ဘူရိဒတ်ဇာတ်
ရှေးသရောအခါ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး စိုးစံသည်။ မင်းကြီးသည် သားတော်ကို အိမ်ရှေ့အရာပေးသည်။
မကြာမီ အိမ်ရှေ့မင်းမှာ အခြံအရံတို့ များပြားလာသည်။ ထိုအခါ မင်းကြီးသည် ထီးနန်း စည်းစိမ်ကို လုမည်စိုးလာသည်။ ထို့ကြောင့် အိမ်ရှေ့မင်းသားအား “သားတော် ငါလွန်မှသာ တိုင်းပြည်သို့ ပြန်လာ၍ မင်းပြုပါ” ဟု ဆိုကာ တိုင်းပြည်မှ နှင်ထုတ်လိုက်လေသည်။
အိမ်ရှေ့မင်းသားသည်လည်း တိုင်းပြည်မှ ထွက်ခွာသွားသည်။ ယမုန်နာမြစ်အနီးရှိ တောင်ကြားတစ်ခုသို့ ရောက်သောအခါ ရသေ့အသွင် ပြုလျက် စခန်းချ နေထိုင်သည်။
တစ်နေ့တွင် ယမုန်နာမြစ်အောက်ရှိ နဂါးပြည်မှ နဂါးမတစ်ယောက်သည် လင်သေသောကြောင့် နဂါးပြည်မှ ထွက်ခွာလာစဉ် ထိုနေရာသို့ ရောက်လာသည်။ အိမ်ရှေ့မင်းသားသည် တရားသံဝေဂ ရသဖြင့် ရသေ့ပြုသည် မဟုတ်။ အခြေအနေအရ အခိုက်အတန့်သာ ရသေ့ပြုခြင်းဖြစ်သည်။ ထို့ကြောင့် နဂါးမကို တွေ့သောအခါ ချစ်ကြိုက်သွားသည်။ သူတို့နှစ်ဦး မေတ္တာမျှကာ ပေါင်းသင်း နေထိုင်ကြသည်။ သားတစ်ယောက်နှင့် သမီးတစ်ယောက် ထွန်းကားသည်။ သားကို သာဂရဟု အမည်ပေးသည်။ သမီးကို သမုဒ္ဒဇာဟု အမည်ပေးသည်။
နှစ်အတန်ကြာသော် ဗြဟ္မဒတ်မင်းကြီး နတ်ရွာစံသည်။ မှူးမတ်တို့သည် အိမ်ရှေ့မင်းသားကို မင်းပြုရန် လာရောက် ခေါ်ကြသည်။
မင်းသားသည် လက်ခံပြီးလျှင် နဂါးမကိုပါ အတူခေါ်သည်။ နဂါးမက ငြင်းဆန်သည်။ “ဇာတ်မတူသော လူ့တိုင်းပြည်သို့ မလိုက်လိုပါ။ သားတော်နှင့် သမီးတော်ကိုသာ ခေါ်ဆောင်သွားပါ” ဟုဆိုကာ ဝမ်းနည်းစွာဖြင့် ထွက်ခွာ ပျောက်ကွယ်သွားလေသည်။
မင်းသားလည်း သားတော်နှင့် သမီးတော်တို့ကိုသာ နေပြည်တော်သို့ ခေါ်ဆောင် သွားရသည်။ မင်းသားသည် နန်းတော်အတွင်း၌ သားတော်နှင့် သမီးတော်တို့အတွက် ရေကန်ကြီး တူးပေးသည်။ နဂါးသွေးပါသော သားတော်နှင့် သမီးတော်တို့သည်လည်း ရေကန်ထဲတွင် အမြဲမပြတ် ကစားပျော်ရွှင်ကြသည်။
တစ်နေ့တွင် သူတို့မောင်နှမသည် စူဠလိပ်ခေါ် လိပ်ငယ်တစ်ကောင်ကို ရေကန်အတွင်း၌ တွေ့ကြသည်။ ကြောက်ရွံ့သောကြောင့် ငိုယိုကြသည်။ မင်းကြီးလည်း လိပ်ကို ဖမ်းစေ၍ အပြစ်မေးသည်။
ထိုအခါ အမတ်တစ်ယောက်က “သည်လိပ်ကို ဆုံထဲထည့်၍ မှုန့်မှုန့်ညက်ညက် ကြေအောင် ထောင်းသင့်သည်” ဟု ဆို၏။ တစ်ယောက်က “သည်လိပ်ကို သုံးမျိုး ချက်စားသင့်သည်” ဟု ဆို၏။ တစ်ယောက်က “မီးကျီးထဲ ထည့်၍ ဖုတ်သင့်သည်” ဟု ဆို၏။ တစ်ယောက်က “သင်း အခွံဖြင့် သင်းကို ချက်သင့်၏” ဟု ဆို၏။ ရေကြောက်သသော အမတ်တစ်ယောက်ကမူ “ဤလိပ်ကို ယမုန်နာမြစ်၏ ဝဲထဲသို့ ပစ်ချသင့်သည်” ဟု ဆို၏။ ထိုအခါ လိမ်မာပါးနပ်လှသော စူဠလိပ်က “ကျွန်ုပ်ကို ကြိုက်ရာ အပြစ်ဒဏ် စီရင်ပါ။ ယမုန်နာမြစ်ဝဲထဲသို့မူ ပစ်မချပါနှင့်” ဟူ၍ ပရိယာယ်ဖြင့် ဆို၏။ ငိုလည်းငို၏။
မင်းကြီးလည်း ယမုန်နာမြစ်ဝဲကို စူဠလိပ် အကယ်ပင် ကြောက်ရွံ့ပေသည် ဟူ၍ ထင်မှတ်မိ၏။ ချက်ချင်းပင် လိပ်ကို ယမုန်နာမြစ်ဝဲထဲသို့ ပစ်ချခိုင်းလေသည်။
မင်းချင်းတို့သည် လိပ်ကို ယမုန်နာမြစ်ဝဲထဲသို့ ပစ်ချကြသည်။ လိပ်လည်း ဝမ်းမြောက် ဝမ်းသာပင် ရေအလျဉ်၌ ကူး၍ မျောပါသွားလေသည်။ (ထိုကို ရည်စူး၍ ‘စူဠလိပ် ရေ၌ ချသကဲ့သို့’ ဟု ဆိုရိုးစကား ပြုခဲ့ကြသည်)
လိပ်သည် ရေအလျဉ်၌ မျောပါသွားရာမှ နဂါးပြည်သို့ ရောက်သွားသည်။ နဂါးလုလင်တို့ ဖမ်းယူသောအခါ ပရိယာယ်ကြွယ်လှသော လိပ်က “ကျွန်ုပ်ကို ရန်မပြုကြပါနှင့်။ ကျွန်ုပ်သည် ဗာရာဏသီမင်း၏ စေတမန် ဖြစ်ပါသည်။ ဗာရာဏသီမင်းသည် သမီးတော် သမုဒ္ဒဇာကို ဓတရဌနဂါးမင်းနှင့် လက်ဆက်လိုပါသည်။ ကျွန်ုပ်အား စေလိုက်သဖြင့် လာရောက်ပြောဆိုခြင်း ပြုပါသည်” ဟူ၍ လိမ်ညာပြော၏။
နဂါးမင်းလည်း လိပ်၏ စကားကို ယုံကြည်မိသည်။ ထိမ်းမြား မင်္ဂလာကိစ္စ စီစဉ်ရန် နဂါးတမန်တို့အား လိပ်နှင့်အတူ ဗာရာဏသီပြည်သို့ စေလွှတ်လိုက်သည်။
လမ်းခရီးရှိ ရေကန်တစ်ခုသို့ ရောက်သောအခါ လိပ်သည် ကန်ထဲသို့ ဆင်း၍ ကူးခပ်ပျောက်ကွယ် သွားလေသည်။ နဂါးတမန်တို့လည်း ဗာရာဏသီမင်းထံ ဆက်လက်လာကြသည်။ သူတို့သည် လုလင်အသွင် ဖန်ဆင်းလျက် ဗာရာဏသီမင်းနှင့် တွေ့ဆုံသည်။ သူတို့၏ ဘုရင် ဓတရဌ နဂါးမင်းကို သမီးတော် သမုဒ္ဒဇနှင့် ထိမ်းမြားရန် လျှောက်ထားကြသည်။
ထိုအခါ ဗာရာဏသီမင်းက လက်မခံပေ။ “သင်တို့သည် တိရစ္ဆာန်မျိုး ဖြစ်သည်။ ငါ့သမီးတော်နှင့် မထိုက်တန်” ဟုဆိုကာ ငြင်းဆိုလိုက်သည်။ နဂါးလုလင်တို့ ပြန်သွား၍ နဂါးမင်းအား ပြန်လျှောက်ထားသည်။ နဂါးမင်း အမျက်ထွက်၍ နဂါးတို့ကို ဗာရာဏသီပြည်သို့ စေလွှတ်လိုက်သည်။ နဂါးတို့သည် ဗာရာဏသီပြည်သို့ သွား၍ တစ်ပြည်လုံး တုန်လှုပ်ချောက်ချားအောင် ခြိမ်းခြောက်ကြသည်။ ထိုအခါ ဗာရာဏသီမင်းသည် မနေသာတော့။ သမီးတော်ကို ဓတရဌ နဂါးမင်းနှင့် ထိမ်းမြားပေးစား ရလေသည်။
နဂါးမင်းသည် သမီးတော် သမုဒ္ဒဇကို နဂါးပြည်သို့ ခေါ်ဆောင်သွားသည်။ သို့ရာတွင် နဂါးပြည်ဟူ၍ မသိရလေအောင် နဂါးပြည်ကို နတ်ပြည်အသွင် ဖန်ဆင်းထားသည်။ မိမိတို့ကိုလည်း နဂါးများဟူ၍ မသိရလေအောင် ဖုံးကွယ်ထားသည်။
မင်းသမီးသည် နဂါးပြည်၌ နဂါးမင်း၏ ချစ်ခင်မြတ်နိုးမှုကို ခံယူကာ ပျော်ရွှင်စွာ စံစားနေခဲ့သည်။ ကာလကြာသော် သားတော် ၄-ပါး ဖွားမြင်သည်။ သူတို့မှာ သုဒဿန၊ ဒတ္တ၊ သုဘောဂနှင့် အရိဌတို့ ဖြစ်ကြသည်။
တစ်နေ့တွင် သားတော်အငယ် အရိဌက နဂါးအသွင် ဖန်ဆင်းပြသည်။ ထိုအခါတွင်မှ သမုဒ္ဒဇာသည် မိမိသည် နဂါးပြည်၌ နဂါးမင်း၏ မိဖုရားဖြစ်နေကြောင်း အဖြစ်မှန်ကို သိရသည်။ အရိဌသည် နို့စို့နေရာမှ မယ်တော်ကို နဂါးအသွင် ဖန်ဆင်းပြခဲ့ခြင်း ဖြစ်သည်။ မယ်တော် ကြောက်လန့်ကာ လွှတ်ချလိုက်သောကြောင့် မျက်စိ တစ်ဖက် ပျက်သွားသည်။ ထိုမှစ၍ ကာဏာရိဌဟု အမည်တွင်သည်။ မျက်စိတစ်ဖက်ကန်းသော အရိဌဟု အဓိပ္ပာယ်ရသည်။
သားတော် ၄-ပါး အရွယ်ရောက်သော် နဂါးမင်းသည် နဂါးပြည်ကို ၅-စု ခွဲသည်။ ၄-စုတွင် သားတော်တစ်ပါးစီ အုပ်ချုပ် မင်းပြုစေသည်။
သားတော် ၄-ပါးအနက် သုဒဿန၊ သုဘောဂ၊ ကာဏာရိဌတို့သည် ခမည်းတော် မယ်တော်တို့ထံ တစ်လလျှင် တစ်ကြိမ် အဖူးမြော် လာရောက်ကြသည်။ ဒတ္တကမူ ၁၅-ရက် တစ်ကြိမ် အဖူးမြော် လာရောက်သည်။ ဒတ္တနဂါးမင်းသည် ဉာဏ်ပညာနှင့် အထူးပြည့်စုံသည်။ နဂါးတို့၏ ပြဿနာ အရပ်ရပ်တို့ကို ဖြေရှင်းပေးရလေသည်။
(ဘူရိဒတ်ဇာတ် အဆက်အား ဆက်တင်ပါမည်)
