* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, May 28, 2010

နှစ်သစ် ဝေသာခ ပွဲတော်






ဘာပဲ လုပ်လုပ် ဗုဒ္ဓပ္ပမုခေါ-
ဘုရားရှင်ကို ရှေ့ တန်းတင်ဖို့  လိုပါတယ်။





ကျောင်း အပြင်က တွေ့ မြင်ရသည့် ပုံ





ဘာသာမတူ ကျောင်း နှစ်ခု ယှဉ်ကာ




မီးပုံး တစ်ကိုယ်တည်း အလှ




မြိုင်မြိုင် ဆိုင်ဆိုင် မီးပုံး အဖေါ်များရဲ့ အလှ

မီးပုံးများကို သီရိလင်္ကာနိုင်ငံမှ ဒါယကာများ ကိုယ်တိုင် ပြုလုပ်၍ ပူဇော်ပါသည်။


ဝေသာခ ပွဲတော်သည် ကဆုန်လပြည့် ဗုဒ္ဓနေ့  မြန်မာနိုင်ငံမှာ ကဆုန်ညောင်ရေသွန်းပွဲ ပြုလုပ်သည့်နေ့ ပါတည်း။ သို့ သော် မြန်မာနိုင်ငံမှ တစ်ပါး အခြားသော ထေရ၀ါဒ နိုင်ငံ အသီးသီး နှင့် ဗုဒ္ဓဘာသာကျောင်းရှိရာ နိုင်ငံတို့ မှာ ( ၂၈ ၊ ၀၅ ၊ ၂၀၁၀ ) နေ့ မှာ ဝေသာခဒေး အဖြစ် သတ်မှတ်ကြ ခြင်းဖြစ်ပါသည်။

မြန်မာ နိုင်ငံသည်ကား အခြားနိုင်ငံများထက် ထူးခြားသော နိုင်ငံဖြစ်၍ ဝေသာခပွဲတော် ခေါ် ကဆုန်လပြည့် ဗုဒ္ဓနေ့ ကို တစ်လ ကြိုတင်ကာ ယခုနှစ်တွင် စောကာ ကျင်းပခြင်းဖြစ်ပေသည်။

ထူးသောသော နိုင်ငံဟု ဆိုခြင်းကား အမှန်ပင်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အခြေခံ အား ဖြင့် ပါဠိရွတ်ဖတ်သည့် အခါ မြန်မာနိုင်ငံမှ တစ်ပါး အခြား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ကိုပင် နမော တတ်ဆ ဘဂ၀တော အရဟ တော ဆမ်မာ ဆမ်ဗုတ် ဒတ်ဆ- ဟု မြန်မာလို သ ကို အခြားနိုင်ငံများမှ ဆ ဟုရွတ်ဖတ်ခြင်း။

ထို့ ပြင်ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၌လည်း မြန်မာနိုင်ငံသည် ဂစ်ဆာမိ ဆို၍ အခြားနိုင်ငံများက ဂစ်ချာမိ ဟု ရွတ်ဆိုခြင်းသည် ထူးခြားသော နိုင်ငံဖြစ်ခြင်းပါတည်း။
ထို့ ထက် ထူးသည် များလည်း ရှိပါသေး၏။ ရှည်မည်စိုး၍ ချန်လှပ်ခဲ့ပါတော့မည်။

ဝေသာခ ပွဲတော်နေ့ သည် ကဆုန်လပြည့်၊ သောကြာနေ့ ဝယ်၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ ဝယ်၊ မသိကြလျင် တွေး ဆ ဦး ကဗျာမှာ ရေးထားသည့် အတိုင်း ဘုရားရှင် ၏ ဖွားမြင်တော်မူရာနေ့ ၊ ဘုရားဖြစ်တော်မူသည့်နေ့ ၊ ဘုရား မဟာပရိနိဗ္ဗာန် စံတော်မူရာ နေ့ ဆို သည့် ထူးခြားသော နေ့ မြတ်ပါတည်း။

ဤကဲ့သို့  ယောကျာ်းမြတ်တို့ မှာ နေ့ ချင်း တိုက်ဆိုင်ခြင်းသည်လည်း ထူးထူး ခြားခြား ဖြစ်ရပ်တစ်ခု ဟု မှတ်သားသင့်လှပေသည်။

သာသနာနှစ်၂၅၅၃ ခုနှစ်သည် ကဆုန် လပြည့်နေ့ နှစ်ကုန်မှာဖြစ်ပြီး ၊ သာသနာနှစ် ၂၅၅၄ ခုနှစ်ကို ကဆုန်လပြည့်ကျော် ၁ ရက် ( မြန်မာလို )၊ အခြားနိုင်ငံများအလို ၂၉ ၊ ၀၅ ၊ ၂၀၁၀ သည် သာသနာ နှစ်၏ နှစ်သစ် မင်္ဂလာဖြစ်ပါသည်။

သာသနာ နှစ်သစ် ကူး ဟု သတိထားမှု မရှိသော ဗုဒ္ဓဘာသာလူများ အဖို့  သိရှိစေရန် နှစ်သစ် ဝေသာခ ပွဲတော် နာမည် တပ်လိုက်ပါတော့သည်။


ယခု ဂျာမနီနိင်ငံ မိမိနေထိုင်ရာ ဖရိုက်ဇင်းမြို့ တွင် နှစ်သစ် ဝေသာခ ပွဲတော်ကို ဘုရားရှင် ဟောကြားထားတော်မူသော နိကာယ် ( ၅ ) ရပ်မှ မဇ္ဈိနိကာယ သုံးအုပ်ကို ၁၀ ရက်တိုင်တိုင် ရွတ်ဖတ် ပူဇော် သွားမည် ဖြစ်ပါသည်။
( ၂၈ မေလ မှ ၆ ရက် ဇွန်လ အထိ)။
( နယုန်လပြည့်ကျော် ၁ ရက်မှ နယုန်လပြည့် ကျော် ၁၀ ရက်နေ့ အထိ )

ထိုသို့  ရွတ်ဖတ်ရာတွင် ကံကောင်းထောက်မစွာ ၄င်းစာအုပ်များ ရှိသည့် အတွက်ကြောင့် မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကဲ့သို့  ကွန်ပျူတာ အသုံးပြုဖို့ မလိုဘဲ စာအုပ်များကို အသုံးပြုကာ မိမိ အနေဖြင့် ပါဠိလို ရွတ်ဖတ် ပူဇော်သွားပါမည်။ မိမိနှင့် အတူနေ သည့် ဂျာမန်ဘုန်းကြီးမှာကား ဂျာမန်ဘာသာ ဖြင့် ရွတ်ဖတ် ပူဇော် မှာဖြစ်ပါသည်။

ရွတ်ဖတ်ပူဇော်မည့် အချိန်များမှာ-

မနက်- ၅ နာရီမှ ၇ နာရီ အထိ ရွတ်ဖတ်ချိန်
အရုဏ်ဆွမ်း- ၇နာရီမှ ၈ နာရီ အထိ

မနက် - ၈ နာရီမှ ၁၀ နာရီ အထိ ရွတ်ဖတ်ချိန်
မနက် - ၁၀ နာရီမှ ၁၂ နာရီ အထိ ဆွမ်းခံ၊ ဆွမ်းဘုဉ်း

နေ့ ခင်း- ၁၂ နာရီမှ ၂ နာရီထိ အနားယူချိန်
နေ့ ခင်း- ၂ နာရီမှ ၅ နာရီ အထိ ရွတ်ဖတ်ချိန်

ညနေခင်း- ၅ နာရီမှ ၇ နာရီ အထိ အအေးဘုဉ်း၊ အနားယူချိန်

ည- ၇ နာရီ မှ ၁၀ နာရီ အထိ ရွတ်ဖတ်ချိန်



မိမိအတွေး


နှစ်သစ် ဝေသာခ ပွဲတော်သည် ၀ါမထပ်သောနှစ်များဝယ် လ အတူဖြစ်၍

ဝါထပ်သော နှစ်များမှာ မြန်မာနိုင်ငံသည် တစ်လ စောကာနေသည်။

ရဟန်းတော်များ
ဝါဆို ၀ါကပ်အချိန်ကား လ အတူတူပင် ဖြစ်ပါသည်။

ဤသို့ ဆိုလျင် ပထမ ၀ါဆို ဒုတိယ ၀ါဆို
အစား
ပထမ ကဆုန် ဒုတိယ ကဆုန် ဟု သတ်မှတ်ကြမည် ဆိုပါလျင်
ကဆုန်လပြည့်
ဗုဒ္ဓနေ့ ကား ဒုတိယ ကဆုန်လ ဟု ပြောရ ဆိုရ လွယ်ကူပါလိမ့်မည်။

ဤသည်ကား

မိမိ အတွေး သက်သက်မျှသာ ဖြစ်ပါ၏

မြတ်ရောင်နီ

( ၂၈ ၊ ၀၅ ၊၂၀၁၀ )

Read more...

ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား?

ဆောင်းပါးဦး အမှာ

ဒီဆောင်းပါးကို မဖတ်ခင် ကျွန်တော့်အနေနဲ့  စာဖတ်သူများကို ကြိုတင် အသိပေးချင်တာလေးတွေ ရှိပါတယ်။

ကျွန်တော် မြန်မာပြည်မှာ ရှိနေစဉ် အချိန်အတွင်းမှာရော၊ ပြည်ပရောက်ရှိနေစဉ် ကာလအတွင်းမှာရော သာသနာ့ဝန်ထမ်း ရဟန်းများနှင့် ပတ်သက်ပြီး မြင်ခဲ့ ကြားခဲ့ ကြုံတွေ့ ရတာလေးတွေပေါ်မှာ အခြေခံမူတည်ပြီး ဒီဆောင်းပါးကို ရေးသားထားခြင်းဖြစ်ပါတယ်။

ကျွန်တော့်အနေနှင့် မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကို အရည်အသွေးပြည့်မီစွာနှင့် ထာဝရ ရှင်သန်ဖွံ့ ဖြိုးတိုးတက်နေအောင် ထောက်ပံ့ကူညီစောင့်ရှောက်လိုတဲ့ ဆန္ဒအမှန်နှင့် ဉာဏ်မှီသလောက် သုံးသပ်ရေးသား အကြံပြုဆွေးနွေးထားခြင်းမျှသာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို အခြေခံပြီး သာသနာတော် သန့် ရှင်းစင်ကြယ်ရေးနှင့် ခေတ်နှင့်လိုက်လျောညီထွေစွာနဲ့ တိုးတက်ထွန်းကားရေးကို အားလုံးက ၀ိုင်းဝန်းဆွေးနွေး အဖြေရှာနိုင်ဖို့ အတွက် Discussion Topic တစ်ခုသဘောမျိုး ရည်ရွယ်ရေးသားခြင်းပါတယ်။
တချို့ ဖတ်ပြီးသူများက ဒီဆောင်းပါးကို သဘောကျအားပေးပြီး အပြုသဘောဝေဖန်ပေးကြသလို တချို့ ကလည်း ဒီလိုမျိုး မရေးသင့်ကြောင်း ဝေဖန်အကြံပြုကြပါတယ်။
ဒီဆောင်းပါးအပေါ် အကြံပြုပေးကြသူများအားလုံးကို ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကျေးဇူးတင်ပါတယ်။

ဖြစ်နိုင်ရင်တော့ ကျွန်တော့်ဆောင်းပါးကနေတဆင့် ဖြစ်နေတဲ့ ပြဿနာအတွက် သင့်တော်မယ့် အဖြေကို ဆက်လက်ပြီး အားလုံးဝိုင်းကူ စဉ်းစားဆွေးနွေးပေးစေချင်ပါတယ်ခင်ဗျား။

မိတ်ဆွေများရဲ့ ဆောင်းပါးအပေါ်ကွန်မန့် များကို ပို့ စ်များအဖြစ် ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျား။

အားလုံးကို လေးစား ကျေးဇူးတင်လျက်
ဝိမုတ္တိသုခ

----------------------------------------------------------------------------------------------

ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား?


မေတ္တာရပ်ခံ ပန်ကြားတောင်းပန်ခြင်း

ဆရာတော် သံဃာတော်တွေ အများဆုံး ရေးကြ ဖတ်ကြတဲ့ ဒီလို မဂ္ဂဇင်းမျိုးမှာ တပည့်တော် လူဝတ်ကြောင်က အူကြောင်ကြောင်နှင့် မဆီမဆိုင် ဆောင်းပါးလာရေးတဲ့အတွက် သည်းခံခွင့်လွှတ်တော်မူပါရန်နှင့် တကယ်လို့ များ အမှားအယွင်းတစ်စုံတရာများရှိခဲ့ပါလျင်လည်း မေတ္တာ ကရုဏာရှေ့ ထားပြီး အမိုက်အမဲအဖြစ် ဗွေမယူဘဲ သည်းငြီးခံတော်မူပါရန် တပည့်တော် ရိုသေစွာ လျှောက်ထားတောင်းပန်အပ်ပါတယ် အရှင်သူမြတ်အပေါင်းတို့ ဘုရား။

နိဒါန်း

၂၀၀၉ ခု။ ဒီဇင်ဘာလထဲမှာ တစ်ရက်တော့ အားအားရှိတာနှင့် မြို့ ထဲက ဘုန်းဘုန်း တစ်ပါးဆီ အလည်သွားရင်း စကားစမြည် ပြောဆိုဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ က အကြောင်းအရာ တော်တော်များများကို ဦးဇင်းနှင့် ပြောဖြစ်ခဲ့ကြပြီး Brain Storming တွေလည်း လုပ်ခဲ့ပါတယ်။ ပြောဖြစ်ခဲ့တဲ့ အကြောင်းတွေထဲမှာ ပြည်တွင်းက သံဃာတော်တွေ အရေးလည်း ပါဝင်ခဲ့ပါတယ်။ မြန်မာပြည်မှာရှိနေတဲ့ သံဃာတော်တွေကို ဒီလိုမျိုးလေး လုပ်ကြည့်ကောင်းမလား ဆိုပြီး နှစ်ဦးသား ဆင်ကြံကြံမိခဲ့ကြပါတယ်။

ရေးဖြစ်ဖို့ ဖန်လာခြင်း

ဟိုးတစ်ပတ်က အယ်ချုပ်ကြီး ဓမ္မဂင်္ဂါနှင့် အွန်လိုင်းမှာ တွေ့ တော့ သံဃာတော်တွေရဲ့ ပညာရေးနှင့်ပတ်သတ်ပြီး ကိုယ်တော်က သူပို့ စ်တင်နေတဲ့ နေရဉ္ဖရာမှတ်တမ်းတွေကို သွားဖတ်ကြည့်ဖို့ ပြောပါတယ်။ ဖတ်ကြည့်လိုက်တော့ ကျွန်တော်နှင့် ဒီကဦးဇင်းလေးတို့ ပြောဖြစ်ကြတဲ့အကြောင်းအရာတွေပြန်ပါနေတာကို တွေ့ လိုက်ရပါတယ်။ နောက် မမဝေ (MMWAI) အကြောင်းကိုပါ သိလိုက်ရပါတယ်။ အရင်က ဒီလို မမဝေ လိုအဖွဲ့ အစည်းမျိုး ရှိနေလိမ့်မယ်လို့  မသိထားခဲ့ပါဘူး။ အခု ဖတ်ကြည့်လိုက်တော့မှ တယ်ဟုတ်ပါလားလို့  ချီးကျူးထောမနာ ပီတိဖြစ်ရပါတယ်။

ဒါနဲ့ ဒီအကြောင်းလေးတွေ အားလုံးစပ်ဆက်ပြီး ပို့ စ်တစ်ခုတော့ရေးတင်အုံးမယ်စိတ်ကူးနေတုန်း မမဝေနှစ်ပတ်လည်မဂ္ဂဇင်းအတွက် စာမူတောင်းနေတာတွေ့ လိုက်တော့ ငါလည်း ၀င်နှမ်းဖြူးလိုက်မဟဲ့လို့  အယ်ချုပ်ကိုယ်တော် အားကိုးနှင့် ဒီဆောင်းပါးကို ရေးဖြစ်လိုက်ပါတယ်။

ယတ်လား ပတ်လား

မြန်မာပြည်မှာ သံဃာတော် အရှင်မြတ် လေးသိန်းပတ်ချာလည်လောက် သီတင်းသုံးနေထိုင်တော်မူနေကြတယ်လို့ သိရပါတယ်။ အဲဒီလေးသိန်းသော သံဃာတော်များအားလုံးဟာ မြတ်စွာဘုရားရှင် ချမှတ်ခဲ့တဲ့ သုံးရပ်သော သာသနာတော်ကို မိမိတို့  ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးပမ်းအားထုတ်ရွက်ဆောင်တော် မူနေကြပါသလားလို့  တစ်စုံတစ်ယောက်ကမေးလာခဲ့လျင် ကျွန်တော် ဘယ်လိုဖြေသင့်ပါသလဲ။

သံဃာတော်များအနေနှင့် စာသင်စာချတဲ့ ပရိယတ္တိလုပ်ငန်းကို လုပ်ချင်လုပ်၊ သို့ မဟုတ် သံသရာမှ မိမိရော သူတစ်ပါးပါ လွတ်မြောက်ကြောင်းဖြစ်တဲ့ ပဋိပတ္တိကို လုပ်ချင်လုပ်။ ဒီနှစ်မျိုးကို မဖြစ်မနေလုပ်ရမယ်လို့ ဆိုထားသော်လည်း အကြောင်းကြောင်း အဖုံဖုံတွေကြောင့် ဒီနှစ်မျိုးနှင့် ကင်းကွာနေကြတဲ့ သံဃာတော်တွေ ဒီလေးသိန်းသော သံဃာထုထဲမှာများ ရှိမနေနိုင်ဘူးလား။ တကယ်လို့ များ ရှိနေခဲ့ရင် သူတို့ မှာ ဘယ်လိုမျိုး အခက်အခဲ၊ အဆင်မပြေမှုတွေရှိနေလို့ လဲ။ ဘယ်လိုမျိုး အဆင်ပြေသွားအောင် ဒီသံဃာတော်တွေကို ကူညီဖြေရှင်းပေးနိုင်မလဲ။ နောက်ပြီး ပရိယတ် ပဋိပတ်မလုပ်တိုင်းကော ဒီသံဃာတော်တွေကို သာသနာတော်အတွက် လောကအတွက် အချည်းနှီးလို့  ပြောရတော့မလား။

ဒီမေးခွန်းတွေနှင့် စလိုက်ချင်ပါတယ်။

သာသနာ့ဘောင် ၀င်ကြရာဝယ်

သံဃာတော်များ သာသနာ့ဘောင်သို့  ၀င်ရောက်လာကြရာမှာ ကျောထောက်နောက်ခံ Background တွေ မတူညီကြသလို၊ ရည်ရွယ်ချက် ခံယူချက်တွေလည်း မတူညီနိုင်ကြပါဘူး။

ပထမတန်းစား အနေနှင့်ကတော့ သာသနာတော်ကို ကြည်ညိုလို့ ၊ တကယ်ကို သဒ္ဓါတရားထက်သန်အားကောင်းပြီး ၀င်လာကြတဲ့ သံဃာတော်တွေပါ။ ဒီသံဃာတော်များနှင့်ပတ်သတ်ပြီးတော့ အထွေအထူးပြောစရာမရှိပါဘူး။ ဘုန်းကြီးလုပ်ချင်လို့ ကို လုပ်တာဆိုတော့ ဘုန်းကြီးဖြစ်ရင် ဘုန်းကြီးအလုပ်ကို လုပ်ကို လုပ်တော့မှာပါ။

ဒုတိယတစ်မျိုးက အောက်တန်းအဆင့်အနေနှင့် သာသနာတော်မှာ အနေချောင်လို့  (ဒါကသူ့ အထင်ပေါ့) ၀င်လာတဲ့ သံဃာတွေပါ။ သူတို့ ကတော့ ပေါ့ပေါ့ပါးပါးနှင့်ဘဲ နေလို့ ရသလောက် သံဃာ့အဖွဲ့ အစည်းထဲမှာ နေနေကြမယ့် သူတွေပါဘဲ။

နောက်တတိယတစ်မျိုးကတော့ သာသနာထဲမှာနေရတာလည်းပျော်တယ်။ ဒါပေမယ့် ပရိယတ်နှင့်ပဋိပတ်ကို ဒီလောက်ကြီးအားမသန်ဘဲ လူမှုအကျိုးပြုနှင့် ပရဟိတလုပ်ငန်းတွေကို လုပ်ချင်တဲ့ဆန္ဒတွေအထူးပြင်းပြနေကြတဲ့ကိုယ်တော်တွေလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း အကြောင်းမညီညွတ်မှုနှင့် အခွင့်အလမ်းမပေါ်လာမှုတွေကြောင့် စိတ်သွားတိုင်းကိုယ်မပါနိုင်ဘဲ ပရိယတ်လိုလို၊ ပဋိပတ်လိုလိုနှင့် အချိန်ကုန်လွန်အောင် နေနေကြရတဲ့ သံဃာတော်တွေဖြစ်ပါတယ်။

နောက်စတုတ္ထတစ်မျိုးကကျတော့ မိဘနှင့်မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်းက စီမံလို့  ဘုမသိဘမသိနှင့် သာသနာတော်ထဲရောက်လာကြတဲ့သံဃာတွေပါ။ ဒီအမျိုးအစား သံဃာတော်တွေကိုတော့ တော်တော်လေးတွေ့ ရတတ်ပါတယ်။ အဲဒီထဲမှာမှ တချို့ လည်း စိတ်ပါသွားပြီး ပထမတန်းစားအုပ်စုထဲ ၀င်သွားကြတာတွေလည်း အများကြီးရှိပါတယ်။ တော်တော်များများကတော့ သာသနာမှာလည်းမပျော်၊ လူလည်းထွက်လို့ မရနှင့် တော်တော်လေး အဆင်မပြေဖြစ်ကြရတဲ့ အုပ်စုပါ။

တချို့ သော သံဃာတော်များဟာ ငယ်ငယ်က မိဘက ချို့ တဲ့နွမ်းပါးတဲ့အတွက် သားသမီးကို ကျောင်းလည်း မထားနိုင်၊ ကျွေးမွေးစောင့်ရှောက်ဖို့ လည်း ခက်တော့ နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်ပေးလိုက်ကြပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် မိမိသားလည်း စာတတ်၊ စားဖို့ သောက်ဖို့  နေဖို့ အတွက်လည်း မစိုးရိမ်ရတော့တဲ့အခြေအနေမျိုးရောက်သွားပါတယ်။ ဒီလိုနှင့် ဒီသားလေးဟာ သာသနာ့ဘောင်မှာ ဘုန်းကြီးစာတွေသင်ရင်း ကိုရင်ဘ၀ကနေ ရဟန်းဘ၀တက်၊ စာမေးပွဲတွေအဆင့်ဆင့်ဖြေရင်း အောင်တာလည်းရှိ၊ မအောင်တာလည်းရှိနှင့် သာသနာ့ဝန်ကို မနိုင်မနင်း ထမ်းရပါတော့တယ်။ ဒါပေမယ့် ရဟန်းရဲ့ စိတ်ထဲမှာတော့ ဖြစ်ချင်တဲ့ ဆန္ဒက တစ်ခုဖြစ်နေမှာပါ။

အိမ်မှာ ကျွန်တော်ငယ်ငယ်က ဆွမ်းခံကြွတဲ့ ကိုယ်တော်လေးက ပြောဖူးတယ်။ ကျွန်တော့်ကို တော်တော်လေးခင်တော့ သူကစိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်းဘဲပြောတယ်။ တကယ်လို့ များ အခုအချိန်မှာ တစ်နေရာရာက ထီသော်လည်းကောင်း အမွေလိုမျိုးသော်လည်းကောင်း ပစ္စည်းဥစ္စာတော်တော်လေးရခဲ့ရင်တော့ လူထွက်မှာဘဲတဲ့။

တခါက ရန်ကုန်သာသနာ့တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ရဟန်းတော်တစ်ပါးနှင့် စကားစမြည်ပြောဖြစ်ခဲ့ဖူးတယ်။ အဲဒီကိုယ်တော်က သူ့ သူငယ်ချင်းရဟန်းတစ်ပါး ကျောင်းကိုလာလည်တဲ့ ဂျပန်မနှင့်တွေ့ ကြ၊ ကြိုက်ကြပြီး လူထွက်လို့  အိမ်ထောင်ပြု ဂျပန်လိုက်သွားရတဲ့အကြောင်းကို မြိန်ရည်ရှက်ရည် ပြောပြတာကို နားထောင်ခဲ့ရဖူးပါတယ်။ ဒီပြောနေတဲ့ ရဟန်းရဲ့ စိတ်ထဲမှာ ဘာတွေများတွေးနေမလဲလို့  စဉ်းစားကြည့်မိခဲ့ဖူးပါတယ်။

တလောကလည်း နိုင်ငံခြားမှာ မဟာတန်းတက်နေတဲ့ ရဟန်းတော်တစ်ပါး လူထွက်ချင်လို့  အကြံအိုက်နေတာလေးကို ကြားလိုက်မိပါသေးတယ်။ လူထွက်ပြီး ဘာဆက်လုပ်ရမလဲ၊ ဘယ်လို ရပ်တည်နေထိုင်မလဲ။ ပတ်ဝန်းကျင်နှင့် ဘယ်လို Dealing လုပ်မလဲ။ ဒီမေးခွန်းတွေနှင့် ယောင်ချာစိုင်းရင်းနှင့်ဘဲ သာသနာထဲ တ၀ဲလည်လည်ဖြစ်နေကြတဲ့ သံဃာတော်တွေ ဘယ်လောက်များများ ရှိနေမလဲဆိုတာ သုတေသနလုပ်ချင်စရာ အကြောင်းကိစ္စရပ်တစ်ခုပါ။

Risk မယူရဲတာ ဘာကြောင့်များလဲ

ဘုန်းကြီးအဖြစ်ကနေ အကြောင်းကြောင်းတွေနှင့် လူဝတ်လဲလိုက်ကြပြီဆိုရင် အဓိကရင်ဆိုင်ကြရတာ ပတ်ဝန်ကျင်အသိုင်းအ၀ိုင်းပါ။ ကျွန်တော်တို့ ရဲ့လူ့ အဖွဲ့ အစည်းက လူတွေအများစုရဲ့  mindset မှာလည်း ဘုန်းကြီးလူထွက်ဆိုရင် Look Down နဲနဲလေးလုပ်ချင်ကြသလားလို့ ။ လူ့ အသိုင်းအ၀ိုင်းက ဒီလူထွက်ပုဂ္ဂိုလ်တစ်ယောက်ကို နွေးထွေးတဲ့ဆက်ဆံမှုမျိုးနှင့် လက်ခံဆက်ဆံနိုင်မှုအားနည်းတဲ့အခါ လူထွက်လာရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုမျိုး ဖြစ်စရာရှိသွားနိုင်ပါတယ်။ နောက်ပြဿနာက လူဝတ်ကြောင်ဘ၀နှင့် စားဝတ်နေရေးကိစ္စတွေ စတင်ရုန်းကန်ရတော့တဲ့အခါမှာ တစ်သက်လုံးက လူမှုကိစ္စတွေနှင့် ကင်းကွာလာခဲ့တော့ ဘာပဲဖြစ်ဖြစ် အခက်အခဲတွေ၊ အဆင်မပြေမှုတွေကတော့ အထိုက်အလျောက်က ကြုံကိုကြုံကြရမှာဖြစ်ပါတယ်။ ပိုဆိုးတာကတော့ စားဝတ်နေရေးရပ်တည်မှုအတွက် ပညာပိုင်းဆိုင်ရာလိုအပ်မှုတွေ မပြည့်စုံတော့ ဘ၀ရပ်တည်မှုမှာ အခက်အခဲတွေ့ ကြရတော့တာပါ။ အဲဒီထဲမှာမှ လူနည်းစု ရာခိုင်နှုန်းအနည်းငယ်လောက်ကတော့ သူတို့ နှင့်သင့်တော်ဆီလျော်တဲ့ နေရာဌာနမျိုးမှာ အလုပ်ရရှိအဆင်ပြေသွားကြတာမျိုးတော့ ရှိပါတယ်။

ဘာပဲပြောပြော ဒီလူဝတ်ကြောင်ဘ၀ နေထိုင်ရပ်တည်အသက်မွေးရတဲ့ Risk ယူရမှုဟာ နှစ်ပေါင်းများစွာ ဘာသာရေးစာပေလေ့လာဆည်းပူးအားထုတ်မှုတွေနှင့် အချိန်ကုန်လွန်လာခဲ့ကြတဲ့ ရဟန်းတစ်ပါးအတွက်တော့ တော်တော်မလွယ်ကူတဲ့ စွန့် စားမှုတစ်ခုပါဘဲ။


တကယ်လို့ များ

တကယ်လို့ များ သံဃာတော်တွေကို ကိုရင်ဘ၀ထဲမှာကတည်းက ပရိယတ္တိစာပေသင်ယူလေ့လာခြင်းအပြင် လောကီကျောင်းများမှာသင်ကြားနေတဲ့ ဘာသာရပ်တွေထဲက တစ်ချို့ အရေးကြီးတဲ့ ဘာသာများကို အချိန်နည်းနည်း ခွဲပေးပြီး သင်ကြားပို့ ချလိုက်လျင် ဘယ်လိုဖြစ်နိုင်မလဲ တွေးကြည့်မိပါတယ်။ ဥပမာ ကိုရင်ငယ်ဘ၀မှာ သင်္ချာနှင့် အင်္ဂလိပ်စာကို နည်းနည်းစီ သင်ရိုးထဲထည့်ပြီး သင်ပေးလိုက်မယ်ဆိုပါစို့ ။ နောက်အတန်းနဲနဲကြီးလာတဲ့ ကိုရင်ကြီးအရွယ်ကျတော့ ရူပဗေဒအခြေခံ၊ ဓါတုဗေဒအခြေခံ၊ ဇီဝဗေဒ၊ ပထ၀ီဝင်အခြခံ လေးတွေ ထည့်သင်ပေးထားလိုက်မယ်။ ဒီလိုနှင့် နှစ်တိုင်းမှာ အပြင်လောကီစာကို နည်းနည်းချင်းစီ ထည့်ထည့်သင်ပေးလိုက်ခြင်းဖြင့် ဒီကိုရင်ငယ်ဟာ လောကီဘာသာရပ်တွေနှင့် စိမ်းမနေတော့ဘူးပေါ့။ နောက်ပိုင်းအတန်းကြီးလာတာနှင့်အမျှ အဆင့်မြင့်အင်္ဂလိပ်စာတွေ၊ နည်းပညာပိုင်းဆိုင်ရာ ပညာရပ်တွေ၊ စာရင်းအင်းပညာ အခြေခံတွေကိုပါ Minor ဘာသာရပ်တွေအဖြစ်နှင့် လေ့လာခိုင်းမယ်။ နောက်ပိုင်း ပထမကြီးလို၊ ဓမ္မာစရိယလို ကျောင်းသားများအတွက် နိုင်ငံရေး၊ စိတ်ပညာ၊ အတွေးအခေါ်ပညာ၊ စီမံခန့် ခွဲမှုပညာရပ်တွေကို ထည့်သွင်းလေ့လာစေမယ်။

ဒီလိုသာ လုပ်ပေးနိုင်ခဲ့မယ်ဆိုရင် ဒီသံဃာတစ်ပါးအနေနှင့် ကိုရင်ငယ်ဘ၀ကနေ ရဟန်းပျိုဖြစ်လာတဲ့အချိန်တလျှောက်လုံးမှာတင်ကိုဘဲ သူ့ ဖာသာ သူ ချိန်လို့ ရနိုင်တယ်။ သူ ဘယ်ဘက်ကို အားသန်လဲ။ လောကီလား၊ လောကုတ်လား။ လောကီဘက်အားသန်နေတယ်ဆိုရင် အဲဒီအချိန်မှာကတည်းက ကိုယ်စိတ်ဝင်စားတာကို ဖိပြီးလေ့လာထားလို့ ရပါတယ်။

နောက်တစ်မျိုး ဘာကောင်းနိုင်မလဲဆိုတော့ တကယ်သာသနာတော်မှာပျော်ပြီး သာသနာပြုစိတ်ဓါတ်ပြင်းထန်နေတဲ့ သံဃာတော်တွေအတွက်ဆိုရင်လည်း သူ့ အနေနှင့် သာသနာပြုလုပ်ငန်းတွေလုပ်ရာမှာ လက်နက်တွေဖြစ်တဲ့ အင်္ဂလိပ်စာ၊ ကွန်ပျူတာပညာ၊ စိတ်ပညာ၊ အတွေးအခေါ်ပညာ စတဲ့ ပညာရပ်တွေကို ပရိယတ္တိသင်ယူရင်း တခါတည်း လေ့လာပြီးသားဖြစ်သွားနိုင်ပါတယ်

နောက်ပြီး ပရဟိတလုပ်ငန်းတွေလုပ်ချင်ကြတဲ့ သံဃာတွေအတွက်ဆိုရင်လည်း လိုအပ်တဲ့ စီမံခန့် ခွဲမှုပညာ၊ နည်းပညာပိုင်းဆိုင်ရာနှင့် အင်္ဂလိပ်စာတို့ ဟာ သူတို့ လုပ်ချင်တဲ့ လုပ်ငန်းတွေအတွက် အခြေခံအနေနှင့် အထောက်အကူပြုပေးနိုင်ပြန်ပါတယ်။

ထွက်ချင်ထွက်ပေါ့

ဒီတော့ သာသနာ့ဘောင်မှ မပျော်တော့တဲ့ သံဃာတော်များ အတွက် လူ့ အဖွဲ့ အစည်းအတွင်း ၀င်ရောက်ရပ်တည်ရှင်သန်ဖို့ အတွက်လိုအပ်မယ့် အသက်မွေးဝမ်းကျောင်းခြင်းဆိုင်ရာ ပညာရပ်များ၊ ကြိုတင်ပြင်ဆင်မှုများအတွက် Capacity Building သင်တန်းတွေစီစဉ်ပြီး နားလည်တတ်ကျွမ်းတဲ့ ပညာရှင်များက ပို့ ချသင်ကြားပေးမယ်။ လူထွက်ပြီး သင်တန်းကို အရင်မတက်မဖြစ် တက်ကြ။ အချိန် အတိုင်းအတာတစ်ခုတော့ ယူရမှာပေါ့။ ဒီသင်တန်းတွေကပြီးသွားတဲ့ သူတွေကို သက်ဆိုင်ရာ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဌာနတွေက အလုပ်နေရာတွေစီစဉ်ပေးမယ်။ ဒါမှမဟုတ် သူတို့ ကိုယ်တိုင် ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်ရင်လည်း လုပ်ကြပေါ့။

နောက်ပြီး လူ့ အဖွဲ့ အစည်းက လူတွေကိုလည်း ဘုန်းကြီးလူထွက်ပုဂ္ဂိုလ်များအပေါ် စာနာနားလည်မှုများနှင့် လက်တွဲဖေးမကူဖို့ အတွက် Educate လုပ်ပေးမယ်။ နဲနဲတော့ အချိန်တစ်ခုယူရမှာပေါ့လေ။

လူထွက်ချင်တဲ့ သံဃာတွေအနေနှင့် ဒီလိုသာစီစဉ်ပေးနိုင်ခဲ့ရင် ဘာဘဲပြောပြော သူတို့ တွေ တွေးပူနေတဲ့ ကိစ္စအတော်များများ ပြေလည်သွားမှာတော့ အမှန်ပါဘဲ။ မိမိကိုယ်မိမိ စိတ်ချယုံကြည်မှုအပြည့်အ၀နှင့် လူ့ အဖွဲ့ အစည်းအတွင်းကို ရဲရဲ တိုးဝင်နိုင်သွားမယ်။

ပရ ဘုန်းဘုန်းများ

ပရဟိတလုပ်ငန်းတွေ လုပ်ချင်တဲ့ သံဃာများအတွက်လည်း သူတို့ လုပ်ချင်တဲ့ လုပ်ငန်းနှင့် ပက်သတ်တဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှုနှင့် ပညာရပ်ဆိုင်ရာ ဖြည့်ဆည်းပံ့ပိုးမှုတွေကို ဆိုင်ရာလုပ်ငန်းအလိုက် သီးခြားသင်တန်းများ၊ Workshop များ ပြုလုပ်ပေးပြီး နည်းပညာဖြန့် ဖြူးပေးမယ်။ Donor တွေနှင့် ချိတ်ဆက်ပေးမယ်ဆိုရင် ဒီသံဃာများမှာလည်း သူတို့ ရဲ့  ရင်ထဲက Talent တွေကို မြေတောင်မြှောက်ခွင့် ရသွားနိုင်ပါတယ်။

ဘာရှုံးနိုင်လဲ

အဲဒီတော့ ကျွန်တော်တို့ တွေ စဉ်းစားရမှာ သံဃာတော်တွေ သာသနာ့ဘောင်ထဲကနေထွက်တဲ့သူကထွက်၊ သုံးတန်သောသာသနာ့တာဝန်ကို မထမ်းဘဲ လူမှုရေးလုပ်ငန်းတွေ လုပ်တဲ့သူကလုပ်ကြတော့ သာသနာတော်အတွက် ဆုံးရှုံးမှုဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစားကြရပါမယ်။

ဒါဆိုရင် ယခုလက်ရှိအနေအထားအတိုင်းဆိုရင်ကော သာသနာတော်မှာ အကျိုးဖြစ်ထွန်းမှုများနိုင်ပါသလား။ သုံးတန်သော သာသနာကို စိတ်လက်ရွှင်ပျစွာ လိုလိုချင်ချင် ထမ်းဆောင်နေတဲ့ သံဃာအရည်အတွက် နှင့် သာသနာမှာအခြေအနေအရပ်ရပ်တွေကြောင့် မပျော်ပိုက်ဘဲ သာသနာ့ဝန်လည်း မဆောင်ဘဲ နေနေကြတဲ့ သံဃာအရည်အတွက်။ ဒီ နှစ်ခုကို ယှဉ်ထိုးစဉ်းစားကြည့်ကြမယ်ဆိုရင် အဖြေတစ်ခု တော့ ထွက်လာမှာပါ။

ဒီတော့ အရည်အတွက်မှသည် အရည်အချင်းဆီသို့ သွားမှာလား။ ဒါမှမဟုတ် အရည်အချင်းမှသည် အရည်အတွက်ဆီသို့ သွားမှာလား။ ဒါကို ပြန်လည်သုံးသပ်ကြည့်သင့်ပါတယ်။

အောက်ထစ်ဆုံး အနာဂါမ်ဖြစ်ပြီးမှသာ သာသနာတော်မှာ စိတ်ချစွာမြဲနိုင်တယ်။ အောက်အရိယာအဆင့်တွေတောင် သာသနာတော်မှာ အမြဲမပျော်နိုင်ဘူးလို့  ဒီလို တရားစကားမှတ်သားမိတာရှိပါတယ်။ တကယ်လို့ များ သောတာပန် သံဃာတစ်ပါး လူထွက်သွားတာဟာ သာသနာတော်အတွက် ဆုံးရှုံးမှုဖြစ်သွားတယ်လို့ ဆိုနိုင်ပါ့မလား။ သာသနာတော်ကြီး ဆုံးရှုံးမှု အကျိုးဖြစ်ထွန်းအောင်မြင်မှုဟာ ဘယ် Criteria တွေပေါ်မှာ အခြေခံပြီး တွက်ချက်မှာလဲ။

သာသနာကို ခဏထားလို့  နိုင်ငံအတွက်စဉ်းစားကြည့်မယ်ဆိုပါတော့။ နိုင်ငံအတွက် လူသားအရင်းအမြစ်စွမ်းအားထဲက လေးသိန်းကျော်ကို သာသနာတော်အတွက် အသုံးပြုလှူဒါန်းထားတယ်။ တကယ်လို့  အဲဒီလေးသိန်းဆီက သာသနာတော်စည်ပင်ထွန်းကားပြန့် ပွားဖို့ အတွက် လိုအပ်တဲ့လုပ်အား အရင်းအမြစ်ကိုလည်း အပြည့်အ၀မရသလို ဒီဘက်က နိုင်ငံတော်တည်ဆောက်ရေးအတွက်မှာလည်း စွမ်းအားလစ်ဟာမှုဖြစ်သွားမယ်ဆိုရင်..။

တကယ်လို့ သာသနာ့ဘောင်မပျော်တဲ့ရဟန်း လူထွက်ပြီး နိုင်ငံတော်တည်ဆောက်ရေးရဲ့ အခန်းကဏ္ဍထဲမှာ သူနိုင်တဲ့တာဝန်ဝင်ထမ်းပြီဆိုတဲ့အခါကျတော့ သာသနာဘက်မှာလည်း Quality Percentage တက်သွားသလို၊ နိုင်ငံဘက်မှာလည်း HR Percentage အပေါင်းဖြစ်သွားနိုင်ပါတယ်။ ပရဟိတလုပ်ငန်း လုပ်ကြမယ့် သံဃာတော်တွေဆိုရင်လည်း ဒီသဘောအတိုင်းပါဘဲ။ သာသနာဘက်လည်း တန်ဖိုးတက်သလို၊ နိုင်ငံအတွက်လည်း အကျိုးထွက်တယ်လို့ ယူဆလို့ ရနိုင်ပါတယ်။

အဆုံးသပ်

ကျွန်တော် အခုရေးခဲ့တာတွေအားလုံးကတော့ ဒီလိုလုပ်ကြည့်ရင် ကောင်းမလားဆိုပြီး စိတ်ကူးကြည့်ရုံသက်သက်ပါ။ စိတ်ကူးတယ်ဆိုတဲ့အတိုင်း ဖြစ်ချင်တာဘဲ စောင်းပေးထားတာပေါ့။ တကယ့်လက်တွေ့ မှာတော့ လုပ်ကြည့်ရင် လုပ်လို့ ရချင်မှလည်း ရမယ်။ ရရင်လည်း အခုလိုမျိုးလွယ်လွယ်ကူကူချည်းဘဲတော့ ဘယ်ဖြစ်လိမ့်မလဲပေါ့နော်။

ဘာဘဲဖြစ်ဖြစ်ပေါ့။ ကိစ္စတစ်ခုကို မျက်နှာစာတွေအများကြီးရှိတဲ့ထဲက မျက်နှာစာတစ်ဘက်ကနေ မြင်ကြည့်လိုက်တဲ့သဘောပါဘဲ။ တခြားလူတွေကလည်း ဒီကိစ္စကို တခြားအမြင်တွေနှင့် မြင်ကြည့်နိုင်ကြအုံးမှာပါဘဲ။ အားလုံးလွတ်လပ်စွာ မြင်ကြည့်တော် မူကြပါကုန်။

ဒီဆောင်းပါးရေးရင်း The Beatles အဖွဲ့ က John Lennon ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Imagine ထဲက သီချင်းစာသားလေးကို သတိရမိပါတယ်။

You may say that I am a dreamer.
But I'm not the only one.
I hope someday you'll join us.
And the world will be as one.

အားလုံး ချမ်းသာသုခနှင့် ပြည့်စုံနိုင်ကြပါစေ။

ဝိမုတ္တိသုခ
တိုကျို၊ ဂျပန်။
၁၅၊ ၁၊ ၂၀၁၀။

(ဤဆောင်းပါးရေးဖြစ်ရန် အတွေးကုန်ကြမ်းများပေးတော်မူသော တိုကျိုမြို့ မှ အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းတာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိ နှင့် ဘုန်းဘုန်းဓမ္မဂင်္ဂါ (အယ်ချုပ်) တို့ အား ကျေးဇူးတင်စွာဖြင့် ရိုသေစွာ ဦးနှိမ်ရှိခိုးကန်တော့လိုက်ပါသည် အရှင်မြတ်တို့ ဘုရား။ )

Read more...

*ဝေဘူဆရာတော် ညွှန်ပြတော်မူလေ့ရှိသော သန္ဒိဋ္ဌိက ဓမ္မလမ်းစဉ်*


၁။ ဘုရားအဆုံးအမ ဖြစ်တဲ့ ပိဋကသုံးပုံ အကုန်လုံးဟာ ဆင်းရဲမှလွတ်မှုတစ်ခု ဖြစ်၍ နည်းတွေ များသော်လည်း အားလုံးအတူတူပဲ။ အကုန်လုံး လိုက်ပြီး လုပ်စရာမလိုဘူး။ အများကြီးထဲက ကြိုက်ရာတစ်ခုခုကို ၀ီရိယမှန်မှန်နှင့် သန်သန်လုပ်ဖို့ အရေးကြီးတယ်။

၂။ စရဏနှင့် ၀ိဇ္ဇာ တစ်ပြိုင်နက် ဖြစ်အောင် လုပ်ရတယ်။ တစ်ချိန်ထဲမှာ အလုပ်နှစ်ခု ပြီးတာ ဒါပဲရှိတယ်။ (အလုပ်လုပ်ရင်း ရအောင်ရှုတယ်)

၃။ ဘုရားစကား၊ ဆရာစကား တထစ်ချနာယူ၊ အရာရာရိုသေ၊ ကိုယ်ကိုနိုမ့်ချ၊ ခန်္တီနှင့် မေတ္တာ များများထားပြီး လုပ်ရတယ်။

၎။ ၀ိပဿနာတရားဆိုတာ ထင်ရှားရှိတဲ့ တရားကို မြင်အောင် ရှုမှတ်ခြင်းပင် ဖြစ်တယ်၊ ထင်ရှားရှိတဲ့တရားကို မြင်အောင်မရှုနိုင်ရင် ၀ိပဿနာ မဖြစ်ဘူး။

၅။ ထင်ရှားရှိတဲ့ တရားဆိုတာ တခြားမှာသွား၍ ရှာရတာမျိုးမဟုတ်။ ရှောင်မရ တိမ်းမရ မမြင်ချင်၍ မနေရအောင် ကိုယ်မှာအမြဲ ထင်ရှားရှိနေတဲ့ ရုပ်တရားတွေပဖြစ်တယ်။

၆။ ကိုယ်မှာ အမြဲထင်ရှားရှိတဲ့ ရုပ်နာမ် တရားတွေထဲမှာ လူတိုင်း နားလည် လွယ်ကူတာဟာ အာနာပါန= ထွက်လေ ၀င်လေ ရှုမှတ်မှု ဖြစ်တယ်။

၇။ ထွက်လေ ၀င်လေဆိုတာ အမိဝမ်းမှမွေးကထဲက သေသည်အထိ အမြဲမပြတ် တရစပ်ရှိနေတဲ့ တရားသဘောဖြစ်တယ်၊ အလုပ်လုပ်နေရင်း စကားပြောနေရင်း စာကျက်နေရင်းလဲ ရှိနေတာပဲ။

၈။ ထွက်လေ၀င်လေဟာ အမြဲမပြတ်ရှိနေသော်လည်း အမှတ်တမဲ့ နေကြ၍ သတိမမူ ဂူမမြင် ဖြစ်နေကြတယ်၊ သတိမူရင် မြူကိုတောင် မြင်ရတယ် ဆိုတာလို ဂရုစိုက်ပြီး ကြည့်ရှုနေမှ ရှိမှန်းသိကြတယ်။

၉။ ကြည့် ဆိုရာမှာ ၀ိပဿနာ ဖြစ်ဖို့ရာအတွက် ထွက်လေ၀င်လေ ထိရာ နှာဖျား နှာဝမှာ ၀င်တိုင်းထွက်တိုင်း ရိပ်ရိပ် ရိပ်ရိပ်နှင့် တထိထဲထိနေတာကို တသိထဲသိနေအောင် တရစပ် သိမြင်အောင် ကြည့်ရှုနေရမယ်။ အိမ်အမိုးကို စပ်အောင်ထူထူမိုးမှ နေပူဒဏ် မိုးရွာဒဏ် ခံနိုင်တယ်။
(၂၄-နာရီ တစပ်ထဲ ရပါစေ။)

၁၀။ တစ်ရက် ၂၄-နာရီ တစပ်လောက်ရလျှင် အလွန် သိသာပါတယ်၊ ဘုရားဆုံးမတာ မှန်သမျှ ဆင်းရဲအောင် မဆုံးမဘူး ချမ်းသာဖို့ချည်းပဲ။ ဘုရားလက်ထက်က (လဲလျောင်း မအိပ်သော) နိသဇ်ဓုတင်ဆောင်တဲ့ပုဂ်္ဂိုလ်များ ပိုပြီးတော့တောင်မှ အသက်ရှည်ကြ ကျန်းမာကြတယ်။ အိပ်ချင်လို့အိပ်ရင် တသံသရာလုံး နိုးတော့မှာ မဟုတ်ဘူး၊ အိပ်ချင်ရင် မအိပ်ချင်တဲ့ နေရာရှိတယ် အဲဒီကို ရောက်အောင်သွား။

၁၁။ ထိတာကိုသိနေလျှင် သိက္ခာသုံးပါး မဂ္ဂင်ရှစ်ပါးမှအစ ဗောဓိပကိ္ခယတရား ၃၇-ပါး ပိဋကတ်သုံးပုံ အလုံးစုံ တစ်ပြိုင်နက် ပါဝင်ပြီးဖြစ်တယ်။

၁၂။ ထိတာဟာ ရုပ်သဘောဖြစ်တယ်၊ သိတာဟာ နာမ်သဘောဖြစ်တယ်။

၁၃။ တရိပ်ရိပ်နှင့် နှာဖျား နှာဝမှာ ထိလိုက် ပျောက်လိုက် နေတာတွေကိုသာ တဆက်ထဲ သိမြင်အောင် ကြည့်ရှုနေရင် ကြာလျှင် ၀ိပဿနာ သမာဓိ တစ်စထက်တစ်စ တစ်ခဏထက် တစ်ခဏ တိုးတက်ပြီး၊ အားကြီးလာတဲ့အခါ နှာဖျား နှာဝတွင်သာမက ခန္ဓာကိုယ်မှာလဲ အလိုလို တရိပ်ရိပ် တရွရွတွေ ဖြစ်ပျက်နေတာကိုတွေ့ရမယ်။

၁၅။ တစ်ကိုယ်လုံး တရိပ်ရိပ် တရွရွ အမြဲမပြတ် ဖြစ်ပျက်နေတာကို တွေ့လာရတဲ့အခါ (အနိစ္စကိုကောင်းစွာ မြင်သောကြောင့်) ဒုက္ခနှင့် အနတ္တဟာ အလိုလိုထင်မြင် လာလိမ့်မယ်၊ ပါးစပ်က ဆိုနေဖို့မလိုဘူး၊ ၀ိပဿနာအလုပ်ဟာ ထိမှုကိုကြည့်ရှု သိနေရုံသာဖြစ်တယ်၊ ကြည့်ရှုနေရင်း ရှုမှတ်နေရင်း သိထိုက်သမျှကို အလိုလို တစ်နေ့ထက်တစ်နေ့ တိုးပြီးတိုးပြီး သိလာလိမ့်မယ်။

၁၆။ အဲဒီလို တရိပ်ရိပ်နှင့် ထိမှု သိမှုတို့ကို ကြည့်ရှုနေရင်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်လာပြီဆိုရင် အလွန် သိသာလှပါတယ်၊ ဘယ်လို သိသာသလဲဆိုတော့ ရေငတ်၍ နေသောသူသည် ရေကို သောက်ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့ ဖြစ်သွားတော့တယ်၊ သူများ မေးစရာမလို ကိုယ်တိုင်သိမယ် (သိနိ္ဒဋ္ဌိကော)။

၁၇။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပြီး ရောက်ပြီးလို့ ဖလသမာပတ်ကို ၀င်စားချင်ရင် မိမိလာခဲ့ဖူးတဲ့ ၀ိပဿနာလမ်းကို ပြန်ကြည့်ရတယ်၊ ဖလသမာပတ်ဟာ ကိုယ်ပိုင်အိမ်နှင့် တူတယ်။

၁၈။ ယုံယုံကြည်ကြည် လုံ့လ၀ီရိယရှိရှိနှင့် ထိမှုသိမှုတို့ကိုသာ တစ်ဆက်ထဲ ဖြစ်အောင်ကြည့်ရှုနေ၊ ထွေလီကာလီတွေကို လိုက်မလုပ်နှင့်၊ ယခုလုပ်၊ ယခုမီးငြိမ်း၊ ယခုချက်ချင်းပဲ ချမ်းသာတယ်။ (အကာလိကော)။

ဗုဒ္ဓဓမ္မ ဦးလောကနာထ

++++++++++++++++

လေးစားရိုသေစွာဖြင့်
ဖိုးသား

5/27/2010 8:28:15 PM

Read more...

နေမိဇာတ်

0005052Kph0.jpg

တစ်ရံရောအခါ ဝိဒေဟရာဇ်တိုင်း၊ မိထီလာပြည်၌ မဃဒေဝမင်း စိုးစံသည်။ ထိုမင်းသည် တရားတော်၌ မွေ့လျော်သည်။ အသက်ကြီးရင့်၍ ဆံပင်ဖြူလာလျှင် ရဟန်းပြု၍ တောထွက်မည်ဟု ဆုံးဖြတ်ထားသည်။ ဆံပင်၊ မုတ်ဆိတ်တို့ကို ပြုပြင်ပေးသော ဆတ္တာသည်အား မိမိ၏ ဆံပင်ဖြူလာလျှင် လျှောက်ထားရန် မှာကြားထားသည်။

တစ်နေ့သောအခါ ဆတ္တာသည် သည် မင်းကြီး၏ ဦးခေါင်း၌ ဆံပင်ဖြူ တစ်ပင်ကို တွေ့မြင်သည်။ ထိုအခါ “အရှင်မင်းကြီး- ဦးခေါင်းတော်၌ ဆံပင်ဖြူ တစ်ပင် တွေ့မြင်ပါသည်” ဟူ၍ လျှောက်ထားသည်။

မင်းကြီးလည်း သားတော် အိမ်ရှေ့မင်းသားကို ထီးနန်းပေးအပ်လိုက်သည်။ မိမိနည်းတူ “ဆံပင်ဖြူကို မြင်တွေ့လျှင် တောထွက်ပါ” ဟူ၍ မှာကြားသည်။ ထို့နောက် ထီးနန်းကို စွန့်သည်။ ရဟန်းပြု၍ တောထွက်သွားလေသည်။

ဤသို့လျှင် သား၊ မြေး၊ မြစ် အဆက်ဆက်တို့သည် ထီးနန်းကို စိုးစံကြသည်။ ဆံပင်ဖြူသောအခါ တောထွက်ကြသည်။

ထိုမဃဒေဝမင်းမှ ရှစ်သိန်း သုံးသောင်း တစ်ထောင် ကိုးရာ ကိုးဆယ်မြောက်သော မင်းသည် မိထိလာပြည်၌ ဆက်လက် စိုးစံသည်။ ထိုမင်းတွင် နေမိကုမာရ အမည်ရှိသော သားတော် တစ်ပါးရှိသည်။ ထိုနေမိ မင်းသားသည် ငယ်ရွယ်စဉ်မှစ၍ အလှူပေးသည်။ သီလ ဆောက်တည်သည်။

ရှေးအစဉ်အလာအတိုင်း ခမည်းတော်သည် ဆံပင်ဖြူသောအခါ တောထွက်သည်။ ထိုအခါ နေမိမင်းသားသည် ထီးနန်းကို ဆက်ခံရသည်။ နေမိမင်းသည် တိုင်းပြည်ကို မင်းကျင့်တရားနှင့် အညီ အုပ်ချုပ်သည်။ ထို့အပြင် မြို့တံခါးလေးခုနှင့် မြို့လယ်တို့၌ အလှူမဏ္ဍပ် ငါးခု ဆောက်သည်။ အလှူမဏ္ဍပ် တစ်ခုစီတွင် အသပြာ တစ်သိန်းကျစီဖြင့် နေ့စဉ်ပေးလှူသည်။ ငါးပါးသီလကို အမြဲ စောင့်ထိန်းသည်။ ဥပုသ်ကို လပြည့် လကွယ်နေ့တိုင်း ဆောက်တည်သည်။ တိုင်းသူပြည်သားတို့ကို ကုသိုလ် ကောင်းမှုပြုရန် တိုက်တွန်းသည်။

နေမိမင်း၏ အဆုံးအမကို နာယူကြသူတို့သည် ကွယ်လွန်သောအခါ နတ်ပြည်သို့ ရောက်ကြလေသည်။ ဤတွင် နတ်ပြည်မှာ နတ်ဦးရေ တိုးပွားစည်ကားနေ၏။ ငရဲပြည်ကား ခြောက်ကပ်နေသည်။ တစ်နေ့တွင် နေမိမင်းကြီးသည် အလှူပေးခြင်းနှင့် သီလ ဆောက်တည်ခြင်းတွင် မည်သည်က ပို၍ အကျိုးကြီးကြောင်း စဉ်းစားတွေးတောကာ ဆုံးဖြတ်မရနိုင်အောင် ရှိလေသည်။

ဤသို့ တွေးကြံသည်ကို သိကြားမင်း သိရှိသောအခါ လူ့ပြည်သို့ ဆင်းသက်လာသည်။ နေမိမင်းကြီးရှေ့၌ ကိုယ်ထင်ပြလျက် “အရှင်မင်းကြီး အလှူပေးခြင်းထက် သီလ စောင့်ခြင်းက ပို၍ အကျိုးကြီးပါသည်” ဟု ဟောပြောသည်။ ထို့နောက် တာဝတိံသာ နတ်ပြည်သို့ ပြန်ကြွသွားလေသည်။

ထိုအကြောင်းကို တာဝတိံသာနတ်ပြည်ရှိ နတ်များ သိရှိကြသောအခါ နေမိမင်းကြီးကို ဖူးတွေ့လိုသော ဆန္ဒများ ဖြစ်ပေါ်လာကြသည်။ သို့ဖြင့် နေမိမင်းကြီးကို နတ်ပြည်သို့ ပင့်ဆောင် ပြသပါရန် သိကြားမင်းအား တောင်းပန်ကြသည်။ သိကြားမင်းလည်း နတ်တို့ အလိုကို လိုက်လျောသည်။ မာတလိနတ်သားအား “နေမိမင်းကြီးကို ပင့်ဆောင်လော့” ဟူ၍ စေခိုင်းသည်။

မာတလိနတ်သားသည် သိန္ဓောမြင်း တစ်ထောင်ကသော ဝေဇယန္တာ ရထားဖြင့် နေမိမင်းကြီးကို လာရောက်ခေါ်သည်။ မိထိလာ ပြည်သူတို့ အံ့သြကာ ရင်သပ်ရှုမော ကြည့်ရှုကြသည်။

မာတလိသည် နေမိမင်းကြီးကို ပင့်ဖိတ်သည်။ မင်းကြီးလည်း နတ်ပြည်ကို မရောက်ဖူးသဖြင့် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။ ပြည်သူတို့နှင့် နန်းတွင်းသူ နန်းတွင်းသားတို့အား “မကြာမီ ငါ ပြန်လာခဲ့မည်။ ကုသိုလ်ကောင်းမှုတို့ကိုသာ မမေ့မလျော့ဘဲ ပြုကြပါ” ဟူ၍ မှာကြားသည်။

(နေမိဇာတ် အဆက်အား ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။

Read more...

ပုညကြိယဝတ္တု ၁၀-ပါး၊ ကာမာဝစရကုသိုလ်ကံ

၂၀၁၀ ခုနှစ် မေလ ၂၂ ရက် စနေနေ့တွင် နယူးယောက် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ သင်တန်းအပတ်စဉ် (၃၃)နှင့် (၃၄) တို့ကို လေ့လာ နာကြား သင်ယူကြရ၏။

လာမည့် မေလ ၃၀ ရက် တနင်္ဂနွေနေ့တွင် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ လောကချမ်းသာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ အဘိဓမ္မာသင်တန်းကို သင်ကြား ပို့ချနိုင်မည် မဟုတ်သဖြင့် ယခုအပတ်တွင် ၂-ပတ်စာ သင်ခန်းစာတို့ကို လေ့လာသင်ယူကြရခြင်း ဖြစ်၏။

သင်တန်းကို မွန်းလွဲ ၂ နာရီတွင် ပြုလုပ်ရာ လောကချမ်းသာဆရာတော်က သုတ္တန်, ဝိနည်း, အဘိဓမ္မာ ပိဋကတ်သုံးပုံ၊ ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ သာသနာသုံးရပ်၊ သီလ, သမာဓိ, ပညာ သိက္ခာသုံးပါးတို့ကို ရှင်းလင်းပြပြီး ပုညကြိယဝတ္ထု ၁၀-ပါးတို့ကို သိက္ခာသုံးပါးထဲ အကျုံးဝင်ပုံကို သင်ပြသွား၏။

ပုညကြိယဝတ္ထု ၁၀-ပါး လင်္ကာ

လှူဒါန်း-ဒါန၊ စောင့်-သီလ၊ ပွားထ ဘာဝနာ။
ကြီးသူရိုညွတ်၊ ဝေယျာဝစ်၊ ပြုလစ် သင့်ရာရာ။
ကုသိုလ်အမှု၊ ပေးဝေပြု၊ သာဓု ခေါ်ဝမ်းသာ။
တရားတော်နာ၊ ဟောလေပါ၊ ယူမှာ ဖြောင့်မတ်စွာ။
ကုသိုလ်ဆယ်ခု၊ မြတ်ကောင်းမှု၊ ပြုစု နေ့စဉ်သာ။

+++++

ပါယာသိမြို့စားနှင့် ဥတ္တရလုလင်

ပါယာသိမြို့စားသည် မှားသောအယူ ရှိခဲ့ဖူး၏။ အရှင်ကုမာရကဿပနှင့် တွေ့ဆုံ ဆည်းကပ်ရာမှ မှန်သောအယူကို ရရှိခဲ့၏။

ပါယာသိမြို့စားသည် အလှူဒါနပြုရာ ညံ့သော အစားအစာ၊ အဝတ်အထည်တို့ကို လှူဒါန်းသဖြင့် အလှူကို စီမံရသူ အခိုင်းအစေ ဥတ္တရလုလင်က ‘ဤကဲ့သို့သော သခင်မျိုးနှင့် နောင်ဘဝများ၌ မတွေ့ကြုံလိုကြောင်း’ ပြောဆို ဆုတောင်းသည်ကို ပါယာသိမြို့စား တဆင့်စကား ကြားလေ၏။

ဥတ္တရလုလင်ကို ခေါ်ယူ မေးမြန်းရာ .... ဤကဲ့သို့သော အစားအစာမျိုးကို သခင့်အနေဖြင့် တွေ့ထိဖို့ မဆိုထားဘိ၊ လှည့်၍မျှပင် ကြည့်မည်မဟုတ်။ ဤကဲ့သို့သော အဝတ်အထည်မျိုးကိုလည်း သခင့်အနေဖြင့် ခြေသုတ်စရာမျှ ပြုရန်ကိုပင် စဉ်းစားမည်မဟုတ်။ သခင်သည် ညံ့သော အလှူကို ပေးလှူ၏ ..... ဟူသော စကားကို ဆိုလျှင် ဟုတ်မှန်နေ၍ မိမိစားသော အစားအစာမျိုး၊ မိမိဝတ်သော အဝတ်အထည်မျိုးတို့ကို လှူဒါန်းခိုင်းလေသည်။

ပါယာသိမြို့စားသည် မိမိ၏ အလှူကို သူတပါးအား စေခိုင်းကာ ပေးလှူ၏။ ကိုယ်တိုင် လက်ဖြင့် မလှူ။ လှူပြီးလျှင် ပြီးရော ပစ်ပစ်ခါခါ ပြု၏။ အရိုအသေ မပြု၊ အလေးအမြတ် မလုပ်။
အလှူကို စီမံဆောင်ရွက်ရသူ ဥတ္တရလုလင်က အရိုအသေပြုကာ လှူ၏။ ကိုယ်တိုင် လက်ဖြင့် ကိုင်တွယ် ပေးလှူ၏။ ပြီးလျှင် ပြီးရော ပစ်ပစ်ခါခါ မပြု။ အလေးအမြတ်ပြုကာ လှူ၏။

ထိုသူနှစ်ဦးသေလွန်သော် ပါယာသိမြို့စားက စတုမဟာရာဇ်နတ်ပြည်တွင် နတ်သားဖြစ်၍၊ ဥတ္တရလုလင်က တစ်ဆင့်မြင့်သော တာဝတိံသာနတ်ပြည်တွင် နတ်သားဖြစ်လေသည်။

ပါယာသိမြို့စား နတ်သားနှင့် အရှင်ဂဝံပတိမထေရ်တို့တွေ့စဉ် နတ်သားက အမှာစကားပြောကြားရာ မှတ်သားဖွယ် ကောင်း၏။

... အရှင်ဘုရား၊ တပည့်တော်ရဲ့အလှူကို စီမံအုပ်ချုပ်တဲ့ ဥတ္တရလုလင်ဟာ အရိုအသေပြုလှူလို့, မိမိလက်နဲ့လှူလို့, ပစ်ပစ်ခါခါမလုပ်ဘဲ လှူတဲ့အတွက်ကြောင့် သေတဲ့အခါ တာဝတိံသာနတ်ပြည်မှာ ဖြစ်ပါတယ်။ တပည့်တော်က အလှူဝတ္ထုပစ္စည်း အကုန်အကျခံသော်လည်း သူလိုမလှူခဲ့တဲ့အတွက်ကြောင့် စတုမဟာရာဇ်နတ်ပြည်က ပရိသတ်မရှိတဲ့ သေရီသကဗိမာန်မှာ လာဖြစ်ပါတယ်။ အရှင်ဘုရား လူ့ပြည်ပြန်ရောက်တဲ့အခါမှာ ဒကာ ဒကာမတွေကို ပြောပြပါဘုရား ... ပါယာသိမြို့စားတော့ ဒီလိုပဲ မရိုမသေလှူလို့ အညံ့စားနတ်လေးသွားဖြစ်တယ်။ ဥတ္တရလုလင်ကတော့ ရိုရိုသေသေ လှူလို့ ကိုယ်တိုင်လှူလို့ တာဝတိံသာမှာ နတ်သားဖြစ်တယ်ဆိုတာ ပြောပါဘုရား ....

ဝေယျာဝစ္စသည်လည်း အကျိုးများသော ကုသိုလ်ကောင်းမှုတို့၏ တည်ရာ ဖြစ်၏။

+++++

ပတ္တိဒါန

ပတ္တိ = ရရှိခြင်း၊ ဒါန = ပေးခြင်း
မိမိရရှိသော ကုသိုလ်အဖို့ကို အမျှဝေခြင်း ဖြစ်၏။ အညီအမျှ ရပါစေဟု အဓိပ္ပာယ်ရှိ၏။
ကိုယ့်ကုသိုလ်ကို အကြောင်းပြု၍ သူတပါးကုသိုလ်စိတ်ဖြစ်အောင် ဝမ်းမြောက်အောင် ကုသိုလ်ရအောင် ပြုလုပ်ပေးခြင်း ဖြစ်၏။
မိမိက ကုသိုလ်မလုပ်ဘဲ အမျှမပေးနိုင်။


ပတ္တာနုမောဒနာ

သူများက ပေးလိုက်သော ကိုယ့်ဆီရောက်လာသည့် ကုသိုလ်ကို ဝမ်းမြောက်ခြင်း။
မြန်မာလို ... ကောင်းလေစွ ... ကောင်းလေစွ ... ကောင်းလေစွ .. သာဓု .. သာဓု ... သာဓု ခေါ်ဆို ဝမ်းမြောက်ခြင်း ဖြစ်၏။

အမျှပေးဝေရာ၌ ကွယ်လွန်သူများကို ရည်ရွယ်ပြီး အမည်ကို တိုက်ရိုက် ခေါ်ဆို ပေးဝေလျှင် ထိုသူများ သာဓုခေါ်နိုင်သော အခြေအနေ အချိန်အခါနှင့် တိုက်ဆိုင်နေပါက (ကံမကောင်း၍ ပြိတ္တာဘဝ ရောက်နေပါက) ကုသိုလ်ရပြီး ချက်ချင်း အကျိုးများ၏။

ဗိမ္ဗိသာရမင်းကြီး၏ ဆွေမျိုးများမှ ရှေးရှေး ဘုရားရှင်များလက်ထက်ကပင် ပြိတ္တာဘဝသို့ ရောက်ရှိနေကြပြီး၊ ဗိမ္ဗိသာရမင်းကြီးက အလှူပေး၍ အမျှပေးဝေသော အချိန်အခါ ကာလကျမှ ကုသိုလ်အမျှရခွင့် ကြုံကြိုက်၏။

အမျှပေးဝေခြင်းဖြင့် ကုသိုလ်တိုးကြောင်း အရှင်အနုရုဒ္ဓါအလောင်း အန္နဘာရသူဆင်းရဲကို ပစ္စေကဗုဒ္ဓါအရှင်မြတ်က မိမိဆီမီးတိုင်မှ မီးကို အများက ကူးညှိထွန်းယူခြင်းဖြင့် မိမိဆီမီးတိုင်မှာ အလင်းရောင် မလျော့သွားသည့်အပြင် အခြားဆီမီးတိုင်များကြောင့် ပိုမို ထွန်းလင်းလာကြောင်း ဥပမာပြု ဟောကြားတော်မူ၏။


ဓမ္မဿဝန

တရားနာခြင်း။
အပြစ်ကင်းသော အတတ်ကို သင်ယူခြင်း စသည်ကိုလည်း ဓမ္မဿဝနထဲ ထည့်နိုင်၏။


ဓမ္မဒေသနာ

လာဘ်လာဘကို မငဲ့ကွက်ဘဲ တရားဟောခြင်း။
အပြစ်ကင်းသော အတတ်ကို သင်ကြားပေးခြင်းကိုလည်း ထည့်နိုင်၏။


ဒိဋ္ဌိဇုကမ္မ

အယူကို ဖြောင့်မတ်စွာ ပြုခြင်း။ ကံ, ကံ၏အကျိုးကို ယုံကြည်ခြင်း။


ဒါန၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ပတ္တာနုမောဒနာ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ - ဆယ်မျိုးမှာ ပုည = ကောင်းမှု, ကြိယာ = ပြုခြင်း, ဝတ္ထု = တည်ရာ၊
ပုညကြိယဝတ္ထု ဆယ်ပါး = ကောင်းမှုပြုခြင်း၏တည်ရာ အကျင့် ဆယ်ပါး ဖြစ်၏။

ဤ ပုညကြိယဝတ္ထုဆယ်ပါးကို အကျဉ်းချုံးက ဒါန၊ သီလ၊ ဘာဝနာ သုံးမျိုးသာ ရ၏။
အပစာယနနှင့် ဝေယျာဝစ္စမှာ ကောင်းသော အလေ့အကျင့်ဖြစ်၍ သီလထဲ သွင်းရ၏။
ပတ္တိဒါန၊ ပတ္တာနုမောဒနာမှာ ဣဿာ, မစ္ဆရိယ - မနာလို ဝန်တိုမှု ကင်းမှ ဖြစ်၍ ဒါနထဲ သွင်းရ၏။
ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မတို့မှာ ကုသိုလ်ကို ပွားများစေကြောင်း ဖြစ်၍ ဘာဝနာထဲ သွင်းရ၏။

အလှူရေစက်ချသောအခါ ဘုန်းတော်ကြီးများက ဒါန, သီလ, ဘာဝနာ ကုသိုလ်စေတနာတို့ကြောင့် ... ဟု ချပေးလေ့ရှိခြင်းမှာ ပရိတ်တရားတော်ကို နာကြားခြင်း၊ တရားတော်ကို နာကြားခြင်းတို့မှာ ဘာဝနာထဲ အကျုံးဝင်သောကြောင့် ဖြစ်၏။

တစ်နည်းအားဖြင့် ဒိဋ္ဌိဇုကမ္မ - အယူဖြောင့်မှန်မှသာ ဒါန၊ သီလ၊ ဘာဝနာတို့ကို ပြုနိုင်မည်ဖြစ်ရာ လိုရာကို ညွှန်သည့် သင်္ဘောတစ်စီး၏ ပဲ့သဖွယ်ဖြစ်၍ ဒိဋ္ဌိဇုကမ္မကို ဒါန၊ သီလ၊ ဘာဝနာ သုံးမျိုးစလုံးမှာ သွင်းယူရ၏။

ကာမာဝစရကုသိုလ်ကံသည် -

* ကာယကံ၊ ဝစီကံ၊ မနောကံအားဖြင့် ၃-မျိုး
* ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရအားဖြင့် ၃-မျိုး
* ဒါန၊ သီလ၊ ဘာဝနာအားဖြင့် ၃-မျိုး
* ကာမာဝစရကုသိုလ်စိတ်နှင့်ယှဉ်သော စေတနာအားဖြင့် ၈-မျိုး
* ပုညကြိယဝတ္ထုအားဖြင့် ၁၀-မျိုး ဟု ဆိုနိုင်၏။


ကာမာဝစရကံများကို အကျဉ်းချုပ်သော် -

* အကုသိုလ်နှင့်ယှဉ်သော စေတနာ ၁၂
* ကုသိုလ်နှင့်ယှဉ်သော စေတနာ ၈ - စုစုပေါင်း ၂၀ ဖြစ်၏။


+++++

ရူပါဝစရကုသိုလ်ကံ

ရူပါဝစရကုသိုလ်ကံ ငါးပါး (ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်)နှင့် ယှဉ်သော စေတနာ ဖြစ်၏။
ရူပါဝစရကုသိုလ်ကံမှာ မနောဒွါရ - မနောကံသာ ရှိပြီး ကမ္မဋ္ဌာန်းတရား အားထုတ်မှသာ ရနိုင်၏။
အပ္ပနာ (ဈာန်၊ မဂ်၊ ဖိုလ်)သို့ ရောက်သော ဘာဝနာမနောကံ ဖြစ်၏။


အရူပါဝစရကုသိုလ်ကံ

အရူပါဝစရကုသိုလ်ကံ လေးပါး (အာကာသာနဉ္စာယတန၊ ဝိညာဏဉ္စာယတန၊ အာကိဉ္စညာယတန၊ နေဝသညာနာသညာယတန)နှင့် ယှဉ်သော စေတနာ ဖြစ်၏။
အပ္ပနာသို့ရောက်သော ဘာဝနာမနောကံ ဖြစ်၏။


+++++


ပဋိသန္ဓေအကျိုးပေး၊ ပဝတ္တိအကျိုးပေး

ပဋိသန္ဓေစိတ် ဖြစ်ပေါ်သော အခိုက်အတန့်၌ အကျိုးပေးကို ပဋိသန္ဓေအကျိုးပေး ဟု ခေါ်၏။
ပဋိသန္ဓေစိတ်ဖြစ်ပြီး ပထမဘဝင်စိတ်မှ သေသည်တိုင် အကျိုးပေးကို ပဝတ္တိအကျိုးပေး ဟု ခေါ်၏။


အကုသိုလ်ကံ

ဥဒ္ဓစ္စကြဉ်သော အကုသိုလ်ကံ ၁၁-ပါးသည် အပါယ်လေးဘုံတွင် ပဋိသန္ဓေအကျိုးပေး၏။ စိတ်အားဖြင့် အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ် ဖြစ်သည်။

ဥဒ္ဓစ္စအပါအဝင် အကုသိုလ်ကံ ၁၂-ပါးသည် ကာမာဝစရ ၁၁-ဘုံမှာ ပဝတ္တိအကျိုးကို ပေး၏။ အကုသလဝိပါက်စိတ် ၇-ပါးတို့ ဖြစ်၏။ ဥပမာ - မမြင်လိုသည်ကို မြင်ရခြင်း၊ မကြားလိုသည်ကို ကြားရခြင်း .. စသည်တို့မှာ အကုသိုလ်ကံတို့၏ အကျိုးပေး ဖြစ်၏။

ဃာန၊ ဇိဝှာ၊ ကာယ ကြဉ်သော အကုသလဝိပါက် ၄-ခုသည် အသညသတ်မပါသော ရူပဘုံ ၁၅-ဘုံတွင် ပဝတ္တိအကျိုးကို ပေးနိုင်၏။
ဗြဟ္မာများ လူ့ပြည်စသည်ကို ကြည့်၍ မမြင်ချင်သော အနိဋ္ဌာရုံမြင်ရခြင်း စသည် ဖြစ်နိုင်၏။


ကာမာဝစရကုသိုလ်ကံ

ကာမာဝစရကုသိုလ်ကံ ၈-ခုသည် ကာမသုဂတိ ၇-ဘုံ (လူ့ပြည်နှင့် နတ်ပြည် ၆-ထပ်)တွင် ပဋိသန္ဓေအကျိုးကို ပေး၏။
ကုသလဝိပါက် ဥပေက္ခာ သန္တီရဏနှင့် မဟာဝိပါက် ၈-ခုတို့ ဖြစ်၏။

ကာမာဝစရသုဂတိ ၇-ဘုံမှာ ပဝတ္တိအခါ၌ မဟာဝိပါက်စိတ် ၈-ခုနှင့် အဟိတ်ကုသလဝိပါက်စိတ် ၈-ခု၊ ပေါင်း ၁၆-ခုတို့ အကျိုးပေး၏။

အသညသတ်ကြဉ် ရူပါဝစရ ၁၅-ဘုံမှာ ဃာန၊ ဇိဝှာ၊ ကာယကြဉ် အဟိတ်ကုသလဝိပါက် ၅-ခုတို့ ပဝတ္တိအကျိုး ပေး၏။


တိဟိတ်ကုသိုလ်

တိဟိတ်ကုသိုလ်ဆိုသည်မှာ ကုသိုလ်ပြုသည့်အခါ ကံ,ကံ၏အကျိုးကို သိသည့်ဉာဏ်ပါသော ကုသိုလ်ဖြစ်၏။ ကာမာဝစရကုသိုလ် ၈-ပါးမှ ဉာဏသမ္ပယုတ် ၄-ပါး ဖြစ်၏။
ထို့ကြောင့် ရေစက်ချသောအခါ ဘုန်းတော်ကြီးများက ... ကံ,ကံ၏အကျိုးကို ယုံကြည်ကြကုန်သည် ဖြစ်၍ ... ဟု ချပေးခြင်း ဖြစ်၏။


ဒွိဟိတ်ကုသိုလ်

ကံ,ကံ၏အကျိုးကို သိမြင်သော ဉာဏ်မပါဘဲ အမှတ်တမဲ့ ပြုလုပ်သော ကံမျိုးဖြစ်၏။
ထို့ကြောင့် ကုသိုလ်ပြုရာတွင် ပေါ့ပေါ့ဆဆ အမှတ်တမဲ့ မပြုလုပ်ရန် အရေးကြီး၏။


ဥက္ကဌ်ကုသိုလ်

ကောင်းတာ မြင့်မြတ်တာကို ဥက္ကဌ်ဟု ခေါ်၏။
ကုသိုလ်မပြုမီအခါ၊ ပြုပြီးအခါ - ရှေ့နောက် ကုသိုလ်ခြံရံသော ကုသိုလ် ဖြစ်၏။
ထိုကုသိုလ်ကို ဥက္ကဌ်ကုသိုလ်-အမြတ်စားကုသိုလ်ဟု ခေါ်၏။

ကုသိုလ်ပြုရာတွင် စေတနာသုံးတန် ထက်သန် ပြဋ္ဌာန်း၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရန် အရေးကြီး၏။

ရေစက်ချသောအခါ ဘုန်းတော်ကြီးများက ... ဝမ်းမြောက်ဝမ်းသာ လှူဒါန်းကြပါကုန်၏ ... ဟု ချပေးခြင်း ဖြစ်၏။


သြမကကုသိုလ်

ရှေ့နောက် အကုသိုလ်ခြံရံသော ကုသိုလ်ကို သြမကကုသိုလ်-အညံ့စားကုသိုလ်ဟု ခေါ်၏။

+++++

ထို့ကြောင့် ကုသိုလ်ကောင်းမှုပြုရာတွင် ပြုလုပ်သော ကောင်းမှုကုသိုလ်၏ အကျိုးကို အပြည့်အဝ ရရှိရန် ဉာဏ်ပါသော အမြတ်စားကုသိုလ်ဖြစ်အောင် လေးလေးစားစား ဂရုတစိုက် ပြုလုပ်ရန် အထူး အရေးကြီး၏။

+++++

အဘိဓမ္မာသင်တန်းပို့ချချက် အပတ်စဉ် (၃၃) သင်ခန်းစာ ပြီးသော်၊ နာရီဝက်ခန့် အနားရကြပြီး၊ အပတ်စဉ် (၃၄) သင်ခန်းစာကို လေ့လာ သင်ယူကြရ၏။

ထိုနောက် လောကချမ်းသာ စနေနေ့ တရားပွဲကို အရှင်ဝဏ္ဏိတက “အဟောသုခံ နိဗ္ဗာနံ” တရားတော် အဆက်ကို အဆုံးသတ် ဟောကြား ဓမ္မဒါနပြု၏။



တရားပွဲပြီးသော် ၁၅-မိနစ်ခန့် လက်တွေ့တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Read more...

လူစုလူဝေးလိုက်ဖြစ်သောစိတ်ရောဂါကို စပ်စုခြင်း-၎






တာရန်တစ်ဇမ်(Tarantism)

ဆယ့်ခြောက်ရာစုနှင့် ဆယ်ခုနစ်ရာစုတွင် အီတလီတောင်ပိုင်းတွင် အလားတူ စိတ်ကြွအကရောဂါများ ဖြစ်ပွားသည်။ နစ်ကိုလတ်စ် ပါရော့တီ (Nicholas Perotti) က ဤစိတ်ကြွရောဂါသည် တာရန်တူလာ ဟုခေါ်သော ပင့်ကူအကိုက်ခံရ၍ ဖြစ်သည်ဟု အစောဆုံးအဆိုပြုသူဖြစ်သည်။ သို့ရာတွင် သူ၏အဆိုကို သက်သေပြဖို့ လျစ်လျူရှုခဲ့သည်ဟု ဒေါက်တာဟဲ့ခ်ကာက သုံးသပ်သည်။ မည်သို့ဆိုစေ ထိုခေတ်အခါကာလကမူ တာရန်တူလာ ပင့်ကူကိုက်ခြင်းကြောင့် ဖြစ်သည်ဟူသော အဆိုက အလွန်ခေတ်စားခဲ့ပြီး စိတ်ကြွအကရောဂါကို တာရန်တစ်ဇမ်ဟု ခေါ်ကြသည်။ ၁၉၉၇ ခုနှစ်တွင် ဒေါ်နယ်ဆန် (Donaldson), ကဗန်နာခ်ျ (Cavanagh) ရန်ကင်(Rankin)တို့က ကောက်ချက်ချသည်မှာမူ တာရန်တစ်ဇမ်ကို ဖြစ်စေသည့် အကြောင်းကို အတိအကျ မပြောနိုင်ဟူ၍ ဖြစ်လေသည်။

အလယ်ခေတ်၏ စိတ်ကြွအကရောဂါအပါအ၀င် အခြားသော လူစုလူဝေးစိတ်ရောဂါများ

(ဤခေါင်းစဉ်သည် ဘာသိုလိုမြူး၏ စာတမ်းကို အခြေခံပြီး ရေးသည်ဖြစ်ပြီး ကျမ်းကိုးများမှာလည်း သူ၏စာတမ်းတွင် ပြထားသည့်အတိုင်းသာ ဖြစ်သည်။)

နှစ်ဆယ်ရာစု မတိုင်မီအတွင်းက လူစုလူဝေးလိုက်ဖြစ်သော စိတ်ရောဂါများသည် ကာလကြာမြင့်စွာ ထိတွေ့ဆက်ဆံနေရသော ဘာသာရေးစည်းမျဉ်း စည်းကမ်းများ၊ ပညာရေးနှင့် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်သည်ဟု ဘာသိုလိုမြူးက (Bartholomew) ဆိုသည်။ ၁၅ နှင့် ၁၉ ရာစုအတွင်းတွင် ဥရောပရှိ အချို့ ကွန်ဗင့်ကျောင်းများတွင် အလွန်တင်းကျပ်သော ခရစ်ယာန်ဘာသာရေး စည်းမျဉ်းစည်းကမ်းများ ရှိနေခဲ့သည်။ ယင်းနှင့်အတူ စုန်းနှင့် မကောင်းဆိုးဝါးများအပေါ် ယုံကြည်မှုကလည်း ခေတ်စားနေသည်။ ထိုအခြေအနေအတွင်း ခရစ်ယာန် သီလရှင်အများအပြားသည် လူစုလူဝေးအလိုက် ဟစ်တီးရီးယား (mass hysteria) ဖြစ်ကြသည်ကို လေ့လာတွေ့ရှိရသည်။ ထိုခေတ်အခါကမူ ဟစ်တီးရီးယားဖြစ်သော သီလရှင်များကို မကောင်းဆိုးဝါး ဖမ်းစားသည်ဟု ယုံကြည်ခဲ့ကြသည်။ (mass psychogenic illness အား mass hysteria ဟူ၍လည်း ခေါ်ဝေါ်သုံးစွဲခဲ့သည်ကို အပိုင်း ၃ တွင် ဖော်ပြခဲ့သည်။)

ထိုသို့ဖြစ်ရပ်များမှာ တစ်ခါဖြစ်လျှင် လပေါင်းများစွာ ကြာမြင့်တတ်ပြီး နှစ်ပေါင်းများစွာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။ ဟစ်တီးရီးယားကြောင့် ဖြစ်သော အတက်ရောဂါများမှာ စည်းကမ်းအတင်းကျပ်ဆုံး အုပ်ချုပ်သူလက်ထက်တွင် ဖြစ်ပေါ်လေ့ရှိသည်။ ထိုသို့ဖြစ်လျှင် ဘုန်းတော်ကြီးများက မကောင်းဆိုးဝါးများ ပူးကပ်ခြင်းမှ အစွဲချွတ်လေ့ရှိပြီး သူတို့ မနှစ်သက်သော လူများကို ရှုံ့ချပြစ်တင်ခြင်းပြုပြီး လူအုပ်အတွင်းမှ ဆွဲထုတ်ကာ ထောင်သွင်းအကျဉ်းချထားခြင်း၊ လက်ဝါးကပ်တိုင်တွင် ချိတ်၍ မီးရှို့သတ်ဖြတ်ခြင်းများ ပြုလုပ်ကြသည်။ စုန်းအဖြစ် စွပ်စွဲရခြင်းမှာလည်း ဘာသာတရားတည်ငြိမ်မှုနှင့် တရားဥပဒေများ စိုးမိုးစေဖို့ အဓိက ကျသည်။

ပုန်ကန်ထကြွသော သီလရှင်များမှာ ဖရုဿဝါစာ စကားများနှင့် မရိုမသေ ပြောဆိုကြလျက် ညစ်ညမ်းသောအပြုအမူများကို ပြုလုပ်ကြသည်။ (Calmeil,1845; Garnier,1895;Loredan,1912). ပရိသတ်အများအပြားသည် ထိုအစွဲချွတ်ပွဲများသို့ မကြာခဏသွားရောက်ကြည့်ရှုကြသည်။

ထိုကဲ့သို့ လူစုလူဝေး စိတ်ရောဂါများကို အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုး ကွန်ဗင့်ကျောင်းတစ်ကျောင်းတွင် ၁၈၈၀ ၌ ဖြစ်ပွားခဲ့သော မှတ်တမ်းရှိသည်။

မကောင်းဆိုးဝါးပူးကပ်သည်ဟု ယူဆကာ မှတ်တမ်းတင်ထားသော အရေအတွက်နှင့် ရှင်းလင်းထားသော စာအုပ်စာတမ်းများကား အထူးများပြားလှသည်။ ပြင်သစ်နိုင်ငံ လူဒွန် (Loudun) မြို့တွင် ၁၆၃၂ နှင့် ၁၆၃၄တွင် ဖာသာအာဘီယန်ဂရန်ဘီယာ (Urbian Grandier) သည် ကွန်ဗင့်ကျောင်းတစ်ကျောင်းလုံးကို ဟစ်တီးရီးယားအတက်ရောဂါ (hysterical fits) ဖြစ်အောင် ပြုစားခဲ့ပါဟု ယုံကြည်စွပ်စွဲခြင်းခံရသဖြင့် မီးရှို့သတ်ဖြတ်ခြင်း ခံရသည်။ (Huxley, 1952; de Certeau, 1970)ရှားရှားပါးပါးအနေနှင့် သီလရှင်များကို စုန်းအတတ်နှင့် ပြုစားသည်ဟု ယုံကြည်ကြသဖြင့် သတ်ဖြတ်ခဲ့သည်များ ရှိသည်။

လူစုလူဝေး စိတ်ရောဂါဖြစ်ပွားခဲ့သည့် မှတ်တမ်းများနှင့် ပတ်သက်၍ စပ်စုမိသမျှကို ဘာသိုလိုမြူး၏ စာတမ်းကို အခြေခံ၍ ဖော်ပြပါမည်။ ၁၇၉၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ ၀ုဇ်ဘာ့ဂ် (Würzburg)ရှိ အန်တာဇဲလ် ကွန်ဗင့် (Unterzell convent)ကျောင်းတွင် ဖြစ်ပွားခဲ့သည်။ ကွန်ဗင့်ကျောင်းများတွင် ဖြစ်ပွားသော ဖြစ်ရပ်များကို မှတ်တမ်းတင်ထားသည်မှာ ၁၅၂၆ တွင် လိုင်ယွန်စ် (Lyons) ၌၊ ၁၅၅၀ တွင် ၀ါတက် (Wertet) ၌၊ ၁၅၅၂ တွင် ကင်တော့ပ် ( Kintorp)၁၅၆၀တွင် ကိုလော့ဂ်နီ (Cologne) နှင့် ဖလန်ဒါစ် (Flanders) ၌၊ ၁၅၇၇ တွင် အော်ဒါဟိမ်း (Oderheim) ၌၊ ၁၅၈၅ တွင် မွန်းစ်၌ (Mons၊ ၁၅၉၀ တွင် မီလန်၌ (Milan)၊ ၁၆၀၉ တွင် အိပ်စ် (Aix) ၌၊ ၁၆၁၃ တွင် လစ်လီ၌ (Lille)၊ ၁၆၈၂ တွင် မက်ဒရစ် (Madrid)၌၊ ၁၆၄၀ တွင် ချီနွန် (Chinon) ၌၊ ၁၆၄၂ တွင် လဗ်ဘီယာ (Louviers) ၌၊ ၁၆၆၂ တွင် အောက်ဆွန်နီ (Auxonne) ၌၊ ၁၆၈၁ တွင် တူလောက်စ် (Toulouse)၌ ဖြစ်ပွားခဲ့သည်ဟူသော မှတ်တမ်းများ ရှိသည်။ (http://bjp.rcpsych.org/cgi/content/full/180/4/300)

၁၄၉၁ တွင် ပြင်သစ်နိုင်ငံ ကမ်ဘရိုင် (Cambrai) တွင် သီလရှင်အုပ်စုတစ်စုသည် ၀က်ရူးပြန်တက်ချက်ခြင်းများဖြစ်ပြီး ခွေးဟောင်သလို အသံများပြုခြင်း၊ ရှေ့ဖြစ်များကို ဟောရွတ်ခြင်းများ ဖြစ်ခဲ့သည်။ စပိန်နိုင်ငံ ဇန်တီ (Xante) တွင် ၁၅၆၀ တွင် သီလရှင်များသည် သိုးအော်သံများပြုကြ၊ ၀တ်ရုံများကို ဆွဲဖြဲကြ၊ ၀က်ရူးပြန်တက်ချက်ခြင်းများ ဖြစ်ကြသည်။ ((Robbins, 1966: p. 393)

ဤတွင် အလယ်ခေတ်နှင့် သက်ဆိုင်ရာ အပိုင်းများကို စပ်စုခြင်းအား အဆုံးသတ်၍ ကျန်ရှိနေသေးသော ဖြစ်ရပ်များကို ၁၈ရာစုမှ ၂၀ ရာစုထိတစ်ပိုင်း၊ ၂၁ ရာစုမှ နှောင်းပိုင်းခေတ်အထိ တစ်ပိုင်း နှစ်ပိုင်းခွဲ၍ တင်ပြသွားမည် ဖြစ်သည်။ လူစုလူဝေး စိတ်ရောဂါနှင့် ပတ်သက်သော ဖြစ်ရပ်များကို စိတ်ပညာနှင့် စိတ်ကျန်းမာရေး ရှုထောင့်မှ စပ်စုခြင်းကိုလည်း အကျဉ်းချုပ်၍ ဖော်ပြတတ်သ၍ ဖော်ပြမည် ဖြစ်ပါသည်။


ဆက်ပါဦးမည်..

စာညွှန်း


1.Wikipedia

2.Epidemics of the middle Ages By I.F.C. Hecker,M.D

3.REVIEW ARTICLE

Protean nature of mass sociogenic illness

From possessed nuns to chemical and biological terrorism fears

ROBERT E. BARTHOLOMEW, PhD

Read more...

မေလ ၂၈ ရက်နေ့တရားအစီအစဉ်များ..

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ နံနက် ၁၀း၃၀ နာရီအထိ...
ဆရာတော် ဦးကောဝိဒ ဟောကြားတော်မူအပ်သော
၁) ဘယ်သူအဓိကလဲ (၁)
၂) ဘယ်သူအဓိကလဲ (၂)
၃) ဘ၀အမောပြေ (၁)
၎) ဘ၀အမောပြေ (၂)
၅) ရန်သူများ တရားတော်များကို လွှင့်ကြားပေးသွားပါမည်။

မြန်မာစံတော်ချိန် နံနက် ၁၀း၃၀ နာရီမှ ညနေ ၁၇း၀၀ နာရီအထိ...
ဆက်လက်ဖော်ပြပေးသွားပါမည်။

မြန်မာစံတော်ချိန် ညနေ ၁၇း၀၀ နာရီမှ ည၂၄း၀၀ နာရီအထိ...
ဆက်လက်ဖော်ပြပေးသွားပါမည်။

Read more...

ကျေရာကျေကြောင်း

လပြည့်နေ့…လသာတဲ့လပြည့်နေ့ပေါ့၊ ဟ… လပြည့်နေ့ပဲ လသာမှပေါ့လို့ ပြောရင်တော့ လမသာခဲ့တဲ့ လပြည့်ညတွေကို အမှတ်ရပေးစေချင်ပါတယ်၊ လပြည့်နေ့တိုင်း လသာခဲ့တာမှမဟုတ်ပဲလေ၊ အဲလိုပဲ ဘ၀ဆိုတာလဲ ပုံသေကားချပ်မှမဟုတ်တာ ၊မြင့်လိုက်နိမ့်လိုက် သွားလိုက်ပြန်လိုက်၊ပူလိုက်အေးလိုက် ၊ဆင်းရဲချမ်းသာ တလှည့်စီဖြစ်နေတာလို့ လူတိုင်းသိတယ်၊ သိသမှသိပ်သိ၊ဒါပေမဲ့ ဒဏ်တွေကိုတော့မခံနိုင်ကြဘူး
တချို့က ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး၊ တချို့က ချမ်းသာတဲ့ဒဏ်ကိုမခံနိုင်ဘူး၊ အမြင့်ဆုံးကလူ အောက်ဆုံးကို ရောက်ရင် ရူးတော့တာပဲ အနိမ့်ဆုံးကလူတွေ အမြင့်ဆုံးရောက်ရင် မေ့ကြတာပဲ၊ ဒါပေမဲ့ ဘယ်သူပဲဖြစ်ဖြစ် လောကနဲ့မကင်းကြသူတိုင်းမှာ၊ လူဆိုပြီးတော့ အမည်နာမခေါ်ဝေါ်သမုတ်နေကြသူတိုင်းမှာ ကျေးဇူးတရားတွေနဲ့ ကင်းပြီးနေကြရတဲ့သူမရှိ ရှေးကလည်းမရှိ ယခုလည်းမရှိ နောင်လည်းမရှိ ၊ကျေးဇူးတရားနဲ့ ကင်းကြသူတွေမရှိကြပေမဲ့ ကျေးဇူးကန်းကြသူများကတော့ အတိတ် ပစ္စုပန် အနာဂတ် ကာလသုံးပါးစလုံးမှာတော့ ရှိနေကြတာပါပဲလေ။

ကျေးဇူးရှိခဲ့ဖူးသူများကို ကျေးဇူးဆပ်ချင်ပေမဲ့ မဆပ်နိုင်သေးတဲ့ သူများအတွက်စကားလက်ဆောင်ပေးချင်တဲ့စိတ်နဲ့ ဒီစာကိုရေးဖြစ်တယ်ဆိုပါတော့၊ အခုတလော ကျနော်ကိုယ်တိုင် လောကဒဏ်လှိုင်းတွေကြားမှာ အားတင်းကူးခပ်နေရတာကြာပါပြီ ၊ဒါပေမဲ့ငြီးနေလို့ဘာထူးမှာလဲ ကိုယ့်ဝန်ကိုယ်ထမ်းနေကြရတဲ့ လူတွေချင်းကိုယ်စီ အခက်ခဲတွေကိုကူညီပေးခဲ့ကြတဲ့ လူအဖြူရောင်တွေရှိလာတယ်၊ ဘယ်တော့မှ သူတပါးအကူအညီကို မယူဘူးလို့ဆုံးဖြတ်ထားတဲ့ကျနော် မယူမနေရအခြေနေတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ၊ ရှက်အားငယ်စွာနဲ့ပဲ လက်ခံနေခဲ့ရတယ်၊ ပြီးတော့ ကိုယ့်ဘာသာကိုယ်တွေးမိတာက ငါအစွမ်းစမဲ့ပြီလားဆိုတာပဲ၊တဘက်ကလည်း ပြန်တွေးမိတယ် ဒီကျေးဇူးတွေအတွက် ငါဘာပြန်လုပ်ပေးနိုင်မလဲပေါ့၊ စိတ်ချ..ကူညီတဲ့သူဘက်က ဘာကိုမှမမျှော်လင့်၊ တုံ့ပြန်မှုကိုမျှော်ပြီးကျေးဇူးပြုခြင်းမဟုတ်၊ ဒါကိုသိတော့ကျနော်ပိုရှက်လာတယ်၊ ငါဘာလုပ်ပေးနိုင်မလဲ? တွေးတယ်..တွေးပြီးနေမိတယ်၊ စားဖို့တောင်မှ အနိုင်နိုင်ဖြစ်နေတဲ့ကျနော့် အခြေနေက ဘာမှလုပ်မပေးနိုင်။

အဆင်ပြေလား၊ခလေးကော ကျောင်းအပ်ပြီးလား၊ မပြေရင်ပြော၊ လို့ဆိုလာတော့ပိုအရှက်ရသလို ပျောက်ဆုံးနေတဲ့မေတ္တာတရားကိုပြန်တွေ့လိုက်ရသလိုပဲ၊ ကျနော်အခက်ခဲဖြစ်မှ ရဟန်းလည်းမနေရ၊လူလည်းမနေနိုင်ဆိုသလိုပဲ၊

လူအမှုကဘုန်းကြီးပတ်ဖြစ်ရပုံက တောရဆရာတော်ကြီးပင်မနေနိုင်ဖြစ်ရတယ်၊ဒီကြားထဲ..ဟိုအခက်ဒီအခက်တွေကများ၊ထားတော့လေ၊ ဘယ်လိုပဲဖြစ်ဖြစ်ရှက်ရှက်နဲ့ရေးတဲ့စာပေါ့ဗျာ၊ ဦးဥပသကာ အိမ်စရိတ်လောက်လား အလုပ်ကကကောဘယ်လိုလဲ? ဘာလုပ်ပေးရမလဲလို့ ထပ်မေးလာတော့၊ ကျနော့်အဖြေက ပြေပါတယ်ပေါ့၊ မပြေလည်းပြေရမယ်၊ ကျနော့် ဘက်က ဘာတခုမျှ အကောင်းမလုပ်ပေးဖူးခဲ့ပေမဲ့ သူ့ဘက်ကချည်းဆိုတော့ တဖြည်းဖြည်းနဲ့ လူယုတ်မာစာရင်းဝင်နိုင်တယ်၊

ဘာပြန်လုပ်ပေးနိုင်မလဲ? တွေးရင်း…တန်ခူးလပြည့်နေ့မတိုင်ခင်တစ်နေ့မှာပေါ့ဗျာ။

အမေ့ကိုဆေးခန်း အမှတ်201 မှာတင်ထားဆဲ ကျနော်ပဲလူစောင့်၊ကျနော်ပဲထမင်းချက်၊ ကျနော်ပဲရှာသင့်တာရှာ
ဇာတ်ရုပ်များနဲ့နေတဲ့နေ့၊ အမေအိပ်နေတော့ မဟာဗုဒ္ဓ၀င်ကြီးကိုဖတ်ရင်း ..ဖတ်နေတာကဖွားတော်မူခန်း ..သတိရမိတာက..မယ်တော်မိနတ်သားကို မြတ်စွာဘုရားကျေးဇူးဆပ်တဲ့ဖြစ်စဉ်တော်၊သီတင်းကျွှတ်လပြည့်နေ့ လူ့ပြည်ဆင်း…..

အာ…ဟုတ်ပြီ..ဒါလောလောဆယ်ငါနိုင်တဲ့နည်း..လပြည့်နေ့တိုင်းဘုရားသွား…သန့်ရှင်းရေးကိုသေချာလုပ်၊ ကျေးဇူးရှင်တွေကိုအာရုံပြု ပဋ္ဌာန်းရွှတ်..။ ဘယ်နှစ်ခေါက်ဆိုတော့၊ အချိန်ရရင်၊ငါးခေါက် အချိန်မရရင်းသုံးခေါက်
ပြီးတော့ ကိုယ့်အပေါ်ကျေးဇူးပြုခဲ့တဲ့သူတွေကိုသေချာအမျှဝေ၊ သစ္စာပြု၊ အနည်းဆုံးကျေးဇူးရှင်တွေ အန္တာရာယ်ကင်းလိမ့်မယ်၊ လို့တွေးမိရင်း..ကျနော်လုပ်ဖြစ်တယ်။

ကနေ့လည်း..နယုန်လပြည့်နေ့၊ မဟာသမယနေ့ပေါ့လေ၊၊ နဂါးရစ်တောင်ဘုရားကိသွားပြီး ကျေးဇူးရှင်မွေးမိခင်ကြီးနဲ့တကွ..ကျေးဇူးပြုဖူသူအပေါင်းတို့၏ ဂုဏ်ကျေိးဇူးကိုမှန်းပဋ္ဌန်းရွတ် ပြီးတော့မှ ကိုယ့်ကိုတစ်ဆုပ်၊ တစ်လုပ်၊ ပေးကမ်းချီးမြှေက်ထောင်ပံ့ပေးသူ၊ တကြောင်း တစ်ဂါထာ၊စာတစ်လုံးမျှသွန်သင်ပေးသူများ အတွက်တစ်ခေါက်၊

ပြီးတော့ကမ္ဘာမြေကြီးနဲ့ နေမင်းလမင်း မိုးမင်း..တို့ကိုရည်စူးပြီးသံသရာအစဉ်ဆက်ကျေးဇူးပြုခဲ့ပြီးသူများအတွက် တစ်ခေါက်။

နေက်ပြီးတော့ ကိုယ့်ကိုကူညီနေတဲ့ ကျေးဇူးရှင် (နာမယ်) သို့ (နာမယ်များ) ကိုတစ်ဦးချင်းခေါ် ပုံပေါ်အောင်ကြည့်

မောင်းထောင်ဆရာတော်ကြီး မေတ္တာပို့သလိုပေါ့ အလင်းဝန်းထဲထဲ့ပြီးပဋ္ဌန်းပစ္စယနိဒ္ဒေသကို ဖြည်းဖြည်းချင်းရွတ်။

မေတ္တာပို့။

ဒီဗကျးဇူးတွေကိုဆင်ခြင် အောက်မေ့နှလုံးသွင်းနေမိတယ်လေ။

အခုအချိန်မှာတော့ ကျန်ာလုပ်နိုင်တာလေးနဲ့ပဲ ကျေးဇူးဆပ်နေမိတာပါ၊ ဒီထက်မက လုပ်နိုင်သူများဒီထက်ပိုပြီးကျေးဇူးတရားကို ဆပ်နိုင်ကြပါစေလို့ ရိုးသားစွာဆိုရင်း။

ငြိမ်းချမ်းကြပါစေ။

ဥပသကာ။

Read more...

ငယ်သာငယ် .....

Wednesday, 26 May 2010 21:35 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

ဗုဒ္ဓသာသနာတော်ဟာ ကမ္ဘာသူ ကမ္ဘာသားတွေအတွက် မွန်မြတ်ပြီး၊ ရခဲတဲ့ ပဏ္ဏာတစ်ခု ဖြစ်ပါတယ်။ ကရုဏာနဲ့ ပညာကို အခြေခံထားပြီး လောက အကျိုးစီးပွားအတွက် တည်ဆောက် ထားတာမို့ လူသားတွေနဲ့ အံဝင်ခွင်ကျ အဖြစ်ဆုံး ဘာသာတရား တစ်ခုလည်း ဖြစ်ပါတယ်။

ဗုဒ္ဓသာသနာတော်ရဲ့ အနှစ်သာရ အထည်ကိုယ်ဟာ သစ္စာလေးပါးဖြစ်ပြီး ရည်မှန်းချက် ပန်းတိုင်က နိဗ္ဗာန်ဖြစ်ပါတယ်။ အကျင့်လမ်းစဉ်က မဂ္ဂင်ရှစ်ပါးဖြစ်ပြီး လက်စွဲတရားကတော့ ဗြဟ္မစိုရ် လေးပါးဖြစ်ပါတယ်။ သိက္ခာသုံးဖြာ၊ သာသနာတော်သုံးရပ် ပိဋကသုံးပုံ၊ နိကာယ်ငါးရပ် ဓမ္မက္ခန္ဓာ ပေါင်း ရှစ်သောင်း လေးထောင်ရှိတဲ့ ဗုဒ္ဓသာသနာတော်ရဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာဟာ အံ့ဖွယ်ရှစ်ဖြာနဲ့ ပြည့်စုံတဲ့ မဟာသမုဒ္ဒရာကြီးတစ်ခုလိုပါ။

စ-လယ်-ဆုံး ကောင်းခြင်းသုံးပါးနဲ့ ပြည့်စုံတဲ့ သာသနာတော်ဟာ ဖွဲ့စည်းပုံမှာလည်း စည်းကမ်း၊ နည်းလမ်း၊ သဘောတရား သုံးပိုင်းလုံး ပြည့်စုံကြွယ်ဝစွာ ပါရှိပါတယ်။ စည်းကမ်းပိုင်း ဖြစ်တဲ့ ၀ိနယ ပိဋကဟာ သာသနာတော်ရဲ့ အသက်ဖြစ်ပါတယ်။ နည်းလမ်းပိုင်းဖြစ်တဲ့ သုတ္တန္တ ပိဋကဟာ သာနာတော်ရဲ့ အလှဖြစ်ပါတယ်။ သဘောတရားပိုင်းဖြစ်တဲ့ အဘိဓမ္မပိဋကဟာ သာနာတော်ရဲ့ အနှစ်သာရဖြစ်ပါယ်။ အသက်- အလှ-အနှစ်သာရ တွေနဲ့ ပြည့်စုံ ကြွယ်ဝတဲ့ သာသနာတော်ဟာ ယဉ်ကျေးသိမ်မွေ့ပြီး လွန်စွာမှ အထက်တန်းကျ မြင့်မြတ်လှပါတယ်။

ဗုဒ္ဓသာသနာတော်ရဲ့ အထက်တန်းကျ မြင့်မြတ်လှမှုကို ဗုဒ္ဓသာသနာတော်ဟာ အသွင် သဏ္ဍာန်ရော၊ အနှစ်သာရပါ နှစ်ဖက်လှတဲ့ ဘာသာ တရားတစ်ခု ဖြစ်ပါတယ်။ စည်းကမ်းရှိမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ ကိုယ်ချင်းစာနာ မေတ္တာထားမှု၊ သတိဉာဏ်ယှဉ်တတ်မှု စတာတွေဟာ ဗုဒ္ဓသာသနာ တော်ရဲ့ လှပတဲ့ အသင်သဏ္ဌာန်တွေ ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဟာ “သန့်ရှင်း သပ်ရပ်မှုနဲ့ တိတ်ဆိတ်ငြိမ်သက်မှု”ကို လွန်စွာ လိုလား မြတ်နိုးတော်မူ ပါတယ်။ လိုလား မြတ်နိုး တော်မူတဲ့အတိုင်း “ဘုရားရှင်တို့ မည်သည် တိတ်ဆိတ် ငြိမ်သက်တဲ့ နေရာမှာသာ မွေ့ လျော်မြဲဖြစ်တယ်”လို့ မကြာခဏ မိန့်တော်မူပါတယ်။

တစ်ကြိမ်မှာ လက်ယာရံ အဂ္ဂသာဝကဖြစ်တဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်တိုင် သန့်ရှင်း မှုနဲ့ ပတ်သက်လို့ ဘုရားရှင်ရဲ့ သတိပေး ဆုံးမမှုကို ခံရပါသေးတယ်၊ နောက်ပြီး “၀ိနည်းအစ၊ တံမြက်လှည်းမှုက” လို့ ဆိုရိုးရှိတဲ့အတိုင်း ကုဋေကိုးထောင်ကျော် စည်းမျဉ်း ဥပဒေတွေ ပါရှိတဲ့ ၀ိနည်းပိဋကရဲ့ နိဒါန်းကိုလည်း တံမြက်လှည်းမှု ကျင့်ဝတ်နဲ့ စတင် ထားရှိတော်မူခဲ့ပါတယ်။

ကျောင်းတော်တွင်းမှာ ဆူညံသံပြုကြတဲ့ ရဟန်းငယ်၊ ရှင်ငယ်တွေကိုလည်း “ငါးစိမ်းသည်တွေ ရန်ဖြစ်သလိုပဲ”လို့ ရှုတ်ချတော်မူကာ နှင်ထုတ်စေခဲ့ ပါတယ်။ ရဟန်းတော်များ စုဝေးရာမှာလည်း ပြောကြားလိုရင် တရားစကားကိုသာ တိုးတိတ်ငြင်သာစွာ ပြောဆိုနိုင်ပြီး၊ မပြောကြားလိုရင် တိတ်ဆိတ် ငြိမ်သက်စွာ ထိုင်နေရမယ်လို့ ညွှန်ကြားတော်မူခဲ့ပါတယ်။

ဒါကြောင့် “သန့်ရှင်း သပ်ရပ်မှုနဲ့ တိတ်ဆိတ် ငြိမ်သက်မှု” တွေဟာ အထက်တန်းကျ မြင့်မြတ် လှတဲ့ ဗုဒ္ဓသာသနာတော်ကြီးရဲ့ ကောင်းမြတ်တဲ့ ဂုဏ်အင်္ဂါတွေ ဖြစ်တယ်ဆိုတာ သတိပြု ထိမ်းသိမ်းကြရမှာပါ။ ယခုအခါမှာတော့ သာသနာတော်ရဲ့ မြင့်မြတ်တဲ့ ဒီဂုဏ် ကျက်သရေ တွေဟာ တစ်စ တစ်စ ဆုတ်ယုတ် လျော့ပါးလာရုံမျှမက မယဉ်ကျေးကြတဲ့ အောက်တန်းစား ဘာသာဝင် တချို့ကြောင့် လုံးဝပျက်စီးနေကြပါပြီ။ မွန်မြတ်တဲ့ အနှစ်သာရ တွေကြောင့် ဗုဒ္ဓသာသနာတော်ကို မြတ်နိုးတန်ဖိုးထား၊ စိတ်ဝင်စားကြတဲ့ နိုင်ငံခြားသားတွေဟာ ဗရုတ်သုတ်ခ၊ ပရမ်းပတာ၊ ၀ရုန်းသုန်းကား ဖြစ်နေကြတဲ့ ဘာသာရေး အခမ်းအနား တချို့ကို ကြည့်ပြီး စိတ်ပျက် အထင်သေး သွားတတ်ကြပါတယ်။

စည်းကမ်းကြီးတဲ့ ဗုဒ္ဓသာသနာတော်ကို ကိုးကွယ် ယုံကြည်သူတွေဟာ စည်းကမ်းရှိသင့်ကြ ပါတယ်။ ယဉ်ကျေး သိမ်မွေ့တဲ့ ဗုဒ္ဓသာသနာ တော်တော်ကို မှီခိုနေကြသူတွေဟာ ယဉ်ကျေးသိမ် မွေ့သင့်ကြပါတယ်။ အထက်တန်းကျ မြင့်မြတ်လှတဲ့ ဗုဒ္ဓသာသနာတော်ကို ယုံကြည်သက်ဝင် ကြသူတွေဟာ အထက်တန်းကျ မြင့်မြတ်သင့်လှပါတယ်။ ဒီအကြောင်းနဲ့ ဆက်နွယ်ပြီး ပုံပြင် ကလေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။

ငယ်သာငယ် တယ်တွယ်တဲ့ဘုရား

တစ်ခါတုန်းက အထက်အညာမှာ “သာစည်”ဆိုတဲ့ ကျေးရွာတစ်ရွာ ရှိခဲ့ဖူးတယ်။ အိမ်ခြေ (၃၀၀)လောက်ရှိတဲ့ အဲဒီရွာမှာ ကိုးကွယ်စရာ စေတီ ပုထိုး မရှိသေးဘူးတဲ့။ တစ်နေ့တော့ ရွာဦး ကျောင်း ဆရာတော်ဟာ အိပ်မက်အရ ဆိုပြီး ကျောင်းဝင်းထဲမှာ ရွာသူရွာသူးတွေ ကိုးကွယ်ဖို့ရာ စေတီငယ်တစ်ဆု တည်တော်မူပါတယ်။ ဆရာတော်ဟာ ဘယ်ဒကာ၊ ဒကာမထံမှ အလှူမခံဘဲ ကိုယ်ပိုင် န၀ကမ္မနဲ့ တည်တော်မူတာမို့ ကိုးတောင်ပြည့်ရုံပဲ ရှိသတဲ့။

စေတီတော်တည်ပြီးသွားတဲ့အခါ ထီးတော်တင်ပွဲ ကျင်းပဖို့ရန် ရွာလူကြီးတွေကိုခေါ်ပြီး ဆွေးနွေး တိုင်ပင်ပါတယ်။ ရွာလူကြီးတွေကလည်း ရွာမှာ ကိုးကွယ်ဖို့ရာ စေတီတော်တစ်ဆူ အခုလိုဖြစ်တော်မူလာတာကို ၀မ်းသာအားရ ဖြစ်ကြတာမို့ ထီးတင်ပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ အလှူငွေများ ကောက်ခံ ပေးမှာဖြစ်ကြောင်း လျောက်ထားကြပါတယ်။ အဲဒီအချိန် မန္တလေးမှာ စာလိုက်နေတဲ့ အာဂန္တု ဦးပဉ္စင်းတစ်ပါးလည်း ရွာဦးကျောင်းမှာ ရောက်ရှိ နေတာမို့ ဆရာတော်က “ထီးတော်တင်ပွဲ စည်ကားအောင် ဘယ်လိုကျင်းပရရင် ကောင်းမလဲ လို့” အကြံဉာဏ် တောင်းခံပါတယ်။

အဲဒီအခါ ဦးပဉ္စင်းက “ဘုရားရှင်ကို ပူဇော်ရာမှာ အာမိသပူဇာလို့ခေါ်တဲ့ ပစ္စည်းဝတ္ထုနဲ့ ပူဖော်တာထက် ဓမ္မပူဇာလို့ခေါ်တဲ့ တရားနဲ့ ပူဇော်တာက ပိုမိုကောင်းမြတ်ပြီး ဘုရားရှင်လည်း နှစ်သက်တော်မူတာမို့ ဓမ္မစကြာ၊ ပဋ္ဌာန်းစတဲ့ တရားများနဲ့ ရွတ်ဖတ်ပူဇော်ခြင်း၊ နိုင်ငံကျော် ဓမ္မကထိကများကို ပင့်ဖိတ်ပြီး ညတရားပွဲများ ကျင်းပ ပူဇော်ခြင်းတွေကို ဆောင်ရွက်သင့် ကြောင်း” အကြံပေးတော်မူပါတယ်။ ဒါပေမယ့် ဆရာတော်နဲ့ ရွာလူကြီးတွေက “တရားပွဲဆိုရင် လူစည်းကားမှာ မဟုတ်”လို့ အကြောင်းပြပြီး ဦးပဉ္စင်းရဲ့ အကြံပေးချက်ကို ငြိင်းပယ်ကြပါတယ်။

နောက်ဆုံး အများဆန္ဒအရဆိုပြီး ဇာတ်ပွဲထည့်ရန် ဆုံးဖြတ်ကြပါတယ်။ နာမည်ကြီး ဇာတ်ပွဲကို မန္တလေးမြို့ အထိတက်ပြီး ငှားရမ်းကြတာမို့ ငွေတွေ သိန်းနဲ့ချီပြီး ကုန်ပါတယ်။ ထီးတင်ပွဲ မကျင်းပမီ ရက်တစ်ပတ်လောက် ကတည်းက စေတီတော်နဲ့ မလှမ်းမကမ်း ကွင်းပြင် ကျယ်ထဲမှာ ဇာတ်စင်ကြီးကို ဟည်းနေအောင် ဆောက်းကြတာမို့ ဘုရားက ငယ်ငယ် ဇာတ်စင်က ကြီးကြီး ဖြစ်နေတာပေါ့။ ထီးတင်ပွဲနေ့ ရောက်တဲ့အခါ မနက်စောစောမှာပဲ ရွှေထီးတော်ကို တင်လှူကြပါတယ်။ ပင့်သံဃာတော်(၁၀)ပါးနဲ့ ရွာလူကြီးတွေသာ ပါဝင်ကြတာမို့ သိပ်စည်စည် ကားကားကြီး မဖြစ်သေးပါဘူး

ဒါပေမယ့် ညနေခင်းမှာတော့ ရွာနီးချုပ်စပ်က ဧည်းသည်တွေရော ရွာထဲရှိ လူပျို၊ အပျို ကာလသား အဘိုးကြီး အမယ်အိုပါမကျန် ထွက်လာကြတာမို့ ဇာတ်စင်ရှေ့မှာ စည်ကားနေတဲ့ လူအုပ်ကြီးဟာ တိုးမပေါက်အောင် စည်ကားသတဲ့။ အဲဒီအချိန် ကျောင်းဝန်းထဲမှာ တည်ထားတဲ့ ကိုးတောင်ပြည့် စေတီတော်ကလေး နံဘေးမှာတော့ လုပ်လီလုပ်လဲ့ လင်းနေတဲ့ ဖယောင်းတိုင် လေး တစ်တိုင် နှစ်တိုင်ကလွဲလို့ လူတစ်ယောက်မျှ မရှိပါဘူး။

အဲဒီလိုနဲ့ နာမည်ကြီး ဇာတ်ပွဲကြီး ကပြ အသုံးတော်ခံတာ တစ်နာရီလောက်သာ ရှိသေးတဲ့ အချိန်မှာ ရွာခံလူတွေနဲ့ တခြားရွာကလူတွေဟာ ပွဲခင်းထဲမှာ နေရာလုရာကနေ ရန်ဖြစ်ကြလို့ ရိုက်ပွဲဖြစ်ကြသတဲ့။ တစ်ဦးနဲ့တစ်ဦး တွေ့ကရာ သစ်သားချောင်း၊ အုတ်ခဲတွေနဲ့ ပစ်ပေါက် ရိုက်နှက်ကြတာမို့ ခေါင်းကွဲသူကွဲ၊ အလဲလဲ အပြိုပြိုနဲ့ လူသုံးဆယ်လောက် ဒဏ်ရာရ ကြတယ်။ အဲဒီ လူတွေကို ရာလူကြီးက ဖမ်းခေါ်သွားပြီး ရဲဌာနမှာ အမှုတိုင်ချက်ဖွင့်ရတယ်။ ရဟန်းငယ်တွေနဲ့ လုံခြုံရေး တာဝန်ရှိသူတွေဟာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့ ပွဲခင်းရှိ လူအုပ်ကို ငြိမ်ငြိမ် ဆိမ်ဆိမ် ဖြစ်အောင် မနည်းထိန်း ကြရတယ်။

အဲဒီ အခြင်းအရာတွေကို ပွဲခင်းထဲ လမ်းလျှောက်လာတဲ့ မန္တလေးက ဦးပဉ္စင်းက တွေ့မြင် သွားတဲ့အခါ “ အင်း.. ငါအကြံပေး သလိုသာ တရားနဲ့ ပူဇော်ကြရင် အခုလို ဖြစ်ကြမှာ မဟုတ်ဘူး။ အခုတော့ ဘုရားကို မတရားနဲ့ ပူဇော်ကြလို့ မဟုတ်မဟတ်တွေ ဖြစ်ကုန်ကြပြီ။ တကယ်တော့ လူတွေဟာ ထီးတင်ပွဲ၊ ဘာပွဲ၊ ညာပွဲတွေ လုပ်နေကြတာပါ။ ဘုရားကို ပူဇော်ရာ မရောက်ဘဲ “ စော်ကားရာတောင် ရောက်သေးတယ်”လို့ တွေးမိပြီး မချင့်မရဲဖြစ်လာရာက “ဒွေးချိုါ်” တစ်ပုဒ် စပ်ဆိုလိုက်ပါတယ်။

“ဘုရားကလေး ငယ်ငယ်၊ ကိုးထောင်ပြည့်တယ်၊ ငယ်သာငယ် တယ်တွယ်တဲ့ဘုရား။

လူသုံးဆယ် ခေါင်းတွေ ကွဲသွားတယ်။ ရဲဌာနသွား။”

ပုံပြင်ထဲက အဖြစ်အပျက်တွေဟာ အပြင်မှာလည်း တကယ်ဖြစ်နေတာပါ။ ဒီထက်သာ ဆိုးရင် ဆိုးမယ်၊ ဒီထက်တော့ မလျော့နည်းနိုင်ပါဘူး။ ဒီလို အဖြစ်ဆိုးတွေကို ပညာရှိ သူတော်ကောင်းတွေက မနှစ်သက်ပါဘူး။ ပြုပြင်လိုကြပေမယ့် အများနဲ့ တစ်ယောက်တည်းမို့ “ သံဃာအား ဘုရားမလွန်ဆန်သာ” ဆိုသလို လက်လျှော့ နေကြရတာပါ။ ဒါတောင် တတ်နိုင်သလောက် ပြုပြင်ပေး ကြပါသေးတယ်။ လယ်တီဆရာတော်ကြီးက “ တစ်နှစ် တစ်ခါ၊ ငရဲရှာ၊ လူ့ရွာ ဘုရားပွဲ”လို့ သံပေါက် ရေးခဲ့သလို၊ အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ကလည်း “ ပွက်လောဆူညံ၊ လူသံပွဲတို့၊ ကျောင်းဘုရားထဲ လုပ်ကြသည်။ ဗုဒ္ဓအယူ၊ အတွင်းလူဖျက်လို့။ ဘာသာပျက်၍ ခက်လိမ့်မည်” ဟု ကဗျာရေးစပ်ခဲ့ပါတယ်။

အချင်းချင်း မသင့်မတော် မလျော်တာတွေ တွေ့ရင် ဆုံးမသွန်သင် ပြုပြင်ပေးခြင်းဟာ မွန်မြတ်တဲ့ သာသနာ့ ယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။ မေတ္တာ၊ ကရုဏာ ရှေ့ထားပြီး အချင်းချင်း အမှားပြင်ပေးခြင်းဟာ ကြီးပွား တိုးတက်ကြောင်း၊ ကောင်းမြတ်တဲ့ မင်္ဂလာတစ်ပါးလည်း ဖြစ်ပါတယ်။ ဒီသာသနာတော်ဟာ အလေးအမြတ်ပြုအပ် ရင်နဲ့ကပ်ထားရမယ့် သာနာတော်၊ ရိုသေ မြတ်နိုး၊ ဦးနှိမ်ချိုးရမယ့် သာသနာတော် ဖြစ်ပါတယ်။ ဒီ သာသနာတော်အတွက် ချွေးနဲ့ရင်း၊ သွေးနဲ့ရင်း၊ အသက်နဲ့ရင်းခဲ့ရတဲ့ ဗုဒ္ဓမြတ်စွာရဲ့ စွန့်ခြင်းကြီးတွေ ပြန်လည်တွေးဆ သတိရမိရင် မြတ်စွာဘုရားရဲ့ ကရုဏာတော်ကို စော်ကားဖို့ဆို ဝေးစွ၊ မျက်ရည် ပေါက်တောင် ကျလာ နိုင်တယ်။

ဘုရားရှင်ကို ရိုသေတာ၊ တရားတော်ကို မြတ်နိုးတာ၊ သံဃာတော်ကို ရိုကျိုးတာ၊ သာသနာ တော်ကို လေးစားတာ၊ မိမိကိုယ်ကို တန်ဖိုး ထားတာတွေဟာ လောက၊ သာသနာကြီးပွား ကြောင်းတွေပါ။ ဆရာ၊ မိဘ စသူတွေကို ကိုယ်ကမှ မလေးစားရင် တခြားသူတွေက အရိုအသေ တန်တတ်ပါတယ်။ အဲဒီလိုပါပဲ။ ဗုဒ္ဓသာသနာတော်ကို မိမိတို့ကမှ မမြတ်နိုးရင် တခြား ဘာသာဝင်တွေက တန်ဖိုးထားကြမှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့ ဗုဒ္ဓသာသနာတော်နဲ့ စပ်တဲ့ အခမ်းအနားကြီးငယ် အသွယ်သွယ်မှာ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေကို ဦးထိပ်တင် ပန်ဆင်ပြီး ရိုသေလေးမြတ် ပြုလုပ်အပ်ကြပါတယ်။ တကယ်တော့ “ ရေမြင့်ရင်ကြာတင့်” သလို ဗုဒ္ဓသာသနာတော်ရဲ့ ဂုဏ်ကျက်သရေဟာ မိမိတို့ရဲ့ ဂုဏ်ကျက်သရေပဲ ဖြစ်ပါတယ်။

တော်ဝင်နွယ်

Read more...

ဗုဒ္ဓ၀င်အကျဉ်း

(က) ရသေ့ဖြစ်ခြင်း
သုမေဓာရှင်ရသေ့ဘ၀မရောက်မီ ဘုရားအလောင်းတော်၏ မိဘနှစ်ပါး လွန်စွာပစ္စည်းဥစ္စာချမ်းသာပေမဲ့ ၄င်းမိဘနှစ်ပါးသေဆုံးသည့်အခါ ပစ္စည်းဥစ္စာများ ဘာမျှယူမသွားနိုင်သောကြောင့် လူတွေမှ သေဆုံးလို့ ဘာမျှ ပါမသွားနိုင်တာရှိလျှင် သေဆုံးပြီးပါအောင် ယူသွားနိုင်တာ ရှိကိုရှိရမယ်လို့ တွေးမိပြီး ပစ္စည်းဥစ္စာ အားလုံး စွန့်လွှတ်လှူဒါန်းပြီး ရသေ့ဘ၀ပြောင်း တရားကျင့်ခဲ့သည်။

(ခ) ဆန္ဒာဓိပတိ
ဘုရားအလောင်း သုမေဓာသည် ဒီပင်္ကရာဘုရားရှင်နှင့် တွေ့ပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ပေမဲ့ ဒီပင်္ကရာ ဘုရားရှင်ကဲ့သို့ သတ္တ၀ါများအား လမ်းညွှန် (ကယ်တင်) လိုသော ဆန္ဒာဓိပတိကြောင့်သာလျှင် ဘုရားဆုပန် လေသည်။ (ကိုယ့်အတွက်မကြည့်၊ အများအကျိုးအတွက်သာ ဆောင်ရွက်လိုသော ဆန္ဒာဓိပတိသည် အမြင့်မြတ်ဆုံးသော ကျေးဇူးတော်ဖြစ်ပေသည်။)

(ဂ) ဗျာဒိတ်ယူခြင်း
ယခုမျက်မှောက်နေဆဲ ကမ္ဘာမတိုင်မီ အရှေ့လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းအစ ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်း၌ သုမေဓာရှင်ရသေ့ဘ၀မှစပြီး ဘုရားဆုပန် ဗျာဒိတ်ယူခဲ့သည်။ (တစ်ကမ္ဘာသည် မရေတွက်နိုင် အောင်ကြာလှပြီး အသင်္ချေတစ်ခုသည် တစ်၏နောက်မှ သုညပေါင်း တစ်ရာ့လေးဆယ်ရှိသည်)။

(ဃ) ပါရမီ (ဆယ်ပါး – အပြားသုံးဆယ်)
၁။ ဒါန (ဒါ) = ပေးလှူခြင်း
၂။ သီလ (သီ) = ကိုယ်နှုတ်စောင့်ထိန်းခြင်း
၃။ နေက္ခမ္မ (တော) = ကိလေသာတောမှထွက်ခြင်း
၎။ ပညာ (ပ) = အကြောင်းအကျိုး ဆင်ခြင်ထိုးထွင်းသိခြင်း
၅။ ၀ီရိယ (အား) = အားစိုက်ကြိုးစား လုံ့လရှိခြင်း
၆။ ခန္တီ (ခံ) = သည်းခံခြင်း
၇။ သစ္စာ (ဖြောင့်) = ဖြောင့်မတ်/မှန်ကန်ခြင်း
၈။ အဓိဋ္ဌာန် (ဋ္ဌာန်) = အဓိဋ္ဌာန်တည်ဆောက်ခြင်း၊ ပြတ်သားသောဆန္ဒ
၉။ မေတ္တာ (ပွား) = စင်ကြယ်သောချစ်ခြင်း
၁၀။ ဥပေက္ခာ (လစ်လျူ) = လျစ်လျူရှုခြင်း/အသင့်အားဖြင့် ရှုခြင်း

မူလပါရမီ (၁၀) ပါး
(ပိုင်ဆိုင်စည်းစိမ်အားလုံးနှင့် ဇနီး၊ သား၊ သမီးပါမကျန်ဖြည့်ခြင်း)
[ပြင်ဆင်ရန်​] ဥပပါရမီ (၁၀) ပါး

(စည်းစိမ် + ဇနီး၊ သားသမီးအပြင် မိမိခန္ဓာကိုယ်အစိတ်အပိုင်း ပါဖြည့်ခြင်း)
[ပြင်ဆင်ရန် ​] ပရမတ္ထပါရမီ (၁၀) ပါး
(အသက်ကိုပါမကျန် ဖြည့်ခြင်း)

(င) ပါရမီဖြည့်ပုံ
၁။ ကြာမြင့်လှစွာသောအချိန်
၂။ မရပ်မနား
၃။ ချန်မထားဘဲ
၎။ ရိုရိုသေသေ
၅။ ပျော်ပျော်ကြီးဖြည့်

(စ) တိတိကျကျ သေသေချာချာ ပွင့်တော်မူခြင်း
(၁) ပါရမီဖြည့်တာ တိကျသေချာ
(၂) မွေးဖွား နှစ်၊ လ၊ ရက် (မဟာသက္ကရာဇ် – ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့)
(၃) မိဘနှစ်ပါး (သုဒ္ဓေါဒနမင်းကြီး နှင့် မယ်တော်မာယာဒေ၀ီ)
(၄) မွေးဖွားနေရာ (အိန္ဒိယ နှင့် နီပေါနယ်စပ်အနီး၊ နီပေါနိုင်ငံပိုင် လုမ္ဗနီဥယျာဉ်)
(၅) လူသားအစစ်ဖြစ်ခြင်း
(၆) မွေးမွေးခြင်းဘုရားမဖြစ် ၊ ကျင့်ပြီးမှဖြစ် (ကျင့်စဉ်အားလုံး တိကျသေချာပြထားသည်။)
(၇) ဘုရားဖြစ်သောရက် တိကျသေချာ (မဟာသက္ကရာဇ် – ၁၀၃၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)
(၈) ဘုရားပွင့်သည့်နေရာ (ဗုဒ္ဓဂါယာ)

ဗုဒ္ဓနှင့်ဆိုင်သောနေ့များ
ကဆုန်လပြည့် (၅) နေ့
(၁) ဗျာဒိတ်ယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် – ၆၈၊ ကဆုန်လပြည့် (သောကြာနေ့)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် – ၁၀၄၊ ကဆုန်လပြည့်
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် – ၁၄၈၊ ကဆုန်လပြည့် (အင်္ဂါနေ့)
(ကဆုန်လပြည့်၊ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပရခြင်း အထိမ်းအမှတ်သည် ဘုရား၏ ပရိဘောဂစေတီ ကို စုပေါင်းပူဇော်ပြီး ညောင်ပင်အသက်ရှည် စိမ်းလန်းစိုပြေသကဲ့သို့သာ သနာတော် သန့်ရှင်း၊ တည်တံ့၊ ပွားများ နိုင်ရန်)

ဝါဆိုလပြည့် (၅) နေ့
(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် – ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့)
(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် – ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့)
(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)
(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)
(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)
(သာသနာဝင်များသည် ၀ါဆိုလပြည့်နေ့၏ အဓိပ္ပယ်ကို လေးလေးနက်နက် နားလည်သင့်ပေသည်။)

သီတင်းကျွတ်လပြည့်နေ့
(၁) ဘုရားရှင်သည် မယ်တော်မိနတ်သားအား ၀ါတွင်းသုံးလလုံးအဘိဓမ္မာတရား ဟောကြားခြင်း
(၂) မိဘအားကျေးဇူးဆပ်အပြီး လူ့ပြည်ဆင်းစဉ် လူသားများဆီမီးဖြင့် ပူဇော်ကန်တော့ခြင်းကို အစွဲပြုပြီး မီးဖြင့် ကန်တော့ကြသည်။ ဗုဒ္ဓအလိုတော်ကျမှာ -

* အဘိဓမ္မာတရားတော် ပြန့်ပွားနားလည်အောင်လုပ်ရန်
* မိဘနှင့်ကျေးဇူးရှင်များကို ကျေးဇူးဆပ်ကန်တော့ရန်

(လွန်ကဲသော မီးထွန်းခြင်း၊ ဥပမာ – အိမ်သာမကျန် နှင့် ဗျောက်အိုးနှင့် မီးရှူးမီးပန်းများဖောက်ကြခြင်းသည် မိမိတို့၏ ထုံးတမ်းအစဉ်အလာအရ လုပ်ကြခြင်းဖြစ်သည်။) [ပြင်ဆင်ရန်​]

တပို့တွဲလပြည့်နေ့
ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတိုက်၌ ရဟန္တာပေါင်း ၁၂၅၀ တက်ရောက်သော ‘ပထမသံဃသန္နိပါတ’ ပထမဆုံးသံဃာ့အစည်းအဝေးကျင်းပပြီး ဘုရားအဆူဆူ ဆုံးမစကား သြ၀ါဒပါတိမောက် ချီးမြှင့်သောနေ့ဖြစ်ပြီး လက်ျာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာနှင့် လက်ဝဲရံ အဂ္ဂသာဝက အရှင်မောဂ္ဂလာန်တို့အား ရာထူးအပ်နှင်း သောနေ့ဖြစ်သည်။
[ပြင်ဆင်ရန်​] သြ၀ါဒပါတိမောက်

အနှစ်ချုပ်မှာ -
(၁) လွန်စွာ ချုပ်တည်းခြင်းတည်းဟူသော သည်းခံခြင်းသည် အလွန်မြင့်မြတ်သော အကျင့်ပေတည်း။
(၂) မိမိစိတ်ကို သန့်ရှင်းဖြူစင်စေရာ၏။
(၃) ထူးမြတ်သောအကျင့်၌ လွန်စွာအားထုတ်ရာ၏။
[ပြင်ဆင်ရန် ​]

ဓမ္မစကြာတရားတော်

ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ်အာရုံတို့ဖြင့် ပျော်ပါးနေခဲ့သော ‘ကာမသုခလ္လ’ိကာနု ယောဂလက်ယာစွန်းရောက်နေစဉ် လောဘကိုသာ ဖြစ်စေပြီး၊ (၂၉) နှစ်မှ (၃၅) နှစ်အထိ (၆) နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုးနှိပ်စက်ညှင်းဆဲပြီးကျင့်သော ဒုက္ကရစရိယာအကျင့် ‘အတ္တကိလမထာနုယောဂ’ လက်ဝဲ စွန်း ရောက်နေစဉ် ဒေါသကိုသာဖြစ်စေသဖြင့် တရားမရဖြစ်နေသောကြောင့် ၄င်းအစွန်းနှစ်ပါးကိုရှောင်ပြီး ‘မဇ္စျိမပဋိပဒါ’ (ခေါ်) မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကို သိမြင်နိုင်သော တရားဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။

သစ္စာတရား (Universal Truth)
အစဉ်ထာဝရမှန်ကန်သောအမှန်တရား
(က) Person ပုဂ္ဂိုလ်မရွေး
(ခ) Place နေရာမရွေး
(ဂ) Time အချိန်မရွေး မှန်ကန်မှသာ သစ္စာတရားဖြစ်သည်။
[ပြင်ဆင်ရန်​] ဗုဒ္ဓသာသနာအနှစ်ချုပ်
သစ္စာလေးပါးသည် အနှစ်ချုပ်ဖြစ်သည်။
(က) သိ = ဒုက္ခသစ္စာ (ဖောက်ပြန်၊ နှိပ်စက်၊ လိုတာမရ၊ ရတာ လိုလို့ ဆင်းရဲခြင်း)
(ခ) ပယ် = သမုဒယသစ္စာ (ဒုက္ခဖြစ်ပေါ်စေသော အကြောင်းတရား-လောဘ)
(ဂ) ဆိုက် = နိရောဓသစ္စာ (ဒုက္ခသမုဒယချုပ်ငြိမ်းခြင်း-နိဗ္ဗာန်)
(ဃ) ပွား = မဂ္ဂသစ္စာ (နိရောဓသို့ ဆိုက်ရန်ပွားသော မဂ္ဂင်ရှစ်ပါးအကျင့်)

မဂ္ဂင်ရှစ်ပါး (မဂ္ဂသစ္စာ)
၁။ သမ္မာဒိဋ္ဌိ = မှန်ကန်စွာ မြင်ခြင်း
၂။ သမ္မာသင်္ကပ္ပ = မှန်ကန်စွာ ကြံစည်ခြင်း
၃။ သမ္မာဝါစာ = မှန်ကန်စွာ ပြောဆိုခြင်း
၎။ သမ္မာကမ္မန္တ = မှန်ကန်စွာ ပြုမူခြင်း
၅။ သမ္မာအာဇီဝ = မှန်ကန်စွာ အသက်မွေးခြင်း
၆။ သမ္မာဝါယာမ = မှန်ကန်စွာ အားထုတ်ခြင်း
၇။ သမ္မာသတိ = မှန်ကန်စွာ အောက်မေ့ခြင်း
၈။ သမ္မာသမာဓိ =မှန်ကန်စွာ တည်ကြည်ခြင်း

မဂ္ဂင်ရှစ်ပါးကို ချုံ့လျှင် သီလ – သမာဓိ – ပညာ သိက္ခာသုံးပါးရပြီး ၄င်းသိက္ခာသုံးပါးကို အနှစ်ချုပ်လျှင် သတိတစ်လုံးသည်သာ ကျန်တော့သည်။ ဗုဒ္ဓ၏ နိဗ္ဗာန် ရောက်ကြောင်းသည် တစ်ကြောင်းတည်းသောလမ်း မဟာသတိပဋ္ဌာန်တရားဖြစ်သည်။ (သတိတစ်လုံး အရှိသုံး အဆုံးနိဗ္ဗာန်တိုင်)

ကုသိုလ်ကောင်းမှု (၄) မျိုး
၁။ ဒါန (စွန့်လွှတ် – လှူဒါန်း)
၂။ သီလ (ကာယ + ၀စီ ထိန်းသောစည်းကမ်း)
၃။ သမထဘာဝနာ (ကမ္မဋ္ဌာန်းအာရုံတစ်ခုတည်းကိုသာ ရှုခြင်း)
၎။ ၀ိပဿနာ ဘာဝနာ (ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်ကိုရှုခြင်း)
* ဒါန မူလတန်း လူတော် (ကံလမ်း)
* သီလ အလယ်တန်း လူကောင်း
* သမထဘာဝနာ အထက်တန်း လူမှန်
* ၀ိပဿနာဘာဝနာ တက္ကသိုလ် လူမြတ် (ဉာဏ်လမ်း)

မှတ်ချက်
* ဒါန၊ သီလ၊ သမထဘာဝနာ စသည်သုံးမျိုးသည် ဘုရားမပွင့်မီ ကာလများစွာကပင် ရှိခဲ့ပေသည်။
* လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာများကို ရစေပြီး ကံအကျိုးပေး သာလျှင်ရရှိကာ သံသရာလည်ပြီး ဒုက္ခသစ္စာမှ မလွတ်မြောက်နိုင်ပေ။
* ဘုရားပွင့်လာရခြင်းသည် သတ္တ၀ါများအားလုံး ဒုက္ခဆင်းရဲအပေါင်းမှ လွတ်မြောက်စေနိုင်သော ၀ိပဿနာရှုမှတ်ပွားများနိုင်စေရန် လမ်းညွှန်ပေးရန် ဖြစ်ပြီး ဒုက္ခသစ္စာမှလွတ်မြောက်ပြီး နိရောဓသစ္စာ (နိဗ္ဗာန်) သို့ မျက်မှောက်ပြုနိုင်သော ဉာဏ်အကျိုးပေး ကို ညွှန်ပြပေးရန် ဖြစ်သည်။

သာသနာ (၃) ရပ်
ဗုဒ္ဓသာသနာ (အဆုံးအမ) သုံးရပ်ရှိသည်။
၁။ ပဋိယတ္တ္တိသာသနာ (ဟောပြောခြင်း၊ စာပေမှတ်တမ်းတင်ခြင်း၊ သင်ကြားခြင်း)
၂။ ပဋိပတ္တ္တိသာသနာ (မိမိခန္ဓာကိုယ်တွင်းသို့ မိမိဥာဏ်ဖြင့် ရှုမှတ်ပွားများလေ့ကျင့်ခြင်း)
၃။ ပဋိဝေဓသာသနာ (ပဋိယတ္တိသာသနာ အကျင့်ကျင့်ပြီးမှသာလျှင် အရှိတရား၊ အမှန်တရား၊ သဘော တရားများ သိမြင်လာပြီး မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုအကျိုးရရှိခြင်း)

မှတ်ချက် ဘုရားသာသနာ သုံးရပ်တွင် – သာသနာပြုရန် ပံ့ပိုးခြင်း၊ လုပ်ဆောင်ခြင်း၊ လေ့ကျင့်ခြင်း ပြုလုပ်နိုင်သည့် အကျင့်နှစ်ဖြာဖြစ်သော ပရိယတ္တိနှင့် ပဋိပတ္တိသာရှိပေသည်။ (ပဋိဝေဓသာသနာသည် ကျင့်ပြီးမှသာလျှင် ရရှိသောအကျိုးဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။)

ဘုရားဂုဏ်တော် (၉) ပါး
(၁) အရဟံ
* အရဟံ = လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
* အရ ဟံ = ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း။
* အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။
(၃) ၀ိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။
(၄) သုဂတ = ကောင်းမြတ်သောစကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း (ကောင်းသောလာခြင်း၊ သွားခြင်း)
(၅) လောက၀ိဒူ = လောကကြီးသုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊ သင်္ခါရ)
(၆) အနုတ္တရောပုရိသ = ရိုင်းစိုင်းသော တိရိစ္ဆာန်၊ လူ၊ နတ်တို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။
(၇) သတ္ထာဒေ၀ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ဆရာဖြစ်ခြင်း။
(၈) ဗုဒ္ဓ = အမှန် (သစ္စာ) တရားလေးပါးကို သိခြင်း၊ ဟောကြားပြသခြင်း။
(၉) ဘဂ၀ါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း။

တရားဂုဏ်တော် (၆) ပါး
(၁) ဟော = ဘုရားကိုယ်တိုင်ဟောခြင်း။
(၂) ကိုယ် = ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။
(၃) ဆိုင်း = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။
(၄) ဖိတ် = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။
(၅) ကပ် = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။
(၆) လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။

သံဃာ့ဂုဏ်တော် (၉) ပါး
(၁) ကောင်း = ကောင်းသောအကျင့်ရှိခြင်း။
(၂) ဖြောင့် = ဖြောင့်မတ်စွာကျင့်ကြံခြင်း။
(၃) နိဗ် = နိဗ္ဗာန်ရောက်ရေးကျင့်ခြင်း။
(၄) လော = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။
(၅) ဝေး = အဝေးကသယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။
(၆) ဧည့် = ဧည့်သည်အတွက် အထူးစီမံထားသည့်ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း။
(၇) မြင့် = မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း။
(၈) လက် = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။
(၉) လယ် = သတ္တ၀ါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။

သရဏဂုံပျက်သူ
(၁) သေဆုံးသူ
(၂) အခြားဘာသာသို့ ကူးပြောင်းသူ
(၃) ကိုးကွယ်မှုမှားယွင်းသူ

(ဥပမာ – ဘုရားအဆုံးအမတွင် မပါသော သစ်သီးအမျိုးမျိုးကိုလည်းကောင်း၊ မခိုင်မာသည့်ရုပ်ပုံ၊ ပန်းပုများကိုလည်းကောင်း၊ မမြင်မသိရသည်များကို သူများအပြော မျက်စိမှိတ်ပြီး ကိုးကွယ်သူ)
[ပြင်ဆင်ရန်​] သရဏဂုံတည်သူ (ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်သူ)
- ဘုရား၊ တရား၊ သံဃာရတနာသုံးပါးတို့၏ ဂုဏ်တော် (ကျေးဇူး) ကို အစဉ်နှလုံးသွင်းကာ အားကိုးအပ်နှံပြီး ရတနာသုံးပါးတို့၏ အဆုံးအမကိုသာ လိုက်နာကျင့်သုံးနေသူသည်သာလျှင် သရဏဂုံတည်သူ ဖြစ်လေ သည်။

(စန္ဒာသူရိယ ဘလော့ စတင်ခြင်း တစ်နှစ်ပြည့်အမှတ်တရ)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP