* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, June 24, 2010

မိဘဟူသည်(လွမ်းငွေ့ဝေေ၀)-အပိုင်း(6)

ကိုလူအေးတယောက်အိမ်တွင် တစ်ရက်နှစ်ရက်နေပြီးသည်နှင် သားမယားနှင့်ခွဲခွာ၍ ရှောင်နေရပြန်သည်။ ကိုလူအေးပြန်သွားသည့် နောက်ပိုင်းတွင် ကြွေးရှင်များမှာ ကိုလူအေးပြန်ရောက်လာသည်ကို သတင်းကြား၍ အသီးသီးရောက်လာကြလေသည်။ တချို့ကြွေးရှင်များမှာလည်း ကိုလူအေးမရှိ၍ ပြန်သွားကြလေသည်။ ထိုကြွေးရှင်ထဲတွင် တရွာတည်းနေ မခင်ဆင့်ဟူသော အမျိုးသမီးမှာ “ပေးစရာ ငွေမရှိရင်တော့ ငါကတော့ရှိတာကို ယူရမှာပဲ” ဟုမစန်းတင့်အားပြောလေသည်။ “မခင်ဆင့်ရေ ရှင်မကေနပ်ရင်လည်း ကျွန်မတော့မတတ်နိုင်ဘူးရှင်… ရှင့်ကိုပေးစရာလည်း ကျွန်မတို့မှာငွေမရှိဘူး မိသားစုစားဝတ်နေရေး တောင်မှအနိုင်နိုင် ရှင်မြင်တဲ့အတိုင်းပဲလေး ရှင်မရှိရှိတာယူချင်တယ် ဆိုရင်တော့ အိမ်ရှေ့မှာအုတ်ချပ်တွေတော့ ရှိတယ်ရှင်….အဲ့ဒါကိုသာရှင်ကြိက်ုတဲ့ဈေးနဲ့ သာဖြတ်ပြီးတော့သာ လာသယ်လိုက်ပါ တယောက်ပြီးသွားတော့လည်း တပူအေးတာပေါ့…အိမ်ထဲမှာတော့ရှင်မြင်တဲ့ အတိုင်းးပဲလေး ဘာကိုဘာမှမရှိတော့ပါဘူး” ဟုပြောလေ၏။ “ငါကယူသာယူရမှာ စိတ်မကောင်းပါ ဘူးမစန်းတင့်ရယ်…တမျိုးတော့မထင်ပါနဲ့ နင့်ကိုလည်းအားနာပါတယ် ငါလည်းလုပ်စရာလေးတွေ ရှိနေသေးလို့ပါ ဒါဆိုငါမနက်ဖြန် လူငှါးတွေခေါ်လာပြီး အုတ်တွေကို လာသယ်မယ်နော်” ဟုပြောပြောဆိုဆို မစန်းတင့်တို့အိမ်မှ ထွက်သွားလေတော့သည်။

နောက်နေ့မနက်တွင် မခင်ဆင့်မှာ မစန်းတင့်၏ အိမ်ရှေ့တွင်ရှိသော လာရောက်သယ်ဆောင် လေတော့သည်။ မခင်ဆင့်၏ မောင်လေးနှင့် မြေးအဖိုးတစုတို့မှာ စိတ်မကောင်းစွာနှင့်ပင် ကြည့်နေရရှာလေတော့သည်။ မစန်းတင့်မှာ အငယ်ဆုံးသားလေးအား ဖက်ထားရင်း “ကိုလူအေးရေ ကျွန်မတို့ မျှော်မှန်းထားတဲ့ အိမ်လေးတော့ ဆောက်ဖြစ်မယ်မထင်တော့ပါဘူးရှင် ဘာတတ်နိုင်မှာလဲ ပစ္စည်းသင်္ခါရ လူသင်္ခါရပေါ့ရှင်” ဟုစိတ်မကောင်းစွာ နှင့်ပင် တီးတိုးရေရွတ်နေလေသည်။ ထိုအချိန်တွင်မိုးလည်း တဖွဲဖွဲကျလာတော့သည်။ မိုးသည်တဖွဲဖွဲ ကျရာမှ တဖြည်းဖြည်းချင်း သည်းလာလေတော့သည်။ မစန်းတင့်တို့မိသားစုခမျာ ၀မ်းနည်းချင်းကိုပင် မိုးနတ်မင်းမှ ကန့်သတ်လိုက်လေသရော့။ “ဖိုးကျော်နဲ့မင်းမင်း အိမ်နောက်ဖေးက အမွန့်ထဘီတွေ နဲ့အ၀တ်တွေ ကိုသွားရုတ်လိုက်စမ်း” ဟု အငယ်ဆုံးသားလေးအာ အဘိုးဖြစ်သူအား ချီထားစေ၍ ကိုယ်တိုင်လည်း စိုမည့်အ၀တ်များကို လိုက်လံသိမ်းဆည်း၍ မိုးလုံသည့်နေရာတွင် စုပုံထားထား လေသည်။ မိုးသည်လည်း သည်းသည်ထက်သည်းလာလေတော့သည်။ မြေးအဖိုး ၄ ယောက်မှာ မိုးလုံသည့်နေရာ၌ အ၀တ်ပုံဘေးနားတွင် နေကြလေသည်။ အဖိုးဖြစ်သူမှာထိုင်ပြီး အငယ်ဆုံးသား လေးကိုချီထားကာ ကျန်မြေး(၃) ယောက်မှာလည်း မိုးအေးအေးနှင့် အဖိုးနားတွင်ကပ်၍ ကွေးနေလေသည်။ မစန်းတင့်သည်မီးဖိုချောင်ထဲတွင် ချက်ပြုတ်လုပ်နေသည်။ မောင်ကောက်မှာ လည်းပိုက်ထုပ်ကိုထမ်းကာ မိုးအေးအေးနှင့် ငါးဆင်းရှာလေတော့သည်။ မစန်းတင့်လည်း ချက်ပြုတ်
ပြီးသည်နှင့် ကလေးများကို အဖိုးဖြစ်သူနှင့်ထားခဲ့ ပြီးကောက်စိုက်ဆင်းလေသည်။ ဖိုးကျော်၊ မင်းမင်းနှင့် မောင်စိုးတို့သည်လည်း မိခင်ချက်ထားခဲ့သော ထမင်းနှင့်ဟင်းများကို ထမင်းချိုင့် အသီးသီး သို့ထည့်ရန်ပြင်ဆင်ပြီး ကျောင်းသွားရန် ပြင်ဆင်လေသည်။ အိမ်တွင် မောင်မြတ်နှင့်အတူ မြေးအဖိုးနှစ် ယေက်တည်းကျန်ခဲ့လေသည်။ ညနေရောက်သည်နှင့် မစန်းတင့်အိမ်သို့ ကောက်စိုက်မှပြန်လာ လေသည်။ အိမ်သို့ပြန်ရောက်သည်နှင့် မစန်းတင့်တစ်ရောက် သားငယ်လေးကိုမြင်၍ အမောပြေ သော်လည်း သားလတ်မင်းမင်းမှာ စောင်ခြုံကွေးနေသည်ကို တွေ့၍ “အဖေ မင်းမင်းဘာဖြစ်လို့ ကွေးနေတာလည်း” ဟုလှမ်းမေးလိုက်လေသည်။ “အင်း ကောင်မလေးရေ…နင့်သားကဖျားမှာပေါ့ ကျောင်းကနေပြန်လာတော့ မိုးရွာထဲကနေ ဒီအတိုင်းပြန်လာတာကိုး ညီအကို(၃)ယောက်မှ မိုးကာအကျီက (၂)ထည်ပဲ ၀ယ်ပေးရသေးတာလေး အခုကိုယ်တွေပူနေလို့ ငါဆေးတော့တိုက် ထားတယ်” ဟုသမီးဖြစ်သူအားပြောပြလေသည်။ မစန်းတင့်သည်သားလေး နှဖူးအားစမ်းကြည့်ပြီး မင်းမင်းမှာကိုယ်အတော်ပူနေလေသည်ကို သိသော်အခါ ဆေးဆရာကိုသွားခေါ်လေတော့သည်။ မစန်းတင့်သည် အလုပ်မှပြန်ပြန်လာလာချင်း အိမ်တွင်နားပင်မနားရသေးပေ။ ဆေးဆရာ ရောက်လာသောအခါ မင်းမင်းအားဆေးတလုံးထိုးပေး၍ သောက်ဆေးများပေးထားခဲ့သည်။ နောက်နေ့မနက်တွင် မင်းမင်းတယောက် ပုံမှန်အတိုင်းကျောင်းပြန်တက်နိုင်လေသည်။ မစန်းတင့် မှာလည်း ဆိုင်သို့သွား၍ မင်းမင်းအတွက် မိုးကာအကျီ တထည်ဝယ်ပေးလိုက်ရလေသည်။

“နှာရည်စိုရွှဲ တပို့တွဲ ” ဟုပြောစမှတ်ဖြစ်လောက်အောင် နှင်းတွေကလည်း ထူထပ်စွာကျဆင်း နေလေသည်။ ဖိုးကျော်နှင့် မင်းမင်းတို့မှာ မထူမပါးစောင်လေးတထည့် ကိုအတူတူခြုံ၍ ပုဇွန်တုတ် ကွေးကွေး နေပေသည်။ “သား…ဖိုးကျော် …မင်းမင်း ထထ အမွန့်ထမင်း ကြော်ပြီးသွားပြီး ထပြီးမျက်နှာသစ်တော့” ဟုမိခင်နိုးသောကြောင့် ဖိုးကျော်နှင့်မင်းမင်းမှာ ဆက်ကွေးနေချင် သော်လည်း မထချင်ပဲနှင့်ထရလေတော့သည်။ “ဟဲ့ …မင်းမင်း အကြီးကောင်က မျက်နှာသစ်ပြီးပြီ နင်ကဘာငိုင်လုပ်နေတာလဲ ဒီကလေးနှယ် သွားသွား မျက်နှာသွားသစ်ချည်” ဟုငိုက်နေသော မင်းမင်းအား မိခင်မှလှမ်းပြောလိုက်လေသည်။ မနက်ဝေလီဝေလင်း ရောက်သည်နှင့် မစန်းတင့်တို့ သားအမိသုံးယောက် လယ်ထဲဆင်းတော့သည်။ မစန်းတင့်မှာ တံဇဉ်ကိုကိုင်၍ ညီအကိုနှစ်ယောက်မှာ တောင်းကိုယ်စီနှင့် ရေဗူးတယောက်တဗူးးကိုင်ကာ မိခင်နောက်သို့ လိုက်ရလေ တော့သည်။ လယ်ဆိုသည်မှာ မစန်းတင့်တို့ အပိုင်မဟုတ် မစန်းတင့်၏အဒေါ် အရီးထွေးပိုင်သောလယ်ဖြစ်ပေသည်။ မစန်းတင့်မှာကောက်ရိတ်၍ သားနှစ်ယောက်မှာ ကောက်သင်းကောက်ရရှာလေသည်။ မစန်းတင့်သည် သားတွေအားမခိုင်းရက် ရှာပေ။ သို့သောလည်း မလွဲသာ၍သာ ခိုင်းရခြင်းဖြစ်သည်။ ဖိုးကျော်နှင့် မင်းမင်းတို့ကောက်၍ ရလာသော ကောက်သင်းစပါးများကို အိမ်တွင်မွေးထားသော ကြက်နှင့်ဘဲများအတွက် အစာရလေသည်။

သားအကြီးကောင်နှင့် အလတ်ကောင်တို့မှာ မိခင်အတွက်ကူဖော်လှောင်ဘက် ရသော်လည်း မစန်းတင့်ခမျာ သားလေးများ ငယ်ငယ်ရွယ်ရွယ်နှင့် နေပူထဲတွင် ပင်ပန်းနေသည်ကို မကြည့်ရက်ရှာပေ။ ရေထဲတွင် ငါးဆင်းရှာနေသော မောင်လေးအားလည်း သနားမိလေသည်။ “သူ့ခမျာ လူပျိုပေါက်အရွယ် သွားချင်လာချင်မှာပဲဟု” စိတ်ထဲတွင်တွေးပြီး မစန်းတင့်တယောက်စိတ် မကောင်းဖြစ်မိလေသည်။ ကိုလူအေးအိမ်မှ ထွက်သွားပြီးနေိာက် တနှစ်ခန့်အကြာတွင် ကိုလူအေးအိမ်သို့ပြန်လာလေသည်။ ကိုလူအေး သည်တခေါက်ပြန်လာသည်မှာ အိမ်တွင်ခဏနေရန် အတွက်မဟုတ်ပေ။ မိသားစုနှင့်အတူ အေးအတူပူအမျှ ဘ၀ကိုအတူတကွ ဖြတ်သန်းရန်အတွက် ရောက်ရှိလာခြင်းဖြစ်ပေသည်။ ကိုလူအေးပြန်လာသည်မှာ လက်ဗလာချည်းနှင့်ပင်။

ကိုလူအေးပြန်ရောက်လာသည်ကို ကြား၍ ကြွေးများလာရောက်တောင်းကြသော်လည်း ကိုလူအေးတို့ မိသားစုအခြေအနေကို သိသည်ကတကြောင်း ပြေပြေလည်နှင့် ကြွေးရှင်များကျေနပ်အောင် ပြောသောကြောင့် ကြွေးရှင်များမှာလည်း အေးအေးချမ်းချမ်းနှင့်ပင် ကိုလူအေးအိမ်မှ ထွက်သွားလေ တော့သည်။

ကိုလူအေးတယောက် ယောက်ဖဖြစ်သူနှင့်အတူ ရေထဲတွင်တဖန်ပြန်၍ ငါးရှာရပြန်လေသည်။ ရသမျှငါးကို ငါးဒိုင်တွင်ပို့ပြီး ရသမျှပိုက်ဆံကို မိန်းမကိုအပ်လေသည်။ သည်လိုနှင့် ကိုလူအေးတို့မိသားစု ဘ၀ကိုရုန်းကန်လာရာ မစန်းတင့်တွင် နောက်ထပ်မျိုးဆက်သစ်ကို ၀မ်းထဲတွင် လွယ်ထားရလေပြီ။

“ကိုလူအေး ကျုပ်တို့မှာလည်း မိသားစုနဲ့အတူတူ အခုမှပဲအေးအေးချမ်းချမ်း နေရတော့တယ်နော် ကျုပ်ကတော့ရှင် ပင်ပန်းရင်ပင်ပန်းပါစေ ဆင်းရဲရင်လည်းဆင်းရဲပစေတော့ မိသားစုနဲ့အတူတူ နေချင်တယ် အခုဆိုရင် ကျုပ်မှာနောက်ထပ်ရင်သွေးလေးတောင် လွယ်ထားရပီ သားသမီး မယူတော့ ဘူးလို့စိတ်ကူးထားတာ ဒီတခါတော့သမီးလေးဖြစ်ပါစေရှင်…သား(၃) ယောက်မှာလည်း ကျောင်းတက်နေကြပြီလေး….ကျုပ်သားသမီးတွေ အားလုံးကို ပညာတတ်ကြီးတွေဖြစ်စေချင်တယ် ပညာကိုဆုံးခန်းတိုင် အောင်သင်စေချင်တယ် ကျွန်မတို့မှာ တခြားမိဘတွေလို ဥစ္စာပစ္စည်းပေးစရာ မရှိဘူးလေး အဲ့တော့ပညာပဲအမွေပေးရတော့မယ်” ဟုကိုလူအေးအားပြောလေသည်။ “အေးပါမိန်းမရာ ငါလည်းမင်းလိုပါပဲ ငါတို့ကြိုးစားကြရမှာပေါ့ကွာ ငါမြို့ကိုရောက်တုန်းကဆိုရင် လူတွေများပညာတတ်တော့ပြောပါတယ် အ၀တ်အစားသပ်သပ်ရပ်ရပ်နဲ့ ဘော့ပင်လေးစာအုပ်လေး ကိုင်လို့ မပင်ပန်းမနွမ်းနယ်ပဲနဲ့ လုပ်ကိုင်နေကြရတာ ငါတို့နဲ့တော့တခြားစီပေါ့မိန်းမရာ ငါတို့ကပညာ မှမတတ်ပဲကိုး ငါတို့သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တာ မင်းရင်ထဲမှာတင်မဟုတ်ပါဘူးကွာ ငါ့ရင်ထဲမှာလဲ မင်းနဲ့ထပ်တူပါပဲ ” ဟုကိုလူအေးမှာ မိန်းမအား အားပေးသည့်မျက်လုံးများနှင့်ကြည့်၍ ပြောနေလေသည်။ (ဆက်ရန်……)

Read more...

၆။ စန္ဒကုမာရဇာတ်

0005052Kph0.jpg

ရှေးလွန်လေပြီးသောအခါ ပုပ္ပဝတီပြည်၌ ဝသဝတ္တီမင်း၏ သားတော် ဧကရာဇ် အမည်ရှိသောမင်း စိုးစံသည်။ ထိုမင်း၌ သားတော်လေးပါး ရှိသည်။ ရှေးထုံးနှင့်အညီ မင်းကြီးသည် စန္ဒကုမာရကို အိမ်ရှေ့အရာ ပေးသည်။

ထိုမင်းတွင် ခဏ္ဍဟာလ အမည်ရှိသော ပုဏ္ဏားအမတ်ကြီး တစ်ဦးလည်း ရှိသည်။ ထိုအမတ် ပုဏ္ဏားသည် ရိုးသားဖြောင့်မတ်ခြင်း မရှိ။ တရားစီရင်ရာ၌ လာဘ်ယူ၍ စီရင်လေ့ရှိ၏။

တစ်နေ့သောအခါ အမှုသည် ယောက်ျား တစ်ဦးသည် မတရားသဖြင့် အမှုစီရင်ခြင်း ခံရသဖြင့် မကျေနပ်။ စန္ဒကုမာရမင်းသားကို ငိုယိုတိုင်ကြားသည်။ ထိုအခါ မင်းသားသည် နှစ်ဖက်သော အမှုသည်တို့ကို ခေါ်ယူ၍ အမှန်အတိုင်း စီရင် ဆုံးဖြတ်ပေးလိုက်လေသည်။ ဤတွင် လူအပေါင်းသည် အိမ်ရှေ့မင်းကို ကောင်းချီးပေးကြ၏။ ထိုအကြောင်းကို မင်းကြီး ကြားသိသောအခါ ထိုနေ့မှစ၍ သားတော် အိမ်ရှေ့မင်းအား တရားဆုံးဖြတ်ရန် အမိန့်ပေးတော်မူလေသည်။

ခဏ္ဍဟာလပုဏ္ဏားသည် တရား မဆုံးဖြတ်ရသောကြောင့် လာဘ်ပိတ်သွားသည်။ အိမ်ရှေ့မင်းသားအပေါ် ရန်ငြိုးထားကာ မကောင်းကြံစည်လေတော့သည်။ တစ်နေ့သောအခါ မင်းကြီးသည် နတ်ပြည်ကို အိပ်မက်မက်သည်။ နတ်စည်းစိမ်ကို လိုချင်ဆန္ဒ ဖြစ်မိသည်။ ခဏ္ဍဟာလအား နတ်ပြည်သို့ ရောက်ရန် နည်းလမ်းကို မေးသည်။

ခဏ္ဍဟာလမှာ အိမ်ရှေ့မင်းသားကို မကောင်းပြုရန် အခွင့်ရပြီဆိုကာ ဝမ်းသာသွားသည်။

“အရှင်မင်းကြီး၊ နတ်ပြည်သို့ သွားသောသူတို့သည် သူတစ်ပါးတို့ ပြုနိုင်ခဲသော လွန်ကဲသည့် အလှူကြီးမျိုးကို ပေးလှူရပါသည်။ မသတ်ထိုက်သော သူတို့ကို သတ်၍ လှူရပါသည်။ အရှင်မင်းကြီးသည် နတ်ပြည်သို့ သွားလိုပါက သားတော်လေးပါး၊ သမီးတော်လေးပါး၊ မိဖုရားလေးပါး၊ သူဌေးကြီးလေးယောက်၊ နွားလားဥသဘ လေးကောင်၊ မြင်းလေးစီး၊ ဆင်လေးစီးတို့ကို သတ်၍ ယဇ်ပူဇော်ရပါမည်” ဟူ၍ အကောက်ဉာဏ်ဖြင့် လျှောက်ထား၏။ ပုဏ္ဏားသည် စန္ဒကုမာရ တစ်ဦးတည်းကိုသာ သတ်လိုခြင်းဖြစ်သည်။ သို့ရာတွင် သူ၏ အကောက်ဉာဏ်ကို မရိပ်မိစေရန် ကျန်သူများကိုပါ ရောနှောသတ်ရန် လျှောက်ထားခြင်း ဖြစ်သည်။

ဧကရာဇ်မင်းသည် အလွန်ပညာနည်းသောမင်း ဖြစ်သည်။ ပုဏ္ဏား၏ စကားကို ယုံကြည်သွားသည်။ သားတော်၊ သမီးတော်၊ မိဖုရား စသည်တို့ကို သတ်ရန် ဆောင်ယူစေသည်။ စန္ဒကုမာရမင်းသားသည် ခဏ္ဍဟာလ၏ အကောက်ကြံမှုကို သိသည်။ ‘မိမိ တစ်ဦးတည်းအတွက် အခြားသူတို့ပါ ဒုက္ခရောက်နေပြီ။ ထိုသူတို့ကို လွတ်အောင် ဆောင်ရွက်ရန်မှာ မိမိတာဝန်ဖြစ်သည်။ ခမည်းတော်နှင့် တွေ့သောအခါ လွတ်မြောက်အောင် ကြိုးစားလျှောက်ထားမည်’ ဟူ၍ ကြံစည်ထားသည်။ မင်းကြီးရှေ့တော်သို့ လိုက်ပါလာခဲ့သည်။

ဧကရာဇ်မင်း၏ ယဇ်ပူဇော်ခြင်း အစီအစဉ်ကို ခမည်းတော် ဝသဝတ္တီမင်းနှင့် မယ်တော်တို့ သိသောအခါ တားမြစ်ကြသည်။ ထိုသို့ ယဇ်ပူဇော်ခြင်းသည် နတ်ပြည်သို့ မရောက်ဘဲ ငရဲပြည်သို့သာ ရောက်မည်ဖြစ်ကြောင်း ဖျောင်းဖျ ဆုံးမ၏။ သို့သော် ဧကရာဇ်မင်းက မနာယူပေ။ ထိုအခါ သားတော် စန္ဒကုမာရမင်းသားနှင့်တကွ သား၊ မယားများ၊ မှူးမတ်များစသူတို့က တစ်လှည့်စီ ငိုကြွေး တောင်းပန်ကြသည်။ စန္ဒကုမာရ၏ မယ်တော် ဂေါတမီ မိဖုရားကလည်း တောင်းပန်သည်။ ထိုအခါ မင်းကြီးသည် စိတ်ညွတ်နူးသဖြင့် ယဇ်ပူဇော်မည့် အစီအစဉ်ကို ဖျက်စေသည်။ သို့ရာတွင် ခဏ္ဍဟာလပုဏ္ဏားက မင်းကြီးအား လှည့်ဖြားတိုက်တွန်းပြန်သဖြင့် မင်းကြီးသည် ယဇ်ပူဇော်မည် ပြုပြန်သည်။ ဤသို့လျှင် ယဇ်ပူဇော်မည် အစီအစဉ်ကို ဖျက်ချည်၊ ပြုချည် ဖြစ်နေသည်။ အကြိမ်ကြိမ်ပင်။ ထိုစဉ် နန်းတွင်းသူ၊ နန်းတွင်းသားများနှင့် ပြည်သူတို့ကလည်း ပူပန်ငိုကြွေးကြသည်။

နောက်ဆုံးတွင် ခဏ္ဍဟာလပုဏ္ဏားသည် သားတော်တို့တောင်းပန်ပြန်လျှင် လွှတ်ပြန်ဦးမည် စိုးသဖြင့် စန္ဒကုမာရမင်းသားကို ယဇ်တွင်းသို့ လျင်မြန်စွာ ထုတ်ယူသွားသည်။ ထိုအခါ မင်းသား၏ မယ်တော် ဂေါတမီ မိဖုရားကြီးသည် ချွေးမတော် လေးယောက်နှင့်အတူ မင်းကြီးအား တောင်းပန်ပြန်သည်။ ဤအကြိမ်တွင် မရတော့ပေ။ မင်းကြီးက လက်မခံ။ ထိုအခါ သူတို့သည် ခဏ္ဍဟာလပုဏ္ဏားကို ကျိန်ဆဲကြသည်။ ပုဏ္ဏားကား မမှု။ စန္ဒကုမာရ မင်းသား၏ လည်ပင်းအောက်၌ ရွှေခွက်ကို ထားသည်။ သူကိုယ်တိုင်သန်လျက်ကို ကိုင်လျက် မင်းသား၏ လည်ကို ဖြတ်ရန် အသင့်လုပ်နေသည်။

(စန္ဒကုမာရဇာတ် နိဂုံးအား ဆက်တင်ပါမည်)

Read more...

သစ်တုံးတရားတော် (၃) ဒါရုက္ခန္ဓောပမသုတ် (သီတဂူဆရာတော်)

သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရ
ဟောကြားတော်မူသော
ဒါရုက္ခန္ဓောပမသုတ် တရားတော်








ဆက်လက်ဖတ်ရှုရန်

Read more...

သံဃာတော်များ နှင့် ရှင်သာမဏေများ သွားရောဂါ မဖြစ်ရလေအောင်

စာရေးသူ ကျန်းမာရေးမှူး (H.A) အဖြစ် ရန်ကန်ုတိုင်း လှည်းကူးမြို့နယ် စံပြကျန်းမာရေးသင်တန်း ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ရစဉ်က ကျောင်းကျန်းမာရေး စစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါသည်။
မူလတန်းကျောင်းများသို့ဆင်း၍ ကျောင်းသား ကျောင်းသူလေးများ၏ တကိုယ်ရေကျန်းမာရေးကို အထူးအလေးပေး၍ စစ်ဆေးခဲ့ပါသည်။

ကျေးလက်တောရွာများသို့ ဆင်းချိန်တွင် အချိန်ရသောအခါ ဘုန်းတော်ကြီး ကျောင်းများကိုပါ ရောက်ရှိခဲ့ပါသည်။ ဘုန်းတော်ကြီးကျောင်းများရှိ ရှင်သာမဏေလေးများတွင် ၁၀-ပါးတွင် ၁၀-ပါးလုံး သွားပိုးစားခြင်းရောဂါနှင့် သွားဖုံးရောင်ရောဂါများ ဖြစ်နေကြသည်ကို တွေ့ရှိခဲ့ရပါသည်။
လွန်ခဲ့သော ၂-နှစ်ခန့်လောက် ပရိယတ္တိစာသင်တိုက်ကြီးတတိုက်သို့ ရောက်သွားသောအခါ ရှင်သာမဏေလေးတပါး သွားကိုက်သဖြင့် ဆွမ်းမဘုဉ်းပေးနိုင်ဘဲ ငိုယိုနေသည်ကို တွေ့ရှိခဲ့ရပါသည်။ ယင်းကြောင့် ထိုပရိယတ္တိစာသင်တိုက်ကြီးမှ ရှင်သာမဏေ ၅၀-ပါးအား သွားများစစ်ဆေးကြည့်ရာတွင် အပါး ၄၀-ခန့် သွားရောဂါများ ဖြစ်နေကြသည်ကို တွေ့မြင်ခဲ့ရပါသည်။

ရှင်သာမဏေလေးများအား တိုက်အုပ်၊ စာချဆရာတော်က တပါးလျှင် သွားပွတ်တံတချောင်း သွားတိုက်ဆေး တဘူးတို့ကို ထုတ်ပေးထားပါသည်။ ကုန်လျှင် ထပ်ပေးပါသည်။
ရှင်သာမဏေလေးများ သွားမှန်မှန် တိုက်ပါသည်။ သို့သော်လည်း သွားရောဂါများ ဖြစ်နေကြသည်ကို တွေ့မြင်ခဲ့ရပါသည်။ ဘာကြောင့် ဤသို့ဖြစ်ရပါသနည်း။ စာရေးသူ ဆန်းစစ်ရှာဖွေကြည့်သောအခါ သွားတိုက်သည့်အချိန် မှားနေသည်ကို တွေ့ရှိရပါတော့သည်။

ရှင်သာမဏေလေးများ နံနက် ၄-နာရီ အိပ်ရာမှထကြပါသည်။ ပါးစပ်ပလုတ်ကျင်း၍ မျက်နှာသစ်ကြသည်။ ပြီးလျှင် ဘုရားဝတ်တက်ကြသည်။ နံနက် ၆-နာရီတွင် အရုဏ်ဆွမ်း ဘုဉ်းပေးကြသည်။ ပြီးလျှင် စားကျက်ကြပါသည်။ နံနက် ၉-နာရီခန့်တွင် တန်းဆွမ်းခံထွက်ကြသည်။ ကျောင်းသို့ ၁၀-နာရီခန့် လောက်တွင် ပြန်ရောက်ကြသည်။

ကျောင်းရောက်လျှင် ရေခွက်လေးများကိုယ်စီကိုယ်င ယူဆောင်ကြပြီး ရေချိုးကန်သို့ သွားကြသည်။ ထိုအချိန်တွင် ရှင်သာမဏေလေးများ သွားတိုက်ကြပါသည်။ ရေချိုးကြပါသည်။
နံနက် ၁၀-နာရီခန့်တွင် နေ့ဆွမ်းဘုဉ်းပေးကြပြီး မိမိတို့အဆောင်တွင်းမှာ အိပ်စက်အနားယူကြပါသည်။ နေ့ ၁-ချက်ထိုးလျှင် အိပ်ရာမှထ၍ မျက်နှာသစ်ပြီး စာကျက်ဆောင်ဝင်၍ စာကျက်ကြပါသည်။ ညနေ ၄-နာရီခန့်တွင် စာကျက်ချိန်ဖြုတ်၍ ကျောင်းသန့်ရှင်းရေး ပြုလုပ်ကြပါသည်။ ညနေ ၅-နာရီခန့်တွင် ရေကန်သို့သွား၍ ရေချိုးပါသည်။ သွားတိုက်ကြပါသည်။

ည ၆-နာရီခန့်တွင် ဘုရားဝတ်တက်ကြပြီး ညစာဝါကျက်ကြပါသည်။ ည ၉-နာရီခန့်တွင် ညစာဝါရပ်နား၍ အိပ်ခန်းဝင်ကြပါသည်။ အိပ်ခန်းပြန်ရောက်သောအခါ ထန်းလျက်ခဲများ၊ သကြားလုံးများ အချိုရည်များ စသည်တို့ကို ဘုဉ်းပေးသုံးဆောင်ပြီး အိပ်ရာဝင်ကြပါသည်။ အချိုများ ဘုဉ်းပေးပြီး အိပ်ကြပါသည်။

စာသင်သား ရှင်သာမဏေလေးများ၏ နိစ္စဓူဝ အလုပ်လုပ်ချိန် ဖြစ်ပါသည်။ ရဟန်းသံဃာတော်များလည်း ပါဝင်ပါသည်။
ထိုတနေ့တာကာလ အတောအတွင်း သွားတိုက်ချိန် ၂-ချိန်ကို တွေ့ရှိရသည်။
၁။ နေ့ဆွမ်းမဘုဉ်းပေးမီ တချိန်။
၂။ ညနေခင်း ရေချိုးကြစဉ် တချိန်။
နှစ်ချိန်လုံး သွားတိုက်ချိန် မှားယွင်းနေကြပါသည်။

ရှင်သာမဏေကြီးတပါးအား စာရေးသူက သွားဘာဖြစ်လို့ တိုက်ရတာလဲကိုရင်-ဟု မေးမိပါသည်။ သူ၏အဖြေကား အာပုပ်စော် မနံရအောင် တိုက်တာပေါ့ ဒကာကြီးရဲ့-ဟု ဖြေပါသည်။
အဖြေ မပြည့်စုံပါ။ သွားများကို နေ့စဉ်မှန်မှန် တိုက်ရသည်မှာ-
၁။ အာပုပ်စော် မနံရအောင်။
၂။ သွားပို မစားရအောင်။
၃။ သွားဖုံးရောဂါ မဖြစ်ရအောင်တို့ ဖြစ်ပါသည်။

ဘာကြောင့် သွားပိုးစားပြီး သွားဖုံးရောဂါ ဖြစ်ရပါသနည်း။
ဤအကြောင်းကို သိရှိနားလည်ထားဖို့ အလွန်လိုအပ်ပါသည်။ သွားပိုးစားရောဂါကို ကေးရီးစ် (Caries) ဟု ခေါ်ပါသည်။ အစားအစာများတွင် အချိုစာများ ပါဝင်နေပါသည်။ အဆိမ့်စာများလည်း ပါဝင်နေပါသည်။ ထိုစားကြွင်းစားကျန်များသည် သွားကြားများအတွင်း သွားဖုံးများအတွင်းတွင် တွယ်ကပ်နေပါသည်။

ထိုပါးစပ်ထဲမှ စားကြွင်းစားကျန်များနှင့် အာပုပ်ရည်တို့ တွေ့ထိပြီး ဖော်မင်တေးရှင်းခေါ် အချဉ်ဓာတ်များ ဖြစ်လာပါသည်။ ယင်းကို အက်စစ်-ဟုခေါ်ပါသည်။ မြန်မာလိုတော့ ငရဲမီးပါ။ သွားနှင့် သွားခြေတွင် အချဉ်ဓာတ်၊ အက်စစ်များဖြစ်၍ သွားများ ပျက်စီးပေါက်ထွက်ရသည်။ သွားဖုံးများရောင်၍ ရေစီးကမ်းပြိုရောဂါ ဖြစ်ရသည်။

သွားပိုးစားရောဂါ ကေးရီးစ်။
သွားဖုံးရောင်ရောဂါ ဂျင်ဂျီဗိုက်တစ်(သ်)
ထိုရောဂါများ ရပါတော့သည်။ ထိုအခါ သွားကိုက်ပါသည်။ သွားဖုံးရောင်၍ ဆွမ်းမဘုဉ်းပေးနိုင်တော့ပါ။ ရှင်သာမဏေလေးများ ငိုရပါတော့သည်။
ဤရောဂါများ မဖြစ်ရအောင် သွားတိုက်ချိန်ကို တိုက်အုပ်ဆရာတော် (စာချဆရာတော်) က သင်ပေးရပါမည်။

(သွားတိုက်ချိန်)
၁။ အရုဏ်ဆွမ်းစားပြီးတိုင်း သွားတိုက်ခိုင်းပါ။ (ပလုတ်ကျင်းပါ)
၂။ နေ့ဆွမ်းစားပြီးတိုင်း သွားတိုက်ခိုင်းပါ။ (ပလုတ်ကျင်းပါ)
၃။ ညအိပ်ရာဝင်ခါနီးတိုင်း သွားတိုက်ခိုင်းပါ။ (ပလုတ်ကျင်းပါ)
အစာစားပြီးတိုင်း သွားတိုက်ခိုင်းသည့် အလေ့အကျင့်ကို ပြုလုပ်ပေးပါ။ စားကြွင်းစားကျန်များ မကျန်ရအောင် တိုက်ပါ။ ဖလူအိုရိုက်သ် (Fluoride) ပါသော သွားတိုက်ဆေးများက သွားပိုးစားခြင်းကို ကာကွယ်ပေးပါသည်။ ထိုအခါ ဖော်မင်တေးရှင်းခေါ် ပါးစပ်ထဲမှာ အချဉ်ဓာတ်၊ အက်စစ်ဓာတ်များ မတည်တော့ပါ။ မဖြစ်တော့ပါ။
အထူးသဖြင့် ထန်းလျက်၊ သကြားများ စားမိလျှင် ပိုသတိပြုပါ။

(သွားတိုက်ဆား)
သွားတိုက်ဆေး မသုံးစွဲနိုင်ပါက ဆွမ်းဟင်းခံသည့်အခါ အသုံးပြုသည့် ပလတ်စတစ်ဘူးလေးများရှိပါသည်။ တဘူးလျှင် ၁၀၀-မျှသာ ပေးရပါသည်။ တဘူးလျှင် ဆား ၂၀-သားခန့် ဆန့်ပါသည်။ ၀င်ပါသည်။
ဆား ၂၀-သားခန့်နှင့် ပရုပ်လုံး ၃-လုံးခန့်ကိုရော၍ ကြိတ်ပါ။ လပတ်စတစ်ဘူးလေးထဲမှာ လေလုံအောင် ပိတ်ထားပါ။ ထို ပရုပ်ဆားနှင့်-သွားများ သွားဖုံးများကို တိုက်ပေးပါ။ အရသာ ငန်သည်၊ ပူသည်၊ မွှေးသည်၊ ပက်ဆိုးဒင့် သွားတိုက်ဆေးအနံ့ရပါသည်။ သွားဖုံးများကို လက်ညှိုး၊ လက်မများနှင့် ဖိနှိပ်ပေးပါ။ သွားဖုံးကောင်းမှ သွားကောင်ပါသည်။

ရဟန်းတော်များ သွားတိုက်ဆေးသုံးစွဲလျှင်-
ဖလူအိုရိုက် (Fluoride) ပါဝင်သော သွားတိုက်ဆေးကိုသာ သုံးစွဲသင့်ပါသည်။ သွားတိုက်ဆေးဘူးများ (ဖလူအိုရိုက်) လို့ ရေးထားပါသည်။ လှူဒါန်းကြသည့် ဒကာ ဒကာမများကလည်း ဖလူအိုရိုက်ဓာတ်ပါဝင်သော သွားတိုက်ဆေးဘူးများကိုသာ လှူဒါန်းကြပါ။ ပရုပ်ဆား-ဘူးလေးများ တပါးလျှင် တဘူးကျစီစဉ်ဆောင်ရွက်ထား ပေးပါ။

ယင်းဖလူအိုရိုက်ဓာတ်သည် လက်ဖက်ထဲတွင် များစွာပါဝင်ပါသည်။ ဆွမ်းဘုဉ်းပေးပြီး လက်ဖက် ဘုဉ်းပေးခြင်းသည် အလွန်သင့်လျော်ပါသည်။ သွားပိုးစားခြင်း သက်သာပါသည်။
သွားကိုက်၊ သွားနာ၊ သွားဖုံးရောင် ရောဂါဖြစ်နေလျှင်-
၁။ Paracetamol-ပါရာစီတယ်မော ဆေး ၁-ပြား
၂။ Ampicilline Capsule-အင်ပယ်စလင် ဆေး ၁-တောင့်
၃။ Kemose Tab-ကီးမ်မို့စ် ဆေး ၁-လုံး
၎။ Metro Tab-မက်ထရို ဆေး ၁-လုံး
ဤဆေး ၄-မျိုးတွဲ၍ တနေ့ ၃-ကြိမ်၊ ၃-ရက်သောက်ပါ။ ပျောက်ကင်းသွားပါမည်။ ဆားနှင့်ရေနွေးရောစပ်၍ ပလုတ်ကျင်းပေးရန်လည်း မမေ့သင့်ပါ။ Metro ဆေး မပါ၍ မဖြစ်ပါ။ သတိပြုပါ။

သွားရောဂါဖြစ်နေလျှင် အထက်ပါ ဆေး ၄-မျိုးကို သောက်ဖြစ်အောင် သောက်ပါ။ ဘက်တီးရီးယားပိုးများ ပါးစပ်ထဲမှာ အပြည့်ရှိနေပါသည်။ ယင်းဆေးများ သောက်မှသာ သွားရောဂါ ပျောက်ပါမည်။
ပရိယတ္တိစာသင်တိုက်များတွင် ဤဆောင်းပါးပါသော မြတ်မင်္ဂလာစာစောင် တစောင်စီကို အလှူရှင်များက ၀ယ်ယူလှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဤဆောင်းပါးကို ရန်ကုန်မြို့ ဗဟိုစည်အထူးကု ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော သွားဘက်ဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာမြင့်ဝဏ္ဏ (စာရေးသူ၏တူ) ကို ပြောပြအတည်ပြုချက်ရပြီးမှ ရေးသားပါသည်။
မှတ်ချက်။ ။ သွားဆရာဝန်က သွားရောဂါအတွက် အောက်ပါဆေးနည်းကိုလည်း ညွှန်းပါသည်။
သွားနှင့်ပတ်သက်သော ဆေး Milcox တမျိုးတည်း နံနက် (၁)၊ ည (၁) ၅-ရက်သောက်ပါ။ သွားကိုက်၊ သွားနာ၊ သွားဖုံးရောင် ပျောက်ပါ၏။ Filmet (Metro) နှင့် တွဲသောက်ပါ။ (သွားဆရာဝန်)

မောင်မိုးဟန် (ရွှေကျင်)
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဖေဖော်ဝါရီလ)

Read more...

ပဓါန နာယက ကမ္မဌာန်းနည်းပြချုပ်၊ မိုးကုတ်ဝိပဿနာအထူးတရားပွဲ

0 comments

Read more...

အကျိုးကြီးတဲ့ သင်္ကန်းတစ်စုံ

မြတ်နိုးဖွယ်ရာဖြစ်တဲ့ လူ့ဘ၀မှာ အနုတ်လက္ခဏာပြနေတဲ့ တရား(၃)ပါးရှိပါတယ်။ အချိန်၊ အရွယ်၊ အကုသိုလ်တရား ဒီ(၃)ပါးဟာ ကျန်းမာခြင်း၊ နုပျိုခြင်း၊ လှပခြင်း၊ သန်စွမ်းခြင်းနဲ့ ရှင်သန်ရခြင်းဆိုတာ ကို တိုတောင်းလှတဲ့ လူ့ဘ၀၊ လူခန္ဓာကိုယ်ထဲကနေ အစဉ်အမြဲနုတ် ယနေကြပါတယ်။ သူတို့ရဲ့ လက်ချက်ကြောင့် ငယ်ငယ်က “မိုးဦးပန်းလို” လန်းဆန်းတက်ကြွ ပျော်ရွှင်ခဲ့ရတဲ့ လူ့ဘ၀၊ လူ့အဖြစ်ဟာ ကြီးရင့်လာတာနဲ့အမျှ “ကြံရည် ကြိတ်စက်က ထွက်လာတဲ့ ကြံဖတ်တွေလို”ပဲ တန်ဖိုးမဲ့၊ အရသာမဲ့ ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် တစ်ဖက်ကနေပြီး ပစ္စည်းဥစ္စာရှာဖွေမှု၊ တရားဓမ္မ ရှာဖွေမှုတွေနဲ့ ဟာသွားတဲ့လူ့ဘ၀၊ လူ့အဓိပ္ပါယ်ကို ဖြည့်ဆည်းပေးရတယ်။ ပစ္စည်းဥစ္စာနဲ့ကောင်းမှုကုသိုလ်ဟာ လူ့ဘ၀ရဲ့ အပေါင်း လက္ခဏာ တရားနှစ်ပါးပဲဖြစ်ပါတယ်။ ဒီတရား (၂)ပါးကို များများ အစားထိုးပေးခြင်းနဲ့၊ အချိန်၊ အရွယ်၊ အကုသိုလ်တွေကြောင့် “တန်ဖိုးနည်း၊ အိုးကွဲ၊” ဖြစ်တော့မယ့် လူ့ဘ၀၊ လူ့အဖြစ်ကို “အဖတ်ဆယ်”ပေးရာရောက်တယ်။ ဒီနည်းနဲ့ ပစ္စည်းဥစ္စာ ရှာဖွေမှုနဲ့ တရားဓမ္မ ရှာဖွေမှုတို့ဟာ ခန္ဓာငါးပါးရှိတဲ့ လူသားတိုင်းရဲ့ တာဝန်တွေဖြစ်လာတယ်။



ခန္ဓာကိုယ်ရဲ့ စားဝတ်နေရေး ကျန်းမာရေးကြောင့် လူတိုင်းလိုလိုပဲ ပစ္စည်းဥစ္စာရှာ ဖွေရေး အလုပ်ကို လုပ်ကြပေမယ့် သဒ္ဓါတရားအင်အား အနည်းအများကိုလိုက်ပြီး တရား ရှာဖွေရေး အလုပ်ကိုတော့ လူတိုင်းမလုပ်ဖြစ်ကြပါဘူး။ တကယ်တော့ လူ့ဘ၀ လူ့အဖြစ် ဆိုတာ ကုသိုလ်ကံ ရင်းနှီး မြုပ်နှံမှုရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ ကုသိုလ်ကံကို အခြေခံပြီး လူဖြစ်လာရတာမို့ “လူနဲ့ကုသိုလ်၊ ကုသိုလ်နဲ့လူ” ဆိုတာ ခွဲခွာလို့မရစကောင်းပါဘူး။ ကုသိုလ်တရားပျောက်ကွယ် သွားတာနဲ့ တစ်ပြိုင်နက် လူဟာ လူ့လမ်းကြောင်းပေါ်က ဖယ်ခွာပေးလိုက်ရမှာပါပဲ။

ပါဠိစာပေမှာ လူသားတွေအတွက် စိတ်ကောင်းခြင်းနဲ့ စီးပွားချမ်းသာရဲ့ တည်ရာ အကြောင်း ဖြစ်တာမို့ စင်စစ်ဧကန်ပြုထိုက်တဲ့ ကောင်းမှု(၁၀)မျိုးကို ဖော်ပြထားပါတယ်။ ပါဠိဘာသာနဲ့ “ပုညကြိယာဝတ္ထု-၁၀ ပါးလို့ အမည်တွင်ပါတယ်။ လူသားတွေက ကုသိုလ်ကောင်းမှုရဲ့ စွမ်းရည် သတ္တိကြောင့်သာ ယုတ်နိမ့်မှုမြေပြင်ကနေ မြင့်မြတ်မှု ကောင်းကင်မှာ တက်ရောက်ပျံသန်း နိုင် ကြတာပါ။ “ကုသိုလ်ကံမရှိတော့တဲ့အခါ လူဟာ အတောင်မဲ့ငှက်ကလေးတစ်ကောင်”လို လူ့ဘ၀ရဲ့ လုပ်ပိုင်ခွင့်နဲ့ ခံစားခွင့်တွေကို လက်လွတ်ဆုံးရှုံးရတတ်ပါတယ်။

ဒီတော့ အခုလောလောဆယ် လူသားဘ၀ ဖြစ်တည်နေကြသူတွေကို ကုသိုလ်ခွဲတမ်းနဲ့ ကြည့်မယ်ဆိုရင် (၁) ကုသိုလ်မရ ၀မ်းမ၀သူ အောက်ကျသူ လူကတစ်မျိုး။(၂) ကုသိုလ်မရ၊၀မ်းသာ-၀သူ အလယ်အလတ်လူကတစ်မျိုး၊ (၃)ကုသိုလ် လည်းရ၊ ၀မ်းလည်းဝသူ အထက်တန်းကျသူ လူကတစ်မျိုးလို့(၃)မျိုးကွဲပြားနိုင်ပါတယ်။ ဒါကြောင့် လူ့ဘ၀မှာ “ကုသိုလ်သာပထမ၊ ကုသိုလ်သာ ဒုတိယ”ဆိုသလို ကုသိုလ်ကောင်းမှု ကသာ လူ့ဘ၀ရဲ့ အရင်းအနှီး၊ ကုသိုလ်ကောင်းမှုကသာ လူ့ဘ၀ ရဲ့ အကျိုး အမြတ်ဖြစ်ပါ တယ်။ အခု ကုသိုလ်ကံသာ မိမိဘ၀ရဲ့ ကြီးပွားတိုးတက် မြင့်မားရာလို့ ခံယူ ချက်ထားရှိသူ အမျိုးးသမီးငယ် တစ်ဦးအကြောင်းကို ပြောပြချင်ပါတယ်။

အကျိုးကြီးတဲ့ သင်္ကန်းတစ်စုံ

ရှေးရှေးတုန်းက ဗာရာဏသီတိုင်းပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်စိုးနေစဉ် နေပြည်တော်နဲ့ မနီးမဝေးမှာ “ရေအေး၇ွာ”လို့အမည်ရတဲ့ ရွာကြီးတစ်ရွာရှိခဲ့ဖူးတယ်။ အဲဒီရွာရဲ့ အနောက်ဘက်မှာ သာယာလှပတဲ့ “စိတ္တကုဋ်”တောင်ရှိတယ်။ တောင်ခြေမျာ ရဟန်းတော်(၅၀၀)ကျော် သီတင်းသုံးနိုင် လောက်အောင် ဗြဟ္မဒတ်မင်းကြီးက ဆောက်လုပ်လှုဒါန်းထားတဲ့ ရွှေကျောင်းတော်ကြီးဆိုတာလည်း ရှိတယ်။ အဲဒီကျောင်းတော်က ရဟန်းတော်တွေဟာ ရေအေးရွာကြီးကိုပဲ ဂေါစရဂါမ်အဖြစ် ဆွမ်းခံကြွ တော်မူကြတယ်။

အဲဒီရွာကြီးမှာ သနားစရာကောင်းတဲ့ “နန္ဒာ”လို့ခေါ်တဲ့ အမျိုးသမီးငယ်တစ်ယေက်ဟာ အထီး ကျန် မျက်နှာမွဲ၊ ဆင်းရဲစွာ အလုပ်လုပ်ပြီး အသက်မွေးနေရသတဲ့။ နံနက်ခင်းတွေမှာ ဟင်းသီးဟင်း ရွက်တွေကို လှည့်လည်ရောင်းချရပြီး ညနေပိုင်းတွေမှာတော့ ချမ်းသာကြွယ်ဝတဲ့ နေအိမ်တွေမှာ ရေခပ်၊အ၀တ်လျှော်၊ စပါးနယ်၊ ဆန်ဖွပ်စသဖြင့် အလုပ်မျိုးစုံ အကုန်လုပ်ပြီးရတဲ့ အခကြေးငွေနဲ့ ပင်ပန်းဆင်းရဲစွာနေရတယ်။ စားဝတ်နေရေးက ပင်ပန်းဆင်းရဲ၊ ငွေကြေးနဲ့ပစ္စည်းဥစ္စာက ချို့တဲ့ပေ မယ့် မနန္ဒာဟာ စိတ်ဓာတ်နဲ့အသိဥာဏ်ကတော့ မချို့တဲ့ရှာပါဘူး။

ဒါနဲ့ မနန္ဒာဟာ တစ်နေ့တော့ သူတွေးမိသတဲ့ “ငါဟာ အတိတ်ဘ၀တုန်းက ဘယ်လိုမကောင်း မှုတွေ လွန်ကျုးခဲ့လို့လည်း မသိဘူး၊ အခုဘ၀မှာ အင်မတန်ဆင်းရဲ ပင်ပန်းလွန်းလှတယ်၊ သူတစ်ပါး တွေအိမ်မှာ တစ်နေကုန် အလုပ်လုပ်ရပေမယ့် တစ်ဝမ်းတစ်ခါးမှ လှအောင်ဝအောင် မနေနိုင်ဘူး။ ကုသိုလ်မရ ၀မ်းမ၀နဲ့ အောက်တန်းကျလိုက်တာ၊ ဒီလို ငုံ့ခံလက်မှိုင်ချနေလို့ကတော့ အထက်တန်း ကျတဲ့ ဘ၀မျိုး ဘယ်တော့မှရောက်မှာ မဟုတ်ဘူး၊ အခု ငါဟာ သာသနာတော်ထွန်းလင်းရာအချိန်မှာ လူဖြစ်နေတာပဲ။ ရတနာသုံးပါးရဲ့ စွမ်းရည်သတ္တိဂုဏ်ကျေးဇူးတွေနဲ့ ကံ၊ကံရဲ့အကျိုးကို ယုံကြည်မြတ်နိုး အားကိုးပြီးတော့ ဘ၀ဆင်းရဲ၊၀ဋ်ဆင်းရဲတွေကနေ ထုတ်ဆောင်ပေးနိုင်တဲ့ ကောင်းမှုတစ်ခုခုကို ပြုမှ တော်တော့မယ်”

ဒီလိုတွေးမိသတဲ့ မနန္ဒာဟာ ရတဲ့ အခကြေးငွေထဲက နည်းနည်းချင်းချင်း စုဆောင်းလို့ ၀ါဆို အမီ “၀ါဆိုသင်္ကန်း” တစ်စုံလောက် ဆက်ကပ်လှူဒါန်းနိုင်အောင်ကြိုးစား အလုပ်လုပ်ပါသတဲ့။ ၆- လ နီးပါးမျှ အလုပ်ကြိုးစားလို့ ခြုံးခြံစုဆောင်းလိုက်တဲ့အခါ သင်္ကန်းတစ်စုံဝယ်လို့ရသွားပါတယ်။ သင်္ကန်း အသစ်ကလေးတစ်စုံကို ရလာတဲ့နေ့ဟာ မနန္ဒာတစ်ယောက် ၀မ်းသာကြည်နူးလွန်းလို့ တစ်ညလုံး တောင် အိပ်မပျော်ရှာဘူးတဲ့။ နံနက်ခင်းရောက်တဲ့အခါ သံဃာတော်များ ဆွမ်းခံကြွလာမယ့် လမ်းမကနေ မနန္ဒာတစ်ယောက် သင်္ကန်းကလေး ကိုင်မလို့ စောင့်နေပါတယ်။ သံဃာတော် တစ်ပါး ကြွလာတော်မူတဲ့အေခါ “အရှင်ဘုရား ဒီသင်္ကန်းကို အရှင်ဘုရားတို့ကျောင်းမှာ ၀ါဆိုဝါကပ်မယ့် ရဟန်းတော်တို့အား လှူဒါန်းလိုပါတယ်ဘုရား။ အရှင်ဘုရားကပဲ ဒီဝါဆိုသင်္ကန်းကို သံဃာတော် ထံယူဆောင်ပြီး တပည့်တော်မရဲ့အထီးကျန်မွဲ ဆင်းရဲတဲ့အဖြစ်နဲ့ ဒီသင်္ကန်းကိုလည်း ပင်ပန်းဆင်းရဲ ခက်ခဲစွာ လှူဒါန်းရတဲ့အကြောင်းကို သိစေတော်မူလိုက်ပါဘုရား”လို့ လျှောက်ထားပြီး ရွှင်လန်း ၀မ်းမြောက်စွာနဲ့ သင်္ကန်းကို ဆက်ကပ်လှူဒါန်းလိုက်ပါတယ်။

အဲဒီရဟန်းတော်ဟာ သူဆင်းရဲ မနန္ဒာလှူဒါန်းလိုက်တဲ့ သင်္ကန်းကို လက်ခံယူတော်မူပြီး ကျောင်းရောက်တဲ့အခါ သံဃာတော်အားလုံးကို စုဝေးစေကာ သူဆင်းရဲမ မနန္ဒာမှာကြားလိုက်တဲ့ စကားကို သံဃာတော်အား လျှောက်ကြားပြီး “အရှင်ဘုရားတို့ဟာ ဒီသင်္ကန်းကို ၀တ်ရုံထိုက်တဲ့ ၀တ်ရုံဖို့ စွမ်းနိုင်တဲ့ရဟန်းတော်အား ပေးအပ်တော်မူကြပါကုန်လို့ လျှောက်ထား၍ သင်္ကန်းကို သံဃာတော်တို့ထံ အပ်နှံလိုက်သတဲ့။ ဒီအခါ ရဟန်းမြတ်တစ်ပါးက “အရှင်ဘုရားတို့၊ တပည့်တော် အား(၃)လတိုင်အောင် ၀တ်ခွင့်ပေးပါဘုရား၊ တပည့်တော်ဟာ ၀ါတွင်း(၃)လ ဒီသင်္ကန်း ကိုဝတ်ရုံပြီး ရဟန်းတရား ကြိုးစားအားထုတ်ပါမယ့်ဘုရား” လို့ လျှောက်ထားတယ်။

အဲဒီစကားကိုကြား၍ တခြားသော ရဟန်းမြတ်တစ်ပါးက “အရှင်ဘုရားတို့၊ တပည့်တော်အား (၂)လတိုင် ရုံဝတ်ခွင့်ပေးပါဘုရား၊ တပည့်တော်ဟာ ၀ါတွင်း (၂)လ ဒီသင်္ကန်းကို ၀တ်ရုံပြီး ရဟန်း တရားကြိုးစားအားထုတ်ပါမယ်ဘုရား”လို့ လျှောက်ထားသတဲ့။ ဒီလိုနဲ့ ရဟန်း မြတ်တွေဟာ တစ်ပါးပြီး တစ်ပါး လျော့လျော့ပြီး ၀တ်ရုံခွင့်တောင်းလာတာဟာ နောက်ဆုံး ရဟန်းမြတ်တစ်ပါးက “အရှင်ဘုရား တို့ တပည့်တော်အား(၁)ရက်မျှ ၀တ်ခွင့်ပေးပါဘုရား၊ တပည့်တော်ဟာ(၁)ရက်မျှ ဒီသင်္ကန်းကို ၀တ်ရုံပြီး ရဟန်းတရား ကြိုးစား အားထုတ်ပါမယ်ဘုရား”လို့ လျှောက်ထား တော်မူတာမို့ သံဃာတော်တွေက အဲဒီရဟန်းကိုပဲ မနန္ဒာလှူဒါန်းတဲ့ သင်္ကန်းကို ၀တ်၇ုံခွင့်ပေးလိုက်ပါသတဲ့။

သင်္ကန်းဝတ်ခွင့်ရတဲ့ ရဟန်းတော်မြတ်ဟာ မနန္ဒာလှူဒါန်းလိုက်တဲ့ ၀ါဆိုသင်္ကန်းကို ကပ္ပဗိန္ဓု ထိုးပြီး အဓိဋ္ဌာန်တင်ကာ သပ္ပါယ်စွာဝတ်ရုံလျက် စင်္ကြံလမ်းသို့တက်ပြီး ၀ိပဿနာတရား ကြိုးစားပွား များတဲ့အခါ ခြေလှမ်း(၇)ဖ၀ါးအချမှာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကိုရလို့ ရဟန္တာ အရှင်မြတ်အဖြစ်သို့ ရောက်တော်မူပါသတဲ့။ အဲဒါနဲ့ နောက်တစ်ရက် ရောက်တဲ့အခါ တခြားရဟန်းမြတ်တစ်ပါးသို့ ဒီ သင်္ကန်းကို လက်ဆင့်ကမ်း ၀တ်ရုံစေပါတယ်။ အဲဒီရဟန်းမြတ်ဟာလည်း ၀တ်ရုံခွင့်ရထားတဲ့ တစ်ရက် အတွင်းမှာပဲ ၀ိပဿနာတရား ကြိုးစားအားထုတ်လို့ ရဟန္တာ အရှင်မြတ် အဖြစ်သို့ ရောက်တော်မူပါတယ်။ အဲဒီနည်းနဲ့ သူဆင်းရဲမ မနန္ဒာလှူဒါန်းလိုက်တဲ့ သင်္ကန်းကို အမှီပြု ၀တ်ရုံပြီး ၀ါတွင်း(၃)လ အတွင်းမှာ ရဟန်းတော်အပါး(၉၀)ဟာ ရဟန္တာအရှင်မြတ်တွေအဖြစ် ရောက်တော်မူ ကုန်သတဲ့။

ဒီလိုနဲ့ သီတင်းဝါလ ကျွတ်တဲ့အခါ ဗာရာဏသီပြည့်ရှင် မင်းမြတ်ဟာ ကျောင်းတော်ကြီးကို နန်းတွင်းသုံး အ၀တ် အထည်စတွေနဲ့ လှပပြုပြင် တန်းဆာဆင်စေပါတယ်။ မင်းမှုထမ်းတွေက သံဃာ တော်အရှင်မြတ်တွေ ပ၀ါရဏာပြုရာ သိမ်ကျောင်းမဏ္ဍပ်ကြီးကိုလည်း ဗိတာန်တွေ၊ တံခွန်၊ ကုက္ကား စတာတွေနဲ့ လှပစွာတန်ဆာ ဆင်ပြုပြင်ကြတဲ့အခါ သံဃာတော် အရှင်မြတ်တွေက “ရေအေးရွာက နန္ဒာအမည်ရှိတဲ့ သူဆင်းရဲမ လှူဒါန်း လိုက်တဲ့ သင်္ကန်းဟာ ရဟန်းတော်တွေ အတွက် ရဟန္တာဖြစ်တဲ့ အထိ အကျိုးများလှတယ်။ ဒါကြောင့် ဒီသင်္ကန်းစကိုသာ သိပ်ကျောင်းမဏ္ဍပ်မှာ တံခွန်(အလံတော်) အဖြစ် လွှင့်ထူရမယ်”လို့ အမိန့်ရှိတာမို့ အဲဒီ သင်္ကန်းစကိုပဲ “အောင်လံတော်”အဖြစ် သိမ်ကျောင်း မဏ္ဍပ်မှာ လွှင့်ထူထားကြသတဲ့။

အဲဒီလို ပြင်ဆင်ထားတာတွေကို ဗာရာဏသီမင်းကြီးက လှည့်လည် ကြည့်ရှုစစ်ဆေးတဲ့အခါ သိမ်ကျောင်းမဏ္ဍပ်ရဲ့ တံခွန်တိုင်မှာ သစ်ခေါက်ရည် ဆိုးထားတဲ့ သင်္ကန်းစကို အလံတော်အဖြစ် လွှင့် ထူထားတာကို တွေ့ရတယ်။ အဲဒါနဲ့ မင်းမှုထမ်းတွေကို ခေါ်ယူကာ “မောင်မင်းတို့ကို ကောင်းမြတ်တဲ့ နန်းတွင်းက အထည်စ၊ အထည်မွန်တွေကို ပေးအပ်ထားပါလျက်၊ အဘယ်အတွက်ကြောင့် တံခွန် အဖြစ် မချုပ်လုပ်ဘဲ ရဟန်းတော်တွေရဲ့ အသုံး အဆောင် ဒီသစ်ခေါက်ရောင် သင်္ကန်းစကိုသာ တံခွန် အဖြစ် လွှင့်ထူထားရသတုံး”လို့ စစ်ဆေးမေးမြန်းတော်မူပါတယ်။ ဒီအခါ မင်းမှုထမ်းတွေက အရှင်မင်းကြီး၊ ဒီတံခွန်အဖြစ် လွှင့်ထာထားတဲ့ သက်န်းစဟာ အရှင်မြတ်တို့အား လွန်စွာအကျိုးများ ပါတယ်ဘုရား”လို့ ပြန်လည် လျှောက်တင်ကြတယ်။

ဘုရင်မင်မြတ်က “မောင်မင်းတို့၊ ဒီသင်္ကန်းဟာ အရှင်မြတ်တွေကို ဘယ်လို အကျိုးများသလဲ” လို့ ဆက်လက် မေးမြန်းတဲ့အခါ “ဒီ အကြောင်း အပြည့်အစုံကို ကျွန်တော်မျိုးတို့ မသိရပါကုန်၊ အရှင် မြတ်တို့သာ သိပါကုန်တယ် အရှင်မင်းကြီး”လို့ သံတော်ဦးတင်ကြသတဲ့။ ဒါနဲ့ ဗာရာဏသီမင်းမြတ် လည်း သံဃာတော် အရှင်မြတ်တွေထံ ချဉ်းကပ်ပြီး “အရှင်ဘုရားတို့၊ သိမ်ကျောင်းမဏ္ဍပ်မှာ တံခွန် အဖြစ်လွင့်ထူထားတဲ့ သင်္ကန်းစဟာ အရှင်ဘုရားတို့အား ကျေးဇူးများလှတယ်လို့ မင်းချင်းတွေက ဆို ပါတယ်ဘုရား၊ အဲဒီ သင်္ကန်းရဲ့ အကျိုးကျေးဇူး များပုံကို ဒကာတော်များ သိလိုလှပါတယ်ဘုရား”လို့ လျှောက်ထား တောင်းပန်တော်မူပါတယ်။

အဲဒီအခါ ရဟန်းတော်တွေက ဒီသင်္ကန်းစကိုအမှီပြုပြီး ရဟန်းတော်ပေါင်း(၉၀)ကျော်ဟာ ၀ါတွင်း(၃)လအတွင်း ရဟန္တာအဖြစ် ရောက်ကြပုံကို ပြန်လည်မိန့်ကြားတဲ့စကားကို ကြားနာရတဲ့အခါ ၀မ်းမြောက်နုမော် သာဓု (၃)ကြိမ်ခေါ်ပြီး “အရှင်ဘုရားတို့၊ ရဟန်းသံဃာအား ကျေဇူးများတော်မူခဲ့တဲ့ ဒီသင်္ကန်းကို အဘယ်သူများ လှူဒါန်းထားခဲ့ပါသလဲဘုရား”လို့ လျှောက်ထားမေးမြန်းတော်မူတယ်။

ဒီအခါ ရဟန်းတော်တွေကလည်း “ရေအေးရွာက နန္ဒာအမည်ရတဲ့ သူဆင်းရဲမ လှူဒါန်းအပ်ပေ တယ်၊ ဒကာတော်မင်းကြီး”လို့ မြွတ်ကြား တော်မူပါတယ်။ ဗာရာဏသီမင်းမြတ်လည်း အထီးကျန်မွဲ သူဆင်းရဲမ မနန္ဒကို ခေါ်ယူစေပြီး ရွှေ၊ငွေ သုံးဆောင်စရာ ပစ္စည်းဥစ္စာ မြောက်များစွာကို ပေးကမ်းကာ သမီးတော်အဖြစ် မွေးစားတော်မူပါတယ်။ ရေအေးရွာကိုလည်း အပိုင်စားပေးပြီး ချီးမြှောက်တော် မူတာမို့ “နန္ဒာမင်းသမီး’လို့ထင်ရှား ကျော်ကြားလာပါတယ်။

မင်းသမီးတစ်ပါးအဖြစ် ရောက်လာပေမယ့် မနန္ဒာဟာ မမော်မကြွား၊ ဘ၀မမေ့၊ အောက်ခြေ မလွတ်ဘဲ တစ်သက်လုံး “ကောမာရဗြဟ္မစရိယ”လို့ခေါ်တဲ့ အပျိုစင်သီလကို စောင့်ထိန်းကာ အလှူ ပေးခြင်းမှာပဲ မွေ့လျော်နေရင်းက သက်တမ်းကုန်လို့ ကွယ်လွန်တဲ့အခါ တုသိတာ နတ်ပြည်မှာ ‘နန္ဒာနတ် သမီး”ဆိုပြီး ဖြစ်သွားရပါတယ်။

ဒီဓမ္မပုံပြင်ကလေးမှာ နှလုံးသွင်း ဆင်ခြင်စရာတွေကတော့(၁)ကုသိုလ်ကောင်းမှုဟာ ဘ၀သံသရာ ပင်လယ်ကြောမှာ ဆင်းရဲပင်ပန်းစွာ မြုပ်မျော နေသူတို့အတွက် အားကိုး အားထားပြုရာ ကျွန်းသာယာ တစ်ခုဖြစ်ကြောင်း၊ (၂) ရတနာမြတ်သုံးဖြာဟာလည်း လွန်စွာမှ ကြုံကြိုက်ခဲလှတဲ့ ကောင်းမှုကုသိုလ်မျိုးစေ့တို့ ကြဲချရာ လယ်ယာ မြေကောင်းသာ ဖြစ်ကြောင်းနဲ့၊ (၃) ဘ၀ပေး အခြေအနေက ဘယ်လိုပင် နိမ့်ကျနေစေကာမူ စိတ်ကောင်းနဲ့ အသိဥာဏ် မနိမ့်ကျပါက ဘ၀ဆိုတာ တိုးတက် မြင့်မား ကြီးပွား နိုင်ကြောင်းတွေပဲ ဖြစ်ပါတယ်။
တော်ဝင်နွယ်

Read more...

ဘုရားကို အထင်သေးသူ


`နမော တေ ပုရိသာဇညာ၊ နမော တေ ပုရိသုတ္တမ။
သဗ္ဗညူသိ မဟာဝီရ၊ လောကဇေဋ္ဌေ နရာသဘ။´
`ယောက်ျားအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရားအား၊ အရှင်ဘုရားအား ရှိခိုးပါ ၏။ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားအား ရှိခိုးပါ၏၊ လုံ့လကြီး တော်မူသော၊ လောက၏ အကြီးအမှူးဖြစ်တော်မူသော၊ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားသည် တရားအလုံးစုံကို သိတော်မူပါပေ၏။´
စာရေးသူသည် အထက်ပါ အပါဒါန်ပါဠိတော်လာ ဂါထာကလေးကို မှတ်စုထုတ်နေခိုက် လှိုင်သာယာမှ မိတ်ဆွေဦးပဉ္ဇင်းတစ်ပါး ရောက်လာသည်။ စကားစမြည် ပြောဆိုကြရင်း မိုးပြာ ဂိုဏ်း အကြောင်း ရောက်သွားသည်။
`ဦးဇင်း၊ မိုးပြာဂိုဏ်းက စာအုပ်တစ်အုပ်ထဲမှာ မိမိရတဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ၀ိဇ္ဇာ သုံးပါးပဲလို့ ဘုရားဟောထားတာ ရှိတယ်။ ကောသလမင်းကြီးကို သဗ္ဗညုတဉာဏ်ရတဲ့ အကြောင်း ၀န်ခံထားတာလဲ ရှိတယ်လို့ ဆိုကြတယ်တဲ့။
`တကယ်လို့ မိမိရတဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ၀ိဇ္ဇာသုံးပါးကို ဆိုလာတာပါလို့ ဘုရား ဟောခဲ့တာမှန်ရင် သူ သဗ္ဗညုတဉာဏ် ရပါတယ်၊ အကုန်သိပါတယ်လို့ ၀န်ခံတယ်ဆိုတာ မှားရမယ်တဲ့။ တစ်ခုမှန်ရင် တစ်ခုမှားရမယ်ပေါ့ ကိုယ်တော်ရာ။
`ဘုရားဆိုတာ မကြွားဝါတတ်သူမို့လို့ မိမိရတဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ၀ိဇ္ဇာသုံးပါးပါပဲ ဆိုတဲ့စကားသာ ဘုရားဟော အစစ်ဖြစ်သင့်ပါတယ်-တဲ့။
`နောက်ပြီး နိဗ္ဗာန်ဟာ အနတ္တဆိုလို့ရှိရင် နိဗ္ဗာန်ဟာ အနှစ်သာရ ဘာမှမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ရောက်ပါတယ်တဲ့။ နိဗ္ဗာန်ဟာ အတ္တပါတဲ့။ ဦးဇင်း အဲဒီပြဿနာတွေ ဖြေရှင်းဖူးတယ် လို့ကြားပါတယ်။ လုပ်ပါအုံး၊ လင်းစမ်းပါအုံး´
`ကိုယ်တော်လဲ စာကြည့်နိုင်သားပဲ။ ကိုယ့်ဟာကို ပါဠိတော်ရှာဖတ်ပြီး နှိုင်းယှဉ် လေ့လာကြည့်ပေါ့´
`ဟာ ဦးဇင်းကလဲ အဲဒီလို အဖြေရှာရတဲ့အလုပ်ကို မလုပ်ချင်လို့ လာမေးတာပေါ့´
`ကိုယ်တော်တို့က အဲဒါတွေ ခွကျတာပဲ။ ကိုယ်တော့်ကို အဲဒီလိုမျိုး ဒကာ-ဒကာမ တစ်ယောက်ယောက်က မေးပါပြီတဲ့၊ ဘယ်လိုလုပ်မလဲ´
`အဲဒီအခါကျတော့ နောက်မှ စာကြည့်ပြီး ပြောပါမယ်လို့ လုပ်ရမှာပေါ့´
`ကဲကဲ-ထားလိုက်ပါတော့။ ဈေးကိုင်လိုက်တာလို့ ကိုယ်တော်မပြောခင် ရှင်းပြပါ့မယ်။ နေအုံး၊ တပည့်တော် ဆောင်းပါးရေးတုန်းက ပရင့်ထုတ်ထားတဲ့ စာရွက်တွေ ရှိတယ်။ သဘောတူရာ ဖိုင်တွဲပြီးသိမ်းထားတယ် အဲဒါဖတ်ကြည့်ရင် ရှင်းသွားလိမ့်မယ်´
`အဲဒီခေတ်က ဗုဒ္ဓကောလာဟလအရ ဘုရားဖြစ်ချင်သူတွေ အိန္ဒိယတစ်ဝိုက်မှာ ဘယ် လောက်များမယ်၊ ဘုရားရဲ့ သာဝကရင်း ဖြစ်ချင်သူတွေ ဘယ်လောက်များမယ် ဆိုတာ မှန်း ကြည့်လိုက်။ တပည့်တော်တို့ ဘုရားမပွင့်ခင် ဘုရားလိုဝန်ခံတဲ့သူ ခြောက်ယောက်ရှိနေပြီ။ သူတို့ကို ယုံကြည်လို့ ဆည်းကပ်တဲ့သူတွေ ရှိသလို၊ လေ့လာနေတဲ့သူတွေလဲ ရှိတယ်။ မဟာပု ရိသလက္ခဏာကျမ်းအရ ဘုရားတစ်ဆူရဲ့ သဘောသဘာဝတွေကိုလဲ လူတော်တော်များ များက သိနေကြလိမ့်မယ်။
`ဘုရားအမည်ခံ တိတ္တိဆရာကြီး ခြောက်ယောက်ထဲမှာ နိဂဏ္ဌနာဋပုတ္တရဲ့ ၀ါဒဟာ အခုချိန်ထိတောင် သက်တမ်းရှည်ပြီး အိမ်န္ဒိယမှာ ဂျိန်းဘာသာ-ဂျိန်းဝါဒဆိုပြီး တည်ရှိဆဲ ကိုး ကွယ်ဆဲပဲ။ မဟာဝီဒလို့လဲခေါ်တဲ့ အဲဒီ နိဂဏ္ဌနာဋပုတ္တဟာ အသက် ၃၀-မှာ တောထွက်၊ ၁၂-နှစ်တိုင်တိုင် တပအကျင့်တွေကို ကျင့်ပြီး ၄၂-နှစ်မှာ သူ့ကိုသူ ဘုရားဖြစ်ပြီလို့ ကြေညာသ တဲ့။ သူ့ရဲ့ဝါဒက ဘုရားဟောတဲ့ သဗ္ဗပုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒပါပဲ။
`သူက သူ့ကိုသူ ဘုရားလို့ ၀န်ခံထားတဲ့အခါမှာ ကြီးကြီးကျယ်ကျယ် ကြွားပုံကို ဒီသုတ် မှာကြည့်-
`ဥဒါယီ၊ သို့ဖြစ်မူ ငါ တရားဟောရမည့် အကြောင်းကို သင် စ၍ ပြောလော့´ဟု (မိန့်တော်မူ၏)။
အရှင်ဘုရား၊ ယခင်ယခင်နေ့တို့က`အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ ငါသွားနေ သည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏´ ဟု အကြွင်းမဲ့ဉာဏ်အမြင်ကို ၀န်ခံသောသူရှိ၏။
`ထိုပုဂ္ဂိုလ်သည် အကျွန်ုပ်က ရှေးအဖို့ကို အကြောင်းပြု၍ ပြဿနာများကို မေးသည် ရှိသော် အကြောင်းတစ်ပါးဖြင့် အကြာင်းတစ်ပါးကို ဖုံးလွှမ်း၏၊ အပသို့ စကားကို ရောက်စေ၏၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ နှလုံးမသာယာခြင်းကိုလည်း ထင်စွာပြု၏။
`ထိုအကျွန်ုပ်အား မြတ်စွာဘုရားကိုသာလျှင် အကြောင်းပြု၍ `ဩော်…ဘုန်းတော် ကြီးသောမြတ်စွာဘုရား၊ ဪ... ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာ ဘုရား၊ မြတ်စွာဘုရားသည် ဤတရားတို့ကို ကောင်းစွာ ကျွမ်းကျင်တော်မူ၏´ ဟု အောက်မေ့ မိပါ၏။´
`ဥဒါယီ၊ (ပ) ထိုသူသည် မည်သူနည်း´
`အရှင်ဘုရား၊ နာဋ၏သား နိဂဏ္ဌပါတည်း´ဟု (လျှောက်၏)။ (မဇ္ဈိမပဏ္ဏာသ၊ စူဠသ ကုလုဒါယိသုတ်)
`အဂုင်္တ္တိုရ်၊ န၀ကနိပါတ်၊ လောကာယတိကသုတ်အရ သူမှ အဲဒီလိုဝန်ခံတာ မဟုတ် ဘူး။ ပူရဏ ကဿပလဲ အဲဒီလို ၀န်ခံတာပဲဗျ။ နိဂဏ္ဌက လည်တယ်။ ပြဿနာကို တတ်နိုင်သ လောက် ဟာကွက်မရှိအောင် ပြင်ဆင်တတ်တယ်။ သူက အကုန်သိတယ်။ အကုန် သိရုံမကဘူး အမြဲတမ်းလဲ သိနေတယ်လို့ ၀န်ခံတယ်။
ဒါပေမဲ့ တစ်ခါတလေ လူတစ်ယောက်မှ မရှိတဲ့အိမ်ကို ဆွမ်းခံမိတယ်။ အဲဒီအိမ်မှာ လူမ ရှိမှန်း အစကတဲက မသိဘူးလားလို့ မေးတဲ့အခါ လူမရှိမှန်း သိပါတယ်၊ ဒါပေမဲ့ ကံတရားက လူရှိရှိ မရှိရှိ ဒီအိမ်ကို သွားရမယ်လို့ သတ်မှတ်ပြီးသား ဖြစ်နေတယ်လို့ အကြာင်းပြတယ်။ ဒီမှာ ဖတ်ကြည့်ပါ။
`သန္ဒက၊ ဤလောက၌ အချို့သောဆရာသည် အလုံးစုံကို သိ၏၊ အလုံးစုံကိုမြင်၏။ `ငါသွားနေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏´ ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ၀န်ခံ၏။
ထိုဆရာသည် ဆိတ်သုဉ်းသော အိမ်သို့လည်း ၀င်၏၊ ဆွမ်းလည်းမရ ခွေးလည်း ကိုက်၏၊ ကြမ်းသောဆင်နှင့်လည်း တွေ့ဆုံ၏၊ (ပ) လမ်းခရီးကိုလည်းကောင်း မေး၏။
`ထိုဆရာသည် `ဤအမှုသည် အသို့ပါနည်း´ ဟု မေးသည်ရှိသော် ဆိတ်သုဉ်းသော အိမ်ကို ငါ ၀င်သင့်၏၊ ထို့ကြောင့် ၀င်၏။ ဆွမ်းကိုလည်း မရသင့်၊ ထို့ကြောင့် မရခဲ့။
`ခွေးသည် ကိုက်သင့်၏၊ ထို့ကြောင့် ကိုက်၏၊ ကြမ်းသောဆင်နှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏၊ ကြမ်းသော မြင်းနှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏၊ ကြမ်သောနွား နှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏။
`မိန်းမ၏လည်းကောင်း၊ ယောက်ျား၏လည်းကောင်း၊ အမည်ကိုလည်းကောင်း၊ အနွယ် ကိုလည်းကောင်း မေးသင့်၏၊ ထို့ကြောင့် မေး၏။ ရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း၊ အမည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း မေးသင့်၏၊ ထို့ကြောင့် မေး၏´ဟု (ဖြေဆို၏)။ (မဇ္ဈိမ ပဏ္ဏာသ၊ သန္ဒကသုတ်)
`နိဂဏ္ဌရဲ့ အဖြေက မပိုင်ဘူးလား။ အဲဒီလိုအရာရာကို ရှေးကံချည်းပဲ လွှဲချတတ်တဲ့ နိဂဏ္ဌတွေကို ဘုရားက ဒီလိုမိန့်ဖူးတယ်။
`ရဟန်းတို့၊ အကယ်၍ သတ္တ၀ါတို့သည် ရှေးကံကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန် သည်ဖြစ်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘ၀၌ ဤသို့သဘောရှိသော ဆင်းရဲပြင်းထန် အခံ ခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြာင့် မချွတ်ဧကန် ရှေးက မကောင်းမှုကံကို ပြုခဲ့သူ တို့ ဖြစ်ကုန်၏´ (မ၊ ၃၊ ဒေ၀ဒဟသုတ်)
`ဘုရားရှင်က သဗ္ဗညုတဉာဏ်ကို ၀န်ခံတယ်ဆိုတဲ့သုတ်က ဘယ်သုတ်လဲ´
`ဒဟရသုတ်လေ၊ ဒီမှာကြည့်။ မသေနဒီကောသလမင်းသည် `အရှင်ဂေါတမသည် လည်း အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိ၏´ ဟူ၍ ၀န်ခံသလောဟု မြတ်စွာ ဘုရားအား လျှောက်၏။
`မင်းကြီး၊ `အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိ၏´ဟူသော စကားကို ကောင်းစွာဆိုလိုသူသည် ငါ့ကိုသာလျှင် (ရည်ညွှန်း၍) ဆိုသည် ဖြစ်ရာ၏။ မင်းကြီး၊ မှန်၏။ ငါသည် အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိ၏´ဟု (မိန့်တော်မူ၏)။ (ကောသလ သံယုတ်၊ ဒဟရသုတ်)
`ဒါပေမဲ့ ဒီနေရာမှာ သတိထားရမှာက သဗ္ဗညူ-ဆိုတာ သဗ္ဗ-အကုန်။ ညူ-သိတာ။ အကုန်သိတယ်လို့သာ ၀န်ခံတာ။ ဘုရားက အိပ်နေတဲ့အခါမှာဖြစ်စေ၊ နိုးနေတဲ့အခါမှာဖြစ်စေ ငါဘုရားအမြဲမပြတ်သိနေတယ်လို့ ၀န်မခံဘူး။ အဲဒီလို သိနိုင်တာမျိုးလဲ မရှိဘူး။ ဆင်ခြင် လိုက်ရင်တော့ အကုန်သိနိုင်တယ်၊ မသိအောင် ဘယ်အရာကမှ မတားဆီးနိုင်ဘူး။ ဒါ့ကြောင့် သဗ္ဗညုတဉာဏ်ကို အနာဝရဏဉာဏ်လို့လဲ ခေါ်တယ်။ ၀စ္ဆပရိဗိုဇ်မေးတုန်းက ဘုရားက ဒီလို ဖြေတယ်။
`အရှင်ဘုရား၊ ရဟန်းဂေါတမသည် အလုံးစုံကို မြင်၏၊ ငါသွားနေသည်ဖြစ်စေ၊ ရပ်နေ သည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ၀န်ခံ၏ ဟူ၍ ကြားဖူးပါ၏။
`အရှင်ဘုရား၊ ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ (ပ) အမြဲမပြတ် ဉာဏ်အမြင် သည် ရှေးရှုထင်၏- ဟု အကြွင်းမဲ့ဉာဏ်အမြင်ကို ၀န်ခံ၏ ဟူ၍ ပြောဆိုသောသူတို့သည် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်၏လော´ (ပ) ဟု လျှောက်ထား၏။
`၀စ္ဆ၊ ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ (ပ) အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှု ထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ၀န်ခံ၏ ဟူ၍ ပြောဆိုသူတို့သည် ငါ၏ စကားအရ ပြောဆိုသူတို့ မဟုတ်ကုန်၊(ပ)´ဟု (မိန့်တော်မူ၏)။
`အရှင်ဘုရား၊ ထိုသို့မဟုတ်မူ အဘယ်သို့ပြောဆိုသော အကျွန်ုပ်တို့သည် မြတ်စွာ ဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်သနည်း၊ (ပ)´ဟု(လျှောက်၏)။
`၀စ္ဆ၊ ရဟန်းဂေါတမသည် ၀ိဇ္ဇာသုံးပါးရှိ၏ဟု ပြောဆိုသော သူသည် အမှန်အားဖြင့် ငါ၏ စကားအရ ပြောဆိုခြင်း ဖြစ်ရာ၏၊ ငါ့ကို မမှန်သောစကားဖြင့်လည်း မစွပ်စွဲရာ´ (မ၊ မြန်၊ ၂၊ တေ၀ိဇ္ဇ၀စ္ဆသုတ်)
တေ၀ိဇ္ဇသုတ်မှာ ဘုရားက အဲဒီလို အကုန်သိ-အမြဲသိ ဆိုတာကို ပယ်လိုက်တော့ လူထုထဲမှာ ပြောစရာစကားတစ်မျိုး ပျံ့နှံ့နေမှာပေါ့။ အဲဒီအကြောင်းကို ကောသလမင်းကြီးက ဘုရားကို လျှောက်ထားပုံကြည့်-
ထိုအခါ ကောသလမင်းကြီးသည် မြတ်စွာဘုရားအား`အရှင်ဘုရား၊ `တရားအလုံးစုံကို သိသော၊ တရားအလုံးစုံကို မြင်သော၊ အကြွင်းမဲ့ဉာဏ်ပညာရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော်လည်းကောင်း မရှိနိုင်၊ ဤသို့ ၀န်ခံနိုင်သော အကြာင်းမျိုးသည် မရှိနိုင်´ ဟု ရဟန်းဂေါတမဆို၏ ဟူ၍ အကျွန်ုပ် ကြားရပါ၏။
`အရှင်ဘုရား တရားအလုံးစုံကိုသိသော၊ တရားအလုံးစုံကိုမြင်သာ အကြွင်းမဲ့ဉာဏ် အမြင်ရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော် လည်းကောင်း မရှိနိုင်၊ ဤသို့ (၀န်ခံနိုင်) သော အကြာင်းမျိုးသည် မရှိနိုင်´ဟု ရဟန်းဂေါတမသည် ဆို၏ဟု ပြောဆိုကြသော သူတို့သည် မြတ်စွာဘုရား၏ စကားအတိုင်း ပြောဆိုကြပါကုန်သလော၊ (ပ)´ ဟု လျှောက်၏။
`မင်းကြီး၊ တရား,အလုံးစုံကို သိသော၊ တရားအလုံးစုံကို မြင်သော အကြွင်းမဲ့ ဉာဏ်အမြင်ရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သောလည်းကောင်း၊ ဗြဟ္မဏသည်သော် လည်းကောင်း မရှိ၊ ဤသို့ ၀န်ခံနိုင်သော အကြာင်းမျိုးသည် မရှိနိုင်ဟု ရဟန်းဂေါတမဆို၏´ ဟု ပြောဆိုကြသော သူတို့သည် ငါ့စကားအတိုင်း ပြောဆိုကြသည်မဟုတ်ကုန်၊ ထိုသူတို့ သည် မဟုတ်မမှန်သော အကြာင်းအရာဖြင့်လည်း ငါ့ကိုစွပ်စွဲကြကုန်၏´ဟု (မိန့်တော်မူ၏)။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ၀ိဋဋူဘစ်စစ်သူကြီးကို ခေါ်၍ `စစ်သူကြီး၊ အဘယ်သူသည် ဤစကားကို နန်းတော်အတွင်း၌ ပြောကြားလာပါသနည်း´ဟု မေးမြန်း၏။
`မင်းကြီး၊ အကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားသည် ပြောကြားပါ၏´ဟု (လျှောက်၏)။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် တစ်ယောက်သော မင်းချင်းကို ခေါ်၍ `အမောင်ယောက်ျား၊ အသင်လာခဲ့လော့။ ငါ၏စကားဖြင့် အကာသအနွယ် ဖြစ်သော သဉ္ဇယ ပုဏ္ဏားကို `အရှင်၊ သင့်ကို ပသေနဒီကောသလမင်းကြီးသည် ခေါ်၏´ ဟု ဆို၍ ခေါ်ချေလော့´ ဟု မိန့်၏။
`အရှင်မင်းမြတ်၊ ကောင်းပါပြီ´ ဟူ၍ သာလျှင် ထိုမင်းချင်းသည် ပသေနဒီကောသလ မင်းကြီးအား ပြန်ကြားလျှောက်ထား၍ အာကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားရှိရာသို့ ချဉ်းကပ်ကာ `အရှင်၊ သင့်အား ပသေနဒီကောသလမင်းကြီး ခေါ်၏´ ဟု ပြောကြားလေ၏။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် မြတ်စွာဘုရားအား `အရှင်ဘုရား၊ မြတ်စွာ ဘုရားသည် တစ်စုံတစ်ခုကို ရည်ညွှန်း၍ ဟောတော်မူသောစကားသည် ရှိတန်ရာ၏၊ ထိုစကား ကိုပင် လူအများက တစ်မျိုးတစ်မည်အားဖြင့် သိမှတ်နေရာပါ၏။ အရင်ဘုရား၊ ထိုကဲ့သို့သော စကားမျိုးကို မြတ်စွာဘုရား ဆိုဖူး၏ဟု မှတ်မိပါသလော´ ဟု လျှောက်၏။
`မင်းကြီး၊ တစ်ကြိမ်တဲဖြင့်သာလျှင် အလုံးစံကို သိနိုင်သော အလုံးစုံကို မြင်နိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော်လည်းကောင်း မရှိ။ ဤသို့ (သိနိုင် မြင်နိုင်) သော အကြောင်းမျိုးသည် မရှိနိုင်၊ ဤသို့ စကားပြောဖူးသည်ကို ငါမှတ်မိ၏´ ဟု (မိန့်တော်မူ၏)။
`အရှင်ဘုရား၊ တစ်ကြိမ်တဲဖြင့်သာလျှင် အလုံးစုံကို သိနိုင်သော အလုံးစုံကို မြင်နိုင် သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော်လည်းကောင်း မရှိ၊ ဤသို့ သိနိုင်-မြင်နိုင်သော အကြာင်းမျိုးသည် အကြာင်းမှန် သဘောကို မိန့်ဆိုတော်မူပေ၏။ အရှင်ဘုရား၊ မြတ်စွာဘုရားသည် အကြောင်းခိုင်လုံသော သဘောကို မိန့်ဆိုတော်မူပေ၏´။ (မ၊ မြန်၊ ၂၊ ကဏ္ဏတတ္ထလသုတ်)
`ကဲ-ဒီသုတ်အရ မြတ်စွာဘုရားက အကုန်သိတယ်ဆိုတာကို မပယ်ဘူး။ တစ်ကြိမ်ထဲ နဲ့အကုန်သိတာ၊ အမြဲသိနေတာကိုသာ ပယ်တယ်ဆိုတာ ထင်ရှားသွားပြီပေါ့။ ကထာဝတ္ထု ကျမ်းက အမေးအဖြေကလေး ဆက်ကြည့်ပါအုံး´
သက၀ါဒီ။ ။ မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့် `သာဝက´ တို့နှင့် ဆက်ဆံ ပါသလော။
ပရ၀ါဒီ။ ။ ဪ... ဆက်ဆံပါ၏။
သက၀ါဒီ။ ။ မြတ်စွာဘုရားသည် မာရ်ငါးပါးတို့ကို အောင်မြင်ပါသလော လူနတ်တို့ကို ဆုံးမတတ်ပါသလော မဖောက်မပြန် ကိုယ်တိုင် (သိဖွယ်တရားတို့ကို) သိပါသလော၊ အလုံးစံကို မြင်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) အရှင်သခင် ဖြစ်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) ကိုကွယ်ရာ ဖြစ်ပါသလော။
ပရ၀ါဒီ။ ။ ဪ... ဟုတ်ပါ၏။
သက၀ါဒီ။ ။ တပည့် `သာဝက´ သည်လည်း မာရ်ငါးပါးတို့ကို အောင်မြင်ပါသလော၊ လူနတ်တို့ကို ဆုံးမတတ်ပါသလော၊ မဖောက်မပြန် ကိုယ်တိုင် (သိဖွယ်တရားတို့ကို) သိပါသ လော၊ အလုံးစုံကို သိပါသလော၊ အလုံးစုံကို မြင်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) အရှင်သခင် ဖြစ်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) ကိုးကွယ်ရာ ဖြစ်ပါသလော။
ပရ၀ါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ ပ။ (ကထာဝတ္ထုပါဠိတော်၊ ဗလကထာ)
`သဗ္ဗညုတဉာဏ်အကြောင်းတော့ ရှင်းသွားပါပြီ။ နိဗ္ဗာန်ရဲ့ အနတ္တဖြစ်ပုံကလေး ဆက်ရှင်းပြပါအုံး။ ကိုယ်တော့်ရဲ့ မြတ်ပန်းရဂုံမှာပါတဲ့ ဆောင်းပါးထဲကအတိုင်း `သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ-သင်္ခါရတရားအားလုံးဟာ အနိစ္စ ဒုက္ခ´လို့ ဟောထားပြီး အနတ္တဖြစ်တဲ့ တရားကျမှ သဗ္ဗေ သင်္ခါရာလို့ မဟောဘဲ `သဗ္ဗေ ဓမ္မာ အနတ္တာ´လို့ ဟောတော် မူတဲ့အတွက် သင်္ခါရတရားအားလုံးသာ အနတ္တဖြစ်တာ မဟုတ်သေးဘူး။ အသင်္ခတဖြစ်တဲ့ နိဗ္ဗာန်လဲ အနတ္တဖြစ်တယ်။ အနတ္တမည်တယ်။
`နောက်ပြီး ပရိဝါပါဠိတော်မှာ လာတဲ့`နိဗ္ဗာနဉ္စေစ ပညတ္တိ၊ အနတ္တာဣတိ နိစ္ဆယာ´ ဆိုတဲ့ ပါဠိအရ နိဗ္ဗာန်ရဲ့ ပညတ်ကို အနတ္တလို့ ဆုံးဖြတ်ရမယ် ဆိုတာတွေ တပည့်တော် ဖတ်ပြီးပါပြီ။ ဒါပေမဲ့ ရှင်မိုးပြာ ပြောသလို နိဗ္ဗာန်ဟာ အနတ္တဆိုတော့ နိဗ္ဗာန်သည် အနှစ်သာရ မရှိဆိုတဲ့ အဓိပ္ပာယ် ရောက်မသွားဘူးလား´
ကိုယ်တော့်လို လူတွေကြောင့် မိစ္ဆာဒိဋ္ဌိသမားတွေ ခေါင်းထောင်နေသာ။ ကိုယ်ကြားဖူး နေကျ အနက်ကလေးနဲ့ အပေါ်ယံ အဓိပ္ပာယ်ကလေး ကြည့်ပြီး ပြောလို့မရဘူးလေ။ ကိုယ်တော်ဟာ တပည့်တော်ကြားဖူးတဲ့ ပုံပြင်လေးထဲက ကျေင်းဒကာမကြီးလို ဖြစ်နေပြီ။
`တောရွာတစ်ရွာမှာ ကျောင်းဒကာမကြီး တစ်ယောက်က ဥပုသ်နေ့ဆိုရင် ကျောင်းလာ ဥပုသ်စောင့်လို့ ပုတီးစိပ်တဲ့အခါ အနိစ္စ- ဒုက္ခ- အနတ္တဆိုတာကို အကျယ်ကြီး ဆိုဆိုပြီး စိပ်တာ တဲ့။ တစ်နေ့တော့ ကျောင်းကဆရာတော်က `ဒကာမကြီး၊ ပုတီးစိပ်တဲ့အခါမှာ အနက်အ ဓိပ္ပာယ်ကိုပါ ထည့်ဆိုပြီး စိပ်ရတယ်´ ဆိုတော့ `အနိစ္စ၊ အမြဲမရှိ။ ဒုက္ခ၊ ဆင်းရဲ၏။ အနတ္တ၊ ကိုယ့်ကိုယ်ကိုမပိုင် ကျောင်းဒကာကြီးသာ ပိုင်သည်´လို့ စိပ်သတဲ့။ ဘယ့်နှယ့်လဲ အဲဒီကျောင်း ဒကာမကြီးရဲ့ အနတ္တ အနက်ပေးပုံ ကြိုက်ရဲ့လား´
`ဒီိလိုဆိုရင် `သဗ္ဗေ ဓမ္မာ အနတ္တာ´ မှာ `အနတ္တာ´ ကို ဘယ်လို အနက်ပေးရမှာလဲ´
`အနတ္တဆိုတာ `န´ နဲ့ `အတ္တ´ ပေါင်းထားတာလေ။ ကိုယ်တော် အကြီးတန်းတုန်းက ကျက်ခဲ့တဲ့ အဘိဓာန်မှာ `အတ္တ´ရဲ့ အနက်ကို ဘယ်နှချက်ပြလဲ´
`မမှတ်မိတော့ဘူး။ ကိုယ်တို့ စိတ်တို့ကို ဟောတယ်ထင်တယ်´
`စိတ္တေ ကာယေ သဘာဝေ စ၊ သော အတ္တာ ပရမတ္တနိ-လေ။ သဒ္ဒါဟာ (၁) စိတ် (၂)ကိုယ် (၃) သဘောတရား၊ (၄) တိတ္ထိတို့သည် ကြံဆအပ်သော ပရမအတ္တ-လို့ အနက်လေး မျိုးကို ဟောနိုင်တယ်။ အဓိပ္ပာယ်လေးမျိုး ထွက်တယ်ပေါ့။
`ဥပမာ-အတ္တသမ္မာပဏိဓိမှာ အတ္တသဒ္ဒါက စိတ်ကိုဟောတယ်။ အတ္တသမ္မာပဏိဓိ- စိတ်ကိုကောင်းစွာ ထားခြင်းလို့ အနက်ပေးရမှာပေါ့။
`တပည့်တော်တို့ ကျက်ခဲ့ရတဲ့ ဘိက္ခုနီပါတိမောက်မှာ - ယာ ပန ဘိက္ခုနီ အတ္တာနံ ၀ဓိတွာ ၀ဓိတွာ ရောဒေယျ၊ ပါစိတ္တိယံ။ ယာ ပန ဘိက္ခုနီ အကြင်ရဟန်းမသည်၊ အတ္တာနံ ကိုယ်တိုင်။ ၀ဓိတွာ ၀ဓိတွာ၊ ထု၍ ထု၍။ ရောဒေယျ၊ ငိုငြားအံ့။ ပါစိတ္တိယံ၊ ပါစိတ်အာပတ်သင့် ၏-ဆိုတဲ့ သိက္ခာပုဒ်မှာ အတ္တသဒ္ဒါက ကိုယ်ကို ဟောတယ်။
`နောက် `အတ္တဒီပါ ဘိက္ခဝေ ၀ိဟရထ ဘိက္ခဝေ၊ ရဟန်းတို့၊ အတ္တဒီပါ၊ လောကီ လောကုတ္တရာ နှစ်ဖြာသော် ကုသိုလ်တရားတည်းဟူသော မှီခိုရာကျွန်း ရှိကုန်သည်ဖြစ်၍။ ၀ိဟာရထ၊ နေကြကုန်လော့။´ လဲဒီလို ပါဠိတွေမှာ အတ္တသဒ္ဒါက သဘောတရားဆိုတဲ့ အနက်ကို ဟောတယ်။
`ဒါပေမဲ့ နိဿယတို့ ၊ မြန်မာပြန်တို့ ကြ့ည့်ရင်တော့ ပေးရိုးပေးစဉ်အတိုင်း အတ္တ-ဆိုရင် မိမိ၊ မိမိကိုယ် ဒီလိုတွေပဲ တွေ့ရမယ်။ သို့သော်လဲ မိမိအရ တစ်ခါတစ်ရံ စိတ်ကို၊ တစ်ခါတစ်ရံ ကိုယ်ကို ကောက်ရမယ်ဆိုတာ အဋ္ဌကထာ၊ ဋီကာတွေ ကြည့်ကြည့်ပေါ့ ကိုယ်တော်ရာ။
`နောင်ဆုံးအရေးကြီးတဲ့အတ္တ-သဒ္ဒါရဲ့အနက်က တိတ္တိတွေ တွေးခေါ်ကြံဆချက်က ဥပမာ မျက်စိက အဆင်းကို မြင်တဲ့နေရာမှာ မျက်စိကလဲရုပ်၊ အဆင်းကိုလဲ ရုပ်၊ ရုပ်ရုပ်ချင်း မမြင်နိုင်ဘူး။ ကိုယ်ထဲမှာ မြင်နိုင်စွမ်းတဲ့ အရာတစ်ခု ရှိရမယ်။ အဲဒီ မြင်တဲ့အရာကို ကောင်း-မကောင်း ခံစားတာလဲ သူပဲဖြစ်ရမယ်-စသည်ဖြင့် အမျိုးမျိုး ကြံစည်ကြတာပေါ့ ကိုယ်တော်ရာ။
`နောက် ဘယ်လို ကြံစည်ကြသလဲဆိုတော့ လူတိုင်းလူတိုင်းမှာ အတ္တကလေးတွေ ကိုယ်စီရှိကြတယ်။ ကောင်းကင်ဘုံမှာ အဲဒီအတ္တကလေးတွေရဲ့ ပင်မ ဖြူစင်တဲ့ ပရမအတ္တကြီး ရှိရမယ်။ သတ္တ၀ါကိုယ်စီမှာ ရှိကြတဲ့ အတ္တကလေးတွေဟာ မဖြူစင်သေးသမျှ သံသရာမှာ ကြင်လယ်ကြရမယ်။ ဖြူစင်တဲ့ တစ်နေ့မှာ ကောင်းကင်ဘုံက ပရမအတ္တကြီးနဲ့ ပူးပေါင်းခွင့်ရပြီ ထာဝရချမ်းသာကို ခံစားရမယ် စသည်ဖြင့်ပေါ့။
`တပည့်တော်တို့ ထေရ၀ါဒစာပေက ပြောတဲ့နိဗ္ဗာန်ဟာ အနတ္တဆိုတဲ့ နေရာမှာ အဲဒီအတ္တကို အဓိက ပယ်ချင်တာ။ ကျန်တဲ့ ကိုယ်-စိတ်စတဲ့ အတ္တရဲ့အနက်တွေက သံသယ ဖြစ်စရာ သိပ်မရှိဘူး။ ဗုဒ္ဓဘာသာမှတစ်ပါး ကျန်တဲ့ အခြားခြားသော ဘာသာကြီးတွေရဲ့ နိဗ္ဗာန် မှာက မပျက်စီးနိုင်တော့တဲ့ အသက်- လိပ်ပြာ- ၀ိညာဉ်- အတ္တဆိုတဲ့ ထာဝရနာမ်ဓာတ်ရှိတယ်။ ဗုဒ္ဓဘာသာမှာတောင် မဟာယာနတို့ ဇင်တို့ရဲ့ နိဗ္ဗာန်က ထာဝရပျော်စံရာ ဌာနပဲ။ အတ္တနှင့် မကင်းဘူး။
`အသာရကဋ္ဌေန အနတ္တာ-အရ အနှစ်မရှိသောကြောင့် အနတ္တ-ဆိုတဲ့နေရာမှာလဲ အဲဒီ အတ္တဆိုတဲ့ အနှစ်မရှိတာကို ပြောတာ။ နိစ္စသာရ-နိစ္စ အနှစ်၊ သုခသာရ-သုခအနှစ်တွေ ကတော့ ရှိတယ်ပေါ့´
`ရှင်းပါပြီ၊ ရှင်းပါပြီ။ သာဓုပါဘုရား´
အရှင်ကောဝိဒ (ယော)

Read more...

အိပ်မက်အကြောင်းကို လေ့လာခြင်း (၁)


အိပ်မက်

လူသားတိုင်း အိပ်မက်မက်ကြ၏။ အိပ်မက် မမက်သူ အလွန်နည်းပါးကြ၏။ အကြံအစည်များလေ အိပ်မက်များများ မက်လေပင်။ အိပ်မက်မက်သူများမှာ အထင်အမှတ်မှားတတ်ကြသူ၊ အတွေးအကြံ၊ အယူအဆ မှားတတ်ကြ(ဝိပလ္လာသရှိ)သူ လူသားမှန်သမျှ မက်ကြသည်မှာ ဓမ္မတာပင်။ အိပ်မက်၏ အဓိပ္ပါယ်ကို ပညာရှင်ကြီးများ အဘိဓာန်ကျမ်းကြီးများမှ ဖွင့်ဆိုပုံများကို ထုတ်နှုတ်၍ လေ့လာ တင်ဆက်သွားပါမည်။

ပါဠိပဒ ပိဋကကျမ်း ဖွင့်ဆိုချက်

ပါဠိပဒ ပိဋကကျမ်းညွှန်းတွင် အိပ်မက်ကို “သုပိန” (ပု-န) (Sup+in)၊ သုပန္တိ ဧတေနာတိ သုပိနံ။ နိဒ္ဒါ၊ သုပန္တေန ဒိဋ္ဌဉ္စ။ ဏွာဒိ။ ၁၀၃ (ပု) (svapna -သံ) - - -
၁။ အိပ်မက်။
၂။ အိပ်မက်ကျမ်း။
၃။ အိပ်ငိုက်၊ အိပ်ပျော်ခြင်း။
၎။ အိပ်မက်၍ သုတ်လွတ်ခြင်း - ဟု ဖွင့်ဆိုထား၏။
(ပါဠိပဒ ပိဋကျမ်းညွန်း၊ အ-၀ဂ်၊ အပိုင်း-၄၊ နှာ-၄၅၄။)

မြန်မာ အဘိဓာန်အဖွင့်

မြန်မာအဘိဓာန်၏ ဖွင့်ဆိုချက်မှာ အိပ်နေစဉ် စိတ်အာရုံ၌ ထင်ဟပ်လာသော အကြောင်းအရာ၊ အဖြစ်အပျက်၊ အိပ်နေစဉ် အကြောင်းအရာ အဖြစ်အပျက်စသည်တို့ စိတ်အာရုံ၌ ထင်ဟပ်လာသည်ကို အိပ်မက်မက်သည်-ဟု ရှင်းပြထား၏။
(မြန်မာအဘိဓာန် အကျဉ်းချုပ်၊ အတွဲ-၅၊ နှာ-၁၉၀)

Oxford Advanced Learner’s အဘိဓာန်အဖွင့်

ယင်းအဘိဓာန်တွင် အိပ်မက်ဟု ခေါ်ဆိုသော Dream ကို
၁။ အိပ်ပျော်နေစဉ် စိတ်ထဲ၌ ဖြစ်နေသော ခံစားချက်များ၊ အဖြစ်အပျက်များ၊ ရုပ်ပုံလွှာ အစဉ်အတန်းများ၊
၂။ ရဖို့ရန် ခက်ခဲသည်ဟု ထင်ရသော တစ်စုံတစ်ခုကို ရချင် ဖြစ်ချင်သောဆန္ဒ။
၃။ တကယ်မမြင်ရသော စိတ်အခြေအနေတစ်မျိုး၊ (သို့) တကယ် မမြင်ရသော ပုံမှန်ဘဝ၏ အစိတ်အပိုင်းတစ်မျိုး။
၎။ လှပသော ပုဂ္ဂိုလ်၊ အရာဝတ္ထု။ ထူးဆန်းအံ့သြဖွင်ကောင်းသော ပုဂ္ဂိုလ်၊ အရာဝတ္ထု- ဖွင့်ဆိုထား၏။
(Oxford Advanced Learner’s P-383)

Webster’s New Collegiate Dictionary ဖွင့်ဆိုချက်

ယင်းအဘိဓာန်၌ Dream (အိပ်မက်)ကို နာမ်ပုဒ်အနေဖြင့်
၁။ အိပ်ပျော်နေစဉ် ဖြစ်ပေါ်လာတတ်သော စိတ်ကူးအတွေးများ၊ ပုံရိပ်များနှင့် စိတ်လှုပ်ရှားမှုများ။
၂။ စိတ်ကူးတစ်ခု၌ သတ္တိထူးများ ပါဝင်နေသော နိုးကြားနေသည့် ဘ၀၏ အတွေ့အကြုံ။
၃။ လှပကောင်းမွန်၊ ပျော်ရွှင်ဖွယ်ကောင်းသည့် အရည်အသွေးကြောင့် သတိပြု၊ သတိထားမိလောက်သော အရာဝတ္ထု။
၎။ (က) ပြင်းပြင်းထန်ထန် တောင့်တလိုလားသည့် ပန်းတိုင်၊ (သို့မဟုတ်) ရည်ရွယ်ချက်။
(ခ) ပြည့်ပြည့်ဝဝ ကျေနပ်ဖွယ်ကောင်းသည့် ဆန္ဒ - ဟု ဖွင့်ဆို ရှင်းလင်းထား၏။

Dream (အိပ်မက်)ကို ကြိယာပုဒ်အနေဖြင့်

၁။ အိပ်မက် မက်သည်။
၂။ ဖြစ်နိုင်ခြေ အားဖြင့် တွေးတော စဉ်းစားသည်။
၃။ အတွေးကမ္ဘာ၊ (သို့မဟုတ်) လက်တွေ့မပါသော စိတ်ကူးမှုနှင့် အချိန်ကုန်စေသည်- ဟု ဖွင့်ဆို ရှင်းလင်းထား၏။
(Webster’s New Collegiate Dictionary P-344)

Encyclopedia စွယ်စုံကျမ်းအဖွင့်

ယင်းစွယ်စုံကျမ်းကြီး၏ ဖွင့်ဆိုချက်မှာ အစဉ်အလာအားဖြင့် အိပ်မက်ဆိုသည်မှာ အိပ်ပျော်နေစဉ်အတွင်း ဖြစ်ပေါ်သော သိမှု အခြေအနေများဟု ဖွင့်ဆိုထား၏။
သို့သော် အိပ်ပျော်နေစဉ်အတွင်း ဖြစ်ပေါ်သော သိမှုအခြေအနေတိုင်းကို အိပ်မက်မက်နေသော အခြေအနေဟု မသတ်မှတ်နိုင်။ ထို့အတူ အိပ်မက်မက်စဉ် သိမှုအခြေအနေများ ပေါ်ပေါက်ရန်အတွက် လိုအပ်သော အခြေအနေ ဆိုသည်မှာ သာမန်ပြောရိုး ပြောစဉ် အိပ်ပျော်မှုမျိုးကို ဆိုလိုသည်မဟုတ် - ဟု ထပ်ဆင့် ဖွင့်ဆို ရှင်းပြထား၏။
(Encyclopedia Britannica Volume 7 P-664)
ဆက်လက်ရေးသားပါမည်။

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gmail.com

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP