* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, June 11, 2010

မရဏုပ္ပတ္တိ - သေခြင်းဖြစ်ပုံ (၁)

၂၀၁၀ ခုနှစ် ဇွန်လ ၅ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း သင်ခန်းစာ အပတ်စဉ် (၃၅) နှင့် (၃၆) - သေခြင်းဖြစ်ပုံအကြောင်းအရာကို လေ့လာ သင်ယူကြရသည်။

ယခုအပတ်တွင်လည်း ရှေးလာမည့် အပတ် ဇွန် ၁၂-၁၃ စနေ-တနင်္ဂနွေရက်များတွင် လောကချမ်းသာဘုရားကျောင်း၌ မြောက်ဦးဆရာတော်၏ တရားစခန်းနှင့် တရားပွဲများ ရှိနေသောကြောင့် နှစ်ပတ်စာသင်ခန်းစာကို နာယူ မှတ်သားကြရ၏။

+++++

ဗုဒ္ဓဘာသာတွင် လက်ခံထားသော သေခြင်း (၄)မျိုး ရှိ၏။

(၁) အသက်တမ်းကုန်၍ သေခြင်း။
(၂) ကံစွမ်းကုန်၍ သေခြင်း။
(၃) အသက်တမ်း၊ ကံစွမ်း နှစ်ပါးကုန်၍ သေခြင်း။
(၄) ဥပစ္ဆေဒကကံဖြင့် သေခြင်း။


အသက်တမ်းကို ‘မီးစာ’၊ ကံစွမ်းကို ‘ဆီ’၊ “ဆီမီး”ဥပမာဖြင့် ပုံနှိုင်းကြ၏။
မီးစာကုန်၍ မီးသေခြင်း၊ ဆီကုန်သဖြင့် မီးသေခြင်း၊ မီးစာ, ဆီ နှစ်မျိုးလုံးကုန်သဖြင့် မီးငြိမ်းခြင်း၊ မီးစာ, ဆီ မကုန်သေးသော်လည်း လေပြင်းတိုက်သဖြင့် မီးငြိမ်းခြင်း၊ တမင်ငြိမ်းသတ်ခြင်း စသည် ဖြစ်၏။

သက်တမ်းကုန်, ကံစွမ်းကုန်, အသက်တမ်း-ကံစွမ်းကုန် သေခြင်းမျိုးကို အချိန်ကာလနှင့်အညီ သေကြရသဖြင့် ‘ကာလမရဏ’ဟု ခေါ်၏။
ဥပစ္ဆေဒကကံဖြင့် သေခြင်းမျိုးဖြစ်သော ရေနစ်သေခြင်း, ကားတိုက်သေခြင်း, အဆိပ်သောက်သေခြင်းမျိုးကို ‘အကာလမရဏ’ဟု ခေါ်၏။

သတ္တဝါတို့မှာ ဤသေခြင်း ၄-မျိုးအနက် တစ်မျိုးမျိုးဖြင့် သေကြရ၏။

ထိုသို့ သေကြသောအခါ သေခါနီး၌ ‘ကံ’၊ ‘ကမ္မနိမိတ်’၊ ‘ဂတိနိမိတ်’ သုံးမျိုးအနက် တစ်ခုခု ပေါ်၏။

ကံ = နောက်ဘဝမှာ ပဋိသန္ဓေအကျိုးပေးတော့မည့် ရှေးတုန်းက ပြုခဲ့သော (မသေမီ ယခုဘဝတွင် ပြုခဲ့သော ကံများလည်း ဖြစ်နိုင်၏) ကုသိုလ်ကံ, အကုသိုလ်ကံ။
ဤကံသည် အတိတ်က ဖြစ်ခဲ့သော အာရုံဖြစ်၍ မနောဒွါရ၌ ထင်၏။

ကမ္မနိမိတ် = ကံပြုစဉ် တွေ့ကြုံရသော အာရုံခြောက်ပါး။
“တိုက်ရိုက်ကြုံရသော အာရုံ” = ဥပလဒ္ဓနိမိတ် (ပါဠိ) (ဥပမာ - ကျောင်းဆောက်ရာ၌ ကျောင်း), “အခြံအရံဖြစ်သော အာရုံ”= ဥပကရဏနိမိတ် (ပါဠိ) (ဥပမာ - ကျောင်းဆောက်ရာ၌ သင်္ကန်းအလှူ, ဆွမ်းအလှူ စသည်)တို့ ထင်ပေါ်တတ်၏။
အာရုံခြောက်ပါးလုံး၌ ဖြစ်၍ ထိုက်သည့်အားလျော်စွာ ဒွါရခြောက်ပါး၌ ထင်၏။

ဂတိနိမိတ် = အနာဂတ်ရောက်ရမယ့်ဘဝ တွေ့ကြံရလတံ့သော အာရုံ။
“တိုက်ရိုက်ရောက်မည့် အရပ်၏ အာရုံ” = ဥပလဘိတဗ္ဗ (ပါဠိ) (ဥပမာ - အမိဝမ်းရေ၊ ငရဲဘုံ), “ထိုရောက်မည့်အရပ်တွင် တွေ့ကြုံခံစားရမည့် အရာများ” = ဥပဘောဂ (ပါဠိ) (ဥပမာ - လင်းတ၊ ခွေး၊ ငရဲမီး၊ ငရဲထိန်း၊ နတ်သား၊ နတ်သမီး)ပေါ်တတ်၏။
အများအယူအဆအရ ရူပါရုံဖြစ်သည်ဟု ဆို၏။ ရူပါရုံဖြစ်လျှင် စက္ခုဒွါရ၌ ဖြစ်မည် ဖြစ်၏။ မနောဒွါရဖြင့် ယူအပ်ကြောင်းလည်း ဆို၏။

+++++

သေခါနီး စိတ်အစဉ်

ကံ, ကမ္မနိမိတ်, ဂတိနိမိတ် အာရုံပေါ်ပြီး၊ အကျိုးပေးလတံ့သော ကံအားလျော်စွာ
ကုသိုလ်ကံကအကျိုးပေးမည်ဆိုလျှင် စင်ကြယ်သော စိတ်အစဉ်၊
အကုသိုလ်ကံက အကျိုးပေးမည်ဆိုလျှင် ညစ်နွမ်းသော စိတ်အစဉ်သည် နောက်ရောက်လတံ့သော ဘဝသို့ ညွှတ်ကိုင်းနေသကဲ့သို့ များသောအားဖြင့် ဖြစ်တတ်၏။

ထိုသို့ စိတ်အစဉ်ဖြစ်နေစဉ် -
“စင်ကြယ်သော စိတ်အစဉ်”သည် မကောင်းသည်ကို သတိရ၍, အနီးနေပုဂ္ဂိုလ်များ၏ လောဘ ဒေါသစကားများ ကြားရ၍ “မကောင်းသော စိတ်အစဉ်”အဖြစ် ပြောင်းလဲသွားနိုင်၏။
“မစင်ကြယ်သော စိတ်အစဉ်”ဖြစ်နေရာမှလည်း ရှေးက ပြုခဲ့ဖူးသော ကောင်းမှုကို သတိရ၍, ပရိတ်တရားတော်နာကြားရ၍, ရဟန်းသံဃာကို ဖူးတွေ့ရ၍ “ကောင်းသော စိတ်အစဉ်”သို့ ပြောင်းလဲသွားနိုင်၏။

သောဏမထေရ်၏ဖခင်၊ ယခင် မုဆိုးလုပ်လာခဲ့ပြီး ကြီးမှ ရဟန်းဝတ်သူမှာ သေခါနီး ငရဲနိမိတ်ထင်၍ သားဖြစ်သူ သောဏမထေရ်က ဘုရားရင်ပြင်၌ ဘုရားပန်းများ လှူဒါန်းစေသဖြင့် စင်ကြယ်သော စိတ်အစဉ်သို့ ပြောင်းကာ နတ်ပြည်၌ ဖြစ်ရ၏။

ကျောင်း, ဇရပ်, တန်ဆောင်း, ရေတွင်း ရေကန်ပေါင်း မြောက်မြားစွာ လှူဒါန်းခဲ့သူ၊ မြတ်စွာဘုရား၏ သာသနာတော်ကို ချီးမြှောက်ခဲ့သူ အသောကမင်းကြီးမှာ သေခါနီး ဖန်းခါးသီးတစ်ခြမ်းမျှသာ ပိုင်ဆိုင်သော စိတ်နှလုံးမသာမယာဖြစ်မှုကြောင့် မြွေကြီးဖြစ်ရပြီး၊ သားတော် မဟိန္ဒမထေရ်ကြောင့် အချိန်ကာလ မကြာရှည်ဘဲ ကျွတ်လွတ်သွားကြောင်း သိရ၏။

ကံအာရုံထင်ပုံ တစ်နည်းမှာ ကံကို အသစ်ပြုနေရသကဲ့သို့ မနောဒွါရတွင် ထင်လာခြင်း ဖြစ်၏။
ယခုပင် အလှူကို ပေးလှူနေရသကဲ့သို့၊ အကုသိုလ်ကံဖြစ်လျှင်လျှင် ယခုပင် သတ်နေ ဖြတ်နေသကဲ့သို့ ထင်ထင်ရှားရှား ပေါ်လာတတ်၏။

ဤကဲ့သို့ စိတ်အစဉ်များဖြစ် အာရုံများထင်ပေါ်ပြီးသော် သေသော စုတိစိတ် မရဏာသန္နဝီထိ ဖြစ်၏။

စုတိစိတ် = ပစ္စုပ္ပန်ဘဝ၏ နောက်ဆုံးစိတ်
စုတိ = လျောကျသွားသည် ဟု အဓိပ္ပာယ်ရ၏။

+++++

မရဏာသန္နဝီထိ

မရဏာသန္နဝီထိဖြစ်ပြီး စုတိစိတ်ကျသည်လည်း ရှိသည်။
မရဏာသန္နဝီထိဖြစ်ပြီး ဘဝင်စိတ်ဖြစ်ကာ၊ ပြီးမှ စုတိစိတ်ကျသည်လည်း ရှိသည်။

အချုပ်အားဖြင့် မရဏာသန္နဝီထိ ၄-မျိုး ရှိ၏။

(၁) ဇောနောင် စုတိကျသော ဝီထိ
(၂) ဇော ---> တဒါရုံနောင် စုတိကျသော ဝီထိ
(၃) ဇောနောင် ဘဝင်နောင် စုတိကျသော ဝီထိ
(၄) ဇော ---> တဒါရုံနောင် ဘဝင်နောင် စုတိကျသော ဝီထိ


စုတိစိတ် ချုပ်ပြီးနောက် ဘာမှ မခြားဘဲ ဘဝသစ် ပဋိသန္ဓေစိတ် ဖြစ်သည်။
ပဋိသန္ဓေစိတ် ဖြစ်လျှင်ဖြစ်ချင်း ဘဝသစ် ဖြစ်လေတော့သည်။

ထိုပဋိသန္ဓေစိတ်သည် -
  • မရဏာသန္နဇောယူသော အာရုံကိုပင် အာရုံပြုသည်။
  • ကာမဘုံ၊ ရူပဘုံ၌ဖြစ်လျှင် မှီရာဝတ္ထုရုပ် ရှိသည်။
  • အရူပဘုံ၌ ဖြစ်လျှင် မှီရာဝတ္ထုရုပ် မရှိ။
  • အဝိဇ္ဇာနုသယ ခြံရံလျက် တဏှာနုသယ အရင်းခံရှိသော ကံကြောင့် ဖြစ်သည်။
  • ဖဿစသော သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်သည်။
  • သမ္ပယုတ်တရားတို့၏ ရှေ့သွားခေါင်းဆောင်ကဲ့သို့ ဖြစ်သည်။
  • ဘဝတစ်ပါးကို စပ်ပေးတတ်သောကြောင့် “ပဋိသန္ဓေ” အမည်ရသည်။

+++++

ပဋိသန္ဓေစိတ်၏ အာရုံ

ကာမာဝစရပဋိသန္ဓေ၏ အာရုံသည် -
  • မနောဒွါရဖြင့် ယူအပ်သော အတိတ်ကံ ဓမ္မာရုံ၊
  • ခြောက်ဒွါရဖြင့် ယူအပ်သော အတိတ်, ပစ္စုပ္ပန် ကမ္မနိမိတ် အာရုံ ၆-ပါး
  • မနောဒွါရဖြင့် ယူအပ်သော ပစ္စုပ္ပန် ဂတိနိမိတ် ရူပါရုံ ဖြစ်သည်။

ရူပါဝစရပဋိသန္ဓေ၏ အာရုံသည် ပညတ်ကမ္မနိမိတ် ဖြစ်သည်။

အရူပါဝစရပဋိသန္ဓေ၏ အာရုံသည် ပညတ် သို့မဟုတ် မဟဂ္ဂုတ် (အတိတ်) ကမ္မနိမိတ် ဖြစ်သည်။

အသညသတ်ဘုံ၌ကား ဇီဝိတနဝကကလာပ်သည်သာ ပဋိသန္ဓေအဖြစ်ဖြင့် ဖြစ်၏။ ထို့ကြောင့် ထိုသတ္တဝါတို့သည် ရုပ်ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်တို့ မည်ကုန်၏။

အရူပါဝစရသတ္တဝါတို့ကား နာမ်ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်တို့ မည်ကုန်၏။

ကြွင်းသတ္တဝါ (ကာမ၊ ရူပ သတ္တဝါ)တို့ကား ရုပ်နာမ် နှစ်ပါး ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်တို့ မည်ကုန်၏။

+++++

အဝိဇ္ဇာနှင့် တဏှာ အရင်းခံ

ပဋိသန္ဓေစိတ်သည် ဝိပါက်စိတ် ဖြစ်၏။
နောက်နောက်က ပြုခဲ့သော ကံကြောင့် ယခုဘဝတွင် ပဋိသန္ဓေ ဝိပါက်စိတ် ဖြစ်၏။
ထိုကံသည် အဝိဇ္ဇာနုသယခြံရံလျက် တဏှာနုသယအရင်းခံရှိသော ကံ ဖြစ်၏။

အဝိဇ္ဇာ = မောဟ
တဏှာ = လောဘ
အနုသယ = ကိန်းသည်

‘အဝိဇ္ဇာ’နှင့် ‘တဏှာ’ - နှစ်ပါးတို့ကို အရင်းခံပြီး သတ္တဝါများ၌ ကုသိုလ်ကံ အကုသိုလ်ကံတို့ ဖြစ်ကြရ၏။

အကုသိုလ်ကံက အဝိဇ္ဇာနှင့် တဏှာကို အမှီပြု၍လည်း ဖြစ်၏။ အတူတကွ ယှဉ်တွဲ၍လည်း ဖြစ်၏။

ကုသိုလ်ကံကမူ အဝိဇ္ဇာနှင့် တဏှာကို အမှီပြုပြီး ဖြစ်၏။ သို့သော် အတူတကွ ယှဉ်တွဲ၍ မဖြစ်။

အဝိဇ္ဇာနှင့် တဏှာ ဝဋ်မြစ်ပြတ်ပြီးသော ရဟန္တာတို့မှာ ကုသိုလ်စိတ်အစား ကြိယာစိတ်သာ ဖြစ်၏။

+++++

မရဏာသန္နဝီထိ ဖြစ်ပုံ

မရဏာသန္နဝီထိ အမျိုးမျိုး ရှိ၏။
ပစ္စုပ္ပန်ရူပါရုံက စက္ခုဒွါရ၌ ထင်၍ ဖြစ်သော မရဏာသန္နဝီထိပုံစံကို ပြရသော် -

အတီတဘဝင် ---> ဘဝင်္ဂစလန ---> ဘဝင်္ဂုပစ္ဆေဒ ---> ပဉ္စဒွါရာဝဇ္ဇန်း ---> စက္ခုဝိညာဏ် ---> သမ္ပဋိစ္ဆိုင်း ---> သန္တီရဏ ---> ဝုဋ္ဌော --->  ဇော ---> ဇော ---> ဇော ---> ဇော ---> ဇော ---> စုတိ

မရဏာသန္နဇောမှာ အားနည်းသောကြောင့် ၅-ကြိမ်သာ စော၏။

စုတိပြီးနောက် စုတိ၏အခြားမဲ့၌ ပဋိသန္ဓေစိတ် ဆက်တိုက် ဖြစ်၏။ ထိုနောက် ဘဝင် ၁၅-ကြိမ် သို့မဟုတ် ၁၆-ကြိမ် ---> မနောဒွါရာဝဇ္ဇန်း ---> ဇော ၇-ကြိမ် (ဘဝနိကန္တိက) ---> ဘဝင်များ ဖြစ်၏။

ပဋိသန္ဓေ ---> ဘဝင် ---> ဘဝင် ---> ဘဝင် ........ ဘဝင် (၁၅, ၁၆) ---> မနောဒွါရာဝဇ္ဇန်း --->  ဇော ၇-ကြိမ် (ဘဝနိကန္တိက) ---> ဘဝင် ---> ဘဝင်

မရဏာသန္နဝီထိ၌ ရုပ်သက် (စိတ္တက္ခဏ ၁၇)ကို အတီတဘဝင်မှ စရေတွက်သော် စုတိတိုင်အောင် စိတ္တက္ခဏ ၁၄-ချက်သာ ရှိသေး၏။
ထို့ကြောင့် ဘဝသစ်၌ ပဋိသန္ဓေနှင့် ဘဝင် ၂-ကြိမ်တိုင်အောင် ပစ္စုပ္ပန်ရူပါရုံ ရှိနေသေးသဖြင့် ပဋိသန္ဓေစိတ်နှင့် ဘဝင် ၂-ကြိမ်တို့သည် ထိုပစ္စုပ္ပန်အာရုံကို အာရုံပြုကြသည်။
နောက်ဘဝင်နှင့်တကွ ဘဝသစ်ဘဝင်အားလုံးနှင့် စုတိစိတ်တို့မှာ လွန်သွားပြီဖြစ်သော အတိတ်ရူပါရုံကို အာရုံပြုကြသည်။


ဘဝတစ်ခုနှင့်တစ်ခု အကူး

ဘဝတစ်ခုတွင် ပဋိသန္ဓေ, ဘဝင်, စုတိတို့သည် ကံ, ကမ္မနိမိတ်, ဂတိနိမိတ် တစ်ခုကို အာရုံပြု၏။ ပဋိသန္ဓေက ကံကို အာရုံပြုခဲ့လျှင် ဘဝင်, စုတိတို့ကလည်း ၎င်းကံကိုပင် အာရုံပြု၏။

ဒုတိယဘဝ၏ ပဋိသန္ဓေစိတ်မှာ ပထမဘဝ၏ မရဏာသန္နဇောယူသော အာရုံကို ယူ၏။

ထို့ကြောင့် ပထမဘဝ၏ စုတိစိတ်နှင့် ဒုတိယဘဝ၏ ပဋိသန္ဓေစိတ်တို့မှာ အာရုံမတူ။

ဒုတိယဘဝ၏ ပဋိသန္ဓေသည် ယခင်ဘဝများက ပြုခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ဖြစ်ရ၏။

ပထမဘဝ၏ စုတိက ဖြစ်စေခြင်း မဟုတ်။ စုတိစိတ်မှာ ဝိပါက်စိတ်ဖြစ်ရာ နောက်ဘဝ ပဋိသန္ဓေကို မဖြစ်စေနိုင်။
စုတိက ပဋိသန္ဓေကို ဖြစ်ခွင့်ပေးခြင်း, နေရာဖယ်ပေးခြင်းသဘောသာ ဖြစ်၏။

ဤဘဝအကူး၌ ပထမဘဝတစ်ခု၏ စုတိနှင့် ဒုတိယဘဝ၏ ပဋိသန္ဓေတို့ အာရုံမတူမှု၊ စုတိက ပဋိသန္ဓေကို ဖြစ်ခွင့်ပေးမှုတို့နှင့် ပတ်သက်၍  မျက်စိလည် အယူအဆ မှားတတ်ကြ၏။

ဘဝတစ်ခုတွင် ပဋိသန္ဓေက ယူသော အာရုံကို ဘဝင်၊ စုတိတို့က ယူ၏။ နောက်ဒုတိယဘဝတစ်ခု၏ ပဋိသန္ဓေစိတ်မှာ ပထမဘဝ၏ မရဏာသန္နဇောယူသော အာရုံကို ယူပြီး ဘဝင်၊ စုတိတို့ကလည်း ထိုအာရုံကိုပင် ယူ၏။ တတိယဘဝ၏ ပဋိသန္ဓေမှာ ဒုတိယဘဝ မရဏာသန္နဇော၏ အာရုံကို ယူ၏။ ကွင်းဆက်တစ်မျိုးစီ သွား၏။

ဘဝသစ်တွင် ပဋိသန္ဓေစိတ်နောက် ဘဝင် ၁၅-ကြိမ် ၁၆-ကြိမ်ဖြစ်ပြီး၊ မနောဒွါရာဝဇ္ဇန်း၊ ဇော ၇-ကြိမ် (ဘဝနိကန္တိက)ဖြစ်၏။ သတ္တဝါတို့ ဘဝတစ်ခုကို တွယ်တာမှုလောဘဖြင့် အစပြုပြီး မစွန့်လွှတ်နိုင်သဖြင့် အစွဲအလန်းကြီး သံသရာရှည်ကြရ၏။

ဘဝတစ်ခု၏ စုတိနှင့် နောက်ဘဝ ပဋိသန္ဓေ ဆက်စပ်ပုံကို ဝီထိပုံစံဖြင့် ရှင်းပြနိုင်သော်လည်း ရိုးရိုး သာမန် ပြောဆို ရှင်းလင်းသော် ပညတ်နယ်က စကားလုံးများကို မသုံးမဖြစ် အသုံးပြုရ၏။
ဒီဘဝ ကုသိုလ်ပြုလုပ်၍ နောက်ဘဝ နတ်ဖြစ်၊ ဒီဘဝ အကုသိုလ် ပြုလုပ်၍ နောက်ဘဝ ငရဲကျ ... စသည် ပြောသော် ဒီဘဝ သတ္တဝါကြီးက သို့မဟုတ် တစ်ခုခုက ပြောင်းရွှေ့သွားသလို ထင်စရာ ဖြစ်၏။

ဝီထိစဉ်ကို ကြည့်သော် စိတ်သည် စိတ္တက္ခဏအတွင်း ဖြစ်ပြီး ချုပ်၊ ရုပ်ကလည်း စိတ္တက္ခဏ ၁၇-ချက်အတွင်း ဖြစ်ပြီး ချုပ်၊ ရုပ်နာမ်တို့ အမြဲတမ်း ဖြစ်ချုပ် ဖြစ်ချုပ်သွားနေကြရာ သဿတအယူ၊ ဥစ္ဆေဒအယူ အစွန်းလွတ်အောင် ယူတတ်ကြရ၏။

+++++

သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နှစ်ရပ်သည် ရုပ်နာမ်အပေါ်၌ အတ္တစွဲလမ်းမှုကို အရင်းခံ၍ ဖြစ်၏။

“ရှေးဘဝက အတ္တဖြစ်သော ရုပ် သို့မဟုတ် နာမ်သည်ပင် ဘဝသစ်၌ ဆက်လက်ပါလာ၏”ဟု ယူလျှင် “သတ္တဝါသည် မပြတ်မစဲ မြဲ၏”ဟု ယူသော သဿတအယူဘက်သို့ ပါဝင်၏။

“ရှေးဘဝက အတ္တဖြစ်သော ရုပ်နာမ်ဟူသမျှနှင့် လုံးဝ အဆက်အသွယ် မရှိ ပြတ်၏”ဟု ယူလျှင် ဥစ္ဆေဒအယူဘက်သို့ သက်ဝင်ပြန်၏။

ထိုဒိဋ္ဌိနှစ်မျိုးမှ ကင်းလွတ်ဖို့ရာ “ရှေးဘဝက အကြောင်းနှင့်လည်း မကင်းတတ်၊ တိုက်ရိုက်ပါလာခြင်းလည်း မရှိ” ဟုသာ ယူရာ၏။

ဘဝသစ်၌ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်များ တိုက်ရိုက် ပြောင်းရွှေ့လာခြင်း မဟုတ်။
ဘဝဟောင်းက အကြောင်းများနှင့်လည်း မကင်းနိုင်။

တောင်အနီး၌ ဟစ်အော်သော အသံသည် တောင်နံရံကို တိုက်ခိုက်မိသောအခါ ‘ပဲ့တင်သံ’ ပြန်ထွက်လာသကဲ့သို့တည်း။
ပဲ့တင်သံသည် မူလအော်သံလည်း မဟုတ်။ မူလအော်သံနှင့် ကင်းလျက်လည်း မဖြစ်နိုင်။

ထို့အတူ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်အဆက်လည်း မဟုတ်၊ ဘဝဟောင်းက အဝိဇ္ဇာ တဏှာ သင်္ခါရ အကြောင်းများနှင့်လည်း မကင်းနိုင်။

ဆီမီးတစ်ခုမှ ဆီမီးကူးညှိရာ၌ ဒုတိယမီးသည် ပထမဆီမီး၏ အဆက်လည်း မဟုတ်၊ ပထမဆီမီးနှင့်လည်း မကင်းနိုင်ပုံ၊
တံဆိပ်နှိပ်ရာ၌ တံဆိပ်ရာသည် မူလတံဆိပ်၏ အဆက်လည်း မဟုတ်၊ မူလတံဆိပ်နှင့်လည်း မကင်းနိုင်ပုံကို ဥပမာဆောင်၍ ပြကြသည်။

(သဂြိုဟ်ဘာသာဋီကာ၊ အရှင်ဇနကာဘိဝံသ)

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲအဖြစ် ဘော်လ်တီးမိုး အရှင်ကေလာသဝိဟာရမှ အရှင်ကစ္စာယနက “ဒုက္ခကင်းဝေး ချမ်းသာရေး”တရားတော်ကို သန္တတိအမတ်ကြီးအကြောင်း၊ ပဋာစာရီအကြောင်းများ ထုတ်ဆောင်ကာ ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။



လင်္ကာများ

စိတ်အညစ်အကြေးကို ကင်းစေလို ဘယ်လမ်းစဉ်ကို လိုက်ရမယ်။
စိတ်အညစ်အကြေးကို ကင်းစေလို သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။

ငိုကြွေးမှုကို လွန်မြောက်လို ဘယ်လမ်းစဉ်ကို လိုက်ရမယ်။
ငိုကြွေးမှုကို လွန်မြောက်လို သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။

ပူဆွေးမှုကို လွန်မြောက်လို ဘယ်လမ်းစဉ်ကို လိုက်ရမယ်။
ပူဆွေးမှုကို လွန်မြောက်လို သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။

ကိုယ်ဆင်းရဲမှုကို လွန်မြောက်လို ဘယ်လမ်းစဉ်ကို လိုက်ရမယ်။
ကိုယ်ဆင်းရဲမှုကို လွန်မြောက်လို သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။

စိတ်ဆင်းရဲမှုကို လွန်မြောက်လို ဘယ်လမ်းစဉ်ကို လိုက်ရမယ်။
စိတ်ဆင်းရဲမှုကို လွန်မြောက်လို သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။

တရားပွဲပြီးသော် ၁၅-မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Read more...

ရဟန်းတော်နှင့် အင်တာနက်

သီတဂူစတား ဘလော့ဂ်တစ်ခု စတင်ဖန်တီးစဉ်က ဓာတ်ပုံလေးပါ။

မိတ်ဆက်
ဒီပို့စ်လေးကို ရေးချင်နေတာ ကြာပါပြီ။ ရေးပြန်ရင်လည်း အလွန်ကျယ်ပျံ့သည့်ခေါင်းစဉ်ဖြစ်နေသည် သို့သော် ခြုံမိ ငုံမိအောင်တော့ ရေးရပေအံ့။ သီတဂူစတားကို ကောင်လေးတွေ ကောင်မလေးတွေက မေးတဲ့ မေးခွန်းတွေကို အခြေခံပြီး ဤပို့စ် ရေးဖို့ စိတ်ကူးရှိခဲ့တာကြာပါပြီ။ သီတဂူစတား ဘလော့ဂ် မတည်ထောင်ခင်ကထဲက အစပျိုးခဲ့တာဖြစ်ပါတယ်။ သူတို့လေးတွေက ဘုန်းဘုန်းတွေ အင်တာနက် သုံးကောင်းလားဘုရား? ရဟန်းတော်တွေနှင့် အင်တာနက် အပ်စပ်ပါသလားဘုရား? သူတို့လေးတွေက သီတဂူစတားဆိုတာကို ဘုန်းကြီးတစ်ပါးမှန်းလဲ မသိကြပါဘူး၊ သီတဂူစတားက ဘုန်းကြီးမှန်းသိရအောင်လို့ကို အကောင့်မှာ ၀က်ဘဆိုက်လိပ်စာပါ တင်ထားရတယ်။ ဂျီတော့ G-talk အသုံးပြုခါစဆိုတော့ ချက်ချင်း သို့မဟုတ် ကြူ ချင်တော့ မိတ်ဆွေ ရှာနေချိန်မှာ forward ကနေ အင်ဗိုက် (invite) လုပ်ပြီး သီတဂူစတားထံ ရောက်လာကြခြင်းဖြစ်ပါတယ်။ ဘောက် (box) ထဲရောက်လာတော့ ဘုန်းဘုန်းတစ်ပါးဖြစ်မှန်း သိတော့၊ ကန်တော့ဘုရား မသိလို့ အင်ဗိုက်လုပ်လိုက်မိတာပါဘုရားတဲ့။ သီတဂူစတားလဲ ဘယ်ရမလဲ ပြန် talk တာပေါ့ ရပါတယ်ဗျာ ရောက်လာတာ ကျေးဇူးတင်ပါတယ်၊ တွေ့ရတာ ၀မ်းသာပါတယ် စသည့် လောကွတ်လေးတွေ talk လိုက်တယ်။ သိပ်ကြေနပ်ပုံမပေါ်သေးဘူး သူက ဆက်ပြီးတော့ ဘုန်းဘုန်းတွေ ချက်လို့ရလားတဲ့။ ဟားးးးး ရတာပေါ့ မချက်ဘဲ ဘယ်လိုစားရမှာလဲပေါ့၊ ဟုတ်ဘူးဘုရား တပည့်တော် ပြောတာ ဂျီတော့ ချက်လို့ ရလားဘုရားတဲ့။ အဲဒီတုန်းကတော့ အချိန်သည် ငွေဖြစ်နေ၍ အများကြီး မပြောလိုက်မိဘူး အနည်းငယ်သာ ပြောလိုက်သည်။ အခုမှ ကိုယ်ပိုင် ဘလော့ဂ်လေးကလည်း ရှိလာတာက တစ်ကြောင်း၊ စာလည်း ရေးတတ်ချင်တာက တစ်ကြောင်း၊ သင်ရင်းကျင့်ဆိုတာလို လေ့ကျင့်ရင်း ပညာပေးခြင်း ပညာယူလိုခြင်းတို့ကြောင့် ပို့စ်တစ်ခုအဖြစ် ရေးချင်လာသည်။ ဤပို့စ်လေးကို သီတဂူစတား၏ ဘ၀နှင့်ယှဉ်ပြီး သို့မဟုတ် အတွေ့အကြုံလေးနှင့် ယှဉ်ပြီးဖော်ပြလိုပါတယ်။ အထူးသဖြင့် ချက်တင်း (chatting) ဖြင့်သာ အချိန်ကုန်စေပြီး အင်တာနက်၏ ကောင်းကျိုးဆိုးကျိုးကို မသိကျိုးကျွန်ပြုမိနေသော ညီငယ် ညီမငယ်တို့အတွက် သတိပေးစကားလေးလည်း ဖြစ်နိုင်ပါလိမ့်မယ်လို့လည်း မျှော်လင့်မိပါသည်။

လောကကြီးနဲ့ ဝေးးးးး
အင်တာနက်ခေတ် မြန်မာပြည် စရောက်လာတဲ့အချိန် သီတဂူစတားတို့ လူ့လောကထဲ မရောက်သေးဘူးလို့ ဆိုရပါ့မယ်၊ အဲဒီခေတ် အဲဒီအချိန်ခါက စာသင်သားရဟန်း သာမဏေတို့၏ဘ၀က စာသင်တိုက်ကြီးထဲမှာ စာကျက်၊ စာဝါတက်၊ ဘုရားဝတ်တက်၊ အချိန်ပိုင်း တရားထိုင်၊ နေ့စဉ် သြ၀ါဒ နာကြား စသည့် သာသနာ့ဝန်ထမ်းတို့ရဲ့ အလုပ်တွေနဲ့ ဘ၀ကို နှစ်မြုပ်ခဲ့ကြရပါတယ်။ ပြင်ပလောကကြီးနှင့် အဆက်အသွယ်မရှိခဲ့၊ လက်နှိပ်စက်ခေတ်ကုန်စ ကွန်ပျူတာ ပေါ်ခါစခေတ်ပေါ့။ ရလဒ်က အပြင်ပက လူဝတ်ကြောင်တွေနှင့် တွေ့မှာကိုပင် ရှက်သလို ကြောက်သလို ဖြစ်ခဲ့။ သူတို့နှင့်လည်း အံဝင်ခွင်ကျအောင် စကားတွေလည်း မပြောရဲ မပြောတတ်။ သို့သော်လည်း တစ်ခုကောင်းတာက လောဘ ဒေါသတွေ နည်းစေပြီး သမာဓိ ပိုရစေသည် ထင်ပါသည်။ အကယ်၍သာ အဲဒီခေတ် အဲဒီအချိန်တုန်းက လောကကြီးထဲမှာ ယခုလို အင်တာနက်ခေတ်ပေါ့ တွေ့ကြုံခဲ့မယ်ဆိုရင် သီတဂူစတား ဘ၀သည်လည်း အပြောင်းအလဲလေး တစ်ခုတော့ ဖြစ်သွားနိုင်ဖွယ်ရှိတယ်၊ ဘယ်လို ဘယ်ပုံစံ ပြောင်းသွားမယ်ဆိုတာ အတိအကျ မပြောနိုင်ပေမဲ့ တစ်ခုခုတော့ ဖြစ်မယ်ထင်သည်။ ယခုတွေ့တော့ကော ဘာမှ ထူးပါဘူး၊ ဟီးးးးးးးး။ ကွန်ပျူတာခေတ်ရောက်လာပါပြီ။

ကွန်ပျူတာ
ကွန်ပျူတာခေတ်ဆိုတာ သီတဂူစတားအတွက်ပြောတာပါ၊ မြန်မာပြည် ခေတ်စားနေတာ ၅ နှစ်လောက်ကြာပြီးမှ သီတဂူစတား ကွန်ပျူတာ စမြင်ဖူးတာပါ။ မှတ်မှတ်ရရ ၁၉၉၅ ခုနှစ်က ထင်ပါသည် ဆရာဘုန်းကြီးက ကွန်ပျူတာသင်ခိုင်းတာနဲ့ စာစီစာရိုက်ပညာ တစ်လကျော်ကျော် သင်လိုက်ရသေးသည်၊ ကွန်ပျူတာသည် မရှိမဖြစ် လိုအပ်တာပါလားဆိုတာ သိလိုက်ရသည်။ အဲဒီအချိန်က ကွန်ပျူတာ မပြောနဲ့ ကွန်ပျူတာသုံး discard အပြားလေးတောင် မသုံးနိုင်ခဲ့။ ကျောင်းတိုက်ကြီးထဲမှာ အင်္ဂလိပ်စာတောင် ခိုးသင်ရတဲ့ခေတ် ကွန်ပျူတာဆိုတာဝေး တဲ့အချိန်က သီတဂူစတားတို့ ဘုန်းတော်ကြီးက လူကသာ အလွန်ရိုးတာ ဒီလိုခေတ်ပညာရပ်တွေကိုတော့ အလွန်စိတ်ဝင်စားသည်။ တိုက်ထဲမှာ သူတစ်ယောက်သာလျှင် ရှိတာလေးတွေ ထုခွဲပြီး ကွန်ပျူတာ အဟောင်းလေးတစ်လုံးဖြစ်အောင် ဖန်တီးခဲ့သဖြင့် သီတဂူစတားတို့ ကွန်ပျူတာ စအသုံးပြုခွင့်ရခဲ့သည်။ discard အပြားသေးသေးလဲထဲမှာ စာမျက်နှာ သောင်းနှင့်ချီရှိတဲ့ ပိဋကတ်စာတွေ ထည့်ထားနိုင်ကြောင်း ဆရာဘုန်းကြီးက ပြောပြသဖြင့် အံ့သြခဲ့ရဖူးသည်။ နောက်ပိုင်း စီဒီပြားတွေခေတ်စား ထိုနောက် rewrite စီဒီပြားတွေ ခေတ်စားလာပြန် အဲဒီနောက်တော့ memory stick အချောင်းလေးတွေပေါ်လာသဖြင့် နောက်ပိုင်း ကွန်ပျူတာတွေမှာတောင် ထို discard ထည့်စရာ နေရာတောင် မပါတော့။ အခုတော့ MG ရာနှင်ချီရှိတဲ့ memory stick တွေပေါ်နေပြန်သည်။ ကွန်ပျူတာတွေလည်း တစ်နှစ်နှင့် အသစ်ဆန်းတွေ ပေါ်နေသည်။ နည်းပညာရပ်တွေက ရှေ့ကပြေးနေသေည် သီတဂူစတားတို့က နောက်ကနေ ဖတ်ဖတ်မောနေအောင် လိုက်နေရသည်။ ယခုတော့ ကွန်ပျူတာသည် သီတဂူစတား၏ ဘ၀ဖြစ်နေသည်။ ကွန်ပျူတာ မရှိရင် မနေတတ် သို့သော်လည်း ကိုယ်တိုင်လည်း မ၀ယ်နိုင်ခဲ့။ ကွန်ပျူတာပညာ တီးမိခေါက်မိ ရှိလာတော့ အင်တာနက်ခေတ် ရောက်လာပြန်သည်။

အင်တာနက်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရောက်လာတော့မှ ကွန်ပျူတာကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ရသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရောက်လာသူတိုင်း ကွန်ပျူတာပညာသည် မဖြစ်မနေတတ်ကိုတတ်ရမည်ဟု ဆရာတော် အမိန့်ရှိထားသဖြင့် ကျောင်းသားအားလုံး ကွန်ပျူတာ အထိုက်အလျောက် ကျွမ်းကျင်ကြသည်။ အချို့လည်း ပညာရှင်အဆင့်အထိ ကျွမ်းကျင်ကြသည်၊ အချို့ graphic design , Photoshop တွေအထိ နိုင်နိုင်နင်းနင်းရှိကြသည်သဖြင့် တက္ကသိုလ်အတွက် အားထားရသည်။ နောက် များမကြာမီမှာပဲ အင်တာနက်ပါ တပ်ဆင်လိုက်သည်၊ အဲဒီခေတ်အခါက အင်တာနက်သည် စစ်ကိုင်းမြို့မှာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာပဲ ရှိသည်။ အခုတော့ မြို့ထဲမှာ cybercafe တစ်ခု ရှိနေပြီဟု သိရပါသည်။ အင်တာနတ် သီတဂူကမ္ဘာ့တက္ကသိုလ်တွင် မတပ်ဆင်မီက အင်တာနက်ဆိုတာ ဘာမှန်းမသိခဲ့၊ မသိလို့ပဲ အသုံးပြုရကောင်းမှန်းမသိခဲ့။ ကွန်ပြူတာသည်လည်းအင်တာနက်ဖြင့် တွဲအသုံးပြုကာမှ သူ့ရဲ့တံဖိုးက ပိုမြင့်လာသည်။ အင်တာနက်ကို အသုံးပြုလာသောအခါမှ အော်--ကမ္ဘာကြီးက အတော်ကို ကျဉ်းသွားတာပါလား၊ ကမ္ဘာကြီး၏ အရှေ့ အနောက်၊ တောင်နှင့်မြောက်သည် ရွာတစ်ရွာလောက်တောင် မကျယ်တော့ပါလား။ အင်တာနက်ကနေ ချက်ချင်း လူလူချင်းမျက်နှာချင်းဆိုင် စကားပြောလို့ရသည်။ လူလူချင်းတစ်ယောက်နှင့်တစ်ယောက် ကြည့်၍ မျက်နှာချင်းဆိုင် ပြောလို့ရသည်။

အွန်လိုင်းမိတ်ဆွေ
အရင်တုန်းကလို စာတိုက်ပုံးတွေ သုံးစရာမလိုတော့ဘဲ စက္ကန့်ပိုင်းအတွင်း တစ်ယောက်နှင့် တစ်ယောက် ထိထိရောက်ရောက် ဆက်သွယ်လို့ရသည်။ အချို့သိပ်ကျွမ်းကျင်သူတော့ အွန်လိုင်းကနေပဲ အဖော်ကောင်းတွေဘာတွေရလို့။ သီတဂူစတားတော့ မဟုတ်ဘူးနော် သို့သော်လည်း သီတဂူစတားအတွက် ညီအစ်ကို မောင်နှစ်မလို ခင်ရသည့် မိတ်ဆွေတော့ ရလာပါသည်။ ဒါကိုကြည့်ပြီး အချို့ကလေးမလေးတွေက မေးသည်မှာ ဘုန်းဘုန်းတွေ အွန်လိုင်း သုံးလို့ရလားဘုရား? အပ်စပ်ပါသလားဘုရား?တဲ့။ အော်-- ဟုတ်မှာပဲ သူ့အတွေးက အင်တာနက်ကို နှစ်ယောက် ချက်တင်း (chatting) စကားပြောလို့ပဲရတယ်လို့ထင်ပုံပဲ၊ သူသင်ထားတဲ့ အင်တာနက်ကလဲ gtalkနှင့် chatting လောက်ပဲ တတ်ထားပုံပဲ၊ အင်တာနက်ကို ကျယ်ကျယ်ပျံ့ပျံ့ အသုံးမပြုနိုင်တော့ ဤကဲ့သို့ပဲ တွေးဟန်တူပါသည်။ ကိုယ့်ရဲ့ အိပ်ခန်းထဲကနေပဲ့ အင်တာနက်ကို အသုံးပြုခါ ကမ္ဘာနှင့်ချီပြီး စီးပွားရှာလို့ရတယ်ဆိုတာ သိဟန်မတူ။ ယနေ့ခေတ် ပြည်ပမှာ ခရီးသွားတဲ့အခါမှာတောင် ရထားလက်မှတ်၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ်နှင့် ဟိုတယ် ဘုတ်ကင် လက်မှတ်တို့ကို ရုံးတွေမှာ အချိန်အကြာကြီးစောင့်ပြီး သွားတိုးနေစရာမလို၊ တန်းစီနေစရာမလိုဘဲ အင်တာနက်ကနေ e-ticket တွေအလွယ်တကူ ၀ယ်ယူနိုင်သည်၊ ပိုက်ဆံကဒ်စနစ်ရှိဘို့တော့လိုသည်၊ အင်တာနက် အွန်လိုင်း ဈေးကွက်သည် ကဒ်ကို အသုံးပြုရပါသည်၊ ကဒ်စနစ်အသုံးမပြုနိုင်သော နိုင်ငံတွေအဖို့ အွန်လိုင်းဈေးကွက်စနစ်ကို အသုံးမပြုနိုင်တဲ့အတွက် အင်တာနက်သည်လည်း သူတို့အတွက် အသုံးဝင်မှု နည်းပါးသည်။ တကမ္ဘာလုံး အင်တာနက်စနစ်ကို ကျယ်ကျယ်ပျံ့ပျံ့ သုံးနိုင်ပေမဲ့ အချို့နိုင်ငံတွေအတွက် အင်တာနက်အခန်းက နည်းပါးနေသဖြင့် ပြည်သူတွေလဲ အင်တာနက်ကို ကောင်းကောင်းအသုံးမပြုနိုင်ဘဲရှိနေသည်။

ရဟန်းတော်များနှင့်အင်တာနက်
အင်တာနက်သည် မီးနှင့်တူပါသည်။ မီးသည် သုံးသူအပေါ်မှာမူတည်ပြီး အကောင်း အဆိုး အကျိုး၂မျိုးကို ပေးနိုင်သလို အင်တာနက်သည်လည်း အကောင်း အဆိုး နှစ်မျိုးကိုပေးနိုင်ပါသည်။ အဆိုးကျိုးကိုသာ ပေးနိုင်သည့် အင်တာနက်ကိုတော့ ရဟန်းတော်များ မအပ်စပ်ဘူးလို့ဆိုနိုင်ပါသည်။ ကောင်လေး ကောင်မလေးတွေ အွန်လိုင်းက သမီးရီးစားပြောသလို၊ ဒါတင်မကသေးဘူး အွန်လိုင်းကနေ အမနာပ စကားတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း ပြောခြင်း၊ ဆဲဆိုခြင်း၊ ကိုယ်ကျင့်တရားကို ပျက်ပြားစေသည့် ဆိုက်တွေကို ကြည့်ခြင်း၊ အွန်လိုင်းကနေ လိမ်လည် လှည့်ပတ်ခြင်း စသော အကျိုးမများတဲ့ အင်တာနက်ကိုတော့ ရဟန်းတော်များ မသုံးအပ်ဟူ၍ယူဆပါသည်။ ဘုရားလက်ထက်တော်က အင်တာနက်မပေါ်သေး၍ အင်တာနက်နှင့်ပက်သက်ပြီး ၀ိနည်းမှာတော့ ပညတ်ထားသည့် သိက္ခာပုဒ်များမရှိသော်လည်း အပြောအဆိုနှင့်ပတ်သက်၍၎င်း (၀စီကံ) ကြည့်ရှုခြင်း (ကာယကံ) စသည်တို့နှင့်ဆက်နွယ်သော စည်းကမ်းဥပဒေတော်တွေအရသော်၎င်း အင်တာနက်ကို ပြဆိုခဲ့သည့် အကျိုးမဲ့စေသည့် အသုံးပြုနည်းကိုတော့ ရဟန်းတော်များ အပ်စပ်ဟန် မတူ။

တစ်ဖက်ကကြည့်ပြန်ရင်တော့ အင်တာနက်သည် အလွန်အကျိုးများပါသည်။ သီတဂူစတား အသုံးပြုတာကိုပဲ ထောက်ပြပါ့မယ်၊ သီတဂူစတားတို့လို ပြည်ပကျောင်းတက်နေသူတွေအတွက်ပဲဖြစ်ဖြစ် အလုပ်နဲ့ ပြည်ပရောက်နေသူပဲဖြစ်ဖြစ် အလွန် လိုအပ်သည့် မီဒီယာတစ်ခုဖြစ်ပါသည်။ တိုင်းတပါးကနေ ကိုယ့်ရဲ့ မိဘဆွေမျိုး သူငယ်ချင်းတွေနဲ့ နေ့စဉ် ဆက်သွယ်လို့ရသည်။ တိုင်းပြည်ခြားနားပေမဲ့ မိသားစုနှင့် မျက်နှာချင်းဆိုင် စကားလက်စုံပြောလို့ရသည်။ ပြည်ပကျောင်းသွားတက်ချင်သူတွေအတွက် ဘယ်တက္ကသိုလ်က ဘယ်လိုအခြေအနေရှိတယ်၊ ကုန်ကျစရိတ်နှင့် တက္ကသိုလ်နှင့်ပတ်သက်သည့် သတင်း အင်ဖော်မေးရှင်း(information) တွေကို အင်တာနက်ကနေပဲ ရှာနိုင်သည်။ နောက်တစ်ခုက ကျောင်းသားတစ်ယောက်ဖြစ်ဖို့ ပြည်ပတက္ကသိုလ်တွေစီ ကိုယ်တိုင်သွားစရာမလိုတော့ဘဲ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလတ်တွေကို စကန် (scan) ဖတ်ပြီး ကိုယ့်သူငယ်ူချင်း (ကိုယ့်တက်မည့်တက္ကသိုလ်တွင် ရှိနေသူ) ထံ မေးလ်ကနေ ပို့လိုက်ရုံဖြစ်ပါသည်။ အရင်ခေတ်က စာတိုက်ကို အသုံးပြုရသဖြင့်၎င်း လူကြုံနဲ့ပို့ရသဖြင့်၎င်း ကြာလည်းကြာသည်၊ တခါတရံ လမ်းမှာပဲ ပျောက်သွားသည့်အတွက် စိတ်မချရပေ။ ကိုယ်ကိုတိုင် သွားပြန်ရင်လည်း အပြန်အသွား ၁၀ သိန်းလောက် ပိုကုန်လိမ့်ဦးမည်။ ဤကား အင်တာနက်၏ မီဒီယာအဖြစ် အသုံးဝင်နေသည်အတွက် ရဟန်းတော်များအတွက် မရှိမဖြစ်လိုအပ်နေပြန်သည်။ တောထဲ တောင်ထဲ၊ ကျေးရွာ သို့မဟုတ် အေးအေးဆေဆေး နေချင်သူတွေအတွက်တော့ လိုဟန်မတူ။

အွန်လိုင်း ပညာရေး
ပညာရေးကို လိုက်စားနေသူတွေအတွက် အလွန်တန်ဖိုးရှိပါသည်။ အွန်လိုင်းကနေပဲ ဘွဲ့ယူတဲ့အထိရအောင် ဖန်တီးပေးထားသည်။ ဘာသာစကား အမျိုးမျိုး သင်နိုင်သည်။ အထူးသဖြင့် စီးပွာရေးပညာ professional subject ပဲဖြစ်ဖြစ် non-professional subject နှင့် ပဲဖြစ်ဖြစ် သုတေသန လုပ်နေသူတွေအတွက် အင်တာနက်သည် မရှိမဖြစ်လိုအပ်နေသည်။ သုတေသန ကျောင်းသား ဖြစ်စ သီတဂူစတား M.A ကျောင်းသားဘ၀က ကျောင်းစာတွေအတွက် အင်တာနက်ကို ပယ်ပယ်နယ်နယ် အသုံးပြုခဲ့ရသည်။ သီတဂူစတား ယူထားသော ဘာသာရပ်သည် non-professional subject (philosophy) ဖြစ်သည်။ သို့သော်လည်း ထိုဘာသာရပ်သည်ပင် အင်တာနက်နှင့် ကင်း၍မရပါ။ ဆရာ ဆရာမတွေသည်ပင် သူတို့၏ topic များကို သင်သည့်အခါ အင်တာနက်ကို ညွှန်းလေ့ရှိသည်၊ လေ့လာရန် လင့်ခ် link များ ပေးလေ့ရှိသည်။ ကိုယ်လိုချင်သော ခေါင်းစဉ်ကို စာအုပ်တွေမှာ ရှာလို့ကော မရနိုင်ဘူးလားဆိုတော့ ရနိုင်ပါသည်၊ သို့သော် စာအုပ်သည် အလွန်ကျယ်ပြန့်သလို စာအရေးအသားတွေလည်း နားလည်ဘို့ အရမ်းခက်ခဲပါသည်။ အင်တာနက်ကပေးသော explanation များသည် တိုတိုနှင့် ရှင်းရှင်းလင်းလင်းရှိသည်၊ ကျောင်းသားတစ်ယောက်အဖို့ နားလည်ရန် လွယ်ကူသည်။ စီးပွားရေးပညာနှင့် သိပ္ပံပညာရပ်များ ယူသော ကျောင်းသားများသည်ကား အင်တာနက်ကို လုံးဝကို အားကိုးရတော့သည်။ အင်တာနက်မှာ စာရှာရတာ အရမ်းလွယ်ကူပါသည်။ ကိုယ်လိုချင်တဲ့ စာလုံး သို့မဟုတ် article ဆောင်းပါးကို Google search ကနေ အလွယ်တကူ ရှာနိုင်ပါသည်။ အဲဒီတော့ အမ်အေ ကျောင်းသားတစ်ယောက်သည်ပင် အင်တာနက်သည် ဤမျှလောက် လိုအပ်နေပါလျှင် အရေးပါနေပါလျှင် သုတေသန ကျောင်းသားတစ်ယောက် အတွက် ပြောပြဘွယ်ပင် မလိုတော့ပေ။ အင်တာနက်အကြောင်းကား အရမ်း ကျယ်ပြန့်ပါသည်။ အင်တာနက်နှင့်ပတ်သက်သည့် အကြောင်းအရာများကို အင်တာနက် သို့မဟုတ် internet ဆိုပြီ Google Search မှာ ရိုက်ထည့်ပြီး ရှာနိုင်ပါသည်။ သီတဂူစတားတင်ပြသော အင်တာနက်ကား ရဟန်းတော်များနှင့် အင်တာနက်ဖြစ်ပါသည်၊ နည်းပညာ၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ပတ်သက်သည့် အင်တာနက်ကိုကား နားမလည်ပါ။

နိဂုံး
အချုပ်အားဖြင့်ပြောရလျှင် အင်တာနက်ဟူသည် အကောင်းရော အဆိုးတွေပါ ရရှိနိုင်တဲ့ ရွာကြီးတရွာဖြစ်ပါသည်၊ ရဟန်းတော်များသည် မြို့ထဲ ရွာထဲ ရပ်ကွက်ထဲတွင် မသွားကောင်းသော နေရာ သွားကောင်းသော နေရာများ ရှိသလို အင်တာနက်တည်းဟူသော ထိုရွာတွင်လည်း မသွားသင့်သောနေရာ သွားသင့်သော နေရာများ ရှိပါသည်။ user တွေရဲ့ ရည်ရွယ်ချက်နှင့် အသုံးပြုမှုပေါ်မှာ အခြေခံပြီး အကောင်း အဆိုးရလာဒ်များလည်းဖြစ်နိုင်ပါသည်။

ဤကား သီတဂူစတား မြင်သော အင်တာနက်တည်း။

ရွှင်လမ်းချမ်းမြေ့ပါစေ
သီတဂူစတား
10-6-2010

Read more...

အဂတိတရားလေးပါး...

အဂတိတရားလေးပါး
အဂတိသို့ မလိုက်သင့်ပုံ
လောဘ ဒေါသ မောဟ ဘေးဘယကြောင့် အဂတိတရား လိုက်စားကြပုံ...

အဂတိတရားတွေ လိုက်စားကြလို့

သူငယ်ချင်းခြင်းလည်း ကွဲကြပြဲကြပြီ...
မောင်နှမခြင်းလည်း ကွဲကြပြဲကြပြီ...
တူအရီးခြင်းလည်း ကွဲကြပြဲကြပြီ...
သားအဖခြင်းလည်း ကွဲကြပြဲကြပြီ...

ဆရာတပည့်ခြင်းလည်း ကွဲကြပြဲကြပြီ...
ဆွေမျိုးခြင်းလည်း ကွဲကြပြဲကြပြီ...
နိုင်ငံသားခြင်းလည်း ကွဲကြပြဲကြပြီ...
ဟိုတိုင်းပြည်နဲ့ သည်တိုင်းပြည်လည်း ကွဲကြပြဲကြပြီ...

ကမ္ဘာ့ချိန်ခွင်ကြီးလည်း တစ်ဖက်စောင်းနေပြီ...
စောင်းပေမပေါ့ ကြိုးလေးချောင်က ပြတ်နေပြီပဲ...


ဆန္ဒာဂတိ...
ဆန္ဒာဂတိသို့ မလိုက်အပ်ဟူသည်၌
ဆန္ဒာဂတိသို့ လိုက်သော သူသည် အဘယ်သို့ ဆန္ဒာဂတိသို့ လိုက်သနည်း။

ဤသာသနာတော်၌ အချို့သောသူသည် ဤသူသည် ငါ၏ ဥပဇ္ဈာယ် ဟူ၍ လည်းကောင်း၊ ဆရာဟူ၍ လည်းကောင်း၊ အတူနေတပည့် ဟူ၍ လည်းကောင်း၊ အနီးနေတပည့် ဟူ၍ လည်းကောင်း၊ ဥပဇ္ဈာယ်တူသူ ဟူ၍ လည်းကောင်း၊ ဆရာတူသူ ဟူ၍ လည်းကောင်း၊ မြင်ဖူးသူ အဆွေခင်ပွန်း ဟူ၍ လည်းကောင်း၊ အတူတကွ စားသောက်ဖူးသူ အဆွေခင်ပွန်း ဟူ၍ လည်းကောင်း၊ ဆွေမျိုးသားချင်းတော်သူ ဟူ၍ လည်းကောင်း ထိုသူကို အစဉ်သနားခြင်းငှါ ထိုသူကို စောင့်ရှောက်ခြင်းငှါ...

၁...
တရားမဟုတ်သည်ကို တရားဟုတ်သည်ဟု ပြ၏၊

၂...
တရားဟုတ်သည်ကို တရား မဟုတ်ဟု ပြ၏၊

၃...
ဝိနည်းမဟုတ်သည်ကို ဝိနည်းဟုတ်သည်ဟု ပြ၏၊

၎...
ဝိနည်းဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြ၏၊

၅...
မြတ်စွာဘုရား မဟောအပ် မမိန့်အပ်သည်ကို မြတ်စွာဘုရားဟောအပ် မိန့်အပ်၏ဟု ပြ၏၊

၆...
မြတ်စွာဘုရား ဟောအပ် မိန့်အပ်သည်ကို မြတ်စွာဘုရား မဟောအပ် မမိန့်အပ်ဟု ပြ၏၊

၇...
မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်၏ဟု ပြ၏၊

၈...
မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြ၏၊

၉...
မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု ပြ၏၊

၁၀...
မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြ၏၊

၁၁...
အာပတ်မသင့်သည်ကို အာပတ်သင့်၏ဟု ပြ၏၊

၁၂...
အာပတ်သင့်သည်ကို အာပတ်မသင့်ဟု ပြ၏၊

၁၃...
ပေါ့သောအာပတ်ကို လေးသော အာပတ်ဟု ပြ၏၊

၁၄...
လေးသော အာပတ်ကို ပေါ့သောအာပတ်ဟု ပြ၏၊

၁၅...
အကြွင်းရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြ၏၊

၁၆...
အကြွင်းမရှိသောအာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြ၏၊

၁၇...
ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြ၏၊

၁၈...
မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟုပြ၏၊

ဤတစ်ဆယ့် ရှစ်ပါးသော ဝတ္ထုတို့ဖြင့် ဆန္ဒာဂတိသို့ လိုက်သော သူသည် များစွာသော လူတို့၏စီးပွါးမဲ့ကို ပြုခြင်းငှါများစွာသော လူတို့၏ မချမ်းသာခြင်းကို ပြုခြင်းငှါ များစွာသော လူတို့၏အကျိုးမဲ့ကို ပြုခြင်းငှါ နတ်လူတို့၏ စီးပွားမဲ့ကို ပြုခြင်းငှါ ဆင်းရဲခြင်းကို ပြုခြင်းငှါ ကျင့်၏။

ဤတစ်ဆယ့်ရှစ်ပါးသော ဝတ္ထုတို့ဖြင့် ဆန္ဒာဂတိသို့ လိုက်သော သူသည် မိမိကိုယ်ကို တူးဖြိုသည်ဖြစ်၍ သဒ္ဓါစသော ဣနြေ္ဒကို ဖျက်ဆီးသည်ဖြစ်၍ မိမိကိုယ်ကို ဆောင်၏၊ အပြစ်နှင့်တကွလည်းဖြစ်၏၊ ပညာရှိတို့၏ ကဲ့ရဲ့ခြင်းနှင့်တကွလည်း ဖြစ်၏၊ များစွာသော မကောင်းမှုသည်လည်း ပွါး၏။ ဆန္ဒာဂတိသို့ လိုက်သော သူသည် ဤသို့ ဆန္ဒာဂတိသို့ လိုက်၏။ 379

ဒေါသာဂတိ...
ဒေါသာဂတိသို့ မလိုက်အပ်ဟူသည်၌
ဒေါသာဂတိသို့ လိုက်သောသူသည် အဘယ်သို့ ဒေါသာဂတိသို့ လိုက်သနည်း။


ဤသာသနာတော်၌ အချို့သော သူသည်

၁...
''ငါ၏ အကျိုးမဲ့ကို ကျင့်ဖူး၏''ဟု ရန်ငြိုးဖွဲ့၏၊

၂...
''ငါ၏ အကျိုးမဲ့ကို ကျင့်၏''ဟု ရန်ငြိုးဖွဲ့၏၊

၃...
''ငါ၏ အကျိုးမဲ့ကို ကျင့်လိမ့်မည်''ဟု ရန်ငြိုးဖွဲ့၏၊

၎...
''ငါ၏ ချစ်သူ ငါ၏ နှလုံးကို ပွါးစေတတ်သူ၏ အကျိုးမဲ့ကို ကျင့်ဖူး၏၊

၅...
ငါ၏ ချစ်သူ ငါ၏ နှလုံးကို ပွါးစေတတ်သူ၏ အကျိုးမဲ့ကို ကျင့်၏၊

၆...
ငါ၏ ချစ်သူ ငါ၏ နှလုံးကို ပွါးစေတတ်သူ၏ အကျိုးမဲ့ကို ကျင့်လိမ့်မည်''ဟု ရန်ငြိုးဖွဲ့၏၊

၇...
''ငါ၏ မချစ်သူ ငါ၏ နှလုံးကို မပွါးစေတတ်သူ၏ အကျိုးကို ကျင့်ဖူး၏၊

၈...
''ငါ၏ မချစ်သူ ငါ၏ နှလုံးကို မပွါးစေတတ်သူ၏ အကျိုးကို ကျင့်၏၊

၉...
''ငါ၏ မချစ်သူ ငါ၏ နှလုံးကို မပွါးစေတတ်သူ၏ အကျိုးကို ကျင့်လိမ့်မည်''ဟု ရန်ငြိုးဖွဲ့၏။


ဤကိုးပါးသော အာဃာတဝတ္ထုတို့ဖြင့် ရန်ငြိုးဖွဲ့သည် ဖြစ်၍ အဖန်တလဲလဲ ရန်ငြိုးဖွဲ့သည် ဖြစ်၍ အမျက်ထွက်သည် ဖြစ်၍ အမျက်နှိပ်စက်သည် ဖြစ်၍...



(အပေါ်က ၁၈-ပါးအတိုင်း မှတ်မိပါက ကျော်...)

၁...
တရားမဟုတ် သည်ကို တရားဟုတ်သည်ဟု ပြ၏၊

၂...
တရားဟုတ်သည်ကို တရား မဟုတ်ဟု ပြ၏၊

၃...
ဝိနည်းမဟုတ်သည်ကို ဝိနည်းဟုတ်သည်ဟု ပြ၏၊

၎...
ဝိနည်းဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြ၏၊

၅...
မြတ်စွာဘုရား မဟောအပ် မမိန့်အပ်သည်ကို မြတ်စွာဘုရားဟောအပ် မိန့်အပ်၏ဟု ပြ၏၊

၆...
မြတ်စွာဘုရား ဟောအပ် မိန့်အပ်သည်ကို မြတ်စွာဘုရား မဟောအပ် မမိန့်အပ်ဟု ပြ၏၊

၇...
မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်၏ဟု ပြ၏၊

၈...
မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြ၏၊

၉...
မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု ပြ၏၊

၁၀...
မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြ၏၊

၁၁...
အာပတ်မသင့်သည်ကို အာပတ်သင့်၏ဟု ပြ၏၊

၁၂...
အာပတ်သင့်သည်ကို အာပတ်မသင့်ဟု ပြ၏၊

၁၃...
ပေါ့သောအာပတ်ကို လေးသော အာပတ်ဟု ပြ၏၊

၁၄...
လေးသော အာပတ်ကို ပေါ့သောအာပတ်ဟု ပြ၏၊

၁၅...
အကြွင်းရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြ၏၊

၁၆...
အကြွင်းမရှိသောအာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြ၏၊

၁၇...
ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြ၏၊

၁၈...
မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟုပြ၏၊

ဤတစ်ဆယ့်ရှစ်ပါးသော ဝတ္ထုတို့ဖြင့် ဒေါသာဂတိသို့ လိုက်သောသူသည် များစွာသော လူတို့၏ စီးပွားမဲ့ကို ပြုခြင်းငှါ များစွာသော လူတို့၏ မချမ်းသာခြင်းကို ပြုခြင်းငှါ များစွာသော လူတို့၏ အကျိုးမဲ့ကို ပြုခြင်းငှါ နတ်လူတို့၏ စီးပွါးမဲ့ကို ပြုခြင်းငှါ ဆင်းရဲကို ပြုခြင်းငှါ ကျင့်၏။

ဤတစ်ဆယ့်ရှစ်ပါးသော ဝတ္ထုတို့ဖြင့် ဒေါသာဂတိသို့ လိုက်သော သူသည် မိမိကိုယ်ကို တူးဖြိုသည်ဖြစ်၍ သဒ္ဓါစသော ဣနြေ္ဒကို ဖျက်ဆီးသည်ဖြစ်၍ မိမိကိုယ်ကို ဆောင်၏၊ အပြစ်နှင့် တကွလည်း ဖြစ်၏၊ ပညာရှိတို့၏ ကဲ့ရဲ့ခြင်းနှင့် တကွလည်း ဖြစ်၏၊ များစွာသော မကောင်းမှုသည်လည်း ပွါး၏။

ဒေါသာဂတိသို့ လိုက်သော သူသည် ဤသို့ ဒေါသာဂတိသို့ လိုက်၏။ 380


မောဟာဂတိ...
မောဟာဂတိသို့ မလိုက်အပ်ဟူသည်၌
မောဟာဂတိသို့ လိုက်သောသူသည် အဘယ်သို့ မောဟာဂတိသို့ လိုက်သနည်း။

တပ်မက်သောသူသည် ရာဂ၏ အစွမ်းအားဖြင့် လိုက်၏၊ ဖျက်ဆီးပြစ်မှားသူသည် ဒေါသ၏ အစွမ်းအားဖြင့် လိုက်၏၊ တွေဝေသောသူသည် မောဟ၏ အစွမ်းအားဖြင့် လိုက်၏၊ မှားသောအားဖြင့် သုံးသပ်သူသည် အယူ 'ဒိဋ္ဌိ' ၏ အစွမ်းအားဖြင့် လိုက်၏။ တွေဝေသည် ဖြစ်၍ ပြင်းစွာတွေဝေသည် ဖြစ်၍ မောဟနှိပ်စက်အပ်သည် ဖြစ်၍


(အပေါ်က ၁၈-ပါးအတိုင်း မှတ်မိပါက ကျော်...)

၁...
တရားမဟုတ် သည်ကို တရားဟုတ်သည်ဟု ပြ၏၊

၂...
တရားဟုတ်သည်ကို တရား မဟုတ်ဟု ပြ၏၊

၃...
ဝိနည်းမဟုတ်သည်ကို ဝိနည်းဟုတ်သည်ဟု ပြ၏၊

၎...
ဝိနည်းဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြ၏၊

၅...
မြတ်စွာဘုရား မဟောအပ် မမိန့်အပ်သည်ကို မြတ်စွာဘုရားဟောအပ် မိန့်အပ်၏ဟု ပြ၏၊

၆...
မြတ်စွာဘုရား ဟောအပ် မိန့်အပ်သည်ကို မြတ်စွာဘုရား မဟောအပ် မမိန့်အပ်ဟု ပြ၏၊

၇...
မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်၏ဟု ပြ၏၊

၈...
မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြ၏၊

၉...
မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု ပြ၏၊

၁၀...
မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြ၏၊

၁၁...
အာပတ်မသင့်သည်ကို အာပတ်သင့်၏ဟု ပြ၏၊

၁၂...
အာပတ်သင့်သည်ကို အာပတ်မသင့်ဟု ပြ၏၊

၁၃...
ပေါ့သောအာပတ်ကို လေးသော အာပတ်ဟု ပြ၏၊

၁၄...
လေးသော အာပတ်ကို ပေါ့သောအာပတ်ဟု ပြ၏၊

၁၅...
အကြွင်းရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြ၏၊

၁၆...
အကြွင်းမရှိသောအာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြ၏၊

၁၇...
ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြ၏၊

၁၈...
မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟုပြ၏၊

ဤတစ်ဆယ့်ရှစ်ပါးသော ဝတ္ထုတို့ဖြင့် မောဟာဂတိသို့ လိုက်သောသူသည် များစွာသော လူတို့၏ စီးပွါးမဲ့ကို ပြုခြင်းငှါ များစွာသော လူတို့၏ မချမ်းသာခြင်းကိုပြုခြင်းငှါ များစွာသော လူတို့၏ အကျိုးမဲ့ကို ပြုခြင်းငှါ နတ်လူတို့၏ စီးပွါးမဲ့ကို ပြုခြင်းငှါ ဆင်းရဲခြင်းကိုပြုခြင်းငှါ ကျင့်၏။

ဤတစ်ဆယ့်ရှစ်ပါးသော ဝတ္ထုတို့ဖြင့် မောဟဂတိသို့ လိုက်သော သူသည် မိမိကိုယ်ကို တူးဖြိုသည်ဖြစ်၍ သဒ္ဓါစသော ဣနြေ္ဒကို ဖျက်ဆီးသည်ဖြစ်၍ မိမိကိုယ်ကို ဆောင်၏၊ အပြစ်နှင့် တကွလည်း ဖြစ်၏၊ ပညာရှိတို့၏ ကဲ့ရဲ့ခြင်းနှင့် တကွလည်း ဖြစ်၏၊ များစွာသော မကောင်းမှုသည်လည်း ပွါး၏။

မောဟာဂတိသို့ လိုက်သောသူသည် ဤသို့ မောဟာဂတိသို့ လိုက်၏။ 381

ဘယာဂတိ...
ဘယာဂတိသို့ မလိုက်အပ် ဟူသည်၌
ဘယာဂတိသို့ လိုက်သောသူသည် အဘယ်သို့ ဘယာဂတိသို့ လိုက်သနည်း။

ဤသာသနာတော်၌ အချို့သော သူသည် ''ဤသူသည် 'မညီမညွတ်သော ကာယကံစသည်ကို မှီ၏' ဟူ၍သော် လည်းကောင်း၊ 'မိစ္ဆာဒိဋ္ဌိ အန္တဂ္ဂါဟိကဒိဋ္ဌိ အယူကို မှီ၏' ဟူ၍သော် လည်းကောင်း၊ 'အားရှိသူ ရဟန်းများကို မှီ၏'ဟူ၍သော် လည်းကောင်း၊ 'ခက်ထန်ကြမ်းတမ်း၏၊ အသက်အန္တရာယ်ကို လည်းကောင်း၊ သာသနာတော်၏ အန္တရာယ်ကို လည်းကောင်း၊ ပြုလိမ့်မည်' ဟူ၍သော် လည်းကောင်း'' တွေး၍ ထိုသူကို ကြောက်သဖြင့် ကြောက်သည်ဖြစ်၍...


(အပေါ်က ၁၈-ပါးအတိုင်း မှတ်မိပါက ကျော်...)

၁...
တရားမဟုတ် သည်ကို တရားဟုတ်သည်ဟု ပြ၏၊

၂...
တရားဟုတ်သည်ကို တရား မဟုတ်ဟု ပြ၏၊

၃...
ဝိနည်းမဟုတ်သည်ကို ဝိနည်းဟုတ်သည်ဟု ပြ၏၊

၎...
ဝိနည်းဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြ၏၊

၅...
မြတ်စွာဘုရား မဟောအပ် မမိန့်အပ်သည်ကို မြတ်စွာဘုရားဟောအပ် မိန့်အပ်၏ဟု ပြ၏၊

၆...
မြတ်စွာဘုရား ဟောအပ် မိန့်အပ်သည်ကို မြတ်စွာဘုရား မဟောအပ် မမိန့်အပ်ဟု ပြ၏၊

၇...
မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်၏ဟု ပြ၏၊

၈...
မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြ၏၊

၉...
မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု ပြ၏၊

၁၀...
မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြ၏၊

၁၁...
အာပတ်မသင့်သည်ကို အာပတ်သင့်၏ဟု ပြ၏၊

၁၂...
အာပတ်သင့်သည်ကို အာပတ်မသင့်ဟု ပြ၏၊

၁၃...
ပေါ့သောအာပတ်ကို လေးသော အာပတ်ဟု ပြ၏၊

၁၄...
လေးသော အာပတ်ကို ပေါ့သောအာပတ်ဟု ပြ၏၊

၁၅...
အကြွင်းရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြ၏၊

၁၆...
အကြွင်းမရှိသောအာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြ၏၊

၁၇...
ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြ၏၊

၁၈...
မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟုပြ၏၊

ဤတစ်ဆယ့်ရှစ်ပါးသော ဝထ္ထုတို့ဖြင့် ဘယာဂတိသို့ လိုက်သော သူသည် များစွာသော လူတို့၏ စီးပွားမဲ့ကို ပြုခြင်းငှါ များစွာသော လူတို့၏ မချမ်းသာခြင်းကို ပြုခြင်းငှါ များစွာသော လူတို့၏ အကျိုးမဲ့ကို ပြုခြင်းငှါ နတ်လူတို့၏ စီးပွါးမဲ့ကိုပြုခြင်းငှါ ဆင်းရဲခြင်းကို ပြုခြင်းငှါ ကျင့်၏။

ဤတစ်ဆယ့်ရှစ်ပါးသော ဝတ္ထုတို့ဖြင့် ဘယာဂတိကို လိုက်သော သူသည် မိမိကိုယ်ကို တူးဖြိုသည်ဖြစ်၍ သဒ္ဓါစသော ဣနြေ္ဒကို ဖျက်ဆီးသည် ဖြစ်၍ မိမိကိုယ်ကို ဆောင်၏၊ အပြစ်နှင့် တကွလည်း ဖြစ်၏၊ ပညာရှိတို့၏ ကဲ့ရဲ့ခြင်းနှင့် တကွလည်း ဖြစ်၏၊ များစွာသော မကောင်းမှုသည်လည်း ပွါး၏၊

ဘယာဂတိသို့ လိုက်သော သူသည် ဤသို့ ဘယာဂတိသို့ လိုက်၏။

အကြင်သူသည် ချစ်သဖြင့် လည်းကောင်း၊ မုန်းသဖြင့် လည်းကောင်း၊ ကြောက်သဖြင့် လည်းကောင်း၊ တွေဝေမိုက်မဲသဖြင့် လည်းကောင်း တရားကို လွန်၍ ကျင့်၏၊ ထိုသူ၏ အခြံအရံဂုဏ် သတင်းကျော်စောခြင်း စသည်သည် လသည် လဆုတ်ပက္ခ၌ တစ်နေ့ တခြား ဆုတ်ယုတ် သကဲ့သို့ ဆုတ်ယုတ်၏။ 382

၂ - အဂတိသို့ မလိုက်သင့်ပုံ၊ မဟာသင်္ဂါမ၊ ပရိဝါပါဠိတော်။ ၀ိနယ၊



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ယောဂါစာရဂိုဏ်း... (ဗုဒ္ဓသာသနာ ၂၅၀၀ ခရီး ၆ (မောင်အံ့-ဘုံဘေ))

(ဗုဒ္ဓသာသနာ ၂၅၀၀ ခရီး ၆ (မောင်အံ့-ဘုံဘေ))

ယောဂါစာရဂိုဏ်း...













Print this post

Read more...

ဈေးရောင်းခြင်း နှင့် အမေ

ယနေ့မနက်လည်း ကျွန်တော်သည် မေမေခိုင်းသည့်အတိုင်း ဈေးဝယ်ရန် ဈေးခြင်းတောင်းလေးကို လက်တဖက်ကဆွဲလာခဲ့သည်။ အမေက ဈေးသည်ဖြစ်သောကြောင့် အမေပြန်ရောင်းရန် ကျွန်တော်က လာဝယ်ခြင်းဖြစ်သည်။

ကျွန်တော်သည် ယောက်ျားလေးဖြစ်သော်လည်း ဈေးကို ထောင့်စေ့အောင် တိကျမှန်ကန်စွာ ၀ယ်တတ်၊ ခြမ်းတတ်သည်။ ထို့ကြောင့် အမေက ကျွန်တော့်ကို မနက်တိုင်း ဈေးသို့လွှတ်သည်။
နေ့တိုင်း ဈေးဝယ်ရခြင်းအကျင့်ကြောင့် ကြက်သွန်၊ ဆန်၊ အာလူး၊ ငရုတ်၊ ဆပ်ပြာ၊ ဆား စသည်တို့၏ ဈေးနှုန်းတို့ကို အလွတ်ရနေခဲ့သည်။ ကျောင်းသို့ရောက်လျှင်လည်း ဈေးရှိန်ကမသေဘဲ ကြက်သွန်ဈေး ဟိုတနေ့ကနဲ့ ဘယ်လောက်တောင်တက်တာ။ မန်ကျည်းသီးကလည်း ဘယ်လိုဈေးမြင့်လာတာ စသည်ဖြင့် သူငယ်ချင်းအချို့ကို ပြောပြနေတတ်သည်။

စာထိုင်ကျက်နေရင်းလည်း အငြိမ်မနေ အမေဈေးရောင်းနေသည်ကို ၀င်၍ -
အမေကလည်းလေ အာလူးဈေးက မြောက်ပါဘိနဲ့ တလုံးဆိုလည်း တလုံး အပိုထည့်ပေးနေစရာ မလိုပါဘူး။
ထိုအခါ အမေက ပြုံးပြီး ငါ့သားလေးကလေ တွန့်တိုမနေပါနဲ့ကွယ်။ ဒီမှာသား- မရှိလို့ မလှူ၊ မလှူလို့ မရှိ-ဆိုတဲ့စကားကို သားကြားဖူးတယ်မဟုတ်လား။
ကြားဖူးတယ် အမေ၊ ဒါပေမယ့် အခုပြောနေတာနဲ့ ဘာမှမဆိုင်ပါလား အမေကလဲ။
ဆိုင်တာပေါ့ သားရယ်၊ ဆိုင်တာပေါ့။ အဲဒီ ဆိုရိုးစကားရဲ့နောက်မှာ မလှူနိုင် ဈေးရောင်းဆိုတဲ့ စကားလည်း ရှိသေးတယ်သားရဲ့။

အင်း အမေပြောတဲ့အဓိပ္ပါယ် သား-နားလည်မှာပါ။ သားလည်း အလယ်တန်းတောင် ပြီးတော့မှာ မဟုတ်လား။ အကင်းပါးရော့ပေါ့။
ဒီမှာတော့ ကျွန်တော်လည်း သဘောပေါက်ခဲ့သည်။ အမေပြောတာ ထိရောက်ပါပေသည်။ အလှူမပေးနိုင်လျှင် ဈေးရောင်း၊ ဈေးရောင်းတာဟာ လှူတာနဲ့ အတူတူပဲပေါ့။ ဒါပေမယ့် ဘယ်လိုလှူလိုက်တာပါလိမ့် ဆိုပြီးတော့လည်း တွေဝေမိခဲ့သေးသည်။

တနေ့မှာတော့ အမေဈေးရောင်းတဲ့အနား စာသွားကျက်နေရင်း ဈေးဝယ်က-
အမရေ၊ ကြက်သွန်နီလေး ငါးဆယ်သားလောက် ပေးပါ။
အေး အေး၊ ရော့ ဆန်ခါခုံး၊ ညီမကြိုက်တာ ရွေးထည့်။ ပြီးတော့ အမချိန်ပေးမယ်။
အမေက ဈေးဝယ်ရှေ့ ဆန်ခါခုံး ထိုးပေးလိုက်သည်။ ဈေးဝယ်လည်း ဆန်ခါခုံးတ၀က်ကျော်ခန့် ရွေးထည့်လိုက်ပြီး-
အမ၊ ရော့ ရလောက်ပြီ။ ချိန်ကြည့်ပါဦး။
ပေး ညီမ။

အမေ ချိန်ခွင်ပေါ် တင်ချိန်ကြည့်လိုက်သည့်အခါ ချိန်ခွင်လျှာက ငါးကျပ်သားခန့် ပြူးထွက်နေသည်ကို ကျွန်တော်လည်း တွေ့လိုက်ရသည်။ သည်ရပ်ကွက်တွင် အမေ့ဆိုင်လေးသည် အလေးချိန်အမှန်ကန်ဆုံးဟု ထင်ရှားသည်။ ပိုနေသည်ကို အမေက နုတ်မယူတော့ဘဲ ကဲ ညီမရေ၊ အမ ပိုထည့်ပေးလိုက်တယ် နော်။ သြော် ဒါနဲ့ ကြီးတော် လှတို့ နေကောင်းကြတယ် မဟုတ်လား။

ကောင်းကြပါတယ် အမ၊ ကျေးဇူးပဲနော်။ ဈေးဝယ်ပိုက်ဆံပေးပြီး ထွက်သွားသောအခါ အမေက
ငါ့သား အမေပြောတဲ့အဓိပ္ပါယ်ကို သား နားမရှင်းခဲ့တာ အမေ သိပါတယ်။ ဒီတခါတော့ သား သဘောပေါက်ပြီ မဟုတ်လား။
ဟုတ်ကဲ့ အမေ၊ သား နားလည်သွားပါပြီ။
အမေက ပိုတဲ့အလေးချိန်ကို နုတ်မပစ်ဘဲ အမေတတ်နိုင်သလောက် လှူလိုက်သည်ဆိုသော အဓိပ္ပါယ်ကို ပညာသားပါပါ ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။

အမေ့ကိုလည်း ပညာတတ်နည်းဖြင့် မိမိတတ်နိုင်ကာ လှူတဲ့ အလှူအမကြီးအဖြစ် မြင်ယောင်ကြည့်မိပါသည်။ ထို့ပြင် ပို၍လည်း လေးစားမိပါသည်။
ကျွန်တော်သည်လည်း ဤကုသိုလ်ရသော ဈေးရောင်းခြင်း-အလုပ်ကို ဘယ်တော့မှ မေ့နိုင်၊ မစွန့်နိုင်ပါကြောင်း ကြီးစွာ ယုံကြည်နေမိပါတော့သည်။

အောင်ရင် (စစ်ကိုင်း)
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

Read more...

စိတ်ခွန်အား တိုးစေဖို့

ကျန်းမာရေး အခြေအနေက ခွင့်မပေးတော့လို့ စာမသင်နိုင်တော့ပေမယ့် နှစ်ါပေါင်း ၂၀ ကျော် ဆရာလုပ်ခဲ့တာဆိုတော့ ကျောင်းသူကျောင်းသား တပည့်ဟောင်းတွေကတော့ အ၀င်အထွက် ပြတ်လှတယ် မရှိပါဘူး။ လမ်းကြုံလို့ ၀င်လာတဲ့သူနဲ့၊ နေ့ကြီးရက်ကြီးမို့ ၀င်လာတဲ့သူနဲ့၊ ခရီးထွက်ရာက ပြန်လာလို့ လက်ဆောင်လာပို့တဲ့သူနဲ့၊ နိုင်ငံခြားသွားခါနီးမို့ လာကန်တော့ နှုတ်ဆက်သူနဲ့ နေ့စဉ်နဲ့အမျှဆိုသလို ရှိနေတာပါပဲ။
တပည့် ကျောင်းသူ ကျောင်းသားတွေက သူတို့မှာ စိတ်ညစ်စရာ တခုခု ကြုံတွေ့ရတဲ့အခါများမှာ ပိုပြီးသတိရတယ်လို့ ဆိုကြပါတယ်။ စိတ်ညစ်စရာ ပြေပျောက်အောင်လုပ်လို့ မရတဲ့အခါမျိုး၊ အခက်အခဲတခုခု မဖြေရှင်းနိုင်တဲ့ အခါမျိုးတွေမှာ ရောက်ချလာတတ်ကြပြီး ရင်ဖွင့်ကြ၊ တိုင်ပင်နှီးနှောကြ၊ အကြံဥာဏ်တောင်းကြ၊ လုပ်တတ်ကြပါတယ်။

လူငယ်လေးတွေကို မြင်တွေ့ရတဲ့ အခါတိုင်း ကိုယ်ငယ်စဉ်ဘ၀က လူငယ်များလို တက်ကြွလန်းဆန်းမှု တယ်ပြီး မတွေ့မမြင်ရတာကြောင့် ကရုဏာ သက်မိပါတယ်။ အဲဒါကြောင့် တတ်စွမ်းသမျှ၊ နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းတို့ကို ပြုရပါတယ်။လူငယ်တွေနဲ့ စကားပြောတဲ့ အခါတိုင်း သတိထားမိတာ တခုကတော့ သူတို့တတွေဟာ သူတို့ရဲ့ လက်ရှိဘ၀ကို မကျေမနပ်ဖြစ်ပြီး စိတ်ချဉ်ပေါက်နေတာတွေ များနေတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ တချို့ကတော့ လူ့ဘ၀ဆိုတာ ဘာမှ အဓိပ္ပါယ်မရှိတာကြီးပဲလို့တောင် မြင်နေကြတာ ရှိပါတယ်။ လူငယ် လူရွယ်လေးတွေက လူ့ဘ၀ကို ငြီးငွေ့စိတ်ပျက်သံနဲ့ ပြောတာတွေ ကြားရဖန်များတော့ သူတို့ကို စိတ်သက်သာရအောင် လုပ်ပေးချင်တဲ့ ကရုဏာစိတ်တွေ ၀င်လာလေ့ ရှိပါတယ်။ အဲဒီ ကရုဏာစိတ်ရဲ့ လှုံ့ဆော်မှုကြောင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးတဲ့ ကဗျာတွေ၊ သီချင်းတွေ ရှာဖွေစုဆောင်းဖြစ်ပါတယ်။ စာသင်နေစဉ်ကတော့ အတန်းထဲမှာ သင်ကြားပေးပါတယ်။ စာမသင်နိုင်တဲ့ အခါကျတော့လည်း မဂ္ဂဇင်းဆောင်ပါးတွေအဖြစ် ရေးပြီး လူငယ်တွေကို စိတ်ဓာတ်မြှင့်တင်ပေးပါတယ်။

အခု ဖော်ပြပေးလိုက်တဲ့ ကဗျာလေးက စိတ်ဓာတ်မြှင့်တင်ရေး ကဗျာတပုဒ်ပါ။ အဓိပ္ပါယ်ကတော့ ရှင်းလင်းလွယ်ကူပြီး ရိုးရိုးကလေးဖြစ်တာကြောင့် အကျယ်ချဲ့ပြီး ပြောစရာတောင် မလိုတော့ပါဘူး။ ဖတ်ကြည့်ပါတော့........

Remember That Anything is Possible!

Believe in what makes you feel good.
Believe in what makes you happy.
Believe in the dreams
you've always wanted to come true,
and give them every chance to.

Life holds no promises
as to what will come your way.
You must search for your own ideals
and work towards reaching them.
Life makes no guarantees
as to what you'lll have.
It just gives you time to make choices
and to take chances
and to discover whatever secrets
that might come your way.

If you are willing to take
the opportunities you are given
and utilize the abilities you have.
You will constantly fill your life
with special moments
and unforgettable times.

No one knows the mysteries of life
or its ultimate meaning,
but for those who are willing
to believe in their dreams
and in themselves,
life is a precious gift
in which anything is possible.

-Dena Dilaconi


"ဘယ်အရာမဆို ဖြစ်နိုင်တယ်ဆိုတာ အမှတ်ရပါ"
ဒီနာဒီလာကိုနီ

- သင့်ကို စိတ်ချမ်းသာစေတဲ့အရာအပေါ် ယုံကြည်ပါ။
သင့်ကို ပျော်ရွှင်စေတဲ့အရာအပေါ် ယုံကြည်ပါ။
သင်အမြဲတမ်း ဖြစ်လာစေချင်တဲ့၊
အိပ်မက်များအပေါ်မှာ ယုံကြည်ပါ။

- သင့်ဘ၀လမ်းခရီးမှာ ဘာတွေ ဖြစ်လာလိမ့်မယ်လို့
ဘ၀က ပဋိဥာဉ်ပြုထားတာ မရှိဘူး၊
သင်လိုချင်တာကို သင်ကိုယ်တိုင် ရှာဖွေရွေးချယ်ပြီး၊
ဖြစ်အောင်လုပ်ရလိမ့်မယ်။

- သင်ဘာတွေရလာလိမ့်မယ်လို့
ဘ၀က အာမခံချက်ပေးထားတာ မရှိဘူး၊
သင်ရွေးချယ်နိုင်ဖို့နဲ့ အခါအခွင့်ကြုံကြိုက်ဖို့၊
အချိန်ဆိုတာကိုပဲ ပေးထားတယ်၊
ဘ၀ခရီးလမ်းတလျှောက်ရှိ လျှို့ဝှက်ချက်တွေကို
ရှာဖွေတွေ့ရှိဖို့ပဲ လိုတယ်။

- ပေးတဲ့အခွင်အရေးများကို
ရယူချင်စိတ်ရှိပြီး၊
သင့်မှာရှိတဲ့ အစွမ်းအစများကို အသုံးချရင်
ထူးခြားတဲ့ အခိုက်အတန့်တွေ၊
မမေ့နိုင်လောက်တဲ့ အချိန်တွေ၊
သင့်ဘ၀မှာ အမြဲထာဝရပြည့်ဝနေလိမ့်မယ်။

- ဘ၀ရဲ့ လျှို့ဝှက်ချက်တွေနဲ့
အဆုံးစွန်အဓိပ္ပါယ်ကို
ဘယ်သူမှ မသိရှိကြဘူး။
ဒါပေမယ့် ကိုယ့်အိပ်မက်တွေကို ယုံကြည်တဲ့၊
ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူများအတွက်
ဘ၀ဆိုတာ ဘာမဆိုဖြစ်နိုင်တဲ့
အဖိုးတန်လက်ဆောင်တခုဖြစ်တယ်။

ဒီနာဒီလာကိုနီ

လူငယ်ဆိုတာ သံဝေဂတွေကြောင့် တွန့်ဆုတ်နေရမယ့် အရွယ်မဟုတ်ပါဘူး။ အိပ်မက်တွေကို ယုံကြည်ပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ရဲရပါမယ်။ မှားမှာကို မကြောက်ပါနဲ့၊ ရှေးကလူကြီးတွေလည်း မှားဖူးကြတာပါပဲ။ အမှားတွေ့ဖူးမှ အမှန်ကို သိပါတယ်။ အမှားကို ပြင်ပြီး ရှေ့ဆက်လုပ်ရင် ခရီးရောက်မှာပဲ။ အမှားကို ကြောက်ပြီး ဆက်မလုပ်ရင် ဘယ်မှမရောက်နိုင်ပါဘူး။ လူ့ဘ၀ဆိုတာ စက်ဘီးစီးနေရသလို ဖြစ်တယ်။ စက်ဘီးစီးတဲ့အခါ နင်းနေမှ ရှေ့ကို သွားပါတယ်။ အနင်းရပ်လိုက်တာနဲ့ လဲကျသွားတာပါပဲ။ လူ့ဘ၀ဆိုတာလည်း ရှေ့တိုးရင်တိုး မတိုးရင် ကျဆင်းသွားမှာပါ။ ရှိရင်းစွဲနေရာမှာ တန့်နေမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အိပ်မက်တွေကို ယုံကြည်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ အရေးကြီးပါတယ်။ အိပ်မက်တွေကို ယုံမှ ရှေ့တိုးရဲမှာ ဖြစ်ပါတယ်။ ရှေ့မတိုးရဲသူ ကျဆုံးမှာပဲ။ ဒီသဘာဝတရားကို လူငယ်တိုင်း နားလည်သဘောပေါက်စေချင်ပါတယ်။
လူထုစိန်ဝင်း
၂၁၊ ၁၁၊ ၂၀၀၅
[ချင်းတွင်းမဂ္ဂဇင်း၊ အမှတ် (၂)၊ ဖေဖော်ဝါရီလ၊ ၂၀၀၆ မှ ကူးယူဖော်ပြပါတယ်။]

Read more...

ဗုဒ္ဓဘာသာတိုင်းသိသင့်သော ဘုရားရှိခိုး

သြကာသ ၊ သြကာသ ၊ကာယကံ ၊ ၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာပထမ ၊ ဒုတိယ ၊ တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗါန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

အနက် ။ ။ သြကာသ သြကာသ ၊သြကာသ - ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ (၃) ကြိမ် ။ 
ကာယကံ ၊၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပစေခြင်းအကျိုးငှာ - ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ၊ နှုတ်ဖြင့် ပြောဆိုပြစ်မှားမိခဲ့သော ၀စီအမှု ၊ စိတ်ဖြင့်ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု စသည့် ထိုကံသုံးပါးတွင် တစ်ပါးပါး သော ကံတို့ဖြင့် 


ဘုရား၊ တရား၊ သံဃာ၌လည်းကောင်း ၊ ဆရာသမား မိဘ ဘိုးဘွား အစရှိသော လူကြီးသူမများ၌ လည်းကောင်း ပြစ်မှားမိခဲ့လျှင် ကင်းရှင်းပြေပျောက်ပါစေခြင်း အကျိုးငှာ ၊ ပထမ ၊ဒုတိယ ၊တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ်မြောက်အောင် - ပထမက ဒုတိယ ၊ ဒုတိယက တတိယ ၊ တစ်ကြိမ်က နှစ်ကြိမ် ၊ နှစ်ကြိမ်က သုံးကြိမ်တိုင်အောင် ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ၊ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင် ဘုရား ။ 
ဟိတ်ဟန်မပြ မာန်မာန လျော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ၏ အရှင်ဘုရား ။

ကန်တော့ရသော အကျိုးအားကြောင့် - ဤကန်တော့ရသော ကုလိုလ်အကျိုးအား အစွမ်းကြောင့် ၊ အပါယ်လေးပါး - (၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့် 


(က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော သိဉ္စိုးငရဲ ၊ 


(ခ) ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့် ကာဠသုတ်ငရဲ ၊ 


(ဂ) အောက်မြေအပြင်မှာ မီးလျံတွေထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့ သွားပြီး ၊ နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ ၊ 


(ဃ) မိးတောက်တို့သည် တ၀ုန်းးဝုန့်း ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောကမီးလျှံ အလောင်ခံနေကြရသေ ရောရုာဝငရဲ ၊ (င) မီးခိုးတို့တစ်ငရဲလုံးဖုံး
လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှနတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော မဟာရောရုဝငရဲ ၊ 



(စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊ 


(ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကား
ခနဲ စူးဝင်ခြင်းခံကြရရှာသော မဟာတာပန ငရဲ 



၊(ဇ)မီးတောကိမီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများဆက်နေပြီးငရဲသားချင်းလည်း ၀ါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တ၀ါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ ၊ ပြာပူငရဲ ၊ လက်ပံတောငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ“ သံရည်မြစ်ငရဲ ၊ ဟု တံတိုင်းခတ်သကဲသို့ ရံပတ်၍နေသော ငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ (၂) ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ခွေး ၊ ကြက် ၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေးချောင်း ၊ အခြေနှစ်ချောင်း ၊ အခြေအများ သတ္တ၀ါတို့နှင့် မြွေ စသော အခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့် တိရစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊ (၃) တစ္ဆေ ၊ မှင်စာ ၊ သရဲ သဘက် အစိမ်းဖုတ်ကောင် ၊ကျတ်ကောင် စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူတကာယ် အရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ ကပ်သုံးပါး - (၁) တုတ် ဓါး သေနတ် ဗုံး အမြောက် စသောလက်နက်ဖြင့် သေကြေပျက်စီးရခြင်း (သတ္တန္တရကပ် ) ၊ (၂) ပလိပ်ရောဂါ ၊ ကာလရောဂါ ၊ ကျောက်ရောဂါ ၊ အဖျားရောဂါ စသည်ဖြင့် ကူးစက်မြန်သောကြောင့်မြို့နယ်အနှံ့ သေကြေပျက်စီးရခြင်း (ရောဂန္တရကပ်) ၊(၃) မြို့နယ်အနှံ့အပြားတို့၌ အစားအသောက်ပြတ်ငတ်၍ သေကြေပျက်စီးရခြင်း ( ဒုဗ္ဘိက္ခန္တရကပ် ) တို့နှင့် ကြံကြိုက်ရခြင်းလည်းကောင်း ၊ 


ရပ်ပြစ်ရှစ်ပါး - မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ေးသများဖြစ်ကြသည့် (၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ စသော အပါယ်အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ယူ ) ၊ (၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိညာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့်
ဒီဃာယုနတ်တို့အရပ် ၊ (၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စ န္တရာဇ်အရပ် ၊ (၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊ (၇) ဘုရားပွင့်ဆဲအခါ တရားနာလည်းလောက်သော ဥာဏ်မရှိသူ ၊(၈) တတ်သိနားလည်လောက်သော ဥာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း ၊ 



ရန်သူမျိုးငါးပါး- (၁) ရေ ၊(၂) မီး ၊ (၃) ခိုးသူ ၊(၄) အမွေခံသားဆိုး သမီးဆိုး (၅) မင်းဆိုး စသည့် ဘေးငါးမျိုးနှင့်ကြုံတွေ့ရခြင်းလည်းကောင်း ၊ ၀ိကတ္တတရားလေးပါး - ဖောက်ပြနချို့ယွင်းခြင်း ၊ ပျက်စီးခြင်းဟုဆိုအပ်သော (၁) မင်းဆိုး မင်းယုတ်အုပ်စိုးသောအခါ ဖြစ်သည့် ကာလ၀ိပတ္တိ ၊(၂) အအပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍ ဂတိဝိပတ္တိ ၊ (၃) ရုပါအဆင်းအင်္ဂါချို့တဲ့ခြင်းစတဲ့ ဥပဓိဝိပတ္တိ ၊(၄) အသိအလိမ္မာ ဥာဏ်ပညာ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို
ကြံစည်မူ ပယောဂ၀ိပတ္တိ စသည့်မကောင်းသော အဖြစ်ဆိုးတို့နှင့်လည်းကောင်း ၊ဗျဿနတရားငါးပါး - (၁) ဆွေမျိုးပျက်စီးခြင်း ဥာတိဗျဿန ၊(၂) စည်းစိမ်ဥစ္စာ ပျက်စီးခြင်း ဘောဂဗျဿန ၊(၃) အနာရောဂါဖြစ်ခြင်း ရောဂဗျဿန ၊(၄) မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း ဒိဋ္ဌိဗျဿန ၊ (၅) သီလပျက်ခြင်း သီလဗျဿန စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း ဟူသော ၊ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ -ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား - သောတာပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊ အရဟတ္တမဂ် ၊ ဖိုလ်တရား - သောတာပတ္တိဖိုလ် ၊ သကဒါဂါမိဖိုလ် ၊ အနာဂါမိဖိုလ် ၊ အရဟတ္တဖိုလ် ၊ နိဗ္ဗါန်ချမ်းသာ - ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ ၊သေခြင်းသဘောလည်း မရှိရာ ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့် နိဗ္ဗါန်စသော ၊ တရားတော်မြတ်တို့ကို သံသရာ၌ ကြာရှည်စွာ မကျင်လည်ရတော့ပဲ အမြန်ဆုံး ရရပါလို၏ အရှင်ဘုရား ။

ဓမ္မဒါနပြုသည် - ဟိန်း

Read more...

ဒါနလုပ်တာလည်း ကောင်းပါတယ်။ သို့သော်…

တစ်လောက ကျောင်းမှာအလှူပွဲ ရှိတဲ့အချိန် ကိုရီးယားတစ်ချို့လည်း ရောက်လာပါတယ်။ အလှူပွဲဆိုတော့ သိတဲ့အတိုင်း လာသမျှလူတွေကို ဖွယ်ဖွယ်ရာရာ အားရပါးရ ကျွေးမွေးဧည့်ခံကြတာပေါ့။ ဒီလိုလှူတာ၊ တမ်းတာကျွေးမွေး ဧည့်ခံတာတွေ တွေ့ရတော့ ကိုရီးယားဧည့်သည်တွေထဲမှ တစ်ချို့က အံ့သြကြပါတယ်။ ဘာသာမရှိတာလည်း ပါသလို သူတို့ဆီမှာ အလကားရတာ၊ အလကားပေးတာဆိုတာ ဘာမှမရှိတဲ့အတွက် ခုလိုအလကား ပေးကျွေးနေတာတွေ လက်တွေ့မြင်ရတော့ ထူးဆန်းနေတာလည်း ပါမှာပေါ့။ ဒါနဲ့ပဲ မသိတာတွေ နားမလည်တာတွေ တစ်ခုပြီး တစ်ခုမေးပါတော့တယ်။ ဘာဖြစ်လို့ ဒီလိုပေးလှူကြတာလဲ…၊ ဗုဒ္ဓဘာသာမှာ ဒီလို ပေးနေရင်ကိုပဲ အားလုံးပြီးပြည့်စုံပြီးလား..၊ ဒီလို ပေးလှူခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ…စသဖြင့် မေးခွန်းတွေက စုံလှပါတယ်။
သူတို့မေးမယ်ဆိုလည်း မေးချင်စရာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် အများစုဟာ တကယ်ပဲ အလှူဒါနပြုရတာကို သဘောကျကြပါတယ်။ ရှိလို့ကတော့ လူမယ်ဆိုတာချည်းပါပဲ။ အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာ အများစု ရှာဖွေစုဆောင်းကြတဲ့ ရည်ရွယ်ချက်တွေထဲမှာ စားဝတ်နေရေးအတွက် ပါသလို လှူဖို့တန်းဖို့အတွက်လည်း ပါပါတယ်။ အလှူပေးရတာကို သဘောကျသလို လှူနေရတာကိုလည်း ဂုဏ်ယူလေ့ရှိပါတယ်။ တစ်ဘက်ကလည်း အလှူရှင်မှန်းသိအောင် မဏ္ဍာပ်တိုင် တက်ပြတာလည်း ၀ါသနာပါပြန်ပါတယ်။ ဘယ်မှာဘယ်လိုဘယ်လောက် လှူထားတယ်ဆိုတာကိုလည်း အမြဲဂုဏ်ယူလေ့ ရှိပါတယ်။ အလှူပေးတာကို သဘောကျတဲ့စိတ်က ကောင်းပေမယ့် အလှူနဲ့ပတ်သက်ပြီး ကြွားတာဝါတာတွေကတော့ ပြုပြင်ရမယ့် အပိုင်းတွေ ဖြစ်ပါတယ်။ နောက်တစ်ချက်က အလှူဒါနလုပ်တာ လုပ်သင့်တဲ့ ကုသိုလ်ကောင်းမှု တစ်ခုဖြစ်ပေမယ့် ဒီလိုအလှူပေးတာ တစ်ခုတည်းနဲ့တော့ ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးပန်းတိုင်အထိ သွားဖို့မဖြစ်နိုင်သလို ဗုဒ္ဓဘာသာဝင်တွေ အဓိကလုပ်သင့်တဲ့ ကုသိုလ်ကတော့ မဟုတ်သေးပါဘူး။ ဒါနအလုပ်ဟာ နတ်ရွာလားကြောင်း၊ သုဂတိရောက်ကြောင်း အကျင့်ကောင်းတစ်ခု ဖြစ်ပေမယ့် ဒါနသက်သက်နဲ့တော့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း လမ်းစဉ်တော့ မဟုတ်သေးပါဘူး။ ဒါကြောင့် ဒါနလုပ်တာကောင်းပေမယ့် ဒါနတစ်ခုတည်းအားကောင်းပြီး ကျန်တဲ့အဓိကကျတဲ့ ကုသိုလ်တွေ အားမကောင်းဘူး၊ မလုပ်နိုင်သေးဘူး ဆိုရင်တော့ မကောင်းပြန်ပါဘူး။

ဗုဒ္ဓဘာသာကပြောတဲ့ ကုသိုလ်လုပ်ရမယ်လို့ ဆိုရာမှာ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်ဆိုတဲ့ ကုသိုလ်အမျိုးအစား သုံးမျိုးလုံးကို ဆိုလိုပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ရောက်ရေးကတော့ ဘာဝနာကုသိုလ် အထူးသဖြင့် ၀ိပဿနာ အလုပ်ကို လုပ်မှကို ရောက်နိုင်မှာ ဖြစ်ပါတယ်။ နိဗ္ဗာန်မရခင် ဘ၀သံသရာ ခရီးကို ကျင်လည်ရတဲ့အခါ သုဂတိဘ၀ကို ရောက်နိုင်ရေး နံပါတ်တစ်အရေးကြီးပြီး အဲဒီသုဂတိဘ၀မှာ ချမ်းချမ်းသာသာ နေနိုင်ရေးဟာ ဒုတိယ အရေးကြီးပါတယ်။ ဆိုတော့ကား ဒီဘ၀နိဗ္ဗာန် မရနိုင်သေးရင်တော့ အရင်ဆုံး ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံကို မလားရောက်ရရေး ဦးစားပေးရမှာ ဖြစ်ပါတယ်။ ဒီဘ၀သေပြီး အပါယ်မလားဖို့ အတွက်ကတော့ သီလကုသိုလ်ရှိမှ ဖြစ်မှာပါ။ သီလလုံခြုံမှ အပါယ်မသွားရေး အာမခံနိုင်မှာ ဖြစ်ပါတယ်။ သီလလုံခြုံရင် အပါယ်မသွားနိုင်ပေမယ့် သုဂတိဘ၀မှာ ချမ်းချမ်းသာသာ ရှိရေးလည်း လိုအပ်လာပြန်ပါတယ်။ ဒီအတွက် ဒါနကုသိုလ်ကို လုပ်ပေးရခြင်း ဖြစ်ပါတယ်။ ဒီလို သီလလုံပြီး ဒါနပါ ပါမယ်ဆိုရင်တော့ သုဂတိဘ၀မှာ ချမ်းချမ်းသာသာ ရှိစေမှာ အမှန်ပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာများအတွက် လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်များဟာ သူ့အပိုင်းနဲ့သူ အကုန်လိုအပ်တဲ့ ကုသိုလ်ရေးတွေပဲ ဆိုတာ အလွယ်တကူ သိရှိနိုင်ပါတယ်။ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာ ကုသိုလ်ဆိုတဲ့ ကုသိုလ်သုံးမျိုးမှာ ပုထုဇင်ပုဂ္ဂိုလ်များအတွက် အခြေခံအကျဆုံးနဲ့ အရေးအကြိးဆုံးက သီလကုသိုလ်ပဲ ဖြစ်ပါတယ်။ သီလလုံခြုံရေးဟာ နံပါတ်တစ် ဦးစားပေးဖြစ်ပြီး စွမ်းနိုင်လို့၊ ပါရမီရှိလို့ နိဗ္ဗာန်အထိ အရောက်လှမ်းနိုင်မယ်ဆိုရင်တော့ ဘာဝနာကုသိုလ်ကို ထပ်ဆင့်ကြိုးစား လုပ်ရမှာဖြစ်ပါတယ်။ ဒီဘာဝနာ အလုပ်တောင်မှ သီလကိုအရင်ဆုံး လုံခြုံအောင်၊ သီလဖြူစင်အောင် အရင်ဆုံးလုပ်ပြီးမှ ဘာဝနာနဲ့သွားတာ ပိုထိရောက်တဲ့ သဘောရှိပါတယ်။ သီလမလုံခြုံဘဲ ဘာဝနာအလုပ် အားထုတ်နေရင်တော့ ၀ိပဿနာဉာဏ်ရဖို့ မလွယ်လှပါဘူး။ သီလဖြူစင်မှ စိတ်ဖြူစင်ပြီး စိတ်ဖြူစင်မှ သမာဓိဖြစ်ကာ သမာဓိရှိမှ ဉာဏ်တက်မှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ဒါနကုသိုလ်ရဲ့ အခန်းကဏ္ဍဟာ စည်းစိမ်ဥစ္စာချမ်းသာရေး တစ်ခုကိုပဲ လုပ်ပေးနိုင်စွမ်း ရှိတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါနသက်သက်နဲ့ကတော့ အပါယ်မလားရေးကို မတားပေးနိုင်သလို ဒါနမပါပြန်ရင်လည်း သုဂတိဘ၀ ရနေပေမယ့် ဆင်းရဲတဲ့ဘ၀နဲ့ နေနေရတဲ့ အဖြစ်နဲ့ ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် မြန်မာဗုဒ္ဓဘာသာအများ ကြိုက်နှစ်သက်တဲ့ ဒါနကုသိုလ်ဟာ လုပ်နိုင်ရင် ကောင်းပေးမယ့် ဒါနသက်သက်နဲ့တော့ အလုံးစုံ ပြည့်စုံပြီလို့ ယူဆလို့ မရဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ဒါနလုပ်ခြင်းဖြင့် ဒါနရဲ့ လက်တွေ့အကျိုးတွေကတော့ ခံစားရတတ်ပါတယ်။ ပေးကမ်းလှူဒါန်းတဲ့ ပုဂ္ဂိုလ်ဟာ အရင်ဆုံး သဒ္ဓါတရားရှိမှ ပေးနိုင်ကမ်းနိုင်တာ ဖြစ်လို့ သဒ္ဓါတရားတွေ တိုးစေနိုင်သလို မိမိမှာရှိတဲ့ အရာကို စွန့်လွတ်တာ ဖြစ်တဲ့အတွက် မပေးလိုမလှူလိုတဲ့ ၀န်တိုမှု မစ္ဆရိယကို တိုက်ခိုက်တွန်းလှန်နေတာ ဖြစ်လို့ ကုသိုလ်တရားတွေလည်း တိုးစေတတ်ပါတယ်။ ပြီးတော့ ပေးကမ်းလှူဒါန်းတဲ့သူဟာ လူချစ်လူခင်၊ နတ်ချစ်နတ်ခင်များပြီး ပေးကမ်းတဲ့အတွက် အောင်မြင်မှုကိုလည်း ရစေပါတယ်။ ဒါ့အပြင် အလှူပေးတဲ့အတွက် ချမ်းသာမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီလို အကျိုးတွေ ရှိတဲ့အတွက်ကြောင့်လည်း မြန်မာအများစုဟာ ဒါနပြုရတာကို သဘောကျတာ ဖြစ်ပါတယ်။

တစ်ဘက်က ပြန်တွေးကြည့်ရင်လည်း ဒါနဟာ တစ်ခြားကုသိုလ်တွေထက် လုပ်ရတာ ပိုလွယ်တဲ့ အတွက်ကြောင့်လည်း ကျန်တဲ့ကုသိုလ်တွေ မလုပ်တာထက်စာရင် ဒါနလေးလောက်တော့ လုပ်မှဆိုတဲ့ အတွေးလေးတွေနဲ့ လုပ်နေကြတာလည်း ဖြစ်နိုင်ပါတယ်။ ကျန်တဲ့ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တွေကတော့ လက်တွေ့ကျင့်ကြံ အားထုတ်၊ စောင့်စည်းမှသာ ရနိုင်တဲ့အတွက် သဒ္ဓါပညာဝိရိယ တရားများ အားနည်းလာတဲ့ ဒီနေ့ခေတ်မှာ အကျင့်တရားနဲ့ လက်တွေ့အားထုတ်ဖို့ထက် ရှိတာလေးကို ပေးကမ်းစွန့်ကြဲပြီး လှူဒါန်းလိုက်တာက ပိုပြီးလွယ်ကူထင်ပေါ်တဲ့ အတွက်ကြောင့် ဒါနလုပ်တာကို ပိုပြီး သဘောကျကြခြင်း ဖြစ်နိုင်ပါတယ်။

မှန်ပါတယ်။ ဒီနေ့ခေတ်မှာ ကျင့်ကြံအားထုတ် ထိန်းသိမ်းဖို့ဆိုရင် မလုပ်ချင်ကြတော့ဘဲ ဖြစ်ကုန်ပါတော့တယ်။ သီလလည်း မထိန်းချင် ဘာဝနာလည်း မလုပ်ချင်ဖြစ်ကုန်ပါတယ်။ ကျန်တာတွေ မပြောနဲ့ တရားနာဖို့ကိုတောင် မလုပ်ချင်ကြတော့ပါဘူး။ ဘုန်းဘုန်းကျောင်းမှာ အပတ်စဉ် တနင်္ဂနွေနေ့တွေမှာ အလှူပွဲရှိရင် တစ်ချို့ကလေးတွေက ဝေယျာဝစ္စလုပ်ရတာ၊ ညလုံးပေါက်ချက်ပြုတ်ရတာ၊ ဘုန်းကြီးဆွမ်းကပ်ရတာ၊ လာသမျှလူတွေကို ကြွေးမွေးဧည့်ခံရတာတွေဆို အပင်ပန်းခံပြီး တစ်ညလုံး မအိပ်မနေ လုပ်တတ်ကြပေမယ့် တရားနာ ရေစက်ချတော့မယ်ဆိုရင် ကြက်ပျောက်ငှက်ပျောက်ကို ပျောက်ကုန်တတ်ကြပါတယ်။ တစ်ခါတစ်လေ ဘုန်းဘုန်းတရားဟောတာပဲ မကောင်းလို့လား၊ ဒါမှမဟုတ် တရားဟောတာပဲ ကြာလို့လားလို့ တွေးကြည့်စဉ်းစားကြည့်တော့လည်း တရားဟောတာ အလွန်ဆုံး မိနစ်သုံးဆယ်လောက်ပဲ ရှိပါတယ်။ တရားဟောဘယ်လောက်ပဲ ကောင်းကောင်း တရားနာကြမယ်ဟေ့ဆို ရှိကိုမရှိတော့ဘဲ အကျင့်ပါပြီး ပျောက်ပျောက်သွားပါတော့တယ်။ သူတို့ကို မေးကြည့် ဒါနလုပ်မလား တရားနာမလားဆို ဒါနပဲလုပ်ကြမယ့် သူတွေများပါတယ်။ ဒါနလုပ်ရတာက လွယ်တာကိုး။ လှူဖွယ်ဝတ္တုကလည်း အဆင်သင့်ရှိနေတော့ ဒါနဆိုရင် အချိန်မရွေး လုပ်နေနိုင်တဲ့ သဘောရှိနေတာကိုး။

အဲ… သီလစောင့်ဖို့၊ တရားအားထုတ်ဖို့ ဆိုရင်တော့ အဲဒါ ရန်သူပဲ။ မျက်မှောက်ခေတ် ဗုဒ္ဓဘာသာမှာ မသိတာတွေ များလာတယ်ဆိုတာ အကျင့်တရားအားနည်းပြီး အလွယ်လိုက်နေတာတွေကြောင့်လည်း ပါပါတယ်။ လက်တွေ့ကျင့်ကြံအားထုတ်မှ ရတဲ့ဗုဒ္ဓဘာသာမှာ အကျင့်တရားက အဓိကဖြစ်နေပေမယ့် အကျင့်တရားနဲ့နေဖို့ မလုပ်နိုင်တဲ့အခါကျတော့ ဗုဒ္ဓဘာသာဟာ ဖာသိဖာသာ၊ မသိမသာ ဗုဒ္ဓဘာသာဝင်တွေ များကုန်တော့တာ ဖြစ်ပါတယ်။ ဒီလိုသဒ္ဓါ၊ ပညာ ၀ိရီယတရား ယုတ်လျော့လာတာတွေကြောင့်လည်း ဗုဒ္ဓဘာသာများဟာ သီလ၊ဘာဝနာ ကုသိုလ်တွေထက် ဒါနကုသိုလ်မှာ ပိုပြီးလုပ်ကြ၊ ဒါနလုပ်ရတာကို ပိုပြီးနှစ်သက်ကြတာ ဖြစ်ပါတယ်။ ဘာမှမလုပ်တာထက် စာရင် ဒါနလေးလုပ်တာက တော်သေးတယ်ဆိုတဲ့ အတွေးများနဲ့ ဒါနလေးတွေတော့ ရသမျှ လုပ်နေကြတာ ဖြစ်နိုင်ပါတယ်။

ဒါနလုပ်တာ မကောင်းလို့လားဆိုတော့ မဟုတ်ပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ သီလ၊ ကုသိုလ်နဲ့ ဘာဝနာကုသိုလ်တွေကို ပိုပြီး ကြိုးစားအားထုတ်သင့်ပါတယ်။ ဒါနတွေ ဘယ်လောက်ပဲလုပ်လုပ် သီလမလုံခြုံရင် မကောင်းတဲ့ဘုံတွေမှာ ပြန်ဖြစ်နိုင်သလို၊ ဘာဝနာ မပါပြန်ရင်လည်း လွတ်မြောက်မှုနဲ့ အလှမ်းဝေးနေပြန်ပါတယ်။ ဒါကြောင့် အဓိကကျတဲ့ သီလကို လုံအောင်ထိန်းပြီး ဒါနလေးနဲ့ရံကာ ဘာဝနာပါတွဲလိုက်ကြဖို့ အထူးသတိပေး တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ သီလလုံမှ ဒါနအကျိုးပေး ကောင်းနိုင်သလို သီလလုံမှလည်း ဘာဝနာဉာဏ် အဖြစ်မြန်ပါတယ်။ ဒါကြောင့် ဒါနလုပ်တာ ကောင်းပေမယ့် ဒါနတစ်ခုတည်းတော့ မကောင်းနိုင်ဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။ သီလ၊ ဘာဝနာပါတွဲကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေရာမှ နောက်ဆုံးအနေနဲ့ ပြောလိုတာက ဒါနလုပ်တာကောင်းပေမယ့် ဒါနတစ်ခုတည်းနဲ့ပဲ ကျေနပ်မနေကြဘဲ သီလရော၊ ဘာဝနာပါ ပေါင်းပြီး လုပ်နိုင်အောင် ကြိုးစားပါလို့ ပြောလိုရင်း ဖြစ်ပါတယ်။ ဖြစ်သင့်တာက သီလကို အရင်လုံအောင်ထိန်းပြီး ဒါနကောင်းမှုနဲ့ ဘာဝနကောင်းမှုကို ရနိုင်သမျှ ကြိုးစားပြီး လုပ်နိုင်အောင် အားထုတ်တာက အဖြစ်နိုင်ဆုံး၊ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ သီလလုံရင် အပါယ်လုံပြီး ဒါနပါရင် ချမ်းသာလာကာ ဘာဝနပွားရင် ကိလေသာပါးမှာ ဖြစ်တဲ့အတွက် ဒါနတစ်ခုတည်းကိုပဲ အားမပြုကြပဲ သီလကို အခြေခံတဲ့ ဒါန၊ ဘာဝနာတွေပါ လုပ်နိုင်အောင် ကြိုးစားအားထုတ်ကြည့်ကြပါလို့ စေတနာစကား ပါးလိုက်ရပါတယ်။ အားလုံး သီလခြုံပြီး ဒါနစုံနဲ့ ဘာဝနာထုံနိုင်ကြပါစေ

Read more...

ကူးမြောက်နိုင်သူ တွေ့ဖူးတယ်

အနားယူရင်း ၊ ဖော့လိုက်ရင်းဖြင့်
မြစ်တွင်းကိုရောက် ၊ အသက်ပျောက်သူ
တစ်ယောက်မက တွေ့ဖူးတယ် ။

မာန်ဟုန်ပြင်းထန် ၊ ကာရံမညှိ
ဝိရိယတစ်ခု ၊ လက်ကိုင်ပြုရင်း
အတင်းလှော်ခတ် ၊ နစ်မြုပ်လတ်သူ
တစ်သူမက တွေ့ဖူးတယ် ။


လှိုင်းလေအကြောင်း ၊လှေအကြောင်းကို
 ကောင်းစွာတတ်သိ ၊ ကူးနိုင်ဘိ၍
 မိမိမျှော်မှန်း ၊ တစ်ဖက်ကမ်းသို့
ရွှင်လန်းဝမ်းမြောက် ၊ လှမ်းတက်ရောက်သူ
မြောက်များစွာလည်း တွေ့ဖူးတယ် ။

Read more...

ဘုံဘေတခွင် ရောက်ခဲ့သမျှ အပိုင်း ၅

ကျောင်းကိစ္စတွေ ပြီးစီးလို့ နောက်ထပ် အလည်ရောက်ဖြစ်ခဲ့တာက အဲဒီနိုင်ငံရဲ့ ပညာရေး မြို့တော်လို့ သမုတ်ထားတဲ့ Pune ( သူတို့အခေါ် ပနား) ပုနေးမြို့ပါ၊ တောင်ပေါ်မြို့ ဖြစ်တာနဲ့အညီ သန့်ရှင်းသပ်ရပ်ပြီး နေချင်စရာကောင်းပါတယ်၊ ရာသီဥတု သာယာပြီး မြန်မာပြည်က ပြင်ဦးလွင် မြို့လောက်ပဲ အပူချိန် ရှိမယ် ထင်တယ်၊ တောင်ကြီး ကလော အောင်ပန်း တို့လောက်လဲ မအေးပြန်ဘူး၊

ကျယ်ဝန်းတဲ့ University Of Pune ပုနေးတက္ကသိုလ်ကို လေ့လာဖြစ်ခဲ့ပေမယ့် ဘာသာရပ်တခုအတွက် ဋ္ဌာနတွေ တည်နေရာအဆောင်တွေက ဝေးလံ တာကြောင့် စုံအောင် မရောက်ဖြစ်ခဲ့ဘူး၊ ဘွဲ့နှင်းသဘင်အဆောင်နဲ့ ဂျယကာ စာကြည့်တိုက်၊ သိပ္ပံပညာဋ္ဌာန၊ ရုက္ခဗေဒဋ္ဌာန၊ နည်းပညာဋ္ဌာန၊ စီးပွားစီမံ ဋ္ဌာန၊ ဇီဝနည်းပညာဋ္ဌာန၊ စတဲ့ မှတ်မိတာတွေလောက်ပဲ ရောက်ဖြစ်ခဲ့တယ်၊


တောင်ပေါ် ပုနေးမြို့လေးရဲ့ သဘာဝ အလှများ


ပြုပြင်နေဆဲ တက္ကသိုလ်ထဲက ဘွဲ့နှင်းသဘင် ခန်းမ လို့ ဆိုပါတယ်

ဘွဲ့နှင်းသဘင် အဆောက်အဦးရဲ့ ကျောက်စာ မော်ကွန်း

“ နက္ခတ္တံ ပဋိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ။
အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာတိ။”

နက္ခတ်ကောင်းကို စောင့်ပြီးမှ လုပ်မယ် ဆိုတဲ့ လူမိုက်ကို ကောင်းကျိုးချမ်းသာ အခွင့်အလမ်းတွေက မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားလိမ့်မယ်၊ ကောင်းတဲ့အလုပ်ကို လုပ်နေသူအတွက် အမြဲတမ်း နက္ခတ်ကောင်း ရှိနေမှာပါပဲ၊ ကောင်းကင်မှာ သွားနေတဲ့ နက္ခတ်တွေက ကိုယ့်အကျိုးစီးပွားအတွက် ဘာမှ လုပ်မပေးနိုင်ပါဘူး ။
(ဧကနိပါတ်၊ နက္ခတ္တဇာတက)


 ဂျယကာ စာကြည့်တိုက်

သိပ္ပံနှင့် နည်းပညာ ဋ္ဌာန

ဇီဝဗေဒ ဋ္ဌာန အဆောက်အဦး အချို့

အခါကောင်းကို စောင့်နေရင် ပြီးဆုံးနိုင်မှာ မဟုတ်တော့ဘူး ဆိုတော့ ပြီးပြတ်အောင် လုပ်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖြစ်ခဲ့ပါတယ်။
အိန္ဒိယမြေကို ကြာကြာ မနေချင်တဲ့ စာရေးသူတယောက် အခုတော့ ကွာလာလမ်ပူ Kepong ကပုန်းကျောင်းက ဆရာတော် ဒေါက်တာ အရှင် ဣန္ဒက ရဲ့ နွေးနွေးထွေးထွေး ကြိုဆိုမှုနဲ့အတူ မြန်မာပြည်ကို ပြန်ရောက်နေသလိုပဲခံစားမိပါရဲ့။ ကွာလာလမ်ပူကိုရောက်မှပဲ အိန္ဒိယခရီးစဉ်အကြောင်း ပြန်ရေးဖြစ်ပါတယ်။ မြန်မာအစားအစာတွေနဲ့ ဝေးနေခဲ့တာ ကြာပြီဆိုတော့ အစားအစာတွေကို ဘုန်းပေးရတိုင်း အစားအသောက် ရှားပါးပြီး ဘ၀တက်လမ်းအတွက် ဖြစ်သလို ပညာသင်နေကြရတဲ့ မြန်မာရဟန်းတော် နောင်တော် ညီတော်များကို အကြိမ်ကြိမ် ဦးညွတ်ရင်း -- --

Read more...

Chapter 13

The World

167
Follow not the vulgar way;
live not in heedlessness;
hold not false views;
linger not long in worldly existence.

168
Arise! Do not be heedless!
Lead a righteous life.
The righteous live happily
both in this world and the next.

169
Lead a righteous life; lead not a base life.
The righteous live happily
both in this world and the next.

170
One who looks upon the world
as a bubble and a mirage,
him the King of Death sees not.

171
Come!Behold this world,
which is like a decorated royal chariot.
Here fools flounder,
but the wise have no attachment to it.

172
He who having been heedless
is heedless no more,
illuminates this world
like the moon freed from clouds.

173
He who by good deeds
covers the evil he has done,
illuminates this world
like the moon freed from clouds.

174
Blink is this world;
here only a few possess insight.
Only a few, like birds escaping from a net,
go to the realms of bliss.

175
Swans fly in the path of the sun;
men pass through the air
by psychic powers;
the wise are led away from the world
after vanquishing Mara and his host.

176
For a liar who has violated
the one law (of truthfulness),
who holds in scorn the hereafter,
there is no evil that he cannot do.

177
Truly, misers fare
not to heavenly realms;
not, indeed, do fools praise generosity.
But the wise man rejoices in giving,
and by that alone does he become
happy hereafter.

178
Better than sole sovereignty
over the earth,
better than going to heaven,
better even than lordship
over all the world
is the supramundane
Fruition of Stream Entrance.


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP