သံသရာထဲမှာ တတွဲတွဲတလည်လည် အပိုင်း (၃ မှ ၅)
ကောင်းမှုပြုလျှင် ကောင်းရာဖြစ်၏။ မကောင်းမှုပြုလျှင် မကောင်းရာ ဖြစ်၏။
သူကြွယ်မယားသည် မကောင်းမှုကို ပြုသောကြောင့် ကွယ်လွန်ချိန်ဝယ် နတ်ဘုံ နတ်ရွာ၌ ဖြစ်၏။ နတ်ဘဝမှ စုတေသောအခါ ဗာရာဏသီပြည်ဝယ် ကုဋေရှစ်ဆယ် ကြွယ်ဝသော သူကြွယ့်သမီး ဖြစ်လာ၏။ မကောင်းမှု အလွန်ကြီးမားသော မကောင်းမှုကြီး ပျောက်သွားပြီလော၊ မပျောက်ပါ။
သူကြွယ့်သမီးသည် ရုပ်ရည်လှပ၏။ မြင်သော ယောက်ျားတိုင်း မြတ်နိုး စုံမက်ဖွယ် ဖြစ်၏။ သို့သော်…..
သူကြွယ့်သမီးကို တရံရောအခါဝယ် မိဘတို့သည် မျိုးနွယ်တူ သူကြွယ်တစ်ဦး၏ သားနှင့် အိမ်ထောင် ချထားပေးကြ၏။ သတို့သားသည် သတို့သမီး၏ အဆင်းသွင်ပြင်ကို ကြည့်ကာ နှစ်သက်မြတ်နိုး၏။ ကြင်နာ မေတ္တာ ဆပွား၏။ သို့ရာတွင် ချစ်ခင်စုံမက်စွာ ကိုယ်ထက် နှီးနှောခြင်း မပြုနိုင်။ မိဘအိမ်သို့ ညဥ့်တွင်းချင်း ပြန်ပို့ လိုက်ရလေ၏။ အဘယ်ကြောင့်နည်း။
အရှင်ပစ္စေကဗုဒ္ဓါ တစ်ပါးအား စော်ကားဖူးသော ရှေးဘဝဟောင်းက ကံဟောင်း ကံကြွေး၊ ဝဋ်ကြွေးကို ခါးစည်းပြီး ပေးဆပ်ရပြီ။
မင်္ဂလာဦးညဝယ် ကိုယ်ထိ လက်ပါး စံစားရန် သူကြွယ့်သမီး အပါးသို့ ချဉ်းကပ်လာသော သူကြွယ့်သားမှာ ရင်ဘတ်ကို ဆောင့်ကန်သကဲ့သို့ ခံစားရ၏။ အကြောင်းမှာမူ အဖုံးအကာ မရှိသော မစင်ပုပ်တွင်းထဲမှ အနံ့ဆိုးမျိုး ထောင်းခနဲ ထလာသောကြောင့် ဖြစ်၏။
သူကြွယ့်သမီးသည် မျက်ရည်ချောင်းစီးအောင် ငိုရှိုက်ရ၏။ ခေါင်းမဖေါ်ရဲအောင် ရှက်ရ၏။ ဤသည်မှာ တစ်ကြိမ်မဟုတ်။ ခုနှစ်ကြိမ် ခံစားရ၏။ ရုပ်ရည်လှပ ယဉ်ကျေးပြေပြစ်သောကြောင့် ဒုတိယ သူကြွယ်က ကမ်းလှမ်းလာပြန်၏။ ထိမ်းမြားမင်္ဂလာ ဆောင်နှင်းပြီးသည့် မင်္ဂလာဦးညမှာပင် ရှေးနည်းတူ ပြန်ပို့ခံရ၏။
သတ္တမလင်ထံမှ ပြန်ပို့ခံရပြီးချိန်တွင်မူ သူကြွယ့်သမီး ခမျာ အိမ်ထောင်ပြုရန် စိတ်မကူးဝံ့တော့ချေ။ ဝဋ်ကြွေး ကျေရန်အတွက် ကုသိုလ် ကောင်းမှုချည်း ပွားများ အားထုတ်တော့သည်။
ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုချေပြီ။
လူအပေါင်းသည် မြတ်စွာဘုရား၏ တခဲနက် ကျန်ရစ်သော သရီရဓာတ်တော်များကို ဓာတုစေတီ တည်ကြ၏။ စေတီတော်ကြီးကား အသက် သောင်းတမ်းတွင် ရှိသော လူတို့တည်သည့် စေတီဖြစ်သည့်အားလျော်စွာ ၁၂မိုင် (တစ်ယူဇနာ) မြင့်၏။
လင်ခုနှစ်ကြိမ် အပစ်ခံရသော သူကြွယ့် သမီးလည်း ကိုယ်ကိုပြုပြင်၍ အဘယ်အကျိုး ရှိအံ့နည်းဟု ကြံစည်ကာ ဝတ်စားတန်ဆာများကို ရောင်းချပစ်ပြီး ရွှေအုတ်ဝယ်သည်။ ဆေးဒန်း မြင်းသီလာကို နံ့သာရေများဖြင့် သွေးထားသော သရွတ်နှင့် ရွှေအုတ်ကို လင်ပန်းတွင် ရွက်လျက် စေတီတော် တည်ရှိရာသို့လာသည်။ ရွှေအုတ် တစ်နေရာ ပေးပါတောင်းရာ အထက်ထီးချက်ခံရာ နေရာ၌ တစ်နေရာစာ ရသည်။
လင်ပစ်မလည်း ကိုယ်တိုင်တက်ကာ ရွှေအုတ်များကို စီသည်။ ဆေးဒန်း မြင်းသီလာဖြင့် သရွတ်တင်သည်။ ထိုအပေါ်၌ ကြာပန်းများစိုက်ထူ ပူဇော်ထားခဲ့သည်။
စေတီတော်၏ ခြေရင်း ရင်ပြင်ပေါ်သို့ ရောက်သောအခါ သူကြွယ့်သမီးသည် ရိုသေစွာ ရှိခိုးပြီး ဆုတောင်းပုံမှာ….
“တပည့်တော်မ ယခုပြုရတဲ့ ကုသိုလ်ကြောင့် နိဗ္ဗာန်ရတဲ့ ဘဝတိုင်အောင် လှိုင်လှသော စန္ဒကူးနံ့ကဲ့သို့ သင်းပျံ့မွှေးကြိုင်သော ကိုယ်နံ့၊ ကြာဝတ်နံ့နှယ် သင်းကြူသော ခံတွင်းနံ့ ရှိရပါလို၏ ဘုရား” ဟူ၍ ဖြစ်ပေ၏။
ထိုအချိန်သည် လင်ပစ်မ၏ အကုသိုလ်ကြွင်း ဝဋ်ဟောင်း ဝဋ်ကြွေး ကုန်စင်ချိန် ဖြစ်ရာ ပထမဆုံး ပြန်ပို့သော လင်ဟောင်းသည် လင်ပစ်မအား တမ်းတ, လွမ်းဆွတ်စိတ် ပေါ်လာသည်။ မယားဟောင်း အတီမှာ ရှိသနည်း စုံစမ်းသည်။ ကာပိုင် မရှိသေး။ မိဘအိမ်တွင် နေဆဲ။
ထို့ကြောင့် အစေအပါးများအား ထိုသူကြွယ့်သမီးထံ ဆောင်ယူရန် စေလွှတ်လိုက်သည်။ သူကြွယ့်သမီးသည် ဓာတုစေတီတော်တွင် ကုသိုလ်ပြုပြီးနောက် အိမ်ပြန်ရောက်စ ဖြစ်သည်။
“အမောင်တို့ ဘာကိစ္စ ရှိကြသတုံး”
“ကျွန်တော်တို့ အရှင် သူကြွယ်ကြီးက သူပြန်ပို့မိတာ မှားတဲ့အကြောင်း ဝန်ချတောင်းပန်ချင်လို့ ခေါ်ချေစမ်း ခိုင်းတဲ့အတွက် လာရတာပါ”
ကောင်းမှုကံသည် ချက်ချင်း အကျိုးပေးပြီဟု သူကြွယ်သမီး သိလိုက်သော်လည်း ဝမ်းမသာနိုင်။
“အမောင်တို့ မိန်းမတို့ရဲ့ အချင်းဟာ အလှအပ ဖြစ်တယ်။ ငါ့မှာ အလှအပဆင်တဲ့ ဝတ်စားတန်ဆာတွေ ရောင်းပြီး ဓာတုစေတီတော်မှာ ပူဇော်ပြီးပြီ။ ဒါကြောင့် မလိုက်နိုင်ဘူးကွယ်တို့”
သူကြွယ်ထံမှ လွှတ်သူများ ပြန်သွားကြကာ သူတို့ အရှင်အား အကြောင်းစုံကို ပြန်လည် ပြောပြကြ၏။ သူကြွယ်ကလည်း “ကိစ္စမရှိဘူး။ လိုအပ်သမျှ ငါဆင်မယ်။ လိုက်သာ လိုက်ခဲ့ပါ ပြောပြီး ခေါ်ချေကြ” ဟု ထပ်မံ စေလွှတ်ပြန်သည်။ သို့အတွက် လင်ပစ်မလည်း ပထမဆုံး ပြန်ပို့သည့် လင်ဟောင်း၏ ရထားပေါ် တက်ကာ လိုက်ပါသွားလေသည်။
ထိုမိန်းမပါသော ရထားသည် သူကြွယ်၏ အိမ်ဝ၌ ရပ်လျှင်ရပ်ချင်း တစ်အိမ်လုံး မွှေးကြိုင်နေသည်။ သူကြွယ်လည်း ဝမ်းသာ အယ်လဲ ဆီးကြို နှုတ်ဆက်ရာ အာခံတွင်းမှ ကြာဝတ်နံ့ တသင်းသင်း ကြိုင်နေပြန်သည်။
“နှမ၊ အရင်တုန်းက မယ်မင့်ကိုယ်ဟာ အလွန်ရွံရှာ ပျို့အန်ချင်စရာ အနံ့ဆိုး ရှိတယ်။ အခုတော့လည်း စန္ဒကူးနံ့ ကြာဝတ်မှုံနံ့ လှိုင်နေပါကလား”
သူကြွယ်က အံ့အားတသင့် မေး၏။
“အရှင်၊ ကျွန်တော်မဟာ မြတ်စွာဘုရားရဲ့ ဘဏ္ဍာစေတီကို ပူဇော်တဲ့ ကောင်းမှုကြောင့် အခုလို ဖြစ်လာရတာပါ”
“သြော် ဘုရား သာသနာ ဆိုတာဟာ သတ္တဝါတို့ရဲ့ ကိုးကွယ်ရာ မှီခိုရာ ကြီးပါကလား။ အယုတ်ညံ့ကို အမြတ် ဖြစ်လာအောင်လည်း အကျိုးပေးနိုင်ပါကလား”
သူကြွယ်မှာ အသံကြားဖြင့် ကြီးမားစွာ သဒ္ဓါပန္နသ ဖြစ်၏။ ထို့ကြောင့် မကြာမီ ကာလတွင် ကဿပ မြတ်စွာဘုရား၏ ဘဏ္ဍာစေတီတော်အား ကမ္ဗလာနီရောင် အုတ်များဖြင့် တံတိုင်းကာရံလျက် ပူဇော်သည်။ ထို အုတ်တံတိုင်းပေါ်တွင် ကြာသွတ်အိုးနှင့် မုတ်ထွတ်များ ဒုရင်များဖြင့် တန်ဆာဆင်ကာ ကြာတံ ကြာလက်များ စိုက်ထူ ပူဇော်ပြန်လေသတည်း။
ထိုသူကြွယ် လင်မယားသည် အသက်အတိုင်း နေပြီး ကွယ်လွန်ချိန်ဝယ် နတ်ဘုံ၌ ဖြစ်၏။ ထိုမှ စုတေပြန်သော် ဗာရာဏသီပြည်၌ ဖြစ်ကြ၏။ မယားမှာ ဘုရင့်သမီး “ဘဒ္ဒကာ” ဟူ၍ ဖြစ်လာသော်လည်း လင်မှာမူ အမတ်ကြီး၏သား “နန္ဒိယ” ဖြစ်လာသည်။
တစ်ရံခါသော် ပြည့်ရှင်မင်းကြီး နတ်ပြည်စံတော်မူသည်။ နန်းမွေခံ သားတော် မကျန်ခဲ့သဖြင့် အမတ်တို့သည် ဖုဿရထား လွှတ်၏။ ရထားသည် ကျောက်ဖျာပေါ်တွင် ခေါင်းမြီးခြုံလျက် အိပ်စက်နေသော နန္ဒိယ၏ ခြေရင်း၌ ဆိုက်၏။
ဤသို့ဖြင့် မင်္ဂလာ မဏ္ဍပ်ဆောက်ပြီး ဘဒ္ဒကာ မင်းသမီးနှင့် ထိမ်းမြားမင်္ဂလာ ပြုကာ ဘိသိက်သုံးပါး သွန်းသောအခါ မင်းဆွေ မင်းမျိုးတို့သည် တစ်သိန်းတန် ပုဆိုးများကို ကန်တော့လက်ဆောင် အဖြစ် ဆက်သကြ၏။ နန္ဒိယ မင်းသည် ထို ကမ္ဗလာများကို ကိုင်ကြည့်သည်။
“ဝတ်လဲ ပုဆိုးတွေက ကြမ်းတော်လှချည်လား မောင်မင်းတို့”
“မှန်ပါ အရှင် မင်းကြီး။ သည်ထက် ကောင်းမွန်နူးညံ့တဲ့ ပုဆိုး ဗာရာဏသီ ရွှေပြည်မှာ မရှိတော့ပါဘုရား”
အမတ်များက လျှောက်တင်ခြင်း ဖြစ်၏။
“မောင်မင်းတို့ သခင် ဘုရင်မင်းမြတ်လည်း ဒါပဲ ဝတ်သလား”
“မှန်ကြောင်းပါ ဘုရား”
နန္ဒိယဘုရင် ခေါင်းခါကာ “ငါတော့ မဝတ်နိုင်ဘူး မောင်မင်းတို့” ဆိုကာ ရွှေကရားကိုယူ၍ ခံတွင်းဆေးသည်။ မျက်နှာသစ်သည်။ ထို့နောက် ရွှေကရားကို ညာလက်ဖြင့် ကိုင်ကာ အရှေ့အရပ်သို့ လှည့်ကာ သွန်းဖျန်းသည်။
“သုံးဖော်သော လောက၌ ဝေနေယျ အပေါင်းတို့အား ကြီးမားသော ချမ်းသာကို ပေးနိုင်ခြင်းငှာ ဒါနကုသိုလ် ပြုခဲ့သည် မဟုတ်သလော။ ထိုအကျိုးသည် ယခု မျက်မှောက် ရောက်လာစေသောဝ်”
သစ္စာဆိုကာ ခဏတွင် မြေအပြင်ကို ဝက်ဝက်ခွဲလျက် ဝတ်လဲ ပုဆိုး ပဒေသာပင် ရှစ်ပင် ပေါ်ပေါက်လာလေ၏။
နန္ဒိယမင်းသည် ဤမျှဖြင့် မကျေနပ်သေးချေ။ တောင် အရပ်နှင့် မြောက်အရပ်၊ အနောက်အရပ်များသို့ပါ လှည့်၍ ရွှေကရားနှင့် ရေဖျန်းသစ္စာပြုသည်။ အရပ်လေးမျက်နှာ၌ ပဒေသာပင် စုစုပေါင်း သုံးဆယ့်နှစ်ပင် ပေါက်လာသည်။
ထိုပဒေသာပင် များမှ နတ်ဝတ် ပုဆိုးများကိုသာ နန္ဒိယမင်း ဆွတ်ယူ သုံးဆွဲတော် မူသည်။ တိုင်းသူပြည်သား များအားလည်း “မည်သူမဆို နန္ဒိယမင်း၏ ဘုန်းကံကြောင့် ပေါ်ပေါက်လာသော ပဒေသာပင်များမှ ဝတ်လဲ ပုဆိုးများကို အလိုရှိသမျှ လာရောက် ဆွတ်ယူ သုံးဆောင်ကြစေ” ဟု နိုင်ငံအဝန်း စည်လည်သည်။ ထို ပဒေသာပင်များကို အမှီပြုရသောကြောင့် နိုင်ငံတော်သူ နိုင်ငံတော်သားတို့မှာ ဗိုင်းရက်ကန်းသော်မျှ မဝင့်ကြရတော့ပေ။
နန္ဒိယမင်းသည် မင်းမိန်းမ တစ်သောင်းခြောက်ထောင်ရံခလျက် သိကြားမင်း စည်းစိမ်ကဲ့သို့ စံစား၏။ စည်းစိမ် စံစား၍ နှစ်ပေါင်း တစ်သောင်းကျော် ကြာသော တစ်နေ့တွင် ဘုရင်သည် မိဖုရားကြီး ဘဒ္ဒကာအား ဤသို့ ဆိုတော်မူ၏။
“အချင်း မိဖုရား၊ ငါတို့ဟာ ရှေးရှေးဘဝတွေတုန်းက ကုသိုလ်ကောင်းမှုတွေ ဆည်းပူးခဲ့လို့သာ အခုလို ထူးမြတ်တဲ့ စည်းစိမ်ကို ခံစားရတယ်၊ နောက်ဘဝတွေမှာလည်း သည်လိုပဲ စံစားရအောင် သီလရှိတဲ့ အလှူခံတွေကို စုံစမ်းရှာဖွေပြီး ပူဇော် လှူဒါန်းပေးတော့”
မိဖုရားကြီးလည်း အရပ် ရှစ်မျက်နှာသို့ မင်းချင်းများကို စေလွှတ်သည်။ ပေးလှူရန် ပုဂ္ဂိုလ် တစ်စုံ တစ်ယောက်မျှ မတွေ့လေ။ သို့အတွက် မင်းနှင့် မိဖုရားသည် လှူဖွယ်များ စီစဉ်ပြီးနောက် ပြာသာဒ်သို့တက်ကာ ရှစ်ပါးသီလ ဆောက်တည်၍ အဓိဌာန် ပြုကြ၏။
“ရဟန္တာ အရှင်မြတ်တို့သည် ဤအရပ်ဝယ် အကယ်၍ ရှိပါမူ တပည့်တော်တို့၏ အလှူကို ကြွရောက် အလှူခံတော်မူကြပါ ဘုရား”
အရှေ့အရပ်သို့ မျက်နှာမူ၍ ရှိခိုး၏။ တစ်နေကုန်၍ တစ်ပါးမျှ ကြွမလာသဖြင့် လှူဖွယ်များကို ခရီးသွား ယာစကာများအား စွန့်ကြဲလိုက်ရလေ၏။
ဤသို့ဖြင့် တစ်နေ့လျှင် တစ်မျက်နှာကျ ရှိခိုးပင့်ဖိတ်ခဲ့ရာ စတုတ္ထမြောက်နေ့တွင် မြောက်မျက်နှာ လေသာတံခါးကို ဖွင့်၍ ပင့်ဖိတ်လျှောက်ထားတော့မှ ပစ္စေကဗုဒ္ဓါ အပါးငါးရာ ကြွလာသည်။ ပဒုမဝတီ မိဖုရား၏ သားတော်များ ဖြစ်သော ထိုအရှင်များသည် ဟိမဝန္တာမှ ကြွလာတော်မူကြခြင်း ဖြစ်ပေ၏။
ဗာရာဏသီပြည့်ရှင် နန္ဒိယမင်းနှင့် မိဖုရား ဘဒ္ဒကာတို့သည် မဟာပဒုမ ရှင်ပစ္စေကဗုဒ္ဓါ အမှူးပြုသော အရှင်ကောင်း ငါးရာတို့အား ပြာသာဒ်ထက်သို့ ပင့်ကာ ယာဂု အဖျော် စသည်များ ဆက်ကပ် လှူဒါန်းသည်။ ဆွမ်းတရားနာ အပြီးတွင် ဘုရင်က အရှင်မြတ်များအား ပစ္စည်းလေးပါး ဒါယကာ ခံပါရစေ၊ ဥယျာဉ်တော်တွင် သီတင်းသုံးတော်မူပါ ဘုရား ဟု လျှောက်ထားသည်။
အရှင်ကောင်းတို့ ဝန်ခံသဖြင့် ဥယျာဉ်တော်အတွင်းဝယ် ကျောင်းငါးရာ ဆောက်လုပ် လှူဒါန်းသည်။ ဆွမ်း သင်္ကန်း ပရိက္ခရာ ဆေးဝါး မပြတ်စေရပေ။
တစ်ရံရောအခါဝယ် ပစ္စန္တရာဇ် မငြိမ်မသက်သဖြင့် မင်းကြီး စစ်ထွက်တော်မူသည်။ မိဖုရားကြီးလည်း အရှင်ကောင်းတို့အား မင်းကြီးရှိစဉ်က အတိုင်း ဝတ်မပျက် လုပ်ကျွေးသည်။ သို့ရာတွင် နေပြည်တော်သို့ မင်းကြီး ပြန်မရောက်မီ အရှင်ပစ္စေကဗုဒ္ဓါများ အာယုသင်္ခါရ ကုန်ခဲ့ရကား ပရိနိဗ္ဗာန် ပြုတော်မူကြ၏။
မိဖုရားကြီးသည် အရှင်ကောင်းတို့၏ ရုပ်ကြွင်းများကို ကောင်းစွာ သင်္ဂြိုဟ်ပြီးလျှင် ဓာတ်တော်များကို စေတီတည်ထား ကိုးကွယ်၏။ ပစ္စန္တရာဇ် ငြိမ်သက်သဖြင့် နန္ဒိယမင်း ပြန်လည် ကြွချီလာရာ ဘဒ္ဒါကာ မိဖုရားကြီးသည် မြို့ပြင်သို့ ထွက်ကာ ကြိုဆိုသည်။ အရှင်ကောင်းတို့ ပရိနိဗ္ဗာန်ပြုကြောင်းပါ တင်လျှောက်သည်။ ဘုရင်သည် မြို့တွင်းသို့ မဝင်ဘဲ အရှင်ကောင်းတို့၏ ဓာတုစေတီများကို ဖူးမြင်ကာ ဤသို့ဆို၏။
“အရှင် မိဖုရား၊ ကောင်းကင်ပျံခြင်း မြေလျှိုးခြင်း ပြုနိုင်သော အရှင်မြတ်များသော်မှ သေမင်းနိုင်ငံကို လိုက်ရတယ်၊ ငါတို့ဆိုရင် ဘာပြောဖို့ ရှိတော့မတုံး”
ဘုရင်မင်းမြတ်သည် သားတော်ကြီးအား ထီးနန်း လွှဲပေးခဲ့ပြီး ဥယျာဉ်တော်၌ ရဟန်းပြု နေထိုင်၏။ မိဖုရားကြီးလည်း လိုက်လံ ရဟန်းပြုသည်။ ထို ရဟန်း နှစ်ပါးသည် ဈာန်ဝိပဿနာကို ပွားစေလျက် အသက်အတိုင်း နေ၍ စုတေသောအခါ ဗြဟ္မာ့ပြည်၌ ဖြစ်ကြလေ၏။
ငါတို့ဆရာ ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူခါနီး ကာလသို့ရောက်ပြီ။ ရသေ့ဟောင်း ဗြဟ္မာနှစ်ဦးသည် စုတေခဲ့၏။ နန္ဒိယဗြဟ္မာသည် မဂဓရာဇ်တိုင်း မဟာတိတ္ထ ပုဏ္ဏားရွာရှိ ကဿပ အနွယ်ဖြစ်သော မင်းဆရာ ကပိလပုဏ္ဏား၏ သားဖြစ်လာ၏။ အမည်ကား “ပိပ္ပလိ” တည်း။ ဘဒ္ဒကာ ဗြဟ္မာမှာမူ မဒ္ဒရာဇ်တိုင်း သာဂလမြို့နေ မင်းဆရာ ကောသိယ ပုဏ္ဏား၏ သမီး ဖြစ်လာ၏။ အမည်မှာ “ဘဒ္ဒကာပိလာနီ” တည်း။
နှစ်ဦးလုံးသည် ဗြဟ္မာ့ဘုံမှ လာခဲ့သူများ ဖြစ်သည့်အလျှောက် အိမ်ရာထောင်မှုကို စိတ်မဝင်စားကြပေ။ သို့ရာတွင် မိဘများ တိုက်တွန်းသဖြင့် တစ်ကြောင်း၊ ကြားလူများ လှော်လှယ်၍ တစ်ကြောင်း ထိမ်းမြား လက်ထပ်ကြရ၏။
မင်္ဂလာဦးညတွင် ခန်းတွင်းရိပ်သာသို့ ဝင်လာသော သတို့သား သတို့သမီးတို့၏ လက်ထဲတွင် ပန်းကုံး တစ်ခုစီ ပါလာကြ၏။ နှစ်ယောက်၏ ကြားနေရာတွင် ပန်းကုံးများကို ချထားကြ၏။
“မယ်မင်းရဲ့ ပန်းကုံး ညှိုးရင်မှာ ရာဂစိတ် ဖြစ်ကြောင်း သက်သေပဲ၊ ငါ့ပန်းကုံး ညှိုးရင်လည်း ငါ့ရာဂစိတ် ဖြစ်တယ်ဆိုတာ ပေါ်မှာပဲ၊ အေး ရာဂကြူးသူကို စွန့်ခွာစတမ်း၊ ဘယ့်နှယ်တုံး”
မောင်ပိပ္ပလိက စတင်စကားဆို၏။
“ကောင်းပါတယ်ရှင်၊ အခုမှပဲ ကျွန်တော်မ စိတ်ချမ်းသာရတော့တယ်”
လင်မယား ဖြစ်သော်လည်း အသားချင်း မထိ၊ ပန်းကုံးနှစ်ခု၏ ဝဲယာ၌ အိပ်စက်ကြ၏။ ပိပ္ပလိက လက်ျာနံတောင်း စောင်းလျက်၊ ဘဒ္ဒကာပိလာနီက လက်ဝဲ နံတောင်း စောင်းလျက်။
သူတို့သည် ပိပ္ပလိ၏ မိဖများအား လုပ်ကျွေးသမှု ပြုခြင်းဖြင့် အချိန်ကုန်ကြ၏။ ထို မိဖများ ကွယ်လွန်သောအခါ ရွှေငွေ အသပြာပေါင်း ၈၇ ကုဋေ ကျန်ခဲ့၏။ အခြား ကျန်ခဲ့သော အခြား ပစ္စည်းများကား၊ အချိန်မရွေး ရေရသော တစ်ဘက်ဆည်ကန်ကြီး ၆၀။ ၁၂ ယူဇနာ ကျယ်သော ရွာဖြင့် ပြည့်သည့် အခိုင်းအစေများ။ ထို့ပြင် သီဟိုကျွန်း အနုရာဓမြို့ ပမာဏ ကြီးမားကျယ်ဝန်းသော မြင်းထိန်း ၁၄ရွာနှင့် ဆင်ထိန်း ၁၄ရွာပေတည်း။
တစ်နေ့သော အခါဝယ်၊ ပိပ္ပလိသည် လယ်ထဲသို့ဆင်းကာ သူရင်းငှားတို့အား ကွပ်ကဲ ဆော်ပန်၏။ အမှုလုပ်တို့ လယ်ထွန်ကြာရာ ထွန်ကြောင်းထဲမှ ပိုး ရွှံ့ တီတို့ ထွက်လာကြသည်ကို ကျီးများ စွန်များက ထိုး ဆိတ် သတ်ဖြတ်ကြ၏။ ပိပ္ပလမှာ ဤသည်ကို မြင်ပြီး သတိသံဝေဂစိတ်ဖြင့် အိမ်သို့ ပြန်လာ၏။
ဘဒ္ဒကာပိလာနီမှာလည်း နှမ်းလုပ်ခင်း၌ နှမ်းသိမ်းသည်ကို ကြီးကြပ်နေစဉ်၊ နှမ်းပိုးများကို ကျီးတွေ ဖမ်းဆီးသည်ကို မြင်ရသဖြင့်၊ ဤသို့တွေးမိ၏။
“ငါတို့ ခန္ဓာကိုယ်ဟာ အလျှားတစ်လန် အနံနှစ်ထွာ ဒုတစ်ထွာပဲ ရှိတာပါ၊ ရိက္ခာတစ်ကွမ်းစား (တစ်ပြီသား) အဝတ်ဆိုရင် အလွှာလေးတောင် ရှိရင် ပြီးသင့်လျက်နဲ့၊ ဇမ္ဗူဒီပါ ပြည့်လုနီးပါး ဥစ္စာဘဏ္ဍာတွေ ရလို့လည်း လောဘ မငြိမ်းကြဘူး၊ မငြိမ်းမယ့်သာ မငြိမ်းတာ၊ သေတော့လည်း တစ်ချင်ရွေးမှ ပါတာမဟုတ်ဘူး၊ အခု သူရင်းငှားတွေ လုပ်တဲ့ဟာ ငါ့ခေါင်းပေါ် လာကျနေပြီ၊ သေဆေး အဆိပ်ကို ငွေတစ်ထောင်ပေးပြီး ဝယ်သလို ဖြစ်နေပါကလား”
ဘဒ္ဒကာပိလာနီသည် ဥစ္စာအရပ်ရပ်ကို ပိပ္ပလိလုလင်အား အပ်နှံပစ်ခဲ့ကာ၊ ရဟန်းပြုတော့မည် ကြံစည်နေမိလေ၏။
ပိပ္ပလိနှင့် ဘဒ္ဒကာပိလာနီတို့သည် အိမ်သို့ပြန်ရောက်ကြ၍၊ ခဲဖွယ် ဘောဇဉ်များ စားသုံးအပြီးတွင်၊ ဆိတ်ငြိမ်ရာသို့ ဝင်လာကြသည်။ ဤတွင် ဘဒ္ဒကာပိလာနီ မပြောမီ၊ ပိပ္ပလိက စတင်ပြီး သူရဟန်း ပြုမည့်အကြောင်း စတင် ပြောလေ၏။
“အရှင့်သားသာ သည်ချမ်းသာကို စွန့်ချင်တာ မဟုတ်ပါဘူး၊ ကျွန်တော်မကလည်း သည်လူ့ဘောင်ကို အလျံ ပြောင်ပြောင် တောက်လောင်တဲ့မီးလို့ ထင်မိပါတယ်၊ အခုလို နှစ်ယောက် သဘော ညီညာရင်း အတူတူပဲ ရဟန်းပြုကြပါစို့”
သူတို့သည် အခြံအရံများ မသိအောင် ဖန်ရည်စွန်းသော အဝတ်နှင့် မြေညက်သပိတ်များကို အိမ်ဆိုင် တစ်ဆိုင်မှ ဝယ်သည်။ တစ်ယောက် ဆံပင်ကို တစ်ယောက်က ရိတ်ပေးသည်။
“သည်လောကဓာတ်မှာ ရဟန္တာ အရှင်မြတ်တို့ တကယ်လို့ရှိရင် သည်အရှင်မြတ်တို့ကို ဆရာလို့ ရည်မှန်းပြီး တပည့်တော်တို့ ရဟန်းပြုပါတယ် ဘုရား”
ရဟန်းနှစ်ပါးသည် ညဥ့်တွင်းချင်း ပြာသာဒ်ပေါ်မှ ဆင်းလာကြသည်။ အရှေ့အရပ်သို့ ဦးတည်လာကြသည်။ သူတို့မှာ အခြံအရံတွေ မသိအောင် ထွက်လာကြစေကာမူ မလွတ်ပါ။ အစေအပါးတွေ နေထိုင်သော ရွာတွေကများ၊ ဧရိယာက ကျယ်သည်။ နံနက် လင်းသောအခါ တစ်ယောက်မဟုတ် တစ်ယောက်က မြင်သွားတော့သည်။
“အရှင်တို့ ဘယ်ကို ကြွကြမလို့တုံး၊ အကျွန်တို့ကို ကိုးကွယ်ရာမဲ့အောင် မလုပ်ကြပါနဲ့”
အမှုလုပ်များ ဝိုင်းအုံလာကာ၊ ငိုကြွေး တောင်းပန်ကြသည်။ သို့အတွက် ရဟန်းမ ဘဒ္ဒကာပိလာနီက ဤသို့ နှစ်သိမ့်၏။
“အမောင်တို့ အမိတို့၊ သင်တို့ ဘယ်လောက်ပဲ ကြိုးစားပြီး စီးပွားရှာရှာ၊ အနှစ်တစ်ရာ ကြာတာတောင် ငါတို့ ကျွန်အဖြစ်က တော်လှန်နိုင်မှာ မဟုတ်ဘူး။ အခု သင်တို့ကို ခွင့်လွှတ်လိုက်ပြီ။ ခေါင်းလျှော်ပြီး လွတ်လွတ်လပ်လပ် အသက်မွေးကြပေတော့”
ကျေးကျွန်များ ငိုကြွေးနေဆဲ၌ ရဟန်းနှစ်ပါး ခရီးဆက်ခဲ့သည်။ တစ်ခုသော လမ်းဆုံလမ်းခွသို့ အရောက်တွင် မိန်းမရဟန်းနှင့် ယောက်ျားသားရဟန်ုး အတူသွား၍ မတော်ဆိုကာ လမ်းခွဲခဲ့ကြသည်။ လမ်းခွဲသည့် ထိုခဏတွင်ပင် မဟာပထဝီမြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်လေ၏။
(သံသရာထဲမှာ တတွဲတွဲတလည်လည် အပိုင်း-၆ နိဂုံးအား ဆင်တင်ပါမည်)

Read more...