ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းအနေဖြင့် ဒီဇင်ဘာလကောက်ခံရရှိငွေများမှ (၂၁)ကြိမ်မြောက်အဖြစ် လှူဒါန်းခဲ့သောနေရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ အနောက်မင်းသန်းကျေးရွာ မင်းသန်းအုပ်စု၊ မြိတ်အရှေ့မြို့၊ တနသာင်္ရီတိုင်း။ ထိုနေရာရှိ မူလတန်းကျောင်းတွင် အမိုး၊ အခင်းများရှိသော်လည်း အကာများ ပျက်ဆီးနေသောကြောင့် ပြင်ဆင်နိုင်ရန်အတွက် အလှူငွေ ၈၀၀၀၀၀ (၈-သိန်း)ကျပ်ကို မတူးတူးဝေ၊ မှတ်ပုံတင်အမှတ်- ၆/(မအရ)နိုင် ၁၀၁၅၄၆၊ အင်္ဂမော်ရွာ၊ မြိတ်မြို့၊ ဖုန်း ၉၈၇၆၃၀၁၇ ထံသို့ ပေးပို့လှူဒါန်းခဲ့ပါသည်။ ယခုအချိန်တွင် ထိုမူလတန်းကျောင်းမှာ ပြင်ဆင်ဆောက်လုပ်ပြီးဆီးသွားပြီ ဖြစ်ပါသည်။ မှတ်တမ်းဓါတ်ပုံများကို ဤနေရာတွင် သွားရောက်ကြည့်ရှု၍ သာဓုခေါ်ဆိုနိုင်ပါသည်။
၂။ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ် အ.ထ.က(ခွဲ)နှင့် ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်တိုက်နယ်ဆေးရုံ အတွက်လိုအပ်လျက်ရှိတဲ့ ဘီရိုနှင့် စားပွဲ လှူဒါန်းရန်အတွက် အလှူငွေ ၄၀၀၀၀၀ (၄-သိန်း)ကျပ်ကို ဦးချွန်၊ ၉/ကပတ(နိုင်) ၀၁၅၇၈၁၊ ကျောက်ပန်တောင်း၊ ရိုးမဘဏ်၊ ဖုန်း- ၀၉၆- ၅၀၀၇၉၅ ထံသို့ ပေးပို့လှူဒါန်းခဲ့ပါသည်။ ယခုအချိန်တွင် မှတ်တမ်းဓါတ်ပုံများ မရရှိသေးသောကြောင့် ရရှိသောအချိန်တွင် ဆက်လက်ဖြော်ပပေးသွားပါမည်။
၃။ ရခိုင်ပြည်နယ်။ ရမ်းဗြဲမြို့၊ လက်ပန်အညာရွာ၊ လင်းရောင်ခြည်သာသနာ့ရိပ်သာကျောင်းတိုက် ကျောင်းမုဒ်ဦး လှူဒါန်းရန်အတွက် အလှူငွေ ၈၀၀၀၀၀(၈-သိန်း)ကျပ်ကို မခင်စန္ဒာခိုင်၊ ၁၁/ရဗန(နိုင်) ၀၆၁၂၅၅၊ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့သို့ ပေးပို့လှူဒါန်းခဲ့ပါသည်။ ယခုအချိန်တွင် ထိုကျောင်းမုဒ်ဦးမှာ ပြုပြင်ဆောက်လုပ်ဆဲ ဖြစ်ပါသည်။ မှတ်တမ်းဓါတ်ပုံများမှာ လမ်းပမ်းဆက်သွယ်ရေး အခက်ခဲကြောင့် ကြန့်ကြာမှုရှိနေပါသည်။ မှတ်တမ်းဓါတ်ပုံများရရှိမှသာ ဆက်လက်ဖော်ပြပေးသွားပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အလှူဒါနအစုစုအတွက် ကူညီဆောင်ရွက်ပေးကြသော ဓမ္မမိတ်ဆွေအပေါင်းအား ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များမှ အထူးကျေးဇူးတင်ရှိပါကြောင်း ဤနေရာမှ ပြောကြားအပ်ပါသည်။ ထိုကဲ့သို့ (၂၁) ကြိမ်မြောက် အလှူတော်အတွက် ၀မ်းမြောက်ဝမ်းသာစွာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် အတွက် အောက်ပါဆောင်းပါး ဖြင့် ဓမ္မဒါနပြုအပ်ပါသည်။
“ကူတယ်” ဆိုတဲ့ စကားလုံးကို မြတ်စွာဘုရားရှင်ဟောကြားတော်မူသော တရားတော်အဆုံးအမကို နာယူ၍ သိရသော အသိဉာဏ်ဖြင့် ယှဉ်ထိုးကြည့်တော့ “ကူတယ်” ဆိုတဲ့ စကားလုံးက “ယူတယ်” ဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။ ဆက်စပ်မှုသဘောလေးကို ဖောက်သည်ချ ရေးသားဖော်ပြလိုပါတယ်။
မြတ်စွာဘုရားရှင်ကို နတ်သားတစ်ပါးက မေးလျှောက်လို့ မြတ်စွာဘုရားရှင်က ဥပမာပေး၍ ဖြေဆိုသည်ကို မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူသော တရားတော်ကို နာယူခွင့်ရပြီး သိခဲ့ရပါတယ်။
လှူကြပြီ၊ ကူကြပြီ ဆိုရင် ကိုယ်ရှိတာကို သူ့ကိုပေးလိုက်ရတဲ့အတွက် ကုန်ဆုံး၊ ဆုံးရှုံး သွားတာပဲလို့ ထင်မြင် ယူဆကြပါတယ်။ ထင်မြင်ယူဆသည့်အတိုင်း ပြောဟောနေကြတာတွေက လူ့ပြည်လောက၊ နတ်ပြည်လောကတို့မှာ ကြားနေတော့ ဒီထင်မြင်ယူဆချက်သည် မှန်ကန်သင့်မြတ်ပါ၏လောလို့ နတ်သားတစ်ပါးက မေးလျှောက်ခန်းပါ။ မြတ်စွာဘုရားရှင်က ဥပမာပေးတော်မူသည်ကို နားလည်သည့်အတိုင်း ရေးသားပြရလျင် -
ဥပမာ… အိမ်တစ်အိမ် မီးလောင်ပြီဆိုရင်တဲ့ အိမ်ထဲက ပစ္စည်းအချို့ကို နိုင်သလောက် သိမ်းကြုံးပြီးယူကာ ဆင်းပြေးကြတယ်။ မယူနိုင်ဘဲ ထားခဲ့သမျှဟာဖြင့် မီးလောင်စာပဲ ဖြစ်သွားမယ်။ ယူနိုင်သမျှလေးတော့ မီးဘေးကလွတ်ပြီး အသုံးပြု၊ အသုံးချခွင့်ရပါတယ်…
ဒီနေရာမှာ မီးလောင်တယ်ဆိုတာ ဘာကိုပြောတုံးဆိုတော့ မီးမှာလည်း ၂ မျိုးအားဖြင့် အတွင်းမီးနှင့် အပြင်မီး။ အပြင်မီးဆိုတာက ရန်သူမျိုးငါးပါးမီး။ အတွင်းမီးဆိုတာကတော့ ကိလေသာမီးတွေနဲ့ အိုနာသေမီး။
မိမိတို့မှာ စုဆောင်းထားတဲ့၊ နေ့စဉ် ရှာဖွေရရှိနေတဲ့ ပစ္စည်းဥစ္စာဆိုတာသည် အပြင်က ရန်သူမျိုးငါးပါးမီး လောင်၍လည်း ပြာဖြစ် ဆုံးရှုံးနိုင်ပါတယ်။ အတွင်းက ကိလေသာမီးနှင့် အိုနာသေမီးတို့ လောင်လို့လည်း ပြာဖြစ်ဆုံးနိုင်ပါတယ်။ အပြင်မီးအနေနဲ့ အနည်းငယ် ဥပမာပေးပြောရလျင် သားဖြုန်းလို့လည်း ဥစ္စာပြုန်းနိုင်တာတို့၊ သူခိုး ခိုးခြင်းခံရလို့လည်း တက်တက်ပြောင်းသွားတာတို့ စသည်ဖြင့်ပါ။ အတွင်းမီးအနေနဲ့ မြင်သာတာလေးကို ထုတ်ပြရမယ် ဆိုရင် ဒေါသထွက်လို့ ကွန်ပျူတာကို ကိုင်ပေါက်လိုက်တာမျိုးရှိပါတယ်။ ဒါဆိုရင် ဒေါသကြောင့် ပျက်စီးဆုံးရှုံးမှု။ အမြတ် လောဘကြောင့် အရင်းဥစ္စာ ပုံအပ်ပြီး ယုံတာရှိပါတယ်။ အလိမ်ခံရတော့ တက်တက်စင်အောင် ပြောင်လီခါသွားပါရော။ နောက်တစ်မျိုးက ဆုံးဖြတ်ချက်တွေမှားလို့၊ သတိပေါ့လို့ ဆုံးရှုံးနစ်နာတာတွေရှိနေတော့ ဒါသည်လည်း မောဟ တရားရဲ့ ပယောဂ လက်ချက်ပါပဲ။၊ အိုတာကဖိ နာတာကနိုပ်စက်တော့ ဆေးကုရတာက ရှာထားတာ ထက်တောင် မလောက်မငသေး၊ ရှာသမျှ ရောဂါဖိုးနဲ့ မကာမိဘူး ဆိုတာက နာမီး လောင်တာခံရတာပါပဲ။ သေမီး လောင်လို့လည်း ခံစားခွင့်တောင် မရလိုက်ပါလားဆိုတာ ပြောသံကြားနေရပါတယ်။ ဒီလို ဒီလိုလောင်ကျွမ်းနေတဲ့ မီးတွေဟာလေ... ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာတွေကို အချိန်ပြည့် လောင်စာအဖြစ်အသုံးချပြီး တောင်လောင် နေကြပါတယ်။
ဒီအထဲက မြတ်သောပုဂ္ဂိုလ်ကို လှူဒါန်းခွင့်ရလို့ လှူဒါန်းခြင်းသည် မီးစာဖြစ်မယ့်အထဲက ဆွဲထုတ် ယူနိုင်လိုက်တာပါပဲ။ တန်းတူပုဂ္ဂိုလ်ကို မျှဝေပေးကမ်းခွင့်ရလို့ မျှဝေပေးကမ်းခြင်းသည် မီးစာဖြစ်မယ့်အထဲက ဆွဲထုတ် ယူနိုင်လိုက်တာပါပဲ။ နိမ့်သောပုဂ္ဂိုလ်ကို ပေးကမ်းစွန့်ကြဲခွင့်ရလို့ ပေးကမ်းစွန့်ကြဲခြင်းသည် မီးစာဖြစ်မယ့်အထဲက ဆွဲထုတ် ယူနိုင်လိုက်တာပါပဲ… ဆိုတာသည်…
အပေါ်က ဥပမာနဲ့ ရှင်းမှ “ကူတယ်” ဆိုတာသည် “ယူတာ” ပဲ လို့ ကွင်းကွင်းနဲ့ ကွက်ကွက်ကို ပေါ်ထွက်လာပါတယ်။ ရှင်းရှင်းလေး သဘောပေါက်နိုင်ပါတယ်။
သဘာဝ ကြောင်းကျိုးဆက်သဘောနဲ့ ဝေဖန်မယ်ဆိုရင်လည်း… အခုကျွန်တော်တို့မြင်တွေ့နေကြရတဲ့အတိုင်း တစ်ချို့က ချမ်းသာတဲ့ဝမ်းမှာ ပဋိသန္ဓေမျိုးကျတယ်။ တစ်ချို့က ဆင်းရဲတဲ့ဝမ်းမှာ ပဋိသန္ဓေမျိုးကျတယ် စသည့်ဖြင့် ခြားနားမှုလေးတွေရှိနေကြပါတယ်။
ဘာကြောင့်ဒီအကျိုးတရားတွေ ခြားနားနေရသလဲလို့ ဉာဏ်မေးခွန်းထုတ် စစ်ဆေးတော့မှ ထောက်ပံ့တဲ့ အကြောင်းတရားတွေကိုးက ခြားနားနေကြလို့ဆိုတာ အဖြေထွက်ပါတယ်။ ထိုထောက်ပံ့တဲ့ အကြောင်းတရားတွေက ဘာတွေလဲလို့ ထပ်ပြီးစီစစ်တော့ လောဘအကြောင်းခံ၊ ဒေါသအကြောင်းခံ၊ မောဟအကြောင်းခံ၊ အလောဘ(သဒ္ဓါ)အကြောင်းခံ၊ အဒေါသ(မေတ္တာ)အကြောင်းခံ၊ အမောဟ(ပညာ)အကြောင်းခံ စသည့် အကြောင်းတရား (၆) ပါးအားဖြင့် ကွဲပြားခြားနားနေကြလို့ပါ။ သူ့အကြောင်းတရားအလိုက် သူ့အကျိုးတရားတွေကို ဖြစ်ပေါ်စေတယ်။
ဖြစ်ပေါ်လာတဲ့ တရားကိုကြည့်ပြီး ဖြစ်ပေါ်စေတဲ့တရားကို သိနိုင်ပါတယ်။ ဥပမာ - မနက်ထတော့ ကိုယ်တွေကိုက်နေပြီဆိုရင် ဒီကိုယ်တွေကိုက်တာကိုဖြစ်စေတာသည် ညက အင်္ကျီချွတ်ပြီး စွတ်ကျယ်နဲ့အိပ်သွားလို့ပဲ ဆိုပြီး အကြောင်းအရင်းခံကို လက်သည်ရှာနိုင်ပါတယ်။
အခုလည်း “သဒ္ဓါနည်းတော့ ခြောက်ကပ်ကပ်” လို့ ယောဆရာတော်ဘုရားကြီး မိန့်ဆိုသည့်အတိုင်း လောဘအားကြီးပြီး သဒ္ဓါဓာတ်အားနည်းသွားသည့် မျိုးစေ့ရဲ့ အပင်မှာ သဒ္ဓါရေသောက်မြစ် အရင်ခံ အားနည်းတော့ အကိုင်းအခက်တွေလည်း ခြောက်ကပ်ကပ်နဲ့ မွဲတဲတဲ ပြာတာတာပေါ့။ သဒ္ဓါအစေးဓာတ် ခမ်းခြောက်ခြောက် ပုဂ္ဂိုလ်ရဲ့ရှင်သန်ခွင့်ရတဲ့ဘဝက ဘာဥစ္စာ ရွှေငွေမှ မကပ်ငြိဘဲ ဆင်းရဲ မွဲတေမှုနဲ့ ရွေ့လျားရှင်သန်ရတာပါပဲ။ သဒ္ဓါအစေးဓာတ် ခမ်းခြောက်ခြောက် ဆိုတာ ဘာကိုဆိုတာလဲဆိုတော့ မီးအလောင်ခံရတာများလို့ အစေးတွေ ခမ်းခြောက် သွားတာကို ဆိုပါတယ်။ မီးထဲက များများယူထားသူဆိုရင် အလောင်ခံရတာ သက်သာလို့ အစေးက ခမ်းမှာမဟုတ်။ သဒ္ဓါအစေးဓာတ်ရွှင်မယ်။ အရည်ရွှမ်းတဲ့ ကျွဲကောသီးလိုပ။ ဒါကြောင့် အလှူလုပ်တဲ့ ပုဂ္ဂိုလ်၊ မျှဝေပေးကမ်းမှု၌ မွေ့လျော်တဲ့ပုဂ္ဂိုလ်၊ ပေးကမ်းစွန့်ကြဲမှုကို ရှေ့ရှုဆောင်ရွက်တဲ့ပုဂ္ဂိုလ်တို့ရဲ့ မျက်နှာကိုကြည့်ရင် သဒ္ဓါအစေးဓာတ်တွေရွှင်လို့ လန်းနေတတ်ပါတယ်။ လရောင်ဆန်း၍ ပွင့်လန်းခွင့်ရသည့် ကုမုဒြာပန်းကြာငုံလိုပါပဲ။
မပေးဘဲ ကုတ်ထားလိုက်တဲ့အချိန်မှာ ဖြစ်သွားတဲ့ မိမိမျက်နှာနှင့် အုန်းနို့ခေါက်ဆွဲချက်ပြီး သူငယ်ချင်းတွေကို ကျွေးရတဲ့အခါ ဖြစ်နေတဲ့ မိမိမျက်နှာကို တစ်ချက်လောက် လှမ်းဖမ်း ရှုကြည့်ရင် အဖြေပေါ်ပါတယ်။ မပေးဘဲ ကုတ်ထားတဲ့အချိန်မှာ လငပုတ်ဖမ်းနေသလိုပါပဲ။ မျက်နှာဟာ ချုံ့တွပြီး နေလောင်ခံရတဲ့ ခရမ်းသီးမျက်နှာပြင်နဲ့ တူပါတယ်။ အေး… ပေးကမ်းပြီး ကျွေးမွေးနေရတဲ့ အချိန်မှာတော့ စားနေတဲ့သူတွေရဲ့ တစ်ဇွန်းပြီး တစ်ဇွန်း စားနေတဲ့အမူအရာတွေက မိမိကို ဖြေဖျော်နေသလိုပါပဲ။ မိမိမှာဖြင့် ဝမ်းသာပြီး ပျော်နေတယ်နော်။ မိမိရဲ့သဒ္ဓါအစေးဓာတ်တွေကို ရွှင်သထက်ရွှင်၊ ရွှမ်းသထက် ရွှမ်းစေပြီးတော့ကာ မျက်နှာလေးဆို စိုပြည်နေတာပဲ။ လန်းဆန်းနေတာပဲ။ ဒါသည် သဒ္ဓါအစေးဓာတ်ရဲ့ စွမ်းရည်သတ္တိပါ။ အစေးဓာတ်က လာသမျှ ပစ္စည်းဥစ္စာရွှေငွေဟူသမျှကို ဆွဲငင်အားရှိပါတယ်… ဆောင်ထားသိမ်းထားနိုင်ပါတယ်။ အစေးဓာတ်မရှိသူမှာ ငွေမကပ်ဘူး။ ငွေမကပ်ဘူး ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ ဒါသည် သဒ္ဓါအစေးဓာတ် ခမ်းနေလို့ပါပဲ။
မိသားစုတွေကို ကြည့်ရင် သဒ္ဓါအစေးဓာတ် ခမ်းခြောက်ခြောက်မိသားစုလည်း ရှိပါတယ်။ သဒ္ဓါအစေးဓာတ် ခပ်ရွှင်ရွှင်မိသားစုလည်းရှိပါတယ်။ သဒ္ဓါအစေးဓာတ်ခမ်းတဲ့ မိသားစုဆိုရင် သူတို့အိမ်ကို သွားရင်လေ ကြိုးကြာသံမဲ့နွေဦးရဲ့ပူလောင်တဲ့အငွေ့အသက်တွေ ရိုက်ခတ်ခံရသလို ခံစားရပါတယ်။ သဒ္ဓါအစေးဓာတ်ရွှင်တဲ့ မိသားစုဆိုရင်ဖြင့် သူတို့အိမ်ကို လာလည်ရောက်တဲ့သူအဖို့ လေတဖြူးဖြူးနဲ့ ပင်လယ်နက်ကမ်းခြေကို ရောက်သွားသလိုပါပဲ၊ အမောကိုပြေလို့၊ ရင်ကိုအေးလို့။ အဲဒီလို ခြားနားမှု အထူးလေးတွေရှိပါတယ်။
မိသားစု နေရာမှာ ရပ်ကွက်ကို အစားထိုးကြည့်ရင် အဲဒီ သဒ္ဓါအစေးဓာတ်ခမ်းတဲ့ ရပ်ကွက်မှာ နေတဲ့ လူကို အသာထားပြီး ခွေးကိုသာကြည့်လိုက်ပါ။ ပိန်လှီခြောက်ကပ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် သဘောပေါက်ပါတော့။ သဒ္ဓါအစေးဓာတ်ရွှင်တဲ့ရပ်ကွက်က ခွေးတွေဆို ဝဖီးပြီး တုတ်တုတ်ကြီးတွေနော။ ဘုန်းကြီးကျောင်းက ခွေးတွေလိုပါပဲ။ အဲဒီခွေးတွေက အဲဒီရပ်ကွက်မှာ သူခိုးမဝင်အောင် စောင့်ရှောက်ပေးတယ်ဗျ။ ဟို ခွေးပိန်၊ ခွေးပိန်းမတွေကတော့ ဟောင်နိုင်တဲ့ အားတောင်မရှိကြဘူး။ အဲလိုကွာခြားပါတယ်။
ရပ်ကွက်နေရာမှာ ပြည်နယ်၊ တိုင်း၊ နိုင်ငံ ကို အစားထိုးကြည့်တတ်ပါစေ။ တို့နေထိုင်တဲ့ ကမ္ဘာကြီးကိုပါ အစားထိုးကြည့်ပါ။ သဒ္ဓါအစေးဓာတ်သာ ခမ်းခြောက်သွားမယ်ဆိုရင် ကမ္ဘာကြီးဟာ ကန္တာရလုံးလုံးဖြစ်ပြီး ခြောက်ကပ်ကပ်ကြီး ဖြစ်သွားပါလိမ့်မယ်။
ဒါကြောင့်မို့ သဒ္ဓါအစေးဓာတ်တွေ မခမ်းခြောက်ရအောင် မီးစာဖြစ်မယ့်အထဲက ကူခြင်းဖြင့် ယူနိုင်ကြပါစေခြင်း အလို့ငှာ၊ လှူခြင်းဖြင့် ယူနိုင်ကြပါစေခြင်း အလို့ငှာ၊ သဒ္ဓါအစေးဓာတ် ရွှင်ရွှင်ဖြင့် စိုပြည်လန်းဆန်းသော ဘဝလမ်းကို လျှောက်လှမ်းစေနိုင်ရေးအလို့ငါ ဤဆောင်ပါးကို အသိလေး တစ်စေ့တစ်စောင်းပေး ရေးသားခြင်းပါခင်ဗျား။
ဒါနဲ့ အပေါ်က ဥပမာရဲ့ မီးထဲက ယူသွားတဲ့ပစ္စည်ကို နောက်တစ်ခန်းဆက် အကဲခတ် သုံးသပ်ကြည့်ကြပါစို့ရယ်။ မီးထဲက ယူလာတဲ့ ပစ္စည်းကို မီးကူးနိုင်တဲ့ နေရာမှာချထားမိမယ်၊ ချထားလိုက်မယ်ဆိုရင်ဖြင့် ဘယ်လိုဖြစ်သွားပြန်မလဲ။ မီးလွတ်ရာသို့ ချထားနိုင်မယ်ဆိုရင် ဒီပစ္စည်းသည် မီးကူးစက်လောင်မြိုက်ခြင်းကို မခံရဘဲ မီးဘေးက အရှင်းလွတ် လွတ်သွားပါမယ်။ ဒါက ဘာကို ပမာပေးတာတုံးဆိုတော့ -
သမ္မာဒိဋ္ဌိ= မှန်ကန်သော အမြင်(အမြင်မှန်) ငါးခုကို ကြားညှပ်ကလေး ဦးစွာ ပြောပြလိုပါတယ်။
(၁) ကမ္မာသမ္မာဒိဋ္ဌိ = ကံကံ၏ အကျိုးပေး သဘောသဘာဝ ကို လက်ခံယုံကြည် သိမြင်နားလည်တဲ့ အသိဉာဏ် အမြင်။
(၂) ဈာနသမ္မာဒိဋ္ဌိ = ဈာန်အင်္ဂါတွေနဲ့ ယှဉ်တွဲပြီးဖြစ်ပေါ်တဲ့ ဈာန်တရားတွေရဲ့ သဘောသဘာဝ ကို လက်ခံယုံကြည် သိမြင်နားလည်တဲ့ အသိဉာဏ် အမြင်။
(၃) ဝိပဿနာသမ္မာဒိဋ္ဌိ = ရုပ်နာမ်ဓမ္မ၏ အမှန်သဘာဝ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ (ဒုက္ခသစ္စာ) ကို လက်ခံယုံကြည် သိမြင်နားလည်တဲ့ အသိဉာဏ် အမြင်။
(၄) မဂ္ဂသမ္မာဒိဋ္ဌိ = ဝိပဿနာဉာဏ်ရင့်သည်ထက်ရင့်သန်လာ၍ ဝိပဿနာဉာဏ်အဆုံး၌ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဓာတ်ကို ထိုးထွင်းသိမြင် မျက်မှောက်ပြုသော အသိဉာဏ် အမြင်။
(၅) ဖလသမ္မာဒိဋ္ဌိ = အသင်္ခတဓာတ် အငြိမ်းဓာတ်ကိုပင်လျက် အာရုံယူကာ ဆက်လက်ဖြစ်ပေါ်လာတဲ့ အသိဉာဏ်အမြင်။
ဟူ၍ အဆင့်ဆင့်အားဖြင့် တိုမြှင့်ဖြစ်ပေါ်သွားသော မှန်သော အမြင်မှန် ငါးပါးရှိပါသည်။ ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းပေါ်၍သာ ဤအသိဉာဏ် ငါးမျိုးထင်ရှားဖြစ်ပေါ်ရန် အကျင့်မြတ်ပေါ်ထွက်လာတာပါ။ ဗုဒ္ဓမြတ်စွာ မပွင့်ပေါ်လျင် ရုပ်နာမ်ဓမ္မ သဘာဝ၏ ကြောင်းကျိုးဆက်မှု သဘောစုနှင့် သူ့သဘာဝ မသိရဘဲ အမြင်လွဲနှင့် အမှောင်ထဲမှာ ကျင်လည်ရကာ ဒုက္ခပယ်လယ် ခရီးသည်တို့သာ ဖြစ်နေရရှာမည်။
အလှူဒါနကို သာသနာပ ကာလ၌လည်း ပြုကြတာပဲ။ သာသနာတွင်းမှာလည်း ပြုကြတာပဲ။ ပြုကြချင်း အတူတူ အကျိုးပေးက ကွာတယ်။ အထူးခြားဆုံးကွာဟချက်ကတော့ -
မီးထဲကယူလိုက်တဲ့ ပစ္စည်းကို မီးကူးစက်နိုင်တဲ့ နေရာမှာ သွားထားတာက သာသနာပ ကာလမှာပြုတဲ့ အလှူဒါန၏ အကျိုး၊
မီးထဲကယူလိုက်တဲ့ ပစ္စည်းကို မီးမလှောင်နိုင်တဲ့ နေရာမှာ သွားထားနိုင်တာက သာသနာတွင်း ကာလမှာ ပြုတဲ့ အလှူဒါန၏ အကျိုး၊
ဟူ၍ ဤသို့ မီကူးခံ နှင့် မီးဘေးလွတ် နှစ်မျိုးကွဲပါတယ်။
မီးကူးခံရတာက ဘာကြောင့်လဲ ဆိုတော့ သူ့အကျိုးပေးက (၃၁) ဘုံက လွတ်ရာကျွတ်ရာသို့ ကျေးဇူးပြုနိုင်စွမ်းမရှိလို့။ သာသနာပ ဆိုတော့ အမှန်တရား- သစ္စာတရားကို နာကြားခွင့်မရ၍ ဝိပဿနာဉာဏ်ကင်းမဲ့ကာ မရှိပညတ် အထည်တတ်၍ ချမ်းသာနိုးနိုး အထင်ပျိုးကာ ဘုံဘဝကိုတောင်းတပြီးပြုတဲ့ ဒါနကုသိုလ်သည် ဘုံဘဝချမ်းသာကိုတော့ ကျေးဇူးပြုပါတယ်။ ဒါပေမယ့် (၃၁) ဘုံ လုံးက အိုနာသေ မီးလျှံတွေလောင်ကျွမ်းခံနေရတယ်၊ အိုဘေး၊ နာဘေး၊ သေဘေးတွေ နိုပ်စက်ခံနေရတဲ့ ထောင်ကြီး ဖြစ်နေတော့ နတ်ချမ်းသာလို့ ဆိုငြားသော်လည်း မီးလောင်ခံပြီး သေရတာပဲ။ အမျိုးမျိုးဘေးတွေ နိုပ်စက်ခံရပြန်တာပဲဆိုတော့ နေရာပြောင်း၍ အလောင်ခံ၊ ထောင်ပြောင်းပြီး အနိုပ်စက်ခံရုံသာမျှပဲ ဖြစ်၍ ဒါကို မီးကူးခံ အကျိုးပေးလို့ ညွှန်ပြထောက်ပြတာပါ။ ရွှေရည်စိမ် ချမ်းသာတွေနဲ့ပဲ မလှိမ့်တစ်ပတ်ခံရပြီး ဒုက္ခဆင်းရဲနှင့် စခန်းသွားနေရမှာ ဖြစ်ပါတယ်။
မီးဘေးလွတ်က ဘာကြောင့်လဲ ဆိုတော့ သူ့အကျိုးပေးက (၃၁) ဘုံမှ လွတ်ရာ ကျွတ်ရာ၊ အိုဘေး၊ နာဘေး၊ သေဘေးမှလွတ်ရာ၊ အိုမီး၊ နာမီး၊ သေမီးကင်းရာ သို့ ကျေးဇူးပြုနိုင်စွမ်းရှိလို့။ ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းပေါ်၍ ရုပ်နာမ်ဓမ္မ သဘာဝ၏ ကြောင်းကျိုးဆက်မှု သဘောစုနှင့် သူ့သဘာဝ အမှန်တရားကို သိကြရတယ်။
ဤအသိဉာဏ်ကို အရင်းခံပြီး ဒါနပြုရာမှာလည်း ဝိပဿနာဘာဝနာဉာဏ်ယှဉ်တွဲပြီး ပြုတတ်တယ်။ ကူတဲ့နေရာမှာလည်း ဝိပဿနာဘာဝနာဉာဏ်ယှဉ်တွဲပြီး ကူတတ်တယ်။
ဒါကိုပဲ ကူတတ်-ယူတတ်တယ်လို့ ခေါ်တာပါ။ ဝိပဿနာဘာဝနာဉာဏ် ယှဉ်တွဲပြီး ကူတတ်-ယူတတ်တော့ မီးဘေးလွတ်တယ်ဆိုတာ ပေါ့သေးသေး ကျေးဇူးများတာမဟုတ်ပါဘူး။
ရှေ့က ဂင်္ဂါဝါလု သဲစုမက ပွင့်ထွန်းပေါ်ကြ ဗုဒ္ဓရှင်တော်မြတ်တို့၏ များလှဝေနေ သာဝကတွေ မီးဘေးလွတ်သွားကြတယ်လေ။ တို့တွေ အခုထိ မီးလောင်ခံနေရတာဖြင့် ဒီအသိဉာဏ်လေးတစ်ချက် ကင်းမဲ့ နေခဲ့လို့သာပ။
ဒါကြောင့်မို့ ဗုဒ္ဓသာသနာ့အလင်းရောင်အောက်မှာ သဘာဝတရားတွေရဲ့ ကြောင်းကျိုးပြုနေမှုသဘောတွေကို ကောင်းစွာ သိမြင်ခွင့်ရခိုက်မှာ မိမိတို့အတွက် မနစ်နာအောင် ကူတတ်-ယူတတ်စေကြောင်း အသိဉာဏ်လောင်း၍ ဤဆောင်းပါးကို မျှဝေရေးသားပါသည်။
ဝင်းမြင့်
Read more...