စိတ်အစဉ်အတန်း (၅) - အန္တရာယ်ငါးပါး၊ ဘုံစိတ်ရ

Read more...
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
သဘောထားမပြည့်ဝသူသည်
အခြားသူကို အပြစ်မြင်၏။
သဘောထားပြည့်ဝသူသည်
မိမိကိုသာ အပြစ်မြင်၏။
ထို့ထက်သဘောထားပြည့်ဝသူသည်
မည်သူ့ကိုမှ အပြစ်မမြင်တော့ပေ။
(ကွန်ဖြူးရှပ်)
ရုပ်တရားအပိုင်းမှာ ပြောပြဖို့ ရုပ်အုပ်စု -၂-စုပဲ ကျန်ပါတော့တယ်။ ယနေ့ ယင်း ကျန်ရှိနေသေးတဲ့ အုပ်စု -၂-ခုမှ ၀ိကာရရုပ် (ပကတိ အနေအထားထက် ထူးခြားတဲ့ သဘောရုပ်)တရားကို ပြောပြပါမယ်။ ဤ-ရုပ်တရား -၃-ပါးက အပိုင်း -၂-ဖြစ်တဲ့ စေတသိက်ပိုင်း (သောဘနစေတသိက်) ပြောပြစဉ်က နာမည်များနှင့် အတူတူပါပဲ။ ဒါပေမယ့် ယခုပြောပြမည့် တရားများကတော့ ရုပ်ရဲ့ အမူအရာ သဘောများဖြစ်ပါတယ်။
နံပါတ် -၁-က လဟုတာရုပ်= ရုပ်ရဲ့ပေါ့ပါးမှု အမူအရာရုပ်။ မိမိတို့တတွေရဲ့ ခန္ဓာကိုယ်ကြီးဟာ ရုပ်တရား+ နာမ်တရားတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတာဆိုတော့.... စိတ်ညစ်ရင် ရုပ် နွမ်းတယ်၊ စိတ်ပျော်ရင် ရုပ် လန်းတယ်။ ယင်းကဲ့သို့ဆက်စပ်နေပါတယ်။ အခု ဒီရုပ်တရားရဲ့ သဘောကလည်း မိမိစိတ်လေး ရွှင်လန်းတက်ကြွနေတဲ့အခါ ရုပ်ခန္ဓာကလည်း ပေါ့ပါးလန်းဆန်း နေပါတယ်။ ထိုကဲ့သို့ ဖြစ်နေတဲ့ အချိန်သည် ဤရုပ်တရားလေး ဖြစ်နေတဲ့အချိန်ပါပဲ။
လောကမှာ ပြောလေ့ရှိတဲ့ စကားလေး တစ်ခွန်းတောင် ရှိပါတယ် “စိတ်ထောင်းတော့ ကိုယ်ကျေ၊ စိတ်ပျိုတော့ ကိုယ်နု”ဆိုတာ။ ဤကဲ့သို့ စိတ်နှင့်ရုပ် (သို့မဟုတ်) နာမ်နှင့် ရုပ် ဆက်စပ်နေတာပါ။ (နာမ်ဆိုတာ သိမှုသဘော၊ ရုပ်ဆိုတာ မသိမှု သဘော။)
နောက်တစ်ပါးက မုဒုတာရုပ်= ရုပ်တရားရဲ့ နူးညံ့မှုသဘော အမူအရာရုပ်။ စိတ်ပျော်ရွှင် အေးချမ်းတော့ ရုပ်ခန္ဓာကလည်း နူးညံ့ သိမ်မွေ့နေတဲ့ သဘောပါ။
အရိယာ သူတော်စင် (သို့မဟုတ်) တချို့ သီလသမာဓိနှင့် ပြည့်ဝတဲ့ ဆရာတော်ကြီးတွေကို ဖူးမြင်လိုက်ရလို့ ထိုပုဂ္ဂိုလ်တွေရဲ့ ခန္ဓာကိုယ် လန်းဆန်းနေတဲ့ သဘော၊ သိမ်မွေ့တဲ့သဘော မျက်နှာကြည်လင် နေတဲ့ သဘောတွေဟာ အပူတရားတွေ ငြိမ်းအေးနေတာ့... မျက်နှာတော်ကို ဖူးမြင်လိုက်ရတာနဲ့ ဖူးမြင်သူမှာ အအေးဓာတ် ကူးစက်လောက်အောင် နူးညံ့သိမ်မွေ့မှု သဘောဓာတ်တွေ ရှိပါတယ်။ နာမ်တရား (စိတ်တရား)တွေက အေးချမ်းတော့ ရုပ်တရား နူးညံ့သိမ်မွေ့နေတဲ့ သဘောဆိုတာ ယင်းကဲ့သို့ ဖြစ်တာကို ဆိုလိုပါတယ်။
နောက်တစ်ပါးက ကမ္မညတာရုပ်= ကိုယ်ဖြင့်ပြုရသော အမူအရာသဘော၏ ကောင်မွန်တဲ့ သဘော, လုပ်သမျှ အစဉ်ချောနေတဲ့ သဘောမျိုးပါ။ အပေါ် ရုပ်တရား -၂-ပါးလိုပဲ... စိတ်တရားနဲ့ ဆက်စပ်နေပါတယ်။ စိတ်အမြင်ရှင်းတော့ လုပ်သမျှ အလုပ်များ အဆင်ပြေနေတဲ့ သဘောအမူအရာများ ဖြစ်ပါတယ်။
ဝိကာရုပ်တရား (ထူးခြားမှု အမူအရားရုပ်တရား) အုပ်စုသည် (၅)ပါး ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံး -၂-ပါးဖြစ်တဲ့ ကာယ၀ိညတ် =ကိုယ်အမူအရာ, ၀စီဝိညတ်= နှုတ်အမူအရာ ထူးခြားမှု သဘောများသည် အပေါ်မှာ ပြောခဲ့တဲ့ ၀ိညတ်ရုပ် -၂-ပါး ပြောစဉ်က အဓိပ္ပါယ်နှင့် အတူတူပင် ဖြစ်ပါတယ်။
ဒါဆို ဘာလို့ ဒီမှာ ထပ်ပြရသလဲဆိုရင်.... ထူးခြားမှုအမူအရာ ရုပ်တရားအားလုံးကို ထုတ်ပြလိုလို့ ထပ်ပြရခြင်း ဖြစ်ပါတယ်။ ဒါဆို ၀ိကာရုပ်အုပ်စု ဒီမှာတင် ပြီးပါပြီ။
နောက်ဆုံး အုပ်စုက လက္ခဏရုပ် အုပ်စု ဖြစ်ပါတယ်။ လက္ခဏရုပ်သည် -၄-ပါး ရှိပါတယ်။ လက္ခဏာရေးတရား -၃-ပါး ဆိုတာကတော့ အများကြားဘူးမယ်ထင်ပါတယ်။ အနိစ္စ (အမြဲမရှိ/ ခဏတိုင်း ပြောင်းလဲနေ)၊ ဒုက္ခ (ချမ်းသာမရှိ အမြဲဆင်းရဲ)၊ အနတ္တ (ကိုယ်ဖြစ်ချင်တိုင် မဖြစ်၊ အစိုးမရ)ဆိုတဲ့ တရား -၃-ပါးပါ။ လက္ခဏာဆိုတာလည်း ကြားဘူးမယ် ထင်ပါတယ်၊
ဗေဒင်လက္ခဏာ၊ အဲဒီမှာ ပါတဲ့ လက္ခဏာနဲ့ အဓိပ္ပါယ် အတူတူပင် ဖြစပ်ပါတယ်။ အမှတ်အသားလို့ အဓိပ္ပါယ်ရပါတယ်။ ဗေဒင်ဆရာထံမှာ လက္ခဏာကြည့်ခိုင်းတယ်ဆိုတာ မိမိလက်ဖ၀ါးပြင်၊ မျက်နှာပြင် စသည်များရဲ့ ပြင်ပန်း ရုပ်လက္ခဏာ “အမှတ်အသား”များကို ကြည့်ပြီး ယေဘုယျဖြစ်တတ်တဲ့ သဘောများကို ကြည့်ခိုင်းတာ ဖြစ်ပါတယ်။ အမှန်းချည်းပဲ မဖြစ်နိုင်ပါဘူး။
အခုပြမည့် လက္စဏရုပ် -၄-ပါးကတော့ မိမိတို့ခန္ဓာကိုယ်က ပြတဲ့ အမှန်တွေကို ပြတဲ့ အမှတ်အသားများ ဖြစ်ပါတယ်။ ၄-ပါးလို့ ဆိုထားပေမယ့် ချုံ့လိုက်ရင် -၃-ပါးပဲ ဖြစ်ပါတယ်။ လွယ်အောင် မှတ်လိုက်တော့ (ရုပ်+နာမ်)တရားတွေရဲ့ ဖြစ်မှု၊ တည်မှု၊ ပျက်မှု (ဖြစ်၊ တည်၊ ပျက်) သဘောပါပဲ။
စာအရှိအတိုင်း သွားကြစို့....၊
နံပါတ် -၁-က ဥပစယရုပ်= အစဖြစ်တဲ့ရုပ်။ ဖြစ်စဉ်တိုင်းမှာ အစဖြစ်တဲ့ အစဉ်ခဏကို ပါဠိလို “ဥပစယ”လို့ ခေါ်ပါတယ်။ ဖြစ်စသဘောပါ။
နံပါတ် ၂-က သန္တတိရုပ်= ဖြစ်စဉ်ကို အစပြု၍ အစဉ်အတန်း ဖြစ်နေတဲ့ သဘောရုပ်လို့ အဓိပ္ပါယ်ရပါတယ်။
နံပါတ် ၃-က ဇရတာရုပ်= ရင့်ရော်မှု သဘောရုပ်။ လူအများထင်နေကြတာကတော့ ထင်ရှားတဲ့ ခန္ဓာကိုယ် မသယ်နိုင်၊ မသွားနိုင်တဲ့ အရွယ်ကိုသာ “ဇရတာ=အိုးမင်း ရင့်ရော်နေပြီ”လို့ သမုတ်ခေါ်ကြပါတယ်။
ရုပ်တရား+ နာမ်တရားတို့ရဲ့ ဖြစ်စဉ်ကလည်း ဖြစ်တယ်၊ ခဏအခိုက်အတန့် တည်တန့်နေတယ်၊ နောက် ပျက်ချိန်တန်လို့ ရင့်လာတယ်၊ နောက် ပျက်သွားတယ်။ ယင်းကဲ့သို့ လျှင်မြန်စွာ ခဏမစဲပဲ ဖြစ်၊ တည်၊ ပျက် နေပါတယ်။ နောက်ဆုံး လက္ခဏရုပ်တရားက အနိစ္စတာ= မမြဲမှုသဘော။ (ဒီတရားကတော့ အများကြားဘူးနေတဲ့ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) လက္ခဏာရေး သုံးပါးတရားထဲက အနိစ္စတရားနှင့် အတူတူပါပဲ)။
ဒီလက္ခဏရုပ် တရား -၄-ပါးကို အများကြားဘူးနေတဲ့ ဖြစ်၊ တည်၊ ပျက်-၃-ပါးနှင့် စပ်ယူပုံက...
ဥပစယရုပ်သည်= ဖြစ်မှု သဘောရုပ်၊ သန္တတိရုပ်သည်= ဖြစ်စဉ်ပြီး တည်တန့်ခြင်း သဘော (အစဉ်အတန်း ဖြစ်နေခြင်း သဘော)၊ ဇရတာ+ အနိစ္စတာ= ပျက်သွားခြင်း သဘော။ ဤကဲ့သို့ ဖြစ်၊ တည်၊ ပျက်အစဉ်အနေအားဖြင့် စပ်ဟပ်ယူရပါတယ်။
(တရားရိပ်သာများမှာ ရှုမှတ်တာကတော့ ဖြစ်+ပျက် ၂-မျိုးတည်းပါ။) ပြည့်ပြည့်စုံစုံ ပြောရရင်တော့ ရုပ်+နာမ်တရားတို့ရဲ့ ဖြစ်စဉ်သည် (ဖြစ်၊ တည်၊ ပျက်ပါ။) ဖြစ်လိုက်၊ ခဏမျှတည်လိုက်၊ နောက် ပျက်သွားလိုက်။ တခါ အသစ်ရုပ်+ နာမ်တရား တစ်ပါး ဖြစ်လိုက်၊ ခဏတာမျှ တည်နေလိုက်၊ နောက် ပျက်သွားလိုက်, ယင်းကဲ့သို့ ရုပ်+ နာမ်တရားများဟာ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ဖြစ်တာက မြန်တော့ မိမိတို့ တတွေက ယင်းကဲ့သို့ ဖြစ်စဉ်ကို ခက်ပါလိမ့်မယ်။ ၀ိပဿနာတရား ရှုမှတ်ဘူးရင်တော့ ရေးရေးသိမယ်ထင်ပါတယ်။ လက္ခဏရုပ် -၄-ပါးကို ရုပ်+နာမ် တရားအားလုံးနှင့် ချုံငုံ ပြလိုက်ပါတယ်။
ဒါဆို ရုပ်တရား (၂၈)ပါးတို့ရဲ့ သိသင့်တဲ့ အဓိပ္ပါယ် သဘော ဤတွင် ပြီးပါပြီ။
အဘိဓမ္မာတရားမှာ အကျဉ်းအားဖြင့် (ရုပ်နှင့် နာမ်)၊ နဲနဲချဲ့ပြောတော့ (စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်) ဤကဲ့သို့ ရှိရာ အခု စိတ်အကြောင်း၊ စေတသိက်အကြောင်း၊ ရုပ်အကြောင်း ပြောပြီးသွားပါပြီ။ နောက်နေ့မှာ ကျန်နေသေးတဲ့ နိဗ္ဗာန်အကြောင်း ပြောပြပါမယ်။ ဒီနေ့ ဒီမျှသာ။
Wednesday, 07 April 2010 03:45 | Written by Administrator | PDF | | Print | | E-mail
လူ့ဘ၀၊ လူ့ခန္ဓာ၊ လူ့ချမ်းသာဆိုတာ အိပ်မက်ပမာ၊ တံလျှပ် တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒီဘ၀၊ ဒီခန္ဓာကို တဏှာ-မာန-ဒိဋ္ဌိတွေနဲ့ သုံးသပ်နေသမျှတော့ စစ်မှန်တဲ့ အကျိုးအမြတ်ဆိုတာ ထွက်ပေါ်လာစရာ အကြာင်း မရှိပါဘူ။ လူ့ဘ၀၊ လူ့ခန္ဓာဟာ သဒ္ဓါ၊ မေတ္တာ၊ ပညာတွေနဲ့ သုံးသပ် နိုင်မှ အကျိုး အမြတ်ဆိုတာ ရလာနိုင်တာပါ။
ဘ၀မှာ" လောကလူသား"နဲ့ "ဓမ္မလူသား" ရယ်လို့ လူ့အဖြစ်က နှစ်မျိုးရှိပါတယ်။ လောက နောက်ကို လိုက်ပြီး "အရှိ"ကို အားကိုးကြသူတွေဟာ လောကလူသားတွေပါ။ ဓမ္မနောက်ကို လိုက်ပြီး "အသိ"ကို အားကိုးမှ ဓမ္မလူသားလို့ ခေါ်ဆိုနိုင်တာပါ။ အသိမပါဘဲ အရှိတစ်ခု တည်းနဲ့ လူ့ဘ၀ရဲ့ ပျော်ရွှင်မှုကို မရနိုငိပါဘူ။ အသိကင်းရင် ကင်းသလောက် အရှိတရားတွေဟာ လူကို ခြိမ်းခြောက် အပူမီးတောက်စေ ကြပါတယ်။ တကယ်တော့ အရှိဆိုတာတွေဟာ အသိနဲ့ထိန်းညှိ ပေးနိုင်မှ အပူငြိမ်း၊ အကြောက်ပြေ၊ အငိုတိတ်ကာ လိုရာကိစ္စပြီးနိုင်ကြတာပါ။
လူ့ဘ၀ လူ့ခန္ဓာကို လောက လူသားတွေက တဏှာ- မာန- ဒိဋ္ဌိတွေနဲ့ မှားယွင်းစွာ သိမ်းပိုက် ထားတတ်ကြပြိး၊ ဓမ္မလူသားတွေကတော့ သဒ္ဓါ၊ မေတ္တာ၊ ပညာတွေနဲ့ မှန်ကန်စွာ အသုံးချ တတ်ကြပါတယ်။ "မနုဿတ္တဒုလ္လဘ" အဖြစ် ကံတရားက ပေးအပ်ထားတဲ့ လူ့ဘ၀လက်ဆောင် ကောင်းဟာ အသိအလိမ္မာ၊ဉာဏ်ပညာနဲ့ မွမ်းမံနိုင်မှ တန်ဖိုးရှိ မြတ်နိုးဖွယ်ဖြစ်ကာ အကျိုး အမြတ်လည်း ထွက်ပေါ်လာနိုင်တာပါ။ ဒါကြောင့် လောကလူသားတွေက မိမိကိုယ်မိမိ ဒုက္ခသစ္စာ အကျဉ်းထောင်ကြီးထဲမှာ သမုဒယသစ္စာကြီးတွေနဲ့ တင်းကျပ်စွာ တုပ်နှောင်ပြီး အကျဉ်းချထားချိန်မှာ ဓမ္မလူသားတွေကတော့ နိရောဓ သစ္စာရိပ်မြုံမှာ မဂ္ဂသစ္စာ ရိက္ခာတွေနဲ့ အေးချမ်းပျော်ရွှင်စွာ ၀င်ရောက် ခိုလှုံနေတတ်ကြပါတယ်။
လောကလူသားနဲ့ ဓမ္မလူသားဟာ အပေါ်ယံအသွင်သဏ္ဍာန်အနေနဲ့ ကြည့်ရင် သိပ်ပြိးမကွဲပြားပေမယ့် အတွင်းအနှစ်သာရကတော့ အင်မတန် ခြားနားလှပါတယ်။ လောက လူသားတွေဟာ ကျီးကန်းနဲ့ တူပါတယ်။ သူတို့ရဲ့ အသံဟာ ဘယ်နေရာ၊ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် အမြဲတမ်း ဆူညံ ပူလောင်နေပါတယ်။ ဓမ္မလူသားတွေကတော့ ဥသြနဲ့တူပါတယ်။ သူတို့ရဲ့ အသံက ဘယ်နေရာ၊ ဘယ်ကိစ္စ မှာပဲဖြစ်ဖြစ် အမြဲတမ်း အေးချမ်းသာယာလှပါတယ်။
နောက်တစ်နည်းပြောရရင် လောကလူသားတွေဟာ ယင်ကောင်နဲ့တူပြီး ဓမ္မလူသားတွေက ပျားကောင်နဲ့ တူပါတယ်။ ယင်ကောင်ဟာ "ဘေး"ကို ပေးတတ်သလို လောကလူသား တွေဟာလည်း မိမိနဲ့ ပတ်ဝန်းကျင်ကို အပူ-ဆင်းရဲ-ပြဿနာ ဘေးဒုက္ခပေါင်းစုံကို ပေးတတ်ပါ တယ်။ ပျားကောင်တွေက "ဆေး"(ပျားရည်)ကို ပေးတတ်သလို ဓမ္မလူသားတွေကလည်း မိမိနဲ့ ပတ်ဝန်းကျင်ကို အေးချမ်း-ပျော်ရွှင်-ပြဿနာရောဂါပေါင်းစုံကို ကင်းစင်စေပါတယ်။
ဗုဒ္ဓသာသနာတော်မြတ်ကြီးဟာ သံသရာတစ်ကြောမှာ လောကလူသားအဖြစ်နဲ့ မျောချင် တိုင်းမျောခဲ့ကြရတဲ့ မိမိတို့ကို ဓမ္မလူသားအဖြစ်နဲ့ ဆယ်ယူကယ်တင်ဖို့ ပွင့်ထွန်းပေါ်ပေါက် လာခဲ့တာပါ။ ဗုဒ္ဓမြတ်စွာ သာသနာတော်နဲ့ ကြုံတုန်းဆုံခိုက်မှာတောင် မိမိတို့ရဲ့ တဏှာ-မာန-ဒိဋ္ဌိတွေကို မစွန့်ပစ်၊ မလျှော့ချနိုင်ရင်၊ သဒ္ဓါ၊ မေတ္တာ-ပညာတွေကို တိုးပွားအောင် မကြိုးစား နိုင်ကြရင် ဓမ္မလူသားအဖြစ်ကို ဘယ်သောအခါမှ မျှော်မှန်းနိုင်ကြမှာ မဟုတ်ပါဘူး။
ဘ၀သံသရာမှာ ဘ၀၊အသက်၊ခန္ဓာကို ပြန်ရဖို့ဆိုတာ ခံယဉ်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ဘုရားပွင့်တော်မူရာအချိန်အခါ သူတော်ကောင်းတရားနဲ့ အရိယသစ္စာကို သိမြင်နိုင်ခွင့် ဆိုတာတွေဟာ ဘ၀သံသရာမှာ အင်မတန် တွေ့ကြုံရဖို့ ခဲယဉ်းတဲ့အရာတွေပါ။ အမြဲတမ်း ဖြစ်ပေါ် တွေ့ကြုံနေကျ သာမန်ကိစ္စနဲ့ တစ်ခါတစ်ရံမှသာ ကြုံရတတ်တဲ့ အခွင့်ကောင်း၊ အခွင့်ထူး ဒီနှစ်ခုကို အသိဉာဏ်ချိန်ခွင်ပ်ါမှာတင်ပြီး ယှဉ်ကြည့်မိတဲ့ သူတော်ကောင်းတွေဟာ ရခဲတဲ့အရာ တွေအတွက်၊ ရလွယ်တဲ့ အရာတွေကို မငဲ့မကွက် ရက်ရက်စက်စက် စွန့်ပစ်တတ် ကြပါတယ်။
ဓမ္မလူသားတွေဆိုတာ ဘုရား၊ တရား၊ သံဃာ ရတနာတော်မြတ်သုံးပါးကို ကံမျက်စိနဲ့ သာမက ဉာဏ်မျက်စိနဲ့ပါ ဖူးတွေ့ကြရသူတွေပါ။ သူတို့ဟာ ဒီရတနာသုံးပါးကိုသာ လောကမှာ အမြင့်မြတ်ဆုံးသောမင်္ဂလာ၊ အဖိုးအတန်ဆုံးသော ရတနာ၊ အစစ်မှန်ဆုံးသော ကိုးကွယ်ရာ အဖြစ် မြတ်နိုးတန်ဖိုး ထားကြသူတွေပါ။ ဒီရတနာသုံးပါ။ရဲ့ ကျေးဇူးနဲ့ပဲ အပူအလွန်ပေါလှတဲ့ လူလောကကြီးထဲမှာ တစ်ဘ၀လုံး တည်ငြိမ်ရင့်ကျက် အေးချမ်းပျော်ရွှင်စွာ နေထိုင်သွား နိုင်ကြတာပါ။
အပူ-အရှုပ်၊ အယုတ်ဆိုတာတွေဟာ လောကလူသားတွေရဲ့ ပြယုဂ်ပါ။ လောကလူသား တွေရဲ့ နှလုံးသားဟာ မီးခိုခန်းကျဉ်းကျဉ်းကလေးထဲမှာ နေရတာလိုပဲ အမြဲတမ်း ကျဉ်းကျပ်ပူလောင် မည်းမှောင်ညစ်ထေး၊ ရှုပ်ထွေး နံစော်နေတာပါ။ အပျော်-အအေး-အမြတ် ဆိုတာတွေကတော့ ဓမ္မလူသား တွေရဲ့ အမှတ်လက္ခဏာတွေပါ။ ဓမ္မလူသားတွေရဲ့ နှလုံးသား ဟာ တိုက်ခန်းကျယ်ကြီးထဲမှာ နေရတာလိုပဲ အမြဲတမ်း လွတ်လပ် သန့်စင် အေးချမ်း ပျော်ရွှင်နေတာပါ။
သူတော်ကောင်းတရား ထွန်းလင်းရာခေတ်ကို လူအဖြစ်နဲ့ ကြုံကြိုက်ခွင့်ရသူတိုင်းဟာ လောကီ စိးပွားကြီးပွားရေးတွေထက် ဓမ္မလူသား ဖြစ်ခွင့်ရရေးကို ပိုမိုအလေးထား ကြိုးစားအားထုတ် သင့်ကြပါတယ်။ ဘ၀သံသရာမှာ တစ်ကြိမ် တစ်ခါလောက်သာ တွေ့ကြုံ ရတတ်တဲ့ ဓမ္မစီးပွားရေးကို ကြိမ်ဖန်များစွာ တွေ့ကြုံနေရတဲ့ လောကစီးပွားရေးလောက် အလေးဂရုမပြုတတ်သူတွေဟာ အဖိုးတန်ကျောက်မျက်ရတနာတွေ ပေါများရာ ဝေဘူတောင် ပေါ်ကို ရောက်ရှိပါလျက် ဓားသွေး ကျောက်မျှကိုသာ ကောက်ယူလာ သူနဲ့ ဥပမာတူပါတယ်။
ဘ၀မှာ "အရှိ"တရားတွေထက် "အသိ"တရားကသာပိုမိုပြီး တည်ငြိမ်ရင့်ကျက် အေးချမ်း ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တာပါ။ အသိတရားကင်းတဲ့အခါ လူ့ဓန၊ လူ့ချမ်းသာဆိုတာ မရှိတော့ စိတ်ပူ၊ ရှိလာတော့ စိတ်မအေး ဖြစ်ရသလို လူ့ဆန္ဒ၊ လူ့လိုအင်တွေကလည်း မရတော့ စိတ်ဆင်းရဲ၊ ရလာတော့ စိတ်မချမ်းသာ ဖြစ်တတ်ပါတယ်။ တကယ်တော့ "အရှိ"တရားဆိုတာ တွေဟာ မာရ်နတ်ရဲ့ တပ်မကြီးတစ်ခုဖြစ်ပြီး "အသိ" တရားဆိုတာကတော့ ဘုရားရှင်ရဲ့ မြင့်မြတ်တဲ့ အမွေအနှစ်တစ်ခု ဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး ဓမ္မပုံပြင်ကလေးတစ်ခု ပြောပြချင်ပါတယ် ။ ဒီပုံပြင်ကို တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ (ယော)ဆရာတော်ကြိး ပြောပြခဲ့ တာပါ။
တစ်ခါတုန်းက ရွာတစ်ရွာမှာ မတူးနဲ့ မထူးဆိုတဲ့ အပျိုကြီး ညီအင်မနှစ်ယောက်ရှိတယ်။ သူတို့ မိဘတွေက ပစ္စည်းဥစ္စာ အလွန်ပေါတဲ့ လူချမ်းသာတွေပါ။ တစ်ရွာလုံးရဲ့ မျက်နှာဖုံး ဘုရားဒကာ၊ ဘုရားအမ၊ ကျောင်းဒကာ၊ ကျောင်းအမတွေပေါ့။
ညီအစ်မ နှစ်ယောက်ဟာ မိဘနှစ်ပါးရှိစဉ်က အလွန်ချစ်ခင် ညီညွတ်ကြပေမယ့် မိဘနှစ်ပါး ကွယ်လွန်သွားတဲ့အခါ အမွေကိစ္စနဲ့ စကား မပြောနိုင်ကြတော့ဘူး၊ ပြုံးရာကနေ မဲ့ကုန်ကြသတဲ့။ အေးရာကနေ ပူလောင်ကုန်ကြပြီး၊ ပျော်စရာကနေ ရန်ဖြစ်စရာတွေ ဖန်တီးကုန်ကြသတဲ့။
ဘ၀ဆိုတာ ရှိတိုင်းချမ်းသာတာမှ မဟုတ်ဘဲ၊ လူ့ချမ်းသာရဲ့ အနှစ်သာရဆိုတာ "အသိ" ပဲ၊ တရားအသိမရှိရင် ချမ်းသာဖို့ ရည်ရွယ်ပြီး ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းတွေဟာ စိတ်နဲ့ ခလုတ် တိုက်ပြိး အမြဲ တမ်းလိုလို မျက်ရည်ကျရ၊ ပူရတတ်တယ်။
အခုလည်းအလွန်ချစ်တဲ့ ညီအစ်မနှစ်ယောက်ကို သွေးကွဲအောင် ခွဲပစ်တာက ပစ္စည်းပဲ။ ဖြောင့်အောင်ပြောရင်တော့ ပစ္စည်းအရင်းခံတဲ့ ဒေါသပါ။ ဒေါသဆိုတာ လောကရဲ့ အကြီးမားဆုံး `ခွဲအား´ပဲ။ နှစ်ယောက်တည်းရှိတဲ့ အပျိုကြီး ညီအစ်မကို အချင်းချင်း မျက်နှာချင်းဆိုင် စကား မပြောနိုင်အောင် ခွဲပစ်တာဟာ ဒီဒေါသပါပဲ။ ပစ္စည်းက ရန်တိုက်ပေးတော့ ဒေါသက ကွဲအောင် ခွဲပစ် လိုက်တာပေါ့။
ပုထဇဉ်တွေရဲ့ စိတ်ဆိုတာ တရားလွတ်ရင် မောဟအမှောင်ထဲမှာ အကျဉ်းချခံရပြီး လောဘနဲ့ ဒေါသက နှစ်ဖက်ညှပ်ပြီး ဖောင်တတ်တယ်။ အတူးနဲ့မထူး ညီအစ်မနှစ်ယောက်လည်း ပစ္စည်း လောဘ အလိုမကျတော့ ဒေါသမီးတွေတောက်နေကြတယ်။ တစ်အိမ်တည်းမှာ နှစ်ယောက် မျက်နှာ ချင်းဆိုင်လို့မရတော့ဘူး၊ တစ်ယောက်မျက်နှာ တစ်ယောက်လုံးဝ ကြည့်လို့ မရတော့ဘူးတဲ့။
နှစ်ထပ်အိမ်မှာ လှေကားက တစ်ခုတည်း၊ အပေါ်ထပ်တက်ချင်ရင် အတွင်းလှေကးက တက်ရတယ်။ နှစ်ယောက်မတည့်တော့ တစ်ယောက် တစ်ထပ်စီနေကြတယ်။ အတွင်း လှေကား ကိုလည်း ဖြုတ်ပြီး အပြင်ဘက်မှာ ပြောင်းတပ်ကြတယ်။ အပေါ်ထပ်က အစ်မမတူး၊ အောက်ထပ်က ညီမဖြစ်သူမထူး တစ်အိမ်တည်း အထပ်ခွဲပြီး နေကြတယ်။
ခြံဝင်းကိုလည်း အလယ်ကနေ ခွဲပြီး နှစ်ဝင်းဖြစ်အောင် အုတ်တံတိုင်းခတ်ပြီး ခြားထားကြ တယ်။ မတူးက အိမ်ရှေ့ခြံဝင်းကနေ အပေါ်ထပ်ကိုတက်ပြီးနေတယ်။ မထူးက အိမ်နောက်ခြံဝင်း ကနေ အောက်ထပ်ကို ၀င်ပြီးနေရတယ်။ နှစ်ယေက်တည်း နေကြပေမယ့် တိတ်ဆိတ်အေးချမ်းမှု မရှိကြဘူး။
အပေါ်ထပ်က အတူးက လမ်းသွားရင် ကြမ်းခင်းကို တဒုန်းဒုတ်းမြည်အောင်နင်းတယ်။ မတော်တဆလိုလိုနဲ့ တမင်တကာ ရေတွေ သွန်ချအမှိုက်တွေ သွန်ချ လုပ်တတ်တယ်။ အောက်ထပ်က မထူးကလည်း ခဲနဲ့ပစ် တုတ်ချောင်းနဲ့ထိုးပြီး အပေါ်ထပ်က အစ်မကို လှမ်းဆဲလိုက်၊ အောက်ထပ်က ညီမကို ပြန်ပြီး အော်ဆဲလိုက်နဲ့ ညီအစ်မ နှစ်ယေက်ရဲ့ ဒေါသငွေ့တွေကြောင့် တိုက်အိမ်ကြီးဟာ အခိုးအလျှံ တပြောင်ပြောင်ထွက်ပြီး ပူလောင်နေတယ်။ အိမ်ရဲ့ ကျက်သရေမင်္ဂလာ ဆိုတာ လုံးဝကင်းမဲ့ပြီး ခြောက်ကပ်ကပ်ကြိး ဖြစ်နေတာပေါ့။
အဲဒီအကြောင်းတွေကို သူတို့မိဘရှိစဉ်က ကိုးကွယ်ခဲ့တဲ့ ဘုန်းတော်ကြီးက ကြားတော့ အကြီးမ မတူးက ကျွတ်ဆတ်ဆတ်နဲ့ ပြောလို့မရမှန်း သိတာမို့ အငယ်မ မထူးကို ခေါ်ပြော တယ်။ "
"ဟဲ့ ..မထူး၊ နင်နဲ့မတူးက ဘာတော်လဲ"။ ညီအစ်မတော်ပါတယ်ဘုရား၊ ဟာ.. ညီအစ်မ မှန်ရင် ရန်ဖြစ်စရာ မလိုပါဘူးကွာမထူး၊ ရန်ဆိုတာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်သူနဲ့ပဲဖြစ်ဖြစ်၊ ဖြစ်လို့ရတာပဲ။ ညီအစ်မဆိုတာ ဆွေမျိုးပဲ၊ ဆွေစိတ်မျိုးစိတ်ထားရမှာပေါ့။ ရန်သူ စိတ်မထားရဘူး၊ ဆွေမျိုးဆိုတာ ရင်းနှီးရမယ်၊ ခင်မင်ရမယ်၊ ချစ်ကျွမ်းဝင်ရမယ်၊ အကျိုးလိုလားပြီး သစ္စာရှိရမယ်။ မိဘနှစ်ပါေးကြာင့် သွေးသားစပ်ပေမယ့် ဆွေမျိုးမတော်နိုင်ဘူးဆိုတာ လောဘ၊ဒေါသ၊ မောဟတွေ ကြောင့်ပါ။ အဲဒီ လောဘ။ဒေါသ၊မောဟတံတိုင်းတွေ ခြားနေရင် ဆွေစိတ် မျိုးစိတ်ပျောက်ပြီး သိပ်ကြောက်စရာကောင်းတဲ့ ရန်သူဖြစ်သွားတတ်တယ်'။
"ကဲ… မထူး၊ မင်းက အငယ်ဆိုတော့ အကြီးကို သည်းခံခွင့်လွှတ်လိုက်၊ ပြီးတော့ အစ်မ မတူး ကို မေတ္တာပို့၊ ဖြစ်တဲ့နည်းနဲ့ မေတ္တာပို့ မေတ္တာလွယ်လွယ်နဲ့ ပို့လို့မရရင် ဘုရားရှေ့သွား၊ ဘုရား အာရုံပြုပြီး စိတ်ကို ဆေးကြောသန့်စင်လိုက်၊ စိတ်ကောင်းတွေ ထုတ်လုပ်လိုက်၊ ပြီးရင် နင့်အပေါ်မှာ နင့်အစ်မ ကျေးဇူးပြုခဲ့တာတွေ အများကြီးပဲ၊ အဲဒီကောင်းကွက် ကလေးတွေကို သေသေချာချာ ဖော်ပြီး မေတ္တာစူးစူးစိုက်စိုက်ပို့ပါ။ ဒါဆိုရင် နင့်တို့ ညီအစ်မရဲပ အိမ်တွင်းရေး ပြဿနာ ဟာ ပြေလည် သွားမှာပဲ။
အဲဒီလို ဘုန်းတော်ကြီးက ဆုံးမသွန်သင်လိုက်တဲ့အခါ မထူးဟာ အိမ်ပြန်၊ ဘုရားရှေ့သွား၊ ဘုရားအာရုံပြုပြီး မေတ္တာဘာဝနာ ပွားများ လိုက်တဲ့အခါ ဒေါသအပူအခိုးတွေ ကွယ်ပျောက်ပြီး၊ သူရဲ့ ပင်ကိုယ်စိတ် ကောင်းလေးတွေ ပေါ်လာသတဲ့။ သူ့အစ်မ မတူးရဲ့ ကောင်းကွက် ကျေးဇူးတွေ မြင်လာတဲ့အခါ"ကျေးဇူးရှင် အစ်မမတူး ဘေးရန်ကင်းကွာ၊ ကျန်းမာ ချမ်းသာပါစေ"လို့ မထူးဟာ လှိုက်လှိုက် လှဲလှဲ မေတ္တာပို့ပါတယ်။
တစ်ရက်လည်း၊ မဟုတ် နှစ်ရက်လည်း မဟုတ် နေ့စဉ် ဘုရားရှင်ရဲ့ စွမ်းအားအကူအညီနဲ့ မေတ္တာပို့နေတဲ့အခါ နည်းလမ်းမှန်တော့ အစ်မဆီ မေတ္တာဓာတ်တွေ ရောက်တောပေါ့။ အိမ်အပေါ် ထပ်က မတူး မနေနိုင်ဘူး။ အောက်ထပ်ဆင်းပြီးတော့ ပြောလာတယ်။
"ညီမရယ်၊ အစ်မ မှားတာပါ၊ အစ်မကိုလည်း သည်းခံပါ၊ခွင့်လွှတ်ပါ"။ "မဟုတ်ပါဘူး အစ်မရယ်၊ ညီမက မိုက်တာပါ။တစ်ယောက်နဲ့တစ်ယောက် ဖြောင့်ချက်ပေးလာကြတယ်။
စောစောကတော့ နင်မှားတာ၊ နင်မှားတာနဲ့ တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုး ကြတယ်။ ဒေါသရဲ့ ဆွဲအားကြောင့် ကိုယ့်ကိုယ်ကို တရားခံမလုပ်နိုင်ကြဘူး။ အခုတော့ ဆွေစိတ်မျိုးစိတ်တွေ ပေါ်လာတာကြောင့် ခန္တီရဲ့ မေတ္တာပြန်ဝင်လာတယ်။ ကိုယ်ကိုယ်ကို တရားခံလုပ်နိုင်ကြတယ်။ အဲဒါနဲ့ တစ်ယေက်နဲ့တစ်ယောက် တည့်သွားကြတယ်။ မလုပ်ချင်လို့၊ မလုပ်နိုင်လို့သာ မဖြစ်ကြတာပါ။ တကယ်လုပ်ရင်တော့ အဟုတ် ဖြစ်ကြတာချည်းပါပဲ။
အိမ်ဘေးက ထောင်ထားတဲ့ လှေကားကြီးဖြုတ်ချ၊ အရင်အတိုင်း အထဲက ပြန်တပ်၊ နှစ်ဝင်း ခြားပြီး ကာထားတဲ့ အုတ်တံတိုင်းကိုလည်း ဖြိုချ၊ တစ်အိမ်တည်း တစ်ထပ်တည်းမှာပဲ အတူပြန်ပြီး ချစ်ချစ်ခင်ခင် နေထိုင်ကြသတဲ့၊ လောကမှာ မေတ္တာတရားဟာ အကြီးမားဆုံး ဆွဲအားပဲ
အဲဒါနဲ့ မတူးနဲ့ မထူးတို့ဟာ အသိတရားတွေ ၀င်လာကြပြီးတော့ မိဘနှစ်ပါးရဲ့ ပစ္စည်း အမွေ"အရှိ" တရားတွေကို မှန်မှန်ကန်ကန် ခွဲဝေအသုံးချတတ်တာကြောင့်၊ လောက သာသနာနဲ့ နှစ်ဖြာစလုံးမှာ အကျိုးမှားလှတဲ့ ဘုရားအမ၊ ကျောင်းအမတွေ ဖြစ်ကုန်ကြတယ်။ အချင်းချင်းလည်း ချင်ခင်မြတ်နိုးကြပြီး ပတ်ဝန်းကျင်ရဲ့ ချစ်ခင်လေးစား တန်ဖိုးထားမှုကိုလည်း ခံယူ ကြရတယ်။ လောကနဲ့ သာသနာကို တရားနဲ့ အလှဆင်နိုင်ကြတဲ့ အဖိုးတန် အမျိုး ကောင်းသမီးတွေ ဖြစ်သွားကြပါတယ်။
ဆရာဘုန်းကြိးထံလည်း မကြာ မကြာသွားပြီး အဆုံးအမကို နာယူကြတယ်။ တရားနဲ့ နားတွေ့ ဖန်များတော့ အထူးသိမ်မွေ့လာကြပါတယ်။ တရားနဲ့ စားဝတ်နေရေး အတူတွဲပြီး တရားနဲ့မွေ့လျော်တတ်လာတယ်။ သတိနဲ့ မေတ္တာကို စွဲစွဲမြဲမြဲ ထုံထားတော့ ဘ၀အနေရှင်းပြီး စီးပွားရေးလည်း ပိုကောင်းလာတယ်။ သဒ္ဓါ၊ မေတ္တာအားကောင်းတော့ နေရာတကာ လူရာဝင်ပြီး ပွဲလယ် တင့်ကြတယ်။ နေ့စဉ် နေ့စဉ်(၁)ဒါန(၂)သရဏဂုံ(၃)ငါးပါးသီလ(၄)မေတ္တာ(၀ိပဿနာ ဒီကုသိုလ်(၅)ခုကို အထူးရအောင် ကြိုးစားအားထုတ်ကြတယ်။
တစ်နေ့တော့ အိမ်ဝင်းတံခါး မပိတ်မိလို့ ညဉ့်နက်ချိန်မှာ မတူး မထူးတို့အိမ်ကို ဓားပြသုံး ယောက် ရောက်လာပြီး အိမ်တံခါးကို အတင်းအဖွင့်ခိုင်းတယ်။ မတူးနဲ့ မထူးတို့ဟာ ရတနာ သုံးပါး ဂုဏ်ကို အာရုံပြုရင်း မေတ္တာကိုလည်း စူးစူးစိုက်စိုက်ပွားကာ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ တံခါးသွား ဖွင့်ပေးကြပါတယ်။
"သြော်…ဦးလေးတို့၊ အစ်ကိုတို့၊ တယ်လည်း မိုးချုပ်ကြပါလား၊ လာကြပါ၊ လာကြပါ၊ တံခါး ဖွင့်ပေးရမှာပေါ့"
"ဟေ့.. နင်တို့ ဦးလေး၊ အစ်ကိုတွေ မဟုတ်ဘူး၊ ငါတို့က ဓားပြတွေ သိရဲ့လား၊ ငွေ(၁၀)သိန်း ပေးရင်ပေး၊ မပေးရင် အသေပဲ"
" မဟုတ်ပါဘူးရှင်၊ ကျွန်မ တို့ရဲ့ ဦးလေးတို့၊ အစ်ကိုတို့ဆိုတာ ကျွန်မတို့ နေ့စဉ် လုပ်နေကျ ဒါန၊ သီလ၊ သရဏဂုံ၊ မေတ္တာ၊ ၀ိပဿနာ ကောင်းမှုဆွေမျိုးတွေကို ဖိတ်ခေါ်တာပါရှင်။ သဒ္ဓါတရားတံခါး၊ ဖွင့်ပေးပါမယ်။ ကောင်းမှု ဆွေမျိုးတွေ စိတ်ထဲဝင်လာကြပါလို့ ပြောတာပါရှင်"
အဲဒီလိုဆိုတော့ ဓားပြသုံးယောက်လည်း ကြောက်လန့်ပြီး ဆင်းပြေးကုန်ကြသတဲ့။ တကယ်တော့ မေတ္တာလွှမ်းခြုံလို့ ဘေးရန်မျိုးစုံ လုံကြတာပါ။ မတူးနဲ့ မထူးဟာ သတိနဲ့မေတ္တာ အစွမ်း ထက်မှန်း လက်တွေ့သိကြရတော့ ပိုမိုကြိုးစားကြပါတယ်။ တစ်ဘ၀လုံး တရားစွမ်းအားနဲ့ တည်ငြိမ် အေးချမ်းပျော်ရွှင်စွာ နေထိုင်သွားကြပါသတဲ့။
ဒီဓမ္မပုံပြင်ကလေးဟာ မိမိတို့ ၀န်းကျင်မှာ နေ့စဉ်နဲ့အမျှ တွေ့မြင်နိုင်ကြတဲ့ ပုထုဇဉ်ဘ၀ရဲ့ ကောက်ကြောင်းပုံ ရိုးရိုးကလေးပါ။ ဒီပုံပြင်ကလေးထဲမှာ လောကလူသားနဲ့ ဓမ္မလူသားတို့ရဲ့ အဖြစ် သနစ်ချင်း ကွာခြားပုံကို၊ မတူးနဲ့ မထူးတို့ရဲ့ ဘ၀အလင်းအမှောင်အဖြစ် ခြယ်မှုန်းထားပုံကို တွေ့မြင်ရမှာဖြစ်သလို အရှိ တရားနဲ့ အသိတရားတို့ရဲ့ တန်ဖိုးချင်း မတူညီပုံကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
လူ့ဘ၀၊ လူ့ချမ်းသာဆိုတာ "အရှိ" တရား တစ်ခုတည်းနဲ့ မပြည့်စုံနိုင်ပါဘူး။ လူ့ဘ၀ရဲ့ အဖိုး အတန်ဆုံး ရတနာဟာ "အသိ"တရားပဲ ဖြစ်ပါတယ်။ အရှိတရားတွေမဟုတ်ပါ။ ပုံပြင်ကလေးရဲ့ ဖြစ်စဉ်ကို သုံးသပ်ကြည့်ရင် လူကို ကိလေသာက နိုင်ပုံ၊ ကိလေသာကို တရားက နိုင်ပုံ၊ တရားကို အသိ သတိက နိုင်ပုံကို တွေ့ရမှာပါ။ လူသားဟာ အသိ သတိလေး တစ်ချက် ၀င်လိုက်တာနဲ့ လောကလူသားအဖြစ်ကနေ ဓမ္မလူသားအဖြစ်ကို တက်လှမ်းနိုင်ပါတယ်။
ဒါပေမယ့်"အရှိ" တရားတွေနောက်လိုက်ရင်း "အသိ"တရားတွေ မပျောက်ပျက်ဖို့၊ လောက နောက်ကို လိုက်ရင်း ဓမ္မတွေ မဆုံးရှုံးဖို့ကိုတော့ သတိကြီးစွာ ထားရမှာ ဖြစ်ပါတယ်။
တော်ဝင်နွယ်
“အင်္ကျီပါးနှင့် သင်္ကြန်ရေ၊ သတ္တ၀ါတွေ မျက်စိပြူးလို့"
သိကြားမင်း သက်ဆင်းတဲ့ တာသင်္ကြန်။
ကုမ္မာရီ ရှံ-၀ိုင် အဆန်းရယ်နဲ့ ဖျန်းရေပက်ခံ။
မျက်ကြောတွေသန် သာမာန်လူဖယ်ထား။
ဝါသ၀(သိကြားမင်း)သော်မှ ဌာနကို မပြန်ကြာ၍၊
သုဇိတာ ထမီ မ ခါပ။
ကိုကိုဟာ တော်တော်ထသည်၊ ဒေါပွမှသွား။
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP