂွေချိုနည်းအရ ၉၇-နှစ်၊ ၇-လ၊ ၁၃-ရက်၊ ၈-နာရီ။

အပရေ၀ါဒအရ ၁၀၅-နှစ်၊ ၅-လ၊ ၂၅-ရက်၊ ၉-နာရီ။

ဒီလိုနဲ့ ဆရာတော် သက်တော် ၉၇-နှစ်ကျော်သွားပြီး အထက်နည်းတွေလွဲသွားချိန်မှာ ဆရာ တော်ကြီးက ဒီသတင်းကြားတော့…..

”သူတို့က ငယ်ငယ်တုန်းကဇာတာကိုကြည့်ပြီး ဟောကြတာကိုး၊ တို့က ငယ်ငယ်တုန်းကလိုမှ မဟုတ်ဘဲနဲ့၊ အခု လုပ်နေတဲ့အလုပ်ကြည့်ပြီးဟောမှ မှန်တော့မပေါ့”လို့ မိန့်တော်မူပါတယ်။ ဒါပေမဲ့ ဗေဒင်သုံးနည်းလုံး လွဲသွားခဲ့ပါတယ်။ နီးစပ်မှုတောင်မရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော် က သက်တော် ၁၀၂-မှာ ပျံလွန်တော်မူသွားလို့ပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ရင်းလည်းရင်းနှီး ဗေဒင်လည်းကျွမ်းကျင်တဲ့ ဘုန်းကြီးတစ်ပါးကိုမေးကြည့်တော့ သီလ သမာဓိ ပညာ စရဏတွေနဲ့ ပြည့်

စုံနေတဲ့ဘုန်းကြီးကို ဗေဒင်ဟောရင် မှန်ဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဆရာတော့်ဖြစ် စဉ်ဟာ နှောင်းလူတွေအတွက် အသိပွားစရာနဲ့ သတိထားစရာတွေ ကောင်းလှတယ်လို့ပဲ ဆိုလိုက်ပါ ရစေ။

ရဝေနွယ်(အင်းမ)

Read more...

သီလ၀ိသုဒ္ဓိ…

သီလ၀ိသုဒ္ဓိဟူသော စကားကို “သီလစင်ကြယ်ခြင်း”ဟု အလွယ်နားလည်ထားနိုင်၏။ စင်ကြယ်ခြင်းကို ပါဠိစကားဖြင့် သုဒ္ဓိဟု ဖွင့်ပြ၏။ ၀ိသုဒ္ဓိဟုဆိုလျှင်ကား အထူးစင်ကြယ်ခြင်းဟု ၀ိသေသတပ်ကာ ပြောနိုင်ပေ၏။ ၀ိသုဒ္ဓိမဂ် ကျမ်းပြုဆရာ အရှင်မြတ်က ၀ိသုဒ္ဓိဟူသော စကားကို နိဗ္ဗာန်ဟူသော အဓိပ္ပါယ်အထိ ဖွင့်ဆိုရှင်းပြ၏။ မည်သို့ဆိုစေ စင်ကြယ်မှု၏ အရေးကြီးမှုကို ဖွင့်ဆိုရှင်းပြထားခြင်းပင် ဖြစ်ပါ၏။ ထိုစင်ကြယ်မှုတွင် အထက်အထက် မဂ်ဉာဏ်များရရှိနိုင်စေရန် လှေကားစောင်းတန်း သဖွယ်ဖြစ်သည့် သီလစင်ကြယ်မှုသည် အထူးအရေးကြီးလှပေ၏။ သီလမစင်ကြယ်လျှင်ကား အထိုက်အလျောက် သမာဓိဉာဏ်များ ဖြစ်နိုင်သော်လည်း လွတ်မြောက်ရာအမှန် ၀ိပဿနာဉာဏ်ကို ရရန်မှာ အလွန်မလွယ်လှပေ။ ထို့ကြောင့် လွတ်မြောက်မှုလမ်း၏ အခြေခံဖြစ်သည့် သီလစင်ကြယ်မှုကို အထူးပြု၍ ကြိုးစားအားထုတ်ကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ သီလ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိသုဒ္ဓိဖြစ်ကာ စိတ္တ၀ိသုဒ္ဓိဖြစ်မှ သမာဓိအားကောင်း၍ ၀ိပဿနာဉာဏ် အားသန်မည်ဖြစ်သဖြင့် သီလစင်ကြယ်စေရန် ကြိုးစားအားထုတ်ရမည် ဖြစ်ကြောင်း အသိပေး ဆုံးမကြခြင်း ဖြစ်၏။

သီလဟူသည်
သီလ၀ိသုဒ္ဓိဟူသော စကားတွင်ပါဝင်သည့် သီလ၏အဓိပ္ပါယ်နှင့်စပ်၍ “သူ့အသက်သတ်ခြင်း အစရှိသည်ကို ရှောင်ကြဉ်သောသူ၊ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်သောသူတို့၏ စေတနာစသော တရားတို့သည် သီလမည်ကြောင်း” ၀ိသုဒ္ဓိမဂ် အဋ္ဌကထာတွင် ဖွင့်ဆိုရှင်းပြ၏။ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်တွင်ကား “သူ့အသတ်သတ်ခြင်းစသည်မှ ရှောင်ကြဉ်သောသူ၊ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်သောသူတို့၏ စေတနာသည် သီလမည်ကြောင်း၊ ထိုအကျင့်ကိုကျင့်သော သူတို့၏ ရှောင်ကြဉ်မှု ၀ိရတိစေတသိက်ခေါ် စေတသိကသည် သီလမည်ကြောင်း၊ ပါတိမောက္ခ သံဝရ သီလစသော ပိတ်ဆို့စောင့်ရှောက်ခြင်း သံဝရသည် သီလမည်ကြောင်း၊ သီလဆောက်တည်ထားသူ၏ ကာယဒွါရ ၀စီဒွါရ၌ဖြစ်သော မကျူးလွန်ကြောင်း ကုသိုလ်စိတ္တုပ္ပါဒ်ခေါ် အ၀ီတိက္ကမသည် သီလမည်ကြောင်း” စသည်ဖြင့် သီလ၏အဓိပ္ပါယ် အကျယ်ဖွင့်ပြထား၏။ ထို့ကြောင့် အထက်ပါအဖွင့်များအရ သီလဟူသည် ရှောင်ကြဉ်ကြောင်း၊ ဖြည့်ကျင့်ကြောင်း၊ တားမြစ်ပိတ်ဆို့ကြောင်း၊ မကျူးလွန်ကြောင်း တရားများကို လိုက်နာဖြည့်ကျင့်လျက်၊ ဆောင်ရန်ရှောင်ရန်များကို စောင့်ထိန်းကျင့်သုံးနေသော သူ၏ စေတနာစသည်ကို ဆိုကြောင်း နားလည်သဘောပေါက်နိုင်ပေ၏။

သီလအမျိုးအစားများ
သီလမှန်သမျှ ရဟန်းသီလ၊ လူသီလ စသည်ဖြင့် မည်သည့်သီလပင်ဖြစ်စေ “ကာယကံ၊ ၀စီကံတို့ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်လျက် သိမ်းဆည်းသိုမှီးထားခြင်း” သီလန လက္ခဏာ ရှိသဖြင့် အကွဲအပြားမရှိ တစ်ပါးတည်း ဖြစ်သော်လည်း အမည်ပညတ်များအရ သီလအမျိုးမျိုး ရှိကြောင်း စာပေတွင် ဖွင့်ပြထား၏။ စာပေအဖွင့်များအရ သီလသည် စာရိတ္တသီလ၊ ၀ါရိတ္တသီလစသည်တို့၏ အစွမ်းဖြင့် နှစ်မျိုးနှစ်စား၊ ဟီနသီလ၊ မဇ္ဈိမသီလ၊ ပဏီတသီလ စသည်တို့၏ အစွမ်းအားဖြင့် သုံးမျိုးသုံးစား၊ ဘိက္ခုသီလ၊ ဘိက္ခုနီသီလ၊ အနုပသမ္ပန္နသီလ၊ ဂဟဋ္ဌသီလ စသည်တို့၏ အစွမ်းအားဖြင့် လေးမျိုးလေးစား၊ ပဟာနသီလ၊ ဝေရမဏိသီလ၊ စေတနာသီလ၊ သံဝရသီလ၊ အ၀ိတိက္ကမသီလ စသည်တို့၏ အစွမ်းအားဖြင့် ငါးမျိုးငါးစား ကွဲပြားကြောင်း စသည့် သီလ၏ကွဲပြားမှု အမည်နာမများကိုလည်း သိရှိနိုင်ကြမည်ဖြစ်၏။ အခြားအမည်ကွဲများဖြင့် အစုများ အများအပြား ရှိသော်လည်း ဤ၌ ဖော်ပြပါမျှသာ မိတ်ဆက်သဘောအားဖြင့် တင်ပြလိုပါ၏။ စင်စစ်သီလသည် မည်မျှပင် အမျိုးအမည် ကွဲပြားသော်လည်း အစွမ်းသတ္တိမှာ “မည်သည့်သီလမဆို ကာယကံနှင့် ၀စီကံတို့ကို ထိန်းသိမ်းစောင့်ရှောင်ခြင်း သီလန အစွမ်းသတ္တိ” ရှိနေခြင်းပင် ဖြစ်၏။ ထို့ကြောင့် ပါဏာတိပါတစသည်မှ ရှောင်ကြဉ်ခြင်း၊ ကျင့်ဝတ်ပဋိပတ်များကို ဖြည့်ကျင့်ခြင်းများကို ဖြည့်ကျင့်နေသူများသည် ကာယကံ ၀စီကံများကို ထိန်းသိမ်းနေသူများ ဖြစ်သဖြင့် သီလ၀ိသုဒ္ဓိခေါ် သီလစင်ကြယ်ခြင်း ရှိနေသူများဟု ဆိုခြင်းဖြစ်ပါ၏။

ဤ၌သီလနှင့် ပတ်သက်၍ အမျိုးအစား ကွဲပြားမှုများ ရှိကြောင်းစာပေတွင် ဖွင့်ဆိုပြသည်မှာ ကျင့်ကြံလိုက်နာ သူများ၏ စိတ်စေတနာကို လိုက်၍ ကွဲပြားမှုများ ရှိနေသဖြင့် ထိုစေတနာသို့လိုက်ကာ အမည်နာမ သတ်မှတ်ပြရခြင်း ဖြစ်ပေ၏။ နှစ်ပါးစုသီလ၊ သုံးပါးစုသီလ စသည်ဖြင့် ဖော်ပြရခြင်း ဖြစ်၏။

ဥပမာအားဖြင့် နှစ်ပါးစု သီလတွင် စာရိတ္တသီလ၊ ၀ါရိတ္တသီလစသည်ဖြင့် ခွဲခြားရာတွင် “မြတ်စွာဘုရားက ဤအရာကို ပြုကျင့်အပ်၏ဟု ပညတ်သော သိက္ခာပုဒ်ကို ဖြည့်ကျင့်ခြင်းသည် စာရိတ္တသီလမည်ကြောင်း၊ ဤအရာကို မကျင့်အပ်ဟု တားမြစ်ပယ်အပ်သော အရာကို မပြုကျင့်ဘဲ ရှောင်ကြဉ်ခြင်းသည် ၀ါရိတ္တသီလမည်ကြောင်း” စသည်ဖြင့် ပြုကျင့်လိုက်နာသူများ၏ စေတနာအလိုက် ခွဲခြားပြခြင်းဖြစ်၏။ ထို့အတူ သုံးပါးစု သီလတွင်လည်း “သူတပါးတို့ ချီးမွမ်းထောမနာ ပြုသည့် အကျော်အစောကို နှစ်သက်တောင့်တသည်ဖြစ်၍ ဆောက်တည်ကြောင်း ဖြစ်သော သီလသည် ဟီန(အညံ့စား)သီလ မည်ကြောင်း၊ ကုသိုလ်ကောင်းမှု၏ အကျိုးကို လိုလားတောင့်တ၍ ဆောက်တည်အပ်သော သီလသည် မဇ္ဈိမ(အလတ်စား)သီလ မည်ကြောင်း၊ ဤအကျင့်သီလသည် အရိယာသူတို့ကောင်းတို့ ပြုသင့်ပြုအပ်သော အရာဖြစ်သည်ဟု အရိယာသူတော်ကောင်း အဖြစ်ကို အမှီပြု၍ ဆောက်တည်အပ်သော သီလသည် ပဏီတ (အကောင်းစား)သီလ မည်ကြောင်း” စသည်ဖြင့် သုံးပါးကွဲပြားမှုကို ခွဲခြားပြ၏။ လေးပါးအစု သီလတွင်လည်း “ရဟန်းတော်များ ဖြည့်ကျင့်ရမည့် ၀ိနည်းသိက္ခာပုဒ်များသည် ဘိက္ခုသီလမည်ကြောင်း၊ ရဟန်းမများ ပြုကျင့်လိုက်နာရမည့် ၀ိနည်း သိက္ခာပုဒ်များသည် ဘိက္ခုနီသီလ မည်ကြောင်း၊ သာမဏေယောက်ျား၊ သာမဏေမိန်းမများ ကျင့်သုံးရသည့် ဆယ်ပါးသီလနှင့် ကျင့်ဝတ်သိက္ခာပုဒ်များသည် အနုပသမ္ပန္နသီလ မည်ကြောင်း၊ လူပုဂ္ဂိုလ်များ စောင့်ထိန်းရမည့် နိစ္စသီလခေါ် ငါးပါးသီလများနှင့် ရှစ်ပါး၊ ကိုးပါးစသည့် ဥပုသ်သီလများသည် ဂဟဋ္ဌသီလ မည်ကြောင်း” စသည်ဖြင့် လေးပါးအစု ဖြစ်ပုံကို ခွဲခြားပြခြင်း ဖြစ်၏။ ပါးပါးအစု သီလတွင်လည်း “သူ့အသက် သတ်ခြင်းကို ပယ်ခြင်းသည် ပဟီနသီလ မည်ကြောင်း၊ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်း ၀ိရတီသည် ဝေရမဏိသီလ မည်ကြောင်း၊ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော စေတနာသည် စေတနာသီလမည်ကြောင်း၊ သူ့အသက် သတ်ခြင်းမှ စောင့်စည်းပိတ်ဆို့ခြင်း သံဝရသည် သံဝရသီလ မည်ကြောင်း၊ သူ့အသက် သတ်ခြင်းဟူသော အကုသိုလ်အမှုကို မကျူးလွန်ခြင်းသည် အ၀ိတိက္ကမသီလ မည်ကြောင်း” စသည်ဖြင့် ငါးပါးအစု ကွဲပြားပုံကို ခွဲခြားပြ၏။ ဤကား စာပေတွင် ဖွင့်ဆိုပြသည့် သီလအမျိုးအစားများအကြောင်း မိတ်ဆက်တင်ပြခြင်းသာ ဖြစ်ပါ၏။ အကျယ်ကို ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော်တွင် လေ့လာနိုင်ပါသည်။

ဤသို့ အမျိုးအမည်အားဖြင့် သီလအမျိုးမျိုး ကွဲပြားနေသော်လည်း အစွမ်းသတ္တိမှာ အထက်တွင် ဆိုခဲ့သကဲ့သို့ ကာယကံနှင့် မနောကံကို ထိန်းသိမ်းစောင့်ရှောက်ခြင်း အစွမ်းသတ္တိသာ ဖြစ်သဖြင့် သီလစောင့်ခြင်းဖြင့် ကိုယ်နှင့်နှုတ်ကို စောင့်စည်းပြီး မိမိ၏ အကျင့်သီလကို ဖြူစင်စေရန် ကြိုးစားကြရမည်သာ ဖြစ်ကြောင်း ပညာရှိ သူတော်ကောင်းများက အသိပေး ဆုံးမတော်မူခြင်း ဖြစ်၏။

သီလဖြူစင်ခြင်းနှင့် ညစ်နွမ်းခြင်း
သီလသည် စောင့်သူ၏ စေတနာသို့လိုက်ကာ ဖြူစင်ခြင်း၊ ညစ်နွမ်းခြင်းများ ရှိတတ်၏။ ထိုသီလဖြူစင်ခြင်း၊ သီလညစ်နွမ်းခြင်းတို့နှင့် စပ်လျဉ်း၍လည်း “သီလကျိုးပြတ်ခြင်း အစရှိသည်တို့သည် သိလ၏ ညစ်နွမ်းခြင်းဖြစ်ပြီး မကျိုးမပြတ်ခြင်း စသည်သည် သီလ၏ဖြူစင်ခြင်းပင် ဖြစ်ကြောင်း” စာပေတွင် ဖွင့်ဆိုရှင်းပြ၏။ သီလကျိုးပြတ်သည်ဆိုရာတွင် သီလကျိုးပြတ်မှုကို ဖြစ်စေနိုင်သည့် လာဘ်လာဘ၊ အခြံအရံ အပေါင်းအသင်း၊ အသက်စသည်တို့နှင့် စပ်လျဉ်းသည့် အကြောင်းများ၊ ကာမဂုဏ်မေထုန်နှင့် စပ်လျဉ်းသည့် အကြောင်းများ စသည်တို့ကြောင့် ကျိုးပြတ်နိုင်ကြောင်းနှင့် သီလ၏ မကျိုးမပေါက်ခြင်းဟူသည် ခပ်သိမ်းသော သိက္ခာပုဒ်တို့ကို မဖျက်ဆီး မလွန်ကျူးသော အားဖြင့်လည်းကောင်း၊ မေ့လျော့၍ ပျက်ကုန်သော်လည်း ကုစားကောင်းသော သိက္ခာပုဒ်တို့ကို ကုစားသော အားဖြင့်လည်းကောင်း၊ မေထုန်အမှုများနှင့် ယှဉ်စပ်ခြင်း မရှိသော အားဖြင့်လည်းကောင်း၊ ထို့အပြင် အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ သူ့ကျေးဇူးကို ချေဖျက်ခြင်း၊ သူတပါးကို အတင်းအဖျင်းပြုခြင်း၊ မနာလိုခြင်း၊ ၀န်တိုခြင်း၊ လှည့်ပတ်ခြင်း၊ ကြွားဝါခြင်းစသည့် အယုတ်တရားတို့၏ မဖြစ်ခြင်းလည်းကောင်း၊ အလိုနည်းခြင်း၊ ရောင့်ရဲခြင်းစသည့် ဂုဏ်ကျေးဇူးတို့ကို ဖြစ်စေခြင်းဖြင့် လည်းကောင်း စသည့်အကြောင်းများကြောင့် သီလ၏ မကျိုးမပြတ်ခြင်းကို ဖြစ်စေနိုင်ကြောင်း သီလဖြူစင်ခြင်း၊ သီလညစ်နွမ်းခြင်း အကြောင်းများကို နားလည်သဘော ပေါက်နိုင်ပေ၏။

သီလ၀ိသုဒ္ဓိဖြစ်ခြင်း
အထက်ပါ အဖွင့်များအရ ဤ၌ သီလ၀ိသုဒ္ဓိခေါ် သီလဖြူစင်ခြင်း၏ အဓိပ္ပါယ်ကို “အကြင်သီလတို့သည် လာဘ်အစရှိသည်ကြောင့် မပျက်စီးကုန်၊ မေ့လျော့မှုကြောင့် ပျက်ကုန်သော်လည်း တစ်ဖန်ကုစားခြင်းငှါ တတ်နိုင်ကောင်း၏၊ မေထုန်နှင့် ယှဉ်ခြင်းကြောင့်လည်းကောင်း၊ အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်းစသည့် မကောင်းမှုတို့ဖြင့် လည်းကောင်း မနှိပ်စက်ကုန်သည်လည်း ဖြစ်ကုန်၏၊ ထိုကဲ့သို့သော သီလမျိုးကို မကျိုးကုန်သော သီလ၊ မပေါက်ကုန်သောသီလ၊ မကျားမပြောက်ကုန်သော သီလတို့ဟူ၍ လည်းကောင်း ဆိုအပ်၏၊ ထိုသို့ မကျိုးမပေါက် မကျားမပြောက်သော သီလရှိသည်၏ အဖြစ်ကို သီလ၏ဖြူစင်ကြောင်း ဝေါဒါနဟု ဆိုအပ်၏..” ဟူသော ၀ိသုဒ္ဓိမဂ်အဖွင့်အတိုင်း သိရှိနိုင်မည်ဖြစ်၏။ ဆိုလိုသည်မှာ သီလ၀ိသုဒ္ဓိဖြစ်ရန် မိမိတို့၏ သီလကို စွမ်းနိုင်သမျှ မကျိုးမပေါက်စေရန် သီလကျိုးပျက်စေနိုင်သည့် အရာများကို ရှောင်ကြဉ်ခြင်းဖြင့် သတိတရား လက်ကိုင်ထားကာ ထိန်းသိမ်းစောင့်ရှောက်ရန် လိုကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

သီလ၀ိသုဒ္ဓိ၏ အကျိုး
ထိုသို့ သီလဖြူစင်၍ သီလနှင့် ပြည့်စုံခဲ့ပါလျှင်ကား မည်သူမဆို သီလ၀ိသုဒ္ဓိဖြစ်သဖြင့်
၁။ မေ့လျော့မှု မရှိခြင်းဟူသော အကြောင်းကြောင့် စည်းစိမ်ဥစ္စာအစုကို ရရှိခြင်း
၂။ ကောင်းသတင်းဖြင့် ကျော်စောရခြင်း
၃။ မည်သည့်ပရိတ်သတ် အတွင်းသို့ မဆို အကြောက်အရွံ့မရှိ ၀င်ရောက်နိုင်ခြင်း
၎။ သေခါနီးအခါတွင်လည်း တွေဝေကြောက်ရွံ့ခြင်းမရှိဘဲ သေနိုင်ခြင်း
၅။ သေပြီးနောက်တွင်လည်း ကောင်းသည့် သုဂတိဘုံဘ၀တွင် ဖြစ်ရခြင်း
ဟူသော အကျိုးတရားတို့နှင့် ပြည့်စုံနိုင်သည့် အပြင် အထက်အထက် မဂ်ဉာဏ်များကို ရရှိစေနိုင်သည့် လှေကားစောင်းတန်း တစ်ခုသဖွယ်လည်း ဖြစ်ကြောင်း ဗုဒ္ဓမြတ်စွာ မိန်တော်မူခဲ့ပေ၏။ ထို့ကြောင့် သီလ၀ိသုဒ္ဓိဖြစ်မှုသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် မြတ်နိဗ္ဗာန်သို့ အထောက်အကူ ဖြစ်စေသည်သာမက အနီးဆုံးအကြောင်းအဖြစ် ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကောင်းကျိုးများလည်း ဖြစ်စေနိုင်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

အချုပ်အားဖြင့် သီလ၀ိသုဒ္ဓိခေါ် သီလဖြူစင်မှုသည် မိမိတို့အတွက် အလွန်အရေးပါသည့် အခြေခံ အကျင့်တရား ဖြစ်သဖြင့် အခြေခံ အကျင့်ကို မကျိုးမပေါက်စေရန် စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးပြီး သီလဖြူစင်ခြင်းဖြင့် စိတ်ကိုလည်း ဖြူစင်စေကာ စိတ်ဖြူစင်မှုကို အရင်းပြုလျက် သမာဓိတည်အောင် ကြိုးစားရင်း သမာဓိကို အခြေခံ၍ ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်ပန်းတိုင် လှမ်းကိုင်နိုင်မည့် ၀ိပဿနာဉာဏ်ကို ရင့်သန်စေရန် အထူးကြိုးစားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ သီလဖြူစင်ခြင်းဖြင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုး ပွားတိုးစေရန် အားကိုးတစ်ခုအဖြစ် လက်ကိုင်ပြုသင့်ကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။

ကျမ်းကိုး = ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၊ ၀ိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ

Read more...

ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် တက္ကသိုလ်၏ ပုံရိပ်များ

Type your summary here. Type the rest of your post here.

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP