* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, July 9, 2010

ဝိဓူရဇာတ် အဆက်

0005052Kph0.jpg

“ကစ္စည်းလုလင်၊ ဝိဓူရသည် ငါ၏ကျွန် ဖြစ်သည်မှန်လျှင် ဝိဓူရကို ယူသွားလော့” ဟု ဆို၏။ ဝိဓူရကို ပုဏ္ဏကအား ပေးအပ်လိုက်လေသည်။

သို့ပေးအပ်ရာမှ မင်းကြီးသည် ‘ဝိဓူရ မရှိသော် တရားစကားကို ကြားနာရဖို့ မလွယ်ပြီ’ ဟူ၍ စဉ်းစားမိပြန်သည်။ ထို့ကြောင့် ဝိဓူရအား “အိမ်ရာတည်ထောင်၍ လူ့ဘောင်၌ နေသောသူတို့ လိုက်နာရမည့် တရားတော်ကို မသွားမီ ဟောကြားပါဦး” ဟု တောင်းပန်သည်။ ဝိဓူရကလည်း စိတ်ရှည်စွာ ဟောကြားသည်။

“အရှင်မင်းကြီး၊ အိမ်ထောင်ရှင် ဖြစ်သူတို့သည် သူတစ်ပါး၏ မယားကို မပြစ်မှားအပ်။ ကောင်းမွန်သော ခဲဖွယ် ဘောဇဉ်တို့ကို သင့်ရာ သူတို့အား မပေးကမ်း၊ မဝေခြမ်းဘဲ မစားသောက်အပ်။ မျက်မှောက်တွင် အကျိုးစီးပွားလည်း မဖြစ်ထွန်းသော၊ နတ်ရွာ နိဗ္ဗာန် ရောက်ကြောင်းလည်း မဟုတ်သော ‘လောကာယတိက ကျမ်း’ ကို မလိုက်နာအပ်။ နေ့တိုင်း ငါးပါးသီလကို စောင့်ထိန်းအပ်၏။ အိမ်ထောင်သည်တို့ လိုက်နာရသော ကျင့်ဝတ်နှင့်လည်း ပြည့်စုံအပ်၏။ မင်းတို့ကျင့်ရာသော တရားနှင့်လည်း ပြည့်စုံအပ်၏။ ကုသိုလ်ကောင်းမှုတို့ကို မမေ့အပ်။ ကိစ္စအားလုံးကို ပညာဖြင့် ဆင်ခြင်ပြုအပ်၏။ မာန်မာန မထောင်လွှားအပ်။ မိမိကိုယ်ကို နှိမ့်ချအပ်၏။ သူတော်ကောင်းတို့ ဆုံးမလျှင် နာယူအပ်၏။ ဝန်တိုခြင်း၊ စောင်းမြောင်းခြင်း၊ ငြူစူခြင်း မရှိအပ်။ ရဲရင့်ခြင်း ရှိအပ်၏။ ချစ်ခင်နှစ်လိုဖွယ် စကားကို ဆိုအပ်၏။ ကိုယ်၊ နှုတ်၊ နှလုံး နူးညံ့အပ်၏။ (၁) အဆွေခင်ပွန်းတို့အား ပေးကမ်းခြင်း။ (၂) ချစ်ဖွယ်သော စကားကို ဆိုခြင်း။ (၃) မေတ္တာစိတ် ပွားများခြင်း (၄) ကိုယ်နှင့် ထပ်တူ ကျင့်ခြင်း ဟူသော သင်္ဂဟတရားတို့နှင့်လည်း ပြည့်စုံအပ်၏။ တရားစောင့်သော ရဟန်းတို့အားလည်း လှူဒါန်းအပ်၏။ ဤကား လယ်ထွန်ချိန် အခါတည်း၊ ဤကား ပျိုးကြဲချိန်အခါတည်း စသည်ဖြင့်လည်း စီရင်ခန့်ခွဲ တတ်အပ်၏။ သူတော်ကောင်းတရားကို လိုလားသူ ဖြစ်အပ်၏။ မိမိ၏ မျိုးနွယ်ကို စောင့်ရှောက်သူ ဖြစ်အပ်၏။ အကြားအမြင် များရန် ဝတ္ထု၊ ထုံးတမ်း နည်းနာစသော ကျမ်းဂန်တို့ကို လေ့လာသင်ကြား အပ်၏။ မှတ်သားခြင်း၊ ကြည့်ရှုခြင်း၊ နှီးနှောပြောဟောခြင်း၊ မေးမြန်းခြင်း ပြုအပ်၏။ အကြားအမြင်များသော၊ သီလရှိသော ရဟန်း၊ ပုဏ္ဏားတို့ကိုလည်း ရိုသေဆည်းကပ်ရာ၏။ အရှင်မင်းကြီး၊ ဤသို့ လိုက်နာပြုကျင့်သည် ရှိသော် ဘေးကင်းသူ၊ သင်္ဂဟတရားနှင့် ပြည့်စုံသူ၊ မှန်သော အယူဝါဒ ရှိသူ ဖြစ်ရာ၏။ သေလွန်သောအခါ၌လည်း မစိုးရိမ်ရဘဲ ကောင်းရာ သုဂတိသို့ လားရာ၏” ဟု ဝိဓူရက ဟောကြား၏။

မင်းကြီးလည်း ဝိဓူရအား အထူးပူဇော် သက္ကာရပြု၍ တစ်ရာ့တစ်ပါးသော မင်းတို့ခြံရံလျက် နန်းတော်သို့ ဝင်လေသည်။

(ဝိဓူရဇာတ်တော် အဆက်အား ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။

Read more...

အသွင်မတူ အိမ်သူမဖြစ်

“အသွင်မတူ အိမ်သူမဖြစ်” ဆိုတဲ့ ဆိုရိုးစကားက ဘယ်လောက် အတိုင်းအတာထိ မှန်သလဲ မသိပေမယ့်၊ ရာခိုင်နှုန်း အတော်များများ မှန်မယ်လို့ ထင်တယ်။ သိပ်လေးစားတဲ့ ရူပဗေဒ ဆရာတစ်ယောက်ရဲ့ သီအိုရီကို သတိသွားရမိတယ်။ “လင်မယားတွေက ရုပ်တူကြတာ များတယ်၊ ဘာကြောင့်လဲဆိုတော့ လူဆိုတာ ကိုယ်ကိုယ်ကို သိပ်ချစ်တော့ ကိုယ်နဲ့ တူတဲ့လူကို ရွေးကြိုက်တတ်တယ်” တဲ့။ မသီတာကလည်း မကြာခဏ ပြောလေ့ရှိတယ် … “လင်မယားတွေဟာ ရုပ်တူတူ လာတတ်တယ်” တဲ့။ လင်ရယ် မယားရယ်လို့ အတူတကွ အနေကြာလာတော့ အတွေးအခေါ်တွေ, စရိုက်တွေ (တမင် ညှိယူတာ မဟုတ်တောင်) ကူးစက်သွားတာတော့ သေချာပါတယ်။ ဒါပေမယ့်လည်း အမြင်ကွဲလွဲမှု, စရိုက်ကွဲလွဲမှုတွေကတော့ ရှိနေဦးမှာပါ။ ဒီတော့ ကွဲလွဲမှုတွေကို နားလည် ခွင့်လွှတ် ပေးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် “အသွင်မတူ အိမ်သူမဖြစ်” ဆိုတဲ့ စကားကို ရာခိုင်နှုန်းပြည့် မထောက်ခံ မိတာပါ။

သူငယ်ချင်းသက်ဝေက အသွင်တူ၏။ မတူ၏။ ရေးဖို့တဂ်တော့ တစုံတွဲနေတဲ့ ကိုယ်တို့နှစ်ယောက်အကြာင်း ဟိုလူကြီး ရင်ဘတ်ထဲ ဘယ်လောက်များရှိသလဲ သိချင်မိတဲ့ အကြံနဲ့ ဒါလေး ရေးပေးဆိုလို့ ရေးပေးတာတဲ့လေ… ကိုယ်မျှော်လင့်ထားတာနဲ့ တခြားစီ… ပတ်ချာကို လည်နေတာပဲ…။ ဒီက ပြောတာကဖြင့် လင်မယားတွေကို ယှဉ်တွဲ ယှဉ်တွဲ အမြင်များလာတာရယ်၊ တစ်မိုးထဲအောက်နေ တစ်စားပွဲထဲ စားနေလို့ ဥတုကြောင့် ဖြစ်တဲ့ရုပ်၊ အာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေ တူလာတာရယ်ကို ပြောချင်တာ။ နောက် အ၀တ်အစား အဆင်အပြင်ကအစပေါ့လေ။ သိပ်ကွာခြားနေရင် ကြည့်မကောင်းဘူး မဟုတ်လား။ အချို့ဆို အင်္ကျီဆင်တူလေးများတောင် ၀တ်လို့ တူအောင် အားထုတ်ကြတော့ တူလာတာပေါ့။

အဲ့ဒီလိုပါ ကိုဧရာက “ရှင်းနေတာတွေကို ရှုပ်အောင်လုပ်၊ ပြီးတော့မှ ပြန်ရှင်း၊ အဲ့ဒါဆို ပိုရှင်းသွားရော...” ဆိုတဲ့ ပန်းမြိုင်လယ်က ဥယျာဉ်မှူး ဇာတ်ကားထဲက ဘီအီးဒီအောင်သိုက်ရဲ့ သဘောတရားနဲ့ သွားနေတဲ့ လူစားမျိုး။
မသီတာကတော့ သိပ်စိတ်မရှည်တတ်ဘူး။ ဟေ့…ဟေ့… ဒီမှာ အပိုစာသားတွေနဲ့ စာမျက်နှာတွေ များနေပြီ လို့ ဘုတောတတ်သူ…။ တခါတလေတော့လည်း မသီတာက
ဧရာဆိုတာ မြစ်တစင်း ဆိုရင် ဘယ်နေရာမှာ စီးစီး အေးချမ်းမှုတွေနဲ့ ပတ်ဝန်းကျင်ကို အကျိုးဆောင်မှာ…
အဲ့လိုတွေ.. အဲ့လိုတွေ ကဗျာဆန်ချင်ပြန်ရင်လည်း သူကပါမလာ ပြန်ဘူး…။ ငုတ်တုတ်ကြီး ကျန်ခဲ့လို့ ဒီက ဒေါတွေမောတွေနဲ့ ပြန်လှည့်ခေါ်ရပြန်ရော…။ အဲ့ဒီအခါကျတော့လည်း “ကိုယ်မှမသိပဲ” ဆိုတဲ့ မျက်နှာသေလေးနဲ့
“ဘာမသိတာတုန်း… မသိဘူး ဆိုတာနဲ့ပြီးရောလား… မသိဘူး ဆိုတာကို မကြိုက်တာ…” မသီတာ့ ပါးစပ်က ကာရန်မပါတာတွေ ရေရွတ်ရပြန်ရော…။ စိတ်ထဲကတော့ အူတူတူလေးကို ကြိတ်ကြိုက်နေတာ…။

ဆိုလိုတာက ကိုဧရာက မသီတာနဲ့မှ မဟုတ်ပါဘူး။ ဂျူလီယာဖြစ်ဖြစ် အမီနာဖြစ်ဖြစ် ဘယ်သူနဲ့ မဆို အဆင်ပြေမည့် လူစားမျိုးပါ။ စိတ်ကောင်းရှိပါတယ်။ ရိုးသားပါတယ်။ သည်းခံတတ်ပါတယ်။ (ကိုယ့်လူမို့ အမွှန်းတင်နေတာ မဟုတ်ပါဘူး။ မသီတာ ချဉ်ဖတ်ကြိုက်လို့ပါ။) အဲ့ဒါကို ပြောင်းပြန်လှန်တော့ မသီတာပေါ့လေ… ဒီက အဖို့မှာတော့ သူနဲ့သာ မဆုံရင်…

ကဲပါလေ ကိုဧရာနဲ့ မသီတာ အသွင်တူ၏။ မတူ၏။ ပို့စ်လေး ဖတ်အပြီးမှာ လိုက်ဖက်ညီ၏။ မညီ၏ ဆိုတာကို လူကြီးမင်းများ ကိုယ်တိုင်ပဲ အဆုံးအဖြတ်ပေးခဲ့ကြပါ။
ကိုဧရာကတော့ ပြောပါတယ် မသီတာကို သိပ်လှစေချင်ပါသတဲ့။ (စိတ်ကလေး သိပ်လှစေချင်ပါသတဲ့ …။)

ဆက်စပ်ဖတ်ရှုရန် - ချစ်သူများအတွက် လက်ဆောင်

Read more...

ဘာအကောင်းဆုံးလည်း



လောကမှာ အကောင်းဆုံးအရာဟာ ဘာလဲ၊ ဘယ်အရာဟာ လောကမှာ အကောင်းဆုံး လဲလို့ ……မေးလိုက်ရင် အဖြေအမျိုးမျိုးထွက်လာမှာ သေချာပါတယ်။

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်စိုးစဉ်တုန်းက မြတ်စွာဘုရား အလောင်း ဟာ အဲဒီ မင်းကြီးရဲ့ ပုရောဟိတ် ပုဏားဖြစ်ခဲ့ဖူးတယ်။

အဲဒီ ပုဏားကို ဗြဟ္မဒတ်မင်းကြီးက အင်မတန်ချစ်ပါတယ်။ ချီးမြှောက်စရာရှိရင် သူများထက်ပိုပြီးတော့ ချီးမြှောက်တယ်။ ကူညီစောင့်ရှောက်စရာရှိလည်း သူများထက် ပိုပြီးတော့ ကူညီစောင့်ရှောက်တယ်။ အားလုံးထက်ကို သိသိသာသာ ချစ်မြတ်နိုးတော့ တစ်နေ့ ဘုရားအလောင်း ပုရောဟိတ် ကစဉ်းစားတယ်။

ဒီ ရှင်ဘုရင်ကြီးက ငါ့ကို သူများထက်ပိုပြီး တော့ချစ်မြတ်နိုးတယ်။ ဒီလိုချစ်မြတ်နိုးတာဟာ ငါ့ရဲ့ အမျိုးမြတ်ခြင်းကြောင့်လား၊ ဒါမှမဟုတ် ငါပညာတတ်ခြင်းကြောင့်ပဲလား၊ ဒါမှ မဟုတ် ငါ့ရဲ့ ကိုယ်ကျင့်သီလ ကောင်းခြင်းကြောင့်ပဲလား၊ စမ်းသပ်ကြည့်ဦးမှပဲ။ ဆိုပြီးတော့…

တစ်နေ့မှာ မင်းနန်းတော်ကနေ အခစားအပြန် ရှင်ဘုရင်ရဲ့ ရွှေပုထိမ်ဖိုကနေပြီးတော့ ရွှေအသပြာတစ်ခု အသိမပေးဘဲနဲ့ ယူလာခဲ့တယ်။ ဒုတိယနေ့မှာ ရွှေအသပြာနှစ်ခု အသိမပေးပဲ ယူလာခဲ့တယ်။ တတိယနေ့မှာတော့ ရွှေအသပြာ တစ်ဆုပ် ယူလာခဲ့တယ်။

ရွှေပန်းထိမ်သည်ကလည်းပဲ ပုရောဟိတ်ကို ရိုသေလေးစားတဲ့အတွက်ကြောင့် ပထမနေ့မှာ ဘာမှ မပြောဘူး၊ ကြည့်နေလိုက်တယ်။ ဒုတိယနေ့မှာလဲ ဘာမှမပြောပါဘူး၊ တတိယနေ့မှာ ရွှေတစ်ဆုပ်လည်းယူရော ချက်ချင်းဖမ်းယူပြီးတော့….

သင်ဟာ ဒီလောက်အချိန်ကာလကြာအောင် ကိုယ့်ကိုယ်ကို ကိုယ်ကျင့်သီလရှိသလိုလိုနဲ့ လှည့်လည်ခဲ့တာပဲ။ သင်ဟာ နှစ်ပေါင်းများစွာ အကျင့်သီလရှိသလိုလို အယောင်ဆောင်ခဲ့တာပဲ။ ဒီနေ့တော့ သင့်အမှန်တရားပေါ်ပြီ။ သင်ဟာကိုယ်ကျင့်သီလ လုံးဝမရှိတဲ့လူတစ်ယောက်ပဲ။သင့်ကို ကျွန်ုဖမ်းတယ်..ဆိုပြီး သူခိုး..သူခိုးလို့အော်တော့ အနီးအနားဝန်းကျင်က လူတွေလည်းပြေးလာပြီး ၀ိုင်းရိုက်ကြတယ်။ ပြီးတော့လက်ပြန်ကြိုးတုပ်ပြီးတော့ ရှင်ဘုရင်ဆီခေါ်လာခဲ့တယ်။ ရှင်ဘုရင်က ဘာကိစ္စလဲ…

ဒီလိုပါ၊ ရှင်ဘုရင်ရဲ့ ရွှေပန်းထိမ်ဖိုကနေ ရွှေအသပြာတွေ သုံးရက်တိုင်တိုင် ခိုးယူတဲ့အတွက်ကြောင့် ရှေ့တော်ရောက်လာခဲ့ခြင်းပါ။ လိုလျောက်ထားပါတယ်။
ကဲ…ဒီလိုခိုးယူတယ်ဆိုလို့ရှိရင်လည်း သူ့အပေါ်မှာ ပေးသင့်ပေးထိုက်တဲ့ မင်းပြစ်မင်းဒဏ် ပေးလိုက်တော့ပေါ့။ တရား ဥပဒေအတိုင်း စီရင်လိုက်ပါ လို့ဘုရင်က မိန့်တော်မူတဲ့အခါ ပုရောဟိတ်ကြီက အရှင်မင်းကြီး…အကျွန်ုပ် သူခိုးမဟုတ်ပါဘူး…

အရှင်မင်းမြတ်ဟာ ကျွန်ုပ်ကို သူများထက်ပိုပြီးတော့ ချစ်မြတ်နိုးတယ်။ သူများထက်ပိုပြီးချီးမြောက် အရေးပေးတယ်။ အားလုံးထက်ပိုပြီး အရေးပေးခြင်းဟာ ပညာတွေတတ်လို့ပဲလား၊ ကိုယ်ကျင့်သီလကောင်းလို့ပဲလားဆိုတာ စမ်းသပ်ကြည့်ချင်လို့ ကျွန်ုပ် ယခုကဲ့သိုယူရခြင်းဖြစ်ပါတယ်။ ယခုတော့ ကျွန်ုပ်သိပါပြီ အမျိုးမြတ်တာလည်း ဘာမှ သုံးမရဘူး၊ ပညာတတ်တာလည်း ဘာမှ သုံးမရပါဘူး၊ ကိုယ်ကျင့်သီလကောင်းခြင်းကသာ သုံးရပါတယ်။ လောကမှာ အကောင်းဆုံးအရာက ကိုယ်ကျင့်သီလ၊ လောကမှာ အမြတ်ဆုံးအရာဟာ ကိုယ်ကျင့်သီလဆိုတာ သဘောပေါက်ပါပြီ။

ဒါကြောင့် လောကမှာ အကောင်းဆုံးအရာဖြစ်တဲ့ ဒီကိုယ်ကျင့်သီလနဲ့ ထိုက်တန်တဲ့အလုပ်ကို လုပ်နိုင်ဖို့အတွက် အိမ်ရာတည်ထောင်လူ့ဘောင်ကိုစွန့်ပြီးတော့ ရဟန်းပြု တောထွက်ခွင့်ပေးပါတော့လို့ခွင့်တောင်းပြီး ရဟန်းပြုသွားပါတော့တယ်။။ရှင်ဘုရင်ကလည်း အကြောင်းအကျိုး သိသွားတော့ တောထွက်ဖို့တားပါတယ်။

လောကမှာ ဘယ်အရာအကောင်းဆုံးလည်း၊ လောကမှာ ဘယ်အရာအကောင်းဆုံး ယူဆပါသလဲ၊ ကိုယ့်အထင်နဲ့ကိုယ်ပြောကြည့်ပါ။
  • တရားအကောင်းဆုံး
  • ၀ိပဿနာအကောင်းဆုံး စသည်ဖြင့်
ကိုယ့်အတွေးနဲ့ ကိုဖြေကြည့်ပြီး ဇာတ်ဝတ္ထုလေးနဲ့ တိုက်ဆိုင် အဖြေညှိကြည့်ကြပါစို့။


ညခင်းတရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

Read more...

သက်ကယ်ရိတ်စကားများ(၆)

အိမ်ခေါင်မိုးကို သက်ကယ်မိုးတော့ ညီညီ့သူငယ်ချင်းများ၊ ကိုကို့သူငယ်ချင်းများနှင့် တရုန်းရုန်း။ အမျိုးသမီးများက အိမ်အောက်မှနေ၍ သက်ကယ်ပျစ်များကို ကမ်းပေးကြသည်။ အမိုးပေါ်မှ ကာလသားများက သက်ကယ်ပျစ်များကို လှမ်းယူပြီး အိမ်ရှေ့ခေါင်းဖျားဘက်မှစ၍ ခေါင်ရင်းဘက်သို့ ခပ်စိပ်စပ် စေ့စေ့စပ်စပ် မိုးလာကြသည်။ ဆံပင်များတွင် သက်ကယ်စ သက်ကယ်မှုန်များက အဖွေးသား။ ကိုကို့ကျောပြောင်ကြီးသည်ကား နေရောင်ချည်အောက်တွင် လက်လက်ထနေသည်။

အမေနှင့် မမနွယ်က ထမင်းချက်သည်။ ဟင်းကတော့ ထုံးစံအတိုင်း ကာလသားချက်ချက်ထားသော ကြက်သားနှင့်ဘူးသီး။ ငါးပိထောင်း။ အိမ်ဖြစ် ငါးပိရည်နှင့် တို့စရာက ကန်စွန်းရွက်ပြုတ်။ အနံ့ကလေးမွှေးလာတော့ မိန်းကလေးများက ဗိုက်ဆာပြီး တခိခိရယ်သည်။ ကိုကို့သူငယ်ချင်း ကိုရင်သာဂိ တစ်ဖြစ်လဲ ကိုနေမျိုးက "မကျက်သေးဘူးလား ကြီးဒေါ်ရေ ဗိုက်ထဲမှာ တယောထိုးနေပြီ " ဟု အော်ပြောတော့ အားလုံးဝိုင်းရယ်ကြသည်။ နေမင်း၏ ပူပြင်းသောအစွမ်းသတ္တိကြောင့် စိမ့်ထွက်လာသော ချွေးစက်အသီးသီးသည် သက်ကယ်မှုန်များ၊ ဖုန်မှုန့်များနှင့်ရောကြူ၍ မည်းညစ်သော ချွေးစက်များအဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်ဒေသအသီးသီးတွင် ဧရာဝတီသံလွင်စသော မြစ်ကြောင်းများကဲ့သို့ နှေးတစ်လှည့်မြန်တစ်ခါ စီးဆင်းပြီး အနိမ့်ဆုံးနေရာ၌ စုဆုံပေါင်းစည်းမိကြ၍ ကမ္ဘာမြေကြီး၏ဆွဲအားကို မလွန်ဆန်နိုင်တော့ဘဲ ကြမ်းပြင်ပေါ် သို့ တစ်ပေါက်ပြီးတစ်ပေါက် ခုန်ဆင်းခိုနားကြလေသည်။ နေမင်းကား သူ့လက်ချက်ကို အားရ၍ ပြင်းပြင်းပူ၏။ သို့သော် အချင်းချင်း ချစ်စနိုး,စနောက်၍ တဟားဟား တခစ်ခစ် ရယ်မောနေသော ရွှင်မြူးကြည်သာသည့် ဆယ်ကျော်သက်တို့၏ ရယ်သံများသည် မျက်နှာပြင်အပူချိန် ၅၅၀၀ ဒီဂရီ စင်တီဂရိတ်ရှိသော ကီလိုမီတာ ၁၄၉သန်းက သူရိယနေမင်းကို လှောင်ပြောင်သရော် သကဲ့သို့ ရှိလေသည်။

ညီညီသည် သက်ကယ်မိုးသော မြင်ကွင်းကို ကြည့်၍ ရင်တွင်းမှ ဖိုလှိုက်လာမိသည်။ သူ၏ ရင်တွင်းတွင် သူ၏ သူငယ်ချင်းများကို ချစ်သောစိတ်တို့က အသွေးထဲအသားထဲသို့ နေရာလပ်မရှိ ပျံ့နှံ့ကုန်ဘိသည်။ ထိုမှတစ်ဆင့် သူ၏ရွာကို ချစ်သောစိတ်သည် ဆက်လက်၍ ဖြစ်ပေါ်လာသည်။ ထိုမှတစ်ဆင့် တိုင်းပြည်ကို ချစ်သောစိတ်သည် ဆက်လက်၍ ဖြစ်ပေါ်လာသည်။ အသွေးထဲအသားထဲက ချစ်သောစိတ်ဟူသည်ကား သက်ကယ်မိုးအိမ်၏ အရိပ်ကို တစ်ခါမျှ မခိုနားဖူးသော တိုင်းတစ်ပါးသားတို့ နားမလည်နိုင်သည့် ဗြဟ္မစိုရ်တရား နှင့်ယှဉ်သည့်၊ ကတညုတ တရားနှင့်ယှဉ်သည့် ချစ်နည်းမျိုးဖြစ်သည်။ စင်စစ် ညီညီ ကိုယ်တိုင်ပင်လျှင် သူ၏ အသွေးအသားထဲက ဖြစ်လာသော ချစ်ခြင်းမေတ္တာ သဘောကို ကောင်းမွန်စွာ နားမလည်သေး။ အရွယ်ငယ်သေး သောကြောင့် ဖြစ်သည်။ ခွန်အားရှိသော မေတ္တာသည် အသက်အရွယ်နှင့် မဆိုင်။ ဘယ်အကြောင်းတရားက ချစ်ခြင်းမေတ္တာနှင့် တိုက်ရိုက်သက်ဆိုင်သလဲ ဆိုတာကိုတော့ ညီညီလည်း မပြောတတ်။ စာရေးသူလည်း မပြောတတ်။ ကိုကိုကတော့ ပြောတတ်မည် ထင်သည်။

ဤသို့ပေါ်လာသော ချစ်ခြင်းမျိုးသည်ကား တိမ်မည်းလှိုင်းရိပ်တွေကြား လျှပ်စီးနွယ်လက်ပုံမျိုးနှင့် တူလေသည်။ လျှပ်ပြက်သလို လက်လိုက်သော်လည်း လောကအလုံး ထိန်လင်းသွားအောင် တတ်နိုင်သကဲ့သို့ ညီညီ၏ လျှပ်ကနဲလက်လိုက်သော အချစ်သည်ပင် ညီညီ့ဘ၀၏ မီးရှူးတန်ဆောင်ဖြစ်လောက်အောင် ခွန်အားကောင်းလေသည်။ ဤချစ်ခြင်းမျိုးသည်ကား ဆင်းရဲဒုက္ခရောက်သော်လည်း ချိနဲ့မသွားသော ဒေါင်ဒေါင်မြည် ချစ်ခြင်းမျိုးဖြစ်သည်။ စကြာဝဠာတံတိုင်း အထပ်ထပ်ခြား သော်လည်း ဝေးမသွားသော ချစ်ခြင်းမျိုးဖြစ်သည်။ အလွန်အေးမြသော အအေးပေးစက် တပ်ဆင်ထားသည့် အခန်းထဲသို့ ရောက်သော်လည်း "မာ" မသွားသော ချစ်ခြင်းမျိုးဖြစ်လေသည်။ ဖော့လို အ၀တ်အစားများကို ၀တ်ဆင်နေရသော်လည်း ပျော့မသွားသော ချစ်ခြင်းမျိုးဖြစ်သည်။ ဗာကျူရယ်ဝေါလ်(virtual world) မှာ စကားလုံးများနှင့် တူတူပုန်းတိုင်း ကစားနေသော်လည်း "မေ့လျော့" မသွားနိုင်သော ချစ်ခြင်းမျိုးဖြစ်လေသည်။

အမျိုးကိုချစ်သောစိတ်က ဖေးမသောအခါ နို့ပျဉ်းများကို တလှုပ်လှုပ်ရမ်း၍ အော်ကြီးဟစ်ကျယ် စကားပြောနေသော ရှေးအဘွားကြီးများသည် လည်းကောင်း၊ နေပူပူမှာ ပြာမွဲနေသော ကျောကို ပြောင်ပြောင်ဖော်ပြ၍ တဟားဟား အော်ရယ်နေသော ကာလသားများသည် လည်းကောင်း၊ သနပ်ခါးချွေးကွက်သဖြင့် သမန်းဆီ တက်နေသော ခြေသလုံးတို့ အထင်းသားပေါ်နေသည့် လုံမ တို့သည်လည်းကောင်း ချစ်ဖွယ်မြတ်နိုးဖွယ် ကောင်းနေလေသည်။ ဤမြင်ကွင်းမျိုး ဤချစ်ခြင်းမျိုး တစ်သက်မှာ တစ်ခါရှိခဲ့ဖူးလျှင်ကား မင်းကြီးမဟာဗန္ဓုလဘ၀ ကို ရောက်သော်လည်း မောင်ရစ်ဘ၀ကို မေ့နိုင်တော့မည် မဟုတ်သကဲ့သို့ ခင်ကလျာ မြမြညှာ ဘ၀သို့ ရောက်သော်ငြားလည်း ပူစူးမဘ၀ကို မေ့နိုင်တော့မည် မဟုတ်ပါချေ။ အကြောင်းကြောင်းကြောင့် ပမာဒလေခ၍ မေ့လျော့ခဲ့လျှင်လည်း အကြောင်းတိုက်ဆိုင်တိုင်း ဒိုင်းကနဲသတိရ၍ ယခင်ကရှိခဲ့သည့် ကျေးဇူး ဂုဏ်သိက္ခာတို့ ပြန်လည်ပေါ်ပေါက်နိုင်မည့် ချစ်ခြင်းမျိုး ဖြစ်လေသတည်း။

အဲသည်ညက ကိုကိုက ညီညီ့ကို ကတညုတ ကတဝေဒီ (သူ့ကျေးဇူးကို အထူးသိတတ်ခြင်း) အကြောင်း ဆွေးနွေးပြသည်။ ဆွေးနွေးပြရင်း ဆရာကြီးဦးရွှေအောင်၏ စာပိုဒ်တစ်ပိုဒ်ကို ရွတ်ပြသောအခါ မမနွယ်က ကိုကို့ကို ရှိခိုးသည်။ ကိုကိုက ဆရာကြီးဦးရွှေအောင်ကို ရှိခိုးသည်။ မေမေကလည်း ဆရာကြီးဦးရွှေအောင်ကို ရှိခိုးသည်။ ညီညီကမျက်လုံးအကြောင်သား ကြည့်နေပြီးမှ ကိုကို့ကိုရော မမနွယ်ကိုရော မေမေ့ကိုရော ဆရာကြီးဦးရွှေအောင်ကိုရော ရှိခိုးလေသည်။ ကိုကိုသည် အားလုံးအတွက် သွေးသားအရင်း သဖွယ် ဖြစ်နေမှန်း အားလုံးက ခံစားနားလည် နေကြသည်။ ညီညီသည် ကိုကို့ကို အစ်ကိုအရင်းကဲ့သို့ရော အဖေကဲ့သို့ရော ချစ်ခင်မိလေသည်။ ညီညီ၏ရင်တွင်းတွင် ဆရာကြီး၏ နက်ရှိုင်းသော စကားသံတို့သည် အထပ်ထပ် ရိုက်ခတ်နေဘိ၏။ ပိုမိုမှတ်မိစေရန် နောက်တစ်ခေါက် ထပ်မံရွတ်ပြဖို့ ကိုကို့ကို တောင်းပန်ရပါသည်။

ကိုကို၏ စာရွတ်သော အသံသည် တရားပြသော ကမ္မဋ္ဌာန်းဆရာ၏ အလွန်လေးနက်သော လေးနက်ခြင်းမျိုးဖြင့် ညဥ့်ဦးယံကို ရဲတင်းစွာ ထွင်းဖောက်ကာ ကြည်လင်စွာ ထွက်ပေါ်လာခဲ့သည်။

---"ကျွန်တော်တို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့် အားလျော်စွာ ကျွန်တော်တို့၏ အမျိုးဘာသာ၊ သာသနာအတွက် ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်ရာ၌ ဤကတညုတ အမြင်မျိုးသာ အားထုတ်အပ်ပါသည်။

ကျွန်တော်တို့သည် မိမိတို့၏ အမျိုးကို ချစ်ကြ၏။ ကမ္ဘာပေါ်ရှိ အခြားလူမျိုးများကိုလည်း ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်၍ ချစ်သည်ပင် ဖြစ်ပါ၏။ သို့ရာတွင် ကတညုတမျက်စိဖြင့် ကြည့်သောအခါ ပဋ္ဌာန်းပါဠိတော် ဥပနိဿယ ပစ္စည်းအရ ကျွန်တော်တို့အပေါ်၌ ကျွန်တော်တို့ လူမျိုးက ပို၍ ကျေးဇူးကြီးသည်။ ထို့ကြောင့် အခြားလူမျိုးများ အပေါ်ထက် ကျွန်တော်တို့ လူမျိုးများအပေါ် ကျွန်တော်တို့က ပို၍ကျေးဇူးဆပ်ရ၏။ ဤသို့ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများကလည်း "နရယည" ဟူ၍ဆို၏။ "နရယည" ဟူသည်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော မိမိတို့၏ လူမျိုးများ ဟူ၍ ဖြစ်သည်။

ထိုနည်းအတူ ကျွန်တော်တို့သည် မိမိတို့၏ဘာသာကို မြတ်နိုးကြ၏။ ကမ္ဘာပေါ်ရှိ အခြားလူမျိုးတို့၏ ဘာသာများကိုလည်း ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်၍ မြတ်နိုးသည်ပင် ဖြစ်၏။ သို့ရာတွင် ကတညုတမျက်စိဖြင့် ကြည့်ပါက ကျွန်တော်တို့၏ ဘာသာက အခြားလူမျိုးတို့၏ ဘာသာထက် ကျွန်တော်တို့အပေါ် ပို၍ ကျေးဇူးများ၏။ ထို့ကြောင့် ကျွန်တော်တို့၏ဘာသာအပေါ် ပို၍ ကျေးဇူးဆပ်ရ၏။ ဤသို့ ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများက "ဗြဟ္မယည"ဟူ၍ ဆို၏။ "ဗြဟ္မယည"ဟူသည်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော မိမိတို့၏ စာပေများဟူ၍ ဖြစ်၏။

အလားတူပင် ကျွန်တော်တို့သည် ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်၍အခြားလူမျိုးများ၏ ဘာသာ၊သာသနာကို လေးစားသည်ပင် ဖြစ်၏။ သို့ရာတွင် ကတညုတမျက်စိဖြင့် ကြည့်သောအခါ ကျွန်တော်တို့၏ သာသနာ ကျွန်တော်တို့အပေါ် ပို၍ကျေးဇူးများ၏။ ထို့ကြောင့် ကျွန်တော်တို့သည် ကျွန်တော်တို့၏ သာသနာအပေါ် ပို၍ ကျေးဇူးဆပ်ရ၏။ ထိုသို့ ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများက "ဒေ၀ယည" ဟူ၍ ဆို၏။ "ဒေ၀ယည"၏ အနက်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော ဘုရားဟူ၍ ဖြစ်၏။

သို့ရာတွင် ကျွန်တော်တို့၏ ဘုရားကား အခြားသူများ၏ဘုရားနှင့်မတူ။ ထို့ကြောင့် ကျွန်တော်တို့၏ သာသနာသည်လည်း အခြားသူများ၏ သာသနာနှင့်မတူချေ။ဤသည်မှာ ကတညုတမျက်စိဖြင့် လောကကို ကြည့်သော အခါ မြင်ရသော အမြင်များ ဖြစ်၏။ ဤအမြင်မျိုးဖြင့်သာ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အမျိုးဘာသာ သာသနာကို တိုးတက်သည်ထက် တိုးတက်အောင်၊ သန့်ရှင်းသည်ထက် သန့်ရှင်းအောင် ပြန့်ပွားသည်ထက် ပြန့်ပွားအောင် အားထုတ်အပ်ပါ၏။

အမှန်အားဖြင့် အရေအတွက်ထက် အရည်အချင်းသည် ပြဋ္ဌာန်း၏။ အရေအတွက်သည် "အားသစ်"ကို မဖြစ်ပေါ်စေနိုင်ဘဲ အရည်အချင်းသည်သာ အားသစ်ကို ဖြစ်ပေါ်စေနိုင်၏။ အမှန်အားဖြင့် အရည်အချင်းအားဖြင့် ဖွဲ့စည်းနိုင်ပါမှလည်း ကျွန်တော်တို့၏ အမျိုးဘာသာ သာသနာသည် တကယ်တမ်း တိုးတက်နိုင်မည် ဖြစ်၏။

ထို့ကြောင့် ကျွန်တော်တို့သည် ကျွန်တော်တို့၏ အမျိုးဘာသာ သာသနာကို တကယ်တမ်း တိုးတက်စေလိုပါလျှင် လောကကို ကတညုတ(သူ့ကျေးဇူးကို အထူးသိတတ်သော) မျက်စိဖြင့် ကြည့်ပြီး အရေအတွက်အရ ဖွဲ့စည်းမှုနည်းထက် အရည်အချင်းအရ ဖွဲ့စည်းမှု နည်းဖြင့် လုပ်သင့်ပါသည်။ ဤသည်မှာ ဗုဒ္ဓအလိုကျနည်း ဖြစ်ပါ၏။"

မြန်မာပြည် လူဦးရေ၏ တစ်ဝက်မျှ ရှိမည်ဖြစ်သော ကလေးသူငယ် အများစုကဲ့သို့ပင် ညီညီသည်လည်း "အညတရ" ကလေးတစ်ဦးသာ ဖြစ်ပါသည်။ သို့ရာတွင် လောကကို အညတရများက တည်ဆောက်ထားတာကို သတိပြုမိသော ကိုကိုကမူ သူ၏ညီကို ကောင်းမွန်စွာ ပြုစုပျိုးထောင် ပေးလေသည်။ ပြုစုပျိုးထောင်ရာတွင် အညတရအဖြစ်မှ ထင်ရှားကျော်ကြား အောင်မြင်သော ညီတစ်ယောက် ဖြစ်လာအောင် ပြုစုပျိုးထောင်သည့် နည်းမျိုးဖြင့် ပျိုးထောင်ခဲ့သည်ကား မဟုတ်။ အညတရအဖြစ်ဖြင့် လောက၏ ကျေးဇူးကို ဆပ်တတ်ရန်သာ ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်ပါသည်။ အသာစံလိုသော စိတ်ထားမျိုးဖြစ်အောင် ပျိုးထောင်ခဲ့ခြင်းမဟုတ်ဘဲ အနစ်နာခံတတ်သော စိတ်ထားမျိုး မွေးမြူတတ်ရန်သာ ပျိုးထောင်ခဲ့ခြင်း ဖြစ်ပါ၏။

အညတရများက စောင့်ရှောက်ခဲ့၍သာ မိမိတို့၏ အမျိုးဘာသာ သာသနာသည် ဤမျှကြာရှည်တည်တံ့၍ မိမိတို့ကို ကျေးဇူးပြုနေနိုင်ခဲ့သည် မဟုတ်ပါလော။

(အကြောင်းတိုက်ဆိုင်၍ ပြန်လည်ဖော်ပြသည်။ ဖော်ပြခဲ့ဖူးသားဖြစ်ပါသည်။)

Read more...

*ကုသိုလ်နှင့် အကုသိုလ်*

ဆရာ ဦးရွှေအောင် ရေးသားတဲ့ *ကုသိုလ်နှင့် အကုသိုလ်* စာအုပ်နဲ့ ပိုင်းလော့ ဆရာတော်ဘုရား ဟောကြားတော်မူတဲ့ *ကုသိုလ်နှင့် အကုသိုလ်* MP3 တရားတော်တွေကို ဓမ္မဒါန မျှဝေလိုက်ပါတယ် ခင်ဗျာ..

ဆရာဦးရွှေအောင် စာအုပ်ကိုတော့ ဒေါင်းထားတာ ကြာပြီဖြစ်ပေမယ့် မဖတ်ဖြစ်ခဲ့ပါဘူး.. ဒါပေမယ့်လည်း တစ်နေ့က ညီငယ် တစ်ယောက်ကနေ အစ်ကို အဲဒီစာအုပ်ကို ဖတ်ကြည့်ပါလား.. စကားဝါမြေမှာ ဒေါင်းလို့ရတယ်.. အစ်ကို ကြိုက်မှာပါ ဆိုတာနဲ့ ဖတ်ဖြစ်ခဲ့ပါတယ်.. ဖတ်တာ မပြီးသေးပေမယ့် တော်တော် အကျိုးများ အသိပွားစေတာမို့ ဓမ္မမောင်နှမတို့အတွက် ကုသိုလ်ပြု မျှဝေလိုက်တာပါ။

ပိုင်းလော့ဆရာတော် ဘုရား ဟောကြားတာကိုတော့ နာဖြစ်ခဲ့တာ ဒီနေ့ပါဆို ၄ ခေါက်လောက် ရှိပါပြီ။ တရားတော်တွေကတော့ ဘယ်အချိန်နာနာ ရိုးတယ်လို့ကို မရှိပါဘူး.. နာပြီးသား ထပ်နာတာတောင် တစ်ခါနဲ့ တစ်ခါ ရတဲ့ အသိက မတူပါဘူး.. ဒါကိုတော့ တရားနာဖူးသူတိုင်း သိမှာပါ။ ဒါကြောင့်လည်း ပညာရှိ သူတော်ကောင်းတွေက *နာဖူးထပ်မံ* လို့ ဆိုခဲ့ကြတာ ဖြစ်ပါလိမ့်မယ်..

ကုသိုလ် အကုသိုလ်ဆိုတာ စကားလုံးတွေပါ.. မြတ်စွာ ဘုရားရှင်က ကျွန်တော်တို့တတွေ နားလည်အောင် တကယ့် အရှိတရားကို ပညတ်ထားတာပါ။ တရားသား မဟုတ်သေးပါဘူး.. တရား ကျင့်လိုတဲ့ ပုဂ္ဂိုလ်တွေကလည်း စကားလုံးတွေရဲ့ ညွှန်ကြားခံ တရားသားတွေကို အရင်သိအောင် အားထုတ်ရမှာပါ.. ဒီလို သိမှလည်း စကားလုံး တစ်လုံးဟာ ကိုယ့်သန္တာန်မှာ ဘာကိုရည်ညွှန်းတယ် ဆိုတာ နားလည်ပြီး ကျင့်သုံးလို့ ရမှာပါ.. *အသိမှန်မှ အကျင့်မှန်မယ်* ဆိုတဲ့ တိပိဋက ယောဆရာတော် ဘုရားရဲ့ အဆုံးအမကလည်း ဒါကိုပဲ သတိပေးနေတာပါ.. မိုးကုတ် ဆရာတော် ဘုရားကလည်း *သိအောင်အရင် သင်ပေးပါဦး.. သိမှ ကျင့်လို့ရတာဟဲ့* ဆိုပြီး ခဏခဏ ဆိုဆုံးမတော် မူခဲ့တာပါ..

၁။ တရားနာယူ ဖတ်ရှုခြင်း
၂။ တရားဆွေးနွေးခြင်း
၃။ တရားအားထုတ်ခြင်း
ဆိုပြီး တရား အားထုတ်နည်း သုံးမျိုးရှိတယ် ဆိုတာကို ဆရာတော် အရှင်ဇ၀နနဲ့ မြောက်ဦး ဆရာတော်ဘုရားတို့ရဲ့ အဆုံးအမတွေကနေ မှတ်သားမိခဲ့ဖူးလေတော့ တရားအားထုတ်နေသူ ဓမ္မမိတ်ဆွေများအတွက် အခု ကျွန်တော် ပေးပို့လိုက်တဲ့ *ကုသိုလ်နဲ့ အကုသိုလ်* တရားစာအုပ်နဲ့ MP3 တရားဖိုင်တွေဟာ နိဗ္ဗာန်သို့သွား ခြေလှမ်းများ အဖြစ် တစ်ထောင့် တစ်နေရာကနေ အကျိုးပြုမှာပါ။

ဒါ့အပြင် *တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာ သာသနာကွယ် ကြောင်းတည်း* ဆိုပြီး သာသနာ ကွယ်ကြောင်း ငါးမျိုးရှိလေတော့ အခုလို တရားနာယူ ဖတ်ရှုမှုဟာလည်း သာသနာကို တစ်ဖက်တစ်လမ်းကနေ စောင့်ရှောက်နေတာဖြစ်လို့ ခံယူတတ်မယ် ဆိုရင် တကယ် ၀မ်းမြောက်စရာပါ..

ဘာပဲပြောပြော သင့်လျော်တဲ့ အချိန်မှာ တရားနာယူခြင်းဟာ မင်္ဂလာ တစ်ပါးဖြစ်သလို အလှူတကာ့ အလှူမှာလည်း တရားအလှူဟာ အမြတ်ဆုံးဖြစ်လို့.. ဓမ္မမောင်နှမတို့အနေနဲ့လည်း မိမိတို့နဲ့ နီးစပ်ရာများကိုလည်း ဆက်လက်ဖြန့်ဝေ ဓမ္မဒါန ပြုကြပြီး ကုသိုလ်ရိက္ခာများ ထုတ်ပိုးကြပါဦးလို့ တိုက်တွန်းပြောကြားရင်း..

လေးစားစွာဖြင့်
ဖိုးသား


2 attachmentsDownload all attachments (zipped for
English (US)
Filename encoding menu
)
UShweAung-Kutho.pdfUShweAung-Kutho.pdf
836K View Download
ကုသိုလ်နှင့် အကုသိုလ် PilotSayardaw-Kutho.mp3ကုသိုလ်နှင့် အကုသိုလ် PilotSayardaw-Kutho.mp3
11196K Play Download

Read more...

နှုတ်မဆက်နဲ့ .... Good Bye!

(၁)

မနှစ်က အွန်လိုင်းပေါ်မှာ ၂၀၁၂ ကမ္ဘာပျက်မယ့်အကြောင်းတွေ ပလူပျံနေတဲ့အချိန် တစ်ရက်တော့ ကျွန်တော့်ဆီကို အီးမေးလ်တစ်စောင်ဝင်လာခဲ့ပါတယ်။ မှတ်မှတ်ရရ နိုဝင်ဘာလ ၁၅ရက်နေ့ မှာပါ။ စာထဲမှာ ကမ္ဘာပျက်တဲ့ကိစ္စအပေါ် ထင်မြင်ချက်နှင့် ဝေဖန်ထားချက်လေးရေးထားပါတယ်။ အဲဒီစာကနေစပြီး သူမနှင့်ကျွန်တော် စတင်မိတ်ဆွေဖြစ်ခဲ့ပါတော့တယ်။

နောက်ပိုင်းတော့ သူမနှင့်ကျွန်တော်တို့ စာအပြန်အလှန်ပို့ ဖြစ်ရင်းက ပိုရင်းနှီးသွားကြပါတယ်။ သူမက အမေရိကားကလို့ သိခဲ့ရပါတယ်။ ပထမ သူမက ကျွန်တော့်ကို အကိုလို့ ခေါ်နေရာက နောက်ပိုင်းအသက်တွေမေးကြည့်တော့ ကျွန်တော့်ကငယ်နေတာနှင့် ငါ့မောင် ဖြစ်သွားပါတော့တယ်။

အဲဒီအချိန်ကစလို့  ကျွန်တော်တို့ တွေ Chatting ကနေပဲ Topic မျိုးစုံကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး စသည်ဖြင့် တော်တော်စုံပါတယ်။

(၂)

ဒီဇင်ဘာလထဲ ကျွန်တော်လက်ကွဲလို့ ချုပ်လိုက်ရတော့ သူမက လှမ်းပြီးသတင်းမေးပါတယ်။ အဲဒီမှာ ပြောနေရင်းနဲ့ မှ သူမဟာ ဆရာဝန်တစ်ဦးဖြစ်နေတာ သိလိုက်ရပါတယ်။ ကျွန်တော့်ရဲ့ လက်ဒဏ်ရာအတွက် သောက်ရမယ့်ဆေးတွေ လိမ်းရမယ့်ဆေးတွေနှင့် ဆောင်ရန် ရှောင်ရန်တွေကို ဂရုတစိုက်မှာပါတယ်။ ကျွန်တော်အစာအိမ်သိပ်မကောင်းတာပါသိသွားတော့ အဲဒီအတွက်ကိုပါ ထပ်ပြီး မှာလိုက်ပါသေးတယ်။

နောက်ပိုင်း သူမနှင့် ကျွန်တော့်အမျိုးသမီးနှင့်ပါ ရင်းနှီးခင်မင်သွားကြပါတယ်။ သူတို့ က မိန်းမသားချင်းလည်းဖြစ်ပြန် ကျင်လည်ဖြတ်သန်းခဲ့ကြတဲ့ Field တွေကလည်း တူနေကြတော့ အတွေ့ အကြုံတွေတူ၊ လုပ်ချင်တာတွေတူပြီး ကျွန်တော့်ထက် သူတို့ က ပိုပြီးရင်းနှီးသွားကြပါတော့တယ်။

(၃)

ကျွန်တော့်ဘ၀တစ်လျှောက် ကျွန်တော်နှင့်ပြောမနာ ဆိုမနာဖြစ်တဲ့အထိ ရင်းနှီးခင်မင်ကြတဲ့သူတွေထဲမှာ အဓိက ပုံစံနှစ်မျိုးရှိပါတယ်။ တစ်မျိုးက ကျွန်တော်လုပ်သမျှ၊ ပြောသမျှကို ကျေနပ်လက်ခံသဘောကျအားပေးတတ်သူတွေဖြစ်ပြီး၊ နောက်တစ်မျိုးကတော့ ကျွန်တော့်ကို တွေ့ တာနှင့် နှိပ်ကွပ်ပြီး အားမနာတမ်း အပြစ်ပြောတတ်တဲ့သူတွေဖြစ်ပါတယ်။ ပထမအမျိုးအစားလူတွေကိုက အထူးပြောစရာမလိုပေမယ့် ဒုတိယတစ်မျိုးကတော့ တစ်ခါတစ်လေသူတို့ ကိုယ့်ကိုပြောလိုက်ရင်
ပိဿာလေးနှင့်ပစ်သလိုဆိုတာလို ခံရခက်ပါတယ်။ ကျွန်တော့်ကောင်းကွက်ကို နဲနဲလေးမှမပြောတဲ့သူတွေပါ။ ဒါပေမယ့် သူတို့ စကားတွေရဲ့ နောက်ကွယ်က ကိုယ့်အပေါ်ထားတဲ့စေတနာကို ကျွန်တော်ခံစားလို့ ရနေတော့ သူတို့ တွေကို ကျွန်တော် စိတ်မဆိုးပါဘူး။ သူတို့ ပြောလာရင် ရယ်ပြီးပဲနားထောင်နေလိုက်ပါတော့တယ်။

ဆရာတော်တွေထဲမှာဆိုရင် ကန်ဦးဇေတ၀န်ဆရာတော်ကြီးဆို ကျွန်တော်တအားချစ်ခင်လေးစားတာပါ။ သူက ကျွန်တော့်တွေ့ တာနှင့် ဆူဆဲလေးနှင့် စပြီးပြောတော့တာပါ။ ဆရာတော်ကြီးဆူပြောလေးပြောတာကို နားထောင်ရတာကိုပဲ ကျွန်တော်က သဘောကျနေတတ်ပါတယ်။

အခု သူမလည်း အဲဒီဒုတိယအမျိုးအစားထဲမှာ ပါပါတယ်။ သူမနှင့်ရင်းနှီးပြီးနောက်ပိုင်းမှာ ကျွန်တော့်ကိုဆို မောင်ငယ်တစ်ယောက်လို နှိပ်ကွပ်ပြီး အစစအရာရာ သတိပေးစကားပြောတတ်ပါတယ်။ သူမပြောသမျှ ကျွန်တော်က ဘုကန့် လန့် တွေ ကို့ ရို့ ကားယားတွေ ပြန်ပြောခြင်းဖြင့် တုံ့ ပြန်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်သူ့ ကို ကိုယ့်အမတစ်ယောက်လိုမျိုး ခင်မင်နေတော့ သူနှိပ်ကွပ်သမျှ စိတ်ထဲလည်းထားမနေတော့ပါဘူး။

(၄)

ကျွန်တော်က ဘလော့ဂ်မှာတင်ဖြစ်တဲ့ပို့ စ်တွေထဲက တချို့ ပို့ စ်တွေကို သူ့ ကို ဖတ်ဖို့ လှမ်းပြီးပို့ ပေးတတ်ပါတယ်။ တချို့ ပို့ စ်တွေကို သူမက ကြိုက်ရင် ကြိုက်တဲ့အကြောင်း၊ တခါတလေမှာတော့ ပို့ စ်အတွက် ကွန်မန့် ပေးပြီးလည်း အကြံပြုပေးတတ်ပါတယ်။ ကျွန်တော့်ရဲ့  “ဒီလိုလေး လုပ်ကြည့်ရင်ကောင်းမလား” ဆိုတဲ့ပို့ စ်ကို MMWAI နှစ်လည်မဂ္ဂဇင်းအတွက် ရေးဖြစ်တော့ သူမဆီက အကြံပြုစာအနေနှင့် သတ်သတ်မှတ်မှတ်ရေးပြီး ကျွန်တော့်ဆီ ပို့ ပေးခဲ့ပါတယ်။

သူမလည်း ကိုယ်ပိုင်ဘလော့ဂ်တစ်ခု လုပ်ဖို့ ပြင်နေကြောင်း ကျွန်တော်သိထားခဲ့ပါတယ်။ သူ့ လုပ်ငန်းအတွေ့ အကြုံတွေပဲ ရေးတင်မှာလား၊ တခြား ၀ါသနာပါတဲ့ အကြောင်းအရာတစ်ခုကိုပဲ ရေးတင်မှာလားတော့ ကျွန်တော်မသိပါဘူး။ သူမကလည်း တာဝန်တွေနှင့်အလုပ်ရှုပ်နေတတ်တဲ့သူတစ်ယောက်ဆိုတော့ ဘလော့ဂ်ရေးဖို့ ကို အချိန်ရော တကယ်ပေးနိုင်ရဲ့ လားတော့ မသိဘူးပေါ့ဗျာ။ နောက်ပိုင်း ကျွန်တော့်အမျိုးသမီးနှင့်ပေါင်းပြီး ပို့ စ်တစ်ပုဒ်တော့ရေးဖြစ်လိုက်ကြပါသေးတယ်။

(၅)

သူမနှင့်ကျွန်တော် ဒီကြားထဲမှာ အွန်လိုင်းသိပ်မဆုံဖြစ်တော့ပါဘူး။ ကျွန်တော်ကလည်း အရင်လို ညဘက် ကွန်ပျူတာရှေ့ သိပ်မထိုင်ဖြစ်တော့တာလည်းပါပါတယ်။ နောက် သူမကလည်း သူ့ အလုပ်ကိစ္စတွေနှင့် အလုပ်ရှုပ်နေတာလည်းပါပါတယ်။ သူမနှင့်ကျွန်တော်နှင့်က အချိန်က ၁၄နာရီလောက်ကွာတော့ အွန်လိုင်းဆုံဖို့ ဆိုတာ တကယ်က သိပ်မလွယ်လှပါဘူး။

သူမကျန်းမာရေးသိပ်မကောင်းတဲ့အကြောင်း ကျွန်တော်ကြားမိခဲ့တယ်။ ကျွန်တော့်အမျိုးသမီးကနေတဆင့်သိရတာအရ အမျိုးသမီးများမှာဖြစ်တတ်တဲ့ ရောဂါတွေထဲကတစ်ခုမှန်းတော့သိလိုက်ရပါတယ်။ သူက သူ့ ရောဂါအကြောင်းကို သိပ်ပြောချင်ပုံမရတော့ ကျွန်တော်လည်း မေးရမှာအားနာတာနှင့်မမေးဖြစ်ခဲ့ပါဘူး။ အဲဒီရောဂါအတွက် သူအချိန်တစ်ခုယူပြီး ဆေးကုသမှုခံယူမယ်ဆိုတာကိုတော့ အကြမ်းဖျင်းသိထားခဲ့ပါတယ်။

(၆)

ပြီးခဲ့တဲ့ဇွန်လ (၁၀) ရက်နေ့ က သူမဆီက မေးလ်ပို့ လာပါတယ်။ သူမ အခု ဘန်ကောက်မှာ ဆေးရုံတက်နေတဲ့အကြောင်း၊ ကျွန်တော့်အမျိုးသမီးနှင့်ဆုံဖြစ်တဲ့အကြောင်း၊ နောက် သူမထုံးစံအတိုင်း ကျွန်တော့်ကို ဆုံးမသြ၀ါဒပေးထားတာတွေနှင့်ပါ။ ကျွန်တော်က စာကို ဖတ်ရင်းသဘောကျပြီးပြုံးဖြစ်ပါတယ်။ အော် ဒီအမနှယ် ဆေးရုံတက်တာကို အေးအေးဆေးဆေးမတက်ဘူး။ ငါ့ကိုလှမ်းပြီး ဆုံးမလိုက်ရသေးတယ်လို့  တွေးမိလို့ ပါ။

စာထဲမှာ ထူးထူးခြားခြားတော့ စာတစ်ကြောင်းပါလာပါတယ်။ “အစ်မလည်း နောက်ပိုင်းမကျန်းမာလာရင်တော့ လိုင်းမှာ မတွေ့နိုင်တော့ဘူး မောင်လေးရေ။ တစ်ခါတည်း နှုတ်ဆက်ခဲ့ပါတယ်ကွယ်။” တဲ့။ ကျွန်တော့်စိတ်ထဲ ဒီအစ်မကြီး နေမကောင်းဖြစ်၊ ဆေးရုံတက်နေရတော့ စိတ်အားငယ်နေပုံပေါ်တယ်လို့ တော့ တွေးမိလိုက်တယ်။

ကျွန်တော်လည်း အဲဒီအချိန်တွေတုန်းက စိတ်အားလူအားသိပ်မဖြစ်တာနှင့် စာကို ချက်ချင်း မပြန်ဖြစ်သေးပဲ ဒီအမကြီးဆီ နောက်မှ ဘုကန့် လန့် တိုက်တဲ့စာလေးတစ်စောင်လောက် သူနေကောင်းလောက်မှ ပြန်ရေးလိုက်တော့မယ်ဆိုပြီး ကျွန်တော်စိတ်ထဲ တေးထားလိုက်ပါတယ်။

(၇)

ဟိုနေ့ က အွန်လိုင်းတက်နေတုန်း သူမရဲ့  အကောင့်ကနေ လှမ်းနှုတ်ဆက်လာတော့ ငါ့အမ ဘယ်ကပေါ်လာပါလိမ့်ဆိုပြီး သူရေးထားတဲ့စာ သေသေချာချာဖတ်ကြည့်လိုက်တော့ သူမ မဟုတ်ပဲ သူမရဲ့ မောင်ကနေ ကျွန်တော့်ကို လှမ်းနှုတ်ဆက်လာတာဖြစ်နေပါတယ်။ ကျွန်တော်က ပြန်နှုတ်ဆက်ရင်း အမရောဘယ်လိုလဲ၊ နေကောင်းသွားပြီလားလို့  မေးလိုက်ချိန်မှာတော့.....။

သူမ တစ်ယောက် ဒီလောကကြီးကို ထားသွားခဲ့ပြီဆိုတာ သိလိုက်ရပါတယ်။ ကျွန်တော် တကယ် မထင်မှတ်ထားတဲ့ သတင်းတစ်ခုပါဘဲ။ စိတ်ထဲမှာ သူမ မကျန်းမာတာကို ပြန်နေကောင်းလာလိမ့်မယ်လို့ ပဲ တွက်ထားခဲ့မိတာကိုး။ သူမကတော့ သူ့ အခြေအနေသူသိနေခဲ့လို့ များလားလို့ ကျွန်တော်တွေးမိတယ်။ ကျွန်တော့်ဆီရေးခဲ့တဲ့ စာထဲက နှုတ်ဆက်စကားက အခုကျမှ တကယ်အပြီးနှုတ်ဆက်လိုက်တာမှန်း သိလိုက်ရတယ်။ ဒီလိုမှန်းသိခဲ့ရင် သူမရဲ့ နောက်ဆုံးပို့ ခဲ့တဲ့အီးမေးလ်ကို ကျွန်တော် ချက်ချင်းပြန်ဖြစ်ခဲ့မိမှာပါ။ အခုတော့ ....ဘာမှ မတတ်နိုင်တော့ဘူးပေါ့လေ။

(၈)

အခုတော့ သူမ တစ်ယောက် မနှစ်က ကမ္ဘာပျက်မယ်လို့  အများပြောနေကြတဲ့ ၂၀၁၂ မရောက်ခင်မှာပဲ ခန္ဓာပျက်စဲသွားခဲ့ရပါပြီ။ သူမရဲ့  လောကအကျိုးပြုလုပ်ငန်းတွေကို ထားသွားခဲ့ရပြီ။ သူမချစ်တဲ့ မိသားစုတွေ၊ မိတ်ဆွေအသိုင်းအ၀ိုင်းတွေကို စွန့် ထားခဲ့လိုက်ရပြီ။ သူမရဲ့  မက်လက်စ အနာဂတ် အိပ်မက်တွေလည်း အချိန်မတိုင်မီ ပျက်ပြယ်သွားခဲ့ရပြီ။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့  “အိုမှုကနေ နာမှုကို မရောက်ခင် ၀ိပဿနာ အားထုတ်ကြပါ” လို့ ဆုံးမထားတဲ့ အသံတော်ကို ကျွန်တော် ကြားယောင်လာမိတယ်။ အော်...တခါတလေ နာမှုဆိုတာကလည်း အိုမှုမတိုင်ခင် ရောက်လာတတ်သေးတာပါလားနော်။ သေခြင်းတရားဆိုတာကလည်း ကမ္ဘာပျက်မယ့်အချိန်ထက် ပိုပြီးနီးတဲ့ ကာလတစ်ခုမှာရှိနေတာပါလား။

(၉)

“သံသရာမှာ အဆုံးမရောက်သေးဘူးဆိုရင်တော့ ပြန်တွေ့ကြရအုံးမှာပါ။” တဲ့။ သူမရဲ့ နောက်ဆုံးပို့ တဲ့ အီးမေးလ်ထဲက နောက်ဆုံးပိတ် အဆုံးသတ် စကား။

ဟုတ်တယ် အမရေ။ သံသရာမှာ စိတ်အညစ်အကြေးတွေ မစင်သေးသမျှတော့ ဘ၀ဇာတ်ခုံအဖုံဖုံပေါ်မှာ ပုံစံအစုံစုံနှင့် သရုပ်ဆောင်ဖို့ အတွက် ကျွန်တော်တို့ တွေအားလုံးဟာ ခရီးနှင်နေကြရအုံးမှာပါ။ ဒီတစ်ကွေ့ မဟုတ်ရင် ဟိုတစ်ကွေ့ မှာ ပြန်တွေ့ ကြရမယ့်သူတွေပါ အမရေ။

တကယ်ကတော့ အမက ဒီခရီးအတွက် အရင်သွားနှင့်သူ တစ်ဦးမျှသာပါ။ ဒါကြောင့် အမကို ကျွန်တော်က Good Bye! လို့  နှုတ်ဆက်ဖို့ မလိုလောက်ဘူးလို့ ထင်တယ်နော် အမရေ။ See You! အမရေ။ သွားနှင့်ပေဦး။

ဒီတခါတော့ ကျွန်တော်ရေးတဲ့ အမအတွက် ပို့ စ်ကို အမပြန်ဖတ်ခွင့်မရတော့တာတော့ စိတ်မကောင်းဘူးဗျာ။
ကျွန်တော် ပြုသမျှ ကုသလ အစုစုကို ရောက်ရာဘုံဘ၀ကနေ အမြဲဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နေပါ အမရေ....

အမကိုခင်တဲ့ မောင်ငယ်
ဝိမုတ္တိသုခ

Read more...

သူ့ နာမည် မခင်လေးကြည်

အ၀ိဇ္ဇူပနိသာ သင်္ခါရာ ၊ ( ပေ ) ဇာတူပနိသံ ဒုက္ခံ ၊ ဒုက္ခူပနိသာ သဒ္ဓါ ၊ သဒ္ဓူပနိသံ ပါမောဇ္ဇံ ၊ ပါမောဇ္ဇူပနိသာ ပီတိ ၊ ပီတူပနိသာ ပဿဒ္ဓိ ၊ ပဿဒ္ဓူပနိသံ သုခံ ၊ သုခူပနိသော သမာဓိ ၊ သမာဓူပနိ သံ ယထာဘူတဥာဏဒဿနံ ၊ ယထာဘူတဉာဏဒဿနူပနိသာ နိဗ္ဗိဒါ ၊ နိဗ္ဗိဒူပနိသော ၀ိရာဂေါ ၊ ၀ိရာဂူပနိသာ ၀ိမုတ္တိ ၊ ၀ိမုတ္တူပနိသံ ခယေ ဥာဏံ။



( နိဒါန၀ဂ္ဂ ပါဠိ သံယုတ်၊ )


....................................................................................................................


( ၁ )

မခင်လေးကြည်။ ။ ဟလို၊ ဘုန်းဘုန်းလားဘုရား။
ဘုန်းဘုန်း။ ။ ဟုတ်ပဗျာ။ ဘုန်းဘုန်းပါ။
( ဥရောပ ဆိုပေမယ့် မြန်မာသံ ကြားရတော့ အညာလေသံက မပျောက်)။
ကြည်။ ။ တင်ပါ့ ဘုရား။ တပည့်တော် အင်တာနက်က
ဘုန်းဘုန်း ဖုန်းနံပါတ်တွေ့ လို့ ဆက်လိုက်တာပါဘုရား။
ဘုန်း။ ။ အင်း ၊ ဟုတ်ပါပြီ။

ကြည်။ ။ ဒီလိုပါဘုရား။ တပည့်တော်မ ဘုရား တရားနဲ့  ဝေးတာ ကြာပြီ။ ၂ နှစ်ကျော်သွားပါပြီ ဘုရား။ ဗုဒ္ဓဘာသာ လို့  ပြောပေမယ့် သံဃာ က ဘယ်ရှာရမှန်းကို မသိဘူးဘုရား။ တပည့်တော်မှာ လည်း အလုပ်ပဲ လုပ်နေတာပါဘုရား။ ခု တပည့်တော် လျှောက်ထားချင်တာကတော့ တပည့်တော် ကျောင်းကို လာမလို့  ဘုရား။
( ဟုတ်မှာပဲ။ သူလို လူတွေလည်း အများကြီး ရှိပေမကိုး)

ဘုန်း။ ။ ရပါတယ်ဗျာ။ လာခဲ့ပေါ့။

ကြည်။ ။ ဒီလိုဖြစ်နေတာ ဘုရား ၊ တပည့်တော်မှာလေ ဝေဒနာ တွေ က ခံစားရနေလို့ ။
အဲဒါ ကြောင့်ပါဘုရား။

ဘုန်း။ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရပါတယ်။ လာသာ လာခဲ့ပါ။
ကြည်။ ။ ဒါပဲနော် ဘုရား။
ဘုန်း။ ဟုတ်ပါပီဗျာ။


( ဒီလိုနဲ့  ဘုန်းဘုန်း နှင့် မခင်လေးကြည်တို့  ဖုန်းစကား ပြောတာရပ်ခဲ့သည်။ )


( ၂ )

( ဒကာမ ပြောတဲ့ ရက် ဆွမ်းစားချိန်မှာ ကျောင်း ရောက်လာသည်။ အချိန်ပြောမထား။)
ဂျာမန်ဥူးဇင်း ။ ။ ကျောင်းထဲ ရောက်လာတော့ ဘယ်ကလာသလဲ ဒကာမ ။
ကြည်။ ။ မြန်မာပြည်ကလာတာပါ။
ဘုန်း။ ။ ကဲ ထိုင်ပါအုံးဗျာ။ ဘယ်နယ်က လာတာလဲ။
( မြန်မာမှန်းသိပြီး ဆိုတာနဲ့ ကိုယ်ကမေးတော့တာပေါ့)
ကြည်။ ။ အညာကပါ ဘုရား။
ဘုန်း။ ။အော် ...။ ဥူးဇင်းလည်း အညာကပဲ။
( သူက ဘုန်းဘုန်းလို့ ခေါ်နေပေမယ့် ကိုယ့်ကိုယ်ကို ဥူးဇင်းကလို့ ငယ်ပြီး ပြောလိုက်သေးတယ်။
ဆွေမျိုးက စပ်လိုက်သေး အညာချင်းပေါ့။ အညာ မဟုတ်ခဲ့လို့  မြန်မာဆိုရင် မြန်မာချင်းပေါ့။
တစ်မျိုးမျိုးနဲ့  ဆွေမျိုးတော်ရတာပဲ။ )။

ကြည်။ ။ ဘုန်းဘုန်း နေရ ထိုင်ရတာ အဆင်ပြေလားဘုရား။
ဘုန်း။ ။ ပြေပါတယ်ဗျာ။ ဒီလိုပဲပေါ့။
( သုံးနေကျ မြန်မာစကားက - ဒီလိုပဲပေါ့-တဲ့။)
ကြည်။ ။ တပည့်တော်ရောက်ကာစကလည်း ဒီမှာ နေရတာတစ်မျိုးပဲဘုရား။
ဘုန်း။ ။ အင်း။ ဟုတ်တာပေါ့။ ကဲ ဆွမ်းဆက်ဘုဉ်းလိုက်အုံးမယ်။
ပြီးတော့ ပြောတာပေါ့နော်။
ကြည်။ ။တင်ပါ့ ဘုရား။


( ၃)

ဘုန်း ။ ကဲ ဘုဉ်းလို့  ပြီးသွားပြီ။ ဒကာမတို့  စားကြအုံးလေ။
ကြည်။ ။ စားပြီးမှ ထွက်လာခဲ့တာ ဘုရား။
ဘုန်း။ ။ အဲဒါဆို တီးလေး ကော်ဖီလေး တစ်ခုခု သောက်ပါအုံးလား။
ကြည်။ ။ တီးသောက်ပါမယ် ဘုရား။
ဘုန်း။ ။ အင်း ၊ ဟုတ်ပြီ။

ကြည်။ ။ ဒီလိုပါဘုရား။ တပည့်တော်မှာ ရောဂါ ရှိနေတယ်ဘုရား။
အဲဒီ ရောဂါကလည်း ကင်ဆာ တဲ့ ဘုရား။ တပည့်တော် သေမှာ မကြောက်ပါဘူး ဘုရား။ တပည့်တော်မှာ သမီးလေး နှစ်ယောက်ရှိ တယ်။ အရွယ်ရောက်နေပြီ။ သူတို့ ကိုလည်း ဒီမှာ ခေါ်ချင်တယ်။ ပြီးတော့ တပည့်တော် တူလေးတွေ ကိုလည်း တပည့်တော်အမ ရှိစဉ်က ရှင်ပြုပေးဖို့  ပြောထားတာ ဘုရား။ ခု တပည့်တော်က ကျန်းမာ ရေး မကောင်းတော့ ၊ တပည့်တော်မှာ စိတ်ဆင်းရဲရပါတယ်ဘုရား။

ဘုန်း။ ။ ဒကာမ ရယ် ၊ စိတ်ဆင်းရဲနေလို့  မဖြစ်ဘူးလေ။ ကိုယ့်လုပ်စရာ ရှိတာ လုပ်မှပေါ့။

ကြည်။ ။ တင်ပါ။ တပည့်တော်ကလေ ဗုဒ္ဓဘာသာနိုင်ငံမဟုတ်တဲ့ နိုင်ငံမှာ ဘုန်းကြီးမရှိ ဘာမရှိနဲ့ သရဏဂုဏ် မတင်ဘဲ သေသွားရမှာ စိုးရိမ်တာပါဘုရား။ ခုတော့ ဘုန်းဘုန်း ရှိတယ်လို့  ကြားသိ တာနဲ့ ပဲ တစ်ခါတည်း လာခဲ့တာပါဘုရား။
( တကယ်တော့ သရဏဂုဏ် ဆိုတာ မသေခင် ကိုယ့်ဘာသာ ရွတ်ဆိုထားရင် ရပါတယ်လေ။ )


ဘုန်း။ ။ အင်း ၊ ဟုတ်ပီလေ။ ဒီလို ရှိတယ် ဒကာမလေး။ ဥူးဇင်း တရားနာဘူးတယ်။ ၀ါခင်းကုန်း ဆရာတော်ကြီး
ဟောထားတာပေါ့။ ဒကာတစ်ယောက်ပေါ့ဗျာ။ ဆီးသွားလို့ မရဘူး။ ဆီးမှာ ကျောက် တည်နေလို့ ။ ခွဲရမှာလည်း ဒကာက ကြောက်နေတယ်။ ဒါနဲ့  အဲဒီ ဆရာတော်ကြီးထံ ရောက်သွား တော့။ ဆရာတော်ကြီးက တရားထိုင်းခိုင်းတာ။ ဒကာကလည်း ဘုန်းကြီး ပြောတဲ့ အတိုင်း တရားထိုင် တော့ ဆီးထဲမှာ ကျောက်အမှုံ့ မွှားလေးတွေ ပါသွားပါလေရော။ ဒီလိုနဲ့  ပျောက်သွားတာပါပဲ။

ကြည်။ ။ တင်ပါဘုရား။ ဘယ်လို မှတ်ရမလဲ ဘုရား။ ထိုင်ပါ့မယ် ဘုရား။

ဘုန်း။ ။ အာနပါန ။ ၀င်လေ ထွက်လေ မှာ သတိလေးနဲ့  ရှုပါ ရှိုက်ပါ။ ဒီလိုလေးပေါ့နော်။
( အမူ အရာနဲ့ ပါ ရှုရှိုက်ပြလိုက်တယ်)။
ကြည်။ ။ အိမ်မှာကျရင် လုပ်ပါမယ်ဘုရား။

ဘုန်း။ ။ ဒကာမရယ် ပူတဲ့စိတ်က ကိုယ့်ကိုယ်မကယ်ပါဘူး။ ဒီအချိန်မှာ သားသမီး အတွက် ပူနေတာ။ တူလေး ရှင်ပြု ဖို့  ပူနေတာဟာ ဒကာမ ကို မကူညီနိုင်ပါဘူး။ မေတ္တာ စိတ်က သူတို့  ဆီ ရောက်သလို ဒကာမ အပူက သူတို့ ဆီ မဟပ်စေပါနဲ့ ။
ကြည်။ ။ တင်ပါ့ဘုရား။

ဘုန်း။ ။ ရောဂါရှိတဲ့သူတိုင်း လူတိုင်းမသေနိုင်ပါဘူး။ တရားထိုင်ပါ။ ယုံယုံကြည်ကြည်နဲ့  လုပ်ပါ။ အသက်ရှင် ခွင့် ရှိရင်ရှည်အုံးမှာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်လိုက်စမ်းပါ။

ကြည်။ ။ တပည့်တော်လည်း ကောင်းတာတွေတော့ လုပ်ခဲ့ပါတယ် ဘုရား။ ဒါပေမယ့် တပည့်တော် လုပ်ခဲ့တဲ့ လုပ်ငန်းက
သူများ သိအောင် လုပ်ခဲ့တဲ့ အလုပ်တွေ မဟုတ်ပါဘူး။ ဆင်းရဲ နွမ်းပါးတဲ့ သူ မစားနိုင်ရင် အစားအသောက်ပေးတယ်။ ဆေးမကုနိုင်တဲ့ သူကို ဆေးဖိုးဝါးခ ပေးလှူခဲ့တယ်။ တပည့် တော်မက တွေ့ တဲ့သူကို ကိုယ်တတ်နိုင်ရာ ကူညီခဲ့တာပါ။

ဘုန်း။ ။ အင်း ...ကောင်းတာပေါ့။ ကောင်းတာ လုပ်ထားတာပဲ။ ကောင်းတာ လုပ်ထားရင် ကောင်းတဲ့ ကံတွေက
ကိုယ့်ကိုယ် ပြန်စောင့်ရှောက်ပါလိမ့်မယ်။ ဒါက တရားတော်ပါပဲ။
ကြည်။ ။ တင်ပါ့ဘုရား။

ဘုန်း ။ ။ ဒကာမ ဥူးဇင်း နယ်တစ်နယ်မှာ နေတုံးက ဒကာမ တစ်ယောက်ရှိတယ်ဗျ။ အဲဒီဒကာမ ဆိုရင် အူမကြီး ကင်ဆာပဲ။ ပုံမှန်နေရာက ၀မ်းသွားတာ မဟုတ်ဘဲ အူတွေ ဖျက်ထုတ်ပစ်လိုက်လို့  ၊ ၀မ်းဗိုက်က သွားရတာ။ ခုထက်ထိ အသက်ရှင်သေးတယ်။ သူ မခွဲစိပ်ခင်က သူ့ ရဲ့  ဆံပင်တွေကို ဘုရားတစ်ဆူမှာ အဓိဋ္ဌာန် လုပ်ပြီး လှူခဲ့တယ်။ သူ့ နောက်မှ ဆရာဝန်တစ်ယောက် ရောဂါတူ ပဲ။ ခွဲလိုက်တာ။ လလောက်ပဲ ခံတယ်။ ဆိုလိုတာကဗျာ သေချင်ရောက်ရင် သေမှာ ပါ။ ကောင်းတာ လုပ်ထားသူက ကောင်းတဲ့ကံက ကယ်မှာပါ။

ကြည်။ ။ တင်ပါ ဘုရား။ ဘုန်းဘုန်း ဘုရား၊ ဒါနဲ့ ..ကျောင်းမှာ အလှူရှိတယ် ဆိုတယ် ကြားတယ်၊
ဘယ်နေ့ လဲဘုရား။ တပည့်တော် ခင်ပွန်းနဲ့  အတူ ကျောင်း
အလှူလာခဲ့ပါဦးမယ် ဘုရား။
ဘုန်း ။ အင်း ဟုတ်ပီလေ။ နေ့ စွဲက .........။ ကောင်းတာပေါ့။ လာခဲ့ပေါ့နော်။
( နယ်က ဝေးနေ၍ စကား လက်စသတ်ပြီး ပြန်သွားသည်)။

( ၄ )
( အလှူနေ့  ရောက်သော်... )
ကြည်။ ။ ဟဲလို ဘုန်းဘုန်း။
ဘုန်း။ ။ ဟလို ။ ဒကာမပြောလေ။
ကြည်။ ။ တပည့်တော်မ ခု ဘုန်းဘုန်းတို့  မြို့ ရောက်နေပြီဘုရား။
ဘုန်း။ ။ အင်း။ ဒါဆို လာခဲ့လေဗျာ။ လာတတ်တယ် မဟုတ်လား။
ကြည်။ ။ လာတတ်တယ် ဘုရား။ နောက်အဝေးက မရောက်ဘူးသူးသေးသူတွေကို စောင့်နေတာ။
ဘုန်း။ ။ အင်း။ ဟုတ်ပြီလေ။
ကြည်။ ဒါပဲနော်။
ဘုန်း။ ။ ဟုတ်ပီဗျာ။ တွေ့ မှ ပြောတာပေါ့။


( ၅ )

( ကျောင်း ရောက်တော့ နေ့ ဆွမ်းချိန်မှာ အလှူဒကာ ဒကာမများနဲ့ 
အလ္လာသလ္လာပပြောနေကြသည်။ နေ့ ဆွမ်း စား ပြီး သူတို့  လည်း
စားသောက်ပြီးချိန်မှာတော့ ဤကဲ့သို့  ပြောဖြစ်ခဲ့ကြသည်။)

ဧည့်သည်များ။ ။ ဘုန်းဘုန်း တပည့်တော်တို့ က အလှူပြီးသည့်ထိ မနေကြဘူး၊ ရထားက အကြာ ချည်း စီးရမှာ။ မပြန်ခင် တရား ချီးမြင့်ပေးပါဘုရား။
ဘုန်း။ ။ ဟုတ်ပီလေ။ တရားဟောတဲ့ ပုံစံတော့ မဟုတ်ဘူးပေါ့။ ဆွေးဆွေး နွေးနွေး ပြောကြသေး တာပေါ့။

( ကိုယ်က အဲသလို ပြောနေခိုက်မှာ ...)


ကြည်။ ။ ကျမ မှာ ကင်ဆာ ရောဂါ လို့  ဆရာဝန်က ပြောလို့ ။ ကျမ သေတော့မှာပဲ ဆိုပြီး ဘုန်းဘုန်း ဆီလာခဲ့တာ။ ခု ဒါက နောက်တစ်ခေါက်လေ။( ဧည့်သည်များကို ပြောပြနေတာပါ။)
ဒကာဦး။ ။ နင်တော်တာပေါ့ဟာ။ ရောဂါဖြစ်တဲ့ အချိန်မှာ ၊ ရတနာ သုံးပါးမမေ့လို့ ။ ဒါ ကောင်းတာပဲ။
နင် အမှတ်ရတဲ့ အချိန် ဥူးဇင်း နဲ့ လည်းတွေ့ ဆိုတော့။

ဘုန်း။ ။ ဒကာရေ ဥူးဇင်း လည်း ပြောလိုက်ပါတယ်။ တရားထိုင်ဖို့ ပေါ့။ ပြီးတော့ သေချင်းတရားက သူသေချင်ရင် သေမှာပါပဲ။ ဟိုမနေ့ က ဗျာ ဥူးဇင်း သူငယ်ချင်းရဲ့  ဆရာသမားတွေပေါ့။ ရန်ကုန်က ပြည်ခရီး အပြန် ကားက ခဏ ရပ်နေခိုက် ဘတ်စကား ဘီးက ကျွတ်ပြီး ကားလေးဝင်ဆောင့်တာ ရှေ့ က ပညာတတ် ဆရာတော် တစ်ပါး ပွဲချင်းပြီးပျံတော်မူသွားတယ်။ နောက်က ဆရာတော်ကြီးကတော့ နှလုံးခုန်ရပ်သွားသတဲ့။ ပြီးတော့ အင်တာနက် သတင်းတွေထဲမှာပေါ့နော်။ ကျောင်းသူလေး တစ် ယောက် တံတားပေါ်က ကျွံကျလို့ သေတာတဲ့။ ပြီးတော့ ဒေါပုံနဲ့ သာကေတ ကြားမှာ သစ်တုံး ကား ကြီး စောင်းပြီး ကားလေးပေါ်ပိလို့ လူတွေ သေပြန်ရော။
( ပြီးတော့ က ပြီးမှာ မဟုတ်တော့ သူများ ပြောတာ စောင့်နားထောင်လိုက်အုံးမှပဲ...။)

ဒကာဦး။ ။ တင်ပ။ ဟုတ်တယ်ဘုရား။ တပည့်တော် မိတ္ထီလာမှာ နေစဉ်ကပေါ့ ။ လမ်းဘေးမှာ နေတဲ့ အိမ်တစ်အိမ်မှာ မိသားစု စကားပြောနေတာ။ အိမ်က လမ်းအောက်ချိုင့်ထဲမှာပေါ့။ အဲဒီ အိမ်ပေါ် ကားပြုတ်ကျလို့  မိသားစု ပွဲချင်းပီးပဲ။

ဘုန်း။ ။ ဟုတ်တယ်ဗျာ။ သာကေတမှာ နေတုံးကလည်း ကားလမ်းဘေး လမ်းလျှောက်နေရင်းက ကားဝက်အူ ပြုတ်ပြီး ကောင်လေး တစ်ယောက်ကို မှန်လိုက်တာ။ မတ်တတ်ရပ် သေသွားသတဲ့။ တစ်ခါတုံးကလည်း မိသားစု ကိုယ်ပိုင် ကားလေးနဲ့ ခရီးထွက်တာ သူတို့ လာချိန်မှာ ကားမိုးပေါ် သစ်ပင်ပိလို့ သေသတဲ့။
ဧည့်သည်များ ။ ။ တင်ပဘုရား။

( အဲသလိုနဲ့  သေချင်းတရားတွေ အမျိုးမျိုး သေနိုင်တဲ့ မရဏဿတိဘာဝနာကို ပြောပြီး နောက်မှာ တော့ ကန္နီနည်း တရားထိုင်ပုံကို မိတ်ဆက်ပြောပြခဲ့သည်။ )


( ၆ )

ဘုန်း။ ။ ဟလို ဒကာမ ကြည်။ နေကောင်းလား။

ကြည်။ ။ တင်ပ ဘုရား။
ဘုန်း။ ။ ခု အလုပ်မှာလား။
ကြည် ။ ပြီးသွားပြီဘုရား။ တပည့်တော် ကားကြိုတာကို စောင့်နေတာ။
ဘုန်း။ ။ ခု ဥူးဇင်း အဲဒီကို မနက်ဖန် လာမလို့ ။
ကြည်။ ။ ဘယ်ချိန်လဲ ဘုန်းဘုန်း။
ဘုန်း။ ။ ....နာရီ။
ကြည်။ ။ အလုပ်ချိန် ဖြစ်နေတယ်ဘုရား။
ဘုန်း။ ။ ဟုတ်ပြီလေ။ ခု အဲဒီသက်သက်လာမှာ မဟုတ်ဘူးလေ။ ရထားအဲဒီက ပြောင်းစီးမှာမို့ ကြုံ တာနဲ့  ပြောလိုက်တာပါ။
ပြီးတော့ ဒကာမ နေတဲ့  နေရာမှာ မြန်မာ ဒကာမ ရဲ့  ဖုန်းနံပါတ်ပေးမလို့ လေ။
( တစ်နေ့ က သူက တောင်းထားတဲ့ ဖုန်းနံပါတ်ပါ။)

ကြည်။ ။ တင်ပ ဘုရား။
ဘုန်း။ ။ ကဲ...လိုက်ရေးမလား။ စာရွက်ပါလား။
ကြည်။ တင်ပ။ ရေးမယ်ဘုရား။ ပြောပါဘုရား။
ဘုန်း။ ။ ပလာ ပလာ ပလာ.....။
ကြည်။ တင်ပကျေးဇူးပါဘဲဘုရား။ ဘုန်းဘုန်း တပည့်တော် ရောဂါ ပြန်စစ်တာ ။
ကင်ဆာ မဟုတ်ဘူး တဲ့။

ဘုန်း။ ။ ပြောသားပဲ။ တရားကို ယုံကြည်စွာ လုပ်ပါလို့ ။ ခု ကြည့်ပါ့လား။
ကြည်။ ။ တပည့်တော် အတော်လေး ၀မ်းသာ သွားတယ်ဘုရား။
ဘုန်း။ ။ အေးပေါ့။ ၀မ်းသာစရာပဲပေါ့။ အဲဒါပဲ မမေ့နဲ့ ။ ရတနာသုံးပါးကို။ သတိပေးတာဗျ။
ကြည်။ တင်ပဘုရား။ တပည့်တော် မမေ့ပါဘူးဘုရား။ သတိပေးတာလို့ ပဲ အောက်မေ့ပါတယ်။
ဘုန်း။ တရားထိုင်ပေါ့ဗျာ။
ကြည်။ တင်ပ။ ထိုင်ပါမယ်ဘုရား။
ဘုန်း။ ကဲ ဒါပဲနော်။ ဖုန်းနံပါတ်ကို ဆက်ကြည့်လိုက်အုံးနော်။
ကြည်။ ဆက်လိုက်ပါမယ်ဘုရား။ ကိုယ့်မြန်မာအချင်းချင်းဆိုတော့ ရိုင်းပင်း ကူညီလို့ ရတာပေါ့နော်။
ဘုန်း။ ဟုတ်တယ်။ ဒါပဲနော်။


.......................................................................................................................


သင်္ခါရသည် အ၀ိဇ္ဇာကြောင့် ဖြစ်ရ၏။ ( ၀ါ )အ၀ိဇ္ဇာလျင် အားကြီးသော မှီရာအကြောင်းရှိ၏။

( ပေယျာလ၊ ချန်လှပ်ထားခဲ့သည်။)

ဒုက္ခသည် ဇာတိ ရှိသောကြောင့် ဖြစ်ရ၏။

ရတနာ သုံးပါး ယုံကြည်မှု သဒ္ဓါ သည် ဒုက္ခခံစားရသောကြောင့် ဖြစ်ရ၏။....

ထိုယုံကြည်မှုကို အခြေခံကာ ပါမောဇ္ဇ - ၀မ်းမြောက်မှုဖြစ်ရ၏

နှစ်သက်မှု ပီတိ ၊ ငြိမ်းအေးခြင်း- ပဿဒ္ဓိ ၊ ကိုယ်စိတ်ချမ်းသားခြင်း- သုခ ၊
တည်ကြည်မှု- သမာဓိ ၊ အမှန်ကို အမှန်တိုင်းသိခြင်းဥာဏ် - ယထာဘူတဥာဏဒဿန ၊
ဘ၀ကို ငြီးငွေ့ ခြင်း- နိဗ္ဗိဒါ ၊ ဘ၀မှာ မတပ်မက်ခြင်း- ၀ိရာဂ၊ လွတ်မြောက်ခြင်း - ၀ိမုတ္တိ ၊
အာသဝေါတရား ကုန်ကြောင်းဥာဏ်- ခယေ ဥာဏ တို့ သည် ( အထက်ပါအတိုင်း )
အဆင့်ဆင့် အကြောင်းနဲ့  အကျိုး ဆက်စပ်သွားပါတော့၏။
.................................................................................................................


မခင်လေးကြည် ဆိုသူကား သူ့ နာမည် အရင်း မဟုတ်ပါ။

သူမပြုလုပ်ခဲ့တဲ့ ကုသိုလ်လုပ်ငန်းများဟာ ကြည်ကြည်လင် စိတ်ထားဖြင့်ပြုလုပ်ခဲ့မှု၊

သူမ၏ ကျန်းမာရေး မကောင်းသခိုက် သူ့ မရဲ့  အမြင်ကြည်လင်မှု။
သူမရဲ့  ရတနာသုံးပါး ယုံကြည်မှုဆိုတဲ့

ကြည်များစွာ ရှိသူမို့ 

သူ့ နာမည် မခင်လေးကြည် လို့  ပေးလိုက်ပါတော့တယ်။


အမျိုးသမီးတိုင်း မခင်လေးကြည် ၊ အမျိုးသားတိုင်း မောင်ကြည်ခင် ဆိုတဲ့ နာမည် များ အခေါ်ခံရသူ ဖြစ်နိုင်အောင် လုပ်ငန်းဆောင်တာများ ၊ စိတ်ထားများ အမြင်များ ကြည်လင် ကြပါစေသောဝ်-


မှတ်ချက်။ ။ ( ၀၈ ၊ ၀၇ ၊ ၂၀၁၀ ) ဒီနေ့  ဖုန်းဆက်လို့ မခင်လေးကြည် ပြောပြလို့ 
သူမရဲ့ ပျော်ရွှင်မှု နဲ့
အတူ တရားတော်ရဲ့  အစွမ်း သတ္တိ ရှိပုံကို ဖေါ်ပြခြင်းပါ။

အကယ်၍များ ဆရာဝန်ဟာ ကင်ဆာလို့  တစ်သတ်မှတ်တည်း သတ်မှတ်ပြီး ကင်ဆာဆေး မှားထိုးမိလျင် မခင်လေးကြည် ခမျာ သူ လုပ်ချင်တဲ့ ကုသိုလ်များ ဆက်လက် လုပ်ဖို့ လမ်းမမြင်နိုင် ဘူး။ ခုတော့ ကုသိုလ်သက်တွေ ရှည်ရပြီပေါ့။

ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ- တရားပြုကျင့်လျင် တရားက စောင့်ရှောက်ကြောင်း ပါ။


မြတ်ရောင်နီ
( ၀၉ ၊ ၀၇ ၊ ၂၀၁၀ )

Read more...

တကယ်ချစ်ဖို့လိုပါတယ်


အိန္ဒိယနိုင်ငံမှာပညာသင်ယူနေစဉ် ဗုဒ္ဓဂယာအနီးမှာစာရေးသူနေတဲ့အခန်းလေးဟာ သုံးထပ်လွှာမှာတည်ရှိတာမို့ အခန်းလေးပေါ်
ကနေ ဗုဒ္ဓဂယယာဧရိယာမှမြင်ကွင်းအစုံကိုမြင်တွေ့ရပါတယ်။ သာယာလှပစီတန်းနေတဲ့ ညိုပြာရောင်ဥရုဝေလတောင်တန်း၊ဗုဒ္ဓဂယာစေ
တီတော်ကြီးနဲ့နေရဉ္စရာမြစ်တို့ဟာစာရေးသူရဲ့အမြင်အာရုံကိုညို့ယူဖမ်းစားနေကြသလိုမနက်မိုးသောက်အလင်းရောက်လို့
အိပ်ရာမှနိုးထလာတဲ့အချိန်ဥရုဝေလရဲ့မြင်ကွင်းကစာရေးသူကိုဆီးကြိုနေပါတယ်။ဥရုဝေလတောင်းတန်းရဲ့အနီးက
ဥရုဝေလတောအုပ်ဆိုတာသာမန်လူတွေမကျင့်နိုင်တဲ့ခက်ခဲတဲ့ဒုက္ခရစရိယာအကျင့်ကိုဘုရားရှင်(၆)နှစ်တာကာလကျင့်ခဲ့တဲ့နေရာ၊အဲဒီရဲ့အနီးမှာရှိတသုဇာတာ
သူဌေးသမီးရွာ၊ဂယာသီသတောင်တန်း၊ နေရဉ္စရာမြစ်၊ကဿပညီနောင်ရှင်တစ်ထောင်တို့နေခဲ့တဲ့နေရာတွေနဲ့ဘုရားရှင်သီတင်းသုံးခဲ့
တဲ့နေရာတွေကိုနေ့တိုင်းမြင်တွေ့ရတဲ့အခါဘုရားရှင်ရဲ့ဂုဏ်တော်အနန္တ၊ ကျေဇူးတော်အနန္တတွေကိုမှန်းဆပြီး ပူဇော်နေရလို့ကုသိုလ်တရား
တိုးပွါးရပါတယ်။
ဗုဒ္ဓဂယယာဧရိယာမှာ နေထိုင်ကြတဲ့ အိန္ဒိယလူမျိုးအချို့ကတော့ ဒီနေရာဟာဘုရားရှင်ပွင့်တော်မူခဲ့တဲ့နေရာပါလို့သိပုံမပေါ်ဘဲ
ဲဗြဟ္မဏအယူဝါဒဟိန္ဒူဘာသာရဲ့လွှမ်းမိုးမှုအောက်မှာနစ်မွမ်းနေကြပါတယ်။ဘာသာဓလေ့စရိုက်အမျိုးမျိုးတွေနဲ့နေထိုင်ကြတဲ့ ဟိန္ဒူလူမျိုး
အချို့ဟာ အိန္ဒိနိုင်ငံမှာဘုရားရှင်ပွင့်တော်မူခဲ့ပေမဲ့လည်းဘုရားရှင်ရဲ့တရားတော်တွေကိုအလေးမထားကြဘဲအမှတ်တမဲ့ဖြစ်နေကြပါ
တယ်။သူတို့တွေရဲ့သန္တာန်မှာ ရတနာသုံးပါးဆိတ်သုံးနေတာကြောင့် ကုသိုလ်နဲ့အကိုလ်ကိုခွဲခြား၍သိဖို့ဆိုတာကတော့ဝေးသထက်ဝေး
နေကြပါတယ်။ ခရီးသွားလာနေသူတစ်ယောက်ဟာ လမ်းခရီးမှာမြစ်တစ်မြစ်ကိုတွေ့တဲ့အခါ မြစ်ကိုကူးရန် လှေ၊သင်္ဘောစတာတွေရှိပါ
လျှက်နဲ့လှေ၊သင်္ဘောတွေနဲ့မကူးဘဲမြစ်ရေပြင်ကိုလက်ပစ်ကူး၍ရေနစ်ပြီးသေဆုံးရတာဟာ မြစ်ရဲ့အပြစ်မဟုတ်အဲဒီသူရဲ့အပြစ်သာဖြစ်ပါ
တယ်။ ပတ္တမြားရတနာကိုပိုင်ဆိုင်ထားပါလျှက်နဲ့သိမ်းဆည်းဖို့မတတ်လို့ ပျောက်သွားရတာဟာပတ္တမြားရတနာရဲ့အပြစ်မဟုတ် အဲဒီသူရဲ့
ညံ့ဖျင်းမှုသာဖြစ်ပါတယ်။အလားတူ ဘုရားရတနာ၊ တရားရတနာ၊သံဃာရတနာရှိနေတဲ့ခေတ်နဲ့ကြုံတွေ့နေရပါလျက်
ရတနာသုံးပါးအကြောင်းကိုသိအောင်မလုပ်၊ ဘုရားရှင်ရဲ့တရားတော်ကိုမလိုက်နာ၊ မကျင့်သုံးတဲ့အခါကံတ
ရားကိုမယုံကြည်၊ကုသိုလ်အကုသိုလ်ကိုခွဲခြား၍မသိ၊ဒါနပြုလုပ်ရမှာကိုစိတ်မဝင်စား၊သီလဆောက်တည်ရမှာ
ကိုသဘောမပေါက်၊ ဝိဿနာတရားအားထုတ်ရမှာကိုနားမလည်တဲ့အတွက်သံသရာမှာတဝဲလည်လည်ဖြစ်
နေရပြီးချမ်းသာစစ်မှန်မြတ်နိဗ္ဗာန်နဲ့ဝေးနေရတာဟာ ရတနာသုံးပါးရဲ့အပြစ်မဟုတ် ဘုရားရှင်ရဲ့တရားတော်
ကိုမလိုက်နာ၊မကျင့်သုံးသူတွေရဲ့အားနည်းချက်သာဖြစ်ပါတယ်။
တစ်နေ့-ကိစ္စတစ်ခုနဲ့ဂယာမြို့သို့သွားတဲ့အခါသူတောင်းစားတစ်ယောက်ကားလမ်းဘေးမှာ သေဆုံးနေ
တာကိုတွေ့ခဲ့ရပါတယ်။ အဲဒီအလောင်းကို မည်သူတစ်ဦးတစ်ယောက်ကမျှလာရောက်ကြည့်ရှုတာမရှိ၊ယင်
ကောင်တွေတအုံအုံနဲ့သေးဆုံးနေတာကိုတွေ့ရတဲ့အခါ“အို…..လောကမှာလူရယ်လို့ဖြစ်လာပေမဲ့လည်း ဘဝ
ဟာတန်ဖိုးမဲ့စွာလမ်းဘေးမှာသေဆုံးနေရပါလား၊ အဲဒါဟာဘာကြောင့်ပါလိမ့်” စာရေးသူတွေးတောနေမိ
တော့တယ်။ နောက်ဆုံးမှာတော့သူဒီလိုဖြစ်နေရတာဟာ မိမိဘဝကိုမချစ်တတ်လို့ဖြစ်နေရတာပဲလို့ကောက်
ချက်ချနေမိပါတယ်။လူတစ်ဦးတစ်ယောက်ကတိုက်ခိုက်လို့သေရတာမျိုးမဟုတ်ဘဲခြေလက်အင်္ဂါအစုံအလင်
ရှိပါလျက်နဲ့ လာကီ၊လောကုတ္တရာနယ်ပယ်မှာ ကြိုးစားမှုအားနည်း၍ ဒုက္ခတွေပင်လယ်ဝေကာစားရမဲ့၊
သောက်ရမဲ့စတဲ့ဘဝနဲ့ သေဆုံးရတဲ့သူအတွက်တော့ဝမ်းနည်းစရာတစ်ခုမဟုတ်ပါ။ သူ့လိုမဖြစ်စေရန်သံဝေ
ဂယူရမှာဖြစ်ပါတယ်။
မိမိဘဝကိုချစ်တယ်ဆိုရင် လောကီဖက်မှာပဲဖြစ်ဖြစ်၊ လောကုတ္တရာဖက်မှာပဲဖြစ်ဖြစ် မိမိဘဝတိုးတက်
ကြီးပွါးအောင်ကြိုးစားအားထုတ်ကြရမှာပါ။ ကမ္ဘာမှာအချမ်းသာဆုံး ဘီလ်ဂိတ်ပြောတဲ့စကားတစ်ခွန်းကိုအ
မှတ်ရစေခဲ့ပါတယ်။ သူက“လောကမှာဆင်းဆင်းရဲရဲနဲ့မွေးဖွါးရတာဟာဝမ်းနည်းစရာမဟုတ်၊ဆင်းဆင်းရဲရဲနဲ့
သေသွားရတာကသာအလွန်ဝမ်းစရာကောင်းပါတယ
်”တဲ့။ အလွန်မှတ်သားစရာကောင်းတဲ့စကားတစ်ခွန်း
ဖြစ်ပါတယ်။မိမိဘဝကိုတကယ်တန်ဖိုးထားချစ်မြတ်နိုးတယ်ဆိုရင်ဆင်းဆင်းရဲရဲနဲ့မသေရအောင်ကြိုးစားရပါလိမ့်မယ်။
လောကမှာမိဘတွေကိုချစ်တာ၊သားသမီးတွေကိုချစ်တာ၊ အဖိုးအဖွားတွေကိုချစ်တာ၊ ဆရာသမား
တွေကိုချစ်တာ၊ သားလင်ယောက်ျားဇနီးမယားတွေကိုချစ်တာ၊ ညီအစ်ကိုမောင်နှမတွေကိုချစ်တာ၊ဆွေမျိုး
တွေကိုချစ်တာ၊ချစ်သူကိုချစ်တာ၊မိမိကိုယ်ကိုချစ်တာ၊တိရစ္ဆာန်လေးတွေကိုချစ်တာစတဲ့ချစ်ခင်မြတ်နိုးတွယ်တာစရာပုဂ္ဂိုလ်
သတ္တဝါတွေအများကြီးရှိကြပါတယ်။အဲဒီထဲမှာဘယ်သူ့ကိုအချစ်ဆုံးလဲလို့မေးရင်“နတ္ထိအတ္တသမံ ပေမံ (အတ္တသမံ ပေမံ နတ္ထိ)=မိမိနဲ့တူတဲ့အချစ်မရှိ၊ မိမိကိုယ်ကိုအချစ်ဆုံး”လို့ ဘုရားရှင်ဟောကြား
တော်မူခဲ့တဲ့အတိုင်း မိမိကိုယ်ကိုအချစ်ဆုံးလို့ဖြေရပါလိမ့်မယ်၊ အမှန်တကယ်လဲမိမိကိုယ်ကိုအချစ်ဆုံးဖြစ်ပါ
တယ်။သို့သော်မိမိကိုယ်ကိုတကယ်ချစ်တယ်၊မချစ်ဘူးဆိုတာကတော့ကိုယ်လုပ်တဲ့အလုပ်ကသက်သေပြပါလိမ့်မယ်။
ဘုရားရှင်သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းမှာသီတင်းသုံးနေတော်မူစဉ် ပသေနဒီကောသလမင်းကြီး
ဘုရားရှင်ထံလာရောက်၍မိမိကိုယ်ကိုချစ်တဲ့သူ၊မချစ်တဲ့သူနဲ့စပ်၍လျှောက်ထားပါတယ်။ “ဘုန်းတော်ကြီးတဲ့
မြတ်စွာဘုရား၊ လောကမှာမိမိကိုယ်ကိုချစ်တဲ့သူဆိုတာကဘယ်သူပါလဲ၊ မိမိကိုယ်ကိုမချစ်တတ်သူဆိုတာက
ရောဘယ်သူပါလဲ”လို့လျှောက်ထားတော်မှုပါတယ်။ အဲဒီအခါဘုရားရှင်က “ဒါယကာမင်းကြီး..မိမိကိုယ်ကို
ချစ်တဲ့သူဆိုတာ အကုသိုလ်ဒုစရိုက်တရားတွေကိုမပြုလုပ်ဘဲ ကုသိုလ်သုစရိုက်တရားတွေကိုကျင့်သုံးတဲ့သူ
ကိုဆိုပါတယ်။ အကုသိုလ်ဒုစရိုက်ဒုရာဇီဝတရားတွေကိုပြုလုပ်နေတဲ့ပုဂ္ဂိုလ်ကတော့ မိမိကိုယ်ကိုမချစ်တဲ့သူ
ပဲ”လို့ဖြေကြားလိုက်ပါတယ်။(ပိယသုတ္တန်)ဒုစရိုက်ဆိုတာဒုစရိတဆိုတဲ့ပါဠိပုဒ်ကဆင်းသက်လာတဲ့စကားလုံး
ဖြစ်၍ ဒု-မကောင်းသော၊ စရိတ-အကျင့်၊မကောင်းတဲ့အကျင့်လို့အဓိပ္ပါယ်ရပါတယ်။ ဒုစရိုက်တရား(၁၀)ပါးရှိ
ပါတယ်။ အဲဒီ(၁၀)ပါးကတော့ ကာယကံသုံးပါး၊ ဝစီကံလေးပါး၊ မနောကံသုံးပါးတို့ပါပဲ။
ကာယကံသုံးပါး
၁။ ပါဏာတိပါတ-သူ့အသက်ကိုသတ်ခြင်း။
၂။အဒိန္နာဒါန-သူ့ဥစ္စာကိုခိုးယူခြင်း။
၃။ကာမေသုမိစ္ဆာစာရ-သူ့အိမ်ရာကိုပြစ်မှားခြင်း။
ဝစီကံလေးပါး
၁။မုသာဝါဒ-မဟုတ်မမှန်တဲ့စကားကိုပြောဆိုခြင်း။
၂။ ပိသုနဝါစာ-သူနှစ်ယောက်အချစ်ပျက်အောင်ကုန်းချောတဲ့စကားကိုဆိုခြင်း။
၃။ဖရုသဝါစာ-နားမခံသာအောင်ကြမ်းတမ်းယုတ်မာတဲ့စကားကိုဆိုခြင်း။
၎။သမ္ဖပ္ပလာပဝါစာ-နိဗ္ဗာန်မှဖီလာဖြစ်တဲ့ပိန်ဖျင်းတဲ့စကားကိုပြောခြင်း။
မနောကံသုံပါး
၁။အဘိဇ္ဈာ-သူတစ်ပါးစည်းစိမ်ကိုငါ့စည်းစိမ်ဖြစ်ပါစေတော့လို့ကြံခြင်း။
၂။ဗျာပါဒ-သူတစ်ပါးအပေါ်ဖျက်စီးစေလိုတဲ့ဒေါသရှိခြင်း။
၃။ မိစ္ဆာဒိဌိ-မှားတဲ့အယူကိုယူလွဲနေခြင်းတို့ဖြစ်ပါတယ်။
အချုပ်အနေနဲ့ဒုရိုက်တရားဆယ်ပါးကိုရှောင်ကြည်တဲ့ပုဂ္ဂိုလ်၊ မပြုလုပ်တဲ့ပုဂ္ဂိုလ်ဟာမိမိကိုယ်ကိုတ
ကယ်ချစ်တဲ့ပုဂ္ဂုလ်ပါပဲ။ ဒုစရိုက်တရားတွေကိုမပြုလုပ်ဘူးဆိုရင် သုစရိုက်ကောင်းတဲ့အကျင့်တွေကိုကျင့်သုံး
ရာရောက်သလို သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝလို့ဆိုတဲ့သီလမဂ္ဂင်သုံးပါးကိုလည်းကျင့်သုံးနေတာ
ရောက်ပါတယ်။သမ္မာဝါစာ-ဝစီကံလေးပါးကိုရှောင်ကြည်ပြီးကောင်းတဲ့စကားတွေကိုပြောဆိုလို့သမ္မာကမ္မန္တ-ကာယကံသုံးပါးမှရှောင်ကြည်၍ကောင်းတာတွေကိုလုပ်ပြီးသမ္မာအာဇီဝဝစီကံလေးပါး၊ကာယကံသုံးပါးတို့ကို
မပြုလုပ်ဘဲအကုသိုလ်မပါကောင်းတဲ့လုပ်ငန်း၊ကောင်းတဲ့အတတ်ပညာနဲ့အသက်မွေးဝမ်းကြောင်းပြုနေသူဟာ
နိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်တရားတွေကိုကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဖြစ်သလို မိမိကိုယ်ကိုလည်းချစ်တတ်သူ
ဖြစ်ပါတယ်။
မိမိဘဝကိုတကယ်ချစ်တယ်ဆိုရင်အကုသိုလ်ဒုစရိုက်တရားတွေကိုရှောင်ကြည်ပြီးဒါန၊သီလ၊ဘာဝနာစ
တဲ့ကောင်းမှုကုသိုလ်တွေကိုပြုလုပ်၍ပစ္စုပ္ပန်၊သံသရာနှစ်ဖြာဘဝအတွက်တိုးတက်ကြီးပွါးအောင်လုပ်ရမှာပါ။
မိမိကိုယ်ကိုမိမိချစ်ခင်မြတ်နိုးပါမှမိမိဘဝလှပအောင်၊ တိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။ဘဝကိုဓမ္မနဲ့
မြှင့်တင်နိုင်ပါတယ်။ ယခုလက်ရှိပစ္စုပ္ပန်မှာလည်းတိုးတက်ကြီးပွါးအောင်မလုပ်။နောင်အနာဂတ်ဘဝစိတ်ချ
ရရေးအတွက်လည်းကုသိုလ်ကောင်းမှုတွေကိုမပြုလုပ်ဘဲအကုသိုလ်ဒုစရိုက်တရားတွေကိုကျူးလွန်နေမယ်ဆိုရင်
မိမိဘဝကိုမချစ်တဲ့အပြင်ဘဝကိုသံသရာမှာနစ်အောင်လုပ်နေတာနဲ့တူပါတယ်။ဒါ့ကြောင့်မိမိကိုယ်ကို တကယ်ချစ်တတ်ဖို့လိုပါတယ်။
စာရေးသူ-အရှင်နန္ဒသာရ(သစ္စာရောင်ခြည်)

Posted by အရှင်နန္ဒသာရ(သစ္စာရောင်ခြည်) on ကြာသာပတေးနေ့၊ ဂျူလိုင်လ ၈၊ ၂၀၁၀

Read more...

ဥပုသ်နေ့မဟုတ်တဲ့ ဥပုသ်သီလ၊ အလှူခံပုဂ္ဂိုလ်နဲ့ ရွေးချယ်မှု…

Q. အရှင်ဘုရား
တပည့်တော်အား ပြန်လည်ဖြေကြား ရှင်းလင်းပေး၍ ကျေးဇူးအထူးတင်ရှိပါသည်။ အောက်ပါမေးခွန်း များကိုလည်း ဖြေကြားပေးပါဘုရား...
၁။ ဥပုသ်နေ့ မဟုတ်သော စနေ၊ တနင်္ဂနွေနေ့များ၌ ဥပုသ်စောင့်၍ ရနိုင်ပါသလားဘုရား
၂။ တပည့်တော် ၀ါဆိုသင်္ကန်းအား မိမိကိုယ်တိုင် ၁စုံလှူ၍ ကျန်သင်္ကန်း ၅စုံအား အသိမိတ်ဆွေ မရှိဆင်းရဲသား အသက်ကြီးသူများအား လှူဒါန်းချင်ပါသည်။ သူတို့ သေဆုံးသွားသောအခါ သင်္ကန်းအလှူဒါန အကျိုးပါသွားစေ ချင်ပါသည်။ မိမိကိုယ်တိုင် ၆စုံလုံး ကပ်လှူခြင်းနှင့် ၎င်းတို့အား ပေးလှူခြင်း မည်သည့်အရာက အကျိုးများပါသလဲဘုရား။


တပည့်တော်များသောအားဖြင့် ဆင်းရဲသူများ၊ ဒုက္ခရောက်သူများအား လှူဒါန်းလေ့ရှိပြီး အလှူခံပုဂ္ဂိုလ် မြတ်မမြတ်ကို သိပ်မကြည့်ဖြစ်ပါ။ ဘုန်းဘုန်း၏ ပြန်ကြားစာတွင် ၎င်းအချက်ပါရှိပါ၍ တပည့်တော် သင်္ကန်း၆စုံလုံးကို သီလနှင့်ပြည့်စုံသည့် ဆရာတော်ကြီးများအား ကိုယ်တိုင်ကပ်လှူလျင် ကောင်းမည်လားဟု ဇဝေဇ၀ါဖြစ်နေပါသည်ဘုရား။ မည်သည့်အရာက အကျိုးများမည် ဖြစ်ပါသလဲဘုရား။ ယခုမှစ၍ ဆင်းရဲသားများထက် မွန်မြတ်သော ဆရာတော်ကြီးများအား လှူဒါန်းခြင်းကို ဦးစားပေးလျှင် ကောင်းမည်ဖြစ်ပါသလားဘုရား…။
ကျေးဇူးအထူးတင်ရှိပါသည်။
သင်းသင်းအေး
(MYANMAR TASAKI CO., LTD.)

A. ၁။ မင်္ဂလာပါ ဒကာမရေ… ဥပုသ်နေ့မဟုတ်တဲ့ တစ်ခြားနေ့တွေမှာလည်း ဥပုသ်သီလကို စောင့်ထိန်းနိုင်ပါတယ်။ နေ့စဉ်စောင့်ထိန်းနိုင်ရင် ပိုကောင်းပါတယ်။ တကယ်တော့ ဥပုသ်သီလဆိုတာ တပတ်မှာ တစ်ရက်လောက်တော့ သီလကို အထူးစောင့်ထိန်း စေလိုတဲ့အတွက် ဥပုသ်နေ့မှာ သတ်မှတ်ပေးပြီး ရှစ်ပါး၊ ကိုးပါးသီလများကို စောင့်ထိန်းဖို့ အထူးသတ်မှတ်ပေးတဲ့ သီလဖြစ်ပါတယ်။ စွမ်းနိုင်ရင်တော့ နေ့စဉ်စောင့်ထိန်းနိုင်ရင် ပိုကောင်းပါတယ်။ ငါးပါးသီလထက်ပိုလွန်ပြီး မေထုန်မလိုက်စားဖို့၊ နေ့လွဲညစာမစားဖို့၊ ကခြင်းတီးခြင်းသီဆိုခြင်းများ မလုပ်ဖို့၊ အမွေးနံ့သာ မလိမ်းဖို့၊ နူးညံ့လှတဲ့ အိပ်ရာနေရာတွေမှာ မနေထိုင်ဖို့ စသဖြင့် ပညတ်ပေးထားတဲ့ ရှစ်ပါးကိုးပါး သီလများကိုကြည့်ရင် ကာမဂုဏ်အာရုံတွေ၊ ကိလေသာတရားတွေကို မလုပ်ဖြစ်အောင်၊ မကျူးလွန်မိအောင် ကိုယ့်ရဲ့ကာယကံ ၀စီကံတွေကို ချုပ်တီးနိုင်အောင် သီလနဲ့ ထိန်းစေလိုခြင်းဖြစ်ကြောင်း သိနိုင်ပါတယ်။ ဒါကြောင့် ဒီရှစ်ပါး ကိုးပါးသီလများဟာ ဥပုသ်နေ့မှ မဟုတ်ဘဲ ကျန်တဲ့နေတွေမှာလည်း ထိန်းနိုင်ရင် အကုသိုလ် အဖြစ်နည်းပြီး ကိလေသာလျော့နည်း စေမှာဖြစ်တဲ့အတွက် နေ့စဉ်စောင့်ထိန်းနိုင်ရင် ကောင်းပါတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဥပုသ်နေ့ကလွဲပြီး ကျန်တဲ့နေ့တွေမှာလည်း စောင့်ထိန်းကောင်းပါတယ်လို့ သိစေလိုပါတယ်။

၂။ အလှူဒါနကတော့ စေတနာသုံးတန်ပြဋ္ဌာန်းပြီး ပြတ်သားစွာ လှူမယ်ဆိုရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို မဆို လှူဒါန်းနိုင်ပြီး အလှူကုသိုလ်မြောက်ကာ ကုသိုလ်ရပါတယ်။ အကျိုးပေးအနေနဲ့သာ အလှူခံပုဂ္ဂိုလ်ကို လိုက်ပြီး ကွဲပြားတာဖြစ်ပါတယ်။ အလှူခံပုဂ္ဂိုလ်များဖြစ်တဲ့ ၁။ တိရိစ္ဆာန်သတ္တ၀ါများ ၂။ လူဒုဿီလခေါ် တံငါမုဆိုးစသော ဒုစရိုက်မှု ပြလုပ်သူများ ၃။ လူသီလ၀န္တခေါ် သာသနာပအခါမျိုး၌ ငါးပါးသီလမြဲသူများ ၄။ ရသေ့ပရိဗိုဇ်ခေါ် သာသနပအခါ ဈာန်အဘိညာဉ်ရ ပုဂ္ဂိုလ်များ၊ ၅။ သောတာပတ္တိမဂ္ဂန်ပုဂ္ဂိုလ် ၆။ သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ် ၇။ သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၈။ သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် ၉။ အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၁၀။ အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် ၁၁။ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၁၂။ အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် ၁၃။ ပစ္စေကဗုဒ္ဓ ၁၄။ သမ္မာသမ္ဗုဒ္ဓဆိုတဲ့ အလှူခံပုဂ္ဂိုလ် (၁၄) ယောက်ထဲမှာ ယုတ်စွအဆုံး တိရိစ္ဆာန်ကိုတောင် စေတနာအပြည့်နဲ့ ကျွေးမွေးလှူဒါန်းရင် ကုသိုလ်ရပြီး ဘ၀ပေါင်း တစ်ရာအထိ ကောင်းမှုအကျိုးပေးကြောင်း၊ တိရိစ္ဆာန်ထက် သီလမရှိတဲ့ လူပုဂ္ဂိုလ်ကို လှူဒါန်းရင်လည်း ဘ၀ပေါင်း တစ်ထောင်အထိ အကျိုးပေးကြောင်း စသဖြင့် အလှူခံပုဂ္ဂိုလ် မြင့်မြတ်တာနဲ့ အလှူရဲ့ အကျိုးကြီးမှုလည်း ကွာခြားသွားကြောင်း စာပေတွေမှာ ဖွင့်ဆိုရှင်းပြပါတယ်။

ဒီနေရာမှာ ဒကာမရဲ့ အလှူကတော့ ဘယ်လိုမျိုး အနေနဲ့ပဲလှူလှူ စေတနာပြဋ္ဌာန်းပြီးသား ဖြစ်လို့ အကျိုးပေးကောင်းပြီး ကုသိုလ်ဖြစ်နေတယ်ဆိုတာ အထူးပြောစရာ မရှိပါဘူး။ အကျိုးပေးကြီးမှု မကြီးမှုကတော့ အလှူခံပုဂ္ဂိုလ် အပိုင်းနဲ့ဆိုင်သွားပါပြီ။ ဒကာမရဲ့ စေတနာကတော့ ပြည့်စုံနေမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ပုထုဇင်တွေဖြစ်နေသမျှ စေတနာသဒ္ဓါတရားက မခိုင်မြဲသေးတဲ့အတွက် စေတနာကွက်တာ၊ သဒ္ဓါကွက်တာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့်လည်း အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူဒါန်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုယ်က ပုထုဇင်ဖြစ်နေတဲ့အတွက် ပုဂ္ဂိုလ်ကို ရွေးချယ်ရာမှာ သီလပြည့်စုံမှု ရှိမရှိ အတိအကျ မသိနိုင်တာတွေလည်း ရှိတတ်ပါတယ်။ ဒီနေ့ခေတ် အလှူခံပုဂ္ဂိုလ်တွေကြားမှာ နာမည်ကြီးပြီး အကျင့်လွဲနေတဲ့ အလှူခံပုဂ္ဂိုလ်အချို့လည်း ရှိနေတဲ့အတွက် အလှူဒါနပြုတဲ့အခါမှာ ယုံကြည်မှုနဲ့ စူးစမ်းဆင်ခြင်မှုကို ညီမျှအောင် ပြုဖို့လိုတယ်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်းလှူဒါန်းတာနဲ့ ပတ်သက်ပြီး ဒကာမသိချင်တာလေးကို ပြောရမယ်ဆိုရင် သင်္ကန်းတစ်စုံပဲလှူလှူ အများကြီးပဲလှူလှူ စေတနာကောင်းရင် အလှူကြီးပြီး စေတနာနည်းရင် အလှူသေးမှာ ဖြစ်ပါတယ်။ ဒကာမ လှူလိုတဲ့ တစ်စုံဟာ စေတနာအရ ကြီးနေမယ်လို့ ယုံကြည်သလို သူများတွေကိုလည်း ဒါနအကျိုးကို ရစေလိုတဲ့အတွက် ပေးလှူစေတာဟာလည်း စေတနာရော မေတ္တာပါ ပြဋ္ဌာန်းနေတဲ့အတွက် ဒကာမအာရုံပြုထားသလို ကိုယ်ကတစ်စုံပဲလှူပြီး ကျန်ငါးစုံကို မရှိဆင်းရဲသားတွေကို ပေးလှူစေတာ ပိုပြီးကောင်းပါတယ်။ အကျိုးပေးအနေနဲ့ကလည်း ကိုယ်လှူတဲ့ တစ်စုံအတွက်လည်း ကုသိုလ်ရပြီးသား ဖြစ်နေသလို သူတစ်ပါးတို့အားလည်း ပေးလှူစေတဲ့အတွက် သူတို့လည်း ကုသိုလ်ရသလို သူတို့လှူတိုင်းလှူတိုင်း ကိုယ့်မှာလည်း ကုသိုလ်တွေ တိုးနေစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒကာမအနေနဲ့ သင်္ကန်း၆စုံလုံးကို ကိုယ်တစ်ယောက်တည်း လှူဒါန်းတာထက် ကိုယ်လည်းလှူ သူများတွေကိုလည်း ပေးလှူစေတာက ပိုအကျိုးကြီးကြောင်း အကြံပြုလိုပါတယ်။

နောက်တစ်ချက် ဒကာမမေးထားသလို မရှိဆင်းရဲသား ဒုက္ခရောက်နေသူများထက် သီလနဲ့ပြည့်စုံတဲ့ ဆရာတော်ကြီးတွေကိုပဲ သင်္ကန်း၆စုံလုံး လှူရင်ကောင်းမကောင်းဆိုတဲ့ အချက်ကတော့ အကြံပြုလိုပါတယ်။ အလှူလှူတဲ့အခါ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူသင့်တယ်ဆိုပေမယ့် ကိုယ်လှူတဲ့ ပစ္စည်းဝတ္ထုရဲ့ အသုံးတည့်မှု မတည်မှု အချိန်အခါ ညီမှုမညီမှုတွေကိုလည်း ကြည့်ဖို့လိုပါတယ်။ သီလနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူဒါန်းတာဟာ လှူဒါန်းတဲ့အခိုက်မှာ အကျိုးကြီးပေမယ့် အလှူဝတ္ထုရဲ့ အသုံးကျမှုကတော့ နောက်ပိုင်းမှာ သိပ်မရှိလှပါဘူး။ ဆိုကြပါစို့ သီလသမာဓိနဲ့ ပြည့်စုံတဲ့ နာမည်ကြီး ဆရာတော်ကြီးတွေကို ကိုယ်ကလှူလိုက်တဲ့ ပစ္စည်းဟာ ဆရာတော်ကြီးများအတွက် ကိုယ့်လိုပဲ လှူဒါန်းသူတွေများနေတော့ ကိုယ့်အလှူကို တိုက်ရိုက်အသုံးပြုချင်မှ ပြုနိုင်ကြမှာ ဖြစ်ပါတယ်။ သင်္ကးန်လှူလည်း သင်္ကန်းကို တစ်နေရာမှာ ချောင်ထိုးထားရင်လည်း ထားနိုင်ပါတယ်။ အကယ်၍များ အဲဒီသင်္ကန်းတွေကို ဆင်းရဲနွမ်းပါးနေတဲ့ စာသင်သားလေးတွေ၊ မပြည့်စုံတဲ့ ကျောင်းတိုက်လေးတွေ၊ လိုအပ်နေတဲ့ နေရာလေးတွေမှာ လှူဖြစ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အလှူပစ္စည်းဟာ အလှူခံပုဂ္ဂိုလ်တွေ အတွက်လည်း အကျိုးကြီးပြီး သူတို့တွေ ၀တ်ရုံသုံးဆောင်တိုင်းလည်း ကိုယ့်မှာကုသိုလ် တိုးနေမှာဖြစ်ပါတယ်။ ဒီထက်ပိုဝမ်းသာစရာက အလှူဒါနကို လိုအပ်နေတဲ့နေရာမှာ လိုနေတဲ့ဆန္ဒကို ဖြည့်ပေးတဲ့ သဘောမျိုး လှူလိုက်ရတဲ့အတွက်လည်း ပိုပြီးဝမ်းသာ ကြည်နူးစရာ ဖြစ်ပါတယ်။

အလှူဒါနဟာ အလှူခံပုဂ္ဂိုလ်ကိုလိုက်ပြီး အကျိုးအကြီးအသေး ကွာခြားတယ်ဆိုပေမယ့် ပုဂ္ဂိုလ်တစ်ဦးချင်းကို လှူဒါန်းတာထက် အဖွဲ့အစည်းနဲ့ အများကို ရည်ရွယ်ပြီး လှူဒါန်းတာက ပိုပြီးအကျိုးကြီးစေပါတယ်။ အလှူခံပုဂ္ဂိုလ် ၁၄ယောက်ထဲမှာ အမြတ်ဆုံးအလှူခံဖြစ်တဲ့ မြတ်စွာဘုရားကိုယ်တိုင်ပင် “ငါဘုရားကို လှူဒါန်းတာထက်၊ သံဃာကိုလှူဒါန်းတာက ပိုပြီးအကျိုးကြီးတယ်”လို့ မိန့်တော်မူပါတယ်။ တကယ်တော့ သံဃာဆိုတာ အဖွဲ့အစည်း အပေါင်းအစည်းပဲ ဖြစ်ပါတယ်။ တစ်ပါးချင်းအနေနဲ့ သီလတွေ ချို့ယွင်းနိုင်ပေမယ့် သံဃာအများဖြစ်သွားတဲ့အခါ သီလမရှိသူလည်း သံဃာ့အားနဲ့ သံဃာတောထဲမှာဆိုရင် သံဃာလိုပဲ အကျိုးကျေးဇူးကို အပြည့်အ၀ပေးစေနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဒကာမရဲ့ အမေးဖြစ်တဲ့ “ဆင်းရဲသားများထက် မွန်မြတ်တဲ့ ဆရာတော်ကြီးများကို ရွေးချယ်ပြီး လှူဒါန်းရင်း ကောင်းမည်လား” ဆိုတဲ့ အမေးကို စေတနာ သဒ္ဓါတရားအပြည့်နဲ့ လိုအပ်တဲ့နေရာမှာ၊ လိုအပ်တဲ့အလှူကို ပုဂ္ဂိုလ်တစ်ဦးချင်းထက် အများကို ရည်မှန်းပြီး လှူဒါန်းတာက ပိုကောင်းတယ်လို့ အကြံပြု ဖြေကြားပေးလိုပါတယ်။

Read more...

Thoughts

Bad thoughts occur spontaneously.

Good thoughts occur only

when the mind is alert.

It is always good to be on the alert.

တောင်မြို့ဆရာတော်

Read more...

နာလန္ဒာမှာ ဒလိုင်လားမားကို ထားခဲ့တော့

နာလန္ဒာကျောင်းတော်ဟောင်း

(၁)

ခွဲခွာရမယ့် အနာဂတ်ရဲ့
ညနေတစ်ခုမှာ
လှပစွာ မင်းပြုံးနိုင်ဖို့
မျက်ရည်များနဲ့ ငါပျော်မွေ့ဆဲပါ။
ထားခဲ့ကွယ်
ထားခဲ့
ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့။
(ပိုင်စိုးဝေ)

စောစောစီးစီး ဆရာပိုင်စိုးဝေကြီးရဲ့ ကဗျာတစ်ပိုင်းတစ်စ နှုတ်ဝယ်ရွရွဖြစ်သွားရပေါ့။ ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့ တဲ့။ ဆရာမဂျူးက ကဗျာစာသားလေးကို ၀တ္ထုတစ်ပုဒ်မှာ ခေါင်းစီးတင်လိုက်တဲ့အခါ ပိုကြွသွားတယ်။ ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့။ ဒီမနက် ဖတ်မိတဲ့သတင်းကလည်း '' Nalanda versity revival , minus the Dalai Lama'' (နာလန္ဒာမှာ ဒလိုင်လားမားကို ထားခဲ့တော့) ဖြစ်နေပါရောလား။

(၂)
နာလန္ဒာတက္ကသိုလ်ကြီးကို ပြန်လည်အသက်သွင်းမယ့် ပရောဂျက်မှာ အဓိကပါဝင်မယ့် တရုတ်နိုင်ငံကို ငဲ့ကွက်သောအားဖြင့် ဒလိုင်လားမားကို အိန္ဒိယအစိုးရက ထားခဲ့ရမှာ ဖြစ်ပါတယ်။ နာလန္ဒာပရောဂျက်မှာ ဒလိုင်လားမားကြီး မပါကြေး။

ဒီနေ့ ကျင်းပတဲ့ အိန္ဒိယကက်ဘိနက်အစည်းအဝေးမှာ တရုတ်နဲ့ အခြား ၁၂ နိုင်ငံပါဝင်တဲ့ အာရှထိပ်သီးညီလာခံအဖွဲ့က ဦးဆောင်မယ့် နာလန္ဒာကို နိုင်ငံတကာ တက္ကသိုလ်ကြီးအဖြစ်ပြန်လည် အသက်သွင်းရေးစီမံကိန်းအတွက် ငွေကြေးလျာထားချမှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နာလန္ဒာတက္ကသိုလ်ကြီးကို ဒီနှစ်မှာ အစပြုလည်ပတ်နိုင်တော့မှာဖြစ်သလို သင်ရိုးညွှန်းတမ်းကတော့ ဗုဒ္ဓဓမ္မကိုပဲ အခြေခံမှာ ဖြစ်ပါသတဲ့။ ၁၂ နှစ်ရာစုမှာ ကျူကျော်ဖျက်ဆီးသူတွေကြောင့် နာလန္ဒာတက္ကသိုလ် ကျောင်းတော်ကြီး မီးလောင်ပျက်သုံးသွားပြီးနောက်ပိုင်း နာလန္ဒာရဲ့ မဟာယာနဂိုဏ်း အစဉ်အလာကို တိဘက်က ထိန်းသိမ်းဆက်ခံခဲ့တာပါ ။

“ဒလိုင်လားမားအရှင်ကို နာလန္ဒာပရောဂျက်မှာ ထားခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ သဘောထားက ရယ်စရာကောင်းပေမယ့် ပထ၀ီနိုင်ငံရေးသဘောတရားအရတော့ ဒီလိုပဲ ဖြစ်သင့်ပါတယ် ” လို့ ဒလိုင်လားမားကြီးရဲ့ သာဝကတွေက ဆိုပါတယ်။ ဒလိုင်းလားမားအရှင်မြတ် ဒီပရောဂျက်မှာ ပါဝင်တာထက် ဗုဒ္ဓဘာသာနိုင်ငံအများစုရဲ့ အထောက်အပံ့နဲ့ နာလန္ဒာတက္ကသိုလ်ကြီး ပြန်လည်ရှင်သန်ရေးက ပိုအရေးကြီးပါတယ် တဲ့။

ဒလိုင်လားမားကြီး မပါဝင်ပေမယ့် ဒီပရောဂျက်ကို စီးပွားရေးနိုဘယ်ဆုရှင် အမရ်တျာ ဆင်းက ဦးဆောင်မှာ ဖြစ်ပါတယ်။ တရုတ်နဲ့ စင်ကာပူအပါအ၀င် အရှေ့အာရှနိုင်ငံများမှာ နာလန္ဒာတက္ကသိုလ်ပြန် လည်ရှင်သန်ရေးအတွက် အဆိုပြုလွှာတွေ ရရှိရေး အစည်းအဝေးတွေ ထပ်ထလဲလဲကျင်းပပြီးတဲ့ နာလန္ဒာအကြံပြုအဖွဲ့ကို အမရ်တျာဆင်းက ဦးဆောင်မှာ ဖြစ်ပါတယ်။

နောက်လက စပြီး နာလန္ဒာတက္ကသိုလ်ကြီးရဲ့ စည်းမျဉ်းတွေ ရေးဆွဲကြတော့မယ့် နာလန္ဒာအကြုံပြုအဖွဲ့ဟာ အရှေ့အာရှနိုင်ငံများအဖွဲ့က တက္ကသိုလ်ဘုတ်အဖွဲ့ဝင်တွေကို မရွေးချယ်ရသေးမီအထိ တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့အဖြစ်တည်ရှိနေမှာ ဖြစ်ပါတယ်။ သမ္မတကြီးကတော့ ဧည့်သည်တော်ဖြစ်ပါလိမ့်မယ်။ ဒေလီ ဆရီရမ် အမျိုးသမီးကောလိပ်က ဂိုပါ ဆဘာဝါလ်ဟာ နာလန္ဒာတက္ကသိုလ်ကြီးရဲ့ ပထမဆုံးပါမောက္ခချုပ်ဖြစ်နိုင်ပါသတဲ့။

နာလန္ဒာအပြည်ပြည်ဆိုင်ရာတက္ကသိုလ်ကြီးဟာ ဗီဟာပြည်နယ်ပြတိုက်ထဲမှာသိမ်းဆည်းထားခဲ့တဲ့ ကိုယ်ပိုင် ကျောင်းတော်အမှတ်တံဆိပ်နဲ့ သီးခြားတက္ကသိုလ်ကြီးအဖြစ်တည်ရှိမှာ ဖြစ်ပါတယ်။ အာရှထိပ်သီးနိုင်ငံများနဲ့ ညှိနှိုင်းပြီး တက္ကသိုလ်ကြီးပြန်လည် ရှင်သန်ရေးအတွက် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အိန္ဒိယအစိုးရက ရူပီး ကုဋေပေါင်း ၁၀၀၅ ထည့်ဝင်မှာ ဖြစ်ပါတယ်။ စီမံကိန်းကော်မရှင်က တက္ကသိုလ်ကြီး ကိုယ့်ခြေကိုယ့် လက်ရပ်တည်နိုင်တဲ့ အချိန်ထိ ရူပီး ကုဋေငါးဆယ် သုံးစွဲပါလိမ့်မယ်။ တက္ကသိုလ်အနေနဲ့လည်း လူထုနဲ့ ပုဂ္ဂလိကအလှူရှင်တွေဆီက အလှူငွေတွေ ရရှိနိုင်မှာ ဖြစ်သလို အခြားသော အဖွဲ့ဝင်နိုင်ငံတွေကလည်း စေတနာအလျောက်ထည့်ဝင်လှူဒါန်းကြမှာ ဖြစ်ပါတယ်။

နာလန္ဒာတက္ကသိုလ်ကြီးမှာ သင်ကြားပို့ချပေးဖို့ အဆိုပြုထားတဲ့ဘာသာရပ်တွေကတော့
ဗုဒ္ဓဘာသာသုတေသနပညာ(Buddhist Studies,)
ဒဿနနှင့် ဘာသာတရားများနှိုင်းယှဉ်လေ့လာမှုပညာ (Philosophy and Comparative Religions Studies) နိုင်ငံတကာဆက်ဆံရေးနှင့် ငြိမ်းချမ်းရေးသုတေသနပညာ (International Relations & Peace Studies, )
လူထုရေးရာမူဝါဒနှင့် ဖွံဖြိုးရေးဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှုပညာ(Business Management in relation to Public Policy and Development Studies, )
ဘာသာစကားများနှင့် စာပေပညာ (Languages and Literature; )
ဂေဟဗေဒနှင့် ပတ်ဝန်းကျင်သုတေသနပညာ(Ecology and Environmental Studies) များဖြစ်ပါသတဲ့။

အိန္ဒိယနိုင်ငံ၊ဗီဟာပြည်နယ်အစိုးရကတော့ တက္ကသိုလ်စီမံကိန်းအတွက် ရာဇဂြိုဟ်၊ နာလန္ဒာကျောင်း တော်အဟောင်းနားမှာ မြေဧက ငါးရာ အဆင်သင့်ရရှိပြီးဖြစ်ပါတယ်။ နောက်ထပ် မြေဧက ငါးရာ ဆက်လက်ရရှိဦးမှာ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ကတော့ ခရီးသွားလုပ်ငန်းအတွက်လည်း အကျိုးအမြတ်အများကြီး ရဦးမှာပါ။

(၃)

ကဲ နာလန္ဒာပရောဂျက်မှာ ဒလိုင်လားမားကြီးကို ထားခဲ့မှ ဖြစ်မှာကိုး။

ဓမ္မဂင်္ဂါ
၀၈-၀၇-၂၀၁၀

Read more...

ရဟန်းနှင့် ရေနံ

(၁)
“ရေနံရှာနိုင်တဲ့ လူနှစ်ယောက်လိုချင်တယ်တဲ့၊ ရေနံရှာနိုင်တဲ့လူလို့ပြောတာနော်၊ အဖြူ အမဲမခွဲခြားဘူး။”

မြေပဲပါရဂူဟု ကျော်ကြားသည့် လူမဲပညာကျော်ဂျော့ခ်ဝါရှင်တန် ကာဗာက သည်စကားကိုပဲ တဖွဖွပြောနေတတ်ပါသည်။ ရေနံရှာဖွေပေးနိုင်မည့် လူနှစ်ယောက်လောက် လိုချင်သည်ဟု ကုမ္ပဏီကြီးတစ်ခုက မစ္စတာကာဗာထံ အပူကပ်နေသည်။ လူဖြူဖြစ်ရန်၊လူမဲဖြစ်ရန် သတ်မှတ်ချက်မရှိ၊ ဘွဲ့ရခြင်း မရခြင်းနှင့်လည်း မသက်ဆိုင်၊ ရေနံရှာဖွေပေးနိုင်မည့် လူနှစ်ယောက်။

(၂)
ရွှေပြည်ကြီးမှာ နေစဉ်က သူ့မှာ ကိုယ်ပိုင်စာအုပ်စင်လေးရှိသည်။ စာအုပ်စင်လေးကို ဖြည့်တင်းရန် ပန်းဆိုးတန်း ဂုံးတံတားကြီးကို ဖြတ်ကျော်မိတိုင်း သူ့စိတ်ကူးစိတ်သန်းများက သွက်လက်နေတတ်သည်။ စာအုပ်ငေးရသည့် အရသာက ဖြူလွလွရှိပါသည်။ ၀ယ်မည့်စာအုပ်ကို ပထမဆုံးသတ်သတ်မှတ်မှတ် ငွေးရှင်းကောင်တာကို ပို့ပြီးမှ မမြင်ဖူးသေးသည့် စာအုပ်များကို ဆက်ငေးသည်။ ငေးမိသော စာအုပ်ထဲမှ ကြိုက်နှစ်သက်သော စာအုပ်ကို မြည်းစမ်းဖတ်ရှုကာ နောက်တစ်ခါပန်းဆိုးတန်းခရီးစဉ်အတွက် တေးမှတ်လေ့ရှိသည်။ လက်လွန်ကာ စာအုပ်ပိုဝယ်မိလျှင် ဘတ်စ်ကားတိုး၍ ပြန်ရလေ့ရှိပါသည်။

ရဟန်းတစ်ပါးဖြစ်သော သူ့အတွက် စွဲလမ်းသိမ်းဆည်းတတ်သော အရာဆို၍ စာအုပ်များသာ ရှိသည်။ အခြားအရာများကိုတော့ သိမ်းပိုက်လေးလံလိုခြင်းမရှိတတ်။ သို့အတွက် သူ့ခရီးစဉ်များသည် အမြဲတမ်းပေါ့ပါး နေတတ်သည်။ ရန်ကုန်မှာ စာပေပို့ချနေစဉ်က သုံးလခန့် သူနှင့်အတူ လာရောက်နေထိုင်သော သူ့ဖခင်ကြီးသည် ထုပ်ပိုးသိမ်းဆည်းမှုမရှိသည့် ( စည်းကမ်းမရှိခြင်းဟုလည်း ထင်မြင်နိုင်စရာဖြစ်သည့်) သူ့ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ စိတ်ပျက်စွာ ညီးညူလေ့ရှိသည်။ “မောင်ပဇင်းက ရဟန်းဘ၀နဲ့ပဲ ကောင်းတယ်၊ လူ့ဘ၀မှာဆို စားစရာရှိမှာမဟုတ်ဘူး”တဲ့။

စာအုပ်များကိုတော့ သူတခုတ်တရသိမ်းဆည်းတတ်သေးသည်။ သို့သော် စာအုပ်များ မကြာခဏ ပျောက်ပျက်သောအခါ စိတ်ညစ်ရသည့် နာကျင်မှုဒဏ်ကို သူမခံစားနိုင်။ နောက်တော့ အခြားအရာများ ပျောက်ဆုံးသည်ထက် စာအုပ်ပျောက်ခြင်းက ဖြေဆည်ရာရှိသည်ဟု သူတွေးသည်။ ဖတ်သူတစ်ယောက် ယောက်လက်ထဲမှာတော့ ပျောက်သွားသော စာအုပ်လေး လင်းလင်းချင်းချင်းရှိနေပါလိမ့်မည်။ ထုပ်ပိုး စက္ကူမဖြစ်မချင်းပေါ့။

ရွှေပြည်ကြီးက ထွက်လာချိန်မှာတော့ သူ့စာအုပ်စင်လေးကိုပါ သံယောဇဉ်ဖြတ်လိုက်သည်။ ဖတ်ချင်ရင် ဖတ်၊ယူချင်ရင် ယူကြတော့။ ခု နောက်ပိုင်း ၀ယ်ဖြစ်သည့် စာအုပ်များကိုလည်း သိမ်းမထားတော့။ လက်မှတ်ပင် မထိုးဖြစ်၊ ဖတ်ပြီးလျှင် တစ်နေရာရာမှာ ထားပစ်ခဲ့တော့သည်။ ဥပါဒါန်တွေက အမြင်ကတ်စရာပဲ။


(၃)
ပျောက်သွားသော စာအုပ်များတွင် ဆရာဖေမြင့်၏ “မဟာကရုဏာရှင်များ” စာအုပ်လေးလည်း ပါဝင်သည်။ တိုးတက်ကြီးပွားလိုစိတ်နည်းပါးလှသည့် သူ့အတွက် ဆရာဖေမြင့်၏ တက်ကျမ်းများက အလုပ်မဖြစ်ပါ။ သို့သော် စိတ်ကို မြိမြအောင် သွေးဖို့၊ ငြိမ်းအောင် လောင်းဖို့အတွက်တော့ “နှလုံးသားအာဟာရ”လို “မဟာကရုဏာရှင်များ” လို စာအုပ်လေးများ လိုအပ်ပါသည်။


“မဟာကရုဏာရှင်များ” စာအုပ်က ကမ္ဘာမြေအတွက် ပေးဆပ်ကြသူများအကြောင်းကို ညွတ်နူးဖွယ် တင်ပြထားသည်။ သူထပ်တလဲလဲ ဖတ်ဖြစ်ခဲ့သော စာမျက်နှာများမှာ ဂျော့ခ်ဝါရှင်တန်ကာဗာ၏ နှလုံးသား လွင်ပြင်ပေါ်က ဖြူစင်ဝင်းမွတ်သော အရေးအကြောင်းများ ဖြစ်ပါသည်။ ငွေဝယ်ကျွန် လူမဲမိသားစုမှ နွမ်းပါးစုတ်ချာစွာ ကြီးပြင်းလာသော လူမဲကလေးတစ်ယောက်၏ အံ့မခန်းဖွယ် မြင့်မြတ်လှသော စိတ်နေ သဘောထားကို သူမင်သက်အားကျနေတတ်သည်။

လူမဲတစ်ယောက်အတွက် ပညာရေးအခွင့်အလမ်းနည်းပါးလှသော (လူဖြူများကြီးစိုးသည့် )ရပ်ဝန်းတွင် ပညာကျော်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့သည့် မစ္စတာကာဗာ၏ မာနထက် အမျိုးမျိုး ရက်စက်နှိပ်ကွပ်လွန်းသည့် ပတ်ဝန်းကျင်နှင့် ကမ္ဘာမြေကို စိတ်မနာကျင်ဘဲ တစ်ခုခုပေးဆပ်ရန် အမြဲတွေးနေ တတ်သော မစ္စတာကာဗာ၏ နှလုံးသားကို အံ့သြလေးမြတ်မိတတ်သည်။ “ ကျွန်တော့်ကို အကူအညီပေးခဲ့တဲ့ အရေးအပါဆုံးအတွေးတစ်ခုကတော့ ကျွန်တော်ဘယ်တော့သေမလဲဆိုတဲ့ မေးခွန်းမဟုတ်ပါဘူး။ ကျွန်တော်မသေခင်မှာ ဘာတွေကို ဘယ်လို အကောင်းဆုံး ဖြစ်အောင် လုပ်သွားနိုင်မလဲ ဆိုတဲ့ အတွေးပါ” တဲ့။ ဗရာဗိုး.....။

မစ္စတာကာဗာအနေဖြင့် တပ်စကီဂီးစိုက်ပျိုးရေးကျောင်းစာသင်ခန်းလေးက ဘယ်မှ မခွာသော်လည်း ကမ္ဘာကြီးကတော့ မစ္စတာကာဗာ့ကို မြေပဲပါရဂူ၊ ရုက္ခဗေဒပညာရှင်၊ စိုက်ပျိုးရေးသုတေသီ၊ သိပ္ပံနှင့် နည်းပညာတီထွင်သူ၊ ပန်းချီဆရာ၊ ကျောင်းဆရာ။ စန္ဒရားအနုပညာရှင်စသော ဂုဏ်ထူးဝိသေသများဖြင့် ကြည်ညိုလေးစားကြရသည်။ နိုင်ငံခေါင်းဆောင်များကိုယ်တိုင် မစ္စတာကာဗာ၏ စာသင်ခန်းလေးဆီ ရောက်အောင်လာကာ ဂါရ၀ပြုရင်း အကြံဉာဏ်များတောင်းလေ့ရှိကြသည်။ မစ္စတာကာဗာ၏ နှလုံးသားတောက်ပမှုအရောင်ကြောင့် လူမဲတစ်ဦးထက် အနှိုင်းဆမဲ့ ပိုလွန်သော သူတော်စင်ကြီးဖြစ်သွားသည်။

မစ္စတာကာဗာ၏ စိတ်အစဉ်တွင် လူသည် လူသာဖြစ်သည်။ လူအချင်းချင်း ခွဲခြားဆက်ဆံဖွယ်မလို။ လူသားတစ်ယောက်၏ အရည်အချင်းအားလျော်စွာ ကမ္ဘာမြေကို အလုပ်အကျွေးပြုဖို့သာ ဖြစ်သည်။ လူဖြူမလို၊ လူမဲမလို။ ကမ္ဘာမြေကို စိုက်ပျိုးမည့် လက်များသာ လိုပေမည်။ မစ္စတာကာဗာကိုယ်တိုင်လည်း ကမ္ဘာမြေအတွက် တီထွင်ဆန်းသစ်မှုများစွာဖြင့် အလုပ်အကျွေးပြုခဲ့သည်။

ထို့ကြောင့်ပင် ကုမ္ပဏီကြီးတစ်ခုမှ ရေနံရှာပေးနိုင်မည့် လူနှစ်ယောက်လိုချင်သည်ဟု ပြောလာသောအခါ မစ္စတာကာဗာက စာသင်ခန်းထဲတွင် တပည့်ကျောင်းသားများကို တဖွဖွ ပြောနေသည်က “ ရေနံ ရှာပေးနိုင်တဲ့ လူနှစ်ယောက် လိုချင်တယ်”။

(၄)
ယခုနှစ် နွေဦးပေါက်ရာသီတွင် တပည့်ရဟန်းတော်လေးတစ်ပါးထံမှ မက်ဆေ့ခ်ျတစ်ခုကို သူ ဖတ်ရလေသည်။ နိုင်ငံခြားတက္ကသိုလ် တစ်ခုခု တက်ချင်သည်။ တက္ကသိုလ်ကလည်း အဆင့်မြင့်ရမည်။ သူ့လို ဘွဲ့တွေ အများကြီးလည်း ရချင်ပြန်သတဲ့။ အကြံဉာဏ်ပေးပါဦးတဲ့။ ဘာပညာတွေ သင်ချင်တယ်၊ ဘာလုပ်ချင်တယ် ဆိုသော ရည်ရွယ်ချက်နှင့် ပန်းတိုင်တော့ မပါ။ သို့နှင့် သူက မက်ဆေ့ခ်ျတိုတိုလေးပြန်ပို့လိုက်ရသည်။ “ရေနံရှာမှာလား”။


ဟုတ်ပါ့။ သူ့ကိုယ်တိုင်တောင် “ ရေနံ ရှာနိုင်ပြီလား ” မသေချာလို့ ရပြီးသားဘွဲ့တွေ ပြန်ခေါက် သိမ်းထားရသေး။ အော် ရေနံရှာဖို့ မစဉ်းစားဘဲ ဘွဲ့ရဖို့နဲ့ နိုင်ငံခြားတက္ကသိုလ်ကျောင်းထွက်ဖြစ်ဖို့ စဉ်းစားနေတဲ့ ခေါက်ရိုးကျိုးအတွေးများ......။

ဓမ္မဂင်္ဂါ
၀၈-၀၇-၂၀၁၀

Read more...

အာရုံမဲ့ဝါဒ... (ဟိုပင်)







Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP