* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, April 14, 2010

(၂၄)နာရီ မဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲကြီး

မြန်မာနှစ်

၁၃၇၁၊၁၃၇၂ခုနှစ်

၂၀၁၀ခု


၁၄ ရက်နေ့  မှစ ၁၇ ရက်နေ့  အထိ

တစ်နေ့  ခြောက်နာရီ နှုန်းဖြင့် လေးရက်တိုင်တိုင်
၂၄ နာရီ မဟာပဋ္ဌာန်း

ရွတ်ဖတ် ပူဇော်ပွဲကြီး ကျင်းပ သွားပါမည်။

ရွတ်ဖတ်ပူဇော်မည့် အချိန်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

မနက် ၄ နာရီ မှ ၅ နာရီ ထိ
မနက် ၅ နာရီ မှ ၆ နာရီထိ
မနက် ၈ နာရီ မှ ၉ နာရီထိ

( မနက်ခင်း သုံးနာရီ )

ညနေ- ၆ နာရီ ခွဲ မှ ၇ နာရီ ခွဲထိ
ညနေ - ၇ နာရီ ခွဲ မှ ၈ နာရီ ခွဲထိ
ညနေ- ၈ နာရီ ခွဲ မှ ၉ နာရီ ခွဲထိ

( ညနေ ပိုင်း သုံးနာရီ )

စုစုပေါင်း တစ်နေ့  ၆ နာရီ ။ ၄ ရက် ၂၄ နာရီ ဖြစ်ပါသည်။



ရွတ်ဖတ် ပူဇော်မည့် သံဃာ ၂ ပါး

အရှင်တေဇောဘာသ ( မြင်းခြံ )
အရှင်ဌိတဓမ္မ ( ဂျာမန် )


ရလာသည့် အခွင့်ရေးကို လက်မလွတ်စေဖို့  အသိပေးခြင်း

ကြုံတောင့် ကြုံခဲလှသော မဟာပဋ္ဌာန်း တရားတော်မြတ်ကြီးကို
နာယူလိုကုန်သော ဓမ္မမိတ်ဆွေ သူတော်စင်တို့အား နာယူနိုင်ရန်
အသိပေး နှိုးဆော် တိုက်တွန်း လိုက်ရပါသည်။


ရည်ရွယ်ချက်

မြန်မာလူမျိုးတို့ နှင့် ထိုင်းလူမျိုးတို့  အား ကုသိုလ်လည်းဖြစ် ၊ အလွမ်းလည်း ပြေစေရန် အတွက်လည်းကောင်း ၊ ဒေသခံ လူအများအား သင်္ကြန်နှင့် နှစ်သစ်ကူး ပွဲတော်ကို သိရှိစေရန် အတွက် မိတ်ဆက် လိုသောကြောင့် လည်းကောင်း။ မိမိကိုယ်တိုင်ကပင် ဗုဒ္ဓမြတ်စွာအား မဟာ ပဋ္ဌာန်းဖြင့် မြတ်မြတ်နိုးနိုး ရွတ်ဖတ် ပူဇော် လိုသောကြောင့် လည်းကောင်း ရည်ရွယ် ကျင်းပခြင်း ဖြစ်ပါသည်။

မှတ်ချက်။ ။ သင်္ကြန် နှင့် မဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲကြီးသည် ယခုနှစ်မှ ဂျာမဏီနိုင်ငံ ၊ ဖရိုက်ဇင်းမြို့ တွင် စတင်ပါသည် ။
မနက်ခင်း ၉ နာရီနောက်ပိုင်း ရေချိုးချိန်နှင့် ဆွမ်း ကိစ္စအတွက်ကြောင့်လည်းကောင်း၊ နေ့ ခင်းပိုင်း ဂျာမန်သင်တန်း ရှိနေသောကြောင့်လည်းကောင်း ထို အချိန်များဝယ် မရွတ်ဖတ်နိုင်ပါ။

သင်္ကြန် အကြိုနေ့  ဗုဒ္ဓမြတ်စွာအား ရေသပ္ပါယ်




ဗုဒ္ဓမြတ်စွာအား ရေ မသပ္ပါယ်မီ ဂုဏ်တော် များ ရွတ်ပွါးနေပုံ






ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်များကို ဆက်လက် ရွတ်ပွါးကာ ရေသပ္ပါယ်နေပုံ


မြတ်ရောင်နီ
(၁၃၊၀၄၊၂၀၁၀)

Read more...

မြင့်မြတ်သော စကားကြီး (၁၀) မျိုး

အဓိသီလ သိက္ခာ ဖြည့်ကျင့်ရာ ရောက်သော စကား လေးမျိုး

၁။ အပ္ပိ စ္ဆ ကထာ- အလိုနည်းရာ နည်းကြောင်း စကား ပြောခြင်း
၂။ သန္တောသ ကထာ- တင်းတိမ်ရောင့်ရဲသည့် စကား ပြောခြင်း၊
၃။ အသံသဂ္ဂ ကထာ- တွယ်တာငြိကပ်မှု ကင်းသည့် စကားပြောခြင်း
၎။ သီလ ကထာ - ကိုယ်ကျင့်သီလ နှင့် စပ်လျဉ်းသည့် စကားပြောခြင်း


အဓိစိတ္တ သိက္ခာ ဖြည့်ကျင့်ရာ ရောက်သော စကား သုံးမျိုး


၁။ ပ၀ိဝေက ကထာ - တိတ်ဆိတ် ငြိမ်သက်မှုနှင့် စပ်လျဉ်းသည့် စကားပြောခြင်း

၂။ ၀ီရိယ ကထာ - ကြိုးစား အားထုတ်မှုနှင့် စပ်လျဉ်းသည့် စကား ပြောခြင်း
၃။ သမာဓိ ကထာ- တည်တည်ကြည်ကြည်ရှိ မှုနှင့် စပ်လျဉ်းသည့် စကားပြောခြင်း

အဓိပညာ သိက္ခာ ဖြည့်ကျင့်ရာ ရောက်သော စကား သုံးမျိုး


၁။ ပညာ ကထာ - ပညာ ရေးရာ စကား ပြောခြင်း

၂။ ၀ိမုတ္တိ ကထာ- လွတ်မြောက်ရေးရာ စကား ပြောခြင်း
၃။ ၀ိမုတ္တိဉာဏ ဒဿန ကထာ- လွတ်မြောက်ရေး ဉာဏ်အမြင် နှင့်  စပ်ရာ စကားပြောခြင်း

(မူလပဏ္ဏာသ အဋ္ဌကထာ)


သာသနာတော်မြတ်ကြီး၌ သီလ သမာဓိ ပညာ ဟု သိက္ခာ သုံးပါးသာ ရှိသည်။
သိက္ခာသုံးပါးသည် မြင့်မြတ်ပါက အဓိသီလ အဓိစိတ္တ အဓိပညာ ဟု အဓိ ထည့်စွက်ကာ အသုံးပြု သည် ကို တွေ့ ရသည်။ ဤသုံးပါးနှင့်သာလျင် ဗုဒ္ဓဘာသာ တို့ ၏ အမြင့်ဆုံး ပန်းတိုင်သို့ လျှောက်ကြ ရသည်။

ထိုလျှောက်သည့် လမ်းများစွာထဲတွင်

ဤ စကား ပြောဆိုခြင်းသည်လည်း နေ့ စဉ်နှင့်အမျှ မလွဲမသွေ လူတိုင်း ပြောဆိုနေကြရပေသည်။

ထို့ ကြောင့် စကားသည် တရား ဖြစ်သွားပါလျင် အမြင့်ဆုံး ပန်းတိုင်သို့  လျှောက်နိုင်ကြောင်း
သိစေလိုသောကြောင့် မိမိ၏ ပါဠိတော်များကို လေ့လာ မှတ်တမ်းပြုစုထားသည့် စာအုပ်မှ ထုတ်နှုတ်ပြီးလျင် တစ်ဆင့် မျှဝေလိုက်ရပေသတည်း။



မှတ်ချက်။ ။ မြင့်မြတ်သော ဆိုထားတော့ သာမန်တော့ မဟုတ်ဘူးနော်။
ပညာဆိုပါစို့  လောကီရေးရာ ပညာရေးပြောနေတာကို ဆိုလိုဟန်မတူ။
မဂ်ပညာ ဖိုလ်ပညာ ဆိုလိုရပါလိမ့်မယ်။
ဒါပေမယ့် သာမန် ပညာရေးရာ ပြောရင်လည်း စိတ်ကတော့
ရာဂ စိတ် ဒေါသစိတ် မောဟစိတ်များ
ခဏ တစ်ဖြုတ် ကင်းနိုင်တာမို့  ပန်းတိုင်နဲ့  နီးမယ်လို့ယူဆပါကြောင်း.........
.


မြတ်ရောင်နီ

( ၁၂၊ ၀၄၊၂၀၁၀)

Read more...

“တိတ်တဆိတ်သင်္ကြန်”

Posted 11:26 PM by ကိုနော in Labels:

တစ်ယောက်တည်းနေသောကိုနောအနေဖြင့်သင်္ကြန်လည်းတစ်ယောက်တည်းကျရပေတော့မည်။
`တိတ်တဆိတ် ကခုန်လိုသူအတွက် ဘာဗုံမှမလိုအပ်ဘူး´တဲ့...။
တကယ်တော့ ဗုံမရှိဘဲ ကခုန်ဖို့ရာမလွယ်ကူလှပါ...။
ဒီသင်္ကြန်မှာ ဘယ်လို ကရင်ကောင်းမလဲ....?

အမှတ်မထင်..ကိုနောဆီကိုယ်စားလှယ်ခြောက်ဦးရောက်လာကြသည်။နတ်ပြည်ခြောက်ထပ်မှတစ်ဦးစီဖြစ်
သည်။ဆရာ့ဆရာတို့နည်းနာအတိုင်း(ဘယ်အကြောင်းကြောင့်ဖြစ်စေ)ကိုယ့်ဆီရောက်လာသူကိုသြ၀ါဒပေး
ရချေတော့မည်။
ကဲ...ကဲ...ကြုံတုန်း...သြ၀ါဒအနည်းငယ်ချီးမြှင့်လိုက်မယ်...နောင်ဆုံချင်မှဆုံမယ်...မင်းတို့နတ်ပြည်ကအရင်
လိုဗီဇာလွယ်တော့တာမဟုတ်ဘူး...၊ငါကတခြားသွားချင်သွားနေရမှာ...ဘယ်သူမှသာသနာပြုမကြွချင်တဲ့
နေရာပေါ့...။အဲဒီမှာသိပ်ပူတယ်ဆိုပဲ...။ဘာရယ်ညာရယ်မဟုတ်ဘူးလေ....။ဘက္ထရီကုန်တော့မယ်...၊
မီးပြန်လာဖို့မသေချာသေးဘူး...၊
`အေးအေး...ကောင်းကောင်းနေကြ...လိမ်လိမ်မာမာနေကြ....ကုသိုလ်ရအောင်နေကြ....
ငါလိုမမိုက်ကြနဲ့ပေါ့...ဟုတ်ပလား...´။

ကိုနော
၁၄.၄၂၀၁၀


ဝcomment(s) to... “တိတ်တဆိတ်သင်္ကြန်”

Read more...

တရားသဖြင့် နေထိုင်သူ

Wednesday, 14 April 2010 06:03 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

ကိုယ်မလိုချင်တာ သူများကို လုံးဝ မပေးပါနှင့်Dhamma_barisayadaw

ကိုလိုချင်တာ သူများကို အကုန်လုံးပေးပါ။

ကိုယ်ပေးတဲ့အတိုင်း ကိုယ်ပြန်ရလိမ့်မယ်။(တောရဆရာတော်ကြီး)

ဆရာတော်ကြီးရဲ့ ဘွဲ့တော်နဲ့ နေရပ်ကိုတော့ ဆရာတော်ကြီး မိန့်ကြားလိုက်တဲ့" ကယ် ပေါက် " ဆုံးမစကားကြောင့် မဖော်ပြလိုက်ရတာပါ။(ကယ်ပေါက်ကို သီးခြားရေးပါဦးမယ်)

အထက်မြန်မာပြည်က မြို့တစ်မြို့မှာ မိမိနဲ့ ဆရာတူတပည့်လည်းဟုတ်၊ ငယ်စဉ်က စာသင်ပေး ခဲ့ရဖူးတဲ့ တပည့်လည်း ဟုတ်တဲ့ ဆရာတော်လေးတစ်ပါးက စာချဘွဲ့ ရလို့ဆိုပြီး ပြုလုပ်တဲ့ ဂုဏ်ပြုပွဲ တစ်ခုမှာ သက်တော် ၉၄ နှစ်ရှိပြီဆိုတဲ့ ဆရာတော်ကြီးတစ်ပါးကိုလည်း ဖူးမြင်လိုက်ရတာ စိတ်ထဲမှာ အေးချမ်းမှု တစ်ခုကို ခံစားလိုက်ရသလို အတော်လေး ကြည်ညိုစိတ် ဖြစ်ပေါ်လာပါတယ်။

မိမိတည်းခိုတဲ့ တပည့်ဓမ္မကထိကလေး ကျောင်းပြန်ရောက်လို့ ဆရာတော်ကြီး အကြောင်း ပြောပြတော့ ကျောင်းထိုင် ဓမ္မကထိကလေးနဲ့ သူ့နောင်တော်တို့က သူတို့လည်း အလား တူစိတ်မျိုး ဖြစ်ပေါ် ကြည်ညိုတဲ့အတွက် မကြာမကြာ သွားရောက်ပြီး ဝေယျာဝစ္စပြုပေးလေ့ရှိ ကြောင်းနဲ့ ဆရာတော်ကြိးနဲ့ တွေ့ကြုံကြဖူးတဲ့ တခြားဆရာတော် သံဃာတော်များနဲ့ ဒကာ ဒကာမတို့ကလည်း အလားတူ မှတ်ချက်ချ ကြကြောင်း ပြောပြပါတယ်။

ဒီခရီးမှာ နောက်ထပ် သာမဏေကျော် ဘွဲ့ရဆတဲ့တပည့် သာမဏေတစ်ပါးရဲ့ ဂုဏ်ပြုပွဲက ငါးရက်လောက်ခြားပြီး စောင့်နေရဦးမှာဖြစ်လို့ အတော်လေး အချိန်ရတဲ့အတွက် နောက်နေ့ညနေ ပိုင်းမှာ ဆရာတော်ကြီး အသုံးတည့်ပုံရတဲ့ အိုဗာတင်းဘူးနဲ့ ဆေးမျိုးစု့တို့ကို ကပ္ပိယနဲ့ စီစဉ်ခိုင်းပြီး ဓမ္မကထိက ညီနောင်နဲ့အတူ ဆရာတော်ကြီး သီတင်းသုံးနေထိုင်တဲ့ တောရကျောင်းတိုက်ကို သွားကြပါတယ်။

ဆရာတော်ကြီးက သက်တော်နဲ့ မမျှလောက်အောင်ကို သွားလာလှုပ်ရှားနိုင်တုန်းပါပဲ။ မျက်စိတို့ နားတို့၊ သွားတို့ကလည်း သုံးလို့ရနေဆဲ ဖြစ်ပါတယ်။ အတူပါလာတဲ့ တပည့်များက အကျိုး အကြောင်းလျှောက်ထား မိတ်ဆက်ပေးပြီးတော့ အားလုံး ကန်တော့ကြပါတယ်။ ကန်တော့ပြီးတဲ့အခါ သြ၀ါဒစကားလေး ချီးမြှင့်ပေးဖို့ လျှောက်ထားတော့ "ဘာမှ အထွေအထူး သြ၀ါဒ ပေးစရာရယ်လို့ မရှိပါဘူး။ ရဟန်းဆိုရင် ရဟန်းနဲ့တူအောင်နေ၊ လူဆိုရင် လူနဲ့ တူအောင်နေ၊ ဒါပဲ အရေးကြီးဆုံးမို့လား။ အဲဒီလို နေကြရုံပေါ့လို့" မိန့်ကြားပြီး တခြား စပ်မိစပ်ရာ မေးမြန်းပြောဆို နေပါတယ်။

ဆရာတော်ကြီးက မျက်နှာတော် ကြည်လင်အေးဆေးသလို အသံကလည်း အေးအေး၊ စကား လည်း အေးအေးပါပဲ၊ တော်တော်လေး စကားစပ်မိပြီးလို့ တရင်းတနှီးလို ဖြစ်လာတဲ့အခါ မိမိက…

"ဆရာတော်ဘုရား၊ တပည့်တော် ဆရာတော်ကြီးကို ဖူးမြင်လိုက်ရတဲ့ အချိန်မှာပဲ ဆရာရင်း တစ်ပါးလိုကို တွေ့လိုက်ရသလို ကြည်နူးစိတ်၊ ကြည်ညိုစိတ် ဖြစ်လာပါတယ်ဘုရား၊ တည်းခိုတဲ့ကျောင်း ပြန်ရောက်တော့ ဟောဒီ တပည့်များနဲ့ စကားစပ်မိတဲ့အခါ ဆရာတော်ကြီးနဲ့ ဖူးတွေ့ဖူးကြတဲ့ တခြားဆရာတော်၊ သံဃာတော်တွေနဲ့ ဒကာ ဒကာမတွေကလည်း တပည့်တော်ပြော သလိုပဲ ပြောကြတယ်လို့ သိရပါတယ်ဘုရား။ တပည့်တော်တို့ နည်းယူ လိုက်နာရအောင် ဆရာတော် အမြဲ နှလုံးသွင်းတဲ့တရားနဲ့ ဆရာတော် ကျင့်သုံးနေတဲ့ စရဏ လေးများကို တပည့်တော်တို့ သိခွင့်ပြု ပေးပါဘုရား"လို့ လျှောက်ထားတော့ ဆရာတော်ကြီးက ခဏလောက် စဉ်းစားနေပါတယ်။

ပြီးတော့မှ စောစောကပြောတဲ့ တပည့်မျေားဘက်ကို မျက်နှာတစ်ချက် လှည့်ပြီး "သူတို့ကတော့ ဓမ္မကထိကတွေဆိုတော့ ဒီလိုပဲ တစ်ဖက်သား စိတ်ချမ်းသာအောင် ပြောကြ တာပါပဲ။ အေးပေါ့လေ- ဘုန်းကြီးက တရားနည်းလမ်းကို လျှို့ဝှက်ထားတယ်လို့ ထင်နေဦးမယ်။ မောင်ပဉ္စင်း သိချင်သပဆိုရင်လည်း ကိုယ်နှလုံးသွင်း ကျင့်သုံးနေတာလေးတော့ ပြောပြနိုင် ပါတယ်။

အထွေအထူးတော့ မဟုတ်လှပါဘူ။ ဘုန်းကြီးတို့ ဆရာသမား ဆုံးမခဲ့တဲ့ စကားသုံးခွန်းရှိ တယ်။ အဲဒီအတိုင်း တတ်နိုင်သမျှ လိုက်နာကျင့်သုံးနေတာပါပဲ။ ဘုန်းကြီးတို့ စာသင်တိုက် သွားခါနီးတော့ ဆရာသမားက ဘာမှာသလဲဆိုတော့….

"ကိုယ်မလိုချင်တာ သူများကို လုံးဝ မပေးပါနဲ့။

ကိုယ်လိုချင်တာ သူများကို အကုန်လုံးပေးပါ။

ကိုယ်ပေးထားတဲ့အတိုင်း ကိုယ်ပြန်ရလိမ့်မယ်´တဲ့။

သတ္တ၀ါဆိုတာ လူတွေမဆိုထားနဲ့ တိရစ္ဆာန်တောင် ဆဲရေးတိုင်းထွာတဲ့စကား၊ ကြမ်းတမ်း တဲ့စကားကို မကြိုက်လို့ မြတ်စွာဘုရားရှင် ဟေားထားတာလည်း ရှိတယ်လေ။(နန္ဒ၀ိသာလဇာတ်)အကျိုးမဲ့အောင် လိမ်ညာတာတို့၊ အချင်းချင်းစိတ်ဝမ်းကွဲအောင် ကုန်းတိုက်တာတို့ လည်း အတူတူပဲပေါ့။ ကိုယ်မကြိုက် တာတွေ သူများကို လုံးဝ မပေးမိအောင် စောင့်စည်းပြီးတော့ နေရမှာပေါ့။

ဘယ်သူမဆို ကိုယ်ရောက်တဲ့နေရာမှာ မျက်နှာကြည်သာတာ၊ ဖော်ဖော်ရွေရွေ နှုတ်ဆက်ကြို ဆိုတာကို တွေ့ရရင် ၀မ်းသာကျေနပ်ကြတာပဲမို့လား။ ကိုယ့်ဆီရောက်လာတဲ့ ဧည့်သည်ကိုလည်း ကိုယ်က အဲဒါမျိုး ပေးရမှာပေါ့။ ဒီနေရာမှာ စကားစပ်မိလို့ သတိပေးရအုံးမယ်။ ခရီးဝေးက ရောက်လာတဲ့ ဧည့်သည်မျိုးကျတော့ နှုတ်ဆက်ပြောဆိုတာလောက်ပဲလုပ်၊ စကားကြောတွေ သိပ်ပြီးရှည်မနေနဲ့ဦး။ ခရီးရောက် မဆိုက်မှာ အရင်ဆုံး လိုအပ်တာက ရေသောက်စရာတို့၊ အပေါ့အလေးသွားစရာတို့၊ ခြေဆန့် လက်ဆန့် နားနေချင်တာတို့ကလည်း လူတိုင်း လိုချင်တဲ့ အရာပဲ။ အဲဒါတွေကို အရင်ပေးရ တယ်။

စကားအရာနဲ့ ပတ်သက်လို့ မြတ်စွာဘုရားကို ဆန့်ကျင်ဘက် ပုဏားတွေကတောင် ချီးကျူး ရတဲ့ အချက်တွေ ရှိတယ်လေ။ အဲဒါတွေကလည်း အတုယူစရာတွေပေါ့။

ဧဟိသွာဂတ၀ါဒီ= ကောင်းသောလာခြင်းပါလို့ ပြောဆိုလေ့ရှိတယ်။

သခိလော ချိုသာ ဧကြည် ပြောဆိုတတ်တယ်။

သမ္မောဒကော နွမ်းသူကို လန်း၊ ပန်းသူကို ပြေစေလောက်အောင် ခရီးကြိုစကား ပြော ဆိုတတ်တယ်။

အဗ္ဘာကုဋိကော= မျက်စောင်းမထိုး၊ မကျိုးမျက်မှောက်၊ ဖြောင့်ဖြောင့် ချစ်ကြည် ကြည့်ရှု့ လေ့ရှိတယ်။

ဥတ္တာနမုခေါ= ပြောဆိုဆက်ဆံရ လွယ်ကူတယ်။

ဗုဗ္ဗဘာသီ= ပြောဆိုသင့်တဲ့ စကားကိုဘုရားရှင်ကပဲ စပြီးပြောတယ်လို့ ဆိုသမို့လား။

ဒီ-၁-ပါ-၁၀၉၊ဌ-၂၅၆)

ဒီ နောက်ဆုံးအချက်က အရေးကြီးတယ်နော်။ အဇာတသတ်မင်းကြီး ဘုရားရှင်ထံ ပထမဆုံး ရောက်လာတုန်းက သူ့အပြစ်သူ လိပ်ပြာမလုံလို့ စကားမပြောဝံ့ဘူးလေ။ ဘုရားရှင် ကစပြီး နှုတ်ခွန်း ဆက်လိုက်တော့မှ မေးရဲ လျှောက်ရဲဖြစ်ပြီး ရဟန်းပြုခြင်းရဲ့ မျက်မှောက်အကျိုး တွေကို လျှောက်ထားလို့ သာမညဖလသုတ်ကြီး ဖြစ်ပေါ်လာတာမို့လား။ အဲဒါတွေကို ကိုယ်က သူများကို အကုန်ပေးရ မယ်တဲ့။

ကာယကံနဲ့ ပတ်သက်ရင်လည်း ဒီအတိုင်းပဲပေါ့။ မြတ်စွာဘုရား ဟောတော်မူတဲ့ `အတ္တာနံ ဥပမံကတွာ၊ နဟေနယ် နဃာတေယ်´ဆိုတဲ့အတိုင်း အရှင်မဟာရဋ္ဌသာရကတောင် လင်္ကာလေး စပ်ထားတာ ရှိတယ်လေ။ "ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသတ်ကို ချစ်ပါလေ" ဆိုသလို ပြုလုပ်ရမှာပေါ့။

မနောကံနဲ့ ပတ်သက်လို့လည်း ကိုယ်ချင်းစာစိတ် ထားရတာပါပဲ။ ဘယ်သူမဆို အစာ ၀ချင် တယ်၊ အနာ ကင်းချင်းတယ်၊ ဘေးအန္တရယ် ကင်းရှင်းချင်ကြတယ်မို့လား။ အဲဒီတော့" သတ္တ၀ါအား လုံး စာဝ၊နာကင်း၊ ဘယာရှင်းကြပါစေ"ဆိုတဲ့ မေတ္တာစိတ် အမြဲပွားပေးပေါ့။ ဒါကတော့ ကိုယ့်ဆရာသမား ဆုံးမခဲ့တာကို ကိုယ်သဘောပေါက်သလောက် အဓိပ္ပာယ် ကောက်ယူတာ ပေါ့။ အဲဒီအတိုင်း တတ်နိုင်သလောက် လိုက်နာကျင့်သုံးတာပါပဲ။

အဲ…. စောစောက ဟိုကောင်လေးတွေပြောသလို တွေ့ကြမြင်ကြသူတွေရဲ့ စိတ်ထဲမှာ ဖြစ်ပေါ် လာကြတယ်ဆိုတာဟာ ဟုတ်တယ် ဆိုရင်ပေါ့လေ( သူ့မြေး တပည့်နှစ်ပါးဘက်ကို မယုံကြည်သလို နဲ့ ပြုံးပြီး ကြည့်လိုက်သေးတယ်) အဲဒါလည်း ကိုယ်ပေးထားတဲ့အတိုင်း ကိုယ် ပြန်ရတယ်လို့ပဲ ဆိုရမှာပေါ့။ အဲဒါပါပဲ။ ဘာမှ အထွေအထူး မဟုတ်ပါဘူး"လို့ မိန့်ကြား တော်မူပါတယ်။

ဒါတွေဟာ ဆရာတော်ကြီး အနေနဲ့ အထွေအထူး မဟုတ်ဘူး ဆိုပေမယ့် မိမိတို့အတွက် တော့ မထူးဘဲနဲ့ ထွေနေကြတုန်းပါ။

ကိုယ် လုံးဝမလိုချင်ပေမယ့် သူများကိုကျတော့ အလျှံပယ် ပေးမိကြတာတွေ။

ကိုယ့်အတွက်တော့ အလျှံအပယ်ရချင်ပေမယ့် သူများကိုတော့ လုံးဝ မပေးမိတာတွေ။ တွေးကြည့်လိုက်ရင်တော့ ကိုယ်ပေးထားတဲ့အတိုင်း ကိုယ်ပြန်ရလာမယ့် အလှည့်မှာ" ကောက်ရိုးပုံကြီးကို တစ်နေကုန် ဖြဲရှာမှ ဆန်တစ်စေ့ပဲ အနိုင်နိုင်ရတယ်" ဆိုတာမျိုးတောင် ဟုတ်မှ ဟုတ်ပါ့မလား။

တောရဆရာတော်ကြီးနည်းတူပဲ၊ တခြား ဆရာတော်တစ်ပါးကလည်း မိန့်ကြားဖူးပါတယ်။

"ကိုယ်တွေ့ကြုံ ခံစားရတဲ့အခါ `ဒါကတော့ သက်သက် မတရားတာပဲ၊ ကျေကို မကျေနပ်ဘူး´ ဆိုတာမျိုးကို သူများ လုံးဝ မပေးမိအောင်နေပါ။ အဲဒါကို မတရားမှုကင်းပြီး အသက်ရှင်နေထိုင်သူ ဖြစ်မယ်။

ကိုယ်တွေ့ကြုံခံစားရတဲ့အခါ`ဒါမျိုးတော့ တရားတယ်၊ မျှတတယ်၊ ၀မ်းသာကျေနပ်စရာ ကောင်းတယ်´ဆိုတာမျိုး သူများကို ပေးနိုင်သလောက်ပေးပါ။ ဒါဆိုရင် လောကမှာ တရားသဖြင့် အသက်ရှင်နေထိုင်သူဖြစ်ပြီ´တဲ့။

မြတ်ဗုဒ္ဓအလိုတော်အရ သတ္တ၀ါတိုင်းမှာ တူညီတဲ့ အခြေခံအခွင့်အရေး နှစ်ခုစီ ရှိကြ ပါတယ်။

"ပြုလုပ်ပိုင်ခွင့်" နဲ့ "ခံစားခွင့်" (ကံနဲ့ ကံ၏ အကျိုး) ဖြစ်ပါတယ်။ ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး အသုံး ချသူဟု ခံစားခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ခံယူရမယ်။ ခံစားချိန်ရောက်မှ ငြင်းပယ်ခွင့် မရှိဘူး။ ပြုလုပ် ခွင့်ကို ကောင်းကောင်း မွန်မွန် အသုံးချသူဟာ ခံစားခွင့် ကောင်းကောင်းမွန်မွန် ရရှိမယ်။ တောင့်တ နေစရာ မလိုဘူး။ ဒါဟာ ကမ္မဿကတလမ်းစဉ် မှန်ပဲ ဖြစ်ပါတယ်။

သတိထား အသိပွားနိုင်ကြပါစေ။

တရားသဖြင့် သက်ရှင်နေထိုင်သူများ ဖြစ်စေသော်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)



Read more...

တောင်းဆုချွေ နှစ်သစ်ကူး


သင်္ကြန်အကျနေ့မှာ
ကြွလာသမျှ မိတ်သဟာ
ချမ်းသာစေ ကိုယ်စိတ်
နားခိုရိပ်များ အေးမြစေ။

ဘေးဘယာဆိုတာ
အတွေးထဲမှာကို ရှိစေနဲ့။

လုပ်သမျှ ကိုင်သမျှ
ခိုင်မြဲမှုနဲ့ ပြီးမြောက်စေ။

အလှူအတန်းလည်း
စိတ်မှန်းသလောက် ပြုနိုင်စေ။

အများအကျိုးအတွက်
အားကိုးသူကြီးလည်း ဖြစ်ပါစေ။

နှစ်စဉ်တိုင်းမှာ
သာယာချမ်းမြေ့ ရှိပါစေ။




Read more...

နှစ်သစ်ကူး လက်ဆောင်မွန်


စိတ်ဆိုတာ
ဒီနားမှာ နေနော့
ချော့မော့ပြောလည်း မရ။

ဟိုနားမှာ နေပါလား
သွားပြန်ရော တနေရာ။

အိမ်တွင်းမှာနေဆိုတော့
အပြင်ထွက်လာပေါ့။

ဒါဆိုလည်း အိမ်ရှေ့မှာထိုင်
အေးပြီပေါ့ မှတ်တာ
မကြာပါ လမ်းဘေးမှာ
ငေးတေးတေးနဲ့ ရပ်လို့။

ဒါလည်း ဘာကြာလို့
လျှောက်ဖို့ ခြေလှမ်းက စ။

လူ့စိတ်ဆိုတာ
အဲ့လိုပါ ။

အငြိမ်မနေတတ်တာတွေနဲ့
အရည်မဲ့ အဖတ်မကျန်
လမ်းမှန်ရင်တော့ တော်သား
လမ်းမှားရင်လား
သွားရမှာ သေချာပြီ
အပါယ်ရွာ တံခါးမရှိ။
စွဲသတိ အမြဲရှိ
အော် .........
သတိ သတိ။




Read more...

အရေးကြီး၏…သို့သော် အရေးမကြီး…

“Money makes everything. ငွေဟာ အရာရာကို ဖန်တီးနိုင်တယ်” ဆိုတဲ့ စကားကို ကြားရတိုင်း ငွေမျက်နှာတစ်ခုတည်းကိုပဲ ကြည့်လေ့ရှိတတ်တဲ့ သူတွေကို သတိရမိပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ လူအတော်များများဟာ ငွေအတွက် ဦးစားပေးနေကြရတဲ့ အနေအထား ရှိပါတယ်။ ခေတ်ကာလ အခြေအနေကလည်း ငွေမရှိရင် ဘာမှလုပ်လို့မရဘဲ ဖြစ်နေတာဆိုတော့ ဟိုနာသွားလည်းငွေ၊ ဒီနားသွားလည်းငွေ၊ ဟိုလူတွေ့လည်းငွေ၊ ဒီလူတွေ့လည်းငွေ၊ ဟိုဟာလုပ်ချင်လည်းငွေ၊ ဒါလုပ်ချင်လည်းငွေ စသဖြင့် ငွေကိုရှေ့တန်းတင်နေရတဲ့ အနေအထား ဖြစ်နေပါတယ်။ ဒါပေမယ့် ငွေဟာအဲဒီလောက် အရေးပါနေပေမယ့် ဒီငွေကြောင့်ပဲ ဆင်းရဲပေါင်းစုံကြုံ၊ ပြဿနာပေါင်းစုံတက်၊ အချင်းချင်း ခိုက်ရန်ဒေါသဖြစ်နဲ့ နောက်ဆုံး အကျင့်သိက္ခာတရားတွေပါ ပျက်ကုန်တဲ့အထိ ဖြစ်ကြပြန်ပါတယ်။ ဒီအခါမှာ အရာရာကို ဖန်တီးနိုင်စွမ်းရှိတဲ့ ငွေဟာလည်း ဘာမှလုပ်မပေးနိုင်ပြန်ပါဘူး။ စိတ်ဒုက္ခပေါင်းစုံကို ကုစားပေးဖို့ ငွေကအစွမ်း မရှိပြန်ပါဘူး။ ငွေတွေဘယ်လောက်ပဲ ရှိနေပေမယ့် ရုပ်တရားကို အမှီပြုဖြစ်ပေါ်တတ်တဲ့ တစ်ချို့ရောဂါတွေကျပြန်တော့ ငွေကကုသပေးနိုင်စွမ်း မရှိပြန်ပါဘူး။ ဒါကြောင့် ငွေဟာ “အရေးကြီး၏… သို့သော် အရေးမကြီး”ဟု ဆိုခြင်းဖြစ်ပါတယ်။

တစ်ခါက တရားပွဲတစ်ခုကပင့်လို့ ကြွရောက်ပြီး ဆုံးမသြ၀ါဒ ပေးဖြစ်ပါတယ်။ အဲဒီတရားပွဲမှာ မြန်မာရဟန်းတော်များရော မြန်မာပြည်သွားရောက်ကာ ထေရ၀ါဒ ရဟန်းတော်အဖြစ် ပြောင်းလဲခံယူ ကျင့်သုံးနေကြတဲ့ နိုင်ငံခြားသား ရဟန်းတော်များပါ အချိန်အကန့်အသတ်နဲ့ ဆုံးမသြ၀ါဒစကား ပြောကြားပေးရမယ့် အစီအစဉ် တစ်ခုလည်း ပါဝင်ပါတယ်။ မြန်မာများ ဦးစီးပြီး လုပ်တဲ့ပွဲဖြစ်တဲ့အတွက် မြန်မာလိုပဲ သြ၀ါဒပေးပြီး နိုင်ငံခြားသား ရဟန်းတော်များရဲ့ ဟောကြားချက်ကိုတော့ ဘုန်းဘုန်းက ဘာသာပြန်ပေး ဖြစ်ပါတယ်။ အဲဒီပွဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၇နှစ်လောက်တည်းက မြန်မာပြည်ကြွရောက်ပြီး ထေရ၀ါဒ အသွင်နဲ့ ၀ိပဿနာတရားတွေ အားထုတ်ကာ ခုတော့သူ့နိုင်ငံမှာ တရားပြန်ပြပေးနေတဲ့ ဆရာတော်တစ်ပါးရဲ့ ဆုံးမသြ၀ါဒ ပေးတာလေးကို သတိရမိ နေပါတယ်။

ဆရာတော်က တရားနာသူတွေကို “မြန်မာပြည်ကနေ ထွက်လာပြီး ခုလိုပင်ပင်ပန်းပန်း ဘ၀စားဝတ်နေရေးအတွက် ကြိုးစားနေတာတွေ တွေ့ရတော့ စိတ်မကောင်းပါဘူး၊ ဒီမှာလာပြီး အလုပ်လာလုပ်ကြတဲ့ ရည်ရွယ်ချက်က မိသားစု စားဝတ်နေရေးနဲ့ ကိုယ့်ဘ၀ ရှေ့ရေးတွေအတွက် ငွေလာရှာကြတာ ဖြစ်ပါတယ်၊ ငွေလာရှာကြတာ ဆိုတဲ့အတွက် ငွေတစ်ခုတည်းကို ရှေ့တန်းတင်ထား၊ ငွေတစ်ခုတည်းကိုပဲ ကိုးကွယ်ထား၊ ငွေရရင်ပြီးရောဆိုတဲ့ အတွေးတွေနဲ့ ငွေနောက်ကိုပဲ လိုက်နေတဲ့ အနေအထားမျိုးတွေပဲ ဖြစ်မနေဖို့တော့ သတိပြုကြဖို့ လိုပါတယ်၊ ဘုန်းကြီးတို့လည်း အရင်တုန်းကတော့ ငွေရှိရင် ဘာမဆို ပြီးတယ်ဆိုတဲ့ အတွေးနဲ့ ငွေကိုပဲ မရမက ရှာဖွေခဲ့ဖူးပါတယ်၊ နောက်ဆုံးတော့ ငွေကြောင့် အဆင်ပြေတာကနဲနဲရယ်၊ ဒီငွေကို အကြောင်းပြုပြီး ဖြစ်ရတဲ့ ဒုက္ခ၊ ခံစားရတဲ့ ဝေဒနာ၊ ဆုံးရှုံးရတဲ့ အကျင့်သိက္ခာ စတာတွေက ပိုများတော့ ဒီငွေတွေနဲ့ သံယောဇဉ်အားလုံးကို ဖြတ်ပြီး အခုလို ဒကာဒကာမတို့ နိုင်ငံကိုသွားပြီး အပြီးအပိုင် သာသနာ့ဘောင်ထဲကို ၀င်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘုန်းကြီးပြောချင်တာက ငွေနောက်ချည်းပဲ လိုက်မနေကြဖို့ပါ၊ ငွေလည်းရှာ၊ ကုသိုလ်လည်းရှာ၊ ကိုယ်ကျင့်တရားကိုလည်း ထိန်းကြဖို့ပါ၊ အဲဒီလို နေနိုင်အောင်လည်း ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်…” စသဖြင့် သြ၀ါဒ ပေးတာလေးကို ဘာသာပြန်ပေးရင် နာဖြစ်ခဲ့ပါသေးတယ်။

ဟုတ်ပါတယ်။ အဲဒီဆရာတော် အမိန့်ရှိသလိုပါပဲ။ အရာရာ ငွေကအရေးကြီးပေမယ့် ငွေနောက်ချည်းပဲ လိုက်နေလို့တော့ မဖြစ်ပြန်ပါဘူး။ ငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ဆိုနေကြသူတွေကိုယ်တိုင် ငွေရှိလာပြန်တော့ မဖြစ်တာတွေကို သဘောပေါက်ပြီး ဘ၀လွတ်မြောက်မှုကို ရှာတတ်ကြတာလည်း လက်တွေ့ တွေ့နေရပါတယ်။ ငွေမရှိလို့ မဖြစ်ဘူးဆိုတဲ့ အတွေးတွေနဲ့ ငွေရအောင် ကြိုးစားရင်း အပူမီး လောင်မြိုက်သူတွေလည်း ရှိပါတယ်။ နောက်ဆုံးတော့ ငွေရှိပေမယ့် ဘာမှမလုပ်နိုင်တဲ့ ဒုက္ခတွေကြုံလာတဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အဆင့်အထိ ဖြစ်သွားတဲ့ သူတွေလည်း ရှိနေကြပြန်ပါတယ်။ သေချာတာကတော့ ငွေဟာအရေးကြီးပေမယ့် ငွေကလုပ်မပေးနိုင်တာတွေလည်း အများကြီးရှိတယ် ဆိုတာပါပဲ။ ဒါကြောင့် တစ်ခါတစ်လေ ဘုန်းဘုန်းက Money makes everything ဆိုတဲ့စကားလေးကို Money makes almost everything လို့တောင် ပြောင်းပြီး ပြောဖြစ်ပါသေးတယ်။ ငွေကလုပ်ပေးနိုင်တာတွေ များပါတယ်။ ဒါပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။ အားလုံးနီးပါးပါ။ ဒါက လောကကြောင်းအရ ပြောတာပါ။ ဘ၀လွတ်မြောက်ကြောင်းနဲ့ ပြောရရင် ငွေက မလိုအပ်ပြန်ပါဘူး။ လက်တွေ့လိုက်နာ ကျင့်သုံးမှုပဲ လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာ ဖြစ်ဖို့ ငွေကအရေးကြီးပေမယ့် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းဖို့အတွက်တော့ ငွေကလုပ်မပေးနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်ရဲ့ ကျင့်ကြံအားထုတ်မှု၊ ကိုယ့်စိတ်ကိုယ် ငြိမ်းချမ်းအောင် နေနိုင်မှုကပဲ လုပ်ပေးနိုင်ပါတယ်။

ဘုန်းဘုန်းတို့လည်း ပြည်ပမှာ အနေကြာလာ၊ ပြည်ပမှာ ငွေလာရှာကြတဲ့ ဒကာဒကာမများနဲ့ ထိတွေ ဆက်ဆံလာတာတွေ များလာတော့ သူတို့ရဲ့ ဘ၀အခြေအနေကို ပိုပိုသိလာရပါတယ်။ တွေ့တဲ့နေရာ ရောက်တဲ့အရပ်တွေမှာ တွေ့ရတတ်တဲ့ ကိုယ့်လူမျိုးအားလုံးဟာ ငွေတစ်ခုတည်းကြောင့် သူများတိုင်းပြည်မှာ လာအလုပ်လုပ် ငွေရှာနေကြရပြီး ဒီတစ်ခု ရဖို့အတွက် စွန့်လွတ်ထားရတာတွေက အများကြီးပဲဆိုတာ မကြာမကြာ သတိပြုမိနေပါတယ်။ ဒါကြောင့်လည်း အလုပ်လာလုပ်နေတဲ့ ကလေးတွေနဲ့တွေ့တိုင်း ကိုယ့်ဘ၀ အခြေအနေနဲ့ ကိုယ်လာနေရတဲ့ အနေအထား၊ ကိုယ့်ရဲ့ရည်ရွယ်ချက် ပြီးတော့ စွန့်လွှတ်ထားခဲ့ရ တာတွေကို မမေ့ကြဖို့နဲ့ ငွေနောက်ပဲ လိုက်မနေကြဖို့၊ ငွေရှာရင်း ဘ၀မနစ်မွန်းကြဖို့၊ ငွေလည်းရှာ၊ ၀တ္တရားလည်းဖြည့်၊ ကုသိုလ်လည်း ဆည်းပူး၊ အကျင့်တရားလည်း ထိန်းသိမ်းကြဖို့ စသဖြင့် သတိပေး ဆုံးမဖြစ်နေပါတယ်။ ငွေဟာ အရေးကြီးပေမယ့် ငွေနဲ့မလုပ်နိုင်တဲ့ အရာတွေကိုလည်း မမေ့ကြဖို့၊ ငွေဟာအရေးကြီးပေမယ့် ငွေကြောင့် ဘ၀နစ်မွန်းရတာတွေအထိ မလုပ်မိကြဖို့၊ ငွေဟာအရေးကြီးပေမယ့် ငွေကြောင့် အကျင့်သီလ ပျက်စီးတဲ့အထိ မဖြစ်ကြဖို့ စသဖြင့် အသိပေး လမ်းညွှန်ဖြစ်နေပါတယ်။

သေချာတာကတော့ ငွေဟာအရေးကြီးပေမယ့် အရေးမကြီးဘူးဆိုတာ သေချာပါတယ်။ ငွေနောက်ကိုလိုက်ရင်း ဘ၀မှာ ဘာမှရမသွားတာတွေကို တွေ့ရပြန်တော့ ငွေကိုရှေ့တန်းတင်၊ ငွေမျက်နှာတစ်ခုတည်းကို အဟုတ်ထင်နေသူတွေအတွက် သတိပြုစရာ ဖြစ်နေပါတယ်။ တစ်နေ့ကပဲ ဒကာလေးတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက “တပည့်တော်က ဒီမှာ ကြာကြာနေမှာ မဟုတ်တော့ ရောက်တည်းက အလုပ်ပဲ ခေါင်းထဲမှာ ရှိနေတယ်ဘုရား၊ ငွေရရင် ဘာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ လုပ်ရလုပ်ရ လုပ်မယ်ဆိုတဲ့ အတွေးပဲ ရှိနေခဲ့ပါတယ်၊ ဖြစ်ချင်တော့ တပည့်တော် အခုလုပ်နေတဲ့ အလုပ်က အော်ဒါတွေက အရမ်းကျပြီ့း အလုပ်က နေ့မနားညမနားကို လုပ်နေရတယ်၊ အစတော့ တပည့်တော် အကြိုက်ပေါ့ဘုရား၊ ဒါပေမယ့် ကြာလာတော့ နေ့ညမနားရဘဲ အလုပ်လုပ်ရ၊ ခန္ဓာကိုယ် အနားပေးမှုမရှိ၊ အစားအသောက် မမှန်ဖြစ်ပြီး တပည့်တော်ကိုယ်တိုင် စိတ်လွတ်ကိုယ်လွတ်တွေ ဖြစ်လာ၊ နောက်ဆုံး ကျန်းမာရေးပါ ထိခိုက်လာလို့ မဖြစ်မနေ အနားယူပြီး ဆေးကုနေလိုက်ရတာ ဆင်းထားသမျှ အချိန်ပိုခနဲ့ ရထားသမျှ လုပ်ခကုန်ပါလေရောဘုရား၊ ပိုဆိုးတာက ကျန်းမာရေးက အရင်လို မကောင်းတော့ဘဲ ခဏခဏ ဖြစ်ဖြစ်နေတော့တာပဲ ဘုရား…” စသဖြင့် သူ့အတွေ့အကြုံကို ပြောပြလျှောက်ထားပါတယ်။

တကယ်ပါပဲ။ သူလိုဒကာလေးတွေ ဘုန်းဘုန်းတို့ အများကြီး တွေ့ဖူးပါတယ်။ ငွေရှာမှဖြစ်မယ်၊ ငွေစုမှ ဖြစ်မယ်ဆိုတဲ့ အတွေးတွေနဲ့ ငွေရရေး၊ အလုပ်ကောင်းရေးကို ရှေးတန်းတင်ထားတဲ့ ဒကာလေးတွေ အများကြီး ကြုံဖူးပါတယ်။ အဲဒီလို ကြုံတိုင်းလည်း ဘုန်းဘုန်းကတော့ “ငွေရှာဖို့လာတာ ဖြစ်တဲ့အတွက် ငွေရှာရမှာ ဖြစ်ပေမယ့် ငွေနောက်ပဲ လိုက်မနေကြဖို့၊ ငွေလည်းရှာ၊ ကျန်းမာရေးအတွက်လည်း သတိပြုကြဖို့၊ ဘာပဲဖြစ်ဖြစ် အစွန်းမရောက်ကြဖို့၊ တစ်ဘ၀တစ်နပ်စာ မကြည့်ဘဲ သံသရာအတွက်လည်းကြည့်ဖို့၊ ပင်ပင်ပန်းပန်း ရှာထားတာတွေထဲက ဘ၀သံသရာအတွက် အနှစ်ထုတ်ကြဖို့…” စသဖြင့် မေတ္တာ၊ စေတနာ အပြည့်နဲ့ ဆုံးမသြ၀ါဒ ပေးဖြစ်နေပါတယ်။ ဒါကလည်း သူတို့လေးတွေရဲ့ လက်တွေ့ဘ၀အခြေအနေတွေကို သိနေလို့ပဲ ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် နိုင်ငံခြားမှာ လာပြီးအလုပ်လုပ်နေရတဲ့ သူတို့ရဲ့ အခြေအနေကို မြန်မာပြည်မှာရှိတဲ့ သူတို့မိဘတွေထက် ဘုန်းဘုန်းက ပိုသိပါတယ်။ မိဘတွေ စိတ်ဆင်းရဲမှာစိုးလို့ မပြောဘဲထားတဲ့ အရာတွေဟာ ဘုန်းကြီးကျောင်းရောက်မှ ဘုန်းဘုန်းရဲ့ တရားစကားတွေနဲ့ ဖြေဖို့အတွက် အကုန်ရင်ဖွင့်ကြတာဆိုတော့ ဘုန်းဘုန်းက သူတို့မိဘတွေထက် ပိုသိတာပေါ့။ ပိုသိလေ၊ ပိုသနားလေ၊ ပိုပြီးမေတ္တာပို့ရလေ၊ ပိုငဲ့ရလေပါပဲ။ တစ်ခါတစ်လေ မြန်မာပြည်ပြန်ဖို့ စဉ်းစားမိပေမယ့် သူတို့လေးတွေအပေါ် ထားတဲ့စေတနာက “ဘုန်းကြီးမရှိရင် မေတ္တာငတ်ပြီး အဆုံးအမမဲ့ကာ ကုသိုလ်တွေပါ လျော့သွားမှဖြင့်…”လို့တွေ့ပြီး မပြန်ဖြစ်သေးတာလည်း အမှန်ပါပဲ။ ပြန်တာတော့ ပြန်ရမှာပါ။ လူတွေလည်း စွန့်လွတ်ထားရတာတွေရှိသလို နိုင်ငံခြားရောက် ဘုန်းကြီးတွေလည်း စွန့်ထားရတာတွေ ရှိပါတယ်။ အထူးသဖြင့် ၀ိနည်းသိက္ခာပုဒ်ပိုင်းတွေပေါ့။

ထားပါတော့။ ဒီနေရာ ဘုန်းဘုန်းအဓိက ပြောချင်တာက ငွေဟာ အရေးကြီးတယ်လို့ ထင်ရပေမယ့် တကယ်မရေးမကြီးဘူး ဆိုတာ သိစေချင်တာပါ။ အရာရာမှာ ငွေလိုအပ်ပေမယ့် ငွေနောက်ပဲ လိုက်နေလို့ မဖြစ်ဘူးဆိုတာ သဘောပေါက်စေချင်တာပါ။ ငွေနောက်ကိုလိုက်ရင်း ဆုံးရှုံးတတ်တာတွေကို နားလည်စေချင်တာပါ။ ငွေကလုပ်မပေးနိုင်တဲ့ အရာတွေကို သတိပြုစေချင်တာပါ။ ငွေရှားရင်း ငွေပိုကုန်မယ့် အနေအထားတွေကို ရှောင်စေချင်တာပါ။ ငွေကိုရှေ့တန်းတင်ရင်း ငွေကြောင့် ပျက်စီးတတ်တဲ့ အကျင့်သီလတွေကို မပျက်စီးစေချင်တာပါ။ ငွေရှားရင်း ဘ၀အနှစ်သာရတွေကို ရအောင်ယူစေချင်တာပါ။ အဓိကကတော့ ငွေတစ်ခုတည်း ရှေ့တန်းတင် ငွေနောက်ချည်းပဲ လိုက်နေတတ်တဲ့ အစွန်းရောက်သူတွေ မဖြစ်ကြဘဲ ဘာပဲဖြစ်ဖြစ် အလယ်အလတ်ကျအောင် လုပ်ဆောင်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘ၀မှာ လိုအပ်တဲ့အရာတွေ ရှိသလို မလိုအပ်တဲ့ အရာတွေလည်း ရှိတတ်တဲ့အထဲမှာ ငွေဟာလည်း လိုအပ်တဲ့အရာထဲမှာ ပါပေမယ့် ငွေနောက်ပဲလိုက်ကာ ငွေကိုပဲ ဦးစားပေးနေတဲ့အထိ မဖြစ်ကြစေဖို့၊ ငွေဟာ အရေးကြီးပေမယ့် တကယ့်ဘ၀သံသရာ လွတ်မြောက်ရေးနဲ့ယှဉ်ရင် ငွေထက် လက်တွေ့လိုက်နာ ကျင့်ကြံမှုကသာ ပိုအရေးကြီးတဲ့အတွက် အများထင်သလို အရေးကြီးပေမယ့် အရေးမကြီးဘူးဆိုတာ မမေ့ကြဖို့၊ ဘာပဲဖြစ်ဖြစ် အစွန်းမရောက်စေဘဲ ဘုရားလမ်းစဉ်ဖြစ်တဲ့ အလယ်အလတ်လမ်းကို လျှောက်လှမ်းနိုင်အောင် ကြိုးစားကြဖို့ “အရေးကြီး၏၊ သို့သော်.. အရေးမကြီး..”ဆိုတဲ့ စကားလေးနဲ့ အသိပေးတင်ပြ လိုက်ရခြင်း ဖြစ်ပါတယ်။ အားလုံး… တကယ်အရေးကြီးတဲ့ အရာနောက်ကို လိုက်နိုင်ကြပါစေ…


Read more...

သင်္ကြန်ကာလနေ့တရားစခန်းပွဲ (10-4-2010 to 16-4-2010)


စင်္ကာပူနိုင်ငံ အနောက်ပိုင်း West Coast Road တွင်တည်ထောင်ဖွင့်လှစ် ထားသော ဇယမင်္ဂလာ မာရ်အောင်မြင်ဘုရားကြီး သီတင်းသုံးစမ္ပာယ်တော်မူသည့် ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ ကျောင်းတော်မြတ်တွင် သင်္ကြန်ကာလအတွင်း နေ့တရား စခန်းပွဲ ကျင်းပကာ သမထ၊ ၀ိပဿနာ၊ မေတ္တာဘာဝနာများ အားထုတ်ကြမည်ဖြစ်ပါသည်။ သို့ပါ၍ ကမ္ဘာအလှဆုံးမြို့တော်စင်္ကာပူတွင် ရောက်ရှိနေကြသော မြန်မာပြည်ဖွား ညီအကိုမောင်နှမအပေါင်းတို့အား ပါဝင်ဆင်နွဲနှိင်ပါကြောင်း သတင်းကောင်းပါးအပ် ပါသည်။
ကမ္မဌာန်ဆရာတော်များ ဘဒ္ဒန္တသောမာစာရ
            (သာသနဓဇ ဓမ္မာစရိယ၊ သာသနဇောတိပါလ ဓမ္မာစရိယ) နှင့်
            ဒေါက်တာအရှင်ဝိစိတ္တ(ဓမ္မာစရိယ,BA,MA,MA,Ph.D(Clementi ဆရာတော်)
မြတ်ဗုဒ္ဓ၏ ထူးမြတ်သော သမထ၊ ၀ိပဿနာ တရားမြတ်များကို ဟောဖေါ်ပြသလျှက် နေ့တရား စခန်းပွဲများကို (ရ) ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပါ၍ အချိုန်မှီစရင်းပေးသွင်း ကြပါရန် နိုးဆော်အပ်ပါသည်။
& တရားစခန်းကျင်းပမည့်နေ့ရက် ၂၀၁၀ ခုနှစ် ​ဧပြီလ ၁၀ ရက်စနေ နေ့မှ

၁၆ ရက်နေ့ထိ။
· အချိုန် နေ့လည် ၁ နာရီမှ ညနေ ၇ နာရီအထိ။
              နေရာ 23 A, Jalan Mas Puteh, Along West Coast Road, Near ESSO Station, Singapore 128628.
              * ဆက်သွယ်ရန် တရားစခန်းဖြစ်မြောက်ရေးအဖွဲ့
'Tel : 6778 1678, 8123-0769


Read more...

သင်္ကြန်လက်ဆောင်

၁။။
ညီလေးတွေ ရေလာလောင်းမှပင် သင်္ကြန် ရောက်ပြီ ဟူသော အသိသည် ၀င်လာလေသည်။ ရေစို အိကျှီင်္ကို လဲရင်း ၀ရန်တာမှာ ခဏရပ်ကာ တိုက်ခတ်လာသော လေနုအေးကို အဆုတ်ထဲ ပြည့်လာသည် အထိ အားရပါးရ ရှုရှိုက်လိုက်မိသည် ။ ကြည်လင်သော နံနက်ခင်း တစ်ခုပင် ။ ဒီနှစ် သင်္ကြန်တော့ စာအုပ် တစ်အုပ်နဲ့ နှစ်ပါးသွားလေမှပဲ ဟု စိတ်ကူးမိသည် ။ လက်ထဲမှ စာအုပ်ကို ဖွင့်ရင်း ခေါင်းစဉ်ကို ဖတ်လိုက်မိသည်။

ဆရာ နန္ဒာသိန်းဇံ ရေးသော ခရစ်နှစ် ၂၀၀၀ လွန် ၊ အမှတ်( ၁၀၀ ) အင်တာဗျူး ဂျာနယ် ။

၂။။
စိတ်ကူးတို့သည် စာအုပ်၏ ဆွဲငင်ရာ အတိတ်၏ အရိပ်သို့ ပြေးလေသည်။

အာဖရိကတိုက် မြောက်ပိုင်း နိုင်းလ်မြစ်ဝှမ်းဒေသ ၊ အာရှအနောက်ပိုင်း ၊ အာရေဗျကျွန်းဆွယ်မြောက်ပိုင်း မေဆိုပိုတေးမီးယား ဒေသက တီးဂရစ် နှင့် ယူဖရီးတီး မြစ်ဝှမ်း တစ်ဝိုက် ၊ အိန္ဒိယပြည်မြောက်ပိုင်း ၊ အိန္ဒုမြစ်ဝှမ်းဒေသ … ထိုထိုဒေသတို့၌ ရှေးရှေးအခါက ယဉ်ကျေးမှုတွေ ထွန်းကားခဲ့ကြသည်။ ထွန်းကားပြီးတော့လည်း ပျက်သုန်းကုန်ကြပြန်သည်။
ဘီစီ ၃၀ ရာစုလောက်မှစ၍ အီဂျစ်က ဘုရင်တိုင်း ပိရမစ် တည်ဆောက်ခဲ့သောကြောင့် ဘီစီ ၂၅ ရာစု အလယ်လောက် ရောက်ချိန်တွင် ပိရမစ်တွေ နိုင်းလ် မြစ်တစ်လျှောက်၍ အမြောက်အမြား ရှိနေကြပြီ ။ ဂီဇေး အရပ်ရှိ ရှေးအကျဆုံး ပိရမစ် တစ်ခုမှ နေ၍ တောင်ဘက်သို့ မျှော်ကြည့်လိုက်လျှင် မိုင် ၆၀ လောက်ထိ ပိရမစ်တွေ တန်းစီပြီး တစ်မျှော်တစ်ခေါ် ရှိနေကြသည် ။ ထို ပိရမစ်တွေထဲတွင် ဘုရာဇိုဆာ၏ အောက်ခြေအနား ၇၅၆ ပေရှည်၍ အမြင့်ပေ ၄၀၀ နီးပါး ( မူလက ၅၀၀ ) ရှိသည့် ပိရမစ်ကြီးလည်း ပါလေသည်။

နိုင်းလ်မြစ်ဝှမ်း ယဉ်ကျေးမှု ခေတ်ကြီးသုံးခေတ်အတွင်း တည်ဆောက်ခဲ့သော အဆောက်အအုံများသည် ခံ့ညားကြီးကျယ်ကြသည် ။ ပိရမစ်ဝန်းကျင်ရှိ သက်ဆိုင်ရာ ဘုရာတို့ ၏ သက်ဆိုင်ရာ မှူးကြီးမတ်ရာ ဆွေတော်မျိုးတော်တို့၏ သင်္ချိုင်းများ နှင့် ဘုရားဆောင်အတွင်းရှိ ဆေးရေးပန်းချီများသည်လည်း အံ့ဖွယ်ကောင်းသည်။ တတိယခေတ်အတွင်းက သိဘ် ( Thebes) မြို့တော်က ဘုရားကျောင်းတည်ဆောက်ထားပုံမှာ အနုပညာမြောက်လှသည်။

ကားနက် ( Karnak) ဘုရားကျောင်းခန်းမဆောင်တွင် တိုင်လုံးကြီးများ ရှိသည်။ တိုင်လုံးတစ်လုံး၏ ထိပ်သည် လူပေါင်း တစ်ရာစု၍ မတ်တပ်ရပ်နိုင်လောက်အောင် ကျယ်သည်။ ထိုတိုင်လုံးကြီးတို့၌ တန်ဆာဆင်ထားသော ပန်းချီ ပန်းပုတို့သည်လည်း အံ့ဖွယ်ကောင်းသည်။ ထိုအံ့ဖွယ်ကောင်းသော အရာတွေ ဖျက်ဆီးသူတို့ကြောင့် ပျက်စီးကုန်ကြပြီ ။ ပိရမစ်ကြီးတွေလည်း မရှုမလှ အဖောက်အထွင်း ခံခဲ့ကြရသည်။

အီဂျစ်မှ မေဆိုပိုတေးမီးယေားဒေသသို့ စိတ်အာရုံများက ခရီးဆက်ကြပြန်သည်။
တီးဂရစ်နှင့် ယူဖရီးတီး မြစ်ဝှမ်းနှစ်ခုကြားရှိ မေဆိုပိုတေးမီးယား ပြည်သည် ဘူမိဗေဒပညာရှင်နှင့် ကျောက်စာပညာရှင်တို့၏ သုတေသနပြုချက်အရ ယဉ်ကျေးမှု၌ ရှေးအကျဆုံးဒေသ ဖြစ်သည်ဟု ဆိုပါသည်။ မေဆိုပိုတေးမီးယားဒေသရှိ ဆူမေရီးယန်း လူမျိုးတို့သည်လည်း အံ့သြဖွယ်ကောင်းသော မြို့ကြီးများကို တည်ဆောက် နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ထိုမြို့ကြီးများအနက် ဦးရ် ( Ur) မြို့တော်မှာ ကြီးကျယ်လှသည် ။

ဆူမေးရီးယန်းတို့ တည်ဆောက်ခဲ့သည့် နန်းတော်တွေကလည်း ကြီးကျယ်သည်။ ဘုရားကျောင်းတွေကိုလည်း ခမ်းခမ်းနားနား တည်ဆောက်သည်။ တည်ဆောက်ရာ၌ ဆူမေးရီးယန်း အသုံးပြုသော အုတ်တစ်ချပ်သည် အလျားပေ ၂၀၀ ၊ အနံပေ ၁၅၀ ၊ အမြင့်ပေ ၇၀ ရှိသည်။

ဆူမေးရီးယန်းတွေ တည်ဆောက်ခဲ့သည် မြို့တော်ကြီးတွေ ဘုရားကျောင်းတွေ စာပေအနုပညာတွေကိုလည်း ဖျက်ဆီးသူတွေက ဖျက်ဆီးသောကြောင့် ပျက်စီးခဲ့ပြီ။ ဆူမေးရီးယန်းတွေကို ဖျက်ဆီးခဲ့ကြသော သူတွေကကော ဘာတွေ ဆက်ပြီး လုပ်ကြလေသနည်း။

အဆီးရီးယန်းလူမျိုးတို့သည် မေဆိုပိုတေးမီးယား တစ်ပြည်လုံးနှင့် အာရှမိုင်းနားကျွန်းဆွယ်တစ်ဝန်းလုံးကို သိမ်းယူကြသည်။ အဆီးရီးယန်းတို့၏ ရက်စက်မှုက ကမ်းကုန်သည်။ မြို့များကို သိမ်းရာ၌ အဆီးရီးယန်းတို့က မြို့သူမြို့သားတွေ ကြောက်ရွံ့အောင် အမျိုးမျိုး ရက်စက်ပြသည်။ တစ်ခါတစ်ရံ မြို့လုံးကျွတ်သတ်ပစ်ကြပြီး လျှင် တစ်ခါတစ်ရံတွင် မြို့သားများကို အရှင်လတ်လတ် အရေခွံခွာသည်။ မသေမရှင် သံတံကျင်နှင့် လျှိုသည်ဟု သူက သမိုင်းအထောက်အထားတွေနှင့် ပြောနေသည်။ ဤ ရက်စက်မှုတွေပြီးတော့ တည်ဆောက်ပြုပြင်မှုတွေ လုပ်ကြပြန်သည် ။

ဒုတိယ ဆာရ်ဂွန်ဘုရာ ( Sargon ) လက်ထက်တွင် နင်နီးဗီးယား ( Nineveh ) မြို့တော်ကြီးကို တည်ထောင်သည်။ ခမ်းနားလှသည့် နန်းတော်ကြီးကိုတည်ထောင်သည်။ ဆာရ်ဂွန်၏ သားတော် ဆင်နက်ကရစ် ( Sanacherib ) လက်ထက် နင်နီးဗီးယား မြို့ကြီးသည် ပို၍ပင် ကျယ်လာသည်။ မြို့တွင်းရှိ လမ်းကျဉ်းကလေးများကို လမ်းကျယ်လမ်းမကြီးတွေ ဖြစ်အောင် ချဲ့သည်။ အဆောက်အအုံတွေကို ကြီးကျယ်သည်ထက် ကြီးကျယ်အောင် တည်ဆောက်သည်။ ဆင်နက်ကရစ်ရေးထိုးခဲ့သော ကျောက်စာတစ်ခု၌ ငါသည် နင်နီးဗီးယား မြို့တော်ကြီးကို နေရောင်ကဲ့သို့ ဖိတ်ဖိတ်တောက်အောင် မွမ်းမံခဲ့သည် ဟု ဖော်ပြထားသည်။

ဆင်နက်ကရစ် က တိုင်းပြည်ကို ကျယ်သည်ထက် ကျယ်အောင်လည်း တိုက်ခိုက်ချဲ့ထွင်သည်။ ဆင်နက်ကရစ်သည် လက်အောက်ခံနိုင်ငံတွေနှင့် မြို့ဝန်တွေကို ထောက်ထားညှာတာခြင်း မပြု။ သူပုန်များကို ဖမ်းမိလျှင် ထိုသူများ၏ ကိုယ်မှ အရေကို ဆုတ်သည်။ ခြေ လက်နား နှာခေါင်းတို့ကို ဖြတ်ပစ်သည်။ မျက်စိတို့ကို ထိုးဖောက်ပစ်သည်။ အစုလိုက် အပြုံလိုက် မီးလောင် တိုက်သွင်းသည်။ ပုန်ကန်ရဲသူ နည်းသောကြောင့် ဆက်နက်ကရစ် ၏ လက်ထက်တွင် တိုင်းပြည်ငြိမ်သက်ပါလေသည်။ သို့သော်လည်း ဆက်နက်ကရစ် မရှိသည့်နောက်ပိုင်း၌ ဖျက်ဆီးသူတို့ ကြောင့်ပင် အဆီးရီးယန်းနိုင်ငံကြီး ပြိုကွဲပြန်သည်။ နင်နီးဗီးယားမြို့တော်ကြီးလည်း မြေပေါ်တွင် ပုံကျ ပျက်စီးသွားပြန်သည်။

နက်ဘူးကက်နက်ဇာ ( Nebuchadnezzar ) ၆၀၄-၅၆၀ ဘီစီ လက်ထက်၌ ဒုတိယ ဘေဘီလုံနိုင်ငံ ( ကော်ဒီယန်နိုင်ငံ ) ကို တည်ထောင်ပြန်သည်။ မြို့တော်ကြီးကို ယခင် နင်နီးဗီးယားမြို့တော် ထက်ပင် ကြီးကျယ်ခမ်းနားအောင် တည်ထောင်သည်။ နန်းတော်ကြီးထဲတွင် အမြင့်ပေ ၃၀၀ ရှိသော မျှော်စဉ်ကြီးများကို တည်ဆောက်သည်။ သစ်ပင်ပန်းများကိုလည်း မျှော်စဉ်ကြီးများတွင် စိုက်ပျိုးထားသောကြောင့် ဥယျာဉ်ပျံများသဖွယ် ဖြစ်နေကြသည်။ စတုရန်းမိုင် ၁၂ မိုင် ကျယ်သော မြို့တော်ကြီးကို ကြေးနီအတိ ပြီးသော တံခါးကြီးများဖြင့် မြို့ရိုးကြီးတွေ ပြုလုပ်ထားသည်။

ဤမျှကြီးကျယ်လှပတင့်တယ်သော မြို့တော်ကြီးများကိုလည်း မီးဒီးလူမျိုးများနှင့် အီရန်လူမျိုးတို့က ဖျက်ဆီးလိုက်ကြပြန်သည်။ ဖျက်ဆီးပြီးနောက် မိမိတို့ စိတ်ထင်ရာ တည်ဆောက်မှုတွေ လုပ်ကြပြန်သည်။

၃။။
၂၀၀၀ မတိုင်မှီ ဖြစ်ပွားခဲ့သော လူ့သမိုင်း၏ သုံးသပ်မှုကို ဆက်လက် ဖတ်ရှုမိသည်။

ဤသို့လျှင် ဖြစ်ပြန် ပျက်ပြန် လောကဓံတို့ ဖြင့် ရွေ့လျားလာခဲ့သော သမိုင်း၏ အတိတ်တို့ကို လှမ်းမျှော်ကြည့်ပါက အီဂျစ် ၊ မေဆိုပိုတေးမီးယားတို့၏ ကြီးကျယ်ခမ်းနားမှုများ၊ အဆီးရီးယန်းတို့၏ ရက်စက်မှုများ ၊ တရုတ် ၊ အိန္ဒိယတို့၏ နက်နဲသိမ်မွေ့လှသော ဘာသာတရားများ ၊ ဂရိတို့၏ အတွေးအခေါ် အဆောက်အအုံမြင့်မားခဲ့ခြင်းများ ၊ ရောမအင်ပါယာ၏ ထည်ဝါခန့်ညားမှုများ ၊ ရဟူဒီတို့ စိတ်ဓါတ်ကြံ့ခိုင်ပုံများ ၊ မဟာမေဒင်တို့ ချီတက်ပုံများ ၊ အလယ်ခေတ်မှ ခရစ်ယာန်ကျောင်းတော်၏ သြဇာကြီးမားပုံ ၊ မွန်ဂိုနှင့် တာတာတို့၏ လွှမ်းမိုးမှုများ ၊ အမေရိကန်နှင့် ပြင်သစ် တော်လှန်ရေးများ ၊ နပိုလီယန်၏ စစ်ချီလမ်းကြောင်းများ ၊ စက်မှု အရေးတော်ပုံ ၊ ၁၉ ရာစု အမျိုးသားရေး ၀ါဒနှင့် နယ်ချဲ့စနစ်တို့ အကြောင်း …….
အထက်က ဖြစ်ရပ်တွေ ၊ တည်ဆောက်မှုတွေ ခမ်းနားမှုတွေ ကြီးကျယ်ထည်ဝါမှုတွေသည် ယနေ့တွင် မရှိကြတော့။ အတိတ်က ကြီးကျယ်မှုတွေသည် သမိုင်းစာအုပ်၏ စာမျက်နှာများပေါ်တွင်သာ တွေ့နိုင်တော့သည်။ ကြီးကျယ်ပါသည် ဆိုသော အဆောက်အအုံများသည် အပျက်အစီး အစုအပုံကြီးအဖြစ်သာ ရှိတော့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၅၆၀ အတွင်း စစ်ပွဲပေါင်း ၁၄၅၃၁ မျှ ဖြစ်ခဲ့သည်။ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် စစ်ပွဲ နှစ်ပွဲကျော် ဖြစ်ခဲ့သည်။ ၂၀ ရာစုရောက်၍ ပထမကမ္ဘာစစ်ဖြစ်တော့ ကျဆုံးသော စစ်သား ၁၀ သန်း ၊ သေပြီဟု ယူဆခဲ့သော စစ်သား ၃ သန်း၊ အရပ်သား ၁၃ သန်း သေခဲ့ကြသည်။ ထိခိုက်ဒဏ်ရာရသူ သန်း ၂၀ ၊ စစ်သုံ့ပန်း ၃ သန်း၊ စစ်ကြောင့် မိဘမဲ့သွားရသော ကလေး ၉ သန်း၊ စစ်ကြောင့် မုဆိုးမ ဖြစ်သွားရသော မိန်းမ ၅ သန်းရှိသည် ။ ရာစု တစ်ဝက်မကျိုးခင် ဒုတိယ ကမ္ဘာစစ်ဖြစ်ပြန်သည်။ ဤဒုတိယကမ္ဘာစစ်၌ လူပေါင်း ၅၅ သန်းမျှ သေခဲ့သည်။ စာရင်း မရဘဲ သေဆုံးသူတွေလည်း ရှိပေလိမ့်မည် ။

လူ့သမိုင်းကို ပြန်ကြည့်လျှင် မပျက်မစီးပဲ ကျန်နေသည်က လူတွေ၏ လောဘ ၊ ဒေါသ ၊ မောဟ တရားများပင် ဖြစ်သည်။ မပြည့်စုံမှုကြောင့် ခိုးမှု ဟူသော မကောင်းမှု ဒုစရိုက် စတင်ဖြစ်ပေါ်လာသည်ဟု ထေရ၀ါဒ စာပေရှိ စက္က၀တ္တိသုတ္တန် ကို ကိုးကား၍ ပြောထားလေသည်။ ပြည့်စုံသူကလည်း ပို၍ ပြည့်စုံလိုသဖြင့် လောဘတွေ တက်ကာ လိမ်ညာလှည့်ပတ်မှုတွေ အနိုင်အထက် လုယက်သတ်ဖြတ်မှုတွေ ဖြစ်ကုန်သည်။ ဤသည်မှာ ၀ိသမလောဘပင် ဖြစ်သည်။ ထိုလောဘ ကြီးသည်နှင့် အမျှ တစ်နိုင်ငံက တစ်နိုင်ငံကို နယ်ချဲ့ခြင်းတွေ သတ်ကြဖြတ်ကြ နှိပ်စက်ကြပြန်သည် ။ သိပ္ပံနည်းပညာနှင့် ၀ိသမလောဘ တို့ ပူးပေါင်းကာ ဖျက်ဆီးကြပြန်သည် ။ ထို့ အတူ ကာမဂုဏ်တို့၌ ဖောက်ဖောက်ပြန်ပြန် ပြုမှုသည့် အဓမ္မရာဂ သည်လည်း ဖြစ်လာသည်။ လူပေါင်း သန်း ၅၀ လောက် HIV ပိုး ရနေကြလေပြီ ။ မိစ္ဆာဓမ္မ ဟူသော လွဲမှားစွာ တွေးမြင်ယူဆ စွဲလမ်းမှုတွေ ဖြစ်ပေါ်လာပုံ ၊ ထိုမိစ္ဆာဓမ္မမှ ဖြစ်ပေါ်လာသော ၀ါဒစွဲ၊ ဘာသာစွဲတို့ကြောင့် ကြီးကျယ်သော လူမှုပဋိပက္ခတွေ ဖြစ်နိုင်လေသည် ။

၎။။
ခရစ်နှစ် ၂၀၀၀ အကြောင်း ဖတ်ပြီးတော့ ၂၀၀၀ နောက်ပိုင်း အကြောင်းသို့ အာရုံတို့က ဆက်လက်ရောက်သွားပြန်လေသည် ။ စိတ်ကူးတို့သည် ၂၀၀၁ ခုနှစ် စက်တင်ဘာ ( ၁၁) ရက်နေ့ သို့ ပြေးပြန်သည် ။

ထို အဖြစ်အပျက်ကတော့ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး အချက်အချာအကျဆုံး ဖြစ်သည့် နယူးယောက်မြို့၏ အစည်ကားဆုံး မန်ဟာတန်အရပ်ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံကြီးကို လူစီး လေယာဉ်ကြီးများကို လက်နက်အဖြစ် အသုံးပြုပြီး ၀င်၍တိုက်ခိုက်သော အဖြစ်အပျက်ပင်တည်း ။

ဆိုခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ World Trade Centre ( WTC) အသည် အမွှာပူး Twin Tower အဆောက်အအုံဖြစ်ပြီး WTC အမှတ်(၁) အဆောက်အအုံက ၁၃၆၂ ပေ မြင့်သည်။ WTC အမှတ်( ၂) က ၁၃၆၈ ပေ မြင့်သည်။ ယင်း အဆောက်အအုံ တစ်ခုစီတွင် ဓါတ်လှေကားပေါင်း အစင်းပေါင်း ၁၀၄ စင်း၊ မှန်ပြတင်းပေါင်း ၂၁၈၀၀ ရှိသည်။ WTC အမှတ် ( ၁) နှင့် အမှတ်(၂) မှာ လုပ်သားပေါင်း ၅၀၀၀၀ အလုပ်လုပ်နိုင်သည်။ ထိုအဆောက်အအုံ နှစ်ခု၌ လာရောက်လေ့လာလည်ပတ်သည့် ဧည့်သည်ပေါင်း နေ့စဉ် ခုနှစ်သောင်းခန့် ရှိသည်ဟု သိရသည်။ အယ်လ်အေ ( L.A ) သို့ ပျံသန်းမည့် ခရီးသည် ၉၀ ကျော်ပါသော ဘိုးရင်း ၇၆၇ ဂျက်လေယာဉ်ကြီးကို လက်နက်အဖြစ် အသုံးပြုကာ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ WTC အမှတ်( ၁ ) ကို နံနက် ၈ နာရီ ၄၅ မိနစ် အချိန်မှာ ၀င်တိုက်သည် ။ ၁၂ နာရီ ၂၈ မိနစ်မှာ WTC အမှတ် ( ၁ ) ပြိုကျသွားသည် ။

ဘော့စတွန်မှ အယ်လ်အေ သို့ သွားမည့် ခရီးသည် ၆၉ ဦးပါသော နောက်လေယာဉ်တစ်စင်းကိုလည်း ပြန်ပေး ၅ ဦးက အပိုင်စီးပြီး WTC အမှတ် ( ၂ ) ကို ယင်းလေယာဉ်ဖြင့်ပင် နံနက် ၉ နာရီ ၃ မိနစ်မှာ ၀င်တိုက်ပြန်သည်။ နောက်မှ ၀င်တိုက်သော်လည်း WTC အမှတ် ( ၂) က အမှတ်(၁) ထက် စောပြီး ပြိုကျသွားသည်။ အနီးအနားမှ အဆောက်အအုံကြီးများလည်း လိုက်ပါ ပြိုကျသွားကြသည်။ လူပေါင်း ၆၈၈၆ ဦး ပျောက်ဆုံး သေဆုံးဖွယ် ရှိသည်ဟု ကြားသိရသည် ။

အယ်လ်အေသို့ပင် သွားမည့် လေယာဉ် ကို ပြန်ပေး ၅ ဦးက အပိုင်စီးကာ ပင်တဂွန် ( Pentagon ) တပ်မတော်ရုံးကို ၀င်တိုက်ပြန်သည်။ ထိုလေယာဉ်ပေါ်တွင် ခရီးသည် ၆၄ ဦး ပါသည်ဟု သိရသည်။

ထို့နောက် Newark လေဆိပ်မှ ဆန်ဖရန်စစ္စကိုသို့ ပျံသန်းမည့် လေယာဉ်တစ်စီးကိုလည်း ပြန်ပေး ၄ ဦးက အပိုင်စီးကာ အိမ်ဖြူတော်ကို ၀င်တိုက်ရန် ကြိုးစားသည်။ သို့ရာတွင် ပင်စီဗေးနီးယား ( Pennsylvania ) တောထဲသို့ ပျက်ကျသွားသည်။ ထိုလေယာဉ်၌ လူပေါင်း ၄၅ ဦး ပါသွားသည်။

၅။။
စာအုပ်ကို ခဏ ပိတ်လိုက်မိသည်။ ဖတ်ခဲ့ဖူးသော ဖရွိုက် ၏ အဆိုအမိန့် တစ်ချို့သည် အတွေးထဲသို့ အစီအရီ ၀င်လာပြန်သည်။

သာမန်အားဖြင့် ကြည့်ရင် လူတွေဟာ အသိဥာဏ် ဆင်ခြင်ဥာဏ်ရှိကြတယ် ။ အသိဥာဏ် ၊ ဆင်ခြင်ဥာဏ်က လူတွေကို ဦးဆောင်နေတယ်လို့ ထင်ရတယ် ။ ဒါပေမယ့် လူ့ သမိုင်း လူ့ဖြစ်စဉ်ကို ကြည့်ရင် ပို၍ ပို၍ မိုက်မဲမှုတွေကိုပဲ ပြုခဲ့ကြတာတွေကို တွေ့နိုင်တယ် ။ ပို၍ပို၍ စိတ်မငြိမ်းချမ်းဖွယ်ရာတွေကိုပဲ လူတွေ ကြုံတွေ့ရတာကိုလည်း တွေ့နိုင်တယ်။

တကယ်တော့ လူကို ဦးဆောင်နေတာဟာ အသိဥာဏ် ၊ ဆင်ခြင်ဥာဏ် မဟုတ်ဘူး ။ လူကို တကယ် ဦးဆောင်နေတာ စိုးမိုးနေတာ ပြဌာန်းနေတာက မသိစိတ် ၊ ဒါမှမဟုတ် လူ့စိတ်ရဲ့ အောက်ခြေ အနက်ရှိုင်းမှာ ရှိနေတဲ့ အစွဲတဏှာ အစရှိတဲ့ စွမ်းအားတွေ ဖြစ်တယ်လို့ ဖရွိုက်က ဖော်ပြခဲ့တယ် ။ တကယ်ကတော့ လူရဲ့ ဆင်ခြင်ဥာဏ် အသိဥာဏ်ဆိုတာဟာ အဲ့ဒီ စိတ်စွမ်းအားတွေလို့ ခေါ်ရတဲ့ အလိုလောဘ အစွဲတဏှာတွေ ၊ ဒေါသမာနတွေ … ဒါတွေရဲ့ နောက်လိုက် ဖြစ်နေတယ် ။ အစေအပါး ဖြစ်နေတယ်။ ဆင်ခြင်ခြင်း တရားဟာ အစွဲတဏှာအစရှိတဲ့ မသိစိတ်ရဲ့ စွမ်းအားခိုင်းသမျှ ပြုရတဲ့ ကျေးကျွန်ဘ၀ ကို ရောက်သွားတယ် ။ ဒေါသ လောဘ မောဟ မာန်မာန ဘာသာစွဲ လူမျိုးစွဲ နိုင်ငံစွဲတွေရဲ့ လုပ်ရပ်ကို လွတ်လွတ်လပ်လပ် မိုက်မိုက်မဲမဲ ပြုနိုင်အောင် အကောင်းဆုံး အခိုင်မာဆုံး အကြောင်းပြချက် ရှာပေးနေတာကပဲ လူတွေရဲ့ ဆင်ခြင်ခြင်း တရား ဖြစ်နေလေရဲ့ ။

၎ ။။
စာအုပ်ကို ဘေးသို့ ချကာ မတ်တပ်ရပ် အညောင်းအညာ ဆန့်ရင်း လူ့သမိုင်း၏ အနိဌာရုံ မြင်ကွင်းကို ကြိုးစား၍ ဖျောက်လိုက်ရသည် ။

အစွဲ တဏှာ၏ ဥပါဒါန်သည် ကြက်သီးထဖွယ် ကောင်းလှသည်။ ဘာကိုပင် စွဲစွဲ စွဲပြီ ဆိုသည်နှင့် ကိလေသာမီးသည် ဟုန်းဟုန်းထအောင် တောက်သည်ကိုလည်း အထင်းသားပင် တွေ့နိုင်လေသည် ။ လူတွေ ခေတ်အလိုက် ဘယ်လောက်ထိ စွမ်းဆောင်နိုင်ခဲ့လဲ ။ ကြိုက်သလောက် စွမ်းဆောင်နိုင်ခဲ့၊ တည်ဆောက်ခဲ့ ၊ ထိုအရာ အားလုံးသည် ထိုလူတို့၏ ဒေါသ လောဘ အာဃာတ တို့ကြောင့်ပင် ပျက်စီးရကြောင်း အခိုင်အမာ တွေ့နေရလေသည်။

အသောကမင်းကြီး ရေးထိုးခဲ့သော ကျောက်စာကို သတိရမိသည်။
ဤမည်သော ကောင်းမှုကို ငါ ပြုခဲ့ပြီဟု မိမိ၏ ကောင်းမှုကိုသာလျှင် လူသည် မြင်တတ်၏ ။ ဤမည်သော မကောင်းမှုကို ငါပြုမိ၏ ။ ဤသို့ ပြုမိခြင်းသည် ငါ၏ အပြစ်ပါတကားဟု မိမိ၏ မကောင်းမှုကို မမြင်တတ် ။ ဤသို့ ဆင်ခြင်ရှုမြင်ရန်ကား ခဲယဉ်းလှချေ၏ ။

မှန်ပေသည် ။ မည်သို့ပင် ဆိုးသွမ်းရက်စက်နေသော ဂန္တ၀င် လူဆိုးကြီး ဖြစ်ပါစေ သူ၏ လုပ်ရပ်အတွက် အကြောင်းပြချက် တစ်ခုခုတော့ အရန်သင့် ရှိနေတတ်လေသည် ။ လူသတ်သမားပင် ဖြစ်လေဦးတော့ သူ ဘာကြောင့် သတ်ရတယ် ဟူသော အကြောင်းပြချက် ရှိနေပေလိမ့်မည် ။ သူ့ကိုယ်သူတော့ မှန်တယ် ထင်မည်သာ ။ လူဆိုသည်မှာ မိမိလုပ်တာကိုတော့ ကောင်းတယ်ဟု ထင်သည်ချည်းပင် ။

ကိုယ်လုပ်တာကို မကောင်းဘူးဟု မမြင်သောသူသည် ကိုယ့်အပြစ်ကို မမြင်သောသူပင် ဖြစ်လေသည် ။ ထိုသို့ မိမိကိုယ် မိမိ အပြစ်မမြင်သောကြောင့်ပင် တစ်ဖက်လူ တစ်ဖက် အသင်းအဖွဲ့ ကို အပြန်အလှန် အပြစ်မြင်လေတော့သည် ။ စိတ်သဘောထားချင်း မတိုက်ဆိုင်မှု အငြင်းပွားမှုမှ တဆင့် ပဋိပက္ခဖြစ်ကာ နောက်ဆုံး စစ်ပွဲတွေ လူသတ်ပွဲတွေ အထိ ဖြစ်ကြတော့သည် ။

ဆင်ခြေတစ်ခုသည် အရန်သင့် ရှိနေတတ်ပေသည် ။ ဘာသာအတွက် လူမျိုးအတွက် နိုင်ငံအတွက် မိသားစု အတွက် ဆွေမျိုးအတွက် ချစ်သူအတွက် ဘာအတွက် ညာအတွက် .. စသည်ဖြင့် အကြောင်းပြချက်မျိုးစုံဖြင့် ပဋိပက္ခပေါင်းများစွာ ရန်ပွဲပေါင်းများစွာ စစ်ပွဲပေါင်းများစွာ အဆက်မပြတ် ဖြစ်ပွားခဲ့ပြီး လူ့အသက်ပေါင်းများစွာ အိုးအိမ်စည်းစိမ်ပေါင်းများစွာ ပျက်သုန်းခဲ့ရလေပြီ ။ လူသည် ကိုယ့်အပြစ်ကို ကိုယ်မမြင်နိုင်၊ မှန်သည်ဟု ထင်သည်ချည်းပင် ။

အကယ်၍သာ အဓိက တရားခံအစစ်မှာ ပုဂ္ဂိုလ် သတ္တ၀ါ သူတွေ ငါတွေ မဟုတ်ပဲ အရှိထင်သော သမုဒယ တဏှာလက်သမားကြောင့် ဖြစ်ရသော ဒေါသ လောဘ မောဟ မာန်မာန ရန်ငြိုး ရန်စ အာဃာတ အနိုင်ရလိုမှုတွေကြောင့်သာ ဟု လက်ခံနိုင်ခဲ့လျှင် ……

သင်္ကြန် အကြိုနေ့သည် ကျနော့် အတွက် လွတ်လပ်ပေါ့ပါးနေလေသည် ။ ဒါသည်ပင် ကျနော့် အတွက် သင်္ကြန်လက်ဆောင်ပေလော ။

Read more...

ဧပြီလ ၁၄-ရက်နေ့ အစီအစဉ်

မြန်မာစံတော်ချိန် ၀၀း၃၀ နာရီမှ ၃း၃၀ နာရီ ...
ဆရာတော်ဦးဥာဏိဿရ ဟောကြားတော်မူသော ...
၁) မေတ္တာတရား
၂) ဗုဒ္ဒ ဓမ္မ သံဃလမ်းညွန်တရား
ဆရာတော်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ..
၁) ဘ၀၏၀န်ထုပ်ဝန်ပိုးများ
၂) ဘ၀သံသရာအကြောင်း
စသည့်တရားတော်များကို ထုတ်လွှင့်ပေးမည် ဖြစ်ပါကြောင်း။

မြန်မာစံတော်ချိန် ၃း၃၀ နာရီမှ ၁၁း၃၀ နာရီ ...
မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ် တရားတော်များ။

ကျန်ရှိနေသည့် အစီအစဉ်များကို ဆက်လက်ဖော်ပြပါမည်။


Read more...

မော်ဒန်တောရရိုးရိုးသင်္ကြန် အပိုင်း (၁-၂)

မော်ဒန်တောရ
မဟာသင်္ကြန်အကြိုနေ့(၂၀၁၀ ဧပြီလ ၁၃ ရက် )
အိပ်စက်ရာက ထလာသောအခါ နံနက် ၀၈း၄၅ နာရီရှိပြီ။မျက်နှာသစ်ခြင်း၊ရေချိုးခြင်းစသော နံနက်ခင်း ကရိကထများ၊ အရုဏ်ဆွမ်းအဖြစ် ဆန်ပြုတ်တစ်ခွက်နှင့် ကော်ဖီတစ်ကျိုက် မှီဝဲရသည်။ ဥပုသ်သည်များ ရောက်မလာနိုင်သော မိဂဒါဝုန်မဟာသင်္ကြန်တော်အကြိုနေ့မြင်ကွင်း၊ မည်သည့်`တူးပို့ တူးပို့´ သီချင်းမှ လည်း မကြားရ၊ အတူနေရဟန်း ရှင်လာဘသာမိဖွင့်နေကျ အင်္ဂလိပ်ဘာသာအစီအစဉ် ဒီဗီဒီခွေမှ ထွက်ကျလာသော ကွိကွိကွကွ ၀ူးဝူးဝါးဝါး ဘိုသံများကြားရ၏။အရှင်လာဘသာမိက နေ့စဉ်အိပ်ရာမှ ထသည်နှင့် အင်္ဂလိပ်ဘာသာသင်ခန်းစာတစ်ခုခုကို ဖွင့်ကာ နားထောင်လေ့ရှိပါသည်။

သူငယ်စဉ်က နေခဲ့သည့်မြို့လေးတွင်တော့ နံနက် ၃ နာရီအချိန်ကစပြီး တစ်မြို့လုံးက ဘုန်းတော်ကြီးကျောင်း များသို့ အရုဏ်ဆွမ်းပို့သွားကြမည့် မြို့သူမြို့သားများဖြင့် မြို့လေး၏ လမ်းများသည် ဆူညံတက်ကြွ နေလေ့ရှိသည်။ ထိုအချိန်က ကိုရင်ပေါက်စလေးမျှသာဖြစ်သည့် သူကတော့ မြို့လေး၏ သင်္ကြန်တော်ချိန်များကို မျှော်လင့်ပျော်ရွှင်နေတတ်သော်လည်း အရုဏ်ဆွမ်းအတွက် အစောကြီးထရသည့် နံနက်ခင်းများကိုတော့ လုံးဝ မကြိုက်ပါ။ အခြေအနေမကောင်းလျှင် ဆရာဘုန်းတော်ကြီး၏ ဖနောင့်စာမိသွားတတ်သေးသည်မဟုတ်လား။

ခုတော့ မြန်မာ့ရိုးရာဆွမ်းပို့မည့်သူကင်းမဲ့သော ဗာရာဏသီသင်္ကြန်တော်ဦးတွင် အိပ်ရေး၀၀ အိပ်ပစ် လိုက်ပါ သည်။ နွေရာသီအပူချိန်က ၄၅ ဒီဂရီစင်တီဂရိတ်မို့ ညနက်သည်ထိ အိပ်ပျော်လေ့မရှိပါ။ နံနက်ခင်း အေးအေးလေးကို ခို၍ အမိအရအိပ်စက်ရခြင်းဖြစ်သည်။

နံနက် ၀၉း၅၀ နာရီတွင် တိဘက်တက္ကသိုလ်မုခ်ဦးဆီ ထွက်ခဲ့၏။ လုံခြုံရေ၀န်ထမ်းဖြစ်သူ မစ္စတာနန္ဒက စောပရာဆဒ်က “ နမာစတေး ဂုရုဂျီ” ဟု အလေးပြုကာ နှုတ်ဆက်လိုက်သည်။ ဆရာများနားနေခန်းတွင် လက်မှတ်ထိုးကာ သူ့စာသင်ခန်းလေးထဲသို့ ၀င်လိုက်သည်။ သင်တန်းသားဖြစ်သူ လားမားရဟန်းတော် ရစ်ဂဆန်ဆန်ဖဲလ်က “ ဂုရုဂျီ ပရဏမ်” ဟု နှုတ်ဆက်လိုက်သောအခါ ပြိုင်တူ လက်အုပ်ချီဖြစ်ကြသည်။

ပါဠိပိဋကတ်စာပေကောက်နှုတ်ချက်သင်ရသည်မှာ သူ့အတွက် များစွာ အကျိုးရှိသွားသည်။ သက္ကဋစာပေကို ပြန်လည်နွှေးခွင့်ရသောကြောင့်ဖြစ်သည်။ ပြဌာန်းစာအုပ်တွင် ပါဠိ သက္ကတ ဟိန္ဒီသုံးဘာသာဖြင့် ရေးသားထားသည်ကို သူက အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြရသည်။ သင်တန်းသားလားမားရဟန်းတော်က အင်္ဂလိပ်ဘာသာအားနည်းသည်။ ထို့ကြောင့် သက္ကတဘာသာအခြေခံအနည်းငယ်ကျွမ်းဝင်ဖူးသော သူက ပါဠိစကားလုံးများကို ဘာသာဗေဒနည်းဖြင့် ရှင်းပြဖြစ်သွားသည်။

(သာသနာ့တက္ကသိုလ်မှာတုန်းက အမြင်ကတ်ဖွယ်ကောင်းစွာ ရှုပ်ထွေးလှသော ပါဠိနှင့်သက္ကတဆက်နွှယ်မှုကို စိတ်ဝင်စားမိရာက ပေပေတေတေလုပ်ပစ်မိသဖြင့် တန်းစဉ်ဂုဏ်ထူးထွက်ဖူးသည်။ )

“ဒီနေ့ဟာ ငါတို့ရဲ့ နှစ်သစ်ကူးအကြိုနေ့ပဲ” ဟု သူက ပြောပြသောအခါ “ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ”ဟု တိဘက်လားမားရဟန်းက ဆုတောင်းသည်။ ၁၁း၀၀ နာရီတွင် ၀ိဇ္ဇာနောက်ဆုံးနှစ်သင်တန်းခန်းမထဲ ရောက်တော့ သင်တန်းသားမရှိ။ လာဒက်သီလရှင်တစ်ပါးနှင့် တိဘက်ကျောင်းသားတစ်ယောက်သာ ရှိသော ပါဠိအထူးပြုဝိဇ္ဖာတန်းနောက်ဆုံးနှစ်တွင် အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြီုဟ်)သင်ရသည်မှာ တစ်ခါတစ်ရံ တိဘက် ကျောင်းသား၏ ကတ်သီးကတ်သတ်မေးခွန်းများနှင့် ကြုံရတတ်သော်လည်း သူ့အတွက် ဉာဏ်အလင်း ပွင့်စေသည်။ သည်နေ့တော့ သူစောစောပြန်ထွက်လာခဲ့သည်။ စာမေးပွဲနီးပြီဆိုတော့ ကျောင်းသားများက ကိုယ်ပိုင်စာကြည့်ချိန်ဇယားကို ကိုယ်တိုင်ဆွဲနေကြပြီ။

မော်ဒန်တောရနေ့လည်စာကတော့ ချဉ်ရေဟင်း၊ အာလူးနှင့် ကြက်ဟင်းခါးသီးချက်များဖြစ်သည်။ ရှင်လာဘ သာမိနှင့် ရှင်ဣဿရတို့၏ လက်ရာဖြစ်သည်။ အင်း ခေါင်းပါးစွာ ကျင့်ကြံကြပေရော။ ရှင်လာဘသာမိက “ တောရဆိုတော့ တောရနဲ့ တူအောင်စားရမယ်” ဟု မှတ်ချက်ပြုသည်။ ဆင်းရဲလွန်း၍တော့ မဟုတ်၊ ဈေးဝယ်ရ သည့်အခက်အခဲကြောင့်ဖြစ်သည်။ ဗာရာဏသီတွင် ဣနြေ္ဒမပျက်ဈေးဝယ်နိုင်သည့် စီးတီးမတ်က ရှားပါးဖြစ် သည်။ ၊သို့နှင့် ဈေးဝယ်ထွက်ရသော ရဟန်းတစ်ပါး၏ မှတ်စုတွင် လူမြင်ကောင်းနိုင်သည့် ပင်တိုင်အာလူး၊ ပဲနှင့် အခြားဟင်းသီးဟင်းရွက်ဆိုတာမျိုးများသာ အကြိမ်အရေအများဆုံးရေးမှတ်ရတော့သည်။ (တကယ်တော့ သူက ဈေးတစ်ခါမှ မ၀ယ်ဖူး၊)

နေ့လည်စာပြီးသည်နှင် အီးမေးလ်စာအ၀င်အထွက် စစ်ဖြစ်သည်။ ဘလော့ဂါဇနီးမောင်နှံ (Bliss Foundation) ပေးပို့ထားသော MMWAI အဖွဲ့ကြီးတွင် ပြုလုပ်မည့် ပညာရေးမြှင့်တင်ရေးဆိုင်ရာသင်တန်းများအတွက် ပညာ ဒါနပို့ချပေးမည့် စာရေးဆရာ ဒေါက်တာနေဇင်လတ်၏ အကြောင်းပြန်စာကို ဖတ်ရသည်။ စီမံခန့်ခွဲမှု၊ ခေါင်း ဆောင်မှုအတတ်ပညာစသောဘာသာရပ်များတွင် နာမည်ရနေသည့် စာရေးဆရာနှင့် ဟောပြောပို့ချသူ ဆရာနေဇင်လတ်၏ စာများကို ရွှေအမြုတေမဂ္ဂဇင်းတွင် စောင့်ဖတ်ခဲ့ဖူးသည်။

အရေးအသားတင်ပြပုံနှင့် ခပ်ပြတ်ပြတ်အတွေးအခေါ်များကို နှစ်ခြိုက်ခဲ့သည်။ မဇ္ဈိမရောက်မှသာ လစဉ်ထုတ် မဂ္ဂဇင်းများနှင့် ဝေးသွား၍ ဆရာနေဇင်လတ်စာများနှင့် ဝေးသွားသည်။ ဆရာနေဇင်လတ်က အဖွဲ့ကြီး၏ ရဟန်းတော်များအတွက် ပညာဒါနအဖြစ် လာရောက်ပို့ချနိုင်ကြောင်းနှင့် အကယ်၍ ဖိတ်ကြားမည် ဆိုလျှင် တစ်လကြိုတင် အကြောင်းကြားစေလိုကြောင်းတဲ့။

မဇ္ဈိမနွေရာသီတွင်တော့ မည်သည့်သင်တန်းမျိုးမှ အဆင်ပြေလိမ့်ဦးမည်မဟုတ်ပါ၊ ဒီဇင်ဘာမတိုင်မီတော့ ရဟန်းတော်များအတွက် အမှန်တကယ်လိုအပ်သော စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုအတတ်ပညာများဆိုင်ရာ သင်တန်းတစ်ခုဖွင့်ဖြစ်ပါလိမ့်မည်။ ရဟန်းတော်များ ကတော့ ဗုဒ္ဓဘာသာမြန်မာ့လူ့အဖွဲ့အစည်းတွင် သဘာဝအရ ခေါင်းဆောင်ဖြစ်ကြမည်သာ၊ သို့သော် ခေါင်းဆောင်တတ်ဖို့နှင့် စီမံခန့်ခွဲတတ်ဖို့တော့ ဖြည့်ဆည်းကြရပေဦးမည်။

နေ့လည် ၀၂း၂၀ နာရီ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ် မဇ္ဈိမနွေအခင်းအကျင်းကြီးထဲ ထီးတစ်ချောင်းအကူဖြင့် တက္ကသိုလ်စာသင်ခန်းသို့ ထွက်လာခဲ့ပြန်သည်။ တစ်သံသရာလုံးပူခဲ့တာ ပူစမ်း၊ သံဝေဂကြောင့် ရေရွတ်မိ သည်တော့ မဟုတ်၊ အခြားရေရွတ်စရာ နေပူပျောက်ဂါထာမရှိ၍သာ ကြုံသလို ရွတ်လိုက်မိခြင်းသာ။

Read more...

၂၀၁၀ သင်္ကြန်တရားစခန်း၊ ယောဂီထောက်ပံ့ရေးအလှူ

သြစတေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့နေ မငယ်နိုင်မိသားစုက အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာ သင်္ကြန်တရားစခန်းမှ ယောဂီ ထောက်ပံ့ရေးအတွက် ရေ+မီး အလှူငွေ (တစ်သိန်းငါးသောင်းကျပ်)ကို လှူဒါန်းလိုက်ပါကြောင်း ကုသိုလ်ပွားနိုင်ကြရန် ဖေါ်ပြပေးလိုက် ပါတယ်။



Read more...

သင်္ကြန်တွင်းစုပေါင်းရဟန်းခံပွဲ






Read more...

“ကိုယ်တော်လေးများ၏ လူထွက်ရခြင်းအကြောင်းများ”

တစ်ခါက တောရွာမှ ကိုယ်တော်လေးတစ်ပါးသည် စာသင်ရန်အလို့ငှာ မြို့သို့ကြွသွားလေသည်။ ထိုကိုယ်တော် လေးသည် မိဘနှင့် ဆရာသမားများ၏ ဆန္ဒကို မလွန်ဆန်လိုသောကြောင့်သာ မြို့သို့ ကြွခဲ့ရသည်။ စိတ်ကမပါ ချေ။ မြို့ရောက်သောအခါ သူ၏ တောကျောင်းကဲ့သို့မဟုတ်ပါချေ။ နံနက်လေးနာရီထရသည်။ ငါးနာရီတွင် ကျောင်းရှိ သံဃာအားလုံး စီတန်းဆွမ်းခံကြွကြရသည်။ ဆွမ်းခံပြီးသောအခါ ဆွမ်းစားပြီးနောက် စာတက်စာ ကျက်နှင့် နား ချိန်ဟူ၍ မရလှချေ၊ မူလကပင် မြို့မှာ စာသင်ရန် ဆန္ဒမရှိသော ကိုယ်တော်လေးသည် မြို့တွင် အလွန်ပင်ပန်းသဖြင့် ရွာပြန်ကာ လူထွက်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။ သို့ဖြစ်သဖြင့် ကိုယ် တော်လေးသည် စာသင်တိုက်မှ ဆရာတော်ကို ခွင့်ပန်ကာ တောသို့ပြန်ကြွသွားလေတော့သည်။ ရွာတွင် ကိုယ် တော်လေး၏ မိဘများသည်ကား
“ဒို့သားက မြို့မှာ စာသင်နေတာ၊ နောက်ဆယ်နှစ်လောက်ဆိုရင် ပညာတတ်ဆရာတော်တစ်ပါးဖြစ်လာတော့ မှာ။”ဟု အိမ်စဉ်လှည့်လည်ကာ ကြွားနေကြသည်။ ကြွား၍မှမဆုံးသေးပါ။ သားကိုယ်တော်လေးသည် ရွာပြန် ကြွလာခဲ့သည်။ သို့ဖြစ်သဖြင့် မိဘနှစ်ပါးသည် သားကိုရင်ထံကို ချဉ်းကပ်ကာ
“ကိုရင်ဘာလို့ရွာပြန်ကြွလာသလဲ”ဟု မေးလေတော့သည်။ ထိုအခါ ကိုရင်က
“ဒကာကြီး ဒကာမကြီးတို့ မြို့မှာ နေတယ်ဆိုတာ သူများလို ၀တ်နိုင် စားနိုင်မှ ကောင်းတာ၊ ကိုရင်မှာက အခြား ကိုရင်တွေလို သင်္ကန်းကောင်းမရှိဘူး၊ အဲဒါကြောင့် သင်္ကန်းဝယ်ပေးနိုင်ရင်လဲ ၀ယ်ပေးပါ၊ မ၀ယ်ပေးနိုင်ရင်တော့ ကိုရင်ထွက်တော့မယ်။”ဟု ပူဆာလေ၏။ ကိုရင်လေး၏ မိဘများသည် အလွန်ပင် ဆင်းရဲကြသည်။ သို့သော် သူတို့၏ သားကိုရင်သည် သာသနဘောင်မှ ထွက်လာမည်ကို စိုးရိမ်းသောကြောင့်
“ကိုရင်ရယ် ဘာသင်္ကန်းလဲ ဘယ်လောက်ကျလဲ ဒကာကြီး ဒကာမကြီးတို့ ၀ယ်ပေးမှာပေါ့။”ဟု အားတက်သရော လျှောက်ထားကြလေသည်။ ဤတွင် ကိုရင်က
“သင်္ကန်းက တက်တရွန်သင်္ကန်း၊ ဈေးကတော့ နှစ်ရာကျော်လောက်ရှိတယ် ဒကာကြီး ဒကာမကြီးတို့။”ဟု ဈေးနှုန်ကို ပြောပြလေသည်။ ထိုခေတ်က နှစ်ရာသည်ကား အလွန်ပင် တန်းဖိုးရှိသည်။ ဆင်းရဲသော ကိုရင်လေး ၏ မိဘများသည် သူတို့၏ သားကိုရင်လေးကို လူမထွက်စေရန်အလို့ငှာ
“ကို၇င်ရယ် ၀ယ်ပေးပါမယ်၊ မပူပါနဲ့”ဟု ချော့မော့လျှောက်ထားလေသည်။ မူလကပင် သာသနဘောင်တွင် ဆွမ်းခံထွက် စာတက် စာကျက်အလုပ်များကို မလုပ်လိုတော့သဖြင့် လူထွက်ရန်အလို့ ဒုန်းဒုန်းချထားသော ကိုယ် တော်လေးသည်
“ဒီအတိုင်းဆိုရင် ငါလူထွက်ရမှာ မဟုတ်တော့ဘူး၊ ၀ယ်မလှူနိုင်အောင် နှစ်စုံလှူခိုင်းမှ” တွေးကာ
“ဒကာကြီး ဒကာမကြီးတို့ ကိုရင် ခုကတည်းက ပြောထားမယ်၊ နှစ်စုံလှူမှနော်၊ တစ်စုံဆိုရင် ကိုရင်က အလှူမခံ ဘူး၊ လူထွက်မှာဘဲ။”ဟု ဆိုသောအခါ မိဘနှစ်ပါးခမျာ
“သင်္ကန်းတစ်စုံတောင် အိမ်မှာရှိမဲ့ စုမဲ့လေး ထုတ်ပြီး ရောင်းချလှူရမှာ၊ နှစ်စုံဆိုရင်တော့ မဖြစ်နိုင်ဘူးကိုရင်ရယ်၊ သို့သော် ရွာတောင်ပိုင်းက ကိုရင်ရဲ့ဦးလေးတွေဆီမှာ သွားအလှူခံပေးမယ်ကိုရင်၊”ဟု ချောမော့လေသည်။ ဤတွင် ကိုရင်က
“ကျုပ်က ဒကာကြီး ဒကာမကြီးတို့လှူတဲ့ သင်္ကန်းကိုဘဲ လိုချင်တယ်၊ သူများလှူတဲ့သင်္ကန်းကို မလိုချင်ဘူး။” ဆိုလာသောအခါ ဒကာမကြီးက ချော့မော့ပါသေးသည်။ သို့သော်ဒကာကြီးက စိတ်မရှည်တော့သောလေသံဖြင့်
“ဒီလောက်တောင်ထွက်ချင်ရင်လဲ ထွက်တော့ ကို၇င်၊ ချော့မော့မနေတော့ဘူး၊ လူထွက်တာနဲ့ ဆန်အိတ်ထမ်းဘို့
သာပြင်တော့။”ဟု ပြောကာ ဒကာကြီးသည် အိမ်မှ ထွက်သွားလေတော့သတည်း။ ထို့သို့ခွင်ရသဖြင့် ထိုကိုယ် တော်လေးသည်လည်း လူ့ဘောင်သို့ ပြောင်းသွားလေတော့သတည်း။
နောက်တစ်ပုဒ်သည်ကား တစ်ခါက ကိုယ်တော်ခပ်ငယ်ငယ်လေးတစ်ပါးသည် တောရွာတစ်ရွာတွင် ကျောင်းထိုင်နေလေသည်။ သူသည် သာသနဘောင်တွင် မပျော်မွေ့တော့ပေ။ လူထွက်လိုသော အကြောင်းကို ဒကာ ဒကာမများကို ပြောရန် အားနာနေရှာသည်။ အဘယ်ကြောင့်ဆိုသော် ရွာမှ ဒကာ ဒကာမများသည် သူ့ ကို အလွန်ပင် ကြည်ညိုကြသောကြောင့်ပေတည်း။ သို့ဖြစ်သဖြစ် နည်းလမ်းရှာရတော့သည်။ တစ်နေ့တော့ ကိုယ် တော်လေးသည် အရဲစွန့်ပြီး ပြောတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။ ဆုံးဖြတ်ချက်ချပြီးသောအခါ ကိုယ်တော်လေသည်
“ဒကာ ဒကာမကြီးတို့ ဦးဇင်းလူထွက်တော့မယ်။”ဟု မိန့်လိုက်လေသည်။ ထိုအခါ ရွာမှ ဒကာ ဒကာမများသည်
“ဘာကြောင့် လူထွက်မှာလဲဘုရား။”ဟု မေးလျှောက်သောအခါ ကိုယ်တော်လေးက အကြောင်းပြကောင်းစွာဖြင့် မိန့်ကြားလိုက်လေသည်။
“ဒကာ ဒကာမကြီးတို့ ဆောက်လှူထားတဲ့ ကျောင်းကြီးကလဲ ဘယ်လိုကြီးမှန်လဲ မသိဘူး၊ ဒါကြောင့် ဦးဇင်း လူထွက်ဘို့ ဆုံးဖြတ်ချက်ချတာဘဲ။”ဟူသတည်း။

0 comments

Read more...

လွဲချော်ခဲ့ရင်

0diggsdigg Posted 10:59 PM by ကိုနော in Labels:

`မြင့်မြတ်တဲ့ကောင်းမှုဟာ နိဗ္ဗာန်ကိုဦးတည်နေတယ်´
ဒီလိုနားလည်သူကတော့ ကောင်းတာမှန်သမျှ သိမ်းကျုံးလုပ်ပြီပေါ့..။
ရခဲတဲ့ လူ့ဘ၀,လွဲချော်ခဲ့ရင် နစ်နာလှပေါ့…။
နိမ့်ကျသူများ လူ့ဘ၀ရအောင်ကြိုးစားကြ…။
အဲဒါ ကိုယ့်အတွက်ဗျ…။
မြင့်မြတ်သူများ အများအကျိုးဆောင်ကြ,
အပြောလွယ်သလောက် ခက်တယ်ဗျ….
ပမာပြစရာ ရှာမရ….။

ကိုယ်ကောင်းဖို့ သားကို ဒုက္ခပေးနိုင်တဲ့လောက,
အများအကျိုးဆောင်ဖို့ဆိုတာ အားပါးပါး…မလွယ်ဘူးဗျ…။

ဥဠာရဖလဒံ ကမ္မံ ၊ နိဗ္ဗာနာဝဟမေ၀ စ ။
ဣဓ ဣဇ္စ္ပျတိ သဗ္ဗံ တိ ၊ ဉေယျာ ဧတ္ထမဟဂ္ဃတာ ။(၂၆)
ဧ၀မာဒီဟိ ဟေတူဟိ ၊ မနုဿတ္တံ သုဒုလ္လဘံ ။
တဿာလာဘေ တု သဂ္ဂါဒိ ၊ သမ္ပတ္တိ စေ၀ ဒုလ္လဘာ ။(၂၇)
အစ္စန္တလာမကာယာပိ ၊ အတ္တတ္ထပဋိပတ္တိယာ ။
လဘနီယံ မနုဿတ္တံ ၊ ယဒိ ဧ၀ံ သုဒုလ္လဘံ ။(၂၈)
အထော အစ္စန္တသေဋ္ဌာယ ၊ ပရတ္ထပဋိပတ္တိယာ ။
ဒုက္ကရတ္တဿ ဥပမာ ၊ တိလောကေပိ န ၀ိဇ္ဇတိ ။(၂၉)
ပုတ္တဿ ဒုက္ခံ ကတွာပိ ၊ လောကေ အတ္တသုခတ္ထိကေ ။
ပရတ္ထံ ပဋိပဇ္ဇန္တော ၊ ကော ဟိ နာမ ဘ၀ိဿတိ ။(၃၀)



ကိုနော
၁၄.၄.၂၀၁၀

Read more...

Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်

From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်

ဆမ်ဘာဝမ်း ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်ကျင်းပတာကို ကြည့်ရှုခွင့် ရပါတယ်။ အဲ ကူညီခွင့်လဲ ရလိုက်သေးတယ် ဆိုရင်လဲ မမှားဘူးပေါ့။ ဒို့ဘဝက အပျော်အပါးတွေနှင့် မဆိုင်လှလို့ မြန်မာ့သင်္ကြန်မှာ ဘယ်လိုတွေ ပျော်ပါးကြ ဆင်နွဲကြတယ်ဆိုတာ အသေအချာတော့ မသိပါဘူး။ ကြော်ငြာတွေ၊ သတင်းတွေမှာ ရေးကြ ပြောကြတာတွေ ကနေ တဆင့် အတော်အတန်တော့ ရိပ်မိပါတယ်။ မန္တလေးမှာ စာသင်ခဲ့ရစဉ် ဦးပဉ္စင်းပေါက်စဘဝက နှစ်ခါလောက်တော့ မန္တလေးကျုံးဘေးက သင်္ကြန်ပွဲတော် ကျင်းပရာကို မော့တော့ မော့တော့နှင့် သွားကြည့်ခဲ့ဘူးတာပါ။ ကိုယ်မသွားရမဲ့ နေရာကို သွားတာမို့ အရှက်နှင့် လေ့လာ ကြည့်ရှုချင်စိတ်တို့ ရောထွေး အားပြိုင်နေတာကြောင့် ဘာရယ် ဘယ်လိုရယ်လို့ကို ခွဲခွဲခြားခြား မသိခဲ့ရသလောက်ပါပဲ။ ငယ်ငယ်က ရွာမှာ ကိုရင်ပေါက်စ ဘဝနှင့် နေရစဉ်က ဝမ်းကွဲညီ ကိုရင်တစ်ပါး လူတစ်ယောက်ကို ရေသွားပက်လိုက်တာ ဆရာတော် မြင်လို့ ခေါ်ပြီး ဘုရားရှေ့မှာ ထိုင်ခိုင်းပြီး ပုတီးကို နာရီပေါင်းများစွာ (တစ်နေကုန်လောက်) စိပ်ခိုင်းတာကို ပြန်ပြန်မြင်ယောင်နေမိတော့ ပိုဆိုးတာပေါ့။


ဒါပေမဲ့ နှစ်နေရာလောက်တော့ ကောင်းကောင်း ကြည့်ခဲ့ဖူးတယ်ဆိုတာ ရှက်ရှက်နှင့် တဲ့တဲ့ကြီး ဝန်ခံလိုက်ပါတယ်။ တစ်ခုကတော့ မြန်မာ့ရိုးရာ အဆိုအကတွေနှင့် ဧည့်ခံဖျော်ဖြေကြတဲ့ နေရာပါ။ ဒီနေရာမှာ ကြည့်ကြတဲ့ သူတွေကတော့ အတော်ဣနြေ္ဒရရ ရှိသေးတယ်လို့ ထင်မိပါရဲ့။ ဒုတိယ ကြည့်မိတာကတော့ ခေတ်ပေါ်တေးဂီတနှင့် သီဆို တီးမှုတ်ကြတဲ့ နေရာတွေပါ။ ရိုးရိုးပျော်တဲ့သူတွေရော၊ မူးယူးပျော်တဲ့သူတွေရော အို ... လိုက်ဆိုလိုက်ကြ၊ ကလိုက်ကြတာ ဆူလို့ ညံလို့ ကွေးလို့ ကောက်လို့ပါပဲလား။ ပိတ်ဆို့နေတဲ့ ဆိုင်ကယ် တွေ၊ ကားတွေ၊ လူတွေလဲ မပြောပါနှင့်တော့။ တစ်ချို့လဲ အတော်အောက်တန်းကျတဲ့ အပြုအမူတွေကိုပြုလုပ်ကြတာကိုလဲ တွေ့ခဲ့ရပေါ့။ တစ်ချို့လဲ သတိလစ်လောက်အောင် မမူး(သေး)တာရယ်၊ သင့်တင့်တဲ့ စာရိတ္တ၊ အသိလေးရှိသေးတာရယ်ကြောင့် သူတို့နား ဒို့ရောက်သွားတော့ အချင်းချင်း “ဟေး ဟေး” ဆိုပြီး လက်တို့ပြီး လုပ်ကြတော့မယ်လို့ ထင်ရတဲ့ ရိုင်းစိုင်းမှုတွေကို ထိမ်းသွားကြတာလဲ တွေ့ခဲ့ရပေါ့။ တစ်သက်မှာ မြို့သင်္ကြန်ဆို ဒါလောက်ပဲ တွေ့ဖူးတာမို့ ခုနေခါ ဘယ်လိုလုပ်ကြ ဘာတွေလုပ်ကြတယ်ဆိုတာ မသိတော့ပါဘူး။ ဒါပေမဲ့ အထက်မှာ ပြောခဲ့သလို ကြားသိနေရတာတွေကို အကဲခတ်ကြည့်ရတာဖြင့်တော့ ရိုးရာသင်္ကြန်ကနေ ရိုင်းရာသင်္ကြန်ဘက်ကို ဦးတည်လို့ အရှိန်အဟုန်နှင့် ပြောင်းနေတယ်လို့တော့ ထင်မိပါတယ်။

ဒါပေမဲ့ ဆမ်ဘာဝမ်းသင်္ကြန်ကတော့ ရိုးရာယဉ်ကျေးမှုကို အတော်ကို ကြိုးစားထိန်းသိမ်းထားတာ တွေ့ရပါတယ်။ ဒီသင်္ကြန်ကို ရည်ရွယ်ချက် နှစ်ခုနှင့် ကျင်းပတယ်လို့ သိရပါတယ်။ ပထမတစ်ခုက အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောက်ရန် ဖြစ်ပြီး ဒုတိယ ရည်ရွယ်ချက်က ပြည်ပရောက် မျိုးဆက်သစ် လူငယ်များ မြန်မာရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို သိရှိ၊ မြတ်နိုး၊ တန်ဖိုးထားတတ်စေရန် ဖြစ်ပါတယ်။ ဒီပွဲတော်နှင့် ပတ်သက်လို့ ကိုယ်သိသလောက်ကို အရင်ဆုံး စပြောရရင် စတုဒိသာ ကျွေးမွေးတာက စပြောရမယ် ထင်ပါတယ်။ နံနက် (၉) နာရီမှ စတင်ကာ ကျွေးမွေးလှူဒါန်းနေတဲ့ စတုဒိသာတန်းကြီးကို တစ်ပတ်လောက် လှည့်ကြည့်ကြရအောင်နော်။ စုံလိုက်တဲ့ စားစရာ သောက်စရာတွေ။ တွေ့ပါပြီ ကြာဆန်ချက်၊ မုံလုံးရေပေါ်၊ ရွှေရင်အေး၊ သာကူမွှေး၊ ကျောက်ကျောဖျော်ရည်၊ မုံ့ဟင်းခါး၊ နန်းကြီးသုပ်၊ အကြော်စုံ ကောက်ညှင်းပေါင်း၊ အုန်းနို့ခေါက်ဆွဲ၊ ကြာဆန်ကြော်၊ သစ်သီးစုံ၊ ကြက်သားပလာတာ၊ ထားဝယ်မုံ့ဟင်းခါး၊ ဒန်ပေါက်၊ အအေးမျိုးစုံနှင့် သောက်ရေသန့်၊ ရခိုင်မုံ့တီ၊ တောင်ငူ တို့ဟူးသုပ်၊ မုံ့လက်ဆောင်း၊ လက်ဖက်သုပ်၊ ပေါင်မုံ့ အုန်းနို့ဆမ်း၊ ဝက်သားဒုတ်ထိုး၊ ဝက်ခေါင်းသုပ် စတာတွေအပြင် မြန်းမာ ထမင်းဟင်လဲ ပါသေးရဲ့။ မြန်မာ ထမင်းဟင်းက ကုလားပဲနှင့် ကြက်သားချက်၊ သရက်ချဉ်သုပ်၊ ငါးပိကြော်၊ ငါးပိရည်ရှယ်နှင့် တို့စရာစုံ၊ လာသမျှလူကို မစားရ မရှိရလေအောင် အဝကျွေးမယ်တဲ့လေ။ အမလေး အများကြီးပါလား။ ရှေ့တော့ ဆက်သွားကြည့်လို့ မရတော့ဘူး။ များလိုက်တဲ့ စားစရာ၊ စားလိုက်ကြတဲ့ လူတွေ လူတွေ။ ကြည့်ရ မြင်ရတာက ဝမ်းသာစရာကြီး။ စားစရာက အမျိုးပေါင်း လေးဆယ်ကျော်ဆိုပဲ။ ခုရေးပြလိုက်တာက စာရေးသူ မြင်ရတာတွေထဲက မှတ်မိသလောက်ကို ပြန်ပြောကြည့်တာ။ (ကိုယ်လှူတဲ့ စားစရာအမည် မပါလို့လဲ ကျုပ်ကို စလေ ဦးပုညနည်းနှင့် မေတ္တသုတ် တစ်စောင်လုံးကို ပုဒ်မပါကြုံးပြီး ပို့မနေနဲ့ဦး။ တောင်းပန်ပါတယ်။ စတုဒိသာဆိုတော့ အရပ်လေးမျက်နှာက လာကြသူတွေ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့၊ အားလုံး အားလုံးကို လှူဒါန်း ကျွေးမွေးတာပေါ့။

From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်

From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်


သင်္ကြန်ပွဲတော်ကို Sembawang Park ထဲမှာ နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ ကျင်းပဆင်နွဲခဲ့ကြတာပါ။ အစီအစဉ် တစ်ခုလုံးကို နှစ်ပိုင်းခွဲထားတာ (အစီအစဉ်စာရွက်မြင်လိုက်ရလို့) တွေ့ရပါတယ်။ ဖျော်ဖြေရေး အစီစအစဉ် (၁) ကို နံနက် (၉)နာရီ မှ (၁၂) နာရီထိ ပြုလုပ်ပြီး၊ အစီအစဉ် (၂) ကိုတော့ (၁၂)နာရီမှ ညနေ (၄)နာရီထိ ကျင်းပတာ တွေ့ရပါတယ်။ ဖျော်ဖြေရေးကတော့ ကိုယ်နှင့်ကလဲ မဆိုင်လှ၊ ဝါသနာကလဲ မပါ၊ မှတ်ဥာဏ်ကလဲ ဆင်းရဲလှတာမို့ ဒီမှာ မရေးပြတော့ပါဘူး။ အဲ ယေဘုယျပြောရရင်တော့ သင်္ကြန်သီချင်းများနှင့် မြန်မာ့ရိုးရာ သီချင်းများသာ ဖြစ်ပါတယ်(တဲ့)။ မြမန်းဂီရိဆိုလား သီချင်းကြီး သီချင်းခန့်တစ်ပုဒ်ကို ဆိုနေတာကိုတော့ မှတ်မိသား။ အဲ ကိုယ်မမြင် မသိလိုက်ပေမဲ့ ဘလော့ဂ် တစ်ခုမှာတော့ “အညာသားရုပ်နှင့် မြန်မာအမျိုးသားများက တရုပ်သီချင်းနှင့် ဖြေဖျော်သွားပါတယ်” လို့ ရယ် “တရုပ်အမျိုးသမီးက အားကျမခံ တူးပို့တူပို့ လုပ်သွားပါတယ်” လို့ရယ် အရွှမ်းဖေါက်ထားတာလေး တွေ့ရပါသေးတယ်။ ဓမ္မဥယျာဉ်ကျောင်း တရုပ်စာသင်တန်းက မြန်မာကျောင်းသားများက သီိဆိုတာလို့ ဆိုပါတယ်။ စာရေးသူတော့ မသိလိုက် မကြည့်လိုက်ရပါ။


စာရေးသူတကယ် ပီတိဖြစ်ရတာက သုံးခုရှိပါတယ်။ ပထမတစ်ခုက သက်ကြီးပူဇော်ပွဲအစီအစဉ်ပါ။ အသက် (၇၀)ကျော် အဘိုး အဘွားတွေကို ပင့်ဖိတ်ပြီး အစားအသောက်များနှင့် ကျွေးမွေးပြုစုတာကို မြင်ရတာရယ်၊ စင်မြင့်ပေါ်ကို တင်ပြီး ပူဇော် ကန်တော့တာရယ်မြင်ရတော့ တကယ်ကိုပဲ ဝမ်းသာ၊ ကြည်နူး၊ ပီတိဖူးတွေ ဝေရ ဖြာရ ပွင့်လန်းရပါတယ်။ ဒို့မြန်မာ့ယဉ်ကျေးမှုက “အသက် ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ် ခစားရိုသေလေ” လို့ တစ်မျိုး၊ “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား” လို့ တစ်ဖုံ ရှိတယ်မဟုတ်ပါလား။

From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်


နောက်တစ်ခုကတော့ ကလေးများရဲ့ မင်္ဂလာကဗျာ ရွတ်ဆိုမှုပါပဲ။ ကလေးတွေက ငယ်ငယ်လေးတွေ။ ဟန်နီဆိုတဲ့ အသက်ခုနှစ်နှစ် သမီးလေးတောင် ပါသေးတယ်။ ငယ်တယ်ဆိုပြီးများ ပွဲဖြစ်ရုံထည့်ထားတယ် မထင်လိုက်နဲ့၊ ဒဂုန်ဦးထွန်းမြင့်ရဲ့ မင်္ဂလာကဗျားတွေကို အစအဆုံးတောင် ဆိုတတ် ဆိုနိုင်တာကို ပွဲမလုပ်ခင်က တွေ့ရဖူးပါတယ်။ ဆရာတော် သံဃာတော်တွေနား ဘယ်လို ချဉ်းကပ်ရ လှူရ ကပ်ရတယ်ဆိုတဲ့ ကဗျာတစ်ပုဒ်ကိုတောင် အဲဒီ ခုနှစ်နှစ် သမီးလေးက ဒီလောက်များတဲ့ ပရိသတ်ကြီးရဲ့ ရှေ့မှာ မကြောက်မရွံ့ တစ်ကိုယ်တော် အစွမ်းပြ သီဆိုပြလိုက်သေး။ နိုင်ငံခြားမှာ မွေး၊ နိုင်ငံခြားကျောင်းတက်၊ ကျောင်းစာ အိမ်စာတွေနှင့် အသဲအသန် နပန်းလုံးနေရတဲ့ထဲက တောင် မြန်မာ့ယဉ်ကျေးမှု၊ အခြေခံ ဗုဒ္ဓအဆုံးအမတွေကို သင်ယူကြ လေ့လာထားလိုက်ကြတာ။ သင်ပေးသူ၊ သင်ယူသူနှင့် ပန့်ပိုးပေးတဲ့ မိဘတွေကို အများကြီး ကျေးဇူးတင်မိတာ အမှန်ပါပဲ။ ဒါကြောင့် သာဓု အကြိမ်ကြိမ် ခေါ်မိပါတယ်။

From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်


From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်

ရိုးရာကနေ ရိုင်းရာသင်္ကြန်းဖက်ကို ကူးပြောင်းနေတယ်လို့ ကြားထားမိပြီး ကြားမိတိုင်း၊ တွေးမိတိုင်း ဝမ်းနည်းလိုက်ရတာ။ အခု ဒီလို စိတ်ဝင်တစား အားပေးကြတာကိုမြင်ရတော့မှ ဝမ်းသာလိုက်ရတာလေ။ မင်္ဂလာကဗျာတစ်ပိုဒ်စီကို ကျောင်းသား ကျောင်းသူတစ်ယောက်စီက ရွတ်ဆိုကြပါတယ်။ တစ်ယောက်ရွတ်ပြီးလိုက်၊ ပရိသတ်ကြီးက လက်ခုပ်ဩဘာပေးလိုက်၊ တစ်ပုဒ်ရွတ်ပြီးလိုက်၊ လက်ခုပ်သံတွေနှင့် ချီးကြူးလိုက်နှင့် ဝမ်းသာဖွယ်ရာ မြင်ကွင်းကြီးပါ။ ပရိတ်သတ်ကြီးကလဲ တကယ်ကို ယဉ်ယဉ်ကျေးကျေး၊ ရွှင်ရွှင်ပြပြ၊ စိတ်ဝင်တစား အားပေးနေလိုက်ကြတာ အံ့မခန်းပါပဲ။ အားရဝမ်းသာ ပီတိတွေ ဖြာရပါတယ်။ မင်္ဂလာကဗျာတွေ ရွတ်ဆိုမယ်ဆိုတော့ ပရိတ်သတ်ကြီးက ဒီလောက်ကြီး အားပေးလိမ့်မယ်လို့ တကယ်ကို ထင်မထားမိလို့ပါ။ ကလေးတွေဆိုတာ ကြည့်လိုက်၊ ပရိသတ်ကြီးတစ်ခုလုံးကို တဖြေးဖြေး လှည့်လည်ကြည့်လိုက်နှင့် စာရေးသူလဲ တကယ်ကိုပဲ ပြုံးပျော်နေရတာပါ။

From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်

From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်



From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်

နောက်ဆုံးတစ်ခုကတော့ ပြဇာတ်တိုလေးပါ။ ဇာတ်ညွှန်း နှင်းဟေမာက သေရည် သေရက်ဖြစ်ပေါ်လာပုံကို ကောက်ကြောင်းကောက်ပြသလို သေရည်သေရက်ကြောင့် တိုင်းပြည်ဆုတ်ယုတ် ပျက်ပြားတတ်ပုံကို မီးမောင်းထိုးပြထားပါတယ်။ ဇာတ်လမ်းတိုကို ကြည့်ပြီး ပရိသတ်ကြီးက တသောသော တဝေါဝေါ ပွဲကြနေလိုက်ကြတာ။

From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်

From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်


ဇာတ်ညွှန်းရေးသူကလဲ တော်၊ ဇာတ်ဆောင်တွေကလဲ ကောင်းလိုက်ပါဘိသနဲ့။ ဇာတ်တော်လာ အကြောင်းအရာ တစ်ခုကို တင်ဆက် ဖျော်ဖြေမယ်ဆိုရင် မြို့နေပရိတ်သတ်က ဒီလောက် အားပေးလိမ့်မယ်လို့ ထင်မထားမိရိုးပါ။ အခု ကပြမှုက မြန်မာတို့အတွက် ဇာတ်ဆောင်တွေရဲ့ ပြောစကားတွေ၊ ဟာသတွေကြောင့် စိတ်ထွက်ပေါက်ရော၊ သတိ ရော အသိဥာဏ်ပါ ရလောက်တဲ့ တင်ဆက်မှုတစ်ခုပါလို့ ထင်မြင်မိပါတယ်။ ဒီဇာတ်လမ်းမျိုးကို ခုလို တင်ပြ အသုံးတော်ခံကြတဲ့သူတွေကိုရော၊ စိတ်ဝင်တစား အားပေးကြတဲ့ ပရိတ်သတ်ကြီးကိုပါ သိပ်ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ “အရက်ဖိုးက လဖက်ရည်ဖိုးထက်တောင် ဈေးချိုနေတယ်၊ အရက်ဆိုင်တွေလဲ ပေါလိုက်တာ လွန်ပါရော၊ ဒါကြောင့် အရက်သောက်ကြတဲ့ လူငယ်တွေလဲ အများကြီး တိုးပွားလာနေတယ်” လို့ မနှစ်လောက်က သတင်းတွေမှာ ဖတ်ရ ကြားရလို့ပါ။ အာဏာရှင်လိုမျိုး အုပ်ချုပ်တဲ့ အချိန်မှာတို့၊ အရည်အချင်းမရှိတဲ့သူတွေ ကြီးစိုးတဲ့ အခိုက်မှာတို့ဆို ဒီလိုမျိုး သောက်စားကြ မူးယဇ်တတ်ကြ၊ လောင်းကစားမှုတွေနှင့် တစ်ရုံးရုံး ဖြစ်တတ်တယ်တဲ့။ ဒီလိုဖြစ်အောင်လဲ အဲဒီလိုလူမျိုးတွေက ဖန်တီးတတ်ကြတယ်လို့ နိုင်ငံရေး သုခမိန်ဆန်ဆန် ဝေဖန်သုံးသပ်သံတွေကို ဘုန်းကြီးကျောင်း အုတ်တံတိုင်းတွေ ကြားကတောင် ကြားနေရပါတယ်။ စာရေးသူကတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာသင်ယူဖူးတာလဲ မဟုတ်၊ နိုင်ငံရေးသမိုင်းတွေကို ကျေနေအောင် လေ့လာထားတာလဲ မဟုတ်လို့ ဒီလိုတွေ တမင် ဖန်တီးတတ်တယ်ဆိုတာ ဟုတ် မဟုတ် အသေချာတော့ မသိပါဘူး။ ဒီနှစ်တော့ ဒို့နိုင်ငံမှာလဲ အရက်ကြော်ငြာတာတွေ ပိတ်ပင်တယ်လို့ ကြားရပြန်တော့ စိတ်သက်သာခွင့် နဲနဲတော့ ရပါရဲ့။ ဘာပဲဖြစနေပါစေ။ ဗုဒ္ဓယဉ်ကျေးမှုကနေ ဆင်းသက်လာပြီး ဘာသာရေးနှင့်ပါတွဲပြီး ကျင်းပ ဆင်နွှဲလာခဲ့ကြတဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ရိုင်းရာယဉ်ကျေးမှုပွဲတော်လို့ ပြောလောက်အောင်ကို ဖြစ်ပျက်လာနေတာကတော့ မကောင်းတာ အသေအချာပါပဲ။ ဒါကြောင့်လဲ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်း ဖော်ထုပ်တဲ့ ဒီပွဲမှာ လာရောက်ပါဝင် ဆင်နွဲသူများ အားလုံးကို အရက်သေစာ သောက်စားမူးယဇ်ခြင်း လုံးဝ မပြုလုပ်ရန် အထူးမေတ္တာရပ်ခံထားပြီး ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲကြရန် ဖိတ်ကြားထားတာ တွေ့ရပါတယ်။ မူးနေတာတွေ့ရင် ဘယ်ကပဲ သောက်လာသည်ဖြစ်စေ၊ သင်္ကြန်ကော်မတီက အနူးအညွတ်တောင်းပန် မေတ္တာရပ်ခံပြီး အငှါးကားနှင့် ပြန်ပို့ပေးဖို့ထိကို ကြိုကြိုတင်တင် စီစဉ်ထားကြောင်း သိရသလို စင်္ကာပူရောက် မြန်မာများကလဲ အလွန်ယဉ်ကျေးစွာ ပူးပေါင်းပါဝင်ဆင်နွှဲကြတာကို တွေ့မြင်ရပါတယ်။ ဒီလို ယဉ်ယဉ်ကျေးကျေး၊ စည်းကမ်းရှိရှိ လုပ်ဆောင်ကြမှလဲ အခြားသူများက မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုနှင့် လူမျိုးကို လေးစားကြမှာ မဟုတ်ပါလား။


ဩော် . . . ကိုယ့်ရိုးရာ ယဉ်ကျေးမှုကို ကိုယ်မှ မြတ်နိုး တန်ဖိုးထားမှု မရှိရင် ဘယ်သူကများ မြတ်နိုး လေးစား တန်ဖိုးထားပါလိမ့်။ ?????
အသိတရား၊ သတိတရားတို့ဖြင့် ရိုးရာ၊ ဘာသာ၊ သာသနာကို စောင့်ရှောက် ထိန်းသိမ်းနိုင်ကြပါစေ။ လူသစ် စိတ်သစ် စွမ်းအားသစ်တို့ဖြင့် ကြံစည် ပြောဆို လုပ်ကိုင်ဆောင်ရွက်နိုင်ကြပြီး အစစ အရာရာ တိုးတက် အောင်မြင်ခြင်း မင်္ဂလာအပေါင်း ခညောင်းတဲ့ နှစ်သစ်ဖြစ်ပါစေ !!!

ဘုန်းဥာဏ်
(ခေတ္တ) ဆမ်ဘာဝမ်၊ စင်္ကာပူ။
၁၃၊ ၀၄ ၊ ၂၀၁၀။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP