မရေရာသော ဘဝမို့...။
မိမိတို့ဘဝမှာ ဘာတွေ ရေရာသလဲ၊ ဘာတွေမှ မရေရာပါ၊ ဘာတွေ သေချာသလဲ၊ ဘာတွေမှ မသေချာပါ၊ တကယ်တော့ ဘဝဆိုသည်မှာ မရေရာခြင်းနှင့် မသေချာခြင်း ဒေါက်တိုက်နှစ်ခုအပေါ်မှာ တည်ဆောက်ထားခြင်းမျှသာပါ၊ သို့သော် သေချာတာတစ်ခုတော့ ပြောနိုင်ပါသည်၊ အဲဒါကတော့ သေမှာပါ၊ အားလုံးတစ်နေ့ သေကြရမှာကတော့ မလွဲဧကန်အမှန်ပါ။
နေ့လည် ဆွမ်းကပ်ပြီး၍ အနုမောဒနာတရား ဟောကြားသောအခါ ဒါနအကျိုး၊ ဆွမ်းအကျိုးကို မဟောဘဲ မရဏဿတိဘာဝနာကို ဟောကြားတော်မူ၏၊ သေခြင်းတရားကို သတိထားကြဖို့၊ နှလုံးသွင်း ဆင်ခြင်ကြဖို့ ဟောကြား၏။ “ငါဟာ အသက်ရှင်နေရခြင်းက မမြဲ၊ သေခြင်းကသာ မြဲတယ်၊ ငါဟာ တစ်နေ့ အမှန်တကယ်သေရလိမ့်မယ်၊ အသက်ရှင်ရခြင်းက မမြဲပေမယ့် သေရမှာကတော့ မြဲတယ်၊ အဲဒီလို နေ့စဉ်ဆင်ခြင်ပါ” ဟု ဟောတော်မူသည်။
ဆက်လက်ပြီး ဘုရားရှင်က “သေခြင်းတရားကို ဆင်ခြင်သူဟာ တကယ်သေရတဲ့အခါမှာ မကြောက်မလန့်ပဲနဲ့ သေရတယ်၊ သေခြင်းတရားကို မဆင်ခြင်၊ မေ့ထားသူဟာ တကယ်သေရတဲ့အခါမှာ ကြောက်ကြောက်လန့်လန့်နဲ့ သေရတယ်၊ ဥပမာပြောရရင် လူသွားလမ်းကျဉ်းတစ်ခုမှာ အဆိပ်ပြင်းတဲ့ မြွေဆိုးကို တွေ့သူဟာ လက်ထဲမှာ တုတ်ပါရင် တုတ်နဲ့ ခြောက်၊ တုတ်နဲ့ ကောက်ပစ်ပြီးတော့ သွားနိုင်တယ်၊ လက်ထဲမှာ တုတ်မပါရင် ကြောက်ကြောက်လန့်လန့် ဖြစ်ရတယ်၊ ဒါကြောင့် မရဏဿတိဆိုတဲ့တုတ်ကို ကိုင်ထားကြ၊ ဒါမှ မရဏမြွေဆိုးနဲ့ တွေ့တော့ မကြောက်မလန့် ကော်ပစ်ပြီးတော့ သွားလို့ရမယ်”ဟု အကျယ်တဝင့် မိန့်ကြားတော်မူ၏။
တရားနာပရိတ်သတ် အများစု အားလုံး မေ့မေ့ပျောက်ပျောက်သာနေကြ၏။ ထိုအထဲမှာ ထူးထူးခြားခြား ယက်ကန်းသည်မလေးတစ်ယောက်သည် “အော်...ဘုရားရှင်ရဲ့တရားက ထူးဆန်းလိုက်တာ၊ ကောင်းလိုက်တာ၊ သေခြင်းတရား ကြိုတင်ပြင်ဆင်ထားရမယ်တဲ့၊ ဒါဆိုရင် သေမင်းကို မကြောက်တော့ဘူးတဲ့၊ သိပ်ကောင်းတာပဲ၊ ဒီတရားကို ငါ ပွါးများအားထုတ်မှ ဖြစ်မယ်”ဟု စိတ်ပိုင်းဖြတ်ပြီး အားလပ်သည့်အချိန်တိုင်း မရဏဿတိဘာဝနာကို ပွါးများလေ၏။
ရက်ကန်းသည်မလေးသည် မရဏဿတိဘာဝနာကို နေ့စဉ်မပြတ်ပွါးများလာရာ သုံးနှစ်လောက်ရှိသွား၏။ တစ်နေ့နေ့တော့ ဘုရားရှင်သည် ကျွတ်ထိုက်သော ဝေနေယျတွေကို ကြည့်တော်မူလိုက်တော့ ရက်ကန်းသည်မလေးကို ဥာဏ်ထဲ၌ ပေါ်လာ၏။ ထို့ကြောင့် အာဠဝီပြည်ကြီးကို နောက်တစ်ခေါက်ကြွလာ၏။
မြို့သူမြို့သားတွေလည်း အုတ်အော်သောင်းနင်း ဝမ်းသာအားရနှင့် ဘုရားကို ကြိုဆိုဆွမ်းကပ်ကြ၊ တရားနာကြ၏။ ဆွမ်းကပ်ပြီး၍ တရားနာကြတော့ ပရိတ်သတ်တော့ စုံနေပြီ၊ သို့သော် ဘုရားက ရက်ကန်းသည်မလေး မလာသေး၍ တရားမဟောသေး၊ ဘယ်သူမှလည်း လူစုံပါပြီဘုရား၊ တရားပွဲစလို့ရပါပြီဘုရားဟု ထမလျှောက်ရဲကြ၊ အားလုံးငြိမ်နေကြ၏။
ရက်ကန်းသည်မလေးသည် ရက်ဖေါက်တွေကို မြန်မြန်ယောက်၊ သူ့အဖေရှိရာ ရက်ကန်းရုံအသွား၊ တရားပွဲနားက ဖြတ်သွားတော့ တရားဝင်နာပါဦးမယ်လေလို့ စိတ်ကူးပြီး ပရိတ်သတ်အစွန်နားက ဝင်ထိုင်လိုက်၏။ ထိုအခါကျမှ မြတ်စွာဘုရားကလည်း တရားပွဲကို စတော့၏။ ဘုရားက မေး၏၊ “ကလေးမ ဘယ်က လာခဲ့တာလဲ”၊ ဘုရားရှင် ယခုမှ အသံထွက်၍ ပရိတ်သတ်ကြီး ရုတ်ရုတ် ရုတ်ရုတ်ဖြစ်သွား၏။ ရက်ကန်းသည်မလေးက “တပည့်တော်ဘယ်က လာခဲ့တယ်ဆိုတာ မသိပါဘုရား”ဟု ပြန်ဖြေ၏။ “ဒီကလေးမ ဘယ်လိုဖြေလိုက်သလဲ၊ အိမ်က လာခဲ့တယ်ဆိုရင် အိမ်က လာခဲ့တယ်ပေါ့၊ ဘာလို့ ကောင်းကောင်းမဖြေတာလဲဟု အပြစ်တင်ကြ၏။
ဒါနဲ့ ဘုရားက “ဘယ်ကို သွားမှာလဲ”ဟု မေးတော့ “မသိပါဘုရား”ဟုသာ ဖြေ၏။ ပရိတ်သတ်ကြီးက ပိုပြီးတော့ ဆူလာကြ၏၊ ဘုရားက ပရိတ်သတ်ကြီးကို “ငြိမ်ငြိမ်နေကြ၊ ငါဆက်မေးဦးမယ်”ဟု ဆိုပြီး “မသိဘူးလားလို့”မေးလိုက်၏။ “သိပါတယ်ဘုရား”ဟုသာ ဖြေ၏။ “သိသလားလို့”မေးတော့ “မသိပါဘုရား”ဟုသာ ဖြေ၏။ ပရိတ်သတ်ကြီးက ပိုပြီးတော့ ဆူဆူညံညံဖြစ်လာ၏။ “ငြိမ်ငြိမ်နေကြ၊ ငါရှင်းအောင်မေးဦးမယ်”ဟု ဆိုပြီး ဆက်မေး၏။
“ကလေးမ ငါဘယ်ကလာလဲမေးတော့ မသိပါဘုရားလို့ဖြေတယ်၊ ဒါက ဘာအဓိပ္ပါယ်လဲ”၊ “မှန်လှပါ တပည့်တော်မ အိမ်ကလာတယ်ဆိုတာ ဘုရားသိလောက်ပါတယ်၊ ဘယ်ဘဝက လာခဲ့တာလဲလို့ မေးတာဖြစ်လိမ့်မယ်လို့ ယူဆပြီး တပည့်တော်မလည်း ဘယ်ဘဝက လာခဲ့မှန်းမသိလို့ မသိပါဘုရားလို့ ဖြေတာပါဘုရား”၊ ဒီအခါမှာ မြတ်စွာဘုရားက သာဓုသုံးကြိမ် ခေါ်တော်မူ၏။
“ဘယ်ကို သွားမှာလဲဟု မေးတော့ “မသိပါဘုရား”ဖြေပြန်တယ်၊ ဒါက ဘာအဓိပ္ပါယ်လဲ” “မှန်လှပါ တပည့်တော် ဒီဘဝက သေရင် ဘယ်ဘဝကိုသွားရမယ် မသိလို့ မသိပါဘုရားလို့ ဖြေတာပါဘုရား”၊ ဒီအခါမှာ မြတ်စွာဘုရားက သာဓုသုံးကြိမ် ခေါ်တော်မူ၏။
“ဒါဆို မသိဘူးလားလို့မေးတော့ သိပါဘုရားဟုသာ ဖြေတယ်၊ ဒါက ဘာအဓိပ္ပါယ်လဲ” “မှန်လှပါ တပည့်တော် သေရမှာတော့ မသိဘူးလားလို့ မေးတာဖြစ်လိမ့်မယ်လို့ ယူဆပြီး၊ တပည့်တော်မလည်း သေရမှာသိနေတဲ့အတွက် သိပါတယ်ဘုရားလို့ ဖြေတာပါဘုရား”၊ မြတ်စွာဘုရားက သာဓုသုံးကြိမ် ခေါ်တော်မူပြန်၏။
ကောင်းပြီ၊ နောက်ဆုံး ငါက သိသလားမေးတော့ မသိပါဘုရားလို့ဖြေတယ်၊ ဒါက ဘာအဓိပ္ပါယ်လဲ” “မှန်လှပါ တပည့်တော်မ သေရမှာတော့ သိပါတယ်၊ ဒါပေမယ့် ဘယ်နေ့ဘယ်အချိန်မှာ ဘာရောဂါနဲ့ သေရမှာကို မသိတဲ့အတွက် မသိပါဘုရားလို့ ဖြေတာပါဘုရား”၊ ဒီလိုဆိုတော့ မြတ်စွာဘုရားက သာဓုသုံးကြိမ် ခေါ်တော်မူပြန်၏။
ထို့နောက် ဘုရားရှင်က “တလောကလုံးဟာ ကန်းနေတဲ့သူက များတယ်၊ သေချာထူးကဲမြင်တဲ့သူက နည်းတယ်၊ မုဆိုးပိုက်ကွန်ထဲက ပြန်လွတ်တဲ့ငှက်ဆိုတာ နည်းသလို ကောင်းရာသုဂတိရောက်တဲ့သူဟာ သိပ်ကိုနည်းတယ်”ဟု တရားတစ်ပုဒ် ဆက်ဟောရာ ရက်ကန်းသည်မလေး သောတာပန်တည်သွားတော့၏။
အများစုတတွေ၏ ဘဝတွေကို ကြည့်လိုက်တော့ ဘာမျှမရေရာ၊ မသေချာ၊ ဘယ်ကလာခဲ့မှန်းလည်း မသိပါ၊ ဘယ်ကို သွားရမည်မှန်းလည်း မသိပါ၊ မရေရာလှသော ဘဝမို့ အားငယ်တတ်မည်ဆိုလျှင် အားငယ်စရာပါ၊ သို့သော် အားငယ်နေ၍လည်း မဖြစ်သေးပါ၊ မျှော်လင့်ခြင်းနှင့်တော့ အသက်ရှင်ရဦးမှာပါ။
တမောတမသုတ္တန်သွားကြည့်လျှင် အမှောင်မှ အမှောင်သို့သွားသူ၊ အမှောင်မှ အလင်းသို့သွားသူ၊ အလင်းမှ အမှောင်သို့ သွားသူ၊ အလင်းမှ အလင်းသို့သွားသူဟူ၍ လူလေးမျိုးရှိ၏။ အမှောင်ဆိုသည်မှာ ချို့တဲ့မှု၊ အလင်းဆိုသည်မှာ ပြည့်စုံမှုဖြစ်၏။
ဆွေဂုဏ်မျိုးဂုဏ်ပြည့်စုံခြင်း၊ ဥစ္စာဓနပြည့်စုံခြင်း၊ အတတ်ပညာအသိပညာပြည့်စုံခြင်း၊ ကျန်းမာရေးပြည့်စုံခြင်းတို့သည် ဘဝ၏ အလင်းဖြစ်၏၊ ဆိုခဲ့သော အလင်းတွေ ချို့တဲ့နေလျှင် ဘဝ၏ အမှောင်ဖြစ်၏၊ ဘဝအမှောင်ထဲမှာ နေနေပြီး မကောင်းမှုတွေပြုနေလျှင် အမှောင်မှ အမှောင်သို့ သွားသောသူဖြစ်၏။ အမှောင်မှာနေနေပြီး ကောင်းမှုတွေပြုနေလျှင် အမှောင်မှ နေ၍ အလင်းသို့ သွားနေသူဖြစ်၏။ အလင်းထဲမှာနေပြီး မကောင်းမှုပြုနေလျှင် အလင်းမှ အမှောင်သို့ သွားနေသူဖြစ်၏၊ အလင်းထဲမှာနေပြီး ကောင်းမှုတွေ ပြုနေလျှင် အလင်းမှ အလင်းသို့ သွားနေသူဖြစ်၏။
မိမိတို့ ယခု ဘယ်ထဲမှာ နေနေကြသနည်း၊ အမှောင်ထဲမှာလား၊ အလင်းထဲမှာလား၊ ဘာတွေလုပ်နေကြသနည်း၊ ကောင်းမှုတွေလား၊ မကောင်းမှုတွေလား၊ အဖြေက လွယ်၏၊ သို့သော် တကယ်ဖြေမည်ဆိုလျှင် ခက်၏၊ ဘာမျှသိပ်မရေရာ၊ ဘာမျှသိပ်မသေချာ၊ အဘယ်ကြောင့်ဆိုသော် မိမိတို့တွေ လုပ်နေကြတာကိုက ရေရေရာရာလည်း မရှိပါ၊ သေသေချာချာလည်း မရှိပါ၊ သည်တော့ အဖြေပေးဖို့ ဆိုတာကလည်း ဘာမျှမရေရာ၊ ဘာမျှမသေချာပါ၊ မရေရာလှသောဘဝမို့ အားငယ်စရာပါ၊ သို့သော် အားငယ်နေ၍လည်း မဖြစ်၊ ချိန်တန်သော်ဆိုသောစကားကို အားတစ်ခုအဖြစ် ယူကာ မျှော်လင့်ခြင်းနှင့်တော့ ရှေ့ဆက်ရှင်သန်နေကြရဦးမှာပါ။
ဘာတွေ ရေရာသလဲ
ဘာတွေမှ မရေရာပါ။
ဘာတွေ သေချာသလဲ
ဘာတွေမှ မသေချာပါ။
မရေရာ မသေချာသော
ဘဝမှာ နေနေရသော်လည်း
သေချာတာတစ်ခုတော့
ပြောနိုင်ပါသည်။
အဲဒါကတော့
အားလုံး တစ်နေ့သေကြရမှာပါ။
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
နားလည်မှုမှ ပြေလည်မှုသို့ ဓမ္မစာအုပ်မှ
