* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, March 1, 2010

ကျွန်းမြတ် သီဟိုဠ်

ပါဠိပိဋကတ်တို့တွင် သီဟဠ၊ တမ္ဗပဏ္ဏိ၊ လင်္ကာဒီပ ဟူ၍၄င်း၊ ရှေးခေတ်အခေါ် သီဟိုဠ်ကျွန်းဟူ၍၄င်း ခေါ်ဝေါ်နေကြသော သီရိလင်္ကာနိုင်ငံသည် အိန္ဒိယနိုင်ငံတောင်ဘက် အိန္ဒိယ ပင်လယ်အတွင်း၌ တည်ရှိသော ကျွန်းနိုင်ငံသေးသေးဖြစ်ပါသည်၊

အိန္ဒိယဆိပ်ကမ်းမှ ၂၂ မိုင်မျှသာဝေးပြီး ကျွန်း၏ အရွယ်ပမာဏမှာ အလျား ( ၂၇၀ မိုင် ) အနံ ( ၁၄၀ မိုင်) အကျယ်စတုရန်း (၂၅၃၃၂ မိုင်) သာ ရှိလေသည်၊

ဘုရားရှင်လက်ထက်တော်အခါက ဤကျွန်းတွင် လူသားတို့ မနေကြသေးပဲ ဘီလူးတို့သာ နေထိုင်ကြသည်။ သမိုင်းများ အဆိုအရ ၀ိဇယဗာဟု မင်းသားသည် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုတော်မူသည့် မဟာသက္ကရာဇ် ( ၁၄၈ ခုနှစ် ) ကဆုန်လပြည့်နေ့ဝယ် ဤကျွန်းသို့ ရောက်ရှိလာပြီးနောက်ပိုင်း၌ လူသားများ စတင်နေထိုင်ခဲ့ကြသည်။

ထူးခြားသည်ကား မြတ်စွာဘုရားသည် ဤကျွန်းသို့ ဘုရားဖြစ်တော်မူပြီး ၉ လမြောက်မှာ တကြိမ်၊ ၅ ၀ါမြောက်မှာ တကြိမ်၊ ၈ ၀ါမြောက်မှာ တကြိမ်အားဖြင့် သုံးကြိမ်တိုင်တိုင် ကြွရောက်ချီးမြောက်ခဲ့ခြင်းပင် ဖြစ်ပေသည်။

ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး ဗာရဏသီပြည် မိဂဒါဝုန် တောထဲတွင် ပထမ၀ါအတွင်းဥရုဝေလ ရသေ့ညီနောင်တို့အား ချေချွတ်တော်ပြီး ပြာသိုလပြည့်နေ့၌မူ တပါးတည်း သီဟိုဠ်ကျွန်းသို့ ကြွလာတော်မူပြီးလျင် ကျွန်းနေ ဘီလူးတို့ကို ဆုံးမတော်မူကာ အစောင့်အရှောက်အရံအတား ပြုသောအားဖြင့် တကျွန်းလုံးကို သုံးကြိမ် လှည့်လည်တော်မူခဲ့သည်၊

ဘီလူးပရိသတ်တို့အား တရားဟောကြားအပြီးတွင် သမန္တကူဋတောင်နေ သုမနနတ်မင်းသည်သောတာပန်အရိယာဖြစ်လာရကား နတ်မင်း၏ လျောက်ထားချက်အရ ကိုယ်တော်စား ပူဇော်တော်မူရန် ဆံတော်တဆုပ်ကို ချီးမြှင့်တော်မူခဲ့သည်၊ သုမနနတ်မင်းလဲ ဘုရားရှင် စံမြန်းတော်မူသည် စမ္မခဏ်နေရာ၌ ဆံတော်တဆုပ်ကို ဋ္ဌာပနာလျက် ဣန္ဒနီလာ ကျောက်စေတီဖြင့် ပိတ်ဖုံးကာ ကိုးကွယ်ပူဇော်လေသည်၊

ထိုစေတီကိုပင် ယခုအခါ မဟိယင်္ဂဏစေတီ ဟု ခေါ်တွင်နေကြသည်၊ နောက်တချက်အနေနဲ့ ဘုရားရှင်၏ ရုပ်ကလာပ်တော် တေဇောဓာတ် လောင်တော်မူသောအခါ စန္ဒကူးနံ့သာ ထင်းပုံထက်မှ လည်ရိုးဓာတ်တော်ကို အရှင်သာရိပုတ္တ၇ာ မထေရ်၏ တပည့် ဖြစ်သူ အရှင်သရဘူမထေ၇်သည် တန်ခိုးဖြင့် ပင့်ဆောင်ကာ မဟိယင်္ဂဏစေတီ၌ပင် ထည့်သွင်းပူဇော်လေသည်၊

ထို့ကြောင့် ယင်း စေတီသည်ကား ဘုရားရှင်၏ ဓာတ်တော် ၂ မျိုးကိန်းအောင်းရာ တန်ခိုးကြီး စေတီတဆူဖြစ်ပြီး သီဟိုဠ်ကျွန်း၏ ပထမဆုံးတည်ထားသော ဘုရားရှင်၏ ဓာတုစေတီ လည်း ဖြစ်ပေသည်၊ ဘုရားရှင်၏ သာသနာစတင်ရာ ဖြစ်သောကြောင့် သီဟိုဠ်စေတီ အစ မဟိယင်္ဂဏ ကလို့ ဆိုသင့်ပါတော့သည်။

မဟာဝံသကျမ်း နှင့် ဘဒ္ဒန္တ နာရဒ ၏ သီဟိုဠ်ဘုရားဖူးလမ်းညွန်မှကူးယူဖော်ပြပါသည်။


ရောက်ခဲ့တဲ့ မြေပုံထိပ်ဆုံးက Jaffna နယ်စပ်မြို့

ဒီဘက်ကမ်းက သီဟိုဠ်ကျွန်းဖြစ်ပြီး ဟိုဘက်ကတော့ အိန္ဒိယ သမုဒ္ဒရာကြီးပါ
တရားနာ ကြွရောက်ကြရန် နတ် ဗြဟ္မာများအား သာမဏေငယ်လေးက တောင်ထိပ်မှ ကြွေးကြော်နေဟန်
တောင်ပေါ်တက်လမ်း တနေရာပါ
သမန္တကူဋတောင်ကို ဒီလို ခဲခဲယဉ်းယဉ်း မတ်စောက်ကြီး တက်ခဲ့ရတယ်


Read more...

ဆိဂီရိယ။

မဟိန္တလေကနေ ညနေ လေးနာရီကျော်လောက် ထွက်ခဲ့ကြတယ်၊ ဆိဂီရိယနဲ့ မဟိန္တလေက လေးဆယ့်ငါးမိနစ်လောက် ကားမောင်းသွားရတယ်၊ ဆိဂီရိယတောင်ကို မြင်တော့ တက်နိုင်ပါ့မလား ဆိုတဲ့ သံသယက ၀င်လာခဲ့တယ်၊ ဆိဂီရိယတောင်ခြေကို မကြာခဏရောက်ဖူးတယ်၊ တောင်ကိုမြင်ပြီး မတက်နိုင်မှာ စိုးလို့ တခါမှ မတက်ဖြစ်ခဲ့ဘူး၊

စိတ်ဝင်စားစာ ကောင်းမှန်းလဲ သိပါရဲ့။. မိမိတို့တက္ကသိုလ် Lecture တွေမှာ ဆိဂီရိယတောင်က ကမ္ဘာကျော် Painting တွေအကြောင်း သင်ယူရတယ်. သီရိလင်္ကာရောက်ဖူးသူတချို့ကတော့ ဆိဂီရိယတောင်ရဲ့ လွမ်းမောဖွယ်တွေကို ပြန်ရေးကြတယ်. သမိုင်းမှတ်တမ်းတွေမှာလဲ ဆိဂီရိယတောင်အကြောင်း မှတ်တမ်းတင်တာကို ဖတ်ခဲ့ဖူးတယ်။

ဆိဂီရိယဆိုတာ သီရိလင်္ကာနိုင်ငံရဲ့ UNESCO World Heritage (၇)ခုထဲမှာ တစ်ခုအပါအ၀င်ပါ၊ ပေါလောနရုဝ(၁၉၈၂)၊ ဆိဂီရိယတောင်(၁၉၈၂) Golden temple (ဒမ္ဘူလ-၁၉၉၁) ဂေါမြို့ဟောင်း(၁၉၈၈) အနုရာဓ ပူရ(၁၉၈၂) ကန္ဒမြို့(၁၉၈၈) ဆင်ဟာရဇ သစ်တောကြိုးဝိုင်း(၁၉၈၈) .ဒါတွေကို ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများအဖြစ် သတ်မှတ်ပေးခဲ့တယ်။ကမ္ဘာ့အံ့ဖွယ်ရှစ်ခုထဲမှာလဲ တစ်ခုအပါအ၀င်ဖြစ်တယ်။
ဒီလောက်မြင့်မားတဲ့ တောင်ထိပ်မှာ ဘယ်သူက နန်းတော်ကို တည်ဆောက်ခဲ့တာလဲ ဘာရည်ရွယ်ချက်နဲ့တည်ဆောက်ထားတာလဲ ဆိုတာကလဲ စိတ်ဝင်စားစရာ ကောင်းလှပါဘိတော့၊
ဆိဂီရိယဟာ ကျောက်တောင် အစစ်ပါ၊ ဒီတောင်ကို အေဒီ ၄၇၃-မှာ တည်ဆောက်ခဲ့တယ်။.

ကသျှပဆိုသူက ခမည်းတော်ဖြစ်သူ အနုရာဓပူရမြို့မှာ နန်းတက်နေချိန် ခမည်းတော်ကို ဖမ်းဆီးထောင်ချပြီး သတ်ပစ်လိုက်တယ်၊ နောင်တော်ကြီးဖြစ်သူ မောဂ္ဂလာနလဲ အိန္ဒိယတောင်ပိုင်းကို ထွက်ပြေးခဲ့ရတယ်၊
အဖေကိုသတ်ပြီး ထီးနန်းလုယူထားသူ ကသျှပတစ်ယောက် မြို့တော်အနုရာဓပူရမှာ ဆက်မနေတော့ဘဲ ဆိဂီရိယတောင်ကို အသေးစိတ် ခံတပ်မြို့အဖြစ်ပြင်ဆင်ပြီး ပြောင်းရွှေ့နေထိုင်ခဲ့တယ်။

ကသျှပရဲ့ နန်းတော်ရာကို ဆိဂီရိယတောင်ထိပ်ပေါ်မှာ အခိုင်အခန့်တည်ဆောက်စေခဲ့တယ်။ တိုက်ပွဲတွေဖြစ်ပေါ်လာရင် အသာစီးရဖို့ မဟာဗျူဟာမြောက် မြင့်မားတဲ့တောင်ပေါ်မှာ တည်ဆောင်စေခဲ့တာ ဖြစ်တယ်။ ကျောက်တောင်ကြီးရဲ့ ပတ်ဝန်းကျင်မှာလဲ ကြီးမားတဲ့ ဥယျာဉ်ကြီးကို ထည့်သွင်းတည်ဆောက်စေခဲ့တယ်။ဥယျာဉ်ကြီးရဲ့ ပတ်ချာလည်မှာ ရေကန်ပေါင်းများစွာကိုလဲ ထည့်သွင်းတည်ဆောက်စေခဲ့တာကို တွေ့ရတယ်။
ဆိဂီရိယတောင်ပေါ်က နန်းတော်ရာဟောင်း
အဖေကိုသတ်ပြီး ထီးနန်းလုယူထားသူ တစ်ယောက်ရဲ့ အစီအမံတွေ ဘယ်လောက်ကောင်းကောင်း အေဒီ ၄၉၅မှာ အိန္ဒိယတောင်ပိုင်းကို ထွက်ပြေးသွားတဲ့ နောင်တော် မောဂ္ဂလာန်စစ်တပ်က ကသျှပဘုရင်ရဲ့ ထီးနန်းကို ပြန်လည်ဖြုတ်ချပစ်ခဲ့တယ်၊ ကသျှပကိုယ်တိုင်လဲ သူကိုယ်တိုင် သေကြောင်းကြံစီသွားခဲ့တယ်၊ သံဝေဂယူစရာ ကောင်းလှတယ်၊

မိမိတို့အဖွဲ့လည်း ပင်လယ်ရေမျက်နှာပြင်ထက် ၃၇၇ မီတာ မြင့်တဲ့ ကျောက်တောင်ကြီးပေါ်ကို ဖြေးဖြေးချင်းတက်ကြတယ်၊ တချို့အတက် သံလှေခါးတွေက ခပ်လှုပ်လှုပ်ဖြစ်နေလို့ ဘုရားတပြီး သွားရတယ်၊ တချို့နေရာတွေမှာ ကြောင်လိမ်လှေခါးတွေနဲ့ တက်ရတယ်၊ အောက်ကို ငုံ့ကြည့်တော့ အသည်းယားစရာ ။ အမြင့်ကနေကြည့်ရတဲ့ ရှုခင်းတွေကတော့ တကယ့်ကို သာယာလှပနေတယ်၊ ကသျှပဘုရင်ကတော့ သဘာဝအလှအပကို ကြည့်ဖို့ထက် ရန်သူတွေကို အပေါ်စီးကမြင်နိုင်ဖို့ ရည်ရွယ်ခဲ့ဟန်တူတယ်၊ တောင်ကြီးပတ်ချာလှည့်မှာပဲ အဆင်းလမ်းတွေက အမျိုးမျိုး။

လိုက်လာသူသူငယ်တချို့ တောင်ပေါ်ထိ မတက်တော့ဘူးဆိုပြီး ပြန်ဆင်းသွားကြတယ်၊ မိမိတို့လဲ အားတင်းပြီး တောင်လယ်ရောက်အောင် တက်လာကြတယ်၊ တောင်အလယ်လောက်မှာ ကမ္ဘာကျော် ခြင်္သေ့လက်သည်း ကျောက်ထွင်းရုပ်ထုတွေကို တွေ့ရတယ်၊ကမ္ဘာ့လှည့် ခရီးသည်တွေ ဓာတ်ပုံရိုက်သူက ရိုက်၊ အနားယူသူက ယူနေတာကို တွေ့ရတယ်၊ နိုင်ငံခြားသား အချို့က ဓာတ်ပုံတွဲရိုက်ချင်တယ်ဆိုလို့ ဆိုက်တွေ ဂိုက်တွေပေးဖြစ်လိုက်သေးတယ်၊
ဆိဂီရိယတောင်အလယ်က ကမ္ဘာကျော် ခြင်္သေ့လက်သည်း
ဆိဂီရိယတောင် အဝေးမြင်ကွင်း
ဆိဂီရိယဟာ ပင်လယ်ရေမျက်နှာပြင်ထက် ၃၇၇ မီတာ မြင့်တယ်။အနုပညာလက်ရာတွေနဲ့ ခန်းနားထည်ဝါတယ်၊တောင်ပတ်ဝန်းကျင်မှာ ဥယျာဉ်တွေ ရေကန်တွေနဲ့အပြည့်၊

ဒီလို သံလှေခါး အကွေ့အကောက်တွေနဲ့ တက်ရတယ်ဆိဂီရိယကျောက်တောင်အကွေ့အကောက်များစွာ အခန်းများစွာ လမ်းများစွာနဲ့ တည်ဆောက်ထားတဲ့ ဆိဂီရိယဟာ သဘာဝရှုခင်းကို လေ့လာလိုသူတွေအတွက် သွားသင့်တဲ့နေရာတစ်ခုလို့ ဆိုရမယ်၊ တောင်အလယ် ခြေင်္သေ့လက်သည်းခြေရာကြီးကနေ ဆက်တက်ရင် နံရံဆေးရေးပန်းချီတွေကို တွေ့မြင်နိုင်တယ်၊ တောင်ထိပ်မှာတော့ နန်းတော်ရာဟောင်းကို လေ့လာခွင့်ရလိမ့်မယ်၊
ဆိဂီရိယကျောက်နံရံက ကမ္ဘာကျော် ပန်းချီကား
ဆိဂီရိယကနေ ပြန်ဆင်းလာတော့ ပဒေသရာဇ်ခေတ်ရဲ့ ရက်စက်မှုတွေအကြောင်း စဉ်းစားနေမိတယ်၊ သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင်ဟာ အလိုရမက်ပြင်းထန်သူများရဲ့ စေစားမှုအောက်မှာ အဓိပ္ပာယ်တွေ အမျိုးမျိုး ဖွင့်ဆိုနေခဲ့တယ်၊ ပဒေသရာဇ်ခေတ် မရှိတော့ပေမယ့် ပဒေသရာဇ်ကို ပြန်လည်ပုံဖော်သူများအကြောင်းကိုလဲ ဆိဂီရိယက လက်တို့ပြောပြလိုက်ရဲ့၊

တောင်ပေါ်တက်လို့ ပင်ပန်းပေမယ့် ရသစုံဖော်ကျူးပေးတဲ့ ဆိဂီရိယက လွမ်းမောဖွယ်ရာဖြစ်လို့ ကျန်ရစ်ခဲ့တယ်၊ မပြန်ချင်သေးပေမယ့် သဘာဝအလှသွေးကြွယ်နေတဲ့ ဆိဂီရိယတောင်ကို နှုတ်ဆက်ပြီး လာရာလမ်းကို ပြည်လှည့်ခဲ့ကြတယ်၊ ဘ၀မှာ ပြင်မရတဲ့ အမှားတွေ မလုပ်မိဖို့နဲ့ ကိုယ်လုပ်တဲ့အလုပ်ဟာ မျိုးဆက်သစ်တွေရဲ့ အားကျအတုယူစရာ ဖြစ်ဖို့လိုအပ်တဲ့ဆိုတဲ့ အတွေးတွေ ခပ်ရေးရေးပေါ်နေခဲ့တယ်၊ ခရီးအတူသွား သူငယ်ချင်းများရဲ့ အတွေးတွေလဲ ရောင်စုံဖူးပွင့်နေကြမယ်ဆိုတာ အလိုလိုနားလည်လိုက်ပါတယ်၊
ဆိဂီရိယရေ.. နောက်မှ ပြန်ဆုံကြပါမယ်၊ ။


Read more...

Happy Holi Hey!

“ဝုန်း”

“ဟေး”

“ဒိုင်း”

“ဟေး”

“ရူး........”

“ဟေး”

မနေ့ညက ကြားခဲ့ရတဲ့ အသံဗလံတွေပါ။ အိန္ဒိယ “Holi” ပွဲတော်ရဲ့ ဗြောက်အိုးဖေါက်တဲ့အသံတွေက နားကွဲမတတ် ဝန်းကျင်တစ်ခုလုံး ဆူညံနေတယ်။ ကလေးလူကြီး အားလုံးပျော်နေလိုက်ကြတယ်။ စိတ်ကို ထွက်ပေါက်ပေးလိုက်ကြတာလားမသိဘူး။ ဗြောက်အိုးတစ်ခုကို မီးရှို့လိုက် ပေါက်ကွဲသွားရင် “ဟေး” လို့အော်လိုက်ကြနဲ့ ကျနော့်စိတ်က ဟိုး....အဝေးကြီးကို ပြန်ရောက်သွားပြီး အတွေးထဲမှာ ပြန်ငယ်သွားသလိုပဲ။ စိတ်က ဘယ်ကို သတိရနေမှန်းမသိဘူး။

ငယ်ငယ်ကတော့ ဒီလို အသံတွေ ကြားဖူးနေတယ်။ ကြားမှာပေါ့။ ကိုယ်တိုင်ဆော့မြူး ပျော်ခဲ့ဖူးတာကိုး။ သီတင်းကျွတ်ဆို သီတင်းကျွတ်မို့၊ တံခူးသင်္ကြန်ဆို သင်္ကြန်မို့ ကလေးဘဝက ပျော်ခဲ့တာတွေ ငယ်သူချင်းတွေ ပြန်တွေ့လို့ ပြန်ပြောရင်း ပြန်ပျော်ရတာ အမော။

ရာသီတွေ အလီလီပြောင်းခဲ့။
နာရီတွေ မရေတွက်နိုင်အောင် လည်ပတ်ခဲ့။
သူငယ်ချင်းတွေလည်း ဟိုရောက် ဒီရောက်။
နေရာအသစ်ရှာကြတာတဲ့။ ရေကြည်ရာ မြက်နုရာပြောင်းဆိုသလိုပေါ့။ စာစောင်တစ်ခုမှာ သပိတ်အိုင်ဆရာတော် သီတဂူဆရာတော်သြဝါဒကို ဖတ်လိုက်မိတယ်။ ရေကြည်ရာ မြက်နုရာတွေ လိုက်လိုက်မပြောင်းကြဖို့၊ လက်ရှိနေတဲ့ နေရာမှာ ရေမကြည်ရင် ရေကြည်အောင်လုပ်ဖို့၊ မြက်မနုသေးရင်လည်း မြက်နုအောင် ကြိုးစားကြဖို့ သြဝါဒပေးတာ လိုက်နာစရာအတော်ကောင်းတယ်။ ဆရာတော်ကိုယ်တော်တိုင်လည်း နမူနာယူထိုက်အောင် လုပ်ပြထားတာ မနောမနဲလေ။

နေရာတစ်ခုပြောင်းတိုင်းအထူးအဆန်းတစ်ခုမကတွေ့ရစမြဲပဲမဟုတ်လား။

ဟိုး............အဝေးက ပျော်မြူး အော်သံတွေ ကြားလိုက်ရတယ်။
“Happy Holi” တဲ့။

Read more...

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၁

မာဃ ပူဇာ
အပိုင်း( က )

ဖေဖ၀ါရီ ( ၂၈ ) တပေါင်းလပြည့်ကျော် ( ၁) ရက် နေ့ မှာ မာဃ ပူဇာ ဆိုပြီး ပွဲတော် အသေးစား ကျင်းပ ခဲ့ပါတယ်။ ကြေငြာထားတဲ့ အစီစဉ်တိုင်းပါပဲ။

မနက် (၁၀) မှာ လူများက ကျောင်းကို လာကြပါတယ်။၁၀ နာရီခွဲ မှာ ဘုရား ၀တ်ပြု သြ၀ါဒ ပါတိ မောက် ၃ ဂါထာကို (၃)ခေါက်ရွတ် ဖတ် ပူဇော်ပါတယ်။ ပါဠိလို သုံးခေါက်၊ ဂျာမန်လို သုံးခေါက်ပါ။ ၁၁နာရီ၂၀ မှာ သံဃဒါန ဆွမ်းကပ် လှူကြပါတယ်။ ၁၂နာရီမှာ လူများ စားခန်း သောက်ခန်း ပြုလုပ်ကြပါတယ်။

နေ့ လည် ၁ နာရီ မှာ သံဃာ နဲ့ ဆိုင်ရာ သိသင့်တဲ့ အချက်များ ကို ကိုယ်က ပြောဟောခဲ့ပါတယ်။

၂နာရီ မှာတော့ မြစ်ဘေး တောအုပ်ထဲ လမ်းလျှောက်သွားခဲ့ကြတယ်။ ဒီအစီစဉ်ကတော့ အဝေးက လာတဲ့ လူဒကာဒကာမများနဲ့  အတူ ကိုယ်နဲ့ အရှင်ဌိတဓမ္မ သွားခဲ့တယ်။ အရှင်ဂဝေသကော မှာ ကျောင်းမှာ ကျန်နေတဲ့ သူတွေကို ဧည့်ခံ ဓမ္မစကား ပြောကြားနေခဲ့တယ်။ ညနေ ၄နာရီခွဲ မှာ ထိုင်း ဒကာဒကာမတို့  စုပေါင်းဒါန ပြုလုပ်ကြပါတယ်။

ညနေ ၅ နာရီမှာ အရှင်ဂဝေသကော က သူဓာတ် ပုံ ရိုက် မှတ်တမ်းထားတဲ့ ထိုင်း နဲ့  မလေးရှား ဓာတ်ပုံများကို ရှင်းလင်းပြောကြားတယ်။ ည ၇ နာ ရီ မှ ၈ နာရီ ၄၅ မိနစ်ထိ ဘုရားဝတ်ပြု တရားထိုင် ပါတယ်။ ည ၉ နာရီမှာ ပါရိသုဒ္ဓိ ဥပုသ်ပြုပါတယ်။
အစီစဉ်ကို မသိသေးသူတို့ အတွက် ထပ်မံ ဖေါ် ပြပေးလိုက်တာပါ။

အကျယ်ကား ဒီလိုပါဗျာ-

မာဃ ပူဇာ ဆိုတာ မြန်မာမှာ တပိုတွဲ လပြည့်နေ့  သတ်မှတ်ထားတဲ့ သြ၀ါဒ ပါတိမောက်နေ့ ပါ။ မာဃ=တပို့တွဲ လ ပါ။ ဒါပေမယ့် မြန်မာတို့  အသိများတာက အစားသောက်ဖြစ်တဲ့ တပိုတွဲ ထမင်းနဲ ပွဲ ဆိုတာ ထင်ရှားတာပါ။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာဒကာမပေါ့။ တပိုတွဲ လပြည့်နေ့ က ထမင်းနဲ ဘုဉ်းပေးရပြီ လို့  ကိုယ်က ထင်ခဲ့တာ။ လာပို့ မယ် ပြောပြီးမှ ထမင်းနဲက အုန်းသီးမရှိလို့ တဲ့။( တွတ်ပီ - ဖြစ်သွားတယ်။)အဲဒီလပြည့်နေ့  ရိုးရိုးဆွမ်းပဲ လာပို့တယ်။

ကဲ ကြည့်အုံး။ ဖြစ်ပုံက- တပေါင်းလပြည့်မှ ထမင်းနဲ ယူလာတယ်။ လာလှူတယ်ပေါ့။ ခု - သူလာလှူတာက မြန်မာလို တပေါင်းလပြည့်နေ့ မှာ လှူတယ်ပေါ့။ တော်သေးတယ် အုန်းသီး ရသွား လို့ ။ မြန်မာ အလွမ်းပြေပေါ့လေဆိုပြီး ပြောပြောဆို လာကပ် လှူရှာတယ်။(သာဓုပါဗျာ။)

ဒီမှာတော့ မာဃ ပူဇာ ကျင်းပတာ မြန်မာလို တပေါင်းလပြည့်ကျော်(၁)ရက်နေ့ ပါ။

မနက်ခင်းမှာ ဘုရားဝတ်ပြုပြီး ခဏမှာ ကျောင်းအနီးဝန်းကျင် လမ်းအတိုင်း ကျောင်းကို လက်ယာရစ် သုံးခေါက်ပတ်လျှောက်ပြီး ဘုရားဂုဏ်တော် တစ်ပါတ်၊တရားဂုဏ်တစ်ပါတ်၊ သံဃာ့ဂုဏ်တော် တစ်ပတ် စီ အဆက်မပြတ် ရွတ်ဖတ်ပါတယ်။ လက်ထဲမှာ တော့ နံ့ သာ အမွှေးတိုင်၊ ပန်းစီး၊ ဖယောင်း တိုင် ဘုန်းကြီးများက ရှေ့ က ဦးဆောင်လျက် လူများနောက်ကလိုက်ပြီး အသံထွက် ဂုဏ်တော် ပွါးဖြစ်ခဲ့ကြတယ်။

လာရောက်ကြတဲ့ လူတွေကတော့ မြူးနစ်မြို့  ကိုယ်တရားဟောသွားတဲ့ အသင်းက ဂျာမန် အသင်း သူ အသင်း သားများ၊ ပြီးတော့ ထိုင်း လူမျိုးများပေါ့။ ထိုင်းလူမျိုးက များပါတယ် ။

အဲဒီ နောက် အရှင်ဂဝေသကော က ထိုင်း ကျောင်းသား ကျောင်းသူ လေးများကို ၅ ပါးသီလ ပေး တယ်။ ဒီပူဇာနဲ့  ပါတ်သက်ပြီး ပဉ္စ၀ဂ္ဂီ (၅)ပါး ပါတဲ့ ဗုဒ္ဓရုပ်ပုံ ကားချပ် ကိုင်ပြီး ရှင်းပြတယ်။ ပြီးတော့ ဆွမ်း ကပ် ၊ ဆွမ်းဘုဉ်းပေးတယ်ပေါ့။ ဘုန်းကြီးများ ဘုဉ်းပေးပြီး လူတွေ တစ်ခါတည်း စားကြတယ်။

ပြီးမှ သံဃ အကြောင်းရာကို ပါဠိတော်များ နဲ့ အတူ ကိုယ်ဖြတ်သန်းခဲ့တဲ့ အတွေ့ ကြုံတွေကို ကိုယ်က ရှင်းပြခဲ့တယ်။ ပြောပြခဲ့တယ်။

( အဲဒါကိုအပိုင်း(ခ) ဖေါ်ပြပါမယ်။ အပ္ပမာဒ မဂ္ဂဇင်းမှာ ဆောင်းပါးများစွာ ရေးတဲ့ သူငယ်ချင်းက ကိုယ့်ကို သတိပေးပါတယ် ။ တစ်ခါတည်း ဆောင်းပါးရှည်ဆို စာဖတ်သူတို့  ညီးငွေ့ မယ် ၊ အပိုင်းခွဲ သင့်ကြောင်း အကြံကောင်းများ ပြုထားတာမို့ ပါ။)

ကိုယ် သံဃအကြောင်းရာ ရှင်းပြီးတဲ့နောက် မြူးနစ် အသင်းက လူများနဲ့ အညောင်းပြေဖျောက် လမ်းလျှောက်ဖြစ်ခဲ့တယ် ။ တရား ရေးရာလည်း လမ်းလျှောက်ရင်း မေးတာနဲ့  ပြောဖြစ်တယ်ပေါ့။
အပြန်မှာ ထိုင်းဒကာတို့  အလှူမပြုလုပ်ခင် ကိုယ်က သီလပေးပြီး၊ အရှင်ဂဝေသကော က ရေစက် ချပေါ့။

ပြီးမှ အရှင်ဂသေကော က သူ့ ရဲ့  အစီစဉ် အတိုင်း လက်ပတော့ နဲ့  သူမှတ်တမ်းတင် ရိုက်ခဲ့တဲ့ ဓာတ်ပုံ တွေ ကိုရှင်းလင်းပြတယ်။
ဟို လွန်ခဲ့တဲ့ ၁၆နှစ်ဆီက ရုပ်ရှင် (၇၅) နှစ် စိန်ရတုကိုတောင် အမှတ်ရသွား စေခဲ့တယ်။ ရုပ်ရှင်ပေါ်ကာစ ဆိုင်း မပါ စကားပြော အသံမပါ၊ အောက်ကနေ ဆိုင်းတီးပြီး ပိတ်ကားပေါ်က ဖြူမဲ ကို သရုပ်ဆောင်တာ ကြည့်ပြီး ရှင်းပြနေသလိုပါလား ပေါ့။

ခုဟာက တီးလုံးမပါဘဲ သက်သက် ဗလာချည်း ရှင်းပြနေတယ်။ သူရှင်းပြတာကတော့ သံဃာနဲ့  ဆိုင်တဲ့တရားအားထုတ်တဲ့ နေရာတွေ၊ အနောက်က ရဟန်းတော်များ အကြောင်း၊ မလေးရှား သံဃာ တွေအကြောင်း၊ကျောင်းတည်နေပုံ စင်္ကြံလမ်းနဲ့  ။ ထိုင်းကလူတွေ၊ မလေးရှားက တရုပ်တွေ တရား ထိုင်ကြတာကို ဒီက လူတွေ အားကျလာအောင် ပြောတာ ထင်လေရဲ့ ။

( ပွင့်လင်းစွာ ၀န်ခံရသော် ဂျာမန်လို ရှင်းပြသည့်အတွက် အားလုံးနားမလည်။ နားလည်သလောက် ပြောလိုက်တာပါ။ဒါ့ထက် ဘာတွေ ပြောသေးတယ်ဆိုတာတော့ မသိတော့ပါ။)

ဒီလိုနဲ့  တစ်နေကုန်သွားတာပါပဲ။ လူတွေလည်း ပင်ပန်းကြရောပေါ့။ လူကလည်း များသလားမမေးနဲ့ ကျောင်း နဲ့  အပြည့်လျှံပါပဲ။ ကျောင်းက ဆန့် တာလည်း လူ ၃၀ ညပ်ညပ်စာသာ။ လာကြတာတော့ လူ ၇၀ ခန့်  လောက်ထိ လာပါတယ်။ မနက်ခင်း ပူဇာ အပြီး ကျောင်းသားနဲ့  အဖွဲ့ များ ပြန်သွားလို့  နေသာ ထိုင်သာပါ။ နေ့ လည်မှာ တစ်ချို့ ကတော့ မိုးတိုး မတ်တပ် ရပ်လျက် နေရတာကလည်း ရှိပါ သေး တယ်။

တစ်နေတာ ပြီးသွားတာမို့  လူတွေ လည်း ပြန်သွားကြလေပြီ။ ည ဘုရားဝတ်ပြုချိန် တရားထိုင်ချိန်မှ အချို့  ပြန်လာကြတယ်။ကျန်တဲ့ အပိုင်းကိုတော့-

မာဃ ပူဇာ အပိုင်း (ခ) ကို စောင့်စား ရှုစားပါလေကုန်။


မှတ်သားလိုသူတို့ အတွက်
တစ်ဆယ့်နှစ်လ အမည် ပါဠိ-
စိတ္တ မာသ- တန်ခူးလ ။ ဝေသာခ မာသ- ကဆုန်လ။ ဇေဋ္ဌ မာသ- နယုန်လ ။ အာသာဠှ မာသ- ၀ါဆိုလ။ သာဝန မာသ- ၀ါခေါင်လ ။ ပေါဋ္ဌပါဒ မာသ- တော်သလင်းလ။ အဿယုဇ မာသ- သီတင်းကျွတ်လ။ကတ္တိက မာသ- တန်ဆောင်မုန်းလ။ မာဂသိရ မာသ- နတ္တော်လ ။ ဖုဿ မာသ- ပြာသိုလ် လ။ မာဃ မာသ- တပိုတွဲလ ။ ဖဂ္ဂုန မာသ- တပေါင်းလ။
မြတ်ရောင်နီ
(၂၈၊၀၂၊၂၀၁၀)

Read more...

အရှင် ပုညာနန္ဒ၏ အရိုးပြာအား ပင့်ဆောင်ပွဲ။

အရှင် ပုညာနန္ဒ
ဓမ္မကထိကဗဟုဇနဟိတဓရ၊ ကမ္မဋ္ဌာနာစရိယ
ပြည့်တွင်းပြည်ပ နယ်လှည့် သာသနာပြု

သိက္ခာတော် ၁၉-၀ါ၊ သက်တော် ၅၁-နှစ်

အရိုးပြာအား ရန်ကုန်လေဆိပ်မှ
ပုညာရာမ မိုးကုတ်ဝိပဿနာကျောင်းတိုက်သို့
ပင့်ဆောင်လာသည့် အခမ်းအနား










တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ



Read more...

ကုလားသင်္ကြန်။

ယနေ့(ကုလားအလို)တပေါင်းလပြည့်နေ့ဖြစ်သည်။ကုလားလပြည့်သည်မြန်မာလပြည့်ထက်တစ်ရက်နောက်
ကျသည်။တပေါင်းလပြည့်နေ့သည်ဟိန္ဒူများ၏ထင်ရှားသောဟိုးလီ(HOLIသင်္ကြန်)ပွဲတော်နေ့ဖြစ်သည်။ဟိုးလီ ပွဲတော်တွင်နေ့ဘက်၌လတ်ဆတ်လန်းဆန်းသောဆေးများဖြင့်တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်လိမ်းသုတ်ကြပြီး, ညဘက်၌ထင်းများစုဆောင်းပြီး မီးရှို့ကြသည်။

(၁) ဆေးဖြင့်လိမ်းသုတ်ခြင်း
ဆောင်းအကုန်,နွေအ၀င်ရာသီပြောင်းချိန်တွင်လူသားများသည်ပျင်းရိပျင်းတွဲဖြစ်နေတတ်သည်။သီချင်းတောင် ကျယ်ကျယ်မဆိုချင်ကြ။ထိုပျင်းရိမှုများ,ပပျောက်သွားပြီးအင်အားသစ်များရရှိလာအောင်စင်ကြယ်လန်းဆန်း
သောဆေးများဖြင့် လိမ်းသုတ်ကြသည်။(ပြောတာ...ပဲ)

(၂) ညဘက်မီးရှို့ခြင်း
ဆောင်းအကုန်,နွေအ၀င်ရာသီပြောင်းချိန်တွင်ပတ်ဝန်းကျင်းနှင့်လူ့ခန္ဓာကိုယ်တွင်ဘက်တီးရီးယားပိုးများတိုး ပွားလျက်ရှိသည်။(ယနေ့အပူဒီဂရီ၁၄.၅ဖာရင်ဟိုက်ရှိနေသော်လည်း)အစဉ်အလာအရဟိုးလီညရှို့လိုက် သောမီးကဘက်တီးရီိးယားပိုးများကိုသတ်ဖြတ်ပြီးပတ်ဝန်းကျင်နှင့်ခန္ဓာကိုယ်ကိုကျန်းမာအောင်ကျေးဇူးပြုနိုင် သည်။ (စာကတော့ ဆို တာပဲလေ..)

[၂၈.၂.၂၀၁၀နေ့ထုတ် COMPACT သတင်းစာမှ ထုတ်နှုတ်ပြန်ဆိုသည်။]

ဤသည်ပင်လျှင် ကိုနော ခရေဇီဖြစ်လှစွာသော လက်ယားအဘိဓာန်တော်ကြီး၏ဦးစွာပထမအစပုဒ်ဖြစ်လေ တော့သည်။

ကိုနော
၂၈.၂.၂၀၁၀
အိမ်လခပေးရန် ပိုက်ဆံအိတ်လိုက်နေရှာသောအချိန်။



Read more...

ဒီလိုသင်တန်းမျိုးရှိသင့်ပါသတဲ့။

ညနေခင်း ဒကာမနှစ်ဦး ကျောင်းသို့ရောက်ရှိလာပြီး “အရှင်ဘုရား…..ယဉ်ကျေးမှုသင်တန်းနဲ့ပတ်သက်ပြီး စုံစမ်းချင်လို့ ရောက်လာတာ ပါဘုရား၊ သင်တန်းကျင်းပတဲ့ပုံစံလေးသိချင်လို့ အမိန့်ရှိပါအုံးဘုရား” လို့ မေးလာတဲ့အတွက် သင်တန်းနဲ့ပတ်သက်ပြီး စီစဉ်ထားပုံကို ပြောဖြစ်ခဲ့ပါတယ်။

“သင်တန်းက (၁၀)ရက်တိတိပါ၊ သင်တန်းသို့ ရောက်လာတဲ့ကလေးများဟာ ယောင်္ကျားလေးဆိုရင် သာမဏေ၀တ်ရပြီး၊ မိန်းကလေး ဆိုရင် သီလရှင်ဝတ်ရပါတယ်။ တစ်ချို့သီလရှင်မ၀တ်လိုတဲ့ မိန်းကလေးများကိုတော့ ယောဂီအ၀တ် ၀တ်ကြရပါတယ်။ သင်တန်းသားများဟာ သင်တန်းစတဲ့အချိန်ကနေ သင်တန်းပြီးဆုံးချိန်အထိ ကျောင်းမှာပဲ နေရမှာပါ။ တစ်နေ့တာရဲ့ အချိန်ဇယားက မနက် ၄-နာရီအိပ်ယာထ၊ ၄း၃၀နာရီမှာ ဓမ္မာရုံသွားပြီး ဆရာတော်ထံမှ သီလအပြင် သြ၀ါဒပါ ခံယူရပါမယ်။ မနက် ၅း၃၀နာရီမှာ ဆွမ်းစားကြရမှာဖြစ်တယ်။ ဆွမ်းစားပီးတဲ့အခါ ၆း၃၀နာရီမှာ သန့်ရှင်းရေးလုပ်ရပါ့မယ်။ ၇နာရီမှ ၈နာရီအထိ စာသင်ကြရမှာဖြစ်တယ်။ ၈ နာရီမှ ၉ နာရီအထိ စာကျက်ကြရပါမယ်။ ၉ နာရီမှ ၁၀နာရီအထိရေချိုးကြရပါမယ်။ မနက် ၁၀း၃၀-နာရီမှာတော့ နေ့လည်စာ စားကြရပါမယ်။ နေ့လည် နားပြီး ၁၂း၃၀-နာရီမှ ၂ နာရီအထိ သင်တန်းသားများ ဟောပြောဆွေးနွေးပွဲကျင်းပမှာဖြစ်ပါတယ်။ ၂-နာရီမှ ၃-နာရီအထိ စာကျက်ကြရမှာဖြစ်တယ်။ ၃ -နာရီမှ ၄ -နာရီအထိ စာသင်ကြရမယ်။ ၄ -နာရီမှ ၅-နာရီအထိရေချိုးပြီး ၅နာရီမှ ၅း၃၀-နာရီအထိ ဧည့်တွေ့ချိန်ဖြစ်ပါတယ်။ ညနေ ၆-နာရီမှာ ဘုရားဝတ်တက်ကြရပြီး၊ ညတရားနာကြရမှာဖြစ်တယ်” လို့
တစ်နေ့တာအစီအစဉ်ကို ပြောပြလိုက်ပါတယ်။ ထိုဒကာမများက “အရှင်ဘုရားတို့ရဲ့သင်တန်းအစီအစဉ် ကောင်းလိုက်တာဘုရား၊ ဒီသင်တန်းပုံစံမျိုးတပည့်တော်တို့ မြို့မှာဖြစ်သင့်နေတာ ကြာပါပြီဘုရား၊ ယခုလိုအရှင်ဘုရားတို့က ဦးစီးဆောင်ရွက်ပြီး ကျင်းပပေးတာဟာ အနာဂါတ်ကလေးတွေအတွက် ၀မ်းမြောက်စရာကောင်းလှပါတယ်ဘုရား၊ တပည့်တော်တို့သားလေးလဲ ဒီသင်တန်းမှာ ထားချင်ပါတယ်ဘုရား၊ တပည့်တော်တို့သားကလေးဟာ ယခုအချိန်မှာ ဘာသာရေးနဲ့ပတ်သက်ပြီး ဘာမှနားမလည်ပါဘုရား။ စာသင်ကျောင်းမှာ သားကလေးရဲ့ အတန်းပိုင်ဆရာမက ဘာသာခြားဖြစ်နေတဲ့အတွက် ဘုရားရှိခိုးတာ မပြုလုပ်ကြရပါဘုရား။ ဒါကြောင့် ဘာသာရေးနဲ့ပတ်သက်ပြီး ကလေးများအတွက် အနာဂါတ်မျှော်လင့်ချက် ကင်းမဲ့နေသလိုပါပဲဘုရား” လို့ လျှောက်ထားလာတော့…
စာရေးသူအတွက် ဗုဒ္ဓဘာသာကလေးများဖြစ်ပါလျှက်နဲ့ ဘာသာခြားအတန်းပိုင်ဆရာများကြောင့် ဘာသာရေးမှာ အားနည်းလာရတာ ကို စိတ်မကောင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုသိတတ်တဲ့ မိဘများကြောင့်လဲ အားတက်ရပြန်ပါတယ်။ ပြောချင်တာက မိဘများဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး သွေးအေးမနေကြဖို့ ၊ လစ်လျူမပြုထားကြဖို့ တိုက်တွန်းလိုပါတယ်။
တစ်ဖန် ၂၀၀၉ ခုနှစ်က သင်တန်းအတွေ့အကြုံရလဒ်တစ်ခုကို ဒကာမများအား ပြောဖြစ်ပါသေးတယ်။ မနက်သင်တန်းတုန်းက တစ်နေ့ ညနေမှာ သင်တန်းသားတစ်ဦးရဲ့မိခင်ဟာ စာရေးသူနဲ့စကားပြောနေစဉ် ကိုရင်က သူ့မိခင်အနီးရောက်လာပါတယ်။ မိခင်က “ကိုရင် ဘာလိုရှိပါသလဲဘုရား” လို့မေးတော့ ကိုရင်က “ကိုရင် ဘာမှ မလိုပါဘူး။ ကိုရင်တို့သင်တန်းပြီးလို့ အိမ်ပြန်တဲ့အခါ အိမ်မှာ ချိတ်ဆွဲထားတဲ့ အုံးသီးဆွဲကို ဖြုတ်လိုက်ကြရအောင်လား” လို့ သားဖြစ်သူကိုရင်ထံမှ မမျှော်လင့်တဲ့စကားကို ကြားလိုက်ရတော့ မိခင်ခမျာ အံ့အားသင့်စွာနဲ့ “ကိုရင်…အိမ်ပြန်ရင်ကိုရင့်အလိုကျ အုံးသီးဆွဲကြီးကို ဖြုတ်ပေးပါ့မယ်” လို့ ကိုရင်ကိုပြန်ပြောလိုက်ပါတယ်။
အိမ်ပြန်ရောက်လို့ လူကြီးများက အုံးသီးဆွဲကို ဖြုတ်လိုက်တာပဲဖြစ်စေ၊မဖြုတ်တာပဲဖြစ်စေ၊ အရေးမကြီးတော့ သင်တန်းသားကိုရင်ကလေးရဲ့ သဏ္ဍန်မှာတော့ အုံးသီးဆွဲဆိုတာ ကိုးကွယ်စရာမလို၊ ဘုရားတရားသံဃာ ရတနာသုံးပါးသာ ကိုးကွယ်ရာဆိုတဲ့ ကိုးကွယ်မှုအစစ်အမှန်ကို ကလေးများရဲ့နှလုံးသားထဲ စိုက်ထူပေးလိုက်ရတဲ့အတွက် အတိုင်းမသိပီတိဖြာခဲ့ရသူက ဘာသာရေးဥယဉ်မှုးဖြစ်တဲ့ စာရေးသူ ရယ်ပါ………. ဒီအကြောင်းကို ရောက်လာတဲ့ဒကာမနှစ်ဦးအား ပြောလိုက်တဲ့အခါ…
“အရှင်ဘုရား…ကြားရတာ ၀မ်းသာစရာကောင်းလိုက်တာဘုရား၊ တပည့်တော်မတို့သားကိုလဲ နောက်ကျသွားတဲ့ အတွက် ဒီနှစ်သင် တန်းမှာ မတက်ရပေမဲ့ နောင်နှစ်သင်တန်းအတွက် ကြိုတင်စာရင်းလာပေးပါ့မယ်ဘုရား။ ဒီသင်တန်းမျိုး မြန်မာပြည်မှာ အများကြီးဖြစ်သင့်နေပါပြီ ဘုရား” လို့ အားတက်သရော ပြောကြပါတယ်။
ဒီလိုပါပဲ..ကလေးတွေရဲ့ အနာဂါတ်မျော်လင့်ချက်ရောင်ခြည်ဟာ မိဘတိုင်းမှာ တာဝန်ရှိနေပါတယ်။ ယခုအခါစာရေးသူတို့မြို့မှာ စာရေးသူတို့ ကျောင်းအပါအ၀င် အခြားအခြားဘုန်းတော်ကြီးကျောင်းများမှာလဲ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းများ ကျင်းပလာကြတာကို တွေ့ရတဲ့အတွက် သာသနာအတွက်ဝမ်းမြောက်ရပါတယ်။
ထိုနေ့က သင်တန်းသားဦးရေစာရင်းပြည့်သွားပြီဖြစ်တဲ့အတွက် လက်မခံလိုက်ရပေမဲ့ ထိုဒကာမများကတော့ စိတ်မပျက်ဘဲ နောင်နှစ်မှာ သူတို့ကလေးအတွက် ကြိုတင်စာရင်းပေးသွင်းမှာဖြစ်တဲ့အကြောင်းနဲ့ သင်္ကန်း၊သီလရှင်ဝတ်စုံစတဲ့ အခုသင်တန်းလိုအပ်ချက် အတွက်ကိုလဲ မကြာခင်လာရောက်လှူဒါန်းမှာဖြစ်တဲ့အကြောင်း ပြောကာ ပြန်သွားကြပါတယ်။
အချူပ်ဆိုရရင် သာသနာဆိုတာ စာရေးသူတို့ တစ်ဦးတစ်ယောက်နဲ့ သာသနာပြုလို့မရပါ၊ ဒကာများပါ အားတက်သရော ၀ိုင်းဝန်းသာသနာပြုကြမယ်ဆိုပါရင် သာသနာထွန်းကားနေမှာအမှန်ပင်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်……….။

Read more...

*မှတ်သားဖွယ်ရာအမေးအဖြေများ(၃)*

ဘုရားဥပဒေများကို ခေတ်ကာလအရ ပြောင်းလဲလို့ရပါသလား
အမေး။ ။အခြေခံဥပေဒတွေဟာ ခေတ်ကာလနဲ့ မညီရင် ပြုပြင်လို့ရပါတယ်ဘုရား၊ ဘုရားဥပေဒတော်များကိုလဲ ခေတ်ကာလအရ ပြောင်းလဲသင့် ရင် ပြောင်းလဲလို့ရပါသလားဘုရား။ သင်္ဂါယနာတင်တာနဲ့ အခု The world Buddhist summit နဲ့ အတူတူပါလားဆိုတာ သိချင်ပါတယ်ဘုရား။
မောင်ဇော်မျိုး(Activator)
ရန်ကုန်
အဖြေ။ ။မေးခွန်းမေးထားတာက
(က) ခေတ်ကာလအရ ဘုရာဥပဒေကို ပြောင်းလဲသင့်ပါသလား။
(ခ) သင်္ဂါယနာနဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ အတူတူ လား ဆိုတဲ့မေးခွန် နှစ်ခုဖြစ်ပါတယ်။ ဒါကိုအစဉ်အတိုင်း ပဲပြောပါမယ်။
(က) အခြေခံဥပဒေတွေက ခေတ်ကလာ အလိုက် အဆင်မပြေရင် ပြောင်းလဲလို့ ရတယ်ဆိုပေမဲ့ ဘုရားရှင်
ချမှတ် ခဲ့တဲ့ ဥပဒေတော်ကို ပြောင်းလဲလို့လဲ မရပါဘူး၊ ပြောင်းလဲပိုင်ခွင့်လဲ ဘယ်သူ့မှာမှ မရှိပါဘူး။ ဘုရာရှင်ပရိနိဗ္ဗာန်စံခါနီးမှာ ဘုရားရှင်က အရှင်အာနန္ဒာအား “ချစ်သားအာနန္ဒာ…ငါဘုရာကွယ်လွန်တဲ့အခါ အသေးအနုပ်သိက္ခာပုဒ်များကို ပယ်နှုတ်လိုခဲ့သော် ပယ်နှုတ်လေလော့” လို့ မိန့်တော်မူခဲ့တယ်။ (မဟာဗုဒ္ဓ၀င်၊ပဉ္စမတွဲ၊နှာ-၄၇၇)
ဒီလိုမိန့်တော်မူခဲ့ပေမဲ့ အရှင်မဟာကဿပစတဲ့ မဟာသ၀ကကြီးများအစထားလို့ သံဃာအားလုံးကပယ်နှုတ် ခြင်း၊ ပြင်ဆင်ခြင်း မပြုခဲ့ပါ။ ယနေ့အထိတိုင်အောင်လဲ ပယ်နှုတ်ခြင်း၊ ပြင်ဆင်ခြင်းများကို မပြုလုပ်ခဲ့ပါ။ ပထမသင်္ဂါယနာမှ ဆဋ္ဌမသင်္ဂါယနာတိုင်အောင် သံဃာထေရ်ကြီးများ အဆက်ဆက် အသက်စွန့်ကာ ထိန်း သိမ်းလာခဲ့ကြတာပါ။
“၀ိနည်းသည် သာသနာအသက်” ဆိုတဲ့အတိုင်း ဘုရား ဥပဒေတော်ဆိုတဲ့ ၀ိနည်းတည်ရှိနေသမျှ ကာလပတ် လုံးသာသနာတော်ကြီး တည်မြဲနေမှာပါ။ ဒါကြောင့် ခေတ်ကာလများ ဘယ်လောက်ပဲ ပြောင်းလဲပေမဲ့ဘုရား ရှင်ချမှတ်ခဲ့တဲ့ ဥပဒေတော်ကြီးကတော့ ပြောင်းလဲသင့်တဲ့အချိန်ဆိုတာ ရှိလာမှာမဟုတ်သလို ဘယ်တော့မှ လဲ ပြောင်းလဲမှာ မဟုတ်ပါဘူး။
(ခ) သင်္ဂါယနာနဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံဟာ တူပါသလားဆိုတော့ မတူပါဘူးလို့ပဲ ပြောပါရစေ… မတူကြောင်းကို ရှင်းပါအုံးမယ်။
သင်္ဂါယနာဆိုတာ= အညီ အညွတ်ရွတ်ဆိုခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ နားလည်အောင် ပထမသင်္ဂါယနတင် တဲ့ အနေအထားလေးကို ပြောပါ့မယ်။ သင်္ဂါယနာတင်ရာမှာ ဦးစီးတော်မူတဲ့ ရှင်မဟာကဿပမထေရ်က ၀ိ နည်းသိက္ခာပုဒ်များဖြစ်ပေါ်လာပုံ သိက္ခာပုဒ်ပညတ်ရာ တိုင်းပြည်၊မြို့ ၊ အပြစ်ကျုးလွန်တဲ့ပုဂ္ဂိုလ်၊အာပတ်သင့်မှု မသင့်မှု အသေးစိတ် မေးစိစစ်တော်မူပါတယ်။ မေးတိုင်း ပြဿနာများကို ၀ိနည်း ဧတဒဂ်ရ အရှင်ဥပါလိ မထေရ်က ရှင်းလင်းပြတ်သားစွာ ဖြေကြားတော်မူ ပါတယ်။ ဒီလိုအမေးအဖြေပြုပြီး သံဃာအားလုံးက သဘောတူညီတဲ့အခါ ရဟန္တာ မထေရ် ငါးရာတို့ကသံပြိုင် ရွတ်ဆိုကာ အတည်ပြု လက်ခံတော်မူကြပါတယ်။ ဒီလိုပါပဲ ကျန်တဲ့သိက္ခာ ပုဒ်များ၊ သုတ္တန်၊ အဘိဓမ္မာပိုင်း ဆိုင်ရာမှာဆိုရင်လဲ အရှင်အာနန္ဒာက ဖြေကြားတော်မူပါတယ်။
သံဃာအားလုံးက သဘော တူညီတဲ့အခါ ရဟန္တာမထေရ် ငါးရာတို့က စုပေါင်းသံပြိုင်ရွတ်ဆို တော်မူကြပါ တယ်။ ဒါကိုပဲ “သင်္ဂါယနာတင်တယ်” လို့ခေါ်ပါတယ်။
ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကတော့ သင်္ဂါယနာမှာလို သံဃာတော်အများက သုတ်၊၀ိနည်း၊ အဘိဓမ္မာ များကို စုပေါင်းရွတ်ဆိုတာမရှိ ပါဘူး။ အချို့က ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံဟာ သင်္ဂါယနာတင်တာလို့ မသိဘဲပြောဆို နေကြပါတယ်။ မဟုတ်ပါဘူးလို့ ပြောပါရစေ။ ဒါပေမဲ့ ညီလာခံရဲ့ ရည်ရွယ်ချက်ကတော့ အလွန်ကောင်းပါ တယ်။ ဒီညီလာခံ အကြောင်းသိရအောင် (intention of Buddhist summit) ညီလာခံရဲ့ ရည်ရွယ်ချက်ကိုအများ သိဖို့ ဖေါ်ပြပေးလိုက် ပါတယ်။
ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံရဲ့ ရည်ရွယ်ချက်(၅)ခုရှိပါတယ်။
(၁) ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သော နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ထွန်းကား လာစေရန်။
(၂) ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှုနဲ့ လိုက်နာကျင့်သုံးမှုတို့ကို ဗုဒ္ဓဘာသာ အချင်းချင်း ထိန်းသိမ်းစောင့် ရှောက်ရန်။
(၃) ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပရိယတ္တိကို အခြေခံတဲ့ ဗုဒ္ဓဘာသာပညာရေး ထွန်းကားပြန့်ပွားစေရန်။
(၄) ကမ္ဘာ့လူသားထုတစ်ရပ်လုံးအတွက် ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီးဖြစ်ထွန်း အကျိုးပြုစေရန်အတွက် ဗုဒ္ဓ ဘာသာရှုထောင့်က ၀ိုင်းဝန်းကူညီ ဆောင်ရွက်ရန်။
(၅) ဗုဒ္ဓရဲ့တရားဓမ္မများ မူရင်းမပျက် နိုင်ငံတကာသို့ ထွန်းကားပျံ့ပွားစေရန် တို့ဖြစ်ပါတယ်။
ဆရာတော်ဦးကောဝိဒ(မြိတ်)
**********************************************************************
ဆရာတော် ဦးကောဝိဒမြိတ် ရေးသားသော ဆိုဒ်မှ တစ်ဆင့်ပြည်လည်ကူးယူပြီး စာဖတ်သူဓမ္မမိတ်ဆွေများ
ကိုမျှဝေလိုက်ခြင်းဖြစ်ပါတယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Read more...

မြင့်မိုရ်ဦးရဲ့မသေပန်း။

သင့်ကို ရိုက်ပုတ် နှင့်ထုတ်ကြပေမယ့် သူတို့ကို မသေစေလိုဘူးဆိုရင် သင့်နှလုံးသားမှာ “မေတ္တာတရား” မသေပါကလား။

( ဘုရားလောင်း သိကြားမင်း )

ဒီသတင်းကိုကြားလိုက်စက အဘွားအို“ကစ္စာနီ”မှာ မယုံကြည်နိုင်သလို တအံ့တသြဖြစ်သွားသေးတယ်။ ဒါဟာ မဖြစ်ကို မဖြစ်နိုင်ဘူးလို့လည်း ဇဝေဇ၀ါးတွေးလိုက် မိသေးတယ်။ ဒါပေမယ့် ကလေးတစ်ယောက် မွေးဖွားတယ်ဆိုတဲ့ကိစ္စဟာ အကြံအဖန် လုပ်လို့ရနိုင်တာ မျိုးမဟုတ်သလို တစ်ရပ်လုံး အုတ်အော်သောင်းတင်း ပြောဆိုနေကြတာဖြစ်လို့ ဘာမျှ သံသယဖြစ်စရာ မလိုတော့ဘူး။ တကယ့်အဖြစ်မှန်ပဲ။ ဒီလိုဆိုရင်….

undefined

အဘွားအို “ကစ္စာနီ”ဟာ သူချွေးမ သားဖွားတဲ့သတင်းက သံသယဖြစ်စရာမရှိတဲ့ အဖြစ်မှန်ပဲဆိုတာ အတိအကျ သိလာရချိန်မှာတော့ သက်ကြီးရွယ်အိုတို့ကို အရိုအသေ လုပ်ကျွေးရမယ့် “ ဇေဋ္ဌပစာယနတရားနဲ့ သုစရိုက်တရားများ” အပေါ်မှာ သံသယ ဖြစ်လာခဲ့တော့တယ်။

ဒီတရားတွေ မရှိတော့ဘူး။ ဟုတ်တယ်။ ဒီတရားတွေ မရှိကြတော့တာ သေချာပြီး။ တရားသာအသက်ရှင်နေရိုးမှန်ခဲ့ရင် အမိကို အိပ်ပေါ်မှာ ရိုသေလုပ်ကျွေးနေစဉ်က ချွေးမမှာ သားရတနာ မထွန်းကားပဲ အမိကို ရိုက်ပုတ် နှင်ထုတ်လိုက်ခါမှ သားရတနာ ထွန်းကားပြီး ကျန်းမာချမ်းသာနေကြရတယ်လို့ ဘယ်မှာဖြစ်နိုင်မလဲ။ ခုတော့ ဒီအတိုင်း ဖြစ်တာက အမှန် ဖြစ်နေပြီ။ ဒါဆို တရားသေသွားတာလည်း မုချပဲပေါ့။ ဘာလုပ်ရမလဲ။

“အမှန်တရားများဟာ တစ်ချိန်က သူတို့ သက်ရှင် ထွန်းကားခဲ့တဲ့ ကျေးဇူးကြောင့် ငါ့မှာ အရွယ်အိုမုဆိုးမဖြစ်ရပေမယ့် ဘာမှ မချို့တဲ့ခဲ့ဘူး၊ အမိကို အိမ်ဦးနတ်လိုကိုးကွယ် လုပ်ကျွေးတတ်တဲ့ တစ်ဦးတည်းသော သားလိမ်မာလေး၊ ရေပူရေချမ်း၊ ယာဂုထမင်းက စပြီး အ၀တ်လျှော်ဖွပ်သည့်အထိ အစစ တာဝန်ကျေတဲ့ သားလိမ္မာရဲ့ ပြုစုစောင့်ရှောက်မှုကြောင့် အရာရာ ဘာမျှမချို့တဲ့၊ မတောင့်မတ မကြောင်းမကြ လိုအပ်သမျှ အရန်သင့်၊ ဒါတွေဟာ ဒီသုစရိုက်တရားတွေရဲ့ ကျေးဇူးတွေပဲမဟုတ်လား၊ ခုတော့ ကျေးဇူးရှင်တွေ သေကြပြီး၊ တို့ဗြဟ္မဏနွယ်တွေရဲ့ ထုံးတမ်းစဉ်လာအတိုင်း ကျေးဇူးရှင်သေခဲ့ရင်.. သူတို့ကို နောက်ဆုံးကျေးဇူးဆပ်တဲ့အနေနဲ့“ပိဏ္ဍပ်ကျွေး”(ဆွမ်းလွတ်)ပေးရမှာပေါ့”

အဘွားအို“ကစ္စာနီ” စိတ်ကို ဒုန်းဒုန်းချဆုံးဖြတ်ပြီးတဲ့အခါမှာတော့ ဗြဟ္ခဏ လူမျိုးတို့ ထုံးစံအတိုင်း ပိဏ္ဍပ်ကျွေးရာမှာ ချက်ပြုတ်ရမယ့် နှမ်းမှုန်း၊ ဆန် နဲ့ အိုး၊ ထင်း၊ ယောက်မ တို့ကိုယူပြီး သုဿာန်သင်္ချိုင်းဆီ ထွက်လာခဲ့တော့တယ်။

သူက သုဿာန်ဆီ သွားနေပေမယ့် စိတ်ကတော့ အတိက်ဆီ ပြန်တွေးနေမိတယ်။ အသက်အရွယ်ကြီးလို့ နောက်ဆုံးတော့ ယောင်္ကျားသားခမျာ “ အမေပြောတော့ တစ်လ၊ မယားပြောတော့ တစ်ခဏ” ဆိုတဲ့ အစားထဲ ရောက်သွားရရှာပြီး မယား သဘော အတိုင်း လိုက် လျောခွင့်ပြုလိုက်တယ်။ ဒါနဲ့ ချွေးမရဲ့ ကြိမ်းမောင်းနှင်ထုတ်တာ ခံရပြီး အဘွားအို“ ကစ္စာနီ” ခမျာ အိုကြီး အိုမ သူတစ်ပါးအိမ်မှာ အိမ်စေအဖြစ် ကပ်ရပ် မှီခိုရင်း အထီးအကျန် ဒုက္ခသည်ဘ၀ ရောက်ခဲ့ရတော့တယ်။

တိုက်ဆိုင်ချင်တော့ အဘွားအို အိမ်မှာရှိစဉ်က အမြုံမ ဖြစ်နေတဲ့ချွေးမက အဘွား အိုလည်းမရှိရော သန္ဓေရပြီး သားယောင်္ကျားလေး ဖွားမြင်လာတယ်။ ဗြဟ္မဏ အနွယ်တို့ရဲ့ ထုံးစံအတိုင်း အနွယ်ကို ဆက်ခံမည့် သားကောင်း မိခင်ဖြစ်ပြီဆိုတော့ သူဟာ အမျိုး ရဲ့ သခင်အဖြစ် အစစ စိုးပိုင်လာခဲ့တော့တယ်။ လင်ယောင်္ကျားအပေါ်မှာ လည်း ပြော အား ပိုရှိလာတာပေါ့။ “ အရင်က ယုတ်မာတဲ့ သက်ကြီးရွယ်အိုမကြီးကြောင့် အမြုံ ဖြစ်နေတာ၊ အခု သူလည်းမရှိရော အမျိုးကိုဆက်ခံမည့် သားရတာရပြီ” ပေါ့။

ဒါကြောင့် အဘွားအို “ကစ္စာနီ”က တရားကို သေပြီလို့ ယတိပြတ် ဆုံးဖြတ်ချက် ချပြီး ကျေးဇူးရှင် တရားအသေအတွက် ပိဏ္ဍပ်ကျွေး(ဆွမ်းသွပ်) ဖို့ သုသာန်ဘက် ထွက်လာခဲ့တာ။

သုသာန်ပေါ်ရောက်တဲ့အခါ လူသေရဲ့ ဦးခေါင်းခွံသုံးခုကို ဖိုခုံလောက်လုပ်ပြီး မီးပျိုးတယ်။ ပြီးတော့ ဗြဟ္မဏတို့ထုံးစံအတိုင်း ချောင်းထဲသွားပြီး ဆံပင်ကိုလျှော်၊ အ၀တ်ဖြူကိုရုံပြီးမှ ဆံပင်ကို ခြောက်အောင်ခါပြီး ကျောဘက်မှာ ဖားလားချထားရင်း နှမ်းထမင်းချက်ဖို့ ပြင်ဆင် ပါတော့တယ်။

အဲဒီတုန်းက ဘုရားလောင်းက သိကြာင်းမင်းဘ၀မှာ ဖြစ်နေခိုက်ဆိုတော့ လောကကြီးကို မမေ့မလျော့ ကြည့်လေ့ရှိတဲ့အချိန်။ သုဿာန်ပေါ်မှာ ထမင်းချက်ဖို့ ကြိုးစားနေတဲ့ အဘွားအိုကိုတွေ့တဲ့အခါ အကြောင်းစုံကို မေးမြန်းဖို့ ခရီးသွားပုဏ္ဏား အဘိုးအိုးအသွင်နဲ့ အဘွားအိုနား ချဉ်းကပ်ပြီး….

“အို ကစ္စည်းနွယ်ဖွား အရှင်မ၊ ဘာကိစ္စအတွက် သုဿာန်ပေါ်မှာ နှမ်းထမင်းကို ချက်နေရပါသလဲ”

“အို ပုဏ္ဏား၊ တရားသေတဲ့အတွက် ဆွမ်းသွပ်မလိုပါ”

“ကစ္စာနီအရှင်မ နှိုင်းနှိုင်းချိန်ချိန်ပြောပါ၊ တရားမင်းတရားဖြစ်တဲ့ သိကြားမင်း ဆိုတာ မသေသေးပါဘူး၊ ဘာကြောင့် တရားကို သေပြီဆို ပြောနိုင်ရတာလဲ”

“ပုဏ္ဏားကြီး၊ ဒီကိစ္စမှာ ကျွန်ုပ် ဘာမျှသံသယဖြစ်စရာ မလိုတော့ဘူး၊ အသေအချာ ဆုံးဖြတ်ပြီးပြီ။ အကျွန်ုပ်ကို အိမ်ပေါ်မှာတင်ထားပြီး လုပ်ကျွေးနေစဉ်က ချွေးမဟာ သားသမီးမထွန်းကားတဲ့ အမြုံမ ဖြစ်နေခဲ့တယ်၊ ကျွန်ုပ်ကို ရိုက်ပုတ်နှင်ထုတ်လိုက် ပြီးတော့မှ သားကို ဖွားဖြစ်ခဲ့တယ်၊ ဒီလို ယုတ်မာတဲ့ မိန်းမက အမျိုးကို အစိုးရသူ ဖြစ် သွားပြီး မိခင်ဖြစ်တဲ့ ကျွန်ုပ်က အနှင်ခံဘ၀ နဲ့ အထီးကျန်ဖြစ်ရတယ်၊ ဒါဟာ တရား သေလို့ပဲ မဟုတ်ပါလား”

“အို ကစ္စာနီအရှင်မ၊ ကျွနိုပ် သုစရိုက်တရာတွေကြောင့် သိကြားမင်းဖြစ်လာရသူပါ၊ ကျွန်ုပ်မသေသေးပါဘူး၊ အခုလာခဲ့တာဟာ သင့်ကို အကျိုးဆောင်ပေးဖို့ပါပဲ၊ သင့်ချွေးမဟာ သင့်ကို ရိုက်ပုတ်နှင်ထုတ်ပြီးမှ သားကို ဖွားမြင်ပြီး အိမ်ကို စိုးမိုးအုပ်ချုပ် ခွင့်ရသွားတာ ဖြစ်ခဲ့လျှင် သူသားနှင့်အတူ ပြာကျသွားအောင် ကျွန်ုပ် ပြုပေးပါမယ်။”

“အို သိကြားမင်း၊ ဘယ်လိုပြောလိုက်တာလဲ၊ ဒီအကြံဟာ အလွန်စက်ဆုတ်စရာ ကောင်းပါတယ်၊ ကျွန်ုပ်မြေး မသေအောင် ပြုရမယ်၊ အသင် သိကြားမင်းဟာ ကျွန်ုပ် အကျိုးအတွက် ဒီကိုရောက်လာခဲ့တာမှန်ရင် ကျွန်ုပ်နဲ့အတူ သား၊ ချွေးမ၊ မြေးတို့ အားလုံး အတူတကွ ၀မ်းမြောက်ဝမ်းသာ အိမ်မှာအတူနေရအောင်သာပြုပါ”

“အို ကစ္စာနီရှင်မ၊ သင့်ကို ရိုက်ပုတ်နှင်ထုတ်ခဲ့ပေမယ့် ငယ်ရွယ်သူတွေကို မသေစေလိုဘူးဆိုတဲ့ သင့်ရဲ့ မေတ္တာတရားကို မစွန့်လွှတ်ဘူးဆိုရင် သင့်နှလုံးသားမှာ မေတ္တာတရားဟာ မသေသေးပါကလား၊ ဒီလိုဖြစ်ရင် တရားသေကို ရည်မှန်းပြီး ဆွမ်းသွတ်ဖို့လုပ်နေတဲ့ သင့်အစီအစဉ်ကို ဖျက်လိုက်ပါတော့၊ သင့်ဆန္ဒပြည့်ဝအောင် ကျွန်ုပ် ဆောင်ရွက်ပေးပါမည်၊ မိသား စုတွေ ပြန်လည် ပေါင်းဆုံကြဖို့သာ ပြင်ပါတော့”

သိကြားမင်းက သူ့ကတိအတိုင်း သားနဲ့ချွေးမတို့ကို သံဝေဂရအောင် ပြောဆို ဆုံးမလိုက်တာကြောင့် မိခင်ရဲ့ ကျေးဇူးတွေကို ပြန်လည်အောက်မေ့ပြီး ကလေးငယ်ကို ပွေ့ချီရင်း မိခင်အရှာထွက်ကြတယ်။ ရွာသားများရဲ့ ပြောပြချက်အရ သုဿန်ဘက် ထွက်သွားတာသိရလို့ လိုက်လာကြပြီး မိခင်ရဲ့ခြေရင်းကိုဖက်ရင်း အပြစ်ကို ခွင့်လွှတ်ဖို့နဲ့ ရှေးကအတိုင်း အိမ်မှာတင် ပြုစုလုပ်ကျွေးခွင့်ပေးဖို့ တောင်းပန်ကြတဲ့အခါမှာတော့ အဘွားအို“ကစ္စာနီ” ဟာ ပီတိကြောင့်ကျတဲ့ မျက်ရည်စများကို ဖယ်ရှားပြီး မြေးငယ်ကို ပွေ့ချီ လိုက်တော့တယ်။

(ဇာတက-အဋ္ဌကနိပါတ်-ကစ္စာနီဇာတ်)

သားသမီးတိုင်း “မြင်းမိုရ်ဦးရဲ့မသေပန်း”ကို သိမြင် ပန်ဆင်နိုင်ကြပါစေသော်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)



Read more...

ရောင်စုံချယ် ဘုန်းဘုန်း။

ဒါဟာ ညနေ မှာ ဆုတောင်း မီးရှို့ ကြမယ့် ထင်းပုံပဲ
ဒီလို ဒီလိုလေး ရောင်စုံချယ် ပျော်ကြမယ်
ဒီလို ဈေးသည်တွေကလည်း ပေါမှပေါ၊
(၁)
ဒီနေ့ ကတော့ ဟိုးလီဒေး ( ho၀li day) လို့ ခေါ်တဲ့ အိန္ဒိယ နိုင်ငံရဲ့ နှစ်သစ်ကူးတဲ့ နေ့ လေးတစ်နေ့ ပါ။ မြန်မာပြည်လို ဆိုရင်တော့ နှစ်သစ်ကူး သင်္ကြန်ကျတာပါပဲ။ ကိုရွှေကုလားများ ဆယ့်နှစ်ရာသီ လုပ်နေတဲ့ ပွဲတော်လေးတွေထဲက အပျော်ဆုံးပွဲတော်လေး တစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေ့ မနက်တော့ မိမိလည်း မနက်စောစော အိပ်ရာထဖြစ်ခဲ့တယ်။ သင်တန်းလည်း သွားရမှာမို့ ပါ။ အခန်းအပြင် ဘက်မှာလည်း ကိုရွှေကုလားများက ဆူဆူညံညံ။ ထုံးစံအတိုင်း နံနက်ခင်း တေးသံသာများ စတင်ထုပ်လွှင်.နေကြတာပါ။ အိန္ဒိယ ဘုန်းဘုန်းများ ရဲ့ သည်းခံခြင်း ပါရမီ ဖြည့်ဖတ်တွေမို့  ကျေးဇူး တင်ထိုက်တဲ့ သတ္တ၀ါတွေထဲမှာ သူတို့ လည်း ပါဝင်ပေစွ။

(၂)
ဒီနှစ်သစ်ကူး သင်္ကြန်လေး နီးလာပြီဆိုရင်တော့ လမ်းဘေးဆိုင်လေးတွေမှာ ကြည့်လိုက်ရင် ရေပြွန်လေးတွေ၊ ၀ါ၊ စိမ်း၊ နီ၊ ပြာ ဆေးရောင်စုံ အမှုန့် လေးတွေ စက္ကုခေါင်းစွတ်လေးတွေ ရောင်းနေတာ တွေ့ ရမှာပါ။

မြန်မာ သင်္ကြန်လိုတော့ ရေချည်းပဲ လောင်းကြတာ မဟုတ်ပါဘူး။ ဆေးရောင်စုံ အမှုန့်လေးတွေကို ရေနဲ့ ဖျော်ပြီး တချို့ က လက်နဲ့ အချင်းချင်း လိုက်သုတ်ကြတာပါ။ တချို့ တွေကတော့ ရေပြွန်ထဲ မှာပဲ ထည့်ပြီး လိုက်ပတ်နေကြတာလည်း တွေ့ ရပါတယ်။ ကိုရွှေကုလားများ ဆေးရောင်လေးနဲ့ ဆိုတော့ မြင်ရသူတိုင်း ငေးမောရအောင် ပို့ လို့ လည်း လှသွားတော့တာပါ။ “အဟမ်း အဟမ်း” (သူ့ နိုင်ငံမှာ နေရတာမို့ ဖားပေးရတာ) ကုလားမျက်နှာလေး ဆေးရောင်စုံချယ်ထားတာဆိုတော့ ကိုယ့်ဟာကိုယ်သာ မြင်ရောင်ကြည့်ကြပေတော့။ ကဗျာမပီ၊ စာလည်း မမှီတာမို့  ဖွဲ့ နွဲ့ မပြတတ်တော့ပါဘူး။

ဒီလို နေ့ များဆိုရင် မိမိတို့  နေတဲ့ ဗာရာဏသီရွှေ မြို့ တော်ကြီးလည်း ကားသွား၊ ကားလာ သိပ်မရှိတော့ပါဘူး။ ကျန်တဲ့နေ့ များဆိုရင် လမ်းသစ် တံတားသစ်များ ဆောက်လက်စမို့ ၊ ပြီးတော့ ကိုရွှေကုလားများကလည်း စည်းကမ်းမဲ့ လွန်းတာရယ်ကြောင့် လမ်းမှာ ယာဉ်တွေဟာ ရထားတွဲတွေလိုပဲ ဖြစ်နေတော့တာပါ။ အော်…..မေ့လို့ မြန်မာပြည်နဲ့ မတူတာပြောရအုံးမယ်။ သူတို့ တွေက မြန်မာပြည် သင်္ကြန်မှာလို ကားများနဲ့ မသွားကြပါဘူး။ လမ်းလျှောက်ပြီးတော့ပဲ အုပ်စုဖွဲ့ ပြီး ဟိုနား ဒီနား ပျော်တော် ခရီးဆက်နေကြတော့တာပါ။

(၃)
တစ်နေလုံး ဆေးရောင်များနဲ့  ပျော်ပြီးလို့  ညဘက်များ ရောက်ပြီ ဆိုရင်တော့ လမ်းဆုံ၊ လမ်းခွ လူစည်းကာတဲ့ နေရာလေးတွေမှာ ထင်းပုံတွေကို မီးရှို့ နေတာကိုလည်း တွေ့ ရပါတယ်။ သူတို့ ပြောတာကတော့ မကောင်းတဲ့  အန္တရယ် ဘေးဆိုးတွေကို မီးရှို့ ဖျက်စီးလိုက်တဲ့ သဘောပါပဲတဲ့။ ပြီးတော့ နှစ်သစ်မှာ ပျော်ရွှင်ဖွယ်ရာတွေ နဲ့  တွေ့ ဆုံပါစေလို့ လည်း ဆုတောင်းတော့တာပါ။

မြန်မာပြည် တခြားနေရာတွေမှာတော့ မသိဘူး။ မိမိတို့  မကွေးဘက်မှာတော့ မကောင်းဆိုးဝါးတွေ တောထဲကို နှင်တယ်ဆိုတဲ့ သဘောနဲ့  နှစ်ဆန်းတစ်ရက်နေ့ မှာ လုပ်တက်တဲ့ ဓလေ့လေးတွေ ရှိပါတယ်။ သူတို့ လို မီးရှို့ တာတော့ မဟုတ်ဘူး။ ညနေ့ ရောက်ပြီဆိုရင် ရွာလယ်က အချက်ပေး သံချောင်း ခေါက်သံ ကြားတာနဲ့  ရေပုံးတွေ၊ ဒန်အိုးတွေ၊ တချို့ ဆို အသံမြည်ရင် ပြီးရော သဘောမျိုးနဲ့  တွေ့ တဲ့ ဟာ ဆြွဲပီး စော်တော့တာပဲ။ အဲလို လုပ်ရင် ရွာထဲက မကောင်းဆိုးဝါးတွေ ရွာအပြင် ထွက်ပြေးရောတဲ့။

မကောင်းဆိုးဝါးတွေ အဲဒီနေ့ ရောက်ခါနီးရင်တော့ အပြေးသာ လေ့ကျင့်ကြပေတော့။ မိမိလည်း ငယ်ငယ်က အဒေါ်အနိုင် မသိခင် မီးဖိုထဲက ဒံအိုးအလွတ်များကို ယူပြီး သံတုတ် ကြီးကြီးနဲ့  တီးတော့တာပဲ။ ကလေးဆိုတော့ ဘာရယ်မဟုတ်ဘူး၊ ပျော်ရရင် ပြီးရော ဆိုတဲ့ သဘောလောက်ပဲ။ အဲဒီအချိန်ရောက်ရင်တော့ အိမ်တိုင်း၊ အိမ်တိုင်းက မီးဖိုချောင် သော့ခတ်ထားဖို့ သာပြင်။ မခတ်မိလို့ ကတော့ နောက်နေ့  ဒန်းအိုး၊ ဒန်ခွက် အသစ်ဝယ်ဖို့ သာပြင်ကြပေရော……………..။

(၄)
မိမိလည်း ဒီနေ့ အပြင် သင်တန်းလေး တစ်ခု တက်စရာရှိတာမို့ သင်တန်းကို မဖြစ်မနေ ရောက်အောင် သွားရတော့တာပါ။ လမ်းမှာလည်း ကားတွေ ငှါးရခတ်တာမို့  အရေးဖေါ် ခေါ်နေကြ ကားဒရိုင်ဘာကိုပဲ တောင်းတောင်းပန်ပန် ကြိုတင်ဖုန်းဆက်ပြီး သင်တန်းကို သွားရပါတော့တယ်။ လမ်းမှာလည်း ကားစီးရင်း ကုလားတွေရဲ့ ရောင်စုံအမှုန့် များကို မိမိအပါ် မလူးစေရန် ဂျူမုံ အကွက်များ အဖန်ဖန် သုံးကား ရှောင်ကွင်း ရတော့တာပါ။

အိန္ဒိယနိုင်ငံရဲ့ ဒီလိုမျိုး ဓလေ့ရိုးရာလေးကို မြင်ရတော့ ဘုရားရှင်လက်ထက်က ဆင်တူယိုးမှား ဖြစ်ရပ်ကလေးကိုလည်း သွားသတိရမိတယ်။ ဘုရားရှင်လက်ထက်ကဖြစ်ပုံလေးကိုလည်း မှတ်သွားပါဦး။

(၅)
သာဝတ္ထိမြို့ မှာပါ။ အဲဒီ အချိန်မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဇေတ၀န် ကျောင်းတော်မှာ သီးတင်းသုံးနေတာပါ။ မြို့ ထဲမှာတော့ မိုက်မဲတဲ့ လူငယ်လေးတွေ ပွဲတော် ကျင်းပနေကြပါတယ်။ အဲဒီ ပွဲတော်မှာလည်း နွားချေးတွေ၊ ပြာတွေ နဲ့ တစ်ယောက်နဲ့ တစ်ယောက် သုတ်လိမ်းပြီးတော့ မြို့ ထဲမှာ အော်ဟစ်၊ ဆူညံလျှောက်သွားနေကြတော့တာပါ။ ပိုးဆိုးတာက အိမ်တိုင်းရဲ့ တံခါးရှေ့ မှာ ရပ်ပြီးတော့ အိမ်ရှင်က ပိုက်ဆံ ထွက်မပေး၊ မချင်း မကြားဝံ့ မနာသာ အထိပ်တလန့်  ဖြစ်အောင် အော်ဟစ် ပျော်မြူးနေကြတော့တာပါ။
ဘုန်းကြီး၊ ကိုရင် စတဲ့ အရိုအသေ ပေးရမယ့် သူ လာလို့ ရှိရင်လည်း အရိုအသေ မပေး ကြတော့ပါဘူး။ မြို့ ထဲမှာ မူးရူးပြီး သူတို့ ထင်ရာ လုပ်နေကြတော့တာပါ။

တစ်မြို့ လုံးမှာ မြင့်မြတ်တဲ့ စိတ်ထားရှိသူတွေသာ အိမ်မှာ ကျန်ရစ်နေတော့တာပါ။ ရဟန်း သံဃာတွေ ဆွမ်းကွမ်း အတွက်လည်း သူတို့ တွေကပဲ စီစဉ်ကြတော့တာပါ။ သူတို့ က မြို့ ထဲမှာ ရဟန်းတွေ ဆွမ်းခံထွက်ရင် အဲဒီ လူတွေနဲ့ တွေ့ မှာဆိုးလို့  ဘုရားရှင်ကို ဒီလိုတောင်းပန်ရပါတော့တယ်။

“ အရှင်ဘုရား ရဟန်းတွေကို ဒီ ပွဲတော် ခုနှစ်ရက် အတွင်း ဆွမ်းခံ မကြွဖို့ တားမြစ်ပေးပါဘုရား၊ ပွဲတော်ရက်လွန်မှသာလျင် ဆွမ်းခံ ကြွခွင့်ပြုပေးပါ ဘုရား၊ ဒီခုနှစ်ရက်အတွင်းမှာ တပည့်တော်တို့ က ပဲ ဆွမ်း ကိစ္စ တာဝန်ယူ ဆောင်ရွက်ပါရစေဘုရား” ဆိုပြီး သူတို့ က ပဲ စေတနာထက်သန်စွာ ဘုရားရှင်ကို လျှောက်ထားတော့တာပါ။

သူတို့ လျှောက်ထားတဲ့  အတိုင်း ခုနှစ်ရက်အလွန် ရှစ်ရက်မြောက်နေ့ မှာတော့  ဘုရားရှင်ကို “ရဟန်းတွေ မြို့ ထဲ ပြန်ဆွမ်းခံကြွလို့ ရပြီ” ဆိုပြီး နောက်တစ်ခါ ပြန်အလျှောက်မှာတော့ ဘုရားရှင်က ဒီပွဲတော်နဲ့  ပတ်သက်လို့  ဒီလို သုံးသပ်ပြတော့တာပါ။

“ လူတွေဟာ သေခြင်းသဘော၊ မမြဲတဲ့ သဘော၊ ဆင်းရဲခြင်းသဘောတရားတွေကို မေ့ပြီးတော့ ပျော်စရာ အာရုံတွေပဲ လိုက်စားနေကြတော့တာပဲ။ နေရာတိုင်းမှာ သတိတရား လက်ကိုင်ထားဖို့ လိုအပ်တယ်။ တကယ့် အနှစ်သာရ ရှိတဲ့ သဘောတရားတွေ မေ့လျော့ပြီးတော့ မူးယစ်ပျော်ပါးနေမယ်ဆိုရင် ဒါဟာ အပ္ပမာဒတရားကို ပစ်ထားတဲ့သဘောသက်ရောက်တာမို့  အဲဒီလူတွေဟာ လူမိုက်တွေပဲ။ ပညာရှိဆိုတာ ဘယ်တော့မှ အပ္ပမာဒတရားကို ပစ်မထားရဘူး။ နေရာတိုင်းမှာ သတိသံဝေဂဆိုတဲ့ သဘောတရားလေးကို လက်တွေ့ ကျကျ ကိုင်တွယ်အသုံးချတတ်တာ ပညာရှိတွေပဲ။ ဒါကြောင့် သင်တို့ လည်း မေ့လျော့မှုကို အားမထုတ်ကြနဲ့ ။ ကာမအာရုံ အပျော်အပါးတွေနဲ့  ရင်းနှီးအကျွမ်းမ၀င်ကြလေနဲ့ ၊ ဒီလိုမှသာ သင်တို့  ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မြန်မြန်ရောက်လိမ့်မယ်” တဲ့။

ဘုရားရှင်က အဲဒီ ပွဲတော်လေးနဲ့ ပတ်သတ်ပြီး သုံးသပ်ထားတာလေးပါ။

(၆)
သင်တန်းပြီးချိန်မှာတော့ မိမိအဆောင်ကို ရရာကား ငှါးပြီးတော့ပဲ ပြန်လာရတော့တာပါ။ လမ်းပေါ်မှာလည်း ဆေးရောင်စုံ၊။ ကုလားတွေမှာလည်း တကိုယ်လုံး အရောင်းမျိုးစုံ ချယ်လို့ ၊ ပြီးတော့ လှလို့ ၊ ပလို့ ။ တခါတခါ တစ်ယောက်နဲ့ တစ်ယောက် အပြုံးလေးတွေ နဲ့ နှုတ်ဆက်တာကိုလည်း ကြည့်အုံး။ ဖြူတာ ဆို လို့  သွားပဲ မြင်ရတာ။ တချို့ ဆိုရင် သွားတောင်မမြင်ရဘူး။ ကွမ်းစားထားလို့ ။


အဆောင်ရှေ့ရောက်တော့  ကားသမားကို ပိုက်ဆံပေးပြီး အဆင်း။ ဘယ်တုန်းက မိမိကို ချောင်းနေသလဲတော့ မသိပေါင်။ မိမိ ကို လာပြီး ဟတ်ပီး ဟိုးလီ ဆိုပြီး ဆေးရောင်စုံ လာချယ်သတော့တာပါ။ မိမိလည်း ဘာမှမတက်နိုင်။ အလစ်ခံလိုက်ရချေပြီ။ အဆောင်အပေါ်ရောက်မှ သူငယ်ချင်းတစ်ယောက်ကို အမှတ်တရ ဆိုပြီး ကင်မရာ ရှေ့ မှာ အိုင်တင်ကျကျ နေရာယူ အရိုက်ခိုင်းလိုက်တော့တာပါ။ အဲဒီ ဓာတ်ပုံကိုလည်း ဘလော့မှာ တင်မလို့ ဘဲ။ ဒါပေမယ့် ဘလောဂ် လာလည်သူ အားလုံး ပုံကို ကြည့်ပြီး လန့် သွားမှာစိုးသဖြင့် ဝေနေယျ သတ္တ၀ါ အားလုံးကို ငဲ့ညှာလိုက်လေတော့ သတည်း။

Read more...

သောမာထေရီ

0005052Kph0.jpg

ရာဇဂြိုဟ်ပြည် ဗိမ္ဗိသာရမင်းကြီး၏ ပုရောဟိတ် ပုဏ္ဏား သမီးဖြစ်သော ‘သောမာထေရီ’ သည် သတ္တုပ္ပလ မာတိကာ အမည်ရှိသော အဘယာထေရီနှင့် အတူတူပင် သုံးဆယ့် တစ်ကမ္ဘာထက်၌ ပွင့်တော်မူသော သိခီမြတ်စွာဘုရား၏ ခမည်းတော် ‘အရုဏ မင်းကြီး’ ၏ မိဖုရားငယ်ဖြစ်၏။

ထိုမိဖုရားငယ်သည် သိခီမြတ်စွာဘုရားအား ဥပ္ပလကြာပန်း ခုနှစ်ပွင့်ဖြင့် ပူဇော်သောကြောင့် အဘယာထေရီ ကဲ့သို့ပင်လျှင် သုံးဆယ့်တစ်ကမ္ဘာလုံးလုံး အပါယ် မလားမူ၍ ဤ ဘဒ္ဒကမ္ဘာဝယ် ငါတို့မြတ်စွာဘုရား ပွင့်တော်မူသောအါ ဗိမ္ဗိသာရ မင်းကြီး၏ ပုရောဟိတ် သမီး ဖြစ်ကာ မြတ်စွာဘုရားသည် ရဟန္တာ တစ်ထောင်နှင့် ရာဇဂြိုဟ်ပြည်သို့ ရှေးဦးစွာ ကြွလာတော်မူသည်တွင် တရားတော်ကို နာရ၍ ဥပါသိကာ ဖြစ်၏ ထို့နောက် ရဟန်းမိန်းမ ပြုလုပ်ရာ မကြာမြင့်မီ ရဟန္တာ အဖြစ်သို့ ရောက်တော်မူ၏။

ထို သောမာထေရီ အရှင်မသည် ရဟန္တာဖြစ်ပြီးနောက် သာဝတ္ထိပြည်သို့ သွားကာ ကဿပမြတ်စွာဘုရား လက်ထက်က အန္ဓဝနတော ခေါ်ခဲ့သော သူကန်းတောသို့ နေ့သန့်ခြင်းငှာ ဝင်၍ သစ်တစ်ပင်ရင်း၌ နေတော်မူ၏။ ထိုစဉ်တွင် မာရ်နတ်သည် အရှင်မအား သမာဓိ ရွေ့လျောစေခြင်းငှာ ချဉ်းကပ်လာပေ၏။

“သောမာဘိက္ခုနီ၊ ဘုရား အစရှိသော ယောင်္ကျား မြတ်တို့သာ ရောက်နိုင်သော နိဗ္ဗာန်ကို သင်တို့ မိန်းမများသည် ခုနှစ်နှစ်၊ ရှစ်နှစ်အရွယ်မှ အစပြု၍ အခါခပ်သိမ်း ထမင်းချက်၍ နေရသော်လည်း ကျိုက်ကျိုက်ဆူသော ရေ၌ ဆန်ကို ထည့်၍ ပွတ်သောအခါ ထမင်းကျက်သည် မကျက်သည်ကို မျက်စိဖြင့် ကြည့်၍ မသိနိုင်ကြကုန်။ ပွက်ပွက်ဆူသော ဆန်ကို ယောက်မဖြင့် ကော်ယူ၍ လက်နှစ်ချောင်းတို့ဖြင့် ညှပ်၍ ဖျစ်၍ ခြေ၍ စမ်းသပ်မှုဖြင့် ထမင်းကျက်မှန်းကို သိကြကုန်၏”

ထိုအခါ သောမာဘိက္ခုနီ အရှင်မသည် ဤသို့ ဆိုလာသော သူကား လူဟုတ်သလော၊ လူမဟုတ်သလော ဆင်ခြင်သော် မာရ်နတ် ဖြစ်ကြောင်းကိုသိ၏။ ထို့ကြောင့် ထို မာရ်နတ်ကို မောင်းမဲ ချေဆိုခြင်းငှာ ဤသို့ မိန့်တော်မူ၏။

“အချင်းမာရ်နတ်၊ မိန်းမအဖြစ်သည် ငါတို့အား အဘယ်ပြုရမည်နည်း။ စိတ်သည် ကောင်းစွာ တည်ကြည်သည်ရှိသော် အရဟတ္တမဂ်ဉာဏ်သည်ဖြစ်၍ ကောင်းစွာဖြစ်ပျက်တရားကို အထူးရှုသော သူအား မိန်းမအဖြစ်သည် အဘယ်သို့ ပြုရမည်နည်း”

“အချင်းမာရ်နတ်…..
“ဤကိုယ်သည် မိန်းမတည်း ဟူ၍လည်းကောင်း၊ ယောင်္ကျားတည်း ဟူ၍လည်းကောင်း တစ်စုံတစ်ခုသော ရုပ်နာမ်၌ စွဲလမ်းခြင်း ဖြစ်ရာ၏။ အကြင် စွဲလမ်းခြင်း ဖြစ်သောသူအား သင်မာရ်နတ်သည် လက်နှစ်ချောင်းဖြင့် ဗိုင်းငင့်ရုံမျှ သိသောသူ ဟူ၍ ဆိုထိုက်၏”

“လက်နှစ်သစ်လောက်မျှ ဉာဏ်အမြော်အမြင်ရှိသော မိန်းမသည် ဘုရား စသော ယောင်္ကျားမြတ်တို့သာ ရောက်ထိုက်သော အကြင် အရဟတ္တဖိုလ် တည်းဟူသော အရာသို့ ရောက်ခြင်းငှာ မတတ်နိုင်ရာ။
“မွှားမွှားသေးသေး လက်နှစ်သစ်လောက် ဉာဏ်ကလေးဖြင့် သင်တို့မိန်းမသည် အလွန်ခဲယဉ်းသော အရဟတ္တဖိုလ် နိဗ္ဗာန်သို့ မရောက်နိုင်ရာ ဟူ၍ သင်မာရ်နတ် ဆိုသော်လည်း ဖြစ်ပျက်တရားကို ကောင်းစွာထင်ထင် မြင်အောင် ရှုဆင်ခြင်သည်ရှိသော် လက်နှစ်ချောင်းဖြင့် ဗိုင်းငင့်နေသော မိန်းမသည် လည်းကောင်း၊ လက်နှစ်ချောင်းဖြင့် ညှပ်၍ ထမင်းနပ်သည်ကို သိသော မိန်းမသည် လည်းကောင်း၊ ဗိုင်းငင့်ရင်း၊ ထမင်းချက်ရင်း ဖြစ်ပျက်ကို ရှုခြင်းဖြင့် နိဗ္ဗာန်ကို ရနိုင်၏”

သောမာရဟန္တာ အရှင်မ၏ ချေပ ခြိမ်းခြောက်သံကို ကြားရလျှင် မာရ်နတ်သည် နှလုံးမသာစွာဖြင့် ထွက်ခွာသွားလေတော့သည်။

☺ပြီးပါပြီရှင်...။

Read more...

သီရိလင်္ကာမှ နဝမ်ပေရာဟာရပွဲတော်(NAVAM PERAHARA)


မိတ်ဆက်။ ။NAMVA(နဝမ်)ဟူသည်တစ်ပေါင်းလPERAHARA(ပေရာဟာရ)ဟူသည်အခါသမယ
(period) ဟူ၏။ တစ်နည်းဆိုရသော် တပေါင်းပွဲတော် ဟုခေါ်ဆိုနိုင်မည်ထင်ပါ၏။
မနေ့က(၂၇-၂-၂၀၁၀)ညနေ (၆း၀၀)နာရီ အချိန်ခန့်တွင် သူငယ်ချင်းဖြစ်သူဦးဝဏ္ဏသာမိ ဖုန်းဆက်
ခေါ်၍ နဝမ်ပေရာဟာရပွဲတော်ကျင်းပရာ ဟူနုပိတယ(HUNUPITAYA)
လမ်းဘက်သို့ သုံးဘီးတစ်စီးငှါး၍ ထွက်လာခဲ့သည် ။


စာရေးသူတို့ နေထိုင်ရာကျောင်းမှ (ပွဲတော်ကိုဦးဆောင်ကျင်းပသော) ဂင်္ဂါရာမကျောင်းတိုက်ရှိရာသို့ နာရီဝက်ခန့် စီးရသည်။ ဟူနုပိယလမ်းထဲကိုဝင်လာသည်ဟုဆိုလျှင်ပင် လမ်းမကြီးဝဲယာတစ်လျှောက် ရောင်စုံမီးလုံးများအောက်တွင် ပျော်ရွှင်တက်ကြွနေကြသော လူထုကြီးကို တသီတမကြီးတွေ့လိုက်ရသည်။ ကြိုကြားကြိုကြားတည်ဆောက်ထားသော စတိတ်စင်များကလည်း လူထုပရိတ်သတ်ကြားတွင် အခန့်သားနေရာဦးထားနှင့်ကြလေသည်။
သုံးဘီးဖိုးရှင်းပြီး သံဃာတော်များအတွက် တည်ဆောက်ထားသည့် စတိတ်စင်ပေါ်သို့ တက်လာခဲ့သည်။ သံဃာ့စတိတ်စင်ပေါ်တွင် သံဃာတော် (၃၀)ကျော်ခန့်ရောက်ရှိနေနှင့်ကြပြီး
ခုံလွတ်များလည်း ရှိနေသေးသည်ဖြစ်ရာ သှူုငယ်ချင်းဖြစ်သူကို နှုတ်ဆက်ပြီး ခုံလွတ်တစ်လုံးတွင် ဝင်ထိုင်လိုက်၏။
သိပ်မကြာပါ အနောက်ဘက်လမ်းထောင့်ဆီမှ ကြာပွတ်ရိုက်သံတစ်ဗြောင်းဗြောင်းကြားလိုက်ရသည်။
မှန်ပါ၏။ မည်သို့လေ့ကျင့်ထားကြသည်မဆိုနိုင်၊ အဖြူရောင်ခေါင်းစည်း အဖြူရောင်ဝတ်စုံဆင်တူ
ဝတ်ဆင်ထားကြသည့် ကြာပွတ်သမား အယောက်(၂၀)ခန့်တို့၏ ကြာပွတ်ရိုက်သံသည် တရွှန်းရွှန်း
မြည်ရမည့်အစား ဗြောက်အိုးဖောက်သံများကဲ့သို့ တဗြောင်းဗြောင်းမြည်နေပါ၏။
ထိုအခိုက်မှာပင် လူထုကြီးသည် အနောက်ဘက် ကြာပွတ်သမားများဆီမှ အကြည့်ပြောင်း၍ အရှေ့ဘက်သို့ ဦးလှည့်သွားကြရာ ငြိမ့်ငြိမ့်ညောင်းညောင်းလျှောက်လှမ်းလာနေသည့်
လှပစွာတန်ဆာဆင်ထားသည့် ဆင်တော်(၃)စီးကို တွေ့လိုက်ကြရပါ၏။ ဤနေရာ၌ ဆင်တော်(၃)စီး၏အပြင်အဆင်နှင့် လှမ်းလျှောက်လာပုံတို့ကို ပေါ်လွင်အောင် ရေးသားဖေါ်ပြသင့်သည်ထင်ပါ၏။
ဆင်တော် (၃) စီးကို လှပသော ငွေခြည်ပန်းထိုး ဘယက်တန်ဆာဒွါဒယာများ ဝတ်ဆင်စေလျှက်
လျှပ်စစ် အော်တိုမစ်တစ်မီးလုံးကလေးများဖြင့်ပါ တန်ဆာဆင်ထားပေးကြ၏။ ဆင်တော် (၃) စီးတွင်
အလယ်မှဆင်တော်သည် ဘေးဘယ်ညာမှ ဆင်တော် (၂) စီးထက် ကိုယ်လုံးကိုယ်ပေါက် အတန်ငယ်
ကြီးပုံပြီး အစွယ်လည်းအနည်းငယ်ပိုရှည်ပုံပေါ်၏။ ဘေးဘယ်ညာမှ ဆင်တော် (၂) စီးပေါ်တွင် ခန့်ညားစွာဝတ်ဆင်ထားသော ဆင်ဦးစီး တစ်ဦးစီနှင့်နောက်လိုက်(၂)ဦးစီ စီးနင်းလိုက်ပါလာ၏။
အလယ်မှဆင်တော်ကား ဆင်ဖြစ်ရချင်းအတူတူတွင် ကုသိုလ်ကံ ပိုထူးပုံရ၏။ အဘယ့်ကြောင့်ဆိုသော်
သူ့ကျောကုန်းထက်တွင် တင်ဆောင်သယ်ပိုးလာရသည်ကား မြတ်ဘုရားရှင်၏ မြတ်သောစွယ်တော်
ဖြစ်၍တည်း။ (စွယ်တော်ပွါးဖြစ်ဖွယ်ရှိပါသည်။ စွယ်တော်မြတ် အစစ်ကိုကား (၄) နှစ်မှတစ်ကြိမ်သာ ပင့်ဆောင်လှည့်လည်လေ့ရှိသည်ဟု သိရပါသည်။)
အဆိုပါဆင်တော်၏ကျောကုန်းပေါ်တွင် တင်ဆောင်ထားရှိသောစွယ်တော်မြတ်ကိန်းဝပ်ရာ
ကျောင်းဆောင်တော်ကို (လှပသောမီးရောင်စုံတို့ဖြင့် တန်ဆာဆင်ထားသော) ထီးဖြူတော်မြတ်ဖြင့်
ဆောင်းမိုးပူဇော်ထားလိုက်ချေသေး၏။ ထို့ပြင်တဝ စွယ်တော်မြတ်တင် ဆင်တော်မင်္ဂလာ မလှမ်းလာမီ
အနံ (၆) ပေခန့်ရှိသော ပိတ်ဖြူလိပ်များကို ပိုက်ကာ လူအယောက် (၂၀)ခန့်ရှေ့မှ ပြေးထွက်လာသည်ကို
တွေ့မြင်ရ၏။ သူတို့ဘာလုပ်ကြမည်နည်း။
သူတို့သည် စွယ်တော်မြတ်တင် ဆင်တော်၏ ရှေ့မှရှေ့မှ အပြေးအလွှားသွားသွားပြီးလျှင် ကတ္တရာလမ်းမည်းမည်းအပေါ် မြတ်စွယ်တော်ကိုမကြွစေလိုသည့်အလား ပိတ်ဖြူများကို
ခင်းကာခင်းကာထားနှင့်ကြလေသည်။ စွယ်တော်မြတ်တင် ဆင်တော်မင်္ဂလာသည်ကား ပိတ်ဖြူများအပေါ်မှနင်းကြွ၍ ဣနြေ္ဒကြီးစွာ လျှောက်လှမ်းလာချေ၏။ သူ့စိတ်၌ ဆင်ဖြစ်ရတာကိုပင်
အရတော်လေစွဟု ထင်နေသည်လားမဆိုသာ၊ အခြားဆင်များပမာ ဘေးဘယ်ညာကိုတောင် ယောင်၍မျှမကြည့်၊ ပကတိကြည်လင်စွာဖြင့် တလှမ်းချင်းလှမ်းလျှောက်လာနေပေတော့၏။
စွယ်တော်မြတ်ကြွရောက်တော်မူလေရာရာ၌ကား ရဟန်းရှင်လူ မည်သူမျှမနေသာ လမ်းဘေးဝဲယာမှ မတ်ရပ်ကာဆီးကြိုကြရပြီးလျှင် လက်အုပ်ချီမိုး၍ အရိုအသေပြုနှင့်ကြလေ၏။
(စာရေးသူ အနေဖြင့်ဆိုရပါမူ ဤမျှတင့်တယ်သိမ်မွေ့လှပသော အဝတ်အစားအပြင်အဆင်နှင့် စွယ်တော်တင် ဆင်တော်မျိုးကို ရှေးကမမြင်ဖူးခဲ့ပါကြောင်း။)
ဆက်ပါဦးအံ့။ ၎င်းဆင်တော် (၃)စီး၏နောက်မှပုဆိုးအဖြူ အင်္ကျီအဖြူ စလွယ်အဝါရောင်ဆင်တူ ဝတ်ဆင်ထားကြသူ (၁၀) ဦးခန့် ကျိုင်းကိုင်ကာလိုက်ပါ လာကြ၏။ သူတို့၏နောက်မှ အပေါ်အောက်အဖြူ
ခါးပတ်အနီနှင့် လှံတော်ကိုင် လူနှစ်ဆယ်ခန့် ၊သူတို့၏နောက်မှတစ်ဖန် ကျိုင်းကိုင် ဆယ်ဦးခန့် ထပ်မံ၍ စီတန်းလိုက်ပါလာကြပြန်လေသည်။ ၎င်းတို့၏နောက်ကိုလှမ်းမျှော်၍ ကြည့်လိုက်သောအခါတွင်----
(ဆက်လက်ဖော်ပြပါမည်)

အရှင်ဝိသာရဒ(ရမ္မာဝတီ)

Read more...

မောင်သက်ဝေဖြိုးကိုအကြောင်းပြု၍…

သည်ခေါင်းစဉ်ပါ နာမည်လေးကိုတော့ အဖြူရောင်မေတ္တာ ပိုင်ရှင်-ကိုဖိုးသား (ပြည့်စုံအောင်) ရဲ့ အီးမေးလ် မှတဆင့် ကြားဘူးမှတ်မိနေကြမယ်ထင်ပါတယ်။ (ပြည့်စုံအောင် ရလျှင်လူ အကုန်ရတယ်) လို့ပြောစမှတ်ပြုရ လောက်အောင်၊ သတင်းများကိုစေတနာ ပြည့်ဝစွာဖြန့်ချီ ပေးနေတတ်တာကိုး။
ကျွန်မလည်း သူ့အီးမေးလ် လေးက အေသွေးအရေးပေါ်လိုအပ်နေတဲ့ အရိုးကင်ဆာဝေဒနာရှင်တစ်ဦး ဖြစ်ကြောင်း ဖော်ပြထားတာမို့ ချက်ချင်းပဲ ဖုန်းနဲ့ဆက်သွယ်ဖြစ်ခဲ့ပါတယ်။ ဖုန်းက မနက်ဖြန်မနက် သွေးလှူဘဏ်ကိုလာခဲ့ပါ ဆိုတာနဲ့ ကျွန်မ နဲ့ မောင်သက်ဝေဖြိုး ဆုံဆည်းဖြစ်ခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် မွန်မွန်ရည်ရည် ကလေးပါ။ သူကင်ဆာဖြစ်တာ အသက် ၁၈နှစ်လောက်က ရုတ်တရက် နှာခေါင်း သွေးတွေလျှံလာတာကို နေပူလို့ဖြစ်တာပဲ ထင်ခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ပုံမှန်မဟုတ်ပဲ အိပ်လည်းခေါင်းအုံးတွေ ရဲရဲနီပြီး ရွှဲနစ်သွားအောင် ယိုလာတာမို့ ဆေးရုံပြတဲ့အထိ ရောက်ခဲ့ရပါတယ်။ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံက အသားစ
စစ်ဆေးလိုက်တဲ့အခါ မှသာ အသက်ရှူ လမ်းကြောင်း ကင်ဆာ ဖြစ်နေပြီဆိုတာ သူဟာ ထိတ်လန့်စွာ သိလိုက်ရပါတယ်။


မိဘတွေက ဝါးခယ်မမြို့နယ်၊ နဲသမိုင်ကျေးရွာက လယ်သမားတွေ ဖြစ်ကြပါတယ်။ သူကလည်း မြန်မာစာ အဓိက နဲ့ စာပေးစာယူ သင်တန်းတက်ရောက်နေခဲ့တာ နောက်ဆုံးနှစ် ကိုရောက်လို့နေခဲ့ ပါပြီ။ အခုနှစ်တော့ ရောဂါကြောင့် စာမေးပွဲ
မဖြေဆိုနိုင်ခဲ့ပါဘူး။ ရန်ကုန်ဆေးရုံကြီး ဓာတ်ရောင်ခြည်ဋ္ဌာနမှာ ရောင်ခြည်ပေးတာ၊ ဆေးရည်သွင်းတာ အကြိမ်ကြိမ်အခါခါ ပြုခဲ့ချိန်မှာ ခေတ္တသက်သာလာ ခဲ့ပါတယ်။ ကင်ဆာဆိုတဲ့ရောဂါဆိုးဟာ တစ်ကြိမ် ပြန်ခေါင်းထောင်လာပြီး လက်မောင်း တစ်ဖက်ကိုက်လာတယ်လို့ သတိပြုမိချိန်မှာတော့ အရိုးကင်ဆာကို့ပြောင်းလဲခဲ့ ပြီဖြစ်ကြောင်း သိလိုက်ရပါတယ်။

ဆေးသွင်းကုသတာကို ခံနိုင်ရည်ရှိဘို့ သွေးအားအလွန်နည်းနေတာမို့ သွေးအလှူခံရရှာတာပါ။ မိဘတွေကလည်း လိုက်မလာနိုင်တော့ ရန်ကုန်မှ ဝမ်းကွဲ အမ နှစ်ဦးက စောင့်ရှောက်လိုက်ပါပေးရတာ ဖြစ်ပါတယ်။ ကျွန်မက သဒ္ဓါတရား ရှိပေမဲ့စစ်ဆေးလိုက်တဲ့ အချိန်မှာ သွေးအားနည်း နေဆဲ အခြေအနေက ကျွန်မရဲ့ ဒါနဥပပါရမီကို မအောင်မြင် ရန် ဟန့်တားထားနေဆဲ ဖြစ်ပါတယ်။ သွေးလှူဘဏ်အနေနဲ့ ကလည်း အေ နဲ့ အေဘီ သွေးလုံးဝ ပြတ်လပ်နေပါတယ်။ ဘီနဲ့ အိုကတော့ အလှူခံတောင်ရပ် ထားရပါသတဲ့။
အားငယ်သွားတဲ့မောင်နှမ သုံးယောက်ကိုအားပေးရင်း ကျွန်မ တစ်နေ့တာ လူနာရှင်ဝင်လုပ်ဘို့ ဆုံးဖြတ် လိုက်ပါတယ်။ သမီး တို့ မနေ့ က အံတီ့ ဖုန်းအပြင် တခြားဆက်သွယ်လာတဲ့လူ ရှိသေးလား မေးမြန်းရပါတယ်။ ရှိပါတယ် ဒါပေမဲ့
သွေးလှူဘဏ်ကို မချိန်းလိုက်မိကြောင်းပြောပြီး နံပါတ်၅ခုလောက် ထုတ်ပြရှာပါတယ်။
ကျွန်မက ချက်ချင်းဆက်သွယ်တော့ နံပါတ် ၄ခု ကခေါ်ရတာ အဆင်မပြေပါဘူး နံပါတ်တစ်ခုကပဲ ပြန်ဖြေပါတယ်။ Youth Development Program ကပါ။ ဖုန်းလက်ခံတဲ့ ကလေးက သူတို့မှာ အဆင်မပြေကြောင်း ဖြေပါတယ်။ ပြီးတော့မှ ကံအားလျော်စွာ နောက်ကစကားပြောသံတစ်ခုထွက်လာပြီး လာခဲ့ပါမယ် ဆိုတဲ့ အဖြေကိုရပါတယ်။ တစ်ပုလင်းနဲ့ စိတ်မချတဲ့ကျွန်မက ပိုင်းလော့ဆရာတော်ကျောင်း၊ ဒါနဥပပါရမီ အဖွဲ့ကို လှမ်းခေါ်ရပါတယ်။ ဖုန်းဖြေတဲ့ မောင်ဝင်းမင်းဋ္ဌေးက သူကအေသွေးပါ၊ ချက်ချင်းလာခဲ့ပါ့မယ် ဆိုတော့ ကျွန်မစိတ်အေးသွားပါတယ်။ သူတို့ကို စောင့်နေရင်း သွေးလှူဘဏ်ရှေ့ကို အေသွေးအလှူရှင် တစ်ဦး ထပ်ရောက်လာတော့ ကျွန်မက မောင်သက်ဝေဖြိုးအတွက် ဆွဲခေါ်ထားလိုက်ပါသေးတယ်။ အင်း… သုံးယောက်ဆို လောက်တန်ကောင်းရဲ့ လို့လည်း ဆုတောင်းနေမိပါတယ်။ ကျွန်မက သူ့ အတွက်ပူနေပေမဲ့ လူနာ မောင်သက်ဝေဖြိုးကတော့ သူကဲ့သို့ အေသွေး လိုအပ်နေတဲ့ တခြား လူနာ နှစ်ဦး အတွက် စိတ်ပူနေရှာပါတယ်။
သူ့မေတ္တာကြောင့်ပါပဲ ပထမရောက်လာတဲ့ -Youth Development Program က အလှူရှင် ဗိုလ်ကြီး ကျော်သူမျိုးမြင့်ရဲ့ သွေးက မောင်သက်ဝေဖြိုး ရဲ့လိုအပ်ချက်နဲ့ အကုန် ကိုက်ညီ နေလို့ ဝမ်းသာရပါတယ်။ ဗိုလ်ကြီးက ဖိုးသားတို့လို စစ်အင်ဂျင်နီယာ တစ်ဦး ဖြစ်ပါတယ်။ ဖိုးသားရဲ့ စီနီယာ ဖြစ်ပါလိမ့်မယ်။ စိတ်ကောင်းရှိတဲ့ မောင်နှမ သုံးယောက်က ခွဲစိတ်တုံးမှာ အရေးပေါ်လိုအပ်နေတဲ့ လူနာအတွက် ဒုတိယ သွေးလှူရှင်ကို လွှဲအပ်ပေးကြပါတယ်။
ပိုင်းလော့ဆရာတော်ကျောင်း၊ ဒါနဥပပါရမီ အဖွဲ့က သွေးလှူရှင်ကိုဝင်းမင်းဋ္ဌေး ရောက်လာချိန်မှာတော့ ကျွန်မက ရှင်းပြရပါတယ်။ မောင်သက်ဝေဖြိုး တော့အဆင်ပြေသွားပြီ။ ဒါပေမဲ့ လိုနေတဲ့လူနာ- ဦးသောင်းညွန့် (အစာအိမ်ကင်ဆာ- အသက်၈၂နှစ်) ရှိတယ်။ လှူမလားဆိုတော့ လှူပါ့မယ်တဲ့။
အလှူရှင်တွေ သွေးလှူတာကိုစောင့်ရင်း ကျွန်မ ကမောင်သက်ဝေဖြိုးကို တရားအားထုတ်ဘို့ စည်းရုံးရပါတယ်။ သူ ကအခုလာမဲ့ နွေမှာ ပိုင်းလော့ဆရာတော်ကျောင်းကို လာရောက် ရဟန်းဝတ် အားထုတ်မယ် ကတိပေးရှာပါတယ်။ သူကအလွန်အားငယ်ကြောင်း။ တက်ကြွရှင်သန်မယ်လို့ အားယူတဲ့ အချိန်မှာ ဘဝ တစ်ခုဟာ အဆုံသတ် လက်လွှတ်ရမယ်လို့ သိလိုက်ရတဲ့ အသိဟာ ဆောက်တည်ရာမဲ့၊ တော်တော်တုန်လှုပ် ချောက်ခြားစေပါတယ်တဲ့။ လျှောက်ရမဲ့ လမ်းကလည်း ပျောက်။ ရှေ့ဆက်ဘို့ ခွန်အားသတ္တိ ကလည်းမရှိတာကို မခံစားနိုင်ကြောင်းရင်ဖွင့်ပါတယ်။
အံတီရေ… အေအိုင်ဒီအက်စ် လူနာတွေ အတွက် နှစ်သိမ့်ဆွေးနွေး ပညာပေးတာရှိသလို၊ ကင်ဆာ ဝေဒနာရှင်တွေ အတွက်လည်း ရှိရင်ကောင်းမယ် လို့ပြောရှာပါတယ်။ ကျွန်မကလည်း မာန်ကြီး တဲ့ခါချဉ်ကောင် တစ်ကောင်သာ ဖြစ်လို့ ခါးသန်အောင်စောင့်ရပါအုံးမယ်။
စွမ်းနိုင်သူ စာဖတ်ပရိသတ်များအတွက် ကျွန်မ မျှဝေလိုက်ရင်း သွေးလှူရှင် ဗိုလ်ကြီးကျော်သူမျိုးမြင့် နဲ့ အင်ဂျင်နီယာ ကိုဝင်းမင်းဋ္ဌေး တို့ရဲ့ အောင်မြင်ထမြောက်သော ဒါနဥပပါရမီ အလှူကို ဝမ်းမြောက်စွာ သာဓုခေါ်စေရန် မျှဝေရေးသားလိုက်ပါတယ်။
သတ္တဝါမှန်သမျှ၊ ဆင်းရဲဒုက္ခ ဘေးမှကင်းဝေးကြပါစေ။

Read more...

What is Kamma?

ကံဟူသည် …

ကမ္မဟူသည် ပါဠိစကားလုံးဖြစ်ပြီး အပြုအမူ ဝါ အလုပ်ဟု အဓိပ္ပါယ်ရသည်။ သက္ကဋဘာသာဖြင့် ကရ်မ - ဟု ခေါ်သည်။ ကမ္မသည် ကောင်း၊မကောင်းသော အပြုအမူ ဝါ အလုပ်ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ်ရသသည်။ ကိုယ်ဖြင့်ဖြစ်စေ၊ နှတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ပြုမူ ပြောဆို ကြံစည်အပ်သော စေတနာပါသော ပြုမူဆောက်ရွက်ချက်အားလုံးကို အကြုံးဝင်သည်။ ပရမတ္ထအဓိပ္ပါယ်ဖြင့်မူ ကမ္မ (ကံ)ဟူသည် စေတနာ (စေတသိက်)ဟု အဓိပ္ပါယ်ရသည်။ “အို ရဟန်းတို့ စေတနာကိုပင် ကံဟု ငါဟောကြားတော်မူ၏၊ စေ့ဆောာ်၍ (စေတနာပါ၍) တစ်စုံတစ်ယောက်သည် ကိုယ် နှုတ် နှလုံဖြင့် ပြုမူပေသည်” ဟု မြတ်ဗုဒ္ဓ ဟောတော်မူသည်။(အင်္ဂုတ္တရနိကာယ်၊ အတွဲ ၃၊ စာ ၄၁၅)။

ကံသည် ကံသာပဓာနဝါဒ (fatalism) လည်း မဟုတ်သလို ကြိုတင် သတ်မှတ်ပြဌာန်းခံဝါဒ (predetermination) လည်း မဟုတ်ပေ။ အတိတ်ကံသည် ပစ္စုပ္ပန်ကို (တစ်စုံတစ်ရာ) သက်ရောက်မှုရှိသည်ကားမှန်၏၊ သို့သော် စိုးမိုးအုပ်ချုပ်နိုင်ခြင်းကား မရှိပေ။ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံသည် အနာဂတ်ကို သက်ရောက်မှုရှိပါသည်။ အတိတ်ကံသည် တစ်ခဏမှ တစ်ခဏသို့ ဖြတ်သန်းနေသော ဘဝကို မှီနေသည့် နောက်ခံအကြောင်းအချက်မျှသာ ဖြစ်ပါသည်။ အနာဂတ်ကံသည် ရောက်ရှိရရှိလာရဦးမည့် ဘဝဖြစ်သည်။ ပစ္စုပ္ပန်ကာလ(အခိုက်အတန့်)သာလျှင် တည်ရှိ၍ ယင်းကိုအကောင်းအတွက်အသုံပြုမည်၊ အဆိုဘက်အသုံပြုမည်ဆိုသည့်တာဝန်မှာကား ပုဂ္ဂိုတစ်ဦးချင်းပေါ်တွင် မူတည်ပါသည်။

အပြုအမူတိုင် ဝါ ကံတိုင်းသည် အကျိုးသက်ရောက်မှုရှိသည်။ ကံသည် ပထမတွင် အကြောင်းတရားဖြစ်ပြီး နောက်ပိုင်းတွင် အကျိုးတရား ဖြစ်သွားသည်။ ဒါကြောင့် ကံကို ”ကြောင်းကျိုးနိယာမတရား” ဟု ခေါ်ကြသည်။ ဥပမာဆိုရသော် ကျောက်ခဲတစ်လုံးကို ပစ်ပေါက်လိုက်ခြင်းသည် ကံ (အပြုအမူ) ဖြစ်သည်။ ကျောက်ခဲသည် မှန်ပြူတင်းကိုထိမှန်၍ မှန်ပြူတင်းကွဲသွားသည်။ ကွဲသွားခြင်းသည် ကျောက်ခဲတစ်လုံကို ပစ်ပေါက်လိုက်ခြင်းကံ၏ အကျိုးတရားဖြစ်သည်။ သို့သော် ပြူတင်းကွဲသွားခြင်းသည် အဆုံးစွန်သောတရားမဟုတ်ပေ။ ကွဲပျက်သွားသောပြူတင်းသည် ဖြစ်ပေါ်လာမည့်ဒုက္ခသုက္ခများ၏ အကြောင်းတရားဖြစ်လာပြန်သည်။ ယင်းပြူတင်းကို အစားထိုးရန် ငွေသုံးရမည်။ ထို့ကြောင့် စုမည့်ငွေ မစုနိုင်၊ သို့မဟုတ် ကိစ္စတစ်စုံတစ်ရာအတွက် မိမိဝယ်ချင်နေတာလေး မဝယ်နိုင်တော့။ မိမိအပေါ်ကျရောက်လာသည့် ယင်း၏အကျိုးကား စိတ်ပျက်စိတ်ထိခိုက်ရမှုပင်ဖြစ်သည်။ ဤအချက်က မိမိကို စိတ်ကသိကအောင့်ဖြစ်စေနိုင်ပြီး သတိလက်လွတ်ဖြစ်သွားပါက ယင်းစိတ်ကသိကအောင့်ဖြစ်မှုကိုပင် အခြားအမှားတစ်ခုပြုလုပ်မိရန် အခွင့်ပေးရာရောက်တော့မည်။ ကံ၏အကျိုးတရားကား ဆုံးခန်းတိုင်ခြင်းမရှိမူ၍ ကံတရားသည်လည်း မဆုံးနိုင်ပေ။ ထို့ကြောင့် ကျွနုပ်တို့၏ အပြုအမူများ (ကံ) နှင့်ပတ်သက်၍ အလွန်သတိထားသင့်သည်။ သို့မှသာ အကျိုးတရားကောင်းပေမည်။ ထို့ကြောင့် ကောင်းသောကံ၊ ကောင်းကျိုပေးမည့်ကံကို ပြုလုပ်ရန်လိုအပ်ပေသည်။ ယင်းကံသည်ကံကောင်းခြင်းအဖြစ် ရောက်ရှိလာမည်ဖြစ်ပြီး၊ ပိုမိုကောင်းမြတ်သောကံကို ကျွန်ုတို့ စတင်ြပုလုပ်ရန် လုံလောက်စေမည်ဖြစ်သည်။

ရေကန်ထဲသို့ ကျောက်ခဲတစ်လုံးကို ပစ်ချလိုက်ပြီ်း ယင်း၏အကျိုးတရားကို စောင့်ကြည့်ပါ။ ဗွက်ခနဲမည်ပြီး ကျေက်ခဲထိမှန်သော နေရာတစ်ဝိုက်တွင် လှိုင်းကွင်းလေးများ များစွာပေါ်လာသည်။ လှိုင်းကွင်းလေးများ မည်သို့မည်ပုံ ကျယ်ကျယ်လာသည်ကို ကြည့်ကြည့်ပါ။ လှိုင်းကွင်းများ အလွန်ကျယ်သွားပြီး ကျွန်ုပ်တို့လိုက်မကြည့်နိုင်လောက်အောင် သေးလွန်းသွားသည်ကို ကြည့်ကြည့်ပါ။ ကျောက်ခဲလေးက ရေကန်ထဲရှိရေကို ဖွလိုက်သည်၊ သို့သော် ဖွမှုကား မပြီးဆုံးသေးပေ။ ရေလှိုင်းငယ်လေးများ ရေကန်နှုတ်ခမ်းသို့ ရောက်သည့်အခါ ရေသည် ရေစတင်ပွက်စေသည် ကျောက်တုံရောက်သည်တိုင်အောင် ပြန်ရိုက်ခတ်သွားသည်။

ကျောက်တုံထံ ရေလှိုင်းပြန်လာသကဲ့သို့ ကျွုန်ုပ်တို့၏ ကောင်းကံမကောင်းကံများသည်လည်း ကျွန်ုပ်တို့ထံ ပြန်လာသည်။ မကောင်းသောစိတ်ထားဖြင့် အပြုအမူ (ကံ) များကို ပြုလုပ်သမျှကာလပတ်လုံး မကောင်းကျိုတည်းဟူသော ရေလှိုင်းသစ်လေးများက ကျွန်ုပ်တို့ထံ ပြန်လည်ရိုက်ခတ်လာပြီး ကျွုပ်တို့အား မွှေနှောက်ပေမည်။ ကျွန်ုပ်တို့သည် မေတ္တာ ကရုဏာလက်ကိုင်ထားပြီး ငြိမ်းချမ်းစွာ နေနှိုင်ပါက ပြန်ရိုက်ခတ်လာသည့် ဒုက္ခလှိုင်းလေးများသည် ပျေက်ကွယ်သွားသည်တိုင်အောင် အားနဲနဲသွားပြီး ကျွန်ုတို့၏ ကောင်းသောကံများသည် ဝမ်းသာစရာအဖြစ်ဖြင့် ကျွန်ုပ်တို့ထံ ပြန်လာပေမည်။ ဥပမာ - သရက်စေ့ကို စိုက်ပျိုးပါက သရက်ပင်ပေါက်ပြီး သရက်သီးသီးသကဲ့သို့လည်းကောင်း၊ ငရုပ်စေ့စိုက်က ငရုပ်ပင်ပေါက်ပြီး ငရုပ်သီးသီးသကဲ့သို့လည်းကောင်း ဖြစ်ပါသည်။ မြတ်ဗုဒ္ဓဟောကြားတော်မူသည်မှာ …

စိုက်ပျိုးထားသော အစေ့အတိုင်း၊

ထိုအပင်မှအသီးကို သင် ရိတ်သိမ်းရပေသည်။

ကောင်းမှုပြုလေ့ရှိသူ ကောင်းကျိုးရပြီး၊

မကောင်းမှုပြုလေ့ရှိသူ မကောင်းကျိုးရိတ်သိမ်းရသည်။

စိုက်ပျိုးသောအပင်မှ အသီးကို ခံစားသုံးဆောင်ရပေလိမ့်မည်။

သံယုတ္တနိကာယ်၊ အတွဲ ၁၊ စာ ၂၂၇)

ကျွနုပ်တို့ထံရောက်လာသမျှသည် မှန်ကန်ပါသည်။ ကောင်းတာရောက်လာပြီး ကျွန်ုပ်တို့ကိုပျော်ရွှင်စေသောအခါ ကျွန်ုပ်တို့ပြုလုပ်ခဲ့သည့်ကံသည် မှန်ကန်၊တရားသည်ဟု ကျွန်ုပ်တို့ကို ပြသရန် ရောက်လာပေပြီဟု အသေအချာသိနိုင်တော့သည်။ မကောင်းတာ မနှစ်သက်ဖွယ်ရာရောက်လာပြီး နာကျင်စေ သို့မဟုတ် စိတ်ဆင်းရဲစေပြန်တော့ ကျွန်ုပ်တို့၏ အမှားကို ထောက်ပြဖို့ရန် ရောက်လာချေပြီဟု အသေအချာ သိနိုင်ပြန်ပါသည်။ ကံတရားကား အမြဲတမ်း တရားမျှတ မှန်ကန်သည်ကို မမေ့ရပေ။ ကံသည် အချစ် အမုန်းမရှိ၊ ဆုလာဘ်လည်းမပေးတတ်သလို အပြစ်လည်းမပေးတတ်ပေ။ စိတ်ဆိုးခြင်း၊ သဘောကျ နှစ်သက်ခြင်း အလျှင်းမရှိတတ်ပေ။ ကြောင်းကျိုးနိယာမတရားသက်သက်သာ ဖြစ်ပါသည်။

ကံသည် ကျွန်ုပ်တို့အကြောင်းဘာမျှမသိပေ။ ကျွန်ုပ်တို့ကို မီးလောင်သည့်အခါ မီးသည် ကျွန်ုပ်တို့ကို သိပါသလား။ မသိပါ။ လောင်တတ် အပူကိုထုပ်လွှတ်တတ်သည်မှာ မီး၏သဘောသဘာဝဖြစ်ပါသည်။ မီးကို မှန်မှန်ကန်ကန်ကျကျနန အသုံးပြုပါက အလင်းရောင်ကို ပေးသည်၊ အစားအစာချက်ပြုတ်နိုင်သည်၊ မလိုအပ်သည့်တို့ကို ရှို့ပစ်နိုင်သည်။ ကျုကိုနနအသုံးမပြုပါက ကျွုပ်တို့ကိုရော ပစ္စည်းဥစ္စာတို့ကိုပါ လောင်ကျွှမ်းပစ်တတ်သည်။ မီး၏ကိစ္စမှာ တောက်လောင်ရန်ဖြစ်ပြီး၊ ကျွန်ုပ်တို့ကိစ္စမှာ နည်းလမ်းတကျ အသုံးပြုရန်ဖြစ်သည်။ ကျွန်ုပ်တို့ကို မီးလောင်သည့်အခါ ဒေါသထွက်ပြီး မီးကို အပြစ်တင်နေပါက မိုက်မဲရာကျပေမည်၊ အကြောင်းမှာ အမှားကို ကျွန်ုပ်တို့က ပြုသောကြောင့်ပင်။

ဤကမ္ဘာတွင် မညီမျှမှုများ၊ ကံကြမ္မာအမျိုးမျိုးကား ရှိပါသည်။ ဥပမာ တစ်ဦးသည် နိမ့်ကျပြီး အခြားတစ်ဦးမှာ မြင့်မားသည်။ တစ်ဦးမှာ မွေးကင်းစအရွယ်တွင်ပင် ဆုံးပါး၍ အခြားတစ်ဦးသည် အသက်ရှစ်ဆယ် တစ်ရာရောက်မှ ကွယ်လွန်ရသည်။ တစ်ဦးမှာ ရောဂထူပြော၊ ချိနဲ့အားနည်း၍ အခြားတစ်ဦးမှာ ကျန်းမာသန်စွမ်းသည်။ တစ်ဦးမှာ စည်းစိမ်ဥစ္စာခြံရံ၍ ကြီးလာရပြီး အခြားတစ်ဦးမှာ ဒုက္ခများကြားတွင် ကြီးပြင်းလာရသည်။ တစ်ဦးမှာ သန်းကြွယ်သူဌေးအဖြစ်မွေဖွားလာပြီး အခြားတစ်ဦးမှာ ဆင်းရဲသားအဖြစ် မွေးဖွားလာရသည်။ တစ်ဦးမှာ ဉာဏ်ပညာထက်မျက်ထူးချွှန်သူအပြစ်မွေးလာပြီး အခြားတစ်ဦးမှာ လူအလူနအဖြစ်မွေးဖွားလာသည်။

ကမ္ဘာလောကကြီးတွင် တည်ရှိနေသည့် မညီမမျှမှုများ၏ အကြောင်းကား အဘယ်ပါနည်း။ ဤမတူကွဲပြားမှုများကား အခွင့်တိုက်ဆိုင်မှုသက်သက်(blind chance) ကြောင့်ပါဟု ဗုဒ္ဓဘာသာဝင်တို့က မယုံကြည်နိုင်ပေ။ သိပ္ပံပညာသည်ပင် အမှန်တော့ chance သီအိုရီအားလုံးကို ပယ်သည်။ သိပ္ပံပညာရှင်တို့လောကတွင် အရာအားလုံးသည် ကြောင်းကျိုးနိယာမအတိုင်း ဖြစ်ပျက်နေသည်။ ကမ္ဘာလောကကြီး၏ မညီမျှမှုများမှာ ဖန်ဆင်းရှင် ထာဝရဘုရားကြောင့်ပါလို့လည်း ဗုဒ္ဓဘာသာဝင်တို့က မယုံကြည်နိုင်ပေ။

ဗုဒ္ဓလက်ထက်တော်အခါက ပျံ့နှံ့ခေတ်စားခဲ့သော အမြင်သုံမျိုးအနက် တစ်မျိုးမှာ ---

သုခ၊ ဒုက၊္ခ သုခလည်းမဟုတ် ဒုက္ခလည်းမဟုတ်သော ဥပေက္ခာဝေဒနာတွင် မည်သည့် ဝေဒနာကို ခံစားသည်ဖြစ်စေ၊ ထိုတွေ့ကြုံခံစားရမှုမှာ မဟာဗြဟ္မာ၏ ဖန်ဆင်းမှုကြောင့်တည်း။ (အင်္ဂုတ္တရနိကာယ၊ အတွဲ ၁၊ စာ ၁၅၈)။

ဤကံကြမ္မာကဓာနဝါဒအမြင်ကို သုံးသပ်ဝေဖန်ရာတွင်

”အဲဒီလိုဆိုလျှင့် လူများသည် လူသတ်သမားများ၊ သူခိုးသူဝှက်များ၊ မမြတ်သောအကျင့်ကို ကျင့်သူများ၊ လူလိမ်လူညာများ၊ ကုန်ချောစကားပြောဆိုသူများ၊ ကြမ်းတမ်းသောစကားကိုပြောဆိုသူများ၊ အဓိပ္ပါယ်မရှိ ပေါက်ကရပြောသူများ၊ သူများစည်းစိမ်ကို မက်မော ရလိုသူများ၊ ပျက်စီးစေလိုစိတ် (ဗျာပါဒ) ရှိသုများနှင့် မိစ္ဆာဒိဋ္ဌိများသည် လောကကိုအစိုရသူ(Supreme Deity)၏ ဖန်ဆင်းမှုကြောင့် ဖြစ်လာရခြင်းဖြစ်ပေလိမ့်မည်။ ဤသို့လျှင် ဖန်ဆင်းရှင် (God)၏ ဖန်ဆင်းခြင်းကို အဓိကအကြောင်းအဖြစ်ဖြင့် ယုံကြည်စွဲလမ်းကြသူတို့အား ပြုလုပ်ဆောင်ရွက်လိုသည့်ဆန္ဒလည်းရှိတော့မည်မဟုတ်။ ဤကိစ္စကိုပြုလုပ်မည်၊ သို့မဟုတ် ထိုအပြုအမူမှ ရှောင်ကြည်ရမည်ဟူသော လိုအပ်ချက်လည်း ရှိတော့မည်မဟုတ်ပေ။ (အင်္ဂုတ္တရနိကာယ၊ မဟာဝဂ်၊ တိတ္ထာဝတနသုတ်၊စာ ၁၇၃) ဟု မြတ်ဗုဒ္ဓက မိန့်တော်မူပါသည်။

မိမိကိုယ်ကို ညှင်းဆဲသည့်အကျင့် (အတ္တကိလမထာနုယောဂအကျင့်)ကျင့်သူ အဝတ်မဝတ်သည့် ပရဗိုက်တစ်ဦးအား ရည်ညွှန်း၍ ---

”အို ရဟန်းတော်တို့ ဗြဟ္မာ (God) ဖန်ဆင်းခြင်း၏ အကျိုးကြောင့် သတ္တဝါတို့သည် ဆင်းရဲခြင်း ချမ်းသာခြင်းတို့ကို ခံစားရသည် ဆိုလျှင် ဤအဝတ်မဝတ်သော ပရဗိုက်တို့ကို ကောက်ကျစ်စဉ်းလဲ ယုတ်မာသော God က သေချာပေါက်ဖန်ဆင်းထားတာ ဖြစ်ရလိမ့်မည်။ ထို့ကြောင့် ပရဗိုက်တို့သည် ဤကဲ့သို့သော ဆိုးဝါးလှသည် ဆင်းရဲဒုက္ခကို ယခု ခံစားနေကြရပေသည်” ဟု ဗုဒ္ဓက မိန့်တော်မူခဲ့ပါသည်။

ဗုဒ္ဓဘာသာအရမူ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်တည်ရှိနေသည့် မညီမျှမှု မတူညီမှုများမှာ တစ်စုံတစ်ခုသော အတိုင်းအတာထိကား မျိုရိုးဗီဇနှင့် သဘာဝပတ်ဝန်းကျင်ကြောင့် ဖြစ်ကြရပြီး အများအားဖြင့်ကား အကြောင်းတစ်ခု သို့မဟုတ် အကြောင်းများ (ကံ)ကြောင့် ဖြစ်ရပေသည်။ ထိုအကြောင်း ကံသည်လည်း ပစ္စုပ္ပန်ကံသာမက၊ နီးသောကံ၊ ဝေးသောကံများလည်း ပါသည်။ လူသားသည် ၎င်း၏ ပျော်ရွှင်မှုသုခနှင့် ဆင်းရဲမှုဒုက္ခအတွက် သူ့မှာ တာဝန်ရှိပေသည်။ သူ၏ နတ်ဘုံနတ်နန်းကိုရော ငရဲဘုံကိုပါ သူပင် ဖန်ဆင်းသည်။ သူသည် သူ့ကံကြမ္မာ၏ အရှင်သခင်ဖြစ်သည်။ သူသည် အတိတ်၏သားသမီးဖြစ်ပြီး အနာဂတ်၏ ဖခင် ဖြစ်ပေတော့သည်။

(ဆရာတော် ဦးသေဋ္ဌိလ၏ Essential Themes of Buddhist Lectures စာအုပ်မှ What Kamma Is ကို ဘာသာပြန်ပါသည်။)


Read more...

“သာယာလှပ တပေါင်းလ၀ယ် မြတ်ဗုဒ္ဓ၏ ကျေးဇူးဆပ် ဓမ္မခရီးစဉ်”

ယနေ့ မြန်မာကောဇာသက္ကရာဇ် (၁၃၇၁) ခုနှစ် တပေါင်းလပြည့်ကျော် (၁)ရက်နေ့ပင် ရောက်လာချေပြီး။
တပေါင်းလသည် မြန်မာတို့၏ ဆယ်နှစ်လရှိရာတွင် နောက်ဆုံးလဖြစ်၍ ဆောင်းအကုန် နွေအကူး အလွန်မချမ်း အလွန်မအေးလှသော သာယာသော လပင်ဖြစ်ပေသည်။ တပေါင်းလရောက်ပြီဆိုသည်နှင့် အချို့သစ်ပင် တို့သည် ရော်ရွက်ဝါတို့ကို ချွေချလျှက် မီးကျည်းသွေးအသွင် နီသွေးသော ဖူးညွန့်တို့ကို ဆောင်ကြလေပြီ။ သစ်ပင်တို့သည် မီးလျှံကဲသို့ အရပ်လေးမျက်နှာ၌ ထွန်းလင်းထောက်ပ၍ နေကြပေသည်။ သစ်ပင်တို့သည် ပင်လုံးကျွတ် ဖူးပွင့် ဝေဆာနေ၍ နှလုံးမွေ့လျှော် ပျော်ဘွယ်ရာ ရှိလှပါပေသည်။ ထက်ဝန်းကျင် အရပ်လေး မျက်နှာတို့သည်လည်း သင်းရနံ့ ထုံသင်း ကြိုင်လှိုင်၍ နေကြပေသည်။ သစ်ပင်တို့သည် အဟောင်းကို ပယ်စွန့်ကာ အသီးသီးရန် တောင်းတနေကြလေပြီး။ `ဤသို့သော သာယာအမှုအပေါင်း ခညောင်းလှသော လတပေါင်းဝယ် မြတ်ဗုဒ္ဓသည် သူ၏ ဖွားဖက်တော် ကာဠုဒါယီမထေရ်၏ တောင်းပန်မှုကြောင့် ဖခင်သုဒ္ဓေါဒန မင်းကြီးနှင့်တကွ ဆွေတော်ရှစ်သောင်း မျိုးတော်အပေါင်းတို့ကို တရားရေအေးတိုက် ကျွေးခြင်းဖြင့် ကျေးဇူး ဆပ်ရန် အလို့ငှာ ကပိလ၀တ်ခရီးစဉ်ကို စတင်ခဲ့လေသည်။ ဤခရီးစဉ်စတင်ရခြင်း၏ နောက်ခံသမိုင်းကြောင်းကို ရှာဖွေဖော်ထုတ်ရသော် သုဒ္ဓေါဒနမင်းကြီးသည် မိမိသားဖြစ်သူသည် ဘုရားအဖြစ်သို့ရောက်ရှိ၍ ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတွင် ဗိမ္ဗိသာရမင်းကြီးနှင့်တကွ တိုင်းသူပြည်သားတို့ကို တရားရေအေးတိုက် ကျွေးနေကြောင်း သိရှိထားပြီးဖြစ်လေသည်။ ခြောက်နှစ်တိုင်တိုင် သားဖြစ်သူနှင့် ဝေးကွာနေသော မင်းကြီးသည် သားဖြစ်သော မြတ်စွာဘုရားကို ဖူးမြင်ရန် ဆန္ဒပြင်းပြနေသည်။ မင်းကြီးသည် သားဖြစ်သူကို လွမ်းဆွတ်တမ်းတ နေလေသည်။ သို့ဖြစ်၍ နန်းတော်ရှိ အမတ်တစ်ထောင်တို့ကို မြတ်စွာဘုရားကိုပင့်ရန် တာဝန်ပေးအပ်ခဲ့လေသည်။ မင်းကြီး၏ တာဝန်ပေးချက်အရ အမတ်တစ်ထောင်တို့သည် မြတ်စွာဘုရားရှင်ကို ပင့်ရန် ရာဇဂြိုဟ်ပြည်ခရီးစဉ်ကိုစတင် ခဲ့လေသည်။ထိုအမတ်တစ်ထောင်တို့သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းသို့ ရောက်သောအခါ မြတ်စွာဘုရား တရားဟောနေသော အခိုက်နှင့် ကြုံနေလေသည်။ သို့ဖြစ်၍ သူတို့သည် ပရိသတ်အစွန်းမှ တရားနာကြလေ သည်။ မြတ်ဗုဒ္ဓ၏ တရားတော်ကို ကြားနာပြီးနောက် သူတို့သည် ၀ါတော်ခြောက်ဆယ်ရ မထေရ်ကြီးများကဲ့သို့ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားလေသည်။ သူတို့သည် ရဟန်းကိစ္စပြီးစီးသွားသည့်အတွက် မြတ်စွာဘုရားကို ကပိလ၀တ်ပြည်သို့ ကြွဘို့ရန် လျှောက်ထားဘို့ကိစ္စကိုပင် ဆိတ်ဆိတ်နေကြလေတော့သည်။ ကပိလ၀တ်ပြည်ရှိ သုဒ္ဓေါဒနမင်းကြီးသည်ကား သားတော်ဘုရားနှင့် အမတ်တစ်ထောင်ကို မျှော်နေလေသည်။ မျှော်သာမျှော် ပေါ်မလာသည့်အတွက် နောက်ထပ်ပင့်ဆောင်ရန် အမတ်တစ်ထောင်တို့ကိုပင် ဒုတိယအကြိမ်စေလွှတ်ရ ပြန်သည်။ ဒုတိယအကြိမ် သွားရောက်ပင့်ဆောင်သောအမတ်တို့သည်လည်း ပြန်မလာတော့ပေ။ သို့ဖြစ်သဖြင့် မင်းကြီးသည် တတိယအကြိမ် စတုတ္ထအကြိမ်စသည်ဖြင့် ဆယ်ကြိမ်မြောက်အထိစေလွှတ်ခဲ့သည်။အမတ်တို့ သည် လည်း ပေါ်မလာပေ။ မျှော်နေသော သားတော်ဘုရားသည်လည်း ပေါ်မလာပေ။ အကယ်စင်စစ် အမတ် တစ်သောင်း တို့သည်ကား ရဟန်းကိစ္စပြီးစီးသွားပြီးဖြစ်သဖြင့် လျှောက်ထားရန် ကိစ္စကိုပင် မလျှောက်ထားမူ၍ ဆိတ်ဆိတ်နေတော်မူလိုက်ကြသည်။ မင်းကြီးသည်
“ သားတော်ဘုရားကို ပင့်ဆောင်ရန် ဆယ်ကြိမ်မြောက်ရှိခဲ့လေပြီ၊ အမတ်တစ်သောင်းထိ ရှိခဲ့လေပြီ၊ အမတ်တစ် သောင်းလဲ ပေါ်မလာ၊ ငါ့သားတော်ဘုရားလဲ ပေါ်မလာ၊ ဘာများဖြစ်တယ်မသိ၊ အန္တရာယ်တစ်ခုခုတော့ ဖြစ်ပြီး ထင်တယ်၊ လိုက်သွားစမ်းပါကွယ် အမောင်ကာဠုဒါယီရယ်။”ဟု ကာဠုဒါယီအမတ်ကို တာဝန်ပေးအပ်ရပြန်သည်။
ထိုအခါ ကာဠုဒါယီအမတ်သည်
“မင်းကြီး မြတ်ဗုဒ္ဓကို ပင့်ပေးဆို ပင့်ပေးပါမယ်၊ သို့သော် အကျွန်ုပ်ကို ရဟန်းပြုခွင့်တော့ ပေးပါ” တောင်းဆိုလေ သည်။
“ရပါတယ် အမောင်ကာဠုဒါယီရယ်၊ ငါ့သားတော်ကြီးကိုသာ ရအောင်ပင့်ပေးစမ်းပါကွယ်၊ ငါကိုယ်တော်မြတ် ဖူးမြင်လိုလှပါပြီ” ဟု ၀န်ခံကတိပြုကာ သားတော်ဘုရားရောက်ရှိရေးကိုသာ တိုက်တွန်းနေလေတော့သည်။
ကာဠုဒါယီအမတ်သည်ကား မြတ်ဗုဒ္ဓ၏ ဖွားဖက်တော်ခုနှစ်ဦးတွင် တစ်ဦးအပါအ၀င်ဖြစ်လေသည်။
(ဖွားဖက်တော်ခုနှစ်ပါးသည်ကား ရှင်အာနန္ဒာ ဗောဓိပင် ကာဠုဒါယီအမတ် ယသော်ဓရာ ဆန္ဒအမတ် ရွှေအိုးကြီးလေးလုံး ခဏ္ဍကမြင်းတို့ပင်ဖြစ်သည်။ အကျဉ်းချုပ်အလွယ်မှတ်လိုသော် “အာ ဗော ကာ ယ၊ ဆန် ရွှေ ခဏ်။” ဟူ၍ပင်ဖြစ်သည်။)
ကာဠုဒါယီအမတ်သည်လည်း မင်းကြီး၏ တာဝန်ပေးချက်အရ မြတ်ဗုဒ္ဓကို ပင့်ဆောင်ရန် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းသို့ သွားရောက်ခဲ့ရလေသည်။
သူရောက်သွားသောအခါ မြတ်ဗုဒ္ဓသည် တရားနာပရိသတ်အား အေးမြသော အမတရေစင်ကို သွန်းလောင်း ပေးနေသောအချိန်နှင့် တိုက်ဆိုင်နေလေသည်။ သို့ဖြစ်၍ ကာဠုဒါယီအမတ်သည်လည်း ပရိသတ်အစွန်မှ အမတရေစင်ကို အသွန်းလောင်းခံလိုက်ရာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားလေသည်။ နောင်တွင် ကာဠုဒါယီ မထေရ်သည် ဆွေမျိုးအပေါင်းတို့၏ ကြည်ညိုလေးစားမှုကို ခံယူရာတွင် အမြင့်မြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ရရှိခဲ့ပါသည်။ ထိုမှနောက်၌ ကာဠုဒါယီမထေရ်သည် မြတ်ဗုဒ္ဓကို ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူရန် ခရီးလမ်းဖော်ပြကာ ချီးကျူး ရွတ်ဆိုသော ဂါထာများဖြင့် လျှောက်ထားလေသည်။
“၅၂၇။အရှင်ဘုရား ယခုအခါ သစ်ပင်တို့သည် ပွင့်သီးလိုကြကုန်သည်ဖြစ်၍ ရော်ရွက်ဝါတို့ကို့ ချွေချကုန်လျက် မီးကျီးအသွေးနီတွေးသော ဖူးညွန့်ရှိနေကြပါကုန်၏၊ ထိုသစ်ပင်တို့သည် မီးလျှံကဲ့သို့ (အရပ်လေးမျက်နှာတို့၌) ထွန်းတောက်ပြောင်ပါကုန်၏၊ အတ္ထရသစသည် တို့၏ စုဝေးပေါင်းဆုံရာဖြစ်တော်မူသော ကြီးမြတ်သော လုံ့လရှိ တော်မူသော မြတ်စွာဘုရား(နေပြည်တော်သို့ ကြွတော်မူရန်) အချိန်တန်ပါပြီဘုရား။
၅၂၈။ သစ်ပင်တို့သည် ပင်လုံးကျွတ် ပွင့်ကြကုန်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ် ရှိကြပါကုန်၏၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့သည်လည်း (ရနံ့တို့ဖြင့်) သင်းပျံ့ကြိုင်လှိုင် ကြပါကုန်၏၊ ထိုသစ်ပင်တို့သည် အရွက်ဟောင်းကို ပယ်စွန့်၍ အသီးသီးရန် တောင့်တကြပါကုန်၏၊ လုံ့လရှိတော်မူသော မြတ်စွာဘုရား ဤရာဇဂြိုဟ်ပြည်မှ ထွက်ကြွတော်မူရန် အချိန် တန်ပါပြီဘုရား။
၅၂၉။ အရှင်ဘုရား ယခုရာ သီဥတုသည် အေးလည်း မအေးလွန်း ပူလည်း မပူလွန်း လှပါ၊ချမ်းသာစွာ ခရီးရှည်သွားခြင်းငှါ သင့်လျော်လှပါ၏၊ အနောက်ကို မျက်နှာမူ၍ ရောဟနီ မြစ်ကိုကူးတော်မူသော အရှင်ဘုရားကို သာကီဝင်မင်းမျိုးတို့သည်လည်းကောင်း၊ ကောလိယမင်းမျိုးတို့သည်လည်းကောင်း ဖူးမြော်ကြပါစေကုန်လော့အရှင်ဘုရား။
၅၃ဝ။ (လယ်သမားသည်) စပါးကို လိုလားတောင့်တသဖြင့် လယ်ထွန်ပါ၏၊ အသီးကိုလိုလားတောင့်တသဖြင့် သာလျှင် မျိုးစေ့ကို စိုက်ပျိုးပါ၏၊ ပစ္စည်းဥစ္စာ စုဆောင်းလိုကုန်သော ကုန်သည်တို့သည် (အမြတ်အစွန်းကို) လိုလားတောင့်တကြသဖြင့် သမုဒ္ဒရာကို ကူးကြပါကုန်၏၊ (ထို့အတူ) အကျွန်ုပ်သည်လည်း (မြတ်စွာဘုရား ကပိလဝတ်ပြည်သို့ကြွတော်မူလိမ့် မည်ဟူသော) အကြင်လိုလားတောင့်တချက်ဖြင့် (ဤအရပ်၌) ရပ်တည်နေ ပါ၏၊ တပည့်တော်၏ ထိုလိုလားတောင့်တချက်သည် ပြီးပြည့်စုံပါစေသတည်း အရှင်ဘုရား။
၅၃၁။ လယ်သမားတို့သည် အကြိမ်ကြိမ်သာလျှင် မျိုးစေ့ကို စိုက်ပျိုးပါကုန်၏၊ မိုးသည်လည်းအကြိမ်ကြိမ်ပင် ရွာသွန်းပါ၏၊ လယ်သမားတို့သည် အကြိမ်ကြိမ် လယ်ကို ထွန်ယက် ကြပါကုန်၏၊ စပါးသည်လည်း အကြိမ်ကြိမ် ပင် တိုင်းနိုင်ငံသို့ ရောက်ပါ၏အရှင်ဘုရား။
၅၃၂။ သူတောင်းစားတို့သည် အကြိမ်ကြိမ် လှည့်လည်ပါကုန်၏၊ အလှူရှင်တို့သည်အကြိမ်ကြိမ် ပေးလှူကြပါ ကုန်၏၊ အလှူရှင်တို့သည် အကြိမ်ကြိမ် ပေးလှူ၍ အကြိမ်ကြိမ် နတ်ပြည်သို့ ကပ်ရောက်ကြရပါကုန်၏။
၅၃၃။ ကြီးသော လုံ့လရှိတော်မူသော မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသောယောက်ျားသည် အကြင်အမျိုး၌ ဖြစ်၏၊ ထိုအမျိုး၌ စင်စစ်သဖြင့် အမျိုးခုနစ်ဆက်တိုင်အောင် ဖြူစင်စေပါ၏၊ နတ်ထက်နတ်မြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် (ထို့ထက်အလွန်) ဖြူစင်စေရန် စွမ်းနိုင်တော်မူပါပေ၏ဟုအကျွန်ုပ် မှတ်ထင်ပါ၏၊ အရှင်ဘုရားမှ (အရိယာဇာတ်အားဖြင့်) ဖြစ်သော မုနိဟူသောအမည်တော်သည် အမည်မှန် ဖြစ်ပါပေ၏အရှင်ဘုရား။
၅၃၄။ သီလက္ခန္ဓစသော မြတ်သော တရားအပေါင်းကို ရှာတော်မူပြီးသော မြတ်စွာဘုရား၏ ခမည်းတော်ကား သုဒ္ဓေါဒန အမည်ရှိပါ၏၊ မြတ်စွာဘုရား၏ မယ်တော်ကား မာယာအမည်ရှိပါ၏၊ အကြင် မယ်တော်မာယာသည် ဘုရားလောင်းကို ဝမ်းဖြင့် လွယ်ပြီး၍ (မီးရှူးသန့်စင် ဖွားမြင်ပြီးသော်) ခန္ဓာကိုယ် ပျက်စီးသည်မှ နောက်၌ တုသိတာနတ်ပြည်ဝယ်မွေ့လျော်စံပျော်ရပါ၏ အရှင်ဘုရား။
၅၃၅။ ကွယ်လွန်လေပြီးသော ဂေါတမအနွယ်ဖြစ်သော ထိုမာယာဒေဝီသည် ဤလူ့ပြည်မှရွေ့လျောလတ်သော် နတ်၌ဖြစ်သော ကာမဂုဏ်တို့ဖြင့် ပြည့်စုံလျက် ထိုတုသိတာနတ်တို့ဖြင့် ခြံရံကာကာမဂုဏ်ငါးပါးတို့ဖြင့် မွေ့လျော်ရပါ၏ အရှင်ဘုရား။
၅၃၆။ ငါသည် သူတစ်ပါးတို့ သည်းမခံနိုင်သည်ကို သည်ခံတော်မူနိုင်သော ပြိုးပြိုးပြက်ပြက် အရောင်ရှိ တော်မူ သော နှိုင်းခိုင်းစရာဥပမာ ရှိတော်မမူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော သဗ္ဗညုမြတ်စွာဘုရား၏ သားတော်စစ် ဖြစ်ပါ၏၊ သာကီဝင်မင်းမျိုးဖြစ်သော မင်းကြီး သင်မင်းကြီးသည်ငါ၏ အဖ မြတ်စွာဘုရား၏ ခမည်းတော်ပေတည်း၊ ဂေါတမအနွယ် ဖြစ်တော်မူသော မင်းကြီး သင်မင်းကြီးသည် သဘောအားဖြင့် ငါ၏ ဘိုးတော်ပင် ဖြစ်ပါ၏အရှင်ဘုရား။”
ဤသို့ လျှောက်ထားသောအခါ မြတ်ဗုဒ္ဓသည်
“အေး ချစ်သားကာဠုဒါယီ ငါဘုရားကြွတော်မူမယ်” ဟု အဖြေပေးတော်မူခဲ့ပါသည်။
ထို့နောက်မြတ်ဗုဒ္ဓသည် သူ၏ ဓမ္မကျေးဇူးဆပ်ခရီးစဉ်ကို ဤတပေါင်းလပြည့်ကျော်တွင် စတင်တော်မူခဲ့ပါသည်။
(ဆက်ရန်၊ Older posts နှိပ်ပါ ၊ ပုံပြင်ခြောက်ဆယ်ကျော်ကို တွေ့ရပါလိမ့်မည်။)
0 comments

Read more...

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၅)



(၁)

ဘုန်းကြီးလျှင် ပုန်းအိပ်” ဟူသည်ကား ဗန်းမော်ဆရာတော်ဘုရားကြီး၏ တစ်ရံခါဆီက မှတ်ချက်ပြုစကား ပေတည်း။ ဆရာတော်ကြီးကား တိုတိုနှင့် ထိအောင် ဆိုတတ်ပါပေစွ။ သူသည်လည်း စကြာဝဠာ ကမ္ဘာမြေ အဆုံးမှာ ပုန်း၍သာ အိပ်နေချင်တော့သည်မှာ အမှန်ပင်ဖြစ်ပါလေတော့၏။ သူရွာလေးသို့ ခြေချမိသည့်ထိုနေ့ ထိုရက်ကသာ သူ့ရွာလေး၏ အမည်သညာကို စွဲ၍ အက်ဖ်တီကေတိုင်းမ်စ်(FTK TIMES) အက်ဖ်တီ ကေပို့စ်(FTK POSTS) အက်ဖ်တီကေထရီးဗြွန်း(FTK TRIBUNES) စသောသတင်းစာကြီးများသာ အပြိုင် ထုတ်ဝေနေကျဖြစ်လျှင် ထိုထိုသတင်းစာကြီးများတွင် သူသည် ပါဆဲင်န် အော့ဖ် သှဒေး(Person of the Day) ဟု ပေါ်ပြူလာပဂေးကြီးဖြစ်လေဟန် ကော်လံအပြည့်ဖော်ပြကြလေမည်မလွဲတည်း။

သူ့အတ္ထုပ္ပတ် သူ့လုပ်ရပ်နှင့် သူ့ပုံရိပ်ဖြတ်စတို့သည် လတ်တလောစက်ရပ်သတင်းအဖြစ် အိတ်က်စ်ကလျူး စစ်(Exclusive) ဖြစ်၍ နေပေတော့မည်။ မည်သို့ဆိုစေ ပုဂ္ဂလ၀ိသေသော ထူးသောအံ့သောဟုကား သြသြအံ့အံ့ ရွာလုံးအနှံ့ ဖြစ်နေခဲ့သည်မှာတော့ အထင် အရှားဖြစ်ခဲ့ပါပေ၏။ “ လူ့ဘောင်ဘ၀ ကျဉ်းမြောင်းစွ ” ဆိုသဟာ ဃရာဝါသော သမ္ဗာဓေါဟု စာဟောရှိသော်ငြား ရဟန်းတစ်ပါးနှင့် လားလားမှမဆိုင်ဟု အခိုင်အမာ ယူခဲ့မိပါလေ၏။

သို့သော် ပေါ်ပြူလာဆယ်လီဘရစ်တီ(Popular Celebrity)ဟု ညံစီအောင် တိုးဝှေ့၍ ဆွေဆွေမျိုးမျိုး ရွာရိုး ကိုးပေါက် ဆယ်ပေါက် အပေါက်ပေါက်လျှင် သောက်သောက်လဲလဲ တစ်ခဲနက်နက် မိတ်ဆက်ကြ လေသော ကြောင့် သူ့ခမျာမှာ နေစရာ။ထိုင်စရာမရှိအောင်ပင် ကျဉ်းမြောင်းခဲ့ရပါချေ၏။ ကျောင်းမှာ ထိုင်သော် ကျောင်း၊ အိမ်မှာထိုင်သော် အိမ် ။ ကျောင်းနှင့်အိမ် အကြိမ်ကြိမ်ပင် ကူးလူးရွေ့လျား၍ ဆွေစကားမျိုးစကား၊ မြို့စကား တိုင်းစကား နိုင်ငံစကား နိုင်ငံတကာစကား စကြာဝဠာစကား မနားရလေအောင် ချဲ့ကားပြော ဆိုရပေတော့၏။

ထိုမျှဖြင့် ဒုက္ခမပြီးသေး။ တောရွာဓလေ့ ကောင်းပေ့ညွန့်ပေ့ ဆွေမေ့မျိုးမေ့ဘုရာ့ ဟု လျှောက်ထားကပ် လှူကြလေသော ကောက်ညှင်းထုပ် မုန့်ဖက်ထုပ် မုန့်ဆီကြော် မုန့်ပေါက်ကြော် အလှော်အပြုတ်တို့ကိုလည်း စုံအောင်ပင် အလုပ်အလွေးပြုကာ ဘုန်းပေးရရှာပေသေး၏။ အော် ကြိုက်ခြင်း မကြိုက်ခြင်းဟူသည် သူု့အရေးမဟုတ်၊ သူ့ကျန်းမာရေးနှင့် လျော်သည် မလျော်သည် သူ့အရာမဟုတ်ခဲ့လေပြီ။ ကြိုက်လည်းစား မကြိုက်လည်း စား၊ လျော်လည်း စား မလျော်လည်းစား ရပ်သူရွာသားတို့၏ သဒ္ဓါတရားကိုသာ လုံးလုံးလျားလျား ငံ့ကွက်သနားရပေတော့မည်။ ထို့ကြောင့်ပင် ရှေးရှေးသူတော်ကောင်းတို့သည် အဖော်မမှီး တစ်ကိုယ်တည်း တောရပ်မှီ၍ ဘုန်းကံကြီးမားခြင်း၏ ဒုက္ခတရားကို ရှောင်လွှားကြလေဟန်တည်း။ ခုအခါတွင်ကား ဆယ်လီဘရစ်တီ(Celebrity)ဖြစ်ခြင်း၌ ကံအတိုင်းဖြစ်စေတော့ဟုသာ သူသဘောထားရပေတော့မည်။

ဆိုရသော် ထိုနေ့သည် သူ့နေ့ပင်ဖြစ်တော့၏။ သူ့ရွာကလေးတွင် အများသူငါ အားလပ်ရက်ဟု သတ်မှတ်ကြေငြာထားသည့်ပမာ တောင်ယာလယ်သူ မိလက္ခူဖြစ်သော သူ့အဆွေ သူ့အမျိုးတို့သည်ကား သူ့အကြောင်း သူ့အခြင်းရာကိုသာ လှည့်လည်ကာ ပြောနေကြသောဟူ၏။

(၂)

ဤသည်ပင် သူမနှစ်သက်သော အခြင်းအရာပေတည်း။ သူ့ရည်ရွယ်ချက်ကား ငယ်စဦးကပင် အထူးထူး သောအခြေခံစာကို နာသုံးနာရောယှက်၍ ကျောကိုဗျော တင်ကာ တအုံးအုံးနှက်ခြင်း၊ ငှက်ပျောသီးနှင့် မုံ့ပဲသရေစာ ရှိတာလေးတွေ ထုတ်ကျွေးချော့မော့ခြင်းစသည် စသည် အလီလီသော နည်းတို့ဖြင့် ပညာပေးတော်မူခဲ့သည့် ကျေးဇူးတော်ရှင် ရွာဦးကျောင်းသခင်မြတ်ကို ဂါရ၀ပြုလိုသည်လည်းတစ်ရပ်၊ သာသနာ့ဘောင်အတွင်း သွပ်သွင်းကာ ရှင်သာမဏေ ၀တ်စေခဲ့သည့်နေ့မှ စ၍ ကိုယ်နှင့်မဆိုင် ခွင့်မပိုင်တော့သည်အထိ သာသနာတော့်မျက်နှာကိုသာကြည့်လျက် မျက်ရည်အပြည့်ဖြင့် သားအရင်းအချာကို သဘောထားကြီးစွာ စွန့်လှူခဲ့ကြရှာလေသည့် တစ်နှစ်တစ်ခါမှသာ တစ်ခါတစ်ရံ နှစ်အတန်ကြာမှတစ်ခါ သားရဟန်းမျက်နှာကို ဖူးကြရရှာလေသည့် မိအိုဖအိုတို့ကို တွေ့မြင်လိုသည်လည်း တစ်ရပ်။

ဤအကြောင်းနှစ်ရပ်သည်သာ ဓမ္မဂင်္ဂါရွာပြန်ခရီး၏ နီးသောအကြောင်း ဝေးသောအကြောင်း မနီးမဝေးသော အကြောင်းများပေတည်း။ အပေါင်းအသင်း ငယ်ဖော်ချင်းတို့နှင့်တကွ ဉာတိသင်္ဂဟ ဆွေမျိုးစသည်ကို တွေ့ လိုခြင်းတို့သည်ကား သပိတ်ပါ အိပ်ပါ ခွက်ပါ ကြွပ်ကြွပ်အိပ်ပါ မကင်းသာသော အကြောင်းများဖြစ်ရပေတော့၏။

သူ့အတွေးတွင် ပုံရိပ်ဆင်ထားသည်ကား ငယ်ဆရာသခင်၏ သြ၀ါဒလက်ဟောင်းလေးများကို လမ်းကြောင်း ပေးကာ နာခံရင်း ရွာဦးကျောင်းကန်သာယာတွင် မြို့ပြပညာရေးစိတ်နွမ်းသမျှ အတိုးချအပန်းဖြေမည်။ မိဘနှစ်ပါး၏ အိမ်သေးသေးလေးတွင် ဇိမ်အေးအေးယူကာ မိခင်ဖခင်တို့ လှူကျွေးသမျှကို လူမမယ် ကလေးဘ၀ ကလို အားမနာတမ်း စားမည်။

ငယ်ရွယ်နုနယ်စဉ် မထင်မပေါ် ယခုလို နိုင်ငံခြားပြန်ဆရာတော်ဟု ရပ်သူရွာသားတို့အခေါ် မကျော်ကြားမီ စာသင်သားဘ၀က သူရွာလေးသို့ပြန်လာလေတိုင်း ဖခင်ကြီးကား ထင်းခွဲရေခပ်၊ မိခင်ကြီးကား ထမင်းချက် ဆွမ်းပြင် အမ နှမတွေပင် ကြားမ၀င်သာအောင် လုံ့လသည်းခဲ့ကြရှာပေ၏။ မိခင် ဖခင်တို့၏ ထိုအကြွေးများ အတွက် သူသည်လည်း သာသနာအရေးများကို ယခုလို ဆက်နေရခြင်းဖြစ်ပေ၏။ သာသနာဟူသော ခေါင်းစဉ်ရိုးရိုးကြီးအောက်တွင် တိုးတိုးပေါက်ပေါက် လျှောက်ခဲ့ခြင်းဖြစ်ပါ၏။ သာသနာ့အလုပ်များကို ကျရာနေ ရာက ခပ်ကုပ်ကုပ်ပင် လုပ်ခဲ့ပါချေ၏။

(၃)

မည်သို့ဖြစ်စေ သူ့ရွာပြန်ဒိုင်ယာရီကား ထင်သည်နှင့်မညီဖြစ်ခဲ့ပါလေ၏။
ရွာလေးသည် သူ့အတွက် နေရာကျဉ်းမြောင်းခဲ့လေပြီတည့်။ အမိအဖအိမ်တွင်လည်း သူမငြိမ်၊ ဆရာ့ကျောင်း ကန်တွင်လည်း သူမဟန်။ အတန်တန်သောရွာခံလူထုကိုသာမက ရွာနီးချုပ်စပ် မပြတ် လာကြသော ဧည့်သည် တို့ကိုလည်း ဆိုစများလျား စကားပုံသေဖြင့် နှုတ်ဆက်ရချေ၏တကား။

ခါးလည်းညောင်းလှ၏။ နားလည်းပူလှ၏။ ရွာသူရပ်သား သူ့ဆွေမျိုးများဟူသည် သူ့ငယ်စဉ်ကလေးဘ၀ နှပ်ချေးတွဲလောင်းကျကာ ရှုံ့ရှုံ့မဲ့မဲ တပြဲ့ပြဲ့အော်ငိုသည်မှအစ မာလကာပင်ပေါ်က ပြုတ်ကျသည်အဆုံး၊ မျောက်ရှုံးအောင်ဆော့သဖြင့် ဘုန်းကြီးက တအုံးအုံးဆော်လေဟန် အဖန်ဖန်သောသူ့အကြောင်းကို များများပြောနိုင်လေ များများထင်ပေါ်လေဖြစ်ရကား စကားအတန်တန် ကြံ၍ပင် ပြောကြလေယောင်တကား။
ထိုသို့ဖြင့် သူကိုယ်တိုင်သိသော သူကိုယ်တိုင်မသိသော သူကိုယ်တိုင်မသိချင်တော့သော သူ့ငယ်ကျိုးငယ်နာ တို့ကို သူသည် နားထောင်ရလေသည်တည်း။



ထိုသို့ပင် ရုန်းမထွက်သာအောင် ဘုန်းသမ္ဘာအခက်ဝေနေသည့်အခိုက်မှာပင် သူ့ရင်ဘတ်အား ထိထိခိုက် ခိုက်ဖြစ်စေသော ကမ္ဘာကျော်မဟာအထူးဟု စိတ်ကူးပေါက်ကြလေသော တရားပွဲကြော်ငြာဟန် နိဗ္ဇာန်ဆော် တို့၏ အသံကို ကြားရပြန်ပေတော့၏။
-----------------------------------------------------------------------------


သြ... ဖေဖော်ဝါရီလကုန်ရက်ပဲ။ အိန္ဒိယတစ်ခွင်လုံးမှာတော့ ဟိုးလီလို့ခေါ်တဲ့ ရိုးရာသင်္ကြန်ပွဲ ဆင်နွှဲနေကြပြီ။ ရောင်စုံဆေးတွေနဲ့ ပက်ဖြန်းကြတာပါ။ ခပ်ပျော်ပျော်ဦးဇင်းလေးတစ်ပါးကတော့ ပြောပါတယ်။ အနေအထိုင် ညစ်ပတ်လှတဲ့ ကုလားတွေ ရေမချိုးဘဲ မနေနိုင်အောင် ဆေးတွေနဲ့ ပက်ကြတာတဲ့။ လွန်ခဲ့တဲ့နှစ်ကတော့ ဒီနေ့စွဲဟာ စင်္ကာပူချန်ဂီလေဆိပ်ကနေ အမေ့ရွာကို ပြန်ထွက်တဲ့နေ့ပါပဲ။ ဒိုင်ယာရီမှာ တိုတိုလေး ရေးခြစ်ထားတာ ပြန် ဖတ်ဖြစ်တယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။

(၂၀၀၉-ခှုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် စနေနေ့
အားလုံးပြင်ဆင်ပြီးပြီ၊ အဓိကအနေဖြင့် ဓမ္မဒါနဖြန့်ဝေကြသည့် ဘာသာရေးစာအုပ်များကို ထုပ်ပိုးဖြစ်သည်။ မိတ်ဆွေဟန်းတော်တစ်ပါးက “ နိုင်ငံရပ်ခြားက ပြန်လာတဲ့အခါ သော့ချိတ်လိုမျိုးတွေ လက်ဆောင်ပေးတာ ထက်စာရင် မြန်မာပြည်မှာမရှိတဲ့ စာအုပ်တွေသယ်လာနိုင်ရင် ပိုပြီး တန်ဖိုးရှိပါတယ်”တဲ့။ ဖုန်းကဒ် တစ်ခု ၀ယ်ကာ အရှေ့နှင့် အနောက်သို့ ဖုန်းဆက်ဖြစ်သည်။ တကယ်တော့ သူရောက်နေသည့် နေရာမှ မျက်နှာမူ လိုက်လျှင် နေ၀င်ရာ အရပ်တွေချည်းဖြစ်သည်။

နေ့ဆွမ်းစားပြီးသည်နှင့်ကျောင်းထိုင်ဆရာတော်ဖြစ်သည့် မိတ်ဆွေရဟန်းကိုနှုတ်ဆက်သည်။ မိတ်ဆွေရဟန်း တော်က သူ့အိမ်ပြန်ခရီးလှပအောင် စီစဉ်ပေးလေသည်။ လေဆိပ်သို့ မင်္ဂလာဝိဟာရ စနေဆွမ်း အလှူ ရှင်များဖြစ်ကြသည့် ဒေါ်ကြည်ကြည်ဝေတို့ ဇနီးမောင်နှံနှင့် ကိုသန့်ဇင်အောင်+မမေသက်စု စုံတွဲက ကားနှစ် စီးဖြင့် လိုက်ပို့ကြသည်။ လေဆိပ်သို့ အသွား ကားပေါ်တွင် ဆွမ်းဒကာမ မေသက်စုမေးသည့် မဂ္ဂင်ရှစ်ပါးနှင့် ပဋိစ္စသမုပ္ပါဒ်ကို ရှင်းပြရသေးသည်။ ဒေါ်ကြည်ကြည်ဝေတို့ဇနီးမောင်နှံကလည်း သူ့အတွက် လက်ဆွဲတန်ဆာ အဆင်ပြေစေရန် စီမံပေးကြသည်။

ချန်ဂီလေဆိပ်ထွက်ခွာဆောင်တွင် သီတဂူညီလာခံတက်ရောက်မည့် အမေရိကားမှ သီဟိုဠ်ဆရာတော်ကြီး ဒေါက်တာဂုဏရတနနှင့် အယ်လ်အေမှ မိတ်ဆွေရဟန်းတော်အရှင်အာစာရတို့ကို တွေ့ဆုံရသည်။ ရန်ကုန် လေဆိပ်ရောက်တော့ ကျောင်းမှ စာချဘုန်းကြီးလေးရှင်ရာဇိန်က ဒကာကိုတင်သန်းကားဖြင့် လာကြိုသည်။ ပြန်မရောက်သည့် (၂)နှစ်နှစ်တာအတွက် အလွမ်းပြေသွား၏။ သမိုင်းမြို့မပရိဝုဏ်သည် သူ့အတွက် နွေးထွေးနေတော့သည်။ ညနေခင်းမှာတော့ ထေရ၀ါဒတက္ကသိုလ်ရှိ မိတ်ဆွေရဟန်းတော်များ၏ တံခါးချပ် များကို ခေါက်ဖြစ်လေသည်။)

အင်းတိုက်ဆိုင်မှုပဲလားတော့ မသိဘူး။ မနေ့ကပဲ အိမ်ရှင်က အိမ်အသစ်ရှာပါတော့တဲ့။ နေ့စွဲတစ်ခု ထပ်တိုး ပြန်ဦးပေမပေါ့။ အဲဒီအကြောင်းလေးကိုတော့ ကြုံတဲ့အခါကျမှ “ရဟန်းတစ်ပါးနှင့် အိမ်ငှါးပြဿနာ” ဆိုပြီးရေးဦးမှ။ ဆွာဆတိကနဲ့တော့ ကံမဆုံပြန်ဘူးထင်ပါ့။

ဆက်စပ်ဖတ်ရန်
သီတဂူလမ်း
ကိုးန၀င်းမှဆွာဆတိကသို့
များခွင့်ရှိတုန်းများထားရမယ့်နေ့များ

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP