ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၄)
လယ်ထွန်မင်္ဂလာ
တစ်နေ့တွင် သုဒ္ဓေါဒန မင်းကြီးသည် ပြုနေကျ လယ်ထွန်မင်္ဂလာသဘင် ဆင်ယင်ကျင်းပရာသို့ အထိန်းတော်များအား သားတော်ကလေးကိုပါ ခေါ်ဆောင်လာစေ၏။ အထိန်းတော်များသည် သားတော်ကလေးကို အရိပ်ကောင်းသော ဇမ္ဗူသပြေပင် တစ်ပင်၏ အရိပ်၌ တင်းတိမ် ကန့်လန့်ကာများ သေချာစွာ ကာရံပေးကာ ချမ်းသာစွာ စံနေစေ၏။ ခဏကြာသော် အထိန်းတော်များ အားလုံးပင် လယ်ထွန်မင်္ဂလာသဘင် ကြည့်ရှုရန် အမှတ်မဲ့ ထွက်ခွာသွားကြ၏။
သိဒ္ဓတ္တမင်းသားကလေးသည် မိမိအနီး၌ မည်သူမျှ မရှိကြောင်းသိသောအခါ ထက်ဝယ်ဖွဲ့ခွေ ထိုင်လိုက်ပြီးလျှင် အာနပါန ပထမဈာန်ကို ဝင်စားလျက်နေ၏။ အချိန်အတော်ကြာမှ အထိန်းတော်များ သတိရ၍ပြန်လာပြီး ကြည့်ရှုသောအခါ ဘုရားအလောင်းတော်ကလေး ဈာန်ဝင်စားနေသည်ကို တအံ့တသြ မြင်ကြရ၍ မင်းကြီးအား သွားရောက်လျှောက်ထားကြ၏။
သုဒ္ဓေါဒန မင်းကြီးသည် ချက်ချင်းလိုက်လာပြီးလျှင် သားတော်ကလေး၏ တည်ကြည်ငြိမ်သက် ငြိမ်းအေးသောအသွင်ကို တွေ့မြင်ရ၍ ဝမ်းသာအားရရှိလှသဖြင့် သားတော်ကလေးအား ဒုတိယ အကြိမ် အဖြစ် ရှိခိုးလေ၏။
သုဒ္ဓေါဒန မင်းကြီးသည် သားတော်သိဒ္ဓတ္ထ လောကကို ငြီးငွေ့ပြီး တောမထွက်ရေး၊ ဘုရားမဖြစ်ရေးအတွက် နန်းတော်တွင်း၌ ပျော်ပိုက်စေရန် စည်းစိမ်ချမ်းသာ အမျိုးမျိုးကို ဖန်တီး၍ ပေးထားသည်။
မိုးရာသီ၌ စံမြန်းရန် သုဘ နန်းတော်ဆောင်ကိုလည်ကောင်း၊ ဆောင်းရာသီ၌ စံမြန်းရန် ရမ္မ နန်းတော်ဆောင်ကိုလည်ကောင်း၊ နွေရာသီ၌ စံမြန်းရန် သုရမ္မ နန်းတော်ဆောင်ကို လည်ကောင်း၊ ဆောက်လုပ်၍ ရာသီအလိုက် ချမ်းသာစွာ စံနေစေ၏။ ထိပ်လန့်သံဝေဂကို ဖြစ်စေနိုင်သော လူအို လူနာ လူသေ လူဆင်းရဲ စသော အနိဋ္ဌာရုံ တို့ကို သိဒ္ဓတ္ထမင်းသား မမြင်စေရန်လည်း အမိန့်အမျိုးမျိုး ထုတ်ကာ စီမံထား၏။
သိဒ္ဓတ္ထ မင်းသား ၁၆ နှစ် အရွယ်ရောက်သောအခါ သာကီမျိုး သာကီနွယ်ဖြစ်သည့် သုပ္ပဗုဒ္ဓဘုရင် ၏ သမီးတော် ယသော်ဓရာနှင့် လက်ထပ်ပေး၏။ သိဒ္ဓတ္ထသည် ယသောဓရာ မင်းသမီးနှင့်အတူ ထီးနန်းစည်စိမ်ကို ၁၃ နှစ် တိုင်တိုင် ခံစားလျက်နေ၏။
နမိတ်လေးပါး
ဘုရားအလောင်တော် သိဒ္ဓတ္ထ အသက် ၂၉ နှစ် ရှိသောအခါ တစ်နေ့တွင် ဥယျာဉ်တော်အသွား လူအို၊ လူနာ၊ လူသေ တို့ကို မြင်ရ တွေ့ရသဖြင့် ထိပ်လန့်သံဝေဂစိတ်တွေ တဖွားဖွားဖြစ်နေ၏။ တည်ကြည်ငြိမ်သက်သော ဣနြေ္ဒနှင့် ကြည်လင်ချမ်းမြေ့သော မျက်နှာရှိသည့် ရဟန်းတော် တစ်ပါးကို မြင်သောအခါ ရဟန်းတော်ကဲ့သို့ ကြည့်လင်ချမ်းမြေ့သူ ဖြစ်လိုစိတ်တွေ ပေါ်လာသည်။
[ဤ လူအို၊ လူနာ၊လူသေ၊ ရဟန်းဟူသော နမိတ်ကြီး လေးပါးကို နတ်များ ဖန်ဆင်း၍ပြသည်ဟု ကျမ်းဂန်တို့၌ ဆို၏။ ဒီဃနိကာယ်ဆောင် မထေရ်များက နမိတ်လေးခုကို တစ်နေ့တည်းမြင်သည်ဟု ဆို၏။ ဇတ်အဋ္ဌကထာ ဆရာနှင့် အပဒါန် အဋ္ဌကထာ ဆရာတို့က တစ်နေ့တစ်ခုစီ လေးရက်မြင်သည်ဟုဆို၏။ ဗုဒ္ဓဝံသအဋ္ဌကထာ ဆရာက လေးလစီခြား၍ မြင်သည်ဟုဆို၏။]
တောထွက်ခြင်း
သိဒ္ဓတ္ထမင်းသားသည် ညနေချမ်းအခါ ဥယျာဉ်တော်အတွင်း ရေကန်ထဲ၌ ရေချိုးစဉ်မှာလည်း တောထွက်ကာ ရဟန်းပြုလိုစိတ်တွေသာ တစ်ဖွားဖွားဖြစ်ပေါ်နေ၏။ ရေချိုးပြီး၍ ဝတ်စားဆင်ယင်ပြီးနောက် နန်းတော်သို့ပြန်ရန် မြင်းရထားပေါ်တက်သောအခါ ကြင်ရာတော် ယသောဓရာတွင် သားတော်ကလေး ဖွားမြင်ကြောင်း နန်းတော်မှသတင်းပို့လာ၏။ သိဒ္ဓတ္ထ ပို၍ စိတ်လေးသွား၏။ “ဒီလိုသံယောဇဉ်အနှောင်အဖွဲ့တွေများလေ မထွက်နိုင်လေဖြစ်ကာ ဆင်းရဲနေမှာပဲ” ဟု ဆင်ခြင်မိသဖြင့် ရဟန်းမြန်မြန်ပြုရေးကိုသာ တွေးတော စဉ်းစားလျက်နေ၏။
ထိုညနေ့၌ အနှောင်အဖွဲ့တွေထဲက ရုန်းထွက်ကာ ရဟန်းပြုရေးကိုသာ အပြန်ပြန်အလှန်လှန် စဉ်းစားရင်း သိဒ္ဓတ္ထ အိပ်ပျော်သွား၏။ သန်းခေါင်အချိန်တွင် တရေးနိုးလာသောအခါ၌လည်း ရဟန်းပြုလိုသည့်စိတ်သည်သာလျှင် စိတ်ထဲ၌ ဖြစ်ပေါ်နေ၏။ ပြန်အိပ်၍ မရပေ၊ အနီးပတ်ဝန်ကျင်ကို ကြည့်မိလိုက်ရာ မိမိကို တူရိယာများဖြင့် ဖျော်ဖြေသော အမျိုးသမီးများ တရှူးရှူး တစ်ခေါခေါ ဟောက်လျက် ကိုးရိုကားယား အိပ်ပျော်နေကြသည်ကို မြင်ရသောအခါ သုဿန်ခွင်ရှိ လူသေကောင်များကဲ့သို့ ထင်မှတ်တော်မူကာ ကာမဂုဏ်ကို ငြီးငွေ့ကာ “ကြောက်စရာ စက်ဆုပ်စရာ လောကကြီးပါကလား” ဟု ပို၍ထိပ်လန့်သွား၏။
သို့ဖြင့်ချက်ချင်း စက်ခန်းဆောင်မှထွက်၍ ဖွားဖက်သော ဆန္နကို ခေါ်ကာညဥ့်သန်းကောင်ယံ အချိန်၌ပင် ကဏ္ဍကမြင်းကို ကုန်းနှီးတင်စေပြီးလျှင် ဆန္နနှင့်အတူ မြင်းစီးလျက်ထွက်ခဲ့၏။ တောထွက်တော်မူသော နေ့သည်ကား မဟာသက္ကရာဇ် ၉၇ ခု ဝါဆိုလပြည့် တနင်္လာနေ့ ဖြစ်သည်။ ဘုရားအလောင်းတော်၏ ဖွားဖက်တော်ဖြစ်သည့် နန်းတော်အတွင်းရှိ သင်္ခ-ဇလ-ဥပ္ပလ-ပဏ္ဍရီက မည်သော ရွှေအိုးကြီး ၄ လုံးလည်း ဘုရားအလောင်းတော် တောထွက်ခွာလျင် တစ်မုချင်းမဟုတ် ပျောက်ကွယ်သွားလေသည်။ ဘုရားအလောင်းတော် တောထွက်တော်မူသည်ကို ဝသဝတ္တီနတ်ပြည်မှ မာရ်နတ်မင်းက လာရောက်တားဆီးတော်လည်း လက်မခံပဲ ထွက်ခွာလာရာ တစ်ညချင်းပင် သာကိယ၊ ကောလိယ၊ မလ္လ ဟူသော တိုင်းပြည်သုံးခုကို ကျော်ဖြတ်ပြီးနောက် ယူဇနာသုံးဆယ်ဝေးသော အနောမာ မြစ်ကမ်းသို့ရောက်လေ၏။
အနောမာမြစ်ကမ်း၌ ဘုရားလောင်းသည် ဆံတော်ကို သံလျက်ဖြင့် ရိတ်ဖြတ်ပြီးလျှင် ဃဋ္ဋိကာရ ဗြဟ္မာကြီး လှူဒါန်းသော ပရိက္ခရာ ရှစ်ပါးကို ခံယူ၍ သင်္ကန်းကိုဝတ်ကာ မြင့်မြတ်သော ရဟန်းအသွင်ကို ယူလိုက်သည်။ ထို့နောက် ဖွားဖက်တော် ဆန္နအမတ်နှင့် ကဏ္ဍကမြင်းကို ပြန်လွှတ်လိုက်ပြီးလျှင် မလှမ်းမကမ်းရှိ အနုပိယ သရက်တောသို့သွား၍ ထိုသရက်တော်၌ ခုနှစ်ရက်မျှ ပဗ္ဗဇ္ဇသုခ = ရဟန်းချမ်းသာကို ခံစားလျက်နေ၏။
ထို့နောက် ဘူမိနက်သန် တရားရမည့်နေရာမှန်ကို ရှားရင်းခရီးဆက်ခဲ့ရာ ရာဇဂြိုလ်မြို့ အနီးရောက်လျှင် မြို့တွင်းသို့ ဆွမ်းခံဝင်ပြီးနောက် ပဏ္ဍဝ တောင်ခြေ၌ ဆွမ်းဘုန်းပေးနေ၏။ ထူးခြားသော ပုဂ္ဂိုလ်ဖြစ်၍ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရဘုရင် လိုက်လာပြီးလျှင် ထီးနန်းကို လွှဲအပ်သောအခါ အလောင်းတော် သိဒ္ဓတ္ထက ဘုရားအဖြစ်ရရေးအတွက် တောထွက်ခဲ့ခြင်း ဖြစ်ကြောင်းပြောပြပြီးလျှင် ငြင်းပယ်လိုက်၏။ ဗိမ္ဗိသာရက ဘုရားအဖြစ်သို့ ရောက်လျှင် သူထံသို့ ရှေးဦးစွာကြွလာဖို့ လျှောက်ထားသဖြင့် ကြွလာမည်ဖြစ်ကြောင်း ဝန်ခံကတိပေးပြီးလျှင် ခရီးဆက်ခဲ့၏။
ဆရာရသေ့နှစ်ပါး
ခရီးတစ်နေရာတွင် ကာလာမ အမျိုးနွယ်ဝင် အာဠာရ ရသေ့ကြီးကိုတွေ့၍ သူထံ၌ နည်းခံ ကျင့်ကြံရာ ဈာန်၇ ပါး ကိုရလျှင် ဆရာရသေ့ကြီးက သူဤမျှသာသိကြောင်း ပြောသဖြင့် လိုအပ်သောတရား မရသေး၍ ထွက်ခွာလာခဲ့၏။
ရာမ ရသေ့ကြီး၏ သားတပည့် ဥဒက ရသေ့ကြီးထံ နည်းခံ၍ ကျင့်ကြံပြန်ရာ ဈာန်သမာပတ် ရှစ်ပါး အထိ ချက်ချင်းရလေ၏။ ဥဒက ရသေ့သည် ဘုရားလောင်း သိဒ္ဓတ္ထမင်းသားနှင့် တွေ့စအချိန်၌ သူကိုယ်တိုင် ဈာန်သမာပတ် ရှစ်ပါးကို မရသေးပေ၊ ခုနှစ်ပါးသာ ရသေး၏။ သူ့ဆရာ ရာမ ရသေ့ကြီး သင်ကြားပေးထားသည့် နည်းကိုသာ ဘုရားလောင်းအား သင်ကြားပေးခြင်းဖြစ်၏။ ထိုနည်းအတိုင်း ဘုရားလောင်းကျင့်၍ ဈာန်သမာပတ် ရှစ်ပါးကို ရပြီးမှ ဘုရားလောင်းကို အားကျ၍ သူကိုယ်တိုင် ကျင့်ကြံသောအခါ သမာပတ်ရှစ်ပါးကို ရခြင်းဖြစ်၏။ ဥဒက ရသေ့လည်း ထို့ထက်ပို၍ မသိသဖြင့် ဘုရားလောင်းသည် ဥဒက ရသေ့ထံမှလည်း ထွက်ခွာခဲ့၏။
သိဒ္ဓတ္ထသည် ဥဒက ထံမှ ထွက်ခွာခဲ့၍ ဥရုဝေလ တောသို့ရောက်လျှင် တော၏ သာယာပုံ၊ မွေ့လျော်ဖွယ်ရှိပုံကို နှစ်သက်သဘောကျ၍ မိမိကြားဖူး သိဖူးထားသော ကျင့်နည်းကြံနည်း ဟူသမျှကို ဤတော၌ အပြင်းအထန် ကျင့်ကြံအားထုတ်တော့၏။ ကပ္ပိလဝတ်မှ ကောဏ္ဍည ခေါင်းဆောင်သော ရသေ့ငါးပါးသည်လည်း သိဒ္ဓတ္ထ တောထွက်ရာသို့ လိုက်လာကြရာ ဥရုဝေလ၌ သိဒ္ဓတ္ထကို မီ၍ ဘုရားလောင်း လွတ်လွတ်ကျွတ်ကျွတ် ပြင်းပြင်းထန်ထန် အားထုတ်နိုင်ရန် ဝတ်ကြီးဝတ်ငယ်ပြုလျက် နေကြ၏။
သိဒ္ဓတ္ထသည် အစာကို တစ်ဖြည်းဖြည်း လျှော့၍ကျင့်ရာမှ နောက်ဆုံးတွင် အစာဖြတ်၍ကျင့်၏။ ထိုအချိန်တွင် အပ္ပါဏကဈာန် ခေါ်သည့် ထွက်သက်ဝင်သက်ကို ချုပ်ထိန်းထားသောအကျင့်ကို ကျင့်ရာ ကြီးမားပြင်ထန်လှသော ဝေဒနာကို ခံစားရသဖြင့် ခံနိုင်အားမရှိသော ခန္ဓာကိုယ်သည် စင်္ကြန်ဦး၌ လဲလေတော့၏။
နောက်ထပ်ဖတ်ရန်မှာ.....
ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၅)
Read more...