* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, July 13, 2010

မိဂဒါဝုန်တောသို့ ရောက်တော်မူခြင်း

Monday, July 12th, 2010 | Author: admin

(ယခင်ပို့စ်မှ အဆက်)

ဥပကတက္ကတွန်း နှင့် တွေ့ဆုံပြီးနောက်…သဗ္ဗညုမြတ်ဗုဒ္ဓလည်း အစဉ်သဖြင့် ခရီးဒေသစာရီ ဆက်လက် ကြွချီတော်မူလေသည်။ ရည်ရွယ်ရာ ဗာရာဏသီမြို့ မိဂဒါဝုန်တောအတွင်းသို့ ရောက်လေပြီ။ ပဉ္စ၀ဂ္ဂီတို့ ရှိနေရာ အရပ်ဖြစ်၏။ ပဉ္စ၀ဂ္ဂီငါးပါးတို့လည်း ခပ်လှမ်းလှမ်းမှ ဘုရားကိုယ်တော်မြတ်ကြွလာသည်ကို မြင်နေရလေပြီ။ သို့ရာတွင် သူတို့အမြင်မှာတော့ ရဟန်းကြီးဂေါတမအဖြစ်ပဲ မှတ်ထင်နေကြသည်။ ဘုရားအဖြစ်မှန်း သူတို့ မသိသေးပေ။ ထိုသို့ခပ်လှမ်းလှမ်းမှ မြင်လျင်ပဲ သူတို့ ၅ပါး အချင်းချင်း ကတိက၀တ် (စည်းကမ်းများ) သတ်မှတ်ကြလေသည်။ သူတို့၏ ကတိက၀တ်မှာကား..

ငါရှင်တို့ ဟောဟိုမှာ…ပစ္စည်းလာဘ်လာဘတွေ ပေါများအောင် ကျင့်ကြံအားထုတ်နေသော..ကမ္မဋ္ဌာန်းအလုပ်မှ လျှောကျလေပြီးဖြစ်သော ကမ္မဋ္ဌာန်းလူထွက်ကြီး ရဟန်းဂေါတမ လာနေလေပြီ။
ထိုရဟန်းကြီးဂေါတမကို မရှိခိုးကြနဲ့၊ ခရီးဦး မကြိုဆိုကြနဲ့၊ သပိတ်သင်္ကန်းကို လှမ်းမယူကြနဲ့
သိုပေမယ့် သူထိုင်ချင်ရင် ထိုင်လို့ရအောင် နေရာလေးတော့ ထားပေးလိုက်ကြပါစို့….ဟု..

ခပ်စောစောတည်းက..သူတို့ဘာသာသူတို့ ဣနြေ္ဒရရ ကတိက၀တ်များ ပြုထားကြလေသည်။ ဒီလို ကတိက၀တ်တွေ သတ်မှတ်ပေမယ့်လည်း တကယ်တော့ သူတို့ငါးပါး၏စိတ်ထဲတော့ မြတ်ဗုဒ္ဓအပေါ် ချစ်ခြင်း တကယ် မကင်းနိုင်သေးပေ။ အင်တင်တင်ဖြင့် ဟန်လုပ်နေကြခြင်းပင်ဖြစ်၏။

သဗ္ဗညုမြတ်ဗုဒ္ဓလည်း တလှမ်းပြီးတလှမ်း သူတို့ရှိရာသို့ ချဉ်းကပ်လာလေပြီ။ ထိုသို့ တလှမ်းပြီးတလှမ်း နီးကပ်လာလေလေ..သူတို့ ဆောက်တည်ထားတဲ့ ကတိက၀တ်တွေ အလိုလိုလျှော့ကျ သွားလေတော့၏။ မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ပင်ဖြစ်၏။ မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ကြောင့် သူတို့ သဘောတူ သတ်မှတ်ထားသော ကတိက၀တ်များ ပျက်လေပြီ။

ထို့ကြောင့် ရှေ့ဆုံးမှ ကိုယ်တော်ကစပြီး ကတိက၀တ်ကို ပျက်လေပြီ။ ဘယ်လိုမှ ဘယ်လို ထကြွလိုက်မှန်းမသိနိုင်အောင်ဘဲ မြတ်ဗုဒ္ဓအား..လှမ်းပြီး ခရီးဦး ကြိုဆိုလေသည်။
ရှေ့ဆုံးကိုယ်တော်က..ကတိက၀တ်ပျက်လေတော့ နောက်နားမှကိုယ်တော်တပါးကလည်း မြတ်ဗုဒ္ဓ၏ သပိတ်သင်္ကန်းကို လှမ်းယူ ကြိုဆိုလေပြန်သည်။
နောက်တတိယကိုယ်တော်ကလည်း ဟိုကိုယ်တော်မှ သပိတ်သင်္ကန်းလှမ်းပြီး အရိုအသေပြုလျင် ငါလည်း.အရိုအသေပေးဦးမည်ဆိုပြီး..နေရာထိုင်ခင်းပေးပြန်လေသည်။
နောက် စတုတ္ထကိုယ်တော်သည်လည်း ဘုရားကိုယ်တော်မြတ် ခြေတော်ဆေးဖို့ရန် ခြေဆေးရေကို သွားခပ်လေသည်။
နောက်ဆုံးကိုယ်တော်တစ်ပါးကလည်း ဘုရားကိုယ်တော်မြတ် သုံးစွဲဖို့ရန် ခြေဆေးအင်ပျဉ် ခြေပွတ်အိုးခြမ်းတို့ကို ယူလာလေ၏။

သူတို့၏ သတ်မှတ်ထားသော ကတိက၀တ်များပျက်ပြီး… အသီးသီး အရိုအသေ ပြုကြလေတော့သည်။ နေရာထိုင်ခင်း၌ ဘုရားကိုယ်တော်မြတ် ထိုင်တော်မူပြီးနောက် ..ပဉ္စ၀ဂ္ဂီတို့က စတင် စကားပြောကြသောအခါ..

ငါ့ရှင် ဂေါတမ ကျွန်ုပ်တို့ ဟိုတုန်းက ငါ့ရှင်ကို ရေပူရေချမ်း ကမ်းလှမ်းပြီးတော့ ပြုစုခဲ့ကြတယ်နော်၊ ကျွန်ုပ်တို့ ထွက်ခွါသွားသောအခါ ဘယ်သူကများ ပြုစုပါသလဲ..ငါ့ရှင်စိတ်ထဲမှာ ဘယ်လိုများဖြစ်သတုန်းဟု..ပြောဆိုမေးမြန်းကြ၏။

ထို့သို့ သူတို့ ပြောဆိုမေးမြန်းစကားအခွန်းတိုင်းမှာ ငါ့ရှင်ဂေါတမ ငါ့ရှင်ဂေါတမဟု အမည်တော်တပ်ပြီး.. ပြောဆိုကြ၏။ တန်းတူသဖွယ်သဘောထားပြီး သူနှယ်ငါ့နှယ် ပြောဆိုနေကြခြင်းဖြစ်၏။ သူတော်ကောင်းဘက်မှကြည့်လျင် အင်မတန်ရိုင်းပြသော စကားအသုံးအနှုံးဖြစ်၏။ ထိုအခါ သဗ္ဗညုမြတ်ဗုဒ္ဓက….

ဘိက္ခဝေ ရဟန်းတို့..ရှေးဘုရားတို့နှင့် အလားတူဖြစ်သော ငါ့ကို..ဂေါတမ ဂေါတမ ဆိုပြီး အမည်ရင်းဖြင့် မသုံးနှုံးကြနဲ့ မခေါ်ဝေါ်ကြနဲ့။ အဂါရ၀ ဖြစ်မယ်။ ငါ့ရှင်လို့လည်း မပြောကြနဲ့။ ရဟန်းတို့ ငါသည်ကား..
အရဟံ - ပူဇော်အထူးကို ခံထိုက်သော ဘုရားဖြစ်ပြီ။ အရဟံဂုဏ်တော်ရှင် ဖြစ်ပြီ။
တထာဂတော - ရှေးဘုရားတို့နှင့် အလားတူဖြစ်ပြီ။
သမ္မာသမ္ဗုဒ္ဓ - ကိုယ်တိုင် မှန်စွာသိသော ဘုရား ဖြစ်ပြီ။
ရဟန်းတို့ နားစိုက်ထောင်ကြကုန်။ ငါဘုရား တရားဟောမယ်။ ငါဘုရား ဆုံးမတဲ့အတိုင်း သင်ချစ်သားတို့ လိုက်နာပါမူကား..အမျိုးကောင်းသား သင်ချစ်သားတို့ လိုလာတောင်းတအပ်သော အရဟတ္တမဂ်ဖိုလ်ကို မျက်မှောက်ဘ၀၌ပင် ရောက်၍ ရ၍ ပြည့်စုံကြပေလိမ့်မည်…



ဟု ရဲရဲတင်းတင်း မိန့်တော်မူလေ၏။
မြတ်ဗုဒ္ဓက..ထိုသို့ မိန့်တော်မူသော်လည်း ပဉ္စ၀ဂ္ဂီတို့က..ဘုရားဟု မယုံကြည်နိုင်ကြသေးပေ။ ထို့ကြောင့် အခုလို ပြန်လည် လျောက်ထားလေသည်။

ငါ့ရှင်ဂေါတမ ဒီလောက်လည်းပဲ အပြောမကြီးပါနဲ့ဦး…ဟိုတုန်းက..ဥရုဝေဠတောမှာ တရားအားထုတ်စဉ်..အစာ မစားဘဲ ခဲခဲ ယဉ်းယဉ်း တရားအားထုတ်စဉ်ကမှ သဗ္ဗညုမြတ်ဗုဒ္ဓ မဖြစ်ပါဘဲ..အခု ကမ္မဋ္ဌာန်းကလျှောကျ တဲ့အခါကျမှ၊ ပစ္စည်းလာဘ်လာဘ ပေါများအောင် အားထုတ်တဲ့သူဖြစ်မှ အဘယ်မှာ သဗ္ဗညုတဥာဏ်တော်ကို ရနိုင်ပါမလဲ၊ အဘယ်မှာ တရားထူး တရားမြတ်တို့ကို ရနိုင်ပါမလဲ
ဟု ပြန်လည် ပြောဆိုလေသည်။ သူတို့၏ စိတ်ထဲ ရှိတဲ့အတိုင်း ရိုးရိုးပဲ ပြောဆိုလိုက်ခြင်းဖြစ်၏။

သူတို့ အခုလို မြတ်ဗုဒ္ဓအပေါ်၌ အထင်အမြင် ပြောင်းလဲ သွားခြင်းမှာလည်း အံ့သြဖွယ်ပင်ဖြစ်၏။ ဟိုအရင် ဘုရားအလောင်းတော်ငယ်စဉ်ကတည်းကပင်..သူတို့က..ဘုရားအလောင်းတော်အား သေချာပေါက် မြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု တွက်ချက် ပြောထားခဲ့ပြီးဖြစ်၏။ ထို့်ကြောင့်လည်း ဘုရားအလောင်းတော်အား ဥရုဝေဠတောမှနေ၍ ကြိုတင် စောင့်ကြိုနေခဲ့ကြသည်။ ဘုရားအလောင်းတော် ဒုက္ကရစရိယာအကျင့်ကို ကျင့်သောအခါ၌လည်း ၀တ်ကြီးဝတ်ငယ်ပြုစုခဲ့ကြသေး၏။ သို့ပေမယ့် အလောင်းတော် ထိုအကျင့်မှ ထွက်ပြီး အစာ အနည်းငယ် ပြန်လည်စားသုံးသောအခါ..သူတို့သည် ဘုရားအလောင်းတော်အပေါ် ဘုရားဖြစ်မည်ဟု ယုံကြည်ချက်မထားတော့ပေ။ သူတို့ မူလ တွက်ချက်ထားသော ဟောပြောချက်ကိုပင် မယုံကြည်ကြတော့ပဲ ဘုရားအနီးမှ ထွက်ခွာခဲ့ခြင်းဖြစ်၏။ ထိုသို့ သူတို့ ယုံကြည်ချက်များ ပြောင်းလဲသွားခြင်းမှာ..သူတို့၏ အမြင်မှား အယူမှားခြင်း၌အခြေခံ၏။ သူတို့ အမြင်မှားကား..ဒုက္ကရစရိယအကျင့်အား ကျင့်စဉ်မှန်ဟု စွဲလမ်း ယုံကြည်ထားခြင်းဖြစ်၏။ ထိုအကျင့် ကျင့်မှသာလျင် တကယ်ပင် ဘုရားဖြစ်နိုင်၏ဟု လက်ခံထားသော အယူမှားပင်ဖြစ်၏။ မြတ်ဗုဒ္ဓဟောပြောမှသာလျင် သူတို့လည်း ထိုအကျင့်ကို အတ္တကိလမထ အကျင့်မှားမှန်း သိကြပေလိမ့်မည်။

ထိုသို့ ပဉ္စ၀ဂ္ဂီတို့က..ပြန်လည်ပြောဆိုသော စကားအပေါ်.. မြတ်ဗုဒ္ဓက ပြန်လည်၍ အခုလိုမိန့်တော်မူသည်။..

ရဟန်းတို့ ရှေးဘုရားတို့နှင့် နည်းတူ လာခြင်းကောင်းသော ငါဘုရားသည်..သင်ချစ်သားတို့ ထင်နေသလို..ကမ္မဋ္ဌာန်းအလုပ်မှ လျောကျတဲံ့သူလည်း မဟုတ်ပေဘူး၊ ပစ္စည်းပေါများအောင် အားထုတ်သောသူလည်း မဟုတ်ဘူး၊
ငါသည်ကား..အရဟံ၊ သမ္မာသမ္ဗုဒ္ဓ၊ တထာဂတ ဂုဏ်ရှင် စင်စစ် ဧကန် ဘုရားဖြစ်၏။ အမြိုက်နိဗ္ဗာန်ကို ငါကိုယ်တိုင် သိအပ်မြင်အပ်ခဲ့ပြီ။ ချစ်သားတို့ နားစိုက်ထောင်ကြ၊ ငါဘုရား ဆုံးမမယ်။ တရားဟောမယ်။ ငါဘုရားဟောတဲ့အတိုင်း သင်ချစ်သားတို့ လိုက်နာကြလျင် သင်ချစ်သားတို့ လိုလားတောင့်တအပ်သော အရဟတ္တမဂ်ဖိုလ်ကို ပစ္စကဘ၀မှာပင် ရနိုင် ရောက်နိုင်မည်…ဟု..
ပြန်လည်မိန့်တော်မူလေသည်။



ဒုတိယအကြိမ်တွင်လည်း ပဉ္စ၀ဂ္ဂီတို့က ရှေးကအတိုင်းပင် အဘယ်မှာ သဗ္ဗညုမြတ်ဗုဒ္ဓဖြစ်နိုင်ပါမလဲဟု..ပြန်လည်ပြောဆိုပြန်သည်။
မြတ်ဗုဒ္ဓကလည်း အထက်ကအတိုင်း ရှေးစကားအတိုင်းပင် ပြန်လည်မိန့်တော်မူ၏။
ထို့နောက် တတိယအကြိမ်တွင်လည်း ပဉ္စ၀ဂ္ဂီတို့က..အရင်လို ပြန်လည်ပြောဆိုသောအခါ..မြတ်ဗုဒ္ဓက..

ချစ်သားတို့ ငါဘုရား..ယခင်က..သင်တို့နှင့်အတူရှိခဲ့စဉ်က…ဤသို့သောစကားမျိုးကို ပြောခဲ့ဖူးသလား၊ စဉ်းစားကြလော့၊
သင်ချစ်သားတို့ကို ငါဘုရားက အထင်ကြီးစေအောင်..
ကိုယ်ယောင်ကိုယ်ဝါတွေမရှိဘဲနဲ့ ကိုယ်ယောင်ကိုယ်ဝါတွေ ရနေပြီလို့၊
ငါ့မှာ အာရုံနိမိတ်တွေ ထင်နေပြီလို့..စသဖြင့် အထင်ကြီးအောင် ၀ါကြွားပလွှား ပြောခဲ့ဖူးသလား
အဲလိုစကားများ သင်တို့ ဟိုတချိန်က..ငါပြောခဲ့တာကို ကြားခဲ့ဖူးသလား..



ဟုမိန့်တော်မူလေသည်။

ထိုအခါကျမှ ပဉ္စ၀ဂ္ဂီတို့လည်း ..ဟုတ်တယ် ရှေးတုန်းက..ဒီလို စကားမျိုးတွေ မပြောခဲ့ဖူးဘူး။..ဟိုတုန်းက..တရားထူးကို မတွေ့ရ မသိရသေးလို့ မပြောခဲ့တာပဲ ..အခုပြောတာကတော့..တကယ်ကို သိမြင်လာလို့ သဗ္ဗညုဘုရားဖြစ်ပြီလို့ ရဲရဲတောက် ပြောတာပဲ..လို့..ဆင်ခြင်စဉ်းစားမိကြတယ်။..ထို့သို့ ဆင်ခြင်စဉ်းစားမိတော့မှပဲ..ဘုရားဟောတဲ့ တရားတော်အား နာယူဖို့ရန် စကားမပြောတော့ဘဲ စိတ်ကို ဆောက်တည်ကြလေသည်။..သူတို့စိတ်ထဲမှာ သစ္စာတရားကို သိဖို့ရန်သာ သတိဖြင့် နားစိုက်ထောင်ကြတော့သည်။ တရားနာရန် အင်္ဂါသုံးပါး သူတို့သန္တန်မှာ ရှိနေကြသည်။ ထိုအင်္ဂါသုံးပါးမှာ..

  1. ရိုရိုသေသေ နေထိုင်ခြင်း
  2. နားစိုက်ထောင်ခြင်း
  3. ဘုရားကိုယ်တော်မြတ် ဟောမည့် တရားကို သိဖို့ရန်သာ စိတ်ကို သတိကပ်ထားခြင်း..တို့ဖြစ်၏။…

ထိုအချိန်ကျမှ သုံးလောကထွဋ်ထား သဗ္ဗညုမြတ်ဗုဒ္ဓက..တရားဦး ဓမ္မစကြာတရားတော်ကို စတင်ဟောတော်မူလေသည်။

အောက်ပါတရားတော်အား နာယူပြီး ရေးသားထားသည်။
ဓမ္မစကြာတရားတော် (mp3) - မင်းကွန်းဆရာတော်ဘုရားကြီး

Read more...

တရားပွဲ ကြေငြာ





အရှင်တေဇောဘာသ ( မြင်းခြံ )

ဗောဓိပက္ခိယ တရား ( ၃၇ ) ပါးမှ ဗိုလ်ငါးပါးကို ၅ လ ဟောကြားပြီးသွားပါပြီ။

ဆက်လက်ပြီး သမ္မပ္ပဓာန်လေးပါး ကို တစ်လ တစ်ကြိမ်
ဟောကြားသွားပါမည်။

ယနေ့ 

( ၁၂ ၊ ၀၇ ၊၂၀၁၀) နေ့  - နံပါတ် ၁ သမ္မပ္ပဓာန်

သမ္မပ္ပဓာန် လေးပါးမှာ-
၁။ အကုသိုလ်ကို ပယ်ခြင်း( ပဟာန )
၂။အသစ်မဖြစ်စေခြင်း( သံဝရ )
၃။ကုသိုလ်ကို ဖြစ်စေခြင်း(အာရက္ခ၊ ဥပ္ပန္န)
၎။တိုးအောင် အားထုတ်ခြင်း( ဘာဝနာ)

၁၊၂၊၃၊ ၄ အစဉ်မှာ အဘိဓမ္မာ လာအတိုင်းဖြစ်ပါသည်။

ကြိုးစားနည်း လေးမျိုးကို ၀ီရိယ နှင့်ဆိုင်ရာ
ဒေသနာတော်များမှ ထုတ်နှုတ်ကာ ဟောကြားသွားပါမည်။



တရားပွဲ ကျင်းပရာ။ ။မြူးနစ်မြို့ ၊ D B U. တက္ကသိုလ်မှတ်တိုင်
U 3/ U 6 Universität
အချိန်။ ။ည ၁၉:၀၀ မှ ၂၁:၀၀ နာရီထိ




Thema: Bodhipakkhiyā dhammā - Die 37 zur
Erleuchtung gehörenden Dinge



Zeit: jeweils 19:00-21:00 Uhr

Dhamma-Talk der Bodhi Vihara Sangha:
Ehrwürdiger Tejobhasa aus Burma
in englischer Sprache mit deutscher Übersetzung
auf Einladung der Buddhistischen Gesellschaft München
.
Ort: München, Amalienstraße 71, Meditationsraum der DBU;
erreichbar zu Fuß von der U-Bahnhaltestelle
Universität U3/U6


မြူးနစ်မြို့ ဝန်းကျင်မှာ နေထိုင်ကြကုန်သော တရားနာယူလိုကြကုန်သော
ရွှေဓမ္မမိတ်ဆွေတို့ အား အသိပေး ဖိတ်ကြားအပ်ပါသည်။

မှတ်ချက်။ ။တရားပွဲကို အင်္ဂလိပ်ဘာသာဖြင့်ဟောကြားမည်။
ဂျာမန်ဘာသာပြန်တစ်ယောက် အင်္ဂလိပ်မှ ဂျာမန်ဘာသာသို့ 
ဘာသာပြန်ပေးပါမည်။

(အကြိုတစ်ရက်နေ့ တိုင်း သတိပေးခြင်းဖြစ်ပါတယ်။)



မေတ္တာ၊မုဒိတာဖြင့်
မြတ်ရောင်နီ
(၁၁၊၀၇၊၂၀၁၀)

Read more...

အတုအယောင်အပျက်တွေကို အတုမခိုးနဲ့

လူထုစိန်ဝင်း
မြန်မာတွေဖတ်ဖို့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ စာနယ်ဇင်းတွေထဲမှာ မြန်မာလိုစာတွေရေးရင်းနဲ့ အင်္ဂလိပ်စာလုံးတွေရော ညှပ်ရေးကြတာများကို မနှစ်မြို့နိုင်ကြောင်း မကြာခဏရေးခဲ့တယ်။ လက်ခံသူရှိသလို လက်မခံသူလည်း ရှိတယ်။

ဟိုမရောက် ဒီမရောက်တွေ
ဒါကသဘာဝမို့ အထူးပြောစရာ မရှိပါဘူး။ ကိုယ်ကမနှစ်သက်ပေမယ့် နှစ်သက်သူလည်း ရှိမှာပေါ့။ နှစ်ခြိုက် သဘောကျလို့လည်း ရေးနေကြတာပဲ။ သူ့အကြောင်းနဲ့သူ ရှိပါလိမ့်မယ်။ ကိုယ်မနှစ်သက်တာလည်း အကြောင်းမဲ့သက်သက် အင်္ဂလိပ်စာ၊ အင်္ဂလိပ် ယဉ်ကျေးမှုကို မုန်းလို့မဟုတ်ပါဘူး။ မုန်းစရာလည်းမဟုတ်ပါဘူး။ အင်္ဂလိပ်စာကို မမုန်းသလို မြန်မာစာကိုချစ်လွန်းလို့လည်း မဟုတ်ပါဘူး။ သူလိုငါလိုထက်မပိုပါဘူး။ မုန်းတာက ဟိုလိုလို ဒီလိုလိုနဲ့ မြန်မာစာလည်းမဟုတ် အင်္ဂလိပ်စာလည်းမဟုတ်တဲ့ ဟိုမရောက် ဒီမရောက်စာမျိုးတွေ ဖြစ်တယ်။

မမှန်တဲ့အင်္ဂလိပ်စကား
မြန်မာလိုရေးရင် မြန်မာစာပီသစေချင်သလို အင်္ဂလိပ်လိုရေးရင်လည်း အင်္ဂလိပ်စာ ပီသစေချင်တယ်။ ကမ္ဘာ့ဖလားပွဲသတင်းရေးရာမှာToday match, Tomorrow match ရေးတာ မျိုးမဖြစ်စေချင်ဘူး။ ဒီအရေးအသား က ယနေ့ပွဲ၊ နက်ဖြန်ပွဲဆိုတဲ့ မြန်မာစကားကို အဓိပ္ပာယ် ပြန်ရေးထားတာ ဖြစ်တယ်။အင်္ဂလိပ်စကားမဟုတ်ဘူး။ အင်္ဂလိပ်လိုရေးရင် Today's match, Tomorrow's match လို့ရေးရမှာ မဟုတ်လား။ မမှန်မကန်ရေးမယ့်အစား ယနေ့ပွဲ၊ နက်ဖြန်ပွဲလို့ မြန်မာလိုရေးလိုက်ရင် ဘာဖြစ်သွားမှာ မို့လဲ။

အကြွားလွန်တော့ ရယ်စရာဖြစ်
တချို့ကျတော့လည်း မှန်တော့ မှန်တယ်။ ဒါပေမဲ့ မလိုအပ်ဘဲနဲ့ အင်္ဂလိပ်စာတွေ ထည့်ရေးလွန်းအားကြီးတော့ တတ်ကြောင်းသိပ်ကြွားချင် မှန်းသိသာပြီး လူရယ်စရာဖြစ်သွားတယ်။ သတင်းလို့ ရေးနိုင်ပါလျက်နဲ့ News လို့ရေးလိုက်တာမျိုး၊ နည်းပညာစက်မှု အတတ်ပညာလို့ ရေးရင်ဖြစ်လျက်နဲ့ တက္ကနော်လော်ဂျီလို့ရေး လိုက်တာမျိုး၊ လူတိုင်းအလုပ်သမားလို့ ရေးနေတာကို လေဘာလို့ ရေးလိုက်တာမျိုးတွေပေါ့။ ဘိုလိုရေးချင်ပြီး အသံထွက်မမှန်တော့ ကိုယ်ညံ့ တာထုတ်ကြွားသလိုဖြစ်နေတာမျိုးတွေလည်း အများကြီးရှိသေးတယ်။

အဲယားဝေးတဲ့လား
ထိုင်းလေကြောင်းလို့ ရေးလိုက်ရင်ပြီးနေတာကို ထိုင်းအဲယားဝေးလို့ ရေးလိုက်တော့ ကြည့်မကောင်းဘူး။ အိုင်ဒီယောလော်ဂျီ(ideology)ကို အိုင်ဒီအိုလော်ဂျီ၊ အီဒီအိုလော်ဂျီစသဖြင့် ရေးလိုက်တော့လည်း ရယ်စရာဖြစ် သွားတယ်။ ရှေးကသဘောတရားတို့၊ အတွေးအခေါ် အယူအဆတို့ဆိုပြီး ဘာသာပြန်ခဲ့ကြလို့(Socialist Ideo-logy)ကို ဆိုရှယ်လစ်သဘောတရားလို့ ရေးခဲ့ကြ၊နားလည်ခဲ့ကြပြီးသား မဟုတ်လား။ ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလို အကြွားလွန်ရင် ရယ်စရာဖြစ်တတ်တယ်။

အင်္ဂလိပ်စာတန်းထိုးရုပ်ရှင်တွေ
စာနယ်ဇင်းတွေမှာသာ မဟုတ်သေးဘူး။ အခုတစ်လောမြန်မာရုပ်ရှင်တွေမှာပါ အင်္ဂလိပ်စာတန်းထိုးတွေ ဖက်ရှင်ဖြစ်လာတာ သတိထားမိတယ်။ အတော်များများက Today match ယနေ့ပွဲရေးသလိုမျိုး မြန်မာစကား ကို အင်္ဂလိပ်အဓိပ္ပာယ် ပြန်ထားတာမျိုးတွေ ဖြစ်နေတာလည်း သတိထား မိပါတယ်။ မြန်မာတွေဖတ်ပြီး အတုယူမှားရင် မကောင်းသလို နိုင်ငံခြားသားဖတ်မိရင်လည်း ကိုယ့်လူမျိုးကို အထင်သေးသွားစရာဖြစ်တယ်။ ကိန်း ရုပ်ရှင်ပွဲတော်လို ပွဲကြီးကိုသွားပြိုင်မှာ မို့ အင်္ဂလိပ်စာတန်းထိုးတယ်ဆိုရင် နားလည်နိုင်သေးတယ်။ မြန်မာတွေ ကြည့်ဖို့ မြန်မာပြည်တွင်းမှာပဲ ပြနေကြတာတွေကို အင်္ဂလိပ်စာတန်းထိုးတာတော့ ကြွားချင်တာသက်သက်ပဲလို့ ကောက်ချက်ချမိတယ်။

ချက်အရက်က၀ီစကီမဖြစ်ရ
အင်္ဂလိပ်စကားလုံးတွေ ထည့်ရေးတိုင်း အင်္ဂလိပ်စာတန်းတွေ ထိုးပြတိုင်းနိုင်ငံတကာအဆင့်မီ ဖြစ်သွားပြီ ထင်ရင်တော့ တော်တော်သနားစရာ ကောင်းတယ်လို့ပြောရမှာပဲ။ ချက်အရက်ကို အင်္ဂလိပ်လို ရေးထားတဲ့ တံဆိပ်ကပ်ရောင်းရုံနဲ့ ၀ီစကီဖြစ်သွားတာမှ မဟုတ်တာ။ အရေးကြီးတာက ကိုယ့်ပစ္စည်းကောင်းဖို့သာ ဖြစ်တယ်။ ကဗျာ ဆရာကြီးတဂိုးဟာ အင်္ဂလိပ်စာတတ် ပေတတ်ကြီးဖြစ်တယ်။
တစ်ခါတလေမှာ အင်္ဂလိပ်လိုရေးလေ့ရှိတယ်။
ဒါပေမဲ့ သူ့ကဗျာအများစုကို သူ့မိခင်ဘာသာစကား ဘင်္ဂါလီဘာသာနဲ့ပဲ ရေးပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားတိုင်းလိုလိုနဲ့ တဂိုးရဲ့ကဗျာတွေကို ဘာသာ ပြန်ယူကြပါတယ်။
ရုရှားဘာသာနဲ့ ရှိသလို တရုတ်ဘာသာနဲ့လည်း ရှိပါတယ်။

အင်္ဂလိပ်လိုရေးကြပါ
ကမ္ဘာကျော်စာရေးဆရာကြီး တော်လ်စတွိုင်းရဲ့လက်ရာအားလုံးကိုလည်း ဘာသာပေါင်းစုံဘာသာပြန်ခဲ့ ကြပါတယ်။ ဆရာကြီးက ရုရှားဘာ သာနဲ့ပဲရေးခဲ့တာဖြစ်တယ်။ ကမ္ဘာတစ်ခွင်လုံး ပျံ့နှံ့ခဲ့တဲ့ ကားလမတ်ရဲ့ ကွန်မြူနစ်ဝါဒကျမ်းတွေလည်း ဂျာမန်ဘာသာနဲ့ ရေးခဲ့တာတွေချည်းပါပဲ။ ဒါတွေပြောတာက မြန်မာတွေ မြန်မာလိုပဲရေးကြ၊ တခြားဘာသာတွေနဲ့ မရေးကြနဲ့လို့ ပြောတာ မဟုတ်ပါဘူး။ တခြားဘာသာတွေနဲ့ ရေးနိုင်ရင် အင်မတန်ကောင်းပါတယ်။ အင်္ဂလိပ်ဘာသာနဲ့က မြန်မာတွေပိုရင်းနှီးတော့ အင်္ဂလိပ်ဘာသာနဲ့ စာတွေရေးပြီးထုတ်ကြပါ။ နိုင်ငံခြားက စာနယ်ဇင်းတွေ မှာလည်း မြန်မာအကြောင်း ကမ္ဘာသိ အောင်ရေးကြပါလို့ နှိုးဆော်ပါတယ်။

ဖျင်း ဖျင်းတယ်ပေါ့
ဝါးလုံးခေါင်းထဲ လသာသလို မြန်မာစာတွေထဲ အင်္ဂလိပ်စာလုံးတွေ ရောညှပ်ရေးနေတာလောက်နဲ့ ကျေနပ်မနေကြပါနဲ့။ မြန်မာစာရေးတဲ့အခါမှာ မြန်မာစာပီပီသသဖြစ်ဖို့ လိုပါတယ်။ အင်္ဂလိပ်စာ ရေးတဲ့အခါမှာ လည်း အင်္ဂလိပ်စာ ပီပီသသ ရေးကြစေချင်တယ်။
Today match ဆိုတာမျိုးကတော့ ရှက်စရာကောင်းတယ်။ လုံးဝမဖြစ်သင့်ဘူး။
မြန်မာက ဝေါဟာရခေါင်းပါးလို့ဆိုတဲ့ ဆင်ခြေက မခိုင်လုံဘူးဆိုတာလည်း လူတိုင်း သိပါတယ်။ ကိုယ့်ဟာကိုယ်ပျင်း ပျင်းတယ်၊ ဖျင်း ဖျင်းတယ်ပေါ့။

အဖော်အချွတ်နဲ့ ဂလိုဘယ်
ဂလိုဘယ်နဲ့ကိုင်မပေါက်နဲ့။ ဘာမှမဆိုင်ဘူး။ အင်္ဂလိပ်စကားဟာ ကမ္ဘာသုံးစကားဖြစ်တယ် ဆိုတာကို အငြင်းမပွားဘူး။ အင်္ဂလိပ်စကား ပြောတာ အင်္ဂလိပ်စာရေးတာကို ကဲ့ရဲ့ပြစ်တင် နေတာလည်း မဟုတ်ဘူး။ အင်္ဂလိပ်စာလည်းမဟုတ်။ မြန်မာစာ လည်းမပီသတဲ့ တောင်မရောက်၊ မြောက်မရောက်၊ ကကတစ်စာ အရေးအသားမျိုးတွေ မဖြစ်ဖို့သာပြောတာ။ ခုခေတ်က ထစ်ကနဲဆို ဂလိုဘယ်နဲ့ ကိုင်ပေါက်ချင်နေကြတာ။ အဖော်အချွတ် ၀တ်စားဆင်ယင်ကြသူများကလည်း ဂလိုဘယ်ယဉ်ကျေးမှုတို့ ခေတ်ရေစီးကြောင်းတို့၊ နိုင်ငံတကာအဆင့်မီတို့ဆိုတဲ့ စကားမျိုး တွေသိပ်ပြောကြတယ်။ ဘာမှမဆိုင်ဘူး။ တခြားစီပဲ။ သူတို့အတူယူနေကြတဲ့ ဂလိုဘယ်ယဉ်ကျေးမှုဆိုတာတွေက အစစ်အမှန် အနောက်တိုင်း ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ မဟုတ်ပါဘူး။ ခေတ်ပျက်မှာ ဗရုတ်သုက္ခနဲ့ ထွက်ပေါ်လာတဲ့ ယဉ်ကျေးမှုပျက်တွေသာဖြစ်တယ်။

မြန်မာမှုပြုရမယ်
နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် 'စုတုပြု'လုပ်ရမှာပဲ။ အတုခိုးစရာတွေကို အတုခိုးရမှာပဲ။ ဒါပေမယ့် မူရင်းအစစ်အမှန်တွေကို အတုခိုးကြရမှာပါ။ အတုအယောင်အပျက်တွေကို အတုခိုးရမှာ မဟုတ်ပါဘူး။ အတုယူသင့်တာတွေကို အတုယူပြီး ကိုယ့်တိုင်းပြည်ရဲ့ ရေမြေသဘာဝ၊ ကိုယ့်လူမျိုးရဲ့ ဓလေ့ စရိုက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် 'မြန်မာမှုပြု' ပြီး ယူရမှာဖြစ် တယ်။ မြန်မာပြည်ဆိုတာ ကမ္ဘာပေါ် မှာ လူဦးရေအများဆုံး နိုင်ငံကြီးနှစ်ခု ကြားမှာ တည်ရှိနေတဲ့ နိုင်ငံသေးသေးလေး တစ်ခုသာဖြစ်တယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့မေ့ထားလို့ မရပါဘူး။ စာပေနဲ့ ယဉ်ကျေးမှုကို ၀ါးမျိုခံမသွားရအောင် သတိကြီးစွာ ထားနေကြရပါမယ်။ စာပေနဲ့ယဉ် ကျေးမှု ပျောက်ကွယ်သွားရင် လူမျိုးပါ ကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်။
@Eleven Media Group

Read more...

"သံသာလေကမ်းတိုင်(အစစ်)"

Tuesday, 13 July 2010 00:16 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

Resized_IMG_0597 Resized_IMG_0674



'ဘုရားဆုပန်တယ်’စကားလုံးကို ဗုဒ္ဓဘာသာဝင် တော်တော်များများ ကြားဖူးနားဝ ရှိကြပါတယ်။ အဓိပ္ပာယ်ကိုတော့ နားလည်ကြသူ လည်းရှိ သလို သိပ်နားမလည်ဘဲ လုံးထွေး ယောင်ဝါး ဖြစ်နေကြ ပြီး’ဘုရားဆုပန်တယ်’ဆိုတာ “ဘုရားဆုကို တောင်းတာပဲ”လို့ ထင်ကြသူလည်း ရှိပါတယ်။

“သုမေဓာ ရှင်ရသေ့ ဘုရားဆုပန်တယ်” ဆိုတာကို အသေအချာ လေ့လာကြည့်မယ် ဆိုရင်… ဟို…မတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောပြီးလို့ တာဝတိံသာကပြန်မြန်း ဆင်းသက် လာစဉ်တုန်းက ဘုရားရှင်ရဲ့ ဘုန်းတန်ခိုး အာနုဘော်တွေကို မျက်ဝါး ထင်ထင် မြင်တွေ့ကြရတဲ့ ဗိုလ်ပါ ပရိသတ် တွေရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ “ဘုရား ဖြစ်ချင် လိုက်တာ”ဆိုတဲ့ တောင့်တမှု၊ တောင်းခံမှုမျိုး မဟုတ်ပါဘူး။

သဗ္ဗညုတဘုရားရှင် တစ်ဆူဖြစ်တဲ့ ဒီပင်္ကရာ မြတ်စွာဘုရားရှင်က တစ်ကိုယ်တော် နိဗ္ဗာန်ကို အခုချက်ချင်း မျက်မှောက်ပြုနိုင်ခွင့်နဲ့ သတ္တ၀ါတို့ရဲ့ဒုက္ခကို ကယ်မနိုင်တဲ့ သဗ္ဗညုတ ဘုရားတစ်ဆူ ဖြစ်နိုင်ခွင့်ဆိုတဲ့ အခွင့်အရေး နှစ်ခုရှိတယ်။ ကြိုက်ရာကို ရွေးနိုင်တယ်ဆိုတဲ့ နှုတ်မြွက်စကားကို ကြားနာရလို့ “ဘုရားဖြစ်ဖို့ ပါရမီတော်တို့ကို မဆုတ်မနစ် ဖြည့်ဆည်း အားထုတ်ပါမယ်” ဆိုပြီးလက်ခံ ပန်ဆင်လိုက်တာပါ။ “မတန်ရာကို တောင့်တတာ မဟုတ်ပါဘူး၊ ထိုက်တန်စွာပေးအပ်တဲ့ အတွက် လက်ခံပန်ဆင်လိုက်တာ”လို့ အဓိပ္ပာယ် ရပါတယ်။

ဒီပင်္ကရာဘုရားရှင်က နှုတ်မြွက် ပြောဆိုရတာကလည်း အကြောင်းမဲ့သက်သက် မဟုတ်ပါဘူး။(၁) လူသားစင်စစ်ဖြစ်ခြင်း၊ (၂) ယောင်္ကျား စင်စစ်ဖြစ်ခြင်း၊ (၃) လိုအပ်လျှင် အဲဒီဘ၀မှာပဲ အရဟတ္တဖိုလ်အထိ ရောက်ရှိပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း(ဒီနေ့ ငါးပါးသီလတောင် အစင်အကြယ် မမြဲကြဘဲ ဘုရားဆုပန်ဆိုပြီး ဖြီးဖြန်းညာဝါး လုပ်နေကြသူတို့ကို အကဲဖတ်မိစရာ အင်္ဂါရပ်ပါပဲ) (၄) သက်တော်ထင်ရှား မြတ်စွာဘုရားကို ဒိဋ္ဌမျက်မှောက်ဖူးမြင်ရခြင်း၊ (၅) ကမ္မ၀ါဒီ (ကံနဲ့ ကံရဲ့ အကျိုးကို ယုံကြည်သူ) ရှင်ရသေ့ဖြစ်ခြင်း၊ (၆) ဈာန်သမာပတ်ရှစ်ပါး၊ အဘိညာဉ်ငါးပါးနဲ့ ပြည့်စုံသူဖြစ်ခြင်း၊ (၇) အဓိကာရ (အရပ်စကားအခေါ်’အထိကရ’ ကုသိုလ်ထူးနဲ့ ပြည့်စုံခြင်း၊ (၈) မီးပင်လယ်ကြီးပဲ ဆီးဆီး၊ ဓားသွား၊ လှံသွား၊ ရှားမီးခဲ တံတား တွေပဲ ခြားခြား၊ မဆုတ်မနစ် ကူးခတ်သွားပြီး ဘုရားမဖြစ်သမျှ မလျှော့ဘဲ ဘုရားဖြစ်လိုတဲ့ ဆန္ဒ ပြင်းပြခြင်းဆိုတဲ့ အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံလို့ မိန့်ကြားတာပါ။

ဒီအင်္ဂါရှစ်ပါးထဲမှာ နံပါတ်(၇)ဖြစ်တဲ့ အဓိကာရ ကုသိုလ်ဆိုတာ အသက်ကိုပင် ငဲ့ကွက် ထောက်ထားခြင်း မရှိဘဲ ပြုလုပ်ရဲတဲ့ ကုသိုလ်မျိုးကို ဆိုလိုတာပါ။ သုမေဓာရှင်ရသေ့ဟာ မိမိတာဝန်ယူထားတဲ့ ရွှံဗွက်ကြီး ဖို့လို့မပြီးခင်မှာပဲ ဒီပင်္ကရာဘုရားရှင်နဲ့ နောက်ပါ ရဟန်းတော် လေးသိန်းတို့ ကြွလာတာကိုတွေ့ရပြီး ဘုရားရှင်ရဲ့ လက္ခဏာတော် ကြီးငယ်တို့ကို ဖူးမြင်ရတဲ့အခါ “မြတ်စွာဘုရားရှင်ကြီးတစ်ပါး ဖြစ်ပါလျက် ဒီလိုညွန်ပျောင်းပေါ်မှာ နင်းပြီး ဆင်းရဲစွာမကြွ မြန်းစေသင့်ဘူး၊ ဒီနေ့ ငါဟာ မြတ်စွာဘုရားရှင်ထံမှာ အသက်ကို စွန့်သင့်တယ်လို့ သုံးသပ်ပြီး တော့မှ ဒီပင်္ကရာဘုရားရှင်နဲ့ ရဟန္တာလေးသိန်းတို့ ငါရဲ့ ကျောက်ကုန်း(ကျောပြင်)ကို နင်းပြီး ကြွတော်မူကြပါစေသတည်းလို့ ဆုံးဖြတ်ပြီး ကိုယ်ကို အလျားစင်း တံတားခင်းလိုက်တာပါ။ အဲဒီလို ကုသိုလ်မျိုးကို အဓိကာရ (အလွန်အကဲ)ကုသိုလ်၊(တုနှိုင်းမရတဲ့ အထိကရ ကုသိုလ်)လို့ ခေါ်တာပါ။

ဒီပင်္ကရာဘုရားရှင်က သုမေဓာရှင်ရသေ့ရဲ့ အရည်အချင်း အင်္ဂါရပ်ရှစ်ပါးနဲ့ ပြည့်စုံပုံကိုသာမက သုမိတ္တာ အမျိုးသမီးလေးရဲ့ အရည်အချင်း ဂုဏ်အင်္ဂါတွေကိုပါ သိမြင်တော်မူတဲ့ အတွက်--

“အို.. သုမေဓာရသေ့မြတ်၊ ဒီ-သုမိတ္တာ အမျိုးသမီးဟာ ဘုရားဖြစ်ဖို့ အားထုတ်တဲ့ သင့်အတွက် စိတ်တူ ကံတူ အညီအမျှ ပြုလုပ်သူ၊ ကိုယ် နှုတ် နှလုံး သုံးပါးလုံး ချစ်ခင်အပ်သူ (ပါရမီဖြည့်ဖက်) ဖြစ်ပေလိမ့်မယ်။ နောက်ဆုံး ပစ္ဆိမဘ၀မှာ သင့်ရဲ့ လောကုတ္တရာ အမွေကို အရဟတ္တဖိုလ်ပေါက် ခံယူပြီး တန်ခိုးဣဒ္ဓိပါဒ်နဲ့ ပြည့်စုံတဲ့ သာဝိကာမ ဖြစ်လိမ့်မယ်”အစရှိတဲ့ ဗျာဒိတ် စကားကို မိန့်ကြားတော်မူခဲ့ပါတယ်။

သုမေဓာရှင်ရသေ့က ဘုရားအလောင်း အာဇာနည်ယောင်္ကျားကောင်းအဖြစ် နိယတဗျာ ဒိတ်ကို ခံယူသလို သုမိတ္တာ အမျိုးသမီးကောင်းကလေးလည်း ပါရမီဖြည့်ဖက်အဖြစ် နိယတ ဗျာဒိတ်ရရှိတယ်လို့ပဲ ဆိုရမှာပါ။

ဒီနေရာမှာ ဒီနေ့ခေတ်မီတယ်၊ ၀ိဘဇ္ဇ၀ါဒကို လက်ကိုင် ထားတယ်ဆိုတဲ့ ပုဂ္ဂိုလ်တချို့ရဲ့ အူကြောင်ကြောင် စဉ်းစားဝေဖန်တွေးခေါ် ခေတ်မီကြပုံကလေးကို နည်းနည်း ပြောပြချင်ပါတယ်။ သူတို့ပြောတဲ့စကားကို အရင်နားဆင်ကြည့်ပါဦး-

“ဘုရားအလောင်းတော်ဟာ ဝေဿန္တရာမင်းကြီးဘ၀မှာ ပါရမီဖြည့်ဖို့ဆိုပြီး မဒ္ဒီဒေ၀ီကိုလည်း လှုပစ်တယ်၊ သားငယ် သမီးငယ်တို့ကိုလည်း လှုပစ်တယ်ဆိုတော့ ဒီကိစ္စဟာ ဒီနေ့ကမ္ဘာ့ အလယ်မှာ ချပြလို့ (ပြောပြလို့)ဖြစ်ကို မဖြစ်နိုင်လောက်တဲ့ ကိစ္စဖြစ်နေပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒါဟာ အမျိုးသမီးများကို ကျွန်နိုင်ထက် စီးနင်းပြုရာ ကျနေပါတယ်။ ကလေးငယ် များကို ကျွန်အဖြစ်ခိုင်းစေဖို့ ပေးလှူတယ် ဆိုတာဟာလည်း ဒီနေ့ ကလေးသူငယ် လူမှောင်ခို ကိစ္စတွေနဲ့ ပတ်သက်လို့ တစ်ကမ္ဘာလုံး လက်ခံထားတဲ့ မိခင်နဲ့ ကလေးသူငယ် စောင့်ရှောက် ရေး ဆိုင်ရာ ဥပဒေများနဲ့ ငြိနေလို့ ကမ္ဘာက လက်မခံနိုင်ပါဘူး”တဲ့။

ဒီလို ပုဂ္ဂိုလ်တွေနဲ့ ခဏခဏဆိုသလို တွေ့ရဖူးပါတယ်၊ ဒါကြောင့် လောကမှာ မိခင်နဲ့ကလေးတွေဟာ ဘာမှ ပြဿနာမတက်တတ်ဘူး။ လောက ကြီးကို ပြဿနာတွေ ရှုတ်ထွေးအောင် လုပ်နေတာ၊ ရုံးပြင်ကနားမှာ အမှုတွေ စုပုံနေတာ၊ လက်ရှိကြုံတွေ့နေရတဲ့ ဒုက္ခအထွေထွေတို့ရဲ့ အဓိက လက်သည်ဟာ မိခင်နဲ့ကလေးများ မဟုတ်ကြဘူး၊ ဖခင်နဲ့ လူကြီးတွေသာဖြစ်လို့ လောကကြီး ငြိမ်းချမ်းသာယာဖို့အတွက်ဆိုရင် “ဖခင်နဲ့ လူကြီးများ စောင့်ရှောက်ရေး” အသင်းကြီးကမှ တကယ်လိုအပ်နေတာ လို့တောင် စဉ်းစားမိခဲ့တာ အတော်ကြာနေပြီ။

အခုလည်း တကယ့်ပါရမီရှင် အာဇာနည်ယောင်္ကျားမြတ်တို့ရဲ့ လုပ်ငန်းကို ခုကာလ ခေတ်မီ ဥပဒေတွေနဲ့ ငြိစွန်းတယ်တဲ့ဗျာ။ သူတို့ပြောပုံ အရဆိုရင် အလောင်းတော်သူမြတ် ဖြည့် ကျင့်ခဲ့တဲ့ ပါရမီတွေထဲက ဒါနပါရမီန ပတ်သက်လို့ အထွတ်အထိပ်ဖြစ်တဲ့ ‘စွန့်ခြင်းကြီး ငါးပါး’ဆိုတာ ကိုတောင် “သားမယားကိုစွန့်ခြင်း”ဆိုတာကို နှုတ်ပယ်ပြီး စွန့်ခြင်းကြီးလေးပါးကို သာ ပြုလုပ်ခဲ့ပါတယ်လို့ လိမ်ညာရတော့မယ့်ပုံမျိုး ဆိုက်နေတယ်။

သူတို့တစ်တွေရဲ့ ပြောပုံ ပြောပေါက် အရဆိုရင် ဒါဟာ ဒီနေ့ ကမ္ဘာမှာ တကယ်ပဲ ကြုံတွေ့နေ ရတဲ့ ပြဿနာကြီးတစ်ခုလို အလေးအနက် ပြောနေကြတာပါ။ ဒါပေမယ့် တကယ့်လက်တွေ့ ကမ္ဘာကို သာသနာပြုတော်မူခဲ့တဲ့ ဆရာတော် အရှင်သေဋ္ဌိလရဲ့ ပြောပြချက်များ အရဆိုရင် ကမ္ဘာကြီးဟာ အခုလို သူမြတ်လမ်းစဉ်တွေအပေါ်မှာ ပြဿနာရှာပြီး စွမ်စွဲလောက်အောင် အထိ အောက်ကျ နောက်ကျဖြစ်တဲ့ ပုဂ္ဂိုလ်မျိုး အလွန်ရှားပါတယ်တဲ့။ ဆရာတော်ကြီးက-

“လောကမှာ သေသေချာချာ လေ့လာ အကဲခတ်ကြည့်၊ အကျိုးကိုလိုလားတဲ့ ပုဂ္ဂိုလ်တွေက အကျိုးကိုကြည့်ပြီး အကျိုးကိုရှာကြတာ၊ အပြစ်ကို လိုလားတဲ့ ပုဂ္ဂိုလ်တွေက အပြစ်ကိုကြည့်ပြီး အပြစ်ရှာ၊ အပြစ်တင်လုပ်ကြတာပဲ၊ နောက်ဆုံးတော့ အကျိုးရှာသူတွေက အကျိုးကို တွေ့မြင်ပြီး အကျိုးရကြတယ်။ အပြစ်ရှာသူတွေကတော့ အပြစ်တွေမြင်ပြီး အပြစ်ရနေကြတာပေါ့။

သူတို့အနောက်နိုင်ငံတွေမှာ နားမလည်နိုင်တဲ့ ကိစ္စတစ်ရပါအပေါ်မှာ သူတို့ရဲ့ သဘောထားကိုက အလွန်အထက်တန်းကျတဲ့ ခံယူချက်ရှိတယ်။ ဥပမာ-‘ဗုဒ္ဓဘာသာအရ အမြင့်ဆုံးပန်းဆိုင်ဟာဘာလဲ’လို့ မေးလာတဲ့အတွက် “နိဗ္ဗာန်”နဲ့ နိဗ္ဗာန် ရောက်ကြောင်း မဂ္ဂင်ရှစ် ပါးကို ရှင်းပြတဲ့အခါ အသေအချာ စူးစူးစိုက်စိုက်ကို နားထောင်တယ်၊ ပြီးတော့ ဘာပြောလဲဆိုတော့ ‘ကျွန်တော်တို့ ဉာဏ်သိပ်မမီသေးဘူး၊ သိပ်ပြီးလေးနက် လွန်းတယ်’ တဲ့။ ဒါဟာ အလွန်အဆင့်မီတဲ့ မှတ်ချက်ပဲ။ သူ့အတွက် နိဗ္ဗာန်တံခါး ဘယ်တော့မှ မပိတ်ဘူး။ တို့ဒီမှာ ခောတ်မီသလိုလို၊ ခေတ်ပညာတတ်လိုလို ကောင်လေးတွေ တစ်ခါတစ်ခါ လာမေးလို့ ပြောပြကြည့်တယ်၊ သူတို့ သဘောမပေါက် နားမလည်တဲ့ ကိစ္စမျိုးဆိုရင်” ဟာ.. ဒါတော့ လုံးလကို မဖြစ်နိုင်ပါဘူး”တဲ့၊ မှတ်ချက်ချ ပုံချင်း ဘယ်လောက် အဆင့်အတန်းကွာသလဲ၊ သွားပြီ.. သူ့အတွက် ဘာမှ မျှော်လင့်ချက်မရှိတော့ဘူး၊ သူ့ဟာသူ အားလုံးကို တံခါးပိတ်ပစ် လိုကပြီလေ။ ‘မဖြစ်နိုင်ပါဘူး’ ဆိုမှတော့ ဒီကစ္စကို သူဘယ်လိုလုပ် လေ့လာတော့မှာလဲ၊ ဒါဟာ အထက်တန်း ရောက်မယ့်သူနဲ့ အောက်တန်းကျမယ့် သူတို့ရဲ့ သဘောထား ကွာခြားချက်ပဲ”လို့ ရှင်းပြဖူးပါဘူး။

အခုလည်း ဝေဿန္တရာမင်းကြီးကို မိခင်နဲ့ ကလေးသူငယ်စောင့်ရှောက်ရေး ဥပဒေအရ အပြစ်မရှိဆိုပြီး ပြဿနာရှာလာတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ရ တော့ ဆရာတော်ကြီးပြောတဲ့ အထက်တန်းစား စိတ်ထားနဲ့ အောက်တန်းကျတဲ့ စိတ်ထားဆိုတာကို ပြေးပြီး သတိရမိတယ်။ သူတို့ကိုတော့ အထွေအထူး မပြောလိုက်ပါဘူး။ “ ဒီကိစ္စက ယသောဓရာထေရီမကြီး အသိဆုံးပါ။ သူ့ကို မေးလျှောက်ကြည့်သင့်တယ်” လို့ပဲ ပြောလိုက်ပါတယ်။

ယသောဓရာ ရဟန္တာထေရီမကြီးအဖြစ် ရောက်တဲ့အခါမမှာတော့ ဘုရားရှင်ထက် ၂-နှစ် စောပြီး သက်တော် ၇၈-နှစ်အရွယ်မှာ ပရိနိဗ္ဗာန်ပြုပါ တယ်။ ပရိနိဗ္ဗာန်ပြုခါနီးမှာ အခြံအရံ ဘိက္ခုနီမများနဲ့အတူ မြတ်စွာဘုရားထံ ၀င်ရောက်ပြီး အတိက်ဘ၀ တစ်စိတ်စ်ပိုင်းတို့ကိုလည်း ပြန်ပြောင်း လျှောက်ထားတယ်။ ပြီးတော့ အဲဒီလို ပါရမီဖြည့်ဖက်အဖြစ် ဘ၀ကို အရှင့်အတွက် သက်သက် စွန့်လွှတ် ဖြည့်ကျင့်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ချွတ်ယွင်းချက်များ ရှိရင်လည်း ခွင့် လွှင့်ဖို့ လျှောက်ထားတာပါ။ အဲဒီထဲမှာ ထေရီမကြီးက ဘယ်လောက်အထိ ပွင့်လင်းသလဲ ဆိုရင်-

“ဒီပင်္ကရာမြတ်စွာဘုရားကို ပူဇော်ဖို့ ကြာပန်းရှစ်ခို်င်ကိုယူပြီးအလာ ပရိသတ်ဗိုလ်ပုံအလယ်မှာ ထင်ရှားတဲ့ သုမေဓာရှင်ရသေ့ကို ဖူးမြင် လိုက်ရတယ်။

ကာလချိန်ကြာ ချစ်ကြင်နာခဲ့ရသူ၊ စိတ်နှစ်လုံးကို သိမ်းကျုံးဆွဲဆောင်နိုင်စွမ်းရှိတဲ့ ရှင်ရသေ့ကို ဖူးမြင်လိုက်ရတာနဲ့ တစ်ပြိုင်နက် ‘ငါဟာ အသက်ရှင်ရကျိုးနပ်ပြီ’လို့ ခံစားလိုက်ရ ပါတယ်။ (ထေရီအပဒါန် ၃၆၅-၆)

ဒီစကားအရ သုမေဓာနဲ့ သုမိတ္တာတို့ ဘ၀မတိုင်မီကတည်းက စိတ်တူကိုယ်တူ ကုသိုလ်ပြု ဖက် ချစ်ကြင်နာဖက်များ ဖြစ်ကြသလို သုမိတ္တာဘ၀မှာ သုမေဓာ ရှင်ရသေ့လကို တွေ့ရတော့ လည်း သူကပဲ မြင်မြင်ချင်း မေတ္တာပေမစိတ်ဖြစ်ခဲ့ပြီး ပါရမီဖြည့်ဖက်အဖြစ် ခံယူခဲ့တယ်ဆိုတာ ကိုလည်း ပွင့်ပွင့်လင်းလင်း ၀န်ခံတယ်။

ဒီလို ပါရမီဖြည့်ဖက်ဖြစ်ဖို့ ဘုရားအဆူဆူနဲ့ ပစ္စေကဗုဒ္ဓါတွေ ရဟန္တာအရှင်မြတ်တွေထဲမှာ လည်း ဆုတောင်းခဲ့ဖူးတယ် ဆိုတာကို ထောက်ဆရင် ပါရမီဖြည့်ဖက် တစ်ယောက်ရဲ့ လှုဘွယ်ဝတ္ထုတစ်ခု မခြားနားတဲ့ ဘ၀ကိုလည်း နားလည်ပြီး ဖြစ်သလို ဒီလို သဘောထားပြီး စိတ်တူကိုယ်မျှ ပါရမီဖြည့်ရတဲ့ အစွန့် အလှူခံဘ၀ကိုလည်း ကိုယ်တိုင်ကျကျနန သိပြီးမှ ကျေကျေ နပ်နပ် ခံယူခဲ့တယ်ဆိုတဲ့ သဘောကိုလည်း ပြေနေပါတယ်။

ဒါကြောင့်လည်း အခြားတစ်နေရာမှာ--

“ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား… ဘ၀ပေါင်း ကုဋေအထောင်မက မယားပြုဖို့ အတွက်ကော၊ အစားအစာ ပြုဖို့အတွက်ပါ အကျွန်ုပ်ကို သူတစ်ပါးအား ပေးလှူခဲ့ ပေမယ့် အရှင်ဘုရား (သဗ္ဗညုတဉာဏ် ရရှိနိုင်ရေးကို ရှေးရှုပြီး) စိတ်ဖောက်ပြန် ငြိုင်ငြင်ခြင်း လုံးဝ မဖြစ်ခဲ့ပါ။

အရှင်ဘုရား၏ သဗ္ဗညုတဉာဏ်ရနိုင်ရေးကို ရှေးရှုပြီး တပည့်တော်ရဲ့ ကိုယ်အင်္ဂါတွေ၊ အ၀တ်တန်ဆာတွေ၊ အမျိုးသမီးတို့ရဲ့ တန်ဆာတွေကို ဘာမျှမလျှို့ဝှက်ခဲ့ပါ။

အရှင်ဘုရားအကျိုးအတွက် ချမ်းသာခြင်းနဲ့ကြုံရတဲ့အခါ ၀မ်းမြာက်ခဲ့သလို ဆင်းရဲမှုနဲ့ ကြုံရတဲ့အခါမှာလည်း စိတ်မချမ်းမသာ မဖြစ်ခဲ့ပါ။ ချမ်းသာနဲ့ ဆင်းရဲနှစ်မျိုးလုံးမှာ ချိန်ခွင်လျှာ ပမာ ညီမျှခဲ့ပါတယ်။”(ထေရီအပါဒါန်) စတဲ့ ဂါထာပေါင်းများစွာနဲ့ လျှောက်ထားပြီးတော့မှ-

ပါရမီဖြည့်စဉ် သံသရာခရီးတစ်လျှာက် ချွတ်ချော် မှားယွင်းမှုများ ရှိခဲ့ရင်လည်း အပြစ်ကို သည်းခံတော်မူပါ”လို့ လျှောက်ထားပါတယ်။

မြတ်စွာဘုရားရှင်ကတော့-

“ပရိနိဗ္ဗာန် စံဝင်ခါနီးဆဲဆဲဖြစ်တဲ့ သင့်ကို ဘာများ အထူးပြောစရာ ရှိပါတော့မလဲ ချစ်သမီး..”လို့ မိန့်ကြားတော်မူလိုက်ပါတယ်။

မြတ်စွာဘုရား မိန့်ကြားတော်မူခဲ့တဲ့အတိုင်းပါပဲ၊ “ပရိနိဗ္ဗာန် စံဝင်ခါနီးဆဲဆဲ ရောက်နေခါမှ အတိတ်က ဖြစ်ကြောင်းတွေ ဘာလို့များ ပြန်ပြောင်း လျှောက်ထား နေရပါလိမ့်”လို့ ထင်ခဲ့မိ ပါတယ်။

အခုကာလေပါ် ခေတ်မီပုဂ္ဂိုလ်များရဲ့ စိန့်စွဲချက်ကို ကြားရတော့မှ သြော်… ထေရီမကြီးဟာ ဒီလိုပုဂ္ဂိုလ်မျိုးတွေကို ကြိုမြင်လိမ့်မယ်၊ ဒါကြောင့် “ဒီလို အစွန့်အလှူခံဘ၀”ကို ဘုရား အလောင်းက တိုက်တွန်းပြီး အသုံးချခံတာ မဟုတ်ဘူး၊ သူကိုယ်တိုင်က ကိုယ့်သဘောဆန္ဒနဲ့ ကိုယ်ရယူခဲ့တာ ဖြစ်တယ်ဆိုတာ ထင်ရှားအောင် လျှောက်ထား နေတာပဲလို့ သဘောပေါက် လိုက်မိတယ်။

တစ်နည်းပြောရမယ်ဆိုရင်တော့ ဘုရားရှင်အတွက် ပါရမီဖြည့်စဉ် ဘ၀တွေမှာသာ လိုလေသေး မရှိအောင် ဆောင်ရွက် ဖြည့်ဆည်းခဲ့တာ မဟုတ်ဘူး၊ အခု ပရိနိဗ္ဗာန်စံဝင်ခါနီးဆဲ ဆဲမှာပင် နောင် အနာဂတ်မှာ ဘုရားရှင်အပေါ် စွပ်စွဲကဲ့ရဲ့ အပြစ်တင်ကြမယ့် အဖြစ်တွေ မကြုံရ အောင် “အရာရာဟာ သူ့ဆန္ဒအတိုင်းသာဖြစ်တယ်”ဆိုတာကို အများတကာ ကြားသိခွင့် ရအောင် လျှောက်ထားသွားလေသလားလို့တောင် အောက်မေ့ကြည်ညိုလေးစားမိပါတယ်။

တကယ့် သံသာလေကမ်းတိုင် အစစ်ပါတကား

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Read more...

ဇူလိုင်လ ၁၃ ရက်နေ့တရားအစီအစဉ်များ...

မန်မာစံတော်ချိန်မနက်(၀၀း၀၀)နာရီမှ (၀၅:၀၀) အထိ
ကြာနီကန်ဆရာတော် ဦးဇဋိလဟောကြားတော်မူသော..
၁) သားသမီးယုံစုံလုံးကန်း
၂) သေချိန်တန်ကသေကြရ
၃) သူများမကောင်းကြံကိုယ့်ဘေးဒဏ်ထိ

၎) ၀ိပတ်ကြမ္မာမပြေးသာ
မြန်မာစံတော်ချိန်မနက်(၀၅း၀၀)နာရီမှ (၁၈:၀၀) အထိ
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး အရှင်ဥေယျဓမ္မသာမိ ဟောကြားတော်သော
၁။ တပ်ထွက်မိန့်ခွန်းပမာ
၂။ စွဲစိတ်မှမှတ်စိတ်သို့
၃။ စင်္ကြန်သွားရာအမှတ်ပါ
၎။ ထင်ရှားသထက်ထင်ရှားစွာမှတ်ပုံ
၅။ အထွေထွေမူယာပြုကျင့်ပုံ
၆။ ဖြစ်ပျက်ကိုရှုမှတ်ပုံ
၇။ တကယ်လုပ်အဟုတ်ရ
၈။ ကစားရာသုံးမျိုးရှောင်ပါ
၉။ ဘ၀င်လေငြိမ်းရာတရားကိန်းသည်
၁၀။ အစွန်းနှစ်ဘက်လွတ်တရား
၁၁။ လက်ဝဲလမ်းကျင့်စဉ်

Read more...

လူသားနဲ့ မနက်ဖြန်

ကံကြောင့် ဘဝ
ဘ၀ကြောင့်အရှုပ်
အရှုပ်တွေရှင်း
ရှင်းရင်းထပ်ရှုပ်
နောက်ဆုတ်မရ
အနိစ္စခရီး
နီးရင်းနီးခဲ့
အလှည့်စောင့်စား
နက်ဖြန်များနဲ့
လူသားဆိုတာ…..
ဒါတဲ့လား။ ။
(ကိုရင်)

Read more...

ယုယ ဘဝ

ကိုယ့်အဖြစ်က ရင်နာစရာ
မိုးကျမှ ထွန်ချရမယ့် အဖြစ်ပါလေ..။

သူလိုကိုယ်လို
လူဖြစ်ခွင့် ရှိချင်ရှိမယ်
လူအစစ်ဖြစ်မဖြစ်တော့
ဇကာချ ကြည့်ပေါ့...။

ငါ့ကိုယ်ငါဖတ်နေတယ်
မပြတ်သေးဘူး
ညှာစရာတွေ
ခပ်ဖုံးဖုံး ဖိရမှာတွေ
အမလေး...
ထန်းလက်.. ငါ့တကိုယ်စာအတွက်
တကယ်.. မကာမိပါလားနော်...။

ငါ..မရူးခဲ့မိတာကိုက
မထူးဘူးဆိုတာ သိသာတယ်
ကောင်မလေးရေ!
ငါခေါ်တာ ကဗျာဆန်ပါရဲ့နော်
ကဲ..
ထူးပြကြ...။

ခရီးသွားဖို့လှမ်းခါရှိသေး
လမ်းက DEVIATION ဖြစ်ပြန်
အမြန်လိုတယ်ဆိုခါမှ
ခလုတ်က ကျ.. ဖုန်ကထ
မှောက်ကြအုံးမှာပေါ့
ကဲ..လွဲကြ။

ဘ၀ဆိုတာ ယားနာသာသာ
ဆေးလိမ်းလို့.. အရသာမှမတွေ့တာ
ဟုတ်ပြီလား
ပိုးတွေထကြ...။

ကိုယ်ယားတာ ကိုယ်သိတယ်
ဖောက်မှမထွက်နိုင်တာ
ကုပ်ပြီးဖျောက်ကြ
ဘယ်လိုလဲ
ကဲ..
ပြေကြရဲ့လား...။ ။

ကိုပိန်
(၁၂.၀၇.၂၀၁၀)

Read more...

ရဟန်းနှင့် နေကာမျက်မှန်

(၁)
ဗာရာဏသီမြို့ပြ၏ မွန်ထူလောင်မြိုက်သော နေပူကြဲကြဲထဲ လျှောက်မိတော့ ရွှေပြည်ကြီးဆီက ပုသိမ်ထီးလေးတစ်ချောင်းကို သတိရသည်။ အိန္ဒိယသားများကတော့ ထီးကို အလွယ်တကူ ဆောင်းလေ့ရှိသူများ မဟုတ်ကြပါ။ နေပူလေပူသည် မဇ္ဈိမသားများအတွက် အရေးတကြီးကာကွယ်ရမည့် အရာလည်း မဟုတ်။ ပိတ်သားစ အ၀တ်ဖြူဖြူလေးတစ်ထည်ကို ဦးခေါင်းလုံအောင် ခြုံလိုက်လျှင် ကန္တာရကိုလည်း မမှုပြီ။

အ၀တ်ဖြူဖြူကြီး ပတ်မထားချင်သော သူကတော့ နေကာမျက်မှန်တစ်လက်လောက်လိုချင်နေသည်။ သို့နှင့် “မျက်မှန်နှင့် အခြားအရာများ ”အရောင်းဆိုင်ထဲသို့ သူဝင်လိုက်သည်။ ပြင်သစ်နိုင်ငံလုပ် ကာတီယာ (Cartier)တံဆိပ် နေကာမျက်မှန်တစ်လက်ကို ကောက်ကိုင်လိုက်သည်။ ရူပီး လေးသောင်း သုံးထောင်(ဒေါ်လာတစ်ထောင်ခန့်) ဟူသော ဈေးနှုံးကို မြင်လိုက်သည်နှင့် မသိမသာချထား လိုက်ရ၏။ မိုက်ကယ် အဒမ် လီဆိုဆကီ နဲ့ တွေ့ဖို့မှ မဟုတ်လေပဲ ။ ဗာရာဏသီမြို့ရောက် ရဟန်းတစ်ပါးအတွက် နေပူသက်သာဖို့ ရိုးရိုးနေကာမျက်မှန်တစ်လက်သာ လိုအပ်သည်။

ကယ်လ်ဗင် ကလိန်း(Calven Klein) ဂူချီ (Gucci)နှင့် အခြားမျက်မှန်စိမ်းအမျိုးမျိုးကို ကောင်တာပေါ်မှာ ချပြသည်။ နောက်ဆုံးတော့ ရေဘင်မျက်မှန်အမျိုးအစားများထဲမှ ဈေးနှုံးအချိုဆုံးမျက်မှန်တစ်လက်ကို သူ ကောက်တပ်လိုက်သည်။ မျက်မှန်တစ်လက်တော့ လိုတာပဲ။

(၂)
သူငယ်စဉ် ကိုရင်လေးဘ၀က ၀န်းသိုမြို့ရှိ ခန္တီးဆရာတော်ဘုရားကြီးထံ တောင်ပုလု ဆရာတော်ကြီးကြွ လာစဉ်က ဆရာတော်ကြီးနှစ်ပါးလုံး မျက်မှန်အနက်များတပ်ထားသည်ကို အမှတ်ရနေသည်။ မျက်မှန်နက်များ တပ်ဆင်ထားသော်လည်း ဆရာတော်ကြီးနှစ်ပါးလုံး၏ ဗြဟ္မစိုရ်အပြုံး ထင်ဟတ်နေသည့် မျက်လုံးတော် အရိပ်ကို ဖူးမျှော်ခံစားခဲ့မိ၏။ (တောင်ပုလုဆရာတော်ကြီး၏ ပုံတော်များက အမြဲတမ်း မျက်မှန် အနက်တပ် ဆင်ထားသည်ကိုသာ ဖူးရလေ့ရှိပါသည်။ )

ရုပ်ရှင်ကားများတွင် မျက်မှန်နက်တပ်ဆင်ထားသည့် ယာကူဇာနှင့် မာဖီးယားဂိုဏ်းဝင်များကို တွေ့ရလေတိုင်း ချောက်ခြားဖွယ်ဘယာနကရသကို ခံစားရသော်လည်း မျက်မှန်နက်သည် သူတော်ကောင်းကြီးများ၏ နှလုံးသားကိုတော့ ဖုံးအုပ်ထား၍ မရပါ။ မျက်မှန်စိမ်းသည် သူတော်ကောင်းမျက်လုံးများအတွက် ၀ိပလ္လာသအမြင်ကို မွေးဖွားပေးနိုင်လိမ့်မည်မဟုတ်ပါ။ မျက်မှန်နက်တပ်ဆင်ထားသည့် ထိုဆရာတော်ကြီးနှစ်ပါး ကို ဖူးခွင့်ရပြီးနောက်တွင် သူလည်း မျက်မှန်နက်တစ်လက်လောက်တော့ တပ်ချင်စိတ် ပေါက်သွားသည်။

(၃)

အခြားမျက်မှန်တစ်လက်ကတော့ မင်းကွန်းဆရာတော်ကြီး၏ ကျွဲကော်ကိုင်းမျက်မှန်ရိုးရိုးကြီးဖြစ်သည်။ ပကာသနမပါသော အသွင်က စွဲဆောင်မှုရှိသည်။ တိပိဋကဂုဏ်ရည်များနှင့်အတူ အနေရိုးသားမှုကို မျက်မှန်တစ်လက်ဖြင့် ပုံဖော်ထားသလိုမျိုးဟု သူက တွေးမိသည်။ မဟာစည်ဆရာတော်ကြီး၏ မျက်မှန်သည်လည်း ခပ်ကြမ်းကြမ်းခပ်ရိုးရိုးကြီးပဲ ဖြစ်ဟန်တူသည်။

ထို့နောက်တော့ ပရိယတ္တိသူရဲကောင်းနှင့် ပဋိပတ္တိအကျော် ဆရာတော်ကြီးများ၏ မျက်မှန်များကို သူသတိထား မိလာသည်။ မျက်နှာထားခန့်ညားထူးခြားသည့် အဘိဓာန်ကျမ်းပြု အဘယာရာမဆရာတော်ကြီး၏ မျက်မှန်ဝိုင်းနှင့် တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသ ၏ မ၀ိုင်း တစ်ဝိုင်းမျက်မှန်၊ရှေးခေတ်က ရဟန်းတော်များရေးသားပြုစုသည့် ကျမ်းဦးစာမျက်နှာတိုင်းတွင် (“ကျမ်းပြုဆရာတော်၏ ဆာယာရူပံ(ဓါတ်ပုံ)” ဟု ရေးထိုးထားတတ်သော) မျက်မှန်တပ်ဆင်ထားသည့် ကျမ်းပြုဆရာတော်များကို ဖူးရလေ့ရှိသည်။

မစိုးရိမ်တိုက်သစ်တွင် ပညာသင်ကြားရသည့်အခါ မစိုးရိမ်ဆရာတော်ကြီး အရှင်သီရိန္ဒာ ဘိဝံသ၏ မျက်မှန်ကိုင်းပေါ်မှ ကျော်ကြည့်ကာ စကားမြွက်ဆိုတတ်သော ပုံဟန်ကို စွဲထင်နေသည်။ အရှင်ရာဇဓမ္မာ ဘိဝံသကတော့ တစ်ခါတစ်ရံ မျက်မှန်ကို နဖူးပေါ်တင်ထားတတ်သည်။ ငယ်ဆရာဘုန်း တော်ကြီးတွင်လည်း စာချသည့်အခါတိုင်း တပ်ဆင်လေ့သည့် မျက်မှန်တစ်လက်ရှိသည်။

(၄)
သူ့အတွက် မျက်မှန်များသည် လွှမ်းမိုးမှုရှိသည်။ နောက်တော့ ကျေးလက်စာသင်တိုက်လေးမှ မြို့ပြစာသင်တိုက်ကြီးသို့ ရောက်လာသောအခါ မျက်မှန်ရောဂါသည် သူတစ်ပါးတည်း အရေးမဟုတ်ကြောင်း သိလာသည်။ သူနှင့် ရင်းနှီးကျွမ်းဝင်သော စာသင်သားအများစုတွင် မျက်မှန်တစ်လက်စီတော့ ရှိနေကြသည်ကို အံ့သြဖွယ်တွေ့ရသည်။ အမှန်တကယ်တော့ စာသင်သားရှင်ရဟန်းငယ်တစ်ပါးအတွက် ဈေးပေါပေါနှင့် ရသော ဖိုတိုဂရေးမျက်မှန်များကိုသာ တပ်ဆင်နိုင်ကြသည်။

နေပူထဲ လျှောက်သည့်အခါ (သို့မဟုတ်) မျက်မှန်တပ်ချင်သည့် ရောဂါကြောင့်သာ မျက်မှန်တပ်ဆင်ခြင်း မျိုးဖြစ်ပြီး အမှန်တကယ် မျက်စိမှုံဝါး၍ မျက်မှန်တပ်ဆင်ခြင်းမျိုးကတော့ အနည်းစုသာ ဖြစ်လေသည်။ ဆယ်ကျော်သက်အရွယ် စာသင်သားသာမဏေလေးများ၏ အမြင်တွင် အနီးကပ်အားကျသော ဆရာအရှင် တို့၏ အရိပ်အရောင်ကို ပုံတူကူးချရန် စိတ်အားထက်သန်ခြင်းလည်း ဖြစ်နိုင်သည်။ စာသင်သားတစ်ပါးတွင် ပိုင်ဆိုင်မှုဆို၍ မျက်မှန်တစ်လက်၊ သပိတ်တစ်လုံးနှင့် စာအုပ်သေတ္တာတစ်ခုသာ ရှိသည် ဟုဆိုရိုးစကားရှိသည်။

သူလည်း အများနည်းတူ ခပ်ကြောင်ကြောင်မျက်မှန်တစ်လက် ၀ယ်တပ်ခဲ့ဖူးသည်။ သူ့ပရိက္ခရာစာရင်းတွင် မျက်မှန်တစ်လက်ပါဝင်သွားသည်။ ရပ်ရွာမှ ဆရာဘုန်းတော်ကြီးနှင့် ရပ်မိရပ်ဖများက မြို့မှ စာမေးပွဲဖြေပြီး၍ မျက်မှန်တပ်ပြန်လာတတ်သည့် သားတပည့်များကို မျက်စိစပါးမွှေးစူးလေ့ရှိပါသည်။ “ရှိုးကိုယ်တော်” ဟု ကင်ပွန်းတပ်ကာ သာသနာမှာ ကြာကြာနေမည့်ကိုယ်တော်မဟုတ်ဟု စိတ်မသက်မသာ မှတ်ချက်ပြု လေ့ရှိကြသည်။ သူလည်း မျက်မှန်အားကိုးဖြင့် ရွာရိုး လျှောက်ခဲ့ဖူးသည်။ အချိုးမပြေကြောင်း အခုမှ ပြန်မြင်မိသည်။ နှစ်ပေါင်းများစွာကြာ၍ ရွာပြန်သွားသည့်အခါ “ဗရုတ်သုက္ခ မျက်မှန်တကားကား လမ်းသလားနေတဲ့ ကိုယ်တော် တစ်ပါးပဲ အားကိုးစရာ ကျန်တော့သကိုး” ဟု မှတ်ချက်ပေးကြသည့်အခါ သူပြုံးမိရသေးသည်။

သူ့ဖခင်ကတော့ “ကိုယ်တော်က ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တပ်ရအောင် မျက်လုံးတွေက မွဲနေတာကိုး”ဟု ရွဲ့ပြောသည်။ ဆရာဘုန်းတော်ကြီးကလည်း “အင်း မျက်စိမမွဲဘဲ ရှိုးမျက်မှန်တွေ တပ်၊ နောက်မှ ကန်းသွားမယ်ဗျ” ဟု ငေါက်ဆတ်ဆတ်ဆုံးမသည်။ ဘာပြောပြော လူငယ်စိတ်မွေးထားသော ကိုရင်တစ်ပါး သည်လည်း လူကြီးသူမများ၏ စကားနှင့် ခပ်ဝေးဝေးရောက်အောင် ပြေးလေ့ရှိပါသည်။ လူကြီးသူမများ ကွယ်ရာမှာတော့ သူမျက်မှန်ဆက်တပ်ခဲ့သေးသည်။

စာသင်တိုက်မှ တက္ကသိုလ်ရောက်သွားသည့်အချိန်မှာတော့ မျက်စိမမွဲဘဲ မျက်မှန်တတ်သည့် ရောဂါ အမြစ်ပြတ်သွားသည်။ သို့သော် မျက်မှန်တပ်ထားသည့် ဆရာတော်ကြီးများကိုတော့ မှတ်မှတ်ရရ သတိထားကြည့်မိနေဆဲဖြစ်သည်။ ၀ါသနာဆိုသည်က ဘုရားရှင်ကိုယ်တော်များသာ ပယ်စွန့်နိုင်သည်ဟု သိရသည်။

(၅)
သို့သော် တက္ကသိုလ်နေ့ရက်များတွင်တော့ နေကာမျက်မှန်လေးတစ်လက်ကို မိတ်ဆွေရဟန်းတော် တစ်ပါးက သူ့အား လှူဖူးသည်။ မိတ်ဆွေရဟန်းတော်ကို သူမှတ်မှတ်ရရဖြစ်သွားသည်။ မြတ်နိုးဖွယ်ပစ္စည်းတစ်ခုကို ပေးတတ်သည့်ပုဂ္ဂိုလ်ကို အမှတ်ရတတ်သည်မှာ သဘာဝဖြစ်သည်။ (မင်းကွန်းဆရာ တော်ကြီးသည်လည်း အကျွမ်းမ၀င်၊အပြစ်သာ မြင်တတ်သော ဆရာတော်တစ်ပါးကို မြတ်နိုး ဖွယ် လက်ဆောင် တစ်ခုပေးအပ်ကာ မိတ်ဖွဲ့ခဲ့ဖူးသည်။ မင်းကွန်းဆရာတော်ကြီးကို တစ်သက်လုံး အကောင်းမမြင်သော ထိုဆရာတော်သည် မင်းကွန်းဆရာတော်ကြီးကို အမှတ်တရ ခင်မင်သွားခဲ့သည် တဲ့။ )

သူနှင့် မိတ်ဆွေရဟန်းတော်ကြားတွင် နွေးထွေးမှုသာ ရှိခဲ့သော ဆက်ဆံရေးသည် ပိုမို ခိုင်မြဲသွားခဲ့သည်။ အမှန်တကယ်တော့ ထိုမိတ်ဆွေရဟန်း တော်သည်လည်း မျက်မှန်ချစ်သူဖြစ်ပါသည်။ မျက်မှန် အကြောင်းပြောတတ်သော သူ့အတွက်ပါ ပိုဝယ်လာခြင်းဖြစ်သည်။ အသစ်ရထားသော မျက်မှန်အနက်တပ်ပြီး တက္ကသိုလ်အဆောင်များကို တစ်ခန်းဝင်တစ်ခန်းထွက် လှည့်ပတ်ပစ်လိုက်သည့်အခါ “တောင်ပုလု ဆရာတော်ကြီး မရှိတော့ဘူးဆိုတော့ မြောက်ပုလုဆရာတော်တစ်ပါးတော့ ပေါ်ပြီဟေ့” တဲ့။ မိတ်ဆွေ ရဟန်းတော်များက ကောင်းချီးပေးကြလေသည်။

(၆)
လေးနှစ်တာသာသနာ့တက္ကသိုလ်နှစ်များနှင့် နှစ်နှစ်တာသာသနာပြုရဟန်းတစ်ပါးအဖြစ် တာဝန်များထမ်း ဆောင်ပြီးဆုံးသွားသောအခါ သူဘွဲ့တစ်ဘွဲ့ရပါသည်။ ထိုဘွဲ့ရပြီးသောအခါ ဒကာဝိမုတ္တိ၏ “ဒီလိုလေး လုပ်ရင် ကောင်းမလား” ဆောင်းပါးကို မဖတ်ရသေးပါ။ သူ့ထံမှ တစ်ခုခုကြားချင်နေသည့် အသိုင်းအ၀ိုင်းကို သူကျောခိုင်းပစ်လိုက်ပါသည်။ (ကံကောင်းထောက်မစွာပင် မန္တလေးစာသင်သားလောကတွင် ကျွမ်းဝင်ခဲ့ရ သည့် ( အတူငတ်ခဲ့ဖူးသည့်) မိတ်ဆွေရဟန်းတော်က ရန်ကုန်မြို့ပြတွင် ကျောင်းထိုင် ဆရာ တော်ကြီးဖြစ် နေလေသည်။ သို့နှင့် သူသည်လည်း ရှေးပုံပြင်များထဲကအတိုင်းပင် “သူငယ်ချင်းဘုရင်ဖြစ်၍ စစ်သူကြီးဖြစ်ရ” ဆိုသည်မျိုးနှင့် တူအောင် ဇာတ်ညွှန်းရေးဖြစ်ခဲ့လေတော့သည်။ သူက ထိုကျောင်းတိုက်၏ နာယကတစ်ပါးဖြစ်လာခဲ့ပါသည်။

နာယကတစ်ပါးဖြစ်လာသည်က သူပြောလိုသည့် မျက်မှန်နှင့်မဆိုင်ပါ။ သို့သော် ထိုကျောင်းတိုက်တွင် စာပေပို့ချရင်း ရန်ကုန်မြို့ရှိ၊ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရ အောင် ကြိုးစားခဲ့ပါသည်။ ထိုစဉ်က သူ့အတွေးတွင် ဘွဲ့ဒီဂရီများသည် အရေးပါသည်ဟု ထင်နေ၍ ဖြစ်သည်။(သို့သော် ဘွဲ့ဒီဂရီများသည် သူ့အတွက် အလုပ်ဖြစ်ဆဲဖြစ်သည်။ အမေကိုယ်တိုင်က သူ့သားရဟန်း ရထားသော ဘွဲ့များကို ဘာမှန်းမသိဘဲ ဂုဏ်ယူနေဆဲဖြစ်သည်။)(သူ့ဖခင်ကတော့ နိဗ္ဗာန်နှင့် နျူကလီးယား အကြောင်းပြောတတ်သေး၍ သူနှင့် ဆွေးနွေးနိုင်သည်၊)

ထေရ၀ါဒတက္ကသိုလ်သို့တက်ရောက်ဖြစ်သည့်အခါ သူ့မူဝါဒအတိုင်း စာသင်ခန်း၏ နောက်ဆုံးတန်းမှသာ တက်လေ့ရှိသည်။ အချိန်မရွေးထပြန်နိုင်သောကြောင့် နောက်ဆုံးခုံများသာ သူရွေးချယ်လေ့ရှိသည်။ (သူတက်ရောက်ပြီး နောက်နှစ်များတွင်တော့ ခုံနံပါတ်အစဉ်အတိုင်း ထိုင်ကြရန် စည်းကမ်းထုတ်ပြန်ခဲ့ပါသည်။)
သူ့ဘ၀တစ်လျောက်လုံး တက္ကသိုလ်များကို တက်မိသောအခါက ဆရာများပြောသော ပို့ချချက်ကို မှတ်စုရေး ခဲ့ခြင်းမရှိပါ။ သူက အလွန်ပျင်းသော ကျောင်းသားတစ်ယောက်ဖြစ်၍ မှတ်မိအောင်ပဲ နားထောင်ခဲ့သည်။ မမှတ်မိလျှင်လည်း နားလည်အောင် နားထောင်ခဲ့ပါသည်။

(စာမေးပွဲနီးပြီဆိုလျှင်တော့ သူကျောင်းတက်နေသောကာလအတွင်း ကျောင်းတက်မှန်၍ မှတ်စုရေးတတ်သော ကျောင်းသားတစ်ယောက်ကို ပစ်မှတ်ထားကာ ချဉ်းကပ်ပူဇော်လေ့ရှိပါသည်။ ကျောင်းတက်မှန်သော်လည်း မှတ်စုမရေးတတ်၊ မှတ်စုရေးတတ်သော်လည်း ကျောင်းတက်မမှန်သော ကျောင်းသားများလည်း အမှန် တကယ်ရှိပါသည်။ သူက ကျောင်းတက်လည်း မမှန်၊ မှတ်စုလည်း မရေးသော၊ ပျင်းရိသည်ဟု ကျော်ကြားသော ကျောင်းသားဖြစ်သည်။ သို့သော် ဂုဏ်ထူးများထွက်လေ့ရှိခြင်းက ဆရာများ၏ တပည့်များအား ငဲ့ညှာသော မေးခွန်းများက လွယ်၍ ဖြစ်နိုင်သည်။ ) သူနှင့် နီးစပ်သော သာသနာ့တက္ကသိုလ်အသိုင်းအ၀ိုင်းတွင် သူသည် စာမကျက်ဘဲ စာမေးပွဲအောင်သည် ဟုပြောကြသည်။ သို့သော် အရှင်ဇ၀န၏ ဘလော့တွင် ရေးထားသည့် ညဘက်စာခိုးကျက်သော ကျောင်းသားမှာ သူဖြစ်ပါသည်။)

(၇)
ထေရ၀ါဒတက္ကသိုလ်စာသင်ခန်းအတွင်း နောက်ဆုံးခုံမှ ထိုင်မိသောအခါ သူ့ဘေးမှ အတန်းဖော်ကျောင်းသားတစ်ယောက်က ၀ိုက်တ်ဘုဒ်ပေါ်မှ စာများကို တစ်လုံးမကျန်ကူးရေးနေသောအခါ သူအံ့သြရသည်။ သူ့အနေဖြင့် ဆရာတော်ဖြစ်စေ၊ဆရာလေး(သီလရှင်)ဖြစ်စေ၊ သို့မဟုတ် ဆရာ၊ ဆရာမဖြစ်စေ သင်ကြားပို့ချပေးနေသည့်အခါ နားထောင်ရုံမျှသာ ဖြစ်သည်။ ၀ိုက်တ်ဘုတ်ပေါ်မှ စာများကို မမြင်၊ နောက်ဆုံးခုံမှာ ထိုင်နေ၍ မမြင်ဟုပဲ ထင်မှတ်နေသည်။ ဘေးမှ အတန်းဖော်က တကူးတည်းကူးနေသောအခါ သူ့ပင်ကိုယ်မျက်မှန်ရောဂါပြန်ထကာ ၀မ်းသာသွားလေသည်။ “ငါမျက်စိတကယ်မွဲနေပြီကိုး။”

Read more...

သတ္တ၀ါများနှင့် လောကဓာတ် (Beings and Global Warming)

အဘိဓမ္မာမှာ ကံ ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရားလေးမျိုးက လူတစ်ယောက်(၀ါ)သတ္တ၀ါတစ်ဦး အသက် ဆက်လက်ရှင်သန်နေ(Life Procession)ဖို့ ထောက်ပံ့ပေးထားတယ်လို့ ငယ်ငယ်က ဖတ်ခဲ့ဖူးပါတယ်။
အဲဒီလေးမျိုးကတော့....

၁။ ကံက ရုပ်ကို ဖြစ်စေခြင်း

၂။စိတ်က ရုပ်ကို ဖြစ်စေခြင်း

၃။ဥတုက ရုပ်ကို ဖြစ်စေခြင်း ( ဥတုဇရုပ်)

၎။အာဟာရက ရုပ်ကိုဖြစ်စေခြင်း ဟူသတတ်။

ဒီအကြောင်းလေးမျိုးထဲက (၃)ဖြစ်တဲ့ ဥတုဇရုပ်က ကမ္ဘာ့လူသားနှင့် သတ္တ၀ါတွေကို ဘယ်လို အကြောင်းအကျိုး အထောက်အကူပြုကြတယ်လို့ ဂေဗေဒ(Ecology)သင်ခဲ့တုန်းက မေးခွန်းတစ်ခုရင်တွင်းမှာ ဖြစ်ထွန်းခဲဖူးပါသည်။

“ဥတုရာသီ တောကိုမှီ၏”ဆိုတဲ့အတိုင်း ရာသီဥတုက တောတောင်ကိုမှီရ၏။ ကမ္ဘာ့လူသားများကလဲ ရာသီရာသီကို တဖန် မှီနေရပြန်ပါသည်။ ဒါကြောင့်လဲ ဒီဇင်ဘာလ၊၂၀၀၉ မှာ ဒိန်းမတ်နိုင်ငံ၊ မြို့တော် ကွန်ပင်ဟေဂင်မှာ ကုလသမဂ္ဂက ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းခြင်း ညီလာခံကို ကျင်းပခဲ့ကြသည်ဟု မှတ်ထင်မိပါသည်။

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ၊ ဥပနိဿယပစ္စည်းမှာတော့ “ဥတု ဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော” တဲ့။ ဆိုလိုချက်ကတော့ ရာသီဥတုကလည်း သတ္တ၀ါတို့အသက်ရှင်သန်ရေးမှာ အားကြီးတဲ့မှီရာ ဖြစ်တယ်လို့ ဆိုလိုတာပါပဲ။ ဥတုရာသီကောင်းမွန်လာလျင် အပူဓာတ်၊ အအေးဓာတ်မျှတတာကို အမှီရကြပြီး အရွက်၊အပွင့်၊ အသီး ၊ အမှည့် ၊ ဖြစ်ထွန်းလာတဲ့ အစာအာဟာရတွေလဲ ကောင်းမွန်တဲ့ အဆီသြဇာဓာတ်ကို ဖြစ်စေပါသည်။ အသက်ရှည်စေပါသည်။ ဒါကြောင့်လဲ “ သတ္တ၀ါတွေဟာ အသက်ရှင်သန်ဖို့ အစာအဟာရကို မှီနေကြရတယ်(သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ)”လို့ အပြောများနေကြတာ ထင်ပါသည်။

အင်္ဂုတ္တရနိကာယ်မှာ တရားမစောင့်သော မင်းမျိုးအုပ်ချုပ်သူမှ စတင်၍ အိမ်ရှေ့မင်း၊ မူးမတ် ၊ အဲဒီမှတဆင့် တိုင်းသူပြည်သားများက အဆင့်ဆင့် တရားမစောင့်ကြ၊ နတ်များက စိတ်ဆိုးကြ၍ ရာသီဥတုစတင်ဖောက်ပြန်လာသဖြင့် မှန်စွာမိုးမရွာ၊ မြေဆီလွှာ မကောင်း၊ နွယ်ချိုသြဇာဓာတ်မျိုးဆုတ်ယုတ်ကျဆင်း၊ ဓာတ်ကြီးလေးမျိုးနဲ့ဖွဲ့စည်းထားတဲ့ သတ္တ၀ါများရဲ့ ကိုယ်ကာယက အားနည်းလာကြသည်ဟုဆိုသည်။
မြေဆီလွှာညံ့ဖျင်းခြင်းကြောင့် အာဟာရညံဖျင်းလာခြင်း၊ လူသားအပါအ၀င် သတ္တ၀ါတို့မှာလည်း အနာရောဂါဆန်းပြားစွာပေါ်လာခြင်း၊ အပြင်(ဗဟိဒ္ဓ)ရုပ်ကြောင့် အတွင်း(အဇ္ဈတ္တိက)ရုပ်များဖောက်ပြန်ပျက်စီးမှု လွယ်ကူလာခြင်း၊ မဟာဘုတ် ရုပ်ကို မှီ၍နေသော နာမ်တရားတွင် လောဘမီး၊ ဒေါသမီး၊ မောဟမီးများ ပိုမိုနှိပ်စက်လာကြသဖြင့် အကြောင်းနှင့် အကျိုးဆက်စပ်လျက်ရှိသောနာမ်ရုပ်တို့သဘောမှာ အတောမသတ်နိုင်တော့ဘဲ ဆုတ်ယုတ်ပျက်စီးမှု သံသရာလည်လျက် ဖြစ်နေပေတော့သည်။

လူတစ်ယောက်မှာ နေစဉ်နဲ့အမျှ ကိုယ်တွင်းမှာ အပူအအေးမမျှတခြင်းကြောင့်ဖြစ်စေ၊ အာဟာရချို့တဲ့ခြင်းကြောင်းဖြစ်စေ၊ အနာရောဂါ တစ်မျိုးမျိုးနှိပ်စက်ခံနေကြရပါသည်။ ထို့အတူပဲ ကမ္ဘာကြီးကလဲ ဒီလိုပါပဲ။ ကမ္ဘာကြီးကို ဂူဂယ်အာ့(Google Earth)ကနေ နှိုင်းစာယှဉ်ကြည့်လျင်ကား လူတိုနေထိုင်ရာ တိုင်းပြည်တစ်ပြည်ရဲ့ မြေပုံကို လူတစ်ယောက်ရဲ့ လက် ခြေ ဦးခေါင်း အစိတ်အပိုင်းများကဲ့သို့ တစ်စိတ်စီ ရှာဖွေကြည့်ခဲ့ရပါသည်။ မြန်မာပြည်မြေပုံကို ရှာတွေ့ဖို့အရေး လူတစ်ယောက်ရဲ့ ပုံခုံးပေါ်က ပွေးကွက်တစ်ကွက်ကို ရှာနေသလိုဖြစ်ခဲ့ပါသည်။ ထိုမြေပုံပေါ်ရှိလူသားများ၏အရွယ်ပမာဏသည်ကား လူ့ခန္ဓာပေါ်က မမြင်ရတဲ့ ဘက်တီးရီးယားပိုးမျှလောက်သာသာဖြစ်နေတော့သည်။

နေစဉ်နဲ့အမျှ မတူညီတဲ့ ကမ္ဘာ့အစိတ်အပိုင်းများတွင် အပူအအေး မမျှတခြင်း၊ အစာအာဟာရ ၊ မိုးခေါင်ရေရှားခြင်း စတဲ့သဘာဝရာသီဘေးဒဏ်ကို ခံနေစားနေကြရပါတယ်။ အပူလွန်တဲ့နေရာ၊ အအေးလွန်တဲ့နေရာ၊ မျှတတဲ့နေရာ၊ မမျှတတဲ့နေရာ ၊ အစာအဟာရပေါများတဲ့နေရာ၊ အစာရေစာရှားပါးတဲ့နေရာ၊ ရေမရှိ ၊ ရေရှိ စတာတွေမျိုးပဲ လူမှာဖြစ်တဲ့ ဝေဒနာတွေမျိုးကမ္ဘာကြီးမှာ ပြောင်းလဲဖြစ်ပျက်လျက် ရှိနေပါသည်။

ဒီလိုကမ္ဘာကြီးက ရောဂါရအောင် ဘယ်သူလုပ်တာလဲဆိုယင်တော့ အသိဥာဏ်ရှင်ကြီးဖြစ်ပါတယ်ဆိုတဲ့ လူသားတွေကပဲ လုပ်ကြပါသည်။ သစ်တော ပြုန်းတီးလာအောင်၊ လေထုထဲမှာ ကာဗွန်တွေ၊ အဲယားကွန်းမီးသိမ်းဓာတ်ငွေ့တွေ၊ ရေထု လေထုထဲတွေမှာ စည်းကမ်းမဲ့ ပလပ်စတစ်အိပ်စွန့်ပစ်တာတွေ၊ရေနံယိုဖိတ်မှုတွေ၊ ဘတ္တရီ ပလိပ်ပြားတွေ မြစ်ချောင်းကန်တွေထဲပစ်ချတာတွေဟာ တိရစ္ဆာန်သတ္တ၀ါတွေ လုပ်ခဲ့ကြတာမဟုတ်လို့ယုံကြည်ပါသည်။

ဒီကမ္ဘာကြီးပေါ်မှာ မှီတင်းနေထိုင်နေကြတဲ့ သတ္တ၀ါတွေတွေဟာ ရာသီဥတုကို အကြောင်းအကျိုးသဟဲပြုနေထိုင်ကြပါတယ်။ လူသားနဲ့နှိုင်းယှဉ်ရင် အသိဥာဏ်မဲ့ပြီး သညာသိလောက်သာရှိတဲ့ တိရစ္ဆာန် သတ္တ၀ါတွေတောင်မှ ဂေဟဗေဒစနစ်(Ecosystem) အရ ရာသီအလိုက် အပွင့်၊ အသီး၊ အမှဲ့ အစေ့တွေကို ကိုက်ချီစားသောက်ကြပြီး သစ်ပင်ဇီဝမျိုး ပွားများလာအောင် ဆောင်ရွက်ပေးနေကြပါတယ်။

ကျနော်တို့လို အသိဥာဏ်ရှိပါတယ်ဆိုတဲ့ လူသားတွေအဖို့ သူတို့ကလေးတွေလောက်တောင် သစ်ပင်သစ်တော့တွေကို စောက်ရှောက်ထိန်းသိမ်းသင့်ကြပါသည်။ ပင်လယ်ကမ်းရိုးတမ်းရှိ သန္တာကျောက်တန်း( Coal Reefs) တွေကို မပျက်စီးအောင် ထိန်းသိမ်းပေးတဲ့ ပင်လယ်ဂဏန်း (Crab Condos)ဆိုတာတွေရှိတယ်လို့ ဖတ်ဖူးခဲ့ပါတယ်။ ပင်လယ်ရေကကမ်းခြေကို ဒီရေတိုက်စားခြင်းဒဏ်ကို ခံနိုင်ရည်ရှိတဲ့ နောက်အပင်တစ်မျိုးကတော့လမုပင်လို့လဲ မှတ်သားခဲ့ဖူးပါတယ်။

အချို့သောငှက်မျိုးများကြတော့ သစ်စေ့ သစ်သီးများကို စားသောက်၊ကိုက်ချီပျံသန်းတတ်ကြပါသည်။ မိုင်ထောင်ချီခရီးကို ပါတ်စပိုစ်မပါ၊ ချက်ပွိုင့်မရှိ ပြန်သန်းကြပါတယ်။ ကျနော်တို့လို့ ကိုယ့်ဘာသာကိုယ် နယ်နိမိတ်သတ်မှတ်ပြီး အကျဉ်းချမထားခဲ့ကြပေ။ ဒါကြောင့်လဲ သစ်ပင်ဇီဝမျိုးပြန်ပွားတာကို အထောက်အကူဖြစ်ပါတယ်။

အဘိဓမ္မာမှာတော့ နာမ်ဇီဝိတရှိသလို ရုပ်ဇီဝိတ( Bio Chemical )ဆိုတာရှိကြပါသည်။ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာလဲ ဇီဝရုပ်တုံ့ပြန်တုန်ခါခြင်း(Bio Chemical reaction/ Bio Chemical vibration) ဆိုတာရှိပါတယ်။ ဒီလို ခန္ဓာကိုယ်တွင်းဇီဝရုပ်များသည် စိတ် အတက်အကျဖြစ်ခြင်း၊ အာရုံများကြောင့် ဖြူစင် ညစ်နွမ်းခြင်းနဲ့လည်း သက်ဆိုင်လျက်ရှိပေသည်။ ကံကြောင့် ရုပ်ဇီဝိတဖြစ်ရသည်ဟု ဆိုပါသည်။
“စိတ်ပျိုလျှင်ကိုယ်နု” မြန်မာစကားပုံအတိုင်းပင် စိတ်ကလည်း ရုပ်ဓာတ်ကို အားပေးကြောင်း သိလာရပါသည်။ အပြင်ဥတုဇရုပ်ကြောင့် အတွင်းဥတုဇရုပ်အချင်းအချင်းဖြစ်စေ ၊ ရုပ်နှင့် နာမ်အချင်းချင်းဖြစ်စေ၊ နာမ်-နာမ် အချင်းချင်းဖြစ်စေ ဆက်စပ်ကာ အကြောင်းအကျိုး(စက္က/cyclin) လည်ပတ်လျက် ရှိနေတော့သည်တကား။

ထိုကြောင့် မြတ်ဗုဒ္ဓက အောက်ပါအတိုင်းမိန့်ဆိုတာ ဖြစ်ပါလိမ့်မည်။

ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ ၊ တေသံ ဟေတုံ တထာဂတော အာဟ ။
တေသဉ္စ ယော နိရောဓော ၊ ဧ၀ံ ၀ါဒီ မဟာသမဏော ။

“အကျိုးတရားအားလုံးဟာ အကြောင်းတရားနဲ့ ကင်း၍ ဖြစ်ရိုးထုံးစံမရှိချေ။ အကြောင်းနှင့် အကျိုးတို့သည် တစ်ခုနှင့်ခုတည်မှီ၍ လည်ပတ်နေကြရသည်။ အကြောင်းတရားချုပ်လျင် အကျိုးတရားလည်းချုပ်လေတော့သည်”ဟု ငါဘုရားဟောတော်မူ၏။
(ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိ၊ ဗုဒ္ဓ၀ဂ် ၊ ဂါထာ အမှတ်၊၂၈၆ )


မှတ်ချက်။ ။ဤဖော်ပြပါဆောင်းပါးနှစ်ပုဒ်သည် ၂၀၀၉၊ ဒီဇင်ဘာလ၊ ကိုပင်ဟေဂင်တွင် ကျင်းပခဲ့သည့် သဘာဝပတ်ဝင်ကျင်ညီးလာခံ ကျင်းပနေဆဲကာလက ရေးနေသည့် အတွေးစာစုများကို ယခုမှ အနားသတ် ပိုစ်တင်လိုက်ရပါသတည်း။

Read more...

စစ်ကိုင်းတောင်ရိုးဆမ်းလောင်းအသင်း တစ်နှစ်ပြည့် ဆွမ်းလောင်းပွဲ ( ၉.ဇူလိုင်.၂၀၁၀)

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း တစ်နှစ်ပြည့်အခမ်းအနားအဖြစ် ၈.၇.၂၀၁၀ ရက်နေ့ည (၇း၃၀)တွင် စစ်ကိုင်းမြို့ ဆင်များရှင်ဘုရားရင်ပြင်ဓမ္မာရုံပေါ်တွင်အကြိုတရားပွဲအဖြစ်စစ်ကိုင်းမြို့ (ရွိုင်ရယ်ပညာရေးစင်တာ)မှ အရှင်ဝဇီရဥာဏ ၏
တရားပွဲအစီအစဉ်ကျင်းပခဲ့ပါသည်။
၉.၇.၂၀၁၀ ရက်နေ့နံနက်ပိုင်းတွင် သံဃာတော် အပါး ၄၀၀ ကျော်တို့အား အရုဏ်ဆွမ်းအဖြစ် ကြက်သားကြာဇံချက်များကပ်လှူခဲ့ပြီး
နတ်သုဒ္ဓါဒံပေါက်ဆွမ်းတစ်ပါးလျှင်တစ်ဗူးစီ၊ ဌက်ပျောသီးတစ်လုံး နှင့်ဆွမ်းလောင်းအသင်းဝေယျာဝစ္စအဖွဲ့များမှဗလာစာအုပ်
တစ်အုပ်စီနှင့်ဆပ်ပြာမှုန့်တစ်ထုတ်စီ ၊စစ်ကိုင်းမြို့ မြန်မာဦးစတိုးဆိုင်မိသားစုမှဘောပင်တစ်ချောင်းစီနှင် မှင်တံတစ်ချောင်းစီလှူဒါန်းခဲ့ပြီး နာယကဆရာတော်မေတ္တာရှင်ရွှေပြည်သာဆရာတော် ဦးဇ၀န အား အရုဏ်ဆွမ်း ကပ်လှူခဲ့ပါသည်။ဝေယျာဝစ္စအဖြစ်လာရောက်
ဆွမ်းလောင်းကြသော ဦးသုဇာတ၊ ဦပညာဝံသ ၊ ဦးအာဒိစ္စနှင့် ကိုဖြိုးမိသားစု၊ ကိုထက် နှင်မိတ်ဆွေများ ၊ဂစ်တာ၊မောင်စိုးလင်းအောင်၊
မောင်နီ၊မောင်အောင်မြင့်ဆွေ၊ မောင်ဇော်မျိုး+မအိုမီ၊ဒေါ်ကြည်ဌေး၊ ငြိမ်းအိထွေး၊ နှင့်ဒါယကာနှစ်ဦး တို့ဖြစ်ကြပါသည်။
နေ့လည်ပိုင်းတွင် သြ၀ါဒ ဆရာတော်ကြီးများအားနေ့ဆွမ်းဆပ်ကပ်လှူဒါန်းကြပါသည်။ သြ၀ါဒဆရာတော်ကြီးများ နှင့် အား
ဆွမ်းလောင်းအသင်းဝေယျာဝစ္စများ ကိုယ်စား ဦးဘုန်း(ဓါတု)၊ဒေါ်ချောအိမာန်၊ဦးဇော်ခိုင်ဦး၊ ကိုဇော်သိင်္ခ တို့မှနေ့ဆွမ်းကပ်လှူရာတွင်
ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။
ဆရာတော်ကြီးများအားနေ့ဆွမ်းကပ်လှူပြီးနောက် ဆွမ်းလောင်းအသင်း ဥပဋ္ဌာပကအဖွဲ့များကိုယ်စား ဦးရဲဝင်းနောင် (Pro-techComputer)မှဆရာတော်ကြီးများအား န၀ကမ္မ ကပ်လှူခဲ့ပါသည်။
ညပိုင်း (၈း၀၀) နာရီအချိန်တွင် သြ၀ါဒဆရာတော်တစ်ပါးဖြစ်သော စစ်ကိုင်းမြို့မြစင်္ကြာကျောင်းတိုက် ဦးစီးပဓါန နာယက ဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသ ၏ တရားပွဲအစီအစဉ်ဖြစ်ပါသည်။ တရားပွဲဓမ္မဒါနကုသိုလ်ရှင်များကတော့ ကိုဖြိုး၊ ကိုထက်(ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး) မှဖြစ်ကြပါတယ်။

အလှူရှင်များစာရင်း

၁.မခင်ငြိမ်းချမ်းဦး (မလေးရှား) မှ သံဃာတော် ( ၄၇ ပါး) အတွက် အလှူငွေ ၉၉၀၀၀ ကျပ်
၂.မသန္တာဝင်း (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ကျပ်(စင်္ကာပူဒေါ်လာ ၃၀)
၃.မမေမြတ်နိုးခိုင် (မြန်မာ)(စင်္ကာပူ)မှ သံဃာတော် ( ၉ ပါး) အတွက် အလှူငွေ ၁၈၉၀၀ ကျပ်
၎.ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်္ကာပူ)မှ သံဃာတော် ( ၅၀ ပါး)အတွက်အလှူငွေ ၁၅၀၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၁၅၀)
၅.ကိုမင်းကျော်သူ+မစုစုလှိုင်မြင့် ၊သမီးမြတ်သဒ္ဓါသူ မိသားစု(စင်္ကာပူ)မှသံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ်
(စင်္ကာပူဒေါ်လာ ၃၀)
၆.ဦးမောင်အေး +ဒေါ်သန်းသန်းဝင်း ၊သားစစ်မင်းဦး မိသားစု(စင်္ကာပူ)မှသံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၇.မငုဇာခိုင်(စင်္ကာပူ)မှ သံဃာတော် ( ၃၀ ပါး) အတွက် အလှူငွေ ၆၃၀၀၀ကျပ်(စင်္ကာပူဒေါ်လာ ၉၀)
၈.ကိုအောင်ဝင်းထွဋ် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ၂၁၀၀၀ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၉.မသီတာဇော်မင်း (ဂျပန်)မှ သံဃာတော် ( ၂၀ ပါး) အတွက် အလှူငွေ ၄၂၀၀၀ ကျပ်
၁၀.ဒေါ်ကြည်ကြည်စိန် မိသားစု(အင်းစိန်)မှ သံဃာတော် (၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်
၁၁.ကိုကြီး (စင်္ကာပူ)မှ သံဃာတော် ( ၁၀၀ )ပါး အတွက် အလှူငွေ ၂၁၀၀၀၀ ကျပ်
၁၂.ကိုလှဖုန်းမြင့်+မချိုချိုမော်မိသားစု (ဘန်ကောက်)မှသံဃာတော်(၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်
၁၃.ဦးဆန်းမော်+ဒေါ်အေးမွန်ထွန်း(ယိုကိုဟားမား-ဂျပန်)မှ သံဃာတော်(၁၅)ပါးအတွက် အလှူငွေ ၃၁၅၀၀ ကျပ်
၁၄.ကိုဇော်လင်းနိုင်+မဥမ္မာသန့် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက်အလှူငွေ ၂၁၀၀၀ကျပ်
၁၅. ဦးစိုးမိုးညွှန့် +ဒေါ်မိုမို (USA) (LA) မှ သံဃာ ၁၀ ပါးအတွက်
၁၆. ချိုဒီဇိုင်နာ မှသံဃာ (၁၀) ပါးအတွက်
၁၇.မသင်း မှ သံဃာ (၅) ပါးအတွက်
၁၈.မမမြင့်ဉ္ဇူမှ သံဃာ (၅) ပါးအတွက်
၁၉.မတင်ဇာမော် - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀
၂၀.မလဲ့သူလှိုင် - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀
၂၁.sweetpeony - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀
၂၂.ထက်ထက်အောင် - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀

ဓါတ်ပုံများကို
http://kovida.multiply.com/photos
လင့်တွင် ကြည်ညိုနိုင်ပါသည်။

Read more...

ဝါဆိုလနှင့် ၀ါဆိုသင်္ကန်း။


ပြီးခဲ့တဲ့ တနင်္ဂနွေနေ. ၁၁ရက်- ဇူလိုင် ၂၀၁၀ နေ.က စင်္ကာပူ နိုင်ငံ ဇယမင်္ဂလ ဗုဒ္ဓ၀ီဟာရ ဆရာတော် ဦးဝိစိတ္တ -ကျောင်း မှာ စင်္ကာပူမှာရှိတဲ့ မြန်မာ မိသားစု များက စုပေါင်းပြီး ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲ ကျင်းပ ပြုလုပ်ခဲ့ ကြပါတယ်။ ဒီဝါဆို သင်္ကန်း ကပ်လှူ ပူဇော်ပွဲကို အကြောင်းပြုပြီး ၀ါဆိုလနဲ့ ၀ါဆိုသင်္ကန်း ဆိုတဲ့ အကြောင်း အရာလေးကိုလည်း Bloger မောင်နှမများနဲ့ ကျွန်မရဲ့ မတောက်တစ်ခေါက် ပညာနဲ့ ရေးသားထားတဲ့ ဆောင်းပါးတွေကို စိတ်ရှည် သီးခံပြီး ဖတ်ရူနေတဲ့ စာဖတ်သူများ အား ၀ါဆိုလ၊ ၀ါဆိုသင်္ကန်းနဲ့ ပတ်သက်တဲ့ အကြောင်းလေးကို သိစေရန် ရည်ရွယ်၍ မျှဝေလိုက်ပါတယ်ရှင်။

မန်မာလ (၁၂) လ ရှိသည့် အနက် ၀ါဆိုလသည် စတုတ္ထ မြောက်လဖြစ်သည်။ ၀ါဆိုလသည် မြန်မာနိုင်ငံ၏ နွေရာသီနှင့်မုတ်သုံရာသီ ကာလ အပိုင်းအခြားတွင်ဖြစ်ပြီး၊ အင်္ဂလိပ်လ ဇွန်၊ ဇူလိုင်လအတွင်းတွင် ကျရောက်လျှက်ရှိသည်။ (၁၂) လရာသီ ရှိသည့်အနက်မှ ၀ါဆိုလပြည့်နေ့သည် အရေးပါသော နေ့တစ်နေ့ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အစိုးရ ရုံးပိတ်ရက် များတွင်လည်းပါဝင်သည်။

ဝါဆိုလ၏ ဆိုလိုရင်းမှာ ၀ါ သည်နေထိုင်ခြင်း ၊ ဆိုသည် ရွတ်ဆိုခြင်းဟု အနက်ဖွင့်ဆိုကြသည်။ မိုးတွင်း သုံးလပတ်လုံး ရဟန်းတော်များ သီတင်းသုံးရာ ကျောင်း၌ နေထိုင်ပါ မည်ဟု အဆိုပြုသောလကို ၀ါဆိုလ ဟုခေါ်ဆိုသည်။ တစ်နည်းအားဖြင့် ၀ါဆိုလကို ပုဂံခေတ်ဦးတွင် မယ်တာ ဟုရေးသား အသုံးပြုခဲ့ကြသည်။ ပုဂံခေတ် နှောင်းပိုင်းတွင် မယ်ာ မှ နွေတာဟု ပြောင်းလဲ ခေါ်ဆိုခဲ့ကြသည်။ မယ်တာဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ မယ်သည် လယ်ယာ ၊ မိုး ၊ မြေ ကို ကိုယ်စားပြုပြီး ၊ တာ ဆိုသည်မှာ တိုင်းတာခြင်းဟု အနက်ဖွင့်ဆိုသည်။ ထို့ကြောင့် လယ်ယာမိုးမြေကို တိုင်းတာသောလ ဟုလည်း ဆိုနိုင်ပါသည်။ ၀ါဆို လ၏ ယေဘုယ နေထွက် ချိန်မှာ နံနက် ၄ နာရီ ၄၈ မိနစ်ဖြစ်ပြီး၊ နေ၀င်ချိန်မှာ ညနေ ၇ နာရီ ၁၂ မိနစ်ဖြစ်သည်။ ၁၂ လရာသီအ နက် ၀ါဆိုလသည် နေ့ တာ အရှည်ဆုံးလ ဖြစ်သည်။

ဝါဆိုလသည် မြန်မာလူမျိုးများ အတွက် ဘာသာရေးနှင့်ဆက်နွယ်သော အထွက်အမြတ်ထားရာလပင်ဖြစ်သည်။ ဘုရားအလောင်းတော်သည် တုသိတာ နတ်ပြည်မှ စုတေ၍ လူ့ပြည့်၌ပဋိသန္ဓေတည်သည်မှာ ၀ါဆိုလပြည့်နေ့ပင်ဖြစ်သည်။ နိမိတ်ကြီး လေးပါးကို မြင်၍ တောထွက်သည့် နေ့မှာလည်း ၀ါဆိုလပြည့်နေ့ ပင်ဖြစ်သည်။ ဘုရားဖြစ်တော် မူပြီးနောက် ဓမ္မစကြာ တရားဦးကို ဟောကြား တော်မူသည့် နေ့မှာလည်း ၀ါဆိုလပြည့် နေ့ပင်ဖြစ်သည်။ သာဝတ္ထိပြည် သရက်ဖြူပင် ခြေရင်း၌ တိတ္ထိတို့ကို နှိမ်နင်း၍ တန်ခိုး ပြာ ဋိဟာ ပြသောနေ့မှာလည်း ၀ါဆိုလပြည့်နေ့ပင် ဖြစ်ပါတော့သည်။ ထိုသို့ထူးခြားချက်များနှင့်ပြည့်စုံနေသောကြောင့် ဗုဒ္စဘာသာမြန်မာလူမျိုး တို့အနေဖြင့် ၀ါဆိုလပြည့်နေ့ကို အထွတ်အမြတ် ပြုကြသည်။ ထို.ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤ၀ါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ၀ါဆိုပန်းများ ကပ်လှူခြင်း၊ ၀ါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်း အားဖြင့် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ် ကြပါသည်။ (ကျန်းကိုး- မောင်ထင်၏ ၁၂ လရာသီ)

ဝါဆိုသင်္ကန်း

ဝါဆိုသင်္ကန်း- ဆိုတာ ၀ါတွင်း ကာလ(မိုးကာလ)၌ မိမိတို့ ကျောင်းအသီးသီးတွင် သီတင်းသုံး နေထိုင်သည့် သံဃာတော် များအား လှူဒါန်းသည့် သင်္ကန်းလို့ ပြောနိုင်မယ် ထင်ပါတယ်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ၀ါဆိုသင်္ကန်းကို ၀ဿာဝါသိက သာဋိက-လို့ ဟောထား ပါတယ်။ ပါဠိ အင်္ဂလိပ် အဘိဓာန် မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပြတယ်။ တိပိဋက ပါဠိ အဘိဓာန်က ၀ဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) - မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ ရှိသော ရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ဆိုပါတယ်၊

ဒီနေ့ခေတ်မှတော့ များသောအားဖြင့် ၀ါမဆိုမီ ကာလမှာ ၀ါဆို သင်္ကန်းဆိုပြီး ကပ်လှူလေ့ ရှိတယ်။ ၀ါဆို သင်္ကန်း ကပ်လှူပွဲဆိုပြီး ဘုရားဟော ကျန်းဂန်များမှာတော့ တိုက်ရိုက် မလာပါဘူး။ ဆက်ဆပ် နှီးနွယ်လို့ ယူနိုင်တဲ့ story background လေးကတော့….

ဝိသာခါလို့ ပြောလိုက်ရင် ကျောင်းအမကြီးရဲ့ နာမည်လို့ ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါတယ်။ ဘုရားရှင် ၂၅-၀ါတိတိ သီတင်းသုံးတဲ့ သာဝတ္ထိမြို့ အရှေ့ဘက်မှာ ပုဗ္ဗာရာမ-ပုဗ္ဗာရုံဆိုတဲ့ ကျောင်းကြီးကို ဆောက်လုပ် လှူဒါန်းခဲ့တဲ့ ကျောင်းအမကြီးပေါ့။ တစ်နေ့ ကျောင်းအမကြီး ၀ိသာခါက ဘုရား အမှူးရှိတဲ့ သံဃာတော်တွေကို ဆွမ်းစားပင့်တယ်။ အဲဒီနေ့ညမှာ မိုးကလည်း ရွာလိုက်တာ မပြောပါနဲ့တော့၊ သဲကြီးမဲကြီး ကို ရွာတာ။ ဘုရားရှင်က တပည့် ရဟန်းတွေကို “ ရဟန်းတို့ ဒီမိုးဟာ ဇမ္ဗူဒိပ် တစ်ကျွန်းလုံး ရွာတဲ့မိုး, မိုးရာသီမှာ နောက်ဆုံး ရွာတဲ့ မိုးလည်း ဖြစ်တယ်။ ဒါကြောင့် ရဟန်းတို့ မိုးရေ ချိုးကြလို့” မိန့်တော် မူတော့ ရဟန်းတော် တွေဟာ မိုးရေချိုး ကြတာပေါ့၊ ဒါပေမယ့် သူတို့ရဲ့ ခန္ဓာကိုမှာ ဘာသင်္ကန်းမှ မပါဘဲ ရေချိုး ကြတာလေ။

မနက်မိုးလင်း ကျောင်းအမကြီး ၀ိသာခါအိမ်မှာ ဆွမ်းတွေ ပြင်လို့ပြီးတော့ သူ့အိမ်က ကျွန်- မ တစ်ယောက်ကို ကျောင်းကို လွှတ်လိုက်တယ်။ ဘုရားအမှူးရှိတဲ့ သံဃာတော် တွေကို ဆွမ်းစားကြွဖို့ ပင့်ခဲ့ပေါ့။ ကျွန်-မလေးကလည်း အပြေးအလွှား ကျောင်းကိုသွား၊ ကျောင်းကို ရောက်တော့ သင်္ကန်းမပါဘဲ ရေချိုးနေတဲ့ ရဟန်းတွေကို တွေ့တော့တာပေါ့။ ဒါနဲ့ အိမ်ကို ပြန်လာပြီး ရှင်မရေ “ ကျောင်းမှာလဲ ရဟန်းတော်တွေ တစ်ပါးမှ မရှိဘူး။ တက္ကဒွန်းတွေ ရေချိုး နေတာကိုပဲ တွေ့ခဲ့တယ်လို့” ပြန်ပြောတာပေါ့။ (တက္ကဒွန်းဆိုတာ ဘုရားခေတ်တုန်းက ဘာအ၀တ်မှ မ၀တ်ဘဲ နေကြတဲ့ သူတွေလေ၊ ဒီနေ့ခေတ်အထိ အိန္ဒိယနိုင်ငံမှာ ရှိနေသေးတယ်။ အ၀တ် ၀တ်ထားရင် အ၀တ်အပေါ်မှာ တက်မက် တွယ်တာတဲ့စိတ် ရှိတယ်ဆိုပြီး အကုန်ချွတ်ထား တဲ့အဖွဲ့ပေါ့။)

ကျောင်းအမကြီး ၀ိသာခါကတော့ တွေးတောတတ်တဲ့ ဥာဏ်အမြော်အမြင်ရှိ တော့ ကျွန်မလေးပြောတဲ့ စကားကို သဘော ပေါက်တယ်။ “တက္ကဒွန်း တွေတော့ မဟုတ် နိုင်ဘူး၊ သင်္ကန်း သုံးထည်ကိုပဲ ၀တ်နေရတဲ့ ရဟန်းတော် တွေပဲ ဖြစ်ရမယ် ပေါ့။ ဒီလိုနဲ့ ဘုရားအမှူး ရှိတဲ့ သံဃာတွေ အိမ်ကိုကြွလာ၊ ဆွမ်းကပ်ပြီး ကျွန်-မလေး ကြုံတွေ့ခဲ့ရတဲ့ အနေအထားကို ဘုရားရှင် အားလျှောက်တယ်။ ဒါနဲ့ မြတ်စွာဘုရားက မိုးရေခံ သင်္ကန်းကို ၀တ်ရုံ သုံးစွဲ ခွင့်ပြုတယ်ဆိုပြီး ခွင့်ပြုခဲ့တယ်။ မိုးတွင်းကာလမှာ ရဟန်းတော်တွေ သင်္ကန်းသုံး ထည်အပြင် မိုးရေခံသင်္ကန်းကိုပါ ၀တ်ရုံ သုံးစွဲခွင့်ပြုတာကို အကြောင်းပြုပြီး ဒီနေ့ခေတ်မှာ ၀ါတွင်း(မိုးကာလ) မိမိတို့ကျောင်းမှာ သီတင်းသုံးတဲ့ ရဟန်းတွေကို ၀ါဆို သင်္ကန်းဆိုပြီး ကပ်လှူနေကြတာပါ။

နောက် story တစ်ခုမှာလည်း ၀ိသာခါ ကျောင်းအမကြီးက ဆုရှစ်မျိုး တောင်းတဲ့အခါ ရဟန်းတော်တွေကို ၀ဿာဝါသိက သာဋိက-၀ါဆို သင်္ကန်း လှူဒါန်းခွင့် ပေးဖို့ ပထမဦးဆုံး ဆုအနေနဲ့ တောင်းခဲ့တာကို ထောက်ဆပြီး ၀ါတွင်းကာလမှာ အရင်က ထက်ပိုလို့ စာသင်စာချ (ပရိယတ်) တရားထိုင် တရားပြ (ပဋိပတ်) လုပ်တဲ့ သံဃာတော် တွေကို ၀ါဆို သင်္ကန်းဆိုပြီး ထေရ ၀ါဒ ဗုဒ္ဓဘာသာဝင်တွေက လှူဒါန်းနေကြတာပါ။

ဒီလို လှူဒါန်း ရတဲ့အတွက် အကျိုးကျေးဇူး လေးကတော့ (reflection အနေနဲ့) လှူဒါန်းသူဟာ ရောက်ရာ ဘ၀တိုင်းမှာ အသားအရည် ၀ါဝင်းပြီး ကိုယ်ရောင် ကိုယ်ဝါ တွေထွက်မယ်၊ အသားအရည် နူးညံ့ ပျော့ပျောင်းမယ်၊ အသားအရည် စင်ကြယ် သန့်ရှင်းမယ်၊ စိတ်ထဲမှာ လိုချင်တာကို တောင့်တ လိုက်ရင် ကိုယ်တောင့်တ(ဖြစ်ချင်)တာတွေ ဖြစ်လာမယ်။ အ၀တ်အစား တွေမရှားပါးဘူး၊ လုံခြုံ ချမ်းမြေ.စွာ နေထိုင်ရမယ်။ ဧဟိဘိက္ခု ခေါ်ခံရမယ်၊ နောက်ဆုံး ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်ပြီး ကျွတ်တမ်း ၀င်ရမယ် ဆိုတာတွေ ဖြစ်နိုင်ပါတယ်။

ယနေ့ ကမ္ဘာမှာ reflection ရဲ့သဘောတရား-နယူတန်ရဲ့ တတိယ နိယာမ ဖြစ်တဲ့ သက်ရောက်မှု. တိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ်ဆိုတဲ့ သဘောတရားတွေကို ယုံကြည် လက်ခံနေကြပါပြီ။ ဗုဒ္ဓဘာသာ မှာတော့ ကံတရားရဲ့ အကျိုးဆက်လို့ လက်ခံကြတာပါ။ စဉ်းစားကြည့်ပါစို့….. ကိုယ်က အ၀တ်(သင်္ကန်း) ပေးတယ်, လှူတယ်၊ ရရှိသူက အဲဒီ ၀တ်သင်္ကန်းကို ၀တ်တယ်။ လေဒဏ် နေဒဏ် ကာကွယ်နိုင် သလို အရှက် အကြောက် ကိုလည်း ကာကွယ်ပြီး ဖြစ်တယ်။ ၀တ်သင့်တဲ့ အ၀တ်ကို ၀တ်ရသူရဲ့ အသားအရေဟာ အ၀တ်မ၀တ်ဘဲ နေရသူရဲ့ အသားအရေထက် ကြည်လင် နူးညံ့ ၀ါဝင်းတယ်။ ကောင်းပြီ၊ သူတစ်ဖက်သားကို အသားအရေ နူးညံ့ဝါ၀င်းအောင် လုပ်ပေးရင် ကိုယ့်မှာလည်း ဒီလို အကျိုးတရား ပြန်ရမှာ သေချာတာပေါ့။ အသက်ရှင်ရ သမျှအချိန် လေးမှာ အလုပ် ကောင်း ကံကောင်းတွေကို လုပ်နေရင် ကောင်းကံ တွေဆိုတာလည်း ရှိနေမှာပဲ။ စိတ်ထဲမှာ ပိုပြီး ရှိနေသင့် တာကတော့ စစ်မှန်တဲ့ ငြိမ်းအေးမှုကို ရှာဖွေခြင်းကသာ ကောင်းဆုံးသော လုပ်ရပ် ဖြစ်ပါလိမ့်မယ်။

Vasa Robe (၀ါဆိုသင်္ကန်း )

မှတ်ချက်။ ၀ါဆိုလ၏ အကြောင်းကို မောင်ထင်၏ မြန်မာ့ ၁၂လ ရာသီ အကြေင်းမှ ထုတ်နုတ် ရေးသားထားပြီး ၀ါဆိုသင်္ကန်း အကြောင်းကို http://www.dhammaweb.net မှ စာဖတ်သူများနှင့် စင်္ကာပူ နိုင်ငံ ဇယမင်္ဂလ ဗုဒ္ဓ၀ီဟာရ (ကလမဲတီကျောင်း) ဆရာတော် ဦးဝိစိတ္တ - Dr Ashin Vicitta ကျောင်းတွင် ၁၁ရက်- ဇူလိုင် ၂၀၁၀) တွင် ကျင်းပသော ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲ အတွက် ရည်ရွယ်၍ မျှဝေ တင်ပြပါသည်ရှင်။

မေစိုး- Shwe Mandalay.

Read more...

မကောင်းမှုလုပ်တာသိတာနဲ့မသိတာနဲ့ ဘာကပိုအပြစ်ကြီးလဲ

အမေး။ မကောင်းမှုကျူးလွန်မိတဲ့အခါ မသိဘဲကျုးလွန်တာနဲ့ သိရက်နဲ့ကျုးလွန်တာ ဘယ်ဟာက ပိုပြီးအပြစ်ကြီးပါသလဲဘုရား။
ဖိုးလပြည့်
မြိတ်

အဖြေ။ ။အဘိဓမ္မာမှာ ဒိဋ္ဌိဂတ၀ိပ္ပယုတ်ထက် ဒိဋ္ဌိဂတသမ္ပယုတ်က ပိုပြီး ထက်မြက်ပါတယ်။ဆိုလိုတာက ဒိဋ္ဌိနဲ့ယှဉ်ပြီး ကျုးလွန်တာက ပိုပြီး အပြစ်ကြီးလေးပါတယ်။
ပိုရှင်းသွားအောင် ပြောပါအုံးမယ်။ အပြစ်ရှိတာကို အပြစ်မရှိလို့ မှတ်ယူနေတာ မိစ္ဆာဒိဋ္ဌိ လို့ခေါ်ပါတယ်။ ဒိမိစ္ဆာဒိဋ္ဌိအခြေခံပြီး(မသိဘဲ) မကောင်းမှု ကျုးလွန်တဲ့အခါမှာ မကြောက်မရွံ့နောက်မတွန့်ဘဲ ရဲရဲဝံ့ဝံ့ ပြုလုပ်တတ်ကြတယ်။ ဒါကြောင့် မကောင်းမှုများဟာ မိစ္ဆာအယူရှိသူတို့ရဲ့သန္တာန်မှာ ပိုပြီး အဖတ်တင်ကျန်ရစ်တယ်၊(ပိုပြီးအပြစ်ကြီးတယ်)လို့ဆိုရပါတယ်။ ဥပမာ ..ရဲရဲငြိနေတဲ့ သံတွေခဲကို ရွှေတုံးထင်ပြီး ကိုင်တဲ့အခါ ပြင်းပြင်းထန် အလောင်ခံရသလိုပါပဲ။
သိရက်နဲ့ မကောင်းမှုပြုလုပ်မိတဲ့(သမ္မာအယူရှိတဲ့)သူများမှာတော့ မကောင်းမှုမှန်းသိတဲ့အတွက် မကောင်းမှုကို ကြောက်ရွံ့တွန့်ဆုတ် နေတတ်တယ်၊ သူ့မှာ မလွဲသာလို့သာ မရှောင်ကြဉ်နိုင်ဘဲ ပြုကျင့်လိုက်ရတာကိုး။ ဒါကြောင့် သိရက်နဲ့ မကောင်းမှုပြုမိသူမှာ ဒိဋ္ဌိနဲ့ယှဉ်ပြီး ပြုတာထက် အပြစ်မကြီးလေးပါ။
ဥပမာ….ရဲရဲငြိနေတဲ့သံတွေခဲကို မလွဲသာလို့ ကိုင်တဲ့အခါမှာ အပူသက်သာအောင် ကိုင်သလိုပါပဲ။ သိပြီး ပြုမိတာက မသိဘဲပြုမိတာထက် အပြစ်နည်းပါးပါတယ်။(မိလိန္ဒပဥှာပါဠိတော်၊ ဇာနန္တာဇာနန္တာနံ ပါပကရဏပဥှာ)
ဒါဖြင့်ရင် ရာဇသတ်ဥပဒေကိုပဲဖြစ်စေ၊ ဘုရားပညတ်တော်ကိုပဲဖြစ်စေ သိရက်နဲ့ လွန်ကျုးမိတဲ့သူများမှာ လောကဓမ္မအရ ဘာ့ကြောင့်များ ကြီးလေးတဲ့အပြစ်ကို ရကြပါသလဲ လို့မေးစရာရှိပါတယ်။
အဖြေက ..သိရက်နဲ့အပြစ်ကျုးလွန်သူမှာ ရာဇသတ်ဥပဒေများ၊ဘုရားရှင်ပညတ်တော်များကို ကျုးလွန်ဖေါက်ဖျက်ရုံမက မရိုသေ လေစားမှုလဲမရှိဘဲ အဂါရ၀ ဒေါသစိတ်များနဲ့ ခြံရံပြီးရှိနေတာကြောင့် လောကဓမ္မအလိုက် ကြီးလေးတဲ့အပြစ်ထိုက်ပါတယ်။
ဥပဒေများ၊ဘုရားရှင်ပညတ်တော်များကို နားမလည်တာ မသိတာဟာ “ဒိဋ္ဌိ” မဟုတ်ပါ၊ အချို့နေရာမှာ မောဟ၊ အချို့နေရာမှာ မသိရုံမျှသာ ဖြစ်တယ်။ ဒါကြောင့် ဒိဋ္ဌိမဖက်ဘဲ မသိတဲ့အတွက် အပြစ်ကျုးလွန်သူမှာ ဥပဒေပြုသူအပေါ်မှာဖြစ်စေ၊ ဘုရားရှင်အပေါ်မှာဖြစ်စေ မလေးစားတဲ့စိတ် မပါတဲ့အတွက် လောကအလိုက် ညှာညှာတာတာ အပြစ်ပေးကြရပါတယ်။ သံသရာဘေးမှာလဲ သိရက်နဲ့ကျူးလွန်သူလောက် အပြစ်မကြီးလေးပါ။(သဂြိုဟ်ဘာသာဋီကာ၊၃၈)

Read more...

ဝိပဿနာ ရှုနည်း၊ မူသေစည်း…

“၀ိပဿနာရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်” ဆိုတဲ့ ဒီဆောင်ပုဒ်လေးက မဟာစည်ဆရာတော် ကြီးရဲ့ အခြေခံ ၀ိပဿနာ တရားအားထုတ်နည်း ဆောင်ပုဒ်လင်္ကာတွေထဲမှာ ပါတဲ့ နောက်ဆုံး အပိုဒ်လေး ဖြစ်ပါတယ်။ မဟာစည် ရိပ်သာကြီးမှာ တရားဝင်တုန်းက နေ့စဉ်တရားနာပြီးတိုင်း ယောဂီအားလုံးနဲ့အတူ လိုက်ပြီး ရွတ်ဆိုနေရတာဆိုတော့ နှုတ်တက်အာဂုံရနေခဲ့တဲ့ ဆောင်ပုဒ်လင်္ကာလေးတွေလည်း ဖြစ်ပါတယ်။ မဟာစည်ဆရာတော်ကြီးက တရားစပြီး အားထုတ်ကာစ ယောဂီတွေအတွက် ၀ိပဿနာ ဉာဏ်ဆိုတာ ဘာကိုခေါ်တယ်၊ ဘယ်လိုအရာမျိုးတွေမှာ ရှုမှတ်ပွားများရတယ်၊ ဘာကြောင့်ရှုမှတ်ရတယ် စတာတွေကို အလွယ်နားလည်သွားအောင် ဆောင်ပုဒ်လင်္ကာလေးတွေ သီးကုံးပြီး ရွတ်ဆိုမှတ်သား လေ့ကျင့်စေပါတယ်။ ဒါကြောင့် ၀ိပဿနာ အားထုတ်မှုမှာ တစ်စုံတစ်ခု အထောက်အကူ ဖြစ်စေဖို့ ဆရာတော်ကြီးရဲ့ ၀ိပဿနာ ရှုနည်း မူသေစည်းလေးတွေကို ကိုးကားပြီး ပို့စ်တစ်ပုဒ်အနေနဲ့ ရေးသားတင်ပြ ရခြင်းဖြစ်ပါတယ်။

ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။
စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
ဒီလင်္ကာလေးတွေအရ ၀ိပဿနာဉာဏ်၊ ၀ိပဿနာဉာဏ်လို့ ပြောပြောနေကြရမှာ ၀ိပဿနာဉာဏ်ဆိုတာ ဘယ်လိုဉာဏ်ကို ပြောတာလဲ၊ ဒီဉာဏ်ဖြစ်အောင် ဘယ်လိုအရာကို ရှုမှတ်ရတာလဲလို့ မသိနားမလည်လို့ မေးလာသူတွေကို ၀ိပဿနာဉာဏ်ဆိုတာ တစ်ခြားမဟုတ်၊ ခန္ဓာငါးပါးအပေါ် အမှန်အတိုင်း ရှုမှတ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ မဂ်ဉာဏ်ကို ဆိုတာဖြစ်ကြောင်း၊ ဒီဝိပဿနာဉာဏ် ဖြစ်ပေါ်ဖို့အတွက် ခန္ဓာငါးပါးကိုပဲ အရှိအတိုင်း အမှန်အတိုင်း ရှုမှတ်ရမှာဖြစ်ကြောင်း တိုတိုနဲ့ လိုရင်းထိအောင် ဖွဲ့ဆိုပေးထားပါတယ်။ မှန်ပါတယ်။ ၀ိပဿနာရှုတယ်ဆိုတာ တစ်ခြားအရာတွေကို ရှုတာမဟုတ်ပါဘူး။ ယောဂီပုဂ္ဂိုလ်အားလုံး ပိုင်ဆိုင်ထားတဲ့ ခန္ဓာမှာပဲ ရှုတာဖြစ်ပါတယ်။ ခန္ဓာဆိုတာ အစုအဖွဲ့ကို ပြောတာပါ။ ဒီခန္ဓာကို အသေးစိပ်ခွဲလိုက်ရင် ရှုပက္ခန္ဓာ (ရုပ်အစု)၊ ဝေဒနာက္ခန္ဓာ (ခံစားမှုအစု)၊ သညက္ခန္ဓာ (မှတ်သားမှုအစု)၊ သင်္ခါရက္ခန္ဓာ (ပြုပြင်မှုအစု)နဲ့၊ ၀ိညာဏက္ခန္ဓာ (အထူးသိမှတ်မှုအစု) ဆိုပြီး ငါးမျိုးကွဲပြားပါတယ်။ ဒီငါးပါးကိုပဲ ခန္ဓာငါးပါးလို့ ဆိုတာဖြစ်ပါတယ်။ ဒီခန္ဓာငါးပါးမှာ ရူပက္ခန္ဓာဆိုတဲ့ ရုပ်ခန္ဓာက တစ်ပါးဖြစ်ပြီး ကျန်တာတွေကတော့ နာမ်ခန္ဓာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာငါးပါးဆိုတာ အလွယ်ပြောရရင် နာမ်နဲ့ရုပ်ပဲ ဖြစ်ပါတယ်။ ၀ိပဿနာတရား အားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒီနာမ်ရုပ်နှစ်ပါးမှာပဲ အရှိအတိုင်း အားထုတ်နေမယ်ဆိုရင် ၀ိပဿနာဉာဏ်တွေ ဖြစ်နေမှာ ဖြစ်တယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။

ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။
မစွဲဖို့ရာ ဖြစ်စဲမှာ၊ မှန်စွာရှုရပါသတည်း။
ခန္ဓာငါးပါးလို့ခေါ်တဲ့ နာမ်ရုပ်နှစ်ပါးကို ဘယ်အတွက်၊ ဘယ်လိုဟာတွေကို ရှုရမှာလဲဆိုတော့ ခန္ဓာငါးပါးဆိုတာ စွဲလန်းတတ်တဲ့အတွက် အဲဒီအပေါ်မှာ မစွဲမိအောင် ဒီနာမ်ရုပ်နှစ်ပါးရဲ့ ဖြစ်စဲဖြစ်ခိုက်၊ ပေါ်စဲပေါ်ခိုက်ကို အရှိအတိုင်း၊ အမှန်အတိုင်း ရှုမှတ်ရမယ်လို့ ဆိုပါတယ်။ ခန္ဓာငါးပါးဟာ သတ္တ၀ါတွေအတွက် စွဲလန်းစရာ ဖြစ်လို့ သူ့ကို ဥပါဒါနက္ခန္ဓာလို့လည်း ခေါ်ပါတယ်။ ဥပါဒါန်ဆိုတာ စွဲလန်းမှုကို ပြောတာဖြစ်ပါတယ်။ ဒီစွဲလမ်းမှုကို အမှန်အတိုင်း မသိတဲ့အခါကျတော့ သတ္တ၀ါတွေဟာ ရုပ်ကိုလည်းစွဲမိနေ၊ စိတ်ကိုလည်း စွဲမိနေတော့တာ ဖြစ်ပါတယ်။ ဒီလို စွဲလန်းနေမိကြတာဟာ မသိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဖြစ်ခိုက်ဖြစ်စဲကို မသိတဲ့အတွက် လှတယ်မလှဘူး၊ ကောင်းတယ်မကောင်းဘူးစတဲ့ အစွဲတွေ ဖြစ်ပေါ်လာကြခြင်း ဖြစ်ပါတယ်။ တကယ်လို့ ဒီရုပ်နာမ်တွေရဲ့ ဖြစ်ခိုက်ပေါ်ခိုက်ကို သိကြမယ်ဆိုရင် အဲဒီလို အစွဲမရှိတော့ပါဘူး။

ဆိုကြပါစို့။ ခံစားမှု တစ်ခုခုဖြစ်တဲ့အခါမှာ ဒါဟာ ဝေဒနာပဲလို့ မသိလိုက်ရင် ကောင်းတယ်မကောင်းဘူး ဆိုတဲ့ အစွဲတွေဖြစ်လာပြီး ကောင်းရင်လောဘဖြစ်လိုက်၊ မကောင်းရင် ဒေါသဖြစ်လိုက်တာတွေ ဖြစ်ကုန်တတ်ပါတယ်။ စိတ်မှာ ရာဂစိတ်ဖြစ်တဲ့အခါမှာလည်း အဲဒီရာဂစိတ်ဖြစ်တဲ့ အခိုက်ကို မသိလိုက်ရင် ဒီစိတ်ရဲ့ စွဲရာကိုပါသွားပြီး ဟိုတွေးဟိုကြံ ဟိုဟာဖြစ်ဒါဖြစ်တဲ့အထိ ဖြစ်ကုန်တတ်ပါတယ်။ အကယ်၍ ဒါဟာ ဝေဒနာပဲ၊ ဒါဟာ ရာဂစိတ်ပဲလို့ အဲဒီအခိုက်မှာ သိလိုက်နိုင်မယ်ဆိုရင်တော့ စွဲလန်းမှုမရှိတော့ဘဲ သူက ရပ်တန့်သွားပါတော့တယ်။ ဒါကြောင့် ဒီလို အစွဲတွေမရှိဖို့ ခန္ဓာငါးပါးကို အရှိအတိုင်း အမှန်အတိုင်း ရှုရမယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။
မြဲတယ်ကောင်းတယ်၊ ငါကောင်နယ်၊ တကယ်ထင်တတ်သည်။

တကယ်လို့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ဖြစ်စဲဖြစ်ခိုက်၊ ပေါ်စဲပေါ်ခိုက်မှာ မသိလိုက်ရင်တော့ အစွဲတွေ ၀င်တတ်တယ်လို့ ဆိုပါတယ်။ ဒါဟာရုပ်ပဲ၊ ဒါဟာ နာမ်ပဲလို့ အမှန်အတိုင်း မသိတဲ့အခါမှာ ငါငါဥစ္စာစသဖြင့် ထင်နေတတ်ပြီး မမြဲတဲ့သဘောတွေမှာ မြဲတယ်လို့ ထင်နေတတ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဒီရုပ်နာမ်အစုကို ဖြစ်ခိုက်မှာ မရှုလိုက်မိလို့ ဖြစ်ပါတယ်။ တကယ်လို့သာ ရုပ်မှာပဲဖြစ်ဖြစ်၊ စိတ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှ၊ ဖြစ်သမျှ အရာတွေကို ပေါ်ခိုက်ဖြစ်ခိုက်မှာ အရှိအတိုင်း လိုက်သိနိုင်ရင် ငါငါ့ဟာလို့ ထင်စရာမရှိတော့တဲ့အပြင် ဒီအပေါ်မှာလည်း မစွဲမိတော့ပါဘူး။ ဒါကြောင့် ရုပ်နာမ်အစုဟာ ဖြစ်ခိုက်ပေါ်ခိုက်မှာ မရှုမိရင် ငါငါဥစ္စာလို့ ထင်စေတတ်တဲ့ အစွဲတရားတွေ ဖြစ်တတ်ကြောင်း မိန့်တော်မူခြင်း ဖြစ်ပါတယ်။

ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။
မမြဲဆင်းရဲသဘောပဲ ဉာဏ်ထဲရှင်းတော့သည်။
စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။
ဝိပဿနာ ရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။
အဲဒီလို ရုပ်နာမ်အစုတွေကို ဖြစ်တိုင်းဖြစ်တိုင်း၊ ပေါ်တိုင်းပေါ်တိုင်းမှာ သတိနဲ့ မလွတ်တမ်း ကပ်ပြီးသိမှတ်နိုင်မယ်ဆိုရင် ဒီတရားတွေအပေါ်မှာ စွဲလန်းမှုတွေ တဖြည်းဖြည်း ကင်းပျောက်လာပါတယ်။ ရုပ်တရားရဲ့ လှုပ်ရှားမှုတွေ၊ စိတ်ရဲ့တွေးတော ကြံစည်မှုတွေကို အရှိအတိုင်း သွားရင်သွားတယ်၊ ထိုင်ရင်ထိုင်တယ်၊ ရပ်ရင်ရပ်တယ်၊ အိပ်ရင်အိပ်တယ်၊ ကိုင်ရင်ကိုင်တယ် စသဖြင့် လှုပ်ရှားမှု မှန်သမျှကို လိုက်လိုက်ပြီးသိနေ၊ တွေးရင်တွေးတယ်၊ ကြံရင်ကြံတယ်၊ ဒေါသဖြစ်ရင် ဒေါသဖြစ်တယ်၊ အလိုမကျဖြစ်ရင် အလိုမကျဖြစ်တယ် စသဖြင့် စိတ်နဲ့ပတ်သက်တဲ့ တွေးတောကြံစည်မှု မှန်သမျှကို မပြတ်သတိနဲ့ လိုက်ပြီးသိနေမယ်ဆိုရင် ဒီရုပ်တရား နာမ်တရားတွေအပေါ်မှာ စွဲလန်းမှုတွေ ကင်းလာတတ်ပြီး အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေ ထင်လာကာ ဉာဏ်အမြင် ရှင်းလာတတ်ပါတယ်။ အဲဒီလို ဖြစ်ခိုက်ရှုလိုက်နိုင်လို့ အစွဲတွေ ကင်းပျောက်လာတယ်ဆိုရင် မဂ်ဉာဏ်တွေအထိ ထင်လာပြီး နိဗ္ဗာန်ကို မြင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းအတိုင်း ၀ိပဿနာတရား အားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ အစွဲတရားတွေကင်းဖို့ ရုပ်နာမ်အစုကို ဖြစ်ခိုက်ပေါ်ခိုက်မှာ အရှိအတိုင်း သတိကပ်ပြီး သိမှတ်ပေးနေမယ်ဆိုရင် ဒါဟာ ၀ိပဿနာဉာဏ် ဖြစ်ဖို့အကောင်းဆုံး တရားရှုမှတ်နည်းပဲ ဖြစ်ပါတယ်။

ဒါက မဟာစည်ဆရာတော်ကြီးရဲ့ ၀ိပဿနာရှုနည်း အခြေခံ နည်းစနစ်ဖြစ်တဲ့ ဆောင်ပုဒ်လင်္ကာလေးတွေ အပေါ်မှာ နားလည်လွယ်အောင် ပြန်လည်ရေးသား တင်ပြခြင်းဖြစ်ပါတယ်။ ဒီလင်္ကာလေးတွေအရ ၀ိပဿနာရှုတယ်ဆိုတာ သိပ်တော့ခက်လှတာ မဟုတ်ပါဘူး။ ဆိုလိုတာက နည်းစနစ်က မခက်ဘူးလို့ ဆိုလိုချင်တာပါ။ လက်တွေ့အားထုတ်မှုမှာတော့ အလေ့အကျင့်နည်းနေရင် ခက်ပါတယ်။ ဘာဖြစ်လို့ ခက်တာလဲဆိုတော့ ထိမ်းဖို့အခက်ဆုံးဖြစ်တဲ့ စိတ်ကို ထိန်းနေရတာဖြစ်လို့ ခက်တယ်လို့ ဆိုတာဖြစ်ပါတယ်။ သမာဓိလည်းနည်း၊ ၀ိရိယလည်း မရှိဆိုရင်တော့ သတိဖြစ်ဖို့ ခက်တဲ့အပြင် သတိမရှိရင်လည်း ရုပ်နာမ်တွေရဲ့ ဖြစ်စဲဖြစ်ခိုက်ကို သိဖို့မလွယ်လှတဲ့အတွက် အချုပ်ကတော့ သတိရှိဖို့ပဲ ဖြစ်ပါတယ်။ သတိတရားနဲ့သာ စိတ်မှာပဲ ဖြစ်ဖြစ်၊ ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှ ပေါ်သမျှတွေကို ဖြစ်ခိုက်ပေါ်ခိုက်မှာ လိုက်ပြီးသိမှတ်နေမယ်ဆိုရင်တော့ နည်းစနစ်လည်းမခက်သလို ရှုမှတ်ဖို့လည်း မခက်ပါဘူး။

ဒါကြောင့် ဘယ်လောက်ပဲ လွယ်လွယ် လက်တွေ့အားထုတ်မှု မရှိရင် ဘာမဆို ခက်နေတတ်တဲ့ သဘောရှိနေသလို ၀ိပဿနာရှုနည်း မူသေစည်းလေးတွေဟာ လွယ်ပေမယ့် လက်တွေ့အားထုတ်မှု မရှိရင်လည်း အကျိုးသက်ရောက်မှု မရှိနိုင်တဲ့အတွက် မူသေနည်းလေးတွေကို လက်တွေ့ကျင့်ကြံ အားထုတ်ခြင်းဖြင့် အကောင်အထည် ဖို့ကြည့်ကြဖို့ တိုက်တွန်းရင် မဟာစည်ဆရာတော်ကြီး၏ ၀ိပဿနာ အားထုတ်နည်း အခြေခံ ဆောင်ပုဒ်လေးများကို ပိုပြီး မှတ်မိသွားအောင် အောက်ပါအတိုင်း တစ်ခေါက်လောက် ရွတ်ဆိုကြည်ကြပါစို့…

ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။
စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။
မစွဲဖို့ရာ ဖြစ်စဲမှာ၊ မှန်စွာရှုရပါသတည်း။
ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။
မြဲတယ်ကောင်းတယ်၊ ငါကောင်နယ်၊ တကယ်ထင်တတ်သည်။
ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။
မမြဲဆင်းရဲသဘောပဲ ဉာဏ်ထဲရှင်းတော့သည်။
စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။
ဝိပဿနာ ရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။
(မဟာစည်ဆရာတော်)

Read more...

အခြေခိုင်လျှင် မယိုင်

ဘုန်းဘုန်းဘုရား… တပည့်တော်ရဲ့ သူငယ်ချင်းတွေ ရှိတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို မကြာမကြာတော့ အလည်သွားဖြစ်ပါတယ်။ ခရစ်ယာန် သူငယ်ချင်းတွေကလည်း သူတို့ ဘုရားရှိခိုးကျောင်းကို အလည်လိုက်ဖို့ ခေါ်တော့ တပည့်တော်လည်း အမြဲလိုလို သွားဖြစ်ပါတယ်။ သူငယ်ချင်းတွေ ပိုပြီး များလာချင်တဲ့ ရည်ရွယ်ချက်နဲ့ သူငယ်ချင်းရဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို သွားတာပါ။ သူတို့ ဘုရားရှိခိုးတိုင်း တပည့်တော်လည်း သူတို့ဘာသာအတိုင်း ရှိခိုးမိပါတယ်။ အဲဒါ အပြစ် ဖြစ်၊ မဖြစ် ကို သိချင်လို့ပါ ဘုန်းဘုန်းဘုရား
အင်တာနက် Gtalk ကနေ စာရေးသူကို လှမ်းပြီး မေးလျှောက်လိုက်တာ ကတော့ ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ မြန်မာနိုင်ငံက ကျောင်းသူ သမီးငယ်လေး တစ်ဦးပါ။ သိချင်တာကို ရဟန်းသံဃာတွေဆီ မေးလျှောက်ဝံ့တဲ့ သမီးငယ်ကိုတော့ စာရေးသူ လေးစားမိပါတယ်။ ကျောင်းသူ သမီးငယ် မေးလျှောက်လိုက်မှ စာရေးသူအတွေးထဲ ဆောင်းပါးတိုလေး တစ်စောင်ရေးဖို့ အကြောင်း ဖန်လာရပေတော့တယ်။

လူငယ်အများစုက ဘာသာရေးနဲ့ ဝေးနေလေတော့ အယူဝါဒတွေ လွဲမှားသွားမှာကို စာရေးသူ စိုးရိမ်မိတာကတော့ အမှန်ပါ။ သူငယ်ချင်းတွေ ပေါများချင်လို့ ဘာသာခြား ဘုရားရှိခိုးကျောင်းကို သွားသည်မှာ ပြဿနာ မရှိ။ ဒါပေမဲ့ ဘာသာခြားတွေရဲ့ အယူဝါဒတွေ ကူးစက်ခံရရင်တော့ ပြဿနာ ရှိတာပဲ။
အယူဝါဒ မှားနေရင် မိမိလုပ်သမျှဟာ အကုသိုလ် ဖြစ်နေတတ်တယ်။
ဒါကြောင့် အယူဝါဒ မှားရင် အပြစ်ဖြစ်တယ် လို့ ပြောရမှာပဲ။

သောတာပန် ပုဂ္ဂိုလ်ဟာ မှားယွင်းတဲ့ အယူဝါဒ ဒိဋ္ဌိနဲ့ ဓမ္မကို ယုံမှားသံသယ ၀ိစိကိစ္ဆာ မရှိတော့ဘူး။ အဲဒီမှာ အယူဝါဒ ဒိဋ္ဌိ မှန်မှ သောတာပန် ဖြစ်မယ် ဆိုတာ ဗုဒ္ဓမြတ်စွာဘုရားက အတိအလင်းကို ဟောကြားထားတာ။ ဒါကြောင့် မဂ္ဂင်ရှစ်ပါးက ပထမဦးဆုံးမှာ သမ္မာဒိဋ္ဌိ ဆိုပြီး ရှိနေတယ်။
ဗုဒ္ဓဘာသာ အကြောင်းကို ဂဃနဏ မသိကြသေးတဲ့ လူငယ်တွေကတော့ ဘာသာခြားတွေရဲ့ စည်းရုံးမှု နောက်ကို ရောယောင်ပြီး ပါသွားတတ်ကြတယ်။
အခြေမခိုင်တော့လည်း ယိုင်ကုန်တော့တာပဲ။ လူငယ်တွေကလည်း ဗုဒ္ဓဘာသာ အခြေခိုင်အောင် မိမိဘာသာရဲ့ အနှစ်သာရကို ပိုင်ပိုင်နိုင်နိုင် သိရှိထားကြဖို့ လိုတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဘာသာခြားတွေရဲ့ စည်းရုံးရာနောက်ကို ယိုင်ကုန်ကြလိမ့်မယ်။
ဘာသာခြားတွေဟာ သူတို့ရဲ့ ဘုရားရှိခိုးကျောင်းတွေကို လာလည်ဖို့ ဖိတ်ခေါ်တာဟာ အဓိက ကတော့ သူတို့ရဲ့ ဘာသာအတွက် စည်းရုံးခြင်းပါပဲ။ ဘာသာခြားတွေရဲ့ စည်းရုံးခြင်းကို ခံလိုက်ရတဲ့ လူငယ်တွေ မြန်မာပြည်မှာ တော်တော်များများ ရှိလာကြပြီ။
အိန္ဒိယ၊ ဒေလီ တက္ကသိုလ်မှာ ဖိလစ်ပိုင်က ခရစ်ယာန် လူငယ်တစ်ယောက်က စာရေးသူကို ကျောင်းဝင်ခွင့် လျှောက်လွှာ ဖြည့်ပုံ ဖြည့်နည်းလေး လာမေးတော့ ကူညီပေးလိုက်တယ်။ ပြီးတော့ ချက်ချင်းပဲ အဲဒီ လူငယ်က သူ့ရဲ့ ကျောပိုးအိပ် အထဲကနေ အိပ်ဆောင် ဘာသာရေး စာအုပ်လေး တစ်အုပ်နဲ့ လက်ကမ်း စာစောင်လေးတွေ စာရေးသူကို ပေးတယ်။ စာရေးသူလည်း သိလိုက်ပြီ။
ငါ့ ကို စည်းရုံးရေး လာဆင်းနေတာပဲ” လို့လေ။
အခုမှ စတွေ့တာ ပဲ ရှိသေးတယ် ချက်ချင်းကို စည်းရုံးရေးဆင်းတာပါပဲလား။
ဒါနဲ့ ချက်ချင်းပဲ စာရေးသူကလည်း ဖိလစ်ပိုင် လူငယ်လေးကို ပြောလိုက်တယ်။
မင်း ပေးတဲ့ စာအုပ်နဲ့ စာရွက်တွေကို ဖတ်ဖို့ ငါ့မှာ အချိန် မရှိဘူးဟ။ အဲဒီတော့ ငါ့ကို အဲဒီ စာရွက်အထဲက ပါတဲ့ အကြောင်းအရာတွေကို နည်းနည်း ပြောပြပါလား? ငါ မသိတာ ဆိုရင်လည်း မင်းကို ချက်ချင်းပြန်မေးမယ်။ မင်း ပြောပြပြီသွားရင် ငါလည်းပဲ င့ါရဲ့ ဗုဒ္ဓဘာသာ အကြောင်းလည်း မင်းကို ပြန်ပြောပြရဦးမယ်။ မင်းလည်း ငါပြောပြတဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တာကို မရှင်းတာ ရှိရင် ပြန်မေးပေါ့ကွာ
စာရေးသူကလည်း ဒီလို ဆိုလိုက်ရော ဖိလစ်ပိုင် လူငယ်လေးလည်း ပြုံးစိစိနဲ့ နှုတ်ဆက်ပြီး ထွက်သွားတော့တယ်။
တစ်ခါကလည်း အိန္ဒိယမှာ ရထားစီးတုန်း ရထားတွဲရဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ အတူကျနေတဲ့ ခရီးသည် တစ်ဦးနဲ့ တွေ့ကြုံဖူးတယ်။ ရထားက ညရထား ဆိုတော့ နံဘေးက ခရီးသည်တွေနဲ့ စကားပြောဖို့ အချိန်မရှိဘူး။ နံနက် မိုးလင်း ရထားခရီးစဉ် ပြီးဆုံးခါနီးလေး မှာမှ အဲဒီ ခရီးသည်နဲ့ စကား ပြောဖြစ်ခဲ့တယ်။
ပထမတော့ သူက ခင်မင်ကြောင်း မိတ်ဖွဲ့တယ်။ ပြီးတာနဲ့ သူတို့ရဲ့ ဘာသာအကြောင်း ဟောတော့တာပဲ။ စာရေးသူကို ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးမှန်းလည်း အသိသား။ ဒါပေမဲ့ သူတို့ရဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို အလည်လာဖို့နဲ့ တကယ်လို့ အလည်လာခဲ့ရင် သူကိုယ်တိုင်ကပင် ကားဖြင့် လာရောက်ကြိုမယ် ဆိုတာ ပြောတော့တယ်။
နောက်တော့မှ စာရေးသူ သိရတာက အဲဒီ ပုဂ္ဂိုလ်ဟာ ခရစ်ယာန် ဓမ္မဆရာ ဖြစ်နေတယ်။ အဲဒီ ပုဂ္ဂိုလ်က သူတို့ရဲ့ ဘာသာအကြောင်း စာရေးသူကို ဟောတော့တာပဲ။ သူဟောတာကို နားထောင်ပြီး စာရေးသူကလည်း ပြန်မေးတာ အဲဒီ ပုဂ္ဂိုလ် ပြန်ဖြေစရာတောင် အဖြေမရှိ ဖြစ်သွားတယ်။ ပြီးတော့ စာရေးသူကပဲ ဗုဒ္ဓရဲ့ အဘိဓမ္မာကို အခြေခံပြီး သူကို အချက်ကျကျ အဖြေ ပြန်ပေးလိုက်တယ်။
ဗုဒ္ဓ၀ါဒဟာ လက်တွေ့ကျတဲ့ ၀ါဒ၊ အဝေဖန် ခံနိုင်တဲ့ ၀ါဒ၊ အစမ်းသပ် ခံနိုင်တဲ့ ၀ါဒ၊ သဘာဝတရားတွေကို ဖော်ထုတ်ထားတဲ့ ၀ါဒပါ။ ဒါကြောင့် စာရေးသူ ပြန်ပြောပြတဲ့ အကြောင်းအရာကို အဲဒီ ဓမ္မဆရာ ပြန်ပြီး မေးခွန်း ထုတ်နိုင်စွမ်း မရှိတော့ပါဘူး။
ဗုဒ္ဓဘာသာ တွေဟာ မိမိဘာသာရဲ့ အနှစ်သာရကို မသိရှိကြတော့ ယောင်ဝါးဝါး ဖြစ်နေကြပြီး ဘာသာခြားတွေရဲ့ အလွယ်တကူ စည်းရုံးသိမ်းသွင်းလို့ ရအောင် ဖြစ်သွားကြရတယ်။ အခုခေတ် လူငယ်တွေလည်း သတိရှိကြဖို့၊ အခြေခိုင်ဖို့ သိပ်ကို လိုအပ်လှပါတယ်။ ဒါမှ မယိုင်နိုင်မှာ။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓရဲ့ တရားတော်တွေကို ကျင့်ကြံပွားများ အားထုတ်ပြီး မယိုင်အောင် အခြေခိုင်အောင် လုပ်ထားကြဖို့ လိုအပ်လှပေစွ…..

Read more...

သင်တန်းစာအုပ်မဟုတ်သော သင်တန်းစာအုပ်

ကျောင်းထိုင်ခါစ အခြေကကျလှ သေးသည်မဟုတ်၊ ဦးလူဝ အိမ်မှ
ယစ်ထုပ်ကို အကြောင်းပြု၍သာ ယဉ်ကျေးမှု သင်တန်း ဖွင့်မည်ဟူသော
အကြံ ပေါ်လာခြင်း ဖြစ်ပေ၏။ သင်တန်းတစ်ခု ဖွင့်လျှင် ပြဋ္ဌာန်းစာ
လိုအပ်လာမည်ဖြစ်၏။ သင်တန်းအကြောင်း ဒကာ/ဒကာမများကို
အသိမပေးမီ ရှေးဦးစွာ ပြဋ္ဌာန်းစာအုပ်ကိစ္စကို အရံသင့် စီစဉ်ထားသင့်
သည်ဟု အတွေးရ၏။

လက်လှမ်းမှီသမျှ ယဉ်ကျေးမှုသင်တန်း ပြဋ္ဌာန်းစာအုပ်များကို လေ့လာ
ကြည့်သောအခါ မိမိတို့ရွာမှ ကလေးများနှင့် သင့်တော်မည့် စာအုပ်
ဟူ၍ တစ်အုပ်မျှ မတွေ့ရပေ။ မကောင်းကြ၍ ၊ မပြည့်စုံကြ၍ကား
မဟုတ်။ ကောင်းလွန်း ပြည့်စုံလွန်း လှကြသောကြောင့် သင့်တော်မည်
မထင်ရခြင်းသာ ဖြစ်ပေ၏။

ဤနေရာ၌ မိမိတို့ရွာ နှင့် ရွာမှ ကလေးများ၏ ပညာရေးအခြေအနေကို
ကြားဖြတ်ဖော်ပြသင့်၏။ ရွာသည် မြို့ကလေး၏ အရှေ့ဘက် ( ၅) မိုင်
သာသာ(၆) မိုင်နီးနီးခန့်လောက်တွင် တည်ရှိ၏။ "ဒေါရထ"ဟုခေါ်သော
ပေ (၄၀၀)ခန့်ကျယ်သည့် တံတားမရှိသောချောင်းသည် ရွာနှင့် မြို့ကြားမှ
ဖြတ်သန်း စီးဆင်းနေ၏။ နွေနွေမိုးမိုး အဘိုးထိန်၏ အရိုးပိန်နေပြီဖြစ်သော
လှေတက်၊ နံလိမ်နေပြီဖြစ်သည့်ကူးတို့လှေကလေးကို အားကိုးတစ်ခုပြု၍
ကူးသန်း သွားလာ ကြရ၏။ ကူးတို့ဆိပ်အနီးတွင် ခရီးသွားများ နားခိုရန်
အတွက် အဖိုးထိန်၏ တဲကလေးရှိ၏။ရံခါမိုးတအားရွာလျှင် ထိုတဲကလေး
မှပင်လှည့်ပြန်ကြရ သည်များရှိ၏။(ချောင်းရေစီးကြမ်းသည်ကိုး)ယခုတော့
ယာယီသစ်သား တံတားထိုးထားပါပြီ။ ဤနေရာလေးကိုကလစ်၍ဖတ်နိုင်
ပါသည်။

အဖိုးထိန်သည် မနက်ဝေလီဝေလင်းတွင် ထိုဆိပ်သို့ရောက်၏။ ညနေ (၆)နာရီ
ခန့်တွင် သူ့လှေကို သိမ်းကာ ရွာသို့ပြန်၏။ ( အဘိုးထိန်တို့ ဇနီးမောင်နှံ
အကြောင်းကို သီးသန့် ရေးသားပါဦးမည်။) ချောင်းသည် ဒီရေအတက်အကျ
ရှိသည်ဖြစ်၍ ဒီရေကျချိန်ဆိုလျှင် လူလုပ်ကျောက်တန်းပေါ်မှနင်း၍ လှေပေါ်သို့
တက်ရ၏။ ၎င်းကျောက်တန်းပေါ်၌ဖိနပ်စီးလျှောက်၍မရ၊ ရွှံ့နွံများရှိသောကြောင့်
ချော်လဲတတ်၏။ ရွှံ့ပေနေသော လှေအိုကလေးမှာ ထိုင်စရာပါသည်မဟုတ်။
တစ်ဘက် ကမ်းသို့ ရောက်လျှင် ရွှံ့မပေဘဲ ကမ်းပေါ်တက်နိုင် သူသည်
ကံထူးသူပေတည်း။ (လူတိုင်း၏ခြေထောက်၌ ရွှံ့ပါလာပြီး ဆောင့်ကြောင့်ထိုင်
စီးကြရသည် ဖြစ်ရာ ရွှံ့မပေချင်၍ ရအံ့လော)။

မူလွန် ကျောင်းမှ ဆရာမလေး တို့သည် မြို့မှနေ၍ နေ့ချင်းပြန် စနစ်ဖြင့်
ကျောင်းလာ တက်ကြ၏။ ကျောင်းဖွင့်ကာစ တစ်ပတ်နှစ်ပတ်ခန့် နေ့စဉ်
ရောက်ကြ၏။ ကျောင်းသွင်းသူ စုံသလောက် ဖြစ်သွားသော အခါ
ဆရာမလေးများ ခမျာလည်း ကျောင်းတက် မမှန်နိုင်ကြတော့။ ကလေးများ၏
ပညာရေးကား ဖြေလျှင်အောင်စနစ်အရ တစ်နှစ်တစ်တန်းနှုန်းဖြင့် လေးတန်း
လောက်ပင် ရောက်ခဲ့ စေကာမူ မြန်မာဖတ်စာ တစ်ပုဒ် ဖြစ်သည့်
"ဘကြီးဖြိုးတို့အိမ်" ကိုပင် ချောမောစွာ ဖတ်နိုင်သူ တဖြည်းဖြည်း ရှားပါးလာ
တော့သည်အထိ တတိတိကျဆင်း လာခဲ့ပေတော့၏။ ( (၆)မိုင်ခရီးကို
နေ့စဉ် အသွား အပြန် ခြေလျင်လျှောက်၊ ကူးတို့အထောက်ကလည်း
ရှိနေပြန်သေးသော သည်ခရီးကို မဖြစ်စလောက် လစာလေးနဲ့ ဘယ်သူ
တွေကများ နေ့စဉ်ရောက်အောင် လျှောက်ချင်ပါအံ့)။

ထိုကလေးများအတွက်
၁။ သြကာသ ကန်တော့ခန်း
၂။ ဗုဒ္ဓ၀င်အကျဉ်း
၃။ ခုနစ်နေ့ဘုရားရှိခိုး၊ ဆွမ်းတော်ကပ်လင်္ကာစသည်
၎။ သရဏဂုံသုံးပါး၊ ငါးပါးသီလ ခံယူဆောက်တည်ပုံ
၅။ရတနာသုံးပါး ဂုဏ်တော်များ
၆။ မင်္ဂလသုတ် ပါဠိ အနက်၊ လင်္ကာများ
၇။ သိင်္ဂါလောဝါဒလင်္ကာများ
စသည်တို့ဖြင့် စုံစုံလင်လင် တန်ဆာဆင် ရေးသားထားသော ထိုထိုသင်တန်း
စာအုပ်တို့သည် အဘယ်မှာလျှင် သင့်တော်ပါအံ့နည်း။ (ဆင်ကိုချည်သော
ကြိုးသည် ကောင်းသည်ခိုင်သည် မှန်သော်လည်း သူ့အောက်ငယ်သော
သတ္တ၀ါလေးများအတွက်မူ မသင့်တော် သကဲ့သို့ပင် မဟုတ်ပါလော။)

ဤသို့ဖြင့် ငါ့ရွာကကလေး တွေအတွက် သင်တန်းပြဋ္ဌာန်းစာကို ငါကိုယ်တိုင်
ရွေးချယ် ရတော့မည်ဟု သဘောပိုက်မိသည့် အလျောက် သူတို့အတွက်
အရေးတကြီးလိုအပ်သည်ဟု ထင်ရသည်တို့ကိုထိုထိုစာအုပ်တို့မှ ထုတ်နှုတ်၍
တစ်မျိုး၊ ကိုယ်တိုင်ရေးသား၍တစ်ဖုံ အစွမ်းကုန်ပြုစုလေတော့၏။
ထိုသို့ပြုစုရာ၌-
(၁) ကလေးများရွတ်လွယ်စေရမည်။
(၂) လူကြီးများနားထောင်လိုက်လျှင် ပီတိဖြစ်စေနိုင်ရမည်။
(၃) ပစ္စုပ္ပန်သံသရာ နှစ်ဖြာသောအကျိုးစီးပွါးနှင့်စပ်ဆိုင်ရမည်။
(၄)ကလေးများကိုသာမက လူကြီးများကိုပါ သွယ်ဝိုက်သတိပေးနိုင်ရမည်။
(၅)ရပ်ရွာကောင်းကျိုး, ဘာသာ သာသနာ ကောင်းကျိုးများကို ဖော်ညွှန်း
နိုင်ရမည်- စသည့်မူတို့ဖြင့် ရွေးချယ်ရေးသား ပြုစုလေသည်။

ထိုစာအုပ်ကို-
"ကလေးများအတွက်-ယဉ်ကျေးလိမ္မာရွှေကဗျာများ" ဟု အမည်ပေးပြီး
မြို့သို့တက်ကာ ကွန်ပျူတာစာစီ ခိုင်းရ၏။ ကိုတင်စိုး၏ "ရွှေရုပ်လွှာ
ကွန်ပျူတာစာစီ" ကလည်း သင့်တော်မည့် ကာတွန်းပုံကလေးများကိုပါ
ထည့်သွင်းပေးခြင်း၊ ကွန်ပျူတာဖြင့်ဖယောင်းဖောက်ကာ မှင်ပြာကလေးဖြင့်
ရိုက်နှိပ်ပေးခြင်း စသည်အားဖြင့် တတ်စွမ်းသမျှ ဆင်ပေးရှာလေသည်။
ဤသို့ဖြင့် ကဗျာပုဒ်ရေ ( ၃၀ ) ကျော်ကျော်ခန့်သာ ပါရှိသော ပါးပါးလွှာလွှာ
"ကလေးတို့အတွက်-ယဉ်ကျေးလိမ္မာရွှေကဗျာများ" စာအုပ်ကလေးသည်
ကလေးတို့နှစ်သက်ဖွယ်ရာ သင်တန်းစာအုပ်ကလေး အဖြစ်သို့်အောင်မြင်စွာ
ရောက်ရှိခဲ့လေတော့၏။

ယဉ်ကျေးမှုသင်တန်းပြဋ္ဌာန်းစာဟုသာအမည်ပေးဖြစ်ပါက အခြားသော
သင်တန်းပြဋ္ဌာန်းစာအုပ်တို့ထံမေးငေါ့ခံရလောက်ဖွယ်ရာရှိသော ထိုပါးပါး
လွှာလွှာစာအုပ်ကလေး၏ပုံနှိပ်မှတ်တမ်းကားအောက်ပါအတိုင်းဖြစ်ပေတော့၏။

ပုံနှိပ်မှတ်တမ်း
စာအုပ်အမည်="ကလေးများအတွက်-ယဉ်ကျေးလိမ္မာရွှေကဗျာများ"
ပြုစုသူ= အရှင်ဝိသာရဒ (ရမ္မာဝတီ)
အကြိမ်=ပထမအကြိမ်
အုပ်ရေ= (၂၅၀)
ခုနစ်= ၁၃၆၈-ခုနှစ်
ဟူသတည်း။

ပထမဆုံးစာမျက်နှာ၌ ရေးသူအမည်မသိ( သိလျှင်တဆိတ်ပြောခဲ့ကြပါ)သော
အောက်ပါ ကဗျာလေးကို ဖော်ပြထားပေ၏။

ဘုရားရှိခိုးအိပ်ပါကွယ်

ညီမလေးရယ် ညီလေးရယ်
ဘုရားရှိခိုးအိပ်ပါကွယ် ။

ဘုရားရှိခိုး အိပ်ပါမှ
လူအိပ်ခြင်းလို့ ခေါ်ဆိုရ။

ဘုရားရှိခိုးမအိပ်တဲ့သူ
ခွေးအိပ်ခြင်းနဲ့တူ ။

ခွေးလိုလူ မဖြစ်ချင်က
ဘုရားရှိခိုး အိပ်ပါကြ ။


မှတ်မိပါသေးသည်။
သင်တန်းကာလ တစ်ရက်တွင် ကလေးတစ်ယောက်ကိုထိုကဗျာလေးကို
အလွတ်ရွတ်ခိုင်းရာ ( ဘုရားရှိခိုးမအိပ်တဲ့သူ---၊ဘုရားရှိခိုးမအိပ်တဲ့သူ---၊
အင်း--အဲ--ဘုရားရှိခိုးမအိပ်တဲ့သူ----) ဟူ၍ ရှေ့မတိုးနိုင်ဘဲရှိနေရာ
သူ့နောက်မှ တစ်ယောက်က ( နွားအိပ်ခြင်းနဲ့တူ) ဟူ၍ ထောက်ပေးသည့်
အတိုင်း လိုက်ဆိုလိုက်လေရာ တစ်တန်းလုံး ရီမောခဲ့ကြရပေသေး၏။
( မင်းတို့ကိုသတိရပါတယ်ကွယ်)

(ဆက်လက်ရေးသားပါဦးမည်)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP