* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, June 28, 2010

ရဟန်းတော်များ အရက်သောက်မှု...



သိက္ခာပုဒ် အမှတ် ၁၀၀


သုရာပါနသိက္ခာပုဒ်




ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် စေတီယတိုင်း၌ ဒေသစာရီ လှည့်လည်သည် ရှိသော် ဘဒ္ဒဝတိကာရွာသို့ ရောက်တော်မူ၏။ နွားကျောင်းသား ဆိတ်ကျောင်းသား လယ်ထွန်သမား ခရီးသွားသော သူတို့သည် အဝေးက ပင်လျှင် မြတ်စွာဘုရား ကြွလာတော်မူ သည်ကို မြင်၍ ''အသျှင်ဘုရား သရက်ပင်ဆိပ်သို့ ကြွတော် မမူပါလင့်၊ သရက်ပင်ဆိပ် ရသေ့၏ ကျောင်းသင်္ခမ်း၌ လျင်သော ကြမ်းသော အဆိပ်ရှိသည့် တန်ခိုးနှင့် ပြည့်စုံသော နဂါးသည် နေပါ၏ ဘုရား၊ ထိုနဂါးသည် မြတ်စွာဘုရားကို မညှဉ်း ဆဲပါစေလင့်'' ဟု လျှောက်ကုန်၏၊ ဤသို့ လျှောက်သည် ရှိသော် မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော် မူ၏။

နှစ်ကြိမ်မြောက်လည်း...ပ...

သုံးကြိမ်မြောက်လည်း...ပ...

ထိုအခါ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ လှည့်လည်သည်ရှိသော် ဘဒ္ဒဝတိကာရွာသို့ ဆိုက်ရောက်တော်မူ၍ ထိုဘဒ္ဒဝတိကာရွာ၌ပင် သီတင်းသုံး နေတော်မူ၏။

ထိုအခါ အသျှင်သာဂတသည် သရက်ပင်ဆိပ်ရသေ့ ကျောင်းသင်္ခမ်းသို့ ချဉ်းကပ်လျက် မီးတင်းကုတ်သို့ ဝင်၍ မြက်ဖျာကို ခင်းပြီးလျှင် ထက်ဝယ်ဖွဲ့ခွေနေကာ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေ၍ ထိုင်၏။

ထိုအခါ နဂါးသည် အသျှင်သာဂတ ဝင်လာသည်ကို မြင်၍ နှလုံးမသာယာသဖြင့် အခိုးလွှတ်၏၊ အသျှင်သာဂတသည်လည်း အခိုးလွှတ်၏၊ ထိုအခါ နဂါးသည် အမျက်ဒေါသကို သည်းမခံနိုင်၍ အလျှံလွှတ်၏၊ အသျှင်သာဂတသည်လည်း တေဇောကသိုဏ်းကို ဝင်စား၍ အလျှံလွှတ်၏၊ ထိုအခါ အသျှင်သာဂတသည် နဂါး၏ တန်ခိုးကို မိမိ၏ တန်ခိုးဖြင့် ကုန်စေ၍ ဘဒ္ဒဝတိကာရွာသို့ ချဉ်းကပ်၏။

ထိုအခါ မြတ်စွာဘုရားသည် ဘဒ္ဒဝတိကာရွာ၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံး နေတော်မူပြီးလျှင် ကောသမ္ဗီပြည်သို့ ဒေသစာရီ လှည့်လည်ကြွသွားတော်မူ၏။ ကောသမ္ဗီပြည်သား ဥပါသကာတို့သည် ''သရက်ပင်ဆိပ်၌ နေသော နဂါးနှင့်အတူ အသျှင်သာဂတသည် စစ်ထိုးသတက်'' ဟု ကြားကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ လှည့်လည်တော်မူသည် ရှိသော် ကောသမ္ဗီပြည်သို့ ရောက်တော်မူ၏၊ ထိုအခါ ကောသမ္ဗီပြည်သား ဥပါသကာတို့သည် မြတ်စွာဘုရားအား ခရီးဦးကြိုဆို၍ အသျှင်သာဂတထံသို့ ချဉ်းကပ်ပြီးနောက် အသျှင်သာဂတကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ကုန်လျက် ''အသျှင်ဘုရား အသျှင်ဘုရားတို့အား အဘယ်ဝတ္ထုပစ္စည်းသည် ရခဲပါသနည်း၊ နှစ်ခြိုက်ဖွယ်လည်း ဖြစ်ပါသနည်း၊ အဘယ်ဝတ္ထုပစ္စည်းကို စီရင်ရပါကုန်အံ့နည်း'' ဟု လျှောက်ကုန်၏။

ဤသို့ လျှောက်သည် ရှိသော် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကောသမ္ဗီပြည်သား ဥပါသကာတို့ကို ''ဒါယကာတို့ ကာပေါတိက အမည်ရှိသော 'ခိုခြေအဆင်းနှင့်တူသည့် နီသော အဆင်းရှိသော' ကြည်လင်သော သေအရက်သည် ရဟန်းတို့အား ရလည်း ရခဲ၏၊ နှစ်ခြိုက်ဖွယ်လည်း ဖြစ်၏၊ ထိုသေအရက်ကို စီရင်ကုန်လော့'' ဟု ပြောဆိုကုန်၏။

ထိုအခါ ကောသမ္ဗီပြည်သား ဥပါသကာတို့သည် အိမ်တိုင်း အိမ်တိုင်း၌ ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို စီရင်ပြီးလျှင် ဆွမ်းခံဝင်လာသော အသျှင်သာဂတကို မြင်၍ ''အသျှင်ဘုရား အသျှင်သာဂတသည် ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို သောက်တော်မူပါလော့၊ အသျှင်ဘုရား အသျှင်သာဂတသည် ကာပေါတိက မည်သော ကြည်လင်သော သေအရက်ကို သောက်တော် မူပါလော့'' ဟု အသျှင်သာဂတကို လျှောက်ကုန်၏၊ ထိုအခါ အသျှင်သာဂတသည် အိမ်တိုင်း အိမ်တိုင်း၌ ကာပေါတိကမည်သော ကြည်လင်သော သေအရက်ကို သောက်၍ မြို့မှ ထွက်လာသည် ရှိသော် မြို့တံခါး ဝ၌ လဲကျ 'တိမ်းလဲ' လေ၏။

ဆဗ္ဗဂ္ဂီကဲ့သို့သော ရဟန်းဆိုးများသည် လူကောင်းများကဲ့ရဲ့မည့် လုပ်ငန်းမှန်သမျှ လုပ်ကိုင်ကြပေသည်... တပည့်များ အလိုလောဘကြီးလျှင် ဆရာများလည်း ဒုက္ခရောက်ကြရပေ၏... နဂါးကိုနိုင်အောင် ပြိုင်နိုင်သော တန်ခိုး အဘိညာဉ် တကယ်ရှိသော အရှင်သာဂရသည်ပင် ပျက်ဆီးရပေပြီ ဒုက္ခရောက်ရပေပြီ... သေရည်သေရက်သောက်ခြင်းမှာ ရဟန်းမဟုတ်သူ လူများပင် မပြုသင့်သော အမှုဖြစ်ပေသည်... တဏှာလောဘနောက် လိုက်ကြကုန်သော ရဟန်းဆိုး တို့ကလည်း မသင့်သော အမှုကို ပြုကြပေသည်... နားလည်မှု အသိကင်းသော ရွာသားတို့ကလည်း မသင့်သောအမှုများကို ရဟန်းတို့အကြိုက် လုပ်ပေးကြ ပေသည်... လူတွေက အပြစ်မမြင်တတ်လေ ရဟန်းတွေ ပျက်ဆီးလေများ ဖြစ်နေတော့မှာလားတော့ မသိပါပေ...

ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းတို့နှင့်အတူ မြို့မှ ထွက်ကြွလာသည် ရှိသော် မြို့တံခါးဝ၌ လဲနေသော အသျှင်သာဂတကို မြင်၍ ရဟန်းတို့ကို ''ရဟန်းတို့ သာဂတကို ယူဆောင်ခဲ့ ကုန်လော့'' ဟု မိန့်တော်မူ၏။ ထိုရဟန်းတို့သည် ''ကောင်းပါပြီ အသျှင်ဘုရား'' ဟု မြတ်စွာဘုရားအား ဝန်ခံပြီးကြလျှင် အသျှင်သာဂတကို ကျောင်းအရံသို့ ဆောင်ယူခဲ့၍ မြတ်စွာဘုရား ရှိတော်မူရာ အရပ်သို့ ခေါင်းပြုလျက် အိပ်စေကုန်၏။ ထိုအခါ အသျှင်သာဂတသည် ပြန်လှန်၍ မြတ်စွာဘုရား ရှိတော်မူရာ အရပ်ကို ခြေရင်းပြုလျက် အိပ်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့ ရှေးအခါ၌ သာဂတသည် ငါဘုရား၌ ရိုသေခြင်း တုံ့ဝပ်ခြင်းရှိသည် မဟုတ်ပါလော'' ဟု မေးတော်မူ၏။ အသျှင်ဘုရား ရိုသေခြင်း တုံ့ဝပ်ခြင်း ရှိသည် မှန်ပါ၏ဟု လျှောက်ကုန်၏။

ရဟန်းတို့ သာဂတသည် ယခုအခါ ငါဘုရား၌ ရိုသေခြင်း တုံ့ဝပ်ခြင် ရှိသေး၏လောဟု မေးတော်မူ၏။ အသျှင်ဘုရား ရိုသေခြင်း တုံ့ဝပ်ခြင်း မရှိတော့ပါဟု လျှောက်ကုန်၏။

ရဟန်းတို့ သာဂတသည် သရက်ပင်ဆိပ်၌ နေသော နဂါးနှင့်အတူ စစ်ထိုးသည် မဟုတ်ပါလောဟု မေးတော်မူ၏။ အသျှင်ဘုရား ဤသို့ စစ်ထိုးသည် မှန်ပါ၏ဟု လျှောက်ကုန်၏။

ရဟန်းတို့ ယခုအခါ သာဂတသည် နဂါးနှင့် အတူ စစ်ထိုးခြင်းငှါ စွမ်းနိုင်ပါဦး မည်လောဟု မေးတော်မူ၏။ အသျှင်ဘုရား မစွမ်းနိုင်တော့ပါဟု လျှောက်ကုန်၏။

ရဟန်းတို့ အကြင်သေအရက်ကို သောက်၍ မူးယစ်သောကြောင့် အမှတ်သညာ ကင်းရာ၏ 'မိန်းမော တွေဝေရာ၏'၊ ထိုသေအရက်ကို သောက်သင့်ပါ၏လောဟု မေးတော်မူ၏။ အသျှင်ဘုရား မသောက်သင့်ပါဟု လျှောက်ကုန်၏။

ရဟန်းတို့ သာဂတအား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့၏ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ ရဟန်းတို့ အဘယ်ကြောင့် သာဂတသည် သေအရက်ကို သောက်ဘိသနည်း။ ရဟန်းတို့ ဤ သာဂတ ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 326

''သေအရက်ကို သောက်ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ 100- 51-327

မြတ်စွာဘုရား ငွေအလှူခံတော့လည်း ပါစိတ် အရက်သောက်တော့လည်းပါစိတ် ဆိုတော့ကာ တစ်ချို့သော ဆရာတော်ဘုရားကြီးများ လူရှေ့တွင် ငွေအလှူခံ၍ ပါစိတ်အာပတ် အသင့်ခံနေကြချိန်ဖြစ်၍… ယခုအခါ တစ်ချို့သော ရဟန်းများသည်လည်း ပါစိတ်ခြင်းတူတူ ဆိုပြီးနောက် အရက်သောက် နေကြသည်ဟု ကြားသိရပေသည်… မြတ်ဗုဒ္ဓသာသနာတွင်းမှာ သည်လိုတွေ ဖြစ်နေကြပါပြီဘုရား… အပြစ်ပြောရဲသူလည်း မရှိသလောက်ကို နည်းနေပါပြီ… ကိုယ်က သူ့အမှားထောက်ပြလျှင် သူကလည်း ကိုယ်အမှားတွေ ထောက်ပြမည်ကို ကြောက်နေကြခြင်း ဖြစ်နေပေပြီဟု ထင်ပါသည်ဘုရား… သာသနာကို စောင့်ရှောက်သူများကလည်း စောင့်ရှောက်ကြပါသည်… သို့သော် ဖျက်သူနဲ့ စောင့်ရှောက်သူ အင်အားမမျှ၍ တဖြည်းဖြည်း ယိုယွင်းမှုတွေ ပိုများလာပါပြီဘုရား… သူတော်ကောင်းတို့သည် ရန်မလုပ်ဘဲ ပြုပြင်ကြပါသည်… တပည့်တော်လည်း ထို့အတူသာ ပြုပြင်သွားပါမည်ဘုရား…

၁ - သုရာပါနသိက္ခာပုဒ် အဖွင့်

သေ မည်သည် မုန့်ညက်ဖြင့် ပြုသော သေမုန့်ဖြင့် ပြုသော သေထမင်းဖြင့် ပြုသော သေတဆေးခပ်၍ ပြုသော သေအထူးထူးသော အရာဝတ္ထုတို့နှင့် ယှဉ်စေ၍ ပြုသော သေတည်း။

အရက် မည်သည် အပွင့်ဖြင့် ပြုသော အရက် အသီးဖြင့် ပြုသော အရက် ပျားရည်ဖြင့် ပြုသောအရက် ထန်းလျက် တင်လဲဖြင့်ပြုသောအရက် အထူးထူးသော အရာဝတ္ထုတို့နှင့် ယှဉ်စေ၍ ပြုသော အရက်တည်း။

သောက်ငြားအံ့ဟူသည် အယုတ်သဖြင့် သမန်းမြက်ဖျားဖြင့်သော်လည်း သောက်အံ့၊ ပါစိတ်အာပတ်သင့်၏။ သေအရက်၌ သေအရက်ဟု အမှတ်ရှိသည်ဖြစ်၍ သောက်အံ့၊ ပါစိတ်အာပတ်သင့်၏၊ သေအရက်၌ ယုံမှားရှိသည်ဖြစ်၍ သောက်အံ့၊ ပါစိတ်အာပတ် သင့်၏။ သေအရက်၌ သေအရက် မဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ သောက်အံ့၊ ပါစိတ်အာပတ် သင့်၏။ သေအရက်မဟုတ်သည်၌ သေအရက်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သေအရက် မဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ သေအရက် မဟုတ်သည်၌ သေအရက်မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။ 328

သေအရက်မဟုတ်ဘဲ သေအရက်၏ အဆင်း သေအရက်၏ အနံ့ သေအရက်၏ အရသာရှိသော အဖျော်ကို သောက်အံ့၊ ဟင်းချက်ရာ၌လည်းကောင်း၊ စမဲဟင်းလျာ ချက်ရာ၌လည်းကောင်း၊ ဆီချက်ရာ၌ လည်းကောင်း၊ သျှိသျှား ဖန်ခါး တင်လဲ၌လည်းကောင်း အနံ့ကောင်းစိမ့်သောငှါ သေအရက် အနည်းငယ် ထည့်ချက်၍ စားအံ့၊ သေအရက်မဟုတ်သော အရိဋ္ဌမည်သော ဆေးနက်ရေ အဖျော်ကို သောက်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 329

၁ - သုရာပါနသိက္ခာပုဒ်၊ ၆ - သုရာပါနဝဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

Khlong Ngae Visit

Yesterday both Amy and I followed Uncle Lim and 15 BMBMC members to Ajahn Sati's temple in Khlong Ngae, Southern Thailand.

We went in two vans, both Amy and I in the first with Mr Chuah and his family, Mr & Mrs Khor, and another couple in one van whereas, Uncle Lim, Mr Lee and the rest in another. We left BM at 1.30 pm and reaches Haadyai at 4 pm.

We stopped at Haadyai for a two hours shopping spree. Then we had our dinner in one of the Haadyai restaurant before proceeding to Khlong Ngae at 7 pm (Thai time)

Ajahn Sati's temple is in Khlong Ngae a small town situated between Danuk and Haadyai. But we had to go into the outskirt of Khlong Ngae and then turn into a rubber tree plantation.

We arrived at the temple at around 8 pm. Some devotees there welcome us and we proceed to pay respect to Ajahn Sati.

Then all of us decided to take our bath but since there are only 4 bathrooms near the shrine hall, Uncle Lim took three of us to another bathroom area about 10 minute walk up the hill. Whew! The water was cold but refreshing.

After taking our bath, Uncle Lim took us to the hanging cliff cave about 200 m uphill. We saw three bhikkhus there meditating. Both Mr Lee and I decided not to sleep there tonight although Uncle Lim will bring some of us there to sleep.

Coming back to the shrine hall, the ladies already lying down to sleep. I too find a place and luckily I brought my sleeping bag for there are mosquitoes all over the place. It was not that cool but rather humid in the hall.

Read more...

ပါရာဇိကကျသော ရဟန်းထံမှာ... (ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ))

ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၁၀- မှ...

ပါရာဇိကကျသော ရဟန်းထံ၌ ရှင်သာမဏေပြူလို့ ရှင်သာမဏေ ဖြစ်နိုင်ပါမလား ဘုရား...









Read more...

မာန…

မာနဟူသည် တက်ကြွခြင်း၊ ထောင်လွှားခြင်းဟု အဓိပ္ပါယ်ရ၏။ မာနတရား ရှိနေသမျှ ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးကိုသာ ဖြစ်နေကြမည့်အပြင် ပူလောင်မှုနှင့် လောင်မြိုက်ခံနေရမည်သာ ဖြစ်သဖြင့် ထိုမာနကို ကိလေသာတရား တစ်ခုအဖြစ်ဆိုကာ မကောင်းသော ဂတိသို့ ပိုဆောင်ပေးသည့် တရားတစ်ခုအဖြစ်လည်း ထုတ်ဖော်ပြသခြင်းဖြစ်၏။ ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်က ဣတိဝုတ်ပါဠိတော် မာနသုတ်တွင် မာနနှင့် ပတ်သက်၍ “အကြင်မာနဖြင့် ယစ်သူသတ္တ၀ါတို့သည် မကောင်းသောလားရာ ဂတိသို့ လားရောက်ကြကုန်၏၊ ထိုမာနကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် ထိုမာနကို ပယ်စွန့်ကုန်၏၊ ယင်းမာနကို ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်”ဟု ဟောတော်မူခြင်း ဖြစ်၏။ ဆိုလိုသည်မှာ မာနသည် ရှိခြင်းအားဖြင့် သတ္တ၀ါတို့အား တစ်စုံတစ်ခုမျှသော ကောင်းကျိုးကို မဖြစ်စေနိုင်သောကြောင့် မည်သို့သော အကြောင်းကြောင့်ပင်ဖြစ်စေ မာနမထားကြရန်လိုကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

စင်စစ် မာနသည် ကောင်းသည့်တရား မဟုတ်သော်လည်း ပုထုဇင်များအတွက် ပယ်ဖြတ်ရန် ခက်သည့်တရားတစ်ခုကား အမှန်ပင် ဖြစ်ပေ၏။ မာနမထားရန် မည်မျှပင် ကြိုးစားသော်လည်း ၀ိပဿနာဉာဏ်ဖြင့် အကြွင်းမဲ့ မပယ်သတ်နိုင်သေးသမျှ ထိုမာနသည် အချိန်မရွေး ပေါ်ပေါက်နေမည်သာ ဖြစ်၏။ တစ်ခါတစ်ရံ သတိတရားနှင့် မာနမထားရန် အဆက်အပြတ် ကြိုးစားအားထုတ်နေသဖြင့် အထိုက်အလျောက် ငုတ်လျှိုးနေတတ်သော်လည်း အကြွင်းမဲ့ပယ်သတ်ခြင်းမျိုး မဟုတ်သေးသဖြင့် မာနဖြစ်ဖွယ်အကြောင်း ပေါ်ပေါက်လာလျှင် မာနတရားကား ထင်ရှားလာတတ်ပြန်၏။

ယင်းမာနသည် ပုဂ္ဂိုလ် အယုတ်၊ အလတ်၊ အမြတ်မရွေး မည်သို့သော ပုဂ္ဂိုလ်မျိုးတွင်မဆို ဖြစ်ပေါ်တတ်ပြီး အခြေခံအားဖြင့် သေယျမာန၊ သဒိသမာန၊ ဟီနမာဟူသည့် မာနသုံးမျိုးသည် ပုဂ္ဂိုလ်တိုင်းတွင် ဖြစ်တတ်ကြောင်း ဗုဒ္ဓစာပေများတွင် ဖွင့်ဆိုရှင်းပြထား၏။ ထိုသုံးမျိုးတွင် သေယျမာနဟူသည် အမျိုးဇာတ်၊ ဂုဏ်၊ ပညာ၊ စည်းစိမ်ဥစ္စာ၊ အဆင်း၊ အခြံအရံအားဖြင့် သူတပါးထက် မြတ်၏ဟု ထင်မှတ်ထောင်လွှားသည့် မာနမျိုးဖြစ်ကြောင်း၊ သဒိသမာနဟူသည် ထိုအမျိုးဇာတ်၊ ဂုဏ်၊ ပညာ၊ စည်းစိမ်ဥစ္စာ၊ အဆင်း၊ အခြံအရံစသည်အားဖြင့် သင်တို့နှင့်ငါ့မှာ အတူတူသာဖြစ်သည်ဟု ထင်မှတ်ထောင်လွှားသည့် မာနမျိုးဖြစ်ကြောင်း၊ ဟီနမာနဟူသည် ထိုအမျိုးဇာတ်၊ ဂုဏ်၊ ပညာ စသည်အားဖြင့် ငါသည် သင်တို့အောက် နိမ့်ကျသော်လည်း သင်တို့ကို ဘာအရေးစိုက်ရမလဲဟု ထင်မှတ်ထောင်လွှားသည့် မာနမျိုးဖြစ်ကြောင်း အဋ္ဌကထာဆရာများက အဓိပ္ပါယ်အကျယ်ကို ဖွင့်ဆိုရှင်းပြလေ၏။

ဗုဒ္ဓစာပေတွင် ဖွင့်ဆိုရှင်းပြသည့် မာနအမျိုးအစားများအရ ပုဂ္ဂိုလ်အမျိုးမျိုးတွင် မာနအမျိုးမျိုး ဖြစ်နိုင်ကြောင်း ကောင်းစွာ သဘောပေါက်နိုင်ပေ၏။ မည်သည့်ပုဂ္ဂိုလ်မဆို တစ်နည်းနည်းဖြင့် မာနတစ်မျိုးမျိုး ရှိနေနိုင်ကြသော်လည်း မာနရှိခြင်းအားဖြင့် အကျိုးတစ်စုံတစ်ရာ မပြုနိုင်သည်မှာ သေချာလှပေ၏။ မာနရှိခြင်း၊ မာနကြီးခြင်းအားဖြင့် မိမိအတွက်လည်း အကျိုးမရှိနိုင်သကဲ့သို့ သူတပါးတို့အားလည်း တစ်စုံတစ်ခု အထောက်အကူ မဖြစ်နိုင်သဖြင့် ပုထုဇင်များအနေဖြင့် မာနကို အကြွင်းမဲ့ မပယ်သတ်နိုင်သေးသော်လည်း သတိတရားဖြင့် စွမ်းနိုင်သမျှ ထိန်းချုပ်ကြရန် ပညာရှိများက တိုက်တွန်းတော်မူခြင်း ဖြစ်၏။

မာနနှင့်ပတ်သက်၍ မန်လည် ဆရာတော်ကြီးက “ လောကလူတွင်၊ ငါသာလျှင်တိ၊ ငါ့ပြင်မရှိ၊ ထင်ဘိမှတ်ယောင်၊ မောဟဆောင်၍၊ အန်ထောင်မာန၊ မမူရတည့်၊ သုတတရား၊ မြင်ကြားအသိ၊ များစွာရှိလည်း၊ သတိမယှဉ်၊ သမ္ပဇဉ်မမှီး၊ မာနကြီးက၊ ခွေးမြီးပမာ၊ မည်စပါခဲ့၊ ထောင်ကာမတ္တ၊ သုံးမကျရှင့်၊ သူများကိုသာ၊ နှိပ်လိုစွာဖြင့်၊ ရန်စွာထိပါး၊ အပြစ်များ၏။ ”စသည်ဖြင့် စပ်ဆိုကာ မာနမထောင်လွှားကြရန် ဆုံးမတော်မူခဲ့ပေ၏။

ဆရာတော်ကြီး ဆုံးမသကဲ့သို့ပင် မာနထောင်လွှားခြင်းအားဖြင့် ခွေးမြီးကဲ့သို့သာ ဖြစ်နေပေ၏။ ခွေးမြီးသည် ထောင်ကာမတ္တမျှသာ ဖြစ်နေပြီး ထောင်နေခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးမျှ မရှိနိုင်သကဲ့သို့ မာနသည်လည်း မာနကြီးခြင်း၊ ထောင်လွှာခြင်းအားဖြင့် မိမိသူတပါး နှစ်ဦးသားတို့အား မည်သည့်အကျိုးမျှ မဖြစ်ပေါ်နိုင်ပေ။ မာနကြီးသဖြင့် ဆင်းရဲနှင့် ငရဲသို့ ကျရောက်စေမှုကိုသာ ဖြစ်စေနိုင်ပေ၏။ ထို့ကြောင့် ခွေးမြီးကဲ့သို့ ထောင်ကာမတ္တ အသုံးမကျဖြစ်တတ်သည့် မာနကို မိမိမိမိတို့၏ သတိတရားဖြင့်သာလျှင် မထောင်လွှားမိရန် ထိန်းချုပ်သင့်ကြောင်း ပညာရှိများက တိုက်တွန်းတော်မူခြင်း ဖြစ်ပေ၏။

ဗုဒ္ဓလက်ထက်က သာဝတ္ထိပြည်တွင် မာနအလွန်ကြီးသည့် ပုဏ္ဏားတစ်ဦးရှိ၏။ ထိုပုဏ္ဏား၏ အမည်ကား မာနတ္ထဒ္ဓဟူ၍ ဖြစ်၏။ မာနတ္ထဒ္ဓသည် မည်မျှအထိ မာနကြီးသနည်းဆိုသော် အမိကိုလည်း ရှိမခိုး၊ အဖကိုလည်းရှိမလို၊ ဆရာသမားကိုလည်း ရှိမခိုး၊ အစ်ကို (အသက်ကြီးသူ) ကိုလည်း ရှိမခိုး၊ အရိုအသေ မပြုနိုင်သည်အထိ မာနကြီးလေ၏။ တစ်နေ့တွင် ထိုပုဏ္ဏားအား အကြံတစ်ခု ဖြစ်လေ၏။ “ရဟန်းဂေါတမသည် ပရိတ်သတ်များစွာဖြင့် တရားဟော၏၊ ငါသည် ရဟန်းဂေါတမထံသို့ ချည်းကပ်ရမူကား ကောင်းလေစွ၊ ရဟန်းဂေါတမသည် အကယ်၍ ငါနှင့်အတူ စကားပြောဆိုငြားအံ့ ငါသည်လည်း ထိုရဟန်းဂေါတမနှင့်အတူ စကားပြောဆိုအံ့၊ အကယ်၍ ရဟန်းဂေါတမသည် ငါ့ကို စကားမပြောဘဲနေအံ့ ငါသည်လည်း ရဟန်းဂေါတမနှင့်အတူ စကားမပြောဘဲနေအံ့” စသည်ဖြင့် အကြံဖြစ်ကာ မြတ်စွာဘုရားထံ ချည်းကပ်၍ တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခုတွင် ရပ်နေခဲ့လေ၏။

ဗုဒ္ဓသည် မာနတ္ထဒ္ဓပုဏ္ဏား၏ စိတ်အကြံကို သိသည့်အလျောက် တမင်ပင် စကားမပြောဆိုပဲ နေတော်မူလိုက်၏။ ထိုအခါ ပုဏ္ဏားအား “ရဟန်းဂေါတမသည် တစ်စုံတစ်ရာ ဘာမျှ မသိပါတကား”ဟု တွေးလျက် ထိုအရပ်မှ ပြန်သွားရန် စိတ်အကြံဖြစ်လေ၏။ ပုဏ္ဏား၏ သန္တာန်၌ အမျိုးမျိုးသော စိတ်အကြံဖြစ်နေသည်ကို သိရှိတော်မူသော ရှင်တော်မြတ်ဘုရားသည် ထိုအခါမှသာ မာနတ္ထဒ္ဓပုဏ္ဏားအား “ပုဏ္ဏား.. ဤလောက၌ မာန်မူခြင်းသည် မကောင်း၊ အကျိုးစီးပွားကို အလိုရှိသောသူအား အကြင်အကျိုးစီးပွားကြောင့် ငါဘုရားထံသို့ လာရောက်၏၊ ထိုအလိုရှိသော အကျိုးစီးပွားကိုသာ ပွားစေရာ၏”ဟု မိန့်တော်မူလိုက်၏။

မြတ်ဗုဒ္ဓက ထိုသို့မိန့်တော်မူလိုက်သည့်အခါ မာနတ္ထဒ္ဓပုဏ္ဏားသည် “ရဟန်းဂေါတမသည် ငါ၏စိတ်အကြံကို အမှန်သိသူပါတကား”ဟု ထိုခဏမှာပင် မြတ်စွာဘုရားရှင်၏ ခြေတော်ရင်းတွင် ၀တ်ဆင်းကာ “အရှင်ဘုရား တပည့်တော် မာနတ္ထဒ္ဓပုဏ္ဏားပါဘုရား..၊ တပည့်တော် မာနတ္ထဒ္ဓပါဘုရား..” ဟု မိမိအမည်ကို အကြိမ်ကြိမ် ရွတ်ဆိုရင်း ခြေတော်အစုံကို ဦးခိုက်လေတော့၏။ အလွန်မာနကြီးသည့် ထိုပုဏ္ဏား၏ အဖြစ်ကို ကြည့်ကာ ပရိတ်သတ်အပေါင်းတို့သည် အလွန်အံ့သြတုန်လှုပ်သွားကြ၏။ မည်သို့သော ပုဂ္ဂိုလ်ကိုမှ ရှိခိုးခြင်း၊ အရိုအသေပြုခြင်း မရှိသော ပုဏ္ဏားသည် မြတ်စွာဘုရားရှင်၏ ခြေရင်းတွင် ၀တ်ဆင်းနေသည့်အဖြစ်ကို ကြည့်ကာ မြတ်စွာဘုရား၏ မေတ္တာကရုဏာ ကြီးမားပုံများကို ချီးကျူးပြောဆိုကြလေ၏။

ထို့နောက် မြတ်စွာဘုရားသည် မာနတ္ထဒ္ဓအား “ပုဏ္ဏား… ငါ့အပေါ်၌ သင်၏စိတ်ကြည်ညိုခြင်းသည် လုံလောက်လေပြီ၊ သင့်တော်လောက်ပေပြီ၊ ငါ၏ခြေရင်းတွင် ၀တ်ဆင်းနေရာမှထပြီး သင့်လျော်ရာမှာ ထိုင်ပါလေလော့” ဟု မိန့်တော်မူမှသာ မာနတ္ထဒ္ဓပုဏ္ဏားလည်း မိမိနှင့် သင့်လျော်သည့် တစ်နေရာတွင် ထိုင်ကာ မြတ်စွာဘုရားရှင်အား သိလိုသည်များကို လျှောက်ထားပြန်လေ၏။

မာနတ္ထဒ္ဓက “အရှင်ဂေါတမ အဘယ်ပုဂ္ဂိုလ်တို့၌ မာန်မာနကို မပြုရာသနည်း၊ အဘယ်ပုဂ္ဂိုလ်တို့၌ အလေးအမြတ်ပြုရာသနည်း၊ အဘယ်ပုဂ္ဂိုလ်တို့၌ အရိုအသေ ပြုရာသနည်း၊ အဘယ်ပုဂ္ဂိုလ်တို့ကို ကောင်းစွာ ပူဇော်အပ်ကုန်သနည်း”ဟု မေးမြန်းလျှောက်ထား၏။

မြတ်ဗုဒ္ဓက “ပုဏ္ဏား… မိခင်၊ ဖခင်၊ အစ်ကို (မိမိထက် အသက်သိက္ခာ ဂုဏ်ဝါကြီးသူ)၊ ဆရာသမား ဟူသည့် ဤပုဂ္ဂိုလ်လေးယောက်တို့၌ မာန်မာနကို မပြုထိုက်ပေ၊ ဤပုဂ္ဂိုလ်လေးယောက်တို့ထံ၌ မာနမထားထိုက်ပေ၊ ဤပုဂ္ဂိုလ်လေးယောက်တို့အား အရိုအသေ အလေးအမြတ်ကို ပြုကျင့်ရာ၏၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သည့် အာသဝေါကုန်ခမ်းပြီးသော (ရဟန္တာ)ပုဂ္ဂိုလ်တို့ကို မာန်နှိမ့်ချက်လျက် မခက်ထန်သည်ဖြစ်၍ သင်ရှိခိုးရာ၏”ဟု ပုဏ္ဏား၏ အမေးအား ပြန်လည်ဖြေကြားပေးတော်မူ၏။ နောက်ဆုံးတွင် မာနအလွန်ကြီးသည့် မာနတ္ထဒ္ဓပုဏ္ဏားသည် မာနခ၀ါချကာ မြတ်စွာဘုရား သာသနာတော်၌ ရတနာသုံးရပ်ကို အမြဲမပြတ် ကိုးကွယ်ဆည်းကပ်တတ်သည့် ဥပါသကာအဖြစ် ခံယူသွားခဲ့လေ၏။ (သဂါထာဝဂ္ဂသံယုတ်၊ မာနတ္ထဒ္ဓသုတ်) ဤကား မာနအလွန်ကြီးသည့် မာနတ္ထဒ္ဓပုဏ္ဏား၏ အကြောင်းအရာ တစ်စိပ်တစ်ပိုင်းဖြစ်ပါ၏။

ဤသုတ်တော်တွင် ဟောတော်မူသည့် မြတ်စွာဘုရားရှင်၏ တရားတော်အရ မာနသည် မထားထိုက်သည့် အရာဖြစ်ကြောင်း၊ အထူးသဖြင့် မိဘဆရာသမားများနှင့် အသက်အရွယ် ဂုဏ်ဝါကြီးသူများ၊ အာသဝေါကုန်ခမ်းသည့် သူတော်သူမြတ်များအပေါ်၌ မိမိတို့၏ မာနများ မထားထိုက်ကြောင်း ကောင်းစွာ သဘောပေါက်နိုင်ပေ၏။ ထိုပုဂ္ဂိုလ်များထံတွင် မာနမထားထိုက်ဘဲ အရိုအသေပြုကာ ပူဇော်မှုပင် ပြုထိုက်ကြောင်း နားလည်နိုင်ပေ၏။ မာနခက်ထန်နေသမျှ အကျိုးစီးပွား ဆုတ်ယုတ်နေမည်ဖြစ်သဖြင့် လောကီလောကုတ္တရာ ကောင်းကျိုးများကို လိုလားသူများသည် မာနများဖြင့် ခေါင်းမာနေမှုကို မပြုသင့်ဘဲ နှိမ့်ချမှုနှင့်အတူ အရိုအသေ ပူဇော်မူကိုပြုကာ မိမိတို့လိုလားသည့် အကျိုးစီပွားကိုသာ အရယူသင့်ကြောင်း သတိပြုသင့်ပေ၏။

မည်သို့ပင်ဖြစ်စေ မာနတရားသည် ရှိသင့်သည့် တရား၊ ထားသင့်သည့် တရား မဟုတ်သည်ကား အမှန်ပင် ဖြစ်ပါ၏။ သတ္တ၀ါတို့အား ပူလောင်မှုနှင့်အတူ လောင်မြိုက်စေတတ်သည့် ကိလေသာတရားများတွင် တစ်ပါးအပါအ၀င် ဖြစ်သည့် ဤမာနတရားသည် ပုထုဇင်ပုဂ္ဂိုလ်များအား မာနကြီးသည်နှင့်အမျှ၊ ပူလောင်မှုနှင့် အကျိုးစီးပွား ဆုတ်ယုတ်မှုကိုလည်း ပိုမိုကြီးမားစေမည်သာ ဖြစ်သဖြင့် မိမိတို့၏ သန္တာန်တွင် မာနတရားများ အထိုက်အလျောက် ပါးသွားစေရန် သတိသမ္ပဇဉ်တရားများ လိုက်ကိုင်ထား၍ နှိမ့်ချတတ်သည့် ဂါရ၀တရားများ တိုးပွားစေရန် ကြိုးစားသင့်လှပေ၏။

ထို့ကြောင့် မာနအလွန်ကြီးသူများ၊ မာနရှိနေသည်ကိုပင် ဂုဏ်ယူစရာအဖြစ် အထင်မှားနေသူများ၊ မာနမထားထိုက်သူများ အပေါ်တွင် မာနထားမိနေသူများ အနေဖြင့် မိမိတို့၏ မာနတရားများသည် ရှိနေခြင်း၊ ထောင်လွှားနေခြင်းအားဖြင့် ထောင်ကာမတ္တမျှသာဖြစ်ပြီး တစ်စုံတစ်ခုမျှ အသုံးမကျဖြစ်နေသည့် ခွေးမြီးကဲ့သို့သာ ဖြစ်နေ၊ မာနတရား ကိုင်စွဲထားနေသမျှ မိမိတို့သည် ခွေးမြီးကိုသာ ကိုင်စွဲထားသကဲ့သို့ ဖြစ်နေသည်ကို အသိတရားဖြင့် သတိပြုဆင်ခြင်ကာ ထောင်လွှားတတ်သည် မာနတရားကို နှိမ်ချတတ်သည့် ဂါရ၀တရားဖြင့် နည်းသည်ထက်နည်းရန်၊ ပါးသည်ထက်ပါးရန် ကြိုးစားသင့်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပေတော့၏။ အားလုံး မာနခ၀ါချ၍ ထာဝရ ဂါရ၀ဖြင့် သာသနာ့ မာမက ဖြစ်နိုင်ကြပါစေ…။

Read more...

“အသက်ကလေးရယ်တဲ့ ရှည်စေလို”

အသက်ရှည်ကြောင်းတရားက ဘာများလဲဆိုတာ ပြောမပြခင် မဟာစည်ဆရာတော် ဘုရားကြီးရဲ့ တစ်ကြောင်းတည်းသော လင်္ကာလေးကို ရွတ်ဆိုပှုဇော်ကြည့်လိုက်ပါဦးနော်။

“သူ့ကိုသတ်ဖြတ် သက်တိုတတ် ၊မသတ်အသက်ရှည်။” တဲ့

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက လိုရင်းလေးကို ရှင်းလင်းအောင်သိစေဖို့အတွက် ဒီလင်္ကာလေးကို မိန့်ဆိုခဲ့တာပါ။ နေ့စဉ်တိုင်းမှာ ရွတ်ဆိုသတိရနေသင့်ပြီး အလွန်လိုက်နာစရာကောင်းတဲ့ တန်ဖိုးရှိတဲ့ အဆုံးအမလေး တစ်ခုပါ။

ဒီလင်္ကာလေးကို မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ စူဠကမ္မ၀ိဘင်္ဂသုတ္တန်ဒေသနာအရ ဆရာတော်ဘုရားကြီးက ကိုးကားဖွဲ့ဆိုထားတာပါ။ သက်ရှိသတ္တ၀ါမှန်သမျှ (ခြွင်းချက်မရှိ) အသက်ရှည်ခြင်းကို အလိုရှိကြပါတယ်။ အသက်ရှည်ကြာနေရအောင်ကိုလည်း ကြိုးစားရှာဖွေနေကြပါတယ်။ အသက်ရှည်ကြာအောင် နေချင်ကြတာကြောင့်လည်း ကောင်းပေ့ဆိုတဲ့ ဆေးရုံ၊ ဆေးခန်းတွေ၊ ဆေးဝါးတွေနဲ့ ကာကွယ်၊ ကုသမှု့ပြုကြပါတယ်။ ဒီအရာတွေဟာ ဆေးအာနိသင်ရှိတဲ့အချိန်ထိပဲ အသက်ရှည်အောင် တည်ထားစေနိုင်တာပါ၊ ဆေးအာနိသင်မရှိတော့ရင် အသုံးမ၀င်တော့ပါဘူး။ ဒီတော့ အသက်ရှည်ခြင်းကို ပေးစွမ်းနိုင်တဲ့၊ အသက်ရှည်စေနိုင်တဲ့၊ အာနိသင်ကောင်းတဲ့ ဆေးဝါးကို ဘယ်ကရမလဲ၊ ဘယ်သူက ပေးနိုင်လည်းဆိုရင် ဒီနေရာလေးကပဲ ရရှိနိုင်မှာဖြစ်ပြီး၊ ဗုဒ္ဓမြတ်စွာက နည်းလမ်းပေးစွမ်းနိုင်ပါတယ်လို့ စာရေးသူ ကတိပြုပါတယ်။

ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်ကဖြစ်ပါတယ်။

တစ်နေ့မှာ သုဘလို့ အမည်ရတဲ့ လုလင်တစ်ယောက်ဟာ မြတ်ဗုဒ္ဓရှိရာလာရောက်ပြီး ရိုသေစွာ ရှိခိုးပြီးနောက် အခုလို မေးခွန်းလေးကို လျှောက်ထားမေးမြန်းပါတယ်။ သုဘလုလင် မေးမြန်းတဲ့ မေးခွန်း တစ်ဆယ့်လေးခုတည်းက စာရေးသူ ပထဆုံးတစ်ခုပဲ ရွေးနှုတ်ပြောဆိုချင်ပါတယ်။ ကျန်တဲ့မေးခွန်းတွေကိုလည်း အခါအခွင့်သင့်တဲ့တစ်နေ့ ဝေမျှပေးသွားမှာဖြစ်ပါတယ်။

သူ့ရဲ့ ပထမဆုံးမေးခွန်းလေးက ဒီလိုပါ။

“ဘုန်းတော်ကြီးမြတ်တော်မှုသော မြတ်စွာဘုရား၊ လောကမှာ လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်းတူကြပါလျက် အသက်တိုသော လူတို့ကိုလည်း တပည့်တော် တွေ့မြင်နေရပါတယ်၊ အသက်ရှည်သော လူတို့ကိုလည်းတပည့်တော် တွေ့မြင်နေရပါတယ် ဘုရား။ ထိုသို့ အသက်တိုခြင်း၊ အသက်ရှည်ရခြင်းရဲ့ အကြောင်းအရင်း၊ အထောက်အပံ့က ဘယ်အရာပါလဲ ဘုရား။” ဆိုတဲ့ မေးခွန်းပါပဲ။

ဒီတော့ ဗုဒ္ဓမြတ်စွာက “သုဘလုလင် သတ္တ၀ါတွေကို အသက်ရှည်ခြင်း၊ အသက်တိုခြင်းအားဖြင့် မတူအောင် မိမိပြုလုပ်တဲ့ ကံတရားက ခွဲခြားပေးခြင်းဖြစ်ပါတယ်။ သတ္တ၀ါတွေဟာ မိမိပြုလုပ်တဲ့ ကံ၏ အမွေကို မလွဲမသွေဆက်ခံရတယ်။ အသက်ရှည်ခြင်း၊ အသက်တိုခြင်း ဆိုတဲ့ ကွဲပြားခြားနားရခြင်း အကြောင်းတရားကတော့ ကံတရားပင်ဖြစ်တယ်လို့” ဟောတော်မှုပါတယ်။

ဒီအကြောင်းကို ဗုဒ္ဓမြတ်စွာက ဟောကြားပေမယ့်လည်း သုဘလုလင်ဟာ ရှင်းလင်းစွာ နားမလည်သေးတာကြောင့် ဘယ်လိုကံတရားက ဘယ်လိုခွဲခြားသွားတယ်ဆိုတာ သိနိုင်ရန်အတွက် ရှင်းလင်းအောင် ဟောကြားဖို့ ထမ်မံ တောင်းပန်တာကြောင့် ဗုဒ္ဓမြတ်စွာက ဟောကြားပေးတော်မှုပါတယ်။
ဗုဒ္ဓမြတ်စွာ ဟောကြားခြင်းက ဒီလိုပါ။

“သုဘ လုလင်၊ လောကမှာ မိန်းမဖြစ်စေ၊ ယောင်္ကျားဖြစ်စေ၊ အချို့သောသူများဟာ သူတစ်ပါးရဲ့ အသက်ကို သတ်လေ့ရှိတယ်၊ ကြမ်းတမ်းသော စိတ်နှလုံးရှိပြီး အကြင်နာမဲ့စွာ သူတစ်ပါးရဲ့ အသက်ကို သတ်ခြင်းဆိုတဲ့ ပါဏာတိပါတ ဒုစရိုက်အမှု့ကို ပြုလေ့ရှိကြပါတယ်။ ထိုကဲ့သို့ ကြမ်းတမ်းပြီး အကြင်နာမဲ့စွာ သူတစ်ပါးအသက်ကို သတ်လေ့ရှိတဲ့သူဟာ စုတေပြီးနောက် ဆင်းရဲပင်ပန်းစွာ ငရဲမှာ နှစ်ရှည်လများ ခံစားရတတ်ပါတယ်။ တကယ်လို့များ တစ်ခုသောကုသိုလ်ကံ ကြောင့် အထောက်အပံ့ကြောင့် လူပြည်လောကသို့ တစ်ဖန်ပြန်ရောက်ခဲ့မယ်ဆိုရင်လည်း၊ ထို အကုသိုလ်ကံကြောင့် အသက်တိုခြင်းဖြစ်ရပါတယ်။ သုဘလုလင် ပါဏာတိပါတဒုစရိုက်တရား အကုသိုလ်ကံဟာ အသက်တိုခြင်းကို ဖြစ်စေတတ်တဲ့ မကောင်းသောအကျင့်၊ မကောင်းသော အကုသိုလ်ကံပင်ဖြစ်တယ်။” လို့ ဗုဒ္ဓမြတ်စွာ ဟောကြားပါတယ်။

“ဆန့်ကျင်ဘက်အားဖြင့်၊ လောကမှာ အချို့သော သူများဟာ သူတစ်ပါးရဲ့ အသက်ကို သတ်ခြင်းဆိုတဲ့ ပါဏာတိပါတ အကုသိုလ်အမှု့ကို ရှောင်ကြဉ်ကြပါတယ်၊ သူတစ်ပါးအပေါ်မှာ သနားခြင်း ဂရုဏာတရားထားရှိကြပါတယ်။ ထိုသို့သော မကောာင်းသောအကျင့်ကို ရှောင်ပြီး သူတစ်ပါးရဲ့ အသက်ကို မသတ်တဲ့သူဟာ စုတေပြီးနောက် နတ်ပြည်သို့သာ ခံစားရပါတယ်၊ လူ့ပြည်သို့ ရောက်ရှိခဲ့မယ်ဆိုရင်လည်း အာယုကပ်လုံးတိုင်အောင် အသက်ရှည်စွာနေကြရပါတယ်။ ပါဏာတိပါတ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းတည်းဟူသော သုစရိုက်တရားဟာ အသက်ရှည်ခြင်းကို ဖြစ်ပွားစေတတ်တဲ့ ကောင်းသောအကျင့်ဖြစ်ပါတယ်။“ လို့ ဗုဒ္ဓမြတ်စွာက လောကမှာ လူသားချင်းတူပါသော်လည်း တစ်ချို့သူများဟာ အသက်တိုပြီး၊ တစ်ချို့သော သူများကတော့ အသက်ရှည်ခြင်း ကိုဖြစ်စေတတ်တဲ့ အကြောင်းအရင်း ကံတရားကို သိစေခဲ့ပါတယ်။

အသက်ရှည်ချင်ရင်တော့ ဒီပါဏာတိပါတ အကုသိုလ် ဒုစရိုက်တရားကို ရှောင်ကြဉ်ရပါမယ်။ အသက်တိုခြင်းကို ဖြစ်စေတာဟာ ဒီမကောင်းမှု့ကို ကျူးလွန်တဲ့အတွက်ကြောင့်ပဲ မဟုတ်လား။ ဒီတော့ ကိုယ်ဖြစ်ချင်တာကို ဖြစ်စေဖို့၊ ရရှိစေဖို့အတွက် ကိုယ်ဖြစ်ချင်၊ ရချင်တာကို ရရှိစေနိုင်တဲ့ အကြောင်းတရားကို မလွဲမသွေ ပြုလုပ်မှဖြစ်ပါတယ်။ သက်ရှိသတ္တ၀ါတိုင်းမှာ မေတ္တာတရား၊ ကိုယ်ချင်းစာတရား၊ သနားခြင်း ဂရုဏာတရားထား သင့်ပါတယ်။ လူသားတစ်ယောက် အနေနဲ့ လူသားတစ်ယောက်အဖြစ် ပီသအောင်၊ လူတစ်ယောက် လိုက်နာကျင့်ကြံထိုက်တဲ့ အရာ၊ လူ့စည်းကမ်းဆိုတာကို မမေ့သင့်ဘဲ လိုက်နာကျင့်သုံးသင့်ပါတယ်။ ဒါမှလည်း လူပီသတဲ့ လူတစ်ယောက်အဖြစ် လောကကြီးထဲမှာ အသက်ရှင်ရတာ တန်ဖိုးရှိမှာပါ။ လူတစ်ယောက်အတွက် လူပီသအောင် ထိန်းသိမ်း၊ လိုက်နာ ကျင့်ကြံသင့်တဲ့တရားကတော့ အများသိတဲ့ အတိုင်း ငါးပါးသီလပဲ ဖြစ်ပါတယ်။ ပါဏာတိပါတ မကောင်းသော အကုသိုလ်ဒုစရိုက်တရားကို ဦးစွာ ဟောတော်မှုထားတာကို ထောက်ဆကြည့်ရင် သိပ်ကို အရေးပါ အရာရောက်တယ်ဆိုတာ သိမြင်နိုင်ပါတယ်။ သူများကို အသက်ရှည်ခွင့်၊ ချမ်းသာခွင့် ပြုလိုက်မယ်ဆိုရင် မိမိကိုယ်တိုင်လည်း တူသော အကျိုးဖြစ်တဲ့ အသက်ရှည်ခြင်း၊ ချမ်းသာခြင်းကို မလွဲမသွေ ရရှိမှာပါ။

ဒီတော့ လူသားတိုင်းမှာတင် မဟုတ်ဘဲ သက်ရှိသတ္တ၀ါတိုင်းမှာ အကြင်နာတရားလေးထားရှိကာ ဒီ မကောင်းမှု့ အကုသိုလ်တရားကို ရှောင်ရှားရအောင်ပါ။ မိမိက အသက်ရှည်ခြင်းကို အလိုရှိတယ်၊ မြတ်နိုးတယ်၊ တောင့်တမိတယ် မဟုတ်ပါလား။ ရောဂါပျောက်ချင်ရင် ရောဂါပျောက်စေနိုင်တဲ့ ဆေးဝါးကို သောက်မှ ဖြစ်မှာပါ။ ဒီအတွက်ကြောင့် အသက်တိုခြင်းဆိုတဲ့ ရောဂါကို ကာကွယ်ပြီး အသက်ရှည်ခြင်းကို အလိုရှိတယ်၊ မြတ်နိုးတယ်ဆိုရင်၊ အသက်ရှည်ခြင်းကို ဖြစ်စေတတ်တဲ့ တရားကို ကျင့်သုံးရတော့မှာပါ။ ဒီ မကောင်းမှု့ အကုသိုလ်တရားကို ရှောင်ရှားလိုက်ခြင်းအားဖြင့် မိမိတို့ အလိုရှိတာ ရနိုင်ပါတယ်။

အားလုံးသော သတ္တ၀ါတိုင်း အသက်ရှည်ခြင်းကို အလိုရှိပါတယ်။ မိမိဟာလည်း အသက်ရှိတဲ့ သူတစ်ယောက်ဆိုတော့ အသက်ရှည်ခြင်းကို အလိုရှိတာကြောင့် သူတစ်ပါးကို ရက်စက်ခြင်းအမှု့၊ သတ်ဖြတ်ခြင်းအမှု့ကို မပြုလုပ်သင့်ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ အရာတိုင်းကို ဖြစ်အောင် မိမိရဲ့ စိတ်စေတနာလေးနဲ့ လုပ်ယူလို့ရပါတယ်။ ဆိုလိုတာက မိမိဟာ အသက်ရှည်ချင်တယ်၊ ဒီတော့ ငါဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဖြစ်ချင်တဲ့ ဆန္ဒလေးနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကလေးနဲ့ ဒီနေ့ ဒီအချိန်ကစပြီး ငါဟာ သူတစ်ပါးရဲ့ အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်တော့မယ်ဆိုတဲ့ စိတ်စေတနာလေးထားရှိပြီး
သီလတရားလေးစောင့်တည်သင့်ပါတယ်။

ပါဏာတိပါတ အကုသိုလ်ရဲ့ အကျိုးအပြစ်တွေကို သိဖို့အတွက် ဒီလင်္ကာလေးများကိုရွတ်ဆို ဆင်ခြင်ကြည့်ပြီးတော့၊ ဒီအကျိုးတရားတွေ မရရှိရလေအောင် အစဉ်ရှောင်ကြဉ်နိုင်ဖို့အတွက် မဟာစည်ဆရာတော် ဘုရားကြီး မိန့်တော်မှုထားတဲ့ လင်္ကာလေးကို ရင်ထဲမှာ သိမ်းထားလိုက်ပါ။
လင်္ကာလေးများကတော့

“ သူ့အသက်ကို သိလျက်သားနဲ့ ဒေါသစိတ်ထား သေစေလို၊ လုံ့လပြုကာ သေအောင်သတ်က၊ ပါဏာတိပါတ် အကုသိုလ်၊ လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမည်ဆို၊ လွတ်လာပြန်လည်း ရောဂါစွဲ၊ ဆင်းရဲ၊ အသက်တို၊ အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို" ဆိုတဲ့ အကျိုးအပြစ်ပြ လင်္ကာလေးနဲ့၊

“သူ့ကိုသတ်ဖြတ် သက်တိုတတ် ၊မ,သတ်အသက်ရှည်။” ဆိုတဲ့ အသက်ရှည်ကြောင်းကို ပြတဲ့ လင်္ကာလေးတွေကိုပါ။

ကဲ စာချစ်သူ….။ အခု ချိန်ကစပြီး အသက်ရှည်စေတတ်တဲ့ အရာလေးတွေကို ပြုလုပ်စေချင်ပါတယ်နော်။

(ဥယျာဉ်မှုးလေး)

Read more...

စင်ကာပူမှ ၀ါဆိုလပြည့်ဆွမ်းအလှူရှင်



အိန္ဒိယနိုင်ငံ၊ ဗီဟာရ်ပြည်နယ်၊
ဗုဒ္ဓဂယာမြေမြတ်မဟာ၌ တည်ရှိသည့်
အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီး

မြန်မာဗုဒ္ဓဘာသာပညာရေးဗိမာန် တော်တွင်
စင်ကာပူနိုင်ငံမှ ဦးသော်ထင်ဦး+ဒေါက်တာစောဟေမာ မိသားစု က အိန္ဒိယနိုင်ငံတွင် တက္ကသိုလ်ပညာဆည်းပူးနေကြသော သံဃာတော် အရှင်မြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။


ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်မြတ်များက ဆွမ်းအလှူ့ရှင်မိသားစုအပေါင်းတို့ လောကီ လောကုတ္တရာ နှစ်ဖြာကောင်းကျိုး တိုးပွားစေရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာဖြစ်ပါစေရန် မေတ္တာပရိတ်မန္တာန်များ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြပါသည်။ နတ်လူသာဓုခေါ်ကြစေသော်




Read more...

ဝလုံးကလေး ရဲရဲရေးမှ

သမီးငယ် ဘွဲ့ရခဲ့သည်မှာ သုံးနှစ်ရှိခဲ့ပြီ။ သို့သော် ခိုင်မာသော၊ ပြတ်သားသောစိတ်ဖြင့် တစ်စုံတစ်ခုကိုမျှ မလုပ်နိုင်သေး။ ဟိုအလုပ်ဆိုလည်း ဖြစ်ပါ့မလား၊ ဒီအလုပ်ဆိုလည်း မစရဲဖြစ်နေသည်မှာ ကြာခဲ့ပြီ။

သမီးကို မည်ကဲ့သို့ ရဲဆေးတင်ပေးရမည်ကို ခေါင်းပူအောင်စဉ်းစားရသည်၊ ငယ်စဉ်က ကြုံတွေ့ခဲ့ဖူးသည်ကို ပြန်စဉ်းစားမိ၍ ဤအကြောင်းအရာသည်ကား သမီးအတွက် ရဲဆေးတစ်ခွက်ဖြစ်မည်ဟု ယုံကြည်မိ၍ စာတစ်ပုဒ်အဖြစ် ရေးဖြစ်သွားပေသည်။

စိတ်ပညာရှင်လည်း မဟုတ်သည်ကတစ်ကြောင်း၊ ဒီလိုဖြစ်တာ ဒါ့ကြောင့်ပဲဟုလည်း အတိအကျဆုံးဖြတ်နိုင်ရန် မစွမ်းသာသည်ကလည်း တစ်ကြောင်းကြောင့် စာတစ်ပုဒ်ဖြစ်အောင် ရေး၊ သမီးလည်းဖတ်၊ တခြား စာဖတ်သူများလည်း တင်ပြခြင်းဖြင့် အတွေးတစ်ချက် ရစေရန် အားထုတ်လိုက်ရပေသည်။ စာဖတ်သူ အများစု ဖတ်ရှုဆင်ခြင်၍သာ ဆုံးဖြတ်ကြစေလိုပါသည်။

သမီးငယ်ကို ပြောပြလိုသောအချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

x x x

ကျွန်တော်တို့ ငယ်စဉ်က နေခဲ့သော အိမ်အနီးတွင် အုတ်စီရေတွင်းကြီးတစ်တွင်းရှိသည်။ အလွန်ကြီးသော ရေတွင်းကြီးဖြစ်၍ ၂၅တောင်ခန့် နက်သည်၊ သို့သော် နွေနှောင်းပြီဆိုလျှင်တော့ ရေခန်းသည်။

ထို့ကြောင့် တွင်းချေးဆယ်ရန် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ကြိုးစားကြသည်၊ ထိုစဉ်က ကျွန်တော်က ခုနစ်တန်း၊ ကျွန်တော့်အစ်ကိုဖြစ်သူက ကိုးတန်းကျောင်းသားများ ဖြစ်ကြသည်၊ အိမ်နီးချင်း လူကြီးများကလည်း ၀ိုင်းဝန်းကြည့်ရှုပေးကြမည် ဆိုသည်။

ကျွန်တော့်အစ်ကိုဖြစ်သူက တွင်းထဲဆင်း၍ အညစ်အကြေးများ စုပေးမည်၊ ကျွန်တော်က အပေါ်မှနေ၍ ရေပုံးဖြင့်ဆွဲတင်၊ အပြင်မှာသွန်ချဟု တာဝန်ခွဲလိုက်ကြသည်၊ သိပ္ပံကျောင်းသားများ ဖြစ်ကြသောကြောင့် ရေတွင်းထဲမဆင်းမီ ဖယောင်းတိုင်မီးထွန်းပြီး တွင်းအောက်ခြေအထိ ရောက်အောင် ချကြည့်၍ အတော်ကြာ ထားလိုက်သေးသည်၊ မီးမငြိမ်းလျှင် လေကောင်းစွာရှိသည်၊ ဆင်း၍ရသည်၊ မီးငြိမ်းသွားလျှင်တော့ လေမရှိ၊ ဆင်းလျှင် အသက်အန္တရာယ် ရှိသည်ကိုတော့ သိကြသည်။

ရေတွင်းထဲမှ ဖယောင်းတိုင်က ဆင်း၍ရသည်ဟု မီးမငြိမ်းဘဲ အချက်ပြသည်၊ အစ်ကိုဖြစ်သူက လုံချည်ပိုင်းကို ရင်ဘတ်သိုင်း၍ ရေပုံးကြိုးကိုလက်နှင့် ဆွဲထားပြီး၊ အပေါ်မှ လူကြီးများက ကြိုးကို တဖြည်းဖြည်းလျှော့ပေးသောအခါ သူ တွင်းအောက်သို့ရောက်သွား လေပြီ။

တွင်းချေးကလည်း အတော်များသည်၊ အမှိုက်တွေ သဲတွေမနည်း၊ အချိန်လေးအတော်ကြာလာသောအခါ အစ်ကို့ကို ကြည့်ရ သည်မှာ ကျွန်တော်အားမရတော့၊ သူ အားငယ်နေသည်ဟု စိတ်ကထင်သည်၊ သူ့စကားပြောသံကလည်း တစ်မျိုးပဲ။

ကျွန်တော်ပါ ဆင်း၍ ကူချင်လာသည်၊ အပေါ်မှ အမှိုက်ပုံးဆွဲတင်မည့်သူလည်း ရှိနေသည်။

“အစ်ကို ကျွန်တော်ပါဆင်းခဲ့မယ်”

“မဆင်းနဲ့၊ မင်းတခါမှ ဆင်းဖူးတာ မဟုတ်ဘူး”

“ရပါတယ် အစ်ကိုရ”

“မရဘူးကွာ မဆင်းနဲ့”

“သူက ကျွန်တော့်ကိုညှာ၊ ကျွန်တော်က သူ့ကိုညှာဖြင့် နောက်ဆုံး ကျွန်တော့်ဘာသာ ကျွန်တော်ဆုံးဖြတ်၍ ပုဆိုးကွင်း ရင်မှာသိုင်းပြီး၊ သူဆင်းစဉ်က ပုံစံအတိုင်း တရွေ့ရွေ့ ဆင်းချသွားသည်။

ရေတွင်းတစ်ဝက်လောက် အရောက်တွင် အအေးဓာတ်က စိမ့်လာသည်၊ စိုးရွံ့ထိတ်လန့်မှုလည်း ပေါ်လာသည်၊ ပြန်ဆွဲတင်ခိုင်းရင် ကောင်းမလား၊ မဟုတ်သေးပါဘူး၊ သူတောင်မှ အောက်ရောက်နေပြီပဲ၊ ကြောက်စိတ်နှင့် ရဲတင်းစိတ်တို့ လွန်ဆွဲနေဆဲပင်၊ ကျွန်တော်၏ ခန္ဓာကိုယ်ကတော့ တရွေ့ရွေ့ဖြင့် ရေတွင်းအောက်ခြေနှင့် နီးလာသည်။

အစ်ကိုက ဆီးကြို၍

“မင်း ဆင်းဖူးတာမဟုတ်ဘဲ ဘာကြောင့် ဆင်းလာရသလဲ” ဟူသောအသံတွင် ကရုဏာသံ စွက်လာတော့-

ကျွန်တော်ပြန်ပြောဝံ့လိုက်သည်-

“ခု ဆင်းဖူးသွားပြီ”

စိတ်ထဲ ရဲရင့်ကျေနပ်မှုတစ်ခု ခံစားလိုက်ရသည်ဟု ထင်သည်။

ထူးထူးခြားခြား အော်ဟစ်ကြုံးဝါးတာတော့ မလုပ်ခဲ့တာ ကောင်းကောင်းမှတ်မိနေသည်။

x x x

ကျွန်တော့်အတွက် လုံးဝအစိမ်းသက်သက်ဖြစ်သော ပြည်ပခရီး လေယာဉ်စီးခြင်းအမှုပြုပြီး၊ လိုအပ်သော စာရွက်စာတမ်းများ ရင်ဝယ်ပိုက်ကာ စင်္ကာပူနိုင်ငံတွင် အလုပ်ရှာရသောဘ၀ကို ရောက်ခဲ့ဖူးပါသည်။

မလုပ်ချင်တာလုပ်ရတာလည်း လူ့ဘ၀၊ လုပ်ချင်တာ မလုပ်ရတာလည်း လူ့ဘ၀ဆိုလေမလား မသိ။

အထက်တန်းကျောင်းသားဘ၀က သင်ခဲ့ရသော ဆရာမောင်ထင်၏ “ငဘ” ၀တ္ထုဆောင်းပါးထဲက စာတစ်ပိုဒ်လို “ကမ္ဘာစစ် ကြီးဖြစ်မှ လူဖြစ်လာရတဲ့သူလို ယောင်တီးယောင်န” နှင့်ဆိုသော စကားကဲ့သို့ပင် တကယ့်ကို ယောင်တီးယောင်န။

သို့သော် ကိုယ့်လိုပဲ အလုပ်လာရှာသူတွေအပြင် သူငယ်ချင်းတချို့လည်း တွေ့ရပြန်တော့ အားတက်ရပြန်သည်။ အလုပ်တစ် နေရာပေါ်သည်ဟု သတင်းရသည်း။

ကျွန်တော်က “ဗျူးမယ်ဗျာ” ဟု ဆိုသောအခါ သူငယ်ချင်းတချို့က ကန့်ကွက်ကြသည်။

“ခုမှ သင်္ဘောစတက်မယ့်သူက ကမ္ဘာပတ် (World wide) သင်္ဘောမတက်သင့်၊ ဟိုနားဒီနား(Home trade)သွားသည့်သင်္ဘော သာ တက်သင့်သည်ဟု အကြံပေးကြသည်။

ပိုဆိုးသည်က အဲ့သည်သင်္ဘောမှာ မြန်မာတစ်ယောက်မျှမပါ။ ကိုယ်တစ်ယောက်တည်း မြန်မာ၊ သို့သော် လစာကျတော့ အလွန်ကွာသည်။ ဟိုနားသည်နားက ဒေါ်လာ ၄၀၀ ၊ ကမ္ဘာပတ်က ဒေါ်လာ ၈၇၀ ။ ကျွန်တော့် အသက်အရွယ်အားဖြင့်လည်းကောင်း၊ ၀ါသနာအရလည်းကောင်း သင်္ဘော အလုပ်ကို နှစ်သက်၍ လုပ်သည်မဟုတ်၊ ငွေကြောင့်သာဆိုတော့ အချိန်နည်းနည်းမှာ ငွေများများ ပို၍ရလိုသည်။ ကိုယ်မှန်းဆသည့်ငွေရ၍ သင်္ဘောသားအလုပ်မှ နားခွင့်ရချိန်ရောက်လျှင်လည်း အမြန်နားချင်သည်။

ထို့ကြောင့်-

“သင်္ဘောဆိုတာ ရေထဲမှာသာနေတာပါ၊ အလုပ်ကတော့ ထူးမှာမဟုတ်” ဟူသော အယူအဆအားကိုးဖြင့် ကမ္ဘာပတ်သင်္ဘောကိုပဲ ရွေးပြီး“ဗျူး”လိုက်သည်။

အလုပ်ခန့်လိုက်သည်ဆိုတော့ ကန့်ကွက်ခဲ့သူတွေက ၀ိုင်းပြောကြသည်။

“မင်းအလုပ်ပြုတ်ပြီး ပြန်လာမှာ မြင်ယောင်တယ်ကွာ” ဟူသတည်း။

ကျွန်တော်အလုပ်မပြုတ်ခဲ့ပါ။

ကန်ထရိုက်နှစ်ပြည့်သည့်တိုင် လုပ်နိုင်ခဲ့ပါသည်၊ အမြတ်တစ်ခုလည်း အပိုရရှိလိုက်ပါသေးသည်၊ အင်္ဂလိပ်စကား အပြောအဆို အရင်ကထက် ပို၍တိုးတက်ခဲ့သည်။

x x x

“ဆင်းဖူးတာမဟုတ်” ဟု ကန့်ကွက်ခံရသောအချိန်နှင့် “တက်ဖူးတာမဟုတ်” ဟု ကန့်ကွက်ခံရသောအချိန်မှာ ကာလအားဖြင့် အနှစ် ၂၀ ကွာခြားပါသည်၊ ၁၉၆၈ ခုနှစ် နှင့် ၁၉၈၈ ခုနှစ်၊ ငယ်ငယ်က ရေတွင်းထဲသို့ စွန့်စားဆင်းခဲ့ခြင်းစိတ်ဓာတ်သည် အမြစ်တွယ်သွား တာများ ဖြစ်နေပါသလား။ အနှစ် ၂၀ ကြာပြီးမှ တစ်ခါ စွန့်စားဝံ့ခဲ့ပြန်ပါသည်၊ ကျွန်တော်မသိနိုင်၊ ပညာရှိ ပညာရှင်တို့သာ သိနိုင်မည် ထင်ပါသည်။

သို့သော် သေချာတာ တစ်ခုကတော့ ကိုယ့်ကို ကိုယ်ယုံကြည်မှုရှိခဲ့သော် ပထမခြေလှမ်းကို ရဲဝံ့စွာ မဖြစ်မနေ လှမ်းရလိမ့်မည် ဟု ဆိုသော် မမှားဟု ထင်ပါသည်။

နေရီ

၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ်

အတွဲ(၈) အမှတ်စဉ် (၃၆၉) အတွေးသစ်ဂျာနယ်

စာကြွင်း။ ။ “၀” မျှမရှိခဲ့သော် မည်သည့်နည်းနှင့်မျှ “၀ိ” ဖြစ်မလာနိုင်သည်ကို သိစေလိုခြင်းမှာ မူလရည်ရွယ်ချက်ဖြစ်၍ ရဲဝံ့စွန့်စားခြင်းဟူသည်လည်း တခါတရံတွင် လိုအပ်သောအရာဖြစ်သည်ဟု ယူဆပါသည်။ မျက်ကန်းတစ္ဆေမကြောက် စွန့်စားခြင်းကိုမဆိုလိုပါ။

ဆောင်းပါးတွင် ရည်ညွှန်းခဲ့သော သမီးငယ်သည် မြန်မာပြည် Web Design ကုမ္ပဏီတခုတွင် လုပ်သက်တနှစ်ရပြီး နောက် ယခုအခါတွင် Singapore ကုမ္ပဏီတခုတွင် အလုပ်လုပ်ကိုင်နေပြီ ဖြစ်ပါသည်။

မှန်ကန်သောလမ်းပေါ်လျှောက် လျှမ်းတော်တောက် သောလူငယ်များဖြစ်ကြပါစေကြောင်း။

Read more...

ပရိမ္မအတွေး

တလောက"ပရိမ္မ"အရပ်သို့ရောက်ခဲ့သည်။ ကျန်စစ်မင်းကြီး၏ ဇာတိမြေပင်။ ရှေးလက်၇ာအဆောက် အဦးများနှင့်အတူ သမိုင်းဝင် ပုံရိပ်များကိုတွေ့ရသည်။ အဆောက်အဦးတို့တွင် ခောတ်ဟန်နှင့် ရှေးသွင်တို့ရောနှော နေသကဲ့သို့ သမိုင်းတွင်လည်း ဒဏ္ဍာရီိတို့ ရောဝင်နေသည်ကို ကြားရသည်။

သို့သော် သမိုင်းပညာရှင်များကမူ ခောတ်လက်ရာများနှုင့် ဒဏ္ဍာရီများသည် တန်ဘိုးနဲအကာများအဖြစ် သတ်မှတ်ကြပြီး၊ ရှေးလက်၇ာနှင့် သမိုင်းမှန်များအား တန်ဖိုးမဖြတ်နိုင်သော အနှစ်များအဖြစ် ကမ္မည်းတင်ခဲ့ကြမြဲဖြစ်သည်။U Zargara-R-2

ကမ္မည်းတင်ခဲ့ကြသော ကျန်စစ်မင်းကြီး၏ စကားတစ်ချို့ဆိုလျှင် ယခုထက်တိုင် ပဲ့ထပ်တင်ကာ သမိုင်းနံရံ၌ ရိုက်ခတ်ဆဲဖြစ်သည်။ ထိုပရိမ္မအရပ်၌လည်း ကမ္မည်းပွားတင်ထားသည်ကို ကြည်နူးဘွယ် ဖတ်မှတ်ခဲ့ရသည်မှာ - ငါ၏ လင်္ကျာလက်ဖြင့် ထမင်းမုန့်ကျွေးအံ့၊ လက်ဝဲလက်ဖြင့် အ၀တ်ပုဆိုးပေးအံ့၊ မေတ္တာတည်းဟူသော လက်ဖြင့်ပိုက်ထွေးကာ သနားခြင်းလက်ဖြင့် ပြည်သူတို့၏ မျက်ရည် နှပ်ချွေးတို့ကို သုပ်ပေးအံ့….စသည်ပင်။

မင်းကောင်း မင်းမြတ်တစ်ပါး၏ နှလုံးသည်းပွတ်ကို ထင်ဟပ်စေသော စကားများပါပေ။

မွေးညှင်းရွှင်မျှ ကြည်နူးရစေသော သမိုင်းဝင်ခွန်းသံတည့်။

မည်သို့ဆိုစေ ထိုစကားတို့ကို နှောင်းလူများအထင်ကြီးစေရန် သမိုင်းဝင်စေရန် ကျန်စစ်မင်းကြီး ဆိုခဲ့သည်ကာ လုံးဝ မဟုတ်ချေ။ ပကတိရင်၌ရှိသော တရားမင်းတစ်ပါး၏ နှလုံးသွင်းသဘောထား ထုတ်ပြန်ချက်မျှသာ ဖြစ်သည်။

ထိုံ့ကြောင့်လည်း သူ့သမိုင်းနှင့် သူ့ဂုဏ်ကျေးဇူးးတို့သည် မမှိန်မပျက် သမိုင်းတန်ဘိုး တက်နေခြင်းဖြစ်သည်။

ထိုသို့မဟုတ်ဘဲ လူအားလုံးတို့ အထင်ကြီးစေလိုမှု၊ သမိုင်းတွင်လိုမှု၊ သမိုင်းဝင်လိုမှု သက်သက်မျှ့ဖြင့် သန်ရာကို ပြုနေကြလျှင် "သမိုင်းနေရာဦးမှု"မျှသာ ဖြစ်၍ မည်သည့်ပညာရှင် ကမျှအသိအမှတ်ပြုကြလိမ့်မည်မဟုတ်ကြောင်းကိုသတိချပ်သင့်ကြပေသည်။ ။

ဓမ္မရိပ် အယ်ဒီတာအာဘော် 2010 မေလ၊

Read more...

Jayamangala မိုးကုတ်ဝိပဿနာအထူးတရားပွဲ(June 24 to 28-6-2010) in Singapore


ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..


ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးလိုလို ဒါနပြုခြင်းနဲ့ ပတ်သက်ပြီး ပုဗ္ဗ မုဉ္စ အပရ စေတနာ ဆိုတာလေးကို ကြားဖူးကြမှာပါ..

ဒါပေမယ့် ဘာကိုဆိုလိုတယ် အဓိပ္ပါယ်ကဘာဆိုတာကို တော်တော်များများ သိကြမှာ မဟုတ်ဘူးလို့ထင်ပါတယ်..

ကျနော်လည်း အရင်ကမသိခဲ့ပါဘူး ဆရာတော် အရှင်ဇနကာဘိဝံသရေးသားတဲ့ ကိုယ်ကျင့်အဘိဓမ္မာကျမ်းထဲမှာ ဖတ်လိုက်ရလို့

အားလုံးကိုလည်း သိစေချင်တဲ့ စေတနာနဲ့ ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ….

ပုဗ္ဗစေတနာ

အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ ၊ မုဉ္စစေတနာ ၊ အပရစေတနာ ဟု ၃ မျိုးရနိုင်၏ ။

ထို့တွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်း နေသော အခါမှစ၍ မလှူမီ ရှေ့အဖို့၌

ဖြစ်သမျှကုသိုလ်စေတနာတွေသည် ပုဗ္ဗစေတနာ မည်၏ ။ ထိုသို့ ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍

အလှူ့ ဒကာ အလှူ့ ဒကာမ ၊ ကျောင်းဒကာ ၊ ကျောင်းအမ စသည်ဖြင့် ထင်ရှားကျော်ကြားစေလိုသောစိတ် ၊ ကျော်စောလိုသောစိတ် ၊

မိမိလှူနိုင်ကြောင်း ကြွားလိုသောစိတ်များ မဖြစ်စေရပါ ။ လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သားအချင်းချင်း အလှူနှင့် စပ်၍ မကျေမနပ် ဒေါသ

မာန စသော အကုသိုလ်များ ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန်းဆုတ်သော မလှူလိုသော စိတ်များ

မဖြစ်စေရ ။ ထိုသို့ မဖြစ်စေဘဲ ပျော်ရွှင်ဝမ်းမြောက်စွာ အရာရာကျေနပ်လျက် လှူဖွယ် အရပ်ရပ်တို့ကို စီမံနိုင်လျှင် “ပုဗ္ဗစေတနာ တွေ

အလွန်စင်ကြယ်စွာ ဖြစ်နေပြီ” ဟုမှတ်ပါ ။

မုဉ္စစေတနာ

မုဉ္စ - သဒ္ဒါသည် စွန့်လွတ်ခြင်း ဟူသော အနက်ကို ဟော၏ ။ ထို့ကြောင့် စွန့်လွတ် လှူဒါန်းနေတုန်း အခိုက်၌ ဖြစ်သော စေတနာသည်

(ဆွမ်းလှူရာ၌ ဆွမ်းကို အလှူခံ ပုဂ္ဂိုလ်အား ကပ်လှူနေတုန်းမှာ ဖြစ်သော စေတနာနှင့် ကိုယ်ထိလက်ရောက် မကပ်ဘဲ နှုတ်ဖြင့်

လျှောက်ထား၍ လှူရာ၌ “လှူပါ၏” ဟု ဆိုခိုက်မှာ ဖြစ်သော စေတနာသည်) မုဉ္စစေတနာ မည်၏ ။ ဤမုဉ္စစေတနာ အခိုက်လည်း

ပြခဲ့သော အကုသိုလ်စိတ်များ မဖြစ်စေဘဲ ၊ အလှူခံမည့် ပုဂ္ဂိုလ်ကိုလည်း ကပ်ငြိတွယ်တာသော တဏှာလောဘစိတ် မဖြစ်စေဘဲ ယခု

လှူဒါန်းလိုက်သည့် အတွက်ကြောင့် ငါ၏ ကိစ္စကို ကူညီဆောင်ရွက်လိမ့်မည်ဟု တစ်စုံတစ်ခုသော လောကီအကျိုးကို မမျှော်လင့်ဘဲ

ရက်ရက်ရောရော လှူဒါန်းနိုင်ပါလျှင် “မုဉ္စစေတနာတွေ စင်ကြယ်စွာ ဖြစ်ပြီ” ဟု မှတ်ပါ ။

အပရစေတနာ

အလှူအထမြောက်ပြီးနောက် ထိုကုသိုလ်နှင့် စပ်၍ဖြစ်သမျှစေတနာကို အပရစေတနာ ဟုခေါ်၏ ။ ထို့ကြောင့် ဒါနပြုပြီးနောက်ထိုဒါနကို

သတိရတိုင်း “အလှူအထမြောက်ပေပြီ ၊ ၀မ်းမြောက်ဖွယ် ကောင်းပေသည် ။ နောက်ထပ် လှူချင်သေးသည်” ဟု ၀မ်းမြောက် ၀မ်းသာ

ဖြစ်နေလျှင် အပရစေတနာ နယ်၌လည်း ကုသိုလ် စေတနာတွေ ထပ်မံတိုးပွားပြန်၏ ။ အလှူပေးပြီးနောက် ပစ္စည်းပျက်ပြား၍ ဖြစ်စေ ၊

ကျောင်းဆောက် ကိုးကွယ်ပြီးနောက် ကျောင်းထိုင် ဘုန်းကြီးအပေါ်၌ မကျေနပ်၍ ဖြစ်စေ “ငါလှူမိတာ မှားလေစွ” ဟု အပရစေတနာ

ပျက်လျှင် အလှူနှင့်စပ်၍ မကျေနပ်ခြင်းဟူသော ဒေါသ အကုသိုလ်ပင် ဖြစ်ပါသေးသည် ။

သတိထားဖွယ်

ဒါနပြုရာ၌ ကျောင်းဆောက်မှု ၊ ဘုရားတည်မှု ၊ အလှူကြီးပေးမှု စသည်တို့ဖြင့် ကြီးကျယ်သော ဒါနလည်းရှိ၏ ။ ဆွမ်း ၊ သင်္ကန်း ၊ ဆေး

အစရှိသည်တို့ဖြင့်လည်းကောင်း ၊ မရှိဆင်းရဲသားတို့အား စွန့်ကြဲပေးကမ်းမှု စသည်တို့ဖြင့်လည်းကောင်း အနည်းအပါး ဒါနလည်းရှိ၏ ။

ထို့တွင် ကြီးကျယ်သော ဒါနတို့၌ အလှူခံပုဂ္ဂိုလ် အတွက်ဖြစ်စေ ၊ သူတစ်ပါးတို့လာရောက် နှောင့်ယှက်သောကြောင့် ဖြစ်စေ

စေတနာပျက်ဖွယ်တွေ (စိတ်ထားမတက်သူ ၊ ဥာဏ်မရှိသူမှာ) များလှ၏ ။ ထို့ကြောင့် ထိုသို့ ဒါန အကြီးအကျယ် လှူရာ၌ မိမိကိုယ်တိုင်

စွမ်းနိုင်သမျှ စဉ်းစားရုံသာမကဘဲ မိတ်ဆွေကောင်းဆရာကောင်းတို့နှင့် တိုင်ပင်ကာ ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍

ပြုလုပ်ထိုက်ကြပေသည် ။ အနည်းငယ်ပြုကြသော ဒါနတို့ကားခွေး တိရစ္ဆာန်များကို ကျွေးမွေးရခြင်းသည်ပင် အကျိုးများလှပြီ

ဖြစ်သောကြောင့် အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ ၊ အချို့ အရာ၌ သံဃိတဒါန မြောက်အောင် စိတ်ထား၍

အချို့ အရာဝယ် လှူဖွယ်ဝတ္တုများ၌ မတွယ်တာဘဲ မုတ္တစာဂီ ဖြစ်အောင် စွန့်လွှတ် ပေးကမ်းလှူဒါန်းကြရမည် ။ (မုတ္တ = မတွယ်တာဘဲ

လွတ်လွတ်ကျွတ်ကျွတ် + စာဂီ = စွန့်ကြဲပေးကမ်းလေ့ရှိသူ ) “အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ ၊ လှူဖွယ်ပစ္စည်း၌လည်း မတွယ်တာ ၊

နောက်ဘ၀၌ လူနတ်စည်းစိမ်ကိုလည်း မတွယ်တာ မတောင့်တဘဲ နိဗ္ဗာန်ကိုရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းသူ”ဟုဆိုလိုသည် ။

Read more...

လူသားအကျိုးပြုပရဟိတလုပ်ငန်းများတွင် သုံးစွဲလှူဒါန်းရန် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နှစ်ဦးတိုက်တွန်းလိုက်ပြီ



ကမ္ဘာ့ဘီလျံနာများသည် ၎င်းတို့၏ ကြွယ်ဝမှု အနည်းဆုံး ၅၀ ရာခိုင်နှုန်းစီကို ပရဟိတလုပ်ငန်းများတွင် သုံးစွဲသွားရန် မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်နှင့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် ၀ါးရင်းဘတ်ဖက်က လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ဘီလျံနာများသည် ၎င်းတို့အသက်ရှင်နေစဉ်နှင့် သေတမ်းစာများတွင် ပရဟိတလုပ်ငန်းများအတွက် ရည်ရွယ်လှူဒါန်းသွားရန် ဘီလ်ဂိတ်နှင့်ဘတ်ဖက်က တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး အော်ပရာဝင်းဖရေး၊ တက်ဒ်တာနာနှင့် ဂျော့ဆော့ရို့စ်တို့ကို ကမ်းလှမ်းခဲ့ပြီး ဖြစ်သည်။

တစ်ဦးချင်း ချမ်းသာကြွယ်ဝမှုအရှိဆုံး ပုဂ္ဂိုလ်များနှင့်အမေရိကန်ရှိ ချမ်းသာကြွယ်ဝသော မိသားစုများသည် ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုအများစုကို ပရဟိတလုပ်ငန်းများထံ လှူဒါန်းကူညီရန် GivingPledge ၀က်ဘ်ဆိုက်မှတစ်ဆင့် တိုက်တွန်းခဲ့ပြီး ပရဟိတလုပ်ငန်းလုပ်ကိုင်သူ Eli နှင့် Edythe ဘုတ်အဖွဲ့မှာ ယင်းတိုက်တွန်းချက်ကို ပထမဆုံး အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိ စောင့်ကြည့်ရမည်ဟု သိရသည်။

ဝါးရင်းဘတ်ဖတ်သည် ၎င်း၏ ပိုင်ဆိုင်မှုမှ ၉၉ ရာခိုင်နှုန်းကို လှူဒါန်းသွားရန် ယခင်ကတည်းက ကတိပြုခဲ့ပြီးဖြစ်သည်။ ယခု သီတင်းပတ်အစောပိုင်းတွင်လည်း ဘီလ်ဂိတ်နှင့် မက္ကဆီကို မီဒီယာလုပ်ငန်းရှင် ကားလို့စ်ဆလင်းမ် သည် စပိန်နိုင်ငံနှင့်ပူးပေါင်း၍ လက်တင်အမေရိကတိုက်တွင် အာဟာရချို့တဲ့မှု၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနှင့် အခြားကျန်းမာရေးပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အမေရိကန် ဒေါ်လာသန်း ၁၅၀ လှူဒါန်းသွားမည်ဟု ကြေညာခဲ့သည်။

Forbes မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဘီလျံနာအားလုံး၏ လှူဒါန်းမှုအားလုံးကို ပေါင်းလိုက်ပါက အမေရိကန် ဒေါ်လာဘီလျံ ၆၀၀ အထိရှိသွားနိုင်သည်ဟု သိရသည်။
Eleven Media Group မှ

Read more...

http://mrparagu.blogspot.com/2010/06/blog-post_26.html

ရင်နင့်အောင် ချစ်တတ်နေချင်သူပါ
ဘယ်လိုချစ်ရမယ် ကျနော်မသိ။

ရင်နင့်အောင် လွမ်းတတ်နေချင်သူပါ
ဘယ်လိုလွမ်းရမယ် ကျနော်မသိ။

အချစ်နဲ့အလွမ်း မကွဲပြား
ကျနော် သဘာဝအရူးလား။

ချစ်အောင်လည်း မနေတတ်သူ
လွမ်းအောင်လည်း မနေတတ်သူ
ကျနော် သဘာဝအရူးလား။

နာမည်ကျန်အောင်လည်း မနေခဲ့သူ
သမိုင်းကျန်အောင်လည်း မနေခဲ့သူ
ကျနော် သဘာဝအရူးလား။

အများအတွက်နားလည်ပေးသူ
ကိုယ့်အတွက် နားလည်မပေးသူ
ကျနော် သဘာဝအရူးလား။

ဖြစ်ချင်ပါတယ်
စစ်စစ်ဖြစ်ရရင်ပေါ့
တကယ်တော့
ကျနော် သဘာဝအရူးစစ်စစ်ပါ။

Read more...

၇။ နာရဒဇာတ်

0005052Kph0.jpg

လွန်လေပြီးသောအခါ ဝိဒေဟရာဇ်ာတိုင်း၊ မိထိလာပြည်၌ အင်္ဂတိမင်းကြီး မင်းပြုသည်။ ထိုမင်း၌ သားတော်၊ သမီးတော်ဟူ၍ အများအပြားမရှိ။ သမီးတော်တစ်ပါးသာ ရှိသည်။ ရုစာဟု အမည်တွင်သည်။

ရုစာမင်းသမီးသည် လွန်စွာ လှပတင့်တယ်သည်။ အကျင့်သီလနှင့်လည်း ပြည့်စုံသည်။ ရှေးဘဝနှင့် နောက်ဘဝကို သိမြင်နိုင်စွမ်းသော ဉာဏ်ထူးလည်း ရရှိထားသူ ဖြစ်သည်။ မင်းကြီးသည် တစ်ဦးတည်းသော သမီးတော်ကလေး ရုစာဒေဝီကို လွန်စွာချစ်မြတ်နိုးသည်။ သမီးတော်ကလေး အတွက် အဝတ်အဆင်း၊ အစားအစာနှင့် ပန်းမျိုးစုံကို နေ့စဉ် ပေးပို့သည်။ ထို့ပြင် ၁၅-ရက် တစ်ကြိမ် သမီးတော်အလိုရှိသလို လှူဒါန်းနိုင်ရန်လည်း အသပြာတစ်ထောင် တစ်ထောင် ပေးတော်မူသည်။

တစ်ခုသော တန်ဆောင်မုန်းလပြည့်နေ့တွင် မင်းနေပြည်တစ်ခုလုံး နက္ခတ်ပွဲသဘင် ဆင်ယင် ကျင်းပကြသည်။ မင်းကြီးသည် နန်းရင်ပြင်ဝယ် အမတ်အပေါင်း ခြံရံ၍ စံပယ်နေစဉ် ကြည်လင်သော လပြည့်ဝန်းကြီးကို မြင်သဖြင့် “ယခု ညအချိန်သည် အလွန်သာယာလှပသည်။ ဤအချိန်မျိုး၌ မည်သို့သော မွေ့လျော်မှုမျိုးကို ပြုရပါအံ့နည်း” ဟူ၍ အမတ်တို့ကို မေးသည်။

ထိုအခါ အလာတ အမတ်ကြီးက “မိမိလက်အောက်ခံ မဟုတ်သေးသော နိုင်ငံများကို စစ်အင်္ဂါ ၄-ပါး ခင်းကျင်း၍ တိုက်ခိုက် သိမ်းသွင်းသင့်သည်” ဟူ၍ လျှောက်ထား၏။ သုနာမ အမတ်ကြီးက “အစားအစာ၊ အဖျော်ယမကာတို့ကို သောက်စားလျက် အက၊ အဆို၊ အတီးတို့ကို နားဆင်ကာ ကာမဂုဏ် ခံစားသင့်သည်” ဟူ၍ဆို၏။ ဝိဇယ အမတ်ကြီးက “အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသော ရသေ့ရဟန်းတို့ထံ ဆည်းကပ်၍ တရားဆွေးနွေး မေးမြန်းသင့်သည်” ဟူ၍ ဆို၏။

မင်းကြီးသည် ဝိဇယအမတ်ကြီး၏ လျှောက်ထားချက်ကို နှစ်သက်သွားသည်။ “ဝိဇယ အမတ်ကြီး၏ လျှောက်ထားချက်သည် သင့်သည်။ မည်သည့် ရသေ့ရဟန်းထံ ဆည်းကပ်သင့်ပါသနည်း” ဟူ၍ မေး၏။

ထိုအခါ အလာတအမတ်ကြီးက “အာဇီဝကတက္ကတွန်း ရှိပါသည်။ ထိုပုဂ္ဂိုလ်သည် အကြားအမြင် ဗဟုသုတနှင့်လည်း ပြည့်စုံပါသည်။ ဆန်းကြယ်သော စကားကိုလည်း ပြောဟော တတ်ပါသည်။ ဆည်းကပ်တော်မူသင့်ပါသည်” ဟူ၍ လျှောက်၏။

အာဇီဝက တက္ကတွန်းကား အဝတ်မဝတ်။ ကိုယ်လုံးတီးဖြင့်နေ၏။ အယူမှားသူ ဖြစ်၏။ သို့ရာတွင် ဂိုဏ်းဆရာ တစ်ယောက် ဖြစ်သည်။ ပညာဉာဏ်နည်းပါးသူတို့က ဆည်းကပ်ကိုးကွယ် ကြ၏။

မင်းကြီးသည် အလာတအမတ်၏ လျှောက်ထားချက်ကို နာယူကာ တက္ကတွန်းဆရာကြီးထံ သွားသည်။ မိမိသိလိုသည့် အချက်များကို မေးမြန်းသည်။ တက္ကတွန်းဆရာကြီးက “တမလွန်လောက ဟူ၍ မရှိ။ ကောင်းမှု၊ မကောင်းမှု ဆိုသည်လည်း မရှိ။ အလှူပေးခြင်းသည် အကျိုးမရှိ သတ္တဝါ ဟူသမျှ ရှစ်ဆယ့်လေးကမ္ဘာပတ်လုံး သံသရာ၌ ကျင်လည်ကြရသည်။ ရှစ်ဆယ့်လေးကမ္ဘာ ပြည့်သောအခါ အလိုလို စင်ကြယ်ကြကုန်သည်။ ကောင်းမှုကို ပြုသော်လည်း အကျိုးမခံစားရ။ မကောင်းမှုကို ပြုသော်လည်း အပြစ်မခံရ”

(နာရဒဇာတ် နိဂုံးအား ဆက်တင်ပါမည်)

Read more...

*နိဗ္ဗာန်သို့သွား ခြေလှမ်းများ- ဗောဇ္ဈင်တရားတော် (၁)- အရှင်ပုညာနန္ဒ*


တရားရှုတဲ့ ယောဂီများအတွက် အရေးကြီးပြီး အလွန်လိုအပ်တဲ့၊ လုပ်ငန်းခွင်မှာလည်းပဲ အရေးပါတဲ့ လောကီ ကိစ္စတွေမှာလည်း အာရုံပြုပြီးတော့ မကျန်းမမာ ဖြစ်လာကြတဲ့ သူတော်စင်များမှာ အားကိုး ရှာကြတဲ့အခါ မိမိတို့ ဖြစ်ပေါ်နေတဲ့ နှိပ်စက်မှု၊ မကျန်းမာတဲ့ အနာရောဂါတွေကို ပျောက်ချင်ကြတဲ့ အတွက် မခံမရပ်နိုင် ဖြစ်လာတဲ့ အခါမျိုးမှာ အားကိုးတဲ့ တရားရှိတယ်၊ ဗောဇ္ဈင်တရား

ဒီဗောဇ္ဈင်တရားကို အားကိုးပြီးတော့လည်းပဲ ရွတ်ဆိုတဲ့ အသံလေးတွေကို နားထောင်ပြီးတော့ ပျောက်လေမလားလို့ ကြိုးစားပြီး နာယူကြတယ်။ ဗောဇ္ဈင်တရားက နာရုံနဲ့ ပျောက်တာမှ မဟုတ်ဘဲ၊ တကယ် ပျောက်ချင်ရင် တကယ် ခန္ဓာမှာ ပြောနေတဲ့ အရှုခံ တရားတွေပေါ်မှာ ဗောဇ္ဈင်တရားတွေနဲ့ ကိုက်ညီအောင် ကြိုးစားပါ။ အဲလို ကိုက်ညီအောင် ကြိုးစားတဲ့ မည်သူမဆို ဖြစ်ပေါ်လာတဲ့ အနာရောဂါ မှန်သမျှကို ငြိမ်းစေတဲ့ အပြင် အလွန်ချမ်းသာတဲ့ ဘုရားရှင် အလိုတော်ကျ နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ကိုလည်း အရောက် တက်လှမ်းမှာ သေချာပါတယ်။ ဒါကြောင့်မို့လို့ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်နေတဲ့ သောက မီးတောက်တွေလည်းငြိမ်း၊ ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ အနာရောဂါတွေကိုလည်း ကင်းပျောက်အောင် ကုစားနိုင်ဖို့၊ အားကိုးထိုက်တဲ့ တရားဖြစ် တဲ့ ဗောဇ္ဈင်ကို ယနေ့ သူတော်စင်များ အတွက် အလုပ်ခွင်နဲ့ တွဲရှင်းပေးမယ်။

သောက်ဆေးကို သောက်မှ ပျောက်မှာပါ။ လိမ်းနေရုံနဲ့ မပျောက်ဘူး။ ကိုယ်စီကိုယ်စီ လာပြီးတော့ ၁၀- ရက်စခန်းမှာ သောက်ကြည့်နေတာ၊ ရှိနေတဲ့ သံသရာ အမြစ်တွယ်ခဲ့တဲ့ ရောဂါမှန်သမျှ ပျောက်ဖို့၊ အခု ဗောဇ္ဈင် တရားနဲ့ အလုပ်ခွင်မှာ ကြိုးစားလာတဲ့ ယောဂီများ အတွက်ကို သူ့နေရာနဲ့သူ အသုံးချတတ်ဖို့ အတွက် ရှင်းပေး သွားပါ့မယ်။

နှာသီးဝမှာ အာရုံယူပြီး ကြိုးစားရတဲ့ ယောဂီလည်း နှာသီးဝမှာ အာရုံယူပြီးတော့ နှလုံးသွင်းပါ။ ကိုယ် ပေါ်မှာ ကိုယ်နှင့်စပ်ပြီး ပေါ်လာတဲ့ အရှုခံပေါ်မှာ နှလုံးသွင်းပါ။ စိတ်နှင့်စပ်ပြီး ပေါ်လာတဲ့ အရှုခံကို အားရ ကျေနပ်ပါတယ်လို့ ရှုနိုင်တဲ့ ယောဂီများကလည်း စိတ်နှင့်စပ်တဲ့ အာရုံပေါ်မှာ နှလုံးသွင်းပါ။ ရုပ်ပေါ်ပေါ် နာမ်ပေါ်ပေါ် ကြည့်နေတတ်တဲ့ ယောဂီများကလည်းပဲ ပေါ်ရာခန္ဓာမှာ အာရုံလေး စိုက်ပြီးတော့ နှလုံးသွင်းပါ။ အဲဒီလို နှလုံးသွင်းလာတော့ မိမိတို့ရဲ့ သန္တာန်မှာ ဗောဇ္ဈင်တရား ကိန်းမကိန်းဆိုတာကို ရှင်းပေးရမှာက.. ကိုယ် လည်း သိပြီးသားပဲ။

ဗောဇ္ဈင်တရားသည် အားလုံး (၇) ပါးရှိတယ်။ သတိ သမ္ဗောဇ္ဈင်ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်ဝီရိယ သမ္ဗောဇ္ဈင်သမာဓိ သမ္ဗောဇ္ဈင် လို့။ အခုပြောလိုက်တဲ့ (၄) ပါးသော ဗောဇ္ဈင်သည် ကရက ဗောဇ္ဈင်လို့ နားလည် ထား။ တနည်းပြောရရင် အလုပ်ခွင်မှာ ပြည့်အောင် ဖြည့်ဆည်းရမယ့် အလုပ်တရား (၄) ပါး။ ဒီ အလုပ်တရား (၄) ပါးကို ပြည့်စုံအောင် ဖြည့်ဆည်းနိုင်ရင် ပြည့်စုံတဲ့ ယောဂီတိုင်းမှာ ပီတိ သမ္ဗောဇ္ဈင် ရယ်၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင် ရယ်၊ ဥပေက္ခာ သမ္ဗောဇ္ဈင် ရယ်လို့ ဗောဇ္ဈင် (၃) ပါး အကျိုးအနေနဲ့ ရလိမ့်မယ်။ ဒီ (၃) ပါးသည် ရှေ့ (၄) ပါး မပြည့်ရင်တော့ မရဘူး။ ရှေ့ (၄) ပါး ပြည့်ရင်လည်းပဲ ဒီ ဗောဇ္ဈင် (၃) ပါး ရကို ရမယ်။ ရှေ့ (၄) ပါး ပြည့်တယ် ထင်ပြီး (၃) ပါး မပေါ်ရင်လည်းပဲ၊ ကိုယ်သိပါတယ် ဆိုတဲ့ (၄) မျိုး မမှန်သေးလို့ပါ။ ဒါလေးကိုတော့ သဘောရှင်း ပါစေ။ အလွန်လည်း အရေးကြီးပါတယ်။ အဖိုးလည်း အင်မတန် တန်တဲ့တရားပါ။ အလုပ်ခွင်မှာ ယောဂီတိုင်း သည် သတိ သမ္ဗောဇ္ဈင် ဉာဏ်ယှဉ်ပြီးတော့ ပြည့်စုံအောင်ကို ကြိုးစားရမှာ။ အလုပ်ခွင်မှာ စတင်ပြီးတော့ ဒီ (၄) မျိုး ပြည့်မပြည့် ဆိုတာကို ကြိုးစားနေတဲ့ ယောဂီများအတွက် စတင် ပြောတော့မယ်။

ပေါ်ရာ အရှုခံကိုပဲ ကြည့်ကြည့်၊ အလေးထားပြီး ကိုယ့်စရိုက်နဲ့ညီတဲ့ ကမ္မဋ္ဌာန်းကိုပဲ ရွေးချယ်ပြီး ရှုရှု၊ ဖောက်ပြန်တဲ့ ရုပ်တရားလေး ပေါ်တိုင်းပေါ်တိုင်း သိနေရင်၊ ခံစားတဲ့ ဝေဒနာလေး ပေါ်တိုင်းပေါ်တိုင်း သိနေရင်၊ မိမိရဲ့ သိတတ်တဲ့ စိတ်လေးအပေါ်မှာ ပြန်ပြန်ပြီး ကြည့်လို့သိနေရင်၊ ဒီအသိတရားလေးတွေ အပေါ်မှာ ပေါ်တိုင်းပေါ်တိုင်း သိနေလို့ ရှုပွားနေတဲ့ ယောဂီများရဲ့ သန္တာန်မှာ စတင်ပြီးတော့ သတိ သမ္ဗောဇ္ဈင် ကိန်းပါတယ်။ သတိ သမ္ဗောဇ္ဈင် ဆိုတာက ပွားများ အားထုတ်နေတဲ့ ယောဂီများမှာ ရုပ်ကို အလေးပေး ရှုလည်း ရုပ်အရှေုခံ ပေါ်တိုင်းပေါ်တိုင်း သိနေတယ်။ ဝေဒနာကို အလေးပေး ရှုလည်းပဲ ဝေဒနာ ပေါ်တိုင်းပေါ်တိုင်းကို သိနေတယ်။ စိတ်ကို အလေးပေးရှုတဲ့ ပုဂ္ဂိုလ်ကလည်း စိတ် ပေါ်တိုင်းပေါ်တိုင်းကို သိနေတယ်။ ဓမ္မသဘောကို ရှုတဲ့ ပုဂ္ဂိုလ်ကလည်း ဓမ္မ ပေါ်တိုင်းပေါ်တိုင်းကို သိနေတယ်။ အဲဒီလို သိနေတာက သတိအား ကောင်းလာလို့၊ ရှုမှတ် ပွားများနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အဲဒီလို ပေါ်ရာ အရှုခံလေးတွေကို သိနေရင် သတိ သမ္ဗောဇ္ဈင် ပြည့်စုံနေတယ်။

ရှုနေတဲ့ အရှုခံ အာရုံလေးတွေကို ကြည့်လိုက်တော့ ၀ိပဿနာဆိုတာ ရှိရာက မရှိတာ မြင်သွားတာ၊ ရှိရာက မရှိတာလေးကို မြင်တာသည် ၀ိပဿနာ ဉာဏ်ဆိုတဲ့အတိုင်း၊ ရုပ်အရှုခံကို အလေးထားရှုတဲ့ ပုဂ္ဂိုလ် ကလည်း ရုပ်ကိုကြည့်တယ် ဆိုပေမယ့် ကြည့်လိုက်တဲ့ ဉာဏ်အောက်မှာ မရှိတာ မြင်ရတာ။ ဝေဒနာကို ရှုတယ် ဆိုပေမယ့် ဝေဒနာကို သိရတာ မဟုတ်တော့ဘူး၊ ဝေဒနာ မရှိတာလေး မြင်ရတာ။ စိတ်ကို ရှုတယ် ဆိုပေမယ့် စိတ်ကြီးကို တွေ့ရတာ မဟုတ်ဘူး၊ စိတ်ရဲ့ မရှိတာလေးကို မြင်ရတာ။ အဲဒီလို အရှုခံ တရားလေးတွေ အပေါ်မှာ ကိုယ်သန်ရာသန်ရာ ကိုယ့်စရိုက်နဲ့ညီတဲ့ ကမ္မဋ္ဌာန်းကို ရွေးချယ်ပြီးတော့ ရှုနေကြတဲ့ ယောဂီတိုင်းမှာ အရှုခံပြလိုက်၊ ဉာဏ်လေးနဲ့ ကြည့်လိုက်၊ အရှုခံပေါ်လိုက် ဉာဏ်လေးနဲ့ ကြည့်လိုက်၊ ရှိနေတဲ့ အရှုခံ တရားလေးကို ဉာဏ်လေးနဲ့ ကြည့်တော့၊ ဟော.. မရှိတာလေး မြင်လိုက်တယ်။ တနည်းပြောရင် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီး အမြဲတမ်းပြောပြီးတော့ နားလည်လွယ်အောင် ဟောခဲ့တဲ့ “ဖြစ်တာနဲ့ ပျက်တာပဲ”

အခုလည်း အရှုခံတရားလေးကို သိသိ သိသိနေတဲ့ သတိ သမ္ဗောဇ္ဈင်ကို အခြေခံထားပြီး ကြိုးစားလာတဲ့ ယောဂီများမှာ ဒီသဘောတရားလေး ဟာဖြင့် ဖြစ်ပြီးရင် ပျက်သွားတယ်၊ မွေးပြီးရင် သေသွား တယ်၊ ပေါ်ပြီးရင် ချုပ်သွားတယ်၊ ဒါကလွဲလို့ မတွေ့ရဘူး။ အဲဒီအမြင်ကို ရှင်းအောင် ဆိုပြီးတော့ ဧည့်သည်ခန္ဓာ လေးကို မမေ့နဲ့။ ဧည့်သည်ဆိုတာ အိမ်တစ်အိမ်ကို အလည်လာတဲ့ အခါမှာ အိမ်ရှင် နေသလိုမျိုးတော့ အချိန်ပြည့် ဘယ်နေလို့ ရမလဲ။ အိမ်ရှင်သည် ကိုယ့်အိမ်မှာကိုယ် အမြဲတမ်း နေခွင့် ရှိပေမယ့်၊ ဧည့်သည်ဆိုတာ က အကြောင်းရှိခိုက်သာ လာတည်းခိုလိုက်တာ၊ အကြောင်းကုန်တော့ ပြန်သွားရတာ ဧည့်သည်ရဲ့ သဘော။

အခုလည်းပဲ နှာခေါင်း နှာသီးမှာ အခြေခံထားပြီး ကြည့်နေတဲ့ ယောဂီများမှာ နှာခေါင်း နှာသီးဆိုတဲ့ အိမ်ရှင်ခွင့်ပြုတဲ့ အခိုက်လေးမှာ ရှူသွင်းလိုက်တဲ့ အေးသဘောဆိုတဲ့ ဧည့်သည် ခန္ဓာလေး အလည်လာတယ်၊ ရှူထုတ်လိုက်တဲ့ အခါမှာ နွေးသဘောဆိုတဲ့ ဧည့်သည် ခန္ဓာလေး အလည်လာတယ်။ အဲဒီ အလည်လာတဲ့ ဧည့် သည်ခန္ဓာလေးသည် အိမ်ရှင် ခွင့်ပြုခိုက်လေး လာတာ။ အကြောင်းလည်း ကုန်ကော ပြန်သွားပြန်တယ်။ လာတယ်ဆိုတာက ဧည့်သည် ခန္ဓာလေး ဖြစ်တာ။ ပြန်တယ် ဆိုတာက ဧည့်သည် ခန္ဓာလေး ပျက်တာ။ အေးတယ် ဆိုတာ ရုပ်ခန္ဓာ၊ နွေးတယ်ဆိုတာ ရုပ်ခန္ဓာ။ ဒီ ရုပ်ခန္ဓာလေး ပေါ်တိုင်းပေါ်တိုင်းကို သိတုန်းက သတိ သမ္ဗောဇ္ဈင်။ အခုပေါ်တဲ့ ခန္ဓာလေး ကြည့်လိုက်တော့ ဧည့်သည် သဘောလေးကို တွေ့လိုက်ရတယ်။ အလည် လာပြီး ပြန်သွားတယ်။ ဖြစ်ပြီးတော့ ပျက်တယ်။ ဒါကို မြင်တဲ့ဉာဏ်သည် ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်

အော် ကိုယ့်ရဲ့ သန္တာန်မှာ အရှုခံလေး ပြတိုင်းပြတိုင်း မြင်အောင် ကြည့်တယ်။ မရှိတဲ့ သဘောလေးရဲ့ သဘောထား အမှန်ကို ဉာဏ်ရောက်အောင် ကိန်းလိုက်တဲ့ အချိန် ဓမ္မ၀ိစယ သမ္ဗောဇ္ဈင် ပေါ်သွားပြီ။ သတိ သမ္ဗောဇ္ဈင် လည်းပဲ သဘောရှင်းသွားပြီ။ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်လည်း ပုံပေါ်လာပြီ။ အဲဒီ ယောဂီဟာ ကိုယ်ရှု နေတဲ့ အရှုခံ တရားဂုဏ်တော် (၆) ပါးထဲက ဧဟိပဿိကော လို့ ရုပ်ကလည်း ခေါ်တာပဲ၊ ဝေဒနာကလည်း ခေါ်တာပဲ၊ စိတ်ကလည်း ခေါ်သလို သဘောတရား မှန်သမျှကလည်း ခေါ်နေတာ။ အဲသလို ခေါ်နေတာကို ဧဟိ ပဿိကော ဆိုတဲ့ ကိုယ်တိုင် ကိုယ်ပိုင် ဉာဏ်လေးနဲ့ လိုက်လိုက် ကြည့်လိုက်တော့ သူ့သဘောလေးက ဖြစ် လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဒါပဲ ပြောနေတယ်။ အဲဒီလို အရှုခံပေါ်မှာ အရှုဉာဏ်လေး ကိန်းပြီး တော့ ဖြစ်တာနဲ့ ပျက်တာကို ပိုင်ပိုင် နိုင်နိုင်နဲ့၊ ပေါ်တိုင်းပေါ်တိုင်း မလွတ်ရ အောင်လို့ တစ်ပျက်တည်း ပျက်နေ တဲ့ အရှုခံ ပေါ်မှာ အသိဉာဏ်လေး ကိန်းပြီး ကြိုးစား ရှုပွားနေတဲ့ အမြင်သည် ၀ီရိယ သမ္ဗောဇ္ဈင်

ဝီရိယ သမ္ဗောဇ္ဈင် ဆိုတာ ယောဂီတို့ရဲ့ သန္တာန်မှာ ပေါ်နေတဲ့ အရှုခံ လေးတွေကို အမြင်ဉာဏ်က မလွတ်အောင်လို့ တစ်ပျက်တည်း ပျက်နေတာကို မြင်နေရတဲ့ အမြင်နော်။ အဲဒီ အမြင်လေးသည် ပေါ်လိုက် ပျောက်သွားလိုက်၊ ကြည့်လိုက် မရှိလိုက်၊ ရှိရာက မရှိတဲ့ အမြင်လေးတွေကို ပေါ်တိုင်းပေါ်တိုင်း ကြိုးစားရင် ကြိုးစားသလောက် အမြင်သန်လာတယ်။ အရှုခံနှင့် အရှုဉာဏ် တည့်ပြီးတော့ တစ်ပျက်တည်း ပျက်နေတာကို မြင်နေရတယ်။ အဲဒီ ပုဂ္ဂိုရ်ရဲ့ သန္တာန်မှာ ၀ီရိယ သမ္ဗောဇ္ဈင် ကိန်းနေပြီ။ ဒီယောဂီသည် ကြည့်နေတဲ့ အရှုခံ အာရုံပေါ်မှာ ကြိုးစားရင် ကြိုးစားသလောက် အသိဉာဏ်က တစ်ပျက်တည်း ပျက်နေတာကို မြင်နေရတဲ့ အတွက်ကြောင့်မို့လို့၊ ဒီအချိန် အခါမှာ အာရုံတွေလည်း မထွေပြားတော့ဘူး။ စိတ်ပျက်စရာ အာရုံ မှန်သမျှ လည်းပဲ လာမနှောင့်ယှက် တော့ဘူး။ ပျော်စရာ ရွှင်စရာ အာရုံ အမျိုးမျိုးကလည်း လာ မနှောင့်ယှက်တော့ဘူး။ အရှုခံ အသိဉာဏ်လေး ကိန်းပြီး တစ်ပျက်တည်း ပျက်တာကိုသာ တည်ငြိမ်စွာနဲ့ ရှုနေနိုင်ပြီ။ အဲဒီ ယောဂီသည် သမာဓိ သမ္ဗောဇ္ဈင် တည်သွားပြီ။ မိမိတို့ရဲ့ သန္တာန်မှာ ကြိုးစားပါ။

ဆက်လက်ဖော်ပြပါမည်။

ဤလင့်ခ်တွင် ဂိုးလ်စတိန်း၏ ကိုယ်တွေ့ဝိပဿနာ မှ ထုတ်နုတ် ရေးသားအပ်သော ဗောဇ္ဈင်တရား ခုနစ်ပါးအား ဖတ်ရှု ကြည်ညို နာယူနိုင်ပါတယ် ခင်ဗျာ..။

လေးစားစွာဖြင့်
ဖိုးသား
6/28/2010, MON:, 2:27:19 AM

Read more...

မြတ်ဗုဒ္ဓ နှင့် သဟမ္ပတိဗြဟ္မာကြီး

မြတ်ဗုဒ္ဓသည် သတ္တဋ္ဌာန တို့တွင် သီတင်းသုံးတော်မူပြီးနောက် ပဉ္စမသတ္တာဟ ဖြစ်တဲ့ အဇပါလညောင်ပင်ကြီးရှိရာသို့ ပြန်လည်ကြွတော်မူခဲ့၏။ ဆိတ်ငြိမ်ရာ အရပ်သို့ချဉ်းကပ်တော်မူ၏။ ထို့နောက် မြတ်ဗုဒ္ဓသည် ယခုကဲ့သို့ စိတ်အကြံဖြစ်လေသည်။ “ရာဂ/ဒေါသ/မောဟတွေ ထူပြောများပြားတဲ့ သတ္တ၀ါတွေကို တရားဟောပေမဲ့ အကျိုးရှိမှာမဟုတ်ပေဘူး၊ ငါဘုရား ပင်ပန်းရုံသာရှိမည်” ဟု အဓိပ္ပါယ်ထွက်သော စိတ်အကြံတော်..ဖြစ်လေ၏။
ဤစိတ်အကြံမှာ အံ့သြဖွယ်ပင်ဖြစ်သည်။ မြတ်ဗုဒ္ဓအလောင်းတော်သည် သုမေဓာဘ၀ကတည်းက.

  • ဗုဒ္ဓေါဗောဓေယျံ = ငါသစ္စာ (၄)ပါးသိသလို သတ္တ၀ါတို့ကိုလည်း သိစေရမည်
  • မုတ္တော မောစေယျံ = ငါကိလေသာမှ ကင်းလွတ်ပြီးလျင် သတ္တ၀ါတို့ကို ကင်းလွတ်စေရမည်
  • တိဏ္ဏော တာရေယျံ = ငါသံသရာမှာ ကူးမြောက်ပြီးလျင် သတ္တ၀ါတို့ကိုလည်း ကူးမြောက်စေရမည်..ဟူသော..

ရည်ရွယ်ချက်များကို ထားရှိခဲ့ပြီးသား ဖြစ်၏။ အခု မြတ်ဗုဒ္ဓ အဖြစ်ကိုရောက်ပြီးသကာလမှာတော့ တရားမဟောတော့မယ့် စိတ်အကြံဟာ ဖြစ်ခဲ့လေ၏။ မြတ်ဗုဒ္ဓ၏ စိတ်အကြံတော်ကို ဘေးကလူတို့က ကြည့်လျင် တကယ်ပဲ မြတ်ဗုဒ္ဓတရားမဟောတော့မည်ဟု အထင်မှားစရာဖြစ်၏။
အမှန်တော့ အခုလို စိတ်အကြံတော်ဖြစ်ခြင်းမှာ မြတ်စွာဘုရား နောင်ကို ဘယ်တော့မှာ တရား မဟောတော့ပါဘူးလို့ ဆင်ခြင်ခြင်းမဟုတ်ပါ။ လက်ရှိ အချိန် အတွက်သာ ဖြစ်ပါ၏။ လက်ရှိအချိန်မှာမှ မကျွတ်ထိုက်သော သတ္တ၀ါများအတွက်သာ ဖြစ်၏။
မြတ်ဗုဒ္ဓရရှိထား သိထားအပ်ပြီးသော တရားတို့သည် လွန်စွာ နက်နဲသိမ့်မွေ့၏။ ကျယ်ပြန့်၏။ ထင်ရာတွေ တွေးပြီး စိတ်ကူးထားတဲ့ တရားမျိုးမဟုတ်။ လောက၏ အရှိတရားနှင့် အမှန်တရားတို့ကို ပြည့်စုံစွာ သိအပ်ထားပြီးဖြစ်၏။ ထိုကဲသို့ နက်နဲ သိမ်မွေ့သော တရားတို့ကို သိအပ်မြင်နိုင်ဖို့အတွက် မြတ်ဗုဒ္ဓသည် အလောင်းတော်ဘ၀ကတည်းက လေးသင်္ချေ ကမ္ဘာ တစ်သိန်းကြာအောင် ပါရမီ/စာဂ/စရိယများကို ပြည့်စုံစွာ ဆည်းပူးခဲ့ရပါ၏။ လူသာမာန်တို့ လုပ်နိုင်ခဲတဲ့ မြတ်သောအလုပ်-ပါရမီဖြည့်ကျင့်ခြင်း ကို မြတ်ဗုဒ္ဓအလောင်းတော်က အချိန်ကြာအောင် မရပ်မနားဘဲ ဖြည့်ကျင့်ခဲ့ရသေး၏။ မြတ်ဗုဒ္ဓဖြစ်မည့် လက်ရှိဘ၀တွင်ပင် မည်သူ့ထံမှာမှ နည်းနာမခံယူဘဲ ကိုယ်တော်တိုင် ကြိုးစားကြိုးကုတ် အားထုတ်ပြီးမှ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ ဟူသော သစ္စာလေးပါးတို့ကို ပိုင်းခြားထင်ထင် သိအပ်ခဲ့လေပြီ။ ထို့ကြောင့် ဆရာမကူ သယမ္ဘူ ဥာဏ်ဖြင့် သမ္မာသမ္ဗုဒ္ဓ အဖြစ်ကို ရအောင်ယူထားပြီး ဖြစ်ရာ၏။
ယခု ဘုရားဖြစ်ပြီးနောက် သတ္တ၀ါတွေဘက်ကို ရွှေဥာဏ်တော်ဖြင့် ဆင်ခြင်ကြည့်လိုက်တဲ့အခါ..
သတ္တ၀ါများသည် အ၀ိဇ္ဇာ ဖြင့် လွှမ်းမိုးနေကြ၏။ အ၀ိဇ္ဇာ၏ သတ္တိသည် ဖုံးခြင်းသဘောလည်း ရှိသည်။ ဖော်ခြင်းသဘောလည်းရှိသည်။ ဖုံးခြင်းဆိုသည် မှာ အမှန်ကို မမြင်နိုင်အောင်၊ အဓမ္မကို အဓမ္မမှန်းမသိအောင် ဖုံးကွယ်ထားခြင်းဖြစ်သည်။ ဖော်ခြင်းသဘောဆိုသည်မှာ မဟုတ်ကို အဟုတ်သဖွယ်ဖြစ်အောင် ဖော်ထုတ်ခြင်းဖြစ်၏။ [စာ-၆၆၊ ဦးရွှေအောင်၊ ဗုဒ္ဓသို့မဟုတ်အနှိုင်းမဲ့]
ထို့ကြောင့် သတ္တ၀ါတို့သည် ဘ၀ကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘ ဟုမြင်ကြသည်။
မြတ်ဗုဒ္ဓက မည်သည့်ဘ၀ပင်ဖြစ်စေ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ဟု ဟောတော့မည်။
ထို့ကြောင့် မြတ်ဗုဒ္ဓ ဟောတော့မည့် တရားတော်မှာ သတ္တ၀ါအားလုံး မှတ်ထင်စွဲလမ်းတာနှင့် သိသာစွာ ဆန့်ကျင်နေ၏။ အ၀ိဇ္ဇာအမှောင်ဖြင့် ပိတ်ဆို့အပ်နေသော..တနည်းအားဖြင့် ကာမရာဂ၊ ဘ၀ရာဂ၊ ဒိဋ္ဌိရာဂ တို့၏ လွှမ်းမိုးခြင်းခံနေကြရသော သတ္တ၀ါတို့သည် မြတ်ဗုဒ္ဓဟောမည့် သိမ်မွေ့နက်နဲသော သစ္စာတရားတော်တို့ကို လွယ်လွယ်ဖြင့်တော့ မြင်နိုင်ကြမည်မဟုတ်ပေ။
တနည်းပြောရလျင် မြတ်ဗုဒ္ဓဟောမည့် တရားတော်တို့သည် အရှေ့ဘက်ကို လှည့်နေ၏။
သတ္တ၀ါတို့၏ လက်ရှိစိတ်နေစိတ်ထားက..အနောက်ဘက်ကို ချည်း လှည့်ထားကြပေ၏။..ထိုမျှလောက်ပင် ဆန်ကျင့်နေသည်။

မြင်သာအောင် လောကဥပမာဖြင့် ပြောရလျှင်..
မိဘ (၂)ပါးတို့သည် သားသမီးများ ကို ဆင်မြန်းပေးရန် အဖိုးတန်လှသော လက်ဝတ်တန်ဆာများကို ကြိုးစားရှာဖွေခဲ့၏။ တန်ဖိုးကြီးမားသော အဆင်တန်ဆာတွေကို ရပြီးတဲ့အခါ..သူတို့ သားသမီးများဘက်ကို ကြည့်ပြီး..ဤအဆင်တန်ဆာများသည် ငါတို့သမီးကြီး မဘုတ်ထိုင်းနှင့် တော်ပါ့မလား၊ ငါတို့သား မောင်ဘုတ်ထိုင်းနှင့် တော်ပါ့မလားဟု စဉ်းစားကြပေလိမ့်မည်။ သူတို့စဉ်းသားသင့်သလိုပဲ သားသမီးများကလည်း မိဘများဆင်ပေးမည့် တန်ဖိုးကြီးအဆင်တန်ဆာဘက်ကို မလှည့်ဘဲ အပျော်ကြီးပျော်နေကြလေသည်။
ထို့ကဲသို့ မိဘများစဉ်းစားသကဲ့သို့ပင် ယခုလည်းပဲ မြတ်ဗုဒ္ဓသည် သစ္စာလေးချက် ဓမ္မနက်ကို ဟုတ်တိုင်းမှန်စွာ သိအပ်ခဲ့လေပြီ။ အခု သတ္တ၀ါတို့ကို ထိုတရားတွေဟောမယ်လို့ ကြည့်လိုက်တော့ သတ္တ၀ါတို့က အာရုံငါးပါး ကာမဂုဏ်တောထဲ၌ မငြီးမငြူဘဲ အမွေ့လျော်ကြီး မွေ့လျော်နေကြပေသည်။

ခုတင်က ဥပမာလိုပင်..မိဘများက သူတို့သားသမီးများကို တန်ဖိုးကြီးတဲ့အဆင်တန်ဆာတွေ ဆင်ပေးချင်ပါဘိ..ဒါပေမယ့် သားသမီးများမှာတော့ ထိုအဆင်တန်ဆာတွေကို စိတ်မ၀င်စားဘဲ ကျောပေးပြီး ပျော်နေကြရှာသည်။ ထိုအခြေအနေမျိုးတွင် ဘယ်မိဘကမှ ရောဟယ့်ဆိုပြီး ချက်ချင်းကြီးတော့ မပေးပေ။ သင့်တော်ပါ့မလားတော့ စဉ်းစားရပေဦးမည်။
ထိုသို့ပင် မြတ်ဗုဒ္ဓသည် သတ္တ၀ါတို့ကို လောလောဆယ်အချိန်အတွက် တရားမဟောဖို့ စိတ်အကြံတည်ခြင်းမျှသာ ဖြစ်လေပြီ။
အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်၊ သင်္ခါရကြောင့် ၀ိဥာဏ်ဖြစ် ..စတဲ့ ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုးစပ်တရားတို့သည် အမှန်ရှိ၏။ တဏှာကုန်ဆုံးရာ နိဗ္ဗာန်သည်လည်း အမှန်ရှိ၏။ ထိုနိဗ္ဗာန်ဟူသော သဘာဝဓမ္မသည် အလွန့်အလွန် သိမြင်ဖို့ရန် ခက်ခဲလှပေ၏။
အမှန်အားဖြင့် ဘ၀ကို ဒုက္ခသစ္စာဟု အမှန်အတိုင်းမြင်ပါမှ ဒုက္ခကိုဖြစ်စေတဲ့ သမုဒယသစ္စာကို ပယ်နိုင်အောင် ကြိုးစားပေမည်။ သမုဒယသစ္စာပယ်နိုင်ပါမှလည်း နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်သို့ ဆိုက်ရောက်လေမည်။
ထိုသို့ ခန္ဓာချုပ်ငြိမ်း တဏှာချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်အောင် မြတ်ဗုဒ္ဓက သစ္စာ၌ အခြေခံသော ဓမ္မတို့ကို ဟောမည်ဟု သတ္တ၀ါပရိသတ်ဘက်ကို ကြည့်လိုက်တဲ့အခါ မကျွတ်ထိုက်မယ့် သတ္တ၀ါများ၊ ဥာဏ်မမှီသော သတ္တ၀ါများ ပါရမီမရှိကြသော သတ္တ၀ါများကို ရှေးဦးစွာ မြင်လေသည်။

ဒါလည်း အဆန်းရယ်တော့မဟုတ်ပေ။ ဥပမာ..
နှမ်းဖြူများမို့မောက်နေအောင် ထည့်ထားသော နှမ်းတင်းကြီးတစ်ခု ရှိမည်။ ထို နှမ်းဖြူတောင်းကြီးထဲတွင် နှမ်းအနက်လက်တဆုပ်စာမျှလောက်ကို နံ့အောင် မွှေ၍ရောထားမည်။ ခပ်လှမ်းလှမ်းမှ နေ၍ ထိုနှမ်းတောင်းကြီးကို ကြည့်မည်ဆိုလျှင် တောင်းကြီးထဲတွင် နှမ်း အဖြူများသာ ရှိမည်ထင်ပေတော့မည်။ အနက်က နည်းလွန်းလျှင် အနက်ကို နောက်မှသာ မြင်ပေလိမ့်မည်။ အဖြူက များလွန်းလျှင် အဖြူကို ဦးစွာမြင်ပေလိမ့်မည်။
ယခုလည်း မြတ်ဗုဒ္ဓ သည် ရွှေဥာဏ်တော်နှင့် ကြည့်လိုက်သောအခါ မကျွတ်ထိုက်သောသတ္တ၀ါများ သိသာစွာ ပထမဆုံး ဥာဏ်ဝမှာ လာထင်လေသည်။ ဒီလို မကျွတ်ထိုက်သောသူတွေကို သစ္စာတရားများ ဟောနေလို့က..ငါဘုရားမှာ ပင်ပန်းနွမ်းနယ်ရုံသာပဲဟု စိတ်ကြံရုံမျှသာ ဖြစ်၏။

ထို့ကြောင့် ..ထိုစိတ်အကြံတော်သည် မကျွတ်ထိုက်သော သတ္တ၀ါများအတွက်သာ ဖြစ်ပေ၏။
တနည်းအားဖြင့်..မြတ်ဗုဒ္ဓတို့ တရားဦးစတင်ဖို့ရန်အတွက် အချီနိဒါန်း (၂)ရပ် လိုအပ်ပေ၏။ ဤနိဒါန်းသည်တို့မှာ..

  1. ကိုယ်တော်မြတ်ရဲ့ သန္တန်၌ အထင်အရှားဖြစ်တည်သော မဟာကရုဏာတော် နှင့်
  2. လောကသမ္မတ ဗြဟ္မာကြီးက..တောင်းဆိုမှု..တို့ဖြစ်၏။

ယခု အချိန်တွင် ကိုယ်တော်မြတ်၏ သန္တာန်၌ မဟာကရုဏာတော်မှာ အထင်အရှား တည်နေလေပြီ။ သို့ပေမယ့် လောကသမ္မတ ဗြဟ္မာကြီး၏ တောင်းဆိုမှု မဖြစ်သေးသောကြောင့်..နိဒါန်း (၂)ရပ်လုံးမှာ မစုံသေးပေ။ မကြာမီတွင် စုံချေတော့မည်။

မြတ်ဗုဒ္ဓတို့သည် တရားဟောဖို့ရန်အတွက် သဗ္ဗညုတရွှေဥာဏ်တော်ကြီးကို ရယူခဲ့ရခြင်းဖြစ်ပေသည်။ ထို့ကြောင့် တရားဟောချင် စိတ်အပြည့်ရှိပေသည်။ ဟုန်ဟုန်က ပုဏ္ဏား ဘာမသိညာမသိနှင့် မေးခွန်းလာမေးစဉ်ကဆိုလျင် မြတ်ဗုဒ္ဓက အချိန်မကျသေးပါဘဲ နိဒါန်းမစုံသေးပါဘဲ ရတဲ့နည်း ဖြစ်နိုင်တဲ့နည်းနဲ့ ဥဒါန်းမှတဆင့် တရားဟောခဲ့သေး၏။

မြတ်ဗုဒ္ဓသည် အကျိုး ရှိ-မရှိကို သိရာ၌လည်း အနှိုင်းမဲ့ ဖြစ်၏။ သို့ဖြစ်၍ လုပ်ငန်းနှင့်အချိန်ကို အပိုအလိုမရှိဘဲ ကွက်တိဝင်အောင် အသုံးချတော်မူနိုင်ခြင်း ဖြစ်ပေသည်။ [စာ-၇၅-ဦးရွှေအောင်၊ ဗုဒ္ဓသို့မဟုတ်အနှိုင်းမဲ့]

ထိုသို့ အသုံးချတော်မူနိုင်ခြင်းကြောင့်လည်း ဟုန်ဟုန်က ပုဏ္ဏားနှင့်တွေ့ခဲ့စဉ်ကလည်း တရားမဟောသေး…ယခုလည်းပဲ နိဒါန်းမစုံလင်သေးသည့်အတွက် လောလောဆယ်အတွက် တရားမဟောရန် စိတ်အကြံတည်ခြင်းမျှဖြစ်၏။
မြတ်ဗုဒ္ဓ၏ စိတ်အကြံတော်ကို သဟမ္ပတိဗြဟ္မာကြီးက သိသောအခါ..တကယ်ပဲ တရားမဟောတော့ဘူးလားဟု အလွန်ပင်စိုးရိမ်တကြီး ဖြစ်ခဲ့လေသည်။ အမှန်မှာတော့ မြတ်ဗုဒ္ဓသည် ယခုလောလောဆယ်အချိန်အတွက်.. အချိန်မကျသေး၍ နိဒါန်းမစုံလင်ပါသေး၍ တရားမဟောဖို့ရန် စိတ်တော်ညွတ်ခြင်းဖြစ်ပေ၏။ သဟမ္ပတိဗြဟ္မာကြီးသည်လည်း ဘေးကကြည့်သူပင် ဖြစ်လင့်ကစား စိုးရိမ်သွားရုံမျှပင်ဖြစ်၏။ ထို့နောက် အခြားသော နတ်ဗြဟ္မာများကြားအောင်.. “လောကကြီး တခုလုံး အဖတ်ဆယ်မရအောင် ပျက်စီးတော့မည်” ဟု အော်ဟစ် ကြွေးကြော်လေ၏။ နတ်ဗြဟ္မာများ ခြံရံလျက် သဟမ္ပတိဗြဟ္မာကြီးလည်း မြတ်ဗုဒ္ဓ ရှိရာသို့ ရောက်လာလေသည်။ ထို့နောက်.. ဗြဟ္မာကြီးက..

“သုဂတဂုဏ်တော်ကြီးနှင့် ချီးကျူးအပ်ပါပေသော မြတ်စွာဘုရား..သစ္စာလေးချက် ဓမ္မနက်ကို ဟောကြားတော်မူပါ။ မြတ်စွာဘုရား၏ တရားကို မနာကြားရလျင် သတ္တ၀ါများ နိဗ္ဗာန်နှင့် ဝေးပေလိမ့်မည်။ ဥာဏ်ထက်သောပုဂ္ဂိုလ် ကိလေသာ နည်းသော ပုဂ္ဂိုလ်တို့လည်း ရှိကြပါလိမ့်မည်။ ယခု ကမ္ဘာလောကြီးတခုလုံးမှာ ဆူးခက်တွေ ခင်းထားသလို ဖြစ်နေပါ၏။ ထိုဆူးခက်များမှာ တိတ္ထိဆရာကြီးများ ဖန်တီးထားသော ကြံမိကြံရာ အယူဝါဒများပင် ဖြစ်ပါ၏။ ထို့ကြောင့် နိဗ္ဗာန်ရဲ့တံခါးဖြစ်တဲ့ မဂ္ဂင်ကို ဒေသနာဥာဏ်လက်တော်ဖြင့် ဖွင့်လှစ်ပေးတော်မူပါ” ဟု..

အဓိပ္ပါယ်ရသော တောင်းဆိုမှုကို ပြုလေ၏။
ဗြဟ္မာကြီးက..တောင်းဆိုမှုကို သုံးကြိမ် လျောက်တင်ခဲ့၏။..
အခုတော့ လိုအပ်သော နိဒါန်း (၂)ရပ်လုံးစုံချေပြီ။ ရှေးက.. လိုအပ်ချက် နိဒါန်းများ မစုံလင်သေးသောကြောင့် သစ္စာတရားမဟောခဲ့ခြင်းဖြစ်ပေသည်။ နိဒါန်းမစုံ အချိန်မကျသေးဘဲ သစ္စာတရားဟောပါကလည်း သတ္တ၀ါတို့က နားမလည်ဘဲ မြတ်ဗုဒ္ဓအဖို့ ပင်ပန်းကြီးရုံသာ ဖြစ်ပေမည်။ မြတ်ဗုဒ္ဓသည် အခြေအနေနှင့် အချိန်အခါကို တွက်ချက် နှိုင်းချင့်တော်မူရာ၌လည်း အတော်ဆုံးဖြစ်ပေ၏။ ကွက်တိအကျဆုံးဖြစ်ပေ၏။

ယခုတဖန် မြတ်ဗုဒ္ဓသည် ရွှေဥာဏ်တော်ကြီးဖြင့် လောကကို ကြည့်လေပြီ။..ထိုရွှေဥာဏ်ကြီးမှာ သဗ္ဗညုတဥာဏ်တော်ကြီး ပင်ဖြစ်၏။ ထိုဥာဏ်တော်သည် သတ္တ၀ါအားလုံး၏ ဣနြေ္ဒ အနုအရင့် စရိုက် စသည်တို့ကို ကွဲကွဲပြားပြား မြင်နိုင်စွမ်းပေ၏။ ထို့သို့ ကြည့်သောအခါ..ဥာဏ်မျက်စိတွင် ကိလေသာ မြူမှုန် နည်းသော သတ္တ၀ါတွေ၊ များသော သတ္တ၀ါတို့ကို ဗုဒ္ဓ၏ ဥာဏ်စက္ခု၌ သန့်လျက် ကန့်လျက် ထင်ထင်ရှားရှား မြင်တော်မူလေသည်။

ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန့် နည်းသော သူတို့ကို ကျွတ်ထိုက်သော သူများဟု ခေါ်၏။
ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန့် များသော သူတို့ကို မကျွတ်ထိုက်သော သူများဟု ခေါ်၏။

မြတ်ဗုဒ္ဓ၏ ရွှေဥာဏ်တော်ကြီးဖြင့် မြင်တော်မူပုံကို မြင်သာအောင် ဥပမာဖြင့် ဖော်ပြရလျင်..

ကမ်းပါးပေါ်မှရပ်ကြည့်နေသောလူတစ်ဦးသည်..
ရေပြင်ထက်၌ ပေါ်သော အချို့သော ကြာအဖူးအငုံများကိုလည်း မြင်ပေမည်။
ရေပြင်နှင့်အညီ ရှိနေကြသော ကြာအဖူးအငုံများကိုလည်း မြင်ပေမည်။
ကြည်လင်သော ရေပြင်အောက်၌ပင် ရှိနေကြသေးသော ကြာတို့ကိုလည်း မြင်ပေလိမ့်မည်။

ရေပြင်ထက်၌ ပေါ်သော ကြာအဖူအငုံများသည် နေထွက်လျင်ပင် ပွင့်အာတော့ပေမည်။..ထို့ကြောင့် ထိုကြာတို့သည်..တရားအကျဉ်းဟောလိုက်ရုံဖြင့် သစ္စာလေးတန်သိ အရိယာပုဂ္ဂိုလ်များဖြစ်မည့် သူတို့နှင့် တူပေမည်။
ရေပြင်နှင့်အညီတည်နေသော ကြာတို့သည်..တရားအကျယ်ဟောပါမှ သိအပ်မြင်အပ်မည့် ပုဂ္ဂိုလ်များနှင့် တူပေမည်။
ရေပြင်အောက်မှ ကြာများကတော့ လှပစွာ ပွင့်ဖို့ရန်အတွက် အချိန်စောင့်ရပေမည်။ နောက်ရက်များမှ ပွင့်နိုင်မည့် ကြာမျိုးပင်ဖြစ်သည်။ တရားတော်ကို ထပ်တလဲလဲ နာ..ကိုယ်တိုင်လည်း ပွားများမှ သိအပ်မြင်အပ်မည့် ပုဂ္ဂိုလ်များနှင့် တူပေမည်။…

မြတ်ဗုဒ္ဓသည် ထိုကြာသုံးမျိုးနှင့် တူပေသော ပုဂ္ဂိုလ်သုံးမျိုးတို့ကို ထင်ရှားစွာ မြင်လေပြီ။ ထို့သို့ မြင်လေပြီးနောက်..

“ရှေးက သာသနာကွယ်ပြီးနောက် ယခုထက်တိုင် ထုပ်ထား နှောင်ထားသော ရတနာထုပ်နှင့်တူသော သဒ္ဓါထုပ်တွေကို အကင်းပါး ဥာဏ်ရှိသူတို့ ဖြည်ထားကြပါကုန်လော့
ငါဘုရားကား နိဗ္ဗာန်၏ တံခါးသဖွယ်ဖြစ်သော မဂ္ဂင် (၈)ပါးတံခါးကို ပိတ်၍မထားဘဲ အမြဲပင် ဖွင့်လျက်ထား၏”

ထိုသို့ အဓိပ္ပါယ်ထွက်သော စကားတော်ကို မိန့်တော်မူလေသည်။
အဓိပ္ပါယ်မှာ လေးနက်ပေ၏။ သဒ္ဓါတရားသည် လွန်စွာအရေးကြီးပေသည်။ ပထမဆုံးအနေဖြင့်ပင် အရေးပါ၏။ မြတ်ဗုဒ္ဓ၏ တရားတော်ကို သိမြင်အပ်ဖို့ရန်အတွက်…

  • ယုံကြည်မှု သဒ္ဓါသည် ရှေးဦးစွာ လိုအပ်၏
  • ယုံကြည်မှု သဒ္ဓါရှိမှ ဆည်းကပ်လိမ့်မည်။
  • ဆည်းကပ်ပါမှလည်း တရားဆိုတာကို နာရကောင်းမှန်း အောက်မေ့ကြပေလိမ့်မည်။
  • တရားတော်ကို နာကြားပါမှလည်း ယထာဘူတ အမှန်အတိုင်း ဆင်ခြင်သုံးသပ်ပေလိမ့်မည်။
  • အမှန်အတိုင်း ဆင်ခြင်သုံးသပ်နိုင်ပါမှလည်း မြတ်ဗုဒ္ဓဟောသော တရားတော်တို့ကို သိအပ်မြင်အပ်ပေမည်။

သဒ္ဓါဆိုသည်မှာလည်း Religion ဆန်ဆန် အကန်းယုံကြည်မှု (belief) မျိုးမဟုတ်ပေ။ လူနာတစ်ဦးသည် ကျွမ်းကျင်တတ်မြောက်သော ဆရာဝန်ကြီး၌ ထားရှိအပ်သော (သို့မဟုတ်ပါက) တပည့်တစ်ဦးက မြတ်သောဆရာပေါ်၌ထားရှိအပ်သော ယုံကြည်မှုမျိုး (confidence) ပင်ဖြစ်ပေသည်။ ထို့ကြောင့် သဒ္ဓါကို ဘာသာပြန်ရာ၌လည်း.. belief အစား confidence ဟု ဘာသာပြန်မှ သင့်လျော်ပေမည်။ [p-7, Ven. Narada, Buddhism in Nutshell]

မြတ်ဗုဒ္ဓ၏ အထက်ပါ မိန့်တော်မူချက်ကို သဟမ္ပတိဗြဟ္မာကြီး ကြားသောအခါ..မြတ်ဗုဒ္ဓ တရားဦးဟောရန် ခွင့်ပြုလိုက်ပြီဟု..သတ်မှတ်ပြီး..လက်ယာရစ် မြတ်ဗုဒ္ဓအား ရှိခိုးကန်တော့ပြီးနောက်…ဗြဟ္မာပြည်သို့ ပြန်ကြွသွားလေတော့သည်။

အောက်ပါတရားတော်ကို အထပ်ထပ်အခါခါ နာကြားမှတ်သားပြီးမှ ကောက်နုတ်ဖော်ပြထားသည်။
ဓမ္မစကြာတရားတော် အပိုင်း ၂/၃- မင်းကွန်းဆရာတော်ဘုရားကြီး

ဆန်းကိုဦး

Read more...

*သြကာသဘုရားရှိခိုးကန်တော့ခန်းအနက်အဓိပ္ပာယ်(၂)*


သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ဒုတိယ၊တတိယ၊တစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊သံဃာရတနာ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ၊အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျဿနတရား ငါးပါးတို့မှ အခါခပ်သိမ်းကင်း လွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သော ဘဝ၌ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော် မြတ်ကိုရပါ လို၏အရှင်ဘုရား။
ပထမပိုင်းတွင် ကျွန်တော်“ကန်တော့ရသောအကျိုးအားကြောင့်” အထိရေးသားခဲ့ပြီးဖြစ်ပါသည်။ ယခုဆက် လက်၍ကျန်သောအပိုင်းများ၏ အဓိပ္ပာယ်ကိုဆက်လက်ရေးသားမည်ဖြစ်ပါသည်။
အပါယ်လေးပါး
ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရသော အရပ်ကို ပါဠိလို“အပါယ” မြန်မာလို “အပါယ်”ဟုခေါ်သည်။
အပါယ်(၄)ပါးမှာ ၁။ ငရဲ ၂။ တိရစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ် တို့ဖြစ်ပါသည်။
(၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည်။
(က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင် လျှက်ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော သိဉ္စိုးငရဲ ၊
(ခ) ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွား သည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက် တစ်မျိုး၊ မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့် ကာဠသုတ်ငရဲ ၊
(ဂ) အောက်မြေအပြင်မှာ မီးလျံတွေထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေ စိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှလာသော သံတောင် ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း၊ တခြိမ်းခြိမ်းမြည်ဟီးလျက်ကြိတ်ကာကြိတ်ကာအနောက် အရပ်သို့သွားပြီး၊ နောက်တောင်အရပ်မှသံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက် အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေ သော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ၊
(ဃ) မီးတောက်တို့သည် တ၀ုန်းးဝုန့်းထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင် ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောက် မီးလျှံအလောင်ခံနေကြရသေ ရောရုဝငရဲ ၊
(င) မီးခိုးတို့တစ်ငရဲလုံးဖုံး လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာအော်နေ ကြရရှာသော မဟာရောရုဝငရဲ ၊
(စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင် အောင်စိုက်ထားပြီးလျှင် ထိုသံတံမှထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊
(ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူ ငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင် ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိ သောတံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသော မဟာတာပနငရဲ ၊
(ဇ) မီးတောက်မီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများဆက်နေပြီးငရဲသားချင်းလည်း ၀ါးကျည်တောက် အတွင်းမုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြား အရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တ၀ါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထိုငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သန် လျက် ရွက်တောငရဲ၊ ကြေးနီရေတွေစီးနေသော ကြိမ်ပိုက်ချောင်းခေါ် “ဝေတ္တရဏီ” ငရဲ၊ ငရဲငါးထပ်တံတိုင်း ခတ်သကဲသို့ ရံပတ်၍နေကြသည်။
(၂) ဆင်၊မြင်း၊ကျွဲ၊နွား၊ခွေး၊ကြက်၊ငှက်၊ငါးလိပ်စသော ကုန်းနေ၊ရေနေ အခြေလေးချောင်း၊ အခြေ နှစ်ချောင်း၊ အခြေအများ သတ္တ၀ါတို့နှင့်မြွေစသော အခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့် တိရစ္ဆာန်အဖြစ်ရောက်ရှိ ခြင်း။
(၃) တစ္ဆေ၊မှင်စာ၊သရဲ၊သဘက်၊အစိမ်းဖုတ်ကောင်၊ကျတ်ကောင် စသည့်ပြိတ္တာဖြစ်ရခြင်း။
(၄) ပြိတ္တာအကြီးစားများဖြစ်ကြပြီး နေ့စံညခံ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူရကာယ် အရပ်၌ကျရောက်ရခြင်းတို့ကို အပါယ်လေးပါးဟုခေါ်ပါသည်။
ကပ်သုံးပါး
ပျက်စီးခြင်းကို ပါဠိလို“ကပ္ပ” မြန်မာလို“ကပ်” ဟုခေါ်သည်။ ကမ္ဘာကြီးတစ်ခုလုံး ပြုတ်ပြုတ်ပြုန်းအောင် ပျက်စီးခြင်းနှင့် ကမ္ဘာမပျက်သေးဘဲ ကြားကာလ၌ တရားကင်းမဲ့၍ အသေဆိုးနဲ့သေရသောပျက်စီးခြင်း နှစ်မျိုးရှိပါသည်။ ကမ္ဘာမပျက်ခင်အကြား၌ အသေဆိုးနှင့်သေရခြင်းကို “ကပ်”ဟုခေါ်ပါသည်။
(၁) သတ္တန္တရကပ် = လက်နက်ကြောင့် သေကြေပျက်စီးရခြင်း
(၂) ရောဂန္တရကပ် = အနာရောဂါကြောင့် သေကြေပျက်စီးရခြင်း
(၃) ဒုဗ္ဘိက္ခန္တရကပ် = အစာရေစာပြတ်လပ်မှုကြောင့် သေကြေပျက်စီးရခြင်း
ရပ်ပြစ်ရှစ်ပါး
အပြစ်ရှိသော အရပ်ကို“ရပ်-ပြစ်”ဟုခေါ်ပြီး ထိုအရပ်သို့ရောက်နေလျှင် မဂ်ဖိုလ်ရအောင် တရားအားထုတ် ခွင့်မရသောကြောင့် မဂ်ဖိုလ်ရခွင့်မရှိခြင်းကို “အပြစ်”ဟုခေါ်ပါသည်။ ပါဠိတော်များ၌ “အက္ခဏ”ဟုဆိုပြီး အခွင့်ကောင်း ခဏကောင်းမဟုတ်သော ကာလဒေသ ဟုအဓိပ္ပာယ်ရပါသည်။
(၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ စသောအပါယ်အရပ် (အသူရကာယ်ကိုပြိတ္တာမျိုး၌ယူ)
(၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင်၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိဉာဏ် မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိဉာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ်တို့အရပ်၊
(၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ်အရပ်၊
(၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း၊
(၇) ဘုရားပွင့်ဆဲအခါ တရားကိုနားလည်းလောက်သော ဉာဏ်မရှိသူ၊
(၈) တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်း။
ရန်သူမျိုးငါးပါး
(၁) ရေ
(၂) မီး
(၃) မင်း
(၄) ခိုးသူ
(၅) အမွေခံသားဆိုးသမီးဆိုး
ဝိပတ္တိတရားလေးပါး
ဖောက်ပြန်ချွတ်ယွင်းချက်ကို“၀ိပတ္တိ” ဟုခေါ်ပါသည်။
(၁) ကာလ၀ိပတ္တိ = မင်းဆိုး၊ မင်းယုတ်အုပ်စိုးသောအခါကာလ
(၂) ဂတိဝိပတ္တိ = အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်ခြင်းး
(၃) ဥပဓိဝိပတ္တိ = ရူပါအဆင်းအင်္ဂါချို့တဲ့ခြင်း
(၄) ပယောဂ၀ိပတ္တိ = အသိအလိမ္မာ ဉာဏ်ပညာ၊ သတိဝီရိယမရှိပဲ ပြုမူ၊ပြောဆို ကြံစည်မူကို “ပယောဂ၀ိပတ္တိ” ဟုခေါ်သည်။
ဗျဿနတရား ငါးပါး
ပျက်စီးခြင်း၊ဆုံးပါးခြင်းကို ပါဠိလို “ဗျသန” ဟုခေါ်ပါသည်။
(၁) ဉာတိဗျဿန = ဆွေမျိုးပျက်စီးခြင်း
(၂) ဘောဂဗျဿန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း
(၃) ရောဂဗျဿန = အနာရောဂါဖြစ်ခြင်း
(၄) ဒိဋ္ဌိဗျဿန = မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း
(၅) သီလဗျဿန = သီလပျက်ခြင်း
အခါခပ်သိမ်း…ရပါလို၏အရှင်ဘုရား။
ဤမကောင်းသောတရားတို့မှ အခါခပ်သိမ်း ဘ၀တိုင်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ “သံသရာ၌ကြာရှည် မကျင်လည်ရဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါလို၏” ဟုဆုတောင်းသည်။
ဆုတောင်း၊ ဆုပေးနှင့်ပတ်သက်၍ အလှူဒါနတခုကိုပြု၍ လိုလိုချင်ချင်တောင်းအပ်သောဆုကား ထိုတောင့် တတိုင်းပင် သင့်လျော်သောဘ၀၌ အကျိုးပေးတတ်ပါသည်။ ဆုပေးမှုကြောင့် အကျိုးရသည်မဟုတ်ဘဲ ကုသိုလ်ကံကြောင့် အကျိုးရခြင်းဖြစ်ပါသည်။
ဆုတောင်းပေမယ့်လည်း တကယ့်လုပ်ရမယ်ဆိုရင် ရွံ့တွန့်တွန့်ဖြစ်လာတတ်သေးပုံကို သင်္ဂဇာဆရာ တော်ဘုရားကြီးရဲ့ စကားပုံအဖြစ်ရေးထားတဲ့ မန္တလေးမှာဖြစ်တဲ့ ပုံဝတ္ထုလေးတစ်ပုဒ်ရှိပါတယ်။ ဈေးတောင်က ကိုမောင်ဟာ မန္တလေးဘုရားကြီးဆီသွားပြီး၊ နေ့စဉ်ဘုရားရှိခိုးအော်ကြီးဟစ်ကျယ်နဲ့ “နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ရပါရစေ” ဟုဆုတောင်းပါတယ်။
နေ့တိုင်းအော်ပြီး ဆုတောင်းနေတာကို သူငယ်ချင်းတစ်ယောက်က ဒီကောင်တကယ် နိဗ္ဗာန်ကိုသွားချင်တာ ဟုတ်မဟုတ်စုံစမ်းအုံးမယ်ဆိုပြီး တစ်ရက်ကျတော့ သိကြားမင်းအ၀တ်အစားတွေ ဆိုင်ကနေငှားဝတ်လာပြီး သူကကြိုတင်ရောက်ကာ ဘုရားနောက်က ကွယ်နေတယ်။ကိုမောင်လည်း ဘုရားရှိခိုးပြီးတော့ ကျယ်ကျယ် လောင်လောင်နဲ့ ဆုတောင်းလိုက်ရာသိကြားမင်းယောင်ဆောင်ထားတဲ့ သူငယ်ချင်းကထွက်လာပါတယ်။
“ဟဲ့…ငမောင်၊ငါသိကြားမင်း၊ မင်းနိဗ္ဗာန်ဆုတောင်းနေတာကြာပြီ၊ အဲဒီတော့ ငါလည်းနတ်ပြည်က အလုပ် ကိစ္စတွေနဲ့မအားလို့ မလာရဘူး။ ဒီကနေ့တော့ မင်းကို နိဗ္ဗာန်ပို့ပေးဖို့ ငါဆင်းလာခဲ့ပြီ၊ ကဲလာသွားကြစို့” ဆိုတော့ ကြောင်ကြည့်နေတယ်။
သိကြားမင်း အခုလိုက်ရမှာလားတဲ့၊အခုလိုက်ရမှာပေါ့၊ အိမ်ပြန်ပြီးတော့ ပြောအုံးမှဖြစ်မှာ၊ အိမ်ကလူတွေက တော်ကြာဘယ်သွားမှန်းမသိ၊ အိမ်ပြန်ပါရစေဦး။ အိမ်ပြန်၊ အိမ်ကအမျိုးသမီးနဲ့ သွားတိုင်ပင်မှဖြစ်မှာဆို တော့…အေး…သွားတိုင်ပင်။မင်းကို ငါ(၇)ရက်ပဲ ခွင့်ပေးမယ်နော်။
အိမ်ပြန်ရောက်တဲ့အခါ အိမ်ကအမျိုးသမီးနဲ့ ဖြစ်သမျှကိုအကျိုးအကြောင်းပြောတိုင်ပင်တယ်။ အမျိုးသမီးက အမေလေး…ရှင်ဆုတောင်းပြည့်တာပဲ၊ သိကြားတောင် လာခေါ်မှလိုက်သွားပေါ့ တိုက်တွန်းတယ်။ ဘာလို့ ပြန်လာရတာလဲ။ “ဟ”နင်တစ်ယောက်တည်း ဖြစ်ပါ့မလားတဲ့။
အဲဒီတော့ အိမ်ရှင်မက၊ စဉ်းစားမနေနဲ့ ရှင်လိုက်သာသွားဆိုတော့ “နင်စဉ်းစားဦးနော်”တဲ့။ “ဘာမှမစဉ်းစားဘူး”၊ “နင်မစဉ်းစားလဲ ငါကတော့ စဉ်းစားရအုံးမယ်” လို့ပြောသတဲ့။
စိတ်ဆန္ဒမပြတ်ခြင်းပင်ဖြစ်ပါသည်။
ထုံးစံအတိုင်း “သြကာသ” ရှိခိုးပြီးနောက် ဆုတောင်း၍ ဘုန်းကြီးကဆုပေးသောအခါ “အာမဘန္တေ” ဟုလိုက် ဆိုကြပါသည်။ ထိုသို့ဘုန်းကြီးက နှုတ်တက်ချပေးသော ဆုများကိုအားကိုနေခြင်းထက် မိမိတောင်းသောဆု နှင့်ထိုက်တန်အောင် အပါယ်လေးပါး စသည်မှလွတ်မြောက်အောင် ဒုစရိုက်ကို ရှောင်ကြဉ်၍ သုစရိုက် ကုသိုလ်များကိုသာပြုမှသာ နိဗ္ဗာန်မြန်မြန်ရအောင် ကမ္မဋ္ဌာန်းကို အားထုတ်မှ၊ သို့မဟုတ် ပါရမီကိုကြိုးစား ဖြည့်မှသာ ဆုတောင်းအားလျော်စွာ အကျိုးရမည်ဖြစ်ပါသည်။
ကိုးကား။ ။ ဆရာတော်အရှင်ဇနကဘိဝံသ(ရတနာ့ဂုဏ်ရည်)
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ (မိတ်ကောင်းဆွေကောင်း)
အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး အသိပညာများတိုးပွားပါစေ။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP