* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, March 24, 2010

ရက်စက်လွန်းပါသည် အပိုင်း (၂)နှင့် နိဂုံး။

“သည်အပိုင်းအပိုင်း ခွဲခြားထားတဲ့ သစ်သားရုပ်လိုပဲ၊ လူ့ရဲ့ လက်၊ ခြေ၊ မျက်နှာ၊ ကိုယ် အင်္ဂါ တို့ဟာ ပထဝီဓာတ် စတဲ့ ပရမတ္တ တရားတို့နဲ့ မကင်းနိုင်ကြဘူး။ သည်လိုဆိုရင် ပထဝီဓာတ် စတဲ့ အစိတ်အစိတ် တရားတော်တွေထဲက ဘယ်တရား အစိတ်မှာ မိန်းမပဲ ယောက်ျားပဲလို့ သက်ဝင်နိုင်ပါတော့မတုံး”

အရှင်မသည် ဂရုဏာတရား ရှေ့ထားလျက် ဆက်လက် ဟောပြော ဆုံးမ၏။

“နောက်တစ်မျိုး ကြည့်ဦး၊ တိုက်နံရံမှာ အင်တွဲ၊ ဆေးဒါန်း၊ ဟင်္သာ ပြဒါး ဆိုတာတွေနဲ့ လိမ်းကျံပွယ်နွယ် ရေးခြယ်ထားတဲ့ မိန်းမရုပ်၊ သည် မိန်းမရုပ်ပုံကို လူမိန်းမလေလားလို့ ထင်တာဟာ အလဟဿပဲ၊ အကျိုးမရှိဘူး။ မိန်းမရုပ်ပုံကို လူမိန်းမလို့ ထင်တာဟာ မှားယွင်းသလို ခန္ဓာငါးပါးဆိုတဲ့ ပရမတ္တတရား အပုံအစုကို မိန်းမပဲ ယောက်ျားပဲလို့ မှတ်ယူတာဟာလည်း ဖောက်ပြန်မှားယွင်းတဲ့ အရာပဲ ဒါယကာ”

တရားမလိုက် အမှားကြိုက်သော ငမိုက်သားကား သွားလမ်းကို ဆီးဆို့ထားမြဲ ထားသည်။ အရှင်မကလည်း တရားပြမြဲ ဆက်လက် ပြသတော်မူ၏။

“ပညာမျက်စိ အမြင်မရှိ အမောင်လုလင်၊ မျက်လှည့်သမားဟာ လူတကာတို့ရဲ့ မျက်စိအောက်မှာ ဘာပဲညာပဲ ဆိုပြီး ပြသ, သလို အိပ်မက်ထဲမှာ မြင်မက်တဲ့ ရွှေသစ်ပင်လို အမောင်လည်း အနှစ်ကင်းတဲ့ သည်ခန္ဓာ ကိုယ် အတ္တဘောကို ဟုတ်တယ် အနှစ်ရှိတယ် ထင်နေတာပါကလား”

“မောင်မောင် ဒါတွေ မကြားချင်ဘူး၊ ချစ်နှမကိုပဲ မြတ်နိုးတယ်”

သူယုတ်မာက ရှေ့တိုးလာပြန်သောအခါ အရှင်မသည် နောက်သို့ဆုတ်ပေးရင်း “ဒါယကာ၊ ငါ့ဆီက ဘာကို လိုချင်တာတုံး၊ ရှင်းရှင်း ပြောစမ်း၊ ရစေ့မယ်” ဟု မိန့်တော်မူသည်။

“နှမ၊ ချစ်နှမရဲ့ မျက်လုံးတွေက သိပ်ပြီး ချစ်စရာကောင်းတာပဲ၊ သည်မျက်လုံးတွေကို မြင်ရလေလေ ချစ်စိတ်တွေ တိုးပွားလာ လေလေပါပဲကွယ်”

သုဘာဇီဝ ကမ္ဗဝနိကာ ထေရီ အရှင်မသည် မျက်လုံးထဲသို့ လက်ငါးချောင်းဖြင့် ထိုးနှိုက်လိုက်သည်။

“ဒါယကာ၊ သစ်ခေါင်းထဲ ထည့်ထားတဲ့ ချိပ်လုံးနဲ့တူတဲ့၊ ရေပွက်နဲ့တူတဲ့ မျက်လုံးတွေဟာ မျက်ရည်တွေ ပြည့်နေတယ်၊ မျက်လုံးအိမ် အစွန်းနှစ်ဘက်က မျက်ချေးတွေဟာ အဆိပ်နံ့ လှိုင်တယ်၊ ကဲ ဒါယကာ သင်အလိုရှိတဲ့ မျက်လုံးကို ယူပြီး သွားပေတော့”

မိန်းမလိုက်စား လူရမ်းကား ငမိုက်သားမှာ တင်းပုတ်ကြီးဖြင့် ထုနှက်ခံရဘိသို့ တုန်လှုပ် ချောက်ချားသွား၏။ “အရှင်မ၊ အရှင်မ၊ ဒီလို မလုပ်ပါနဲ့၊ ကျွန်တော် တောင်းပန်ပါတယ်” ဟု ကြောက်လန့် တကြားအော်၏။

အရှင်မသည် ငမိုက်သား မြတ်နိုးလှပါသည် ဆိုသော မျက်လုံး တစ်လုံးကို လက်ချောင်းများဖြင့် ဆွဲကော် နှိုက်ထုတ် ပေးလိုက်သောကြောင့်တည်း။ သမင်မ မျက်လုံးနှယ် ချစ်စိတ်ပွားစေသည် ဆိုသော ကိန္နရာမ မျက်လုံးကဲ့သို့ ကာမဂုဏ် မွေ့လျော်လိုစိတ် ထက်သန်စေသည် ဆိုသော မျက်လုံးသည် သွေးပေါက်ပေါက် ကျလျက်၊ အကြောတန်းလန်းဖြင့် သူယုတ်၏ လက်ထဲသို့ ရောက်လာ၏။

မိန်းမလိုက်စား လူရမ်းကားမှာ တဆတ်ဆတ် တုန်နေ၏။ ပြူးကျယ်သော မျက်လုံးများဖြင့် တအံ့တသြ ကြည့်နေရာက ထိုင်ပြီး ရှိခိုးတော့သည်။

“မြတ်သော အကျင့်ရှိတော်မူတဲ့ အရှင်မ၊ အရှင်မ ချမ်းသာပါစေ၊ ဟင်း ချမ်းသာပါစေ၊ ဒါမျိုးကို ကျွန်တော် ကျွန်တော်မျိုး နောက် နောင် မလုပ် မလုပ်တော့ပါဘူး ဘုရား”

တုန်ယင်သော ငိုသံကြီးဖြင့် အကြိမ်ကြိမ် ရှိခိုး၏။ အရှင်မမှာသော်ကား မျက်လုံး၌ တပ်မက်မှု ကင်းသည့်နည်းတူ နာကျင်မှု ဝေဒနာကိုလည်း ခံစားမနေရပေ။
ရိုင်းရိုင်း ကြမ်းကြုတ်သော ခွေးဆိုးကြီးကို အဆူးတပ်သော ကြာပွတ်ဖြင့် ရိုက်ဘိသကဲ့သို့ အထိနာလွန်းသည့် ကာလသားသည် ဦးအထပ်ထပ်ချ၏။ အရှင်မကား တစ်စုံတစ်ရာ မဖြစ်သည့်အလား သူယုတ်အား ကျောပေး ကြွလာတော်မူခဲ့၏။

“ဘာ အာရုံမှာမှ တပ်မက်မှု မရှိတဲ့ အရှင်မကို နှောက်ရှက်မိတဲ့ အတွက် ကျွန်တော်မျိုးမှာ ပြောင်ပြောင်တောက်တဲ့ မီးပုံကြီးကို ဖက်ထားမိသလို ခံစားနေရပါပြီဗျာ့”

မိန်းမလိုက်စား ကာလသား၏ နာကျင်စွာ အော်သံသည် အရှင်မနောက်သို့ ပြေးလိုက်လာ၏။

ခေါက်ခနဲသေအောင် အဆိပ်ပြင်းတဲ့ မြွေပွေး မြွေဟောက်ကို ဖမ်းကိုင်မိသလို ခံစားရပါတယ် ဘုရား။ အမယ်လေး ကြောက်ရွံ့လှပါပြီ၊ အရှင်မ ချမ်းသာပါစေ၊ ကျွန်တော်မျိုးရဲ့ မိုက်မဲမှုကို သည်းခံတော်မူပါ ဘုရား၊ ခွင့်လွှတ်တော်မူပါ ဘုရား”

ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်သည့်သံ ဝေး၍ ဝေး၍ ကျန်ခဲ့၏။

သုဘာဇီဝ ကမ္ဗဝနိကာ ထေရီမြတ်လှ အရှင်မသည် သုံးလောကထွတ်ထား သဗ္ဗုညု မြတ်စွာဘုရားအား အဝေးမှပင် လှမ်းလင့် ဖူးမြင်ရ၏။ ဝမ်းမြောက်စိတ်၊ ကြည်ညိုသဒ္ဓါပွား စိတ်များ ယိုစီး၏။

သုဘာထေရီသည် မြတ်စွာဘုရား၏ ရှေ့တော်သို့ ရောက်လာသည်။ မဝေးလွန်း မနီးလွန်းသောနေရာ၊ လေညာမဟုတ်သော နေရာတွင် ထိုင်ပြီး ရိုသေစွာ ရှိခိုးသည်။ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး အသွယ်သွယ်၊ လက္ခဏာတော်ငယ် ရှစ်ဆယ်တို့ကို ဖူး၍မဝ၊ ကြည်ညို၍ မဆုံး ရှိတော့သည်။ ထိုသို့ ရှိစဉ်ဝယ် သွေးစက်စက် ယိုလျက် ဟောက်ပက်ရှိနေသော မျက်လုံးမှာ အကောင်း ပကတိ ပြန်ဖြစ်သွားလေ၏။

ဘုန်းတော် အနန္တ၊ ကံတော် အန္တဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဘုန်းတော် မေတ္တာတော်ကား ကြီးမား လှပါတကား နှိုင်းယှဉ်၍ မရပါတကား။

သုဘာဇီဝ ကမ္ဗဝနိကာ ထေရီမြတ်လှ အရှင်မသည် အနာဂါမ် တည်ပြီးဖြစ်၏။ ထိုနေရာတွင်ပင် မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်ကို ဆက်လက် နာယူရသည်တွင် အာသဝေါ ကင်းသည့် ရဟန္တာ အရှင်မကြီး အဖြစ်သို့ ရောက်တော်မူလေသတည်း။

☺ပြီးပါပြီရှင်...။



Read more...

အသိပေးပါရစေ။

ကျေးဇူးကြီးမားလှသော သံဃာတော်များ၊ ဆရာလေးများ၊ ဓမ္မမိတ်ဆွေများနှင့် ညီအစ်ကို မောင်နှမများ အားလုံးကို အမိမြေ ပြန်တော့မယ် ဆိုတဲ့အကြောင်း ဒီနေရာလေးမှတစ်ဆင့် အသိပေးပါရစေ။

~ လောကမှာ အစဆိုတာရှိခဲ့ရင် အဆုံးသတ်ဆိုတာလည်း ရှိရပါတယ်။
~ ငယ်ရွယ်ခြင်းဆိုတဲ့ အစရှိခဲ့ရင် ကြီးရင့်ခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရပါတယ်။
~ နုပျိုခြင်းဆိုတဲ့ အစရှိခဲ့ရင် အိုမင်းရင့်ရော်ခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရပါ တယ်။
~ မွေးဖွားခြင်းဆိုတဲ့ အစရှိရင် သေဆုံးခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရပါတယ်။
~ ပေါင်းဆုံခြင်းဆိုတဲ့ အစရှိခဲ့ရင်လည်း ခွဲခွာခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိကြရ ပါတယ်။
ဒါတွေက သဘာဝနိယာမ တရားတွေပါပဲလေ။ ကျွန်တော်တို့တွေ မည်သူတစ်ဦးတစ်ယောက်မျှလည်း လွန်ဆန်နိုင်စွမ်း မရှိကြပါဘူး။ ယခုတစ်ဖန်လည်း အင်တာနက်ဆိုတဲ့ နေရာလေးတစ်ခုမှာ ကံအားလျော်စွာနဲ့ တွေ့ဆုံကြုံခဲ့ကြရပြီး မလွဲမရှောင်သာဘဲ ခွဲခွာရပါဦးမယ်။ သို့သော် အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားခြင်း မဟုတ်ပါဘူး။ အခါအခွင့် သင့်လေ သမျှမှာ တရားဓမ္မ ကုသိုလ်အလုပ်တွေနဲ့ ပတ်သတ်ပြီး မျှဝေရေးသားဖြစ်နေဦးမှာပါ။ ဟိုအရင်အချိန်လို တရားတွေ တင်ပေးဖို့တော့ဖြင့် မလွယ်ကူလှတော့ပါဘူး။ သို့သော်ငြားလည်း ကျွန်တော် လင့်ထားတဲ့ ၀က်ဆိုဒ်များကတစ်ဆင့် တရားတော်များကို ကူးယူ နာကြားနိုင်ကြပါတယ်။


ကျွန်တော် ရေးသားထားခဲ့တဲ့ စာတွေမှာ မောက်မာဝံ့ကြွားတာမျိုး ရှိခဲ့မိပါလျှင်လည်း နားလည်ခွင့်လွှတ်ပေးကြဖို့ အနူးအညွတ် တောင်းဆိုလိုပါတယ်။ မည်သူတစ်ဦး တစ်ယောက်ကိုမှ ဝေဖန်တိုက်ခိုက် ပုတ်ခတ်လိုစိတ် အလျဉ်းမရှိဘဲ ကျွန်တော့် ရင်တွင်းစေတနာနဲ့ စာဖတ်သူတို့အတွက် အမှတ်မှား၊ အသိမှား၊ အယူမှား မဖြစ်ရလေအောင် အတတ်နိုင်ဆုံး ကြိုးပမ်းရေးသားခဲ့ပါတယ်။ ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးနှင့် ပတ်သက်လာလျှင် အစွန်းအထင်း မခံလိုသော စိတ်ရင်းဖြင့်သာ ရေးသား ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်အတွက်ပဲ ဖြစ်ဖြစ် သတိတရားလေး ရရှိသွားခဲ့မယ် ဆိုရင်တောင် ကျွန်တော် ကျေနပ်မိမှာပါ။

Blog မှ တစ်ဆင့် ခင်မင်ရင်နှီးခွင့်ရခဲ့တဲ့ မိတ်ဆွေကောင်းများ အားလုံးကိုလည်း ကျွန်တော် လေးစားတန်ဖိုးထားကြောင်း ထုတ်ဖော်ပြောကြားပါရစေ။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသလို တစ်ဦးနဲ့တစ်ဦး ကျေးဇူးပြုပြီး အကျိုးလည်း များစွာ ရခဲ့ကြပါတယ်။ အထူးသဖြင့် တရားဓမ္မနဲ့ ပတ်သတ်၍ သိချင်တာတွေကို မေးမြန်း ဆွေးနွေးရာကနေ ရင်းနှီးခွင့်ရပြီးတဲ့နောက်ပိုင်း ဓမ္မလမ်းကြောင်းပေါ် လျှောက်လှမ်းသွားနိုင်ခဲ့ကာ သာသနာဘောင်ဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဓမ္မမိတ်ဆွေ တစ်ဦးကို ကျွန်တော် အလွန်တရာပဲ အားကျမိပါတယ်။ အဆိုပါ ဓမ္မမိတ်ဆွေအနေဖြင့် ရည်မှန်းချက်အတိုင်းပဲ ဆက်လက် လျှောက်လှမ်းနိုင် ပါစေလို့လည်း ထပ်မံဆန္ဒပြုပါတယ်။

မိမိနှစ်သက်တာကို ရှောင်ပြီး ဘုရားရှင် နှစ်သက်တာကို လုပ်ပါ။ မိမိအကျင့်ကို ပြင်ပြီး ဘုရားရှင် ဆုံးမခဲ့တဲ့ အကျင့်ကို ကျင့်ပါ။ မိမိထင်ရာကို မလုပ်ဘဲ ဘုရားရှင်လမ်းပြသလိုလုပ်ပါ။ ဗုဒ္ဓမြတ်စွာ သာသနာတော်ရဲ့ အနှစ်ချုပ်အတိုင်း-
မကောင်းမှုမှန်သမျှ ရှောင်ပါ။ ကောင်းမှုမှန်သမျှ တတ်နိုင်သမျှ အကုန်လုပ်ပါ။ မိမိစိတ်ကို ဖြူအောင်ထားပါလို့ ကျွန်တော်အနေနဲ့ စကားလက်ဆောင်အဖြစ် ပြောခဲ့ပါရစေ။

ကျွန်တော်တို့တွေအားလုံး လူ့လောကထဲကို လာခြင်းကောင်း ပြန်ခြင်းမြတ်အောင် ကြိုးစားကြပါစို့...

ချမ်းသာသုခ ပြည့်ဝနိုင်ကြပါစေ…

5 ရေးသားခဲ့ရန်

Read more...

In The End (Harmony Of Head And Heart By Moe Hein)


IN THE END

Rich!
How rich are you?

Enough to own the world.


Powerful!

How powerful are you?

Ruler of this planet.


Learned!

How learned are you?

Knowledge beyond computer.


Mr. Have-all

in the end you'll leave this world

with just one single dress.


Mr. Mighty

in the end your kingdom will be

just a 6' x 4' ditch.


Mr. Know-all

in the end can you spell the words

written on your grave?



(From Poems On Death)




Read more...

Buddhism is not a Philosophy

NOT A PHILOSOPHY

Moreover, another question that of whether Buddhism is a philosophy or not also depends on the definition used. If the term ‘philosophy’ is defined as ‘love of wisdom’, ‘serious thinking’, ‘world view of things’ or ‘speculation about reality, then Buddhism is obviously not a philosophy.

But, if the scope of philosophy is wide enough to cover the deeper and more profound sense of ‘search of truth’, then Buddhism may be called, in the same way, a philosophy. The interpretation ‘search of truth’ is quite similar to the search after the Noble Truth (ariya saccā) in Buddhism. But generally, most of the philosophers in the west are usually seeking outward as well as inward to find out underlying reality behind the temporal manifestations.

They generally avail themselves of the different ways of finding out Ultimate Reality. They enjoy, mostly, the intellectual satisfaction in the quest itself and thus are not necessarily concerned with arriving at the ultimate truth. Philosophy as is commonly known, asserted by several well-known philosophers, is found different in ideas, views and opinions. That is only because of the fact that an inference asserted by a philosopher was often times rejected by another one when it was disagreeable to his own view or opinion. That, in fact, proves that the inferences were not really mature and true enough, but still lacking any real validity.

The statements of their philosophy guide one to take part not in a steady and orderly advance form speculation to knowledge, but in a series of marches and counter-marches of views and criticisms. They are hardly able to arrive at the final goal; instead they are choosing to tread in the footsteps of their predecessors. Thus we see that their quest is essentially speculative.

The western philosophers, of course, had admirably reasoned and laboriously worked out what they could, but their tremendous conflict of opinions largely cancelled out each other’s value and left the students bewildered, ignorant and confused in their attempt to see in a dim light. Moreover, the western thinkers usually claimed that nobody had discovered ultimate truth and that human intellectual limitations were so narrow that nobody was likely to discover it. However, the Buddhist canon claimed that the ultimate truth was certainly discoverable and that even many sages had actually realized it. The western philosophers, apparently in such a gloomy search, had not reached the stage of the Noble Truth which was discoverable only by the Perfectly Enlightened One, as they were naturally incomplete and lacking in systematic methods or principles of the Absolute Truth (paramattha saccā).

In the case of Indian philosophers, their quest after the Truth was also not absolutely perfect and final though they exerted themselves to a great extent within their practice. So what they had realized was not the final goal as seen from the view of Buddhist sages who had become the Noble Ones (Ariyas). Their interpretations regarding the Ultimate Reality were true only to the extent of their own realizations, going no further and not wholly true. The knowledge of truth that they had attained was only part and partial knowledge. And so the perfection of human wisdom could never ‘develop out of any mystical hermitage. In fact, they could enter into mystic trances, yet they, were not really enlightened in the higher stages of insight or supreme wisdom (adhipaññā).

In the case of enlightened ones in Buddhism, their approach was empirical like the approach of the scientists and Indian philosophers, but he difference was that the latter could reach only the culmination of the trance and no further. As for the Noble Ones in Buddhism, when they came to the end of the meditative journey, there needed to be no speculation for them as they had fully realized that they had reached the final end, (Nibbāna), by their actual experience of the Noble Truth (saccā). This decidedly shows that there are the Noble Ones in the Buddhist dispensation for some of whom there is no more rebirth as they have attained the final state of Nibbāna, i.e., totally cutting off the fetters, thereby going beyond the mind-body complex, above the space-time and cause-effect order of life-existence. Therefore it is a true fact that the way to achieve the Ultimate Reality can be found only in the Teaching of the Buddha, as the Buddha Himself taught in the Mahāparinibbana Sutta that ‘in this doctrine and discipline of Him, the Eightfold Noble Path is duly realizable’.


[An excerpt from “Buddha Desanā” and “Essential Principles for Enlightenment” by The Most Venerable Kaba-aye Sayadaw Bhaddanta Paññādīpa]



Read more...

ပုံပေါသူများ

ကျွန်တော်တို့ ပုံပြောသူများအဖွဲ့ရဲ့ပြန်လည်သုံးသပ်ဖို့ အစည်းအဝေးလုပ်ဖြစ်တယ်။ ကျွန်တော်နဲ့ ပုံပြောသူများ အဖွဲ့နဲ့က သိကျွမ်းကြတာဘယ်လောက်မှ မကြာသေးပေမဲ့ ကျွန်တော်တို့ ငယ်ပေါင်းကြီးဖော်လို ချစ်ကြ ခင်မင်ကြပါတယ်။ ကျွန်တော်တို့ အားလုံးတူညီတာ တစ်ချက်တော့ ရှိတယ် ဒါကတော့ အားလုံးပေါကြတာပါ။ သံလွင်တောင်ပြန်ပိစ်ီဆိုတဲ့ကောင် သန်ဇင်လည်း ပေါတယ်၊ ဖိုးပိုင် ဆိုတဲ့ငတလည်း ပိုင်စိုးဦးလည်းပေါတယ်။ အရိုး ဇကွဲ ချမ်းငြိမ်းဆိုတဲ့ ငတိမလေးလည်း လည်းပေါတယ်။ ကာတွန်းဆွဲပြီး ကာတွန်းရုပ်ပေါက်နေတဲ့ အရက်သမား ကာကြီးလည်းပေါတယ်။ စိုးကိုကိုဆိုတဲ့ မျက်မှန်ကြီးတစ်ဝင်းဝင်းနဲ့ စိုးကြီးလည်းရုပ်တည်ကြီးနဲ့ ပေါတာပဲ။ မအိညိုလည်း စတိုင်ကြီးတခွဲသားနဲ့ နေပြီး မပေါတော့ဘူး ပုံစံနဲ့ သူလည်းပေါတာပဲ။ နောက် ဂျာနယ်လစ်အပျိုကြီး မဇာဏီကြီးက ရုပ်ကြည့်တည်းက ပေါမှန်းသိသာတယ်။ ပွကြီးနဲ့ ကိုကောင်းတို့ လည်း အူတုတုနဲ့ ပေါကြတာပဲ။အေးအောင်ဆိုတဲ့ ကလေးမကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ပေါတာပဲ၊ သဉ္ဖာဆိုတဲ့ လုံကြီးပေါက်လှ မမကလည်း လှတပတနဲ့ ပေါတာပဲ။ နောက် ကျွန်တော်လားကျွန်တော်က ပေါတယ်ဆိုတာ ဟုတ်ကဲ့ပေါတယ်ဗျ ဆိုတဲ့ ပိုစ့်မှာ အတိအလင်း ၀န်ခံပြီးသားပါ။ ပေါခြင်းဟာ ကျွန်တော်တို့ အဖွဲ့ရဲ့ အလှတရားတစ်ခုပါ။ ကျွန်တော်တို့ ပေါတာ ပေါဂေဟာကလူတွေ ပေါတာထက် မသာရင်တာ ရှိမယ် လျှော့တာတော့ လျော့မယ်မထင်။
ဤသို့ဤပုံ ပေါသော ပုံပေါသူများ မှားလို့ ပုံပြောသူများ အဖွဲ့မှာ ကျွန်တော်ပါဝင်လာခြင်းမှာ အဆန်းတော့ မဟုတ်ပါ။ ကျွန်တော်တို့ ပေါရခြင်းမှာ အကြောင်းမဲ့သက်သက်မဟုတ် ရည်ရွှယ်ချက်ရှိရှိပေါကြခြင်း ဖြစ်၏။ အခြားအဖွဲ့များ နှင့် ပူးပေါင်းကာ ကလေးတွေ မိဘမဲ့ ကလေးတွေကိုဖျော်ဖြေတဲ့အခါ ပေါ ပါရဂူဘွဲ့ ရထားသောကျွန်တော်တို့ အဖွဲ့က ကလေးတွေ အကြိုက်ဆုံးဖြစ်သည်။ ကလေးတွေတွေက သူများတွေထက် ကျွန်တော်တို့ကို ချစ်ကြသည်။ ၁၀ယောက်ခန့်ရှိသော ကျွန်တော်တို့ အဖွဲ့ဝင် တစ်ဦးချင်းစီ၏ နာမည်များက အစ ကလေး တွေ မှတ်မိကြသည်။ ကလေးတွေက ကျွန်တော်တို့ကိုချစ်ကြသည်။ ကလေးတွေက ချစ်ခြင်းကပင် ကျွန်တော်တို့ကို ပေါအောင်လုပ်ပေးနေလေ၏။ ကလေးတွေက ပျော်ချင်ကြသည် ရွှင်ချင်ကြသည်။ ရုပ်တည်ကြီးနဲ့ သြ၀ါဒပေးသည်ကို ဘယ်ကလေးကမှ မကြိုက်ကြပေ။ပေါပေါနဲ့ ကိုယ်ကျင့်တရားအကြောင်းပြောသော ငပေါများဖြစ်သော ကျွန်တော်တို့ကို ကလေးတွေ နှစ်သက်ကြသည်။
ကလေးတွေကိုမဆဲနဲ့ မလိမ်နဲ့ စည်းကမ်းရှိကြ အနိုင်မကျင့်နဲ့လို့ ကျွန်တော်တို့ ဘယ်တော့မှမပြောပါ သြ၀ါဒမပေးပါ။သိုသော် ကျွန်တော်တို့ပြောသော ပုံပြင်တွေက ကလေးတွေ မဆဲဖို့ မလိမ်ဖို့ စည်းကမ်းရှိဖို့ကို သာသာယာယာလေးပြောသွားသည်။ပုံပြင်များကလေးတွေ စိတ်ထားလေးတွေကို သူအလိုလို ပြုပြင် ပေးနေ တဲ့လို အကြွင်းမဲ့ယုံကြည်ပါသည်။ ပုံပြင်သည် Soft Power သုံးပြီးကလေးများကို စိတ်ထားပိုင်းဆိုင်ရာ ပြုပြင်ပေးနေသည်လို့ ယုံကြည်ပါသည်။ ကလေးတွေကို ကျွန်တော်တို့ အားလုံးချစ်ကြသည် သူတို့လေးတွေ ပျော်စေရွှင်စေချင်တာ ကျွန်တော်တို့ ရင်တွင်းဆန္ဒပါ။
ကျွန်တော်တို့ကို ပေါတောပေါကောင်တွေပါ လို့ ကျွန်တော်တို့ ကိုပြောရင် စိတ်မဆိုးပါ ဘာဖြစ်လို့လဲဆိုတော့ ဖြူစင်သန်ရှင်း လှပတဲ့ နှလုံးသားပိုင်ရှင် ကလေးများ၏ ချစ်ခြင်းကို ကျွန်တော်တို့ ပိုင်ဆိုင်နေလို့ပဲ ဖြစ်ပါတယ်။

About the Author



Read more...

ပြတင်းမှန် ကြည်လင်ခြင်း။

၁)
ကျွန်တော်တို့ အခန်း၏ တစ်ချပ်တည်းသော ပြတင်းမှန်ကို နှင်းငွေ့တွေ ရိုက်ခဲ့တာ လေးလခန့်ကြာပြီ။ အဲသည် ပြတင်းပေါက်မှန်ကို ဖြတ်ပြီး ကျွန်တော်တို့ ဘာဆိုဘာမှ မမြင်ခဲ့ရဘူး ဆိုပါစို့။ ခု နှင်းခဲပျော်ချိန် ရောက်ပြီ။ နှင်းငွေ့တွေဘယ့်နှယ်ရှိကုန်ပြီလဲ ဟူသော စိတ်ကူးဖြင့် ကျွန်တော်တို့ ပြတင်းမှန်ကို ကြည့်လိုက်ကြသည်။ ပြတင်းပေါက်မှန်မှာ နှင်းငွေ့တွေ ငွေ့ရည်ဖွဲ့ဖို့ စိုင်းပြင်းနေတာ တွေ့ရသည်။ ကြည့်ရင်းကြည့်ရင်း ရေသီးကလေးတွေ ဖြစ်လာလိုက်တာ၊ နောက်ဆုံး မှန်ပြင်တစ်ခုလုံး ညီညီညာညာ ပြန့်နှံ့နေသည့် ရေဗြုတ်ကလေးများနှင့် ပြည့်နှက်သွားသည်။

မကြာခင် သူတို့ထဲက အချို့က အချင်းချင်း ပေါင်းစပ်ပြီး အထုပ်အထည်လေး ဖြစ်သွားသည်။ အထုပ်အထည် ကလေးဖြစ်လာတော့ အလေးချိန်ကဲလာပြီး မူလရှိရင်းစွဲ နေရာမှ အောက်သို့ နည်းနည်း လျှောဆင်းသွားသည်။ အောက်သို့လျှောဆင်းလာရင်း နောက်ထပ် ရေသီးကလေး များနှင့် ထပ်မံပေါင်းစုမိသည်။ အလေးချိန်ထပ်ပြီး ကဲလာပြန်သည်။ ထို့ကြောင့် အောက်သို့ နည်းနည်း ထပ်ဆင်းရပြန်သည်။ ထပ်ဆင်းတော့ ရေသီးအသစ်ကလေးများနှင့် ထပ်မံပေါင်းစပ်မိပြန်သည်။ အဲသည်လိုနှင့် ဟိုးအောက်ဆုံးထိကို စုရင်းပေါင်းရင်း ဖြည်းဖြည်းချင်း ဆင်းလာလိုက်တာ ပြတင်းပေါက်ဘောင် ရောက်သည်အထိပင် ဖြစ်သည်။ အထက်မှာတော့ သူတို့တွေစီးဆင်းခဲ့သည့် စွပ်ကြောင်းကလေးများကို အထင်းသား မြင်ကြရသည်။ ကောက်ကောက်ကွေးကွေး မြစ်ကြောင်းကလေးများဟု ပြောတဲ့သူက ပြောသည်။ အဲဒီ စွပ်ကြောင်းကလေးတွေက အချင်းချင်း လက်ချင်းယှက်သွားကြ။ လက်တွဲ ဖြုတ်သွားကြ။ အဲသည်လိုလည်း ကျွန်တော်တို့ တွေ့ရသည်။ နောက်တော့ စွပ်ကြောင်းကလေးတွေက များများလာသည်။ နောက်တော့ စွပ်ကြောင်းအချင်းချင်း လုံးဝထိစပ်မိသွားပြီး ပြတင်းပေါက်မှန်သည် ရေဖြန်းထားသော ကြေးမုံပြင်တစ်ချပ်ကဲ့သို့ ဖြစ်သွားရသည်။

ဒါပေမဲ့ ငွေ့ရည်မဖွဲ့တဲ့ နှင်းငွေ့အချို့ကတော့ အငွေ့ပြန်ကုန်မှာပဲဟု စဉ်းစားနိုင်ပါသည်။ ထိုသို့စဉ်းစားရင်း ကျွန်တော့်တို့၏ အတွေးများ အလျင်စလို အငွေ့ပျံသွားသည်။ သူတို့ ဟိုးကောင်းကင်ထဲ ရောက်သွားမှပဲကိုး။ ဟိုးကောင်းကင်မှာ တစ်ခါငွေ့ရည်ဖွဲ့ကြဦးမှာပဲ။ ငွေ့ရည်ဆိုတာဟာလည်း အိပ်ခ်ျတူးအိုပဲ မဟုတ်လား။ ရေဆိုတာဟာလည်း ဒါပဲမဟုတ်လား။ ရေခဲကရော ဒါပဲမဟုတ်လား။ ဟိုက်ဒရိုဂျင် အက်တမ်နှစ်လုံးက အောက်ဆီဂျင်အက်တမ် တစ်လုံးကို ကိုဗေးလန့်( Covalent) ဘွန်း တစ်ဘွန်းစီနှင့် ၀င်ပေါင်းနေရတာ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် အဲဒီကောင်းကင်မှာ လျှပ်တွေပြက်လိုက်၊ မိုးကြိုးတွေပစ်လိုက်၊ နိုက်ထရိုဂျင်တွေ၊ ဖော့်စ်ဖားရပ်စ်တွေ နဲ့ တွေ့လိုက် ဓာတ်ပြုလိုက်။ အီလက်ထရွန်တွေ ပေးလိုက်။ ယူလိုက်။ မျှဝေလိုက်။

ဒါဝင်က ဘယ်လို သီဝရီထုတ်သတုန်း။ အမိုးနီးယား(NH3) ဖော့စ်ဖားရစ်ဆားများ (phosphoric salts) အလင်းရောင်(lights)၊ အပူ (heat)၊ လျှပ်စစ်(electricity) မှသည် အမိုင်နိုအက်ဆစ်(amino acid)ဆီသို့။ ဟုတ်စ။

သူဘာပြောပြော ကျွန်တော်တို့ကိုယ်ထဲမှာ ကာဗွန်ရယ်(C)၊ နိုက်ထရိုဂျင်ရယ် (N)၊ ဟိုက်ဒရိုဂျင်ရယ် (H၊ အောက်ဆီဂျင်ရယ်(0) ပေါင်းပြီး အမိုင်နိုအက်ဆစ်ရယ် (amino acid)လို့ ဖြစ်လာတာ ကျွန်တော်တို့ သိကြသည်။ အမိုင်နိုအက်ဆစ်တွေ အာအန်အေ (RNA) မှာ ကြိုးသီသလို အသီခံရပြီး ပရိုတိန်း (protein) ရယ်လို့ ဖြစ်လာတာ မဟုတ်လား။ ဒီပရိုတိန်းတွေကပဲ တခါ အမိုင်နိုအက်ဆစ် အဖြစ် ပြန်လည်ဖြိုခွဲခံရ။ အစီတိုင်း ကိုအေ (Acetyl Co A) တွေဖြစ်လိုက်။ ဖြစ်လာသည့် ဟာတွေက ခရပ်ဆိုင်ကယ်(Krebs cycle) ထဲဝင်ပြီး အဲဒီကတစ်ဆင့် ဂလိုးကိုစ့် ဖြစ်လိုက်။ ဖက်တီးအက်ဆစ် ဖြစ်လိုက်။ နောက် NADH တွေ ထွက်လာ။ NADH က အောက်ဆီဒေးတစ် ဖော်စဖိုရိုင်လေးရှင်း (oxidative phosphorylation)ထဲ ၀င်ပြီး အီလက်ထရွန်တွေ ပေးလှူလိုက်။ စွမ်းအင်တွေ ထွက်လိုက်။ အဆုံးသတ် အကြွင်းမတော့ ဟောဒီ ပြတင်းမှန်မှာတွေ့နေရသည့် ဟောသည့်ရေလို ရေတွေနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ပဲ ကြွင်းကျန်ရစ်တော့တာ မဟုတ်လား။

တနည်းအားဖြင့် ကျွန်တော်တို့က ကာဘိုဟိုက်ဒရိတ်တွေ၊ ပရိုတိန်းတွေ၊ ဖက်တီးအက်ဆစ်တွေကို စားပြီး ကာဗွန်ဒိုင်အောက်ဆိုင် (C02) ကို စက္ကန့်တိုင်းမှာ ရှူထုတ်နေသည်။ ဆီးမှတစ်ဆင့် ရေ (H2O) နှင့် ယူရီးယား (NH2)2 CO တွေ ပြန်ထုတ်ကြသည်။ ရှင်းရှင်းပြောရလျှင် ကျွန်တော်တို့က နိုက်ထရိုဂျင်တွေ၊ ကာဗွန်တွေ ဟိုက်ဒရိုဂျင်တွေကို စားပြီး ကာဗွန်တွေ နိုက်ထရိုဂျင်တွေ ဟိုက်ဒရိုဂျင်တွေပဲ ပြန်ထုတ်ကြသည် မဟုတ်လား။

နောက်ဆုံးတော့ ကျွန်တော်တို့က ကောက်ချက်ချလိုက်သည်။ ဘာတဲ့။ အကြင် နိုက်ထရိုဂျင်နဲ့ ဟိုက်ဒရို ကာဗွန်တို့ဟာ သက်ရှိလောက၏ အခြေခံများတဲ့။ ခပ်ကဲကဲ ကမ်မစ်(chemist)များ၏ အလိုအတိုင်း လိုက်ပြောရလျှင် ဟိုက်ဒရိုကာဗွန်များဟာ သက်ရှိများ၏ အခြေခံများ၊ သွယ်ဝိုက်သောအားဖြင့် သက်ရှိများ။

(၂)

ကျွန်တော်တို့ ဟိုက်ဒရိုကာဗွန်တစ်စုသည် ပြတင်းမှန်ကို ဖြတ်၍ အပြင်ဘက်ကို လှမ်းကြည့်ကြသည်။ ရေလွှာချပ်က မှန်ကိုလွှမ်းထားသဖြင့် မှုန်ဝါးဝါးသာ မြင်ရသည်။ ထူနေသော ရေလွှာ ပါးနေသော ရေလွှာတို့ကြောင့် အလင်းတွေ ယိုင်ပြီး အရုပ်ကားတွေက တွန့်တွန့်ကြီးတွေ ဖြစ်ကုန်ကြသည်။ မှိုတက်နေသော ဗီဒီယိုအခွေကို ကြည့်ရသလို ဖြစ်နေသည်။ ဒါကြောင့် ဟိုက်ဒရိုကာဗွန်များက ပြတင်းပေါက်မှန်ကို ဖွင့်ပြီး အ၀တ်စုတ်တစ်ခုနှင့် သုတ်လိုက်ကြသည်။ ယခု ဟိုက်ဒရိုကာဗွန်တစ်စုသည် အပြင်ဘက်ကို ကောင်းကောင်း မြင်နိုင်ပြီ ဖြစ်သည်။ စောစောကလိုတောင် မဟုတ်ဘဲ ကြည်ကြည်လင်လင် မြင်ရပြီ ဖြစ်သည်။

အပြင်ဘက်မှာ ဥဒဟိုသွားလာနေသော ကားများကို မြင်ရသည်။ သူတို့ကို ထိန်းကျောင်းမောင်းနှင်နေတဲ့ ဟိုက်ဒရိုကာဗွန်တွေ ရှိနေမည် ဖြစ်သည်ကိုလည်း ကြည့်နေသော ဟိုက်ဒရိုကာဗွန်များက တွေးဆမိကြသည်။ နောက်တော့ ကားထဲကထွက်လာသော ဟိုက်ဒရိုကာဗွန်များ၊ ကားပေါ်တက်သွားသော ဟိုက်ဒရိုကာဗွန်များ၊ လမ်းလျှောက်နေသော ဟိုက်ဒရိုကာဗွန်များ ကို မြင်နေရသည်။ ဟိုက်ဒရိုကာဗွန်တွေ အချင်းချင်း လက်ချင်းယှက်တွဲသွားကြ။ ကစ်ပေးကြ။ ရင်ချင်းအပ်လိုက်ကြ။ လက်ပြနှုတ်ဆက်ကြ။ အားလုံးကို မြင်နေရသည်။

အားလုံးကို ကျွန်တော်တို့ မြင်နေရသလို ဖြစ်သွားသည်။ သိပ်ပြီးမြင်နေရတော့ ဖွင့်အံချင်လာကြသည်။ သိပ်သိသွားကြတော့ သိပ်ပြီးပြောချင်ကြသည်။ ကျွန်တော်တို့ထဲက ဟိုက်ဒရိုကာဗွန် တစ်ယောက်က လူမှုဘ၀အကြောင်းကို ပြောသည်။ အိမ်ထဲက ထွက်လာတဲ့လူတွေက ကားပေါ်တက်သွားကြ။ ကားပေါ်က ဆင်းလာသည့် လူတွေက အိမ်ထဲဝင်သွားကြ။ ဒါဟာဘ၀ပဲ ဟုအဆိုပြုသည်။ အဲသည်အဆိုပြုချက်ကို အခြားဟိုက်ဒရိုကာဗွန် တစ်ယောက်က သဘောမကျ။ "ခင်ဗျားပြောတာတွေကို ကျွန်တော်နားမလည်ဘူး" ဟု ကန့်ကွက်စကားဆိုသည်။ သူ့ကန့်ကွက်စကားဖြင့် အဆိုပြုသူကို ချောက်ကမ်းပါးဘေးသို့ တွန်းပို့လိုဟန် တူသည်။ တွန်းပို့ခံရသူက ယိမ်းထိုးနေသည်။

"ကျွန်တော်ကပဲ ဥာဏ်မမီတာ ဖြစ်မှာပါလေ"။

ချောက်ထဲ တွန်းချလိုက်သည်။

အချို့ကတော့ သူတို့ကောင်းကောင်း နားလည်လိုက်သည်ဟု ဆိုသည်။ အချို့ကတော့ နားမလည်လိုက်ဟု ဆိုသည်။ အက်တမ်အချင်းချင်း အီလက်ထရွန်တွေကို မျှဝေကြသလို လူသားအချင်းချင်း အချစ်တွေ မေတ္တာကရုဏာတွေ နားလည်မှုတွေ မျှဝေကြသည်။ အဲ့ဒါ လူမှုဘ၀ပဲ ဟု ဆိုသူတွေက ဆိုကြပြန်သည်။ ဒီလိုဝိ၀ါဒတွေ ကွဲနေတုန်း တစ်ယောက်က ကဗျာရွတ်သည်။

"ဟောဟိုက ဟိုက်ဒရိုကာဗွန်တွေ
ဟောတစ်နေရာ ဟောတစ်နေရာ လွင့်နေတာဟာ
မိုးတိမ်တွေ လေတိုက်တိုင်း
လွင့်မြောနေသလိုပဲ"

အဲဒါကို ကြားရတော့ တစ်ယောက်က ဒေါသတကြီး ထအော်သည်။

"ဘယ်မှာတုန်း ခင်ဗျားရဲ့ မိုးတိမ်၊ ဘာမှာတုန်း ဟောတစ်နေရာ ဟောတစ်နေရာ လွင့်နေတယ်ဆိုတာ။ ခင်ဗျားမှာ မျက်လုံးပါရဲ့လား။ အဲဒါဟာ လူတွေ လမ်းလျှောက်နေတာဗျ"

"ဟ၊ ကဗျာ့အခွင့်အရေးကို ခင်ဗျား နားမလည်ဘူးလား။ နားလည်သူတွေက ခွင့်လွှတ်ကြရတယ်။ ခွင့်မလွှတ်လည်း ကဗျာဆရာဟာ သမုတိသစ္စာ ကြိမ်လုံးနဲ့ ရိုက်တာကို ငြိမ်ခံနေဖို့ မလိုဘူး။ ကျုပ်ကလည်း ငြိမ်ခံနေမဲ့ အကောင်မဟုတ်ဘူး"

"ဒါဖြင့် ကဗျာဆိုတာကို ခင်ဗျားဘာပြောမတုန်း။ ကဗျာဆိုတာ ဘာတုန်း။"

"ကဗျာဆိုတာ ဘာတုန်း ဟုတ်လား။ ကျုပ်တို့ ကဗျာစပ်တယ်လေ။ လူတွေက ဖတ်ကြတယ်။ ခံစားကြတယ်။ ချစ်ကြတယ်။ မုန်းကြတယ်။ သနားကြတယ်။ ရွံရှာကြတယ်။ ဒါဟာ ကဗျာပဲ။ ဒီ့ထက်တော့ ကျုပ် ပိုမသိဘူး။ ခင်ဗျားက ပိုသိရင် ပြောပြ။ ကျုပ်ငြိမ်ငြိမ်လေး လက်အုပ်ချီမိုးပြီး နားထောင်မယ်။"

ဟိုက်ဒရိုကာဗွန်များ ဆူညံဆူညံ ဖြစ်လာကြသည်။ သိပ်မြင် သိသွားကြတော့ သိပ်ပြောချင်ကြတာ ဓမ္မတာပဲ။

သူတို့ ရသစာပေဘက် လှည့်သွားကြပြန်သည်။

"ရသစာတမ်းဆိုတာတွေဟာ အလကားပဲ။ အရည်မရ အဖတ်မရတွေပဲ။" ဟု အချို့ကပြောသည်။

"ရသစာတမ်းဟာ ပီတိကိုပေးတယ်။ ရသစာတမ်းက ရနိုင်တာဟာ ပီတိပဲ"

စာပေအကြောင်း ရောက်လာတာနဲ့အမျှ ဟိုက်ဒရိုကာဗွန်များ၏ အသံက ပို၍ဆူညံလာသည်။ စာပေနယ်ဟာ အားအကောင်းဆုံး အသံချဲ့စက် မဟုတ်လား။ နောက်တော့ နိုင်ငံရေးအကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်း၊ ဘာသာတရားတွေ အကြောင်း လှည့်သွားကြသည်။

"ဘာသာတရားဟာ ရှိဖို့ လိုကိုမလိုအပ်ဘူး" ဟု တစ်ယောက်က အဆိုပြုသည်။

"ဘာသာတရားကို ခင်ဗျားက ဘယ်လိုဖွင့်ဆိုလို့တုန်း"

ဝေါဟာရတွေအကြောင်းကို သူတို့ ဆွေးနွေးကြပြန်သည်။ ဒီလောက်အချိန်တိုတို အတွင်းမှာ ဒီလောက်များတဲ့ အကြောင်းအရာတွေကို ဒီလောက်မြန်တဲ့ အရှိန်အဟုန်နှင့် ဆွေးနွေးနိုင်တာ မရှိခဲ့စဖူး။ ဒီလောက်စိတ်ပါလက်ပါ မပြောဆိုခဲ့တာ မှုန်မှိုင်းနေသည့် ဆောင်းရာသီ တစ်လျှောက်လုံး။ ဆောင်းရာသီတစ်လျှောက်လုံး နှံကောင်တွေ တွင်းထဲအောင်းသလို ကျွန်တော်တို့ အောင်းနေကြသည်။ ခပ်မဆိတ်သာ နေခဲ့ကြသည်။ ယခုမှ ကျွန်တော်တို့၏ အသံများကို အစမ်းသဘောနှင့် ထုတ်ကာ အသုံးချကြည့်သည်။ ခေါက်ရှာငှက်လို အသံများ၊ သစ်တောက်ငှက်လို၊ ငှက်တော်လို၊ စာကလေးလို အသံများ ဆူညံနေသည်။ တစ်ယောက်အသံကို တစ်ယောက် နားမခံသာအောင် ဖြစ်နေသော်လည်း ကိုယ်ပြောတဲ့ အသံကိုတော့ ဘယ်သူမှ မလျှော့လိုကြ။ နှစ်ယောက်တတွဲ သုံးယောက်တတွဲ အရှိန်မပျက် ဆက်ပြောနေကြသည်။

သို့သော် အလွန်သေးငယ်သည့် ကာလအတွင်း အသံအားလုံး တပြိုင်တည်း တန့်ရပ်သွားတာမျိုးက ဖြစ်နိုင်သည်။ ထိုသို့သော ရှားရှားပါးပါး ကာလတွင် လူတွေအားလုံး စကားပြောတာတွေ ပြိုင်တူလိုလို ရပ်ဆိုင်းမိပြီး အသံတွေအားလုံး စက္ကန့်ပိုင်းမျှ တိတ်သွားလေ့ ရှိသည်။ ယခုလည်း ဘာအကြောင်းပြချက်မှ မရှိဘဲ ဟိုက်ဒရိုကာဗွန်များအားလုံး စကားပြောတာတွေ ပြိုင်တူရပ်ဆိုင်းမိသွားသည်။ အဲသည်လို ရုတ်တရက် ရပ်ဆိုင်းသည့် စက္ကန့်ပိုင်းအချိန်ကို အခွင့်ကောင်းယူပြီး သတိရှိသော ဟိုက်ဒရိုကာဗွန် ကြီးက ပုံပြင်တစ်ပုဒ်ကို ကမန်းကတမ်း ကောက်ပြောလိုက်သည်။

(၃)

ပါမောက္ခကြီးတစ်ယောက် ၀ပ်ရှော့မှာ ကားသွားပြင်သတဲ့။ ၀ပ်ရှော့ဆရာက ကားပြင်နေရင်း ပုံပြင်တစ်ခုပြောသည်။
"ဆရာ...။ ဆွံ့အ နားမကြား တစ်ယောက်က ဆိုင်ထဲဝင်လာပြီး ဘယ်ဘက် လက်မထောင်ထားတဲ့အပေါ် ညာဘက်လက်သီးနဲ့ ထုတဲ့ ပုံလုပ်ပြတယ်။ ဆိုင်ရှင်က တူနဲ့အိမ်ရိုက်သံကိုထုတ်ပေးလိုက်တယ်။ အဲဒီလိုလုပ်နေတုန်း မျက်မမြင်တစ်ယောက်က ဘီးဝယ်ဖို့ ရောက်လာတယ်။ ဆိုင်ရှင်ကို သူဘယ်လိုလုပ်ပြမယ် ထင်သလဲ"

ပါမောက္ခကြီးက ခေါင်းကို ဘီးနှင့်ဖီးသလို ဆံပင်ကို သပ်ပြသည်။

"မှားတယ်ဆရာ။ မျက်မမြင်က ဆွံ့အနေတာမှ မဟုတ်ဘဲ။ ဘီးတစ်ချောင်းပေးပါလို့ပဲ ပြောတာပေါ့။ ဒီနေ့တစ်နေကုန် ကျွန်တော် ဒီမေးခွန်းကို ထိုင်မေးနေတာဆရာရဲ့"

"ဟုတ်လား..။ တော်တော်များများ မိသွားကြလား။"

"ဟင့်အင်း..။ ဆရာတစ်ယောက်ပဲ မိတယ်။ ဆရာမိမယ်ဆိုတာတော့ ကျွန်တော် ကြိုသိတယ်လေ။ ဆရာက ပါမောက္ခကြီး မဟုတ်လား။"

ပုံပြောသူက သူ့ပုံပြင်ကို အဆုံးသတ်သည်။

အားလုံး ခဏတော့ ငြိမ်သွားကြသည်။ နောက်တော့ ပြန်ဆူလာကြပြန်သည်။ အပြင်မှာနေရောင်ခြည် လင်းနေတာ မြင်နေရသည်။ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အလင်းကို သုံးပြီး သစ်ပင်တွေ အစာချက်လုပ်နေကြသည်။ ဒါအစပဲ ဖြစ်ပါသည်။

ပြတင်းမှန်ကြည်လင်ခြင်းဖြင့် ကျွန်တော်တို့ နွေဦးရာသီကို ဆူဆူညံညံ အစပျိုးလိုက်သည်။ များမကြာမီ ကျွန်တော်တို့ထဲက ဟိုက်ဒရိုကာဗွန် နှစ်ယောက် လက်တွေ့ဘ၀ကို လေ့လာဖို့ အောက်ကိုဆင်းသွားသည်။ ကျွန်တော်သိရသလောက် သူတို့ နှစ်ယောက်ထဲမှာ တစ်ယောက်က ကဗျာဆရာဖြစ်ပြီး တစ်ယောက်က အနာဂတ်ဝါဒီ ဖြစ်လေသည်။ ကြွင်းသည့် သူများအကြောင်းကိုတော့ ကျွန်တော်မသိရ။ သို့မဟုတ်.. သိသော်လည်း ကျွန်တော် ပြောပြချင်စိတ် မရှိ။ သို့မဟုတ်.. မရှိသေး။
အလှတရား

Read more...

“သံဃာတော်များ၏ စာမေးပွဲမှ အတွေ့အကြုံများ”

ယခုအခါ မြန်မာပြည်တွင် သံဃာတော်များသည် ငယ် လတ် ကြီး စာမေးပွဲဖြေကြားနေပြီဖြစ်လေသည်။ မြန်မာ ပြည်တွင် သံဃာတော်များသည် စာမေးပွဲဖြေဆိုနေပြီဖြစ်သည်ဟု ကြားသိရသောအခါ မိမိငယ်စဉ်က ကြားဖူးခဲ့ သော စာမေးပွဲနှင့် ပတ်သက်သော ဟာသများကို ရေးရန် အကြံဖြစ်ပေါ်လာခဲ့လေသည်။တစ်ခါက ကိုယ်တော် လေးတစ်ပါးရှိသည်။ ထိုကိုယ်တော်လေးသည် နှစ်စက စာပေကို မကြိုးစားခဲ့ပေ။ စာမေးပွဲနီးလာခါမှ ဟိုစာအုပ် ကြည့် ဒီစာအုပ်ကြည့်နှင့် သူ၏ ဘေးပတ်ပတ်လည်တွင် စာအုပ်တွေ ပုံထိုးနေသည်။ ဒလဗွဖြစ်နေလေသည်။ နီးမှကြည့်သည်ဖြစ်သည့်အတွက် ဘယ်စာကိုမျှ ကောင်းကောင်းမရတော့ချေ။ မစွဲတော့ချေ။ သို့ဖြစ်သဖြစ် လက်လျှော့အရှုံပေးကား အောက်ပါအတိုင်း ကျောက်သင်ဘောတွင် ရေးသားထားလေတော့သတည်း။
“စာမေးပွဲကြီးနီးလာပြီ
စာအုပ်တွေကြား ဗျာများသည်
ဒီနှစ်ကျ နောက်နှစ်ဖြေအုံးမည်။”
နောက်ဟာသပုံပြင်တစ်ပုဒ်သည်ကား အောက်ပါအတိုင်းဖြစ်ပါပေ၏။
ဤပုံပြင်သည် လွန်ခဲ့သော ၂၅နှစ်ခန့် လောက်က ဖြစ်ပါပေ၏။ မန္တလေးမြို့တွင် သံဃာတော်များနှင့် သီလရှင် ဆရာလေးများသည် ဓမ္မာစရိယတန်း စာမေးပွဲ ကို ဖြေဆိုကြလေသည်။ ထိုနှစ်က မေးခွန်းပုစ္ဆာသည် အလွန်ခက် သောကြောင့် အချို့သံဃာတော်များနှင့် ဆရာလေးများသည် တစ်နာရီထိုးသည်နှင့်တစ်ပြိုင်နက် အဖြေလွှာ များကို ကြီးကြပ်ရေးများကို အပ်နှံကာ စာမေးပွဲခန်းမှ စောစောပင်လျှင်ထွက်ခွါသွားကြသည်။ ဦးနှောက်အ ခြောက်မခံတော့ပေ။ ထိုင်ပြီးအညောင်းမခံတော့ပေ။ သို့သော် အချို့သော သံဃာတော်များနှင့် ဆရာလေးများ သည်ကား ရလို့ရငြား အညောင်းခံကာ ပုစ္ဆာကို စဉ်းစားနေကြလေသည်။ ထိုအထဲတွင် ဆရာလေးတစ်ပါးသည် မေးခွန်းတော်တော်များများကို ဖြေပြီးဖြစ်သည်။ နံပါတ်(ရ)ပုစ္ဆာအတွက် အကြပ်ရိုက်နေသည်။ ဘယ်လိုမှ စဉ်းစား မရပေ။ ထိုပုစ္ဆာဖြေဆိုနိုင်မှသာ အောင်မှတ်ကို ကျိန်းသေပေါက်တွက်ဆနိုင်မည်ဖြစ်ပေသည်။ မရ၍ ထားခဲ့ပြန် လျှင်လည်း နောက်နှစ် ပြန်ဖြေနေရလျှင် အချိန်ကုန်မည်။ လူပန်းမည်။ ငွေကလဲကုန်အုံးမည်။ သို့ဖြစ်သဖြင့် အနီးအနားရှိ ကိုယ်တော်ကို မေးကြည့်မယ်ဟု ဆုံးဖြတ်ချက်ချကာ
“အရှင်ဘုရား နံပါတ်(ရ)ပုစ္ဆာ၇ပါသလား၊ ရ၇င်တပည့်တော်မကို ပြောပေးပါအုံးဘုရား”ဟု ရို၇ိုသေသေဘဲ ပုစ္ဆာအဖြေကို တောင်းလေတော့သည်။ ထိုအခါ ကိုယ်တော်က
“ဆရာလေး အလကားတော့ ဖြေမပေးနိုင်ဘူး၊ 'မောင်' လို့ခေါ်မှ ဖြေပေးနိုင်မယ်။” ဟု အကြပ်ကိုင်လာလေသည်။ ဆရာလေးသည်လည်း
အရေးထဲ ဒီကိုယ်တော်က အသားယူနေပြန်ပါပြီ၊ ကဲလေ မထူးပါဘူး၊ နံပါတ်(ရ)ပုစ္ဆာရဲ့အဖြေလေးရရင် ပြီးတာပါဘဲ” ဆိုသောအတွေးဖြင့်
“မောင်ရယ် နံပါတ်(ရ)ပုစ္ဆာရဲ့အဖြေလေးပေးပါလား”ဟု တောင်းလေတော့သည်။ ထိုအခါကိုယ်တော်လေးသည် နံပါတ်(၇)အဖြေကို မောင်လို့ ခေါ်သည့်အတွက် အားရ၀မ်းသာဘဲ မဆိုင်းမတွ ဖြေကြားပေးလိုက်လေသည်။ ထိုကိုယ်တော်လေး၏ အဖြေသည်ကား အောက်ပါအတိုင်းဖြစ်ပါပေ၏။
“ဆရာလေးရေ ၀မ်းနည်းပါတယ်၊ မောင်လဲနံပါတ်(ရ)ပုစ္ဆာရဲ့အဖြေကို မရဘူးကွယ့်။”
ထိုကိုယ်တော်လေး၏ အဖြေကြောင့် ဆရာလေးသည် စာဖြေခန်းမအတွင်းကိုပင် ဆက်မထိုင်နိုင်တော့ဘဲ အဖြေလွှာကို အပ်ကာ ဒေါသတကြီး စာမေးပွဲခန်းမှ ၀ုန်းဝုန်း ဒိုင်းဒိုင်း ထွက်သွားလေတော့သတည်း။
“အော် တော်တော်ဆိုးတဲ့ကိုယ်တော်ပါလား၊ မရရင်လဲ မရဘူး လို့ မပြောဘူး၊ ဆရာလေးခမျာ လူကြားသူကြား 'မောင်' လို့လဲခေါ်ရသေး၊ ပုစ္ဆာအဖြေကလဲမရ၊ ဘယ်လောက်တောင် ဒေါသထွက်၊ ရှက်သွားမလဲဆိုတာ စဉ်းစားသာ ကြည့်ပါတော့ စာဖတ်သူတို့ရေ”။

0 comments

Read more...

ဆရာတော်ဘဒ္ဒန္တပဒုမ၏ ထေရုပတ္တိ

(ကျေးဇူးရှင် ဆရာတော်ဘဒ္ဒန္တပဒုမ)

ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ အောက်စုရပ်ကွက်တွင် နေထိုင်သော လယ်လုပ်ငန်းအပြင် နက္ခတ်ဗေဒအတတ်ပညာဖြင့် အသက်မွေးသော ခမည်းတော် ဦးဘိုသောင်နှင့် မယ်တော်ဒေါ်အုံးသင်တို့၏ မွေးချင်းငါးဦးတွင် သားထွေး သားထူးရတနာအဖြစ် (၁၂၈၇)-ခုနှစ် ပြာသိုလပြည့်ကျော် (၃)ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်ခဲ့၏။ ငယ်နာမည်ကို ခမည်းတော်ကိုယ်တိုင် ဇာတာစစ်၍ မောင်စိန်ဝင်း ဟူ၍ မှည့်ခေါ်ခဲ့ပါသည်။
သာသနာဝင်မှတ်တမ်း (၁၈၈၆၅၇)၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဆရာတော် အလောင်းလျာသည် (၁၂၉၇)-ခုနှစ်၊ ဆယ်နှစ်သားအရွယ်တွင် ခမည်းတော်၊ မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ သနပ်ပင်မြို့ ဝိဇယာရာမ မန်းကျောင်းတိုက်ကြီး၏ ဒုတိယမြောက် ဆရာတော်ဘဒ္ဒန္တဝိဇယ ထံ ဥပစ္ဈာယ်ပြုလျှက် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဥပစ္ဈာယ်ဆရာတော်မှ “ရှင်ပဒုမ” ဟု ဘွဲ့ပေးသနားတော်မူခဲ့ပါ၏။ ဆရာတော်လောင်းလျာသည် ရှင်သာမဏေဘဝ ငယ်နုစဉ်ကာလ၌ ဥပစ္ဈာယ်ဆရာသခင်၏ ခြေတော်ရင်းဝယ် သဒ္ဒါ၊ သင်္ဂြိုလ်၊ ဝိနည်း စသော အခြေခံကျမ်းစာများကို အားထုတ်သင်ယူခြင်း၊ လောကီပညာရေးမှာလည်း သတ္တမတန်း အောင်မြင်သည် အထိ သင်ယူဆည်းပူးခြင်းတို့ဖြင့် လောကီ လောကုတ် အကျိုးမယုတ်ရအောင် အားထုတ် ဖြည့်ကျင့်တော်မူခဲ့ပါသည်။ ထိုခေတ်ကာလ၌ သတ္တမတန်းအထိ အောင်မြင်တော်မူခဲ့သေး၏။ ဆရာတော်သင်ယူခဲ့သော လောကီပညာရေးသည် သနပ်ပင်မြို့ရှိ ဒါယကာ၊ ဒါယိကာမများ အတွက်ဟုပင် ဆိုရလိုဖြစ်ခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သာသနာရေးဌာနတွင် ဦးစားပေး ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းတစ်ရပ်ဖြစ်သော (ဘက) ခေါ် ဘုန်းတော်ကြီးသင် ပညာရေး စနစ် ဖြစ်ပါသည်။
ဆရာတော်သည် ရှေးယခင် ကိုရင်ကြီးဘဝနှင့် ရဟန်းငယ်ဘဝတို့တွင် ဘုန်းတော်ကြီးကျောင်း သင်ပညာရေးကို ထူထောင်လျှက် သဒ္ဒါတရားထက်သန်စွာဖြင့် အားကြိုးမာန်တက် ဆောင်ရွက်တော်မူခဲ့ပါည်။ ရွာသစ်၊ ကန်ကုန်း၊ ထောင်မင်းစု၊ ပြွန်ပေါက်စသော ရပ်ကွက်များမှ လူလတ်များသည် ဆရာတော်ဘုရား၏ စီမံဆောင်ရွက်ပေးမှုကြောင့် စာပေတတ်မြောက်ခဲ့ကြပါသည်။

တဆင့်တက်လှမ်း မြတ်ရဟန်း
(၁၃၀၆)-ခုနှစ်တွင် သနပ်ပင်မြို့၊ မဟာဝိဇယာရာမမန်းကျောင်းတိုက် ခဏ္ဍသိမ်တော်၌ တတိယ မြောက် ဆရာတော်နန္ဒမာလာကို ဥပစ္ဈာယ်ပြုပြီး ရွာသစ်ရပ်ကွက်မှ ဦးကြာညွန့်၊ ဇနီး ဒေါ်အုံးရှင်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။

ဂန္ထဓူရ မန်းသို့ကြွ
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မိုးတားတိုက်၊ ပဲခူးကျောင်းတွင် သီတင်းသုံးတော်မူပြီး၊ မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ပရိယတ္တိပါကဋစာချ အကျော်ဆရာတော်ကြီးများထံ ခိုလှုံ၍ နိဿယည်း အဖုံဖုံကို အာဂုံဆောင်နိုင်ရန် ကျမ်းရိုးပေါက်သင်ယူခြင်း၊ ပထမငယ်-လတ်စာမေးပွဲများကို အောင်မြင်သည်အထိ အားထုတ်တော်မူခဲ့ပါသည်။ ဆရာတော်ပဒုမသည် ဆရာတော်ဘဒ္ဒန္တပုည၊ ဆရာတော်ဘဒ္ဒန္တဝိဇယ၊ ဆရာတော်ဘဒ္ဒန္တဝဇိရဗုဒ္ဓိတို့၏ သွန်သင်ဆုံးမ ညွှန်ပြမှုဖြင့် အောက်ပါ စာမေးပွဲများအောင်မြင်ခဲ့ပါသည်။
၁) အစိုးရပထမငယ်တန်း
၂) အစိုးရပထမလတ်တန်း
၃) ဝိနယာဓိကမဇ္ဈိမပဏ္ဏာသပါရဂူ
ဆရာတော်သည် ပဲခူးမြို့၊ ဝိနယာဓိကအသင်းကြီး၏ မဇ္ဈိမပဏ္ဏာသပါရဂူဘွဲ့ထူးကို အာဒိကမ္မိက ပထမဆုံးအောင်မြင်ခြင်း ဖြစ်ပါသည်။

မန်းမြေ ပဲခူးကျောင်း မှ ပဲခူးတိုင်း၊ သနပ်ပင်မြို့ ရှိ မန်းကျောင်းသို့
နောင်သောအခါ ဆရာသမားများ၏ တာဝန်ပေးချက်အရ ပဲခူးမြို့၊ သနပ်ပင်မြို့ရှိ မန်းကျောင်း တိုက်ကို ပြန်လည် ထိန်းသိမ်း စောင့်ရှောက်တော်မူရန် မန္တလေးမှ ပဲခူးမြို့သို့ ပြန်လည်ကြွတော်မူခဲ့၏။ ထို့နောက် သနပ်ပင်မြို့၊ မန်းကျောင်းတိုက်၏ သာသနာ့တာဝန်များကို ဆက်လက် ထမ်းဆောင်တော်မူခဲ့ပါသည်။

ပရိယတ်မမယ်...သိမှတ်ဖွယ်
ဆရာတော်သည် ကိုယ်တိုင်ပရိယတ္တိကို အခြေခံမှစ၍ သင်ယူတော်မူခဲ့၏။ တပည့်များကိုလည်း ပရိယတ္တိပညာသင်ကြားရေး၌ နည်းပေးလမ်းပြဆုံးမခြင်း စာသင်တိုက်ကြီးများသို့ အပ်နှံပေးခြင်း ပစ္စည်းလေးပါးထောက်ပံ့ခြင်း ဂုဏ်ပြုချီးမြှောက်ခြင်းတို့ဖြင့် ဆရာ့တာဝန် ကျေပွန်တော်မူသော ဆရာတစ်ဆူ ဖြစ်ခဲ့ပါပေ၏။ ထို့ကြောင့် ဆရာတော်၏ ခြေတော်ရင်းတွင် စာတတ်ပုဂ္ဂိုလ်များ အနာဂတ်အတွက် အားထားစရာ အမွေခံတပည့်များအဖြစ် သာသနာ့တာဝန် လက်ဆင့်ကမ်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။

သနပ်ပင်မှ ပဲခူး အောင်မင်းခေါင်ကုန်းမြေ သို့
ဆရာတော် ဘဒ္ဒန္တပဒုမ၏ ဒါယကာ၊ ဒါယိကာမများဖြစ်ကြသော ဦးဘသိန်း+ဒေါ်စိန် နှင့် ဦးပါ+ဒေါ်ချစ်တို့က ဆရာတော်အား လွန်စွာကြည်ညိုကြသောကြောင့် ပဲခူးမြို့သို့ ကသစ်ဝိုင်ဝိပဿနာ တရားတော်များကို ဟောကြားပေးပါရန် ပင့်လျှောက်ခဲ့ခြင်းအပြင်၊ ယခင်က (မူလ)ကသစ်ဝိုင်ဆရာတော်ဘုရားကြီး၏ သနပ်ပင် ဓမ္မရိပ်သာတွင် တရားဝင် တရားနာယူထားမှုများကြောင့် ပဲခူးမြို့ အောင်မင်းခေါင်တွင် အချိန်ပိုင်း တရားဟော တရားပြ အဖြစ် သာသနာတာဝန်ကို တဆင့် တက်လှမ်းကာ ထမ်းရွက်တော်မူခဲ့လေသည်။ ထို့ကြောင့် ဆရာတော်သည် အောင်မင်းခေါင်ကုန်းမြေ၏ ကသစ်ဝိုင်ဓမ္မရိပ်သာကြီးတွင် ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဝိပဿနာ ဆရာတော်ကြီး၏ တပည့်ရင်းငါးပါးတွင် တစ်ပါး အပါအဝင် ဖြစ်ခဲ့ပါသည်။ ထိုမှတဆင့် ဆရာတော်ဘဒ္ဒန္တပဒုမသည် ပဲခူးမြို့ အောင်မင်းခေါင်ကုန်းမြေရှိ ကသစ်ဝိုင်ဓမ္မရိပ်သာကို (၁၃၄၆)-ခုနှစ်တွင် ဓမ္မရိပ်သာကြီး၏ သာသနာ့တာဝန် အားလုံးကို လွဲပြောင်း တာဝန်ယူ ဆောင်ရွက်တော်မူခဲ့ပါ၏။

ဆက်လက်ဖော်ပြပါမည်။


(ဆရာတော်ဘဒ္ဒန္တပဒုမသည် (၁၉-မတ်လ-၂၀၀၉)နေ့တွင် ပျံလွန်တော်မူခဲ့ပြီဖြစ်သဖြင့် ယခုဆိုလျှင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။)


Read more...

အမုန်းဆုံးလူ နှစ်ယောက်


တစ်ခါက သက်တော်(၈၃)နှစ်တောင် ရှိပြီဖြစ်တဲ့ဆရာတော်ကြီးတစ်ပါး
အလှူပွဲတစ်ခုမှာ ပြောတဲ့စကားကိုပြောရအုံးမယ်။
အဲ့ဒီဆရာတော်ကြီးပြောတဲ့စကားက သိပ်မှတ်သားစရာကောင်း လွန်းလို့
စာရေးသူတော့ ဒီကနေ့အထိ မမေ့နိုင်သေးဘူး။
ဆရာတော်ကြီးမိန့်တဲ့စကားက ဘာတဲ့။
“လောကကြီးမှာ ငါအမုန်းဆုံးလူ နှစ်ယောက်ရှိတယ်ကွ၊
အဲ့ဒါက ဘယ်သူတွေလဲဆိုရင်
ငါ့ကိုလာတောင်းတဲ့သူရယ်၊ ငါတောင်းရင် မပေးတဲ့သူရယ်
ဒီနှစ်ယောက်ကို ငါအမုန်းဆုံးပဲကွာ”တဲ့။
ဒီတော့ စာရေးသူက
“ဆရာတော် ဒါဆိုရင် ဆရာတော်ရဲ့ အချစ်ဆုံးလူနှစ်ယောက်လည်းရှိမှာပေါ့ဘုရား” လို့လျှောက်ထားကြည့်တော့
“အေး ရှိတယ်ကွ၊ အဲ့ဒါကတော့ ငါ့ကို လှူတဲ့သူရယ်၊ ငါတောင်းရင် ပေးတဲ့သူရယ်ပေါ့ကွာ” တဲ့။
ကဲ ဘယ်လောက် မှတ်သားဖို့ ကောင်းသလဲ။
ဦးဒေ၀ိန္ဒ

Read more...

အသျှင်ကာမဘူထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင်...

အရှင်ကာမဘူ

အခါတစ်ပါး၌ အသျှင်ကာမဘူသည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ သီတင်းသုံး နေ၏၊ ထိုအခါ စိတ္တသူကြွယ်သည် အသျှင်ကာမဘူထံသို့ ချဉ်းကပ်၍ အသျှင်ကာမဘူကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော စိတ္တသူကြွယ်အား အသျှင်ကာမဘူသည်

''သူကြွယ် မြတ်စွာဘုရားသည်-
'အပြစ်ကင်းသော အစိတ်အပိုင်းရှိသော ဖြူသော အမိုးရှိသော တစ်ခုသော အကန့်ရှိသော ရထားသည် လည်၏၊ ဆင်းရဲခြင်း ကင်းလျက် အယဉ်ကို ဖြတ်ပြီးလျှင် အနှောင်အဖွဲ့ မရှိမူ၍ လာနေသူကို ရှုလော့' ဟု ဤဂါထာကို ဟောတော်မူ၏။

သူကြွယ် အကျဉ်းအားဖြင့် ဟောအပ်သော ဤစကား၏ အနက်ကို အကျယ်အားဖြင့် အဘယ်သို့ မှတ်သင့်ပါ သနည်း'' ဟု မိန့်၏၊ အသျှင်ဘုရား ဤစကားကို မြတ်စွာဘုရား ဟောအပ်ပါသလော၊ သူကြွယ်ဟောအပ်သည် မှန်၏၊ အသျှင်ဘုရား သို့ဖြစ်လျှင် ထိုစကား၏ အနက်ကို ဆင်ခြင်ရန် တစ်ခဏမျှ ဆိုင်းငံ့ပါလော့၊ ထိုအခါ စိတ္တသူကြွယ်သည် တစ်ခဏမျှ ဆိတ်ဆိတ် နေ၍ အသျှင်ကာမဘူအား ဤစကားကို လျှောက်၏-

အသျှင်ဘုရား ''အပြစ်ကင်းသော အစိတ်အပိုင်း'' ဟူသော ဤအမည်သည် သီလတို့၏ အမည်ပါတည်း။ အသျှင်ဘုရား ''ဖြူသော အမိုး'' ဟူသော ဤအမည်သည် လွတ်မြောက်ခြင်း အရဟတ္တဖိုလ်၏ အမည်ပါတည်း။ အသျှင်ဘုရား ''တစ်ခုသော အကန့်'' ဟူသော ဤအမည်သည် သတိ၏ အမည်ပါတည်း။ အသျှင်ဘုရား ''လည်၏'' ဟူသော ဤအမည် သည် ရှေ့သို့ တက်ခြင်း နောက်သို့ ဆုတ်ခြင်း၏ အမည်ပါတည်း။ အသျှင်ဘုရား ''ရထား'' ဟူသော ဤအမည်သည် မိဘတို့၏ သုက်သွေးကို မှီ၍ ဖြစ်သော ထမင်း မုယောမုန့်တို့ဖြင့် ကြီးပွါးရသော မမြဲခြင်း လိမ်းကျံပေးရခြင်း နှိပ်နယ် ပေးရခြင်း ပြိုကွဲပျက်စီးခြင်း သဘောရှိသော မဟာဘုတ်လေးပါးကို မှီသော ဤခန္ဓာကိုယ်၏ အမည်ပါတည်း။

အသျှင်ဘုရား စွဲမက်မှု 'ရာဂ'သည် ဆင်းရဲတည်း၊ အမျက်ထွက်မှု 'ဒေါသ' သည် ဆင်းရဲတည်း၊ တွေဝေမှု 'မောဟ' သည် ဆင်းရဲတည်း။ ထိုဆင်းရဲတို့သည် အာသဝေါ ကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်း သဘော မရှိကုန်။ ထို့ကြောင့် အာသဝေါ ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ''ဆင်းရဲခြင်း မရှိသူ'' ဟု ဆိုအပ်၏။

အသျှင်ဘုရား ''လာနေသူ'' ဟူသော ဤအမည်သည် ရဟန္တာ၏ အမည်ပါတည်း။ အသျှင်ဘုရား ''အယဉ်'' ဟူသော ဤအမည်သည် တပ်မက်မှု 'တဏှာ' ၏ အမည်ပါတည်း။ ထိုတပ်မက်မှု 'တဏှာ' သည် အာသဝေါ ကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်။ ထို့ကြောင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ''အယဉ်ကို ဖြတ်ပြီးသူ'' ဟု ဆိုအပ်၏။

အသျှင်ဘုရား စွဲမက်မှု 'ရာဂ' သည် အနှောင်အဖွဲ့တည်း၊ အမျက်ထွက်မှု 'ဒေါသ' သည်
အနှောင်အဖွဲ့တည်း၊ တွေဝေမှု 'မောဟ' သည် အနှောင်အဖွဲ့တည်း၊ ထိုအနှောင်အဖွဲ့ တို့သည် အာသဝေါ ကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါဖြစ်ခြင်း သဘော မရှိကုန်။ ထို့ကြောင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ''အယဉ်ကို ဖြတ်ပြီးသူ'' ဟု ဆိုအပ်၏။

အသျှင်ဘုရား စွဲမက်မှု 'ရာဂ' သည် အနှောင်အဖွဲ့တည်း၊ အမျက်ထွက်မှု 'ဒေါသ' သည်
အနှောင်အဖွဲ့တည်း၊ တွေဝေမှု 'မောဟ' သည် အနှောင်အဖွဲ့တည်း။ ထိုအနှောင်အဖွဲ့ တို့သည် အာသဝေါကုန်ပြီး ဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်း သဘော မရှိကုန်။ ထို့ကြောင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ''အနှောင်အဖွဲ့ မရှိသူ'' ဟု ဆိုအပ်၏။

အသျှင်ဘုရား ဤသို့လျှင် မြတ်စွာဘုရားသည်-
''အပြစ်ကင်းသော အစိတ်အပိုင်းရှိသော ဖြူသော အမိုးရှိသော တစ်ခုသော အကန့်ရှိသော ရထားသည် လည်၏၊ ဆင်းရဲခြင်း ကင်းလျက် အယဉ်ကို ဖြတ်ပြီးလျှင် အနှောင်အဖွဲ့ မရှိမူ၍ လာနေသူကို ရှုလော့'' ဟူသော ယင်းစကားကို ဟောတော်မူအပ်ပါ၏။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောအပ်သော ဤစကား၏ အနက်ကို အကျယ်အားဖြင့် ဤသို့ သိပါ၏ဟု လျှောက်၏။ သူကြွယ် နက်နဲသော ဘုရားစကားတော်၌ ပညာမျက်စိကို ဆောင်နိုင်ပေရကား သင့်အား အရတော်ပေစွ တကား၊ ကောင်းစွာ ရအပ်ပေစွတကားဟု မိန့်ဆို၏။ 347

၅ - ပဌမ ကာမဘူသုတ်၊ စိတ္တသံယုတ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

...



Read more...

အရဟန္တသုတ်... ကဗျာ

ရဟန္တာဖြစ်ထား ပုဂ္ဂိုလ်အား ပြောကြားငါငါ ဆိုခြင်းဟာ။

ထောင်လွှားမာန ကပ်ရောက်ထ ပြောကြဆိုကြ မဟုတ်ပါ။
လောကဝေါဟာ ပြောခြင်းသာ သေချာမှတ်ကြပါ။
(ဌ- ၅၀) ခန္ဓာစားသည် ခန္ဓာအိပ်သည်- ခန္ဓသပိတ်- ခန္ဓသင်္ကန်း
ဝေါဟာရစွမ်း မရှိတမ်း ခေါ်စမ်းမရှိပါ။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း

Read more...

ရှင်တော်ဘုရားရဲ့အတွေး...(၂)



ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ မိုးကုတ်ဓမ္မကထိက

ရှင်တော်ဘုရားရဲ့အတွေး...(၂)






တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ


Read more...

ငါ တစ်ယောက်တည်းလား?

ပို့စ်အသစ် မတင်ဖြစ်တဲ့အချိန်မှာ ဂီတကို တစိမ့်စိမ့် ဖတ်ဖြစ်ပါတယ်။ နားထောင်တာ အားမရလို့ စာသား တွေကို နောက်ကလိုက်ရေးပြီး သံစဉ်မပါဘဲ ဖတ်ဖြစ်နေတဲ့ စာသားတွေကိုပါ။ နားထောင်ဖြစ်တဲ့သီချင်းက ကိုလေးဖြူရဲ့သီချင်းလေးပါ။ တွေးလိုက်တိုင်း စဉ်းစားလိုက်တိုင်း နေသားတကျ ဖြစ်နေတဲ့ ရေလိုက် ငါးလိုက် ဘဝတွေက သံစဉ်မပါဘဲ တေးသားကို ဖတ်နေရသလိုပါပဲ။ တေးသားက ဒီလိုပါ........

ဒီလို ငါ ယုတ္တိမရှိတဲ့ အဖြစ်ကို
ယုတ္တိရှိဖို့ မွန်းမံနေရင်း
သေချာအောင် အသေးစိပ် ခွဲခြမ်းကြည့်တော့
ငါလုပ်တဲ့ အလုပ်က အဓိပ္ပါယ်မရှိဘဲ
ငါတစ်ယောက်တည်း မဖြစ်တော့
ဒီအတိုင်း နှုတ်ပိတ်။

တိတ်ဆိတ်မှုတွေနဲ့ ပေါင်းဖက်ကာ
နှုတ်ပိတ်။

ဆွံ့အမှုတွေကြားထဲမှာ
နှုတ်ပိတ်။

ခါးသီးမှုတို့ စားသုံးပါ
နှုတ်ပိတ်။

ဘယ်လူကို အားကိုးပြီး ရှေ့ဆက်မယ်
မင်းမရှိတော့ ငါ အားအင်တွေမဲ့
လူယုံတွေ သတ်တဲ့ ငါ့ရဲ့နေ့တွေက
ဘာတစ်ခုမှ
မင်းမသိနိုင်တော့ဘူး။

ငါ တစ်ယောက်တည်း
နှုတ်ပိတ်။

ဒီ ............နှုတ်ပိတ်။
တိတ် ............နှုတ်ပိတ်။
ဆွံ့ ............နှုတ်ပိတ်။
ခါး ............နှုတ်ပိတ်။
............နှုတ်ပိတ်။
............နှုတ်ပိတ်။




Read more...

ဆုံးရှုံးရတဲ့ ဘဝ။

Posted by ကိုနော Tuesday, March 23, 2010
ကာရေန္တော ကမ္မကရဏံ ၊ နိရယေ အတိဒါရုဏံ ။
ဘယာနကံ ဘုသံ ဃောရံ ၊ ကထံ ပုညံ ကရိဿတိ ။(၇)

သဒ္ဓမ္မသညာရဟိတေ ၊ သဒါ ဥဗ္ဗိဂ္ဂဇီဝိတေ ။
တိရစ္ဆာနဘဝေ သန္တော ၊ ကထံ ပုညံ ကရိဿတိ ။(၈)

ဂန္တွာန ပေတ္တိဝိသယံ ၊ သန္တာပပရိသောသိတော ။
ခုပ္ပိပါသာပရိဿန္တော ၊ ကထံ ပုညံ ကရိဿတိ ။(၉)

အာရုပ္ပါသညာလောကေပိ ၊ သ၀ဏောပါယ၀ဇ္ဇိတော ။
သဒ္ဓမ္မသ၀ဏာဟီနော ၊ ကထံ ပုညံ ကရိဿတိ ။(၁၀)

အစ္စန္တာဓမ္မဗဟုလေ ၊ မုနိန္ဒသုတ၀ဇ္ဇိတေ ။
ပစ္စန္တ၀ိသယေ ဇာတော ၊ ကထံ ပုညံ ကရိဿတိ ။(၁၁)

ဇလော မူဂါဒိကော ၀ါပိ ၊ ၀ိပါကာဝရဏေ ဌိတော ။
ဂဟဏောပါယရဟိတော ၊ ကထံ ပုညံ ကရိဿတိ ။(၁၂)

ပက္ခန္တော ပါပိကံ ဒိဋ္ဌိံ ၊ သဗ္ဗထာ အနိဝတ္တိယံ ။
သံသာရခါဏုဘူတော ဟိ ၊ ကထံ ပုညံ ကရိဿတိ ။(၁၃)

ဗုဒ္ဓါဒိစ္စေ အနုဒိတေ ၊ သိဒ္ဓိမဂ္ဂါဝဘာသကေ ။
မောဟန္ဓကာရေ ၀တ္တန္တော ၊ ကထံ ပုညံ ကရိဿတိ ။(၁၄)

ယံ ဘာဝနာမယံ ပုညံ ၊ သစ္စာဘိသမယာဝဟံ ။
တဿ အနောကာသဘာဝေန ၊ ဧတေ အက္ခဏသမ္မတာ ။(၁၅)

ငရဲစခန်း,ပွဲကြမ်းတဲ့ဘ၀မှာ….
အမြဲပြေးလွှား,ချောက်ချားတဲ့ဘ၀မှာ….
ငတ်မွတ်လှ,ပေတတို့ဘ၀မှာ….
နာကြားခွင့်ကင်း,ထက်ဖျားဘုံမှာ….
လမ်းညွှန်သူမဲ့,ခေါင်းပါးတဲ့အရပ်မှာ….
ဗီဇဖျင်း,ဉာဏ်ကင်းတဲ့ဘ၀မှာ….
အကြောင်းအကျိုးပယ်,လွဲနေခဲ့အယူမှာ….
ဘုရားမပွင့်,အမှောင်နစ်တဲ့ကမ္ဘာမှာ….
ကုသိုလ်ဆို ဘယ်မှာရ ဝေးလှသည်ပင်…..။
ကောင်းမှုဝေးတဲ့ ထိုခဏ `ဆုံးရှုံးရတဲ့ဘ၀´….။ (၇-မှ-၁၅အထိ)

ကိုနော
၂၃.၃.၂၀၁၀


Read more...

ယုံကြည်ချက် ရှိဖို့လိုတယ်။


စင်္ကာပူကိုသွားပြီး ပညာသင်နေတဲ့ တပည့်တစ်ယောက်က အင်တာနက်ကနေ လျှောက်ထားချင်လို့ပါ ဆိုတာနဲ့ သွားပြီး နားထောင်လိုက်ပါတယ်။သူ့နားမှာ အကုသိုလ်တွေများနေလို့တဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ စာမေးပွဲဖြေခါနီးရက်တွေမှာ သက်သက်လွတ်လည်း စားတယ်၊ ပုတီးလည်း စိတ်တယ်၊ ဒါနဲ့တောင် စာမေးပွဲ ဖြေတဲ့အခါ သူနဲ့အတူ ဖြေသူတွေက ဂုဏ်ထူးတွေ နဲ့အောင်ကြပြီး သူ့မှာတော့ တစ်ဘာသာတောင် ထပ်ပြီး ဖြေရဦးမှာတဲ့။
ဒါကြောင့် ဂေဇက်ကြည့်ပြီးတဲ့အခါ သက်သက်လွတ်တွေ၊ ပုတီးတွေကလည်း ဘာမှ မစွမ်းဘူးဆိုပြီး ပြစ်မှားမိတယ်၊ သူများတွေ ဂုဏ်ထူးရလျှက်နဲ့ ကိုယ်က တစ်ဘာသာ ကျတာကိုလည်း အရမ်းဝမ်းနည်းပြီး မခံချင်စိတ်တွေလည်း ဖြစ်တယ်တဲ့။အဲဒါကြောင့် သူ့မှာ အကုသိုလ်တွေ များနေပြီး ဆောက်တည်ရာ မရသလို ဖြစ်နေတယ် ဆိုတဲ့အကြောင်း ငိုချင်ရှည်ကြီးနဲ့ ရောပြီး လျှောက်ထားနေပါတော့တယ်။
မိမိက “ဒီမှာ - အခုမင်းငိုတာတွေကို ခဏရပ်ထားလိုက်ဦး ၊ ဒီကပြောမှာ ကို သေသေချာချာနားထောင်ဦး၊
ပြီးတော့ မေးတာကိုလဲ ဖြေးဖြေး စဉ်းစားပြီးမှ ဖြေနော်၊ မင်းပြောသွားတဲ့ အထဲမှာ စာမေးပွဲနီးကတည်းက သက်သက်လွတ်လည်း စားတယ်၊ ပုတီးလည်းစိပ်တယ်လို့ပဲ ပြောတယ်၊ စာကို အေးအေး ဆေးဆေး ကြည့်တယ်လို့ မပါဘူးနော်။
အေး…စားမေးပွဲက သက်သက်လွတ်နဲ့ ပုတီးအကြောင်းမေးတဲ့ စာမေးပွဲ ဟုတ်ပုံမရဘူးကွ၊ သူပြဋ္ဌာန်းထားတဲ့ ဘာသာရပ်တွေကိုပဲ မေးတဲ့ စာမေးပွဲမျိုး ဖြစ်မယ်၊ ဟုတ်တယ်မို့လား၊ မင်းက ပြဋ္ဌာန်းတဲ့ ဘာသာရပ်ကိုတော့ မကြိုးစားဘဲ မပြဋ္ဌာန်းတာ သွားကြိုးစားနေရင်တော့ ဘယ်ဖြေနိုင်မလဲ၊ ဒါဟာ ဘယ်သူအပြစ် လဲ ဆိုတာကို မင်း စဉ်းစားကြည့်ရင် သိမှာပါ။
မဖြေနိုင်တဲ့အခါကျတော့ သက်သက်လွတ်နဲ့ ပုတီးကိုလည်း ပြစ်မှားတယ်၊ ဟုတ်လား….၊
ငါ…ပြောမယ်နော် စဉ်းစားပြီးနားထောင်ဦး၊ သက်သတ်လွတ်တို့ ပုတီးတို့.. အေး.. မင်းတို့ပြောသလို ပုတီးပဲထားလိုက်ပါတော့ကွာ၊ အမှန်ကတော့ ဘုရားဂုဏ်ကို အာရုံပြုတာပါ၊ အဲဒီမှာ မင်းတို့ ခံယူပုံက အခြေခံကစပြီး လွဲနေ ကြတာ၊ သက်သတ်လွတ် ဆိုတာ သတ္တ၀ါတွေအပေါ် ကြင်နာသနားတဲ့ စိတ်နဲ့ “ စားသူနည်းရင် သေတာနည်းပါစေ”ဆိုပြီး သူတို့အကျိုးကို ရှေးရှု ရှောင်ကြဉ်တာ ဆိုရင်တော့ ဘာမှ အထူးပြောစရာ မလိုပါဘူး၊ ကိုယ်ကျိုးဖြစ်၊ စီးပွားဖြစ် ရှောင် တယ်ဆိုရင်တော့ မင်းစေတနာကိုက မှန်မှမမှန်ဘဲဟာ၊ ဘာအကျိုးထူးမှာလဲ ကွာ။

ပြီးတော့ ဘုရားဂုဏ်တော်တွေကို အာရုံပြုပြီး ပုတီးစိတ်တယ်တဲ့နော် ၊ အေး..မင်းတို့ ဘုရားကို တကယ် ကြည်ညိုတယ်ဆိုရင် လေးလေးနက်နက် သိထားရမှာက မြတ်စွာဘုရားဆိုတာ လေးစားကြည်ညိုဖို့၊ ဒုက္ခလွတ်မြောက် ရေးအတွက် အားကိုးဖို့သာ ဖြစ်တယ်၊ မန်းမှုတ် ကယ်တင် ခိုင်းဖို့မဟုတ်ဘူး၊ အဲဒါ မြဲမြဲ မှတ်ထားရမယ်။
ကြည်ညိုတယ်ဆိုတာကတော့ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေကို အောက် မေ့ပြီး ရိုသေလေးစားမှု ပြုတာပဲ၊ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေနဲ့ ပတ်သက်ပြီး ကိုယ်ဉာဏ်မီသလောက် နှလုံးသွင်း အာရုံပြု ကြည်ညိုရတာပေါ့။
ဒုက္ခလွတ်မြောက်ရေးအတွက် အားကိုးဖို့ဆိုတာ ကိုယ်ကြုံတွေ့ရတဲ့ ဒုက္ခ တွေက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဘုရားရှင်ပေးတဲ့ နည်းလမ်း တွေကို သင်ယူလေ့လာပြီး လိုက်နာကျင့်သုံးဖို့ ပြောတာနော်၊ ဒုက္ခတွေက လွတ် မြောက်အောင် ကယ်တင်ခိုင်းဖို့ မဟုတ်ဘူး။
တို့ရဲ့ ဂေါတမမြတ်စွာဘုရား ဆိုတာ ကယ်တင်ရှင် ဘုရားမဟုတ်ဘူး၊ လမ်းညွှန် နည်းပြ ဘုရားသာဖြစ်တယ်၊ ဘုရားဂုဏ်တော်တွေထဲမှာ “သတ္ထာဒေ၀ မနုဿာနံ = နတ်လူတို့ရဲ့ လမ်းညွှန်နည်းပြ သြ၀ါဒပေးဆရာ ဖြစ်တော်မူပါပေ၏” ဆိုတာ ပါသားပဲ။
မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကလဲ ဓမ္မပဒ (၂၇၆)မှာ…

“သင်တို့က ကိုယ့်တာဝန်ကို ကျေပွန်အောင် ကြိုးစားအားထုတ်ရမယ်၊ မြတ်စွာ ဘုရားတို့ဆိုတာ လမ်းညွှန်
ပုဂ္ဂိုလ်များသာ ဖြစ်တယ်၊ လိုက်နာကျင့်သုံးသူသာ ဒုက္ခက လွတ်မြောက်မယ်”လို့ ဟောထားပါတယ်။

မင်းဖြစ်ပုံကို ဆရာတစ်ယောက်အနေနဲ့ အကြိုက်ကိုမငဲ့ဘဲ အကျိုးကိုငဲ့ပြီး ပြောရမယ်ဆိုရ်ငတော့ ဘုရားရှင်ကို ရိုသေလေးစားပြီး အားကိုးတဲ့သဘောမျိုး မဟုတ်ဘူး၊ ကိုယ်က အပင်ပန်း မခံချင်တဲ့အတွက် ဘုရားရှင်ကို ကိုယ်လိုချင်တာ တွေရအောင် အလုပ်ခိုင်းတဲ့ သဘောမျိုး ဖြစ်နေတယ်။
ဒါကလဲ တို့ဗုဒ္ဓဘာသာဝင်တွေ အတော်များများ မှားလေ့ရှိတဲ့ အမှားကြီး ပါပဲ၊ အန္တရာယ်ကင်းအောင်၊ ရာထူးဂုဏ်သိမ် တိုးတက်အောင်၊ စီးပွားဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိဋ္ဌာန်ဝင်တယ်၊ ပွဲထိုးတယ်၊ ပုတီးစိပ်တယ်ဆိုတာ သေချာ စဉ်းစားကြည့်လေ၊ ကိုယ်လိုချင်တာ တွေကို ကိုယ်စွမ်းကိုယ်စနဲ့ မကြိုး စားချင်တဲ့ ဖြတ်လမ်းက အချောင်ရချင်လို့ ဘုရားရှင်ကို မရိုမသေ အလုပ်ခိုင်းနေ တဲ့ သဘောပဲ မဟုတ်ဘူးလား။
ခိုင်းတာမှ ရိုးရိုးခိုင်းတာတောင် မဟုတ်ဘူး၊ ဖြတ်လမ်းကနေ ပေါချောင် ကောင်းနဲ့ ရအောင် အမြန်ကို ရှာခိုင်းနေတာပဲ၊ ငါပြောတာ ကြမ်းလွန်းတယ် ထင်ရင် မင်းလုပ်ခဲ့တဲ့ သက်သတ်လွတ်စားတာနဲ့ ပုတီးစိပ်တယ် ဆိုတဲ့ အခါမှာ မင်းထားတဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို ပြန်ပြီး သုံးသပ်ကြည့်ပေါ့နော်။
အေး… မင်းက “ ဘုရားဂုဏ်တော် အာရုံပြုတာ ရိုးရိုးသားသား ကြည်ညို လို့ပါ”ဆိုရင်လဲ စာမေးပွဲကျတဲ့အခါ ဘာဖြစ်လို့ ပြစ်မှားစရာလိုမလဲပေါ့။
မင်း.. နောက်ဆို မြဲမြဲ မှတ်ထားနော်၊ ရတနာ သုံးပါးနဲ့ ပတ်သက်ရင် ယုံကြည်ချက် ခံယူချက်နဲ့သာလုပ်ပါ၊ မျှော်လင့်ချက်နဲ့ လုံးဝမလုပ်မိစေနဲ့၊ မျှော်လင့်ချက်နဲ့ လုပ်မိရင် မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ပြစ်မှားမိ တတ်တယ်၊ မင်းမှာ အခုကြုံရတာဟာ အဲဒီ ပြဿနာပဲ။
သက်သတ်လွတ်စား၊ အဓိဋ္ဌာန်ဝင်၊ ပုတီးစိပ်၊ တရားထိုင်လုပ်ကြလို့ အူကြောင်ကြောင် ဖြစ်သွားကြသူတွေ ဆိုတာ အဲဒီလို မျှော်လင့်ချက်နဲ့ လုပ်သူ တွေပေါ့။

ယုံကြည်ချက် ခံယူချက်နဲ့သာ လုပ်မယ်ဆိုရင် တို့ဘုရားအလောင်းဟာ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ စကားတော်ကို အခိုင်အမာ ယုံကြည်ခံယူပြီး ကတည်း က ဘုရား ဖြစ်ဖို့ ကြိုးစားခဲ့တာ လေးအသင်္ချေ ကမ္ဘာတစ်သိန်းကြာလို့ နောက်ဆုံး ဘုရားဖြစ်မယ့် ဘ၀မှာ အရိုးပေါ် အရေသာ ကျန်တဲ့အထိ ခြောက်နှစ်ကြီးများ တောင် အပြင်းအထိန်ကြိုးစားစား အားထုတ်ခဲ့ပေမယ့် ရူးဖို့နေနေသာသာ ကြောက်ရွံ့တဲ့စိတ် နောက်တွန့်တဲ့စိတ်ကလေးတောင် တစ်ချက်မှ မဖြစ်ခဲ့ ပါဘူး တဲ့၊ အဲဒါ စဉ်းစားကြည့်ပေါ့ကွာ။

ပြီးတော့ ခုနမင်းပြောတဲ့ စကားထဲမှာ “မခံချင်စိတ်တွေဖြစ်လို့ တနေ့လုံး ဘယ်သူနဲံမှ အတွေ့မခံဘဲ အိပ်ရာထဲမှာ ငိုနေရတယ်”လို့ ပြောတယ်နော်၊ အဲဒါ လည်း သေသေ ချာချာ စဉ်းစားဖို့လိုတဲ့ ကိစ္စပဲကွ၊ လူတော်တော်များများဟာ “ရှက်နေတာနဲ့ ရှက်တတ်တာ၊ နာနေတာနဲ့ နာတတ်တာ၊ မခံနိုင်စိတ်နဲ့ မခံ ချင်စိတ်” ဆိုတာတွေကို ကွဲကွဲပြားပြား သဘောမပေါက်ကြဘူးနဲ့တူတယ်၊ မင်းလည်း အခုဖြစ်တာ ဘာစိတ်လဲ ဆိုတာ ကိုယ့်ဟာကိုယ် သဘောပေါက်ပုံ မရဘူး၊ မှတ်ထား.. အခုမင်းမှာ ဖြစ်နေတဲ့စိတ်တွေဟာ မခံချင်စိတ်တွေ မဟုတ်ဘူး မခံနိုင်စိတ်တွေ ဖြစ်နေတာ… ကြားလား၊

အေး… ဒါဆိုရင် မခံနိုင် စိတ်နဲ့ မခံချင်စိတ်ကို မင်း ကွဲကွဲပြားပြား သဘောပေါက်သွားအောင် အခု ငါဖတ်လက်စဖြစ်တဲံ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး (၃)တိုက်တို့ရဲ့ အဓိပတိ နာယကဆရာတော်“ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ” ရဲ့ စိန်ရတု အထိမ်းအမှတ် သြ၀ါဒ တရားတော်များထဲက လူငယ်နှစ်ယောက်အကြောင်းကို ပြောပြမယ်၊ သေသေ ချာချာ နားထောင်နော်။

လူငယ်နှစ်ယောက်မှာ တစ်ယောက်က မောင်ဌေးလွင်တဲ့၊ သူက လူဝတ်နဲ့ ( ဦးသူတော် ဘ၀တုန်းက) ပထမငယ်တန်း ၀င်ဖြေတာ စာမေးပွဲ ကျလို့ တစ်ရက် နှစ်ရက် ဆက်ပြီး ငိုနေခဲ့တယ်တဲ့။
နောက်တစ်ယောက်က မောင်ခင်တဲ့၊

သူကတော့ သာသနာ့ဘောင်ဝင်ပြီး လို့ ရဟန်းဖြစ်စ ရောက်တဲ့အခါ အငယ်တန်၊ အလတ်တန်း၊ အကြီးတန်းတွေ ပထမကျော် အထိ အောင်ပြီးပြီ၊ သူလည်း မြန်မာပြည် ပရိယတ္တိစာမေးပွဲ လောကမှာ အခက်ဆုံးလို့ နာမည်ကြီးတဲ့ မန္တလေးမြို့က သကျသီဟ စာမေးပွဲမှာ စာသင်တန်းဝင်ဖြေတော့ ပထမဆုံးနှစ်မှာ ကျတယ်၊ ကျတော့ သူက သကျသီဟ အသင်းလူကြီးတွေဆီသွားတဲ့ပြီး
“ဦးဇင်းး..ဒကာကြီးတို့ အသင်းက ကျင်းပတဲ့ စာသင်တန်းဝင်ဖြေတာ ကျတယ်၊ ဒီနှစ်ကျချင် ကျပါစေ၊ နောက်နှစ်မှာ တော့ ဒကာကြီးတို့ရဲ့ စာမေးပွဲ စာသင်တန်းမှာ ဦးဇင်း ပထမ ရလိမ့်မယ်”ဆိုပြီး ကြုံးဝါး ပြောဆိုခဲ့သတဲ့။

အဲဒီလို ကြုံးဝါးခဲ့တဲ့ ဦးဇင်းငယ်က နောက်နှစ်မှာတော့ သူကြုံးဝါးတဲ့အတိုင်း တကယ်ပဲ စာသင်တန်းမှာ ပထမစွဲပြီး အောင်တယ်။ အဲဒီနောက်တစ်နှစ်မှာ စာချ တန်းဆိုတာကို ဖြေတော့လည်း သကျသီဟ စာမေးပွဲတလျှောက်မှာ တစ်ခါမျှ မကြုံဘူးသေးတဲ့ ”စာသင်တန်း၊ စာချတန်း ဆက်တိုက်နှစ်ချင်းပေါက် သုံးကျမ်းပြီး အဖြစ်နဲ့အောင်တယ်၊

ဒီဦးဇင်းရဲ့ ထူးခြားတဲ့ အောင်မြင်မှုကြောင့် အသင်းလူကြီး တွေနဲ့ နာယက ဆရာတော်ကြီးတွေက တိုင်ပင်ပြီး ရိုးရိုးစာချဘွဲ မျိုးပေးလို့တော့ မတော်ဘူး၊ ဂုဏ်ထူးနဲ့ ထိုက်တန်တဲ့ ဘွဲ့ထူးတစ်ခု သတ်မှတ်ပြီး ပေးသင့်တယ် ဆိုပြီး “၀ဋံသကာ” ဆိုတဲ့ ဘွဲ့ကို သတ်မှတ်ပေးရတယ်တဲ့။ မြန်မာလိုကတော့ “ဦးဆောက်ပန်း” လို့ ခေါ်တာပေါ့၊ အထွတ်အမြတ် ဆိုတဲ့ အဓိပ္ပါယ်ပဲ။

အဲဒီ ဦးဇင်းငယ်ဆိုတာ နောက်တော့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသလို့ ထင်ရှားတဲ့ ကမ္ဘာ့ဂရင်းနစ် စံချိန်ဝင် ဆရာတော်ကြီးဖြစ်လာတာပေါ့။
စောစောကပြောတဲ့ မောင်ဌေးလွင်ဆိုတာလည်း နောက်တော့ ဆရာ သမားများက ဖျောင်းဖျသွန်သင်
တဲ့အတိုင်း မခံနိုင်စိတ်တွေ ပယ်ဖျောက် ပစ် လိုက် နိုင်ပါတယ်၊

သာသနာတော်ဝင်ရောက်ပြီးတဲ့အခါမှာတော့ အဲဒီ ဦးဇင်း ငယ်လည်း သကျသီဟ စာမေးပွဲကြီးမှာ စာသင်တန်း စာချတန်းတွေ အောင်မြင် သွားရုံမကဘူး၊ ကျန်းဂန်တွေ အများကြီးပြုစုခဲ့လို့ လွတ်လပ်ရေးရပြီးတဲ့အခါမှာ ပထမဆုံး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ကို သက်တော်-၀ါတော် အငယ်ဆုံးနဲ့ ရခဲ့တဲ့ ဘာသာဋီကာကျန်းပြုအကျော်၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဆိုတာ ဖြစ်လာတာပေါ့၊ ဆရာတော်ဘုရားကြီးက သူကိုယ်တိုင်ရေးသားတဲ့ “တစ်ဘ၀သံသရာ” ကိုယ်ရေးအထ္ထုပ္ပတ္တိ စာအုပ်မှာ အဲဒီအကြောင်းတွေကို ထည့်ရေးထားပါသတဲ့၊ ဒီလောက်ဆိုရင် မခံနိုင်စိတ်နဲ့ မခံချင်စိတ်တို့ရဲ့ ခြားနားချက်တွေကို မင်း ခန့်မှန်းမိလောက်မယ် ထင်ပါတယ်။

မခံနိုင်စိတ်ရှိသူက မခံနိုင်ဘူးဆိုပြီး ၀မ်းနည်းပူဆွေး ငိုကြွေးတဲ့အတွက် အချိန်ပြုန်း လူနုံးနဲံ ကျက်သရေတုံး နေမယ်၊ ဘာမှကောင်းကျိုး မပြီးဘူး၊ “နေမင်းကြီး ၀င်သွားလို့ သင်ထိုင်ငိုနေလျှင် လမင်းကြီးနဲ့လဲ သင်လွဲအုံးမှာပါ”ပဲ ဆိုတဲ့ စာဆိုကြီးတဂိုးရဲ့ ကဗျာလေးလိုပေါ့၊ မခံချင်စိတ်ရှိသူက နောက်တစ်ခါ ဒီလိုမျိုး မခံစားရအောင်ဆိုပြီး စိတ်ဓာတ်ခွန်အားကို မြှင့်တင်ကြိုးစားတယ်၊ အဲဒီတော့ သူ့မှာ ကောင်းကျိုး ချမ်းသာတွေ ကျက်သရေမင်္ဂလာတွေ တိုး သည်ထက် တိုးလာတာပေါ့။

မင်းကိုယ်မင်းပြန်မေးကြည့်ပေါ့ကွာ“ကျက်သရေတုံးနေချင်တာလား၊ကျက်သရေတိုးနေချင်တာလား”ဆိုတော့ အဲဒီကလေးက “ကျက်သရေ တိုးနေချင်တာပါ”တဲ့ ၊ အေး.. ဒီလိုဆိုရင် မခံနိုင်စိတ်တွေကို ဖယ်ရှားပစ်
လိုက်ပြီး မခံချင်စိတ်ကို မွေးပါ လို့ ပြောလိုက်ပါတယ်။

မှန်ပါ…. အဲဒီလို ဖြစ်အောင် ကြိုးစားပါမယ်၊ ကတိပြုပါတယ်ဘုရား လို့ ပြန်ပြောပါတယ်၊ အေး… ရည်မှန်းချက်တို့ ကတိစကားတို့ဆိုတာ လုပ်ဆောင် ချက်နဲ့ သက်သေပြမှ ယုံကြည်အားကိုး လေးစားထိုက်သူ ဖြစ်မယ်နော်”ဆိုတော့ သူက နည်းနည်းရယ်သံပါပြီး မှန်ပါ.. စိတ်ချပါ ဘုရားလို့ ကတိထပ်ပေးပါတယ်။
ပြီးတော့ နည်းနည်းထပ်ပြောဦးမယ်၊ မင်းရဲ့ ရည်မှန်းချက်တွေထဲမှာ စာမေး ပွဲ အောင်ဖို့ ၊ အလုပ်အကိုင်တွေ ရပြီး စည်းစိမ်ဥစ္စာတွေနဲ့ ပျှော်မွေ့နေဖို့လောင် တင် ရပ်မနေနဲ့ဦး၊ လူဖြစ်ကျိုးနပ်တဲ့ ကျက်သရေဆိုတာ အလုပ်အကိုင်တွေ ရာထူးတွေ စည်းစိမ်တွေကို ဆိုလိုတာမဟုတ်ဘူး၊ တကယ့် ကျက်သရေအစစ် ဆိုတာ ယုံကြည်ထိုက်သူ၊ အားကိုးထိုက်သူ၊ လေးစားထိုက်သူဖြစ်အောင် လောကအကျိုး ဓမ္မအကျိုးတွေကိုလဲ စွမ်းနိုင်သမျှ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဆောင်ရွက်တဲ့ ဂုဏ်သိက္ခာကို ခေါ်တာ၊ မင်းလည်း ဘာပဲ လုပ်လုပ် ရာထူးတိုးဖို့ စီးပွားဖြစ်ဖို့ဆိုတဲ့ စိတ်ဓာတ်ကို အဓိကမထားဘဲ ဂုဏ်သိက္ခာရှိဖို့ ကျက်သရေရှိဖို့ ဆိုတာကို အဓိကထားရမယ်နော်”လို့ ပြောလိုက်တော့ လုံးဝ စိတ်ချပါဘုရား လို့ တော့ ပြောတာပဲ။ လုံးဝ တင် ရပ်မနေဘဲ စိတ်ချရသူများ ဖြစ်ကြပါစေလို့သာ ဆုတောင်းလိုက်ပါတော့တယ်။
ယုံကြည် လေးစား အားကိုး ထိုက်တဲ့ ကျက်သရေရှင်များ ဖြစ်ကြပါစေ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)


Read more...

မင်္ဂလာသတင်းစဉ် (မှတ်သားဖွယ် ဗဟုသုတဆိုင်ရာ အကြောင်းအရာများ)

သံကိုသံဖျက် သံချေးတက်

သံချေးသည် သံမှာပင်ဖြစ်လာ၍ သံချေးတက်ပြီးလျှင် ထိုသံကိုပင် ပြန်၍ စားသကဲ့သို့
ဤအတူ မကောင်းမှု၌ လွန်ကျူး၍ ကျင့်သောသူကို မိမိကျင့်ကြံမှု မကောင်းမှုကပင်လျှင်
ဒုဂ္ဂတိဘ၀သို့ ဆောင်ပို့ကုန်၏။

(ဓမ္မပဒ၊ မလ၀ဂ်၊ တိဿတ္ထေရ၀တ္ထု)

ချမ်းသာခြင်းအကြောင်း

ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။
သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။
သံဃာ၏ ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။
စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။

(ဓမ္မပဒ၊ ဗုဒ္ဓ၀ဂ်၊ သမ္ဗဟုလဘိက္ခုဝတ္ထု)

သတိသံဝေ ယူကြပေရော့

ကျွန်တော်သည် လွန်ခဲ့သည့် ကဆုန်လပြည့်နေ့ (၁၃၅၁-ခု)က အသက် ၇၃-နှစ် ပြည့်ခဲ့၏။ ထို့ကြောင့် ယခု အသက် ၇၄-နှစ်ထဲသို့ ရောက်နေပြီ။ အသက် ၆၀-ပြည့်တွင် စာပေဗိမာန်မှ အငြိမ်းစားယူခဲ့သောကြောင့် ပင်စင်သက် ၁၃-နှစ်ကျော်ပြီ။ ပင်စင်ယူခါစအချိန်က ကျန်းကျန်းမာမာပင် ဖြစ်ခဲ့သည်။ သွားနိုင်လာနိုင်၊ အလုပ်အကိုင်လုပ်နိုင် ဖြစ်၏။ ရုံးကပေးသော စာပေတာဝန်များကို ကောင်းစွာထမ်းဆောင်နိုင်ခဲ့သည်။ ဆောင်းပါးများ ဘာသာပြန်ဝတ္ထု စသည်များကို ကြိုးကြားကြိုးကြား ရေးနိုင်သောကြောင့် မုန့်ဖိုးပဲဖိုး ရခဲ့သည်။ ကျွန်တော်နေသော စမ်းချောင်းမှ ရှမ်းလမ်းအတိုင်း တောင်ဘက်သို့ နံနက်တိုင်း ကလေးဆေးရုံအထိ လမ်းလျှောက်ပြီး ထိုမှ ပြည်ထောင်စုရိပ်သာ လမ်းတပတ်လှည့်ပြီး ပြန်သည်။ မိမိကိုယ်ကို မိမိ ငါ-ကျန်းကျန်းမာမာ ရှိပါသေးလား-ဟု အထင်ကြီးခဲ့သည်။ သို့ရာတွင် ဒုက္ခသစ္စာတရားကိုတော့ မမေ့ပါ။ သဗ္ဗေ သင်္ခါရာ အနိစ္စာ-ဆိုသော တရားကိုလည်း ဆင်ခြင်ပါသည်။ ထိုသို့ ဆင်ဆင်ခြင်ခြင်နေရင်းက ကျွန်တော်အထင်ကြီးသော ကျန်းမာရေးသည် တလှုပ်လှုပ်နှင့် ဆုတ်၍ ဆုတ်၍ လာခဲ့ပါသည်။ အသက် ၇၀-နားနီး၍ လာလေ ရှေးက နှင့်မတူဘဲ ဖောက်ပြန်လာသည်။

ပထမဦးစွာ နှစ်ပေါင်းအတန်ကြာ ငုပ်ပြီး ငြိမ်နေခဲ့သော ဆီးကျိတ်ရောဂါ ပေါ်၍လာ၏။ ထိုရောဂါကို ဆရာဝန်ကြီး ဦးသန်းအေးနှင့် စစ်ဆေးရာ ဘယ်တုန်းက ကပ်၍နေမှန်းမသိသော ဆီးချိုရောဂါ ပေါ်၍ လာပြန်လေသည်။ ထို့ကြောင့် ရောဂါနှစ်မျိုးကို ပြိုင်တူကုခဲ့ရတော့သည်။ ကျန်းမာရေးမှာ ယခင်ကလို မဟုတ်တော့ဘဲ တဖြည်းဖြည်း ချူချာလာသည်။ အပြင်သို့ သာရေးနာရေးကိစ္စများကို အသွားအလာတော့ မပျက်သေး။ စာပေဗိမာန်သို့ စာပေအစည်းအဝေးများ အတက်မပျက်။ ငယ်ပေါင်းကြီးဖော်များနှင့် အဆက်မပြတ် တွေ့ဆုံရသဖြင့် စိတ်ဓာတ်မကျလှသေးပေ။ ဤကဲ့သို့နေရင်း စာပေလောကမှ ရင်းနှီးသောပုဂ္ဂိုလ်များဖြစ်သည့် ဆရာကြီး ဦးယော (ဇေယျ)၊ ကိုသိန်းဖေ (ဦးသိန်းဖေမြင့်)၊ ကိုသိန်းတင် (ညိုမြ)နှင့် ကိုသိန်း (ဇ၀န) တို့၏ အသုဘများသို့ လိုက်၍ ပို့လိုက်ရသည်။

၁၉၈၆-ခုနှစ်တွင် ကျွန်တော် အသက် ၇၀-ပြည့်သည်။ ထိုနှစ်မွေးနေ့၌ ကုသိုလ်ကောင်းမှုများပြုပြီး ဇရာဓမ္မော အိုခြင်းသဘောနှင့် ဗျာဓိဓမ္မော နာခြင်းသဘောတို့ကို ဆင်ခြင်ရပါသည်။ မိမိမှာလည်း ရောဂါနှစ်မျိုးကြောင့် ဆေးအမျိုးမျိုးကို မပြတ်မှီဝဲ၍ နေရပါ၏။ အားအင်ချည့်နဲ့၍လာ၏။ ယခင်ကကဲ့သို့ ခရီးဝေးဝေး လမ်းမလျှောက် နိုင်တော့။ ဒူးတွေ ကောင်းစွာမနိုင်သဖြင့် တုတ်ကောက်ခပ်တောင့်တောင့်ကို ဆောင်ပြီး လျှောက်ရသည်။ ကိုယ်တွင် ခုခံအားနည်း၍ မကြာခဏ အအေးမိခြင်း၊ ၀မ်းပျက်ခြင်း၊ သွေးအားကျဆင်းခြင်း စသော ဝေဒနာများကို ခံစားရသည်။ မိမိထက်များစွာ ကျန်းမာရေးကောင်းမွန်ပြီး ဖျတ်ဖျတ်လတ်လတ် သွားနိုင်လာနိုင် ကြသော မိမိနှင့် သက်တူရွယ်တူ သို့မဟုတ် မိမိထက် အသက်ကြီးသူများကို တွေ့မြင်ရသောအခါ အားကျမိသလို မုဒိတာလည်း ဖြစ်ရသည်။ စိတ်သွားတိုင်း ကိုယ်မပါတော့သော မိမိ၏ ဝေဒနာက္ခန္ဓာကို ဆင်ခြင်ရသည်။ မသွားမဖြစ်သော သာရေးနာရေး ကိစ္စများကိုမူ အထိုက်အလျောက် သွားနိုင်သေးသည်။

စာပေဗိမာန်မှ ခေါ်ယူသော စာပေအစည်းအဝေးများကိုလည်း တက်နိုင်သေးသည်။ သို့နှင့် အသက် ၇၂-နှစ် ပြည့်လုနီးဖြစ်သော ယမန်နှစ်ကမူ ဆီးကျိတ်ရောင်ရောဂါသည် ဆိုးဆိုးဝါးဝါး ဖြစ်၍လာသည်။ ဆရာဝန်ကြီး ဦးသန်းအေး-က ရောဂါကို ခွဲစိတ်ကုသမှ ပျောက်ကင်းတော့မည်ဟု အဆုံးအဖြတ်ပေးသည်။ ထို့ကြောင့် ဆေးရုံသို့ ၂၄-ရက်တက်၍ ခွဲစိပ်ကုသခဲ့ရ၏။ ဆေးရုံသို့ရောက်မှ အသက်ငယ်သူ၊ အသက်ကြီးသူ၊ ယောက်ျား၊ မိန်းမ၊ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် ဝေဒနာသည်မျိုးစုံနှင့် တွေ့ခဲ့ရလေသည်။ ရောဂါငယ်သူလည်း ရှိသည်။ ရောဂါကြီးသူလည်း ရှိသည်။ ကုသ၍ မပျောက်ကင်းနိုင်သော နောက်ဆုံးအဆင့် ကင်ဆာရောဂါသည်ကိုလည်း တွေ့ခဲ့ရသည်။ မိမိကိုယ်တိုင်မှာလည်း အိပ်ရာပေါ်၌ ပက်လက်ကလေး၊ လူများထူပေးမှ ထရ၏။ လူများခွံ့ပေးမှ ထမင်းစားရ၏။ ပြောပါရစေတော့။ နားနှင့်မနာ ဖ၀ါးနှင့်နာကြပါ။ ကျင်ငယ်ကို ပုလင်းကြီးနှင့် ပိုက်တန်းလန်း စွန့်ရ၏။ ဤကဲ့သို့ ပတ်ဝန်းကျင်အခြေအနေ၊ မိမိ၏ အခြေအနေကို တွေ့ကြုံခံစားရသောအခါ သတ္တ၀ါမှန်သမျှ နောက်ဆုံး၌ သေမှ ကိစ္စပြတ်တော့မှာပါကလားဟု နေ့စဉ်နှင့်အမျှ တွေးမိသည်။ မိမိကိုယ်တိုင်မှာလည်း လူ့ဘ၀၏ နောက်ဆုံးနေ့များသို့ ရောက်လာပါပြီကော-ဟု အသိတရားရသည်။

ရောဂါသက်သာသောအခါ ဆေးရုံမှ ဆင်းခဲ့ရသည်။ လမ်းကောင်းစွာ မလျှောက်နိုင်။ လူတွဲရသည်။ အိမ်သို့ရောက်၍ ရက်အနည်းငယ်ကြာမှ တုတ်ကောက်နှင့် လျှောက်နိုင်သည်။ သို့သော် ဝေးဝေးမလျှောက်ရဲ။ ဒူးမခိုင်သဖြင့် မတ်တတ်က ပစ်၍လဲကျလျှင် ဒုက္ခ။ ဤကဲ့သို့ တွဲတွဲပိုးပိုးနှင့်ပင် အသက် ၇၂-နှစ် ပြည့်ခဲ့လေသည်။ ပြင်ပသို့ မထွက်နိုင်တော့ပေ။ ဒုမင်္ဂလ သုမင်္ဂလ ကိစ္စများကို ကိုယ်တိုင်မသွားနိုင်တော့ပါ။ ဆီးချိုရောဂါကို ဆေးစားလိုက်၊ အစာနှင့် ထိန်းလိုက်ဖြင့် ထိန်းထားရပါသည်။ မတည့်သောအစာကို ဖြတ်ထားရသည်မှာလည်း နှစ်နှင့်ချီ၍ ကြာပါပြီ။ ပြောရပါဦးမည်။ ဆီးချိုရောဂါ ခံစားနေရသူ အမြောက်အမြား ရှိပါလိမ့်မည်။ ကိုယ်ချင်းစာပါသည်။ ဤရောဂါကား ၀ိပါက၀ဋ် တရားမကင်းသူများ၌ ရွေး၍ဖြစ်သော ရောဂါပါပေ။ အဘယ်ကြောင့်ဆိုသော် သူများတကာ မြိန်ရေယှက်ရေ စားနေသော အစာမှန်သမျှ မိမိကရှောင်ရသည်။ ဂျုံနုဖြင့် လုပ်သော မုန့်မှန်သမျှ၊ ပြောင်းဖူး၊ အာလူး၊ မုန်လာဥ စသည်တို့ကို အကုန်ရှောင်ရ၏။ အသား၊ ငါး၊ ပဲဟင်းများကိုသာ စားနေရ၏။ ထမင်းပင်လျှင် များများမစားရ၊ ချိုသော သစ်သီးဝလံနှင့် မုန်လာဥ၊ ၀ဥ စသည်များ အကုန်ရှောင်ရ၏။ ဘာစားစရာ ကျန်သေးသနည်း။ မိုးဦးလေဦး၌ ၀ါဝင်၍နေသော မချစ်စုသရက်သီးကြီးများကို တအိမ်သားလုံး အားရပါးရ စာနေသည်ကိုမြင်ရသောအခါ မမြင်သလို မျက်ကွယ်ပြုနေရသည်။ ဒူးရင်းသီဆိုလျှင် ပို၍ဆိုး၏။ အဘယ့်ကြောင့်ဆိုသော် သူတပါးစားသည်ကို မမြင်ရအောင် ခပ်ဝေးဝေး ရှောင်သွားသော်လည်း သူ့အနံ့က သွားရာသို့ လိုက်လာလေသည်။

ဝါ၀င်ဝါထွက် နှစ်သစ်ကူးစသည့် အခါကြီးရက်ကြီးများတွင် အသက်ငယ်သူ ဆွေဆွေမျိုးမျိုး၊ မိတ်သင်္ဂဟတို့က အဖိုးတန်မုန့်ပဲသရေစာများဖြင့်လာ၍ ကန်တော့ကြပါသည်။ ကိတ်မုန့်မျိုးစုံ၊ ပုသိမ်ဟာလ၀ါ၊ မန္တလေးလမုန့်၊ ထိုးမုန့်တို့ကို ကျွန်တော်ကြိုက်ပါသည်။ သို့သော် မစားရဲတော့ပါ။ ထို့ကြောင့် ငယ်ရွယ်သူတို့၏ စေတနာ၊ သဒ္ဓါတရားနှင့် ၄င်းတို့၏ ဂါရ၀နိဝါတမင်္ဂလာ ပြည့်စုံမှုတို့ကို သာဓုခေါ်နိုင်သလို မိမိ၏ ၀ဋ်တရားကို မိမိ ဆင်ခြင်ရပါ၏။ တခါတရံ မြေးငယ်ကလေးများက သူတို့လက်ဆောင်ရလာသော ချောကလေက်အတောင့် ကလေးများကို ယူလာပြီး ရော့-ဘဘ စားပါ-ဟု ပေးကြသည်။ မိမိက ဘဘနဲ့ မတည့်ပါဘူးကွယ်၊ သားတို့ သမီးတို့ စားကြပါ-ဟု ပြန်ပြောသောအခါ မြေးကလေးများသည် ကျွန်တော့်ကို ကြင်နာသောမျက်နှာငယ် ကလေးတွေနှင့် ကြည့်နေကြသည်။ ဤတွင်မှ မိမိသည် သူများ သနားစရာကောင်းသော သူတယောက်အဖြစ် ရောက်နေပါပြီကောဟု စိတ်ပျက်မိသည်။ တရားနှင့်ဖြေရ၏။

ယခုနှစ်တွင် ဤဆောင်းပါးအစ၌ ဖော်ပြခဲ့သည့်အတိုင်း ကျွန်တော် အသက် ၇၃-နှစ်ပြည့်ခဲ့သည်။ လာလာချင်း ဆောက်နှင့်ထွင်းဆိုသလို ၇၃-နှစ်ပြည့်သည်နှင့် တပြိုင်နက် ရောဂါတမျိုး ပေါ်လာပြန်သည်။ ၇၃-နှစ်မြောက် မွေးနေ့မရောက်မီ ရက်ပိုင်းအလို၌ ရေချိုးခန်းထဲတွင် ခါးကုန်းရင်း ခါးမျက်သွားရာမှ လမ်းမလျှောက်နိုင်တော့ဘဲ အိပ်ရာပေါ်သို့ လူတွဲ၍ ပို့ရလေ၏။ ခါးနာလိုက်သည်မှာ ပြောစရာမရှိ။ လူတွဲမှ ထနိုင်သည်။ လမ်းလျှောက်လျှင်လည်း လူတွဲရသည်။ ယခင်က အကြိမ်ကြိမ် ခါးနာဖူးသော်လည်း ယခုတကြိမ်လောက် မဆိုးခဲ့။ သောက်ဆေး၊ လိမ်းဆေးများဖြင့် ပျောက်သည်သာများခဲ့လေသည်။ ယခုမူ လွယ်လွယ်နှင့် မပျောက်နိုင်သည့်အဆုံး၌ အရိုးအထူးကုဆေးရုံသို့ လူတွဲ၍ သွားပြီး ပြသရတော့သည်။ အထူးကုဆရာဝန်ကြီးက ခါးကို ဓာတ်မှန်ရိုက်၍ ကြည့်လိုက်သောအခါ ခါးတွင် ကျီးပေါင်းတက်သောရောဂါ ဖြစ်နေသည်ကို တွေ့၏။ အိပ်ရာပေါ်တွင် ပက်လက်နေပါ။ ခါးကို အပူကင်ပေးပါဟု ပြောပြီး သောက်ဆေးများ ညွှန်းလိုက်သည်။ ထို့ကြောင့် အိပ်ရာထဲသို့ တကြိမ်ပြန်၍ ရောက်ပြန်လေသည်။ ထိုင်ချင်လျှင် ထူပေးရသည်။ ထမင်းစားလျှင် တွဲ၍ပို့ရသည်။ မိမိအတွက် တအိမ်သားလုံး အလုပ်များတော့သည်။ အိမ်သို့လာသော ဧည့်သည်ပင် မနေရ။ အမြင်မတော်သောကြောင့် ၀င်၍ ထူမပေးရသည်။

ဤကဲ့သို့ မိမိကြောင့် မိမိ၏ ဇနီးဖြစ်သူနှင့်တကွ သားများ၊ ၄င်းတို့၏ဇနီးများ၊ မြေးငယ်ကလေးများပါမကျန် အလုပ်ပိုတွေ လုပ်နေရသည်ကို တွေ့ရသောအခါ တကယ်ပင် ဘ၀ကို စိတ်ပျက်သွားမိပါသည်။ ယခုလို လူတကာကို ဒုက္ခပေးနေမည့်အစား ဆီးဘန်နီဆရာတော်၏ လင်္ကာ အဆုံးသတ်သလို ( သေသော်မှတည့် ဪ-ကောင်း၏-)ဟု အောက်မေ့မိလေသည်။ သို့သော် ကိုယ်ကသေချင်သော်လည်း မသေရသေး၊ ဆေးစားဆေးကု လုပ်လိုက်သောအခါ တခါ ထနိုင်လာပြန်၏။ တုတ်ကောက်နှင့် အိမ်ထဲတွင် လမ်းလျှောက်နိုင်လာပြန်လေသည်။ ဤသို့လျှင် အိုခြင်းသဘော၊ နာခြင်းသဘောတို့ကို လက်တွေ့ထိတွေ့ ခံစားရတာ ကြာလာသည့်အခါ မရဧဓမ္မော သေခြင်းသဘောကို ကြိုတင်ဆင်ခြင်မိပါသည်။

လူဆိုသည်မှာ အတော်ခက်၏။ ကျွန်တော်ခါးနာသဖြင့် လမ်းကောင်းကောင်း မလျှောက်နိုင်စဉ်က ခပ်ငြိမ်ငြိမ် နေ၏။ အစစ သတိနှင့် ဆင်ခြင်နေ၏။ သို့သော် အနည်းငယ် လျှောက်နိုင်သောအခါ တကယ်ကျန်းမာသူတွေကို တု၍ တုတ်ကောက်ဆောင်ကာ ထောင်ထောင် ထောင်ထောင်လုပ်၍ လာလေသည်။ အများတကာ ဂရုစိုက်ရန် သတိပေးသော်လည်း သိပ်အငြိမ်မနေဘဲ အားအားရှိတိုင်း အိမ်အနှံ့ လမ်းလျှောက်လေသည်။ မြန်မာစကား၌ ထသောသူ ထိုင်ရ၏-ဆိုရိုးစကား ရှိသည်။ လွန်ခဲ့သော သြဂုတ်လဆန်းက တနေ့သောညအခါ၌ အိပ်ရာဝင်ခါနီး အိပ်ခန်းထဲတွင် တယောက်တည်း တုတ်ကောက်ကိုလွှတ်၍ ပုဆိုးလဲရင်း မတ်တတ်က ဖင်ထိုင်လဲကျပါ တော့သည်။ ၀ုန်းခနဲ အသံကြောင့် တအိမ်သားလုံး ပြေးလာပြီး အိပ်ရာပေါ် တင်ရပြန်သည်။ တော်ပါသေး၏။ ဦးခေါင်းစသည့် ဘေးဖြစ်နိုင်သော နေရာများတွင် ထိခိုက်မှု မရှိ။ သို့သော် ခါးတခါ ပြန်နာသွားသဖြင့် ဆေးကုရပြန်သည်။

အတွေ့အကြုံ ရှိထူးသူတိုင်းက ပြောကြပါသည်။ လူကြီးများ မတ်တတ်က လဲကျခြင်းမှာ မကောင်း၊ အရိုးကျိုးတတ်သည်။ လေဖြတ်တတ်သည် စသည်ဖြင့် သတိပေးကြပါသည်။ လဲကျသဖြင့် အရိုးကျိုးသော သက်ကြီးလူနာများထံ ကျွန်တော်ကိုယ်တိုင်လည်း လူမမာမေး သွားဖူးပါသည်။ ကံကောင်းထောက်မသဖြင့် ယခု ကျွန်တော့်မှာ ကျိုးခြင်း၊ ပဲ့ခြင်း မရှိသေး။ သို့ရာတွင် တုတ်ကောက်တချောင်းတည်းနှင့် လမ်းမလျှောက်ဝံ့သေးပါ။ လေးချောင်းထောက်ကလေးတခုကို လက်နှင့်ကိုင်၍ လမ်းလျှောက်နေရပါသည်။

ယခုအချိန်တွင် ကျွန်တော့အလုပ်မှာ လေးချောင်းထောက်ဖြင့် လမ်းလျှောက်လိုက်။ စာဖတ်လိုက်၊ ငုတ်တုတ်ထိုင်ပြီး ငေးနေလိုက်နဲ့ အချိန်ကုန်ပါသည်။ ပုတီးစိပ်၍ ဇရာ ဗျာဓိ မရဏဒုက္ခတို့ကိုလည်း ဆင်ခြင်ပါသည်။ ကျွန်တော့ထက် ကျန်းမာကြသော သက်တူရွယ်တူ ငယ်ပေါင်းကြီးဖော် ကျောင်းနေဖက်များ၊ စာပေမိတ်ဆွေ ရေးဖော်ရေးဖက်များကို သတိရပါသည်။ သူတို့တတွေလည်း ယခုအခါ အသက် ၇၀-ကျော်မှ ၈၀-သို့ ရောက်နေကြပေပြီ။ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေဟု မေတ္တာပို့ပါသည်။ ဤဆောင်းပါးကို ဖတ်မိလျှင် ကျွန်တော်ကဲ့သို့ပင် ဇရာဒုက္ခကို သတိသံဝေဂ ယူကြပေရော့ဟု တိုက်တွန်းပါ၏။

( သိပ္ပံ စိုးလှ)
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဧပြီလ)

Monday, March 22, 2010

ပျက်အစဉ် ပြင်ခဏ

ဘ၀အကြောင်းမကောင်း၍ အကုသိုလ်အလုပ်၌ ကျင်လည်ခဲ့ရဖူးသော်လည်း အကုသိုလ်ဝဲဂယက်မှ ရုန်းထွက်ပြီး ကုသိုလ်အမှုကို ထိုက်ထိုက်တန်တန်လုပ်ပြသော အောက်ပါပုဂ္ဂိုလ် ၂-ယောက်သည် ပျက်အစဉ် ပြင်ခဏ-
ဟူသော စကားပုံကို သက်သေပြနိုင်ခဲ့သည်။

(လင်းဆင်းဟတ်)
ပထမပုဂ္ဂိုလ်မှာ လင်းဆင်းဟတ် ၂၈-နှစ်ဖြစ်သည်။ သူသည် အသက် ၁၅-နှစ်၌ အဖော်ကောင်း၍ ဒုစရိုက်ဂိုဏ်းတခုထဲသို့ ၀င်မိသည်။ ရာဇ၀တ်မှု အသေးစားကလေးများ ကျူးလွန်၍ အသက်မွေးဝမ်းကျောင်း လုပ်ခဲ့ရသည်။ အသက် ၁၉-နှစ်အရွယ်တွင် ပြစ်မှုများကျူးလွန်ရာမှ ငြီးငွေ့လာ၍ ဂိုဏ်းကထွက်ပြီး သူ့မိခင်ထံ ပြန်လာခဲ့သည်။

သူတို့သားအမိသည် မလေးရှားနိုင်ငံ၊ ကူချင်းမြို့ရှိ ရပ်ကွက်တခု၌ နေထိုင်သည်။ ထိုနေရာ၌ သူသည် ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက် နေထိုင်သည်။ သို့သော် သူ၏ အတိတ်က အမဲစက်ကြောင့် လူတွေက သူ့ကို အထင်သေးအမြင်သေးနေကြသည်။

ညနေခင်းတခုတွင် သူနေထိုင်ရာမြို့၌ မိုးအကြီးအကျယ် ရွာသည်။ သူတို့ရပ်ကွက်ထဲက ရေနုပ်မြောင်းကကြီးပြီး အလွန်ရေစီးသန်နေသည်။ ထိုစဉ် ရေမြောင်းကြီးဘေးမှာ လူတွေဝိုင်းအုံနေကြသည်။ လင်းဆင်းဟတ်၏ အိမ်နီးချင်း အသက် ၃၅-နှစ်ရှိ လိုရီယန်လင်း ဆိုသူ၏ အသက် ၂၃-လသာရှိသေးသည့် သားကလေး မြောင်းထဲကျသွားသဖြင့် လူများ ၀ိုင်းအုံကြည့်နေကြသည်။ သို့သော် လူအုပ်ကြီးထဲက မည်သူမျှ ဆင်းမကယ်ဝံ့ကြပါ။

ဤတွင် လင်းဆင်းဟတ်သည် အသက်စွန့်၍ ရေစီးသန်ပြီး ကြီးမားလှသည့်မြောင်းကြီးထဲ ဆင်းသွား၍ ရေငုပ်သွားသည်။ ကလေးကို ကြိုးစားကယ်တင်သည်။ ပထမအကြိမ် သူရေပေါ်သို့ ပေါ်လာသောအခါ ကလေးပါမလာသေး။ ကလေးကို မရှာနိုင်သေးပါ။ ဒုတိယအကြိမ် ထပ်ငုပ်ပြီး ရှာသောအခါမှ ရေအောက်တွင် ရေနုတ်ပြွန်တခုနှင့်ငြိနေသော ကလေးကို ရှာတွေ့ပါတော့သည်။

သို့ဖြင့် ကလေးကို ပွေ့ချီပြီး ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။ ကလေးသည် ရေအောက်၌ ၇-မိနစ်ခန့် နေခဲ့ရသည်။ သို့သော် ရှေးဦးသူနာပြုကြောင့် အသက်ရှင်ခဲ့သည်။
ဤအပြုအမူအတွက် သက်ဆိုင်ရာက လင်းဆင်းဟတ်ကို ဂုဏ်ပြုလွှာတခု ချီးမြှင့်ခဲ့သည်။ လင်းဆင်းဟတ်ကတော့ တသက်လုံး ကောင်းကောင်းနေသွားမည်ဟု ဆိုသည်။ သူသည် ကောင်းမှုတွေကို တတ်အားသမျှလုပ်ပြီး သူ၏ အတိတ်အကုသိုလ်များအတွက် ပေးဆပ်သွားမည်ဟု ဆိုရာ အားလုံး ၀မ်းသာမဆုံးရှိကြသည်။


(တန်ဂျက်ချူး)
ဒုတိယပုဂ္ဂိုလ်တဦးမှာ စင်ကာပူနိုင်ငံမှ တန်ဂျက်ချူး (၆၄)နှစ် ဖြစ်သည်။ လွန်ခဲ့သည့် ၁၅-နှစ်ခန့်က သူ၏အ၀တ်အထည်ရောင်းသည့် ဆိုင်ကလေးသည် အရှုံးပေါ်၍ ပိတ်လိုက်ရသည်။ ထို့ကြောင့် အလုပ်လက်မဲ့ဖြစ်သော တန်ဂျက်ချူးသည် လုယက်၊ ခါးပိုက်နှိုက် စသည့် ရာဇ၀တ်မှု အသေးစားကလေးများကို လုပ်ကိုင်၍ ဘ၀ရပ်တည်ခဲ့သည်။ ယင်းသို့ရှိရာမှ သတိတရားရကာ သူသည် လွန်ခဲ့သော ၂-နှစ်ခန့်မှစ၍ ဒုစရိုက်မှုကို စွန့်လွှတ်ပြီး ဖိနပ်ချုပ်သင်ခဲ့သည်။

ထို့နောက် သူသည် ဖိနပ်အပေါက်အပြဲများကို ဖာထေးခြင်း၊ ချုပ်ပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်။ ဤအချိန်တွင် သူသည် ဆင်းရဲသော်လည်း ကောင်းမှုကို စတင်လုပ်ဆောင်ပါတော့သည်။ စိတ်ဝင်စားသူတိုင်းကို ဖိနပ်ချုပ်ပညာ အခမဲ့သင်ကြားပေးသည်။ အသက် ၇၀-နှင့်အထက်များ၊ ဒုက္ခိတများ၏ ဖိနပ်များကိုမူ အခမဲ့ပြုပြင်ချုပ်ပေးသည်။ တန်ဂျက်ချူးသည် လွန်ခဲ့သော နှစ် ၅၀-ခန့်ကတည်းက တရုတ်ပြည်မှ စင်ကာပူသို့ ပြောင်းရွှေ့လာသူဖြစ်သည်။ သူ၏ ဇာတိရွာတွင် အသက်ကြီးသူတွေကို လေးစားရသော ထုံးစံရှိခဲ့၍ အသက်ကြီးသူများကို ဂါရ၀ပြုပြီး ဖိနပ်အလကားချုပ်ပေးခြင်း ဖြစ်သည်ဟု ပြောသည်။ အချို့က အားနာ၍ အလကားချုပ်ပေးခြင်းကို လက်မခံလိုကြပေ။ ထိုအခါ သူက သူ့ကို ကုသိုလ်လုပ်ခွင့်ပြုပါဟုပြောပြီး လက်ခံအောင် ပြောဆိုနိုင်ခဲ့သည်။

တန်ဂျက်ချူးတွင် အသက် ၅၂-နှစ်အရွယ် ဇနီးနှင့် အသက် ၂၁-နှစ်၊ ၁၈-နှစ်အရွယ် အသီးသီးရှိသော သားသမီး ၂-ယောက်ရှိသည်။ သူတို့သည် ကျောင်းတက်ဆဲဖြစ်သည်။ ဇနီးသည်က စူပါမားကက်တခုတွင် အလုပ်လုပ်ပြီး ခင်ပွန်းသည်၏ ကုသိုလ်ကို အားပေးဂုဏ်ယူသည်။ သူတို့သည် မရှိဆင်းရဲသည့်ကြားမှပင် ဤသို့တတ်အားသရွေ့ ကုသိုလ်ပြုခြင်း ဖြစ်သည်။

အထက်ပါ သာဓကနှစ်ခုသည်ကား အကုသိုလ်နွံဟူသည် ရုန်းထွက်နိုင်သည်ဟူသော သင်ခန်းစာပင် ဖြစ်ပါသည်။

(ဒေါက်တာထွန်းဝင်း)
Reader's Digest July, 1996

(မြတ်မင်္ဂလာ ၂၀၀၇-ခု ဧပြီလ)


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP