* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, June 19, 2010

*အကုသိုလ်၊ သစ်ပင်နှင့် ၀န်းကျင်ထိန်းသိမ်းမှု*

အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

ဒီကနေ့ (18.06.2010) ရက်နေ့ဟာ ဆရာတော် ရဝေနွယ်-အင်းမရဲ့ သက်တော် ၄၁-နှစ်ပြည့် မွေးနေ့ပါ။ ဆရာတော့်မွေးနေ့မှာ ဆရာတော့်ကို ပူဇော်သမှုနဲ့ ဆရာတော် ရေးသားတဲ့ *အကုသိုလ်၊ သစ်ပင်နှင့် ၀န်းကျင် ထိန်းသိမ်းမှု* ဆိုတဲ့ ဓမ္မဆောင်းပါးကောင်း တစ်ပုဒ်ကို ရှာဖွေဖော်ပြ ဓမ္မဒါန မျှဝေလိုက်ပါတယ်..။

-----------------------------------------------

မနက်စောစော ကော်ဖီ သောက်ရင်းနဲ့ ပြုခဲ့တဲ့ ကုသိုလ် စာရင်းလေးကို ပြန်ဖတ်ရင်း၊ ပြန်တွေးဖြစ်ရင်းနဲ့ စိတ်က အလိုလို ကြည်နူးလာပါတယ်။ သိပ်များများ စားစားကြီး မဟုတ်ခဲ့ပေမယ့် တချို့ကုသိုလ်လေး တွေကိုတော့ ဒီနေ့အထိ သတိတရ ရှိနေတုန်းပါ။ ဥပမာ - အသက်(၅၀)ကျော် အသားမည်းမည်း အမျိုးသမီးကြီး တစ်ယောက် ခေါင်းပေါ်က မုန့်ဗန်းကြီး မှောက်ကျသွားလို့ ငိုနေတာ တွေ့ရတော့ ပါလာတဲ့ ငွေတချို့ကို ထုတ်လှူဖြစ်ခဲ့ တာမျိုးလေးတွေပါ။ အဲဒီလို အပြုအမူ ကုသိုလ်လေးကို ပြန်ဖတ်မိတိုင်း၊ ပြန်တွေးမိတိုင်း ကြည်နူးရမြဲပါ။ စာလိုပြောရင်တော့ အပရ စေတနာပေါ့။


ကုသိုလ်စာရင်းကို မှတ်တမ်းတင်ဖြစ်သလို ပြုခဲ့တဲ့ အကုသိုလ် စာရင်းကိုလည်း ဘယ်ညာပူးတွဲပြီး မှတ်တမ်းများ တင်နိုင်ခဲ့ရင် ဘယ်စာရင်းက အလေးသာသွားမလဲ၊ ကုသိုလ်ကလား၊ အကုသိုလ်ကလား၊ ပုထုဇဉ်ပီပီ အကုသိုလ်တွေကို အကြိမ်ကြိမ်တွေးခဲ့၊ အကြိမ်ကြိမ်ပြောခဲ့၊ အကြိမ်ကြိမ် ပြုခဲ့တာပါ။ သီးသန့်မှတ်တမ်း မရှိခဲ့လို့ အရေအတွက် မသိရတာသာ ရှိမယ်။ တွေးခဲ့၊ ပြောခဲ့၊ ပြုခဲ့မိတာတွေကတော့ မမြင်ရတဲ့ အရေအတွက်တစ်ခု အနေနဲ့ တည်ရှိနေကြမှာပါ။

အဲဒီအတွေးတွေဖြစ်ရင်း အခုပြောပြမယ့် ၀တ္ထုလေးက စဉ်းစားစရာအဖြစ် ပေါ်လာခဲ့တာပါ။


မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံမှာ ဥရုဝေလလို့ အမည်ရတဲ့ သဲတောင်ကြီး တစ်တောင် ရှိခဲ့ဖူးပါတယ်။


အဲဒီ သဲတောင်ကြီး ဖြစ်ပေါ်လာပုံသမိုင်းကြောင်းက ဒီလိုပါ။

မြတ်စွာဘုရား ပွင့်တော်မမူမီကာလ အဲဒီဝန်းကျင်ဒေသမှာ ရသေ့တစ်သောင်းေ နထိုင်ခဲ့ကြပါတယ်။ တစ်ပါးနဲ့ တစ်ပါး ချစ်ခင်ရိုသေမှု ရှိသလို၊ တစ်ပါးရဲ့ စကားကိုလည်း တစ်ပါးက ရိုသေ လိုက်နာလေ့ရှိပါတယ်။


တစ်နေ့မှာ ရသေ့တစ်သောင်းဟာ စည်းဝေးပွဲတစ်ခု ကျင်းပကြပါတယ်။ သူတို့ရဲ့ စည်းဝေးပွဲမှာ အဓိက အဆိုတင်သွင်းမှုနဲ့ ထောက်ခံမှု ကတိက၀တ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ငါ့ရှင် ရသေ့အပေါင်းတို့၊ ကာယကံ အပြစ်နဲ့ ၀စီကံ အပြစ်တွေကတော့ တစ်ပါးသူတွေ သိဖို့သိပ်ထင်ရှားတယ်။ မနောကံကျတော့ တစ်ပါးသူသိဖို့ မထင်ရှားတော့ဘူး။ ဒါ့ကြောင့် ရသေ့တစ်ပါးပါးဟာ ကာမဂုဏ်နဲ့ စပ်တဲ့ အကြံ၊ ဒေါသနဲ့ စပ်တဲ့ အကြံ၊ သူတစ်ပါးကို ညှဉ်းဆဲ သတ်ဖြတ်လိုတဲ့ အကြံ စတဲ့ အကြံတွေကို ကြံမိခဲ့ရင် ဘယ်သူမှ အပြစ်ပြောမယ့်သူ၊ ဆုံးမမယ့်သူ မရှိတော့ဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်တိုင် အပြစ်တင်ပြီး ဒဏ်ခတ်တဲ့အနေနဲ့ အကုသိုလ် တစ်ခုခုကို ကြံခဲ့၊ တွေးခဲ့မိရင် မြစ်ဆိပ်က သဲကို ဖက်နဲ့ယူပြီး ဒီနေရာမှာ ပုံရမယ်။ ဒီအပြုအမူဟာ ကိုယ့်အပြစ်ကို ကိုယ်တိုင် ဒဏ်ထမ်းခြင်းဖြစ်တယ်။


ရသေ့တွေဟာ သူတို့ပြုခဲ့တဲ့ ကတိက၀တ်အတိုင်း အကုသိုလ် တစ်ခုခုကို ကြံမိ၊ တွေးမိတိုင်း မြစ်ဆိပ်ကနေ သဲကို ဖက်ရွက်နဲ့ သယ်ပြီး သတ်မှတ်ထားတဲ့ နေရာမှာ သွားပြီး ပုံလေ့ရှိပါတယ်။ ကာလာတွေ ကြာလာတော့ စောစောက ပြောခဲ့တဲ့ ဥရုဝေလလို့ ခေါ်တဲ့ ကြီးမားတဲ့ သဲတောင်ကြီး ဖြစ်လာခဲ့ပါတယ်။

ရသေ့တွေ စုပုံခဲ့တဲ့ သဲတောင်ကြီးဟာ ကာလကြာကြာ တစ်ခုအထိ တည်ရှိနေခဲ့မှာပါ။ လူသားတွေက အဲဒီသဲတောင်ကြီးကို ကြည့်ပြီး တော်တော် အကုသိုလ်များတဲ့ ရသေ့တွေပါလားလို့ ဘယ်သူမှ ကဲ့ရဲ့မယ် မထင်ပါဘူး။ မကဲ့ရဲ့မယ့်အပြင် ဒီသဲတောင်ကြီးဟာ ရသေ့တွေရဲ့ ရိုးဖြောင့်မှု၊ မာယာ သာဌေယျ ကင်းမှု၊ လူသားပီသတဲ့ သတ္တိရှိမှု စတဲ့ သင်္ကေတပြယုဂ်ကြီးပဲလို့ နှလုံးသွင်းပြီး ဆထက်ထမ်းပိုး တိုး၍တိုး၍သာ ကြည်ညိုဖြစ်ကြမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လူသားတွေဟာ ရိုးဖြောင့်မှုကို ကြည်ညိုတတ်တဲ့ သဘာဝက အစဉ်အမြဲ ရှိနေတတ်ကြလို့ပါ။


ဒီခေတ်မှာကော ရသေ့တွေရဲ့ အပြုအမူကို အတုယူဖြစ်ရင် ကောင်းမလားလို့ပါ။

တစ်ခုတော့ ရှိတာပေါ့လေ၊ ရသေ့တွေလို ရန်ကုန်မြစ်ထဲ၊ ဒေါပုံမြစ်ထဲက သဲတွေ ယူပုံလို့တော့ ဘယ်ဖြစ်တော့မလဲ၊ တိုက်တာ အဆောက်အဦး တွေက နေ့စဉ် ဆောက်နေကြရတာ ဆိုတော့ သဲတွေက တိုက်တာ အဆောက်အဦးတွေ အတွက် အသုံးချနေ ရတာကိုး။


ဒါဆို ဘာလုပ်ကြရင် ကောင်းမလဲ၊ စဉ်းစားဖြစ်တာကတော့ သစ်ပင်စိုက်ကြရင် ကောင်းမလား လို့ပါ။

အကုသိုလ် တစ်ခုခုကို တွေးမိ၊ ပြောမိ၊ ပြုလုပ်မိတိုင်း သစ်ပင်တစ်ပင်ပင် စိုက်လိုက်ဖို့ ပါပဲလေ။ သစ်ပင်စိုက်ဖို့ နေရာတစ်ခုကိုတော့ သတ်မှတ်ထားကြ ရမှာပေါ့။


ကာလ ကြာလာတာနဲ့အမျှ တောအုပ်ကြီး တစ်ခုဖြစ်လာမှာပါ။ ဒါဆို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းပြီး သားလည်းဖြစ်၊ ရာသီဥတုကိုလည်း သာယာစေ၊ ပူအိုက်လှတဲ့ ရာသီဥတု ကိုလည်း ကာကွယ်နိုင်၊ မိုးနည်းဒေသ ဆိုတာလည်း လျော့ပါး စသည်ဖြင့် တွေးမယ်ဆို အကျိုးသက်ရောက် မှုတွေ အများကြီးပါ။

ပြီးတော့ အဲဒီ တောအုပ်ကြီးကို ဘယ်သူကမှ အကုသိုလ် တောအုပ်ကြီးလို့ ခေါ်မယ် မထင်ပါဘူး။ ဒါလူသားတွေရဲ့ ရိုးဖြောင့်မှု သင်္ကေတ ပြယုဂ်ကြီး တစ်ခုအဖြစ်ပဲ သတ်မှတ်ကြည်ညို လေးစားဖြစ်ကြမှာပါ။


လူ့သဘာဝအရ ဘယ်သူမှ အကုသိုလ်နဲ့ မကင်းကြပါဘူး၊ အကုသိုလ်ကို ဖုံးကွယ်သူနဲ့ ဖွင့်လှစ်ဖော်ထုတ် ပြ၀ံ့သူသာ ကွာသွားပါလိမ့်မယ်။

နောက် လူ့သဘာဝတစ်ခုက အကုသိုလ်ကို ဖုံးကွယ်သူကို စက်ဆုပ်ပြီး ဖွင့်လှစ်ဖော်ထုတ် ပြ၀ံ့သူကို ကြည်ညို လေးစားတတ်ကြ တာပါ။ အဓိကကတော့ သစ်ပင်စိုက်ရဲတဲ့ သတ္တိပါ။


အဲဒီတောအုပ်ထဲမှာ အလွှာမျိုးစုံ၊ နယ်ပယ်စုံက လူတွေရဲ့ သစ်ပင်တွေကို တွေ့ကြရမှာပါ။

ဟောဒါကတော့ ဆရာ ချစ်ဦးညိုရဲ့ သစ်ပင်၊ ဒါကတော့ ဆရာ မောင်စိန်ဝင်း( ပုတီးကုန်း)ရဲ့ သစ်ပင်၊ ဒါက ဆရာ ဦးဝင်းငြိမ်းရဲ့ သစ်ပင်၊ ဒါကတော့ ကိုဦးဆွေရဲ့ သစ်ပင်၊ ဒီသစ်ပင် လှလှကလေး ကတော့ ဘယ်မင်းသမီး ကလေးရဲ့ သစ်ပင်၊ ဒီသစ်ပင်ကြီး ကတော့ ဘယ်စီးပွားရေး သမားကြီး သစ်ပင်၊ ဒီသစ်ပင် အမြင့်ကြီးကတော့ ဘယ်အထူးကု ဆရာဝန်ကြီးရဲ့ သစ်ပင် စသည် စသည်ဖြင့်ပေါ့။ ကမ္ဗည်းမှတ်တိုင် တွေနဲ့ အလွှာမျိုးစုံ နယ်ပယ်စုံက လူတွေရဲ့ သစ်ပင်မျိုးစုံကို တွေ့ကြရမှာပါ။ ပြီးတော့ အဲဒီသစ်ပင်တွေကို ကြည့်ပြီး ကြည်ညိုမှု သဒ္ဓါတရား တွေလည်း ပွားဖြစ်ဦးမှာပါ။


တကယ်လို့သာ အဲဒီတောအုပ်ကြီး ဖြစ်ခဲ့ရင် မိမိကိုယ်တိုင်လည်း သစ်ပင် သွားစိုက်လိုက် ချင်ပါတယ်။ ဘယ် နှစ်ပင်လောက် စိုက်ဖြစ်မယ်တော့ မသိပါဘူး။ စိုက်ဖြစ်ဖို့ကတော့ အသေအချာပါ။

တောအုပ်ကြီးသာ ဖြစ်လိုက်ပါတော့။


သစ်ပင် သွားစိုက်ရင်းနဲ့ အဲဒီ တောအုပ်ကြီးထဲမှာပဲ ကိုယ့်ရဲ့ ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်နေတဲ့ စိတ်ကလေးကို သတိကပ်ပြီး ဘယ်လိုစိတ်ကလေး ဖြစ်နေသလဲ။ အဲဒီဖြစ်နေတဲ့ စိတ်ကလေးက ဘယ်လို သဘောလေး ဖြစ်နေတာလဲ စသည်ဖြင့်ပေါ့။ ဥပမာ - လောဘ ဖြစ်နေတယ် ဆိုရင်လည်း လောဘလေးက ဘယ်လို သဘောလေး ဖြစ်နေတာလဲ၊ လောဘရဲ့ သဘောလေးက ဘယ်လိုလေးလဲ စသည်ဖြင့် ဖြစ်နေတဲ့ လောဘ စိတ်ကလေးကို သတိကပ်ပြီး လောဘဖြစ်တယ်၊ လောဘဖြစ်တယ် ဆိုပြီး စိတ်ကို ရှုမှတ်တဲ့ စိတ္တာ နုပဿနာခေါ်တဲ့ သတိပဌာန် တရားလေးလည်း ခန္ဓာကိုယ် တစ်နွေးစာလောက် ရှုမှတ်ခဲ့ချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီရှုမှတ်စဉ် ကာလလေးမှာ ငြိမ်းချမ်းတဲ့ ဘ၀လေးတစ်ခုခုကို တဒင်္ဂပဲဖြစ်ဖြစ် ရလိုက်ချင်လို့ပါ။


------------------------------------------------

(ရဝေနွယ် (အင်းမ) ၏ အကုသိုလ်၊ သစ်ပင် နှင့် ၀န်းကျင်ထိန်းသိမ်းမှု) by Green Myanmar (ဆရာတော် ရဝေနွယ်(အင်းမ))
http://greenmyanmar.blogspot.com/2008/02/blog-post_28.html

လေးစားရိုသေစွာဖြင့်
ဖိုးသား

Read more...

*ထေရ၀ါဒဗုဒ္ဓဘာသာ၏ရည်၇ွယ်ချက်ပန်းတိုင်*

ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာ၏ရည်ရွယ်ချက်ပန်းတိုင်မှာ မဂ်ဥာဏ်ဖိုလ်ဥာဏ်ကိုရကာ အေးငြိမ်းသော နိဗ္ဗာန်ကို မျက်မှောက်ပြုရေးပင်ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် ပွင့်တော်မူခြင်းကလည်း သတ္တ၀ါအားလုံးကို တရားရေအေး တိုက်ကျွေးပြီး အေးငြိမ်းသောနိဗ္ဗာန်ကို မျက်မှောက်ပြုစေလိုသော ရည်ရွယ်ချက်ပင်ဖြစ်ပါ သည်။ ထို့ကြောင့်လည်း စလင်းကန်ဆရာတော်ဘုရားကြီးက-
“အို…လူအများတို့၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ ဘာဝမ်းနည်းစရာရှိသလဲ၊ ယခုအခါ ဓမ္မ ခန္ဓာဘုရားတွေ အများကြီးရှိသေး၏။ ကံ၊ ပါရမီရှိလျှင် ရလိမ့်မည်ဟူ၍သာ အေးအေးစက်စက် နေကြလျှင် အများကြီးနစ်နာကြပေလိမ့်မည်။ စာမတတ်လို့ ဘာမတတ်လို့လဲမလုပ်ကြပါနှင့်၊ ဆရာကောင်းနှင့်တွေ့ လျှင်ရနိုင်ပါသည်။ သို့အတွက် အို… လူအများတို့ ယခုအခါ ကံပါရမီကို မေးရန်မလိုပါ။ ရှင်ဘုရင်သားဖြစ်ပြီး အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလို။ မုတ်ဆိတ်ပျားဆွဲသူသည် တခြားသွားပြီး ပျားများ ဖွတ်ရန်မလို၊ ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိလျက်နဲ့ မထွက်သော်၊ ကံပါရမီကို ချဖွယ်မလို၊ အညစ်အကြေးလူးသူသည်ရေစင်ရှိလျှက်မဆေးသော် ရေ၌အပြစ်ဆိုဖွယ်ရာမလို၊မိမိကသာဖျင်းလို့၊အ,လို့၊ န,လို့၊ဖြစ်သည်။ အသေနည်းသေးတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏။ ကြောက်ကြ၊ လန့်ကြ၊ ထိတ်ကြ။ အို…လူအများတို့၊ သို့အတွက် တရားအားထုတ်ကြပါကုန်လော့။”
ဟူ၍ မဂ်ဥာဏ်ဖိုဥာဏ် ရကြောင်းလမ်းဖြစ်သည့် ၀ိပဿနာတရားကို အားထုတ်ကြရန် အရေးတကြီးတိုက် တွန်းတော်မူခဲ့ပါသည်။
ရခဲလှသောလူ့ဘ၀မှာ မဂ်ဥာဏ်ဖိုဥာဏ် ၀ိပဿနာတရား အားထုတ်ခြင်းသည် အကောင်းဆုံးနှင့် တန်ဖိုး အရှိဆုံး အနှစ်သာရ တစ်ခုပင်ဖြစ်ပါသည်။

ကိုးကား - မျက်ရည်မကျခင်သိစေချင် မေတ္တာရှင်(ရွေပြည်သာ)
ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာပန်းတိုင်ကို လျှောက်လှမ်းနိုင်ကြပါစေ။

Read more...

စင်ကာပူကဘာသာကူးပြောင်းသူများ

ဒီနေ့ မနက်ခင်းမှာတော့ စင်ကာပူနိုင်ငံထုတ် စထရိတ်တိုင်းမ်စ်သတင်းစာကြီးကို ကောက်ကိုင်လိုက်ပါတယ်။ (အင်တာနက်စာမျက်နှာပေါ်မှာပါ၊) ကော်ဖီတစ်ခွက်တည်းသာ ရှိတဲ့ နံနက်စာဟာလည်း ကျေနပ်ဖွယ်ရာပါပဲ။ သတင်းစာမျက်နှာပေါ်က ဖိလစ်လင်း၊ တိုးလီ ဟွန်းနဲ့ ရှင်းအိုင်ပင်းတို့ရဲ့ ဘာကြောင့်စွန့်ခွာကြလဲ(Why we left)ဆိုတဲ့ စင်ကာပူက ဘာသာကူးပြောင်းကြသူများအကြောင်းဆောင်းပါးဟာ ကော်ဖီတစ်ခွက်နဲ့ လိုက်ဖက်တဲ့ ဗာရာဏသီနံနက်စာဖြစ်သွားခဲ့ပါတယ်။ ရေးထားတာကတော့ ကျယ်ဝန်းပါတယ်။ အတိုချုပ်လေးပဲ ပြောပြပါ့မယ်။

တာအိုဘာသာကနေ အခြားဘာသာကူးပြောင်းရခြင်းရဲ့ အဓိက အကြောင်းတရားတွေကတော့ ရိုးရာဆုတောင်း ၀တ်ပြုမှုတွေဟာ တိုးပွားများပြားလာတဲ့ လူမှုရေးရာတွေကို အဖြေရှာမပေးဘူးဆိုတဲ့ ခံစားမှုကနေ ဖြစ်ပေါ် လာခြင်းပါပဲတဲ့။

အရောင်းကိုယ်စားလှယ် ဂျိုဗင်း ဆင်း(၄၈ နှစ်)ကတော့ အလုပ်အကိုင်နဲ့ ကလေးနှစ်ယောက်တာဝန်တွေရဲ့ ဖိအားတွေများလာချိန်လွန်ခဲ့တဲ့ ကိုးနှစ်က ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့တာပါ။ ဆင်းက အဲဒီအချိန်တုန်းက သူမမှာ ဖြစ်ပေါ်နေတဲ့ မေးခွန်းတွေအတွက် သူမ မူလကိုးကွယ်နေတဲ့ ဘာသာတရားမှာထက် ဗုဒ္ဓဘာသာမှာပဲ အဖြေတွေ့ခဲ့တယ်လို့ ပြောပြပါတယ်။

ကျွန်မမှာ ဘ၀နဲ့ ပတ်သက်တဲ့ သံသယတွေ မေးခွန်းတွေအများကြီးရှိနေခဲ့တာပါ။ အံ့သြစရာပါပဲ ကျွန်မဖတ်မိတဲ့ ဗုဒ္ဓဘာသာကျမ်းစာတွေမှာ အဖြေတွေ သွားတွေ့ခဲ့တာရှင့်။ သူမက နတ်ကိုးကွယ်မှုကို အခြေခံတဲ့ တာအို ဘာသာထက် ဗုဒ္ဓတရားတော်တွေက သူမကို ပိုမိုစိတ်ကျေနပ်မှုပေးတယ်လို့လည်း ထပ်လောင်း ပြောပြ ပါသေးတယ်။

ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက ကျွန်မတို့ဟာ ကျွန်မတို့ ပြုလုပ်တဲ့ ကံတွေရဲ့ အကျိုးဆက်ကို ခံယူကြရမယ် ဆိုတာပါပဲ။ အဲဒီတရားတော်က ကျွန်မတို့ဘ၀ကို လွှမ်းမိုးအုပ်ချုပ်နေတဲ့ တန်ခိုးရှင်ရှိတယ်၊ ကျွန်မတို့ဟာ အဲဒီတန်ခိုးရှင်ရဲ့လက်အောက်မှာ ကူကယ်ရာမဲ့ဖြစ်နေကြတယ်ဆိုတဲ့ မျက်နှာဖုံးကြီးကို ဆွဲခွာပစ်လိုက်တာပါပဲ။

လူမှုဗေဒပညာရှင် တွန် ချီး ကျိယွန်ကတော့ သူ့ရဲ့ဘာသာတရားကို ရာရှင်ခွဲခြင်းဆိုတဲ့ စာအုပ်မှာ ဘာသာ အမျိုးမျိုးလက်ခံတဲ့ စင်ကာပူဟာ အပြောင်းအလဲတွေအများကြီးကို လက်ကမ်းနေသလို ဒီနေ့ စင်ကာပူ နိုင်ငံပြည်သူတွေဟာလည်း ယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်ပြီး မျက်စိမှိတ်လက်ခံတာမျိုးကို မနှစ်သက်ကြတော့ ဘူးလို့ ဖော်ပြထားပါတယ်။

ဗုဒ္ဓဘာသာနဲ့ ခရစ်ယန်ဘာသာတို့ရဲ့ လူမှုရေးအသွင်လက္ခဏာတွေက လူငယ်ထုကို စွဲဆောင်နိုင်တယ်လို့ ပြောတဲ့ အမျိုးသားပညာရေးသိပ္ပံက အင်္ဂလိပ်ဘာသာစကားနဲ့ စာပေကထိကဖြစ်သူ ဒေါက်တာဖီးလစ်ချူးရဲ့ စကားကတော့ မှတ်သားစရာပါ။ ဒေါက်တာချူးက ၁၂ နှစ်ကနေ ၁၈ နှစ်ကြားရှိ လူငယ်လေးတွေရဲ့ ဘာသာကူးပြောင်းမှုကို နှစ်နှစ်ကြာအောင်လေ့လာခဲ့တဲ့ သူမရဲ့ သုတေသနကို ကိုးကားပြီးတော့ ပြောပြခဲ့တာပါ။

လူငယ်တွေအနေနဲ့ ဘာသာတရားရွေးချယ်ရာမှာ သူတို့ရွေးချယ်လိုက်တဲ့ ဘာသာတရားရဲ့ သွန်သင်ချက် တရားနဲ့ ဒဿနအမြင်တွေထက် လူမှုရေးအသွင်လက္ခဏာတွေကိုပဲ အဓိကထားကြပါသတဲ့။ လူငယ်တွေက ပိုင်ဆိုင်ချင်ကြတာလေ။ သူတို့က ဘာသာရေးတရားတွေထက် မိတ်ဆွေရှာနေကြတာပါ လို့ သူမပြောပါတယ်။

ဓမ္မဂင်္ဂါ
၁၉-၀၆-၂၀၁၀

မူရင်းစာမျက်နှာ

Read more...

နဲနဲလေးတော့ လွဲနေတယ် (၇)...

အလှူလှူတာလား…၊ ဂုဏ်ယူတာလား…
ဒီနေ့ခေတ် ဗုဒ္ဓဘာသာအများ အလှူလှူတာနဲ့ ပတ်သက်ပြီး လွဲနေတာလေးတွေ ရှိပါတယ်။ တစ်ချို့ ဗုဒ္ဓဘာသာဝင်တွေဟာ အလှူလှူတာထက် ဂုဏ်ယူတာတွေက များနေတာကို တွေ့ရတတ်ပါတယ်။ တောရွာတွေမှာဆို ပိုဆိုးပါတယ်။ အလှူလုပ်တာ အကြွေးအတင်ခံပြီးတော့ကို လုပ်တတ်တာတွေပါ။ ဘုန်းဘုန်းတို့ ငယ်ငယ်တုန်းက ရှင်ပြုတုန်းကလည်း ဘုန်းဘုန်းတို့ ညီအစ်ကိုတွေ ရှင်ပြုပွဲ ကြီးကြီးကျယ်ကျယ် လုပ်နိုင်ဖို့ ဒကာကြီးက အိမ်ကလယ်တွေကိုတောင် ပေါင်ပြီး အကြွေးအတင်ခံ ချေးငှါးပြီး လှူတာကို သတိရမိပါတယ်။ ဒီနေ့အထိပဲ တောရွာတွေမှာ အလှူလုပ်ပြီဆိုရင် ဂုဏ်တုဂုဏ်ပြိုင်တွေ ဆိုင်းတွေ၊ အငြိမ့်တွေနဲ့ သူ့ထက်ငါ အပြိုင် လှူနေကြတာကို တွေ့ရတတ်ပါတယ်။ အလှူပွဲပြီးလို့ ကိုယ်လှူတဲ့ အလှူအကြောင်း ပြန်စဉ်းစားလိုက်ရင် ကုသိုလ်တစ်ပဲ ငရဲက တစ်ပိဿာ ဆိုသလို ဖြစ်နေကြတာကို တွေ့ရပြန်ပါတယ်။ ခုနောက်ပိုင်း မြို့တွေမှာလည်း တစ်ချို့က ဘယ်နေရာမှာမ၊ ဘယ်လိုနာမည်ကြီး အဖွဲ့တွေနဲ့မှ စသဖြင့် ဂုဏ်တုဂုဏ်ပြိုင် သဘောတွေက အများကြီး ဖြစ်နေတာကို တွေ့ရပြန်ပါတယ်။

ပိုဆိုးတာက အလှူလုပ်ပြီး ကုသိုလ်စိတ်နဲ့ ပီတိတိုးရမယ့်အစား အကြွေးတွေ၊ ဟိုပြဿနာ၊ ဒီပြဿနာတွေ၊ ဟိုကိစ္စ၊ ဒီကိစ္စတွေ တွေးရင်း ဒီအလှူပွဲကြီး လုပ်လိုက်မိတာ မှားပါလားဆိုတဲ့ နောင်တ ရမှုမျိုးတွေ ဖြစ်နေတာက ပိုဆိုးပါတယ်။ အလှူလှူပြီးနောက်ပိုင်းမှာ ဖြစ်ရမယ့် ၀မ်းမြောက်မှုပီတိနဲ့အတူ ပြည့်စုံရမယ့် အပရစေတနာက မပြည့်စုံတော့ဘဲ အလှူကြောင့် ရခဲ့တဲ့ နောင်တကြောင့် စေတနာသုံးတန် မပြဋ္ဌာန်းနိုင်တာက မလိုအပ်တဲ့ ချဲ့ထွင်မှု ဂုဏ်ပကာသနတွေရဲ့ ရလာဘ်တစ်ခု ဖြစ်နေတတ်ပါတယ်။ အလှူကြီးလှူပြီး စေတနာသုံးတန် မပြဋ္ဌာန်းနိုင်တဲ့အတွက် အကျိုးတရား အပြည့်မရတဲ့အခါ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဆိုတာ ဖြစ်ကုန်ပါတော့တယ်။ ဒါကြောင့် အလှူလှူတာကို အလှူနဲ့တူအောင် လှူနိုင်ဖို့ မလိုအပ်တဲ့ ချဲ့ထွင်မှုတွေနဲ့ ငါဘယ်လောက်လှူနိုင်တယ်ဆိုတဲ့ ဂုဏ်တုဂုဏ်ပြိုင်မှုတွေနဲ့ မလှူမိကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

တကယ်ဖြစ်သင့်တာက အလှူလှူတဲ့ ရည်ရွယ်ချက်က ဒါနမြောက်ဖို့နဲ့ စည်းစိမ်ဥစ္စာတွေအပေါ်မှာ တပ်မက်တတ်တဲ့ လောဘ၊ မပေးလို မလှူလိုမှု မစ္ဆရိယတွေ လျော့နည်းအောင် လှူနိုင်ဖို့ ကြိုးစားတဲ့ အလှူမျိုး ဖြစ်သင့်ပါတယ်။ ဘယ်လောက်လှူနိုင်တာ၊ ဘယ်လိုလှူနိုင်တာက အရေးမကြီးဘဲ လိုအပ်တဲ့နေရာမှာ တတ်နိုင်တဲ့ အတိုင်းအတာနဲ့ စေတနာသုံးတန် ပြဋ္ဌာန်းနိုင်အောင် လှူတတ်ဖို့နဲ့ လှူနိုင်သမျှ အတိုင်းအတာ အလျောက် ကိုယ့်သန္တာန်မှာ လောဘတွေ၊ မစ္ဆရိယတွေ လျော့နည်းနိုင်မှုက ပိုပြီးအရေးကြီးပါတယ်။ ပျော်ပွဲရွှင်ပွဲများနဲ့ အလှူပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပနိုင်တာထက် တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းနဲ့ လိုအပ်တဲ့နေရာမှာ၊ လိုအပ်တဲ့အရာကို လှူရင်း တရားလည်းနာ၊ ၀ဋ်ကင်းပြတ်ရာကိုလည်း အာရုံပြုနိုင်တဲ့ အလှူမျိုး လှူနိုင်တာက အဓိကကျပါတယ်။ မလိုအပ်တဲ့ ချဲ့ထွင်မှုတွေနဲ့ အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင် တက်ပြတာထက် အကျဉ်းချုံးပြီး ကိုယ်လှူတာကိုယ်သိတဲ့ ပုံစံမျိုးနဲ့ ဂုဏ်တုဂုဏ်ပြိုင်မရှိ ကိုယ့်ကိုယ်ကို နှိမ့်ချစွာ လှူနိုင်တာက အလှူအကျိုးပိုကြီးနိုင်ပါတယ်။

ဒါကြောင့် အလှူလုပ်လိုတာထက် ဂုဏ်တုဂုဏ်ပြိုင် လုပ်ချင်တာတွေက ပိုများတတ်တဲ့ မြန်မာဗုဒ္ဓဘာသာ အချို့အနေနဲ့ အလှူလှူတာနဲ့ ဂုဏ်ယူတာကို ကွဲပြားအောင် ခွဲခြားပြီး ပြိုင်ဆိုင်မှုမပါ၊ ဂုဏ်ပကာသနမဖက်ဘဲ ရှိသမျှအတိုင်း အတာလေးနဲ့ စေတနာသုံးတန် ပြဋ္ဌာန်းပြီး လှူနိုင်သမျှ လှူရင်း လောဘနဲ့ မစ္ဆရိယကို လျော့နည်းစေကာ ၀ဋ်ဒုက္ခမှ ကင်းလွှတ်တဲ့ အလှူလုပ်မှုမျိုး ဖြစ်အောင် ကြိုးစားသင့်ကြောင်း လွဲတတ်တာလေးတွေကို သတိချပ်နိုင်ဖို့ အသိပေးစကား ပြောကြားလိုက်ရပါတယ်။

Read more...

ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော (သို့မဟုတ်) ချစ်ခင်သူတွေကို ခွဲခွါထားတဲ့ ကမ္ဘာ့ရွာ

ဂလိုဘယ်လိုက်ဇေးရှင်းဟာ ကမ္ဘာရွာကြီးတစ်ရွာနဲ့ တူတယ်လို့ပြောကြတယ်။ ဒါကို ကျုံ့ လာတယ်၊ စုစည်းလာတယ်၊ နီးကပ်လာတယ်၊ တစ်နေရာနဲ့တစ်နေရာ အသိအမြင်တွေ ရရှိဖို့အတွက် လျင်မြန်လာတယ်လို့ ဆိုခဲ့ယင် အဲဒီရွာကြီးထဲက အိမ်တွေကကော ကျုံ့လာပါသလား၊ စုစည်းလာပါသလား၊ နီးကပ်လာပါသလား၊ အသိအမြင်တွေ ရရှိဖို့ လျင်မြန်လာပါသလားဆိုတာပါ။ တခါ အဲဒီအိမ်တိုင်းအိမ်တိုင်းမှာရှိတဲ့ မိသားစုဝင်တွေကကော အချင်းချင်း နီးကပ်လာပါသလား၊ စုစည်းလာပါသလား၊ အသိအမြင်တွေ ချက်ချင်ဖလှယ်နိုင်ကြပါသလားဆိုတဲ့ ထပ်ဆင့်မေးခွန်းပါ။ အဲဒီရွာကြီးထဲက အိမ်တိုင်းအိမ်တိုင်းရှိ မိသားစုတိုင်းမိသားစုတိုင်းဟာ ချစ်ချစ်ခင်ခင် အတူနေထိုင်ခွင့် ရချင်ကြပါလျှက် အချို့မိသားစုဝင်တွေအချင်းချင်း ဘာ့ကြောင့် ခွဲခွါစေခဲ့သလဲ။


မျက်မှောက် နှစ်ဆယ့်တစ်ရာစုခေတ်ကို အချို့ကလည်း တိုးတက်တယ်လို့ ပြောတယ်။ ဒါကတော့ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာကို အလေးပေးပြောဆိုခြင်း ဖြစ်မှာပါ။ အချို့ကလည်း ဆုတ်ယုတ်သွားတယ်လို့ ပြောကြပြန်တယ်။ ဒါကတော့ နာမ်ပိုင်းဆိုင်ရာဘက်ကို အသားပေးပြောဆိုခြင်း ဖြစ်နိုင်ပါတယ်။ ဘာသာရေးသမားကလဲ အမြင်တစ်မျိုးနဲ့ ပြောမှာပါ။ အဲသလိုပါပဲ စီးပွါးရေးသမားကလဲ သူမြင်သလို သိပ္ပံပညာရှင်ကလဲ သူ လက်လှမ်းမိသလောက် နိုင်ငံရေးသမားကလဲ သူသိတဲ့အတိုင်း ပြောကြမှာပါ။ အခြားအခြား သူများကလည်း သူတို့ ညဏ်မီသလောက် ပြောကြမှာပါပဲ။


အဘယ်သို့ပင်ဆိုကြစေ ငြင်းကွယ်လို့မရတဲ့အချက်ကတော့ ဒီခေတ်ကြီးမှာ သားအမိအချင်းချင်း၊ သားအဖအချင်းချင်း၊ မောင်နှမအချင်းချင်း၊ ချစ်သူအချင်းချင်း၊ ဇနီးမောင်နှံအချင်းချင်း၊ ဆရာနဲ့တပည့် စသဖြင့် ခွဲခွါနေကြရတာပါ။ မိဘက တစ်နိုင်ငံ၊ ကိုယ်ချစ်သူက တစ်နိုင်ငံ၊ ကိုယ့်သားသမီးက တစ်နိုင်ငံ၊ ကိုယ်ကိုယ်တိုင်က တစ်နိုင်ငံ ဒီလိုနဲ့ ခွဲခွါနေကြရတယ် ဆိုတာပါပဲ။ ဒါကလည်း တစ်ဦးတစ်ယောက်၊ တစ်နိုင်ငံမှာ ဖြစ်နေတာမဟုတ်ဘဲ လူအားလုံး နိုင်ငံအားလုံးနီးပါးမျှ ဖြစ်နေကြတာပါ။


အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော။ ဒီစာသားတွေကိုတော့ တော်တော်များများက ကြားဖူးပြီးသားဖြစ်မလားပဲ။ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော--ဆိုတာက မချစ်မနှစ်အပ်သူတွေနဲ့ အတူတကွ ပေါင်းဖော်နေရခြင်းဟာ စိတ်ဆင်းရဲရတယ်လို့ ဆိုပါတယ်။ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော-ဆိုတာကတော့ ချစ်နှစ်အပ်သူတွေနဲ့ ကွေကွင်းခွဲခွါနေရခြင်းဟာ စိတ်ဆင်းရဲရတယ်လို့ ဆိုတာပါ။


လောကမှာ စိတ်ဆင်းရဲစရာတွေက အများသား။ ဒီများစွာထဲမှာမှ မြတ်ဗုဒ္ဓက ဒီနှစ်ချက်ကို တရားဦး ဓမ္မစကြာမှာ ထည့်သွင်းလို့ ဟောကြားခဲ့ပါတယ်။ ဒီလိုဆိုတော့လဲ ဒီဒုက္ခဟာ အခြားဒုက္ခတွေထက် အရေးများ ပိုလို့ပါနေသလား ဆိုတာပါ။ အဲဒီဒုက္ခနှစ်မျိုးထဲကမှ ဒီခေတ်ဟာ မချစ်မနှစ်သက်သူတွေနဲ့ အတူတကွပေါင်းဖော်နေရတဲ့ ဆင်းရဲခြင်းထက် ချစ်နှစ်သက်သူတွေနဲ့ ခွဲခွါနေရခြင်းက ပိုလို့များ ဆင်းရဲခြင်းတွေ ဖြစ်နေသလားဆိုတာပါ။



စားဝတ်နေရေးစသဖြင့် ရုပ်ပိုင်ဆိုင်ရာလိုအပ်ချက်တွေ၊ လုံခြုံမှုရလိုခြင်း, ချစ်ခင်လိုခြင်း, အထင်ကြီးခံလိုခြင်း, စသဖြင့် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ သူသူကိုယ်ကိုယ် ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းချင်ကြ ပြည့်ဝချင်ကြပါတယ်။ ဒီလိုအပ်ချက်များစွာထဲကမှ သူသူကိုယ်ကိုယ် အားလုံးဟာ ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ အတူတူပဲ နေထိုင်လိုကြခြင်းဟာလဲ တစ်ခုအပါအ၀င်ပါ။ ခွဲခွါလို့ ခပ်ဝေးဝေးကြီးမှာ နေချင်ကြမှာ မဟုတ်ပါ။ ချစ်ခင်မှုနောက်မှာ ပူပင်သောကဆိုတာက ကပ်လို့ပါနေတာပါ။ အဲဒီလို ခွဲခွါနေကြရတဲ့အခါ မျက်မှောက်ရှေ့မှာ မြင်ခွင့်မရကြတော့ ပိုလို့များ ပူပန်နေမိကြသလား ဆိုတာပါ။ ဒါကိုပဲ မိဘတွေ၊ ကိုယ်ချစ်တဲ့ ချစ်သူတွေ၊ ကိုယ့် မောင်နှမ သားချင်းတွေနဲ့ ခွဲခွါနေရတဲ့အတွက် ပူပန်နေရတာတွေ အပူတွေ များနေလို့ အချို့အမျိုးသမီးများ ပြောတာက ခေတ်သစ် မပဋာ-များ ဖြစ်နေသလားမသိပါ ဆိုတဲ့စကားပါ။


တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြတယ်ဆိုရာမှာ -ပုဗ္ဗေ၀ သန္နိဝါသေန၊ ပစ္စုပ္ပန္န ဟိတေန ၀ါ-ဆိုတဲ့စကားအရ ရှေးဘ၀တုန်းက ဘ၀တစ်ခုခုမှာ အတူတကွ ကောင်းမှုတစ်ခုခုလုပ်ဖူးတာရယ်၊ ဒီဘ၀မှာလဲ တစ်ဦးကိုတစ်ဦး အကျိုးစီးပွါးအတွက် ကိုယ်နှုတ်စိတ် တစ်ခုခုဖြင့် ဆောင်ရွက်ဖူးကြတာရယ်၊ ဒီအကြောင်းနှစ်ချက်က အဓိကပါ။ ချစ်ခင်မှုတစ်ခု ရဖို့အတွက် ဟိုဘက်ဘ၀မှာပဲဖြစ်ဖြစ် ဒီဘက်ဘ၀မှာပဲဖြစ်ဖြစ် ဆုံဆည်းထားတဲ့ အခွင့်အရေးတွေ ရှိထားရပါမယ်။ ဆုံဆည်းခြင်းမှာတော့ အကြောင်းအရာမျိုးစုံနှင့် အတူတကွ ဆုံဆည်းထားကြခြင်းပါ။ တစ်နည်းအားဖြင့်တော့ တစ်ဦးနဲ့တစ်ဦး အကျိုးစီးပွါးတွေ ဆောင်ရွက်ဖူးထားတယ်ဆိုတဲ့သဘောပါ။ ဒါကတော့ လင်မယားနှစ်ဦးကိုသာ ရည်ရွယ်ထားတာ မဟုတ်ဘဲ အချင်းချင်း ချစ်ခင်မိကြသူအားလုံးကို ရည်ရွယ်ခြင်း ဖြစ်ပါတယ်။


အများသူငါ ပြောနေကြတဲ့ ချစ်ခြင်းဆိုတာက ရယူခြင်းလား၊ ပိုင်ဆိုင်ခြင်းလား၊ စွန့်လွှတ်ခြင်းလား၊ အနစ်နာခံခြင်းလား-ဆိုတာ ဖြေဖို့ ခက်ပါတယ်။ ပိုင်ဆိုင်ထားခြင်းကြောင့် ချစ်ပါသလားလို့ ပြောဖို့ခက်သလို မပိုင်ဆိုင်တော့တဲ့အတွက် မချစ်တော့ဘူးလားလို့လဲ ပြောဖို့ခက်ပြန်တယ်။ ချစ်ခြင်းနဲ့ ပိုင်ဆိုင်ခြင်းမှာ တန်းတူ ယှဉ်သွားသလား၊ တပြေးညီသွားသလား ဒါမှမဟုတ် ခွဲခြားပြီးသွားသလား ဒီလိုမှမဟုတ် ချစ်ခြင်းသည် စိတ်ခံစားမှုဆိုင်ရာ သက်သက်လား၊ ပိုင်ဆိုင်ခြင်းသည် ရုပ်ပိုင်ဆိုင်ရာ သက်သက်လား၊ နှစ်ခုလုံးဟာ တစ်ခုတည်းပဲလား ဆိုတာကတော့ ဖြေရှင်းဖို့ ခက်ပါတယ်။ ဒီနေရာမှာတော့ တစ်ဦးတစ်ဦး ချစ်ခင်မှုတွေ ဘာ့ကြောင့် ရကြတယ် ဆိုတာကိုသာ ပြောလိုရင်းပါ။


အတိတ်ဘ၀က ဆုံဆည်းထားတဲ့အကြောင်းတစ်ခုကြောင့်ဖြစ်စေ ဒါမှမဟုတ် ယခုဘ၀မှာ ဆုံဆည်းစေခဲ့သော အကြောင်းတစ်ခုကဖြစ်စေ အတူတကွ ပိုင်ဆိုင်မှုရကြပြီးတဲ့အခါ တစ်နည်းအားဖြင့်တော့ အတူတကွ လက်တွဲ နေထိုင်ကြပြီးတဲ့အခါ ဆက်လက်လို့ အနာဂတ်ဘ၀ခရီးမှာ ပိုင်ဆိုင်မှုတွေ ရချင်ကြတယ် အတူတကွ ဆက်လက် နေထိုင်လိုကြတယ်ဆိုယင်ဆိုတဲ့ အပိုင်းကို ဆက်ပြောကြည့်ချင်ပါတယ်။


နကုလပိတာနဲ့ နကုလမာတာက-“ တပည့်တော်တို့ ယခုဘ၀မှာလဲ အချင်းချင်း ရှု့မြင်လိုပါတယ်၊ နောင်ဘ၀မှာလဲ အချင်းချင်း ရှု့မြင်လိုပါတယ်” -လို့ မြတ်ဗုဒ္ဓကို လျှောက်ကြားပါတယ်။ ဆိုလိုတာကတော့ ဒီဘ၀မှာကော နောင်ဘ၀မှာပါ လင်မယားအဖြစ် အတူတူနေချင်ပါတယ်- ပိုင်ဆိုင်ချင်ကြပါတယ်လို့ ဆိုလိုတာပါ။ သူတို့ရဲ့အတိတ်ဘ၀နဲ့ လက်မထပ်မီကာလကို မပြောတော့ဘဲ ဒီနေရာမှာ လက်ထပ်ပြီး နောက်ပိုင်း ကာလကို ပြောထားပါတယ်။ သူတို့နှစ်ဦး မြတ်ဘုရားကို လျှောက်ထားကြတဲ့အထဲမှာ ဒီစကားလေးတွေကိုပါ ထည့်သွင်းလျှောက်ထားကြပါတယ်။


“အရှင်ဘုရား တပည့်တော်ဟာ ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ နကုလမာတာသူကြွယ်မကို ထိမ်းမြား ယူဆောင်ခဲ့သည်မှ စ၍ စိတ်မျှဖြင့်လည်း နကုလမာတာသူကြွယ်မကို လွန်၍ ကျင့်မိသည်ဟု တပည့်တော် မသိစဖူးပါ။ ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း” အဲသလို နကုလပိတာက လျှောက်ထားပါတယ်။

နကုလမာတာကတော့ - “ အရှင်ဘုရား နကုလပိတာသူကြွယ်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ တပည့်တော်မကို ထိမ်းမြားယူဆောင်ခဲ့သည်မှစ၍ စိတ်မျှဖြင့်လည်း နကုလပိတာသူကြွယ်ကို လွန်၍ ကျင့်မိသည်ဟု တပည့်တော်မ မသိစဖူးပါ။ ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း” လို့ လျှောက်ထားပါတယ်။

ဒီစကားများအရ နကုလပိတာနဲ့နကုလမာတာတို့ဟာ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြတယ်၊ သစ္စာရှိကြတယ်၊ ကိုယ်ကျင့်သိက္ခာ မဖောက်ပြားကြဘူးဆိုတာ သိသာထင်ရှားသလို ဘ၀တစ်ခုကို အတူတကွ ပိုင်ဆိုင်ထားကြတယ်ဆိုတာလဲ မြင်သာတဲ့အရာပါ။


မြတ်ဘုရားမိန့်တာက မျက်မှောက်ဘ၀မှာကော နောင်ဘ၀မှာပါ ရှု့မြင်လိုကြတယ်ဆိုယင် (၁) တူမျှသော သဒ္ဓါ (၂) တူမျှသော သီလ (၃) တူမျှသော စာဂ (၄) တူမျှသော ပညာ ရှိနေကြရမယ်ဆိုတာပါ။


သဒ္ဓါတရားတူညီနေဖို့ တနည်းအားဖြင့်တော့ ယုံကြည်ချက်တွေ တူညီနေဖို့၊ သီလတွေတူမျှနေဖို့ တစ်နည်းအားဖြင့်တော့ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ တစ်သားတည်းဖြစ်နေဖို့၊ စာဂတွေ တန်းတူဖြစ်နေဖို့ တစ်နည်းအားဖြင့်တော့ ပေးကမ်းကြရာမှာ သဘောထားတွေ တိုက်ဆိုင်နေဖို့၊ ပညာတွေ ညီမျှနေဖို့ တစ်နည်းအားဖြင့်တော့ အသိပညာ အတတ်ပညာတွေ တူညီတဲ့အဆင့်ရှိနေဖို့-လိုအပ်ပါတယ်လို့ ပြောလိုရင်းပါ။


ဒီနေရာမှာ မြတ်ဗုဒ္ဓက ယုံကြည်မှုဆိုတဲ့ သဒ္ဓါတရားကို ရှေးဦးစွာ ဖော်ပြထားပါတယ်။ ဒါဟာ ကျင့်သုံးဖို့ လွယ်ကူ လို့ ဦးစွာပထမ မိန့်ဆိုထားသလားဆိုတာပါ။


တကယ်တော့ ယုံကြည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ဘ၀တစ်ခုမှာ အဲဒီယုံကြည်မှုလေးတွေကို ပျက်ပြယ်မသွားအောင် ထိန်းသိမ်းရခြင်းဟာလည်း ထင်သလောက်တော့ လွယ်ကူမည်မထင်။ အဲဒီယုံကြည်ချက်တွေကို ထပ်တူထပ်မျှ ဖြစ်အောင်ကြိုးစားကြရတာကြတော့ ပိုလို့များ တည်ဆောက်ယူရမလားလို့ပါ။ ယုံကြည်ချက်ဆိုတာက လူမှုရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး စတဲ့အပေါ်မှာ ခိုင်မာစွာ ရပ်တည်ထားခြင်းပါ။ ယုံကြည်ဆိုတဲ့အတိုင်း “ယုံနေသမျှ ကြည်နေဦးမယ်၊ မယုံတော့ယင် မကြည်တော့ဘူး”လားဆိုတဲ့ မြန်မာဘာသာပြန်ကလည်း စိတ်ဝင်စားစရာပါ။ ဒီတော့ ယုံကြည်မှုအပိုင်းဟာ ဘ၀တစ်ခုကို တည်ဆောက်ရာမှာ အခြေခံကြတဲ့အရာအဖြစ် အလွန်အရေးကြီးမယ် ထင်ပါတယ်။ မြင့်မြတ်တဲ့တရားတွေကို ကျင့်သုံးသူများမှာတော့ ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါတရားမရှိယင် မည်သို့မျှ အထက်တန်းမြင့်တဲ့အရာတွေကို မတက်လှမ်းနိုင်ပါဘူး။ အခြေခံအုတ်မြစ်ဖြစ်တဲ့ ယုံကြည်မှုသဒ္ဓါတရားကသာ ရှေ့ဆက်သွားမယ့် ခရီးအတွက် အခရာကျပါတယ်။ သူကသာ ပံ့ပို့ပေးနိုင်မှာပါ။ သာမန်လူတို့ရဲ့ဘ၀မှာလည်း ရှေးခရီးအတွက် ဆက်လက်တိုးတက်ခိုင်မြဲနေဖို့ဟာ ယုံကြည်မှုကိုသာ အခြေခံအုစ်မြစ်အဖြစ် သတ်မှတ်နိုင်မှာပါ။ ဒီတော့ ရှေ့ခရီးရဲ့ ပျော်ရွှင်သာယာမှုဟာ လက်ရှိ အချိန်မှာ ယုံကြည်မှုတွေ တစ်ဦးကိုတစ်ဦး ဘယ်လောက် တည်ဆောက်ခဲ့ပြီးပြီ တည်ဆောက်နေဆဲ ဖြစ်တယ်ဆိုတဲ့ အပေါ်မှာ မူတည်နေမလား ဆိုတာပါ။


စာဂဆိုတဲ့ စွန့်ကြဲမှုအပိုင်းကိုတော့ ရုပ်ပိုင်းဆိုင်ရာ စွန့်ကြဲမှု နှုတ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ စွန့်ကြဲမှုရယ်လို့ ယူဆနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပေးကမ်းခြင်းဆိုတာကတော့ ရှင်းလင်းပြီးဖြစ်ပါလိမ့်မယ်။ အစားအသောက်၊ အ၀တ်အစား၊ နေရာထိုင်ခင်း စသဖြင့်ပါ။ ပေးကမ်းခြင်းအတွက် ခံယူထိုက်သူများကတော့ အောက်ထစ်ဆုံး တိရိစ္ဆာန်မှစ၍ မိဘများဆရာသမားများတိုင်အောင်ပါ။ အထက်ထက်ဖြစ်တဲ့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကို ပေးကမ်းလှုဒါန်းဖို့ဆိုတာကတော့ ပြောဖွယ်မလိုတဲ့အရာပါ။ အဲသလိုပုဂ္ဂိုလ်တွေကို ပေးကမ်းကြရမှာလဲ တူမျှနေဖို့ လိုတယ်ဆိုတာပါ။ အဲသလိုပါပဲ သူနဲ့ကိုယ် နှစ်ဦးသားမှာလည်း သူ့အပေါ်မှာ ကိုယ်က ရက်ရောဖို့လိုသလို သူ့ကလည်း ကိုယ့်အပေါ်မှာ မတွန့်တိုဖို့ လိုအပ်နေမလားလို့ပါ။ ဆိုလိုတာကတော့ သူ ပေးကမ်းတာကို ကိုယ်က ကြေနပ်စွာ လက်ခံနိုင်စွမ်းရှိဖို့ လိုအပ်သလို ကိုယ်ပေးကမ်းတာကိုလည်း သူက ကြေနပ်စွာ လက်ခံတတ်ဖို့ လိုအပ်မှာပါ။ တစ်နည်းအားဖြင့်တော့ နှစ်ဦးနှစ်ဖက် ကြေနပ်စွာ လက်ခံထားခြင်းပါ။


နှုတ်ပိုင်းဆိုင်ရာ စွန့်ကြဲမှု မျှဝေပေးကမ်းမှုဆိုတာကတော့ အကျိုးစီးပွါးလိုလားတဲ့ စကားတွေပြောဆိုပေးဖို့ပါ။ ဒါဟာ အခြားပုဂ္ဂိုလ်များကို ပေးကမ်းတဲ့အပေါ်မှာသာ တူမျှစေတာ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓက လင်မယား နှစ်ဦးကို ဒီစကားကို အခုလို ထည့်သွင်းမိန့်ကြားထားပါတယ်။ အဲဒါကတော့ “ အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြကုန်လျက်” ဆိုတဲ့စကားပါ။ ဒီစကားဟာ အချင်းချင်း အကျိုးစီးပွါးလိုလားတဲ့စကားတွေကို မျှဝေပေးကမ်းခိုင်းခြင်း ဖြစ်ပါတယ်။ အချင်းချင်း ချစ်ဖွယ်ဆိုတဲ့စကားဟာ ဘယ်လောက်ကျယ်ပြန့်သလဲ ဆိုတာကတော့ ဖွင့်ဆိုဖို့ နားလည်ဖို့ ခက်ခဲနေသေးတဲ့အရာပါ။


စိတ်ပိုင်းဆိုင်ရာ မျှဝေပေးကမ်းမှုဆိုတာကတော့ စိတ်ထဲမှာ အကျိုးစီးပွါးနဲ့စပ်ဆက်တာတွေကို နစ်မြုပ်ထားခြင်းပါ။ တနည်းအားဖြင့်တော့ ဣဿာ မစ္ဆရိယစိတ်ထားတွေ နည်းပါးစေတာပါ။ ရုပ်ပိုင်းဆိုင်ရာ နှုတ်ပိုင်းဆိုင်ရာ ပေးကမ်းမှုမှာ စိတ်ပိုင်းဆိုင်ရာပေးကမ်းမှုက အဓိကကျပါတယ်။ စိတ်ပိုင်းဆိုင်ရာမပါတဲ့ ပေးကမ်းမှုဟာ အတုအယောင်မျှသာ ဖြစ်မှာပါ။ ဒါဟာ အခြားသူတစ်ပါးတွေအပေါ်မှာ တူမျှစေတာ မဟုတ်ဘဲ သူနှင့်ကိုယ် အချင်းချင်းမှာလဲ ကိုယ့်စိတ်ကို သူ့အတွက်ပေးကမ်းထားဖို့ လိုအပ်သလို့ သူ့စိတ်ကလည်း ကိုယ့်အတွက် ဖြစ်နေဖို့ လိုမှာပါ။ တစ်နည်းအားဖြင့်တော့ သူ့စိတ်အလိုကျ ကိုယ်က နေထိုင်ပြုမူဆောင်ရွက်ပေးသလို ကိုယ့်စိတ် အလိုကျ သူကလည်း ပြောဆိုဆက်ဆံနေထိုင်ပေးဖို့ လိုအပ်နေမလားဆိုတာပါ။ ဒါကိုပဲ သူ့စိတ် ကိုယ့်စိတ် တူမျှနေတယ်လို့ ပြောဆိုခြင်းပါ။ ဒီနေရာမှာ ဂေါသိင်္ဂအင်ကြင်းတောမှာ သီတင်းသုံးနေထိုင်ကြတဲ့ အနုရုဒ္ဓါထေရ်၊ နန္ဒိယထေရ်၊ ကိမိလထေရ်တို့ မြတ်ဗုဒ္ဓကို လျှောက်ကြားတဲ့ အချင်းချင်းနေထိုင်မှုပုံစံလေးတွေကလည်း စိတ်ဝင်စားစရာပါ။ အဲဒါကတော့ “ကိုယ့်စိတ်အလိုအတိုင်း မနေဘဲ အခြားသူရဲ့စိတ်အလိုအတိုင်း နေကြပါတယ်”-ဆိုတဲ့ စကားလေးတွေပါ။


ကိုယ်ကျင့်တရားနဲ့ ပညာဆိုတာကတော့ ခဲယဉ်းစွာ ဖြည့်ဆည်းရမယ့်အပိုင်းပါ။ ဒီသီလနဲ့ ပညာမှာလဲ သီလဆိုတဲ့ ကိုယ်ကျင့်တရားက ပိုလို့ အရေးပါသလား ဒါမှမဟုတ် ပညာက ပိုလို့ အရေးပါသလား ဆိုတာကတော့ ဖြေရှင်းဖို့ခက်ပြန်တယ်။ ဒီသီလနဲ့ပညာဟာ မြတ်ဗုဒ္ဓသာသနာရဲ့ အနှစ်ချုပ်ဆိုလဲ မမှားပါဘူး။ လက်တစ်ဖက်ဖြစ် လက်တစ်ဖက်ကို ဆေးကြေားရာသကဲ့သို့ ခြေတစ်ဖက်ဖြင့်ခြေတစ်ဖက်ကို ဆေးကြေားရာသကဲ့သို့ သီလဖြင့် ပညာကို ဆေးကြောရာ၏။ ပညာဖြင့်သီလကို ဆေးကြေားရာ၏-လို့ ဆိုထားပါတယ်။


သီလဆိုတာကတော့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ သူ့စည်း ကိုယ့်စည်းကို စောင့်ထိန်းခြင်းပါ။ ဖော်ပြခဲ့တဲ့ နကုလမာတာနဲ့ နကုလပိတာတို့ လျှောက်ကြားတဲ့ “စိတ်မျှဖြင့်လည်း လွန်၍ ကျင့်သည်ကို မသိစဖူးပါ။ ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း” စကားလေးတွေကပဲ ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းမှု အပိုင်းကို ပြောနေပါတယ်။ ဒါက အချင်းချင်းနှစ်ဦးသား ကိုယ့်ကျင့်သိက္ခာကို ဘယ်လို တန်ဖိုးထား ကျင့်သုံးကြတယ် ဆိုတာပါ။ အခြားသီလများဖြစ်တဲ့ ငါးပါးသီလ စသဖြင့် လုံခြုံစွာ ထိန်းသိမ်းဖို့ဟာလည်း အတူတကွ ညီမျှနေဖို့ လိုအပ်ပါတယ်။ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာက ကျင့်သုံးဖို့ ခက်ခဲသလို ခက်ခဲစွာ ကျင့်သုံးထားရတဲ့ ကိုယ်ကျင့်သိက္ခာရဲ့ တန်ဖိုးကိုလည်း မြတ်ဗုဒ္ဓက လင်မယားနှစ်ဦးကို ဒီလို မိန့်ထားပြန်တယ်။ အဲဒါကတော့ “တူမျှသော သီလရှိကုန်သော လင်မယားနှစ်ဦးလုံးတို့အား အကျိုးစီးပွါးတို့သည် များပြားကုန်၏။ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏။ ရန်သူတို့ နှလုံးမသာဖွယ် ဖြစ်ကုန်၏။ တူမျှသော သီလရှိကုန်သော လင်မယား နှစ်ဦးလုံးတို့သည် ဤလူ့ဘ၀၌ တရားကို ကျင့်ကြကုန်၍ နတ်ပြည်လောက၌ အလုံးစုံသော ကာမဂုဏ် အာရုံတို့ကို လိုတိုင်းရကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ကြရကုန်သတည်း” ဆိုတာပါ။


ပညာအရာမှာ တူမျှနေဖို့ ဆိုတာကတော့ ဘာသာရေးဆိုင်ရာ အသိပညာဆိုပါကလည်း အကြောင်းအကျိုး အကောင်းအဆိုးကို သိမြင်ခြင်း၊ ကုသိုလ် အကုသိုလ်တို့ကို ခွဲခြားနိုင်ခြင်း၊ ရုပ်နာမ်သဘာဝကို နားလည်ခြင်း စသဖြင့် မြင့်မြတ်တဲ့အရာတွေအထိ ပါဝင်နေပါတယ်။ သူနဲ့ကိုယ် နှစ်ဦးသားမှာလဲ တစ်ဦးက ပညာမြင့်မားနေပြီး တစ်ဦးက ပညာနိမ့်ကျနေယင် တူမျှနေဖို့ လွယ် မလွယ်ဆိုတာက စိတ်ဝင်စားစရာအချက်ပါ။ လောကီပညာကို ရည်ရွယ်တယ်ဆိုပါက အတန်းတူ ဘွဲ့တူနေတာထက် အသိပညာ အတတ်ပညာများ ညီမျှအောင် လုပ်ယူခြင်းကို ဆိုလိုဟန်တူသလားဆိုတာပါ။ ဒါပေမယ့် ဒီနေရာမှာ နားလည်ပေးနိုင်ခြင်း၊ ခွင့်လွှတ်နိုင်ခြင်း၊ ဖြည့်ဆည်းပေးနိုင်ခြင်း စသဖြင့် ပညာနဲ့ယှဉ်တွဲနေတဲ့အရာတွေက အများသားပါ။


တကယ်တော့ အချက်လေးချက်လုံးဟာ တစ်ခုနဲ့တစ်ခု အထောက်အကူပြုနေပါတယ်။ ယုံကြည်မှုရှိတဲ့အတွက် ကျန်တဲ့ စွန့်ကြဲမှုကို ပြုလုပ်ဖို့ ၀န်လေးမှာ မဟုတ်သလို ကိုယ်ကျင့်သိက္ခာတွေကို ဖြည့်ဆည်းဖို့နဲ့ ပညာတွေကို တိုးပွါးအောင်လုပ်ဖို့လဲ အဆင်သင့်ဖြစ်နေမှာပါ။ အဲသလိုပါပဲ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ မျှဝေထားတဲ့အတွက် ကျန်တဲ့ ယုံကြည်မှုကလည် တန်ပြန်သက်ရောက်လာမှာပါ။ ကိုယ့်ကျင့်သိက္ခာနဲ့ ပညာကိုလည်း ဖြည့်ဆည်းဖို့ အထောက်အကူ ပြုနေမှာပါ။ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စောင့်ထိန်းထားတဲ့အတွက် ယုံကြည်မှုတွေ တိုးပွါးလာမှာ ဖြစ်ပြီး စွန့်ကြဲမှုတွေ ပြုလုပ်ဖို့အတွက် တွန့်တိုနေမှာ မဟုတ်ပါ။ ပညာဆိုတာကတော့ ကိုယ့်ကျင့် တရားနဲ့အတူ နီးကပ်စွာရှိနေတဲ့အရာပါ။ ပညာပြည့်စုံသူများမှာတော့ သဒ္ဓါ၊ သီလ၊ စာဂ သုံးခု စလုံးဟာ အလိုလို လွယ်ကူသွားမှာ ဖြစ်ပါတယ်။


ဒီအချက်လေးခုဟာ လင်မယားနှစ်ဦးကို ရည်ရွယ်လို့ ဟောထားပေမယ့် ဟိုဘက် ဘ၀မှာပဲဖြစ်ဖြစ် ဒီဘက် ဘ၀မှာပဲဖြစ်ဖြစ် ညီအကိုမောင်နှမအချင်းချင်းဖြစ်စေ၊ သားအမိအချင်းချင်းဖြစ်စေ၊ သားအဖအချင်းချုင်း ဖြစ်စေ၊ ဆွေးမျိုးအချင်းချင်းဖြစ်စေ စသဖြင့် အတူတကွ ဘ၀တစ်ခုမှာ လက်တွဲနေချင်ကြတယ်ဆိုယင် ဒီအချက် လေးချက်ဟာ မဖြစ်မနေ ဖြည့်ဆည်းရမယ့် အချက်တွေဆိုယင်လဲ မှားနိုင်ဖွယ် မရှိပါ။ တူမျှနေပါဟု ဆိုခြင်းသည်ပင် တစ်ဦးတစ်ယောက်ကို ချို့တဲ့ခြင်း မရှိပါစေနဲ့လို့ ဆိုလိုက်ခြင်းဖြစ်တဲ့အတွက် သူ့ရဲ့ဆန့်ကျင်ဘက်အားဖြင့် မတူမျှဘဲ ချို့တဲ့ခဲ့ယင် ဆိုတာပါ။


ဒီနေရာမှာ ပါရမီဖြည့်ဖက်ဆိုတဲ့စကားနဲ့ အတူတူနေချင်တာနဲ့ တူသလား ထူးသလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းတဲ့အချက်ပါ။ “ ပရမာနံ အယံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့ အတွက်သာ ဖြစ်၏”-ဆိုတဲ့စကားအရ ပါရမီဆိုတာက မြင့်မြတ်တဲ့အလုပ်ပါ။ ဒီတော့ မြင့်မြတ်တဲ့အရာတွေကို ပြုလုပ်ရာမှာ ပူးပေါင်းပါဝင်လာသူများကို ပါရမီဖြည့်ဖက်များအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဇာတ်တော်များမှာ ပြန်လည်လို့ ကြည့်မယ်ဆိုယင်တော့ ပါရမီဖြည့်ဖက်ဆိုတဲ့အပိုင်းက ရှင်းလင်းပါလိမ့်မယ်။ ရယူပိုင်ဆိုင်ဖို့ထက် သူ့မှာ ပေးဆပ်ရတာ အနစ်နာခံရတာက ပိုများမယ် ထင်ပါတယ်။ မြတ်ဗုဒ္ဓလက်ထပ် ဘုရားရှင်၏တပည့်သာဝက ဖြစ်တဲ့ အဂ္ဂသာဝက၊ မဟာသာဝက၊ ထေရာ ထေရီ စသဖြင့် တော်တော်များများဟာ ဘ၀တစ်ခုမှာ မြတ်ဗုဒ္ဓအလောင်းတော်နှင့် ဆုံဖူးခဲ့ကြသူများသာ ဖြစ်ပါတယ်။


အချို့ဘ၀တွေမှာ လင်မယား၊ အချို့ဘ၀တွေမှာ သားအမိသာအဖ၊ အချို့ဘ၀တွေမှာ ညီအကိုမောင်နှမ၊ အချို့ ဘ၀တွေမှာ ဆရာတပည့် စသဖြင့် ဆုံဆည်းခဲ့ဖူးပြီးသူများဖြစ်ပါတယ်။ သူတို့ဟာ ဘုရားအလောင်းတော်အား ဘုရားဖြစ်လာဖို့အတွက် တစ်နည်းနည်းနဲ့ အထောက်အကူပြုခဲ့သူများ ဖြစ်ပါတယ်။ ဒါကိုပဲ ပါရမီဖြည့်ဖက်များ ဆိုယင်လည်း မမှားပါဘူး။ အဲဒီပါရမီဖြည့်ခဲ့သူများကပဲ ဗုဒ္ဓဘုရားရှင်လက်ထပ်မှာ တစ်ခုသောနေရာဌာနမှာ လာပြီး စုစည်းကြတာပါ။ သုမေဓာရှင်ရသေ့ကို ယသော်ဓရာအလောင်း သုမိတ္တာက ပါရမီဖြည့်ဆည်းခဲ့တယ် ဆိုတာ အမှတ်ရနေမယ်ဆိုယင် ပါရမီသဘောကို နားလည်လာမှာပါ။ အချို့အပိုင်းတွေမှာတော့ အချင်းချင်း အတူတူနေခွင့်ရခြင်းဖြင့် ပါရမီများကို အတူတကွ ဖြည့်ဆည်းခွင့်ရသည့်အတွက် ပါရမီဖြည့်ဖက်လို့ ဆိုနိုင်သလို အချို့အပိုင်းမှာတော့ ပါရမီဖြည့်ဖက်ဟူသည်ပင် အသွင်သဏ္ဍန်တစ်မျိုးမျိုးနဲ့ တစ်ဦးကိုတစ်ဦး စပ်ဆက်နေကြသူများ တစ်နည်းအားဖြင့်တော့ သူ့အကျိုးစီးပွါးကို ပူးပေါင်းပါဝင်ရွက်ဆောင်သူများ ဖြစ်ပါတယ်။


ဒီတော့ အတိတ်ဘ၀က ဖြည့်ဆည်းခဲ့တဲ့ အကြောင်းတွေ၊ ပစ္စုပ္ပန်မှာ အကျိုးတူဆောင်ရွက်ဖူးတာတွေကြောင့် ဘ၀တစ်ခုမှာ အတူတကွ ဆုံဆည်းခဲ့ကြပါတယ်။ ဒီနေရာမှာ ဆုံဆည်းမှုအပိုင်းဆိုတာကတော့ အတူတကွ အမြဲတမ်းလက်ပွန်းတတီး နေကြခြင်းကို ဆိုလိုသလား ဒါမှမဟုတ် အမြဲတမ်းလက်ပွန်းတတီး မနေကြပေမယ့် သူ့အကျိုးစီးပွါး ကိုယ့်အကျိုးစီးပွါးကို လုပ်ကိုင်ဆောင်ရွက်ပေးနေခြင်းကိုပဲ ဆုံဆည်းမှုလို့ ဆိုလိုသလား အဲဒါမှ မဟုတ်ယင် အမြဲတမ်းအတူတကွ နေထိုင်တာကိုရော အကျိုးစီးပွါးကိုဆောင်ရွက်တာကိုရော နှစ်မျိုးလုံးကိုမှ ဆုံးဆည်မှုလို့ ဆိုလိုသလား ဆိုတာကတော့ ခွဲခြမ်းစိတ်ဖြာဖို့ ခက်ပါတယ်။


အဲဒီကမှ နောက်ထပ်ခွဲခြမ်းကြည့်ယင်တော့ မျက်မှောက်ကမ္ဘာကြီးဖြစ်စဉ်တွေက လူအချင်းချင်းကို ခွဲခွါထားတာလား၊ ဒါမှမဟုတ် နိုင်ငံရေးပဋိပက္ခတွေက လူအချင်းချင်းကို ခွဲခွါထားသလား၊ ဒီလိုမှမဟုတ် စီးပွါးရေးအဆင် မပြေမှုတွေက လူအချင်းချင်းကို ခွဲခွါထားသလား၊ အဲသလိုမှမဟုတ် လူမျိုးရေးမငြိမ်သက်မှုတွေက လူအချင်းချင်းကို ခွဲခွါထားသလား၊ ဒါမှမဟုတ်ယင် ဘာသာရေးအစွန်းရောက်မှုတွေက လူအချင်းချင်းကို ခွဲခွါထားသလား၊ ဒီလိုမှမဟုတ်ယင် အိမ်ထောင်စုတစ်စုမှာရှိတဲ့ အိမ်တွင်းရေးပြဿနာတွေက မိသားစု အချင်းချင်းကို ခွဲခွါထားသလား၊ အဲသလိုမဟုတ်ယင် လူအသီးသီးမှာရှိတဲ့ စိတ်တွေကပဲ အချင်းချင်းကို ခွဲခွါထားတာလား၊ တစ်နည်းအားဖြင့်တော့ အလိုဆန္ဒတွေကပဲ လူအချင်းချင်းကို ခွဲခွါထားသလား စသဖြင့် နောက်ထပ်ဆင့်ပွါး မေးခွန်းတွေ များစွာ ရှိဦးမှာပါ။


မြတ်ဗုဒ္ဓရဲ့အမြင်ကတော့ သူသူကိုယ်ကိုယ် လက်ဝယ်ရရှိလာတဲ့ ဒီဆုံဆည်းမှုကို ပစ္စုပ္ပန်မှာရော တမလွန်ဘ၀မှာ နောက်ထပ် ဆက်လက်ရေရှည်တည်တံ့ဖို့အတွက် ယုံကြည်မှု၊ ပေးကမ်းမှု၊ ကိုယ်ကျင့်သိက္ခာ၊ ပညာတွေနဲ့ ထောက်ပံ့ပေးရပါမယ်လို့ ဆိုပါတယ်။ ဒါကိုပဲ နကုလမာတာနဲ့နကုလပိတာတို့ကို မြတ်ဗုဒ္ဓမိန့်တဲ့အတိုင်း ပြောရမယ်ဆိုယင်တော့ “ဒါယကာတို့! လင်မယားနှစ်ဦးလုံးတို့သည် ယခုဘ၀၌လည်း အချင်းချင်း ရှုမြင်ကြရန်၊ တမလွန်ဘ၀၌လည်း အချင်းချင်းရှု့မြင်ကြရန် အကယ်၍ အလိုရှိကုန်အံ့။ နှစ်ဦးလုံးတို့သည် တူမျှသော သဒ္ဓါတရား ရှိကုန်ရာ၏၊ တူမျှသော သီလရှိကုန်ရာ၏၊ တူမျှသော စွန့်ကြဲမှု စာဂ ရှိကုန်ုရာ၏၊ တူမျှသော ပညာရှိကုန်ရာ၏။ ယင်းသို့ ဖြစ်လတ်သော် ထိုလင်မယားနှစ်ဦးတို့သည် ယခုဘ၀၌လည်း အချင်းချင်း ရှု့မြင်ကြ ရကုန်၏၊ နောင်တမလွန်ဘ၀၌လည်း အချင်းချင်း ရှု့မြင်ကြရကုန်လတံ့” ဆိုတာပါ။

Read more...

မေတ္တာရှင် တစ်ဦး၏ မွေးနေ့အလှူ

မေတ္တာရှင် တစ်ဦး၏မွေးနေ့အလှူ
သာသနာသက္ကရာဇ် ၂၅၅၄ ခုနှစ် ပထမဝါဆိုလဆန်း ၈ ရက် စနေနေ့။။ ၂၀၁၀ ခုနှစ် ဇွန်လ ၁၉ ရက်။






အရုဏ်ဆွမ်း - ကြက်သားကြာဇံချက်

နေ့ဆွမ်းလောင်း
ဆွမ်း၊ ဘဲဥအချဉ်ဟင်း၊ ပဲသုတ်၊ ကြက်မြစ်ကြက်သည်း+အစိမ်းကြော်၊ ဘာလချောင်ကြော်
တို့ဖြင့်လောင်းလှူပေးခဲ့ပါတယ်။

ဝေယျာဝစ္စဒါနရှင်များကတော့
သီလရှင်ဆရာကြီးဒေါ်စန္ဒသီင်္ဂီ၊ ဒေါ်သူဇာ နှင့်ဒေါ်ကြည်ဌေး၊ မောင်ဇော်မျိုး+မအိုမီ ၊ငြိမ်းအိထွေး၊ မပွေး ၊ မောင်စိုးလင်းအောင်နှင့် ဒါယိကာမကြီးတစ်ဦးတို့ဖြစ်ကြပါတယ်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

Read more...

'The Gentle Way of Buddhist Meditation' is back on popular demand

'The Gentle Way of Buddhist Meditation' by Godwin Samararatne, one of our popular books to give away has been reprinted. If you are interested, please order a FREE copy through the catalogue website below. Postage applies.











Other titles about buddhist meditation

Buddhist Meditation for Beginners Joyful Mind: A Practical Guide to Buddhist Meditation Taming the Tiger Within: Meditations on Transforming Difficult Emotions

Read more...

ကြောက်ရွံ့မှုနှင့် စိုးရိမ်းမှု အပိုင်း(၂)

သားသမီးများစွာရှိသော ဇနီးမောင်နှံတို့သည်လည်း
“သားသမီးများကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်ပေးရမလဲ၊ ငါ့ရဲ့ဇနီး/အမျိုးသားက ငါ့ကို အရင်ကလို မချစ်တော့ဘဲ ခွဲခွါသွားလေမလား၊ ငါ့အရွယ်ကြီးလာတဲ့အခါ ငါ့သားသမီးတွေက ငါ့ကို စောင့်မှ စောင့်ရှောက်ပါ့မလား”ဟု အမြဲမပြတ်စိုးရိမ် ပူပန်နေကြရသည်။ အချို့မိဘများသည် မလိုအပ်ပဲ သားသမီးတို့၏ လုံခြုံမှုအတွက်စိုးရိမ်ပူပန်နေကြလေသည်။“နေ့စဉ်သုံးငွေအတွက် အိမ်မှာလုံလောက်မှုရှိရဲ့လား၊ အိမ်မှာကော လုံခြုံမှုရှိရဲ့လား၊ ချစ်ခင် နှစ်သက်ရသော ပုဂ္ဂိုလ်များကော ကျန်းမာရေးမှာ ကောင်းကြပါရဲ့လား”ဟု စိုးရိမ် ပူပန် နေကြလေသည်။ သူတို့သည် လုပ်ငန်းခွင်၌ အလုပ်လုပ်ဆောင်ရာမှုနှင့် ဆုံးဖြတ်ချက်များချရာတွင် အခက်အခဲ အမျိုးမျိုးရင်ဆိုင်ကြရသည်။ “ငါ့၏ ဆုံးဖြတ်ချက်မှားများသွားရင် ဘယ်လိုလုပ်မလဲ၊ စတော့ရှယ်ယာတွေ အစု ဈေးကွက်တွေကို ယခုရောင်းရရင်ကောင်းမလား၊ နောက်မှ ရောင်းရရင်ကောင်းမလား၊ အလုပ်သမားတွေက ကော ငွေရေးကြေးရေနဲ့ပတ်သက်လို့ စိတ်ချရပါ့မလား၊ ငါ့မရှိတုန်းမှာ လိမ်သွားလေမလား” လူအချို့သည် ဖြစ်ပေါ်လာမည့် ဆုံးရှုံမှုများကို တွေးပူနေကြလေသည်။ သူတို့သည် ရာထူးမတိုးမှာ အလုပ်တာဝန်တွေကို များ စွာ ပေးအပ်မှာကိုလဲ စိုးရိမ်ပူပန်နေကြသည်။ အချို့သည် ရုံးလုပ်ဖေါ် ကိုင်ဖက်များက သူတို့ကို မနာလိုဖြစ်နေကြ သည်ကိုလဲ တွေးပြီး စိုးရိမ်ပူပန်နေကြလေသည်။ အော် အကယ်စင်စစ် လူတို့ရင်ဆိုင်နေရသော စိုးရိမ်ပူပန်မှု များကို စာရင်းပြုစုလိုက်လျှင် ကုန်ဆုံးတော့မည်မဟုတ်ချေ။ လူ့ဘ၀သည် စိုးရိမ်မှု ကြောက်ရွံ့မှု များနှင့် ပြည့်နှက်နေသော ကမ္ဘာကြီးဖြစ်လေသည်။ မှန်ပါပေ၏။ ကြောက်ရွံ့မှုများစွာတို့သည်ကား မလုံခြုံမှုမှလာသော ကြောက်ရွံ့မှု၊ ရန်သူကို ကြောက်ရွံ့မှု၊ ငတ်မွတ်မည့်ဘေးကို စိုးရိမ်မှု၊ ဆင်းရဲမွဲတေမှာကို စိုးရိမ်မှု၊ ဖျားနာမှာကို စိုးရိမ်မှု၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးမှာကို စိုးရိမ်းမှု၊ ချစ်သောပုဂ္ဂိုလ်များနှင့် ခွဲရမှာကို စိုးရိမ်မှု၊ လှနေသော ရုပ်ကလေးများ ပျက်သွားမှာကို စိုးရိမ်မှု၊ အကယ်၍ ငါ့ရုပ်သာ ပျက်သွားလျှင် ငါ့ချစ်သောသူက ငါ့ကို ချစ်မှ ချစ်တော့ပါ့မလားဟု တွေးတောကာ စိုးရိမ်မှု၊ အိုမှာကို စိုးရိမ်မှု၊ သေမှာကို စိုး၇ိမ်မှု၊ နောက်ဘ၀သေသွားရင် ကောင်းရာသုဂတိသို့ ရောက်မှ ရောက်ပါ့မလားဟု ကြိုတင်စိုးရိမ်မှုစသည်တို့ပင်ဖြစ်လေသည်။ အထက်ပါ အခြေအမြစ်မရှိသော စိုးရိမ်ပူပန်မှုများသည် လွန်ကဲသော ကြောက်ရွံ့မှုကို ဖြစ်စေတတ်သည်။ ဤစိုးရိမ် ပူပန်မှုတရားတွေကတော့ လူသားဆီသို့ ရောက်ရှိလာမည်မှာ ဧကန်မလွဲဖြစ်ပေသည်။ ဤကဲ့သို့သော စိုးရိမ်မှု များမှ မည်သူတစ်ဦးတစ်ယောက်မှ မလွတ်မြောက်နိုင်ချေ။ စိတ်ထားဖြူစင်သော ပုဂ္ဂိုလ်တို့သည်သာ အကယ် စင်စစ် ထိုအခြေအနေများမှ လွတ်မြောက်နိုင်မည်ဖြစ်ပေသည်။ ဆက်ရန်(ဒေါက်တာကေသရီဓမ္မာနန္ဒ၏ Why Worry ကို အခြေခံ ရေးသားထားသည်။)

Read more...

ကြောက်ရွံ့မှုနှင့် စိုးရိမ်မှု

လောကီလူဘောင်မှာ နေသောလူသားတစ်ယောက်သည် ထိုကြောက်ရွံ့မှုနှင့် စိုးရိမ်မှုကို မဖြစ်မနေ ရင်ဆိုင်ရ မည်မှာ သေချာပေါက်ပင်ဖြစ်ပေသည်။ လောကီနယ်တွင် နစ်မြုပ်နေသော လူသားသည် ဤမနှစ်မြို့ဖွယ်ရာ အခြေအနေများမှ ရှောင်ဖယ်သွား၍ မရပါ။ လူသားသည် အဘယ်ကြောင့် အဘယ်အရာကို စိုးရိမ်နေကြသလဲ။ ထိုစိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုသည် လူသား၏ တာဝန်နှင့် ကတိက၀တ်ပေးမှုတို့ကြောင့် ဖြစ်ပေါ်လာသည်။ လူသားဆီသို့ စိုးရိမ်းပူပန်မှုနှင့် အကြောက်တရားသည် အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ၀င်ရောက်လာသည်။ လူသားသည် သူ့ကိုယ်သူ အခြားသူများနှင့်
နှိုင်းယှဉ်လိုက်သောအခါ
“ဟိုအလုပ်ကို လုပ်ဖို့ ငါ့မှာအရည်အသွေးမရှိသေးဘူး၊ ဟိုအလုပ်ဟာ ငါနှင့် မထိုက်တန်ဘူး၊ သူတို့အထင်ကြီး လောက်အောင် ငါ့မှာ ကျွမ်းကျင်လုံလောက်မှုမရှိသေးဘူး”ဟု အခြားသူများ၏ ရှေ့မှောက်တွင် သူ၏ အရည် အသွေးများကို ပြရန်ပင် စိုးရိမ်ကြောက်ရွံ့နေလေသည်။ ထိုအခါ လူသားသည် သူ့ကိုယ်သူ
“လူတွေကို ငါ့အဖြစ်မှန်ကို အသိပေးလို့မဖြစ်ဘူး၊ ငါအသိပေးလိုက်ရင် သူတို့ဟာ ငါကို အယုံအကြည် ကင်းမဲ့ သွားကြလိမ့်မယ်”ဟု ပြောဆိုပြီး အဆုံးသတ်သော အခြေအနေသို့ ရောက်ရှိသွားသည်။ ထို့ကြောင့် သူသည် အမှန်တကယ် မဟုတ်သော အခြားသူတစ်ယောက်၏ အသွင်အပြင်ဖြင့် ပြုမူ ဟန်ဆောင်နေရလေသည်။ လူ သားသည် သူ၏ ရုပ်အသွင်နှင့်ပတ်သက်၍ များစွာ စိုးရိမ်းနေရလေသည်။ အမျိုးသားသည် ဆံပင်ဖြူလာ ကျွတ် လာ ထိပ်ပြောင်လာတာကို စိုးရိမ်းလာသည်။ အမျိုးသမီးကတော့ အလွန်ဝမှာ အလွန်ပိန်မှာ အလွန်အသားဖြူမှာ အလွန်အသားမည်းမှာ အလွန်ရှည်မှာ အလွန်ပုမှာ စသည်တို့ကို စိုးရိမ်လာသည်။ လူသားသည် အခြားသူများက သူ့ကို ဝေဖန်မှာ ပုတ်ခတ်မှာ ကဲ့ရဲ့မှာကို အလွန်ပင် စိုးရိမ်သည်။ သူ၏ အထက်လူကြီးများက သူ့ကို အပြစ်ပေးမှာကိုလည်း အလွန်ကြောက်ရွံ့သည်။ သူသည် လူအများရှေ့၌ပြောင်လှောင်သရော်ခံရမည်ကို စိုးရိမ်သောကြောင့် သူ၏ အယူအဆများကို တင်ပြရန် ကြောက်ရွံ့နေလေသည်။ သို့သော် အခြားသော သူတစ်ယောက်က မိမိနှင့် အိုင်ဒီယာတူ အယူအဆတစ်ခုကို တင်ပြလိုက်သဖြင့် လူအများက ချီးကြူးသောအခါ သူ့ကိုယ်သူ ပြန်လည်စိတ်ဆိုးနေတော့သည်။ သူသည် သူ့ကို ဝေဖန်သော ဝေဖန်ချက်များက မထိုက်တန် မမှန် ကန်ဟု သိပါသော်လည်း ဤဝေဖန်ချက်များက သူ့ကို အဟန့်အတားဖြစ်စေသည်ဟု ခံစားမိသည်။ လူသားသည်
“အားလုံးခြုံကြည့်လျှင် ငါဟာ ကောင်းတဲ့ ဖခင်၊မိခင်၊ သာ၊ သမီး မဟုတ်ဘူး”ဟု မိသားစုအတွက်လည်း စိုးရိမ်သည်။ အချို့သော အမျိုးသားများသည် သူတို့၏ ငယ်ရွယ်လှပသော ဇနီးမယားများက အခြားယောက်ျား များနှင့် တွဲသွားမည်ကို စိုးရိမ်ကြသည်။ ထိုအတူပင် အချို့သော အမျိုးသမီးများကလည် သူတို့၏ ငယ်ရွယ်လှပ သော အမျိုးသားများက သူတို့ကို ပစ်၍ အခြားအမျိုးသမီးများနှင့်တွဲသွားမှာကို စိုးရိမ်ကြသည်။ လက်မထပ်ရသေး သော သူများက လက်ထပ်နိုင်အောင် ဘယ်လိုလုပ်မလဲဟု စိုးရိမ်နေကြသည်။ လက်ထပ်ပြီးသော အချို့သော ဇနီးမောင်နှံများကလည်း သားသမီးမရှိသဖြင့် သူတို့၏ အထီးကျန်လှသော ဘ၀ကြီးကို တွေးတောကာ စိုးရိမ် နေကြသည်။ ဆက်ရန်(ဒေါက်တာ ကေသရီဓမ္မာနန္ဒ၏ Why Worry စာအုပ်ကို အခြေခံကာ ရေသားထား သည်။)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP