* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, May 11, 2010

ခန္တီပါရမီ

ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ ဖြည့်သနည်း။

လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလဲ၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက် အနာခံသတည်း။
“ငါ့အပေါ်၌ လူမိုက်ပြုသော စော်ကားမှုကို ငါက ပြန်ပြုလျှင် ငါလည်း သူ့လိုလူမိုက် ဖြစ်မှာပဲ” ဟု စိတ်ထဲမှာ တွေးဆ၍ ဒေါသမထွက်ဘဲ စိတ်ပျက် အားငယ်၍လည်း မနေဘဲ စိတ်အေးအေးနှင့် မိမိကသာ အနာခံလိုက်ခြင်းသည် ခန္တီပါရမီ၏ သဘောတည်း။ (အရှင် ဇနကာဘိဝံသ၊ ရုပ်စုံ ဗုဒ္ဓ၀င် အမေးအဖြေ နှာ-၂၆)
ငါးရာ့ငါးဆယ် သရဘင်္ဂဇာတ်မှာ မင်းသုံးပါးနဲ့ သိကြားမင်းတို့ ဘုရားအလောင်း သရဘင်္ဂ ရသေ့ဆီ ရောက်လာပြီး သိကြားမင်းက မေးခွန်းပြဿနာ မေးပါတယ်။
“ရှင်ရသေ့.. လောကမှာ ဘယ်တရားကို ပယ်သတ်ရင် တစ်ရံတခါမျှ မစိုးရိမ်ရသလဲ၊
ဘယ်တရားကို ပယ်ရှားရင် သူတော်ကောင်းတွေ ချီးမွမ်းသလဲ၊
လောကမှာ ဘယ်သူ ပြောဆိုတဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရပါ့မလဲ”

ဒီတော့ သရဘင်္ဂရသေ့က-
“လောကမှာ ဒေါသကို ပယ်သတ်လိုက်ရင် တစ်ရံတခါမျှ မစိုးရိမ်ရတော့ဘူး၊
ကျေးဇူးကန်းမှုကို မပြုရင် သူတော်ကောင်းတွေ ချီးမွမ်းပါတယ်။
ကိုယ့်ထက်သာတဲ့သူ၊ ကိုယ်နဲ့ တန်းတူသူ၊ ကိုယ့်အောက် နိမ့်တဲ့သူတို့ရဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရမယ်။ အဲဒီလို သည်းခံလိုက်ခြင်းကို အမြတ်ဆုံးလို့ သူတော်ကောင်းတွေ ပြောဆိုကြတယ်”
ဘုရားအလောင်းရဲ့ အဖြေစကား ကြားတော့ သိကြားမင်းက မေးခွန်း ထပ်မေးပြန်ပါတယ်။

“ရှင်ရသေ့ရယ်၊ လောကမှာ ကိုယ်နဲ့ တန်းတူ၊ ကိုယ့်ထက်မြတ်တဲ့ သူနှစ်ယောက်ရဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရတာတော့ သည်းခံနိုင်ပါတယ်၊ ဒါပေမယ့် ကိုယ့်အောက် နိမ့်တဲ့သူရဲ့ ကြမ်းကြုတ်တဲ့ စကားကိုတော့ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ”
ဘုရား အလောင်းတော် ကလည်း ပြန်ဖြေပေး ပါတယ်။

“ကိုယ့်ထက် မြတ်သူရဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံတာဟာ ကြောက်လို့ သည်းခံတာပဲ၊ ကိုယ်နဲ့ တန်းတူရဲ့ စကားကို သည်းခံတာကျတော့ တကယ်လို့ သည်းမခံလိုက်ရင် ငါ့ထက်သာအောင် ကြံစည်အားထုတ် ပြုလုပ်သွားမယ့် အပြစ်ကို မြင်လို့ သည်းခံတာ၊ ဒီသည်းခံခြင်း နှစ်မျိုးဟာ မြတ်တဲ့ သည်းခံခြင်းတော့ မဟုတ်ဘူး၊ ကိုယ့်အောက် နိမ့်သူရဲ့ စကားကို သည်းခံနိုင်မှ အမြတ်ဆုံး သည်းခံခြင်းလို့ သူတော်ကောင်းတွေ ပြောကြတယ်” လို့ ပြန်ဖြေပေးလိုက် ပါတယ်။

သည်းခံတဲ့ နေရာမှာ တရား သဘောလေးတွေ အာရုံပြုပြီး သည်းခံတာက ပို အဆင်ပြေပါတယ်။ အထူးသဖြင့် ခန္တီ ပါရမီရဲ့ သဘောလေးကို အာရုံပြုပြီး သည်းခံရပါတယ်။

အာရုံဆိုး တစ်ခုကို တစ်ယောက်ယောက်က ဖန်တီးလာတဲ့ အခါ “ငါ ခန္တီပါရမီ ဖြည့်ဖို့အတွက် ဖန်တီးပေး နေတာ၊ ဘာပဲပြောပြော ငါ့ကို ပါရမီ ဖြည့်ပေးနေသူပဲ” လို့ ဆင်ခြင် နှလုံးသွင်းလိုက် ရင်လည်း သည်းခံဖို့အတွက် တရားအသိ အားတွေ ၀င်လာတော့ တာပါ။ တရားအားတွေ ရင်ထဲ ရောက်လာရင် အလိုလို သည်းခံပြီးသား ဖြစ်သွားပါတယ်။

တကယ်ဆို သူ့ကိုတောင် ကိုယ်က ပြန်သနား ရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ ကိုယ့်ကို ပြောဆိုနှိမ့်ချ ကဲ့ရဲ့ နေတာက အကုသိုလ်ပါ။ ကိုယ် ခန္တီပါရမီ ဖြည့်နေတာက ကုသိုလ်ပါ။

အကုသိုလ်ဟာ အကုသိုလ်ရဲ့ အကျိုး ရှိပါတယ်။ ကုသိုလ်ဟာ ကုသိုလ်ရဲ့ အကျိုး ရှိပါတယ်။ အကျိုးပေးပုံခြင်း မတူပါဘူး။ ပြုပြီးတာနဲ့ ကံမြောက်သွားတော့ တာပါ။ ကံက ကာလ တစ်ခုမှာ အကျိုးတစ်ခုခုကို ပေးတော့ မှာပါ။
ကံရဲ့ အကျိုး အပြစ်တွေကို ဆက်ပြီး ဆင်ခြင်လိုက် မိတဲ့အခါ ကိုယ့်အတွက် ကောင်းကျိုးဖြစ်လို့ ၀မ်းမြောက်ရ ပေမယ့် သူ့အတွက် ကျတော့ ကာလ တစ်ခုမှာ ဆိုးကျိုး လာတော့မှာ ဆိုတော့ သနား ကရုဏာတောင် ပြန်ဖြစ်သွားရ တာပါ။

သူ့ကို သနားစရာ သတ္တ၀ါလို့ ဉာဏ်ထဲမှာ ထင်လာတဲ့ အခါ ကိုယ့်ရဲ့ သည်းခံမှုဟာ အထူး ကြောင့်ကြ စိုက်စရာ မလိုတော့ပါဘူး။

တကယ်လို့ ကိုယ်က ဒေါသအလျှောက် ဖြတ်ကနဲ တုန့်ပြန်မိ လိုက်ရင် ဆိုးကျိုးတွေက ဆင့်ကဲ ဆင့်ကဲ ၀င်လာတော့ တာပါ။ တချို့ ဆိုးကျိုးတွေဆို အပါယ် ဒုဂ္ဂတိ အထိတောင် ဆွဲချနိုင် ပါတယ်။

ခန္တီ ပါရမီရဲ့ သဘောက ဒေါသမထွက်ဘဲ သည်းခံရမှာပါတဲ့။ အာရုံဆိုး တစ်ခုခုနဲ့ ကြုံလိုက်ရတဲ့ အခါ ပထမဆုံး ၀င်လာမယ့် သူက ဒေါသပါ။ ဒီတော့ ကိုယ်က ဓါတ်ခံအားနည်းလို့ ဒေါသစိတ် ၀င်လာပေမယ့် ၀င်လာတဲ့ ဒေါသကို သိလိုက်နိုင်ရ ပါမယ်။ ၀င်လာတဲ့ ဒေါသကို မသိလိုက် နိုင်ရင် ဒေါသကို အခြေခံပြီး “သူက ငါ့ကို ဒီလိုလုပ်တော့ ငါကလည်း ဒီလို လုပ်တာပေါ့” ဆိုပြီး ဖြတ်ကနဲ အမှား တုန့်ပြန်မှုကို ကျူးလွန်လိုက် မိရော။ တဒင်္ဂအတွင်း ဖြစ်သွားရ တာပါ။

တကယ်တော့ ရင်ထဲ ရောက်လာတဲ့ ဒေါသဟာ ကာလ ကြာကြာကြီး တည်မနေပါဘူး။ အခိုက်အတန့် တစ်ခုပါပဲ။ ကိုယ်က ဖြစ်ဆဲ အခိုက်အတန့် လေးမှာ ကိုယ့်ဒေါသကို သိလိုက်နိုင် ဖို့ပါ။

တကယ်လို့ ကိုယ်က ပါရမီရှင်တွေလို ပါရမီမြောက်တဲ့ ခန္တီကို ချက်ချင်း မဖြည့်ကျင့်နိုင်သေးရင်တောင် ဖြစ်ပေါ်လာတဲ့ ဒေါသကိုတော့ ထိန်းနိုင်ရ ပါမယ်။ ဒေါသ ဖြစ်လာတဲ့အခါ ဒေါသရဲ့ ဆိုကျိုးလေး တွေကို ဆင်ခြင်နေလိုက် မယ်ဆိုရင်လည်း ဒေါသက လျော့သွားတာ များပါတယ်။

ကျေးဇူးတော်ရှင် မင်းကွန်း ဆရာတော် ဘုရားရဲ့ မဟာဗုဒ္ဓ၀င် ပထမတွဲ ဒုတိယပိုင်း ထဲမှာ ဒေါသအပြစ် လင်္ကာလေး ရှိပါတယ်။

ရုပ်ရည်ဆင်းပျက်၊ အိပ်စက် မပျော်၊ ကျိုးသော်မရ၊ ဘောဂခြွေရွေ၊ မိတ်ဆွေပျက်ပြား၊ အပါယ်လား၊ ခုနစ်ပါး ကောဓ အပြစ်တည်း။
ဒေါသ ဖြစ်နေခိုက်မှာ ဒီလင်္ကာလေးကို အဓိပ္ပါယ် သဘောအထိ ပါအောင် နှလုံးသွင်းပြီး ထပ်ကာထပ်ကာ ရွတ်ဆို ဆင်ခြင်နေမယ် ဆိုရင်လည်း ဖြစ်နေတဲ့ ဒေါသ လျော့သွားပါလိမ့်မယ်။

ဆိုးကျိုး နှစ်ခုစလုံးက ကြောက်စရာတွေ ချည်းပဲ ဆိုတော့ သဘော အဓိပ္ပါယ် လေးတွေကို ပေါ်နိုင်သမျှ ပေါ်အောင် အာရုံပြုပြီး နှလုံးသွင်းပြီး ရွတ်သွားနိုင်ဖို့ လိုပါတယ်။

အာရုံဆိုးကို တွေ့ပြီး ဒေါသ ဖြစ်လို့ပဲ ဖြစ်ဖြစ်၊ ဒေါသကို အခြေခံပြီး တုံ့ပြန်မှု တစ်ခုခုကို ပြုဖြစ်လိုက်ရင်ပဲ ဖြစ်ဖြစ်၊ တစ်ဖက်သားကို အမှီပြုပြီး ကိုယ်ပါ ရှုံးရတော့ တာပါ။ ဈေးစကားနဲ့ ပြောရင် အမြတ် မရရင်တောင် အရှုံး မရအောင်တော့ ကြိုးစားရ မှာပါ။

လောကဓံဆိုး တစ်ခုဟာ ဘယ်လောက် အထိ တည်နေမှာလဲ၊ ကိုယ်က တစ်သက်လုံး နေပါ ဆိုရင်တောင် သူက မနေပါဘူး။ ကာလ တစ်ခုပါပဲ။ ဒီကာလ အခိုက်အတန့်လေး တစ်ခုမှာ ကိုယ်က သည်းခံလိုက်နိုင် ဖို့ပါပဲ။

ပါရမီ သဘောနဲ့ ပြောရင် ဒါန ပါရမီတို့ သီလ ပါရမီတို့ဟာ ဖြည့်ချင်ရင် ချက်ချင်း ထဖြည့်လို့ ရပါတယ်။ ခန္တီ ပါရမီတို့ ကျတော့ အာရုံ တစ်ခုခုနဲ့ တွေ့လိုက်မှ ကိုယ့်အတွက် ပါရမီ ဖြစ်ရတာပါ။ ဒီတော့ ကိုယ့်ကို အာရုံဆိုး တစ်ခု လာပေးတဲ့ သူကို ကိုယ့်ကို ပါရမီ ဖြည့်ပေးတဲ့ အတွက် တကယ်ဆို ကျေးဇူးတောင် တင်ရပါဦးမယ်။

သည်းခံတဲ့ နေရာမှာ ကိုယ်ကြားဖူး ထားတဲ့ ဂါထာလေးတွေ၊ ဇာတ်တော် ကလေးတွေ၊ ပုံဝတ္ထု ကလေးတွေ၊ လင်္ကာလေးတွေ၊ အဆုံးအမ စကားလေး တွေကို အာရုံပြုပြီး ဆင်ခြင် သည်းခံလို့လည်း ရပါတယ်။

သည်းခံမှု ပါရမီကို ဖြည့်ကျင့်တဲ့ နေရာမှာ ပင်ကိုယ် ဓါတ်ခံ ဗဟုသုတ တရား အသိလေး တွေလည်း ရှိဖို့ လိုပါတယ်။ စိတ်ထဲမှာ ဘာကို ပြေးသတိ ရလိုက်မိသလဲ ဆိုတော့ စံကင်း ဆရာတော် ဘုရားရဲ့ ဩ၀ါဒ စကားလေးပါ။ ပြဿနာ တစ်ခု ဖြစ်လာတဲ့ အခါ အလွတ် ဆုံးမတော် မမူဘဲ တရားသဘော သက်ဝင်အောင် ဆုံးမခဲ့ပုံ လေးပါ။

တစ်နေ့မှာ ကျောင်းသား တစ်ယောက်က သူ့ခြေထောက်ကို သေးပန်း ခံရတဲ့ အကြောင်း လာလျှောက်ပါတယ်။ အလျှောက်ခံ ရတဲ့ ကျောင်းသားက မတော်တဆ ဖြစ်ရတဲ့ အကြောင်း ပြန်လျှောက်ပြ ပါတယ်။ ဒီတော့ ဆရာတော်က-

“ဒို့ မေးပါဦးမယ်၊ မင်း ဖြေပေါ့၊ မကျေနပ် ရင်လည်း သူ့ကို ဒဏ်ပေးရ တာပေါ့၊ အဲဒီသေးဟာ ရုပ်တရားလား၊ နာမ်တရားလား”
“ရုပ်တရားပါ ဘုရား”
“မင်း ခြေထောက်ကကော”
“ရုပ်ပါ ဘုရား”
“ရုပ် ရုပ်ချင်း ထိတာ မဟုတ်လား၊ ဒါ ရွံစရာလား”
“ရွံစရာ မဟုတ်ပါ၊ ကျေနပ်ပါပြီ ဘုရား”
“အေး ရုပ်၊ ရုပ်ချင်း ထိမိတာက အပြစ်မရှိဘူး၊ ဒါကို အကြောင်းပြုပြီး ပေါ်လာတဲ့ နာမ်က နှလုံးသွင်း မတတ်ရင် အပြစ် ဖြစ်တတ်တယ်၊ စိတ်ဆိုးတယ် ဆိုတာ ဒါပဲ”

ကျောင်းသား ကလေးငယ်လေး တွေကို တရား သဘောနဲ့ နှလုံးသွင်းပြီး သည်းခံတတ်အောင် ဆုံးမခဲ့ပုံ လေးပါ။ အထူးသဖြင့် နာမ်က နှလုံးသွင်း မတတ်ရင် အပြစ် ဖြစ်တတ်တယ် ဆိုတဲ့ အကြောင်းလေးပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် အဆုံးအမ တစ်ခုခုကို အာရုံပြုပြီး သည်းခံလိုက်နိုင်တယ် ဆိုရင်ပဲ ကိုယ့်အတွက် မရှုံးတော့ ပါဘူး။

တစ်ခါတလေ ဒေါသအလျှောက် သည်းမခံနိုင်ဘဲ ပက်ကနဲ ပြန်ပြောလိုက်မိ တဲ့အခါ ပြောတုန်းကတော့ ကျေနပ်သလို ရှိပေမယ့် နောက်ရက် ကျတော့ စိတ်မကောင်း သိပ်ဖြစ်ရတာပါ။ အထူးသဖြင့် ဘာမဟုတ်တာ လေးနဲ့ ကိုယ့်အတွက် အကုသိုလ် ဖြစ်သွားရတာ သိပ်ရှုံးရ တာပါ။

အမှန်တော့ တရားရဲ့ သဘောက သိဖို့နဲ့ ကျင့်ဖို့ရယ်ပါ။

အာရုံတစ်ခုနဲ့ တွေ့လို့ တရား သဘောနဲ့ ယှဉ်ပြီး ကျင့်သုံးလိုက် ရရင် ကိုယ့်ကိုယ်ကို သိပ်အားရ ကျေနပ် ရတာပါ။ အရသာကောင်း တစ်ခုကို သိသွားရင် နောင် ကျင့်သုံးဖို့ မခက်လှတော့ ပါဘူး။

“ဩော်.. ငါဟာ မြတ်စွာ ဘုရား စကားကို နားထောင်လိုက်တဲ့ သူပဲ” ဆိုပြီး ကိုယ့်ကိုယ်ကို ကျေနပ်မှုနဲ့ အတူ ကြည်ညိုမှုပါ ဖြစ်ရတော့ တာပါ။
သည်းခံရမယ် ဆိုတော့ နေရာတကာ ခေါင်းငုံ့ပြီး သည်းခံရမှာလား ဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။
ဒါနဲ့ ပတ်သတ်ပြီး သီလက္ခန် အဋ္ဌကထာ နှာ-၅၃ မှာ ဖွင့်ပြထား ပါတယ်။
မဟုတ်မမှန် တာကို မဟုတ် မမှန်တဲ့ အတိုင်း ပြန်ဖြေရှင်းရ မယ်လို့ ဆိုပါတယ်။
ဖြေရှင်းတဲ့ နေရာမှာ အပြစ်ပြောတဲ့ နေရာမှာသာ ဖြေရှင်းရ မှာပါ။ တခြား နေရာတွေမှာ လိုက်ပြီး ဖြေရှင်းနေစရာ မလိုပါဘူး။

“သင်ဟာ သီလ မရှိတဲ့သူပဲ၊ သင့်ဆရာဟာ သီလ မရှိတဲ့ သူပဲ။ သင်ဟာ ဒီလို ဒီလို အမှုကို ပြုထားတယ်၊ သင့်ဆရာဟာ ဒီလို ဒီလို အမှုကို ပြုထားတယ်” အဲဒီလို ပြောဆိုလာရင် သည်းခံမနေရပါဘူးတဲ့။ သည်းခံနေရင် တစ်ဖက်က ယုံမှား သံသယ ဖြစ်သွားတတ် ပါတယ်တဲ့။ အဲဒီ အခါမျိုးမှာ ဒေါသ မဖြစ်စေဘဲ အပြစ်ကို ဖြေရှင်းရမယ်လို့ ဆိုပါတယ်။

တကယ်လို့ သင်ဟာ “ကုလားအုပ်ပဲ၊ နွားပဲ” စသည်ဖြင့် ပြောဆို စွပ်စွဲကဲ့ရဲ့ လာရင်တော့ ပြောဆိုလာတဲ့ သူကို လျစ်လျူရှုပြီး သည်းခံနေလိုက် ပါတဲ့။

ဒါ စာမှာ ဖွင့်ပြထား တာကို ခပ်ကျဉ်းကျဉ်း ရေးပြတာပါ။

အဓိက ကတော့ ကိုယ့်ရဲ့ဂုဏ်သိက္ခာ သီလကို စော်ကားလာ ရင်တော့ ဒေါသမထွက်ဘဲ မဟုတ်မှန်တာကို မဟုတ်မှန်တဲ့ အတိုင်း ပြန်ဖြေရှင်း ရမယ်လို့ ဆိုထားပါတယ်။ ဖြေရှင်းတဲ့ နေရာမှာလည်း ဒေါသမထွက် စိတ်မဆိုးဘဲ ဖြေရှင်းရမယ်လို့ ဆိုထားပါတယ်။ ဒေါသနဲ့ သွားဖြေရှင်း ရင်တော့ စာနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပါလိမ့်မယ်။

ဝိပဿနာ သဘောနဲ့ ကြည့်လိုက်ရင် လောကမှာ ဘာမှ မမြဲပါဘူး။ သူလည်း မမြဲပါဘူး။ ကိုယ်လည်း မမြဲပါဘူး။ မမြဲတာကို မမြဲဘူးလို့ ၀ိပဿနာ သဘောနဲ့ သိလိုက်ရတဲ့ အချိန်မှာ သူ့ကို အလိုလို ခွင့်လွှတ်ပြီးသား ဖြစ်သွားပါတယ်။ လူတစ်ယောက်ရဲ့ ဘ၀မှာ နိဗ္ဗာန် ရောက်ဖို့သာ အဓိက ဆိုတော့ သူ့အတွက် အချိန်ကုန်ခံ မနေချင်တော့ ပါဘူး။ နိဗ္ဗာန် ရဖို့အတွက် အချိန်ဟာ ကိုယ့်အတွက် ရွှေထက်တောင် တန်ဖိုး ရှိနေတာ ဆိုတော့ ရလာတဲ့ အချိန်ကိုပဲ ကိုယ့်အတွက် အသုံးချရတော့ မှာပါ။ အဓိက ကတော့ မမြဲတဲ့ သဘောလေး တွေကို မမြဲဘူးလို့ သိလိုက်ဖို့ ပါပဲလေ။

ဘာပဲပြောပြော ကိုယ်က ခန္တီ ပါရမီကို ဖြည့်ကျင့်ချင်တဲ့ သူပါ။ တကယ်လို့ အာရုံဆိုး တစ်ခုကို တွေ့ပြီး သည်းခံဖို့ ခက်နေရင် မြတ်စွာဘုရား ရှေ့ကို သွားလိုက်ပါ။ လက်အုပ်ကလေး ချီပြီး “မြတ်စွာဘုရား ဘုရား တပည့်တော် ဒီနေ့ တစ်နေ့တာ မြတ်စွာဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပါမည် ဘုရား” လို့ အဓိဋ္ဌာန် လိုက်ပါ။ စိတ်ထဲ မှာလည်း “ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်နေတယ်” လို့ တွေးတွေးနေရ ပါမယ်။ ကြုံလာတဲ့ အာရုံကိုလည်း “ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပြီး သူ့ကို သည်းခံမယ်” လို့ နှလုံးသွင်းပြီး သည်းခံပစ် လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရင်ထဲကို ခန္တီ ပါရမီ ရောက်လာပါလိမ့်မယ်။

ကဲ.. စာဖတ်သူ မြတ်စွာဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပြီး သည်းခံကြည့်ပါလား၊ အဆင်ပြေသွား ပါလိမ့်မယ်။

ကျမ်းကိုးမဟာဗုဒ္ဓ၀င် ပထမတွဲ၊ ပထမပိုင်း- ဒုတိယပိုင်း။
(တိပိဋက မင်းကွန်း ဆရာတော် ဘုရား)


ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
မြင့်မြတ်သူတို့ရဲ့ အလုပ် စာအုပ်မှ...

(အဖြူရောင်မေတ္တာ ဘလော့ဂ်မှ ပြန်လည်ကူးယူ ဖော်ပြ ဓမ္မဒါနပြုပါသည်။)

Read more...

*သီလပါရမီ*

လူတစ်ယောက်ရဲ့ ဘ၀မှာ ဒါန၊ သီလ၊ ဘာဝနာ သုံးပါးထဲက ဘယ်တရားက အရေးကြီးဆုံးလဲ။

“..... ..... .....”

သီလက ဒါနထက် မြတ်တယ်၊ ၀ိပဿနာက သီလထက် မြတ်တယ် ဆိုတာ အားလုံး သိကြပါတယ်။

ရဟန်းတော်တွေ အတွက် ဒါနမပြုလို့ အာပတ် သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိသလို ၀ိပဿနာ ဘာဝနာ မပွားလို့ အာပတ် သင့်စေဆိုတဲ့ သိက္ခာပုဒ်လည်း မရှိပါဘူး။ ဒါပေမယ့် သီလ ဖောက်ဖျက်ရင်တော့ အာပတ် သင့်စေဆိုတဲ့ သိက္ခာပုဒ်တွေက အသင့် ရှိနေပါတယ်။

ဒီလိုပါပဲ။ လူတွေ အနေနဲ့လည်း ဒါန မပြုလို့ အပြစ်သင့်စေ၊ ၀ိပဿနာ ဘာဝနာ မပွားလို့ အပြစ်သင့်စေ ဆိုတဲ့ သိက္ခာပုဒ် မရှိပါဘူး။ ဒါပေမယ့် သီလ ဖောက်ဖျက်လို့ ကတော့ အပြစ် သင့်ရမှာပါ။

“သီလ လုံခြုံနေရင် ပြီးတာပါပဲ။ ဒါန မပြုလည်း ကိစ္စ မရှိပါဘူး။ ၀ိပဿနာ မပွားလည်း ကိစ္စ မရှိပါဘူး” လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာမှာ သီလက အရေး အကြီးဆုံးလို့ ဆိုလိုတာပါ။ အကြောင်းကြောင်းကြောင့် ဒါနနဲ့ ဘာဝနာကို မလုပ်နိုင်သေး ရင်တောင် သီလကိုတော့ အထူး စောင့်ထိန်းရ မှာပါ။

တစ်ခါတလေ အားတဲ့ အခါလေးတွေမှာ နဖူးပေါ် လက်တင်ပြီး တွေးကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် တန်ဘိုးရှိအောင် ဘယ်လို နေမလဲလို့။ “သီလကိုပဲ ကြိုးကြိုးစားစား စောင့်ထိန်းလိုက်ပါ” ဆိုတဲ့ အဖြေပဲ ထွက်လာမှာပါ။

တရား သဘောအရ သေချာ စဉ်းစားကြည့်ရင် သီလက အားကိုးစရာ အစစ်ဆိုတော့ ကိုယ်နဲ့ အမြဲတမ်း တပါတည်း ရှိနေပါတယ်။ ရုံးတက်တဲ့ အခါပဲ ဖြစ်ဖြစ်၊ ခရီးထွက်တဲ့ အခါပဲ ဖြစ်ဖြစ်၊ ထမင်းစားတဲ့ အခါပဲ ဖြစ်ဖြစ်၊ အိပ်နေတဲ့ အခါပဲ ဖြစ်ဖြစ်၊ နောက်ဆုံး ကျင်ကြီး ကျင်ငယ် စွန့်နေတဲ့ အခါမှာလည်း ကိုယ်နဲ့ တပါတည်း ရှိနေပါတယ်။ ကိုယ့်ရဲ့ ခင်ပွန်း မိဘ ရာထူး အာဏာ ငွေကြေးတွေ ကတော့ ကိုယ်နဲ့ အမြဲ ရှိမနေနိုင်ပါဘူး။

ဒီသဘောလေး တွေကို အာရုံပြုပြီး “ခင်ပွန်း၊ မိဘ၊ ရာထူး၊ အာဏာ၊ ငွေကြေးတွေဟာ ငါနဲ့ အမြဲ ရှိမနေနိုင်ဘူး၊ သီလကတော့ ငါ့ရဲ့ အားကိုးရာ အစစ်ပဲ၊ ငါနဲ့ မခွဲမခွါ သေတဲ့အထိ လိုက်လာမယ့် အားကိုးရာပဲ၊ ငါသီလကို ကြိုးစား စောင့်ထိန်းသင့်တယ်” လို့ မကြာ မကြာ ဆင်ခြင်ပေးသင့် ပါတယ်။

ခန္ဓာ ရှိနေတဲ့ အတွက်၊ စားဝတ် နေရေး ရှိနေတဲ့ အတွက် သက်ရှိ သက်မဲ့ လောကီ ၀တ္ထုတွေ ကတော့ လိုအပ်နေတာ ပါပဲ။ ဒါပေမယ့် ကိုယ်က အားကိုးရာ အတုနဲ့ အစစ်ကို ခွဲခြားပြီး သိနေဖို့ပါပဲ။

တကယ်လို့ အားကိုးရာ အတုတွေက အကြောင်း ကြောင်းကြောင့် ကိုယ့်ကို ခွဲခွါသွားတဲ့ အခါမှာလည်း “ခွဲခွါခြင်း သဘောရှိတဲ့ တရားတွေ ခွဲခွါသွားတာ သဘာဝ တစ်ခုပဲလေ၊ သဘာဝ တရားကို ငါ လက်ခံရမှာပေါ့၊ လက်မခံနိုင်ရင် ငါပဲ ပင်ပန်းမှာပေါ့၊ သီလကတော့ ငါနဲ့ မခွဲမခွါ အမြဲ ရှိနေမယ့် တရားပဲ” လို့ ဆင်ခြင်လိုက် ရင်လည်း ဖြေသာမှုကို ရစေပါတယ်။

ဒါနပိုင်းမှာ ပါရမီမြောက်တဲ့ ဒါနကို ပြောခဲ့သလို၊ သီလပိုင်း မှာလည်း ပါရမီမြောက်တဲ့ သီလကိုပါ ပြောပြသွားရ အောင်ပါ။ သီလမှာလည်း ဟီနသီလ၊ မဇ္ဈိမ သီလ၊ ပဏီတ သီလဆိုပြီး ရှိပါတယ်။ သူတစ်ပါး အထင်ကြီးအောင် ထင်ရှား ကျော်ကြားဖို့အတွက် ဆောက်တည်တဲ့ သီလက ဟီနသီလ= ခပ်ညံ့ညံ့ သီလပါ။ ကောင်းမှုရဲ့ အကျိုးကို လိုလား တောင့်တပြီး ဆောက်တည်တဲ့ သီလက မဇ္ဈိမသီလ= အလယ်အလတ် သီလပါ။

ထင်ရှား ကျော်ကြားမှုကိုလည်း မလိုလား၊ နောင်အခါ ခံစားရမယ့် အကျိုးကိုလည်း မလိုလားဘဲ “ဒီသီလဟာ မြတ်တဲ့ တရားပဲ၊ ဒီမြတ်တဲ့ တရားကို ငါ ကျင့်သုံးအပ်တယ်” လို့ တရားရဲ့ မြင့်မြတ်မှုကိုသာ နှလုံးသွင်းပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို ရဖို့အတွက် ဆောက်တည်တဲ့ သီလကတော့ ပဏီတ သီလ= မြင့်မြတ်တဲ့ သီလပါ။ ရှင်းအောင် ပြောရရင် သူတစ်ပါး အထင်ကြီးအောင် စောင့်တဲ့ သီလရယ်၊ လောကီ အကျိုးကို တောင့်တပြီး စောင့်တဲ့ သီလရယ်၊ မဂ်ဖိုလ်နိဗ္ဗာန်ကို တောင့်တပြီး စောင့်တဲ့ သီလရယ်ပါ။

ထင်ရှား ကျော်ကြားမှုကိုလည်း မတောင့်တ၊ လောကီ အကျိုးကိုလည်း မတောင့်တဘဲ တရားရဲ့ မြင့်မြတ်မှုကိုသာ နှလုံးသွင်းပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို ရဖို့အတွက် ဆောက်တည်တဲ့ သီလမှ ပါရမီမြောက်တဲ့ သီလပါ။

ဘုရား အလောင်းတော် မြတ်ဟာ သီလ ပါရမီကို ဖြည့်ကျင့်တဲ့ နေရာမှာ သီလ ဆောက်တည်ရတဲ့ ကုသိုလ်ကို မိမိအတွက် ဒုဂ္ဂတိဘ၀ မကျရောက်ဖို့လည်း ဦးမတည် ပါဘူးတဲ့။ ၀ိဇ္ဇာသုံးပါး၊ အဘိညာဉ် ခြောက်ပါး၊ ပဋိပမ္ဘိဒါ လေးပါး၊ သာဝက ဗောဓိ၊ ပစ္စေက ဗောဓိကိုလည်း ဦးမတည်ပါဘူးတဲ့။

ဘာကို ဦးတည်သလဲ ဆိုတော့ သဗ္ဗညုတ ဉာဏ်ကိုပဲ ဦးတည်ပါတယ်တဲ့။ ကိုယ်က ဘုရားအလောင်း မဟုတ်တော့ သဗ္ဗညုတ ဉာဏ်နေရာမှာ နိဗ္ဗာန်ကို ဦးတည်လိုက် ရုံပါပဲ။

ဒီတော့ သီလ ယူပြီးတဲ့အခါ “တပည့်တော်၏ သီလသည် မဂ်ဖိုလ် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ” လို့ စိတ်ညွတ်လိုက်ရင် ပါရမီ မြောက်တဲ့ သီလ ဖြစ်သွားတာပါ။ ဒါက ပါရမီအကြောင်း ရေးနေတာမို့ ပါရမီ မြောက်တဲ့ သီလ ဆောက်တည်နည်းကို ပြောပြတာပါ။ အခြေအနေ အကြောင်း ကြောင်းကြောင့် ပါရမီ မြောက်အောင် မဆောက်တည်နိုင် သေးရင်လည်း ကိုယ်နဲ့ သင့်သလို ဆောက်တည်နိုင် ပါတယ်။

ကိုယ့်နိုင်ငံကို ငြိမ်းချမ်း စေချင်တယ်၊ တိုးတက် ကြီးပွား စေချင်တယ် ဆိုရင် မင်းကော၊ ရဟန်းကော၊ ပြည်သူကော သုံးဦး သုံးဖလယ် သီလကို စောင့်ထိန်းပေးကြ ရမှာပါ။ ဒါနဲ့ ပတ်သတ်ပြီး စံကင်း ဆရာတော်ကြီး ပြောပြတဲ့ ပုံပြင်လေးကို သွားသတိရမိ ပါတယ်။

တစ်နေ့တော့ စံကင်း ဆရာတော် ဘုရားဆီကို ဦးနုနဲ့ အဖွဲ့ ရောက်လာကြ ပါတယ်။ ရောက်လာတဲ့ အချိန်မှာ ဆရာတော် ဘုရားက သက်တော် ၉၂ နှစ် ရှိပြီ ဖြစ်သလို ရွှေကျင် သာသနာ ပိုင်လည်း ဖြစ်နေပါပြီ။

အထူးသဖြင့် ဦးနုကပဲ ဆရာတော် ဘုရားကို မေးခွန်းတွေ မေးတာပါ။ ဆရာတော် ဘုရားက ဦးနုရဲ့ မေးခွန်းတွေကို ဖြေရင်းနဲ့ တစ်ကြိမ်မှာတော့ ဦးနုကို မေးခွန်းတစ်ခု ပြန်မေးလိုက် ပါတယ်။

“နဂိုက ပြောဖူးတဲ့ ဆန်သုံးထုပ် ပြုတ်တဲ့ ဥပမာ မေ့သွားပြီလား”

“ထပ်ပြီး အမိန့် ရှိပါဦး ဘုရား”

“ရှေးက မင်းရယ် (အစိုးရရယ်)၊ ဘုန်းကြီးရယ်၊ လူထုရယ် ဘယ်သူ တရား(သီလ) ရှိမရှိ သိရအောင် တရား (သီလ) ရှိတဲ့သူရဲ့ ဆန်ထုပ်က ပြုတ်ရင် နပ်မှာပဲ ဆိုပြီး ဆန်ထုပ်သုံးထုပ် ပြုတ်ကြ သတဲ့၊ ပြုတ်ပြီး အားလုံး ဆယ်ကြည့်ကြတော့ တစ်ထုပ်မှ မနပ်ဘူး ဆိုဘဲ”

“ဒီလိုဆို အစိုးရ ခံသာသေးတယ် ဘုရား၊ ဘာဖြစ်ဖြစ် အစိုးရချည်း လွှဲချ အပြစ်တင် ခံနေကြရ ပါတယ်ဘုရား”

ဒီတော့ ဆရာတော် ဘုရားက “ခုကာလတော့ ဦးရာလူက ပြောကြစမြဲပေါ့” လို့ ပြန်မိန့်လိုက် ပါတယ်။

ဆရာတော် ဘုရားက တိုင်းပြည်တစ်ခု တိုးတက်ဖို့ ဆိုရင် မင်းကော၊ ရဟန်းကော၊ ပြည်သူကော တရား သီလရှိဖို့ သိမ်သိမ် မွေ့မွေ့ ဟာသဆန်ဆန် ပုံပြင်လေးနဲ့ ဩ၀ါဒ ပေးထားတာပါ။

ကိုယ့်တိုင်းပြည် တကယ် တိုးတက် ကြီးပွား စေချင်ရင် ရဟန်းကော၊ မင်းကော၊ ပြည်သူကော သီလကို အထူး စောင့်ထိန်းရ မှာပါ။

သုံးဦးထဲက တစ်ဦးဦး သီလ ပျက်နေရင် တိုးတက်မှာ မဟုတ်ပါဘူး။ ဥပမာ- မင်းက သီလ ပြည့်စုံပြီး ရဟန်းနဲ့ ပြည်သူက သီလ ပျက်နေရင် ဘယ်လိုမှ တိုးတက်မှာ မဟုတ်ပါဘူး။ ကိုယ်က သုံးဦးထဲက တစ်ဦးဦး ဖြစ်နေတာ ဆိုတော့ တာဝန် တစ်ရပ်အနေနဲ့ စောင့်ထိန်း ပေးရမှာပါ။

လူ့ဘ၀ ရောက်လာပြီး လူ့ဘ၀ရဲ့ တန်ဖိုးတစ်ခု ဖြစ်တဲ့ သီလလေးမှ စောင့်ထိန်း မသွားရဘဲ လူ့လောက ထဲက ပြန်ထွက် သွားရတယ် ဆိုရင် လူ့ဘ၀ ရလာတာ အဓိပ္ပါယ် မရှိတော့ ပါဘူး။

သီလကို စောင့်ထိန်း လိုက်တဲ့ အခါမှာ ပထမဆုံး ရရှိလိုက်တဲ့ အကျိုးကတော့ ကိုယ့်ကိုယ်ကိုယ် ကြည်ညို ဖြစ်သွားတဲ့ အကျိုးပါ။ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုနေတဲ့ အချိန်မှာ ဘ၀က သိပ်ပြီး ငြိမ်းချမ်းနေ ပါတယ်။ ဘ၀မှာ သူတစ်ပါး ကြည်ညိုဖြစ် ဖို့က ဒုတိယ ကိစ္စပါ။ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုဖို့ ကိစ္စက ပထမ ကိစ္စပါ။

ချစ်တဲ့ စာဖတ်သူ တွေကို သီလ လုံးဝမကျိုးတဲ့ ဆောက်တည်နည်းကို ပေးချင်ပါတယ်။ ကဲ.. စာဖတ်သူတွေကို မေးကြည့်ရအောင်ပါ။ သီလ ကျိုးတယ် ကျိုးတယ်ဆိုတာ မနက်ပိုင်း၊ နေ့လယ်ပိုင်း သွားလာ လှုပ်ရှားနေတဲ့ အချိန်မှာ ကျိုးတာလား၊ ညပိုင်း အိပ်နေတဲ့ အချိန်မှာ ကျိုးတာလား။

“... ... ... ... ...”

ညပိုင်း အိပ်နေတဲ့ အချိန်မှာ သီလက မကျိုးပါဘူး။

စာထဲမှာ ကာလ ပရိယန္တ သီလဆိုတာ ရှိပါတယ်။ ကာလကို ပိုင်းဖြတ်ပြီး စောင့်ထိန်းတဲ့ သီလပါ။ နေ့ပိုင်း တစ်နေ့တာပဲ ဖြစ်ဖြစ်၊ ညပိုင်း တစ်ညတာပဲ ဖြစ်ဖြစ်၊ တစ်ရက်လုံးပဲ ဖြစ်ဖြစ်၊ နောက်ဆုံး တစ်ထိုင်ပဲ ဖြစ်ဖြစ်၊ ကာလ ပိုင်းဖြတ်ပြီး စောင့်ထိန်းတာပါ။

ဥပမာ ကိုယ်က ညမှာ ဆယ့်တစ်နာရီ အိပ်ပြီး မနက် ငါးနာရီ အိပ်ယာထတယ် ဆိုပါစို့။

ဒီတော့ ညအိပ်ယာ ၀င်ခါနီးမှာ ၈ ပါးသီလ၊ ၉ ပါးသီလ ယူလိုက်ပြီး “ဘုရား တပည့်တော် ည ၁၁ နာရီကနေ မနက် ၅ နာရီ အထိ သီလ ဆောက်တည် ပါ၏” လို့ ကာလ ပိုင်းဖြတ်ပြီး စောင့်ထိန်းလိုက် ရုံပါ။

ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ ဆိုတော့ တစ်နေ့ကို ၆ နာရီလောက် သီလ စောင့်ထိန်း ဖြစ်နေတာပါ။ ၁၀ ရက်ဆိုရင် နာရီပေါင်း ၆၀၊ တစ်လ ဆိုရင် နာရီပေါင်း ၁၈၀၊ တစ်နှစ်ဆိုရင် နာရီပေါင်း ၂၁၆၀ ပါ။

ဒါက ည ၁၁ နာရီကနေ မနက် ၅ နာရီအတွင်း ပိုင်းဖြတ်ပြီး စောင့်ထိန်းတာပါ။ တကယ်တော့ မနက် ၅ နာရီ ထိုးတာနဲ့ သီလက တန်း မကျိုးသေး ပါဘူး။

ဒီနည်းကို စာရေးသူ သဘောနဲ့ ရေးပြတာ မဟုတ်ပါဘူး။ မဟာ ဗုဒ္ဓ၀င်မှာ မင်းကွန်း ဆရာတော် ဘုရားကြီးက သီလကို တစ်နေ့လုံး မဆောက်တည်နိုင် သေးရင်တောင် ညမှာ တစ်နိုင် တစ်ပိုင် ဆောက်တည်ဖို့ အသေအချာ ရေးပြထား လို့ပါ။ ဆရာတော် ဘုရားကြီးက ၀တ္ထုလေး နှစ်ပုဒ်ကို သာဓက ပြပြီး အားပေးထား ပါတယ်။

ပေတ ၀တ္ထုထဲက မိဂလုဒ္ဒက ဆိုတဲ့ ၀တ္ထု နှစ်ပုဒ်ပါ။ ခပ်ကျဉ်းကျဉ်းလောက် ရေးပြရ အောင်ပါ။

မြတ်စွာဘုရား လက်ထက်တော်က ရာဇဂြိုဟ် ပြည်မှာ အလွန်ချစ်တဲ့ သူငယ်ချင်း နှစ်ယောက် ရှိပါတယ်။ သူငယ်ချင်း နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အလွန် ချစ်ကြပေမယ့် စရိုက် အပြုအမူ ချင်းက မတူပါဘူး။ တစ်ယောက်က မုဆိုး အလုပ်ကို လုပ်ပြီး တစ်ယောက်က ကောင်းရောင်း ကောင်းဝယ် လုပ်ပြီး ရတနာ သုံးပါးကို ဆည်းကပ်ပါတယ်။

မုဆိုး လုပ်နေတဲ့ သူငယ်ချင်းကို ကြည့်ပြီး ဘာသာရေး ကိုင်းရှိုင်းတဲ့ သူငယ်ချင်းက စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါကြောင့် သူငယ်ချင်းကို အကုသိုလ် အလုပ်တွေ မလုပ်ဖို့ အမြဲ ပြောပါတယ်။ မုဆိုး သူငယ်ချင်း ကလည်း သူငယ်ချင်းကို ချစ်ပေမယ့် ၀ါသနာကို မစွန့်နိုင်လို့ လုပ်မြဲ ပါပဲ။

ဒီလိုနဲ့ တစ်နေ့ ကျတော့ ဘာသာရေး ကိုင်းရှိုင်းတဲ့ သူငယ်ချင်းက မုဆိုး သူငယ်ချင်းကို ဘာ တောင်းဆိုလာသလဲ ဆိုတော့ “သူငယ်ချင်းရယ်၊ မင်း အလုပ်ကို မစွန့်နိုင် ရင်တောင် ညမှာတော့ မကောင်းမှုတွေ ရှောင်ပြီး သီလ စောင့်ပေးပါလား” လို့ တောင်းဆို ပါတယ်။

မုဆိုး သူငယ်ချင်း ကလည်း ညမှာတော့ ကောင်းကောင်း စောင့်ထိန်းနိုင်တာ ဆိုတော့ နေ့မှာ မုဆိုး အလုပ်ကို လုပ်ပြီး ညမှာတော့ မကောင်းမှုတွေ ရှောင်ပြီး သီလကို စောင့်ထိန်းပါတယ်။ သက်တမ်း စေ့လို့ ကွယ်လွန်တဲ့ အခါကျတော့ ရာဇဂြိုဟ်ပြည် အနီးမှာ ဝေမာနိက ပြိတ္တာ သွားဖြစ် ပါတယ်။

အကျိုးက ဘယ်လို ခံစားရသလဲ ဆိုတော့ နေ့မှာ အကုသိုလ်တွေ ပြုခဲ့တဲ့ အတွက် နေ့ပိုင်းမှာ ဆင်းရဲ ဒုက္ခတွေ ခံစားရပြီး ညမှာ သီလ စောင့်ခဲ့တဲ့ အတွက် ညပိုင်းမှာ ကာမဂုဏ် ငါးပါးကို ပြည့်ပြည့်စုံစုံ ခံစားနေရ ပါတယ်။ ဒါကို အရှင်နာရဒ မထေရ် တွေ့တော့ ဘာကြောင့် နေ့ခံ ညစံ ခံစားနေရ သလဲဆိုတာ မေးကြည့် ပါတယ်။

ပြိတ္တာ ဖြစ်နေရသူက “တပည့်တော်ဟာ နေ့ပိုင်းမှာ မုဆိုး အလုပ်ကို လုပ်ခဲ့ပါတယ် ဘုရား၊ ညပိုင်း မှာတော့ မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းရဲ့ တိုက်တွန်း မှုကြောင့် မကောင်းမှုကို ရှောင်ပြီး သီလ စောင့်ခဲ့လို့ အခုလို နေ့ခံ ညစံ ဖြစ်နေရ တာပါဘုရား” လို့ ပြန်လျှောက်ပြ ပါတယ်။

နောက် ၀တ္ထု တစ်ပုဒ်က ရှေးဝတ္ထုနဲ့ ခပ်ဆင်ဆင် ပါပဲ။ သူငယ်ချင်း နှစ်ယောက် ပါပဲ။ တစ်ယောက်က မုဆိုး၊ တစ်ယောက်က ဘာသာရေး ကိုင်းရှိုင်းသူ၊ ဒါပေမယ့် ဘာသာရေး ကိုင်းရှိုင်းသူ သူငယ်ချင်းက မုဆိုး သူငယ်ချင်းကို မကောင်းမှုတွေ မလုပ်ဖို့ အကြိမ်ကြိမ် တားမြစ်ပေမယ့် လုံးဝ နားမထောင် ပါဘူး။

ပြောမရတော့ ဘာသာရေး ကိုင်းရှိုင်းသူ သူငယ်ချင်းက သူ ဆည်းကပ် ကိုးကွယ်နေတဲ့ ဆရာ ရဟန္တာ တစ်ပါးကို အကျိုးအကြောင်း ပြောပြပြီး “အရှင်ဘုရား တပည့်တော် သူငယ်ချင်းကို အကုသိုလ် မပြုဖို့ ပြောဟောပေးပါ ဘုရား” လို့ လျှောက်ပါတယ်။

ဆရာ ရဟန္တာက မုဆိုး သူငယ်ချင်းဆီ သွားပြီး တရား ဟောပေးပါတယ်။ ဒါပေမယ့် မုဆိုး သူငယ်ချင်းက ရဟန္တာ အရှင်မြတ်ကို ကြည်ညိုပေမယ့် ပါဏာတိ ပါတ အမှုကို ရှောင်ကြဉ်လိုစိတ် လုံးဝ မရှိပါဘူး။ သူ့အနေနဲ့ ရှောင်ကြဉ်ဖို့ လုံးဝ ခက်နေပါတယ်။

ဒါကို သိတဲ့ ရဟန္တာ အရှင်မြတ်က “ဒကာရယ်၊ တစ်နေ့လုံး မရှောင်ကြဉ်နိုင် ရင်တောင် ညအခါ လေးတော့ ရှောင်ကြဉ်ပေး ပါနော်” လို့ ကရုဏာ သံနဲ့ ထပ်ဟောပါတယ်။

ဒီတော့မှ မုဆိုးလည်း “ဒါဖြင့်ရင်လည်း ကောင်းပါပြီ ဘုရား၊ တပည့်တော် ညမှာတော့ ပါဏာတိ ပါတမှ ရှောင်ကြဉ်ပါမယ် ဘုရား” လို့ ပြန်ကတိ ပေးလိုက်ပါတယ်။ မုဆိုး သူငယ်ချင်းလည်း ရဟန္တာ အရှင်မြတ်ကို ကတိ ပေးထားတဲ့ အတိုင်း နေ့ပိုင်းမှာ မကောင်းမှု ပြုပေမယ့် ညပိုင်းမှာတော့ သီလကို စောင့်ပေးပါတယ်။ သေလွန်တဲ့ အခါကျတော့ ရာဇဂြိုဟ်ပြည် အနီးမှာပဲ ဝေမာနိက ပြိတ္တာဖြစ်ပြီး နေ့ပိုင်းမှာ ဆင်းရဲ ဒုက္ခကို ခံစားနေရ ပေမယ့် ညပိုင်းမှာတော့ ကာမဂုဏ် ငါးပါးကို အပြည့်အ၀ ခံစားနေရ ပါတယ်တဲ့။

ဆရာတော် ဘုရားကြီးက ဒီဝတ္ထုလေး နှစ်ပုဒ်ကို သာဓက ပြပြီး နေ့အခါမှာ မစောင့်နိုင် ပေမယ့် ညမှာ စောင့်ထိန်းရင် အကျိုးပေးနိုင်တဲ့ အတွက် မိမိ စွမ်းနိုင်သလောက် စောင့်ထိန်းဖို့ ကရုဏာ တရားနဲ့ တိုက်တွန်းထား ပါတယ်။

ဆရာတော် ဘုရားကြီးက ဘုရားဟော ပါဠိတော် အဋ္ဌကထာ ဋီကာတွေ ထဲကထုတ်ပြီး ရေးပြတယ်။ စာရေးသူက ဆရာတော် ဘုရားကြီး ရေးပြတာကို တစ်ဆင့် ပြန်ရေးပြတယ်။ စာဖတ်သူ တွေကလည်း ကိုယ်နဲ့ နီးစပ်ရာ ဓမ္မ မိတ်ဆွေတွေကို “သီလ ဆိုတာ နေ့ပိုင်းမှာ မစောင့်နိုင် ရင်တောင် ညပိုင်းမှာ ဒီလို ဒီလိုစောင့်ရင် သီလ မကျိုးဘူး” လို့ ဆောက်တည်နည်း လေးတွေ တစ်ဆင့် ပြန်ပြောနိုင်ရင် တကယ့် ဓမ္မဒါန ကုသိုလ်တွေ ဖြစ်နေတာပါ။ ဒါမှလည်း ရေးရ ဖတ်ရတာ တန်ပါတယ်။

ဒါက သီလကို အချိန်ပြည့် မစောင့်နိုင် သူတွေ၊ စောင့်ဖို့ အခြေအနေ မပေးသူတွေ အတွက်ပါ။

တကယ်လို့ ကိုယ်က သီလ ဆောက်တည်ဖို့ အချိန်လည်း ပေးနိုင်တယ်၊ ဆောက်တည်ချင် စိတ်လည်း ရှိတယ်ဆိုရင် ပုံစံ တစ်မျိုးနဲ့ ဆောက်တည်နည်း တစ်ခုကိုလည်း အကြံ ပေးပါရစေဦး။

သီလကို ဒီအတိုင်း မဆောက်တည်ဘဲ မြတ်စွာ ဘုရားရှင်ကို သီလနဲ့ ပူဇော်ပြီး ဆောက်တည်ကြည့် ပါလား။

မနက် အိပ်ယာက ထပြီး ကိုယ်လက် သန့်စင် ပြီးသွားတဲ့ အခါ ဘုရားခန်းထဲ သွားပြီး “မြတ်စွာဘုရား ဘုရား တပည့်တော် ဒီနေ့ တစ်နေ့တာ မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်ပါမည် ဘုရား” လို့ လျှောက်လိုက်ပါ။ ပြီးတော့မှ တစ်ဆက်တည်း သီလ ယူလိုက်ပါ။

မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်ထားတာ ဆိုတော့ သီလကျိုးဖို့ အာရုံကို တွေ့ဦးတော့ “ငါ မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်နေတာ” ဆိုပြီးတော့ မြတ်စွာ ဘုရားကို အားနာပြီး မကျိုးဖြစ်တော့ ပါဘူး။

နောက်တစ်ခုက “ငါ မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်နေတယ်” ဆိုတဲ့ အတွေးက ရင်ထဲမှာ အစဉ်သဖြင့် ဖြစ်နေတာ ဆိုတော့ အတွေးနဲ့ အတူ ၀မ်းမြောက် ကြည်နူးစိတ် ကလည်း ပူးတွဲ ဖြစ်နေရတော့ တာပါ။

မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်ရတဲ့ အရသာဟာ ပူဇော်ကြည့် ဖူးမှ သိပါတယ်။ ဒါကြောင့် သိချင်ရင် စမ်းပြီး ပူဇော်ကြည့် ဖို့ပဲ တိုက်တွန်း ပါရစေ။

အားတဲ့ အခါလေး တွေမှာလည်း ကိုယ့်ရဲ့ သီလကို ပြန်ပြန် ဆင်ခြင် ဆင်ခြင် ပေးရပါတယ်။ အဲဒီလို ပြန်ပြန် ဆင်ခြင် ဆင်ခြင် နေတာကကို သီလာ နုဿတိ ကုသိုလ်တွေ ထပ်ပွားနေ တာပါ။ “မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်နေတယ်” ဆိုတဲ့ သတိ ကိုယ့်ရင်ထဲမှာ ကိန်းနေရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြန် ကြည်ညို ကြည်ညို နေရတာပါ။ ကြည်ညိုရင်း ကြည်ညိုရင်းနဲ့ ကိုယ့်ရင်ထဲမှာ ပါရမီတွေ တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက် မြင့်လာရတော့ မှာပါ။ ဘာပဲပြောပြော လတ်တလော ၀မ်းမြောက် ကြည်နူးစိတ်ကို ခံစားနေရတာတော့ အမှန်ပါ။
အကြောင်း ကြောင်းကြောင့် သီလနဲ့ နေ့စဉ် မပူဇော်နိုင် သေးရင်တောင် ကိုယ့်ရဲ့ မွေးနေ့လေး တွေမှာ တစ်ပတ် တစ်ခါလောက်တော့ ပူဇော် ပူဇော် သွားသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘ၀မှာ မလုပ်ဖူးသေးတဲ့ ကုသိုလ်လေးတွေ လုပ် လုပ်ကြည့်သင့် လို့ပါ။ ဘာထူးလဲ၊ ဘယ်လို အရသာ ရှိလဲဆိုတာ အသိသစ်တစ်ခု သိသွားရ တာပေါ့။

မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်နေတဲ့ နေ့ဆိုရင် ယခင် နေနေကျ အတိုင်း သတိလက်လွတ် မဟုတ်ဘဲ ကိုယ်နဲ့ နှုတ်ကို သတိ ကပ်ထားရ ပါတယ်။ အထူးသဖြင့် “ပြဿနာ အစ ပါးစပ်က” ဆိုတဲ့ အတိုင်း နှုတ်ကို အထူး စောင့်ထိန်းရ ပါမယ်။ အဲဒီနေ့ ဆိုရင် အထူးသဖြင့် အတင်း မပြောမိအောင် သတိထားရ ပါမယ်။ အတင်း ပြောမိရင် သီလက ပျက်ပါပြီ။ အတင်း ပြောတာကို ၀ါသနာ တစ်ခုလို ဖြစ်နေရင် ကိုယ်က ပိုဂရုစိုက်ရ ပါမယ်။

တကယ်လို့ ကိုယ့်ဘ၀မှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာမယ်။ ဒီတော့ ဒေါသ၊ အာဃာတ၊ သောက ပူဆွေးမှုတွေ ဖြစ်မနေဘဲ မြတ်စွာ ဘုရားကို သီလနဲ့ ဆယ်ရက်တန်သည်၊ တစ်လ တန်သည် ပူဇော်ပစ် လိုက်မယ်၊ သတ်မှတ်ထားတဲ့ ရက်လ စေ့သွားတဲ့ အခါ မြတ်စွာဘုရားဆီ ထပ်သွားပြီး “ဘုရား တပည့်တော် မြတ်စွာ ဘုရားကို သီလနဲ့ ၁၀ ရက် တစ်လ မကျိုး မပေါက် ပူဇော်ခဲ့ ပါတယ်။ ဤသစ္စာစကား မှန်ပါက ယခု ကြုံတွေ့နေရတဲ့ အခက်အခဲ ပြေပျောက်သွားပါ စေသတည်း” လို့ သစ္စာဆို လိုက်ပါ။

မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်တာရယ်၊ သစ္စာ ဆိုတာရယ် နှစ်ခုကို လုပ်လိုက်ရင် ဖြစ်ပေါ်နေတဲ့ အခက်အခဲ အထိုက် အလျှောက်တော့ အဆင်ပြေသွား မှာပါ။

ပြဿနာ မဟုတ်ဘဲ ဘ၀နဲ့ ယဉ်တဲ့ ကိစ္စတစ်ခု ကြုံလာတဲ့ အခါမှာလည်း ပူဇော်တာရယ်၊ သစ္စာ ဆိုတာရယ် ပူးတွဲ လုပ်ကြည့် လိုက်ပါ။ ထူးခြားမှု တစ်ခုခုတော့ ဖြစ်လာမှာပါ။

ဒါက တစ်ယောက်ချင်း မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်တာကို ပြောတာပါ။

တကယ်လို့ မိသားစုလိုက် တစ်ပတ် တစ်ခါလောက် မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်နိုင်တယ် ဆိုရင်တော့ သိပ်ပြီး ကြည်ညိုဖို့ ကောင်းတဲ့ မိသားစု တစ်စု ဖြစ်သွားမှာပါ။ အခက်အခဲ တစ်ခု ကြုံလာတဲ့ အခါ မိသားစုလိုက် ပူဇော်ပြီး သစ္စာ ဆိုလိုက်တာက ပိုပြီး ထိရောက်သွားနိုင် ပါတယ်။

ဘယ်လို သဘောလဲ ဆိုတော့ တစ်ယောက်တည်း ပစ်မှတ် တစ်ခုကို ပစ်တာနဲ့ စာရင် မိသားစု ငါးယောက်လောက် ၀ိုင်းပစ်ရင် ပိုပြီး မှန်သွားနိုင်တဲ့ သဘောပါ။ မိသားစု ထဲမှာ တကယ့် ပါရမီရှင် တစ်ယောက်ယောက်လည်း ပါရင် ပါလာနိုင် လို့ပါ။

ပါရမီဖြစ် ကုသိုလ်ဖြစ်ပဲ ပူဇော်ပူဇော်၊ ပြဿနာကို ဖြေရှင်းဖို့ အတွက်ပဲ ပူဇော်ပူဇော် ဘ၀မှာ မလုပ်ဖူး သေးတဲ့ ကုသိုလ် တစ်ခုကို လုပ်ကြည့် လိုက်တာတော့ အကောင်းဆုံး ပါပဲ။

စီးပွားရေး လုပ်တဲ့ အခါပဲ ဖြစ်ဖြစ်၊ အနုပညာ ကိစ္စ လုပ်တဲ့ အခါပဲ ဖြစ်ဖြစ်၊ ဘာကိစ္စပဲ လုပ်လုပ် သီလကို အဆောင် တစ်ခုလို အားကိုးတာ ကတော့ အကောင်းဆုံး ပါပဲ။ ဆိုလိုတာက သီလကို အားယူပြီး တက်တာပါ။
ဣတိဝုတ် ပါဠိတော်မှာ သုခ ပတ္ထနာသုတ် ဆိုတာ ရှိပါတယ်။ မြန်မာလို လိုရင်းကတော့-

“ငါ့အတွက် ထင်ရှား ကျော်ကြားမှုတွေ ဖြစ်လာရင် ကောင်းမှာပဲ” လို့ တွေးဖြစ်ရင် သီလကို စောင့်ထိန်းလိုက် ပါတဲ့။ “ငါ့ဆီ ငွေကြေး ဥစ္စာတွေ ရောက်လာရင် ကောင်းမှာပဲ” လို့ တွေးဖြစ်ရင်လည်း သီလကို စောင့်ထိန်းလိုက် ပါတဲ့။ “ငါသေရင် နတ်ပြည် ရောက်ရင် ကောင်းမှာပဲ” လို့ တွေးဖြစ်လိုက် ရင်လည်း သီလကိုပဲ စောင့်ထိန်းလိုက် ပါတဲ့။

လူတိုင်း လူတိုင်း ဒီအကျိုးတွေ လိုချင်ကြတဲ့ သူတွေချည်း ပါပဲ။ ကိုယ်က ဗုဒ္ဓဘာသာ တစ်ယောက် အနေနဲ့ မြတ်စွာ ဘုရားရှင်ရဲ့ စကားတွေကို နှစ်နှစ်ကာကာ ယုံပြီးသား ဆိုတော့ စောင့်ထိန်း ပစ်လိုက် ရုံပါပဲ။

တရားတွေမှာ စွမ်းအားတွေက အစကတည်းက ရှိပြီးသားပါ။ ကိုယ်က အသုံးပြုပေး ဖြစ်ဖို့ပါပဲ။

သေချာ စဉ်းစားကြည့်ရှု သီလဆိုတာ အံကြိတ် တောက်ခေါက် ၀ီရိယ အင်အားတွေ သုံးပြီး စောင့်ထိန်းရတဲ့ အရာလည်း မဟုတ်ပါဘူး။ လုပ်ရင်း ကိုင်ရင်း၊ သွားရင်း လာရင်း၊ စားရင်း သောက်ရင်း ပူးတွဲ စောင့်ထိန်း သွားလို့ရတဲ့ အရာပါ။

လူတစ်ယောက် အနေနဲ့ ငါးပါး သီလကို စောင့်ရင်ပဲ တော်တော် လုံလောက်နေ ပါပြီ။ တတ်နိုင်တယ် ဆိုရင်တော့ တစ်လ နှစ်ကြိမ်လောက် ရှစ်ပါးသီလ၊ ကိုးပါး သီလတွေ တစ်ဆင့် မြင့်ပြီး စောင့်နိုင်ရင်တော့ အကောင်းဆုံးပေါ့။

သီလ စောင့်ထားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိနေပါတယ်။ ယုံကြည်မှု ရှိနေရင် အလုပ် လုပ်ရတာက တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်း ရှိနေတတ် ပါတယ်။ ဒါက ကိုယ်တိုင် စောင့်ကြည့် ဖူးမှ သိတာပါ။

လောကီထဲမှာ နေနေကြလို့ လောကီ အကျိုးတွေ နဲ့လည်း မကင်းနိုင် ကြလို့ လောကီကျိုး တွေပါ ထည့်ပြောနေရ တာပါ။ အမှန်တော့ သီလရဲ့ အမြင့်ဆုံး အကျိုး သတ္တိဟာ နိဗ္ဗာန်အထိ ပို့ပေးနိုင် တာပါ။

သီလရဲ့ အကျိုး အဆက်ဆက် တွေကို စာထဲမှာ ဒီလို ပြထားပါတယ်။

အ၀ိပ္ပ ဋိသာရ၊ ပါမောဇ္ဇ၊ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ သမာဓိ၊ ယထာဘူတ၊ နိဗ္ဗိဒါ၊ ၀ိရာဂ၊ ၀ိမုတ္တိ။

ဒီပါဠိရဲ့ အနက် မြန်မာပြန်ကို တည်တော် ဆရာတော်ဘုရား ပြန်ဆိုထားတာက သိပ်လှသလို သိပ်ရှင်းပါတယ်။ တည်တော် ဆရာတော် ဘုရားက ဘယ်လို မြန်မာပြန် သလဲဆိုတော့-

သီလရှိတော့ စိတ်ကြည်၊
စိတ်ကြည်တော့ ၀မ်းမြောက်၊
ဝမ်းမြောက်တော့ နှစ်သက်၊
နှစ်သက်တော့ ငြိမ်းအေး၊
ငြိမ်းအေးတော့ ချမ်းသာ၊
ချမ်းသာတော့ တည်ကြည်၊
တည်ကြည်တော့ အမြင်မှန်၊
အမြင်မှန်တော့ ငြီးငွေ့၊
ငြီးငွေ့တော့ မဂ်မြင်၊
မဂ်မြင်တော့ ဖိုလ်ရောက်၊
ဖိုလ်ရောက်တော့ နိဗ္ဗာန်ဝင်တဲ့။

ဖိုလ်ရောက်တော့ နိဗ္ဗာန်ဝင် ဆိုတဲ့ အပိုဒ်ကလေး ကတော့ ဆရာတော် ဘုရားကြီး အရေးအသားကို အတုခိုးပြီး စာရေးသူ ဖြည့်လိုက်တာပါ။

ကိုယ် ဖြည့်ကျင့်နေတဲ့ သီလဟာ လောကီကျိုး သက်သက်တင် မဟုတ်ပါဘူး။ မဂ်ဖိုလ် နိဗ္ဗာန်အထိ ပို့ပေးနိုင်တဲ့ သတ္တိ ရှိပါတယ်။

သီလ ပါရမီကို ဖြည့်ကျင့်တဲ့ နေရာမှာ “ငါ့ရဲ့ သီလဟာ မဂ်ဖိုလ် နိဗ္ဗာန်အထိ ပို့ပေးနိုင်တယ်” ဆိုတဲ့ အသိကလည်း ရင်ထဲမှာ အစဉ်သဖြင့် ရှိနေဖို့ လိုပါတယ်။ မဂ်ဖိုလ် နိဗ္ဗာန် ရဖို့အတွက်တော့ ၀ိပဿနာ တရားကို အားထုတ်ရ မှာပါ။ ၀ိပဿနာ တရား အားထုတ်တော့မယ် ဆိုရင် ဘာကို အရင် လုပ်ရမလဲ ဆိုတော့ စတုဗ္ဗိဓံတာဝ သီလံဝိသော ဓေတဗ္ဗံ = (ပါ-ဋ္ဌ၊ ဒု၊ နှာ ၂၀) သီလကို အရင် သုဓ်သင်ပါ။ သီလကို အရင် ဖြူစင်အောင် လုပ်ပါတဲ့။

ဒီတော့ မေးစရာ ဖြစ်လာပါပြီ။ ပုထုဇဉ်တွေ ဆိုတော့ အများစုဟာ သီလကို တစ်ပါးမဟုတ် တစ်ပါးတော့ ကျူးလွန်ခဲ့ကြ ဖူးမှာပါ။ ဒါမှမဟုတ် များစွာ ကျူးလွန် ခဲ့သူလည်း ဖြစ်ချင် ဖြစ်မှာပါ။

ကျူးလွန်တဲ့ သီလတွေကို အာရုံပြုပြီး ငါတို့ ဒီဘ၀ သီလ ဖြူစင်သူ ဘယ်လိုလုပ် ဖြစ်နိုင်တော့ မှာလဲလို့ မေးနိုင် ပါတယ်။ ဒီအတွက် ဘာမှ အားငယ်စရာ မလိုပါဘူး။

ဘ၀မှာ မသိလို့ဘဲ မှားခဲ့မှားခဲ့၊ သိလို့ပဲ မှားခဲ့မှားခဲ့ အပြစ်ကို အပြစ်မှန်းသိပြီး နောင် စောင့်စည်းလိုတဲ့ စိတ်နဲ့ သီလ သိက္ခာပုဒ် တွေကို ပြန်ဆောက်တည် လိုက်ရင် သီလ ဖြူစင်သူ ဖြစ်သွားပါတယ်။ စိတ်ထဲ မှာလည်း “ငါ သီလ ဖြူစင်သူ ဖြစ်သွားပြီ” လို့ ကိုယ့်ကိုယ်ကိုယ် ၀မ်းမြောက်နေရ ပါ့မယ်။

ဒီလိုမှ မဟုတ်ဘဲ မှားခဲ့တဲ့ အတူတူ မထူးပါဘူးလေ ဆိုပြီး ဆက်ကာ ဆက်ကာ မှားနေမယ် ဆိုရင်တော့ သစ်ပင်ဟာ တစ်ချက် နှစ်ချက် ခုတ်ရုံနဲ့ သိပ်မသိသာလှ သေးပေမယ့် ခုတ်တဲ့ အချက်ရေ များလာရင်တော့ လဲရတော့ မှာပါ။ ဒီတော့ ကိုယ်က မလဲခင် သတိ သံဝေဂ ဖြစ်လိုက်ဖို့ပါ။

ဝိပဿနာ တရား အားထုတ်မယ် ဆိုရင်တော့ ကိုယ့်ကို ကမ္မဋ္ဌာန်း ပေးမယ့် ဆရာကလည်း လိုလာပြန် ပါတယ်။ ဒီတော့ ဆရာ ဘယ်လို ရှာမလဲ။

ပါရာဇိကဏ် အဋ္ဌကထာ ဒုတိယ တွဲမှာ ဆရာ ရှာပုံကို ပြထားပါတယ်။

ပထမ ရဟန္တာ ပုဂ္ဂိုလ်ကို ရှာပါတဲ့။ ရဟန္တာ ပုဂ္ဂိုလ် မတွေ့ရင် အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်ကို အဆင့်ဆင့် ရှာပါတဲ့။ သောတာပန် ပုဂ္ဂိုလ် ရှာမရရင် ပါဋ္ဌိ အဋ္ဌကထာ ကျွမ်းကျင်တဲ့ ဆရာ၊ စာပေ ပရိယတ္တိ တတ်တဲ့ ဆရာကို ရှာပါတဲ့။

အဲဒီမှာ အဋ္ဌကထာ ဆရာက မှတ်ချက် ထပ်ပြထားတာ သိပ် သတိထားဖို့ ကောင်းပါတယ်။

အရဟန္တာ ဒယောဟိ အတ္တနာ အဓိကတ မဂ္ဂမေ၀ အာစိက္ခန္တိ။ အယံပန ဂဟနပဒေသေ မဟာဟတ္ထိပထံ နီဟ ရန္တောဝိယ သဗ္ဗတ္ထ အသမ္မူဠှော သပ္ပါယာ သပ္ပါယံ ပရိစ္ဆိန္ဒိတွာ ကထေတိ။ (ပါ-ဋ္ဌ၊ ဒု၊ နှာ ၂၂)

အဓိပ္ပါယ် ကတော့ ရဟန္တာ ပုဂ္ဂိုလ်တွေ ကတော့ ကိုယ်ရခဲ့တဲ့ တရား လမ်းကြောင်း၊ ကိုယ် အားထုတ်ခဲ့တဲ့ တရား လမ်းကြောင်း ကိုသာ ပြောပြနိုင် ပါတယ်တဲ့။

ပါဠိ အဋ္ဌကထာ ကျွမ်းကျင်တဲ့ စာတတ်တဲ့ ရဟန်းကတော့ တောရှုပ်ရှုပ်ထဲမှာ ဆင်သွားလမ်း ကြီးကို ထုတ်ဆောင်ပြ နိုင်သလို အားလုံး အားလုံးသော စကားတွေမှာ မတွေဝေတဲ့ အတွက် ဒါကတော့ သင့်လျှော်တယ်။ ဒါကတော့ မသင့်လျှော် ဘူးလို့ ပိုင်းခြားပြီး ပြောပြနိုင် ပါတယ်တဲ့။

တရား အားထုတ်ချင်တဲ့ ရဟန်းကော၊ လူကော သတိထား သင့်တဲ့ အဋ္ဌကထာ ဆရာရဲ့ မှတ်ချက် ကလေးပါ။

တကယ်တော့ လူတစ်ယောက် ဘ၀မှာ နိဗ္ဗာန် ရဖို့က အဓိကပါ။ ငွေကြေး၊ ရာထူး ဌာနန္တရတွေ မဟုတ်ပါဘူး။ သီလဟာ နိဗ္ဗာန်အထိ ပို့ပေးတာ ဆိုတော့ ဘ၀တာဝန် တစ်ခု အနေနဲ့ ဖြည့်ကျင့်ပေး လိုက်ဖို့ ပါပဲလေ။

ကျမ်းကိုး
၁။ လယ်တီ ဒီပနီ ပေါင်းချုပ်၊ စတုတ္ထတွဲ၊ ဥတ္တမပုရိသ ဒီပနီ။
၂။ မဟာဗုဒ္ဓ၀င် ပထမတွဲ၊ ပထမပိုင်း၊ ဒုတိယပိုင်း။
၃။ ဒါနဟူသည် သီလဟူသည်။ (တည်တော ဆရာတော်)
၎။ သီလ၀တ္ထု။ (ဓမ္မဒူတ ဆရာတော်)
၅။ ပါရမီတော်။ (တိပိဋက အရှင် သုမင်္ဂလာ လင်္ကာရ)
၆။ ဗုဒ္ဓ (သို့မဟုတ်) လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်။

အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)၏ မြင့်မြတ်သူတို့ရဲ့ အလုပ် စာအုပ်မှ...

လေးစား ရိုသေစွာဖြင့်
ဖိုးသား

5/9/2010, SUN:, 7:17:39 PM

Read more...

ဟယ်မာရ်ယုတ် (၂)

Posted by ဂျေဂျူဝိုင် | Tags: | Categories: ဆောင်းပါး | 2 Comments

ဟယ်မာရ်ယုတ်……….
ကကုသန်ဘုရားရှင် ပွင့်တုန်းက ငါဒူသီမာရ်နတ်ဟာ ဘုရားရှင်နဲ့ ဘုရားရှင်ရဲ့ တပည့်သာဝကတွေကို ဘယ်လို နှိပ်စက်ခဲ့သလဲဆိုတော့ “ရဟန်းတွေကို ငါကိုယ်တိုင် လူကြည်ညိုမဲ့အောင် တရားကောင်းကောင်း အားမထုတ်နိုင်အောင် ကဲ့ရဲ့ဆဲဆိုမယ်ဆိုရင် ငါပဲ အကုသိုလ်ဖြစ်မှာ၊ ငါပဲ ငရဲကျမှာ ဒီတော့ ဒီရဟန်းတွေလည်း ပျက်စီး၊ တခြားလူတွေလည်း ငရဲကျဖြစ်အောင်” ဆိုပြီး

ဆွမ်းခံသွားနေတဲ့ ရဟန်းတွေရဲ့ဘေးမှာ ငါက မိန်းမပျိုအသွင်ယူပြီး အတူလိုက်တယ်။ အရက်ဆိုင်ထဲကို ရဟန်းအသွင်နဲ့ ၀င်တယ်၊ သောက်တယ်၊ သောင်းကြမ်းတယ်၊ ပြည့်တန်ဆာအိမ်ထဲ ၀င်လိုက် ထွက်လိုက်လုပ်တယ်၊ ရဟန်းပုံစံနဲ့ ငါးဖမ်းတယ်၊ ကွန်ချတယ်၊ ငှက်ထောင်တယ်၊ မကောင်းမှုမှန်သမျှတွေမှာ ရဟန်းအသွင်ယူပြီး ငါလုပ်တယ်။ ဒီတော့ လူတွေက

ရဟန်းတွေကလည်း သစ်ခေါင်းကြားထဲမှာ ကြွက်ရှာနေတဲ့ ဇီးကွက်လို၊ ကမ်းစပ်မှာ ငါးသေစောင့်နေတဲ့ မြေခွေးလို သူတော်ကောင်း ယောင်ဆောင်ထားကြတာပဲ၊ တကယ်တော့ ရဟန်းတွေက အယုတ်တမာတွေပဲ ကလိမ်ကကျစ်တွေပဲလို့ မြင်ကြပြီးနောက် “ဆွမ်း မလောင်းကြနဲ့ ဟေ၊ မလှူဒါန်းကြနဲ့ဟေ့” ဆိုပြီး လူတွေ အုံးအုံးကြွက်ကြွက် ဖြစ်သွားကြတယ်။ မလှူဒါန်း မရှိခိုး မကြည်ညိုတဲ့အပြင် ရဟန်းတွေရင် ဆဲဆိုကဲ့ရဲ့ကြတယ်၊ ခဲနဲ့ပေါက်ကြတယ်။ အဲဒီလူတွေ သေလွန်တော့ ငရဲကျကြရတယ်။ အဲဒီမှာ ဘုရားရှင်က ရဟန်းတွေကို

ရဟန်းတို့ ဒူသီမာရ်နတ်ရဲ့ ဖြားယောင်းမှုကြောင့် လူပုဂ္ဂိုလ်အချို့ရဲ့ ကဲ့ရဲ့ ဆဲရေးခြင်းကို သင်တို့ ခံကြရတယ်။ သင်တို့ စိတ်ပျံ့လွင့်အောင် လုပ်တယ်။ သင်တို့ တရားဓမ္မနဲ့ မမွေ့လျှော်နိုင်အောင် လုပ်နေတယ်၊ ရဟန်းတို့ မတုန်လှုပ်ကြပါနဲ့၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာနှင့် ဥပေက္ခာဆိုတဲ့ ဗြဟ္မ၀ိဟာရတရားကို ပွားများနေကြပါလို့ ဘုရားရှင်က ဆုံးမတယ်၊ ရဟန်းတွေ မပျက်စီးတာကို မြင်တော့ တစ်ခါ

ဒူသီမာရန်ဖြစ်တဲ့ ငါဟာ ရဟန်းအသွင်ယူပြီး ကောင်းကင်ခရီးသွားပုံ၊ ကောင်းကင်မှာ ဥတုငွေ့ခံယူပုံ၊ တရားအားထုတ်ပုံ၊ စာပေပို့ချပုံ စတဲ့ ပုံသဏ္ဍန်အမျိုးမျိုးကို ဖန်ဆင်းပြီး ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နေခဲ့တယ်။ လူတွေက ရဟန်းတွေကို ကြည်ညိုကြပြီးနောက် ရဟန်းတွေကို ချီးမွှမ်းကြပြီးနောက် လှူကြ ဒါန်းကြ ပူဇော်ကြတယ်။ အဲဒီပုဂ္ဂိုလ်တွေက သေလွန်တဲ့အခါ နတ်ပြည်ရောက်ကြရပါတယ်။ ကောင်းတဲ့ လောကဓံကြောင့် တုန်လှုပ်ပြီး တရားဓမ္မတွေ ကောင်းကောင်း အားမထုတ်နိုင်အောင် ကြံစည်ပေမယ့် ဘုရားရှင်က တပည့်ရဟန်းတွေကို အသုဘတရားအထပ်ထပ်ပွားပါ၊ အာဟာရမှာလည်း စက်ဆုပ်ဖွယ်အမှတ်ဖြင့်သာ ရှုပါ၊ အရာအားလုံးဟာ ပျက်စီးခြင်းမှာဆုံးတယ်၊ အနိစ္စတရားတွေပါပဲလို့ ရှုမှတ်ဆင်ခြင်နေပါလို့ ဆုံးမတော်မူတဲ့အခါ ရဟန်းတွေက အသုဘကမ္မဋ္ဌာန်း၊ အာဟာရပဋိကူလကမ္မဋ္ဌာန်း၊ သဗ္ဗလောကေ အနဘိရတိကမ္မဋ္ဌာန်းနှင့် အနိစ္စကမ္မဋ္ဌာန်းတွေ ရှုမှတ်နေတော့ မပျက်စီးပါဘူး။ ဒီမှာ ငါရဲ့အကြံဉာဏ်ဟာ မအောင်မြင်ဘူးပေါ့ကွာ။ ဒါနဲ့

ကကုသန်ဘုရားရှင်နဲ့ သူ့ရဲ့သာဝကတွေ ဆွမ်းခံဝင်လာတော့ ငါဟာ လူငယ်တစ်ယောက်ရဲ့ ကိုယ်ထဲ ပူးဝင်ပြီးတော့ ဘုရားရှင်ရဲ့ နောက်က လိုက်လာတဲ့ ၀ိဓုရမထေရ်ရဲ့ ဦးခေါင်းတည့်တည့်ကို ခဲနဲ့ပစ်ပေါက်လိုက်တယ်။ အရှင်ဝိဓုရဟာ သွေးစက်စက်နဲ့ ဘုရားရှင်နောက် ထပ်ကြပ်မကွာလိုက်ပါသွားတယ်။ ဘုရားရှင်က ဆင်မင်းတို့ရဲ့ နောက်ကို လှည့်တဲ့ပုံစံနဲ့ နောက်ကိုလှည့်ပြီးတော့ “ဒူသီဟာ ကိုယ့်အတိုင်းအတာကို ကိုယ်မသိဘူးပဲ” လို့ မိန်တော့တော်မူပါတယ်။ အဲဒီအခါ

ငါ ဒူသီမာရ်နတ်ဟာ ၀သ၀တ္တီနတ်ပြည်ကို ပြန်ရောက်ပြီး စုတိကျပါတော့တယ်။ (နတ်တွေက စုတိကျတော့မယ်ဆိုရင် ကိုယ်သက်ဆိုင်ရာ ဘုံကို သွားပြီး စုတိကျရတယ်လို့ ဆိုပါတယ်၊ လူတွေလို စင်္ကာပူဆေးရုံသွား၊ မလေးရှားဆေးရုံသွားရင်း သေသွားတယ်လို့ လုပ်လို့ မရဘူးတဲ့) အဲဒီ ငါကျခဲ့တဲ့ ဆဖဿာယတနခေါ် သင်္ကုသမာဟတခေါ် ပစ္စတ္တဝေဒနိယငရဲမှာ ငါ့ခြေဖျားကနေ အသားတွေ အရိုးတွေကို စိစိညက်ကြေအောင် ထိုးတက်လာတဲ့ ငရဲထိန်းတွေနဲ့ ခေါင်းကနေ အောက်ကို အသားတွေ အရိုးတွေ စိစိညက်ကြေအောင် ထိုးဆင်းလာတဲ့ ငရဲထိန်းတို့ နှလုံးမှာ တစ်ခါဆုံရင် ငရဲကျနေတာဟာ နှစ်တစ်ထောင်ကြာပြီလို့ မှတ်ယူရပါတယ်။ အဲဒီလို နှစ်တစ်ထောင်ပေါင်း မရေမတွက်နိုင်အောင် ခံရပြီးတဲ့နောက် အဲဒီ ငရဲရဲ့ အရံငရဲ ဖြစ်တဲ့ ဥဿာဒငရဲမှာ နှစ်တစ်သောင်းခံရပြန်ပါတယ်။ ဥဿာဒငရဲကတော့ ငရဲကြီးထက် နှိပ်စက်တာ ပိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွတ်ရက်နီးပြီမို့ပါ။ ပြီးမှ အဲဒီငရဲက လွတ်လာခဲ့ရတယ်။ ဟယ် ငါ့ရဲ့ တူတော်တဲ့ မာရ်ယုတ် တကယ်တော့

ဘုရားရှင်ကို ဖြစ်ဖြစ် ဘုရားရှင်ရဲ့ တပည့်သာဝကတွေကို ဖြစ်ဖြစ် နှိပ်စက်ရင် အဲဒီလို သံတံကျင်လျှိုခံရတဲ့ ငရဲကို ကျမြဲပါပဲ။ သံတံကျင်လျှိုငရဲကျတဲ့ အခါ ဦးခေါင်းနဲ့ကိုယ်ဟာ သံတံကျင်လျှိုဖို့ လွယ်အောင် သဘာဝက ငါးသဏ္ဍာန်ဖန်တီးပေးတယ်။ ငရဲထိန်းမရှိရင်လည်း အဲဒီငရဲကို သင်ခံစားရပါလိ့မ်မယ်။ သင်ဟာ ဘုရားရှင် သီတင်းသုံးတဲ့ ပုဗ္ဗာရုံကျောင်းကိုလည်း ခြေမနဲ့ ညှပ်ပြီး လှုပ်ခါခဲ့တယ်၊ ဘုရားရှင်ရဲ့ တကာတော်ဖြစ်တဲ့ သိကြားမင်းရဲ့ ဝေဇယန္တာကိုလည်း လှုပ်ခါခဲ့တယ်။ ဒီ မကောင်းမှုရဲ့ အကျိုးကို သင်မလွဲမသွေခံရမယ်။ ဟယ် မာရ်ယုတ်

ဘုရားရှင်နဲ့ ဘုရားရှင်ရဲ့ တပည့်ရဟန်းသံဃာတွေကြောင့်သာ သတ္တ၀ါတို့ ကံ ကံရဲ့ အကျိုးကို သိခဲ့ရတယ်၊ သတ္တ၀ါတို့ ဒါဟာ ကုသိုလ်၊ ဒါဟာ အကုသိုလ်လို့ သိခဲ့ရတယ်၊ ငရဲသို့လားရာ နတ်ရွာနိဗ္ဗာန်သို့ တက်ရာကို ကွဲကွဲပြားပြားသိခဲ့တယ်။ ပြဿနာပုစ္ဆာတော်တော်များများရဲ့ အဖြေကိုလည်း သိနိုင်ခဲ့ကြတယ်။ ဒါဟာ အနိစ္စ၊ ဒါဟာ ဒုက္ခ၊ ဒါဟာ အနတ္တလို့ ဘုရားရှင်နဲ့ ဘုရားရှင်ရဲ့ တပည့်သာဝကဖြစ်တဲ့ ရဟန်းတွေကြောင့်သာ သိခဲ့ရတယ်။ ဟယ်မာရ်ယုတ်

အဲဒီလို ဘုရားရှင်နဲ့ ဘုရားရှင်ရဲ့ တပည့်ရဟန်းတွေကို နှိပ်စက်ခဲ့တဲ့ သင်ဟာ ဒီမကောင်းကျိုး ငါ့ကို လုံးဝမပေးနိုင်ဘူးလို့ မထင်လေနဲ့၊ မီးတွေဟာ လူမိုက်ကိုပဲ လောင်ကျွမ်းမယ်ဆိုပြီး လောင်နေတာ မဟုတ်ဘူး။ လူမိုက်တွေကသာ မီးထဲကို တိုးဝင်ခုံဆင်းခဲ့တာဖြစ်ပါတယ်၊ မကောင်းမှုဆိုတာ မကောင်းမှုပြုသူအတွက် ပျားရည်လိုချိုပြီး တဖြည်းဖြည်းများပြားစေတတ်တယ်။ သင် ဆင်းရဲဒုက္ခကို မလွဲမသွေ ကြုံရပါလိမ့်မယ်။ အဲဒီလို

ဆုံးမလည်းပြီးရော မာရ်နတ်ဟာ သူ့ပြည်ကို ပြန်သွားတယ်။ တရားရလို့ မဟုတ်ပါဘူး။ နားခါးလို့။

Read more...

မှတ်ကြစေကုန်ရာသတည်း။

ပြဿနာဆိုတာ
လောကရဲ့ ဂုဏ်ပုဒ်တစ်ခုပါ။
ကိုယ်နဲ့ သိပ်မဆိုင်ရင်
ပြဿနာက သေးတယ်။
များများဆိုင်ရင်
ပြဿနာက ကြီးလာမပြီ။
လုံးဝမဆိုင်ရင်တော့
ပြဿနာက မရှိတော့ပါဘူး။

လူကြီး ကလေး
ကလေး လူကြီး
ကလေး ကလေး
လူကြီး လူကြီး
လေးမျိုးရှိတယ်။
နေရာထက် အရည်ချင်းက
အမြဲသာနေရမယ်။
ချီးမွမ်းစရာ ကြုံရင်
ပါးစပ်ကို သော့ခတ်ပြီး
အသေပိတ်မထားနဲ့ ၊
ရဲရဲကြီးသာ ချီးမွမ်းလိုက်။
မော်ကွန်းသစ်
၁၁.၅.၂၀၁၀

Read more...

အိပ်မက် ရွက်လွင့်ခြင်း

ညဟာ ရှည်လျှားလွန်းလှတယ်
အခန်းဆက်အိပ်မက်ရှည်တွေနဲ့
နိုးတစ်ဝက် အိပ်ပျက်မှုတွေ
ပူခြင်းတစ်ဝက် အိုက်ခြင်းတစ်ဖတ်နဲ့
နက်သထက်နက်လာတော့
ငါ နိုးထဖို့တစ်ခုပဲ မက်နေချင်လိုက်တာ

ဖြစ်နိုင်မယ်ဆိုရင်
လေဟာနယ်မှာ လွတ်လပ်စွာပျံဝဲတဲ့
စူပါမင်းပါဝါနဲ့
ခြောက်တစ္ဆေအိပ်မက်မျိုး
တိက်တခိုးမျှော်လင့်တာပါ
အခုတော့ ငါ
ရေရာဖို့ဆိုတာကို ဖတ်တွယ်ရင်း
မသေချာတဲ့ညရေစီးထဲမှာ မျောလိုက်ခဲ့မိပေါ့
ကဲ ဘယ်ကမ်းလား ညာကမ်းလား
ငါကပ်မဲ့ ကမ်းကို
အာရုဏ်ဦးအရောင်နဲ့မှပဲ
သေချာကြည့်လိုက်တော့မယ်

(ဘာမှန်းလဲမသိဘူးနော်)

Read more...

ခရီး

Posted 8:43 PM by ကိုနော in Labels:

ဘာကြောင့်ပဲဖြစ်ဖြစ်
ဒီလောက်လျှောက်ခဲ့ပြီးမှတော့
နောက်ပြန်မလှည့်သင့်တော့ဘူး…..၊
ဝေးသေးလား…?
ဆက်လျှောက်တယ်ပဲ ထားပါတော့…..
ပန်းတိုင်ကို သွားရမှာလား….?
သွားနေတာက ပန်းတိုင်လား….?
လက်ထောက်ဗေဒင်လေးတော့ကြည့်သင့်နေပြီ…။

ဒါနဲ့……
ငါ့ခရီးက….
ပြန်လှည့်နေတာလား…..?
ပြန်လည်နေတာလား….?
ကိုယ့်ကိုယ်ကို စောင့်ကြည့်ဖို့
လူတစ်ယောက်ငှားရဦးမယ်လေ…။
(အဓိပ္ပါယ်တူ သူငယ်ချင်းများ ဂုဏ်ပြုပွဲ၌ ရွတ်ဖတ်ရန်ရည်ရွယ်၍ ရေးသားပါသည်။)

ကိုနော
၁၁.၅.၂၀၁၀

Read more...

နောင်တ (၁၀)ပါး

နောင်တ ဆယ်ပါး ကြိုသိထားသင့်
၁။ ငယ်ခါကလျင် မသင်ပညာ
၂။ ဥစ္စာ မစု
၃။ သူ့ ကိုချစ်ဖျက်
၎။ သူ့ သက်သတ်စား
၅။ သူ့ မယား၌ ပြစ်မှားတုံဘိ
၆။ ပစ္စည်းရှိလျက် စိုးစိ မလှူ
၇။ မွေးမြူမိဘ မပြုရနှင့်
၈။ ဆုံးမ မနာ
၉။ ပညာရှိထံ နည်းခံ မမှတ်
၁၀။အမြတ်မကျင့် ၊
ဤဆယ်ဆင့်ကား၊ ကြီးရင့်ဇရာ၊ အိုသောခါလျင်၊
ပူဆာနောင်တ၊ ရတတ်စွရှင့်။
(မဃဒေ၀)

Read more...

ခုဇ္ဇုတ္တရာ

ဥတေနမင်း၏ မိဖုရား သာမာဝတီတွင် ကျွန်မတယောက် ရှိသည်။ ခုဇ္ဇုတ္တရာ အမည်တွင်၏။ အမည်ရင်းမှာ ဥတ္တရာ ဖြစ်သည်။ ခါးကုန်းနေသောကြောင့် ခုဇ္ဇုတ္တရာ-ဟု ခေါ်ကြခြင်း ဖြစ်သည်။ ခုဇ္ဇာသည် "ကုန်းသော"-ဟူ၍ အနက်ရသည်။
ရှေးဘ၀ဟောင်းတခုတုန်းက သူမသည် အတန်ငယ် ခါးကုန်းသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးကို ကွယ်ရာတွင် လှောင်ပြောင်ခဲ့သည်။ ထို့ကြောင့် ယခုဘ၀တွင် ခါးကုန်းနေရခြင်း ဖြစ်သည်။ ထို့ပြင် ထိုဘ၀၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များအား နို့ဃနာပူပူကို လှူရာတွင် သပိတ်များပူနေသဖြင့် အရှင်မြတ်များ အကိုင်ရခက်ခဲ့သည်။ ထိုအခါ သူမ၏ ဆင်စွယ်လက်ကောက်ရှစ်ကွင်းကို သပိတ်အောက်ခြေအဖြစ် ပေးလှူခဲ့သည်။ ထိုကောင်းမှုကြောင့် ယခုဘ၀တွင် အကြားအမြင်များသည်။ ဉာဏ်ပညာ ကြီးမားသည်။ တဖန် သူဌေးသမီးဘ၀တွင်လည်း ကဿပဘုရားရှင်၏ တပည့်ရဟန္တာအရှင်တပါး မိမိထံ ကြွလာခိုက်တွင် ပခြုပ်တောင်းကိုယူပေးရန် စေခိုင်းမိခဲ့ဖူးသည်။ ထိုအကျိုးဆက်ကြောင့် ယခုဘ၀တွင် သူတပါးတို့၏ အခိုင်းအစေကို ခံနေရလေသည်။

ဥတေနမင်းသည် သာမာဝတီအတွက် နေ့စဉ် ပန်းဖိုးရှစ်ကျပ်ပေးသည်။ ခုဇ္ဇုတ္တရာသည် ထိုငွေဖြင့် ပန်းဝယ်၍ ဆက်ရသည်။ တနံနက်တွင် ခုဇ္ဇုတ္တရာသည် ပန်းဝယ်ရန် ပန်းသည် သုမနထံသို့ သွားသည်။ သုမနသည် ဘုရားအမှူးပြုသော သံဃာတော်များကို ဆွမ်းဆက်ကပ်နေသဖြင့် ပန်းမရောင်းနိုင်ပေ။ ခုဇ္ဇုတ္တရာကို ခေတ္တစောင့်ဆိုင်းစေသည်။ ထိုမျှမက ဆွမ်းကပ်ရာတွင် ကူညီပါရန် သုမနက ပန်ကြားသည်။ ခုဇ္ဇုတ္တရာလည်း ဆွမ်းကပ်ရာတွင် ကူညီသည်။ ထို့နောက် ဘုရားရှင်၏ ဆွမ်းအနုမောဒနာ တရားတော်ကို ကြားနာရသည်တွင် တရားထူးရ၍ သောတာပန်အဆင့်သို့ ရောက်သွားလေသည်။

ခုဇ္ဇုတ္တရာသည် ယခင်နေ့များကဆိုလျှင် ပန်းဖိုး ရှစ်ကျပ်အနက် လေးကျပ်ကို မိမိအတွက် ယူထားသည်။ ကျန်လေးကျပ်ဖြင့်သာ ပန်းဝယ်လေ့ရှိသည်။ ထိုနေ့တွင်ကား ငွေအားလုံးဖြင့် ပန်းများ ၀ယ်သွားသည်။ ပန်းများ အများအပြား ရရှိသည်။ သာမာဝတီသည် ခါးတိုင်းထက် နှစ်ဆများနေသော ပန်းများကို မြင်သဖြင့် မိခင်-မင်းကြီးက ယနေ့ ပန်းဖိုးနှစ်ဆ ပေးပါသလား-ဟု မေး၏။

ခုဇ္ဇုတ္တရာလည်း အဖြစ်မှန်ကို ပြောပြ၏။ သာမာဝတီသည် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။ မိခင်၊ နာယူခဲ့သောတရားကို သမီးတို့အား ပြန်လည်ဟောပြပါလော့-ဟု ပန်ကြား၏။ ထို့နောက် ခုဇ္ဇုတ္တရာကို နံ့သာရည်တို့ဖြင့် ရေချိုးပေးသည်။ အ၀တ်သစ်များကိုပေး၍ ၀တ်ဆင်စေသည်။ တရားဟောစေသည်။

ခုဇ္ဇုတ္တရာလည်း သာမာဝတီနှင့်တကွ နန်းတွင်းသူ ငါးရာတို့အား ဘုရားရှင်ဟောတော်မူသည့်အတိုင်း ပြန်လည်ဟောကြားသည်။ တရားအဆုံး၌ သာမာဝတီနှင့်တကွ နန်းတွင်းသူ ငါးရာလုံးပင် တရားထူးရသွားကြ သည်။ သောတာပန်အဆင့်သို့ ရောက်သွားကြသည်။ နန်းတွင်းသူ အားလုံးက ခုဇ္ဇုတ္တရာအား ရှိခိုးကြသည်။
မိခင်၊ ယနေ့မှစ၍ ပင်ပန်းသောအလုပ်များကို မလုပ်ပါနဲ့တော့။ ကျွန်မတို့၏ အမိအရာ ဆရာအရာမှာ နေပါလော့။ ဘုရားရှင်ထံတော်သို့သာ သွားပါ။ ဘုရားရှင်ဟောကြားသော တရားတို့ကို သေချာစွာ နာယူပြီးလျှင် ကျွန်မတို့အား တဆင့်ဟောပြပါလော့-ဟု တောင်းပန်ကြ၏။

သူတို့တောင်းပန်သည့်အတိုင်း ခုဇ္ဇုတ္တရာလည်း ပြု၏။ အချိန်ကြာသော် ဘုရားဟောသော တရားတော် အားလုံးကို နှုတ်ငုံဆောင်နိုင်လာသည်။ ဘုရားရှင်လည်း ချီးကျူးကာ ခုဇ္ဇုတ္တရာကို အထူးမြတ်ဆုံးသော အမျိုးသမီး ဓမ္မကထိကအဖြစ်ဖြင့် ဧတဒဂ်အရာ ထားတော်မူလေသည်။
(အပ္ပမာဒ၀ဂ်-သာမာဝတီဝတ္ထု)

မင်းယုဝေ
( မြတ်မင်္ဂလာ ၂၀၀၇-ခု သြဂုတ်လ)

Read more...

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများ

၁။ ပထမ အကြီးဆုံး =ဓမ္မစေတီ ခေါင်းလောင်း
အလေးချိန် = ၂၉၃ တန်၊
နေရာ = ရန်ကုန်တိုင်း ဒေါပုံမြစ်အတွင်း၊ မြန်မာနိုင်ငံ၊

၂။ဒုတိယ အကြီးဆုံး =( Tsar Kolokol ) ဆာ-ကိုလိုကိုး ခေါင်းလောင်း
အလေးချိန် = ၁၈၀ တန်၊
နေရာ = မောစကိုမြို့ ၊ ရုရှားနိုင်ငံ၊

၃။ တတိယအကြီးဆုံး = အလေးချိန် ၁၂၈ တန်ရှိ မော်စကိုမြို့မှ ခေါင်းလောင်း၊
၎။ စတုတ္ထ အကြီးဆုံး = မင်းကွန်းခေါင်းလောင်း
အလေးချိန် = ၉၃ .၅၅ တန်၊
နေရာ - မင်းကွန်းတောင်ရိုး၊ စစ်ကိုင်းတိုင်း၊

၅။ ပဉ္စမ အကြီးဆုံး - Chion-in ချီယွန်အင် ခေါင်းလောင်း၊
အလေးချိန် = ၆၇ တန်၊
နေရာ = ကျိုတိုမြို့၊ ဂျပန်နိုင်ငံ၊

၆။ ဆဋ္ဌမအကြီးဆုံး - Yongle ရွန်ဂဲလ် ခေါင်းလောင်း၊
အလေးချိန် = ၄၅ တန်၊
နေရာ = ဘေဂျင်းမြို့၊ တရုတ်နိုင်ငံ၊

ဓမ္မစေတီ ခေါင်းလောင်းကြီး အချက်အလက်များ


ဓမ္မစေတီမင်းသည် ထိုခေါင်းလောင်းကို ဒဂုံ (ယခု ရန်ကုန်) ရှိ ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းခဲ့သည်။ ရှေးခေတ်စာ မှတ်တမ်းများအရ ၄င်း ခေါင်းလောင်းကြီးတွင် ကြေးနီ အပြင် ရွှေ၊ ငွေ တို့လည်း ပါသည်ဟုဆိုသည်။ ခေါင်းလောင်းထဲတွင် မြ နှင့် နီလာ ရတနာ တို့လည်း မြှုပ်ထားသည်ဟု ဆိုသည်။ စေတီများ ဥစ္စာကြွယ်ဝ ပုံအရ ၄င်းမှာ ဖြစ်နိုင်သည်။

ခေါင်းလောင်းကြီးသည် ၁၂ တောင် မြင့်ပြီး ၈ တောင် ကျယ်သည်။ တစ်ပြိုင်တည်းမှာပင် ၅၀၀ ပိဿာ ရှိ ခေါင်းလောင်း အသေး လည်း သွန်းလောင်း လှူဒါန်း ခဲ့သည် ဟုဆိုသည်။ အပိန္နသော်’ အမည်ရှိ ဓမ္မစေတီ’ ခေါင်းလောင်းပင်ဖြစ်သည်။ ခေါင်းလောင်း၏ဘွဲ့အမည်မှာ မြန်မာဘာသာဖြင့် အ၀ိန္နဆောက် ဟုခေါ်သည်။ ရွှေတိဂုံစေတီသို့လှူဒါန်းသည့်ခေါင်းလောင်းများအနက်ပထမဆုံးခေါင်းလောင်းဖြစ်သည်။

ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ ( တစ်သိန်း ရှစ်သောင်း ) ရှိသည်။ ၄င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ အထက်ပါ အဆိုကို ထောက်ကာ သမိုင်းပညာရှင်တို့သည် ဓမ္မစေတီ ခေါင်းလောင်းအားကမ္ဘာ့အကြီးဆုံး
အဖြစ် မှတ်တမ်းတင်ထားဆဲပင် ဖြစ်သည်။
ရှားရှားပါးပါး ဓမ္မစေတီ ခေါင်းလောင်းဓာတ်ပုံ ပန်းချီပုံ

ဓမ္မစေတီခေါင်းလောင်း သမိုင်း

အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေ စာရင်းကောက်ရန်တာဝန်ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြုရန်လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်၍ ခေါင်းလောင်းသွန်းလုပ်စေသည်။

အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း( ၈ ) ရက် ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။ သို့သော် ခေါင်းကြီးမှာ ထူးထူးခြားခြား အသံမမြည်ပဲ ရှိခဲ့သည်။
ခေါင်းလောင်းသွန်းလုပ်စဉ် လောကဥာဏ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်
ပြီးလျှင် အပြစ် အနာအဆာမရှိ ချောမော လိမ့်မည်။ သို့သော်အသံကား မြည်မည်မဟုတ် ဟု မင်းကြီးအား လျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာ တို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည် နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို ‘ အပိန္နသော်’ ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲထားစေသည်။

စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။

သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်းမလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို့က ဓမ္မစေတီ ခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန် ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ ဒေါပုံမြစ် အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။

ရုရှား ကြေးသွန်းခေါင်းလောင်းကြီး

ယင်း ခေါင်းလောင်းကြီးမှာ ရုရှားနိုင်ငံ မော်စကိုမြို့၊ ကရင်မလင် နန်းတော်ရှိ (Tsar Kolokol)ဆာ-ကိုလိုကိုး ဖြစ်သည်။ ထိုခေါင်းလောင်းကြီးကို လက်မှုပညာရှင် (၂၀၀) ကျော်ကျော်ဖြင့် သွင်းလုပ်ထားခြင်းဖြစ်သည်။ ( ၆.၁၄ ) မီတာ မြန်မာအခေါ်အားဖြင့် (၂၀.၁၄) ပေ အမြင့်ရှိပြီး (၆.၆) မီတာ ( သို့ ) (၂၁.၆၅) ပေ အချင်းရှိ၏။

ထိုခေါင်းလောင်းကြီးမှာ တစ်ချိန်က အရှင်းလင်း အကြည်မြဆုံးသော သံစဉ်ထွက် ခေါင်းလောင်းကြီးဖြစ်ခဲ့သည်။ အမြင့် ၁၉’ ၃”၊ အ၀န်း ၆၀’ ၉”၊ အထူ ၂’ ရှိသည်။ ယခုအခါတွင်မူ ၁၇၃၃-၃၅ တွင် သွင်းလုပ်ခဲ့သော တန် (၁၈၀) အလေးချိန်ရှိ ထိုခေါင်းလောင်းကြီးမှာ ခေါင်းလောင်းသွန်းလုပ်စဉ်က တစ်နေရာပဲ့သွား၍ ပဲ့သွားသည့် အစသည်ပင် အမြင့် ၇’၊ အကျယ် ၈’ ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။

(မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀၀ ကျော်ရှိသည်ဟု ဖော်ပြပြီး Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။
ဒုတိယအကြီးဆုံး ခေါင်းလောင်း နောက်တလုံး သည်လည်း မော်စကိုမြို့မှာပင်ရှိ၍ အလေးချိန် ၁၂၈ တန်ရှိသည် ဟု မှတ်သားရပါသည်။
ဒီဝက်ဆိုက်မှာလည်း လေ့လာနိုင်ပါသည်

မင်းကွန်းခေါင်းလောင်းတော်ကြီး

မြန်မာနိုင်ငံတွင် လက်ရှိအကြီးဆုံး ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။

ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အ၀အချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈၀ ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏ အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။

ဂျပန် ကြေးသွန်းခေါင်းလောင်းကြီး


ကျိုတိုမြို့ ချီယွန်အင် ( Known for its massive gate, Chion-in is the head temple of Pure Land Buddhism ) ကျောင်းတော်တွင် တည်ရှိသော ခေါင်းလောင်းကြီးမှာ ( ၁၆ ၃၃ ) ခုနှစ်တွင်သွင်းလုပ်၍ ( ၆၇ ) တန် အလေးချိန်ရှိ၏။ ဂျပန်တွင် အလေးချိန် အများဆုံး ခေါင်းလောင်းကြီးဖြစ်၏။ ၄င်းခေါင်းလောင်းကြီးကို ထိုးခတ်ရန် ရဟန်း (၁၇)ပါး လိုအပ်မည်ဖြစ်သည်။
ဒီဝက်ဆိုက်မှာလည်း လေ့လာနိင်ပါသည်၊

ရွန်ဂဲ(လ်)ကြေးသွန်းခေါင်းလောင်းကြီး

တရုတ်ပြည်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် ဂျီနန်းမြို့အရောက်တွင် မင် မင်းဆက် (၁၃၆၈-၁၆၄၄) လက်ထက် လွန်ခဲ့သောနှစ်ပေါင်း ( ၆၀၀ ) ခန့်က သွန်းလုပ်ခဲ့သော ရွန်ဂဲ(လ်) အမည်ရှိ ကြေးသွန်းခေါင်းလောင်းကြီးကို တွေ့ရ၏။

Beijing city, No. 31 Western Section of the North 3rd Ring Road (Beisanhuan Xilu) အရပ်ရှိ ခေါင်းလောင်းတော်ကြီး

ယခုအခါ ဘေဂျင်းမြို့သို ပြောင်းရွှေ့ထားသည်ဟု သိရသည်။ ထိုကြေးသွန်းခေါင်းလောင်းကြီးမှာ ( ၄၅ ) တန် အလေးချိန်ရှိ၍ (၆.၇၅) မီတာအမြင့်ရှိ၏။ (၃.၃) မီတာ အချင်းရှိ၍ (၀.၂၂) မီတာထူ၏။ ခေါင်းလောင်းကြီး၏ အတွင်းအပြင် မျက်နှာစာအပြည့်ကို တရုတ်အက္ခရာ ( ၂၂၇, ၀၀၀ ) ဖြင့် ဗုဒ္ဓကျမ်းဂန်လာ သုတ္တန်များကို ထွင်းထူ ပူဇော်ထားသည် ဟု သိရပါသည်။ ။
ဒီဝက်ဆိုက်မှာလည်း လေ့လာနိုင်ပါသည်၊

Read more...

မေလ ၁၁ ရက်နေ့တရားအစီအစဉ်များ..

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ နံနက် ၁၀း၃၀ နာရီအတွင်း၊

ီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ ဟောကြားတော်မူအပ်သော
၁) ပရိနိဗ္ဗနသုတ်

၂) ရောဟနီမင်းသမီး

၃) နိဂြောသောမဏေ

၎) ဘဒ္ဒ၀ဂ္ဂီနောင်ညီသုံးကျိပ်

၅) သာသနာသုံးရပ် တရားတော်များ ကိုလွှင့်ကြားပေးသွားမှာဖြစ်ပါတယ်..

ကျန်ရှိနေသောအစီအစဉ်များကိုဆက်လက်ဖော်ပြပေးသွားပါမည်။

Read more...

မိန်းမသားများ ဘာသာတရားကို ပုန်ကန်သွားခဲ့လျင်………..


မိန်းမသားများအားလုံး ဗုဒ္ဓ၀ါဒီလူ့အဖွဲ့အစည်းအသင်းအပင်းမှ ရုတ်တရက် ထွက်ခွါသွားကြလျင် ခိုင်မာသော ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်း ကျန်ရစ်လိမ့်မည် မဟုတ်။ မိန်းမသားများသည် ဘာသာတရား တည်းဟူသော ခန္ဓာကိုယ်အတွက် နှလုံးသားကို ထည့်ပေးထားကြသူများ ဖြစ်သည်-ဟု အချို့ ပြောဆိုထားကြပါတယ်။

အချို့ အလျင်စလို ဝေဖန်တတ်သူများကတော့ “ဗုဒ္ဓ၀ါဒဟာ မိန်းမသားများအား ရန်လိုသောဝါဒ ဖြစ်တယ်” လို့ ပြောဆိုမှုများ ရှိခဲ့ဘူးပါတယ်။ အိန္ဒိယစာရေးဆရာ Hemacandra က အမျိုးသမီးများကို အထင်သေးစွာ “The torch lighting the way to hell, Narakamærgadværasya døpikæ” ဟု ရေးသားခဲ့ပြန်ပါတယ်။

ဒါနဲ့စပ်ဆပ်လို့ မဃဒေ၀လင်္ကာမှာဖော်ပြထားတဲ့ အမျိုးသမီးများဆိုင်ရာလေးတွေကို အနည်းငယ်မျှ ဖော်ပြလိုပါတယ်။
(၁) ဌာနာဌာန၊ ညဏ်ချင့်ဆလော့၊ ကိစ္စနှစ်ပါး၊ အရာအားဖြင့်၊ ယောကျာင်္းမပြီး၊ မိန်းမပြီး၏။ (၂) လူတွင် ရှုပ်ထွေး၊ ကိုယ်ရေးပြည်မှု၊ စုံတစ်ခုလည်း၊ ဗိုလ်ထုအများ၊ လက်ရုံးအားဖြင့်၊ ယောင်္ကျားဆောင်သီး၊ မပြီးကိစ္စ၊ တစ်ယောက်မျှပင်၊ မိန်းမရွက်ဆောင်၊ အောင်သည်တစ်မျိုး။ (၃) အမရာဒေ၀ီ၊ ဘေရီဓမ္မ၊ ဒိန္နာစသည်၊ အပ္ပကဟူ၊ နည်းငယ်မူကား၊ လူဝယ်ထိုသို့၊ မိန်းမတို့လည်း၊ မချို့ပညာ၊ ယှိတတ်စွာ၏။ (၄) ညဏ်လစ် ယောင်္ကျား၊ ယှိခဲ့ငြားသော်၊ ယောင်္ကျားတို့ထက်၊ ရုတ်တရက်ညဏ်၊ ပဋိဘာန်ဖြင့်၊ လျင်မြန်မချွတ်၊ ကြံစည် တတ်၏။ (၅) ကိစ္စတသီး၊ အရေးကြီး၍၊ မပြီးနိုင်က၊ ကြံမရသော်၊ မိန်းမကိုသာ၊ တိုင်ပင်ရာဟု၊ ပညာယှိများ၊ အစဉ်ကြားလျက်၊ ထင်ရှားမိန့် မှာ၊ ဥဒါန်လား၏။

ဒီတော့ စာပေများမှာ အမျိုးသမီးများနဲ့ ပတ်သက်လို့ အဆိုးအကောင်း ဝေဖန်သုံးသပ်ထားကြတာ အမျိုးမျိုးပါ။ ကျမ်းဂန်များမှာတော့ မိန်းမသားများကို ဖော်ညွှန်းရာမှာ“မာတုဂါမ”ဖြစ်ပါတယ်။ ဒါက ပါဠိဝေါဟာရပါ။ ဒီဝေါ ဟာရအဓိပ္ပါယ်က “မိခင်မျိုးနွယ်” ဒါမှမဟုတ် “ မိခင်အဖွဲ့အစည်း” လို့ ဆိုလိုပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓ၀ါဒမှာ မိန်းမသားတစ်ယောက်ဟာ မိခင်တစ်ယောက်အဖြစ် ဂုဏ်သိက္ခာရှိတဲ့နေရာကို ရရှိထားပါတယ်။ မိခင် တစ်ယောက်ကို နိဗ္ဗာန်သို့ တက်ရောက်ဖို့ ဒါမှမဟုတ် မြင့်မြတ်တဲ့နေရာကို တက်လှမ်းဖို့ သင့်လျော်တဲ့ လှေကား တစ်ခုအဖြစ် သတ်မှတ်ထားတာပါ။ ဇနီးမယားကိုလည်း လင်ယောင်္ကျားရဲ့အကောင်းဆုံးမိတ်ဆွေ (ပရမာသခါ) တစ်ဦးအဖြစ် ယူဆထားတာပါ။

မြင့်မြတ်တဲ့အမျိုးသမီးများရဲ့ အဖွဲ့အစည်းဖြစ်တဲ့ ဘိက္ခုနီသာသနာကိုတည်ထောင်ခွင့်ပြုခြင်းဟာ မဟာပဇာပတိ ဂေါတမီ၏ စွမ်းဆောင်မှုကြောင့်လို့ ဆိုရမှာပါ။ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင်ခွင့်ရခြင်းဟာ အမျိုးသမီး တစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့်ဆိုယင်လည်း မှားမယ်မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓဟာ အမျိုးသမီးများကို နှိမ့်ချမထားဘဲ သဘာဝ၏အာနွဲ့သူများအဖြစ် အသိအမှတ်ပြုထားသလို အမျိုးသားနဲ့အမျို့သမီးတို့ရဲ့ အတွင်း ဓာတ်ခံသဘော မွေးရာပါကောင်းတဲ့စိတ်ကိုလည်း ကောင်းစွာသိတော်မူပါတယ်။ တကယ်တော့ လိင်ပိုင်းဆိုင် ရာကွဲပြားမှုဟာ လွတ်မြောက်မှုအတွက် တားမြစ်ချက်မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓရဲ့ဒေသနာတော်များကို ကြည့်ရှု့ လေ့လာမယ်ဆိုလျင် အမျိုးသမီးများကို သင့်တော်တဲ့နေရာ ပေးထားတာ တွေ့မြင်နိုင်ပါတယ်။

အရှင်သာရိပုတ္တရာနဲ့အရှင်မောဂ္ဂလာန်တို့ကို ဘိက္ခုသံဃာရဲ့အကြီးအကဲအမြတ်ဆုံးသာဝကများအဖြစ် သတ် မှတ်ခန့်အပ်ထားသလို ဘိက္ခုနီသံဃာမှာလည်း ရှင်မခေမာနှင့် ရှင်မဥပ္ပလ၀ဏ် ထေရီနှစ်ပါးတို့ကို အကြီးမြတ် ဆုံး ဘိက္ခုနီသာဝကများအဖြစ် သတ်မှတ်ခန့်အပ်ထားတာပါ။ ဘိက္ခုနီသံဃာ့အဖွဲ့အစည်းနဲ့ ဥပါသိကာ သာဝိ ကာမများမှာ မိဖုရားများ၊ မင်းသမီးများ၊ မြင့်မြတ်တဲ့အမျိုးသမီးများ၊ မုဆိုးမများ၊ သောကရောက်နေတဲ့ အမေများ၊ အကူအညီကင်းမဲ့နေတဲ့ အမျိုးသမီးများ၊ အဆုံးစွန်အားဖြင့် ပြည်တန်ဆာမများထိပါ အဆင့်အတန်း အမျိုးမျိုးမှ ပါဝင်တယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ အဲဒီအထဲကမှ ပဋာစာရီ၊ ဓမ္မဒိန္နာ၊ ဘဒ္ဒါကာပိလာနိ၊ ၀ိသာခါ၊ သုပ္ပိယ၊ နကုလမာတာ၊ သာမာဝတီ၊ မလ္လိကာ၊ ခုဇ္ဇုတ္တရာ၊ သီရိမာ၊ အမ္ဗပါလီ၊ သုမနနဲ့ သုဘဒ္ဒါ စသူတို့ ဟာ ထင်ရှားသူများ ဖြစ်ပါတယ်။ ကျမ်းဂန်များမှာတော့ ရဟန်းတော်ပေါင်း ၂၆၄-ပါးကို အကြောင်းပြုထားတဲ့ ထေရဂါထာပေါင်း ၁၂၈၈-ခုရှိတာကို တွေ့ရပြီး ထေရီပေါင်း ၇၃-ပါးကို အကြောင်းပြုထားတဲ့ ထေရီဂါထာပေါင်း က ၅၃၄-ခု ရှိတာကို သိရှိရပါတယ်။

ကြီးကျယ်ကောင်းမွန်တဲ့ မိန်းမသားမရှိလျင် ဗုဒ္ဓ၀ါဒဆိုင်ရာဘာသာတရား မရှိနိုင်ပါဘူး။ မြတ်ဗုဒ္ဓရဲ့မယ်တော် ဖြစ် တဲ့ မိဖုရား မဟာမာယာဒေ၀ီဟာ သူမရဲ့သားဘုရားလောင်းတော်အတွက် သူမဘ၀ကို ပေးအပ်ခဲ့ရတာပါ။ သူမ ဟာ မင်းသားငယ်ကို မွေးဖွါးပြီးတဲ့နောက် ရက်အနည်းငယ်မှာပဲ သူမဘ၀ကို အပြီးအပိုင် စွန့်လွှတ်ခဲ့ရခြင်းပါ။ ဒါပေမယ့် အခြားကောင်းမွန်မြင့်မြတ်တဲ့ မိန်းမသားတစ်ဦးဖြစ်သူ သူ့ရဲ့အဒေါ် မဟာပဇာပတိဂေါတမီက အမေ တစ်ယောက်ရဲ့နေရာကို ၀င်ယူပြီး နုးညံ့စွာ ဂရုတစိုက်ချစ်ခြင်းဖြင့် သူ့ကို မွေးမြူခဲ့ရတာပါ။ ဒါ့ကြောင့် မြင့်မြတ် ကောင်းမွန်တဲ့ မိန်းမသားများသာမရှိလျင် မြတ်ဗုဒ္ဓဟာ လူသားတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်ဖို့နဲ့ မြတ်ဗုဒ္ဓ (သဗ္ဗညုတညဏ်ရှင်)အဖြစ် ပေါ်ပေါက်လာဖို့မှာ ဘယ်သောအခါမှ ဖြစ်လာမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်း လင်းလင်းတွေ့မြင်ရမှာပါ။

ဒါနဲ့စပ်ဆပ်လို့ မိခင်ရင်းနဲ့ မွေးစားမိခင်တို့ကို ဥပမာတင်စားထားတဲ့ စာလေးကို သတိရမိပါတယ်။ အဲဒါကတော့ မိခင်ရင်းဟာ သူ့အမြစ်ကပေါက်လာတဲ့ သစ်ပင်ကို ရှင်သန်ဖွံ့ဖြိုးလာအောင် အာဟာရဖြစ်စေတဲ့ အစားအစာတွေ တိုက်ကျွေးပေးတဲ့ ရေပန်းနဲ့တူပါတယ်။ မွေးစားမိခင်ကတော့ ဟို--အမြင့်တိမ်တိုက်ထဲအရောက် ထိုးတက် သွား ပြီး အဝေးကြီးရောက်သည့်အထိ ခရီးဆန့်၊ ကန္တာရထဲက အထီးကျန်သစ်ပင်လေး ဖွံ့ဖြိုးစေဖို့ အာဟာရဖြစ် စေတဲ့ အစားအစာတွေ တိုက်ကျွေးပေးတဲ့ ရေးပန်းနဲ့တူတယ်-လို့ ဆိုတာလေးပါ။ (A mother is likened unto a mountain spring that nourishes the tree at its root, but one who mothers another’s child is likened unto a water that rises into a cloud and goes a long distance to nourish a lone-tree in the desert.)

“ကောင်းမွန်မြင့်မြတ်သော အမေများမရှိလျင် ထိုနိုင်ငံ(ထိုအမျိုး)သည် ကြီးကျယ်သောနိုင်ငံ (ကြီးကျယ်သော အမျိုး)ဖြစ်မလာနိုင်ဘူး” ဆိုတဲ့အရာဟာ မှန်ကန်ဆဲပါ။ ပုံမှန်အားဖြင့်တော့ အလုပ်သို့သွားရခြင်း၊ သူ၏မိသားစု အတွက် စားစရာနဲ့ အခြားလိုအပ်ချက်များ ထောက်ပံ့ရခြင်းဟာ ဖခင်ရဲ့တာဝန်ဖြစ်တယ်ဆိုတာ အားလုံး လက်ခံ ထားကြပါတယ်။ ဒါပေမယ့် ကလေးကို ဂရုတစိုက်စောင့်ရှောက်ဖို့နဲ့ သူတို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာကို ပုံစံသွင်း ရခြင်းတို့ကတော့ မိခင်များသာ ဖြစ်ပါတယ်။ မိခင်များကပဲ သူတို့ရဲ့မိခင်ဘာသာစကားကို ပြောဆိုဖို့ သူတို့ရဲ့ ကလေးငယ်များကို သင်ကြားပေးရတာပါ။ ဒီတော့ လူသားတိုင်းဟာ အမေ့လျှာ-ကြောင့် ပြောဆိုကြတယ်လို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုယင် ကလေးငယ်ရဲ့ ပထမဆုံးဖြစ်တဲ့ စကားဟာ မိခင်ဖြစ်သူထံမှ သင်ယူရ ရှိခဲ့လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မိမိလူမျိုးရဲ့ပင်ရင်းစကားကို မိခင်ဘာသာစကားလို့ ပြောဆိုကြခြင်း ဖြစ်ပါလိမ့်မယ်။

လူသားလောကကြီးမှာ ကြီးကျယ်တဲ့အောင်မြင်မှုကို ပြုလုပ်နိုင်သူ၊ မြင့်မားတဲ့ရိုသေလေးစားမှုကို ရရှိသူ အချို့ မိန်းမယောကျာင်္းများကို ဘယ်အချိန်မှာပဲကြည့်ကြည့် သူတို့ရဲ့မိခင်ဖြစ်သူဟာ အဲဒီအောင်မြင်မှုတွေအတွက် ယုံကြည်မှုအချို့ကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ လူသားတိုင်းဟာ ကလေးဘ၀က ရရှိခဲ့တဲ့ အယူအဆအတွေး အခေါ်များဟာ ဘ၀တစ်လျောက်လုံး သူတို့နဲ့အတူတကွပါသွားတာပါ။ ဒါကို စိတ်ပညာရှင်များက ပြောပြခြင်း ဖြစ်ပါတယ်။ မိခင်များထံမှ ကောင်းမွန်မြင့်မြတ်တဲ့ ညွန်ကြားချက်များ ရရှိလျင်၊ အမှားအမှန်ကြားမှာ ခြားနားမှုကို ပြောကြားလျင်၊ မိသားစုများ၊ သူငယ်ချင်းများ၊ ကလေးငယ်ကိုယ်တိုင်အတွက် တာဝန်များကို ပြောကြားလျင် လူသားတိုင်း ဘ၀ရဲ့ဆုံးရှုံးမှုများကို ပြုလုပ်ခဲ့ကြလိမ့်မယ်မဟုတ်ဘူးဆိုတာပါ။

ကမ္ဘာလောကကြီးရဲ့အစိတ်အပိုင်းတော်တော်များမှား ဆိုးသွမ်းတဲ့သူငယ်များက ဖြစ်ပေါ်စေတဲ့ ဆင်းရဲ့ဒုက္ခများ စွာကို ကြားနေကြရတာပါ။ တိုင်းပြည်များစွာမှာ ငယ်ရွယ်နုပျိုတဲ့ လူငယ်များ ဆိုးသွမ်းရခြင်းအကြောင်းမှာ -ဒီငယ်ရွယ်တဲ့လူငယ်များဟာ သူတို့ရဲ့မိဘများထံမှ သင့်လျော်တဲ့ ညွန်ကြားချက်ကို မရရှိခဲ့ဘူး-ဆိုတဲ့ အချက် ကြောင့် ဖြစ်တယ်လို့ တရားသူကြီးများနှင့်ရဲအရာရှိကြီးများက ပြောဆိုသုံးသပ်ကြပါတယ်။ ဒါ့ကြောင့် အချို့သူ များက “ဆိုးသွမ်းတဲ့ကလေးတွေ-လို့ ပြောဆိုဖို့ မသင့်ဘူး၊ ဆိုးသွမ်းတဲ့မိဘများ-လို့ ပြောဆိုသင့်တယ်”လို့ ယူဆ လာကြခြင်း ဖြစ်ပါတယ်။ ဒါဟာ ကိစ္စအားလုံးမဟုတ်လျင်တောင် အချို့ကိစ္စများမှာ မှန်ကန်နေပါတယ်။

ငယ်ရွယ်နုပျိုမှုကြောင့်ဖြစ်တဲ့ ကြမ်းတမ်းဆိုးရွားမှုများစွာမှာ ဆိုးသွမ်းတဲ့မိဘများက အမှားအယွင်းအားလုံးကို ဖြစ်စေခဲ့တာတော့ မဟုတ်ပါ။ ဒါပေမယ့် ကလေးဟာ မိဘမဲ့ကလေးဖြစ်တယ်ဆိုတဲ့အချက်နဲ့ ကောင်းတဲ့လမ်း ညွန်မှုကို ရရှိဖို့ အမေအဖေမရှိဆိုတဲ့ အချက်က မှားယွင်းစေခြင်း ဖြစ်ပါတယ်။ အားလုံးသော လူသားသတ္တ၀ါ များကို ညီအကိုမောင်နှမများအဖြစ် သတ်မှတ်ရမယ်ဆိုတာကို ဗုဒ္ဓဘာသာဆိုင်ရာက ပြောပြထားပါတယ်။ ဒါ့ကြောင့် မိဘမဲ့ကလေးများကို သူတို့ရဲ့ကိုယ်ကျင့်တရားဆိုင်ရာအတွက် ကောင်းတဲ့သတင်း အချက်အလက် များ၊ ကောင်းတဲ့အကူအညီဖြစ်စေမယ့် လမ်းညွန်ချက်များကို ပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

မျက်မှောက်ကမ္ဘာမှာ စစ်ပွဲနှင့်ပတ်သက်တဲ့ အဆက်မပြတ်ဖြစ်နေတဲ့ ကြောက်လန့်မှုများရှိနေတယ်ဆိုတာ အား လုံး သိရှိကြပြီး ဖြစ်ပါတယ်။ ကမ္ဘာလောကကြီးရဲ့ များစွာသောအစိတ်အပိုင်းများမှာ ဘာသာတရားကို မေ့လျော့ နေခဲ့ခြင်းကပဲ ဒီအခြေအနေအတွက် တစ်ခုသောအကြောင်းဖြစ်နိုင်ပါတယ်။ အမေများဟာ ဘာသာတရားမှာ တွေ့ရှိရတဲ့ ကြီးကျယ်မြင့်မြတ်တဲ့အမှန်တရားများကို သူတို့၏ကလေးများသို့ သင်ကြားမပေးတဲ့အခါ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးအဖြစ် မျော်လင့်ရန် ခက်ခဲပါလိမ့်မယ်။

လူသားအားလုံးနဲ့ပတ်သက်တဲ့ အကောင်းဆုံးဘာသာတရားရှိတယ်ဆိုတာကို ဗုဒ္ဓ၀ါဒီများက ယုံကြည်ကြပြီးသာ ပါ။ ဒါ့ကြောင့် ဗုဒ္ဓ၀ါဒယုံကြည်မှုကို ရိုသေဖို့ ကလေးကိုစောင့်ရှောက်မွေးမြူတဲ့အိမ်၊ သန်မာတဲ့ကိုယ်ကျင့်တရား ရှိပုံပေါ်တဲ့ ကလေးရှိတဲ့အိမ်၊ ဘ၀နေထိုင်မှုပုံစံ အောင်မြင်မှုရရှိတဲ့အိမ်များဟာ ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်အဖြစ် တွေ့မြင်နေရတာပါ။

ယောကျာ်းများဟာ အလုပ်ကိစ္စများ၊ ငွေရအောင်ပြုလုပ်ခြင်း၊ ဟိုက်ဒရိုဂျင်ဗုံးကို ထုတ်လုပ်ခြင်း၊ စစ်ပွဲကို ဖန်တီး ခြင်း၊ စစ်ပွဲပြီးတဲ့နောက် တစ်ဖန်ကမ္ဘာကြီးကို ဖြောင့်မတ်အောင် ကြိုးစားခြင်းဖြင့် ပုံမှန်အားဖြင့် ဦးဆောင်မှုကို ယူလေ့ရှိတယ်ဆိုတာကို ဘယ်အချိန်မဆို ကမ္ဘာကြီးမှာ ဒီအတိုင်းတွေ့နေရတာပါ။ ဒါပေမယ့် မိန်းမသားအုပ်စု တစ်စုက စစ်ပွဲတစ်ပွဲကို စတင်ဖန်တီးခဲ့တယ်ဆိုတာကိုတော့ သံသယရှိစရာကောင်းတဲ့ ဝေါဟာရတစ်ခုပါ။ တကယ်တော့ ယောင်္ကျားသားတိုင်းဟာ မိခင်ဖြစ်သူက ချမှတ်ပေးထားတဲ့ ဥပမာများကို သတိရသင့်ပြီး ဖျက်ဆီး ကြမယ့်အစား ငြိမ်းချမ်းမှုအတွက် ကြိုးစားကြရမှာပါ။

ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းကို ကူညီသူ၊ လှုမှုရေးနဲ့ပတ်သက်တဲ့ တိုးတက်မှုများကို ပြုလုပ်စေသူ၊ လူသားမျိုးနွယ်ကို စောင့်ရှောက်တဲ့သူ၊ နုးညံ့ပြီးကူညီမှုကို ပေးတဲ့သူများဟာ မိန်းမသားများသာ ဖြစ်ပါတယ်။ ဆေးရုံအတွက်၊ မိဘမဲ့ကလေးများဂေဟာအတွက်၊ ဒါမှမဟုတ် မျက်မမြင် နားမကြားဂေဟာများအတွက် လိုအပ်တဲ့ မည်သည့်အချိန်ဖြစ်ဖြစ် ပုံမှန်အားဖြင့် အဲဒီအရာကို ဖြည့်ဆည်းပေးနေသူများမှာ လိုအပ်ချက်များကို ဂရုစိုက်ရတဲ့ လူ့အဖွဲ့အစည်းဖြစ်တဲ့ မိန်းမသားများသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် “မိန်းမသားများအားလုံး ဗုဒ္ဓ၀ါဒီလူ့အဖွဲ့အစည်းအသင်းအပင်းမှ ရုတ်တရက် ထွက်ခွါသွားကြလျင် ခိုင်မာသောဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်း ကျန်ရစ်လိမ့်မည် မဟုတ်။ မိန်းမသားများသည် ဘာသာတရားတည်းဟူသော ခန္ဓာကိုယ်အတွက် နှလုံးသားကို ထည့်ပေးထားကြသူများ ဖြစ်သည်”ဟု ပြောဆိုကြခြင်း ဖြစ်ပါတယ်။

အသက်ကြီးသူများနှင့်ဆင်းရဲသူများအတွက် လိုအပ်ချက်များ၊ ဘုရားကျောင်းကန်များအတွက် အသုံးအဆောင် များ အဲဒီအရာများအတွက် ထောက်ပံ့မှုအားလုံးဟာ မိန်းမသားများရဲ့ လုံးလစွမ်းပကားကြောင့် ဖြစ်တယ်ဆိုယင် လွန်လွန်းရာကြမယ့် အဆိုမဟုတ်ပါဘူး။ ဒါ့ကြောင့် “မိန်းမသားများသာ မရှိလျှင် အားလုံးသောဒါနသည် အဆုံးတစ်ခုသို့ လားရောက်လုနီးပါး ဖြစ်လိမ့်မည်”ဟု ပြောဆိုကြခြင်း ဖြစ်ပါတယ်။

တိုင်းပြည်အသီးသီးမှာ ကလေးများနှင့်တိရိစ္ဆာန်များကို ကြမ်းတမ်းစွာပြုမူခြင်းမှ တားမြစ်ရန် ဥပဒေများကို ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအတွက် မိန်းမသားများဟာ အချို့သောဥပဒေများကို ချမှတ်ရန် လုပ်ဆောင်ခဲ့တာပါ။ ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုမှာ ဆရာများဟာ မိန်းမသားများ ဖြစ်ပါတယ်။ ကလေးများရဲ့ ကောင်းမွန်မှန်ကန် တဲ့ ကိုယ်ကျင့်တရားဆိုင်ရာကို ပုံစံသွင်းရာမှာ အမေဖြစ်သူများကို ကူညီဖို့ဟာ သူတို့ရဲ့ တာဝန်အဖြစ် ခံယူထားကြတာပါ။

ကြက်ခြေနီအလုပ်ဆိုတာ သိတဲ့အတိုင်း ဘေးဒုက္ခရှိတဲ့ နေရာတော်တော်များများမှာ ဘယ်အချိန်ဖြစ်ဖြစ် ပြုလုပ် ရပါတယ်။ ဒီမြင့်မြတ်တဲ့ အဖွဲ့အစည်းဟာ မြင့်မြတ်တဲ့ မိန်းမတစ်ယောက်မျှ၏ အလုပ်ရဲ့အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ သူကတော့ Florence Nightingle ပါ။ ကင်ဆာခံစားနေရတဲ့ လူနာထောင်ပေါင်း များစွာဟာ ဓာတ်ရောင်ခြည်ကုသမှုနဲ့ အချို့သောသက်သာမှုကို ရရှိခဲ့ပါတယ်။ အဲဒီရေဒီယမ်ကို ရှာဖွေသူ ကတော့ မိန်းမသားတစ်ယောက်ဖြစ်တဲ့ Madame Curie ဖြစ်ပါတယ်။ လူသားကျွန် ဘ၀စနစ်ကို ဖြတ်သိမ်းနိုင်ဖို့ လုပ်ဆောင်ခဲ့တဲ့သူများထဲမှာ မိန်းမသားတစ်ယောက် ပါဝင်ပါတယ်။ သူကတော့ Harrief Beechar Stow ဖြစ်ပါတယ်။ အိုမဲအိမ်မဲ့ ဖြစ်နေသူကလေးများကို ပြုစုစောင့်လျှောက်သူ မိန်းမသားတစ်ဦး ရှိပါတယ်။ သူက တော့ Mother teresa ဖြစ်ပါတယ်။ အခြားသော တိုင်းနိုင်ငံအသီးသီးမှာလည်း သူ့အစွမ်းနဲ့သူ ရှိနေကြတဲ့ မိန်းမသားများ များစွာရှိနေတာပါ။

ဒီတော့ ဘယ်ရှုထောင့်က ကြည့်ကြည့် အကြောင်းတခုကတော့ ကမ္ဘာလောကမှာ မိန်းမသားများရဲ့ လွှမ်းမိုး မှုဟာ များစွာအရေးကြီးတဲ့ လွှမ်းမိုးမှုဖြစ်တယ်ဆိုတာကို ကောက်ချက်ချဖို့ ခွန်အားဖြစ်စေခဲ့တယ် ဆိုတာပါပဲ။ အဲဒီရဲ့အခြားတစ်ဖက်မှာလည်း ဘာသာတရားတည်းဟူသော ခန္ဓာကိုယ်အတွက် နှလုံးသားကို ထည့်ပေးထားကြသူများဖြစ်တဲ့ မိန်းမသားများသာ မပါခဲ့လျင် အားလုံးသောဒါနသည် အဆုံးတစ်ခုသို့ လားရောက်လုနီးပါး ဖြစ်လိမ့်မည်-ဆိုတဲ့ စကားလေးက ဗုဒ္ဓဘာသာအတွက် ဒါမှမဟုတ် အားလုံးသောဘာသာအတွက်……..

Read more...

ဘ၀ပြန်ချီ (၂)

Monday, 10 May 2010 16:28 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

Dhamma_barisayadawအဲ… တစ်ခုပဲရှိပါတယ်။ “လောကဓမ္မ”ဆိုတဲ့တိုင်း လောကထဲရောက် လာသူမှန်သမျှ မလွဲမသွေ ကြုံတွေ့ရမြဲဆိုတဲ့ အသိတရား ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး အလိုက်သင့် ကပြကြမလား။ လောကဓံနဲ့ ဆန့်ကျင်ဘက် ပြိုင်ဘက်အဖြစ် ကိုယ့်လောဘ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး မရရအောင် ၊ မဖြစ် ဖြစ်အောင် ဇွတ်အတင်း ကြံဖန် လှုပ်ရှားကြ ကပြကြမ လား။ ဒါပဲ ခြားနားပါတယ်။ မ ‘က’ ပဲတော့ နေခွင့်မရှိကြပါဘူး။ နေလည်း မနေကြပါဘူး။

မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာသဘောတရား အရကတော့ ဆင်ခြင်တုံတရား ကင်းမဲ့ပြီး လောကဓမ္မ အခွင့်အလှည့်အရ ရရှိခွင့် မပေးတာကို မရရအောင်ယူဖို့ ကြိုးစားတာ၊ မရရင် မကျေမနပ် ပေါက်ကွဲတာ၊ ပေါက်ကွဲပြီး ထင်ရာစိုင်းတာဆိုတဲ့ အပြုအမူ(ကကွက်) တွေဟာ “အယောနိသော မနသိကာရ မသင့်မလျော်တဲ့ နှလုံးသွင်းသဘော ထား” ဦးဆောင်ပြု မမူတာ ဖြစ်တယ်တဲ့။ ဒီလို ကိုယ့်ရဲ့အခွင့် အလှည့် မဟုတ်တာကို မရအရ ယူခြင်းဟာ သူတစ်ပါးရဲ့ အခွင့်အလှည့်ကို လုယူတဲ့ သဘောဖြစ်လို့ လောကသား အချင်းချင်းဖြစ်တဲ့ သူတစ်ပါးအတွက် ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း(တစ်မျိုးမျိုး ကိုဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ)ကို ဖြစ်ပေါ်စေတဲ့အတွက် လောကပြစ်(လောက၀ဇ္ဇ) အရ အပြစ်ရှိတဲ့ အကုသိုလ် အလုပ်မျိုးလို့ သတ်မှတ်ပါတယ်။ ဒီလို အယောနိသော မနသိကာရ ဦးဆောင်တဲ့ ကကွက်များဟာ ‘ပြန်ချီ’ မဖြစ်နိုင်ဘူး။ ‘ကန်ချီ’ များသာဖြစ် တယ်။ လူ့လောကကြီးက ပြန်လည် တောင့်တစရာကောင်းတဲ့ ကကွက် မဟုတ်ဘူး။ လူ့လောက ထက် နိမ့်ကျ တဲ့ ဘုံဘ၀ကို ရောက်အောင် ကန်ချခံရမယ့် က ကွက်မျိုးကို ဆိုလိုတာပါ။

လောကဓမ္မအရ ကံရဲ့ အကျိုးပေးခွင့် အားလျှော်စွာ ဖြစ်ပေါ်လာတဲ့ လောကဓံ တီးကွက်အလိုက် ဆင်ခြင်တုံတရားရှိရှိ ကြံစည် ပြောဆို ပြုမူတာမျိုးကတော့ “ယောနိ သော မနသိကာရ=အကျိုးသင့်အကြောင်းသင့် နှလုံးသွင်းမှု” ရှေ့သွားဦး ဆောင်ပြီး ပြုမူ တာဖြစ်လို့ လောကဓမ္မနဲ့ မဆန့်ကျင်တဲ့အတွက် လောကပြစ်ကင်းတဲ့ ကုသိုလ်အလုပ်မျိုး လို့ သတ်မှတ်ပါ တယ်။ ဒီလိုပြုမူ(ကပြ)သူများဟာ အထက်မှာပြောခဲ့တဲ့ ဥိးပေါစံ တို့လိုပဲ လောကကြီးက လောကကြီးက ပြန်လည်တောင့်တ ထိုက်သူ၊ တောင့်တခြင်း ခံရသူများဖြစ်လို့ “ပြန်ချီ”ကို ကောင်းကောင်း ကနိုင်သူလို့ပဲ ဆိုရမှာပါ။

“ငှက်များ ပျံရင်းသေ၊ လူမှာ ကြံရင်းသေ”ဆိုတဲ့အတိုင်း လူ့လောကထဲ ရောက်လာသူ မှန်သမျှ ကံသုံးပါးဆိုတဲ့ ကခြင်းသုံးမျိုးထဲက တစ်မျိုးမျိုးနဲ့တော့ ကပြနေကြတာချည်းပါပဲ။ မိမိတို့ ကပြနေတာဟာ ပြန်ချီလား၊ ကန်ချီလားဆိုတာကို အချိန်မီ စဉ်းစားသုံးသပ်မိကြဖို့ ပြောချင်တာပါ။

ဘုရားအစရှိတဲ့ အရိယာသူတော်စင်များနဲ့ အရိယာတရား နားရည်ဝကြသူတို့ကတော့ “မနုဿတ္တဘာဝေါ ဒုလ္လဘော လူ့ဘုံ လူ့ဘ၀မှာ ကပြခွင့်ကြုံရတာဟာ ရခဲတဲ့ အခွင့်ထူး ကြီးတစ်ခု” လို့ သတ်မှတ်ခံယူကြပါတယ်။ အရခဲဆုံးကို ရရှိခိုက်မှာ ဘယ်လို အသုံးချ မလဲ။ ဘယ်လို က,ကြိုးမျိုးနဲ့ ကပြကြမလဲဆိုတာ ကတော့ မိမိတို့ရဲ့ ဝေဖန် သုံသပ် နိုင်စွမ်း အပေါ်မှာသာ တည်နေပါတယ်။

လောကသားအားလုံး ဆန္ဒတူ သတ်မှတ်ထားတဲ့ စည်းကမ်း တစ်ခုလည်း ရှိပါတယ်။ “အိမ်ရှင်ကို ဧည့်သည် မစော်ကား ရ” တဲ့။

ဟုတ်တာပေါ့ ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာ လာပြီး တည်းခိုတဲ့ ဧည့်သည်က အိမ် ရှင်ကို စော်ကားမယ်။ အိမ်ရျင်နဲ့ ဆန့်ကျင်ဘက် ပြုမယ်ဆိုရင် အိမ်က မြန်မြန်ပြန်နှင်ချင် မယ်။ ဒိလိုလူမျိုးက နောက်တစ်ခါ တည်းခိုခွင့်ပြုပါဆိုရင်လည်း ဘယ်နည်းနှင့်မှ လက်ခံချင်မှာ မဟတ်ုပါဘူး။ ဒါက အရိုးသားဆုံး အရှင်းဆုံး လူ့စည်းကမ်းရဲ့ ဆုံးဖြတ်ချက် ပါ။

အထက်မှာ ပြောခဲ့တဲ့အတိုင်း ‘လူ့ဘ၀’ ဆိုတာဟာ ကံ တန်ဖိုးနဲ့ ပေးပြီး ခေတ္တနေခွင့် ရတဲ့ ‘တည်းအိမ်’တစ်ခုပါ။ လူ့ဘုံလူ့ဘ၀မှာ လူသား တစ်ယောက်အဖြစ် ခေတ္တတည်းခို နေထိုင်ခွင့် ရခိုက်မှာ အိမ်ရှင် ကြည်ဖြူအောင် အလိုက်အထိုက် ကျင့်သုံးနေထိုင်တတ်ဖို့နဲ့ ကိုယ်ပေးထားတဲ့ ကံတန်ဖိုးကုန်ဆုံးလို့ ပြန်လည် ထွက်ခွာ သွားရရင်တောင် နောက်တစ်ခါ ပြန်လာခွင့်ရဖို့ အိမ်ရျင်က ကြည်ကြည်ဖြူဖြူ ပြန်လည်ဖိတ်ခေါ်ချင်လောက် အောင် ပြုမူကျင့်သုံး (ကပြ)ကြဖို့ အရေးကြီး ပါတယ်။

လူ့ဘ၀ရဲ့ အိမ်ရှင်က ဘယ်သူလဲ။ “သဗ္ဗေသတ္တာ ကမ္မဿကတာ= သတ္တ၀ါမှန်သမျှ ကံရဲ့ အမွေခံများသာ ဖြစ်တယ်”ဆိုတဲ့စကား။ “ကံပြုသမျှ နုကြရတယ်”ဆိုတဲ့စကားတွေ ကို ထောက်ဆကြည့်ရင် လူ့ဘ၀ဆိုတဲ့ တည်းအိမ်ရဲ့ ပိုင်ရှင်က “ကံ”ပါ၊ တိတိကျကျ ပြော ရရင် လူ့ဘ၀ ဆိုတာ ကာမသုဂတိဘုံထဲမှာ အကျုံးဝင်တာဖြစ်လို့ လူ့ဘ၀ရဲ့ အိမ်ရှင်ဟာ ကာမာဝစရ ကုသိုလ်ကံ ဖြစ်ပါတယ်။

လူ့ဘုံဘ၀ကို လာရောက်တည်းခိုတဲ့ လူသားတစ်ယောက်အနေနဲ့ လူဘ၀ရဲ့ အိမ်ရှင် ဖြစ်တဲ့ ကာမာဝစရ ကုသိုလ်ကံကို ကျော်လွန်ပြီး ဈာန်ကုသိုလ်၊မဂ်ကုသိုလ်အထိ ပြုလုပ် နိုင်ကြမယ်ဆိုရင် လူ့ဘ၀ အိမ်ရှင်ဖြစ်တဲ့ ကာမာဝစရ ကုသိုလ်ကံက ကြည်ဖြူကျေနပ် တဲ့အတွက် ဆန့်ကျင်ဘက်ပြုသူလို့ မဆိုနိုင်ပါဘူး။ သူ့ကံအလျောက် လူ့ဘုံ လူ့ဘ၀ထက်ပိုပြီး မြင့်မြတ်တဲ့ ဘုံဘ၀အထိ သွားခွင့်ရသူ(သို့မဟုတ်)ဘ၀အားလုံးကို လွန် မြောက်ပြီး ဒုက္ခဇာတ် အကြွင်းမဲ့ ချုပ်ငြိမ်းသူသာ ဖြစ်မှာပါ။

တကယ်လို့ ကာမာဝစရကုသိုလ်ကံ အဆင့်လောက်ကိုသာ စိတ် စေတနာ စင်စင် ကြယ်ကြယ်နဲ့ ပြုလုပ်သူဆိုရင်လည်း လူ့ဘ၀ပိုင်ရှင်နဲ့ စိတ်စေတနာရချင်း တူညီတဲ့ အတွက် အိမ်ရှင် ကျေနပ်တဲ့ အလုပ်ကို လုပ်သူဖြစ်လို့ အိမ်ရှင်ကြည်ဖူတဲ့ ဧည့်သည်မျိုးပဲ ဖြစ်မှာပါ။ ဒီလို ဧည့်သည်မျိုးကျတော့ အိမ်ရှင်က နေသမျှ သက်တမ်း တစ်လျှောက်လုံး ကြည်ဖြူရုံမျှမကဘူး။ ကံအခကြေး ကုန်ဆုံးလို့ တည်းခို နေထိုင်ခွင့် ကန်နေပြီဆိုရင် တောင် တတ်နိုင်သမျှ ဆက်ပြီး နေထိုင်ဖို့ တားမှာပဲ။ နောက်ဆုံး တားခွင့်မရတော့လို့ ခရီးဆက်ရတော့မယ်ဆိုရင်လည်း အထက်မှာ ပြောခဲ့တဲ့ ဦးပေါစံရဲ့ နောက်ဆုံး ခရီးမှာလို ပဲ ဇာတ်တူသားအချင်းချင်းက ၀မ်းနည်းလှိုက်လှဲ နှုတ်ဆက်ပို့ဆောင်ကြပြီး မကြာခင် ပြန်လာဖို့ တမ်းတမ်းတတ တောင်းဆိုကြမှာ မလွဲပါဘူး။ ဒီလို ပြုမူ (ကပြ)တဲ့ အချီမျိုးကို ‘ဘ၀ပြန်ချီ’လို့ တင်စားပြောလိုက်ချင်တာပါ။

တိပိဋက(ယော)ဆရာတော်ဟောတဲ့ တရားတစ်ပွဲမှာ ကြားလိုက်ဖူးတယ်။ ဒကာမကြီး တစ်ယောက်တဲ့ လူမှုရေး၊ စီးပွားရေး စတဲ့ လောကအဆင့်အတန်းအရလည်း အလယ်အလတ်တန်း လောက်တော့ အဘက်ဘက်က ချို့တဲ့မှုမရှိဘူးလို့ပဲ ဆိုရမှာပါ။ သူ့မှာ သမီးတွေ သုံးယောက်လောက် ပေါ်ပေါက်ပြီး နောက်ဆုံး သားလေးတစ်ယောက် ထွန်းပေါ်လာတော့ တစ်အိမ်လုံးက ဖူးဖူးမှုတ်အလိုလိုက်ကြ၊ ချစ်ကြတာတဲ့။

သားလေးကလည်း မိဘနဲ့ အစ်မတွေ အလိုလိုက်ကြ၊ ချစ်ကြသလောက် အခွင့် အရေး အပြည့်အ၀ယူပြီး အသား ကုန်ဆိုးပါသတဲ့။ ဆယ့်လေးငါးနှစ် အရွယ်လောက် ရောက်တော့ အဖေကလည်း ဆုံးပါးသွားတယ်။ အစ်မတွေလည်း သူ့အိုးသူ့အိမ် တွေနဲ့ ခွဲသွားကြတယ်။ အမေနဲ့ သားပဲ ကျန်နေပေမယ့် အမေကို ဘာမှ ငဲ့ညှာရကောင်း မှန်း မသိဘူး။ ဆိုးသည်ထက် ဆိုးလာရာက နောက်ဆုံးတော့ ကောင်းတာလေး တစ်မျိုး ကလွဲလို့ ကျန်တာတွေ အကုန် အစုံ တတ်လာ တယ်။ ကာလပေါ် မူးယစ်ဆေးစွဲပြီး အမေ့ စည်းစိမ် ကုန်သလောက်ရှိတော့ ကာလပေါ် ရောဂါပါ စွဲလာလို့ အမေ့မှာ ရှိသမျှနေရာ တိုက်ခန်းပါ မကျန်ရောင်းချပြီး ငါးနှစ်ခြောက်နှစ်လောက် ကုသပေးရတယ်။ နောက်ဆုံးတော့ ကုရာနတ္ထိ ဆေးမရှိဆိုတဲ့ ကာလပေါ် ရောဂါတို့ သွားရာလမ်းအတိုင်း သွားတော့ တာပါပဲတဲ့။

အဲဒီ ချစ်လှစွာသော တစ်ဦးတည်းသော သားကလေး သေဆုံးသွားတဲ့အခါ မိခင်ကြီးက သူ့သားရဲ့ နာမည်ကို အော်ခေါ်တဲ့ပြီး “နင် အသေနောက်ကျတာကို တွေးမတိုင်း အမေရင်နာသဟဲ့”လို့ ငိုကြွေးပါသတဲ့။ အမေရင်းကတောင် ပြန်လည်တောင့်တဖို့ နေနေ သာသာ အပြန် နောက်ကျလို့တောင် ရင်နာသူဆိုက တည်းက ဘ၀အိမ်ရှင် ကံတရားက ဘယ်လိုလုပ် ပြန်လာခွင့် ပြုနိုင်ပါတော့မလဲ။ ဒီလိုပြုမူ နေထိုင်(ကပြ)တဲ့ အချီ မျိုးတွေကိုတော့ မင်းသမီးရဲ့ ‘ပြန်ချီ’ ကကွက်အပြီး ပြောလိုက် သလို “နင့်ဟာ ပြန်ချီမဟုတ်ဘူး။ ကန်ချီဟ” ဆိုပြီး ဇာတ်တူသား အားလုံးက ခြေနဲ့များ ၀ိုင်းပြီး ကန်ချင် ကြမလားပဲ။

သူငယ်ချင်းက ပြောလည်းပြော၊ ပြလည်းပြတဲ့ ‘ပြန်ချီ’ တီးလုံးနဲ့ ကကွက်ကို ကြည့်ရှု နားထောင်အပြီး ဘ၀နဲ့ ဆက်စပ်တွေးမိတာကို ပြန်ပြောလိုက်တာပါ။

ပြန်ချီ ကကွက်ကလေးများနဲ့ ဘ၀လှပ သာယာကြပါစေ။

ဓမ္မဘေရီအရှင် ၀ီရိယ(တောင်စွန်း)

လူ့ဘ၀အတွက် တကယ်ကို မှတ်သားစရာ လိုက်နာစရာလေးတွေမို့ ဆက်လက် ဖေါ်ပြပေးသွားပါမည်။ ပြန်ချီကကွက်များ….. ကို

Read more...

ဓမ္မဂင်္ဂါဘဏ့်အကောင့်တ်

ဓမ္မမော်ဒန်“ အဟမ်း အဟမ်း (ချောင်းဟန့်သံ) ငါ့ရှင်ရဲ့ ဓမ္မဂင်္ဂါမော်ဒန်တောရလေးက ငြိမ်းအေးပါဘိသနဲ့၊ မြက်ခင်းလေးက ကျဉ်းပေမယ့် စိမ်းတယ်ဗျ၊ အခန်းလေးက ကြပ်ပေမယ့် လွတ်လပ်တယ်ဗျ။ ဒါပေမယ့် ခမ်းနားထည်ဝါမှုနဲ့ သီးခြားဆန်မှုဟာ ရဟန်းတစ်ပါးနဲ့ မဟတ်လှပေဘူးမှတ်တယ် ငါ့ရှင်။ ”

ဓမ္မဂင်္ဂါ “ အိမ်း ဟုတ်ပေရဲ့၊ မော်ဒန်တောရဇာစ်မြစ်က ကုလားသူဌေးတစ်ယောက်ရဲ့ အပိုချဲ့ထွင်မှုအစိတ် အပိုင်းတစ်ရပ်ပါပဲ ငါ့ရှင်ရယ်။ ဒီတော့လည်း သိင်္ဂါရအငွေ့အသက်ပါတဲ့ ပရိဘောဂနဲ့ အရိပ်အယောင်တွေ ရှိနေတာပါပဲ။ ဒါပေမယ့် ခုလိုမျိုး ရဟန်းတွေနေထိုင်သီတင်းသုံးလိုက်တော့လည်း တောရလေးနဲ့တူအောင်ပဲ မိဂဒါဝုန်ဆေးစက်တွေ လာစင်တော့တာပဲဗျ။

ဓမ္မမော်ဒန် “ ဟုတ်ပ ငါ့ရှင်ရယ်။ အခု မြက်ခင်းစိမ်းလေးမှာ ထိုင်နေရင်း ဥဒေါင်းနဲ့ ဥသြငှက်တွေရဲ့ တွန်သံတွေ ကြားနေရတာကပဲ ဓမ္မစကြာတရားဦးဟောရာနေ့ဆီ စိတ်ကူးလှိုင်းတွေ ဝေ့သွားပါသကောဗျာ။ မော်ဒန်တောရဲ့ အလှတရားနဲ့ ဂီတကို သာ မင်သက်မျောပါနေမိရင်တော့ တရားအမှတ်တောင် ခက်သွားနိုင်ပါ ရောလားငါ့ရှင် ရယ်။

ဓမ္မဂင်္ဂါ “ ဘာပဲဖြစ်ဖြစ် ဒီမှာ နေထိုင်သီတင်းသုံးရတာ ငါ့ရှင်ပြောတဲ့ သီးခြားဆန်မှုလေးအတွက် တံခါးအထပ် ထပ် သော့ခတ်ရတဲ့ ဒုက္ခသစ္စာကိုတော့ ထင်းထင်းကြီး သိနေတာ ခက်သဗျာ။ ဘ၀မှာ ရဟန်းတစ်ပါး အဖြစ်နဲ့ သော့မကိုင်ချင်တော့ဘူးဗျ။ ရဟန်းဆိုတာက ပိုင်ဆိုင်မှုတွေကနေ လွှတ်ချထွက်ပြေးဖို့ပဲ မဟုတ်လား။

ဓမ္မမော်ဒန် “အဟား သိပ်ပြီးတော့လည်း မကြီးကျယ်ပါနဲ့ငါ့ရှင်ရယ်။ ရှေးရှေးဆရာတော်ကြီးတွေရဲ့ ပဋိပတ်မှာ “ပစ္စည်းမသို၊ စိတ်မတို၊ ခင်ပျိုကြီးပွားကြောင်း”ဆိုတဲ့ ကျင့်ဝတ်ဟာ ရဟန်းနဲ့ အတူဆုံးမို့ မြတ်နိုးစရာပါပဲ။ ဒီဘက်ခေတ်မှာ ထင်ရှားတဲ့ မစိုးရိမ်ဆရာတော်ကြီးရဲ့ “သော့မကိုင်” အယူအဆကလည်း ခိုင်မာတယ်။ ဆရာတော်ကြီးသော့မကိုင်တဲ့ ဂုဏ်ရည်ကလည်း လွယ်လွယ်မထင်လေနဲ့ ငါရှင်ရဲ့။

ဓမ္မဂင်္ဂါ “ရဟန်းနဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုဆိုတာ မျက်နှာပူစရာပဲ လို့ ဆရာတော်ကြီးရဲ့ အမြင်က ရှင်းနေလို့သာပဲလေ။

ဓမ္မမော်ဒန် “အင်း အဲဒါပေပဲပ။ ဒါပေမယ့် မလွယ်ဘူးငါ့ရှင်။ လှပသင့်တဲ့အရွယ်မှာ လှပတယ်လို့လည်း မပြောလေနဲ့ဗျ၊ လှပပေါ့ပါးလွတ်လပ်ရမယ့်ရဟန်းတစ်ပါးရဲ့ ပကာသနဂုဏ်ရည်နဲ့ အခြံအရံပရိသတ်တွေ သည်းသည်းလှုပ်တဲ့ အရွယ်မှာ အထုပ်အပိုးတွေ ပိုပိုလေးလာတတ်တာလေ ငါ့ရှင်ရဲ့၊ အဲဒီအထုပ်အပိုးကို လွှတ်ချနိုင်အောင် ကြိုးစားရတာ လွယ်မှတ်လို့ဗျာ။ ကဲ ငါ့ရှင်မှာ ပတ်စ်ပို့တ်မပျောက်အောင် လုံခြုံရေးသတိ ထားနေ ရတဲ့လေးလံမှုတစ်ခုတည်းနဲ့ပဲ ဆရာတော်ကြီးတွေကို သွားမတုသင့်ဘူးဗျ၊

ဓမ္မဂင်္ဂါ “ အင်း “ရာစုသစ်ကြီးထဲက ရဟန်း”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အိုင်စီကဒ်တွေ၊ နိုင်ငံကူးလက်မှတ်တွေ၊ ပြီးတော့ ဆာတီဖီကေ့ထ်တွေ။ လေးတော့ လေးတာပဲ။ လေဆိပ်တွေကို ဖြတ်သန်းသွားတိုင်း ရဟန်း တစ်ပါးဟာလည်း မပေါ့ပါးပါလားလို့ စိတ်ညစ်မိပါရဲ့၊ အနော်မာသောင်ကမ်းက ရဟန်းတစ်ပါးရဲ့ စွန့်လွှတ်ခွာ ချမှုတွေကို ဦးညွတ်မိတော့တယ်ဗျာ။

ဓမ္မမော်ဒန် “ အဟမ်း အဲဒါက သိဒ္ဓတ္ထအရှင်ရဲ့ နောက်ဆုံးမဟာနိက္ခမပါရမီတော်ပေပဲဗျ၊ ကဲပါလေ ဘာပဲဖြစ်ဖြစ် ငါ့ရှင်မှာ ဘဏ့်အကောင့်တွေ ဘာတွေ ထူထူထဲထဲ ရှိလာတဲ့အချိန်ကျရင် ပြန်ဆွေးနွေးချင်ပါသေးတယ် ငါ့ရှင်။”

ဓမ္မဂင်္ဂါ “ အဲဒီအတွက်တော့ စိတ်မပူလေနဲ့ဗျ၊ ရှေ့မှာ လမ်းပြနေတစ်ဆူ လတစ်မင်းတွေ ရှိပါတယ်ငါ့ရှင်ရယ် ဖြည့်ဆည်းသူနဲ့ လိုအပ်သူတွေကြားမှာ တရားတမန်အဖြစ်နဲ့ ဘဏ်အကောင့်တွေ စီးဆင်းအောင်။
ဓမ္မပညာရေးရဲ့ ပိဋကတ်ရွတ်ဖတ်သံတွေ နှလုံးသားတွေဆီ စိမ့်ဝင်သွားအောင်၊
ငတ်မွတ်ဆာလောင်နေတဲ့ ထမင်းအိုးလေးတွေ အချိန်မီကျက်အောင်၊
လမ်းဘေးကအသိဉာဏ်နုနုလေးတွေအတွက် စာသင်ခေါင်းလောင်းသံလေးတွေ တညံညံမြည်လာအောင်၊
နောက်ဆုံးနေ၀င်ချိန်ရဲ့ ခိုကိုးရာပုတီးစိတ်ချိန်လေးတွေ လုံလုံခြုံခြုံဖြစ်အောင်။
ချို့တဲ့မှုမှန်သမျှရဲ့ ကွက်လပ်တွေထဲ ကရုဏာမြစ်ချောင်းအင်းအိုင်တွေ စီးဆင်းနိုင်အောင်
အဲဒီလိုမျိုး ခြောက်သွေ့နေတဲ့ဖုန်းဆိုးမြေတွေဆီ ရေလို နေလို အေးမြလင်းပအောင် အားထုတ်နေတဲ့ လမ်းစဉ် လျှောက်သူတွေ ရှိနေတာပါပဲလေ။


ဓမ္မမော်ဒန် “ ပြောတာကတော့ လှပါတယ်၊ အလုပ်ကိုတော့ စောင့်ကြည့်ရဦးမယ် ဓမ္မဂင်္ဂါဂုရုကြီးရယ်။ နောင်တစ်ချိန်ငါ့ရှင်ရဲ့ တံစက်မြတ်ဆီ ချဉ်းကပ်မိရင် အိပ်နေတဲ့ ဘဏ့်အကောင့်တွေနဲ့တော့ ကျုပ်ကို မခြိမ်းခြောက်ပါလေနဲ့ဗျာ။

ဓမ္မဂင်္ဂါ “ အဟေး ဟေး(ရယ်သံ) ရှေ့မှာ လမ်းပြနေတစ်ဆူ လတစ်မင်းတွေ ရှိတယ်လို့ပဲ ပြောရပါသေးလား ငါ့ရှင်ရယ်၊ ဓမ္မဂင်္ဂါ ဦးတည်ချက်တို့၊ ဓမ္မဂင်္ဂါအရေးတို့၊ ဓမ္မဂင်္ဂါအဓိဋ္ဌာန်တို့လည်း လူမြင်သူမြင် မထုတ်ပြန်ရ သေးပါလားဗျာ။

Read more...

ကျေနပ်စွာ စိုက်ပျိုးထားတဲ့ သစ်ပင်


စိတ်ဓါတ်တွေ နားနားနေနေရှိချင်တာ
တခါလည်း မဟုတ်
နှစ်ခါလည်း မဟုတ်
အခါပေါင်းများစွာ
စိတ်ဓါတ်တွေ လှဲကျင်းဖို့
ရောက်ရောက်လာကြ။

စိတ်ဓါတ်ကို အကဲလာစမ်းတာက
သံပရာသက်သက်သောက်ပြီး
သကြားမျိုထားတဲ့မျက်နှာနဲ့
ပြောပုံက လွတ်တော့ မလပ်
လပ်တော့ မလွတ်
ရှင်တော့ မသန်
သန်တော့ မရှင် ဆိုတာတွေ
ဟင့်အင်း မလိုချင်ဘူး။

သိပ်သိပ်သည်းသည်းနဲ့
လွတ်လပ်ရှင်သန်ခွင့်
ရှိနေပြီးသား
ဒါပေမယ့် တွေ့ထိခွင့်တော့ ပျောက်ဆုံးဆဲ
ဖြစ်ရမှာက အနားကို ခေါ်
ကြည်ကြည်နူးနူးလက်ဆွဲ
နှုတ်ဆက်ချင်သေးလို့
ရင်ဘတ်ထဲ
ရေချမ်းစိမ့်လေး သောက်ရသလို
ခံစားနေချင်တာပါ။

ဒီလိုမျိုး အတွက်
ယုံကြည်ထားတဲ့ စိတ်ဓါတ်တွေက
အလေ့ကျပေါက်နေတဲ့ အပင်မဟုတ်ဘူး
ဝန်းကျင်ပြောင်းလို့
လိုက်ပြောင်းနေရရင်
အစကတည်းက စိုက်မထားဘူး။

မနီးစပ်သေးတဲ့ သစ္စာတရားတွေ
မခံစားရသေးလည်း နေ
သစ္စာတရားကို မြတ်နိုးထားတာ
လုံလုံလောက်လောက်ပါပဲ
ရှင်သန်လို့ရသေးတယ်။

လျှောက်
ဆက်လျှောက်
ကြိုးစားပြီး လျှောက်
မယိုင်မလဲ တိုးပြီး လျှောက်
လွတ်လပ်ရှင်သန်းခြင်းပန်းတိုင်အထိ။


Read more...

“တရားဟောကောင်းတဲ့ ရခိုင်ဦးဇင်းလေး”

မန္တလေးသာသနတက္ကသိုလ်တွင် ရခိုင်ဦးဇင်းလေးတစ်ပါးသည် ပညာသင်ယူနေလေသည်။ တစ်နေ့ ၀ါတွင်းဥ ပုသ်တွင် နန်းရှေ့ဥပုသ်ဇရပ်မှ ထိုရခိုင်ဦးဇင်းလေးကို ပင့်လေသည်။ သို့ဖြစ်သဖြင့် ထိုဇင်းလေးကြွသွားကာ တ ရားဟောပါပြီ။ တရားဟောပြီးသောအခါ ဆုပေးလေသည်။ ဆုပေးဟန်ကား
“ဤကဲ့သို့ လှူဒါန်းကြရတဲ့ ကောင်းမှုကြောင့် ဥပုသ်သည်အပေါင်းသူတော်ကောင်းတို့သည် လူဖြစ်လျှင်လဲ လူ စိမ်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စိမ်းစိမ်းဖြစ်ကြကာ အဆုံးဘ၀နောက်ကာလ၌ ကြွက်တွင်းဝင်ကြကုန်ရာသတည်း။ ”ဟုဆုပေးလိုက်လေသည်။ ဥပုသ်သည်တို့သည်လည်း သာဓုတော့ခေါ်လိုက်ကြသည်။ သို့သော် မျက်နှာမသာ မယာနှင့်ပင်။ နောက်ရက် ထိုရခိုင်ကိုယ်တော်လေးနှင့် ရင်းနှီးသော မြန်မာကိုယ်တော်တစ်ပါးသည် နန်းရှေ့ အသိအိမ် တစ်အိမ်သို့ ရောက်သွားရာ ထိုအိမ်မှ ဒါယိကာမကြီးက
“ကိုယ်တော်တို့ တက္ကသိုလ်ကလို့ ပြောတာဘဲ ကိုယ်တော်တစ်ပါးတရားဟောသွားတာ နားကိုမလည်ဘူး၊ အသံ ကလဲ ၀ဲတဲတဲနဲ့ မြန်မာဦးဇင်းမဟုတ်ဘူးထင်ပါရဲ့၊ သူဆုပေးတာက 'ဤကဲ့သို့ လှူဒါန်းကြရတဲ့ ကောင်းမှုကြောင့် ဥပုသ်သည်အပေါင်းသူတော်ကောင်းတို့သည် လူဖြစ်လျှင်လဲ လူစိမ်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စိမ်းစိမ်းဖြစ်ကြကာ အဆုံးဘ၀နောက်ကာလ၌ ကြွက်တွင်းဝင်ကြကုန်ရာသတည်း။'ဟု ဆုပေးတယ်လေ။ တပည့်တော်တို့က လှူလဲ လှူရ သေးတယ်၊ လူဖြစ်လျှင်လဲ လူစိမ်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စိမ်းစိမ်း ဖြစ်ပါစေ လို့ဆုတောင်းပေးသွား တယ်လေ၊ တပည့်တော်တို့ကတော့ လူစိမ်းလဲ မဖြစ်ချင်ပါဘူး၊ နတ်စိမ်းလဲ မဖြစ်ချင်ပါဘူး၊ ပြီးတော့ ဒါတွင်ကမ သေးဘူး အဆုံးဘ၀နောက်ကာလ၌ ကြွက်တွင်းဝင်ကြကုန်ရာသတည်းတဲ့။ ကောင်းသေးရဲ့လားဦးဇင်းရယ်၊ ကြွက်တွင်းဝင်ခိုင်းပြန်ပြီး၊ အမလေးကြွက်တွင်းတော့မ၀င်ပါရစေနဲ့။ ဟု ညည်းညူကာ လျှောက်ထားလေသည်။ ဤတွင်မှ ရခိုင်ကိုယ်တော်လေးနှင့် အတူနေသော မြန်မာကိုယ်တော်လေးက ချက်ချင်းဘဲ သဘောပေါက်ကာ
“ဒကာမကြီး မနေ့က တရားဟောသွားတာ ဦးဇင်းရဲ့ သူငယ်ချင်းရခိုင်ကိုယ်တော်လေးပါ။ သူက မြန်မာစကားကို ပီသအောင် မပြောတတ်တော့ ဒကာမကြီးတို့က တစ်မျိုးထင်တာပေါ့။ သူဆိုလာတာက အဲဒီလိုမဟုတ်ဘူး၊ ဆိုလိုတာက
“ဤကဲ့သို့ လှူဒါန်းကြရတဲ့ ကောင်းမှုကြောင့် ဥပုသ်သည်အပေါင်း သူတော်ကောင်းတို့သည် လူဖြစ်လျှင်လဲ လူ စည်းစိမ်း နတ်ဖြစ်လျှင်လဲ နတ်စည်းစိမ်းတို့နှင့် ပြည့်စုံကြကာ အဆုံးဘ၀နောက်ကာလ၌ ကျွတ်တမ်းဝင်ကြကုန် ရာသတည်း။”ဟု ဆုပေးတာပါ ဒကာမကြီးရယ်၊ ထိုကိုယ်တော်လေးကို တစ်မျိုးမထင်ပါနဲ့။”ဟု ဘာသာပြန် ပြရလေသည်။ ထိုအခါမှ ဒါယကာမကြီးသည်လည်း
“အော် အဲဒီလိုလားဘုရား၊”ဟု နားလည်သွားကာ ကျေနပ်နှစ်သက်သွားလေသည်။
“အော် ရခိုင်ကိုယ်တော်လေးရေ ဘာသာပြန်ပါပေလို့ပေါ့၊ ဘာသာပြန်မပါလျှင်ကား နောက်နှစ်ဥပုသ်ဇရပ်နဲ့ တော့ဝေးရမှာကို မြင်ယောင်မိပါသေး၏၊“
0 comments

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP