* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, April 2, 2010

မေတ္တာရှိရင် အားလုံးရှိတယ်။

Friday, 02 April 2010 06:28 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

ကမ္ဘာပေါ်မှာ နှစ်သက်မြတ်နိုးဖွယ်ရာ အကောင်းဆုံးဟာ မေတ္တာပါပဲ။ မေတ္တာတရားဟာ ယဉ်ကျေးမှုရဲ့ အသည်းနှလုံး၊ ငြိမ်းချမ်းခြင်းရဲ့ ဗဟိုချက်မ၊ မြင့်မြတ်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ် ပါတယ်။ မေတ္တာတရားမှာ ရွှင်လန်းချမ်းမြေ့တဲ့မျက်နှာ၊ ချိုသာကြည်မြတဲ့ အသံ၊ နူးညံ့သိမ် မွေ့တဲ့ အမူအရာနဲ့ ယဉ်ကျေးပျူငှာတဲ့ နှလုံးသားရှိပါတယ်။

မေတ္တာနဲ့ အိပ်စက်ရခြင်း၊ မေတ္တာနဲ့ နိုးထရခြင်း၊မေတ္တာနဲ့ ရှင်သန်နေထိုင်ရခြင်းတွေဟာ ဘ၀ရဲ့ အလှအပနဲ့ နှလုံး မွေ့လျော်ပျော်ဖွယ်ရာတို့ရဲ့ ဖြစ်ဖျားခံရာဖြစ်သလို လူ့ဘ၀ရဲ့ ခွန်အား၊ လူ့စိတ်ရဲ့ အလင်းရောင်၊ လူလောကရဲ့ မီးရှုးတန်ဆောင်လည်း ဖြစ်ပါတယ်။

လောကမှာ အလှတရားဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် မေတ္တာ တရားရဲ့ အလှနဲ့ ယှဉ်လိုက် ရင် ကြွင်းကျန်သမျှဟာ `ဖွဲနဲ့ဆန်ကွဲ´ဖြစ်ကုန်ပါတယ်။

မေတ္တာပန်းတွေ ပွင့်လန်းဝေဆာနေတဲ့ နှလုံးသားဥယာဉ်ခြံကျယ် ကြီးတွေမှာဆိုရင် ဘ၀ရဲ့ ခါးသီးခက်ထန်မှုတွေက မြေဆီမြေသြဇာတွေဖြစ်သွားပြီး ဘေးရန်အန္တရာယ် အသွယ် အသွယ်ကတော့ သာယာငြိမ့်ညောင်းတဲ့ စမ်းချောင်း ကလေးတွေအဖြစ် ပြောင်းသွားပါတယ်။ အခက်အခဲ အကျပ်အတည်း ပြဿနာပေါင်းစုံက တောင်ကုန်းမို့မို့လေးတွေလို ကြည့်ရှုမ၀ ဖြစ်နေပြီး၊ အနှောက်အယှက် အတားအဆီး အချုပ်အချယ်မျိုးစုံကတော့ လမ်းကွေ့လမ်း ကောက်ကလေးတွေလို သာယာလှပနေပါတယ်။ စိတ်ညစ် စိတ်ရှုတ်စရာတွေက ပျားပိတုန်း ကောင်လေးတွေဖြစ်သွားပြီး စိတ်ပျက် အားငယ်မှုလေးတွေကတော့ ရောင်စုံလိပ်ပြာငယ်တွေ အဖြစ် ပြောင်းလဲကုန်ပါတယ်။

မေတ္တာတရားရဲ့ စွမ်းအားဟာ အင်မတန် အံ့သြဖို့ကောင်းပါတယ်။ ပူလောင်ညှိုးနွမ်းနေတဲ့ နှလုံးသားတွေကို အေးချမ်းလန်းဆန်းစေပြီး၊ အေးစက် မာကျောနေတဲ့ နှလုံးသားတွေကို တော့ နူးညံ့စေပါတယ်။ အတ္တ၊မာန မစ္ဆရိယ စတာတွေကြောင့် ကျဉ်းကျပ်သေးသိမ်နေတဲ့ နှလုံးသားတွေကို ကြီးကျယ် မြင့်မြတ်လာအောင် ချဲ့ထွင်မြှင့်တင်ပေးပြီး၊ လောဘ၊ဒေါသ၊မောဟ စတာတွေကြောင့် အမိုက်အမှောင်ကျနေတဲ့ လကွယ်ည နှလုံးသားတွေကိုတော့ လပြည့်ဝန်းလို ထွန်းလင်းသာယာစေပါတယ်။

မေတ္တာတရားရဲ့ ကျေးဇူးကြောင့် လူသားတွေဟာ ဘ၀နဲ့ လောကကို ပျော်ရွှင်ရဲဝံ့စွာ ရင်ဆိုင်နိုင်ရုံမျှမက၊ လောကကောင်းကျိုးကို သယ်ပိုးဖို့ ၀န်မလေးတဲ့သူတွေ၊ လောကကို အလှပြုပြင် တန်ဆာဆင်ပေးတဲ့ သူတွေ ဖြစ်လာပါတယ်။ မေတ္တာတရားဟာ လူသားတွေကို မဆင်မခြင် မိုက်လုံးကြီးမှု၊ အောက်တန်းကျ ယုတ်ညံ့မှု၊ မယဉ်ကျေးမှု ဗွက်နွံအတွင်းက ထုတ်ဆယ်ပြီး အသိအလိမ္မာနဲ့ အဆင့်အတန်းရှိ ယဉ်ကျေးတဲ့ပုဂ္ဂိုလ်အဖြစ် မြှင့်တင်ပေးပါတယ်။ အေးအတူပူအမျှ သက်၇ှိအချင်းချင်း ကူညီယိုင်းပင်းပြီး ချစ်ခင်စွာဖွဲ့စည်း နေထိုင်တတ်တဲ့ မိသားစုကမ္ဘာကို ဖန်တီးပေးပါတယ်။

ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာလောကရဲ့ ကြည်နူးဖွယ်ရာ အခြေအနေအားလုံးအတွက် ကျေးဇူး စကားဆိုရမယ့် ဆိုသင့်တဲ့အရာဟာ မေတ္တာတရားပါ။ အကြမ်းဖက်မှုတွေ ပပျောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ရေး ဟစ်ကြွေးလျက်ရှိတဲ့ ခေတ်သစ်ကမ္ဘာလောကအတွက် မေတ္တာတရား အရိုးသားဆုံး ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်။ မြင့်မြတ်တဲ့ လူသားအဖြစ်နဲ့ ငြိမ်းချမ်းရေးနဲ့ ပျော်ရွှင်ချမ်းမြေ့ရေး ပန်းတိုင်ကို ရောက်နိုင်ေ၇း ခရီးစဉ်မှာ မှန်မှန်ကန်ကန် လမ်းညွှန်ဦးဆောင်မှု ပေးနိုင်တဲ့ အရာဟာလည်း မေတ္တာတရားပဲ ရှိပါတယ်။

မေတ္တာတရား ဆိုတာ လူမျိုး မရွေး ဘာသာမရွေး ပုဂ္ဂိုလ်မရွေး ဒေသမရွေး ကျင့်သုံး ထိုက်တဲ့ အဖြူထည် အရိုးခံ သဘောတရားတစ်ခု ဖြစ်တဲ့အပြင်၊ လူတစ်ဦးချင်းစီရဲ့ လူမှုရေး ပညာရေးကျန်းမာရေး စီးပွားရေး စတဲ့ အရေးကိစ္စ ပေါင်းစုံတွေမှာ အမြဲဆက်နွယ်ပါဝင်နေတဲ့ အဆောင် သဘောတရားတစ်ခုလည်း ဖြစ်ပါတယ်။ မေတ္တာတရားရဲ့ အရေးပါ အရာရောက်မှုနဲ့ စိမ့်ဝင်ပတ်သက်နေတဲ့ နယ်ပယ်ဧရိယာဟာ အင်မတန် ကြီးမား ကျယ်ပြန့်ပါတယ်။

လောကေ၇းပဲဖြစ်ဖြစ်၊ ဓမ္မရေးပဲဖြစ်ဖြစ်(တစ်နည်းပြောရရင်) လောကီဘ၀မှာပဲဖြစ်ဖြစ်၊ လောကုတ္တရာဘ၀မှာပဲဖြစ်ဖြစ် မေတ္တာတရား မလိုအပ်တဲ့နေရာ၊ မပါဝင်သင့်တဲ့ အမှုကိစ္စမရှိပါဘူး။ ဒါကြောင့် မေတ္တာတရားကို ပါဠိစာပေမှာ ` သဗ္ဗတ္ထက-အရာခပ်သိမ်း အမှုကိစ္စ အားလုံးတို့၌ အလိုရှိအပ်သောတရား၊လို့ ရေးသားဖော်ပြထားပါတယ်။ နောက်ပြီး မေတ္တာဆိုတာ `စတုရာရက္ခ´လို့ခေါ်တဲ့ ကိုယ်စောင့်တရားလေးပါးမှာ ပါဝင်သလို `ဗြဟ္မ၀ိဟာရ´လို့ခေါ်တဲ့ ဗြဟ္မစိုရ် တရားလေးပါးမှာလည်း ကအကျုံးဝင်ပါတယ်။ ပါရမီ(၁၀)ပါးထဲမှာ ပါဝင်သလို ကမ္မဋ္ဌာန်း(၄၀)ထဲမှာလည်း ထည့်သွင်း ထားပါတယ်။

လောကုတ္တရာဘ၀အောင်မြင်ရေးမှာ သမ္မာဒိဌိ-(ပညာ)က အရေးကြီးပြဌာန်းသလို၊ လောကီဘ၀ အောင်မြင်ေ၇းမှာလည်း မေတ္တာတရားက အရေးကြီးပြဌာန်းပါတယ်။ မေတ္တာတရားဟာ လောကီဘ၀အောင်မြင်မှုရဲ့ အရုဏ်ဦးပါ။ အရုဏ် မတက်ဘဲ နေ့သစ်တစ်ခုကို မရောက်နိုင်သလို၊ မေတ္တာမပါဘဲ လောကီဘ၀အောင်မြင်မှုကို လုံးဝမရနိုင်ပါ။ မေတ္တာမပါဘဲ လောကီ ဘ၀အောင်မြင်မှု ရရှိထားပါတယ်ဆိုရင် အဲဒီအောင်မြင်မှုဟာ ရေအရည်စိန်အောင်မြင် မှု (တစ်နည်း ပြောရရင်) သဲရဲတိုက်၊ ရေခဲစိမ်တွေ့ပဲ ဖြစ်မှာပါ။

တကယ်တော့ မေတ္တာတရားဆိုတာ နှလုံးသားရဲ့ ရတနာ၊ လူ့ဘ၀ရဲ့ ဦးဆောက်ပန်း၊ တစ်လောကလုံးရဲ့ ဘာသာရေး ဖြစ်ပါတယ်။ စာရေးသူကတော့ မေတ္တာရှိရာမှာ အရာခပ်သိမ်းရှိ တယ်လို့ ပြောချင်ပါတယ်။ အရာခပ်သိမ်းဆိုရာမှာ အလိုရှိအပ်၊ နှစ်သက်အပ်၊ ကောင်းမြတ် တာတွေကို ဆိုလိုတာပါ။

ဒီအကြောင်းနဲ့ စပ်ယှဉ်ပြီး ဓမ္မပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ်။ ဒီပုံပြင်ကလေးဟာ အလင်းတန်းဂျယ်ထဲမှာ ဆရာအတ္တကျော်ေ၇းသားခဲ့တဲ့ အမောပြေ ပုံတိုပတ်စတွေထဲကပါ။

တစ်ခါတုန်းက အမျိုးသမီးတစ်ယောက်ဟာ အ၀တ်လှန်းဖို့ အိမ်ရှေ့ကိုအထွက်လိုက် သူ့ခြံဝင်းထဲမှာ မုတ်ဆိတ် ဖားဖားကြီးနဲ့ အဘိုးကြီး(၃)ယောက် ထိုင်နေကြတာကို တွေ့လိုက် ရသတဲ့။ အမျိုးသမီးက အဲဒီ သုံးယောက်ကို ဘယ်သူ ဘယ်ဝါမှန်း မသိပေမယ့် သက်ကြီး ရွယ်အိုတွေ ဖြစ်နေတာမို့ ဂါရ၀လေးနဲ့ `အဘတို့ကို ကျွန်မ မြင်တွေ့မြင်ဖူးသလိုပဲ၊ အမောပြေ ၀င်နားနေကြတာထင်ပါရဲံ၊ အိမ်ထဲဝင်ပြီး အကြမ်းလေးသောက်၊ လက်ဖက်လေး မြုံ့ပါဦးလား´လို့ ဖိတ်မန္တက ပြုလိုက်ပါတယ်။

အဘိုးကြီးတွေက ချက်ချင်းပဲ သူ့ကို ပြန်မေးတယ်၊ ` ကလေးမရဲ့ အိမ်သား မရှိဘူးလား ကွယ်´ ၊ ` သူအပြင်သွား နေပါတယ်ရှင့်´၊ ဒါဆိုရင်တော့ တို့များဝင်လို့ ဘယ်တင့်တယ်ပါ့မလဲ သူငယ်မရဲ့´၊ အဘိုးကြီးတွေ ပြောတာကလည်း သဘာကျနေတာမို့ အမျိုးသမီးလည်း အတွန့် မတက်တော့ဘဲ သူ့အလုပ် သူလုပ်နေလိုက်ပါသတဲ့။

အဲဒီလိုနဲ့ နေလေးစောင်းလို့ သူ့ခင်ပွန်းသည် အလုပ်က ပြန်ရောက်လာတဲ့အခါ အမျိုးသမီးက ခင်ပွန်းသည်ကို အကျိုးအကြောင်း ပြောပြ လိုက်ပါတယ်။ အဲဒီအခါ ခင်ပွန်းသည် က `သွားပြောချေပါကွာ၊ အဘိုးအိုကြီးတွေ သနား ပါတယ်၊ အိမ်ထဲကို ခေါ်လိုက်ပါလား´လို့ ပြောပါတယ်။ ဒါနဲ့ အမျိုးသမီးလည်း ခင်ပွန်းသည်ပြောတဲ့အတိုင်း အပြင်မှာ အခုထက်ထိ ရှိသေးတဲ့အဘိုးကြီးတွေကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်တာပေါ့။

အဲဒီအခါ ` တို့သုံးယောက် စလုံးဝင်လို့တော့ မဖြစ်ဘူးကလေးမရဲ့´လို့ အဘိုးကြိးတွေက ပြောပြသတဲ့။ `ဘာဖြစ်လို့ ပါလဲ´လို့ အမျိုးသမီးက အကျိုးအကြောင်း မေးတဲ့အခါ၊ အဘိုးကြီးတစ်ယောက်က သူ့အဖော် နှစ်ယောက်ကို လက်ညှိုး ထိုးပြပြီး၊ သူ့နာမည်က ဘဓန၊ ဟိုဘက်တစ်ယောက်က ဘအောင်လံတဲ့၊ အဘနာမည်ကတော့ ဘမေတ္တာပါတဲ့ကွယ်။ ကဲ-ကဲ.. ၊ ကလေးမရဲ့ အိမ်သားကို အဘတို့ရဲ့ နာမည်လေးတွေ ပြောပြပြီး၊ ဘယ်သူကို ကလေးတို့ရဲ့ အိမ်ထဲ အဖိတ်ချင် ဆုံးလဲဆိုတာ သွားမေးချေပါဦးလား၊ အဘတို့ သုံးယောက်စလုံးတော့ ၀င်လို့ကို မဖြစ်လို့ အခုလို ပြောရတာပါ´လို့ ဆိုပြန်သတဲ့။

ဒါနဲ့ အမျိုးသမီးလည်း အဘိုးကြီးပြောတဲ့အတိုင်း အိမ်ထဲကို ပြန်ဝင်ပြီး၊ သူ့ခင်ပွန်းသည်ကို အဘိုးကြီးတွေ ပြောတဲ့အတိုင်း တစ်လုံးမကျန် အစီရင်ခံတာပေါ့၊ ဇနီးသည်ပြောတဲ့ စကားကိုလည်း ကြားလိုက်ရရော၊ ခင်ပွန်းလုပ်သူ အမျိုးသားလည်း ထခုန်မိမတတ် ပျော်သွား သတဲ့။ ` နိပ်လိုက်တာ မိန်းမရာ၊ တစ်ယောက်တည်းသာ ခေါ်ကြစတမ်းဆို `ဘဓန´ကိုသာ အိမ်ထဲကို ခေါ်လိုက်ပါကွာ၊ ဓနဆိုတာကြွယ် ချမ်းသာမှု နိမိတ်ပဲ၊ တို့အိမ်ထဲကို ဓနတွေနဲ့ဖြည့် လိုက်ရ အောင်လေ´။

လင်သားက အဲဒီလိုပြောတော့ ဇနီးလုပ်သူက သဘောမတူဘူး၊ `အစ်ကိုရယ် ကျွန်မသဘောကဖြင့် ` ဘအောင်လံ´ ကို သွင်းချင်တယ်၊ ဒါမှ တစ်အိမ်လုံးမှာ အောင်မြင်မှု တွေ ရမှာပေါ့´။ အမျိုးသမီးက အဲဒီလို ပြောလိုက် တဲ့အခါ မှာတော့ အခန်းထောင့်မှာ ကုပ်ကုပ် ကလေးထိုင်ရင်း သူတို့စကား နားစွင့်နေတဲ့ သူတို့ရဲ့ ချွေးမက ` အဖေတို့ အမေတို့ကလည်း ဖိတ်ချင်းဖိတ်`ဘမေတ္တာ´ကိုသာ ဖိတ်သင့်တယ်လို့ သမီးကတော့ ထင်ပါတယ်။ ဒါမှလည်း ဒီအိမ် တစ်အိမ်လုံး မေတ္တာတွေနဲ့ မွမ်းထုံပြီး အေးချမ်းစိုပြေနေမှာပေါ့ အဖေတို့ရဲ့´လို့ တစ်စခန်း ထာပြန်ပါတယ်။

ချွေးမလုပ်သူက အဲဒီလိုလည်း ပြောလိုက်ရော ယောက္ခထီး ဖြစ်သူ ခင်ပွန်းသည်က ` မိန်းမရေ ငါ့သမီးပြောတာ သိပ်မှန်တာပဲ။ ဘမေတ္တာကို ဖိတ်လိုကတာသစာ အကောင်းဆုံး ဖြစ်မှာပဲ၊ လုပ်ကွာ၊ ဘမေတ္တာကိုသာ သွားဖိတ်လိုက်ပေ တော့´လို့ မယားဖြစ်သူကို စေခိုင်း လိုက်ပါသတဲ့။

ဒါနဲ့ အမျိုးသမီးလည်း အိမ်အပြင်ကို တစ်ခေါက်ပြန်ထွက်ပြီး အပြင်ရောက်တာနဲ့ အဘိုးကြီး သုံးယောက်ကို` အဘတို့ထဲက ဘယ်သူဟာ ဘမေတ္တာပါလဲရှင်၊ ကျွန်မတို့မိသားစုက ဘမေတ္တာကို အိမ်ထဲဝင်ဖို့ ဖိတ်ချင်လို့ပါနော်´လို့ ပြောလိုက်တာပေါ့။

အဲဒီအခါ ဘမေတ္တာဆိုတဲ့ အဘိုးကြီးလည်း ထိုင်ရာကထတဲ့ပြီး အိမ်အ၀င်ဆီကိုသွားဖို့ ခြေလှမ်းပြင် လိုက်တယ်၊ တစ်ချိန်တည်းမှာပဲ ကျန်တဲ့ အဘိုးကြီးနှစ်ယောက်ကလည်း နေရာကထပြီး ဘမေတ္တာ နောက်ကို လိုက်ဖို့ ခြေလှမ်းပြင် လိုက်ကြသတဲ့။ အမျိုးသမီးလည်း အတော်ကို အံ့အားသင့်သွားတယ်။ ဒါနဲ့ ဘဓနအနေနဲ့ ဘအောင်လံတို့ကို ချက်ချင်း လှမ်းပြော လိုက်မိတယ်။

"ကျွန်မက ဘမေတ္တာ တစ်ဦးတည်းကိုသာ ဖိတ်လိုက်တာပါ။ စောစောကပြောတော့ သုံးယောက်စလုံး ၀င်လို့ မဖြစ်ဘူးဆို အခုတော့ အဘတို့ သုံးယောက်စလုံးဟာ ဘယ်လိုလဲ၊ ၀င်လို့ဖြစ်သွားပြီလား"။

အဲဒီလိုလည်း မေးလိုက်ရော အဘိုးကြီးသုံးယောက်စလုံဒးက တစ်ပြိုင်နက်တည်း ပြန်ဖြေ လိုက်ကြပါတယ်။ အေး.. ကလေးမတို့က ဘဓနကိုဖြစ်ဖြစ်၊ ဘအောင်လံကိုဖြစ်ဖြစ် ဖိတ်မယ်ဆိုရင်ောတ့ ကျန်တဲ့နှစ်ယောက်က အိမ်အပြင်မှာနေခဲ့ တော့မလိုပဲကွယ်၊ အခုတော့ သမီးတို့က ဘမေတ္တာကို ဖိတ်လိုက်ပေတာကိုး။ ကလေးမ သေချာမှတ်ထား။ ဘယ်တော့မဆို မေတ္တာသာ ရှိနေမယ်ဆိုရင် ဓနရော၊ အောင်လံပါ ရှိနေမယ်ဆိုတာ ညည်းတို့ဘ၀ တစ်သက်စာ မှတ်သားထားကြပေတော့ကွယ်"တဲ့။

ဒီပုံပြင်ကလေးက ဝေငှလိုက်တဲ့ ဘ၀ဒဿနဟာ အင်မတန် ထိမိလှပလှပါတယ်။ မေတ္တာတရားဟာ မိမိတို့ရဲ့ ဘ၀ထဲကို ထဲထဲဝင်ဝင် ရောက်ရှိလာအောင် တလေးတစား တရိုတသေ ဖိတ်ကြားအပ်တဲ့ ဧည့်ကောင်း စောင်ကောင်း တစ်ဦးပါ။ ဒီ ဧည့်သည်ကောင်းကိုသာ မိမိရဲ့ နှလုံးသားကို အစထားပြိး မိမိတို့ရဲ့ ရပ်ရွာ၊ မြိုံပြ၊ နိုင်ငံတော်ထဲအထိ ၀င်ရောက် အခြေချနေထိုင်ခွင့် ပြုထားနိုင်ခဲ့မယ်ဆိုရင် မိမိတို့ရဲ့ နိုင်ငံတော်ဟာ ကမ္ဘာပေါ်မှာအေးချမ်း သာယာပြီး အကြွယ်ဝဆုံး တိုင်းပြည်တစ်ခု ဖြစ်လာမှာ ကတော့ အသေအချာပါပဲ။

ဒီပုံပြင်ကလေးကို တစ်ဆင့်ခံ ထပ်မံပြောပြဖြစ်အောင် ဖိအားပေး နှိုးဆော်နေတဲ့ အချက်အလက် တော်တော်များများ စာရေးသူရဲ့ ရင်ထဲမှာ တည်ရှိနေပါတယ်။ မေတ္တာတရားဟာ သူတော်ကောင်း ဂုဏ်ရည်ကို တိုင်းတာ သတ်မှတ် ဆုံးဖြတ်ပေးနိုင်တဲ့ စံတစ်ခု၊ ပေတံတစ်ချေင်းပါ။ မေတ္တာတရားနဲ့ ပြည့်ဝလာတဲ့အခါ သူတော်ကောင်းအစစ် ဖြစ်လာပြီး၊ သူတော်ကောင်း အစစ် ဖြစ်လာတဲ့အခါမှာလည်း မေတ္တာတရားနဲ့ ပြည့်ဝလာတော့တာပါပဲ။

မေတ္တာတရားဆိုတဲ့ ဒီစံ၊ ဒီပေတဲ့နဲ့ တိုင်းထွာကြည့်တဲ့အခါ ကိုယ့်ဝန်းကျင်မှာရှိတဲ့ ဘုရားဒကာ၊ ကျောင်းဒကာ အမည်ခံပြီး (ငါးပါးသီလမလုံခြုံကြတဲ့) သူတော်ယောင် တွေပါးစပ်က ဘုရားဘုရား၊ လက်က ကားရားကားရား လုပ်နေကြတဲ့ သူယုတ်မာတွေရဲ့ နှလုံးသားတွေဟာ အထင်းသား အရှင်းသား ပေါ်လာကြပါတော့တယ်။ တချို့အတု အယောင် ဖြစ်ပြီး၊ ဆူညံနေကြတဲ့ မဂ်သံ၊ဖိုလ်သံ၊ ၀ိပဿနာသံတွေ ကြားထဲမှာ တိမ်မြုပ် ပျောက်ကွယ် လုနီးပါး ဖြစ်နေတဲ့ အခြေခံ လူ့နှလုံးသား ဒီမေတ္တာတရားကို သူတော်ကောင်း စိတ်ရှိသူတိုင်းက ရိုးသား နိုးကြား ကြိုးစားပြီး ထုတ်ဖော်ဖြန့်ဝေကြရမှာပါ။

မေတ္တာတရားကို ကုသိုလ်ရတဲ့အလုပ်၊ ဘာသာရေးရဲ့ အဆင်တန်ဆာအဖြစ် သာမန်ကာ လျှံကာ ကျင့်သုံးခြင်းဟာ အပေါ်ယံဆန် လွန်းရုံမျှမက တန်ဖိုးထားမြတ်နိုးမှု နည်းပါးလွန်းရာ လည်း ရောက်ပါတယ်။ တကယ်တော့ မေတ္တာတရားရဲ့ စွမ်းရည်ဟာ အင်မတန် ယုံကြည်အား ထားထိုက်တဲ့ အရာပါ။ မေတ္တာတရားက ဘီလူးကို လူ၊ လူကို ဗြဟ္မာဖြစ်အောင် စွမ်းဆောင် နိုင်ပါတယ်။ နောက်ပြီး မေတ္တာတရားဆိုတဲ့ သစ်ပင်ကြီးဟာ အလွန်အေးမြတဲ့ အရိပ် အာဝါသကိုသာမက ကရုဏာဆိုတဲ့ အရင်းအမြစ်၊ မုဒိတာဆိုတဲ့ အသီးအပွင့်နဲ့ ရင့်မှည့် ပြီးဖြစ်တဲ့ ဥပေက္ခာဆိုတဲ့ သစ်သီးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။

မေတ္တာတရားဆိုတဲ့ ဒီအမြဲစိမ်း သစ်ပင်ကြီးတွေနဲ့ လူ့နှလုံးသားမြေပြင်တိုင်း အစဉ်စိမ်းလန်း စိုပြည်နေစေ လိုတာဟာ ဒီပုံပြင်ကလေးကို ပြောပြရတဲ့ စာရေးသူရဲ့ အဓိက ရည်ရွယ်ချက် ပဲ ဖြစ်ပါတယ်။

တော်ဝင်နွယ်



Read more...

meditation ဆိုရာဝယ်

ကောင်းကင်ကိုရေးတဲ့ ကဗျာတစ်ပုဒ်မှာ "Meditation တွေမှာတောင်… side effect တွေ ရှိသေးသလား?" ဆိုတဲ့ ဝေါဟာရကို သတိထားမိတယ်။ ဆေးပညာသုတေသီတွေက meditation ရဲ့ side effect အနေနဲ့ anxiety တို့ panic attack တို့ကနေ depression တို့ ဘာတို့အထိ သုတေသနလုပ်မိသမျှ ချရေးထားတဲ့ ဆောင်းပါးတွေရှိတယ်။ သူတို့ထဲမှာလည်း meditation ကို နှစ်ပေါင်းများစွာ လုပ်လာသူတွေ ပါမှာပဲ။ သူတို့တွေရဲ့ ဆောင်းပါးတွေထဲမှာတော့ ဘယ်နည်းစနစ်က ဘယ်လိုဖြစ်သလဲ ဘယ်ဆရာပြတဲ့တရားကို အားထုတ်မိပြီး ဘယ်လိုဖြစ်သလဲ စတာတွေအထိ အသေးစိတ်မရေးသားနိုင်ဘူး။

ဒါပေမဲ့ ဒါကရှင်းပါတယ်။ မြတ်ဗုဒ္ဓဟောကြားတာ မဟုတ်တဲ့ တရားထိုင်နည်းတွေ၊ အလိုဆိုးကြောင့် နည်းဆန်းထွင်တဲ့ ဆရာဆန်းတွေရဲ့ လောဘ၊ ဒေါသ၊ မောဟ တွေကြောင့်တော့ တရားထိုင်သူတွေဟာ သူတို့ရေးသားသလို ဖြစ်မယ်ဆိုရင် ဖြစ်နိုင်တယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်မှန်ရင်တော့ ဒီလိုဖြစ်တာတွေ ရှိမှာမဟုတ်ဘူး။ မြတ်စွာဘုရားက သုတ်ကိုလည်း ဟောတယ်။ ၀ိနည်းကိုလည်း ဟောတယ်။ အဘိဓမ္မာကိုလည်း ဟောတယ်။ ဒါနကိုလည်း ဟောတယ်၊ သီလကိုလည်းဟောတယ်။ ဘာဝနာကိုလည်း ဟောတယ်။ သမထဘာဝနာကို လည်းဟောတယ်။ ၀ိပဿနာဘာဝနာကိုလည်း ဟောတယ်။ တရားတော်တွေအားလုံးဟာ ချင့်ချိန်ညှိနှိုင်းနိုင်ဖို့ ဟောကြားထားခဲ့တာပဲ။ ကျမ်းကိုသိပေမဲ့ ကိုယ်သိတဲ့တစ်ပိုင်း တစ်စိတ်လောက်ကို လိုသလိုချဲ့ထွင်ပြီး ဟောဖို့ မဖြစ်နိုင်ဘူး။ အဲဒီလိုဟောမယ်ဆိုရင် အကုန်လွဲချော်ပြီး ကိုယ်အလိုရှိတဲ့ လာဘ်လာဘကိုတောင် ဘုရားဟောတဲ့စကားတော်ထဲက ထုတ်နုတ်ပြီး တောင်းဆိုဖို့ ဖြစ်ကောင်း ဖြစ်နိုင်သွားမှာပဲ။ အဲဒီလိုလုပ်တာမျိုးကိုတော့ မြတ်စွာဘုရားအား စွပ်စွဲတယ်လို့ ဝေဖန်ကြရတယ်။

ဒါကြောင့် အာစရိယဖြစ်တဲ့ သံဃာတော်အရှင်မြတ်များက တပည့်များကို သြ၀ါဒပေးတဲ့အခါ ကျမ်းသိရုံနဲ့ လိုသလိုချဲ့ထွင် ဟောပြောတာကို အားမပေးဘူး။ ကျမ်းအမျိုးမျိုးကို ညှိနှိုင်းပြီး ဟောကြားကြဖို့ တပည့်များကို သင်ကြားလေ့ရှိတယ်။ အဲဒီကနေ အခြေခံပြီး ကျမ်းသိလျက် ကျမ်းညှိခက်လို့ မိန့်ဆိုကြတာကို ကျွန်တော်တို့ ကြားသိရလေ့ရှိတာပဲ။

ဥပမာအားဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာက သံဃာနဲ့ လူပညာရှိ တရားဟော ဓမ္မကထိကတွေဟာ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဥာဏ်ကို ကျော်ပြီး မဟောကြဘူး။ ဟောစဉ်အတိုင်းလည်း ဟောကြမယ်။ ပါဠိတော် အနှစ်သာရကို ထုတ်ပြ ရွတ်ပြပြီး အဋ္ဌကထာ ဋီကာတွေ အာစရိယောဝါဒတွေနဲ့ ညှိပြီး အကျယ်ဖွင့်ဆို ဟောကြားကြမယ်။ ကိုယ်ထင်တာလေး ကိုယ့်အာဘော်လေး ထည့်ပြောချင်ရင်တောင် မိမိအာဘော်ပါလို့ ရိုးရိုးသားသား ၀န်ခံပြီး ဟောပြောကြတယ်။ သုတ်တော်က အနက်ကိုလိုအပ်မယ်ဆိုရင် ၀ိနည်း အဘိဓမ္မာများကအနက်နဲ့ ညီညွတ်အောင် ဖွင့်ဆိုပြသကြမယ်။ သစ္စာလေးပါးက မလွတ်အောင် ဟောကြမယ်။ မြတ်စွာဘုရားမဟောတဲ့ တရားတော်တွေကို မြတ်စွာဘုရား ဟောသယောင်ယောင် မလိမ်လည်မလှည့်ဖျားကြဘူး။

တရားပြတဲ့ သံဃာနဲ့ လူဝတ်ကမ္မဋ္ဌာနာစရိယတွေဟာလည်း မြတ်စွာဘုရားရဲ့ သဗ္ဗညုတဥာဏ်ကို ကျော်ပြီး တရားမပြကြဘူး။ မဟာသတိပဋ္ဌာနသုတ်တို့ ၀ိသုဒ္ဓိမဂ်တို့ကို အတိုင်အတည်ထားပြီး တရားပြကြမယ်။ လာဘ်လာဘ၊ ကျော်စောမှုတို့ကို အလိုရှိလို့ ဟောပြောတဲ့ အလိုဆိုးမျိုး မထားကြဘူး။ ဖြောင့်မတ်ခြင်း လွန်စွာဖြောင့်မတ်ခြင်းဆိုတဲ့ စိတ်အရည်အသွေးနဲ့အတူ ကြီးမားတဲ့ အသိဥာဏ်တွေ စိတ်စွမ်းအင်တွေ ရှိကြမယ်။ ယောဂီရဲ့ စရိုက်ကို ခန့်မှန်းနိုင်ပြီး သင့်လျော်တဲ့ ကမ္မဋ္ဌာန်းကိုပေးနိုင်မယ်။ သင့်လျော်တဲ့တရားကို ဟောနိုင်မယ်။

အဲဒါလို မြတ်စွာဘုရားရဲ့ သဗ္ဗညုတဥာဏ်တော်နဲ့ အာဘော် အ၀န်းအ၀ိုင်း မှ မထွက်စေဘဲ လွန်စွာဖြောင့်မတ်သောစိတ်ထားများနဲ့ တရားဟောပြော ပြသကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ကျေးဇူးဂုဏ်ကြောင့် ထေရ၀ါဒဗုဒ္ဓသာသနာရဲ့ အရိပ်အောက်မှာတော့ ဒီလိုဆိုးကျိုးတွေ ဖြစ်နိုင်ဖို့မရှိဘူးလို့ သဘောရတယ်။

Read more...

*မတင်းတိမ်ကောင်းသောတရားငါးပါး*

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:


၁။ သီလ၌၀ယ် လုံခြုံတယ်ဟု တမ်းတိမ်ရုံမျှမနေရ၊ စိတ်ချ၍လည်း မနေနှင့်။
၂။ ဗဟုသုတ၀ယ်၊ ပြည့်စုံတယ်ဟု တင်းတိမ်ရုံမျှမနေရ၊ စိတ်ချ၍လည်း မနေနှင့်။
၃။ သမာဓိဝယ် တည်ကြည်သည်ဟု တမ်းတိမ်ရုံမျှ မနေရ၊ စိတ်ချ၍လည်း မနေနှင့်။
၎။ ဆိတ်ငြိမ်ရာဝယ် နေနိုင်တယ်ဟု တင်းတိမ်ရုံမျှမနေရ၊ စိတ်ချ၍လည်း မနေနှင့်။
၅။ အနာဂါမ်ဝယ် တည်ပြီကွယ်ဟု တင်းတိမ်ရုံမျှမနေရ၊ စိတ်ချ၍လည်း မနေနှင့်။
မိုးကုတ်ယောဂီလက်စွဲအမှတ်(၁)
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Read more...

နောက်ဆုံးလက်နက်။

ရှုံးနိမ့်မှုတို့ အကြိမ်ကြိမ်ရင်ဆိုင်ရသောအခါ စိတ်ဓာတ်ကြံ့ခိုင်သူတို့ပင် တွေဝေ တွန့်ဆုတ်သွားတတ်ကြသည်။ ငါတတ်နိုင်သမျှတော့ ကုန်ပြီဟု လက်လျှော့အရှုံးပေး တတ်ကြသည်။ ငယ်စဉ်က သင်ခန်းစာတွင် သင်ခဲ့ရသော “မပုကြွယ်နှင့် ခရုငယ်” လိုပုံပြင်မျိုးက အားငယ်နေချိန်တွင် အားဆေးတစ်ခွက်ဖြစ်သည်။ သားတို့ကိုတော့ “The Prince five-weapons and sticky-hair monster” ပုံပြင်ကို မကြာခဏ ပြောပြဖြစ်သည်။ စင်စစ်ဤပုံပြင်မှာ တရားဓမ္မကျင့်ကြံပွားများမှုမှ အားလျှော့အရှုံးပေးတော့မည့် ရဟန်းတော်များအား ဘုရားရှင်ဟောကြားခဲ့သော အားပေးစကားဖြစ်သည်။

ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း စိုးစံစဉ်က မိဖုရားခေါင်ကြီးတွင် သားတော်တစ်ပါး ဖွားမြင်သည်။ ထိုမင်းသားသည်နောင်တွင် လက်နက်ငါးမျိုးကို ကိုင်တွယ်ရာတွင် အလွန်ကျွမ်းကျင်သူ ဖြစ်လိမ့်မည်ဟု ပုဏ္ဏားတော်များက နိမိတ်ဖတ်၍ ပဉ္စ၀ုဓမင်းသား (ပဉ္စ - ငါး + ၀ုဓ - လက်နက်) ဟုအမည်ရသည်။ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံတွင် ပညာသင်ကြား၏။ ပညာစုံ၍ နေရပ်သို့ပြန်သော် ဆရာကြီးက ပဉ္စ၀ုဓမင်းသားအား လက်နက်ငါးမျိုး ပေးအပ်လိုက်သည်။ ထိုလက်နက်တို့ကိုယူ၍ မွေးရပ်မြေသို့ပြန်လာသော် တောအုပ်တစ်ခုကို ဖြတ်ရသည်။

ဤတောအုပ်တွင် စေးကပ်သော အမွှေးရှိသည့် ဘီလူး (သိလေသလောမယက္ခ) တစ်ကောင်ရှိ၍ ထိုဘီလူးသည် မြင်မြင်သမျှ လူတို့ကို သတ်ဖြတ်သောကြောင့် ဤတောကိုဖြတ်၍ မသွားရန် လူအချို့က တားမြစ်ကြသည်။ သို့သော် ရဲရင့်၍ မိမိကိုယ်မိမိ ယုံကြည်ချက်အပြည့်ရှိသော ပဉ္စ၀ုဓမင်းသားက မဆုတ်ပဲ တောကိုဖြတ်၏။ တောအုပ်အလယ်တွင် ထန်းပင်မျှမြင့်သော ဘီလူးနှင့် တွေ့ကာ “ရပ်လော့….။ သင်သည် ငါ၏အစာဖြစ်ပြီ”ဟု အသံနက်ကြီးဖြင့် ဟန့်တားသည်။ မင်းသားကား မကြောက်။ အဆိပ်လူးမြားဖြင့် ပစ်ခတ်သည်။ မြားတစ်စင်းပြီး တစ်စင်းပစ်သော်လည်း မြားအားလုံးသည် ဘီလူး၏ အမွှေးအမျှင်များတွင်သာ ကပ်ငြိ၍ နေလေသည်။ ဘီလူးက ကိုယ်ကို လှုပ်ရမ်း၍ ကပ်နေသော မြားများကို ခါချပြီး မင်းသားအနားသို့ ကပ်သည်။ ထိုအခါ မင်းသားက သံလျှက်ဖြင့် ခုတ်၏။ သံလျှက်လည်း ဘီလူး၏ အမွှေး၌သာ ကပ်၍ နေသည်။ မင်းသားက လှံဖြင့် ထိုး, တင်းပုတ်နှင့် ထုသော်လည်း လက်နက်အားလုံးတို့သည် ဘီးလူး၏ အမွှေးတို့တွင်သာ ကပ်ငြိနေပြန်သည်။

ထိုအခါ မင်းသားက “ငါသည် ပဉ္စ၀ုဓအမည်ရသော်လည်း လေးမြားလက်နက်တို့ကို အားကိုး၍ ဤတောအုပ်သို့ ၀င်လာခြင်းမဟုတ်။ မိမိကိုယ်ကို အားကိုး၍ ၀င်လာခြင်းဖြစ်သည်။ ငါသည် သင့်အား အမှုန့်ချေပစ်အံ့” ဟု ကြုံးဝါးကာ ဘီလူးအား လက်သီးဖြင့် ထိုးနှက်၏။ လက်ယာလက်သည် ဘီလူးတွင် ကပ်၍ ပြန်ခွာမရသောအခါ လက်ဝဲလက်ဖြင့် ထိုးနှက်၏။ ပြန်ခွာမရ။“ ငါသည် သင့်အား အမှုန့်ချေပစ်အံ့” ဟုကြုံးဝါးကာ ဒူးနှစ်ဖက်နှင့် တိုက်၏။ ဦးခေါင်းဖြင့် တိုက်၏။ ခြေလက်ဦးခေါင်း ငါးမျိုးလုံးသည် ဘီးလူးတွင် ကပ်၍သာ နေသည်။

သို့တိုင် မင်းသားသည် မတုန်လှုပ်၊ မကြောက်ရွံ့။ ဤသို့ ရဲစွမ်းသတ္တိရှိသူမျိုး မကြုံဖူးဟူ၍ ဘီလူးကသာ တုန်လှုပ်စပြုလာသည်။ “အသင် ဘာကြောင့် သေမှာ မကြောက်သလဲ” ဟုမေးသော် မင်းသားက “ဘီလူး ဘာကြောင့် ကြောက်ရမည်နည်း။ တစ်ဘ၀တွင် တစ်ကြိမ်သာ သေရိုးထုံးစံရှိသည်။ ထို့အပြင် ငါ၏ ၀မ်း၌ ၀ရဇိန်လက်နက်ရှိ၏။ အသင် ငါ့အား စားသော်လည်း ဤ၀ရဇိန်လက်နက်သည် ကျေပျက်မည်မဟုတ်။ သင်၏ အူ, အသည်းတို့သာ အပိုင်းပိုင်း ပြတ်တောက်ကာ သင်လည်း ငါနှင့်အတူ သေအံ့” ဟု ပြန်လည် ကြိမ်းဝါးသည်။ ထိုအခါ ဘီလူးလည်း မစားရဲတော့ပဲ မင်းသားအား ပြန်လွှတ်ပေးလိုက်လေသည်။

ပဉ္စ၀ုဓမင်းသား၏ နောက်ဆုံးလက်နက်သည်ကား ပြင်ပမှ လေးမြား ဓားလှံ လက်နက်များ မဟုတ်။ မိမိ၏ ယုံကြည်မှုပေါ်တွင် ကြံ့ကြံ့ခံရပ်တည်နိုင်သည့် စိတ်ဓာတ်ပင် ဖြစ်သည်။ အသိဉာဏ်နှင့် ယှဉ်သည့် မကြောက်တရား ဖြစ်သည်။ မတွန့်ဆုတ်မှုဖြစ်သည်။

ယော အလီနေန စိတ္တေန၊ အလီနမနသော နရော။
ဘာဝေတိ ကုသလံ ဓမ္မံ၊ ယောဂက္ခေမဿ ပတ္တိယာ။
ပါပုဏေ အနုပုဗ္ဗေန၊ သဗ္ဗသံယောဇနက္ခယန္တိ။
(ဇာတက-၅၅၊ ဧကကနိပါတ်-ပဉ္စာဝုဓဇာတက)

မတွန့်မဆုတ်သော စိတ်နှလုံးရှိသည်ဖြစ်၍
အနှောင်အဖွဲ့ထမ်းပိုး (ယောဂ)မှ လွတ်ရန်
ကောင်းမှုတို့ကို ပွားများသူသည်
အလုံးစုံသော နှောင်ကြိုး(သံယောဇဉ်)များ ကုန်ရာသို့
အစဉ်အတိုင်း ရောက်ရှိနိုင်သည်။

စာညွှန်း
ဇာတက-၅၅၊ ဧကကနိပါတ်-ပဉ္စာဝုဓဇာတ်


Read more...

တိုင်တလုံး တရားတော် (ဆရာတော် ဦးသုမင်္ဂလ- ဒယ်အိုးဆရာတော်)



video



video



video


Read more...

မောင်နှမများအားလုံး မင်္ဂလာပါရှင်။

0005052Kph0.jpg

*** ဇွန်မ ဘလော့ဂ်ကို အဆင်ပြေတဲ့အချိန်တွေမှာ လာရောက်အားပေးကြသော အရှင်ဘုရားတို့နဲ့ ဘလော့ဂ်မောင်နှမ များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ရှေးဦးစွာ ပြောကြားလိုပါတယ်။
ထေရီများနဲ့ပတ်သက်ပြီး ဆက်တင်ဘို့လဲ ၃ပုဒ် ကျန်ပါသေးတယ်။

၄၆။ လင်ကိုနိုင်လွန်းသော မိန်းမ
၄၇။ ဝဋ်ကြွေးကြီးသည့် လင်မုန်းမ
၄၈။ ဥစ္စာမမက် တရားမက်သော အရှင်မ တို့ဖြစ်ပါတယ်။

ဧပြီလ ၁၈ရက်နေ့မှ ပြန်လည်တင်ပါမည့် အကြောင်း ဆက်လက်အားပေးဘို့လဲ မေတ္တာရပ်ခံရင်း
နှစ်သစ်နဲ့အတူ မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေရန် ဆုမွန်ကောင်းတောင်းပါတယ်ရှင်။

အားလုံးကို ခင်မင်လေးစားလျှက် ***


Read more...

ခြောက်မည်ရ အမတ စည်တော်ကြီး




စည်တော်ကြီး နာမည် က (အကျဉ်းအနေနဲ့ ) ခြောက်မျိုးတောင် နာမည် တွင်ပါတယ်။

၁။သွာက္ခာတတာ ၂။ သန္ဒိဋ္ဌိကတာ ၃။အကာလိကတာ ၄။ ဧဟိပဿိကတာ
၅။ သြပနေယျိကတာ ၆။ ပစ္စတ္တံ ဝေဒိတဗ္ဗတာ ၀ိညူဟိ - တို့ ဖြစ်ပါတယ်။

ခြောက်မည်ရ အမတစည်တော်ကြီး ကို ပုဏ္ဏောဝါဒ သုတ္တန် နေရာလေးမှာ
ပြန်လည် ဆော်ရွမ်း တီးပြ သခွင့် ရခဲ့ပါတယ်။


ဘုရားရှင်က ဘုရား ဖြစ်ပြီးကာစ သူ ရှာဖွေခဲ့တဲ့ တရားတွေကို ငါ ကိုယ်တိုင်
စည်တော်ထွင်း ထုဆစ်ခဲ့တယ်။

ငါ့မှာ တရားစည်ကြီး ထွင်းထုဆစ်ပေးတဲ့ နည်းလမ်းပြ ဆရာ မရှိဘူး။
ငါ ယခု အမတဒုန္ဒုဘိံ- အမတစည်တော်ကြီး

ဆော်ရွမ်းတီးတော် မူမလို့  မိဂဒါဝုန်တောမှာ သွားမယ်။
တရားအားထုတ်စဉ်က ငါ့ အပေါ် ကျေးဇူးများတဲ့
ပဉ္စ၀ဂ္ဂီ (၅) ဦး ရှိတဲ့ နေရာပေါ့ - လို့  ဥပက အာဇီဝက ကို မိန့် တော်မူခဲ့ပါတယ်။



အဲဒီ အမတ စည်တော်ကြီးကို ကိုယ့်အနေနဲ့  ပြန်လည် ပြသခွင့် ရခဲ့သည့် မှတ်တမ်း ဓာတ်ပုံ


စည်တော် ရွမ်းရတဲ့ ဘ၀မှာ တစ်ယောက်ရှိလည်း စည်တော်ရွမ်းရတာပဲဗျို
မြတ်ရောင်နီ
(၀၂၊၀၄၊၂၀၁၀)

Read more...

မကွေးဆရာတော်ဘုရားကြီး၏ အန္တိမဈာပန





မကွေးဆရာတော်ဘုရားကြီး၏ အန္တိမဈာပန

မကွေးမြို့ မဟာဝိသုတာရာမ စာသင်တိုက်(တောင်စာသင်တိုက်) မှ ဆရာတော် ဦးသာသန ထံလျှောက်ထားမေးမြန်းခဲ့ရာ..။
နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် များ၏ အဓိပတိ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မကွေးတိုင်း မကွေးမြို့ မဟာဝိသုတာရာမ တိုက်သစ်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်ကြီး၊ သက်တော်(၈၈)နှစ်၊ သိက္ခာတော်(၆၈)၀ါရှိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသတ္တမဇောတိက၊ ဘဒ္ဒ န္တ ကုမာရ ဆရာတော်ကြီး၏ အန္တိမဈာပန ပူဇော်ပွဲအား (၁၃၇၁ ခု၊တန်ခူးလကွယ်နေ့၊ ၁၂-၄-၂၀၁၀) နေ့တွင် ကျင်းပပြုလုပ်ပါမည်။ (၄-၄-၂၀၁၀) မှစ၍ ညစဉ်ညတိုင်း တရားပွဲများကို ပူဇော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိခဲ့ပါသည်။
အနယ်နယ် အရပ်ရပ်မှ တပည့်သံဃာတော်များ၊ ဒယိကါ၊ ဒယိကါမများနှင့် အလှူရှင်များအနေဖြင့် အသေးစိတ် သိရှိလှူဒါန်းဆက်သွယ်လိုပါလျှင် မကွေးမြို့၊ မဟာဝိသုတာရာမ တိုက်သစ်၊ ဖုန်းနံပါတ်( ၀၆၃-၂၃၇၅၅ နှင့် ၀၆၃-၂၆၈၈၁ )သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြပါကြောင်း ဆရာတော်ဦးသာသန ထံမှ သတင်းအတည်ပြုရရှိခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
မကွေးမြို့။
၃၀-၃-၂၀၁၀ ၊ ည(၁၀း၁၀)နာရီ၊ ရေး၏။

Read more...

သတိ... ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၅ (ခ)

သတိကို သတိပြု

အပိုင်း ( ခ )


ဗုဒ္ဓဘာသာလို့ ခံယူထားပေမယ့် ဗုဒ္ဓါနုဿတိ ဘယ်လို ပွါးများမသိလေတော့ ကိုယ့်အထင်နဲ့
ကိုယ် ပွါးနေကြပါပုံကြည့်ဦး ။ ဗုဒ္ဓါနုဿတိ ၊ဗုဒ္ဓါနုဿတိ လို့ ထပ်ခါထပ်ခါ ပါးစပ်ကဆိုပြီး ပွါးများ နေ ကြ တယ်တဲ့။ မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်းလေတဲ့ အသိ တစ်ယောက်ကလည်း မေတ္တာ မေတ္တာလို့ ပွါးများ ပါ သတဲ့။

( အပိုင်း ခ- အဆုံးသတ်မှာ ဒီလိုရေးခဲ့ပါတယ်။)

အင်း... ဖြစ်မှ ဖြစ်ရပလေ ဗုဒ္ဓဘာသာ လေးတို့ ရေ လို့ ပဲ ပြောလိုက်ချင်ရဲ့ ။ ပြောချင်ပေမယ့် မပြောတော့ပါဘူးလေ။ သိအောင် ပြောရမည့် တာဝန်က ကိုယ်တို့  တာဝန်ပေပဲ။ တကယ့်ကို ဘာမှ မသိသေးသူအတွက်ပေါ့။

နဲနဲလေး အမြည်းလောက်တော့ ပြောပြလိုက်ချင်သေးရဲ့ ။ ဗုဒ္ဓါနုဿတိ ပွါးများတော့မယ် ဆိုရင် ကိုယ်သဘောကျတဲ့ ဂုဏ်တော်ကို ပွါးများပါ။ ဂုဏ်တော် (၉)ပါး ဣတိ ပိ သော ဘဂ၀ါ အရဟံ မှ စ ဘဂ၀ါ အဆုံး ကြိုက်တာပေါ့နော။

ဂုဏ်တော်ရဲ့  အဓိပ္ပါယ်ကိုတော့ လေ့လာသင့်ထားတယ်ပေါ့။ စာအုပ်များစွာ ရှိပါတယ်။ ဒီနေရာ မှာ ပွါးများပုံကို ပဲ ပြောပါ့မယ်။ အရဟံ ဂုဏ်ပွါးမယ် ဆိုရင် အရဟံ အရဟံ လို့  စိတ်ထဲမှာ ဆိုပြီး ပွါး များပါ။ ပွါးများ ဆိုတာက ခဏ ခဏ မပျက်မပျက် များအောင် စိတ်မှာရွတ်တာကို ဒါမှ မဟုတ် စိတ် ထဲ မှတ်နေတာကို ပွါးများ တာလို့  ခေါ်ပါတယ်။

ဒါ့ထက် အသေး စိပ် ပွါးများ ချင်ရင်တော့ အာနာပါန နဲ့ တွဲ ကာ ပွါးများပါ။ ၀င်လေ အရဟံ ၊ ဒါမှမဟုတ် ထွက်လေ အရဟံ တစ်ခုခုပေါ့။ ၀င်လေ ထွက်လေ နှစ်ခုစလုံး အရဟံ မှတ်မယ်ဆိုရင် အစ သမား အတွက် မလွယ်သေးပါဘူး။

နောက်တစ်မျိုး ထပ်ပြီး အသေးစိပ်ချင်သေးရင် ၀င်လေ အရဟံ ၁ ၊ ၀င်လေ အရဟံ ၂ ဆိုပြီး
(၈)ထိ ရောက်အောင် သွားပါ။ (၈)ထိ ရောက်သွားတာနဲ့  လက်တစ်ချောင်းချိုးပြီး မှတ်သား နိုင်ပါ တယ်။ ဒါက ကန္နီနည်းမှ ပွါးများပုံ ဖြစ်ပါတယ်။ ၀ိသုဒ္ဓိမဂ် က လာတဲ့ ဂဏနာနည်းကို အခြေခံ ထား ပွါးများတာပါ။

ဘုရားရှင်ရဲ့  သပ္ပါယ်တော်မူပုံ စိတ်မှာ ထင်အောင် ပွါးများနေရင်လည်း ဗုဒ္ဓါနုဿတိ ဖြစ်နိုင်ပါတယ်။ အဓိက ပွါးများဖြစ်ဖို့ ပါ။ ဘယ်နည်းနဲ့ ဖြစ်ဖြစ်ပေါ့။ ထိုင်း နာမည်ကြီး အာရှန်ချန်း ဆရာတော် က ၀င်လေကို ဗုဓ် ၊ ထွက်လေကို ဓေါ - ဆိုပြီး ဗုဒ္ဓေါ ကို နှစ်မျိုး ခွဲမှတ်ပါသတတ်။ ဘာပဲ ဖြစ်ဖြစ် ဘုရားကို အာရုံ ပြုမှတ်ဖို့ ပါပဲ။ မှတ်ပြီးတာနဲ့  စိတ်ကြည်လင်မှု၊ စိတ်အေးချမ်းမှု ရသွားဖို့  အဓိကပါပဲ။

ဒီအတိုင်း ပဲ တရား ဂုဏ်တော် ၊ သံဃာ့ဂုဏ်တော်တွေကို ပွါးများနိုင်ပါတယ်။ အဲဒါကိုပဲ
၁။ဗုဒ္ဓါနုဿတိ ၂။ဓမ္မာနုဿတိ၊ ၃။သံဃာနုဿတိ ခေါ်တာပါ။
ှ
ဗုဒ္ဓါနုဿတိ ကို အထူးတလည် ပွါးများသင့်ပါတယ်။ တောင်မြို့  ဆရာတော်ကလည်း ဗုဒ္ဓါနုဿတိ ဘာဝနာ ဆိုပြီး သီးသန့်  စာအုပ်ရေးသွားပါတယ်။ ဒါကို ထောက်ဆပြီး အရေးကြီးတယ်လို့ မှတ် ယူတာပါ။

ဘုရားရှင်ကို သတိရပါများမှ ဘုရားရှင်ရဲ့ သာသနာကိုမြတ်နိုးမယ်၊ မပျောက်ပျက်အောင်လည်း စောင့်ရှောက်ချင်စိတ်တွေ ပေါ်လာမယ် ဆိုထားပါတယ်။
ဆောင်ပုဒ်- ဗုဒ္ဓါနုဿတိ၊ ဘာဝနာ ရှိမှ မိမိဘာသာ၊ သာသနာကို ၊ ကောင်းစွာ သိမြင်၊ စောင့်ရှောက် ချင်လိမ့်- တဲ့။ ဆိုပြီး လင်္ကာ စပ်ဆိုထားပါတယ်။

ရတနာ့ဂုဏ်ရည် စာအုပ်မှာတော့ တရား၊ သံဃာ အကြောင်းတွေလည်း ပါပါတယ်။ အဲဒီ စာအုပ်တွေ ကို ရှာဖတ်ပါ။ ပြီးတော့ ဆရာ ဦးရွှေအောင်ရဲ့ အနှိုင်းမဲ့ ဗုဒ္ဓ ဆိုတဲ့ စာအုပ်ကိုလည်း ဖတ် သင့် ပါတယ်။ ကိုယ်ဖတ်ဖူး မှတ်ဖူးတဲ့ စာအုပ်ကို ညွှန်းလိုက်တာပါ။ အခြားအခြား စာအုပ်တွေလည်း များစွာ ရှိပါ တယ်။

၎။သီလာနုဿတိ ဆိုတာကတော့ ကိုယ့်ရဲ့  ကိုယ်ကျင့်သီလ ကောင်းမွန်တာ ပြန်စဉ်းစာပြီး ဒီ သီလလေးဟာ မဂ် ဖိုလ် နိဗ္ဗာန် ထိ ပို့ ဆောင်နိုင်တယ် ဆိုပြီး ကြည်နူး အမှတ်ရတာမျိုးကို ခေါ်ပါ တယ်။

၅။စာဂါနုဿတိ ဆိုတာကတော့ ကိုယ့်ရဲ့  လှူဒါန်းတာ၊ ဒုက္ခရောက်တဲ့သူများကို ကူညီတာခဲ့တာ
တွေကို သတိရပြီး အော် ငါ သုံးချင်တိုင်း မသုံးဘဲ ဒီလို လှူဒါန်းရတာ ထောက်ပံ့လိုက်ရတာ ပျော်စရာ ပဲ လို့  စိတ်မှ ခဏခဏ တွေးထင်နေတာမျိုးကို ခေါ်ပါတယ်။

၆။ဒေ၀တာနုဿတိ တဲ့။ နတ်ကို ပူဇော်ဖို့  အမှတ်ရမည့် သဘောကို ပြောတာမဟုတ်ပါဘူး၊
နတ်တွေ ဗြဟ္မာတွေ ဆိုတာ သဒ္ဓါ သီလ စာဂ စတဲ့ တရားတွေ ရှိလို့  သူတို့  ချမ်းသာတဲ့ နေရာမှာ ဖြစ်ကြတာ။ ငါ့လည်း သဒ္ဓါ သီလ စတာတွေ ရှိသားပဲ ဆိုပြီး စိတ်ထဲမှာပျော်နေ တာကိုပင် နတ်တွေ အကြောင်း ပြု အမှတ်ရတာမိုလို့  ဒေ၀တာနုဿတိလို့  ခေါ်တာပါ။

နတ်ပူဇော်ချင်တဲ့သူ၊ အုန်းငှက်ပျောနဲ့  ပူဇော်စရာ မလို။ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ
သူတို့ လည်း ရပါစေ ဆိုတဲ့ အမျှ ပေးဝေလိုက်ပါ။ အဲဒီနည်း နဲ့ ဆိုရင် နတ်တွေကို ပူဇော်ရာ ရောက်ပါ တယ်။ ( ၀ါသနာပါရင် ကလို့  ရတယ်။ အဲ ...ဒီနည်းနဲ့ ပဲ ပူဇော် လိုက်ပါ။)

၇။ဥပသမာနုဿတိ တဲ့။ နိဗ္ဗာန် ရဲ့  ချမ်းသာအေးမြ သုခရှိပုံ အမှတ်ရတာ ပါ။ အင်း... ကိုယ် လည်း နိဗ္ဗာန်မှ မရသေးတာ ရှင်းပြ ရ ခက်ပါ့။ ဒါပေမယ့် စာထဲ လာတာကတော့ နိဗ္ဗာန် ဆိုတာက တဏှာ က္ခယ – အလိုတဏှာကုန်တာ နိဗ္ဗာန်ပဲ။

ကိုယ်လိုတာ မရတဲ့ အချိန် ဘယ်လောက် ဆင်းရဲလိုက်သလဲ။ ရသွားပြီ ဆိုဦးတော့။ ရပြီး ပျောက် သွားပြန်တော့ ဘယ်လောက် ပြန်ဆင်းရဲ ရသလဲ။ နိဗ္ဗာန်က လိုတာလည်း မရှိ၊ ရပြီး ပျောက် သွား တာလည်း မရှိပါဘူး။

ဘာပဲ ဖြစ်ဖြစ် တရားထိုင်ကြည့်လိုက်ပါ။ စိတ်အေးချမ်းမှုရနေတဲ့ အချိန် နိဗ္ဗာန် ရဲ့  အရသာ ဆိုတာ ဒါပဲပေါ့လို့  မှန်းကာ အမြည်းလောက် သိမယ်။ အဲဒီ အေးချမ်းမှုမျိုးကိုပဲ အာရုံ ပြုရုံလို့  မှတ်ပါတယ်။ အပြီး အပိုင် မရသေးခင်ပေါ့။ ကိုယ် မရသေးတာကို စာအသိလေးနဲ့  စာကြည့် ရှင်းပြတာ များသွားပြီ။

ဒါ့ထက် သိချင်ရင်တော့ နိဗ္ဗာန် အကြောင်း ရေးထားတဲ့ စာအုပ်တွေကို ရှာဖတ်ပါ လို့ ပဲ တိုက်တွန်းချင် ပါတယ်။ ဒီနေရာ အကျဉ်းမျှ သိထားနှင့် ရုံလေးပါ။

အဲဒါတွေ အကုန်လုံး တရားနာ လာကြတဲ့ ဂျာမန် ပရိသတ်ကို မပြောဟောခဲ့ ပါဘူး။
ခု စာရေးမှ ပေါ်လာတာနဲ့  ထပ်ပြီး ဖြည့်စွက်ပြီး သိစေချင်တာနဲ့ ချဲ့ ရေးလိုက်တာပါ။


ကျန် ရှိသေးတဲ့ အနုဿတိ များ အပိုင်း ( ဂ ) ဆက်ပါဦးမယ်။

မှတ်ချက်။ ။ ပါဠိတော် ကျမ်းဂန်များနဲ့ သဂြိုဟ်ဘာသာဋီကာ တို့ ကို မှီးပြီး
ကိုယ့် နားလည်သလို ပြန်လည် ရေးသား ထားခြင်း ဖြစ်ပါတယ်။

မြတ်ရောင်နီ
( ၃၁၊၀၃၊၂၀၁၀)

Read more...

အောင်ဆန်း သို့မဟုတ် အရိုင်း။


ဒဂုန်တာရာ၏ "အောင်ဆန်း သို့မဟုတ် အရိုင်း" ဆောင်းပါးနှင့် ပတ်သက်လို့ ဗိုလ်ချုပ်က "တာရာက ငါ့ကို အရိုင်းတဲ့ကွာ" လို့ ငြီးငြူးရှာကြောင်း စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးသည်။ ဖတ်ဖူးခဲ့တဲ့ စာအုပ်နှင့် စာရေးသူကို မှတ်မိနေသလို ရှိနေပေမဲ့ သေချာအောင် ပြန်ကြည့်ဖို့ စာအုပ်မရှိလို့ ဒီမှာတော့ မညွှန်းလိုက်တော့ပါဘူး။ ထားပါတော့။ လူလားမြောက်ကတည်းက မြန်မာပြည် လွတ်လပ်ရေးအတွက် အချိန်ပြည့် စဉ်းစားနေခဲ့ပြီး အလုပ်တွေလုပ်ခဲ့တဲ့ ဗိုလ်ချုပ်၊ မှုန်ပြပြ အတိတ်တစ်ချိန်ကသာဆို ဒဏ္ဍာရီလား တကယ်လားလို့ ဒုတ်ကိုင်ပြီး အငြင်းပွားကြရအောင်ကို စိတ်ဓာတ်ရော လုပ်ရပ်ပါ တော်ခဲ့တဲ့ ဗိုလ်ချုပ်၊ အဲဒီဗိုလ်ချုပ်ရဲ့ အကြောင်းဆိုတော့ ဖတ်ချင်နေခဲ့တာပါ။ ဗိုလ်ချုပ်ရဲ့ ငြီးငြူသံလိုလို ဘာလိုလို စကားသံလေးကို အကဲခတ်ကြည့်ရင် ဆရာ တာရာရဲ့ ဆောင်းပါးဟာ မရှိတာတွေကို အရှိ၊ မကောင်းတာတွေကို အကောင်းဖန်တီးထားတဲ့ ခေတ်သစ် ဘုန်းတော်ဘွဲ့မဟုတ်တာ သေချာတယ်လို့တော့ အကဲခတ်မိပါတယ်။ ဒါကြောင့်လဲ ဖတ်ချင်ခဲ့တဲ့ ဆန္ဒဟာ မပျောက် မပျက်တည်ရှိနေခဲ့တာပါ။ ဒါပေမဲ့ မကြုံတော့မဖတ်ခဲ့ရပါဘူး။

အခုတော့ ကြုံလာပါပြီ။ စင်္ကာပူကို အလည်လာတုန်း သူငယ်ချင်းရဲ့ နေရာလေးမှာ ဂျာနယ်လေး တစ်စောင် ကို တွေ့လို့ လှန်လှောကြည့်မိတော့ အမှတ်မထင် ဒီဆောင်းပါးကို တွေ့လိုက်ရတာပါ။ ချက်ချင်းပဲ ကောက် ဖတ် လိုက်မိတော့ အရမ်းကို သဘောကျသွားပါတယ်။ သဘောကျရခြင်းရဲ့ အကြောင်းကတော့ အရှိကို အရှိအတိုင်း ရေးထားလို့ပါလို့ပဲ တိုတိုပြောပါရစေ။ ကိုယ်ဖတ်ရရုံနဲ့ မပြီးသေးပါဘူး။ ကိုယ်လိုပဲ ဖတ်ချင်ပေမဲ့ မတွေ့လို့ မဖတ်ရသေးသူတွေကို ဖတ်နိုင်ကြစေချင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘလော့ဂ်လေးပေါ် တင်ဦးမှပဲလို့ အတွေးပေါက်တာနှင့် ချက်ချင်းပဲ ကောက်ကာငင်ကာ ကူးထားလိုက်ပါတယ်။

ဒီဆောင်းပါးဟာ ဘယ်မဂ္ဂဇင်းမှာ ဘယ်လ ဘယ်နှစ်က ပါတယ် စတဲ့ မူလ ပုံနှိပ်မှတ်တမ်း အပြည့်အစုံ ဖော်ပြပေးချင်ပေမဲ့ အခုတော့ မပေးနိုင်သေးပါဘူး။ ဒါကိုတော့ နားလည်ပေးပါလို့ မေတ္တာရပ်ခံပါရစေ။ နောင်မှာ အကြောင်းသင့်ရင်တော့ ထပ်ဖြည့်ပေးပါ့မယ်။ အခု ဒီမှာတင်ထားဖို့ ကူးယူခဲ့တဲ့ စာစောင်ကိုတော့ ဆောင်းပါးအဆုံးမှာ ရည်ညွှန်းအဖြစ် ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဆရာအောင်သင်းစာကားငှါးပြောရရင် မစားပဲနဲ့ စွန့်သွားတဲ့ ခေါင်းဆောင်ကြီးပါ။ တိုင်းပြည်အတွက် နောက်ဆုံးမိနစ်အထိ အလုပ်လုပ်သွားခဲ့သူပုဂ္ဂိုလ်ကြီးပါ။ ဒါကြောင့်မို့ တစ်ပြည်လုံးနီးပါးက ကြည်ညိုလေးစားကြပါတယ်။ ဒါပေမဲ့ သူ့မှာလဲ လူမှုရေး ချို့ယွင်းချက် လေးတွေရှိပါတယ်။ သူ့ရဲ့ အဲဒီချို့ယွင်းချက်များကိုလည်း ဆောင်းပါးရှင်က ဖော်ပြထားပါတယ်။ ဖော်ပြထား လိုက်တာမှ ဖတ်ရင်းတောင် ဆရားကြီး တာရာ ပြောရက်လိုက်တာကွာ လို့ပင် ပြောမိသေးပါတယ်။ သူငယ်ချင်းကို ဖတ်ပြမိတော့ "ဟာ သူရေးတာကလဲ တယ်ကြမ်းပါလား" ဟု ဆိုပြန်ပါတယ်။ အမျိုးသမီး တစ်ဦးကတော့ ဒီလောက် အချိုးအစားကျတဲ့ ဗိုလ်ချုပ်မျက်နှာကိုများ စာရေးဆရာက ရုပ်ဆိုးတယ်လို့ ပြောသလားလို့ မေးခွန်းထုပ်ပြန်ပါတယ်။ တကယ်တော့ စာမူရှင် ဆရာကြီး တာရာ ရေးထားသလို " . . . စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့် စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်" ဆိုသကဲ့သို့ပင် ကိုယ်တန်ဖိုးထား လေးစားသည့် အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်ရကား အရာရာ ကောင်းမွန်ပြည့်ဝစေလိုသည့် ဆန္ဒများမှ ပေါက်ဖွားလာတဲ့ စကားများဖြစ်တာကတော့ သေချာပါတယ်။ ဒီလိုဖြစ်နေကြတာကိုက လူပင်သေသော်လည်း သူ့ဂုဏ်သိက္ခာများကား မသေသည့် သက်သေတစ်ခု ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းကလဲ လူထုနှင့် တစ်သားတည်း နေခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ 'တစ်ခုတော့ ထင်သည်။ သူသည် လူထုထဲမှသူတစ်ဦး ဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည်။ ဖြစ်လိမ့်မည်' ဆိုတဲ့ ဆရာတာရာရဲ့ဆောင်းပါးပါ ကောက်ချက်အတိုင်းပါပဲ။ လူထုရဲ့ ဘဝ လူထုရဲ့ လိုအပ်ချက်ကို ကြည့်ရှု ဖြည့်ဆည်းပေးတဲ့ သူကို လူအများ လေးစား ချစ်ခင်ကြသလို တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်စုအတွက်သာ လုပ်ဆောင်သူများဟာလဲ အများရဲ့ ချစ်မြတ်နိုးခြင်း ခံရမည် မဟုတ်သည်မှာ တကယ့်အမှန်တရားပင် ဖြစ်ပါတယ်။ အဲဒီလိုလူအတွက်တော့ ကမ္ဘာကျော် ဟောပြောသမားကောင်းတွေနှင့် အာပေါက်အောင် သူကောင်းကြောင်းပြောခိုင်းပေမဲ့ လူထုရဲ့ လက်တွေ့ဘဝနှင့် တစ်ထပ်တည်းမကျတာကြောင့် "အပြောက ဝတိန်ဘုံ၊ မနောက ကလိန်ခြုံ" လို့ သတ်မှတ်ခံရမှာပါ။ ညံ့ဖျင်းလှတဲ့ သူ့စိတ်ဓာတ်ကို သိနေကြလို့ ဘယ်သူကမှ မေတ္တာသက်ဝင်လာမှာ မဟုတ်တာတော့ အသေအချာပါပဲ။ ဒါကြောင့်မို့ ဆရာ တာရာရဲ့ ဒီကောက်ချက်ဟာ ဒီမှာ ပို့စ် တင်ထား ခြင်းခြင်းရဲ့ အကြောင်းတစ်ရပ်ပါပဲလို့ ဆိုပါရစေ။

ဘာပဲဆိုစေ၊ "စာပေသည် ခေတ်၏ ကြေးမုံပြင်" ဆိုတဲ့ အတိုင်းပါပဲ၊ အဲဒီခေတ်က အကြောင်းအရာ၊ လွတ်လပ်စွာ ရေးသားကြပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်နေစိတ်ထား တစ်စိတ် တစ်ဒေသ စသည် စသည်တို့ကို ဒီဆောင်းပါးမှာ တွေ့ရပါလို့ မိမိတို့ ခေတ်လူတွေအတွက် ဖတ်ရကျိုး နပ်တဲ့ စာတစ်ပုဒ်ပါပဲ။

"ငါတို့ မြန်မာပြည်ဝယ် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးကြရမယ်" ဆိုတဲ့ သူချင်းကို ကျောင်းသားပေါက်စဘဝက မကြာခဏ (မိမိတို့ကျောင်းလေးမှာ) ဆိုခဲ့ကြရသလို ကြီးလာတော့လဲ မကြာခဏ ကြားနေခဲ့ရတာပါ။ အဲဒီသီချင်းထဲမှာ ပါတဲ့ မြန်မာပြည်သားတွေရဲ့ ဆန္ဒဟာ ခုထိတော့ ဘဝနှင့် တစ်ထပ်တည်း မဖြစ်သေးပါဘူး။ သူများတိုင်းပြည်ကို အမှီလိုက်နိုင်ဖို့ လူတော် လူမြတ်တွေ၊ ခေါင်းဆောင်ကောင်းတွေ အများကြီးလိုအပ်လှတဲ့ အမိမြန်မာပြည်အတွက် မိဘတိုင်းက မမွေးပေးနိုင်ပေမဲ့ မွေးပေးနိုင်တဲ့ မိဘများ ပေါ်ပေါက်လာပါစေလို့ ရင်မှပေါက်ဖွား ဆန္ဒစကားကို လေးလေးနက်နက် ဆိုလိုက်ရပါတယ်။

အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။ !!!

ဘုန်းဉာဏ်

၂၆၊ ၀၃၊ ၂၀၁၀

Sembawang, Singapore

အောင်ဆန်း သို့မဟုတ် အရိုင်း

ဒဂုန်တာရာ

(၁)

သူ၏ အောက်မှ လူထုကြီးသည် စည်းကမ်းသေဝတ်ခြင်း အတန်ငယ် ကင်းမဲ့စွာ နားထောင်လျှက် ရှိသည်။ လူထုကြီးသည် စူးစိုက်ခြင်း မရှိ။ တချို့က ပြုံးရယ်၍ နေ၏။ အနောက်နားရှိ လူထု အစိတ်အပိုင်း တခုကားအချင်းချင်း ခေါင်းခြင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကား မရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း ရှိ၏။

အစိမ်းရောင် ကတ္တိပါကားကြီးသည် သူ့ကို နောက်က ခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တော တောင်မှ ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင် ဖြစ်၏။ ကတ္တိပါကားသည် အခြား ဘာ အဓိပ္ပါယ်ကိုမှ ထူးထူးထွေထွေ မဖော်ပြ။ သို့သော် မှိုင်းညို့ခြင်း တခုကိုသာ ရဲဝံ့စွာ ဆောင်၍နေ၏။

သူသည် စိမ်းညို့သော ကားကြီးရှေ့ စင်မြင့်ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာပထဝီမြေကြီးမှ ဗမာဝါဂွမ်းဖြင့် ယက်လုပ်သည့် ပင်နီဖျဉ်ကျမ်းကြီးကို ဝတ်ထား၏။ လုံခြည်မှာ နီရဲသော ပိုးလုံခြည် ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာ အသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ်ချင်းတစ်ယောက် မျက်နှာနှင့်လည်း တူ၏။

တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထည်ဝါခြင်း၊ ယဉ်ကျေး သိမ်မွေ့ ခြင်းတို့သည် သူ့တွင် လုံးဝ မခိုအောင်း၊ လမ်းပေါ်တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန်ဆင်းရဲသား တဦးနှင့်သာ တူ၏။ လူထုထဲမှ လူတဦး၏ အသွင်အပြင်မျိုးသာ ဖြစ်၏။

သူသည် လက်နှစ်ဘက်ကို ဘေးသို့ကား၍ လှုပ်ကာလှုပ်ကာ စကားပြော၏။ သူ၏ စကားလုံးများ ကား ပြေပြစ်ခြင်းမရှိ။ ချောမွေ့ခြင်း မရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။

သင် ပထမဦးဆုံး တွေ့မြင်သော အောင်ဆန်း၏ ပုံကိုရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည် ဖြစ်ပေသည်။

ထိုအခါကား ၁၉၃၆ ခုနှစ်၊ ပထမဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူဗလီဟော ခန်းမတွင် ဆင်ယင်သော အခါဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ နယ်မှ ကျောင်းသားကိုယ်စားလှယ် အဖြစ် ကျောင်းသားညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်းစကားပြောသည်ကို တွေ့မြင်ရခြင်း ဖြစ်ပေသည်။

၁၉၃၆ ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးများ အူနေသည့်အခိုက် 'အောင်ဆန်း' အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ သူ့ကို သိချင်သောစိတ် ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ်သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်သည်။ ကျွန်တော်မှာ စာပေဝါသနာပါသူဖြစ်ရာ အောင်ဆန်းကို အိုးဝေမဂ္ဂဇင်း အယ်ဒီတာ အဖြစ် စိတ်ဝင် စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဖူးချင်၏။

သို့သော ဂျူဗလီဟော ကျောင်းသားများ ညီလာခံတွင် သူ၏ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့မြင်ကြားနာရသော အခါ အထင်နှင့် အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော် ထင်ထားသည်မှာ ကောလိပ်ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်း ဟု ဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော် အထင်ကြီးထားလေ၏။

တွေ့ရသောအခါ ရုပ်ကလည်းမဖြောင့်၊ စကားပြောကလည်း မပြေပြစ်။ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။

ထိုအခါ ကျွန်တော့မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့် စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။

(၂)

နောက်တစ်နှစ်ခန့် ကြာသောအခါ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍ နေသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၃၇ - ၃၈ ခုနှစ်က ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဋ္ဌ ဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည်။ မရင်းနှီးခဲ့ ပေ။

သူနှင့်ကား ရင်းနှီး၍ မဖြစ်။ သူသည် ရင်းနှီ၍ရသော လူစားမျိုး မဟုတ်၊ နိုင်ငံရေး အတူတူ တွဲဖက်လုပ်လျှင်သာ သူနှင့်ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေးကိုသာ တစ်ဖက်သတ် မလိုက်။ စာပေ ကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လို အစုံလုပ်ချင် သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက်ဖြစ်သည်။

ကိုအောင်ဆန်းနှင့် ကျွန်တော့ကို သခင်ဗဟိန်းက အသိဖွဲ့ပေး၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေး သမား သက်သက် မဟုတ်သဖြင့် သူ၏အသိထက်လွန်မြောက်၍ ရင်းနှီးသောအဖြစ်သို့ ရောက် မသွားခဲ့ပေ။

သခင်ဘဟိန်းနှင့်က သည်လိုမဟုတ်။ သခင်ဗဟိန်းသည် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်၏။ စာပေ၊ ကဗျာ၊ လင်္ကာကို နှစ်သက်၏။ ဂီတကို ချစ်၏။ ထို့ကြောင့် ကျွန်တော်နှင့် ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ သူကွန်မြူနစ် ဖြစ်နေသည့် ဘဝအထိပင် ရင်းနှီး ချစ်ခင်ခြင်း မပျက်။ ကျွန်တော်ကား နိုင်ငံရေးသမားလည်း မဟုတ်။ သို့သော် ချစ်ခင်ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့ မဟုတ်။

ကျွန်တော် စာရေးဝါသနာပါသည်ကို ကိုအောင်ဆန်းသိ၏။ သို့ရာတွင် ကျွန်တော်ရေးခဲ့သော ဒဂုန် မဂ္ဂဇင်းမှ ရတု၊ ပိုက်စုံစသော ကဗျာများ၊ ဝတ္ထုတို ဆောင်းပါးစသည့် စာပေများကို သူအကုန် ဖတ်ဖူးလိမ့်မည် မထင်။ ဂရုစိုက်၍ ဖတ်မည့် လူမျိုးလည်း မဟုတ်။

သို့သော် တစ်ခါက သခင်ဘဟိန်းနှင့် အတူ သမဂ္ဂအမှုဆောင် ကော်မတီခန်းတွင် ပင်းယမဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါးတခုကိုကား ကျွန်တော်ရှေ့ ဖတ်သည်ကို တွေ့ရဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက် ပေး၏။ ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ် - ဗမာ ဆောင်းပါးရှင် တစ်ဦးဖြစ်ပေသည်။ အင်္ဂလိပ် ဘာသာဖြင့် ရေးသားသော သူ၏ဆောင်းပါးကို ဂန္ထလောက မဂ္ဂဇင်းတွင် ဖတ်ရဖူးသည်။ သူသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အဝတ်အစား ဝတ်ဆင်ရေးပြဿနာကို သူသည် ဂန္ထလောကတွင် ပန်းတနော် ဦးသန့်နှင့် အပြန်အလှန် ရေးသည်။ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်း၏ ကြွေးကြော်သံ 'မျိုးညွန့်' မဂ္ဂဇင်းတွင်ပါသော သူ၏ လောက ဝိဟာရ အမည်ရှိ ဆောင်းပါးတိုကလေးကိုသာ သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ ဗဟုသုတ အမြင်တို့ကို ပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် ဗမာစာအရေး ညံ့သူမဟုတ်ပေ။ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာ သုံး၏။ ဟာသဉာဏ် ပါ၏။

ပုသိမ်မြို့တွင် ကျင်းပသော ကျောင်းသားများ ညီလာခံ၌ သူ၏ ဥက္ကဋ္ဌ မိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာကို 'ပညာရေး ပူရာဏ်ကျမ်း' ကြီး ပေတကား… ဟု ပြောင်လှောင်ထားသည်မှာ သရော်ချက် ပါပေသေည်။

ကျောင်းမှ ထွက်ပြီး ဒို့ဗမာ အစည်းအရုံးသို့ ဝင်သောအခါ ငတ်ပြတ်လာ၍လား မပြောတတ် ဒဂုန် မဂ္ဂဇင်းတွင် ရေးလိုကြောင်း ကျွန်တော့်ကို ပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေသည်။

ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား နိုင်ငံရေး အမျိုးမျိုး ဟူသော ဆောင်းပါးဖြစ်သည်။ ဂရိနိုင်ငံရေးက အစချီ၍ မျက်မှောက် ကမ္ဘာ့နိုင်ငံရေး အခြေအနေထိရေး၏။ စာပြောင်၍ ဖတ်၍ ကောင်း၏။

သူလည်း ဒဂုန်တွင် ကြာကြာမရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍ သွား၏။ အစိုးရကလည်း ငြိထား၍လား မပြောတတ်။ ဒဂုန် မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်း ခံရ ရှာလေသည်။

သမဂ္ဂ ဥက္ကဋ္ဌဖြစ်သော ၁၉၃၈ - ၃၉ - ခုနှစ်က သူသည် ဘီအယ်တန်းတွင်ရှိ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင် နေသည်။ သူ၏ အခန်းသည် သပ်ရပ်ခြင်း ကင်းမဲ့၏။ အခန်းတွင် စာအုပ်များ ပြည့်နှက်၍ နေ၏။ စာအုပ်များသည် စားပွဲပေါ် တချို့ ဘီဒိုပေါ် တချို့ ကြမ်းပြင်ပေါ်တွင် တချို့ ပြန့်ကျဲကာ ရုန်းရင်း ဆန်ခတ်ဖြစ်၍ှနေကြသည်။ သူသည် အင်မတန် စာဖတ်သူတစ်ယောက် ဖြစ်၏။

သူသည် ဒေါသကြီးသူ တစ်ယောက် ဖြစ်၏။ သည်လို အများက ထင်၏။ ကျွန်တော့ အဖို့ကား ဒေါသကြီးသည် မကြီးသည်ကို မသိ။ သူ့တွင် စိတ်လိုက် မာန်ပါ စိတ်တွေ ရှိသည်ဟု ကျွန်တော် ထင်၏။

နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်လည် အထိမ်းအမှတ် ပွဲတစ်ခု တက္ကသိုလ် သမဂ္ဂတွင် ကျင်းပ၏။ ပရိတ်သတ်ထဲက ထ၍ ဝေဖန်စကား ပြော၏။ ထိုသို့ ပြောကြသည့် အထဲတွင် စစ်ကိုင်း ကျောင်းဆောင်မှ ကုလား ကျောင်းသား တစ်ဦးက ဥက္ကဋ္ဌဟောင်း မစ္စတာ ရာရှစ်ကို ဝေဖန်ရာ အတော် ထိခိုက်သော အပြစ်တွေကို ထုပ်ဖော် ပြောလေသည်။ အခြေခိုင်သည်၊မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည် မစ္စတာ ရာရှစ် အတွက် ဒေါပွကာ ထိုကုလားကို ကြိမ်းမောင်း၍ ရဲရင် ထွက်သော စကားမျိုးု သုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍သွား၏။ ဘေးက ကျောင်းသားများက ဝိုင်း၍ ဆွဲထားရလေ၏။

ကုလား - ဗမာ အဓိကရုဏ်း အပြီး ဒေါက်တာ ဘမော်၏ တက္ကသိုလ် ဥပဒေ ပြင်ဆင်ရေး အဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ညိုမြအမှူးရှိသော ကျောင်းသား တစ်စုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆို တင်သွင်း၏။ ထို အစည်းအဝေး၌ ကို အောင်ဆန်းသည် ညိုမြကို ဒေါပွကာ ဥက္ကဋ္ဌ ကုလားထိုင်မှ နေ၍ ညိုမြ အတင်းကို ပြောလိုက်လေသည်။

သည်လို စိတ်လိုက်မာန်ပါ ပြောပြီးနောက် တစ်ပတ်လောက် ကြာသောအခါ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုံ့ချသော စကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ် ကျောင်းဆောင် အသီးသီးတွင် ထွက်ပေါ်၍ လာလေသည်။

တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာထားကို ထားခဲ၏။

သူ၏ မျက်နှာထားသည် သုန်မှုန်၏။ တစ်ခါတွေ့ဘူးသော သူ့ကို နောက်တစ်ခါ တွေ့လျှင် နှုတ်ဆက် ချင်မှ ဆက်၏။ သူ့ကို သိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှ ပြုံး၏။ ဥက္ကဋ္ဌ ဖြစ်သဖြင့် သူ့ကို ကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလိုသာ နိုင်ငံရေးကို တွေးနေဟန် တူ၏။ ဗမာ ပြည်၏ လွတ်လပ်ရေး အတွက် စိတ်ပူပုံ ရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက် ရှိနေသည်။

သူစကားပြောလျှင်လည်း နိုင်ငံရေး အကြောင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးက လူများ၏ စကားကို သူမကြား။ သူပြောချင်တာကိုသာ စွတ်၍ ပြောနေတတ် သည်။

တစ်ခါက ရန်ကုန်ကို ဂျပန်တို့ သိမ်းပိုက်စအချိန်၊ ဝိတိုရိယ ရိပ်သာရှိ အိမ်တစ်အိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက် ရှိကြသည်။ ကျွန်တော်မှာလည်း တောက ရောက်ခါစ ဖြစ်သည်။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော် ထိုင်ကာ တီးနေ၏။ ဘေးမှ သခင် စံဝေ နှင့် တက္ကသိုလ်ကျောင်းသား အချို့က ဝိုင်း၍ သီချင်းဆိုလျက် ရှိသည်။ ဘီအိုင်အေ သမားများမှာ ဂီတ အင်မတန် ငတ်နေ၍ သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေ ပျက်နေ၏။

x x x ချစ်ခင်မှာလား၊ ကြင်မှာလား ခင်ရယ် x x x

ချစ်သဲနွယ် x x x

အဟုတ်ကို ချစ်တော့မယ် x x x

ခင်ရယ် ကြင်မယ် x x x

ဝိုင်း၍ ဆိုနေကြရာမှ သည်နေရာသို့ ရောက်သေအခါ ကိုအောင်ဆန်းသည် ဂေါက်၊ ဂေါက်၊ ဂေါက် နှင့် တစ်ဖက်မှ လျှောက်လာကာ စန္ဒယား အပါးတွင် လက်ထောက်ကာ ရပ်လျက် "ဟေ့ ရပ်ကြ၊ အခုလို အခါမျိုးမှာ ရဲစိတ်၊ ရဲမာန်တက်စေမယ့် ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျာ့။ ဒီချစ်မယ်၊ ကြင်မယ် သီချင်းမျိုးက မဟန်ဘူး။ ရုပ်တရက် ကြောင်၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက်၏။

သူသည် သူပြောချင်တာ ပြောပြီး ထွက်သွားလေ၏။ ကျွန်တော်တို့လည်း ဆက်လက်သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူက ဒီလိုလူစားမျိုး။ သမဂ္ဂ ဥက္ကဋ္ဌ ကိုလှမောင်၏ လက်ထပ်ပွဲသည် ဘီအိုင်အေခေတ်၌ ရွှေတောင်ကြားတွင် ကျင်းပသည်။ သူ၏ လက်ထပ်ပွဲသည် ဘီအိုင်အေ သမားများတွင် ပထမဦးဆုံး ဖြစ်၏။ လက်ထပ်ပွဲ ပြီးသော အခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးကာ နေကြ၏။ စန္ဒယားဆရာ တစ်ဦးက တီးကာ ဖျော်ဖြေလျက် ရှိသည်။ သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားဆရာကိုရပ်စေကာ ကျွန်တော့်ကိုလူကြားထဲမှာ အတင်းဆွဲခေါ်၍ သီချင်းတစ်ပုဒ်ကို တီးစေ၏။ သူသည် စန္ဒယားကို လက်ထောက်ကာ မရ တရဖြင့် လိုက်ဆို၏။ တီးသော သီချင်းမှာ "ကဉ္စန" သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တစ်ပုဒ် တီးခိုင်းပြန်၏။

တစ်ခါက ဂျပန်ခေတ် ဝန်ကြီးတစ်ဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည်ပြုသောအခါ သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီးထဲသို့အရင် ဝင်စေ၏။ ဧည့်သည်များက အဝတွင် ရပ်၍ သူ့ အဝင်ကို စောင့်လျက်နေကြသည်။ သူသည် စစ်ဝတ်စစ်စားနှင့် ဝင်လာကာ ရုတ်တရက် စားပွဲထိပ် ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး ဇတ်ကနဲ ဘယာကျော် တစ်လုံးကို ယူစားလိုက်သည်။ သူ ထမင်းစားနေစဉ် ဧည့်သည်ဝင်လာလို့လည်း ဗမာဧည့်ဝတ်ထုံးစံ အရ "ထမင်း စားပါ အုံးလား" ဟု ခေါ်ချင်မှ ခေါ်သည်။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက ကြောင်သည်ဟု အမှတ်ထားကြလေ၏။

သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှအပကို သူ မမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်းသင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင်စသော အနုပညာရပ်များကို မလိုက်စား။ သူ့ကိုသူ အတင်းယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းပင် မပြုမပြင်ပဲ နေ၏။

သူ့တွင် နိုင်ငံရေး ဝိဥာဉ်က ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး တစ်ခုတည်းကိုသာလုပ်သော လူတစ်ဦး ဖြစ်၏။ သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မလုပ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ ပြုလုပ်သော နိုင်ငံရေး သတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။

၁၉၄၂ - ၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အနုပညာအကြောင်းကို ပြော၏။ အနုပညာဆိုတာရှိတာပဲ။ လင်မယား ဘဝမှာလည်း အနုပညာ မဲ့လျှင် လင်မယား ကွဲမှာပေါ့။ ဒီလိုပဲ တော်လန်ရေးမှာလည်း အနုပညာရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့်တော်လန်ရေး အစစ် ဖြစ်မယ်။

ဆရာမ ဒေါ်ခင်ကြည်နှင့် စေစပ်ပြီးစ လက်မထပ်ခင် ၃ - ၄ ရက် အလိုက ကိုဗဟိန်းကို လာရှာရင်း ကျွန်တော်နှင့် သွားတွေ့၏။ သူသည် ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒယားတွင် လက်ထောက်ကာ "ဒီမယ် အိမ်ထောင်ပြုတယ် ဆိုတာ သိပ်စဉ်းစား တွေဝေနေလို့ မရဘူး။ တစ်ခါတည်း ဇွတ်လုပ်လိုက်ရတာ" ဟု မမေးပဲ သူ့ဘာသာသူ ပြောနေ၏။ လက်ထပ်ပြီးစက ကျွန်တော်ရေးလျက် ရှိသော လွတ်လပ်ရေး ကြိုးပမ်းမှု စာအုပ်နှင့် ပတ်သက်၍ အင်လျားကန်စောင်းရှိ သူ့အိမ်သို့ ရောက်သွား၏။ ဧည့်ခန်းတွင် ခေတ္တ စောင့်နေရ၏။ ထွက်လာသော အခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကို တွေ့၍ မပြုံမိအောင် ဟန်ဆောင်နေရ၏။ သည့်နောက် သူနှင့် ကျွန်တော် မတွေ့တော့။ တွေ့ဆုံဖို့်လည်း အကြောင်း မရှိ။ အကြောင်း မရှိဘဲ သူ့ဆီ သွားလည်ကလည်း ဖော်ဖော်ရွှေရွှေ လောကွတ်ပျူငှါ ခေါ်မည့် လူစားမျိုးလည်း မဟုတ်။

တစ်ခါက ဗိုလ်ချုပ်ဘဝတွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး၊ ကလေးများနှင့် တပြုံကြီးကို မြင်လိုက် ၏။ အော် သားနှင့် မယားနှင့်မို့ လူစိတ် တော်တော် ပေါက်လာပြီး အရင်ကလို ကြောင်တော့မည် မဟုတ်။ အကြမ်း၊ အရိုင်းမှ ယဉ်ကျေးလာတော့မည်ဟု အောက်မေ့လိုက်၏။ မှန်၊ မမှန်ကတော့ မပြောတတ်။

ဖဆပလ ဥက္ကဋ္ဌ အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်းကိုကား ကျွန်တော် မသိ။ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်း မဟုတ်။ သူ၏ အဖြစ်သာ ကျွန်တော် သိသည့်အထိ ပြောပြခြင်း ဖြစ်ပေသည်။ တစ်ခုတော့ ထင်သည်။ သူသည် လူထုထဲမှသူတစ်ဦး ဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည်။ ဖြစ်လိမ့်မည်။

ရည်ညွှန်း။ ။ Australian Burmese Community Journal, No. 1, Vol (4), October, 2009, pp. 18 - 19/ 27/ 29 တွင် ပြန်လည် ဖော်ပြထားသည့် ဒဂုန်တာရာ၏ "အောင်ဆန်း သို့မဟုတ် အရိုင်း" ကို ကူးယူ၍ ပြန်လည် တင်ပြလိုက် ပါသည်။

Read more...

အစိမ်းရောင် ပြတိုက်။

အဝေးက လမင်းလေးရေ
တဖြောင့်တည်းသွားတတ်တဲ့ ငါ့ကို
ဖြတ်ညှပ်ကပ်လမ်းကြားထဲမှာ
မထားပစ်ပါနဲ့။

ဒီအထိ
မြတ်မြတ်နိုးနိုး
ငါထမ်းပိုးထားတဲ့ သိက္ခာတွေကို
အဖြတ် အညှပ် အကပ်မခံချင်ဘူး
ကြိမ်အတို့ မခံချင်လို့
မြန်မြန်ပြေးတတ်တဲ့ မြင်းလိုပါပဲ။

ထပ်ခေါ်မယ်နော်
အဝေးက လမင်းလေးရေ။

တခါတလေတော့လည်း
ခြေထောက် အနှုတ်အသိမ်းက
စိတ်အလို မလိုက်နိုင်ပြန်ဘူး
သပွတ်သီးခြောက်ထဲ ရောက်နေတဲ့
ပင့်ကူနက်တစ်ကောင်အလား။

လာမည့် လမ်းကြောင်းအတိုင်း
မမောမပန်းနဲ့
ထမ်းထမ်းပြီး ပြေးနေအုံးမှာ
မင်းလည်း မင်းလမ်းကြောင်းအတိုင်းပေါ့
မမေ့ဘူးဆိုတာ သတိရနေလို့
နေမှာပေါ့နော်။

သည်းခံပေးပါ
ထပ်ခေါ်ခွင့်ပေးပါအုံး
အဝေးက လမင်းလေးရေ။

ဟိုး ............
အဝေးက ....
လမင်းလေးရေ .........။


Read more...

စူစန်ဟတ် အမေး အပိုင်း (၂)


မကာအိုအမှတ်တရ ပုံလေးပါ

မေး။ ။ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ လူတွေအတွက် မင်္ဂလာဆောင်ပေးခြင်း၊ လင်မယားကွာရှင်း ပြတ်စဲခြင်း၊ သေသူအတွက် ဆုတောင်းခြင်းများ ပြုလုပ်မပေးဘူးလား?

ဖြေ။ ။ ဒို့ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းကြီးများကတော့ အဲဒီကိစ္စတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိပါဘူး။ မင်္ဂလာဆောင်သူတွေက မင်္ဂလာဦးအလှူ၊ ကျန်ရစ်သူဆွေမျိုးတွေက သေသူအတွက် ကောင်းမှုဖြစ် ဘို့ လှူတဲ့အလှူမျိုးကို အလှူခံတာလောက်ပဲ ရှိပါတယ်။ မင်္ဂလာဆောင်ခြင်း လင်မယားကွာရှင်း ပြတ်စဲခြင်း၊ သေဆုံးခြင်းကိစ္စတွေမှာ ထေရ၀ါဒ ၀ိနည်း ဥပဒေအရ ဘာတာဝန်မှ မရှိပါဘူး။

မေး။ ။ ဗုဒ္ဓဘာသာမှာ ဂိုဏ်းကွဲတွေများကော ရှိပါသေးသလား?


ဖြေ။ ။ ရှိပါတယ်၊ အဓိကအားဖြင့် ဗုဒ္ဓဘာသာဂိုဏ်းကြီး နှစ်ဂိုဏ်းရှိပါတယ်။ မဟာယာန ဗုဒ္ဓဘာသာ ဂိုဏ်းနှင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဂိုဏ်းလို့ နှစ်ဂိုဏ်းရှိပါတယ်။

မေး။ ။အဲ့ဒါ နည်းနည်းလောက်ရှင်းပြပေးပါ။

ဖြေ။ ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဆိုတာ ဗုဒ္ဓအသက်ထင်ရှားရှိစဉ်က မြတ်ဗုဒ္ဓကိုယ်တိုင် ဟောခဲ့တဲ့ ဓမ္မ ၀ိနယကို မြတ်ဗုဒ္ဓဟောထားတဲ့မူရင်းအတိုင်း မပြုမပြင် မပြောင်းလဲဘဲ ထိန်းသိမ်းစောင့်ရှောက် လိုက်နာကျင့်သုံးခဲ့ကြသော မြတ်ဗုဒ္ဓ၏ တပည့်ကြီးအဆက်ဆက်တို့ရဲ့ ၀ါဒကို ထေရ၀ါဒလို့ ခေါ်ပါတယ်။ အဲဒီထေရ၀ါဒ ဗုဒ္ဓဘာသာဟာ ဒီကနေ့ အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြတဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတို့မှာ ထွန်းကားကျင့်သုံးလျက် ရှိနေကြတယ်။
မဟာယာန ဗုဒ္ဓဘာသာဆိုတာကတော့ မြတ်ဗုဒ္ဓဟောကြားတဲ့ ဓမ္မ ၀ိနယတို့မှ အယူအဆ အဆုံးအမတွေကို တဖြေးဖြေးခြင်း ထုတ်ပယ်၍ နောက်ပေါ်ပညာရှင်တွေရဲ့ အယူအဆသစ်များကို သွတ်သွင်းကာ ပြင်ဆင်ပြောင်းလဲ တိုးတက်လာသော ၀ါဒဖြစ်ပါတယ်။ အဲဒီပြုပြင်တိုးတက်လာတဲ့ မဟာယာန ဗုဒ္ဓဘာသာဟာ ဟိမ၀န္တာရဲ့ မြောက်ဘက် တိဗက်မှစပြီး တရုတ်၊ မွန်ဂိုလီးယား၊ ကိုရီးယား၊ ဂျပန်နိုင်ငံများအထိ ပြန့်နှံလျက်ရှိပါတယ်။

မေး။ ။အဲဒီလို ဂိုဏ်းတွေကွဲတာ နှစ်ပေါင်းဘယ်လောက် ကြာသွားပါပြီလဲ?


ဖြေ။ ။မြတ်ဗုဒ္ဓဖွားတော်မူတာ ခရစ်တော်ထက် (၆၂၃-) နှစ်စောပါတယ်၊ ဗုဒ္ဓ အဖြစ်ရောက်တော့ သက်တော် သုံးဆဲ့ငါးနှစ် (ဘီစီ ၅၈၈-) ဖြစ်ပါတယ်။ ဗုဒ္ဓကွယ်လွန်တော့ သက်တော်ရှစ်ဆယ်(ဘီစီ ၅၄၃-)ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓလွန်တော်မူပြီးနောက် နှစ်တစ်ရာအတွင်းမှာ ဗုဒ္ဓဘာသာဂိုဏ်းကွဲ မရှိသေး ပါဘူး။ နှစ်တစ်ရာနောက်ပိုင်းကျမှ လွတ်လပ်ခြင်းနှင့် တိုးတက်ခြင်းကို လိုလားကြတဲ့ လစ်ဗရယ် လစ်ဇင်ဝါဒကို ကြိုက်ကြတဲ့ ရဟန်းတချို့က ၀ိနည်းစည်းကမ်းတချို့ကို ပြုပြင်ရာကစပြီး ကွဲကြတာ ဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဂိုဏ်းကွဲတွေဟာ ဘီစီ ၄၄၃- လောက်စတင်ပေါ်ပေါက် ခဲ့တယ်လို့ ဆိုရမှာပါ။ အဲဒီအချိန်မှာ ခရစ်စယန်ဘာသာတို့ အစ္စလာမ်ဘာသာတို့ မပေါ်ပေါက်သေးပါဘူး။ ( “အား...ဒါဆို ဗုဒ္ဓဘာသာ ပေါ်ပေါက်တာ နှစ်ပေါင်းနှစ်ထောင့်ငါးရာ ကျော်ပြီဘဲ” ဟု အားလုံးက တအံ့တသြ ပြောကြသည်။ )
ဆရာတော်ပြော။ ။ “နှစ်ထောင့်ငါးရာ ဘယ်ကမလဲ၊ နှစ်ထောင့်ငါးရာ ရှစ်ဆယ့်ရှစ်တောင်ရှိနေပြီ” (မှတ်ချက်။ ။ ၂၅၄၃+၄၅=၂၅၈၈။)

ဆရာတော်ပြန်မေး။ ။မင်းတို့ ခရစ်စယန်ဘာသာမှာကော ဂိုဏ်းကွဲတွေ ရှိသလား၊ ဘယ်တုန်းက စ ကွဲကြသလဲ?
သူတို့ဖြေ။ ။ အား....၊ဂိုဏ်းကွဲတွေ အများကြီးရှိပါတယ်။ ဘယ်တုန်းက စကွဲမှန်းတောင် မသိဘူး။ ရိုမန်ကက်သလစ်ခ်ဂိုဏ်း၊ မက်သတ်ဒစ်စ်ထ်ဂိုဏ်း၊ ဘတ်ပ်တစ်စ်ထ်ဂိုဏ်း၊ ပရိုတက်စ်တင့်ထ်ဂိုဏ်း.... အများကြီးပါဘဲ။

ဆရာတော်မေး။ ။မရိုတက်စ်တင့်ထ်အကြောင်း နည်းနည်းပြောပြပါ။
သူတို့အဖြေ။ ။ ပရိုတက်စ်တင့်ထ်ဆိုတာ ဂျေးဇပ်ခရိုက် ဟောသွားတဲ့ ရှေးဟောင်းဟောပြောချက် အဆုံးအမ စည်းကမ်းတွေကို ပြင်ဆင်လိုတဲ့ ပြုပြင်ပြောင်းလွဲလိုတဲ့ ဂိုဏ်းပါဘဲ။
ဆရာတော်ပြော။ ။ အေး..၊ မဟာယာနဆိုတာ အဲဒီ ပရိုတက်စ်တင့်ထ်လိုပါဘဲ။

အပိုင်း (၃) ဆက်ရန်ရှိပါသေးသည်။
မောင်အောင်ထက်ရေ- အထူးကျေးဇူးတင်ပါတယ်။

သီတဂူစတား
၂-၄-၂၀၁၀



0 comments

Read more...

ရင်နာမိပါ၏

ပြောမယုံ ကြုံဖူးမှသိ ရင်နာမိပါ၏...

ဒီတိုင်းပြည်ခို၊ ဒီရေကိုသောက်၊
ဒီမြေအောက်က၊ ကူထောက်စီးပွား၊
ထုတ်ယူစားပြီ၊ ပြည်ဖွားအိမ်ရှင်၊
ရန်သူထင်၊ အသင်မှားနေပြီ.

အိမ်ရှင်ရိုကျိုး၊ အိမ်ရှင်ကိုးသော၊
မျိုးရိုးဘာသာ၊ သာသနာကို၊
ခြေရာနင်းလျှက်၊ အတင်းဖျက်၊
ရက်စက်လွန်းနေပြီ။

အိမ်ရှင်ကဖွား၊ သမီး သားကို၊
ဇနီးအဖြစ်၊ လင်အဖြစ်ဖြင့်၊
အနှစ်ကိုနှုတ်၊ အညစ်မြှပ်လျှက်၊
မွေးထုတ်ကလေး၊ စပ်တူသွေးတွင်၊
အရေးချက်ချာ၊ မျိုးဘာသာအား၊
လုယူထား၊ စော်ကားလွန်းနေပြီ။

သင့်အိမ်ခိုလျှက်၊ သင့်ကိုဖျက်၊
သင်လက်ခံမည်လော...?
သမီးပျော်ပါး၊ သားပျော်ပါး၊
စော်ကားခံမည်လော...?
ဖိုးပညော (သပိတ်ကျင်း)


Read more...

အလိုမကျ ဖြစ်ကြရာဝယ်…

ဘုန်းဘုန်းအပါအ၀င် သတ္တ၀ါတွေဟာ တစ်ခုမဟုတ် တစ်ခုတော့ အလိုမကျ ဖြစ်ဖူးကြပါတယ်။ ပုထုဇင်တွေ ဖြစ်နေတဲ့အတွက်လည်း အလိုပြည့်တယ်ဆိုတာ မရှိနိုင်ပါဘူး။ တစ်မျိုးမျိုးနဲ့ အလိုမကျ ဖြစ်နေကြမှာပါ။ တကယ်လည်း ဖြစ်နေကြသလို ဖြစ်လည်းဖြစ်ဖူးကြပါတယ်။ နောင်လည်း ဖြစ်နေဦးမှာပါပဲ။ ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်တဲ့အခါ ရှိကြသလို သူများကိုကြည့်ပြီး အလိုမကျ ဖြစ်နေတာတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်ရှိတဲ့အရာတွေအပေါ်မှာ အလိုမကျ ဖြစ်တတ်သလို သူ့ရှိတဲ့အရာတွေကြောင့်လည်း အလိုမကျ ဖြစ်တာတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်ကြောင့် အလိုမကျတဲ့အခါ ရှိတတ်သလို သူ့ကြောင့်အလိုမကျတဲ့ အခါလည်း ရှိတတ်ပါတယ်။ သေချာတာကတော့ ခန္ဓာဝန်လက်စသိမ်းပြီး ဒုက္ခမငြိမ်းသေးသမျှ အလိုမကျမှုတွေက ရှိနေကြမှာပဲ ဖြစ်ပါတယ်။ ရုပ်နာမ်အစုကို ပိုင်ဆိုင်ထားသမျှ ဒီရုပ်နာမ်နှစ်ခုကြောင့် အပူစုတွေနဲ့အတူ အလိုမကျမှုတွေက မပြတ်ဖြစ်နေမှာ အမှန်ပါပဲ။ နောက်ဆုံးတော့ နေရတဲ့အခိုက်မှာ ဒီအလိုမကျမှုတွေ အခိုက်အတန့်ဖြစ်ဖြစ် သက်သာဖို့အတွက် အကောင်းဆုံး ကုစားဖို့ပဲ ကြိုးစားရတော့မှာပါ။ အလိုမကျတဲ့အခါ ဖြေဆည်နိုင်ဖို့ပဲ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သေချာတွေးကြည့်ရင် ဘုန်းဘုန်းတို့တတွေဟာ နေ့တိုင်းနေ့တိုင်း အမျိုးမျိုး ပြောင်းလဲနေတဲ့ စိတ်ကြောင့် ခံးစားချက်အမျိုးမျိုးနဲ့ တစ်မျိုးပြီးတစ်မျိုး အလိုဆိုးတွေပဲ ဖြစ်နေတတ်ကြပါတယ်။ တစ်ခါတစ်လေ တစ်ယောက်တည်းနေရင်းတောင် အလိုလို အလိုမကျ ဖြစ်နေတာတွေ ရှိတတ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတော့ အဖြေက တိတိကျကျ မရှိပြန်ပါဘူး။ အလိုမကျ ဖြစ်တတ်တာတော့ အသေးအဖွဲလေးက အစပါပဲ။ တစ်ခါတစ်လေ မြင်ရတဲ့ အဆင်းကြောင့် ဖြစ်ရသလို တစ်ခါတစ်လေ ကြားရတဲ့ အသံကြောင့် ဖြစ်ရပြန်ပါတယ်။ တစ်ခါတစ်ခါကျတော့လည်း အနံ့ကြောင့်၊ တစ်ခါတစ်လေကျတော့ အရသာကြောင့်၊ ပြီးတော့ အတွေ့အထိစတာတွေကြောင့် တစ်မျိုးမဟုတ် တစ်မျိုးနဲ့ကို အလိုမကျ ဖြစ်နေရတာပါ။ ကိုယ့်ရဲ့ အဆင်း၊ အသံ၊ အနံ့ စတာတွေကြောင့် အလိုမကျ ဖြစ်ရသလို သူများရဲ့ အဆင်း၊ အသံ စတာတွေကြောင့်လည်း ဖြစ်ရပြန်ပါတယ်။ အရင်းစစ်တော့ အရှင်ဆန္ဒာဓိကရဲ့ စကားအတိုင်း တစ်ယောက်တည်းနေ တစ်စိတ်တည်း မထားနိုင်လို့ပဲ ဖြစ်ပါတယ်။ ဘုရားစကားတော် အတိုင်းဆိုရင် ခန္ဓာအစုကြောင့်ပဲ ဖြစ်ပါတယ်။ စွဲလန်းတတ်တဲ့ ဥပါဒါနက္ခန္ဓာကြောင့်ပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက အနတ္တလက္ခဏသုတ်မှာ ပဉ္စ၀ဂ္ဂီငါးဦးကို အလိုမကျ ဖြစ်တတ်တာတွေနဲ့ ပတ်သက်ပြီး ဟောတော်မူထားပါတယ်။ အလိုမကျဖြစ်နေခြင်းဟာ အရာရာ အနတ္တဖြစ်တယ်ဆိုတဲ့ သဘောကို မေ့နေပြီး အတ္တလို့ ထင်နေတဲ့အတွက်ကြောင့် ဆိုတာကို ဒီသုတ်တော်မှာ ပြတော်မူထားပါတယ်။ အလိုရှိတဲ့အတိုင်း အရာရာ ဖြစ်နေမယ်ဆိုရင် အနတ္တဆိုတာ မရှိဘဲ အတ္တပဲ ရှိနေတတ်ပေမယ့် အမှန်တကယ် အတ္တဆိုတာ မရှိကြောင်းကို ဒီသုတ်တော်က ထင်ရှားစေပါတယ်။ ဘုရားရှင်က “ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဤရုပ်သည် အတ္တဖြစ်ခဲ့လျှင် ရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟူ၍လည်း ရုပ်၌စီရင်၍ ရရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းဖြစ်၏၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်ဟူ၍လည်း ရုပ်၌စီရင်၍ မရအပ်..” စသည်ဖြင့် ရုပ်သည်အတ္တမဟုတ် အနတ္တဖြစ်ကြောင်း ဟောတော်မူပါတယ်။ ပြီးတော့ “ခံစားခြင်းဝေဒနာ၊ မှတ်သိခြင်း သညာ၊ ပြုပြင်စီရင်ခြင်း သင်္ခါရ၊ သိစိတ်ဖြစ်ခြင်း ၀ိညာဏ်တို့သည်လည်း အလားတူပင် အတ္တမဟုတ်၊ အနတ္တဖြစ်ကြောင်း၊ အနတ္တဖြစ်သည့်အတွက် မမြဲကြောင်း၊ ဆင်းရဲကြောင်း၊ မမြဲဆင်းရဲပြီး ဖောက်ပြန်ခြင်း သဘောရှိသဖြင့် ထိုရုပ်ဝေဒနာ စသည်တို့၌ ငါ၊ ငါ့ဥစ္စာ၊ င့ါအတ္တဟု ရှုမြင်ရန် မသင့်ကြောင်း ထိုအရာများအား ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ငါ့အတ္တမဟုတ်ဟု ဟုတ်တိုင်းမှန်စွာ ပညာဖြင့် သိမြင်နိုင်မှသာ ရုပ်၌လည်း ငြီးငွေ့လာ၊ ဝေဒနာစသည်တို့၌လည်း ငြီးငွေ့လာကာ ကိလေသာကင်း၍ မဂ်ကိစ္စပြီးမည်ဖြစ်ကြောင်း…” စသဖြင့် ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓရဲ့ ဒီဟောကြားချက်များကို ကြည့်ရင် အလိုမကျတာတွေအတွက် ဖြေဆည်ရာ ရစေမှာ အမှန်ပါပဲ။ တစ်ခါတစ်လေ ဖြစ်တတ်တဲ့ ကိုယ့်ရဲ့အလိုမကျမှုတွေကို “အရာရာဟာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လို့ရတဲ့ အတ္တမဟုတ် သူဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အနတ္တသဘောပဲ”ဆိုတဲ့ အသိနဲ့ ဖြေကြည့်မယ်ဆိုရင် အထိုက်အလျောက် ဖြေဆည်ရာရမှာပါ။ မှန်ပါတယ်။ တစ်ခါတစ်လေ လက်တွေ့ဘ၀မှာလည်း ဒီလို ဘာမဟုတ်တဲ့ အလိုမကျမှုတွေနဲ့ စိတ်ဒုက္ခဖြစ်ခဲ့ကြတာ မနည်းလှပါဘူး။ ဘုန်းဘုန်းအပါအ၀င် ပုထုဇင်မှန်သမျှ အလိုမကျမှုတွေကြောင့် ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ အဆင်မမြေမှုတွေ အများကြီး ဖြစ်ခဲ့ကြ၊ တွေ့ခဲ့ကြ၊ ခံစားခဲ့ကြပါတယ်။ ပြီးတော့ သူတစ်ပါးကို အမှီပြုပြီး ဖြစ်ကြရတဲ့ အလိုမကျမှုတွေကြောင့် ခံစားရတဲ့ ဒုက္ခတွေကလည်း မရေတွက်နိုင်အောင်ကို များခဲ့ကြပါသေးတယ်။ တကယ်တော့ ဖြေဆည်တတ်မယ်ဆိုရင် ငါ၊ ငါ့ဟာဆိုတာ အမှန်မရှိပေမယ့် အမှန်လို့ထင်နေတတ်တဲ့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုတောင် ကိုယ့်စိတ်တိုင်းကျ မဖြစ်တဲ့ဟာကို ကိုယ်နဲ့ဘာမှ မပတ်သက်တဲ့ သူများတွေကို ကိုယ့်အလိုကျ ဖြစ်စေဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲပေါ့…။ တစ်နေ့ကပဲ ဖြစ်လိုက်သေးတယ်။ ဒကာလေးတစ်ယောက် ဝေယျာဝစ္စလာလုပ်ရင်း အလွဲလေးလုပ်မိလို့ စိတ်ထဲမှာ အလိုမကျ ဖြစ်ခဲ့မိသေးတယ်။ နောက်တော့ အချိန်မီပဲ “ငါ့နဲ့ ဘာမှသွေးမတော် သားမစပ်ဘဲ ဘုရားသားတော် တစ်ပါးအနေနဲ့ ကြည်ညိုလို့ လာပြီးကုသိုလ်ယူတာကို ငါက ဘာဖြစ်လို့ အလိုမကျ ဖြစ်နေရတာလဲ…၊ သူ့နေရာမှာ ငါသာဆိုရင် ဒီလိုပဲ ဖြစ်မိမှာပဲ၊ ငါ့ကိုယ်ငါတောင် စိတ်တိုင်းမကျ ဖြစ်နေတာ သူတစ်ပါးကို ငါ့စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ…” စသဖြင့် စိတ်ကိုဖြေနိုင်၊ အတွင်းမှာဖြစ်နေတဲ့ အလိုမကျမှုကို အပြင်မထွက်အောင် ထိန်းလိုက်နိုင်ပါတယ်။ ဘုန်းဘုန်းလိုပဲ အားလုံးလည်း ဖြစ်ဖူးကြမှာပါ။ အလိုမကျမှုတွေကိုလည်း ဖြေဖူးကြမှာပါ။ ဖြေလည်း ဖြေကြည့်စေချင်ပါတယ်။

သေချာတွေးကြည့်တော့ အလိုမကျတာတွေဟာ အမှန်မမြင်မိပဲ အတ္တဆန်တဲ့ ငါစွဲတွေကြောင့်ပဲ ဖြစ်ပါတယ်။ အနတ္တဆိုတာကို မေ့နေပြီး အတ္တလို့ ထင်နေကြတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ် အမိန့်ရှိသလို ငါ့ရုပ်င့ါခန္ဓာ ငါ့စိတ်ဆိုရင် ငါဖြစ်ချင်သလို ဖြစ်စေရမှာ ဖြစ်ပေမယ့် ငါ့ဖြစ်စေချင်သလို မဖြစ်ဘဲ သူဖြစ်ချင်သလို ဖြစ်နေတယ်ဆိုတာ သတိမပြုမိကြတော့ ဆရာသမားတွေကရော၊ မိဘတွေကပါ ပြီးတော့ ရာထူးကြီးတဲ့သူတွေ၊ ပညာတတ်တဲ့သူတွေ၊ အသက်အရွယ် ဂုဏ်ပကာသန ကြီးတဲ့သူတွေပါမကျန် အားလုံးက ကိုယ့်စိတ်တိုင်းကျ မတွေ့တဲ့အခါ၊ ကိုယ့်အလိုမကျတဲ့အခါ စိတ်ဆိုးစိတ်တိုပြီး တစ်ဘက်သားကို ဒုက္ခဖြစ်စေတတ်ကြပါတယ်။ တစ်ခြားသူတွေကို ဒုက္ခဖြစ်စေရုံတင်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုလည်း ဒုက္ခဖြစ်စေပါတော့တယ်။ တစ်ဘက်သူ ဘယ်လိုဖြစ်တယ်ဆိုတာ အသာထား ကိုယ်ကိုယ်ကိုတော့ ဒီလိုအလိုမကျ၊ စိတ်တိုင်းမကျ ဖြစ်လိုက်ရတဲ့အတွက် စိတ်ဒုက္ခဖြစ်စေခဲ့တာတော့ အမှန်ပါပဲ။ အရင်းစစ်တော့ အနတ္တဆိုတာမေ့ပြီး အတ္တလို့ ထင်မိကာ အလိုမကျ ဖြစ်ခဲ့မိတဲ့ အတွက်ကြောင့်ပါပဲ။ ဒါကြောင့် သူတစ်ပါးကို အကြောင်းပြုပြီး အလိုမကျ ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို အရင်ပြန်ဆန်းစစ်ပြီး ကိုယ့်ကိုယ်ကိုရော ကိုယ့်စိတ်တိုင်းကျ ကိုယ့်အလိုကျ ဖြစ်ရဲ့လားဆိုတာ သတိပြုမိကြဖို့ လိုပါတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကိုလည်း အလိုမကျ ဖြစ်မိတယ်ဆိုတာပါပဲ။

တကယ်တော့ အလိုမကျ ဖြစ်တယ်ဆိုတာ အလိုရှိနေကြလို့ပဲ ဖြစ်ပါတယ်။ အလိုရှိနေတဲ့အတွက် ကိုယ်လိုတဲ့အတိုင်း မဖြစ်တော့ အလိုလို အားမရဖြစ်ကာ မလိုချင်တာရပြီး အလိုမကျ ဖြစ်ကုန်တာပဲ ဖြစ်ပါတယ်။ လိုနေသမျှ အလိုမကျ ဖြစ်နေမှာ အမှန်ပါပဲ။ လိုချင်ဖြစ်ချင်တာတွေ များလေလေ အလိုမကျတာတွေ များလေလေပဲ ဖြစ်နေမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဖြစ်ချင်တိုင်း ဖြစ်လို့မရတဲ့ လောကမှာ ဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တာ ဖြစ်နေမယ်ဆိုရင် မမြဲခြင်းသဘော မရှိတော့ဘဲ မြဲခြင်းသဘောပဲ ရှိနေမှာ ဖြစ်ပေမယ့် လောကကြီးဟာ မြဲတာတစ်ခုမှ မရှိဘဲ မမြဲတာတွေပဲ ရှိနေလေတော့ အတ္တမဟုတ်၊ အနတ္တဆိုတာ အထင်အရှား ဖြစ်စေပါတယ်။ ဒါကို မသိတဲ့အတွက်ကြောင့် ဖြစ်ချင်မှုလိုချင်မှုတွေနဲ့ ဖြစ်ချင်လိုချင်နေကြလို့လည်း သတ္တ၀ါတွေဟာ လိုတာမရဘဲ အလိုမကျ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် “အလိုကျချင်ရင် မလိုကြနဲ့”လို့ ဆိုခြင်းဖြစ်ပါတယ်။

ဟုတ်တယ်။ မလိုချင်ရင် အလိုမကျဖြစ်တယ် ဆိုတာ မရှိတော့ပါဘူး။ မလိုချင်တဲ့အတွက် ဖြစ်ချင်တဲ့ဆန္ဒ၊ ဖြစ်စေချင်တဲ့ အလိုတွေ မရှိတော့ပါဘူး။ ဒါဆိုရင် အလိုမရှိတဲ့အတွက် လိုချင်လို့ တောင့်တပြီး တောင့်တတိုင်း မရတဲ့အခါ ဖြစ်တတ်တဲ့ အလိုမကျမှုဆိုတာလည်း မရှိနိုင်တော့ပါဘူး။ အကယ်၍ ပုထုဇင်တွေ ဖြစ်နေတဲ့အတွက် လိုချင်မှုကိုတော့ ထင်သလို ပြုပြင်ထိန်းသိမ်းလို့ မရသေးဘူးဆိုရင်လည်း အလိုမကျမှုတွေနည်းအောင်၊ အလိုမကျမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ စိတ်သောက ခံစားမှုတွေ သက်သာအောင် ဖြေနိုင်ဖို့၊ ဖြေတတ်ဖို့တော့ လိုပါတယ်။ ဒီလို ဖြေတတ်ဖို့အတွက် ဘုရားရှင် အမိန့်ရှိသလို အရာရာဟာ ငါမဟုတ်၊ အတ္တမဟုတ်ဘဲ ကိုယ်ဖြစ်ချင်သလို ဖြစ်လို့မရတဲ့ အနတ္တပဲဆိုတာ နားလည်သဘောပေါက်လို့ ကိုယ်ကိုယ်တိုင်တောင် ဖြစ်ချင်တိုင်းဖြစ်လို့မရ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေတာ သူများကိုအမှီပြုပြီး ကိုယ့်စိတ်တိုင်းကျ ကိုယ့်အလိုကျ ဖြစ်ဖို့ဆိုတာ မလွယ်ဘူးဆိုတဲ့ အသိတရားနဲ့ ဖြေဆည်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ သိစေချင်တာက အလိုမကျမှုတွေ ဖြစ်တဲ့အခါ ကိုယ်နဲ့ ချိန်ထိုးပြီး ဖြေနိုင်အောင် ကြိုးစားကြဖို့ပါ။ အနတ္တလက္ခဏသုတ်မှာ မြတ်ဗုဒ္ဓဟောတော်မူတဲ့ အရာရာဟာ အတ္တမဟုတ်၊ အနတ္တဆိုတဲ့ အချက်ကို ဆင်ခြင်ပြီး မမြဲတဲ့ သဘော၊ အစိုးမရတဲ့ သဘောကို မပြတ်အောက်မေ့ကာ အလိုမကျမှုတွေကို ဖြေကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ အမှန်တကယ်မရှိ ပညတ်ဝေါဟာရများနဲ့ ဖြေဆည်ကြည့်မယ်ဆိုရင်လည်း အလိုမကျ ဖြစ်တဲ့အခါ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်စိတ်နဲ့ကိုယ့်ကို အလိုမကျ ဖြစ်နေတာ သူတစ်ပါးကို ကိုယ်နဲ့ထပ်တူဖြစ်ဖို့၊ ကိုယ့်အလိုကျ ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်နဲ့ ဖြေကြည့်ကြဖို့ လိုပါတယ်။ အဲဒီလို ဖြေနိုင်မယ်ဆိုရင် အလိုမကျမှုတွေ ဖြစ်တိုင်းဖြစ်တိုင်း အရင်ဆုံးခံစားရတဲ့ ကိုယ့်ရဲ့စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ဒုက္ခတွေ လျော့နည်းသွားမှာ သေချာပါတယ်။ နောက်ဆုံးအနေနဲ့ အကြံပြုချင်တာက ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့ချိန်ထိုး၊ ကိုယ်နဲ့ကိုယ်ချင်းစာပြီး မကြာမကြာဖြစ်တတ်တဲ့ အလိုမကျတတ်တာတွေကို ဖြေကြည့်ကြပါလို့ အကြံပြုချင်ပါတယ်။ အားလုံး အလိုမကျမှုတွေ နည်းနိုင်ကြပါစေ…


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP