* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, April 24, 2010

ဖရဲသီးရောင်းနေခဲ့ရ အကောင်းသား

တစ်နှစ်တစ်တန်း
နှစ်နှစ်တစ်တန်း
စသဖြင့်ဖြတ်သန်းရင်း
အထက်တန်းကျောင်းကိုရောက်ခဲ့ပေါ့ ။

ဘွဲ့ကောင်းရင် အလုပ်ကောင်းသတဲ့
အလုပ်ကောင်းရင် ဝင်ငွေကောင်းသတဲ့
ဝင်ငွေကောင်းရင် ကောင်းသတဲ့
ကောင်းသတဲ့  ကောင်းသတဲ့
ဘွဲ့ကောင်းရရင် အေးပြီပေါ့ ။

တက္ကသိုလ်ကြီးကို အပြုံးနဲ့ပေါက်
ဘွဲ့လက်မှတ်လေးကို အသာကောက်
နိုင်ငံခြားထိ ထွက်ပြီးရောက်
အလုပ်ကောင်းကောင်း ရွေးပြီးလျှောက်
တပ်ခေါက်ပြန်ခဲ့ရတာလည်းအခါခါ
ရင်းထားရတာလည်း မနည်းမနောပါ ။

တစ်ခါတစ်ခါလည်း တစ်ထိတ်ထိတ်
ဖရဲသီးရောင်းတဲ့သူလောက်မှမနိပ်
ဝယ်သူမရှိရင် အသာလေးစိပ်
ကိုယ့်ဘာသာကိုယ် စားပြီးအိပ်
ကဲ- မနိပ်ပေဘူးလား ။

ခုတော့ဖြင့် မထူးတော့ပါ
ဖရဲသီးရောင်းဖို့လည်း စိတ်မကူးသာ
သတင်းစာတွေသာ ဝယ်ဝယ်ဖတ်
အလုပ်လျှေက်လွှာတွေ ဟိုသည်ထပ်
ဂါထာတော်တွေ နာနာရွတ်
မိဘ ကျေးဇူးဆပ်ရလို ။

ဟော- အလုပ်ရပါပြီ
အေးပြီလို့  ထင်ခဲ့သမျှ
မှားလေစွ မှားလေစွ
pressure တွေကများမှများ
နားရချိန်ကလည်းရှားမှရှား
မခံသာနိုင်တော့ ဒေါသပွါး
ဖရဲသီးဆီရောက်ရောက်သွား
စာတွေသင်ခဲ့မိတာ မှားမှမှား
ဖရဲသီးရောင်းနေခဲ့ရ အကောင်းသား ။


ဘဝအမောကို ဟာသနှော၍ ရင်းနှီးစွာ ပြောပြခဲ့သူသို့ ရည်ညွှန်းပါသည်။

ရေမြေမရွေး၊ ရာသီချိန်ခါမရွေး ၊ ပေါက်ရောက်နိုင်သော သဘာဝပေါက်ပင်၏
အမည်မှာ "ဒုက္ခပင်" မဟုတ်ပါလော။

မသိလို့လိုချင် ၊ လိုချင်တော့ ပြုလုပ်၊ ပြုလုပ်တော့ရရှိ၊ ရလာသည့်အရာအာလုံး
ဒုက္ခသနပ်ခါးတုံးတွေပါပဲ။ 

ဖရဲသီးသည်ကအစ သမ္မတရာထူးအဆုံး အဲဒီဒုက္ခသနပ်ခါးတုံးနဲ့ 
ကင်းနိုင်တဲ့သူ ဘယ်သူရှိမှာတဲ့လဲ။ 

စားနေဝတ် ချွေးနံ့နံနေသမျှတော့ လိမ်းနေကြရဦးမှာပဲပေါ့.။ 

( တေသံ ဝူပသမော သုခေါ )

Read more...

ပယ်ဖြတ်ပုံ မတူကြသူများ…

ဗုဒ္ဓပိဋကတ် စာပေတွေဖတ်ရင်း မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာပါတဲ့ ပေါတလိယသုတ်ကို အကြိမ်အကြိမ် ပြန်ဖတ်မိဖြစ်ပါတယ်။ ဒီသုတ်မှာပါတဲ့ ပေါတလိယသူကြွယ်နဲ့ ဘုရားရှင်တို့ အပြင်အလှန် မေးဖြေထားတာလေးတွေက ဖတ်မိသူတိုင်းကို အဓိကနဲ့ သာမည ခွဲခြားပြသနေသလို ဖြစ်စေပါတယ်။ အမြင်ခြင်း မတူတဲ့ သူနှစ်ယောက်ရဲ့ ယူဆချက်တွေမှာ ဗုဒ္ဓရဲ့ တင်ပြချက်က လွတ်မြောက်မှုကို အသားပေးထားတာ တွေ့ရပါတယ်။ အထူးသဖြင့် ပေါတလိယ သူကြွယ်ရဲ့ လူမှုကိစ္စပယ်ဖြတ်ထားပုံနဲ့ ဘုရားရှင်ဆိုလိုတဲ့ ပယ်ဖြတ်ပုံချင်း မတူညီတာက ဖတ်တဲ့သူကို အမှန်ရွေးချယ်ခိုင်းနေသလို ဖြစ်နေပါတယ်။ သေချာတာကတော့ သဗ္ဗညုတဉာဏ်ရှင်ရဲ့ အမြင်နဲ့ ပုထုဇင်တစ်ယောက်ရဲ့ အမြင်မှာ ပယ်ဖြတ်ပုံကအစ မတူညီကြဘဲ ကွဲပြားနေတယ်ဆိုတာ သေချာပါတယ်။

မြတ်စွာဘုရားရှင် အင်္ဂတိုင်း အာပဏ္ဏနိဂုံးမှာ သီတင်းသုံးနေစဉ်က ဖြစ်ပါတယ်။ တစ်နေ့ ဘုရားရှင် ဆွမ်းခံရာမှအပြန် တောအုပ်တစ်ခုအနီးမှာ ကိုယ်လက်သန့်စင်ပြီး အနားယူ နေတဲ့အချိန် ပေါတလိယဆိုတဲ့ သူကြွယ်တစ်ယောက် ဘုရားထံပါး ရောက်လာခဲ့ပါတယ်။ အနီးရောက်နေပေမယ့် မထိုင်ဘဲ တစ်နေရာမှာ ရပ်နေတဲ့ပေါတလိယကို ဘုရားရှင်ကပဲစပြီး “သူကြွယ်…ဒီမှာ နေရာအလွတ်ရှိတယ်၊ လာထိုင်ပါ…”လို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ပေါတလိယသူကြွယ်ဟာ လာမထိုင်တဲ့အပြင် ဘုရားရှင်သုံးလိုက်တဲ့ “သူကြွယ်”ဆိုတဲ့ အသုံးအနှုန်းအပေါ်မှာ မကျေမနပ် ဖြစ်သွားပါတယ်။ ဘာမှမပြောပေမယ့် ရင်ထဲမှာတော့ ခံပြင်းခဲ့ပါတယ်။ ဘုရားရှင်ကလည်း သူ့အခြေအနေကို သိသိနဲ့ပဲ နောက်ထပ် နှစ်ခါသုံးခါ ထပ်ခေါ်လိုက်ပါတယ်။ ဒီတော့ ပေါတလိယသူကြွယ်ဟာ သည်းမခံနိုင်တော့ဘဲ “အရှင်ဂေါတမ… ကျွန်ုပ်ကို သူကြွယ်ဆိုတဲ့ အခေါ်ဝေါ်နဲ့ ခေါ်ဆိုဖို့ မသင့်ပါဘူး..”လို့ ပြောလိုက်ပါတယ်။

“သူကြွယ်… သင့်ရဲ့အမူအရာ အသွင်အပြင်က သူကြွယ်ပုံပေါက်နေလို့ သူကြွလို့ ခေါ်တာပါ…”လို့ ဘုရားရှင်က မိန့်တဲ့အခါ “အရှင်ဂေါတမ ကျွန်ုပ်ဟာ လူမှုကိစ္စအားလုံးကို ပယ်ထားပြီးပါပြီ၊ လူ့အသုံးအနှုန်းအားလုံးကိုလည်း ဖြတ်ထားပြီးပါပြီ၊ ဒါကြောင့် ကျွန်ုပ်ကို သူကြွယ်ဆိုတဲ့ အသုံးနဲ့ ခေါ်လို့မသင့်ပါ…”လို့ ပေါတလိယက ဆိုပါတယ်။ “ဘယ်လိုဘယ်နည်းနဲ့ လူမှုကိစ္စတွေကိုပယ်ပြီး လူ့အသုံးအနှုန်းအားလုံးကို ဖြတ်တောက်လဲ…”လို့ ဘုရားရှင်က ထပ်မေးတော့ “အရှင်ဂေါတမ… ကျွန်ုပ်မှာရှိတဲ့ ပိုင်ဆိုင်သမျှ စည်းစိမ်မှန်သမျှကို သားသမီးတွေကို အမွေးပေးပြီး အဲဒါတွေနဲ့ ပတ်သက်လို့ ဘာမှဝင်ရောက် စွပ်ဖက်မှုမရှိဘဲ စားလောက် ၀တ်လောက်ရုံလောက်နဲ့ပဲ ကျွန်ုပ်နေပါတယ်၊ ဒီနည်းဟာ ကျွန်ုပ်ရဲ့ လူမှုကိစ္စတွေကိုပယ်ပြီး လူ့အသုံးအနှုန်းတွေကို ဖြတ်တောက်တဲ့နည်း ဖြစ်ပါတယ်…”လို့ သူကြွယ်က ပြန်လျှောက်ပါတယ်။

“ဒါဆိုရင်တော့ သင့်ရဲ့လူ့အသုံးအနှုန်း ဖြတ်ပုံက တစ်မျိုးဖြစ်နေတယ်၊ ငါဘုရား အဆုံးအမရဲ့ လူ့အသုံးအနှုန်းဖြတ်ပုံကတော့ သင်နဲ့မတူဘူး”လို့ ဆိုကာ ဘုရားရှင်က ဖြတ်သင့်တဲ့ လူ့အသုံးအနှုန်း ဆိုတာတွေကို ဆက်လက်မိန့်ကြား တော်မူပါတယ်။ ဘုရားရှင်က ပယ်ရမယ့်အချက် (၈)ချက်ကို မိန့်တော်မူပါတယ်။
(၁) အသက်မသတ်ခြင်းကိုမှီ၍ အသက်သတ်ခြင်းကို ပယ်ရမည်
(၂) ပေးသောဥစ္စာ ယူခြင်းကိုမှီ၍ မပေးသောဥစ္စာ ယူခြင်းကို ပယ်ရမည်
(၃) မှန်သောစကားကိုမှီ၍ မမှန်သောစကားကို ပယ်ရမည်
(၄) ကုန်းမတိုက်သော စကားကိုမှီ၍ ကုန်းတိုက်သော စကားကို ပယ်ရမည်
(၅) မတပ်မက် မလိုချင်မှုကိုမှီ၍ တပ်မက်လိုချင်မှုကို ပယ်ရမည်
(၆) မကဲ့ရဲ့ မချုပ်ချယ်ခြင်းကိုမှီ၍ ကဲ့ရဲ့ချုပ်ချယ်ခြင်းကို ပယ်ရမည်
(၇) အမျက်မထွက်ခြင်း မပင်ပန်းခြင်းကိုမှီ၍ အမျက်ထွက်ခြင်း ပင်ပန်းခြင်းကို ပယ်ရမည်
(၈) လွန်စွာမာန်မမူခြင်းကိုမှီ၍ လွန်စွာမာန်မူခြင်းကို ပယ်ရမည်။

ဒီ (၈)ချက်က ဘုရားရှင် မိန့်တော်မူတဲ့ လူ့အသုံးအနှုန်း ပယ်ဖြတ်ခြင်းများ ဖြစ်ပါတယ်။ ပေါတလိယ သူကြွယ်ဟာ သူနဲ့မတူတဲ့ မြတ်စွာဘုရားရှင်ရဲ့ ပယ်ဖြတ်နည်းအပေါ် စိတ်ဝင်စားသွားပြီး အကျယ်ထပ်မိန့်ဖို့ လျှောက်ထားလိုက်ပါတယ်။ ဒီတော့မှ ဘုရားရှင်က

“သူကြွယ်… အသက်မသတ်ခြင်းကိုမှီ၍ အသက်သတ်ခြင်းကို ပယ်ရမယ်ဆိုတာက တစ်စုံတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဒီလို နှလုံးသွင်းဆင်ခြင်ရပါမယ်။ ငါဟာ အနှောင်အဖွဲ့ သံယောဇဉ်ကြောင့် အသက်ကို သတ်လေ့ရှိနေမိပေမယ့် ဒီအနှောင်အဖွဲ့ သံယောဇဉ်ကို အကြွင်းမဲ့ ပယ်ဖြတ်ဖို့လည်း ကျင့်ကြံနေတယ်၊ တကယ်လို့ ငါဟာ အသက်သတ်လေ့ရှိသူ ဖြစ်နေမယ်ဆိုရင် ဒီအသက်သတ်ခြင်းကပဲ ငါ့ကိုငါ ပြန်စွပ်စွဲမိပြီး ပညာရှိတွေရဲ့ ကဲ့ရဲ့မှုကိုလည်း ခံရမယ်၊ အသက်သတ်ခြင်းကြောင့် သေပြီးနောက်မှာလည်း မကောင်းတဲ့ ဘုံဘ၀မှာ ပြန်ဖြစ်ရမယ်၊ ဒီအသက်သတ်ခြင်းကပဲ အနှောင်အဖွဲ့ သံယောဇဉ်ဖြစ်နေပြီး လွတ်မြောက်မှုအတွက် ပိတ်ပင်တားဆီးထားတဲ့ နီဝရဏတရား ဖြစ်နေမယ်၊ အသက်သတ်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အာသဝေါတရား၊ ပင်ပန်းခြင်း ပူပန်ခြင်းတရားတွေဟာ အသက်မသတ်ခြင်းမှ ရှောင်ကြဉ်တဲ့သူ အတွက် မဖြစ်ပေါ်နိုင် စသဖြင့် ဆင်ခြင်ကာ အသက်မသတ်ပဲ နေခြင်းနဲ့ပဲ အသက်သတ်ခြင်းကို ပယ်ရမယ်လို့ ဆိုကြောင်း၊

သူကြွယ်… ပေးသောဥစ္စာကိုမှီ၍ မပေးသော ဥစ္စာယူခြင်းကို ပယ်ရမယ်ဆိုတာက တစ်စုံတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဒီလို နှလုံးသွင်းဆင်ခြင်ရပါမယ်။ ငါဟာ အနှောင်အဖွဲ့ သံယောဇဉ်ကြောင့် မပေးသော ဥစ္စာကို ခိုးယူလေ့ရှိနေမိပေမယ့် ဒီအနှောင်အဖွဲ့ သံယောဇဉ်ကို အကြွင်းမဲ့ ပယ်ဖြတ်ဖို့လည်း ကျင့်ကြံနေတယ်၊ တကယ်လို့ ငါဟာ မပေးတဲ့ ဥစ္စာကို ခိုးယူလေ့ရှိသူ ဖြစ်နေမယ်ဆိုရင် ဒီခိုးယူခြင်းကပဲ ငါ့ကိုငါ ပြန်စွပ်စွဲမိပြီး ပညာရှိတွေရဲ့ ကဲ့ရဲ့မှုကိုလည်း ခံရမယ်၊ ခိုးယူခြင်းကြောင့် သေပြီးနောက်မှာလည်း မကောင်းတဲ့ ဘုံဘ၀မှာ ပြန်ဖြစ်ရမယ်၊ ဒီခိုးယူခြင်းကပဲ အနှောင်အဖွဲ့ သံယောဇဉ်ဖြစ်နေပြီး လွတ်မြောက်မှုအတွက် ပိတ်ပင်တားဆီးထားတဲ့ နီဝရဏတရား ဖြစ်နေမယ် ခိုးယူခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အာသဝေါတရား၊ ပင်ပန်းခြင်း ပူပန်ခြင်းတရားတွေဟာ ခိုးယူခြင်းမှ ရှောင်ကြဉ်တဲ့သူအတွက် မဖြစ်ပေါ်နိုင် စသဖြင့် ဆင်ခြင်ကာ ပေးသောဥစ္စာကိုယူခြင်းနဲ့ပဲ မပေးသောဥစ္စာ ယူခြင်းကို ပယ်ရမယ်လို့ ဆိုကြောင်း၊

ဒီအတိုင်းပဲ ကိုယ့်ကိုယ်ကို မမှန်တဲ့ စကားကို ဆိုခြင်းရဲ့ ဆိုးကျိုးတွေနဲ့ မှန်တဲ့စကားကို ဆိုခြင်းရဲ့ ကောင်းကျိုးကို ဆင်ခြင်ပြီး မှန်ကန်သောစကားကို ဆိုခြင်းနဲ့ မမှန်ကန်သော စကားကို ပယ်ရမှာ ဖြစ်ကြောင်း၊ ကုန်းတိုက်တဲ့ စကားကို ဆိုခြင်းရဲ့ အပြစ်တွေနဲ့ မဆိုခြင်းရဲ့ အကျိုးတွေကို ဆင်ခြင်ပြီး ကုန်းတိုက်တဲ့ စကားကို မဆိုခြင်းနဲ့ပဲ ကုန်းတိုက်တဲ့စကား ဆိုခြင်းကို ပယ်ရမှာ ဖြစ်ကြောင်း၊ တပ်မက်လိုချင်မှုရဲ့ ဆိုးကျိုးနဲ့ မတပ်မက် မလိုချင်မှုရဲ့ ကောင်းကျိုးကို ဆင်ခြင်ပြီး မတပ်မက် မလိုချင်မှုနဲ့ပဲ လိုချင်တပ်မက်မှုကို ပယ်ရမှာ ဖြစ်ကြောင်း၊ ကဲ့ရဲ့ချုပ်ချယ်ခြင်းရဲ့ အပြစ်တွေနဲ့ မကဲ့ရဲ့ မချုပ်ချယ်ခြင်းရဲ့ အကျိုးတွေကို ဆင်ခြင်ပြီး မကဲ့ရဲ့ မချုပ်ချယ်ခြင်းနဲ့ပဲ ကဲ့ရဲ့ချုပ်ချယ်ခြင်းကို ပယ်ရမှာ ဖြစ်ကြောင်း၊ အမျက်ထွက်ခြင်း ပင်ပန်းခြင်းရဲ့ အပြစ်တွေနဲ့ အမျက်မထွက်ခြင်း မပင်ပန်းခြင်းရဲ့ အကျိုးတွေကို ဆင်ခြင်ပြီး အမျက်မထွက်ခြင်း မပင်ပန်းခြင်းနဲ့ပဲ အမျက်ထွက်ခြင်း ပင်ပန်းခြင်းကို ပယ်ရမှာ ဖြစ်ကြောင်း၊

နောက်ဆုံးအနေနဲ့ သူကြွယ် … လွန်စွာမာန်မမူခြင်းကိုမှီ၍ လွန်စွာမာန်မူခြင်းကို ပယ်ရမယ်ဆိုတာက တစ်စုံတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဒီလို နှလုံးသွင်းဆင်ခြင်ရပါမယ်။ ငါဟာ အနှောင်အဖွဲ့ သံယောဇဉ်ကြောင့် အလွန်မာန်မာန ကြီးလေ့ရှိနေမိပေမယ့် ဒီအနှောင်အဖွဲ့ သံယောဇဉ်ကို အကြွင်းမဲ့ ပယ်ဖြတ်ဖို့လည်း ကျင့်ကြံနေတယ်၊ တကယ်လို့ ငါဟာ အလွန်မာန်မာန ကြီူးလေ့ရှိသူ ဖြစ်နေမယ်ဆိုရင် ဒီမာန်မူခြင်းကပဲ ငါ့ကိုငါ ပြန်စွပ်စွဲမိပြီး ပညာရှိတွေရဲ့ ကဲ့ရဲ့မှုကိုလည်း ခံရမယ်၊ မာန်မူခြင်းကြောင့် သေပြီးနောက်မှာလည်း မကောင်းတဲ့ ဘုံဘ၀မှာ ပြန်ဖြစ်ရမယ်၊ ဒီမာန်မူခြင်းကပဲ အနှောင်အဖွဲ့ သံယောဇဉ်ဖြစ်နေပြီး လွတ်မြောက်မှုအတွက် ပိတ်ပင်တားဆီးထားတဲ့ နီဝရဏတရား ဖြစ်နေမယ် မာန်မူခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အာသဝေါတရား၊ ပင်ပန်းခြင်း ပူပန်ခြင်းတရားတွေဟာ မာန်မူခြင်းမှ ရှောင်ကြဉ်တဲ့ သူအတွက် မဖြစ်ပေါ်နိုင် စသဖြင့် ဆင်ခြင်ကာ လွန်စွာမာန်မမူခြင်းနဲ့ပဲ လွန်စွာမာန်မူခြင်းကို ပယ်ရမယ်လို့ ဆိုကြောင်း..” မိန့်တော်မူလိုက်ပါတယ်။

ပြီးတော့ ဗုဒ္ဓက “သူကြွယ် ဒီတရားရှစ်ပါးကို ပယ်တာတောင်မှ အကြွင်းမဲ့ ပယ်သတ်တာ မဟုတ်သေးပါဘူး၊ တကယ်အကြွင်းမဲ့ ပတ်သတ်နိုင်ဖို့ကတော့ ကာမဂုဏ်ငါးပါးကို အမှန်အတိုင်း ပညာနဲ့မြင်အောင် ကြိုးစားပြီး ဒီကာမဂုဏ်တရားတွေကို စွဲလန်းတတ်စေတဲ့ ဆန္ဒရာဂကို အကြွင်းမဲ့ချုပ်စေတဲ့ ဥပေက္ခာတရားကို ပွားများနိုင်မှပဲ အပြီးပယ်ဖြတ်နိုင်မှာ ဖြစ်ပါတယ်..၊ ဒီးနည်းကပဲ အသုံးအနှုန်းမှန်သမျှ လုံးဝပြတ်စေ နိုင်ပါတယ်..”လို့ မိန့်တော်မူလိုက်ပါတယ်။ ဒီတော့မှ ပေါတလိယ သူကြွယ်ဟာ သူ့ရဲ့ပယ်ဖြတ်နည်းကို စွန့်ပြီး ဗုဒ္ဓနည်းနဲ့အတူ သရဏဂုံတည်ကာ ဥပါသကာအဖြစ် ခံယူသွားခဲ့ပါတော့တယ်။

ဒီသုတ်တော်မှာလာတဲ့ မတူညီတဲ့ ပယ်ဖြတ်မှုတွေထဲက သူကြွယ်ရဲ့ ပယ်ဖြတ်မှုဟာ စစ်မှန်တဲ့ ပယ်ဖြတ်မှု မဟုတ်ဘဲ လွတ်မြောက်မှုကို မဖြစ်စေနိုင်တဲ့အတွက် သူကြွယ်ကိုယ်တိုင်ပဲ ဘုရားရှင်ရဲ့ ပယ်ဖြတ်မှုကို အရယူသွားတာဟာ အတုယူလိုက်နာစရာ ဖြစ်စေခဲ့ပါတယ်။ ဘုရားရှင်ဆိုလိုတာက လောကီစည်းစိမ်ဥစ္စာတွေကို ပယ်ထားတာထက် အသက်သတ်ခြင်းရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး အသက်သတ်တာကိုပယ်တာ၊ သူများဥစ္စာကို ခိုးခြင်းရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး သူများပစ္စည်းဥစ္စာ ခိုးယူတာကိုပယ်တာ၊ မုသားစကားရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး မမှန်တဲ့စကား ပြောဆိုတာကိုပယ်တာ၊ တပ်မက်လိုချင်မှုရဲ့ ဆိုးကျိုးတွေကို ဆင်ခြင်ပြီး တပ်မက်လိုချင်မှုကိုပယ်တာ၊ ကဲ့ရဲ့ချုပ်ချယ်မှုရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး ကဲ့ရဲ့ချုပ်ချယ်မှုကို ပယ်တာ၊ အမျက်ထွက်ခြင်း ပင်ပန်းခြင်းရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး အမျက်ထွက်ခြင်း ပင်ပန်းခြင်းကိုပယ်တာ၊ မာနရဲ့ ဆိုးကျိုးတွေကို ဆင်ခြင်ပြီး မာနထောင်လွှားတာကို ပယ်တာတွေကပဲ အစစ်အမှန် ပယ်ခြင်းများဖြစ်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် မတူညီတဲ့ ပယ်ဖြတ်မှုတွေနဲ့ ပယ်ဖြတ်ကြရာမှာ တစ်ခြားလောကီရေးရာတွေကို ပယ်ဖြတ်ကြတာထက် ဗုဒ္ဓမိန့်တော်မူတဲ့ ပယ်ဖြတ်ရမယ့် အရာရှစ်မျိုးကို ပယ်ဖြတ်တာကသာ လွတ်မြောက်မှုအတွက် လမ်းမှန်ဖြစ်တဲ့အတွက် အမှန်လမ်းကို လျှောက်လှမ်းလိုသူများ အနေဖြင့် ဗုဒ္ဓအလိုကျ ပယ်ဖြတ်နည်းများဖြစ်တဲ့ သူများအသတ်သက်ခြင်းမှ ရှောင်ကြဉ်နိုင်အောင်၊ သူများဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်နိုင်အောင်၊ မုသားစကား ပြောဆိုခြင်းမှ ရှောင်နိုင်အောင်၊ သူများအကျိုး ပျက်စီးနိုင်တဲ့ ကုန်းတိုက်စကား ပြောဆိုခြင်းမှ ရှောင်နိုင်အောင်၊ မတရားလိုချင် တပ်မက်မှုမှ ရှောင်ကြဉ်နိုင်အောင်၊ သူတစ်ပါးကို ကဲ့ရဲ့ချုပ်ချယ်ခြင်းမှ ရှောင်ကြဉ်နိုင်အောင်၊ အမျက်ထွက်ခြင်း ပင်ပန်းခြင်းမှ ရှောင်နိုင်အောင်၊ လွန်စွာမာန်မာန ကြီးရင့်ခြင်းမှ ရှောင်နိုင်အောင်ပဲ ကြိုးစားလျှောက်လှမ်းကြရမှာ ဖြစ်ပါတော့ကြောင်း ပေါတလိယသုတ်ကို ကိုးကား၍ ရိုးသားစွာ တင်ပြလိုက်ရပါတယ်။

Read more...

တည်မြဲဖို့ အဓိကလား၊ သန့်ရှင်းဖို့ အဓိကလား။

ဘယ်ဟာမတည်မြဲ... ဖေါက်လွဲဖေါက်ပြန်... ဝိပလ္လာ...အကြောင်း...ကမ္မဿကာ...။ (ဘဝသံသရာ)


မတည်မြဲတာကို တည်မြဲအောင် မလုပ်ချင်ပါနှင့်။
မသန့်ရှင်းတာကိုသာ သန့်ရှင်းအောင်လုပ်ပါ။

အနိစ္စကို နိစ္စမလုပ်ချင်ပါနှင့်။
အနိစ္စကို အနိစ္စဟု မြင်အောင်သာ ရှုပါ။

အနိစ္စကို အနိစ္စအတိုင်း မြင်လေသောအခါ
စိတ်အစဉ်အားလုံး သန့်ရှင်းသွားမှာ အသေအချာ။

အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
နားလည်မှုမှ ပြေလည်မှုသို့ ဓမ္မစာအုပ်မှ

Read more...

ဗြဟ္မာများ၏ သက်တမ်းနှင့် ကမ္ဘာပျက်ပုံ ဖြစ်ပုံ

၂၀၁၀ ခုနှစ် ဧပြီလ ၁၇ ရက် စနေနေ့သည် ၁၃၇၂ ခုနှစ် ကဆုန်လဆန်း ၅ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်၏။
နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ သန့်ရှင်းရေး လုပ်အားပေးပွဲရှိရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ စနေနေ့တိုင်း ပြုလုပ်နေသော အဘိဓမ္မာသင်တန်းကို ယခုတစ်ပတ်တွင် ၂၀၁၀ ခုနှစ် ဧပြီလ ၁၈ ရက် တနင်္ဂနွေနေ့သို့ ပြောင်းရွှေ့ ပြုလုပ်ခဲ့သည်။

လောကချမ်းသာဆရာတော်က ညနေ ၄ နာရီမှ ၅ နာရီထိ အဘိဓမ္မာ စိတ်ပိုင်း သင်ခန်းစာများကို ကျေညက်စေရန် ပြန်လည် ပို့ချပေး၏။

ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ ယခုအပတ် သင်ခန်းစာ၊ (၂၈)ပတ်မြောက် သင်တန်းပို့ချချက်မှာ ဗြဟ္မာတို့၏ သက်တမ်းများနှင့် ကမ္ဘာပျက်ပုံ တည်ပုံ အကြောင်းဖြစ်ပြီး ဗဟုသုတဖြစ်ဖွယ် လေ့လာသင်ယူကြရ၏။
အရှင်သီလာနန္ဒာဘိဝံသ ဆရာတော်ကလည်း သူ၏ အသံသွင်း သင်ခန်းစာထဲတွင် ဗဟုသုတအနေဖြင့် သိရှိထားသင့်ကြောင်း မိန့်ကြားခဲ့ပြီး၊ လယ်တီဆရာတော်ဘုရားကြီး၏ ပရမတ္ထသံခိပ်ကျမ်းလာ လင်္ကာများ၊ မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး၏ ကမ္ဘာပျက်ပုံ တည်ပုံ လင်္ကာများဖြင့် ပို့ချပေးသွား၏။

+++++

လယ်တီဆရာတော်ဘုရားကြီး၏ ပရမတ္ထသံခိပ်လင်္ကာများ

‘အာယု’ ‘အန္တရာ’၊ ‘အသင်္ချာ’၊ ‘မဟာ’ လေးမျိုးကပ်။

ကပ္ပ = ကပ် = ကမ္ဘာ လေးမျိုး ရှိ၏။

အာယုကပ် = အသက် ၇၀ တမ်း၊ ၈၀ တမ်း၊ ၁၀၀ တမ်း စသည် ထိုထို သက်တမ်းကို အာယုကပ်ဟု ခေါ်၏။ လူတို့၏ ပျမ်းမျှသက်တမ်း ၈၀ ရှိသော အချိန်ကာလဖြစ်လျှင် အာယုကပ် ၈၀၊ လူတို့ ပျမ်းမျှသက်တမ်း ၉၀ ကာလဖြစ်လျှင် အာယုကပ်လည်း ၉၀ ဟူလို။

အန္တရကပ် = လူတို့၏ သက်တမ်း အသင်္ချေယျတမ်းမှ ၁၀ နှစ်တမ်းသို့ ဆုတ်ယုတ်ချိန်နှင့် တဖန် ၁၀ နှစ်တမ်းမှ အသင်္ချေယျတမ်းသို့ တိုးတက်ချိန် အကြားကာလကို အန္တရကပ်ဟု ခေါ်၏။

အသင်္ချေယျကပ် = အန္တရကပ်ပေါင်း ၆၄ ခုကို အသင်္ချေယျကပ်ဟု ခေါ်၏။

‘သံ’ ‘ဝိဝဋ်’တွင်၊ ‘ဌာယီ’ယှဉ်၊ ‘သင်္ချေ’ လေးလီမှတ်။
‘ပျက်’ ‘တည်’ ‘ဖြစ်’ ‘တည်’၊ အစဉ်လည်၊ လေးမည် အနက်ဟပ်။
‘သင်္ချေ’လေးဖြာ၊ အပေါင်းမှာ၊ ‘မဟာကမ္ဘာ’ မှတ်။

ကမ္ဘာပျက်ဆဲဖြစ်သော အသင်္ချေယျကပ် = သံဝဋ္ဋကပ်
ပျက်သည့်အတိုင်း တည်နေသော အသင်္ချေယျကပ် = သံဝဋ္ဋဌာယီကပ်
ကမ္ဘာကြီးဖြစ်ပွားဆဲဖြစ်သော အသင်္ချေယျကပ် = ဝိဝဋ္ဋကပ်
ဖြစ်ပွားပြီးအတိုင်း တည်နေသော အသင်္ချေယျကပ် = ဝိဝဋ္ဋဌာယီကပ် ဟူသော အသင်္ချေယျကပ် ၄ ခုကို ‘မဟာကပ်’ဟု ခေါ်၏။

မဟာကပ် = အသင်္ချေယျကပ် ၄ ခု (တစ်ကမ္ဘာ)

+++++

မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး၏ (မီးဖြင့်) ကမ္ဘာပျက်ပုံ တည်ပုံ လင်္ကာ

ရှေးဦးစွာပျက်
ကုဋေဖက်သည့်
သိန်းစက္ကဝါ
မိုးကြီးရွာသော်
ညီညာ႐ႊင္ပ်
စိုက္ပ်ိဳးၾကသား
ဂေါဏစားလောက်
ပင်ငယ်ရောက်လျှင်
တစ်ပေါက်မကျ
တစ်သိန်းမျှက
လောကဗျူဟာ
နတ်ကာမာတို့
မေတ္တာပွားကြ
ကြီးမိဘကို
တုပ်ကွမြတ်လေး
လုပ်ကျွေးကြပါ
ကြွေးကြော်လာ၏။

သတ္တဝါအများ
ဈာန်ကိုပွားလျက်
စံလားဗြဟ္မာ
ကာလကြာ၍
ဒုတိယာနေ
ပေါ်လာလေသော်
မြစ်ငယ်ရေခြောက်
ညဥ့်လည်းပျောက်၏။

သုံးမြောက် လေးစင်း
ငါးစင်း ဆဋ္ဌ
သတ္တမ နေ
ပေါ်ထွက်ချေသော်
ခြောက်လေ မြစ်ကြီး
အိုင်ကြီးသမုဒ္ဒရာ
စက္ကဝါခိုးထ
မီးလျှံကြွ၍
သင်္ခါရခပင်း
ပြာမကြွင်းခဲ့
ဟင်းလင်းထက်အောက်
မိုက်မှောင်ရောက်သည်
ကွယ်ပျောက်လုံးစုံ မမြဲတည်း။

ထို့နောက် ကမ္ဘာ
ပြုမိုးရွာသော်
လောင်ရာတစ်လျှောက်
လေခံထောက်သား
ခန်းခြောက်စဉ်သင့်
ရှေ့တိုင်းဖြစ်လျှင်
တည်လင့်ထက်ဘုံ
မြေရောက်တုံသော်
ဝါယုံဆို့နေ
ရေစစ်ရေသို့
တည်နေမယို
ခန်းတိုင်းမိုလျက်
ရေချိုအထက်
မြေချိုတက်သား
ထို့ထက်ဗြဟ္မာ
စုတေလာ၍
ရသာပထဝီ
မြေအဆီကို
လုပ်ချီသုံးဆောင်
တဏှာလောင်လျက်
ကိုယ်ရောင်ကွယ်ပျောက်
မိုက်မှောင်ရောက်၍
အကြောက်ရကာ
ရဲကြရာဖို့
လျော်စွာဆန္ဒ
နေနှင့်လတို့
ပေါ်ကြထင်ရှား
နက္ခတ်များလည်း
လှည့်သွားဖြစ်ကြ
တပေါင်းလဟု
ပုဏ္ဏရက်တွင်း
ဆပ်ထမင်းသို့
ကုန်းကျင်းစုံစွာ
ဖြစ်ကြလာသည်
ကမ္ဘာတည်ခင်း စုံသတည်း။

ရသာမြေကို
စားလေတုံမျှို့
တဏှာဖို့၍
တချို့ မလှ
တချို့ လှတည်း
ဆင်းမလှသူ
လှသသူက
မာန်မူသည့်တွက်
မြေချိုညက်လည်း
ကွယ်ဝှက်ပြန်ဘိ
ဘူမိပပ္ပဋက
မြေလွှာမြနှင့်
ပဒါလတာ
ထို့တူလာ၏
ရသာလိုပေး
ထွန်နှင့်ဝေးသည့်
သလေးဆန်စင်
စားလေလျှင်မူ
မစင်ငယ်ကြီး
ဖြစ်ကြပြီး၍
ယိုစီးဖို့ရာ
ထွက်ဖို့ငှာဟု
အမာဝပေါက်
ဘောလည်း ရောက်၏
တစ်ယောက်တစ်ယောက်
မေထုန်မြောက်အောင်
သွေဖောက်ယုတ်မာ
ကျင့်သည့်တာကြောင့်
ပညာရှိများ
မြစ်တားမောင်းမဲ
ညှဉ်းဆဲပုတ်ခတ်
ပြုလေအပ်၍
ခိုကပ်ဖို့ရာ
အိမ်ရာတည်ဆောက်။

လူပျင်းနောက်သို့
နည်းလျှောက်သိမ်းဆည်း
ထိုကတည်းက
ဖွဲလည်းမြှေးယှက်
ရိတ်ရာကွက်မှ
မထွက်လာထ
ညည်းတွားကြ၏
ထားရရေးသား
သူ့ပိုင်းခြားကို
ခိုးငြားမနိုင်
သုံးကြိမ်တိုင်သော်
စွဲကိုင်ခဲတုတ်
သတ်ပုတ်ယှက်မြှေး
နိုင်မဟေးလို့
စုဝေးတိုင်ပင်
များထက်တင်သား
ဗုဒ္ဓင်္ကုမြတ်
ဗောဓိသတ်ကို
ချဉ်းလတ်ပန်ထွာ
သမုတ်ပါ၍
မဟာသမ္မတ
ခတ္တိယနှင့်
ရာဇအပြား
မည်သုံးပါးဖြင့်
ထင်ရှားလူ့ဘောင်
စတည်ထောင်ခဲ့
ထို့နောင် ဗြဟ္မဏ
အမျိုးစသည့်
ဝဏ္ဏလေးပါး
ဤသို့အားဖြင့်
တရားသွေကွက်
ယွင်းချော်ပျက်၍
အသက္တိုလ်
ပါပကသည်
ဓမ္မလူတွင် ထွန်းသတည်း။

+++++

မီးခုနစ်တန်၊ ရေတစ်တန်၊ ရှစ်ပြန် ဆုံးလေဓာတ်။
‘ပ’ ‘ဒု’ ‘တ’ ထွေ၊ ဈာန်ဘုံဗွေ၊ ‘မီး’ ‘ရေ’ ‘လေ’နယ်မှတ်။

ကမ္ဘာပျက်သောအခါ မီးဖြင့် ခုနစ်ကြိမ် ပျက်ပြီး၊ ရေဖြင့် တစ်ကြိမ် ပျက်ပြီး၊
ဒုတိယ အပြန် မီးဖြင့် ခုနစ်ကြိမ်၊ ရေဖြင့် တစ်ကြိမ်၊
တတိယ အပြန် မီးဖြင့် ခုနစ်ကြိမ်၊ ရေဖြင့် တစ်ကြိမ် ..စသည် ပျက်ပြီး
ရှစ်ကြိမ်မြောက်အပြန်၌ မီးဖြင့် ခုနစ်ကြိမ်ပျက်ပြီး၊ လေဖြင့် ပျက်၏။

မီးဖြင့် ပျက်သောအခါ ပထမဈာန်ဘုံတိုင်အောင် (ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ)
ရေဖြင့် ပျက်သောအခါ ဒုတိယဈာန်ဘုံတိုင်အောင် (ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ)
လေဖြင့် ပျက်သောအခါ တတိယဈာန်ဘုံတိုင်အောင် (ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ) ပျက်၏။

+++++

ဗြဟ္မာတို့၏ သက်တမ်း

မီးဖြင့် ကမ္ဘာပျက်သောအခါ ပထမဈာန်ဘုံတိုင်အောင် ပျက်ပြီး၊ တစ်ကမ္ဘာ (မဟာကပ် -သို့မဟုတ်- အသင်္ချေယျကပ် ၄ ခု)တွင်လည်း အသင်္ချေယျကပ်တစ်ခု (ဝိဝဋ္ဋဌာယီကပ်)သာ သတ္တဝါတို့ အသက်ရှင်နေနိုင်သဖြင့် မဟာဗြဟ္မာတို့၏ သက်တမ်းမှာ အသင်္ချေယျကပ်တစ်ခု ရှည်ကြာနိုင်၏။
ဗြဟ္မပုရောဟိတာဘုံသား ဗြဟ္မာတို့မှာ အသင်္ချေယျကပ်တစ်ဝက် (အန္တရကပ် ၃၂ ကပ်)
ဗြဟ္မပါရိသဇ္ဇာဘုံ ဗြဟ္မာတို့မှာ အသင်္ချေယျကပ် သုံးပုံတစ်ပုံ (အန္တရကပ် ၂၁ ကပ်နှင့် သုံးပုံတစ်ပုံ) ရှည်ကြာနိုင်၏။

မီးဖြင့် ခုနစ်ကြိမ်ပျက်ပြီး၊ ရေဖြင့် တစ်ကြိမ် (ရှစ်ကမ္ဘာမြောက်) ပျက်သောအခါ ဒုတိယဈာန်ဘုံတိုင်အောင် ပျက်သဖြင့်
အာဘဿရာဘုံ ဗြဟ္မာတို့မှာ မဟာကပ် ရှစ်ကပ်တိုင်အောင်လည်းကောင်း၊
အပ္ပမာဏာဘုံ ဗြဟ္မာတို့မှာ မဟာကပ် လေးကပ်၊
ပရိတ္တာဘာဘုံ ဗြဟ္မာတို့မှာ မဟာကပ် နှစ်ကပ် အသက်ရှည်ကြာနိုင်၏။

မီး ခုနစ် - ရေတစ်၊ ရှစ်ကြိမ်မြောက်အပြန် (၆၄ ကမ္ဘာမြောက်)မှာ လေဖြင့် ပျက်သောအခါ သုဘကိဏှာဗြဟ္မဘုံတိုင်အောင် ပျက်သောကြောင့်
သုဘကိဏှာဗြဟ္မာတို့၏ သက်တမ်းမှာ မဟာကပ် ၆၄၊
အပ္ပမာဏသုဘာဗြဟ္မာတို့၏ သက်တမ်းမှာ မဟာကပ် ၃၂၊
ပရိတ္တသုဘာဗြဟ္မာတို့၏ သက်တမ်းမှာ မဟာကပ် ၁၆ ကပ် ရှည်ကြာနိုင်၏။

ဝေဟပ္ဖိုလ်နှင့် အသညသတ် ဗြဟ္မာတို့၏ သက်တမ်း = မဟာကပ် ၅၀၀

အဝိဟာဘုံ = မဟာကပ် ၁၀၀၀
အတပ္ပါဘုံ = မဟာကပ် ၂၀၀၀
သုဒဿာဘုံ = မဟာကပ် ၄၀၀၀
သုဒဿီဘုံ = မဟာကပ် ၈၀၀၀
အကနိဋ္ဌဘုံ = မဟာကပ် ၁၆၀၀၀

ပထမအရူပဘုံ (အာကာသာနဉ္စာယတနဘုံ) = မဟာကပ် နှစ်သောင်း
ဒုတိယအရူပဘုံ (ဝိညာဏဉ္စာယတနဘုံ) = မဟာကပ် လေးသောင်း
တတိယအရူပဘုံ (အာကိဉ္စညာယတနဘုံ) = မဟာကပ် ခြောက်သောင်း
စတုတ္ထအရူပဘုံ (နေဝသညာနာသညာယတနဘုံ) = မဟာကပ် ရှစ်သောင်းလေးထောင် သက်တမ်း ရှိနိုင်၏။

+++++

ခေတ် ၃ ပါး (နယ်ပယ် ၃ ပါး)

မြန်မာစကား “ခေတ် = အချိန်” ကို မဆိုလိုဘဲ၊ ဤ ‘ခေတ်’၏ အဓိပ္ပာယ်မှာ ‘နယ်ပယ်’ကို ဆို၏။

‘ဇာတိ’ ‘အာဏာ’၊ ‘ဝိသယာ’၊ သုံးဖြာ လောကဓာတ်။
‘သောင်း’ ‘သိန်းကုဋေ’၊ ‘အသင်္ချေ’၊ သုံးထွေ အစဉ်ဟပ်။
‘ဖြစ်’ ‘ပျက်’ နှစ်ဖြာ၊ အတူမှာ၊ ‘အာဏာခေတ်’ဟု မှတ်။

ဇာတိခေတ် = စကြဝဠာတစ်သောင်း၊ (မြတ်စွာဘုရား ပဋိသန္ဓေနေသည့်အခါ၊ ဖွားမြင်သည့်အခါ မြေကြီးလှုပ်စဉ် စကြဝဠာတစ်သောင်း ဇာတိခေတ်တစ်ခုလုံး လှုပ်၏။)

အာဏာခေတ် = စကြဝဠာကုဋေတစ်သိန်း၊ (မြတ်စွာဘုရား ဟောကြားတော်မူသော ရတနသုတ်၊ မေတ္တသုတ်၊ ခန္ဓသုတ် စသည်တို့၏ အာဏာနှံ့ရာ နယ်ပယ်။)

ဝိသယခေတ် = စကြဝဠာအသင်္ချေ အနန္တ

ကမ္ဘာဖြစ်သောအခါ၊ ကမ္ဘာပျက်သောအခါ အာဏာခေတ်အကုန် အတူ ဖြစ်ပျက်၏။

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ ဆည်းဆာ ဓမ္မဒါနကို အရှင်ဝဏ္ဏိတက “တကယ့် စွမ်းအားရှင်”အကြောင်း သိမှတ်ဖွယ်ရာ လင်္ကာများဖြင့် ဟောကြား ချီးမြှင့်သွားလေသည်။


စွမ်းအားရှင် = စိတ်အကြောင်း ဆောင်ပုဒ်လင်္ကာများ

(၁)

မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍
သူကျလိုရာ၊ ကျတတ်ပါသည့်
ပမာမြှောင်နိုင်း၊ စိတ်ဆင်ရိုင်းကို
ထူးသိုက်ဖြေချွတ်၊ ထင်တိုင်းလွှတ်၍
မကွတ်မထိန်း၊ ညွှတ်တိုင်းယိမ်းက
အေးငြိမ်းချမ်းသာ၊ မရပါဘဲ
ပူပြာဆင့်ကဲ၊ လွန်ဆင်းရဲသည်
မိုက်မဲသူတို့ လမ်းစဉ်တည်း။

(ချမ်းမြေ့ဆရာတော်)

(၂)

မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍
သူကျလိုရာ၊ ကျတတ်ပါသည့်
ပမာမြှောင်နိုင်း၊ စိတ်ဆင်ရိုင်းကို
ချင့်နှိုင်းဉာဏ်ယှဉ်၊ သမ္ပဇဉ်နှင့်
အစဉ်ချွန်းအုပ်၊ သတိချုပ်၍
မလှုပ်မယိုင်၊ ကောင်းစွာနိုင်သော်
ဖွံ့ခိုင်ဖြိုးဖြိုး၊ ချမ်းသာတိုးသည်
ကောင်းကျိုးကြွယ်လိမ့်မည်သာကို။

(ချမ်းမြေ့ဆရာတော်)

(၃)

ရေကြောင့် ညွန်ဖြစ်၊ ထိုညွန်ညစ်လည်း
စင်လစ်ရေကြောင့်၊ သွေမထောက်ဘူး
စိတ်ကြောင့်ဖြစ်ပေါ်၊ စိတ်ကြေးညှော်လည်း
ဆေးလျှော်စိတ်ပင်၊ စင်,မစင်ကို
ကိုယ်ပင်ဖန်ပြု၊ သူမပြုသည်
စင်မှုကိုယ့်မှာ တာဝန်တည်း။

(ချမ်းမြေ့ဆရာတော်)

(၄)

အသီးတစ်ရာ၊ အညှာတစ်ခု
ပမာပြု၍၊ စိတ်ဟုမည်ငြား
ဤတစ်ပါးမျှ၊ တရားကိုကျ
စောင့်စည်းကွပ်ကာ၊ လူ့ရပ်နတ်ရွာ
ဗြဟ္မာ နိဗ္ဗာန်၊ ရောက်ကြောင်းမှန်၏။

(မဃဒေဝ)

(၅)

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်
ဖြူအောင် စိတ်ကိုထား။

ပြော,ပြု,တွေးလျှင်၊ သတိယှဉ်
ဆင်ခြင် ဉာဏ်ရှေ့သွား။

စိတ်ထားဖြောင့်မှန်၊ ခွင့်လွှတ်ရန်
သည်းခံ မေတ္တာထား။

လုံးလနှင့်ဇွဲ၊ မလျော့ဘဲ
အမြဲတင်းတင်းထား။

အရာရာတွင်၊ အသုံးဝင်
အောင်မြင်ကြောင်းတရား။

(ချမ်းမြေ့ဆရာတော်)

(၆)

တန်းတူတွေ့လျှင်၊ မေတ္တာဝင်
မဝင်နိုင်က၊ ပြိုင်တတ်သည်
ပြိုင်မည့်အစား၊ မေတ္တာပွား
စိတ်ထား ဒီလိုပြောင်းပါ့မည်။

ကိုယ့်အောက်နိမ့်လျှင်၊ ကရုဏာဝင်
မဝင်နိုင်က၊ နိုင်တတ်သည်
နိုင်မည့်အစား၊ ကရုဏာပွား
စိတ်ထား ဒီလိုပြောင်းပါ့မည်။

ကိုယ့်ထက်သာလျှင်၊ မုဒိတာဝင်
မဝင်ဣဿာ၊ ယိုင်တတ်သည်
ယိုင်မည့်အစား၊ မုဒိတာပွား
စိတ်ထား ဒီလိုပြောင်းပါ့မည်။

မိုက်သူတွေ့လျှင်၊ ဥပေက္ခာဝင်
မဝင်နိုင်က၊ ရွဲ့တတ်သည်
ရွဲ့မည့်အစား၊ ဥပေက္ခာပွား
စိတ်ထား ဒီလိုပြောင်းပါ့မည်။

(ရှေးဆရာတော်)

(၇)

သိက္ခာသုံးပါး၊ မြတ်တရား
ယောက်ျားမိန်းမ၊ မခွဲပါ။

စိတ်ဓာတ်ကိုပြင်၊ ကြိုးစားလျှင်
ခုပင် ရနိုင်တာ။

ကြိုးစားလိုက်လျှင်၊ စွမ်းအားထင်
မျက်မြင် ကိုယ်တွေ့ပါ။

ယောက်ျားဖြစ်ရုံ၊ အားမစုံငြား
မကြိုးစားက၊ စွမ်းအားကျ
ဘာမှ မရပါ။

မိန်းမသော်လည်း၊ အားကုန်ခဲ၍
စိတ်ဇွဲထက်သန်၊ ကြိုးစားပြန်
ဧကန် ထူးခြားလာ။

လူ၏စွမ်းအား၊ မြတ်တရား
စိတ်ထားကောင်းဖို့ လိုရင်းပါ။

(၈)

စိတ်နှလုံးကို၊ ဆုံးမမှန်စွာ
စိတ်မကောင်းက၊ မကောင်းဖြစ်မှာ
စိတ်တွေကောင်းမှ၊ ကောင်းကြသူငါ
စိတ်ယဉ်ကျေး သင်ပေး တို့မြတ်စွာ။

(ဦးကုဝေရ)

(၉)

အေးမြကြည်လင်၊ ကန်ရေပြင်၏
အောက်တွင်ရှိငြား၊ ငါး,လိပ်,ဖားနှင့်
ယောက်သွား,ခရု၊ အစုစုကို
ကြည့်ရှုလိုက်လျှင်၊ ထင်ထင်မြင်သို့
ကြည်လင်စိတ်ဖြူ၊ ထိုသည့်သူက
ကိုယ်သူအကျိုး၊ နှစ်ဦးအကျိုးနှင့်
မဂ်ကျိုးဖိုလ်သည့်၊ နိဗ္ဗာန်ထိသည်
သူ၏စိတ်ဓာတ် ကြည်သောကြောင့်။

(ချမ်းမြေ့ဆရာတော်)

(၁၀)

ကိလေညစ်မဲ၊ စိတ်၌စွဲ
ရုပ်လည်း မကြည်လင်။

ကိလေညစ်မဲ၊ စိတ်မစွဲ
ရုပ်ဆင်း ကြည်လင်သည်။

စိတ်ညစ်မည်းလျှင်၊ ဆင်းရဲပင်
ဖြူလျှင် ချမ်းသာသည်။

ချမ်းသာရလို၊ များလူဗိုလ်
စိတ်ကို သိရမည်။

စိတ်ကိုသိချင်၊ များလူရှင်
နေ့စဉ် စစ်ရမည်။

နေ့စဉ်စစ်ဆေး၊ စိတ်ညစ်ကြေး
လျှော်ဆေးပစ်ရမည်။

(ချမ်းမြေ့ဆရာတော်)

+++++

စာကိုး
ပရမတ္ထသံခိပ်ကျမ်း-လယ်တီဆရာတော်ဘုရားကြီး
ပရမတ္ထသံခိပ်ကျမ်းအဖြေ-မင်းကွန်းဆရာတော်ဘုရားကြီး
သင်္ဂြိုဟ်ဘာသာဋီကာ-အရှင်ဇနကာဘိဝံသ
အဘိဓမ္မာသင်တန်းပို့ချချက်များ-အရှင်သီလာနန္ဒာဘိဝံသ

Read more...

ဝဋ်ကြွေးကြီးသည့် လင်မုန်းမ

0005052Kph0.jpg

ပါဋလိပုတ်မြို့၏ သာယာသော နံနက်ခင်း ဖြစ်ပေသည်။ သံဃာတော်များ ဆွမ်းခံပြန်ချိန် ဖြစ်သည့်အလျှောက် တစ်မြို့လုံးကို ရွှေရောင်လွှမ်းနေသည်။ ရဟန်းယောက်ျား ရဟန်းမိန်းမများသည် မိမိတို့၏ ကျောင်းများသို့ ပြန်လည်ကြွမြန်းကြရာ အရပ်ရှစ်မျက်နှာသို့ ရွှေရောင်များ ဖြန့်ကြက်သွားတော့သည်။

နှစ်ပါးသော ရဟန်းမိန်းမတို့မှာမူ ဂင်္ဂါမြစ်တွင်းသို့ ဆင်းလာကြကာ သဲသောင်ပြင်၏ အရိပ်ကောင်းရာ နေရာ၌ ဆွမ်းဘုဉ်းပေးတော်မူကြသည်။ ထိုအရှင်မ နှစ်ပါးကား ကိလေသာ ကုန်ခန်းပြီးသော ရဟန္တာများ ဖြစ်ကြပေသည်။ အမည်တော်များကား ဣသိဒါသီထေရီနှင့် ဗောဓိထေရီတို့ ပေတည်း။

ထေရီမြတ်လှ အရှင်မနှစ်ပါးသည် သပိတ်များကို ဆေးကြောပြီးနောက် မူလအရပ်သို့ ပြန်လည် ခိုဝင်ကြသည်။ မိမိတို့နေရာ အခင်းများကို ပြန့်ပြူးအောင် ပြုပြင်ရင်းက ဗောဓိထေရီ အရှင်မသည် ဣသိဒါသီ အရှင်မအား စေ့စေ့ကြည့်မိသည်။ ငယ်နု ချောမော၍ ပြေပြစ်သော အဆင်းရှင်ပါတကား။

“မသိလို့ မေးပါရစေ အရှင်မ”

ဗောဓိထေရီက စကားစသည်။

“ဘာများပါလိမ့် ဘုရား၊ မေးတော်မူပါ”

ဣသိဒါသီ ထေရီက ရိုသေစွာ တုံ့ပြန်သည်။

“အရှင်မဟာ ပထမအရွယ် အရွယ်ကောင်းကလေးပဲ၊ မြင်ရသူတို့ရဲ့ စိတ်အစဉ်ကို ကြည်လင် ချမ်းမြေ့အောင်လည်း လှပါလျက်နဲ့ ဘယ်လို အပြစ်ကိုမြင်လို့ ကာမဂုဏ်က ရုန်းထွက်ခဲ့တာပါလဲ ဘုရား။ အဲဒါလေး မှတ်သားပါရစေ”

အတိတ်သည် နာကြည်းဖွယ် အတိ ပြည့်၏။ သို့ရာတွင် ရဟန္တာ အရှင်မ၏ စိတ်မှာမူ မတုန်လှုပ်တော့ပါ။

“သည်လိုပါ အရှင်မ၊ ကျွန်တော်မရဲ့ ကျေးဇူးတော်ရှင် ဖခင်ဟာ အဝန္တိတိုင်း ဥဇ္ဇေနီပြည်မှာ သူဌေးတစ်ဦး ဖြစ်ပါတယ်။ သီတင်းသီလနဲ့လည်း ပြည့်စုံပါတယ်။ ကျွန်တော်မကတော့ သူဌေးကြီးရဲ့ ချစ်မငြီးတဲ့ တစ်ဦးတည်းသော သမီးပါပဲ။

(ဝဋ်ကြွေးကြီးသည့် လင်မုန်းမ အပိုင်း-၂ ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။

Read more...

*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၅)*

“ခန္ဓာကိုယ်” ဆိုသည်မှာလည်း ပညတ် (အမည်) တစ်ခုသာ ဖြစ်၏။ ကျွန်ုပ်တို့ တရားထိုင် နေကြသောအခါ ပညတ် “ကိုယ်” သည် ပျောက်သွားပါသည်။ တကယ် အာရုံမှာ ထိတွေ့ခံစား နေရသည်ကား ပူသော အာရုံ၊ အေးသော အာရုံ၊ နာကျင်သော အာရုံ၊ တောင့်တင်းသော အာရုံ စသည့် ဓါတ်များ၏ ပြုပြင် ဖန်တီးမှု၊ လှုပ်ရှား ပြောင်းလဲမှု (အလုပ် လုပ်နေကြပုံ) များသာ ဖြစ်၏။ ထိုအရာ အားလုံးမှာလည်း အမြဲမရှိကြကုန်။ အစဉ်သာလျှင် ပြောင်းလဲ ဖောက်ပြန် နေကြသည့် အရာများသာ ဖြစ်ကြလေသည်။ ကမ္မဋ္ဌာန်း အတွေ့အကြုံက ကျွန်ုပ်တို့ကို လက်တွေ့ စမ်းသပ်၍ ရသော၊ ပညတ် မဟုတ်သော ကျွန်ုပ်တို့၏ အတွေးနှင့် လွတ်လွတ်ကင်းကင်း ဖြစ်ပျက်နေကြသော အရာဝတ္ထုတို့၏ သဘောကို စတင် သိနားလည်စေ ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အရာဝတ္ထု တစ်ခုကို မြင်သည့်အခါ ကျွန်ုပ်တို့သည် အရောင်အဆင်း (၀ဏ္ဏ) သဘောကိုသာ သိရခြင်း ဖြစ်ပါသည်။

တစ်စုံတစ်ခုကို ထိတွေ့သော အခါမှာလည်း ကျွန်ုပ်တို့သည် ပညတ်ကို မစွဲလမ်းဘဲ သိပါက ထို အရာဝတ္ထု၏ အာရုံ၌ထင်သော ဂုဏ်သတ္တိများကို သိရ၏။ ဤကား အရာဝတ္ထုတို့ကို သိမှုတွင် စိတ်က အယူအစွဲ ပညတ်များကို အပို ထပ်ဆောင်း မထည့်ဘဲ သိသောအခါ ၀တ္ထုပစ္စည်း များကို သိရပုံ ဖြစ်၏။

စိတ်ဝင်စားဖွယ် ကောင်းသော အချက်မှာ ၀ိပဿနာဉာဏ် ပေါ်လာသောအခါ ပညတ်တို့သည် ပြောင်းလဲခြင်း မရှိဘဲ ပရမတ် တရားများကား အစဉ် ပြုပြင်ပြောင်းလဲခြင်း သဘောကို သိရခြင်း ဖြစ်၏။ စကားလုံး (ပညတ်) ဖြစ်သော ခန္ဓာဆိုသော ပုဒ်ကား ပြောင်းလဲခြင်း မရှိပါ။ သို့သော် ခန္ဓာ၏ ပင်ကိုယ် သဘောကတော့ အစဉ် ပြုပြင် ပြောင်းလဲလျက်သာ ရှိ၏။ ပညတ်သည် အသေသဘော၊ ရပ်တန့် ငြိမ်သက်နေသည့် သဘော ရှိ၏။ သို့သော် ကျွန်ုပ်တို့က ပညတ်ထားသော ရုပ်နာမ် ခန္ဓာများကို ကိုယ်တွေ့ ဉာဏ်တွေ့ တွေ့ရသော အတွေ့အကြုံအရ မူကား ၎င်းတို့သည် အနိစ္စ ဓမ္မများသာ ဖြစ်ကြကုန်၏။ ဖြစ်ပေါ်လာလိုက် ပျက်စီး ပျောက်ကွယ်သွားလိုက် ဖြစ်နေသော၊ အမြဲ မတည်ရှိ နိုင်သော ဓါတ်များ၏ အာရုံ၌ ထင်လာ မြင်လာမှုများ ကိုသာ ကိုယ်တွေ့ ဉာဏ်တွေ့ တွေ့ရပါသည်။

သတိပဋ္ဌာန် တရားကို အားထုတ်သော အခါ အရာဝတ္ထုတို့သည် ၎င်းတို့၏ အမြဲ မတည်ရှိသော အနိစ္စ လက္ခဏာ အနိစ္စ သဘာဝကို ထင်ရှားစွာ ဖော်ပြလျက် ရှိကြသည်။ ပညတ်နယ် ပညတ် လောကမှာ ကျက်စားစဉ် အခါမှာသာ ကျွန်ုပ်တို့သည် အမြဲ မရှိသည်ကို အမြဲရှိသည်ဟု လွဲမှားစွာ ယူဆနေကြ လေသည်။ ထို ၀ိပလ္လာ တရားသည် ကျွန်ုပ်တို့အား ရှင်လိုက် သေလိုက် တပြောင်းပြန်ပြန် ဖြစ်နေရသော သံသရာမှာ မရုန်းသာဘဲ ကျင်လည်နေစေ ပါတော့သည်။

ဝိပဿနာ ဉာဏ်နှင့် ပညာ ဖြစ်ပေါ် တိုးတက်ရေးတွင် အရိပ်အယောင် ပညတ်များကို ဖယ်ခွာပြီး ပရမတ်တရားများကို စတင်၍ ကိုယ်တွေ့ဉာဏ်တွေ့ တွေ့ဖို့ လိုပါသည်။ ထိုအခါ အရာဝတ္ထုတို့၏ သဘာဝ အစစ်အမှန် သည်လည်း ရှင်းလင်းစွာ ပေါ်လွင် ထင်ရှားလာပေ တော့သည်။

ပရမတ်တရား လေးပါးအနက် ဒုတိယမြောက် ပရမတ် တရားသည် စိတ်ဖြစ်သည်။ စိတ်သည် သိတတ်သော အစွမ်း သတ္တိမျိုး ဖြစ်၏။ သိခြင်း လက္ခဏာရှိသည်။ စိတ်က အာရုံများကို သိတတ်ပါသည်။ တစ်ခါတစ်ရံ လူတို့မှာ အယူအဆ တစ်ခု ရှိတတ်ပါသည်။ ၎င်းမှာ ရုပ်နာမ် ခန္ဓာထဲတွင် သိတတ်သော ၀ိဉာဏ်ကြီး တစ်ခု မွေးကတည်းက ပါလာပြီး သေသည့်တိုင် ရှိနေသည်။ ထို ၀ိဉာဏ်ကြီးမှာ အရာရာကို ရှုမှတ်နေသော အရာဖြစ်၍ ၎င်းသည် အရာရာကို သိနေသည်ဟု အယူရှိခြင်း ဖြစ်ပါသည်။ ဤ အယူအဆသည် အမြဲရှိသော အတ္တပညတ် ရှိသည်ဆိုသော အယူဝါဒကို ဖြစ်ပေါ်စေခဲ့၏။ ထို အတ္တ၀ါဒသည် သိခြင်း၏ စီးဆင်းနေသော အလျဉ်ကို မှီအောင် သိနိုင်သော ငြိမ်သက်သော စိတ်မျိုးကို ဖြစ်ပေါ်အောင် လုပ်မထားသော သူတို့မှာ ဖြစ်ပေါ်လာတတ် ပါသည်။ ဖြစ်ပျက်နေသော အခြင်းအရာ အားလုံးကို ရှုမှတ်နေသော စိတ်သည် တစ်ခုတည်း မဟုတ်ပါ။ စိတ်သည် ခဏတိုင်း ခဏတိုင်းမှာ အသစ်အသစ် ဖန်တီး ဖြစ်ပေါ်လာပြီး ခဏတိုင်း ခဏတိုင်း မှာပင် ပျက်စီး ချုပ်ဆုံးသွား ပါသည်။ ကြားသိစိတ် (သောတ ၀ိဉာဏ်) သည် မြင်သိစိတ် (စက္ခု ၀ိဉာဏ်) နှင့် ကွဲပြား ခြားနားပါသည်။ ကြံသိစိတ် သည်လည်း အခြားစိတ်များနှင့် မတူဘဲ ကွဲပြား ခြားနားပါသည်။ နံသိစိတ် သည်လည်း စားသိစိတ် ထိသိစိတ်တို့နှင့် မတူ ကွဲပြား ခြားနားပါသည်။ ပေါ်လာပြီးနောက် တစ်ပြိုင်နက် ချက်ချင်း ချုပ်ဆုံးသွားသော စိတ္တ လက္ခဏာတို့သည် အမျိုးမျိုး ဖြစ်လျက် ရှိ၏။ စိတ်သည် တိတ်ဆိတ် ငြိမ်သက် သွားသောအခါ ဤစိတ်၏ ဖြစ်ပျက်အစဉ် စိတ် အလျဉ်ကို ကောင်းစွာ ရှုမှတ် နိုင်ပါတော့သည်။ သိမှုအစဉ်၏ အလျဉ်နှင့် တကွ ထိုစိတ် အစဉ်၏ မမြဲခြင်း အနိစ္စ လက္ခဏာကို ၀ိပဿနာဉာဏ် ပေါက်သွားသော အခါ သိမှု အစဉ်အပြင် တခြား တစ်ပါးသော သိသူ ပုဂ္ဂိုလ်ဟူ၍ မရှိသည်ကို သိမြင် နားလည်သွား ပါသည်။

ရှုမှတ်မှုအပြင် ရှုမှတ်နေသူ ပုဂ္ဂိုလ် တစ်စုံ တစ်ယောက်လည်း မရှိကြောင်း၊ အမှန်တကယ် ရှိနေသည် မှာကား ခဏတိုင်းဝယ် ဖြစ်ချုပ်လျက် ရှိသော စိတ္တ လက္ခဏာတို့၏ အစဉ်အလျဉ်သာ ရှိကြောင်းကိုလည်း သိပြီ။ အတ္တ ငါဆိုသော သဘောသည် မရှိသည်ကို အရှိထင်နေသော အမြင်မှားမှု အထင်မှားမှု ၀ိပလ္လာ တရား တစ်ခုသာ ဖြစ်ကြောင်းလည်း ပေါ်လွင် ထင်ရှားသွား ပါတော့သည်။

*ပညတ်နှင့် ပရမတ်- ဂိုလ်းစတိန်း (အပိုင်း-၁)*
*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၂)*
*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၃)*
*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၄)*

ဆက်ပါဦးမည်။

ဆရာဦး ဆန်းလွင်နှင့် ဆရာ ဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာမှ...

လေးစားရိုသေစွာဖြင့်
ဖိုးသား

4/22/2010, THUR: 6:33:53 PM

Read more...

ရဟန်းရဲ့ တန်ဖိုး

Wednesday, April 21st, 2010 | Author: admin

ပုထုဇဉ်ရဟန်းလေးတပါး ကိုရင်လေး တစ်ပါး ဆိုရင် တချို့သောသူများက အထင်သေးတတ်ကြပါတယ်။ ပုထုဇဉ်ကိုရင် ရဟန်းလေးတွေက ဆွမ်းခံရင်း စာပဲသင်ရုံရှိသေးတာပဲ..တရားမှမဟောပြောနိုင်သေးတာ..ဘွဲ့ကြီးတွေမှ မရသေးတာပဲဆိုပြီး…တန်ဖိုးမထားတတ်ကြပါဘူး။ တကယ်တော့ ဒီကိုရင်လေး..ရဟန်းတော်လေး ဘ၀ကနေပဲ..သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ရဟန်းတော်ကြီးများ ဘ၀ကို ရောက်သွားရတာပါပဲ။ ဒီကိုရင် ရဟန်းလေးများဟာလည်း..သာသနာအဆက်အနွယ်ကို ထိန်းသိမ်းထားတာပါ။ သာသနာ့အဆက်အနွယ်ကို ထိန်းထားတယ်ဆိုတာ ဓမ္မအစစ်တွေကို သင်ယူရင်း ထိန်းသိမ်းထားတာပါ။ ဓမ္မအမှန်တရားတွေကို မပျောက်အောင် ထိန်းသိမ်းနေတယ်ဆိုတာဟာ..အများအကျိုးကို ဆောင်ရွက်နေခြင်းပါပဲ။
ဒီကိုရင် ရဟန်းလေးများဟာ ဘယ်လောက် မြင့်မြတ်သလဲ တန်ဖိုးကြီးမားဆိုတာကို ပေါ်လွင်အောင် ကျွန်တော် သီတဂူဆရာတော်ဘုရားကြီးရဲ့ ရဟန်းတပါး၏ တန်ဖိုး တရားတော်ထဲက အချက်များနဲ့ ကောက်နုတ်ဖော်ပြလိုက်ပါတယ်.

အိမ်နေသူ လူပုဂ္ဂိုလ်တစ်ယောက်ဟာ အရိယာအဆင့် သောတပန် သကဒါကမ် မပြောနဲ့ အနာဂါမ်ထိပဲဖြစ်နေပါစေ..ဒီကိုရင်အသစ်ကလေး..ရဟန်းအသစ်ကလေးတွေကို ရှိခိုးရပါတယ်။ သောတပန်အဆင့်ကိုတောင် မဖြစ်သေးတဲ့သူအတွက်တော့ ထည့်ပြောစရာတောင် မလိုတော့ပါဘူး။ လူပုဂ္ဂိုလ်ဘ၀မှာဆိုရင် အနာဂါမ်အဆင့်ဟာ အမြင့်ဆုံးပါပဲ ရဟန္တာအဖြစ်ကိုရောက်ခဲ့ရင်လည်း ရဟန်းဘ၀ကို ပြောင်းကို ပြောင်းရပါတယ်။ ဒါကြောင့် အိမ်နေသူဟာ ရဟန္တာအဖြစ်နဲ့ ရပ်တည်လို့မရပါဘူး။
ပုထုဇဉ်ရဟန်းတော်လေးတွေ ဘာတွေအားသာချက်တွေရှိသလဲဆိုတော့ ..

  1. ဖန်ရည်ဆိုးသော အ၀တ် (သင်္ကန်း)ကို ၀တ်ရုံထားခြင်း
  2. ဆံပင်/မုတ်ဆိတ် ကြင်စွယ်တို့ကို ရိတ်ထားခြင်း
    ဒီနှစ်ချက်ကို ပဲ အသွင်အပြင်နဲ့ပက်သက်ပြီး အားသာချက်လို့ခေါ်ပါတယ်။
    ဒီလိုအသွင်အပြင်ပြောင်းလိုက်ရုံနဲ့ကိုပဲ ရှိခိုးထိုက်သွားပါတယ်။ ဘုရားရှင် မြတ်ဗုဒ္ဓရဲ့ အလိုတော်မှာလည်း တည်သွားပါတယ်။ မြတ်ဗုဒ္ဓဖြစ်စေချင်တာဟာ..ဒီလိုအသွင်အပြင်ပါပဲ။ အဲတော့ မြတ်ဗုဒ္ဓအလိုတော်မှာတည်နေတဲ့သူကို မတည်နိုင်သေးတဲ့သူက ရှိခိုးရပါတယ် တန်ဖိုးထားရပါတယ်ဆိုတာ သဘာဝကျပါတယ်။
  3. ထိုပုထုဇဉ်ရဟန်းလေးဟာ ရဟန္တာကြီးများနဲ့ အသွင်အပြင် အားဖြင့် တူခြင်း (အတူတတန်းထဲ နေရာယူနိုင်ခြင်း၊ ဆွမ်းအတူဘုန်းပေးနိုင်ခြင်း)
  4. မွန်မြတ်သော အဖွဲ့အစည်း အစည်းအဝေးထဲသို့ ၀င်ရောက်ခွင့်ရှိခြင်း။ (ရဟန္တာကြီးများ သိမ်တက်နေရင်သော်လည်းကောင်း၊ အစည်းအဝေးလုပ်နေရင်သော်လည်းကောင်း ပုထုဇဉ်ရဟန်းလေး ဖြစ်နေပါစေ သူဟာ ၀င်ရောက်ခွင့်ရှိပါတယ်)
  5. ပုထုဇဉ်ရဟန်းတို့သည် အာဏာပါတိမောက် ရွတ်ဆိုနေခြင်းကို နာယူခွင့်ရှိခြင်း (အိမ်နေသူဟာ အရိယာကြီးဖြစ်နေပါစေ ဒီလိုအခါမျိုးမှာ ၀င်ရောက် မနာယူနိုင်ပါဘူး)
  6. လူပုဂ္ဂိုလ်စောင့်ထိန်းနိုင်တာထက် သိသိသာသာ များပြားလှသော သီလ သိက္ခာပုဒ်များကို စောင့်ထိန်းထားရခြင်း။
  7. ပုထုဇဉ်ရဟန်းလေးပဲဖြစ်နေပါစေ အခြားသူများကို ရှင်ပြုပေးနိုင်ခြင်း ရဟန်းခံပေးနိုင်ခြင်း၊ သိမ်သမုတ်ပေးနိုင်ခြင်း။ ဒီလို သူတပါးကို ရှင်သာမဏေပြုပေးနိုင်တဲ့ အခွင်အရေးအာဏာဟာ သာသနာကို တိုးပွားစေတာပါပဲ။

ရဟန်းတစ်ပါး၏တန်းဖိုး - သီတဂူဆရာတော်ဘုရားကြီး
ဒါက သီတဂူဆရာတော်ဘုရားကြီးတရားတော်ထဲက..ဆရာတော်ကြီး အကျဉ်းချုပ် ဟောသွားတဲ့ ရဟန်းတို့ရဲ့တန်ဖိုး (၇)ချက်ပါပဲ။
ဆရာတော်ဘုရားကြီးကတော့ အချိန်ကိုငှဲ့ကွက်ပြီး (၇)ချက်ပဲ ဟောသွားတာပါ။ တကယ်တော့ အိမ်နေသူ အရိယာကြီးထက် ပုထုဇဉ်ရဟန်းလေးရဲ့ အားသာချက်ပေါင်း (၂၂)ချက် ရှိပါတယ်။
အသွင်အပြင် အားဖြင့် (၂)ချက် နဲ့ ကျင့်ဝတ်အားဖြင် (၂၀) ရှိပါတယ်။ အသွင်အားဖြင့် နှစ်ချက်ကိုတော့ ဖော်ပြထားပြီးပြီဖြင့်လို့ ကျင့်ဝတ်နှစ်ဆယ်အားသာချက်တွေကို ဖော်ပြလိုက်ပါတယ်။

  1. တရားဘာဝနာ၌ မွေ့လျော်ခြင်း
  2. တစ်လ နှစ်ကြိမ် ဥပုသ်ပြုခြင်း
  3. ဆွမ်းခံခြင်း
  4. ကောင်းမွန်စွာ ၀တ်ရုံနေထိုင်ခြင်း
  5. စက္ခု စသောဣနြေ္ဒကို စောင့်စည်းခြင်း
  6. ကိုယ်နှုတ်နှလုံးကို စောင့်စည်းခြင်း
  7. အချမ်းအပူစသည်ကို သည်းခံခြင်း
  8. ကောင်းသော အကျင့်၌ မွေ့လျော်ခြင်း
  9. တစ်ပါးတည်း တရားကျင့်ခြင်း
  10. တစ်ပါးတည်း မွေ့လျော်ခြင်း
  11. တစ်ပါးတည်း ကိန်းအောင်းခြင်း
  12. မကောင်းမှုမှ ရှက်ခြင်း
  13. မကောင်းမှုကို ကြောက်ခြင်း
  14. ကောင်းမှုကို ပြုစုအားထုတ်ခြင်း
  15. ကုသိုလ်ကောင်းမှု ၌ မမေ့မလျော့ မပေါ့ဆခြင်း
  16. သိက္ခာပုဒ်ကို ကောင်းစွာခံယူခြင်း
  17. ဘုရားဟော ပါဠိတော်ကို သင်ယူခြင်း
  18. အဋ္ဌကထာကို သင်ယူခြင်း
  19. သီလစသော သိက္ခာသုံးပါး၌ မွေ့လျော်ခြင်း
  20. တပ်မက်မောမှု ကင်းလွတ်ခြင်း

စာမျက်နှာ ၁၆၃၊ မိလိန္ဒပဥှာ (မိလိန္ဒမင်းကြီး နှင် အရှင်နာဂသိန် အမေးအဖြေ)

ဒီလိုအချက်များကြောင့် လူပုဂ္ဂိုလ်အရိယာကြီးဟာ ရဟန်းတော်လေးများကို ရှိခိုး တန်ဖိုးထားရခြင်းဖြစ်ပါတယ်။ လူပုဂ္ဂိုလ်အရိယာတောင်မှ ရှိခိုးရတာဆိုတော့ အရိယာအကျင့်မကျင့်သေးနိုင်တဲ့သူဟာ ရှင်ဘုရင်ပဲဖြစ်ဖြစ် သမ္မတကြီးဖြစ်ဖြစ် ၀န်ကြီးချုပ်ကြီးပဲဖြစ်ဖြစ် ဘာကြီးပဲဖြစ်နေဖြစ်နေ..ရဟန်းတော်လေးတွေကို တန်ဖိုးထားရမယ်ဆိုတာ သိသာထင်ရှားသွားပါပြီ။
သာသနာ(၃)ရပ်ကို အဆက်ဆက် ဆင့်ကာဆင့်ကာ သယ်ဆောင်ပေးခဲ့တာ ထိုရဟန်းများပဲ မဟုတ်ပါလား….ခင်ဗျား…
သာသနာတော်အစဉ်မပြတ် တည်တံ့နေပါစေ…………

Read more...

သပိတ်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ... ဒါဆို...



ပါစိတ်ကတော့ ချာတိတ်မလုပ်လေနှင့် အပါယ်ပို့နိုင်သော သတ္တိကိန်း၏...


ဘူတာရောစနသိက္ခာပုဒ် - (ဘူတ=ထင်ရှားရှိသည်။ အာရောစန=ပြောကြားခြင်း)

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောတွင် ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ သီတင်းသုံး နေတော်မူသော အခါ မြင်ဖူးခါမျှ မိတ်ဆွေ အတူနေ အတူစား မိတ်ဆွေဖြစ်သော များစွာသော ရဟန်းတို့သည် ဝဂ္ဂုမုဒါ မြစ်ကမ်းနား၌ ဝါကပ် နေထိုင် ကြကုန်၏။ ထိုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန်ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုး ရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏။ သပိတ်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။

ထိုအခါ ထိုရဟန်းတို့အား-
''ယခုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန်၁ ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံလက်မှတ်ဖြင့် အသက်မွေးရ၏။ သပိတ်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။ ငါတို့သည် အဘယ်နည်းဖြင့် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပါအံ့နည်း၊ ဆွမ်းဖြင့်လည်း မပင်ပန်းဘဲ ရှိပါကုန်အံ့နည်း'' ဟု အကြံဖြစ်၏။

အချို့သော ရဟန်းတို့က-
''ငါ့သျှင်တို့ ယခု ငါတို့သည် လူတို့၏ အမှုကြီးငယ်ကို စီရင်ကြကုန်အံ့၊ ဤသို့ စီရင်လျှင် ထိုလူတို့သည် ငါတို့အား ပေးလှူကြဖို့ရာ အမှတ်ရကြပေလိမ့်မည်၊ ဤသို့ လှူဒါန်းကြလျှင် ငါတို့သည်အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြရပေလိမ့်မည်'' ဟု ပြောဆိုကြကုန်၏။

ရဟန်းဖြစ်လျက် လာဘ်လာဘအတွက် လူတို့၏ အမှုကြီးငယ်ကို ပြုလုပ်ပေးနေခြင်းသည် မသင့်လျော်ပေ... သို့သော်... မြတ်စွာဘုရားကဲ့ရဲ့သော ဤအမှုကို ရှေးကလည်း လုပ်ကြပေသည်... ယခုလည်း လုပ်နေကြသည်... နောင်ကိုလည်း လုပ်ကြပေဦးမည်...

အချို့သော ရဟန်းတို့က-
''ငါ့သျှင်တို့ လူတို့၏ အမှုကြီးငယ်ကို စီရင်ကြခြင်းဖြင့် အကျိုး မရှိကြပါ၊ ငါ့သျှင်တို့ ယခု ငါတို့သည် လူတို့၏ တမန်မှုကို ဆောင်ကုန်အံ့၊ ဤသို့ဆောင်လျှင် လူတို့သည် ငါတို့အား ပေးလှူ ကြဖို့ရာ အမှတ်ရကြပေလိမ့်မည်၊ ဤသို့ လှူဒါန်းကြလျှင် ငါတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြရ ပေလိမ့်မည်'' ဟု ပြောဆိုကြ ကုန်၏။

လာဘ်လာဘအတွက် လူတို့၏ ခိုင်းစေသမျှကို ပြုလုပ်ကြခြင်းသည် မသင့်လျော်ပေ... ဥပမာ ဘုန်းဘုန်း မြန်မာပြည်ပြန်ရင် တပည့်တော်အမေအတွက် စာလေးတစ်စောင် ယူသွားပေးပါနော်... သည်ပစ္စည်းလေး သယ်သွားပေးပါနော်... သည်ဆေးထုပ်လေး ယူသွားပေးပါနော် မလုပ်ကြနဲ့... ဘုန်းကြီးများကို မခိုင်းသင့်ပေ... သို့သော်... မြတ်စွာဘုရားကဲ့ရဲ့သော ဤအမှုကို ရှေးကလည်း လုပ်ကြပေသည်... ယခုလည်း လုပ်နေကြသည်... နောင်ကိုလည်း လုပ်ကြပေဦးမည်...

အချို့သော ရဟန်းတို့က-
''ငါ့သျှင်တို့ မသင့်လျော်ပါ၊ လူတို့၏ အမှုကြီးငယ်ကို စီရင်ကြခြင်းဖြင့် အဘယ်အကျိုး ရှိပါမည်နည်း။ လူတို့၏ တမန်မှုကို ဆောင်ခြင်းဖြင့် အဘယ်အကျိုး ရှိကြပါမည်နည်း၊ ငါ့သျှင်တို့ ယခု ငါတို့သည် လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုကုန်အံ့၊

ဤအမည်ရှိသော ရဟန်းသည် ပဌမဈာန်ကိုရ၏၊
ဤအမည်ရှိသော ရဟန်းသည် ဒုတိယဈာန်ကိုရ၏၊
ဤအမည်ရှိသော ရဟန်းသည် တတိယဈာန်ကိုရ၏။
ဤအမည်ရှိသော ရဟန်းသည် စတုတ္ထဈာန်ကို ရ၏၊
ဤအမည်ရှိသော ရဟန်းသည် သောတာပန်တည်း၊
ဤအမည်ရှိသော ရဟန်းသည် သကဒါဂါမ်တည်း၊
ဤအမည်ရှိသော ရဟန်းသည် အနာဂါမ်တည်း၊
ဤအမည်ရှိသော ရဟန်းသည် ရဟန္တာတည်း၊
ဤအမည်ရှိသော ရဟန်းသည် ဝိဇ္ဇာသုံးပါးကို ရ၏၊
ဤအမည်ရှိသော ရဟန်းသည် အဘိညာဉ် ခြောက်ပါးကို ရ၏ ဟု ပြောဆိုကုန်အံ့၊

ဤသို့ ပြောဆိုကြလျှင် ထိုလူတို့သည် ငါတို့အား ပေးလှူ သင့်သည်ဟု မှတ်ထင်ကြ ပေလိမ့်မည်။ ဤသို့လှူဒါန်းကြလျှင် ငါတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြ ရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြရ ပေလိမ့်မည်'' ဟု ပြောဆိုကြ ကုန်၏။

ငါ့သျှင်တို့ လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ် တရား၏ ဂုဏ်ကျေးဇူးကို ပြောခြင်းသည်သာလျှင် မြတ်၏ဟု သဘော တူညီကြလေ၏။ ထို့နောက် ထိုရဟန်းတို့သည် လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါး ထက်လွန်မြတ်သော ဈာန်မဂ်ဖိုလ် တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုကြကုန်၏။ ''ဤအမည်ရှိသော ရဟန်းသည် ပဌမဈာန်ကို ရ၏။ပ။ ဤအမည်ရှိသော ရဟန်းသည် အဘိညာဉ် ခြောက်ပါးကို ရ၏'' ဟု ပြောဆိုကြကုန်၏။

အတော် အကြံကြီးသော ဘုန်းတော်ကြီးများပါပေ... လာဘ်လာဘအတွက် မိမိမှာ ရှိသော အဖိုးတန်ရတနာကို ပဲကြီးလျော်နှင့် လဲစားကြပေတော့မည်... ရတနာဆိုသည်ကား လုံခြုံစွာဖြင့် ထုတ်ပိုးသိမ်းဆည်းထားရပေမည်... သို့သော်... မြတ်စွာဘုရားကဲ့ရဲ့သော ဤအမှုကို ရှေးကလည်း လုပ်ကြပေသည်... ယခုလည်း လုပ်နေကြသည်... နောင်ကိုလည်း လုပ်ကြပေဦးမည်... (((မိမိ တွေးမိသည်ကား လောကမှလွန်မြောက်သော လောကုတ္တရာတရား ရရှိထားသူ သူတော်ကောင်းများကတော့ သူတို့ကိုယ်တိုင် ပြောမည်မထင်... လက်အောက်ငယ်သား တပည့်များနှင့် လောကီဈာန် ရသူများလောက်ကသာ လာဘကိုငဲ့၍ ပြောဆိုကြသည် ထင်မိသည်)))

ထိုအခါ ထိုလူတို့သည် ''ငါတို့အား အရတော်ကြလေစွတကား၊ ငါတို့သည် ကောင်းစွာ ရကြပေစွတကား၊ အကြင်ငါတို့၏ အထံ၌ ဤကဲ့သို့သော ရဟန်းတော်များသည် ဝါကပ်တော်မူကြ ပေသည်တကား၊ အကျင့်သီလနှင့် ကောင်းသော တရားဓမ္မ ရှိကုန်သော ဤရဟန်းတို့ကဲ့သို့သော ရဟန်းတို့သည် ဤအခါမှ ရှေးက ငါတို့၏ အထံ၌ ဝါကပ်တော် မမူကြဖူးပေ တကား'' ဟု အကြင် ဘောဇဉ် ခဲဖွယ် လျက်ဖွယ် သောက်ဖွယ်မျိုးတို့ကို မိမိတို့ မသုံးဆောင်ကြ မခဲကြ မလျက်ကြ မသောက်ကြကုန်၊ မိဘ သားမယား ကျွန်အမှုလုပ် မိတ်ဆွေခင်ပွန်း ဆွေမျိုး သားချင်းတို့အား မပေးကြကုန်၊ ထိုဘောဇဉ် ခဲဖွယ်လျက်ဖွယ်သောက်ဖွယ်တို့ကို ရဟန်းတို့အားသာ ပေးလှူကြကုန်၏။

ဒါယကာ ဒါယိကာမများသည်ကား သီလ သမာဓိ ပညာ ပြည့်စုံတော်မူသော ရဟန်းတော်များကို ရှေးကလည်း ရှာဖွေ လှူဒါန်းကြသည်... ယခုလည်း ရှာဖွေ လှူဒါန်းကြပေသည်... နောင်ကိုလည်း ရှာဖွေ လှူဒါန်းကြပေဦးမည်သာ... ပညာဉာဏ်ဦးစီး၍ သံဃာကို ရည်မှန်း လှူဒါန်းနိုင်ကြပါစေ... အရိယာအစစ်ကို ရှာဖွေ တွေ့ရှိကြပါစေ...

ထိုအခါ ထိုရဟန်းတို့အား အဆင်းလှခြင်း ဣနြေ္ဒပြည့်ဖြိုးခြင်း မျက်နှာအဆင်း ကြည်လင် ခြင်း ကိုယ်ရေအဆင်း အထူးကြည်လင်ခြင်း ရှိကြကုန်၏။ 67

ဝါမှထကုန်သော ရဟန်းတို့၏ မြတ်စွာဘုရားကို ဖူးမျှော်ကန်တော့ရန် ချဉ်းကပ်ကြခြင်းသည် အလေ့အထပင် ဖြစ်၏။ ထိုအခါ သုံးလလွန်မြောက်၍ ဝါမှထကုန်သော ထိုရဟန်းတို့သည် ကျောင်းအိပ်ရာနေရာကို သိုမှီးပြီးလျှင် သပိတ်သင်္ကန်းကို ယူ၍ ဝေသာလီပြည်သို့ ချဉ်းကပ်ကုန်၏။ အစဉ်သဖြင့် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သော ကျောင်းကြီး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ နေကြကုန်၏။

ထိုအခါ အရပ်လေးမျက်နှာတို့၌ ဝါမှထကုန်သော ရဟန်းတို့သည် ပိန်ကြုံကြကုန်၏၊ အသွေးအသား ခေါင်းပါးကြ ကုန်၏။ မလှသော ရုပ်အဆင်း ရှိကြကုန်၏။ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိကြကုန်၏၊ ကွန်ရွက်ဖြန့်ခင်းသကဲ့သို့ အကြောပြိုင်းပြိုင်းထသောကိုယ် ရှိကြကုန်၏၊

ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့ သည်ကား လှပသော အဆင်း ရှိကြကုန်၏၊ ပြည့်ဖြိုးသော ဣနြေ္ဒရှိကြကုန်၏၊ ကြည်လင်သော မျက်နှာအဆင်း ရှိကြကုန်၏၊ အထူး ကြည်လင် သော ကိုယ်ရေအဆင်းရှိကြကုန်၏။

အာဂန္တုရဟန်းတို့နှင့် အတူတကွ ဝမ်းမြောက်စွာ နှုတ်ဆက်စကား ပြောကြားတော်မူခြင်း သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရားတို့၏ အလေ့အထပင် ဖြစ်၏။

ထိုအခါ မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့အား-
''ရဟန်းတို့ ကျန်းမာကြကုန်၏လော၊ မျှတကြကုန်၏လော၊ အညီအညွတ် ဝမ်းမြောက် ဝမ်းသာ မငြင်းမခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြရကုန်၏လော၊ ဆွမ်းအတွက်လည်း မပင်မပန်းဘဲ ရှိကြကုန်၏လော'' ဟု မေးတော်မူရာ...

ကျန်းမာကြပါသည် မြတ်စွာဘုရား၊
မျှတကြပါသည် မြတ်စွာဘုရား၊
တပည့်တော်တို့သည် အညီအညွတ်ဝမ်းမြောက်ဝမ်းသာ မငြင်းမခုံဘဲ
ချမ်းသာစွာ ဝါကပ်ခဲ့ကြရပါသည် မြတ်စွာဘုရား၊
ဆွမ်းအတွက်လည်း မပင်မပန်းဘဲ ရှိကြပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ဘုရားသျှင်တို့သည် သိလျက်လည်း မေးတော်မူကုန်၏၊ သိလျက်လည်း မေးတော် မမူကုန်။ အချိန်အခါကို သိ၍ မေးတော်မူကုန်၏၊ အချိန်အခါကို သိ၍ မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့် စပ်သည်ကို မေးတော်မူကုန်၏၊ အကျိုးနှင့် မစပ်သည်ကို မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့်မစပ်သည်တို့ကို မဂ်ဖြင့် ပယ်တော်မူပြီးဖြစ်ကုန်၏။ ''တရားကိုသော်လည်း ဟောကုန်အံ့၊ တပည့်သာဝကတို့အား သိက္ခာပုဒ်ကိုသော်လည်း ပညတ်ကုန်အံ့'' ဟူသော အကြောင်း နှစ်မျိုးတို့ဖြင့် ဘုန်းတော်ကြီးကုန်သော မြတ်စွာဘုရားတို့သည် ရဟန်းတို့ကို မေးတော်မူကုန်၏။

ထို့နောက် မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့ကို ''ရဟန်းတို့ သင်တို့သည် အဘယ်သို့လျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းမခုံဘဲ ချမ်းသာစွာ ဝါကပ် ခဲ့ကြ ကုန်သနည်း၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြကုန် သနည်း'' ဟု မေးတော်မူ သောအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို ပြန်ကြား လျှောက်ထားကြကုန်၏။

ရဟန်းတို့ သင်တို့အား ဈာန်မဂ်ဖိုလ်တရား ထင်ရှား ရှိကြပါ၏လောဟု မေးတော်မူရာ -

ထင်ရှားရှိပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ သင်တို့သည် ဝမ်းရေး အတွက် လူတို့အား အချင်းချင်း၏ လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို အဘယ့်ကြောင့် ပြောဆိုကြ ကုန်ဘိ သနည်း။ ရဟန်းတို့ ဤ သင်တို့ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညို စေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 68


''အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူအား လူတို့၏ ကုသိုလ် ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ပြောကြားငြားအံ့၊ ပြောတိုင်း ဟုတ်မှန်သော် ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြ ကုန်လော့ဟု မိန့်တော်မူ ၏။ 57, 8 - 69

မြတ်ဗုဒ္ဓသည် ဈာန်မဂ်ဖိုလ်တရား လူသားတို့အား ပြောကြားခြင်းကို ကဲ့ရဲ့တော်မူလေသည်... မိမိတွင်အမှန်တကယ်ရှိသော တရားကို ပြောကြားတာတောင်မှ ကဲ့ရဲ့တော်မူလျှင်... အမှန်တကယ်မရှိပဲသာ ပြောကြားနေပါက မည်မျှလောက် ကဲ့ရဲ့လိုက်လေမည်နည်း... တစ်ချို့ ဒကာ ဒကာမများသည် အသိဉာဏ်တထွာတစ်မိုက်နှင့် မိမိတို့ကြည်ညိုစိတ်ကလေးဖြင့်ပင် မိမိဆရာကို အရိယာထင်တတ်ကြပေသည်... ဘုန်းတော်ကြီးများ သတိရှိတော်မူကြပါကုန်... တကယ်မဟုတ်သေးက ခြံစည်းရိုး အပြင် ရောက်သွားနိုင်ပေသည်...

ဂ - ဘူတာရောစနသိက္ခာပုဒ်၊ ၁-မုသာဝါဒ၀ဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။

ပါစိတ်ကတော့ ချာတိတ်မလုပ်လေနှင့် အပါယ်ပို့နိုင်သော သတ္တိကိန်း၏...


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။ သာဓု... သာဓု... သာဓု...။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP