* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, August 1, 2010

ရုန်းတက် မှန်ရမယ်။

ရုန်းတက် မှန်ရမယ်။ (တိပိဋကဓရ၊ ယောဆရာတော်)

လူတိုင်းရုန်းတက်သမားချည်းပါ။ သေးသေးတင် ရုံးတော့ မဟုတ်၊ နသတ် ရုန်းပါ။ နေ့တိုင်း ရုန်းတက်နေကြတယ်။ မနိုင်မနင်း ရုန်းပြိးတက်နေကြတာမျိုး မဖြစ်စေရဘူး။ ဒါန၊သီလ၊ ၀ိပဿနာပုံစံနဲ့ စွမ်းအားပေါ်အောင် ရုန်းပြီး တက်နေကြတာပဲ ဖြစ်စေ ရမယ်။ ၀ီရိယစွမ်းအား နဲ့ စိတ်အပူ အခိုးအငွေ့တွေထဲက ကျွတ်ထွက်အောင် ရုန်းပြီး တရားစွမ်းရည် ပေါ်အောင် တက် ရမယ်။ ၀ီရိယဟာ စိတ်ရဲ့ အပူတွေကိုလည်း ကန်ထုတ်ပစ်ရတယ်။ စွမ်းအားပေါ်အောင် ရှေ့ကိုလည်း တွန်းပြီး ရုန်းတက်ရတယ်။ ကန်တာ အားကောင်းမှ ရုန်းတက် မှန်သွားမယ်။ လိုရင်းကတော့ သတိပါပဲ။

ဓာတ်လုံးပေးရမယ်
ဖိုးထူး ဆိုတဲ့ လူငယ်တစ်ယောက် ဦးပဉ္ခင်းထံရောက်လာတယ်...သူက...

အရှင်ဘုရားတို့မှာ ဓာတ်လုံးရှိသလား၊ ရှိရင် တပည့်တော်ကိုလည်းပေးပါဘုရားတဲ့။

ရှိပါတယ်ကွယ်၊ လိုချင်ရင် ၃လုံးပေးရမှာပေါ့။

၃လုံးကြီးတောင် ပေးမယ် ဆိုတော့ သိပ်ဝမ်းသာလိုက်တာ ဘုရားတဲ့။

ကဲ ဖိုးထူး၊ ဓာတ်လုံးပေးမယ်၊ လိုက်ဆိုပါ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုတော့ ဖိုးထူးက ဒီသရဏဂုံ၃ပါး ကို တပည့်တော်ငယ်ငယ်ကလေးက စရပြီးသားပါ။ လိုက်ဆို စရာ မလိုပါဘူးတဲ့။

ဟဲ့...ဖိုးထူး၊ အဲဒီ နှုတ်ကျိုးလို့ရနေတာက ဓာတ်မပါဘူးကွဲ့၊ ရတနာသုံးပါး ရဲ့ ကောင်းတဲ့ အံ့ဖွယ်စွမ်းအားဓာတ်တွေ ကိုယ်သန္တာန်မှာ၊ ကိုယ်စိတ်နှလုံးမှာ ကူးစက်ပြီး ကျန်နေခဲ့မှ ဓာတ်လုံးဖြစ်မျာပေါ့။ ကောင်းတဲ့ စွမ်းအားဓာတ်တွေ ကူးနေခဲ့ဖို့ ဆိုရင် စစ်မှန်သန့်စင်လေးနက်တဲ့ သဒ္ဓါ၊ သတိ၊ ပညာ လိုတယ်။ အကောင်းဓာတ်တွေ နှလုံးသား အရောက်ပို့ဆောင်ထည့်သွင်း ပေးနိုင်မှ ဓာတ်လုံးခေါ်ရတယ်။ ဒီဓာတ်လုံးတွေက တကယ်စွမ်းတာကွဲ့၊ တစ်ဘ၀တွင်မကဘူး၊ နိဗ္ဗာန်အရောက် သံသရာ တလျှောက် ကြောက်တာလည်း အကုန်လွတ်စေ၊ လိုတာမှန်သမျှလည်း အကုန်ရစေနိုင်တဲ့ အံ့ဖွယ် ဓာတ်လုံးတွေဖြစ်လို့ တစ်သက်လုံးလက်မလွတ်ဘဲ အမြဲဆောင်ထားစမ်းပါ။

ဗေဒင်ကော ဟောသလား

ဓာတ်လုံး၃လုံးရလို့ အားတက်ဝမ်းသာလှတဲ့ ဖိုးထူးက ဆက်ဆေးတယ်။ အရှင်ဘုရား.... ဗေဒင်ကောဟော သလား ဘုရားတဲ့။

ဟောတော့ ဟောပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဓမ္မ ဗေဒင် အတိုချုပ်လောက်ပဲဟောတယ်။

စိတ်ညစ်၊ စိတ်ရှုပ်၊ စိတ်ပူစရာ မကောင်းကျိုးရနေတာက မကောင်းတဲ့ အတိတ်ကံ၊ ပစ္စုပ္ပန်ကံကြောင့်ပဲ၊ စိတ်အေးမြ ရွှင်လန်းတက်ကြွဖွယ် ကောင်းကျိုးရနေတာကတော့ ကောင်းတဲ့ အတိတ်ကံ၊ ပစ္စုပ္ပန်ကံကြောင့်ပဲ။ ကံဆိုတာ အလုပ်ပဲ။ အလုပ်မှားရင် မလိုတာတွေ ရတယ်။ အလုပ်မှန်တော့ လိုတာရတယ်။ အတိတ်ကံ ကိုသာ ကံလို့ခေါ်တာ မဟုတ်ဘူး။ ပစ္စုပ္ပန်ကံကိုလည်း ကံလို့ခေါ်တာပဲ။ အတိတ်ကံကောင်းလျက် နဲ့ ပစ္စုပ္ပန်ကံညံ့လို့ မဖြစ်သင့်တာ ဖြစ်ရတာတွေ အများကြီးပါ။ အချုပ်ကတော့ မကောင်းကျိုးရတာ မှန်သမျှ အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံကောင်းလို့ ပါပဲ။

ယတြာတွေကော ချေသလား

ဖိုးထူး ဆက်မေးတယ်။
ယတြာကော ချေပေးသလား ဘုရားတဲ့။

ဗုဒ္ဓဓမ္မ ယတြာတော့ ချေပေးပါတယ်။ အောက်ကျ ဆင်းရဲ မလိုချင်ရင် မကောင်းတဲ့ အလုပ်၊ အပြော၊ အတွေးကိုရှောင်၊ အဆင့်မြင့် ချမ်းသာတာ လိုချင်ရင် ကောင်းတဲ့အလုပ်၊ အပြော၊ အတွေးကို ဆောင်ထား၊ လိုရင်းကတော့ သတိပညာပါပဲ။


တိပိဋကဓရ၊ ယောဆရာတော် ၏ တရားတော်
အပ္ပမဒ ဓမ္မရသမဂ္ဂဇင်း တွင်ဟောကြားသော နှလုံးသားဝယ်ဘုရားတည် (၈) မှ ကူးယူတင်ပြပါသည်။


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

Read more...

*ကျဲကောင်းကျဲမည့် သကာရည်*

မင်္ဂလာပါ ဓမ္မမောင်နှမတို့.. ဒီစာစုလေးဟာ (31.07.2010) ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင် ကိုဝိမုတ္တိသုခ အတွက် မွေးနေ့ လက်ဆောင်အဖြစ် ရည်ရွယ် ရေးသားထားတာပါ။ သို့ပေမယ့်လည်း စာရှုသူအားလုံးကို ဖတ်စေချင်တဲ့ အတွက် ဘလော့ စာမျက်နှာပေါ် တင်ပေးလိုက်ပါတယ်.. ဖရန်စစ် ဘေကွန်ရဲ့ စာဖတ်ခြင်းဟာ ပြည့်ဝစေတယ် ဆိုတဲ့ စကားကို သတိမူမိရင်ဖြင့် စာရှုသူ သင့်အနေနဲ့ နှလုံးသွင်း ကောင်းကောင်းနဲ့ ဖတ်နိုင်ပါလိမ့်မယ်..။

~~~~~~~~~~~~~~~~~~~~~~~~~~

အစ်ကိုရေ..

ကြည်လင် အေးမြသော မွေးနေ့ပါ။ မနှစ်က ညီ့မွေးနေ့တုန်းက အစ်ကိုက ပုံပြင်တွေ ပြောပြပြီး အသိတွေပေးခဲ့ သလို ညီကလည်း အစ်ကို့မွေးနေ့ ရောက်တော့ အစ်ကို့နည်းကို ပြန်မှီပြီး ပုံပြင်နှစ်ပုဒ် ပြန်ပြောပြမိတယ်.. ဒီနှစ် ညီ့မွေးနေ့မှာတော့ အစ်ကိုက ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေ ထဲက မှတ်သားဖွယ်ရာတွေကို ထုတ်နုတ်ရေးသားပြီး လက်ဆောင် အဖြစ် ပေးခဲ့ပြန်တယ်..။ အဲ.. အစ်ကို့ မွေးနေ့ကျတော့ ညီဘာ ပြန်ပေးရမလဲ စဉ်းစားတော့ ဟဲ ဟဲ ငါကြင်းဆီနဲ့ ငါကြင်း ပြန်ကြော်တယ်ပဲ ပြောရမလား.. ဒါမှ မဟုတ် အလှူ့လက်ဖက်နဲ့ ဧည့်ခံတယ်ပဲ ဆိုရမလား.. မနှစ်ကလိုပဲ အစ်ကို့နည်းကို ပြန်တုလို့ ညီ ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေ ထဲက မှတ်သားမိတာတွေကို ညီ့အတွေးတွေနဲ့ ရောမွှေ သမပြီး ရေးမယ်လို့ စိတ်ကူးလိုက်တယ် အစ်ကို..

တစ်ခု ရှိတာက ညီဖတ်ခဲ့တဲ့ စာအုပ်တွေက ၂၀၀၇ ခုနှစ် အစောပိုင်းလောက် ညီ ဘာသာရေးနဲ့ အလှမ်းဝေးတုန်းက ဖတ်ခဲ့တဲ့ စာအုပ်တွေ ဆိုတော့.. ဘာသာရေး နယ်ပယ်က စာအုပ်တွေနဲ့တော့ ယှဉ်လို့ မရပါဘူး.. ဒါပေမယ့်လည်း အဲဒီ စာအုပ်တွေထဲက မှတ်သားခဲ့တဲ့ အကြောင်းအရာတွေကိုပဲ ညီသိထားတာတွေနဲ့ ထပ်ချဲ့လို့ ကြိုးစားပြီး တွေးပေး ရေးပေးလိုက်ပါတယ် အစ်ကိုရေ.. သိပြီးသားတွေ ပါခဲ့ရင်လည်း နာဖူးထပ်မံ ပေါ့ အစ်ကိုရာ..

ပထမဆုံး ဟိုလှန်ဒီလှန်နဲ့ သဘောကျမိတဲ့ စာကြောင်းလေးက

လောကမှာ မှားတဲ့ ကလေးသူငယ်ရယ်လို့ တစ်ယောက်မှ မရှိဘူး ခင်ဗျ၊ မှားတဲ့ လူကြီးသူမ တွေပဲ ရှိတယ်” တဲ့။ ကဲ.. ဘယ်လို လုပ်ကြမလဲ အစ်ကိုရေ.. ဆရာ အတ္တကျော်ရဲ့ သက်ငယ်စကား စာအုပ်ထဲက ရေးသားချက်.. လူလတ်ပိုင်းဝင် လူကြီးပိုင်း နီးနေတဲ့ ညီတို့ အစ်ကိုတို့ကို တည့်ခွပ်လိုက်တဲ့ အတိုင်းပဲနော..

ဒါပေမယ့် ညီ ဒီစာကြောင်းလေး ပြန်ဖတ်မိတော့ ပြုံးမိတယ်.. ဘာလို့လဲ ဆိုတော့ ဟို တစ်နေ့ကပဲ ကလေး တရားတွေ အဟောများတဲ့ ဆရာတော် အရှင်အာစာရာ လင်္ကာရ ရဲ့ ကလေးတရား တစ်ပုဒ် နာမိလိုက်တယ်.. သင်္ဃန်းကျွန်းက စာသင်ကျောင်း တစ်ကျောင်းမှာ ဟောခဲ့တဲ့ တရားပါ။ တရားထဲမှာ ဆရာတော်က ကျောင်းက ဆရာမတွေက ကလေးတွေ ဆိုးတယ် ဆိုးတယ် ပြောတော့ ကလေးနဲ့ လူကြီး ဘယ်သူက ပိုဆိုးလဲကို ယှဉ်ပြီး ဟောပြသွားတာ.. ကျန်တဲ့သူတွေတော့ မသိဘူး.. ညီ့အတွက်တော့ တစ်ချက်ဟောတိုင်း တစ်ချက် ပြုံးမိသလို တစ်သက်စာ မမေ့နိုင်တဲ့ အတွေးတွေလည်း ရလိုက်တယ် အစ်ကို.. အစ်ကို့ကို နှစ်ချက် သုံးချက်လောက် ညီပြောပြဦးမယ်..

ငါးနှစ်အရွယ် ကလေးတစ်ယောက်နဲ့ အသက် ၅၀ အရွယ် လူကြီးတစ်ယောက်.. ဘယ်သူက အရက်သောက်သလဲ တဲ့.. ဒီအမေးနဲ့တင် လူကြီး ဆိုးကြောင်း တစ်ချက်တော့ ပေါ်သွားတယ် ထင်တာပဲ အစ်ကို..

နောက်တစ်ချက်က ငါးနှစ် အရွယ် ကလေး တစ်ယောက်နဲ့ အသက် ၅၀ အရွယ် အဘွားကြီး တစ်ယောက် ဘယ်သူက နှစ်လုံး ထိုးသလဲတဲ့.. လူကြီး သူမတွေကို ဆရာတော်က နှိပ်ကွပ်လိုတာ မဟုတ်ဘဲ လူကြီးတွေ ဆင်ခြင်နိုင်အောင် ခပ်ဆတ်ဆတ်လေး ဆုံးမသွားတာပဲ အစ်ကို.. နောက်တစ်ခုက အစ်ကို့ရဲ့ ပုံပြင်ထဲကလို ကလေးကို အချိုမစားစေချင်ရင် သွန်သင်မယ့် လူကြီးကိုယ်တိုင်ကလည်း အချိုမစား သင့်ဘူးဆိုတာကို မီးမောင်း ထိုးပြ သွားသလိုပါပဲ အစ်ကိုရေ..

ဒီစာရေးရင်း ညီ စဉ်းစားမိသွားတာက ဆရာ အတ္တကျော် ပြောသလိုပဲ ကလေးဘ၀က အပြစ်ကင်းခဲ့ အပြစ်နည်းခဲ့တဲ့ ညီတို့တစ်တွေ ခုများကျမှ လူကြီးစရိုက်ဝင်လို့ လူကြီးမိုက်တွေများ ဖြစ်နေကြသလားလို့..

ဒီနေရာမှာ ဆရာတော် ဆက်ဟောသွားတာက ကလေးဆိုတာ မဆိုးပါ၊ ကလေးဆိုတာ နားမလည်တာ၊ နားလည်သွားအောင် ပြောပြပါဆိုပြီး လင်္ကာလေးနဲ့ ဆုံးမသွားတယ် အစ်ကိုရေ..

နားလည်သွားအောင် ဆိုလို့.. သတိရမိတာလေး ညီ ဆက်ရေးလိုက်ဦးမယ်.. နည်းနည်းတော့ ရှည်သွားမယ် ထင်တယ်.. လူကြီးသူမတွေ ကလေးတွေကို နားလည်သွားအောင် ဆိုဆုံးမရာမှာ ရိုက်ပြီး ဆုံးမတဲ့ သူတွေက ခပ်များများ အစ်ကို.. အစ်ကိုလည်း ငယ်ငယ်က အရိုက်ခံဖူးမယ် ထင်တယ်.. ညီလည်း အရိုက်ခံဖူးတာပဲ.. ဒါပေမယ့် ညီထင်ပါတယ် အရိုက်ခံရတာကို ကြိုက်ပါတယ် ဆိုတဲ့လူတော့ မရှိပါဘူး အစ်ကိုရေ..

အရိုက်ခံရတာနဲ့ ပတ်သတ်လို့ အရိုက်ခံရတဲ့ အချိန် စဉ်းစားကြည့်ပေါ့ အစ်ကိုရာ.. အစ်ကို သိပြီးသားတွေပါပဲ.. ရိုက်တဲ့သူ ဘက်က စစဉ်းစားကြည့်ရင် ရိုက်တဲ့သူရဲ့ သန္တာန်မှာ အဲဒီအချိန် ဘာဖြစ်နေမလဲ အစ်ကို.. ဝေးဝေး တွေးစရာတော့ မလိုပါဘူး.. အကုသိုလ်စိတ်ပဲ ဖြစ်နေမှာ.. အရိုက်ခံရတဲ့သူ ဘက်ကကော.. အကုသိုလ်စိတ်ပဲ..
အဲတော့ စိတ်ရဲ့ ပျက်နှုန်းက လက်ဖျစ်တစ်တွတ်ကို ကုဋေ တစ်သိန်းကျော်၊ ရုပ်ရဲ့ ပျက်နှုန်းက ကုဋေ ငါးထောင်ကျော် ဆိုတော့.. အားပါးပါး အစ်ကိုရေ.. အရိုက်ခံရတာ နှစ်မိနစ်လောက်ပဲ ထားကြည့်လိုက်.. ကုဋေတစ်သိန်း၊ ကုဋေငါးထောင်နဲ့ မြှောက်လိုက်ရင် နည်းနည်းနောနော အကုသိုလ်တွေမှ မဟုတ်ဘဲ..

ဟော.. ဒီအကြောင်းကို အတုမရှိ သိတော်မူတဲ့ မြတ်စွာဘုရားကျတော့ ဘယ်ရဟန်ုးကိုတော့ဖြင့် ရိုက်ပြီး ဆုံးမလိုက်တာ.. ဘယ်သူ့ကိုတော့ဖြင့် ရိုက်ပြီး ဆုံးမလိုက်တာ.. အဲလိုမှ မရှိပဲ.. မဟာကရုဏာ အပြည့်နဲ့၊ သတ္တ၀ါတွေကို သနားတဲ့စိတ် အပြည့်နဲ့ မသိတာကို သိအောင် နားမလည်တာကို နားလည်အောင် အထပ်ထပ် အကြိမ်ကြိမ် သွန်သင် ဆုံးမတော်မူတာ..

အဲလိုမျိုး ပိုင်းလော့ ဆရာတော် ဘုရားရဲ့ တရားတော်တစ်ပုဒ်မှာ နာယူမိလိုက်တော့ ဘုရားရှင်ကို ကြည်ညိုပြီးရင်း ကြည်ညိုရင်းပါပဲ အစ်ကိုရေ..

အစ်ကိုရေ.. ညီတို့လည်း တစ်ချိန်ချိန် ကလေးတွေကို သွန်သင် ဆုံးမခွင့် ရခဲ့ရင်.. မရိုက်ကြေးနော်.. စကားနဲ့ပဲ နားလည်အောင် ဆုံးမကြမယ်နော အစ်ကို.. နောက်ပြီး ညီတို့ ပတ်ဝန်းကျင်မှာ ဒီအသိ မရှိသေးလို့ ကလေးတွေကို ရိုက်ပြီး ဆုံးမနေတာ တွေ့ရင်လည်း တတ်နိုင်သလောက် နားလည်အောင် ပြောပြကြရအောင်..

****************

တစ်ချက်နဲ့တင် နည်းနည်း ရှည်သွားတယ်ထင်တယ်.. သည်းခံပြီး ဖတ်အစ်ကိုရေ.. နောက် တစ်ချက် ဆက်ရေးလိုက် ဦးမယ်.. ဆရာ မင်းလူရဲ့ အများနှင့် မသက်ဆိုင်သောသူ စာအုပ်ထဲက စာသားလေး..

ပေါစိတ်ကတော့ လူတိုင်းမှာ ရှိနေတာ သေချာသည်။ ဂုဏ်သိက္ခာတွေ ထိန်းသိမ်းနေရ လို့သာ အောင့်ထားရတာ၊ တစ်ကိုယ်တည်း လွတ်လွတ်လပ်လပ် ရှိတဲ့ အခါမျိုးမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ် တစ်နည်းမဟုတ် တစ်နည်းတော့ ပေါဖူးတဲ့ လူတွေချည်း ဖြစ်မှာပါ။ အနည်းဆုံး ကိုယ့်ရုပ်ကိုယ် မှန်ထဲ ပြန်ကြည့်ပြီး ပြုံးပြမိတာမျိုးတာ့ ရှိလိမ့်မည်။

အစ်ကိုရေ.. မှန်ထဲ ပြန်ကြည့်ပြီး ပြုံးပြဖူးလား.. ညီတော့ ခဏခဏပဲ.. ဒီနေရာမှာတော့ ဆရာမင်းလူရဲ့ စာသားက ရှင်းရှင်းလင်းလင်း ရှိတော့ ညီ မိကျောင်းမင်း ရေခင်းပြသလို မရှင်းပြတော့ဘူးနော အစ်ကို.. ဒါပေမယ့် ညီ ဆက်တွေးမိတာကိုတော့ ရေးလိုက်ဦးမယ်..

ညီ ဆက်တွေးမိတာက ရိုးသားစိတ် အကြောင်းပါ.. လူတိုင်း လူတိုင်းဟာ ခုန မှန်ထဲ ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး ပြုံးပြသလို အလုပ်မျိုးတော့ လုပ်မိကြတာချည်းပါပဲ.. ဒါပေမယ့် ရိုးသားစွာနဲ့ ကျွန်တော် အဲလိုတော့ ပြုံးပြမိပါတယ် လို့ ၀န်ခံဖို့ကျတော့.. လူတိုင်း လုပ်နိုင်ပါ့မလား အစ်ကို.. ဘယ်လုပ်နိုင်ပါ့မလဲ.. လုပ်နိုင်ပါတယ်လို့ ကြွေးကြော်သူ အနေနဲ့လည်း ခုနပြောသလို ဂုဏ်တွေ၊ ဒြပ်တွေနဲ့ ကာရံလိုက်ရင်တော့ ၀န်ခံဖို့က အခက်သား အစ်ကို.. ဒါကိုပဲ အတ္တနဲ့ ယှဉ်တဲ့ မာနလို့ ပြောလို့ရမယ် ထင်ပါတယ်..

ဒါတောင် ပြုံးမိတာလေးပဲ ရှိသေးတယ် အစ်ကို.. လောဘ၊ ဒေါသ၊ မောဟနဲ့ ယှဉ်တဲ့ အတွေးတွေ၊ ကာမဂုဏ်နဲ့ ဆက်စပ်တဲ့ အတွေးတွေ တွေးမိတယ် ဆိုရင်တော့ ရိုးသားစွာ ပြောပြဖို့က သာတောင် မဖြစ်နိုင်သေးတယ် အစ်ကို..

ဆရာတော် တစ်ပါး ပြောပြတာလေး သွားသတိရမိတယ်.. ဆရာတော်က သူငယ်ငယ်တုန်းက တရားစခန်းဝင်တော့ တရားစစ်တဲ့ အချိန်ဆို တရားစစ်တဲ့ ဆရာက တစ်နေကုန် တွေးခဲ့ ကြံခဲ့ ဖြစ်ပျက်ခဲ့တာတွေကို ပြောခိုင်းလို့ တအား စိတ်ညစ်ခဲ့ရဖူး တယ်တဲ့.. ဘာလို့လည်း ဆိုတော့ တစ်နေကုန်မှာက ပုထုဇဉ်သဘာဝ ကောင်းတာတွေချည်းပဲ ဘယ်တွေးမိမလဲ တဲ့.. အဲဒါကို တရား အစစ်ခံရတော့ မကောင်းတာတွေချန်၊ ကောင်းတာတွေချည်း ပြောပြတော့ ရိုးသားရာ ဘယ်ကျတော့မလဲ တဲ့..

အစ်ကို သိဖူးပြီးသားပါပဲ.. “ယုံကြည်၊ ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ ပြင်းစွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင် အမှန်ပင် မဂ်ရကြောင်း” ဆိုတဲ့ တရားရကြောင်း အင်္ဂါရပ်တွေကို.. ဒီအထဲမှာ စိတ်ဖြောင့်ရမယ် လို့ ဆိုထားတော့ တရားအသိ တိုးလိုတဲ့ ညီတို့အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လောက်များ ရိုးသားနေပြီလဲလို့ ခဏခဏ ပြန်လှန် စစ်ဆေးနေဖို့တော့ လိုနေပြီထင်တယ် အစ်ကို..

****************************

နောက်တစ်ချက် ညီမှတ်ခဲ့မိတဲ့ စာသားက ညီအစ်ကို နှစ်ယောက် ပြောကြတဲ့ စာကြောင်းလေး.. အစ်ကိုက ဆင်းရဲတဲ့ ဒါဏ်ကို မခံနိုင်၊ ဒီကြားထဲ ဆရာဝန်ကလည်း ဖြစ်ချင်တော့ ဆရာဝန် စရိတ်အတွက် ထောက်ပံ့ပေးမယ့် မိသားစုရဲ့ သမီးနဲ့ လက်ထပ်တော့မယ့် အချိန်မှာ ညီကနေ အစ်ကိုကို ပြောတဲ့ စကားပါ အစ်ကို.. မစန္ဒာရဲ့ တိမ်ဖုံးပါလို့ လမသာ စာအုပ်ထဲက..

ဩော်.. ကိုကိုရာ.. တိုက်တို့ ကားတို့ဟာ ရှိရင်တော့ ကောင်းတာပေါ့၊ ဒါပေမယ့် အဲဒါတွေဟာ ဘ၀ရဲ့ ဖြည့်စွက်ချက်ပါ၊ လိုအပ်ချက် မဟုတ်ပါဘူး၊ ဒါအတွက်ကြောင့် ကိုယ့်ကိုယ်ကိုလည်း ရောင်းစားစရာ မလိုပါဘူးကွာ” တဲ့..

ဒါကတော့ လောကီဘက်က ရေးထားတဲ့ စာသားပေါ့ အစ်ကို.. လောကုတ္တရာဘက်က ကြည့်လိုက်တော့ ဖြည့်စွက်ချက်နဲ့ လိုအပ်ချက် ဆိုတဲ့ စကားလုံး နှစ်လုံးကို ညီ သတိထားမိတယ်.. ဒီနေရာမှာ လိုအပ်ချက်က ဘာလဲ၊ နောက်ပြီး ဖြည့်စွက်ချက်ကကော ဘာလဲ.. ညီတွေးမိတာပေါ့နော အစ်ကို.. ဘ၀ လွတ်မြောက်ရေးက အဓိက လိုအပ်ချက်ပဲ အစ်ကို.. ညီတို့ နေ့စဉ် ကြုံတွေ့ လုပ်ကိုင်နေရတဲ့ စားရေး သောက်ရေး၊ စီးပွားရေး၊ ပညာရေး၊ ဟိုအရေး၊ ဒီအရေးတွေကတော့ ဖြည့်စွက်ချက်ပေါ့ အစ်ကို..

အဲဒီတော့ကာ ညီတို့ တစ်နေ့ တစ်နေ့ လိုအပ်ချက်နောက် မလိုက်ဘဲ ဖြည့်စွက်ချက်တွေနောက် တစ်ကောက်ကောက် လိုက်ရင်း ကိုယ်ကိုယ်တိုင်ပဲ အပါယ်သွားဖို့ ရောင်းစားနေတာ ရာခိုင်နှုန်း ဘယ်လောက်များများ ရှိနေသလဲလို့.. စဉ်းစားကြည့်မိတယ်.

ဘုန်းကြီး စာချသလိုတော့ ဖြစ်နေပြီလား မသိဘူး.. ညီ သတိရတာလေး ဆက်ရေး လိုက်ဦးမယ်.. ပြောသာပြော တာပါ။ ညီလည်း ဖြည့်စွက်ချက်တွေ လုပ်နေမိတာက ခပ်များများရယ်.. တစ်ချက်တစ်ချက် ဖြစ်ချင်တာနဲ့ ဖြစ်နေတာ အချိုးမတည့်တဲ့ အခါ ဦးတည်ချက် ပျောက်သွားတာလည်း ပါတာပေါ့ အစ်ကိုရာ.. အဲ ဒါပေမယ့် တလောကပဲ အွန်လိုင်းက မိတ်ဆွေ တစ်ယောက်နဲ့ ညီ စကားပြောရင်း “ကျွန်တော်တော့ လုပ်ရမယ့် အလုပ်၊ လျှောက်ရမယ့် လမ်းကို သိတော့ သိတယ်.. ဒါပေမယ့် တစ်ခါတစ်ခါ အားလျော့နေတယ်” ဆိုတာ ပြောမိတော့ သူလည်း အဲလို ဖြစ်တာပါပဲ.. ဒါပေမယ့် သူက အားလျော့တယ် ဆိုတဲ့ အဆင့်နောက်မှာ “ငါလျှောက်ရမယ့် လမ်းဟာ ဒီလမ်းပဲ.. ငါလုပ်ရမယ့် အလုပ်ဟာ ဒီအလုပ်ပဲ..” ဆိုပြီး နောက်ထပ် အဆင့်တစ်ဆင့် ထပ်ခံထားလိုက် တယ်တဲ့.. ရည်မှန်း ချက်ကို ခိုင်မာအောင် ထပ်ဆင့် တည်ဆောက်လိုက်တဲ့ သဘောပေါ့ အစ်ကိုရာ.. အဲဒီတော့မှ “ဒီဘ၀နဲ့ ဒီအလုပ်ဆိုတာ ဆုံးဖြတ်ချက် ပိုင်ပိုင်ချထားပါ” ဆိုတဲ့ လယ်တီ ဆရာတော် ဘုရားရဲ့ အဆုံးအမကို ပြန်သတိရမိ တော့တယ်.. ညီတော့ အဲဒီစကား ကြားပြီးကတည်းက လုပ်ရတဲ့ အလုပ်တွေမှာ ပိုပြီး အားပါလာတယ် အစ်ကို.. ဒါကတော့ ညီ စကားစပ်လို့ ထည့်ရေးလိုက်တာပါ။

***************************

သံယောဇဉ်ဆိုတာ ဖြတ်ပါမယ် ဆိုကာမှ တိုးတိုးလာတယ်၊ သံသရာကို ကြောက်မိအောင် ကြိုးစားကာမှ ဘ၀ဟာ မက်မောဖို့ ပိုပိုကောင်းလာတယ် ဟားးး ဟားးး

သားတော်မောင် မိန်းမ မရခင်ကတော့ တရားသွား သွား အားထုတ်နေတဲ့ အဖေက သားတော်မောင် မိန်းမရပြီး ကလေးလည်း ရကော တရားဘက် သိပ်မလှည့်နိုင်တော့ဘဲ သားအချစ် မြေးအနှစ် ချစ်ပြီးရင်း ချစ်ရင်း သံယောဇဉ်ထဲ တ၀ဲလည်လည် ဖြစ်ပုံကို တက္ကသိုလ် ဘုန်းနိုင်က စာခြယ်ထားတာ အစ်ကို.. သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင် စာအုပ်ထဲကပါ။ အစ်ကို့ စကားနဲ့ ပြောရင်တော့ မရှုပ်ရင် မနေနိုင်တာက လွဲလို့ပေါ့..

ညီတို့လည်း သံယောဇဉ် တိုးတိုင်း ရယ်မယ်ဆို နေ့စဉ်ရက်ဆက် ရယ်ရမလိုပဲ.. ဒါပေမယ့်လည်း ရယ်တော့ရယ် နဂိုရှိပြီးသား ကိုယ့်အတွင်းသားလေး ကိုတော့ မတိုးတက်ရင် နေပါစေ၊ မတူးဖြိုမိဖို့တော့ သတိထားကြတာပေါ့ အစ်ကိုရာ..

အစ်ကိုရေ.. ညီရေးတာလည်း များသွားပြီ.. အခုဆို အစ်ကိုက ၃၄ ပြည့်တာနော.. ၃ နဲ့ ၄ က ကျောချင်းသာ ကပ်နေပေမယ့် တူရူကတော့ တကယ့်ကို ဆန့်ကျင့်ဘက်ပဲ.. တင်စားလိုက်ရင် ဓမ္မနဲ့ အဓမ္မပေါ့ အစ်ကိုရာ.. ဓမ္မကို ဦးတည်ပြီးသား အစ်ကို့ အတွက်တော့ နှလုံးသားမှာ ဓမ္မ အချိုရည်တွေ ပြည့်နေပြီးသားပါ.. ဒါကိုပဲ ညီက အစ်ကို့ မွေးနေ့မှာ အချိုပေါ် သကာလောင်းသလို မွေးနေ့လက်ဆောင် အဖြစ် ရေးလိုက်တဲ့ သဘောပါ အစ်ကို.. ညီ လောင်းလိုက်တဲ့ သကာက အချိုကျဲနေခဲ့ရင်လည်း ငါးအရိုးထွင်သလို အစ်ကို့အတွက် ကောင်းနိုးရာရာတွေ ရွေးယူပါလို့ ရေးသားရင်း..

ဓမ္မလမ်းကြောင်းပေါ်က အစ်ကိုတစ်ယောက် ခရီး ပေါက်သထက် ပေါက်ပါစေ။ Happy Everyday အစ်ကို..


လေးစားခင်မင်စွာဖြင့်
ညီ
7/30/2010, FRI:, 12:40:37 PM

Read more...

Chanda Sutta

“I helped the Buddha to become the Buddha, therefore this Buddha, Dhamma and Sangha is my Buddha, my Dhamma and my Sangha” thought Venerable Chanda. This conceited thought had caused this Venerable to have no respect for the other monks during the Buddha’s time.

In tonight Dhamma talk at BMBMC, Sayadaw U Vimalacarabhivamsa explained the situation faced by Venerable Chanda as mentioned in the Chanda Sutta.
After the demise of the Buddha, Venerable Chanda who was isolated from the other monks began to feel bored. Venerable Chanda decided to proceed to a gathering of elder monks and requested them to give him a Dhamma talk.

Fearing that Venerable Chanda will blame them and every other things of suffering, the elders decided to teach him that Rupa, Vedana, Sanna, Sankhara and Vinnana are impermanent and non-self only.

Venerable Chanda is a good meditator but he has wrong views in related to self as he believes in there exist a self or ego and also there is no existence after this life.

Not satisfied and with doubt, Venerable Chanda decided to seek Venerable Ananda for advice. Venerable Ananda who is endured with wisdom and foresight, expounded the Paticca Samupada to Venerable Chanda. Paticca Samupada which tenets is based on Cause and Effect and the cessation of the cause resulted in the cessation of effect is able to eradicate the wrong views as being held by Venerable Chanda.

Realising the meaning of the Dhamma explained by Venerable Ananda, Venerable Chanda is able to attain to the First stage of Sainthood.

Sayadaw U Vimala hoped that tonight Dhamma talk will encourages members of BMBMC to try to achieve the first stage of Sainthood and not to have wrong views such as Sakayaditthi and Uccheda ditthi.

Sadhu! Sadhu! Sadhu!
0 comments

Read more...

ထွန်းဦး နှင့် ထွန်းလှ

ထီးချိုင့် တည်တော ဆရာတော်ရဲ့  ဒါနဟူသည် - လို့ ရေးထားတဲ့ စာအုပ်မှ အလုံမြို့ ပရမတ်ဆရာ ထွန်းဦး နှင့် ထွန်းလှ နှစ်ဦးကို အသိပေး သတိသံဝေဂ စပ်ဆိုထားတဲ့ လယ်တီ ဆရာတော်ဘုရားကြီး တေးထပ်ကို ဖတ်မိပါတယ်။

အဲဒီ လူ နှစ်ယောက်က တကယ့် ကျမ်းတတ်အကျော် လူတတ်ကြီးတွေပါ။ ကျမ်းတတ်သလို အဟော အပြော ကလည်း ကောင်းမှ ကောင်းတဲ့။ လျှာမှာ လိုတရ ပဒေသာပင်လို အော်တိုမက်တစ် လူငေးရလောက်အောင် စကားတွေက ထွက်နေတော့တာပါပဲတဲ့။

အလုပ် တကယ်လုပ်မည့်ချိန်ဆိုရင်တော့ ရှောင်တောင်ရှောင်တောင်။ နောက်တွန့် ဆုတ် တွန့် ဆုတ် ရယ်။ အကြွားကတော့ မျက်နှာ ပြောင်ပြောင်ပဲ ကြွားတတ်တယ်။

သူတို့ က မှားမှန်းသိလျက်နဲ့ လည်း စကားကို ဟိုလိုလို ဒီလိုလို ယောင်တောင်ပေါင်တောင် လှည့်ပတ် ပြီး ပြောတတ်ကြတယ်။ သံသရာမှ ကျွတ်လမ်း လွတ်လမ်း က သူတို့  နှစ်ယာက်အတွက် ဝေးစွာ့။

သူတို့ အကြောင်းကို အဲဒီလို သိထားတာနဲ့ ပဲ လယ်တီဆရာတော် ဘုရားကြီး က ပရမတ်ဆရာဆိုသူ ဒကာ နှစ်ယောက်ကို ဒီလိုလေး တေးထပ်လေးနဲ့  ဆိုဆုံးမခဲ့ပါတယ်။

ထွန်းဦး နှင့် ထွန်းလှ ဖွဲ့ တေးထပ်

ထွန်းဦး နှင့် ထွန်းလှ
လွမ်းစရာ့ နှစ်လူ
ကျမ်းဓမ္မ အဆူဆူမှာ
သူမတူ ဉာဏ်သွား
ဟောပြောမှု ထွေအလာ
ပဒေသာ နှုတ်လျှာကပါး...။

အလုပ်နဲ့  အဟုတ်တယ်လျှင်
ဆုတ်ပြယ်ပြယ် လူစား
တကယ်ဆို ရှောင်သမား
ပြောင်ကြွားကြွား ဟန်ပို
ပြောဟောဉာဏ် စာအရေးမှာတော့
လျှာကလေး သွက်ကြသကို...။

သိလျက်သားနဲ့  အမှားပို
စကားထိုထို ရိုးမယ်ဖွဲ့ လို့ 
ဘယ်တဲ့ ညာတဲ့ ယောင်ယောင်ပေါင်ပေါင်
ပြောကြဟန်ဆောင်
နစ်မြဲ နစ်ဖို့  အလွတ်ဆောင်လျင်

အကျွတ်ဟိုနောင် ကွာလှမ်း ရှာလိမ့်လေး....။


လူတိုင်းလည်း ကိုယ့် သဘောနဲ့ ကိုယ်ပဲ တေးထပ်မူရင်းကို နားလည် နိုင်ပါတယ်။ ဒါမှ ပိုထိရောက် ပါ့မယ်။ ခု ကိုယ့်အနေနဲ့  ကိုယ်နားလည်သလို ပဲ ပြောကြည့်တာပါ။

တကယ်တမ်းက တရားကို နာယူသင့်တယ်။ တရားဘလော့များကိုလည်း ဖတ်သင့်တယ်။ တရားမနာ တရားအကြောင်းရေးရာ မလေ့လာ မနာယူပါက လှော်တာ လှော်ခတ်နေတာ ပဲ့မပါတဲ့ လှေလို သူရောက်ချင်ရာ ရောက်ပါလိမ့်မယ်။

ပြီးတော့ တရားတွေ နားလည်တယ်ဆိုပြီး တကယ်ကို လက်တွေ့ မကျင့်လည်း နောက်က ပဲ့တော့ ပါတယ် ၊ လှော်တပ် မရှိတော့ ၊ မလှော်ရင်တော့ ကိုယ်မှန်းရာကိုတော့ ရောက်မှာ မဟုတ်ဘူး။ ထွန်းဦး နှုင့် ထွန်းလူ လိုသာ ဖြစ်ပါလိမ့်မယ်။

ကဲ ဒီလောက်ဆို အားလုံး သဘောပေါက် လောက်ပါပြီနော်။ ဘယ်တရား နာနာ ၊ ဘယ်ဘလော့ ဖတ်ဖတ် နာတဲ့ အတိုင်း ကျင့် ၊ ဖတ်တဲ့အတိုင်း ကျင့်။ သို့ မဟုတ် သင်ခန်းစာ ယူနိုင်ဖို့ ပါဘဲ။

ဗုဒ္ဓဘာသာတို့  ပန်းတိုင်ကို ရောက်လိုပါလျင်...

ထွန်းဦး နှင့် ထွန်းလှ လိုမျိုး အသိဥာဏ် ကျမ်းများတတ်မြောက်ကြပြီး ၊

တကယ့် အလုပ်ကို အလုပ်နဲ့  တူအောင် အပြောသန်မဟုတ်ပဲ
လက်တွေ့  အလုပ်များ ကျင့်ကြံနိုင်ကြပါစေ...



မှတ်ချက်။ ။ ဒဿန ခရီးစဉ်မှ တည်တော ဆရာတော် ဒါနဟူသည်မှ
တေးထပ်ကို
ဖတ်ရှု ရေးသားပါတယ်။
ပြန်လည် ဖေါ်ပြပေးသော
ဒဿန ခရီးစဉ်ကိုလည်း ကျေးဇူးတင်စွာ။



မြတ်ရောင်နီ

( ၃၁ ၊ ၀၇ ၊ ၂၀၁၀ )

.

Read more...

လူသား၊ နှုန်းစံများနှင့် တာဝန်


ဗုဒ္ဓစာပေများတွင် လူကို “မနုဿ”ဟု အသုံးများသည်။ မနုဿ-ဟူသော ပါဠိကို ပါဠိဆရာများက အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ထိုဖွင့်ဆိုချက်များအရ “အကောင်း၊ အဆိုးကို သိတတ်နားလည်တတ်သောကြောင့် လူ၊ တဖြည်းဖြည်း တိုးတက်နေသော စိတ်ဓာတ်ရှိသောကြောင့် လူ…”စသည်ဖြင့် အမျိုးမျိုး တွေ့ရသည်။ သို့ဖြစ်၍ “လူဆိုသည်မှာ လုပ်သင့်၊ မလုပ်သင့်၊ ပြောသင့်၊ မပြောသင့်၊ ကြံစည်သင့်၊ မကြံစည်သင့်…စသည်တို့ကို သိနားလည်ပြီး မိမိတို့၏ စိတ်ကို အမြင့်မြတ်ဆုံးအခြေအနေရောက်အောင် ပြုတတ်သူများ”ဟု ဆိုနိုင်လိမ့်မည်ဟု ထင်သည်။

ဖန်ဆင်းရှင်ဝါဒများက လူကို ဘုရားသခင်များက ဖန်တီးသည်ဟု ဆိုသည်။ ခရစ်ယာန်အဆိုအရ လူ (အမျိုးသား)သည် ထာဝရဘုရားအကူအညီဖြင့် မြေကြီးက ဖြစ်လာသည်။ လူ (အမျိုးသမီး)က အမျိုးသား၏ နံရိုးတစ်ချောင်းမှ ဖြစ်လာသည်။ အစ္စလာဟ်ဘာသာအလိုအရလည်း ထိုအဆိုနှင့် တူသလောက်ပင် ဖြစ်သည်။ အခြားသော ဖန်ဆင်းရှင်ဝါဒများသည်လည်း ဤနည်းနှင်နှင် ယူဆပြောဟောကြပေသည်။ ရုပ်ဝါဒသမားများကမူ လူသည် မည်သူဖန်ဆင်း၍ ဖြစ်လာသည်လည်း မဟုတ်၊ လူတွင် မမြင်နိုင်သောအကြောင်းတရား ဘာမှ မရှိ။ လက်တွေ့မျက်တွေ့ မိဘနှစ်ပါးတို့ စပ်ယှက်မှုကြောင့် လူဖြစ်လာသည်ဟု ဆိုကြသည်။

ဗုဒ္ဓ၀ါဒက ဖန်ဆင်းမှုအယူအဆကို လုံးဝပယ်သည်။ ရုပ်ဝါဒအဆိုကို တစိတ်တဒေသအားဖြင့် လက်ခံသည်။ ဗုဒ္ဓ၀ါဒအရ လူတစ်ယောက်ဖြစ်လာဖို့အတွက်…
၁။ မိဘဖြစ်မည့်သူနှစ်ဦး ကာမစပ်ယှက်ခြင်း၊
၂။ မိခင်ဖြစ်မည့်သူ ဥတုလာပြီးစ ဖြစ်ခြင်း၊
၃။ ပဋိသန္ဓေနေမည့်သူက အဆင်သင့်ဖြစ်ခြင်း ဟူသော အကြောင်းသုံးချက် ပြည့်စုံဖို့ လိုသည်။ (မဟာတဏှာသင်္ခယသုတ်) ဗုဒ္ဓဘာသာတစ်ဦးဖြစ်နေ၍လား မသိ၊ အလွန်သဘာဝကျသော အဆိုတစ်ခုဟု ယူဆမိသည်။ ဟုတ်ပါပြီ။ မည်သို့သောအကြောင်းနှင့်ဖြစ်နေပါစေ.. သေချာသည်က ယခု ကျွန်ုပ်တို့ လူဖြစ်လာကြပေပြီ။

လူဆိုသည်မှာ သက်မဲ့အရာဝတ္ထုများကဲ့သို့ မဟုတ်၊ သူ့တွင် ခံစားတတ်သော၊ တွေးကြံတတ်သော၊ ဆုံးဖြတ်တတ်သော စိတ်..ဆိုသောအရာ ပါရှိသည်။ စိတ်ဟူသည် ပြောလိုက်သည်က တစ်လုံးတည်းဖြစ်သော်လည်း ဗီဇနှင့် ပတ်ဝန်းကျင်ကိုလိုက်၍ အမျိုးမျိုး ကွဲပြားသည်။ စိတ်ကွဲပြားသဖြင့် ခံစားချက်တွေ ကွဲပြားသွားသည်။ ခံစားချက်များ ကွဲပြားသွားသဖြင့် ခံယူချက်တွေ ကွဲပြားသွားသည်။ ခံယူချက်တွေ ကွဲပြားသွားသဖြင့် ပြုမှုလုပ်ဆောင်ချက်တွေ ကွဲပြားသွားသည်။ ပြုမူလုပ်ဆောင်ချက်များ ကွဲပြားသွားသဖြင့် ပန်းတိုင်များ သို့မဟုတ် ဆိုက်ရောက်ရာ ဘ၀အခြေအနေများလည်း ကွဲပြားသွားလေတော့သည်။

ထိုထို ကွဲပြားချက်များရှိနေလင့်ကစား လူသည် တစ်ဦးနှင့်တစ်ဦး ကင်းကင်းကွာကွာ မနေတတ်ကြ။ အခြေခံအားဖြင့် ပေါင်းစည်းညီညွတ်စွာ နေလိုကြသည်။ တစ်ဦးနှင့်တစ်ဦး ပုံစံအမျိုးမျိုးဖြင့် ပေါင်းသင်းဆက်ဆံကြသည်။ မတူညီသောစိတ်၊ ကွဲပြားသောခံစားချက်နှင့် ခြားနားသောပန်းတိုင်တို့အကြား ညီညွတ်စွာပေါင်းစည်းရေးအတွက် တာဝန်များ ချမှတ်လိုက်ကြသည်။

“ဒါက မင်းတာဝန်၊ ဒါက ငါ့တာဝန်၊ ဒါက ဆရာ့တာဝန်၊ ဒါက တပည့်တာဝန်၊ ဒါက မိဘတာဝန်၊ ဒါက သားသမီးတာဝန်၊ ဒါက လင့်တာဝန်၊ ဒါက မယားတာဝန်၊ ဒါက ဆရာ့ (ကြည်ညိုခံဆရာ) တာဝန်၊ ဒါက ဒကာ့တာဝန်…..”

လူဆိုသည်မှာ မွေးလာပြီဆိုကတည်းက သားသမီးဟူ၍ ဖြစ်လာသဖြင့် သားသမီးတာဝန်က ပါလာသည်။ သားသမီးမှသည် တပည့်ဖြစ်လာမည်၊ တပည့်တာဝန်။ ထိုမှ ဆရာဖြစ်လာမည်၊ ဆရာ့တာဝန်။ ထိုမှ မိဘဖြစ်လာမည်၊ မိဘတာဝန်။ ထိုမှ ဒကာဖြစ်လာမည်၊ ဒကာ့တာဝန်။ ဆိုတော့…. တာဝန်နှင့်လူသားကို မည်သူက ခွဲခြားပေးနိုင်ပါမည်လဲ။ မည်သည့်တန်ခိုးရှင်ကမှ ခွဲခြားပစ်၍ မရ။ တာဝန်နှင့်လူသားသည် ခေါင်းနှင့်ပန်းပမာ တပူးတွဲတွဲ ဖြစ်တည်နေရလေသည်။

တာဝန်နှင့်လူသား ခွဲခြားမရတာတော့ ဟုတ်ပါပြီ။ “တာဝန်ဆိုတာ ဘာလဲ”။ တာဝန်ဆိုသည်ကို မည်သူက ပညတ်ပေးသနည်း။ သတ်မှတ်ပေးသနည်း။ မည်သူသတ်မှတ်ပေးသော တာဝန်ကသာ တကယ်ထမ်းဆောင်ရမည့်တာဝန်ဖြစ်ပြီး မည်သူသတ်မှတ်ပေးသောတာဝန်က မထမ်းဆောင်သင့်သောတာဝန် ဖြစ်နေသနည်း။ ဥပမာအားဖြင့် လူ့တာဝန်။ လူသားတစ်ယောက်အနေဖြင့် မည်သို့သောတာဝန်တွေကို ထမ်းဆောင်မှ လူ့တာဝန်ကျေပွန်သည်ဟု ဆိုနိုင်မည်နည်း။ ဥပမာ မိဘနှစ်ပါး။ မည်သို့သောတာဝန်များကို ကျေပွန်မှ မိဘတာဝန်ကျေပွန်မည်နည်း။

တစ်ဖန် စဉ်းစားစရာ ရှိသည်မှာ… တာဝန်ဟူသည် အရှိတရားလော သို့မဟုတ် ဖန်တီးထည့်သွင်းထားရသော ပညတ်တရားတစ်ခုလော။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာက သိင်္ဂါလောဝါဒစသောာ သုတ်တို့ဖြင့် မကောင်းမြစ်တား၊ ကောင်းရာညွှန်လစ်…စသော မိဘတာဝန်များကို ဖော်ပြပေးသည်။ ထိုသို့ မြတ်စွာဘုရားက သတ်မှတ်ပေးသဖြင့် မိဘများတွင် တာဝန်ရှိလာသလော။ သို့မဟုတ် မြတ်စွာဘုရားဟောသည်ဖြစ်စေ၊ မဟောသည်ဖြစ်စေ… ထိုတရားငါးပါးကိုသည် မဖြစ်မနေ ထမ်းဆောင်သင့်သောတာဝန်များ ဖြစ်သလော။ အမြင်အမျိုးတော့ ဖြစ်နေပါလိမ့်မည်။

ခရစ်ယာန်ကလည်း ခရစ်တော်ညွှန်ပြသော မိဘတာဝန်၊ အစ္စလာဟ်ဘာသာကလည်း မိုဟာမက်ဟောကြားသော မိဘတာဝန်၊ ကွန်ဖြူးရှပ်ဘာသာကလည်း ကွန်ဖြူးရှပ်ညွှန်ပြသော မိဘတာဝန်။ ဘာသာမဲ့ကလည်း သူကိုယ်တိုင် သတ်မှတ်ထားတဲ့ မိဘတာဝန်…..။ အသီးအသီး ပညတ်ထားကြလိမ့်မည်။ သို့ဆိုလျှင် တာဝန်ဟူသည် အရှိတရားမဟုတ်။ သတ်မှတ်ပညတ်ထားချက်တစ်ခုသာ ဖြစ်သည်ဟု ဆိုရပေမည်။

သို့ရာတွင် ဤနေရာတွင် တာဝန်များကို မည်သို့သောစံနှုန်းများဖြင့် သတ်မှတ်ထားကြသနည်း။ ဒဿနပညာရှင်များက တာဝန်များသတ်မှတ်မှုတွင် အကြောင်းတရားအခြေခံနှစ်ရပ်ကို ဆွဲထုတ်ပြသည်။
၁။ အပြုအမူတစ်ခု၏ အကျိုးဆက်ကို ကြည့်ခြင်း၊
၂။ အခြားစံနှုန်းတစ်ခုခုကို ကြည့်ခြင်း။
တာဝန်တွေကို အဘယ့်ကြောင့် ပညတ်ပေးထားသနည်း။ လောကကောင်းကျိုး၊ ပတ်ဝန်းကျင်ကောင်းကျိုး၊ မိမိကောင်းကျိုးဟူသော အကျိုးဆက်များကို ကြည့်၍ သတ်မှတ်ပေးထားသည်ဟု ဆိုသည်။ နောက်တစ်မျိုးက အကျိုးဆက်ကို ပဓာနမထား။ လက်ရှိအခြေအနေနှင့်အချိန်အခါကို မိမိဉာဏ်ဖြင့် စဉ်းစားဆင်ခြင်သည်။ “ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်။ ဒါကိုလုပ်မှ ဒီကိစ္စက ပြီးမြောက်မယ်”စသည်ဖြင့် မိမိယူဆသတ်မှတ်ထားချက်အရ တာဝန်တွေကို ပညတ်လိုက်သည်။

လူနာငါးယောက်နှင့် ဒေါက်တာတစ်ဦးကို ဥပမာအဖြစ် ပြသည်။ ဆေးခန်းတစ်ခုတွင် လူနာငါးယောက်ရောက်လာသည်ဆိုပါစို့။ ငါးယောက်တွင် လေးယောက်က ကျောက်ကပ်၊ နှလုံးစသည့် အစားထိုးကုသမှုများ ပြုလုပ်ဖို့ လိုအပ်နေသည်။ တစ်ယောက်ကတော့ ဒဏ်ရာအနာတရ အကြီးအကျယ်မဖြစ်၊ အကောင်းပကတိနီးပါး ဖြစ်သည်။ ဆရာဝန်၏တာဝန်သည် တတ်နိုင်သမျှ လူနာများကို အသက်ရှင်အောင် ကုသပေးဖို့ ဖြစ်သည်။ ဤကိစ္စတွင် ဆရာဝန်အနေဖြင့် သက်သာနေသူ၏ ကျောက်ကပ်၊ နှလုံးစသည်တို့ဖြင့် လူနာလေးယောက်တို့၏ အသက်ကို ကယ်တင်နိုင်သည်။ သို့ဖြစ်၍ “လေးယောက်ကို အသေခံမလား၊ သက်သာနေသူကို အသေခံမလား”ဆိုသော ပြဿနာဝင်လာသည်။ အခြားနည်းလမ်းက ရွေးစရာမရှိ။ သက်သာနေသူကို အသက်ရှင်ခွင့်ပေးလိုက်လျှင် ကျန်လေးယောက်က သေမည်။ လေးယောက်နှင့်တစ်ယောက် သို့မဟုတ် အသက်လေးချောင်းနှင့် အသက်တစ်ချောင်း….မည်သည်ကို ရွေးရပါအံ့နည်း။

နံပါတ် ၁-အကျိုးဆက်ကိုသာ ကြည့်သူက လူလေးယောက်၏ အသက်သည် လူတစ်ယောက်၏အသက်ထက် ပိုတန်ဖိုးကြီးသည်။ သို့မဟုတ် အသက်လေးချောင်းသည် အသက်တစ်ချောင်းထက် ပို၍ လူ့လောကအကျိုးကို သယ်ပိုးနိုင်သည်။ လူတစ်ယောက်၏လုပ်နိုင်စွမ်းအားနှင့် အကျိုးစီးပွားထက် လူလေးယောက်၏ လုပ်ဆောင်နိုင်စွမ်းနှင့် အကျိုးစီးပွားက ပို၍ သာလွန်သည်။ ထို့ကြောင့် လေးယောက်ကို အသက်ရှင်အောင်ကုသပြီး တစ်ယောက်ကိုတော့ အဆုံးရှုံးခံလိုက်ဖို့ ပြောလိုက်မှာ သေချာသည်။

နံပါတ် ၂- အခြားစံနှုန်းတစ်ခုခုကို မူတည်ပြီး လုပ်ဆောင်ချက်ကို ဆုံးဖြတ်သူကတော့ ဤအမြင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အသက်ရှင်ခွင့်ရှိနေသောလူတွင် လူသားတစ်ယောက်၏ ကိုယ်ပိုင်အခွင့်အရေး ရှိနေသည်။ သူသည် ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာ အကြီးအကျယ်မရခဲ့။ လူလေးယောက်၏စွမ်းအားလောက် ကြီးမားမှုမရှိနိုင်သော်လည်း သူ့တွင် ကိုယ်ပိုင်အသက်ရှင်ခွင့်က ရှိနေသည်။ ဆရာဝန်သည် အထက်ပါ အချက် ၂-ချက်အနက် မည်သည့်အချက်ဖြင့် ဆုံးဖြတ်မည်နည်း။

အကျိုးဆက်ကိုသာ ကြည့်ပါက လေးယောက်ကို အသက်ရှင်စေပြီး တစ်ယောက်ကို လက်လွှတ်ပစ်လိုက်မိမည်ဖြစ်သည်။ သို့ရာတွင် အမှတ် ၂-အချက်ဖြင့် စဉ်းစားလိုက်ပြန်လျှင် ဆရာဝန်တစ်ယောက်၏ တာဝန်၊ အကျင့်…စသည့် စံနှုန်းများက သူ့ကို တိုက်ခိုက်ကြတော့မည်။ လောကပြဿနာများတွင်လည်း ထိုကဲ့သို့ ဘေးကျပ်နံကျပ်ဖြစ်စေသော ကိစ္စရပ်များစွာ ရှိလေသည်။
ဆရာဝန်၏ ကိုယ်ကျင့်နှင့်တာဝန်ကို မည်ကဲ့သို့ သတ်မှတ်ပေးမည်နည်း။ သူလေးစားအားကျရာ၊ သူတိမ်းညွတ်ရာ ပတ်ဝန်းကျင်လွှမ်းမိုးမှုများ၊ သူကိုးကွယ်ရာ ဘာသာတရား…..စသော အရာများက သတ်မှတ်ပြဓာန်းပေးလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ တာဝန်နှင့်လူ၏ ပြုမှုချက်ဆိုင်ရာ ကိုယ်ကျင့်တရားက တရားသေမပြောနိုင်သော ပညတ်တရားတစ်ခုသာ ဖြစ်နေပြန်ပါသည်။ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများအပေါ်မူတည်၍ လူတို့၏ တာဝန်သတ်မှတ်ချက်များကလည်း ကွဲပြားနေပါလိမ့်မည် ဖြစ်လေသည်။ သို့ဆိုလျှင် လူတို့၏ တာဝန်ဆိုသည်ကို မည်သို့ ပုံသေကားချမှတ်ယူနိုင်သော စံတစ်ခုမျှ မရှိတော့ပြီလော။

ပြင်သစ်နိုင်ငံကို ဂျာမန်က အသဲအသန် ထိုးစစ်ဆင်နေချိန်က ဖြစ်ပျက်ခဲ့သော အကြောင်းလေးကလည်း စဉ်းစားစရာတစ်ခု ဖြစ်သည်။ ထိုစဉ်က လူငယ်တိုင်း လက်နက်ကိုင်ပြီး စစ်ထဲဝင်သည်။ တိုင်းပြည်ကို ကာကွယ်ရန်အတွက် လူတိုင်းစစ်မြေပြင်သို့ သွားရောက်ကြသည်။ သို့ရာတွင် လူငယ်တစ်ယောက်က စစ်ထဲဝင်ပြီး စစ်မြေပြင်သို့ သွားသင့်၊ မသင့် အကြီးအကျယ် ဆုံးဖြတ်ရခက်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့တွင် ရောဂါအသဲအသန်ဖြစ်နေသော မိခင်အိုကြီးက ရှိနေသည်။ ပြုစုမည့်သူက မရှိ။ သူသာ စစ်မြေပြင်သွားပြီး မိခင်အိုကြီးကို မပြုစုလျှင် မိခင်အိုကြီးခမျာ သေဖို့သာ ရှိလေသည်။ တစ်ဖက်တွင် သူ့လိုပဲ လူငယ်တွေက အကြောင်းပြချက်တွေ အမျိုးမျိုးပေးပြီး စစ်ထဲမသွားကြလျှင် အမိနိုင်ငံတော်ကြီးမှာ တိုင်းတစ်ပါးလက်အောက်တွင် ကျရှုံးရပေတော့မည်။ မိဘအပေါ်ပြုစုရမည့် သားသမီးတာဝန်နှင့် တိုင်းသူပြည်သားတိုင်း ပြုသင့်သော တိုင်းပြည်တာဝန်။ မည်သည်ကို ရွေးရပါအံ့နည်း။

ဗုဒ္ဓမြတ်စွာနှင့်သူတော်စင်တို့ လမ်းညွှန်ချက်များအရ ပေးအပ်လာသော တာဝန်အသီးသီးနှင့် မိမိသူတစ်ပါးချမ်းသာခြင်းဟူသော အကျိုးဆက်တို့ကို မိမိအသိဉာဏ်ဖြင့် နှိုင်းယှဉ်ရင်း လူသားပီသအောင် တစ်ဆင့်ချင်း တိုးပွားအောင် အားထုတ်နိုင်လျှင် ကွဲပြားနေသောစံနှုန်းများကို ဂရုမစိုက်ဘဲ ဆက်လက်လျှောက်လှမ်းသွားနိုင်မည်ဟု ထင်မြင်နေမိသည်။ ကိုယ်ရွေးလိုက်သော စံနှုန်းများနှင့် တာဝန်များအတွက် နောင်တမရဖို့တော့ လိုအပ်နေပါလိမ့်အုံးမည်။

အထက်ပါအကြောင်းများကို သူငယ်ချင်းကို ပြောပြတော့ သူငယ်ချင်းက “တာဝန်နဲ့ပတ်သက်ပြီး ပြတ်သားတဲ့ အမြင်တွေ မပါဘူး”ဟု ဆိုသည်။ မိမိကလည်း “တာဝန်ဆိုတာ နေထိုင်ရာဝန်းကျင်နဲ့ ကြိုတင်သိရှိမှုများအရ ကွဲပြားနေတတ်ပုံကို မီးမောင်းထိုးပြချင်ရုံသက်သက်ပါ။ မြင်ချင်သလို မြင်၊ တွေးချင်သလို တွေးလို့ ရတာပေါ့”ဟု ပြန်ပြောလိုက်ရပါသည်။ ဘာပဲဖြစ်ဖြစ် တာဝန်ဆိုင်ရာ အမြင်တွေကတော့ ရှုပ်ထွေးစွာ ကွဲပြားနေပါလိမ့်အုံးမည်။

Read more...

Live Questions and Answers (7)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

4 Jul 10, 07:07 PM
ထွန်းထွန်း
အရှင်ဘုရား တပည့်တော် လာလည်သွားပါတယ်ဘုရား။ တပည့်တော် အွန်လိုင်းပေါ် လာလည်ရင်း အများကျိုးအတွက် မေးခွန်းလေးတစ်ခု လျှောက်ထားပါရစေ။ မသိမှု အ၀ိဇ္ဖာအောက်မှာ ကျင်လည်နေကြရတဲ့ သတ္တ၀ါတွေကို ချုပ်ကိုင်ထားတဲ့ အရာတစ်ခုတော့ရှိတာ သေချာပါတယ်ဘုရား။ အ၀ိဇ္ဖာကဖုံးလိုက် တဏှာကချော့လိုက်နဲ့ ဒီသတ္တ၀ါတွေဟာ ၃၁ဘုံထဲက မလွတ်နိုင် မကျွတ်နိုင်ဖြစ် နေရတာ ဘာကြောင့်ပါလိမ့်ဘုရား။

6 Jul 10, 06:23 AM
မနာပဒါယီ >>> ထွန်းထွန်း
သတ္တ၀ါတွေကို ၃၁ဘုံ သံသရာမှာ တ၀ဲလည်လည်နဲ့ ရုန်းမထွက်နိုင်အောင်၊ သံသရာရှည်ကြာအောင် သံသရာချဲ့ထွင်ပေးတဲ့ တရားတွေရှိပါတယ်။ အဲဒီတရားတွေက တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားများပဲ ဖြစ်ပါတယ်။ ဒီတရားသုံးပါးဟာ သတ္တ၀ါတွေကို သံသရာမှာ အရှည်ကြာအောင် သံသရာနယ်ချဲ့နေတဲ့ တရားများ ဖြစ်ပါတယ်။ ဒီတရားတွေ ရှိနေသမျှ ဒီသုံဆယ့်တစ်ဘုံထဲက မလွတ်နိုင်၊ မကျွတ်နိုင် ဖြစ်နေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီတရားတွေကြောင့် သတ္တ၀ါတွေဟာ အ၀ိဇ္ဇာတွေများ၊ တဏှာတွေ ပွားနေကြတာ ဖြစ်ပါတယ်။ ဒီပပဉ္စတရားသုံးပါးကို ဉာဏ်နဲ့ မဖြတ်နိုင်သေးသမျှတော့ ဘုံဘ၀မှာ ဆုံကြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သံသရာဘုံဘ၀မှ လွတ်မြောက်လိုသူတွေဟာ ဒီသံသရာနယ်ချဲ့ တရားများကို ဉာဏ်နဲ့ အမြစ်ပြတ်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်းဖြစ်ပါတယ်။

20 Jul 10, 12:09 AM
kyaw ye htut
ဆရာတော်ကို တပည့်တော် တစ်ခုမေးချင်လို့ပါ။ သူတစ်ပါးက တပည့်တော်ဆီက ပိုက်ဆံလာချေးလို့ ပေးလိုက်တယ်ဘုရား။ သူတစ်ပါးက ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဘာမှမဖြစ်ပါဘူးဘုရား။ မပေးလည်း ရပါတယ်ဘုရား။ ခွင့်လွှတ်နိုင်ပါတယ်။ ပိုက်ဆံချေးသွားတဲ့သူက သံသရာ ကြွေးခံရလားဘုရား။ တပည့်တော်က ခွင့်လွှတ်တယ်ဘုရား။ တဆိတ်လောက်သိပါရစေ။

20 Jul 10, 12:52 AM
မနာပဒါယီ >>> kyaw ye htut
ဒီနေရာမှာ ပိုက်ဆံချေးသွားသူရဲ့ စိတ်စေတနာအပေါ်မှာ မူတည်ပါတယ်။ သူကစေတနာ အလိုဆိုးနဲ့ ချေးပြီးတမင်သက်သက် မပေးဘဲ နေခဲ့တာ၊ ရှောင်ခဲ့တာဆိုရင်တော့ သံသရာကြွေး ခံရတတ်ပါတယ်။ ချေးလိုက်တဲ့သူက ဘယ်လိုပဲ ခွင့်လွှတ်ခွင့်လွှတ် ဒီအမှုကို စတင်ကျူးလွန်တဲ့ ပိုက်ဆံချေးသွားသူ ကာယကံရှင်က အစကတည်းက မကောင်းတဲ့ စိတ်စေတနာနဲ့ လုပ်ခဲ့တာဆိုရင် သူကိုယ်တိုင် ပြန်ပြီးဝန်ချတောင်းပန်ကာ အကျိုးအကြောင်း ပြောဆိုပြီး ချေးထားတဲ့ ပိုက်ဆံနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် တစ်ခုခုကို မပေးဘဲနေမယ်ဆိုရင် သူ့မှာအပြစ်ရှိနေပြီး ဒီအပြစ်ကို ပြန်ခံရတတ်ပါတယ်။ ချေးပေးသူက ခွင့်လွှတ်ပေမယ့် ချေးသွားသူက စေတနာ အလိုဆိုးနဲ့ လုပ်သွားခဲ့တာဆိုရင် တစ်ဘက်က ခွင့်လွှတ်ပေမယ့် တစ်ဘက်မှာတော့ သူ့စေတနာအတိုင်း ပြန်ခံရတတ်ပါတယ်။ နှစ်ဦးနှစ်ဘက်လုံး တောင်းပန်ပြီး ခွင့်လွှတ်ကြမယ်ဆိုရင်တော့ အပြစ်မရှိပါဘူး။ သံသရာကြွေး မပါနိုင်ပါဘူး။

27 Jul 10, 12:26 AM
ဗလ
မျှားလာတဲ့ ငါးတွေကို သတ်ပြီး လက်ဆောင်လာပေးရင် စားသင့်ပါသလားဘုရား။
မမှန်စွပ်စွဲခံရလို့ စိတ်ဆင်းရဲပြီး သတ်သေသွားတဲ့ ဦးဇင်းလေးတစ်ပါးအကြောင်း အင်တာနက်မှာ ပြန့်လာလို့ ဖတ်ရပါတယ်။ ဒီလိုဝဋ်ကြွေးတွေဟာ ရှောင်လွှဲလို့ လျော့ပါးအောင်ပြုလို့ မရနိုင်ဘူးလားဘုရား။


27 Jul 10, 02:21 AM
မနာပဒါယီ >>>ဗလ
သတ်ပြီးလာပေးတဲ့ သူကကိုယ့်အတွက် တမင်ရည်ရွယ်သတ်ပြီး လာပေးခြင်း ဟုတ်မဟုတ်နဲ့ အကယ်၍ ကိုယ့်အတွက် တမင်ရည်ရွယ်ပြီးသတ်တာ၊ အဲဒီလို ကိုယ့်အတွက် ရည်ရွယ်ပြီးသတ်တာကို ကိုယ်ကိုယ်တိုင်ကလည်း သိနေတယ်ဆိုရင် မစားကောင်း၊ မစားသင့်ပါဘူး။
ဝဋ်ကြွေးတွေ ရှောင်လွှဲလျော့ပါးအောင် လုပ်ဖို့နဲ့၊ အကြွင်းမဲ့ကုန်သွားအောင် လုပ်ဖို့ကတော့ အရိယာမဂ်ဉာဏ်နဲ့ပဲ လုပ်လို့ရမှာဖြစ်ပါတယ်။ သေတာပတ္တိမဂ်ဉာဏ်စတဲ့ ဉာဏ်တွေနဲ့ပဲ ၀ဋ်ကင်းပြတ်ရာကို လုပ်နိုင်မှာဖြစ်တဲ့အတွက် ၀ိပဿနာ အားထုတ်ပြီး အရိယာမဂ်ကို အရယူကာ ၀ဋ်ကြွေးတွေ လျော့အောင် ကုန်အောင်လုပ်ဖို့ပဲ လိုပါတယ်။ တစ်ခြားနည်းမရှိပါဘူး။

29 Jul 10, 05:24 AM
That Aung
Ashinphaya, if we cut down the tree and nat (yokasoe) lost his shelter, is it a sin? (pardon that I cannot type Myanmar.)

29 Jul 10, 01:22 PM
မနာပဒါယီ >>>That Aung:
သစ်ပင်တိုင်းမှာတော့ ဒီနတ်တွေ ရုက္ခစိုးတွေ ရှိတာမဟုတ်ပါဘူး။ ဘာမှမရှိတဲ့ သစ်ပင်တွေကို ခုတ်ရင်ဘာမှ မဖြစ်ပေမယ့် နတ်စတဲ့ ဒီသစ်ပင်ကို အမှီပြုနေရတဲ့ ပုဂ္ဂိုလ်တွေ ရှိမှန်းသိရဲ့နဲ့ စေတနာပါပါနဲ့ သူတို့နေရာပျောက်အောင် ခုတ်ရင်တော့ ဒါဟာ အပြစ်ဖြစ်ပါတယ်။ တစ်ခါတစ်လေ ရှိမှန်းသိရဲ့နဲ့ တစ်ခြားအကြောင်း တစ်ခုခုကြောင့် မဖြစ်မနေ ခုတ်ရတဲ့ အနေအထားလေးတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ မခုတ်ခင် ကြိုတင်နေရာပြောင်းနေဖို့ မေတ္တာရပ်ခံပြီး ခုတ်လှဲရင်တော့ အပြစ်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သစ်ပင်တိုင်းမှာ နတ်စတဲ့ မြင်အပ်မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေ ရှိနိုင်မရှိနိုင်ဆိုတာ မသိရတဲ့အတွက် ဘာပဲဖြစ်ဖြစ် လိုအပ်လို့ သစ်ပင်တွေ ခုတ်တော့မယ်ဆိုရင် မခုတ်ခင် သူတို့အသိုက်အမြုံ နေရာလေးတွေ မပျောက်ပျက်စေလိုတဲ့ စေတနာနဲ့ ကြိုတင်အသိပေးပြီး တစ်ခြားတစ်နေရာကို ပြောင်းရွေ့ဖို့ မေတ္တာရပ်ကာ ခုတ်တာအကောင်းဆုံးပဲ ဖြစ်ပါတယ်။

30 Jul 10, 06:06 AM
ပေတလူး
ဘုန်းဘုန်းဘုရား... အချို့တောရွာတွေမှာ ဝက်သားယူမလားလို့ ဝက်မွေးသူက မသတ်ခင် ကြိုပြီး ဝက်သားဝယ်မယ့်သူတွေ လိုက်စပ်ပါတယ်။ တစ်ပိဿာယူမယ်၊ နှစ်ပိဿာယူမယ်စသဖြင့် ယူမယ့်သူတွေ တစ်ကောင်စာလောက် ရတော့မှ ဝက်ကိုပေါ်ပါတယ်။ ယူမယ်လို့ ကြိုပြောရင် ပါဏာတိပါတ သင့်လားဘုန်းဘုန်း။ ကွန်သွားပစ်တဲ့သူတွေ တောလိုက်တဲ့ လူုတွေဆီက ငါးတွေ အကောင်ဗလောင်တွေကို ညနေ စောင့်ဝယ်တာရော ပါဏာတိပါတသင့်ပါလား။ ဝယ်သူရှိလို့ ကုန်သွားရင် နောက်နေ့တွေ ကွန်ဆက်ပစ်၊ တောထပ်တိုးပြီး ရောင်းဖို့ ထပ်ရှာကြလို့။ အဲဒါကို စားစရာ မရှိလို့ ဝယ်မိရင် ပါဏာတိပါတ သင့်ပါလား။

30 Jul 10, 03:29 PM
မနာပဒါယီ >>>ပေတလူ:
ပါဏာတိပါတကံနဲ့ ပတ်သက်လို့
၁။ အသက်ရှိသတ္တ၀ါဖြစ်ခြင်း၊
၂။ သတ္တ၀ါဟူသော အမှတ်လည်းရှိခြင်း။
၃။ သေစေလိုသော စိတ်ရှိခြင်း၊
၎။ သတ်အံသော လုံ့လ ပယောဂရှိခြင်း၊
၅။ လုံ့လပယောဂကြောင့်သေခြင်း ဆိုတဲ့ ဒီအင်္ဂါ (၅)ပါးနဲ့ ပြည့်စုံရင် ပါဏာတိပါတကံ ထိုက်ပါတယ်။ ဒီနေရာမှာ သတ်တာလည်း ကိုယ်တိုင်သတ်ခြင်း သူတပါးကို သတ်စေခြင်းစသဖြင့် အမျိုးမျိုး ရှိရာမှာ ပါဏာတိပါတကံ ဖြစ်နိုင်ခြင်း အကြောင်း (ပယောဂ) ရှစ်မျိုးမှာ တစ်မျိုးမျိုးနဲ့ သတ်မိပြီး အထက်ဖော်ပြပါ အင်္ဂါရပ်တွေနဲ့ ပြည့်စုံနေရင် ကံမြောက်ပါတယ်။ အဲဒီ ပယောဂ (၈)မျိုးကတော့
(၁) သတ္တ၀ါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊
(၂) သတ္တ၀ါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊
(၃) ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊
(၄) သူတပါးကို စေခိုင်းခြင်း၊
(၅) အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊
(၆) အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်း ဆေးဝါး အစီအရင် ထားခြင်း စသည့် အရာမျိုး၊
(၇) ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့် သေအောင်လုပ်ခြင်း၊
(၈) မိမိ တန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်းတို့ပဲ ဖြစ်ပါတယ်။ (ပါရာဇိကဏ်အဋ္ဌကထာ)

ဒီအဖွင့်တွေအရ မေးခွန်းရှင် သိလိုတဲ့ အမေးနဲ့ ညှိယူနိုင်ပါတယ်။ မေးခွန်းရှင် မေးထားသလို သားသတ်သမားများ၊ ငါးဖမ်းသမားများဟာ ဒီလိုကြိုတင်မှာယူသူ၊ စားသုံးသူတွေ ရှိနေတဲ့အတွက် လုပ်နေရတာဖြစ်လို့ မှာယူသူတွေဟာ သွယ်ဝိုက်တဲ့နည်းနဲ့ ပါဏာတိပါတကံ ထိုက်နေသလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖော်ပြပါ အင်္ဂါရပ်တွေနဲ့ ညှိကြည့်တဲ့အခါ ကိုယ်ကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိ သတ်ခိုင်းခြင်း မဟုတ်သလို သတ်တဲ့သူတွေကလည်း ကိုယ်ကခိုင်းလို့ ကိုယ့်အတွက်ရည်ရွယ်ပြီး သတ်နေကြတာ မဟုတ်တဲ့အတွက် တိုက်ရိုက်အနေနဲ့ ပါဏာတိပါတ ကံမမြောက်ဘူးလို့ နားလည်နိုင်ပါတယ်။ ကိုယ်လိုစားသုံးသူတွေ ရှိနေတဲ့အတွက် သူတို့သတ်နေရတာဖြစ်လို့ ကိုယ်လည်းပယောဂ မကင်းဘူးလို့ ဆိုချင်ဆိုနိုင်ပေမယ့် တိုက်ရိုက်သတ်တဲ့ ပါဏာတိပါတကံတော့ မမြောက်ပါဘူး။ ကိုယ်ကိုယ်တိုင်က တိုက်ရိုက်ညွန်ကြားလို့ သတ်ရတယ်ဆိုရင်တော့ ကံမြောက်တယ်လို့ ပြောနိုင်ပါတယ်။

မေးခွန်းရှင် အမေးထဲကလို ၀ယ်မယ့်သူတွေလိုက်စပ်ပြီး ၀ယ်သူပြည့်မှ သတ်တဲ့အပေါ်မှာတော့ ကိုယ့်ပယောဂ မကင်းတဲ့အတွက် ကံမြောက်နိုင်ပါတယ်။ လိုက်စပ်တဲ့ သူတွေကတော့ ကိုယ်မဟုတ်လဲ တစ်ခြားသူတွေကို လိုက်စပ်ပြီး အရေအတွက်ပြည့်ရင် သတ်မှာဖြစ်လို့ လိုက်စပ်တဲ့ သူတွေထဲမှာ ကိုယ်မပါမိဖို့ လိုပါတယ်။ ဒီလိုမျိုးကိုတော့ ရှောင်ဖို့လိုပါတယ်။ သူ့အလိုလို သတ်ပြီးသား၊ သေပြီးသားတွေကို လိုက်စပ်လို့ ၀ယ်ယူတဲ့ အပိုင်းမှာတော့ ကံမမြောက်ပါဘူး။ တံငါသည်တွေ ငါးဖမ်းကအပြန် စောင့်ဝယ်တဲ့ အပိုင်းမှာလည်း ငါးအရှင်တွေကို ကိုယ်ကတိုက်ရိုက် ၀ယ်ယူပြီး သတ်စေတယ်ဆိုရင် ကံမြောက်နိုင်ပြီး ပါလာတဲ့ သေပြီးသား အသေတွေကို ၀ယ်ရင် ကံမမြောက်နိုင်ပါဘူး။

ဒီလိုပါပဲ။ ဈေးထဲမှာ ရောင်းနေတဲ့ အရှင်တွေကို ကိုယ်ကလက်ညှိုးထိုးပြီး တိုက်ရိုက်ဝယ်ယူ သတ်စေတဲ့အပိုင်းမှာ ပါဏာတိပါတ ကံဖြစ်နိုင်ပေမယ့် သတ်ပြီးသား အသေတွေကို ၀ယ်ယူမှုမှာတော့ ကံမမြောက်နိုင်ပါဘူး။ ဆိုလိုတာက ကိုယ်လိုစားသုံး သူတွေကြောင့် သားသတ်သမားတွေ သားသတ်နေရတာဖြစ်လို့ ကိုယ့်မှာလည်း ပါဏာတိပါတကံ ဖြစ်နိုင်တယ်လို့ ထင်ရပေမယ့် ကိုယ့်အနေနဲ့က စေတနာ ရည်ရွယ်ချက်နဲ့ သေစေလိုတဲ့ စိတ်ရှိပြီး တိုက်ရိုက်လုံ့လပြုတာ၊ တိုက်ရိုက်စေခိုင်းတာ၊ ကိုယ်ကလုံလ ပယောဂပြုလို့ ဒီသတ္တ၀ါတွေ သေရတာ မဟုတ်တဲ့အတွက် ပါဏာတိပါတကံ မဖြစ်နိုင်ပါဘူး။ အဓိကကတော့ အသားစား သူတွေအနေနဲ့ အရှင်လတ်လတ်တွေကို ၀ယ်ယူစားသုံးမှု မဖြစ်စေဖို့၊ အရှင်လတ်လတ် ရောင်းချမှုအပိုင်းမှာ ရွေးချယ်ဝယ်ယူပြီး သတ်ခိုင်းတာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။ ကိုယ်လိုသူတွေရှိလို့ သတ်ကြတာ ဆိုပေမယ့် ကိုယ့်ရဲ့ ပယောဂမပါဘဲ သူတို့သတ်ပြီးသား အသားကို ၀ယ်ယူစားသောက်မှု အပိုင်းမှာတော့ ပါဏာတိပါတ ကံမမြောက်နိုင်ပါဘူး။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP