* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, May 30, 2010

အာသဘီ ၀ါစာ



အာသဘီ ၀ါစာ ဆိုသည်မှာ မြင့်မြတ်ရဲရင့်သော စကား ကို ခေါ်ပါသည်။


ယနေ့  ဘုရားရှင်၏ မွေးဖွားတော်မူသည့်နေ့ ပါတည်း။ အများအခေါ် ဗုဒ္ဓဘေဘီ ၊ ဘုရား လောင်း လျာသည် မွေးဖွားတော် မူလျင်ခြင်းပင် ထီးဖြူ ဆောင်းလျက် မြောက်အရပ်သို့  မျက်နှာ မူကာ ခြေ
( ၇ ) လှမ်းကာ မြင့်မြတ်ရဲ ရင့်သော စကားကို ပြောကြားခြင်းသည် ထုံးစံဓမ္မတာ တစ်ခု ဖြစ်သည်။

ပြောကြားခဲ့သော စကားများကား-

၁။ အဂ္ဂေါ ဟ မသ္မိ လောကဿ- လောက၌ ငါသည် အသာမြတ်ဆုံး ဖြစ်၏၊
၂။ဇေဋ္ဌောဟ မသ္မိ လောကဿ- လောကမှ၌ ငါသည် အကြီးမြတ်ဆုံး ဖြစ်၏၊
၃။သေဋ္ဌောဟ မသ္မိ လောကဿ- လောက၌ ငါသည် အမွန်မြတ်ဆုံးဖြစ်၏၊
၎။အယ မန္တိမာ ဇာတိ- ဤဘ၀သည် နောက်ဆုံး အဆုံးသတ် ဘ၀ ဖြစ်၏၊
၅။နတ္ထိ ဒါနိ ပုနဗ္ဘဝေါ - ခုဘ၀က စပြီး နောက်ထပ် ဖြစ်စရာ ဘ၀မရှိတော့။

ဤကဲ့သို့  မွေးဖွားကာစ စကားပြောနိုင်စွမ်း ရှိခြင်းသည် မဟာပုရိသ ယောကျာ်းမြတ်တို့ ၏
ထူးခြားသော လက္ခဏာ တစ်ရပ်ဖြစ်သည့် ဓမ္မတာပါတည်း။
( မဟာပဒါနသုတ်၊ မဟာဝဂ္ဂ၊ ဥပရိပဏ္ဏာသပါဠိစသည်)

တွေးချင်စရာ အညင်းပွါးချင်စရာ

မွေးဖွားကာစ မဖြစ်နိုင်ပါဘူး ဟု တွေးထင်စရာ ရှိသည်။ အညင်းပွါး ချင်စရာရှိသည်။
သို့ သော် ကိုယ်မတွေ့ ဘူးတိုင်း ထိုကဲ့သို့  မဖြစ်နိုင်ပါ ဟု တွေးထင်ခြင်းမဖြစ်သင့်ပါ။

အကြောင်းမှာ-
၁။ဗုဒ္ဓ၀ိသယ ဘုရားနှင့်ဆိုင်ရာ၊ ၂။ ဈာန်။ ၃။ ကမ္မ၀ိပါက ကံအကျိုးပေးပုံ၊ လောကစိန္တာ-လောကနှင့် ဆိုင်ရာ ဖြစ်တည်မှုတို့ ကြံစည်တွေးတောမှုမျိုးသည် မကြံစည် မတွေးတောသင့်သော အရာ တို့ ပါ တည်း။

ကြံစည်တွေးတောမှုများပါက စိတ်ဖေါက်ခြင်းများ ဥမ္မာဒ ဖြစ်နိုင်ကြောင်း အပဏ္ဏက၀ဂ်၊ အစိန္တေယျသုတ် အဂုင်္တ္တရနိကာယ ၌ ဟောထားသည်ကို တွေ့ ပါသည်။

စိတ်ကြိုက် လွတ်လပ်စွာ ယုံကြည်နိုင်ပါသည်။



ယနေ့  ဝေသာခဒေး ၌ ဗုဒ္ဓဘေဘီ ပုံကို
ထိုင်း ဘုရား ဒါယိကာမကြီးက လှူဒါန်းပါသည်။

ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ရန် ရေးသားတင်ပြခြင်းဖြစ်ပါသည်။


မြတ်ရောင်နီ
( ၂၈ ၊ ၀၅၊ ၂၀၁၀)

Read more...

*ငွေရတုမွေးနေ့ အမှတ်တရ မွေးနေ့ လက်ဆောင်*

ကမ်းစပ်သို့ ...အတွေး တောင်ပံခတ်သံ

ညီရေ...

ဒီတစ်ခေါက် ညီ့မွေးနေ့ ကိုတော့ ဒီရက်ပိုင်းတွေ အတွင်း အစ်ကို ဖတ်ဖြစ်ခဲ့တဲ့ စာတွေထဲက အစ်ကို့ အတွက် Food For Thoughts ဖြစ်စေခဲ့တဲ့ အကြောင်းအရာအချို့ ကို ညီ့အတွက် ငွေရတုမွေးနေ့ လက်ဆောင် အဖြစ် ပြန်လည်ဝေမျှ ပေးလိုက်ပါတယ်။

(၁)


“သင်တို့ဟာ အသိပညာ ရရှိရေး၊ အမှန်တရားကို သိမြင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမြတ် စင်ကြယ် တိုးတက်ရေး အတွက် အားမထုတ်ကြဘဲ တစ်နေ့ပြီး တစ်နေ့ ပစ္စည်းဥစ္စာ တိုးတက်ရေး၊ ဂုဏ်သိက္ခာ မြင့်မားရေး၊ ထင်ပေါ် ကျော်ဇောရေး အတွက်သာ လောဘတကြီး ကြိုးစားနေခြင်းကို မရှက်ကြသလော....”

ဆော့ခရတ္တိက သူ့ကို သေဒဏ်ပေးဖို့ အပြစ်ရှာကြတဲ့ ဂျူရီလူကြီးတွေကို ပြောခဲ့ဖူးတဲ့ စကားပါ။

အစ်ကို ကတော့ ဆော့ခရတ္တိ စကားဟာ ဂျူရီလူကြီးတွေကို ရည်ရွယ်ပြောလိုက် ပေမယ့်လို့ အစ်ကို အပါအ၀င် လူတော်တော် များများကို ရည်ရွယ် ပြောလိုက်သလား လို့တောင် ထင်မိပါတယ်။ ဘာလို့လဲ ဆိုတော့ အစ်ကိုတို့ နေ့စဉ်နှင့်အမျှ ဘ၀ရှင်သန် ရပ်တည်ရေး အတွက် ရုန်းကန် လှုပ်ရှားနေကြတာမှာ ဆော့ခရတ္တိ အပြစ်ပြ ပြောခဲ့တဲ့ အချက်တွေနှင့် လွတ်တဲ့နေ့များ ရှိမှရှိရဲ့လားလို့  ကိုယ့်ကိုယ်ကို မလုံမလဲ တွေးမိလို့ ပါ ညီရေ။

(၂)

ခုနက ဆော့ခရတ္တိ ပြောခဲ့တဲ့ ပစ္စည်းဥစ္စာတွေ၊ ထင်ပေါ် ကျော်ကြားမှုတွေ၊ ဂုဏ်သိက္ခာ တွေက လူတစ်ယောက်ရဲ့ တန်ဖိုးကို တစ်နည်းတစ်ဖုံ မြှင့်တင်ပေးတဲ့ အထောက်အကူတွေ ဖြစ်နေလေတော့ ဒါတွေမရှိရင် ဘ၀ရဲ့တန်ဖိုးကို ဘာနဲ့ တိုင်းတာမလဲလို့ ဆက်ပြီး တွေးမိတယ်။ ဘုန်းဘုန်း ရဝေနွယ် ရဲ့ ဆောင်းပါး တစ်ခုမှာတော့

လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနဲ့ ဆုံးဖြတ်မလဲ။ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင် ကျော်ကြားမှု၊ အခြံအရံတွေနဲ့ တိုင်းတာမလား။

ဒါတွေနဲ့ တိုင်းတာလို့ မရပါဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာ သုံးပါးနဲ့ပဲ တိုင်းတာရမှာပါ။ လူတစ်ယောက်ဟာ သိက္ခာ သုံးပါးနဲ့ ပြည့်စုံနေရင် တန်ဖိုး ရှိနေတာပါပဲ။

လို့ ဆိုထားတာ တွေ့တယ်။ ဒါကို ဖတ်မိပြန်တော့ ခုနက ဆော့ခရတ္တိ စကားကြောင့် လိပ်ပြာမလုံ ရတဲ့အထဲ ကိုယ့်ဖာသာ ငါ တကယ်ကော တန်ဖိုးရှိရဲ့လား ဆိုတဲ့ မေးခွန်းကို ထပ်မေးရပြန်ရော ညီရေ။

(၃)

အနှစ်တစ်ရာနေမှ ပင်လယ် သမုဒ္ဒရာ ရေပြင်ပေါ်ကို တစ်ကြိမ်လောက် ပေါ်တဲ့ လိပ်ကန်းကြီးနဲ့ အဲဒီ သမုဒ္ဒရာထဲမှာပဲ မျောနေတဲ့ အပေါက်တစ်ခုတည်း ပါတဲ့ ထမ်းပိုးတုံးတစ်ခုတို့ လိပ်ရဲ့ ခေါင်းနှင့် ထမ်းပိုးရဲ့ အပေါက်တို့ စွပ်မိဖို့ လွယ်ချင် လွယ်ဦးမယ်။ အပါယ်ဆိုတဲ့ မကောင်းတဲ့ ဘုံဘ၀မျိုးကို တစ်ကြိမ် ရောက်သွားတဲ့ သူဟာ ကောင်းမြတ်တဲ့ လူ့ဘ၀မျိုးကို ပြန်ဖြစ်နိုင်ဖို့ ကတော့ မလွယ်တော့ဘူးတဲ့။ လိပ်ကန်း ထမ်းပိုးစွပ်နိုင် ခွင့်ထက် အဆအရာ၊ အထောင်မက ခဲယဉ်းတယ်တဲ့။

ဒီစကားစုကို အစ်ကိုတို့ တစ်တွေဟာ ခဏခဏ ကြားလည်း ကြားနေရသလို၊ ကိုယ်တိုင်လည်း သူများတွေကို ပြောပြဖြစ်ကြ ပါတယ်။ ဒီလိုကြားရတိုင်း၊ ပြောဖြစ်တိုင်း မှာလည်း လူဖြစ်ရခြင်း အတွက် မိမိကိုယ်မိမိ သိသိသာသာရော၊ မသိမသာပါ စိတ်ထဲက ဂုဏ်ယူနေမိတတ် ပါတယ်။

လူအဖြစ် လူ့ဘ၀ကို ရလာတယ်၊ ရောက်လာတယ်ပဲ ထားပါဦး၊ အဲဒီလူဟာ အယူလွဲ၊ အမှတ်လွဲ ဖြစ်နေတဲ့သူ ဖြစ်နေရင်...
အဲဒီလူဟာ ကံနဲ့ ကံရဲ့ အကျိုးဆက်ကို မယုံကြည်တဲ့သူ ဖြစ်နေရင်...
ရုပ်သည်သာ အမှန်အရှိတရား၊ ကျန်တာတွေ မရှိတရား၊ မဟုတ်တရား တွေလို့ ယုံနေတဲ့ ရုပ်ဝါဒီ ဖြစ်နေရင်....
မှန်တယ် မှားတယ်လို့ မဆုံးဖြတ်နိုင်တဲ့ သံသယ၀ါဒီ ဖြစ်နေရင်....
သေတော့လည်း အားလုံး ပြီးဆုံး ပြတ်စဲသွားတာ ပါပဲလို့  ယုံကြည်နေသူ ဖြစ်နေရင်....
လူဟာ ဘ၀အကြောင်း နားလည်ဖို့ မဟုတ်၊ ဘ၀ရဲ့ သုခ ဒုက္ခကို ခံစားတွေ့ ကြုံဖို့ ဖြစ်လာတာလို့ ခံယူသူဖြစ်နေရင်....
လူဖြစ်ရကျိုး နပ်ပါ့မလား....

ဒီလိုမျိုး ဆက်စဉ်းစား ကြည့်မိတဲ့ အခိုက်မှာတော့ လူဖြစ်ရခြင်းအပေါ် ဂုဏ်ယူနေမိတဲ့ စိတ်နေရာမှာ လူအဖြစ်နဲ့ ဘယ်လို အသက်ရှင်နေမှ ကောင်းတဲ့ အသက်ရှင်နေခြင်းလဲ... ဆိုတဲ့ အတွေးက နေရာယူပြီး စိတ်ပင်ပန်းမှုနှင့် အတူ သက်ပြင်းမောကြီး ချဖြစ်လိုက်တယ် ညီရေ။


(၄)

ဘုန်းဘုန်း ဓမ္မဂင်္ဂါ ရဲ့ အတွင်းသားကို တူးဖြိုမိခြင်း ဆိုတဲ့ ပို့စ်ကို ညီ ဖတ်ဖြစ်ခဲ့လိမ့်မယ် ထင်ပါတယ်။ အဇာတသတ် မင်းအကြောင်း ရေးထားတာ။ အဲဒီပို့စ်ကို အစ်ကို ဖတ်ပြီး သိပ်မကြာခင်ပဲ ဘုန်းဘုန်းရဝေနွယ် ရဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ အဲဒီထဲမှာ ပုဂ္ဂိုလ်သုံးမျိုး ရှိတယ်တဲ့။
၁။ ပါရမီ မပါခဲ့တဲ့ သူရယ်။
၂။ ပါရမီ ပါခဲ့တဲ့ သူရယ်။
၃။ ပစ္ဆိမ ဘ၀ိက ပုဂ္ဂိုလ်ရယ်။

ပစ္ဆိမဘ၀ိက ပုဂ္ဂိုလ် ဆိုတာက ဒီဘ၀ ဧကန်မုချ ရဟန္တာ ဖြစ်ရမယ့် သူပါ။ အဲဒီပုဂ္ဂိုလ် တစ်ယောက်ပဲ စိတ်ချရပါတယ်တဲ့။
အဇာတသတ် မင်းဟာ တရားထူးရဖို့ အတွက်တော့ ပါရမီ ပါခဲ့ပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို မိမိ မတည်ဆောက်နိုင်တဲ့ အတွက် တရားထူးနဲ့ ဝေးသွားရပါတယ်။
ပသေနဒီ ကောသလမင်းကြီးတို့ ၊ ဝေရဉ္ဖ ပုဏ္ဏားတို့ ကျတော့ မြတ်စွာဘုရားနဲ့ အကြာကြီး တွေ့ရပေမယ့် ပါရမီမပါခဲ့လို့ တရားထူး မရကြတာပါ။

ဒါတွေကို ထောက်ပြီး မိမိကိုယ်ကိုမိမိ တည်ဆောက်ခြင်းဟာ လူတစ်ယောက်ရဲ့ ဘ၀မှာ သိပ်ပြီး အရေးကြီးပါတယ်။
သပြေကန် ဆရာတော်ဘုရားက မင်္ဂလာ (၃၈)ပါးမှာ အတ္တသမ္မာ ပဏိဓိ = မိမိကိုယ်ကို မိမိ တည်ဆောက်ခြင်း မင်္ဂလာဟာ အရေးအကြီးဆုံး ပါတဲ့။ မိမိကိုယ်ကို မိမိ တည်ဆောက်လိုက် တာနဲ့ ကျန်တဲ့ မင်္ဂလာ (၃၇)ပါးလည်း ပြည့်စုံသွားတော့ တာပါပဲတဲ့။
(ဘုန်းဘုန်း ဓမ္မဂင်္ဂါစကားနဲ့ ဆိုရင်တော့ အတွင်းသားကို မတူးဖြိုမိဖို့ သိပ်အရေးကြီး ပါတယ်လို့ ပြောရမှာပေါ့။)

ဒါလေးဖတ်မိတော့ မိမိကိုယ်ကို မိမိ တည်ဆောက်ဖို့ အတွက် တကယ် အရေးကြီးပါလားလို့ ကိုယ့်ကိုယ်ကို သတိပေးရင်း ဒီဘ၀အတွက် စိတ်ချရတဲ့ ပစ္ဆိမဘ၀ိက ပုဂ္ဂိုလ် ဟုတ် မဟုတ် ဘယ်လို စမ်းလို့ ရနိုင်မလဲ လို့ ပေါက်ကရတော့ တွေးလိုက်မိသေးတယ် ညီရေ။

(၅)


ဘယ်အလုပ်ပဲ လုပ်လုပ်၊ ဆရာဝန်အလုပ်ပဲ လုပ်လုပ်၊ ကျောင်းဆရာ အလုပ်ပဲ လုပ်လုပ်၊ ဈေးရောင်းတဲ့ အလုပ်ပဲ လုပ်လုပ်၊ ကားမောင်းတဲ့ အလုပ်ပဲ လုပ်လုပ်၊ အရင်ဆုံး အဲဒီစိတ်ထားနဲ့ အဲဒီ စေတနာကပဲ ရှေ့က သွားရမှာပဲ။ ဆရာဝန် ဖြစ်ချင်တယ် ဆိုတာ ဆရာဝန်ဆိုတဲ့ ဂုဏ်လောက်ကို လိုချင်ရင်တော့ ဆရာဝန်ကောင်း တစ်ယောက် မဖြစ်နိုင်ဘူး။ လူတွေရဲ့ ကျန်းမာရေး အခက်အခဲ တွေကို အကူအညီ ပေးချင်တယ်။ ဖြေရှင်းချင်တယ် ဆိုတဲ့စေတနာ အပြည့်အ၀ပါနေရင် ဆရာဝန် မဖြစ်တောင်မှ တစ်နည်းနည်း နဲ့တော့ လူတွေရဲ့ ကျန်းမာရေး အခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့လူ ဖြစ်လာမှာပဲ။ ကျန်းမာရေး စာပေရေးတာတို့ ဖြစ်ချင်ဖြစ်မယ်။ နောက်ဆုံး ဆေးဆိုင်ဖွင့်မယ်။ ဈေးချိုချိုနဲ့ ဆေးကောင်းကောင်း လေးတွေ ရောင်းပေး လိုက်မယ်။

ကိုယ့်စေတနာက ဘာလဲ။ လူအများ ကျန်းမာရေး အခက်အခဲ အဆင်ပြေဖို့။ ဒါပဲ။ ငါဆရာဝန် ဖြစ်ရဖို့ဆိုတာ အဓိက မဟုတ်ဘူး။ လူတွေကို ပညာတတ် စေချင်တယ် ဆိုရင် ငါက ကျောင်းဆရာ မဟုတ်လို့ မလုပ်နိုင်ဘူးလို့ တွေးဖို့ မလိုဘူး။ ကောင်းတဲ့ စာအုပ်ကလေးတွေ လူတွေ ဖတ်ဖြစ်သွားအောင် လူတွေလက်ထဲ ရောက်သွားအောင် နည်းမျိုးစုံနဲ့ လုပ်လို့ ရတယ်။ နောက်ဆုံး စာအုပ်အငှားဆိုင်လေး ဖွင့်တာကအစ လုပ်လို့ ရတယ်။ ကောင်းတဲ့ စာပေတွေ ငှားမယ်၊ ဈေးနှုန်း ချိုချိုသာသာနဲ့ ငှားမယ်၊ လူတွေများများ စာဖတ်ပါစေ။

ကိုယ့်စေတနာသာ မှန်ရင် ကိုယ်စေတနာ ထားတဲ့ အလုပ်ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ အောင်မြင်အောင် လုပ်လို့ ရပါတယ်။ ဒါကြောင့် စေတနာကို အရင်ဆုံး ပီပြင်အောင် လုပ်ဖို့လိုတယ်။

(ဆရာတော် ဦးဇောတိက)

ဒါလေးဖတ်ဖြစ်တော့ လူတစ်ယောက် ဘ၀မှာ ကိုယ်တကယ် ဖြစ်ချင်တာ ဖြစ်မလာသေးခင် (သို့) မဖြစ်တော့ရင် တောင်မှ တစ်နည်းနည်းနဲ့  ကိုယ်ရည်ရွယ်ချက် ထားတဲ့ လုပ်ငန်းကို စေတနာ မှန်မှန်ထားပြီး တစ်နည်းနည်းနှင့် အောင်မြင်အောင် လုပ်လို့ ရတယ်ဆိုတာကို သတိပြုမိ လိုက်ပါတယ်။

အစ်ကိုတို့ ညီတို့ ဘလော့ဂ် ရေးနေတဲ့သူတွေ အနေနှင့်လည်း အကိုတို့ဆီ စာလာဖတ်ကြတဲ့ သူတွေအတွက် တကယ် တန်ဖိုးရှိပြီး အနှစ်သာရ ပြည့်ဝတဲ့ စာတွေ တရားတွေကို ဖြန့်ဖြူးပေးနိုင် ရဲ့လား၊ ကိုယ့်ဆီ စာလာဖတ်နေတဲ့ သူတွေအပေါ် စေတနာ တကယ်မှန်ရဲ့လား လို့လည်း ပြန်စမ်းစစ်မိ ပါတယ် ညီရေ။

ကဲ... ညီရေ...။ ဒီလောက်နဲ့ပဲ အကို့ရဲ့ မွေးနေ့ လက်ဆောင် တွေးစရာ လေးတွေကို ကျေနပ်ပေးပါနော်။

ညီငယ် တစ်ယောက် ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာဖြင့် မိမိအကျိုး၊ လောကအကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်ပါ စေကြောင်း ငွေရတု မွေးနေ့အတွက် အမှတ်တရ ဒီစာစုနဲ့အတူ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ

ဖတ်ဖြစ်ခဲ့သော စာအုပ်များ
၁။ ဘာကို တန်ဖိုးထားရမလဲ (ဆရာတော်ဦးဇောတိက)
၂။ စိတ်ညစ်ရင်ရေချိုးပါ (ဆရာတော် ရဝေနွယ်-အင်းမ)
၃။ သမုဒ်ပင်လယ်ပြာ နှိုင်းပမာ (ဆရာ နန္ဒာသိန်းဇံ)

ဖတ်ဖြစ်ခဲ့သော ဘလော့ဂ်စာမျက်နှာ
အတွင်းသားကို တူးဖြိုမိခြင်း (ဓမ္မဂင်္ဂါ)



--
ဝိမုတ္တိသုခ
www.vimuttisukha.com
www.dhammaflavour.net
www.vimuttirasa.com
www.saddhammaramsi.blogspot.com
www.kathitwinemyanmar.blogspot.com


********************************************************

30.05.2010 နေ့မှာ ကျရောက်တဲ့ ကျွန်တော့်ရဲ့ ၂၅ နှစ်မြောက် မွေးနေ့အတွက် ကိုဝိမုတ္တိသုခ ပေးတဲ့ မွေးနေ့လက်ဆောင်ကို ဓမ္မဒါနအဖြစ် ဆက်လက် မျှဝေပါသည်။

လေးစားစွာဖြင့်
ဖိုးသား

Read more...

နေမိဇာတ် အဆက်

တစ်ရံရောအခါ ဝိဒေဟရာဇ်တိုင်း၊ မိထီလာပြည်၌ မဃဒေဝမင်း စိုးစံသည်။ ထိုမင်းသည် တရားတော်၌ မွေ့လျော်သည်။ အသက်ကြီးရင့်၍ ဆံပင်ဖြူလာလျှင် ရဟန်းပြု၍ တောထွက်မည်ဟု ဆုံးဖြတ်ထားသည်။ ဆံပင်၊ မုတ်ဆိတ်တို့ကို ပြုပြင်ပေးသော ဆတ္တာသည်အား မိမိ၏ ဆံပင်ဖြူလာလျှင် လျှောက်ထားရန် မှာကြားထားသည်။

တစ်နေ့သောအခါ ဆတ္တာသည် သည် မင်းကြီး၏ ဦးခေါင်း၌ ဆံပင်ဖြူ တစ်ပင်ကို တွေ့မြင်သည်။ ထိုအခါ “အရှင်မင်းကြီး- ဦးခေါင်းတော်၌ ဆံပင်ဖြူ တစ်ပင် တွေ့မြင်ပါသည်” ဟူ၍ လျှောက်ထားသည်။

မင်းကြီးလည်း သားတော် အိမ်ရှေ့မင်းသားကို ထီးနန်းပေးအပ်လိုက်သည်။ မိမိနည်းတူ “ဆံပင်ဖြူကို မြင်တွေ့လျှင် တောထွက်ပါ” ဟူ၍ မှာကြားသည်။ ထို့နောက် ထီးနန်းကို စွန့်သည်။ ရဟန်းပြု၍ တောထွက်သွားလေသည်။

ဤသို့လျှင် သား၊ မြေး၊ မြစ် အဆက်ဆက်တို့သည် ထီးနန်းကို စိုးစံကြသည်။ ဆံပင်ဖြူသောအခါ တောထွက်ကြသည်။

ထိုမဃဒေဝမင်းမှ ရှစ်သိန်း သုံးသောင်း တစ်ထောင် ကိုးရာ ကိုးဆယ်မြောက်သော မင်းသည် မိထိလာပြည်၌ ဆက်လက် စိုးစံသည်။ ထိုမင်းတွင် နေမိကုမာရ အမည်ရှိသော သားတော် တစ်ပါးရှိသည်။ ထိုနေမိ မင်းသားသည် ငယ်ရွယ်စဉ်မှစ၍ အလှူပေးသည်။ သီလ ဆောက်တည်သည်။

ရှေးအစဉ်အလာအတိုင်း ခမည်းတော်သည် ဆံပင်ဖြူသောအခါ တောထွက်သည်။ ထိုအခါ နေမိမင်းသားသည် ထီးနန်းကို ဆက်ခံရသည်။ နေမိမင်းသည် တိုင်းပြည်ကို မင်းကျင့်တရားနှင့် အညီ အုပ်ချုပ်သည်။ ထို့အပြင် မြို့တံခါးလေးခုနှင့် မြို့လယ်တို့၌ အလှူမဏ္ဍပ် ငါးခု ဆောက်သည်။ အလှူမဏ္ဍပ် တစ်ခုစီတွင် အသပြာ တစ်သိန်းကျစီဖြင့် နေ့စဉ်ပေးလှူသည်။ ငါးပါးသီလကို အမြဲ စောင့်ထိန်းသည်။ ဥပုသ်ကို လပြည့် လကွယ်နေ့တိုင်း ဆောက်တည်သည်။ တိုင်းသူပြည်သားတို့ကို ကုသိုလ် ကောင်းမှုပြုရန် တိုက်တွန်းသည်။

နေမိမင်း၏ အဆုံးအမကို နာယူကြသူတို့သည် ကွယ်လွန်သောအခါ နတ်ပြည်သို့ ရောက်ကြလေသည်။ ဤတွင် နတ်ပြည်မှာ နတ်ဦးရေ တိုးပွားစည်ကားနေ၏။ ငရဲပြည်ကား ခြောက်ကပ်နေသည်။ တစ်နေ့တွင် နေမိမင်းကြီးသည် အလှူပေးခြင်းနှင့် သီလ ဆောက်တည်ခြင်းတွင် မည်သည်က ပို၍ အကျိုးကြီးကြောင်း စဉ်းစားတွေးတောကာ ဆုံးဖြတ်မရနိုင်အောင် ရှိလေသည်။

ဤသို့ တွေးကြံသည်ကို သိကြားမင်း သိရှိသောအခါ လူ့ပြည်သို့ ဆင်းသက်လာသည်။ နေမိမင်းကြီးရှေ့၌ ကိုယ်ထင်ပြလျက် “အရှင်မင်းကြီး အလှူပေးခြင်းထက် သီလ စောင့်ခြင်းက ပို၍ အကျိုးကြီးပါသည်” ဟု ဟောပြောသည်။ ထို့နောက် တာဝတိံသာ နတ်ပြည်သို့ ပြန်ကြွသွားလေသည်။

ထိုအကြောင်းကို တာဝတိံသာနတ်ပြည်ရှိ နတ်များ သိရှိကြသောအခါ နေမိမင်းကြီးကို ဖူးတွေ့လိုသော ဆန္ဒများ ဖြစ်ပေါ်လာကြသည်။ သို့ဖြင့် နေမိမင်းကြီးကို နတ်ပြည်သို့ ပင့်ဆောင် ပြသပါရန် သိကြားမင်းအား တောင်းပန်ကြသည်။ သိကြားမင်းလည်း နတ်တို့ အလိုကို လိုက်လျောသည်။ မာတလိနတ်သားအား “နေမိမင်းကြီးကို ပင့်ဆောင်လော့” ဟူ၍ စေခိုင်းသည်။

မာတလိနတ်သားသည် သိန္ဓောမြင်း တစ်ထောင်ကသော ဝေဇယန္တာ ရထားဖြင့် နေမိမင်းကြီးကို လာရောက်ခေါ်သည်။ မိထိလာ ပြည်သူတို့ အံ့သြကာ ရင်သပ်ရှုမော ကြည့်ရှုကြသည်။

မာတလိသည် နေမိမင်းကြီးကို ပင့်ဖိတ်သည်။ မင်းကြီးလည်း နတ်ပြည်ကို မရောက်ဖူးသဖြင့် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။ ပြည်သူတို့နှင့် နန်းတွင်းသူ နန်းတွင်းသားတို့အား “မကြာမီ ငါ ပြန်လာခဲ့မည်။ ကုသိုလ်ကောင်းမှုတို့ကိုသာ မမေ့မလျော့ဘဲ ပြုကြပါ” ဟူ၍ မှာကြားသည်။

ထို့နောက် ဝေဇယန္တာရထားပေါ်သို့ တက်၍ လိုက်ပါသွားသည်။ မာတလိက “အရှင်မင်းကြီး၊ ငရဲလမ်းနှင့် နတ်လမ်းဟူ၍ လမ်းနှစ်သွယ် ရှိပါသည်။ မည်သည့်လမ်းမှ ဖြတ်သန်းသွားလိုပါသနည်း” ဟူ၍ မေးမြန်းသည်။

နေမိမင်းကြီးသည် နတ်ပြည်ကိုသာမက ငရဲပြည်ကိုလည်း မမြင်ဘူး။ နှစ်ဌာန စလုံးကို ကြည့်လိုသဖြင့် “နှစ်လမ်းလုံးကို ဖြတ်သန်းသွားချင်ပါသည်” ဟု ဆိုသည်။

သည်တွင် မာတလိသည် ရှေးဦးစွာ ဝေဇယန္တာ ရထားကို ငရဲလမ်းသို့ ရှေးရှုမောင်းနှင်သည်။ ငရဲပြည်ရှိ ငရဲအမျိုးမျိုးကို ပြသသည်။ ငရဲများတွင် ငရဲခံရသူအချို့မှာ မီးလျှံတောက်နေသော သံဆူးကြိမ်နွယ်တို့ဖြင့် ဖုံးအုပ်နေသည့် မြစ်တွင်း၌ ပြေးပေါက် မရှိ၊ ကူးခပ်နေရသည်။ အချို့မှာ ဆင်ကောင်လောက်ကြီးသော ငရဲခွေးကြီးတို့၏ ကိုက်စားခြင်းကို ခံနေရသည်။ အချို့မှာ တစ်ကိုယ်လုံး မီးလျှံများ တောက်လောင်လျက် ရဲရဲတောက်နေသော သံမြေပြင်၌ ပြေးလွှားနေရသည်။ အချို့မှာ ကြေးနီရည်တို့ ပွက်ပွက် ဆူနေသော ကြေးနီအိုးထဲသို့ ပစ်ချခံနေရသည်။ အချို့မှာ မီးလျှံတောက်နေသည့် ဖွဲပြာတို့ကို စားသောက်နေရသည်။ အချို့မှာ မီးလျှံတောက်နေသော မြား လှံတို့ဖြင့် ပစ်ခတ်ထိုးနှက်ခြင်း ခံနေရသည်။ အချို့မှာ ခန္ဓာကိုယ်ကို ဓားဖြင့် အပိုင်းပိုင်း ခုတ်ထစ်လှီးဖြတ် ခံနေရသည်။ အချို့မှာ ပုပ်ဟောင်သော မစင်တွင်းထဲရှိ မစင်များကို စားနေရသည်။ အချို့မှာ သွေးပုပ်ပြည်ပုပ်တို့ကို သောက်နေရသည်။ အချို့မှာ မီးလျှံတောက်နေသော သံမြားကောက်ကြီးများဖြင့် လျှာကို ချိတ်ဆွဲခံနေရသည်။ အချို့မှာ သံမြေပြင်၌ ခါးတစ်ဝက် နစ်မြုပ်ခံရလျက် မီးလျှံတောက်နေသော သံတောင်းကြီး တို့၏ တလိမ့်လိမ့် နင်းကြိတ်ခြင်းကို ခံနေရသည်။ အချို့မှာ မီးကျီတွင်းထဲသို့ ဦးစောက်ထိုး ချခံရသည်။ အချို့မှာ နည်းမျိုးစုံဖြင့် နှိပ်စက်ခံနေရသည်။

ငရဲခံရသူတို့သည် အတိတ်ဘဝက မကောင်းမှုများ ပြုခဲ့ကြသူများ ဖြစ်သည်။ ပြုခဲ့သော မကောင်းမှု အလိုက် နည်းအမျိုးမျိုးဖြင့် အညှင်းဆဲ ခံနေကြရခြင်း ဖြစ်ပေသည်။

ဤသို့လျှင် ငရဲအမျိုးမျိုးကို ပြပြီးနောက် မာတလိန် နတ်သားသည် နေမိမင်းကြီးကို နတ်ပြည်သို့ ခေါ်ဆောင်သွားသည်။ နတ်သား၊ နတ်သမီး တို့စံရာ ဘုံဗိမာန် အမျိုးမျိုးကို ပြသသည်။

နတ်ဘုံဗိမာန်ရှိ နတ်သား၊ နတ်သမီးတို့ကား အတိတ်ဘဝက ကုသိုလ်ကောင်းမှု အလိုက် အမျိုးမျိုးသော နတ်စည်းစိမ် ချမ်းသာတို့ကို ပျော်ရွှင်စွာ ခံစားနေကြရသည်။

နေမိမင်းသည် နတ်ပြည်တွင် ရှေးဦးစွာ ဗိရဏီနတ်သမီးစံရာ ဗိမာန်ကို တွေ့ရှိသည်။ ဗိရဏီနတ်သမီးသည် ပတ္တမြား ဗိမာန်၌ နတ်သမီး တစ်ထောင် ခြံရံလျက် နတ်စည်းစိမ် ချမ်းသာကို ခံစားနေသည်။ ထို့နောက် သောနဒိန် နတ်သားသည် စံရာဗိမာန်ကို တွေ့မြင်သည်။ သောနဒိန် နတ်သားသည် ဗိမာန်ကြီး ခုနှစ်ဆောင်တွင် နတ်သမီးပေါင်း များစွာဖြင့် ခံစားနေသည်။ ထို့နောက် ဖန်ဗိမာန်ကြီးတွင် စံစားနေသော နတ်သမီးများကို တွေ့မြင်သည်။ ထိုနတ်သမီးများသည် နတ်အဖျော်ယမကာနှင့် နတ်သုဒ္ဓါတို့ကို စားသောက်နေကြသည်။ ထို့နောက် နတ်တူရိယာတို့ကို နားဆင်နေကြသည်။ ထို့နောက် ပတ္တမြားဗိမာန်ကြီးကို တွေ့မြင်သည်။ ထိုဗိမာန်တွင် နတ်တူရိယာတို့ဖြင့် စံစားနေသော နတ်သားများကို တွေ့မြင်သည်။ ထို့နောက် ဖန်ဗိမာန်ကြီးကို တွေ့မြင်သည်။ ထိုဗိမာန်တွင် နတ်သားတစ်ပါးသည် နတ်သမီးပေါင်း များစွာခြံရံလျက် စံစားနေသည်။ ထို့နောက် ကြောင်မျက်ရွဲ ဗိမာန်ကို တွေ့မြင်သည်။ ထိုဗိမာန်တွင် နတ်သားတစ်ပါးသည် နတ်တူရိယာတို့ဖြင့် ခံစားနေသည်။ ထို့နောက် ရွှေဗိမာန်ကြီးကို တွေ့မြင်သည်။ ထိုဗိမာန်တွင် နတ်သားတစ်ပါးသည် နတ်စည်းစိမ်ကို စံစားနေသည်။

(နေမိဇာတ် နိဂုံးအား ဆက်တင်ပါမည်)

Read more...

လူစုလူဝေးလိုက်ဖြစ်သောစိတ်ရောဂါကို စပ်စုခြင်း-၅

၁၈ရာစုမှ၂၀ရာစုအစောပိုင်းကာလအထိ

(ဤအပိုင်းတွင် ROBERT E. BARTHOLOMEW, PhD ၏ Protean nature of mass sociogenic illness ကို အခြေခံ၍ ရေးသားသည်။ ဘာသိုလိုမြူး၏ စာတမ်းသည် မှတ်တမ်းများကို ပြန်လှန်သုံးသပ်သော literature survey ဖြစ်ပါသည်။ )

ဘာသိုလိုမြူး၏ အလိုအရ ၁၈ ရာစု၊ ၁၉ ရာစု နှင့် ၂၀ ရာစုအစောပိုင်းများတွင် စက်မှုတော်လှန်ရေးနှင့် ကြမ်းတမ်းသော လုပ်ငန်းခွင် အခြေအနေများကြောင့် အနောက်တိုင်းရှိ လုပ်ငန်းခွင်များ (အထူးသဖြင့် စက်ရုံများတွင်) လူစုလူဝေးလိုက် ရုပ်ပိုင်းဆိုင်ရာ ဟစ်တီးရီးယား (mass motor hysteria) ရကြခြင်း ဖြစ်သည်။

မှတ်တမ်းများအရ ပါဝင်သော ဒေသများမှာ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ အီတလီ၊ ရုရှတို့ ဖြစ်ပြီး ၀က်ရူးပြန်ခြင်း၊ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများပြုခြင်း နှင့် အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်ပေါ်သည်။

ပထမဦးဆုံး မှတ်တမ်းမှာ ၁၇၈၇ ဖေဖော်ဝါရီတွင် အင်္ဂလန်နိုင်ငံ လန်ကတ်ရှိုင်းယားရှိ ချည်ထည်စက်ရုံတစ်ခု၌ ဖြစ်ပွားခဲ့သော ၀က်ရူးပြန်ခြင်းနှင့် အသက်ရှူကြပ်ခြင်း ဖြစ်ရပ်ဖြစ်သည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၂၃ ဦးဖြစ်ပွားသည်။ (St Clare, W. (1787) Gentleman's Magazine, 57, 268.)

ထိုကာလအတွင်းမှာပဲ တင်းကြပ်သော ကျောင်းစည်းကမ်းများကြောင့် ဥရောပရှိ ကျောင်းအများအပြား အထူးသဖြင့် ဂျာမနီ၊ ဆွစ်ဇာလန်နှင့် ပြင်သစ်တို့တွင် လူစုလူဝေးလိုက် ဟစ်တီးရီးယား ဖြစ်ပွားသည်။ (၀က်ရူးပြန်ခြင်း၊ တွန့်လိမ်ကောက်ကွေးဖြစ်ခြင်း၊ တကိုယ်လုံးတုန်ခြင်း၊ ရယ်ခြင်း)

၁၈၉၃ တွင် ဆွစ်ဇာလန်နိုင်ငံ ဘာဆယ်လ်မြို့ရှိ မိန်းကလေးကျောင်းတစ်ကျောင်းတွင် အဆိုင်းမန့် မတင်နိုင်သော ကျောင်းသူများအတွင်း ၀က်ရူးပြန်ခြင်းများ ဖြစ်ပွားခဲ့ပြီး ကျောင်းချိန်ပြီးတော့ ထိုလက္ခဏာများ ပျောက်ကွယ်သွားခဲ့သည်။ (Aemmer, F. (1893) Eine Schulepidemie von Tremor Hystericus [A school epidemic of hysterical tremor (so-called epidemic chorea)]. Basel: Kreis.)၁၉၀၄ တွင်လည်း အဆိုပါကျောင်းတွင် နောက်တစ်ကြိမ် ထိုအဖြစ်အပျက် ထပ်မံဖြစ်ပွားခဲ့သည်။

၁၈၉၂ ခုနှစ် ဇွန် ၂၈ နှင့် အောက်တိုဘာ လလယ်အတွင်းတွင် ဂျာမနီနိုင်ငံ ဂရော့စ်တင့်ဇ် (Gross-tinz) တွင် လက်တုန်ခြင်းမှစ၍ တကိုယ်လုံးတုန်ခါခြင်း၊ အချို့မှာ သတိချို့ယွင်းခြင်း၊ မှတ်ဥာဏ်ချို့ယွင်းခြင်းများ ဖြစ်ပွားသည်။ Hirt, L. (1893) Eine Epidemie von Hysterischen Krampfen in einer Schleisischen Dorfschule [An epidemic of hysterical cramp in a village school in Schleisischen].

၁၉၀၆ ဖေဖော်ဝါရီအတွင်း ဂျာမနီနိုင်ငံ Chemnitz ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လက်ရေးလှ လေ့ကျင့်ခန်းလုပ်နေသောအချိန်တွင် မိန်းကလေးကျောင်းသူများ အားလုံး လက်တုန်ခြင်း၊ လက်မောင်းများ တုန်ခြင်း ဖြစ်ပေါ်ခဲ့သည်။ စဖြစ်သည်မှာ ကျောင်းသူနှစ်ယောက်မှ စခြင်းဖြစ်ပြီး မကြာမီ ကျောင်းသူ ၂၁ ဦးလုံးကို ကူးစက်သွားသည်။ ၄ ပတ်ကြာမြင့်သည်။

၁၉၀၇ ဖေဖော်ဝါရီတွင် လန်ဒန်ရှိ ကျောင်းတစ်ကျောင်း၌ မိန်းကလေးကျောင်းသူ လေးဦး ဘယ်ဘက်လက် လေဖြတ်သွားခြင်း ဖြစ်ပွားသည်။

၂၀ ရာစုတွင်မူ ကူးစက်တတ်သော ဟစ်တီးရီးယား (Epidemic hysteria) သည် ပတ်ဝန်းကျင်မှ အစားအသောက် လေနှင့် ရေတို့၏ သန့်ပြန့်မှုနှင့် သက်ဆိုင်မှုရှိလာသည်။ အထူးသဖြင့် ထူးခြားသော အနံ့တို့အပေါ် အကြောက်လွန်ခြင်းကြောင့် ဟစ်တီးရီးယား ဖြစ်ပွားတာမျိုးကို တွေ့ရသည်။

ဖြစ်ပွားမှုမှာ အလွန်မြန်ဆန်ပြီး ပြန်လည်ကောင်းမွန်မှုမှာလည်း အလွန်မြန်ဆန်သည်။ ရုပ်ဟစ်တီးရီးယားထက် စိတ်လှုပ်ရှားခြင်း ဟစ်တီးရီးယား (Anxiety hysteria) အမျိုးအစား ပါဝင်သည်။

(မှတ်ချက်။ ။hysteria ဟူသော အသုံးအနှုန်းကို မြန်မာများ ကျွမ်းဝင်သည့် နာမည်အချို့မှာ လင်တရူးရောဂါ မယားတရူးရောဂါ စသည်ဖြင့် ဖြစ်သည်။ ဤအသုံးအနှုန်းသည် အရပ်က နားလည်ခဲ့သော အသုံးအနှုန်းဖြစ်ပြီး ခေတ်စားခဲ့ဖူးသော ဆစ်ဂမန်ဖရွိုက်၏ ကုထုံးဆိုင်ရာ သီဝရီ ပယောဂကင်းလိမ့်မည် မထင်ပါ။ ထိုအခေါ်အဝေါ်နှင့် အယူအဆသည် ယနေ့ခေတ်တွင် အပြည့်အ၀ မမှန်ကန်တော့ပါ။ ထိုနည်းတူစွာ အချို့ဘာသာပြန်သလို ဟစ်တီးရီးယားကို စိတ်ကစဥ့်ကလျားရောဂါဟု ဘာသာပြန်ခြင်းသည်လည်း သင့်မည်မထင်ပါ။ စိတ်ကစဥ့်ကလျားသည် Schizophrenia အတွက် အသားတကျ သုံးစွဲနေပြီးဖြစ်ပါသည်။ ဟစ်တီးရီးယားကို ယခုအခါ conversion disorder ဟုလည်း စိတ်ရောဂါဆရာဝန်များ သုံးစွဲကြသည်။ motor hysteria ဟူ၍ သုံးစွဲရသည်မှာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံလုံလောက်သော အကြောင်းရင်းကို ရှာမတွေ့ဘဲ တက်ခြင်းချက်ခြင်း၊ ပုံမမှန်အပြုအမူများပြုခြင်း၊ စသည်တို့ကြောင့် ဖြစ်သည်။ လူစုလူဝေးလိုက်စိတ်ရောဂါ ဖြစ်ပေါ်သည့်အခါတိုင်း ဇီဝဓာတုလက်နက်များ၊ အဆိပ်သင့်ခြင်းများ၊ စသည့် အများစုကိုတပြိုင်နက်တည်း သက်ရောက်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာ အချက်အလက် အကြောင်းရင်းများကို ကနဦး စဉ်းစားကြလေ့ရှိသည်။ ဥပမာ အလယ်ခေတ်က ဂျာမနီနိုင်ငံ အခ်ဟန်တွင်ဖြစ်ပွားခဲ့သော စိတ်ကြွအကရောဂါကို Ergot မှိုကြောင့်ဖြစ်ပွားသည်ဟု ယူဆသူများရှိသကဲ့သို့ အီတလီတောင်ပိုင်းမှ အလယ်ခေတ် အဖြစ်အပျက်ကို တာရန်တူလာ ပင့်ကူ ကိုက်၍ ဖြစ်ပွားသည်ဟု ယူဆသူများ ရှိသည်။ ယခုနောက်ပိုင်းကာလများတွင် လူစုလူဝေးလိုက်ဖြစ်သော စိတ်ရော၈ါသည် ရုပ်ပိုင်းဆိုင်ရာ တက်ခြင်းချက်ခြင်းများထက် စိတ်ထိတ်လန့်လှုပ်ရှားမှု (Anxiety) နှင့်ဆိုင်တာမျိုးကို တွေ့လာရသည်။)

ဓာတ်ငွေ့အနံ့သို့မဟုတ် အမျိုးအမည်မသိသော ထူးခြားသည့်အနံ့များကြောင့် စာသင်ကျောင်းများတွင် ဟစ်တီးရီးယား ရတတ်ကြသည့်ဥပမာမှာ ၁၉၈၅ တွင် စင်ကာပူ အလယ်တန်းကျောင်း (secondary school) တစ်ကျောင်းတွင် ကျောင်းသားကျောင်းသူ ၆၅ ယောက်နှင့် ဆရာမသည် ထူးခြားသော အနံ့တစ်ခုကိုရပြီး ရုတ်တရက် ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှူကြပ်ခြင်းများ ဖြစ်ပွားခဲ့သည်။ ထိုကျောင်း၌မဖြစ်ပွားမီ နှစ်အနည်းငယ်တုန်းက ဟောင်ကောင်ရှိ ကျောင်းတစ်ကျောင်းတွင် ၆ နှစ်မှ ၁၄ နှစ်ရှိသော ကျောင်းသား ၃၅၅ တွင် ထိုသို့သော အဖြစ်အပျက်ဖြစ်ပွားခဲ့သည်။ (Tam et al, 1982).

ဇွန်လ ၈ ရက်၊ ၁၉၇၂တွင် ဟက်ဇဲလ်ရစ်ဂ်ျ (Hazelrigg) ရှိ ကျောင်းသားပွဲတော်တွင် ၀က်မွေးသောခြံမှထွက်သည့် အနံ့ကြောင့် ကလေးများတပြိုင်နက်တည်း ဗိုက်နာ၊ ခေါင်းကိုက်၊ ပျို့အန်မူးမေ့ကြသော အဖြစ်အပျက်ရှိသည်။ (Smith & Eastham, 1973). ထိုနှစ်မှာပဲ ဂျပန်နိုင်ငံတိုကျိုမြို့ ကျောင်းတစ်ကျောင်းတွင် တွင် ရာဘာမီးလောင်သည့် အနံ့မျိုးရသဖြင့် ကျောင်းသား ၁၆ဦး ဟစ်တီးရီးယားရကြသည်။ ၁၉၉၄တွင်လည်း အာရပ်ကျောင်းတစ်ကျောင်းတွင် အလားတူဖြစ်ရပ်ဖြစ်ပွားသည်။ (ဘာသာလိုမြူးက ဤအဖြစ်အပျက်များသည် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုနှင့် ဆက်စပ်မှုရှိသည်ကို တင်ပြလိုသည်။ လူတို့သည် သူတို့ကို ဇီဝလက်နက်များနှင့် တိုက်ခိုက်ပြီဟု ယူဆသောအခါ သူတို့ယူဆသည့်အတိုင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည်။ စကားတစ်ခုရှိသည်မှာ your mind control your symptoms ဟု ပြောကြလေ့ရှိသည်။ )သူ့အချက်အလက်များမှာ တွေးတောဖို့ ထိုက်တန်လောက်အောင် ရှိသည်။ ဥပမာအားဖြင့် အနံ့ဆိုးတစ်ခုသည် ပုံမှန်လည်ပတ်နေသော စာသင်ကျောင်းအတွက် မထောင်းတာသော်လည်း ၁၉၉၁ ပါရှန် ပင်လယ်ကွေ့စစ်ပွဲအတွင်း အဆောက်အအုံတစ်ခုတွင် အဆိုပါအနံ့ဆိုးတစ်မျိုးမျိုးပေါ်ပေါက်ပါက ဓာတ်ငွေ့နှင့်တိုက်ခိုက်သည်ဟု ယူဆကြပြီး ရောဂါလက္ခဏာများ ပေါ်ပေါက်လာဖွယ်ရှိသည်ဟု ရေးသားထားသည်။

စာသင်ကျောင်းများသာမက အခြားသောလုပ်ငန်းခွင်များ၊ တယ်လီဖုန်းရုံးများ၊ လျှပ်စစ်ဋ္ဌာနများတွင် ထူးခြားသောအနံ့ဆိုးများသည် အစုလိုက်အပြုံလိုက် ဟစ်တီးရီးယားရအောင် ပြုလုပ်နိုင်စွမ်းရှိသည်။ ကယ်လီဖိုးနီးယားရှိ စစ်တပ်စခန်းချရာတွင် ၁၉၈၈ ၌ ခြုံမီးလောင်သော အနံ့ကို ဓာတ်ငွေ့နှင့် တိုက်ခိုက်ခံရသည်ဟု အထင်ရှိပြီး လူစုလူဝေးလိုက် ဟစ်တီးရီးယား ဖြစ်ပွားသည်။ ဆေးမှူးများက အခြေအနေကို အကဲခတ်လွဲပြီး အရေးပေါ်အသက်ကယ်နည်းများ ပြုလုပ်ကြသည်။ ထိုအသက်ကယ်မှုများကို ကြည့်ရသဖြင့် အခြေအနေက ပိုမိုထိတ်လန့်တုန်လှုပ်ကာ အသက်ရှူကြပ်သည့် ပြဿနာများ ပိုဆိုးရွားသွားသည်။ (Struewing & Gray, 1990).


ဆက်ဦးမည်...

စာညွှန်း

1.Wikipedia
2.Epidemics of the middle Ages By I.F.C. Hecker,M.D
3.REVIEW ARTICLE
Protean nature of mass sociogenic illness
From possessed nuns to chemical and biological terrorism fears
ROBERT E. BARTHOLOMEW, PhD

Read more...

*ရိုးသားစွာဖြင့်စီးပွားရှာ*

လောကီ လူ့ဘောင်တွင် နေထိုင်နေသမျှ ကာလပတ်လုံး ဘယ်အရာကိုမဆို ရိုးသားစွာ နေထိုင်လုပ်ကိုင် စားသောက်ခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။ ကိုယ်အောင်မြင်ဖို့၊ ကြီးပွားဖို့အတွက်သူတစ်ပါးကိုထိခိုက် နစ်နာစေလျှင်သူ့အတွက်မကောင်းသလို၊ ကိုယ့်အတွက်လည်းလက်တလော ကောင်းကျိုးကိုသာခံစားရပြီး ယခုဘ၀တွင် ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုအတွက် ပြန်လည်မခံစားရခဲ့ရရင်တောင်မှ နောင်သံသရာ အတွက်တော့ ကိုယ်လုပ်တဲ့အမှုနဲ့ထပ်တူထပ်မျှ ပြန်လည်ခံစားရမည်မှာတော့ မလွဲဧကန် အမှန်ပင် ဖြစ်ပါသည်။ ထို့ကြောင့် လယ်တီဆရာတော်ဘုရားကြီးက တပည့် ဒါယိကာ ဒကာမတို့အား လောကစီး ပွားရှာရာတွင် ရိုးသားမှုကို အခြေခံ ရမည်ဆိုသည့်အကြောင်းကို -

ဆီထဲမှာရေနွေး
ဆေးရွက်ထဲမှာ ရွက်ချပ်
ဗျပ်ထဲမှ မုရင်းဆန်
ရေနံမှာရေရော
လက်ဖက်မှာရေကူ
ဘယ်ကုန်မျိုးမတူပြီ
တူသာတူ ပေသာပေ
ညစ်နည်းတွေကိုယ်စီနှင့်
အပလီဥာဏ်လောဘ
ဝစီကံစောရများ…. ဟူ၍ အလေးအနက်ထားပြီးဆုံးမတော်မူခဲ့ပါသည်။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာတော်မူကြပါစေ။

Read more...

ပါရမီထိုက်တဲ့ကာလဒါန


ဒါနအကြောင်းနဲ့ ပါတ်သက်ပြီုး အနည်းငယ် ပြောချင်မိပါတယ်။ ပြောချင်မိတဲ့အကြောင်းရင်းကလည်း ဒါနဆိုတာ ဘယ်လိုအကျိုးများတယ်.. လှူကြပါ တန်းကြပါလို့ ပြောလိုတာတော့ မဟုတ်ပြန်ပါဘူး။ ကျွန်တော်တို့တွေ ဒါနပြုတဲ့အခါ သတိထားပြီးလုပ်ဆောင်သင့်တဲ့ အချက်လေးတွေကို ပြောပြချင်မိတဲ့ သဘောလေးပါပဲ။ ဒီတော့ ကိုယ်ကိုယ်တိုင်ကရော ဒါနအကြောင်းကို တအားသိနေလို့လားဆိုတော့လည်း မသိသေးပါဘူးနော်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောပြဆုံးမသလိုပါပဲ.. “ဒါနအကြောင်းကို ငါဘုရားသိသလောက်သာ သတ္တ၀ါတွေသိကြရင် စားနေတဲ့ထမင်းလုပ်ကိုတောင် မစားတော့ပဲ လှူဒါန်းနိုင်ကြလိမ့်မယ်” ဆိုတဲ့ အဆုံးမလေးပါ။ ဒီတော့ ကျွန်တော့်အနေနဲ့ ဒါနအကြောင်းကို သေချာမသိသေးဘူးဆိုဟာ ဘုရားရှင်ဟောကြားဆုံးမထားတဲ့ အဆုံးမနဲ့တင် ထင်ရှားနေပါတယ်။ သို့ပေမယ့် သိသလောက်လေးတော့ ဒါနအကြောင်းလေး ပြောချင်မိပါတယ်။ ဒါနဆိုတာနဲ့ ပတ်သက်ပြီး အမျိုးမျိုးမှတ်ချက်ပေးကြတာတွေရှိပါတယ်။ ဒါနပြုရင် သံသရာရှည်တယ်တို့.. ဒါနနဲ့နိဗ္ဗာန်မရောက်ဖူးတို့.. ဒါနပြုမနေနဲ့ အပိုအလုပ်တွေပါ.. ကိုယ့်မှာလျော့သွား ကုန်သွားတာပဲရှိတယ် ဘာမှတိုးမလာပါဘူးဆိုပြီး ဒါနကို ပေါ့ပေါ့လေးပဲ သဘောထားတတ်ကြပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီး (၄၅)၀ါကာလပတ်လုံး ဟောကြားခဲ့တဲ့တရားတော်တွေထဲမှာ တစ်လုံးတစ်ပါဒမှ ထုတ်ပြစ်စရာ ပယ်ထားစရာ ပိုသွားတဲ့အရာဆိုတာ တစ်ခုမှမရှိပါဘူးနော်။ ဒါနပြုဖို့၊ သီလဆောက်တည်ဖို့၊ ဘာဝနာပွားများဖို့ဆိုတဲ့ ကောင်းမှုမှန်သမျှတစ်ခုမကျန် အကုန်လုပ်ဆောင်ဖို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမတော်မူခဲ့ပါတယ်။ ဒါနနဲ့ပါတ်သက်ပြီး သံသရာရှည်တယ်၊ နိဗ္ဗာန်မရောက်ဖူး၊ ဘုရားဆွမ်းတော်ကပ်တာ ကြွက်စာပဲ၊ ပန်းလှူတာ ရေလှူတာအလကားပဲဆိုတာတွေဟာ ဘုရားရှင်ရဲ့အဆုံးမတွေကို ပယ်ရာရောက်သွားသလို၊ တရားတော်ကိုလည်း ပါယ်ရာရောက်သွားတတ်ပါတယ်။ ကုသိုလ်ကောင်းမှုတိုင်းမှာ ဘယ်ကုသိုလ်ကောင်းမှုလုပ်လုပ် ဘုရားရှင်ဆုံးမခဲ့တဲ့ အဆုံးမတိုင်းလုပ်မယ်ဆိုရင် အားလုံးဟာလုပ်ဆောင်သင့်တဲ့ ကုသိုလ်အလုပ်တွေပါပဲ။ ဒါမို့လို့လည်း ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကုသိုလ်မှန်သမျှအကုန်လုပ်.. အကုသိုလ်မှန်သမျှ ဘာတစ်ခုမျှမလုပ်နဲ့ စိတ်ကိုဖြူစင်အောင် အမြဲထားလို့ ဟောပြဆုံးမခဲ့တာ ဖြစ်ပါမယ်။ ဒီတော့ ဒါနကိုလည်းပြု.. သီလကိုလည်းဆောက်တည်.. ဘာဝနာကိုလည်း ပွားများပြီး အမြဲမပြတ်စိတ်တွေ ဖြူစင်အောင်နေနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။


ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောပြဆုံးမခဲ့တဲ့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အကြောင်းရာထဲက ကျွန်တော့်အနေနဲ့ ကာလဒါနအကြောင်းကိုတော့ အနည်းငယ်ပြောချင်မိပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ဒါနနဲ့ပတ်သက်ပြီဆိုရင် အင်မတန်မှ သဒ္ဓါတရားကောင်းကြပါတယ်။ ကိုယ့်မှာ နေစရာစားစရာ ရှိချင်မှရှိမယ်.. လှူမယ်ဟေ့ဆိုရင် ဗုဒ္ဓဘာသာမြန်မာလူမျိုးက ထိပ်ဆုံးကလို့တောင် ပြောလို့ရနိုင်ပါတယ်။ မရှိတဲ့အထဲက အလှူအတန်းဆိုရင် လက်မတွန့်တတ်တာ မြန်မာလို့တောင် ဆိုချင်မိပါသေးတယ်။ အချို့ဘာသာတွေက ချမ်းသာကြွယ်ဝလို့ ရှိတဲ့ထဲက ဆယ်ပုံပုံ တစ်ပုံလောက် လှူတတ်ကြတာပါ.. ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကတော့ မရှိတဲ့အထဲကကို ဒါနကို ရသလောက်ပြုပေးကြတဲ့သူတွေပါပဲ။ ဒီတော့ ကိုယ်လှူတဲ့ဒါနလေးကို သေချာလေးနက် တန်ဖိုးထားစေချင်မိပါတယ်။ ဆရာတော်အရှင်ဇ၀န ဟောပြဆုံးမသလိုပါပဲ.. “ဗုဒ္ဓဘာသာတွေလောက်လှူတာ ဗုဒ္ဓဘာသာတွေပဲရှိတယ်.. ဒါပေမယ့်.. ဒါနရဲ့အကျိုးအတိုင်း ကောင်းကျိုးပြန်လည်မရရှိကြတာ ဘာလို့လဲ ဆိုတော့.. ဒါနပြုတဲ့အခါမှာ ပညာဥာဏ်မရှိကြလို့ပဲ” ဆိုတဲ့ အတိုင်းပါပဲနော်။ အဓိကကတော့ ဘာ့ကြောင့်ဒါနပြုရတာလဲဆိုတဲ့ အသိဥာဏ်ပျောက်နေကြရတာပါ။ ဒါနပြုတယ်ဆိုတာ ဘာအတွက်လဲ.. ဒါနပြုတယ်ဆိုတာ လောဘဆိုတဲ့ ကိလေသာကုန်အောင်သတ်တာပါ။ ပစ္စည်းဝတ္ထုအပေါ်မှာ ပိုင်ဆိုင်လိုတဲ့ ရယူလိုတဲ့ တက်မက်လိုတဲ့ လောဘကိလေသာကို ဒါနပြုနေတုန်းမှာ သတ်လိုက်တာပါပဲ။ လောဘဆိုတဲ့ ကိလေသာနည်းလေလေ ထိုကိလေသာရဲ့နှိတ်စက်မှုနဲ့ ဝေးလေလေပါပဲ။ ဒ့ါကြောင့် လောဘဆိုတဲ့ ကိလေသာနဲ့ဝေးအောင် လောဘကိလေသာပါးအောင် ဒါနပြုကြရတာပါ။


ခုတော့ဖြင့် ဒါနပြုတာကို လောဘသတ်တယ် မထင်ကြတော့ပါဘူး။ ဒါနကို အကြောင်းပြုပြီး လောဘတွေပိုကြီးလာအောင် လုပ်ဆောင်နေကြပါတယ်။ ဒါနအလှူကို ဈေးရောင်းသလို လှူနေကြသလို.. ဒီလောက်ပေးလိုက်ရင် ဘယ်လောက်ပြန်ရမလဲဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ လုပ်ဆောင်နေကြပါတယ်။ ဆရာတော်အရှင်ဇ၀န ဟောပြဆုံးမသလိုပါပဲ.. “မျှော်လ့င်ချက်ဖြင့် ပေးကမ်းရင် အရောင်းဝယ်လုပ်တာ.. ဘာမျှော်လင့်ချက်မှမပါပဲ ပေးကမ်းလျှင် ကိလေသာကုန်ရာ နိဗ္ဗာန်ရဖို့ဒါနပါရမီ ဖြည့်ဆည်းခြင်းသာ ဖြစ်သည်” ဆိုတဲ့ အဆုံးမအတိုင်းပါပဲနော်။ ခုတော့ဖြင့် ဒီစကားနဲ့များ ဗြောင်းပြန်လုပ်နေကြသလားလို့တောင် တွေးမိပါတယ်။ ဒီလောက် စေတီဘုရားတွေ များပြားနေတဲ့ အချိန်ခါမှာ ဘုရားတည်တဲ့ဒကာကြီးဆိုတဲ့ နာမည်လေးရအောင် ဘုရားတည်ပြီး ဘုရားဒကာဆိုတဲ့ နာမည်ကိုဝယ်ကြတယ်။ လူအများအထင်ကြီးအောင်၊ ကိုယ့်ကိုလူသိများအောင် လူများများသိတဲ့နေရာမှာ့ လှူချင်နေကြတယ်၊ ဒီအလှူလှူလိုက်လို့ ကိုယ့်အတွက်အခွင့်အရေးတွေ ကိုယ့်အတွက် အကျိုးအမြတ်တွေရလို့ အလှူတွေကို ဟန်ပြအဖြစ် လှူပေးနေကြတယ်၊ ငါလှူလိုက်ရင် ငါ့ကိုသူများတွေ အထင်ကြီးမှာပဲဆိုပြီး လူအထင်ကြီးစေချင်တဲ့ စိတ်တွေနဲ့ ဒါနပြုနေကြတာတွေ တော်တော်များများ တွေ့နေရပါတယ်။ ဒါနရဲ့ အနှစ်သာရ၊ ဒါနပြုရခြင်းရဲ့ရည်ရွယ်ချက်တွေ ပျောက်နေကြရပါတယ်။


နောက်ထပ် ရှိပါသေးတယ်။ အလှူခံပုဂ္ဂိုလ်(၂၀)ဆိုတာပါ။ အလှူခံပုဂ္ဂိုလ်(၂၀)ကို အဆင့်လိုက်လှူရင် အကျိုးကျေးဇူးလည်း အဆင့်လိုက် အကျိုးများတယ်ဆိုတာကိုတော့ လူတိုင်း သိကြမယ်ထင်ပါတယ်။ အယုတ်ညံ့ဆုံးဖြစ်တဲ့ တိရိစ္ဆာန်ဆိုတဲ့ ခွေးလေးတွေ ကြောင်လေးတွေကျွေးရင် ဘ၀တစ်ရာ ကောင်းကျိုးရတယ်ဆိုတာ၊ သီလမရှိတဲ့ လူမိုက်ကိုလှူရင် ဘ၀တစ်ထောင် ကောင်းကျိုးရတယ်ဆိုတာ၊ သီလရှိတဲ့ ပုဂ္ဂိုလ်ကိုလှူရင် ဘ၀တစ်သောင်း ကောင်းကျိုးပေးတယ်ဆိုပြီး အဆင့်ဆင့်အနေဖြင့် နောက်ဆုံး ဘုရားရှင်ကိုယ်တော်မြတ်ကြီးအထိ သီလ၊ သမာဓိ၊ ပညာ အဆင့်ဆင့်လိုက် လှူဒါန်းမယ်ဆိုရင် ဘ၀ပေါင်း မရေမတွက်နိုင်အောင် ကောင်းကျိုးပေးနိုင်တယ်ဆိုတဲ့ အကျိုးတရားတွေ ရရှိနိုင်တယ်ဆိုတာ ဖော်ပြထားတဲ့ အကြောင်းရာလေးပါ။ ဤအကြာင်းရာကို ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အလှူခံပုဂ္ဂိုလ်တွေ ကြီးကျယ်မြင့်မြတ်ရင် မြင့်မြတ်သလို အကျိုးကျေးဇူးများတာကို သိစေချင်တဲ့အတွက် ဟောပြပေးထားတာပါ။ ဒါနပြုတဲ့အခါ အကျိုးများအောင် ပုဂ္ဂိုလ်ရွေးလှူခိုင်းစေခဲ့ခြင်း မဟုတ်ပါဘူး။ အဲ့ဒါတွေကို တလွဲအဓိပ္ပါယ်ကောက်ပြီးတော့ လှူရမယ့် ပုဂ္ဂိုလ်က ကြီးကျယ်မြင့်မြတ်မှလှူမယ်၊ အကျိုးများမှ လှူမယ်.. အကျိုးမများရင် မလှူတော့ဘူးဆိုတဲ့ လူတွေလည်း ရှိကြပါသေးတယ်။


ဒီလို လှူလိုက်တဲ့သူဟာ အကျိုးများမများဆိုတာကို အရင်ဆုံးကြည့်တဲ့အတွက် ကိုယ့်အကျိုးက ရှေ့ရောက်နေပါတယ်။ ငါကောင်းစားဖို့ဆိုတဲ့ ငါဆိုတဲ့အတ္တကြီးက ဒါနရဲ့ရှေ့ကရောက်နေပြန်ပါတယ်။ ငါကောင်းစားဖို့လှူရင် ဒါနပါရမီလုံးဝမဖြစ်ပါဘူး။ ဒါ့ကြောင့် ဘုရားရှင်ဟောကြားခဲ့တဲ့ဒါနနဲ့ ပါတ်သက်ပြီး ပါရမီထိုက်အောင် လှူတတ်ဖို့ဟာ အင်မတန် အရေးကြီးပါတယ်။ ဒါနကိုအကြောင်းပြုပြီး သံသရာလည်ရတာဟာ.. နောက်တစ်ခါ အို၊ နာ၊ သေထပ်ပြီးခံစားရဖို့ ငွေနဲ့ပေးဝယ်နေတာနဲ့ တူပါတယ်။ နောက်ထပ်ဒုက္ခတွေ မွေး၊ အို၊ နာ၊ သေဆိုတဲ့ ဒုက္ခတွေ တွေ့ချင်သေးလို့ နောက်ဘ၀တစ်ခု ထပ်ပေးပါဦးလို့ တောင်းတာနဲ့ တူနေပြန်ပါတယ်။ ယခုဘ၀ ပင်ပင်ပန်းပန်း ရှာထားလို့ရထားတဲ့ ဥစ္စာဓနတွေလည်း ကုန်ရ.. နောက်ဘ၀ကျလည်း အဲ့ဒါနကို အကြောင်းပြုပြီး မွေး၊ အို၊ နာ၊ သေထပ်တွေ့ရနဲ့.. နှစ်ခါရှုံးရပါတယ်။ သီတဂူဆရာတော်ဘုရားကြီး ဆုံးမသြ၀ါဒပေးသလိုဆိုရင်တော့.. ဒါနကိုသံသရာလည်အောင်လှူရင်၊ ဒါနအလှူမတတ်ရင် နွားဘ၀နဲ့ဘာမှမထူးဘူးလို့ ဆရာတော်ဘုရားကြီးက မိန့်တော်မူပါတယ်။ နွားတွေဟာ လူတွေကို လယ်ထွန်ပေးတယ်၊ နွားနို့ထုတ်ပေးတယ်၊ နောက်ဆုံး အသက်သေတဲ့အထိ အသားတွေပေးသွားတယ်.. ဒါပေမယ့် သူတို့မှာ ဘာရတုန်းဆိုတော့ ဘာမှမရဘူးတဲ့.. ဘာလို့လည်းဆိုတော့ သူတို့လုပ်တဲ့အလုပ် သူတို့ပြုတဲ့ဒါနတွေဟာ အသိဥာဏ်မပါတဲ့အတွက် ဦးတည်ချက်ပျောက်တဲ့ အလှူတွေဖြစ်နေတဲ့အတွက် နောင်တဖန် မြက်ထပ်စားရမယ့် နွားဘ၀က မကျွတ်နိုင်ဘူးဆိုတဲ့ သဘောတရားကို ဆရာတော်ဘုရားကြီးက သိစေချင်တာပါ။ အော်.. အသိဥာဏ်ဟာ အင်မတန် အရေးကြီးပါပေတယ်။


ကျွန်တော်တို့တွေဟာလည်း ယခုလို ဘုရားသာသနာနဲ့တွေကြုံနေတဲ့ အချိန်ခါမှာ ဘုရားအဆုံးမနဲ့အညီ ဒါနမပြုပဲနဲ့.. သံသရာလည်စေတဲ့အလှူမျိုး၊ မျှော်လင့်ချက်နဲ့ ရောင်းဝယ်တာမျိုးဖြစ်မယ်ဆိုရင်တော့ ကိုယ်လှူတဲ့ အလှူဟာ မြက်စားရလောက်တဲ့ အလှူလောက်ပဲဖြစ်နေမှာပါ။ လှူခဲ့တဲ့အလှူကြောင့် ဘ၀တွေ ချမ်းသာရင်ချမ်းသာမယ်.. ဒါပေမယ့် မွေး၊ အို၊ နာ၊ သေဆိုတဲ့ စက်ကွင်းကတော့ မကျွတ်လွတ်နိုင်တဲ့ အတွက်ပါပဲ။ ဒါ့ကြောင့် ဒါနပြုတဲ့နေရာမှာ ပါရမီထိုက်ဖို့၊ ဘုရားအဆုံးမနဲ့ အထပ်တည်းကျဖို့ဟာ အင်မတန် လိုအပ်လှပါတယ်။ ဒီတော့ပါရမီထိုက်အောင် ဘယ်လိုလှူမလဲ။ ပါရမီဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်ပါ။ “ပါရမီထိုက်တဲ့ဒါနဆိုတာ သူတစ်ပါးကောင်းစားရင်ပြီးရော ကိုယ့်အကျိုးကိုမကြည့်ပဲနဲ့ တကယ်လိုအပ်နေတဲ့နေရာ တကယ်လိုအပ်နေသောပစ္စည်းကို စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် နိဗ္ဗာန်ကို ရည်စူးပြီး လှူဒါန်းတဲ့ အလှူမျိုးဟာ ပါရမီထိုက်တဲ့ဒါနပါပဲ။” အချို့တွေက ကိုယ့်အကျိုးကိုမကြည့်ဘူး၊ သူတစ်ပါးအတွက် ကြည့်ပြီး လှူဒါန်းကြတယ်.. ဒါပေမယ့် ဥာဏ်မပါကြဘူး။ အချို့တွေက ဒါနကိုအကြောင်းပြုပြီး နောက်ဘ၀ဘာဖြစ်ရပါလို၏ ညာဖြစ်ရပါလို၏ဆိုပြီး လှူဒါန်းကြတယ်.. နွားတွေမြက်ထပ်စားရမယ့် အလှူမျိုးဖြစ်တဲ့အတွက် ဥာဏ်မပါပြန်ပါဘူး။ အဓိကကတော့ လှူလိုက်တဲ့နေရာမှာ အသိဥာဏ်ရှေ့ကဦးဆောင်တဲ့ ပညာနဲ့လှူမှသာ ပါရမီထိုက်မှာဖြစ်ပါတယ်။


အသိဥာဏ်ဦးဆောင်တယ်ဆိုတာ ဘယ်အလှူပဲလှူလှူ.. သူတစ်ပါးအတွက် တကယ်လိုအပ်ရမယ်၊ ကိုယ့်အကျိုးအတွက်လုံးဝလည်း ပြန်မကြည့်ပဲနဲ့ စွန့်လွှတ်နိုင်ရမယ်၊ အလှူခံပုဂ္ဂိုလ် စိတ်ချမ်းသာဖို့အတွက်ကို အဓိကထားပြီးတော့ လှူဒါန်းနိုင်ရမယ်၊ လောကအတွက် သာသနာအတွက် အကျိုးများစေရမယ်၊ နောက်ပြီး လှူလိုက်တဲ့ဒါနကိုအကြောင်းပြုပြီး မိမိရဲ့စိတ်ကလည်းဟာလည်း နိဗ္ဗာန်ကိုဦးတည်နေတယ်ဆိုရင်တော့ အသိဥာဏ် ဦးဆောင်နေတာပါပဲ။ ဒီလို အသိဥာဏ်ပါပြီး လှူဒါန်းရင်တော့ ပါရမီထိုက်တဲ့ ဒါနတွေဖြစ်လာမှာပါပဲ။ ကျွန်တော့်အနေနဲ့ ဘုရားမတည်ပါနဲ့ ကျောင်းမဆောက်ပါနဲ့လို့ မပြောပါဘူးနော်။ တကယ်မရှိမဖြစ်လိုအပ်တဲ့ လောကအတွက် သာသနာအတွက် သတ္တ၀ါအားလုံးအတွက် အကျိုးများစေတဲ့ နေရာတွေကို လှူစေချင်တာပါပဲ။ အဓိကကတော့ ကာလဒါနကို ပါရမီထိုက်အောင် ပြုတတ်ဖို့အတွက်ကို အဓိကပြောလိုတာပါ။ ကာလဒါနဆိုတာ အလှူခံပုဂ္ဂိုလ်အတွက် တကယ်မရှိမဖြစ် လိုအပ်နေတဲ့အရာ၊ လိုအပ်နေသော ထောက်ပံ့မှုကို အယုတ်၊ အလတ်၊ အမြတ်မရွေးပဲ အလှူခံပုဂ္ဂိုလ်ကောင်းစားရင်ပြီးရော ဆိုတဲ့ ကိုယ့်ရဲ့အကျိုးကိုမငဲ့တဲ့ လှူဒါန်းမှုမျိုးပါ။ ဒီလို အများအတွက်လည်း အကျိုးရှိ.. မိမိအတွက်လည်း အကျိုးများစေတဲ့ ကာလဒါနလို တကယ်လိုအပ်သောဒါနမျိုးကို ပါရမီထိုက်အောင် လှူဒါန်းနိုင်ကြပါစေ။ ဘုရားအဆုံးမနဲ့အညီ ဒါနပြုတဲ့အခါ ပါရမီမြောက်အောင် ဒါနပြုနိုင်ကြပြီး နိဗ္ဗာန်ဆိုတဲ့ တစ်ဖက်ကမ်းကို ကူးခတ်နိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။ ပါရမီထိုက်သော ကာလဒါနတွေ ဖြစ်ကြပါစေ..။

Read more...

စေတီတော်ပွဲ ဆင်နွှဲပူဇော်


လောကချမ်းသာ၊ မဟာစေတီ
သာသနာပွင့်ကြောင်း၊ စုပေါင်းကာတည်
သုံးနှစ်ပြည့်မြောက်၊ ဝမ်းမြောက်ရွှင်ကြည်
စေတီပွဲ အားခဲပူဇော်ပြီ။

စေတီတော်ပွဲ၊ ဆင်နွှဲကိုယ်စီ
သံဃာတော်ပေါင်း၊ ဆွမ်းလောင်းကြသည်
သံဃာ့ဂုဏ်များ၊ အားထားယုံကြည်
ဆည်းပူးကြ ဒါနပါရမီ။

စေတီတော်ပွဲ၊ ဆင်နွှဲပျော်ပျော်
စေတီတော်အား၊ ဝတ်တွားကော်ရော်
ပဋ္ဌာန်းကျမ်းမြတ်၊ ရွတ်ဖတ်ပူဇော်
ဆွမ်းတော်ကြီး တင်ပြီးလှူကြသနော်။

စေတီတော်ပွဲ၊ ဆင်နွှဲပျော်ရွှင်
လူငယ်များလည်း၊ အားခဲပါဝင်
ဘုရားစာများ၊ ရွတ်ပွားဆင်ခြင်
ဘာသာရေး အားပေးထာဝစဉ်။

စေတီတော်ပွဲ၊ အားခဲလာသူ
အလှူရှင်များ၊ စိတ်ထားကြည်ဖြူ
စတုဒိသာ၊ ကျွေးကာပေးလှူ
နောင်နှစ်လဲ အားခဲကုသိုလ်ယူ။


ကိုရင်ချော

Read more...

ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား? (ပြန်လည် ဝေဖန်ဆွေးနွေးမှု ၁)

ပညာဇာနည် ( http://www.pyinnyarzarni.com ) ၏ ပြန်လည်ဝေဖန်ဆွေးနွေးမှု

ဒကာဆောင်းပါးက အရမ်းကောင်းပါတယ်။

တပ်လှန့်သံလည်း ဖြစ်တယ်။ လက်ရှိအခြေအနေကိုလည်း မြင်သာ ထင်သာ ရှိစေတယ်။
စာဖတ်ရင်းနဲ့လည်း ငါဘယ်ထဲမှာ ပါနေသလဲဆိုတာကိုလည်း တွေးမိစေတယ်။

ဒါပေမယ့် ဒကာ သတိထားရမှာက ကမ္ဘာနဲ့မြန်မာ မတူတာပဲ ဖြစ်တယ်။

မြန်မာပြည်မှာ လောကီရေးရာ သိစရာတွေကို ဘုန်းကြီးတော်တော်များများ မသိကြဘူး။ (ဒါက လောကီနယ်ကိုရည်ရွယ်ပြီးပြောတာပါ)။

ထိုင်းနိုင်ငံတို့ သီရီလင်္ကာတို့မှာကြတော့ ဘုန်းကြီးနဲ့ လူနဲ့ မကွဲဘူး။

သင်ကြားရေးမှာလည်း အရမ်းမကွာကြဘူး။ ဘုန်းကြီးဝတ်ရင် ကြည်ညိုတယ်။ ကြည်ညိုမယ်။ လူထွက်ရင် အလုပ်ခွင် ၀င်ရမယ်။ ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး။

အချိန်မရွေး ၀င်နိုင်တယ်။ အချိန်မရွေး ထွက်နိုင်တယ်။
မြတ်စွာဘုရားလက်ထက်မှာလည်း ဒီအတိုင်းပဲ လွတ်လပ်ခွင့် အပြည့်အ၀ရှိခဲ့ကြတယ်။


ပြောရရင် ရှေးခေတ်က ဘုန်းကြီးကျောင်း ပညာသင်ကြားစနစ်လိုပေါ့။
မြန်မာနိုင်ငံရဲ့ ပညာသင်ကြားရေးစနစ်ကို ပြန်ကြည့်။ ရှေးဘုရင်တွေလက်ထက်မှာ ဘုန်းကြီးနဲ့လူ ပညာရေးက အတူတူ ဖြစ်လေတော့ ဘုန်းကြီးပညာရေးမြင့်လေ၊ လူတွေအတွက် ဂုဏ်ယူစရာ ကောင်းလေပဲ။ မင်းတုန်းမင်း၊ သီပေါမင်း စသည်ဖြင့် ရှင်ဘုရင်တွေရဲ့ ငယ်ဘ၀ကို ကြည့်ရင် သိနိုင်ပါတယ်။

မြန်မာပြည်မှာ ဘုန်းကြီးဝတ်တာနဲ့ (တောထွက်တွေ၊ တောင်ပြန်တွေ မပါ) တခါတည်း တသက်လုံးဝတ်ရမယ့် သဘောကို ဆောင်နေတယ်။ ၀တ်ပြီးလို့ ထွက်ပြန်ရင်လည်း အရာမသွင်းပြန်ကြဘူး။ ဘုန်းကြီးတွေ ဒီလောက်များပြီး ဒီလို ဖြစ်နေတာဘာကြောင့်လဲ။ ကလေးတွေကို စာသင်ပေးခဲ့ရချိန်မှာ (ကလေးတွေဆိုပေမယ့် ၁၀-တန်းတွေသာမက၊ တက္ကသိုလ် ကျောင်းသားတွေ၊ ဆရာ ဆရာမတွေလည်း ပါပါတယ်။) သူတို့သဘောထား (သို့မဟုတ်) သူတို့နဲ့ ပတ်သက်တဲ့ လူကြီးမိဘတွေရဲ့သဘောထားကို သတိထားမိလိုက်တယ်။

ကိုယ်က ဘာသာရေးအကြောင်း (ဥပမာ=ယဉ်ကျေးမှု စတာတွေ) ကို သင်ပေးချင်တယ်၊ ကျောင်းလာတက်မဲ့သူက မရှိဘူး။ မိဘတွေ တော်တော် များများကလည်း မလွှတ်ကြဘူး။ ဒါ ဘာကြောင့်လဲ။ သားသမီးတွေက ကျူရှင်တွေကို အချိန်ပြည့်တက်နေရတော့ သားသမီးကလည်း စိတ်မပါ၊ မိဘကတွေကလည်း အခရာဖြစ်ပေမယ့် ဘုန်းကြီးဆီမှာ ထားဖို့ အရာမသွင်းကြဘူး။ ဘုန်းကြီးတွေကို ဘာသာရေးနယ်ပယ် သက်သက်ထဲကိုသာ မရောက်ရောက်အောင် တွန်းပို့လိုက်တာ ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆွမ်းစားပင့် ပရိတ်ရွတ်ပြန်ဆိုတဲ့ အဆင့်ထဲကို ပို့လိုက်ကြတယ်။ ဆွမ်းစားပြီးလို့ တရားဟောရင်တောင် မကြိုက်ကြတော့ဘူး။ ဒါ ဘာကြောင့်လဲ။

အမှန်တကယ်တော့ မြတ်ဗုဒ္ဓရဲ့တရားတော်တွေ မှန်သမျှ ခေတ်မမီဘူးဆိုတာ လုံးဝမရှိဘူး။ လောကီနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် လောကီတရားတွေ သုတ္တန်မှာအများကြီးရှိတယ်။

ဥပမာ - လင်နဲ့မယား ဘယ်လိုစခန်းသွားကြမလဲ။ ဘယ်လိုလက်တွဲကြမလဲ။ မြတ်ဗုဒ္ဓက ခေတ်မီမီနဲ့ ဟောထားတာတွေ ရှိတယ်။ ဒါက ဥပမာပြောတာပါ။ တရားတော် (သုတ္တန်) တိုင်းဟာ လောကီနယ်နဲ့ တနည်းတဖုံးဆက်စပ်နေသလို၊ လောကုတ္တရာနဲ့လည်း ဆက်စပ်နေတာဖြစ်တယ်။

အဲဒီလောက် ခေတ်မီနေတဲ့ တရားတော်တွေနဲ့ လုံးပမ်းနေရတဲ့ သံဃာတော်တွေဟာ သာသနာ့ဘောင်မှာ မပျော်မွေ့တဲ့အခါ လူတော မတိုးရဲ့တာ လူမထွက်ရဲ့တာ ဘာကြောင့်လဲ။

ပြန်ပြီး ကောက်ချက်ချရင် ကိုယ်သိထားတဲ့ တရားတော်တွေကို ပြန်ပြီး ဟောပြဖို့အတွက် (အထူးသဖြင့် ကျောင်းသားတွေကို ရည်ရွယ်ပါသည်။ ) အရင်ဦးဆုံး သူတို့ကို ကိုယ်က ပေးနိုင်အောင်လုပ်ရတယ်။ ဒါကဘာလဲ။ သူတို့ နွေရာသီကျောင်းပိတ်ရက်မှာ ကျူရှင်တက်နေတဲ့အချိန် ကိုယ့်ကျောင်းရောက်အောင်
ဘာသာရေးကို ခဏထားပြီး သူတို့ လိုအပ်တဲ့ ပညာရေး (ကျူရှင်) ကို ပေးနိုင်အောင် ဘုန်းကြီးတွေက ကြိုးစားရတယ်။ မိဘတွေရဲ့ သားသမီးတွေအပေါ်မှာ ရှိနေတဲ့ ပညာရေးတာဝန်တွေကို ခွဲယူနိုင်အောင် ကြိုးစားရတယ်။ အဲဒီပညာရပ်တွေ ဘယ်က ရမလဲ။

အဲဒီပညာရပ်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ (သတိထားမိမှာပါ စကားလုံးကို) ရှာဖွေရတယ်။ ရှာဖွေတဲ့ အခါမှာလည်း မြန်မာပြည်က လူတွေရဲ့ ပါးစပ်ဖျားက ပြောမဆုံးပေါင် တောသုံးတောင်။ အဲ့ဒါ ဘာကြောင့်လဲ။

ရှာဖွေလို့ ပြည့်စုံပြီဆိုရင် နာမည်မရသေးခင် (သို့) ယုံကြည်မှု မရသေးခင် စာသင်ရတဲ့ အချိန်၊ ပရဟိတလုပ်ငန်း (ယဉ်ကျေးမှု စတဲ့ သာသနာရေး၊ ဘာသာရေးအတွက်ပါ ပါဝင်ပါသည်။) တွေ လုပ်ရချိန်မှာ မြန်မာပြည်က လူတွေရဲ့ ပါးစပ်ဖျားက ထွက်လာတဲ့ ပြောမဆုံးပေါင် တော သုံးတောင် စကားတွေက
ဘာကြောင့်လဲ။

ရဟန်းတော်တွေ ရဟန်းဘ၀မှာ မပျော်ပေမယ့် လူမထွက်ရဲ့ ဘယ်အရာတွေက တားဆီး ပိတ်ပင်ထားသလဲ။ အဓိက အဖြေကိုတော့ တွေ့လောက်မည် ထင်ပါသည်။ အဲဒီ အဖြေကတချက်တည်းပါပဲ။

အမှားပါရင် ခွင့်လွှတ်၍ ထောက်ပြပေးစေချင်ပါသည်။ ဆောင်းပါးကအရမ်းကောင်းနေသည့်အတွက် လစ်ဟာမှု မရှိပါ။ အဖြေရှာရုံသာ ရှိပါသည်။ အဖြေကလည်း တခုတည်းလို့ ထင်မိပါသည်။


မောင်ပညာ (မန်းတက္ကသိုလ်)

* မူရင်းဆောင်းပါး

Read more...

အမှန်မြင်ရေး၊ ဦးစားပေး---- (Response to article mentioned in MMWAI of Vimuttisukha)

ကျွန်မရဲ့ ဓမ္မမောင်လေး Bliss - ကိုဝိမုတ္တိသုခ (http://www.vimuttisukha.com) ရေးသားတဲ့ အိန္ဒိယရောက် မြန်မာရဟန်းတော်များအဖွဲ့ MMWAI မှထုတ်ဝေသော နှစ်ပတ်လည် မဂ္ဂဇင်းတွင် ဖော်ပြခြင်းခံရတဲ့ (ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား) ဆိုတဲ့ ဆောင်းပါးကို ကျွန်မရဲ့ အမြင်နဲ့ တုံ့ပြန် ရေးသား လိုက်ပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲ နိုင်ပါတယ်ရှင့်။


အမှန်မြင်ရေး၊ ဦးစားပေး

မြက်ခင်း နဲ့ ပြည်တန် ပတ္တမြား

ရခဲလှတဲ့လူ့ဘဝမှာ ဘုရားသာသနာတော်နဲ့ ကြုံကြိုက်ပြီး သာသနာတော်တွင်းသား ဖြစ်ကြရတယ် ဆိုတာ အလွန်အင်မတန် ကံကောင်းကြလို့ပါ။ ဘုရားသာသနာတော်က ပေးတဲ့ ချမ်းသာ အစစ်အမှန်နဲ့ လောကီချမ်းသာ ဆိုတာ ပြည်တန်ပတ္တမြားနဲ့ မြက်ခင်းလို နှိုင်းယှဉ်ရမှာပါ။ မောဟများတဲ့ သားသမင်ဟာ ပတ္တမြားကို မချဉ်းကပ်ပဲ မြက်ကိုစားပြီး ပြန်သွားသလို မြတ်ဗုဒ္ဓရဲ့ သာသနာ တော်နဲ့ မထိုက်တန်သူ တွေဟာလည်း မြက်စားပြီး လူ့ဘဝထဲက ပြန်ထွက်သွားကြတော့ တာပေါ့။ ဉာဏ်အလင်းရှိတဲ့ လူတွေကကတော့ ပတ္တမြားကို ကောက်ယူသိမ်းပိုက် ကြပါလိမ့်မယ်။


ပတ္တမြားကို အဘိုးထိုက်တန်မှန်း၊ အမြင်မှန်ကန်ရေး၊ ကောက်ယူ သိမ်းပိုက်နိုင်ကြရေး၊ မြတ်ဗုဒ္ဓ ပွင့်မှသာ ရရှိနိုင်တဲ့ ပညာတွေကို သင်ကြားပေးနေတဲ့ ပရိယတ္တိ သာသနာတော်ကို သန့်စင်မြင့်မြတ်မှုနဲ့ အတူ သန့်စင်သထက်သာ ပိုသန့်စင် စေချင်ပါတယ်။ မြင့်မြတ်တဲ့ ရပ်တည်မှုနဲ့သာ ပိုပြီးမြင့်မြတ်စွာ ရပ်တည်စေချင် ပါတယ်။


ဘုန်းကံပါရမီ နည်းတဲ့ လူတွေကတော့ ပတ္တမြားချထားပြီး မြက်သွားစားနေခဲ့တာ နှစ်ပေါင်း များစွာသော သက်တမ်း၊ အချိန်တွေကို အသုံးပြုခဲ့ရပါတယ်။ အဲဒီထဲမှာ ကျွန်မလည်း ပါဝင်နေခဲ့သလို ပါဝင်နေဆဲလည်း ဖြစ်ပါတယ်။ အခုထိ သာသနာ့ဘောင်ထဲ မရောက်နေဘူး ဆိုကတည်းက မြက်နဲ့ ပတ္တမြား ခွဲခြားမြင်မှု အားနည်းနေတာ ရာနှုန်းပြည့်သော အမှန်မြင်တဲ့ စွမ်းအင်သတ္တိကို ရမနေတာ အသေအချာပါပဲ။ တကယ်မြင်ပြီဆိုရင် တကယ် ဘဝ ပြောင်းကြပါတယ်။ သာသနာ အတွက် ဘဝတစ်ခုလုံးကို အပ်နှံရဲကြပါတယ်။ အချိန်ပေးရဲတဲ့ သတ္တိလည်း ရှိနေကြပါတယ်။ ပြတ်သားတဲ့ အမြင်က ပြတ်သားတဲ့ လမ်းကို ညွှန်ပြကြပါတယ်။


ပညာတတ်တိုင်းလည်း အသက်မွေးမှု အဆင်ပြေတာ မဟုတ်

တစ်ခါက ရည်မှန်းချက် ကြီးမားပြီး၊ စိတ်စွမ်းအင် ပြင်းပြထက်သန်တဲ့ မိန်းမ တစ်ယောက်ဟာ၊ သူ့ဘဝမှာ အားကိုးစရာ မမြင်တော့ လောကီ အတတ်ပညာတွေကို ကြိုးစားသင်ယူပြီး အားကိုးဖွယ်ရာ အမှီပြုပြီး ဘဝရပ်တည်မယ်လို့ ကြံစည်ပါတယ် တဲ့။


သူကြံတဲ့အတိုင်းပဲ သူမဟာ ပြည်တွင်းဘွဲ့လွန် ဒီပလိုမာဘွဲ့ တစ်ခု၊ ပြည်တွင်းမာစတာဘွဲ့ တစ်ခု၊ ပြည်ပ မာစတာဘွဲ့ တစ်ခု၊ ဥရောပ တိုင်းပြည်က ဒေါက်တာဘွဲ့ တစ်ခု ရရှိခဲ့ပါတယ်။ သူရထားတဲ့ ဘွဲ့တွေနဲ့ အသက်မွေးမယ် ကြံစည်ချိန်မှာတော့ အလုပ်ရှာရတာ ခက်လိုက်တာ။ တစ်နှစ်လောက် အလုပ်လက်မဲ့ အဖြစ် စိတ်ကျရောဂါ ဖြစ်ရရှာပါတယ်။

သူအားကိုးအစစ်လို့ ထင်တဲ့အရာ (လောကီပညာ) တွေဟာ အစစ်အမှန် အားကိုးရာ မဟုတ်၊ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ နှလုံးသွင်းမှုတွေ ရအောင် မကယ်တင်နိုင်တဲ့ အပြင် ဘဝရဲ့ငြိမ်းချမ်းမှုကို မပေးစွမ်းနိုင်ဘူး ဆိုတာ ကိုယ်တွေ့ သိခဲ့ရရှာပါတယ်။


စာရေး ဆရာကြီးဦးဆန်းလွင် (အရှင်အာဒိစ္စရံသီ) ဟောတဲ့ တရားတော် တစ်ပုဒ်ထဲမှာ မှတ်မိနေတဲ့ ဇာတ်လမ်းလေး တစ်ခုရှိပါတယ်။ အဲဒီမှာ ဇာတ်လိုက် ဘုန်းဘုန်းကတော့ မောင်လေး Bliss ခွဲခြားဖေါ်ပြတဲ့ ရဟန်းတော် လေးမျိုး လေးစားထဲမှာ မပါပါဘူး။


စိန်တွေ အများကြီး ပိုင်ဆိုင်တဲ့ မုဆိုးမ တစ်ယောက်အိမ်ကို ဆွမ်းခံကြွရင်း အဲဒီ မိနုးမက ခြောက်လုံးပြူးနဲ့ တေ့ပြီး သူ့ကို လက်ထပ်ခိုင်းလို့ မလွှဲမရှောင်သာ လက်ထပ်လိုက် ရတယ်လို့ ဆိုပါတယ်။ လက်ထပ်ပြီးတဲ့နောက် မကြာခင်မှာ အဲဒီ မိန်းမဟာ၊ ဆုံးပါးသွားလို့ ပိုင်ဆိုင်ထားတဲ့ စိန်တွေဟာ ပြည်တောင်းတခု စာမက ရှိနေလေတော့၊ အကယ်ဒမီ ရုပ်ရှင်မင်းသမီး တစ်ယောက် ကို လက်ထပ် ယူခဲ့တယ်လို့ ဆိုပါတယ်။ (သူ့ကိုတော့ ဘယ်သူမှ look down လုပ်ကြမယ် မထင်ပါဘူးနော်)။


ဆရာတော် ပြောချင်တာ ကတော့ သတ္တဝါတွေမှာ ဘဝ အခြေအနေကို ထိန်းကျောင်းနေတဲ့ နောက်ခံ ကံအကြောင်း တရားတွေ ရှိတတ်ကြတယ် ဆိုတာပါပဲ။


ကိုယ်လိုချင်တာကို တကယ်ပေးနေတာက ဘာလဲ

ဒုက္ခတွေ တွေ့တော့မှ ပညာတွေ အများကြီး တတ်တဲ့ သူမဟာ၊ ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော် ဘုရားကြီး ဟောကြားတော် မူခဲ့တဲ့ တရားတော်ကို ပြန်လည် အမှတ်ရ ဆင်ခြင်မိပါတော့တယ်။ (ခင်ဗျားတို့ တော်တော် အကဲခတ်ညံ့တဲ့ ပုဂ္ဂိုလ်တွေ။ ကိုယ်လိုချင်တာကို တကယ်ပေးနေ ကျွေးနေတာက -ကုသိုလ်ဓာတ်- ငါလုပ်လို့ ငါစီမံလို့ ရတယ် မထင်နဲ့) ဆိုတဲ့တရားကိုပါ။ ဝိပဿနာကို အထူးပြု ဟောကြားတဲ့ ဆရာတော် ဘုရားကြီးက ကံအကြောင်းကို ရှားရှားပါးပါး ထောက်ပြထားတာပါ။


ကုသိုလ် ဆိုတာက အရံသင့် စားဘို့ ချက်ပြုတ်ထားတဲ့ ထမင်း၊ ဟင်းတွေနဲ့ တူပါတယ်။ လောကီ ရေးရာ အတတ်ပညာတွေ ကတော့ ထမင်းပွဲပြင်တဲ့ ပညာနဲ့ တူပါတယ်တဲ့။ ထမင်းပွဲကို ဘယ်လောက်ပဲ လှအောင် ပအောင် ပြင်တတ် ဆင်တတ်ပေမဲ့၊ ချက်ထားတဲ့ ထမင်း၊ ဟင်း မရှိရင် ငုတ်တုတ် ထိုင်နေရုံသာ ရှိပါတော့တယ်လို့ ကျေးဇူးတော်ရှင် ပိုင်းလော့ ဆရာတော် ဘုရားကြီးကလည်း ဆုံးမဘူးပါတယ်။


တကယ်တော့ လောကီ ကြီးပွား တိုးတက်ရေး ဆိုတာတွေ ကလည်း မြတ်ဗုဒ္ဓ ဟောကြားတော်မူတဲ့ အထဲမှာ ပါပြီးသားပါ။ မတန်တာတွေ၊ မဟန်တာတွေကို အသိအမြင်မှားတွေနဲ့ သိမ်းပိုက်နေမိတာ ဖြစ်လို့ သုခ မရဘဲ ဒုက္ခကို ရကြပါတယ်။


ဒါဆို အသက်မွေးဝမ်းကျောင်း ပညာကို ပစ်ပယ်ရတော့ မလား ဒီလိုတော့ မဟုတ်ပါဘူး။ လူတို့ရဲ့ ဓာတ်ခံ ပါရမီ အနုအရင့်အရ လိုအပ်နေအုံး မှာပါ။ အသက်မွေးဝမ်းကျောင်း ပညာကို အမြင့်ဆုံး တတ်ကျွမ်းခဲ့ တာတောင်မှပဲ ကုသိုလ်ဆိုတဲ့ ဝမ်းစာ မပြည့်ရင် အဆင်ပြေမနေပါဘူး။ ခုနက အတတ်ပညာရှင်၊ ဘွဲ့တွေအများကြီး ရတဲ့မိန်းမဟာ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ညွှန်ကြားတဲ့ ကုသိုလ်ပါရမီ အလုပ်တွေကို အားနဲ့အင်နဲ့ အချိန်ပေး ဖြည့်ဆည်းလိုက်မှ အဆင်ပြေသွားခဲ့ ပါတယ်။ ကျွန်မ ပြောချင်တာက အဓိကနဲ့ သာမညကို ခွဲခြား ပြချင်တာ တစ်ခုပါပဲ။ အသက်မွေးမှု အတတ်ပညာတွေ ဆိုတာကတော့ သမုတိသစ္စာ နယ်မှာပဲ ရှိနေပါတယ်။


သာသနာနဲ့ မထိုက်တန်လို့ risk လည်းမယူရဲဘဲ Critical Stage မှာ ရှိနေတဲ့ ရဟန်းတော်များ အတွက် သာသနာကို စောင့်ရှောက်မည့် သာသနာ့ အာဇာနည်တို့ရဲ့ အဘိုးတန် အချိန်တွေ မကုန်ဆုံး စေချင်ပါဘူး။ (တကယ်လို့ စာချ ဘုန်းတော်ကြီးများက ပြန်သင်ပေးရမယ် ဆိုရင်ပြောတာပါ။)


ပရဘုန်းဘုန်း (ပရဟိတ လုပ်ငန်းများ ဆောင်ရွက်ကြသော ရဟန်းတော်များ) အတွက် ကလည်း သူတို့ရဲ့ ထက်သန်တဲ့ စေတနာ စိတ်စွမ်းအင်၊ ဘုန်းကံပါရမီ ကုသိုလ် အရှိန်အဟုန် ဆိုတဲ့ အဓိက အင်အားသာ ပြည့်စုံနေမယ်ဆိုရင် အတတ်ပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ၊ Donor တွေဟာ အရံ-သာမည အင်အားလို သူ့ထက်ငါ ဦးအောင် ကူညီချင်တဲ့ လူတွေ တန်းစီနေ မှာပါ။


ကျွန်မတို့ဆိုရင် ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ တရားတော်တွေ ဘယ်တပည့်ကများ စာရိုက်ပြီး သွားပြီလဲ။ ဘာသာပြန်ပြီး သွားပြီလဲဆိုတာ အမြဲစုံစမ်း နေရပါတယ်။ (ပါရမီဖြည့်ခွင့် မရမှာစိုးလို့ လုလုပ်ရ တဲ့သဘောပါ)။


အစုန်လမ်း၊ အဆန်လမ်း၊ နိဗ္ဗာန်လမ်း

ကျွန်မတို့ ဗုဒ္ဓ ဘာသာဝင်တို့ရဲ့ အဓိက ရည်မှန်းချက် ပန်းတိုင် ကတော့ နိဗ္ဗာန်ပါပဲ။ ရဟန်းတော် များရမယ့် နိဗ္ဗာန်နဲ့ လူဝတ်ကြောင်တို့ ရမယ့် နိဗ္ဗာန်က ကွဲပြားနေတာ မဟုတ်ပါဘူး၊ အတူတူပါပဲ။ သီလ အထူးစင်ကြယ်တဲ့ ရဟန်းဘဝ ဖြစ်လေတော့ မြင်းစီး သွားရသလို သက်သာ လျှင်မြန်တဲ့ အကျိုးရှိပါတယ်။ လူတွေကတော့ လမ်းလျှောက် သွားနေသလို ပါပဲ၊ ရောက်ဘို့ရာ ခက်ခဲမှာပါ။ လောကီအာရုံ အမျိုးမျိုးနဲ့ တာဝန်ဝတ္တရား တွေကြောင့် နှောင့်နှေး ကြန့်ကြာတတ် ပါတယ်။ ဒါပေမဲ့လည်း ဝိနည်း စည်းကမ်း ချွတ်ချော်လို့ တိမ်းစောင်းသွားခဲ့ရင် ဒုန်းစိုင်းသွားတဲ့ မြင်းပေါ်က ကျသလို အကျနာမှာကတော့ ရဟန်း ဘဝပဲ ဖြစ်ပါတယ်။


ဒါကြောင့် မြင့်မြတ်တဲ့ ရဟန်းဘဝမှာ မပျော်ပိုက်ခဲ့လျှင်၊ ပရိယတ်၊ ပဋိပတ် ကျင့်ကြံအားထုတ်မှု မလုပ်ဆောင်နိုင်ခဲ့လျှင်၊ ဝိနည်းတွေ မလိုက်နာ နိုင်ခဲ့လျှင်တော့ ပြတ်ပြတ်သားသား အကုသိုလ် အဖြစ်မခံဘဲ လူထွက်တာ အကောင်းဆုံးပါပဲ။ အစုန်လမ်းကို တန်းကနဲ ဆင်းသွားမှာ စိုးလို့ပါ။ လူ့ဘဝမှာ နေထိုင်ရင်း အဆန်လမ်းနဲ့ နိဗ္ဗာန်လမ်းကို နှေးသော်လည်း မျှော်လင့်လို့ ရနေပါသေးတယ်။


မာတိက မာတာ ဝတ္ထုမှာ မာတိက မာတာသည် ရဟန်းတရားကို လူများ အားထုတ်လို့ ရနိုင်မရနိုင် မေးတဲ့အခါ ရနိုင်တာကို သိတဲ့အတွက် ရဟန်းတော်တွေ သင်ပေးတဲ့အတိုင်း ၃၂ ကောဋ္ဌာသ-ကမ္မဋ္ဌာန်းကို အားထုတ်တဲ့အခါ အနာဂါမိ မဂ်ကိုရခဲ့ပါတယ်။ ပဋိသမ္ဘိဒါ လေးပါးလည်း ရပါတယ်။ အဘိဉာဉ် (၆) ပါးကိုလည်း ရခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ကို သင်ပြပေးတဲ့ သူဆွမ်းလုပ်ကျွေးတဲ့ ရဟန်း ၆၀ က ပုထုဇဉ်ပဲ ရှိနေခဲ့တယ်ဆိုတာ ကြည့်ရင် ရဟန်းရယ်၊ လူရယ် ဘဝအခြေ ကွာခြားတာ အဓိက မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။


ဘယ်ဘဝမှာ ရောက်နေနေ ငါ ဘယ်လမ်းလျှောက်နေ သလဲဆိုတာ ဆန်းစစ်နေဘို့သာ အရေးကြီးလှ ပါတယ်။ ရဟန်းဘဝမှာ ကုသိုလ် ဖြစ်အောင် မနေနိုင်လို့ ကတော့ အစုန်လမ်းကို ဆင်းဘို့က လူ့ဘဝထက် ရာနှုန်း ပိုများနေပါတယ်။


အားလုံး ကို ခြုံငုံပြောရရင်

အရိယသစ္စာ အရကျင့်လျှင်တော့၊ သြကာသ လောကဖြစ်စေ၊ သတ္တလောက ဖြစ်စေ၊ သင်္ခါရ လောကဖြစ်စေ လောကသုံးပါးမှာ ဖြစ်ပျက်သမျှ သက်ရှိသက်မဲ့ အရာဝတ္ထုတို့ အားလုံးတို့သည် အမှန်တကယ်အားဖြင့် နှစ်သက်စရာ၊ သာယာစရာ ဟူ၍ ဘာတစ်ခုမှ မရှိကြပါဘူး။ ဒုက္ခအစုအဝေး သက်သက်သာလျှင် ရှိနေတာပါ။ ပုဂ္ဂိုလ်သတ္တဝါ မရှိကြောင်း၊ အသက်ဇီဝ မရှိကြောင်း အားလုံးဟာ ဓမ္မအစုအဝေး သက်သက်မျှသာ ဖြစ်ကြောင်း မြင်လာမှာ ဖြစ်ပါတယ်။


ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော်မှာ (အကြင်သူသည် ရုပ်ကို တောင့်တ၏။ ဝေဒနာကို တောင့်တ၏။ သညာကို တောင့်တ၏၊ ဝိညာဉ်ကို တောင့်တ၏။ ထိုသူသည် ဒုက္ခကို တောင့်တသည် မည်၏။) ဟု ဟောကြားတော် မူထားရာ လောကနှင့် ပတ်သက်သော ရာထူး၊ ဂုဏ်သိမ်၊ စည်းစိမ်ဥစ္စာ အားလုံးတို့ကို တောင့်တခြင်းသည် ဒုက္ခကို တောင့်တခြင်း မည်၏ဟု အဘိဓဇ မဟာရဋ္ဌဂုရု တောင်လေးလုံး ဆရာတော် ဘုရားကြီးက ဟောကြားတော် မူပါတယ်။


အမှန်အားဖြင့် အရိယသစ္စာ အရ တကယ်တန်း စစ်မှန်သော ချမ်းသာဆိုတာ ရုပ်ပိုင်းဆိုင်ရာ ပစည်းဝတ္ထုများမှာ မူမတည်ပါ။ မှန်ကန်သော နှလုံးသွင်းမှုနှင့် မှန်ကန်သော အသိ၊ မှန်ကန်သော သစ္စာ၊ မှန်ကန်သော အမြင်မှာသာ တည်ပါတယ်။ ကျွန်မတို့ဟာ မှန်ကန်သော ချမ်းသာကို ရလိုပါလျှင်၊ မှန်ကန်သော အသိ၊ မှန်ကန်သော သစ္စာ မှန်ကန်သော အမြင် ရအောင် ကြိုးစားအပ်လှ ပါတယ်။


အရိယသစ္စာ ဘက်ကို ဦးတည်ထားပါမှ ကျွန်မတို့ဟာ တပ်မက်ဖွယ် ကောင်းတဲ့ အာရုံကိုလည်း တွန်းလှန်နိုင်မှာပါ။ ကြောက်မက်ဖွယ် ကောင်းတာတွေကိုလည်း သည်းခံနိုင်လာမှာ ဖြစ်ပါတယ်။ အဲဒီ အမြင်နဲ့ လောကကို ကြည့်လိုက်တဲ့ အခါမှာ တကယ်စစ်မှန်တဲ့ ချမ်းသာ ဆိုတာသည် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု တွေပေါ် မတည်ဘဲ၊ မှန်ကန်တဲ့ အမြင်၊ မှန်ကန်တဲ့ နှလုံးသွင်းမှု ပေါ်မှာသာ တည်ကြောင်း လက်တွေ့ မြင်လာပါတယ်။ ဒေသနာတော်တွေ မှာလည်း မှန်ကန်သော အသိဟာ လူမင်းချမ်းသာ၊ နတ်မင်းချမ်းသာ တို့ထက် သာလွန်တဲ့ ချမ်းသာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။


ကျွန်မတို့ရဲ့ နိုင်ငံမှာ ကြီးမားတဲ့ တိုက်ကြီးတွေ၊ ကြီးမားတဲ့ ယာဉ်ရထားတွေ၊ တန်ဘိုးကြီးမားလှတဲ့ အဝတ်အထည်၊ စားသောက်ကုန်တွေ၊ အလှကုန်တွေ ရှိမနေပေမဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမ တော်အတိုင်း ဟန်ဆောင်မှုတွေ မပါဘဲ တကယ်တမ်း မတုန်မလှုပ် ခိုင်မာတဲ့ ယုံကြည်ချက်ဖြင့် တစ်ဦိးချင်းရဲ့စရိုက်၊ ဉာဉ် အဆင့်ကနေပြီး အမျိုးသားစရိုက်၊ အမျိုးသားဉာဉ် အဆင့်သို့ ရောက်အောင်

-ပစ္စည်းတတ်နိုင်တဲ့ ဘက်ကကြည့်လျှင် ပစ္စည်းနဲ့ လည်းကောင်း

-ကာယအား တတ်နိုင်တဲ့ ဘက်က ကြည့်လျှင် ကာယအားနဲ့ လည်းကောင်း၊

-ညာဏအားနဲ့ တတ်နိုင်တဲ့ဘက်က ညာဏအားဖြင့် လည်းကောင်း၊

-ကိုယ်ကျင့်တရားနဲ့ စံပြုနိုင်တဲ့ ဘက်က ကိုယ်ကျင့်တရားဖြင့် လည်းကောင်း ဝိုင်းဝန်း ဆောင်ရွက်ကြဘို့သာ သင့်လှပါတယ်။


ကျေးဇူးတော်ရှင် မြတ်စွာဘုရားရှင် ဟောကြားတော် မူတာကတော့ လူသားအချင်းချင်း အပေါ်

စေတနာ အပြည့်ပါတဲ့….

မှန်ကန်တဲ့မေတ္တာ အပြည့်အဝပါတဲ့…..

မှန်ကန်တဲ့ အကြင်နာ အပြည့်အဝ ပါတဲ့…..

မှန်ကန်သော ကြီးပွားစေလိုတဲ့ စေတနာ အပြည့်အဝပါတဲ့……

မှန်ကန်တဲ့ ကိုယ်ကျင့်တရား အပေါ် မယိမ်းမယိုင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင်၊ ဖေးမမှုတို့နဲ့

မှန်ကန်သော နှလုံးသွင်းနဲ့ မှန်ကန်သော အသိဉာဏ်ကိုသာ သုခအဖြစ် မြင်တတ်အောင်သာ ရှိရှိသမျှသော ဝေနေယျ တို့ကို အခြေ အနေပေးရင် ပေးသလို ကြိုးစား သင်ကြားပေးဘို့သာ အားကုန် ကြိုးပမ်းချင် (စေချင်) လှပါတယ်။


ကျမ်းကိုး== ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရား ဟောကြားတော် မူသော တရားတော်များ၊ ဆရာတော် အရှင်အာဒိစ္စရံသီ ဟောကြားတော်မူသော တရားတော်များနှင့် ဆရာကြီး ဦးရွှေအောင် ရေးသားပူဇော်ထားသော -ဓမ္မပဒ- တရားတော်များကို ယုံကြည်ကိုးကား ရေးသားအပ် ပါသည်။


(ဘယ်လိုနည်းနဲ့ ပဲဖြစ်ဖြစ် ရဟန်းဘဝ ရောက်ရှိနေကြတဲ့ သံဃာတော် အရှင်သူမြတ်တို့ကို မိမိထက် ဘုန်းကံ၊ပါရမီ ကြီးမားသူများ အဖြစ်၊ သံဃာရတနာ တစ်ပါးကို ဆည်းကပ်ခွင့် ရသော အကြောင်းတရား အဖြစ်ဖြင့် ဤဆောင်းပါးကို ရေးသားရင်း ရိုသေစွာ ရှိခိုးဦးညွှတ်၊ ကန်တော့ လိုက်ပါရစေ-- အရှင်သူ မြတ်တို့ဘုရား။)

မေတ္တာဖြင့်

သစ္စာအလင်း

ဆက်ဖတ်ပါရန်

0 မှတ်ချက်ရေးရန်

Read more...

Research In Motion မှအထွေထွေမန်နေဂျာ အလန်ဘရင်နာနှင့် BlackBerry အကြောင်းစကားစမြည်...


Research In Motion ကုမ္ပဏီ ဟာမကြာမီကပဲ BlackBerry စမတ်ဖုန်းတွေအတွက် third-party applicati on တွေနဲ့ပင်မ BlackBerry application တွေပေါင်းစပ်တဲ့ feature အသစ်တွေကို ဖွင့်လှစ်ပြသ လိုက်ပါတယ်။ ဒါကြောင့်ပဲ zDNet UK ဟာ Research In Motion (RIM) ရဲ့ BlackBerry Platform အတွက် တာဝန်ယူ ထားရသူ အထွေထွေမန်နေဂျာအလန်ဘရင်နာနဲ့ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါတယ်။

တခြားစမတ်ဖုန်းတွေနဲ့ယှဉ်ရင် ပေါင်းစပ်ထားတဲ့အသစ်တွေ ကို BlackBerry မှာထည့်သွင်းဖို့စဉ်းစားမိတာ ဘာကြောင့်ပါလဲ။

အရေးကြီးတဲ့အချက်ကတော့၊ ကျွန်တော်တို့ဟာသူများနဲ့မတူကွဲ ပြားတယ်ဆိုတာပါ။ ဈေးကွက်ထဲ ကျွန်တော်တို့ ရှုမြင်ထားတာကနေရလာတဲ့အများနဲ့ မတူတဲ့ချဉ်းကပ် နည်းကျွန်တော်တို့မှာ ရှိပါတယ်။ အခုလိုမျိုး Third-party applicationတွေကိုသုံးတာကတော့ ထူးခြားတယ်။ပြီးတော့ဒါကပဲ BlackBerry အဖြစ်ရပ်တည် နေတဲ့ကျွန်တော် တို့ရဲ့အစဉ်အလာကိုပြောပြနေတယ်။ ကျွန်တော်တို့လုပ်သမျှကတော့ userတွေရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီ အောင်၊ application တွေကိုအတူတကွအလုပ် လုပ်နိုင်အောင်ပဲ ဦးတည်ပါတယ်။

ကျွန်တော့် platform ရဲ့ဗိသုကာပုံစံကိုတော့ developer အများစုကစိတ်ဝင်စားကြပါတယ်။ ယနေ့အထိကိုပဲ အများစုကတော့ mobile computing ကိုအထင်မှားနေကြတုန်းပဲ။ ဒါဟာ desktop ကွန်ပျူတာတွေရဲ့ programming အမြင်တွေ၊ စံပုံစံ model တွေနဲ့ computing ပိုင်းဗိသုကာ ကိုချဲ့ထွင်ထားရုံသက်သက်မဟုတ် ပါဘူး။ ဈေးကွက်ထဲရှိနေတဲ့ platform အများစုကိုကြည့်လိုက်ပါလေ။ ဘယ်အပိုင်းမှာမဆိုအဲဒါ တွေဟာ အစဉ်အလာ desktop computing model တွေကိုပါး နပ်စွာမှီငြမ်းပြင်ယူပြီး mobile device တွေအဖြစ် လုပ်ထားတာ တွေ့ရမှာပါ။

လူကြီးမင်းက BlackBerry ' flow ' အကြောင်းပြောတော့၊ ဒါဟာ 'flow state' ဆိုတဲ့ အိုင်ဒီယာကိုပဲ ရည်ညွှန်းတာမဟုတ်လား။ အဲဒီမှာက user တစ်ဦးဟာ အချိန်ကုန်လွန်သွားတာကို သတိမထားမိဘူး။ ဒါပေမဲ့ အလုပ်တွေ အများကြီးတော့ လုပ်ပြီးဖြစ်သွားမယ်မလား။

BlacBerry ဘယ်လိုစွမ်းဆောင်နိုင်သလဲဆိုတာကပဲ သူဟာ ဘာအမျိုးအစားလဲဆိုတာ ပြနေတာပေါ့။ ' flow ' အကြောင်းကို ကျွန်တော်တို့ ဆင်ခြေတွေရှိပါတယ်။ အဲဒီခင်ဗျားရဲ့ (user) ရဲ့အာရုံစိုက်မှုဟာလည်း application တွေကြားမှာ နစ်မြှုပ်စီးဆင်းနေမှာပဲလေ။ ဒါကိုသတိထားမိမှာ မဟုတ်ပါဘူး။ နောက်ပြီး ဒီ flow ဆိုတာက API တွေက applicationတွေ၊ dataတွေကိုလွှဲပြောင်းရာ၊ ထိန်းချုပ်ရာနည်းလမ်းလို့လည်း အဓိပ္ပာယ်ပေါက်စေပါ တယ်။

BlackBerryကို လုံခြုံရေးအပိုင်းအရစိတ်ချရအောင် လုပ်ရသလို၊ developer တွေအတွက်လည်း ပိုပြီးပူးပေါင်း လုပ်ဆောင်နိုင်အောင် ရွေးချယ်စရာတွေလည်းပေးရတော့၊ ဟိုဘက်ဒီဘက်ချိန်ခွင် လျှာညီအောင်၊ balance ဖြစ် အောင်ဘယ်လိုထိန်းညှိပါသလဲ။

ကျွန်တော်တို့ဟာဒီ ချိန်ခွင်ကိုထိန်းဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အဓိက တန်ဖိုးထားတာဟာ platform ပိုင်းမှာရော၊ device ရဲ့ security ပိုင်းမှာဖြစ်လို့ပါ။ ကျွန်တော်တို့ ကုန်ပစ္စည်း ရဲ့ security ပိုင်းနဲ့ပတ် သက်လို့ ဘယ်လိုယိုပေါက်မှမရှိအောင် ဆောင်ရွက်ထားပါတယ်။

iPhoneကလွဲရင်၊ ကျန်တဲ့ စမတ်ဖုန်း platform တွေတိုင်းမှာ devices အမျိုးမျိုးနဲ့စွမ်း ဆောင်ရည်အမျိုးမျိုး ကွဲပြားခြားနားကြတယ်။ ဒီလိုမျိုးအနေအထားမှာ လူကြီးမင်းတို့ရဲ့ features အသစ်တွေကို မိတ်ဆက်လိုက် တော့ ဘယ်လိုနေသလဲ။

ကျွန်တော်တို့ဟာ အသစ်ထုတ်လိုက်တဲ့ပစ္စည်းတစ်ခုကို မိတ်ဆက်လိုက်တိုင်း၊ လက်ရှိဈေးကွက်ထဲရှိနေတဲ့ ထုတ် ကုန်ပစ္စည်းတွေအတွက်လည်း updateတွေ ပံ့ပိုး ပေးထားပါတယ်။ ဈေးကွက်ထဲ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ဒါဟာလိုအပ် ချက်ဆိုတာကျွန်တော်တို့ကောင်း ကောင်းသိပါတယ်။

နှစ်စဉ်နှစ်တိုင်း၊ ၁၅ လကာလ ကြာတိုင်းမှာ ကျွန်တော်တို့ရဲ့စား သုံးသူတွေနှစ်ဆပိုတိုးတက်လာနေပါတယ်။ လူတွေဟာသူတို့ရဲ့စမတ် ဖုန်းတွေ၊ မိုဘိုင်း device တွေကို ကာလရှည်သုံးကြတာပါပဲ။ ဒါပေမဲ့ အတော်များ များဟာလည်း ယခုအခါ ပစ္စည်းသစ်တွေသုံးနေကြတာပါ။

RIMကုမ္ပဏီအတွက်ရော အကြီးမားဆုံးအခက်အခဲ (challenge)က ဘာဖြစ်မလဲ။ developer တွေနဲ့အလုပ် လုပ်ရာမှာ ရောအခက်အခဲကဘာများဖြစ်မလဲ။

ရင်ဆိုင်နေရတဲ့ challenge တွေထဲကတစ်ခုကတော့ ကျွန်တော်တို့ အရွယ်အစားကြီးမားလာလို့ အဆင်ပြေပြေ လည်ပတ်နိုင်အောင်လုပ်နေရတာပါပဲ။ ပြီးခဲ့တဲ့ သုံးလေးနှစ်လောက်ကတော့ application ကုမ္ပဏီတစ်ခုမျှ သာပဲ။ ဒီနေ့တော့ ဈေးကွက်တွေအားလုံးမှာပါလုပ်နေရတယ်။ စီးပွားရေး လုပ်ငန်းပိုင်း၊ SMB ပိုင်း၊ စားသုံးသူ အပိုင်းတွေမှာပေါ့။ အရင်တုန်းက ကျွန်တော်တို့မြောက် အမေရိကမှာပဲရှိခဲ့တယ်။ အခုတော့ ဂလိုဘယ်ဆန်လာ ပြီ။ နိုင်ငံပေါင်း ၁၇၀ မှာ ကျွန်တော်တို့အလုပ်လုပ် နေပါတယ်။ ၀န်ထမ်း ၅၀၀ ကျော် ရှိပါတယ်။

[အင်တာနက်ဂျာနယ် - မှ ကူးယူဖော်ပြသည်။] Click Here…

Read more...

ဗုဒ္ဓဂယာ

ဗုဒ္ဓဂယာ


ဥရုဝေလကို
အ၀ိဇ္ဇာထမ်းပြီး
နောက်ပြန်မလှည့်ကြေး
နာကျင်နိုင်သမျှ
ပေးခဲ့ပြီ

နေခဲ့တော့
ဗျာဒိတ်ရနေ့ရက်များ
သုဇာတာရဲ့ရွှေခွက်ထဲ
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းကို
လောင်းထည့်
ဘဒ္ဒကဉ္စနာရဲ့
ဆုတောင်းတွေ
ပေါင်းထည့်
ချိန်သားကိုက်ပါရမီတော်
ဖူးပွင့်ဖို့

နေရဉ္ဖရာကို
နေညိုညိုမှာကူး
သံသရာအမူးကို
မျက်ခြေဖြတ်
အစွန်းထွက်ဆိုးကျိုးတွေ
ရပ်ကြတော့

အရူးရင့်ခဲ့သမျှ
ဘ၀တွေသာ
ဆို့နင့်ခဲ့ရ
ဗောဓိညောင်ရိပ်က
အေးတယ်

ဝိဇ္ဇာအသီးကို
ဆွတ်ပြီး
တဏှာမီး
ငြိမ်းသတ်

ခန္ဓာအိမ်က
မာရ်နတ်တို့ဂီတနဲ့
ဥပါဒါန်ပင့်ကူမျှင်များ
ဆိတ်သုဉ်း

တစ်လောကလုံး
ဟင်းလင်းပွင့်
ဓမ္မကြာပွင့်တို့
စွင့်ကား
ခေါင်းလောင်းသံတွေ
ကြားရဲ့။

ဓမ္မဂင်္ဂါ
(၂၈-၀၅-၂၀၁၀)
(၀ိသာခ-ဗုဒ္ဓပုဏ္ဏိမာရက်မြတ်သို့)
(ဖော်ပြပါပုံမှာ ဗုဒ္ဓအရှင်ကူးဖြတ်တော်မူခဲ့သည့် နေရဉ္ဖရာမြစ်ကမ်းဘက်ကမ်းမှ ရိုက်ကူးထားသည့် ဘုရားအဖြစ်သို့ရောက်တော်မူရာအထိမ်းအမှတ်မဟာဗောဓိစေတီတော်ဖြစ်ပါသည်၊)

Read more...

ကဗျာ ပဒေသာပင်အသီးသီးအလှူရှင်များ

  1. ဒေါ်ပုညေသီ =ဆွမ်းပဒေသာပင် အမေရိကန်ဒေါ်လာ ၅၀
  2. ဒေါ်ပုညေသီ=ဆေးပဒေသာပင် အမေရိကန်ဒေါ်လာ ၅၀
  3. ဒေါ်ပုညေသီ=ပညာရေးပဒေသာပင် အမေရိကန်ဒေါ်လာ ၅၀
  4. ဦးမောင်မောင်အေး(ရန်ကုန်)လစဉ်ဆန်တစ်အိတ်နှင့်ဆီတစ်ပုံးအတွက် (ရူပီး ၁၀၀၀)
  5. ဘဒ္ဒန္တဣန္ဒက ညောင်ကန်အေး သာသနာ့ရိပ်သာ ပညာရေးကော်မတီအတွက် ကျပ်တစ်သိန်း
  6. မြတ်ကလျာ (ဂျပန်)အမေရိကန်ဒေါ်လာ ၁၀၀
  7. ဦးမြင့်လွင်+ဒေါ်ခင်ခင်မေ (သြစတေးလျ) အမေရိကန်ဒေါ်လာ ၁၀၀

အိန္ဒိယနိုင်ငံဘီဟာပြည်နယ်၊ဗုဒ္ဓဂယာမြေမြတ်မဟာရှိ အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ကြီး၏ ပညာရေးပဒေသာပင်အတွက်
ဒေါက်တာသောင်းစိန်+ဒေါက်တာလှလှဝေ သား မောင်စိုးထက်ဝေမိသားစု သြစတေးလျနိုင်ငံ၊ မဲလဘုန်းမြို့မှ
အမေရိကန်ဒေါ်လာ ၃၆၀၀ နှင့် ညီမျှသော အိန္ဒိယရူပီးငွေ ၁၅၇၉၂၈ (တစ်သိန်းငါးသောင်း ခုနှစ်ထောင့် ကိုးရာနှစ်ဆယ့်ရှစ်ရူပီး) လှူဒါန်းပါသည်။
နတ်လူသာဓုခေါ်ဆိုနိုင်စေရန် ၂၈-၀၅-၂၀၁၀ တစ်ကမ္ဘာလုံးဆိုင်ရာ ၀ိသာခ(ဗုဒ္ဓပုဏ္ဏိမာ)နေ့ထူးနေ့မြတ်တွင် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
အိန္ဒိယနိုင်ငံ၊တက္ကသိုလ်ကြီး ၁၃ ခုတွင် အဖွဲ့ဝင်မြန်မာရဟန်းတော် (၃၁၃ )ပါး ပညာသင်ယူလျက်ရှိပါသည်။

အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင် ရဟန်းတော် များ၏ ကျန်းမာရေး၊ပညာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။

ယခုအခါ အိန္ဒိယနိုင်ငံ ၊ ဗီဟာပြည်နယ်၊ဗုဒ္ဓအရှင်မြတ်ပွင့်ထွန်းပေါ်ပေါက်ရာဗုဒ္ဓဂယာမြေမြတ်မဟာတွင် အဖွဲ့ပိုင် ဗုဒ္ဓဘာသာပညာရေး ဗိမာန်တော်ကြီးကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်ရာ အဖွဲ့ကြီး၏ ဒသမနှစ်ပတ်လည် အစည်းအဝေးကြီးက ပညာရေးကော်မတီတစ်ရပ်အခိုင်အမာဖွဲ့စည်းပေးကာ အနာဂတ်မြန်မာနိုင်ငံနှင့် ကမ္ဘာ့ သာသနာရေးရာများကို ဦးဆောင်ဦးရွက်ပြုတော်မူကြမည့် တက္ကသိုလ်ပညာသင်မြန်မာရဟန်းတော်များ အတွက် လိုအပ်မည့်သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေး လျက် ရှိပါသည်။

အိန္ဒိယနိုင်ငံတက္ကသိုလ်များနှင့် အဖွဲ့ဝင်မြန်မာရဟန်းတော်များစာရင်းချုပ်
(၂၀၀၉-၂၀၁၀ပညာသင်နှစ်)

  1. မဂဓတက္ကသိုလ် ၊ဗုဒ္ဓဂယာ (၇၈)ပါး
  2. ဆန်ဆခရစ်တက္ကသိုလ်၊ဗာရာဏသီ (၇၀)ပါး
  3. နာလန္ဒာတက္ကသိုလ် (၅၆)ပါး
  4. ပူနေးတက္ကသိုလ် (၂၈)ပါး
  5. ဘုံဘေ(မွန်ဘိုင်း)တက္ကသိုလ် (၂၅)ပါး
  6. ဘနာရပ်စ်ဟိန္ဒူတက္ကသိုလ်၊ဗာရာဏသီ (၁၉)ပါး
  7. ဒေလီတက္ကသိုလ်၊နယူးဒေလီ( ၁၄)ပါး
  8. နာဂဇုနတက္ကသိုလ်၊အန္ဓရာပရာဒေ့ရှ် (၇)ပါး
  9. ပန်ဂျာဘီတက္ကသိုလ်၊ပန်ဂျပ် (၇)ပါး
  10. ဟိုက်ဒရာဘတ်တက္ကသိုလ်၊ဟိုက်ဒရာဘတ်( ၇)ပါး
  11. သကျမုနိကောလိပ်၊ဗုဒ္ဓဂယာ(၂)ပါး
  12. ဂျာဒေးပူရ်တက္ကသိုလ်၊ကိုလ်ကတ္တာ(ကာလကတ္တား) (၁)ပါး
  13. ဂျမူးတက္ကသိုလ်၊ဂျမူးကက်ရှမီယား (၁)



အဖွဲ့ပိုင်ဗုဒ္ဓဘာသာပညာရေးဗိမာန်တော်ကြီးတွင် သင်ကြားပို့ချလျက်ရှိသည့်သင်တန်းများဖွင့်ပွဲ



ဗာရာဏသီတွင်ဖွင့်လှစ်ခဲ့သည့်သင်တန်းများအမှတ်တရ

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP