* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, May 15, 2010

တစ်ခုပဲလိုပါတယ်








ဓါတ်ပုံများကို facebook တွင်အလှူခံထားသော ၀က်ဆိုဒ်တစ်ခုမှ ဒေါင်းလုပ်ချ၍ တင်ထားပါသည်။

ဖော်ပြပါဓါတ်ပုံလေးတွေကြည့်လိုက်ရင် ဒုက္ခရောက်နေတဲ့လူတွေအတွက် ဘာတွေလိုအပ်နေသလဲဆိုတာကို အားလုံးသိကြမယ် ထင်ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ရေဘေးဒုက္ခနဲ့ကြုံတွေ့နေရတဲ့ အခက်ခဲတွေ များစွာဖြစ်နေပါတယ်။ ရေဘေးဒုက္ခတစ်ခုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ဖြစ်လာစရာဒုက္ခပေါင်းများစွာ ရှိနေပါတယ်။ ရေရှားပါးတော့ တွေ့ကရာရေသောက်ရ.. တွေ့ကရာရေသောက်တော့ မသန့်ရှင်းမှုတွေကြောင့် ရောဂါအမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ ရောဂါအမျိုးမျိုးဖြစ်လာရင်တော့ နောက်ဆုံးအသက်ပါ ပေးဆပ်သွားရမယ့် အထိပါပဲ။ ရေရှားပါးမှုရဲ့ဆိုးကျိုးတွေဟာ လူတွေရဲ့အသက်ပေါင်းများစွာကို ထိခိုက်ဆုံးရှုံးနစ်နာစေနိုင်သလို… ရောဂါပေါင်းများစွာကိုလည်း ကူးစက်ပြန့်နှံ့စေနိုင်ပါတယ်။ ဒါ့ကြောင့် ရေရှားပါးဒုက္ခရောက်နေတဲ့သူတွေကို ပေးလှူရတဲ့အလှူဒါနဟာ အသက်ကယ်တဲ့အလှူ အသက်ဆက်တဲ့အလှူလို့ ပြောမယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။ မိုးလင်းကနေမိုးချုပ် ရေရရှိဖို့ကို လုံးပန်းနေရတဲ့ ဒုက္ခရောက်သူတွေကို ကိုယ်ချင်းစာတရားလေး ထားမိမယ်ဆိုရင် အသက်ဆက်ပေးတဲ့အလုပ်ကို လူသားတိုင်း နားလည်သဘောပေါက်ပြီးလုပ်နိုင်လိမ့်မယ်လို့ ထင်မိပါတယ်။

သီတဂူဆရာတော်ဘုရားကြီး ဟောပြဆုံးမတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ “သူတော်ကောင်းတွေဟာ ဒုက္ခရောက်သူတွေကို မြင်တွေ့ရကြားတွေ့ရလို့ရှိရင် သူတို့တွေရဲ့ရင်ထဲမှာ စိတ်နှလုံးမချမ်းမြေ့စွာ ဖြစ်ကြရတယ်.. တုန်လှုပ်ကြရတယ်..” ဆိုတဲ့ ဆုံးမစကားလေးပါ။ ဒါဟာ ဘာကြောင့်လည်းဆိုတော့.. ဒုက္ခရောက်သူတွေရဲ့ ရင်ထဲနှလုံးသားထဲမှာရှိတဲ့ ဒုက္ခတွေကို သူတို့ကိုယ်တိုင် ၀င်ရောက်ခံစားမိလိုက်ရတဲ့အတွက်ပါပဲ။ သူတော်ကောင်းဆိုတဲ့သူတွေရဲ့ ရင်ထဲမှာဖြစ်တည်နေတဲ့ စိတ်ထားတွေဟာ ကိုယ်ချင်းစာတရားပဲလို့ ကျွန်တော်ကတော့ ထင်မိပါတယ်။ သူ့တို့မှာရှိတဲ့အခက်အခဲလေး အဆင်ပြေသွားစေချင်တယ်.. သူတို့မှာရှိတဲ့ဒုက္ခတွေကို ၀င်ရောက်ပြီးဖြေဖျောက်ပေးချင်တယ်.. သူတို့တွေရဲ့ရင်ထဲမှာရှိတဲ့ အပူမီးတွေကို မေတ္တာရေနဲ့ ဖြန်းပက်ပေးချင်တယ်.. သူတို့တွေရဲ့ပူလောင်နေတဲ့ ဒုက္ခတွေကို အေးအေးချမ်းချမ်းလေး ဖြစ်သွားစေချင်တယ်ဆိုတဲ့ စိတ်ထားတွေဟာ ကိုယ်နဲ့နှိုင်းယှဉ်ပြီး စာနာသနားတတ်တဲ့ ကိုယ်ချင်းစာတရားတွေပါပဲ။

ဒုက္ခရောက်နေတဲ့သူတွေကို ကယ်တင်ဖို့ လူတိုင်းလူတိုင်းမှာ လိုအပ်တာတစ်ခုပဲ ရှိပါတယ်.. အဲ့ဒါကတော့ ကိုယ်ချင်းစာတရားပါပဲ။ သူ့နေရာမှာ ငါသာဆိုရင်.. သူ့နေရာမှာ ငါ့မိဘသာဆိုရင်.. သူ့နေရာမှာ ငါ့သားသမီးသာဆိုရင်.. သူ့နေရာမှာ ငါ့ဆွေမျိုးသားချင်းသာဆိုရင်…ဆိုတဲ့ ကိုယ်ချင်းစာတရားတွေသာ ရှိမယ်ဆိုရင် လောကကြီးဟာ အင်မတန် ငြိမ်းချမ်းနေမှာပါပဲ။ အများသူငါရဲ့လိုအပ်ချက်ကို မျှော်လင့်ချက်တစ်စုံတစ်ရာ မပါပဲနဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ဆောင်ရွက်လိုတဲ့ စိတ်ထားတွေဟာ ပါရမီမြောက်တဲ့ စိတ်ထားတွေပါ။ ကိုယ်နဲ့ယှဉ်ပြီး သူတစ်ပါးခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို တတ်နိုင်သမျှ အေးချမ်းစေချင်တဲ့စိတ်ထားတွေဟာ ကိုယ်ချင်းစာတရားရှိတဲ့ စိတ်ထားတွေပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပါရမီတော်တွေ ဖြည့်ဆည်းလာရတဲ့ရည်ရွယ်ချက်.. ဘုရားဖြစ်ချင်တဲ့ရည်ရွယ်ချက်တွေကိုက “ငါကိုယ်တိုင်ငြိမ်းအေးမှု အေးချမ်းမှုကိုရရှိသလို သတ္တ၀ါတွေလည်းပဲ ငါ့လိုငြိမ်းအေးမှု အေးချမ်းမှုတွေကို ရရှိစေရမယ်"ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါဝင်နေပါတယ် မဟုတ်ပါလား။ ဒီလိုမျိုး ကိုယ်ချင်းစာတရားရှိတဲ့ စိတ်ထားတွေကြောင့်ပဲ ပါရမီတော်တွေကို စတင်ဖြည့်ဆည်းဖြစ်ခဲ့တာ မဟုတ်ပါလား။ ကိုယ်ချင်းစာတရားလေးတွေသာ လူသားတိုင်းကိုယ်စီမှာ ရှိမယ်ဆိုရင်.. ဒုက္ခဆိုတဲ့စကားကိုကြားတာနဲ့ ဒုက္ခကို ဖြေဖျောက်ပေးချင်တဲ့စိတ်တွေ၊ ကူညီချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်နေအုံးမှာပါ။

ကျွန်တော်တို့တွေအနေနဲ့ အမိမြေရဲ့အဝေးတစ်နေရာမှာ ရောက်ရှိနေပေမယ့် ကိုယ်တတ်နိုင်တဲ့ဘက် ကိုယ်စွမ်းနိုင်တဲ့ဘက်ကနေ အမိမြေမှာရှိတဲ့ ဒုက္ခရောက်နေတဲ့သူတွေကို စွမ်းနိုင်သမျှ ကူညီဖေးမပေးကြပါလို့ ဆန္ဒပြုလိုပါတယ်။ ကိုယ့်အနေနဲ့ လွယ်လွယ်လေး သုံးစွဲလိုက်တဲ့ ဒေါ်လာတစ်ဒေါ်လာဟာ သူတို့တွေအနေနဲ့ ရေတစ်ဗူးဖြစ်သွားနိုင်သလို.. ဒေါ်လာပေါင်းများစွာပေါင်းပြီးတော့လည်း အသက်ပေါင်းများစွာဆက်ပေးနိုင်တဲ့ ရေကန်တစ်ကန် ဖြစ်သွားစေနိုင်ပါတယ်။ ကိုယ့်အနေနဲ့ တစ်ဒေါ်လာဆိုတာ ဘာမှမပြောပလောက်ပေမယ့် သူတို့တွေအတွက်တော့ ကိုယ့်ကိုအကြောင်းပြုပြီး ရရှိလာတဲ့ရေတစ်ဗူး.. ဖြစ်ပေါ်လာတဲ့ ရေကန်တစ်ကန်ဟာ အသက်ကယ်ဆေးတစ်ထောင့် တိုက်လိုက်ရသလို.. အသက်ဆက်ပေးသလို ဖြစ်စေတယ်ဆိုတာလေးလည်း နားလည်သဘောပေါက်စေချင်ပါတယ်။ ဆရာတော်အရှင်ဆန္ဒာဓိက ဟောပြဆုံးမသလိုပါပဲ.. အမိမြေရဲ့အဝေးမှာ ရှိနေပေမယ့် အမိမြေအပေါ်မှာထားရှိတဲ့ ကိုယ့်ရဲ့စေတနာတွေ မေတ္တာတွေဟာ အမိမြေမှဒုက္ခရောက်သူတွေဆီ အစဉ်ရောက်နေမယ်ဆိုရင် အနေဝေးပေမယ့် အဝေးနေ မဟုတ်ပြန်ပါဘူးနော်။ အဝေးမှာရှိနေပေမယ့် သူတို့အပေါ်မှာ ထားရှိတဲ့ ကိုယ့်ရဲ့မေတ္တာတရားတွေဟာ သူတို့တွေနဲ့ အစဉ်နီးစပ်နေတာပါ။ ဒီလိုပါပဲနော်.. အဝေးကနေလှူရလှူရ အနီးကနေလှူရလှူရ ကိုယ်ထားရှိလိုက်တဲ့စေတနာတွေဟာ သူတို့တွေရဲ့ အနီးမှာရောက်ရှိနေတဲ့အတွက် အနီးမှာလှူနေရတာနဲ့ ထပ်တူပါပဲ။
ကျွန်တော်အနေနဲ့ကတော့ ဘယ်အလှူမှ အတင်းလှူဖို့ တိုက်တွန်းဖို့ မတောင်းဆိုချင်သလို.. ဟိုဟာလှူပါ ဒီဟာလှူပါလို့လည်း အတင်းမတိုက်တွန်းတတ်ပါဘူး။ ကိုယ်တိုက်တွန်းလိုက်တဲ့ စကားတွေဟာ နှလုံးသွင်းမတတ်သူအတွက် ကိုယ့်ကိုအကြောင်းပြုပြီး အကုသိုလ်ဖြစ်သွားနိုင်စေတဲ့ အတွက်ပါ။ အဓိကကတော့ ကိုယ်ပိုင်အသိဥာဏ်နဲ့ စဉ်းစားဆုံးဖြတ်ပြီး အကျိုးများစေတဲ့ အကျိုးရှိစေတဲ့ တကယ်လိုအပ်နေတဲ့ နေရာတွေကို ဖြည့်ဆည်းပေးစေချင်မိတာပါပဲ။ ဒီစာကို အယောက်(၁၀၀)ဖတ်လို့ တစ်ယောက်လောက် လှူချင်စိတ်လေး ပေါ်သွားမိမယ်ဆိုရင် ကျွန်တော်ရေးလိုက်တဲ့စာလေးက အကျိုးရှိမယ်လို့ ခံယူမိပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမသလိုပါပဲ.. “ရဟန်းတို့….. ပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့ စေတနာရဲ့အကျိုးကို ငါသိသလို သတ္တ၀ါများ သိကြမည်ဆိုလျှင် ကိုယ်စားမည့် ၀တ္တုထဲက သူတစ်ပါးကို မပေးကမ်းပဲ ဘာကိုမျှ စားနိုင်မည်မဟုတ်ဘူး.. ကိုယ့်ပစ္စည်းကို မပေးရက်တဲ့မစ္ဆေရိယစိတ်ဟာလည်း သတ္တ၀ါတွေကိုနှိပ်စက်နိုင်မှာ မဟုတ်ဘူးလို့” ဒါနတရား၏ အကျိုးကျေးဇူးကြီးမားပုံကို ဘုရားရှင်က ဟောပြဆုံးမထားပါတယ်။
ဘုရားရှင် ဟောပြဆုံးမသလို ကိုယ်ကိုယ်တိုင်က ဒါနအကြောင်းကို နားမလည်သေးလို့ ပေးလှူချင်စိတ် မရှိသေးရင်နေပါလေ.. ကိုယ်ချင်းစာတရားလေး ထားတတ်မယ်ဆိုရင်တော့ လုပ်ဆောင်သင့်တဲ့အလုပ်ကို လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ တစ်ခုပဲလိုအပ်သော ကိုယ်ချင်းစာတရားလေးနဲ့ ဒုက္ခရောက်နေသူတွေကို စောင့်ရှောက်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်…
ကိုယ်ချင်းစာတရား လက်ကိုင်ထားကာ တတ်စွမ်းသမျှ ကူညီဖေးမ ပရဟိတ

Read more...

*ဒါနပါရမီ*

အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)



လေးစားရိုသေစွာဖြင့်
ဖိုးသား

15.05.2010, SAT:, 02:04 PM

Read more...

ဇာတ်ကြီး ဆယ်ဘွဲ့ အနှစ်ချုပ် (မင်းယုဝေ)

0005052Kph0.jpg

၁။ တေမိဇာတ်
၂။ ဇနကဇာတ်
၃။ သုဝဏ္ဏသာမဇာတ်
၎။ နေမိဇာတ်
၅။ မဟောသဓာဇာတ်
၆။ ဘူရိဒတ်ဇာတ်
၇။ စန္ဒကုမာရဇာတ်
၈။ နာရဒဇာတ်
၉။ ဝိဓူရဇာတ်
၁၀။ ဝေဿန္တရာဇာတ်

‘ဇာတ်’သည် အဖြစ်၊ ဘဝ ဟူ၍ အနက်ရသည်။ များသောအားဖြင့် ဂေါတမ ဗုဒ္ဓဘုရားလောင်း၏ အတိတ်ဝတ္ထု၊ အဖြစ်အပျက် အကြောင်းအရာများကို ‘ဇာတ်’ ဟု ခေါ်လေ့ရှိကြသည်။ ‘ဇာတက’ ဟူသော ပါဠိစကားကို မြန်မာတို့က ‘ဇာတ်’ ဟု ခေါ်ဆိုကြသည်။

အရှင်ဘုရားတို့နဲ့ ဘလော့ဂ်မောင်နှမများ သိပြီးဖြစ်ပေမယ့် ပြန်လည်သတိရစေရန်အတွက် ဇွန်မမှ (မင်းယုဝေ) ရေးသားခဲ့တဲ့ ဇာတ်ကြီး ဆယ်ဘွဲ့အနှစ်ချုပ်ကို မီးလာပြီး ကွန်နက်ရှင် ကောင်းတဲ့အချိန်တွေမှာ ဆက်တင်ပါ့မယ်ရှင်။ ဆက်လက်အားပေးတဲ့ အရှင်ဘုရားတို့နဲ့ ဘလော့ဂ် မောင်နှမများ အားလုံးကို လေးစားစွာ ကျေးဇူး တင်ပါတယ်။

☺ပြီးပါပြီရှင်...။

Read more...

ပျံလွန်တော်မူသွားသော ဦးဇင်းလေးတစ်ပါးအကြောင်း

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

***************
ပျံလွန်တော်မူသွားသော ဦးဇင်းလေးတစ်ပါးအကြောင်း

အရှင်ဓမ္မပီယ (ဓမ္မာစရိယ)
သက်တော် (၂၄)နှစ်
ဝါတော် (၄)၀ါ
ကလောင်အမည် – သကျသွေး

(၁၈.၉.၂၀၀၃ ခုနှစ်တွင် ပျံလွန်တော်မူသည်။)
-------------------------------

ကျောင်းဝန်းထောင့်ရှိ အုတ်ဂူဖြူဖြူလေးကို တွေ့လိုက်ရတော့ သူသည် ကြောက်လန့်စိတ် အလျဉ်းဖြစ်မသွားခဲ့ပါ။ တကယ်ဆို နေ၀င်ခါစ သည်အချိန်လေးသည် ကြောက်လန့်စိတ်ဖြစ်ဖို့ အကောင်းဆုံးဖြစ်သည်။

သို့ သော် သူကြောက်လန့် စိတ် ဖြစ်မသွားခဲ့ပါ။

ဂူမျက်နှာပြင်တွင် တွေ့လိုက်ရသော စာကြောင်းလေးများက ကြောက်လန့်စိတ်နေရာကို အစားထိုးဝင်သွားလေလားမသိ။ ပြီးတော့ အုတ်ဂူဖြူဖြူပေါ်တွင် “ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏” ဟူသော စာသားလေးကိုလည်း တွေ့ လိုက်ရပါသည်။ သူသည် ကြောက်လန့် စိတ်ထက် စိတ်ဝင်စားသည့်စိတ်က ပိုများသွားသည်။

သူသည် သည်မြို့ကလေးသို့ ညတရားဟောဖို့ နေ့လည်(၃)နာရီခွဲလောက်ကမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ ပြီးတော့ သည်မြို့ ကလေးသည် သူ့ အတွက် ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းလည်း ဖြစ်သည်။။

တရားပွဲက ည(၇)နာရီမှ စမှဆိုတော့ အချိန်ရသေးသည်နှင့် ကျောင်းအောက်သို့ဆင်းခဲ့သည်။ လမ်းလျှောက်ရင်းဖြင့် သည်နေရာကလေးသို့ သူရောက်လာခဲ့ခြင်းဖြစ်သည်။

အသက်၂၄နှစ်ဆိုတာ လောကမှာနေလို့ အကောင်းဆုံးအရွယ်လေး။ ဘာဖြစ်လို့ပါလိမ့်။ ပြီးတော့ စာရေးတဲ့ဦးဇင်းလေးတဲ့။ ပြီးတော့ စာရေးသည်ဆိုတော့ သူ့အတွက်ပို၍ စိတ်ဝင်စားစရာဖြစ်သွားသည်။ ကို ‘သကျသွေး’ ဆိုသည့်ကလောင်နာမည်လေးကို မဂ္ဂဇင်းတချို့တွင် တစ်ပုဒ်စ၊ နှစ်ပုဒ်စတော့ တွေ့ဖူးသည်၊ များများတော့မတွေ့ဖူး။ သူမဖတ်ဖြစ်သည့် မဂ္ဂဇင်းများတွင် ရေးနေတာလည်းဖြစ်နိုင်သည်။

သူ့အသက်နှင့်တွက်လျှင် ဆယ်စုနှစ်တစ်စုငယ်သော ဦးဇင်းလေး။ စာပေလောကအတွက် ကလောင်တစ်ချောင်း ဆုံးရှုံးသွားသလို သာသနာအတွက်လည်း ရဟန်းတစ်ပါး ဆုံးရှုံးသွားခြင်းဖြစ်သည်။

ပျံလွန်တော်မူသည့် နေ့စွဲကိုကြည့်တော့ ဘာမျှမကြာသေး။ တစ်နှစ်ကျော်မျှသာ ရှိသေးသည်။ အုတ်ဂူလေးပင် သစ်သစ်လွင်လွင်ရှိနေဆဲ။ သူသည် ၂၄နှစ်အရွယ်တုန်းက စာတွေရေးနေခဲ့သည်။ ပြီးတော့ ဓမ္မာစရိယတန်းအတွက် စာတွေလည်းကျက်နေခဲ့သည်။ အုတ်ဂူထဲက ဦးဇင်းလေးလည်း သည်အတိုင်းသာ ဖြစ်နေလိမ့်မည်။

သူသည် ညနေခင်းများစွာကို ပုံစံမျိုးစုံဖြင့် ဖြတ်သန်းခဲ့ဖူးပါသည်။ အပြုံးနှင့်လည်း ဖြတ်သန်းဖူးသည်။ အမုန်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အလွမ်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အမောနှင့်လည်း ဖြတ်သန်းဖူးသည်။၊ အပျော် နှင့်လည်း ဖြတ်သန်းဖူးသည်။ ကြောက်လန့် စိတ်နှင့်လည်း ဖြတ်သန်းဖူးသည်။ သည်ညနေခင်းလေးကတော့ ကြောက်စိတ်နှင့် ဖြတ်သန်းနေတာ မဟုတ်တာတော့ သေချာပါသည်။

သူသည် ပင့်သက်ကိုရှိုက်ရင်း အုတ်ဂူနားဆီသို့ တိုးသွားမိသည်။ အုတ်ဂူလေးကို လက်နှင့်ထိလိုက်တော့ ကြမ်းရှရှ အင်္ဂတေသားသည် သူ၏နှလုံးသားကို လာ၍ထိသယောင်၊ ထိလက်စလက်ကို ချက်ချင်းမရုပ်မိ။

ဘာဖြစ်လို့ ပျံလွန်တော်မူသွားပါလိမ့်…….. တစ်ခုခုများဖြစ်ခဲ့လို့လား…။

သူတွေးနေဆဲမှာပင် သူ့နောက်မှ ခြေသံသဲ့သဲ့ ကြားရသည်။ လှည့်ကြည့်လိုက်တော့ သည်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်၊ သက်တော်(၈၀)ခန့်ရှိပြီ ဖြစ်သော ဆရာတော်သည် တောင်ဝှေးကို အားပြုထားသည်။ မျက်မှန်ထူထူ၊ သင်္ကန်းအညိုရောင်ရင့်ရင့်နှင့် ဇရာ၏လက္ခဏာကို ပြနေသော်လည်း ဆရာတော်တစ်ပါးအဖြစ် ပို၍သပ္ပာယဖြစ်နေပါသည်။

ဆရာတော် သူ့ အနားရောက်လာတော့ လက်အုပ်ချီပြီး အရိုအသေပေးလိုက်သည်။

‘ဦးဇင်းလေးက အုတ်ဂူလေးကို ကြည့်ပြီး စိတ်ဝင်စားနေပုံရတယ်’

‘မှန်ပါဘုရား’

‘ဒီအကြောင်းတွေကို တပည့်တောာ် ဘယ်သူ့မှလည်း ပြောပြ မနေချင်တော့ပါဘူး။ ပြောမပြမိအောင်လည်း သတိထားပါတယ်။ ဦးဇင်းလေးကတော့ စားလည်းရေး တရားလည်းဟောတော့ အများနဲ့ဆက်ဆံနေရတာဆိုတော့ နည်းနည်းလောက်တော့ ပြောပြချင်တယ်။ ပြီးတော့သူက ဦးဇင်းလေးလိုပဲ စာရေးတယ်၊ စာရေးဆရာသိပ်ဖြစ်ချင်တာ၊ မဂ္ဂဇင်းတွေမှာ ဆယ့်လေးငါးပုဒ်တော့ ပါဖူးတယ်’

‘ပြောပါဘုရား၊ ပြီးတော့ ဂူလေးကိုကြည့်ပြီး တပည့်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားနေပါတယ်ဘုရား’

‘ဒီဦးဇင်းလေးက ဒီမြို့ကပဲ၊ မိဘတွေကလည်း အတော်အသင့်ချမ်းသာကြပါတယ်။ တပည့်တော်ပဲ အခြေခံစာတွေသင်ပေး၊ တပည့်တော်ပဲ မန္တလေးကစာသင်တိုက်ကို ကိုယ်တိုင်ပို့ပေးခဲ့ရတာ၊ ဟိုတစ်နှစ်ကပဲ ဓမ္မာစရိယတန်းမှာ သီလက္ခန်တစ်ကျမ်းအောင်လို့ဆိုပြီး သင်္ကန်းတစ်စုံ ဆုချလိုက်ရသေးတယ်။ လိုရင်းပြောရရင်တော့ ဦးဇင်းလေးရယ်၊ သူနေတဲ့စာသင်တိုက်မှာ ဦးဇင်းတစ်ပါးက သရီးရိုင်ဖယ်ဆိုတဲ့ သင်္ကန်းတစ်စုံပျောက်တယ်တဲ့၊ ပျောက်တဲ့ဦးဇင်းက တပည့်တော်ရဲ့တပည့်ဦးဇင်းလေးကို စွပ်စွဲတယ်ပေါ့လေ။ နောက်ဆုံးဘယ်အထိဖြစ်လာသလဲဆိုတော့ ကျန်တဲ့ဦးဇင်းတွေကပါ ယုံလာပြီး စကားတွေဘာတွေ မပြောကြတော့ဘူးတဲ့၊ ပိုဆိုးတာကတော့ ဆွမ်းအတူမစားကြတော့တာပဲ၊ သူများပစ္စည်းခိုးရင် ပါရာဇိကကံကျတာဆိုတော့ ပါရာဇိကကျတဲ့ ဦးဇင်းနဲ့ ဆွမ်းအတူမစားချင်ကြတဲ့ သဘောပေါ့လေ။

အားလုံးက ၀ိုင်းကြဉ်ထားတော့ ဦးဇင်းလေးလည်း တော်တော်လေး အထီးကျန်လာပုံရတယ်။ နောက်တော့ သူကျောင်းထိုင်ဆရာတော်ကို သွားလျှောက်ပြလိုက်တယ်။ ဆရာတော်က ချက်ချင်းသံဃာကုန်ခေါ်ပြီး သြ၀ါဒပေးတယ်။ တပ်အပ်မမြင်ဘဲနဲ့ မစွပ်စွဲဖို့ပေါ့လေ။ သံဃာကြားထဲမှာ ဦးဇင်းလေးက လူးလှိမ့်ငိုနေတယ်တဲ့။ သူမဟုတ်တဲ့အကြောင်းလည်း ကျိန်ပြီးပြောတယ်တဲ့။ နောက်ဆုံးတော့ သူ့ဇာတိဖြစ်တဲ့ ဘုန်းကြီးရဲ့ဒီကျောင်းကိုပြန်ရောက်လာတော့တာပဲ။ သူရောက်တဲ့အချိန်က တပည့်တော် ဆွမ်းစားနေတဲ့အချိန် ၁၁နာရီလောက် ရှိပြီ။ ဒါနဲ့ တပည့်တော်ကလည်း “ဦးဇင်း တစ်ခါတည်း ၀င်ဘုဉ်းပေးလိုက်” လို့ ပြောလိုက်တယ်။ ဒါပေမယ့် သူကဘာပြန်ပြောသလဲဆိုတော့ “ဆရာတော်လည်းတပည့်တော်ကို ယုံမှာမဟုတ်ပါဘူး။ တပည့်တော်ကို တစ်ပါးတည်းပဲပြင်ပေးပါတဲ့”။ တပည့်တော်ကလည်း “ဟဲ့...ဦးဇင်း၊ ဘာတွေပြောနေတာလဲ၊ လာ...တစ်ခါတည်း ဒီမှာ ၀င်ဘုဉ်းပေး။” လို့ ထပ်ပြောပေမယ့် သူက အကြောက်အကန်ငြင်းနေတာနဲ့ နောက်ဆုံးတော့ သူစိတ်ချမ်းသာပါစေဆိုပြီး ပြင်ကျွေးခိုင်းလိုက်တယ်။ နောက်ရက်တွေမှာလည်း အဲဒီအတိုင်းပဲ တစ်ပါးတည်းပဲ စားတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောဘူး။ ပြီးတော့ ကျောင်းထောင့်က မန်ကျည်းပင်အောက်မှာ အမြဲသွားသွား တရားထိုင်တယ်။ ဒီကိုရောက်ပြီး ၁၅ရက်မြောက်တဲ့နေ့မှာပဲ ဦးဇင်းလေးရယ် ပြောရမှာတောင် စကားမထွက်ရက်ပါဘူး။ အဲဒီ သူတရားထိုင်တဲ့မန်ကျည်းပင်မှာပဲ ကြိုးဆွဲချ ပျံလွန်တော်မူသွားတယ်။’

‘အို’ သူ့နှုတ်မှ အသံထွက်သည်အထိ အံ့သြသွားပါသည်။ ဆရာတော်က စကားဆက်သည်။

‘ပျံလွန်တော်မူတော့ သင်္ကန်းကြားထဲမှာ စာရွက်ကလေးတစ်ရွက် တွေ့ရတယ်။ ဘာရေးထားသလဲဆိုတော့ “ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏။” တဲ့။ တပည့်တော်တို့လည်း သူဘာတွေဖြစ်လာခဲ့တယ်ဆိုတာလည်း မသိရဘူး၊ တစ်မြို့လုံးကလည်း စိတ်မကောင်းကြဘူး။ သူ့အမေဆိုတာကတော့ ပြောမနေပါနဲ့တော့။ အခုဆိုပျံလွန်တော်မူသွားတာ တစ်နှစ်ကျော်ပြီဆိုပါတော့’

‘အဲဒီဦးဇင်းလေးက သင်္ကန်းကို တကယ်ကောယူမိလို့လားဘုရား’

‘အဲဒါပြောမလို့ပဲ….. ပျံလွန်တော်မူပြီး သုံးလလောက်ကြာတော့ သူနဲ့တော်တော်ခင်တဲ့ သူ့ရဲ့သူငယ်ချင်း ဦးဇင်းတစ်ပါးရောက်လာတယ်။ ရောက်လာတဲ့....သူ့ သူငယ်ချင်း ဦးဇင်းဆီက စကားကြားရတော့မှ အားလုံးစိတ်မကောင်းဖြစ်ကြရတယ်။ သင်္ကန်းပျောက်တဲ့ဦးဇင်းလေးက သင်္ကန်းပျောက်သွားတာတော့ တကယ်ပျောက်သွားတာပဲ။ ဖြစ်ပုံက အဲဒီဦးဇင်းလေးက ဆွမ်းခံကြွနေတုန်း သူ့ရဲ့ ဦးလေးဘုန်းကြီးက တောကရောက်လာတယ်တဲ့။ မန္တလေးကို ပစ္စည်းလာဝယ်တာတဲ့၊ သေတ္တာပေါ်မှာ သရီးရိုင်ဖယ်သင်္ကန်းကို တွေ့သွားပြီး သဘောကျတာနဲ့ တူလည်းဖြစ်၊ တပည့်လည်းဖြစ်နေတာနဲ့ မပြောပဲ ယူသွားလိုက်တယ်။ ဘူတာကို ချက်ချင်းဆင်းရတာဆိုတော့ ယူသွားတဲ့အကြောင်း ဘယ်သူ့မှလည်း ပြောချိန်မရတော့ဘူး ထင်တယ်။ အဖြစ်မှန်ကို ဘယ်သူမှမသိကြတော့ ပြဿနာဖြစ်ကြတော့တာပဲ။

နောက် တပည့်တော် တပည့်ဦးဇင်းလေး ပျံလွန်တော်မူပြီး နှစ်လလောက်နေမှ သင်္ကန်းပျောက်တဲ့ ဦးဇင်းလေးက သူ့ရွာပြန်မှ ဦးလေးဘုန်းကြီးက သူသင်္ကန်းယူသွားတဲ့ အကြောင်းပြောပြတာတဲ့၊ အဖြစ်မှန်ကို သိရတဲ့အချိန်မှာ အားလုံးကလွန်ကုန်ပြီ။

တစ်ထွာလောက်ရှိတဲ့ လျှာတစ်ချောင်းဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ ဘာမဟုတ်တဲ့ စကားတစ်ခွန်းဟာ အသက်တစ်ချောင်းအထိ ဆုံးရှုံးသွားရတယ်။

တပည့်တော် အသက် ရှစ်ဆယ်နီးနေပါပြီ။ တော်ရုံတန်ရုံကိစ္စကို အသက်အရွယ်အရ တရားနဲ့ ဖြေလို့ ရပါတယ်။ ဒီဦးဇင်းလေးကိစ္စကျတော့ ငယ်ငယ်လေးကတည်းက ကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့ရတဲ့ တပည့်ရင်းလေး ဖြစ်နေတော့ သံယောဇဉ်လည်း တော်တော်ဖြစ်မိပါတယ်။ အဲဒါကြောင့် စိတ်ထဲမှာ ဣနြေ္ဒမရတော့ ဖြစ်မိတယ်။ နောက်ဆုံးတော့ သဗ္ဗေသတ္တာ ကမ္မဿကာ သူ့ဝဋ်ရှိလို့ ခံရတာပဲလေလို့ နှလုံးသွင်းလိုက်ရတယ် ဦးဇင်းလေးရယ်’

ဆရာတော်က ဆက်တိုက်ပြောလိုက်ရလို့ ထင်သည်။ သည်မှာပင် စကားကို ရပ်ထားသည်။ စကားက သည်မှာတင် မဆုံးသင့်သေးပါ။ သည့်အတွက် သူကပဲ စကားစလိုက်ရသည်။

“ဆရာတော်ဘုရား။ ဘုရားတပည့်တော် အထင်တော့ ဦးဇင်းလေးအနေနဲ့  ဒီနည်းနဲ့ မဖြေရှင်းဘဲ တခြားနည်းတစ်ခုခုနဲ့  ဖြေရှင်းဖို့ ကောင်းတယ်ဘုရား။ ဖြေရှင်းနည်း မှားသွားတယ် ထင်တယ်ဘုရား။”

”အင်း...ဒါပေမယ့် ဦးဇင်းလေးရယ်...၀ဇီရဗုဒ္ဓိဋီကာမှာ ဂါထာလေးတစ်ပုဒ်ရှိတယ်။
ယေဘုယျေန ဟိ သတ္တာနံ၊ ၀ိနာသေ ပစ္စုပဋ္ဌိတေ။
အနယောနယ ရူပေန၊ ဗုဒ္ဓိမာဂမ္မတိဌတိ။
တဲ့
အဓိပ္ပါယ်ကတော့ “သတ္တ၀ါတွေဟာ ပျက်စီးဖို့ အချိန်တန်လာရင် နည်းဆိုးနည်းမှားဟာ နည်းမှန်ဟန်ဆောင်ပြီး စိတ်မှာ ထင်လာတတ်တယ်” တဲ့။ တကယ်တော့...လူဟာ ပျက်စီးဖို့ အချိန်တန်လာရင် ဘာနဲ့ မှ ကာကွယ်လို့  မရတော့ပါဘူး။ ကဲ...ကဲ....ဦးဇင်းလေးလည်း တရားဟောရဦးမယ်။ ကြွတော့...ကြွတော့။”

“မှန်ပါဘုရား”

သူ ဆရာတော်ကိုလက်အုပ်ချီပြီး အရိုအသေပေးရင်း နားနေဆောင်သို့ပြန်ခဲ့သည်။ လှမ်းရသည့် ခြေလှမ်းတွေက သိပ်မသွက်ချင်၊ လေးတွဲ့ဖင့်နှေးနေသည်။ ဆရာတော်ကတော့ သူ့တပည့် ဦးဇင်းလေး လဲလျောင်းရာ အုတ်ဂူလေးနားမှာပဲ ရပ်ကျန်ခဲ့သည်။

တစ်ထွာလောက်ရှိသော လျှာတစ်ချောင်းကို သူတော်တော်ကြောက်သွားပါသည်။ ပြီးတော့မုန်းချင်စိတ်လည်း ပေါက်သွားပါသည်။

မြတ်စွာဘုရားလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ အရှင်သာရိပုတ္တရာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဆရာတော်အရှင်ဇနကာဘိဝံသလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မင်းကွန်းဆရာတော်ဘုရားကြီးလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ နပိုလီယန်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဟစ်တလာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မာသာထရီဇာ လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဘင်လာဒင်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။

ထိုလျှာတစ်ချောင်းသည် မကြာခင်ပြာဖြစ်ရဦးမည်။ ပြာမဖြစ်ခင်တော့ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုအနေနှင့် အကောင်းအဆိုးတွေဖန်တီးနေဦးမည်။ ထိုလျှာတစ်ချောင်းကြောင့်ပင် သူကျင်လည်ရာဝန်းကျင်တွင်ရှိသော သတ္တ၀ါတို့သည် အမြင့်သို့ လည်း ရောက်သွားနိုင်သည်။ အနိမ့်သို့ လည်း ရောက်သွားနိုင်သည်။ အမှောင်ထဲသို့လည်း ရောက်သွားနိုင်သည်။ အလင်းထဲသို့လည်း ရောက်သွားနိုင်သည်။ လျှာတစ်ချောင်းသည် အဖြူအမည်း ကို ကောင်းကောင်းဖန်တီးနိုင်ပါသည်။

လျှာတစ်ချောင်သည် ပြာဖြစ်သွားလျှင်ကော ဇာတ်သိမ်းသွားပြီဟု ဆိုနိုင်ပါမည်လား။

ဗုဒ္ဓဘာသာ၏ အဘိဓမ္မာသဘောတရားအရ ကံ, ကံ၏အကျိုးဆိုတာ ရှိသည်ပဲလေ။ ကံ, ကံ၏အကျိုးအရ အသက်ထင်ရှားရှိစဉ် ပြုမူပြောဆိုခဲ့သော အမူအရာတို့ သည် ကမ္မသတ္တိတစ်ခုအနေနှင့် ဟိုဘက်ဘ၀အထိ ပါသွားပါလိမ့်မည်။ ပြာဖြစ်သွားလျှင်တော့ ဘာမှ အယူခံခွင့်မရှိတော့။ သတ္တိအားလျော်စွာ သုဂတိ၊ ဒုဂ္ဂတိ တစ်ခုခုက အသင့်ကြိုနေပါလိမ့်မည်။

ပြာမဖြစ်ခင် လျှာတစ်ချောင်းကို အမှီပြုပြီး တမလွန်၏ သုဂတိ ဒုဂ္ဂတိကို ကောင်းကောင်းဖန်တီးနိုင်ခွင့် ရှိနေသေးသည်။ ပြာဖြစ်သွားလျှင်တော့ ဖန်တီးနိုင်ခွင့် ရွေးချယ်နိုင်ခွင့် မရှိတော့ပါ။

ဘာပဲပြောပြော ည(၇)နာရီ ထိုးလျှင်ပင် သူလျှာတစ်ချောင်းကို အသုံးပြုရပါဦးမည်။ သည်တော့လည်း သူ၏လျှာတစ်ချောင်းကို ကျေးဇူးတင်လိုက်ရပြန်ပါသည်။


ရဝေနွယ်-အင်းမ

မော်လမြိုင်ကျွန်းမြို့ နယ်
ပရိယတ္တိသာသနာနုဂ္ဂဟအသင်း
ရွှေရတုအထိမ်းအမှတ်မဂ္ဂဇင်း (၁၃၁၆-၁၃၆၆)

(“အမြဲစီးဆင်းနေသော မြစ်တစ်ဆင်း အကြောင်း” စာအုပ်မှ ကူးယူဖော်ပြပါသည်။)

----------------------------------
(အမေရိကားမှာ လောလောဆယ် သီတင်းသုံးနေတဲ့ ဦးဇင်းလေးတစ်ပါးက ဒီဆောင်းပါးလေး တင်ပေးဖို့ ပြောလာလို့  ဟိုမှသည်မှ ရှာဖွေတင်ပေးလိုက်ပါသည်။)

Read more...

ဘာသာအယူဝါဒ မှန်/မမှန် စိစစ်ရန် မှတ်ကျောက်

Friday, May 14th, 2010 | Author: admin

ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ ရဲ့ သာသနာတော်အရှည်တည်တံ့ကြောင်းတရားတော် ကို နာဖြစ်ခဲ့ပါတယ်..ဒီတရားထဲမှာ ဆရာတော် သင်ပေးလိုက်တဲ့ မှတ်သားဖွယ်စာပိုဒ်လေးများကို ဒီပို့စ်မှာ ချရေးလိုက်ပါတယ်။
မဟာသက္ကရာဇ် (၁၄၈)၊ ကဆုန်လပြည့်နေ့ ညဦးပိုင်းအချိန်
မလ္လာမင်းတို့အင်ကြင်းဥယျာဉ် မှာ..
မြတ်စွာဘုရား အင်ကြင်းပင်ပျို (၂)ပင်အကြား ညောင်စောင်းလေးပေါ်မှာ..လျောင်းတော်မူနေပါတယ်။
အားတော်လည်း နားပါးပြီး ပရိနိဗ္ဗာန် စံဝင်ခါနီးဆဲဆဲ ပါပဲ။
ဒီအချိန်မှာ သုဘဒ္ဒ အမည်ရှိတဲ့ ပရိဗိုဇ်ဟာ..ဘုရားရှင်ထံသို့ ရောက်ရှိလာပါတယ်။
သူမှာ့ မေးလျောက်စရာမေးခွန်းရှိနေလို့ပါ။
ဘုရားရှင်ထံကို ၀င်တွေ့ခွင့်ရအောင် အရှင်အာနန္ဒာ မထေရ်ထံမှာ အကြိမ်ကြိမ်ခွင့်တောင်းခဲ့ပါတယ်။
နောက်တော့ ၀င်ဖူးတွေ့ခွင့်ရသွားပြီး..ဘုရားထံကို ချဉ်းကပ်ခဲ့ပါတယ်။

သူရဲ့ မေးလျောက်တဲ့မေးခွန်းက..
သူဟာ အရင်က..တိတ္ထိဆရာကြီးများထံမှာ..
တပည့်ခံပြီး သူတို့ရဲ့ နည်းလမ်းများနဲ့ ကျင့်ကြံအားထုတ်နေကြောင်း..ဒါပေမယ့် ယခုချိန်ထိလည်း ဘာတရားထူးကိုမှ မရသေးကြောင်း
ထိုဆရာကြီးများကလည်း သူတို့ဟာ ရဟန္ဒာကြီးများဖြစ်ပါတယ်လို့ ပြောကြောင်း..
အဲဒါ သူတို့ပြောတာ မှန်၏ မမှန်၏ သိချင်လွန်းတဲ့အတွက်..ဘုရားရှင်ထံမှာ မေးလျောက်တာဖြစ်ပါတယ်.

ဘုရားရှင်က သုဘဒ္ဒ ပရိဗိုဇ်ကိုးကွယ်နေခဲ့တဲ့ ဆရာကြီးတွေ မှန်တယ်/မှားတယ် မဟောဘဲ..ဘာသာအယူဝါဒအစ်အမှန်ကိုခွဲခြားစိစစ်နိုင်ဖို့.
ဘုရားအစစ်အမှန် ဟုတ်မဟုတ် ခွဲခြားနိုင်ဖို့..မှတ်ကျောက်အဖြေလေးကို ဟောလိုက်ပါတယ်..
အဲဒါကတော့..

“မဂ္ဂင် (၈)ပါး အကျင့်တရား မရှိရာ ဘာသာအယူဝါဒ၌ ကိလေသာ ငြိမ်းသူမရှိ၍ ဆင်းရဲငြိမ်းသူမရှိနိုင်”

ဒီစကားကို တမျိုးပြန်ပြောမယ်ဆိုရင်..

“မဂ္ဂင် (၈)ပါး အကျင့်တရား ရှိရာ ဘာသာအယူဝါဒ၌ ကိလေသာ ငြိမ်းသူရှိ၍ ဆင်းရဲငြိမ်းသူရှိနိုင်သည်”

မြတ်စွာဘုရားဟောခဲ့တဲ့ စကားတော်ပေါ်မှာ အခြေတည်ပြီး ဆရာတော်ဘုရား နုတ်တိုက်သင်ပေးလိုက်တဲ့စာပိုဒ်လေးများကတော့..

  1. ဘာသာ မှန်/မမှန် စိစစ်ရန် စံမှန်/စံကောင်း ရှိပါသလော..
    ဘာသာ မှန်/မမှန် စိစစ်ရန် စံမှန်/စံကောင်း ရှိပါသည်။
  2. သာသနာ မှန်/မမှန် ခွဲဝေဖန် တင်ရန် မှတ်ကျောက် ရှိပါသလော..
    သာသနာ မှန်/မမှန် ခွဲဝေဖန် တင်ရန် မှတ်ကျောက် ရှိပါသည်။
  3. မဂ္ဂင် ရှစ်တန် စံကောင်းမှန် တင်ရန် မှတ်ကျောက် ဖြစ်ပါသည်။
  4. ရှစ်ဖြာမဂ္ဂင် ဘောင်မ၀င် ကျင့်စဉ် မှားလှသည်။
  5. ရှစ်ဖြာမဂ္ဂင် ဘောင်၌၀င် ကျင့်စဉ် မှန်လှသည်။
  6. ကျင့်စဉ်မှန်မှ ၀ဋ်ဒုက္ခ မုချ ငြိမ်းစေသည်။
  7. ဒုက္ခငြိမ်းမှ ထိုဝါဒ မုချ စစ်မှန်သည်။
  8. ဗုဒ္ဓသာသနာ မဂ် (၈)ဖြာ သေချာရှိပါသည်။
  9. ထို့ကြောင့် ဗုဒ္ဓ ယူဝါဒ ဒုက္ခ ငြိမ်းစေသည်။
  10. ထို့ကြောင့် ဗုဒ္ဓ ယူဝါဒ မုချ စစ်မှန်သည်။
  11. မဂ္ဂင် ရှစ်ထွေ ကျင့်သူတွေ ကိလေ ငြိမ်းကြသည်။
  12. ကိလေငြိမ်းမှ ၀ဋ်ဒုက္ခ မုချ ငြိမ်းလေသည်။
  13. ဒုက္ခငြိမ်းမှ ထိုဝါဒ မုချ စစ်မှန်သည်။
  14. မဂ္ဂင် ရှစ်ထွေ မကျင့်ပေ ကိလေ မငြိမ်းပြီ။
  15. ကိလေမငြိမ်း ဆင်းရဲကိန်း ငြိမ်းအေး ချမ်းသာ မရပြီ။
  16. ချမ်းသာမဆောင် တရားယောင် ဝေးအောင်ရှောင်ရမည်။

မြတ်စွာဘုရားဟောခဲ့တဲ့ မှတ်ကျောက် အဖြေလေးအပေါ်မှာ ဆရာတော်ဘုရားက..
မှတ်မိလွယ်အောင် နုတ်တိုက်သင်ပေးလိုက်တာလေးတွေက တကယ်ကို တန်ဖိုးရှိတယ်။
မဂ္ဂင် ရှစ်ပါး အကျင့်မြတ်ရှိတဲ့သာသနာ အယူဝါဒသာလျင် ကျွန်တော်တို့အားလုံး အတွက်..
ကောင်းကျိုးချမ်းသာအစစ်အမှန်ကို ပေးနိုင်လို့ပါပဲ။
ဘာလို့လဲဆိုတော့ မဂ္ဂင် ရှစ်ပါး အကျင့်မြတ်ကို လိုက်နာမည်ဆိုရင် ကိလေသာ အပူမီးတွေကနေ အမှန်တကယ် ကင်းဝေးပြီး ဒုက္ခတွေအားလုံးကနေ အမှန်တကယ် လွတ်မြောက်နိုင်တဲ့အတွက်ကြောင့်..ဖြစ်ပါတယ်။
ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ သာသနာတော်အရှည်တည်တံ့ကြောင်းတရားတော် မှ ကောင်နုတ်ဖော်ပြလိုက်ပါတယ်။

Read more...

*ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲတတ်ပုံ*

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:


လောကီနယ်ပယ်တွင် ကျင်လည်နေသော ပုထုဇဉ်များ၏ စိတ်သည် များသောအားဖြင့် ကိုယ်တိုင်ဆုံးဖြတ် ဆင်ခြင် စဉ်းစားခြင်းမရှိဘဲ ပတ်ဝန်းကျင်ကိုလိုက်၍ ပြောင်းလဲတတ်သောသဘောရှိပါသည်။ မြန်မာစကား ပုံတွင်လည်း ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲတတ်ပုံကို “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ”ဟူ၍ ဆိုရိုးရှိ ပါသည်။ မြတ်စွာဘုရားရှင်ကလည်း ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲတတ်ပုံကို ငါးရာ့ငါးဆယ်နိပါတ်တော် ထဲတွင် ယခုလိုဟောကြားထားတော်မူခဲ့ပါသည်။
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ် ရာဇဂြိင်္ဟ်မြို့တော်၌ ဒေ၀ဒတ်၏တပည့် ရဟန်းတစ်ပါး သည် ဘုရားရှင်ထံတော်မှာနေသော မိတ်ဆွေရဟန်းအား မိမိတို့မှာ ဆွမ်းမခံဘဲ နေ့စဉ် တစ်ဆယ့်ရှစ်မျိုး သော ဟင်းလျာများ စားနေကြရကြောင်း ပြောပြသည်။ ပြောဖန်များသောအခါ မြတ်စွာဘုရားရှင်ထံမှာနေ သောရဟန်းသည် ဒေ၀ဒတ်၏ တပည့်တို့ထံသို့သွား၍ ဆွမ်းစားလေသည်။
ထိုအကြောင်းနှင့်စပ်၍ မြတ်ဗုဒ္ဓက ဤအတိတ်ဇာတ်ကြောင်းကို ဆောင်၍ ဟောတော်မူလေသည်။
အတိတ်ဝတ္ထု
ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ် ဘုရားလောင်းသည် ထိုမင်း ကြီး၏ ပညာရှိအမတ် ဖြစ်နေသည်။ ထိုမင်းတွင် မဟိဠာမုခ မည်သော နူးညံ့သိမ်မွေ့သည့် မင်္ဂလာဆင် တော် တစ်စီးရှိသည်။ တစ်ည၌ သူခိုးတို့သည် ဆင်တင်းကုပ်အနီးသို့ လာရောက်၍ ဥမင်လိုဏ်ခေါင်းကို မည်ကဲ့သို့ တူးရမည်၊ ခိုးယူရာတွင် လူကို သတ်ပြီးမှ ခိုးသင့်သည်၊ ကြမ်းတမ်းစွာ ပြုမူနိုင်ရမည် စသည်ဖြင့် ပြောဆိုကြသည်။ ခိုးသူတို့သည် နောက်ညဉ့်များတွင်လည်း မကြာခဏ လာရောက်တိုင်ပင်ကြသည်။
ထိုအခါ မင်္ဂလာဆင်တော်သည် သူ့ကိုလာရောက် သင်ပေးနေသည်ဟု ထင်သွားကာ တစ်မနက်တွင် ဆင် တင်းကုပ်သို့ စောစီးစွာ ရောက်လာသော ဆင်ထိန်းကို နှာမောင်းဖြင့် ဖမ်းယူ၍ ရိုက်သတ်ပစ်သည်။ နောက်တစ်ယောက်ဝင်လာရာ ထိုသူကိုလည်း သတ်လိုက်ပြန်သည်။ နောက်ရောက်လာသူတိုင်းကိုလည်း ရန်မူ၍ချည်းနေသည်။
ဆင်ထိန်းများသည် ထိုအကြောင်းကို မင်းကြီးထံ သံတော်ဦးတင်ကြရာ ဘုရင်ကြီးက ဘုရားလောင်းအား “ဆင်တော်သည် အဘယ်ကြောင့် ဖောက်ပြန်ရသည်ကို စူးစမ်းချေလော့” ဟု စေခိုင်းလေသည်။ ဤတွင် ပညာရှိအမတ်က ညဉ့်ချိန် ဆင်တင်းကုပ်အနီး၌ စကားပြောနေသူများ ရှိမရှိကို ဆင်ထိန်းထံ စူးစမ်းသည်။ ဆင်ထိန်းများက ခိုးသူများလာ၍ စကားပြောဆိုကြကြောင်း ပြန်ကြားသည်။
အမတ်သည် “ဆင်တော်၌ ရောဂါဝေဒနာများ ကင်းရှင်းပါသည်။ သို့ရာတွင် သူခိုးတို့စကားကို ကြားရဖန် များ၍ ဆင်တော် ပျက်စီးရခြင်း ဖြစ်ပါသည်” ဟု တင်လျှောက်သည်။
ထိုအခါမင်းကြီးသည် ဆင်တော် ပြန်လည်ကောင်းမွန်လာစေရန် ပညာရှိအမတ်အား တာဝန်လွဲပေးလိုက် သည်။ ပညာရှိအမတ်သည် ရဟန်း၊ ပုဏ္ဏားတို့ကို ပင့်ဖိတ်၍ ဆင်တင်းကုပ်တွင် တရားဓမ္မများ ဆွေးနွေးစေ သည်။ ဆင်တော်သည် သူတော် ကောင်းတို၏ စကားသံများကို ကြားရဖန်များလာသောအခါ ပြန်လည်၍ ယဉ်ကျေးသိမ်မွေ့လာသည်။
ဇာတ်တော်တွင် မဟိဠာမုခဆင်တော်သည် ဒေ၀ဒတ်၏ ဆွမ်းကိုသွား၍ စားသောရဟန်းဖြစ်ပြီး ၊မင်းသည်၊ အရှင်အာနန္ဒာဖြစ်၍၊ ပညာရှိသည် မြတ်စွာဘုရားရှင်ဖြစ်ပါသည်။
ကိုးကား ။ ။ငါးရာ့ငါးဆယ်အနှစ်ချုပ်
ဤဇာတ်တော်ကိုကြည့်ခြင်းအားဖြင့် အတုမြင် အတတ်သင်တတ်သည် ဆိုသည့် သဘောကိုတွေ့ရပါ သည်။ လူငယ်လူရွယ် ကျောင်းသူ ကျောင်းသား တို့အနေဖြင့်လည်း ပညာရှာမှီးချိန်အခါတွင် တစ်ယောက် နှင့်တစ်ယောက် သူဝတ်ထားတာ၊ သူသုံးတာလေးက လှလိုက်တာ ငါလည်း အဲလို ၀တ်မယ်၊သုံးမယ် ဟူ၍ တုပြိုင်နေမည့်အစား ပညာကိုကြိုးစား၍ ထူးချွန်နေသော သူများကိုသာကြည့်၍ ငါလည်းသူ့လိုဖြစ်အောင် ကြိုးစားမည်ဟု ကောင်းသော အတုကိုသာ ယူသင့်ပါသည်။ အနောက်တိုင်း ယဉ်ကျေးမှုကို လိုက်၍တုပြီး သူတို့လိုနေလျှင်လည်း ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို မထိန်းသိမ်းရာ ရောက်သွားမည်ဖြစ်ပါ သည်။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးသိမ့်မွေ့လှသော မြန်မာ့ယဉ်ကျေးမှုကို တိုင်းတပါးသားတို့က လေးစား အထင်ကြီးလာအောင်၊ အတုယူလာအောင် ပြုလုပ်ရမည်မှာ ကျွန်တော်တို့အားလုံး၏ တာဝန်ပင်ဖြစ်ပါ သည်။ တာဝန်ဆိုတာ ကိုယ်ကိုပေးမှ မဟုတ်ပါဘူး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ထိန်းသိမ်းစောင့်ရှောက် ပြီး၊ သစ္စာရှိနေရင်လည်း တာဝန်ကို ထမ်းဆောင် နေခြင်းဘဲဖြစ်ပါတယ်။ “သစ်တစ်ပင်ကောင်းရင်၊ ငှက်တစ် သောင်းနားနိုင်တယ်” ဆိုသကဲ့သို့ မိမိကိုယ်တိုင်က ရှေ့ကနေ၍ ကောင်းအောင်ကြိုးစားမှ လူငယ်လူ၇ွယ် နောင်လာနောက်သားတို့ အတုမြင်ပြီး အတတ်သင်လာမည်ဖြစ်ပါသည်။ ပတ်ဝန်းကျင်ကြောင့် တိုးတက် လာနိုင်သကဲ့သို့၊ ပတ်ဝန်းကျင်ကြောင့်လည်း ဆုတ်ယုတ်ပျက်စီး သွားနိုင်ပါသည်။ ထို့ကြောင့် ပတ်ဝန်း ကျင်ကောင်းရှိဖို့သည် လွန်စွာမှ အရေးကြိးပါသည်။
ဆိုးသွမ်းသော ပတ်ဝန်းကျင်တွင် မွေးဖွားကြီးပြင်းပြီး ဆိုးသွမ်းသောပတ်ဝန်းကျင်နှင့် တွေ့ထိဖန်များလာ သောအခါ ဆိုးသွမ်းလာမည်ဖြစ်သကဲ့သို့၊ ကောင်းသောပတ်ဝန်းကျင်တွင် မွေးဖွားကြီးပြင်းလာသောသူ သည် ကောင်းမွန် ထူးချွန်သောသူဖြစ်လာမည် ဖြစ်ပါသည်။
ပတ်ဝန်းကျင်က မကောင်းသော်လည်း မိမိ၏ ပညာဥာဏ်မျက်စိဖြင့် သင့်တော်၏၊ မသင့်တော်၏ကို ကိုယ် တိုင်ဆင်ခြင်စဉ်းစားပြီး ဝေဖန်ပိုင်းခြား၊ ဆုံးဖြတ်ခြင်းဖြင့် မိမိအတွက်ရော၊ မိသားစုအတွက်ရော၊ အများအတွက်ရော အကျိုးရှိသော အတုယူနိုင်သော၊ ထူးချွန်သောသူဖြစ်လာအောင် ကြိုးစားကြပါဆိုလို့ တိုက်တွန်းရင်းဖြင့် ကျွန်တော်၏ “ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲတတ်ပုံ” ပိုစ်လေးကို အားလုံးလည်း ကြားဖူး၊ ဖတ်ဖူး၊ မှတ်ဖူးတဲ့ လင်္ကာလေးနဲ့ အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။
“လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ်နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့် ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး မျှော်တွေးသုံးချက်ပေ။
အဲ့ဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။”
အားလုံးသော ဓမ္မ၊မိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

Read more...

*တရားတော်နာ ဖိတ်ကြားလွှာ*

Written by pnth
Thursday, 13 May 2010 17:46
ထုတ်လွှင့်မည့်ဆိုဒ် http://livedhamma.com/






လေးစားရိုသေစွာဖြင့်
ဖိုးသား

Read more...

မသိကြလျင် တွေးဆဦး





သိ



ကြ



လျင်




တွေး






ဦး




မသိကြလျင် တွေးဆဦး

မသိကြလျင် တွေးဆဦးတဲ့။ ဒီစာတမ်းလေးကို ဟိုး ...လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က
ကိုရင်ဘ၀ ကျက်ထားတဲ့ စာတမ်းလေးပါ။ စာတမ်းလေးက တိုပေမယ့် သူ့ ရဲ့ နောက်ကွယ်မှာ ဆိုလို ချက်က အနက်ရှိုင်းဆုံးသော အဓိပ္ပါယ်တွေ မြုပ်နေပါတယ်။

မြန်မာ ရှေးရှေးသော ပညာရှိတို့ ဟာ အတိုကောက်ကို နေ့ နံနဲ့  မှတ်သားထားတတ်ပါတယ်။ နေ့ နံအမှတ်သားကို နာမည်တွေမှာလည်း ဟိုတုန်းက အသုံးပြုပါတယ်။ နာမည်မေးလိုက်တာနဲ့  ဘာနေ့ သားလဲ ဆိုတာ မပြောဘဲ သိတာများပါတယ်။ ခုခေတ်မှာတော့ နာမည်လှမှု၊ ကိုယ့်အလိုကျ၊ ဗေဒင် ဆရာ အလိုကျ မှည့်တတ်ကြတယ်ပေါ့။

ရှိပါစေတော့လေ။ ခုပြောလိုရာကနေ့ နံများကို ခေတ်လူငယ်တို့ သိစေရန် ဦးစွာရေးပါ့မယ်။ ဒါမှသာ ကိုယ်တင်လိုက်တဲ့ စာသားရဲ့  အဓိပ္ပါယ်ကို ကောင်းစွာ သဘောပေါက်မှာ ဖြစ်ပါတယ်။

ကဲ မှတ်ကြည့်ကြစို့ -

က ခ ဂ ဃ င= တနင်္လာ ၊ ကျား
စ ဆ ဇ ဈ ည= အင်္ဂါ၊ ခြင်္သေ့
ယ ရ လ ၀ = ဗုဒ္ဓဟူး၊ ဆင်
ပ ဖ ဗ ဘ မ= ကြာသပတေး၊ ကြွက်
သ ဟ = သောကြာ ၊ ပူး
ဋ ဌ ဍ ဎ ဏ ၊ တ ထ ဒ ဓ န ( ၁၀ ) လုံး = စနေ၊ နဂါး
အ အာ အိ အီ ဥ ဦ ဧ သြ= တနင်္ဂနွေ၊ ဂဠုန်
လို့  မှတ်သားထားပါ။

ခု မသိကြလျင် တွေးဆဦး ဆိုတဲ့ စကားက လယ်တီဆရာတော် ဘုရားကြီးရဲ့ ခုနှစ်နေ့  ဘုရားရှိခိုးလို့ ခေါ်တဲ့ ဗုဒ္ဓ၀င် ဘုရားရှိခိုးကို မှတ်မိလွယ်အောင် ရေးထားတာပါ။ ဒီကဗျာလင်္ကာတွေက ဘုရားရှင် တစ်ဘ၀တာ အမိဝမ်းတိုက် ပဋိသန္ဓေ တည်သည်မှစပြီး ပရိနိဗ္ဗာန်ပြုပြီး ဓာတ်တော် ကြွင်းကျန်သည့်အထိ ရေးစပ်ပူဇော်ထားတာပါ။

ဆရာတော်ဘုရားကြီး ပိဋကတ်စာပေ နှံ့ စပ်မှုကြောင့် ဒီကဗျာတွေကို မန္တလေး ရန်ကုန် ရထား လမ်းပေါ် ခရီးသွားစဉ် ရေးစပ်ထားတာ လို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ် တက်စဉ်က ဆရာကြီး စောထွန်းမက်ဝင်း ပြောလို့ သိရပါတယ်။


အဲဒီ ခေတ်က ကွန်ပျူတာ အင်တာနက်မပေါ်သေးပေမယ့် ဥဏှောက်ထဲမှာ ပိဋကတ်စီဒီ က အသင့်ရှိပြီးသားမို့ အလွယ်တကူ ဆရာတော်ဘုရားကြီး အဖို့  စပ်ဆိုထားတာပါ။ နောင်လာ နောင် သား များအတွက် အကျိုးရှိစေတဲ့ ကဗျာပါ။ ဒီ ကဗျာလေးတွေနဲ့  ဘုရားရှိခိုးနေမယ် ဆိုရင် ဗုဒ္ဓါနုဿတိ ဘာဝနာလည်း ဖြစ်ပါတယ်။ အလွတ်မရရင်တောင် ကြည့်ပြိး လူများအဖို့  ရှိခိုးသင့်တဲ့ ကဗျာ လင်္ကာတွေပါ။
ဒါကြောင့်မို့  စေတနာထားကာ ရေးတင်လိုက်ပါတယ်။

မ- ကြာသပတေး၊ ကြွက်

သုံးလူ့ ရှင်ပင်၊ ကျွန့် ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့ ၊ ညီညာရုံးစု၊ တောင်း ပန်မှု ကြောင့်၊ ရတုနဂိုရ်၊ ရွှင်းရွှင်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေ ယူသည်၊ နတ်လူငြိမ်းဖို့ ၊ ကိန်းပါကို။

သိ- သောကြာ။ ပူး

သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ ၊ လမ်းပါကို။
ကြ- တနင်္လာ။ ကျား

ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်၊ ခန်းမှာကို။

လျင်- ဗုဒ္ဓဟူး၊ ဆင်


တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ပုံ ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှုင့်၊ မငြီးကြည်ဖြူ၊ နေတော်မူ လျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဇျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖေါ်လူတို့ ၊ ငြမ်းပါကို။

တွေး- စနေ။ နဂါး


ဘုရားဖြစ်ခါ၊ မိဂါဒါသို့ ၊ စကြာရွှေဖွား၊ ဖြန့် ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ ဝယ်၊ ကြွေ့ ကြွေ့ လျံတက်၊ ဓမ္မစက်ကို၊ မိန့် မြွက်ထွေပြား၊ဟောဖေါ်ကြားသည်၊ တရားနတ်စည်၊ ရွမ်းတယ်ကို။

- အင်္ဂါ၊ ခြင်္သေ့

တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့ ၊ ဖောင်ကူးတို့ ဖြင့်၊ ဆောင်ပို့ ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်း မယုတ်၊ ကုဿိနာရုံ၊ အင်းကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှန်းဆူသောင်းလုံး၊ ကျော်တယ်ကို။

ဦး-
တနင်္ဂနွေ= ဂဠုန်


နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိဂိ င်္ ရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ ဝယ်၊ ခိုးငွေ့ မနှော၊ ဓာတ်တေဇောလျင်၊ ရှင်စောဉာဏ်ချက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျံတက် ကော်ရော်၊ မီးပူဇော်သည်၊ မွေးတော် ရှစ်စိတ်၊ ကြွင်းတယ်ကို။


ဆုတောင်း
ထိုခုနှစ်နေ့ ၊ သာချမ်းမြေ့ကို၊ ဆွေ့ ဆွေ့ ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့ ထက်၊ မြတ်ထက်မြတ် သား၊ကိုယ်တော်ဖျားကို၊ သုံးပါးမွန်စွာ၊ ၀န္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း၊ ကြွယ်စေသောဝ်။


မှတ်ချက် ။ဓာတ်ပုံများ ဓမ္မဂင်္ဂါမြစ်မှ ဆယ်ယူထားပါသည်။ နောက်ဆုံးတစ်ပုံက ရောင်နီလင်း ဓာတ်ပုံတိုက်ကရရှိသည်။

မြတ်ရောင်နီ
( ၁၃၊ ၀၅ ၊ ၂၀၁၀)
ဖားသားဒေး နေ့ မှာ ဘုရားရှင်ရဲ့အတ္ထုပ္ပတ်ကို တင်လိုက်ပါတယ်။

Read more...

သာသနပါလကျောင်းမှ ဟာသများ အမှတ်(၄)

တစ်နေ့ ကိုရင်နန္ဒသာမိတို့သည် အစိုးရ အငယ်တန်း စာမေးပွဲကို ဖြေကြရသည်။ သူတို့ထဲတွင် မြန်မာပြည်အ ထက်ပိုင်းမှ မြန်မာစကားကောင်းကောင်းမတတ်သေးသော ဂဒူးကိုယ်တော်လေးတစ်ပါးပါရှိသည်။ သူသည် စာ မေးပွဲကို ကောင်းမွန်စွာ ဖြေဆိုခဲ့ကြောင်း ကိုရင်နန္ဒသာမိတို့ကို ကြွားနေလေသည်။ ဤတွင် ကိုရင်နန္ဒသာမိက
“ဟ ကိုရင်ဂဒူး မင်းစာမေးပွဲကောင်းကောင်းဖြေနိုင်တယ် ပြောတယ်၊ မင်းကိုမေးပါအုံးမယ်၊ (၁)နံပါတ်မှာ “ရဟန်း တော်များ အကပ်မခံဘဲ သုံးဆောင်ကောင်းသောအရာများကို ဖေါ်ပြပါ”လို့ မေးထားတယ်၊ မင်းအဲဒါကို ဘယ်လို ဖြေဆိုခဲ့လဲ။”ဟု မေးသောအခါ ဂဒူးကိုရင်က
“ အရှင်ဘုရားကလဲ ဒါလေးများ အလွယ်လေး၊ ကျောင်းဖြစ်ပါသည်လို့ ဖြေခဲ့တာပေါ့ဘုရား။” ဟု အားရ၀မ်းသာ
ပြောကြားလေသည်။ ထိုအခါ ကိုရင်နန္ဒသာမိက
“ဟ ကိုရင်ဂဒူးရ မင်း အစကတည်းက မှားနေပြီ၊ ဘယ်လိုလုပ်စာမေးပွဲအောင်မှာလဲ၊ ပါစိတ် ဒန္တပေါနသိက္ခာ ပုဒ်မှာအညတြ ဥဒကဒန္တပေါနာထောက်ပြီးရေဒန်ပူတို့ကို ကြဉ်ထားပြီး ကျန်သောအရားများကို အကပ်မခံဘဲ မသုံး ဆောင်ရ၊သုံးဆောင်လျှင် ပါစိတ်အာပတ်သင့်တယ်၊ ရေနဲ့ဒန်ပူကတော့ အကပ်မခံဘဲ သုံးဆောင်ကောင်း တယ်လို့ဆိုထားတယ်လေ။ မင်းဒါလေးတောင် မရဘူးလား၊ ဒါနဲ့ မင်းက ဘာကို ထောက်ပြီး ရဟန်းများ အကပ်မ ခံဘဲ သုံးဆောင်ကောင်းသော အရာသည်ကား ကျောင်းဖြစ်ပါသည်လို့ ဖြေခဲ့တာလဲ။” ဆက်မေးလေသည်။ ဤတွင် ဂဒူးကိုရင်လေး၏ ဖြေဆိုသံကို ကြားလိုက်ရသော ကိုရင်နန္ဒသာမိနှင့် အနီးအနားရှိ ကိုရင်တို့သည် အားရပါးရ ဟက်ဟက်ပက်ပက် ရယ်ကြရလေတော့သည်။ ဂဒူးကိုရင်ငယ်ဖြေကြားလိုက်သည်ကား
“ကိုရင်နန္ဒသာမိရယ် အရှင်ဘုရားပြောမှဘဲ ရှင်းသွားတာဘဲ၊တပည့်တော်လဲ စာမေးပွဲခန်းထဲမှာ အမျိုးမျိုးတွေး တယ်၊ အွန်း ရဟန်းတော်များ အကပ်မခံဘဲ သုံးဆောင်နေတာတော့ ကျောင်းဘဲရှိတယ်၊ ကျောင်းကြီးကို ဒကာ ဒကာမတွေကလဲ မ,ပြီးကပ်တာမရှိ၊ ရဟန်းတော်များကလဲ ကျောင်းကြီးကို အကပ်ခံတာမျိုးမရှိဘူး၊ ဒါကို တွေး တောပြီးရဟန်းများ အကပ်မခံဘဲ သုံးဆောင်ကောင်းသောအရာသည်ကား ကျောင်းဖြစ်ပါသည်၊”လို့ ဖြေခဲ့တာဘဲ ဘုရား၊ ရေနဲ့ဒန်ပူကိုလဲ မစဉ်းစားမိလိုက်ဘူးဘုရား။”ဟူသတည်း။
0 comments

Read more...

ခွင့်မလွတ်နိုင်ဘူးဆိုရင်ဖြင့်…

မနက်အစော ၂နာရီ ခွဲလောက်ဖြစ်မယ်ထင်တယ်။ အိပ်ကောင်းနေတဲ့အချိန် ဖုန်းမက်စေ့ခ်ျ ၀င်လာတဲ့ အသံကြောင့် နိုးသွားပြီး ဘယ်သူက ဘာပို့တာလဲလို့ ကြည့်လိုက်တော့ “အရှင်ဘုရားရေ… ရိုက်ချက်က ပြင်းလွန်းတော့ ခွင့်လွတ်လို့ မရဘူးဘုရား… (스님~ 너무 기가막혀서 용서가 않되내요)” ဆိုတဲ့ စာနဲ့အတူ ကိုရီးယား ဒကာမတစ်ယောက် ပို့လိုက်တဲ့ မက်စေ့ခ်ျ ဖြစ်နေတာကို တွေ့ရပါတယ်။ သူ့စာဖတ်ပြီး “အင်း… ဒီဒကာမတော့ ဒုက္ခပဲ”လို့တွေးရင်း ပြန်အိပ်ပျော်သွားလိုက်တာ မနက် ၅နာရီ နှိုးးစက်မြည်မှပဲ နိုးလာပါတော့တယ်။ အိပ်ယာက နိုးလာပြီး နောက်ပိုင်းမှာလည်း “ခွင့်မလွတ်နိုင်ဘူး”ဆိုတဲ့ သူ့စကားကိုပဲ သတိရနေရင်း လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကမှ ကျောင်းကိုရောက်လာပြီး ရင်ဖွင့်သွားတဲ့ ဒီဒကာမရဲ့ စကားသံတွေကိုပါ ပြန်လည်ကြားယောင်နေမိ ပြန်ပါတယ်။

လူတွေဟာ ဒုက္ခရောက်မှပဲ ဘုရားကျောင်းကန်ကို သတိရတတ်တယ် ဆိုတဲ့စကားလိုပဲ ကျောင်းမရောက်တာကြာတဲ့ ဒီဒကာမလည်း ဒုက္ခတွေ တစ်ပွေ့တစ်ပိုက်နဲ့ ခုမှပဲကျောင်းကို ရောက်လာခဲ့ပါတယ်။ သူ့ကြည့်ရာတာ နာကျင်မှု၊ ပူလောင်မှု၊ သောကဖြစ်မှု၊ အခဲမကြေဖြစ်မှုတွေနဲ့ ပြည့်နှက်နေတယ်လို့ ခံစားမိပါတယ်။ သိနေတာကြာပြီဖြစ်တဲ့ ဒီကိုရီးယား ဒကာမဟာ ဘုန်းဘုန်းရဲ့ တရားပွဲတွေမှာ လာနာဖူး၊ တရားလည်း အထိုက်အလျောက် အားထုတ်ဖူးတဲ့သူ ဖြစ်တဲ့အပြင် မြန်မာပြည်ကိုလည်း ရောက်ဖူးတဲ့သူပါ။ ဒါကြောင့် သူ့စိတ်သက်သာရာ သက်သာကြောင်း ဖြေပေးနိုင်မယ့် ဆရာဒကာအနေနဲ့ရော ကလျာဏမိတ္တအနေနဲ့ပါ အားကိုးတကြီး ကျောင်းကို ရောက်လာတာ ဖြစ်ပါတယ်။

ဒကာမနဲ့ စကားပြောကြည့်တဲ့ အခါမှာတော့ သူ့ခံစားချက်တွေကို သိခွင့်ရခဲ့ပါတယ်။ တတ်နိုင်သမျှ ဓမ္မနဲ့ ဖြေဆည်ပေးခဲ့ပါတယ်။ သူခံစားနေရတာက သူကိုယ်တိုင် အစစအရာရာ လုပ်ကိုင်ဆောင်ရွက်ပေး၊ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေး၊ ဘာပဲဖြစ်ဖြစ် အကူအညီပေး၊ ကျေးဇူးပြုပေးခဲ့တဲ့ သူတစ်ယောက်က သူ့အပေါ် ကျေးဇူးကန်းသွား၊ သူ့ကိုအသုံးချသွား၊ သူဖြစ်စေချင်တဲ့ ပုံစံအတိုင်း ဖြစ်မသွားဘဲ အများရှေ့မှာ သူ့ကိုအရူးလုပ်သွားတဲ့ အတွက် အခဲမကြေဖြစ်ပြီး နာကြည်းစွာ ခံစားနေရတဲ့ အဖြစ်ပါ။ တရားထိုင်ဖို့ ကြိုးစားပေမယ့်လည်း တရားထိုင်တဲ့အခါတိုင်း ဒီစိတ်အတွေးတွေပဲ ၀င်နေတော့ တရားလည်း ထိုင်မရတဲ့အကြောင်း လျှောက်ပါတယ်။ ပြောလည်းပြော၊ မျက်ရည်လည်းကျ၊ ဒေါသလည်းထွက်နေတဲ့ ဒီဒကာမကိုကြည့်ပြီး သူပြောချင်တာတွေ ပြောနိုင်အောင် သူပြောသမျှကို အလိုက်သင့် စိတ်ဝင်တစား နားထောင်ပေးဖြစ်ခဲ့ပါတယ်။

ဒီလိုဒုက္ခဆိုတာ လူတွေကြားမှာ ပြောလို့မဖြစ်သလို သူ့အလုပ်နဲ့သူ ရှုတ်နေကြတဲ့ လူတွေမှာ တစ်ခြားသူ ကိစ္စကို အချိန်ပေး နားထောင်ပေးဖို့ဆိုတာ မလွယ်ပါဘူး။ ဘုန်းကြီးတွေကတော့ နားလည်းနားထောင်ပေး စိတ်သက်သာအောင် တရားနဲ့လည်း ဖြေဆေးပေးပြီး ကုသပေးတတ်တဲ့အတွက် အခုလို အားကိုးတစ်ကြီး ရင်လာဖွင့်တာ ဖြစ်ပါတယ်။ သူ့စိတ်တိုင်းကျ သူပြောချင်ရာ နားထောင်ပေးလိုက်၊ လိုအပ်တဲ့အခါ တရားစကားလေးတွေနဲ့ အားပေးနှစ်သိမ့်ပေးလိုက်တော့ သူ့ခံစားချက် နဲနဲ့ပေါ့သွားတယ် ထင်ပါတယ်။ မျက်နှာမှာ အရင်ကလောက် ပြင်းထန်တဲ့ ခံစားချက် မရှိတော့တာ သတိထားမိပါတယ်။ သူလည်း ပြောချင်ရာ ပြောပြီးသွားလို့လား မသိဘူး နဲနဲငြိမ်သွားပါတယ်။ ဒီတော့မှ ဘုန်းဘုန်းအနေနဲ့ သူ့ကို အေးရာအေးကြောင်း စိတ်ပြေရာ ပြေကြောင်း အေးအေးဆေးဆေး တရားစကား ပြောဟောပေးဖြစ်ပါတယ်။

“အင်း… ဒကာမရေ… နားထောင်ရတာ၊ ကြားရတာတွေအတွက် တကယ့်ကို စိတ်မကောင်းပါဘူး။ ဒါပေမယ့် စိတ်မကောင်းဖြစ်ရုံ၊ အကြံပြုရုံကလွဲပြီး ဒကာမရဲ့ ခံစားချက်တွေအပေါ်မှာတော့ ကူပြီးခံစားပေးဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီခံစားချက်တွေ လျော့သွားဖို့ကတော့ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားပြုပြင်ကြည့်ရမှာပါ။ ဖြစ်ခဲ့သမျှတွေကို သေချာပြန်တွေးကြည့်ပါ။ ဘာဖြစ်လို့ ဒီလောက်ခံစားနေရတာလဲ ဆိုတာ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ဆန်းစစ်ကြည့်ပါ။ ကိုယ်က ဒီမှာလာပြီး ဘယ်လောက်ပဲ ခံစားပြနေပါစေ တစ်ဘက်သူကတော့ သိမှာလည်း မဟုတ်သလို သူ့အလုပ် သူလုပ်နေမှာ အမှန်ပါပဲ။ ဒါဆို ကိုယ်က ကိုယ့်ဖာသာဖြစ်၊ ကိုယ့်ဖာသာကိုယ် ခံစား၊ ကိုယ့်ဖာသာကိုယ် နားကြည်းနေသလို ဖြစ်နေမှာပေါ့။ ဒီလို သူနဲ့ပတ်သက်တဲ့ အတွေးတွေဝင်တိုင်း အရင်ဆုံး နာကျင်စွာ ခံစားနေရတာက ဒကာမကိုယ်တိုင်ပဲ မဟုတ်လား..။ သေချာတွေးကြည့်တော့ အားလုံးဟာ ကိုယ့်ကြောင့်ဖြစ်တာချည်းပဲလို့တောင် ပြောရမလို ဖြစ်နေပါတယ်။ အကျိုးတရားမှန်သမျှ အကြောင်းကင်းပြီး ဘာမှမဖြစ်ဘူးလို့ ဆိုသလို အခု ဒကာမ ခံစားနေရတဲ့ ဒုက္ခဟာလည်း အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောပါပဲ။

အကြောင်းပြန်ကြည့်တော့ ကိုယ်ပဲစခဲ့တာ မဟုတ်လား…။ ကိုယ်ပဲစပြီး သူ့ကို အကူအညီပေးခဲ့တာ၊ ကိုယ့်ဖာသာကိုယ် နေရင်ဖြစ်ရဲ့နဲ့ သူ့နောက်လိုက်ပြီး သူ့ကို သနားခဲ့ ကူညီခဲ့ ပြည့်ဆည်းပေးခဲ့တာလည်း ဒကာမကိုယ်တိုင်ပါပဲ။ အရေးအကြီးဆုံးက ဒကာမရဲ့ ဒီလိုခံစား နာကြည်းချက်တွေဟာ သူ့အပေါ်မှာ ထားခဲ့တဲ့ ဒကာမရဲ့ မျှော်လင့်ချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ မျှော်လင့်တဲ့အတွက်ကြောင့်ပဲ ကိုယ်မျှော်လင့်တဲ့အတိုင်း၊ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာတော့ အခဲမကြေ ဖြစ်ကုန်တော့တာပေါ့။ မညှာတမ်းပြောရရင် ဒကာမကိုယ်တိုင် ပေးခဲ့တဲ့ ကူညီမှု၊ ကျေးဇူးပြုမှုတွေဟာ ပြတ်သားမှု မရှိဘဲ အနှောင်အဖွဲ့ မျှော်လင့်ချက်တွေနဲ့ ပေးခဲ့တာ ဖြစ်တဲ့အတွက် အခုလို ဆိုးကျိုးတွေ ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဆိုးကျိုးလို့ ဆိုရတာကလည်း ဒကာမနေရာက ကြည့်ပြီး ပြောရတာပါ။ တစ်ဘက်သူကတော့ ဒကာမလို ဖြစ်ချင်မှ ဖြစ်မှာပါ။ သူ့မှာ ဒကာမလို မျှော်လင့်ချက်တွေ၊ ဖြစ်ချင်တဲ့ပုံစံတွေ ရှိမှာမဟုတ်တဲ့အတွက် သူ့စိတ်ကတော့ သက်သောင့်သက်သာ ဖြစ်နေမှာပါ။ မဖြစ်တာကတော့ ဒကာမပါပဲ။

ဒါကြောင့် အကောင်းဆုံးကတော့ ပြီးခဲ့တဲ့ အတိတ်ကို အတိတ်မှာပဲ ထားနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ ဖြစ်ပြီးသမျှတွေကို အတတ်နိုင်ဆုံး မေ့နိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ မကောင်းတဲ့ အတွေးအမြင် ခံစားချက်ဆိုတာ မြန်မြန်မေ့နိုင်အောင် ကြိုးစားတာပဲ ကောင်းပါတယ်။ တွေးတိုင်းတွေးတိုင်း ခံစားနေရ၊ တွေးတိုင်းတွေးတိုင်း အကုသိုလ်တွေရနေမယ့် အရာတွေကို အမြန်ဆုံး မေ့ဖျောက်နိုင်ဖို့ လိုပါတယ်။ ကုသိုလ်ဖြစ်စေမယ့် အရာတွေဟာ သတိရတိုင်း၊ သတိရတိုင်း ကုသိုလ်တွေ တိုးနေနိုင်စေပေမယ့် မကောင်းတဲ့အရာတွေကတော့ တွေးတဲ့သူကို တွေးတိုင်းတွေးတိုင်း၊ သတိရတိုင်း သတိရတိုင်း ပူလောင်မှု၊ မကျေနပ်မှု အခဲမကြေမှုတွေပဲ တိုးပွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒကာမအနေနဲ့ ဖြစ်ပြီးခဲ့တဲ့ အတိတ်ကို ပြန်တမ်းတပြီး ပူဆွေးသောက ဖြစ်နေ၊ ကြေကွဲဝမ်းနည်းနေ၊ အလိုမကျ ဖြစ်နေမယ့်အစား အဲဒါတွေကို အမြန်ဆုံးမေ့နိုင်အောင်၊ တစ်ဘက်က သူ့အပေါ်ကိုလည်း မကျေနပ်ချက်တွေနဲ့ အငြိုးအတေးတွေ ထားမနေဘဲ ခွင့်လွတ်သီးခံကာ လျစ်လျူရှုနိုင်အောင် ကြိုးစားကြည့်ပါလို့ တိုက်တွန်းအကြံပြုချင်ပါတယ်…”
စသဖြင့် ဘုန်းဘုန်းလည်း ဒီဒကာမ အမြန်ဆုံး စိတ်သက်သာရာ ရအောင်၊ သူ့စိတ်လေး ပုံမှန်ဖြစ်သွားအောင် တတ်နိုင်သမျှ ဟောပြောပြသ အကြံပြုဖြစ်ခဲ့ပါတယ်။

အဓိက ပြောဖြစ်တာကတော့ “ဘာပဲဖြစ်ဖြစ် အငြိုးအတေးတွေနဲ့ ကလဲ့စားချေဖို့ ကြိုးစားတာထက်စာရင် သီးခံမှုနဲ့ ခွင့်လွတ်နိုင်အောင် ကြိုးစားကြည့်ဖို့…” ပြောဖြစ်ပါတယ်။ ဒီတုန်းကတော့ ဒကာမကိုယ်တိုင်ပဲ စိတ်ကလေး တစ်ဖြည်းဖြည်း ပျော့ပြောင်းသွားပြီး “ခွင့်လွတ်နိုင်အောင် ကြိုးစားပါမယ်..”လို့ ဆိုကာ ဦးချကန်တော့ပြီး ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ သူ့ဆီက ရောက်လာတဲ့ ဖုန်းမက်စေ့ခ်ျက “ခွင့်မလွတ်နိုင်ပါဘူး…”တဲ့။ ဒါဆိုရင်တော့…

ဟုတ်တယ်။ ခွင့်လွတ်ဖို့ ပြောတာကို ခွင့်မလွတ်နိုင်ဘူး ဆိုရင်တော့ သူ့သဘောအတိုင်းပါပဲ။ သေချာတာကတော့ ခွင့်မလွတ်နိုင်မှုရဲ့ နောက်ကွယ်မှာ အမုန်းတရား၊ အငြိုးအတေးများနဲ့ သူပြိုင်ကိုယ်ပြိုင် အနိုင်လုရင်း အပြန်အလှန် အတုံ့အလှည့်တွေနဲ့ မပြီးနိုင်တဲ့ ပြိုင်ဆိုင်မှု သံသရာ ရှည်နေကြဦးမယ် ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ ရန်ငြိုးဖွဲ့မှု၊ အာဃာတထားမှုတွေနဲ့ ပြဿနာတစ်ခု ပြေလည်စေဖို့၊ ရန်ငြိမ်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘဲ ခွင့်လွတ်သီးခံမှုနဲ့ ရန်ငြိုးမဖွဲ့မှု၊ ကလဲ့စားမချေမှုကပဲ ရန်အေးပြီး ပြဿနာငြိမ်းစေမယ့် တစ်ခုတည်းသော နည်းဖြစ်ပါတယ်။

ဒီလိုခွင့်မလွတ်နိုင်မှု ရန်ငြိုးဖွဲ့မှုဆိုတဲ့ အဖြစ်မျိုးဟာ ဘုရားလက်ထက်မှာလည်း ရှိခဲ့ပါတယ်။ ဘုရားလက်ထက်တုန်းက ကာဠယက္ခိနီ ဘီးလူမနဲ့ သာဝတ္ထိပြည် သူဋ္ဌေးတစ်ဦးရဲ့ သမီးတို့ဟာ အတိတ်ဘ၀က စခဲ့တဲ့ ရန်ငြိုးတွေကြောင့် တစ်ဦးနဲ့တစ်ဦး ခွင့်မလွတ်နိုင်ဖြစ်ကာ သံသရာမှာ ရှည်ကြာစေခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ အတိတ်ဘ၀တစ်ခုမှာ သူဋ္ဌေတစ်ဦးရဲ့ ဇနီးမယားများ ဖြစ်ခဲ့ရာက စခဲ့တဲ့ ရန်ငြိးဟာ နောက်ဘ၀တွေအထိ ပါသွားခဲ့ကြပါတယ်။ သူဋ္ဌေးဇနီးဘ၀မှာ ခံခဲ့ရတဲ့ တစ်ယောက်က ခွင့်မလွတ်နိုင်တဲ့ အငြိုးနဲ့ ဆုတောင်းခဲ့ရာမှ နောက်နောက်ဘ၀တွေမှာ တစ်ယောက်က ကြက်မဖြစ်တဲ့အခါ၊ တစ်ယောက်က ကြောင်မဖြစ်ပြီး ကြက်မရဲ့ ဥတွေကို စားပစ်လိုက်၊ ကြက်မက မကျေနပ်လို့ နောင်ဘ၀သူ့ကို နိုင်တဲ့သူဖြစ်ပါစေလို့ ဆုတောင်းတဲ့အတွက် နောင်ဘ၀မှာ တစ်ယောက်က သမင်မဖြစ်၊ တစ်ယောက်က ကျားသစ်မဖြစ်ပြီး သမင်မွေးရင်း ကျားစားရင်းဖြစ်ကာ သမင်မက မကျေနပ်တော့ ထပ်ရန်ငြိုးဖွဲ့ ထပ်ဆုတောင်း၊ ထပ်ကလဲ့စားချေ လုပ်လိုက်ကြတာ အတိတ်ဘ၀ အတော်များများမှာ သူတလှည့်ကိုယ်တလှည့် အပြန်အလှန် ရန်ငြိုးတွေဖွဲ့ပြီး သံသရာ ကျင်လည်လာခဲ့ရပါတယ်။ ဒီလိုနဲ့ အခုနောက်ဆုံးဘ၀ ဂေါတမမြတ်စွာ ဘုရားလက်ထက်မှာတော့ ဘီလူးမနဲ့ သူဋ္ဌေးသမီးဖြစ်လာပြီး ရန်ငြိုးတွေဖွဲ့ရင်း နောက်ဆုံးမှာ ဘုရားရှင်နဲ့ တွေ့တာပဲ ဖြစ်ပါတယ်။

ဗုဒ္ဓက သူတို့နှစ်ဦးရဲ့ ခွင့်မလွတ်နိုင်မှုကြောင့် သံသရာမှာ အပြန်အလှန် ရန်ငြိုးဖွဲ့ရင်း ကျင်လည်ခဲ့ရတဲ့အကြောင်း ပြောပြရင်း “ဘယ်သူက ငါ့ကို ဘာလုပ်ဖူးတယ်၊ ဘယ်လိုပြောဖူးတယ်၊ ဘယ်လိုကြံဖူးတယ် စတဲ့ ခွင့်မလွတ်နိုင်တဲ့ ရန်တုံ့မူခြင်းများဖြင့် ဘယ်တော့မှ ရန်မငြိမ်းနိုင်ကြောင်း၊ ရန်တုံ့မမူခြင်း၊ ခွင့်လွတ်ခြင်းဖြင့်သာ ရန်တို့သည် ငြိမ်းအေးနိုင်ကြောင်း…” စသဖြင့် ဓမ္မစကား မိန့်ကြားတော် မူလိုက်ပါတယ်။ ဒီတော့မှ သူတို့နှစ်ဦးလည်း တစ်ဦးအပေါ် တစ်ဦးခွင့်လွတ်ကြရင်း တရားရသွားခဲ့ပါတယ်။

ဒါဟာ ဘုရားလက်ထက်မှာ တကယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ခွင့်မလွတ်နိုင်ဘဲ ရန်ငြိုးဖွဲ့ကြရာမှ ဖြစ်ပေါ်ခဲ့တဲ့ အပြန်အလှန် အငြိုးအတေး အာဃာတ၊ ကလဲ့စားချေမှုတွေဟာ သံသရာကို ရှည်ကြာစေပြီး လွတ်မြောက်ရာအမှန် နိဗ္ဗာန်နဲ့ ဝေးနေတတ်တယ်ဆိုတာ သတိပြု ဆင်ခြင်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အရ ခွင့်မလွတ်ဘဲ နေလို့ရပါတယ်။ ဒါပေမယ့် ခွင့်မလွတ်ဘဲ နေခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်ပေါ်လာမယ့် ရလာဘ်တွေအတွက်တော့ ကိုယ်ကိုယ်တိုင်ပဲ ပြန်ခံရမှာဖြစ်ပါတယ်။ သံသရာအဆုံးသတ်ဖို့ ကိုယ်လုပ်တဲ့ ကောင်းကံ၊ မကောင်းကံတွေကို အဆုံးသတ်မှ ဖြစ်မှာပါ။ အငြိုးအတေးတွေနဲ့ လုပ်နေကြတဲ့ လုပ်ရပ်တွေကို ခွင့်လွတ်သီးခံမှုနဲ့ အဆုံးသတ်မှပဲ ပြီးဆုံးကြမှာပါ။ ကံတွေကို ဉာဏ်နဲ့ဖြတ်မှပဲ သံသရာလည်မှုက ရပ်မှာဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ ခံလိုက်ရလို့ မကျေနပ်ချက်တွေနဲ့ ခွင့်မလွတ်နိုင်ဘူးဆိုပြီး အငြိုးအတေးတွေထားကာ ပြန်လည်တုံ့ပြန်ကြမယ် ဆိုရင်တော့ ကိုယ့်အတွက်လည်း အတုံ့အလှည့် ပြန်ဖြစ်ကာ သံသရာအဆက် ရှည်ကြာလျက်နေမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဖြစ်ခဲ့တဲ့ ပြဿနာတိုင်းမှာ အကြောင်းကြောင့် အကျိုးဖြစ်ခဲ့တာ ဖြစ်တဲ့အတွက် ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်၊ ဘယ်သူကောင်းတယ်၊ ဘယ်သူမကောင်းဘူး စတဲ့အတွေးများနဲ့ အပြိုင်အဆိုင်၊ အပြန်အလှန်၊ အငြိုးအတေးတွေ ထားမနေကြဘဲ ဖြစ်ပြီးသမျှ အတိတ်ကို သင်္ခန်းစာယူကာ နောင်မဖြစ်အောင် ကြိုးစားရင်း အားလုံးကို ခွင့်လွတ်နိုင်အောင်သာ အမှတ်သတိ မပြတ်ရှိလျက် သံသရာအဆက် ဖြတ်ကြည့်ကြဖို့ပဲ လိုပါတော့တယ်။ သံသရာရှည်မယ့် အရာတွေကို ခွင့်လွတ်ခြင်းနဲ့ ဖြတ်နိုင်အောင် ကြိုးစားရင်း လွတ်မြောက်ရာလမ်းကိုသာ ရွေးချယ်ကြဖို့ပဲ လိုပါတော့တယ်။ တဖြည်းဖြည်း ကြိုးစားကြည့်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အားလုံး ခွင့်လွတ်နိုင်ကြပါစေ…

Read more...

My Old Parents are Getting Divorce ...


An elderly man in Mumbai calls his son in New York and says,
'I hate to ruin your day son, but I have to tell you that your mother and I are getting a divorce; 35 years of marriage... and that much misery is enough!'
'Dad, what are you talking about?' the son screams.
'We can't stand the sight of each other any longer,' the old man says.
'We're sick of each other, and I'm sick of talking about this, so you call your sister in Hong Kong and tell her!'
Frantic, the son calls his sister, who explodes on the phone.
'Like heck they're getting divorced,' she shouts, 'I'll take care of this.'
She calls Mumbai immediately, and screams at the old man, 'You are not getting divorced. Don't do a single thing until I get there. I'm calling my brother back, and we'll both be there tomorrow. Until then , don't do a thing, DO YOU HEAR??' and she hangs up.
The old man hangs up his phone and turns to his wife.. 'Okay', he says, 'It's all set. They're both coming for our anniversary and paying their own airfare!!'

MORAL:
No man / woman is busy in this world all 365 days.
The sky is not going to fall down if you take few days LEAVE and meet your dear ones.
OFFICE WORK IS NOT EVERYTHING IN LIFE and MONEY MAKING IS NOT EVERYTHING IN LIFE.

Labels: ,

posted by CrazySpirit at 0 Comments

Read more...

ဂတိ မစပ်စေဘို့ သတိကပ်လို့နေကြတာပေါ့

Saturday, 15 May 2010 06:39 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

Resized_unanika

အရှင်ဉာဏိကာဘိဝံသ

ကာလီဖိုးနီးယားတက္ကသိုလ်

တစ်ယောက်ထဲပင် ၊ စွမ်းအင်အပြည့် ၊ တည်ရှိဘိ ၊ သတိဖြင့်သာနေ ၊ အများတကာ ဆက်ဆံရာ ၊မေတ္တာပါမှ အဆင်ပြေ ။ သတိမေတ္တာ ၊ ဤနှစ်ဖြာ ၊ လူ့ရွာ အဆိပ်ဖြေ-လို့ တိပိဋကဓရ ယောဆရာတော်က စပ်ဆိုထားတယ်။ ဒီလင်္ကာလေး စိတ်ထဲပေါ်လာပြန်ပါတယ်

နေ၀င်ပျိုးပျရဲ့ ရောင်စဉ်အကျကြောင့် ရွှေဝါရောင် ထိန်ထိန်တောက်နေတဲ့ တောင်တန်း နောက်ခံပြင်မှာ ပြာစင်လဲ့နေတဲ့ ကန်ရေပြင်အလှက လှပ နိုင်လွန်း လှစွာပါ။ ငြိမ်းချမ်းလွန်းလှတဲ့ ဒီအလှကို ပိုမိုကြွရွလာအောင် အားဖြည့် ပေးလိုက်တာကတော့ မတိုးမညင်း သံစဉ်လေးတွေပေးလို့ ကြည်လင် ပြာလဲ့နေတဲ့ ရေပြင်စကို ရှပ်တိုက်ကာ ဖြတ်ပြေးလာတဲ့ လေနု အေးလေးတွေနဲ့ တိုးတိုးမွမွ သံချိုမြတဲ့ ဖြူလွလွလှိုင်း ကြက်ခွပ်လေးများပေါ့။ ဒါက နေ့တစ်နေ့ အတွက် ပြည့်ဝလွန်းတဲ့ ဆည်းဆာအလှ တစ်ခုပဲလေ။

Oregon ပြည်နယ်မှာ သီတင်းသုံးနေတဲ့ဆရာတော်အရှင်သီရိန္ဒက ဖုန်းခေါ်ထားလို့ ပြန်ဆက်ဖြစ်တယ်။ အင်တာနက်ကနေ မှာထားတဲ့ ဓာတ်ပုံကင်မရာ ရောက်ပြီလားဆိုတာ မေးဖို့ဆက်တာပါတဲ့။ တနေ့ကပဲစကား စပ်လို့ ကင်မရာတစ်လုံး မှာထားတဲ့အကြောင်း ပြောဖြစ်ထားတာ။ ဘယ်ကင်မရာ အမျိုးအစားက ကောင်းတယ်၊ မကောင်း ဘူးဆိုတာကိုတော့ ဆရာကြီးဖြစ်တဲ့ သူ့ကိုပဲ မေးရတာပေါ့။ အရှင်နေမိန္ဒက ကင်မရာတစ်လုံး ၀ယ်ဖြစ်လို့ သတိရတာနဲ့ ဖုန်းဆက်လိုက်တာ ဖြစ်မှာပါ။ အရှင်သီရိန္ဒက ဓာတ်ပုံလှလှ လေးတွေရိုက်တာ ဝါသနာပါလို့ အပြောကောင်းတာနဲ့ ကင်မရာ ဝယ်ဖြစ်သွား တယ်လို့ အရှင် နေမိန္ဒက ပြောပါတယ်။ သူကိုယ်တိုင်လည်း ဓာတ်ပုံမှတ်တမ်းရိုက်တာ ဝါသနာပါတာကို အမှတ်ပြုမိပါတယ်။ ၀ါသနာတူသူ နှစ်ဦး တွေ့ကြလို့ ခုလို မြန်မြန် ၀ယ်ဖြစ်သွားတာဖြစ်မှာပါ။

အရှင်နေမိန္ဒာဘိဝံသနဲ့ အရှင်ရာဇိန္ဒ-ရဝေနွယ် (အင်းမ)တို့က လောလောဆယ်မှာ အရှင်သီရိန္ဒဆီကို အလည်ရောက်နေကြတာ။ ပေါ့တလန်မှာရှိတဲ့ ရေတံခွန်ကို သူတို့သွားခဲ့ကြတဲ့ ဓာတ်ပုံနဲ့အတူ အရှင်ရာဇိန္ဒ-ရဝေနွယ်(အင်းမ)ရဲ့ နောက်ဆုံးထုတ်ဝေတဲ့ စာအုပ်ထဲက ဂတိချိုချို ဂတိခါးခါးဆိုတဲ့ ဆောင်းပါး လေးတစ်ပုဒ်ကိုလည်း အရှင်သီရိန္ဒက သူ့ရဲ့ကိုယ်ပိုင် ဝက်ဘဆိုက်ပေါ်မှာ ဒီနေ့ပဲ တင်ထားတယ်။

သူ့အနားမှာ အရှင်နေမိန္ဒနဲ့ ရဝေနွယ်(အင်းမ)တို့ နှစ်ပါးလုံးလည်းရှိနေလို့ ဝက်ဘဆိုက်မှာ တင်ထားတဲ့ ဓာတ်ပုံကောင်းကြောင်းနဲ့ ရဝေနွယ်အင်းမကိုလည်း ဂတိ မချို့တချိုလေးတွေအကြောင်းလည်း ရေးပါဦးလို့ လှန်းစလိုက်တာ။ ဒီတော့ သူက ဒါကတော့ ဆရာတော်ရေးဖို့ ချန်ထားပါတယ်။ ရေးပါဦးလို့ ပြန် ပြောပါတယ်။ အရှင်သီရိန္ဒကလည်း ဂတိဖန်ဖန် ခါးခါးလေးတွေအကြောင်းတော့ အရှင်ဘုရားရေးမှဖြစ်မှာ၊ ရေးဖြစ်အောင် ရေးလိုက်ပါဦးလို့ တောင်းဆိုပါတယ်။ ဖန်ဖန်ခါးခါးတော့ သိပ်မကြိုက်လှဘူး။ ငရုပ်သီးစပ်စပ်ကို ကြိုက်သူမို့ ဂတိစပ်စပ် လေးတွေ အကြောင်းပဲ ရေးတော့မယ်လို့ ပြန်ပြောဖြစ်လိုက်ခဲ့တာ။

သူတို့နဲ့ ဖုန်းပြောဖြစ်တော့ ကိုယ်က ကန်ဘေးမှာ လမ်းလျှောက်နေခိုက်။ တိတ်ဆိတ်စွာ လှပနေတဲ့ ပတ်ဝန်းကျင်နဲ့ ကြည်လင်ပြာလဲ့နေတဲ့ ကန်ရေပြာလွင်က ကိုယ့်ကိုယ်စာရေးဖို့ ဝိုင်းကူအားပေးနေ သလိုလည်း ခံစားရတယ်။ သူတို့နဲ့ ဖုန်းပြောအပြီးမှာတော့ ယောဆရာတော်ရဲ့ တစ်ယောက်ထဲပင် စွမ်းအင်အပြည့် တည်ရှိဘိ သတိဖြင့်သာနေ ဆိုတဲ့ အထက်က လင်္ကာလေးက စိတ်ထဲအလိုလို ပေါ်လာတယ်။ ခုလိုတစ်ယောက်ထဲ လမ်းလျှောက်ဖြစ်တဲ့အခါမျိုးမှာ လွတ်လွတ်လပ်လပ်တွေးချင်ရာ တွေးတတ်တဲ့အခါမျိုးရှိသလို သတိလေးကိုယ်မှာကပ်လို့ ကိုယ့်စိတ်ထဲက ဖြစ်ခိုက်လေးတွေနဲ့ နေတတ်တဲ့ အခါမျိုးလည်း ရှိတတ်ပါတယ်။ တခါခါမှတော့ ကြည်စင်ပြာလဲ့နေတဲ့ ကောင်းကင်ပြင်ကြီးတဲ့ ကန်ရေပြင်ပြာပြာက မေတ္တာပွားများဖို့ တွန်းအား ပေးတတ်ပါတယ်။ တွေးချင်တာပဲ တွေးနေနေ၊ ကိုယ့်စိတ်ကိုယ် ပြန်လည်ပဲ သတိကပ်လို့ပဲဖြစ်ဖြစ်၊ မေတ္တာလေးဖြန့်ဝေကာပဲနေနေ၊ ပတ်ဝန်းကျင်ရဲ့ အထောက်အပံ့က စိတ်ငြိမ်းချမ်းမှုကို အားကူပေးသလိုဖြတ်တာကိုတော့ သတိပြုမိပါတယ်။

ကန်ဘောင်ပေါ်မှာ ကိုယ့်လိုပဲ လမ်းလျှောက်သူတွေကို တွေ့တိုင်း သူတို့ကဦးလျင် သူတို့ကနှုတ်ဆက်၊ ကိုယ်ကဦးလျင်လည်း ကိုယ်ကနှုတ်ဆက်၊ ချစ်စရာကောင်းတဲ့ အလေ့အကျင့်လေးတစ်ခုကို လုပ်နေ ကြ။ ဒီနေရာလေးကိုရောက်တိုင်း ပတ်ဝန်းကျင်ရဲ့ငြိမ်းချမ်းမှုနဲ့အတူ ပြုံးပြနှုတ်ဆက်သူတွေရဲ့ နှုတ်ခွန်း စကား သံတွေက ကိုယ့်ကိုယ် အပျော်ကူးစက်တတ်ပေမယ့် ကိုယ့်စိတ်ကို ကသိကအောက်ဖြစ်စေတဲ့ အရာ တစ်ခုကိုလည်း အမြဲတမ်းပဲ တွေ့ရတတ်ပါတယ်။

ဒါပေမယ့် နံနက်စောစော လမ်းလျှောက်ဖြစ်တဲ့ အခါတိုင်း ငါးမျှားတန်တွေကိုင်လို့ ကိုယ်နဲ့မျက်နှာချင်း ဆိုင်ကနေ လမ်းလျှောက်လာ သူတွေကိုတွေ့တိုင်း ဂွတ်မောနင်းလို့ နှုတ်ဆက် ရမှာမျိုးကိုတော့ ကိုယ့်နှုတ်က ဆွံ့နေတတ်ပါတယ်။ ကိုယ့်စိတ်ကလည်း ငါက တကယ်လို့များ ဂွတ်မော နင်းလို့ နှုတ်ဆက် ပါပြီတဲ့။ သူတို့အတွက် ဂွတ်မောနင်း-ကောင်းတဲ့နံနက်ခင်း ဖြစ်သွားရင် ကန်ထဲက ငါးလေးတွေအတွက် မကောင်းတဲ့ နံနက်ခင်း ဖြစ်သွားရင် ခက်ရချည့်ဆိုပြီး နှုတ်မဆက်ဖြစ်တာပါ။ ကိုယ်ကသူတို့ကို နှုတ်ဆက်ဖို့ မပြောနဲ့၊ ပြုံးပြဖို့တောင် သိပ်စိတ်မပါသလို ဖြစ်မိပါတယ်။ ပြန်လည်စဉ်းစားတိုင်း မဟုတ်သေး ပါဘူးလေဆိုတာ သိပေမယ့် တစ်ဖက်မှာ နာကျင်စွာခံစားရှာရ၊ အသက်ပါဆုံးရှုံး ရှာကြမယ့် ငါးလေး တွေအပေါ် သနားစိတ်က ပိုမိုနေတာကြောင့် ငါးမျှားသူတွေကို ဂွတ်မောနင်း မဆိုနိုင်ခဲ့မိတာတော့ အမှန်ပါပဲ။

ဒီလူတွေနယ်၊ မညှာမတာရှိရန်ကောလို့လည်း သူတို့တွေကို အပြစ်မြင်ကာ ကြားကနေ မဆီမဆိုင် အပြစ်ဝင်ယူမိတတ်တဲ့အခါလည်း ရှိတတ်ပါတယ်။ ဟောဒီလောက် လှပလွန်းတဲ့ ပတ်ဝန်းကျင်လေးမှာ ပတ်ဝန်းကျင်မြင်ကွင်းလေးအလှကို ဖျက်တတ်သူတွေရယ်လို့လည်း သူတို့အပေါ် အမုန်းစိတ် ရိုင်းလေး တွေလည်း ဖြစ်တတ်ပါတယ်။ သူတို့တွေရဲ့ အကုသိုလ်ကံက ဘယ်လောက်ကြီး မကြီးဆိုတာကိုတော့ မခန့်မှန်းနိုင်ပေမယ့် ကိုယ့်မှာ ဖြစ်တတ်တဲ့ ဒီအမုန်းစိတ် ရိုင်းကတော့ ကြည်လင်နေတဲ့ ကိုယ့်စိတ်ကို အတော်အရောင်ဆိုးနိုင်တာကိုတော့ အမှတ်ပြုမိပါတယ်။ ဒေါသအရောင်ဆိုတာ ဘယ်မှာ ချိုတဲ့ဂတိ ဘုံကို ပို့ဆောင်ပေးနိုင်ပါ့မလဲ။ စပ်ခါးတဲ့ ဘ၀ဂတိတွေဆီကိုသာ ပို့ဆောင်မှာပေါ့။ ဒီတော့ စပ်ခါးတဲ့ဂတိ တွေနဲ့ဝေးအောင်ဆို သတိလေးထား၊ သူတို့တွေကိုလည်း မေတ္တာလေးပွားနိုင်မှ တော်မှာပေါ့။ အမုန်း တရားဆိုတာက ဘယ်လိုကြားမှာမှ ကောင်းတာမျိုးမှ မဟုတ်တာပဲ။

ခုညနေမှာလည်း ကံဘေး တစ်လျောက်မှာ ငါးမျှားနေကြတဲ့သူတွေ တော်တော်များများကို တွေ့ခဲ့ရတယ်။ ဒါပေမယ့် သူတို့တွေရဲ့ ဂတိစပ်ခါးခါးတွေ ကိုယ့်ဆီကူး စက်မလာအောင် သတိလေးကပ်လို့ နေတတ်အောင် နေမှဖြစ်မယ်ဆိုတဲ့ အသိလေးဝင်လာပါတယ်။ ကံထဲကနေ ငါးမျှားပြီးတက်လာတဲ့ သူတစ်ဦးက Hi Sir How are you doing today? လို့ နှုတ်ဆက်လာတာကို ကျေကျေနပ်နပ်ပဲ I’m fine. How about you လို့ ပြန်ပြောနိုင်ခဲ့တယ်။ အခါတိုင်းလိုသာဆို ကိုယ့်ဆီက နှုတ်ဆက်စကားသံ ခုလိုကျေကျေနပ်နပ် ထွက်နိုင်မယ် မဟုတ်ပေဘူး။ ဒါတင်မက သူ့အတွက်လည်း စပ်ခါးတဲ့ ဘ၀ဂတိကနေ ဝေးရလေအောင် သူများတွေကို ညှင်းဆဲသတ်ဖြတ်တဲ့ အလုပ်ဖြစ်တဲ့ ခုလိုငါးမျှားခြင်း ၀ါသနာကို အမြန်စွန့်လွှတ်နိုင်ပါစေလို့ လေးလေးနက်နက် ဆုတောင်းပေးလိုက်ပါတယ်။ ။

( စေတနာ မေတ္တာများဖြင့် နာရီပိုင်းအတွင်း ဆောင်းပါးလှလှလေး ပေးပို့ချီးမြှောက်တဲ့ မိတ်ဆွေကြီး စာရေးဆရာ ဥာဏ်ဦးမောင်လို့ခေါ်တဲ့ ဆရာတော် အရှင်ဥာဏိကာဘိဝံသအား အထူးအထူးဘဲ ကျေးဇူးတင်ပါသည်။ )

Read more...

ဆိုင်ရာ၊ ပိုင်ရာ နေ့တစ်ဝက်မှတ်တမ်း

မီးပျက်၊ ကော်နရှင်း မမိ၊ ကွန်ပျူတာ ဘက်ထရီ ချွေသုံး၊ ထမင်းချက်ရန် ရေမရှိ၊ ရေချိုးရန် နောင်တော် တစ်ပါးဆီက ရေတစ်ပုံးအလှူခံ၊ စပ်မိစပ်ရာ သတင်းများဖတ်၊ မြန်မာ့အရေးအတွက် စိတ်မကောင်းဖြစ်မိ၊ ပြည်တွင်းမှ ဆယ့်တစ်မီးငြိမ်း ရေအလှူရှင်များကိုလည်း တိုးတိုးတိတ်တိတ် မေတ္တာပို့ သာဓုခေါ်။

သူငယ်ချင်းဆီမှ လက်ဆောင်ပါလာသော မြန်မာပြည်တွင်းဖြစ် ဂျာနယ်စာစောင်အချို့ ဖတ်ခဲ့၊ ၄င်းစာစောင်များထဲမှ အိန္ဒိယ ကျောင်းသားများ ဥက္ကဌကြီးနှင့် တွေ့ဆုံးမေးမြန်းခန်း အမိတရဖတ်ဖြစ်။ အဖွဲ့ ကြီး၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ကျေနပ်ဝမ်းမြောက်မှုများရှိ။ ပြောလက်စ စကားများ ဘရိတ်မအုပ်နိုင်သေးသော နိုင်ငံကျော် မင်းသားကြီးကိုလည်း ကရုဏာပွါးမိ။

သူငယ်ချင်းတစ်ပါးဆီက ဖုန်းဝင်လာ၊ ကွန်ပျူတာအကြောင်း တစေ့တစောင်း မေးရန်ဟူသည်တည်း၊ အသို့ နှင့် သိသလောက် ပြောပေးဖြစ်ခဲ့၊

များမကြာ ဆွမ်းစားချိန်ရောက်၊ မီးမလာခြင်း၊ ရေမလာခြင်း စသည့် အကြောင်းများကြောင့် တိဘက်စားသောက်ဆိုင်သို့သာ ထွက်ခဲ့။ အသင့်ရှိနေသော စားပွဲထိုးမလေးအား ဘာရနိုင်သလဲဟု ခပ်ရှင်းရှင်းမေး၊ အနှီစားပွဲထိုးက ဘာမှမရသေးဟု ခပ်ပြတ်ပြတ်ပြန်ပြော၊ အချိန်ကား ဆယ့်တစ်နာရီ ဆယ့်ငါးမိနစ်။ ရယ်ဒီမိတ် ခေါ်က်ဆွဲဝယ်၊ ဆွမ်းတစ်နပ်အတွက် ကြုံသလို ဖန်တီးပစ်ခဲ့။

ရဝေနွယ် (အင်းမ)ရဲ့ ဘ၀တိုင်းဆုံတွေ့ချင်ပါသလား စာအုပ်ဖတ်။ ဆရာတော်ရဝေနွယ်ရဲ့ စာအုပ်ခေါင်းစဉ် နာမည်ကိုသာ ကြည့်ပြီိး ကိုယ်ပိုင်ကောက်ချက်ချ၊ ဒီအတိုင်းသာဆိုရင် (၀ါ) မပြောင်းလဲဘူးဆိုရင် ဘ၀ဆက်တိုင်းဆုံချင်ဖို့ နေနေသာသာ၊ ဒီဘ၀ ဒီမျှနဲ့သာ အဆုံးသတ်လိုက်ချင်တော့သည် ဟူလို။

နေ့တစ်ဝက်မှတ်တမ်းဖြစ်ပုံ
တစ်နေ့တာ အကုန်လုံး ရေးရပါမူ၊ ရေးသလောက် လိုက်နိုင်ဖွယ်မရှိသော ကွန်ပျူတာ ဘတ်ထရီကို အားနာမိသောကြောင့် နေ့တစ်ဝက်မှတ်တမ်းသာ ဖြစ်လေတော့ သတတ်။

Read more...

ကန္ဒီသို့ အလည်သွားခြင်း


နိုင်ငံတိုင်းတွင် စိတ်ဝင်စားဖွယ်ကောင်းသော မြို့လေးများ ရှိကြသည်။ မြန်မာနိုင်ငံတွင် ပြင်ဦးလွင်မြို့သို့ အလည်သွားချင်ကြသည်။ ပြင်ဦးလွင်က ရာသီဥတုကောင်းမွန်သည်၊ နောက်ပြီး ပန်းမြို့တော်ဟုလည်း ကျော်ကြားသည်။ မြွေလိမ်မြွေကောက်လမ်းလေးများကို ကားဖြင့်တက်ကာ သွားရသည်မှာ ရင်ခုန်ကြည်နူးဖွယ်ကောင်းလှသည်။ ပြင်ဦးလွင်နှင့် မတူသော်လည်း သီရိလင်္ကာနိုင်ငံတွင် ပြင်ဦးလွင်လို ကြည်နူးဖွယ်ကောင်းသော မြို့လေးတစ်မြို့ရှိလေသည်။ ထိုမြို့ကား ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်တည်ရှိရာ ကန္ဒီမြို့ပင် ဖြစ်လေသည်။

အရင်က ရောက်ဖူးသော်လည်း ကန္ဒီမြို့သို့ အလည်သွားချင်နေသည်မှာ ကြာပြီ။ မည်သည့်အကြောင်းကြောင့်ရယ် မသိ၊ ခဏခဏ ကန္ဒီမြို့သို့ သွားချင်နေသည်။ သို့ရာတွင် ဟိုရက်ရွှေ့ ဒီရက်ရွှေ့ဖြင့် မသွားဖြစ်ခဲ့။ နေရာတစ်ခုတွင် အလုပ်တစ်ခုကို ကြာမြင့်စွာ လုပ်ဆောင်နေလျှင် ငြီးငွေ့သွားတတ်သည်။ ထို့ပြင် အဆင်မပြေမှုများဖြင့် စိတ်များ မွန်းကြပ်လာလျှင်လည်း တစ်နေရာရာသို့ ခရီးသွားချင်စိတ် ဖြစ်တတ်သည်။ ထိုအကြောင်းများကြောင့် ဖြစ်ဟန်တူသည်။


၂၇-ရက်နေ့တွင်တော့ မနက်ဖြန်တော့ သွားဖြစ်အောင် သွားမယ်ဟူ၍ စိတ်ကို ပိုင်းဖြတ်လိုက်သည်။ ကိုလံဘိုသို့ ခဏအလည်ရောက်နေသော သူငယ်ချင်းကို အပူကပ်သည်။ မနက်ဖြန် သွားရအောင်ဟု အဖော်ညှိသည်။ ကန္ဒီက အရင်းနှီးဆုံး သူငယ်ချင်းကိုလည်း ဖုန်းဆက်အကြောင်းကြားသည်။ နောက်တစ်နေ့ ကားဂိတ်သို့ မသွားမီအချိန်အထိ စိတ်က မခိုင်သေး။ ၂၈-ရက်နေ့ ကားဂိတ်သို့ စတင်ထွက်ခါမိသောအခါမှ “ဟေ့…ဃောကြီး ငါ တကယ်သွားဖြစ်ပြီကွ”ဟု အားရပါးရ ပြောမိသည်။ ကန္ဒီသွားရခြင်း၏ ရည်ရွယ်ချက်မှာ အေးချမ်းသော မြို့လေး၏ရင်ခွင်တွင် ခဏတာ ခိုဝင်လိုခြင်းနှင့် ပုံမှန်ဆက်သွယ်နေကျ ကမ္ဘာကို ခဏတာ မေ့ထားလိုခြင်းကြောင့် ဖြစ်လေသည်။

ကန္ဒီအသွား ဘတ်စ်ကားလေးက ၂း၄၀ တွင် စတင်ထွက်ခွါသည်။ ကားပေါ်ရောက်တော့ စိတ်က ပေါ့ပါးသွက်လက်နေသည်။ ဘတ်စ်ကားကြီး၏ နောက်တွင် ငြိတွယ်ကပ်ပါလာသော အရိပ်များကလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်လွင့်ပါးနေခဲ့ကြသည်ဟုလည်း စိတ်က ထင်နေခဲ့သည်။ စိတ်က အလွန်လင်းချင်းနေသဖြင့် သူငယ်ချင်းနှင့် စကားပြောချင်လာသည်။ သို့ဖြစ်၍ ကန္ဒီက သူငယ်ချင်းဆီ ဖုန်းဆက်သည်။ မရခဲ့။ သူက သင်တန်းတက်နေလောက်ပြီဟု ဘေးက သူငယ်ချင်းက ပြောသဖြင့် ဆက်ပြီး မဆက်တော့ဘဲ ပေရာဒေနိယတက္ကသိုလ်က Ph.D ကျောင်းသူကြီး အစ်မ မကေသီစိုးဆီ ဖုန်းဆက်သည်။ ဦးဇင်းလာမည်ဆို၍ သူလည်း ၀မ်းသာကြောင်း ပြောသည်။ အဆင်ပြေလျှင် ရိပ်သာတစ်ခုတွင် ၁၀-ရက်ခန့်ဖြစ်ဖြစ် ၀င်ချင်ကြောင်း စုံစမ်းပေးဖို့ ပြောလိုက်သည်။

ညနေ ၆-နာရီခန့်တွင် အေးချမ်းသော ကန္ဒီမြို့လေးသို့ ရောက်သည်။ သူငယ်ချင်းတို့နေထိုင်ရာ ကျောင်းမှာ တောရကျောင်းဟု ဆိုနိုင်သည်။ ကန္ဒီမြို့သည် တောင်တန်းများ ပတ်လည်ဝိုင်းနေသည်ဖြစ်ရာ ကန္ဒီမြို့အစွန်မှ တောင်ပေါ်သို့ တက်လိုက်သောအခါ သူငယ်ချင်းနေထိုင်ရာ ကျောင်းသို့ ရောက်သည်။ လူသူအရောက်အပေါက်မရှိ။ တိတ်ဆိတ်နေသည်။ ဘေးပတ်လည်မှာလည်း သစ်ပင်းအကြီးကြီးများသာ ရှိသည်။ မျောက်များလည်း ပေါလှသည်။ ကျောင်းဆောင်အသေးလေးများ ဆောက်ထားပြီး တစ်ဆောင်တွင် နှစ်ခန်းထားရှိသည်။ အေးချမ်းစွာ နေလိုသူတို့အတွက် သင့်တော်သော ကျောင်းဆောင်လေးများ ဖြစ်သည်။

နောက်နေ့တွင် သူငယ်ချင်းက သွားခွဲစိတ်ရမည်ဆို၍ ဆေးခန်းသို့ လိုက်ပို့ရသည်။ နောက်ရက်ကျမှ ပေရာဒေနိယတက္ကသိုလ်သို့ သွားဖြစ်သည်။ အစ်မ မကေသီစိုးက ရှယ်ဆွမ်းကပ်မည်ဟု ဆိုသည်။ မနက် ၈-နာရီခန့်တွင် သူငယ်ချင်းနှင့် ပေရာဒေနိယတက္ကသိုလ်သို့ သွားသည်။ ကန်တင်းတွင် မကေသီစိုးကို စောင့်သည်။ ခဏကြာသောအခါ ဆွမ်းချိုင့်များကိုင်ပြီး ရောက်လာခဲ့သည်။ ဆာနေသော ဗိုက်ကို မကေသီစိုး ကြော်လာသော ခေါက်ဆွဲကြော်ဖြင့် ဖြည့်ခဲ့သည်။ ပျော်ပျော်ရွှင်ရွှင်ဖြင့် စကားတစ်ဖောင်ဖောင်ပြောပြီးသောအခါ ၁၀း ၃၀ ခန့်တွင် အဆောင်မှ ထွက်ပြီး တက္ကသိုလ်ပရိဝုဏ်အတွင်း လည်ပတ်ရင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။ ပေရာဒေနိယတက္ကသိုလ်သည် ကြီးကျယ်သလောက် ခမ်းနားမှုလည်း အပြည့်ရှိပါသည်။






ပေရာဒေနိယပရိဝုဏ်အတွင်း ၀င်ရောက်သည်နှင့် ခံစားမှုတစ်စုံတစ်ရာကို ခံစားရသည်ချည်း ဖြစ်သည်။
နောက်တစ်နေ့တွင် ကန္ဒီမြို့တစ်နေရာက သာသနာ့တက္ကသိုလ်မှ ပညာသင်လွှတ်သော ကျောင်းသားဦးဇင်းတစ်ပါးက ဖုန်းဆက်သည်။ သူတို့တက္ကသိုလ်သို့ အလည်လာရောက်ဖို့ ဖိတ်ခေါ်သည်။ နောက်တစ်နေ့ လာခဲ့မည်ဖြစ်ကြောင်း ပြောလိုက်သည်။ ဦးဇင်းကို ဆွမ်းကပ်ချင်လို့ပါဟု ပြောသည်။ သူတို့နေသော နေရာကို ရှီဗားဟု ပြောနေသံ ကြားရသည်။ ယုံချင်ယုံ မယုံချင်နေ ထိုအသံကို ကြားသောအခါ စိတ်က ဟိန္ဒူနတ်ဘုရား “ရှီဝ” ကို ပြေးမြင်သည်။ ရှီဝဟုဆိုသည်နှင့် (မရောက်ဖူးသော်လည်း ပုံထဲက) ဗုဒ္ဓဂယာက လျောင်းတော်မူမြတ်ဘုရားဆင်းတုရှေ့က “ရှီဝ”သင်္ကေတကြီးကို ပြေးမြင်သည်။

နောက်တစ်နေ့အထိ ဒီအမြင်ပဲ ရှိနေသည်။ ညီငယ်များ နေထိုင်ရာ နေရာသို့ရောက်သောအခါမှ “ဘာတဲ့ ငါ့ညီတို့ တက္ကသိုလ် နာမည်က”ဆိုမှ “ဦးဇင်း SIBA လေ၊ Sri Lanka International Buddhist Academy ရဲ့ အတိုကောက်ပေါ့”ဟု ရှင်းပြသည်။ “အော်…ဟုတ်လား၊ ကိုယ်က ဆီဗာဆိုတာ နေတဲ့နေရာ၊ တက္ကသိုလ်က အခြားနာမည်လို့ ထင်နေတာ”ဟု ပြောပြီး ရယ်နေခဲ့ရသည်။ ညီငယ်များချက်သောဆွမ်းကို စားပြီး ခဏနားကာ တက္ကသိုလ်ပရိဝုဏ်သို့ ပျော်ပျော်ပါးပါး သွားလည်ခဲ့ကြသည်။ ညနေ ၃း၃၀ ခန့်တွင် နောင်တစ်ချိန်တွင် သာသနာ့တက္ကသိုလ်၏ ဆရာများ ဖြစ်လာဟန်ရှိသော ညီငယ်လေးများကို နှုတ်ဆက်ရင်း ကန္ဒီမြို့တွင်းသို့ ပြန်လာခဲ့ကြသည်။

တနင်္ဂနွေနေ့တွင် ကန္ဒီမြို့မှ ပြန်လာခဲ့သည်။ ကန္ဒီတွင် စိတ်ရှိလက်ရှိ ကြာမြင့်စွာ နေလိုက်မည်ဟု အားခဲထားသောစိတ်က တာရှည်မခံ။ ၅-ရက်မျှသာ နေလိုက်ခဲ့သည်။ ဓမ္မပဒတွင် မြတ်စွာဘုရားက မခိုင်မြဲသော စိတ်အကြောင်းကို ကုန်းပေါ်သို့ ပစ်တင်ခံရသော ငါးနှင့် ဥပမာပြသည်။ မခိုင်မြဲသော စိတ်ကိုလည်း အေးချမ်းရာတွင် ထားလိုက်လျှင် ငါးကဲ့သို့ စိတ်က ဖျပ်ဖျပ်လူးနေသည်။ “ငါ့စိတ်လည်း ကုန်းပေါ်တင်ခံရတဲ့ ငါးလိုပဲလား”ဟု အကဲဆတ်မိသည်။ ထိုကဲ့သို့ တထစ်ချ ထပ်တူ မနှိုင်းမိသော်လည်း ခိုင်မြဲအောင် ကြိုးစားဖို့ လိုနေသေးသည်ဟုကား ကိုယ့်ကိုကိုယ် သိနေသည်။

ကိုယ့်စိတ်ကို ပြန်ကြည့်ရင်း ငယ်ငယ်က ကြည့်ခဲ့သော ရုပ်သေးရုပ်လေးများကို မြင်ယောင်သည်။ ရုပ်သေးရုပ်လေး လှုပ်နေသည်မှာ သူ့ကို ဆွဲနေလှည့်နေသော ကြိုးလေးများကြောင့် ဖြစ်သည်။ ထိုကြိုးလေးများကို ဖြတ်တောက်လိုက်လျှင် အရုပ်လေးမှာ သူ့အလိုလို ငြိမ်ကျသွားပေလိမ့်မည်။

မည်သို့ဆိုစေ ကန္ဒီခရီးစဉ်တွင် အစစအရာရာ ဖြည့်ဆီးပေးခဲ့သော သူငယ်ချင်းများ၊ SIBA မှ ညီငယ်များနှင့် ပေရာဒေနိယတက္ကသိုလ်မှ အစ်မ မကေသီစိုးတို့ကို ကျေးဇူးတင်သည်။ သူတို့ကြောင့် ကန္ဒီတွင် ပျော်ရွှင်ဖွယ်အချို့၊ အေးချမ်းဖွယ်အချို့ကို ရရှိခဲ့သည်။ ထိုပျော်ရွှင်မှု၊ အေးချမ်းမှုတို့ကို ထိန်းသိမ်းဖို့ကား ကိုယ်မှတစ်ပါး အခြားသူ မရှိနိုင်တော့ပါလေ….။

Read more...

ကြံဆခြင်းနဲ့ သိမြင်ခြင်း သို့မဟုတ် အထင်နဲ့ အမြင်



“မိမိကိုယ်တိုင် ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်းအတည်မယူပါနှင့်ဦး” ဒါလေးကတော့ ကာလာမသုတ်တော်လာ “မာတက္ကဟေတု”ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ် ဘာသာပြန်ဆို ချက်လေးပါ။

အတွေးအခေါ်ဆရာများစွာကတော့ အတွေးအမျိုးမျိုးကို ဒီလို ပြောကြပါတယ်။ အဲဒါတွေကတော့ ဖြန့် တွေး၊ ဖြည့်တွေး၊ ဖျောက်တွေး၊ ဖဲ့တွေး၊ ဖိတွေး၊ ဖော့တွေး၊ ဖောက်တွေး စသဖြင့်ပါ။ အချို့အရာတွေက စုစည်းပြီး တွေးရတာမဟုတ်ပဲ ဖြန့်ပြီး တွေးရတာမျိုး၊ အချို့ အတွေးကြတော့ လိုအပ်ချက်တွေရှိလို့ ဖြည့်တွေးရတာမျိုး၊ အချို့သောအတွေးက အတွေးဟောင်းတွေးကို ဖျောက်ပြီး တွေးရတာမျိုး၊ အချို့အတွေးကြတော့ တစ်စချင်းစီ တစ်ခုချင်းစီ ဖဲ့ပြီး တွေးရတာမျိုး၊ အချို့အတွေးများက ပေါ့ပေါ့လေးတွေးလို့မရဘဲ ဖိပြီး ကြိုးစားပြီး တွေးရတာမျိုး၊ အချို့အတွေးကြတော့ အဲသလိုမဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဖော့ဖော့လေး တွေးရတာမျိုး၊ အချို့ကတော့ သမရိုးကျ နည်းနဲ့မရဘဲ ဖောက်ထွင်းပြီး တွေးရတာမျိုးတွေပါ။ ဒါတွေကလည်း တကယ်တော့ ဖြစ်နိုင်သမျှ နာမည်တွေ တပ်ပြီး တွေးနည်းတွေကို ဖော်ပြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ ကာလာမသုတ်တော်မှာလာတဲ့ ကိုယ်တိုင်ကြံဆတွေးတောခြင်းကို ဘာ့ကြောင့် ချက်ချင်း အတည်ပြု လက်ခံတာမျိုးကို မလုပ်ဖို့ မြတ်ဗုဒ္ဓက မိန်းကြားထားသလဲ ဆိုတာလေးပါ။

လူတိုင်းဟာ ကြံဆနေတဲ့သတ္တ၀ါများ ဖြစ်ပါတယ်။ အချိန်ပြည့် တစ်ခုမဟုတ် တစ်ခုတော့ ကြံဆနေတာပါ။ ဒါ့ကြောင့်လဲ “ငှက်မှန်ယင် ပျံရင်းနဲ့ သေမယ်။ လူမှန်ယင် ကြံရင်းနဲ့ သေမယ်” ဆိုတဲ့ စကားလေးဟာ ပေါ်ပေါက်လာတာ ဖြစ်ပါလိမ့်မယ်။ ပါဠိစာပေများမှာတော့ ကြံဆခြင်း ဒါမှမဟုတ် ကြံစည်ခြင်းနဲ့စပ်ဆက်လို့ ဝေါဟာရလေးတွေ အများသားပါ။ အဲဒါတွေကတော့ တက္က၊ ၀ိတက္က၊ သင်္ကပ္ပ၊ အပ္ပနာ၊ ဦးဟာ-တို့အပြင် စိန္တနဲ့ စိန္တန -ဆိုတဲ့ ပုဒ်ကလေးတွေပါပဲ။ ဒီလိုပုဒ်ကလေးတွေ ကွဲပြားနေတာကပဲ သူ့ ရဲ့ အဓိပ္ပါယ်သက်ရောက်မှုလေးတွေဟာ အနည်း အများ၊ အားကြီးမှု အားသေးမှု ကွဲပြားနေတာလို့လဲ ဆိုနိုင်ပါတယ်။ ကြံစည်တယ်ဆိုတာ တကယ်တော့ စိတ်က အာရုံကို ဒါမှမဟုတ် အာရုံက စိတ်ကို ဆွဲယူသွားတာ ဆွဲငင်သွားတာ ဆွဲဆောင်သွားတယ်ဆိုတဲ့ သဘောပါ။ ဒါက တက္က-ကြံစည်ခြင်းဆိုတဲ့စကားလုံးရဲ့ သက်ဆိုင်ရာလေးတွေပါ။

တက္က-ကြံစည်ခြင်းကနေမှ နောက်ထပ် အသွင်ပြောင်းသွားနိုင်တာက တက္ကီ-ဆိုတာလေးပါ။ ပါဠိစာပေများမှာ တော့ တက္ကယတီတိ တက္ကီ၊ တက္ကော ၀ါ အဿ အတ္ထီတိ တက္ကီ-စသဖြင့်ပါ။ ဆိုလိုတာကတော့ တက္ကီဆိုတာဟာ ကြံဆခြင်းဆိုတဲ့ စကားလုံးသက်သက်မဟုတ်တော့ဘဲ အဲဒါကို အကောင်အထည်ဖော်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးဦး ဖြစ်တဲ့ ကြံဆခြင်းရှိသူ ကြံဆနေတဲ့သူ ကြံစည်နေသူလို့ ပြောချင်တာပါ။

အတွေးအခေါ်ဆရာများက ဖြည့်တွေး ဖောက်တွေး စသဖြင့် တွေးခေါ်နည်းများကို ဖော်ထုတ်ထားကြသလို့ အဋ္ဌကထာဆရာတော်များကလည်း လူသားများ တွေးခေါ်တတ်တဲ့အရာ လေးမျိုးကို ဖော်ပြထားပါတယ်။ အဲဒီမှာ (၁)တစ်ကတော့ အနုဿုတိကတက္ကီပါ။ ဒါက တစ်ဆင့်ကြားစကားတွေကို အခြေခံပြီးတော့ တစ်နည်းအားဖြင့် ကိုယ်တိုင်လက်တွေ့ မဟုတ်တဲ့စကားတွေပေါ်မှာ ကောက်ချက်ချပြီးတော့ ကြံစည်စဉ်းစားနေသူမျိုးပါ။ (၂) နှစ်မှာက ဇာတိဿရတက္ကီပါ။ ဒါကတော့ ဖြစ်ခဲ့ပြီးတဲ့ ဟိုဘက်ဘ၀ ဒါမှမဟုတ် ဘ၀ဟောင်းကို အောက်မေ့ နိုင်လို့ အဲဒါတွေကို အခြေခံပြီး တွေးခေါ်ကြံစည်နေသူမျိုးပါ။ (၃)သုံးကြတော့ လာဘီတက္ကီပါ။ သူကတော့ ဒီပစ္စုပ္ပန်ဘ၀မှာ အဆင်ပြေတဲ့ဘ၀တစ်ခု ပြည့်စုံချမ်းသာတဲ့ ဘ၀ကိုရရှိတဲ့အခါ အတိတ်ဘ၀တုန်းကလည်း ဒီလိုပဲ ချမ်းသာခဲ့တာ နေမှာပဲ။ အနာဂါတ်မှာလဲ ချမ်းသာသူ ဖြစ်လိမ့်မယ် ဖြစ်မှာပဲဆိုပြီး ပစ္စုပ္ပန်ရဲ့ ကာမဂုဏ်ချမ်း သာအပေါ်မှာ အခြေခံပြီး ရရှိလာတဲ့ဘ၀အပေါ်မှာ ကြံဆတွေးခေါ်နေသူမျိုးပါ။ (၄)လေးကတော့ ဖော်ပြခဲ့တဲ့ သုံးမျိုးလိုမဟုတ်တော့ဘဲ ကြံဆရုံ ကြံစည်ရုံ သက်သက်ကလေး မျှသာရှိတဲ့ ပုဂ္ဂိုလ်မျိုးပါ။ သုဒ္ဓတက္ကီလို့ ဆိုပါတယ်။

ဒီလေးချက်ထဲမှာ ဇာတိဿရတက္ကီပုဂ္ဂိုလ်ကလွဲယင် ယေဘုယျအားဖြင့် လူအများဟာ ကျန်တဲ့အချက်သုံးချက်နဲ့ တွေးခေါ်နေသူများဖြစ်တယ်လို့ တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ သတ်မှတ်နိုင်ပါတယ်။ ဘာသာအယူဝါဒ တစ်ခုခုကို လက်ခံယုံကြည်ကြတာဟာလည်း များသောအားဖြင့် ဒီအချက်လေးချက်ပေါ်မှာပဲ အခြေခံနေတာပါ။ ဒါကတော့ မှန်ခြင်း မှားခြင်းဆိုတဲ့ အဖြေထက် လူတို့သဘာဝ တွေးခေါ်တတ်တဲ့ ကြံစည်တတ်တဲ့သူတွေရဲ့ တွေးခေါ်နည်းတွေကို အဋ္ဌကထာဆရာက ဖော်ပြထားတာပါ။

မြတ်ဗုဒ္ဓကတော့ လူသားရဲ့စရိုက်လက္ခဏာ လူ့သားသဘာဝကို သိနားလည်ထားတဲ့ မဟာကရုဏာရှင်ဖြစ်တဲ့ အလျောက် တွေးခေါ်ကြံဆခြင်းနဲ့ပတ်သက်လို့ အန္တရာယ် ရှိ-မရှိ၊ အဆိုး-အကောင်း စသဖြင့် အကျိုး-အပြစ် တွေကို ဖော်ထုတ်မိန့်ကြားထားခဲ့ပါတယ်။ ဒါသည်ပင် တွေးခေါ်တတ်ဖို့ တနည်းအားဖြင့် ဆောင်နည်း ရှောင်နည်းများလို့ ပြောနိုင်ပါတယ်။

ညဏ်မမီနိုင်တဲ့အတွက် အကျိုးဆက်အဖြစ် လူသားများဟာ ရူးသွပ်သွားနိုင်သလို ဆင်းရဲပင်ပန်းမှုတွေ ဖြစ်နိုင်လို့ မကြံစည်ရမယ့်အရာလေးမျိုးကို ဗုဒ္ဓကမိန့်ခဲ့ပါတယ်။ အဲဒါလေးတွေကတော့ (၁) ဘုရားရှင်တို့ရဲ့ ဘုရားအရာ (၂) ဈာန်ရပုဂ္ဂိုလ်တို့ရဲ့ ဈာန်အရာ (၃) ကံကံ၏အကျိုး (၄) လောကအကြောင်းတွေပါပဲ။


ဒီနေရာမှာ စာရေးသူရဲ ကြံစည်မိတဲ့ ကိုယ်တွေ့ လေး ပြောကြည့်ချင်ပါသေးတယ်။ အဲဒါကတော့ စာရေးသူဟာ သီလသမာဓိကြီးမားတဲ့ ဆရာတော်ဘုရားကြီးတစ်ပါးထံကို ရဟန်းတော်တစ်ပါးရဲ့ ခေါ်ဆောင်မှုနဲ့ ဖူးမြော်ဖို့ ရောက်ခဲ့ပါတယ်။ စာရေးသူတို့နဲ့ စကားအနည်းငယ်ပြောပြီးတဲ့အခါ ဆရာတော်ဘုရားကြီးက ရေစက်ချအနုမောဒနာမပြုခင် ဒကာဒကာမသုံးယောက်က ကပ်လှုလာတဲ့ လှုဖွယ်တွေ အကပ်ခံပါတယ်။ စားစရာသစ်သီးတွေ ပါတဲ့အခါ နေ့လည်ပိုင်းအချိန်ဆိုတော့ ဒါကို စာရေးသူက စဉ်းစားနေမိတာပါ။ ရေစက်ချနေစဉ်မှာပဲ ဆရာတော်ဘုရားကြီးက ညာဘက်ဘေးတည့်တည့် နေနေတဲ့ စာရေးသူဘက် လှည့်ပြီး မိန့်ပါတော့တယ်။ ဆရာတော်ဘုရားကြီး မိန့်တာက ဒီလိုပါ။

“ ဦးဇင်းလေး! ကိုယ်က ညဏ်မမီတဲ့အရာတွေ အများကြီးရှိတယ်။ မကြံစည်သင့်တဲ့ အရာမျိုးတွေကို ကြံစည်ခဲ့မိယင် ကိုယ်ပဲ အထိခံရတတ်တယ်”။ အဲသလို ဆရာတော်ဘုရားကြီးက မိန့်တဲ့အခါ စာရေးသူလည်း ခေါင်းနပန်းကြီး စိတ်ထဲထိတ်ကနဲ့ပါ။ ဆရာတော်ဘုရားကြီးက ဆက်တိုက်ပဲ ဘုရားလက်ထက်တုန်းက မကြံစည်သင့်တဲ့အရာတွေ ကြံစည်ခဲ့ဘူးတဲ့ အကြောင်းအရာတွေ သုံးလေးခု ဆက်တိုက် မိန့်ပါတယ်။ စာရေး သူလည်း ချွေးပြန်နေတော့တာပါ။ ရေစက်ချပြီးတဲ့ အခါမှာတော့ စာရေးသူလည်း ကာယကံ ၀စီကံ မနောကံ တွေနဲ့ ပြစ်မှားမိယင် ခွင့်လွှတ်ဖို့ တောင်းပန်လျှောက်ထားခဲ့ပါတယ်။

အပြန်ခရီးမှာတော့ ခေါ်ဆောင်ခဲ့တဲ့ ရဟန်းတော်က မေးပါတယ်။ “ဦးဇင်း ဘာတွေ ဆရာတော်ဘုရားကြီးကို သွားပြီး ကြံစည်နေသလဲ” တဲ့။ တကယ်တော့ ၀ိနည်းမှာ အကပ်ခံထားတဲ့ သစ်သီးတွေကို စွန့်လိုက်ယင် ပြီးသွားတဲ့ ကိစ္စပါ။ ဆရာတော်ဘုရားကြီးဟာ နာမည်ကြီး စာရေးဆရာကြီးရဲ့ အကိုတော်အရင်းပါ။ စာရေးသူ ဒီနေရာမှာ သင်ခန်းစာတစ်ခုရတာက လောကမှာ ကိုယ်ညဏ်မမီတာတွေ အများကြီးဆိုတာရယ်၊ မပြစ်မှားထိုက်သူတွေကို မကြံစည်သင့်တာတွေ ကြံစည်မိပါက ကိုယ်ပဲ ဒုက္ခရောက်နိုင်တယ်ဆိုတာရယ်ပါ။ ဒါလေးကတော့ လောကမှာ မကြံစည်အပ်တဲ့အရာတွေနဲ့ စပ်ဆက်လို့ ပြောဆိုမိခြင်းပါ။

အခြားကြံစည်မှုများဖြစ်တဲ့ လောကဟာ မြဲသလား၊ မမြဲဘူးလား။ လောကကြီးဟာ အဆုံးရှိသလား၊ မရှိဘူးလား။ အသက်နဲ့ ခန္ဓာကိုယ် အတူတူလား၊ တစ်ခြားစီလား။ သေပြီးနောက် ဖြစ်သေးသလား၊ မဖြစ်တော့ဘူးလား။ သေပြီးနောက်မှာ ဖြစ်လည်းဖြစ်တယ်၊မဖြစ်လည်းမဖြစ်ဘူး။ ဖြစ်တာလည်းမဟုတ်ဘူး၊ မဖြစ်တာလည်းမဟုတ် ဘူ-ဆိုတာတွေကိုလည်း ကြံစည်ဖို့မသင့်ဖူးလို့ မြတ်ဗုဒ္ဓက မိန့်ထားပါတယ်။ အကြောင်းကတော့ အချိန်တွေ ကုန်ပြီးတော့ ဘုရားရှင်လိုလားတော်မူတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ဝေးကွာနေလို့ပါပဲ။ ဒါပေမယ့် ဒီကနေ့ ဗုဒ္ဓဘာသာ အပြင် အခြားဘာသာဝင်များပါ စိတ်ဝင်စားမှုအများဆုံးကလည်း ဒီမေးခွန်းတွေပဲ ဖြစ်မယ် ထင်ပါတယ်။

ဘာသာရေးစိတ်ဝင်စားတဲ့လူအများနားလည်ထားတဲ့ ကာမ၀ိတက်၊ ဗျာပါဒ၀ိတက်၊ ၀ိဟိံသ၀ိတက် ဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟတွေဟာလည်း မြတ်ဗုဒ္ဓမိန့်ကြားတဲ့ မကြံစည်သင့်တဲ့အရာတွေထဲမှာပါပါတယ်။ ဒါတွေကို မကြံစည်စေလိုတာကတော့ မိမိကိုယ်ကိုယ်တိုင်သာ ထိခိုက်အကျိုးယုတ်စေတာ မဟုတ်ဘဲ သူတစ်ပါးကော ပတ်ဝန်းကျင်တစ်ခုလုံးအပေါ်မှာပါ ဆိုးကျိုးသက်ရောက်စေနိုင်တဲ့အတွက် ဒီအတွေးအခေါ်များက ဒုက္ခပေးနိုင်တဲ့ အတွက်ကြောင့်ပါ။ အဆင့်မြင့်တရားတွေအတွက်ကြတော့ ပိုလို့များ ဝေးကွာနိုင်လို့ပါ။ ဒါတွေကတော့ ဆိုးကျိုးသက်ရောက်နိုင်တဲ့ အကြံအစည်များပါ။

အဲဒီရဲ့အခြားတစ်ဖက်မှာတော့ ကောင်းကျိုးဖြစ်ထွန်းမှုအပေါ် အခြေခံထားတဲ့ အကြံအစည်များလဲ ရှိပါတယ်။ အဲဒါတွေကတော့ မြင့်မားတဲ့အရာတွေ များနေတဲ့အတွက် လက်လှမ်းမီဖို့ဟာ သိပ်တော့ မလွယ်လှပါဘူး။ ပါဠိလို့ကတော့ နေက္ခမ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသာဝိတက်ဆိုတာတွေပါပဲ။ အဲဒါအပြင် ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ-ဆိုတဲ့ သစ္စာလေးပါးအပေါ်မှာလည်း ကြံစည်ကြပါလို့ မြတ်ဘုရားက မိန့်ပါတယ်။

ဒီနေရာမှာ ထူးထူးခြားခြားပြောချင်တာတစ်ခုရှိတယ်။ အဲဒါကတော့ မြတ်ဗုဒ္ဓဟာ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက၊ လူသာမန်တို့ တွေးခေါ်ကြံစည်ခြင်းမျိုးကို ကြံစည်ပါသလားဆိုတာရယ်။ ဒါမှမဟုတ် မြတ်ဗုဒ္ဓကကော ဘယ်လိုတွေများ ကြံစည်နေသလဲဆိုတာပါ။ မြတ်ဗုဒ္ဓရဲ့သန္တာန်မှာ အဆင့်ဆင့် အကြိမ်းများစွာ မပြတ် ဖြစ်နေတဲ့ အကြံအစည်က ၂-မျိုး ရှိပါတယ်။ အဲဒါတွေက ခေမ၀ိတက်နဲ့ ပ၀ိဝေက၀ိတက် -ဆိုတာပါ။ ရှင်းလင်းအောင် ပြောကြည့်မယ်ဆိုယင်တော့ ဒီလိုပါ။

မြတ်ဘုရားတို့ရဲသဘာဝဟာ ဆင်းရဲမရှိခြင်းကိုသာ အလိုရှိသလို ဆင်းရဲမရှိခြင်းမှာပဲ မွေ့ လျော်တော်မူပါတယ်။ ဒီလို မွေ့ လျော်တော်မူတဲ့အတွက် မြတ်ဘုရားတို့ရဲ့ ညဏ်တော်မှာ အဆက်မပြတ် အကြိမ်များစွာ ဖြစ်နေတာကတော့ “ တစ်ဦးတစ်ယောက်သော သတ္တ၀ါကိုမျှ ငါသည် မဆင်းရဲစေလို ” ဆိုတဲ့ ခေမ၀ိတက်ပါပဲ။

ဆိတ်ငြိမ်ခြင်းကိုသာ အလိုရှိတော်မူပြီး ဆိတ်ငြိမ်ခြင်းမှာ မွေ့ လျော်တော်မူတာဟာလည်း မြတ်ဗုဒ္ဓတို့ရဲ့ အစဉ် အလာပါပဲ။ ဒါ့ကြောင့် “အကုသိုလ်ကို ပယ်အပ်၏” လို့ မြတ်ဗုဒ္ဓတို့ရဲ့ ညဏ်တော်မှာ အဆက်မပြတ် ဖြစ်နေ တာပါ။ ဒါကို ပ၀ိဝေက၀ိတက်လို့ ဆိုပါတယ်။

ဒီတော့ မြတ်ဘုရားရှင်မှအစ သာမန်လူများအထိ ကြံစည်နေကြပါတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်မြင့်မြတ်မှု ယုတ်နိမ့်မှုဆိုတာ ကွာခြားသွားတာနဲ့အမျှ ကြံစည်ကြတဲ့ ပုံစံတွေကလည်း ကွဲပြားသွားကြပါတယ်။ ကြံစည်မှုတွေ ကွဲပြားသွားတာနဲ့အမျှ ရလဒ်များကလည်း မတူထူးခြား ကွဲပြားနေမှာပါ။ သာမန်လူများမှာတော့ ဒီလိုကွဲပြားမှုတွေ ရှိနေခြင်းဟာပဲ အမှန်သို့ တက်ရောက်နိုင်ပေမယ့် အဲဒီရဲ့ အခြားတစ်ဖက်မှာ အမှားကို သက်ဆင်းသွားနိုင်ပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓ ဘုရားဖြစ်တော်မူပြီးကာစ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အကြံအစည်ကို ကိုးကားလို့ ပြော ကြည့်ချင်ပါသေးတယ်။ အဲဒါကတော့- -

“ငါသိထားသော ဤတရားကား နက်နဲ၏။ မြင်နိုင်ခဲ၏။ သိနိုင်ခဲ၏။ ငြိမ်သက်၏။ မွန်မြတ်၏။ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာမဟုတ်။ သိမ်မွေ့ ၏။ ပညာရှိတို့သာ သိနိုင်၏။
ဤသတ္တ၀ါများကား ကာမဂုဏ်တို့၌ မွေ့ လျော်ကုန်ကြကုန်၏။ ပျော်ပိုက်ကြကုန်၏။ အလွန်နှစ်ခြိုက်ကုန်၏။ ဤ သတ္တ၀ါများသည် အကျိုးတရားတို့၏အကြောင်းဖြစ်သော ပဋိစ္စသမုပ္ပါဒ်တရားကို မြင်နိုင်ခဲ၏။ ပြုပြင်မှုအားလုံး ငြိမ်းရာ၊ ဥပဓိအားလုံးကို ပယ်စွန့်ရာ၊ တဏှာ၏ကုန်ရာ၊ ရာဂ၏ကင်းရာ၊ ချုပ်ရာ၊ ငြိမ်းရာဖြစ်သော နိဗ္ဗာန်တရား ကိုလည်း မြင်နိုင်ခဲ၏။
ငါသည် ဤတရားကိုဟောငြားအံ့။ သူတစ်ပါးတို့သည် ငါ၏တရားကို မသိနိုင်ရာ၊ နားမလည်နိုင်ရာ၊ သို့ဖြစ်လျင် ထိုတရားဟောမှုသည် ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏။ ငါ့ကိုယ်ငါ ညှဉ်းဆဲရုံသာ ဖြစ်ရာ၏။” ဆိုတာပါ။

ဒီတော့ မြတ်ဗုဒ္ဓရဲ့သိမြင်ထားတဲ့တရားများဟာ တွေးခေါ်ကြံဆပြီး သိမြင်ထားတဲ့တရားများမဟုတ်ဘဲ ကိုယ်တိုင် ထိုးထွင်းသိမြင်ထားတဲ့တရားများ ဖြစ်ပါတယ်။ ဒီတရားတော်များဟာ ထိုးထွင်းသိမြင်ထားတဲ့တရားများဖြစ်တဲ့ အတိုင်း တွေးခေါ်ကြံစည်နေကြတဲ့ တက္ကီပုဂ္ဂိုလ်တို့ရဲ့ ကျင်လည်ကျက်စားရာလည်း မဟုတ်ပါဘူး။ တွေးခေါ် ကြံဆပြီး မြတ်ဗုဒ္ဓရဲ့ တရာတော်တွေကို တန်ဖိုးဖြတ်ခြင်းဟာ မြတ်ဗုဒ္ဓရဲ့အာဘော်နဲ့ မနီးစပ်နိုင်ဘူးဆိုတာပါ။

အဲဒီရဲ့အခြားတစ်ဖက်မှာလည်း လူသားတိုင်း နေ့စဉ်တွေးနေရတဲ့ လူမူရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွါးရေး စသဖြင့် အတွေးကလေးများဟာ ကောင်းမွန်မှန်ကန်စွာ တွေးခေါ်နိုင်ပါက သူ့ရဲ့ရလဒ်ဟာလည်း ကောင်းမွန် မှန်ကန်နေမှာပါ။ ဒါပေမယ့် လွဲမှားစွာ မှားယွင်းစွာ တွေးခေါ်နေမိမယ်ဆိုယင်တော့ ရရှိလာမဲ့အကျိုးဆက်ဟာလည်း မလိုလားအပ်တဲ့အကျိုးတရားတွေကို သက်ရောက်လာစေနိုင်တဲ့အတွက် မြတ်ဗုဒ္ဓက “မိမိကိုယ်တိုင် ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူပါနှင့်ဦး”ဟု မိန့်ဆိုခြင်း ဖြစ်ပါလိမ့်မယ်ဆိုတာ တွေးခေါ်သုံးသပ်မိရင်း………

Read more...

ရိက္ခာ ... ရုပ်သံ (ဒယ်အိုး ဆရာတော်)



ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ မိုးကုတ်ဓမ္မကထိက

ရိက္ခာ ...

video




တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP