* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, August 13, 2010

ဆရာတော်ကြီးများ၏ ဘုရားဖူးခရီးစဉ်


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ နှင် တိပိဋကရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပေါက်မြိုင်ဆရာတော်ဘုရားကြီး ဦးအဂ္ဂ၀ံသာဘိဝံသ နှစ်ပါး အမှူးပြုလျက် ပဲခူးတိုင်း၊ ဖြူးမြို့ မဟာစည်ရိပ်သာနှင့် ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာ တို့၏ ပဓာန နာယက ဆရာတော် အရှင်အဂ္ဂ၀ရ (ဓမ္မာစရိယ၊ MA, PhD Thesis - India) ဦးစီး၍ သာသနာ့ရိပ်သာ၏ ဒုဥက္ကဋ္ဌဖြစ်သော ဦးစိုးမော် စီစဉ်သော ဘုရားဖူးအဖွဲ့သည် (11-8-2010 မှ 20-8-2010) နေ့အထိ သီရိလင်္ကာနိုင်ငံသို့လည်းကောင်း၊ (21-8-2010 မှ 23-8-2010) နေ့အထိ ထိုင်းနိုင်ငံသို့လည်းကောင်း ဘုရားဖူးကြွရောက်မည်ဖြစ်ကြောင်း ဆရာတော် အရှင်အဂ္ဂ၀ရ ကိုယ်တော်တိုင် ယနေ့လေဆိပ်မှနေ၍ ထိုင်းနိုင်ငံအတွင်းရှိ ဒကာ၊ ဒကာမအပေါင်းတို့အား သိရှိစေရန် မိန့်ကြားခဲ့ပါသည်။

ယင်းခရီးစဉ်အတွင်း တွံတေးဆရာတော် အရှင်အရှင်ဣန္ဒက သည်လည်း ဆရာတော်ဘုရားကြီးများ၏ ခရီးစဉ်တွင် ပါဝင်ကြွရောက်တော်မူပါမည့်အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

ထိုင်းနိုင်ငံအတွင်း ဆရာတော်ဘုရားကြီးများနှင့် ဆက်သွယ်လိုပါလျှင်
ဆရာတော် အရှင်အဂ္ဂ၀ရ
ဖုန်းနံပါတ် (+668 1439 4596)


လေးစားစွာဖြင့်
ဝိမုတ္တိရသအဖွဲ့သားများ

Read more...

သစ္စာအလင်း မိသားစု နှင့် ၀ါဆိုဦးဒါန အမှတ်တရ ပုံရိပ်များ


(မိမိဥစ္စာ၊ သူ့ဟာဖြစ်လို၊ မေတ္တာပို၊ ကြည်ညိုလေးစား၊ ပေးစွန့်ငြား၊ ထူးခြားမြတ်ဒါန)… ရယ်လို့ ကျေးဇူးတော်ရှင် ယောဆရာတော် ဘုရားကြီးက လင်္ကာလေးနဲ့ မှတ်သား လိုက်နာစေခဲ့ပါတယ်။ ဒါနအစဖြာတဲ့ (၁၀) ပါးသော ပါရမီကျင့်စဉ် ဆိုတာ လူသာမန် ဘ၀ကနေ ဗုဒ္ဓမြတ်စွာ ဖြစ်စေတဲ့ သူတော်ကောင်းတွေ လျှောက်လှမ်းကြမြဲ လမ်းစဉ်တွေပဲ ဖြစ်ပါတယ်။

ကျွန်မတို့ မြတ်ဗုဒ္ဓ အဆုံးအမရဲ့ အခြေခံ ကျင့်စဉ်ကတော့ စွန့်လွှတ်ခြင်း ပါပဲ။ ကျွန်မတို့အားလုံးရဲ့ နောက်ဆုံးပန်းတိုင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဆိုတာ ဘ၀ကိုရော၊ ရုပ်နာမ်ခန္ဓာကိုပါ အပြီးအပိုင် စွန့်ရမှာပါ။ အဲဒီပန်းတိုင်ကို ရောက်နိုင်ဖို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ပေးရပါတယ်။ စွန့်လွှတ်ခြင်း ဆိုတဲ့အမှုကို ကြိုးစား လုပ်ရပါတယ်။ နည်းနည်းကစတင်ပြီး တဖြည်းဖြည်း အဖိုးတန်တာတွေ စွန့်နိုင်ပြီး နောက်ဆုံးကျတော့ ဘ၀နဲ့ ရုပ်နဲ့ခန္ဓာကို စွန့်နိုင်တဲ့ အထိပေါ့။ စွန့်လွှတ်နိုင်တဲ့ စိတ်ဓာတ်အင်အားဟာ အင်မတန် ကြီးမား၊ စွမ်းပကားများစွာ ရှိနေတာကိုက ဒါနရဲ့ အနှစ်သာရပါပဲ။ စွန့်လွှတ်ကြတဲ့ အခါ တန်ပြန်သက်ရောက်တဲ့ အကျိုးကို မျှော်ကိုးတဲ့ စိတ်ကိုပါ စွန့်ရတာပါ။

အခုပြီးခဲ့တဲ့ ၀ါဆိုဦးကာလ၊ ထူးမြတ်တဲ့ အချိန်သမယမှာ ကျွန်မရဲ့မောင်လေး Bliss (၀ိမုတ္တိသုခ) နဲ့ ညီမ Crys (Crystal) တို့ရဲ့ မွေးနေ့များ ဖြစ်ခဲ့တာမို့ အမှတ်တရ ဒါနပါရမီများကို သူတို့ကိုယ်စား အမိမြေမှာ ကျွန်မက ဆောင်ရွက်လှူဒါန်း၊ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ညီမ Crys ရဲ့မွေးနေ့ ၂၈.၇.၂၀၁၀ နဲ့ မောင်လေး Bliss ရဲ့ မွေးနေ့ ၃၁.၇.၂၀၁၀ မတိုင်ခင် တစ်ပတ်အလိုကတည်းက သူတို့ရဲ့ချွေးနည်းစာ လှူဒါန်းငွေကို ကျွန်မထံ တင်ကြို ပေးပို့ထားခဲ့ပါတယ်။

စွန့်လွှတ်မယ်၊ စွန့်လွှတ်တယ်၊ စွန့်ပြီးတာကို ၀မ်းမြောက်တယ်။ ဤသုံးပါးကို ကုသိုလ်ဟု ခေါ်ပါလို့ မှတ်သားစေတဲ့ ဆရာတော် ဦးဝိဇယရဲ့ တရားတော်ကို ဆင်ခြင်ရင်း ၀မ်းမြောက်စေဘို့ အမှတ်တရ ဓာတ်ပုံများဖြင့် မွေးနေ့မှတ်တမ်းပြုရင်း ကိုယ်စား အမျှဝေလိုက်ချင်ပါတယ်။ ဒါကိုပဲ အစ်မရဲ့ မွေးနေ့လက်ဆောင် အဖြစ် လက်ခံပေးပါ ကလေးတို့ရေ…။

ကြည်ညိုလေးစား ထူးခြားစွာ လှူဒါန်းခဲ့တာကတော့ ပိုင်းလော့ဆရာတော် ဘုရားကြီးကို 3 Rifle ၀ါဆိုသင်္ကန်း တစ်စုံနဲ့ ၀တ္ထုငွေကျပ် (၃၀၀၀၀) ကို ၂၃.၇.၂၀၁၀ မှာ ဆရာတော်ဘုရား မေမြို့ တရားစခန်းသို့ ခရီးမထွက်ခင် မိုးညှင်းသိင်္ဂီ ကျောင်းတိုက်မှာပဲ ဖြစ်ပါတယ်..။


ညီမ Crys ရဲ့မွေးနေ့ ၂၈.၇.၂၀၁၀ နေ့မှာတော့ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ကုန်းတော်တစ်ခုလုံး ထိန်ထိန်ညီးအောင် ဆိုဒီယမ် ဆလိုက်မီးများ ထွန်းညှိ လှူဒါန်းပေးခဲ့ပါတယ်။ Crys ကလည်း ဒယ်အိုးဆရာတော် ဘုရား ဦးသုမင်္ဂလကို ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့သလို၊ မမေဟန်သွင်နဲ့ အတူ တရားများကို http://www.livedhamma.com မှာ ထုတ်လွှင့်နေခဲ့ ရှာတာမို့ ကျွန်မက ထပ်ဆင့် သာဓုခေါ်ရပါသေးတယ်။


Bliss ရဲ့ မွေးနေ့ဖြစ်ပြီး မွေးရက်ပါ ကျရောက်တဲ့ (၃၁.၇.၂၀၁၀) စနေနေ့ မှာတော့ ကမ္ဘာအေး၊ တိပိဋက မဟာဂန္ဓာရုံ ကျောင်းတိုက်မှာ စာသင်စာချပြီး ကိုယ်တိုင်လည်း ပိဋကတ်စာပေ လေ့လာသင်ယူတော် မူနေတဲ့ ပိဋကတ် နှစ်ပုံဆောင် ဆရာတော် ဦးပညာဝံသာ လင်္ကာရ (ဘုန်းဘုန်း ဦးတိက္ခ(ယော)ရဲ့ ဆရာလည်း ဖြစ်ပါတယ်) နှင့် သံဃာတော် အရှင်သူမြတ်တို့ကို ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ ပါတယ်။ ကိုရင်လေးများ အတွက် ထန်းလျက် နှစ်ပိဿာကိုလည်း လှူဒါန်းခဲ့ပါတယ်။


အဲဒီနေ့ နေ့လယ်မှာပဲ ဇီဝိတ ဒါနအဖြစ် ကြိုးချည် တုပ်နှောင်ခံထား၊ အစာ မစားရဘဲ ခြင်းထဲမှာ ရေနဲ့ဝေးပြီး သေအံ့ဆဲဆဲ ဂဏန်းကောင်ရေ (၇၂) ကောင်ရဲ့ အသက်ကို ကယ်တင် လွတ်မြောက်စေခဲ့ပါတယ်။


နောက်ပြီးတော့ မိုးညှင်းသိင်္ဂီ ကျောင်းတိုက်မှာ ပဋ္ဌာန်း (၅) ကျမ်းကို နေ့စဉ် ရွတ်ဆို ပူဇော်နေတဲ့ ဆရာလေး နှစ်ပါးဖြစ်တဲ့ ဒေါ်ကုသလနဲ့ ဒေါ်ဥတ္တရာတို့ကို ပဋ္ဌာန်းစာအုပ်များ လှူဒါန်းခဲ့ပါတယ်။ ပိုင်းလော့ ဆရာတော်ဘုရားရဲ့ အဆုံးအမနဲ့ ကျောင်းတိုက်အတွင်းနေ သံဃာတော်၊ သီလရှင်များ အားလုံးလိုလို နေ့စဉ် ပူဇော်ကြတာမို့ စာအုပ်ကို ငှားယူ ပူဇော်ရတဲ့ အခက်အခဲ ကွက်လပ်ကို ဖြည့်ဆည်း လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။





ကျန်ရှိတဲ့ ငွေနဲ့ ငှက်များလွှတ်ခြင်း၊ ငါးများလွှတ်ခြင်း၊ ခိုစာကျွေးခြင်း တို့ကိုလည်း ခြံရံ လှူဒါန်းပေးခဲ့ပါတယ်။ ဤကုသိုလ် ကောင်းမှုရဲ့ မွန်မြတ်တဲ့ စွန့်လွှတ်ခြင်း စွမ်းအင်များ စီးဝင်ထိုးဖောက် ၀မ်းမြောက်နိုင်ကြ ပါစေ။

မောင်လေး တစ်ခါက သူ့ဘလော့မှာ ရေးဖူးတဲ့ (အားကျမိတဲ့ ဘ၀ခရီးဖော် နှစ်ဦး) ထဲက ၀ိပ္ပလုလင်နဲ့ ဘဒ္ဒါကပ္ပိလာနီ တို့လို ဖြူစင် မွန်မြတ်တဲ့ မေတ္တာ၊ ခိုင်မာ မြဲမြံတဲ့သစ္စာ တရားနဲ့ ရှည်လျားတဲ့သံသရာ ခရီးကို အတိုတောင်းဆုံးဘ၀နဲ့ အဆုံးတိုင်လျှောက်လှမ်း လွတ်မြောက်နိုင်ကြပါစေ လို့ အစ်မက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက် ချင်ပါတယ်..။

မေတ္တာဖြင့်
အစ်မ သစ္စာအလင်း

***********************************

ကျွန်တော် ဘလော့ဂ်ဂါအဖြစ် အွန်လိုင်းပေါ်စရောက်ကတည်းက ကျွန်တော်ခင်မင်လေးစားတန်ဖိုးထားရတဲ့၊ ကျွန်တော့်အပေါ် မောင်ရင်းတစ်ယောက်လို အမြဲ မေတ္တာဖြင့်စောင့်ရှောက်ကူညီတတ်တဲ့ အစ်မ မသစ္စာအလင်း (www.thitsaralin.org) ရဲ့  ကျွန်တော်တို့ အတွက် မွေးနေ့ အမှတ်တရ ပို့ စ်လေးကို မွေးနေ့ အလွန် အမှတ်တရအဖြစ် တင်လိုက်ပါတယ်။

ကျွန်တော်တို့ ကို ကုသိုလ်တွေအများကြီးရအောင် မေတ္တာဖြင့် ကူညီစီစဉ်ပေးခဲ့ကြတဲ့ အစ်မ မသစ္စာအလင်း နှင့် ညီမ မစုမြတ်တို့  သူငယ်ချင်းတွေ၊ ညီငယ် ကိုဥဂ္ဂါတို့ ကို ကျေးဇူးအထူးတလည်တင်ရှိပါကြောင်း ဒီနေရာကနေ ပြောကြားလိုက်ပါတယ်။

ကျွန်တော်တို့ အားလုံးပြုလုပ်ခဲ့တဲ့ ကုသိုလ်အစုစုကိုတော့ ဓမ္မမိတ်ဆွေများအားလုံးကို အမျှပေးဝေလိုက်ပါတယ်။ အားလုံး ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓုခေါ်ဆိုကြပါခင်ဗျား။


အားလုံး....အမျှ....အမျှ...အမျှ.....

Read more...

သမုစ္စည်းပိုင်း - ဗောဓိပက္ခိယသင်္ဂဟ

၂၀၁၀ ခုနှစ် သြဂုတ်လ ၇ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များ သင်တန်း အပတ်စဉ် (၄၅)နှင့် (၄၆) သင်ခန်းစာများကို နာယူ သင်ယူ မှတ်သားကြရရာ အပတ်စဉ် (၄၅) သင်ခန်းစာမှာ သမုစ္စည်းပိုင်း၊ ဗောဓိပက္ခိယသင်္ဂဟ သင်ခန်းစာ ဖြစ်၏။

ဗောဓိပက္ခိယ

ဗောဓိ = သစ္စာလေးပါးတရားကို သိတတ်သောကြောင့် ဗောဓိမည်သော အရိယမဂ်ဉာဏ်၏
ပက္ခ = ဘက်တော်သား၌
အိယ = ဖြစ်သော တရား

အရိယမဂ်ဉာဏ်ကို ရရာရကြောင်းဖြစ်သော တရားများဟု ဆိုလို၏။
ထို ဗောဓိပက္ခိယတရားအပေါင်းကို သိမ်းယူရာ သိမ်းယူကြောင်း အကျဉ်းပြဆိုခြင်းသည် ဗောဓိပက္ခိယသင်္ဂဟ မည်၏။

ဗောဓိပက္ခိယတရားများမှာ သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣနြေ္ဒ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး = ပေါင်း ၃၇-ပါး ဖြစ်၏။

လင်္ကာ

‘သတိ’‘သမ္မ’၊ ‘ဣဒ်’‘ဣန်’‘ဗ’၊ ‘ဗောဇ္ဈ’‘မဂ်’ ခုနစ်။

သတိသမ္မပ်၊ ဣဒ္ဓိပါဒ်တို့၊ လေးရပ်စီသာ
ဣန်ဗိုလ်မှာကား၊ ငါးစီ ထား၍
ခုနစ်ပါး ဗောဇ္ဈင်၊ မဂ်ရှစ်အင်
ပေါင်းလျှင် ဗောဓိ သုံးခွန်ရှိ။

+++++

သတိပဋ္ဌာန် ၄-ပါး

သတိပဋ္ဌာန် = အခြားတပါး များစွာသော အာရုံတို့၌ စိတ်ပျံ့နှံ့ပြေးဝင်ခြင်းကို တားမြစ်၍ ကိုယ်စသော ကမ္မဋ္ဌာန်းအာရုံ၌သာလျှင် အစဉ်ဝင်လျက် တည်တံ့စွာဖြစ်တတ်သော မဟာကုသိုလ်၊ မဟာကြိယာ၊ အပ္ပနာဇော ဤ ၄၂-ပါး၌ ရှိသော (ဝါ) လောကုတ္တရာစိတ် ၈-ခု၌ ရှိသော သတိစေတသိက်။

(၁) ကာယာနုပဿနာသတိပဋ္ဌာန် = ရူပကာယ၌ (ဝါ) ကိုယ်၌ အဖန်ဖန် ရှုဆင်ခြင်ခြင်း။
(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန် = ဝေဒနာ၌ အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။
(၃) စိတ္တာနုပဿနာသတိပဋ္ဌာန် = သရာဂစိတ် အစရှိသော ထိုထိုဖြစ်ပေါ်လာသော စိတ်ကို အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။
(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန် = သညာ သင်္ခါရဖြစ်သော နီဝရဏစသော တရားတို့ကို ထိုထိုဓမ္မဟုလည်းကောင်း၊ အနိစ္စဝိပဿနာအားဖြင့်လည်းကောင်း အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။

သတိတစ်ခုတည်းဖြစ်သော်လည်း အာရုံ ၄-မျိုး၊ ရှုသောအခြင်းအရာ ၄-မျိုး၊ ပယ်သော အမှတ်သညာ ၄-မျိုး ရှိ၍ သတိပဋ္ဌာန် ၄-ပါး ဖြစ်သည်။

+++++

သမ္မပ္ပဓာန် ၄-ပါး

သမ္မပ္ပဓာန ဟူသော အမည်သည် ဝီရိယ၏ အမည် ဖြစ်၏။

အကြောအခြင် အရိုးအရေ ကြွင်းစေ၊ အသွေးအသား ကုန်ခန်းစေ၊ အသက်ပင် သေစေဟူ၍ ရဲရဲဝံ့ဝံ့ ဆိုခဲ့ပြီးသော စိတ် ၄၂-ပါး၌ ရှိသော (ဝါ) လောကုတ္တရာစိတ် ၈-ခု၌ ရှိသော ဝီရိယစေတသိက်သည် သမ္မပ္ပဓာန် မည်၏။

တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသက ကုသိုလ်စိတ်မှာရှိသော ဝီရိယကိုသာ သမ္မပ္ပဓာန်ဟု ခေါ်ရပြီး ကြိယာစိတ်နှင့် မဆိုင်ကြောင်း ဆို၏။
သမ္မပ္ပဓာန် ၄-ပါးမှာ ကုသိုလ် အကုသိုလ်နှင့် ဆိုင်သောကြောင့် ထိုဝီရိယမှာ ရဟန္တာအတွက် မလိုအပ်တော့ပေ။
ထို့ကြောင့် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက ကုသိုလ်စိတ် ၂၁-ခုမှာ ရှိသော ဝီရိယကိုသာ သမ္မပ္ပဓာန် အရကောက်စေလို၏။

(၁) ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယဝါယာမော = ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ အားထုတ်မှု ဝီရိယ။ (ဖြစ်ပြီးသော အကုသိုလ်ကို ပယ်ခြင်းဆိုရာ၌ ထိုအကုသိုလ်၏အကျိုး မပေးနိုင်အောင် လုပ်ခြင်းကို ဆိုလို၏။)
(၂) အနုပ္ပန္နာနံ ပါပကာနံ အနုပ္ပါဒါယဝါယာမော = မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှာ အားထုတ်မှု ဝီရိယ။
(၃) အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယဝါယာမော = မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှာ အားထုတ်မှု ဝီရိယ။
(၄) ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယဝါယာမော = ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို အလွန်ပွားများစေခြင်းငှာ အားထုတ်မှု ဝီရိယ။

+++++

ဣဒ္ဓိပါဒ် ၄-ပါး

ဈာန်မဂ်ဖိုလ်ရအောင် အားထုတ်သဖြင့် ထိုဈာန်မဂ်ဖိုလ်များ ထမြောက်လာမှု ပြီးစီးပြည့်စုံမှုကို (ဈာန်မဂ်ဖိုလ်ရမှုကို) ဣဒ္ဓိဟု ခေါ်၏။

ထိုဈာန်မဂ်ဖိုလ်တို့ကို ရဖို့ရန် အခြေခံဖြစ်သော ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ ဟူသော အဓိပတိတရား ၄-ပါးတို့သည် ဣဒ္ဓိပါဒ် မည်၏။

မိဿကသင်္ဂဟ၌ လာသော အဓိပတိ ၄-ပါးကိုပင် ဤနေရာ၌ ဣဒ္ဓိ၏ အခြေခံ = ဣဒ္ဓိပါဒ ဟု ခေါ်၏။

ဆန္ဒိဒ္ဓိပါဒ် (ဆန္ဒ)၊
ဝီရိယိဒ္ဓိပါဒ် (ဝီရိယ)၊
စိတ္တိဒ္ဓိပါဒ် (စိတ်)နှင့်
ဝီမံသိဒ္ဓိပါဒ် (ပညာ) ဟူ၍ ဣဒ္ဓိပါဒ် ၄-ပါး ရှိ၏။

ဤနေရာတွင်လည်း မဟာဂန္ဓာရုံဆရာတော်က ကုသိုလ်စိတ်မှာ ရှိသော ဆန္ဒ၊ ဝီရိယ၊ ကုသိုလ်စိတ်၊ ပညာ စေတသိက်တို့ကို ဣဒ္ဓိပါဒ် အရကောက်စေလို၏။

(၁) ဆန္ဒိဒ္ဓိပါဒ် = ကုသိုလ်စိတ် (၂၁)ပါး၌ ယှဉ်သော ဆန္ဒစေတသိက်
(၂) ဝီရိယိဒ္ဓိပါဒ် = ကုသိုလ်စိတ် (၂၁)ပါး၌ ယှဉ်သော ဝီရိယစေတသိက်
(၃) စိတ္တိဒ္ဓိပါဒ် = မဟာကုသိုလ် (၈)ပါး၊ မဟဂ္ဂုတ်ကုသိုလ် (၉)ပါး၊ လောကုတ္တရာ (၄)ပါး ဟူသော ကုသိုလ်စိတ် ၂၁-ပါး
(၄) ဝီမံသိဒ္ဓိပါဒ် = ကုသိုလ်စိတ် (၂၁)ပါး၌ ယှဉ်သော ပညာစေတသိက်

+++++

ဣနြေ္ဒ ၅-ပါး

မိဿကသင်္ဂဟလာ ဣနြေ္ဒ ၂၂-ပါးအနက် အရိယမဂ်ဉာဏ်၏ ဘက်တော်သားဖြစ်သော ၅-ပါးကို ထုတ်ဆောင်ပြခြင်း ဖြစ်၏။

(၁) သဒ္ဓိနြေ္ဒ = စိတ် ၄၂-ခု၌ ရှိသော သဒ္ဓါစေတသိက်
(၂) ဝီရိယိနြေ္ဒ = စိတ် ၄၂-ခု၌ ရှိသော ဝီရိယစေတသိက်
(၃) သတိနြေ္ဒ = စိတ် ၄၂-ခု၌ ရှိသော သတိစေတသိက်
(၄) သမာဓိနြေ္ဒ = စိတ် ၄၂-ခု၌ ရှိသော ဧကဂ္ဂတာစေတသိက်
(၅) ပညိနြေ္ဒ = စိတ် ၄၂-ခု၌ ရှိသော အမောဟစေတသိက်

+++++

ဗိုလ် ၅-ပါး

(၁) သဒ္ဓါဗိုလ် = စိတ် ၄၂-ခု၌ ရှိသော သဒ္ဓါစေတသိက်
(၂) ဝီရိယဗိုလ် = စိတ် ၄၂-ခု၌ ရှိသော ဝီရိယစေတသိက်
(၃) သတိဗိုလ် = စိတ် ၄၂-ခု၌ ရှိသော သတိစေတသိက်
(၄) သမာဓိဗိုလ် = စိတ် ၄၂-ခု၌ ရှိသော ဧကဂ္ဂတာစေတသိက်
(၅) ပညာဗိုလ် = စိတ် ၄၂-ခု၌ ရှိသော အမောဟစေတသိက်


ဣနြေ္ဒ နှင့် ဗိုလ် အထူး

စိတ်ကို အစိုးတရ ပိုင်နိုင်သောကြောင့် ဣနြေ္ဒမည်၏။
တစ်စုံတစ်ခုသော တရားဖြင့် မလှုပ်မရှားနိုင် ခန့်ခိုင်သောကြောင့် ဗိုလ်မည်၏။
တရားကိုယ် တစ်ပါးတည်းပင်ဖြစ်လင့်ကစား သတ္တိဂုဏ် ကွဲပြားသောကြောင့် ဣနြေ္ဒ၊ ဗိုလ်ဟု ၂-ပါး ကွဲပြား၏။


တရားအားထုတ်သူများအဖို့ ဣနြေ္ဒ ၅-ပါး ညီမျှနေမှ တရားတိုးတက်၏။
အထူးသဖြင့် ဝီရိယနှင့် သမာဓိ ညီမျှရန် အရေးကြီး၏။

ဝီရိယလွန်လျှင် စိတ်ပျံ့လွင့်၏။ ဥဒ္ဓစ္စဖြစ်၏။ စိတ်သည် အာရုံ၌ စွဲကပ်မှုမရှိ ဖြစ်လာ၏။
ဝီရိယနည်းလျှင် ပျင်းလာ၏။ ထိနမိဒ္ဓဝင်လာတတ်၏။
သမာဓိလွန်လျှင် ပျင်းလာ၏။ အားမထုတ်နိုင်သော သဘော ရောက်သွား၏။

ပညာလွန်က စဉ်းလဲတတ်၏။
သဒ္ဓါတရား ထက်သန်ပြီး ပညာနည်းက ယုံလွယ်တတ်၏။

သတိမှာမူ ပိုသည် လွန်သည်ဟူ၍ မရှိ။ နေရာတကာမှာ အလိုရှိအပ်၏။ အမြဲတမ်း ဂရုစိုက်ရမည့်တရား ဖြစ်၏။

+++++

ဗောဇ္ဈင် ၇-ပါး

(ဗောဓိ + အင်္ဂ) သတိ ပညာ စသော တရား (၇)ပါးသည် လေးပါးကုန်သော အရိယသစ္စာတို့ကို ထိုးထွင်း၍ သိတတ်၏။
ထိုတရားအပေါင်းသည် ဗောဓိ မည်၏။
ထိုတရားအပေါင်းဟု ဆိုအပ်သော ဗောဓိ၏ အကြောင်း အင်္ဂါ အစိတ်တို့သည် ဗောဇ္ဈင် မည်၏။

(၁) သတိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ကမ္မဋ္ဌာန်းအာရုံ ပမာဒတရားကို ဖျက်ဆီး၍ မမေ့မလျော့သော အပ္ပမာဒတရားကို ပြည့်စုံစေတတ်သော သတိစေတသိက်။

(၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ကမ္မဋ္ဌာန်း၏ အာရုံဖြစ်သော သင်္ခါရတရားတို့၌ အနိစ္စတာ စသော အထူးထူးသော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်တတ်သော အမောဟစေတသိက်။

(၃) ဝီရိယသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော သမ္မပ္ပဓာန်အာရုံတို့၌ ဘာဝနာကိစ္စ၏ အစွမ်းဖြင့် ကောင်းစွာ ကြီးပွား၍ အစဉ်အတိုင်း ကုသိုလ်တရားတို့၌ တွန့်တို ဆုတ်နစ်ခြင်း ကိလေသာတရားအပေါင်းကို ပယ်ဖျက်တတ်သော ဝီရိယစေတသိက်။

(၄) ပီတိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ဘာဝနာ၏ အာရုံတွင် မမွေ့မလျော် ပျင်းရိမှုတရားတို့ကို ဖျက်ဆီး မှုတ်လွှင့်တတ်သော ပီတိစေတသိက်။

(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ဘာဝနာ၏ အာရုံ၌ စိတ်ပူပန်မှု တောင့်တမှုကို ပယ်ဖျောက်တတ်သော ပဿဒ္ဓိစေတသိက်။

(၆) သမာဓိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ဘာဝနာ၏ အာရုံ၌ စိတ်၏ မတည်ကြည်မှု လှုပ်ရှားမှုများကို ပယ်ဖျောက်တတ်သော ဧကဂ္ဂတာစေတသိက်။

(၇) ဥပေက္ခာသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ဘာဝနာအာရုံ၌ စိတ်၏ နုံ့လွန်းခြင်း ထက်လွန်းခြင်းကို ပယ်ဖျောက်တတ်သော တတြမဇ္ဈတ္တတာစေတသိက်။

+++++

မဂ္ဂင် ၈-ပါး

သမ္မာဒိဋ္ဌိ = အမောဟစေတသိက်
သမ္မာသင်္ကပ္ပ = ဝိတက်စေတသိက်
သမ္မာဝါစာ = သမ္မာဝါစာစေတသိက်
သမ္မာကမ္မန္တ = သမ္မာကမ္မန္တစေတသိက်
သမ္မာအာဇီဝ = သမ္မာအာဇီဝစေတသိက်
သမ္မာဝါယာမ = သမ္မာဝါယာမစေတသိက်
သမ္မာသတိ = သတိစေတသိက်
သမ္မာသမာဓိ = ဧကဂ္ဂတာစေတသိက်

လောကုတ္တရာစိတ် ၈-ခု၌ ရှိသော (သို့မဟုတ်) ဆိုအပ်ပြီးသော စိတ် ၄၂-ခု၌ ရှိသော အမောဟစေတသိက်၊ ဝိတက်စေတသိက် စသည် အရကောက်ပါ။

သီလမဂ္ဂင် = သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ
သမာဓိမဂ္ဂင် = သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ
ပညာမဂ္ဂင် = သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ

သမ္မာသင်္ကပ္ပကို ပညာမဂ္ဂင်ယူရခြင်းမှာ ဝိတက်စေတသိက်က စိတ်ကို အာရုံဆီသို့ ပို့ပေးမှသာ သမ္မာဒိဋ္ဌိက သိရသောကြောင့် ဖြစ်၏။

သမာဓိမဂ္ဂင် ၃-ပါး၊ ပညာမဂ္ဂင် ၂-ပါး = ပေါင်း ၅-ပါးသော မဂ္ဂင်တို့ကို ကာရကမဂ္ဂင် (လုပ်သားမဂ္ဂင်) ဟု ခေါ်၏။

တရားအားထုတ်သော ပုဂ္ဂိုလ်တို့အတွက် ဤ ၅-ပါး အမြဲတမ်း ဖြစ်နေရ၏။

သီလမဂ္ဂင် ၃-ပါးမှာ ရှောင်ကြဉ်စရာ ရှိမှ ယှဉ်၏။
သို့သော် တရားစထိုင်ကတည်းက သီလဆောက်တည်ပြီး ရှောင်ကြဉ်ပြီး ဖြစ်၍ ထို ၃-ပါးလည်း ရှိနေပြီး ဖြစ်သည်ဟု ယူရ၏။
ဤနည်းဖြင့် တရားအားထုတ်သူတို့မှာ မဂ္ဂင် ၈-ပါး ပြည့်စုံလေ၏။

Read more...

*အမိမြေမှ အစိမ်းရောင် လှုပ်ရှားမှု သတင်း (Go Green)*

ညီညာသော လက်များဖြင့် ဒို့ရဲ့ အမိမြေကို စိမ်းလန်းစိုပြေအောင် သစ်ပင်စိုက်ကြပါစို့ message လေးများဖြင့် စတင်၍ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မရမ်းရွာတွင် ဓမ္မိကာရုံ စာသင်တိုက်မှ ဆရာတော် ဦးဇ၀နတိက္ခက ကြီးမှူးပြီး ရွာသားများနှင့် အတူ စတင်၍ ဆောင်ရွက်နေပါသည်။ အခုလို သစ်ပင်လေးများ စိုက်ဖြစ်အောင် လှူဒါန်းသော၊ အကြံပေးသော၊ စိတ်ပါဝင်စားကြသော ညီအစ်ကိုမောင်နှမ အပေါင်းတို့ ကိုကျေးဇူးတင်ပါသည်။

ဂျူလိုင် ( 20-7-10 ) ရက် မှာစ၍ မရမ်းရွာမှာစတင်ကာ အပင် 440 ပင်စစိုက်ပါတယ်။

1/ သပြေပင် 42 ပင်၊
2/ ကျွန်း 90 ပင် ၊
3/ မလေးရှားပိတောက် 308 ပင် ၊
စိုက်တဲ့လူက 44 ယောက် ၊ ကူညီတဲ့လူက 15 ယောက် ၊ ကြီးကြပ်ဘုန်းကြီး 3 ပါး ၊ကြီးကြပ်လူ 4 ယောက်၊ ရွာမှကြီးကြပ်သူ 2 ယောက် တို့ဖြင့်စုစည်းပြီး စိုက်ပျိုးခဲ့ကြပါသည်။

(21-7-10) စိုက်သော သစ်ပင်စာရင်း

1/ သစ်မာ(စစ်ပင်) 10 ပင်
2/ မဲဇလီ 45 ပင်
3/ ကုက္ကိုလ် 36 ပင်
4/ ပျဉ်းမ 36 ပင်
5/ ဇမ္ဗုသပြေ 8 ပင်
6/ မလေးရှားပိတောက် 315 ပင်

စိုက်သူ 45 ယောက်
ကြီးကြပ် 10 ယောက်
အကူ 10 ယောက်
ဒီနေ့ထိ စုစုပေါင်းအပင် 890 စိုက်ပျိုးပြီး ဖြစ်ပါသည်။

(22-7-10) စိုက်သောသစ်ပင်စာရင်း

1/ သစ်မာ(စစ်ပင်) 144 ပင်
2/ သီဟိုရ်ပင် 336 ပင်

စိုက်သူ 48 ယောက်
ကြီးကြပ် 5 ယောက်
အကူ 10 ယောက်
ဒီနေ့ထိ စုစုပေါင်းအပင် 1370 ပင် စိုက်ပျိုးပြီး ဖြစ်ပါသည်။

(23-7-10) စိုက်သော သစ်ပင်စာရင်း

1/ သစ်မာ(စစ်ပင်) 15 ပင်
2/ ဇမ္ဗုသပြေ 36 ပင်
3/ မလေးရှားပိတောက် 84 ပင်

စိုက်သူ 9 ယောက်

ဒီနေ့ထိ စုစုပေါင်းအပင် 1505 ပင် စိုက်ပျိုးပြီး ဖြစ်ပါသည်။ အသေးစိတ် သိလို၍ တိုက်ရိုက်ဆက်သွယ် လှူဒါန်းချင်ပါက ဆရာတော် ဦးဇ၀နတိက္ခ ဓမ္မိကာရုံ စာသင်တိုက် ဖုန်း-၀၉ ၈၆၄၀၅၁၅၊ ၀၁-၀၂ ၆၅၀၅၀ (or) ဒေါ်တင်အေး ဖုန်း ၀၉-၅၁၅၀၆၆၉ သို့ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ဓမ္မိကာရုံကျောင်းတိုက်
ရှင်ပုညသေဋ္ဌ ဘွဲ့အမည်နဲ့ ကျွန်တော် ပဇင်းခံခဲ့တဲ့ ကျောင်းပါ။ လွမ်းမိပါသေးတယ်..။









http://myanmargreen.blogspot.com/ ဘလော့ဂ်မှ ကူးယူပါသည်။

~~~~~~~~~~~~~~~~~

အော် ကွမ်းခြံကုန်း ဆိုတဲ့ အသံကြားတော့ ပြန်သတိရမိတယ်။ မေ့လို့လည်း ဘယ်ရပါ့မလဲလေ.. ကျွန်တော့်ရဲ့ ဇာတိမြေကိုး.. မှတ်မိသေးတယ်.. ဒီလာခါနီး ဇာတိမြေကို တစ်ခေါက်ပြန်တော့ တစ်လမ်းလုံး နာဂစ်ဒါဏ်ကြောင့် အလဲလဲ အပြိုပြို ဖြစ်နေတဲ့ သစ်ပင်တွေ.. တန်းစီလို့..။ သစ်ပင်တွေမှ မဟုတ်ပါဘူး.. ကံအကြောင်း မသင့်စွာနဲ့ နာဂစ်နောက် ပါသွားတဲ့ အသက်တွေကလည်း နည်းမှ မနည်းပဲ.. မိသားစုလိုက် အုံလိုက်ကျင်းလိုက် ပါသွားသူတွေ၊ တကွဲတပြား ဖြစ်သွားသူတွေ.. အိုး အများကြီးပါပဲ.. ကျွန်တော့် အမေတောင် ကံကောင်း ထောက်မစွာနဲ့ ကျန်ခဲ့တာ မဟုတ်လား..

အော် ခုတော့ သစ်ပင်တွေ စိုက်နေကြတယ် ကြားတော့ ၀မ်းသာကြည်နူးစွာ မျက်ရည်စို့မိတယ်.. ကွမ်းခြံမြေရယ်.. ခင်ဗျားက ကျွန်တော်နဲ့ အနေဝေးလို့ ကျွန်တော်ပြန်တဲ့ အချိန်တွေဆို ခပ်စိမ်းစိမ်း ဆက်ဆံပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ မေ့ချင်ယောင်သာ ဆောင်လို့ရမယ်.. တကယ်မေ့ပြစ်ဖို့တော့ မဖြစ်နိုင်သေးပါဘူး.. သတိတရနဲ့တောင် ခင်ဗျားအတွက် ကဗျာတစ်ပုဒ် စပ်ခဲ့ဖူးပါသေးတယ်.. နားဆင်ကြည့်ပါဦး ကွမ်းခြံမြေရေ..

ကွမ်းခြံမြေ သာတဲ့ကွန်းဆီသို့
ခွန်းသံခြွေ စာဖွဲ့လွမ်းမယ်လို့
တမ်းတကာ မျှော်မိပါပေါ့
လွမ်းသစွာ ပျော်စိတ်ရယ်က
ယိုဖိတ်ကာကြွယ်။

တစ်ခေတ်ကို တစ်ခါပြောင်းမယ်လို့
အပြစ်ဆိုစရာ မရှိအောင်ပ
သတိဆောင် ရိုးသားစိတ်တွေနဲ့
ကတိဆောင် ကြိုးစားကြမယ်
(တို့မြို့) တိုးပွားဖို့ရွယ်။

ယနေ့မှာက နယ်မြို့အဝေးရောက်နေလည်း
မမေ့ပါဗျ ကယ်ဖို့အတွေးရယ်က
တစ်နေ့တစ်ခါမက ပေါ်လို့လာပါပေါ့
ကျော်စေမယ် ကမ္ဘာတစ်ဝှမ်းကိုလ
သြော်.. အဆွေရယ် စာဖွဲ့တမ်းတယ်
(ကျွန်တော်လေ)
လွမ်းတသသ။ ။


လေးစားစွာဖြင့်
ဖိုးသား

8/12/2010, THU:, 6:30:09 PM

Read more...

ကမ္ဘာကိုစွန့်ခွာဖို့စီစဉ်ကြမလား

ကမ္ဘာ့အနာဂတ်နှင့် ပတ်သက်ပြီး သာမန်လူတစ်ယောက်က အမြင်တစ်ခုခု ပြောလာလျှင် သိပ်ပြီးတုန်လှုပ်မိမည် မဟုတ်။ သို့သော် ကမ္ဘာ့အကျော်ကြားဆုံး ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Big Think ပေါ်မှာ ကမ္ဘာကိုစွန့်ခွာမှုအစီအစဉ်တွေ စတင်ဖို့ (ထပ်မံ) ပြောဆိုခဲ့တယ်။



"ကျွန်ုပ်ရဲ့ ယုံကြည်မှုကတော့ လူသားမျိုးနွယ်ရဲ့ ရှည်ကြာတဲ့အနာဂတ်ဟာ အာကာသထဲမှာပဲ ဖြစ်ရမယ်။ ကမ္ဘာမြေပေါ်မှာ နောက်ထပ် နှစ်ရာစုနှစ် များစွာအတွင်း ၊ ထားပါတော့ နောက်ထပ် နှစ်ထောင်ပေါင်း သန်းပေါင်းများစွာအတွင်း ဖြစ်ပေါ်မယ့် ကပ်ရောဂါတွေကို ရှောင်ရှားဖို့ ခက်လိမ့်မယ်။ လူသားမျိုးနွယ်ဟာ သူ့ရဲ့ သားဥတွေ အားလုံးကို ခြင်းတစ်ခြင်းထဲ ဒါမှမဟုတ် ဂြိုဟ်တစ်ခုထဲ စုပြုံပြီး မထည့်သင့်ဘူး။ ကျွန်ုပ်တို့ ၀န်တာတွေကို ဖြန့်ကျက်ပြီးတဲ့အထိ ဆွဲခြင်းကြီး လွတ်မကျပါစေနဲ့လို့ မျှော်လင့်မိတာပါပဲ။

လူသားမျိုးနွယ်စုအတွက် အန္တရာယ်ကြီးကြီးမားမားတွေကို ကျွန်ုပ်မြင်မိတယ်။ အတိတ်တုန်းကလည်း ဒီမျိုးနွယ်စုရဲ့ ဆက်လက် ရှင်သန်ရပ်တည်ရေးကို အမေးပုစ္ဆာထုတ်ရမလိုဖြစ်ခဲ့တဲ့ အချက်တွေအတော်များများ ရှိခဲ့တယ်။

၁၉၆၃ မှာ ဖြစ်ခဲ့တဲ့ ကျူးဘားအရေးအခင်း (Cuban missile crisis) ဟာ ခုနခြိမ်းခြောက်မှုတွေထဲက တစ်ခုပဲ ဖြစ်တယ်။ ဒီလိုအရေးအခင်းမျိုး ဖြစ်နိုင်မယ့် အကြိမ်အရေအတွက်ဟာ အနာဂတ်မှာ ပိုမိုများပြားလာမယ့် သဘောရှိတယ်။ အဲဒီလိုအရေးအခင်းတွေ အားလုံးကို သတိကြီးကြီးမားမားထားပြီး စဉ်းစားဆင်ခြင်ပြီး အားလုံးကို အောင်မြင်အောင် ဆွေးနွေးညှိနှိုင်းနိုင်ဖို့ လိုပါလိမ့်မယ်။ ဒါပေမယ့် ကျွန်ုပ်ဟာ အကောင်းမြင်သမား ဖြစ်ပါတယ်။ တကယ်လို့ ကျွန်ုပ်တို့ဟာ နောက်ထပ် ရာစုနှစ် ၂ ခုအတွင်းဖြစ်ပေါ်မယ့် ကပ်ဘေးကြီးတွေကို ရှောင်ရှားနိုင်ရင် ကျွန်ုပ်တို့ရဲ့ မျိုးနွယ်စုတွေဟာ လုံခြုံဘေးကင်းရာကို ရောက်ပါလိမ့်မယ်။ အကြောင်းက ကျွန်ုပ်တို့က အာကာသကို ရွှေ့ပြောင်းသွားပြီ ဖြစ်လို့ပါပဲ။

ကျွန်ုပ်တို့က ဂလက်ဆီမှာ အသိဥာဏ်ရှိတဲ့ တစ်မျိုးတည်းသော သတ္တ၀ါများ ဖြစ်တဲ့အတွက် ကျွန်ုပ်တို့ဆက်လက် အသက်ရှင် ရပ်တည်နိုင်ရေးအတွက် သေချာအောင် လုပ်သင့်တယ်။ ဒါပေမယ့် ကျွန်ုပ်တို့ဟာ သမိုင်းတလျှောက် အန္တရာယ်အရှိဆုံး ကာလကို ချဉ်နင်းဝင်ရောက်လာတာ ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ လူဦးရေနဲ့ ကမ္ဘာရဲ့ ကုန်ခန်းနိုင်တဲ့ ရင်းမြစ်တွေအပေါ် အသုံးချမှုဟာ ပတ်ဝန်ကျင်ကို ကောင်းအောင်ဆိုးအောင် ပြောင်းလဲနိုင်တဲ့ နည်းပညာစွမ်းရည်နဲ့အတူ ဆပွားဆပွား ကြီးထွားလာတယ်။

သို့ပေမယ့် ကျွန်ုပ်တို့ရဲ့ မျိုးဗီဇ ကုဒ် (Genetic code)ထဲမှာတော့ တကိုယ်ကောင်းဆန်မှုနဲ့ ရန်လိုမှု ကို သယ်ဆောင်ထားနေတုန်းပဲ ဖြစ်တယ်။ မှန်ပါတယ် အတိတ်တုန်းကတော့ တကိုယ်ကောင်းဆန်မှုနဲ့ ရန်လိုမှုက အသက်ရှင်ရေးအတွက် လိုအပ်ချက် ဖြစ်ခဲ့တယ်။ နောင်နှစ်ပေါင်း ရာဂဏန်းအတွင်း၊ ထောင်ဂဏန်း၊ သန်းဂဏန်းအတွင်းမတော့ ကြုံတွေ့ရမယ့် ကပ်ဘေးတွေကို ရှောင်ဖို့ခက်လိမ့်မယ်။ ကျွန်ုပ်တို့ရဲ့ ရှင်သန်ဖို့အခွင့်အရေးဟာ ကမ္ဘာမြေရဲ့အတွင်းပိုင်းကို ပြန်ကြည့်ဖို့ မဟုတ်တော့ဘူး။ အာကာသကို ဖြန့်ကျက်ဖို့ပဲ ဖြစ်တယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာအတွင်းမှာ ကျွန်ုပ်တို့ သိသာအောင် တိုးတက်တာတွေ လုပ်နိုင်ခဲ့တယ်။ ကျွန်ုပ်တို့က နောက်လာမယ့် ရာစုနှစ်တွေကို ကျော်လွန်ပြီး အသက်ရှင်လိုရင် အနာဂတ်ဟာ အာကာသပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်က လူသားလုပ် (လူပုဂ္ဂိုလ်တစ်ဦးဦးလုပ် လို့ ပြောသင့်တာပေါ့) အာကာသယဉ်ကို ပိုမိုသဘောကျတာ ဖြစ်ပါတယ်။"

စတီဖင်ဟော့ကင်းကြီးက ခေါင်းလေးတစ်လုံးပဲ လှုပ်လို့ရတော့တဲ့ ALS (Amyotrophic Lateral Sclerosis) ကို ခံစားနေရတာ ကြာပြီ။ ၁၉၈၅ လည်ချောင်းခွဲစိတ်မှုအပြီး အသံပါမထွက်တော့တဲ့အတွက် လောလောဆယ် မျက်ခုံးတွေ ခေါင်းတွေ လှုပ်ပြီး ကွန်ပြူတာပေါ်က စကားလုံးမီနူးပေါ်မှာ စာလုံးရွေးချယ်တဲ့ နည်းနဲ့ စာရေးရတယ်။ အဲဒီ ရေးထားတဲ့စာကို စကားသံထုတ်စက် (speech synthesizer)နဲ့ ပြန်ထုတ်နေရတာ ဖြစ်ပါတယ်။

ပထမဆုံး ကျွန်တော်တို့ရဲ့ သားမြေးတွေအတွက် သူ့ရဲ့ စေတနာကို အသိအမှတ်ပြုမိပါတယ်။ တကယ်တော့ ကျွန်တော်တို့ လူငယ် လူလတ်ပိုင်းတွေဟာ ဘာတစ်ခုမှ လုပ်ကိုင်နိုင်စွမ်းမရှိခင်ကတည်းက ကျွန်တော်တို့ အဘိုးအဘွားတွေ စိုက်ပျိုးခဲ့တဲ့ မြေပေါ်မှာ ခံစားသုံးဆောင်နေရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်နှိုက်ရဲ့ မျိုးဆက်သစ်များအပေါ် ထားရှိတဲ့ စေတနာဟာ အနာဂတ်အတွက် တော်တော် အရေးပါပါတယ်။

ဟော့ကင်းက သူဟာ အကောင်းမြင်သူ ဖြစ်ပါတယ်လို့ ဆိုပေမယ့် သူ့ရဲ့အမြင်က ကမ္ဘာ့ကပ်ဘေးများနဲ့ ပတ်သက်ပြီး ကောင်းလှတယ်မဟုတ်ပါဘူး။ ဒါပေမယ့် ကမ္ဘာ့ကပ်ဘေးများနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ဟာ သချာင်္တတ်တဲ့ လူတွေအတွက် လုံးဝ ကြောင်းကျိုးဆီလျော် (perfectly rational) ပါတယ်။ ဥပမာအားဖြင့် ၁၉၆၃ က ကျူးဘားအရေးအခင်းနဲ့ စစ်အေးကာလတလျှောက်လုံး မှာ အမေရိကန်ရဲ့ နျူကလီးယား လက်နက်ပြင်ဆင်မှု ဆိုဗီယက်ယူနီယံ ရဲ့နျူလက်နက်ပြင်ဆင်မှုတွေကို အရိပ်အမြွက်လောက် သိခဲ့ရင် ဒီစိုးရိမ်မှုတွေဟာ လက်တွေ့အဆန်ဆုံး ဖြစ်တာကို လက်ခံပါလိမ့်မယ်။

သမ္မတ အိုဘားမားကို ငြိမ်းချမ်းရေး နိုဗယ်လ်ဆု ပေးခဲ့တာကို တော်တော် အံ့သြမိခဲ့တယ်။ တခါတရံ သရော်မော်ကား ပြုမိခဲ့တာ ၀န်ခံလိုတယ်။ ဒါပေမယ့် ခု အဲဒီကိစ္စကို ပြန်စဉ်းစားနေမိပြီ ဖြစ်ပါတယ်။ ဘာလင်တံတိုင်းပြိုကျအပြီး ၁၉၉၀ နောက်ပိုင်း မှာ ကျွန်တော်တို့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နည်းပညာအပေါ် အကောင်းမြင်လာကြပြီး ဂလိုဘယ်ပြုမှု( Globalization)ကို စိတ်ကူးယဉ်ခဲ့ကြတယ်။ ဒါပေမယ့် ဂလိုဘယ်ပြုမှုအပေါ် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ အရေးအခင်းက ဟန့်တားပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံက အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးကြီးတွေနဲ့ တုံ့ပြန်ခဲ့တယ်။ ဒါဟာ အစဉ်အလာအတိုင်း ရှိခဲ့တဲ့ တကိုယ်ကောင်းစိတ်နဲ့ ရန်လိုမှု အရ ကိုယ်အသက်ရှင်သန်ရေးအတွက် ရန်သူကို လက်တုံ့ပြန်ရတာပါပဲ။

အခုအထိ လူသားတွေရဲ့ ရင့်ကျက်မှုဟာ ငြင်သာနူးညံ့တဲ့ ကမ္ဘာသစ်ဆီ ချီတက်သွားနိုင်မယ့် အထောက်အထားကို မပြနိုင်သေးပါဘူး။ တကိုယ်ကောင်းဆန်မှု နဲ့ ရန်လိုမှုကြောင့် လူသားမျိုးတုန်းသွားနိုင်မယ့် အလားအလာရှိတာကို တုံ့ပြန် ငြင်းဆန်စရာ အချက်အလက် များများစားစားပြစရာမရှိဘူး။ တဘက်ကလည်း ကမ္ဘာ့ကျန်းမာရေးဟာ ကျွန်တော်တို့ တစ်ယောက်လည်ပင်း တစ်ယောက်မညှစ်ခင်ကတည်းက ချို့တဲ့လို့လာပါတယ်။ ကမ္ဘာကြီးရဲ့ ချို့ယွင်းလာမှုကို ရောဂါနာမည် ကောင်းကောင်း မတပ်နိုင်သေးပြန်ပါ။

အဒမ်စမစ်ရဲ့ သြချရတဲ့ အဆိုအမိန့်ကို ဆရာသင့်လူရေးပြလို့ သိရပါတယ်။ အဲဒီ ကြောင်ကိုချူဆွဲကြသူများ (၁) လို့ အမည်ပေးတဲ့ အက်ဆေးကလေးကို သူ့ဆီသွားပြီး ဖတ်ကြည့်သင့်တယ်။ click here

"သားသတ်သမား၊ မုန့်ဖုတ်သမား၊ အဖျော်ယမကာ ရောင်းသူတွေရဲ့ မေတ္တာတော် အနန္တကြောင့် ကျုပ်တို့ညစာ စားနေရတာမဟုတ်ပါ။ ဒါသူတို့ အလုပ်၊ သူတို့ လုပ်နေကြတာပဲ။ လူသားဆန်မှု၊ စေတနာသဒ္ဒါ တရားရှိမှု စတာတွေ ဘေးချိတ်ထားလိုက်စမ်းပါ။ လူတိုင်းဟာ ကိုယ့်အကြိုက်အတွက်၊ ကိုယ့်အတ္တ အတွက်၊ ကိုယ်အကျိုး ရှိဖို့အတွက် လုပ်နေကြတာမို့ ကျုပ်တို့ လိုအင်ကို ဘယ်သူကမှကိုယ်ကျိုးစွန့်ပြီး ဖြည့်ဆီးပေးနိုင်စွမ်းမရှိ”

အဲဒီအဆိုဟာ အိုဘယ့်ဈေးကွက်တစ်ခုတည်းရဲ့ ဒဿနတော့ မဟုတ်ဘူးလို့ ထင်မိပါတယ်။။လူသားတွေက ခေါင်းမာပါတယ်။ သူတို့ကို အလိုရမ္မက်အတွက် လူ့သိက္ခာတွေ မေတ္တာတရားတွေ ဆုံးရှုံးမခံဖို့ ပြောရတာ မလွယ်ပါဘူး။ ယနေ့ခေတ်က ဘာသာတရားတွေအားလုံးကို နည်းပညာနဲ့ စိမ်ခေါ်နေတဲ့ ကာလဖြစ်ပါတယ်။ ဒါပေမယ့် ချမ်းသာမှုတွေ နည်းပညာတွေရဲ့နောက်မှာ လျော်ကန် ခိုင်မာတဲ့ ဒဿနမပါလာပါဘူး။ အနည်းဆုံး ဘာသာတရားတိုင်းက ပြောနေတဲ့ ဗြဟ္မစိုရ်တရားတွေကို ဘယ်လိုနည်းနဲ့ အစားထိုးကြမှာလဲလို့ မေးစရာရှိပါတယ်။ ဒါပေမယ့် တဘက်ကကြည့်ရင် သူတစ်ပါးကို ပြောင်းလဲဖို့ ကြောင်းကျိုးပြသ ဆုံးမနေပြီး မိမိတို့ကိုယ်နှိုက်ကို မပြုပြင်နိုင်ခြင်းက ပြောဆိုသူတွေရဲ့ ရည်ရွယ်ချက်ကို သဲထဲရေသွန်ဖြစ်စေပါတယ်။

ဒါကြောင့် ကျွန်တော်က မိမိတို့ တစ်ဦးချင်းစီရဲ့ ခံယူချက်တွေနဲ့ မိမိနဲ့နီးစပ်တဲ့ မျိုးဆက်သစ်တွေကို ဘယ်လို အမှာစကားပါးကြမလဲ၊ ဘယ်လိုပျိုးထောင်ကြမလဲ ဘယ်လိုမြော်မြင်ပေးကြမလဲ၊ အနာဂတ်မှာ ပေါ်လာမယ့် မမြင်ရသေးတဲ့ သားမြေးတွေကို ဘယ်လောက် မေတ္တာထားနိုင်မလဲ ဆိုတဲ့မေးခွန်းတွေကို ဦးစားပေးဖြေဆိုဖို့ ရွေးချယ်ထားပါတယ်။

ကျွန်တော်တို့ဟာ ဘိုးဘွားတွေ စိုက်ပျိုးခဲ့တဲ့ မြေပေါ်မှာ ဂုဏ်ယူစွာရပ်နေကြတာ ဖြစ်ပါတယ်။

Read more...

ဝါတွင်းကာလ လူတို့ အဖို့  သိထားသင့်သည်မှာ

ဝါဆိုလ ၀ါဆိုခြင်း ဆောင်းပါးထဲမှာ ၀ါတွင်းကာလ ရဟန်းတော်များ ကိုယ့်ကျောင်းမှာ ၀ါတွင်း သုံးလပတ်လုံး နေရမယ် လို့  ပညတ်ချက်နဲ့ ၊ ပုရိမ၀ါ ပစ္ဆိမ ၀ါ ခွဲခြားပြကာ အဆုံးသတ်ပြီး ထားခဲ့ ပါတယ်။

ဒါကြောင့်မို့  တစ်ချို့ လူတွေမှာ ၀ါတွင်း ရဟန်းတော်တွေ ဘယ်မှ မကြွကောင်းလို့  ထင်မှားဖွယ် ရှိပါတယ်။ ထင်သွားတတ်ပါတယ်။ စီဘောက်ထဲမှာ ဒကာမ တစ်ယောက်က သူ့ သိချင်တာကို ဒီလိုလေး မေးပါတော့တယ်။

shinlay: တပည့်တော်မေးချင်တာက တပည့်တော်တို့ နေတဲ့နေရာကို ဘုန်းကြီးပင့်လိုပါတယ်။ ၀ါတွင်းဖြစ်နေပါသဖြင့် ပင့်လို့ ရပါသလား- ဘုရား။
6 Aug 10, 08:45 PM

ဟုတ်တော့လည်း ဟုတ်တယ်။ မေးသင့်ပါတယ်။ ၀ါတွင်း ပင့်လိုသူရှိက မကြွခဲ့ဘူးဆိုရင်တော့ ဘယ်ကောင်း ပါ့မလဲနော်။ လှူချင်တဲ့သူလည်း အလှူ ကုသိုလ်လျော့၊ ရဟန်းဘက်က ကြည့်က လည်း လာဘ်လာဘ လျော့၊ ရိုးရိုးလေး စဉ်းစားကြည့်တာပါ။

ဒါပေမယ့် ရဟန်းတော်များဟာ မြတ်စွာဘုရားက ၀ါတွင်းကာလ ဘယ်မှ မကြွရဘူး ဆိုတာနဲ့  မြတ်စွာဘုရားလက်ထက်က ရဟန်းတော်များက မြတ်စွာဘုရား စကား နားထောင်ကြပါတယ်။
( ဗူးဆို ၊ မရုံ မသီးဘူးပေါ့လေ။)

အဲဒီလို နားထောင်ခဲ့လို့  တစ်နေ့  မှာ ဒီလိုလေး ပြဿနာ အသေးစားဖြစ်ခဲ့ဘူးတယ်။ ကောသလ နယ်က သာသနာ့ ဒါယကာကြီး ဥဒေနဟာ သံဃိက ကျောင်းကို ဆောက်လုပ်ပြီးချိန်မှာ ပေါ့။ သံဃဒါန လုပ်လိုတယ်။ တရားလည်း နာချင် တယ်။ ရဟန်းတော်များကို ဖူးတွေ့ ကြည်ညိုချင် တယ် ဆိုတဲ့ စိတ်ပေါ်လာတယ်။

ဒါနဲ့ ပဲ သူရဲ့  ယူယုံတော် တစ်ယောက်ကို သံဃာ သွားပင့်ခိုင်းပါတယ်။ အဲဒီ လူယုံတော်ကို ရဟန်းတော်များက ပြတ်ပြတ်သားသားပဲ ညင်းဆိုလိုက်ပါတယ်။ ငါတို့  ပုရိမ၀ါ ၊ ပစ္ဆိမ၀ါ ၀ါဆိုပြီး သုံးလ မနေပဲ ဘယ်မှ ဟိုဟို ဒီဒီ မသွားဖို့  မြတ်စွာဘုရား ပညတ်ထား တာမို့  ၀ါမကျွတ်သေးပဲနဲ့ တော့ မလိုက်နိုင်ပါဘူး၊ မလာနိုင်ပါဘူး။

အဲ.. တကယ်လို့  အရေးတကြီး လုပ်ချင်သပ ဆိုရင်တော့ အဲဒီကျောင်းမှာ အမြဲနေ ကျောင်း မှာနေ တဲ့ ကိုယ်တော်တွေနဲ့  ပဲ ဖြစ်အောင် ကုသိုလ် လုပ်လိုက်ပါလို့  ပြောလိုက်ပါတယ်။

( သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော- မြတ်စွာဘုရား ပြောဟောတော်မူသည့် အတိုင်း ကျင့်ကြံလိုက်နာကြတဲ့ သံဃာတွေပါတကား၊ အဉ္ဖလီကရဏီယော- လက်အုပ်ချီမိုး ရှိခိုး ထိုက်တော် မူကြတဲ့ သံဃာတော်တို့ ပါတကား။)


ကျောင်းဒကာကြီး ဥဒေန သံဃာတွေအပေါ် စိတ်ကွပ် သွားတယ်။ ငါလို ဒါယကာ ၊ သံဃာ့အကျိုး ဆောင်၊ သံဃာကို ပြုစုပျိုးထောင် ပေးနေတဲ့သူကြီး ဆိုတဲ့ ငါ့ရဲ့  စေတနာ မှ မထောက်ထားကြဘူး။ ပင့်တာတောင်မှ မကြွရောက် လာကြပဲကိုး..တဲ့။

အဲဒီလို သူ့ အလိုမကျတာနဲ့  ကဲ့ရဲ့ ပြောဆိုမှုဟာ တစ်ဆင့်စကား တစ်ဆင့်နားနဲ့  နေ့ ချင်း ညချင်း ဆိုသလို ဘုရားရှင်ထံထိ ရောက်ရှိလာပါတယ်။

အဲဒါနဲ့  ပဲ ဘုရားရှင်က ဒီလိုဆိုရင် ခြွင်းချက် ထည့်ပြီး ပညတ်တော်မူပါတယ်။ ဒီလို ဒကာမျိုးလို ဒါနလုပ်လို့ ပဲဖြစ်ဖြစ်၊ တရားနာလိုလို့ ပဲဖြစ်ဖြစ်၊ သံဃာတော်တွေကို ဖူးတွေ့ လို လို့  ပင့်တာပဲ ဖြစ်ဖြစ် ( ၇ ) ရက် အတွင်း သွားကောင်းတယ်။ သွားကြပေါ့။
(၇) ရက်ထက်တော့ မကျော်ကြစေနဲ့ ။
ပြန်လာရမယ် ကိုယ့်ဝါဆိုကျောင်းကိုတဲ့။

ဒါတင် မကသေးဘူး၊ အကြောင်းတွေက အမျိုးမျိုးပေါ်လာပြန်လို့ လည်း ဘုရားရှင်က ပညတ် တော်မူ ခဲ့ပါ သေးတယ်။

ခြွင်းချက်တွေကတော့ သီတင်းသုံးဘော် တရားကျင့်ဖေါ်ကျင့်ဖက် ရဟန်း၊ ရဟန်းမ၊ ကိုရင် ၊ ကိုရင်မ ၊ သိက္ခမာန်၊ များနဲ့  ကျေးဇူး ကြီးမားလှတဲ့ အမေ ၊ အဖေ ဆိုတဲ့ သူတွေ နေမကောင်းဘူး ဆိုရင် လည်း သိတာနဲ့ သွားကောင်းတယ်။ သူတို့  အပင့် စောင့်စရာ မလိုဘူး။ ( ၇ ) အတွင်းတော့ ပြန် လာပေါ့ တဲ့။

သွားဖို့  ရည်ရွယ်ချက်ကတော့ ဂိလာနနဲ့ သင့်လျော်တဲ့ အစားသောက်ရှာပေးမယ်၊ ကိုယ်တိုင် မပြု စုနိုင်ရင် ဂိလာနကို ပြုစုပေးတဲ့ သူအတွက် စားစရာ ရှာပေးမယ်၊ ဆေးရှာပေးမယ်၊ မေးလည်းမေး ၊ ပြုစုလည်း ပြုစုဖို့ အတွက်ပေါ့။

ဒါပေမယ့် ညီမရင်း၊ အကိုရင်း ၊ ဆွေမျိုး တွေကိုတော့ သူတို့ ပင့်မှ သွားလို့ ရမယ်။ သူတို့  ဖျားတာ နာတာ သိရုံနဲ့  သွားလို့  မရပါဘူး။ အမေ ၊ အဖေကတော့ ကျေးဇူး အထူးများတာမို့  သိတာနဲ့ ပဲ မပင့်ပေမယ့် သွားနိုင်တာပါ။

အခြား အကြောင်းတွေကလည်း ရှိပြန်သေးတယ်။ ၀ါတွင်းကာလ သူရဲသဘက် နှိပ်စက်လို့ ဖြစ်ဖြစ်၊ တောကျောင်းဖြစ်နေလို့ ကင်းမြွေပေါလို့  ဖြစ်ဖြစ်၊ သားရဲ တိရ စ္ဆာန် နှိပ်စက်လို့ ဖြစ်ဖြစ်၊ ဆွမ်းမမျှ မ၀လို့ ပဲဖြစ်ဖြစ်၊ ကောင်းတဲ့ ရှယ် အစားသောက်မဘုဉ်းရလို့ပဲ ဖြစ်ဖြစ် စတဲ့ စတဲ့ အကြောင်းများစွာလည်း ရှိပြန်တယ်။

အန္တရာယ် တစ်မျိုးမျိုး၊ ပြဿနာ တစ်မျိုးမျိုး အကြောင်းပြချက် ခိုင်လုံရင် သွားလို့ ရပါတယ်။

အထူးအနေနဲ့  အပေါ်က ပြောခဲ့တဲ့ ကျောင်းဒကာကြီးဥဒေန လိုမျိုး ဒါနဉ္စ ဒါတုံ- အလှူ လုပ်လို ၊ ဓမ္မဉ္စ သောတုံ - တရား နာလို ၊ ဘိက္ခူစ ပဿိတုံ - ရဟန်းသံဃာဖူးတွေ့ လို ဆိုတဲ့ တုံသုံးတုံ ၊ လို သုံးလို အကြောင်း ပြချက် ရှိရင်တော့ ဘုရားရှင် အလိုတော်ကျ အနုပညတ် ခြွင်းချက်ထဲ ပါတာမို့  ၀ါတွင်းကာလမှာ ၇ ရက်အတွင်း သွားလို့  လာလို့  ရပါကြောင်း ၀ါတွင်းကာလ လူတို့ အဖို့  သိသင့်တာကို ရေးသားလိုက်ပါတော့တယ်။


မှတ်ချက်။ ။ဝိနည်း မဟာဝါ ပါဠိတော်မှ လူများအဖို့ နားလည်အောင် ရေးသားထားပါသည်။



မြတ်ရောင်နီ
( ၁၂ ၊ ၀၈၊ ၂၀၁၀ )

Read more...

အရူးလွယ်အိတ်



တစ်ချိန်က မှော်ပီ ဆရာသိန်းကြီး၏ အရူးလွယ်အိတ် ဆိုသော စာအုပ်ကို ဖတ်ရသည်။ ဆရာကြီးက သူဖတ်ဖူးသော စာအုပ်များနှင့် သူ့အတွေ့အကြုံများကို မှတ်စုသဖွယ် ရေးထားခြင်း ဖြစ်သည်။ ရှေးခေတ်ကဗျာအတိုအစများက များသည်ဖြစ်၍ မိမိအကြိုက်နှင့် သိပ်တော့ အံဝင်ဂွင်ကျ မဖြစ်ခဲ့ပါ။ မည်သို့ဆိုစေ အခု ဆရာကြီး၏ ခေါင်းစဉ်ကို အသုံးပြုဖို့ စိတ်ကူးရလာသည်။ ဆရာကြီး၏ အရူးလွယ်အိတ်သည် စာကောင်းပေကောင်းများ၊ အမှားအမှန် မသေချာသော အတိုအစများ…စသည်တို့ကို စုပေါင်းထည့်ထားခြင်းကို တင်စားထားသော စာအုပ်ဖြစ်သည်။

မြတ်စွာဘုရားရှင်လက်ထက်က တိတ္ထိဆရာကြီး ခြောက်ဦးအကြောင်းကို ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ကြားဖူးကြသည်။ ဗုဒ္ဓစာပေနေရာအတော်များများတွင် သူတို့အကြောင်းကို တွေ့ရသည်။ အဋ္ဌကထာဆရာများကလည်း အမျိုးမျိုးအဖုံဖုံ ချဲ့ကားဖွင့်ဆို ဝေဖန်ခဲ့ကြသည်။ ထိုဆရာကြီးတို့မှာ နာမည်ကျော်ကြားသော ဆရာကြီးများ၊ တပည့်နောက်လိုက်ပုဂ္ဂိုလ်များစွာ ရှိသူများ ဖြစ်ကြသည်။ သို့ရာတွင် ဗုဒ္ဓစာပေကို ဖွင့်ဆိုရေးသားကြသော အဋ္ဌကထာဆရာများအလိုအရ ဘာမှ အဆင့်မရှိ၊ ပေါက်တတ်ကရပုဂ္ဂိုလ်ကြီးများသဖွယ် ဖြစ်နေလေသည်။

မည်သို့ပင် ဖြစ်စေ အဋ္ဌကထာလာ စကားတစ်ရပ်ကိုတော့ အလွန်သဘောကျမိပေသည်။ ထိုဆရာကြီးများအနက် နိဂဏ္ဍနာဋပုတ္တအကြောင်း ဖွင့်ဆိုချက်တွင် အဋ္ဌကထာဆရာက “ဖွဲပုံပေါ်၌ စိုက်ထားသော သစ်ငုတ်ကဲ့သို့ (သူတို့အယူသည်) မခိုင်မြဲ။ လှုပ်ရှား၏။ မုန့်ပဲ သရေစာ၊ မစင်၊ နွားချေး…စသည်တို့ ရောထွေးပြီး ကောင်းသောအရာများ၊ မကောင်းသောအရာများ အစုံထည့်ထားသော အရူး၏ တောင်း(အိတ်)ကဲ့သို့ သူတို့အယူသည်လည်း တခါတရံ ကောင်းသောအရာများ၊ တခါတရံ မကောင်းသောအရာများ ပါရှိနေပေသည်”ဟု ဆိုသည်။ မှန်ပါသည်။ ယနေ့ခေတ် အရူးများသည်လည်း သူတို့၏ လွယ်အိတ်ထဲတွင် ကောင်းသောပစ္စည်း၊ မကောင်းသောပစ္စည်း အစုံ ထည့်ထားတတ်ကြလေသည်။

ဗဟန်းမှာ နေစဉ်က ကျောင်းအနီးက ဇရပ်တစ်ခုတွင် နေသောအရူးတစ်ယောက်ရှိသည်။ သူသည် မည်သည့်နေရာသွားသွား လွယ်အိတ်အစုတ်ကြီးကြီးတစ်လုံးကို လွယ်သွားလေ့ရှိသည်။ သူသည် အချိန်မှန် ရေချိုး၊ အချိန်မှန် စားသည်။ စကားပြောသည်ကိုကား မတွေ့ရ။ သူ့ကို စကားသွားပြောလျှင် ပြုံးပြီး စိုက်ကြည့်နေတတ်သည်။ သာမန်ကြည့်လျှင် အရူးတစ်ယောက်၏ပုံစံမျိုးလုံး မရှိပေ။ သို့ရာတွင် သူသည် အမှိုက်ပုံများ၊ လမ်းဘေးစသည်တို့တွင် စက်ပစ္စည်းအပိုင်းအစများ၊ မိုးကာ အပိုင်းအစများ တွေ့လျှင် သူ့လွယ်အိတ်ကြီးထဲထည့်ပြီး သူနေထိုင်ရာ ဇရပ်သို့ သယ်ဆောင်သွားသည်။

သူသည် ထိုပစ္စည်းအစုတ်များဖြင့် ကားများကို တစ်စီးပြီးတစ်စီး တီထွင်နေခြင်း ဖြစ်သည်။ ထိုကားများပေါ်တွင် ပါးစပ်က တ၀ှီးဝှီး တ၀ူးဝူးအော်လျှက် မောင်းနေတတ်သည်။ ပြောချင်သည်မှာ အရူးလွယ်အိတ်ဆိုတော့ ထိုအရူး၏ လွယ်အိတ်ကြီးကိုလည်း သတိရနေမိပါသည်။

အထက်တွင် ဆိုခဲ့သောစကားကို အဋ္ဌကထာက ဆက်လက်သုံးသပ်ပြသည်။ “ကောင်းတာလေးတွေ ပါနေရင် သူတို့အယူဝါဒကို အဘယ့်ကြောင့် မိစ္ဆာဒိဋ္ဌိလို့ ဆိုရသလဲ”ဟု သူကိုယ်တိုင် မေးခွန်းထုတ်သည်။ “ဒို့ ဗုဒ္ဓ၀ါဒနဲ့ ကိုက်ညီတာ အချို့တော့ ပါပါတယ်၊ ဒါပေမယ့် ကောင်းတာတွေ၊ မကောင်းတာတွေ ရောထွေးပါဝင်နေတာကိုက မစင်ကြယ်တဲ့အတွက် သူ့တို့ဝါဒ အကုန်လုံးက မိစ္ဆာဒိဋ္ဌိအယူတွေ ဖြစ်ပါတယ်”ဟု သူကိုယ်တိုင် အဖြေထုတ်သည်။

အခြား ယနေ့ခေတ် အယူဝါဒများကိုလည်း အထက်ပါ သုံးသပ်ချက်အတိုင်း သုံးသပ်နိုင်လိမ့်မည် ထင်သည်။ ခရစ်ယာန်အချို့နှင့် အယူဝါဒဆိုင်ရာ ဆွေးနွေးမိခဲ့စဉ်က ထာဝရဘုရားသခင်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သခင်ယေရှုတို့၏ မေတ္တာတရား ကြီးမားပုံတို့ကို ပြောဆိုဖြစ်ကြသည်။ ထာဝရဘုရားက ဂျူးလူမျိုးများ (သမ္မာကျမ်းအဆို ဣသရေလ)ကောင်းစားရေးအတွက် အခြားလူမျိုးများ (သူ့ကို မကိုးကွယ်သူများ)ကို မညှာမတာ ရက်စက်သတ်ဖြတ်သည်။ သခင်ယေရှု၏ လမ်းစဉ်တွင်ကား သတ်ဖြတ်ရေးလမ်းစဉ်များ မပါ။ သမ္မာကျမ်းစာ(ဟောင်း)တွင် မကိုးကွယ်သူ၊ ဘာသာခြားလူမျိုးခြား ထောင်သောင်းများစွာကို ရက်ရက်စက်စက် သတ်ဖြတ်မှုများနှင့် ပြည့်နှက်နေသည်။

အနောက်တိုင်း ပညာရှင်တစ်ဦးကလည်း “ကမ္ဘာ့အရက်စက်ဆုံး လူသတ်ပွဲကြီးများကို အတွေ့မြင်နိုင်ဆုံးသော နေရာသည် သမ္မာကျမ်းစာ(ဟောင်း)ဖြစ်သည်”ဟု ဆိုခဲ့သည်။ “ထိုကဲ့သို့ ရက်စက်မှုများသာ ပါဝင်သလော၊ ကောင်းတာလေးတွေ မပါတော့ဘူးလား”။ ပါပါသည်။ “သင်၏ အိမ်နီးနားချင်းများကို သင်နှင့် ထပ်တူ ချစ်မြတ်နိုးလော့”ဟူသော စကားမှာ ကမ္ဘာကျော်သည်။ ကောင်းလည်း ကောင်းသည်။ သို့ရာတွင် ဘာသာခြားလူမျိုးခြားတို့ကို သတ်ဖြတ်နေခြင်းနှင့် အချို့ကျမ်းချက်များကို ထောက်ရှု၍ “အိမ်နီးနားချင်း”ဟူသည်မှာ အကန့်အသတ်မဲ့ ဝေါဟာရ မဟုတ်။ “ဘာသာတူ၊ လူမျိုးတူ အိမ်နီးနားချင်း”ဟုသာ အဓိပ္ပာယ်ထွက်လေသည်။

ထာဝရဘုရားက သူ၏ ဗိမာန်အနီးသို့ အနာကြီးရောဂါသည်(အနူများ) မလာရဟု ပြင်းပြင်းထန်ထန် အမိန့်ထုတ်သည်။ သူ၏ သားတော်ယေရှုက အနာကြီးရောဂါသည်ကို သေသေချာချာ လက်ကိုကိုင်ပြီး ပြုစုပေးသည်။ ထာဝရဘုရားက “eye for an eye”ဟူသော ဂလဲ့စားချေဝါဒကို ဟောသည်။ သားတော်ယေရှုက ညာဘက်မျက်စိကို ယူသောသူအား ဘယ်ဘက်မျက်စိကိုပါ ပေးလိုက်၊ ……….စသည်ဖြင့် ခွင့်လွှတ်ခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်းဝါဒကို ဟောကြားသည်။ ထိုအကြောင်းအရာများကို ခရစ်ယာန်မိတ်ဆွေနှင့် ဆွေးနွေးဖြစ်သောအခါ “ကျုပ်က အရိုးဖယ်ပြီး အသားစားတာပါဗျာ”ဟု ပြောသည်။ အထက်ပါ အဋ္ဌကထာဆရာ သုံးသပ်သကဲ့သို့ သုံးသပ်လိုက်လျှင်……..။

အရူးလွယ်အိတ်အကြောင်းကို ညအခါ တစ်ယောက်ထဲ တွေးနေမိခဲ့သည်။ ပထမ အရူးလွယ်အိတ်နှင့် တူနေသော အယူဝါဒများကို မျက်စိထဲ မြင်နေခဲ့သည်။ ထို့ထက်…ထို့ထက် နက်နက်နဲနဲ တွေးမိလာသောအခါ မြားဦးက မိမိရင်ဘတ်ဆီသို့ တည့်တည့်လှည့်လာနေခဲ့သည်ကို တွေ့လိုက်ရသည်။ “ငါ့ ရင်ဘတ်ကရော….”။ အရူးလွယ်အိတ်ကြီးပါတကား။

“ပုထုဇ္ဇနော ဥမ္မတ္တကော = ပုထုဇဉ်ဆိုတာ ဥမ္မာ..အရူးတွေ”။ အဘယ့်ကြောင့်နည်း။ အရူးတစ်ယောက်သည် မူမမှန်။ တခါတရံ ကောင်းချင်ကောင်းသည်။ တခါတရံ ကြောက်မက်ဖွယ် ဆိုးသွမ်းသည်။ တခါတရံ ….. တခါတရံ။ အရူးတို့အတွက် ကောင်းခြင်းနှင့်ဆိုးခြင်းသည် တခါတရံဟူသော ရှေ့ဆက်စကားဖြင့် ကာရံပေးထားရလေသည်။

“ငါ အမြဲကောင်းခဲ့သလား”။
တခါတရံ နှလုံးသားထဲတွင် စိတ်ကောင်းစိတ်မြတ်ကလေးများ ထည့်ထားသည်။ တခါတရံ စိတ်ဆိုးစိတ်ညစ်များ ထည့်ထားသည်။ တခါတရံ တကယ့်ရဟန်းတော်တစ်ပါးလို နေချင်သည်။ နေသည်။ တခါတရံ လူစိတ်ပေါက်သည်။ လူအလုပ်တွေ လုပ်ချင်သည်။ တခါတရံ ဣနြေ္ဒရရ ယဉ်ယဉ်ကျေးကျေး၊ တခါတရံ မိုက်မိုက်ရိုင်းရိုင်း။ တခါတရံ အများအကျိုးပြု၊ ကိုယ်ကျိုးစွန့်ချင်သည်။ တခါတရံ အတ္တဆန်သည်။ တခါတရံ…. တခါတရံ…။ ပုထုဇဉ်တို့၏ နှလုံးသားသည် အမြဲတမ်း ဖြူစင်မြင့်မြတ်နေသည်ဟု မရှိပါလေ။ “တခါတရံ”ဟူသော ရှေ့ဆက်စကားဖြင့် အစဉ်အမြဲ ဒွန်တွဲနေကြရလေသည်။

အရူးလွယ်အိတ်ကဲ့သို့ အကောင်းအဆိုး ရောနေသော နှလုံးသားများကို ဆေးကြောပစ်ဖို့ဆိုလျှင် သမထ၊ ဘာဝနာအလုပ်မှတစ်ပါး အခြားမရှိပါလေ။ အဆုံးစွန် သန့်စင်သွားအောင် မဆေးကြောနိုင်ကြသေးဘူးဆိုလျှင်တောင်မှ စုဆောင်းမိသော အဆိပ်အတောက်များကို မစားမိဖို့ ကူညီပေးနိုင်ပါလိမ့်မည်။ တစ်နေ့နည်းနည်း၊ တစ်နေ့နည်းနည်း သိမ်းဆည်းထားမိသော အမှိုက်များကို မိမိတို့ ရင်ဘတ်အတွင်းမှ ဖယ်ရှားနိုင်အောင်တော့ ကြိုးစားနေသင့်ကြပါသည်။

“အရူးလွယ်အိတ်”အကြောင်းကို တမျှော်တခေါ် စဉ်းစားရင်း ပြုံးမိသောအရာလေးတစ်ခု ပြောချင်သည်။ ယခု ဤစာရေးသူသည် အရူးလွယ်အိတ်ကြီးကို လွယ်ထားရင်း ရေးလိုက်သည်။ အရူးလွယ်အိတ်ကြီးထဲက ထွက်ကျလာသော ဤစာကို အရူးလွယ်အိတ်များ ကိုယ်စီပိုက်လျှက် လာရောက်ဖတ်ရှုကြပေအုံးတော့မည်။ ပြုံးမိသည်။

ပြုံးနေရင်း ပီတိကလေးဖြစ်လာသောအခါ တင်ပလ္လင်ခွေ ထိုင်ချလိုက်သည်။ လွယ်အိတ်ထဲမှာ ထွေးလိမ်နေသောအရာများအားလုံးကို ရှေ့မှာ သွန်ချလိုက်သည်။ ငြိမ်းအေးသွားသော စိတ်အစဉ်ကို ခံစားလိုက်ရသည်။ အခိုက်အတံ့သာ ဖြစ်လိမ့်မည်။ မနက်ဖြန်မှာ ပန်းတွေ ပွင့်အုံးမလား။ မသေချာ။

Read more...

တဘ၀စံဖို့

Friday, 13 August 2010 05:31 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

မြန်မာလူမျိုးတို့သည် မိမိတို့၏ သားယေက်ျားလေးများအရွယ် ရောက်လာသောအခါ ထိုသား ရတနာတို့ကို ရှင်ပြုပေးကြ(သာသနာ့ဘောင်သို့ သွတ်သွင်းပေးကြ)၏။ မိမိတို့ကိုယ်တိုင်လည်း သာသနာ့ဒါယကာ၊ သာသနာ့ဒါယိကာမများအဖြစ် ကျေကျေနပ်နပ် ကြည်ကြည်နူးနူးပင် ခံယူကြ၏။ ယင်းမှာ ရှေးဘိုးဘွား အစဉ်အဆက် ကတည်းက လက်ဆင့်ကမ်း ထိန်းသိမ်းစောင့် ရှောက်လာသည့် နှစ်သက်မြတ်နိုးစရာ ယဉ်ကျေးမှုပင် ဖြစ်၏။

ရှင်ပြုထိုက်သောအရွယ်

သာသနာတော်၌ ရှင်ပြုခြင်းနှင့် ပတ်သက်၍ စောစောပိုင်းကာလက အသက်ကန့်သတ်ချက် မရှိခဲ့ပေ။ ထိုကြောင့် ရာဟုလာ မင်းသားလေးသည် အသက်(၇)နှစ် အရွယ်၌ပင် ရှင်သာမဏေအဖြစ်သို့ ရောက်လာခဲ့၏။ နောက်ပိုင်း၌မူ (၁၅)နှစ်အရွယ်ဟု ရှင်ပြုရမည့်အရွယ်ကို ဘုရားရှင်က ကန့်သတ် ပေးခဲ့၏။ ၄င်းနောက် ခြွင်းချက်အနေခြင့်(၁၅)နှစ်မပြည့်သေးသော်လည်း ကျီး ခြောက်နိုင်သူဖြစ်လျှင် ရှင်ပြုခွင့်ပေးခဲ့လေ၏။ ထို့ကြောင့် ရှင်ပြုမည့် သူသည် အောက်ထစ်ဆုံး ကျီးငှက်တို့ကို ခြောက်လှန့်နိုင်သူ ဖြစ်ရမည် ဖြစ်၏။ ရှေးမြန်မာကြီးတို့ကမူ သက်န်းကိုလည်းနိုင်၊ ကျင့်ဝတ်ကိုလည်း ကောင်းစွာထိန်းသိမ်းနိုင်သည့်(၁၃)နှစ်(၁၄)နှစ်အရွယ် သူငယ်တို့ကို ရှင်ပြုပေးကြလေ၏။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အတွက် ရှင်ပြုခြင်းသည် အသက်တမျှ အရေးကြီးသော ကိစ္စ ဖြစ်၏။ ထို့ကြောင့် ရှေးယခင်က ရှင်ပြုချိန်ရောက်ခါနီးတွင် ရှင်လောင်းအား ပြင်စရာ၊ ကျက်မှတ် စရာရှိသည်များကို ကြိုတင်ပြင်ဆင် ကျက်မှန်ရန် ဘုန်းတော်ကြီးကျောင်းများသို့ တစ်လကိုးသီတင်း ပို့လွှတ်ထားကြ၏။ (သို့မဟုတ်) တက်သိသူတို့အထံ၌ နေ့စဉ် သင်အံလေ့ကျင့်စေ၏။ အခြေခံကျင့်ဝတ်မရသူများကို ရှင်ပြုမပေးကြပေ။

ထိုတွင် အခြေခံကျင့်ဝတ် မသင်ရသေးသော သားကို ရှင်ပြုပေးရန် လျှောက်ထားလာသည့် ဒကာအား “ ဟေ့ ဒကာ၊ အချိန်မရဘူးလား၊ အချိန်မရရင် မင့်သားပြန်ခေါ်သွားပါ။ ဒါမျိုး ငါ လက်မခံ နိုင်ဘူး”ဟု မိန့်ကြားခဲ့သော ပထမ ခရမ်းကိုင်းကုန်းဆရာတော်ကြီး၏ စကားမှာ အလွန်မှတ် စရာ ကောင်းလှ၏။ ယခုအခါ၌မသ ရှင်ပြုသည့်ကိစ္စကို ထိုမျှလောက် အလေးမထားကြတော့ပေ။ ၀မ်းနည်းစရာ၊ စိတ်မကောင်းစရာပင် ဖြစ်၏။

ရှင်ပြုခြင်းသည် အမှန်အားဖြင့် လောဘ၊ ဒေါသ၊ မောဟ အပေါင်းမှ လွတ်မြောက်ပြီး နိဗ္ဗာန် ရောက်ရန်အတွက် အခြေပြုပြင်ဆင်ခြင်းပင် ဖြစ်၏။ အယုတ်အားဖြင့် ပြောရလျှင် ရှင်အဖြစ် ရဟန်း အဖြစ်နှင့် တစ်သက်လုံး မနေနိုင်သည့်သူတို့အား ဘ၀နေနည်း ထိုင်နည်းကို စနစ်တကျ သင်ပေးခြင်း ပင်ဖြစ်၏။ ထိုကြောင့် လေးလေးနက်နက် ထားသင့်၏။

ယခုတော့ ထိုသို့မဟုတ်။ ကြိုတင်ပြင်ဆင်ခြင်းလည်း မရှိ။ တစ်ဖန် ရှင်ပြုပြီး သုံးလေးရက်ခန့်ရှိ လျှင် ကွန်ပြုတာသင်တန်းတက်ရန်၊ ကျူရှင်တက်ရန် စသော အဆိုပြုချက်များဖြင့် လူထွက်စေ ပြန်၏။

မည်သည့်အတွက် ရှင်ပြုပေးခဲ့တာလဲ။ အခိုက်အတန့် ရှင့်ဘ၀လေးသည် ကျူရှင်လောက်ပင် တန်ဖိုး မရှိတော့ဘူးလားဟု မေးလျှင် ရှင်ဒါယကာ၊ ရှင့် ဒါယိကာမတို့ မည်သို့ ဖြေမည်နည်။

ကမ္ဘာပေါ်တွင် အယဉ်ကျေးဆုံး လူကြီးလူကောင်း အပီသဆုံး ပုဂ္ဂိုလ်တို့မှာ ဘုရားရှင်၏ ကျင့်ဝတ် စည်းကမ်းနှင့်အညီ ကျင့်ကြံနေထိုင်ကြသော ရဟန်း သာမဏေတို့ပင်ဖြစ်၏။ အသိဉာဏ် မရင့်ကျက်သေး၍ ဣနြေ္ဒစောင့်ထိန်းမှုနည်းပါးကြသော ရဟန်းသာမဏေတို့မှအပ ဘုရားရှင်၏ ကျင့်ဝတ်စည်းကမ်းနှင့်အညီ ကျင့်ကြံနေထိုင်ကြသော ရဟန်းသာမဏေတို့၏ အနေအထိုင်၊ အသွင်အပြင်၊ အမူအရာ၊ အပြောအဆို၊ စိတ်နေစိတ်ထား တို့ကား အားလုံး အထက်တန်းစားပင်။

မြန်မာတို့၏ လူနေမှုဘ၀သည်လည်း အများအားဖြင့် ဗုဒ္ဓဘာသာနှင့် ဆက်နွယ်နေသည်သာ ဖြစ်၏။ ထို့ကြောင့် ရှင့်ဒါယက၊ ရှင်ဒါယိကာမတို့အနေဖြင့် မိမိတို့ ရင်သွေးရတနာတို့ကို ပို၍ ယဉ်ကျေးလာအောင်၊ လူတော်လူကောင်းလေးများ ဖြစ်လာအောင်၊ ဘ၀မှာ စနစ်တကျ နေတတ် ထိုင်တတ်သွားအောင် သင်ပေးနိုင်စွမ်းရှိသော ရဟန်းသံဃာများထံ တစ်လကိုးသီတင်းခန့်တော့ အပ်နှံသင့်ပေ၏။

ဗုဒ္ဓဘာသာကပေးသော နေနည်းထိုင်နည်းစနစ်မှာ အခြား နိုင်ငံများနှင့် မတူပေ။ အေးချမ်း၏။ တည်ငြိမ်၏။ အဆင့်မြင့်မားလှ၏။ ဤနေရာ၌ နီပေါနိုင်ငံ၏ နေနည်းထိုင်နည်းပေးသော စနစ်ကလေး ကို ချိန်ထိုးကြည့်နိုင်ရန် ပြဆိုပါဦးမည်။

အမှောင်ခန်းက နီပေါသူ

နီပေါနိုင်ငံရှိ လူကြီးသူမတို့သည် မိမိတို့၏ သမီးငယ်လေးများ အသက်(၁၂)နှစ်ပြည့်လျှင် မြေအောက်ခန်းစသည့် အလုံပိတ်ထားသော အမှောင်ခန်းထဲ ထည့်သွင်းကြလေ၏။ မည်မျှပင် ငြင်း ငြင်း၊ မည်မျှပင် ငိုငို ထိုအမှောင်ခန်းထဲ ဆွဲပို့ကြသည်သာ ဖြစ်၏။ ထိုမိန်းကလေးနှင့်အတူ နောက်ဖေး သွားဖို့အတွက် နောက်ဖေး သွားစရာခွက်နှင့် စားဖို့သောက်ဖို့အတွက် စားစရာ သောက်စရာ တို့ကို လည်း တပါတည်း ထည့်ပေးလိုက်ကြ၏။

ထိုမိန်းကလေးကို အမှောင်ခန်းထဲ၌ (၇)ရက်တိတိ ထားလေ၏။ (၇)ရက်အတွင်း ထိုအမှောင် ခန်းထဲသို့ မည်သူမျှပင် မ၀င်ရပေ။ မည်သည့်အခြေအနေသို့ဆိုက်ဆိုက် (၇)ရက်ပြည့်မှသာ ထိုမိန်း ကလေးကို အပြင်သို့ ထုတ်လေ၏။ အချို့မှာမူ ကြောက်လန့်ပြီး သေဆုံးလေ၏။ မသေဘဲ ပြန်ထွက် လာနိုင်သော မိန်းကလေးကို “ မင်း အပျိုဖော်ဝင်ပြီ၊ မင်း အပျိုဖြစ် ပြီ”စသည်ဖြင့် ၀ိုင်းဝန်းပြောဆို ကြ၏။ ထိုအခါရောက်မှာ လူရာသွင်း၏။ ထိုမိန်းကလေးက အိမ်ထောင် ပြုလိုလျှင် အိမ်ထောင်ပြုပေး ကြ၏။ ထိုဓလော့သည် ယခုထိတိုင် ရှိနေသေး၏။ အလွန်အံ့သြစရာပင်။

အခြားနိုင်ငံများ၌လည်း သူ့ဟန်နှင့်သူ နေနည်းထိုင်နည်း စနစ်များကို ပေးကြသည်သာ ဖြစ်၏။ နီပေါနိုင်ငံကဲ့သို့ ဆန်းပြားသော နေနည်းထိုင်နည်းပေးသော စနစ်ကို ကျင့်သုံးသည့်နိုင်ငံတို့သည် လည်း အများအပြားပင်၊ ဥပမာအားဖြင့် အာဖရိကနိုင်ငံများပင်ဖြစ်၏။

ဗုဒ္ဓဘာသာသည် ထိုကဲ့သို့ အမျိုးမျိုးဆန်းပြားသည့်ကြားမှ ခန့်ငြားတည်ငြိမ်စွာ ဘ၀နေနည်း ထိုင်နည်းကို ပေးခြင်းဖြစ်၏။ ရှင်မပြုခင်ရော၊ ရှင်ပြုပြီးပါ စနစ်တတကျ သင်ကြားပေးခြင်းလည်း ဖြစ်၏။

ကြီးကောင်ဝင်လာပြီး စိတ်ရူးပေါက်လာတတ်သည့် (၁၃)နှစ်(၁၄)နှစ်အရွယ် ကလေးသူငယ် များကို ဖမ်းထိန်းကာ မည်ကဲ့သို့ဝတ်၊ မည်ကဲ့သို့နေ၊ မည်ကဲ့သို့ပြော၊ မည်ကဲ့သို့ ဆက်ဆံ၊ မည်ကဲ့သို့ သွား၊ မည်ကဲ့သို့စား၊ မည်ကဲ့သို့လုပ် အစရှိသည်ဖြင့် တစ်ဘ၀လုံး အတွက် ကျကျနနကို ပုံသွန်း လောင်းပေးခြင်း ဖြစ်၏။ ဤမျှကောင်းသော ပုံသွန်းလောင်းမှုစနစ်သည် ကမ္ဘာ ပေါ်တွင် ဗုဒ္ဓဘာသာ တစ်ခုတည်းသာ ရှိ၏။ ထို့ကြောင့် ရှင်သာမဏေဖြင့် အလေ့အကျင့် (Training) ကောင်းကောင်း ရခဲ့သော ကလေးသည် အသွားအလာ၊ အနေအထိုင်၊ အပြုအမူ၊ အပြောအဆို၊ အစား အသောက် အစရှိသည်တို့၌ အထက်တန်းကျ၊ အဆင့်အတန်းမြင့်မားနေမည်သာ ဖြစ်၏။ `

သို့ဖြစ်၍ ရှင်ဒါယက၊ ရှင်ဒါယိကာမတို့သည် “ရှင်ဖြစ် ပြီးရော” ဟု ပေါ့ပေါ့ဆဆ သဘော မထားသင့်ပေ။ မိမိတို့၏ ရင်သွေးရတနာကလေးများ လူယဉ်ကျေးလေးများ ဖြစ်လာအောင်၊ လူတော် လူကောင်းလေးများ ဖြစ်လာအောင် ကျကျနန ရှင်ပြုပေးသင့်၏။ ပြောရလျှင် တစ်ဘ၀ စံဖို့အတွက် တစ်လ ကိုးသီတင်းမျှတော့ အနာခံသင့်၏။ သို့မှသာ မိမိတို့ကိုယ်တိုင်လည်း ပီပြင်သော သာသနာ့ ဒါယကာ၊ သာသနာ့ဒါယိကာများ ဖြစ်ကြမည် ဖြစ်၏။ မိမိတို့၏ ရင်သွေးရတနာလေးများလည်း ရှင်အဖြစ်ကို တန်ဖိုးရှိရှိ ရရှိကာ ယဉ်ကျေးတည်ငြိမ်သော လူကြီးလူကောင်း တစ်ယောက် ဖြစ်လာ မည်ဖြစ်၏။

အရှင်ကောဏ္ဍည(သာသနာ့တက္ကသိုလ်)

Read more...

The Strangest Sutra Of Them All

On the 3rd of June I wrote a brief review of John Powers’ A Bull of a Man. In a comment on this post Gustav mentioned that there is a sutra in the Chinese Tipitaka about the Buddha’s penis. I replied that I had heard about this strange sutra and knew something of its general outline. However, Gustav’s comments prodded me to find out something more about it. Not being familiar with the Chinese Tripitaka I got Ananda and Nam Khim, both well-versed in Chinese Buddhist literature, to help me. So this is what we came up with.
The sutra is called Kuan-fo-san mei-hai-ching in Chinese which means something like ‘The Buddha’s Meditation on Oceanic Concentration Discourse’ in English. It is very difficult to reconstruct its original Sanskrit name. It was translated into Chinese during the Liu Sung Dynasty (420-43) so it must have been written before then. It is sutra 643 of vol.15 of the Taisho Tripitaka. Mahayana sutras have a pronounced tendency towards fantasy, hyperbole and unreality but this one would have to go even beyond this. It is the three stories that make up the seventh chapter of the sutra that I will focus on here.
The first story takes place in Prince Siddhattha’s palace before he renounced the world. The ladies-in-waiting bring up a rather sensitive subject with Yasodara, prince Siddhattha’s consort. In all the years they have waited on the princess and her husband they have never seen Prince Siddhattha’s...his, you know...umm...well lets be adult about this...his penis. Equally strange, they have also noticed that he does not even have a bulge in the place where such things usually appear in males. Now the ladies-in-waiting are wondering if the prince is really a man. As it happens, Siddhattha overhears these doubts being expressed so he takes of his clothes, spreads his legs and shows the ladies what is there - and what was there is his kosohitavatthaguyha glowing with a golden light. Then a lotus appeared and from its centre a baby boy’s penis emerges which gradually grows into an adult’s. More lotuses appear, each with a bodhisattva in it. The sutra doesn’t record what the ladies-in-waiting said about this extraordinary exhibition. I imagine they were speechless.
The next story takes place when the Buddha is staying in Savatthi. There is a brothel in the city which is causing a lot of social problems and King Pasenadi asks the Buddha what can be done about this. He decides to ask the monks to meditate for seven days and then go to the brothel and try to reform its prostitutes. But as often happens with such anti-vice campaigns, the ‘working girls’ take absolutely no notice. One of the prostitutes, a saucy young lady named Lovely, says to the others, ‘Men without lust are not real men. The Buddha talks about suffering and the cooling of desire because he is incapable of desire. He probably insists on desirelesness because he himself doesn’t have the necessary equipment. If he was a ‘real man’ I would be more than happy to become his disciple’. The Buddha hears this, a challenge that apparently even an enlightened male cannot let pass, and he shows Lovely and the other prostitutes his penis. It is so long that it reached down to his knees. But these ladies have seen a lot in their careers and they are completely unimpressed, in fact they just laugh. It could be only an illusion, they scoff. So the Buddha exposes his chest and the miraculous swastika on it and suddenly he appears to the prostitutes as an extraordinarily handsome and desirable young man. He exposes his penis again and performs the previous miracle of the golden light, the lotus, the child’s penis gradually turning into a fully mature one and the multiple lotuses each with their bodhisattva. The prostitutes are amazed and are finally converted.
The third and last story is supposedly told by the Buddha to Ananda. Once, the Buddha says, while he was staying in Gaya, five Sivite ascetics, leaders of hundreds of disciples, came to see him with their penises coiled seven times around their bodies. The spokesman of the five told the Buddha that even though he and his companions are celibate their penises are as virile as Mahesvara’s (Siva) and are quite capable of doing what such organs are supposed to do. You, the Buddha, claim to be a ‘great man’ (mahapurisa). Prove it! Once again the Buddha exposes himself while performing several astonishing miracles, one of which involves wrapping his penis seven times around Mt. Meru. And once again the interlocutors are converted.
What could have been the point of this bizarre sutra and what are we to make of it? Firstly, we need to know that it has some precedent in the Pali suttas - go to www.buddhismatoz.com and look up ‘Penis’ and ‘Signs of a Great Man’. There is also an incident in the Pali Tipitaka in which the Buddha exposes himself (M.II,135). The meaning of this and the other 31 Mahapurisalakkhana is very interestingly dealt with in Ven. B. Wilamaratana’s Signs of a Great Man published by the Buddhist Library here in Singapore. We also need to know something about Indian society during the first centuries of the Common Era when our sutra was probably composed. While Indian Buddhism was at its zenith during the Gupta period it was also being vigorously critiqued by a resurgent Hinduism. It seems likely that some Hindus were passing aspersions on Buddhist monks and the Buddha himself by claiming that they preached celibacy, not because they had passed beyond desire and lust, but because they were sexually inadequate, that they were ‘eunuchs for the kingdom of heaven’ to use the biblical phrase. It is possible that this sutra was composed in an attempt to answer this challenge. There was, and still are, Hindu ascetics who ostentatiously and unhesitatingly displayed their genitals to stave off exactly this accusation. I have seen Naga Babas and other swamis lifting quite large rocks tied to their penises and wrapping them around their staves. Such demonstrations remind one of the Sivite ascetics who came to the Buddha with their penises wrapped around their bodies and challenging him. All this no doubt explains the origins and purpose of the sutra under discussion. But whether we laugh at it, blush as we read it, or dismiss as of no significance, it does underline a serious problem with many Mahayana sutras.
In the Theravada tradition, as new ideas evolved, new challenges arose, or new questions were asked, works were composed to explain, meet or answer them, but these were never attributed to the Buddha, they were never put into his mouth. Even the books of the Abhidhamma Pitaka, which Theravada tradition attributes to the Buddha, do not make this claim themselves. Most Mahayana sutras are attributed to the Buddha and if the ideas they contain happen to be absurd, unbelievable or blatantly false, the poor old Buddha gets loaded with them and we Buddhists have to struggle to justify or explain them. As Mahayana literature becomes more available in translation this is going to become an increasingly awkward problem. Just imagine what those who would disparage the Buddha or Buddhism could do with the Kuan-fo-san-mei-hai-ching Sutra.
0 comments

Read more...

တစ်ခေါက်တစ်ခါ(၃)

0 comments


ချမ်းမြစည်သာ ဆရာတော်ဦးသြဘာသကို ဟောင်ပါပြတိုက်မှာ တွေ့ရစဉ်

ကျား-ဆိုနောက်ဆုတ်၊ ကြောင်မဟုတ်၊ ခေါင်ချုပ်ထိပ်တမ်း၊ ကျားတံဆိပ်ဘမ်း။
ဘမ်း -တကာ့ခေါင်၊ စံပါယ်ချောင်၊ ယှဉ်အောင်သုံးစမ်း၊ ကျားတံဆိပ်ဘမ်း။
-ရုပ်ဆ်ီတွေ၊ အသင်္ချေ၊ ယှဉ်လေသုံးစမ်း၊ ကျားတံဆိပ်ဘမ်း။
ရုပ်- ပျို ကိုယ်နု၊ ကျန်းမာမူ၊ ယခုသုံးစမ်း၊ ကျားတံဆိပ်ဘမ်း။
ဆီ-ဦးထောပတ်၊ ဓာတ်စုံစပ်၊ ထပ်ထပ်ရောပြွန်း၊ ကျားတံဆိပ်ဘမ်း။

(လွန်ခဲ့သောနှစ်ပေါင်း ၆၀ခန့်က မြန်မာပြည်မှ ကြော်ငြာတစ်ခုကိုတွေခဲ့ရစဉ်)

ချစ်စွာသော စာဖတ်ပရိတ်သတ်ကို ဒီတခါတော့စကာင်္ပူရဲ့ စိတ်ဝင်စားစရာနေ၇ာတခုကို ခေါ်သွားလိုက်ပါတော့မယ်။ စာရေးသူနေထိုင်ရာ West Coast Road, Pasir Gardan,((No 23 .Jalan Mas Puteh) မှ Bus 30, 143, 51 တစ်ခုခုကိုစီးပြီး (၁၀) မိနစ်ခန့်သွားလိုက်ရင် How Pa Villa (ဟောင်ပါရဲအိမ်)ကိုရောက်ပါတယ်။တောင်ကုန်းမို့မို့လေးပေါ်မှာ ပြတိုက်ဥယျာဉ်ကြီးအဖြစ် ဖွင့်လှစ်ထားပါ တယ်။ ပိုင်ရှင်က မြန်မာ တရုတ်"ဟောင်ပါ "ဖြစ်ခဲ့ပါတယ်။

Bus ကားပေါ်က ဆင်းလိုက်ရင်ပဲ ကျားရုပ်ကြီးတွေကို ပထမဆုံးမြင်ရပါတယ်။ အထဲကိုဝင်သွားရင်လည်း free ပါပဲ။ ကြည့်ရူလို့မကုန်အောင် ရုပ်လုံး ရုပ်ကြွတွေ တောင်ကုန်းအနှံ့ပါပဲ။မြန်မာတို့အဖို့ ကျားဘမ်းပရုပ်ဆီ ဆိုရင် လူတိုင်းနီပါး သိလောက်ပါတယ်။ ဟောင်ပါသူဌေးကြီးရဲ့ သမီးတစ်ဦးနှင့်၊ သူမရဲ့သ္မီးဒေါ်သဂီခေါ် ဒေါ်မွှေး တို့ဟာ Clementi ဘက်မှာ သက်ရှင်နေထိုင်လျှက်ရှိပါတယ်။ စာရေးသူဆီကို မကြာမကြာ လာလည်တတ်ပါတယ်။ ဒုတိယကမ္ဘာစစ် တုန်းက ဒေါ်မွှေး တို့ဟာ မြန်မာပြည်မှာ သုံးနှစ်လောက် နေခဲ့တာဖြစ်လို့မြန်မာလိုတိုင်းရင်းသား တစ်ဦးထက် ပီပီသသ ပြောဆို နိုင်ပါတယ်။ သူ့မိခင်ကတော့မြန်မာအိမ်ဖော်တစ်ဦးနှင့်လက်တွဲပြီးနေလာတာ (၂၅)ကျော်လာခဲ့ပြီ လို့သိ ရပါတယ်။

ဒေါ်မွှေး(ခေါ်)ဒေါ်သဂီင်္င်္ဟာ ငယ်ငယ်က အင်္ဂလန်မှာ ကျောင်းနေခဲ့ပြီး အဲဒီမှာပဲ အိမ်ထောင်ကျကာ သားလေးတွေမွေးဖွားခဲ့ပြီး သူတို့လည်းအရွယ်ရောက်ကာ ဒေါ်မွှေးက စင်္ကာပူပြန်လာပြီး အခြေချနေထိုင်ကြပါတယ်။ သားတွေကတော့ အမေ့တရုပ်မကို သိပ်ဂရုစိုက်ပုံမပေါ်ကြပါဘူး။ တစ်နေ့ စကားစပ်ယင်းပြောလိုက်သေးတယ်။ ဒေါ်မွှေးဟာ ဘာနှင့်တူလဲဆိုရင် ဘဲဥတွေကိုတာဝန် ယူပြီးဝပ်ပေးရတဲ့ကြက်မလိုပဲ။ကြက်မကသူဝပ်ပြီးမှမွေးတဲ့ဘဲကလေးတွေကိုနောက်က တစ်ကောက် ကောက်လိုက်ပြီး စောင့်ရှောက်ရှာတယ်။ ဒါပေမဲ့ ဘဲကလေးတွေက အသွင်လဲမတူတဲ့ကြက်မကိုဥပေက္ခာ ပြုထားကြတော့ နောက်ပိုင်းမှာ တဖြည်းဖြည်းပြတ်သွားကြပါတယ်။ ဒေါ်မွှေးမှာလည်း ကိုယ်မွေးခဲ့သားကလေးတွေကို သံယောဇဉ်ကုန်ပြီလို့ ဆိုပါတယ်။ တစ်နေ့က စာရေးသူရယ် ၊မေစိုးရယ် ၊ဟောင်ပါ ရဲ့မြေး ဒေါ်မွှေးရယ်၊bus စီးယင်း၊ လမ်းလျှောက်ယင်း How Pa Villa ကိုသွားလည်ကြသေးတယ်။

သူဌေးကြီးစီးခဲတဲ့ ကျားခေါင်းတံဆိပ်နှင့်လုပ်ထားတဲ့ ကားကိုပြတိုက်မှာပြထားတားတွေ့ရပါတယ်။ ထိုကားရဲ့ အနီ:မှာ ဒေါ်မွှေးရဲ့အမေ မြန်မာအမျိုးသမီးအဘွားအိုဓာတ်ပုံကို စင်္ကာပူအစိုးရက ချိတ်ဆွဲထားပါတယ်။ စာတန်းမှာတော့ဟောင်ပါသူဌေးရဲ့ သ္မီးတော်ဟာ How Pa Villa ကိုနောက်ဆုံးလာလည်သွားစဉ် ဓာတ်ပုံ ရိုက်ကူးထားခြင်းလို့စာရေးထားပါတယ်။(ဆက်ရန်)

Read more...

နားလည်မှု

(သစ္စာနီ)
လိမ္မော်သီးတစ်လုံးကို
ခွေးတစ်ကောင်ဟုခေါ်ဆို၍
ခွေးတစ်ကောင်ကို
လိမ္မော်သီးတစ်လုံးဟု
ခေါ်ဆိုမည်ဆိုပါစို့။

ခွေးတစ်ကောင်သည်
သစ်ပင်ပေါ်မှာနေမည်
ဖန်ပုလင်းတစ်လုံးထဲမှာနေမည်
ရေခဲသေတ္တာထဲမှာနေမည်
သင့်ရဲ့ လျှာပေါ်မှာနေမည်။

လိမ္မော်သီးတစ်လုံးသည်
အမြီးနှံ့မည် ဟောင်မည်။

ဗိုင်းရပ်စ်ပိုးဝင်နေတဲ့
အဲဒီလိမ္မော်သီးကို
သံကြိုးကြီးကြီးနှင့်
ချည်ထားရန်
လိုအပ်သည်။
- ဟန်သစ် ၁၉၉၁

Read more...

( ၂ ) မဟာဇနကဇာတ်တော်ကြီး

တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ-ဟူသော
စကားကြီးဆယ်လုံးသည် ဗုဒ္ဓမြတ်စွာ၏ ဘ၀ဖြစ်စဉ် ဇာတ်တော်ဆယ်ဘွဲ့ကို ဖော်ပြသည့်
အတိုကောက်များ ဖြစ်ကြသည်။
ဒုတိယစကားလုံးဖြစ်သည့် (ဇ) ဟူသည်မှာ မဟာဇနက-မင်းသား၏ ဘ၀အကြောင်းကို ဆိုလိုသည်။


ရှေးအခါက မိတ္ထီလာပြည်တွင် စိုးစံသည့် အရိဋ္ဌဇနကမင်းနှင့် ညီတော် အိမ်ရှေ့စံမင်းသား ပေါလဇနကတို့သည် တပါးနှင့်တပါး အထင်အမြင်လွဲမှားကြပြီး စစ်ထိုးကြလေသည်။ ထိုစစ်ပွဲတွင် နောင်တော်ဘုရင်ကြီး ကျဆုံးလေသောကြောင့် ကိုယ်ဝန်အရင့်အမာရှိသော မိဖုရားသည် ဆင်းရဲသူမယောင်ဆောင်ပြီး ထွက်ပြေးလေရာ ကာလစမ္ပါနဂိုပြည်သို့ ရောက်သွား၏။

မြို့ပြင်ဇရပ်တခုတွင် ရပ်နားနေခိုက် ဒိသာပါမောက္ခဆရာကြီးနှင့် ဆုံမိ၍ အကျိုးအကြောင်းပြောပြသဖြင့် ပါမောက္ခကြီးက ကြင်နာသနားစိတ်ဝင်ကာ အိမ်တွင်နေထိုင်ရန် လက်ခံထားလိုက်လေသည်။ များမကြာမီ မိဖုရားကြီးတွင် သားတော်တပါး ဖွားမြင်လေရာ မဟာဇနကဟု အမည်ခေါ်တွင်စေလေသည်။
ကျောင်းနေစဉ် အခြားကျောင်းသားတချို့က မင်းသားလေးအား မုဆိုးမသား-ဟု မကြာခဏ လှောင်ပြောင်ကြရာ မခံမရပ်နိုင်ဖြစ်သဖြင့် မယ်တော်မိဖုရားကြီးအား မေးလေရာ သားတော်မှာ ငယ်ရွယ်သူဖြစ်နေသေး၍ ပထမသော် လှည့်ပတ်ပြောဆိုထားသော်လည်း အချိန်အရွယ်ရောက်လာသောအခါ၌ကား ဖြစ်ရပ်ကုန်စင် ဖွင့်ဟပြောလိုက်လေသည်။

ထိုနေ့မှစ၍ မဟာဇနကမင်းသားလေးသည် မိမိ၏ဘ၀မှန်ကို သိရှိပြီး ထီးစိတ်နန်းစိတ် ဇာတိမာန်ပေါ်လာကာ ဖခမည်းတော်၏ ထီးနန်းကို မတရားသိမ်းပိုက်ထားသော ဦးရီးတော်ပေါလဇနကကို စစ်ခင်းတိုက်ခိုက်ပြီး ထီးမွေနန်းမွေကို ပြန်ရအောင်လုပ်ရမည်ဟု ကြံစည်ကာ မယ်တော်ပါလာခဲ့သောပစ္စည်းများကိုယူ၍ တိုးပွားအောင်ပြုလုပ်ရန် သင်္ဘောကုန်သည်များနှင့် အတူ ထွက်သွားလေသည်။

မင်းသားလေးလိုက်ပါသွားသော သင်္ဘောသည် ပင်လယ်သမုဒ္ဒရာထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ် သောကြောင့် အက်ကွဲ ရေ၀င်ပြီး တဖြည်းဖြည်း နစ်လေရာ အခြားသောကုန်သည်များသည် ကြောက်အားလန့်အားဖြင့် ရေထဲသို့ ခုန်ချကြလေသည်။

သတိကြီးသော မဟာဇနကမင်းသားကား စိတ်အေးအေးထားကာ အားအင်ပြည့်စေမည့် ထောပတ်များကို စား၏။ အင်္ကျီပုဆိုးများကိုလည်း ရေလုံစေရန် ထောပတ်များဖြင့် လူးလိုက်၏။ ထို့နောက် ဘုရား တရား သံဃာ မိဘ ဆရာသမားများကို ရည်စူး၍ ကန်တော့တိုင်တည်ပြီး သီလဆောက်တည်လိုက်သည်။ ထိုသို့ပြုလုပ်ပြီးမှ-
ရွက်တိုင်ထိပ်ဖျားသို့တက်သွားကာ ငါးမန်း ငါးတန်များ လွတ်ရာဖက်သို့ ရှိသမျှအားယူလျက် ခုန်ချလိုက်၏။

ဇွဲ လုံ့လ ၀ီရိယ ကြီးစွာဖြင့် နေ့ရောညပါ မနေမနား ကူးခတ်ရာ ရေမျောပါလာသော အစားအစာတွေ့လျှင်ပင် နေ့လွဲညစာဖြစ်နေက သီလအပျက်မခံဘဲ စိတ်တင်းကာ မစားဘဲနေလေသည်။
မဟာဇနကသည် ယောက်ျားတို့ဇွဲ သေကာမှလျှော့မည်-ဟု ဇွဲကြီးစွာဖြင့် ကူးခတ်ရင်း ခုနစ်ရက်မြောက်သော နေ့၌ သမုဒ္ဒရာပင်လယ်ပြင်တွင် ဒုက္ခကြုံနေသော သူတော်ကောင်းများကို ကူညီရန် တာဝန်ရှိသော မဏိမေခလာနတ်သမီးက ပွေ့ချီကာ မိတ္ထီလာပြည် ဥယျာဉ်တွင်းရှိ ကျောက်ဖျာထက်၌ သိပ်ထားပြီး အ၀တ်ခြုံထားခဲ့၏။

(ထိုနေ့သည်ကား) မိတ္ထီလာပြည်နန်းတွင်း၌ ပေါလဇနကမင်းကြီး နတ်ရွာစံပြီး ခုနစ်ရက်မြောက်သောနေ့ဖြစ်၏။ ထီးမွေနန်းမွေခံရန် သားတော်မရှိသဖြင့် ဖုဿရထားလွှတ်ရန် စီစဉ်နေကြသည်။
ဖုဿရထားသည် ရွှေနန်းတော်ကို လက်ယာရစ် သုံးပတ်ပတ်၍ မြို့တွင်းသို့လှည့်ပြီးလျှင် မမျှော်လင့်ဘဲ မြို့တံခါးမှ မြို့ပြင်သို့ ထွက်သွားသဖြင့် တာဝန်ကျသော မှူးမတ်ခြွေရံများမှာ ရင်တမမဖြင့် ပြေးလိုက်ရတော့သည်။

ဥယျာဉ်တော်အတွင်းရှိ မဟာဇနကမင်းသား အိပ်ပျော်နေသော ကျောက်ဖျာသို့ ဖုဿရထားဆိုက်ရာ ထိုက်တန်သူမင်းသား ဟုတ်-မဟုတ် စမ်းသပ်လို၍-
တူရိယာပညာရှင်များ တပြိုင်နက်တီးမှုတ်၍ ပြိုင်တူထွက်ပေါ်လာသော တူရိယာသံများကြောင့် နိုးလာသော်လည်း မင်းသွေးပင်ဖြစ်သဖြင့် မဟာဇနကမင်းသားမှာ တုန်လှုပ်ခြင်းမရှိဘဲ မျက်စိဖွင့်ကြည့်ကာ ပရိသတ်ကြီးကို မြင်သော်လည်း စိတ်အေးလက်အေးနှင့်ပင် နံတောင်းတဖက်သို့သာ ပြောင်းအိပ်လိုက်သည်။

ပုရောဟိတ်ပုဏ္ဏားများက အ၀တ်လပ်နေသော ခြေဖ၀ါးကိုကြည့်ကာ ခြေခဏာဖတ်ကြပြီး ဘုန်းလက်ရုံး ဉာဏ်ပညာနှင့် ပြည့်စုံသော မင်းယောက်ျားပင် ဧကန်ဖြစ်ရမည်-ဟုဆိုကာ မင်းမြောက်တန်ဆာငါးပါး ဆက်ကပ်ဝတ်ဆင်စေလျက် မင်းခမ်းမင်းနားဖြင့် ခေါ်သွားကြလေသည်။

ထို့နောက် ၀တ္တရားရှိသည့်အတိုင်း ပေါလဇနကမင်းကြီး၏ သမီးတော်ထံ အကြောင်းစုံကို လျှောက်တင်စေလေရာ-
သမီးတော်က မင်းလောင်းဆိုသူကို အကဲခတ်လို၍ ထိုသူအား အဆောင်တော်သို့ လာတွေ့ရန် အကြောင်းကြားလေသည်။

အထိန်းတော်က ထိုသို့ အကြိမ်ကြိမ်အကြောင်းကြား လျှောက်တင်သည်ကို မဟာဇနကသည် မကြားလေဟန်ဆောင်ကာ မှူးမတ်များနှင့် စကားပြောမြဲသာ ပြောနေလိုက်သည်။
အထိန်းတော်ကြီးပြန်သွား၍ အတန်ကြာမှသာ မိမိအလိုအတိုင်း ရွှေနန်းဆောင်များသို့ လျှောက်ကြည့်လေဟန်ဖြင့် သွားရာ သမီးတော်သီဝလိဒေ၀ီအဆောင်နား ရောက်လျှင်-
လာရောက်ဦးညွတ်သော သီလ၀ိဒေ၀ီအား ရွှေလက်တော်တွဲ၍ ရွှေပလ္လင်ထက်တွင် ထိုင်လိုက်စဉ် ဦးရီးတော်ပေါလဇနကမင်းကြီး၏ အလိုတော်ကျ မှူးကြီးမတ်ရာများ တင်လျှောက်သော ပြဿနာများကို ဖြေဆိုနိုင်သဖြင့် သမီးတော် သီဝလိဒေ၀ီနှင့် ရွှေဂဟေဆက်၍ နန်းတက်ပွဲသဘင် ဆင်ယင်လေသည်။

မင်းအဖြစ်သို့ရောက်လျှင် ကာလစမ္ပာနဂိုပြည်သို့ရောက်နေသော မယ်တော်မိဖုရားကြီးအား၎င်း၊ ဒိသာပါမောက္ခကြီးအား၎င်း၊ မိတ္ထီလာပြည်သို့ပင့်ကာ သူကောင်းပြု၍ တရိုတသေ ကိုးကွယ်ထားလေသည်။
မဟာဇနကမင်းနှင့် သီဝလိဒေ၀ီမိဖုရားတို့သည် သားတော်တပါးရသောအခါ ၀မ်းမြောက်ဝမ်းသာရှိကြ၍ မြပုခက်တင်ကာ ဒီဃာဝုမင်းသား-ဟု ခေါ်တွင်စေသည်။
ဒီဃာဝုမင်းသားလေး အတတ်ပညာစုံ၍ အသက် ၁၆-နှစ် ပြည့်သောအခါ သူ့ကိုအိမ်ရှေ့မင်းအရာ အပ်နှင်းလေတော့သည်။

တနေ့ မဟာဇနကမင်းကြီးသည် သားတော်ကိုခေါ်ကာ ဥယျာဉ်နန်းသို့ စံမြန်းရန်သွားစဉ် အ၀င်ဝ၌ အသီးများ ပြွတ်သိပ်စွာ သီးနေသော သရက်ပင်ကိုတွေ့ရာ မင်းကြီးနှင့် အိမ်ရှေ့မင်းသားပါ ဆွတ်ခူးစားသောက်ပြီးဖြစ်သဖြင့် နောက်မှပါလာသော ခြွေရံသင်းပင်းများကလည်း ခူးခွင့်ရပြီဖြစ်ရာ သူ့ထက်ငါ ပျော်ရွှင်စွာ ဆွတ်ယူစားသောက်ကြကုန်၏။

သစ်ခက်တဲနန်းတွင် တနေကုန်စံမြန်းပြီးမှ ညနေဘက်၌ ပြန်လာရာ ဥယျာဉ်ဝရှိ ပြွတ်သိပ်စွာသီးနေသော သရက်ပင်မှာ အခက်အလက်များ ကျိုးပဲ့ပျက်စီးနေသည်ကိုတွေ့၍ အကျိုးအကြောင်းကိုမေးလေရာ အသီးရှိသည့်အတွက် ထိုကဲ့သို့ဖြစ်ရကြောင်း ဘေးနားက အပင်ကား အသီးမရှိသည့်အတွက် ထိုကဲ့သို့ မဖြစ်ရကြောင်း လျှောက်တင်ကြလေသည်။

ထိုအချိန်မှစ၍ မင်းကြီးသည် ငါတို့၏ မင်းစည်းစိမ်ကား အသီးပြွတ်စွာသီးနေသော သရက်ပင်နှင့် တူလေစွတကား၊ ရန်သူများနှင့် နေ့စဉ်ဆက်ဆံနေရသော ဘ၀မျိုး ဖြစ်တော့သည်တကား။ ရန်သူနှင့်ကင်းသော အဖြစ်ကား ရသေ့ရဟန်းဘ၀ပင်တည်း။ အသီးလုံးဝမသီးသော သရက်ပင်နှင့်တူ၏။
ငါလည်း သက်တော်ကြီးလေပြီ၊ ထို့ကြောင့် အသက်အရွယ် နုပျိုသေးသော သားတော်ကို ရွှေနန်းစည်းစိမ် အပ်နှင်းကာ ရသေ့ဝတ်လဲ၍ တောထွက်အံ့ဟု မိန့်တော်မူကာ မကြာမီ တောထွက်သွားလေတော့သတည်း။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP