* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, March 18, 2010

သိမ်မွေ့သော စိတ်ကို ရှုမှတ်ပုံ။


ရွှေဥမင်ဆရာတော်ဘုရားကြီး နှင့် မဟာမြိုင်ဆရာတော်

Vimuttisukha (၀ိမုတ္တိသုခ)


တရားအားထုတ်ခါစမှာတော့ သတိပဋ္ဌာန်အစဖြစ်တဲ့ ကာယာနုပဿနာကို အခြေခံပြီး အားထုတ်ကြတယ်။ ကာယာနုပဿနာရှုရင်းကနေ အသေးစိတ်သိလာတဲ့အခါကျတော့ ကာယာနုပဿနာနှင့်တွဲပြီး ဝေဒနာနုပဿနာလည်း ပါလာတယ်။ ဝေဒနာနုပဿနာကို ရှုနေရင်းကနေ ဝေဒနာရဲ့  အနတ္တသဘော၊ ဝေဒနာရဲ့ အနိစ္စသဘော၊ ဝေဒနာရဲ့  ဒုက္ခသဘောတွေကို တဖြည်းဖြည်းသိလာတယ်။

ဒီလိုအားထုတ်ရင်းကနေ စိတ်ကိုလည်း ကြည့်တတ်လာတယ်။ သတိ၊ သမာဓိကောင်းလာတော့ စိတ်ထဲမှာ အတွေးအမျိုးမျိုး ပေါ်တိုင်း ပေါ်တိုင်း ချက်ချင်းသိတယ်။ တစ်ခါတလေ ဘယ်လောက်ထိသိလဲဆိုရင် အတွေးလေးတစ်ခု ပေါ်တော့မယ် ဆိုတာကိုတောင် သိနေတယ်။ ဒါကို မလုပ်ဖူးတဲ့သူဆို ယုံနိုင်မှာ မဟုတ်ဘူး။ အတွေးတစ်ခု ပေါ်တော့မယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲလို့  မေးလိမ့်မယ်။ စိတ်ကလေး ဦးလှည့်တာကို သိတယ်။ လက်ရှိအာရုံမှာ ကောင်းကောင်းမနေချင်တော့တာကို သိတယ်။ လက်ရှိအာရုံကို လွှတ်ချင်သလိုလို ဖြစ်လာပြီဆိုတာကို သိတယ်။ အာရုံသိပ်မထင်ရှားတော့ဘူး။ ထင်ရှားအောင်လည်း မကြိုးစားချင်တော့သလိုလိုဖြစ်ပြီး နောက်အာရုံတစ်ခုဖက်ကို စိတ်ဦးလှည့်လာတယ်။

တစ်ခါတလေ ဘယ်အာရုံဘက်ကို သွားတော့မယ် ဆိုတာကိုတောင်မှ နဲနဲလေးရိပ်မိတယ်။ ဒါတော်တော်လေး သမာဓိကောင်းတဲ့ အဆင့်ကျမှ သိလာတာပါ။ အဲဒီလို သွားတော့မယ်ဆိုတာကို သိလိုက်တာနဲ့  ပြန်ငြိမ်သွားတယ်။ တခြားအတွေးတစ်ခု ပေါ်လာရင်လည်း တွေးတယ်လို့ သိလိုက်တယ်။ သိလိုက်တာနဲ့  ပြန်ပျောက်သွားတယ်။ ပြန်ပျောက်သွားတော့ စိတ်ကအတွေးမရှိဘူး။ ရှင်းပြီးငြိမ်နေတယ်။ ငြိမ်နေတာကိုသိတယ်။ သိနေတာကိုသိတယ်။ အေးချမ်းနေတာကိုသိတယ်။ စိတ္တာနုပဿနာအဆင့်ကနေ ဓမ္မာနုပဿနာအဆင့်ကို ကူးသွားနေပြီ။ ဒါတွေဟာ လုပ်ရင်းနဲ့  သူ့ အလိုလိုဖြစ်လာတာပါ။

ဥပမာဆိုပါတော့ - ခန္ဓာကိုယ်ကို ရှုမှတ်နေပြီ။ ခန္ဓာကိုယ် ရုပ်သဘော ပူခြင်း အေးခြင်း လှုပ်ရှားခြင်းကို တဖြည်းဖြည်း သိလာရင်းကနေ သတိ သမာဓိကောင်းပြီး ပစ္စုပ္ပန်တည့်လာခဲ့ရင် ပူခြင်း၊ အေးခြင်း၊ လှုပ်ရှားခြင်းသဘောဟာ ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်ဘူး။ တကယ့်ကိုပဲ သဘာဝသဘောဆိုတာ သီးသီးခြားခြားမြင်တယ်။ ပုဂ္ဂိုလ်သတ္တ၀ါနှင့် မရောဘူး။ လုံးဝပုံသဏ္ဌာန် မရှိတော့ဘူး။ နာမည်တပ်ဖို့  မလိုတော့ဘူး။ နာမည်လည်း မရှိတော့ဘူး။

အဲဒီလို ပညတ်ကင်းပြီးတော့ သီးခြားလေး မြင်လိုက်တဲ့အခါ အနတ္တဉာဏ်ဟာ အင်မတန်မှရှင်းတယ်။ အဲဒီအခါ စိတ်ထဲက အနတ္တပါလားလို့  နှလုံးသွင်းမိတတ်တယ်။ အနတ္တသဘောတွေပဲ။ သူ့ သဘော သူဆောင်တာပဲလို့  နှလုံးသွင်းမိတယ်။ အဲဒီနှလုံးသွင်းတဲ့ဉာဏ်ကို ပြန်ကြည့်ရင် ဓမ္မာနုပဿနာ ဖြစ်သွားတယ်။ ဉာဏ်ကို ပြန်ရှုရင် ဓမ္မာနုပဿနာဖြစ်နေတယ်။

အနိစ္စကိုရှုရင်လည်း တဖြည်းဖြည်း ကြာလာတဲ့အခါမှာ ဖြစ်ဖြစ်ချင်း သိတယ်။ သိသိချင်း ပျောက်သွားတယ်။ ဘာမှမကျန်အောင် ပျောက်သွားတယ်။ အဲဒီလိုဖြစ်တိုင်းသိတယ်၊ သိတိုင်းမရှိဘူး၊ ဖြစ်တိုင်းသိတယ်၊ သိတိုင်းမရှိဘူးဆိုတာ ရှင်းလာတယ်။ တစ်ခုဖြစ်ပြီး ပျက်သွားတယ်။ နောက်တစ်ခုမဖြစ်ခင်ကြားမှာ ကြားကာလ (Gap) လေး တစ်ခုဖြစ်သွားတယ်လို့ တောင်မှ သိလို့ ရတယ်။ တစ်ခုနဲ့ တစ်ခု တစ်ဆက်တည်းမဟုတ်ဘူးဆိုတာ ဉာဏ်ထဲမှာ အင်မတန်မှ ရှင်းတယ်။

အင်မတန် လျင်လျင်မြန်မြန် ဖြစ်နေ ပျက်နေတဲ့ ရုပ်သဘော၊ နာမ်သဘောတွေကို အင်မတန် လျင်မြန်တဲ့ သတိ သမာဓိတွေက လိုက်သိနေတာ။ လိုက်သိတော့ မမြဲပါလားလို့  သိတဲ့ဉာဏ်ဖြစ်လာတယ်။ အဲဒီလို မမြဲပါလားလို့  နှလုံးသွင်းတဲ့ဉာဏ်ကို ပြန်ကြည့်ရင် မမြဲဘူးဆိုတဲ့ ဉာဏ်ကို ရှုမှတ်ပြီးသား ဖြစ်သွားတယ်။ ဒါဟာ အနိစ္စဉာာဏ်ကို ရှုမှတ်တာပဲ။ ဓမ္မာနုပဿနာဖြစ်သွားပြီ။ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်ထဲကို ၀င်သွားတယ်။

တစ်ခါတလေ အားထုတ်ရင်း အားထုတ်ရင်းကနေ သိနေတာကိုပဲ ပြန်သိနေတယ်။ အဲဒါဆိုရင် သတိသမ္ဗောဇ္ဈင်ကို ရှုမှတ်ပြီးသားဖြစ်နေတယ်။ ပွားများပြီးသားဖြစ်နေတယ်။ အဲဒီတော့ သမ္ဗောဇ္ဈင်နဲ့ အညီ ဖြစ်သွားနေပြီနော်။

တစ်ခါတလေ အားထုတ်နေရင်းနဲ့  ပီတိသဘောမျိုးတွေဖြစ်လာတယ်။ နှစ်သက်နေတယ်။ သဘောကျနေတယ်။ ကျေနပ်နေတယ်။ တရားအားထုတ်ရတာ မပျင်းဘူး။ အဲဒီစိတ်ကို ပြန်ရှုပါ။ ဒါဟာ နှစ်သက်နေတဲ့သဘော၊ သဘောကျနေတဲ့သဘောလို့  မြင်လို့ ရှိရင် ဓမ္မာနုပဿနာဖြစ်သွားတာပဲ။ ပီတိသမ္ဗောဇ္ဈင်ကို ရှုမှတ်တဲ့သဘောမျိုးဖြစ်နေတယ်။

တရားအားထုတ်နေရင်း အားထုတ်နေရတာ ကောင်းလိုက်တာဆိုပြီး ပိုပြီးတော့ ကြိုးစားချင်တဲ့စိတ် ဖြစ်နေတယ်။ ပျင်းတယ်ဆိုတဲ့စိတ် မရှိတော့ဘူး။ လျှော့ချင်တဲ့စိတ် မရှိတော့ဘူး။ တိုးတိုးပြီးတော့ပဲ အားထုတ်ချင်တော့တယ်။ အဲဒီစိတ်တွေကို ပြန်ကြည့်ပါ။ ကြည့်လို့ ရတယ်။ သဒ္ဓါတရားတော်တော်ကောင်းတယ်။ ၀ီရိယတွေလည်း တော်တော်ကောင်းတယ်။ ဒါဟာ သဒ္ဓါတရား၊ ဒါဟာ ၀ီရိယလို့ ကြည့်လို့ ရတယ်။

အတွေးတွေ တော်တော်နဲသွားပြီးတော့ ရှင်းနေတဲ့အခါမှာ ပေါ်လာတဲ့စိတ်ကလေးတွေက တစ်လုံးချင်းပေါ်လာတယ်။ အရင်တုန်းကလို ဒလဟောကြီး ၀င်မလာဘူး။ အဲဒီလိုအခါမျိုးမှာ စိတ်တော်တော်များများကို ကြည့်လို့ ရတယ်။ စိတ်ကလေးတစ်ခုခု ဖြစ်လာပြီဆိုရင် သူ့ ကို အေးအေးဆေးဆေးကြည့်လို့ ရတယ်။

တရားအားထုတ်တဲ့အခါမှာ သဒ္ဓါတရားတွေဖြစ်တယ်။ ကောင်းလိုက်တာ၊ ဟုတ်လိုက်တာ၊ မှန်လိုက်တာဆိုတဲ့ စိတ်တွေဖြစ်တယ်။ ဘုရားကို ကြည်ညိုတဲ့ စိတ်တွေဖြစ်လာတယ်။ “တကယ် မလုပ်ကြသေးလို့  တကယ် မဖြစ်ကြတာပါ။ လုပ်ကြည့်ပါ” လို့  ပြောချင်တဲ့ စိတ်တွေလည်း ဖြစ်တတ်တယ်။ အဲဒီစိတ်ကိုပါ ပြန်ရှုမှတ်မှ။ ပြောချင်နေတဲ့စိတ်ကို မရှုမှတ်ရင် စိတ်ထဲမှာ တရားဟောတတ်တယ်။ အဲဒီအချိန်မှာ စိတ်ထဲမှာ တရားဟောရင် မကောင်းဘူး။ ကုသိုလ်စိတ်ဖြစ်ပေမယ့် တရားအားထုတ်မှုမှာ အနှောင့်အယှက်ဖြစ်တယ်။

မိတ်ဆွေ၊ အပေါင်းအသင်း၊ ဆွေမျိုး၊ မိဘတွေကို ကရုဏာဖြစ်တဲ့စိတ် ဖြစ်လာရင်လည်း အဲဒီစိတ်ကို ရှုမှတ်မှ။ ဒီကရုဏာစိတ်ကို ကြာကြာလက်မခံနဲ့ ။ ဒိအချိန်မှာ မကောာင်းဘူး။ ၀ိပဿနာဉာဏ်ကို အနှောင့်အယှက်ဖြစ်သွားနိုင်တယ်။ ဖြစ်ပေါ်လာနေတဲ့ ကရုဏာစိတ်ကို ပြန်ကြည့်ပါ။ သေသေချာချာ မြင်အောင် ကြိုးစားကြည့်ပါ။ မြင်အောင်ကြည့်နိုင်ရင် သိပ်ရှင်းတယ်။ အားလည်း အားရတယ်။ သိပ်ကျေနပ်တယ်။ အဲဒီအခါမှာ ဘုရားဟောတဲ့ အဘိဓမ္မာကို သွားဖတ်ကြည့်ရင် ကောင်းကောင်းသဘောပေါက်တယ်။ အဘိဓမ္မာဟာ တကယ်ဟုတ်လို့  ဟောထားတာပဲ ဆိုတာ ယုံကြည်သွားတယ်။

အားထုတ်ရင်းနဲ့  ကိုယ့်စိတ်ထဲမှာ ဖြစ်ပုံကို သေသေချာချာ ကြည့်ပါနော်။။ တစ်ခါတလေ စိတ်ထဲမှာ အေးနေတယ်။ အေးတာမှ စိတ်တင်မကဘူး။ ခန္ဓာကိုယ်ကြီးပါ အေးနေတယ်လို့ ခံစားရတယ်။ ကိုယ်အပူချိန် တကယ်ပဲ ကျသွားနိုင်တယ်။ တရားအားထုတ်လို့  ပဿဒ္ဓိဖြစ်တဲ့အချိန်မှာ ကိုယ်အပူချိန်ကျသွားတယ်ဆိုတာ သေသေချာချာ စမ်းသပ်ကြည့်လို့ ရတယ်။ အဲဒီအေးနေတာလေးကို ပြန်ကြည့်ရင် သိလို့ ရတယ်။ စိတ်ရဲ့ အေးငြိမ်းခြင်းဆိုတဲ့ စိတ်တစ်ခုဖြစ်နေတယ်။ အေးငြိမ်းခြင်းရဲ့ သဘောလေးကို ပြန်ကြည့်လို့ ရတယ်။ ဓမ္မာနုပဿနာ ဖြစ်ပြန်တယ်။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားများပြီးသားဖြစ်နေတယ်။

တစ်ခါတလေလည်း စိတ်က ထားတဲ့အာရုံမှာ ကပ်ပြီး တည်ငြိမ်နေတယ်။ ဥပမာ- လူအများ စားကြတဲ့ Chewing-gum (ပီကေ) ဆိုပါတော့။ ပီကေကို ပစ်လိုက်ရင် ထိလိုက်တဲ့ နေရာမှာ ကပ်နေတယ်။ ပြန်မကွာဘူး။ အဲဒီလိုပဲ စိတ်က အာရုံတစ်ခုကို ရှုမှတ်လိုက်ရင် အာရုံမှာ ကပ်သွားတယ်။ အာရုံကနေ ပြန်ကွာမထွက်ဘူး။ သာမန် သတိ၊ သမာဓိ နဲတဲ့ အခြေအနေမှာတော့ အာရုံတစ်ခုကို ရှုမှတ်ဖို့  ကြိုးစားရင်း သိသလိုလိုဖြစ်ပြီးတော့ ပြန်ကွာသွားတယ်။ တခြားအာရုံကို ရောက်ရောက်သွားတယ်၊ ထားတဲ့အာရုံမှာ မနေဘူး။

အဲဒီလိုစိတ်ကို သေသေချာချာကြည့်နိုင်ပြီးတော့ စိတ်ကရှင်းသွားရင် သတိ၊ သမာဓိကလည်း ကောင်းနေတဲ့အတွက်ကြောင့် စိတ်ကို အာရုံတစ်ခုပေါ်မှာ ဦးတည်လိုက်ရင် အဲဒီမှာပဲ ကပ်နေတယ်။ ဆက်ခါဆက်ခါ အဲဒီအာရုံမှာပဲထား၊ ဘယ်လောက်ကြာကြာဖြစ်ဖြစ် ထားလို့ ရတယ်။ တခြားအာရုံဆီမှာ ကြာရှည်မနေဘူး။ ကျယ်လောက်တဲ့အသံတစ်ခု ကြားရင်တောင်မှ တစ်ချက်ကြားပြီးတော့ ပြီးသွားတယ်။ အဲဒါ ဘာသံလဲဆိုတာကို လုံးဝ မစုံစမ်းဘူး။ ကြားလိုက်ပြီးတော့ ဘာသံမှန်းမသိလိုက်ဘူး။ ကြား၊ သိ၊ ပျောက်ပဲ။ ကြားခါမျှ ဖြစ်သွားတယ်။

အတွေးတစ်ခုပေါ်လည်း ဒီအတိုင်းပဲ ပေါ်တော့မလိုဖြစ်သွားတာနဲ့  ပျောက်သွားတယ်။ ပေါ်လာရင်လည်း ပေါ်လာတာကို သိတာနဲ့ ပျောက်သွားတာပဲ။ ဘာဆိုတာကို ပညတ်တဲ့အဆင့် ၊ နာမည်တပ်တဲ့ အဆင့်ထိ မရောက်တော့ဘူး။ တစ်ခုခုဖြစ်လာတယ်။ သိတယ်။ ချက်ချင်း မရှိတော့ဘူး။

အဲဒီလို သတိ သမာဓိ ကောင်းနေရင် စိတ်က တခြားအာရုံတွေကို ပြောင်းဖို့ မလွယ်တော့ဘူး။ အဲဒီလို မလွယ်တဲ့အတွက် စိတ်ကို ဒီအတိုင်းလွှတ်ထားလို့ ရတယ်။ လွှတ်ထားရင်လည်း နဂိုထားနေကျ အာရုံမှာပဲ ဆက်ပြီးနေတယ်။ အလိုလိုသိနေတယ်။ အဲဒီအခါမှာ ဘယ်လိုတွေးမိလဲဆိုတော့ တရားက သူ့ ဟာသူ အားထုတ်နေတာပါလို့  တွေးမိတယ်။ ငါ တရားအားထုတ်တာ မဟုတ်တော့ဘူးလို့  သိလာတယ်။

ပြင်ပ ကာမဂုဏ်အာရုံတွေကို တွေးတောကြံစည်နေတဲ့ စိတ်ကလည်း မရှိတော့ဘူး။ စိတ်မှာဖြစ်နေတဲ့ ပစ္စုပ္ပန် အခြေအနေတွေကို တိုက်ရိုက်သိနေတဲ့အခါမှာ ငြိမ်သက်နေရင် ငြိမ်သက်နေမှန်း သိတယ်။ သိနေတဲ့ စိတ်ကလေးကို ကြည့်ရင်သိတယ်။ သိတယ်ဆိုတဲ့ သဘောလေးတွေကို ပြန်သိတယ်။ အဲဒီ သိနေတဲ့စိတ်ကလေးကို ရှုမှတ်နေရတာကိုက ပိုကောင်းနေပြန်တယ်။

ငြိမ်သက်နေတာ သက်သက်ကိုပဲ ရှုနေရင် ငြိမ်နေတာက အားကောင်းလာပြီးတော့ သိနေတာက အားနဲနေပြန်ရင် အနိစ္စကို မမြင်နိုင်တော့ဘူး။ သိတဲ့သဘောမှာလည်း အနိစ္စသဘောပါတယ်။ သိတာကလည်း တစ်ချက်ချင်း တစ်ချက်ချင်း သိတယ်ဆိုတာကို သိတယ်။ တစ်သိပြီးရင် နောက်တစ်သိ။ သိတဲ့သဘောလေးဟာ တစ်ခုချင်း တစ်ခုချင်း ဖြစ်လာတယ်ဆိုတာ ပြန်မြင်လာတယ်။ ကြာရင် အဲဒီ သိတဲ့သဘောလေးက တဖြည်းဖြည်း မြန်လာတယ်။ မြန်မြန်သိလာတယ်။

သတိ၊ သမာဓိ သိပ်ကောင်းတုန်းမှာ အခြေအနေအမျိုးမျိုး စိတ်မှာဖြစ်ပေါ်လာတာကို သေသေချာချာ ဆက်တိုက်ကြည့်တတ်ရင် အလွန်သိမ်မွေ့ တဲ့ စိတ်တွေဖြစ်လာတယ်။ အဲဒီအခါမှာ သိစရာ မရှိတော့သလို ဖြစ်သွားတယ်။ တစ်ချက်မှတ်လိုက်ရင် ပျောက်သွားပြီးတော့ နောက်ထပ် ဘာမှ မပေါ်လာတော့ဘူးလို့  ထင်ရတယ်။ ဘာမှ မရှိတာကြီးကို သိနေတယ်။ အဲဒီ အခြေအနေ သဘောသဘာဝ လက္ခဏာဟာ အာကိဉ္စညာယတန ဆိုတဲ့ အရူပဈာန်နဲ့  အတော်လေး သွားတူနေတယ်။

တစ်ခါတလေ သိနေတာလေးက သိမ်မွေ့ လွန်းလို့  သိသလိုလို မသိသလိုလိုတောင် ဖြစ်တတ်တယ်။ အဲဒါတွေကို တတ်နိုင်သလောက် သိအောင် ကြိုးစားမှ။ မသိလို့ ရှိရင် ဘာမှ ရှုမှတ်စရာမရှိ ဖြစ်ပြီးတော့ ဒီအတိုင်းပဲ ငြိမ်နေပြီး ဘာမှ မသိတော့သလို ဖြစ်နေတယ်။ တစ်ခါတလေ အဲဒါကိုပဲ တရားထူးလို့  ထင်တတ်တယ်။

ဘာမှ မရှိတော့ဘဲ အကုန်ချုပ်နေတယ်။ ဘာမှမသိသလိုဖြစ်နေရင် သိတဲ့စိတ် ရှိသေးသလားဆိုတာ ပြန်ကြည့်ပါ။ သိတဲ့စိတ်ကို ပြန်သိလို့ ရသေးရင် ဒါ-လောကီစိတ်ပဲ။ လောကီအဆင့်မှာပဲ ရှိသေးတယ်။ လောကုတ္တရာစိတ်က သိတာကို ပြန်သိလို့ မရတော့ဘူး။ ဒီလိုအားထုတ်လို့  အဆင်ပြေလာတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ အားထုတ်မှုကို ရပ်တန့် မပစ်ဘဲ ဆက်ပြီး အားထုတ်ဖို့  အရေးကြီးတယ်။

တချို့ တပည့်တွေ ဒကာ ဒကာမတွေဟာ သူတို့ အားထုတ်တာ အတော်ကို ကောင်းနေပြီ။ ဆက်ကြိုးစားမယ်ဆိုရင် အများကြီး တိုးတက်သွားနိုင်တယ်။ အဲဒီအခါ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ဆက်အားထုတ်မယ်ဆိုရင် တကယ် တိုးတက်မှာပါ။

ဒကာကြီးတစ်ယောက်ကလျှောက်တယ်။ “တပည့်တော် ဆက်အားထုတ်ရင် ဘာဖြစ်မယ်ဆိုတာကို သိတယ်။ အဲဒီတော့ တပည့်တော် ဆက်မလုပ်ဘူး။ ဒီလောက်နဲ့  တော်ထားအုံးမယ်။” တဲ့။ သူက ဘာနဲ့  ဥပမာတူသလဲဆိုတော့ ချောက်ကြီးတစ်ခုကို ဟိုဘက် ဒီဘက် ကူးဖို့ အတွက် အလယ်ခေါင်မှာ ကြိုးတစ်ချောင်းရှိတယ်။ အဲဒီကြိုးကို ကိုင်ပြီး လွှဲလိုက်ပြီး ကြိုးကိုလွှတ်လိုက်ရင် ဟိုဘက်ကမ်းကို ရောက်သွားမှာနော်။ ဒီဘက်ကို ပြန်လာလို့ မရတော့ဘူး။ ဟိုဘက်ကို ရောက်ခါနီးမှ မလွှတ်ရဲဘူး။ ကြိုးကို ဒီအတိုင်းပဲ ကိုင်ထားတယ်။ ဒါကြောင့် ဒီဘက်ကို ပြန်လာတယ်။

စိတ်ရဲ့ သဘာဝက ဘယ်လောက် ဆန်းကြယ်သလဲနော်။ လိုချင်လွန်းလို့  ကြိုးစားတယ်။ တကယ်ရတော့မယ်ဆိုတော့ နေဦး၊ စဉ်းစားအုံးမယ် ဆိုတာ ဖြစ်လာတယ်။ အဲဒီစိတ်ကိုလည်း ပြန်ကြည့်တတ်ဖို့ လိုတယ်။ ဒီစိတ်မျိုးက ဖြစ်တတ်တယ်။ ဒီလို အကြိမ်များများ လွှဲနေတတ်တယ်။ လောကီစိတ်ဘက်ကို ပြန်ပြန်လာတယ်။ အကယ်၍ ဆက်အားထုတ်ပြီး တကယ်ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ပြီဆိုရင်တော့ လွှတ်လိုက်ရုံပဲရှိတယ်။ ဒါကို မှတ်ထားသင့်တယ်။ အကယ်၍ ကိုယ်ကိုယ်တိုင် ဖြစ်လာခဲ့ရင် ဒီစိတ်ကို နားလည်ဖို့ လိုတယ်။ အပြစ်မတင်သင့်ဘူး။ ဒါဟာ စိတ်ရဲ့ သဘာဝပဲ။

နေနေကျ နေရာမှာ ဆက်နေချင်တယ်။ ဒီနေရာကိုပဲ ပိုကောင်းအောင် ပြုပြင်ပြီး ဆက်နေသွားချင်တယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာသစ်ကို သွားရမှာ နဲနဲ ကြောက်တတ်တယ်။

ဒကာ၊ ဒကာမတွေအားလုံး တရားကို တကယ် စွဲစွဲမြဲမြဲ အားထုတ်ကြပါ။ စွဲမြဲရင် တိုးတက်ပါတယ်။ မတိုးတက်ဘူးဆိုတာ မရှိပါဘူး။ အဲဒါကို ယုံကြည်စိတ်ချဖို့  အင်မတန် အရေးကြီးတယ်။ ဘ၀မှာ အရေးကြီးဆုံးက နေ့ စဉ် နေ့ စဉ် ကောင်းသည်ထက် ကောင်းတာတွေ လုပ်သွားဖို့ ၊ မြင့်သည်ထက် မြင့်တဲ့ဘက်ကို သွားဖို့ နဲ့  နောက်ဆုံးမှာ အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တမဂ်ရဖို့  ဖြစ်ပါတယ်။

ဒကာ ဒကာမတွေအားလုံး တစ်နေ့ တခြား စိတ်ထား သဘောထား ပိုကောင်းလာပြီး မိမိကိုယ်ကို ချစ်ခင်လေးစား တန်ဖိုးထားနိုင်ကြပါစေ။ အမြင့်ဆုံးအသိဉာဏ်ကို ရအောင် ကြိုးစားနိုင်ကြပါစေ။

ဆရာတော် ဦးဇောတိက
“ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


--

ဝိမုတ္တိသုခ
www.vimuttisukha.com
www.dhammaflavour.net
www.vimuttirasa.com

ကောင်းလွန်းသောတရားတော်အား အထက်ပါဘလော့မှ မေးလ် ပေးပို့ထား၍ ထပ်ဆင့်ဓမ္မဒါနပြုပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မတ်လ(၁၈)ရက်၊ည(၉)နာရီ ကူးယူဖော်ပြပါသည်။


Read more...

လောကကြီးရဲ့ မောင်း နှင် အား။

ဘာသားရေး စာပေတွေနဲ့ ပတ်သက်ရင် ကျွန်တော်အနှစ်သက်ဆုံး စာရေးဆရာဟာ ဆရာကြီး ဦးရွှေအောင်ပဲ ဖြစ်ပါတယ် တစ်နေ့ ကိုဌက်(ထူးအိမ်သင်ရဲ့ လောကကြီးရဲ့မောင်းနှင်အား) သီချင်းနားထောင်ရင် သတိရ စဉ်စား မိတာ တစ်ခုရှိပါတယ်။ ဒါကတော့ ဆရာကြီးပြောဖူးတဲ့ ကတညုတ မျက်စီနဲ့ လောကကြီးကို ကျေးဇူး တင်ရမယ် ကျေးဇူးရှိတယ်လို့ မြင်ရမယ်ဆိုတာလေးပါ။ ဆရာကြီးက လောကအပေါ် တကယ်တမ်း အနစ်နာခံချင်စိတ်ကို မွေးမြူချင်တယ်ဆိုရင် ပထမဦးစွာ လောကကြီးကို ချစ်တတ်တဲ့စိတ်မွေးဖို့ လိုပါတယ် ချစ်တဲ့ စိတ်မွေးပြီးတာနဲ့ လောကကြီးအတွက် အနစ်နာခံချင်စိတ်ဆိုတာ အသင်္ခါရိက အနေဖြင့် သူအလိုလို ပေါ်လာလိမ်မယ်လို့် ဘ၀မြင်သစ် စာအုပ်ထဲမှာ ဆိုထားပါတယ်။ ထူးအိမ်သင်ရဲ့ လောကကြီရဲ့မောင်းနှင်အား ဆိုတဲ့ သူချင်းလေးက လောကကြီးကို ချစ်တတ်ဖို့ ကျွန်တော်တို့ကို သင်ကြားပေးနေပါတယ်။ ဒါကြောင့်လည်း လောကကို ချစ်တတ်ပြီး အမှန်တကယ် ပါရမီမြောက် အနစ်နာခံတတ်ဖို့ ဒီသီချင်းလေးကို ဝေမျှဖောက်သည်ချ လိုက်ပါတယ် ။

လောကကြီးရဲ့မောင်းနှင်အား

လူတွေဟာ လောကကြီးမှာမွေးဖွားအသက်ရှင်ခဲ့ 

ပြန်လည်ကာ လောကကြီးကို ပေးဆပ်ဖို့လိုတယ်

ကမ္ဘာမြေကို မြတ်နိုးတဲ့ 

ရင်ခုန်သံတို့သီချင်းပဲ တာဝန်ကိုယ်စီတို့ပုခုံးထက်ရှိနေတယ်

ခိုလှုံရာ လောကကြီးကို ကျေးဇူးမကန်းပါနဲ့

ယုံကြည်စွာ ပေးဆပ်ဖို့ရာ ကြိုးစားအသက်ရှင်မယ်

ကမ္ဘာမြေရဲ့ မျှော်လင့်ချက်

မိခင်တွေ ချစ်ခြင်းနဲ့

ရှင်သန်လည်ပတ်သွားမယ့်

တို့ကမ္ဘာရယ်

ချစ်တဲ့ လောကကြီးက အားလုံးရဲ့မိခင်

ချစ်တဲ့ လောကကြီးအား အားလုံးကျေးဇူးတင်

ကလေးများရဲ့ ရိုးသားခြင်းနဲ့ ပန်းများပွင့်တဲ့ 

ကမ္ဘာ အမြဲတမ်းလှပ ငြိမ်းချမ်းသွားမှာပါ

လူတွေရဲ့ နှလုံးသားတိုင်းမှာ ငြိမ်းချမ်းရေးပါပဲ

သာယာတဲ့ လောကကြီးမှာ စစ်မက်များ မလိုဘူး

နေထိုင်ရာ ဒေသနဲ့ အသားအရောင်တွေ မတူလည်းဘဲ

ရင်ခုန်နေတဲ့နှလုံးသားက တစ်ရောင်တည်း

ချစ်တဲ့ လောကကြီးက အားလုံးရဲ့မိခင်

ချစ်တဲ့  လောကကြီးအား အားလုံးကျေးဇူးတင်

ကလေးများရဲ့ ရိုးသားခြင်းနဲ့ ပန်းများပွင့်တဲ့ 

ကမ္ဘာ အမြဲတမ်းလှပ ငြိမ်းချမ်းသွားမှာပါ

လူတွေရဲ့ နှလုံးသားတိုင်းမှာ ငြိမ်းချမ်းရေးပါပဲ

သာယာတဲ့ လောကကြီးမှာ စစ်မက်များ မလိုဘူး

နေထိုင်ရာ ဒေသနဲ့ အသားအရောင်တွေ မတူလည်းဘဲ

ရင်ခုန်နေတဲ့နှလုံးသားက တစ်ရောင်တည်း

လိုချင်ရင် ဒီမှာယူပါ

LawKaGyiYeahMaungHninArr


ဘာသားရေး စာပေတွေနဲ့ ပတ်သက်ရင် ကျွန်တော်အနှစ်သက်ဆုံး စာရေးဆရာဟာ ဆရာကြီး ဦးရွှေအောင်ပဲ ဖြစ်ပါတယ် တစ်နေ့ ကိုဌက်(ထူးအိမ်သင်ရဲ့ လောကကြီးရဲ့မောင်းနှင်အား) သီချင်းနားထောင်ရင် သတိရ စဉ်စား မိတာ တစ်ခုရှိပါတယ်။ ဒါကတော့ ဆရာကြီးပြောဖူးတဲ့ ကတညုတ မျက်စီနဲ့ လောကကြီးကို ကျေးဇူး တင်ရမယ် ကျေးဇူးရှိတယ်လို့ မြင်ရမယ်ဆိုတာလေးပါ။ ဆရာကြီးက လောကအပေါ် တကယ်တမ်း အနစ်နာခံချင်စိတ်ကို မွေးမြူချင်တယ်ဆိုရင် ပထမဦးစွာ လောကကြီးကို ချစ်တတ်တဲ့စိတ်မွေးဖို့ လိုပါတယ် ချစ်တဲ့ စိတ်မွေးပြီးတာနဲ့ လောကကြီးအတွက် အနစ်နာခံချင်စိတ်ဆိုတာ အသင်္ခါရိက အနေဖြင့် သူအလိုလို ပေါ်လာလိမ်မယ်လို့် ဘ၀မြင်သစ် စာအုပ်ထဲမှာ ဆိုထားပါတယ်။ ထူးအိမ်သင်ရဲ့ လောကကြီရဲ့မောင်းနှင်အား ဆိုတဲ့ သူချင်းလေးက လောကကြီးကို ချစ်တတ်ဖို့ ကျွန်တော်တို့ကို သင်ကြားပေးနေပါတယ်။ ဒါကြောင့်လည်း လောကကို ချစ်တတ်ပြီး အမှန်တကယ် ပါရမီမြောက် အနစ်နာခံတတ်ဖို့ ဒီသီချင်းလေးကို ဝေမျှဖောက်သည်ချ လိုက်ပါတယ် ။

လောကကြီးရဲ့မောင်းနှင်အား

လူတွေဟာ လောကကြီးမှာမွေးဖွားအသက်ရှင်ခဲ့ 

ပြန်လည်ကာ လောကကြီးကို ပေးဆပ်ဖို့လိုတယ်

ကမ္ဘာမြေကို မြတ်နိုးတဲ့ 

ရင်ခုန်သံတို့သီချင်းပဲ တာဝန်ကိုယ်စီတို့ပုခုံးထက်ရှိနေတယ်

ခိုလှုံရာ လောကကြီးကို ကျေးဇူးမကန်းပါနဲ့

ယုံကြည်စွာ ပေးဆပ်ဖို့ရာ ကြိုးစားအသက်ရှင်မယ်

ကမ္ဘာမြေရဲ့ မျှော်လင့်ချက်

မိခင်တွေ ချစ်ခြင်းနဲ့

ရှင်သန်လည်ပတ်သွားမယ့်

တို့ကမ္ဘာရယ်

ချစ်တဲ့ လောကကြီးက အားလုံးရဲ့မိခင်

ချစ်တဲ့ လောကကြီးအား အားလုံးကျေးဇူးတင်

ကလေးများရဲ့ ရိုးသားခြင်းနဲ့ ပန်းများပွင့်တဲ့ 

ကမ္ဘာ အမြဲတမ်းလှပ ငြိမ်းချမ်းသွားမှာပါ

လူတွေရဲ့ နှလုံးသားတိုင်းမှာ ငြိမ်းချမ်းရေးပါပဲ

သာယာတဲ့ လောကကြီးမှာ စစ်မက်များ မလိုဘူး

နေထိုင်ရာ ဒေသနဲ့ အသားအရောင်တွေ မတူလည်းဘဲ

ရင်ခုန်နေတဲ့နှလုံးသားက တစ်ရောင်တည်း

ချစ်တဲ့ လောကကြီးက အားလုံးရဲ့မိခင်

ချစ်တဲ့  လောကကြီးအား အားလုံးကျေးဇူးတင်

ကလေးများရဲ့ ရိုးသားခြင်းနဲ့ ပန်းများပွင့်တဲ့ 

ကမ္ဘာ အမြဲတမ်းလှပ ငြိမ်းချမ်းသွားမှာပါ

လူတွေရဲ့ နှလုံးသားတိုင်းမှာ ငြိမ်းချမ်းရေးပါပဲ

သာယာတဲ့ လောကကြီးမှာ စစ်မက်များ မလိုဘူး

နေထိုင်ရာ ဒေသနဲ့ အသားအရောင်တွေ မတူလည်းဘဲ

ရင်ခုန်နေတဲ့နှလုံးသားက တစ်ရောင်တည်း



Read more...

*ယမမင်းနှင့် တွေ့လျှင်*

စတုမဟာရာဇ် နတ်တို့တွင် အပါအ၀င် ဖြစ်သော ဝေမာနိက ပြိတ္တာမင်းကိုပင် ယမမင်းဟု ခေါ်၏။ တစ်ခါတရံ နတ်စည်းစိမ်ကို ခံစား၍ တစ်ခါတရံမှာမူ မကောင်းမှုကံ အကျိုးကို (ရိုးရိုး ပြိတ္တာများ ကဲ့သို့) ခံစားရ ရှာသေး၏။ ထို ယမမင်းကား တစ်ယောက်သာ မက အများပင် ရှိလေသည်။ လူ့ဘုံ၌ အစိုးရများ ရုံးထိုင်သလို ယမမင်းများလည်း ငရဲဘုံ၏ တံခါး လေးဖက်၌ ရုံးစိုက်ကြ ပြီးလျှင် ငရဲ ရောက်လာသူ များကို စစ်ဆေး မေးမြန်းကြသည်။

သို့သော် ငရဲသို့ ရောက်လာသူတိုင်း အစစ်ဆေး ခံရသည် မဟုတ်။ အကုသိုလ် ကြီး၍ ထင်ရှားသူတို့မှာ တစ်ခါတည်း ငရဲသို့ ကျရလေသည်။ အကုသိုလ် နည်းပါးသူများ အတွက် လွတ်လို လွတ်ငြား အနေအားဖြင့် ယမမင်းထံ အစစ်ဆေးခံခွင့် ရလေသည်။ ထို့ကြောင့် ယမမင်း၏ စစ်ဆေးမှုမှာ အပြစ်ရှာလို၍ မဟုတ်။ လွတ်သင့်က လွတ်ခွင့် ရစေလိုသောကြောင့် ဖြစ်သည်။ ယခုအခါ အယူခံ ရုံးမင်းများနှင့် အလားတူ ပင်တည်း။ သို့အတွက် ယမမင်း ဟူသည်မှာ တရားစောင့်သော မင်းကောင်း မင်းမြတ်ပင်တည်းဟု မှတ်ပါ။ (ဥပရိ ပဏ္ဏာသ၊ ဒေ၀ဒူတသုတ်)

ငရဲထိန်းများလည်း စတုမဟာရာဇ် နတ်မျိုး အပါအ၀င် နတ်ဘီလူး နတ်ရက္ခိုသ် များတည်း။ ထို ငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော အကုသိုလ်ဖြင့် ကျရောက် လာသူများကို ယမမင်းထံ ပို့ခြင်း၊ ငရဲသို့ ရောက်ပြီးသူများကို လက်မရွံ့ အာဏာသားများ ကဲ့သို့ ရက်စက် ကြမ်းကြုတ်စွာ သတ်ပုတ် ရိုက်နှက်ခြင်း ပင်တည်း။ (ငရဲမီး စသော အန္တရာယ်တို့သည် ကံကြောင့် ဖြစ်ရသော ကမ္မပစ္စယ ဥတုဇရုပ်များ ဖြစ်ရကား ငရဲခံမည့် သူ၌သာ ပူလောင်၍ ထိုငရဲထိန်းတို့မှာ မပူလောင်ချေ။)

အများ ကြားဖူးနားဝ ရှိအောင် ဒေ၀ဒူတ သုတ္တန် ပါဠိတော်လာ ယမမင်း စစ်တမ်းကို အကျဉ်းချုပ် ပြဦးအံ့။ လူ့ပြည်မှာ ရှိသော ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသမား ငါးဦးသားကို ယမမင်း စေလွှတ်အပ်သော တမန်တော် မဟုတ်သော်လည်း အလားတူ ဖြစ်သောကြောင့် ဒေ၀ဒူတ ဟုခေါ်သည်။ ယမမင်းသည် မိမိထံမှောက်သို့ ရောက်လာသော ငရဲသားများအား ဒေ၀ဒူတ ငါးမျိုးကို ဖော်ပြလျက် စစ်ဆေးလေ့ ရှိသည်။

ယမမင်း။ ။မောင်မင်း.. လူ့ပြည်မှာတုန်းက မိမိ၏ ကျင်ကြီး ကျင်ငယ်ကို မသုတ်သင် နိုင်ဘဲ ကျင်ကြီး ကျင်ငယ်ထဲ၌ လူးကာ လှိမ့်ကာ နေရရှာသော ကလေးငယ်များကို မတွေ့ခဲ့ဘူးလား။

ငရဲသား။ ။တွေ့ခဲ့ပါသည်။

ယမမင်း။ ။မိမိကိုယ်တိုင် နားလည်သော အရွယ်သို့ ရောက်သောအခါ ထို ကလေးများကို ကြည့်ရှု၍ “ငါသည် ဘာမျှ နားမလည်ရှာ သေးသော ယခုလို ကလေးသူငယ် ဖြစ်ဖို့ရာ နောင်ခါ ပဋိသန္ဓေ နေရဦးမည်။ ပဋိသန္ဓေ နေခြင်း သဘောကို မလွန်ဆန်နိုင် သေးအံ့တကား။ ယခုနှယ်က ကိုယ် နှုတ် စိတ်များကို စောင့်စည်းလျက် ကောင်းကောင်း နေမှသာ တော်တော့မည်” ဟု အကြံအစည်များ မဖြစ်ခဲ့ဘူးလား မောင်မင်း။ (အလွန် ကြင်နာစွာ မေးသည်။)

ငရဲသား။ ။ကျွန်တော် မေ့လျော့နေသည့် အတွက် ကုသိုလ် ကောင်းမှုဘက်၌ စိတ် မ၀င်စားခဲ့မိပါ။

ယမမင်း။ ။မောင်မင်း.. ကောင်းမှုကို ဆွေမျိုး ဉာတကာ ဆရာမိဘ စသူတို့က ပြုပေးသည် မဟုတ်။ မောင်မင်းကိုယ်တိုင် ပြုခဲ့သည် ဖြစ်၍ မိမိ အပြစ်ဒဏ်ကို မေ့လျော့သူတို့ ထုံးစံအတိုင်း မောင်မင်း ခံရချေတော့မည်။

ဤနည်းအတိုင်း သူအိုကို ညွှန်ပြ၍ ဒုတိယအကြိမ် မေး၏။ သူနာကို ညွှန်ပြ၍ တတိယအကြိမ် မေး၏။ သူသေကို ညွှန်ပြ၍ စတုတ္ထအကြိမ် မေး၏။ အကျဉ်းသမားကို ညွှန်ပြ၍ ပဉ္စမအကြိမ် မေး၏။ ၅ ကြိမ် တိုင်တိုင် မေး၍ ကုသိုလ် ကောင်းမှုကို သတိ မရသေးလျှင် ယမမင်းကိုယ်တိုင် “လူ့ဘ၀၀ယ် ထိုသူ ကုသိုလ်ပြုသော အခါ မိမိအား အမျှ ဝေဖူးသလား” ဟု စဉ်းစား၏။ (ဤ အချက်ကို ထောက်၍ ကုသိုလ် ပြုသောအခါ ယမမင်းအား အမျှ ပေးဝေကြသည်။) စဉ်းစား၍ ရလျှင် ထိုကုသိုလ်ကို ဖော်ပြော၏။ ယမမင်းက ပြောခြင်းကြောင့် ဖြစ်စေ၊ မိမိဘာသာ သတိရ၍ ဖြစ်စေ ကုသိုလ်ကို သတိရသည်နှင့် တစ်ပြိုင်နက် ငရဲမှ လွတ်မြောက်၍ နတ်ပြည် ရောက်သူလည်း အများပင် ရှိ၏။ ထိုနေရာမျိုး ကျမှ မိမိ၏ ကုသိုလ်များ အားထားရကြောင်း ထင်ရှားပေသည်။ ယမမင်းကိုယ်တိုင် စဉ်းစား၍ မရသော အခါ ဆိတ်ဆိတ် နေရတော့၏။ ထိုအခါ ငရဲကောင် သတ္တ၀ါကို ငရဲထိန်းတို့ ယူဆောင်လျက် အမျိုးမျိုး နှိပ်စက်ကြ လေတော့သည်။

အရှင်ဇနကာ ဘိဝံသ ရေးသားတော်မူသော ကိုယ်ကျင့် အဘိဓမ္မာမှ…

လေးစားစွာဖြင့်
ဖိုးသား

3/18/2010, THU:, 10:54:39 AM


Read more...

အနှောင်အဖွဲ့



ဗုဒ္ဓရှင်တော်မြတ် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သတင်းသုံးတော်မူစဉ် သံဃာတော်အရှင်မြတ်တို့ သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံကြွတော်မူ၏။ ဆွမ်းခံကြွစဉ် သံဃာတော်များမြင်တွေ့ခဲ့ရသော မြင်ကွင်းတစ်ခုကို မြတ်စွာဘုရားအား လျှောက်ထားကြလေသည်။

မြတ်စွာဘုရား၊ ပသေနဒီ ကောသလ၏ စစ်သည်တော်တို့သည် အပြစ်ရှိသော ရာဇ၀တ်သားများအား အချို့သောသူများကို ကြိုးဖြင့်တုပ်နှောင်ထားသည်။ အချို့ကို လက်ထိပ်ခတ်ထားသည်။ သံခြေချဉ်းတို့ဖြင့် ချုပ်နှောင်ထားသည်ကို တွေ့ရပါသည် ဘုရားဟု လျှောက်ထားကြ၏။

မြတ်စွာဘုရားသည် ထိုလျောက်ထားချက် ကိုအကြောင်းပြု၍-

ချစ်သားတို့ ၊သစ်သားဖြင့် ပြုလုပ်ထားသော အချုပ်အနှောင်ကို၎င်း၊ လျှော်ကြိုးဖြင့်ပြုလုပ်ထားသော အချုပ်အနှောင်ကို ၄င်း၊ သံဖြင့်ဆောက်လုပ်ထားသော သံလှောင်အိမ်ကို ၄င်း ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့မပြောဆိုကြကုန်။

ရွှေ၊ ငွေ၊ စိန်၊ကျောက်၊ ပတ္တမြားတို့ကို ၄င်း၊ သားသမီး ဇနီးမယားကို ၄င်း၊ အလွန်အမင်း ချစ်ခင်နှစ်သက်အပ်၏။ ငဲ့ကွက်ခြင်းလည်းရှိ၏။ အပါယ်ငရဲကို ပို့ဆောင်တတ်သော အလွန်ပင်ဖြေရခက်သော ၊ ငဲ့ကွက်သော သံယောဇဉ်ကို ရုန်းထွက်ဖို့ အလွန်ခက်သော အနှောင်အဖွဲ့ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ (သဂါထာဝဂ္ဂသံယုတ်ပါဠိတော် ဗန္ဓနသုတ်)

မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်အတိုင်း ပုထုဇဉ်တို့မှာ.ကိစ္စများမြောင် လူတို့ဘောင် ဟုဆိုရလောက်အောင် လူ့ဘောင် လူလောက မှာ အိမ်ထောင်ရေး ကိစ္စ၊ သားသမီးကိစ္စ၊ မြေးကိစ္စ၊ ဇနီးကိစ္စ၊ ရပ်ရွာကိစ္စ၊ ဆွေမျိုးကိစ္စ ၊စားသောက်ရေးကိစ္စ၊ နေထိုင်ရေးကိစ္စ စသော ကိစ္စများဖြင့် ရှုပ်ထွေးနေတတ်ကြသည်။ ထိုကိစ္စများ ဖြင့်ဝိုင်း၍ ရစ်ပတ်ခံနေရသဖြင့် ရှောင်၍မလွတ်၊ ရုန်း၍မရ၊ ဖြေလို့မပြေနိုင် အနှောင်အဖွဲ့ဖြင့် ချုပ်နှောင်ခံနေရသည်။

သံယောဇဉ် အနှောင်အဖွဲ့ ဟူသည်မှာ ကျားကြီး ၊ ခြေရာကြီး ကျားငယ် ခြေရာငယ် ဆိုသည့်စကားအတိုင်း စည်းစိမ် ဥစ္စာများလေ ပို၍ အနှောင်အဖွဲ့ခံရလေ၊ ထင်ရှားကျော်ကြားခြင်း၊ အခြွေရံများခြင်း သည်လည်း အနှောင်အဖွဲ့များခြင်းဖြစ်လေရာ ရုန်းထွက်ဖို့ လွန်စွာခဲယဉ်းလှပါတယ်။

ထိုကဲ့သို့အမှားကို အမှန်၊ အမှန်ကို အမှားဟု ဝေခွဲမရ၊ အ၀ိဇ္ဖာ တိမ်သလ္လာဖုံးပြီး စုံလုံးကန်းနေသော တဏှာအချုပ်ထောင်တွင် ဒုက္ခခံနေကြရသော ပုထုဇဉ်လူသားတို့ဆုတောင်းဆုယူမှားကြပုံကို ဦးပုညသည် ဆဒ္ဒန်ဆင်မင်းဝတ္ထု အစတွင်...အခုကာလ ပုထုဇဉ်တို့ကလည်း နိဗ္ဗာန်ကို လက်လွတ်၍ ၀ဋ်ကိုသာတောင့်တသည်။ ခုလူများ လက္ခဏာ၊ ဘုရားဟောဒေသနာနှင့်၊ စက္က၀ါလေသု ကွာဝေးသည့်အမှုကြောင့်....ဟု တရားမသိ၍ အမှားသံသရာလည်နေသော လောကီလူသားတို့အား အားမလို အားမရ အပြစ်တင်ထားသည်။

ဆဒ္ဒန်ဆင်မင်းဝတ္ထုတွင် အဆုံးတွင်တော့...၀ဋ်ချမ်းသာကို တဏှာလိုက်စား၊ ဆုတောင်းမှားကြလျှင်၊ နာလိုက်လား သေလိုက်လား၊ တစ်မွှားမွှားနှင့် ၊ အလျားလိုက်မျော၊ဆင်းရဲ့၍မောကြလိမ့်မည်၊ သဘောထား ကြီးကြပါစေကုန်... ဟု နှိုးဆော် သတိပေး ရေးသားခဲ့သည်။

ဒါကြောင့် သံသရာမှ လွတ်မြောက်အောင် ကြိုးစား၍ မိမိအားရစ်ပတ်လာမည့် ကိလေသာ အနှောင်အဖွဲ့ဘေးကို အမြဲမပြတ် ကြည့်ရှုရမည်။ ရုန်းထွက်နိုင်သောအခါ လွတ်အောင်ရုန်းထွက်ပြီး သူတော်ကောင်းတရားဖြင့် နေထိုင်ကြရမှာ ဖြစ်ပါတယ်။

ညခင်း

ရွှင်လန်းချမ်းမြေ့ကြပါစေ။

Read more...

ဆည်းဆာချိန်ခါ။

ငယ်စဉ်ကလေးဘ၀တုန်းက ညနေ နေ၀င်ချိနှ်ကိုကြည့်ပြီး တွေ့မြင်ခဲ့ရတဲ့ ဆည်းဆာချိန်ခါ အလှအပတွေကို အခုလိုအခါမှာ ကျွန်တော် သတိရနေမိပါတယ်။ တစ်နေ့တာ လောကကို အလင်းရောင်တွေ ဖြန့်ကျက် ပေးဝေပြီးတဲ့နောက် နောက်ဆုံး နှုတ်ဆက်ချိန်လေးမှာတောင် လောကကို အလှတွေ ဆင်မြန်းပေးခဲ့တဲ့ နေမင်းကြီးကိုလည်း အားကျမိပါတယ်။ ကျွန်တော်ရှိနေတဲ့ဘက်ကို နီညိုရောင် အလှတွေနဲ့ နှုတ်ဆက်ထွက်ခွာပြီး အခြားတစ်ဘက်ကိုလည်း နွေးထွေးတဲ့ အလင်းရောင်တွေပေးလို့ လောကကြီးကို အလှဆင်ပြန်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အပြုအမူတွေကို ကျွန်တော် လေးစားတန်ဖိုးထားမိပါလို့တယ် ပြောရင် လွန်မယ်လို့တော့ မထင်မိပါဘူး။

သစ်ရွက်လေးတွေဟာ အစိမ်းရောင်ရင့်ရင့်အဖြစ် တည်ရှိနေစဉ်မှာ လောကကောင်းကျိုးကို ဆောင်ခဲ့ပြီး ရွက်ဝါလေးတွေအဖြစ် ရောက်ရှိသွားသည့်တိုင် မကြွေခင် ဝေနေစဉ် နောက်ဆုံး အချိန်အထိ လောကကြီးကို အလှဆင်သွားကြတာပါပဲ။ သည်လိုမျိုး အသိဉာဏ်မဲ့၊ အသက်မရှိတဲ့ အရာတွေကတောင် နောက်ဆုံးအချိန်ထိ လောကကို တတ်စွမ်းသမျှ အလှဆင်ခဲ့ပါလားဆိုတဲ့ အတွေးတွေက ကျွန်တော့်စိတ်ကို မင်းလည်း ဒီလိုမျိုးပဲ လောကကို တတ်စွမ်းသမျှတော့ အလှဆင်ရမယ်နော်ဆိုတဲ့ ဆင်ခြင်စိတ်ကလေးတွေ ပေါ်ထွက်လာအောင် လှုံ့ဆော်လို့နေပါတယ်။


အခုဆိုရင် ဓမ္မရသဆိုတဲ့ အမည်နဲ့ အင်တာနက် မီဒီယာ မြေပေါ်မှာ ဓမ္မအောင်လံတွေကို လွှင့်ထူခဲ့တာ ၂ နှစ် ကျော်ခဲ့ပါပြီ။ တစ်ပါးသူတို့အတွက် ကျေးဇူးပြုလိုတဲ့ ဆန္ဒ၊ သာသနာ့ အကျိုးကို တစ်ထောင့်တစ်နေရာမှ သယ်ပိုး လိုတဲ့ ဆန္ဒများဖြင့် မိမိစွမ်းနိုင်သလောက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ အမြတ်ဆုံးသော ဒါနပြုခြင်းဖြစ်သလို အများအကျိုး ဆောင်ရွက်ရင်း ကိုယ့်အကျိုးအတွက်လည်း ဖြည့်ဆည်းပြီး ဖြစ်တယ်လို့ ခံယူမိခဲ့ပါတယ်။

“ကိုယ့်တွက်ကိုယ့်တာ၊ ကိုယ်ကျိုးပါအောင်၊ ကိုယ်သာသယ်ပိုး အများကျိုး၊ ကိုယ့်ကျိုးအစစ် ဖြစ်တော့သည်” ဆိုပြီး ဆရာတော်ကြီးတစ်ပါးက မိန့်ဆိုဖူးခဲ့တာကိုလည်း ပြန်ပြောင်း သတိရမိပါတယ်။

သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း၊ အပေါင်းကိုယ့်ကြောင့်၊ အေးစေသောဝ် ဆိုတဲ့ စကားအတိုင်း ကိုယ့်ကြောင့် အများသူ ငါ ကောင်းကျိုးရကြတယ်ဆိုရင်ဖြင့် ၀မ်းသာရမှာပါပဲ။ သို့သော်ငြားလည်း အများအကျိုး အတွက် ရည်မျှော်ပြီး လုပ်နေတာကို သဘောမပေါက်၊ မသိနားမလည်တဲ့သူတွေလည်း ရှိနေလေတော့ တခါတရံမှာတော့ အခက်အခဲတစ်ချို့ ကြုံရတာမျိုးတွေလည်း ရှိခဲ့ပါရဲ့။

ဥပမာသုံးပြီး ပြောပြရမယ်ဆိုရင် ကျွန်တော်တို့ ရွာထဲကို သတ္တုပစ္စည်းတွေ၊ အိုးခွက်တွေနဲ့ အခြားပစ္စည်းတွေ တင်လာတဲ့ လှည်းကြီးများဝင်လာရင် ခွေးတွေက ၀ိုင်းပြီးတော့ ဟောင်ကြတယ်။ လှည်းပေါ်မှာ တင်ထားတဲ့ ပစ္စည်းတွေ အချင်းချင်းတိုက်မိလို့ ထွက်လာတဲ့ ဂလုံး၊ ဂလွမ် အသံတွေနဲ့ သံစုံမြည်နေတော့ ဟောင်တာပေါ့။ အဲဒီလို ၀ိုင်းဟောင်ကြပေမယ့် လှည်းကြီးတော့ သူသွားရမယ့်ဆီ သွားမြဲပါပဲ။ တကယ်လို့ ဒီလှည်းကြီးက ရပ်လိုက်မယ်ဆိုရင် လိုရာခရီးကို ဘယ်ရောက်နိုင်ပါတော့မလဲ။ ဒီအတိုင်းပါပဲ။ အများအကျိုး ရှေးရှုလုပ်နေပေမယ့် နားမလည်သူတစ်ချို့တို့က လှောင်ပြောင်ကြတာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ မည်သို့ပင် ဆိုစေကာမူ ကျွန်တော်အနေဖြင့် သွားရမယ့် ပန်းတိုင်ကိုရောက်အောင်တော့ သွားမြဲအတိုင်း သွားနေဦးမှာပါ။

များမကြာတဲ့ကာလမှာ ကျွန်တော်လည်း အရင်လိုမျိုး ဆက်လက်ရေးသားနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တတ်နိုင်တဲ့ အချိန်လေးမှာ အကောင်းဆုံးသော ဆောင်ရွက်မှုလေးတွေ ထားခဲ့ချင်ပါတယ်။ အဘက်ဘက်ကနေ ကူညီဆောင်ရွက်ပေးတဲ့ ဆရာတော် ဦးလောကနာထ ကိုလည်း ကျေးဇူးတင်ကြောင်း ထုတ်ဖော် ပြောကြားလိုပါတယ်။ အင်တာနက်မှာ စာရေးနိုင်တဲ့ အချိန်ကို ဘ၀တစ်ခုလို့ သတ်မှတ်ခွင့်ရမယ်ဆိုရင် အခုအချိန်က အဲဒီဘ၀လေးရဲ့ ဆည်းဆာချိန်လေးပါပဲ။ ကျွန်တော်လေးစားမိတဲ့ နေမင်းကြီးလိုပဲ တစ်နေရာမှာ ဆည်းဆာချိန် ဖြစ်ပေမယ့် အခြားနေရာအတွက်တော့ ရောင်ခြည်အလင်းတန်းသစ်လေးတစ်ခု ဖြစ်ချင်ပါသေးတယ်။

စာဖတ်သူ ဓမ္မမိတ်ဆွေများအားလုံးကို လေးစားတန်ဖိုးထားပါတယ်။

စိတ္တသုခ ကာယသုခဖြင့် ပြည့်စုံနိုင်ကြပါစေ

ဆန္ဒမွန်ဖြင့်
အောင်ဦး

9 ရေးသားခဲ့ရန်

Read more...

လိုက်နာကျင့်သုံးဖြစ်သော .......(၁)

ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။
ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။
သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ)

ဆေးပညာအကြောင်းသိလို့တော့မဟုတ်ပါ။ လေ့လာဖတ်မိသမျှကို လက်တွေ့ကျင့်သုံးဖြစ် အကျိုးများတာ တွေရှိတော့ အကြိုက်ချင်းမတူကြတဲ့လောကမှာ ဆေးမသောက်ရဘဲ အဆင်ပြေနိုင်မယ့် ကျန်းမာရေး လမ်း ညွှန်များအကြောင်း ပြောပြချင်တာပါ။ ပိုသော်နုတ် လိုသော်ဖြည့်ပြီး မိမိကျန်းမာရေးအတွက် တစိတ်တဒေ သ စာဖတ်သူများအကျိုးရဖို့ရည်ရွယ်ပြီး ပို့စ်တင်လိုက်တာပါ။

လူတစ်ယောက်အတွက် ကျန်းမာခြင်းသည် အကောင်းတကါ့အကောင်းဆုံး ဆုလာဘ်ပါ။ လူတိုင်းကြားဖူး နေကျ စကားလည်းဖြစ်ပါတယ်။ မကျန်းမာချင်တဲ့ လူဆိုတာ ဘယ်သူမှမရှိလောက်ပါဘူး။ ငယ်ငယ်ကတော့ ခဏ ခဏ နေမကောင်းဖြစ်ချင်တယ်။ ကိုယ်ကြိုက်တာ ပူဆာလို့ရတယ်လေ။ အရွယ်ကလေးရလာတော့ နေ မကောင်းဖြစ်မှာ မကျန်းမာဖြစ်မှာကို ကြောက်တတ်လာတယ်။ ငွေပြတ်တဲ့အချိန် နေမကောင်းဖြစ်မှာ ပိုလို့ တောင် ကြောက်ကြောက်နေတယ်။ တန်ခိုးအာဏာတွေ လုပ်တိုင်း ဖြစ်နေတဲ့အချိန်မှာ မကျန်းမာမှာကို ပို ကြောက်နေမယ်ထင်ပါတယ်။ အသက်ကိုလည်း သူများထက် ပိုရှည်ချင်ကြတာလေ။

ကျန်းမာဖို့ဆိုတာ ..........
ရာသီဥတုရယ်၊ အစားအသောက်ရယ်၊ စိတ်ချမ်းသာခြင်းကို ဖြစ်စေမယ့် ပုဂ္ဂိုလ် (သို့မဟုတ်) စိတ်အနှောက် အယှက်မပေးမယ့် ပတ်ဝန်းကျင်ရယ်၊ နေရာထိုင်ခင်းရယ်တွေဟာ အရေးကြီးတဲ့ အကြောင်းတရားတွေပါ။

ရာသီဥတုနဲ့အဆင်ပြေအောင် နေတတ်ရင်လည်း ကျန်းမာဖို့ အကြောင်းတစ်ရပ်ပါ။ တချို့က ရာသီ ဥတုနဲ့ ဆန့်ကျင်ပြီး နေကျတော့ နေမကောင်း ထိုင်မကောင်းဖြစ်လာရော။ ပူတဲ့ရာသီမှာ မပူအောင် နေတတ်ကြ တယ်လေ။ သူသူကိုယ်ကိုပါပဲ။

အဲယားကွန်းတတ်နိုင်တဲ့သူက မပူအောင် ကာကွယ်ကြတယ်။ အမြဲ တမ်းနေနိုင်ရင်တော့မဆိုးပါဘူး။ အပူထဲ ထွက်လိုက် အအေးခန်းထဲ ပြန်ဝင်လိုက်နဲ့ ကြာတော့ ခန္ဓာကိုယ်ထဲက အပူတွေက အရင်ဆုံး မျက်လုံးကို ထိ ခိုက်ရော။ ရန်ကုန်မြို့တော်ကြီးမှာ တွေ့ရတာက ခုနောက်ပိုင်း အတော်အများများ တတ်နိုင်တဲ့ကလေးလေး တွေ မျက်မှန်လေး တဝင်းဝင်းနဲ့။ ကျောင်းစာတွေလုပ်ရတာလည်း ပါတာပေါ့လေ။ မိဘတွေက ရာသီဥတုနဲ့ အလိုက်အထိုက်မနေတတ်တော့ ဘာမှမသိသေးတဲ့ ကလေးလေးတွေမှာ သနားစရာပါ။

ကိုယ်ရောက်နေတဲ့ အရပ်ဒေသမှာ ရာသီဥတုနဲ့ အတိုက်အခံမလုပ်မိပါစေနဲ့။ ဒါဆို နေကောင်းပြီ ကျန်းမာပြီ လို့ တစိပ်တဒေသ အားဖြင့် မှတ်ယူထားပါ။

ရွာက ဦးကုလားဆိုတဲ့အဖိုးကြီးရဲ့ ကျန်းမာရေးလမ်းညွှန်ချက်က ဒီလိုပါ။ သူက နွေရာသီဆိုရင် စောင်ပါးပါး ကို ခေါင်းခြုံပြီး နေ့လည်နေ့ခင်း တရေးတမောအိပ်လေ့ရှိတယ်။ အိပ်ရာက နိုးပြီဆိုရင် ရေနွေးပူပူကို မှုတ် သောက်နေတော့တာပါ။ တရုပ်ကြီးတစ်ယောက်ပြောသလို နီတို့ ဗမာတွေ ရေနွေးပူပူသောက်ပြီး ဒီနေ့ အိုက် ပြုတ်ပြုတ်ကြီးနဲ့ မိုးရွာမလားမသိဘူးလို့ ပြောတယ်။ နွေရာသီ ရေနွေးသောက်မှတော့ ဟင်း..........။


သူက ကျနော်တို့ငယ်ငယ်က အပျော်အပျက် အော်အော်နေတဲ့စကားလေးကို ပြောပြတယ်။
အိုက်ရင် စောင်ခြုံ မီးကိုလှုံ။
ချမ်းရင် ရေချိုး နှင်းတောတိုး။
မောရင် တောင်တက် ကျောက်ခဲရွက် ဆိုတာလေး သိပြီးသားဖြစ်မှာပါ။


အိုက်ရင် စောင်ခြုံ မီးကိုလှုံ။
ဒါဟာနယ်နယ်ရရစကားမဟုတ်ဘူးတဲ့။ ကျန်းမာအောင် နေတတ်ဖို့ လမ်းညွှန်တဲ့။ ခန္ဓာကိုယ် အပြင်မှာပူနေ ရင် အတွင်းမှာ အေးနေတယ်တဲ့။ အပြင်မှာပူနေရင် ချွေးစို့အောင် နေတတ်ရတယ်၊ ခန္ဓာကိုယ်ထဲက အအေး ဓါတ်ကို ရေနွေးပူနဲ့လှမ်းလှမ်းစရတယ်၊ ဒါမှ ချွေးစို့ပြီး နေလို့လည်းကောင်းတာ။


ချမ်းရင် ရေချိုး နှင်းတောတိုး။
ရာသီဥတုက အေးနေရင် ခန္ဓာကိုယ်ရဲ့အပြင်မှာ အေးနေပြီး အတွင်းထဲမှာ ပူနေတယ်။ ချမ်းလို့ ရေမချိုးရင် ကြာတော့ ရေအေးအေးလေးထိလိုက်ရင် ဟပ်ချိုး ဟပ်ချိုးနဲ့ ဖြစ်လာလိမ်မယ်တဲ့။ ချမ်းလို့ ရေချိုးတဲ့အခါ ခန္ဓာ ကိုယ်အောက်ပိုင်းကနေ ရေလေးနဲ့ပွတ်ပေး။ အဲ့ဒီကနေ အထက်ပိုင်းကို တဖြည်းဖြည်းပွတ်ပေးလိုက်ရင် နွေး လာလိမ့်မယ်။ အငွေ့တွေထွက်လာလိမ့်မယ်။ အဲဒီလိုဖြစ်လာရင် ချိုးပေတော့။ ဆောင်းတွင်းမှာ ရေအေး သောက်။ အထဲကအပူကို ရေအေးနဲ့ တွေ့ထိပေးတော့ ဓါတ်က မျှတသွားတော့ နေလို့ထိုင်လို့ကောင်းသွား တာပဲတဲ့။


မောရင် တောင်တက် ကျောက်ခဲရွက်။

ဘာလေးလုပ်လိုက် လုပ်လိုက်ရင် အမောမြန်နေရင် မောတာနှေးသွားအောင် လမ်းများများလျှောက်၊ တောင်တက် လေ့ကျင့်ခန်းများများလုပ်ပေးဖို့ ပြောတာတဲ့။ အမောမြန်တာကို မြန်နေတဲ့အတိုင်း ထားထား ရင် ကြာတော့ ရောဂါရလာရော။ နာတာရှည်ဖြစ်လာရောတဲ့။ ဒါတွေဟာ ကျနောလိုက်နာ ကျင့်သုံးနေတဲ့ ကျန်းမာရေးလမ်းညွှန်များပါ။ သိပ္ပံနည်းကျမှ ဆိုရင်တော့ စိစစ်၍ ကျင့်သုံးကြပါကုန်။
ဆက်လက်ရေးပါအုံးမယ်။


Read more...

ဈေးချို၍ သွားတစ်ချောင်း အပိုနှုတ်လိုက်သောဆရာတော် (၁)

ဈေးချို၍ သွားတစ်ချောင်း အပိုနှုတ်လိုက်သောဆရာတော်
နှင့်
ခိုးရာလိုက်ပြေးမည့်လဇ္ဇာ(အပိုင်း-၁)

`ကိုနောကြီး...လဇ္ဇာ ပြန်နေပြီဆို...´
`အေး...အစနဲ့အဆုံးတောင်ပြီးနေပြီ´
`လုပ်စမ်းပါဦး...အမြည်းလောက်...´
`အစကတော့ကွာ...ဆုရန်ဂျန် အိပ်ရာမှ မထသေး...တဲ့၊ အဆုံးကတော့....ပြီးပါပြီ....တဲ့။´
`ဟာကွာ...ဘယ်လိုလူကြီးမှန်းလည်း မသိဘူး´

`ကိုနော ရေ...စာအုပ်က ထူသားပဲ ဟ´
`ဟုတ်ပ...စာမျက်နှာ(၁၇၀)ကျော်ရှိတယ်...အတော်လုပ်ရမယ်´
`ဘာသာပြန်တာကတော့ ဟုတ်ပါပြီ....အချိန်အများကြီးပေးရမယ်..နော်...၊အဲဒါ ထားတော့...ရည်ရွယ်ချက် က ဘာလဲ..?´
`ပထမရည်ရွယ်ချက်က...လက်ယားလို့ကွ...၊ဒုတိယ...ပေါက်သွားရင်စာအုပ်ထုတ်မယ်ဗျာ...ပါရဂူလက်သစ် ပေါ့ကွာ မပိုင်ဘူးလား´
`လက်ယားလို့ ရေးတာက ပြဿနာမရှိဘူး ဟေ့....၊ စာအုပ်ထုတ်မယ်ဆိုရင်တော့ စဉ်းစားဦးနော်...လဇ္ဇာမှာ ဘာသာရေးလည်းပါတယ်ဆို´
`အကုန်ပြောလိုက်ရင် ပရိသတ်တစ်ယောက်လျှော့သွားမှာပေါ့...´
`မလျှော့ပါဘူး...ကိုယ်က ကိုနောရဲ့ကြောင်ချက်တွေကို သဘောကျပြီးသားပါ...ဒါနဲ့ ဆရာပါရဂူကိစ္စကြား တယ် မဟုတ်လား...စိတ်မကောင်းဘူးဗျာ..?´
`ဟို...အဓမ္မ၀ါဒဖြန့်ဖြူးသူလို့ စွပ်စွဲခံရတဲ့ကိစ္စလား...?´
`စွပ်စွဲတဲ့အထိတော့မဟုတ်သေးဘူးထင်ပါရဲ့...ဓမ္မရံသီက တိုက်ခိုက်ရုံသက်သက်ပဲရှိသေးတယ် ထင်တယ်.. အတိအကျတော့ မသိသေးဘူးဗျ....ကိုနော သိတယ် မဟုတ်လား...သုံးသပ်ချက်လေး လုပ်ပါဦး...´
`၀ါး ဟား ဟား ဟီး ဟီး ဟဲ ဟဲ အိအိ ဂလု´
`ဘယ့်နှာကြီးလဲ....ရဟန်းရယ်ပုံလည်း မဟုတ်ဘူး´
`ကံဆိုးလှစွာသော လူကလေးမောင်ပိန်....အဲဒါကို ပြောချင်လွန်းလို့...နားထောင်မယ့်လူရှာနေတာ အတော် ကြာပြီ´
`ပြောစမ်းပါ..ဂျိန်းကြောင်ကြီးရဲ့´
`ဒါက ဒီလိုရှိတယ်ကွ..ရှည်မယ်နော်...အဟင်း ဟင်း....အို ငါ့ရှင်မောင်ပဉ္စင်း ချစ်လှအဆွေ ကိုပိန်ရေ... သေချာစွာ နာယူမှတ်သား နားထောင်လေလော့....´
`ကြောင်ချက်ကတော့ ကမ်းကုန်နေပြီ´
`အမိရွှေပြည်မှာ ထေရ၀ါဒစစ်စစ်ကြွေးကြော်ထားတဲ့ ဓမ္မရံသီမဂ္ဂဇင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်ဆရာတော် တစ်ပါးရှိတယ်ကွာ...ပါဠိမှတ်တမ်း အလွန်နိုင်တဲ့ဆရာတော်ဗျ...ဘာတဲ့ ကလောင်က....မစိုးရိမ်စာသင်သား ...ဟုတ်ပြီ.....သူတို့မှာ ဓမ္မနဲ့ပတ်သက်တဲ့အဖွဲ့လေးတစ်ခုလည်းရှိတယ်.....ရည်ရွယ်ချက်,လုပ်ဆောင်ချက် အတော်ကောင်းတဲ့ဆရာတော်တွေဗျ....မိုးပြာကိစ္စမှာ သူတို့ကြိုးစားခဲ့ကြတာ....ကိုပိန်လည်း ဖတ်ဖူးမှာပေါ့´

`အဲဒါတွေ သိတယ်...ဆရာပါရဂူကိစ္စပြောပါလေကွယ်...´
`အဲဒါပဲ ပြောမလို့ပါကွာ....အဲဒီဆရာတော်ကပဲ ဦးအေးမောင်ရဲ့ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ,ဆရာပါရဂူရဲ့နာမည်ကျော် ဘာသာပြန်ဝတ္ထုတွေကို အဓမ္မ၀ါဒဆိုပြီး တိုက်ခိုက်နေတယ်ကွာ..´
`ဦးအေးမောင်ကိစ္စကိုတော့ ထားလိုက်ဦး...ကြုံတော့ ပြောကြသေးတာပေါ့...ပါရဂူကိစ္စပဲ ဆက်ပါ...´
`လျှောက်တော့ လိုက်မပြောနဲ့နော်...မင်းမို့လို့ ပြောပြတာ...တော်ကြာ..ဂျိန်းအကြောင်းရေးတဲ့ ငါ့ကိုပါတရား စွဲနေကြဦးမယ်´
`ပြောစမ်းပါ လိုရင်းကို...´
[`စားပြီးတစ်ရေး ဘုန်းကြီးဆေး´ဟူ၍ ကျမ်းဂန်ပါဠိလာ မရှိသည်နှင့်အညီ ကိုနောနှင့်ကိုပိန်တို့ ကွမ်းနှစ်ရာ ညှက်ခန့်မျှမှေးကြရန် အသီးအသီးခေါင်းမြီးခြုံလိုက်ကြတော့သည်။]

ကိုနော
၁၈.၃.၂၀၁၀

Read more...

သီတဂူ ဗြဟ္မာယု အာယုဒါနဆေးရုံတော်


သီတဂူကပ္ပိယအဖွဲ့ (အထက် အောက်မြန်မာပြည်)

ဆေးရုံတော်များ
သီတဂူအာယုဒါန ဆေးရုံကြီးကို ရှေးဦးစွာတည်ထောင်ကာ လူနာပေါင်း မြောက်မြားစွာရဲ့ အသက်ကိုကုသ ကယ်တင်ခဲ့သည်မှာ နှစ်ပေါင်း ၂၁ ပင်ရောက်ရှိလာပြီ။ ဆေးပစ္စည်းနှင့် ဆေးရုံသုံးပစ္စည်းများ လိုအပ်နေသော မြို့နယ်များစွာရှိ ဆေးရုံတို့တွင် ဖြည့်ဆည်း လှူဒါန်းခဲ့သည့် အပြင် မြို့နယ် ကျေးရွာတို့တွင်လည်း ဆေးရုံများတည်ဆောက်ကာ လှူဒါန်းခဲ့သည်။ ဥပမာ-ပန်းတနော်ဆေးရုံ၊ သိပေါဆေးရုံ၊ ကလေးမြို့ဆေးရုံ၊ နတ်မောက်ဆေးရုံ၊ ဆားတောင်ဆေးရုံ အစရှိသည်တို့ဖြစ်သည်။

ယခု တပေါင်းလပြည့် ဆရာတော်ကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆားတောင် သီတဂူ ဗြဟ္မာယု အာယုဒါနဆေးရုံတော် ကြီးကို ခမ်းနားစွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံကြီးပေါ် ပေါက်လာသောကြောင့် ထိုဒေသရှိ ပြည်သူတွေ အားရ၀မ်းသာဖြစ်ကာ ဆရာတော်ကြီးကို အထူး ကျေးဇူးတင်နေကြသည်။

ယူနီဖောင်းတစ်မျိုးနဲ့ သီတဂူကပ္ပိယအဖွဲ့


ကျောင်းအမ အစ်မ စပယ်ရဲ့ သီတဂူစတားအထံသို့ ပေးပို့သော မူရင်းစာပါ ပူတွဲတင်ထားပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူစတား



ဖွင့်ပွဲအခမ်းအနား


ဘုန်းဘုန်း သီတဂူစတားဘုရား---
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဆားတောင်တွင် သီတဂူဆရာတော်ကြီး ဦးဆောင်ပြီးသာသနာပြုအဖွဲ့ဝင်တွေ
အားလုံး စုပေါင်းလှူဒါန်းပြီး ဆောက်လုပ်သော သီတဂူဗြဟ္မာယု အာယုဒါန ဆေးရုံကို ဖေဖေါ်ဝါရီလ(၂၆)ရက်နေ့တွင်
ေ၇ွှကျင်သာသနာပိုင် ဆရာတော်ကြီးဖြစ်သော ၀ါဆိုဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီးအမှူးပြု
ကာ တိုင်းမှူးနှင့်ဌာနဆိုင်ရာများ၊ ထက်နှင့်အောက် သီတဂူသာသနာပြုအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်ဘုရား။ အဲဒိ့မှာ သီတဂူဆရာတော်ကြီး ပြောကြားသွားတာကတော့
ဒီဆေးရုံကို ၂၀၀၄ခုနှစ်လောက်ကထဲက ဆောက်လုပ်နေတာဖြစ်ပါတယ်၊ ၂၀၀၉ခုနှစ် ဒီဇင်ဘာလမှာ အားလုံးပြီးစီးသွားပါတယ်၊ ဒီဆေးရုံကြီးကို ဖွင့်လှစ်နိုင်တဲ့အတွက် များစွာပီတိဖြစ်ရပါတယ်တဲ့၊ ဘာကြောင့်လဲဆိုတော့ ဒီနယ်တ၀ိုက်မှာရှိကြတဲ့ ပြည်သူတွေအတွက် ကျန်းမာရေးကို အများကြီးစောင့်ရှောက်ပေးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ၊ ဒီအနီးတ၀ိုက်မှာ ဆေးရုံမရှိတဲ့အတွက်ကြောင့် စစ်ကိုင်း၊ မန္တလေးထိကို သွားပြီးဆေးကုသကြရတယ်၊ ခုဒီဆေးရုံကြီးဖြစ်ပေါ်လာတော့ ဒီအနီးတ၀ိုက်ကပြည်သူတွေအတွက် အများကြီးအချိန်ကုန်၊ စိတ်ပန်း ငွေပန်း လူပန်းမဖြစ်ကြတော့ဘဲ ကျန်းမာရေးစောင့်ရှောက်နိုင်တဲ့ အတွက်ဖြစ်တယ်။

ပြည်သူများဖြင့် စည်းကား

ဝါဆိုဆရာတော်ကြီး
ဝါဆိုဆရာတော်ကြီးက ရီစရာအနေနဲ့ ဘာမိန့်သလဲဆိုတော့ အရင်တုန်းကဆေးရုံတွေ သွားဖို့ ကားငှားရင် ကားသမားတွေ၇ဲ့ အဆမတန်ဈေးတောင်းတဲ့ ဒုက္ခတွေကို ဒီနယ်ကပြည်သူတွေ မခံစားရတော့လို့ သူ့အနေနဲ့ အများကြီးဝမ်းသာပီတိဖြစ်ရတယ်ဆိုတာ ထည့်မိန့်သွားတယ်ပါသေးတယ်။ နောက်တော့ တည်ထောင်ပေးတဲ့သူတွေက တည်ထောင်ပေးခဲ့ပေမဲ့ လက်ရှိနေထိုင်တဲ့သူတွေက သန့်သန့်ရှင်းရှင်း စည်းကမ်းတကျ အသုံးပြုကြဖို့လဲမိန့်မှာတော်မူတယ်။ တကယ့်ကိုအတုယူစရာ မိန့်မှာချက်လေးပါဘုရား။ ရွှေဘိုခရိုင်ဆားတောင်နယ် အနီးတ၀ိုက်ကလာတဲ့ ပြည်သူတွေရဲ့မျက်နှာတွေမှာ ဖေါ်မပြနိင်တဲ့ပီတိတွေကို တပည့်တော်မစပယ်တို့လဲ မျှဝေခံစားလာခဲ့ကြပါတယ်ဘုရာ။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
မပန်းစပယ်(လှဆန်းယဉ်)


ကျေးဇူးအထူးတင်ပါတယ် ကျောင်းအမရေ-

သီတဂူစတား
၁၈-၃-၂၀၁၀






Read more...

ဘလော့(ဂ်) အိမ်သစ်တက်မင်္ဂလာ

ဘလော့(ဂ်) အိမ်သစ်တက်မင်္ဂလာ

ဒီနေ့တော့......
ကိုပိန်စိတ်ချမ်းသာရပြီ၊ အိမ်ဟောင်းလေးဖျက်ပြီး အိမ်သစ်လေး ဆောက်ထား လိုက်တယ်၊ ကိုယ့်ပိုက်ဆံနဲ့တော့ မဟုတ်ဘူး အင်ဂျီအို အကူညီနဲ့ပါ။ ကိုပိန်လူလုံးပျောက်ပြီး လှနေလိုက်တာလို့ သူငယ်ချင်းတွေက ထင်ကြလိမ့်မယ်။

ပန်းရန်ဆရာ မဏ်မဏ်ရဲ့ ကောင်းမှုကြောင့်သာ လူလိုသူလို ဖြစ်ခွင့်ရလိုက်တာပါ။ အထင်တော့မမှားကြပါနဲ့ အဟောင်းလေးကိုတော့ လွမ်းတသသပါပဲ၊ အရင် ကိုပိန်လိုပဲ ကြင်နာကြစေချင်တယ်၊ ကိုပိန်စစ်စစ်ပါပဲ ရေရောမထားပါဘူးနော် ဂင်္ဂါဂျီးရဲ့ (အပြောင်းလဲ များနဲ့ပါ )ကို စမ်းသုံး ကြည်လိုက်တာပါ အောင်မြင်ရင်တော့ သူ့ကိုသာထိုင်ကန်တော့ ကြပါလို့ ကိုပိန်ညွန်းဆိုပါတယ်။

ဘလော့(ဂ်)အိမ်သစ်တက် မင်္ဂလာပွဲအတွက် ဗာရဏသီပုဏ္ဏားများကို အထူးဖိတ်ကြားထားပါသည်၊ အတိုင်းတိုင်း အပြည်ပြည်မှ ပုရောဟိတ်များလည်း သမီးသား ဆွေမျိုးများ မကျန် ဒီပွဲမှာစားသောက်ပြီး သယ်ယူသွားနိုင်ပါကြောင်း သတင်းကောင်းလည်းပါးလိုပါသည်၊ မပျက်မကွက် ကြွရောက်ချီးမြောက် အားပေးကြလိမ့်မယ်လို့လည်း မျော်လင့်ပါသည်၊ လိုအပ်ရင်ကျွတ်ကျွတ်အိပ်ပါ လက်ဆောင်ထည့်ပေးပါမည်။

ကောင်းမှုရှင်ကိုလည်း အသိမှတ်ပြုပေးတဲ့ အနေနဲ့ တရားတပွဲတော့ ထည့်ပေးမလို့ပါပဲ၊ တရားဟော ဓမ္မဂင်္ဂါဆရာတော်ကို ပင့်မရတာနဲ့ အကျဉ်းရုံးကာ အိမ်နီးချင်း မော်ကွန်းသစ်ဆရာတော်ကို ပင့်လိုက်ပြီး ခေတ်မှီ nano နည်းပညာသုံးလို့ ဂုဏ်တော်နဲ့ပဲ အဆုံး သတ်လိုက်ရလေတော့သတည်း……၊
အားလုံးငြိမ်ငြိမ်နေကြ ………

အမျိုးမျိုး ဘုရားရှိခိုး

(၁)
ညစ်ညမ်းစိတ်စဉ် ပယ်ရှင်းသုတ်သင် အိုအရှင်။
နတ်လူခပင်း ကိုးစားရာသခင် အိုအရှင်။
(၂)
သိစရာကုန်စင် ဖြောင့်ဖြောင့်သိမြင် အိုအရှင်။
(၃)
အသိ အကျင့် ကျနပီပြင် အိုအရှင်။
(၄)
ခရီးအကောက် အဖြောင့်လျှောက်နှင် အိုအရှင်။
နိဗ္ဗာန်ခရီး ဖြောင့်တန်းကြွဝင် အိုအရှင်။
(၅)
လောကအကြောင်း ကောင်းကောင်းသိမြင် အိုအရှင်။
(၆)
ပြုပြင်ဖို့ရန် သတ္တ၀ါမှန် လမ်းမှန်ပို့တင် အိုအရှင်။
(၇)
နတ်လူတို့၏ လမ်းညွှန်သခင် အိုအရှင်။
(၈)
လောကအစစ် သစ္စာသိမြင် အိုအရှင်။
(၉)
ပါရမီထုံ ကံအဟုန် ပြည့်ဝစုံလင် အိုအရှင်။
။ ။ ။ ။ ။ ။ ။ ။ ။

ကိုပိန်
(၁၇.၀၃.၂၀၁၀)



မှတ်ချက်။ ။(အမျိုးမျိုးဘုရားရှိခိုး)ဖြစ်သည်။ ပြန်ချင်လည်းပြန်မည်၊ ပြောင်းချင်လည်းပြောင်းမည်၊ ဟောင်းချင်လည်းဟောင်းမည်။ ဂုဏ်တော်ကိုးပါးနှင့် ကိုပိန်မှတ်မိသလောက် ရှိခိုးခြင်းဖြစ်သည်။

(ရှိခိုးခြင်းကိစ္စမှာ ပညာအလေးအပေါ့ထက် သဒ္ဓါအားမပျော့ဘို့ အရေးကြီးပါကြောင်း…။)

Read more...

တရားသဖြင့် မိဘကို လုပ်ကျွေးသူ

အခါတပါး၌ ဗုဒ္ဓဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသည်။
ထိုအခါ မိဘတို့ကို လုပ်ကျွေးပြုစုသော မာတုပေါသကမည်သော ပုဏ္ဏားတယောက်သည် မြတ်စွာဘုရားထံတော်သို့ ရောက်လာ၍ အောက်ပါစကားတို့ကို လျှောက်၏-

အရှင်ဂေါတမ၊ တပည့်တော်သည် တရားသဖြင့် ထမင်းကိုရှာ၍ မိဘတို့ကို လုပ်ကျွေးပါ၏။ အဘယ်သို့ပါနည်း၊ တပည့်တော်သည် ပြုသင့်ပြုထိုက်သည်ကို ပြုရာရောက်ပါ၏လော-ဟု လျှောက်၏။

မြတ်စွာဘုရားက အို-ပုဏ္ဏား၊ သင်သည် ပြုသင့်ပြုထိုက်သည်ကို စင်စစ်ပြုလုပ်သူပင် ဖြစ်သည်။ တရားသဖြင့် ထမင်းကိုရှာဖွေ၍ မိဘတို့ကို ပြုစုလုပ်ကျွေးရာရောက်၏။

မိခင်ဖခင် ကျေးဇူးရှင်တို့ကို ချစ်ခင်လေးမြတ်စွာ တရားသဖြင့် လုပ်ကျွေးသူကို ဤဘ၀မှာပင် ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းကြကုန်၏။ နောင်တမလွန်ဘ၀၌လည်း နတ်ပြည်နတ်ဘုံတို့၌ ၀မ်းမြောက်ရွှင်လန်း ချမ်းသာစွာ ဖြစ်ရ၏-ဟု ဟောတော်မူသည်။

မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသဖြင့် ထိုပုဏ္ဏားသည် ရတနာသုံးပါးတို့ကို ကိုးကွယ်ဆည်းကပ်သော သရဏဂုံတည်သူ ဥပါသကာတယောက် ဖြစ်ရလေ၏။
ကျမ်းကိုး။ ။ သဂါထာဝဂ္ဂ၊ ဗြာဟ္မဏသံယုတ်။

( ဦးငွေအောင်မွန်)
( မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)


Read more...

ရောင်ခြည်တော် ၆-သွယ်နှင့် ဗုဒ္ဓသာသနာ့အလံ

ယခု ဗုဒ္ဓသာသနာ့အလံသည် မြတ်စွာဘုရား၏ ရောင်ခြည်တော် ၆-သွယ်ကို ဖော်ကျူးထားခြင်းဖြစ်သည်။ အမေရိကန်လူမျိုး ဗိုလ်မှူးကြီး (အငြိမ်းစား) ဟင်နရီစတီးလ် အော်လကော့ (ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်း လာသူ) ၏ စေတနာနှင့် ပညာကြောင့် ဗုဒ္ဓ၏ရောင်ခြည်တော် ၆-သွယ်ကို စိတ်ကူးတီထွင်ကာ ဗုဒ္ဓသာသနာ့အလံဟူ၍ ၁၈၈၅-ခုနှစ် ကတည်းက သီဟိုဠ်ကျွန်း (သီရိလင်္ကာ) မှာ လွင့်ထူနိုင်ခဲ့သည်။

၁၉၅၀-ပြည့်နှစ် သီရိလင်္ကာမှာ ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီးတွင် ထိုအလံတော်ကို တကမ္ဘာလုံးက ဗုဒ္ဓသာသနာ့အလံတော်အဖြစ် အတည်ပြုခဲ့ကြသည်။ မြန်မာနိုင်ငံတွင်မူ ၁၉၅၆ (၁၃၁၈) ခု၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲတော် (မဟာပါသာဏလိုဏ်ဂူ၊ ကမ္ဘာအေးဘုရား) မှာ ဗုဒ္ဓသာသနာ့အလံကို စတင်လွှင့်ထူခဲ့ပေသည်။


Read more...

စေတနာအကျိုး

အလယ်စုရွာ၏ တောင်ဘက်တွင် ဦးဖိုးဝ အိမ်ရှိသည်။ သူ၏အိမ်ဘေးတွင် ကြီးမားသော ကုက္ကိုပင်ကြီးများ ရှိသည်။ ထိုအပင်ကြီးများပေါ်သို့ မိုးဦးကျအချိန်တွင် ဗျိုင်းများ လာရောက်အသိုက်ဖွဲ့ကြသည်။ ဦးဖိုးဝ၏ သားများက ဗျိုင်းများကို ပစ်ခတ်ဖမ်းဆီး စားသောက်ကသဖြင့် ဗျိုင်းများ ထွက်ပြေးသွားကြသည်။ နောင်တွင် မလာဝံ့တော့ပေ။

နောက်လေးငါးရက်ခန့်အကြာတွင် ရွာမြောက်ဘက် ဦးချမ်းအေးတို့ အိမ်ဘေးရှိ မန်ကျဉ်းပင်ကြီးများဆီသို့ ဗျိုင်းများ လာကြပြန်သည်။ ဦးချမ်းအေးသည် ဘာသာရေးကိုင်းရှိုင်း၍ စိတ်သဘောထားကောင်းသူ ဖြစ်သည်။ သူ၏သားများအား တို့အိမ်ကို အိမ်သာလို့ ဧည့်သည်တွေလာကြတာကွ၊ တို့အရိပ်ခိုဖို့ လာကြတာကွ။ သူတို့ရဲ့ အသိုက်အမြုံကို မဖျက်ကြနဲ့။ ချမ်းချမ်းသာသာနေကြပါစေ။ စောင့်ရှောက်ကြ-ဟုမှာကြားထား၏။ သူ၏သားများကလည်း ဖခင်၏စကားကို လိုက်နာကြ၏။

နောင်အခါ ဗျိုင်းများသာမက အခြားငှက်ငယ်များလည်း လာရောက်ခိုနားကြ၏။ မကြာမီ သူတို့၏ အသိုက်အမြုံများတွင် ငှက်ကလေးများ ပေါက်ဖွားလာကြ၏။ ထိုငှက်ကလေးများအား ငှက်မကြီးများက အနီးအနားရှိ အင်းအိုင်များမှ ငါးများကို ချီယူလာကြ၍ ခွံ့ကျွေးကြ၏။

အချို့ငါးလေးများသည် ပါးစပ်အတွင်းသို့ မရောက်ဘဲ အပင်အောက်သို့ ပြုတ်ကျသည်။
ထိုသို့ ကျလာသောငါးလေးများသည် ဦးချမ်းအေးတို့ မိသားစုအတွက် ဟင်းစားရသည်။ နေ့စဉ်နှင့်အမျှ ရနေ၍ ငါးဟင်းဝယ်စားရန် မလိုတော့ပေ။ စားမကုန် ပိုလျှံသောငါးများကို ငါးပိ၊ ငါးခြောက်ပင်လုပ်၍ စားနိုင်သည်။

ဦးချမ်းအေး၏ စိတ်စေတနာ ကောင်းမှုတို့ကြောင့် လက်ငင်းအကျိုး ခံစားခွင့် ရရှိပါတော့သည်။

(ဆရာအေး-ကျုံပျော်)
(မြတ်မင်္ဂလာ ၂၀၀၄-နိုဝင်ဘာလ)


Read more...

ဣဿာအကျိုး

၂၀၀၂-ခုနှစ် နိုဝင်ဘာလ ကောက်စောစပါး ရိတ်သိမ်းရာသီတွင် ဖြစ်သည်။ စပါးရိတ်သိမ်းပြီးလျှင် သီးထပ်အနေဖြင့် ပဲမျိုးစုံကို စိုက်ပျိုးကြမည်ဖြစ်ရာ စပါးခင်းများကို သူ့ထက်ငါ အပြိုင်အဆိုင် ရိတ်သိမ်းနေကြ သည်။ ကောက်ရိတ်သူ ရှားပါးသော ကျွန်တော်တို့ရွာတွင် အခြားရွာမှ လယ်လုပ်သားများကို ခေါ်ယူငှါးရမ်း ထားကြရသည်။ လယ်သမားတဦးလျှင် အလုပ်သမား ၅-ယောက်မှ ၁၀-ယောက်ခန့်အထိ ငှါးရမ်းထားရသည်။ ဦးလှအောင်နှင့် ကျွန်တော်သည် လယ်ထဲမှစပါးများကို ရိတ်သိမ်းရန် သင့်-မသင့်ကြည့်၍ အိမ်သို့ပြန်ခဲ့ကြသည်။ လမ်းတွင် ဦးလှအောင်-က ဒီနှစ် ချစ်တင်လယ်တွေ ရိတ်ဖို့ကောင်းနေတာ မရိတ်သေးပါလားကွ။

ဦးလေး ဦးချစ်တင် ခြေထောက်မှာ မွေးကျွတ်နာ ပေါက်နေလို့ မထနိုင်ဘူး ဘကြီးရဲ့။
အေး-ဒါကြောင့်ကိုး၊ ဒီကောင်က စပါးဆိုလဲ ထိပ်သီးရအောင်လုပ်၊ မတ်ပဲဆိုလဲ ထိပ်သီးရအောင်လုပ်ပြီး ဘ၀င်မြင့်နေတာ။ ဒီနှစ်တော့ ကောက်ရိတ်နောက်ကျလို့ မတ်ပဲပါ နောက်ကျပြီး ရမှာ မဟုတ်တော့ဘူး။ ချစ်တင် ချစ်တင် ဒီနှစ်တော့ မင်း ငါ့လောက် မတ်ပဲ ရမှာမဟုတ်တော့ဘူး၊ ဟား ဟား ဟား။

ဘကြီး ဦးလှအောင်သည် သူ့စိတ်ကူးကို ဖွင့်ပြောရင်း အတော့်ကို သဘောကျသွားသည်။ တကယ်တော့ ဦးလှအောင်နှင့် ဦးချစ်တင်မှာ ညီအကိုအရင်းခေါက်ခေါက် ဖြစ်သည်။ အကိုဖြစ်သူ ဦးလှအောင်၏ ဇနီးက အ၀တ်အစားမှစ၍ လုပ်ငန်းအထိ ပြိုင်ဆိုင်ရာမှ ညီအကိုတွေပါ မသင့်မမြတ်ကြခြင်း ဖြစ်သည်။

တဦးက အိမ်သွပ်မိုးလျှင် တဦးကလည်း သွပ်မိုးသည်။ တဦးက တီဗွီဝယ်လျှင် တဦးကလည်း ၀ယ်ပြန်သည်။ သို့သော် ညီဖြစ်သူ ဦးချစ်တင်က အသီးအနှံတွေ ပိုရပြီး စီးပွားပိုဖြစ်သည်။ ထို့ကြောင့်လည်း ဦးလှအောင်က ဒီနှစ်တော့ သူကသာ ပိုပြီးရအောင် ကြုံးဝါးနေခြင်း ဖြစ်သည်။

ဦးချစ်တင်မှာ အနာညှော်မိ၍ ငန်းဝင်သောကြောင့် လယ်များကို မရိတ်သိမ်းနိုင်သေးပေ။ တရွာလုံး လယ်သမားများမှာ အနည်းနှင့်အများဆိုသလို ရိတ်သိမ်းကြပြီး ဖြစ်သည်။
ဦးလှအောင်ကတော့ သူ့လယ်ဧက ၂၀-ကို ရိတ်သိမ်း၍ ပြီးဆုံးသောနေ့၌ ကောက်ရိတ်သားတွေကို ဤသို့ပြော၏။

ဒီနေ့ ငါ့လယ်ရိတ်လို့ ပြီးဆုံးတဲ့နေ့မှာ ကောက်ရိတ်ခ တိုးပြီးပေးမယ်။ ကွင်းပေါက်ဈေး ၅၀၀-ကျပ်ရှိပေမယ့် ဒီနေ့ ငါက တစ်ကြိုးကို ၇၀၀-ကျပ် ပေးမယ်ကွာ။ တပင်မှ မရိတ်ရသေးတဲ့ ချစ်တင်လယ်ကျရင်တော့ တစ်ကြိုးကို ၁၀၀၀-ကျပ် ဈေးတောင်းကြပေတော့။ (အလျား အလံ ၂၀၊ အနံ အလံ ၁၀ တကွက်ကို တစ်ကြိုးခေါ်ပါသည်)

အမှန်တော့ အလုပ်သမားများကို စေတနာရှိ၍မဟုတ်ပါ။ ဦးချစ်တင် ဈေးကြီးမိ၍ ဒုက္ခရောက်စေလိုသော ဆန္ဒနှင့် ကောက်ရိတ်ဈေး တိုးပေးခြင်းဖြစ်သည်။ ထိုစဉ် မမျှော်လင့်ဘဲ အချိန်အခါမဟုတ် မိုးက ရွာတော့သည်။ နိုဝင်ဘာ ၁၆-ရက်နေ့မှစ၍ ရွာသောမိုးသည် ၂၃-ရက်နေ့အထိ ၈-ရက်တိတိ ရွာနေ၏။ ရိတ်ပြီးသော ကောက်လှိုင်းများ ရေမြှုပ်ကုန်၏။ စပါးများမှာလည်း အစို့ပေါက်တာပေါက်၊ ပုပ်တာပုပ် ဖြစ်ကုန်၏။

ရေထဲမှ စပါးများကို ကန်သင်းပေါ်ဆွဲတင်ကြရာ အလုပ်သမားရှားပါးသောကြောင့် ခရီးမတွင်လှပေ။ စပါးများ လေလွင့်ကြသည်။ ဧက ၂၀-ကျော် ရိတ်ထားသော ဦးလှအောင်၏ လယ်မှာ အဆိုးဆုံးဖြစ်သည်။ သူတပါးကို ဒုက္ခရောက်စေလိုသောကြောင့် လယ်တစ်ကြိုး ၇၀၀-ကျပ်နှင့် ဈေးတိုးပေးခဲ့သော ဦးလှအောင်တယောက် ယနေ့တော့ အလုပ်သမားများကို တနေ့ ၇၀၀-ကျပ်နှင့် ငှါးနေရသည်။ ကိုယ်မြှောက်သည့်ခဲ ကိုယ့်အပေါ် ပြန်ကျခြင်း ဖြစ်သည်။

ဦးချစ်တင်မှာတော့ စပါးများ မရိတ်ရသေးသောကြောင့် အပျက်အစီးမရှိပေ။ ငါတည်းဟူသော မာန်မာနထားပြီး သူတပါးအပေါ် မနာလိုဝန်တိုမှု ဣဿာများနှင့် လုပ်ဆောင်ခဲ့သော အလုပ်၏ ရလာဒ်မှာကား ဆုံးရှုံးမှုပင်တည်း။

( အင်ပင်-သန်းဌေးအောင်)
( မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)


Read more...

အချိန်တိုင်းပေးမဲ့ မွေးနေ့လက်ဆောင်

အမေမွေးတဲ့ ခန္ဓာ ဖြစ်တည်လာမှု

ရွှေရတုနဲ့ သုံးခု နှစ်များကုန်ဆုံးသွားခဲ့။

ဘဝပုံရိပ် ထိုအတိတ်ဟာ… အရိပ်ပမာ၊ အတိတ်ခန္ဓာ အဖြစ်

ဆုပ်ညှစ်ဆွဲကိုင် မပိုင်ဆိုင်ပါ။

မနက်ဖြန်ခန္ဓာ ၊ ရောက်မလာသေး

ရန်ဘေးကင်းစွာ၊ အနာမဲ့ရေး၊ ကျန်းမာရေး အတွက်

အေးချမ်းစေကြာင်း၊ဆုမွန်တောင်းလို့

အကြောင်းဖြည့်ဆည်း၊ အကျိုးပြီးအောင် ဆောင်ရွက်ပါလည်း

အနာဂတ်အရိပ်၊ အိပ်မက်တစ်ခုသာ ဖြစ်ပါတယ်။

ပစ္စုပ္ပန်ခန္ဓာ ၊သေချာစောင့်ကြည့်

သတိရှိစေ၊ ပိုင်းခြားလေမှ

ဒွါရအာရုံ ဆုံကြလေတိုင်း

အချိန်တိုင်းမှာ၊ ငါးခန္ဓာမွေး

မွေးရင်းနဲ့သေ၊ သေရင်းနဲ့မွေး

ခုမွေးခုသေ၊ ဖြစ်ပျက်နေကြ အနိစ္စသာ

မြင်ရတာမို့၊ ခန္ဓာချုပ်စဲ ၊ မမြဲပါ။

သုံးပါးသမယ၊သုံးကာလမှာ

ဘဝရှည်ကြာခန္ဓာ မတည်

အလီလီဖြစ် ၊ဖြစ်ရင်းပျက် ရ

ကာလလွတ်ပိုင်း

အချိန်တိုင်းမှာမွေးသေတာမို့

အချိန်တိုင်းမွေးနေ့ရှိနေတယ်။

အချိန်တိုင်းသေနေ့ရှုနေတယ်။

မွေးနေ့ရှင်တစ်ဦးအတွက် အမှတ်တရ ဓမ္မလက်ဆောင်မွန်-အဖြစ်သော်လည်းကောင်း၊ အချိန်တိုင်းမွေးသေ နေသူများအားလုံးအတွက် သော်လည်းကောင်း ရည် ရွယ်ရင်း၊ ခန္ဓာငါးပါး ဖြစ်ပျက်မှုသည် ကာလ သုံးပါးမှ လွတ်သည် ဟူသောတရားကို၊ အပ္ပမာဒ-ဓမ္မလက်ဆောင်အဖြစ် ဒီကဗျာကိုရေးပါတယ်။

သစ္စာအလင်း



Read more...

ခုနစ်နှစ်တိုင်တိုင် အပိုင်း-၅ နိဂုံး


မြတ်စွာဘုရား၏ သာသနာဝယ် စန္ဒာထေရီဟူ၍ ထင်ရှားကျော်စောသော ဘိက္ခုနီ အရှင်မကြီးသည် မိမိ၏ နှောင်း အတိတ်ကို ပြန်လှန် သုံးသပ်တော်မူသဖြင့် ‘ဒုဂ္ဂတာဟံ ပုရေ အာသိ’ အစချီသည့် ထေရီ ဥဒါန်း ဂါထာကို ရွတ်ဆိုတော်မူလေ့ရှိသည်။

စန္ဒာထေရီ အရှင်မ ရွတ်ဆိုတော်မူသော ဂါထာ ငါးပုဒ်မှာ………

“ငါသည် ရဟန်း မပြုမီ ရှေး လူဖြစ်စဉ်အခါက သူဆင်းရဲမ ဖြစ်ခဲ့ပါ၏။ မုဆိုးမလည်း ဖြစ်ခဲ့ရပါသေး၏။ သား သမီးလည်း မရှိပါ။ အဆွေ ခင်ပွန်း ဆွေမျိုး ဉာတိလည်း ကင်းသူဖြစ်၍ အစားအဝတ် လုံလောက်အောင် မရခဲ့ပါလေ။

“ငါသည် ခွက်ကို လည်းကောင်း၊ တောင်ဝှေးကို လည်းကောင်း၊ ဆွဲကိုင်၍ တစ်အိမ်မှ တစ်အိမ်သို့ လှည့်လည် တောင်းခံ စားသောက် ရသည့်အပြင် အချမ်းအပူဖြင့် နှိပ်စက်ခံရလျက် ခုနစ်နှစ်တို့ ကာလပတ်လုံး လှည့်လည် သွားလာခဲ့ရပေ၏။

“ခုနစ်နှစ် လွန်ပြီး နောက်မှသာ ထမင်း အဖျော်ကို ရသော ပဋာစာရာ ဘိက္ခုနီ အရှင်မကြီးကို မြင်ရ၍ အရှင်မကြီးထံ ချည်းကပ်ပြီးလျှင် အိမ်ရာမထောင် ရဟန်းဘောင်၌ ရဟန်းအဖြစ်ကို ပန်ကြား လျှောက်ထား ခဲ့ပါ၏။

“ပဋာစာရာ မည်သော ထို ဘိက္ခုနီ အရှင်မကြီးသည် ငါ့အား အစဉ် သနားသဖြင့် ရဟန်းပြုပေးတော် မူခဲ့၏။ ထို့နောက် ငါ့အား ဆိုဆုံးမ၍ မြတ်သော အကျိုးဖြစ်သော ပဋိပတ်၌ တိုက်တွန်း နှိုးဆော်တော်မူ၏။

“ငါသည် ထို ပဋာစာရာ ဘိက္ခုနီ အရှင်မကြီး၏ ဆုံးမစကားကို ကြားနာရ၍ ဆုံးမသည့် အတိုင်း လိုက်နာ ပြုကျင့်ခဲ့ပြီ။ အရှင်မကြီး ပဋာစာရာ၏ အဆုံးအမသည် အချည်းအနှီး မဟုတ်ပါ။ ငါသည် ဝိဇ္ဇာ သုံးပါးဖြင့် ပြည့်စုံ၍ အာသဝေါ ကင်းသူ ဖြစ်ရပါလေပြီ” ဟူသည်တို့ ဖြစ်ပါပေသတည်း။



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP