* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, June 26, 2010

*သြကာသဘုရားရှိခိုးကန်တော့ခန်းအနက်အဓိပ္ပာယ်(၁)*


ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေမှာ တချို့က ဘုရားရှိခိုးကန်တော့နေကြပေမယ့် အများစုက မိရိုးဖလာကိုးကွယ်လာကြသူများဖြစ်တဲ့အတွက် သြကာသ ဘုရားရှိခိုးကန်တော့ရဲ့အနက် အဓိပ္ပာယ်ကို မသိသေးသူများလည်းရှိကြပါတယ်။ သိပြီးသားသူများအတွက်လည်း ထပ်မံပြီးသိရအောင်ဆိုသော ရည်ရွယ် ချက်နှင့်ကျွန်တော်ဒီပို့စ်ကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။
အပိုင်းနှစ်ပိုင်းခွဲ၍ တင်လိုက်ပါတယ်ခင်ဗျာ။
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ဒုတိယ၊တတိယ၊တစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊သံဃာရတနာ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ၊အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျဿနတရား ငါးပါးတို့မှ အခါခပ်သိမ်းကင်း လွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သော ဘဝ၌ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော် မြတ်ကိုရပါ လို၏အရှင်ဘုရား။
သြကာသ၊သြကာသ၊သြကာသ
ပါဠိစကားဖြစ်ပါသည်။ မြန်မာလို “အခွင့်” ဟူသောအနက်ကိုဟော၏။ “ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ” ဟု ဆိုလိုရင်းဖြစ်ပါသည်။ ပါဠိတော်များ၌ကား “သြကာသံ ကရောဟိ၊ သြကာသံ၊ဒေဟိ” စသည်ဖြင့် “အခွင့်ပြုတော်မူပါ၊ အခွင့်ပေးတော်မူပါ၊ မေးလျှောက်ပါရစေ” ဟုတစ်စုံ တစ်ခုကိုမေးလိုသောအခါအသုံး ပြုကြပါသည်။သီဟိုဠ်ကျွန်း၌“အ၀ကာသ်” ဟုအခွင့်တောင်းသောအခါသုံး သောစကားသည် “သြကာသ” ဟူသောပါဠိစကားနဲ့ အတူတူပင်ဖြစ်ပါသည်။
ကာယကံ၊၀စီကံ၊မနောကံ
(ကာယ=ကိုယ်+ကံ=အမှု) ကိုယ်ပြုမှုကို “ကာယကံ”၊ နှုတ်ပြောမှုကို “၀စီကံ”၊ စိတ်ကြံမှုကို “မနောကံ” ဟု ဆိုလိုပါသည်။
ပထမ၊ ဒုတိယ၊ တတိယ
ပါဠိစကားပင်ဖြစ်ပါသည်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် တိုင်အောင်ရှိခိုးကန်တော့ခြင်းဖြင့် အထူးအလေးပြု ခြင်းကိုဆိုလိုပါသည်။
ဘုရားရတနာ၊ တရားရတနာ၊သံဃာရတနာ။
“ရတနာ” သဒ္ဒါသည်လည်း ပါဠိစကားပင်ဖြစ်ပါသည်။ “နှစ်သက်မွေ့လျော်ခြင်းကိုဖြစ်စေတတ်သော၊အလေး အမြတ်ပြုအပ်သော၊ အဖိုးများစွာထိုက်တန်သော၊ အတုမရှိသော၊ အလွန်ရခဲသော” ဟူသောအနက်ကိုဆိုလို သည်။လောက၌ စိန်၊ကျောက်၊ဆင်၊မြင်း၊သားကောင်း၊သမီးကောင်း စသည်တို့ကို ရတနာဟုခေါ်ကြသည်။ ထိုရတနာတို့ကို ဘုန်းကံရှိသောသူတို့သာရရှိပြီး ရရှိသောသူတို့သည်လည်း အလွန်နှစ်သက်၍ အလေးအ မြတ်တန်ဖိုးထားကြပါသည်။
ကမ္ဘာများစွာလွန်သော်လည်း တွေ့ကြုံဖို့ရန် အလွန်ခဲယဉ်းလှသောဂုဏ်တော်များနှင့်ပြည့်စုံတော်မူသော ဘုရားစစ်၊ တရားစစ်နှင့် အရိယာသံဃာတော်များသည်လည်း ရတနာပင်ဖြစ်ပါသည်။ ရတနာတွင် အတု အယောင်ရှိသကဲ့သို့ ဘုရား၊တရား၊သံဃာတွင်လည်း အတုအယောင်များရှိသဖြင့် ကိုယ်ပိုင်ဥာဏ်ဖြင့် သော်လည်းကောင်း၊ ဆရာသမားကောင်းဖြင့်သော်လည်းကောင်း တိုင်ပင်၍ကိုးကွယ် ဆည်းကပ်ရပါမည်။ မမှန်သောရတနာကို ကိုးကွယ်မိလျှင် ယခုဘ၀တွင်ကိစ္စမရှိသော်လည်း နောင်သံသရာ အတွက်ကြောက်ရွံ့ ဖွယ်ကောင်းလှပါသည်။
ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏။
လက်အုပ်မိုး၍ရှိခိုးပြီး ရတနာသုံးပါးနှင့်စပ်လျှင် ဟိတ်ဟန်မပြဘဲ မာန်မာနလျှော့၍ ကန်တော့ပါ၏။ “အပြစ်ရှိလျှင် ပြေပျောက်ပါရစေသတည်း” ဟုဆိုလိုပါသည်။
ကန်တော့ရသော အကျိုးအားကြောင့်။
ကန်တော့ရသော ကုသိုလ်၏အကျိုးစွမ်းအားကြောင့် ပြစ်မှားမိသော အပြစ်များပျောက်စေလိုသည့်အပြင် အပါယ်လေးပါးမှ လွတ်ခြင်းစသော နောက်ထပ်အကျိုးကိုလည်း အလိုရှိ၍ ဆုတောင်းပြန်သောစကား ဖြစ်ပါ သည်။
ကျန်သောအပိုင်းများနှင့်ဆုတောင်းခန်းကို *သြကာသဘုရားရှိခိုးကန်တော့ခန်း အနက်အဓိပ္ပာယ်(၂)* တွင်ဆက်လက်ရေးသားပါမည်ခင်ဗျာ။
ကိုးကား။ ။ ဆရာတော်အရှင်ဇနကဘိဝံသ (ရတနာ့ဂုဏ်ရည်)
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ (မိတ်ကောင်းဆွေကောင်း)
အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး အသိပညာများတိုးပွားပါစေ။

Read more...

*၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀*

သိစရာတွေလည်းများ
သိချင်တာတွေလည်းများ..။

အဲလောက်တောင် ဘာကြောင့်များ
အဆုံးမသတ် သိစရာတွေကနေ
ရုန်းမထွက်နိုင်ရတာလဲ
အရှုံးသက်သက် သိချင်တာတွေကနေ
မလွတ်မြောက်နိုင် ရတာလဲ။

သိစရာရှိတော့ သိချင်
သိရာကနေ ပိစရာဖြစ်
သိချင်တော့ သင်ရ
သင်ယူရာကနေ ရင်ပူစရာဖြစ်
အော်..
အနှစ်.. အနှစ်
ဘယ်မှာလဲကွယ်..။

ဟိုဟာ သိသလိုလို
ဒီဟာ သိသလိုလို
ဒီလိုနဲ့
ထွေပြားခဲ့တဲ့ နေ့ရက်များစွာ
ေ၀၀ါးပြီးတော့ ရှေ့ဆက်ရဦးမလား..။

တကယ့် တကယ်တော့
ဘ၀င်လေဟပ်
အထင်တွေနဲ့ ကျေနပ်လို့
(တို့တတွေ) ၀ိုင်းကြီးပတ်ပတ်။ ။


လေးစားစွာဖြင့်
ဖိုးသား

6/25/2010, THUR:, 2:35:48 PM

Read more...

မြင့်မိုရ်တောင်နှင့် သဒ္ဓါ ပညာ တူမျှစေဖို့

ဟိုတနေ့က အွန်လိုင်းမှာ ဒကာတစ်ယောက်က လျောက်ထားတယ်၊ မြင့်မိုရ်တောင် တကယ်ရှိနိုင်ပါ့မလား တဲ့၊ တကယ်သိချင်လို့ မေးတာ လို့ပဲ ခံယူလိုက်ပါတယ်၊ စာရေးသူကလဲ ဖြေလိုက်တယ်၊ ကိုယ်တိုင်တော့ မမြင်ဖူးသေးပါ၊ သို့သော်လည်း ဈာန် မဂ်ဖိုလ်တွေကို ရအောင် ကျင့်ကြံအားထုတ်ပြီးရင်တော့ ဘယ်သူမဆို မြင်နိုင်ပါလိမ့်မယ်၊ အဲဒီလို ပေါက်မြောက်ပြီး ရှိတယ် လို့ ပြောဆိုတဲ့ ဘုရား ရဟန္တာတွေ စာပေမှာ အမြောက်အမြား ရှိခဲ့ပါတယ် လို့ ဖြေလိုက်ရော ဟုတ်မှာပါလေ တဲ့၊ သူ့စကားသံက ကျေနပ်သံတော့ မပေါ်သေးဘူး ထင်ပါတယ်၊ တကယ်တော့ ကိုယ်တိုင် မကျင့်ပဲ မြင်ချင်နေကြတဲ့ လူတွေပါလား လို့ ကရုဏာသက်မိတယ်၊ သူ့မေးခွန်းက ပြီးသွားပေမယ့် မပြီးနိုင်တာက ကိုယ်တိုင်ပါပဲ။

ဗုဒ္ဓဘာသာမှာက ကိုယ်တိုင် စိတ်ဝင်စားလို့ ကျင့်ချင်ရင် ကျင့်၊ မကျင့်လိုရင် နေပါ လို့ ဖွင့်ပေးထားတယ်၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘုရားရှိခိုးသည်ဖြစ်စေ၊ ရှိမခိုးသည်ဖြစ်စေ၊ ဘယ်သူမှ အတင်းအကျပ် မခိုင်းကြပါဘူး၊ ဒါကြောင့် စာရေးသူတို့ဝါဒကို ဒီမိုကရေစီဝါဒ လို့လဲ သတ်မှတ်ကြတယ်၊ နောက်ဆုံး ကုန်ကုန်ပြောရရင် လူသားရဲ့ စဉ်းစားတတ်တဲ့ ဦးနှောက်ရော၊ အသိဥာဏ်ကိုပါ စိတ်ကြိုက်တွေးခေါ်နိုင်ဖို့ open mind, open eyes, open brain ပေါ့၊ စိတ်ကြိုက်လေ့လာပါ၊ စိတ်ကြိုက် တွေးခေါ်ပါ၊ ပြီးရင် ကောင်းတာ လိုချင်တာကို သိမ်းထားပြီး မကောင်းတာတွေကို လွှင့်ပစ်လိုက်ပါ၊

သတိထားစရာက ကိုယ့်ရဲ့ ဦးနှောက်ကို ကောင်းတာ မကောင်းတာ စိတ်ရှုပ်စရာ စိတ်ညစ်စရာတွေကို အားလုံး သိမ်းဆည်းထားတဲ့ အမှိုက်ပုံးလိုမျိုးတော့ မဖြစ်စေနဲ့ လို့ သတိပေးချင်ပါတယ်၊ နောက်ပြီးတော့ ဗုဒ္ဓရဲ့ တရားတော်တွေထဲက ကိုယ့်ရဲ့ စရိုက် ၀ါသနာ ဗီဇနဲ့ သင့်လျော်မယ့် ကမ္မဋ္ဌာန်းတခုခုကို ကိုယ်တိုင် အားထုတ်ကြည့်ပါ၊

တချို့က ပြည့်ပြည့်စုံစုံ မလေ့လာပဲ ကိုယ်လေ့လာထားတာ အနည်းငယ်နဲ့ ရမ်းသန်းပြောနေကြတယ်၊ ကိုယ်တိုင် အကျင့်ကလဲ မပါတော့ လမ်းလွဲသွားတတ်ကြပြန်ရော၊ ဒါကိုပဲ သဒ္ဓါ နဲ့ ပညာ မညီမျှဘူး လို့ ပြောနိုင်ပါတယ်၊ တချို့က သဒ္ဓါတရား အားကောင်းတယ်၊ လှူချင်တာပဲ သိတယ်၊ သင့်တော်သလား မသင့်တော်သလား၊ အကုသိုလ်ဖြစ်မလား၊ ကုသိုလ်ဖြစ်မလား ၊ သာသနာတော်အတွက် တဦးတယောက်အတွက် အကျိုးများမလား၊ မများဘူးလား ဆိုတာ မစဉ်းစားနိုင်ဘူး၊ စဉ်းစားဥာဏ် ရှိစေဦးတော့ သတိလက်လွတ် ဖြစ်နေကြပြန်တယ်၊ ဆိုလိုတာက လှူချင်တာပဲ သိတယ်၊ ပညာ မပါဘူး၊
ဒါကြောင့် တလွဲကြည်ညိုတာမျိုး ဖြစ်တတ်ကြတယ်၊ ဒါနနဲ့ ပက်သက်ပြီး အကျိုးမများနိုင်တဲ့ အလှူဒါနတွေကို စာရေးသူရဲ့ လွဲနေတဲ့ ဒါနများ ဆိုပြီး ဒီနေရာမှာ ဖတ်ရှု့နိုင်ပါသေးတယ်၊

တချို့ကလဲ စဉ်းစားတွေးခေါ်တာ အားသန်တယ်၊ လေ့လာထားတာ သိထားတာ နည်းနည်းနဲ့ ဘုရားဟော တရားတော်တွေကို တရစပ် တွေးနေတာမျိုးပေါ့၊ ဥပမာ- ငရဲဆိုတာ ရှိနိုင်ပါ့မလား၊ နတ်ပြည်ဆိုတာလဲ မဖြစ်နိုင်ဘူး၊ မမြင်ရတဲ့ မြင့်မိုရ်တောင်ဆိုတာကလဲ ဘယ်ဆီမှန်း မသိ၊ စသည်ဖြင့် ပါဠိလေးတစ်လုံး ကို တွေးနေတာ များလာတော့ သူတို့ရဲ့ စိတ်ဟာ ဆိုက်ကို အတွေးသမားသက်သက် ဘက်ကို ဦးတည်သွားတယ်၊ ရတနာသုံးပါးကို ကြည်ညိုတဲ့ သဒ္ဓါတရားက ကပ်ပြီး ပါမလာခဲ့ဘူးပေါ့။

ဒီနေရာမှာ မြင့်မိုရ်တောင် ရှိ မရှိ အကြောင်းကို ဥပမာလေးနဲ့ပြောပါရစေ၊ ဆိုပါဆို့ မျှားပစ်ကွင်း တခုရဲ့ ရှေ့ကို ရောက်နေသူဟာ အကွာအဝေးတခုအထိ ဝေးနေသေးရင် သာမာန်မျက်စိနဲ့ ပစ်ကွင်းပစ်မှတ်ကို မြင်နိုင်သေးတယ်၊ နည်းနည်းချင်း နောက်ဆုတ်သွားပြီး မျက်စိတဆုံး ဝေးသွားပြီ ဆိုရင်တော့ မမြင်နိုင်တော့ဘူး၊ ကိုယ့်မျက်စိနဲ့ မမြင်နိုင်တာနဲ့ပဲ ဒီမျှားပစ်မှတ်ဟာ မရှိပါဘူး၊ မရှိနိုင်ဘူး၊ မဖြစ်နိုင်ဘူး လို့ သတ်မှတ်လို့ မရသလိုပါပဲ၊
ကိုယ့်ရဲ့ သာမာန်မျက်စိနဲ့ ( ထားပါတော့ )သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေရေး ကရိယာတွေနဲ့ မမြင်နိုင်ရုံနဲ့ မြင့်မိုရ်တောင်ကို မရှိနိုင်ဘူး ဆိုပြီး ဟောပြောခဲ့ကြတဲ့ ဘုရား ရဟန္တာတွေရဲ့ စကားတွေကို ဇွတ်ငြင်းနေတာ အံ့သြစရာ ကောင်းလှပါတယ်၊ ဒါကိုပဲ မျက်စိမှိတ် ငြင်းတယ် လို့ ခေါ်နိုင်ပါတယ်၊ တွေးကြည့်ရင်တော့ ရိုးရိုးရှင်းရှင်းလေးပါ၊

မြင်နိုင်တဲ့ နည်းလမ်းကျင့်စဉ်တွေကို ဘုရားရှင်က ဟောကြားခဲ့ပါလျက် ကျင့်စဉ်တွေကို ပစ်ပယ်ထားပြီး မဖြစ်နိုင်ဘူး လို့ ငြင်းနေကြတာ ဖြစ်မှာပါ။
အခုလဲ အဲဒီလို ဆိုက်ကို သမားတွေက ဒါန သီလ ဘာဝနာ သုံးပါးမှာ ဒါနထက်သီလက မြတ်တယ် ဆိုရင် ဒါန လုပ်ဖို့ မလိုတော့ပါဘူးလေ။ သီလပဲ စောင့်တော့မယ်၊ ဘာဝနာက ပိုမြတ်တယ် ဆိုရင် လှူဖို့ တန်းဖို့လဲ မလိုတော့ဘူး၊ သီလ ဆိုတာလဲ စောင့်ထိန်းစရာ မလိုတော့ဘူး၊ ၀ိပဿနာ တရားပဲ အားထုတ်တော့မယ် ဒီလို ဖြစ်လာတယ်၊
တကယ်တော့ သာသနာတော်ရဲ့ ဗုဒ္ဓစာပေတွေကို ပြည့်ပြည့်စုံစုံ အတိုင်းအတာ တခုအထိ လေးလေးနက်နက် လေ့လာ ထားသူဟာ အဲဒီလို တဖက်စွန်းရောက် ဖြစ်မသွားနိုင်ပါဘူး၊ ဒီနှစ်ခု balance မဖြစ်ဘူး ဆိုရင်တော့ အထက်က ပြောခဲ့သလို အစွန်းရောက်ပြီး လမ်းချော်သွားတတ်ပါတယ်၊


သဒ္ဓါ အားကြီး၊ ပညာနည်း(နီး) အချည်းနှီး ဖြစ်တတ်သည်၊
ပညာသာ များ၊ သဒ္ဓါ ပါး၊ အမှား ဖြစ်တတ်သည်၊
သဒ္ဓါ ပညာ တူမျှပါ မြန်စွာ နိဗ္ဗာန်တိုင်လိမ့်မည်၊ လို့ ရှေးရှေး ပညာရှိများက သတိပေး ဆုံးမစကားဆိုခဲ့ကြတယ်။

မြင့်မိုရ်တောင်နှင့် ပက်သက်သမျှ တွေးမိတာလေးတွေ ချရေးခြင်း ဖြစ်ပါတယ်၊ စာဖတ်ပရိသတ်များ open mind, open eyes, open brain တို့ဖြင့် မှန်ကန်တဲ့ ဘာသာရေး အသိအမြင်တွေကို ခံစားနိုင်ပါစေ- --

Read more...

ဗုဒ္ဓ၀င်

မလေးရှားက Miss Sharlinton ပို့လိုက်တဲ့ အီးမေးလ်ထဲကပါ။ ဘယ်သူတွေ ဖန်တီးထားသလဲတော့ မသိပါ။ အလွန်စိတ်ဝင်စားစရာကောင်းသလို လက်ရာလည်း အတော်မြောက်တယ်လို့ ဆိုရမှာပါ။ ဒါကြောင့် မျှဝေလိုက်ပါတယ်။ နောက်ခံသမိုင်းကြောင်းတွေကိုတော့ အားလုံး သိပြီးသား ဖြစ်မှာပါ။ ပိုပြီး ပေါ်လွင်သွားအောင် ဓာတ်ပုံအောက်မှာ စာသားလေးတွေ ထည့်ပေးလိုက်ပါတယ်။ ကြည်ညိုနိုင်ကြပါစေ.........


ဒါကတော့ လူ့ပြည်ကို သွားပြီး ဘုရားဖြစ်ဖို့ မသွားခင်တွေ့ရတဲ့ ဘုရားအလောင်းတော်


မယ်တော်မာယာဝမ်းမှာ ပဋိသန္ဓေယူပါပြီ


ဘုရားအလောင်းတော် ဖွားမြင်ပြီ


မွေးခါစကတည်းမှာပဲ အနာဂတ်ကို ကြိုသိတဲ့ ကပိလရသေ့က ဂါရ၀ပြု


အာနာပါနကမ္မဋ္ဌာန်းစီးဖြန်း


လေးတော်တင်ပွဲ


ယသော်ဓရာနဲ့ လက်ထပ်


အကြင်လင်မယား တင့်တင့်တယ်တယ်


ဒါတွေ မြင်တော့ လောကကြီး စိတ်ကုန်လာတယ်


မောင်းမခြွေရံတွေ ဟိုပေါ်ဒီပေါ် သွားရေတွေတွဲကျ၊ ဒါတွေမြင်တော့ ပိုစိတ်ကုန်သွားတယ်


“နေရစ်ခဲ့တော့ ယသော်ရေ”


ကဏ္ဍက.. လာ... သွားမယ်.... ဒုက္ခရဲ့အဆုံးကို


တရားကျင့်ဖို့ဆိုရင် ဒီဆံပင်တွေ ဖြတ်ပစ်မှပဲ


ပဉ္စသီခနတ်သားက မလျော့မတင်း စောင်းကြိုးညှင်းသလို ကျင့်ဖို့ သတိပေးတယ်


ကောင်းကောင်း မစားရတာ ကြာတဲ့ ဘုရားလောင်းကို သုဇာတာက အချိန်ကိုက် နို့ဆွမ်းကပ်တယ်


ဘုရားလောင်း ရွှေခွက်မျှောတော့ ကာလနဂါးတောင် တစ်ရေးနိုးပြီ
“အော်... ဘုရားတစ်ဆူတောင် ပွင့်တော့မှာပါလား”......


အနှောက်အယှက်တွေ အမျိုးမျိုး................


အတားအဆီးတွေက အသွယ်သွယ်..............


ကိလေသာတွေကလည်း ဆွဲဆောင်တယ်..........


အတားအဆီး၊ အခက်အခဲ၊ ဆင်းရဲဒုက္ခ အသွယ်သွယ်မှ လွတ်ပြီ.. ကျွတ်ပြီ၊ ဘုရားဖြစ်ပြီ...


ကြာက ညစ်ပတ်တဲ့ ရွှံ့ညွန်ထဲကနေ ကြည်လင်သန့်ရှင်းစွာ ပွင့်လာတယ်။ ငါက ကိလေသာ ဗွက်အိုင်ထဲနေ ဘုရားဖြစ်လာတယ်.....


ငြိမ်းချမ်းခြင်း ချမ်းသာအစစ်နဲ့ နေနေတယ်


ငါသိတာတွေကို လောကကို သိစေမယ်


လောကမှ ထွက်မြောက်ကြောင်းတွေကို ဟောနေတယ်


အလယ်အလတ်လမ်းနဲ့ သွားကြဖို့ ပဉ္စ၀ဂ္ဂီငါးဦးကို တရား စဟောတယ်


အိန္ဒိယမှာ အကြီးကျယ်ဆုံး အဖွဲ့အစည်းကြီး ဖြစ်လာတယ်...


“လူနာတွေကို ပြုစုတာဟာ ငါ့ကို ပြုစုတာထက် မွန်မြတ်တယ်”
(ဗုဒ္ဓ)


အရှင်နန္ဒက သူ့မိန်းမကို စွဲနေတော့ “မင်းမိန်းမက ဟို နတ်သမီးတွေလောက် လှလို့လား”ဆိုပြီး သာသနာ့ဘောင်မြဲအောင် စည်းရုံးလိုက်တယ် ...


ဖခမည်းတော်၊ မွေးစားမေမေ၊ ပါရမီဖြည့်ဘက်၊ သားတော်လေးနဲ့ အမျိုးတွေ ရှိရာကို ရောက်လာခဲ့တယ်


သားတော်လေးက အမွေတောင်းတော့ ရှင်ပြုပေးလိုက်တယ် ....


အော်... သံယောဇဉ် .... သံယောဇဉ် ..........
“ယသော်ရေ... ငါဟောတဲ့အတိုင်းသာ ကျင့်တော့၊ မင်း ငါ့ကို လွမ်းမှာ မဟုတ်တော့ဘူး”


မွေးစားမေမေလည်း ဘိက္ခုနီ (ရဟန်းမ) ဖြစ်လာခဲ့တယ်


“ချစ်သားတို့ရေ... ငါ ထာဝရ ငြိမ်းအေးရာကို သွားရတော့မယ်၊ တရားကိုသာ ဆရာအဖြစ် ကိုးကွယ်ကြ”


မည်သို့ဆိုဆို မျက်ရည်ထိန်းနိုင်စွမ်း မရှိသူများ ငိုကြွေးကြလေတယ်....

Read more...

ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြဦးမှ…

ဘာပဲဖြစ်ဖြစ် သူပါမှဖြစ်မယ်၊ သူမရှိလို့ မဖြစ်ဘူး၊ သူ့ကိုပဲ အားကိုးရမှာပဲ စတဲ့ အတွေးများ၊ မျှော်လင့်ချက်များနဲ့ ကိုယ်ကိုယ်တိုင် အားထုတ်မှု မပြုဘဲ သူများအားပဲ စောင့်စားနေကြသူများကို ကြည့်ကာ “လက်သည်ချည်းပဲ အားကိုးမနေနဲ့၊ ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြဦး”ဆိုတဲ့ မြန်မာစကားလေးကို သတိရမိပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မီးဖွားတဲ့ ကိုယ်ဝန်ဆောင်မိခင်ကို ရည်ညွန်းတာ ဖြစ်ပေမယ့် တစ်ဘက်မှာလည်း ကိုယ့်အစွမ်းအစနဲ့ အားထုတ်မှုကို မပြုလုပ်ဘဲ သူများကိုချည်း အားကိုးလေ့ ရှိသူတွေအတွက် ဥပမာပေး ပြောဆိုလေ့ရှိတဲ့ စကားပုံလေး ဖြစ်ပါတယ်။ အားကိုးလို့ ရမှန်းသိရင် အားကိုးတတ်ကြတဲ့ သတ္တ၀ါတွေရဲ့ သဘာဝအရ အားကိုးစရာကိုရှားရင်း အားကိုးများပြီး ကိုယ်ကိုယ်တိုင် အားထုတ်မှု နည်းပါးလာတတ်တဲ့အတွက် ကိုယ့်အားကိုယ်ကိုးစေရန် ရည်ရွယ်ကာ ဒီစကားပုံကို အသုံးပြုပြောဆို တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

စကားစပ်လို့ တစ်ခါတစ်လေ ဘုန်းဘုန်းတို့ အနေနဲ့ ဒီစကားပုံကို အသုံးပြုပြီး ပြောဆိုဆွေးနွေး ကြတာလေးတွေကို သတိရမိပါတယ်။ ဘုန်းဘုန်းတို့တစ်တွေ တစ်ခါတစ်လေ လူစုံတဲ့အခါ မျက်မှောက်ခေတ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး အကြောင်းလေးတွေ ရောက်တက်ရာရာ ပြောဆိုဆွေးနွေး ဖြစ်ကြတာတွေ ရှိပါတယ်။ အဲဒီလို ပြောဆိုတဲ့အခါ သူအားသန်ရာကို ယူပြီး တစ်ချို့က နိုင်ငံရေးမှာဆို ဒီလိုဖြစ်သင့်တယ်၊ တစ်ချို့က စီးပွားရေးကို ဒီလိုပြုပြင်သင့်တယ်၊ တစ်ချို့က ဘာသာရေးနဲ့ ပတ်သက်ပြီး ဒီလိုမဖြစ်သင့်ဘူး ဒီလိုဖြစ်သင့်တယ် စသဖြင့် ပြောဆိုကြတဲ့အခါ ကျန်တဲ့အပိုင်းတွေမှာ ဘုန်းဘုန်းတို့က မကျွမ်းကျင် မပိုင်နိုင်တဲ့အတွက် သိပ်ပြီး ပြောဆိုဆွေးနွေးမှု မပြုနိုင်ပေမယ့် ဘာသာရေးနဲ့ ပတ်သက်လို့ ပြောဆိုကြတဲ့ အခါဆိုရင်တော့ ဖြစ်သင့်တဲ့ အရာလေးတွေကို ၀င်ရောက် ဆွေးနွေးဖြစ်ပါတယ်။

တစ်ခါတုန်းက အဲဒီလို ဘာသာရေးနဲ့ ပတ်သက်ပြီး ပြောဆိုကြရာက ဒကာလေးတစ်ယောက်က မြန်မာဗုဒ္ဓဘာသာများ ဘာသာရေးမှာ အခုလို တစ်ဖြည်းးဖြည်း အားနည်းလာတာ အဓိကကတော့ ဘာသာရေး ခေါင်းဆောင်တွေဖြစ်တဲ့ ဘုန်းကြီးတွေမှာ တာဝန်ပိုရှိတယ်လို့ ဆွေးနွေးလာပါတယ်။ ဘုန်းကြီးတွေက ဟောတာပြောတာ သင်ပြတာတွေဘက်မှာ စနစ်ကျကျ မလုပ်လို့ပဲလို့ သူက ထောက်ပြလာပါတယ်။ တစ်ချို့ကတော့ ဒါဟာ ဘုန်းဘုန်းတွေချည်းပဲ မဟုတ်ဘူး၊ မိသားစုမှာရှိတဲ့ တာဝန်ရှိသူတွေရဲ့ အားနည်းချက်ကြောင့်လည်း ပါတယ်လို့ ဆိုကြပြန်ပါတယ်။ တစ်ချို့ကတော့ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရကြောင့်လို့ ပြောလာတာတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်လာတာတွေဟာ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ အကုန်လုံးမှာ တာဝန်ရှိသလို အကုန်လုံးနဲ့လည်း သက်ဆိုင်ပါတယ်။ ဘုန်းကြီးတွေရော၊ မိသားစုတွေရော၊ တိုင်းပြည်အုပ်ချုပ်သူတွေရော၊ ကာယကံရှင် တစ်ဦးချင်းမှာရော တာဝန်ရှိတယ်လို့ ဆိုလာသူတွေလည်း ရှိပါတယ်။

ဘုန်းဘုန်းအနေနဲ့ကတော့ သူတို့ပြောတာတွေ ဟုတ်သင့်သလောက် ဟုတ်ပေမယ့် အဓိကကတော့ ကာယကံရှင် တစ်ဦးချင်းစီအပေါ်မှာလည်း ပိုပြီးမူတည်လို့ ခံယူမိပါတယ်။ နည်းပြကောင်း ဆရာသမားကောင်း၊ မိတ်ကောင်းဆွေကောင်း လိုတာမှန်ပေမယ့် ကိုယ်ကိုယ်တိုင်ရဲ့ လိုချင်တဲ့စိတ်၊ သိလိုတဲ့စိတ်၊ လေ့လာလိုတဲ့စိတ်နဲ့ ကြိုးစားမှုတွေက ပိုပြီးလိုအပ်ပါတယ်။ ဘယ်သူ့ဘယ်ဝါကြောင့်လို့ ပုံချကြတာထက်စာရင် မသိတာကို သိအောင်၊ နားမလည်တာကို နားလည်အောင်၊ မရတာကို ရအောင် လုပ်ယူမယ်ဆိုတဲ့စိတ်နဲ့ တစ်ဦးတစ်ယောက်ချင်းရဲ့ ကြိုးစားမှုက ပိုပြီးပဓာနကျပါတယ်။ တိုးတက်နေတဲ့ ဒီနေ့လိုခေတ်ကြီးမှာ လိုချင်စိတ်နဲ့ လေ့လာမယ်၊ ရှာဖွေမယ်၊ ကျင့်ကြံမယ်ဆိုရင် မရနိုင်တာ ဘာမှမရှိပါဘူး။ အထူးသဖြင့် တိုးတက်နေတဲ့ အင်တာနက်ခေတ်ကြီးမှာ လိုချင်တာမှန်သမျှ အင်တာနက်ပေါ်မှာ အကုန်ရနေတာ ဖြစ်တဲ့အတွက် ဘာသာရေးနဲ့ ပတ်သက်လို့ သိချင်တာရှိရင်၊ လိုချင်တာရှိရင်၊ နားမလည်တာရှိရင် အချိန်မရွေး လေ့လာသင်ယူ မေးမြန်းနိုင်တယ်ဆိုတာ အင်တာနက် သုံးဖူးတဲ့သူ အားလုံးသိကြပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်က လေ့လာအားထုတ်မှု မရှိဘဲ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ဆိုပြီး အပြစ်ပုံချမှုကတော့ ဒါဟာ မခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ကိုယ်တိုင်အားထုတ်မှု မရှိဘဲ ဟိုဟိုဒီဒီ အားကိုးမှုများကို ရှာတတ်ကြတဲ့ သူအချို့ကြောင့်လည်း လက်သည်ချည်းပဲ အားကိုးမနေနဲ့ ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြဦးလို့ ပြောတာ ဖြစ်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ကတော့ ညှစ်ကြဖို့ လိုပါတယ်။

ဟုတ်ပါတယ်။ အရာရာဟာ ကိုယ့်အပေါ်မှာ အဓိကကျပါတယ်။ အနန္တတန်ခိုးရှင် ဖြစ်တော်မူတဲ့ အနှိုင်းမဲ့ ဗုဒ္ဓရှင်တော်မြတ် ကိုယ်တော်တိုင်ပင် သူ့ကို အားမကိုးကြဘဲ ကိုယ့်ကိုယ်ကို အားကိုးကြဖို့နဲ့ သူ(ရှင်တော်ဗုဒ္ဓ) ကိုယ်တော်တိုင်ပင် ကယ်တင်ပေးနိုင်တဲ့ ကယ်တင်ရှင်မဟုတ်ဘဲ နည်းပြလမ်းညွှန်ပေးတဲ့ လမ်းညွှန်သာ ဖြစ်ကြောင်း မိန့်တော်မူပါတယ်။ မြန်မာစကားပုံမှာလာတဲ့ အတိုင်းပြောရရင် နည်းပြလမ်းညွှန်ပေးတဲ့ ပုဂ္ဂိုလ်တွေဟာ တကယ်တော့ လက်သည်တွေပါပဲ။ မီးဖွားတဲ့အခါ အလွယ်တကူ ချောချောချူချူဖြစ်အောင် ဖွားနိုင်ဖို့ လမ်းညွှန်ပေးတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ အဓိကကတော့ ကိုယ်ကိုယ်တိုင် အားထုတ်ပြီး ညှစ်ယူရမှာဖြစ်ပါတယ်။ ဒါမှအလွယ်တကူ မွေးဖွားနိုင်မှာ ဖြစ်ပါတယ်။ လက်သည်ရဲ့ အကူအညီ လိုတယ်ဆိုပေမယ့် လက်သည်ရဲ့ အကူအညီကိုယူပြီး ကိုယ်ကိုယ်တိုင်က အားစိုက်ညှစ်နိုင်မှ အလွယ်တကူ မွေးဖွားနိုင်ကြသလို ဘာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့အရာတစ်ခုခုကို ရယူဖို့အတွက်က သူများချည်းပဲ အားကိုးနေလို့ မဖြစ်ဘဲ သူများရဲ့ နည်းပေးလမ်းပြမှုနဲ့အတူ လက်တွေ့ပိုင်းမှာတော့ ကိုယ်ကိုယ်တိုင် အားစိုက်နိုင်မှုက အစစအရာရာ အခရာကျပါတယ်။

မှန်ပါတယ်။ လောကမှာ ကိုယ်ကိုယ်တိုင်က ဘာမှအားထုတ်မှု မရှိဘဲ ဟိုအပြစ်ပုံချ၊ ဒီအပြစ်ပုံချတတ်တဲ့ သူတွေရှိပါတယ်။ သူများက ပြောပြပေး၊ လမ်းပြပေးရင်လည်း လက်တွေ့လိုက်နာ လုပ်ဆောင်မှု မရှိဘဲ ဟိုလိုလို ဒီလိုလို နေတတ်ကြတဲ့သူတွေလည်း ရှိပါတယ်။ အဆိုးဆုံးက ကိုယ်ကိုယ်တိုင် ညှစ်ထုတ်ခြင်းမရှိဘဲ လက်သည်ချည်းပဲ အားကိုးနေတတ်တာတွေပဲ ဖြစ်ပါတယ်။ ဘာလေးပဲ ဖြစ်ဖြစ် ဘယ်သူမှ၊ ဘယ်ဝါမှ၊ ဘာမရှိလို့ ညာမရှိလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ လက်သည်ကို မျှော်နေတတ်တာတွေကြောင့် လက်တွေ့လုပ်ဆောင်လိုက်ရင် ပြီးသွားမယ့် ကိစ္စတွေမှာ မပြီးပြတ်တာတွေလည်း အများကြီးရှိတတ်ပါတယ်။ ကိုယ်ကိုယ်တိုင် အားစိုက်ပြီး လုပ်ယူရမယ့် အရာတွေမှာ မလုပ်ဘဲ သူများအားကို မျှော်ကိုးနေတာတွေကြောင့် လက်တွေ့မှာ ဘာမှဖြစ်မလာတာတွေလည်း အများကြီးပါပဲ။ ဒါကြောင့် ဒီလိုလူမျိုးတွေကို ရည်ရွယ်ပြီး လက်သည်ချည်းပဲ အားကိုးမနေကြဘဲ ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြဦးလို့ ဆိုကြတာ ဖြစ်ပါတယ်။

တကယ်တော့ ဗုဒ္ဓဘာသာအလိုအရ ဘာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ပဲ ညှစ်ယူရမှာ ဖြစ်ပါတယ်။ လက်သည်ကို အားကိုးတယ်ဆိုရင်လည်း လက်သည်ဟာ နည်းလမ်းညွှန်ပြပေးမယ့် နည်းပြအဖြစ်လောက်ပဲ အားကိုးလို့ ရမှာဖြစ်ပါတယ်။ လက်တွေ့အားထုတ် လုပ်ကိုင်ရမှာကတော့ ကိုယ်ကိုင်တိုင်ပဲ ဖြစ်ပါတယ်။ ကိုယ်ကအားစိုက်နိုင်ရင် ကိုယ်လိုရာ ရမှာဖြစ်သလို ကိုယ်က အားမစိုက်နိုင်ရင်လည်း ကိုယ့်မှာ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အစစအရာရာ လက်သည်ရဲ့ အကူအညီနဲ့ ကိုယ်ကိုယ်တိုင် ညှစ်ယူမှပဲ အလွယ်တကူ အောင်မြင်ပြီးမြောက်မှာ ဖြစ်ပါတယ်။ လောကီရေးပဲ ဖြစ်ဖြစ် လောကုတ္တရာ အရေးပဲဖြစ်ဖြစ် အစစအရာရာ ကိုယ့်အပေါ်မှာပဲ မူတည်နေပါတယ်။ ကိုယ်ညှစ်မှ ကိုယ်ထွက်မှာ ဖြစ်သလို ကိုယ်လုပ်မှလည်း ကိုယ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်ကလည်း “မိမိသည်သာ မိမိ၏ ကိုးစားရာဖြစ်၏၊ သူတပါးသည် မိမိ၏ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်မည်နည်း…” စသဖြင့် မိန့်မှာတော် မူခြင်းဖြစ်ပါတယ်။

ဘုန်းဘုန်း မြန်မာပြည်မှာရှိစဉ် ကျောင်းသားကျောင်းသူများကို စာသင်ပေးတုန်းက ကျောင်းသားတစ်ချို့ရဲ့ စကားလေးတွေ ပြန်ကြားရတာ ရှိပါတယ်။ အဲဒီကျောင်းသား တစ်ချို့ထံက ကြားရတဲ့ စကားလေးတွေက ဆရာစာအသင်အပြ မကောင်းဘူး၊ အားကိုးလို့ မရဘူးစတဲ့ အသံလေးတွေပါ။ အများက အောင်မြင်မှုရပြီး တိုးတက်နေတဲ့အချိန်မှာ သူတို့တွေက ဒီစကားတွေ ပြောလာတယ်ဆိုတော့ ဒီကလေးတွေ စာကောလုပ်ကြရဲ့လားလို့ စုံစမ်းတဲ့အခါ စာမလုပ်ဘဲ အပျော်လာ၊ အပျော်သွား၊ အပျော်ပြန်နေတာကို သိရပါတယ်။ သူတို့တွေကိုကြည့်ပြီး “သြော်…ဒီကလေးတွေနယ် ကိုယ်ကိုယ်တိုင်တော့ ကြိုးစားအားထုတ်မှု မပြုကြဘဲ ဘယ်သူကြောင့်၊ ဘယ်ဝါကြောင့်လို့ အပြစ်ပုံချဖို့ပဲ ကြည့်နေကြတော့တာပါလား…၊ ဆရာ့ဆီမှာ အချိန်တန် ကျောင်းသွားတက်နေရုံ၊ ဆရာ့ကို အားကိုးနေရုံနဲ့ အကုန်ပြီးပြီလို့များ ထင်နေရော့သလားမသိ၊ ဆရာဆိုတာ လက်သည်အဆင့်လောက်ပဲ ဖြစ်ပြီး လက်တွေ့ပိုင်းမှာ ကိုယ်ကိုယ်တိုင် ညှစ်ရမယ်ဆိုတာ ဒီကလေးတွေ မသိဘဲ ဖြစ်နေကြပါလား…” စသဖြင့် တစ်ယောက်တည်း စိတ်ထဲမှာ ရေရွတ်နေမိခဲ့ပါသေးတယ်။

ဆိုလိုတာက လောကမှာ ဘာပဲဖြစ်ဖြစ် အားကိုးရာဆိုတာ ရှိရမှာ ဖြစ်ပေမယ့် အားကိုးလွန်းရင်လည်း ကိုယ့်မှာဘာမှ မဖြစ်ပဲ ရှိတတ်တဲ့အတွက် သူများကိုလည်း အားကိုး၊ ကိုယ်ကိုယ်တိုင်လည်း အားထုတ်ကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ သူများချည်းပဲ အားကိုးနေလို့ မဖြစ်သလို၊ နည်းပြလမ်းညွှန်ပေးနိုင်မယ့် အားကိုစရာ လက်သည်မရှိပြန်ရင်လည်း မဖြစ်တဲ့အတွက် လက်သည်ရဲ့ အကူအညီကို ရယူရင်း ကိုယ်ကိုယ်တိုင်ရဲ့ ညှစ်ယူမှုနဲ့ လိုချင်တာကို ရအောင်ကြိုးစားရမှာ ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ လက်သည်ချည်းပဲ အားကိုးနေလို့ မဖြစ်ကြောင်းနဲ့ ကိုယ်ကိုယ်တိုင်လည်း ညှစ်ဖို့လိုကြောင်း နားလည်စေလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကိစ္စတစ်ခု အောင်မြင်ပြီးမြောက်ဖို့ဆိုတာ ကံဉာဏ်ဝီရိယ သုံးမျိုးလုံးပါမှ ဖြစ်နိုင်သလို ကိုယ်ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ မိတ်ကောင်းဆွေကောင်း ဆရာသမားကောင်းတွေရဲ့ အကူအညီလည်း ရှိမှဖြစ်နိုင်တဲ့အတွက် လောကီလောကုတ္တရာများမှာ အောင်မြင်တိုးတက် ကြီးပွားလိုသူများ အနေနဲ့ “လက်သည်ချည်းပဲ အားကိုးမနေနဲ့၊ ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြဦး”ဆိုတဲ့ မြန်မာစကားပုံအတိုင်း သူများချည်းပဲ အားကိုးမနေကြဘဲ ကိုယ်ကိုယ်တိုင်ရဲ့ အားထုတ်မှုများနဲ့အတူ မိတ်ကောင်းဆွေကောင်းတွေရဲ့ နည်းပေးလမ်းညွှန်မှုကိုယူကာ လိုရာပန်းတိုင်ကို လျှောက်လှမ်းကြည့်ကြဖို့ တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more...

မြရတနာမှကလေးငယ်လေးတစ်ဦး

ရတန်းကျောင်းတက်၇ာတွင်သွားရေးလာရေးအလွန်ခက်ခဲ



Download this and other original video files with Multiply Premium.
Prev: ၂၃.၇.၂၀၀၉ အလှူ

Read more...

မြရတနာ ကလေးတရားပွဲ

စစ်ကိုင်းမြို့ မြရတနာတွင် လူငယ်ကလေးများအတွက် ကလေးတရားပွဲအား ၂၄.၆.၂၀၁၀ ရက်နေ့ တွင် ဦးဥာဏဒီပ http://www.ashinnyanadipa.com/နှင့် ဦးကောဝိဒ (ဆွမ်းလောင်းအသင်း)တို့ကြွရောက်၍ ကလေးငယ်များအား ဘာသာရေးအသိပညာဟောပြောပြီး၊ ကလေးငယ်များအား အဟာရဒါနအဖြစ် ပေါင်မုန့်ထုပ်များ တစ်ယောက်လျှင် တစ်ထုပ်စီကျွေးမွေးခဲ့ကြပါတယ်။







အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

Read more...

ဗုဒ္ဓဟောကြားသည့် “မငြိမ်မလှုပ်ကူးနည်း”

တစ်ခါတုန်းက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် ညတစ်ည သန်းခေါင်ယံအချိန်မှာ ရူပဗြဟ္မာတစ်ဦးက မြတ်စွာဘုရားဆီကို လာပြီး မေးခွန်းမေးပါတယ်။

“မြတ်စွာဘုရား…သြဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာကို တစ်ဖက်ကမ်းရောက်အောင် ဘယ်လိုကူးခဲ့ပါသလဲဘုရား။”
“ဒါယကာ….ငါဟာ ငြိမ်ပြီးလည်း မကူးဘူး၊ လှုပ်ပြီးလည်း မကူးဘူး၊ မငြိမ်မလှုပ် သံသရာတစ်ဖက်ကမ်းကို ကူးခဲ့တာ”

မြတ်စွာဘုရားရှင်က မငြိမ်မလှုပ်ကူးခဲ့တာဆိုတော့ ရူပဗြဟ္မာက နားမလည်တော့ပါဘူး။ ရူပဗြဟ္မာက မြတ်စွာဘုရားဆီကို မာနလေးနဲ့ လာတာပါ။ သူက ဘယ်လိုအတွေးရှိသလဲဆိုတော့ “ငါ့အနေနဲ့  မြတ်စွာဘုရား သြဃလေးပါးက လွန်မြောက်ပြီးပြီဆိုတာလည်း သိထားတယ်။ သြဃလေးပါးက ဘာတွေလဲ ဆိုတာလည်း သိထားတယ်။ ကူးနည်းလေးသိဖို့ ပဲ လိုတော့တယ်” လို့  အတွေးမာနရှိနေတာပါ။

မာနရှိနေရင် တရားမရနိုင်ဘူး။ ဒါကြောင့်မြတ်စွာဘုရားက “ငါက ငြိမ်လည်း မကူးဘူး၊ လှုပ်လည်း မကူးဘူး၊ မငြိမ်မလှုပ် ကူးခဲ့တာ” လို့  စကားဝှက်နဲ့
ဖြေလိုက်တာပါ။ သူမမျှော်လင့်တဲ့ အဖြေစကား ကြားလိုက်ရတော့ ရူပဗြဟ္မာ နားမလည်တော့ပါဘူး။

ဒီတော့မှ သူ့ ရဲ့ မာနလေးကိုချပြီး “မြတ်စွာဘုရား….ဘယ်လို မငြိမ်မလှုပ်ကူးခဲ့တာလဲဘုရား၊ တပည့်တော်ကို အကျယ်ဟောပြပါဦးဘုရား” လို့ 
ပြန်လျှောက်ပါတယ်။

မြတ်စွာဘုရားရှင်ကလည်း ပြန်ရှင်းပြပါတယ်။

”ဒါယကာ…ငါဟာ သံသရာတည်းဟူသော သမုဒ္ဒရာကို ကူးတဲ့နေရာမှာ ငြိမ်နေရင် မြုပ်သွားလိမ့်မယ်။ လှုပ်နေရင်လည်း မျောသွားလိမ့်မယ်။ ဒါကြောင့် ငါငြိမ်လည်း မကူးဘူး၊ လှုပ်လည်း မကူးဘူး၊ မငြိမ်မလှုပ် ကူးခဲ့တာ”

မြတ်စွာဘုရားရှင်က နည်းနည်းလေးပဲ ချဲ့ ဟောလိုက်တာနဲ့  ရူပဗြဟ္မာလည်း သဘောပေါက်ပြီး သောတာပတ္တိဖိုလ်ကို ရသွားပါတော့တယ်။
(သြဃတရဏသုတ်၊ သံယုတ်ပါဠိတော်)

အဲဒီမှာ အံ့သြဖို့ ကောင်းတာက မြတ်စွာဘုရားရှင်က နည်းနည်းလေးပဲ ချဲ့ ဟောလိုက်တာနဲ့  ရူပဗြဟ္မာက သဘောပေါက်ပြီး သောတာပန်ဖြစ်သွားတာပါ။ နတ်ဗြဟ္မာတွေဟာ လူတွေနဲ့ မတူပါဘူး။ အသိဉာဏ်က သိပ်ပြီးလျင်မြန်ပါတယ်။ ဒါကြောင့် ချက်ချင်းသဘောပေါက်ပြီး တရားထူးရသွားတာပါ။

ကဲ….ရူပဗြဟ္မာကတော့ နည်းနည်းလေးချဲ့ ဟောလိုက်တာနဲ့  သောတာပန်တည်သွားပါပြီ။ စာရေးသူနဲ့ စာဖတ်သူကတော့ သောတာပန်နားကို မကပ်နိုင်သေးပါဘူး။

ငြိမ်ပြီးကူးရင် မြုပ်မယ်၊ လှုပ်ပြီးကူးရင် မျောမယ်၊ မငြိမ်မလှုပ်ကူးပါဆိုတော့ ဘယ်လိုကူးမလဲ…..?

မျက်လုံးထဲမှာလည်း မြင်ယောင်ကြည့်ပေါ့။ သမုဒ္ဒရာထဲမှာ လူတစ်ယောက်ငြိမ်နေရင် မြုပ်သွားပါလိမ့်မယ်။ လှုပ်နေရင် မျောသွားပါလိမ့်မယ်။

မြတ်စွာဘုရား အလိုကျ မငြိမ်မလှုပ် ဘယ်လိုကူးမလဲ? ဖြေကြည့်ပါဦး။
အဲဒီမှာ အငြိမ်တရားရယ်၊ အလှုပ်တရားရယ်၊ မငြိမ်မလှုပ်တရားရယ်ဆိုပြီး သုံးမျိုးခွဲသိလိုက်ပါ။

အငြိမ်တရားဆိုတာ အကုသိုလ်တရားပါ။ အလှုပ်တရားဆိုတာ လောကီစည်းစိမ်တွေ တောင့်တပြီး ပြုတဲ့ကုသိုလ်ပါ။ မငြိမ်မလှုပ်တရားဆိုတာ နိဗ္ဗာန်ကို တောင့်တပြီး ပြုတဲ့ကုသိုလ်ပါ။

ရှင်းအောင်ပြောရရင် အကုသိုလ်စိတ်ဖြစ်နေတာ အငြိမ်တရားပါ။ လောကီစည်းစိမ်တွေ တောင့်တပြီး ကုသိုလ်ပြုတာဟာ အလှုပ်တရားပါ။ နိဗ္ဗာန်ကို တောင့်တပြီး ကုသိုလ်ပြုတာဟာ မငြိမ်မလှုပ်တရားပါ။

ဥပမာ ထားပါတော့။ ကိုယ့်ရင်ထဲမှာ လောဘ၊ ဒေါသ၊ ဣဿာမစ္ဆရိယ စတဲ့ အကုသိုလ်တရားတွေ ကိန်းနေပြီဆိုရင် ငြိမ်ပြီး ကူးနေတာပါ။ ငြိမ်ပြီးကူးရင် မြုပ်တော့မှာပါ။ ဘယ်ကိုမြုပ်မှာလည်း ဆိုတော့ အပါယ်လေးပါးကို မြုပ်မှာပါ။

နောက် ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာ “ဤကုသိုလ်ကောင်းမှုကြောင့် စီးပွားရေး အဆင်ပြေရပါလို၏၊ ရာထူးတက်ရပါလို၏၊ ဥစ္စာပေါရပါလို၏၊ နောက်ဘ၀ ပညာတတ်ရပါလို၏၊ သူဌေးကြီး ဖြစ်ရပါလို၏၊ နတ်ပြည်ရောက်ရပါလို၏“ စသည်ဖြင့် လောကီဆုတွေ တောင့်တပြီး ကုသိုလ်ပြုနေရင် လှုပ်ပြီးကူးနေတာပါ။ လှုပ်ပြီးကူးရင် မျောတော့မှာပါ။ ဘယ်ကိုမျောမှာလည်းဆိုတော့ လူ့ ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို မျောတော့မှာပါ။ ဘယ်လောက်ထိမျောနေမယ်ဆိုတာ မသိရပါဘူး။ လူ့ ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တွေကို စုန်ဆန်မျောနေရတော့မှာပါ။

“နောက်ဘ၀ သူဌေးကြီးဖြစ်ရပါလို၏” ဆုတောင်း၊ ဆုတောင်းပြည့်တော့ရော သံသရာမှာ မျောရဦးမှာပါ။ နောက်ဘ၀ထပ်ဆုတောင်း၊ ဆုတောင်းပြည့်တော့ကော ဆက်ကာ ဆက်ကာ မျောနေရဦးမှာပါ။

လောကီဆုတွေ တောင့်တမိတိုင်းလည်း ကိုယ့်ကိုယ်ကို သတိပေးပါ။
“ငါတော့လှုပ်နေပြီ၊ မျောတော့မယ်” လို့ ။

အဲဒီမှာ နတ်ပြည် ဗြဟ္မာ့ပြည်ဆိုတာ မြင့်မြတ်တဲ့ဘုံတွေလို့  ပြောလို့ ရပါတယ်။ ဒါပေမယ့် သက်တမ်းစေ့တဲ့အခါ အောက်ကို ပြန်ဆင်းရဦးမှာပါ။
အောက်ပြန်ဆင်းတဲ့အခါ ကိလေသာ မကင်းသေးတဲ့အတွက် အကုသိုလ်ပြုမိဦးမှာပါ။ အကုသိုလ်ပြုမိရင် အပြစ်အားလျော်စွာ ခံရဦးမှာပါ။

နောက်မငြိမ်မလှုပ်ကူးနည်းကတော့ ကုသိုလ်ကောင်းမှုပြုတဲ့အခါတိုင်း
“ဤကုသိုလ်ကောင်းမှုသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ” လို့  နိဗ္ဗာန်ကို တောင့်တပြီးပြုတာပါ။ လောကီဆုတွေကို မတောင်းပါဘူး။

ဒါကတော့ မငြိမ်မလှုပ်ကူးတာပါ။

တကယ်လို့ များ တစ်စုံတစ်ယောက်အပေါ် မုန်းပြီး အာဃာတတွေဖြစ်နေရင် ငြိမ်ငြိမ်ကူးနေတာပါ။ ငြိမ်ငြိမ်ကူးနေရင်တော့ မြုပ်ရတော့မှာပါ။

အဲဒီအခါမျိုးမှာ ကိုယ့်ကိုယ်ကို သတိပြန်ပေးပါ။ “ငါတော့ ငြိမ်နေပြီ၊ မြုပ်တော့မယ်” “ငါတော့ ငြိမ်နေပြီ၊ မြုပ်တော့မယ်” လို့  နှစ်ကြိမ်
သုံးကြိမ်လောက် အသံထွက်ပြီး သတိပေးပါ။ တရားနဲ့ မဝေးတဲ့သူဆိုရင် သတိပေးလိုက်တာနဲ့  ပျောက်သွားတာ များပါတယ်။ ဒီလို သတိပေးတတ်တဲ့အကျင့်ကို အထုံဖြစ်သွားအောင် လုပ်ထားရပါမယ်။

နောက်ဆို အကုသိုလ်စိတ် ရင်ထဲဝင်တာနဲ့  သတိပေးပြီးသား ဖြစ်ဖြစ်နေပါလိမ့်မယ်။

ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ မကောင်းကြောင်း အတင်းပြောနေတယ်ဆိုပါတော့။ ဒါလည်း ငြိမ်နေတာပါပဲ။

အတင်းပြောတာလည်း စွဲတတ်ပါတယ်။ စွဲသွားရင် ဖြတ်ရခက်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ မတွေ့ လိုက်နဲ့  အတင်းပြောဖို့ ကိုပဲ စိတ်က ညွတ်နေတော့တာပါ။

တော်တော်များများက အတင်းပြောတာကို အကုသိုလ်လို့ မထင်ပါဘူး။ ပြောရိုးပြောစဉ် အလုပ်တစ်ခုလို့ ပဲ ထင်ထားတာပါ။ အတင်းပြောတာဟာ ပေါ့သေးသေး မဟုတ်ပါဘူး။
ပရ၀ဇ္ဇာနုပဿိဿ၊
နိစ္စံ ဥဇ္ဈာန သညိနော။
အာသ၀ါ တဿ ၀ဎုန္တိ၊
အာရာ သော အာသ၀က္ခယာ။
မြတ်စွာဘုရားက – လို့  ဟောပြပေးထားပါတယ်။

အဓိပ္ပါယ်ကတော့ သူတစ်ပါးအတင်းပြောနေတဲ့သူမှာ အာသဝေါတရားတွေ တိုးပွားပြီး နိဗ္ဗာန်နဲ့ ဝေးနေတတ်ပါတယ်တဲ့။
ဒါကိုထောက်ပြီး နိဗ္ဗာန်လိုချင်တဲ့သူဟာ သူတစ်ပါးအတင်းကို မပြောရပါဘူး။ အတင်းပြောရင် နိဗ္ဗာန်နဲ့  ဝေးဝေးနေပါလိမ့်မယ်။ စာခေါင်းစဉ်နဲ့ ပြောမယ်ဆိုရင်လည်း ငြိမ်ပြီးကူးနေတာပါ။

တရားသဘောမသိခင်က ပြောခဲ့တာတွေကတော့ ထားလိုက်ပါတော့။ သိပြီးနောက်ပိုင်း မပြောမိအောင် အထူးစောင့်ထိန်းရပါမယ်။

တချို့ဆို အတင်းပြောရတာကို အရသာတစ်ခုလိုကို သဘောထားပြီး ပြောနေကြတာပါ။ ၀ါသနာတူချင်း တွေ့ လိုက်လို့ ကတော့ ပြောလို့ မဆုံးတော့ပါဘူး။

ဒါဟာ အရက်သမားတွေ အရက်စွဲသလို “အတင်းစွဲ” သွားတော့တာပါ။ အတင်းပြောတဲ့ရောဂါစွဲသွားရင် ကုရခက်ပါတယ်။ မြတ်စွာဘုရားအဆုံးအမတွေနဲ့  သေချာပြန်ကုယူရပါတယ်။ မကုဘဲပစ်ထားရင် ရောဂါသည်းပြီး ဆိုးကျိုးတွေ ဖြစ်လာတတ်ပါတယ်။ လိုရင်းကတော့ အတင်းပြောတာ အကုသိုလ်ဆိုတာကို သေချာနှလုံးသွင်းထားလိုက်ဖို့ ပါ။

ပြန်ချုပ်ရရင်တော့ ရင်ထဲအကုသိုလ်တွေကိန်းနေရင် ငြိမ်ပြီးကူးတာပါ။

ကုသိုလ်ပြုတိုင်း လောကီဆုတွေပဲတောင့်တနေရင် လှုပ်ပြီးကူးတာပါ။

ကုသိုလ်ပြုတိုင်း နိဗ္ဗာန်ကိုတောင့်တပြီးပြုရင် မငြိမ်မလှုပ်ကူးတာပါ။

ကူးနည်းသုံးနည်းထဲမှာ မြတ်စွာဘုရားရှင်က မငြိမ်မလှုပ်ကူးနည်းကို နှစ်သက်တော်မူပါတယ်။ မငြိမ်မလှုပ်ကူးနည်းက ခက်လားဆိုတော့ မခက်ပါဘူး။ ကုသိုလ်ပြုတိုင်း နိဗ္ဗာန်ကို ဆုတောင်းလိုက်ရုံပါ။

သံသရာမှာ ငြိမ်ပြီးကူးခဲ့လို့  အကြိမ်ကြိမ်မြုပ်ခဲ့ပြီးပါပြီ။

လှုပ်ပြီးကူးခဲ့လို့ လည်း အကြိမ်ကြိမ်မျောခဲ့ပြီးပါပြီ။ အခုအချိန်အထိ မျောနေရတုန်းပါ။ ဘယ်လောက်အထိ မျောနေရဦးမယ် ဆိုတာလည်း မသိရပါဘူး။

ဒီကစပြီး မငြိမ်မလှုပ်ကူးဖို့ ပဲ လိုပါတော့တယ်။ လူတိုင်းလူတိုင်း ကုသိုလ်မပြုဖူးတဲ့သူ ဘယ်သူမှ မရှိပါဘူး။ နည်းတာနဲ့ များတာပဲ ကွာကြမှာပါ။
နည်းနည်းများများ မငြိမ်မလှုပ်ကူးနည်းနဲ့ ကူးဖို့ ပါပဲ။

သံသရာကျင်လည်ရတာ သိပ်ငြီးငွေ့ ဖို့ ကောင်းပါတယ်။ မျှော်လင့်ချက်တွေ၊ ရပိုင်ခွင့်တွေ၊ ခံစားခွင့်တွေနဲ့ ဆိုတော့ သံသရာကျင်လည်ရတာ ဟုတ်သလိုလိုရှိနေတာပါ။ တကယ်တော့လည်း ဘာမှမဟုတ်ပါဘူး။ ဒုက္ခတွေက ကပ်ပါလာပြီးသားပါ။ ဘယ်လောက်ပဲ ပြည့်စုံ ပြည့်စုံ ပျော်ရတဲ့ရက်က နည်းပါတယ်။ စိတ်ညစ်ရတဲ့ ရက်က များများရယ်ပါ။ ဒီကြားထဲ လောကဓံဆိုးတွေနဲ့ လည်း ကြုံနိုင်ပါသေးတယ်။

ဒါကြောင့် သံသရာကျင်လည်ရတာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ သံသရာဝဋ်က မြန်မြန်ကျွတ်သွားလေ ကောင်းလေပါပဲ။

ဘာပဲပြောပြော ကုသိုလ်ပြုတိုင်း နိဗ္ဗာန်ကို ဦးတည်လိုက်တာနဲ့  မြတ်စွာဘုရား အလိုကျ “မငြိမ်မလှုပ်” ကူးလိုက်တာပါပဲ။

အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
အလင်းတန်းဂျာနယ်
၁၂.၁၀.၂၀၀၉

ကျမ်းကိုး
သဂါထာဝဂ္ဂသံယုတ် မြန်မာဘာသာဋီကာ စာမျက်နှာ – ၁၊ အရှင်ကုဏ္ဍလာဘိဝံသ။
မှတ်စု

သြဃ = ရေအလျဉ်။ သံသရာတွင် နစ်မြုပ်စေတတ်သော လောဘ၊ ဒေါသ အစရှိသည့် ကိလေသာတရားများအား ရေအလျဉ်နှင့် တင်စားခေါ်ခြင်း ဖြစ်သည်။
သြဃလေးဖြာ = ကာမသြဃ၊ ဘ၀၊ ဒိဋ္ဌိ၊ အ၀ိဇ္ဖာ

၁။ ကာမသြဃ = အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော အာရုံငါးပါးတို့အပေါ် ပြင်းစွာတပ်မက်ခြင်း။
၂။ ဘ၀သြဃ = ကာမဘုံ (လူ နှင့် နတ်)၊ ရူပဘုံ (အောက်ဆင့်ဗြဟ္မာ)၊ အရူပဘုံ (အထက်ဆင့် ဗြဟ္မာ) ဆိုသည့် ဘုံဘ၀များအပေါ် ပြင်းစွာတပ်မက်ခြင်း။ တောင့်တခြင်း။
၃။ ဒိဋ္ဌိသြဃ = ၆၂ ပါးသော မိစ္ဆာဒိဋ္ဌိများ (အကျယ်သိလိုပါက ဒီဃနိကာယ၊ သီလက္ခန္ဓ၀ဂ်၊ ဗြဟ္မဇာလသုတ်တွင် ရှု)
၎။ အ၀ိဇ္ဖာသြဃ = အမှန်ကိုမသိမှု၊ နားမလည်မှု (အ၀ိဇ္ဖာ)

ရေစီးကြောင်းတစ်ခုထဲပိတ်မိနေသည့်အခါ ကမ်းကိုရောက်အောင် မကူးခတ်နိုင်ဘဲ ရေအလျဉ်မှာသာမျောပါတတ်သလို အထက်ပါ တရားလေးမျိုးဖြစ်သည့် ကာမဂုဏ်တို့ကို ခင်တွယ်ခြင်း၊ ဘ၀အပေါ်ခင်တွယ်ခြင်း၊ မိစ္ဆာဒိဋ္ဌိအယူရှိခြင်းနှင့် အမှန်ကိုမမြင်သည့်အ၀ိဇ္ဖာတရားဖုံးအုပ်ခြင်းတို့ ခံရသည့်အခါ ကမ်းနှင့်တူသည့် နိဗ္ဗာန်သို့ရောက်အောင် မကူးခတ်နိုင်တော့ပါ။

Read more...

ကျေးဇူးပြု၍ မေးခွင့်ပြုပါ

“ဘုန်းဘုန်းအင်္ဂုလိမာလက လက်ညှိုးတစ်ထောင်လိုချင်တာ လူငါးရာကို သတ်လိုက်ယုံနှင့်ရ တာပဲ၊ ဘာလို့ တစ်ထောင်သတ်ရတာလဲ”

မျက်မှန်ပါ မြင့်သွားသည့်အထိ မျက်လုံးပြူးသွားရသည်၊ မေးခွန်းရှင်ကို တအံ့တသြကြည့် မိသည်၊ အာဃကလေးမ၊

“ဟုတ်တယ်ဘုန်းဘုန်း၊ သားလည်း စဉ်းစားနေတာ၊ ဟိုနေ့ကနဲက မေးမလို့၊ နီလာထွန်း ပြောသလို လူတစ်ယောက် လက်ညှိုးနှစ်ချောင်းပါတာဘဲဟာ၊ လူငါးရာဆို လက်ညှီုးတစ်ထောင် ဘဲလေ။ အဲဒါ ဘာဖြစ်လို့ တစ်ထောင်တောင်သတ်ရတာလဲ”



အဖြေကြပ်နေဆဲ၊ ကောင်းမြတ်ထွန်းကပါ ဆက်မေးလာတော့ ပို၍ကြပ်ရသည်၊ သူတို့လို တစ်ခါမျှ မစဉ်းစားမိ။ (ပဏ္ဏာသ ထေရာအပါဒါန်နှင့် အဋ္ဌကထာ)အဖွင့်ကျမ်းတွေမှာတော့ ပါနိုင် သည်ဟု တွေ့နေမိသည်။ လက်လှမ်းမှီရာတွင် ထိုကျမ်းတွေကမရှိ။

“မိနီလာနဲ့ကောင်းမြတ် လျှာကိုရှည်တယ် ၊ ဟိုမေး ဒီမေးနဲ့”

“ဟင်.. နီနီကလဲ လာလာ သိချင်တာကို”

“ဘာဖြစ်လဲ မိနွယ်နီရ ဘုန်းဘုန်းက မသိတာကို မေးရမယ်၊ စဉ်းစားရမယ်၊ အရမ်းလက္ခံ ယုံကြည်တာ မကောင်းဘူးလို့ သင်ထားတာပဲ”

ဟုတ်သည် ၊ သူတို့လေးတွေကို စဉ်းစားဆင်ခြင်တတ်သည့်အလေ့ရအောင် ပျိုးထောင် ပေးနေသည် ဘယ်အရာမဆို ဘာလဲ (what) ဘာကြောင့်(why?) ဘယ်လို(How) နှင့် မေးမြန်း စူးစမ်း တတ်ဖို့ပင်၊ အခုတော့ သူတို့လေးတွေရဲ့ Why က ကိုယ်တိုင် ချွှေးပြန်ဘို့ ဖြစ်လာပြီ၊ ကိုင်း …. စဉ်းစားစမ်း…. စဉ်းစားစမ်း၊ အမေးရှိ အဖြေရှိရမှာပေါ့။

ဟာ… နီလာမနဲ့ ကောင်းမြတ်တို့ကလဲ ဒါတောင် မသိဘူးလား’

“ ဟင် ..ကိုဇင်မင်းကော သိလို့လား” “ သိပ်သိ”

ဇင်းမင်းကြီး သိတယ်ဆိုပါလား၊ သည်ကောင် ဘာတွေ ပေါက်တတ်ကရ ပြောအုံးမလဲဘဲ၊

“သားပြောလိုက်မယ် ဘုန်းဘုန်း၊ အင်္ဂုလိမာလ အဲဒီလို တစ်ထောင် လိုက်ဖြတ်တာ သူကျောင်းမှာ သင်္ချာညံ့ခဲ့လို့ပေါ့” ပြုံးလိုက်မိသည်။ ဟုတ်တုတ်တုတ်ပဲလို့ တွေးလိုက်မိ၏။

အင်္ဂလိမာလဟာ တက္ကသိုလ်ကျောင်းသားဟု ပြောခဲ့ဘူးတာကို အမှတ်ရမိသည်။

ကိုတေဇာထွန်းက မှတ်ချက်ဝင်ပြုသည်၊ အငယ်တွေကတော့ ငြိမ်ချက်သားကောင်းနေ၍ ငဲ့ကြည့်မိသည်၊ ဘာလုပ်နေကြပါလိမ့်၊ အံမယ် ဗူးထဲက ထန်းလျှက်ခဲတွေ ဝေစားနေကြပါလား၊ ကောင်းမြတ်တို့ အကြီးတွေကတော့ သူတို့သိလိုတဲ့ အဖြေကို စောင့်နေကြဆဲ၊ အခုထိ စဉ်းစား မရသေး၊ “မသိဘူးကွယ်ဟု တာဝန်မဲ့လိုက်၍မဖြစ် ခု မဖြေနိုင် နောင်ဖြေနိုင်အောင်တော့ ကျိုးစားရမည့်တာဝန်ရှိသည်၊ ဒါဟာ ဘာသာရေး ခေါင်းဆောင်တိုင်း ဆောင်ရမည့်ဝန်ဟု ယုံကြည်မိသည်၊ မေးသူကတော့ အကြောင်းအမျိုးမျိုးနှင့် ကြုံနေမှာပင်၊ အဖြေ ဘုရားလောင်း အမေး နွားကျောင်းသား ဆိုသည့် စကားကို ဆင်ခြင်ရင်း မေးသူတို့၏ အနေအထားကို ခြင့်တွေး နေမိသည်။

“ဘုန်းဘုန်း သူတို့လျှောက်မေးနေတာ စဉ်းစားမနေနဲ့ သမီးတို့ကို ပရိတ်ကြီး သင်ပေးမှတာ ပေးတော့” အကြီးမကြီး နွယ်နီထွန်းက စိတ်မရှည်တော့ထင့်၊ သူ့ညီမနှင့် ကောင်းမြတ်တိုကို မျက် စောင်းထိုးကာ ဆိုသည်။ “ အဲလိုတော့ မဟုတ်ဘူးပေါ့ကွယ်၊ မသိမေး မစင်ဆေးတဲ့’ မသိဘဲ ပြောသမျှ ယုံတာနဲ့စာရင် အခုလို မေးမြန်းတာက အကျိုးရှိတာပေါ့၊ နောက်ပြီး သမီးတို့လို ငယ်သူတွေက မေးရင် ဘုန်းဘုန်းတို့လို ကြီးသူတွေက ဖြေပေးရမှာပဲ၊ ဒါဟာ လိုအပ်တဲ့ ယဉ်ကျေးမှုတာဝန်ကွဲ့”

စကားဆုံးသည်နှင့် အပြေးအလွှား စဉ်းစားနေမိသည်၊ ပကိဏ္ဏ၀ိသဇ္ဇနာမှာများ ပါမလား၊ စွယ်စုံကျော်ထင်၊ သမန္တစက္ခု၊ တည်တောဆရာတော်၊ ဆရာတော် ရဝေထွန်းတို့၏ အမေးအဖြေ တွေမှာများ ပါမလား၊ အလောင်းမင်းတရားမေးပြီး အတုလ ဆရာတော်ဖြေဆိုသည့် အမေးတော်ပုံ ကျမ်းမျာတော့ မပါတာ သေချာသည်၊ ဖတ်မှတ်ဖူးသမှတွေကို စဉ်းစားရင်း ဒါဟာ လူမျိုးယဉ်ကျေးမှု ထုံးထမ်းတွေနှင့် ဆိုင်မည်ဟု အမှတ်ရကာ၊ နီတိတွေကို စဉ်းစားကြည့်နေမိ သည်။ ဘယ်ဘက်လက်သည် အညစ်အကြေးကို သုတ်သင်ရာ ကိုယ်ကာယ၏ ကျေးကျွန်နှင့် တူသည်ဟု နီတိဆိုသည်၊ အချိန်ရမှ အေးအေးဆေးဆေး ရှာဖွေရအုံးမည်၊ လောလောဆယ် အမှတ်ရသည်က အိန္ဒိယ ဓလေ့ဟောင်းတွေမှာ လင်္ကျာလက်ကမြတ်ပြီး လက်ဝဲလက်က ယုတ် နိမ့်သည်ဟု အယူရှိတာကို အမှတ်ရသည်။ “ပဒက္ခိဏံ ကတွာ" ဆိုသည့် အရိုအသေပြုထုံးကို လည်း ဖျပ်ခနဲ သတိရမိသည်၊ ထို့ကြောင့်… “ကဲကဲ အားလုံးသိအောင် ဘုန်းဘုန်းအဖြေပေး မယ်၊ သမီး ထုပ်ထုပ်က အငယ်တွေကိုခေါ်ပြီး ဒီလာခဲ့”

သူတို့ကလေးတွေ ရှေ့မှာစုရုံးမိကကြတော့… “လာလာနဲ့ ကိုကောင်းတို့မေးတာ မေးသင့် တယ်ကွဲ့၊ ဟုတ်တယ်၊ လူတစ်ယောက်မှာ ဘယ်ဘက်တစ်ချောင်း ညာဘက်တချောင်း လက် ညှီုး နှစ်ချောင်းပါတာဘဲ၊ အဲဒါ လူငါးရာသတ်လိုက်ရုံနဲ့ လက်ညှိုးတစ်ထောင်ရနိုင်လျက်နဲ့ ဘာဖြစ် လို့ တစ်ထောင်ကြီး သတ်ရသလဲဆိုတာ စဉ်းစားသင့်တယ်”

“မိုက်လို့နေမှာဘုန်းဘုန်း"၊ "သူ့ဆရာကို ကြောက်လို့ဘုန်းဘုန်း"၊ အငယ်လေးတွေက သူတို့ ထင်ရာကို ထင်မြင်ချက်တွေပေးနေကြသည်။

“ သည်လိုဖြစ်မယ်ကွယ့်… သူုတို့ယဉ်ကျေးမှုအရ ဘယ်ဘက်က ယုတ်ညံ့ပြီး ညာဘက်က မြင့်မြတ်တယ်လို့ အယူရှိကြတယ်၊ ဒါကြောင့်ခန္ဓာကိုယ်မှာလည်း ဘယ်ဘက်လက်က ယုတ်နိမ့် ပြီး ညာလက်ကမှ မြင့်မြတ်တယ်လို့ ဆိုကြတယ်၊ ဘယ်လက်က ကိုယ်ရဲ့ အညစ်အကြေးတွေကို သန့်စင်ပေးရပြီး ညာလက်ကမှ စားတာသောက်တာတို့ စတဲ့ မြတ်တဲ့အလုပ်တွေကို လုပ်ရတယ် ။ သားတို့သမီးတို့ ထမင်းစားတဲ့အခါ ကြည့်ပါလား ဘယ်ဘက်နဲ့ စားသလဲ”

“ညာနဲ့ဘုန်းဘုန်း" “ကိုဇင်မင်း ဘယ်လက်ကြီးနဲ့ စားတယ် ဟီးဟီး”

“အောင်မာ ငါထုလိုက်ရ တစ်ခါတစ်လေများ” “ထားပါကွယ် ဒါက အရှေ့တိုင်းဓလေ့ကို ပြော တာပါ၊ အနောက်တိုင်းကျ ဇွန်းခရင်းနှင့်စားတော့ လက်နှစ်ဘက်လုံး မြတ်တာပါဘဲ၊ ကဲကဲ ဆက်ရအောင် ဒီလို အယူရှိရပြီးတော့ ယစ်ပူဇော်ဖို့လည်း ဖြစ်လေတော့ ပိုပြီး မင်္ဂလာရှိဘို့ လိုတာကြောင့် အင်္ဂုလိမာလဟာ ညာဘက်လက်ညှိုးချည်း ရယူဘို့ လူတစ်ထောင်ကြီးသတ် ရတာပေါ့ကွယ်"၊

အရှင်မဟာဗုဒ္ဓဃောသအပါအ၀င် ရှေးပညာရှင် သူတော်သူမွန်တွေဟာ ဒီအကြောင်းကို စဉ်းစားဖွင့်ဆိုပြီး ဖြစ်မှာပါလေ၊ နောင်အလျှင်းသင့်မှ အကိုးအကား ခိုင်ခိုင်လေးနဲ့ သူတို့လေး တွေကို ထပ်ဖြေရတော့မည်။ ခုတော့ကား… “ကဲ သပေါပေါက်ကျရဲ့လား၊ သမိး လာလာကော ကျေနပ်ရဲ့လား”။

နီလာထွန်းက ရယ်နေသည်၊ ယမင်းတို့ ညီညီဝေထွန်းတို့ အငယ်တွေကတော့ မြန်မြန် ပြီးစေလို့ထင့်၊ ပေါက်ပါတယ်ဟု သံပြိုင်အော်ကြသည်၊ မည်သို့ဖြစ်စေ သူတို့လေးတွေ ခုလို မေးရဲ မေးတတ် ဖြေရဲ ဖြေတတ်တာကိုက အလွန်အကျိုးရှိသည့် ကိစ္စကောင်း။

“ဘာဘဲဖြစ်ဖြစ် သမီးတို့သားတို့ ခုလိုမေးတာကို ဘုန်းဘုန်း ၀မ်းသာပါတယ်၊ မေးသူလည်း အသိတိုး ဖြေသူလည်း အသိမြင့်ပြီး နှစ်ဦးနှစ်ဘက် အကျိုးကြီးတဲ့အလုပ်ကွဲ့၊ “ပြောတိုင်း ဟော တိုင်း ၊ ချင့်စာနှိုင်း၊ ဟောတိုင်းမယုံနှင့်” တဲ့ ။ ပြောလာသမျှ ဟောလာသမျှတွေကို မေးမြန်းစိစစ် ပြီး လက်ခံတာ အကောင်းဆုံးကွဲ့၊ အဲဒီ အင်္ဂုလိမာလကြီးကိုဘဲကြည့်လေ၊ မမေးမမြန်း လက်ခံ ခဲ့လို့ ဒုက္ခရောက် မေးမြန်းလို့ အကျိုးရှိသွားခဲ့တာ”

ဟုတ်ပြီ၊ ဒီအကြောင်းကို သူတို့လေးတွေ ကျေနပ်ပျော်ရွှင်အောင် သာဓက ဆောင်ရမည်၊ ဒါမှ ယမင်းတို့ ညီညီဝေထွန်းတို့ စီသူထွေးတို့ တွယ်တာတို့လို ငယ်သူလေးတွေက စွဲမှတ်မိ မည်၊

“ကဲ နားထောင်ကျ မေးမြန်းခြင်းရဲ့ အကျိုးနဲ့ မမေးမမြန်းခြင်းရဲ့ အပြစ်ကိုပြတဲ့ ပုံပြင်ကို ဘုန်းဘုန်း ပြောပြမယ်၊ အဲဒီ အင်္ဂုလိမာလအကြောင်းပေါ့ကွယ်”

“ဘာလို့အင်္ဂုလိမာလလို့ ခေါ်တာလဲ ဟင်” “လုပ်ပြီ မိယမင်း “ မေးပါစေ အကြီးမကြီးရယ် အခုဘဲ ဘုန်းဘုန်းက မေးတတ်ရမယ်လို့ ပြောထားတာလေ” “ သားသိတယ်ဘုန်းဘုန်း လက်ညှိုးတွေကို ပန်းလိုကုန်းထားလို့ “အေး ကိုညီညီပြောတာဟုတ်တယ်၊ အင်္ဂုလိက လက်ညှိုး မာလက ပန်းကုံး၊ လက်ညှိုး ပန်းကုံးနဲ့ လူကြီးပေါ့ကွယ်၊ အဲဒီ အင်္ဂုလိ မာလကြီးက မင်းဆရာ ပုရောဟိတ်ကြီးရဲ့သား၊ တက္ကသိုလ်က ပါမောက္ခကြီးတစ်ဦးရဲ့ တပည့်ကွယ့်” ရှေ့ပိုင်းတွေကို ခပ်ကျဉ်းကျဉ်းပြောလိုက်သည်၊ လိုရင်းရောက်မှ….. အဲဒီ သူအပေါ်ကို မနာလိုတဲ့ ကျောင်းသားတွေက ဆရာကတော်နဲ့ သမုတ်ပြီး ဆရာကြီးကို ရန်တိုက်ကြတော့ ဆရာကြီးက ယုံပြီး သူ့ကို အငြိုးထားသတဲ့၊ ကျောင်းဆင်းပွဲမှာ ကန်တော့ကြတော့ သူတကာလို ရွှေငွေတွေနဲ့ မကန်တော့ခိုင်းပဲ သူ့ကို ကန်တော့ကြေး သူများတွေထက်ထူးပြီး လက်ညှိုး အချောင်းတစ် ထောင်နဲ့ ကန်တော့ရမယ်လို့တောင်းဆိုလိုက်ပါရော၊ ဟုတ်ကဲ့ပါ ဆရာကြီးဆိုပြီး သူဟာ လက်ညှီုးဖြတ်ဘို့ ဓားဆွဲ ထွက်သွားတော့တာပေါ့၊ ဒီနေရာမှာ သူလုပ်သင့်တာက သူ့ဆရာကို ပြန်လည် မေးသင့်မြန်းသင့်တယ်၊ လက်ညှီုးဖြတ်လို့ သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲရာမကျ ဘူးလား၊ အပြစ်မသင့်ဘူးလား၊ ဆရာကောင်းတပည့်တွေ ပြုသင့်တဲ့ ကျင့်ဝတ်ဟုတ်၇ဲ့လား စသည် ဖြင့် မေးမြန်းသင့်တာပေါ့၊ ခုတော့ မောင်မင်းကြီးသားက ဆရာ့ကို ယုံတဲ့ ကြောက်တဲ့ စိတ် တစ်ခုတည်းနဲ့ ၀န်ခံပြီး ထွက်သွားလိုက်တာ နောက်ဆုံး တောပုန်း လူသတ်သမားကြီး “အင်္ဂုလိမာလ”အမည်ဆိုး ဘ၀ဆိုးကြိးဘဲရခဲ့တယ်။ ဒီလိုနဲ့ ဆိုးသွမ်း သောင်းကျန်းလာတော့ ဘုရင်က နှိမ်နင်းရတော့မယ်၊ အင်္ဂလိမာလကလည်း တစ်ထောင်ပြည့်ဘို့ တစ်ချောင်းလိုတော့ ရသမျှ ဖြတ်မယ်ဆိုပြီး အစောင့် ၊ သူ့အမေကလည်း သားကို စိုးရိပ်တဲ့ဇောနဲ့ အသိပေးဘို့ အလာ၊ တစ်ခါတည်း အမေကိုသတ်ဘို့ လိုက်တော့တာပေါ့၊

“မိသွားရောလား ဟင်” “ မမယမင်းကလည်း မမိပါဘူး” ဘုရားကယ်မှာနော ဘုန်းဘုန်း:”

အေးအေး ဟုတ်တယ်၊ ဘုရားရှင် ကိုယ်တော်မြတ်က ဆင်းရဲသူတွေကို ချမ်းသာစေ၊ မိုက်မဲ သူတွေကို ယဉ်ကျေးစေတဲ့ ဂုဏ်တော်ရှင်ဆိုတော့ အင်္ဂုလိမာလကြီး ပစ္စုပ္ပာန်တွင်မက သံသရာ ပါ မနစ်မွန်းရအောင် အဲသည်တောတန်းကို ကြွလာတာပေါ့၊ အဲဒီအခါ၊ မအေကို လိုက်ဖမ်းနေ တဲ့ ဓားပြကြီးလဲ အာရုံပြောင်းပြီး မြတ်စွာဘုရားကို လိုက်တော့တာပေါ့၊ ရဟန်းကြီးရပ်.. ရပ်. နဲ့အော်ရင်း လိုက်တာပေါ့၊ ဒီတော့ မြတ်စွာဘုရားက အင်္ဂုလိမာလ ငါက ရပ်နေပြီ၊ သင်ကသာ ပြေးနေရတာလို့ မိန့်တော့ ရဟန်းတန်မဲ့နဲ့ မလိမ်နဲ့ သင်ရပ်လျှင် ငါမှီရမှာပေါ့လို့ ပြန်ပြောသတဲ့၊ ဟုတ်တယ် အင်္ဂုလိမာလ ငါကရပ်နေပြိး သင်ကသာ မဆုံးနိုင်အောင် ပြေးလွှား နေတာလို့ ထပ်မိန့်တော့ အင်္ဂုလိမာလကြီး စဉ်းစားသွားတယ်၊ သူက ရပ်ပြိး ငါကမရပ်၊ ငါလိုက် လို့ မမှီပါဘဲလျက် သူက ရပ်သူတဲ့၊ ဘာလို့ ပြောပါလိမ့်၊ ဒါနဲ့ ရဟန်း သွားနေလျက် ဘာကြောင့် ရပ်သူဟု ဆိုရလဲ ငါ့ကိုရော ဘာကြောင့် မရပ်သူလို့ ပြောရလဲလို့ မေးလိုက်ပါရောတဲ့။ ဒီတော့ မြတ်စွာဘုရားက ဟုတ်တယ် အင်္ဂုလိမာလ ငါက ဘ၀သစ်ကို ဖြစ်စေတဲ့ တဏှာမည်းညစ်မှုတွေ ညှင်းဆဲတတ်တဲ့ ဒုတ်ဓားလက်နက်တွေ ပယ်ပြီးမို့ သံသရာ လည်ခြင်း ရပ်နေသူ မည်တယ်၊

သင်ကတော့ တစ်ဘ၀ပြီး တစ်ဘ၀ ပြေးလွှား ကျင်လည်စေတတ်သည့် အမှုတွေကို လွန်ကျူး ပြုနေသူမို့ မရပ်မနား ပြေးနေသူလို့ ငါဆိုတယ် အင်္ဂုလိမာလလို့ မိန့်လိုက်ပါသတဲ့။ အဲဒီတော့မှ အင်္ဂုလိမာလကြီးဟာ သူ့ဘ၀သူ ပြန်ဆင်ခြင်တော့၊ ဟုတ်ပါလား၊ ငါဟာ သံသရာကို မဆိုထားနဲ့ ဒီဘ၀မှာတင် ပုရောဟိတ်သား၊ တက္ကသိုလ်ကျောင်းသား၊ ခု လက်ညှိးဖြတ်သူ တောပုန်း လူသတ်သမား၊ ဘ၀တွေ ကျင်လည်နေရပါလား၊ ကံသီပေလို့ ကံသီပေလို့ အမိကိုသတ်သူ ရဟန်းကို သတ်သူဆိုတဲ့ ဘ၀ဆိုးကြီးကို ရတော့မလို့ပါလားဆိုပြီး ဆင်ခြင် အမြင်မှန်ရသွားကာ မြတ်စွာဘုရားရှေ့မှာ လက်နက်တွေ ပြစ်ချ ကန်တော့ကာ လိုက်ပါသွားပြီး ရဟန်းဝတ်လိုက် ပါရောတဲ့။ အဲဒီက စပြီး သားဖွားရခက်တဲ့ မိခင်တွေကို စောင့်ရှောက်ခဲ့တဲ့ အင်္ဂုလိမာလ ထေရ် ရယ်လို့ အများက ကိုယ်းစားကြည်ညိုခံရတဲ့ ရဟန္တာဖြစ်သွားပါရောတဲ့။

“အဲဒါ မမေးမြန်းလို့ လူဆိုးဖြစ်ရပြီး မေးမြန်းလို့ လူကောင်းဖြစ်သွားရတာပေါ့ နော် ဘုန်းဘုန်း”

“ဒါပေါ့ လာလာရဲ့ အရမ်း လက်ခံခြင်းရဲ့ အပြစ်နဲ့ မေးမြန်းလက်ခံခြင်းရဲ့ အကျိုးလို့ ဆိုရမှာပေါ့ ကွယ်။ ဒါကြောင့် သားတို့သမီးတို့လည်း ဘယ်အရာမဆို မေးမြန်း ဆင်ခြင် လက်ခံတတ်သူများ ဖြစ်ကြပါစေကွယ်။”

နတ်စည်။

Read more...

Meditation Retreat Up North - Tum Woa Monastery, Thailand



Read more...

သစ်တုံးတရားတော် (၄) ဒါရုက္ခန္ဓောပမသုတ် (ဖြူးဆရာတော်)

ဖြူးဆရာတော်ဘုရားကြီး ဦးနရပတိ
ဟောကြားတော်မူသော
ဒါရုက္ခန္ဓောပမသုတ် တရားတော်










သစ်တုံးတရားတော် (၁) ဒါရုက္ခန္ဓောပမသုတ် (ပါဠိတော် မြန်မာပြန်မူရင်း)
သစ်တုံးတရားတော် (၂) ဒါရုက္ခန္ဓောပမသုတ် (ဆရာတော် ဦးဃောသိတ)
သစ်တုံးတရားတော် (၃) ဒါရုက္ခန္ဓောပမသုတ် (သီတဂူဆရာတော်)

Read more...

ရုပ် ၂၈-ပါး

၂၀၁၀ ခုနှစ် ဇွန်လ ၁၉ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ အပတ်စဉ် (၃၇) ရုပ်ပိုင်း ပို့ချချက်များကို လေ့လာ သင်ယူကြရ၏။
ဦးစွာ လောကချမ်းသာဆရာတော်က ရုပ် ၂၈-ပါးအကြောင်းကို ရှင်းလင်း သင်ကြားပေးပြီး၊ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အသံသွင်းပို့ချချက်များကို နာယူ မှတ်သားကြရ၏။

+++++



ရုပ် ၂၈-ပါး


ရုပ် = မျက်မြင် ထင်ထင်ရှားရှား ဖောက်ပြန်တတ်သော သဘောတရား


“အေးတဲ့အခါ ရုပ်အစဉ်ကတစ်မျိုး မနေဘူးလား၊ ပူတဲ့အခါကျတော့ ရုပ်အစဉ်က တစ်မျိုးနေတယ်။
ဆာတဲ့အခါကျတော့ တစ်မျိုး၊
ရေငတ်နေတဲ့အချကျတော့ တစ်မျိုး၊
ပိုးကောင်တွေ အကိုက်ခံရတဲ့အခါ တစ်မျိုး နေတယ်။

အဲဒီလို ရှေ့ရုပ်အစဉ်နဲ့ မတူတဲ့ နောက်ရုပ်အစဉ်ဖြစ်တာ၊ အဲသလို ဖြစ်တာကိုပဲ ဖောက်ပြန်တယ်လို့ ခေါ်တယ်။
ဒါကြောင့် ရုပ်ဆိုတာ ဖောက်ပြန်တတ်တဲ့ သဘောတရားလို့ မှတ်ရမယ်။”


“ရုပ်ဟာ ဖောက်ပြန်တတ်တဲ့ သဘောတရားဆိုရင် စိတ်ကော မဖောက်ပြန်ဘူးလား၊ ရှေ့စိတ်အစဉ်နဲ့ မတူတဲ့ နောက်စိတ်အစဉ်တွေ ဖြစ်နေတာပဲ။ ဝီထိတွေ ဖြစ်နေတာပဲ။ ဒါပေမယ်လို့ ဒီနေရာမှာ မျက်မြင် ထင်ထင်ရှားရှား ဖောက်ပြန်တာကို ဆိုလိုတယ်။ စိတ်က လူသိတာမှ မဟုတ်ပဲ။ တစ်ထိုင်ထဲ အမျိုးမျိုး ဖြစ်နေတာ ဘယ်သူသိကြလဲ။ ရုပ်ကျတော့ သိတယ်။”


“သူများက ကြည့်လိုက်ရင် ဒီပုဂ္ဂိုလ်ဟာ ဆာလောင်နေတယ်၊ ချမ်းနေတယ်၊ အိုက်နေတယ် စသည်ဖြင့် အမျိုးမျိုး သိကြတယ်။ ဒါကြောင့်မို့ ထင်ရှားတဲ့ ဖောက်ပြန်မှုမျိုးကို ရည်ရွယ်ပြီးတော့ ဖောက်ပြန်တတ်သောကြောင့် ရုပ်လို့ ဒီလိုခေါ်ရတယ်။”


+++++


အဘိဓမ္မာသဘောအရ၊ အဘိဓမ္မာသင်ကြားချက်အရ ရုပ်ပေါင်း ၂၈-ပါး ရှိ၏။

ထို ရုပ် ၂၈-ပါးကို အစုကလေးများ ခွဲပြီး လေ့လာရ၏။


မဟာဘုတ် ၄-ပါး


အခြေခံအကျဆုံး ဖြစ်၏။ ဓာတ်ကြီး ၄-ပါးဟုလည်း ခေါ်၏။

ပထဝီဓာတ်’၊ ‘အာပေါဓာတ်’၊ ‘တေဇောဓာတ်’၊ ‘ဝါယောဓာတ်’ဟု ပါဠိအစဉ်အတိုင်း မှတ်သားနိုင်၏။


ပထဝီဓာတ် = မာမှု, ပျော့မှု, ကြမ်းတမ်းမှု, နူးညံ့မှု သဘော

အာပေါဓာတ် = ယိုစီး ဖွဲ့စည်းတတ်သော သဘော

တေဇောဓာတ် = ပူမှု အေးမှု သဘော

ဝါယောဓာတ် = တွန်းကန် ထောက်ကန်တတ်သော သဘော


ဤအခြေခံဓာတ်ကြီး ၄-ပါးကို အမှီပြုပြီး ဖြစ်သော ကျန်ရုပ် ၂၄-ပါးကို ‘ဥပါဒါရုပ်’ဟု ခေါ်၏။



ပသာဒရုပ် ၅-ပါး


‘ပသာဒ’ ဆိုသည်မှာ ကြည်လင်ခြင်းကို ခေါ်၏။

(၁) စက္ခုပသာဒ = မျက်စိအကြည်
(၂) သောတပသာဒ = နားအကြည်
(၃) ဃာနပသာဒ = နှာခေါင်းအကြည်
(၄) ဇိဝှါပသာဒ = လျှာအကြည်
(၅) ကာယပသာဒ = ကိုယ်အကြည်



ဝိသယရုပ် ၇-ပါး

‘ဝိသယ’ မှာ ‘အာရုံ’ကို ခေါ်၏။

အာရုံကို ပါဠိတွင် ‘ဝိသယ’၊ ‘အာရမ္မဏ’၊ ‘ဂေါစရ’ဟု သုံး၏။

(၁) ရူပါရုံ = မြင်နိုင်သော ရုပ် (ရုပ် ၂၈-ပါးတွင် တစ်ခုတည်းသော မြင်နိုင်သည့် ရုပ် ဖြစ်၏။)

(၂) သဒ္ဒါရုံ = ကြားအပ်သော ရုပ်

(၃) ဂန္ဓာရုံ = နံအပ်သော ရုပ်

(၄) ရသာရုံ = အရသာသိသော ရုပ်

ဖောဋ္ဌဗ္ဗာရုံ (ပထဝီတေဇောဝါယော) = အတွေ့အထိ

‘ဖောဋ္ဌဗ္ဗာရုံ’မှာ ပထဝီ၊ တေဇော၊ ဝါယော - မဟာဘုတ် ၃-ပါး အပေါင်းကိုပင် ခေါ်၏။

အဘိဓမ္မာသဘောအရ ‘အာပေါဓာတ်’ကို တွေ့ထိ၍ မရ။


“ရေကို လက်နဲ့နှိုက်လိုက်လို့ အေးတာက တေဇောသွားတွေ့တာ။ အာပေါရဲ့ ဖွဲ့စည်းမှုကို ထိလို့ တွေ့လို့ မရဘူးလို့ ဒီလို ယူဆထားတယ်။ ဒါကြောင့်မို့ ပထဝီ၊ တေဇော၊ ဝါယော ဒီ ၃-မျိုးအပေါင်းကို ဖောဋ္ဌဗ္ဗာရုံလို့ ခေါ်တယ်။

အဲဒီတော့ ဖောဋ္ဌဗ္ဗာရုံဆိုတာ သီးခြား ရှိတယ်လို့ မဆိုနိုင်ဘူး။ မဟာဘုတ် ၃-ပါးအပေါင်းပဲ။

ဒါကြောင့်မို့လို့ အဲဒီ မဟာဘုတ် ၃-ပါးအပေါင်းသည်ပင်လျှင် ဖောဋ္ဌဗ္ဗာရုံဖြစ်တဲ့အတွက်ကြောင့် ဝိသယရုပ် ၇-ပါးလို့ ပြောရင်လည်း ဟုတ်တယ်။ ၄-ပါးလို့ ပြောရင်လည်း ဟုတ်တာပဲ။ ၅-ပါးလို့ ပြောရင်လည်း ဟုတ်တယ်။

အဲဒါ တော်တော်ကြာကျတော့ သတိမေ့ပြီး ပေါင်းတာ နှုတ်တာတွေမှာ လွဲကုန်တတ်တယ်။ ဒါထည့်ပေါင်းပြီး သင်္ချာက မကိုက်ဘူး။ မနုတ်မိလို့ သင်္ချာမကိုက်ဘူး စသည်ဖြင့် အလွန်သတိထားရမယ်။ ဖောဋ္ဌဗ္ဗာရုံပါလာရင် သတိထားရမယ်။”


ဝိသယရုပ်တွေကို ပသာဒ ၅-ပါးနဲ့ စပ်ဟပ်လိုက်ရင် -
  • ရူပါရုံနဲ့ စက္ခုပသာဒ
  • သဒ္ဒါရုံနဲ့ သောတပသာဒ
  • ဂန္ဓာရုံနဲ့ ဃာနပသာဒ
  • ရသာရုံနဲ့ ဇိဝှါပသာဒ
  • ဖောဋ္ဌဗ္ဗာရုံနဲ့ ကာယပသာဒ တို့ တိုက်ဆိုင်တယ်။


ဘာဝရုပ် ၂-ပါး


ဣတ္ထိဘာဝရုပ် = မိန်းမသဘောဖြစ်သော ရုပ်

ပုမ္ဘာဝရုပ် = ယောက်ျားသဘောဖြစ်သော ရုပ်


အဲဒီ ဣတ္ထိဘာဝရုပ်၊ ပုမ္ဘာဝရုပ်ဟာ တစ်ကိုယ်လုံးမှာ ပျံ့နှံ့ပြီး တည်တယ်။



ဟဒယရုပ်

နှလုံးအိမ်အတွင်း ကံကြောင့်ဖြစ်သော သွေးတစ်မျိုး။



ဇီဝိတရုပ်

ရုပ်တရားတို့ မပုပ်သိုးအောင် မဆွေးမြေ့အောင် စောင့်ရှောက်တတ်သော သဘောတရား (အသက်)။

(နာမ်တရားတို့ကို စောင့်ရှောက်သော သဘောတရားမှာ ‘နာမ်ဇီဝိတ’ ဖြစ်၏။)

ဇီဝိတရုပ်သည် သက်ရှိသတ္တဝါသန္တာန်မှာသာ ဖြစ်နိုင်၏။ ပြင်ပဗဟိဒ္ဓမှာ မဖြစ်နိုင်။



အာဟာရရုပ်

စားသောက်စရာထဲတွင် ပါသော သြဇာဓာတ်။


ဤ “မဟာဘုတ် ၄ + ပသာဒ ၅ + ဝိသယ ၄ + ဘာဝ ၂ + ဟဒယ + ဇီဝိတ + အာဟာရ” ရုပ် ၁၈-ပါးတို့ကို -
သဘာဝရုပ်ဟုလည်း ခေါ်၏။ (တကယ့်သဘောဟုတ်သော ရုပ်)

သလက္ခဏရုပ်ဟုလည်း ခေါ်၏။ (သဘောလက္ခဏာရှိသော ရုပ်)

နိပ္ဖန္နရုပ်ဟုလည်း ခေါ်၏။ (ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့က ဖြစ်စေအပ်သော ရုပ်)

ရူပရုပ်ဟုလည်း ခေါ်၏။ (တကယ်ဖောက်ပြန်သော ရုပ်၊ လေးနက်စေလို၍ ရုပ်,ရုပ် ဟု ဆို၏။)

သမ္မသနရုပ်ဟုလည်း ခေါ်၏။ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး ၃-ပါး ဆင်ခြင်သုံး၍ ရသော ရုပ်)

ဤရုပ်များမှာ ပရမတ္ထအားဖြင့် တကယ် ထင်ရှားရှိသော ရုပ်များ ဖြစ်၏။



အာကာသရုပ်

ဟင်းလင်းပြင်ဖြစ်နေသော သဘော။



ဝိညတ်ရုပ် ၂-ပါး

ဝိညတ် (ဝိညတ္တိ=ပါဠိ) = သိစေခြင်း

ကာယဝိညတ် = ကိုယ်ဖြင့် သိစေတတ်သော သဘော

ဝစီဝိညတ် = နှုတ်ဖြင့် သိစေတတ်သော သဘော



ဝိကာရရုပ် ၅-ပါး

ဝိကာရ = ဖောက်ပြန်ခြင်း (အခြေအနေ အခြင်းအရာ တစ်မျိုး)

ကာယဿလဟုတာ = ပေါ့ပါးသည့်သဘော

ကာယဿမုဒုတာ = နူးညံ့မှုသဘော

ကမ္မညတာ = အမှု၌ခန့်သောသဘော

ကာယဝိညတ် (ဝိညတ်ရုပ်)

ဝစီဝိညတ် (ဝိညတ်ရုပ်)




လက္ခဏရုပ် ၄-ပါး

အမှတ်အသားဖြစ်သော သဘောတရား


ဥပစယ = ပထမဖြစ်သော သဘော

သန္တတိ = ပထမဖြစ်ပြီး ဖြစ်သောအခိုက်အတန့် သဘော

ဇာတိရုပ်တစ်ခုကိုပင် အဘိဓမ္မာ၌ ဥပစယ၊ သန္တတိ ဟူ၍ ၂-မျိုးခွဲ ဟော၏။

ဇရတာ = အိုမင်းရင့်ရော်ခြင်းသဘော

အနိစ္စတာ = မမြဲခြင်း သေခြင်း သဘော


ဖြစ်သောအခိုက်အတန့်မှာ ဥပစယနှင့် သန္တတိ၊ ရင့်ရော်နေသော အခိုက်အတန့်မှာ ဇရတာ၊ ချုပ်သွားသည့် အခိုက်အတန့်မှာ အနိစ္စတာ ဟူ၍ မှတ်သားကြောင်း၊ အမှတ်အသား သဘောတရား ဖြစ်၍ လက္ခဏရုပ် ၄-ပါးဟု ခေါ်၏။


ဤ “အာကာသရုပ် + ဝိညတ်ရုပ် ၂ + ဝိကာရ ၃ + လက္ခဏရုပ် ၄” ရုပ် ၁၀-ပါးတို့ကို -

အသဘာဝရုပ်ဟုလည်း ခေါ်၏။

အလက္ခဏရုပ်ဟုလည်း ခေါ်၏။

အနိပ္ဖန္နရုပ်ဟုလည်း ခေါ်၏။

အရူပရုပ်ဟုလည်း ခေါ်၏။

အသမ္မသနရုပ်ဟုလည်း ခေါ်၏။



+++++



အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်စက္ကိန္ဒက “သေဘေးကို ရင်ဆိုင်ဝံ့သူများ” တရားတော် ဟောကြား ဓမ္မဒါနပြု၏။





တရားပွဲပြီးလျှင် ၁၀-မိနစ်ခန့် တရားရှုမှတ်ကြကာ ကုသိုလ်ကောင်းမှုတို့ကို အမျှပေးဝေကြပါသည်။


သာဓု ... သာဓု ... သာဓု။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP