
ဓမ္မမိတ်ဆွေများခင်ဗျား-
ဘာကို အဓိကထားရမလဲ တန်ဖိုးထားရမလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးမှန်ကန်စွာ သိလိုကြသူများ ရှိသလို...ဘာကိုပဲ အဓိက ထားမည်ဆိုပြီး ဆုံးဖြတ် ပြီးသား လူတွေလည်းရှိကြပါတယ်...ဘာကို အဓိကထားရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ဟာ ဘာသာရေးကျမ်းစာအုပ်များ၊ တက်ကျမ်းများ၊ လောကနီတီအကိုးအကားများနှင့်လည်းကောင်း- တချို့လည်း မိမိကိုယ်တွေ့ အဖြစ်အပျက်များကို အခြေခံ၍သော်လည်းကောင်း - တချို့လည်း မိဘ-ဆရာသမား များ၏ အဆုံးအမအရသော်လည်းကောင်း တစ်ခုခုကို အဓိက ထားရန် စိတ်ထဲမှ ပြဋ္ဌာန်းပြီး ဖြစ်ကြလေသည်။
ငွေကြေးကို အဓိကထား သူများရှိသလို... ပညာရေးကို အဓိကထား သူများ လည်းရှိကြပါတယ်.. ..ကိုယ်ကျိုးစီးပွားကို အဓိကထားသူများရှိသလို....အများအကျိုးကို အဓိကထားသူများလည်းရှိပါသည်။ ဘာသာရေးကို အဓိကထားသူများရှိသလို.... နိုင်ငံရေးကိုအဓိကထားသူများလည်းရှိကြပေသည်။ ပထမအရွယ်မှာ ပညာရှာ - ဒုတိယအရွယ်မှာ ဥစ္စာရှာ-တတိယအရွယ်မှာ တရားရှာ ဆိုတဲ့ လောကနီတီ အဆုံးအမ ကိုလည်း လူတိုင်းကြားဖူးနေကျဖြစ်ပါတယ်။ ....ကိုယ်ကျင့်တရားကို အဓိကထားဖို့ ဘာသာရေး ကျမ်းများတွင် လည်းကောင်း၊ အရှေ့တိုင်း အနောက်တိုင်း အဆို အမိန့်များ တွင်လည်းကောင်း၊ ကျွန်ုပ်တို့ တွေ့မြင်နေကျ ဖြစ်ပါတယ်။ အရှင်ဇနက ဘိဝံသရဲ့ စိတ်ကောင်းရှိဖို့ ပထမ - စာတတ်ဖို့ ဒဿမ ဆိုတာကိုလည်း ကျွန်ုပ်တို့ သိရှိ နားလည်ကြပါတယ်။
အဓိကထားမှုများ တန်ဖိုးထားမှုများ တစ်ဦးနှင့်တစ်ဦး တူညီမှုများရှိသလို... ညီအစ်ကိုချင်း-သားအမိချင်း- လင်မယားချင်း-ဘာသာတူချင်းပင် သဘောထား ကွဲလွဲမှုများလည်း ရှိကြပါသည်။ ... အဓိကထားရမယ့် အရာကို အဓိကမထားမိသဖြင့် အချိန်လွန်မှ နောင်တ တဖန် ပူပန်မှုများ ဖြစ်ကြရသည် မှာလည်း ကျွန်ုပ်တို့အဖို့ မရိုးနိုင်တဲ့ အစဉ်အလာတစ်ခုဖြစ်ပါတယ်။
မိတ်ဆွေများ အနေနဲ့ ဘာကို အဓိကထားရမလဲ တန်ဖိုးထားရမလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်တော် ဥာဏ်မီသလောက် တင်ပြသွားမှာဖြစ်ပြီး လွယ်လွယ်နှင့် လည်းလက်မခံကြပါရန် ...လွယ်လွယ်နှင့်လည်း မပစ်ပယ်ကြပါရန် လေးစားစွာ အကြံပြုအပ်ပါသည်။
၁။ အဖေ ဘာကြောင့် တရားအားမထုတ်တာလဲ
၁၉၉၅ခု၊ အဖေ မဆုံးခင်(၁၀) နှစ်လောက်က ထင်ပါသည်။ အဖေ့ ကို တရားစခန်း တစ်ခုသို့ဝင်၍ တရားအားထုတ်ရန် အကြံပြုတိုက်တွန်းမိပါသည်။ အဖေသည် မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ထိုအချိန်ထိ တရားအား ထုတ်မှု နှင့် ပတ်သက်၍ စိတ်ဝင်တစားမရှိလှပေ။အဖေက တရားအားထုတ်မှုနှင့် ပတ်သက်၍ သူ့အမြင်အား ကျွန်တော့် အား ပွင့်ပွင့်လင်းလင်း ပြောလာ ပါသည်။ အဖေက ကျွန်တော့်အား ...သူဟာ စိတ်သဘောထား ဖြောင့်မတ်သူဖြစ်ပြီး၊ သူတပါးအား နိုင်ထက် စီးနင်းပြုမှုခြင်း၊ သူတပါးပစ္စည်းအားမတရားရယူခြင်း၊ အရက်သေစာ သောက်စားမူးယစ်ခြင်း လည်းမရှိ၊ သူတပါးအပေါ် မလိုမုန်းထား စိတ်လည်းမရှိ၊ စိတ်သဘောထား သေးသိမ်ဆိုးယုတ်ခြင်းလည်းမရှိ၊ ကြီးမား သော စိတ်သောကရောက်မှု ....ကြီးမား သောအကုသိုလ်များလည်း ရှိမနေသည့်အတွက် တရား အားထုတ်ရန် မလိုအပ်...ဟု ပြောကြားပါသည်။
အဖေသည် အမှန်ပင် သူပြောသည့်အတိုင်းဘ၀တစ်လျှောက် သူတပါး အား မတရား ပြုမူခြင်း ပြောဆိုခြင်း မရှိခဲ့ပေ။ အဖေသည် တကယ်ပင် လူ့ ပတ်ဝန်းကျင် မှ သတ်မှတ်သော မကောင်းမှု ဆိုသည်များကို မပြုလုပ်ပဲ ဘ၀တစ်လျှောက် အေးဆေးစွာနေထိုင်နိုင်ခဲ့၍ ထိုမကောင်းမှုများ ဆေးကြာရန် အတွက် တရားအားထုတ်ရန်မလိုဟု ပြောခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်များ စောင့်ထိန်းသည့် ကံငါးပါးလုံခြုံမှုမှာ လူ့ပတ်ဝန်းကျင်အတွက် အပြစ်ဆိုစရာမရှိအောင် နေထိုင်နိုင်ခြင်းကိုပဲ အဖေသည် အဓိကထားပြီး ဖြစ်သဖြင့် တရားအားထုတ်မှုအလုပ်ကိုမူ အဓိကထားပြီး လုပ်ဆောင်နေဖို့ရန် မလိုအပ်ဟု အဖေ ယူဆထားသည်ထင်ပါသည်။ သို့သော် အဖေသည် လူ့ပတ်ဝန်း ကျင်မှု သတ်မှတ်သော ကံငါးပါးလုံခြုံမှုတွင် တစုံတရာ ပြောစရာ မရှိသော်လည်း - လူ့ပတ်ဝန်းကျင်အတွက် အန္တရာယ် အဖြစ် သတ်မှတ်သော ခြင်-ယင်-ကြမ်းပိုး-စသည့်တိုအား သုတ်သင်ခြင်း အလုပ်ကိုမူ အပြစ်ဟုမယူဆခဲ့ချေ။
အဖေ့စိတ်ထဲ တရားအလုပ်ဟူသည် အပြစ်များကို ဆေးကြောသည့်အလုပ်၊ လူဆိုးများ ကို လူကောင်းဖြစ်အောင်ပြောင်းလဲ သည့်အလုပ်၊ စိတ်သောကများ သက်သာအောင် ပြုလုပ်သည့် အလုပ်အဖြစ် ခံယူထားပြီးဖြစ်သည့်အပြင် အဖေသည် လူ့ပတ်ဝန်းကျင်မှ သတ်မှတ်သော လူကောင်း တစ်ဦး ဖြစ်ခြင်းကိုပဲ အဓိကထား တန်ဖိုးထားပြီးဖြစ်၍ တရားအလုပ်ကိုကား အပြစ်များ၊ သောကများကို ဆေးကြောသည့် အလုပ်တစ်ခုအဖြစ် အပေါ်ယံ နားလည်လျှက် တရားအလုပ်ကို အဓိကထား အရေးတကြီး လုပ်ဆောင် စရာအဖြစ် အဖေ့ မခံယူနိုင်ခဲ့ပါချေ...ထိုစဉ်က အဖေ့ကို ကျွန်တော် ပြန်လည် မရှင်းပြနိုင်ခဲ့ပါ။
၂။ တစ်ခုခုကို အချိန်တစ်ခုကြာ ရှိနေ မြဲနေသည်ဟူ၍ ယူဆလျှက် စူးစိုက်ရန် ရှုမှတ်ရန် ကြိုးစားနေမှု

လွန်ခဲ့သော သုံးလလောက်ကလည်း မိတ်ဆွေတစ်ဦးအား တရား အား ထုတ်ရန် တိုက်တွန်းမိ ပြန်ပါသည်။ ထိုအခါ မိတ်ဆွေမှ သူ့စိတ်သည် အမြဲပဲ ရှေ့ရေး နောက်ရေး စဉ်းစားနေကာ၊ ယောက်ယက် ခတ်နေတတ်ကြောင်း၊ တရားအားထုတ်နည်း တချို့ကိုလည်း လေ့လာစမ်းသပ်ဖူးကြောင်း ခန္ဓာကိုယ် မှတစ်နေရာကို စူးစိုက်ထားရန် ထိုနေရာမှ စိတ်မပျံ့လွင့်စေရန် အဓိကထား ညွှန်ကြား ကြောင်း ပြောပါသည်။ ....
မိမိမှာ ကိစ္စအရပ်ရပ်တွင် အမြဲစဉ်းစား သုံးသပ်နေရသည့် မိမိအတွက် ထိုကဲ့သို့ ပြုလုပ်ရန် အလွန်မှပဲ ခက်ခဲနေကြောင်း ... ပြောပါသည်။ ထို့ပြင် ထိုမိတ်ဆွေမှ စိတ်ကို မပျံ့လွင့်ရန် အဓိကထား ထိန်းချုပ်ရင်း လူတစ်ချို့ဟာ တစ်ချိန်တွင် limit တစ်ခုကို ကျော်လွန်ကာ abnormal ဂေါက်သွားတတ်သည် ဟု ကြားဖူးကြောင်း ပြောလာပါသည်။
ထိုမိတ်ဆွေသည် တရားအလုပ်ဟူသည် -
၁) မိမိစိတ် ကို လျှောက်မသွားရန် မစဉ်းစားရန် ထိန်းချုပ်ရသောအလုပ် ဟူ၍ လည်းကောင်း၊ .....
၂) စိတ်ကလေးတစ်ခုကို အဓိကထား-အတည်ယူလျှက် control ပြုလုပ်ရသော အလုပ်ဟု ဟူ၍ လည်းကောင်း၊...
၃) စိတ်ဟူသည် မမြင်နိုင်သည့် အရာကလေး (တစ်ခုခု) ဖြစ်ကာ အချိန် တစ်ခုကြာ ရှိနေနိုင်သည့် - မြဲနေနိုင်သည့် - လျှောက်သွားနေနိုင်သည့် အရာလေး (တစ်ခုခု)အဖြစ် လည်းကောင်း မှတ်ယူထားလေသည်။
.......ထိုသို့ မှတ်ယူထားရာမှ တရားအလုပ်ကိုပါ မိမိမှတ်ယူထားမှုနှင့် ရောထွေးလျှက် ....ထိုကဲ့သို့ အချိန်တစ်ခုကြာ မြဲနေ-ရှိနေ-လျှောက်သွားနေနိုင်သည့် ထိုစိတ်ကလေး(တစ်ခုခု)ကို အဟုတ်ထင်ကာ အတည်ယူလျှက် ထိန်းသိမ်းရန် အဓိကထားကြိုစားနေသည့်အလုပ်သည် တရားအလုပ်ဟူ၍ သတ်မှတ်လေတော့သည်။ ထိုသတ်မှတ်မှုကြောင့်ပင် တရားအားထုတ်ခြင်း အလုပ်ကို တန်ဖိုးထားမှု မှာ လျော့နည်းခဲ့လေသည်။ ကျွန်တော်လည်း ထိုစဉ်က ရေလည်စွာ မရှင်းပြနိုင်ဘဲ ဖြစ်ခဲ့ရပါသည်။
၃။ သီလတွေ လုံးဝလုံခြုံသွားမှ တရားစတင်အားထုတ်ရမှာလား။ တရား အားထုတ်မှုက သီလ အမှန်တကယ်လုံခြုံမှုကို တဆင့်တဆင့် ကျေးဇူးပြု အထောက်အကူ ပြုသွားခြင်းလား။

မိတ်ဆွေတစ်ဦးမှ သူ၏သူငယ်ချင်းအား တရားအားထုတ်ရန် တိုက်တွန်းရာမှ ထိုသူငယ်ချင်းက တရားအားထုတ်မှုနှင့်ပတ်သက်၍ မိမိ ယူဆချက်ကို ပြောလာပြန်ပါသည်။
ထိုလူငယ်မှ ...မိမိသည် အရက်သေစာသောက်စားမှုကို ယတိပြတ် မစွန့် လွှတ်နိုင်သေးကြောင်း၊ ထို့အတွက် အရက်သေစာသောက်စားမှုကို ယတိ ပြတ် မစွန့်လွှတ်သေးဘဲ တရားအားထုတ်ပါက ဘုရားကို မရိုသေရာကျပြီး ငရဲကြီးမည် ကို စိုးရိမ်မိကြောင်း...ထို့အတွက် ...မိမိတရားအားမထုတ်လိုကြောင်း.... ပြောပါသည်။ တနည်းအားဖြင့် သီလပိုင်းဆိုင်ရာ အားနည်းချက်များရှိခြင်းကြောင့် တရားအားထုတ်နိုင်ရန် မဖြစ်နိုင်သေးပါကြောင်း တရားအားထုတ်ရန်ငြင်းပယ် လေသည်။......
ဆရာတော်တစ်ပါးထံ ဒကာတစ်ဦးမှ မိမိတရားအားမထုတ်ဖြစ်ရခြင်း ၏အကြောင်းကို လျှောက်ထားပြန်သည်ကို တဆင့်ပြန်ကြားရပါသည်။ ...
ထိုဒကာမှ .....မိမိစိတ်မှာ အမျိုးမျိုးသော ပူပန်မှု-စိတ်မချမှု-စိတ်မရှည်မှု-သီးမခံနိုင်မှု-ဂနာမငြိမ်မှု-ယောက်ယက်ခတ်မှု - မတည်ငြိမ်မှုများ အလွန်များပြား သဖြင့် တစ်ခုခုတွင် အာရုံ တည်ငြိမ်စေရေး သမာဓိရဖို့ မလွယ်ကူကြောင်း၊ .... ထို့ပြင် စီးပွားရေးသဘောအရ သူတပါးကို မထိခိုက်သော်လည်း မိမိကိုယ်ကျိုး စီးပွား ကာကွယ်ရန် အလို့ငှာ မုသားစကားများလည်း သုံးသုံး နေရသဖြင့် သီလပိုင်းဆိုင်ရာ အားနည်းချက်များရှိနေကြောင်း၊ ထို့ကြောင့် တရားအားထုတ်လို့ဖြစ်မှာမဟုတ်ကြောင်း ရှင်းပြ ရှာလေသည်။ ထိုအခါ ဆရာတော်မှ ထိုဒကာကြီးအား ဒကာကြီး ပြောစကားဟာ ရောဂါဖြစ်နေလို့ ဆေးမသောက်တော့ဘူး..... လို့ ပြောတဲ့ လူနာစကားလို ဖြစ်နေကြောင်း.. မိန့်လိုက်ပါသည်။
ထိုကဲ့သို့ အမျိုးမျိုးသော စိတ်သောကပူပန်မှုများ-စိတ်မရှည်မှု သီးမခံနိုင်မှု-ဂနာမငြိမ်ဖြစ်မှုစတဲ့ ရောဂါများ အတွက်လည်းတရားအားထုတ်မှုဆေးကို သောက်သုံးရကြောင်း။ ...မုသားပြောဆိုနေရသည် ဆိုသည်မှာ မှန်မှန်ကန်ကန် မပြောတတ်၍..... မှန်မှန်ကန်ကန်မပြောရဲ၍ မုသားပြောနေရခြင်းဖြစ် ကြောင်း၊ တရားအလုပ်ကို လေ့ကျင့်ပါများသောအခါ မှန်မှန်ကန်ကန် ပြောတတ် အောင် (မုသားမပါဘဲပြောတတ်အောင်) တရား အသိဥာဏ်က သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားလေသည်။ ....မုသားမပါ လင်္ကာမချော.... ဆိုတဲ့ စကားကို အတည်ယူနေတဲ့ လောကကြီးထဲတွင် တရားအသိဥာဏ်မပါဝင်ပဲ မုသားမပါပဲ စကားပြောဆိုနိုင်သည့် အခြေအနေကို စောင့်၍ တရားစတင် အားထုတ်မည်ဆိုပါက မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ ရှင်းပြလေသည်။
၎။ ကိုယ်ကျင့်သီလကို ဘာကြောင့်ဖောက်ဖျက်မိကြတာလဲ

ဆရာတော်မှ ဆက်လက်၍ ....ကိုယ်ကျင့်သီလ (ကံငါးပါး)ဖောက်ဖျက်သည် ဆိုသည်မှာ မိမိ လောဘစိတ်-ဒေါသစိတ်များ(မနောကံ)ကို အဟုတ်တကယ် ထင်မှတ်၍ ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ စိတ်အလိုလိုက်မိရာမှ သီလ ချိုးဖောက်မိခြင်း ဖြစ်လေရာ ....မိမိလောဘ-ဒေါသများကို မှန်ကန်သောနည်းလမ်းဖြင့် စွန့်လွှတ်နေသည့် တရားအလုပ်(စိတ်အလုပ်)ကို ပြုလုပ်နေခြင်းဖြင့်.... ကိုယ်ကျင့်သီလ ကို အလိုလို စောင့်ရှောက်ပြီးသား ဖြစ်နေကြောင်း ....
တရားအားထုတ်၍ မဂ်ဥာဏ်-ဖိုလ်ဥာဏ် အစစ်များဖြစ်ပေါ်လာမှသာ မုသာဝါဒ အပါအ၀င် ကိုယ်ကျင့်သီလစောင့်ထိန်းမှုမှာ စောင့်ထိန်းနေစရာမလိုပဲ အမှန်တကယ် အလိုလို လုံခြုံသွားမည် ဖြစ်ကြောင်း.... ရှင်းပြခဲ့လေသည်။
ကျွန်ုပ်တို့သည် ....လောဘ-ဒေါသစိတ်များဖြစ်နေစေသည့် အဓိက အကြောင်းရင်း တရားခံအစစ်....ကို မသိပဲ...မစွန့်လွှတ်ပဲ ...လောဘ ဒေါသများ ကြီးကျယ်စွာမထွက်ပေါ်သေးသဖြင့် ထိန်းချုပ်ထားနိုင်စဉ် လုံခြုံနေသော ဖန်တီးထားသည့် သီလကိုသာ အဓိကထားနေလေသည်။
ထိုသီလသည် မိမိ ထိန်းချုပ် သည်းခံနိုင်မှု အတိုင်းအတာ တစ်ခုကို ကျော်လွန်ပါက (သို့) အားကြီးသော လောဘ-ဒေါသများ ဖြစ်လာပါက အချိန်မရွေး ပြန်လည် ကျိုးပေါက်သွားမည့် သီလဖြစ်လေသည်။
ကိုယ်ကျင့်သီလကို ကျိုးပေါက်စေရန် အဓိက ဖန်တီး ပြုလုပ်နေသည့် လောဘ-ဒေါသ-မောဟ စသည့် အကုသိုလ်စိတ်များကို မှန်ကန်စွာ စွန့်လွှတ်နေသည့် တရားအလုပ်ကို အဓိကထားမှသာ ကိုယ်ကျင့်သီလကို အမှန်တကယ် လုံခြုံအောင် စောင့်ထိန်းနေခြင်းဖြစ်ပါသည်။
ကိုယ်ကျင့်သီလကို ဖောက်ဖျက်စေရန် ....အဓိက ဖန်တီးပြုလုပ်နေသည့် လောဘ-ဒေါသ-များကိုလည်းကောင်း၊ ထိုလောဘ-ဒေါသစိတ်များကို ငါ့စိတ်-ငါ့ဒေါသအဖြစ် အတည်ယူနေမှု အဟုတ်ထင်နေမှု (မောဟ-အ၀ိဇ္ဇာ) ကို လည်းကောင်း... စွန့်လွှတ်နေသည့် တရားအလုပ်ကြောင့် ဖြစ်ပေါ်လာသည့် ....အလောဘ-အဒေါသ-အမောဟ- စိတ်များ၏စွမ်းအားဖြင့် ... သူတပါးအား မတရားပြုလိုစိတ်၊ မလုပ်ရမနေနိုင် ငမ်းငမ်းတက် လိုချင် တောင့်တစိတ်၊ မလိုမုန်း ထားစိတ်များ ကင်းရှင်းနေမှုကြောင့် သည်းခံ နေစရာမလိုဘဲ စောင့်ထိန်းပြီးဖြစ်နေသည့် အဓိသီလ အစစ်အမှန် ဖြစ်ပေါ် ရေးကို အဓိကထားရပေမည်။ ..........တနည်းအားဖြင့် သီလ ကိုယ်ကျင့် တရားကို အမှန်တကယ် လုံခြုံစေမည့် အကြောင်းတရား အစစ် ဖြစ်သည့် တရားအလုပ်ကို အဓိကထားရပေမည်။ သို့မှသာ ကျားသစ်စောင့်သောသီလမျိုးမှသည် အရိယာတို့၏ အဓိသီလ သို့ လမ်းစပွင့်ပေမည်။
သာသနာပကာလများကာလများ၌လည်းကောင်း၊ တခြားသော ဘာသာတရား များတွင်ပါ၊ လူသားတိုင်း ကိုယ်ကျင့်သီလသည် အရေးကြီးမှန်းနားလည်ကြသော်လည်း နေရာတိုင်း လူမျိုးတိုင်း အချိန်တိုင်း တွင် သတ်ဖြတ်မှု၊ ခိုးမှု၊ ၀ှက်မှုများ၊ မတရားမှု၊ အကျင့်ပျက်ချစားမှု၊ အနိုင်ကျင့်မှု၊ စော်ကားမှု၊ လိမ်လည်လှည့်ဖြားခံရမှုများ ၊ သောက်စားမူးယစ်မှုများ မရိုးနိုင်အောင် မဆုံးနိုင်အောင် အဘယ့်ကြောင့် ရှိနေရပါသနည်း။
ထိုအကုသိုလ်အလုပ်များကို ကျူးလွန်မိခဲ့သောသူများအား ကိုယ်ကျင့် သီလကို အရေးတကြီး စောင့်ထိန်းရမည့် တရားများအဖြစ် မိတ်ဆွေ ဆုံးမစကား သွားရောက်ပြောဆိုပါက ထိုသူတို့၏ ဦးနှောက် နှင့် ပါးစပ်တို့မှ နားလည် လက်ခံပါသည်ဟု ပြောမှာ ၁၀၀%သေချာသော်လည်း နောက်တစ်ကြိမ် ကိုယ်ကျင့်သီလ ကျူးလွန်ဖို့ရန် အခြေအနေ အခွင့်အရေးများ ကြုံကြိုက် လာသည့်အခါ ထိုသူတို့သည် ဖြစ်ပေါ်လာသော လောဘ-ဒေါသတို့ကို အဟုတ်ထင်ကာ အလိုလိုက်မိပြန်ပြီး အကုသိုလ် အမှုများကို တဖန် ကျူးလွန် မိကြပြန်လေသည်။
လူတိုင်းအားလုံးနီးပါး ကိုယ်ကျင့်သီလ၏ အရေးကြီးပုံကို လည်းကောင်း၊ ကိုယ်ကျင့်သီလ ဖောက်ဖျက်မှုများ (မတရားမူများ)ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများ မဆုံးနိုင်အောင် ဖြစ်နေရ ကြောင်း ဦးနှောက်မှ နားလည် လက်ခံယုံကြည်ပြီးဖြစ်သော်လည်း အားကြီးသောလောဘ-ဒေါသတို့ တကယ် ဖြစ်လာသည့်အခါ မည်သူသည် ကိုယ်ကျင့် သီလအတွက် စိတ်ချရ ပါသည်ဟု မိတ်ဆွေ ထင်ပါသနည်း။
ဓားမကူးဆရာတော်၏အဖြစ်သည်လည်းကောင်း၊ ဘုရားလောင်း ဈာန်ရရသေ့ကြီး ဟရိတစ... ဘုရင့်မိဖုရားကြီးနှင့် ကာမေသုမိစ္ဆာစာရကံ ကျူးလွန်မိမှု(ပါတာကန၀ကနိပါတ်) အဖြစ်အပျက်များသည် လည်းကောင်း အားကြီးသော ကိလေသာနှင့် တကယ် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသောအခါ ၀ိပဿနာ ပညာဥာဏ်-မဂ်ဥာဏ်-ဖိုလ်ဥာဏ်ပညာ များ မပါဝင်သောကိုယ်ကျင့်သီလသည် အချိန်မရွေး ကျိုးပေါက်သွားနိုင်ကြောင်း သင်ခန်းစာရစေပါသည်။
ယခုဆိုလျှင် အိန္ဒိယအကျဉ်းထောင်များတွင် အပြစ်ကျူးလွန်သူများအား အကျင့်သီလ စာရိတ္တကောင်းမွန်ရေးအတွက် ဆုံးမစကားများ တွင်တွင် ပြောကြား နေခြင်းထက် ...... ၀ိပဿနာတရားအလုပ်ကို (ဆရာကြီး ဂိုအင်ကာ အကူအညီဖြင့်) အကျဉ်းသားများကို ကိုယ်တိုင် လက်တွေ့ ကျင့်သုံး ကြည့်စေခြင်းဖြင့် ....စိတ်ဓါတ်များပြောင်းလဲပြီး ကိုယ်ကျင့်သီလ ကို အမှန်တကယ် စောင့်ထိန်းလာနိုင်စေမည့် အဓိက အကြောင်းတရားအစစ်ကို အဓိကထား စီစဉ်ဆောင်ရွက်ပေးမှုကား ကျွန်ုပ်တို့ အတုယူစရာပင်။ http://realenlightenment.multiply.com/video/item/3/3 
မြတ်စွာဘုရားကိုယ်တိုင်လည်း သုတ္တန်တစ်ခုတွင် ၀ိနည်းသိက္ခာများ များပြားလွန်း၍ မစောင့်ထိန်းနိုင်တော့ဟု ဆိုကာ လူထွက်လိုသူ ရဟန်းတပါးအား ၀ိနည်းသိက္ခာများ များပြားလွန်း၍ မစောင့်ထိန်းနိုင်ဟုဆိုပါက စိတ်(မနောကံ) တစ်ခုတည်းကို စောင့်ထိန်းနိုင်ပါကလည်း လူထွက်စရာ မလိုကြောင်း မိန့်ကြား ဖူးလေသည်။ ကာယံမှု၊ ၀စီကံမှုများ ကျူးလွန် ဖောက်ပြားခြင်း သည် မနောကံကပင် စတင် မြစ်ဖျားခံ လာသည်မဟုတ်ပါလော။ မနောကံမျှပင် မဖြစ်သူသည် အဘယ်မှာလျှင် ကာယကံမှု၊ ၀စီကံမှုများကို သကျူးလွန် ဖောက်ပြားနိုင်ပါမည်နည်း။
ကျွန်ုပ်တို့သည် သီလ-သမာဓိ-ပညာ ကို လှေကားသုံးထစ်အဖြစ် ယူဆခြင်းထက် သုံးချောင်းထောက် စားပွဲခုံအဖြစ် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေသော တရားများအဖြစ် နားလည်ဖို့လိုအပ်ပေမည်။ လောဘ-ဒေါသကို အမြစ်ပြတ်စွန့်လွှတ်နိုင်သော ၀ိပဿနာပညာ မပါဝင်ပဲ စောင့်ထိန်းနေသော သီလ သည် ခြေထောက်တစ်ချောင်း ကျိုးနေသော သုံးချောင်းထောက်စားပွဲ ကဲ့သို့ အခြေအနေတစ်ခု ကြောင့် အချိန်မရွေး မှောက်လဲသွားနိုင်ပေသည်။၅။ ကိုယ်ကျင့်သီလ ဖောက်ဖျက်မှု ၏ အဓိကအကြောင်းရင်း တရားခံ အစစ် (သို့) သမုဒယသစ္စာ (သို့) အ၀ိဇ္ဇာ နှင့် တဏှာ

ကိုယ်ကျင့်သီလ ဖောက်ဖျက်မိခြင်းသည် ငါ-ငါ့ဟာ၊ သူ-သူ့ဟာ၊ ဟူသော တစ်ခုခု၊ တစ်ဦးဦး၊ တစ်ယောက်ယောက်၊ ပုဂ္ဂိုလ်-သတ္တ၀ါ အမှန်ဖြစ်သည်ဟု အဟုတ်ထင်မှတ်ပြီး ငါ-သူတပါး ခွဲခြားမှု သောအယူကို အတည်ယူရာမှ တဆင့် ......ထိုတစ်ခုခု-အတ္တ-(ငါ) တစ်ဦးဦး-တစ်ယောက်ယောက် ချမ်းသာရေးခံစားနိုင်ရေး အဓိကထားရာမှ ဖြစ်ပေါ်လာသော အားကြီးသည့် လောဘ-ဒေါသများ(တဏှာ) ကို အလိုလိုက်ရာမှ ကိုယ်ကျင့်သီလ ကို ဖောက်ဖျက်မိခြင်း ဖြစ်လေသည်။ သို့ဖြစ်လေရာ....ထို... ငါ၊ ငါ့ဟာ၊ သူ၊ သူ့ဟာ ဆိုသည့် တစ်ခုခု၊ တစ်ယောက်ယောက်၊ ပုဂ္ဂိုလ်-သတ္တ၀ါ ဆိုတာ ဧကန် ဟုတ်နေသည်။ ဧကန်ဖြစ်နေသည် ဆိုသော ထင်မြင်ချက် (အ၀ိဇ္ဇာ) ကို မှန်ကန်စွာ စွန့်လွှတ်တတ်ပါက ... (သက္ကာယဒိဋ္ဌိ) ကို မှန်ကန်စွာ စွန့်လွှတ်တတ်ပါက-၁) သတ္တ၀ါအဖြစ် ကို အဟုတ်ထင်ကာ ထိုသတ္တ၀ါဘ၀ကို ဖျက်ဆီးပစ်သည့် ပါဏာတိပါတ ကံသည်လည်းကောင်း၊ (သို့) မိမိတွင် ဖြစ်ပေါ်လာသည့် လောဘ-ဒေါသစိတ်ကို မမြင်နိုင်သော တစ်ခုခု အဖြစ်...အတည်ယူ အဟုတ်ထင်ကာ ...ကျူးလွန်သည့် ပါဏာတိပါတာကံသည်လည်းကောင်း၊၂) စိတ်ထဲမှ သူ့ဟာ ငါ့ဟာ အဖြစ်ခွဲခြားမှုကို ...အဟုတ်ထင်မှတ်ကာ... သူ့ဟာ ကို ငါ့ဟာအဖြစ် မတရားသိမ်းပိုက်သည့် အဒိန္နာဒါနာ ကံသည် လည်းကောင်း၊၃) မိမိရာဂစိတ်ကို မမြင်နိုင်သော တစ်ခုခုအဖြစ် ...အတည်ယူဆကာ အဟုတ် ထင်မှတ်ကာ... ကျူးလွန်သည့် ကာမေသုမိစ္ဆာစာရကံ သည် လည်းကောင်း၊၄) မိမိကြောက်စိတ်-အားငယ်စိတ်-မတရားလိုချင်စိတ်-စိုးရိမ်စိတ်-မနာလိုစိတ်-၀န်တိုစိတ် တို့၏တောင်းဆိုမှု များကို ...အဟုတ်ထင်ကာ ကျူးလွန်သည့် မုသာဝါဒကံသည်လည်းကောင်း၊၅) ယစ်မူးသည့် မိန်းမောသည့် ခံစားချက်များကို အဟုတ်ထင်ကာ အတည် ယူပြီး ထိုခံစားချက်များ မပြတ်တရစပ် ဖြစ်ပေါ်နေစေရန် ကျူးလွန်သည့် သူရာမေရယကံသည်လည်းကောင်း ဖြစ်ပေါ်လာစရာ အကြောင်းမရှိတော့ပေ။
ငါ-ငါ့ဟာ၊ သူ-သူ့ဟာ ဟူသော တစ်ခုခု၊တစ်ဦးဦး၊ တစ်ယောက် ယောက်၊ သက်ရှိ-သက်မဲ့ ၊ ပုဂ္ဂိုလ်-သတ္တ၀ါဟူသောအယူ ကို ယူရာမှ ဆုပ်ကိုင်ရာမှတဆင့် ဖြစ်ပေါ်လာသော လောဘ-ဒေါသ များကို အဟုတ် ထင်မှတ်ကာ... အတည်ယူရာမှတဆင့် ကံငါးပါးကို ကျူးလွန်မိကြ ကြောင်း သေသေချာချာ သိနားလည် ထားရပေမည်။ဒီနေရာမှာ ဥာဏ်ကြီးရှင်တချို့ စောကဒတက်လာနိုင်မှုကိုလည်း ရှင်းပြ လိုပါသည်။ တချို့က ငါ-သူတပါး၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ မဟုတ်ဟု ဆိုပါက ....အသက်မရှိ....ဟု ယူဆပြီး...... သူလည်း ဓါတ်ကြီးလေးပါး၊ ဓါးလည်း ဓါတ်ကြီးလေးပါး သူ့ခန္ဓာထဲ ဓါးနဲ့ ထိုးသွင်းရင် မခက်ပေလော ဆိုလာနိုင်ပါသည်။ လုပ်ရပ်တိုင်းမှာ မနောကံ၏ စေ့ဆော်မှုပါမှသာ ဖြစ်ပွားနိုင်လေသည်။ မနောကံ၏ စေ့ဆော်မှု မပါပဲ ကာယကံ၊ ၀စီကံတို့ မဖြစ်နိုင်ပေ။
သူတပါးကို ဓါးနဲ့ ထိုးတယ် ဆိုကတည်းက ...သေစေလိုတဲ့ မနောကံ...သည်လည်းကောင်း၊ သေစေလိုတယ်ဆိုကတည်းက မိမိဓါးဖြင့် ထိုးသွင်းခံရ မည့်သူသည် ....အသက်ရှိသည့် သတ္တ၀ါ....ဟူ၍ လည်းကောင်း၊ တစ်ဦးဦး၊ တစ်ယောက်ယောက်၊ တစ်ကောင်ကောင်ဟူသည့် ပုဂ္ဂိုလ်၊ သတ္တ၀ါ ဧကန်ဖြစ် သည် ဟူသောအယူကို လည်းကောင်း ယူထားပြီးသူ ဖြစ်ရမည့်အပြင် ထို ပုဂ္ဂိုလ်၊ သတ္တ၀ါ၏ အဖြစ်(ဘ၀)ကို အဟုတ်ထင်မှု မောဟ နှင့်အတူ ထို ပုဂ္ဂိုလ်၊ သတ္တ၀ါ၏ အဖြစ် ကို ဖျက်ဆီးပစ်လိုမှု ဒေါသ အားကြီးစွာ ဖြစ်ပေါ်နေရပေမည်။ ထို့ကြောင့် ငါ-သူတပါး၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ ဟူသော တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်ကို အဟုတ်တကယ် ဧကန် ဖြစ်နေသည်ဟု ယူဆထားမှု သက္ကာယဒိဋ္ဌိ ကို သုတမယဥာဏ်၊ စိန္တာမယဥာဏ်၊ ဘာဝနာမယဥာဏ် ဖြင့် အဆင့်ဆင့် စွန့်လွှတ်ထားနိုင်ပြီးသူ ဧကန်အမှန်ဖြစ်ပါက ထိုသူ့အတွက် ကိုယ့်ကျင့်သီလဖောက်ဖျက်မှုသည် မည်သည့်အကြောင်းနှင့်မျှ ဖြစ်လာနိုင်စရာ မရှိတော့ပေ။ .......
ကိုယ်ကျင့်သီလဖောက်ဖျက်မိခြင်း၏ အဓိက အကြောင်းရင်းအစစ် ဖြစ်သည့် .......ငါ- ငါ့ဟာ၊ သူ-သူ့ဟာ ဆိုသည့် တစ်ခုခု၊ တစ်ဦးဦး တစ်ယောက်ယောက်၊ သက်ရှိ-သက်မဲ့ ၊ ပုဂ္ဂိုလ်-သတ္တ၀ါ ဟူသောအယူ ကို သစ္စာတရားကို မမေ့မှု၊ နှလုံးသွင်းဆင်ခြင်မှုဖြင့် အဆင့်ဆင့် စွန့်လွှတ်တတ်မှသာ
.....ကိုယ့်ကျင့်သီလစောင့်ထိန်းမှုအတွက် အမှန်တကယ် စိတ်ချရပေမည်။
အကြောင်းရင်းအစစ်ကို သတ်နိုင်မှသာ အကျိုးရပ်ပေလိမ့်မည်။ .... သို့မဟုတ်ပါက ကျွန်ုပ်တို့စောင့်သော သီလမှာ သားကောင်မလာသေးချိန်ထိ ဥပုပ်စောင့်သော ကျားသစ်၏ဥပုပ်သီလမျိုးသာဖြစ်ပြီး အချိန်မရွေး လောဘ-ဒေါသများကြောင့် ကျိုးပျက်သွားနိုင်ပေသည်။သည်းခံနိုင်သောအတိုင်းအတာ ကို မကျော်လွန်သေးသဖြင့် မြဲနေသော သီလ (သို့) လောဘ-ဒေါသ-သောက တို့ အားကြီးစွာမဖြစ်ပေါ်သေးမီ ထိန်းထားသောသီလမျိုးနှင့်သာ ကျေနပ်ရောင့်ရဲနေပါက ...မဂ်ဥာဏ်-ဖိုလ်ဥာဏ်စွမ်းအား- အလောဘ-အဒေါသ-အမောဟစိတ်စွမ်းအားများဖြင့် ...ထိန်းနေစရာမလိုဘဲ-သည်းခံ နေစရာမလိုဘဲ အလိုလို လုံခြုံပြီးသား ဖြစ်နေသည့် အဓိသီလများကိုလည်းကောင်း၊ ထိုသီလများကို ဖြစ်စေမည့် တကယ့် အကြောင်းတရားအစစ်အမှန်ကို ကျွန်ုပ်တို့ မည်သို့မျှ နားလည်နိုင်မည်မဟုတ်ပေ။၆။ ထိန်းထားနေရသောသီလသည် မထိန်းနိုင်သောအခါ.... ထားနေရသောမေတ္တာသည် မထားနိုင်သောအခါ..... 
ထို့အတူ ကျွန်ုပ်တို့ မေတ္တာတရားပွားများမှုသည် အလွန်ကျေးဇူး များ ကြောင်း လူတိုင်းဆောင်ထားသင့်သော တရားဖြစ်ကြောင်း ကျွန်ုပ်တို့ အထပ် ထပ် ကြားနာကြခဲ့ဖူးလေပြီ။ မေတ္တာတရားအကြောင်းဖွဲ့ဆိုသော တေးသီ ချင်းများ၊ တရားခွေများလည်း ကျွန်ုပ်တို့ မကြာခဏ ကြားနာဖူးခဲ့လေပြီ။ ကျွန်ုပ်တို့ မေတ္တာသုတ်များ မေတ္တာပို့နည်းများ အလွတ်ရနေလောက်အောင် မကြာခဏ လုပ်ဆောင်ရွတ်ဆိုခဲ့ကြဖူးလေပြီ။
သို့ရာတွင် အစိုးရမှ အခွန်တွေ တိုးမြှင့်တော့မည်ဟု သတင်းကြား သောအခါ တွင်လည်းကောင်း၊ မိမိလောက် ပညာ အရည်အချင်း-အတွေ့အကြုံ မရှိသူအား အထက်လူကြီးမှ မိမိအထက်ရာထူးနေရာသို့ တိုးမြှင့်ပေးတော့မည်ဟု သိရသောအခါတွင် လည်းကောင်း၊ မိမိအချစ်ဆုံး သားလေးအား ကျောင်းတွင် အတန်းဖော်တစ်ဦးမှ အကြောင်းမဲ့ ခဲတံနှင့်သွေးထွက်အောင် ထိုးလိုက်သည်ဟု သိရသော အခါတွင်လည်းကောင်း၊ မိမိတို့အိမ်မှ ကြက်ပေါက်လေးများကို ဘေးအိမ်မှ ကြောင်ကြီးမှ လာလာချီနေသည်ဟု သိရသောအခါ တွင် လည်းကောင်း ကျွန်ုပ်တို့ ...သတ္တ၀ါအားလုံး ချမ်းသာစေပါစေ.. ၀စီကံမှ မေတ္တာပို့နေသော်လည်း ရင်ထဲမှာတော့ ချွင်းချက်များဖြင့် ယောက်ယက် ခတ်နေသည်ကို ကိုယ့်စိတ်ကိုယ်စစ် တတ်သူများ လွယ်ကူစွာ သိရှိနိုင်လေသည်။
ဒေါသစိတ်-လောဘစိတ်များကို ...အဟုတ်မထင်ဘဲ အလိုမလိုက်ဘဲ စွန့်လွှတ်နိုင်သည့် ၀ိပဿနာဘာဝနာမယပညာ မပါဝင်ဘဲ လုပ်ယူ ဖန်တီး ထားသော မေတ္တာသည် မထားနိုင်သောအချိန်တွင် ဒေါသစိတ်က ဘွားဘွားကြီး ပေါ်လာလေသည်။
ထားနေသော မေတ္တာသည် မထားနိုင်သော အချိန်တွင် မေတ္တာမရှိ ဖြစ်လေသည်။ ထိန်းထားသော သီလသည် မထိန်းနိုင်သော အချိန်တွင် သီလမရှိ ဖြစ်လေသည်။ ...စစ်မှန်သော ၀ိပဿနာ ဘာဝနာမယပညာ ကြောင့် ဖြစ်လာသည့် အဒေါသစိတ်ကြောင့် ... ထားစရာမလိုပဲ အလိုလို ဖြစ်နေသည့် မေတ္တာကို ...စစ်မှန်သော ၀ိပဿနာ ဘာဝနာမယပညာကို မကျင့်သုံးဖူးပါက ကျွန်ုပ်တို့ မည်သို့မျှ နားလည်နိုင်မည် မဟုတ်ချေ။
ထိန်းထားရသောသီလသည် မထိန်းထားသောအခါတွင်လည်းကောင်း၊ ထားနေရသောမေတ္တာသည် မထားနိုင်တော့သည့်အချိန်တွင်လည်းကောင်း အားကြီးသော လောဘ-ဒေါသတို့၏ နှိပ်စက်မှုအောင်တွင် ပြားပြားဝပ်သွားလေသည်။
ထိန်းနေရတယ် ဆိုကတည်းက ကိလေသာစိတ်-အရူးစိတ်-အရူး ရောဂါက ရင်ထဲက ရှိနေပြီး ထွက်ထွက်လာနေသောကြောင့် ထိန်းနေရခြင်း ဖြစ်လေသည်။
ဒါဟာ ဘာနဲ့တူသလဲဆိုရင် မိမိအိမ်တွင် အိမ်သားတစ်ဦး အရူးရောဂါ ဖြစ်နေခြင်းကို ပျောက်အောင် ကုသပေးနိုင်ပါလျှက် .... ကုသခြင်းမပြုပဲ ... ထိုသူ အရူးနာရောဂါ.. ထ..ထ.. သောအခါ မှသာ အပြစ်မလုပ်မိ အောင်...ကဲ့ရဲ့စရာမဖြစ်အောင် ထိုလူကို ထိန်းထိန်းပေးနေ သကဲ့သို့ ဖြစ်နေလေသည်။
တနည်းဆိုသော် ရှားမီးခဲအား ရေဖြင့်ငြိမ်းသတ်ရန် အခွင့်အရေးရပါလျှက် မငြိမ်းဘဲ အပေါ်မှ ပြာများဖြင့် ဖုံးထားသကဲ့သို့ ဖြစ်လေသည်။ ကိလေသာ လေပြင်းများတိုက်ခတ်လာသောအချိန် ပြာဖြင့် ဖုံးလို့မရခိုက် ရှားမီးခဲများ တရဲရဲ ပြန်လည် တောက်လောင်နေပြန်သကဲ့သို့ ဖြစ်လေသည်။
တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊ တစ်နေရာရာ စသည်ဖြင့် ငါ ငါ့ဟာ ၊ သူ သူ့ဟာဟူ၍ ခွဲခြား ထင်မြင်နေအောင် ....အ၀ိဇ္ဇာ၏ လှည့်စာမှုအောက် ...မိမိနားလည်သည့် လောဘ-ဒေါသ-သောကစိတ် များကို အဓိကထား အတည်ယူနေမိကာ ....ထိုစိတ်များရဲ့ တောင်းဆိုမှုအတိုင်း ပြုလုပ်ရာမှ...မေတ္တာ- ကရုဏာ ကင်းမဲ့သော လုပ်ရပ်များ ကို လုပ်ဆောင်မိ ကြလေသည်။ သီလတရားတို့ကို ဖောက်ဖျက်မိကြ လေသည်။
သီလများသည် လည်း ဆောက်တည်လိုက် ပျက်သွားလိုက် မဆုံးနိုင် ဖြစ်ခဲ့ချေပြီ။ မေတ္တာတရား တို့သည်လည်း မကျေနပ်မှု အလိုမကျမှုတို့အောက် ပြားပြားဝပ်ခဲ့ရသည်မှာ မရေမတွက်အောင် ရှိခဲ့ချေပြီ။ ထို့အတွက်ကြောင့် လည်း သဲအင်းဂူဆရာတော်ကြီးမှ လူတစ်သိန်းသေလို့ သုဂတိ တစ်ယောက် ရောက်ဖို့ အလွန်ခဲယဉ်းကြောင်း မိန့်ကြားဖူးလေသည်။
ဆက်လက်ဖော်ပြပါမည်......

မေတ္တာဖြင့်
စိုးဝင်းထွဋ်
Posted by Vipassana Meditation at Sunday, May 16, 2010
Read more...