* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, March 5, 2010

အဘိဓမ္မာ အပိုင်း ၃။ အခန်း ၂၄ (ဓာတ်ကြီးလေးပါး)

ဒီနေ့ ပြောပြရမည့် အဘိဓမ္မာ အစဉ်က ရုပ်တရား တစ်ပါးချင်း၏ သဘောအဓိပ္ပါယ်များပဲ ဖြစ်ပါတယ်။ ရုပ်တရား တစ်ပါးချင်းသည်၏ အဓိပ္ပါယ်ကို မပြောခင် ရုပ်တရားဆိုတာ ဘယ်လို သဘောလဲဆိုတော့ “အပူအအေးစတဲ့ အကြောင်းတရားတွေကြောင့် ဖောက်ပြန်မှု” သဘောပဲ ဖြစ်ပါတယ်။
အဘိဓမ္မာကျမ်းမှာ အနှစ်ချုပ် (မှန်ကန်တဲ့ အစစ်အမှန်တရား) ပရမတ္ထတရား -၄-ပါး ရှိပါတယ်။ သိတတ်တဲ့ သဘောက “စိတ်”၊ စိတ်ကို မှီပြီး ဖြစ်တတ်တာက “စေတသိက်”၊ ဖေါက်ပြန်မှုသဘောက “ရုပ်”၊ တဏှာဦးစီးတဲ့ ကိလေသာမှ ငြိမ်းအေးသည် “နိဗ္ဗာန်”။

ရုပ်တရား ဖောက်ပြန်တယ်ဆိုတာ.. ရာသီဥတုပူပြင်းတဲ့အခါ ခန္ဓာကိုယ်ညှိုးနွမ်းတယ်၊ ရာသီဥတု အေးတဲ့အခါ ခန္ဓာကိုယ် လန်းဆန်းမှု စသည်ဖြစ်တယ်၊ ဒေါသကြီးတဲ့အခါ ခန္ဓာကိုယ်ဆတ်ဆတ်တုန်တယ် စသည့် မူရင်းသဘောတစ်ခုကနေ ပြောင်းလဲသွားတဲ့သဘောကို ဖောက်ပြန်တယ်လို့ ဆိုလိုတာပါ။ ရာသီဥတုကြောင့် ဖောက်ပြန် ပြောင်းလဲတဲ့ သဘောက သက်ရှိသတ္တ၀ါတွေတင် မကပါဘူး၊ သက်မဲ့ သစ်ပင်၊ တောတောင်စသည်တို့လည်း ဖောက်ပြန်ပြောင်းလဲမှု ဖြစ်ပါတယ်။

ဒါဆို ရုပ်တရားတစ်ပါးချင်းသည်ရဲ့ အဓိပ္ပါယ်ကို လေ့လာကြစို့။
ရုပ်ပိုင်းမှာ အုပ်စု -၂-ခုရှိပါတယ်။ နံပါတ်တစ်က.... မဟာဘုတ် (သို့မဟုတ်) ဓာတ်ကြီး (၄)ပါးဖြစ်ပါတယ်။ နံပါတ်နှစ်က ဥပါဒါရုပ် -၂၄-ပါးဖြစ်ပါတယ်။ ရုပ်တရား ၂၈-ပါးမှာ မဟာဘုတ် -၄-ပါးက အခြေခံမူလ ရုပ်တရား ဖြစ်ပါတယ်။ ကျန်ရုပ်တရား ၂၄-ပါးက မဟာဘုတ် -၄-ပါးကို မှီပြီးမှ ဖြစ်ပါတယ်။ မဟာဘုတ် -၄-က ဟန်ချက်ညီညီ အလုပ် မလုပ်ဘူးဆိုရင် ကျန် ရုပ်တရား ဖြစ်တဲ့ -ဥပါဒါရုပ်တရားတွေက အလုပ် မလုပ်ပါဘူး။
မဟာဘုတ်ဆိုတာက... ကြီးမားတဲ့ အထည်ကိုယ် ရုပ်တရားလို့ ဆိုလိုပါတယ်။ (မဟာဘူတ=ဆိုတဲ့ ပါဠိစကားလုံးကနေ မဟာဘုတ်ဆိုပြီး မြန်မာစကားလုံး တစ်လုံးအနေနဲ့ ဖြစ်လာတာပါ။) မဟာ=ဆိုတာ ကြီးမားတယ်၊ ကြီးကျယ်တယ်။ ဘူတ=ဆိုတာ ဖြစ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ယင်းစကားလုံး -၂-လုံးပေါင်းလိုက်တော့ ကြီးမားတဲ့ အထည်ကိုယ်ရှိတယ်၊ ကြီးမားတဲ့ ဖောက်ပြန်မှု သဘော၊ ဖောက်ပြန် ပြောင်းလဲတဲ့အခါ ထင်ရှားတဲ့ သဘောတရားလို့ ပြောလို့ရပါတယ်။
မဟာဘုတ် -၄-ပါး (သို့မဟုတ်) ဓာတ်ကြီး -၄-ပါးက...
နံပါတ်တစ် ပထ၀ီ=ခက်မာမှုသဘောတရား။ ခက်မာမှုသဘောဆိုတာ ရုပ်အစုမှန်သမျှ၌ ခက်မာတဲ့သဘောတရားကြောင့် ဖွဲ့စည်းမှု ဖြစ်နေခြင်း ဖြစ်ပါတယ်။ ခက်မာမှု၊ မာကြောမှု သဘောလျော့သွားရင် ဘယ်အရာမှ မတည်တံ့နိုင်ပါဘူး။ ပျက်စီးသွားမယ်၊ ပြိုလဲသွားမယ်။ ခက်မာမှု ဒီပထ၀ီဓာတ်သဘောက ဖွဲ့စည်းထားလို့သာ ရပ်တည်နေနိုင်ကြတာပါ။
နောက် ဒုတိယ မဟာဘုတ် (ဓာတ်)တရားက အာပေါ=ယိုစီးမှု သဘောတရား။ ယိုစီးမှုဆိုတာ... အစေးဓာတ်သဘော ရုပ်အစုများ၌ ပျံ့နှံ့တည်ခြင်းသဘောပါ။ ယိုစီးမှု အစေးဓာတ်သဘောမရှိရင်လည်း ရုပ်ဝတ္ထုတခုဟာ မတည်တံ့နိုင်ပါဘူး။ ထင်ရှားတဲ့ ဥပမာလေးတခု ကြည့်လိုက်ပါ၊ အုတ်ဖုတ်တဲ့အခါ .. မူရင်းက မြေမှုန့် ပထ၀ီဓာတ်၊ နောက် အာပေါ=ရေဓာတ်၊ နောက် တေဇော=မီးဓာတ်၊ မြေမှုန်လေးများ အချင်းအချင်း တွန်းကန်စုစည်းထားမှု ၀ါယော=လေဓာတ်။ အဲဒီလိုဓာတ်ကြီး -၄-ပါး၊ (သို့မဟုတ်) မဟာဘုတ် -၄-ပါးနဲ့ ဖွဲ့စည်းထားလို့... အုတ်ခဲ့လေးတချပ်ဟာ တည်တံ့နေခြင်းဖြစ်ပါတယ်။ ဓာတ်ကြီး -၄-ပါးထဲက တစ်ပါးပါး ယုတ်လျော့နေရင် ပျက်စီးသွားမှာ ဖြစ်ပါတယ်။ အုတ်ခဲတစ်ချပ်ရဲ့ အသွင်မဟုတ်ပဲ အုတ်ကျိုးလေးနာမည်နဲ့တော့ ဓာတ်ကြီးလေးပါးက ဆက်လက်တာဝန်ယူကာ ဖွဲ့စည်းပေးထားမှာပါ။ ဒီဓာတ်ကြီး-၄-ပါးက နောက်ဆုံး မြူမှုန်အသေးအမွှားလေးအထိ ဖွဲ့စည်းမှုပေးနေတာပါ။ အုတ်ချပ်ပမာက ထင်ရှားတဲ့ ဖွဲ့စည်းမှုကို ပြောပြလိုလို့ ထုတ်ပြခြင်းပါ။
နောက်မဟာဘုတ်က... တေဇော=ပူမှု၊ အေးမှုသဘော။ ဘယ်ရုပ်တရားမဆို ပူမှု (သို့မဟုတ်) အေးမှုသဘောတရားလည်း ပါဝင်ပါတယ်။ အပူ၊ အအေးညီမျှမှု မရှိရင်လည်း ဘယ်အရာမျှ ကောင်းကောင်း မတည်တန့်နိုင်ပါဘူး။ လူတွေမှာ ဖျားနာတယ်ဆိုတာ အပူမမျှလို့ ဖြစ်သလို၊ အအေးဓာတ်လွန်ကဲလို့လည်း ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ “ဥသ္မာ” (“အုသ်-သမာ”)လို့ ခေါ်တဲ့ ကိုယ်ငွေ့ဓာတ်ဆိုတာ ရှိပါတယ်။ ယင်းကိုယ်ငွေ့ဓာတ်၏ အေးမှု၊ ပူမှုသဘောကို လူ့ခန္ဓာကိုယ်ရဲ့ တေဇောဓာတ်လို့ ခေါ်ပါတယ်။ သက်ရှိတွေမှာ ဒီပူမှု၊ အေးမှုဓာတ်သဘောကြောင့် ဖောက်ပြန်မှု သဘောရှိသလို, သက်မဲ့မှာလည်း ပူမှု၊ အေးမှုကြောင့် ပြောင်းလဲနေတာရှိပါတယ်။ သိသာတဲ့ ဥပမာတစ်ခုလောက်ကြည့်ကြစို့..... မနက်စောစော သစ်ပင်လေးများရဲ့ လန်းဆန်းပုံ၊ နေ့လယ်အခါ သစ်ပင်လေးများရဲ့ ညှိုးနွမ်းပုံလေးများကို လေ့လာခြင်းဖြင့် သိနိုင်ပါတယ်။
နောက်ဆုံးမဟာဘုတ်တရားက... ၀ါယော=တွန်ကန်လှုပ်ရှားမှု လေဓာတ်ဖြစ်ပါတယ်။ မိမိတို့တစ်တွေ သွားလာ လှုပ်ရှားတဲ့အခါ ဒီဝါယောဓာတ်လေးက တွန်ကန်မှု ရှိနေလို့ လက်မြောက်မှု၊ ခြေကြွမှုစတဲ့ သဘောလေးက ဖြစ်တည်နေတာပါ။ လေဓာတ်မရတဲ့နေရာဆိုရင် လူတစ်ယောက်ဟာ ရပ်နေရင် ရပ်နေတဲ့အတိုင်းကြီးပဲ ရပ်တည်နေပါတယ်။ လှုပ်ရှားလို့ မရပါဘူး။ အဲဒီအချိန်ဟာ လေဓာတ်လုံးလုံး မရှိတာတော့ မဟုတ်ပါဘူး။ ဓာတ်ကြီး -၄-ပါးမှာ လေဖိအားဓာတ် (၀ါယောဓာတ်) နဲနေလို့ ဖြစ်တာပါ။ အာကာသလေ့လာရေး သမားများအကြောင်းကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။
ဒီဓာတ်ကြီးလေးပါးက အညီအမျှ ဖြစ်နေရမှ လူဆိုရင် ကျန်းကျန်းမာမာ ရှိမယ်၊ တပါးပါးက အားနည်းနေရင် ရောဂါဖြစ်တယ်၊ တပါးပါးက အားကြီးနေရင် Balance-မဖြစ်တဲ့အတွက် သေနိုင်တယ်။ သစ်ပင်များဆိုရင် ဓာတ်ကြီး -၄-ပါးထဲ တပါး လွန်ကဲလို့ ဖြစ်စေ၊ နဲလို့ ဖြစ်စေ ခြောက်သွေ့သွားနိုင်၊ သေသွားနိုင်ပါတယ်။ဒါကြောင့် ဗုဒ္ဓမြတ်စွာက တချို့ဒေသနာတော်များမှာ ဒီလေးပါးကို လူကို ကိုက်ရင် ချက်ချင်းသေစေနိုင်တဲ့ မြွေကြီး -၄-ကောင်နဲ့ ဥပမာပေး ဟောလေ့ရှိပါတယ်။

လူတစ်ယောက်မှာ ဤဓာတ်ကြီး -၄-ပါးတို့ရဲ့ လုပ်ဆောင်ပုံကို ဒီလို မှတ်သားနိုင်ပါတယ်။ ဥပမာ... မြေနဲ့ လူရုပ်လေး တစ်ရုပ်လုပ်တယ်ဆိုပါစို့... မြေမှုန့်ချည်းသက်သက်ဖြင့် လူရုပ် တစ်ရုပ် မဖြစ်နိုင်သေးဘူးနော်၊ မြေမှုန့်ချည်းထားလျှင် လေတိုက်သဖြင့် လွင့်သွားပါလိမယ်။ ဒါကြောင့် ရေဖြင့် ဆွတ်ဖြန်းပေးရတယ်။ မြေနှင့်ရေ ပေါင်းမိရုံမျှဖြင့် လူရုပ်ဖြစ်နိုင်ပြီလား ဆိုတော့ မဖြစ်သေးဘူးနော်၊ ထိုရေဖြင့် ဆွတ်ဖြန်ထားသော မြေမှုန့်များ လုံးထွေးသွားအောင် စုပေးရဦးမည်၊ ထိုမျှလောက်ဆို လူရုပ်ဖြစ်ပြီလားဆိုတော့ မဖြစ်သေးဘူးနော်၊ ရေဆွတ်ထားသော မြေမှုန့်အစိုင်လေး စိုဖတ်ဖတ် မနေအောင် နေပူလှမ်းရအုန်းမယ်။ ထိုကဲ့သို့ မြေဓာတ်၊ ရေဓာတ်၊ (လုံးထွေးမိအောင် ပြုလုပ်သော) လေဓာတ်၊ (နေအပူဟူသော) မီးဓာတ်စသည်တို့ဖြင့် သင့်တင့် ညီမျှနေသော ရွံ့ကိုမှ အရုပ်လုပ်တတ်တဲ့ အရုပ်လုပ်သမားက ပြုလုပ်ပေးသဖြင့် လူရုပ်လေး ဖြစ်လာရတာပါ။
ထို့အတူပဲ... မိမိတို့ ခန္ဓာကိုယ်၌ မြေဓာတ် (မာကျောမှုဓာတ်သဘော)ကို လွင့်မသွားအောင် ရေဓာတ်က စိမ့်စိုလျက် တာဝန်ယူပေးပါတယ်။ စိုဖတ်ဖတ် မရှိရအောင် တေဇောဆိုတဲ့ အငွေ့ဓာတ်က အမြဲအငွေ့ပေးလျက် တာဝန်ယူပေးပါတယ်၊ ၀ါယောဆိုတဲ့ လေဓာတ်က တစ်ဖွဲ့စီ တစ်ဖွဲ့စီ တွဲမိနေအောင် ဖိညှပ်လျက် တောင့်ခံပေးထားရပါတယ်။ ထိုကဲ့သို့ ရုပ်အစိုင်အခဲကို တစ်ဖွဲ့စီတည်နေသော ဓာတ်ကြီးလေးပါးကို ပကတိမျက်စိဖြင့် ကြည့်ရှုလို့ကား မမြင်နိုင်ပါဘူး, ဘာဖြစ်လို့လဲဆိုတော့ အလွန်သေးငယ်တဲ့ ရုပ်မှုန်လေးများဖြစ်လို့ပါ။ ယင်းရုပ်မှုန်လေးများအဆင့်ဆင့် စုပေါင်းလျက် တည်နေတာကို မရမာဏုမြူလို့ ခေါ်ပါတယ်။ ရုပ်မှုန်ရုပ်မွှားလေးပါ။
ဓာတ်ကြီးလေးပါဖြင့် အစုအဖွဲ့များစွာ ပေါင်းမိတဲ့အခါကျမှ မိမိတို့ မြင်နေကြတဲ့ ထင်ရှားတဲ့ အသား, အရိုးစတဲ့ ပုံသဏ္ဍာန်များ ပေါ်လာတာပါ။ ထိုအသား, အရိုးစသည်ဖြင့် ဓာတ်ကြီး လေးပါး အစုအဝေးဖြစ်အောင် ရှေးကံကပါ စီမံလိုက်တော့ “လူ”ဟု ခေါ်နိုင်တဲ့ ရုပ်ကောင်ကြီး ဖြစ်လာတာပါ။ ရှေးကံဆိုတာ အခုနက အရုပ်လေးလုပ်တဲ့ အရုပ်လုပ်သမားလိုပါပဲ။ လူရုပ်ဖြစ်အောင် (လူဘ၀ရအောင် လုပ်ပေးတာက ရှေးကုသိုလ်ကံ (လူသဏ္ဍာန်တီထွင်သူပါ)။ တိရစ္တာန်ရုပ် (တိရစ္ဆာန်ဘ၀ရုပ်) ရအောင်ကား အကုသိုလ်ကံ အလုပ်သမားက လုပ်ပေးတာပါ။
ဤကဲ့သို့ မဟာဘုတ် -၄-ပါး (သို့မဟုတ်) ဓာတ်ကြီး -၄-ပါးက ရုပ်တရားမှန်းသမျှ၌ အလုပ် လုပ်တာ ဖြစ်ပါတယ်။ ဉာဏ်ရှိသလောက် စဉ်းစားကြည့်ပါ။မဟာဘုတ် (သို့မဟုတ်) ဓာတ်ကြီး -၄-ပါးအကြောင်း ဒီလောက်ဆို နားလည် လောက်ပါပြီနော်။ ဒီနေ့ ဒီမျှသာ။

ပြီးပါပြီိ ခင်ဗျာ၊ သိသလောက်ကျင့်နိုင်ကြပါစေ...



Read more...

အိမ်စောင့်နတ်နှင့်ပဋ္ဌာန်းရွတ်ခြင်း

အရှင်ဘုရား ....
တပည့်တော်က ပဋ္ဌာန်းတရားတော်ကြီးကို သိပ်ကြည်ညိုတဲ့ အတွက် အိမ်မှာ နေ့စဉ် ရွတ်ဖတ်ပါတယ်ဘုရား။ ဒါပေမဲ့ လူကြီးတချို့ က ]အိမ်မှာ ပဋ္ဌာန်းမရွတ်ကောင်းဘူး၊ ရွတ်ရင် အိမ်စောင့်နတ် မနေ နိုင်ဘဲ ထွက်ပြေးတတ်တယ်။ ရွတ်တဲ့သူ ဒုက္ခရောက်တတ်တယ်} လို့ ပြောကြပါတယ်ဘုရား။ အိမ်မှာ ပဋ္ဌာန်းရွတ်သင့်၊ မရွတ်သင့်၊ ရွတ်ရင် ဒုက္ခရောက်၊ မရောက် ဖြေကြားပေးတော်မူပါဘုရား။

မောင်ဇော်မျိုးအောင်၊ စမ်းချောင်းမြို့နယ်။

ဒကာဇော်မျိုးအောင်ရဲ့ မေးခွန်းကို ဖတ်ရတော့ ဦးပဉ္စင်းနဲ့ ခင်မင်ရင်နှီးတဲ့ ဒကာတစ်ယောက်ကို ချက်ချင်း သတိရလိုက်မိပါတယ်။ လူငယ်တစ်ယောက်ပါပဲ။ အိမ်မှာ ပဋ္ဌာန်းရွတ်ရင် ခိုက်တတ်တယ်ဆို လို့ သူက ရွှေတိဂုံဘုရားပေါ် တက်ပြီး ပဋ္ဌာန်းရွတ်တယ်တဲ့။ နေ့တိုင်း လည်း ဘုရားမတက်နိုင်တော့ တစ်ပတ်တစ်ခါ မွေးနေ့တိုင်းလောက်ပဲ တက်ပြီး ရွတ်ဖြစ်တယ်တဲ့။

တစ်ပတ်မှာ တစ်ရက်ပဲ ဘုရားပေါ် တက်ဖြစ်တော့ တစ်ပတ် မှာ တစ်ကြိမ်ပဲ ပဋ္ဌာန်းရွတ်တဲ့ ကုသိုလ် ရတော့တာပေါ့။ ကျန်တဲ့ ခြောက်ရက်မှာတော့ ဘုရားပေါ် မတက်ဖြစ်တဲ့အတွက် ပဋ္ဌာန်းရွတ်တဲ့ ကုသိုလ် ခြောက်ရက်လုံး လက်လွတ်ဆုံးရှုံးရတော့တာပေါ့။ ဘုရားပေါ် မှာမှ မဟုတ်ဘဲ အိမ်မှာလည်း ပဋ္ဌာန်းရွတ်မယ်
ဆိုရင် နေ့စဉ်နဲ့အမျှ ပဋ္ဌာန်းရွတ်တဲ့ကုသိုလ် တိုးပွားနေမှာ အမှန်ပါပဲ။ အခုတော့ အယူအဆ အမှားကို လက်ခံ
ယုံကြည်ပြီး လိုက်နာကျင့်သုံးမိတဲ့အတွက် ရသင့်ရထိုက် တဲ့ ကုသိုလ်တရားတွေ အများကြီး လက်လွတ်ဆုံးရှုံး
ခဲ့ရပါတယ်။

တကယ်တော့ ပဋ္ဌာန်းတရားဟာ နတ်ပရိသတ်တွေအတွက် အဓိကထားပြီး မြတ်စွာဘုရား ဟောကြားခဲ့တာပါ။ ဟောတာကိုက နတ်ပြည်မှာလေ။ နတ်ပြည်မှာ နတ်ပရိသတ်အတွက် ဟောထားတဲ့ တရားကို နတ်တွေက မနှစ်သက်ဘဲ ရှိပါ့မလား။ သူတော်ကောင်းနတ် မှန်ရင် ပဋ္ဌာန်းတရားကို ဘယ်သူ ဘယ်နေရာမှာရွတ်ရွတ် နှစ်သက်မြတ် နိုးစွာ လာရောက်နာယူမှာ သေချာပါတယ်။

ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ် မနေနိုင်ဘဲ ထွက်ပြေးရတယ်ဆို တာ သဘာဝမကျပါဘူး။ တကယ်ဆို ကိုယ်ရွတ်ပေးလို့ သူနာရပေ တယ်ဆိုပြီး ကိုယ့်အိမ်ကတောင် မခွာနိုင်အောင် ဖြစ်နေမှာပါ။ သူနာချင် တဲ့ ပဋ္ဌာန်းရွတ်ပေးတဲ့အတွက် ကိုယ့်ကို ကျေးဇူးတွေတင်ပြီး ခါတိုင်းထက် တောင် ကူညီစောင့်ရှောက်ဦးမှာပါ။

တကယ်လို့ ပဋ္ဌာန်းသံကြားတာနဲ့ ထွက်ပြေးတဲ့ အိမ်စောင့်နတ် ရှိခဲ့တယ်ဆိုရင်လည်း အဲဒီ အိမ်စောင့်နတ်ဟာ ဘုန်းကံမရှိတဲ့နတ်၊ သူတော်ကောင်းစိတ်မရှိတဲ့နတ်၊ သူယုတ်မာနတ်ပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလိုနတ်မျိုး ကိုယ့်အိမ်မှာ လာစောင့်နေလို့လည်း ကိုယ့်အတွက် ဘာ အကျိုးမှ ရှိမှာမဟုတ်ပါဘူး။ မနေနိုင်လို့ ထွက်ပြေးသွားလည်း ဘာမှ လွမ်းနေစရာ မလိုပါဘူး။ အဲဒီလိုနတ်မျိုး အိမ်ပြင်မှာ နေလည်း အလ ကား၊ အိမ်တွင်းမှာ နေလည်း အလကားပါပဲ။

ပဋ္ဌာန်းတရားအပါအ၀င် အဘိဓမ္မာတရားတော်တွေကို တာဝ တိံသာနတ်ပြည်မှာ မြတ်စွာဘုရား ဟောကြားတော်မူစဉ်တုန်းက တရား နာပရိသတ်ထဲမှာ အင်္ကုရ ဆိုတဲ့ နတ်သားတစ်ယောက်လည်း ပါဝင်ခဲ့ ပါတယ်။
အကုင်္ရနတ်သားဟာ တရားပွဲကို အစောဆုံး ရောက်လာပြီး ရှေ့ဆုံးက နေရာဦးထားတာပါ။ မြတ်စွာဘုရားရှင်ရဲ့ လက်ဝဲဘက်နေရာ မှာ အနားကပ်ပြီး နေရာဦးထားပါတယ်။ ဒါပေမဲ့ သူ့ထက် ဘုန်းတန်ခိုး ကြီးတဲ့ နတ်တွေ၊ ဗြဟ္မာတွေ ရောက်လာတိုင်း ရောက်လာတိုင်း နောက် ဆုတ်နောက်ဆုတ်ပြီး နေရာဖယ်ဖယ်ပေးနေရတဲ့အတွက် နောက်ဆုံး မြတ်စွာဘုရားရှင်နဲ့ ဆယ့်နှစ်ယူဇနာကွာဝေးတဲ့ နေရာကပဲ တရားနာခွင့် ရပါတော့တယ်။ နတ်ကြီးလာတော့ နတ်ငယ်နေရာဖယ်ပေးရတာပေါ့။

လူ့လောကမှာလည်း ဒီလိုပါပဲ။ ပွဲလမ်းသဘင်တစ်ခု၊ အခမ်း အနားတစ်ခု ကျင်းပပြီဆိုရင် ဂုဏ်ကြီးတဲ့လူ၊ မျက်နှာကြီးတဲ့လူတွေက ရှေ့ဆုံးက နေရာယူရပြီး ဂုဏ်ငယ်တဲ့လူ၊ မျက်နှာငယ်တဲ့လူတွေက နောက်ကနေ နေရာယူရပါတယ်။ ဂုဏ်ငယ်လေ နောက်ရောက်လေ ပါပဲ။

အိမ်မှာပဲဖြစ်ဖြစ်၊ ဘုရားမှာပဲဖြစ်ဖြစ်၊ နေရာဌာနတစ်ခုခုမှာ ပုဂ္ဂိုလ်တစ်ယောက်ယောက်က ပဋ္ဌာန်းတရား ရွတ်ပွားပြီဆိုရင် ဘုန်းတန် ခိုးကြီးမားတဲ့ နတ်တွေ၊ ဗြဟ္မာအတွေ တရားနာရောက်လာကြပါ တယ်။ အိမ်စောင့်နတ်အပါအ၀င် နဂိုက ရှိနေနှင့်ပြီးသားနတ်တွေက ဘုန်းတန်ခိုးနည်းပါးတယ်ဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်ဗြဟ္မာတွေ အတွက် (အကုင်္ရနတ်သားလိုပဲ)နေရာဖယ် နောက်ဆုတ်ပေးရတဲ့ အတွက် အဝေး ရောက်သွားနိုင်ပါတယ်။

အကုင်္ရနတ်သားဟာ အဝေး ရောက်သွားပေမယ့် မြတ်စွာ ဘုရားရှင်ကို စိတ်မဆိုးဘဲ အဝေးကနေ တရားနာယူသလို အဝေးရောက် သွားတဲ့ အိမ်စောင့်နတ်ဟာလည်း ပဋ္ဌာန်းရွတ်ပွားသူကို စိတ်မဆိုးဘဲ ကိုယ့်ကံကိုယ် နားလည်စွာနဲ့ အဝေးတစ်နေရာကနေ ပဋ္ဌာန်းတရား နာကြားနေမှာပါ။ လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် ကိုယ်နဲ့ ထိုက်တန်တဲ့နေ ရာကို ကိုယ်ရစမြဲ မဟုတ်လား။ ကိုယ့်ကံက ပေးတဲ့နေရာမှာ ကိုယ်ကျေ နပ်စွာ နေရမှာပဲလေ။

ပဋ္ဌာန်းတရား နာကြားပြီး ကိုယ့်ထက်ဘုန်းတန်ခိုးကြီးတဲ့ နတ် တွေ၊ ဗြဟ္မာတွေ ကိုယ့်နေရာကိုယ် ပြန်သွားတဲ့အခါ အိမ်စောင့်နတ် လည်း အိမ်မှာ နေမြဲတိုင်း ပြန်နေခွင့်ရသွားပြီပေါ့။ ပဋ္ဌာန်းတန်ခိုးကြောင့် သူ့ရဲ့ ဘုံဗိမာန် စည်းစိမ်ချမ်းသာတွေတောင် နဂိုကထက် ကြီးကျယ်ခမ်း နားလာမှာ သေချာပါတယ်။ ဒါဆိုရင် ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ်မှာ အကျိုးမယုတ်တဲ့အတွက် ပဋ္ဌာန်းရွတ်သူကိုလည်း အိမ်စောင့်နတ်က ဘာမှ ဒုက္ခပေးမှာ မဟုတ်ပါဘူး။ ဒုက္ခမပေးတဲ့အပြင် ကောင်းကျိုးချမ်း သာ အဖြာဖြာနဲ့ ပြည့်စုံအောင်တောင် အကူအညီပေးပါလိမ့်ဦးမယ်။

တကယ်လို့ ကိုယ့်အိမ်မှာရှိတဲ့ အိမ်တွင်းနတ်တွေ၊ အိမ်ပြင်နတ် တွေက နတ်လို့ နာမည်ခံထားတဲ့ မကောင်းဆိုးဝါးတွေ၊ အစိမ်းသရဲတွေ၊ ဖုတ်ပြိတ္တာတွေ၊ နတ်မိစ္ဆာတွေဖြစ်နေခဲ့မယ်ဆိုရင်တော့ ပဋ္ဌာန်းတရားကို နားခါးပြီး ထွက်ပြေးချင် ပြေးပါလိမ့်မယ်။ သူယုတ်မာနဲ့ သူတော်ကောင်း တရား မအပ်စပ်လို့ ကြောက်ရွံ့
ထိတ်လန့်စွာ ထွက်ပြေးသွားကြတဲ့ ]တရားမကြိုက် နတ်ငမိုက်} တွေ ကိုယ့်အိမ်မှာ မရှိတော့တာ ပိုတောင် ကောင်းပါသေးတယ်။ ၀မ်းနည်းစရာမဟုတ်ပါဘူး၊ ၀မ်းသာစရာပါ။

ဝေသာလီပြည်မှာ ကပ်ဘေးကြီးတွေ ဆိုက်ရောက်ခဲ့စဉ်တုန်း က မြတ်စွာဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေ ရတနသုတ် လှည့် လည်ရွတ်ဆိုကြတော့ ဘုန်းတန်ခိုးကြီးတဲ့ နတ်ဗြဟ္မာတွေ တရားလာ နာကြတဲ့အတွက် မကောင်းဆိုးဝါးတွေ၊ နတ်မိစ္ဆာတွေ မြို့တွင်းမှာ မနေ နိုင်တော့ဘဲ အိုးနင်းခွက်နင်း ထွက်ပြေးသွားကြပါတယ်။ ဝေသာလီပြည် လည်း ကပ်ဘေးကြီးတွေက လွတ်မြောက်ပြီး ချမ်းသာရာ ရခဲ့ပါတယ်။

ပဋ္ဌာန်းတရားပဲရွတ်ရွတ်၊ တခြားတရားပဲရွတ်ရွတ်၊ ကိုယ့်ဘက် ကတော့ မကောင်းဆိုးဝါးတွေ၊ နတ်မိစ္ဆာတွေ၊ တန်ခိုးနည်းတဲ့ နတ်တွေ ကိုယ့်ပတ်ဝန်းကျင်မှာ မနေနိုင်ဘဲ ထွက်ပြေးသွားစေချင်တဲ့ ရည်ရွယ်ချက် ဆိုးမျိုး မထားနဲ့ပေါ့။

အယုတ်အလတ်အမြတ်မရွေး ဘယ်သတ္တ၀ါမဆို တရားနာယူပြီး ကောင်းကျိုးရစေချင်တဲ့ ရည်ရွယ်ချက်
ကောင်းပဲ ထားပြီး ရွတ်ပါ။ကိုယ့်ဘက်က ရည်ရွယ်ချက်ဆိုးပြီး မေတ္တာတရား ခေါင်းပါး နေရင်တော့ အဝေး ထွက်ပြေးရတဲ့ နတ်တွေက နေနှင့်ဦးပေါ့ကွာ၊ အလှည့်ကျရင် မနွဲ့စတမ်းဟေ့ ဆိုပြီး ကိုယ့်ကံနိမ့်တဲ့အခါ၊ ရွတ်ဖတ်မှု ပြတ်သွားတဲ့အခါမျိုးတွေမှာ တုံ့ပြန်ကလဲ့စားချေတတ်ပါတယ်။ ကိုယ့် စေတနာ ကိုယ့်အကျိုးပေးတာပါပဲ။

အကောင်းဆုံးကတော့ ပဋ္ဌာန်းတရားပဲဖြစ်ဖြစ်၊ တခြားတရား ပဲဖြစ်ဖြစ်၊ တရားတော် တစ်ခုခု ရွတ်ဖတ်ပူဇော်မှု ပြုတော့မယ်ဆိုရင် ပထမဦးဆုံး မေတ္တာဘာဝနာ ပွားများ၊ မေတ္တသုတ် ရွတ်ဆိုပြီးမှ ပြုတာ အကောင်းဆုံးပါပဲ။ မေတ္တာတရားပေးဝေမှုကို သတ္တ၀ါတိုင်း နှစ်သက်လို လားကြတာမို့ ဘာတရားတော်ပဲရွတ်ရွတ်၊ မေတ္တသုတ်ကို အရင်ရွတ်ပါ၊ မေတ္တာဘာဝနာ အရင်ပွားပါလို့ ဒကာဇော်မျိုးအောင်ကို မေတ္တာနဲ့ အကြံ ပေးလိုက်ပါတယ်။

ပဋ္ဌာန်းတရားကို အိမ်မှာလည်း ရွတ်သင့်ပါတယ်၊ ရွတ်ခြင်း ကြောင့် ဒုက္ခမရောက်တဲ့အပြင် ကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနိုင်ပါတယ်လို့ ....။
Ashin Sandardika (Shwe Parami Tawya)


Read more...

“လာမည့်ဘေး ပြေးတွေ့”




“လာမည့်ဘေး ပြေးတွေ့”

ဘာသာရေးကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်

အင်း….
လဘက်ရည်ဆိုင်စကားဝိုင်းကအပြန်..
စဉ်းစားမိလို့ ရင်မောရပါတယ်…။

ပင်လယ်ကြီးရဲ့ လေးပုံတစ်ပုံလောက်ရှိတဲ့
ရေခဲတုံးကြီး အရည်ပျော်လာပြီ….။

ချီလီနိုင်ငံနဲ့ အခြားနိုင်ငံတချို့တွေမှာ
ငလျှင်အကြီးအကျယ်လှုပ်လို့ လူတွေအတုန်းအရုန်း
အများကြီးသေကုန်ကြပြီဆိုပဲ..။

နေမင်းကြီးနဲ့ ကမ္ဘာကြီးရဲ့ကြားမှာ
အင်္ဂါဂြိုလ်က ၀င်လာပြီး
အချိန်အကြားကြီး အမှောင်ကျနေမယ်တဲ့၊
ဒါဆိုရင် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီးများ
အမှန်တကယ်ပျက်တော့မှာလား…?။

နာဆာသိပ္ပံပညာရှင်တွေက
တစ်ခြားပြင်ပဂြိုလ်ကို ပြောင်းကြဖို့
နည်းမျိုးစုံနဲ့ သုသေသနတွေပြုလုပ်ပြီးကြပြီတဲ့။

အင်း..
ကျွန်တော်တို့ကတော့ ဗုဒ္ဓဘာသာဝင်ပီပီ
ဘုရားလမ်းပြထားခဲ့တဲ့ အသေလွတ်တဲ့တရား
ဝိပသနာတရားကို နေ့မနား ညမနား
ဆပွား အားထုတ်ရင်းက ဖြစ်ပျက်ကို
မြင်အောင် အသိနှင့်အရှိ တစ်ထပ်တည်းကျအောင်
လာမဲ့ဘေးကို ပြေးတွေ့ပါတော့မည်……။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မတ်လ(၅)ရက်၊နေ့၁၁း၃၀ နာရီတွင်ရေး၏။

Read more...

ကတညုတမျက်စိဖြင့်လောကကိုကြည့်ခြင်း(၂)


ကတညုတမျက်စိဖြင့် လောကကိုကြည့်မြင်ပြီးလောက ကောင်းကျိုးကို ဆောင်ရွက်ရာတွင် စိတ်ဓာတ်ကျဆင်းလာပါက အားတင်းဖွယ် ပုံရိပ် အဖြစ်ရှုကြည့်ဖွယ်အကောင်းဆုံး ကတော့ ကျွန်မတို့အားလုံးရဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်၊ အလောင်းတော်ဘဝ သူမေဓာရှင်ရသေ့ ပဲဖြစ်ပါတယ်။ သူဘုရားဖြစ်ချင်တာသူ့အတွက် မဟုတ်ခဲ့ပါ။ လောက အတွက်သာ ဖြစ်ပါတယ်။ ဘုရားဖြစ်ပါမှ လောကကို တာဝန်အကျေဆုံး ကယ်တင်နိုင်မယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။ သူ့အကျိုးစီးပွားကို စဉ်းစားမယ် ဆိုလျှင် ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ၊ လေးပါဒ မျှရှိသော ဂါထာတစ်ပုဒ်ကို
နာကြားလို့မဆုံးချင်မှာပင် ရဟန္တာ ဘဝနဲ့ နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်တယ် ဆိုတာ အားလုံးကသိပြီး ဖြစ်ပါလိမ့်မယ်။
ဒါမေမဲ့ သုမေဓာ သည် နိဗ္ဗာန်ကို မယူသေးပဲ စွန့်လွှတ်လိုက်ပါတယ်။ နိဗ္ဗာန်ချင်းခြားနားနေလို့တော့မဟုတ်ပါ။ မြတ်စွာဘုရားရှင် မျက်မှောက်ပြုတဲ့နိဗ္ဗာန်နဲ့ ရဟန္တာအရှင်မြတ်များ မျက်မှောက်ပြုတဲ့နိဗ္ဗာန်ဆိုတာ တကယ်တော့ အတူတူပါ။ လောကအတွက်သူ့အကျိုးကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းနောက်ကျခံ ပြီးမှ ယူတော်မူခြင်းဖြစ်ပါတယ်။


ကျွန်မတို့ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ရဲ့ကျေးဇူးတော် အနန္တကို တကယ်သိရှိလိုပါလျှင် သုမေဓာ ရှင်ရသေ့
ဘဝကိုနားလည်အောင် ကြိုးစားဘို့လိုအပ်ပါတယ်။ ပျိုရွယ်စဉ်ကာလ ကတည်းက မိဘနှစ်ပါး ဆုံးပါးသွားခဲ့တာ၊ ဘိုးဘေးဘီဘင်မှဆင်းသက်သော အမွေပစ္စည်းများက ကုဋေကုဋာမို့ အဲဒီ ပစ္စည်းတွေနဲ့ လောကကို ပံ့ပိုးမယ်ဆိုလည်း ရနိုင်ပါတယ်။ အမရဝတီနေပြည်တော်မှာ သူ့ခေတ်က ကျောင်းသင်ပညာရပ်တွေကို တတ်ကျွမ်းခဲ့တာ၊
ပရောဟိတ် ဘွဲ့ခံနိုင်လောက်အောင် တတ်ကျွမ်းခဲ့ ပါတယ်။ သူဟာ သူတပါးနဲ့ မတူ၊ တမူ ထူးခြားတဲ့ အတွေးအမြင် ရှိတဲ့သူဖြစ်ပါတယ်။ ပဋိသန္ဓေဉာဏ်အရလည်း အလွန်ထက်မြက်တဲ့သူဖြစ်ပါတယ်။ လောကကို တကယ်ကြီးပွား တိုးတက်အောင် ဆောင်ရွက်မယ် ဆိုရင် ပစ္စည်းဥစ္စာနဲ့ ပံ့ပိုးလို့အကျိုးရှိလှတာ မဟုတ်၊ အတတ်ပညာနဲ့
ပံ့ပိုးလို့ အကျိုးရှိလှတာလည်း မဟုတ်ဘူးဆိုတာ။ ကိုယ်တွေ့ အရထိုးထွင်းသိမြင်ခဲ့ပါတယ်။

အမှန်တကယ်တော့ ပစ္စည်းဥစ္စာနဲ့ အတတ်ပညာတွေဟာ ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းမှုကို မပေးနိုင် ပူလောင်မှုကိုသာပေးနိုင်ကြပါတယ်။ ပစ္စည်းရှိပြန်ပါကလည်း ပစ္စည်း ကသူ့ချည်းမနေ၊ မာန ကိုခေါ်လာ၊ သောကကို ခေါ်လာတတ်ပါတယ်။ ပညာရှိပြန်ပါကလည်း ပညာက သူ့ချည်းမနေ မာနကိုခေါ်လာတတ်၊ ဒေါသကိုခေါ်လာတတ်တယ် ဆိုတာကို သုမေဓာကကောင်းကောင်း သိလို့နေခဲ့ပါတယ်။ ဒါကြောင့်လောကကို သာယာ ငြိမ်းချမ်းအောင်ဖန်တီးရာမှာ ပစ္စည်းဥစ္စာတွေ အတတ်ပညာတွေဟာ တကယ်တမ်းအားကိုးလောက်တဲ့ အရာဝတ္ထုတွေ မဟုတ်ကြောင်း သူနားလည်ပါတယ်။ တကယ်အားကိုးလောက်တဲ့ အရာဝတ္ထုကို သူလိုချင် ခဲ့ပါတယ်။ အဘယ်အရာသည် လောကအား ငြိမ်းချမ်းသာယာစေပါသနည်း။ အဘယ်အရာသည် အားကိုးလောက်သော ငြိမ်းအေး ဖွယ်ရာဖြစ်လေသနည်း ဆိုတဲ့မေးခွန်း ကို ကိုယ်တိုင်ဖြေဆိုခဲ့ပါတယ်။ သူ့အဖြေကား ကိုယ်ကျင့်သိက္ခာ ပဲဖြစ်ပါတယ်။ ကိုယ်ကျင့်သိက္ခာ ကိုထူထောင်တဲ့နေရာမှာ တဏှာလေဘကို သတ်ရပါတယ်။ တဏှာလောဘကင်းမှသာ သာယာငြိမ်းအေးသော ဘဝကိုရမှာ ဖြစ်ပါတယ်။ တဏှာလောဘ ဆိုတာ ဒုက္ခကို ဖန်တီးစမြဲဖြစ်ပါတယ်။ ဒါကြောင့်လည်းတဏှာလောဘကို ဒုက္ခဖြစ်ကြောင်း
အမှန်တရား သမုဒယသစ္စာ လို့ ဆိုခြင်းဖြစ်ပါတယ်။

မာနဆိုတာ တကယ် အရင်းစစ်လိုက်တော့ တဏှာ နဲ့ပင်စပ်ပါတယ်။ သောက ပရိဒေဝတို့ ဆိုတာကလည်း တဏှာ လောဘက မြစ်ဖျားခံ ကြတာပဲဖြစ်ပါတယ်။ လောကဟူ၍ တည်ရှိခြင်း သည် ပင်လျှင် အဝိဇ္ဇာ နဲ့ တဏှာ မှ မြစ်ဖျားခံခဲ့တာ ပဲမဟုတ်ပါလား။ လောကကိုတည်ဆောက်တဲ့ ဗိသုကာ၊တဏှာလောဘ ကို မျက်မှောက်ထင်ထင် သိပါမှ လောကသည် သောကမှ လွတ်မြောက် ပါလိမ့်မယ်။ သုမေဓာ သည် သူမြင်သော ဤအမြင်ကို လောကအားပေးချင်ခဲ့ပါတယ်။
ပေးနိုင်အောင်လည်း သူကြိုးစားခဲ့ပါတယ်။ တဏှာဗိသုကာကို ရှာဖွေတဲ့ လုပ်ငန်းကို သုမေဓာ ဘဝမှ စတင် လုပ်ဆောင်ခဲ့တာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလွန်မြောက်ပြီးနောက် ဗောဓိပင်နဲ့ ရွှေပလ္လင်ထက်ရောက်မှ မျက်ဝါး ထင်ထင်၊ အသမ္မောဟ၊ ပဋိဝေဓ-သိဖြင့် မြင်နိုင်ခဲ့ပါတယ်။

အဲဒီ အခါကျမှ တွေ့ပြီ၊ သင်ကိုအောင်ခဲ့ ပြီရယ်လို့ ဥဒါန်းကျူးရင့်တော် မူခဲ့ပါတယ်။
ကျွန်မတို့ အားလုံးရဲ့ တစ်ခုတည်းသော ပန်းတိုင်သည် တဏှာ သတ်တာ၊ တဏှာအစပ်ဖြတ်တာဟာ အဓိက ပဲဆိုတဲ့ ခံယူချက် ရှိနေရပါမယ်။ သည်ဘဝနဲ့ သည်အလုပ်ဆိုတာ ဆုံးဖြတ်ချက် ပိုင်ပိုင်ချထား ဘို့ကို ပိုင်းလော့ဆရာတော်
ဘုရားကြီး ကဆုံးမတော်မူပါတယ်။

ကတညုတမျက်စိနဲ့ လောကကို ဘယ်လိုကြည့်သလဲ၊ ဘာတွေလုပ်ခဲ့သလဲ ကျွန်မဆက်ရေးပါအုံးမယ်။ အခု နံပါတ် (၂) ကတော့ အမှန်တကယ် လောကအကျိုး ဆောင်ချင်တယ်ဆိုရင် လုပ်ဆောင်ရမဲ့ ရည်ရွယ်ချက် - Objective ကိုဖော်ပြခြင်း ဖြစ်ပါတယ်။ အဓိက လမ်းကြောင်းကို မီးမောင်းထိုး ပြထားတာပဲဖြစ်ပါတယ်။ ပိုပြီးပေါ်လွင် သွားအောင် ကျွန်မ ပူဇော်နေကျ ဖြစ်တဲ့ ဗုဒ္ဓဘိသေက ဥဒါန်းဂါထာလေးကို အလွတ်ကျက်မှတ်ပူဇော်ရင်း တဒင်္ဂ တဏှာကို ပယ်သတ်ကြရအောင်ပါ။

အနေကဇာတင်၊ ဗုဒ္ဓဘိသေက (မနသာ ဥဒါန်းဂါထာ)
အနေကဇာတိသံသာရံ၊ သန္ဓာဝိသံ၊ အနိဗ္ဗသံဂဟကာရ ၊ ဂဝေသန္တော-ဒုက္ခာဇာတိ ပုနပ္ပုနံ ဂဟကာရဒိဋ္ဌောသိ- ပုနဂေဟံ နကာဟသိသဗ္ဗာတေဖာသုကာဘဂ္ဂါ- ဂဟကုဋံ ဝိသင်္ခတံ ဝိသင်္ခရဂတံစိတ္တံ-တဏှာနံ ခယ မဇ္ဈဂ္ဂါ။
(ပုနပ္ပုနံ)- ဘဝ သံသရာ၊ ဖန်ခါခါလျှင်၊ ခန္ဓာဝဋ်ဇာတ် အမြစ်မပြတ်နိုင်ပဲ။ (ဇာတိ)-ယောနိလေးထွေ၊ လှည့်ပတ်ဖွေလျက်၊ သန္ဓေစွဲ မှီ၊ တည်နေဖြစ်ပွားရခြင်းသည်။ (ဒုက္ခာ)- သန္ဓေဇာတိ၊ ခန္ဓာ ရှိက၊ ဗျာဓိဇရာ မရဏာတို့၊ မကွာ နှောင့်ယှက်၊
ဝင်နှိပ်စက်၍၊ သက်သက်ချမ်းသာ မဟုတ်ပါပဲ၊ လွန်စွာ ညှိုးနွမ်း၊ ပင်ပန်းဆင်းရဲလှဘိ၏။
(တသ္မာ)- ထို့ကြောင့် (အဟံ) ဘုရားအလျာ သူမြတ်ငါသည် (ဂဟကာရံ)- ဒုက္ခယှက်လိမ်၊ ခန္ဓာ အိမ်ကို ၊ ကြိမ်ကြိမ်ကြိုး ကုတ်၊ တည်ဆောက်လုပ်သည်၊ အကြောင်းရင်း သမုဒယသစ္စာ ဖြစ်သော၊ တဏှာယောင်္ကျား၊
လက်သမားကို၊ (ဂဝေသန္တော)- လက်သည်စင်စစ်၊ ဘယ်သူဖြစ်ဟု၊ ဉာဏ်ဖြင့်မွှေ၍၊ ရှာဖွေခဲ့သော၊ ဘုရား အလျာ သူမြတ်ငါသည်၊ (အနိဗ္ဗိသံ၊ အနိဗ္ဗိသန္တော)- သင့်ကို မြင်နိုင်၊ ဉာဏ်မဏ္ဍိုင်ကို၊ ပိုင်ပိုင်တိတိ၊ မရရှိခဲ့ သေးသည် ဖြစ်၍။
(အနေက ဇာတိသံသာရံ)- ဘဝများစွာ၊ သံသရာ ကာလ ပတ်လုံး၊ (သံသာဝိသံ)- ခန္ဓာငါးချက်၊ဒုက္ခစက်ကို၊ ကြောက်လျှက်ပင်လျှင်၊ ငါမခင်ပဲ၊သံသရာဝဋ်၊ ချားရဟတ်၌ ၊မရပ်မနား၊ တဖားဖားလျှင်၊ ပြေးသွားကျင်လည်
ခဲ့ရလေပြီ။ (ဂဟကာရက)- ဒုက္ခယှက်လိမ်၊ ခန္ဓာအိမ်ကို၊ ကြိမ်ကြိမ်ကြိုးကုတ်၊ တည်ဆောက်လုပ်သည့်၊ အကြောင်းရင်းသမုဒယသစ္စာ ဖြစ်သော၊ ဟယ်… တဏှာယောင်္ကျားလက်သမားကို၊ (ဒါနိ-ကုဒါနိ)- ဘုရားဖြစ်လာ၊ ယခု အခါ၌ (တွံ)- သင့်ကို၊ (ဒိဋ္ဌော)-ပညာစက္ခု၊ သဗ္ဗညုဖြင့်၊ ယခုထင်ထင်လင်းလင်း မြင်ပြီ၊ အသိဖြစ်ပေပြီ။
(တွံ)- တဏှာ ယောင်္ကျားလက်သမားသည် (ပုန)- တစ်ဖန်(ဂေဟံ)- ဒုက္ခယှက်လိမ်၊ ခန္ဓာအတ္တဘောကြီးဟူသော အိမ်ကြီးကို (ပုန၊ နကာဟသိ)- နင့်ခြေ၊ နင့်လက်၊ နင့်အသက်ကို လေးမဂ်လျှံရှိန်၊ ဉာဏ်ပုဆိန်ဖြင့်၊ လေး ကြိမ် ဖြတ်ခုတ်၊ အမြစ်ပြုတ်၍၊သစ်ငုတ်တိုမှန် နင်ဖြစ်ပြီ မှန်သောကြောင့်။ တစ်ဖန်ထပ်လောက် နင်တည်ဆောက်နိုင်တော့မည်
မဟုတ်တော့ချေ။ (တေ)-သင် တဏှာ ယောင်္ကျား၊ လက်သမား၏ (သဗ္ဗာ)- တစ်ခုမကြွင်း၊ ခပင်းဥဿုံ၊ အလုံးစုံကုန်သော၊
(ဖာသုကာ)- ခိုင်မာတည်ဆောက်၊ ခန္ဓာအိမ်၏ ဘုံကွန်းပြောက် တည်းဟူသော၊ ထုတ်ယောက်ဒိုင်းမျှား၊ ကိလေသာတရားတို့ ကိုလည်း။ (ဘဂ္ဂါ)- ဝါသနာ အငွေ့ အသက် နှင့်တကွ၊ အနုဿယ သတ္တိ၊ ကျန်မရှိအောင်၊
စိစိကြေညက်။ ငါဖျက်ချအပ်လေပြီ။ (ဂဟကုဋံ)- သစ္စာလေးအင် ၊ နိဗ္ဗာန်လွင်ကို၊ မြင်ခွင့်မပေး၊ ဝေးသထက်ဝေးအောင်၊
အရေးကန့်လန့် တားဟန့်ပိတ်ကာ၊ အဝိဇ္ဇာတည်းဟူသော အိမ်၏ အထွဋ်မှန်ကင်းကိုလည်း။ (ဝိသင်္ခတံ)-အရဟတ္တမဂ်၊ ဉာဏ်သံလျက်ဖြင့်၊ မှုန့်မှုန့်ကြေမွ၊ ငါဖျက်ချအပ်ပေပြီ။ (စိတ္တံ)- ကိလေသာဟူ၊ မြူ အညစ်အကြေး၊ ကင်းဝေးဖြူ စင်၊ ငါဘုရား၏ စိတ်အစဉ်သည်။ (ဝိသင်္ခါရ) -သံသရာ စက်ကွင်း၊ ဒုက္ခခပင်းမှ၊ လွတ်ကင်းရာမှန်၊ နန်းနိဗ္ဗာန်သို့၊
(ဂတံ)- အရုဏ်မျက်မှောက်၊ သန္တိဓာတ်၊ သိဒ္ဓိပေါက်သဖြင့်၊ ဆိုက်ရောက် သက်ဝင်မိလေပြီ။ (အဟံ)- သုံးလောကထွဋ်ထား၊ ငါဘုရားသည်၊ (တဏှာနံ၊ခယံ)- တဏှာ တရား၊ ရာရှစ်ပါးတို့၏ ပျက်ပြားကုန်ခမ်းရာမှန်၊ အာသဝက္ခယဉာဏ်၊ စတုတ္ထမဂ်ဖိုလ်သို့၊ (အဇ္ဈဂ္ဂါ)- စက္ကဝါရိုက်ခြောင်း၊ တိုက်တစ်သောင်းမှ၊ နတ်ပေါင်းဗြဟ္မာ၊ ကောင်းတင်းငြာလျက်၊ ကြည်သာဝမ်းမြောက်၊ ငါဆိုက်ရောက်တော် မူခဲ့လေပြီတကား။

တဏှာ ဆိုတဲ့ စကားလုံးရဲ့ အညွှန်ကြားခံ တရားသားကို မိမိ ခန္ဓာတွင်ရှာဖွေတွေ့ရှိ သတိမူနိုင်ကြပါစေ။
0 မှတ်ချက်ရေးရန်

Read more...

အမျိုးသမီးစွမ်းဆောင်ရှင်

၂၀၀၉ ခု စာပေဘလော့ဂ် အကယ်ဒမီဆုတံဆိပ်


ခရစ်သက္ကရာဇ် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၀၅) ရက်နေ့ တွင် မြန်မာဘလော့ဂါပရက်စ် မှ ကြေညာခဲ့ပြီး ဖြစ်သည့် အတိုင်း ခရစ် သက္ကရာဇ်၂၀၀၉ - ခုနှစ် အတွက် "အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီ" ဆုရ ဘလော့ဂ်များတွင် အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု - သီတဂူစတား ဘလော့ဂ်ရရှိသည်။
အမျိုးသမီးစွမ်းဆောင်ရှင်
(အပိုင်း-၁၂)

အစေခံဖြစ်ကြောင်း
ဘဝတစ်ခု ကဿပဘုရား လက်ထက်မှာ သူဋ္ဌေးသမီးပါ၊ ကဿပဘုရားရဲ့ သာသနာတော်မှာ ဘိက္ခုနီမကလေးတွေ သာမဏေမလေးတွေ သူ့အိမ်မှာဆွမ်းခံကြွလာ၊ ဆွမ်းမကျက်သေးဘူးဆိုပြီးတော့ ဘိက္ခုနီမလေးတွေ သာမဏေမလေးတွေကို မိဖိုးခန်းထဲခေါ်ပြီးတော့ ပုဂံဆေးခိုင်း၊ ဆန် ဖွတ်ခိုင်း၊ ငရုပ်သီးထောင်းခိုင်းဆို၊ အဲဒါခိုင်းတာ သာသနာ့ဝန်ထမ်း ရှင် ရဟန်းကို လူဒါယကာ ဒါယိကာမက အဲဒီလိုခိုင်းခြင်း စေခြင်းဟာ ဘဝအဆက် ဆက် ကျေးကျွန်ဖြစ်တတ်တယ်၊ အဲဒါခုဇ္ဇုတ္တရာ ကျေးကျွန်ဖြစ်ခြင်းဟာ အဲဒါပဲ။
ကိုရင်မလေးတွေ ရဟန်းမလေးတွေ ဘာလုပ်သလဲ။
ခိုင်းလို့ပါဘုရား။

ခိုင်းလို့ ဆွမ်းလေးတစ်ခွက်ကလေး မရဘူးဆိုပြီးတော့ မိဖိုးထဲဝင်ပြီးတော့ ထင်ခွေလို့၊ ရေခတ်လို့ ပုဂံဆေးလို့ ဒီလိုတွေလုပ်ပေးရတယ်၊ ပြီးတော့မှ ဆွမ်းကလေး ကျက်ပြီးတော့မှ ခူးခပ်ပြီး ပြန်သွားကြတယ်။ တချို့ လည်းပဲ အိမ်တွေမှာ သီလရှင်လေးတွေ ဒီလိုအခိုင်းခံနေတယ်၊ တစ်ခါတစ်ခါ တွေ့နေရတယ်၊ သတိပြုရမယ်နော်။

ခါးကုန်းဖြစ်ကြောင်း
နောက်တစ်ခုကတော့ ခါးကုန်းတယ်၊ အဲဒါလဲ ဗာရာဏသီပြည်မှာပဲ သူဋ္ဌေးသမီးဖြစ်တဲ့ဘဝ၊ ပစ္စေကဗုဒ္ဓါတွေ အိမ်ရှေ့ ဆွမ်းခံတန်းပြီးတော့ ကြွ၊ ထွက်ပြီးတော့ အမျိုးသမီးလေးတွေ ဆွမ်းထွက်လောင်း၊ နောက်ဆုံး ပစ္စေကဗုဒ္ဓါ ကိုယ်တော်လေးက ခါးကုန်းလေး၊ အဲဒါကို ကောင်မလေး ခပ်ငယ်ငယ် ဆွမ်းလောင်းပြီးတော့ သူကနောက်ဆုံး ကိုယ်တော်ကို လောင်းလိုက်ပြီးတော့ ကြည့်ပြီးတော့ ဟာ ကိုယ်တော်လေးက ခါးကုန်းနေတယ်၊ သူနဲ ဆွမ်းလောင်းတဲ့ ကောင်မလေးတွေကို အဲဒီလို ကုန်းပြပြီးတော့ အိမ်ထဲဝင်သွားတယ်၊ ခွက်ကလေးကိုင် ခါးကုန်းတဲ့ပစ္စေကဗုဒ္ဓါကိုလှောင်တာနော်။

ဥာဏ်ထက်ကြောင်း
အဲဒါ သူကဘဝအဆက်ဆက် ခါးကုန်းဖြစ်တယ်၊ အဲဒါလှောင်ခြင်း ပြောင်ခြင်းရဲ့အပြစ်ပေါ့နော်၊ ဥာဏ်ထက်ပြီးတော့ တစ်ခါတည်း ပဋိသမ္ဘိဒါ ဥာဏ်လေးပါးရတာကတော့ ပစ္စေကဗုဒ္ဓါတစ်ပါးကို အဲဒါ ယာဂုဆန်ပြုတ် လောင်း၊ ဆန်ပြုကလည်းအလွန်ပူတယ်၊ သပိတ်ထဲထည့်ထား၊ ပူလွန်းလို့ သပိတ်ကြီးကို မလိုက် ချလိုက်နဲ့ စားလို့မဖြစ်ဘူး၊ အဲဒါနဲ့ မိန်းကလေးက ဆွမ်းလောင်းပြီးတော့ ကိုယ်တော်မြတ်ကြီးကို ကြည့်ပြီးတော့ သနားသွားတာနဲ့ အရှင်ဘုရား ဟောဒီသပိတ်ခြေလေး အလှူခံပါဆိုပြီး သူ့လက်ကောက်ချွတ်ပြီးတော့ သပိတ်ခြေလုပ်ဖို့လှူလိုက်တာ၊ လက်ကောက်ကတော် တော်ကြီးတဲ့လက်ကောက်ဖြစ်မှာပေါ့။

စိန်လက်ကောက်ကြီး
အဲဒါလက်ကောက် သပိတ်ခြေလေးပေါ်မှာ တင်ပြီးတော့ ပစ္စေကဗုဒ္ဓါ က ယာဂုသောက်၊ ပြီးတော့မှ သပိတ်ဆေးပြီးတော့ ပြန်ခါနီးတော့ လက်ကောက်ကြီးကို ကြည့်တယ်၊ ဟိုကိုယ်တော်ကြီးက ဟာ လက်ကောက်ကြီးက ကျောက်စိမ်းလက်ကောက်ကြီးပဲ၊ အကြီးကြီးပဲ၊ လက်မလောက်အလုံးကြီးရှိတယ်ပေါ့၊ သပိတ်ခြေလုပ်ဖို့လဲတယ်ကောင်း၊ ကြည့်လိုက် ဟိုမိန်းကလေး ကြည့်လိုက်၊ လက်ကောက်ကြည့်လိုက် ပြန်ပေးရမလား၊ ယူသွားရမလားဆိုတဲ့ အဓိပ္ပါယ်ပေါ့။

ဆုတောင်း
အဲဒါ မိန်းကလေးက အရှင်ဘုရား ယူသာသွားလိုက်ပါတော့ဘုရား လှူလိုက်ပါတယ်ဘုရားနော်၊ နာနာစိုက်ကြည့်ရင် လိုချင်လို့ပဲမှတ်ထား။ ''ဣမိ နာ ပုညကမ္မေန - ဟောဒီ သပိတ်ခြေအတွက် လက်ကောက်တစ်ကွင်းကို လှူရတဲ့ဒီကောင်းမှုကြောင့်။ တုမှေ - အရှင်ဘုရားတို့တစ်တွေသည်။ ဒိဋ္ဌ ဓမ္မေ - သိတော်မူ မြင်တော်မူ ရတော်မူ ရောက်တော်မူ ဆိုက်တော်မူတဲ့ သစ္စာလေးပါးတရားကို။ စတူဟိ ပဋိသမ္ဘိဒါဟိ - ပဋိသမ္ဘဒါအပြား ဥာဏ် လေးပါးတို့နှင့်။ သဟ - အတူတကွ။ ဒိဋ္ဌေယံ - သိမြင်သည်ကိုဖြစ်ရပါလို ၏ဟု။ ပတ္ထနံ - ဆုတောင်းတဲ့အမှုကို။ အကာသိ - ကောင်းစွာမသွေ ပြု တော်မူလိုက်ပါပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

သပိတ်ခြေလက်ကောက်ကိုလှူပြီးတော့ အရှင်ဘုရားတို့သိတော်မူသော သစ္စာလေးပါးကို အရှင်ဘုရားတို့သိတဲ့အတိုင်း ပဋိသမ္ဘိဒါဥာဏ်တွေနဲ့သိရပါလို၏ အဲဒီဆုတောင်ပါပဲတဲ့။
သပိတ်ခြေကို လှူထားတဲ့ ကောင်းမှုမဟုတ်လား၊ အဲဒီကောင်းမှုသည် ကောင်းတာကိုပဲဖြစ်စေပြီးတော့၊ မကောင်းမှုသည် မကောင်းတာကို ဖြစ်စေတယ်၊ နိယာမ ဘယ်သူမှပြောင်းပြန်လှန်လို့မရဘူး။ မကောင်းတာတွေလုပ်ပြီးတော့ ကောင်းတာတွေဖြစ်ပါစေ မရဘူး၊ ဒီနိယာမကို နတ်ရော ဗြဟ္မာရော ပြောင်းပြန်လှန်လို့မရဘူး။
အဲဒါကြောင့် ခုဇ္ဇုတ္တရာ ခါးလည်းကုန်းတယ်၊ အစေအပါးအမျိုးမှာလည်းဖြစ်တယ်၊ သို့သော် ပရိသတ်ရေ ဥာဏ်ထက်တယ် ဗဟုသုတဓမ္မကထိက ဧတဒဂ်ရ အမျိုးသမီးစွမ်းဆောင်ရှင် ခုဇ္ဇုတ္တရာ အစအဆုံးအကုန်လုံး ပြီးပါပြီး။
ကိုင်း အားလုံးအမျှဝေဖို့ လိုက်၍ဆိုလိုက်ကြ။

အမျှဝေ
ဣဒံ မေ ပုညံ ဗောဓိဥာဏဿ ပစ္စယော ဟောတု။
အရှင်ဘုရား ဘုရားတပည့်တော်တို့၏ ဓမ္မဒါန ဓမ္မပူဇာ ဓမ္မဿ ဝန ဓမ္မဒေသနာ ဤကောင်းမှုသည် သစ္စာလေးတန် တရားမှန်ကို ပိုင်းခြား ထင်ထင် သိမြင်နိုင်သော ဗောဓိÓဏ်၏ အထောက်အပံ့ဖြစ်ပါစေသတည်း။ဤကောင်းမှု ကုသိုလ်အဖို့ကိုြ<ွကရောက်လာသော ပရိသတ်ကိုအစပြု၍ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်များစွာ သတ္တဝါအနန္တတို့အား အညီအမျှ ဝေငှပါ ကုန်၏၊ ထိုထိုများစွာ သတ္တဝါတို့သည် ဤကောင်းမှုအဖို့ကို ကြားသိကြ၍ အမျှရ၍ ဝမ်းသာကြသည် ချမ်းသာကြသည် ဖြစ်ပါစေသော်။
အမျှ အမျှ အမျှယူတော်မူကြပါကုန်သော်။
သာဓု သာဓု သာဓုပါဘုရား။

အမျိုးသမီးစွမ်းဆောင်ရှင် ဤတွင်ပြီးဆုံးပါပြီး
ကျေးဇူးအထူးတင်ပါတယ်။

သီတဂူစတား
၅-၃-၂၀၁၀





Read more...

သစ်ကျုတ်ကလေး ဥပုသ်စောင့်သလို


တစ်နေ့သောအခါ သစ်ကျုတ်တစ်ကောင်ဟာ တောတောင်ထဲလှည့်လည်ပြီး အစာရှာထွက်သတဲ့။ အစာကလဲ ဘယ်လိုမှ ရှာမရဘူး။ အစာရှာလို့ မရတဲ့အဆုံးကျတော့မှ ငါဒီနေ့ ဥပုသ်စောင့်မှပဲ လို့ အဓိဋ္ဌာန်လိုက်သတဲ့။ အဓိဋ္ဌာန်ပြီး ချုံပုတ်ကောင်းကောင်း တစ်ခုအောက်သွားပြီး အိပ်လိုက်တယ်။ ဒီအခါ သိကြားမင်းကလဲ သစ်ကျုတ်ရဲ့ အကြံကို စမ်းချင်တဲ့ အကြံဖြစ်လာတယ်။ ဒါနဲ့ သမင် ယောင်ဆောင်ပြီး သစ်ကျုတ်ကလေး မြင်လောက်ရာ မလှမ်းမကမ်းက နေပြီး ပြေးလွှားနေတာပေါ့လေ။

ဒီအချိန်မှာ သစ်ကျုတ်ကလေးကလဲ ဆာလွန်းလို့ ၀မ်းကပူနေပြီ။ ၀မ်းပူနေတဲ့ အချိန်နဲ့သမင် ပြေးလွှားနေတဲ့ အချိန်တိုးလာတော့ သစ်ကျုတ်ကလေးဟာ ဟယ်...စောင့်ပြီး ထားတဲ့ အဓိဋ္ဌာန်ဥပုသ်က စောင့်ချင်လို့ စောင့်တဲ့ ဥပုသ်မှ မဟုတ်ဘဲ။ အစာဆာလို့ စောင့်ရတဲ့ ဥပုသ်ပဲ။ ယခုငါမျက်မှောက် အစာတွေ့နေမှတော့ ထလိုက်မှပဲလို့စိတ်ထဲက ကြံစည်ပြီး ...ထလိုက်ပလေရော။ သမင်လေးလဲ ပြေးတာပေါ့။ သမင်ကပြေး သစ်ကျုတ်ကလိုက်နဲ့ ပြေးတန်းလိုက်တန်းကစားသလို ဖြစ်နေတာပေါ့။ မီလုမီခင်ဖြစ်ကာမှ သမင်ကလေးက ဝေးသွားလိုက်၊ ဒီလိုချည်းဖြစ်နေတယ်။ ဖြစ်မှာပေါ့။ သမင်က သမင်တုကိုး။ ဘယ်သစ်ကျုတ်လိုက်လို့မီပါ့မလဲ။ ဒါနဲ့ မမီတဲ့ အဆုံးကျတော့ လက်မှိုင်ချသွားပါတယ်။ နေရင်းနေရာဖြစ်တဲ့ ချုံပုတ်အောက် အသာပြန်ဝင်ပြီး ဟောဟဲ...ဟောဟဲနဲ့ ပါးစပ်က ညည်းညူလိုက်သတဲ့။ ''အောင်မယ်လေး ကံကောင်းလို့ ဥပုသ်မကျိုးတယ်" လို့ ဆိုသတဲ့။

ဗုဒ္ဓမြတ်စွာဟာ တေမိယဇာတ်တော်မှာ တေမိယ မင်းသားဖြစ်စဉ်အခါတုန်းက စကားမပြောဘူးဆိုပြီး စိတ်ကို အဓိဋ္ဌာန်ခဲ့တယ်။ အဓိဋ္ဌာန်ခဲ့တဲ့အတိုင်းလဲ မပျက်မကွက်ကျင့်တော်မူခဲ့တယ်။ကျင့်တော်မူခဲ့တဲ့အတိုင်းလဲ ပါရမီတော်တွေကပြည့်ခဲ့တယ်။ စိတ်ကို အဓိဋ္ဌာန်နဲ့လုပ်တဲ့အလုပ်ဟာ အောင်မြင်မှုပိုရှိတယ်။ အဓိဋ္ဌာန်တဲ့ နေရာမှာလဲ ခိုင်ခိုင်မြဲမြဲ စိတ်ကို ဆောက်တည် ထားရမှာဖြစ်ပါတယ်။သစ်ကျုတ်လေး ဥပုသ်စောင့်သလိုတော့.........

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း



Read more...

ဥုံ-အမှန်တရား (ဝရဇိန်-ပျဉ်းမနား)

ကျော်မြသန်းတို့က ဘိုးတော်ကင်းတို့ ဘိုးတော်ဂျိုကာတို့လို၊ ယုံလွယ်အထိနာတို့လို စာအုပ်မျိုး ရေးခဲ့တယ်။ ဒါပေမဲ့ မျက်မှောက် မြန်မာပြည်မှာ ဘိုးတော်တွေ ပပျောက်မသွားသေးဘူး။ အကြောင်းကတော့ စာဖတ်နည်းကြလို့ပဲ။ စာဖတ်နည်းတာဟာ ယုံလွယ်ခြင်းရဲ့ တစ်ခုသော အကြောင်းဖြစ်တယ်။ လူတချို့က ဘာသာရေးသမားတွေဟာ မလိမ်တတ်ဘူး၊ မညာတတ်ဘူး ဒီလို ထင်နေကြတာ ရှိတယ်။ အမြဲပဲ ရိုးသား ဖြောင့်မတ်လိမ့်မယ်လို့ ဒီလိုလည်း ထင်ကြတယ်။ ဒီအထင်အမြင်ကြောင့် သူတို့ယုံကြည်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မယုံထိုက်သူတွေပါ လို့ ရှင်းပြရင် အကြောက်အကန် ငြင်းဆန်ပြီး မရတဲ့တစ်နေ့ ရှင်းပြသူတွေကို ရန်ပြုကြတယ်။

အမှန်ကတော့ သာမန်လူတွေထဲမှာလိုပဲ ဘာသာရေးသမားတွေထဲမှာ လူညာတွေရှိတယ်။ ဒါကိုသတိထားကြရမယ်။ တချို့က ဒီလိုသတိထားတာ မရှိဘူး။ ဘာသာရေး တရားပြသူက "တရားစစ်မယ်၊ အ၀တ်အစားတွေ ချွတ်" လို့ အမိန့်ပေးရင်လည်း ယုံယုံကြည်ကြည် ချွတ်တာပဲ။ နောက်တော့ အမှုအခင်းတွေ ဖြစ်ကြတယ်။ မခံမရပ်နိုင် အော်ဟစ်ကြတယ်။

တကယ်က အဆန်းထွင်လာတဲ့ ဘာသာရေး ဟောပြောမှုတွေထဲမှာ မဖြောင့်မတ်တဲ့ သဘောတွေ ပါတယ်။ ဥပမာအားဖြင့် ပစ္စုပ္ပန်ကမ္မ၀ါဒလို ဘာသာမျိုးဟာ အတွေးအခေါ် ဒဿနနယ်ပယ်ထဲကို ရိုးရိုးသားသား အဆင့်အတန်းရှိရှိ တိုးဝင်လို့မရလို့ ဗုဒ္ဓဘာသာရဲ့ ဂုဏ်အရှိန်အ၀ါ နာမည်ကို အလွဲသုံးစားလုပ်လိုက်တဲ့ အတွေးအခေါ်ဝါဒ တစ်ရပ်သာ ဖြစ်တယ်။ ဒီကိစ္စက ရှင်းရှင်းလင်းလင်း သိသာနေလို့ ထားတော့။

တချို့ မသိမသာ လှုပ်ရှားတာတွေကျတော့ ပိုခက်သွားတယ်။ တချို့ ဘာသာရေး လှုပ်ရှားသူတွေဟာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ လက်အောက်ကနေ သူတို့ရဲ့ တပည့်တွေကို ပဉ္စမံတပ်သားစုနည်းမျိုး နဲ့စုစည်းနေကြတယ်။ ဒီလိုတပည့်စုတဲ့ ဟောပြောမှုမျိုးဟာ မဖြောင့်မတ်မှု သက်သက်ပဲ။ ဘာသာတရားရဲ့ ကောင်းကျိုးရစေလိုတဲ့ စေတနာနဲ့ ဟောပြောတာမဟုတ်ဘဲ ကိုယ်ပိုင် တပည့်စုခြင်းဟာ ဘယ်လိုနည်းနဲ့မှ ဓမ္မမဖြစ်နိုင်ဘူး။ အဓမ္မသာ ဖြစ်တယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထေရ်ကြီးဝါကြီးတွေရဲ့ ဆုံးမချက်တွေကို ဘယ်တော့မှ နာယူလေ့ မရှိဘူး။ ဒီလို မနာယူတတ်သူဟာ ဘယ်လိုလုပ်ပြီး လူကောင်းတစ်ယောက် ဖြစ်နိုင်မလဲ။ လူဆိုးတစ်ယောက်ပဲ ဖြစ်ဖို့ရှိတာ ထင်ရှားတယ်။ ဘုရားဟော တရားတွေနဲ့ မတူညီတဲ့ ဟာတွေကို ဘုရားဟော တရားတွေအနေနဲ့ ဟောပြောနေကြတယ်။

တချို့ကလည်း ဒီဘာသာရေး အတုအယောင် သမားတွေက ပေးနိုင်သလောက် ဟောပြော ပေးကမ်းနေတာကို အသာအယာ လက်ခံထားမယ်လို့ ယူဆကြတယ်။ ရောင်းသူဝယ်သူ ကျေနပ်ရင် အလုပ်ဖြစ်တာပဲ ဒီလိုပြောနေကြတယ်။ ဒါဟာ အမြော်အမြင် မကြီးတာပဲ။ ဘာသာရေး အတုအယောင် သမားတွေဟာ ရှေ့လျှောက်မှာ ပိုဆိုးတဲ့ လုပ်ရပ်တွေ လုပ်ဖို့ ရှိတယ်။ ဘာသာရေး ယုံကြည်မှုကို အသုံးချပြီး စီးပွားရေးတွေ နိုင်ငံရေးတွေလည်း လုပ်ကြမှာပဲ။ ဒီ့ထက် ပိုဆိုးတာတွေလည်း လုပ်ဖို့ရှိတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်တွေကို လျှော့တွက်နေကြတာဟာ လုံးလုံးမှားတယ်။ သူတို့လုပ်ရပ်တွေက လူသားတွေကို မထိခိုက်တောင် မူလဘာသာတွေက အယူအဆ ကျမ်းဂန်တွေ မှေးမှိန်သွားဖို့ ရှိတယ်။

ဒီစကားကို ပိုထင်ရှားရဖို့အတွက် ၁၉၉၅မှာ ဖြစ်ပွားခဲ့တဲ့ ဆာရင်ဓာတ်ငွေ့နဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဥုံရှင်ရီကျိုဂိုဏ်း (Aum Shinrikyo) (ဥုံ-သစ္စာတရားဂိုဏ်း) ကို တည်ထောင်သူ ဂုရုကြီး အာဆာဟာရ ရှိုကိုအကြောင်း ကို ပြန်လေ့လာကြည့်ကြရမယ်။

၁၉၉၅ ခုနှစ် မတ်လ ၂၀ ရက်နေ့ မနက်ပိုင်း။ ဥုံရှင်ရီကျို ဂိုဏ်းသားတွေက တိုကျိုမြို့မှာရှိတဲ့ မြေအောက် မီးရထားလိုင်းထဲကို ဆာရင်( Sarin) အဆိပ်ငွေ့တွေ လွှတ်ပြီး လူထုကို တိုက်ခိုက်တယ်။ ဒီတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦးသေဆုံးတယ်။ ၅၄ ယောက် ဒဏ်ရာရတယ်။ လူ ၉၈၀ လည်း အတော်အသင့် ဒဏ်ရာရကုန်တယ်။ အချို့က လူငါးထောင်ထက် မနည်း ထိခိုက် ကုန်ကြတယ်လို့ ပြောကြတယ်။

နောက်တစ်ပါတ်အတွင်းမှာ ဖူဂျီရာမတောင်ခြေက ကာမိကူရှီကီ ရပ်ကွက်ဥုံဂိုဏ်းပိုင် အဆောက်အအုံမှာ ရဲတွေက စစ်လက်နက် ပစ္စည်းတွေနဲ့ ဇီဝပိုးမွှားလက်နက် တွေကို ရှာတွေ့တယ်။ ရုရှားလုပ် MIL Mi-17 ဟယ်လီကော်ပတာ တစ်စင်းကိုတွေ့တယ်။ မကြာပါဘူး.. မတ်လ ၃၀ မှာ ရဲတပ်ဖွဲ့ (National Police Agency) အကြီးအကဲ တာကာဂျီ ကူနီမတ်ဆု ဟာ တိုကျိုနားက သူ့အိမ်အနီးမှာ လေးကြိမ်တိုင်တိုင် သေနတ်နဲ့ အပစ်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ ဒါကို ဥုံ ဘာသာဝင်တွေလုပ်တာလို့ သံသယရှိကြတယ်။ ဂိုဏ်းခေါင်းဆောင် အာဆာဟာရက အဖမ်းမခံရအောင် ရှောင်တိမ်းနေရင်းကပဲ အူကြောင်ကြောင် ခြိမ်းခြောက်မှုတွေ လုပ်တယ်။ မေလငါးရက်နေ့မှာ တိုကျိုက ရှင်ဂျူကူဘူတာမှာ လူ၂၀၀၀၀ ကျော်သတ်နိုင်တဲ့ ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက်အဆိပ်တွေကို ဖမ်းဆီးရမိတယ်။ ဂုရုကြီးကို မေ ၁၆ ရက်မှာမိတယ်။ သူ့တပည့် ဆယ်ယောက်လောက်ကိုလည်း ဖမ်းမိတယ်။ အဲဒီနေ့မှာပဲ တိုကျိုမြို့ရဲ့ အစိုးရ ရုံးဆီကို ဥုံဂိုဏ်းသားတစ်ဦးက ပါဆယ်ဗုံးတစ်လုံး လက်ဆောင် ပေးပို့လိုက်တယ်။ ကံကောင်းချင်တော့ အတွင်းရေးမှူး တစ်ယောက်ပဲ လက်ပြတ်သွားရုံနဲ့ ကိစ္စပြီးသွားတယ်။ ဂုရုကြီးကို လူသတ်မှု ၂၇ မှုနဲ့ အခြားပြစ်မှုတွေနဲ့ စွဲချက်တင်ပြီး သေဒဏ်ချခံရတယ်။ ဒါပေမဲ့ ဘာလို့ ဒီလိုတွေ လုပ်သလဲဆိုတာ ဘယ်သူမှခုထိ မရှင်းပြတတ်သေးဘူး။

ဒီလိုလူတစ်ယောက်ရဲ့ ဘ၀အခြေအနေကို အများက လေးစားကြရတဲ့ ဂျာနယ်လစ်တစ်ဦးဖြစ်သူ ရှိုကိုအီဂါဝါ (Shoko Egawa )က ၁၉၉၁ ခုနှစ်မှာတည်းက ဖွင့်ချထားပြီးသား ဖြစ်တယ်။ ဒါကို ကိုးကားပြီး နောက်ပိုင်းမှာ တိုင်းမ်မဂ္ဂဇင်းက သတင်းဆောင်းပါး တစ်ခု ဖော်ပြတယ်။ (တကယ်တော့ ရေးကြတာတွေက အများကြီးပါ) အဲဒီ အချက်အလက်တွေအရ အာဆာဟာရ အကြောင်းကို ပိုပိုပြီး သိလာရတယ်။ အာဆာဟာရကို ကျူရှူးကျွန်းမှာ ၁၉၅၅ မှာမွေးတယ်။ မွေးကင်းစတုန်းက မျက်လုံးတစ်လုံး မမြင်ရဘူး။ ကျန်တဲ့တစ်လုံးကတော့ နည်းနည်း မြင်ရတယ်။ ဒါကြောင့် အသက်ခြောက်နှစ်မှာ အာဆာဟာရဟာ မျက်မမြင်ကျောင်းမှာ ကျောင်းတက်ရတယ်။ ဘွဲ့ရပြီးတဲ့နောက် အပ်စိုက်ကုတစ်ယောက်အနေနဲ့ ကူမာမိုတိုမှာ အသက်မွေးတယ်။ နောက်တော့ တိုကျိုမြို့ကို ပြောင်းသွားတယ်။ နောက်ဆုံးတော့ ဖူနာဘာရှီမှာ အိမ်ခန်းငှားပြီး နေတယ်။ ၁၉၇၈ မှာ ကောလိပ်ကျောင်းသူ တစ်ယောက်နဲ့ လက်ထပ်ပြီး တရုတ်တိုင်းရင်းဆေးတွေ ဖော်စပ်ရောင်းချတယ်။ ၁၉၈၂ မှာ ဆေးဝါးအတုတွေ ရောင်းချမှုနဲ့ အဖမ်းခံရတယ်။ အဲဒီဖြစ်ရပ်က သူ့ဘ၀အလှည့်အပြောင်းကို ဖြစ်စေတော့တယ်။ သူပြန်လွတ် လာတော့ ဆေးဖော်ရောင်းဖို့ မဖြစ်နိုင်တော့တာ တွေ့ရတယ်။ မူလနေရာမှာလည်း ဆက်နေလို့ မဖြစ်တော့လို့ နယ်သစ်ပယ်သစ်နဲ့ အလုပ်အကိုင်သစ်ကို ရှာဖွေဖို့ တမြို့တရွာကို ထွက်လာခဲ့တယ်။

၁၉၈၄ မှာ အနာဂတ်ရဲ့ တမန်တော်လောင်းလျာကြီးဟာ စီးပွားရေးအကွက်အကွင်း တစ်ရပ်ကို မြင်တယ်။ အဲဒါကတော့ အောင်မြင်တဲ့ ယောဂသင်တန်းကျောင်း ဖွင့်လိုက်ခြင်းပါပဲ။ သူ့တပည့်ဟောင်း တစ်ယောက်ကတော့ ပြောတယ်။ "ကျုပ်တို့ဟာ အာဆာဟာရရဲ့ တပည့်တွေ မဟုတ်ပါဘူးဗျာ။ အဖွဲ့ဝင်တွေသာ ဖြစ်ပါတယ်" ဒီလိုဆိုတယ်။ ဂုရုတွေပေါ်ပေါက်ဖို့ အချိန်ကာလက ရင့်မှည့်လာပြီ ဆိုရမယ်။ ၁၉၇၀နဲ့ ၈၀ အတွင်းက ကဆုန်ဆိုင်းပြေးနေတဲ့ ဂျပန်နိုင်ငံရဲ့ အံ့စဖွယ် စီးပွားရေးက ဂျပန်လူမျိုးတွေကို ရုပ်ဝတ္ထုတွေအပေါ် ငြီးငွေ့မှုတွေ ဖြစ်စေတယ်။ ဒီမှာတင် အာဆာဟာရရဲ့ "ဘာသာသစ်"ဟာ ၀ုန်းကနဲ ဒိုင်းကနဲ ပေါ်ပေါက်လာတယ်။ ဘာသာသစ်က ရုပ်ဝတ္ထုတွေအပေါ် ငြီးငွေ့မှုတွေကနေ စိတ်သက်သာရာ ရစေမယ်လို့ ကမ်းလှမ်းတယ်။ ဘာသာသစ်ရှင်ရဲ့ ဥပဓိရုပ်ကလည်း ကြည်ညိုစဖွယ် ရှိတယ်။ ရေငတ်သူတွေ ရေတွင်းထဲ ကျသလို ဖြစ်ကြရတာပေါ့။ အချို့ကတော့ ဒီတရားမှ ဒီတရား ဒီလိုဖြစ်ကုန်ကြတယ်။

ဟိမ၀န္တာက အပြန်မှာ အာဆာဟာရက သူ့ကိုယ်သူ အမှန်တရားကို ထိုးထွင်းသိမြင်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ဖြစ်တယ်(မဟာယာနကျမ်းလာ ရုတ်တရက်ဥာဏ် အလင်းရမှု- ဂျပန်လို ဆတောရီရပြီ) လို့ ကြေငြာတယ်။ ဈာန်ပျံလို့လည်း ရတယ်လို့ ဆိုတယ်။ သူသိတဲ့ အသိဥာဏ်တွေကို ဟောပြောပြမယ် လို့ ကြေညာမောင်းခတ်တယ်။

၁၉၈၇ မှာ အာဆာဟာရက ဥုံမဖောက်မပြန်မှန်ကန်တဲ့သစ္စာတရား (ဥုံရှင်ရီကျို) ကို တည်ထောင်တယ်။ မကြာမီပဲ သူ့ကိုယ်သူ ယနေ့ခေတ် ခရစ်တော်အသစ်၊ ရာစုနှစ်ရဲ့ တမန်တော်လို့ ကြေညာတယ်။ သူ့အသင်းသားတွေဟာ ဂျပန်မှာ တော်တော်မြန်မြန်ကို ပျံ့နှံ့ကုန်တယ်။ မကြာမီ ယူအက်စ်နဲ့ ဂျာမနီကိုပါ ပြန့်နှံ့တယ်။ သေချာတာပေါ့။ ရုရှားလည်း ပါတယ်။ အာဆာဟာရဟာ ရုရှားနိုင်ငံ မော်စကိုမြို့ အားကစားရုံတစ်ခုမှာ လူပေါင်း တစ်သောင်းငါးထောင်ရဲ့ ရှေ့မှာ တရားဟောဖူးတဲ့ သူတစ်ယောက် ဖြစ်တယ်။

သူ့ဘာသာဟာ အခြေခံအားဖြင့်တော့ ဗုဒ္ဓဘာသာပါပဲ ဒါကို ခေတ်နဲ့လျော်ညီအောင် ခရစ်ယာန်ဘာသာတို့၊ တရားထိုင်နည်းတို့၊ ယောဂတို့နဲ့ မွမ်းမံ ပြင်ဆင်ထားတာပေါ့။ ဂုရုကြီးရဲ့ တရားတွေမှာ ကမ္ဘာပျက်မယ် ဆိုတာလည်း ပါတယ်။ သူက ၁၉၉၇ နဲ့ ၂၀၀၀ ကြားမှာ ကမ္ဘာပျက်မယ်လို့ ဆိုတယ်။ သူဟာ တပည့်တွေရဲ့ အထက်မှာ ထိုင်တယ်။ သူ့ကို ရှိခိုးရတယ်။ ခြေမကို နမ်းရတယ်။ ဒီလိုအရှိန်အ၀ါတွေနဲ့ အာဆာဟာရဟာ သူ့ပွဲဦးထွက် ခြေလှမ်းတွေကို ကောင်းကောင်း ထိန်းသိမ်းနိုင်ခဲ့ပြီး သူ့နောက်ပိုင်း လုပ်ရပ်တွေကို မခန့်မှန်းသာအောင် ဖုံးကွယ်ထားနိုင်ခဲ့တယ်။ နောက်ဆုံးတော့ သူအမှားတွေ လုပ်တယ်။ ဒါအတွက် သေဒဏ် ပေးခံရတယ်။ ဒါနဲ့ပဲ ဇာတ်သိမ်းသွားပြီလား ဆိုတော့ လောလောဆယ် ဒီလိုပဲ ပြောရတော့မှာပဲ။ သူတည်ထောင်ခဲ့တဲ့ ဘာသာကတော့ သုံးနှစ်လောက် စောင့်ကြပ်ထိန်းသိမ်းမှုခံခဲ့ရပြီး အခုတော့ အမည်တမျိုးနဲ့ ဆက်လက် ရှင်သန်နေတယ်။

၁၉၉၅ မတိုင်မီက အာဆာဟာရ စည်းရုံးခဲ့တာလေး တစ်ခု ကြားဖူးတယ်။ "သင်တို့ထိုင်နေတဲ့နေရာကို ညူကလီးယားဗုံးပဲ ပြုတ်ကျလာပါစေဦး၊ သင်တို့အလွယ်တကူ ခုခံလို့ရတယ် အရည်ကြည် တံတိုင်းတစ်ခုကို ကာထားလိုက်ရုံပဲ။ ဒါတွေက စိတ်တန်ခိုးရှိရင် တကယ်လုပ်လို့ ဖြစ်ပါတယ် " ဒီလိုကို ပြောခဲ့တာ။ ဒီလိုတောရမ်းမယ်ဖွဲ့ ဟောပြောနေတာကိုလည်း လူတွေက တကယ်ယုံကြည်ကြတာပဲ။ ဂျပန်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ဘာသာပေါင်း ၁၈၃၀၀၀ ရှိတယ်။ ဘာကြောင့် ဘာသာတွေ ဒီလောက်များနေရသလဲ ဆိုတာကို လေ့လာရေးသားရရင် ဒုတိယမ္ပိ ဆောင်းပါးတစ်ပုဒ် ထွက်လာမယ်။ မြန်မာပြည်အနေနဲ့ အဲဒီလောက် ဘာသာအသစ်တွေ များများ မလိုဘူး။ ဒါ့ထက် အရေးကြီးတာက ထေရ၀ါဒဗုဒ္ဓဘာသာကို ကချော်ကချွတ် ဟောပြောတာတွေ လုပ်နေတာကို ဗုဒ္ဓဘာသာဝင်တွေက လက်ခံလို့ မဖြစ်ဘူး။ တုံ့ပြန် ရှင်းလင်းသင့်တာကို ဖြေကြားရှင်းလင်းကြဖို့ ဗုဒ္ဓဘုရားက မိန့်မှာကြားထားတာ ရှိတယ်။ ဒီမိန့်မှာကြားချက်ကို လိုက်နာသော အားဖြင့် မဟုတ်မမှန် ဟောပြော နေကြတာတွေကို အစွမ်းကုန် တားဆီးကြရမှာ ဖြစ်တယ်။

ဒါပေမဲ့ မဟုတ်တာတွေကို ရှင်းဖို့ဆိုတာ ဝေဖန်သဘောတရားရေး တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ အာဏာစက်နဲ့ အမြော်အမြင်က ကောင်းကောင်း လိုတယ်။ ဒါတွေကိုလည်း အသုံးပြုရမယ်။ တခါ အာဏာစက် ကောင်းကောင်း လိုအပ်တာ မှန်ပေမဲ့ မမှန်ကန်တဲ့ တရားအမှိုက် တွေကို ရှင်းလင်းဖို့ အခရာအကျဆုံးဟာ ဝေဖန်ရေးနဲ့ သဘောတရားတွေပဲ ဖြစ်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက် ကြရမယ်။ မှန်ကန်တဲ့ ဝေဖန်ရေး လုပ်နိုင်ရင် အာဏာစက်ဟာ နောက်က ကပ်လျက် ပါလာမှာပဲ။ ဒီလို အာဏာစက်ကို သုံးရင် မုန်းတဲ့သူတွေ ပေါ်လာမှာပဲ။ ဝေဖန်ရေးတွေ လုပ်ရပြီဆိုရင်လည်း အဝေဖန်ခံရတဲ့ အဖွဲ့တွေက လတ်တလော အနေအားဖြင့် မနှစ်မြို့တာတွေ ပြလာကြလိမ့်မယ်။ ဒါပေမဲ့ ဒါတွေကို ငဲ့နေလို့ မဖြစ်ဘူး။ လုပ်သင့် လုပ်ထိုက်တာကို လုပ်ကြရမှာပဲ။ ဒီလိုနဲ့ နှစ်ပေါင်း တော်တော်ကြာလာရင် မနှစ်မြို့တဲ့ သူတွေဟာလည်း နှစ်မြို့တတ် နားလည်တတ် လာမှာပဲ ဖြစ်တယ်။ အခု ကျော်မြသန်းတို့ကို ကျုပ်တို့ ကျေးဇူးတင်သလို ဝေဖန်သူတွေ ၀ိနိစ္ဆယပြုသူတွေကို ကျေးဇူးတင်လာကြလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်... အမှန်တရားကို အမှန်တရားလို့ ရိုးရိုးပြောရင် ကိစ္စမရှိဘူး။ အမှန်တရားရှေ့မှာ ကွန့်ညွန့်ပြီး ဥုံအမှန်တရားလို့ ဟောပြောပြီဆိုတာနဲ့ သံသယ ထားကြရလိမ့်မယ်။ ဆန်းပြားတဲ့တရားဟာ လိမ်ညာမှု ဖြစ်နိုင်သလို ရာဇ၀တ်မှု တစ်ရပ်လည်း ဖြစ်နိုင်တယ်ဆိုတာ အားလုံး ဗဟုသုတရှိကြပြီး ဖြစ်သကိုး။


credit to- ဓမ္မဥပဒေ

(၀ရဇိန်-ပျဉ်းမနား)


Read more...

ဆုံးဖြတ်ဖို့ အချိန်တန်ပြီ... (ဓမ္မဒူတ)


ဓမ္မကထိကဗဟုဇနဟိတဓရ၊ ကမ္မဋ္ဌာနာစရိယ
ပြည့်တွင်းပြည်ပ နယ်လှည့် သာသနာပြု

သိက္ခာတော် ၁၉-၀ါ၊ သက်တော် ၅၁-နှစ်ရှိ အရှင် ပုညာနန္ဒကို
ဂုဏ်ရည်မှန်းဆ တရားဓမ္မဖြင့် ပူဇော်သည်

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ
ဟောကြားတော်မူအပ်သော ဆုံးဖြတ်ဖို့ အချိန်တန်ပြီ တရားတော်
၁၃၇၁-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၂-ရက်
၂၉.၁၀.၂၀၀၉ ကြာသပတေးနေ့




တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ

Read more...

တရားဟောပုံ (၅) မျိုး

၁) ပါဠိဝါစေတိ ပါဠိကို သင်ပေးခြင်းသည် တရားဟောသည် မည်၏ ။
၂) နဋ္ဌကထံ ကထေတိ ပါဠိ၏ အနက်ကို ဖွင့်ပြပေးခြင်းသည်လည်း တရားဟောသည် မည်၏ ။
၃) ပုစ္ဆံတပဥှံ ဝိဿဇ္ဇေတိ အမေးပုစ္ဆာကို ဖြေကြားပေးခြင်းသည်လည်း တရားဟောသည် မည်၏ ။
၎) ကမ္မဋ္ဌာနံ အာစိက္ခတိ ကမ္မဋ္ဌာန်းတရား ရှုမှတ်ပုံကို ပြောကြားပေးခြင်းသည်လည်း တရားဟောသည် မည်၏ ။
၅) ဓမ္မသာဝနံ ကရောတိ တရားနာဖိတ်ကြားခြင်းသည်လည်း တရားဟောသည် မည်၏ ။

ကျမ်းကိုး ။ ။ (သံ-ဌ-၁/၇၉) ။
သဒ္ဓမ္မရံသီ ရိပ်သာ ဆရာတော် ၊ မြတ်မင်္ဂလာ စာစောင် ၊ အတွဲ – ၂၅ ၊ အမှတ် – ၉ ၊ ၂၀၁၀ ပြည့်နှစ် ၊ မတ်လ ။



Read more...

လျှို့ဝှက် သောက (၅)


ကျမအကြောင်းကို ပြောရမယ်ဆိုရင် ယောက္ခမသူဋ္ဌေးကြီး အကြောင်းကို ပြောပြဖို့လိုလာပါသည်။ သူ့ဘ၀ သူ့အကြောင်းကတော့ ....

ကုဋေပေါင်းလေးဆယ်ခန့် ချမ်းသာကြွယ်ဝသော သူဋ္ဌေးကြီး မအိပ်နိုင် မစားနိုင်ဖြစ်နေလေသည်။ အိပ်ယာပေါ် လဲသော်လည်း စိတ်က မငြိမ်။ တမှိုင်မှိုင် တတွေတွေ စိတ်တွေဝေနေသည့် အဖြစ်ပျက်က မယုံနိုင်စရာ။ မယုံနိုင်၍ အကြိမ်ပေါင်းများစွာ မီးခံသေတ္တာဖွင့်ကြည့်မိသည်။ သူဋ္ဌေးကြီးသည် သူ့အဖြစ်ကို သူယူကြုံး မရဖြစ်နေမိသည်။ ငါပိုင်သည့် ဤမျှလောက်သော ရတနာပစ္စည်းတွေ သူခိုးခိုးသွားရင်လည်း တော်သေး သည်ပေါ့။ ကူညီပါရစေဋ္ဌာနကို အကြောင်းကြားကာ ခြေရာခံလိုက်နိုင်လျှင် တချို့တ၀က်တော့ ပြန်ရနိုင် သေးသည် ပေါ့။ ခုတော့ .....................

ရတနာပစ္စည်းတွေ မီးသွေးခဲဖြစ်နေပြီ။ သေချာအောင် လက်နဲ့ထပ်တလဲလဲပွတ်ကြည့်သော်လည်း ထူးမခြားနား။ မဲပဲမဲလျှက်ပင်။ ပန်ထိမ်သည်ဆီ သွားပို့ပြီး စစ်ခိုင်းရရင်လည်း သူအတွက် ရွှေဖြစ်နေလို့ တ၀က်လောက်များ ခိုးထားရင် ခက်ရချေရဲ့။ မီးသွေးခဲဖြစ်နေတဲ့ ငါ့ရတနာတွေ ရွှေထည်တွေ ဘယ်လိုများ ရွှေပြန်ဖြစ်အောင် လုပ်ရမလဲ..လုပ်ရမလဲဟု သာဝတ္ထိမြို့မှ သူဋ္ဌေးကြီး စိတ်အကြံအိုက်လျက် စိတ်မသက်သာဖွယ်ဖြစ်နေလေသည်။

မကြာခင်မှာပင် ဘောဂဗျသနလွမ်းမိုးခံနေရသည့် သူဋ္ဌေး ကြံရာမရ လက်မှိုင်ချကာ စိတ်ဖိစီးမှုတို့ကြောင့် အိပ်ယာပေါ်လဲလေတော့သည်။ သူဋ္ဌေးကြီးတွင် ခင်မင်ရင်းနှီး အမျှော်မြင်ရှိသည့် သူငယ်ချင်းရှိသည်။ သူငယ်ချင်းဖြစ်သူကလည်း သူဋ္ဌေးကြီးအိပ်ယာပေါ်လဲနေသည်ကို သိသည်နှင့် ကျန်းမာရေးအခြေနေကို မေးမြန်းရာ ဥစ္စာပျက်လို့ စိတ်သောကဖြစ်နေတာပါလား...ဟုသိနှင့်တပြိုင်နက် ကဲသူငယ်ချင်း..မင်း အိပ်ယာထဲ လဲမနေပါနဲ့။ မင်းရတနာတွေ ရွှေပြန်ဖြစ်အောင် လုပ်တဲ့နည်း ငါ့ဆီမှာရှိတယ်ဟု အားပေးလေသည်။

ဒါနေန ဘောဂ၀ါ ဟောန္တိ- ဒါနေန- လှူဒါန်းပေးကမ်းခြင်းကြောင့်၊ ဘောဂ၀ါ- စည်းစိမ်းဥစ္စာ ရတနာတို့သည်၊ ဟောန္တိ- ရရှိကြရကုန်၏တဲ့ သူငယ်ချင်းရ။ ဒို့သာဝတ္တိမြို့ပေါ်မှာ အလှူခံနှိုးဆော်သူတွေ ပြောပြောနေတာ ငါကြားဘူးတယ်။ မင်းရဲ့ကုသိုလ်ကံတွေ ကုန်ခမ်းသွားလို့ မင်းရတနာပစ္စည်းတွေ မီးသွေးခဲအဖြစ်အရောင် ပြောင်းသွားတာဖြစ်မယ်။ ဒီစည်းစိမ်တွေရဲ့ ပိုင်ရှင်ရှိရမယ်။ ဒါကြောင့် ဒို့တတွေ ဒီရတနာပစ္စည်းတွေရဲ့ ဘုန်းကံရှင်ကို ရှာဖွေခန်းဖွင့်ရမယ်။

ဘုန်းရှင်ကံရှင် ရတနာပိုင်ရှင်ဖြစ်လာမဲ့သူဟာ လူပျိုလူလွတ်ဖြစ်ခဲ့ရင် သူငယ်ချင်းရဲ့ သမီးနဲ့ပေးစား၊ အပျိုလူ လွတ် ဖြစ်ခဲ့ရင် မင်းရဲ့သားနဲ့ပေးစားပြီး သူငယ်ချင်းပိုင်တဲ့ ပစ္စည်းဖြစ်အောင်လုပ်ရမယ် သူငယ်ချင်း။ မင်း သဘောတူ မလား။ သူဋ္ဌေးသည် သူငယ်ချင်းပေးသည့် အကြံဥာဏ်ကို သဘောကျ၍ ခေါင်းညိတ်ပြကာ သဘောတူလိုက်လေသည်။ ကဲ..ဒါဆိုရင် မီးသွေးခဲဖြစ်နေတဲ့ ရတနာပစ္စည်းတွေကိုထုတ်၊ မြို့အစွန်ဖျားက ဈေးတခုမှာ ဖျာခင်းပြီး သူငယ်ချင်း ဈေးရောင်းဖို့ ပြင်ပေတော့။

နောက်တခုတော့ သူငယ်ချင်းမှတ်ထားရမယ်။ မင်း ဖျားခင်ပြီး ဈေးရောင်းတဲ့အခါ အချို့သောသူတွေက ပြောကြလိမ့်မယ် မေးကြလိမ့်မယ် အခြားသော ဈေးသယ်တွေက စားစရာ သောက်စရာကုန်ပစ္စည်းတွေ ရောင်းနေပါလျက် ခင်ဗျားက အသုံးမကျတဲ့ မီးသွေးခဲတွေ လာရောင်းနေတာ ခင်းဗျားအတွက် ဘာအကျိုး မြတ်ရမလဲလို့ ပြောကြလိမ့်မယ်။ အဲလိုပြောသူတွေကို ကိုယ့်ရှိတာ ကိုယ်ရောင်တာ ခင်းဗျားနဲ့ မဆိုင်ဘူးလို့သာ မင်း ပြန်ပြောရမယ်။ တစုံတယောက်သော ပုဂ္ဂိုလ်က အခြားဈေးသည်တွေက စားသောက်ကုန်လောက် ရောင်းနေကြတာ။ ခင်ဗျားက ဒီမြို့ပြင်ဈေးမှာ တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ဖျားခင်ရောင်နေတာ ဘယ်သူ က ၀ယ်နိုင်မှာမို့လဲလို့ မေးလာလိမ့်မယ်။ အဲဒီခါကျရင် ဘယ်မှာလဲ ရွှေထည်ပစ္စည်းတွေက ကျနော့်ကို ယူပြ ပေးပါလားလို့ မေးရမယ်။ ဒါက ရွှေတွေပဲလို့ ကိုင်လိုက်တာနဲ့ မင်းမီးသွေးခဲတွေ ပင်ကိုယ်အတိုင်း ပြန်ဖြစ်ပြီးသာ မှတ်ပေတော့ဟု နည်းလမ်းပေးလေသည်။

သူဋ္ဌေးလည်း သူငယ်ချင်းပေးသည့်အတိုင်း ပြုလုပ်ရာ တနေ့မှာ အသားညိုညို ပိန်ပိန်ပါးပါး အမျိုးသမီး တယောက်ဈေးလာဝယ်ရင်း မည်သူမျှမ၀ယ်နိုင်သည့် ဒီရတနာတွေကို ဒီဈေးမှာ လာရောင်းနေတာ ဘာအကျိုးရှိမှာလဲဟု မေးလေရာ ချစ်သမီး ဘယ်မှာလဲ သမီးမြင်ရတဲ့ ရတနာတွေ ယူပြပေးပါလားဟု ပြောလေရာ ထိုအမျိုးသမီး ကိုင်လိုက်သည့်နှင့် ဖျားပေါ်ခင်ထားသည့် မီးသွေးခဲတို့သည့် ပင်ကိုယ်ပကတိ ရွှေအဖြစ်သို့ ကူးပြောင်းလေတော့၏။ သူဋ္ဌေးကြီးလည်း ပျော်ရွှင်ခြင်းများစွာဖြင့် အမျိုးသမီးလေး၏ အပျိုမှန်း စုံစမ်းသည့်ရှိသည်နောက် သားနှင့်ပေးစားကာ ချွေးမအဖြစ် သူဋ္ဌေးမရာထူးကို အပ်နှင်းလေတော့သည်။

သူဋ္ဌေးကြီး၏ အိမ်မှာ အိမ်ရှင်မအဖြစ် သူဋ္ဌေးမရာထူးရလာတဲ့ ဆင်းရဲသူမလေးဟာ အခြားသူ မဟုတ် ကိသာဂေါတမီဆိုတဲ့ ကျမပေါ့။ မကြာခင်မှာပဲ ကျမမှာ သားယောက်ျားလေး တစ်ယောက် မွေးဖွားပေးနိုင်လို့ သူဋ္ဌေးကြီးအိမ်မှာ ကျမဟာ အရင်ကထက် ပိုလိုပင် အရှိန်သြဇာရခဲ့တာပေါ့။ ဒီတသက် ဒီဘ၀မှာတော့ ငါ့အတွက် ဘ၀အာမခံရပြီလို့ အတွေးများစွာနဲ့ သားဟာ ကျမရဲ့ ဘ၀သခင်အဖြစ် သတ်မှတ်လိုက်မိတယ်။ သားရှိရင် ပြည့်စုံပြီလေ။ အိန္ဒိယလိုနိုင်ငံမျိုးမှာ ဥစ္စာလည်းပြည့်စုံ သားလည်းရှိတဲ့ မိခင်တယောက်အဖြစ် သွားလေရာရာ အထက်တန်းကျလို့ မျက်နှာပန်းလှပြီမဟုတ်လား။

မကြာပါဘူး မျက်နှာပန်းလှတဲ့ ကျမနေ့ရက်တွေမှာ ကံဆိုးခြင်းတွေက မခေါ်ပဲ မမျှော်ပဲ ရုတ်တရက်ဆိုသလို ရောက်လာတော့တာပေါ့။ အဲဒါကတော့ ကျမဘ၀ရဲ့ ရင်နှစ်အသဲညှာ သားရတနာလေး ရုတ်တရက်ဖျားကာ အယုတ်တမာ အဟုတ်မညာတာတဲ့ မရဏသေမင်းက အတင်းချေနင်း မရဏဇာတ်ခင်းလိုက်တော့တာပါပဲ။
ကျမရူးရပြီပေါ့။ သားလေးများ အသက်ရှင်လိုရှင်ငြား သားသေကိုပိုက် မရဏရန်ကိုတိုက်ဖို့ မသေဆေးရှာဖို့ ကျမကြိုးစားတော့တာပဲ။ သားသေကိုပိုက် မသေဆေးကို အတင်းလိုက်ရှာနေတဲ့ ကျမကို အကျိုးအကြောင်း မြင်သိ ပညာရှိအမျိုးသား တယောက်က အော် ဒီကလေးမ သူ့ဘ၀မှာ သေတာမြင်ဘူးပုံမရ အသိဥာဏ်ကင်း လှတာကြောင့် သားသေးကိုပိုက် ဒုက္ခဆိုက်နေတာပဲဖြစ်မယ် ငါလမ်းညွှန်မှပဲဆိုပြီး မြတ်ဗုဒ္ဓထံသွားဖို့ လမ်းညွှန်
ပေးသည့်ကြောင့် သားရှင်ဖို့အရေး ခြေမလေးပဲ ဇေတ၀န်ကျောင်းကို ကျမအပြေးရောက်ခဲ့တာပါ။

သားသေနဲ့မော သောကတွေနဲ့မျှောနေတဲ့ ကျမ မြတ်ဗုဒ္ဓဆီကို ရောက်တာနဲ့ ဦးချဖို့ဆိုတာ မသိ၊ သားရှင်ဖို့သာ အဓိကဆိုပြီး သားသေကို ခြေတော်ရင်းမှာချကာ ဘုရားတပည့်တော်မရဲ့ သားကိုအသက်ရှင်အောင် အသက် ရှင်ဆေးပေးပါလို့ အတင်းပဲ တောင်းပန်ငိုကြွေးမိတော့တယ်။

မြတ်ဗုဒ္ဓကလည်း ကိသာဂေါတမီ...သင့်သားအတွက် အသက်ရှင်ဆေး ငါပေးတော်မူမယ်.. ငါဘုရားခိုင်းသလို လုပ်ပေးရမယ်လို့ ပြောလိုက်တော့ ကျမမှာ မောပန်းသမျှ ပူလောင်သမျှ အေးမြလို့ သွားတာပေါ့။ ချစ်သမီး ကျောင်းကထွက်လို့ စတင်တွေ့ရှိတဲ့ အိမ်ကနေစလို့ တအိမ်တက် တအိမ်ဆင်း မသေဘူးတဲ့အမျိုးအိမ်က မုန့်ညင်းစေ့ လက်တဆုပ် ယူခဲ့တော့လို့ မိန့်လိုက်တာနဲ့ ကျမလေး ငါ့သားလေးတော့ အသက်ပြန်ရှင်တော့ မယ်ဆိုတဲ့ အသိနဲ့ မောမှန်းမသိ ပန်းမှန်းမသိ မုန့်ညင်းစေ့လက်တဆုပ်ရဖို့ တောင်းလိုက်တာ ဒီအိမ်ကလည်း မကြာသေးခင်က အဖိုးသေထားတယ်။ ဟိုအိမ် အဖွား ဆုံးသွားတယ်။ ဒို့အမျိုးကတော့ သားသေဘူးတယ်။ ဦးလေးတို့အိမ်မှာတော့ မယားသေဘူးတယ်...စုံနေတာပါပဲ။ ဘယ်အိမ် ဘယ်အမျိုးမှ မသေတဲ့သူကို မရှိဘူး။ ကျမမကြားချင်ဆုံး သေစကားတွေကို အိမ်တိုင်းက ကျမကို ပြောလိုက်ကြတာလေ။

သာဝတ္တိမြို့ရှိ အိမ်တွေသာ ကုန်သွားမယ် ကျမလိုချင်တာ ရနိုင်မှာ မဟုတ်ဘူး... ငါ့သားမှ သေတာမဟုတ် အားလုံးက သေနေကြတာပဲလို့ ကျမသိလာတော့တာပေါ့။ အော် မြတ်ဘုရားက ငါ့ကို မရဏတရားကို သတိယအောင် မွေးလာသူတိုင်း သေကြတယ်ဆိုတာကို သိအောင် ပညာပြလိုက်တာပဲ။ ငါဟာ တကယ့် အရူးမကြီးပဲလို့ သိလိုက်တာနဲ့ ..သားသေကို သုဿာန်မှာစွန့်လို့ မြတ်စွာဘုရားဆီ ညနေစောင်းတာနဲ့ ပြန်ရောက်ခဲ့တယ်။

ကဲ ချစ်သမီး မုန့်ညှင်းစေ့ ရခဲ့သလားလို့မေးတော့ မှန်လှပါ မြတ်ဗုဒ္ဓ တပည့်တော် ရလာပါပြီဘုရား၊ ကဲ..ချစ်သမီး သေခြင်းတရားဆိုတာ အသက်ရှင်သူမှန်သမျှ ရင်ဆိုင်ရသည့် သဘောတရားဆိုတာ သင် သိလာခဲ့ပြီမဟုတ်လား။

အရင်တုန်းကတော့ ငါ့သားလေးသာ သေရတယ်လို့ ချစ်သမီးကထင်နေတာကိုး။ တကယ်တော့ ဓုဝဓမ္မော ဧသ သတ္တာနံ- သေခြင်းတရားဆိုတာ သတ္တ၀ါတိုင်းရဲ့ မြဲသော သဘောတရားပဲ ချစ်သမီးပဲလို့ မြတ်စွာဘုရား တရားကို နာယူလိုက်ရတာနဲ့ ကျမ သောကငြိမ်းအေး အပူတရားအေးတဲ့ သောတာပတ္တိမဂ်ဖိုလ်ကို ဆိုက်ရောက် ပြီး ရဟန်းမအဖြစ်ကို မြတ်ဗုဒ္ဓခြေရင်းမှာ တောင်းယူကာ ရုပ်နာမ်တရားတို့၏ အနိစ္စသဘောကို မြင်အောင်ရှု့ သဖြင့် အရဟတ္တမဂ်ဥာဏ်ကို ရရှိ သောကစခန်းကို အနိုင်ရရှိခဲ့တာပေါ့။

ဒါကြောင့် မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးတွေကို ကြည်ညိုလို့မဆုံး သောကကင်းဝေးသည့် ဖလသုခကို ခံစားရင်း ...အေးမြသည့် တောင်ရိပ်အောက်က သင်္ခမ်းကျောင်းရဲ့ စင်္ကြံလမ်းမမှာ လမ်းလျှောက်ကာ ........

န ဂါမဓမ္မော နော နိဂမဿ ဓမ္မော၊
န စာပိယံ ဧကကုလဿ ဓမ္မော၊
သဗ္ဗဿ လောကဿ သဒေ၀ကဿ၊
ဧသေ၀ ဓမ္မော ယဒိဒံ အနိစ္စတာ။ (ထေရီအပါဒါန်-၂.၃.၈၂)

အနိစ္စသဘောတရားသည် ရွာတရွာ၊ ဇနပုဒ်တခု၊ မြို့တမြို့၊ နိုင်ငံတစ်ခု၊ လူမျိုးတမျိုး၊ ဘာသာတစ်ခု၊ မိသားစုတစု၊ ငါတယောက်တည်းလောက်သာ ကွက်ဖြစ်တာမဟုတ်ဘူး။ နတ်လူဗြဟ္မာအပါဝင် ရှိရှိသမျှ လောကတိုင်းမှာ၊ နေရာတိုင်းမှာ ဖြစ်တတ်သည့် သဘောသဘာဝ တစ်ခုပါဟု ကျူးရင့်သံကို ထပ်တလဲလဲ ကျူးရင့် နေမိတော့တာပါပဲ။

အားလုံး သောက ကင်းဝေ၊ ဆင်းရဲခြင်း မရှိကြပါစေသတည်း။



Read more...

အပွေးကို အနှစ်ထင်၍ ယူသွားသူ...

စူဠသာရောပမသုတ်

အပွေးကို အနှစ်ထင်၍ ယူသွားသူ...

ပုဏ္ဏား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ''ပဋိသန္ဓေတည်နေ ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့က လွှမ်းမိုး ဖိစီး ထားသောကြောင့် ဆင်းရဲ ဒုက္ခတွင်းသို့ သက်ဝင် လျှောကျလျက် ဆင်းရဲ အနှိပ်စက် ခံနေရ၏။ ချမ်းသာ မဖက်သော ဤဆင်းရဲ အစုကို ကုန်ဆုံးအောင် ပြုလုပ်ဖို့ရန် ထင်ရှား ဖြစ်ကောင်း တန်ရာ၏'' ဟု ယုံကြည်ခြင်း 'သဒ္ဓါ' ဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်း ပြု၏။

ထိုသူသည် ဤကဲ့သို့ ရဟန်း ပြုပြီးနောက် လာဘ်သပ်ပကာ အကျော်အစောကို ဖြစ်စေ ပြန်၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် စိတ်တိုင်း မကျသဖြင့် အကြံအစည် မပြည့်စုံသူ ဖြစ်ခဲ့၏။ ထိုရဟန်းသည် ထိုလာဘ်သပ်ပကာ အကျော်အစောဖြင့် မိမိကိုယ်ကို မမြှင့်တင် မူ၍ သူတစ်ပါးကို မနှိမ့်ချပေ။ လာဘ်သပ်ပကာ အကျော်အစောထက်လည်း သာလွန် မွန်မြတ်သော တစ်ပါးသော တရားတို့ကို မျက်မှောက် ပြုခြင်းငှါ အလိုဆန္ဒကို ဖြစ်စေ၏၊ အားလည်း ထုတ်၏၊ မတွန့်ဆုတ်သော အလို အဇ္ဈာသယ ရှိ၍ အဆုံး အမကိုလည်း လျော့ရဲစွာ ယူလေ့ မရှိပေ။ ထိုရဟန်းသည် အကျင့်သီလနှင့် ပြည့်စုံခြင်းကို ရ၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် စိတ်တိုင်းကျ ဖြစ်၍ အကြံအစည် ပြည့်စုံသူ ဖြစ်၏။ ထိုရဟန်းသည် ထိုအကျင့်သီလနှင့် ပြည့်စုံခြင်းဖြင့် ''ငါသည် အကျင့်သီလ ရှိသူ ဖြစ်၏၊ ကောင်းသော တရားရှိသူ ဖြစ်၏၊ ငါမှ တစ်ပါး ကုန်သော အခြား ရဟန်းတို့သည်ကား အကျင့်သီလ မရှိသူ ယုတ်ညံ့သော တရားရှိသူ ဖြစ်ကုန်၏'' ဟု မိမိကိုယ်ကို မြှင့်တင်၍ သူတစ်ပါး ကိုကား နှိမ့်ချ၏။ အကျင့်သီလနှင့် ပြည့်စုံခြင်းထက်လည်း သာလွန် မွန်မြတ် ကုန်သော တစ်ပါးသော တရားတို့ကို မျက်မှောက် ပြုခြင်းငှါ အလိုဆန္ဒကို မဖြစ်စေ၊ အားထုတ်ခြင်းလည်း မရှိ၊ တွန့်ဆုတ်သော အလို အဇ္ဈာသယသာ ရှိ၍ အဆုံး အမကိုလည်း လျော့ရဲစွာ ယူလေ့ ရှိပေ၏။

ပုဏ္ဏား ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ထိုယောက်ျားသည် အနှစ်ရှာ လှည့်လည်သော် အနှစ် ပြည့်တည်သော သစ်ပင်ကြီး၏ အနှစ်ကို လွန်၍ သာလျှင်, အကာကို လွန်၍ သာလျှင်, အခွံကို လွန်၍ သာလျှင် အပွေးကို ဖြတ်ယူ၍ အနှစ် ဟု ထင်မှတ်လျက် ဖဲခွာသွား၏။ ထိုယောက်ျားသည် အနှစ်ဖြင့် ပြုလုပ်ရမည့် အကျိုးကိုလည်း မခံစားရ လတ္တံ့။ ပုဏ္ဏား ငါသည် ဤပုဂ္ဂိုလ်ကို ထို့ပမာနှင့် အလားတူသူ ဟု ဟောကြား၏။ 319

၁ဝ - စူဠသာရောပမသုတ်၊ မှ၊ သြပမ္မ၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

အဆက် သို့...


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

အကောင်းဆုံးအချိန်… (သို့) ယခုပင်လျှင်…

ရုပ်နာမ်ဓမ္မသင်္ခါရတို့
ကိုယ်ကဤပုံဖြစ်လိုတုံလည်း
တစ်ဖုံဆင်ကွဲသူတနဲဖြင့်
ဖောက်လွဲတက်စွာ ဓမ္မတာကို
ပညာစက္ခုမျှော်ထောက်ရှု၍
ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့…။
ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့…။
ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားလော့…။
(မင်းကွန်းဆရာတော်ကြီး ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ)

ဒကာတစ်ဦး၏ အသုဘကို လိုက်ပါပို့ဆောင်ပေးရင်း ကားပေါ်တွင် ကမ်းပေးသည့် ယပ်တောင်ပေါ်မှ မင်းကွန်းဆရာတော် ဘုရားကြီး၏ အထက်ပါ ကဗျာလေးကို ဖတ်ဖြစ်လိုက်၏။ ရသမြောက်ပြီး သံဝေဂဉာဏ်အပြည့်ပါသည့် ဆရာတော်ကြီး၏ ကဗျာလေးက အခိုက်အတန့်အားဖြင့် သံဝေဂဉာဏ် ဖြစ်စေခဲ့သည့်အပြင် မိမိအလှည့်တွင် မည်သည်ပုံစံမျိုးဖြင့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်သူက လိုက်ပါပို့ဆောင်ပေးကြ မည်နည်းဟု အတွေးများဖြင့် မေးခွန်းထုတ်နေမိ၏။ ထို့မေးခွန်းနှင့်အတူ မိမိဘ၀သံသရာ အရေးအတွက်လည်း ဆရာတော်ကြီး အမိန့်ရှိသကဲ့သို့ အချိန်မီ ကြိုးစားရမည်ကို သတိပြုမိခဲ့၏။ အချိန်နှင့်အမျှ အိုလာ၊ နာလာပြီး သေရန်နီးလာနေသည့် အဖြစ်ကို စဉ်းစားရင်း ယခုထက်မအိုမီ၊ လက်ရှိထက်ပို၍ မနာမီ၊ သေခြင်းတရား ရောက်မလာမီ ကောင်းမှုကုသိုလ်များ ကြိုတင်ပြုရမည့် အချိန်သည် ယခုလက်ရှိအချိန်ပင် ဖြစ်ကြောင်း၊ ယခုအချိန်ထက် အကောင်းဆုံး အချိန်ဟူသည် မရှိနိုင်ကြောင်း ကောင်းစွာသဘောပေါက်နေမိ၏။


“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်”ဟူသော စကားသည် သံဝေဂဉာဏ် အဖြစ်မြန်သည့် သဘောကို ဖော်ညွန်းပေးခြင်း ဖြစ်၏။ ဘုန်းကြီးကျောင်း ဆယ်ခါသွားသည့်ထက် အသုဘရှု တစ်ကြိမ်သွားလိုက်ခြင်းက ပိုပြီး သံဝေဂဉာဏ် ဖြစ်စေသည်ကို ရည်ညွန်းထား၏။ ယခုလည်း အသုဘအခမ်းအနားတစ်ခု လိုက်ပါပို့ဆောင်စဉ် မြင်ခဲ့ရသည့် မြင်ကွင်း၊ ဖတ်လိုက်ရသည့် သံဝေဂကဗျာ၊ ကြားလိုက်ရသည့် ငိုကြွေးသံများက စာရေးသူအပါအ၀င် အသုဘလိုက်ပို့သူ အတော်များများကို တဒင်္ဂမျှဖြစ်စေ သံဝေဂဉာဏ် ပေးနေပေ၏။ မည်သည့်အရာမျှ ကြိုတင်မှန်းဆ၍ မရနိုင်ကြောင်းကို သုဿာန်မြင်ကွင်းကြီးက မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေ၏။ သုဿာန်ကပေးသည့် သံဝေဂဉာဏ်၊ သို့မဟုတ် အသုဘက ပြောနေသည့် သတိပေးစကားသံများသည် လိုက်ပါပို့ဆောင်နေသူများအား ယူတတ်လျင် ရစရာ မရဏာ နုဿတိ ဘာဝနာ ဖြစ်စေ၏။ သို့သော် မယူတတ်လျင်ကား မည်မျှပင် ကြောက်လန့်စရာအဖြစ် ပြနေပါစေ မီးသဂြိုလ်စက်ထဲသို့ အလောင်းများကို ထည့်ပြီးသဂြိုလ်ပေးနေကြသူများ၊ အလောင်းကို လှပအောင်ပြင်ဆင်ပေးသည့် အလောင်းပြင်သမားများကဲသို့ သံဝေဂဉာဏ်ဖြစ်ရန် မလွယ်လှပေ။ မှန်၏။ ထိုသို့ သုဿာန်တွင် ဘ၀ရပ်တည်ရေးအတွက် အလုပ်လုပ်နေသူများသည် အသုဘ အလောင်းများကို နေ့စဉ်မြင်နေတွေ့နေ၊ ပြင်ဆင်ပေးနေရသဖြင့် ပုံမှန်လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခု၊ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုအဖြစ်သာ မြင်နေတတ်ပြီး သံဝေဂဉာဏ်လည်းမဖြစ် ကြောက်လန့်ဖွယ်လည်း မဖြစ်ကြပေ။ ရုပ်တရား၊ နာမ်တရားနှင့် ပြုပြင်ထားသည့် သင်္ခါရတရားများသည် မိမိဖြစ်ချင်သကဲ့သို့ ဖြစ်မလာဘဲ သူဖြစ်ချင်သည့်အတိုင်းသာ ဖြစ်နေတတ်သည်ကို မေ့နေတတ်ပေ၏။ ထို့ကြောင့်လည်း ယူစရာ ရစရာ ရှိသော်လည်း မယူတတ်လျင် မရဘဲ ယူတတ်မှသာရကြောင်း ဆိုခြင်းဖြစ်ပေ၏။

စင်စစ် ထိုသင်္ခါရတရာများ၏ မမြဲပုံ၊ သူ့သဘောသူ ဆောင်နေပုံများသည် မြင်တတ်ယူတတ်လျှင် အသီးသီးသော မိမိတို့ပတ်ဝန်းကျင်တွင်ပင် ရှိနေပေ၏။ သံဝေဂဉာဏ်ယူတတ်ပါက မိမိနှင့် ပတ်သက်နေသူများကပင် အထင်အရှား ပြသနေပေ၏။ စာရေးသူ၏ ပတ်ဝန်းကျင်တွင်လည်း သတိထားမိခဲ့၏။ လွန်ခဲ့တဲ့ ၅လလောက်က ဖြစ်မည်ထင်၏။ တစ်နှစ်အရွယ် ကလေးတစ်ယောက် မွေးရာပါ သွေးကင်ဆာဖြင့် သေဆုံးသွားသဖြင့် သရဏဂုံလိုက်တင်ပေးပြီး တရားဟောခဲ့ရသေး၏။ အသိဒကာတစ်ယောက်ကလည်း သူ့သမီး အူအတက်ပေါက်ကာ ဆေးရုံမှာ ဆုံးသွားတဲ့အကြောင်း သောကပရိဒေ၀ အပြည့်ဖြင့် မျက်ရည်များကို မဆည်နိုင်ဖြစ်ကာ လျှောက်ထားသွား၏။ အားလုံးကြားပြီးသားဖြစ်သည့် သတင်းတစ်ပုဒ်က ဆရာဝန်ဆေးမှားထိုးလို့ နာမည်ကြီး အထူးကုဆေးခန်းတစ်ခုမှာ ကလေးမလေးတစ်ဦး အသက်ဆုံးသွားသည့် သတင်းပဲ ဖြစ်၏။ မနှစ်ကလည်း စာရေးသူ ရောက်နေသည့်နိုင်ငံတွင် အလုပ်လာလုပ်နေသည့် ဒကာလေးတစ်ယောက် အသက် ၂၆နှစ်မှာပင် စက်ညှပ်ပြီး သေးဆုံးသွားခဲ့သေး၏။ စာရေးသူနှင့် ပိုပြီးအနီးစပ်ဆုံး အဖြစ်တစ်ခုမှာ စာရေးသူနှင့်အတူ အတ္တပရ လက်တွဲညီခဲ့ကြသည့် ညီတော်ရဟန်းတစ်ပါးလည်း ၂၀၀၈ခုနှစ်က အသည်းကင်ဆာဖြင့် စာရေးသူအရင် ဘ၀သံသရာ ခရီးဆက်သွားခဲ့၏။ ယခု ဒီစာရေးနေချိန်မှာပင် အင်တာနက် သတင်းတစ်ပုဒ် ဖတ်ခဲ့ရသေး၏။ ထိုသတင်းကား လွန်ခဲ့တဲ့ ၅လလောက်ကမှ ကိုရီးယားသို့ အလုပ်လာလုပ်သည့် အသက် ၂၈နှစ်အရွယ်ရှိ မြန်မာဒကာလေးတစ်ဦး အိမ်ခေါင်မိုးအထပ်မှ ပြုတ်ကျသေဆုံးသွားကြောင်း သတင်း ဖြစ်၏။ ဤသည်မှာ စာရေးသူနှင့် လက်လှမ်းမီသမျှ အနီးဆုံး အဖြစ်အပျက်မျှသာ ဖြစ်၏။ ဤအဖြစ်အပျက်များသည် ရုပ်တရားနာမ်တရားများနှင့် ပြုပြင်ထားသည့် သင်္ခါရတရားများသည် အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ဖောက်ပြန်ပျက်ဆီးတတ်သည်ကို ဖော်ကျူးနေသည့် အဖြစ်အပျက်များ ဖြစ်ပါ၏။ ဤသို့ဤသို့သော အဖြစ်အပျက်များသည် ကမ္ဘာတစ်ဝန်း နေ့စဉ်ဖြစ်ပျက်နေပေ၏။ သတိမမူမိကြ၍သာ မသိလိုက်ကြခြင်းဖြစ်၏။

ဤသို့ဖြင့် ရုပ်နာမ်ဓမ္မ သင်္ခါရများသည် သူ့သဘော သူဆောင်နေသည်ကို လက်တွေ့ဘ၀များက ထင်ရှားပြနေ၏။ အမှန်ကြည့်တတ်လျှင် သေဆုံးသူများတွင် မိမိတို့ထက် ငယ်ရွယ်သူများ အများအပြား ပါဝင်နေခြင်းကို ကောင်းစွာသိမြင်နိုင်၏။ အသက်အရွယ်အရဆိုလျှင် အရင်မွေးသူက အရင်သေရမည်ဖြစ်သော်လည်း သင်္ခါရ သဘောအရကား သေခြင်းတရားတွင် အသက်ကန့်သတ်ချက် မရှိကြောင်း ပြသနေပေ၏။ မိမိဖြစ်ချင်သည့်အတိုင်း မဖြစ်ဘဲ သူ့သဘောအတိုင်းသာ ဖြစ်နေကြောင်း သက်သေပြနေ၏။ မိမိတို့ ရည်ရွယ်သတ်မှတ် ထားသကဲသို့ ဖြစ်မလာဘဲ သူ့သဘောအတိုင်းသာ တစ်နည်းနည်းဖြင့် ဖောက်ပြန်ပျက်ဆီးလေ့ရှိကြောင်း ထုတ်ဖော်နေပေ၏။ သေချာသည်မှာ မည်သည့်အရာမျှ တစ်သမှတ်တည်း သတ်မှတ်၍ မရသည့်အချက်ပင် ဖြစ်၏။ မည်သူတစ်ဦးတစ်ယောက်မျှ ဘ၀ကို ပုံသေသတ်မှတ်၍ မရသည့် အချက်ပင် ဖြစ်၏။ နေ့မြင်ညပျောက်ဆိုသကဲ့သို့ ယခုမြင်နေသော်လည်း နောင်မြင်ချင်မှ မြင်နိုင်မည် ဖြစ်၏။ ယခုကောင်းနေသော်လည်း နောင်ကောင်းချင်မှ ကောင်းနိုင်မည် ဖြစ်၏။ ထို့ကြောင့် ဆရာတော်ကြီးများက ယခုလက်ရှိအချိန်သည်သာ အကောင်းဆုံးအချိန်ဖြစ်သည်၊ လက်ရှိအချိန်ကို နိဗ္ဗာန်အထိ ရောက်အောင် အသုံးချကြဟု ဆုံးမတော်မူခြင်းဖြစ်၏။

မှန်၏။ ယခုလက်ရှိအချိန်သည် ဘုရားသာသနာနှင့်လည်း ကြုံနေချိန်၊ လူ့ဘ၀ကိုလည်း ရနေချိန်၊ သူတော်ကောင်း တရားများကိုလည်း နားကြားခွင့် ရနေချိန် ဖြစ်သဖြင့် အမှန်ပင် အကောင်းဆုံးအချိန် ဖြစ်နေပါ၏။ မနက်ဖြန်ဘာဖြစ်မည် ဆိုသည်ကိုပင် မပြောနိုင်သည့် အနေအထားတွင် ယခုလက်ရှိ ပိုင်ဆိုင်ထားသည့် အနီးဆုံး အချိန်သည်သာ အကောင်းဆုံး ဖြစ်ပါ၏။ ယခုလက်ရှိအချိန်ကိုသာ မိမိတို့ဘ၀ သံသရာကောင်းရေး ကြိုးစားပေးရမည်ဖြစ်၏။ ကုသိုလ်ကောင်းမှုများကို ရသမျှ ယူရမည့် အချိန်ဖြစ်၏။ ငယ်ပါသေးသည် နောင်မှလုပ်ကြတာပေါ့ဟုဆိုကာ လက်ရှိသေချာနေသည့်အချိန်တွင် ကုသိုလ်တရားများ မလုပ်ထားပါက မိမိတို့ မျှော်လင့်ထားသည့် နောင်ဟူသည့်အချိန် မရောက်မီ တစ်ခုခု ဖြစ်သွားခဲ့ပါလျှင် နောင်မှတသည့် နောင်တများဖြင့် ဘ၀သံသရာလမ်းမှာ ၀မ်းသာဖွယ်မဖြစ်နိုင်သည်မှာ မလွဲဧကန်ဖြစ်ပါ၏။

“မရဏံ မေ ဓုဝံ၊ ဇီဝိတံ အဓုဝံ = သေခြင်းတရားသည်မြဲ၏၊ အသက်ရှင်ခြင်းသည် မမြဲ။”ဟူသည့်အတိုင်း မွေးဖွားခြင်း၏ အဆုံးသည် သေဆုံးခြင်းပင်ဖြစ်၏။ အသက်ရှင်စဲအခိုက်တွင် မည်သည့်အရာမျှ တိကျသေချာစွာ မသိနိုင်၊ မပြောနိုင်ကြသော်လည်း သေရမည်ဟူသည်ကိုကား အသေအချာပြောနိုင်ပါ၏။ သို့သော် ထိုသေဆုံးမှုသည် မည်သည့်အချိန်တွင် ဖြစ်မည်၊ မည်သည့်နေရာတွင် ဖြစ်မည်၊ မည်သည့်အရွယ်တွင် ဖြစ်မည်၊ မည်သည့်ရောဂါနှင့် သေရမည်၊ သေပြီးနောက် မည်သည့်ဘုံဘ၀တွင် ပြန်လည်မွေးဖွားမည် ဆိုသည်ကိုကား ကြိုတင်၍ မသိနိုင်ပြန်ပါပေ။ မနက်ပိုင်းတွင် သေသူများရှိသကဲ့သို့၊ နေလယ်ပိုင်း၊ ညနေပိုင်း၊ ညပိုင်း စသည့် အချိန်အမျိုးမျိုးတွင်လည်း သေနိုင်၏။ သေရမည့်နေရာအတွက်လည်း မိမိက မည်သည့်နေရာတွင် ခေါင်းချမည်ဟု နေရာရွေးချယ်၍ မရ၊ ကားပေါ်တွင်လည်း ဖြစ်နိုင်၏။ ရထားပေါ်တွင်လည်း ဖြစ်နိုင်၏။ သင်္ဘောစသည်များတွင်လည်း ဖြစ်နိုင်၏။ သေရမည့် အသက်အရွယ်သည်လည်း မွေးပြီးပြီးချင်း ဖြစ်နိုင်သကဲ့သို့ မွေးပြီး (၇)ရက်၊ တစ်လ၊ ၆လ၊ တစ်နှစ်၊ ၅နှစ်၊ ၁၆နှစ်၊ ၃၀၊ ၅၀၊ ၈၀စသည်ဖြင့် အရွယ်မရွေးဖြစ်နိုင်၏။ သေရမည့် ရောဂါသည်လည်း နှလုံးရောဂါနှင့် သေနိုင်သကဲ့သို့ ဆီးချိုသွေးချို၊ ကင်ဆာစသည်ဖြင့် ၉၆ပါးရောဂါ တစ်မျိုးမျိုး သို့မဟုတ် နှစ်မျိုးသုံးမျိုးဖြင့်သေနိုင်၏။ စင်စစ် ရုပ်တရားသည်ပင်လျှင် ရောဂါကြီး ဖြစ်နေသဖြင့် ရောဂါကင်းပြီး သေသူဟူသည်ကား မရှိနိုင်ကြပေ။ သေပြီးနောက် ပြန်လည်မွေးဖွားရမည့် ဂတိမှာလည်း အရိယာအဖြစ်ကို မရောက်သေးသည့် ပုထုဇင်များအနေဖြင့် သေပြီးနောက် မိမိတို့ ပြုလုပ်ခဲ့သည့် ကုသိုလ် အကုသိုလ်များ၏ အကျိုးပေးသို့လိုက်ကာ ဒေ၀ဂတိဟုခေါ်သည့် နတ်ပြည်ဗြဟ္မာပြည်များတွင်လည်း ပြန်လည်မွေးဖွားနိုင်၏။ မနုဿဂတိခေါ် လူ့ပြည်လောကတွင်လည်း ပြန်လည်မွေးဖွားနိုင်၊ တိရစ္ဆာနဂတိခေါ် တိရစ္ဆာန်အဖြစ်လည်း မွေးဖွားနိုင်၊ ပေတဂတိခေါ် ပြိတ္တာဘုံတွင်လည်း ပြန်ဖြစ်နိုင်၊ နိရိယဂတိခေါ် ငရဲတွင်လည်း ပြန်လည်မွေးဖွားနိုင်၏။ သေချာသည်မှာ အထက်ဖော်ပြပါအရာများသည် သေရမည်ဟူသည့် အချက်မှလွဲပြီး ပုထုဇင်သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အရာများဖြစ်၏။ ထို့ထက်ပိုသေချာသည်ကား ယခုလက်ရှိအချိန်ပင်ဖြစ်ပါ၏။ ထို့ကြောင့် မသေချာသည့် အရာများတွင် အချိန်ကုန်မနေကြဘဲ သေချာသည့် လက်ရှိအချိန်ကိုသာ ဘ၀သံသရာခရီးအတွက် ယခုပင်လျှင် ကြိုတင်၍ ကြိုးစားကြရန် တိုက်တွန်းကြခြင်းဖြစ်၏။

မည်သို့ဆိုစေ မည်သည့်အရာမျှ မမြဲသည့် ဤလောကကြီးတွင် လက်ရှိအချိန်သည်သာ အကောင်းဆုံး ဖြစ်ပါ၏။ ရုပ်တရား၊ နာမ်တရား၊ သင်္ခါရတရားများသည် မိမိတို့ ဖြစ်ချင်သည့် ပုံစံများဖြင့် ဖြစ်နေခြင်းမဟုတ်ဘဲ သူဖြစ်ချင်သည့်အတိုင်း သူ့သဘော သူဆောင်ကာ တစ်နည်းနည်းဖြင့် ဖောက်လွဲဖောက်ပြန် ပျက်ဆီး၍သာ နေပေ၏။ ထိုသဘောကို ကောင်းစွာနားလည် သဘောပေါက်ပြီး လက်ရှိပိုင်ဆိုင်ထားသည့် အချိန်ကိုပင် အကောင်းဆုံးအချိန်အဖြစ် နိဗ္ဗာန်အထိရောက်အောင် အသုံးချရမည် ဖြစ်ပေ၏။ နိဗ္ဗာန်မရသေးသော်လည်း ကျင်လည်ရမည့် သံသရာတွင် အပါယ်မလားစေရန်၊ သုဂတိဘ၀တွင် ပြန်လည်မွေးဖွားစေရန် ကောင်းမှုများဖြင့် ပေါင်းစုထားရန်သာ ဖြစ်ပါ၏။ ယခုထက်ပို၍ မအိုမီ၊ ယခုထက်ပို၍ မနာမီ၊ သေခြင်းတရား မရောက်လာမီ ကောင်းမှုအစုကို ကြိုးစားပြုထားရမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် သူတော်ကောင်းများ အနေဖြင့် တိပိဋကမင်းကွန်း ဆရာတော်ဘုရားကြီး၏ အဆုံးအမဖြစ်သည့် “ယခုပင်လျှင် မအိုခင်က၊ ယခုပင်လျှင် မနာခင်က၊ ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့…” ဟူသော သတိပေးတိုက်တွန်းချက်ကို နှလုံးသွင်း ဆင်ခြင်ကာ အကောင်းဆုံးအချိန်ဖြစ်သည့် ယခုအချိန်ကိုသာ တန်ဘိုးရှိအောင် အသုံးချကြပါဟု တိုက်တွန်းရင်း… ယခုပင်လျှင်…

စုစည်းထားမှု =

Read more...

ဦးဖေမောင်တင်၏ အခြေပြု ပါဠိသဒ္ဒါ...






Read more...

အရှင်အာနန္ဒာ (သို့မဟုတ်) တစ်လောကလုံးကို ရွှင်ပြုံးနှစ်သက်စေသူ

hursday, 04 March 2010 22:59 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

သူတော်ကောင်း အစားစားတွေထဲမှာ အချိုံ့သော သူတော်ကောင်းတွေကို စာရေးသူ ကြည်ညိုရုံသာကြည်ညိုပြီး မချစ်ခင်ပါဘူး။ အချို့သော သူတော်ကောင်းတွေကို ချစ်ခင်ရုံသာ ချစ်ခင်ပြီး မကြည်ညိုပါဘူး။ အချို့သော သူတော်ကောင်းတွေကိုတော့ ကြည်လည်း ကြည်ညို ချစ်လည်းချင်ခင်မိပါတယ်။ ကြည်ညိုတာဟာ သဒ္ဓါတရားရဲ့ အစွမ်းသတ္တိဖြစ်ပြီး၊ ချစ်ခင် တာကတော့ မေတ္တာတရားရဲ့ လက္ခဏာဖြစ်ပါတယ်။ ရှင်တော်ဘုရားရဲ့ အမြတ်ဆုံး အလုပ်အကျွေး ညီတော်အာနန္ဒာမထေရ်မြတ်ဟာ စာရေးသူရဲ့သဒ္ဓါတရားနှင့် မေတ္တာတရားကိုပါ ရယူတော်မူနိုင်ပြီး(စာရေးသူအတွက်) အချစ်ခင် အကြည်ညိုဆုံး အမြတ်နိုး တန်ဖိုးအထားဆုံး သူတော်ကောင်းတစ်ဦးဖြစ်ပါတယ်။

အရှင်အာနန္ဒာမထေရ်ဟာ လွန်လေပြီးသော ကမ္ဘာတစ်သိန်းထက်ကပွင့်တော်မူခဲ့တဲ့ ပဒုမုတ္တရရှင်တော်ဘုရားထံတော်မှစပြီး ဘုရားရှင်ရဲ့အမြတ်ဆုံး အလုပ်အကျွေးရာထူးကို ရည်မှန်းတောင့်တကာ ဒါန သီလ စတဲ့ ပါရမီကောင်းးမှုတွေကို ဖြည့်ဆည်းအားထုတ်တော်မူခဲ့တာပါ။ နောက်ဆုံးဘ၀မှာ မြတ်စွာဘုရားအလောင်းတော်နဲ့အတူ တုသိတာနတ်ပြည်မှ စုတေခဲ့ပြီး အမတောဒနသာကီဝင်မင်းရဲ့ အိမ်တော်မှာ ပဋိသန္ဓေတည်နေခဲ့ပါတယ်။ ဆွေတော်မျိုးတော်အားလုံးကို ရွှင်ပြုံးနှစ်သိမ့်စေကာ ဖွားမြင်တော်မူလာတာမို့ "အာနန္ဒာမင်းသား"လို့ နာမည်မှည့်ခေါ်ခဲ့ကြတာပါ။ အာနန္ဒာမင်းသားဟာ ရှင်တော်ဘုရားရဲ့ ဖွားဖက်တော် ၇-ဦးထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။

undefined

ရှင်တော်ဘုရားရဲ့ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနဲ့ အရှင်အာနန္ဒာရဲ့ ခမည်းတော် အမိတောဓနမင်းကြီးဟာ ညီအစ်ကိုအရင်းဖြစ်တာမို့ ရှင်တော်ဘုရားနဲ့ အရှင်အာနန္ဒာ တို့ဟာ တစ်ဝမ်းကွဲညီအစ်ကို တော်စပ်ပါတယ်။ အရှင်အာနန္ဒာဟာ ဘဒ္ဒိယ၊ အနုရုဒ္ဓ၊ ဘဂု၊ ကိမိလ၊ ဒေ၀ဒတ္တ၊ ဥပါလိတို့နဲ့အတူ မြတ်စွာဘုရားထံတော်မှောက် ရောက်ရှိလာ ပြီး ရဟန်းဖြစ်တော်မူခဲ့တာပါ။ အရှင်မြတ်ရဲ့ ဥပဇ္ဈာယ်ဆရာဟာ အရှင်ဗေလဋ္ဌသီသ ဖြစ်တော်မူပြီး၊ မန္တာဏီပုဏေးမရဲ့ သားတော် အရှင်ပုဏထံတော်မှာ တရားနာယူကာ သောတာပန် ဖြစ်တော်မူခဲ့ပါတယ်။

အရှင်အာန္ဒာမထေရ်ဟာ ရှင်တော်ဘုရားနဲ့ အရင်းနီး အကျွမ်းဝင်ဆုံးဖြစ်သလို အရှင်သာရိပုတ္တရာ ၊ အရှင်မဟာကဿပစတဲ့ မဟာသာဝကကြီးတွေနဲ့လည်း အင်မ တန် ချစ်ကျွမ်းဝင် ရင်းနှီးတော်မူပါတယ်။ အရှင်သာရိပုတ္တရာနဲ့ အရှင်အာနန္ဒာမထေရ် တို့ဟာ အမွန်အမြတ် ပစ္စည်းကောင်းများရရင် တစ်ဦးကိုတစ်ဦး အပြန်အလှန် ပေးလှူ တတ်သလို၊ တစ်ဦးရဲ့တပည့်ကိုလည်း တစ်ဦးက ဥပဇ္ဈာယ်ဆရာအဖြစ် ခံယူ စေတော် မူကြပါတယ်။ အရှင်မဟာကဿပ မထေရ်ကတော့ အသက်အရွယ်ကြီးရင့်လို့ ဆံပင်ဖြူ နေပြီဖြစ်တဲ့ အရှင်အာနန္ဒာကို " ဒီသူငယ်လေး(ဒီကိုယ်တော်လေး)ဟာ အတိုင်းအရှည် ကို မသိတတ်လေစွ"လို့ သူငယ်လေးဆိုတဲ့ အသုံးအနှုန်းနဲ့ ခေါ်ဝေါ် သုံးနှုန်းတဲ့အထိ ချစ်ကျွမ်းဝင်တော် မူပါတယ်။

အရှင်အာနန္ဒာမထေရ်မြတ်ဟာ အကြားအမြင်များတဲ့(ဗဟုဿုတ)ရဟန်းတွေထဲမှာ၊ မြတ်စွာဘုရား စကားတော်ကို အာဂုံဆောင်စွမ်းနိုင်သော သတိရှိတဲ့(သတိမန္တ) ရဟန်းတွေ ထဲမှာ၊ မြတ်စွာဘုရား ဟောတော်မူအပ်တဲ့ ပုဒ်အားလုံးကို သိစွမ်းနိုင်တဲ့ (ဂတိမန္တ) ရဟန်းတွေထဲမှာ၊ မြတ်စွာဘုရား စကားတော်ကို သင်ခြင်း၊ ဆောင်ခြင်း၊ သရဇ္ဈာယ်ခြင်း၊ မြတ်စွာဘုရားကို ဆည်းကပ်လုပ်ကျွေးခြင်းတွေမှာ လုံးလ၀ီရိယရှိကြတဲ့ (ဓိတိမန္တ)ရဟန်းတွေထဲမှာ မြတ်စွာဘုရားကို ဆည်းကပ်လုပ်ကျွေးတော်မူတဲ့ (ဥပဋ္ဌာက) ရဟန်းတွေထဲမှာ အသာဆုံး၊ အလွန်ကဲဆုံး၊ အမြင့်မြတ်ဆုံးဖြစ်တာမို့ " ဗဟုဿုတ၊ သတိမန္တ၊ဂတိမန္တ၊ ဓိတိမန္တ၊ ဥပဋ္ဌာက ၊ ဧတဒဂ်"ငါးတန်နဲ့ ထူးချွန်စွာ ချီးမွမ်းခြင်း ခံယူ တော်မူရတဲ့ အရှင်မြတ်တစ်ပါး ဖြစ်တော်မူပါတယ်။

ဘုရားရှင် ဟောကြားတော်မူသမျှ သုတ်-ဂါထာ စတာတွေအားလုံးကို အရှင်အာ နန္ဒာမထေရ်ဟာ ကြားနာမှတ်သား ဆောင်ထားနိုင်ပါတယ်။ အရှင်အာနန္ဒာ ဆောင်မ ထားတဲ့သုတ္တန်ဆိုတာ တစ်ခုမျှ ရှိတော်မမူပါဘူး။ အရှင်အာနန္ဒာမထေရ်ဟာ ရှစ်သောင်း နှစ်ထောင်သော ဓမ္မက္ခန္ဓာတွေကို ရှင်တော်ဘုရားထံမှ (တိုက်ရိုက်)သင်ယူ ဆောင် ထားတော်မူပြီး အရှင်သာရိပုတ္တရာ စတဲ့ မထေရ်ကြီးတွေထံမှ တစ်ဆင့် နှစ်ထောင်သော ဓမ္မက္ခန္ဓာတွေကို သင်ယူဆောင်ထားတာမို့ စုစုပေါင်း ဘုရားရှင်ဟောကြားတော်မူတဲ့ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို သင်ယူဆောင်ထားတော်မူ နိုင်ခဲ့ပါတယ်။

ဒီလောက်များပြားလှတဲ့ တရားတော်တွေကို သင်ယူစုဆောင်း ဆောင်ထားတော် မူနိုင်တဲ့အတွက် အရှင်အာနန္ဒာမထေရ်မြတ်ဟာ တိပိဋကဓရ(ပိဋကသုံးပုံဆောင်နိုင်သူ) လို့ ချီးကျူးခြင်း ခံယူတော်မူရသလို၊ ဓမ္မဘဏ္ဍာဂါရိက(တရားဘဏ္ဍာတိုက်စိုး)ဆိုတဲ့ ဘွဲ့ ထူးနဲ့လည်း အထူးထင်ရှားတော်မူခဲ့ပါတယ်။ ဒီလို အရည်အချင်းတွေကြောင့်လည်း တေ၀ိဇ္ဇ၊ ခီဏာသ၀ ရဟန္တာပုဂ္ဂိုလ်တွေရဲ့ အရာဖြစ်တဲ့ ပတမသံဂါယနာတင်ပွဲတော်မှာ ရဟန္တာမဖြစ်သေးတဲ့ အရှင်အာနန္ဒာကို အများစုရဲ့ ဆန္ဒနဲ့ အရှင်မဟာကဿပမထေရ် ကိုယ်တော်တိုင် ရွေးကောက်တော်မူခဲ့တာဖြစ်ပါတယ်။ ပထမသံဂါယနာတင်ပွဲမှာ အရှင် အာနန္ဒာမထေရ်ဟာ အဓိကအခန်းကဏ္ဍ ပါဝင်တော်မူခဲ့တာဖြစ်ပြီး အရှင်မဟာကဿပ မေးတော်မူသမျှ သုတ်၊ အဘိဓမ္မာတရားတော်ဟူသမျကို ဖြေဆိုတော်မူခဲ့တာလည်း ဖြစ်ပါတယ်။ သံဂါယနာတင်ပွဲအပြီးမှာ မထေရ်ကြီးတွေရဲ့ တာဝန်ပေးလွှဲအပ်တော် မူချက်အရ အရှင်အာနန္ဒာမထေရ်ဟာ ဒီဃနိကာယ်ကို တပည့်အစဉ်အဆက် ဆက် လက် ပို့ချ ထိန်းသိမ်းတော်မူခဲ့ပါတယ်။

ရှင်တော်ဘုရားကို ပထမဗောဓိလို့ခေါ်တဲ့ ၀ါတော် ၂၀ အတွင်းမှာ အမြဲတမ်း ပြုစု လုပ်ကျွေးတဲ့ ရဟန်း ရှိတော်မမူသေးပါဘူး။ အရှင်နာဂသမာလစတဲ့ ရဟန်းတော်တွေ ကသာ အလျဉ်းသင့်သလို ရှင်တော်ဘုရားရဲ့ သပိတ် သင်္ကန်း ကိုင်ဆောင်ကာ နောက် တော်ပါးက လိုက်ပါတော်မူတတ်ကြပါတယ်။ ဒါပေမယ့် နောက်တော်ပါ ရဟန်းတစ်ချို့ ဟာ ရှင်တော်ဘုရားရဲ့ စကားကို နားထောင်တော်မမူဘဲ ထင်ရာလုပ်တတ်ကြတာမို့ သက်တော်ကြီးရင့်လာပြီဖြစ်တဲ့ ရှင်တော်ဘုရားအတွက် အဆင်မပြေဖြစ်ကာ အခက် တွေ့လာရပါတယ်။

ဒီအကြောင်းကို ရှင်တော်ဘုရားဟာ သံဃပရိသတ်အလယ်မှာ မိန့်ကြားတော် မူတဲ့အတွက် အရှင်သာရိပုတ္တရာအမှုးရှိတဲ့ ရှစ်ကျိပ်သော တပည့်ကြီးတွေဟာ ဓမ္မသံ ဝေဂ ကြီးစွာရကြပြီး ၊ အနီးကပ်လုပ်ကျွေးပြုစုခါင့် တောင်းခံခဲ့ကြပေမယ့် ရှင်တော် ဘုရားဟာ အားလုံးကို ပယ်ချတော်မူခဲ့ပါတယ်။ သံဃပရိသတ်ထဲမှာ အရှင်အာနန္ဒာ တစ်ပါးသာ မတောင်းခံဘဲ ခပ်ဆိတ်ဆိတ် ထိုင်နေတော်မူတယကို တွေ့ရတဲ့အခါ ရဟန်း တော်တွေက ပြုစုလုပ်ကျွေးခွင့် လျှောက်တောင်းဖို့ တိုက်တွန်းကြပါတယ်။ "ငါ့ရှင်တို့ တောင်းမှ ရတဲ့ ရာထူးဋ္ဌာနဆိုတာ ဘာလုပ်ဖို့လဲ။ တကယ်လို့ ရှင်တော်ဘုရား အလိုရှိရင် "အာနန္ဒာ ငါဘုရားကို ပြုစုလုပ်ကျွေးစေ"လို့ မိန့်တော်မူပါလိမ့်မယ်"လို့ အရှင်အာနန္ဒာက ပြန်ကြားမိန့်ဆိုတာမို့ ရှင်တော်ဘုရားဟာ "ချစ်သား ရဟန်းတို့ အာနန္ဒာဟာ သူတစ်ပါး တိုက်တွန်းမှ ငါဘုရားကို ပြုစုလုပ်ကျွေးမယ့်သူ မဟုတ်ပါဘူး။ သူ့ဘာသာ အလိုလို သိရှိနားလည်ပြီး ငါဘုရားကို ပြုစုလုပ်ကျွေးပါလိမ့်မယ်"လို့ လမ်းခင်းစကား မိန့်ကြား တော်မူပါတယ်။

အဲဒီတော့မှ အရှင်အာနန္ဒာက ထိုင်နေရာမှထပြီး "မြတ်စွာဘုရား ရှင်တော်ဘုရား ဟာ တကယ်လို့ အရှင်ဘုရားတို့ ရအပ်တဲ့ ကောင်းမြတ်သော သင်္ကန်းကို တပည့်တော် အား မပေးစွန့်ပါရင်၊ ကောင်းမြတ်တဲ့ဆွမ်းကို မပေးစွန့်ပါရင်၊ ဂန္ဓကုဋိကျောင်းတော်မှာ အတူနေထိုင်ခွင့် မပေးပါရင် ဒကာ ဒကာမတွေ ပင့်ဖိတ်ရာသို့ အတူလိုက်ပါခွင့် မပေးပါရင် တပည့်တော်ဟာ ရှင်တော်ဘုရားကို ပြုစုလုပ်ကျွေးချင်ပါတယ်။

နောက်ပြီး ရှင်တော်ဘုရားဟာ တကယ်လို့ တပည့်တော် ပင့်လျှောက်ဖိတ်ကြား ရာကို လိုက်ပါကြွရောက်ချီးမြှောက်တော်မူပါရင် တိုင်းတစ်ပါးနယ်ခြားမှလာသော ပရိသတ်ကို လာရောက်တဲ့ခဏမှာပဲ တပည့်တော်အနေနဲ့ ရှင်တော်ဘုရားကို ဖူးမြင်စေ နိုင်ခွင့် ရတော်မူပါရင် တပည့်တော်ရဲ့ သန္တာန်မှာ တရားနဲ့စပ်ပြီး ယုံမှားသံသယဖြစ်တဲ့ ခဏမှာပဲ ရှင်တော်ဘုရားထံမှောက် ကပ်ရောက် မေးလျှောက်နိုင်ခွင့် ရနိုင်ပါရင် တပည့်တော်ရဲ့ မျက်ကွယ်မှာ ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို တပည့် တော်အား သနားသောအားဖြင့် ပြန်လည်ဟောပြတော်မူနိုင်ပါရင် တပည့်တော်ဟာ ရှင်တော်ဘုရားကို လုပ်ကျွေးပါရစေ"လို့ လျှောက်ထားတောင်းပန်တော်မူပါတယ်။ အရှင်အာနန္ဒာ တောင်းဆိုတော်မူခဲ့တဲ့ ဒီဆုရှစ်ပါးဟာ ကိုယ်ကျိုးစီးပွားလို့ ထင်ရတဲ့ အခွင့်အရေး ၄-ခုကို ပယ်ရှားပြီး၊ အများအကျိုးစီးပွားကို အာမခံတာဝန်ယူနိုင်တဲ့ အခွင့် အရေး ၄-ခုကို တောင်းဆိုတာ ဖြစ်တာကြောင့် "ပယ်လေးတန်၊ ခံလေးပါး"လို့ သာသနာ ၀င်မှာ ထင်ရှားတော်မူခဲ့ပါတယ်။

ရှင်တော်ဘုရားဟာ အရှင်အာနန္ဒမထေရ်ရဲ့ မြင့်မြတ်တဲ့စိတ်ထားကို ပေါ်လွင်ထင် ရှားအောင် ပရိသတ်အလယ်မှာ ဆုရှစ်ပါးတောင်းခံရခြင်းရဲ့ အကြောင်းရင်းကို မေးမြန်းစေပြီး အနီးကပ် အမြဲတမ်း ပြုစုလုပ်ကျွေးဖို့ ခွင့်ပြုတော်မူခဲ့ပါတယ်။ အရှင်အာနန္ဒာမထေရ်ဟာ အလုပ်အကျွေးရာထူးကို ရတဲ့နေ့ကစပြီး ရှင်တော်ဘုရားကို ရေပူ ရေချမ်း ကမ်းလှမ်းဆက်ကပ်ခြင်း၊ ကြီး-လတ်-ငယ်သုံးသွယ်သော ဒန်ပူတို့ကို ဆက်ကပ်ခြင်း၊ လက်တော် ခြေတော်တို့ကို ဆုပ်နယ်ပေးခြင်း၊ ရေချိုးတော်မူတဲ့အခါ ကျောတော်ကို ချေးတွန်းပေးခြင်း၊ ဂန္ဓကုဋိ ကျောင်းတော်ကို တံမြက်လှည်းခြင်း စတဲ့ ကိစ္စကြီးငယ် အသွယ်သွယ်ကို ဆောင်ရွက်တော်မူခြင်းနဲ့ ပြုစုလုပ်ကျွေးကာ "ဒီအချိန်မှာ ရှင်တော်ဘုရားအတွက် ဒီအရာဝတ္ထုကိုရမှသင့်မယ်၊ ဒီလိုအမှုကို ပြုမှသင့်မယ်" စသ ဖြင့် ဆင်ခြင်တော်မူပြီး တစ်နေ့တာပတ်လုံး ရှင်တော်ဘုရားရဲ့ အနီးအပါးမှာပဲ လှည့်လည် ကျက်စား သွားလာတော်မူပါတယ်။

နေ့ကိုလွန်မြောက် ညအချိန်အရောက်တဲ့အခါမှာ လည်း ဆီမီးတိုင်ကို ဆွဲကိုင် တော်မူကာ ဂန္ဓကုဋိကျောင်းကို ညစဉ်ညတိုင်း ကိုးကြိမ်ကိုးပတ် လှည့်လည်တော်မူပါ တယ်။ တကယ်လို့ ငိုက်မြည်းနေရင် ရှင်တော်ဘုရားအလိုရှိလို့ ခေါ်တော်မူတဲ့အခါ ပြန် လည်မထူးနိုင် မတုန့်ပြန်နိုင်မှာကို စိုးရိမ်တော်မူကာ တစ်ညဥ့်လုံး ဆီမီးတိုင်ကို ညဥ့်ဦး ယံမှာ သုံးကြိမ်၊ ညဥ့်အလယ်မှာ ၃-ကြိမ်၊ မိုးသောက်ယံမှာ ၃-ကြိမ်အားဖြင့် တစ်ညကို ၉-ကြိမ်တိတိ ရှင်တော်ဘုရားကို ရိုသေမြတ်နိုးစွာ ရှိခိုးတော်မူတတ်ပြီး နေ့ခင်း ၉-ကြိမ် နဲ့ပါ ပေါင်းရင် အရှင်အာနန္ဒာဟာ တစ်နေ့ကို ၁၈-ကြိမ် ဘုရားရှိခိုးတော်မူပါတယ်။

အရှင်အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရားနဲ့ ဖွားဖက်တော်ဖြစ်တာမို့ သက်တော် အားဖြင့် တန်းတူဖြစ်ပေမယ့် ရှင်တော်ဘုရားကို အစ်ကိုလိုတစ်မျိုး၊ ဖခင်လို တစ်သွယ်၊ ဆရာလိုတစ်ဖုံ အကြင်နာမျိုးစုံနဲ့ ချစ်ကြောက်ရိုသေကာ ကာယကံမေတ္တာ၊ ၀စီကံ မေတ္တာ၊ မနောကံမေတ္တာ ၊ မေတ္တာ ၃-ပါးနဲ့ အရိပ်ပမာ နောက်တော်ပါးက ထပ်ကြပ် မကွာ လိုက်ပါတော်မူပြီး ၂၅-နှစ်တာပတ်လုံး မြတ်နိုးကြင်နာစွာ ပြုစုလုပ်ကျွေး တော်မူ ပါတယ်။ ဒီလို သူမတူအောင် ပြုစုလုပ်ကျွေးတော်မူခဲ့တာကြောင့်လည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူခါနီးမှာ ကျောင်းတွင်းကိုဝင်ပြီး ငိုကြွေးမြည်တမ်းနေတော်မူ ခဲ့တဲ့ အရှင်အာနန္ဒာမထရ်ကို ခေါ်တော်မူကာ တရားစကားနဲ့ နှစ်သိမ့်တော်မူပြီး "အာနန္ဒာ သင်ဟာ ငါဘုရားရဲ့ အကျိုးစီးပွားချမ်းသာကို လိုလားပြီး မျက်မှောက် မျက်ကွယ် ခြားနားခြင်းမရှိဘဲ အတိုင်းအဆမရှိ များပြားလှတဲ့ မေတ္တာတရားနဲ့ ကြာမြင့်စွာသော ကာလပတ်လုံး မြတ်စွာဘုရားကို လုပ်ကျွေးခဲ့တယ်။ အာနန္ဒာ သင်ဟာ ပြုထားပြီးတဲ့ ကောင်းမှုများစွာရှိသူဖြစ်တယ်။ ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ရစ်လော့။ အလျင်အမြန် ပဲ ရဟန္တာဖြစ်လိမ့်မယ်"လို့ ရှင်တော်ဘုရားကိုယ်တိုင် ဗျာဒိတ်စကား မိန့်ကြားတော်မူ ပါတယ်။

ရှင်တော်ဘုရား ချီးကျူးတော်မူခဲ့သလိုပါပဲ အရှင်အာနန္ဒာမထေရဟာ အသိလိမ္မာ နဲ့ ပြည့်စုံပြီး အမြင့်မြတ်ဆုံးသော အလုပ်အကျွေးရဟန်းဖြစ်တော်မူပါတယ်။ ပွင့်တော် မူပြီးတဲ့ ဘုရားရှင်တွေမှာပါ အရှင်အာနန္ဒာထက်သာလွန်တဲ့ အလုပ်အကျွေးရဟန်း ဆို တာ မရှိခဲ့ပါဘူး။ မရှိနိုင်ပါဘူး။ အားလုံးဟာ အရှင်အာနန္ဒာမထေရနဲ့ ဂုဏ်ရည်ချင်း တန်းတူသာ ဖြစ်တေယ်မူနိုင်ကြပါတယ်။ အရှင်အာနန္ဒာ မထေရ်ရဲ့နှလုံးရည်ဟာ ဤမျှ လောက် မြင့်မြတ်တော်မူပါတယ်။

အရှင်အာနန္ဒာမထေရ်မြတ်ဟာ မိမိကိုယ်တိုင်ကတော်ပြီး သူတစ်ပါးတွေကိုလည်း တော်စေလိုသူ၊ မိမိကိုယ်တိုင်က ကောင်းပြီး သူတစ်ပါးတွေကိုလည်း ကောင်းစေလိုသူ "သူတော်ကောင်း"ပုဂ္ဂိုလ်အစစ်အမှန် ဖြစ်တော်မူပါတယ်။ အရှင်မြတ်ရဲ့ နှလုံးသာ လက်ယာဘက်ခြမ်းဟာ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ စတဲ့ သူတော်ကောင်း တရားတွေနဲ့ ပြည့်ဝတော်မူပြီး လက်ဝဲဘက်ခြမ်းကတော့ မေတ္တာ၊ကရုဏာ၊ မုဒိတာ။ ဥပေက္ခာ စတဲ့ ဗြဟ္မ၀ိဟာရတရားတွေနဲ့ ပြည့်လျှံနေပါတယ်။

စိတ်နှလုံး နူးညံ့သိမ်မွေတော်မူတဲ့ အရှင်အာနန္ဒာမထေရ်ဟာ အားနွဲ့သူ အမျိုး သမီးတွေဘက်က ရပ်တည်တော်မူတတ်ပြီး အမျိုးသမီးတွေကို ငဲ့ညှာစာနာတော်မူကာ ဦးစားလည်း ပေးတော်မူတတ်ပါတယ်။ အမျိုးသမီးတွေ ရှင်တော်ဘုရားရဲ့ သာသနာ တော်မှာ ရဟန်းပြုခွင့်ရဖို့ ကြိုးစားအားထုတ်တော်မူခဲ့သလို ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူခါနီးမှာလည်း အမျိုးသမီးပရိသတ်ကို ဦးစွာရှိခိုးပူဇော်ခွင့် ပေးတော်မူခဲ့ပါ တယ်။ ယခုအခါ အနောက်တိုင်းမှာ ကျင့်သုံးနေတဲ့(Lady first= အမျိုးသမီးပထမ)စနစ် ဟာ အရှင်အာနန္ဒာမထေရ် စတင်ကျင့်သုံးဆော်မူခဲ့တဲ့ အရှေ့တိုင်းရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုသာ ဖြစ်ပါတယ်။ အရှင်အာနန္ဒာမထေရ်ဟာ အမျိုးသမီးပရိသတ်တွေ အတွက် သားတော်လိုတစ်သွယ်၊ အကိုတော်လိုတစ်မျိုး၊ ဆရာလိုတစ်ဖုံ နည်းလမ်းမျိုးစုံ နဲ့ ချစ်ခင်ကြည်ညိုအားကိုးရာ ဖြစ်တော်မူခဲ့ပါတယ်။

အရှင်အာနန္ဒမထေရ်ဟာ အမျိုးသမီးပရိသတ်များသာမက ရဟန်း၊ ဥပါသကာ၊ ဥပါသိကာမ ပရိသတ်လေးမျိုးလုံးရဲ့ ချစ်ခင်မြတ်နိုးရာ "နှလုံးအိမ်"ဖြစ်တော်မူပါတယ်။ အရှင်အာနန္ဒာကို ဖူးမြော်လိုတဲ့ ပရိသတ်တွေဟာ အရှင်အာနန္ဒာမထေရ်ကို ဖူးတွေ့ရရုံနဲ့ နှစ်သက်ဝမ်းမြောက်ကြပါတယ်။ တကယ်လို့ အရှင်အာနန္ဒာမထေရ်က ဆုံးမစကား ပြောကြားတယ်ဆိုရင် အဲဒီတရားစကားကြောင့်လည်း လွန်စွာ ကျေနပ်ဝမ်းမြောက်ကြပါ တယ်။ နောက်ဆုံး အရှင်အာနန္ဒာမထေရ်မြတ်က ဘာမှမပြောတော့ဘဲ ဆိတ်ဆိတ်နေ တော်မူတဲ့တိုင်အောင် အရှင်မြတ်ကို သဘောကျကြည်ညိုတော်မူနိုင်ကြပါတယ်။ ဒီ အကြောင်းတွေကို ရှင်တော်ဘုရားကိုယ်တိုင် မဟာပရိနိဗ္ဗာနသုတ်မှာ အရှင်အာနန္ဒာ မထေရ်ရဲ့ အံ့ဖွယ် ၄-ပါးအနေနဲ့ အတိအလင်း ဟောကြားတော်မူခဲ့တာပါ။

အရှင်အာနန္ဒာမထေရ်ဟာ အရှင်မဟာကဿပမထေရ် ဦးစီးတော်မူတဲ့ ပထမ သံဂါယနာတင်ပွဲမှာ သူမတူအောင် ထူးချွန်ထက်မြက်အောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့် သံဂါသနာတင်ပွဲအပြီးမှာ တချို့သော မထေရ်ကြီးတွေရဲ့ မြတ်စွာဘုရား သက်တော် ထင်ရှား ရှိတော်မူစဉ်က "ပယ်ဖျက်နိုင်တဲ့ သိက္ခာပုဒ် အငယ်စားတွေဆိုတာ ဘာလဲလို့ မေးမြန်းလျှောက်ထားမှု မပြုခဲ့ခြင်း၊ ရှင်တော်ဘုရားကို အာယုကပ်ပတ်လုံး တည်အောင် နေတော်မူပါလို့ မလျှောက်ထား မတောင်းပန်ခြင်း၊ ရှင်တော်ဘုရားရဲ့ မိုးရေခံသင်္ကန်းကို ခြေနဲ့နင်းပြီး ချုပ်ခြဲု့ခင်း၊ အမျိုးသမီးတွေကို သာသနာတော်တွင်း သွက်သွင်းခွင့်ရအောင် လျှောက်ထားခဲ့ခြင်း"စတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုကို အရှင်မြတ် အနေနဲ့ အပြစ်လို့ မယူဆပေမယ့် မထေရ်ကြီးတွေကို ကြည်ညိုလေးစားတဲ့အနေနဲ့ အပြစ်လို့ဝန်ခံပြီး တောင်းပန်တော်မူခဲ့ပါတယ်။

သက်တော်ရှည်တော်မူတဲ့ အရှင်အာနန္ဒာမထေရ်မြတ်ဟာ သက်တော် ၁၂၀ အရောက်မှာ ရောဟိဏီဖြစ်လယ်ခေါင် ထန်းပင်ခုနှစ်ဆင့် အမြင့်ရှိတဲ့ ကောင်းကင်မှာ ကိုယ့်ခန္ဓာကို ကိုယ့်ဘာသာ စိတ်အဘိညာဉ်တန်ခိုးနဲ့ မီးရှိုးတော်မူကာ ကြွင်းကျန်တဲ့ သရီရဓာတ်တော်တွေကို ရောဟိဏီမြစ်ရဲ့ ဟိုဘက်သည်ဘက် ကမ်းပါးနှစ်ဖက်စလုံးရှိတဲ့ ကျေးဇူးများကြသူ ဒကာ ဒကာမတွေ အညီအမျှ ပူဇော်ခွင့်ရဖို့ ကိုယ်ခန္ဓာကို အလည်တည့်တည့်မှ နှစ်ပိုင်းကွဲကာ မြစ်ကမ်းနှစ်ဖက်မှာ ကျရောက်အောင် အဓိဋ္ဌာန် တော်မူခဲ့ပါတယ်။ အရှင်မြတ်ရဲ့ ရုပ်ကလာပ်တော်ဟာ အဓိဋ္ဌာန်တော်မူတဲ့အတိုင်း ကမ်းပါးနှစ်ဖက်မှာ အညီအမျှ ကျရောက်တော်မူတာမို့ ဒကာ ဒကာမတွေဟာ ၀မ်းနည်း ၀မ်းသာ မြည်တမ်းငိုယိုကြတာဟာ ရှင်တော်ဘုရား ပရိနိဗ္ဗာန်ဝင်စံစဉ်ကထက်တောင် သနားစဖွယ် ကောင်းတယ်လို့ ဆိုကြပါတယ်။

အရှင်အာနန္ဒာမထေရ်မြတ်ဟာ ဘွဲ့တော်နဲ့ လိုက်ဖက်ညီအောင် အင်မတန် နှစ် သက်ကြည်ညိုစရာ ကောင်းလှပါတယ်။ ဖွားမြင်တော်မူစက ဆွေတော်မျိုးတော်တွေကို သာ နှစ်သက်ရွှင်ပြုံးစေနိုင်ပေမယ့် အများအကျိုး၊ လောကအကျိုး၊ သာသနာတော် အကျိုးကို သယ်ပိုးထမ်းဆောင်ရင်း ရှင်တော်ဘုရားနဲ့တကွ တစ်လောကလုံးရဲ့ နှစ်သစ် ၀မ်းမြောက်မှုကို ဆောင်ကြဉ်းတော်မူနိုင်တဲ့ အရှင်မြတ်ဟာ နောက်ဆုံး ပရိနိဗ္ဗာန် ၀င်စံ ချုပ်ငြိမ်းချိန်မှာတောင်မှ အများပြည်သူရဲ့ ချစ်ကြည်ဖြူမှုကို ဆွတ်ယူသွားတော်မူနိုင် ခဲ့ပါတယ်။ "ကမ္ဘာကြေတာတောင် ဥဒါန်းမကြေနိုင်ဘူး"ဆိုတာလို သူတော်ကောင်းနှလုံး သားနဲ့ ရှင်သန်နေထိုင်သွားတော်မူတဲ့ အရှင်အာနန္ဒာမထေရ်မြတ်ရဲ့ အမည်နာမတော် ဟာ ရှင်တော်ဘုရားရဲ့ ဘွဲ့တော်ဂုဏ်ဒြပ်နဲ့အတူ ကမ္ဘာတွေ အသင်္ချေ ကြေပျက်သွားပြီး တဲ့ နောက်မှာတောင်မှ ၀င်းလက်တောက်ပစွာ ဥဒါန်းတွင် ကျန်ရစ်တော်မူမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

သူတော်ကောင်းရာဇ၀င်မှာ သမိုင်းတွင်တော်မူခဲ့တဲ့ အရှင်အာနန္ဒာမထေရ်ကို ဒီဆောင်းပါးတို ကလေးနဲ့ပဲ ဦးနှိမ်ချိုးပြီး ရိုသေစွာ ရှိခိုးကန်တော့လိုက်ပါတယ်။

ကျမ်းကိုး

၁။ အင်္ဂုတ္ထိုရ် အဋ္ဌကထာ (ပထမတွဲ)

၂။ အပါဒါန် အဋ္ဌကထာ (ပထမတွဲ)

၃။ ထေရဂါထာ အဋ္ဌကထာ (ဒုတိယတွဲ)

၎။ မဟာဝဂ္ဂ အဋ္ဌကထာ

၅။ ပါထက၀ဂ္ဂ အဋ္ဌကထာ

၆။ သံယုတ် အဋ္ဌကထာ (ပထမတွဲ)

၇။ ဓမ္မပဒ အဋ္ဌကထာ (ပထမတွဲ)

၈။ မဟာဗုဒ္ဓ၀င်ကျမ်း (ဆဋ္ဌမတွဲ)

တော်ဝင်နွယ်



Read more...

ဘလော့တစ်နှစ်ပြည့် အမှတ်တရ

ဒီနေ့ဟာ ကျွန်တော်ရဲ့ မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း ဘလော့ကို ရေးသားတာ တစ်နှစ်ပြည့် တဲ့နေ့ဘဲဖြစ်ပါတယ်။ ကျွန်တော် ဘလော့လေးကိုစတင် ဖြစ်မြောက်လာအောင် ကူညီပေးခဲ့တဲ့ သူငယ်ချင်း သုခရိပ်ကို အထူးကျေးဇူးတင်ရှိပါတယ်။ သူရဲ့ ကျေးဇူးကြောင့် ကျွန်တော် ၀ါသနာပါတဲ့ စာရေးသား ခြင်းကို
ကျွန်တော် ဖတ်မှတ်ထားသမျှ ဓမ္မစာပေများဖြန့်ဝေ ရေးသားခြင်းဖြင့် စတင်နိုင်ခဲ့ပြီး ဘလော့ဂါ မောင် နှမများနဲ့ သိကျွမ်း ခင်မင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်ရဲ့ အမှားများကိုပြုပြင် ဆုံးမသွန်သင်ပေးသော ဆရာ တော်များကိုလည်း ကျွန်တော်ရဲ့ ဘလော့တစ်နှစ်မြောက်နေ့မှာ ဦးချ ကန်တော့ရင်းဖြင့် နောင်လည်းဘဲ အမှားများတွေ့ပါက ဆုံးမသွန်သင် ပေးရန်ပြောကြားလိုပါတယ်။ ကျွန်တော်ဘလော့ရဲ့ လိုအပ်ချက်များကို ကူညီပြိး လမ်းညွန်ပေးခဲ့သော ညီအကိုမောင်နှများ၊ ဘလော့ကိုနေ့စဉ် လာရောက် လည်ပတ်အားပေးကြ သောစာဖတ်သူ ညီအစ်ကို မောင်နှများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ နောင်လည်းဘဲ ကျွန်တော် ဘလော့လေး ကိုလာရောက်ပြီး လိုအပ်ချက်များ ကိုလမ်းညွန်ပေးကြပါရန် ကျွန်တော်အနေနဲ့ ပြောကြားလိုပါတယ်။
ကျွန်တော့် ဘလော့ရဲ့ တစ်နှစ်ပြည့် အမှတ်တရနေ့လေးမှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ အဆုံးအမ များစွာထဲမှာ နှစ်ခုကို ဓမ္မလက်ဆောင်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

ဓမ္မ မိတ်ဆွေသူတော်ကောင်း အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ဘ၀ခရီးလမ်းမှာအောင်ပန်း များဆွတ်ခူးပြီး နောက်ဆုံး ခရီးပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါ တယ်။
လေးစားခင်မင်စွာဖြင့်
တောသားလေး

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP