* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, July 7, 2010

ဟဒယဝတ္ထုနှင့် ရူပဝိဘာဂ

၂၀၁၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း အပတ်စဉ် (၃၈)နှင့် (၃၉) သင်ခန်းစာများကို လေ့လာသင်ယူကြရသည်။


ရှေးလာမည့် ဇူလိုင်လ ပထမပတ်မှာ လောကချမ်းသာဘုရားကျောင်း၌ မဇ္ဈိမဂုဏ်ရည်ဆရာတော်၏ တရားစခန်း ကျင်းပပြုလုပ်မည်ဖြစ်ရာ အဘိဓမ္မာသင်တန်း ပြုလုပ်နိုင်မည်မဟုတ်သဖြင့် ၂-ပတ်စာ သင်ခန်းစာများကို လေ့လာ သင်ယူကြရခြင်း ဖြစ်၏။


ဦးစွာ လောကချမ်းသာဆရာတော်က သင်ခန်းစာမိတ်ဆက်နှင့် ဘာသာရေးဆိုင်ရာ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို ရှင်းလင်း သင်ပြပေး၏။




+++++


ဟဒယဝတ္ထု


နှလုံးသား၏အလယ် ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်လေးအတွင်းရှိ သွေးများအပေါ် ပျံ့နှံ့ပြီး တည်သောရုပ်ကို ဟဒယဝတ္ထုဟု ခေါ်၏။


ဤရုပ်ကို ဟဒယဝတ္ထုဟု နာမည်တပ်၍ တိုက်ရိုက်ဟောထားအပ်သော ပါဠိတော် မရှိ။


သို့သော် ထိုထိုပါဠိတော်များကို သဲနွံစပြု၍ ဟဒယဝတ္ထုရုပ် ရှိထိုက်ကြောင်းကို အဋ္ဌကထာ၊ ဋီကာတို့ ယူဆကြလေသည်။


ဥပမာအားဖြင့် - ပဋ္ဌာန်းပါဠိတော်တွင် “အကြင်ရုပ်ကို မှီ၍ မနောဓာတ်နှင့် မနောဝိညာဏဓာတို့ ဖြစ်ကြကုန်၏။ ထိုမနောဓာတ်၊ မနောဝိညာဏဓာတ်နှင့် စေတသိက်တို့အား ထိုရုပ်က နိဿယသတ္တိဖြင့် ကျေးဇူးပြုသည်။” (ယံ ရူပံ နိဿာယ မနောဓာတု စ, မနောဝိညာဏဓာတု စ ပဝတ္တန္တိ, တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော) ဟု ပါရှိ၏။


ဤပါဠိတော်ကို ထောက်ထားလျှင် စက္ခုဝိညာဏ်တို့၏ မှီရာ စက္ခုဝတ္ထု၊ သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်တို့၏ မှီရာ သောတ, ဃာန, ဇိဝှါ, ကာယ ဝတ္ထုများ ရှိသကဲ့သို့ ထို့အတူ မနောဓာတ်, မနောဝိညာဏဓာတ်တို့၏ မှီရာ ဝတ္ထုရုပ်တစ်မျိုး ရှိသည်ဟု ယူဆရပေမည်။


မဖြစ်နိုင်သည်များကို တစ်ခုပြီးတစ်ခု ပယ်ဖြုတ်သွားသောနည်း (Law of Elimination)ဖြင့် စိစစ်သော် -

ရုပ် ၂၈-ပါးအနက်
  • မဟာဘုတ်ကြီး ၄-ပါးမှာ ဥပါဒါရုပ် ၂၄-ပါး၏ မှီရာဖြစ်သောကြောင့် မနောဓာတ်၊ မနောဝိညာဏဓာတ်တို့၏ မှီရာ မဖြစ်နိုင်တော့ပေ။
  • ဥပါဒါရုပ် ၂၄-ပါးတွင်လည်း အနိပ္ဖန္နရုပ် ၁၀-ပါး (အာကာသ၊ ကာယဝိညတ်၊ ဝစီဝိညတ်၊ ကာယဿလဟုတာ၊ ကာယဿမုဒုတာ၊ ကာယဿကမ္မညတာ၊ ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ)တို့မှာ အထည်ကိုယ် ထင်ရှားရှိသော ရုပ်အစစ်များ မဟုတ်၍ စိစစ်စရာ မလို။
  • ထို့ကြောင့် “ပသာဒရုပ် ၅ + ဝိသယရုပ် ၄ + ဘာဝ ၂ + ဟဒယ + ဇီဝိတ + အာဟာရ” ဟူသော နိပ္ဖန္နဥပါဒါရုပ် ၁၄-ပါးသာ စဉ်းစားဖွယ် ရှိတော့သည်။
  • နိပ္ဖန္နဥပါဒါရုပ် ၁၄-ပါးတွင် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ ဟူသော ပသာဒရုပ် ၅-ပါးမှာ စက္ခုဝိညာဏ် စသော ဝိညာဏဓာတ် ၅-ပါး၏ မှီရာဖြစ်သောကြောင့် မနောဓာတ်၊ မနောဝိညာဏဓာတ်တို့က ပသာဒရုပ် ၅-ပါးကို မမှီနိုင်။
  • ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ (ဝိသယ ၄)နှင့် သြဇာ (အာဟာရ)ကိုလည်း မမှီနိုင်။ ထိုရုပ်တို့ကား ခန္ဓာကိုယ်မှ အပြင်ပ၌ ဖြစ်ကြသောကြောင့် ဖြစ်၏။
  • ဇီဝိတိနြေ္ဒမှာလည်း တကွဖြစ်ဘက် ရုပ်များကို စောင့်ရှောက်ရခြင်းကိစ္စတစ်မျိုး ရှိပြီး ဖြစ်သောကြောင့် မနောဓာတ်နှင့် မနောဝိညာဏဓာတ် ၂-ပါးသည် ဇီဝိတိနြေ္ဒကိုလည်း မမှီ။
  • ဘာဝရုပ် ၂-ပါး မရှိသော နပုံးပဏ္ဍုတ်တို့၏ သန္တာန်မှာလည်း ဤမနောဓာတ် မနောဝိညာဏဓာတ်များ ဖြစ်နေသောကြောင့် ဘာဝရုပ် ၂-ပါးကို မမှီကြောင်းမှာ သိသာ၏။
  • ထို့ကြောင့် မနောဓာတ် မနောဝိညာဏဓာတ် ၂-ပါး၏ မှီရာဝတ္ထုရုပ်သည် ဟဒယဝတ္ထုသာ ဖြစ်ကြောင်း သိနိုင်၏။


+++++


ဓမ္မသင်္ဂဏီပါဠိတော် ရူပကဏ္ဍ၌ ဟဒယဝတ္ထု မဟောခြင်းအကြောင်း


“မြတ်စွာဘုရား တရားဟောတယ်ဆိုတာ သဗ္ဗညုတဉာဏ်အစွမ်း ပြဖို့ ဟောတာ မဟုတ်ဘူး။
တရားနာတဲ့ ဝေနေယျပုဂ္ဂိုလ်တွေ တရားထူးရဖို့ ဟောတာ။
ဒါကို ဝေနေယျအလိုကို လိုက်တယ်လို့ ဦးဇင်းတို့ ပါဠိကျမ်းဂန်တွေမှာ သုံးတယ်။
ဝေနေယဇ္ဈာသယ လို့ သုံးတယ်။”

(အရှင်သီလာနန္ဒာဘိဝံသ)


ဓမ္မသင်္ဂဏီပါဠိတော် ရူပကဏ္ဍပါဠိတော်၌ ရုပ်များကို ၁-ခု (ဧကက)၊ ၂-ခု (ဒုက)၊ ၃-ခု (တိက)၊ ၄-ခု (စတုက္က) စသည်ဖြင့် ၁၁-ခု (ဧကာဒသက)တိုင်အောင် မြတ်စွာဘုရားရှင် ဟောတော်မူ၏။


ထိုသို့ ဟောကြားရာတွင် ၂-ခုတွဲများအကြောင်း ဟောကြားတော်မူသော ဒုကဒေသနာ၌ ရှေ့နောက် အသွားအလာ တူညီအောင် ဟောကြားတော်မူလိုရင်းကြောင့် ဟဒယဝတ္ထုရုပ် မပါရှိကြောင်း အဋ္ဌကထာ ဋီကာဆရာများ၊ ရှေးဆရာတော်များ ယူဆကြ၏။


+++++


ဓမ္မသင်္ဂဏီပါဠိတော် ဝတ္ထုဒုက်နှင့် အာရမ္မဏဒုက်


ဝတ္ထုဒုက်


၁။ စက္ခုဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (စက္ခုဝတ္ထု)
၂။ စက္ခုဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (စက္ခုမှအပ ကျန်ရုပ်များ)


၁။ သောတဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (သောတဝတ္ထု)
၂။ သောတဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (သောတမှအပ ကျန်ရုပ်များ)


၁။ ဃာနဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (ဃာနဝတ္ထု)
၂။ ဃာနဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (ဃာနမှအပ ကျန်ရုပ်များ)


၁။ ဇိဝှါဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (ဇိဝှါဝတ္ထု)
၂။ ဇိဝှါဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (ဇိဝှါမှအပ ကျန်ရုပ်များ)


၁။ ကာယဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (ကာယဝတ္ထု)
၂။ ကာယဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (ကာယမှအပ ကျန်ရုပ်များ)


ဖြစ်သင့်သော ဆဋ္ဌဝတ္ထုဒုက်


၁။ မနောဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (ဟဒယဝတ္ထု)
၂။ မနောဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (ဟဒယမှအပ ကျန်ရုပ်များ)



+++

အာရမ္မဏဒုက်


၁။ စက္ခုဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ရူပါရုံ)
၂။ စက္ခုဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ရူပါရုံမှအပ ကျန်ရုပ်များ)


၁။ သောတဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (သဒ္ဒါရုံ)
၂။ သောတဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (သဒ္ဒါရုံမှအပ ကျန်ရုပ်များ)


၁။ ဃာနဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ဂန္ဓာရုံ)
၂။ ဃာနဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ဂန္ဓာရုံမှအပ ကျန်ရုပ်များ)


၁။ ဇိဝှါဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ရသာရုံ)
၂။ ဇိဝှါဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ရသာရုံမှအပ ကျန်ရုပ်များ)


၁။ ကာယဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ဖောဋ္ဌဗ္ဗာရုံ)
၂။ ကာယဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ဖောဋ္ဌဗ္ဗာရုံမှအပ ကျန်ရုပ်များ)


ဖြစ်သင့်သော ဆဋ္ဌအာရမ္မဏဒုက်


၁။ မနောဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ရုပ်အားလုံး)
၂။ မနောဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (မရှိ)


ဤဖြစ်သင့်သော ဆဋ္ဌအာရမ္မဏဒုက်၌ ၂-ခုအနက် တစ်ခုသာ အဖြေပေးနိုင်တော့သဖြင့် ဒုက်ကျိုး ဒုက်ပျက်လေ၏။


+++++


“အဲဒါကြောင့်မို့ အဋ္ဌကထာ ဋီကာဆရာများရဲ့ အယူအဆအရ၊ သို့မဟုတ် ရှေးဆရာတော်တို့ရဲ့ အယူအဆအရ မြတ်စွာဘုရားက သာမညအကျဉ်းချုပ်လို့ ဟောခဲ့ပေမယ့် အဲဒါသည် ဟဒယဝတ္ထုဟူ၍ မှတ်ရမယ်။
ဒါဟာ တစ်ချက်လွှတ်တော့ ကျတယ်။ ကျပေမယ်လို့ ဒီလိုပဲ မှတ်ရမယ်။

ဒါကြောင့်မို့ ဟဒယဝတ္ထုဆိုတာ ရှိပါတယ်။


ဒါဖြင့် ဓမ္မသင်္ဂဏီမှာ ဘာကြောင့် မဟောတာတုန်းဆိုရင် ဝတ္ထုဒုက် အာရမ္မဏဒုက် ပျက်မှာစိုးလို့။ ပျက်မှာဆိုတာ ရှေ့နောက်မညီတာ မလိုက်လျောမှာ စိုးလို့ မဟောတာပါ။ မရှိလို့ မဟောတာ မဟုတ်ပါဘူး။


ဘာကြောင့် ဝတ္ထုဒုက်ပျက်မှာ ကြောက်ရတာတုန်း စိုးရိမ်ရတာတုန်း?
ဝေနေယျတွေ နားမလည်မှာ စိုးလို့။
နားမလည်ရင် တရားမရမှာ စိုးလို့။

တခါတလေ ဝေနေယျတွေ အလိုလိုက်ပြီး ဟောရတာတွေ ရှိတယ်။
အဘိဓမ္မာမှာတောင်မှ ရှိတယ်။ သုတ္တန်မှာဆို ပြောစရာ မလိုတော့ဘူး။


ဒါကြောင့်မို့ ဒီတရားတွေကိုပဲ ခန္ဓာဆိုတဲ့ နာမည်နဲ့ ဟောထားတယ်။
တော်တော်ကြာ ... အာယတနဆိုတဲ့ နာမည်နဲ့ ဟောထားတယ်။ ဒါတွေပဲ။ အာယတန ၁၂-ပါးဆိုတာလည်း ခန္ဓာ ၅-ပါးပဲ။ ခန္ဓာ ၅-ပါးထဲကဟာတွေကို အာယတနနဲ့ တစ်မျိုး လှည့်ဟောလိုက်တာ။
ဓာတ် ၁၈-ပါးဆိုတာလည်း ဒီခန္ဓာ ၅-ပါးပဲ။
နိဗ္ဗာန်တော့ ပါတယ်ပေါ့လေ။
ဒါတွေပဲ။ ဣနြေ္ဒ ၂၂-ပါးဆိုတာလည်း ဒါတွေပဲ။
အဲဒီလို အမည်အမျိုးမျိုးနဲ့ မြတ်စွာဘုရားက ဟောတော်မူတယ်။


တချို့က ခန္ဓာဆိုတဲ့ နာမည်နဲ့ ရင်းနှီးပြီးသားဖြစ်ရင် ခန္ဓာဆိုတဲ့ စကားလုံးလေး ကြားလိုက်ရင် သူတို့မှာ တရားနားလည်သွားမယ်။ တရားထူး ရမယ်။

တချို့က အာယတနဆိုတဲ့ နာမည်နဲ့ ရင်းနှီးထားတဲ့သူတွေကျတော့ အာယတနဆိုတဲ့ အသံလေး ကြားလိုက်ရရင် (ကိုယ်ရင်းနှီးထားတဲ့ အသံလေး ကြားလိုက်ရရင်) နားလည်တာပေါ့။

အဲဒီလို ဝေနေယျအလိုလိုက်ပြီးတော့ ဟောရတာတွေ အဘိဓမ္မာမှာတောင်မှ ရှိတယ်။
အဲသလို မှတ်ရမယ်။


ယေဘုယျအတိုင်း ပြောရမယ်ဆိုရင် အဘိဓမ္မာမှာ အရှိကို အရှိအတိုင်း ဟောတာ၊ ဝေနေယျအလိုကို လိုက်နေတာမဟုတ်ဘူးလို့ ယေဘုယျ ပြောမယ်ဆိုရင် ရတယ်။
သို့သော် ဒီတစ်နေရာမှာတော့ မရဘူး။

ဒီနေရာမှာ တကယ့်ကို ဝေနေယျရဲ့ အလိုလိုက်ပြီးတော့ နားထောင်တဲ့ ပုဂ္ဂိုလ်တွေ တရားထူးမရမှာ စိုးလို့၊ ဒုက်အပျက်မခံဘဲနဲ့ လုံးဝ ဒီဒုက်ကို ချန်ထားခဲ့တယ်။
ဒီဒုက်ချန်ထားလိုက်တော့ ဟဒယဝတ္ထုလည်း ဓမ္မသင်္ဂဏီပါဠိတော်မှာ ဖော်ပြခြင်း မခံရတော့ဘူးပေါ့။
သို့သော် ခုန ထောက်ထားတဲ့ အထောက်အထားတွေအရ ဝတ္ထုရုပ်တစ်ခုကတော့ ရှိထိုက်တယ်။
အဲဒီ ဝတ္ထုရုပ်တစ်ခုဟာ ဘာလဲဆိုရင် ဟဒယရုပ်ပဲ။


အခုခေတ်လူတွေကတော့ ဘာပြောသလဲ။
မြတ်စွာဘုရားက ဟဒယဆိုတဲ့ နာမည်နဲ့ ဟောခဲ့တာမှ မဟုတ်ဘဲ။
အဲဒီတော့ ဟဒယဝတ္ထုမဟုတ်ဘဲနဲ့ ဦးနှောက်ကော မဖြစ်နိုင်ဘူးလားပေါ့လေ။
ဒါတော့ တိကျပြတ်သားတဲ့အဖြေ ထွက်မယ့်အရာမျိုးတော့ မဟုတ်ဘူးပေါ့။
သူကြိုက်တာ သူလက်ခံ၊ ငါကြိုက်တာ ငါလက်ခံပေါ့။


ဘာသာဋီကာမျာတော့ အဲဒါလေးနဲ့ ပတ်သက်ပြီး ပြောထားတာ ရှိသေးတယ်။
စာမျက်နှာ ၄၀၀ မှာ ထင်တယ်။


..... ဤပြခဲ့သော ပါဠိတော်နှင့် ယုတ္တိများအရ ဝတ္ထုရုပ်တစ်မျိုး ရှိထိုက်ကြောင်းကား ထင်ရှားလေသည်။
ထိုဝတ္ထုရုပ်သည် နှလုံးအိမ်အတွင်းမှာ တည်ရှိကြောင်းကိုလည်း ဤသို့ သိရာ၏ ... တဲ့။ ဒါက ဆရာတော်ရဲ့ အကြောင်းပြချက်ပေါ့လေ။


..... တစ်စုံတစ်ခုသော အကြံကို စူးစူးစိုက်စိုက် ကြံစည်သည့်အခါ၊ တစ်စုံတစ်ခု စိတ်မချမ်းမြေ့ဖွယ် ဖြစ်သည့်အခါတို့၌ စိတ်မှ အပူဓာတ်သည် မှီရာဝတ္ထုသို့ ကူးစက်၍ ထိုဝတ္ထုရုပ်မှ အပူဓာတ်လည်း ဝတ္ထုရုပ်တည်ရာ သွေးများနှင့်တကွ နှလုံးအိမ်မှာ ကူးစက်သဖြင့် ရင်ပူလာပုံကိုလည်းကောင်း၊


ထို့ပြင် ပြင်းထန်သော အမြောက်သံ စသည်ကို ကြားရာ၊ တစ်စုံတစ်ယောက်က ခြောက်လှန့်သည်အခါတို့၌ စိတ်ဓာတ်တုန်လှုပ်သဖြင့် နှလုံးသွေးနှင့် ရင်များခုန်နေပုံကိုလည်းကောင်း၊


အပြင်းအထန် သောကနှိပ်စက်သည့်အတွက် နှလုံးကွဲ (ရင်ကွဲ)ပုံကိုလည်းကောင်း၊


အလွန်ပျော်ရွှင်သည့်အခါ ရင်ထဲမှာ တစ်မျိုးတစ်ဖုံဖြစ်နေပုံကိုလည်းကောင်း ထောက်၍ စိတ်၏ မှီရာ ဝတ္ထုရုပ်သည် နှလုံးအိမ်အတွင်းမှာ တည်ရှိသည်ဟု ယုံကြည်ထိုက်လှပြီ။


ဤသို့ နှလုံးအိမ် ဟဒယအတွင်းမှာ တည်ရှိသောကြောင့်ပင်လျှင် ဤဝတ္ထုရုပ်ကို ဟဒယဝတ္ထုဟု နာမည်တပ်ရလေသည်။

ယခုခေတ် လောကဓာတ်ဆရာအချို့တို့ကား နှလုံးအိမ်မှ သွေးပူလေပူတို့ အထက်သို့ ပြန်တက်သဖြင့် ဦးခေါင်း၌ နောက်ကျုရှုပ်ထွေးလျက်ရှိသည်ကို အထောက်အထားပြုပြီးလျှင် စိတ်ဝိညာဏ်သည် ဦးနှောက်မှာ တည်ရှိ၏ဟု ပြောဆိုမိကြလေသည်။


+++++


ရုပဝိဘာဂ

ရုပ် ၂၈ ပါးကို အမျိုးမျိုး ခွဲခြားပြခြင်း။


တစ်မျိုးတည်းသော ရုပ်အဖြစ် သတ်မှတ် ခွဲခြားခြင်း။


ရုပ်မှန်လျှင် -
  • ‘အဟေတုက’သာ ရှိ၏။ ‘သဟေတုက’ဟု မရှိ။
  • ‘သပ္ပစ္စယ’သာ ရှိ၏။ ‘အပ္ပစ္စယ’ဟု မရှိ။
  • ‘သာသဝ’သာ ရှိ၏။ ‘အနာသဝ’ဟု မရှိ။
  • ‘သင်္ခတ’သာ ရှိ၏။ ‘အသင်္ခတ‘ဟု မရှိ။
  • ‘လောကိယ’သာ ရှိ၏။ ‘လောကုတ္တရ’ဟု မရှိ။
  • ‘ကာမာဝစရ’သာ ရှိ၏။ ‘ရူပါဝစရ’ စသည် မရှိ။
  • ‘အနာရမ္မဏ’သာ ရှိ၏။ ‘သာရမ္မဏ’ဟု မရှိ။
  • ‘အပ္ပဟာတဗ္ဗ’သာ ရှိ၏။ ‘ပဟာတဗ္ဗ’ဟု မရှိ။


အဟေတုက = လောဘစသော ဟိတ်များနှင့် မယှဉ်။
သပ္ပစ္စယ = ကံ, စိတ်, ဥတု, အာဟာရ အကြောင်းကြောင့် ဖြစ်၏။
သာသဝ = အာသဝေါတရားတို့၏ အာရုံ ဖြစ်၏။
သင်္ခတ = ကံစသော အကြောင်းတစ်ခုခုက ပြုစီမံအပ်၏။
လောကိယ = လောကီတရားဖြစ်၏။
ကာမာဝစရ = ကာမတဏှာ၏ ကျင်လည်ရာ (အာရုံပြုရာ) ဖြစ်၏။
အနာရမ္မဏ = အာရုံကို မယူတတ်။
အပ္ပဟာတဗ္ဗ = အကုသိုလ်ကိလေသာကဲ့သို့ ပယ်၍ မရ။


+++


နှစ်မျိုးသော ရုပ်အဖြစ် ခွဲခြားခြင်း။

  • အဇ္ဈတ္တိကရုပ် (အတွင်းကျသော ရုပ်) - ပသာဒရုပ် ၅-ပါး နှင့် ဗာဟိရရုပ် (အပြင်အပရုပ်) - ကျန် ရုပ် ၂၃-ပါး ဟု နှစ်မျိုး ရှိ၏။
  • ဝတ္ထုရုပ် (မှီရာဖြစ်သော ရုပ်) - ပသာဒရုပ် ၅ + ဟဒယ (=ပေါင်း ၆ ပါး) နှင့် အဝတ္ထုရုပ် (မှီရာမဟုတ်သော ရုပ်) - ကျန် ရုပ် ၂၂-ပါး ဟု နှစ်မျိုး ရှိ၏။
  • ဒွါရရုပ် (ဒွါရဖြစ်သော ရုပ်) - ပသာဒရုပ် ၅ + ဝိညတ် ၂ (=ပေါင်း ၇ ပါး) နှင့် အဒွါရရုပ် (ဒွါရမဖြစ်သော ရုပ်) - ကျန် ရုပ် ၂၁-ပါး ဟု နှစ်မျိုး ရှိ၏။
  • ဣန္ဒြိယရုပ် (အစိုးရသော ရုပ်) - ပသာဒရုပ် ၅ + ဘာဝ ၂ + ဇီဝိတ (=ပေါင်း ၈ ပါး) နှင့် အနိန္ဒြိယရုပ် (အစိုးမရသော ရုပ်) - ကျန် ရုပ် ၂၀ ဟု နှစ်မျိုး ရှိ၏။
  • သြဠာရိကရုပ် (ကြမ်းသောရုပ်/ဉာဏ်၌ သိလွယ် မြင်လွယ်သော ရုပ်) - ပသာဒ ၅ + ဝိသယ ၇ (=ပေါင်း ၁၂ ပါး) နှင့် သုခုမရုပ် (သိမ်မွေ့သောရုပ်/ဉာဏ်မှာ သိလွယ် မြင်လွယ် မဟုတ်သော ရုပ်) - ကျန် ရုပ် ၁၆-ပါး ဟု နှစ်မျိုး ရှိ၏။
  • သန္တိကေရုပ် (နီးသော ရုပ်)၊ ဒူရေရုပ် (ဝေးသော ရုပ်) ဟု နှစ်မျိုး ရှိ၏။ (သြဠာရိက-သုခုမ နှင့် တူ၏)
  • သပ္ပဋိဃရုပ် (ထိခိုက်မှုရှိသော ရုပ်)၊ အပ္ပဋိဃရုပ် (ထိခိုက်မှု မရှိသော ရုပ်) ဟု နှစ်မျိုး ရှိ၏။ (သြဠာရိက-သုခုမ နှင့် တူ၏။)
  • ဥပါဒိန္နရုပ် (ကံ၏ အကျိုးဖြစ်သော ရုပ်/ကံကြောင့်ဖြစ်သော ရုပ်) - ကမ္မဇရုပ် ၁၈ ပါး နှင့် အနုပါဒိန္နရုပ် (ကံ၏အကျိုးမဟုတ်သော ရုပ်/ကံကြောင့်မဖြစ်သော ရုပ်) ဟူ၍ နှစ်မျိုး ရှိ၏။
အနုပါဒိန္နရုပ်ကို စိတ်, ဥတု, အာဟာရ အကြောင်းသုံးမျိုးကြောင့် ဖြစ်သောကြောင့် တိဇရုပ်ဟု ခေါ်၏။
(အချို့နေရာများ၌ သုတ္တန်နည်းအရ သက်ရှိကို ဥပါဒိန္န၊ သက်မဲ့ကို အနုပါဒိန္နဟု သုံး၏။)
  • သနိဒဿနရုပ် (မြင်ကောင်းသော ရုပ်) - ရူပါရုံ နှင့် အနိဒဿနရုပ် (မမြင်ကောင်းသော ရုပ်) - ကျန် ရုပ် ၂၇-ပါး ဟူ၍ နှစ်မျိုး ရှိ၏။
  • ဂေါစရဂ္ဂါဟကရုပ် (အာရုံကို ယူတတ်သော ရုပ်) - ပသာဒရုပ် ၅ ပါး နှင့် အဂေါစရဂ္ဂါဟကရုပ် (အာရုံကို မယူတတ်သော ရုပ်) - ကျန် ရုပ် ၂၃-ပါး ဟူ၍ နှစ်မျိုး ရှိ၏။
  • အဝိနိဗ္ဘောဂရုပ် (တစ်ခုစီ ခွဲ၍ မရသော ရုပ်) - မဟာဘုတ် ၄ + ရူပ + ဂန္ဓ္ဓ + ရသ + အာဟာရ (သြဇာ) (=ပေါင်း ၈ ပါး) နှင့် ဝိနိဗ္ဘောဂရုပ် - ကျန် ရုပ် ၂၀ ဟူ၍ နှစ်မျိုး ရှိ၏။

+++++


အဘိဓမ္မာသင်တန်း အပတ်စဉ် (၃၈)နှင့် (၃၉) သင်ခန်းစာပို့ချချက်များ ပြီးသော် လောကချမ်းသာ စနေနေ့တရားပွဲအဖြစ် အရှင်ဝိမလက “ကလေးငယ်အသွင်”ဟူသော တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။




တရားပွဲပြီးသော ၁၀-မိနစ်ခန့် တရားရှုမှတ်ကြပြီး ကုသိုလ်အစုစုတို့ကို အမျှပေးဝေကြလေသည်။


သာဓု ... သာဓု ... သာဓု။

Read more...

*အမြတ်များများ ကျန်ချင်သလား*

ဒီနေ့ သူငယ်ချင်းတစ်ယောက် အလုပ်မှာ အဆင်မပြေလို့တဲ့ဗျာ.. လုပ်ဖော်ကိုင်ဖက် တစ်ယောက် နေမကောင်းလို့ သတင်း သွားမေးတာကို သူ့အောက်က အငယ် လုပ်ဖော် ကိုင်ဖက်တွေပါ ခေါ်သွားလို့တဲ့.. ဆိုတော့ကာ အပေါ်နဲ့ အဆင်မပြေဘူးပေါ့.. ဘာတွေ မှန်းတော့ မသိပါဘူး.. အဲဒါ စိတ်ညစ်နေတာနဲ့ ကျွန်တော့်ဆီ စာရေးပြီး စာရရင် စာပြန်ပါဦးဆိုလို့.. ကျွန်တော်လည်း စိတ်ကူးထဲ ပေါ်ရာ ရေးလိုက်မိတယ်.. ရေးလိုက်တဲ့ စာကို မူရင်းအတိုင်းပဲ ဖော်ပြလိုက်ပါတယ်.. အမြင်လေး တစ်ချက်လောက်တော့ ရကောင်းပါရဲ့..

***********************************

အေး သူငယ်ချင်းရေ..

ဒီလိုပါပဲ ဖြစ်တတ်ပါတယ်.. ရလာတဲ့ ဘ၀ကိုက ဒုက္ခတောထဲမှာဆိုတော့ စိတ်ညစ်ရတာ မဆန်းပါဘူး..

နင့်ကို ဆရာဦးဆန်းလွင် အကြောင်း ပြောပြဦးမယ်.. ဆရာက တစ်နေ့ သူ့သမီးငယ်နဲ့ အတူ စာကြည့်တိုက်ကို သွားတယ်တဲ့.. စာကြည့်တိုက်ထဲ ၀င်တော့ ဖိနပ်က ချွတ်ခဲ့ရတာပေါ့.. ဆရာကလည်း အဲဒီ့နေ့က စီးလာတဲ့ ဖိနပ်က အကောင်းကြီး ရှိသေးတယ်.. စစီးတာ မကြာသေးဘူး..

အဲ.. အဲလိုနဲ့ စာကြည့်တိုက်က ပြန်ထွက်တော့ ဖိနပ်က မရှိတော့ဘူး.. တစ်ယောက်ယောက်က ယူစီးသွားတာပေါ့ဟာ.. ပြောရရင်တော့ အခိုးခံရတာပေါ့.. အဲလို ဆရာ ဖိနပ်ပျောက်တာ ကိုလည်း မြင်ကော... ပါလာတဲ့ သမီးငယ်က ဘာပြောသလဲ ဆိုတော့..

"ဟ ဟ ဖေကြီး အရင်ဘ၀က သူများဖိနပ် ခိုးခဲ့လို့ ခု ဖေကြီးဖိနပ် ပျောက်သွားပြီ ဟဲ ဟဲ" တဲ့..

အဲတော့ဟာ ငါပြောချင်တာ နင် သဘောပေါက်မှာပါ.. လောကမှာ ကြုံတွေ့နေရသမျှဟာ ကိုယ်လုပ်ခဲ့တာ ကိုယ်ပြန် ခံစားနေကြတာလေ.. ကိုယ်စိုက်တဲ့ အသီး ကိုယ် ပြန်စားရတာပေါ့.. ကိုယ်က သရက်ပင်စိုက်ရင် သရက်သီးစားရမယ်.. ကိုယ်က လိမ္မော်ပင် စိုက်ရင်တော့ လိမ္မော်သီးပေါ့.. ဒါက ရှောင်လွှဲလို့ မရတဲ့ အရာတွေပဲလေ..

လူတော်တော်များများက ကောင်းတဲ့ လောကဓံကျတော့ ပျော်ရွှင် ကြည်နူးနိုင်ကြပြီး အဆိုး လောကဓံလည်း လာရော.. မခံစားနိုင်ကြတော့ ဘူးဟ.. အဲဒီမှာတင် ဟိုလူ့ အပြစ်တင်၊ ဒီလူ့ အပြစ်တင် ဖြစ်ကြကော..

ဆရာတော် တစ်ပါး ဆုံးမရာမှာ အမှန်က အဲလို မဖြစ်သင့်ဘူးတဲ့.. အကောင်းလောကဓံ လာလို့လည်း မာန တက်စရာ မလိုသလို၊ အဆိုး လောကဓံ လာရင်လည်း စိတ်ညစ်စရာ မလို ဘူးတဲ့.. ဘာလို့လည်း ဆိုတော့ မာနတက်တာတို့ စိတ်ညစ်တာတို့က အကုသိုလ် တရားတွေပဲ ဖြစ်လို့ သေသေချာချာ စဉ်းစားကြည့်ရင် ကိုယ့်အတွက် အရှုံးချည်းပဲတဲ့.. ဒီမှာတင် ဘယ်လို ဖြစ်ရမလဲဆိုတော့ ဆရာတော် ဆုံးမတာက..

အကောင်း လောကဓံ လာခဲ့ရင် "အော် ငါ.. အရင်က ကောင်းခဲ့လို့ ခုကောင်းနေတာပဲ.. အခု ဆက်ပြီး ကောင်းတာတွေ လုပ်ရင်တော့ နောင် ကောင်းမှာပဲ" လို့ နှလုံးသွင်း ဆင်ခြင် လုပ်ဆောင်ရမယ်.. အဆိုးလောကဓံနဲ့ တွေ့ရင်လည်း "ငါ အခု အဆိုး လောကဓံ ကြုံနေရတာဟာ အရင်က မကောင်းခဲ့လို့.. ဒါကို ဘေးချိတ်ပြီး အခုလက်ရှိမှာ ကောင်းတာတွေ လုပ်ဆောင်မယ် ဆိုရင်တော့ နောင်ကောင်းမှာပဲ" ဆိုပြီး ဆင်ခြင် နှလုံးသွင်းပါတဲ့.. ဒါဆိုရင်တော့ ကိုယ့်အတွက် မရှုံးတဲ့ အပြင် အမြတ်ကြီးပဲ ပေါ့ဟာ..

ငါ့သူငယ်ချင်းတစ်ယောက် အမြတ် ရိက္ခာထုတ်တွေ များများ ထုတ်နိုင်ပါစေ။

++++++++++++++++++++++

အကိုး.. ပိုင်းလော့ ဆရာတော်ဘုရား ဟောကြားတော်မူသော တရားတော်မှ

လေးစားစွာဖြင့်
ဖိုးသား

Read more...

ဝိဓူရဇာတ် အဆက်

0005052Kph0.jpg

ဣရန္ဓတီလည်း ပုဏ္ဏကကို ခေါ်ဆောင်၍ ခမည်းတော်ထံ သွားသည်။ အကျိုးအကြောင်း လျှောက်ထားသည်။ နဂါးမင်းကလည်း “ဝိဓူရ အမတ်၏ နှလုံးကို ဆောင်ယူပေးနိုင်ပါက သမီးတော်နှင့် အမှန်ပင် လက်ထပ်ထိမ်းမြား ပေးမည်” ဟူ၍ ကတိပြုသည်။

ထိုအခါ ပုဏ္ဏကသည် ဦးရီးတော် ဝေဿဝဏ် နတ်မင်းကြီး စံရာ စတုမဟာရာဇ် နတ်ပြည်သို့ သွားရောက်သည်။ နတ်မင်းကြီး၏ ခွင့်ပြုချက်ကို ဉာဏ်ဆင်၍ ရယူနိုင်ရန် ဝေပုလ္လတောင်မှ မနောဟရပတ္တမြားကို ဆောင်လျက် ကောရဗျမင်းထံ သွားရောက်လေသည်။

ပုဏ္ဏကသည် လုလင်အသွင် ဆောင်လျက် ကောရဗျမင်းထံ သွားရောက်ခြင်းဖြစ်သည်။ မိမိ ပုဏ္ဏကဖြစ်ကြောင်း မပြော။ “အကျွန်ုပ်အမည် ကစ္စည်းဖြစ်သည်။ ကာလစမ္ပာနဂိုရ်ပြည်က လာသည်။ ကြွေအန်ကစားရာတွင် အတော်ဆုံးဖြစ်သော ကောရဗျမင်းကြီးနှင့် ကြွေအန်ကစားလို၍ လာသည်” ဟူ၍ ပြောဆိုသည်။

ထို့နောက် အသင့်ပါလာသော ပတ္တမြားကိုလည်း ထုတ်ပြသည်။ အာဇာနည် သိန္ဓောမြင်းကိုလည်း ယူပြသည်။ ယင်းတို့ မည်မျှ တန်ဖိုးရှိသည်ကိုလည်း လက်တွေ့ပြသသည်။

ပြီးသော် ပုဏ္ဏက က “အရှင်မင်းကြီး အကျွန်ုပ်၏ ပတ္တမြားကို လောင်းတမ်းပြု၍ ကြွေအန်ကစားပါမည်။ အရှင်မင်းကြီးနိုင်လျှင် သည်ပတ္တမြားကို ယူပါ” ဟူ၍ ဆို၏။

ကောရဗျမင်းကြီးက “ကစ္စည်းလုလင်၊ သင်နိုင်လျှင်လည်း ငါ၊ ငါ့မိဖုရားနှင့် ငါ့ထီးနန်းတို့မှ တစ်ပါး ကျန်သော ငါပိုင်ဆိုင်သမျှ အားလုံးတွင် သင်ကြိုက်ရာကို ယူပါ” ဟူ၍ လောင်းတမ်းပြု၏။

ထို့နောက် သူတို့နှစ်ဦးသည် တစ်ရာ့တစ်ပါးသော မင်းများနှင့် ပရိသတ်စုံညီရှေ့တွင် ကြွေအန်ကစားကြသည်။ အခါတိုင်းဆိုလျှင် ကောရဗျမင်း နိုင်အောင် အမိဟောင်းဖြစ်ခဲ့သော နတ်သမီးက တန်ခိုးဖြင့် ကူညီလေ့ရှိသည်။ ယခုလည်း နတ်သမီးက ကူမည်ပြုသည်။ သို့ရာတွင် နတ်ဘီလူးဖြစ်သူ ပုဏ္ဏကသည် နတ်သမီးကို မြင်တွေ့သွားသည်။ ချက်ချင်းပင် မျက်စောင်းထိုး၍ နှင်ထုတ်လိုက်သည်။ နတ်သမီးလည်း ကြောက်ရွံ့စွာဖြင့် ထွက်ပြေး သွားရလေသည်။ ထိုအခါ ကြွေအန်ကစားရာတွင် မင်းကြီး ရှုံးသွားလေသည်။

မင်းကြီးသည် စိတ်နှလုံး မသာမယာရှိသွားသည်။ ပုဏ္ဏက မူ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။ “အရှင်မင်းကြီး၊ ကျွန်ုပ်နိုင်ပြီ။ လောင်းတမ်းဥစ္စာကို ယခု ပေးတော်မူပါ” ဟူ၍ တောင်း၏။

မင်းကြီးက “ကစ္စည်းလုလင်၊ ငါစိုးပိုင်သော ဆင်၊ မြင်း၊ ကျွဲ၊ နွားဟူသော ရတနာတို့တွင် သင် အလိုရှိရာကို ယူလော့” ဟူ၍ ဆို၏။

ဤတွင် ပုဏ္ဏက က “အရှင်မင်းကြီး၊ အရှင်မင်းကြီးပိုင် ရတနာတို့တွင် ဝိဓူရသုခမိန် ဟူသော ရတနာသည် အမြတ်ဆုံးဖြစ်၏။ ဝိဓူရကို ကျွန်ုပ်အား ပေးပါလော့” ဟူ၍ တောင်းခံ၏။ ထိုအခါ မင်းကြီးသည် ပျာပျာသလဲ ငြင်းဆိုသည်။

“ကစ္စည်းလုလင်၊ ဝိဓူရ သုခမိန်သည် ငါ၏ ကျွန်မဟုတ်။ ငါပိုင်သော ရတနာတို့တွင် မပါဝင်ပါ။ ဝိဓူရသည် ငါ၏ ကိုယ်နှင့် ထပ်တူဖြစ်သည်။ ငါ၏ ဆွေမျိုးဖြစ်သည်။ ငါ၏ ကိုးကွယ်ရာ ဖြစ်သည်” ဟူ၍ ပြန်ပြော၏။

ထိုအခါ ပုဏ္ဏက က “အရှင်မင်းကြီး၊ ဝိဓူရသည် အရှင်မင်းကြီးနှင့် ထပ်တူဖြစ်သည်။ သို့မဟုတ် အရှင်မင်းကြီးပိုင် ကျွန်ဖြစ်သည်ဆိုသော ပြဿနာကို ကျွန်ုပ်တို့ နှစ်ဦး ဖြေရှင်း၍ ပြေလည်မည်မဟုတ်။ ဝိဓူရ သုခမိန်ကိုပင် တင်ပြ၍ သူ၏ အဆုံးအဖြတ်ကို ရယူရသော် မသင့်ပြီလော။ ဝိဓူရ၏ အဆုံးအဖြတ်အတိုင်း လိုက်နာကြပါစို့” ဟု ဆို၏။ မင်းကြီးလည်း သဘောတူ၏။

သို့ဖြင့် သူတို့နှစ်ဦးသည် ဝိဓူရထံ သွားကြသည်။ ဝိဓူရသည် မင်းကြီးကို မြင်လျှင် တရားဆုံးဖြတ်ရာ ပလ္လင်ထက်မှ လျှင်မြန်စွာ ဆင်းလာသည်။ မင်းကြီးကို ရှိခိုးလျက် သင့်လျော်သော နေရာ၌ နေ၏။

ကောရဗျမင်းကြီးနှင့် ပုဏ္ဏကတို့သည် ဖြစ်ပျက်ပုံ အလုံးစုံကို တင်ပြသည်။ ပြီးသော် ပုဏ္ဏက က ဝိဓူရအား “သုခမိန် ဝိဓူရသည် တရားဆုံးဖြတ်ရာ၌ တော်တည့် ဖြောင့်မတ် မှန်ကန်သည်ဟု ကျော်စောသည်။ ကျော်စောသည့်အတိုင်း ဟုတ်၊ မဟုတ်ကို ယနေ့ သိရပေတော့မည်။ သင် သုခမိန်သည် မင်းကြီး၏ ကျွန်ပေလော။ သို့မဟုတ် မင်း၏ ကိုယ်နှင့်ထပ်တူမျှသော ဆွေမျိုးပေလော” ဟူ၍ မေး၏။

ဝိဓူရက ‘ငါသည် မင်း၏ ဆွေမျိုးမဟုတ်။ သို့သော် ပုဏ္ဏက ယုံလောက်အောင် ဆွေမျိုးဖြစ်သည်ဟု လှည့်ပတ် ပြောသော် ပုဏ္ဏက မည်သို့ တတ်နိုင်မည်နည်း။ သို့ရာတွင် တရားဆုံးဖြတ်သူတို့၏ သစ္စာပျက်ယွင်း ပေတော့မည်။ မတော်မတရား ပြုရာ ကျပေတော့မည်။ လုံးဝမသင့်။ သစ္စာသည်သာ အဓိက ဖြစ်သည်။ အမှန်အတိုင်းသာ ပြောဆို ဆုံးဖြတ်ရတော့မည်” ဟူ၍ စဉ်းစားသည်။

သို့ဖြင့် “အမောင် လုလင်၊ ငါသည် မင်းနှင့်ထပ်တူဖြစ်သော ဆွေမျိုးမဟုတ်။ ကျွန်သာလျှင်ဖြစ်သည်။ အိမ်ပေါက်ကျွန်၊ ငွေဝယ်ကျွန်၊ ကိုယ်တိုင် အစေအပါးခံသည့် ဘယံဒါကျွန်၊ သုံ့ရကျွန်ဟူ၍ ကျွန်လေးမျိုးရှိသည်။ ယင်းတို့အနက် ငါသည် မင်းခစားဖြစ်သောကြောင့် ကိုယ်တိုင် အစေအပါးခံသည့် ဘယံဒါသကျွန်ပင် ဖြစ်သည်” ဟူ၍ ဟုတ်တိုင်းမှန်ရာ ဆို၏။

ပုဏ္ဏကသည် ဝမ်းမြောက်လှသဖြင့် “နိုင်ပြန်ပြီ” ဆိုကာ လက်ပန်းပေါက်ခတ်၏။ ကောရဗျမင်းမူ မကျေနပ်။ ‘ဝိဓူရသည် လှည့်ပတ်လိမ်လည် ပြောသင့်ပါလျက် မပြော’ ဟူ၍ ဝိဓူရကို စိတ်ဆိုးသည်။

(ဝိဓူရဇာတ်တော် အဆက်အား ဆက်တင်ပါမည်)


☺ပြီးပါပြီရှင်...။

Read more...

တရားဦးဟောရန် ကြွချီတော်မူခြင်း

Tuesday, July 06th, 2010 | Author: admin

(ယခင်ပို့စ်မှ အဆက်)

အာဠာရရသေ့၊ ဥဒကရသေ့ တို့အတွက် စိတ်အကြံတွေ ဖြစ်ပြီးနောက်မှာ..မြတ်ဗုဒ္ဓသည် တရားဦးဟောရန် တရားနာပရိတ်အတွက် ရှေ့တဆင့်တက် ဆင်ခြင်စဉ်းစားလေတော့သည်။ အဘယ်သူသည် တရားဦးနှင့် ထိုက်မည်နည်း။
ပဉ္စ၀ဂ္ဂီ (၅)ပါး ပဲ ဖြစ်၏။ ပဉ္စ၀ဂ္ဂီ တို့မှာ..

  1. ၀ပ္ပ
  2. ဘဒ္ဒိယ
  3. မဟာနာမ်
  4. အဿဇိ
  5. ကောဏ္ဍည

..တို့ ဖြစ်ကြသည်။
ထိုသူတို့မှာ အခြားမဟုတ်။ မြတ်ဗုဒ္ဓအလောင်းတော် ပဓာနအကျင့် အားထုတ်ခဲ့စဉ်ကာလက..ရေပူ ရေချမ်း ကမ်းလမ်းပြုစုခဲ့ပေးသော၊ ၀တ်ကြီး/၀တ်ငယ်ပြုစုခဲ့ပေးသောသူများ ဖြစ်၏။ ပဓာနအကျင့် ဆိုသည်မှာ ဒုက္ကရစရိယာအကျင့်ကို ခေါ်ဆို၏။ ထိုသူတို့၌ ကျေးဇူးရှိ၏။ မြတ်ဗုဒ္ဓအလောင်းတော်အား ပြုစုပေးခဲ့သော ကျေးဇူးပေတည်း။ မြတ်ဗုဒ္ဓသည် ကျေးဇူးကို သိတတ်ရာ၌လည်း အနှိုင်းမဲ့ဖြစ်၏။
မြတ်ဗုဒ္ဓအလောင်းတော်သည် (၆)နှစ်တိုင်အောင် ထို ဒုက္ကရစရိယာအကျင့်ကို ကျင့်ခဲ့၏။ ထိုအကျင့်သည် အတ္တကိလမထ အကျင့် တွင် အကျုံးဝင်၏။ အစွန်းရောက် အကျင့်ဖြစ်၏။ ထိုသို့ အစွန်းရောက်မှန်းကိုလည်း မြတ်ဗုဒ္ဓက..တရားဦး၌ ပြန်လည်ဟောပြလို့သာ သိရ၏။ တကယ်တော့ ထိုအချိန်က..ခေတ်စားသော အကျင့်ဖြစ်၏။ မြတ်ဗုဒ္ဓသည် ထိုအကျင့်ကို အစွန်းကုန် အားထုတ်ခဲ့ဖူး၏။ လွန်စွာ ပင်ပန်းဆင်းရဲစေသော အကျင့်ဖြစ်၏။ ထိုစဉ်က ပဉ္စ၀ဂ္ဂီ (၅)ပါးတို့သည်လည်း အမျှော်လင့်ကြီး မျှော်လင့်ကြပြီး မြတ်ဗုဒ္ဓအနားမှာပင် ပြုစုလျက် ရှိနေခဲ့ကြ၏။

ပင်ပန်းကြီးစွာ ကျင့်ရတိုင်း ဘုရားဖြစ်လျင် ငါသည် ဘုရားဖြစ်ထိုက်ပြီ..ငါ့ထက်လည်း အဘယ်သူမှ အပင်ပန်းခံ ကျင့်နိုင်ကြလိမ့်မည်မဟုတ် ခန္ဓာကိုယ်ကို ပြန်လည် မျှတအောင် အစာအဟာရ မှီဝဲပြီး တရားအားထုတ်လျင် ကောင်းပေစွ ဟု စိတ်အကြံပေါ်ပြီးသကာလ..

လုံးဝအစာမစားပဲ နေရာမှ ပြန်လည် စားသုံးခဲ့၏။ စားသုံးရသည် ဆိုသည်မှာလည်း ကုလားပဲ စွပ်ပြုပ်ရည်ကလေး၊ မပဲ စွပ်ပြုပ်ကလေး၊ (သို့) ပဲနောက် စွပ်ပြုပ်ရည်လေးမျှပင် ဖြစ်၏။ ထိုသို့ ပြန်လည် စားသုံးခြင်းအပေါ် ပဉ္စ၀ဂ္ဂီတို့သည် အထင်လွဲပြီး လက်လျော့သွားကြ၏။ ရဟန်းကြီး ဂေါတမတော့ ပဓာနအကျင့်မှ လျောကျသွားလေပြီ၊ ပစ္စည်းပေါများအောင် ဘုန်းကြီးအောင်တော့ လုပ်နေပြီဟု..သူတို့စိတ်ထဲမှာ မမျှော်လင့်တော့ဘဲ အဝေးသို့ ထွက်ခွါသွားကြတော့၏။
ယခု…မြတ်ဗုဒ္ဓ တရားဦးဓမ္မစကြာဟောမည်ဟု စိတ်ကြံသောအခါ သူတို့ ငါးပါး အနားမှာမရှိပေ။ အဘယ်အရပ်သို့ ရောက်နေပါသနည်း။ မြတ်ဗုဒ္ဓ ဒိဗ္ဗိစက္ကုအဘိဥာဏ်တော်ကို အသုံးပြုတော်မူပြီး ဆင်ခြင်လေပြီ။ သူတို့ငါးပါး ဗာရာဏသီမြို့ ဣသိပတန မိဂဒါဝုန်တောသို့ ရောက်ရှိနေကြသည်။ ဣသိပတန ဆိုသည်မှာ..ရသေ့ရဟန်း၊ ဆာဒူး၊ ပရဗိုဇ်တို့ လာရောက် အားထုတ်ရာဋ္ဌာနဖြစ်၏။ ရှေးမြတ်ဗုဒ္ဓတို့ တရားဦးဟောတော်မူရာ ဋ္ဌာနလည်း ဖြစ်၏။ မိဂဒါဝုန်တော ဆိုသည်မှာ သမင် ဒရယ် စတဲ့ တောကောင်များကို ဘေးမဲ့ပေးရာတောဖြစ်၏။ ထို ပဉ္စ၀ဂ္ဂီ ငါးပါးတို့ ရှိရာအရပ်သို့ မြတ်ဗုဒ္ဓ ကြွတော်မူရန် အချိန်တန်လေပြီ။
ထိုသို့တရားဦးဟောရန် ကြွတော်မူရာ၌လည်း ရှေးက သဗ္ဗညု ဘုရားတိုင်းသည် မိဂဒါဝုန်တောအရပ်သို့ ကောင်းကင်ခရီး ဈာန်ဖြင့် ကြွတော်မူကြသည်ချည်း ဖြစ်၏။ ဂေါတမမြတ်ဗုဒ္ဓမှာတော့ ကောင်းကင်ခရီးမှ မကြွဘဲ ခြေလျင်ခရီး ဖြင့်ပင် ကြွတော်မူသည်။ ခြေလျင်ခရီးဖြင့် ကြွခြင်းမှာ အကြောင်းရှိ၏။ လမ်းခရီးတွင် ဥပကတက္ကဒွန်းနှင့် ဆုံတွေ့ရမည် ဖြစ်သောကြောင့် ခြေလျင်ခရီးကို အသုံးပြုတော်မူခြင်း ဖြစ်၏။ သတ္တ၀ါတို့တွက် အကျိုးကျေးဇူးမဖြစ်စေဘဲ အချည်းအနှီးဖြစ်မည့်ကိစ္စ ဘယ်သောအခါမှ.. မြတ်ဗုဒ္ဓတို့ မပြုလုပ်ပေ။ ဂေါတမမြတ်ဗုဒ္ဓသည် ဘုရားရှင်အဖြစ်နှင့် အချိန်ကာလ အနည်းဆုံး နေရသော ဘုရားဖြစ်၏။ ဘုရားအဖြစ်နှင့် ၄၅ နှစ်သာ ရ၏။ ကာလမှာ တိုတောင်းလှ၏။ ထိုကာလအတွင်း လုပ်ဆောင်ရသော လုပ်ငန်းမှာတော့ များပြားလှပေ၏။ ရှေးသက်တော်ရှည် ဘုရားများနှင့် လုပ်ငန်းဆောင်တာမှာ အတူတူပင် ဖြစ်၏။ ထိုအချိန်တိုလေးအတွင်းမှာ ပြည့်စုံအောင် ဆောင်ရွက်ခဲ့ရ၏။ ချေချွတ်သင့်သော သတ္တ၀ါဝေနေယျကို တစ်ယောက်/တစ်ပါး မကျန်အောင် ဆင်ခြင်ရ၏..ဆင်ခြင်ပြီးသကာလ ထိုသူတို့ဆီသို့ ပင်ပင်ပန်းပန်းဖြင့် ကြွတော်မူ၍ တရားဟောရသေး၏။ ထိုကဲ့သို့ မနားမနေ သတ္တ၀ါတို့အား သံသရာခရီးခဲကြီးမှ ကယ်တင်ပေးနေသည့်ကြားမှ ခန္ဓာကိုယ်ရှိနေသေးသည့် အတွက် ကိုယ်တော်မြတ်ကိုယ်တိုင် ခန္ဓာဒုက္ခတို့ကို ခံစားရသေး၏။ ခဏခဏခံစားရသော ခါးတော်နာရသော ဒုက္ခ နှင့် ခေါင်းတော်ခဲရသော ဒုက္ခများဖြစ်၏။ ၀ဋ်များပင်ဖြစ်၏။

ယခု ဥရုဝေဠတောမှ မိဂဒါဝုန်တောသို့ တရားဦးဟောရန် ကြွတော်မူသောအခါတွင်လည်း ပင်ပင်ပန်းပန်း ခြေလျင်ခရီးဖြင့်ပင် ကြွတော်မူရသည်။ ထိုခရီးမှာလည်း ဝေး၏။ (၁၈)ယူဇနာ ဝေးသည်။ မိုင်အားဖြင့်ဆိုလျင် (၁၄၂)မိုင် ဝေးကွာသည်။
ထိုမျှလောက်ဝေးကွာသော ခရီးကို ကြွတော်မူစဉ် လမ်းခုလတ်တွင် ဥပက တက္ကတွန်းနှင့် တွေ့ခဲ့သည်။ ဥက တက္ကတွန်းသည် အ၀တ်မ၀တ်ဘဲ ကျင့်နေကြသော ဂိုဏ်းမှ ဖြစ်၏။ ထိုဂိုဏ်းကို ဂျိန်းဂိုဏ်းဟုခေါ်၏။ ထိုဂိုဏ်း၏ ဆရာကြီးမှာ နာဋပုတ္တ ဖြစ်သည်။
ထို ဥပကတက္ကတွန်းသည် မြတ်ဗုဒ္ဓကို မြင်သောအခါ..

ငါ့ရှင်ကြည့်ရတာ ဣနြေ္ဒတွေ တည်ငြိမ်ပါပေတယ်၊ ကြည်လင်သန့်ရှင်းလှပါပေတယ်။ အရေအဆင်းကလည်း သန့်ရှင်းဖြူစင်ပါ၏။ အပြစ်ကင်းစင်လှပါပေ၏။
ငါ့ရှင်.. အဘယ်သူ့ကို ရည်ညွှန်းပြီး ရဟန်းပြုသလဲ၊ သင့်ဆရာ အဘယ်သူလဲ၊ ဘယ်သူ့တရားတွေကို သင်နှစ်သက်ပါသလဲ ဟု
မေးလေ၏။
သူမေးသော ပုံစံမှာ လူသာမာန်တို့ အတန်းအစား သဘောထားပြီး သူနှယ်ငါ့နှယ်ဖြင့် မေးမြန်းလိုက်ခြင်းပင်ဖြစ်၏။

ထိုအခါ သဗ္ဗညုမြတ်ဗုဒ္ဓက…ရဲရဲတောက် ပြန်လည် မိန့်ကြားလေသည်…

ငါသည် အလုံးစုံသော တရားတို့ကို လွှမ်းမိုးစိုးပိုင်သော သူဖြစ်ပေ၏။ အဘယ်သူသည် ငါ့အပေါ်၌ ဆရာဖြစ်ရပါ့မလဲ။ ရှိရှိသမျှ တရားတွေအပေါ်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာသုံးပါးကို အလိုရှိလေသမျှ ပိုင်ပိုင်နိုင်နိုင်ဖြင့် သုံးသပ်နိုင်တဲ့ အရည်အချင်းရှိတဲ့အတွက် တရားအလုံးစုံအပေါ်မှာ ငါသည် လွှမ်းမိုး စိုးပိုင်နိုင်၏။ အလုံးစုံသော တရားတို့ကို အရဟတ္တဖိုလ်ပေါက် အသိဥာဏ်ရောက်ပြီးသူ ဖြစ်၏။ သိပြီးသား ပိုင်နိုင်ပြီးသား ဖြစ်ပေ၏။
ငါ့မှာ တဏှာ၊ မာန၊ ဒိဋ္ဌိ တွေ မငြိကပ်ဘူး။ တွယ်တာတပ်မက်တတ်တဲ့ တဏှာကို ဖယ်ရှားပြီးသောသူ ဖြစ်တဲ့အတွက်ကြောင့် တဏှာကုန်ရာ နိဗ္ဗာန်သို့ ညွှတ်သူ ကိုင်းသူ ဖြစ်၏။
ကိုယ်ပိုင်ဥာဏ်ဖြင့် နိဗ္ဗာန်ပရမတ်ကို ပိုင်းခြားထင်ထင် သိမြင်ပြီးဖြစ်တဲ့အတွက် အဘယ်သူကို ငါ့ဆရာဟူ၍ ညွှန်ကြားဖွယ်ရာ ရှိပါလိမ့်မည်နည်း။ ဆရာရယ်လို့ ညွှန်ပြစရာ မရှိပါဘူး။ လောကုတ္တရာတရားတွေ သိတဲ့နေရာမှာ ငါ့မှာ့ ဆရာမရှိပါဘူး။ ဆရာရှိဖို့ မပြောနဲ့ လောကုတ္တတရားတွေကို သိတဲ့နေရာမှာ ငါနဲ့တူတဲ့ ပုဂ္ဂိုလ် မရှိပေဘူး၊ နတ် ဗြဟ္မာများနဲ့တကွ သဗ္ဗလောကကြီးတခုလုံးမှာ ငါဘုရားနဲ့ တုပြိုင် ယှဉ်ပြိုင် ဖို့ရန် ပုဂ္ဂိုလ်ရယ်လို့ မရှိပါဘူး။ ငါနဲ့ ဂုဏ်ရည်တူသူ မရှိပေ။
ယခု ဓမ္မစကြာတရားဦးဒေသနာဟောဖို့ရန် ကာသိတိုင်း ဗာရာဏသီမြို့ မိဂဒါဝုန်တောသို့ သွားပေအံ့။
ပညာဥာဏ်မျက်စိမရှိသော အကန်းသဖွယ်ဖြစ်နေသော လူ နတ် ဗြဟ္မာ သတ္တ၀ါများအတွက် အမြိုက်နိဗ္ဗာန်စည်ကြီးကို ငါဘုရား တီးပေအံ့

ဟု…မိန့်တော်မူလေသည်။

ထိုအခါ ဥပကတက္ကတွန်းက..မထိတထိဖြင့် ငါ့ရှင်ပြောသလိုဆိုလျင် အနန္တဇိန ဖြစ်ထိုက်ပါသလော ဟု မေးပြန်သည်။

မြတ်ဗုဒ္ဓက..

လောကမှာ ငါကဲ့သို့သော ပုဂ္ဂိုလ်သာလျင် ဇိန အမည်ရပေတယ်။ အာသ၀က္ခဥာဏ်တော်ကို ရရှိပြီးပြီ။ ငါ့မှာ မကောင်းမှု တရားတွေကို ဖယ်ရှားခြင်း၌ အကြွင်းမဲ့ အောင်မြင်ပြီးပြီ ဖြစ်တဲ့အတွက်ကြောင့် ဥပက ငါကား ဇိန အမည်ရှိပေတယ်

ဟု..
ရဲရဲတောက် ပြန်လည် မိန့်တော်မူလေ၏။

ထိုအခါ ဥပကတက္ကတွန်းက…ဟုတ်ပါလိမ့်မည် ငါ့ရှင် ဟု
မယုံချင်ယုံချင် မယုံတ၀က် ယုံတ၀က်ဖြင့် ပြောပြီး ဘေးဖယ်ကာ သွားမြဲ အတိုင်း သူရည်ရွယ်ထားသော အရပ်ဆီသို့ သွားခဲ့လေသည်။

ဥပကတက္ကတွန်းကား အလွန်ကံထူးသည်။ ဘုရားရှင်စစ်နဲ့ တွေ့ဆုံခွင့်ရ၏။ သို့ပေမယ့်..သဗ္ဗညုဘုရားရှင် ပြန်လည် မိန့်တော်မူသော စကားတော်များအပေါ်၌ သူသည် အပြည့်အ၀ မယုံကြည်နိုင်သေးဘဲ.. သံသယ ခံနေသေး၏။ သူ၏ ထိုသံသယကြောင့်လည်း တရားဦးနှင့် လွဲခဲ့ရလေပြီ။ သို့ရာတွင် သူ၏ စိတ်ထဲမှာတော့ မြတ်ဗုဒ္ဓအပေါ်၌ သဒ္ဓါတရားလေးတော့ ဖြစ်သွားခဲ့သည်။ ထို့ကြောင့်လည်း နောင်အခါ သူ ဒုက္ခတွေ တသီချည်းရင်ဆိုင်ရတော့..မြတ်ဗုဒ္ဓရှိရာအရပ်သို့ ရောက်ရှိလာခဲ့ပြီး ရဟန်းဝတ်ခါ အနာဂါမ် အရိယာကြီးဖြစ်သွားခဲ့ပေ၏။ ထိုဖြစ်ပေါ်လာမည့် ဥပက၏ အကျိုးစီးပွားကို မျော်မြင်တော်မူသောကြောင့်လည်း မြတ်ဗုဒ္ဓသည် ခြေလျင်ခရီးဖြင့် မိဂဒါဝုန်တောသို့ ကြွခဲ့ခြင်းဖြစ်လေ၏။

ထိုသို့ ဥပက နှင့် တွေ့ဆုံပြီးနောက် မြတ်ဗုဒ္ဓသည်လည်း အစဉ်သဖြင့် မိဂဒါဝုန်တောသို့ ဆက်လက် ခရီးဒေသစာရီ ကြွတော်မူခဲ့လေသည်။

25
(img: မြတ်ဗုဒ္ဓ နှင့် ဥပကတက္ကတွန်း -၊ မြန်မာကျူးပစ်မှ ယူထားပါသည်)

အောက်ပါတရားတော်နာယူပြီး ရေးသားထားသည်။
ဓမ္မစကြာတရားတော် အပိုင်း (၃) - မင်းကွန်းဆရာတော်ဘုရားကြီး

Read more...

သဘာဝ က သဘော တွေ့ စရာ




ဖခမည်းတော် သုဒ္ဓေါဓနမင်းကြီးက မြတ်စွာဘုရားအား လျှောက်ထားခဲ့ပုံမှာ -

တပည့်တော် အရှင်ဘုရားဆီက အခွင့်ရေး တစ်ခု တောင်းဆိုချင်ပါတယ်။
အဲဒါက အရှင်ဘုရား အတွက်လည်း သင့်လျော်တဲ့ဟာပါ။ အပြစ်မရှိတဲ့ ကိစ္စပါ။

အရှင်ဘုရား ရဟန်းပြု တောထွက် သွားချိန်တုံးက
တပည့်တော် ရင်ထဲမှာ အနပ္ပကမ်း ဒုက္ခတွေ ခံစားခဲ့ရတယ်။
ဒုတိယ က နန္ဒမင်းသား ရဟန်းပြုပေးတုန်းကလည်း ဒီအတိုင်းပါပဲ။

ခုအခါ တပည့်တော် မြေးတော်လေး ရာဟုလာ ကို ဓမ္မအမွေ ပေးလိုက်တာဟာလည်း
တပည့်တော် အတော်လေး ခံစားရတယ် ဘုရား။

ဒါကြောင့်မို့  တောင်းပန်းပါရစေ။ အမေအဖေ ခွင့်မပြုပဲ ကိုရင်ဝတ်တာ
ရဟန်းခံပေးတာ မလုပ်ပါနဲ့ လား ဘုရား- တဲ့။

ဖခမည်းတော် မင်းကြီးအား ဘုရားရှင် တရားဟောကြားပြီး ပြန်သွားပြီးနောက်မှာတော့ -
မိဘ ခွင့်မပြုရင် ရှင်ပြုရဟန်းခံ မပြုလုပ်ရ။ ပြုလုပ်ရင် ဒုက္ကဋ်အာပတ်သင့်စေ။( ပညတ်ချက်)။
( မဟာဝဂ္ဂ ပါဠိ - ၁၁၆)

ပညတ်တော်မူတာကို ကြည့်ပြီး ကိုယ်ကလည်း လူမျိုးစုံတဲ့ လူပုံ အလယ် မှာ
ဖေဖေ မေမေ တို့  သားကို ရှင်ပြုခွင့်ပေးပါ ဆိုပြီး သုံးကြိမ် ဆိုလည်းဆို ၀တ်လည်းချ ။
ခွင့်တောင်းစေခဲ့တယ်။ မိဘများက ခွင့်ပြုပါတယ်။ သုံးခါပြောကြရတာပေါ့။
ဒါလေးကို ပရိသတ်တွေကို ရှင်းပြခဲ့ပါတယ်။
ခွင့်တောင်းခံခြင်း အမှတ်တရ ပုံ






ရှင်လောင်းက ဆရာဘုန်းကြီးကို သင်္ကန်း မကပ်ခိုင်းပဲ ဒါယကာတွေကို
ကပ်ခိုင်းလိုက်တော့တယ်။
ဒါယကာက ဘုန်းကြီးကို သင်္ကန်း ကပ်တဲ့ သဘောပေါ့။

ရှင်လောင်းကို ဆရာ့ထံသို့  သင်္ကန်းကပ်ခြင်း၊
ဆရာ့ထံမှ သင်္ကန်းတောင်းခြင်း ကို
မောင်ရင်လောင်းကို မဆိုခိုင်းတော့ဘူး။ မလိုအပ်ဘူးလည်း ထင်ပါတယ်။





ရှင်လောင်းကို ရှင်မပြုခင် သွန်သင် ဆုံးမ ပြောဆိုခဲ့စဉ်




ရှင်၊ သာမဏေ ၊ ကိုရင် ဖြစ်ချင်ပါတယ် ဆိုတဲ့ အကြောင်း
ရည်ရွယ်ချက်ပါ ထည့်လျှောက်ခိုင်း ဆိုစေခဲ့တယ်။

ရည်ရွယ်ချက်ကား -
အလုံးစုံသော သံသရာ ၀ဋှ် ဆင်းရဲမှ ထွက်မြောက်ရာ
နိဗ္ဗာန်ကို မျက်မှောက် ပြုပါရခြင်း အကျိုးငှါ-
ကိုရင် ၀တ်ခွင့် ပေးပါဘုရား တဲ့။
သေချာအောင် သုံးခေါက်ပြောစေခဲ့ပါတယ်။



ကိုရင် တစ်ပါးဖြစ်ဖို့ အတွက်ကတော့-

၁။ ခေါင်းရိတ်ဆံချရတယ်။
( နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ရှိရင်တော့ အဲဒီအမွေးပါ ရိတ်ရတာပေါ့။
၂။သင်္ကန်းဝတ်ရတယ်။
၃။ သရဏ ဂုမ် ပီသ စွာ ရွတ်တတ်ရတယ်။
( မဟာဝဂ္ဂ ပါဠိ - ၁၁၅)


ထို့ နောက် ကိုရင့် ကျင့်ဝတ်များ ကျင့်ကြံ လိုက်နာရတာပေါ့။

ရှင်သာမဏေ ဘ၀ အမှတ်တရ




အသက်ထက် သီလ သိက္ခာကို အရိုသေ ပေးနေကြတဲ့
ကိုရင်လေး နဲ့  မေမေ ၊ ဖေဖေ ၊ မမ တို့ 
အမှတ်တရ


မှတ်ချက် ။ ။ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်များ တန်းစီကာ
လှည့်လည်သည့် ဓာတ်ပုံများ ကျန်သေးသည်။
ဖြေးဖြေးချင်း တင်ဆက်သွားပါမည်။
မှတ်တမ်း တင်ထိုက်သည်မို့ ။


မြတ်ရောင်နီ
( ၀၇ ၊ ၀၇ ၊ ၂၀၁၀ )

Read more...

အတိတ်တချိန်က အိပ်မက်များ (၅)

အရှင် ရာဟုလာသည် အကြောင်းတရားများစွာ ဆက်စပ်ဖန်တီးလာပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်မှာ မြင့်မြတ်တဲ့ ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ ပညာသင်ယူခဲ့ဖူးတဲ့ ကျောင်းတိုက်တွေကတော့-
(၁) ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ရွေရွာ-အလယ်ကျောင်း
(၂) ရန်ကုန်မြို့၊တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ မင်္ဂလသုခပါဠိတက္ကသိုလ်
(၃) ကမာရွက်မြို့နယ်၊ အေးရိပ်မွန်ရိပ်သာ၊ သာသနာအေး ပရိယတ္တိစာသင်တိုက်
(၄) ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ၅၀-ရပ်ကွက်၊ အောင်မြေရတနာ ပရိယတ္တိစာသင်တိုက်
(၅) ရသေ့တောင်မြို့၊ သီရိသောမာရုံ စာသင်တိုက်
(၆) နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ် (ရန်ကုန်)
(၇) တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ မဟာသန္တိသုခသာသနာပြုကျောင်းတော်ကြီး
အစရှိသော ကျောင်းတိုက်များတွင် သီတင်းသုံးနေထိုင်ပြီး ပညာသင်ယူဆည်းဖူးခွင့်ရရှိခဲ့ပါတယ်။
ဆယ်နှစ်တာကာလအတွင်း မူလတန်း၊ ပထမငယ်တန်၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ဓမ္မာစရိယတန်း၊ တက္ကသီလဓမ္မာစရိယတန်းတို့အပြင် ရန်ကုန်တက္ကသိုလ်မှ B.A ဘွဲ့ကိုပါရရှိခဲ့ပါတယ်။ ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်၏ နိုင်ငံခြားသာသနာပြု စီမံကိန်းတွင် ၀င်ခွင့်အောင်မြင်ပြီးနောက် အထူးသင်တန်းသားအဖြစ် (၂)နှစ် သင်တန်းတက်ခဲ့ရပါတယ်။ ထိုကာလအတွင်း မိမိကို ထောက်ပံ့ကူညီကြတဲ့ တကာ တကာမတွေကို ဘာသာ သာသနာတော်ဆိုင်ရာ ဗဟုသုများနှင့် အင်္ဂလိပ်စာပေများကို သင်ကြားပို့ချပေးခြင်းဖြင့် ကျေးဇူးတုန့်ပြန်ခွင့်ရရှိခဲ့ပါတယ်။
အရှင်ရာဟုလာသည် ၂၀၀၀ပြည့် လွန်နှစ်များမှစ၍ နိုင်ငံခြားသို့ထွက်ခွါလာခဲ့ပါတယ်။ အဖော်မပါ တစ်ကောင်ကြွက်တမျှက်နှာ ဘ၀ဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့ရပါတယ်။ မလိုလားသူ အချို့တို့က
ရာဟုလာကို နိုင်ငံခြားမှာ ရပ်တည်ခွင့်မရအောင် ဖိအားပေးတာကိုလည်း ခံခဲ့ရဖူးပါတယ်။ သို့သော်မလျှော့သော ဇွဲလုံ့လတို့ဖြင့် ကြိုးစားအားထုတ်ခဲ့ပါတယ်။ ပညာလိုလားသော ရာဟုလာဟာ သီရိလင်္ကာနိုင်ငံသို့ ကြွရောက်ပြီး ပညာသင်ယူဆည်းပူးခဲ့ရာ Buddhist and Pali University မှ M.A ( Buddhism) နှင့် Kalaniya University မှ M.A ( Buddhism)ဘွဲ့တို့ကို ရရှိခဲ့ပါတယ်။ သို့သော် M.A ဘွဲ့ဆိုတာက လမ်းတ၀က်သာရှိသေးတဲ့ အတွက် Ph.D (philosophy) ဘွဲ့ကိုလည်း အိန္ဒိယနိုင်ငံ အနောက်ပိုင်း Pune ဆိုတဲ့မြို့မှာ ငါးနှစ်လောက် Peseach လုပ်ကာ ပြီးမြောက်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်အတွင်း စင်ကာပူ၊ မလေးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ ၊ ထိုင်းစသောနိုင်ငံများမှာ မြန်မာရဟန်းတော်များ ခြေရာချင်းထပ်နေလောက်ပါတယ်။ ရာဟုလာ အခန်းကဏ္ဍကတော့ မိမိဒေသမှ နိုင်ငံခြားသို့ ရောက်ရှိနေသူများကို ကူညီစောင့်ရှောက်ယင်း Local များကိုပါ -- တရားဓမ္မ ဖြန့်ဝေကာ သာသာသနာပြုစင်တာများ တည်ထောင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် မလေးရှား၊ ကွာလာလမ်ပူမှာ နေထိုင်သူအချိုတို့က နေရာယူချင်ကြတဲ့အတွက် နောက်တစ်လမ်း ပြောင်းရပါတယ်။ အဲဒီအခါကျပြန်တော့လည်း သူတို့ကဆက်ပြီး ကန့်ကွက်ကြပြန်ပါတယ်။ ဒါကြောင့်စင်ကာပူမှာပဲ ဒေသခံတွေရဲ့အကူအညီနဲ့ ကျောင်းတစ်ကျောင်းတည်ထောင်ဖြစ်ပါတယ်။ ကျောင်းတိုက် စည်ကားလာတဲ့အခါမှာတော့ ရာဟုလာဟာ တံမျက်စည်းလှည်းအဆင့်လောက် လိုလိုဖြစ်တယ်လို့ သတ်မှတ်ခြင်း ခံရပြန်ပါတယ်။ အကြောင်းအမျိုးမျိုးတို့ကြောင့် အဲဒီကျောင်းကို စွန့်လွတ်လှူဒါန်းလိုက်ကာ မိမိအစွမ်းအစနဲ့ တစ်ကပြန်စပြီး လျှောက်ရမည့်လမ်းစဉ်ကို ချမှတ်ကာ လွန်ခဲ့တဲ့နှစ်က စတင်ပြီး အကောင်းအထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ယခုတော့ ဘုန်းတော်ကြီးကျောင်းနာမည်နဲ့ စင်ကာပူအစိုးရက မှတ်ပုံတင်ချပေးထားပြီးဖြစ်ပါတယ်။ ကျောင်းအမည်က Jayamangala Buddhist Vihara ဖြစ်ပါတယ်။ မိုးကုတ် ဓမ္မရိပ်သာအဖြစ် ဖွင့်လှစ်ထားပါတယ်။ 'စေတနာကောင်းရင် ကံကောင်းတယ်' ဆိုတဲ့စကားအတိုင်း ရာဟုလာရဲ့စေတနာက အံ့မခန်းပါပဲ။ ကျောင်းတိုက်ကို ရောက်ဖူးသူတိုင်း သိကြမှာပါ။ ကြီးမားခန့်ထည်တဲ့ ကြေးဆင်းတုတော်မြတ်ကြီးက လှပတဲ့ ဘုရားကျောင်းခန်းမဆောင်မှာ သီတင်းသုံးစံပယ်နေတာက ဖူးမြင်ရသူတိုင်း စိတ်ချမ်းမြှေ့ရပါတယ်။ စေတနာကောင်းတဲ့ပုဂ္ဂိုလ်များ မှီတင်းနေထိုင်ရာအရပ်ကိုရောက်ရင် ရဟန်းရှင်လူ အများပြည်သူတို့ ကြည်နူးကြရပါတယ်။

Read more...

ပဋ္ဌာန်းဆက်…

“အခုလို တစ်ယောက်နဲ့တစ်ယောက် တွေ့ကြဆုံကြရတာ ဒါဟာ ပဋ္ဌာန်းဆက်ကြောင့်ပဲ၊ ပဋ္ဌာန်းဆက် ရှိလို့သာ ဒီလိုနေရာမျိုးမှာ လာဆုံတွေ့ကြတာပေါ့...”စတဲ့ အပြောတွေနဲ့ ပဋ္ဌာန်းဆက် ဆိုတဲ့ စကားကို မြန်မာဗုဒ္ဓဘာသာအများ တော်တော်များများ အသုံးပြု ပြောဆိုကြတာ တွေ့ရတတ်ပါတယ်။ တစ်လောကပဲ ကျောင်းသားတွေ ကျောင်းကိုရောက်လာပြီး “ဘုန်းဘုန်းဘုရား… တပည့်တော်တို့ရဲ့ ပဋ္ဌာန်းဆက် ကတော့ တော်တော်ကို အံ့သြစရာကောင်းတယ်၊ ဒီလိုနေရာမှာ ဒီလိုလူမျိုးတွေနဲ့ လာပြီးတွေ့ဆုံဖြစ်မယ်လို့ တစ်ခါမှကို စိတ်ကူးမရှိခဲ့ဘူးဘုရား..”စသဖြင့် သူတို့တွေ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်မှာ တွေ့ကြဆုံကြရတဲ့ သူတွေအကြောင်း ပြောဆိုဖြစ်ကြပါသေးတယ်။ သူတို့တွေလည်း ပဋ္ဌာန်းဆက် ဆိုတဲ့ စကားကို ဘယ်ရယ်မသိ ပြောဆိုကြပြန်ပါတယ်။ သူတို့စကားကို နားထောင်ပြီး ဘုန်းဘုန်းက “ကလေးတို့တွေ ပဌာန်းဆက် ဆိုတဲ့ စကားကို တော်တော်များများ ပြောဆိုသုံးစွဲတတ်ကြတယ်၊ ဒီစကားရဲ့ တိကျတဲ့ အဓိပ္ပါယ်က ဘာလဲ”လို့ ရုတ်တရက် မေးလိုက်တော့ သူတို့တွေ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး “ဘာကိုရည်ရွယ်တယ် ဆိုတာတော့ နားလည်သလိုရှိတယ်၊ တိတိကျကျ အဓိပ္ပါယ်တော့ မပြောတတ်ဘူးဘုရား”လို့ လျှောက်ပါတယ်။ ဒါနဲ့ ဘုန်းဘုန်းလည်း ဒီပဋ္ဌာန်းဆက် ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်နဲ့ ဆက်စပ်ရာ အကြောင်းတွေကို သူတို့နားလည်အောင် ပြောပြဖြစ်ပါတယ်။

ပဋ္ဌာန်းဆက်ဆိုတဲ့ စကားကို အလွယ် နားလည်အောင် ပြောရရင် အကြောင်းအကျိုး ဆက်စပ်မှုလို့ ပြောနိုင်ပါတယ်။ တကယ်တော့ ဒီပဋ္ဌာန်းဆက်ဆိုတဲ့ စကားမှာပါတဲ့ ပဋ္ဌာန်းက ပဋ္ဌာနဆိုတဲ့ ပါဠိကို မြန်မာလို ပဋ္ဌာန်းလို့ အလွယ် ပြောလိုက်ကြတာ ဖြစ်ပါတယ်။ ပ တစ်ပုဒ်၊ ဌာန တစ်ပုဒ်ခွဲပြီး ပ က အထူးထူးအပြားပြားလို့ အဓိပ္ပါယ်ရကာ ဌာန ကတော့ အကြောင်းလို့ အဓိပ္ပါယ်ရပါတယ်။ ပဋ္ဌာနလို့ တစ်ပေါင်းတည်း ဆိုရင်တော့ အထူးထူးအပြားပြား များစွာသော အကြောင်းတရားလို့ ဆိုနိုင်ပါတယ်။ ဒီသဘောအရ ဘယ်အရာမဆို အကြောင်းတရားက အရေးကြီးတယ်ဆိုတာ သိနိုင်ပါတယ်။ အကြောင်းကင်းပြီး ဖြစ်တဲ့အရာ မရှိဘဲ အကြောင်းတရားများကြောင့် အကျိုးတရားများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ ဒီလိုအကြောင်းတရား အမျိုးမျိုးကြောင့် အကျိုးတရားအနေနဲ့ တစ်ခုပြီးတစ်ခု ဆက်စပ်ဖြစ်ပေါ် လာခဲ့ကြတာကိုပဲ ပဋ္ဌာန်းဆက်ကြောင့်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပဋ္ဌာန်းဆက်ဆိုတာ အကြောင်းအကျိုး ဆက်စပ်မှုပဲလို့ ဆိုခြင်းဖြစ်ပါတယ်။

ဟုတ်ပါတယ်။ လောကမှာရှိတဲ့ သူတွေကို ကြည့်လိုက်ရင် ပဋ္ဌာန်းဆက်နဲ့ ကင်းတဲ့သူ တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ ကျင်လည်ခဲ့ရတဲ့ ဘ၀သံသရာတွေကလည်း များလေတော့ တစ်ချိန်မဟုတ်တစ်ချိန် ပဋ္ဌာန်းဆက်တွေ ရှိခဲ့ကြ၊ ပဋ္ဌာန်းဆက်တွေ ဖြစ်ခဲ့ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ဘယ်လိုမှ မျှော်မှန်းမထားတဲ့ နေရာတွေမှာ ဘယ်တုန်းကမှ မစဉ်းစားဖူးတဲ့ သူတွေနဲ့တွေ့ပြီး ဒီဘ၀မှာ တော်စပ်ခဲ့တဲ့ သူတွေနဲ့ ဝေးကာ တစ်ခြားသူတွေနဲ့ တွေ့ကြဆုံကြ ကြုံကြရတာ ဖြစ်ပါတယ်။ မွေးတာကတစ်နေရာ နေရတော့ တစ်နေရာ ဖြစ်နေကြတဲ့အပြင် တစ်မိသားစုတည်း ဖြစ်နေပေမယ့် တစ်နေရာစီဖြစ်နေပြီး မတူညီတဲ့ မိသားစု အသိုင်းအ၀ိုင်းတွေနဲ့ ပဋ္ဌာန်းဆက်တွေ ဖြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ ဘ၀သံသရာ ကျင်လည်ခဲ့ချိန်က ဆက်စပ်ခဲ့ကြတဲ့ အကြောင်းတရား ပဋ္ဌာန်းဆက်များကြောင့်ပဲ ဖြစ်ပါတယ်။ ကျင်လည်ခဲ့ရတဲ့ ဘ၀ါဘ၀တွေက များလွန်းလှတော့ တစ်ဘ၀မဟုတ် တစ်ဘ၀မှာ တစ်နည်းနည်းနဲ့တော့ ပဋ္ဌာန်းဆက်တွေ ရှိခဲ့ကြပြီး ဒီအကြောင်း တရားတွေကပဲ ဒီဘ၀မှာ မမျှော်မှန်းထားတဲ့ အကျိုးဆက်တွေအဖြစ် ပြန်လည်တွေ့ကြုံ ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က အနမတဂ္ဂသံယုတ်မှာ “ရဟန်းတို့… ဤသံသရာ၏ အစကို မသိနိုင်၊ အ၀ိဇ္ဇာဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည်ဖြစ်၍ ဤဘ၀မှ ထိုဘ၀၊ ထိုဘ၀မှ ဤဘ၀သို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တ၀ါတို့၏ ရှေ့အစွန်းသည် မထင်နိုင်၊ ရဟန်းတို့… ဤရှည်စွာသော ကာလ၌ အမိမဖြစ်ဖူးသော သတ္တ၀ါကို ရလွယ်သည်မဟုတ် (အမိမဖြစ်ဖူးသော သူမရှိ) (မာတုသုတ်)၊ အဖမဖြစ်ဖူးသော သတ္တ၀ါကို ရလွယ်သည်မဟုတ် (ပိတုသုတ်)၊ ညီအစ်ကို မဖြစ်ဖူးသော သတ္တ၀ါကို ရလွယ်သည်မဟုတ် (ဘာတုသုတ်)၊ ညီမနှစ်မအစ်မ မဖြစ်ဖူးသော သတ္တ၀ါကို ရလွယ်သည်မဟုတ် (ဘဂိနိသုတ်)၊ သားမဖြစ်ဖူးသော သတ္တ၀ါကို ရလွယ်သည်မဟုတ် (ပုတ္တသု)၊ သမီးမဖြစ်ဖူးသော သတ္တ၀ါကို ရလွယ်သည်မဟုတ် (ဓီတုသုတ်)၊ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း…၊ ရဟန်းတို့… ဤသံသရာ၏ အစကို မသိနိုင်၊ အ၀ိဇ္ဇာဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည်ဖြစ်၍ ဤဘ၀မှ ထိုဘ၀၊ ထိုဘ၀မှ ဤဘ၀သို့ ပြေးသွားကျင်လည် ကြရကုန်သော သတ္တ၀ါတို့၏ ရှေ့အစွန်းသည် မထင်နိုင်၊ ရဟန်းတို့ ဤသို့လျှင် ရှည်စွာသော ညာဉ့်တို့ပတ်လုံး သင်တို့သည် ဆင်းရဲကို ခံစားရဘူးလေပြီ၊ ပြင်းထန်သော ဆင်းရဲကို ခံစားရဖူးလေပြီ၊ ပျက်ဆီးခြင်းကို ခံစားရဖူးလေပြီ၊ သချိုင်းမြေပုံသည် တိုးပွားလှလေပြီ၊ ရဟန်းတို့… ဤအလုံးစုံသော သင်္ခါရ တရားတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှတော့သည်သာတည်း၊ တပ်ခြင်းကင်းခြင်းငှါ သင့်လှတော့သည်သာတည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှတော့သည်သာတည်း…” (သံယုတ်ပါဠိတော်၊ အနမတဂ္ဂသံယုတ်) လို့ ဟောတော်မူပါတယ်။

ဒီဒေသနာတော်အရ သတ္တ၀ါတွေရဲ့ ဘ၀သံသရာ ရှည်ကြာမှု၊ ပဋ္ဌာန်းဆက် များနေမှုကို ကောင်းကောင်းသဘော ပေါက်နိုင်ပါတယ်။ မရေမတွက်နိုင်တဲ့ ဘ၀တွေမှာ ပြေးသွားကျင်လည်ကြရတဲ့ သတ္တ၀ါတွေအနေနဲ့ မဖြစ်ဖူးတဲ့ ဘ၀ဆိုတာ မရှိနိုင်ပါဘူး။ တစ်ချိန်ချိန်မှာ အဖေဖြစ်ချင်လည်း ဖြစ်ခဲ့ကြမှာပါ။ အမေဖြစ်ချင်လည်း ဖြစ်ခဲ့ကြမှာပါ။ အစ်ကိုအစ်မ၊ ညီညီမ၊ ဇနီးမယား လင်ယောကျာ်း စသဖြင့် ဘ၀အစုံစုံမှာ တစ်မျိုးမျိုးတော့ ဖြစ်ခဲ့ကြမှာ သေချာပါတယ်။ ဒီလို အကြောင်းတရားတွေ ရှိခဲ့ကြလို့လည်း ဒီဘ၀မှာ အကျိုးတရား အနေနဲ့ လာဆုံဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ လာဆုံတဲ့အခါမှာလည်း တစ်ချို့က အကောင်းတွေနဲ့ ဆုံကြပေမယ့် တစ်ချို့ မကောင်းတွေနဲ့ ဆုံကြရပြန်ပါတယ်။ ဒါကတော့ ပဋ္ဌာန်းဆက်ကောင်းတဲ့ သူက အကောင်းဆုံမှာဖြစ်ပြီး ပဋ္ဌာန်းဆက် မကောင်းတဲ့သူက မကောင်းဆုံရမယ့် သဘောပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဆုံဆုံ ဒါဟာ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီလိုအကြောင်းအကျိုးတွေ ဖြစ်နေကြတာကိုပဲ ဒီခေတ်စကားနဲ့ ပဋ္ဌာန်းဆက်ရှိနေကြတာလို့ ဆိုကြခြင်း ဖြစ်ပါတယ်။

တစ်ဘက်က ပြန်ကြည့်ရင်လည်း ဒီလို ပဋ္ဌာန်းဆက်တွေ ရှိနေသမျှ ဘ၀မှာ သံသရာရှည်မှုတွေက ရှိနေကြဦးမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်းတရားတွေ ရှိနေသမျှ အကျိုးတရားအနေနဲ့ ဆင်းရဲတွေလည်း ရှိနေကြရဦးမှာ ဖြစ်ပါတယ်။ ပဋ္ဌာန်းဆက်တွေကို မဖြတ်နိုင်သေးသမျှ နောက်ထပ်အဆက် အဆက်တွေက ထပ်ထပ်ဖြစ်နေကြဦးမှာ ဖြစ်ပါတယ်။ ဒီဘ၀မှာ ပဋ္ဌာန်းဆက်ကောင်းလို့ သူတော်ကောင်းတွေနဲ့ တွေ့သူတွေ ရှိကြသလို၊ ပဋ္ဌာန်းဆက် မကောင်းတဲ့အတွက် မကောင်းတဲ့ သူတွေနဲ့ တွေ့ကြဆုံကြ ကြုံကြရသူတွေလည်း ရှိနေကြပေမယ့် ဘယ်လိုလူမျိုးတွေနဲ့ပဲ ကြုံကြုံ ပဋ္ဌာန်းဆက်တွေကို မဖြတ်နိုင်သေးရင်တော့ တစ်ခါပြန်ပြီး ဆုံကြရဦးမှာ ဖြစ်ပါတယ်။ တစ်ခါဆုံတဲ့ အခါမှာတော့ အကောင်းအဆိုးတွေနဲ့ ကြုံမကြုံဆိုတာ သေချာပေါက် မပြောနိုင်ပါဘူး။ အကောင်းဆုံးကတော့ အသေချာဆုံးဖြစ်တဲ့ ဒီဘ၀မှာပဲ ပဋ္ဌာန်းဆက်တွေကို ဖြတ်နိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။

သေချာတွေးကြည့်လိုက်ရင် သတ္တ၀ါတွေရဲ့ ပဋ္ဌာန်းဆက်ကို ရှည်ကြာစေမှုတွေမှာ တွယ်တာမှု သံယောဇဉ်တွေက အဓိကကျစေပါတယ်။ ပုထုဇင်တွေရဲ့ သဘောကိုက ဖြစ်ရာဘ၀မှာ တွယ်တာတပ်မက်တတ်တဲ့ ဘ၀နိကန္တိက လောဘဇောက ရှိနေကြတော့ ဘယ်နေရာ ဘယ်ဒေသရောက်ရောက်၊ ဘယ်လူမျိုး ဘယ်ပုဂ္ဂိုလ်တွေနဲ့ပဲ ကြုံကြုံ အစပိုင်းမှာ အခက်အခဲ ဖြစ်တတ်ကြပေမယ့် နောက်တော့လည်း အဲဒီနေရာလေးကို သဘောကျရတာနဲ့ အဲဒီလူမျိုးတွေကို သဘောကျရတာနဲ့ မခွဲနိုင်၊ မခွါရက် ဖြစ်ကုန်ကြတာပါပဲ။ ဒါတွေဟာ ဘယ်သူမှလုပ်တဲ့ ပဋ္ဌာန်းဆက်တွေမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ ပဋ္ဌာန်းဆက်တွေပဲ ဖြစ်ပါတယ်။ ဒီပဋ္ဌာန်းဆက်တွေ ရှည်အောင်လုပ်နိုင်တာလည်း ကိုယ်ပဲဖြစ်သလို ပဋ္ဌာန်းဆက်တိုအောင် လုပ်နိုင်တာလည်း ကိုယ်ပဲဖြစ်ပါတယ်။ ဒါကြောင့် အကောင်းအဆိုး မလို၊ သံသရာရှည်မှာကို မလိုတဲ့ သူတွေအနေနဲ့ ကိုယ်ကိုယ်တိုင်ပဲ ဒီပဋ္ဌာန်းဆက်တွေကို ဖြတ်နိုင်အောင် ကြိုးစားကြရမှာပါလို့ ဆိုခြင်း ဖြစ်ပါတယ်။

ပဋ္ဌာန်းဆက်တွေကို ဖြတ်ဖို့ဆိုတာကတော့ ဉာဏ်နဲ့ဖြတ်မှပဲ ပြတ်မှာဖြစ်ပါတယ်။ ၀ိပဿနာဉာဏ်နဲ့ အကြောင်းပဋ္ဌာန်းတွေကို ဖြတ်နိုင်မှ အကျိုးတွေလည်း ပြတ်မှာဖြစ်ပါတယ်။ အကြောင်းပြတ်သွားပြီဆိုရင် အကျိုးလည်း မထပ်တော့ဘဲ နောက်ထပ်ပြန်ပြီး ဘ၀သစ်ဖြစ်စရာပါ မရှိနိုင်တော့ပါဘူး။ နောက်ထပ်ဘ၀သစ် မဖြစ်ဘူးဆိုရင် ဒါဟာ နိဗ္ဗာန်ဝင်သွားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပဋ္ဌာန်းဆက်တွေကို ဖြတ်ပြီး နိဗ္ဗာန်ဝင်နိုင်ဖို့ အတွက် အရိယာမဂ်ဉာဏ်တွေ ရစေနိုင်တဲ့ ၀ိပဿနာအလုပ်ကို ကြိုးစားအားထုတ်ကြဖို့ သူတော်ကောင်းများက တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် လောကမှာ ပဋ္ဌာန်းဆက်ကြောင့် သံသရာကျင်လည်ရင်း ခဏတဖြုတ် လာတွေ့ကြရတဲ့ အခိုက်မှာ အတိတ်အတိတ်က တော်စပ်ခဲ့ဖူးတဲ့ ဆွေမျိုးတွေနဲ့ ပြန်တွေ့တာပဲလို့ သဘောထားပြီး ပဋ္ဌာန်းဆက်ကောင်းတွေနဲ့ ကြုံကြရသူတွေ အနေနဲ့လည်း အခုကောင်းနေပေမယ့် နောင်ကြုံရမယ့် ပဋ္ဌာန်းဆက်ဟာ ဘယ်လိုရှိမယ်ဆိုတာ မသိနိုင်သလို ပဋ္ဌာန်းဆက်ဆိုးတွေနဲ့ ကြုံကြရသူတွေ အနေနဲ့လည်း ဒီထက်ဆိုးတဲ့ ပဋ္ဌာန်းဆက်တွေနဲ့ မကြုံဖူးဆိုတာ မသိနိုင်တဲ့အတွက် လက်ရှိအခြေအနေမှာပဲ အကောင်းအဆိုး အကြောင်းပဋ္ဌာန်းဆက်တွေကို မဆက်ဘဲ နေနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပဋ္ဌာန်းဆက် ပဋ္ဌာန်းဆက်လို့ ပြောနေကြသူတွေ အနေနဲ့ ပဋ္ဌာန်းဆက်ဆိုတာ တစ်ခြားမဟုတ်၊ အကြောင်းအကျိုး ဆက်စပ်မှုကို ဆိုတာဖြစ်ကြောင်း သေချာသဘောပေါက် နားလည်ပြီး အကြောင်းရှိနေသမျှ အကျိုးရှိနေမှာ ဖြစ်တဲ့အတွက် အကောင်းအဆိုး အကြောင်းအကျိုး တရားများဟာ ကောင်းကောင်းဆိုးဆိုး သံသရာရှည်ကြာမှုကိုသာ ဖြစ်စေနိုင်ကြောင်း နှလုံးသွင်းဆင်ခြင်ကာ အကြောင်းဖြစ်တဲ့ ပဋ္ဌာန်းဆက်တွေကို ဉာဏ်နဲ့ဖြတ်နိုင်အောင် သတိတရားလက်ကိုင်ထားလို့ အမြန်ဆုံး ကြိုးစားသင့်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် အသိတရား ပါးလိုက်ရပါတယ်။ အားလုံး ပဋ္ဌာန်းဆက်တွေကို ဖြတ်နိုင်ကြပါစေ…။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP