* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, February 24, 2010

အတိတ်တစ်ချိန်က အိမ်မက်များ(၄)


ဒေါက်တာရာဟုလာတို့ ပညာရင်နို့ သောက်စို့ခဲ့ရာ ကျောင်းတော်သာ(ခွဲအထကကုန်ဘောင်ကျောင်း)
ဤအထက်တန်းကျောင်းကြီးကို ဦးဆောင်ဆောက်လုပ်ပေးခဲ့သော ကျောင်းအုပ်ဆရာကြီး
ဦးတင်ရွှေအား ဤနေရာမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

မနေ့က အနန္တမေတ္တာအဖွဲ့မှ မေစိုးရောက်လာပြီး အဲဒီလောက်မွေ့လျော်ဖွယ်ကောင်းတဲ့ ရမ္မာဝတီ
ကို ရန်ကုန်ပြန်ယင်းနှင့်အလည်တစ်ခေါက်သွားလိုက်မယ်လို့ပြောသွားခဲ့တယ်။ဒါကြောင့်လမ်းညွှန်ပြော
လိုက်ပါရစေ။သမရိုးကျလမ်းကတော့ ရန်ကုန်မြို့အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကနေပြီး Highway
Busကား များဖြစ်တဲ့အောင်သစ္စာ ။အနောက်ရိုးမ၊အမ်းရိုးမ၊စတဲ့ ကားကြီးများကိုစီး၍ ညနေ(၄)နာရီ
လောက်ကစ၍ပြည်လမ်းမအတိုင်း ထွက်သွားလိုက်ရင်မိုင်(၁၆၀)ပြည့်တဲ့အခါပြည်မြို့ကိုတွေ့ရပါတယ်။ သရေခေတ္တရာပြည်မြို့ ကြည်နူးစဖွယ်တွေ့မြင်ရမှာဖြစ်ပြီး ဧရာဝတီမြစ်ကို နဝဒေးတံတားနဲ့ဖြတ်ကူးပါ
တယ်။ (ဟိုတစ်ချိန်က အဲဒီနေရာမှာ ဇက် မမှီလို့ညအိပ်ရတာများတယ်။)



ဧရာဝတီမြစ်အနောက်ဖက်ကမ်းရောက်တဲ့အခါ ဆင်တဲမြို့၊ တပည့်ဝတ်ရည်တို့ အုတ်ရှစ်ပင်မြို့တွေ
ကိုဖြတ်ပြီး မိုင်(၁၀၀)ရှည်တဲ့ ရခိုင်ရိုးမတောင်စွယ်တောင်တန်းတွေကို ကွေ့ကာပတ်ကာတက်သွား
ရပါတယ်။ ပေ ၃၀၀၀ကျော် မိုးတိမ်တွေ တိမ်တိတ်တွေကြားမှာ”ပဲခူးတိုင်းမှ နှုတ်ခွန်းဆက်သပါ၏”
ဆိုတဲ့ စာတမ်းကြီးနှင့် ဆုတောင်းပြည့်စေတီကြီးတစ်ဆူကို ကြည်ညိုဖွယ်ရာဖူးမြင်ရပါလိမ့်မယ်။ ရခိုင်ပြည်ဘက်ကိုအဆင်း လမ်းမကြီးအတိုင်း ဆင်းသွားလိုက်တာနဲ့ အရုဏ်မတက်ခင်ဘဲ တောင်
ကုတ်မြို့ကိုရောက်ရှိပါတယ်။ ပထဝီမှာသင်ကြားခဲ့ရတဲ့တောင်ကုတ်တောင်ကြားလမ်းဆိုတာမိမိ
တို့လာခဲ့တဲ့လမ်းပါပဲ ။ လမ်းတစ်လျှောက်မှာကြည့်ရှု့လို့မပြီးနိုင်တဲ့ဝါးတောကြီး ကျွန်းတောကြီးတွေ ကျောက်တောင်ကြီတွေကို တွေ့ရပါလိမ့်မယ်။

တောင်ကုတ်ကိုရောက်ရင် breakfast လေး စားသောက်ပြီး အသင့်စောင့်နေတဲ့ Bus ကားပေါ်
တက်ပြီး တောင်စဉ်ကမ်းလို့ခေါ်တဲ့ရခိုင်ရိုးမနှင့်ပင်လယ်ကမ်းရိုးတမ်းကြားရှိ ရွားကြီးတွေကိုဖြတ်
သွားပြီး မအီမြို့ကို ရောက်တဲ့အခါ တံတားကြားမှ ကူးလိုက်တာနဲ့ ရမ္မာဝတီ ရမ်းပြည့်ကျွန်းကိုရောက်
ပါတော့တယ်။ ပထမတွေ့ရမှာက စနဲဆိုတဲ့ မြို့ကလေးကိုတွေ့ပါမယ်။ မကြာခင် ဘယ်ဘက်ကိုချိုးပြီး
ဆက်သွားရင်ဒေါက်တာရာဟုလာ တို့မွေးရပ်နယ်မြေကိုရောက်သွားပါပြီ။ အမြန်ရောက်ချင်သူတွေ
အတွက်တောင်ကုတ်မြို့ကနေ ရေမှာမထိတထိပျံသွားတတ်တဲ့ မေခ၊မလိခ အမြန်ရေယာဉ်ကြီးတွေကို
စီးလိုက်ရင် နာရီပိုင်းအတွင်း ရမ္မာဝတီမြို့ကိုရောက်ပါတယ်။

ဒါမှ မဟုတ်ရင်ရန်ကုန်ကBagan Airline နဲ့တနာရီနီးပါးကြာတာနဲ့ စင်္ကာပူထက် သာယာလှပတဲ့
ကျောက်ဖြူမြို့ကိုရောက်ပါတယ်။ ကျောက်ဖြူကနေ ကားကလေးနဲ့ နာရီအနည်းငယ်သွားလိုက်တာ
နဲ့ပတ္တမြားဒေဝီ စောမဲကြည်၊ ရခိုင်ရာဇဝင်ကျမ်းပြုဆရာတော်အ ရှင်စန္ဒမာလာလင်္ကာရ(ရာဇာဓိ
ရာဇဂုရု)၊ တိပိဋကဓရ,တိပိဋကကောဝိဒ,ဓမ္မဘဏ္ဍာဂါရိက အရှင်ဣန္ဒပါလာ၊ ဒေါက်တာရာဟုလာ
တို့နယ်မြေကို ရောက်သွားပါတော့တယ် ။ ယခင်ပြောခဲ့သလိုပါပဲ ကျောက်ဖြူမြို့ က ရမ်းဗြဲမြို့အရောက်
၄၈ မိုင်မျှသာဝေးတဲ့ လမ်းမကြီးဟာအချို့အပိုင်းတွေမှာ ကတ္တရာခင်းထားပေမဲ့ အများစုက ကျောက်လမ်း
အတိုင်းပဲရှိနေသေးတယ်။

ကတ္တရာလမ်းလေးခင်းပေးလိုက်ရင် ကောင်းလေစွလို့ဆန္ဒပြုမိခဲ့ပါသေးတယ်။ လမ်းတစ်လျှောက်မှာတော့
ဒေသခံတွေ သွားလာလှုပ်ရှားနေကြတာကိုတွေ့ရပါလိမ့်မယ်။ သူတို့က သတင်းစာ၊အင်တာနက်၊ရေဒီယို
ဘာမှစိတ်မဝင်စားဘူး ဘာသာဘာဝ လုပ်ကိုင်စားသောက်နေကြလေရဲ့ ။ပြီးခဲ့တဲ့ ဆောင်းပါးကလေးမှာ
မိုးရာသီနှင့် မိုးနှောင်းရာသီအတွင်း မိမိတို့ရွာသူ၊ရွာသားတွေရဲ့ လှုပ်ရှားမှု့တစ်စိပ်တစ်ဒေသကို ပြောခဲ့ပြီးပြီ
ဆိုတော့ ယခု မိုးအကုန်ဆောင်းအကူးကာလ တစ်လျှောက်မှာ မိမိတို့ဒေသကို အလည်ခေါ်သွားလိုက်ပါ
မယ်။ သီတင်းကျွတ်ကာလရောက်လာတာနဲ့ ရွာသူ၊ရွာသားတွေဟာ ပျော်ရွှင်လာကြတယ်။

တစ်မိုးလုံး စိုစိုစွတ်စွတ်နှင့် မိုးထဲလေထဲမှာရုန်းကန်လှုပ်ရှားခဲ့ရတဲ့ အခက်ခဲလေးတွေဟာ တစ်ဖြည်း
ဖြည်းနှင့် ပျာက်ကွယ်သွားပြီး နံနက်ပိုင်းမှာ နှင်းမြူတွေဆိုင်းလာတာတွေ့ရတယ်။ ကျွဲ၊ နွားတွေဟာ နှင်းဥလေးတွေနှင့်အတူ ရွှန်းရွှန်းစိုနေတုန်း မိမိတို့က ကိုယ်ချစ်တဲ့တက်နွားလေးတွေကိုကျောင်းယင်း
ပုလွေသံလေးတစ်လွင်လွင်နှင့် တွံတေးသိန်းတန်ရဲ့ သီချင်းလေးတွေ ညည်းလိုက်ရတာဟာလည်း
သူ့ဟာနှင့်သူပျော်စရာပါ။

နွားစားကျက်ကုန်းရိုးအနီး စမ်းရေအိုင်မှာ ရေလာသောက်ယင်း ရေချိုးနေတဲ့ အရောင်အသွေးစုံလင်လှ
တဲ့ ငှက်ကလေးတွေက ဖမ်းယူမွေးထားချင်စရာ ။ စမ်းချောင်းကလေးမှာရေချိုးပြီး အပေါ်တက်သွားတဲ့
အခါ ယာခင်းတောထဲက တောင်ကန်စွမ်းဥလေးတွေပြုတ်စား အခြောက်လှမ်းထားတဲ့ နှမ်းပင်စည်း
ထုပ်တွေကို တုတ်နှင့်ရိုက်လိုက်ရင် နှမ်းစေ့လေးတွေ အဆုပ်လိုက်ကျလာတာကိုလှြော်ပီး ကောက်ညှင်း
နှင်းနယ်စားရတာ အတော်လေးကောင်းပါတယ်။

သီတင်းဝါလကင်းလွတ်စမို့ ကာလသားတွေအဖို့ ပျော်ရွှင်ကြည်နူးလာပြီး လှုပ်လှုပ်ရှားရှားဖြစ်လာကြကာ မိမိတို့ဒေသဓလေ့က အများနှင့်မတူ တစ်မူထူးခြားပါတယ်။ သိပ်အရေးမကြီးပေမဲ့ ဒီနေရာမှာ ဗဟုသုတ
လေးအဖြစ်ပြောပြလိုက်ပါမယ်။ ပြီးခဲ့တဲ့ဆောင်းပါး တစ်ပုဒ်မှာပါခဲ့တဲ့ ကိုရွှေသီးတို့ မစောမဲကြည်တို့လို
တစ်ရွားတည်းမှာကြီးပြင်းခဲ့လို့ ချစ်ခင်စုံမက်ကြတာကတစ်မျိုး ရွာနီးနားချင်းရွာများကို ညနေစောင်းအခါ
သွားပြီး လူရည်ပြကာ အဲဒီရွာက လူပျိုကြီး(Controller of Spencer) ထံမှ ခွင့်ပြုမိန့်ယူပြီး ကောင်မလေး
ကအိပ်ရာကနေ စကားပြော၍ ကောင်းလေးက ထရံအပြင်မှစကားပြောယင်း အပြောကောင်းလျှင် ခင်မင်
ရင်းနီးကာ ချစ်ခင်သွားကြပါတယ်။ နောက်နှစ်အတန်ကြာတဲ့အခါ လူကြီး မိဘများကိုယ်တိုင်သွားရောက်
ရွှေငွေရတနာနဲ့ တင်တောင်းခြင်းကတစ်မျိုး။

တစ်ချို့ကောင်မလေးတွေက ထရံအပြင်က ကောင်းလေးအပြောကောင်းလို့ဖြစ်စေသူ့အကြောင်းလုံးစေ့
ပတ်စေ့သိ၍ဖြစ်စေ သဘောကျပြီး မိဘမသိခင်အထုပ်ကလေးထမ်းကာ ခိုးရာလိုက်ပြေးတတ်ကြတာ
လည်း တစ်ခါတစ်လေရှိပါသေးတယ်။ ပြီးမှ ယောင်္ကျားမိဘဆွေမျိုးများက မျက်နှာကိုဆီဆွပ်ကာ သွား
ရောက်နားချ ပြီးမှ မင်္ဂလာဆောင်ပေးလိုက်ကြတာကတစ်မျိုး။

တစ်ယောက်နှင့်တစ်ယောက် တစ်ခါမျှမမြင်ဖူးဘဲနှင့် လူကြီးများကသွားရောက်ပြီးကမ်းလှမ်း(Offer)
လုပ်ကြရတာကတစ်မျိုး စသည်ဖြင့် အခြေအနေအရပ်ရပ်ပေါ်မှာမူတည်ပြီး အိမ်ထောင်ပြုကြရပါတယ်။
မိမိတို့အဘိုးလေးဇနီးမောင်နှံမှာ သာသားသမီး မထွန်းကားတော့ ညီတစ်ယောက်ရဲ့ သမီးကိုအိမ်မှာ
မွေးစားထားကြပါတယ်။ သူတို့မှာက စီးပွားဥစ္စာရွှေငွေ လယ်ယာအတော်များများရှိပါတယ်။

တစ်နေ့မှာ ရမ်းသစ်ကြီးဆိုတဲ့ရွာက ဆေးဆရာဦးအောင်ခင်နှင့်အဖွဲ့ရောက်လာကြပြီး "အစ်ကိုရယ်
ကျွန်တော်တို့ သားသမီးကိစ္စအတွက်နဲနဲပြောချင်လို့ပါ "ဟုစကားစလိုက်ပါတယ်။ အဲဒီအချိန်မှာ
မိမိရဲ့အဘိုးလေးက "ငါ့သ္မီးမဟုတ်ဘူး ငါခေတ္တမွေးထားတာ သူ့အဖေသူ့အမေက ဟိုအိမ်မှာရှိတယ် သွားပြောကြ"ဆိုတော့ ဆေးဆရာတို့အဖွဲ့က ဒီကိစ္စကို အစ်ကိုနဲ့ဘဲပြောချင်တာလို့ ပြောပါလေရော ။
မိမိတို့အဘိုးလေးက ဒါဆိုရင် မင်းတို့က ကောင်းမလေးကိုကြိုက်တာလား? ငါကိုကြိုက်တာလား? အတိအကျပြောလို့ ငေါက်ပါတော့တယ်။ ထိုအခါ ဆေးဆရာတို့အဖွဲ့ဟာ ရှက်လည်းရှက် ကြောက်
လည်းကြောက်ပြီး တိတ်ဆိတ်နေကြတော့တယ် ။ နောက်တော့မှ မိမိတို့အဘိုးလေးကိုစည်းရုံးကာ
တစ်ယောက်တစ်ခွက် သောက်လိုက်ကြပြီးနောက် သဘောတူညီမှု့ ရသွားခဲ့ကြပါတယ်။ ဒါတွေဟာ မိမိတို့ဒေသရဲ့ လူမှု့ရေးရှု့ထောင့် တစ်စေ့တစ်စောင်းမျှသာဖြစ်ပါတယ်။


မိမိတို့ကျောင်းသွားတွေအဖို့ ဆောင်းလရာသီမှာ ပထမအစမ်းစာမေးပွဲ၊ ဒုတိယအစမ်းစာမေးပွဲတွေနဲ့
မအားလပ်ဖြစ်လာကြပေပြီ။ မိမိက အလယ်တန်းနောက်ဆုံးအဆင့် ရှစ်တန်းဆိုတော့ အတန်းတင်စာ
မေးပွဲကိုမြို့မှာ သွားဖြေရမှာ။ ဒါကြောင့် ကျားကုတ်ကျားခဲ ကြိုးစားရပါတယ်။ အစ်မရင်းက ဆယ်တန်းမှာ ရောက်နေတော့ အစ်မဆီက နည်းနာနိဿယခံယူရပါတယ်။ မိမိရှစ်တန်းအောင်သောအခါ အင်္ဂလိပ်
ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါတယ်။ အောင်တဲ့လူလည်း တစ်ဆယ်မပြည့်ပါဘူး။ အတော်ခက်တဲ့ ရှစ်တန်း
ပါလား။ ကိုးတန်းရောက်တဲ့အခါ အနယ်နယ်အရပ်ရပ်က ပြောင်းလာတဲ့ကျောင်းသားတွေနဲ့ ပေါင်းပြီး
မိမိရွာအနီးက တွဲဘက်အထက်တန်းကျောင်းမှာတက်ကြပါတယ်။ ယခုရဲအုပ်ဖြစ်နေတဲ့သန်းဋ္ဌေး၊ မကွေး
တက္ကသိုလ်မှာ ဆရာမဖြစ်နေတဲ့ခင်ထွေးကြည်၊ အလယ်တန်းပြဆရာမတင်တင်ဦး၊ ရမ်းပြည့်အထက်
တန်းကျောင်းက ဆရာကိုစံထွန်းကျော်၊သပြေကျွန်းကချိုချို ၊အမြဲတမ်းပြုံးနေတတ်တဲ့ မြဝင်းကြည်(ယခု
မာန်အောင်ဆေးရုံဝန်းထမ်း) ပုန်းဆိုးပြင်က လယ်သမား မောင်ပြည့်အောင်၊ မှန်ခူးချောင်းက
ကိုမြင့်အောင်( ယခု မိမိတို့ရွာတွင်ဆန်စက်ပိုင်ရှင်)တို့ဟာ မိမိတို့နှင့် အလွန်ရင်းနှီးကြတဲ့အတန်းဖေါ်
များဖြစ်ကြပါတယ်။

အဲဒီတုန်းက မိမိတို့ဆရာ၊ ဆရာမတွေက ဟင်္သာတမြို့ဒေါ်စုငြိမ်းမြတ်၊ရန်ကုန်မှဆရာသန်းစိန်၊ ဦးမောင်
မောင်၊ဦးသိန်းထွန်း၊ မိမိတို့ရမ်းပြည့်က ဦးဘိုးတင်၊မခင်မာရိတို့ဖြစ်ကြပါတယ်။ ကိုးတန်းစာမေးပွဲမှာမိမိ
ဘဲနှစ်ဘာသာဂုဏ်ထူးနဲ့ အမှတ်အများဆုံးရကာ ပထမဆုရခဲ့ပါတယ်။နွေဦးရာသီရောက်တိုင်း ဆရာ
ဆရာမတွေနှင့် ကျောင်းသူကျောင်းသားတွေဟာ တောရိပ်တောင်ရိပ်သို့သွားရောက်ပြီး ပျော်ပွဲစား
ထွက်လေ့ရှိကြတယ်။ ပင်ယံနန်းမှာ နီတျာတျာ ပွင့်နေကြတဲ့ ပေါက်ပန်းလေးတွေကိုမြင်ရတာ မိမိတို့
ကျောင်းသူ ကျောင်းသားတွေအတွက် ကြည်နူးစရာ ကောင်းလှပါတယ်။ တွန်ကျူးနေကြတဲ့ ဖိုးခေါင်၊ ဥသြငှက်ကလေးတွေ အသံကလည်း တူရိယာမျိုးစုံလို ငြိမ့်ညောင်းလှပါတယ်။ မိမိတို့မှာ အသင့်ပါလာ
တဲ့စားသောက်ဖွယ်ရာများကို ချက်ပြုပ် စီမံကာဆိုကြ၊ ကကြပြီးနောက် တစ်ပျော်တစ်ပါး စားသောက်
ကြပါတော့တယ် ။

ကိုးတန်းကိုမြို့နယ်စစ်ဖြင့်အောင်မြင်ခဲ့ပြီးတဲ့နောက် ဆယ်တန်းကိုရောက်ရှိလာခဲ့ပါတယ် ။ အဲဒီတုန်း
က ရမ်းပြည့်မြို့ရဲ့ အထက်တန်းကျောင်းအုပ်ဆရာကြီးမှာ ရသေ့တောင်မြို့က ဦးစောသာဖြစ်ပါတယ်။
အဲဒီအချိန်တုန်းကဆယ်တန်းဆိုတာ အတော်ခက်ခဲပါတယ်။ ဒါကြောင်ြ့မို့မှာသွားပြီး ကျူရှင်ယူယင်းနန့် ကျောင်းတက်ရပါတယ်။

အထက်တန်းကျောင်းသားတွေပါဝင်ဖြေဆိုကြတဲ့ တစ်နှစ်လုံးစာစီစာကုံးပြိုင်ပွဲတွေမှာ မိမိက ပထမ
ဆုတွေ ရခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာစာ ခုထက်တော်ခဲ့ပါတယ်။ နှစ် နှစ်ဆယ်ကျော်ကြာပြီးလည်း
ဒီလောက်မှတ်မိတာ တော်သေးတယ်။ ဆယ်တန်စာမေးပွဲအောင်စာရင်းကို မြန်မာအသံကည(၈)နာရီ
ကျော်လျှင် ပြည်နယ်များအတွက်ကြေငြာပေးလေ့ရှိပါတယ်။ ရမ်းပြည့်စာစစ်ဌာနက ကျောင်းသား(၁ဝ
၀၀) ကျော်ဖြေဆိုကြရာ ဂုဏ်ထူးသုံးဘာသာနှင့် အမှတ်အများဆုံးရတာ မိမိပါပဲ။ (to be continued)

Read more...

သုမုတ္တာထေရီ

0005052Kph0.jpg

သုမုတ္တာထေရီသည် ရှေးရှေးသော မြတ်စွာဘုရားတို့၏ အထံတော်၌ ဖြည့်ဆည်းခဲ့သော သမ္ဘာရပါမီ ရှိသည်ဖြစ်၍ ငါတို့ မြတ်စွာဘုရား လက်ထက် ကောသလ ဇနပုဒ်၌ “သြဃာဋက” မည်သော ပုဏ္ဏား ဆင်းရဲ၏ သမီးဖြစ်ရသည်။ အရွယ်သို့ ရောက်သောအခါ တစ်ဦးသော ‘ခုဇ္ဇဗြာဟ္မဏ’ ခါးကုန်း ပုဏ္ဏားအိုနှင့် ပေးစားလေသည်။

ထိုခါးကုန်းပုဏ္ဏားအိုနှင့် အိမ်ထောင်ဖက် ပြုရသည်ကို မနှစ်သက်၍ ထိုပုဏ္ဏားအိုထံတွင် ခွင့်တောင်းပြီးလျှင် ရဟန်းမိန်းမ ပြုလုပ်၍ ဖြစ်ပျက် ကမ္မဌာန်းကို ရှုသည်ရှိသော် စိတ်တည်ကြည်ခြင်း မဖြစ်နိုင်ဘဲ တစ်ခြားတစ်ပါး အာရုံသို့ ထွက်သွားသော စိတ်ကို ဤသို့ ဆုံးမ၏။

‘သုမုတ္တာ၊ သင်သည် ဆင်းရဲမွဲတေသော အမိအဖ အိမ်၌ ဖြစ်ရ၍ ဆုံ၌ ခါးကုန်းလျက် စပါးကို ထည့်လောင်းရ၏။ ထိုဆုံ၌ ထည့်လောင်းပြီးသော စပါးကိုလည်း ကျည်ပွေ့ကိုင်၍ ခါးကို ကုန်းကာ ခါးတကုန်းကုန်းနေအောင် ထောင်းရ၏။ ထိုနောက် လင်ရ ပြန်ပါသော်လည်း ခါးကုန်းသော ပုဏ္ဏားအိုနှင့် တွေ့ရ၏။ ဆုံ၌ စပါးကို ထည့်လောင်း၍ ခါးတကုန်းကုန်း။ ဤ သုံးပါးသော ခါးကုန်းမှ လွတ်ကင်းအောင် သာသနာတော်၌ ရဟန်းမိန်းမ ပြုလုပ်ပါလျက် တရားကို ဆင်ခြင်၍ ကမ္မဌာန်း အာရုံမှ တစ်ပါး ခါးတကုန်းကုန်း နေအောင် တခြားသို့ စိတ်သွား၍ နေခြင်းငှာ မသင့်လျော်’

ယင်းသို့ မိမိကိုယ်စိတ်ကို ဆုံးမ၍ ဖြစ်လျက် ကမ္မဌာန်းကို ကြည့်ရှု ဆင်ခြင်ဖန်များလျှင် ပဋိသမ္ဘိဒါနှင့် တကွ ရဟန္တာ အဖြစ်သို့ ရောက်တော်မူလေ၏။

ဤသုမုတ္တာထေရီသည် ပဒုမုတ္တရ မြတ်စွာဘုရား လက်ထက်၌ ငါတို့ မြတ်စွာဘုရား ဂေါတမ အလောင်းတော် ‘ဇဋိလ သူဌေး’ မင်းသည် ဂင်္ဂါမြစ်ကြီးကို တံတားခင်း၍ တံတားဦး တစ်ဖက်ကမ်း၌ ကျောင်းတိုက်ကြီးကို ဆောက်လုပ်ခဲ့သည်။ ထိုအခါဝယ် မြို့သူမြို့သား လူအများတို့နှင့် အတူတကွ ဝိုင်းဝန်းကူညီ၍ သဲဖြူခင်းခြင်း၊ မြေဖို့ခြင်း၊ လမ်းခရီး တံမြက်လှည်းခြင်း စသော ဝေယျာဝစ္စ စသည်တို့ကို ဆောင်ရွက်ကြ၏။

သုမုတ္တာထေရီ အလောင်းသည် ထိုသို့ ဝိုင်းဝန်း ကူညီကြသော မိန်းမအပေါင်းတို့နှင့် အတူတကွ ဝေယျာဝစ္စ ကုသိုလ်ကို ပြုလုပ်သောကြောင့် ကမ္ဘာတစ်သိန်း အတွင်း၌ ဘုရားလောင်းနှင့် အတူတကွ နတ်ပြည်၌ ဖြစ်၍ ဗြာဟ္မဏကညာ ရှစ်သောင်းလေးထောင်တို့နှင့်အတူ ကျင်လည်၍ လာခဲ့၏။ ဤကမ္ဘာအတွင်း၌ ငါတို့ဘုရားလောင်း ဖွားမြင်တော်မူသောအခါ ဗြာဟ္မဏကညာ ရှစ်သောင်းလေးထောင်သည် သိဒ္ဓတ္တ မင်းသား၏ မိဖုရားငယ်များ ဖြစ်ကြ၍ သုမုတ္တာမူ ဆိုခဲ့သည့်အတိုင်း ဖြစ်ကာ ရဟန်းပြုသဖြင့် ရဟန္တာ ဖြစ်တော်မူခဲ့လေသတည်း။

☺ပြီးပါပြီရှင်...။

Read more...

တပေါင်းလပြည့်နေ့ ဗုဒ္ဓ ဝန္ဒနာ (၁)

မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး၍ ပဌမဝါကို ဣသိပတနမိဂဒါဝုန်တော၌ နေတော်မူပြီးနောက် ပဝါရဏာပြုပြီးလျှင် ဥရုဝေလတောအုပ်သို့ ကြွ၍ ထိုဥရုဝေလတောအုပ်၌ သုံးလပတ်လုံး သီတင်းသုံး နေထိုင်တော်မူလျက် ရသေ့ညီနောင် ရှင်တထောင်တို့ကို အရဟတ္တဖိုလ်ပေါက် ချေချွတ်ဆုံးမတော်မူ၍ ထိုရသေ့ဖြစ်ဟောင်း ရဟန္တာ ရဟန်းပေါင်း တထောင်ခြံရံလျက် ပြာသိုလပြည့်နေ့၌ ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူလေသည်။

ထိုရာဇဂြိုဟ်ပြည်၌ နှစ်လပတ်လုံး သီတင်းသုံး နေထိုင်တော်မူကာ တရားဟော ချေချွတ်သဖြင့် အင်္ဂတိုင်းသား မဂဓတိုင်းသား အမျိုးကောင်းသား တသောင်းကျော် ရဟန္တာအဖြစ်သို့ ရောက်ရှိ၍ ရဟန်းအဖြစ်ကို ရရှိကြလေသည်။

ဤမျှဖြင့် ဗာရာဏသီမှ ထွက်ကြွတော်မူခဲ့သော မြတ်စွာဘုရားမှာ ငါးလတို့ ရှိခဲ့လေပြီ။
ဟေမန္တ ဆောင်းဥတု လွန်မြောက်၍ ဝသန္တ နွေဥတုအပြောင်း တပေါင်းလပြည့်နေ့သို့ ရောက်ခဲ့လေပြီ။
ထိုတပေါင်းလပြည့်နေ့ကား ကာဠုဒါယီမထေရ် ရောက်၍ ခုနစ်ရက် ရှစ်ရက် လွန်မြောက်သောနေ့ ဖြစ်လေသည်။

ထိုအခါ ကာဠုဒါယီမထေရ်သည် တပေါင်းလပြည့်နေ့၌ “ဟေမန္တဆောင်းဥတုကား လွန်မြောက်ခဲ့လေပြီ။ ဝသန္တနွေဦးပေါက် အချိန်သို့ ရောက်ခဲ့လေပြီ။ တောင်သူလယ်သမားတို့သည် ကောက်ပဲသီးနှံတို့ကို မိမိတို့လယ်ယာမှ ထုတ်နုတ် သိမ်းဆည်းပြီးကြပြီ ဖြစ်၍ ခရီးသွားများ လွယ်ကူစွာ သွားနိုင်ကြရန် ခရီးဦးတည့်ရာ အရပ်တို့မှ ခရီးလမ်းကို ဖွင့်၍ ပေးကြလေပြီ။ မဟာပထဝီ ဤမြေကြီးသည်လည်း စိုပြေ စိမ်းလန်းသော မြက်တို့ဖြင့် ဖုံးလွှမ်းလျက် ရှိသည့်ပြင် ပတ်ဝန်းကျင် တောအုပ်အပေါင်းတို့လည်း ရွက်ဟောင်းကို စွန့်ပစ်၍ အရွက်သစ် လဲလှယ်ကာ တင့်တယ်စွာ သီးကြ ပွင့်ကြလေပြီ။ မပူလွန်း မအေးလွန်း လမ်းတိုင်း လမ်းတိုင်း သွား၍ ကောင်းသောအချိန် ဖြစ်ခဲ့ပြီ။ မြတ်စွာဘုရား ဆွေတော်မျိုးတော်များအား ချီးမြှောက်ကြွရောက်ရန် အချိန်တန်ခဲ့လေပြီ”ဟု ကြံစည် ဆင်ခြင်ပြီးလျှင် မြတ်စွာဘုရားထံမှောက်သို့ သွားရောက်၍ ဤဖော်ပြလတ္တံ့သော ဂါထာခြောက်ဆယ်ကျော်တို့ဖြင့် မြတ်စွာဘုရားအား ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော်မူရန် ချီးမွမ်း လျှောက်ထားလေ၏။

+++++

(၁)

အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ၊
ဖလေသိနော ဆဒနံ ဝိပ္ပဟာယ။
တေ အစ္စိမန္တောဝ ပဘာသယန္တိ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။

ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား ...။
ဒါနိ - ဣဒါနိ = ဆောင်းကို လွန်မြောက် နွေဦးပေါက်သို့ ရောက်လတ်တုံလာ ယခုအခါ၌။
ဒုမာ = တခေတ်ကူးပြောင်း သစ်ပင်အပေါင်းတို့သည်။
ဆဒနံ = ရှည်ကြာမြင့်ညောင်း အရွက်ဟောင်းကို။
ဝိပ္ပဟာယ = စွန့်ပယ်သောထွေ ကြွေကျကုန်၍။
ဖလေသိနော = အသစ်ဖြစ်သော အသီးကို ရှာမှီးကြကုန်သကဲ့သို့ ဖြစ်၍။
အင်္ဂါရိနော = မီးကျီးအသွေး နီတွေးသော ရွက်နု အပွင့်အဖူးတို့နှင့် ပြည့်စုံကြကုန်၏။
တေ = ထိုသစ်ပင်အပေါင်းတို့သည်။
အစ္စိမန္တောဝ = ဥတုလှုံ့ဆောင် အရောင်ရှိကုန်သည် ဖြစ်၍သာလျှင်။
ပဘာသယန္တိ = ပြောင်တဝင်းဝင်း ထွန်းလင်း တောက်ပကြကုန်၏။
မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား ...။
အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။
သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သောအချိန်ပါဘုရား။

(၂)

ဒုမာ ဝိစိတ္တာ သုဝိရာဇမာနာ၊
ရတ္တင်္ကုရေဟေဝ စ ပလ္လဝေဟိ။
ရတနုဇ္ဇလမဏ္ဍပသန္နိဘာသာ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။

ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား ...။
ဒုမာ = သစ်ပင်အပေါင်းတို့သည်။
ရတ္တင်္ကုရေဟေဝ စ = သန္တာအသွေး နီတွေးသော အညွန့်တို့ဖြင့်၎င်း။
ပလ္လဝေဟိ စ = မြစိမ်းရောင်ဥ အရွက်နုတို့ဖြင့်၎င်း။
ဝိစိတ္တာ = အံ့သြစဖွယ် ဆန်းကြယ်လှပေကုန်၏။
သုဝိရာဇမာနာ = နှလုံးမွေ့လျော်ဖွယ် လွန်စွာ တင့်တယ်ပေကုန်၏။
ရတနုဇ္ဇမဏ္ဍပသန္နိဘာသာ = ရတနာရောင် ပြောင်ပြောင်ထိန်လျှပ် ပဏ္ဍပ်နှင့်လည်း တူကြပေကုန်၏။
မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား ...။
အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိတော်မူသော မြတ်စွာဘုရားတို့၏။
သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၃)

သုပုပ္ဖိတဂ္ဂါ ကုသုမေဟိ ဘူသိတာ၊
မနုညဘူတာ သုစိသာဓုဂန္ဓာ။
ရုက္ခာ ဝိရောစန္တိ ဥဘောသု ပေဿသု၊
သမယော မဟာဝီရ အင်္ဂီရသာနံ။

ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား ...။
ဥဘောသု ပေဿသု = ဝဲယာစုံယှက် လမ်းခရီးနှစ်ဖက်တို့၌။
ရုက္ခာ = ဥတုအလျောက် ဖြစ်ပေါက်ကုန်သော သစ်ပင်တို့သည်။
သုပုပ္ဖိတဂ္ဂါ = ကောင်းစွာပွင့်သော အဖျားရှိကုန်သည်ဖြစ်၍။
ကုသုမေဟိ = ကားကားစွင့်စွင့် ပွင့်သော ပန်းအမျိုးမျိုးတို့ဖြင့်။
ဘူသိတာ = တန်းဆာဆင်အပ်ကုန်သည်ဖြစ်၍၎င်း။
မနုညဘူတာ = ပင်တိုင်းတင့်တယ် နှစ်သက်ဖွယ်ရှိကြကုန်သည်ဖြစ်၍၎င်း။
သုစိသာဓုဂန္ဓာ = စင်ကြယ်သန့်ရှင်း သင်းတကြိုင်ကြိုင် ရနံ့ကောင်းလှိုင်ကြကုန်သည်ဖြစ်၍၎င်း။
ဝိရောစန္တိ = ရှုတိုင်းအံ့ဖွယ် တင့်တယ်ကြကုန်၏။
မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား ...။
အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိတော်မူသော မြတ်စွာဘုရားတို့၏။
သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၄)

ဖလေဟိနေကေဟိ သမိဒ္ဓိဘူတာ၊
ဝိစိတ္တရုက္ခာ ဥဘတောဝကာသေ။
ခုဒ္ဒံ ပိပါသမ္ပိ ဝိနောဒယန္တိ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။

ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား ...။
ဥဘတောဝကာသေ = လမ်းခရီးဝဲယာ နှစ်ဖြာသောအရပ်၌။
ဝိစိတ္တရုက္ခာ = ဆန်းကြယ်ဘိတောင်း သစ်ပင်အပေါင်းတို့သည်။
အနေကေဟိ = အမျိုးအစား များလှစွာကုန်သော။
ဖလေဟိ = အသီးတို့နှင့်။
သမိဒ္ဓိဘူတာ = ပြည့်စုံကြကုန်သည်ဖြစ်၍။
ခုဒ္ဒံ = ခရီးသွားသူ ရှင်လူခပင်း ဆာလောင်ခြင်းကို၎င်း။
ပိပါသမ္ပိ = ခရီးသွားသူ ရှင်လူခပင်း ရေသိပ်ခြင်းကို၎င်း။
ဝိနောဒယန္တိ = ပယ်ဖျောက်နိုင်ကုန်၏။
မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား ...။
အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိတော်မူသော မြတ်စွာဘုရားတို့၏။
သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၅)

ဝိစိတ္တမာလာ သုစိပလ္လဝေဟိ၊
သုသဇ္ဇိတာ မောရကလာပသန္နိဘာ။
ရုက္ခာ ဝိရောစန္တိ ဥဘောသု ပေဿသု၊
သမယော မဟာဝီရ အင်္ဂီရသာနံ။

ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား ...။
ဥဘောသု ပေဿသု = ဝဲယာစုံယှက် လမ်းခရီးနှစ်ဖက်တို့၌။
ရုက္ခာ = ဥတုအလျောက် ဖြစ်ပေါက်ကုန်သော သစ်ပင်တို့သည်။
ဝိစိတ္တမာလာ = အဆန်းတကြယ် ရှုချင်ဖွယ်သော ပန်းနွယ်ပန်းညွန့် ရှိကြကုန်သည်ဖြစ်၍၎င်း။
သုစိပလ္လဝေဟိ = ညစ်ကြေးမတွယ် စင်ကြယ်သော ရွက်ညွန့်တို့ဖြင့်။
သုသဇ္ဇိတာ = ကောင်းစွာစီရင် တန်းဆာဆင်အပ်ကုန်သည်ဖြစ်၍။
မောရကလာပသန္နိဘာ = ဥဒေါင်းမြီးစည်း ပုံမှီးစံယူ တူကုန်သည်ဖြစ်၍၎င်း။
ဝိရောစန္တိ = ရှုတိုင်းအံ့ဖွယ် တင့်တယ်ကြကုန်၏။
မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား ...။
အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိတော်မူသော မြတ်စွာဘုရားတို့၏။
သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၆)

ဝိရောစမာနာ ဖလပလ္လဝေဟိ၊
သုသဇ္ဇိတာ ဝါသနိဝါသဘူတာ။
တောသေန္တိ အဒ္ဓါနကိလန္တသတ္တေ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။

ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား ...။
(ရုက္ခာ = ဥတုအလျောက် ဖြစ်ပေါက်ကြကုန်သော သစ်ပင်တို့သည်။)
ဝိရောစမာနာ = ရှုတိုင်းအံ့ဖွယ် တင့်တယ်ကြကုန်သည်ဖြစ်၍၎င်း။
ဖလပလ္လဝေဟိ = သီးကင်းရွက်နု အစုစုတို့ဖြင့်။
သုသဇ္ဇိတာ = ကောင်းစွာစီရင် တန်းဆာဆင်အပ်ကုန်သည်ဖြစ်၍၎င်း။
အဒ္ဓါနကိလန္တသတ္တေ = ခရီးပန်းသူ ရှင်ရှင်လူတို့ကို။
ဝါသနိဝါသဘူတာ = ကျောင်း အိမ်အလား နားနေတည်းခိုရာ ဖြစ်ကြကုန်၍၎င်း။
တောသေန္တိ = နှစ်သက်ရွှင်လန်း ဝမ်းမြောက်စေကုန်၏။
မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား ...။
အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိတော်မူသော မြတ်စွာဘုရားတို့၏။
သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၇)

သုဖုလ္လိတဂ္ဂါ ဝနဂုမ္ဗနိဿိတာ၊
လတာ အနေကာ သုဝိရာဇမာနာ။
တောသေန္တိ သတ္တေ မဏိမဏ္ဍပါဝ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။

ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား ...။
အနေကာ = အမျိုးအစား များလှစွာကုန်သော။
လတာ = နွယ်ပင်တို့သည်။
ဝနဂုမ္ဗနိဿိတာ = တောချုံတို့ဝယ် မှီတွယ်ရုံနွယ်ကြကုန်လျက်။
သုဖုလ္လိတဂ္ဂါ = ကားကားစွင့်စွင့် ပွင့်သော အညွန့်အဖျား ရှိကြကုန်သည်ဖြစ်၍။
သုဝိရာဇမာနာ = ကြည့်ရှုချင်ဖွယ် လွန်စွာ တင့်တယ်ကြကုန်လျက်။
သတ္တေ = ခရီးသွားသူ ရှင်ရှင်လူတို့ကို။
မဏိမဏ္ဍပါဝ = ရောင်စုံခြယ်သတ် ကျောက်မျက်ရတနာ မဏ္ဍပ်ကဲ့သို့။
တောသေန္တိ = နှစ်သက်ရွှင်လန်း ဝမ်းမြောက်စေကုန်၏။
မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား ...။
အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိတော်မူသော မြတ်စွာဘုရားတို့၏။
သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၈)

လတာ အနေကာ ဒုမနိဿိတာဝ၊
ပိယေဟိ သဒ္ဓိံ သဟိတာ ဝဓူဝ။
ပလောဘယန္တီ ဟိ သုဂန္ဓဂန္ဓာ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။

ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား ...။
ပိယေဟိ = မေတ္တာသက်ဝင် ချစ်လင်တို့နှင့်။
သဒ္ဓိံ = အတူတကွ။
သဟိတာ = ကိုယ်ချင်းယှဉ်လျက် တွဲဖက်နေကုန်သော။
ဝဓူဝ = အမျိုးကောင်းသမီး ချွေးမတို့ကဲ့သို့။
အနေကာ = အမျိုးအစား များလှစွာကုန်သော။
လတာ = နွယ်ပင်တို့သည်။
ဒုမနိဿိတာဝ = ချစ်လင်သဖွယ် သစ်ပင်၌ မှီတွယ်ကြကုန်လျက်သာလျှင်။
သုဂန္ဓဂန္ဓာ = ကောင်းသောရနံ့တို့ဖြင့် သင်းပျံ့ကြိုင်လှိုင်ကုန်သည်ဖြစ်၍။
သတ္တေ = ခရီးသွားသူ ရှင်ရှင်လူတို့ကို။
ပလောဘယန္တိ = မွေ့လျော်ပျော်ပိုက်အောင် သွေးဆောင်ဖြားယောင်းသည့်နှယ် တင့်တယ်ကြကုန်၏။
မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား ...။
အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိတော်မူသော မြတ်စွာဘုရားတို့၏။
သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၉)

ဝိစိတ္တနီလာဒိမနုညဝဏ္ဏာ၊
ဒိဇာ သမန္တာ အဘိကူဇမာနာ။
တောသေန္တိ မဉ္ဇုဿရတာရတီဟိ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။

ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား ...။
သမန္တာ = ဝန်းကျင်ပတ်ချာ ရှစ်မျက်နှာမှ။
ဒိဇာ = နှစ်ကြိမ်ပေါက်ဖွား ငှက်အများတို့သည်။
ဝိစိတ္တနီလာဒိမနုညဝဏ္ဏာ = ဆန်းကြယ်ရွှန်းစို အညိုစသော နှစ်သက်ဖွယ် အဆင်းရှိကြကုန်သည်ဖြစ်၍။
အဘိကူဇမာနာ = နှစ်သက်ရွှင်မြူး ရင့်ကျူးတွန်မြည်ကြကုန်လျက်။
မဉ္ဇုဿရတာရတီဟိ = မြူးကွန့်ကျူးညံ သာယာသောအသံနှင့် မောင်နှံယှက်တွဲ ပျော်ပွဲဆင်ကြခြင်းတို့ဖြင့်။
ပထိကေ = ခရီးသွားသူ ရှင်ရှင်လူတို့ကို။
တောသေန္တိ = နှစ်သက်ရွှင်လန်း ဝမ်းမြောက်စေကုန်၏။
မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား ...။
အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိတော်မူသော မြတ်စွာဘုရားတို့၏။
သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(၁၀)

မိဂါ စ နာနာ သုဝိရာဇမာနာ၊
ဥတ္တုင်္ဂကဏ္ဏာ စ မနုညနေတ္တာ။
ဒိသာ သမန္တာ မဘိဓာဝယန္တိ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။

ဘဒန္တေ = ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား ...။
နာနာ = အမျိုးဇာတ်အား အထူးထူး အပြားပြားကုန်သော။
မိဂါစ = သားအပေါင်းတို့သည်လည်း။
သုဝိရာဇမာနာ စ = မြူးကွန့်စံပယ် တင့်တယ်ကြကုန်သည်ဖြစ်၍၎င်း။
ဥတ္တုင်္ဂကဏ္ဏာ စ = ကိုယ့်အဖော်နှင့် ပျော်သဖြင့်လျှင် စွင့်စွင့်စိုက်ဆောင် ထောင်သောနားရွက်ရှိကုန်သည်ဖြစ်၍၎င်း။
မနုညနေတ္တာ စ = နှစ်သက်စဖွယ် ပြူးကျယ်သော မျက်စိရှိကုန်သည်ဖြစ်၍၎င်း။
သမန္တာဒိသာ = ဝန်းကျင်ပတ်ချာ အရပ်ရှစ်မျက်နှာတို့သို့။
အဘိဓာဝယန္တိ = ခုန်ပေါက်ပြေးလွှား ကစားမြူးတူးကြကုန်၏။
မဟာဝီရ = ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား ...။
အင်္ဂီရသာနံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိတော်မူသော မြတ်စွာဘုရားတို့၏။
သမယော = ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

++++++
မင်းကွန်းဆရာတော်ဘုရားကြီး၏ “မဟာဗုဒ္ဓဝင်” မှ 0 comments

Read more...

အထူးဆန်းဆုံးအရာ။

ဒီမှာ သူငယ်ချင်း…ကမ္ဘာမှာ အဆန်းဆုံးအရာ ?
အဖြေတွေက အများအပြား
ဘလော့ဂ်တွေမှာလည်း မရှားပါး
ဒို့ရဲ့ဘုရား ဟောခဲ့တာက
တိရစ္ဆာန်တွေ သဏ္ဌာန်စုံနေလည်း
စိတ်သည်သာလျှင် အဆန်းတကာ့အဆန်း တဲ့။

သူငယ်ချင်းရေ…
စိတ်တွေဆန်းတော့ ကံတွေကွဲ
ကံတွေကွဲတော့ ပုံစံမမြဲ
ပုံစံမမြဲတော့ အခေါ်အဝေါ်ခွဲ
အခေါ်တွေခွဲတော့ ဆန္ဒကလွဲ - ဒီလိုနဲ့ ဂတိတွေပါဆန်း…
အရင်းစစ်တော့ အပြစ်က စိတ်
အနှစ်ချုပ်တော့ အရှုပ်က ကံ။

တွေးကြည့်စမ်းပါ သူငယ်ချင်း…
မလွန်ဆန်သရွေ့ သောကတမြေ့မြေ့
မေ့လျော့အပူခံ လှမ်းကြတာလည်း
ကြမ္မာတစ်ကွေ့မဟုတ် သံသရာအပြည့်
စိတ်ဆောင်နေသရွေ့ ချမ်းသာမတွေ့
လမ်းကောင်းမွေ့ချင် ခေါင်းဆောင်ပြောင်းမှ
အတွေးဟောင်းတွေလည်း ရပ်ကြမှလေ။

သူငယ်ချင်းလည်း သိမှာပါ…
ခေါင်းဆောင်သစ်က ပညာဆိုတာ
စွမ်းဆောင်သူ၊ ပါရဂူတွေလည်း ပညာမရှိ
ဝိတက်တွေကို ပညာနဲ့လွဲပြီး
ပညာရှင်အမည်ပေါက်သူတွေလည်း များစွာ
အမှန်က… ရုပ်နာမ် လက္ခဏာမြင်မှ ပညာ
ဖြစ်ပျက်သိလေ ပညာရှိလေပါပဲ။

ဒီတော့ သူငယ်ချင်းရေ…
ဖိနှိပ်ဖို့ခက် လွတ်ထွက်တတ်တဲ့ (စိတ်ကို)
ပညာလက်နက်နဲ့ ဆုံးမတိုက်ဖျက်
အဆန်းအပြားမှာ မကျက်စားစေဘဲ
အထူးအဆန်းကို ကျော်လွန်လှမ်းနိုင်မှ
ပညာရှင် ပညာရှိဘ၀နဲ့ (ဒို့တတွေ)
စိတ်ချလက်ချ ထောက်ရာရမှာမို့
ဉာဏ်မှောင်ကိုခွင်း ပညာအလင်းနဲ့
အ၀ိဇ္ဇာကင်းကင်း သတိကပ်ရင်း စိတ်ပါ ခါရှင်းလိုက်ကြစို့လေ…။

9:02 AM
| Author: Dhamma Yanant

Read more...

တာဝန်ယူချင်စိတ်။

ကျွန်တော်ဟာနွမ်းပါးတဲ့ မိသားစုကမွေးဖွားလာသူပါ။
မြို့မကျ တောမကျနေရာလေးမှာနေပါတယ်။
ကျွန်တော့ အဖေဟာနေ့စဉ်မနက်အာရုဏ်မိုးလင်းခင်အစောကြီးထပြီး ကုန်စိမ်းကားတွေနဲ့အဖော်လိုက်ရသူပါ။
ပြောရရင် ကုန်စိမ်းကားနောက်လိုက်ပေါ့ဗျာ။
ဈေးမှာလိုရင်လိုသလို ကုန်စိမ်းတောင်းတွေထမ်းပေးရတယ်။
ဒီလိုပင်ပင်ပန်းပန်းရှာရတဲ့ငွေနဲ့နေ့စဉ်စားစရာဝယ်၊ ပိုတဲ့ငွေလေးကို ခြစ်ခြုတ်စုပြီး ကျွန်တော့အတွက်ပညာသင်စရိတ်ရှာပြီး မြို့မှာကျောင်းထားပေးရှာတယ်..။
နွေရာသီ ကျောင်းပိတ်လို့ ကျွန်တော်အိမ်ပြန်ရောက်လာတဲ့တစ်ရက်မှာတော့
အဖေက ကျွန်တော့ကို သူ နဲ့အတူ ကုန်စိမ်းကားနဲ့လိုက်ခဲ့ခိုင်းတယ်။
" သား..အဖေနဲ့လိုက်ခဲ့။ သားဘာမှမလုပ်ရပါဘူး၊ အဖေနားမှာအဖော်လိုက်ယုံလေးပါ" လို့ အဖေကပြောတယ်။
ကျွန်တော်လည်းကျောင်းပိတ်ရက်လေး အိမ်မှာနားရမလားမှတ်တယ်၊
အခုလို သူနဲ့လိုက်ခိုင်းတော့စိတ်ထဲ သိပ်မကြည်လင်ချင်ဘူး။
အဖေဆိုတော့ လွန်ဆန်လို့ကလည်း မရတော့ မလိုက်ချင်လိုက်ချင်နဲ့ မနက်စောစော
အာရုဏ်မလင်းခင်ထ၊ အဖေနဲ့အတူဈေးကားနဲ့လိုက်ရတော့တာပေါ့။
အဖေကကျွန်တော့ကို ဘာမှမထမ်းမပိုးခိုင်းပေမယ့် အဖေ့နောက်ကနေကျွန်တော့မှာ တကောက်ကောက်လိုက်ပြီး ပင်ပမ်းလိုက်တာ မပြောပါနဲ့တော့။ ရက်အနည်းငယ်လည်းဈေးကားနဲ့လိုက်လည်းပြီးရော ပင်ပမ်းတဲ့ဒါဏ်နဲ့ ကျွန်တော်အပျင်းဖျားယူရော။ အဲ့တော့မှ အဖေလည်းဘာမှမတတ်နိုင်ရှာဘဲ သက်ပြင်းတွင်တွင်ချှ ကျွန်တော့ကို အနားပေး၊ နောက်နေ့တွေသူဘဲဈေးကားနဲ့ လိုက်ရတော့တာပေါ့။
ဒါပေမယ့်လူ့လောကမှာ မမျှော်မှန်းနိုင်တာတွေကဖြစ်လာတတ်တယ်လေ။
တနေ့တော့ အဖေ ရုတ်တရက်နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲပါလေရော..။ သုံးလေးပါတ်လောက်အိပ်ရာကမထနိုင်ရှာဘူး။
အိမ်ရဲ့ဝင်ငွေကလည်း အဖေ့ပေါ်တည်နေတော့ ပိုက်ဆံပြတ်ပြီးထမင်းငတ်မယ့်ကိန်းဆိုက်နေတော့တာပေါ့။
ဘယ်လိုမှမဖြစ်တဲ့အဆုံး ဘာမှမလုပ်တတ်ရှာတဲ့အမေနဲ့ လူမမယ်ညီမလေးကိုငဲ့ကွက်ပြီး
ကျွန်တော်အဖေ့နေရာဝင်ယူရတော့တယ်။
အဖေ လုပ်တဲ့အတိုင်း မနက်မိုးမလင်းခင်စောစောထ၊ ဈေးကားနဲ့လိုက်
ဟင်းသီးဟင်းရွက်တောင်းကြီးတွေကိုထမ်း၊ ဈေးထဲကဆိုင်တွေစီတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ထမ်းပိုးပို့ပေါ့ ။
သြော်..အဖေနဲ့ငါအရင်ကလိုက်သွားခဲ့မိလို့ တော်သေးတာပေါ့လို့ တွေးမိတယ်။
မိဘဆိုတော့ အဖေကကျွန်တော် ချွေးသံတစ်ရွှဲရွှဲနဲ့အိမ်ကိုပြန်လာတိုင်း ကျွန်တော်ရှာလို့ရလာတဲ့ပိုက်ဆံတွေ အဖေ့ကိုအပ်တိုင်း
ဂရုဏာစိတ်နဲ့ " ငါ့သားပင်ပမ်းရှာတယ်၊ ကျန်းမာရေး ထိခိုက်မယ် အဖေနေပြန်ကောင်းရင်ငါ့သားမလုပ်ရတော့ပါဘူးကွာ" လို့ ပြောရှာတယ်။
ဒါပေမယ့် အံ့သြစရာကောင်းတာက တစ်စက်လေးမှ ကျွန်တော်မောပမ်းခြင်းမရှိတော့တာကိုပါဘဲ။
ဒါနဲ့ ကျွန်တော် အဖေ့ကိုပြောမိတယ်..။
" အဖေ..သိပ်အံ့သြစရာကောင်းတယ်ဗျာ..အဖေသားကို ဟိုးတစ်ခါဈေးကားလိုက်ခိုင်းတုန်းက သားမှာအဖေ့နောက်လိုက်ပြီး ဘာမှမယ်မယ်ရရမလုပ်ရတာတောင် ပင်ပန်းခဲ့လိုက်တာမပြောပါနဲ့။ ဒါပေမယ့် အခု မနက်တိုင်းစောစောထရလည်း..ကုန်စိမ်းတောင်းတွေကိုထမ်းနေရလည်း နည်းနည်းမှကိုပင်ပမ်းတယ်မထင်မိဘူးဗျ" လို့ ပြောမိတယ်..။

အဲ့ဒီတော့ အဖေကပြန်ပြောတယ်။ သူပြန်ပြောလိုက်တဲ့စကားကရိုးရိုးလေးပါ..။ ဒါပေမယ့်ကျွန်တော့်ဘ၀အတွက်တကယ့်ကိုလက်ဆောင်မွန်ပါဘဲ။
" သား၊ တစ်ဖက်ကသားရဲ့ခန္ဓာကိုယ်က ကျင့်သားရလာလို့ စွမ်းအင်တိုးလာတာရယ်..
ပိုဖြစ်နိုင်တာက သားရဲ့စိတ်ဓာတ်ရင့်ကျက်လာမှုကြောင့်ဖြစ်မှာပါ..။
ရင့်ကျက်မှုက သားကို ကြီးလေးတဲ့တာဝန်ကိုယူလိုစိတ် သထ္ထိမျိုးကိုဖြစ်ပေါ်စေလိုက်တာပါ။
ဒီတော့ ဘယ်လောက်ပင်ပမ်းပင်ပမ်း၊ ငါ့သားကို သက်တောင့်သက်သာ ဖြစ်နေစေတာပေါ့.. "
ခုတော့..ကျွန်တော် အဖေ့စကားတစ်ခွန်းထဲနဲ့ တာဝန်ယူလုပ်ကိုင်လို့ ရလာတဲ့ ရလာဒ်ရဲ့ ချိုမြိန်တဲ့
အရသာကိုကောင်းကောင်းခံစားသိခွင့်ရနေပြီလေ။
သားငယ်

(from foreverfriends)


Read more...

ယုံကြည်ခြင်း။

ဘဝမှာ ဘယ်သူ့ကိုမှ မယုံရရင်
ကိုယ့်ကိုကိုယ် ယုံကြည်နေဖို့တော့လိုမယ်

တစ်ကောင်ကျွေးပြီး နှစ်ကောင်စားမလား
နှစ်ကောင်ကျွေးပြီး တစ်ကောင်စားမလား
ဒါဆိုလည်း ...
စားလိုက်တဲ့တစ်ကောင်က
King “ကင်း” ဖြစ်နေဖို့တော့လိုတယ်။

မနေ့က ဘာတွေလုပ်ခဲ့လဲ
ဒီနေ့ ဘာတွေပြီးသွားပြီလဲ
မနက်ဖြန် ဘာတွေလုပ်မလဲ
အားလုံးကို ထိုးကျွေး
အရှုံးပေး နှလုံးအေးအေးပဲနေမလား။

ဟော ..
ရှေ့မှာ ချောက်ကမ်းပါး
ဟိုဘက်ကမ်းကို ဘယ်လိုခုန်မလဲ
မခုန်ခင်တော့ ကြည့်ရတော့မှာပဲ
ဟာကွက်တွေကိုတော့
ပိတ်ဆို့ထားနိုင်မှတော်ကာကျမယ်
ဆံပင်တွေထောင်လို့ စဉ်းစားမှ
အသက်ရှုတွေလည်း မမှားရမှာ

ခုန်မယ်ဆိုတာ သေချာရင်တော့
အောက်ငုံ့ မကြည့်မိစေနဲ့ပေါ့

ကဲ ဟောဒီ ချောက်ကမ်းပါးထိပ်
မျက်စိတစ်ချက် မမှိတ်ဘဲ
ကေသရာဇာတို့အားမာန်နဲ့
ခုန်ချလိုက်ပြီ ..

ထိတ်လန့် တုန်လှုပ်မှုနဲ့
နာကျင်မှုရဲ့အရသာကို ခံစားရင်း
ဘဝဟာ ရဲပြီးရင်း ရဲလာတော့တယ်။

လေပြည် (၂၃-၂-၂၀၁၀၊ ည ၉း၄၅)

Read more...

အရှင်ရာဟုလာ…၊ မဟာပန္ထက…၊ ကောမာရဗြဟ္မစရိယ…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

7 Feb 10, 08:11 AM
Anonymous:
အရှင်ရာဟုလာက တာဝတိံသာနတ်ပြည်မှာ ပရိနိဗ္ဗာန်စံတယ်ဆိုတာ သိလိုပါတယ်ဘုရား။ သက်တော် ၄၀ မပြည်မီ၊ တစ်နေရာမှာလဲ ၅၀ မပြည့်မီ ပရိနိဗ္ဗာန်ပြုတယ်လို့ သိရပါတယ်။ ဘဝပေါင်းများစွာ ပါရမီဖြည့်ခဲ့တဲ့ ဆုကြီးပန်ဖြစ်ရင် ဘာကြောင့် သက်တော် မရှည်ရတာပါလဲဘုရား။
7 Feb 10, 07:28 PM
မနာပဒါယီ >> Anonymous:
ပိဋကသုံးပုံ ပါဠိတော် မူရင်းတွေမှာတော့ အရှင်ရာဟုလာနဲ့ ပတ်သက်တဲ့ ဟောကြားချက်များ၊ ဆုံးမချက်များ၊ အရှင်ရာဟုလာရဲ့ သိက္ခာသုံးပါး အကျင့်တရားကျင့်ပုံများ၊ ရာဟုလောဝါဒ သုတ္တန်များ စတဲ့အကြောင်းအရာတွေပဲ တွေ့ရပါတယ်။ မဟာဝဂ္ဂ သံယုတ်အဋ္ဌကထာ နှာ၊ ၂၄၆မှာတော့ အရှင်ရာဟုလာမထေရ် တာဝတိံသာ နတ်ပြည်တွင် ပရိနိဗ္ဗာန်ပြုကြောင်း ဖော်ပြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်သက်တော်၄၀ ဒါမှမဟုတ် ၅၀မပြည့်မီ ပရိနိဗ္ဗာန်ပြုတော်မူတာနဲ့ ပတ်သက်လို့ကတော့ ဘ၀ပေါင်းများစွာ ပါရမီဖြည့်ခဲ့တဲ့ ပါရမီရှင်ကြီးတိုင်း ပစ္စုပ္ပန်ဘ၀မှာ လိုချင်သလို သက်တမ်းအတိုအရှည် မပြုကြပါဘူး။ အတိတ်ဘ၀ ပါရမီ ဖြည့်စဉ်ကာလ တစ်ခုခုမှာ အမှားပြုခဲ့တဲ့ ၀ဋ်အကျိုးပေး ရှိခဲ့မယ်ဆိုရင် အဲဒီ အကျိုးပေးအတိုင်း ပြုမူနေထိုင် သွားတတ်တာတွေ ရှိပါတယ်။ ဘုရားရှင်အပါအ၀င် အရှင်မဟာမောဂ္ဂလာန်စတဲ့ မထေရ်ကြီးများလည်း ဒီလိုပဲ ၀ဋ်ကြွေးအတိုင်း နောက်ဆုံးဘ၀မှာ ပေးဆပ်တော်မူသွားခဲ့ပါတယ်။ ဒါကြောင့် အရှင်ရာဟုလာမထေရ်အနေနဲ့ ငယ်ငယ်ရွယ်ရွယ် ပရိနိဗ္ဗာန်ပြုခြင်းဟာ ဒီအကြောင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

12 Feb 10, 09:52 PM
Soe Naing:
Phone Phone, Please explain me about ashin Sula Pan. If his elder brother, Ashin Maha Pan is also a arahat, why did he act lack of marcy upon other monk (his young brother)? Just being naive and not just be naive and not being a bright person is only his fate. Not his crime. Why did Ashin Mahapan do like that?
14 Feb 10, 02:49 AM
မနာပဒါယီ>>Soe Naing..:
စူဠပန္ထက မထေရ်ဟာ ကဿပမြတ်စွာဘုရားရှင်လက်ထက် ဉာဏ်ထိုင်းတဲ့ ရဟန်းတစ်ပါးကို ကဲ့ရဲ့ခဲ့မိတဲ့အတွက် ယခုဘ၀မှာ ဉာဏ်ပညာထိုင်းခဲ့ရပါတယ်။ ဒါကို အကိုဖြစ်တဲ့ မဟာပန္ထကက ဒီလောက်ဉာဏ်ထိုင်းနေရင် သာသနာတော်နဲ့ မတော်ဘူးဆိုပြီး နှင်ထုတ်ခဲ့ပါတယ်။ ဒီနေရာမှာ ရဟန္တာဖြစ်တဲ့ အစ်ကို ရဟန်းအနေနဲ့ ဘာကြောင့် ဒီလိုလုပ်ရတာလဲ မလုပ်သင့်ဘူးလို့ တွေးစရာရှိပါတယ်။ စာပေမှာကတော့ အစ်ကိုရဟန်းဟာ ရဟန္တာဖြစ်ပေမယ့် စူဠပန္ထကရဲ့ အလိုအဇ္ဈာသယကို မသိသောကြောင့် ညီတော်ကို တရားထူး ရစေလိုတဲ့ စေတနာအားကြီးပြီး မရတဲ့အခါ အားမလို အားမရဖြစ်ကာ နှင်ထုတ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကလည်း အကယ်၍ ဒီလိုနှင်ထုတ်လိုက်တဲ့အတွက် မြတ်စွာဘုရားရှင်နဲ့တွေ့ကာ အခုလို တရားကမ္မဋ္ဌာန်းပြပေးမှုကို ရစေလိုလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သာဝကတွေဟာ ဘယ်လောက်ပဲ ဉာဏ်ပညာကြီးပါစေ ဘုရားရှင်တို့လောက် ဝေနေယျစ္ဆာသယကို မသိနိုင်ပါဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ကတော့ တရားမင်းဖြစ်တော်မူတဲ့အတွက် တရားတော်နဲ့ပတ်သက်ပြီး ဘယ်လိုပုဂ္ဂိုလ်ဟာ ဘယ်လိုတရားနဲ့ သင့်လျော်တယ်ဆိုတာ သိပြီး ဟောတော်မူနိုင်တဲ့အတွက် စူဠပန္ထကကိုလည်း ရဟန္တာအဖြစ် ရောက်စေတော်မူပါတယ်။

သေချာတာကတော့ မဟာပန္တကမထေရ်ဟာ ရဟန္တာဖြစ်နေတဲ့အတွက် ညီတော်နဲ့ပတ်သက်တဲ့ အလိုဆိုးကတော့ မရှိဘူးဆိုတာပါပဲ။ တရားအနှစ်ထူးကို ရစေလိုတဲ့ စေတနာအားကြီးတယ်ဆိုတာ သေချာပါတယ်။ မဟာပန္ထကမထေရ်ဟာ ဘုရားရှင်လောက် သတ္တ၀ါတွေရဲ့ အလိုဆန္ဒကို မသိဘူးနိုင်ဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့် ဒီလို လုပ်ရပ်မျိုး လုပ်မိခဲ့ခြင်း ဖြစ်ပါတယ်။ စေတနာမပါတဲ့ လုပ်ရပ်ပါ။ အကယ်၍ စေတနာပါခဲ့တယ်ဆိုရင်လည်း ဘုရားရှင်ရဲ့ ဟောပြောမှုကြောင့် ညီတော် တရားရနိုင်တာကို သိတဲ့အတွက် ဘုရားရှင်နဲ့ ညီတော် တွေ့စေလိုတဲ့ စေတနာပါတယ်ဆိုတာ နားလည်ကြည်ညိုနိုင်ပါတယ်။

22 Feb 10, 10:54 PM
အောင်ကြီး:
ကုမာ၇ီ ဗြဟဟစရိယသီလအကြောင်း ရှင်းပြပါဘုရား။ အိမ်ထောင်မရှိတဲ့သူတွေ စောင့်လိုရတယ်ဆိုတာ ဟုတ်ပါသလားဘုရား…။
23 Feb 10, 05:04 AM
မနာပဒါယီ>>> အောင်ကြီး:
ကောမာရဗြဟ္မစရိယသီလလို့ ခေါ်ပါတယ်။ အိမ်ထောင်မရှိသူများ မေထုန်နဲ့ပတ်သက်ပြီး မကျင့်သုံးဘဲ တစ်သက်လုံး ဆောက်တည်သွားခြင်းမျိုးပါ။ ငါးပါးသီလမှာ ကာမေသုမိစ္ဆာစာရ အစား အဗြဟ္မစရိယနဲ့ အစားထိုးကျင့်သုံးတဲ့ သီလမျိုး ဖြစ်တဲ့အတွက် ပိုပြီးမြင့်မြတ်တယ်လို့ ဆိုပါတယ်။ သူတော်စင်တို့ စက်ဆုတ်ဖွယ် ယုတ်မာသော ကာမဂုဏ်မေထုန်အကျင့်ကို လူ့ဘ၀မှာပင် ကျေကျေနပ်နပ် ရှောင်ကြဉ်ဆောက်တည်တဲ့ ပါရမီရှင် သူတော်စင် အကျင့်လို့ဆိုပါတယ်။ ကောမာရဗြဟ္မစရိယဆိုတာ ငယ်သွေးငယ်မူ ဖြူစင်သူတို့ရဲ့ မြတ်သောအကျင့်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီသီလ တောင်းပုံကတော့ “အဟံ ဘန္တေ တိသရဏေန သဟ ကောမာရဗြဟ္မစရိယသီလံ ဓမ္မံယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ” (အရှင်ဘုရား တပည့်တော်အား သရဏဂုံးသုံးပါးနှင့်တကွ ကောမာရဗြဟ္မစရိယ သီလကို သနားစောင့်ရှောက် ချီးမြှောက်သဖြင့် ပေးသနားတော်မူပါ) လို့ တောင်းရပါတယ်။ အမျိုးသမီးဆိုရင် ကောမာရီဗြဟ္မစရိယသီလံလို့ အစားထိုးဆိုရုံပါပဲ။ ဒီလို သီလတောင်းပြီး ငါးပါးသီလ သိက္ခာပုဒ်ယူတဲ့အခါမှာ ကာမေသုမိစ္ဆာစာရ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ နေရာမှာ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိလို့ အစားထိုးဆိုရုံပါပဲ။ အမှန်တော့ ဒီကောမာရဗြဟ္မစရိယသီလဆိုတာ မေထုန်မှုမပြုတဲ့ ငါးပါးသီလပါပဲ။ သာမန်လူများ နေ့စဉ်စောင့်ထိန်းရမယ့် သီလမှာ မေထုန်နဲ့ပတ်သက်တဲ့အကျင့်ကို မြင့်မြတ်စွာ အထူးစောင့်ထိန်းခြင်းပဲ ဖြစ်ပါတယ်။ စောင့်ထိန်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ...။


Read more...

ဘုရားပေးတဲ့ ဇာတ်ညွှန်း။

သုဂတိဘုံဘ၀တွေ အားလုံးထဲမှာ လူ့ဘုံလူ့ဘ၀ကို ရရှိပြီး လူသားရဲ့ ဘ၀ဇာတ် ထုပ်ကို ကပြသရုပ်ဆောင်ခွင့် ရခြင်းဟာ“အထက်မှာ ဘ၀ဂ်၊ အောက်အ၀ိစိ၊ နှံ့သည့် စကြာဝဠာ၊ ဖီလာထုတ်ချင်း၊ အကြွင်းမရှိ”ဆိုတဲ့အတိုင်း အနိမ့်ဆုံး အ၀ိစိကနေ အမြင့် မြတ်ဆုံး ဖြစ်တဲ့ ဘုရား ရဟန္တာများ အထိဖြစ်ခွင့် ရှိတဲ့ ဘ၀ဖြစ်လို့ သုဂတိအစစ်ဆုံးနဲ့ ဘ၀ဇာတ်အမြင့်ဆုံးဖြစ်တယ်။

ဒီလိုသုဂတိ ဘ၀စစ်စစ်ကို ရောက်ခိုက်,ရခိုက်မှာ ဘုရားရှင်ရဲ့ သာသနာတော် ကြီး နဲ့ပါ ကြုံကြိုက်ခွင့်ရပြီဆိုရင်တော့ အမြင့်ဆုံးဘ၀မှာ အမြတ်ဆုံး ဆုလာဒ်ကြီး တစ်ခုကို ထပ်မံရရှိတာဖြစ်လို့ အချည်းနှီး အဆုံးရှုံး မခံကြဘဲ ထိုက်တန်အောင် သရုပ် ဆောင်ကြ,ပြကြဖို့ ဘုရားရှင်က သတိပေးဆုံးမပါတယ်။ (ခု၊၁၊ ၂၄၇)

undefined

အခုလိုအဆင့်မြင့် သုဂတိဘုံသားဖြစ်ခွင့်ရကြတဲ့ လူတိုင်းဟာလည်း ဘယ်သူ မဆို မိမိတို့ရဲ့ ဘ၀ဇာတ်လမ်းကို ပင်ကိုယ်ကုသိုလ်ဗီဇ ဓာတ်ခံရှိသလောက် ကောင်းမွန် မြင့်မြတ်ပြီး အထူးချွန်ဆုံး အာဇာနည်များဆိုတဲ့ အော်စကာ ဆုကြီးနဲ့သာ ထိုက်တန် အောင် သရုပ်ဆောင်လိုမှာပါ။

“ကြားသူတိုင်း ရွံ၊ မြင်သူတိုင်း မုန်း၊ ကြုံသူတိုင်း နှလုံးနာ”ဆိုတဲ့ အော်စရာ အဖြစ်ဆိုးမျိုးနဲ့တော့ ဘ၀ကို ဇာတ်သိမ်းလိုကြမယ် မဟတ်ုပါဘူး၊ ဒါဟာ တိဟိတ် ဥက္ကဋ္ဌ် ဖြစ်တဲ့ လူသားတိုင်းရဲ့ ဗီဇမှန်စိတ်ဓာတ်ကောင်းတစ်ခုလို့ ဆိုရပါလိမ့်မယ်။

ခုလို အမြင့်မြတ်ဆုံး အခွင့်အရေးကြီးနဲ့ ကြုံကြိုက်ခိုက်မှာ အခွင့်နဲ့ တန်အောင် အရေးပါတဲ့ ဘ၀ဇာတ်သရုပ်ဆောင်တွေ ဖြစ်စေဖို့အတွက် ပွင့်တော်မူပြီးသမျှ ဘုရားရှင် တိုင်းကပဲ“ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား”ဆိုတဲ့ အခြေခံ ဇာတ်ညွှန်း သုံးပိုဒ်ကို ဟောညွှန် ချမှတ်ပေးတော်မူခဲ့ ကြပါတယ်။

ဒီဇာတ်ညွှန်းသုံးပိုဒ်မှာ ရှေ့နှစ်ပိုဒ်က ကာယကံ၊ ၀စီကံတို့ လိုက်နာဆောင်ရွက် သရုပ်ဆောင်ဖို့ ညွှန်ကြားတာဖြစ်ပြီး ဖြူအောင် စိတ်ကိုထား ဆိုတဲ့ နောက်ဆုံးအပိုဒ်က တော့ ဘ၀ဇာတ်ရဲ့ အနီးကပ်ဒါရိုက်တာဖြစ်တဲ့ နှလုံးသား အတွက် ထားရှိရမယ့် အဆင့် အတန်းကို ညွှန်ပြတာဖြစ်ပါတယ်။

မိမိတို့ရဲ့ နှစ်လုံးသားဟာ ဒီအဆင့်အတန်း မှီနေစေဖို့ အတွက်ကတော့ အရင် တစ်ပတ်ကပြောခဲ့တဲ့…….

(၁) စွန့်လွက်အနစ်နာခံခြင်း၊

(၂) ခွင့်လွှတ်သည်းခံခြင်း၊

(၃) ကိုယ်ချင်းစာနာခြင်း၊

(၄) အသိဉာဏ်ဆင်ခြင်တုံတရား အမြဲထားရှိခြင်း၊

ဆိုတဲ့ အရည်အချင်းကောင်း လေးချက်နဲ့ ပြည့်စုံစေရမှာဖြစ်ပါတယ်။

ဒီအရည်အချင်းလေးမျိုးထဲက ပထမဆုံးဖြစ်တဲ့ “စွန့်လွှတ်အနစ်နာခံခြင်း ဆိုတာ ရနိုင်သမျှ အာရုံခံစားစရာ စည်းစိမ်ချမ်းသာနဲ့ အခွင့်အလမ်းအားလုံးကို မိမိအတွက်သာ လက်ဝါးကြီးအုပ် သိမ်းပိုက်ထားလိုတဲ့ ၀ိသမလောဘ စိတ်ဓာတ်ဆိုး(ကာမ၀ိတက်)ရဲ့ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်တဲ့ အလောစိတ်ဓာတ်ဖြစ် ပါတယ်။

မြတ်ဗုဒ္ဓရဲ့ အလိုတော်အရ လောကမှာ ကြုံတွေ့ခံစားနေရတဲ့ ဆင်းရဲဒုက္ခ၊ မကျေ နပ် စရာများနဲ့ ၀မ်းနည်း ကြေကွဲစရာ ပြဿနာစတဲ့ ကျက်သရေမဲ့မှုအားလုံးဟာ ဒီတစ် ကိုယ်ကောင်းစိတ်ဓာတ်ကို အခြေခံပြီး ဖြစ်ပေါ်လာတာပါ။

ဒီတစ်ကိုယ်ကောင်းစိတ်ဓာတ် ဆိုးဖြစ်တဲ့ ၀ိသမလောဘဟာ ပြဿနာဆိုး အားလုံးတို့ရဲ့ အဓိက လက်သည် တရားခံဖြစ်တယ်လို့ မိန့်ကြားပါတယ်။

ဒါကြောင့် လောကကြီး ကျက်သရေရှိဖို့အတွက် ပထမဦးဆုံးအနေနဲ့ ၀ိသမ လောဘရဲ့ တိုက်ရိုက်ဆန့်ကျင်ဘက်ဖြစ်တဲ့“စွန့်လွှတ်အနစ်နာခံစိတ်ဓာတ်” (အဘိဓမ္မာ စကားနဲ့ ပြောရရင်တော့ အလောဘ စိတ်ဓာတ်)ရှိဖို့လိုတယ်လို့ ဟောညွှန် တော်မူ တာပါ။

ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်များကိုယ်တိုင် ယောင်ဝါးဝါးနဲ့ အသိအမှတ်လွဲ နေတတ် တာတစ်ခု ကိုလည်း သတိပေးပါရစေ။

လူတိုင်းတိုင်းလိုလိုပဲ လောဘ ဆိုတာ လိုချင်တပ်မက်တဲ့သဘောလို့ သိထားကြ လေတော့၊ ဒီစကားရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အလောက ဆိုတာကို မလိုချင်တဲ့ မတပ် မက်တဲ့ သဘောလို့ ခပ်လွယ်လွယ် မှတ်ထင်နေတတ်ကြ ပါတယ်။

ဒါကြောင့်လဲ တချို့လူပျင်းများက ကိုယ်ဟာ ကိုယ်ပျင်းလို့ အလုပ် မကြိုးစားချင် တာကိုပဲ သူများတွေလို လောဘမကြီးလို့ မလိုချင်လို့ ဆိုတဲ့ သဘောမျိုးနဲ့ ပြောလေ့ ရှိကြတာပါ။

သူတို့ပြောတဲ့ မလိုချင်လို့ ဆိုတာဟာ လောဘရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အလောဘ မဟုတ်ပါဘူး၊ အလောဘ ဆိုတာက ကုသိုလ်တရား အုပ်စုဝင်အမည်ပါ၊ ပျင်းရိတယ် ဆိုတာဟာယ ဆုတ်နစ်ဒေါသလို့ခေါ်တဲ့ အကုသိုလ် အုပ်စုဝင်ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓ ဟောညွှန်လိုရင်းဖြစ်တဲ့ အလောဘဆိုတာ မိမိကလိုချင်လို့ ရှာဖွေရရှိ ထားတဲ့ ပစ္စည်း ဥစ္စာကိုပင်ဖြစ်စေ၊ သူတစ်ပါးရဲ့ ဆင်းရဲဒုက္ခလွတ် မြောက် ရေးအတွက် စွန့်လွှတ်ရဲတဲ့ စိတ်ဓာတ်ကို ဆိလိုတာပါ။

ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားရှာဖွေ လုပ်ကိုင်မယ်၊ ရရှိတဲ့ အကျိုး စီးပွါးကိုတော့ ကိုယ့်အတွက် ချည်းသာ ရယူသိမ်းပိုက်ခံစားမယ်ဆိုတဲ့ စိတ်မထားဘဲ သူတစ်ပါးအတွက်ငဲ့ကွက် စွန့်လွှတ်ဖို့ အမြဲထားရှိတဲ့ စိတ်ဓာတ် မျိုးမှ ကုသိုလ်စစ်စစ် ဖြစ်တဲ့ အလောဘစိတ်ဓာတ် ဖြစ်ပါတယ်။

စွန့်လွှတ်အနစ်နာခံတဲ့ စိတ်ဓာတ်နဲ့ ပတ်သက်လို့ ဘုရားရှင်က တပည့်များကို ဆုံးမရာမှာ၊ နေ့စဉ်ဆွမ်းခံရာ ဆွမ်းစားရာမှာပင် ကိုယ်ရနိုင် သမျှအားလုံးကို မယူဘဲ နောက် ပုဂ္ဂိုလ်အတွက် ငဲ့ကွက်ပြီး သင့်တော်ရုံ၊ မျှတရုံသာ ခံယူသုံးဆောင် ကြဖို့ အမြဲ သတိထား အသိပွားကြပါ(ဘောဇနေမတ္တညူ)လို့ ဆုံးမတော်မူပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ ဆုံးမပညတ်တော်မူချက်နဲ့ ပတ်သက်လို့ လေးစားမှတ်သား စရာ ကောင်းတဲ့ မထေရ်မြတ်တို့ရဲ့ လိုက်နာဆောင်ရွက်ပုံကိုလဲ ဆရာစဉ်ဆက် အရ ကြားနာမှတ်သားရဖူးပါတယ်။

မိမိရဲ့ ဆရာ့ဆရာ(ပါစရိယ)ဖြစ်တဲ့ ပုဇွန်တောင်က အရှင်အာဒိစ္စ၀ံသ ကျောင်း တိုက် ကြီးရဲ့ မူလတိုက်တည်ဆရာတော် နာမည်ကျော် မိလိန္ဒပဥှာအဋ္ဌကထာနိဿယ ကျမ်းပြုအကျော် ဆရာတော်ကြီး အရှင်အာဒိစ္စ၀ံသ သက်တော် ထင်ရှားရှိစဉ်က ကျောင်းတိုက် သံဃာတော်များအတွက် ဆွမ်းစားကျောင်းမှာ ဆွမ်းတစ်ဝိုင်း လေးပါး ကျစီ အတွက် ခဲဖွယ်ဘောဇဉ်များ စီစဉ်ထားပြီး အ၀င်ဝမှာ အားလုံး မြင်သာအောင် “ကိုယ့်အခွင့်”ကို သိ၊ နောင်လူကိုလဲ ကြည့်”ဆိုတဲ့ စာတန်းကို ရေးထားပါသတဲ့။

ဒီစာတန်းနဲ့ ပတ်သက်ပြီး ဆရာတော်က “ဆွမ်းတစ်ဝိုင်းမှာ လေးပါးကျစီ သတ်မှတ်ထားတဲ့အတွက် ဘယ်သူမဆို မိမိရှေ့မှာရှိတဲ့ ဆွမ်းပွဲပေါ်က ခဲဖွယ်ဘောဇဉ် အားလုံးရဲ့ လေးဖို့တစ်ဖို့ဟာ မိမိတို့ရသင့်တဲ့ အခွင့်အရေး ဖြစ်တယ်၊ အဲဒါကို သိပြီး ဘယ်လောက်ကောင်းမွန်တဲ့ ခဲဖွယ်ဟင်းလျာကိုမဆို လေးဖို့တစ်ဖို့ထက်မပိုအောင် ဘုဉ်း ပေးကြရပါမယ်။

လေးဖို့တစ်ဖို့ထက် ပိုပြီးအခွင့်အရေးယူခဲ့ရင် ဒါဟာ သူများ အခွင့်အရေးကို မတရားရယူသူတာဖြစ်တယ်၊ စဉ်းလဲတဲ့ ခိုးခြင်းတစ်မျိုးပဲ၊ ဒါကို လုံးဝမကျူးလွန်မိ အောင် ရှောင်ရမယ်၊ မိမိတို့ စားပြီးတဲ့ အခါမှာ သိမ်းဆည်းဆေးကြောကြမယ့် ကပ္ပိယ များနဲ့ ကျောင်းသားများ ရှိကြတယ်၊ သူတို့နဲ့လည်း ကြည့်ပြီး မိမိရဲ့ ရပိုင်ခွင့်ထဲက တက် နိုင်သမျှ ခြုံးခြံခဲ့ရင် ကိုယ်ပိုင်ဆိုင်ခွင့်ကို နောက်လူအတွက် စွန့်လွှတ် လှုဒါန်းရာ ကျတယ်လို့ ရှင်းလင်း မိန့်ကြားပါသတဲ့။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ညောင်တုန်းမြို့ ရွှေဟင်္သာတောရကျောင်းတိုက် မှာ ပညာသင် ယူခဲ့ဖူးတဲ့ ဆရာတော်ကြီးတစ်ပါးနဲ့ စကားစပ်မိတဲ့အခါ ညောင်တုန်း ရွှေဟင်္သာ ကျောင်းတိုက်မှာလဲ အလားတူ ကျင့်သုံးကြောင်း မိန့်ကြားပါတယ်၊ ဆရာတော်ကြီး ပြောပြတာကတော့…..

တပည့်တော်တို့ ညောင်တုန်းရွှေဟင်္သာတောရမှာလည်း ဒီပုံစံမျိုးနဲ့ အလားတူပဲ ကျင့်သုံးကြပါတယ်၊ အဲဒီမှာတော့ ဆွမ်းစားဆောင်မှာ စာနဲ့တော့ ရေးမထားဘူး၊ ဆွမ်း ၀ိုင်းမှာ သံဃာစုံထိုင်းပြီးတာနဲ့ တစ်ပြိုင်နက် နာယကဆရာတော်ကြီးက….

“အရှင်ဘုရားတို့ .. ယခုလို ဆွမ်းတစ်ဝိုင်းမှာ လေးပါးစီထိုင်နေကြတဲ့ အရှင်ဘုရား တို့ရဲ့ ရှေ့က ဆွမ်းပွဲပေါ်မှာ ရှိနေတဲ့ ဟင်းလျာခဲဖွယ်များထဲက လေးဖို့တစ်ဖို့စီဟာ အရှင် ဘုရားတို့အတွက် ရည်မှန်းလှူဒါန်းထာတာဖြစ်လို့ အရှင်ဘုရားတို့ ပိုင်ဆိုင်ကြပါတယ် ဘုရား၊ အရှင်ဘုရားတို့ ဘုဉ်းပေးပြီး ကျန်ခဲ့လို့ရှိရင်လဲ ကပ္ပိယများ ကျောင်းသားများက သိမ်းဆည်းပြီး စားသုံးဆေးကြောကြပါလိမ့်မယ်၊ ခုချိန်မှာ အရှင်ဘုရားတို့က အလှုခံ ပုဂ္ဂိုလ်တွေ ဖြစ်ကြပြီး ဒကာ ဒကာမများနဲ့ ကိပ္ပိယများက လှုဒါန်းသူတွေ ဖြစ်ကြပါတယ်။

တကယ်လို့ အရှင်ဘုရားများက မိမိတို့ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လေးဖို့တစ်ဖို့ထဲက ကပ္ပိယများ ကျောင်းးသားများအတွက် ငဲ့ကွက်ပြီး ချန်ထားခဲ့မယ်ဆိုရင်တော့ အရှင် ဘုရားတို့က အလှုခံပုဂ္ဂိုလ်အဖြစ်ကနေ အလှုပေးပုဂ္ဂိုလ်များ ဖြစ်သွားကြပါလိမ့်မည် ဘုရား၊ ကိုယ်တိုင် အလှုပေးပုဂ္ဂိုလ်များ ဖြစ်ကြရအောင် မေတ္တာ ကရုဏာတရားရှေ့ထား ပြီး ဘုဉ်းပေးသုံးဆောင်တော်မူကြပါဘုရား”လို့ လျောက်ထား မိန့်ကြားလေ့ရှိပါသတဲ့။

သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့“ ဆွမ်းတစ်ပွဲမှာရှိတဲ့ မိမိတို့ရဲ့ ရသင့်တဲ့ အခွင့်အရေးထဲက နဲနဲပါးပါး ချန်ထားတယ်”ဆိုတဲ့ ကိစ္စဟာ ဘာမျှ မပြောပလောက်တဲ့ အသေးအမွှားလေးတစ်ခုလိုပဲ ထင်စရာပါ၊ ဒါပေမယ့် “အမှိုက်ကစ ပြဿဒ်မီးလောင်” တတ်သလို “အမှိုက်က ရွှေုဖြစ်”ဆိုတာလဲ ရှိတတ်တဲ့ သဘာဝအတိုင်း မပြောပလောက် တဲ့ အနည်းအပါးလေးများကို အကြောင်းပြုပြီးတော့ပဲ လူတစ်ဦးချင်း၊ မိသားတစ်စုချင်း ခိုက်ရန်ဖြစ်ပွားခြင်းအစ နိုင်ငံချင်း စစ်ခင်းကြရတဲ့ အထိလဲ ဖြစ်တတ်ကြပြီး ဒီလို မပြောပလောက်တဲ့ အသေးအမွှားလေးတွေကို စွန့်လွှတ် အနစ်နာခံမှုကြောင့်ပဲ လူတစ်ဦးချင်းစီက စပြီး နိုင်ငံချင်းအထိ ရင်းနီးကျွမ်းဝင် ချစ်ခင်မျှတ သွားတာမျိုးလဲ ဖြစ်သွားနိုင်တယ်ဆိုတာကိုလဲ လောကရဲ့ ညီညွတ်မျှတ ကျက်သရေရှိမှုကို လိုလား သူတိုင်း လက်ခံရပါလိမ့်မယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Read more...

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၄)

(၁)
အချီးမွမ်းခံချင်တယ်ဆိုတာ
လူတိုင်းကျူးလွန်နေတဲ့ ပြစ်မှုတစ်ခုပါကွာ
” တဲ့။
ဤကား မောင်နုခေါ် ၀န်ကြီးချုပ်သခင်နုကြီး၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဖိုးကျော်ငြိမ်းခေါ် ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းထံ ပေးစာမှ လိုရာကောက်ယူလိုက်သော စကားအပိုင်းအစကလေးပေတည်း။ သူ့ရွာသူ သူ့ရပ်သားတို့သည်လည်း လူထဲကလူများပင် ဖြစ်ရကား အချီးအမွမ်းခံချင်ကြ၊အထင်ကြီးခံချင်ကြသည်မှာ ဆတ်ဆတ်တုန်အောင်ပင် ပေါ်လွင်လှပေတော့၏။

ရွာ၏ ဂုဏ်သိက္ခာ၊ ရွာ၏ ထင်ပေါ်မှု၊ ရွာ၏ အသရေဟူသမျှသည် သူရရှိထားသော ဘွဲ့များ၌သာ တည်ရှိလေ ဟန် အဖန်ဖန်လျှောက်လှဲကြလေသည်တကား။ သို့ဖြစ်လေသော် အများနှင့် ဆန့်ကျင်ဘက်မထား ပဋိပက္ခမပွားဘဲ အ၀ိရောဓန တရားကိုသာ လက်ကိုင်ထားလေ့ရှိသော သူအနေဖြင့် ဘာများတတ်နိုင်ပါဦးတော့ မည်နည်း။ ရှိစုမဲ့စုဘွဲ့လေးများကို ချခင်းရေးပြရုံမျှတစ်ပါး လောကီနှုံးအလေ့များကို မောင်ဖုန်းမေ့ထား၍ မရပါချေပြီ။

သို့နှင့် သာသနာ့တက္ကသီလာ စိန်ပန်းရွာတွင် လေးနှစ်တာစာတွေ့ သင်ယူခြင်း၊ နှစ်နှစ်တာ နယ်စပ်နှင့် တောင်တန်းဒေသသာသနာပြုကွင်းဆင်းခြင်း ပြီးမြောက်ကာမှ နှင်းအပ်ခံရသော ချွေးသံရဲရဲ တိုက်ပွဲဝင် ဓမ္မာ စရိယ၀ိဇ္ဇာဘွဲ့တစ်ဘွဲ့၊ (ဓမ္မာစရိယ နှင့် ၀ိဇ္ဇာဘွဲ့ဟု နှစ်မည်ခွဲ၍ ပေးသော်လည်း တစ်ဘွဲ့ ဟုသာ သူက သတ် မှတ်သည်။) အပြည်ပြည်ဆိုင်ရာဟု အမည်ရွှေစာ ထည်ထည်ဝါ၀ါသော ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်ကြီးဆိုသဟာမှ ၀ိဇ္ဇာဘွဲ့တစ်ဘွဲ့၊ မဇ္ဈိမဒေသ သက္ကတ တက္ကသိုလ်ကြီးမှ မဟာဝိဇ္ဇာတစ်ဘွဲ့ဟု စိတ်တွင်းမှ ရေတွက်ကာ သူ့အမည်နာမတော် နောက်ဖျားတွင် တောက်ကြွားပြီ ထင်အမှတ်ဖြင့် ဘွဲ့တံဆိပ်သုံးခုကို ထင်းထင်းကြီး ရေးခြစ် လိုက်လေ၏။

အခြေအနေကား သူထင်သလို မဟုတ်ခဲ့လေပြီ။ပြဿနာဖွသူမှာ ဂေါပကကိုမြသန်းပေတည်း။ ရွာဦးကျောင်း ဆရာတော်၏ ညီအရင်းပီပီ မြို့ပြအရောက် အခေါက်ခေါက်အခါခါ သွားလာဖူးသည်နှင့်အမျှ သာသနာတွင်း သားတို့နှင့်လည်း ရင်းနှီးသည်ဖြစ်ရကား မြို့တရားပွဲများကိုလည်း ကိုယ်တိုင်ကိုယ်ကျ နာဖူးလေသူဖြစ်ပေ၏။

“ဦးဇင်းဘုရားနှယ် နိုင်ငံအရပ်ရပ်လည်ပြီး တက္ကသိုလ်ပညာသည်ကြီးဖြစ်နေမင့်ဟာ ဘွဲ့တံဆိပ်လေးသုံးမျိုးနဲ့ အချိုးမကျသေးဘူးဘုရာ့။ မြို့ပြက ဓမ္မကထိကအကျော် ကိုယ်တော်ဘုရားတွေလို နိုင်ငံတော်ကိုးဘွဲ့ရ ဆယ့်တစ်ဘွဲ့ရဆိုသဟာမျိုး ပြိုးပြိုးပြက်ပြက် ရွှေရောင်ထွက်နေမှဘုရာ့။ ပညာတွေ လျှိုမထားပါနဲ့ကိုယ်တော်၊ ရှိသမျှ ဂုဏ်သတင်းပေါ်အောင် အကုန်သာဖော်တော်မူပါဘုရာ့”တဲ့။

“ခက်ခက်ရချေပြီတကား” ဟုသာ သံဝေဂသက်ပြင်းကို ဟင်းကနဲ ချမိပေတော့သည်။ တရားဝင်ဘွဲ့ဟူ၍ ဤသုံးမျိုးမျှသာ ရရှိကြောင်း အခြားတရားဝင်အသုံးပြုဂုဏ်တင်စရာ မည်သည့်ဘွဲ့သညာမှ မရှိတော့ပါကြောင်း လင်းပြသည့်တိုင် မရှင်းမရှင်းဖြစ်၍ အတင်းညှစ်ထုတ်ကြပြန်လေသောအခါ သူ့မှာ အကြောင်းမဆိုက်ဘဲ ခေါင်းကိုက်ခြင်းသာ အဖတ်တင်ခဲ့လေသည်တည့်။

ပါရမီတော်ထူး ဉာဏ်တော်စူးကြပေသည့် အရှင်မြတ်များနှင့်ကား သူနည်းနည်းမျှ မယှဉ်နိုင်၊ ငိုင်၍သာ နေမိ၏။ သူ့အပြစ် သူ့အမှားတွေက သူ့အား မကြွားသာအောင် ဒဏ်ခတ်ခဲ့လေပြီထင်ပါ၏။ သူသည် ငယ်စဉ်ကပင် စာမေးပွဲ၊ စာပြန်ပွဲ မှန်သမျှနှင့် ဝေးနိုင်သမျှ ဝေးအောင် မကြင်မနာ ရှောင်ခွာပြေးလိုခဲ့သူကြီးပင် ဖြစ်ပါ၏။ စာမေးပွဲတွေကို မချစ်၊ စာဖြေခန်းတွေကို ပစ်ပယ်ခဲ့လိုသူ ကြီးပါတည်း။

လက်ဦးဆရာ မည်ထိုက်စွာသော ပုဗ္ဗာစရိယ မိနှင့်ဘမှသည် ကံကူလက်လှည့် ဘောလ်ပင်လက်လှည့် ကွန်ပြူတာမောက်စ်ကိုပါလှည့်တော်မူခဲ့ကြသည့် ကျေးဇူးရှင်ဆရာမြတ်အပေါင်းတို့သည်ကား အနာဂတ်ဂလို ဘယ်လ်(Global)ကို ချိန်တွယ်ကာ ကြိုမြင်သည့်အလား လက်ယားသမျှ စာဖြေ၍ လျှာရှည်သမျှစာပြန်ရန် အတန်တန် တိုက်တွန်းခဲ့ကြဖူးပေ၏။ (ဤနေရာ၌ “လျှာရှည်သမျှ စာပြန်”ဟူသောအသုံးသည် ကဲ့ရဲ့ခြင်း အနက်ကို မရည်ညွှန်း၊ ဂုဏ်ပြောင်ထွန်းသော ဝေါဟာရဖြစ်ပေ၏။ အနန္တဂုဏ်ရှင် သဗ္ဗညုတသခင်ကြီးသည်ပင် ရှည်လျား သောလျှာတော်ရှိသဖြင့်သာ ယောက်ျားမြတ်အင်္ဂါနှင့်ပြည့်စုံခြင်းဖြစ်ပါသတတ်။)

အမှန်စင်စစ် သူကိုယ်တိုင်သည်လည်း သာမဏေကျော်၊ အဌကထာပြန်အကျော်၊ ဓမ္မာစရိယဘယ်နှစ်ထပ်ကွမ်း နှင့် တိပိဋကအောင်ပန်းဟူပေသော ဘွဲ့ထူး ဂုဏ်ထူး ရွှေရောင်မြူးသည်များကို မက်မောသော ပုထုဇဉ် စိတ်ကူး လေးတော့ မွေးမြူခဲ့မိကြောင်း ၀န်ခံရပေမည်။ သို့တစေမူ သူကား ညံ့ခဲ့၏၊ အ,ခဲ့၏၊ ဆွံ့ခဲ့၏၊န,ခဲ့၏။ ဖျင်းခဲ့ပေ၏တကား။ သာမဏေကျော်လည်း ဖြစ်ချင် ၀တ္ထုလည်း ဖတ်ချင်၊ သကျသီဟဓမ္မာစရိယကြီးလည်း ဖြစ်ချင် အင်္ဂလိပ်စာလည်း သင်ချင်၊ ပိဋကတ်သုံးပုံဆောင်ကြီးလည်းဖြစ်ချင် တက္ကသိုလ်ကျောင်းသားကြီး လည်းဖြစ်ချင်ဖြင့် မပြတ်မသား ခပ်ဝါးဝါးသောမောင်ရှင်တစ်ပါးသာ ဖြစ်ခဲ့ပါလေသည်။

သို့နှင့် စာမေးပွဲ စာပြန်ပွဲတို့ကို ရှောင်ကွင်းခဲ့မိပါလေသည်။ ပရိယတ်သင်ရှင်ရဟန်းတစ်ပါးနှင့် တူရုံလေးမျှ ပါဠိပထမပြန်ပွဲလေးများကိုသာ မျက်နှာမမွဲအောင် နွှဲခဲ့ဖူးပါ၏။ ခေတ်အလိုအရ တက္ကသိုလ်မှန်သမျှ တက်နိုင်ရေး အမြင်ဖြင့် အင်ထရန့်စ်(Entrance)မည်သော ၀င်ခွင့်စာမေးပွဲလေးများကိုသာ ဖြေခဲ့ဖူးပါလေ၏။ ယခုတော့ ဘွဲ့ ဘွဲ့ ဟူသော အသံကြီးကား သူ့အား ဟိန်းဟောက်နေချေပြီ။ တက္ကသိုလ်များက ပေးသည့်ဘွဲ့လေးတွေတော့ ရပါ၏။ သို့သော် အရေအတွက်ကား နည်းလှချေသည်တကား။

(၂)

သူကား အကြံအိုက်ပြီးရင်း အိုက်ကာ ခေါင်းငိုက်စိုက်ကျနေစဉ် “ ဦးဇင်းဘုရားငယ်စဉ် ကိုရင်စမောလ်တုန်းက တဖျောဖျောရနေတဲ့ ဘွဲ့တွေကို ထည့်လိုက်ပေါ့ဘုရား” ဟု အစည်းအဝေးကော်မတီထောင့်ကြား ဘယ်အချိန်က ကိုယ်ရောင်ဖျောက်ထားမှန်းမသိသော ကပ္ပိယကြီးကိုရင်သံဒိုင်က ဘာမဆိုင်ညာမဆိုင် ၀င်လျှောက်ထားသော်
“ကိုရင်သံဒိုင့်နှယ် ဦးဇင်းဘုရား အတွေးပွားနေတာကို ဘေးစကားမဆိုစမ်းပါနှင့်” ဟု ဂေါပကကိုမြသန်းက ငေါက်ငန်းလိုက်ရာ ကပ္ပိယသကောင့်သားမှာ ထောင့်ကြားတွင် ခေါင်းပုဝင်သွားလေတော့သည်။ ဟုတ်ပေ၏၊ မှန်ပေ၏၊ သူကိုရင်ချာတိတ်လေးဘ၀က ဘွဲ့အမည်နာမတွေ များခဲ့လေသည်ပဲ။

ပထမ ကိုရင်ရေ၀တဟူသောဘွဲ့။ သို့သော် မြို့ပြမှာ ရှင်ပြုခဲ့ပြီးမှ ရွာပြန်ကြွလာသည့် သူ့ထက်စီနီယာကျသော ရေ၀တတစ်ပါးကြောင့် အနားသားနိမ်းမ်ကို ထပ်ချိန်းရပြန်သဖြင့် လက္ခဏဟူသောဘွဲ့စိမ်းစိမ်းကြီးကို ရခဲ့ပြန်သ တည်း။ ရေ၀တမှ အခြားဘွဲ့တစ်မျိုးပြောင်းခြင်းသည် သူက အဦးအစမဟုတ်။ နောက်လိုက် မျှသာ ဖြစ်ချေ၏။ နာမည်ကျော်ပုဂ္ဂိုလ်ကြီးတစ်ပါးက ရှေ့သွားလမ်းပြခဲ့လေပြီတည်း။ထိုပုဂ္ဂိုလ်သူမြတ်ကြီးလောင်းလျာကိုရင်လေး၏ ဘွဲ့အမည်သည်လည်း ရေ၀တဟုပင် တွင်ခဲ့ပါသတတ်။

သို့သော် ပါရမီအရင့်အမာ ထိုရှင်သာမဏေလေးသည်ကား သူ့လို နမော်နမဲ့ ရွဲ့ရွဲ့စောင်းစောင်း အကြောင်းအကျိုးမဲ့သော ခပ်ချာချာလေးမဟုတ်ခဲ့။ စူးစမ်း၏။လေ့လာ၏။ မေးမြန်း၏။ သုစိပုဘာ ၀ိလိသိဓာ အက္ခရာရှစ်လုံးကို နေ့တိုင်းပင် သီကုံးပန်ဆင်ခဲ့သူဖြစ်ရကား ရေ၀တဟူသောဘွဲ့၏ အဓိပ္ပါယ်ကို ပရိယာယ် အမျိုးမျိုးဖြင့် မရိုးရအောင် ကြံဆလေသောဟူ၏။ သို့သော် ကိုရင်လေး၏ နုနယ်လှသော ပါဠိသဒ္ဒါအမြင်ဖြင့် အနက်မထင်နိုင်အောင်ရှိသောခဏ စီနီယာကျသောရဟန်းတော်တို့ထံချဉ်းကပ်ကာ မေးမြန်ခဲ့လေသတတ်။ ခပ်နောက်နောက်ခပ်ပျော်ပျော် ရဟန်းတော်ကြီးတို့ကား ကိုရင်လေးလက်တစ်ဆစ်က စာအရင်းအမြစ်တွေကို ကြံဆနေသည်ကို သရော်လေဟန်ဖြင့် အနက်ကြံဖန်ပေးကြလေသည်ကား “ရေ၊အကြင်သူတို့သည်။ ၀၊၀ါရင်း တုတ်ဖြင့်၊တ၊ တအားရိုက်ကြလေကုန်၏။”ဟူ၏။

အရင့်အမာ ပါရမီခက်ဖြာဝေသောကိုရင်လေးကား ရေ၀တဟူသောဘွဲ့အမည်ကို မကြိုက်နိုင်တော့လေပြီ။ သို့နှင့် သာသနာတော်လောကတွင် သြချလောက်သောဘွဲ့အမည်တော်ကို ပြောင်းလဲရွေးချယ်ခဲ့လေသတတ်။ ထိုမောင်ကိုရင်လေးသည်ကား ကျေးဇူးတော်ရှင်မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး အရှင်ရာဇဓမ္မာဘိဝံသဖြစ်လာ
သောဟူ၏။

သူနှင့်ကား ကွားခြားလှပါပေ၏။ ဘွဲ့တူနောက်တစ်ပါး အနားသား(another)ရေ၀တကြောင့် ပြောင်းဆို၍ ပြောင်း၏။ အဓိပ္ပါယ်လည်းမကြံဆ၊ ကြောင်အအကြီးပေတည်း။ လက္ခဏဟူသော နောက်တစ်မျိုးဘွဲ့ကလည်း ထောင့်ကျိုးသည်တော့ မဟုတ်။ ခင်ခင်ပုပု စုစုစွစွာ မဟ၀ှာလေးတို့၏ “ မောင်လေးလက္ခဏ” ဟု ညုတုတု ခရာတာတာ မခံသာအောင် အစခံရသော၊ ဆွမ်းခံသွားရင်း ခြေလှမ်းမှားစေသော အသည်းကွဲဘွဲ့ ပင်ဖြစ်ချေပြန်လေသည်။

သို့နှင့် ဘွဲ့နောက်တစ်ခုပေးပါမည့်အကြောင်း ဆရာဘုန်းတော်ကြီးအား လျှောက်ထားတောင်းပန် ရပြန်လေ သည်။ သူ၏ တတိယမြောက်ဘွဲ့ဆက်ခံမည့်အချိန်ကား မင်းကွန်းဆရာတော်ကြီး၏ ဘုန်းမီးနေလ တိပိဋက ဟူသော ဂုဏ်ရောင်ထွန်း၍ သာသနာ့မိုးကောင်းကင်တစ်ခွင်လုံး ပြောင်ရွှန်းသောနေသောကာလ မဟာသမယ ကြီးဖြစ်ပေရကား “ မင်းကွန်းနောက်သို့ လိုက်ကြစို့” ဟူသော ဆရာဘုန်းကြီး၏ ရည်သန်ချက်ဖြင့် မင်းကွန်းဘွဲ့ သညာ(ဂျူနီယာ)ဖြစ်ခဲ့ရလေတော့၏။

အမှန်တကယ်ပင် သူသည် ကပ္ပိယကြီးကိုသံဒိုင်လျှောက်ထားလေသော ကိုရင်စမောလ်ဘ၀မှာပင် ဘွဲ့တွေ တဖျောဖျောရခဲ့ဖူးလေသူပါတည်း။ သို့သော် ထိုဘွဲ့များကား ဘွဲ့ဖြစ်ရုံမျှသာတည်း။ အမည်သညာခေါ် စရာမျှသာတည်း၊ မင်းပွဲစိုးပွဲသဘင် အကျုံးဝင်အောင် ဂုဏ်တင်အပ် သောဘွဲ့များ မဟုတ် ချေတကား။

(၃)

တရားပွဲကျင်းပရေးကော်မတီလူကြီးလူကောင်းများကား သူ့အား ပေစောင်းစောင်းကြည့်လျက်သာ ဘွဲ့အဖြာဖြာ ထွက်လာတော့မည့်အထင်ဖြင့် ငံ့လင့်နေကြပါလေ၏။ သူကား ရွာသူရွာသား မျှော်လင့်ချက်ကြီးမားသူတို့ကိုသာ သနားမိသည်နှင့်အမျှ သူ့ကိုယ့်သူလည်း အားမရအခဲမကြေဖြစ်ရလေတော့၏။ သို့နှင့် ရွှေပြည်ကြီးတစ်ခုလုံး လက်ခံကျင့်သုံးနေသည့် ဘွဲ့ဒီဂရီဖော်ထုတ်ရေးမူကို နောက်ဆုံးလက်နက်အနေဖြင့် ထုတ်သုံးရလေတော့၏။

သာသနာ့တက္ကသီလာ စိန်ပန်းရွာတွင် ပွင့်သည့် အဓိပ္ပါယ်တစ်ခုတည်းထွက်သောဓမ္မာစရိယနှင့် ၀ိဇ္ဇာဘွဲ့ကို နှစ်ခုခွဲလိုက်၏။ အပြည်ပြည်ဆိုင်ရာ ရွှေစာတမ်းဖြင့် အံမခန်းသော ထေရ၀ါဒတက္ကသိုလ်တွင် ၀ိဇ္ဇာတန်းမတက်မီ ဒီပလိုမာလက်မှတ်ရတစ်နှစ်သင်တန်းလေးကိုလည်း တက်ရသေး၏။ ထိုဒီပလိုမာလက်မှတ်လေးကိုလည်း ဘွဲ့တစ်ခုအဖြစ်ထည့်သွင်းရေးထည့်လိုက်၏။ ထို့နောက် ထေရ၀ါဒ၀ိဇ္ဇာဘွဲ့ကို ဆက်ရေး၏။

ထို့နောက်တွင် မဟာဝိဇ္ဇာတန်းကို မပြီးမစီး နှစ်နှစ်တာတက်ခဲ့ဖူးသေးကြောင်း သတိရ၏။ ကျမ်းပြုနှစ်ကို ချန်ထားခဲ့မိ၍ ဘွဲ့ကားမရခဲ့။ သို့သော် ကိစ္စမရှိ၊မဟာဝိဇ္ဇာ(အပိုင်း-ခ)ဟု ကမ္ဗည်းထိုးမည်ဆိုပါက မဟာဝိဇ္ဇာ ဘွဲ့ရိုးရိုးထက်ပင် တစ်မျိုးအမြင်ဆန်းပေမည်။ ထို့နောက် မဇ္ဈိမဒေသဖြစ် မဟာဝိဇ္ဇာ(ပါဠိ)ဟူသော စာတမ်း ကိုကား မဇ္ဈိမဟူသောစကားလုံးထည့်သွင်းပြီး ခပ်ကြီးကြီးရေးချလိုက်ပြန်၏။ မဟာဝိဇ္ဇာဘွဲ့ပြီးသော် ပါရဂူဘွဲ့ရ မည်မလွဲတည်း၊ သို့သော် ယခုကား ကျမ်းပြုအဆင့်မျှသာ ရှိသေး၏။ ပြဿနာမရှိ၊ ပါရဂူ(ကျမ်းပြု)ဟု ရေးချ လိုက်လျှင် ပိုပြီးရှည်လျား ပိုပြီးခန့်ငြားချိမ့်မည်။

သူရေးချလိုက်သောဘွဲ့အထူးထူးကို တရားပွဲကျင်းပရေးကော်မတီလူကြီးမင်းများကား အူမြူးသောအကြည့်ဖြင့် ကြည့်ကြလေတော့၏။ ထိုသို့ကြံဆ ရှိသမျှလေးရေးချသည်ကိုပင် အချို့လူကြီးမင်းများကား အားမရကြသေး။ (၇)ဘွဲ့လေးပဲ ရှိသေးတယ် ဆိုတာမျိုးလုပ်ကြပေသေး၏။ သူကား မည်သို့မျှ မတတ်သာချေပြီ။ သို့သော် စာကြည့်တိုက်မှူးကိုသောင်းရွှေကား ဤလိုအရေးအခင်းမျိုးတွင် ဉာဏ်ပွင့်လင်းသူဖြစ်ချေ၏။

“ကျုပ်တို့ဦးဇင်းဘုရားက ရွှေပြည်ကြီးက ဘွဲ့တွေတင်မက၊ အတိုင်းတိုင်းအပြည်ပြည်က ဘွဲ့တော်တွေပါ ရသမို့ ဦးဇင်းဘုရားရဲ့ ဘွဲ့တော်ရှေ့မှာ နိုင်ငံတကာ(၇)ဘွဲ့ရ လို့ ကမ္ပည်းထိုးကြစို့” ဟု တင်သွင်းလေသော် အားလုံးက သာဓုခေါ်အတည်ပြု၍ တရားပွဲကျင်းပရေးကော်မတီအစည်းအဝေးပွဲကြီးကို ရုတ်သိမ်းခဲ့လေ၏။
ထိုညနေခင်းဆီက ရွာအ၀င်လမ်းအပါအ၀င် မြင်မြင်သမျှသောနေရာမှန်သမျှ၌ အောက်ပါဆိုင်းဘုတ်ကြီးများကို ရှုမငြီးအောင် ရေးဆွဲကာ ဓမ္မသဘာသို့ ဖိတ်ခေါ်ထားလေသတည်း။

ကမ္ဘာကျော်မဟာအထူးတရားပွဲကြီး
နိုင်ငံတကာ(၇)ဘွဲ့ရ
အရှင်ဓမ္မဂင်္ဂါ
သာသနတက္ကသီလဓမ္မာစရိယ၊ ဗုဒ္ဓဓမ္မဒီပလိုမာ
B.A(Buddhism)
B.A(BDh)
M.A(Part 2)
M.A(Pali) (India)
PhD(Thesis)

အော် သူကား ဘာမျှမပြောသာချေတကား၊ သူ့အရပ်နှင့် သူ့ဇာတ်ပေဟု နှလုံးမူရသော်လည်း မျက်နှာကား ပူလှချေသည်တကား။

Read more...

ဒုတိယအရွယ်ပါသူငယ်ချင်း။

သူငယ်ချင်း-
နုနုနယ်နယ် ၊ တို့မငယ်ပြီ
အပါးလယ်(အပါယ်လား)ဖို့ မဆွယ်နှင့် ။

ရပ်ရေး,ရွာရေး ၊ ဘာသာရေးကို
မင်းတွေးစရာ ၊ မလိုပါဟု
တာဝန်မဲ့စွာ မပြောနှင့် ။

ချမ်းသာမှလှူ ၊ နောင်မှကူဟု
အလှူဘေးရန် မပြုနှင့် ။

ညစာမစား ၊ မပျော်ပါးတဲ့
ဘိုးဘွားအလုပ် ၊ မင်းနောက်ဆုတ်ဟု
ဥပုသ်စောင့်ဖို့ မဖျက်နှင့် ။

အလုပ်မနိုင် ၊ ခါးမခိုင်မှ
တရားထိုင်ဖို့ မပြောနှင့် ။

ဒီမှာသူငယ်ချင်း-
အရွယ်ပျိုပျို ၊ တို့မအိုခင်
ဆင်ခြင်ပိုင်းခြား ၊ အိမ်စီးပွါးနှင့်
အများကောင်းစား ၊ ရပ်စီးပွါးနှင့်
သံသရာသွား ၊ ကိုယ့်စီးပွါးကို
ပိုင်းခြားဝေဖန် ၊ သတိ,ဉာဏ်ဖြင့်
စီမံသင့်တယ် သူငယ်ချင်း ။
စီမံရအောင် သူငယ်ချင်း ။

(လူလတ်ပိုင်းများသည် ရပ်ရွာတိုင်း၌ အဓိကအခန်းကဏ္ဍမှ တာဝန်ယူကြရသောသူများဖြစ်ကြ၏။
သက်ကြီးများ၏စကားကို နာခံဆွေးနွေးပြီးလျှင် သက်ငယ်များကိုပါ လက်တွဲခေါ်ဆောင်ကြရ၏။
လူလတ်ပိုင်းများ ကောင်းသောရွာကား အဖက်ဖက်မှတိုးတက်အောင်မြင်လေ့ရှိ၏။
လူလတ်ပိုင်းအရွယ်သည် ခွန်အားလည်းတက် ဉာဏ်လည်းထက်တုန်း အကောင်းဆုံးသော
အရွယ်ဖြစ်ပေရာ ပစ္စုပ္ပန်,သံသရာအတွက် အတတ်နိုင်ဆုံး ကြိုးစားသင့်ကြပါ၏။
အပျော်အပါးမျှဖြင့် တန်ဖိုးရှိလှသော အရွယ်ကို မကုန်ဆုံးစေသင့်ကြပဲ မိမိအိမ်စီးပွါး၊ရပ်ရွာ
အကျိုးစီးပွါး နှင့် သံသရာသွားကိုယ့်စီးပွါးတို့ကို စွမ်းနိုင်သမျှ ရှာဖွေဆည်းပူးရယူသင့်ကြပါ၏။)

Read more...

သီရိလင်္ကာနှင့် ဘာသာရေးအမွေ...(၁ မှ ၄)


အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခပ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့
ထွေထွေသွေးသား ကလေးများ၌
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခတ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီ ခပ်နှိပ်စေသတည်း။ ။
( အမရပူရ မဟာဂန္ဓာရုံဆရာတော်)

ဘာသာသွေး ရတနာဂုဏ်ရည် ကိုယ့်ကျင့်အဘိဓမ္မာ စာအုပ်တွေကို တွေ့ဖူးဖတ်ဖူးလိမ့်မယ်။ တိုင်းချစ်ပြည်ချစ် ကလေးချစ်တဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ စာပေလက်ရာတွေပါ၊ အထက်မှာ ဖော်ပြထားတဲ့ ကဗျာကိုဖတ်ကြည့်ရင် ကလေးတွေအတွက် ဘာသာရေးအမွေပေးဖို့ တိုက်တွန်းထားတဲ့ ဆရာတော်ကြီးရဲ့ ရင်းတွင်းက စေတနာတွေကို အထင်သားတွေ့နိုင်ပါတယ်။

အမွေဆိုတာမှာလဲ ကောင်းမွေ ဆိုးမွေဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါမယ်၊ ဆိုးမွေတွေအတွက် သီးသန့်လုပ်ဆောင်စ၇ာ မလိုပေမယ့် ကောင်းမွေအတွက်တော့ သီးသန့်လုပ်ဆောင်ကြရတာပါ။ အမွေနဲ့ပတ်သက်ပြီး ဆရာဦးအောင်သင်းရဲ့ အမွေစာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဒေါ်ရိုသီကော့ပလင်းရဲ့ အမှာစာလေးကို ဒီနေရာမှာ ဖော်ပြချင်တယ်။

ဒေါ်ရိုသီကော့ပလင်းက….
ကျွန်မ၏ ရင်သွေးငယ်များ လူလားမြောက်ချိန်တိုင်အောင် ကျွန်မအသက်ရှင်ခွင့် မရနိုင်တော့ကြောင်း ကျွန်မကို ပြောလိုက်သောအခါ ကျွန်မကိုယ်စား ရင်သွေးငယ်များကို စောင့်ရှောက်နိုင်မည့် စာအုပ်တစ်အုပ်ကို ပြုစုရန် ဆုံးဖြတ်ချက်ချလိုက်သည်။

လုပ်ငန်းသဘောက ဘုရားကျောင်းနှင့် စာသင်ကျောင်းက ဖြည့်စွမ်းမပေးနိုင်သော ကွက်လပ်ကို ဖြည့်ပေးရန် ပင် ဖြစ်၍ ဘ၀၏ ပျော်ရွှင်မှုနှင့် ရောင့်ရဲမှုကို ယူတတ်သော အရည်အသွေးဖြည့်တင်းပေး ရန်ဖြစ်သည်။
ကျွန်မ၏ခံယူချက်အရ ဤသို့သောသုခကိုရရန် ရုပ်ဝတ္ထုတို့၏ ဟိုမှာဖက်အပေါ်ဆင့်တွင် ရှိသော ပရမတ္ထဆန်သည့် တရားများကို တန်ဖိုးထားတတ်ရန်ဖြစ်သည်။

ဩကာသလောကို နက်နဲစွာချစ်မြတ်နိုးတတ်ခြင်းသည်လည်း ဤသို့သောသုခမျိုးကို ပေးနိုင်သည်. သဘာဝလောကကြီးကို တသားတည်းဖြစ်အောင် နေတတ်ခြင်းအားဖြင့် ဘာမှမဟုတ်သည့် လောကီအောင်မြင်မှု ဆုံးရှုံးမှု စသည်တို့ကို သာမာန်အသေးအဖွဲ ကိစ္စလေးအဖြစ် သဘောထားနိုင်လောက်အောင် ဤစကြာဝဠာကြီးက သွန်သင်ပေးနိုင်ပေလိမ့်မည်။

ချုပ်တည်းသည်းခံခြင်းနှင့် သတ္တိတို့သည်လည်း တင့်တယ်သောဘ၀ရှင်သန်မှုအတွက် မရှိမဖြစ်သော အရည်အသွေးများဖြစ်သည်။ နောက်ဆုံးအားဖြင့် စိတ်ထား မနသီ၌သာလျှင် တွေ့နိုင်သော သန္တိသုခကို သဘောပေါက်လာကြစေရန်ဖြစ်သည်။ ဤသို့သောဘ၀လမ်းညွှန်မှု သွန်သင်မှုများကို ကျွန်မဘ၀တွင် အထောက်အကူပြုခဲ့လှသော စာအုပ်စာပေများမှ ထုတ်ယူလမ်းညွှန်တော့မည်ဟု ဆုံးဖြတ်လိုက်ပါသည်၊ တဲ။

ဒေါ်ရိုသီကော့ပလင်းက ပရမတ္ထဆန်သည့် တရားများကိုတန်ဖိုးထားတတ်ရန်နှင့် တင့်တယ်သော ဘ၀ရှင်သန်မှုအတွက် သတ္တိရှိရန် အမွေပေးလိုကြောင်း နိဒါန်းသွယ်ခဲ့တယ်။
ဗုဒ္ဓကတော့ ပစ္စည်းအမွေ ဓမ္မအမွေဆိုပြီး နှစ်မျိုးရှိရာမှာ ဓမ္မအမွေကို ခံယူနိုင်အောင် ကြိုးစားဖို့ မိန့်မှာတော်မူပါတယ်။
မြန်မာ့ယဉ်ကျေးမှုသမိုင်းမှာလဲ ပုဂံရဲ့ ယဉ်ကျေးမှု ပုဂံရဲ့စာပေတွေကိုသာ ဆက်မထိန်းနိုင်ခဲ့ရင် မြန်မာစာ မြန်မာယဉ်ကျေးမှုဆိုတာ ဖြစ်နိုင်ချေ အားနည်းသွားမှာ သေချာပါတယ်။ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်စု မိသားတစ်စု ပုဂ္ဂိုလ်တစ်ဦးရဲ့ ဆိုးမွေကိုသင်ခန်းစာယူခြင်းနှင့် ကောင်းမွေကို ပြန်ပွားအောင် ထိန်းသိမ်းလက်ဆင့်ကမ်းခြင်းဟာ အားလုံးအတွက် အရေးကြီးတယ်လို့ သတ်မှတ်နိုင်တယ်။
သီရိလင်္ကာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ သီရိလင်္ကာပြည်သူတွေရဲ့ နေထိုင်မှုဟာ ဘာသာတရားအပေါ်အခြေခံပြီး ပေါ်ပေါက်ခဲ့တယ်၊ အထူးသဖြင့် သီရိလင်္ကာလူမျိုးတွေဟာ သူတို့ရဲ့မျိုးဆက်သစ် ကလေးတွေကို ဘာသာရေး ကောင်းမွေတွေပေးနိုင်ဖို့ စနစ်တကျပြင်ဆင်ခဲ့တာကို တွေ့ရတယ်။
ဒီလို ဘာသာရေးကောင်းမွေတွေ ပေးဖို့ အကောင်းဆုံးလုပ်ဆောင်ချက်ကတော့ တစ်နိုင်ငံလုံး Sunday School ကျောင်းများဖွင့်လှစ် သင်ကြားပေးနိုင်ခြင်းပါပဲ။ ။


အပိုင်း (၂)


သီရိလင်္ကာတစ်နိုင်ငံလုံး မြို့နယ်တိုင်း ရပ်ကွက်တိုင်း ကျေးရွာတိုင်းမှာ ဆန်းဒေးစကူးလ်ကျောင်းတွေ ဖွင့်ထားတာ တွေ့ရတယ်။ ဖွင့်ရုံသာ မဟုတ်ဘဲ စနေ တနင်္ဂနွေနေ့ ရောက်လို့ အဲဒီကျောင်းတွေကို သွားကြည့်ရင် ကလေးငယ် တစ်ရာကနေ ထောင်ကျော်အထိ ဘာသာရေးစာပေတွေ လေ့လာသင်ယူနေတာကို တွေ့နိုင်တယ်။ အံ့ဩစရာ ကောင်းလှပါဘိတော့။
လုပ်ငန်းကြီးတစ်ခု ယန္တရားကြီးတစ်ခုပုံမှန်လည်ပတ်နိုင်ဖို့ ဆောင်ရွက်ရတာ လွယ်ကူတာတော့ မဟုတ်ဘူး၊အခုတော့ သီရိလင်္ကာရဲ့ ဘာသာရေးကောင်းမွေပေးနေတဲ့ ဆန်းဒေးစကူးကျောင်းတွေ ပုံမှန်လည်ပတ်မှုကတော့ အရှိန်အဟုန်နဲ့ကို ဖြစ်နေပါပြီ။ဒီလိုဆန်းဒေးစကူးလ်ကျောင်းတွေ နိုင်ငံအ၀ှန်း ဖြစ်ထွန်းဖို့ စတင်ခဲ့သူကတော့ အမေရိကန်နိုင်ငံသား ဟင်နရီအောလ်ကော့ ဆိုသူဖြစ်ပါတယ်။ ၁၈၈၁ ခု ဖေဖ၀ါရီ ၁၃ ရက်နေ့က ကိုယ့်အားကိုယ့် တည်ထောင်ခဲ့တာပါ။ ဟင်နရီအောလ်ကော့ ဆိုတာ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းမှာ အသုံးပြုနေတဲ့ သာသနာအလံကို စတင်တည်ထွင်သူလဲ ဖြစ်တယ်။ ရောင်ခြည်တော်ခြောက်ပါးကို ဖော်ညွှန်းတဲ့ သာသနာ့အလံဟာ ဟင်နရီအောလ်ကော့ရဲ့ လက်ရာပါ။
နောက်ပိုင်းကျမှ နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက်ပေးခဲ့တယ်။ အခုဆိုရင် သီရိလင်္ကာရဲ့ ဆန်းဒေးစကူးလ် သက်တမ်းဟာ နှစ်ပေါင်းတစ်ရာ ကျော်ခဲ့ပါပြီ၊ ဒီနေ့တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ သမ္မတ ၀န်ကြီးချုပ်။ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးများဟာ ဆန်းဒေးစကူးလ်ကျောင်းဆင်းများပဲ ဖြစ်ပါတယ်။
သမ္မတ ၀န်ကြီးချုပ်အရွေးခံမယ့်သူဟာလဲ ဗုဒ္ဓဘာသာဝင်သာဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းကလဲ ရှိနေပါသေးတယ်။ သမ္မတအဖြစ် ရွေးကောက်ခံပြီး ကျမ်းသစ္စာကျိန်ရတယ်။ ကျမ်းသစ္စာကျိန်ပြီးတဲ့ သမ္မတအသစ်ဟာ အနုရာဓပူရမြို့ရှိ မဟာဗောဓိပင်နှင့် ကန္ဒီမြို့ ရှိ စွယ်တော်တို့ကို ဦးတိုက်ပူဇော်ရပါတယ်။ပြီးရင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ဂိုဏ်းချုပ်ဆရာတော်ကြီးများကို ဦးတိုက်ရပြန်ပါတယ်။ ဒါကတော့ မဖြစ်မနေလုပ်ရမယ့် သီရိလင်္ကာသမ္မသစ်ရဲ့ စည်းကမ်းတစ်ခုပါ။
ဆန်းဒေးစကူးလ်ဆိုတာ စနေ တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓ၀င် ရာဇ၀င် ယဉ်ကျေးမှုစတာတွေကို အထူးသင်ပေးတဲ့ ကျောင်းပဲ ဖြစ်တယ်။ ပုဂ္ဂလိက ကျောင်းမဟုတ်ဘူး၊ နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို သတ်မှတ်ပေးပြီး စည်းမျဉ်းဥပဒေနှင့်အညီ ဖွင့်လှစ်ထားတဲ့ ကျောင်းမျိုးပါ။
ဆန်းဒေးစကူးလ်ကျောင်းများဖွင့်လှစ်ဖို့အတွက် သီးသန့်မြေနေရာ ရှာစရာမလိုဘဲ ဘုန်းတော်ကြီးကျောင်းဝင်းများအတွင်းမှာသာ ထားရှိခြင်းဖြစ်ပါတယ်။ ဘုန်းကြိးကျောင်းရှိရင် ဆန်းဒေးစကူးလ်ကျောင်းရှိပြီလို့ သတ်မှတ်နိုင်တယ်..အသေး အကြီးသာကွာခြားတယ်။ အတုယူထိုက်ပေစွ.
အမိမြန်မာပြည်မှာ ဘုန်းကြိးကျောင်းတွေ များစွာ သံဃာများစွာ ရှိနေပါပြီ။ စည်းကမ်းနဲ့ စနစ်တကျ ရေးဆွဲထားတဲ့ ပညာရေးစနစ်တစ်ခုလုပ်ပေးလိုက်ရင် အကောင်အထည်ပေါ်ဖို့ လွယ်ကူမယ်လို့ မျှော်လင့်မိတယ်။(နွေရာသီယဉ်ကျေးမှု သင်တန်းတွေတော့ ရှိတယ်၊ ရက်တိုဖြစ်ခြင်း တနိုင်ငံလုံး ဖွင့်လှစ်မပေးနိုင်ခြင်းနဲ့ အားပေး ပံ့ပိုးသူ နည်းခြင်းတို့ဟာ အမိမြန်မာရဲ့ ဟာကွက်ဖြစ်နေပါသေးတယ်)
ဘုန်းကြိးကျောင်းဝင်းထဲမှာ ဖွင့်ထားတာမို့ စွမ်းဆောင်နိုင်တဲ့ ဘုန်းကြိးများက ဆန်းဒေးစကူးလ်ရဲ့ ကျောင်းအုပ်တာဝန်ကိုယူရပါတယ်.. အချို့ အချို့ကျောင်းများမှာတော့ ကျောင်းထိုင်ဆရာတော်များက ပံ့ပိုးမှုအပိုင်းကိုသာ တာဝန်ယူကြတာကို တွေ့ရတယ်။ ဒါကိုထောက်ဆရင် ဘုန်းတော်ကြီးများလဲ လောကုတ် လောကီစာပေ အထွေထွေမှာ တတ်သိဖို့လိုတယ်ဆိုတာ ထင်ရှားပါတယ်။
အဲဒီဆန်းဒေးစကူးလ်ကျောင်းတွေ ရေရှည်ရပ်တည်နိုင်ဖို့ ပြည်သူလုထုက ပံ့ပိုးပေးရသလို အစိုးရက ပုံမှန်မပျက် ပံ့ပိုးပေးပါတယ်။ ဒီလို ဆန်းဒေးစကူးလ်ကျောင်းမှာ စေတနာ့ဝန်ထမ်းဆရာဖြစ်ချင်တယ်ဆိုရင် ဆရာဖြစ်သင်တန်းကို တက်ရောက်ပြီးမှ ဖြစ်ခွင့်ရပါတယ်။ ဆရာဖြစ်သင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်မှ ဆန်းဒေးစကူးလ်ကျောင်းမှာ စေတနာ့ဝန်ထမ်း ဆရာလုပ်ရတာပါ။

ဆရာဖြစ်သင်တန်းမှာ ဒီလိုပို့ချချက်တွေကို ပို့ချပေးပါတယ်….
၁။ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးတရား။

၂။ ခန္ဓာ အာယတန ဓာတ် သစ္စာ

၃။ ပဋိစ္စသမုပ္ပါဒ်။ သမထ၊ ၀ိပဿနာ တို့ကို သင်ပေးပါတယ်။

သာသနာတော်ရဲ့အလေ့အထ ဘာသာရေးကျင့်စဉ်တွေကို လက်တွေ့လုပ်ဆောင်ခိုင်းပြီးမှ ဆရာအဖြစ်ခန့်အပ်တာကလဲ မှတ်သားစရာပါ။ သာသနာတော်ကို ကြည်ညိုတဲ့ သဒ္ဓါတရား ခိုင်မြဲသင့်သလောက် ခိုင်မြဲပြီးမှ မျိုးဆက်သစ်ကလေးငယ်တွေကို စာသင်ပေးခွင့်ရတာပါ။

သီရိလင်္ကာရဲ့ ပညာရေးစနစ်အရ ကလေးများဟာ အသက်ငါးနှစ်ပြည့်မှ အစိုးရသူငယ်တန်းမှာ ပညာသင်ယူရပါတယ်။ ဆန်းဒေးစကူးလ်မှာလဲ အစိုးရစာသင်ကျောင်းများမှာလိုပဲ အတန်းတွေကို သူ့အဆင့်နဲ့သူ ခွဲထားတယ်။
အစိုးရကျောင်းမှာ သူငယ်တန်းဆိုရင် ဆန်းဒေးစကူးမှာလဲ သူငယ်တန်းပါပဲ။
ဆန်းဒေးစကူးလ်ကို
၁။ သူငယ်တန်း (Primary)
၂။၁-တန်းမှ ၁၀ တန်း
(Great 1 to Great 10)
၃။နောက်ဆုံးအဆင့် ၁၊ ၂ ( Final 1। Final 2) ဆိုပြီး အတန်းပေါင်း ၁၃ တန်းခွဲခြားထားတယ်။

အပိုင်း (၃)
ဆန်းဒေးစကူးလ်ကျောင်းမှာ အတန်းဆယ့်သုံးတန်း ခွဲခြားထားတယ်။ ပြဋ္ဌာန်းကျမ်းစာများကို စုစည်းလိုက်တဲ့အခါ ........

ငါးရားငါးဆယ်လာ ဇာတ်တော်များ၊
ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်က အဖြစ်အပျက်များ၊
ယင်းအကြောင်းအရာများကို ရေးဖွဲ့ထားသည့် ကဗျာများ ၊
ပါရမီဆယ်ပါးအကြောင်း၊
ဒါန သီလစသော ပုညကိရိယ၀တ္ထုဆယ်ပါးတို့၏ အဓိပ္ပာယ်၊

ဘုရားဖြစ်တော်စဉ် ဗုဒ္ဓ၀င်အကြောင်း၊
ပရိတ်ကြီးပါဠိနှင့် အဓိပ္ပာယ်၊ သုတ္တနိပါတပါဠိတော်လာ မှတ်သားဖွယ်ရာ တရားတော်များ၊
သီရိလင်္ကာ ဗုဒ္ဓဘာသာ သမိုင်း၊
ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် ရှေးဟောင်းယဉ်ကျေးမှု ဗိသုကာအကြောင်း၊
ရှေးဘုရင်တို့၏အောင်ပွဲနှင့် စစ်သူကြီးများ၏ အစွမ်းသတ္တိကို ဖော်ပြထားသည့် ရာဇ၀င်များ ၊

ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ ကွဲပြားခြားနားပုံ၊
ဗုဒ္ဓဘာသာဝင်နိုင်ငံတို့၏ ပထ၀ီအနေအထား၊
၎င်းနိုင်ငံများသို့သာသနာ ပြန့်နှံ့ပုံများကို သင်ကြားပေးပါတယ်၊ ဆင်ဟာလိဘာသာ စကားသက်သက်ဖြင့် သင်ကြားခြင်း မဟုတ်ဘဲ အတန်းအလိုက် အင်္ဂလိပ်လိုပါ သင်ကြားပေးတာကို တွေ့မြင်ရတယ်၊ အချို့ ဆန်းဒေးစကူးလ်ကျောင်းများမှာ အင်္ဂလိပ်စာ ဒီပလိုမာတန်းကိုပါ ဖွင့်လှစ်သင်ကြားပေးနေကြပါပြီ။

ဆန်းဒေးစကူးလ်ကျောင်းများ ရေရှည်တည်တံ့ဖို့ ရည်ရွယ်ကာ အတန်း အသီးသီးက ပြဋ္ဌာန်းကျမ်းစာအုပ်ကို သီရိလင်္ကာနိုင်ငံ သာသနာရေးဝန်ကြီးဋ္ဌာနက ရိုက်နှိပ် ထုတ်ဝေပြီး အခမဲ့ဖြန့်ဝေပေးခြင်းပါပဲ။
ဆန်းဒေးစကူးလ် စာမေးပွဲများကို နိုင်ငံတော်က ကမကထပြုလုပ် ကျင်းပပေးတာ ဟာလဲ ဘာသာရေး ကောင်းမွေပေးရာမှာ ကလေးများရဲ့ တန်ဖိုးကို လေးလေးနက်နက် အသိအမှတ်ပြုပေးခြင်းတစ်မျိုးလို့ ဆိုနိုင်ပါမယ်။

ဆန်းဒေးစကူးလ် ကျောင်းသား ကျောင်းသူများဟာ တနင်္ဂနွေနေ့ရောက်ပြီဆိုရင် မနက် ၇ နာရီမှာ ကျောင်းကိုရောက်အောင် လာကြရတယ်၊ ကျောင်းတက်တဲ့အခါမှာလဲ အထက်အောက် နှစ်ခုစလုံး အဖြူရောင်ဝတ်စုံများကို ရိုးရာဓလေ့အတိုင်း ၀တ်ဆင်ကြရတယ်၊ ယောင်္ကျားလေးများအတွက် လည်ကတုံး လက်ရှည် အင်္ကျီကိုဝတ်ဆင်ရပြီး။ မိန်းခလေးများအတွက် ဆာရီရိုးရာ အဖြူဝတ်စုံကို ၀တ်ဆင်ကြရပါတယ်။ ခေတ်ပေါ်အ၀တ်အစားများ လက်ဝတ်ရတနာများ အကြောင်အကြား အရောင်များကို လုံးဝ ၀တ်ခွင့်မပြုပါဘူး။

ဒီလိုစည်းကမ်းသတ်ပေးခြင်းဖြင့် ကလေးငယ်များ ဂုဏ်တု ဂုဏ်ပြိုင်ဝတ်စားဆင်ယင်မှု ကင်းဝေးပြီး ညီညွတ်မှုပိုဖြစ်စေတယ်လို့ ယုံကြည်ထားကြတာပါ၊ဆင်းရဲလဲ ဒီလိုအဖြူရောင်၊ချမ်းသာလဲ ဒီလိုအဖြူရောင်လေးကိုပဲ ၀တ်ဆင်ကြရတယ်။

ကလေးများရဲ့စိတ်မှာ ဗုဒ္ဓစာပေ ယဉ်ကျေးမှုကို သင်ယူခြင်းကသာ ဆန်းဒေးစကူးလ်ကျောင်းရဲ့ အဓိကအချက်ဆိုတာကိုလဲ အလိုလို နားလည်နေပါတယ်။

ဘုန်းကြီးကျောင်းများကို ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများဟာ ကျောင်းဝင်းအတွင်းမှာ စိုက်ပျိုးထားတဲ့ ပန်းပင်များမှ ပန်းများကိုခူးယူ ရေဆေးပြီး ဗောဓိပင်များမှာ ထားရှိတဲ့ ပန်းတင်ခုံပေါ်မှာ စီတန်းထားခြင်းဖြင့် ပူဇော်ကြတယ်။ တချို့ ကလေးများကတော့ မိမိတို့အိမ်မှာ အမွှေးတိုင် ဖယောင်းတိုင်များကို ယူဆောင်လာပြီး ဗောဓိပင်ခြေရှိ ပန်းတင်ခုံ ဆီးမီးတင်ခုံပေါ်မှာ ထွန်းညှိပူဇော်ကြတယ်(သီရိလင်္ကာလူမျိုးတွေရဲ့ ဗောဓိပင်ပေါ်ထားရှိတဲ့ ရိုသေလေးမြတ်မှုကို သီးသန့်ရေးပါအုံးမယ်)၊

စာသင်ခန်းမ၀င်မှီ မနက် ၈ နာရီ သုံးဆယ်မှာ ဩ၀ါဒခံယူပွဲကျင်းပတယ်။ဩ၀ါဒခံယူပွဲ မစမှီ နိုင်ငံတော်သီချင်း၊ ဆန်းဒေးစကူးလ်သီချင်းတွေကို စီတန်းသီဆိုရတယ်၊ နိုင်ငံချစ်စိတ် ဘာသာချစ်စိတ်ဝင်လာအောင် လုပ်ဆောင်ပေးခြင်းပါပဲ၊

တန်းစီနေသည့်ကျောင်းသား ကျောင်းသူများထဲမှ ဆယ်ယောက် ဆယ်ငါးယောက်ခန့်က အမွှေးတိုင် ပန်းခြင်းများကို စုပေါင်းသယ်ဆောင်လာပြီး ကျောင်းသား ကျောင်းသူတိုင်းကို လက်နဲ့တို့ထိစေပါတယ်၊
ပြီးရင် ဗောဓိပင်မှာ ကပ်လှူပူဇော်ပြီး ဣတိပိသော ဘဂ၀ါ စတဲ့ ဘုရားဂုဏ်တော် ။ သွက္ခာတ စတဲ့တရားဂုဏ်တော်နဲ့ သုပ္ပဋိပ္ပန္နစတဲ့ သံဃာဂုဏ်တော်ကို သံပြိုင်ရွတ်ဆိုပူဇော်ကြတယ်၊ ပြီးရင် ငါးပါးသီလ ခံယူဆောက်တည်ကြပါတယ်၊(ကလေးများရဲ့ ဘုရားစာရွတ်ဖတ်သံဟာ မနက်ခင်းရဲ့ ကျက်သရေကို ပိုပြီးအလှဆင်နိုင်သလို ကြားရသူတို့ ဟဒယနှလုံးမှာလဲ ပီတိဖုံးစရာ ကောင်းလှပါတယ်၊)

ဒီအစီအစဉ်တွေ အားလုံးပြီးမှ ရဟန်းတစ်ပါးရဲ့အထံကနေ ဩ၀ါဒခံယူကြတယ်.မတ်တပ်ရပ်ပြီး နားထောင်ရတဲ့ ဒီဩ၀ါဒပေးပွဲဟာ လေးဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပါတယ်၊ ပြီးမှ စာသင်ခန်းအသီးသီးကို ၀င်ရောက်ပြီး သင်ခန်းစာများ လေ့လာသင်ယူရပါတယ်၊

နေ့လည် ၁၁ နာရီအချိန်မှာ အားလပ်ချိန် ဆယ်မိနစ်ခန့် ပေးပါတယ်။ အားလပ်ချိန်အတွင်းမှာ ကလေးများအားလုံးကို ပေါင်မုန့် လက်ဘက်ရည်စတဲ့ သရေစာကျွေးမွေးတယ်။ အလှူရှင်ရှိလျှင် အလှူရှင်များက လှူဒါန်းပြီး အလှူရှင် သီးသန့်မရှိပါက ကျောင်းထိုင်ဘုန်းကြီးက ကျွေးမွေးရတယ်။

ဆယ်မိနစ်ခန့်နားပြီး စာသင်ခန်းအတွင်းပြန်ဝင်ကာ စာသင်ယူကြရပြီး နေ့လည် ၁၂ နာရီခွဲမှာတော့ စာသင်မှုပြီးဆုံးသွားပါတယ်။ သင်တန်းပြီးဆုံးချိန်မှာတော့ ကျောင်းသားကျောင်းသူ အားလုံးဟာ ဗောဓိပင်ရှိရာ မျက်နှာမူပြီး မေတ္တာပို့ အဲဒီနောက်မှ ဗောဓိပင်ကို ပူဇော်ရပါတယ်။ ဒီလိုပူဇော်ပြီးမှသာ စာသင်ခန်းအတွင်းက ထွက်ခွါခွင့်ရကြတယ်။ စာသင်ခန်းကထွက်ခွါသွားတဲ့ သူတို့လေးတွေရဲ့ ခြေလှမ်းတိုင်းမှာ ဘာသာရေးအရိပ်အငွေ့လေးတွေ တွယ်ငြိသွားတာ တကယ့်ကို ကျေနပ်စရာပါ။ ။


အပိုင်း (၄)
သီရိလင်္ကာ ကလေးငယ်များဟာ ဒီလို ဘုရားရှိခိုး၊ ဩ၀ါဒခံယူ၊ ဗုဒ္ဓစာပေတွေ သင်ကြားရတာ တစ်ရက်မဟုတ် တပတ်မဟုတ် ဆယ့်သုံးနှစ် တိတိကြာမြင့်တယ်။ နှစ်များစွာ ဗုဒ္ဓတရားများနဲ့ ထိတွေ့နေရတော့ ကလေးများရဲ့ ဘာသာချစ်စိတ် လူမျိုးချစ်စိတ်တွေ ခေါင်းထဲမှာ သံမှိုနှက်ထားသလို စွဲမြဲကုန်တယ်၊ ဗုဒ္ဓ၀ါဒ အခြေခံ အုတ်မြစ်လဲ ခိုင်မာသွားပါတော့တယ်။ အံ့ဩစရာ ဘာသာရေးကောင်းမွေ ပေးခြင်း မဟုတ်ပါလား၊

သီရိလင်္ကာကလေးငယ်တွေဟာ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်ရောက်ရောက် ဘာသာကူးပြောင်းတယ်ဆိုတာ မရှိသလောက် ရှားပါးတယ် လို့ သီရိလင်္ကာဘုန်းကြီး တစ်ပါးက ပြောပြတော့ အော်.. ငါတို့မြန်မာတွေလဲ ဒီလိုလေးတွေ လုပ်ပေးနိုင်ရင် ဘယ်လောက် ကောင်းမလဲဆိုတဲ့ အတွေးများ တဖွားဖွား ဖြစ်မိတာတော့ အမှန်ပါပဲ၊

ကလေးငယ်များဟာ ဘုန်းတော်ကြီးများရဲ့ ဩ၀ါဒခံယူ ၊ဗုဒ္ဓစာပေတွေကိုလဲ နှစ်များစွာသင်ကြားခွင့်ရလေတော့ ဗုဒ္ဓဘာသာကျင့်ဝတ်တွေမှာလဲ ကျွမ်းကျင်ကြတယ်၊ ဘုရားလောင်းစိတ်ဓာတ်ကိုလဲ ခရေစေ့တွင်းကျ သိကြတယ်၊ သူတို့ရဲ့ ဘာသာသွေးများက ရဲရဲတောက် နီရဲလို့နေပါတယ်၊
နိုင်ငံတော်အစိုးရ ကိုယ်တိုင်ကလည်း ဆန်းဒေးစကူးလ်ကျောင်းကို မတက်မနေရ စည်းမျဉ်းသတ်မှတ်ထားတော့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားဖြစ်ကုန်ပါတော့တယ်၊
သမ္မတတွေ ဘယ်လိုပြောင်းပြောင်း သေချာတာတစ်ခုကတော့ တက်လာတဲ့သမ္မတတိုင်းက ဆန်းဒေးစကူးလ်ကျောင်းတွေကို အားပေးခြင်းပါ၊ ဆန်းဒေးစကူးလ်ကျောင်း အောင်လက်မှတ်ရဲ့ တန်ဖိုးကလဲ မနည်းလှ၊ အလုပ်လျှောက်တဲ့အခါမှာတောင် ဆန်းဒေးစကူးလ်ကျောင်း အောင်လက်မှတ်ပြနိုင်မှ အလုပ်ရတယ်လို့ ဆိုပါတယ်၊ ထိပေစွ မိပေစွ စည်းကမ်းများပဲ မဟုတ်ပါလား။

နောက်ထပ်မြတ်နိုးစရာ ကောင်းတဲ့ အလေ့အထတစ်ခုက ဘာသာရေးပွဲတော်များ၊ အိမ်မှာပြုလုပ်တဲ့ အလှူမင်္ဂလာအခမ်းအနားများမှာ ကလေးငယ်များဟာ သံဃာတွေနဲ့ အနီးဆုံးနေရာမှာ ထိုင်ခွင့်ပေးခြင်းပါပဲ၊ အမိမြန်မာပြည်မှာတော့.. ဟဲ့ ကလေး မငိုနဲ့နော်.. ငိုရင် ဘုန်းကြီးက ရိုက်လိမ့်မယ်လို့ မေမေများက ပြောကြလေတော့.. ဘုန်းကြီးနဲ့ ကလေးကို ရန်တိုက်ပေးသလို ဖြစ်ကုန်တော့တာပါ၊

တကယ်ဆိုတော့ ဘုန်းကြီးဆိုတာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးတဲ့ သူတော်စင်တွေပါ၊ ကလေးတွေကို ရိုက်နှက်တတ်တဲ့ လူကြမ်းကြီးများ မဟုတ်ပါဘူး၊
သံဃာတော်များကို ဆွမ်းလိုက်စရာ ဟင်းလိုက်စရာရှိရင်လဲ ကလေးငယ်များကိုပဲ ဦးစားပေးလိုက်ခိုင်းကြတာတွေ့ရတယ်၊ အောက်ထစ်ဆုံး အလှူပြီးလို့ ရေစက်ချတော့မယ်ဆိုရင်တောင် ကလေးငယ်များကို ရေစက်ခွက် ကိုင်ခိုင်းကြတယ်။

ကလေးငယ်များကိုယ်တိုင်လဲ ဆန်းဒေးစကူးလ်က သင်ပေးလိုက်တဲ့ ဣဒံ မေ ဥာတီနံ ဟောတု သုခိတာ ဟောန္တု ဥာတယော ဆိုတဲ့ ရေစက်ချ စာတမ်းကို ကိုယ်တိုင် ဆိုပြီး ရေစက်ချနိုင်ကြတာတွေ့ရတော့…တကယ့်ကို ပီတိဖြစ်စရာကြီး ဖြစ်နေပါတော့တယ်၊

သံဃာတော်များကို မြင်ရင် သူ့တို့လေးတွေဟာ ကြောက်ရွံ့မနေဘဲ စာဓု စာဓုလို့ အော်ခေါ်ကာ အပြုံးနဲ့ နှုတ်ခွန်းဆက်တတ်ကြတယ်၊ ဓာတ်ခံကောင်းတဲ့ ကလေးငယ်တွေကို ဓာတ်ကောင်းလေးတွေဖြည့်စီးပေးနိုင်တော့ ကလေးများနဲ့ သံဃာများဟာ တကယ့် မဟာမိတ်ကြီးတွေ အဖြစ်ရပ်တည်နိုင်တယ်၊


ဘာသာရေးဓာတ်ကောင်းတွေ ကိန်းနေတဲ့ ကလေးငယ်များရဲ့ နှလုံးသားဟာ ပိုမိုဖြူစင်တောက်ပလာတော့တာပါ၊ ဒါကြောင့်ထင်ရဲ့ သူတို့ကို ကြည့်ရတာ အမြဲပြုံးနေတာကိုပဲ တွေ့ရတယ်၊ အသားမည်းပေမယ့် အသဲဖြူတယ်ဆိုတာ သီရိလင်္ကာလူမျိုးတွေကို ပြောကြဟန်တူရဲ့လို့လဲ တွေးမိပါတယ်၊

မဟာဂန္ဓာရုံ ဆရာတော်ကြီးကတော့ အနာဂတ်မြန်မာပြည်သာသနာအတွက် မျှော်လင့်ချက်လေးကို ဒီလို ဥဒါန်းကျူးရင့်တော်မူခဲ့တယ်။
ဒို့မြေဌာနီ ရှေးခါဆီဝယ်
မထေရ်အပေါင်း စံရာကျောင်းမှ
ငြိမ့်ညောင်းသာယာ မိန့်အာဏာကို
ရပ်ရွာလူများ လွန်လေးစားခဲ့။

ခုကားသို့နှယ် မဟုတ်ကွယ်၍
နယ်ပယ်ပေါက်ဖွား အမျိုးသားတို့
ဘုန်းဘရားကျောင်းတွင် စာမသင်တော့၊
ဤသည့်တိုင်းသာ နှစ်ပေါင်းကြာလျှင်
မြန်မာတိုင်းဖွား အမျိုးသားတို့
ဘုရားကိုစွန့် တရားစွန့်၍
စွန့်လိမ့်မှန်စွာ မြတ်သံဃာတည်း။

သို့တွက်များပြား ဘုန်းဘုရားတို့
တရားကိုကျင့် လုံအောင်ကျင့်၍
မလင့်စေရ ကိုယ့်ဒေသ၌
သိပ္ပံ ၀ိဇ္ဇာ ပြသင့်ရာကို
ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ
ဘုန်းလှိုင်ဟောပြ ဩ၀ါဒကို
စိတ်ကကြည်ဖြူ လိုက်နာယူလျှက်
ကိုယ်မှုနှုတ်ပြောင်း စိတ်လည်းကောင်း၍
နောက်နှောင်း သာသနာ
ပြည်မြန်မာသည်၊
ရှည်ကြာနေသို့ ထွန်းမည်ကိုး။ ။

သီရိလင်္ကာ ဆန်းဒေးစကူးလ်နောက်ကွယ်က အဓိပ္ပာယ်ပြည့်နှက်နေတဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို လေ့လာခွင့်ရတော့.. အော်မြန်မာပြည်မှာလဲ ဒီလို ဆန်းဒေးစကူးလ်တွေ တည်ထောင်နိုင်မယ်ဆိုရင် မြန်မာတိုင်းဖွား ရင်သွေးငယ်များရဲ့ အနာဂတ်လေးတွေ သာယာလှပနေမယ်ဆိုတာ စဉ်းစားမိနေရဲ့။ ။
ဆက်ပါအုံးမည်…


Read more...

စိတ်ညစ်ရင် ရေချိုးပါ။


တစ်ခါတုန်းက သားအဖနှစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ သားအဖနှစ်ယောက် ခရီးတစ်ခု ထွက်ဖို့ ပြင်ကြပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာ တော့အုပ်တစ်ခုကို ဖြတ်သန်းသွားရမှာပါ။ အဲဒီ တောအုပ်ထဲမှာ ဓားပြ သူခိုးတွေကလည်း ရှိနေပါတယ်။ ဓားပြသူခိုးတွေရဲ့ လုပ်ထုံးအစဉ်အလာတစ်ခုက သားအဖနှစ်ယောက် လာရင် သားကို ဖမ်းပြီး အဖေလုပ်သူကို အိမ်ပြန်ပြီး ငွေယူစေပါတယ်။ ဆရာတပည့် လာရင်လည်း ဆရာကို ဖမ်းပြီး တပည့်ကို အိမ်ငွေပြန်ယူစေပါတယ်။ ဒီလုပ်ထုံးအစဉ်အလာကို သိထားတော့ သားအဖနှစ်ယောက်က ခရီးမထွက်ခင် အဖေလုပ်တဲ့သူက “ငါ့သား ဓားပြသူခိုးတွေနဲ့ တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖတော်တယ်လို့ မပြောနဲ့ ဘာမှမတော်ဘူးလို့ ပြော” လို့ မှာပါတယ်။

ဒီလိုနဲ့ တောထဲရောက်တော့ ထင်တဲ့အတိုင်းပါပဲ။ ဓားပြသူခိုးတွေနဲ့ တွေ့ပါတယ်။ တွေ့တော့ သားအဖ နှစ်ယောက်ကို ဖမ်းပြီး “သင်တို့ဘာတော်သလဲ” လို့ မေးတော့ သားလုပ်တဲ့သူက “ဘာမှမတော်ဘူးလို့” ပြန်ဖြေလိုက်ပါတယ်။

ဒီတော့ သားအဖနှစ်ယောက် တောအုပ်က ထွက်ခွင့်ရပြီး ရှေ့ကို ခရီးဆက်ခဲ့ကြပါတယ်။

နားရမယ့်နေရာမှာနားပြီး ညချမ်းရောက်တော့ ရေချိုးပါတယ်။ ရေချိုးပြီးတော့ စိတ်ကော၊ ရုပ်ကော ကြည်နေတဲ့အတွက် သားဖြစ်သူက မိမိရဲ့ တစ်နေ့တာသီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသားပြောခဲ့ တာကို ပြန်သတိရပါတယ်။ ထိတ်လန့်သံဝေဂ ဖြစ်ပြီး “ဒီအကုသိုလ်ဟာ ငါ့ကို အပါယ်ချတော့မှာပဲ” ဆိုပြီး ရပ်လျက် ၀ိပဿနာပွားလိုက်တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ် ဖြစ်သွားပါတယ်။ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတော့ ဖခင်ကို တရားဟောပြီး နန္ဒမူလိုဏ်ဂူကို ကြွသွားပါတော့တယ်။

(ငါးရာ့ငါးဆယ်၊ ပါနီယဇာတ်)

ရေချိုးလိုက်လို့ တရားထူး တရားမြတ်ရသွားတာတော့ မဟုတ်ပါဘူး။ အတိတ်ပါရမီတွေကြောင့် ရသွားတာပါ။ ဒါပေမယ့် ရေချိုးလိုက်တာလည်း တရားထူးရဖို့ အထောက်အပံ့တစ်ခု ဖြစ်သွားတာပါ။ ရေချိုးထားတဲ့ စိတ်ကော ရုပ်ပါကြည်နေပါတယ်။ စိတ်ရုပ်ကြည်နေတဲ့အတွက် တရားအားထုတ်ရတာလည်း ပိုပြီးအဆင်ပြေ သွားပါတယ်။ ရေချိုးခြင်းဟာ တရားထူးရဖို့တောင် အထောက်အပံ့ ပေးတာဆိုတော့ စိတ်ညစ်တာလောက်တော့ အထူးပြောစရာ မလိုတော့ပါဘူး။ ဒါက၀တ္ထုသာဓကလေးကို ကိုင်ပြောတာပါ။ စာနဲ့ ကိုင်ပြောမယ်ဆိုရင်လည်း ၀ိဘင်းအဋ္ဌကထာမှာ ပညာပွားကြောင်း (၇) ပါးကို ပြထားပါတယ်။ အင်္ဂါ (၇) ပါးမှာ ဒုတိယ အင်္ဂါက ဉာဏ်ပညာပွားဖို့ အတွက် ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်း စင်ကြယ်အောင် လုပ်ပေးပါတဲ့။ သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပုံကို လည်း အကျယ် ပြန်ရှင်းပြထားပါတယ်။

ဆံပင်တွေရှည်နေမယ်၊ ခြေသည်းလက်သည်းတွေရှည်နေမယ်၊ ခန္ဓာကိုယ်မှာ ချွေးတွေ၊ ကြေးတွေ ကပ်နေမယ်၊ ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ လေဆိုးတွေရှိနေမယ်၊ ဒါဟာအတွင်းဝတ္ထုမသန့်ရှင်းတာပါ။

နောက် ကိုယ့်ရဲ့ အ၀တ်အစားတွေ ဟောင်းနွမ်းနေမယ်၊ အိပ်ရာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးတွေ ဟောင်းနွမ်း နေမယ်။ ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ ဖွာလန်ကြဲနေမယ်။ ပင့်ကူမျှင်တွေ ငြိတွယ်နေမယ်၊ စာအုပ်တွေ ပြန့်ကျဲနေမယ်။ အမှိုက်တွေ ရှိနေမယ်။ ဒါဟာ အပြင်ဝတ္ထု မသန့်ရှင်းတာပါ။

အဲဒီလို ကိုယ်တွင်းကိုယ်ပ မသန့်ရှင်းတော့ဘူးဆိုရင် စိတ်ရှုပ်လာပါလိမ့်မယ်။ စိတ်ရှုပ်လာရင် ဉာဏ်အမြင် မကြည်လင်တော့ပါဘူး။ ဒါဆိုရင် နေရထိုင်ရတာ မပျော်ရွှင်တော့ပါဘူး။

ဒါကြောင့် ဆံပင်တွေ ရှည်နေမယ်၊ ရှုပ်ထွေးညစ်ပတ်နေမယ်ဆိုရင် ညှပ်စရာရှိတာ ညှပ်၊ လျှော်စရာရှိတာ လျှော်ပေးရမယ်။ ခြေသည်း လက်သည်းတွေ ရှည်နေရင် ညှပ်ပေးရမယ်။ ခန္ဓာကိုယ်မှာ ချွေးတွေ၊ ဂျီးတွေ ရှိနေရင် ရေချိုးပေးရပါမယ်။ ခန္ဓာကိုယ်ထဲမှာ လေဆိုးတွေ အပူ အပုပ်တွေရှိနေရင် နားလည်တဲ့ ဆရာဝန်နဲ့ပြသပြီး ၀မ်းသက်စေတဲ့ ဆေး စသည်စားပြီး ခန္ဓာကိုယ် ပေါ့ပါးအောင် လုပ်ပေးရပါမယ်။

ဒါက အတွင်းဝတ္ထု သန့်ရှင်းအောင် လုပ်ပေးတာပါ။

နောက် အ၀တ်အစားတွေ ဟောင်းနွမ်းနေရင်၊ အနံ့ အသက်ဆိုးတွေရှိနေရင် လျှော်ပေးရမယ်။ စောင်တွေ၊ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေ၊ အိပ်ရာခင်းတွေကို လျှော်စရာရှိတာလျှော်၊ နေလှန်းစရာရှိတာ လှန်းပြီး ပေးရပါမယ်။ အခန်းထဲမှာ ရှုပ်ပေပွနေရင် အခန်းသန့် ရှင်းရေး လုပ်ပေးရပါမယ်။ ဒါက အပြင်ဝတ္ထု သန့် ရှင်းအောင် လုပ်ပေးတာပါ။

ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေရင် စိတ်ကြည်လင်လာပါလိမ့်မယ်။ စိတ်ကြည်လင်လာရင် ဉာဏ်ပါ ကြည်လင် လာတော့တာပါ။

တရားအားထုတ်တဲ့ ယောဂီကော၊ စီးပွားရေးလုပ်နေတဲ့ သူကော၊ ကျောင်းသူ ကျောင်းသားကော၊ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းအောင် ဂရုတစိုက် လုပ်ပေးနေရပါမယ်။

ဥပမာ - ရေချိုးပြီး တရားထိုင်တာနဲ့ ရေမချိုးဘဲ ချွေးသံတရွှဲ ရွှဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီးထိုင်လို့ ကောင်းမလဲ? ခေါင်းလျှော်ပြီး တရားထိုင်တာနဲ့ ခေါင်းမလျှော်ပဲ ဆံပင် ဖွာလန်ကြဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီး စိတ်ကြည်လင်မလဲ? အထူးပြောနေစရာ မလိုတော့ပါဘူး။ သိပ်သိသာပါတယ်။

ရေချိုးပြီးမှ တရားထိုင်ရင်ဉာဏ်ပိုပြီး သက်ဝင်ပါတယ်။ ထိုင်ရတာလည်း ပိုပြီး ကောင်းပါတယ်။ ရေချိုးထားရင် စိတ်က ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း ဖြစ်နေတာပါ။

ဒီလိုပါပဲ။ ကျောင်းသား တစ်ယောက်ဟာ စာမကျက်ခင် ရေချိုးထားရင် စိတ်ကော၊ ရုပ်ကော ကြည်နေတဲ့ အတွက် ပိုပြီး ဉာဏ်သက်ဝင်သလို စာကျက်လို့ လည်း ပိုကောင်းနေပါလိမ့်မယ်။

ကိုယ်က ဒီသဘောလေးတွေကို အာရုံပြုပြီး ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်းအောင် မကြာခဏ လုပ်ပေးနေရပါမယ်။

စိတ်ချမ်းသာနေရင် တရားအလုပ်ပဲလုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ်၊ စာပဲကျက်ကျက်၊ ဘာပဲလုပ်လုပ် အဆင်ပြေနေပါလိမ့်မယ်။

တကယ်လို့ စိတ်ညစ်လာပြီ ဆိုရင် ကိုယ်နေတဲ့ အခန်းကို သန့်ရှင်းရေး လုပ်လိုက်ပါ။ အိပ်ရာ ခြင်ထောင်၊ ခေါင်းအုံးတွေကို လျှော်ဖွပ်ပြီး အသစ်နဲ့ လဲလိုက်ပါ။ ပြီးတော့ ရေချိုးလိုက်ပါ။ ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွပ်ပြီးသား အ၀တ်လေးကို ၀တ်လိုက်ပါ။ အားလုံးပြီးတာနဲ့ အသစ်လဲပြီးသား အိပ်ရာပေါ်မှာ ကိုယ်နဲ့ သပ္ပါယဖြစ်သလို ထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှိတ်၊ လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။ တစ်ဆက်တည်းပဲ “မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံး တော်မူပါဘုရား” လို့ ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီး ဖြစ်နေလို့ ပင့်ရမှာအားနာနေရင်လည်း ဦးခေါင်းထက်ကို ပင့်လိုက်ပါ။ စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ။ မြတ်စွာဘုရားကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ ဘယ်ကြွလာမှာလဲ။ စိတ်ဓာတ်အင်အားကို ယူတာပါ။ စိတ်ထဲမှာ မြတ်စွာဘုရား တကယ်ကြွလာတယ်လို့ နှလုံးသွင်းထားရမှာပါ။ အားလုံးပြီးရင် လက်အုပ်ချီထားတာလေးချပြီါ် အရဟံ ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ၀ိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ. ဒါဆိုရင် စိတ်ချမ်းသာလာပါ လိမ့်မယ်။ မယုံရင်စမ်းကြည့်ပါ။ စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲ လုပ်တာပါ။ ဒါဆိုစိတ်ညစ်တာ ပျောက်သွားတာ များပါတယ်။ ကိလေသာ မကင်းသရွေ့တော့ စိတ်တွေက အခါအားလျှော်စွာ ညစ်နေရဦးမှာပါ။ စိတ်ညစ်တာကို ညစ်တဲ့ အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့ နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ။ ရေချိုးလိုက်တာကတော့ သိပ်ပြီး မခက်လှပါဘူး။

ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေးတစ်ခုလုပ်ထား လိုက်ဖို့ပါ။ “စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ ဂုဏ်တော် မေတ္တာလေး ပွားလိုက်၊ စိတ်ညစ်လာတာနဲ့ ရေချိုးလိုက် ဂုဏ်တော်မေတ္တာလေး ပွားလိုက်” နဲ့ ကျင့်ပါများသွားရင် အထုံဖြစ်သွားပါလိမ့်မယ်။ အထုံဖြစ်သွားရင် စွဲသွားတာ များပါတယ်။ ကောင်းတဲ့ အထုံလေးတွေဆို စွဲနေအောင်လုပ်ထားရပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက်အနေနဲ့ အကုသိုလ်မကင်းတဲ့ တခြားတစ်ခုခုကို သွားလုပ်မယ်ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲသွားတတ် ပါတယ်။ မကောင်းတာ စွဲသွားရင် ဖြတ်ရတာခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ် မကင်းတဲ့ အပြုအမူတွေ စွဲသွားတဲ့ သူတွေအများကြီးပါ။ တွေ့ဖူး မြင်ဖူးကြမှာပါ။

တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက်ပြောတဲ့သူက ကောင်းမြတ်တဲ့ အကြံပေးရင်တော်ပါရဲ့။ “ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက် ပါလား” စသည်ဖြင့် အကုသိုလ် မကင်းတဲ့ အကြံတွေ ပေးလိုက်ရင် ကိုယ့်အတွက် အများကြီးနစ်နာ သွားနိုင်ပါတယ်။

ကဲထားပါတော့။ တစ်ယောက်ယောက်ဆီဖုန်းဆက် အကြံဉာဏ်တောင်းလို့ ကိုယ်အကြံတောင်းတဲ့ သူက “လာခဲ့၊ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင်၊ လုံးဝ လန်းသွားစေရမယ်” ဆိုပြီး လှမ်းခေါ်ပါပြီတဲ့။ ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့၊ ကဲနေတုန်းမှာ လန်းတယ်လို့ ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ် ရဦးမှာပါ။ နောက်ဆုံး ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ အဖတ်တင်တာပါ။

စိတ်ညစ်တဲ့အခါ ထွက်ပေါက် မျိုးစုံတော့ ရှိနေကြမှာပါ။ အဲဒီအထဲကမှ ကောင်းတဲ့ ထွက်ပေါက်လည်းဖြစ်၊ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ ထွက်ပေါက် တစ်ခုကို အလေ့အကျင့် လုပ်ထား လိုက်ဖို့ပါ။

စိတ်ညစ်ရင် အခြားတစ်ဖက်မှာ ဆိုးကျိုးတွေ ရှိနေတဲ့အတွက် ကောင်းတဲ့ ထွက်ပေါက်လေးတွေကို အထုံတစ်ခု အနေနဲ့ စွဲနေအောင် လေ့ကျင့်ထားနိုင်ရပါမယ်။

တကယ်တော့လည်း တရားသဘောအရ ဘယ်အရာမှ မမြဲပါဘူး။ စိတ်ညစ်တာလည်း အမြဲတည်မနေနိုင်ပါဘူး. ကာလတစ်ခုပါပဲ။ ကိုယ်က မမြဲတဲ့ သဘောတရားလေးကို သေချာသဘောပေါက်ပြီး စိတ်ညစ်တာကို အကြောင်းပြုပြီး ထွက်ပေါက် အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ။ စိတ်ညစ်နေတဲ့ ကာလတိုလေးမှာ ကုသိုလ်တွေကို လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ပေတေလုပ် နေလိုက်ပါ။ ရေမချိုးခင်မှာဘဲ ဘုရားပန်းအိုးလဲတာ ဘုရား သောက်တော် ရေလဲတာ၊ ကိုယ်ကြိုက်တဲ့ အစားအစာလေးတွေကို မြတ်စွာဘုရားကို ကပ်တာ စသည်ဖြင့် လုပ်လို့လည်း ရပါသေးတယ်။ စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ် အမြတ်ထွက် အောင်လုပ်ပစ်ရမှာပါ။

ကာလတစ်ခုကြာလို့ စိတ်ညစ်တာလည်း ပျောက်သွားရော၊ ကိုယ့်ရင်ထဲကို ပြန်ကြည့်လိုက်တဲ့ အခါ ကုသိုလ်တွေ တစ်လှေကြီး ဖြစ်နေတော့တာပါ။

ဒီကုသိုလ်တွေဟာ နောက်ဘ၀အထိ အထုံဓာတ်တွေအနေနဲ့  ပါသွားတော့ မှာပါ။ အထုံဝါသနာဆိုတာ နောက်ဘ၀အထိ လိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်း ကုသိုလ်ပါရမီတွေ ပြုဖြစ်နေဦးမှာပါ။ ဒါဆိုရင် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးသွားတော့မှာပါ။

အဓိကကတော့ ဘယ်လိုအာရုံပဲကြုံလာကြုံလာ၊ ကြုံလာတဲ့အာရုံကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်သွား ဖို့ပါ။ ဒါကို ကိုယ်က အလေ့အကျင့် ဖြစ်အောင် လေ့ကျင့်၊ လေ့ကျင့်ထားဖို့ပါ။ လေ့ကျင့်ထားရင် စွဲသွားတတ်ပါတယ်။ နောင်ဆိုရင် အထူးကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး။

ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ။ ဒါဆိုရင် စိတ်ချမ်းသာလာပါလိမ့်မယ်။

ရဝေနွယ်၊အင်းမ၊

အလင်းတန်းဂျာနယ်
၇.၉.၂၀၀၉

ကျမ်းကိုး။
၁။ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရား၊ သပြေကန်ဆရာတော်။
၂။ မဟာဗုဒ္ဓ၀င် ပထမတွဲ၊ ပထမပိုင်း၊ တိပိဋကမင်းကွန်းဆရာတော်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP