* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, March 14, 2010

၄၃။ ခုနစ်နှစ်တိုင်တိုင် အပိုင်း-၂



စန္ဒာတို့ ရွာထဲသို့ ကပ်ရောဂါ ဆိုးကြီး ဝင်ရောက်လာသည်။ နေ့မြင် ညပျောက်။ နံနက်မြင် နေ့လယ်ပျောက် သူများဖြင့် တစ်ရွာလုံးကို ကပ်ဆိုးကြီး ဝင်ရောက် နှိပ်စက်လေပြီ။

ကပ်ရောဂါ၏ အမည်မှာ “အဟိဝါတ” ဟူ၏။

အဟိဝါတ ကပ်ရောဂါ ကပ်ငြိသူသည် အပူကြီးတက်ပြီး ရုတ်တရက် ငန်းဖမ်းကာ ခေါက်ခနဲ ဖြုတ်ခနဲ အသက်ပျောက်တော့သည်။ နောင် နှစ်ပေါင်း ထောင်ချီပြီး ကြာမြင့်ချိန်၌ ဤရောဂါကို ‘ပလိပ်’ ရောဂါဟု လူတို့ ပြောင်းလဲ ခေါ်ဝေါ်ကြ၏။ ကူးစက်မှုကလည်း အလွန် လျင်မြန်၏။ ရှေ့က တစ်ယောက်၏ အသုဘကို ပို့ပြီး သုသာန်မှ ပြန်လာသူသည် နေမကောင်းဘူးဆိုကာ အိပ်ရာထဲ လှဲ၏။ လှဲပြီးနောက် မထတော့ပေ။
တစ်ရွာလုံးမှာ ထိတ်လန့် ချောက်ချားနေသည်။ ရောဂါ မရသေးသူများ အစုလိုက် အပြုံလိုက် ထွက်ပြေးသည်။ အချို့လည်း ရောဂါ ဖြစ်နေသူများကို ပစ်ထားခဲ့ပြီး ထွက်ပြေးကြသည်။

စန္ဒာမိသားစုမှာ ပြေးသင့် မပြေးသင့် စဉ်းစားရပြီ။ ထိုအခါတွင် မည်သည့်အရပ်သို့ ပြေးမည်နည်း။ မည်သည့် အလုပ် လုပ်ကိုင်စားသောက်မည်နည်း ဟူသည့် နောက်ဆက်တွဲ အမေး တက်လာသည်။ သို့ဖြင့် ရုတ်တရက် မပြေးဖြစ်ကြ။

မပြေးဖြစ်သော်လည်း အဟီဝါတ ကပ်ရောဂါကြီးက မနေချေ။ စန္ဒာတို့ တစ်အိမ်လုံးကို ကူးစက်တော့သည်။ စန္ဒာ၏ မိဘ နှစ်ပါးရော လင်ပါ အိပ်ရာထဲ၌ လဲတော့သည်။ စန္ဒာမှာ လူမမာ သုံးယောက်ကြားတွင် ပြေးလွှား ပြုစုနေရတော့သည်။

သို့ရှိစဉ် အဖေက လက်ယပ်ခေါ်ပြီး စန္ဒာအား ပြော၏။

“သမီး၊ အပင်ပန်းခံပြီး အဖေတို့ကို ပြုစုမနေနဲ့။ သည် ရောဂါက အဖေတို့ ထ, လမ်းမရှိတော့ဘူး”

“အဖေတို့ မသေရဘူး။ သမီး ဆေးဆရာခေါ်ပြီး ကုသမယ်”

စန္ဒာက ကြေကွဲ ဝမ်းနည်းစွာ တုံ့ပြန်၏။ အဖေက ခေါင်းခါပြ၏။

“ဆေးသမားလည်း အသက်နဲ့ပဲ သမီးရယ်၊ သူလည်း ပြေးပြီပေါ့။ သည်တော့ အဖေတို့ အမျိုး မပျောက်ပျက် ရအောင် နီးရာ နံရံကို ဖောက်ပြီး ထွက်ပြေးပေတော့။

“အဖေတို့ကို သမီး ဘယ်လိုလုပ်ပြီး ထားခဲ့ရပါ မတုံး အဖေရဲ့”

စန္ဒာမှာ ဝမ်းပန်းတနည်း ငိုကြွေးမိသည်။

“အဖေ့စကားကို နားမထောင်ရင် သမီးပါ ရောဂါ ဖြစ်မယ်၊ သေမယ်၊ အဖေတို့ အမျိုး တုံးသွားပြီ”

“ဟုတ်ပါတယ် သမီးရယ်၊ ညည်းအဖေ့စကား နားထောင်ပါ”

အမေကလည်း လေသံသဲ့သဲ့ဖြင့် တိုက်တွန်းသည်။ လင်မှာသော်ကား အသံပင် မထွက်တော့။ လက်ဟန်ဖြင့်သာ စန္ဒာကို နှင်နေသည်။

စန္ဒာတို့ နေရသည်မှာ တိုက်အိုကြီး တစ်လုံး အတွင်း၌ ဖြစ်သည်။ ဘဝတူ လူဆင်းရဲ မိသားစုပေါင်း နှစ်ဆယ်၊ လူတစ်ရာခန့် စုပြုံနေကြသည်။ သို့ဖြစ်သဖြင့် သားအမိ သားအဖတစ်တွေ အချီအချ ပြောနေစဉ်မှာပင် ဟော တစ်လောင်း၊ ဟော တစ်လောင်း ထမ်းထုတ် သွားကြသည်။

ခေါင်းမာနေသော စန္ဒာ ခေါင်းမမာနိုင်ပြီ။ ကြောက်ရွံ့လာပြီ။ တိုက်အိုကြီးမှာပင် ထွက်ပေါက် ဝင်ပေါက်ဟူ၍ တစ်ပေါက်တည်းသာ ရှိသည်။ ထို အပေါက်သို့ ရောက်ရန် လူနာပေါင်း များစွာကို ဖြတ်သန်း သွားရသည်။ သို့အတွက် စန္ဒာမှာ အုတ်နံရံကို ထုရိုက်ပြီး ပြိုကျလာသော အပေါက်မှ ဝမ်းလျားထိုးလျက် ထွက်ပြေး လာခဲ့တော့သည်။

တစ်ရွာလုံးမှာ ကျီးနှင့် ဖုတ်ဖုတ်ဖြစ်သည်။။ အသံဘလံ ဟူ၍ ဟစ်အော်ငိုကြွေးသံသာ ရှိသည်။ တစ်သက်လုံး နေခဲ့သော ရွာကို စန္ဒာ ကြောက်ရွံ့လာသည်။ ခြေဦးတည့်ရာ ပြေးလာခဲ့တော့သည်။

(ခုနစ်နှစ်တိုင်တိုင် အပိုင်း-၃ ဆက်တင်ပါမည်)


Read more...

ဓမ္မပဒ (၃၆)


(၃၆)
မြင်နိုင်ရန် အလွန်ခဲယဉ်း၊ အလွန်သိမ်မွေ့၍၊
မျိုးနွယ်နိမ့်မြင့် သင့်မသင့်ကို ချင့်တွက်မရှိ
တွေ့မိတွေ့ရာ ကာမဂုဏ်၌ ကျရောက်လေ့ရှိသော စိတ်ကို
ပညာရှိသည် စောင့်ရှောက်ရာ၏။
လုံခြုံစွာ စောင့်ရှောက်အပ်သော စိတ်သည်
ချမ်းသာကို ဆောင်တတ်၏။

(36)
Let the discerning man
guard the mind,
so difficult to detect and extremely subtle,
seizing whetever it desires.
A guarded mind brings happiness.
***

Read more...

အဇာတသတ် ကိုနော

ဂျိန်းကြောင်ဘွဲ့တံဆိပ်တော်ရ-အဇာတသတ် ဘဒ္ဒန္တ အရှင် ဦး ဆရာတော် ကိုနော

`ကိုနော....ကုလားတွေနဲ့ စကားမပြောတာ အတော်ကြာပြီနော်...။´
`အေးဗျာ...မမဝေ အထူထုတ် အဲ အဲ အထူးထုတ်မဂ္ဂဇင်းတော်ကြီးမှာလည်း နည်းနည်းပါးပါး ၀င်ဖွနေရသေး တယ် ဆိုတော့....ကိစ္စများမြောင် ရဟန်းဘောင်တဲ့ ကွာ..မှန်သလိုလိုတော့ရှိသား...နောက်ပြီး တစ္ဆေက လည်း ကိုက်ချင်ချင်ရယ်.....´
`လုပ်ပီ သင်္ကြန်က လိုပါသေးတယ်´
`စကားမစပ် ဓမ္မဂင်္ဂါကြီးရဲ့ အတွင်းသာ ဖတ်ဖြစ်လား...?
`အတွင်သားကို တူးဖြိုခြင်းလား, ဖတ်ဖြစ်ပါတယ်...ကောင်းတယ်ဗျ....။´
`ဟာ မင်းကလည်း သူ့ဟာ မကောင်းတာမှ မရှိတာကွာ...ဒါနဲ့ မင်းကို နည်းနည်းမေးကြည့်လို့ရမလား...?
`ကြီးကြီးကျယ်ကျယ်ဗျာ...အခွင့်တွေ ဘာတွေတောင်းလို့....ပြီးရင် ပြောချင်ရာပြောမှာကို သိနေတဲ့ ဥစ္စာ´
`လူကြီးလူကောင်းတွေဆိုတော့ တောင်းရသပေါ့ကွာ....လူကြီးလူကောင်းတွေ အခွင့်တောင်းပြီးမှ မေးရမယ် လို့ ဥပဒေရှိတယ် မဟုတ်လား...?
`ခင်ဗျား သဘောပါပဲ လေ...၊´

`ကဲ ဒီလိုဆို မေးပြီ ကိုပိန် ရေ...´
`လျှာရှည်လိုက်တာဗျာ...´
`ဗိုလ်ချုပ်အောင်ဆန်းဟာ ဘာဘွဲ့တွေ ရထားလဲဗျ...´
`ဗိုလ်ချုပ်ဘွဲ့ရတာ မကြားဖူးဘူး...လွတ်လပ်ရေးဖခင်ကြီးလို့တော့ အမြတ်တနိုးခေါ်ကြတယ်...´
` ဟုတ်ပီ အိန္ဒိယရဲ့လွတ်လွပ်ရေးဖခင်ကြီး(နိုင်ငံ့ဖခင်ကြီး)ကကော ဘယ်သူလဲ..?
`ဟာ အဲဒါက ခင်ဗျားပိုင်နက်လေဗျာ... ကိုနောက ကုလားတွေနဲ့စကားပြောတယ် မဟုတ်လား..?
`ဒါဆို ဒီလိုမှတ်ထားဗျ...မဟတ္တမဂန္ဓီကြီးကို ယုဂပုရိသ(တစ်ခေတ်တစ်ယောက်ထွန်း),ရဋ္ဌပိတာ(နိုင်ငံ့ဖခင်), ဗာပူ(ဘဘကြီး)လို့ အမြတ်တနိုးခေါ်ကြတယ်ဗျ...။´
`အော်.....အမြင်ဆုံး ဘာရတ်ရတန်(ဘာရတရတနာ)ဘွဲ့နဲ့ ဘယ်ကမြင့်လဲ...?
`့ဟာ တခြားစီကွာ....ဘာရတ်ရတန်က အစိုးရကပေးတာ...ဟိုနာမည်တွေက ပြည်သူတွေပေးတာ လေ...´
`ဟုတ်ပါပြီတဲ့ ဟုတ်ပါပြီ...ထင်သားပဲ...ပြောချင်ရာပြောမယ်ဆိုတာ...ဒါနဲ့ အတွင်းသားနဲ့ဘာဆိုင်လဲဗျ...?
`လာမယ်လေ...မလောပါနဲ့...အိန္ဒိယရဲ့ပထမဆုံးသမ္မတ ဘယ်သူလဲ ဟေ့..?
`ဒါကတော့ လူတိုင်းသိတယ်ကွာ...ဒေါက်တာ ရာဂျင်ဒရာပရာဆာဒ် ဗျာ..´
`အေး သူ့ကိုလည်း ပြည်သူတွေက နာမည်သုံးမျိုးနဲ့ခေါ်ကြတယ် ...´
`လင်းစမ်းပါဦး...ခပ်ကျဉ်းကျဉ်း´
`တတိယ ဗီဟာ(ရ်)ဂန္ဓီ ကွာ,ဒုတိယ ဒေရှ်ရတန်(ဒေသရတနာ)ကွာ,ပထမ ဘာဖြစ်မယ်ထင်လဲ...?
`ဟိုက် ရှားဘား ကိုယ် ဘယ်သိမလဲ... ကိုယ့်ကိစ္စ ကိုယ်ဆက်ရှင်းပေါ့...´
`မအံ့သြနဲ့နော်...အဇာတသတ် (အဇာတရှတ်တရု) တဲ့ကွ...´
` သြော ဟော် ဘယ့်နှာကြီးတုန်း....ပေးစရာနာမည် ရှားလို့ကွာ...´
` အဲဒါကြောင့် ပြောတာပေါ့...အတွင်းသားကို ဖတ်ပြီးပြီလားလို့....´
`အေး ဟေ...ရေးတေးတေးတော့ ဖြစ်လာပြီ...ဒါဆို အဇာတသတ်...ယှဉ်နိုင်တဲ့ ရန်သူမရှိ ဆိုတာမှန်ပြီပေါ့´
` အင်းပေါ့...´
`ဒါဆို အဋ္ဌကထာကို ဘယ်လို လုပ်မလဲ...?
`အေး ကိုယ်ကလည်း ပါရဂူမဟုတ်သေးတော့ မပြောတတ်ဘူး,မစ္စတာပါရဂူတော့ ပြောနိုင်လောက်တယ်... ထင်တာပဲ....ကိုယ့်အမြင်ကတော့ အဋ္ဌကထာဆိုတာ အဋ္ဌကထာပဲကွ...´
`ဟိုက် ရှင်းလိုက်တာ...´
` ဒါဆို အဲဒါ ထားလိုက်...ကိုနောက အဘိဓာန်ပေါင်းစုံ ခေါင်မြီးခြုံအိပ်နေသူဆိုတော့ တိတိကျကျလေး လုပ်ပါဦး...´
`ကောင်းပြီ....စာရှိတဲ့အတိုင်းပြောမယ်ကွာ....HINDI-ENGLISHအဘိဓာန်က(one)having no enemy(born), without adversary or equalလို့ ဆိုသကွာ..ဗြူဟစ်ဟိန္ဒီအဘိဓာန်ကြီးက ကုလားလိုပြောရမလား´
`ဟာ ဖေါက်ပြီ ဒီက ကောင်းကောင်းနားထောင်နေတာ..´
`ရန်သူမရှိသူ တဲ့.....ရာ့ဂ်ျပါလ်ဟိန္ဒီအဘိဓာန်ကြီးကလည်း ဒီအတိုင်းပဲ´
`ထူးတဲ့ အဘိဓာန် မရှိတော့ဘူးလား...?
` ရှိသေးတယ်ဗျို့...အိန္ဒိယသမိုင်းအဘိဓာန်(ဘာရတိယ ဣတိဟာစ် ကို့ရှ်)တဲ့...´
`လုပ်ပါဦး...ဘာတဲ့လဲ...?
` အဇာတသတ်ဟာ ဂျိန်းရော,ဗုဒ္ဓရော နှစ်ဦးလုံးကို ကိုးကွယ်ပါသတဲ့..´
` ဟုတ်... ဟုတ်ပါ့မလား ကိုနောရဲ့...´
` မပြောတတ်...စာကတော့ ဆိုတာပဲကွာ...´။
`ဒါနဲ့ အဇာတသတ် ကိုနော ဖြစ်ရောလား...?
` ဆိုင်ဆိုင် မဆိုင်ဆိုင် ဒီလိုပဲ ထွင်နေကြတာပဲ မဟုတ်လား....။
`ဒါပေါ့ ဒါပေါ့.............။
ကိုနော
၁၄.၃.၂၀၁၀




Read more...

သံသယကင်းသည့် နှလုံးသား (၁)


ကဗျာတစ်ပုဒ် ဦးနှောက်ရှုပ်
ချစ်တဲ့ သူမှာ၊ အပြစ်ရှာ၊ ဘယ်ခါ အပြစ်တွေ့မှာလဲ။
မုန်းတဲ့သူမှာ၊ အချစ်ရှာ၊ ဘယ်ခါ အချစ်တွေ့မှာလဲ -ဆိုသည့် ကဗျာတပုဒ်က ဦးနှောက်ကို အလုပ်ရှုပ်စေခဲ့သည်။
ချစ်ခင်ခြင်းနှင့် မုန်းတီးခြင်း၊ ယင်း အချက်နှစ်ချက်၏ မူရင်းပဓာနကို သေချာကျန ဝေခွဲမရခဲ့။

ချစ်ခြင်း၏ အခြားတဖက်မှာ
ချစ်ခင်ခြင်း၏ အခြားတဖက်တွင် ဆွေမျိုးသားချင်းဖြစ်နိုင်ရေး၊ ငယ်ပေါင်း ကြီးဖော်ဖြစ်နိုင်ရေး၊ နိုင်ငံတူရေး၊ လူမျိုးတူရေး၊ ဘာသာတူရေး စသည်တို့ကို အခြေခံလျက် သံယောဇဉ် ထားရှိနိုင်ခြင်း၊ အတူတကွ နေထိုင်နိုင်ခြင်း၊ သူ့အကျိုး ကိုယ့်အကျိုးကို ဆောင်ရွက်ပေးနိုင်ခြင်း၊ အနစ်နာခံနိုင်ခြင်းတို့က တပါတည်း တသားတည်း ကပ်လိုက်လာခဲ့ကြ၏။

လွယ်ကူသည့် ကိစ္စမဟုတ်

တစ်ယောက်နှင့်တစ်ယောက် သင့်သင့်မြတ်မြတ် အတူနေထိုင်နိုင်ဖို့ဆိုသည်မှာလည်း လွယ်ကူသည့် ကိစ္စမဟုတ်။ တခါတရံ မိဘသည်သော်မှ မွေးထားသည့် သားသမီးအပေါ် စိတ်တိုင်းမကျသည့် အချက်ပေါင်းများစွာရှိ၏။ မိဘတို့ဖြစ်စေချင်သည်က တမျိုး၊ သားသမီးတို့ ဖြစ်ချင်သည့်ဆန္ဒက တဖုံ၊ အတူစုံညီ မဖြစ်နိုင်သည်က များလှချေ၏။
ဒါကလည်း အမှန်တကယ်တော့ ထူးဆန်းလှသည်မဟုတ်။ သူ့ဝါသနာနှင့် သူ့စရိုက် ကိုက်ညီမှ အဆင်ပြေ ချောမွေ့စွာ ပေါင်းသင်းဆက်ဆံနိုင်မှာ ဖြစ်၏။

မိသားစုစိတ်ဓာတ်

မိဘနှင့်သားသမီး၊ ညီအကို မောင်နှမတို့သည် နေ့စဉ် နေ့စဉ် တွေ့မြင်ဆက်ဆံနေကြရ၏။ တခါတရံ မိသားစု ပျော်ရွှင်ငြိမ်းချမ်းမှုများနှင့် ကြုံခွင့် ဆုံခွင့် ရကြသလို၊ တခါတရံ မိသားစု ပြဿနာများနှင့် ကြုံရသည့်အခါ ကျိတ်မနိုင်ခဲမရ ကြိမ်မီးအုံးကြွသည့် အကြိမ်ပေါင်းလည်း ရေတွက်နိုင်မည်မဟုတ်။ အဓိကအားဖြင့် မိသားစု စိတ်ဓာတ်နှင့် မိသားစုပြဿနာဟု နားလည်သဘောပေါက်လျက် ဖြေရှင်းနိုင်ကြဖို့သာ အရေးကြီးပါ၏။ မိသားစု စိတ်ဓာတ်ကို အရင်းခံထားပါက အရာအားလုံးတို့ ပြေလည်သွားကြမည်မှာ အမှန်ဖြစ်၏။
မိဘတူကြလင့်ကစား ညီအကိုမောင်နှမ များစွာတို့မှာ စိတ်ဓာတ်နှင့်လုပ်ရပ်တွေ မတူညီကြ။ သို့သော် မိသားစုဝင် ညီအကိုမောင်နှမ သံယောဇဉ်ကို အခြေခံတည်ဆောက်ထားခြင်းကြောင့် အချိန်တန်တော့ ပြေလည်သွားကြ သည်ပင်။

ချစ်ခြင်းနှင့် မုန်းခြင်း

ချစ်ခြင်း မုန်းခြင်းတို့သည် သံယောဇဉ်နှင့် များစွာနှီးနွယ်နေ၏။ သံယောဇဉ်ကြောင့် အရာအားလုံးတို့ လင်းလက် တောက်ပနေကြသလို အရာအားလုံးတို့လည်း တိမ်ဖုံးသွားကြပြန်၏။ ယင်းကို အထက်ကို တွန်းပေးတတ်တဲ့ (ဥဒ္ဓံဘာဂိယ)သံယောဇဉ်နှင့် အောက်ကို ဆွဲခေါ်တတ်တဲ့ (အဓောဘာဂိယ) သံယောဇဉ်ဟု နှစ်မျိုးနှစ်စား ခွဲခြား၍ နာမည် ပေးလို့ ရနိုင်မည် ထင်ပါ၏။

သတိထားဖို့လို

တခါတလေ မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းရှိ နွှယ်နေတဲ့ သံယောဇဉ်တွေက ကွေးနေသည့် လမ်းကြောင်း၊ စောင်းနေသည့်လမ်းကြောင်းတွေကို လမ်းမှန်ပေါ်သို့ မရောက် ရောက်အောင် တွန်းပို့ပေးတတ်သလို၊ တခါတလေ ဖြောင့်နေသည့် လမ်းကြောင်းကိုလည်း မိမိပတ်ဝန်းကျင်က ကွေးသွား စောင်းသွားအောင် လုပ်တတ်ကြသေး၏။ သတိထားဖို့တော့ လိုမည်ထင်သည်။

သာယာသည့်လမ်းကြောင်းနှင့် ပျက်သုဉ်းသည့်လမ်းကြောင်း

ပြောချင်သည့်စကားကို ပြန်ကောက်ရလျှင် မိသားစု စိတ်ဓာတ်ကို အရင်းခံလျှက် ချစ်ခင်မှု ရင်နှီးမှု ဆွေးနွေး နှီးနှောတိုင်ပင်မှုတို့ဖြင့် အပြုသဘောဆောင် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းကြလျှင် တိမ်လွှာတိမ်ပြင် သံသယငွေမှင်တို့ မြူမှုန်မရှိ ပကတိ ဖြူစင်တောက်ပလျှက် သာယာသည့်လမ်းကြောင်းသို့ မလွဲမသွေ ရောက်ရှိနေမည်မှာ အမှန်ပင်။
သို့သော် မိသားစုစိတ်ဓာတ်ကို အရင်းမခံ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင် အမုန်းတရား အာဃာတများ ဝင်နေလျှင် မည်သည့်အလုပ်ကို မည်သို့ပင် ကောင်းအောင်လုပ်လုပ် ကောင်းသည်ဆိုးသည် မသိ။ ပကတိ အမုန်းစူးကြီးကြောင့် အရာအားလုံးတို့ ပျက်သုဉ်းသည့် လမ်းကြောင်းပေါ်သို့ အနှေးနဲ့အမြန် မလွယ်မသွေ ရောက်ရှိသွားကြမှာ အမှန်ပင်ဖြစ်၏။

ယုံကြည်မှုရှိဖို့

ဤနေရာတွင် လမ်းကြောင်းလမ်းမှန်ပေါ်သို့ ရောက်ရှိရန် ယုံကြည်မှုလိုလာသည်။ သံသယများနှင့် နေရသောဘ၀သည် အလွန်ပင် ပူလောင်လှ၏။ မိမိ၏ မိဘပင် ဖြစ်လင့်ကစား ကိုယ့်အပေါ်မှာ မိဘက မယုံကြည်၊ သံသယစိတ်နှင့် ဆက်ဆံနေလျင် သားသမီးတို့ဘ၀သည် မအေးချမ်းနိုင်။ ယုံကြည်မှု ကင်းမဲ့နေသော မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ မိတ်ဆွေအပေါင်းအသင်း၊ အလုပ်ရှင်နှင့် အလုပ်သမား စသော မည်သည့် အဖွဲ့အစည်းမဆို ဘယ်လုံဘယ်ပုံ လက်တွဲ နေနိုင်ကြမည်နည်း။ တဦးနှင့်တဦး ယုံကြည်ဖို့တော့ လိုမည်ထင်ပါသည်။

အတွင်းသိ အဆင်းသိ အချင်းသိ

တဦးတယောက်ကို ယုံဖို့ဆိုသည်မှာလဲ အကြောင်းသိ၊ အတွင်း၊ အဆင်းသိ၊ အရည်အချင်းသိမှ ယုံနိုင်မည်။ ယုံမိပြီ ဆိုပါက အရာရာတိုင်းသည် ကြည်လင်တောက်ပလာတော့၏။ ယုံကြည်မှုက စိတ်ချမ်းသာမှုအဖြစ်သို့ မရောက် ရောက်အောင် ပို့ဆောင်ပေးတော့၏။ ယုံကြည်မှု ရှိလာသည်နှင့်တပြိုင်နက် နေထိုင်ရသည့် လက်ရှိဘ၀အတွက် ပျော်ရွှင်လာတော့၏။ တစ်ဦးကို တစ်ဦး သဘောတူ ကြည်ဖြူ၊ နှစ်သက် လက်ခံလာတော့သည်။ တစ်ဘ၀နှင့်တစ်ဘ၀၊ တစ်ဦးနှင့်တစ်ဦး၊ နှစ်ကိုယ့်တစ်စိတ် ပေါင်းသင်းဆက်ဆံဖို့ဆိုသည်မှာ ထက်သလောက် မခဲယဉ်းတော့။ ဤသည်မှာ ယုံကြည်မှုကိုအခြေခံထားခြင့် ဖြစ်သည်။

အရည်အချင်း ရှိဖို့

တစ်ဦးနှင့်တစ်ဦး ယုံကြည်ဖို့ ဆိုသည်မှာ အရည်အချင်းရှိဖို့တော့ လိုမည်ထင်သည်။ အရည်အချင်း ဆိုသည်မှာလည်း လုပ်ဆောင်ရမည့် တာဝန် ၀တ္တရားများကို ဆိုလိုပါသည်။
ဥပမာ - မိဘနှင့် သားသမီး။ မိဘကို သားသမီးက ယုံကြည်ဖို့အတွက် မိဘတို့မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းများ ရှိဖို့ လိုအပ်ပေလိမ့်မည်။ မကောင်းတာတွေ လုပ်နေတာကို တိုက်တွန်းအားပေး၊ လမ်းကောင်းလမ်းမှန်ကို မညွှန်ပြ၊ ပညာသင်ချိန်မှာ ပညာသင်ပေးဖို့ ခွင့်မပြု၊ မတိုက်တွန်း၊ လမ်းမပြ၊ အရွယ်ရောက်လို့ သားသမီးအတွက် သင့်တင့်တဲ့ အိမ်ထောင်ရေးကို မဝေဖန် အကြံမပေး၊ မတိုက်တွန်းတတ်တဲ့ မိဘမျိုး။
သားသမီးများ အိမ်ထောင် ရက်သား ကျပြန်တော့ မိဘတို့ ဆောင်ရွက်ပေးရမယ့် ၀တ္တရားတွေ ပျက်ကွက်တတ်တဲ့ မိဘမျိုး၊ အဲဒီလို မိဘတွေကို ဘယ်သားသမီးတွေက ယုံကြည်ကြမည်နည်း။ သားသမီး မယုံကြည်သော မိဘတွေအတွက် ကြည်ကြည်လင်လင် ရက်ရက်ရောရော ကျွေးမွေး ပြုစု စောင့်ရှောက်မှုများ ရှိလာတော့မည် မဟုတ်ချေ။

တိုးတက်ပြန့်ပွား စည်ကားသာယာ

မိဘနှင့် သားသမီး၊ မယားနှင့်လင်၊ အလုပ်ရှင်နှင့် အလုပ်သမား၊ ဘုန်ကြီးနှင့်ဒကာ၊ ဆရာနှင့်တပည့်၊ မိတ်ဆွေ အချင်းချင်း ကြည်ကြည်ဖြူဖြူ ချမ်းချမ်းသာသာဖြင့် နေထိုင်ပေါင်းသင်း ဆက်ဆံနိုင်ဖို့ ဆိုသည်မှာ ကိုယ်လုပ်ရမည့် တာဝန် ၀တ္တရားများ မပျက်မကွက် ပြုလုပ်ကြပြီး၊ ပွင့်လင်းမြင်သာစွာဖြင့် ကိုယ့်တာဝန် ကိုယ်ကျေပွန်ကြပြီဆိုလျှင် မည်သည့်အစုဝင် မည်သည့်အဖွဲ့အစည်းမဆို ရေရှည် တည်တန့် ခိုင်မြဲ၍ တိုးတက်ပြန့်ပွား စည်ကားသာယာနေမည်မှာ အမှန်ပင်ဖြစ်၏။

ဆက်ရန်


မောင်ပညာ (မန်းတက္ကသိုလ်)

Read more...

Buddhism is not Religion - ဗုဒ္ဓဝါဒသည် Religion မဟုတ်ပါ

ကိုညီနောင်ရဲ့ တောင်းဆိုချက်ကြောင့်ပဲ သည်တရားကို ရှာဖွေဖြစ်ခဲ့ပါတယ်။ တရားတော်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများရှာဖွေ ပေးတဲ့ ဆရာဒေါက်တာလှမြင့် (ပါမောက္ခ- အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာပြုတက္ကသိုလ်) ကို အထူးကျေးဇူးတင်ရှိပါကြောင်းလည်း မှတ်တမ်းတင်ဖေါ်ပြလိုပါတယ်။

ဗုဒ္ဓဝါဒသည် Religion မဟုတ်ပါ ဟူသော အဆိုအမိန့်သည် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဗဟုဇနဟိတဓရ ဟူ၍ ဘွဲတံဆိပ်တော်သုံးထပ်ရ စစ်ကိုင်းတောင်ရိုး သီတဂူဆရာတော် ဘုရားကြီး ဘဒ္ဒန္တဒေါက်တာ ဉာဏိဿရ အရှင်မြတ် ဟောပြောတော်မူသော တရားတော်ဖြစ်ပြီး တိုတို တုတ်တုတ် ခေတ်မီတရားတော်တစ်ပုဒ် လည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ မြန်မာသံရုံးမှ စီစဉ်ကျင်းပသည့်
တရားပွဲအပြီး ( ဗုဒ္ဓဝါဒသည် Religion လား) ဟူသော မေးခွန်းကို ဖြေကြားခဲ့ရပြီး ယင်းအဖြေကို စာတမ်းပြု၍ ၁၈.၁.၈၂ နေ့က All India Radio မှ အသံလွှင့်ဟောကြားခဲ့သော တရားဖြစ်ကာ၊ နိုင်ငံခြားသာ သနာပြုတ ရားတော်လို့လည်းခေါ်ဆိုနိုင်ပါတယ်။


ကျွန်မ တင်ပြလိုသည် မှာ အပိုင်း ၂ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။ ဆရာတော်ကြီး ကိုးကားခဲ့တဲ့ စာအုပ်ဖြစ်တဲ့ - ကမ္ဘာအေးဆရာတော် ဘဒ္ဒန္တအရှင်ပညာဒီပ ရေးသားတော်မူတဲ့ ( “Buddha Desana” and “Essential principles for Enlightenment” by The Most Venerable Kaba-aye Sayadaw Bhaddanta Pannadipa.) မှ ကောက်နုတ်ချက်ကို အင်္ဂလိပ်ဘာသာ ဖြင့်တစ်ပိုင်း၊ သီတဂူဆရာတော် ဘုရားကြီးဟော ကြားတော်မူတဲ့ မြန်မာ ဘာသာနဲ့တရားတော် ကို အပိုင်းတစ်ပိုင်း၊ တင်ဆက်သွားပါ့မယ်၊ ပြီးမှ ၂ခုပေါင်းပြီး
E-Book အဖြစ်ပြန်တင်ပေးပါ့မယ်။ ပိုပြီး ပြည့်စုံတဲ့ မှတ်တမ်းရှိပါကလည်း ကျွန်မအားထောက်ပြ မျှဝေပေးပါရန်
ပန်ကြားအပ်ပါတယ်။

ကိုညီနောင် နှင့်တကွသော ဓမ္မစာပေမြတ်နိုးသူများ နှစ်သက်သလို ဖတ်ရှုအသုံးပြုနိုင်ပါကြောင်း၊ တောင်းဆိုတဲ့ အတွက်လည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပဏာမစကားဆိုပါရစေ။

---------------------------------------------------------------------------------------------------------------------
Buddhism is not Religion
NOT AN ISM


As the term “Buddhism” is exposed with the suffix “ism”, many are, however, led to believe incorrectly that it is a kind of isms like several other ideological isms, such as socialism, communism, capitalism, feudalism etc. Since the term is liable to confusion with other isms as described above, I am really afraid that Buddhism, especially Theravada
Buddhism, is not well understood in its proper sense by the majority of the people of the world.

As you may know, an ism is a system, theory, doctrine, method of practice and so forth, adopted by philosopher or politicians. Buddhism, however, is not a system of practice for material development only, nor is it theory merely to be studied, nor a doctrine revealed by the miracle power of Buddha. But Buddhism is the natural principles of man and the universe discoverable only by the supremely enlightened human individuals for moral and spiritual
attainment of the highest and noblest character now and hereafter or at least for self-purification and self-enlightenment.


NOT A RELIGION
The question of whether Buddhism is a religion as casually known and accepted depends either on one’s own inner attitude or conviction or on the definition of the term ‘religion’ referred to. If religion is defined as constancy in the acceptance of duty as a divine command or as self-surrender of human spirit to the Divine Power or God, or as a belief in the Divine Power or Heavenly Being for guidance on one’s destiny or for sanctifying any committed sins, then obviously Buddhism is not any such kind of religion.
If on the other hand, the religion is defined in a modern or wider sense as a system of thought, a rational faith or practice followed by individuals, or as an object of veneration and devotion for the attainment of mental perfection and peace of mind and body, and then Buddhism may be called a religion.
Most of world religions originally based their teachings on the idea of God. The believers in God always maintain that God is the supreme One who is eternally existent indefinitely everywhere in the heaven and elsewhere. Their ultimate aim is more or less ever connected or concerned with the will or command of God.
They ever pray to God to get rewards for their good and for sanctification of their sins. Such
being the case, when they say ‘religion’, they mean only the idea of God. In most cases, when they come up to the stage of unsolved mystery of thought, they hand up at last all their problems into the will of God.
Quite contrary to the above view, in Buddhism there is no Heavenly Being or Almighty God who can guide one to one’s own fate or destiny, make judgments on one’s own behavior or answer to any supplications of prayer.
In short, Buddhism believes in one’s own actions of how one as done either good or bad and in the results of how one has to reap the fruits as reaction out of their very actions previously done. For the aforesaid reasons Buddhism as seen from the western religious point of view, cannot possibly be called a ‘religion’.
(An excerpt from “Buddha Desana” and “ Essential principles for Enlightenment” by The Most Venerable Kaba-aye Sayadaw Bhaddanta Pannadipa.)

Read more...

ဓမ္မဥပဒေ ပြန့်ပွါးရေးအသင်းချုပ်၏ ရည်ရွက်ချက်နှင့် ဝေဖန်သူများသို့ဖြေရှင်းချက်


လောကဥပေဒ၊ ဓမ္မဥပဒေ ဟူ၍ ဥပဒေ နှစ်မျိုးရှိသည်။
လောကဥပဒေ-ဆိုသည်မှာ
လောကသားတို့ လိုက်နာရန်အတွက် သက်ဆိုင်ရာက ချမှတ်ထားသော စည်းကမ်း၊ ဘောင်၊ ကလနား- များ
ဖြစ်၍၊ ဓမ္မဥပဒေ ဆိုသည်မှာ ဘုရားသားတော်တို့ လိုက်နာရမည့် ဗုဒ္ဓကိုယ်တော်တိုင် မိန့်မြွက်တော်မူခဲ့သည့်
စည်းကမ်းနည်းလမ်းများ ဖြစ်သည်။

ထို ဥပဒေ နှစ်မျိုးသည် များသောအားဖြင့် အနုရောဓ- လိုက်လျောညီထွေမှု့ရှိတတ်သော်လည်း
တစ်ခါတစ်ရံ၌မူ ၀ိရောဓိ ဆန့်ကျင်ဘက် သဘောမျိုး သက်ရောက်နေသည်လည်း
ရှိတတ်ပါသည်။
ဥပမာ-
သာသနာတော်၌ အဓမ္မ၀ါဒီ တဦးပေါ်ပေါက်လာခဲ့လျှင် ဓမ္မဥပဒေ က မျက်နှာမပြ၀ံ့အောင်၊
ခေါင်းမဖော်ဝံ့အောင် နာမည်တပ်၍ နှိပ်ကွပ်ခွင့် ရှိပါသည်။
သို့သော်- လောကဥပဒေ အရ အဓမ္မ၀ါဒီကို နာမည်တပ်၍ တိုက်ရိုက်သုံးစွဲခွင့်
တိုက်ရိုက်နှိပ်ကွပ်ခွင့် မရှိပါ။ ထိုအခါမျိုး၌ ဘုရားသားတော်တို့ မျက်စိမိတ်၍ ရွေးချယ်ရတတ်ပါသည်။

ဓမ္မဥပဒေသဘောတရား တရားအရ ဥပမာဖြင့် ထင်စွာ ပြရလျှင်
အဒိန္နာဒါန သိက္ခာပုဒ် အရ ပိုင်ရှင်မပေးသော သူတပါး၏ ဥစ္စာကို ခိုးယူသော
သူသည် ခိုးယူဆဲခဏပင် ခိုးမူ့မြောက်၍ သိက္ခာပုဒ်ပျက်ဆီးက သူခိုးအဖြစ်သို့ ရောက်၏။
ထိုနည်းတူ ရဟန်းတော်တို့ စောင့်ထိန်းအပ်သော ၀ိနည်းသိက္ခာပုဒ်တွင် ဒုတိယပါရာဇိက သိက္ခာပုဒ်အရ
ရဟန်းတစ်ပါးသည် တစ်မတ်ထက် အဖိုးထိုက်တန်သော
ပိုင်ရှင်မပေးသော သူတပါး၏ ဥစ္စာကို ခိုးယူမည်ဟူသော စိတ်အကြံအစည်ဖြင့်
ခိုးမည့် အရာဝတ္ထု ပစ္စည်းကိုကိုင်လိုက်သော အခါ
ထိုပစ္စည်း နေရာမှ လက်တစ်ဆစ်ခန့် ရွေ့သွားလျှင်ပင် ခိုးမူ့မြောက်၍
ဒုတိယပါရာဇိက သိက္ခာပုဒ် အရ ပါရာဇိက ကျကာ ရဟန်းဘ၀ပျက်ဆီး ဆုံးရှုံးရပါ၏။

အထက်ပါ အချက်လက်တို့ကို ကြည့်လျင်
တခြားသူ တစုံတစ်ယောက် ဆုံးဖြတ်ချက်ချပေးမှာသာလျင် ထိုအပြစ်သည် သက်ရောက်သည် မဟုတ်
ကာယရှင် ကိုယ်တိုင်က ခိုးမူ့ကျူးလွန်ဆဲ အခိုက်တန့်မှာပင်
အပြစ်သက်ရောက်သည်မှာ ဓမ္မနည်းလမ်းကြောင်းအရ ကြည့်လျင် ထင်ရှားပါသည်

ထိုနည်းတူစွာပင် ဓမ္မစေတီ ဥိးကောသလ္လ နှင့် အခြားသော အဓမ္မ၀ါဒီများအားနာမည်တပ်၍
အဓမ္မ၀ါဒီ ဟု ဆိုခြင်းသည် သက်ဆိုင်ရာမှ ဆုံးဖြတ်ချက်မချရသေးသော်လည်း
သူတို့ ဟောသော တရားများကို သုံးသတ်၍ အဓမ္မ၀ါဒီ ဖြစ်သည်ဟု ဆုံးဖြတ်ချက် ချရပေမည်။

အခိုင်မာ ဖြစ်စေရန် အင်္ဂုတ္ထိုလ်လာ ဘုရားဟော တရားတော်များဖြင့် ထုတ်ပြရလျှင်

“ယေတေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ ဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇန အဟိတာယ ပဋိပန္နာ
ဗဟုဇန အသုခါယ ဗဟုနော ဇနဿ အနတ္တာယ အဟိတာယ ဒုက္ခာယ ဒေ၀မနုဿာနံ။
ဗဟုဉ္ဖ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ အသ၀န္တိ၊ တေစိမံ သဒ္ဓမံ အန္တရ ဒါပေန္တီ တိ။
(အင်္ဂုတ္ထိုလ်၊ ၁၊ ၁၈-၁၉)
ရဟန်းတို့ အကြင်ရဟန်းတို့သည် တရားစစ်တရားမှန် မဟုတ်သော အဓမ္မကို
တရားစစ်တရားမှန်ဖြစ်သော ဓမ္မဟုလည်းကောင်း၊
တရားစစ်တရားမှန် ဖြစ်သော ဓမ္မကို တရားစစ်တရားမှန်မဟုတ်သော အဓမ္မဟုလည်းကောင်း၊
ဝိနည်းစစ် ၀ိနည်းမှန် မဟုတ်သော အ၀ိနယ ကို ၀ိနည်းစစ် ၀ိနည်းမှန်ဖြစ်သော ၀ိနယ ဟုလည်းကောင်း၊
ဝိနည်းစစ် ၀ိနည်းမှန် ဖြစ်သော ၀ိနယ ကို ၀ိနည်းစစ် ၀ိနည်းမှနမဟုတ်သော အ၀ိနယ ဟုလည်းကောင်း၊
မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု လည်းကောင်း၊
မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်ဟု လည်းကောင်း၊
မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်၏ ဟုလည်းကောင်း၊
မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် မပြုအပ် ဟုလည်းကောင်း၊
မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ ဟုလည်းကောင်း၊
မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ် ဟုလည်းကောင်း ပြုကြကုန်၏
ရဟန်းတို့ ထိုရဟန်းတို့သည် လူအများစီးပွါးချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊
နတ်လူတို့ အစီးပွါးမဲ့ခြင်း၊ ဆင်ရဲခြင်းငှါကျင့်သည် မည်ကုန်၏။
ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကို ဖြစ်ပွါးစေသည်
မည်ကုန်၏ ဟု ဟောတော်မူအပ်ပါသည်။

တရားစစ်တရားမှန် မဟုတ်သော အဓမ္မကို တရားစစ်တရားမှန်ဖြစ်သော ဓမ္မဟုလည်းကောင်း၊
တရားစစ်တရားမှန် ဖြစ်သော ဓမ္မကို တရားစစ်တရားမှန်မဟုတ်သော အဓမ္မဟုလည်းကောင်း၊
မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု လည်းကောင်း၊
မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်ဟူသော အချက်များ အရ
ယခု ဓမ္မစေတီ ဦးကောသလ္လ နှင့် အခြားသော အဓမ္မ၀ါဒီ အဖွဲ့များ
ဟောပြောနေသော တရားများသည် အဓမ္မ ကို ဓမ္မ ဟုပြခြင်းစသည်ဖြင့် လူအများစီးပွါးချမ်းသာမဲ့ခြင်း၊
အကျိုးမဲ့ခြင်း၊ နတ်လူတို့ အစီးပွါးမဲ့ခြင်း၊ ဆင်းရဲခြင်းငှါ ဟောပြောနေ၍ များစွာသော
အကုသိုလ်တို့ကို ဖြစ်ပွါးစေကာသာသာနာတော်ကြီး ကွယ်ပျောက်အောင် ပြုလုပ်နေသည်မှာ ဆိုအပ်ခဲ့ပြီးသော အထောက်ထားများဖြင့်ထင်ရှားနေပါသည်။

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့က အဓမ္မ၀ါဒ အဖြစ်ဆုံးဖြတ်ပြီးသော
ဆူးလေဦးမြင့်သိန်း ၏ အဓမ္မတရား ဘုရားဟောမဟုတ်သော မဟုတ်မမှန်တရားများကို
ဓမ္မစေတီ ဦးကောသလ္လ က ပြန်လည်ဟောပြောနေခြင်းမှာ
ညွန်ကြားလွာ အမှတ် ၅၀ နှင့် ၉၄ အထောက်များအရ ခိုင်မာသော သက်သေဖြစ်တယ်ဆိုတာလည်း
ထင်ရှားပါသည်။
ထို့ပြင် အဓမ္မ၀ါဒ အဖြစ်ဆုံးဖြတ်ပြီးသော စာအုပ်စာတန်းများကို မိတ္ထူကူး၍
ဖြန့်ချီနေသည်မှာလည်း ကြားသိတွေ့မြင်နေရ၏။

သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အတိုင်း ထုတ်ဖော်ပြရအုံးမည် ဆိုလျှင်

စာမျက်နှာ (၂၀) အခန်း (၁)၊ အပိုဒ် (၂)၊ အပိုဒ်ခွဲ (က) ၌
“သာသာနာ ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးမတော်ကို ဆိုသည်” ဟု လည်းကောင်း၊

အပိုဒ်ခွဲ (င) ၌
“ထေရ၀ါဒ ဆိုသည်မှာ ပထမသင်္ဂါယနာမှ ဆဌသင်္ဂါယနာ အထိ သင်္ဂါယနာခြောက်တန် တင်ထားသော
ပါဠိတော်၊ အဌကထာ၊ ဋီကာ အစရှိသော ပိဋကတ်ကို ဆိုလိုသည်” ဟု လည်းကောင်း

အခြေခံစည်းမျဉ်း အခန်း (၂)၊ အပိုဒ် (၁၂)၊ အပိုဒ်ခွဲ (ဂ) ၌
ပရိယတ္တိသာသနာတော်ကို တိုးတက်စည်ပင် ပြန့်ပွါးစေရန်နှင့် ပိဋကတ်တော်နှင့် မညီသော ရေးသေားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို
တားဆီးကာကွယ်ရန် ဖြစ်သည်ဟုလည်းကောင်း ပြဆိုထားပါသည်။
ဤ ပြဆိုချက်များအရ မြတ်စွာဘုရား၏ အဆုံးမသာသနာတော်ဖြစ်သော ပထမသင်္ဂါယနာ မှ ဆဌသင်္ဂါယနာ အထိ သင်္ဂါယနာခြောက်တန် တင်ထားသော
ထေရ၀ါဒ ပါဠိတော်၊ အဌကထာ၊ ဋီကာ အစရှိသော ပိဋကတ်တော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို
အရေးယူ တားဆီးကာကွယ်နိုင်သည် ဟု ပါရှိပါသည်။

ထို့ကြောင့် မသိနားမလည်ကုန်သော ဗုဒ္ဓဘာသာဝင်များအား
မဟုတ်မမှန်တရားများကို လိင်လည်လုပ်ကြံ၍ဟောပြောနေသော
ဓမ္မစေတီ ဦးကောသလ္လ
ဆူနာမီ ဦးဥတ္တမသာရ၊
ကျော်ဟိန်း၊
ချစ်ငယ်၊
ဦးအေးမောင်၊
ပါရဂူ စသော
ပုဂ္ဂိုလ်များကို အဓမ္မ၀ါဒ အဖြင့် သက်ဆိုင်ရာမှ ဆုံးဖြတ်ချက် မချသေးသော်လည်း အဓမ္မ၀ါ ဖြစ်သည် ဟု
ဓမ္မဥပဒေ ပြန့်ပွါးရေး အသင်းချုပ်မှ အခိုင်အမာ ဆိုခဲ့ပေသည်။

ဆက်၍ ဆိုဦးအံ့.........
သာသနာတော်၌ အဓမ္မ၀ါဒ အ၀ိနယ၀ါဒီများ ပေါ်ပေါက်လာခဲ့ပြီ ဆိုလျှင်
အနုနည်းနှင့် ဖြေရှင်းရသည်လည်းရှိသည်၊ အကြမ်းနည်းဖြင့် ဖြေရှင်းရသည်လည်း ရှိသည်၊
တစ်ပါးတည်း ဖြေရှင်းရသည်လည်း ရှိသည်၊ အုပ်စုဖွဲ့၍ အင်းအားသုံးပြီး ဖြေရှင်းရသည်လည်း ရှိသည်။
ဤ ဓမ္မဥပဒေ ပြန့်ပွါးရေး အသင်းချုပ် သည် သာသနာတော်၌ ပေါ်ပေါက်လာသော
အဓမ္မ၀ါဒ အ၀ိနယ၀ါဒီများကို ဖြေရှင်းနိုင်ရန်အတွက် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်ပေ၏။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သံဃာ့ပရိသတ်နှင့် တကွ ဥပုသ်ပြုရန် ဥပုသ်အိမ်ထဲ၌
သီတင်းသုံးတော်မူလျက်ရှိပါသည်။
ထိုအခါ သံဃာ့ပရိသတ်ထဲတွင် ဒုဿီလ-သီလမဲ့ ရဟန်းတပါးပါဝင်နေ၍ မြတ်စွာဘုရားက
ဥပုသ်ပြုတော်မမူဘဲ ထိုင်လျက်သာ သီတင်းသုံးတော်မူပါသည်။
ဤသို့ ညဉ့်သုံးယာမ်ပတ်လုံး ကုန်ဆုံးသွားသည့် အခါ အရှင်မောဂ္ဂလာန်က အဘိညာဉ် တန်ခိုးဖြင့်
ကြည့်တော်မူသော အခါ ဒုဿီလရဟန်းတပါးကို တွေ့မြင်၍ သုံးကြိမ်တိုင် အပြင်ထွက်ဖို့
တောင်းပန်ရှာပါသည်။ သုံးကြိမ်တောင်းပန်လျက် မရသော အခါ အရှင်မောဂ္ဂလာန်သည်
ဒုဿီလပုဂ္ဂိုလ်ကို လက်မောင်ကိုကိုင်၍ အပြင်သို့ ဆွဲထုတ်ခဲ့ပေသည်။
(ဥပေါသထသုတ်၊ အံ၊ ၃၊ ၄၄/၅)

ဤ၀တ္ထုကို ထောက်လျှင် သာသနာတော်၏ ခလုတ်ဆူးညောင့်များ အင်အားမကောင်းပါက
တစ်ပါးတည်းဖြင့် သုတ်သင် ရှင်းလင်းသည့် အစဉ်လာရှိခဲ့သည်ကို တွေ့မြင်ရပေမည်။

သို့တည်းမဟုတ် သာသနာ့ရန်ဆူးရန်ငြောင့်ကို အုပ်စုဖွဲ့၍ မိုက်တွင်းနက်နေပါလျှင်
အင်အားသုံး၍ ချေမှုန်းရန် ဘဘုရားရှင်ကိုယ်တော်တိုင် ခွင့်ပြုခဲ့သည်ကို တွေ့ရှိရပေသည်။

အခါတစ်ပါး၌ ကီဋာဂီရိဂိုဏ်းသာ ရဟန်းများသည် ကုလဒူသကအနေသန မျိုးစုံဖြင့်
သာသနာကို ဖျက်စီးလျက်ရှိရာ မြတ်စွာဘုရားက အရှင်သာရိပုတြာနှင့် အရှင်မောဂ္ဂလာန် တို့ကိုခေါ်၍

“ချစ်သားတို့၊ ကီဋာဂီရိဇနပုဒ်ကို သွားကြ၊

သာသနာ့ရန်ဆူးရန်ငြောင့်တို့ကိုမောင်းထုတ်ကြ”
ဟု

စေခိုင်းတော် မူပါသည်။
ထိုအခါ အရှင်သာရိပုတြာက “စဏ္ဍာ တေ ဘိက္ခူ ဖရုသာ- မြတ်စွာဘုရား၊ အဲဒီရဟန်းတွေဟာ
ခက်ထန်ကြမ်းကြုတ်လှပါတယ်ဘုရား၊ ဘယ်လိုပုံမျိုးဖြင့် နှင်ထုတ်ရပါမလဲ ဘုရား” ဟု
လျှောက်တော်မူပါသည်။

ထိုအခါ မြတ်စွာဘုရားက

“တေန ဟိ တုမှေ သာရိပုတြာ ဗဟုကေဟိ ဘိက္ခူဟိ သဒ္ဓိံ ဂစ္ဆထ-

ဒါဆိုရင် ရဟန်းများစွာ ခေါ်သွား အင်အားသုံးပြီး နှင်ထုတ်ကြ” ဟု

နည်းပေးခွင့်ပြုတော်မူခဲ့ပါသည်။
အဂ္ဂသာဝက နှစ်ပါးလည်း ရဟန်းများစွာ ခေါ်သွားကာ သာသနာ့ရန်ဆူးရန်ငြောင့်တို့ကို
အပြီးတိုင် ခုတ်ထွင်ရှင်းလင်း သုတ်သင်တော်မူခဲ့ပေသည်။

ဤ၀တ္ထုကို သာဓက ပြုလျှင် အဓမ္မ၀ါဒီတို့ အားကောင်းပါက အင်အားသုံး၍ ချေမှုန်းသည့် အစဉ်လာသည်
မြတ်စွာဘုရားလက်ထက်ကတည်းက ရှိခဲ့သည်ဆိုတာကို သဘောပေါက်ရပေမည်။

ဆက်၍ ဆိုဦအံ့
မြတ်စွာဘုရား၏ သာသနာတော်မည်သည်ကား ခိုင်ခံ့သော ဥပဒေဖြင့် တည်ဆောက်ထားသည့်
ဓမ္မ၀ိနယ နိုင်ငံတော်ဖြစ်သည်။ သို့ဖြစ်၍ ခရီးသွားဟန်လွဲသဘောမျိုးဖြင့် သွားရင်းလာရင်း
သင့်ရောက်လေ့ရှိသော အပြစ်များဆိုလျှင် တစ်ပါးနှင့်တပါး အပြန်အလှန် တောင်းပန်ခြင်းဖြင့်
ကုစားရသည်။ ထို့ထက်ကြီးမားသော ပြစ်မှု့ကို ကျူးလွန်မိလျှင် သံဃာတော်များ ခွင့်လွတ်နိုင်
သည်အထိ ပရိဝါသ်ဆောက်တည်ပြီး ကုစားရသည်။
အကြီးမားဆုံး ဥပဒေကို မျက်ကွယ်ပြုလာလျှင်မူကား လူဝတ်လဲတန် လဲ၍လည်းကောင်း၊
လူချွတ်တန် ချွတ်၍လည်းကောင်း အပြစ်ပေး နှိပ်ကွပ်ရပေသည်။

ဤကား ၀ိနည်းဥပဒေကို ချိုးဖောက်လာပါက

နှိပ်ကွပ်ပုံ နှိပ်ကွပ်နည်းကို ပြဆိုခြင်း ဖြစ်ပါ၏။


ဓမ္မဥပဒေကို ချိုးဖောက်လာပါက ရောက်ရာအရပ်၊ ကြားရာအရပ်မှ မရပ်မနားပဲ
အပြေးသွား၍ ဆုံးမရသည်။
ဆုံးမမရက နှိပ်ကွပ်ရသည်။ အရှက်ရအောင် မျက်နှာမဖော်နိုင်အောင်
ခေါင်းမထောင်နိုင်အောင် ၀ိုင်းဝန်းနှိမ်နှင်းရသည်။
နောင်အခါ ဤကဲ့သို့ အဓမ္မ၀ါဒီများ မပေါ်ပေါက်ရအောင် ချက်ခြင်းလက်ငင်း
ဦးချိုးနှိပ်ကွပ်ရသည်။

မြတ်စွာဘုရားသည် ဥပဒေဖြင့် တည်ဆောက်ထားသော ဓမ္မနိုင်ငံတော်၌ ဓမ္မဥပဒေ ကို
ချိုးဖောက်သူကို တွေ့ရှိလာလျှင် ကိုယ်တော်တိုင်နှိပ်ကွပ်ရုံသာမက သူ၏ သာဝကများ
ကိုလည်း နှိပ်ကွပ်စေခဲ့သည်။ ယုတ်စွအဆုံး အနာထပိဏ်သူဌေးကြီးက တိတ္ထိဂိုဏ်းဆရာ
ကြီးများနှင့် တရားဆွေးနွေးရင်း တိတ္ထိဂိုဏ်းဆရာကြီးများ မဖြေနိုင်အောင် ပြဿနာများ
မေး၍ နှိပ်ကွပ်သည်ကိုပင် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်တော်မူခဲ့ပေသည်။

ထို့ကြောင့် အသင်းနှင့် ပတ်သက်၍ ဝေဖန်သူများသို့ ပြောကြားလိုပါသည်။
လောကဥပဒေကိုသာ နားလည်ပြီး ဓမ္မဥပဒေကို နားမလည်ဘဲ ဆရာကြီးလေသံမျိုးဖြင့်
အရှက်မရှိ စီဘောက်မှာ လာရောက်ပြောဆိုမနေပါနဲ့ ဝေဖန်နိုင်စွမ်းရှိလျှင် ပို့စ်ရဲ့ အောက်မှာ
နာမည်တပ်၍ တရားဝင်ဆွေးနွေးနိုင်သည်။
တခုတော့ သိထားရပေမည် လောက ဘက်မှ ရပ်တည်၍ ဓမ္မကို မျက်ကွယ်ပြုသူများ
မဖြစ်ဖို့ အရေးကြိးပေသည်။
လောက ဘက်မှ ရပ်တည်၍ ဓမ္မကို မျက်ကွယ်ပြုသူများဆိုသည်မှာ အရှက်မရှိသူ၊ သိက္ခာမဲ့သူ၊
အတ္တဆန်သူ၊ ဓမ္မကို တန်ဖိုးမထားသူ၊ တစ်ဘ၀ တစ်နပ်စာကိုသာ မက်မောသူ၊ မျိုးမစစ်သူ၊
အများမျက်နှာသာကြည့်၍ ဘုရားမျက်နှာ မကြည့်သူများကို ဆိုလိုပါသည်။

ကျမ်းကိုး ကျမ်းကားနှင့် အထောက်ထားပြကာ လက်ခံနိုင်အောင်
ဆွေးနွေးမယ်ဆိုရင် အချိန်မရွေး ဖိတ်ခေါ်သည်။
ဤ ဓမ္မဥပဒေ ပြန်ပွါးရေး အသင်းချုပ် သည် မြတ်ဗုဒ္ဓ သာဓုခေါ်မည့် အလုပ်မျိုးကို
လုပ်နေမည့် ဘုရားရှင်၏ တပည့်သား သံဃာများ နှင့် ဥပသကာ များဖြစ်၏။
မြတ်စွာဘုရားသက်တော်ထင်ရှား ရှိစဉ်က ဓမ္မစေတီ ဦးကောသလ္လ ဆူနာမီ စသည်တို့ကဲ့
အဓမ္မ၀ါဒီမျိုးများ ပေါပေါက်ခဲ့ဘူးပေသည်။
ထိုကဲ့သို့ အဓမ္မ၀ါဒီမျိုးပေါ်ပေါက်လာလျှင် မြတ်စွာဘုရားကိုယ်တော်တိုင် ခေါင်းမဖော်နိုင်အောင်
မျက်နှာမပြ၀ံ့လောက်အောင်၊ အရှက်ရအောင် နှိပ်ကွပ်တော်မူခဲ့ပေသည်။
ကေ၀ဋ္ဋ၏သား သာတိရဟန်းကို ဤနည်းဖြင့် နှိပ်ကွပ်ပြလိုက်ခြင်းမှာ
“ချစ်သားတို့၊ အနာဂတ် သာသနာ၌ ဒီလို မိစ္ဆာကောင်တွေ

ပေါ်ပေါက်လာလျှင်


ဒီလို ပြောင်ပြောင်တင်းတင်း နှိမ်နှင်းကြ” ဟု
လမ်းဖွင့်ပေးခဲ့ခြင်းပင် ဖြစ်၏။

မိစ္ဆာဝါဒီ နောက်လိုက် လက်ပါးစေတပည့်များသို့ အတိအလင်း ကျေညာလိုက်မည်
ပြောင်ပြောင်တင်းတင်း နာမည်တပ်၍ အရေးမခံချင်လျှင်
မြတ်စွာဘုရား သာသနာကို ပြောင်ပြောင်တင်းတင်း မစော်ကားကြနဲ့.......................


အရှင်ဝရသာမိ
ဓမ္မဥပဒေ ပြန့်ပွါးရေး အသင်းချုပ်

Read more...

ဘ၀ ဆင်းရဲ၊ ချမ်းသာတာ



ဘ၀ ဆင်းရဲတာ စိတ်မကောင်းလို့


တရားအားလုံးရဲ့
ရှေ့သွားခေါင်းဆောင်ဟာ စိတ်ပါ။
တရားအားလုံးရဲ့
အကြီး အမှုးဟာ စိတ်ပါ။
တရားအားလုံးဟာ
စိတ်ကြောင့်ပဲ ပြီးစီးးရပါတယ်။
ပျက်စီးတဲ့စိတ်၊ မကောင်းတဲ့စိတ်နဲ့
ပြုမယ်၊ ပြောမယ်၊ ကြံစည်မယ်ဆိုရင်
အဲဒီ ပုဂ္ဂိုလ်ရဲ့နောက်ကို
ဆင်းရဲဒုက္ခတွေပဲ
အစဉ်တစိုက် လိုက်ကြပါလိမ်မယ်။
ဘာနဲ့ဥပမာတူသလဲဆိုရင်
လှည်းတပ်ထားတဲ့ ၀န်ဆောင်နွားရဲ့ ခြေထောက်ကို
လှည်းဘီးက အစဉ်တစိုက်လိုက်ပြီး
နှိပ်စက်နေသလိုပါပဲ။ { ဓမ္မပဒဂါထာ-၁}

ဘ၀ချမ်းသာတာ စိတ်ကောင်းလို့

တရားအားလုံးရဲ့
ရှေ့သွားခေါင်းဆောင်ဟာ စိတ်ပါ။
တရားအားလုံးရဲ့
အကြီး အမှုးဟာ စိတ်ပါ။
တရားအားလုံးဟာ
စိတ်ကြောင့်ပဲ ပြီးစီးးရပါတယ်။
ကြည်လင်တဲ့စိတ်၊ ကောင်းတဲ့စိတ်နဲ့
ပြုမယ်၊ ပြောမယ်၊ ကြံစည်မယ်ဆိုရင်
အဲဒီ ပုဂ္ဂိုလ်ရဲ့နောက်ကို
ချမ်းသာသုခတွေပဲ
အစဉ်တစိုက် လိုက်ကြပါလိမ့်မယ်။
ဘာနဲ့ဥပမာတူသလဲဆိုရင်
အရိပ်ဟာ
အရိပ်ပိုင်ရှင် အရိပ်ထွက်ပစ္စည်းရဲ့နောက်ကို
အစဉ်တစိုက် မခွဲမခွာ
လိုက်ပါနေသလိုပါပဲ။ { ဓမ္မပဒဂါထာ-၂}




ညခင်း

ရွှင်လန်းချမ်းမြေ့ကြပါစေ။


Read more...

ပြယုတ်...


ပြယုတ်... Print this post


Read more...

ဗုဒ္ဓဘာသာဆိုတာ


ဗုဒ္ဓဘာသာဆိုတာ သိဒ္ဓတ္ထ ဂေါတမလို့ အမည်တော်ရတဲ့ ဗုဒ္ဓရဲ့ ဘဝနှင့် သင်ကြားပြသမှု (ဒေသနာတော်)မှ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အေဒီ ငါးရာစုမှာ အိန္ဒိယမြောက်ပိုင်း (အခုခေတ် နီပေါ)တွင် မင်းမျိုး မင်းနွယ် တွင် မွေးဖွားတော်မူပြီး၊ မင်းမျိုးမင်းနွယ် တစ်ဦး၏ အကျိုးကျေးဇူးကို ခံစားရသဖြင့် ဥစ္စာဓန ကြွယ်ကြွယ်ဝဝ၊ စည်းစိမ်ချမ်းသာ ပြည့်ဝစွာဖြင့် သူ့ကို ပြုစုစောက်ရှောက် လူလားမြောက်စေခဲ့ပါတယ်။ သို့တစေ လောကီ ချမ်းသာဟူသည် ချမ်းသာစစ် ချမ်းသာမှန်ဖြစ်မှုနှင့် အားရကျေနပ်မှုကို လုံလောက်သည့် အာမခံချက် မပေးနိုင်သည်ကို မကြာမီ ရှာဖွေ တွေ့ရှိခဲ့လေသည်။ လူသားတို့ ခံစာရနိုင်သည့် ဒုက္ခ၏ စေ့ဆော် တိုက်တွန်းခြင်းခံရသည်ဖြစ်၍သက်တော်နှစ်ဆယ့်ကိုးတွင် နန်းတော်က သူ့ဘဝကို စွန့်လွတ် ထားခဲ့ပြီး လူသားတို့အတွက် ချမ်းသာသုခ၏ သော့ချက်ကို စတင်ရှာဖွေခဲ့သည်။ ခြောက်နှစ်ကြာ အပြင်းအထန် ကြိုးမ်းမှု၊ ဒုက္ကရစရိယာကျင့်ကြံပြီးနောက် သက်တော် သုံးဆယ့် ငါးတွင် အနှောင်အဖွဲ့အားလုံး ဆင်းရဲ အားလုံးမှ လုံးဝလွတ်မြောက်ရာသို့ သွားရာလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤလမ်းကို လျှောက်ခြင်းဖြင့် သူ၏ ရှာဖွေတွေ့ရှိမှု၏ အထွဋ်အထိပ်ဖြစ်သည့် သဗ္ဗညုတဉာဉ်တော်ကို ရရှိတော်မူခဲ့ပါသည်။ ထိုအချက်မှ စတင်ကာ လူနတ်ဦးခိုက် ပူဇော်ထိုက်သည့် ဗုဒ္ဓဟု သိလာကြသည်။ သူ၏ ကျန်ရှိနေသည့် လေးဆယ့် ငါးနှစ်တာ ကာလကို အိန္ဒိယ မြောက်ပိုင်းတစ်ခွင်လုံးကို တရားဓမ္မဟောပြတော်မူရင်း၊ ရှာဖွေ တွေ့ရှိထား သည့် သစ္စာ တရား၊ အမြတ်ဆုံး အမြင့်ဆုံး ချမ်းသာ ဖြစ်သည့် နိဗ္ဗာန်သို့ သွားသွားရာလမ်းကို ဟောဖော် ညွန်ပြတော်မူရင်း လှည့်လည်တော်မူခဲ့သည်။ သူပရိနိဗ္ဗာန်ပြုတော် မူပြီးနောက် သူ့ဒေသနာများကို ဆက်လက်ဟောကြား ကျင့်ကြံနိုင်ကြရန် သံဃာဟု ခေါ်သည့် ဘိက္ခုနှင့် ဘိက္ခုနီ အဖွဲ့အစည်း ကိုလည်း တည်ထောင်တော်မူခဲ့သည်။ သက်တော်ရှစ်ဆယ်တွင် ဗုဒ္ဓရှင်တော်မြတ်သည် သူ့ကို ကြည်ညိုမြတ်နိုးကြသည့် တပည့် အပေါင်း ခြံရံလျက် ငြိမ်းချမ်းစွာ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါသည်။

နောင်ရာစုနှစ်ပေါင်းများစွာ ဗုဒ္ဓ၏ ဒေသနာတော်သည် အာရှ တိုက်ကြီးတခွင်သို့ ပျံ့နှံ့ ရောက်ရှိသွားသည်။ အရှယဉ်ကျေးမှု၏ အခြေခံအကြောင်းတရား၊ ဉာဏ် ပညာပိုင်းဆိုင်ရာ၊ ဘာသာရေး ဆိုင်ရာနှင့် အနုပညာရသ ခံစားမှုဆိုင်ရာ အကြီးကျယ်ဆုံးသော အောင်မြင်ပြီးမြောက်မှု၏ ရင်းမြစ် ဖြစ်လာခဲ့ပေသည်။ ရာစုနှစ် ပေါင်း နှစ်ဆယ့်ငါးခု ကုန်လွန်လာသည့်တိုင် ဗုဒ္ဓ၏ တရားဒေသနာ ကား စတင်ဟောကြားတော်မူခဲ့စဉ်ကနှင့်မခြား ဒီနေ့အထိလဲ အလွန်တရာမှ ဆီလျှော် သင့်အပ် ကောင်းမြတ်နေသေးသည်သာ။ ရှင်းရှင်းလင်းလင်း၊ လက်တွေ့ကျကျနှင့် ကြောင်းကျိုး သင့်လျော်သည့် ထိုတရားတော်သည် စိတ်ဓာတ်ဖွံ့ဖြိုးတိုက်တက်မှုသို့ သွားရာ တယူသန် တရားသေ မဟုတ်သည့်လမ်းကို ပေးအပ်ပါသည်။ ယင်းစိတ်ဓာတ် ဖွံ့ဖြိုးတိုးတက်မှုသည် ကိုယ်ကျင့်တရား ခိုင်မာမှု၊ စိတ်နှလုံး ဖြူစင်သန့်ရှင်းမှုနှင့် လူ့အခြေအနေ နှင့် ပတ်သက်သည့် အခြေခံ သစ္စာ တရားများကို ကိုယ်တိုင် ထိုးထွင်း သိမြင်မှုတို့ကို အလေး အနက်ထားသည်။ ထိုအချက်သည် ကမ္ဘာ့ အရှေ့ခြမ်း အနောက်ခြမ်းနှစ်ခုလုံးတွင် ဘာသာဝင်ဦးရေ တိုးပွားနေအောင် ဆွဲဆောင် သည့် အကြောင်း တရားများပင် ဖြစ်နေပေတော့သည်။

မှတ်ချက်: http://bodhimonastery.net/bm/about-buddhism.html မှ About Buddhism ကို ဘာသာပြန်သည်။ ဦးဉာဏ် ၁၃၊၀၃၊၁၀။

Read more...

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ (7)


(၁)

“ဦးဇင်းဘုရားရေ တရားနာပရိသတ်တွေကတော့ လန်ထွက်နေပေါ့ဘုရာ့၊ ထိုးထားတဲ့ မဏ္ဍပ်ထဲမှာတောင် မဆန့်တော့လို့ လမ်းမတွေပေါ်မှာ ဖျာတွေရော ယိုင်ပတ်တွေပါ ခင်းထားရပြီဘုရား”

ဤသို့လျှင် တရားပွဲသတင်းစကားကို အားတက်ဖွယ်ကြားရပေတော့၏။ အော် ဆွေတရား မျိုးတရား အကျိုးများအောင် မောင်ဘုန်းတစ်ပါး ဟောကြားရပေတော့မည်။ လေအဝှေ့နှင့်အတူ တစ်ချက်တစ်ချက် ဆောင့်တက်ကာ မွှေ့ပေသော ဖိုးလေးမြ၏ နိဗ္ဗာန်ဆော်သံကို အခံခက်သည့်တိုင် တရားအလေ့တွင် အမွေ့ ကြီးမွေ့ကြသည့် သူ့အမျိုးများကိုမူ အားရကျေနပ်မိရချေသည်တကား။

ဖိုးလေးမြ မည်သို့အော်၍ မည်ပုံပင် ဆော်စေကာမူ ခန္တီစတရားဖြင့် ပြန်ရီ(ရယ်)မပြနိုင်အားသော်လည်း သည်းခံရပေတော့မည်။ သို့သော် ဖိုးလေးမြကား ဘွဲ့များကို အလွဲရွတ်ဖတ်ကြေငြာရုံမျှနှင့် မပြီး “ ကျွန်တော် များရဲ့ ရွာလေးကို ခုလို နိုင်ငံတကာ (၇)ဘွဲ့ရဆရာတော်တစ်ပါး ကြွရောက်ချီးမြှင့်တာဟာဖြင့် ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်ခင်ဗျား။” တဲ့။ ဘယ့်နှာပါလိမ့်။ ပထမဆုံးနဲ့ နောက်ဆုံးဆိုပါကလား။ သူသည်ပင် နားမ၀င်ချင်သော်လည်း ဖိုးလေးမြစကားကို နား ဆင်ရချေသေး၏။

“ပရိတ်ချည်ဆရာတော်ဆိုတော့ တော်ရုံတန်ရုံသာမညောင်ည ကချွတ်ကချော် ရွာကျော်ရပ်ကျော်၊ ချောင်းကျော် မြောင်းကျော်ပွဲမျိုးကို နောင်များမှာ ကျွန်တော်များကို သနားသော်လည်း လာရောက်ဟောချင်မှ ဟောနိုင်တော့ မယ်ကိုးဗျာ၊ နော်ကွယ် မောင်သောင်းရွှေ”။ နိဗ္ဗာန်ဆော်ကြီးကား ဘေးမှ စာကြည့်တိုက်မှူး ကိုသောင်ရွှေကိုပင် မိုက်ခရိုဖုန်းထဲမှ လှမ်းညှိလိုက်ပေသေးသည်။

“အတိုင်းတိုင်းအပြည်ပြည်က မင်းတွေ ဆက်ကပ်ထားတဲ့ ဘွဲ့တံဆိပ်တော်တွေကလည်း အများသားမို့ ကျွန်တော်များရွာလေးနဲ့ လားလားမှ မထိုက်၊ ကျွန်တော်များကလည်း ဆရာတော်ဘုရားရဲ့ ဂုဏ်တော်နဲ့ကိုက် အောင် အနာမာသ၀တ္ထုတွေနဲ့လည်း ဦးခိုက်ပူဇော်နိုင်မယ် မဟုတ်ပေဘူးဗျနော်။ ”

ခုပွဲကလည်း ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဆရာရှင်နဲ့ မိခင်ဖခင်တွေ ကျန်းခန့်သာကြောင်း သတင်းကောင်းကြားလို၍ ကြွလာတဲ့အခိုက်မှာ အလိုက်ထိုက်လေးဟောတဲ့ပွဲပေကိုးဗျ။ သားကောင်း တစ်ယောက် ကျောက်ကောင်းတစ်စေ့ မွေးဖွားသန့်စင်ပေးလိုက်ကြတဲ့ ဖိုးကျော်သန်းတို့ မိရွှေမြင့်ခင်တို့ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ အသက်ရာကျော်ရှည်ကြ ပါစေ၊ နိဗ္ဗာန်တိုင်ပေါက် ရောက်နိုင်ကြပါစေ။”

စိတ်ကူးလည်း ပေါက်၊ ရောက်တတ်ရာရာ ပြောလည်းပြောတတ်ပါပေသော ဖိုးလေးမြတည်း။ ပရိတ်ချည်ဆရာ တော်တဲ့။ အနာမာသ၀တ္ထုနဲ့ ထိုက်အောင် ပူဇော်နိုင်မှာမဟုတ်လို့ နောက်တစ်ကြိမ်ကြွချင်မှ ကြွနိုင်တော့မှာ တဲ့။ နိဗ္ဗာန်ဆော်တရားအညွှန်းထဲမှာလည်း သူ့မိခင်ဖခင်များကိုပါ ဆွဲထည့်လျက် ရွှန်းရွှန်းဝေအောင် မေတ္တာဖောင်ဒေးရှင်းချလိုက်ပေသေးသည်။

ဖြစ်ချင်ရာဖြစ်ကြပစေတော့။ တရားပွဲကိုသာ မြန်မြန်ဟော မြန်မြန်နိဂုံးချုပ်လိုက် ချင်ပါပြီ။

“မောင်ပဉ္ဇင်းရေ ဦးလေးမြကတော့ အဆိုကောင်း အပြောကောင်းဘုရာ့။ ဒီနယ်တစ်ကြောမှာ အဟော အပြော ဘက်ကတော့ ဦးလေးမြမှီသူ ဘယ်ရှိလိမ့်မတုန်း”တဲ့၊ သူ့အနားတွင်ဆေးပေါ့လိပ်ခဲရင်းခပ်ဟဲဟဲဖြစ်နေရှာသည့် ဓမ္မကထိကခမည်းတော်ကြီးက ပြုံးပြုံးကြီးပြောလေ၏။ ဟုတ်ပေမှာပဲ။ ခမည်းတော်ဘုရား၏ အမည်နာမကြီးက ဖိုးလေးမြ၏ မိုက်ခရိုပါးစပ်အသိမ်းတွင် ဟိန်းဟိန်းကြီးမည်နေတော့သည်ကိုး။

(၂)

မည်သို့ဖြစ်စေ သူမျှော်လင့်နေသော ဓမ္မသဘင် ဆင်ယင်ကျင်းပမည့်အချိန်ကား အမှန်တကယ် ရောက်လာခဲ့ ပါ၏။ ဓမ္မကထိကလက်သစ်တစ်ပါးဖြစ်သည့် သူ့အနေဖြင့် ငယ်ဆရာသခင် ကျောင်းကြီးရှင်ထံမှ တရားပလ္လင် မတက်မီ သြ၀ါဒစကားကို နာကြားရပေမည်။ ဆရာသခင်သည်လည်း မွေးမြူမိသော တပည့်မျောက်လောင်း လေးက ရွာကျော်ရပ်ကျော် နိုင်ငံကျော်ကမ္ဘာကျော်ဟု နိဗ္ဗာန်ဆော်ကြီးက ကုန်းအော်ရလောက်အောင် ဘုန်းတောက်သွားသည်ကို ပီတိမျက်လုံးဖြင့် ခပ်ပြုံးပြုံးကြီးမှာပါလေတော့၏။

“ မောင်ပဉ္ဇင်းကို ဆရာစကား အများကြီးမပြောလိုပြီ။ ဆရာသင်ပေးလိုက်နိုင်သည်က အခြေခံစာမျှသာ ဆို သော်လည်း မောင်ပဉ္ဇင်းရဲ့ ဇွဲလုံ့လ ဥဿာဟနဲ့ အခြေခံပညာကို တိုးပွားအောင်အားထုတ်၍ ကောင်းကင် တမွတ် ကြယ်တွေလတွေပါ ဆွတ်နိုင်ခဲ့သောကြောင့် ယခုဆိုလျှင်တက္ကသိုလ်ပြည်က အဋ္ဌာရသပညာတွေ တောင် တတ်နေမင့်ဟာပဲ။”

“သို့သော်လည်း ပညာရှိတို့မည်သည် ဆိုခဲစေ မြဲစေပ။ မောင်ပဉ္ဇင်းရဲ့အမည်နောက်မှာ အတည်ပေါက်ရေးထားတဲ့ ဘွဲ့တော်တွေက ငါဆရာကိုယ်တိုင်ပင် ခပ်ရှိန်းရှိန်းဖြစ်လေသည်မို့ အများသူငါ ၊ ပိဋကတ်စာနဲ့ ဝေးသူ ကျေးတောသူ ကျေးတောသားတို့မှာ ဆိုဖွယ်ရာမရှိ ငုံးတိတိနဲ့ ယုံမိယုံရာ ယုံကြရှာပေတော့မည်။ ”

“မောင်ပဉ္ဇင်း၏ နှုတ်ထွက်စကားရပ်ကို အကုန်ပိဋကတ်ဟု ရောက်လာသမျှသောပရိသတ်က ယုံမှတ်ကြပေတော့မည်။ မောင်ပဉ္ဇင်း အပြောလွဲသည့်တိုင် သဘောတရားအမှန်ပဲဟု စွဲကြပေတော့မည်။ ထို့ကြောင့် ချစ်တပည့် မှတ်လေ။ “စကားဆို မရမ်းနှင့်။ တရားဆို မဆန်းနှင့် ”တဲ့ကွဲ့။ ဆိုတော့ကွယ် အဆန်းလည်း မထွင်ပါလေနဲ့ ။ အရမ်းလည်း မ၀င်ပါလေနဲ့၊ မောင်ပဉ္ဇင်းတို့တတ်ပွန်တဲ့ ဘိလပ်စကားကို ဆရာဘုန်းကြီး တစ်လုံးစနှစ်လုံးစ မှတ်မိသမျှလေးနဲ့ နိဂုံးချုပ်တော့မည်။ မန့်ခ်(monk)က မန့်ခ်လိုမနေရင် မန်းကီး(monkey)နဲ့ နီးတတ်သတဲ့ ကွယ်ရို့။ ငါ့တပည့်မြဲမြဲမှတ်လေ ” တဲ့။

အော် ကောင်းလေစွ၊ မှတ်ထိုက်လှပေစွ၊ ဦးညွတ်လိုက်နာသင့်ပေစွ။ ဆရာသခင်၏ စာသံပေသံ၊ ဘိလပ်သံ၊ အရပ်သံပါသောသြ၀ါဒတော်ကြီးသည်ကား ဓမ္မကထိကလက်သစ်၏ တရားလက်ဖြစ်ဟောမည့် အကြံသာ ရှိခဲ့ပါက အမှန်ပင် နောက်တွန့်သွားစေနိုင်လေသည်တကား။

နိုင်ငံခြားပြန်တပည့်ကို တစ်လုံးစ နှစ်လုံးစသော ဘိလပ်စကားဖြင့် အမှားမလိုက်အောင် တအားရိုက်ထည့် လိုက်လေသော ဆရာမြတ်ပေတကား။

(၃)

သို့သော် ဤမျှဖြင့် သူ့ဝန်တာမပြီးသေး။ ပလ္လင်တော်ဦးဆီသို့ တရားစိတ်ကူးဖြင့် ယတ်တောင်ကိုထမ်း သင်္ကန်းကို ရုံလျက် ချီတက်ကြွသွားရန် အသင့်ဖြစ်စဉ် နောက်တော်ပါးက ရွှေထီးဆောင်း၊ ငွေထီးဆောင်း သောင်းသောင်းဖျဖျ ၀န်းရံလိုက်ပါကြလေမည့် ကျောင်းဒကာ၊ ဘုရားဒကာ၊ တရားပွဲဖြစ်မြောက်ရေးကော်မတီ မင်ဘာလူကြီးမင်းများ၏ စကားကိုလည်း နာယူရပေသေး၏။

“ ဦးဇင်းဘုရားရေ ကျောင်းထိုင်ဘုန်းဘုရားက မည်သို့ပင် မိန့်ကြားသော်လည်း ပလ္လင်ပေါ်ရောက်သွားမှတော့ ဦးဇင်းဘုရားတရားပေါ့ဘုရာ့။”

”တပည့်တော်များက ငါတို့ဦးဇင်းဘုရားက ကျွမ်းကျင်တာက ဆယ့်နှစ်ဘာသာ။ နိုင်ငံတကာဘွဲ့တွေက စုံ။ ကမ္ဘာလည်း ကုန်လုနီးပါးရောက်ပြီးပြီလို့ ရှိသမျှလူကုန်နဲ့ ရွာလုံးတုန်အောင် ကြွားပြီးပြီနော်ဘုရား။ ”

“ရွှတ်ရှက်ဒွတ်ဒက်လေးနဲ့ ခပ်ထက်ထက်လေးဟောမှဘုရာ့။”

“ ဦးဇင်းဘုရားရဲ့ ကွန်ပြူတာတော်ကြီးလည်း မသယ်လို့မဖြစ်ဘူးနော်ဘုရား”

“ဒါနကထာ သီလကထာတွေကတော့ ရွာနီးချုပ်စပ်က ဆရာတော်တွေ ဟောကြလွန်းလို့ အပ်ကြောင်းထပ်ရုံမက စီဒီပွန်းအောင် နာကြရလှပါပြီ ဦးဇင်းဘုရားရယ်။”

“နိုင်ငံခြားအတွေ့အကြုံအဆန်းအသစ်လေးတွေနဲ့ လက်ဖြစ်တရားသဘောကို ဟာသစကားလေး နှောပြီး ပွဲကျအောင် ဟောမှကိုးဘုရား”

“တရားခေါင်းစဉ်လေးတွေလည်း နုနုလေးတွေမှနော်ဘုရာ့၊ အချစ်တွေ သံယောဇဉ်တွေ အနမ်းတွေ အကြင်နာတွေ များချင်သလောက်များဘုရား။ ရွာသူတွေဆိုပေမယ့် ဒီက လေဒီလေးတွေကလည်း ခေတ်မှီကြပါတယ် ဘုရာ့။ သမုဒယပွားတရားလေးတွေကိုမှ ရွေးနာချင်ကြသကိုး ကိုယ်တော်ရဲ့”

ဤသည် ဤမည်သော ဒိုင်ယာလော့ခ်ပုဒ်စုတို့သည်ကား တရားပွဲဖြစ်မြောက်ရေးမင်ဘာ လူကြီးမင်းများ၏ တစ်ယောက်လျှင် တစ်ပေါက်နှစ်ပေါက်မက သုံးလေးခါပင်ပေါက်ကြကာ နှီးနှောဝေဘန် အကြံကုန်ပေးကြလေ သော စကားများပင်တည်း။

အော် ဟုတ်ပေ၏။ တရားအမည်လေးကလည်း ပေးရပေဦးမည်။ ဆရာ့စကားတော်အရ တရားဆိုသည်က ဆန်း၍ မဖြစ်၊ သို့သော် တရားပွဲဖြစ်မြောက်ရေးကော်မတီမင်ဘာတို့၏ တွန်းချက်ညွှန်းချက်အရ တရားက လန်းရပေလိမ့်မည်။ နိုင်ငံခြားအတွေ့အကြုံလေးများဖြင့် ဖမ်းစားရပေဦးမည်။ ဘာသာစကား ဆယ့်နှစ်မျိုးဆိုသဟာကြီးကလည်းပါ၊ ဟာသလေးကလည်း နှော၊ နာမည်ချောချောလေးကလည်း ပေး။ မလွယ်ရေးချ မလွယ်လှသော မဟာအထူးတရားပွဲပေတကား။

ဆရာဘုန်းကြီးစကားနှင့်ဆိုရသော် မန့်ခ်ချင်မန့်ခ်၊ မမန့်ခ်လျှင်တော့ အဟမ်း အဟမ်း...ဟုသာ ချောင်းတစ် ချက်ဆိုးဟန်ပြု၍ ပလ္လင်တော်ရှိရာ တရားမဏ္ဍပ်သို့ ရှေးရှုချဉ်းကပ်ရလေတော့သတည်း။


Read more...

အရူးဗီတာမင်

ချို့တဲ့နေသလား.?..
ကြေအောင် ၀ါးစား...။

(+၀)
ငယ်ငယ်ရွယ်ရွယ်နဲ့...၊
လက်ဆော့လို့ သွေးစို့သွားတယ်...၊
တံတားကနီရဲ...
ဖျက်လို့မပျက် တကယ်...၊
ကိုဖုန်းမော် ရူးတယ်...။

(၁)
လူသားချင်း စာနာစိတ်နဲ့၊
ဂျွန်ယတောကို လက်ခံ စကားပြောတယ်၊
အမေ ရူးတယ်…။

(၂)
ဒီမှာ ကိုဝင်းတင်..
ဒီကိုပဲ ရောက်ရောက်လာတာ...
ခင်ဗျား အိမ်မဲ့၊ ယာမဲ့လား
အိမ်က ပေါ်ဆန်း စားဖို့ ငြင်းဆန်တယ်..
ဦးဝင်းတင် ရူးတယ်....။

(၃)
ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဆိုလား…
ဘုန်းကြီးလည်းမဟုတ်ဘဲ…၊
ကတုံးကြီးနဲ့…၊
ဇာဂနာ ရူးတယ်…။

(၄)
အကယ်ဒမီက ခါလီဖြစ်သွားတယ်…၊
မုတ်ဆိတ်မွေး ဗလဗျစ် သုဘရာဇာစစ်စစ်က…၊
ဒါရိုက်တာ ရုပ်ရှင်မင်းသား ပန်းချီဆရာဆိုလား…
ကိုကျော်သူ ရူးတယ်…၊

(!!)
အေးအတူ အပူမျှပေါ့ ကွယ်....
စီရင်ချက် ကျတဲ့နေ့ကို...၊
မင်္ဂလာ ရက်မြတ်ရွေးလို့...၊
ပြဿဒါးကို ရက်ရာဇာ လုပ်တယ်
ချစ်သူစုံတွဲလေး ရူးတယ်...။

(၅)
Cbox သော့ခတ်ထားပြီး…၊
ဘုန်းဘုန်းများ ကန်တော့ပါ ဘုရားတဲ့…၊
မသဒ္ဒါ ရူးတယ်…။

(၆)
အနုပညာ သမားဆိုတာ…
အပြောင်းအလဲ များနဲ့ပါတဲ့…၊
ဂင်္ဂါဂျီး ရူးတယ်…။

(၇)
ငယ်ငယ်ရွယ်ရွယ်နဲ့ ကြောင်သွားသူ…၊
ဂျိန်းတပိုင်း နောသာဂရတဲ့…၊
ကိုနော ရူးတယ်…။

(၈)
ပါရဂူလား ရူးယောင်ယောင်လုပ်နေတယ်…၊
မော်ကွန်းသစ် အရူးတွေကိုချစ်လို့တဲ့…၊
Crystal ကြည့်လုပ်မှပေါ့ကွယ်…၊

ကိုပိန်လည်း ရူးမယ်…၊
အခွင့်ခါသင့်တုန်း...
ပုဏ္ဏားများလည်း ရူးကြအုံး(ဦး)…။ ။
``အရူးတွေက စိတ်အချ ရဆုံး``…။ ။

။ ။ ။

ကိုပိန်
(၁၃.၀၃.၂၀၁၀)


ကဲ…ကဲ..
ဦးဇင်းလေး bhu
မင်းပြောတာ……မင်းပဲဆက်ရှင်း……။ ။

(မှတ်ချက် ။လာမည့်ရက် အနည်းငယ်တွင်း ဗာရဏသီ ပုဏ္ဏားအရူးစာရင်း ပြုစုသွားမည်ဖြစ်သည်၊ မရူးသေးရင် ဦးထားကြ....၊ ရူးပြီးသူများ သွက်သွက်ခါ ရူးကြ.....။ ကိုပိန်ကိုယ်တိုင် တုတ်ကိုင်လို့ လိုက်တို့ကြည့်မည်။ ကော်နက်ရှင်းလေး ကောင်းရင်ပေါ့၊ ပြန်ဆော်ရင်လည်း ကုန်းအော်မယ်နော်....အေ့...။)

Read more...

တစ်ပေါက်တည်းရှိတဲ့ ပါးစပ်



ပြောရအုံးမယ်ဗျ။ ရှင်လေးမော် တွေ့ ခဲ့တဲ့ လူကြီး တစ်ယောက်အကြောင်း။ အသက်က ခြောက်ဆယ် နီးပါလောက်တော့ ရှိပါပြီ။ ဒါပေမယ့် ယောင်ခြောက်ဆယ်ပါပဲ။ တရားထိုင်တာတို့ ၊ ပုတီးစိတ်တာတို့  သူဘာမှ ဟုတ်တိပတ်တိ မလုပ်ဖြစ်သေးပါဘူး။ ဒါကသူ့ အတွက် မလုပ်တာကိုပြောတာနော်။ အများ အကျိုးရော ဘာလုပ်လဲဆိုတော့ ဘာမှ မလုပ်ပါဘူး။ ကန့် လန့် ခံ၊ ပြောင်းပြန် လိုက်လုပ်တာပဲ ရှိတာ။ သူများ အတင်းပြောတာတော့ မဟုတ်ဘူးနော်။ ဒါပေမယ့် အတင်းပြောတာပါပဲ။

ဒါ ရှင်လေးမော် အထင်နဲ့  အရမ်းတုတ်နေတာ မဟုတ်ဘူး။ သူကိုယ်တိုင်ကို ၀န်ခံပြီး ပြောတာ။ သူ ဘုရား၊ တရား ဘာမှ မလုပ်ဖြစ်သေးဘူးဆိုတာ ယုံလို့ တော့ ရတယ်။ ဘာလို့ လဲဆိုတော့ သူ့ ကို ကြည့်လိုက်ရင် စကားဝိုင်းတွေမှာပဲ အမြဲတွေ့ ရတယ်။ သူဘာလုပ်နေလဲ သွားကြည့်။ များသောအားဖြင့် စကားထိုင်ပြောနေတာပဲ။ ပြီးတော့ တစ်ဖတ်က လူနဲ့  သူငြင်းနေတာ တွေ့ ရမယ်။ သူနဲ့ ပြောနေတဲ့ သူ တွေလည်း သူ့ ကို လက်ဖျား ခါနေကြပြီ။ အမေးမြန်းလည်း ထူလို့ တဲ့။

ပြီးတော့ စကားကလည်း သူကြီးပဲ ဒိုင်ခံပြော နေတာဆိုပဲ။ သူများက တစ်ခွန်းစ၊ နှစ်ခွန်းစ ၀င်ထောက်၊ ၀င်ပြောလိုက်ရင်လည်း မင်းဟာက ဟုတ်ရဲ့လား၊ ဖြစ်နိုင်ပါမလား စသဖြင့် စသဖြင့် မယုံသလိုလိုနဲ့  စောဒက တတ်တော့တာပဲ။ စာအုပ်၊ စာပေလေ့လာတာမျိုး၊ ကိုယ်ကိုယ်တိုင် လေ့ကျင့်တာမျိုး ဘာမှ ရှိတာမဟုတ်ဘူးရယ်။ သူများပြောတာ၊ သူများလုပ်တာကိုပဲ ဘုကလန့် ခံပြောတာဟာ သူ့ အလုပ်ပဲ။ သူများ အဖြူဆို၊ သူ ကအမည်းပဲ။ သူများအမှန်ဆိုရင်၊ သူအမှားပဲ။ တကယ်ပါ။ ဘယ်သူနဲ့ မှ သဘောထားချင်း တိုက်ဆိုင်တာမျိုး မရှိပါဘူး။ တကယ့် ဘုကြီး၊ ကန့် လန့် ကြီး။ ပါးစပ်ကိုတော့ မဟုတ်တာနဲ့ ဆိုရင် ကောင်းကောင်း အသုံးချနိုင်စွမ်း ရှိတဲ့ လူပဲ။

အပြောပဲ ရှိတာ။ အလုပ်ကျတော့ ဘာမှ လက်တွေ့  ကျကျ လုပ်ပြနိုင်တာ မဟုတ်ဘူး။ ပြောလိုက်ရင်တော့ သူ့ အကြောင်း မသိတဲ့ လူဆိုရင် ဘုရားလောင်းလို စိတ်ထားမျိုး ရှိတဲ့သူလို့  လွှတ်ခနဲ ထင်သွားမယ်။ သူ့  ကို ရှင်လေးမော်ကတော့ တိုးတိုးတိတ်တိတ် နာမည် ပေးထားလိုက်ပြန်တယ်။ ဘုရားမဖြစ်မယ့် ဘုရားလောင်းကြီးလို့ ။

အဲလို ပြောတာ မှားသွားတယ် ဆိုရင်လည်း ခွင့်လွှတ်။ အဲဒီလို လူမျိုးတွေ ဘယ်လောက်များနေလဲတော့ မသိ။ တကယ်တော့ လူဆိုတာ ကိုယ်က အပြောနည်းပြီး ကောင်းကောင်းနားထောင် ပေးတတ်တဲ့ အကျင့်ပဲ မွေးမြူ ရမယ်ဆိုတာ ဟုတ်တယ်ဗျ။

ကိုယ်သိတာလေးတွေကို ကိုယ့်ထက်သိတဲ့၊ တတ်တဲ့ သူနဲ့  ဆွေးနွေးချင်သပ ဆိုရင်တော့ ဒါဟာ တိုင်ပင်ရမယ်၊ ဆွေးနွေးရမယ်။ ကိုယ်သိတာ တကယ် ဟုတ်မဟုတ်၊ မှန်မမှန်ဆိုတာကိုလည်း ပိုပြီးတော့ လင်းသွားတာပေါ့ဗျာ။ သက်သက်ကြီး အထက်စီးက နေပြီးတော့ ဟုတ်တာ၊ မဟုတ်တာ အပထား ငါပြောတာပဲ နားထောင်ရမယ်ဆိုတာမျိုးတော့ မလုပ်သင့်ပေဘူးလေ။ အားပေးစကားတွေ၊ ဆုံးမစကားတွေ တတွတ်တွတ်နဲ့ ပြောနေရင်တောင်မှ ညည်းညူတတ်ကြတယ် မဟုတ်လား။ တခါတရံ ကိုယ်က ခရား ဖြစ်ပေးရသလို၊ တခါတရံမှာတော့ ခံခွက်လည်း ဖြစ်ပေးရမယ်။

ကိုယ့်ကပဲ ပြောချင်နေကြတာ မဟုတ်လား။ နားထောင်ပေးဖို့ ကြ ခက်ခဲနေတတ်ကြတယ်ဗျ။ ပြီးတော့ အကျင့်မပါတဲ့ သဘောကိုလည်း ဘုရားရှင်က ဘယ်တုန်းက ချီးမွမ်းခဲ့လို့ လဲ။ ဆိုတော့ အပြောနည်းစေ၊ အလုပ်များစေ။ အငြင်းအခုံလည်း ပပျောက်စေပေါ့။ ဒီနေရာမှာ ဒကာတော် လူထုစိန်ဝင်း ဘာသာပြန်ထားတဲ့ တေးကဗျာလေးကိုလည်း သတိရမိပ။ မမှတ်ရသေးရင် မှတ်ကြ၊ ကျင့်ကြ။

ပါးစပ်တစ်ပေါက်ပဲ ရှိတယ်
မင်းမှာ ပါးစပ်တစ်ပေါက်ပဲ ရှိတယ်
ဒါပေမယ့် နားရွက်နှစ်ဖက် ရှိတယ်။
ဒါကြောင့် တစ်ခါပြောပြီး နှစ်ခါနားထောင်ရတယ်။
အများကြီး မြင်နေရပေမယ့် နည်းနည်းပဲ ပြောရတယ်။
မင်းမှာ ပါးစပ်တစ်ပေါက်ပဲ ရှိတယ်
ဒါပေမယ့် လက်နှစ်ဖက် ရှိတယ်။
ဒါကြောင့် နှစ်ခုနဲ့  လုပ်ပြီး တစ်ခုနဲ့ ပဲ အစာစားရတယ်။
(မှတ်ချက်။ ။ အာဖရိကတိုက် တန်ဇန်နီးယားနိုင်ငံက “ချက်ပို” တိုင်းရင်းသားတို့ ရဲ့ ရိုးရာကျေးလက် တေးကဗျာလို့ ဆိုတယ်။)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP