* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, May 4, 2010

Selecting Tasks

There are three kinds of tasks:

the desirable, the suitable and the possible.

From the desirable tasks, suitable ones should be selected and carried out;

from suitable tasks too, possible ones should be selected and carried out.


from "Raindrops in Hot Summer"
Words of Advice from Sayadaw U Pandita

Compiled by Thamane Kyaw
Translated from Myanmar by U Kyaw Kyaw
Edited by Arannavasi

Read more...

အနီး - အဝေး, အတွင်း - အပြင်

ဟေတီတွင် ငလျှင်လှုပ်တော့ တရုတ်ပြည် စီချွမ်ငလျှင်လောက် စင်္ကာပူတွင် လှုပ်လှုပ်ရှားရှားမဖြစ်ခဲ့။ ထိုင်း, သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံမှာ လူပေါင်းများစွာ သေဆုံးခဲ့ရသည့် ဆူနာမီသည်လည်း နာဂစ်မုန်တိုင်းလောက် မြန်မာတို့ကို စိတ်ထိခိုက်စေခဲ့မည် မဟုတ်ပါ။ အကယ်၍ အင်္ဂါဂြိုဟ်ပေါ်တွင် အလွန်ပြင်းထန်သော စူပါမုန်တိုင်းများတိုက်၍ ငလျှင်အကြီးအကျယ် လှုပ်ခဲ့ပါက သတင်းခေါင်းကြီး တစ်ပုဒ်ဖြစ်လာပါမည်လော … ။ အဖြစ်အပျက်များ၏ အရေးပါမှုသည် ထိုအဖြစ်အပျက်တို့၏ ပမာဏအကြီးအသေးထက် မိမိတို့အပေါ် သက်ရောက်မှု အတိမ်အနက်နှင့် ပို၍ သက်ဆိုင်နေပါလိမ့်မည်။

“ရှမ်းပြည်နယ်စပ်မှ ရွာလေးတစ်ရွာတွင် အလောင်းစည်သူမင်း ဖောင်ဆိုက်ခဲ့ခြင်း ရှိ-မရှိ” ဟူသော ပြဿနာသည် သမိုင်းသဘောအရ အချက်အလက်မှန်ကန်မှု ရှိမရှိ စစ်တမ်းထုတ်သင့်သော ပြဿနာဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သမိုင်းအထောက်အထားများ, သိပ္ပံနည်းပညာများဖြင့် ဆန်းစစ်၍လည်း ရကောင်း, ရနိုင်ပါလိမ့်မည်။ သို့သော် ထိုအချက်အလက် မှန်ခြင်း, မှားခြင်းအတွက် မိမိတို့၏ ဘ၀တွင် အရေးပါသော အပြောင်းအလဲတစ်ခုတော့ ဖြစ်ပေါ်စေနိုင်မည် မဟုတ်။ ထိုသို့သော အမှန်တရားတို့အား Objective truth ဟုခေါ်သည်။ ဤနေရာတွင် Objective အား ဓမ္မဓိဋ္ဌာန်ဟု ဘာသာပြန်မည့်အစား ဗဟိဒ္ဓအမှန်တရားဟု (စကားလုံးအသုံးအနှုန်းကြောင့် အဂတိမရောက်စေရန်) ပြန်ကြည့်ချင်ပါသည်။ Object သည် အသိခံ အာရုံဖြစ်သည်။

အကယ်၍ ဆေးစစ်ချက်တစ်ခုအရ “မိမိတွင် ဦးဏှောက်ကင်ဆာ ဖြစ်နေသည်” ဟု သိရသော အချက်အလက်မျိုးသည်လည်း သိပ္ပံနည်းပညာများဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ စမ်းသပ်သက်သေပြနိုင်သော ဗဟိဒ္ဓအမှန်တရားမျိုး ဖြစ်ပါသည်။ သို့သော်လည်း ထိုအချက်အလက်မှားခြင်း, မှန်ခြင်းသည် “ငါ ဘာလုပ်ရမလဲ၊ ငါ ဘာလုပ်သင့် သလဲ” ဟူသော မေးခွန်းအား ဖြေဆိုရန် တောင်းဆိုလာသည့် ပြဿနာဖြစ်သည်။ မိမိတို့၏ ဘ၀တွင် မည်သို့နေထိုင်သွားမည်, မည်သို့ရင်ဆိုင်သွားမည်ဟူသော အသိတရားသည် အမေးတူသည့်တိုင် လူတစ်ဦးချင်းစီအလိုက် အဖြေမတူညီနိုင်သည့် ပြဿနာများ ဖြစ်သည်။ ထိုအဖြေတို့၏ အမှန်အမှားသည် မိမိတို့၏ ဘ၀အရွေ့အပြောင်းကို လမ်းကြောင်းပေးနေကြသည်။ ထိုအမှန်တရားတို့အား Subjective truth ဟုခေါ်ပါသည်။ ပုဂ္ဂလဓိဋ္ဌာန်ဟု ပြန်လေ့ရှိကြသော်လည်း အဇ္ဈတ္တိကအမှန်တရားဟု ပြန်ကြည့်ပါမည်။ စင်စစ် အဇ္ဈတ္တိက (အတွင်း) ဟူသော စကားသည်လည်း “အတ္တကို ထောက်ဆ၍ သိသော (အဇ္ဈတ္တိက = အဓိ + အတ္တ + ဣက)” ဟုအဓိပ္ပါယ်ရပါသည်။ Subject သည် ပုထုဇဉ်တို့က အတ္တဟု စွဲယူထားကြသော သိစိတ် အာရမ္မဏိကဖြစ်သည်။

ဗဟိဒ္ဓအမှန်တရားများ, အချက်အလက် အသိအမြင်များ, သိပ္ပံအသိအမြင်များသည် သူ့နေရာနှင့်သူ အလွန် အရေးပါကြသော်လည်း အဇ္ဈတ္တိကအမှန်တရားများ, အတွင်းသိအမြင်များလောက် ဘ၀အတွက် သေရေးရှင်ရေးတမျှ အရေးမကြီးလှပါ။ ဖြစ်တည်မှုဝါဒီတို့က ထိုအချက်ကို သိမြင်ကြသည်။ မိမိတို့၏ ဘ၀နေရေး သေရေးအတွက် ဦးဆောင်လမ်းပြနိုင်မည့် အမှန်တရားကို ရှာဖွေရန် ကြိုးစားခဲ့ကြသည်။ Scientific method တွင် ဘ၀ပြဿနာတို့၏ အဖြေအား ပြင်ပအာရုံပိုင်း, ရုပ်ပိုင်းတွင် ရှာဖွေကြသည်။ ဖြစ်တည်မှုဝါဒီတို့၏ phenomenological method တွင် ဘ၀ပြဿနာ၏ အဖြေအား အတွင်းအာရမ္မဏိကပိုင်း, စိတ်ပိုင်းတွင် ရှာဖွေကြသည်။

“To find a truth which is true for me, to find the idea for which I can live and die.” (Søren Kierkegaard)
-------
“ငါ့မှာ နှလုံးသား ရှိတယ်။ ငါကိုယ်တိုင် ခံစားနိုင်လို့ ရှိတယ်လို့ ကောက်ချက်ချတယ်။ ဒီလောကကြီးလည်း ရှိတယ်။ ငါကိုယ်တိုင် ထိတွေ့သိနိုင်လို့ ဒီလောကကြီး ရှိတယ်လို့ သိနိုင်ပြန်ပါတယ်။ ငါ့ အသိတရားအားလုံးက ဒီတင် ရပ်သွားသည်။ ကျန်တာတွေက လုပ်ကြံထားတဲ့ အသိတွေပါ။ ငါ သေခြာပေါက်ပြောခဲ့တဲ့ ငါ့ကိုယ် ငါ ဖမ်းဆုပ်ဖို့ အဓိပ္ပါယ်ဖွင့်ဆိုဖို့ ကြိုးပမ်းလိုက်တဲ့အခါ၊ ငါ့ရဲ့ လက်ချောင်းတွေအကြား စီးဝင်သွားတဲ့ အရည်တစ်ခုထက် မထူးခြားတော့။ … ငါ့ရဲ့ စိတ်နှလုံးဟာ ငါ့အတွက်တော့ အဓိပ္ပါယ် ဖွင့်ဆိုရ ခက်ခဲနေဆဲပါပဲ။ … ငါဟာ ငါ့အတွက်တော့ အမြဲတမ်း တစိမ်းပြင်ပြင် ဖြစ်နေခဲ့တယ်။ သူတို့ရဲ့ ကြမ်းတမ်းမှုတွေကို တွေ့ထိကြည့်နိုင်တဲ့ သစ်ပင်တွေ, သူတို့ရဲ့ အရသာကို ငါ ခံစားကြည့်နိုင်တဲ့ ရေတွေ, … မြက်ခင်းစိမ်းစိမ်းရဲ့ ရနံ့တွေ, ကြယ်တာရာတွေ, ညချမ်းတွေ, ငါ့စိတ်ကို ပေါ့ပါးစေခဲ့တဲ့ ညနေခင်းတွေ, … သူတို့တွေရဲ့ အင်အားတွေကို ငါကိုယ်တိုင်ခံစားသိမြင်နေလျှက်နဲ့ ဒီလောကကြီးကို ဘယ်လို ငြင်းဆန်နိုင်ပါ့မလဲ…။ ဒါပေမယ့် ဒီကမ္ဘာမြေမှာရှိသမျှ သိပ္ပံပညာတွေအားလုံးက ဒီလောကကြီးဟာ ငါ့ရဲ့ လောကကြီးပါဆိုတဲ့ သေခြာမှုမျိုးကို မပေးနိုင်ပါဘူး။ (Camu – The Myth of Siyphus)

ဘ၀ပြဿနာ၏ အဖြေကို ပြင်ပအချက်သိများတွင် မရှာပဲ၊ အဇ္ဈတ္တသို့ နှိုက်၍ ရှာဖွေသောအခါ ဖြစ်တည်မှုဝါဒီတို့ တွေ့မြင်သည်ကား အဖြေမဟုတ်။ ဒွိဟပြဿနာတစ်ခုသာ ဖြစ်နေသည်။ ကမူးအတွက် မိမိကိုယ်တိုင်သည် မိမိအတွက် “အပြင်လူ” ဖြစ်နေသည်။ အသိစိတ်သည် ရုပ်တရားကြီးကဲ့သို့ ဟိုဟာ, ဒီဟာ ညွှန်ပြ၍ မရ အမြဲ အငြင်းသဘောဆောင်နေသည့် နတ္ထိတရား (Nothingness) ဖြစ်နေသည်။ ဤသို့ ဆုပ်ကိုင်မရသည်ကိုပင် သူတို့က လွတ်လပ်မှုဟု ကြွေးကြော်ကြသည်။ သို့သော် သူတို့၏ လွတ်လပ်မှုသည် ချမ်းသာသုခနှင့် ယှဉ်သော လွတ်လပ်မှုမျိုးကား မဟုတ်။ စိုးရိမ်မှု သောကများနှင့် ပြည့်နှက်နေသော ဒဏ်ခတ်ခံရသည့် လွတ်လပ်မှုမျိုးဖြစ်သည်။

ဗုဒ္ဓမြတ်စွာဒေသနာအရ အတ္တမဟုတ်ဟု သိမြင်သောအမြင်သည် မှန်ကန်သောအမြင်ဖြစ်သည်။ သို့သော်လည်း ဖြစ်တည်မှုဝါဒီတို့၏ အတ္တ ပျောက်ဆုံးနေမှုသည် အနတ္တအမြင် အစစ်မဟုတ်။ “နတ္ထိ မေ အတ္တာတိ - ငါ့အား အတ္တ မရှိ” ဟူသော အတ္တဖြင့် အနတ္တကို ရှုမြင်သော အယူဖြစ်နေသည်။ ဖြစ်တည်မှုဝါဒီတို့ကို မဆိုထားလင့် ဘုရားရှင်လက်ထက်က အရှင်ဆန္နမထေရ်သည်ပင် “အနိစ္စ, ဒုက္ခ, အနတ္တ” ဟု ရှုပွားလျှက်ပင် “အထ ကော စရဟိ မေ အတ္တာတိ - သို့ဆိုလျှင် ငါ၏ အတ္တသည် အဘယ်နည်း” ဟု ပြန်၍ စိတ်လည်ကာ တရားမရ ဖြစ်ရသည်။ အသိစိတ် အာရမ္မဏိကတရားတို့ ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းမှန်ကို မသုံးသပ်နိုင်၍ ဖြစ်သေည်။ အတွင်း အာရမ္မဏိကတရားတို့အား ကပ်ငြိနေ၍ ဖြစ်သည်။ ဗုဒ္ဓဘာသာအရ အမှန်တရား ရှာဖွေခြင်းသည် ဗဟိဒ္ဓအာရုံပိုင်းနှင့် အဇ္ဈတ္တိက, လောကနှင့် အတ္တ, အတ္တနှင့် အတ္တနိယ, ရှိခြင်းနှင့် မရှိခြင်းစသော အစွန်းတရားများတွင် မကပ်ငြိသည့် မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြစ်သည်။

အရာရာအား ငါ (အတ္တ), ငါနှင့် ပတ်သက်သောအရာ (အတ္တနိယ) မဟုတ်ဟု နှလုံးသွင်းနိုင်ပါက စိုးရိမ်ခြင်း, ကြောက်ရွံခြင်း, စိတ်မချမ်းမြေ့ခြင်း မရှိနိုင်တော့ပါ။ လူတို့သည် ဇေတ၀န်ကျောင်းမှ အမှိုက်တို့အား ယူဆောင်၍ မီးရှို့ကြပါက ငါ့တို့၏ အမှိုက်များအား ယူကြလေခြင်း, မီးရှို့ကြလေခြင်းဟု စိတ်နှလုံးမသာမယာ ဖြစ်ကြမည်မဟုတ်။ ထို့အတူပင် ခန္ဓာငါးပါးတို့အား အတ္တမဟုတ်, အတ္တနိယမဟုတ်ဟု ပယ်စွန့်နိုင်ပါက ချမ်းသာမှုကိုရကြမည်ဟု နတုမှာကသုတ်တွင် ဟောကြားထားသည်။ ရဟန္တာအရှင်မြတ်တို့၏ စိတ်သည်ကား ဘ၀အနိမ့်အမြင့်များ, လောကဖြစ်ရပ်များအားလုံးအား အင်္ဂါဂြိုဟ်ပေါ်မှ စူပါမုန်တိုင်းတိုက်ခတ်မှုများပမာ အတ္တ, အတ္တနိယတို့ဖြင့် မငြိတွယ်သောအမြင် ထားရှိနိုင်ကြပါသည်။

မှတ်ချက်။ ဒီပို့စ်ပါအချက် အချို့ကို “အတ္တရုပ်ကြွင်းအား တူးဆွခြင်း” လို့ရေးခဲ့ ဖူးပါတယ်။ ရေးဖို့စိတ်ကူးထားတဲ့ စာတမ်းကတော့ ချ မရေးဖြစ်သေးပါ။
စာညွန်း
မ-၁-၁၉၊ မူလပဏ္ဏာသ၊ မူလပရိယာယ၀ဂ်၊ သဗ္ဗာသ၀သုတ်
သံ-၃-၉၀၊ ခန္ဓသံယုတ်ပါဠိတော်၊ ခန္ဓသံယုတ်၊ ထေရ၀ဂ်၊ ဆန္နသုတ်
သံ-၃-၃၃၊ ခန္ဓသံယုတ်ပါဠိတော်၊ ခန္ဓသံယုတ်၊ နတုမှာက၀ဂ်၊ နတုမှာကသုတ်

Read more...

နွေဦးလုပ်အားဒါန (၁-မေ-၂၀၁၀)

၂၀၁၀ ခုနှစ် မေလ ၁ ရက် စနေနေ့၌ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် နွေဦးလုပ်အားဒါနပေးပွဲကို ဆက်လက် ပြုလုပ်၏။

မဟာစည်သတိပဋ္ဌာန်ရိပ်သာဝင်းအတွင်း မြက်ရိတ်ခြင်း၊ စိုက်ပျိုးထားသော ခြံစည်းရိုးသစ်ပင်ကြီးများအား ရေလောင်းခြင်း၊ အရံစေတီတော်များအကြားရှိ ဗုဒ္ဓရုပ်ပွားတော်များ၏ တံကဲများတပ်ဆင်ခြင်း၊ ခြင်္သေ့ရုပ်ကြီးများ၏ ရှေ့တွင် ကမ္ဗည်းထိုးရန် ပြင်ဆင်ခြင်း၊ ပလ္လ္လင်ခုံပတ်လည်တွင် အလှဆင်မည့် အင်္ဂတေကနုတ်ပန်းများ အချောသတ်ခြင်း၊ ဆေးသုတ်ခြင်း စသည်တို့ကို စုပေါင်း၍ လုပ်အားဒါန ပေးလှူကြပါသည်။

+++++

ဆရာတော်များအား ဆွမ်းကပ်ပြီး၊ လုပ်အားပေးနိုင်ဖို့အတွက် .....




မြက်ရိတ်မယ်




နေပူတော့ ရွက်ဖျင်တဲထိုးမှ တော်မယ်





လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်နဲ့ ပတ်သက်ပြီး



ဗုဒ္ဓရုပ်ပွားတော်၏ တံကဲ တပ်ဆင်





အင်္ဂတေကနုတ်ပန်းများ အချောသတ်







ခြင်္သေ့ကြီးရဲ့ရှေ့မှာ ကမ္ဗည်းတင်ဖို့



အင်္ဂတေကနုတ်ပန်းအတွက်










အဆာပြေ စားနိုင်ဖို့



အမှတ်တရ .....




0 comments

Read more...

ဥစ္စာမမက် တရားမက်သော အရှင်မ အပိုင်း-၁ အဆက်

0005052Kph0.jpg

အပူတော၌ နစ်မျောနေသော ပုဏ္ဏားကြီးသည် အမှောင်ထုထဲ၌ အလင်းရောင်ကို မြင်ရသူအလား ဝမ်းမြောက် ဝမ်းသာ ဖြစ်ရ၏။

“အရှင်မ၊ အဲဒီကို အကျွန် သွားမယ်၊ မြတ်စွာဘုရားဟာ ငါ့ရဲ့ ပူဆွေးသောက ကင်းအောင် လုပ်ပေးနိုင်မယ် ထင်တယ်”

ပြောပြောဆိုဆိုပင် ပုဏ္ဏားသည် ရထားထိန်းကို ခေါ်သည်။ ရထား အပြင်ခိုင်းသည်။ ယူသင့်ယူရာ ဆောင်သင့် ဆောင်ရာများကို အပြေးအလွှား သည်ပိုးကာ မိဓိလာပြည်သို့ ထွက်လာခဲ့လေ၏။

ခရီးတစ်လျှောက်တွင် ပုဏ္ဏား၏ စိတ်ကို မြတ်စွာဘုရားသာ လွှမ်းခြုံနေသည်။

“အလုံးစုံသော တရားကို အလိုလို ကိုယ်တော်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရား။ ပူဇော် အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား”

သုဇာတ ပုဏ္ဏားသည် ထိုသို့ တတွတ်တွတ် ရွတ်လာသည်။ ‘မြတ်စွာဘုရား ကြွသွားတော် မူမှဖြင့်’ ဟူသည့် ကြောင့်ကြမှု ဝင်လာသော်လည်း စိတ်အား ထက်သန်မှု ဆုတ်နစ်မသွားချေ။

လူ နတ် ဗြဟ္မာ တို့အား ခေမာသောင်သို့ ဆောင်ပို့ တော်မူသော မြတ်စွာဘုရားကို ပုဏ္ဏားသည် အဝေးမှ ဖူးမြော်ရ၏။ ဤကား ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားတည်းဟု ပုဏ္ဏား သိသည်။ သင့်တင့်ရာ အရပ်တွင် ထိုက်လျက် ရိုသေစွာ ရှိခိုးသည်။

ဝဋ်ဆင်းရဲ ဟူသော ရေအလျဉ်၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူပြီးသော မြတ်စွာဘုရားသည် အပူသည် ပုဏ္ဏားအား သစ္စာလေးပါး တရားကို ဟောကြားတော်မူလေ၏။

ပုဏ္ဏားမှာ……..
ဒုက္ခသစ္စာကို လည်းကောင်း
ဒုက္ခ၏ အကြောင်းဖြစ်သော တဏှာဟု ဆိုအပ်သည့် သမုဒယသစ္စာကို လည်းကောင်း၊
ဝဋ်ဆင်းရဲ၏ လွန်ရာဖြစ်သည့် နိဗ္ဗာန်ဟု ဆိုအပ်သော နိရောဓသစ္စာကို လည်းကောင်း၊

မြတ်သော အင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံသည့် ဒုက္ခ၏ ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မဂ္ဂသစ္စာကို လည်းကောင်း၊

နာကြားရပြီးသည့် အဆုံး၌ အပူငြိမ်းလေ၏။ အပူငြိမ်းခြင်းသည် သူတော်ကောင်း တရားကို သိပြီးသောကြောင့် ဖြစ်၏။ ထို့ကြောင့် ‘အရှင်ဘုရား၊ တပည့်တော်အား ရဟန်းပြုတော်မူပါ ဘုရား’ ဟု ရိုသေစွာ လျှောက်ထားလိုက်လေ၏။

(ဥစ္စာမမက် တရားမက်သော အရှင်မ အပိုင်း-၂ ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။

Read more...

ကိုယ့်ဘ၀ ကိုယ်ဖန်တီးပါတယ်... ၆ (ဓမ္မဒူတ) ရုပ်သံ


ဒေါက်တာ အရှင်ဆေကိန္ဒ (ဓမ္မဒူတ)
ဟောကြားတော်မူအပ်သော


ကိုယ့်ဘ၀ ကိုယ်ဖန်တီးပါတယ် တရားတော် ၆


Read more...

You are the one!

Grab your weapons that are necessary for your battle of life …
Stand on your own foot by yourself …

And practice till you are skilful enough to defeat your competitor …
You should never leave your seat …

Put on the audience with your great talent …
And then show off …
The only thing you need is faith …

You wish you could do like your prime generation …
Let’s have a world in a gaze to you …
And then leave the whole crowd in awe …

I could swear … you are the one!

Read more...

ဝတ်လာသော သင်္ကန်းကို မတရား အလှူခံခြင်း...


စီဝရပဋိဂ္ဂဟဏသိက္ခာပုဒ် - (စီဝရ=သင်္ကန်း။ ပဋိဂ္ဂဟဏ=ခံယူခြင်း၊ ၀န်ခံခြင်း)
သည်ကိုယ်တော် တော်တော်ဆိုး...
ဘိက္ခုနီမ ထံမှ အောက်ပိုင်းဝတ်တဲ့ သင်းပိုင်များ အလှူခံရတယ်လို့...
ဘာလုပ်ချင်လို့များပါလိမ့် ဥဒါယီ...

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ရှဥ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသော အခါ ဥပ္ပလဝဏ် ဘိက္ခုနီမသည် သာဝတ္ထိမြို့၌ နေ၏။

ထိုအခါ ဥပ္ပလဝဏ်ဘိက္ခုနီမသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် သာဝတ္ထိမြို့သို့ ဆွမ်းအလို့ငှါ ဝင်၏၊ သာဝတ္ထိမြို့၌ ဆွမ်းအလို့ငှါ လှည့်လည်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းစားဇရပ်မှ ဖဲခွါပြီးလတ်သော် နေ့သန့်စင်ရာအလို့ငှါ အန္ဓဝန်တောသို့ ချဉ်းကပ်၏၊ အန္ဓဝန်တောသို့သက်ဝင်ပြီးနောက် သစ်ပင်ရင်းတစ်ခု၌ နေ့သန့်စင်ရန် ထိုင်၏၊ ထိုအခါ ခိုးမှုကို ပြုပြီးသောခိုးသူတို့သည် နွားကို သတ်ပြီး၍ အမဲသားကို ယူကာ အန္ဓဝန်(အန္ဓ=အကန်း)တောသို့ ဝင်ကုန်၏။

ခိုးသူကြီးသည် သစ်ပင်ရင်းတစ်ခု၌ နေ့သန့်စင်လျက် ထိုင်နေသော ဥပ္ပလဝဏ် ဘိက္ခုနီမကို မြင်လတ်သော် ''အကယ်၍ ငါ၏ သားများ ညီငယ်များ မြင်ကြပါမူ ဤဘိက္ခုနီမကို ညှင်းဆဲကြလိမ့်မည်''ဟု ကြံစည်၍ အခြားလမ်းဖြင့် သွား၏၊ ထိုအခါ ခိုးသူကြီးသည် အမဲသားကျက်လတ်သော် ကောင်းမြတ်သော အမဲသားတို့ကို ယူ၍ ဖက်ဖြင့် ထုပ်ပြီးလျှင် ဥပ္ပလဝဏ် ဘိက္ခုနီမ၏အနီး သစ်ပင်ရင်း၌ ဆွဲပြီးနောက် ''အကြင်ရဟန်း ပုဏ္ဏားသည် မြင်၏၊ ထိုသူအား ပေးလှူအပ်သည်သာတည်း၊ ဆောင်ယူစေ'' ဟု ဆို၍ ဖဲသွား၏။
ခိုးသူကြီး၏ ဘိက္ခုနီမအပေါ် မဖျက်ဆီးလိုသော စိတ်ဓါတ်... သူတစ်ပါး ဖျက်ဆီးမည်ကို မလိုလားသော စိတ်ဓာတ်... အလှူခံမြင်လျှင် လှူဒါန်းလိုသော စိတ်ဓာတ်... ငါလှူတာကွ ဆိုတဲ့ ဂုဏ် မယူချင်တဲ့ စိတ်ဓာတ်... တို့သည် လေးစားဖွယ် အတုယူဖွယ် ဖြစ်ပေသည်... မိမိတို့တစ်တွေ ခိုးသူကြီးထက် သာသင့်ပေသည်...

ဥပ္ပလဝဏ် ဘိက္ခုနီမသည်...
သမာဓိမှ ထလတ်သော် ခိုးသူကြီးပြောဆိုသော ဤစကားကို ကြား၏၊

ထိုအခါ ဥပ္ပလဝဏ်ဘိက္ခုနီမသည် ထိုအမဲသားကို ယူ၍ ဘိက္ခုနီမကျောင်းသို့ သွား၏၊ ဥပ္ပလဝဏ်ဘိက္ခုနီမသည် ထိုညဥ့်ကုန်လွန်သော အခါ၌ အမဲသားကို စီရင်၍ အပေါ်ရုံ 'ဧကသီ' ဖြင့် အထုပ်ကို ဖွဲ့ပြီးလျှင် ကောင်းကင်သို့ ပျံတက်၍ ဝေဠုဝန်ကျောင်း၌ ရှေးရှုရပ်တည်လေ၏၊
သမထကို ကျွမ်းကျင် နိုင်နင်းစွာ ပွားများထားသည်ရှိသော် အဝေးက အသံကိုလည်း ကြားနိုင်၏... သူတပါးအကြံအစည်ကိုလည်း သိနိုင်၏... မြေရှိုးမိုးပျံ လိုသလို လုပ်နိုင်ကြပေသည်... ဤအရှင်မသည်ကား တန်ခိုးကြီးပေစွ... ကျွန်ုပ်တို့အနီးမှာများ ဤအရှင်မလို ပုဂ္ဂိုလ်မျိုး ရှိခဲ့သော်... အတော်ရှက်စရာ ကောင်းပေဦးမည်... တွေးလိုက်သည့်အတွေးများ မိုးလင်းမှ မိုးချုပ်... (၀၀၀)။ သူတော်ကောင်းတရားများ ကျင့်ရပေဦးမည်...

ထိုအခါ မြတ်စွာဘုရားသည် ရွာတွင်းသို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏၊

အသျှင်ဥဒါယီသည် ကျောင်းစောင့် ကျန်ရစ်၏၊

ထိုအခါ ဥပ္ပလဝဏ်ဘိက္ခုနီမသည် အသျှင်ဥဒါယီထံသို့ ချဉ်းကပ်၍ အသျှင်ဥဒါယီအား-

''အသျှင်ဘုရား မြတ်စွာဘုရား အဘယ်မှာပါနည်း''ဟု လျှောက်၏။
နှမ မြတ်စွာဘုရားသည် ရွာတွင်းသို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏ဟု ပြော၏။
အသျှင်ဘုရား ဤအမဲသားကို မြတ်စွာဘုရားအား လှူပါလော့ဟု လျှောက်၏။
နှမ သင်သည် မြတ်စွာဘုရားကို အမဲသားဖြင့် နှစ်သိမ့်စေအပ်ပြီ၊ အကယ်၍ သင်သည် ငါ့အား သင်းပိုင်ကို လှူပါမူ ငါ့ကိုလည်း သင်းပိုင်ဖြင့် နှစ်သိမ့်စေပြီးဖြစ်ရာ၏ဟု ပြော၏။ အသျှင်ဘုရား အကျွန်ုပ်တို့ မာတုဂါမတို့မည်သည် လာဘ်လာဘ ရှားပါးကြပါကုန်၏၊ ဤသင်္ကန်းသည်လည်း အကျွန်ုပ်၏ နောက်ဆုံးငါးထည်မြောက် သင်္ကန်းပါတည်း၊ အကျွန်ုပ်သည် မလှူနိုင်ပါဟု လျှောက်၏။
သည်ကိုယ်တော် တော်တော်စုတ်ပဲ့သည်... လာဘ်လာဘ ရှားပါးသော ဘိက္ခုနီ ထံမှ အလှူခံနေပေသည်... ခံသည့်အလှူကလည်း သင်္ကန်း အပေါ်တစ်ထည် အောက်တစ်ထည်သာ ရှိသူထံမှ အောက်ပိုင်းတစ်ထည်ကို အလှူခံနေ၏...
ဘယ်လိုစိတ်ကူးမျိုးပါလိမ့်... သိလိုပါက...

နှမ ဥပမာအားဖြင့် ယောက်ျားသည် ဆင်ကို လှူပြီး၍ ခါးဖွဲ့ကြိုး၌ ငြိကပ်ရာသကဲ့သို့၊ ဤအတူပင်သင်သည် မြတ်စွာဘုရားအား အမဲသားကို လှူပြီး၍ ငါ့အား သင်းပိုင်ကို မလှူရက်ဟု ပြော၏။
အလှူခံတစ်ချို့သည် အရှင်ဥဒါယီကဲ့သို့ပင် အလှူရှင်အပေါ်တွင် စကားဖြင့် မလှူပဲ မနေနိုင်အောင် နှိပ်စက်၍ အလှူခံတတ်ကြပေသေးသည်... မြတ်ဗုဒ္ဒ နှစ်သက်တော်မမူ ရှောင်ရှားသင့်ပေသည်...

ထိုအခါ ဥပ္ပလဝဏ် ဘိက္ခုနီမသည် အသျှင်ဥဒါယီ အတင်းအကြပ် ပြောအပ်သည်ဖြစ်၍ သင်းပိုင်ကိုလှူပြီးလျှင် ဘိက္ခုနီမကျောင်းသို့ သွား၏၊ ဘိက္ခုနီမတို့သည် ဥပ္ပလဝဏ် ဘိက္ခုနီမ၏ သပိတ်သင်္ကန်းကို လှမ်းယူကြလျက် ဥပ္ပလဝဏ် ဘိက္ခုနီမကို ''အသျှင်မ အသျှင်မ၏ သင်းပိုင်သည် အဘယ်မှာနည်း'' ဟု ဆိုကြကုန်၏။

သည်ဘိက္ခုနီမ အောက်ပိုင်းဝတ် သင်းပိုင်မပါပဲလာတယ်ဆိုတော့... ဧကန္တ ဆိုပြီး စာဖတ်သူများက တွေးနေကြဦးမည်... သည်လိုမှတ်ပါ အပေါ်ပိုင်း ဧကသီကို တစ်ကိုယ်လုံး လုံခြုံစွာပတ်၍ ကြွလာသည်လို့ မှတ်ခဲ့ပါ... ဘိက္ခုတွေလည်း မကောင်း ဘိက္ခုနီတွေလည်း မကောင်းဟု မထင်ကြစေကုန်...

ဥပ္ပလဝဏ် ဘိက္ခုနီမသည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏၊ ဘိက္ခုနီမတို့သည် ''အသျှင်ဥဒါယီသည် ဘိက္ခုနီမ၏ သင်္ကန်းကို အဘယ့်ကြောင့် ခံယူဘိသနည်း မာတုဂါမသည် လာဘ်ရှားပါး၏'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထိုအခါ ထိုဘိက္ခုနီမတို့သည် ရဟန်းတို့အား ဤအကြောင်းကို လျှောက်ကြကုန်၏၊ အလိုနည်းသော ရဟန်းတို့သည် ''အသျှင်ဥဒါယီသည် ဘိက္ခုနီမ၏ သင်္ကန်းကို အဘယ့်ကြောင့် ခံယူဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏၊ ထိုအခါ ထိုရဟန်းတို့သည် အသျှင်ဥဒါယီကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။

''ဥဒါယီ သင်သည် ဘိက္ခုနီမ၏ သင်္ကန်းကို ခံယူ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဥဒါယီ သင်နှင့် ဆွေမျိုးတော်စပ်သလော၊ ဆွေမျိုးမတော်စပ်သလောဟု မေးတော်မူရာ။ မြတ်စွာဘုရား ဆွေမျိုးမတော်စပ်ပါဟု လျှောက်၏။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဆွေမျိုးမတော်စပ်သော ယောက်ျားသည် ဆွေမျိုး မတော်စပ်သော မိန်းမ၏ သင့်တင့်သည်ကို လည်းကောင်း၊ မသင့်တင့်သည်ကို လည်းကောင်း၊ ရှိသည်ကို လည်းကောင်း၊ မရှိသည်ကို လည်းကောင်း မသိနိုင်၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ထိုသင်သည် ဆွေမျိုးမတော်စပ်သော ဘိက္ခုနီမ၏ လက်မှ သင်္ကန်းကို ခံယူဘိ၏၊ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျား ဤ သင်ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညို စေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 508

"ပထမပညတ်သိက္ခာပုဒ်နှင့် အနုပညတ်သိက္ခာပုဒ်"

''အကြင် ရဟန်းသည် ဆွေမျိုးမတော်စပ်သော ဘိက္ခုနီမ၏ လက်မှ သင်္ကန်းကို ခံယူငြားအံ့၊ ထိုရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ 509

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

နိဿဂ္ဂိပါစိတ်= (နိဿဂ္ဂိယ= စွန့်လွှတ်ရမည်။ ပါစိတ်=ကုသိုလ်စိတ်မှ လျောကျ) မလျော်သောအမှုကိုပြုလျှင် လူများကလည်း ကဲ့ရဲ့ကြသည်... ရဟန်း ရဟန်းမများကလည်း ကဲ့ရဲ့ကြသည် မြတ်ဗုဒ္ဓမှလည်း ကဲ့ရဲ့ပါသည်... သို့ကြောင့် ယခုအခါ ၀ိနည်းစည်းကမ်း ထုတ်ပြီးနောက် ဖေါက်ဖျက်ခဲ့သော် သင်တို့ များများ ကဲ့ရဲ့ကြပါလေ... သို့မှ ကျွန်ုပ်တို့ ရှက်သင့်သလောက် ရှက်ပြီး ပြုပြင်ကြပေလိမ့်မည်... သင်တို့ မကဲ့ရဲ့ပဲ မြှောက်ပေးနေပါက လည်းကောင်း... အူတူတူ အတတ လုပ်နေပါက လည်းကောင်း... ငါနဲ့မဆိုင် ဆိုပြီး ဖာသိဖာသာ နေကြပါက လည်းကောင်း ဗုဒ္ဓသာသနာ သက်တမ်း တိုပေလိမ့်မည်... ဗုဒ္ဓဘာသာဝင်များအပေါ် တာဝန်ရှိပေသည်...

ထိုအခါ ရဟန်းတို့သည် တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ကြ၍ ဘိက္ခုနီမတို့၏ လဲလှယ် 'ဖလှယ်' သော သင်္ကန်းကို မခံယူကြကုန်။ ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်တို့သည် ငါတို့၏ လဲလှယ်သော သင်္ကန်းကို မခံယူကုန် ဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုဘိက္ခုနီမတို့၏ စကားကို ကြားကြသည်သာတည်း။

သူတော်ကောင်းများသည် စည်းကမ်း အပြည့်အစုံ မထုတ်ရသေးသည့်အတွက် သံသယရှိသော အမှုကို မလုပ်ကြပါပေ... ကြည်ညိုဖွယ် ကောင်းပါပေသည်... ၀ိနည်းစည်းကမ်း ထုတ်ပြီဟု သိသည်နှင့် တစ်ပြိုင်နက် သည်လို သူတော်ကောင်းများ ၀ိနည်းကို ကျော်၍ ကိလေသာ ထူထူဖြင့် ကျူးလွန်မည် မဟုတ်တော့ပေ... (ဘုရားမှလွဲ၍ အာပတ်သင့်သေးဆိုတာ... ထားတော့)

ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောပြောတော်မူ၍ ရဟန်းတို့ကို ''ရဟန်းတို့ ရဟန်း၊ ဘိက္ခုနီမ၊ သိက္ခမာန် သာမဏေ၊ သာမဏေမဟူသော ဤသီတင်းသုံးဖေါ် ငါးဦးတို့၏ လဲလှယ်သော သင်္ကန်းကို ခံယူခြင်းငှါ ခွင့်ပြုသည်''ဟု မိန့်တော်မူ၏။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 510

''အကြင် ရဟန်းသည် ဆွေမျိုးမတော်စပ်သော ဘိက္ခုနီမ၏ လက်မှ သင်္ကန်းကို လဲလှယ်သည်မှ တစ်ပါး ခံယူငြားအံ့၊ ထိုရဟန်းအား နိဿဂ္ဂိ ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ ဟု မိန့်တော်မူ၏။ 511

၅ - စီဝရပဋိဂ္ဂဟဏသိက္ခာပုဒ်၊ စီဝရ၀ဂ်၊ နိဿဂ္ဂိယပါစိတ်အခန်း၊ ပါရာဇိကဏ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။ သာဓု... သာဓု... သာဓု...။

Read more...

မေလ (၄) ရက်နေ့ တရားအစီအစဉ်

မြန်မာစံတော်ချိန် ၀၃း၃၀ နာရီမှ ၁၀း၃၀ နာရီ ထိ ...
ကြာနီကန်ဆရာတော် ဦးဇဋိလ ဟောကြားတော်မူသော ...
၁) မေမေနှင်ထုတ်တေးတပုဒ်၊
၂) ၀ိသာခတရားတော် အပိုင်း (၁)၊ (၂) နှင့် (၃)၊
၃) လေးမည်သိဒ္ဓိတရားတော် အပိုင်း (၁) နှင့် (၂)၊


ကျန်ရှိနေသော တရားတော်များကို ဆက်လက်ဖော်ပြပါမည်။

Read more...

အန္နသုတ်... ကဗျာ

အန္နသုတ်
(ပါ-၃၀+မြန်-၂၉)

နတ်လူနှစ်မျိုး လိုရှိရိုး မြတ်နိုးတောင့်တ ထမင်းပ။
ထမင်းကိုကား မတောင့်တငြား နတ်ကားမည်သည် မရှိပါ။
နတ်လူတောင့်တ ထမင်းပ လှူကြယုံယုံကြည်ကြည်ပါ။
ပေးလှူအပ်ငြား ထမင်းကား လိုက်ငြား (ဤလောက၊ တမလွန်လောက)ထိုသူပါ။
ဝန်တိုခြင်းကို ပယ်ဖျောက်ဆို ထိုထိုဒါနပါ။
တမလွန်မှာ ကောင်းမှုဟာ တည်ရာမှီရာ ဖြစ်ရပါ။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

Read more...

သာဓု ခေါ်စို့ နှုတ်မလေး ဖို့ 




သူများ ဒါန လုပ်ရင်၊ သာဓု ခေါ်ဖို့  နှုတ်မလေး ရဘူး။ ဟို တုန်းက ကြာဖူးတယ်၊ သာဓု ခေါ်ရင် အလှူ တစ်ဝက် ရ သတတ်။ အဲလို ရလို့ ကတော့ အလှူပွဲ ဘယ်မှာ ရှိသလဲ စုံစမ်းပြီး သာဓု ခေါ်ဖို့ ပဲ။ တစ်ဝက်ပေါင်းများရင် အများကြီး အများကြီး အော်ရီဂျင်နယ်လ် အလှူ့ ရှင်တွေထက်တောင် များသွား လိမ့်မယ်။ တကယ် တကယ် ။ ဟုတ်တယ်ဟုတ်။

နှုတ်မလေးဖို့  ဆိုတာက အဲလို ရည်ရွယ်ပြောတာ မဟုတ်ဘူး။ စိတ်မထားတတ်ရင် မနာလို စိတ်တွေ၊ မဟုတ်မမှန်တဲ့ စိတ်တွေ ပွါးမိမယ်။ အဲလိုလေး မဖြစ်ရလေအောင်၊ ပြီးတော့ ပတ္တာ နုမောဒနာ-တဲ့ ၊ သူများလုပ်တဲ့ ကုသိုလ်ကို သာဓုခေါ်ရင် ဒါန တစ်မျိုး ဖြစ်တယ် လို့  အဘိဓမ္မာ မှာ ပြဆိုပါတယ်။
သာဓုလည်းခေါ်ပေါ့။

ကဲ ဒီလို ဆိုတော့ သာဓု ခေါ်စို့ နှုတ်မလေးဖို့ ။ ပြီးတော့... .


သာဓုခေါ်နိုင်ရန် အလှူရှင်စာရင်းကို ဧပြီလ နေ့ ဆွမ်း ဒါယကာစာရင်းကို ရေးပေးပါ့မယ်။

လစဉ်တိုင်းလည်း ရေးပေးနေပါတယ်။ လတိုင်း ရေးပြရခြင်း အကြောင်းကတော့ အလှူရှင်က တစ်လ နဲ့  တစ်လ ပုံမှန် မရှိသေးတဲ့ အတွက် ဖေါ်ပြလိုက်တာပါ။

ဧပြီလ ဆွမ်း ဒါယကာများ စာရင်း

၁။မြန်မာဆမ် မိသားစု
၂။ ကိုဆေးရှား မိသားစု နှင့်၊ မတရုတ်မ
၃။လုယာမော ထိုင်းစားသောက်ဆိုင်
၎။ မယု ထိုင်း (ကလပ်စ် မိတ်)
၅။ကိုဆေးရှားမိသားစုနှင့် မတရုတ်မ
၆။ဂူချိုင်း ကူပွန်ဖြင့် ဆိုင်သွားအလှူခံ
၇။ဒေါ်နာတကံ၊ဒေါ်ပန်၊ စုံကြိုင်း ထိုင်းမိသားစုများ
၈။မြန်မာဆမ် မိသားစု
၉။ လက်ကျန်လေးများ
၁၀။လုယာမော ထိုင်းစားသောက်ဆိုင်
၁၁။ဒေါ်နိလာမီ သီရိလင်္ကာ
၁၂။ဂူချိုင်း ကူပွန်ဖြင့် ဆိုင်သွားအလှူခံ
၁၃။ဒေါ်ပန် နှင့် ထိုင်းဒါယိကာမ များ
၁၄။ မစုံကြိုင်း ထိုင်း
၁၅။မြန်မာဆမ် မိသားစု၊ မပဉ္စ၀ဏ် နှင့် သူ့ သူငယ်ချင်းထိုင်း
၁၆။ ကိုဆေးရှား မိသားစု နှင့် လက်ကျန်ပေါင်းကာ
၁၇။လုယာမော ထိုင်းစားသောက်ဆိုင်
၁၈။ဒေါ်နိလာမီ သီရိလင်္ကာ
၁၉။ သီရီလင်္ကာ လက်ကျန်လေးများ
၂၀။ဂူချိုင်း ကူပွန်ဖြင့် ဆိုင်သွား အလှူခံ
၂၁။မစုံကြိုင်း ထိုင်း
၂၂။မြန်မာဆမ် မိသားစု
၂၃။ဒေါ်ပန် ထိုင်း၊ ကိုဆေးရှား မိသားစု
၂၄။လုယာမော ထိုင်း စားသောက်ဆိုင်
၂၅။ ဒေါ်နိလာမီ သီရိလင်္ကာ
၂၆။ဂူချိုင်း ကူပွန်ဖြင့် ဆိုင်သွားအလှူခံ
၂၇။ဒေါ်သီရိနဘံ ထိုင်း ဆရာမကြီး
၂၈။ဒေါ်နာတကံ ထိုင်း မိသားစု နှင့် ထိုင်းမိသားစုများ
၂၉။မြန်မာဆမ် မိသားစု၊ ဒေါ်နာတကံ ထိုင်း
၃၀။ကိုဆေးရှား မိသားစု

အရောင်တူ ချယ်ပေးထားပါတယ်။ ဆွမ်းဒါယကာ စာရင်း ကြည့်လို့ လွယ်အောင်ပေါ့။

မြတ်ရောင်နီ
(၀၂၊ ၀၅၊၂၀၁၀)

Read more...

အကျိုးကြီးတဲ့ သင်္ကန်းတစ်စုံ

Monday, 03 May 2010 20:49 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

မြတ်နိုးဖွယ်ရာဖြစ်တဲ့ လူ့ဘ၀မှာ အနုတ်လက္ခဏာပြနေတဲ့ တရား(၃)ပါးရှိပါတယ်။ အချိန်၊ အရွယ်၊ အကုသိုလ်တရား ဒီ(၃)ပါးဟာ ကျန်းမာခြင်း၊ နုပျိုခြင်း၊ လှပခြင်း၊ သန်စွမ်းခြင်းနဲ့ ရှင်သန်ရခြင်းဆိုတာ ကို တိုတောင်းလှတဲ့ လူ့ဘ၀၊ လူခန္ဓာကိုယ်ထဲကနေ အစဉ်အမြဲနုတ် ယနေကြပါတယ်။ သူတို့ရဲ့ လက်ချက်ကြောင့် ငယ်ငယ်က “မိုးဦးပန်းလို” လန်းဆန်းတက်ကြွ ပျော်ရွှင်ခဲ့ရတဲ့ လူ့ဘ၀၊ လူ့အဖြစ်ဟာ ကြီးရင့်လာတာနဲ့အမျှ “ကြံရည် ကြိတ်စက်က ထွက်လာတဲ့ ကြံဖတ်တွေလို”ပဲ တန်ဖိုးမဲ့၊ အရသာမဲ့ ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် တစ်ဖက်ကနေပြီး ပစ္စည်းဥစ္စာရှာဖွေမှု၊ တရားဓမ္မ ရှာဖွေမှုတွေနဲ့ ဟာသွားတဲ့လူ့ဘ၀၊ လူ့အဓိပ္ပါယ်ကို ဖြည့်ဆည်းပေးရတယ်။ ပစ္စည်းဥစ္စာနဲ့ကောင်းမှုကုသိုလ်ဟာ လူ့ဘ၀ရဲ့ အပေါင်း လက္ခဏာ တရားနှစ်ပါးပဲဖြစ်ပါတယ်။ ဒီတရား (၂)ပါးကို များများ အစားထိုးပေးခြင်းနဲ့၊ အချိန်၊ အရွယ်၊ အကုသိုလ်တွေကြောင့် “တန်ဖိုးနည်း၊ အိုးကွဲ၊” ဖြစ်တော့မယ့် လူ့ဘ၀၊ လူ့အဖြစ်ကို “အဖတ်ဆယ်”ပေးရာရောက်တယ်။ ဒီနည်းနဲ့ ပစ္စည်းဥစ္စာ ရှာဖွေမှုနဲ့ တရားဓမ္မ ရှာဖွေမှုတို့ဟာ ခန္ဓာငါးပါးရှိတဲ့ လူသားတိုင်းရဲ့ တာဝန်တွေဖြစ်လာတယ်။

ခန္ဓာကိုယ်ရဲ့ စားဝတ်နေရေး ကျန်းမာရေးကြောင့် လူတိုင်းလိုလိုပဲ ပစ္စည်းဥစ္စာရှာ ဖွေရေး အလုပ်ကို လုပ်ကြပေမယ့် သဒ္ဓါတရားအင်အား အနည်းအများကိုလိုက်ပြီး တရား ရှာဖွေရေး အလုပ်ကိုတော့ လူတိုင်းမလုပ်ဖြစ်ကြပါဘူး။ တကယ်တော့ လူ့ဘ၀ လူ့အဖြစ် ဆိုတာ ကုသိုလ်ကံ ရင်းနှီး မြုပ်နှံမှုရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ ကုသိုလ်ကံကို အခြေခံပြီး လူဖြစ်လာရတာမို့ “လူနဲ့ကုသိုလ်၊ ကုသိုလ်နဲ့လူ” ဆိုတာ ခွဲခွာလို့မရစကောင်းပါဘူး။ ကုသိုလ်တရားပျောက်ကွယ် သွားတာနဲ့ တစ်ပြိုင်နက် လူဟာ လူ့လမ်းကြောင်းပေါ်က ဖယ်ခွာပေးလိုက်ရမှာပါပဲ။

ပါဠိစာပေမှာ လူသားတွေအတွက် စိတ်ကောင်းခြင်းနဲ့ စီးပွားချမ်းသာရဲ့ တည်ရာ အကြောင်း ဖြစ်တာမို့ စင်စစ်ဧကန်ပြုထိုက်တဲ့ ကောင်းမှု(၁၀)မျိုးကို ဖော်ပြထားပါတယ်။ ပါဠိဘာသာနဲ့ “ပုညကြိယာဝတ္ထု-၁၀ ပါးလို့ အမည်တွင်ပါတယ်။ လူသားတွေက ကုသိုလ်ကောင်းမှုရဲ့ စွမ်းရည် သတ္တိကြောင့်သာ ယုတ်နိမ့်မှုမြေပြင်ကနေ မြင့်မြတ်မှု ကောင်းကင်မှာ တက်ရောက်ပျံသန်း နိုင် ကြတာပါ။ “ကုသိုလ်ကံမရှိတော့တဲ့အခါ လူဟာ အတောင်မဲ့ငှက်ကလေးတစ်ကောင်”လို လူ့ဘ၀ရဲ့ လုပ်ပိုင်ခွင့်နဲ့ ခံစားခွင့်တွေကို လက်လွတ်ဆုံးရှုံးရတတ်ပါတယ်။

ဒီတော့ အခုလောလောဆယ် လူသားဘ၀ ဖြစ်တည်နေကြသူတွေကို ကုသိုလ်ခွဲတမ်းနဲ့ ကြည့်မယ်ဆိုရင် (၁) ကုသိုလ်မရ ၀မ်းမ၀သူ အောက်ကျသူ လူကတစ်မျိုး။(၂) ကုသိုလ်မရ၊၀မ်းသာ-၀သူ အလယ်အလတ်လူကတစ်မျိုး၊ (၃)ကုသိုလ် လည်းရ၊ ၀မ်းလည်းဝသူ အထက်တန်းကျသူ လူကတစ်မျိုးလို့(၃)မျိုးကွဲပြားနိုင်ပါတယ်။ ဒါကြောင့် လူ့ဘ၀မှာ “ကုသိုလ်သာပထမ၊ ကုသိုလ်သာ ဒုတိယ”ဆိုသလို ကုသိုလ်ကောင်းမှု ကသာ လူ့ဘ၀ရဲ့ အရင်းအနှီး၊ ကုသိုလ်ကောင်းမှုကသာ လူ့ဘ၀ ရဲ့ အကျိုး အမြတ်ဖြစ်ပါ တယ်။ အခု ကုသိုလ်ကံသာ မိမိဘ၀ရဲ့ ကြီးပွားတိုးတက် မြင့်မားရာလို့ ခံယူ ချက်ထားရှိသူ အမျိုးးသမီးငယ် တစ်ဦးအကြောင်းကို ပြောပြချင်ပါတယ်။

အကျိုးကြီးတဲ့ သင်္ကန်းတစ်စုံ

ရှေးရှေးတုန်းက ဗာရာဏသီတိုင်းပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်စိုးနေစဉ် နေပြည်တော်နဲ့ မနီးမဝေးမှာ “ရေအေး၇ွာ”လို့အမည်ရတဲ့ ရွာကြီးတစ်ရွာရှိခဲ့ဖူးတယ်။ အဲဒီရွာရဲ့ အနောက်ဘက်မှာ သာယာလှပတဲ့ “စိတ္တကုဋ်”တောင်ရှိတယ်။ တောင်ခြေမျာ ရဟန်းတော်(၅၀၀)ကျော် သီတင်းသုံးနိုင် လောက်အောင် ဗြဟ္မဒတ်မင်းကြီးက ဆောက်လုပ်လှုဒါန်းထားတဲ့ ရွှေကျောင်းတော်ကြီးဆိုတာလည်း ရှိတယ်။ အဲဒီကျောင်းတော်က ရဟန်းတော်တွေဟာ ရေအေးရွာကြီးကိုပဲ ဂေါစရဂါမ်အဖြစ် ဆွမ်းခံကြွ တော်မူကြတယ်။

အဲဒီရွာကြီးမှာ သနားစရာကောင်းတဲ့ “နန္ဒာ”လို့ခေါ်တဲ့ အမျိုးသမီးငယ်တစ်ယေက်ဟာ အထီး ကျန် မျက်နှာမွဲ၊ ဆင်းရဲစွာ အလုပ်လုပ်ပြီး အသက်မွေးနေရသတဲ့။ နံနက်ခင်းတွေမှာ ဟင်းသီးဟင်း ရွက်တွေကို လှည့်လည်ရောင်းချရပြီး ညနေပိုင်းတွေမှာတော့ ချမ်းသာကြွယ်ဝတဲ့ နေအိမ်တွေမှာ ရေခပ်၊အ၀တ်လျှော်၊ စပါးနယ်၊ ဆန်ဖွပ်စသဖြင့် အလုပ်မျိုးစုံ အကုန်လုပ်ပြီးရတဲ့ အခကြေးငွေနဲ့ ပင်ပန်းဆင်းရဲစွာနေရတယ်။ စားဝတ်နေရေးက ပင်ပန်းဆင်းရဲ၊ ငွေကြေးနဲ့ပစ္စည်းဥစ္စာက ချို့တဲ့ပေ မယ့် မနန္ဒာဟာ စိတ်ဓာတ်နဲ့အသိဥာဏ်ကတော့ မချို့တဲ့ရှာပါဘူး။

ဒါနဲ့ မနန္ဒာဟာ တစ်နေ့တော့ သူတွေးမိသတဲ့ “ငါဟာ အတိတ်ဘ၀တုန်းက ဘယ်လိုမကောင်း မှုတွေ လွန်ကျုးခဲ့လို့လည်း မသိဘူး၊ အခုဘ၀မှာ အင်မတန်ဆင်းရဲ ပင်ပန်းလွန်းလှတယ်၊ သူတစ်ပါး တွေအိမ်မှာ တစ်နေကုန် အလုပ်လုပ်ရပေမယ့် တစ်ဝမ်းတစ်ခါးမှ လှအောင်ဝအောင် မနေနိုင်ဘူး။ ကုသိုလ်မရ ၀မ်းမ၀နဲ့ အောက်တန်းကျလိုက်တာ၊ ဒီလို ငုံ့ခံလက်မှိုင်ချနေလို့ကတော့ အထက်တန်း ကျတဲ့ ဘ၀မျိုး ဘယ်တော့မှရောက်မှာ မဟုတ်ဘူး၊ အခု ငါဟာ သာသနာတော်ထွန်းလင်းရာအချိန်မှာ လူဖြစ်နေတာပဲ။ ရတနာသုံးပါးရဲ့ စွမ်းရည်သတ္တိဂုဏ်ကျေးဇူးတွေနဲ့ ကံ၊ကံရဲ့အကျိုးကို ယုံကြည်မြတ်နိုး အားကိုးပြီးတော့ ဘ၀ဆင်းရဲ၊၀ဋ်ဆင်းရဲတွေကနေ ထုတ်ဆောင်ပေးနိုင်တဲ့ ကောင်းမှုတစ်ခုခုကို ပြုမှ တော်တော့မယ်”

ဒီလိုတွေးမိသတဲ့ မနန္ဒာဟာ ရတဲ့ အခကြေးငွေထဲက နည်းနည်းချင်းချင်း စုဆောင်းလို့ ၀ါဆို အမီ “၀ါဆိုသင်္ကန်း” တစ်စုံလောက် ဆက်ကပ်လှူဒါန်းနိုင်အောင်ကြိုးစား အလုပ်လုပ်ပါသတဲ့။ ၆- လ နီးပါးမျှ အလုပ်ကြိုးစားလို့ ခြုံးခြံစုဆောင်းလိုက်တဲ့အခါ သင်္ကန်းတစ်စုံဝယ်လို့ရသွားပါတယ်။ သင်္ကန်း အသစ်ကလေးတစ်စုံကို ရလာတဲ့နေ့ဟာ မနန္ဒာတစ်ယောက် ၀မ်းသာကြည်နူးလွန်းလို့ တစ်ညလုံး တောင် အိပ်မပျော်ရှာဘူးတဲ့။ နံနက်ခင်းရောက်တဲ့အခါ သံဃာတော်များ ဆွမ်းခံကြွလာမယ့် လမ်းမကနေ မနန္ဒာတစ်ယောက် သင်္ကန်းကလေး ကိုင်မလို့ စောင့်နေပါတယ်။ သံဃာတော် တစ်ပါး ကြွလာတော်မူတဲ့အေခါ “အရှင်ဘုရား ဒီသင်္ကန်းကို အရှင်ဘုရားတို့ကျောင်းမှာ ၀ါဆိုဝါကပ်မယ့် ရဟန်းတော်တို့အား လှူဒါန်းလိုပါတယ်ဘုရား။ အရှင်ဘုရားကပဲ ဒီဝါဆိုသင်္ကန်းကို သံဃာတော် ထံယူဆောင်ပြီး တပည့်တော်မရဲ့အထီးကျန်မွဲ ဆင်းရဲတဲ့အဖြစ်နဲ့ ဒီသင်္ကန်းကိုလည်း ပင်ပန်းဆင်းရဲ ခက်ခဲစွာ လှူဒါန်းရတဲ့အကြောင်းကို သိစေတော်မူလိုက်ပါဘုရား”လို့ လျှောက်ထားပြီး ရွှင်လန်း ၀မ်းမြောက်စွာနဲ့ သင်္ကန်းကို ဆက်ကပ်လှူဒါန်းလိုက်ပါတယ်။

အဲဒီရဟန်းတော်ဟာ သူဆင်းရဲ မနန္ဒာလှူဒါန်းလိုက်တဲ့ သင်္ကန်းကို လက်ခံယူတော်မူပြီး ကျောင်းရောက်တဲ့အခါ သံဃာတော်အားလုံးကို စုဝေးစေကာ သူဆင်းရဲမ မနန္ဒာမှာကြားလိုက်တဲ့ စကားကို သံဃာတော်အား လျှောက်ကြားပြီး “အရှင်ဘုရားတို့ဟာ ဒီသင်္ကန်းကို ၀တ်ရုံထိုက်တဲ့ ၀တ်ရုံဖို့ စွမ်းနိုင်တဲ့ရဟန်းတော်အား ပေးအပ်တော်မူကြပါကုန်လို့ လျှောက်ထား၍ သင်္ကန်းကို သံဃာတော်တို့ထံ အပ်နှံလိုက်သတဲ့။ ဒီအခါ ရဟန်းမြတ်တစ်ပါးက “အရှင်ဘုရားတို့၊ တပည့်တော် အား(၃)လတိုင်အောင် ၀တ်ခွင့်ပေးပါဘုရား၊ တပည့်တော်ဟာ ၀ါတွင်း(၃)လ ဒီသင်္ကန်း ကိုဝတ်ရုံပြီး ရဟန်းတရား ကြိုးစားအားထုတ်ပါမယ့်ဘုရား” လို့ လျှောက်ထားတယ်။

အဲဒီစကားကိုကြား၍ တခြားသော ရဟန်းမြတ်တစ်ပါးက “အရှင်ဘုရားတို့၊ တပည့်တော်အား (၂)လတိုင် ရုံဝတ်ခွင့်ပေးပါဘုရား၊ တပည့်တော်ဟာ ၀ါတွင်း (၂)လ ဒီသင်္ကန်းကို ၀တ်ရုံပြီး ရဟန်း တရားကြိုးစားအားထုတ်ပါမယ်ဘုရား”လို့ လျှောက်ထားသတဲ့။ ဒီလိုနဲ့ ရဟန်း မြတ်တွေဟာ တစ်ပါးပြီး တစ်ပါး လျော့လျော့ပြီး ၀တ်ရုံခွင့်တောင်းလာတာဟာ နောက်ဆုံး ရဟန်းမြတ်တစ်ပါးက “အရှင်ဘုရား တို့ တပည့်တော်အား(၁)ရက်မျှ ၀တ်ခွင့်ပေးပါဘုရား၊ တပည့်တော်ဟာ(၁)ရက်မျှ ဒီသင်္ကန်းကို ၀တ်ရုံပြီး ရဟန်းတရား ကြိုးစား အားထုတ်ပါမယ်ဘုရား”လို့ လျှောက်ထား တော်မူတာမို့ သံဃာတော်တွေက အဲဒီရဟန်းကိုပဲ မနန္ဒာလှူဒါန်းတဲ့ သင်္ကန်းကို ၀တ်၇ုံခွင့်ပေးလိုက်ပါသတဲ့။

သင်္ကန်းဝတ်ခွင့်ရတဲ့ ရဟန်းတော်မြတ်ဟာ မနန္ဒာလှူဒါန်းလိုက်တဲ့ ၀ါဆိုသင်္ကန်းကို ကပ္ပဗိန္ဓု ထိုးပြီး အဓိဋ္ဌာန်တင်ကာ သပ္ပါယ်စွာဝတ်ရုံလျက် စင်္ကြံလမ်းသို့တက်ပြီး ၀ိပဿနာတရား ကြိုးစားပွား များတဲ့အခါ ခြေလှမ်း(၇)ဖ၀ါးအချမှာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကိုရလို့ ရဟန္တာ အရှင်မြတ်အဖြစ်သို့ ရောက်တော်မူပါသတဲ့။ အဲဒါနဲ့ နောက်တစ်ရက် ရောက်တဲ့အခါ တခြားရဟန်းမြတ်တစ်ပါးသို့ ဒီ သင်္ကန်းကို လက်ဆင့်ကမ်း ၀တ်ရုံစေပါတယ်။ အဲဒီရဟန်းမြတ်ဟာလည်း ၀တ်ရုံခွင့်ရထားတဲ့ တစ်ရက် အတွင်းမှာပဲ ၀ိပဿနာတရား ကြိုးစားအားထုတ်လို့ ရဟန္တာ အရှင်မြတ် အဖြစ်သို့ ရောက်တော်မူပါတယ်။ အဲဒီနည်းနဲ့ သူဆင်းရဲမ မနန္ဒာလှူဒါန်းလိုက်တဲ့ သင်္ကန်းကို အမှီပြု ၀တ်ရုံပြီး ၀ါတွင်း(၃)လ အတွင်းမှာ ရဟန်းတော်အပါး(၉၀)ဟာ ရဟန္တာအရှင်မြတ်တွေအဖြစ် ရောက်တော်မူ ကုန်သတဲ့။

ဒီလိုနဲ့ သီတင်းဝါလ ကျွတ်တဲ့အခါ ဗာရာဏသီပြည့်ရှင် မင်းမြတ်ဟာ ကျောင်းတော်ကြီးကို နန်းတွင်းသုံး အ၀တ် အထည်စတွေနဲ့ လှပပြုပြင် တန်းဆာဆင်စေပါတယ်။ မင်းမှုထမ်းတွေက သံဃာ တော်အရှင်မြတ်တွေ ပ၀ါရဏာပြုရာ သိမ်ကျောင်းမဏ္ဍပ်ကြီးကိုလည်း ဗိတာန်တွေ၊ တံခွန်၊ ကုက္ကား စတာတွေနဲ့ လှပစွာတန်ဆာ ဆင်ပြုပြင်ကြတဲ့အခါ သံဃာတော် အရှင်မြတ်တွေက “ရေအေးရွာက နန္ဒာအမည်ရှိတဲ့ သူဆင်းရဲမ လှူဒါန်း လိုက်တဲ့ သင်္ကန်းဟာ ရဟန်းတော်တွေ အတွက် ရဟန္တာဖြစ်တဲ့ အထိ အကျိုးများလှတယ်။ ဒါကြောင့် ဒီသင်္ကန်းစကိုသာ သိပ်ကျောင်းမဏ္ဍပ်မှာ တံခွန်(အလံတော်) အဖြစ် လွှင့်ထူရမယ်”လို့ အမိန့်ရှိတာမို့ အဲဒီ သင်္ကန်းစကိုပဲ “အောင်လံတော်”အဖြစ် သိမ်ကျောင်း မဏ္ဍပ်မှာ လွှင့်ထူထားကြသတဲ့။

အဲဒီလို ပြင်ဆင်ထားတာတွေကို ဗာရာဏသီမင်းကြီးက လှည့်လည် ကြည့်ရှုစစ်ဆေးတဲ့အခါ သိမ်ကျောင်းမဏ္ဍပ်ရဲ့ တံခွန်တိုင်မှာ သစ်ခေါက်ရည် ဆိုးထားတဲ့ သင်္ကန်းစကို အလံတော်အဖြစ် လွှင့် ထူထားတာကို တွေ့ရတယ်။ အဲဒါနဲ့ မင်းမှုထမ်းတွေကို ခေါ်ယူကာ “မောင်မင်းတို့ကို ကောင်းမြတ်တဲ့ နန်းတွင်းက အထည်စ၊ အထည်မွန်တွေကို ပေးအပ်ထားပါလျက်၊ အဘယ်အတွက်ကြောင့် တံခွန် အဖြစ် မချုပ်လုပ်ဘဲ ရဟန်းတော်တွေရဲ့ အသုံး အဆောင် ဒီသစ်ခေါက်ရောင် သင်္ကန်းစကိုသာ တံခွန် အဖြစ် လွှင့်ထူထားရသတုံး”လို့ စစ်ဆေးမေးမြန်းတော်မူပါတယ်။ ဒီအခါ မင်းမှုထမ်းတွေက အရှင်မင်းကြီး၊ ဒီတံခွန်အဖြစ် လွှင့်ထာထားတဲ့ သက်န်းစဟာ အရှင်မြတ်တို့အား လွန်စွာအကျိုးများ ပါတယ်ဘုရား”လို့ ပြန်လည် လျှောက်တင်ကြတယ်။

ဘုရင်မင်မြတ်က “မောင်မင်းတို့၊ ဒီသင်္ကန်းဟာ အရှင်မြတ်တွေကို ဘယ်လို အကျိုးများသလဲ” လို့ ဆက်လက် မေးမြန်းတဲ့အခါ “ဒီ အကြောင်း အပြည့်အစုံကို ကျွန်တော်မျိုးတို့ မသိရပါကုန်၊ အရှင် မြတ်တို့သာ သိပါကုန်တယ် အရှင်မင်းကြီး”လို့ သံတော်ဦးတင်ကြသတဲ့။ ဒါနဲ့ ဗာရာဏသီမင်းမြတ် လည်း သံဃာတော် အရှင်မြတ်တွေထံ ချဉ်းကပ်ပြီး “အရှင်ဘုရားတို့၊ သိမ်ကျောင်းမဏ္ဍပ်မှာ တံခွန် အဖြစ်လွင့်ထူထားတဲ့ သင်္ကန်းစဟာ အရှင်ဘုရားတို့အား ကျေးဇူးများလှတယ်လို့ မင်းချင်းတွေက ဆို ပါတယ်ဘုရား၊ အဲဒီ သင်္ကန်းရဲ့ အကျိုးကျေးဇူး များပုံကို ဒကာတော်များ သိလိုလှပါတယ်ဘုရား”လို့ လျှောက်ထား တောင်းပန်တော်မူပါတယ်။

အဲဒီအခါ ရဟန်းတော်တွေက ဒီသင်္ကန်းစကိုအမှီပြုပြီး ရဟန်းတော်ပေါင်း(၉၀)ကျော်ဟာ ၀ါတွင်း(၃)လအတွင်း ရဟန္တာအဖြစ် ရောက်ကြပုံကို ပြန်လည်မိန့်ကြားတဲ့စကားကို ကြားနာရတဲ့အခါ ၀မ်းမြောက်နုမော် သာဓု (၃)ကြိမ်ခေါ်ပြီး “အရှင်ဘုရားတို့၊ ရဟန်းသံဃာအား ကျေဇူးများတော်မူခဲ့တဲ့ ဒီသင်္ကန်းကို အဘယ်သူများ လှူဒါန်းထားခဲ့ပါသလဲဘုရား”လို့ လျှောက်ထားမေးမြန်းတော်မူတယ်။

ဒီအခါ ရဟန်းတော်တွေကလည်း “ရေအေးရွာက နန္ဒာအမည်ရတဲ့ သူဆင်းရဲမ လှူဒါန်းအပ်ပေ တယ်၊ ဒကာတော်မင်းကြီး”လို့ မြွတ်ကြား တော်မူပါတယ်။ ဗာရာဏသီမင်းမြတ်လည်း အထီးကျန်မွဲ သူဆင်းရဲမ မနန္ဒကို ခေါ်ယူစေပြီး ရွှေ၊ငွေ သုံးဆောင်စရာ ပစ္စည်းဥစ္စာ မြောက်များစွာကို ပေးကမ်းကာ သမီးတော်အဖြစ် မွေးစားတော်မူပါတယ်။ ရေအေးရွာကိုလည်း အပိုင်စားပေးပြီး ချီးမြှောက်တော် မူတာမို့ “နန္ဒာမင်းသမီး’လို့ထင်ရှား ကျော်ကြားလာပါတယ်။

မင်းသမီးတစ်ပါးအဖြစ် ရောက်လာပေမယ့် မနန္ဒာဟာ မမော်မကြွား၊ ဘ၀မမေ့၊ အောက်ခြေ မလွတ်ဘဲ တစ်သက်လုံး “ကောမာရဗြဟ္မစရိယ”လို့ခေါ်တဲ့ အပျိုစင်သီလကို စောင့်ထိန်းကာ အလှူ ပေးခြင်းမှာပဲ မွေ့လျော်နေရင်းက သက်တမ်းကုန်လို့ ကွယ်လွန်တဲ့အခါ တုသိတာ နတ်ပြည်မှာ ‘နန္ဒာနတ် သမီး”ဆိုပြီး ဖြစ်သွားရပါတယ်။

ဒီဓမ္မပုံပြင်ကလေးမှာ နှလုံးသွင်း ဆင်ခြင်စရာတွေကတော့(၁)ကုသိုလ်ကောင်းမှုဟာ ဘ၀သံသရာ ပင်လယ်ကြောမှာ ဆင်းရဲပင်ပန်းစွာ မြုပ်မျော နေသူတို့အတွက် အားကိုး အားထားပြုရာ ကျွန်းသာယာ တစ်ခုဖြစ်ကြောင်း၊ (၂) ရတနာမြတ်သုံးဖြာဟာလည်း လွန်စွာမှ ကြုံကြိုက်ခဲလှတဲ့ ကောင်းမှုကုသိုလ်မျိုးစေ့တို့ ကြဲချရာ လယ်ယာ မြေကောင်းသာ ဖြစ်ကြောင်းနဲ့၊ (၃) ဘ၀ပေး အခြေအနေက ဘယ်လိုပင် နိမ့်ကျနေစေကာမူ စိတ်ကောင်းနဲ့ အသိဥာဏ် မနိမ့်ကျပါက ဘ၀ဆိုတာ တိုးတက် မြင့်မား ကြီးပွား နိုင်ကြောင်းတွေပဲ ဖြစ်ပါတယ်။ တော်ဝင်နွယ်

Read more...

ဓမ္မဂင်္ဂါဒိုင်ယာလက်တစ်ခ်

(၁)
သူသည် ထိုင်နေရသည်ကို အလွန်ကျေနပ်နေသည်။ ဆက်ထိုင်သည်၊ ဆက်ထိုင်ရသည်ကိုလည်း သူက အလွန်ကြည်နူးနေပြန်လေသည်။ ငြိမ်းချမ်းပေစွ။ သို့သော် သူ့ကို ဆက်ထိုင်ခွင့်မပေးပါ။ သူထိုင်နေရင်းမှ ထရပြန်လေသည်။ သူ ဘလော့ရေးခြင်းသည် ပုဂ္ဂလိကဆန်သည်ဟု မိတ်ဆွေအချို့က စွပ်စွဲကြသည်။ “ခံစားမှုဝါဒီ၊ ဝေဒနာက္ခန္ဓာဦးစားပေးသမားကြီးဟု ခပ်တည်တည်နာမည်တပ်ဦးမှ” ဟုလည်း သူ့ရှေ့မှာပင်ဲပြုံးရွှင်ကြည်မြစွာ တံဆိပ်ကပ်ကြသေးသည်။ “ငါ့ရှင်က ဟုတ်ဟုတ် မဟုတ်ဟုတ် လှုပ်နေသေးသည်၊ ငါတို့က ဘေးထိုင်းဘုပြောထဲ မပါသော် သင့်ပေရာအံ့လော”တဲ့။

အမှန်စင်စစ် သူ့ဘလော့တွင် ဖန်တီးမိသမျှသည် ရှေးရှေးသောဘုရားရဟန္တာ အရိယာသူတော်ကောင်းကြီးများ ကဲ့သို့ တောင်းပန်သူရှိမှ တရားဒေသနာကို တသွင်သွင် ချွေရသည်မျိုးလည်း မဟုတ်၊ ကျမ်းစာပေဘုတ်အုပ်ကို တကုတ်ကုတ် ရေးထုတ်ရသည်မျိုးလည်း မဟုတ်ပေတကား။ စိတ်ကူးပေါက်ရာ ဖတ်မိသမျှ ကို ပိဋကတ်စာမျက်နှာများနှင့် မတူတူအောင် ညှိနိုင်း ကာ ဘလော့ဂါမည်ရုံမတ္တ ရေးချမိခြင်းပါပေ။

အမှန်စင်စစ် အခြားအခြားသောလောကီထုပ္ပါဒ် လူတို့ဇာတ်(ရန်ကုန်သင်္ကြန်တွင် မုန့်ဟင်းခါးတ၀တပြဲစားခြင်း၊ မတော်တရော် ထော်လော်ကန့်လန့် ရေပက်ခံမဏ္ဍပ်ဗုံးအသေအချာကွဲခြင်း၊ သင်္ကြန်ပြီးနောက် ဦးထုတ်ပြုတ် ကျခြင်းစသည်)ကို အစမှ အဆုံးဖွဲ့နွဲ့ကြလေသည့်ဘလော့ဂါတို့နှင့် မနှိုင်းယှဉ်အပ်ဖွယ် သူ့ ဘလော့သည် လူစီ ကားသည်လည်းမဟုတ်။ ဖတ်သူလည်း ထူးထူးကဲကဲ မရှိ၊ ဝေဘန်သူလည်း မပါ၊ တရားထောက်သူလည်း နတ္ထိမို့ ဓမ္မကထိကညဉ်ရှိသော သူ့အတွက် အခက်ကြီးခက်ကာ အိပ်ရေးသာ ၀အောင် အိပ်ခဲ့ပါလေ၏။

ဤသည်ပင် ဓမ္မဂင်္ဂါအမှား၊ ဓမ္မဂင်္ဂါအမိုက်၊ ဓမ္မဂင်္ဂါစရိုက်၊ ဓမ္မဂင်္ဂါအကြော၊ ဓမ္မဂင်္ဂါမနောဟု ပြောလည်း ပြော၊ စောလည်းစောကြောကြပေသော ပုဂ္ဂိုလ်သူမြတ်တို့သည်ကား သူပုန်းအောင်းရာ၊ သူ့အင်တာနက်ပဋိပတ်ဖြင့် ပျော်မွေ့အပ်ရာ တောရ၀ိဟာရ်သို့ ရှင်ဓမ္မရက္ခိတကို သာသနာအသိုင်းအ၀ိုင်းဟန်ဖြင့် စပယ်ရှယ်အင်ဗွိုင်း (Special Envoy)တမန်စေလွှတ်ခြင်း အကြောင်းဖြစ်သတည်း။

(၂)

ရှင်ဓမ္မရက္ခိတဆိုသူကား

Read more...

သာသနပါလကျောင်းတိုက်မှ ဟာသများ

မိမိ၏ ကျေးဇူးရှင်ဖြစ်သော ဆရာတော် ဦးနန္ဒသာမိသည် မိမိကို သူ၏ ငယ်စဉ်က ကိုယ်တွေ့ဟာသ အဖြစ်အ ပျက်ကလေးများကို ပြောပြလေသည်။ ဟာသလေးတွေကလည်း ပြောင်မြောက်သော ဟာသများ ဖြစ်နေသဖြင့် မိမိ၏ ဘလော့တွင် ရေးသားဖေါ်ပြလိုကြောင်းလျှောက်ထားလေသည်။ထိုအခါဆရာတော်က ခွင့်ပြုလိုက်ရုံ သာမ က ဘွဲ့အမည်များကိုလည်း မပြောင်းဘဲ ထည့်ခိုင်းလေသည်။ သို့ဖြစ်သဖြင့် ရေးလိုသော မိမိသည် လွတ်လွတ် လပ်လပ် ရေးသားခွင့်ရသဖြင့် ပီတိစိတ်များပင် တဖွားဖွားဖြစ်ခဲ့ရလေသည်။ ဆရာတော်ဦးနန္ဒသာမိသည် မန္တ လေးမြို့ ဓမ္မကာရာမကျောင်းတိုက် သာသနပါလ ကျောင်းတွင် ငယ်စဉ်က သီတင်းသုံးနေထိုင်တော်ခဲ့ပါသည်။ ထိုကျောင်း၏ ကျောင်းထိုင်ဆရာတော်သည်ကား ဆရာတော်ဦးဂန္ဓမာဖြစ်လေသည်။ ဆရာတော် ဦးနန္ဒသာမိ သည် ဆရာတော်ဦးဂန္ဓမာအထံ၌ ပညာသင်ကြားတော်မူခဲ့လေသည်။ တစ်နေ့ ဆရာတော်ဦးနန္ဒသာမိ အ လောင်းအလျာ ကိုရင်နန္ဒသာမိသည် သူ၏ သူငယ်ချင်းကိုရင်များနှင့် ကျောင်းရှေ့ ပန်းစင်အောက်၌ ထိုင်နေစဉ် တော မှ စာဥတို့အုပ်စုတစ်စု အထုပ်အပိုများကို မနိုင့်တနိုင့်ရွက်ကား ဓမ္မိကာရာမကျောင်း တိုက်ကြီးဝင်လာကြ လေသည်။ ဟိုကျောင်းဝင်ပြီမေးလိုက်၊ ပြန်ထွက်လာလိုက်၊ ဒီကျောင်းဝင်ပြီးမေးလိုက်၊ ပြန်ထွက်လာလိုက်ဖြစ်နေ သည်ကို ကိုရင်နန္ဒသာမိတို့တစ်စုမြင်ကာ
“ဟိုမှာ တောက စာဥတို့တစ်စု ဟိုကျောင်းဝင် ဒီကျောင်းဝင်နဲ့ သူတို့ ကိုယ်တော်ကို ရှာနေတာ၊ မတွေ့ဘူး ထင်တယ်၊ ဘယ်မှမတွေ့လို့ ဒို့ဆီလာနေတယ်၊ ဘယ်ကလဲ မသိဘူး။”ဟု အောက်ပါအတိုင်း မှတ်ချက်ပေး နေကြသည်။ ထိုစဉ် စာဥတို့ အုပ်စုသည် ကိုရင်နန္ဒသာမိတို့ထံရောက်လာကာ
“ကိုရင်တို့ တပည့်တော်တို့ရွာက ဦးဇင်းကျော်စိန်ကို သိလားဘုရား၊”ဟုမေးလေသည်။ ထိုအခါ ကိုရင်နန္ဒသာမိက
“ဒကာမကြီး လူနာမည်မေးလို့မရဘူး၊ ဘွဲ့အမည်မေးမှ ရမှာပေါ့ဗျ၊ ဒကာမကြီးတို့ ဘုန်းကြီးရဲ့ဘွဲ့က ဘယ်လိုခေါ် သလဲ၊”ဟု မေးလေသည်။ ထိုအခါ စာဥတို့တစ်စုလည်း တစ်ယောက်ကို တစ်ယောက်မျက်နှာငယ်လေးများဖြင့် ကြည့်ကာ
“တပည့်တော်တို့လဲ ဘွဲ့ကိုတောမသိဘူးဘုရား၊ ရွာမှတော့ ဦးဇင်းကျော်စိန်လို့ဘဲ ခေါ်တာဘဲဘုရား၊”ဟု လျှောက် ကြ ပြန်သည်။ ထိုအခါ ကိုရင်နန္ဒသာမိက
“ဒကာမကြီးတို့က ဘယ်နယ်ကလဲ။”ဟု မေးသောအခါ တပည့်တော်တို့က မိတ္ထီလာမြို့နယ်ထဲကပါဘုရား။” ဟုလျှောက်ထားသောအခါမှ ကိုရင်များက
“ဒါဆိုရင် ဒကာမကြီးတို့ ဒီကျောင်းဘဲ ဖြစ်လိမ့်မယ်၊ ဒီကျောင်းဆရာတော်ကလဲ မိတ္ထီလာကဘဲ။”ဟု ဆိုကာ ကျောင်းထိုင်ဆရာတော်ထံသို့ ပို့ပေးလိုက်သည်။ ဆရာတော်ကို မြင်လျှင်မြင်ချင်းဘဲ စာဥတို့တစ်စုလည်း အားတက်သွားကာ
“ဟုတ်တယ်ကိုရင်ရေ၊ ကျေးဇူးပါဘဲ။”ဆိုကာ ဆရာတော်ထံသို့ သွားရောက်ကြကာ အလ္လာပသလ္လာပစကားပြော ကြလေသည်။ ကိုရင်နန္ဒသာမိတို့အုပ်စုသည်ကား ဆရာတော်၏ ငယ်နာမည်ကို သိကြကာ ထိုနေ့မှစရ “ကျော်စိန်ကြီး ကျော်စိန်ကြီး”ဟုခေါ်ကြလေသည်။ ဆရာတော်ဦးဂန္ဓမာခေါ် ဦးဇင်းကျော်စိန်သည်ကား အလွန်ကပ်စေးနဲသည်။ ရလာသော စားဘွယ်များကို ကိုရင်များကို စွန့်လေ့မရှိပါ။ အမြဲတမ်းသိမ်းထားတတ်သော သဘောရှိလေသည်။ စွန့်လျှင်လည်း သိုးပုပ်နေမှ စွန့်လေ့ရှိသည်။ တစ်နေ့ ကိုရင်နန္ဒသာမိတို့အုပ်စုသည် ဆရာတော်မရှိခိုက် ဗိုက်ဆာသဖြင့် ငှက်ပျောသီးယူဘုဉ်းပေးရန်အလို့ငှာ ငှက်ပျောသီးသိမ်းထားသော သေတ္တာကြီးဆီသို့ ချဉ်းကပ်သွားကြလေသည်။ ထိုသေတ္တာကြီးသည် အလွန်ကြီးသဖြင့် ကိုရင်နန္ဒသာမိသည် သေတ္တာထဲကို ခေါင်းထိုးထည့်လေသည်။ သေတ္တာ၏ အဖုံးကို သူ၏ခေါင်းပေါ်ကို တင်ထားရလေသည်။ နောက်လူကို မမြင်ရတော့ပါ။ သေတ္တာအတွင်းများ ငှက်ပျောသီးများကို ယူကာ
“ရော့ ငှက်ပျောသီးတွေ ယူထား၊ ကျော်စိန်ကြီးတော့ မသိစေနဲ့၊ရော့ ငှက်ပျောသီးတွေ ယူထား၊ ကျော်စိန်ကြီး တော့ မသိစေနဲ့၊” ဟု သူငယ်ချင်းများကို ထုတ်ပေးနေလေသည်။ သူတို့ ဘုဉ်းလောက်သောအခါ သေတ္တာ အတွင်းမှ သူ၏ ခေါင်းကို ထုတ်၍ နောက်ပြန်လှည့်လိုက်သောအခါတွင်ကား နောက်က ငှက်ပျောသီးယူသော သူ သည်ကား သူငယ်ချင်းများမဟုတ်မူ၍ ဆရာတော်ဦးဂန္ဓမာခေါ် ဦးဇင်းကျော်စိန်ဖြစ်နေလေတော့သည်။ထိုအခါ ဆရာတော်က
“လာခဲ့စမ်း ငါ့ငှက်ပျောသီးလဲ ခိုးစားသေး၊ ငါနာမည်ကိုလဲ ရာရာစစ ကျော်စိန်လို့ ခေါ်လိုက်သေးတယ်။ တော် တော်စော်ကားတဲ့ကောင်”ဟု ဆိုလျှက် သူ၏ အခန်းသို့ ခေါ်သွားကာ ငှက်ပျောသီးခိုးစားသော ကိုရင်နန္ဒသာမိတို့ သူငယ်ချင်းတစ်စုကို ဗျောတီးလွှတ်လိုက်လေသည်။ ကိုရင်နန္ဒသာမိတို့အုပ်စုသည် ဘယ်လောက်ဗျောတီးတီး ဘယ်လောက်ရိုက်ရိုက်မမှတ်ပါ၊ ဆာလာသည့်အခါ ဆရာတော်၏ ဒုတ်ကိုလည်းမကြောက်တော့ပေ။ တစ်နေ့ ညနေခင်း ဆရာတော်မရှိခိုက် ကိုရင်နန္ဒသာမိသည် မျက်နှာကျက်တွင် ကြိုးဖြင့်ဆွဲထားသော ထန်းလျှက်ခဲချိုင့်ကို လှေခါးထောင်ကာ တက်ဖြုတ်လေသည်။ ထန်းလျှက်ခဲများယူအပြီး ချိုင့်ကို ပြန်အထားတွင် ရုတ်တရက် ဆရာ တော်သည် ပြန်ကြွလာလေသည်။ သို့ဖြစ်သဖြင့် ကြိုးဖြင့် ထန်းလျှက်ခဲချိုင့်ကို ဖြစ်သလိုဆွဲထားကာ ထွက်ပြေး သွားကြလေသည်။ ဆရာတော်သည် အလွန်စေစပ့်သည်။ ကျောင်းထဲဝင်လျှင် ၀င်ခြင်း လျှောက်ပတ် ကြည့်ရာ ကြိုးဖြင့်ဆွဲထားသော ထန်းလျှက်ခဲ ထည့်ထားသော ချိုင့်သည် ငြိမ်မနေဘဲ လှုပ်နေလေသည်။ သို့ဖြစ်သဖြင့် ဆရာတော်သည် ထိုချိုင့်ကို ဖြုတ်ခိုင်း၍ စစ်ဆေးကြည့်သည်။ ထန်းလျှက်ခဲများ လျှော့နေသည်ကို သိရသောအခါ ကိုရင်များကို ခေါ်ယူစစ်ဆေးကာ အမှုမှန်ပေါ်သဖြင့် ကိုရင်နန္ဒသာမိတို့တစ်စု အရိုက်ခံရပြန်လေသည်။ (ဆက်ရန်)
0 comments

Read more...

ဒသမနှစ်၊ နှစ်ပတ်လည်စာစောင်

No Comments

Magazine 10


Read more...

လောကီ သက်သက်


သပိတ်မပါတဲ့ ပရိက္ခရာနည်းနည်း
အိုင်တီ ပစ္စည်းအချို့ရယ်
ကိုယ်နဲ့တစ်ပါတည်းသယ်လို့
မိဂဒါဝုန်တောတွင်း
ခိုဝင်နားမိပေါ့

အသီးသီးရှာဖွေတွေ့ရှိခဲ့တဲ့
သစ္စာတရားတွေ စိုက်ပျိုးတဲ့နေရာမှာ
ကိုယ်တိုင်ဟာ
ရှာဖွေနေသူတော့မဟုတ်တော့
စားသုံးသူစာရင်းထဲမှာ
မပါနိုင်ခဲ့ဘူး

ဖတ် မှတ် ကျက်
သုံးလုံးနဲ့
ဘ၀တစ်ခုလုံးကို မြှုပ်နှံလို့
အောင်မြင်ခြင်းမနက်ဖြန်တွေ
လှပစွာပွင့်လန်းနိုင်ဘို့အရေး
တွေးရင်း တွေးရင်း
ဘ၀မိုးလင်းအောင်တော့
စောင့်ရဦးတော့မယ်


Read more...

ဓမ္မသည် ( Religion) မဟုတ်ပါဘူး (အပိုင်း ၁)

0 comments
အပိုင်း ၁
မြတ်ဗုဒ္ဓသည် ဘုရား ဖြစ်တော် မူပြီးသည့် နောက် (၄၅) နှစ်လုံးလုံး ဟောကြား တော်မူခဲ့သော တရားတော် များကို ဓမ္မဟု ခေါ်ဆိုပါတယ်။ ဓမ္မသည် ( Religion) မဟုတ်ပါဘူး။ ထို့ကြောင့် ဘယ်ဘာသာဝင်မျိုးမဆို၊ အသားအရောင်၊ အမျိုး၊ ဇတ် ကိုးကွယ်သည့် ဘာသာ၊ ဘယ်လူမျိုး၊ ဘယ်သူမဆို မြတ်ဗုဒ္ဓရဲ့ ဓမ္မကို နားထောင် နိုင်ပါတယ်။ လိုက်နာ ကျင့်သုံးလို့ ရပါတယ်။ မြတ်ဗုဒ္ဓ ဟောတော်မူ ခဲ့သော တရားတော်များသည် ဓမ္မသာဖြစ်၍ ( Religion) မဟုတ်ပါဘူး။

Religion ဆိုတာ (Believe in worship of a “God “or supernatural rolling Power ) ကို ကိုးကွယ် ယုံကြည် တဲ့ သဘော (God ကို ယုံကြည် ကိုးကွယ်ခြင်း၊ သို့မဟုတ် ကမ္ဘာကြီးကိုလွမ်းမိုး အုပ်ချုပ်တဲ့ တန်ခိုးတစ်မျိုးမျိုးကို ယုံကြည်ကိုးကွယ် ခြင်းကို) Religion လို့ခေါ်ပါတယ်။ ယုံကြည်ခြင်းရယ်၊ ကိုးကွယ်ခြင်းရယ်၊ ဆုတောင်းခြင်းရယ် (၃)မျိုး ပြုလုပ်ကြခြင်းကို (Religion) လို့ခေါ်ပါတယ်လို့ သီတဂူဆရာတော် ဘုရားကြီးက ရှင်းလင်းစွာ ဟောကြား ထားပါတယ်။

မြတ်ဗုဒ္ဓ ဟောတဲ့ ဓမ္မက သင်ယူဘို့၊ ကျင့်ဘို့၊ ထိုးထွင်းသိမြင်ဘို့ (For learning, For Practice , For penetration ) ကို ရည်ရွယ်ပါတယ်။ အဘယ်ကြောင့်ဆိုသော်-

ဗုဒ္ဓ ၀ါဒအရ ကိုးကွယ်ခြင်းသည် စရဏ ပြဌန်းတဲ့ အကျင့်တရား ဖြစ်သောကြောင့်ပင် ဖြစ်ပါတယ်။ ဗုဒ္ဓ၀ါဒမှာ စရဏ (အကျင့်)က ပဓာန ဖြစ်ခြင်းကြောင့် (ကိုယ်တိုင် ကျင့်သုံးခြင်း) ကိုယ့်ကိုယ်ကို အားကိုးရသော ၀ါဒ ဖြစ်ပါသည်။အကြင်သူသည် ဓမ္မကိုမြင်မှ ဗုဒ္ဓကိုမြင်သည်။ တရားကိုမြင်သူသည် ဘုရားကို မြင်ပါသည်။ ထိုကြောင့် ဓမ္မကို မြင်အောင် ကျင့်သုံးဘို့သည် အဓိကအကျဆုံးပင် ဖြစ်ပါသည်။

ယုံကြည်ခြင်း၊ ကိုးကွယ်ခြင်း၊ ဆုတောင်းခြင်း ဆိုတာနဲ့တော့ ၀ိမုတ္တိ ဆိုတဲ့ လွတ်မြောက်ခြင်းကို မရနိုင်ပါဘူး။ ဓမ္မဆိုတာကတော့ ယုံကြည်နေယုံနဲ့ မပြီးသေးပါဘူး၊ သစ်သီးစားချင်သူသည် သစ်ပင် ပေါ်မတက်ဘဲ သစ်ပင်အောက် ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီး မစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည် ဖြစ်၏။ ထို့အတူ

ဆရာဝန်တစ်ယောက်သည် ရောဂါသည် တစ်ယောက်ကို၊ ဆေးကုသောအခါ ရောဂါရဲ့အနေအထား၊ ရောဂါရဲ့ စတင်ပုံကိုအရင် ရှာဖွေ ကြည့်ရူပါတယ်။ ပြီးမှ အဲဒီ ရောဂါဘာကြောင့် ဖြစ်သလဲဆိုတာ ကိုသိပြီး ဘာဆေး ပေးရမလဲဆိုတာကို ကြည့်ပြီးတော့ ဆေးညွန်း(prescription) ရေးပေးလိုက်တယ်။ ပြီးတော့ ဆေးပေးလိုက်ပါတယ်။

ရောဂါသည်က ဆေးညွန်းကို ဖတ်တယ်၊ ဒီဆေးညွန်းအတိုင်း ဒီဆေးသောက်ရင် ရောဂါပျောက် လိမ့်မယ်လို့ ယုံကြည်သလို ဆရာဝန်ကိုလည်း ယုံကြည်တယ်။ ပြီးတော့ ဆေးမသောက်ပဲ နေမယ်ဆို ရင်ရောဂါ မပျောက်နိုင်ပါဘူး။ ဆရာဝန်ကြီး တော်တယ်၊ တတ်တယ်၊ ဆိုပြီး ဆရာဝန်ကြီးကို ယုံကြည်ပါ၏ ဆိုပြီး ရှိခိုးနေ ယုံနဲ့ ရာဂါ မပျောက်သလို။ ဆေးညွန်း ကောင်းလွန်းလို့ အညွန်းကြီး ဖတ်နေသော် လည်းလူနာ ရောဂါ မပျောက် ကင်းနိုင်ပါ ဘူး။

ဆရာဝန်ကိုလည်း ယုံတယ်။ ဆေးညွန်းကိုလည်း သေချာစနစ်တကျ ဖတ်တယ်။ ဆေးညွန်း အားလျော်စွာ ဆေးကိုလည်း သောက်တယ်ဆိုရင် ဒီလူနာဟာ ရောဂါပျောက်ပါတယ်။

ထို့ကြောင့် မြတ်ဗုဒ္ဓဟာ အလွန်ကျွမ်းကျင်တဲ့ သမားတော် ကြီးနဲ့တူပါတယ်။ မြတ်ဗုဒ္ဓ ဟောကြားတဲ့ ပိဋိကတ်သုံးပုံသည် အလွန်ကောင်းတဲ့ ဆေးညွန်းကျမ်း တွေနဲ့တူပါတယ်။ မြတ်ဗုဒ္ဓ ဟောတဲ့၊ သီလ၊ သမာဓိ ၊ ပညာ ဆိုတဲ့အကျင့် တွေကတော့ ရောဂါပျောက်ဖို့ အကောင်းဆုံး ဆေးတွေပါပဲ။

ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် ကျင့်သုံးခြင်းပင် ဖြစ်၏။ ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့် အသိဉာဏ် (သဒ္ဓါနှင့်ပညာ) ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးရပါသည်။

ဆင်းရဲမှ လွတ်လိုလျှင် မကောင်းသော အကျင့်ကို ရှောင်ရမည်။ ချမ်းသာရလိုလျှင် ကောင်းသော အကျင့် ကိုကျင့်ရမည် ဖြစ်၏။ သို့ဖြစ်၍ ချမ်းသာရလိုလျှင် သုစရိုက်ကို ကျင့်သုံးရမည်သာ ဖြစ်၏။ ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို ရှောင်ရှားရမည်ဖြစ်သည်။
ဤသို့ ကျင့်သုံးခြင်းဖြင့် ဒုက္ခနှင့် ဒုက္ခဖြစ်ခြင်း အကြောင်းရင်းကိုလည်း သိရမည်။ သုခနှင့် သုခ၏ အကြောင်းရင်းကိုလည်း သိရမည်။ဗုဒ္ဓ ၀ါဒသည် တစုံတယောက်သော တန်ခိုးရှင်ကို ယုံကြည်ပြီး မှီခိုနေရတဲ့ ၀ါဒမျိုးလည်း မဟုတ်ပါဘူး။

မြတ်ဗုဒ္ဓ ၏ ၀ါဒမှာ (၀ိဘဇ္ဇ၀ါဒီ- ဝေဖန်ပိုင်းခြားနိုင်မှ ဗုဒ္ဓ၀ါဒ ) ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ တရားတော်သည် ဝေဖန် စီစစ်ခွင့်ရှိသော ဘာသာတရားမျိုး ဖြစ်ပါတယ်။ မြတ်စွာဘုရားသည် အရာရာ ဝေဖန် စီစစ်လေ့ ရှိသော ပုဂ္ဂိုလ်ထူးတစ်ဆူ ဖြစ်ပါတယ်။ ဝေဖန်စီစစ်ခွင့် မရှိသောဘာသာ တရားမျိုး မဟုတ်ပါဘူး။ ကိုးကွယ်မိပြီဆိုရင် ကိုးကွယ်ခံတဲ့ ဘုရားကိုဖြစ်စေ၊ ရဟန်းကိုဖြစ်စေ၊ ဘာမှ ဝေဖန်ခွင့်မရှိဘူး ဆိုတဲ့ ဘာသာတရားမျိုး မဟုတ်ပါဘူး၊ အလွန်တရာလွတ်လပ်ပါတယ်။ လူတွေအားလုံး ဝေဖန်စီစစ်တဲ့ဥဏ် ရှိမှသာ ကိုးကွယ်ရာဟာ မွန်မြတ်တဲ့ ကိုးကွယ်ရာမျိုး ဖြစ်နိုင်ပါတယ်။ ဝေဖန် စီစစ်တဲ့ဥဏ် မရှိဘဲနဲ့ ကိုးကွယ်ရာသည် မွန်မြတ်တဲ့ ကိုးကွယ်မူ့မျိုး မဖြစ်နိုင်ပါ။ အရာရာ၌ အကောင်း အဆိုး အကြောင်း အကျိုး အရာဟူ သမျှကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်လေ့ ရှိလေသော ၊အတိုင်းမသိ ယုတ်မာသော တရားတွေ ကိုအောင်မြင်တော် မူသောမြတ်စွာ ဘုရား အားရှိခိုးခြင်းသည် မွန်မြတ်သော ကိုးကွယ် ခြင်းမျိုးသာ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓ မပွင့်သေးမှီ ရှေးအခါက လူတို့သည် ဘေးဒုက္ခအမျိုးမျိုး၊ ဘေးအန္တာရယ် အမျိုးမျိုးဖြင့် ခြိမ်းခြောက် ခံရတဲ့အတွက် ကြောင့်သော် လည်းကောင်း၊ စည်းစိမ် ချမ်းသာ အဖြာဖြာကို လိုလား တောင့်တ၍ သော်လည်းကောင်း၊ ကိုးကွယ်ရာ အမျိုးမျိုး ရှာခဲ့ကြပါတယ်။ ကိုးကွယ်ရာ ရသောအခါ ထိုကိုးကွယ် ရာက ချမ်းသာ စည်းစိမ်အမျိုးမျိုးကို ဘေးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည် ဟူ၍လည်း ယုံကြည်ခဲ့ ကြပါတယ်။ ထိုကြောင့် တစ်ချို့က တော ၊တောင်၊ ရေ၊ မြေ၊ နေ၊ လ၊ နက္ခတ်၊ တာရာ၊ သစ်ပင်၊ ဥယျာဉ် ၊ စေတီ (စေတီ ဆိုသည်မှာ နတ်ကွန်းများ ကို အိန္ဒိယမှာ ဗုဒ္ဓမပွင့်ခင်ကစေတီ လို့ခေါ်ခဲ့ကြတယ်။ ရှိခိုးအပ်၊ အရိုအသေ ပြုအပ်၊ ပူဇော်အပ်သော အရာဌာန များကို စေတီလို့ခေါ်ခဲ့ကြပါတယ်။ ) စသည်အရာများကို တန်ခိုးရှင်ဟု သတ်မှတ် ကာ မှီခိုအားကိုး ယုံကြည် ကိုးကွယ် နေခဲ့ကြပါတယ်။ မြတ်ဗုဒ္ဓရဲ့ သာသနာတော် မှာတော့ မမွန်မြတ်တာ တွေကို ကိုးကွယ်စရာ အနေနဲ့ ဘယ်ထဲမှာမှ ထည့်မသွင်းထားပါဘူး။ မွန်မြတ်တဲ့ ကိုးကွယ် ခြင်းပဲဖြစ်ရပါမယ်။

ဘေးရန်ကို ကြောက်လို့ ကိုးကွယ်ပေမဲ့ ဒါဟာ ဘေးရန်ကင်းတဲ့ ကိုးကွယ်ခြင်းမျိုး မဖြစ်နိုင်ပါဘူး။ ဒါတွေဟာမွန်မြတ်တဲ့ ကိုးကွယ်မူ့မျိုး မဖြစ်နိုင်ပါဘူး။ ဒီလိုကိုးကွယ်မူ့ အကြောင်းပြုလို့ ဒုက္ခမှ မလွတ် မြေက် နိုင်ပါဘူး။ အကြင်သူသည်၊ ဗုဒ္ဓကိုလည်းကောင်း၊ ဓမ္မကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း သရဏံ ကိုးကွယ် ခြင်းသို့ ရောက်နေသော ပုဂ္ဂိုလ်သည် လေးမျိုးသော သစ္စာတရားတို့ကို မြင်နိုင်တဲ့ အကျိုး ကိုရပါတယ်။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ကို ကိုးကွယ်ခြင်းသည် ဘေးရန်ကင်း၏ ။မွန်မြတ်တဲ့ ကိုးကွယ်ခြင်းဖြစ်၏ ။ ဒုက္ခအပေါင်းမှ လွတ်မြောက်၏ ။

အဘယ်ကြောင့် ဆိုသော် ဗုဒ္ဓ မြတ်စွာဘုရားသည် သတ္တ၀ါတွေ အကျိုးမဲ့ဖြစ်မည့် ကိစ္စကိုတားမြစ်တော်မူ ပါတယ်။ အကျိုးစီးပွားဖြစ်မည့် ကိစ္စကို၊ လမ်းညွန်ချက် ပေးတော်မူခဲ့ပါတယ်။ မကောင်းတာ မှန်သမျှ တားမြစ်တယ်။ ကောင်းတာ မှန်သမျှ ညွန်ကြားပါတယ်။ ကျေှးဇူး တင်စရာကောင်းတဲ့ ဆရာတစ်ဆူဟု စိတ်တွင်ကြည်ညို တတ်လျှင် သဒ္ဓါ ဖြစ်စေပါတယ်။

ဓမ္မသည် မြတ်စွာဘုရား ဆုံးမတော်မူတဲ့ အတိုင်း ဓမ္မကို ကျင့်နိုင်လျှင်၊ ကျင့်နိုင်သည်နှင့် အမျှ မကောင်းကျိုး တွေကို ဖယ်ရှားပြီး ကောင်းကျိုးတွေကို ရစေနိုင်ပါတယ်။

သံဃာကလည်း သာသနာတော်ကို မြတ်ဗုဒ္ဓ ဟောကြားတော်မူတဲ့အတိုင်း တရားတော်များကို အတွေး ခေါ်သစ်တွေလည်း ဖြည့်စွပ်မထားပဲ ၊မြတ်ဗုဒ္ဓ ၏ မူရင်း ဟောပြောချက်တွေကိုလည်း ဖယ်နုတ်ခြင်း မရှိဘဲ တစ်စုံတစ်ခု ပြုပြင်ပြောင်းလဲခြင်း လည်းမလုပ်ပဲ မူရင်းအတိုင်း နှစ်ပေါင်း၂၅၀၀ ကျော် ကာလ ပတ်လုံး သယ်ဆောင်ထိန်းသိမ်း လာတာကို ကျေးဇူးတင်တတ်တယ် ဆိုရင် သံဃာအပေါ်မှာ သဒ္ဓါ ဖြစ်စေပါတယ်။

(ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ရတနာသုံပါးရဲ့ အပေါ်မှာ ရောက်နေတဲ့ ကြည်ညို ယုံကြည်တဲ့စိတ် သဒ္ဓါတရား အရင်းခံရှိသော၊ သဒ္ဓါတရား ရရှိ၍ လာသော ကောင်းစွာ ကျင့်အပ်သော အကျင့်မြတ်သည်(သမ္မာဒိဋ္ဌိ ) ဖြောင့်မတ်တဲ့ အယူ မုချကိန်း တယ်လို့ ဆိုထိုက်ပါပေတယ်။
သမ္မာဒိဋ္ဌိ (သမ္မာဒိဋ္ဌိ ) ဆိုသည်မှာအသိဉာဏ် မှန်ကန်ခြင်း၊ အယူအဆ မှန်ကန်ခြင်းဖြစ်ပါတယ်။

သဒ္ဓါတရားလျှင် အရင်းခံရှိသော သမ္မာဒိဋ္ဌိနဲ့တွဲတဲ့ စေတနာက သတ္တ၀ါတွေ၏ စိတ်သန္နန်မှာ ဖြစ်တဲ့ ဘေးအန္တရယ်တွေ၊ ကြောက်လန့်ခြင်း၊ ထိတ်လန့်ခြင်း ၊ ကိုယ် စိတ်နှစ် ပါး ဆင်းရဲခြင်း၊ မကောင်းတဲ့ဘ၀ ဆိုးအဖြစ်ဆိုးတွေ၊ကိုယ်နုတ် စိတ်နှလုံး ညစ်ညူးမူ့ တွေ ကို ဖယ်ရှားပေးနိုင်စွမ်း သတ္တိ အထူးရှိပါတယ်။

အသိဉာဏ်နှင့် အကျင့် မပါတဲ့ ယုံကြည်မှု (သဒ္ဓါ) မျိုးကိုတော့ ဗုဒ္ဓ၀ါဒက လက်မခံလိုပါဘူး။ ယုံကြည်မှု (သဒ္ဓါ) ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါတယ်။ အသိဉာဏ်ပေါ်မှာ အခြေခံမှ ယုံကြည်မှု (သဒ္ဓါ) ဟာ အကျင့်တရား ပါတယ်။ အကျင့်တရားပါမှ ချမ်းသာစစ်၊ ချမ်းသာမှန်ကို ရနိုင်ပါတယ်။

ဗုဒ္ဓရဲ့ အဆင်းတော်၊ အသံတော်၊ ဘုန်းတော်၊ တန်ခိုးတော်၊ ဉာဏ်တော်တွေကို အလွန်အမင်း ကြည်ညိုပြီး ဗုဒ္ဓအနားက မခွာနိုင်အောင် ဖြစ်နေတဲ့ ၀က္ကလိ ရဟန်းတော်ကို ဗုဒ္ဓက-

အို-၀က္ကလိ၊ ငါ၏ ပူတိကာယ (အပုပ်ပြည့်တဲ့ ကိုယ်ကြီး) ကို ကြည်ညို၍ နေခြင်းဟာ ဘာအကျိုး ရှိမည်နည်း။ သွားလော့၊ ကျင့်လော့၊-ဟု နှင်ထုတ်ခဲ့ဘူးပါတယ်။ ၀က္ကလိ ရဟန်းကို နှင်ထုတ်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့် အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်။
ထို့ကြောင့် သဒ္ဓါအရင်းခံတဲ့၊ အသိဥဏ်မှန်ကန်မူ့၊ အယူအဆမှန်ကန်မူ့ ဆိုသည့်(သမ္မာဒိဋ္ဌိ) တွဲလျှင် ထိုပုဂ္ဂိုလ်သည် အယူဖြောင့်ပြီဟုဆိုနိုင်ပါသည်။

ထိုကြောင့် ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို မှန်ကန်စွာ သိရှိနားလည်ကြပြီး ယုံကြည်မှု (သဒ္ဓါ ) နှင့်
အသိဉာဏ် ( ပညာ) ၊အကျင့် တို့ ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးနိုင်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

(ကျေးဇူးတော်ရှင် သီတဂူ ဆရာတော် ဘုရားကြီး၏ ဗုဒ္ဓဘာသာ အခြေခံတရားတော် မှ ဗုဒ္ဓဘာသာဝင် တိုင်း သိသင့်သိထိုက်တဲ့ ဗုဒ္ဓဘာသာရဲ့အနှစ်သာရကို မှန်ကန်စွာ သိရှိနားလည်ကြ ရန်ရည်ရွယ်၍ ထုတ်နုတ် ပူဇော် အပ်ပါသည်။)
ရေးသားသူ - မေစိုး

Read more...

ဖိတ်ကြားအပ်ပါသည်။


၃-၁၀-၂၀၀၆ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သော ကိုသိန်းသန်းဇော် နှင့် ၁၈-၅-၂၀၀၉ ရက်နေ့တွင် ကွယ်လွန် သွားခဲ့သော ကိုအောင်ကျော်သူ တို့ကို ရည်စူး၍ ၉-၅-၂၀၁၀ (တနင်္ဂနွေနေ့)တွင် ရွှေကမ္ဘာ မြန်မာစတိုး(ဒေဂူး)မှ ကျန်ရစ်သော ချစ်သူငယ်ချင်းများက အမှတ်တရ ဆွမ်းကြွေး အလှူဒါနဖြင့် အမျှပေးဝေ ကုသိုလ်ပြုပေးကြမှာ ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ရွှေကမ္ဘာမြန်မာစတိုး(ဒေဂူး)နှင့် သူငယ်ချင်းများ၏ အမှတ်တရ ဆွမ်းကြွေးကုသိုလ် အလှူသို့ အတူ တကွ တရားနာ ကုသိုလ်ယူကြွရောက်ကြပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။
ရွှေကမ္ဘာ မြန်မာစတိုး(ဒေဂူး) နှင့် သူငယ်ချင်းများ

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP