* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, January 14, 2010

ထူးချွန်သူတို့၏ကျင့်စဉ်




အမျိုးသမီးစွမ်းဆောင်ရှင်(အပိုင်း-၄)
ခုဇ္ဇုတ္တရာ


ထူးချွန်သူတို့၏ကျင့်စဉ်
အလုပ်မလုပ်တဲ့ လူတွေကိုပြောတာ။ အဲဒါကြောင့်
(၁) အလုပ်လုပ်ရင် ကြာကြာလုပ်။
(၂) မရပ်မနားလုပ်
ဘုရားအလောင်းခြောက်နှစ် ဒုက္ကရစရိယကျင့်တာ အနားယူ အပန်းဖြေတာ တစ်ခါမှမရှိဘူး၊ Vacation တွေ၊ ဘာတွေ Holiday တွေမရှိဘူး။ ဘုရားလေးဆယ့်ငါးနှစ်ပတ်လုံး ဟုတ်လား၊ အသက်ရှည် မရပ်မနားဟော တဲ့တရားပွဲတွေမှာလည်း လေးဆယ့်ငါးနှစ် ဘုရား သက်တော်ရှည်တယ်၊ မဟုတ်လား၊ ဝါတော် ဘုရားဖြစ်ပြီး လေးဆယ့်ငါးဝါ အနားယူ အပန်းဖြေ ပြီးတော့ ငပလီသွားတာ၊ ဘာညာမရှိပါဘူး၊ ဟုတ်လား။
မှန်ပါ့ဘုရား။
အေး အဲဒါကြောင့် ပရိသတ်ကြီး မရပ်မနားလုပ်နိုင်မှ တော်ရုံကျတယ်၊ အနားယူ အပန်းဖြေပြီးလုပ်နေလို့ကတော့ မဖြစ်ဘူး။ နောက်နံပါတ် (၃)က အလုပ်လုပ်စရာက ဘာလဲဆိုတော့ ''နိရာဝသေသဘာဝနာ'' နိရာဝသေသဆိုတဲ့အဓိပ္ပါယ်က ကောင်းတာမှန်သမျှ အကုန်လုပ်၊ ဘာပါဘဲ။
ကောင်းတာမှန်သမျှ အကုန်လုပ်ပါဘုရား။

ဥပမာ ယောဂီတရားအားထုတ်တယ်၊ တရားအားထုတ်တယ်ဆိုတဲ့ ဝိပဿနာတရားဟာ အလုပ်တကာအလုပ်ထဲ အကောင်းဆုံးအလုပ်ပဲ၊ တချို့ယောဂီက တို့တရားအားထုတ်နေတာကွ၊ ဘုရားမီးမထွန်းနိုင်ဘူး၊ ရေ မကပ်နိုင်ဘူး၊ မအားဘူးတဲ့၊ ဘုရားမီးထွန်း ရေကပ်ပစ်ထားတာနော်၊ အဲဒီလိုမဟုတ်ဘူး၊ ကောင်းတာမှန်သမျှ အကုန်လုပ်ရမယ်၊ တံမြက်လှည်း၊ သောက် ရေကပ်၊ သုံးရေခပ်၊ အိမ်သာရေဆေး၊ ဘုရားဆီမီးထွန်း၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ ပရိတ်ရွတ် ဘာမှမကျန်နဲ့၊ အဲဒီလိုကောင်းတာတွေစုံတော့ ဟို အဓိက ကောင်းမှုဟာ အခြံအရံတွေရလို့ သူကတက်သွားတာ၊ တစ်ခုတည်းစွပ်လုပ်လို့ တက်တာမဟုတ်ဘူးနော်။

အဲဒါကြောင့် နံပါတ်(၃)က ကောင်းမှုဆိုရင် အကြွင်းမရှိအကုန် လုပ်တဲ့။ နောက်ဆုံနံပါတ်(၄)က ဘာလဲဆိုတော့ ''သက္ကစ္စဘာဝနာ'' ဘာပြောသလဲ။
သက္ကစ္စဘာဝနာပါဘုရား။
ရိုရိုသေသေ လေးလေးစားစားလုပ်တဲ့၊ ကိုယ်လုပ်တဲ့အလုပ်ကို ပေါ့ပေါ့တန်တန်မလုပ်လိုက်ကြနဲ့။ နံပါတ်(၅)ကျတော့ ''အဘိရတိဘာဝနာ'' ပျော်ပျော်ပါးပါးလုပ်။ နည်းဘယ်နှစ်ပါးလဲ။
ငါးပါးပါဘုရား။
(၁) မရပ်မနားလုပ်။
(၂) ကြာကြာလုပ်။
(၃) ကောင်းတာအကုန်လုပ်။
(၄) ရိုရိုသေသေလုပ်။ ပြီးတော့
(၅) ပျော်ပျော်ပါးပါးလုပ်ကြ။ ဟုတ်လား
မှန်ပါ့ဘုရား။
အေး အဲဒီနည်းငါးပါးကို ထူးချွန်ပြောင်မြောက်တဲ့ပုဂ္ဂိုလ်တွေ လုပ်တဲ့နည်းငါးပါးခေါ်တယ်။ အဲဒါကိုအသေးစိတ် ပရိသတ်ရေ သင်တန်း တစ်ရပ်အနေနဲ့ ပို့ချမယ်ဆိုရင် အလွန်ကောင်း။ ခေါင်းဆောင်တို့ကျင့်စဉ်ဆို ပြီးတော့ ဘုန်းကြီးတို့ ခပ်ငယ်ငယ်သံဃာ့တက္ကသိုလ်တုန်းက ဆရာဦးဖေအောင်နဲ့ ဆရာ ဦးလှမောင်တို့၊ ဆရာတော်ကြီး အရှင်သေဋ္ဌိလတို့ပို့ချတာ သင်ခဲ့ရဖူးတယ်။

နောက်ကျတော့မှ အဲဒီစာလုံးတွေက စရိယာပိဋကပါဠိတော်ကြီးထဲမှာ ဘုရားလောင်းကျင့်တဲ့ကျင့်စဉ်တွေပဲဆိုတာ စာကိုသေချာဖတ်မှ နောက်ကျမှပြန်တွေ့ရတယ်၊ ခေါင်းဆောင်တို့ကျင့်စဉ်ဆိုတာ ဒါမျိုးတွေ။ အဲဒီတော့ သာမာဝတီတို့ ခုဇ္ဇုတ္တရာတို့ ဒီလိုထူးချွန်တဲ့ဘွဲ့တွေရ၊ သာသနာ တော်မှာ ထိပ်တန်းရောက်အောင် သူတို့လုပ်ခဲ့တာ ကမ္ဘာတစ်သိန်း၊ ဘယ် လောက်လဲ။
ကမ္ဘာတစ်သိန်းပါဘုရား။
အေး ဂေါတမဘုရားလက်ထက်မှာ လာပြီးတော့ ပြည့်စုံကြတယ်တဲ့ တွဲဖက်ညီတဲ့ မိန်းမနှစ်ယောက်၊ ဒီတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ဝါတော်ကို ပရိသတ်ကြီးပြော။
ကိုးဝါရ ပါဘုရား။
ကိုးဝါအရ ကောသမ္ဗီမှာဝါဆိုတယ်၊ အဲဒီအချိန်မှာ ဒီအမျိုးသမီး တွေရဲ့ထူးချွန်ပြောင်မြောက်မှုတွေဟာ ဘုရားရှေ့မှောက်မှာဖြစ်သွားတယ်။

သူဋ္ဌေးသုံးယောက်၏သတင်းစကား
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် သာဝတ္ထိပြည်ဇေတဝန်ကျောင်းမှာ နေနေတုန်း၊ အဲဒီကောသမ္ဗီပြည်ကနေ သူဋ္ဌေးသုံးယောက်က သတင်းကြားတယ်၊ ဘုရားပွင့်ပြီ။ သူဋ္ဌေးသုံးယောက် ဃောသကသူဋ္ဌေး၊ ကုက္ကုဋသူဋ္ဌေး၊ ပါဝါရိကသူဋ္ဌေး၊ အဲဒီသူဋ္ဌေးသုံးယောက်သတင်းကြားတော့ သာဝတ္ထိ သွားပြီးတော့ သူတို့ဘုရားဖူးပြီး တရားနာကြတယ်၊ သုံးယောက်စလုံး သော တာပန်တည်ပြီးတော့ ပြန်လာတယ်၊ မြတ်စွာဘုရား ကျေးဇူးတင်ဖို့ကောင်းလိုက်တာတဲ့။
သူတို့က ဘုရားကိုကျေးဇူးတင်တာ၊ သူတို့တင်ပုံတင်နည်းက ဘာလဲဆိုတော့ အဆုံးမမြင်တဲ့သံသရာကို။ ပရိသတ်ရေ ဘာသံသရာလဲ။
အဆုံးမမြင်တဲ့သံသရာပါဘုရား။
ဘယ်တော့ဆုံးမလဲလို့ ပုထုဇဉ်အနေနဲ့မမြင်နိုင်ဘူး။ အဲဒီအဆုံး မမြင်နိုင်တဲ့သံသရာကို ကန့်သတ်ပေးလိုက်လို့အဆုံးမြင်သွားပြီ၊ သောတာပန်ဆိုတာ လူ့ပြည် နတ်ပြည်ခုနှစ်ကြိမ်၊ နောက်သကဒါဂါမ်ဖြစ်၊ လူ့ပြည် နတ်ပြည်မှာ တစ်ကြိမ်၊ အနာဂါမ်ဖြစ်ပြီးတော့ လူ့ပြည်နတ်ပြည်ပြန်မလာတော့ဘူး၊ သုဒ္ဓဝါသဘုံတက်ပြီးတော့ သုဒ္ဓဝါသငါးဘုံမှာ အစဉ်အတိုင်းတက် အကနိဋ္ဌဘုံရောက် ရဟန္တာဖြစ်လို့နိဗ္ဗာန်စံ။

အဲဒီတော့ သုဒ္ဓဝါသငါးဘုံမှာရှိနေတဲ့ သက်တမ်းတွေကို အကုန် ပေါင်းပြီးတော့ တွက်ကြည့်လိုက်ရင် မှတ်ထား၊ ကမ္ဘာသုံးသောင်းနှင့်တစ်ထောင်၊ ဘုန်းကြီးတို့တွက်ပြီးသားမှတ်၊ ဒီလူတွေတွက်ခိုင်းနေရင် မိုးလင်းတောင်ပြီးမှာမဟုတ်ဘူး၊ ကမ္ဘာဘယ်လောက်လဲ။
သုံးသောင်းနှစ်တစ်ထောင်ပါဘုရား။
သောတာပန်ရဲ့ဘဝသံသရာသည် ဘယ်လောက်ပဲကြာတော့မှာလဲ ကမ္ဘာသုံးသောင်းနှင့်တစ်ထောင်၊ ဟောဒီဇေယျဝတီက ဒကာမတွေရဲ့သံသရာသည် သွားပေအုံးတော့ သွားပေအုံးတော့ ကြာကြာလည်းမလုပ်ချင်ဘူး၊ မရပ်မနားလည်း အားမထုတ်ချင်ဘူး၊ အြ<ွကင်းမရှိလည်း အားမထုတ်ချင်ဘူး၊ ရိုရိုသေသေလည်း အားမထုတ်ချင်ဘူး၊ ပျော်ပျော်ပါးပါးလည်းအား မထုတ်ချင်ဘူးဆိုရင်တော့ သွားပေအုံးတော့ သွားပေအုံးတော့ မြုပ်ကြအုံး၊ မျောကြအုန်းလို့။

(အပိုင်း-၅) မျှော်
သီတဂူစတား
၁၃-၁၂၀၁၀

Read more...

*တရားတော်နာယူရန် ဖိတ်ကြားလွှာ*

တရားတော်နာယူရန် ဖိတ်ကြားလွှာ

မင်္ဂလာပါ ဓမ္မမိတ်ဆွေတို့ခင်ဗျား…

အခွင့်သင့်လာ မင်္ဂလာချိန်မှာ ကုသိုလ် ရတနာမိုး ရွာသွန်းဖြိုး၍ အသိဉာဏ် တိုးစေဖို့ ရည်သန်လို့ နှိုးဆော်ပါသည် ခင်ဗျား…

သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်း (Portland, Oregon, USA) တွင် နဝမမြောက် တိပိဋကဓရ၊ တိပိဋက ကောဝိဒ၊ တိပိဋက ဓမ္မဘဏ္ဍာဂါရိက မြင်းခြံဆရာတော် ဒေါက်တာ အရှင်ဂန္ဓမာလာလင်္ကာရ နှင့် ရွှေရတု တိပိဋက မြင်းမူ ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ ဟောကြား ချီးမြှင့်တော်မူသော တရားတော်ကို (http://live.dhammathukha.com/) မှ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်သွားပါမည်။

တိုက်ရိုက် ထုတ်လွှင့်မည့် နေ့ရက်နှင့် အချိန်မှာ -

အမေရိကန် စံတော်ချိန် (Portland) ဖြင့်ဆိုလျင် တနင်္လာနေ့ (၁၈)ရက်နေ့ ညနေ - (၈) နာရီ နှင့် အင်္ဂါနေ့ (၁၉)ရက်နေ့ ညနေ - (၈) နာရီ ဖြစ်ပါမည်။

ရုရှားစံတော်ချိန်ဖြင့် ဆိုလျင် အင်္ဂါနေ့ (၁၉)ရက်နေ့ မနက် (၇) နာရီ နှင့် ဗုဒ္ဓဟူးနေ့ မနက် (၇)နာရီ ဖြစ်ပါမည်။

စင်္ကာပူ စံတော်ချိန်ဖြင့် ဆိုလျင် အင်္ဂါနေ့ (၁၉)ရက်နေ့ နေ့လယ် (၁၂) နာရီ နှင့် ဗုဒ္ဓဟူးနေ့ နေ့လယ် (၁၂)နာရီ ဖြစ်ပါမည်။

လေးစားစွာဖြင့်

http://live.dhammathukha.com/

livedhamma@gmail.com

သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းသို့ ဆက်သွယ်လိုပါက


Ashin Sirinda

Sirimangala Monastery

12634 NE Russell Street

Portland, Oregon

USA

Ph(503)253-5318

Cell (503)922-9934

ashinsirinda@yahoo.com

Read more...

သေခြင်းနဲ့အတူ

ပြီးခဲ့တဲ့ သောကြာနေ့ ညနေငါးရီက ဘုံဘေမြို့မှာ အသုဘတစ်ခုကို အသုဘရှုဘို့ ရောက်ရှိခဲ့ရတယ်၊ သေတဲ့သူက မိမိတို့သီတင်းသုံးနေထိုင်ရာ စောမယကောလိပ်ကြီးပိုင်ရှင်- ကေဂျေ ဒေါက်တာစောမယကြီးရဲ့သား သား-စောမယကြီး၊ အသက် (၈၃)နှစ်ဖြစ်သည်၊ သူပိုင်ဆိုင်သည့် ပစ္စည်းတွေက နည်းနည်းနောနောမဟုတ်၊ စောမယကောလိပ်ကိုလည်း ပိုင်သည်၊ တစ်ခြား တစ်နေရာက

စောမယဆေးကောလိပ်ကိုလည်း ပိုင်သည်၊ စောမယဆေးရုံကြီးကိုလည်း ပိုင်ဆိုင်ထား သည်၊ တစ်ခြား တခြားသောနေရာတွေက ပိုင်ဆိုင်မှုတွေကို မိမိမသိရသော်လည်း မိမိနေထိုင်ရာ စောမယ ကောလိပ်ဝန်းအတွင်းမှာတော့ ပိုလီတက်ခနစ်ရှိသည်၊ အင်ဂျင်နီယာရင်းရှိသည်၊ အိန္ဒိယနိုင်ငံရဲ့ အကျော်ကြားဆုံး မန်နေဂျင့်မန်တ်ရှိသည်၊ ရိုးရိုး ဘီအေဘွဲ့ပေးသည့် ကောလိပ်ရှိသည်၊ ကလေးငယ်တွေ တက်ရောက်သည့် မူလတန်း အလယ်တန်း အထက်တန်းကျောင်းရှိသည်၊ ခြုံပြောရရင် သူက သန်းကြွယ်သူဌေးတစ်ယောက်…

အသုဘကို လွဲချော်မှုပေါင်းမြောက်များစွာဖြင့် နောက်ကျမှ ရောက်ရှိသွားရသည်၊ ပထမ စိတ်ဓာတ်ယုတ်သည့် ကုလားကြောင့် ငှါးထားသည့် တာတာဆိုမိုကားက ဘုန်းကြီးကိုးပါးဖြစ်နေလို့ ခုနစ်ယောက်ပဲ မြို့တွင်းက လက်ခံသည်ဆိုပြီး အငြင်းခံရသည်၊ မိမိတို့က နှစ်ပါးကိုလျော့ချလိုက်တော့ နောက်ထပ် ကားတစ်စီးပြောင်းမည်တဲ့၊ ဆိုတော့ သူ့ကားကို သဘောတူငှါးပြီး ကားပေါ်တက်ရောက်ပြီး မှ ကားပေါ်က ဆင်းခဲ့သည်၊ မင်းကား မစီးတော့ဟုပြောလိုက်သည်၊ အချိန်က အတော်နောက်ကျနေပြီ၊ အဲဒီကနေမှ ရထားနဲ့ပဲသွားကြစို့ဆိုပြီး ရထားဖြင့် ခရီးဆက်ရသည်၊ ဘုံဘေရထားက သိတဲ့တိုင်း၊ ကျော်ကြားတဲ့တိုင်းပါပဲ၊ ၂၄-နာရီလုံး လူကြပ်နေတတ်သည်၊ ခုလည်း လူကြပ်နေသည့် ရထားကို နှစ်နေရာပြောင်းစီးပြီးမှ (တိုက်ရိုက်သွားလိုရာနေရာသို့မရောက်-ရထားနှစ်မျိုးစီးမှရောက်သည်) တက်စီ ထပ်စီးရသေးသည်၊ ကုလားစိတ်ဓာတ်ပါပဲ၊ ဂျေလိုဆေးရုံနောက်ကိုလာခဲ့ပါဟု မိမိတို့ဒါရိုက်တာက ကုလားကိုပြောသည်ကို ကုလားက ဆေးရုံရှေ့မှာပဲ မိမိတို့ကို ချထားခဲ့သတော့ ယောင်ယောင် လည်ဖြင့် ဆေးရုံရှေ့မှာ၊ ဖုန်းအကြိမ်ပေါင်းများစွာဆက်သွယ်ပြီးမှ ခြေကျင်ဆက်လျှောက်ကြရာ စောမယကြီး အိမ်တော်ရောက်တော့ ငါးနာရီထိုးပြီးခဲ့လို့ စောမယကြီးကို မြေပြင်မှာ မျက်ဖြာလေး ခင်းလျက် ပက်လက်လေးတွေ့ရသည်။

ပြီးသည်နှင့် ပရိသတ်ကြားကထွက်၊ ခေတ္တခဏစောင့်ကြည့်ကြ၊ ဘယ်လိုများ စောမယကြီးကို သယ်ဆောင်မလဲပေါ့၊ ကားတွေကတော့ အပြင်မှာ တန်းစီနေတာပါ၊ သို့သော်…. အော် သို့သော်၊

စောမယကြီးအလောင်း အိမ်ပြင်ထုတ်ခဲ့ပါပြီ၊ အောင်မလေးလို့သာ အော်လိုက်ချင်ပါဘိ၊ ၀ါးလုံးနှစ်လုံးနဲ့ ဟိုဘက်နှစ်ယောက် ဒီဘက်နှစ်ယောက် ထမ်းလို့၊ အဆောက်ဦးဆောက်ရာမှာ ဘိလပ်မြေ သယ်သလို ၀ါးလုံးနှစ်လုံးလျှိုတဲ့ပုခက်ပေါ့၊ အား… ဖြစ်ပျက်လိုက်ပုံများလို့သာ ပြောလိုက်ချင်ပါရဲ့၊ ဘာဆို ဘာမှအဆောင်ယောင်မပါ၊ ပကာသနမဲ့၊ သံဝေဂယူစရာပါပဲ… ဘာ…. ဘာမှ မရှိ၊ ဘာ…. ဘာမှ မပါ… သေတဲ့သူနောက်မှာ ဘာတွေမှ မပါပါလား… အော် သန်းကြွယ်သူဌေးကြီးရယ်……

တစ်ခု… သတိထားခဲ့မိတာက ရုပ်ပျက်ဆင်းပျက် ငိုယိုမြည်တမ်းနေကြတာကိုလည်း မတွေ့ခဲ့ရ ပြန်၊ မချစ်ကြလို့လား၊ မချစ်တတ်တာလား၊ အချစ်အတွက် မပါတာလား၊ စောမယကြီးသေပြီ၊ သူ့ဥစ္စာတွေ ငါတို့ရတော့မယ်လို့များ ၀မ်းသာနေကြတာလား …လား လား လားနဲ့ပါပဲ၊ အတွေးမှာ ပလုံစီနေတဲ့ အမေးစကားလုံးတွေပေါ့၊ မဖြေတတ်ခဲ့ပါဘူး၊ သေချာတာကတော့ သေရင် ဘာဆိုဘာမှ ကိုယ့်နောက်မှာ ပါမလာကြတော့ဘူး၊ သားသမီးလည်း လိုက်မပါဘူး၊ ချစ်ဇနီးလည်း လိုက်မပါဘူး၊ မြေးတွေ ချွေးမတွေလည်း လိုက်မပါကြဘူး၊ ဆွေမျိုးတွေ အပေါင်းသင်းတွေ၊ ကားတွေ တိုက်တွေ ရွှေငွေ ကျောက်သံပတ္တမြား ဘာဆိုဘာမှ ချမ်းသာသူနောက် သေသွားတဲ့သူနောက် လိုက်မပါကြဘူးဆိုတာပါပဲ။

ဒီတော့…ခဏလေးဗျာ…

ကျုပ်တို့လည်း သေကြည့်ကြရအောင်၊ ခဏလေးဖြစ်ဖြစ် သေကြည့်ကြရအောင်၊ မျက်လုံးလေးတွေကို ခဏလောက် ပိတ်ကြည့်ပါလား… ပြီးရင် ပြန်ဖွင့်ကြည့်ကြပေါ့…

ကဲ ဘာတွေယူခဲ့လဲ၊ ဘာတွေသယ်ခဲ့လဲ၊ ဘာတွေပါလာမလဲ၊ မပါဘူးနော်၊ ပါတယ်ဆိုရင်ရော ဘာတွေဖြစ်မလဲ၊ သေချာတာကတော့ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းဆိုလို့ ဘာမှမပါပါဘူးနော်၊ အမေလည်း မပါဘူး၊ အဖေလည်း မပါဘူး၊ သားသမီးတွေ၊ ဇနီးမယားတွေလည်း မပါဘူး၊ အသက်ကင်းမဲ့တဲ့ ရုပ်ခန္ဓာကိုယ်ကြီးတစ်ခု တည်းနော။

ဘာဆိုဘာမှ အမြင်အာရုံမှာ သယ်ဆောင်မသွားနိုင်ကြတဲ့ ဒီသေခြင်းတရားကြီးနဲ့အတူ တစ်ခုခုတော့ ယူသွားနိုင်သင့်တယ် ထင်တာပဲလေ၊ ရှိလည်း ရှိတော့ရှိနေဦးမှာပါ၊ သတိ တရားနဲ့ ကြိုးစားကြည့်ကြမယ်၊ ဘာသာရေးအမြင်နဲ့ လှမ်းလင့်လို့ကြည့်မယ်ဆိုရင်တော့ တစ်ခုခုကို မြင်ကြမယ်လို့ ယုံကြည်မိတယ်လေ။

ဟုတ်တာပေါ့ ပိုင်ဆိုင်ထားတဲ့ ရွှေ ငွေ လှည်းနွား အိမ် ခြံမြေ တိုက်တာ ပစ္စည်းဥစ္စာ အဆောက်အဦးတွေဆိုတာက အချိန်မရွေး ရေနဲ့အတူလည်း မျောပါသွားနိုင်တယ်၊ မီးလောင်ကျွမ်းမှုအောက်ကိုလည်း ရောက်သွားနိုင်တယ်၊ မင်း နိုင်ငံတော် ဘဏ္ဍာအဖြစ်လည်း သိမ်းယူလို့ သွားနိုင်တယ်၊ သူခိုးကလည်း လာရောက်ပြီး ခိုးယူသွားနိုင်တယ်၊ မချစ်တဲ့သူ မနှစ်သက်တဲ့သူတွေကလည်း လာရောက်ဖျက်ဆီးသွားနိုင်သေးတယ်၊ ဘယ်မှာလည်း ကိုယ်ပိုင်ဥစ္စာ၊ ဘယ်မှာလည်း ငါ၊ င့ါဥစ္စာ၊ ကိုယ်မပိုင်လို့ ဒီလိုတွေ ခြယ်လှမယ်မှုတွေ အောက်ကို ရောက်ရှိရတာပ၊ ကိုယ်သာ အစိုးတရပိုင်ထားမယ်ဆိုရင် ဘယ်သူ ဘယ်အန္တရာယ် ကမှ မဖျက်ဆီးနိုင်ပါဘူး။

ဆိုတော့ ဒီထဲမှာ အနှစ်တစ်ခုရှိနေတယ်၊ ရှာကြည့်၊ မြင်ကြည့်၊ မြင်လာလိမ့်မယ်၊ အဲဒါက ပေးကမ်းခြင်း၊ စွန့်ကျဲခြင်း၊ လှူဒါန်းခြင်းတဲ့၊ ဟုတ်တယ်၊ ပေးကမ်းရမယ်၊ စွန့်ကျဲရမယ်၊ လှူဒါန်းရမယ်၊ အဲဒီပေးကမ်း စွန့်ကျဲ လှူဒါန်းခြင်းဆိုတဲ့ စေတနာကံလေးကတော့ သေရင် ကိုယ့်နောက်ကနေ ဖ၀ါးခြေထပ် လိုက်ပါလာလိမ့်မယ်၊ ကိုယ့်နောက်က ကပ်ပါလာတဲ့ အရိပ် တစ်ခုလိုပဲ ကိုယ်နဲ့အတူကပ်ပါလာလိမ့်မယ်၊ ဒီတော့ ကိုယ်မပိုင်တဲ့ အဲဒီပစ္စည်းဥစ္စာတွေထဲက ကိုယ်ပိုင်ဖြစ်မယ့် ဒီဒါနဆိုတဲ့ ပေးကမ်း စွန့်ကျဲ လှူဒါန်းခြင်းဆိုတဲ့ အနှစ်တရားလေးကို ထုတ်တတ်ရမယ်၊ ထုတ်ရမယ်၊ အဲဒါကမှ သေရင်ကိုယ့်အတွက်၊ ကိုယ်ပိုင်ဥစ္စာ၊ သံသရာ ရိက္ခာ။

ကိုယ်ရထားတဲ့ ဒီခန္ဓာကိုယ်ကြီး ကြည့်လိုက်ဦး၊ တကယ်ပိုင်လို့လား၊ တကယ်ပဲ အစိုးရလို့လား၊ ၉၆ ပါးဆိုတဲ့ ရောဂါဝေဒနာတွေနဲ့ စက္ကန့်နဲ့အမျှ၊ မိနစ်နဲ့အမျှ၊ နာရီနဲ့အမျှ ဆက်ဆံနေရတာ၊ တော်ကြာ ခါးနာလိုက်၊ တောနေကြာ ခေါင်းကိုက်လိုက်၊ တော်နေကြာ ဗိုက်နာလိုက်၊ တော်နေကြာ ဗိုက်ဆာလိုက်၊ တော်နေကြာ ဖျားနာလိုက်၊ အော် စုံနေတာပါပဲ၊ ရောဂါတွေက၊ ခေတ်သစ်ရောဂါတွေနဲ့ပေါင်းလိုက်ရင် ၉၆-ပါးဆိုတာထက်တောင် ပိုလိမ့်မယ် ထင်ပ၊ မအိုချင်ဘဲမနေရ၊ မနာချင်ဘဲနဲ့လည်း နာရ၊ အဲဒီရောဂါ အစုစုရဲ့ ၀ါးမျိုခြင်းကို စက္ကန့်နဲ့အမျှ ခံစားနေရတာ တရားနဲ့ရှုရင်တော့ မြင်မှာအမှန်ပါပဲ။

ဒီတော့ ရလာတဲ့ခန္ဓာကိုယ်ကြီးက အနှစ်လား အကာလား၊ စဉ်းစား၊ အကာလို့ မြင်ကြည့်လိုက်၊ တစ်ခုပြောရဦးမယ်၊ အကာဆိုပြီး တန်ဘိုးမဲ့လို့တော့ ဆုံးဖြတ်ချက် မစောကြပါ နဲ့၊ အနှစ်ဆိုတာက အကာရဲ့အတွင်းမှာပဲရှိတာပါ၊ အကာမရှိဘဲနဲ့တော့ အနှစ်က ရှိလာမှာ မဟုတ်ပါဘူး၊ အကာကို အရင်ကြည့်၊ ပြီးမှ အနှစ်ဘယ်မှာဆိုတာရှာ၊ အကာတွင်းမှာပဲ အနှစ်ဆို တာက ရှိတာပါလားလို့ မြင်လာမယ်၊ ဆိုတော့ ခန္ဓာကိုယ်ကြီးထဲမှာ ဘာအနှစ်ရှိမလဲ၊ ရှိတယ်၊ အဲဒါက သီလ-ကိုယ် နှုတ် နှလုံး သုံးပါးကို စောင့်စည်းခြင်းဆိုတဲ့သီလ၊ အဲဒီသီလအနှစ်ကို အဲဒီအကာဖြစ်တဲ့ ခန္ဓာကိုယ်ကြီးထဲက ထုတ်ယူရမယ်၊ သီလအကြောင်းတွေ များများ ရေးခဲ့ပြီး ပြီ၊ ဒီနေရာမှာ အကျယ်မပြောတော့ဘူး၊ အဲဒီသီလကိုသာ ခန္ဓာထဲကနေ ထုတ်ယူလိုက်၊ သေရင်လည်း အဲဒီသီလက ခုနပြောခဲ့တဲ့ ဒါနလိုပဲ ကိုယ်နဲ့အတူ အရိပ်ပမာ မခွဲမခွါ ထပ်ကြပ် ပါလာမှာ အသေအချာပါပဲ၊ သီလဟာ သံသရာခရီးခဲအတွက် အန္တရာယ်ကင်းစေတဲ့ ကိုယ့်ကို စောင့်ရှောက်မဲ့၊ ရောဂါဝေဒနာတွေကနေ ကာကွယ်ပေးမယ့် ကိုယ်ရံတော်ပဲ၊ ဆိုတော့ သီလအနှစ်ဆိုတာကို ဟောဒီခန္ဓာကိုယ်ကြီးထဲက ထုတ်ယူကြရမယ်။

သေခြင်းဆိုတာက ဆန်းတဲ့တရားတော့မဟုတ်ဘူး၊ မွေးဖွားခြင်းကို ရရှိခဲ့စဉ်ကပဲ သေခြင်းဆိုတဲ့ လက်မှတ်ကို တစ်ပါတည်း ယူခဲ့ကြပြီးသားရယ်၊ လူတိုင်း သတ္တ၀ါတိုင်း အသက် ကိုတော့ ချစ်မြတ်နိုးကြတာချည်းပါပဲ၊ လူမှမဟုတ်၊ တိရစ္ဆာန်တွေတောင် သူတို့အသက်ကို ချစ်လွန်းလို့၊ သေမှာကြောက်လွန်းလို့ အမြဲတန်း အန္တရာယ်တွေကနေ ရှောင်တိမ်းနေကြ ရတာပ၊ လောကမှာ ကိုယ့်အသက်ကို မချစ်တဲ့သူ၊ မုန်းတဲ့သူ၊ မမြတ်နိုးတဲ့သူ မရှိပါဘူး၊ စိတ်ဖောက်ပြန်လို့ ဘ၀ကို အရှုံးပေးသွားတဲ့သူတွေကိုတော့ မဆိုဘူးပေါ့၊ သူတို့ကတော့ ဘ၀ကို ကြောက်ရွံ့ပြီးတော့ လက်မြောက်အရှုံးပေးသွားကြတာကိုး။

အသက်… ကိုယ့်အသက်ကရော အနှစ်လား မေးကြည့်၊ အသက်ကလည်း အနှစ်မှ မဟုတ်တာ၊ အကာပါပဲ၊ အဲဒီအကာကို အကာတိုင်း နေစေဟု ထားလိုက်ရင်တော့ ဒီအကာ ကြီးလည်း တစ်နေ့ ပိုးထိုးလောက်ကိုက်ပြီး ပျက်စီးသွားရမှာပါပဲ၊ အဲဒီအကာထဲမှာ တကယ့် စစ်မှန်တဲ့ အနှစ်ရှိတယ်၊ အဲဒီအနှစ်ကို ကိုယ်က ထုတ်တတ်ရမယ်၊ အဲဒီအနှစ်ကို ထုတ်တတ် ပြီဆိုရင် လူဖြစ်ရကျိုးနပ်ပြီ၊ လူ့ဘ၀မှာ လူလာဖြစ်ရတာဟာ အလကား ဖြစ်လာရတာ မဟုတ်ဘူး၊ အရင်းတွေ အများကြီးစိုက်ခဲ့ပြီးမှ လူဖြစ်ကြရတာ။

ဒီထက်ပြောရဦးမယ်ဆိုရင်- ဒို့က အခက်ကြီး ငါးခုကို ကံကောင်းထောက်မှစွာနဲ့ ကျော်လွန်ပြီးမှ ဒီလူ့ဘ၀ကိုရရှိကြရတာ၊ အခတ်ကြီး ငါးခုဆိုတာက - ဘုရားအဖြစ် ဘုရားသာသနာနဲ့ ကြုံတောင့်ကြုံခဲ ဆုံတောင့်ဆုံခဲအဖြစ်၊ လူဆိုတဲ့ လူ့ဘ၀ကို ရရှိကြရတဲ့ ဖြစ်၊ ကိုယ်တိုင်ရဟန်းပြုခြင်း သူတစ်ပါးကို ရှင်ပြု ရဟန်းခံပြုပေးနိုင်တဲ့အဖြစ်၊ သဒ္ဓါတရားနဲ့ ပြည့်စုံခြင်းဆိုတဲ့ ရတနာသုံးပါး ကံ ကံ၏အကျိုးကို ယုံကြည်မှုကို ရရှိတဲ့အဖြစ်၊ နောက်ဆုံး သူတော်ကောင်းတရား သစ္စာလေးပါး မဂ္ဂင်တရားတွေကို နာကြားရတဲ့အဖြစ်၊ အဲဒါတွေကို ရရှိကြတာကတော့ တကယ့်တကယ်ကို ကံကောင်းလွန်းလို့၊ ရှေးကုသိုလ်တွေကောင်းလွန်း လို့ပါပဲ၊ ကမ္ဘာမှာ လူတွေအများကြီးထဲကမှ အနည်းစုသာ ဒီအဖြစ်တွေကို ရရှိကြတာပါ၊ ဒီတော့ ရခဲတဲ့ ရတနာကို တန်ဘိုးထားတတ်ဘို့ လိုတာပေါ့။

အဲဒီလို တန်ဘိုးရှိစွာရလာတဲ့ ဘ၀၊ အသက်ကို အကာကြီးပဲဆိုပြီး ဘေးချထားဘို့ တော့ မကြိုးစားကြစေချင်ဘူး၊ အဲဒီအကာထဲက အနှစ်ကို ရှာရမယ်၊ ရှိတယ်၊ ဘာဝနာ အနှစ်တဲ့၊ ၀ိပဿနာဘာဝနာအနှစ် အဲဒီထဲမှာ ရှိတယ်၊ အသက်က မြဲလား၊ မမြဲပါဘူး၊ အနိစ္စတရား၊ ချမ်းသာတယ်လား မချမ်းသာပါဘူး၊ အိုခြင်း နာခြင်း သေခြင်းဆိုတာတွေနဲ့ ဆက်ဆံနေရတာ၊ အမြဲပဲဟာ- ဒီတော့ ဒုက္ခ = ဆင်းရဲခြင်းပေါ့၊ မအိုချင်ဘဲ နေရလား၊ မနာပါနဲ့လို့ရော အမိန့်ပေးလို့ ရမလား၊ မသေပါနဲ့ အစောကြီးရှိသေးတယ်၊ ပြောလို့ရမလား၊ ငယ်သေးတယ်လို့ရော ပြောလို့ရမလား၊ မရပါဘူး၊ သေချင်တဲ့အချိန်- သေချင်တဲ့နေရာ- သေချင်တဲ့ အရွယ်- သေချင်တဲ့ ရောဂါနဲ့ သေကြမှာချည်းပဲ၊ ကိုယ်က အမိန့်ပေးလို့ ရတာမှ မဟုတ်တာ၊ ဒါကြောင့် အနတ္တတဲ့၊ ကိုယ်စိုးမရဘူးပေါ့၊ ကိုယ်မပိုင်းဘူးပေါ့၊ အဲဒီလို ၀ိပဿနာ တရားတွေကို အဲဒီအသက်ထဲက နေထုတ်ယူတတ်ရမယ်၊ ထုတ်ယူရမယ်။

အဲဒီ ပြောခဲ့တဲ့ အနှစ်သုံးပါး ဒါန၊ သီလ၊ ဘာဝနာ တရားတွေကသာလျှင် သေရင် - ကိုယ်နဲ့အတူ ကိုယ့်နောက် ပါလာမှာ၊ တခြားပစ္စည်းဥစ္စာတွေကတော့ သေရင် ထားခဲ့ရမှာ၊ သုံးချင်တဲ့သူက သုံးမှာ၊ ယူချင်တဲ့သူက ယူမှာ၊ ကိုယ်နဲ့ ဘာမှမဆိုင်တော့ဘူး။

ဒါကြောင့် မြတ်စွာဘုရားက ဓမ္မပဒပါဠိတော်၊ ယမက၀ဂ်မှာ ဒီလိုဟောခဲ့တယ်…

နာမ်ခန္ဓာလေးပါးတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော် လည်းကောင်း၊ ကြံစည်သော်လည်းကောင်း၊ ထို ပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏

နာမ်ခန္ဓာလေးပါးတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း၊ ထို ပြောဆို ပြုလုပ် ကြံစည်မှုကြောင့် အရိပ်သည် လူကိုမစွန့်မူ၍ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။

ဒါကြောင့်

သေခြင်းနဲ့အတူ ဘာတွေယူသွားကြမလဲ……..

14. 01. 2010



Read more...

မြရတနာဆရာတော် ပျံလွန်

မြရတနာကျေးရွာမှ ကျောင်းတိုင်ဆရာတော်ဘုရား (၁၃-၁-၂၀၁၀) နေ့  နံနက် (၄)နာရီ (၁၀)မိနစ်တွင် ပျံလွန်တော်မူသွားပါကြောင်း ဓမ္မမိတ်ဆွေများအား အကြောင်းကြားအပ်ပါသည်။

မဥမ္မာဌေး အကြောင်းကြားလာတဲ့စာ ဖြစ်ပါတယ်။

ရဟန်းတော်ဘဝမှာ စွဲကပ်လာတဲ့ အနာကြီးရောဂါ ဝေဒနာကို နှစ်ရှည်ခံခဲ့ရတဲ့၊ ဝေဒနာ ပျောက်ကင်းချိန်မှာလဲ မျက်စိတစ်ဖက် အမြင်ဆုံးရှုံးခဲ့ရတဲ့ ဆရာတော်ဟာ ကင်ဆာရောဂါနဲ့ ဇန်နဝါရီ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့က ပျံလွန်တော်မူသွားပါပြီ။



Read more...

နာမ် နှစ်ခု ရဲ့အဓိပ္ပါယ်မရှင်းပါ

အမေး။ ။အရှင်ဘုရား…မြန်မာစာအသုံးအနှုန်းမှာ နာမ်ဆိုတာ သက်ရှိ၊ သက်မဲ့၊ ဒြပ်ရှိ၊ ဒြပ်မဲ့၊ အမည်ဟူသမျှကို ‘နာမ်’ လို့ခေါ်ပါတယ်လို့ သင်ရပါ တယ်ဘုရား။ ဒီဘက် ဘာသာရေးမှာကျတော့ နာမ်ဆိုတာ စိတ်+စေတသိက် လို့ ခေါ်တာလားဘုရား။ အဓိပ္ပါယ် နှစ်မျိုးကို ဝေါဟာရတစ်မျိုးတည်း သတ်မှတ်ထားတာဟာ မသိတဲ့သူတွေအတွက် နားမရှင်းစရာ ဖြစ်ရပါတယ်။ ဒီအတွက် အဖြေပေးတော်မူပါဘုရား။
အောင်မော်ဟိန်း
ရန်ကုန်

အဖြေ။ ။ ပါဠိတစ်ချက် အနက်ဆယ်ထွေ ဆိုတဲ့အတိုင်း အချို့ပါဠိဝေါဟာရတွေဟာ အဓိပ္ပါယ်ဆယ်ခုထွက်တယ်ဆိုတာရှိပါတယ်။ အဓိပ္ပါယ်များတဲ့ ပါဠိဝေါဟာရတစ်ခုကို သုံးတဲ့နေရာမှာ သူ့နေရာနဲ့သူ သုံးတတ်ဖို့၊ ဖတ်တဲ့သူကလဲ ဒီဝေါဟာရက ဘာကို ဆိုလို တာလဲဆိုတာ သူ့ရဲ့ စာကြောင်းကိုကြည့်ပြီးသိဖို့လိုပါတယ်။ တစ်ခါတစ်ရံ ဒဿနဆန်ဆန်တွေးတယ်ဆိုတဲ့နေရာမှာ လိုတာထက်ပို တွေးရင်လဲ အဖြေရှာမရဖြစ်တတ်ပါ တယ်။ ဆိုကြပါစို့…. ဘုရားရှင်သည် သစ္စတရားကို ဟောတော်မူသည် ။ မောင်သစ္စာသည် အိမ်စာလုပ်နေသည်။ ဒီဝါကျနှစ်ခုကို ကြည့်ပါ ပထမ၀ါကျမှ သစ္စာ က သစ္စာလေးပါးကို ပြောတာပါ။ ဒုတိယသစ္စက မောင်သစ္စာဆိုတဲ့ လူရဲ့နာမည်ကို ပြောတာပါ။
မေးခွန်းရှင်ပြောတဲ့အတိုင်းဆိုရင် မောင်သစ္စာ မှာပါတဲ့ သစ္စာဟာ သစ္စာတရားကိုပြောတာလားလို့ ဘယ်သူမှ တွေးမှာလဲမဟုတ်ပါဘူး။ ဒီလိုပါပဲ…သစ္စာလေးပါးမှာပါတဲ့ သစ္စာဟာ မောင်သစ္စာလားလို့ ဘယ်သူမှ မထင်ပါဘူး။ အခုလဲ စာပေနယ်က နာမ်ကိုဟောတာနဲ့ ဓမ္မ ဘက်က ဟောတဲ့ နာမ်တရားဟာ မတူပါဘူး။ စာပေက အမည်နာမကို နာမ် ။ ဓမ္မက အာရုံကိုသိတတ်တာကို နာမ် မတူပါဘူး။ သူ့နေရာနဲ့သူ အဓိပ္ပါယ်ယူ တတ်ဖို့ အရေးကြီးပါတယ်။ ရှင်းတာကို ရှုပ်အောင်မလုပ်မိဖို့ အရေးကြီးပါတယ်။


Read more...

ခင်ကြီးဇောနှင့် ခင်ကြီးနော

၂၀၁၀ ခရစ်နှစ်ကြီးထဲ အတွေးတစ်ပွေ့တစ်ပိုက်ကြီးနဲ့ ဒရောသောပါးဘလော့ဂ်မယ့် သူ့မိတ်ဆွေရဟန်းနှစ်ပါးပေါ်လာပါတော့တယ်။ အင်းဝခေတ် ကုန်းဘောင်ခေတ်တုန်းက ရဟန်းတော်တွေကို မြတ်မြတ်နိုးနိုးခေါ်ကြသလို ဆိုရင်တော့ ခင်ကြီးဇောနဲ့ ခင်ကြီးနောလို့ပဲ ခေါ်ကြရပေမှာပ။ ပုဂံခေတ်မှာတော့ သင်ကြီးလို့သုံးကြတယ်ထင်ပါရဲ့။ကုန်းဘောင်ခေတ်လယ်ခေတ်နှောင်းနဲ့
ကုန်းဘောင်အလွန်ဗြိတိသျှအုပ်ချုပ်ရေးကာလတွေမှာတော့ ဘုန်းတော်ကြီးတွေက ခင်ကြီးနေရာမှာ ဦးပြောင်းပြီး လူ့ဘ၀ငယ်နာမည်နဲ့ တွဲပြီးပျော်ပျော်ကြီးသုံးကြတာတွေ့ရပါရဲ့။ ဆရာတော်ဦးဗုဓ်၊ဦးပိုး၊ဦးကျီး၊ ဦးသီး၊ ဦးကြည်၊ ဦးကြယ်ဆိုသဟာမျိုးပ။

အသျှင်ဆိုတာမျိုး သျှင်ဆိုတာမျိုးလည်း သုံးစွဲလာကြတာတွေ့ရပါသေးတယ်။ ဦးဆိုတာကို အက္ခရာ “ဦး”အယူအဆလေးကွဲလွဲကာ သုဓမ္မာဆရာတော်တွေက “ ဦး” ၊ရွှေကျင်ဆရာတော်တွေက “ ဥုး” ဆိုပြီး သုံးတာမျိုးတွေ့လာရပြန်ပါတယ်။
အကင်းပါးပြီး ဂိုဏ်းဂဏတွေကို လွန်မြောက်လိုတဲ့ အရှင်မြတ်တွေကတော့ “ဦး”နဲ့“ဥုး”ကို ကျောခိုင်းပြီး “အရှင်”ဆိုတာလေးကို လွတ်လွတ်ကင်းကင်းသုံးလာပါတော့တယ်။ အရှင်ဇနကာဘိဝံသ၊ အရှင်ဝိစိတ္တသာရာဘိဝံသ ဆိုသဟာမျိုးပေပ။

ခုခေတ်မှာတော့ ပိုပြီးအဆင်လည်းပြေ၊ခန့်ခန့်ညားညားလည်း ရှိတဲ့ “ဘဒ္ဒန္တ”ဆိုတဲ့ ပါဠိဝေါဟာရကို ဘွဲ့တော်ရဲ့ထိပ်မှာ တံဆိပ်ခတ်လိုက်တဲ့အခါမှာတော့ လူပုဂ္ဂိုလ်တွေရဲ့မေးခွန်းတွေကို မကြာခဏဖြေရတတ်ပါတယ်။ “ အရှင်ဘုရား ဘဒ္ဒန္တဘွဲ့ရပြီးပြီလားဘုရား”ဆိုတာမျိုးပါ။ ဘဒ္ဒန္တဆိုတာကို လွတ်လပ်ရေးနေ့မှာ ကြေငြာဆက်ကပ်တဲ့ ဘွဲ့တံဆိပ်တော်လို့ ထင်နေကြပေသကိုး။

ဘဒ္ဒန္တဓမ္မဂင်္ဂါ ဆိုတာ မစ္စတာဓမ္မဂင်္ဂါ ၊ အရှင်ဓမ္မဂင်္ဂါထက်မပိုပါဘူး။ ဒါပေမယ့် ဘဒ္ဒန္တဆိုတဲ့ဝေါဟာရကြီးကို ထင်းထင်းကြီးဖြစ်အောင်ရေးထားတဲ့ ယပ်တောင်တော်ကြီးကိုတော့ ထမ်းပြီးသွားခဲ့ဖူးပါသေးတယ်။
ဒါပေမယ့် လေးစားလောက်တဲ့ဆရာတော်ကြီးရဲ့ “ မောင်ရင်တို့လည်းကွယ် ကိုယ့်နာမည်ကြီးကိုယ်ထမ်းသွားနေရတာ မလေးဘူးလားကွယ်ရို့”ဆိုတဲ့အသံကို ကြားမိတော့ မျက်နှာအပူသား။
အဲဒါနဲ့ သံဖြူဇရပ်ဘက်က လာတဲ့ ထန်းရွက်ယပ်တောင်လေးပြောင်းသုံးရလေတော့တာကိုး။

ခင်ကြီးဆိုတဲ့ဝေါဟာရကိုတော့ ငယ်စဉ်ကိုရင်ဘ၀က မကာရလောပအကျော် ခင်ကြီးဖျော်(ပျော်)ရဲ့ သဒ္ဒါကျမ်းရဲ့ အနှစ်ချုပ် ပုဒ်စစ်ကျမ်းကို အော်ကျက်ခဲ့ရကတည်းက ရင်းနှီးကျွမ်းဝင်နေခဲ့တာကလား။ ဥပမာသမူဟဂီရက္ကမကျမ်းမှာလား ဦးပေါ်ဦးလျှောက်ထုံးမှာလား အခြားကျောင်းကန်အနီးပြောကြဆိုကြတဲ့ ဟာသပုံပမာစကားဝိုင်းမှာလား ကြားရဖူး ဟားရဖူးတဲ့ “ ဒို့နှစ်ယောက်နောက် ခင်ကြီးပေါက်” ဆိုတဲ့ ပုံပြင်လေးကလည်း ခင်ကြီးဆိုတဲ့ဝေါဟာရလေးကို အကျွမ်းတ၀င်ဖြစ်စေတော့တာပါ။

ခင်ကြီးဇောဆိုတာကတော့ ဂျာမဏီနိုင်ငံမှာ သတင်းသုံးပြီး “မြတ်ရောင်နီ”ဘလော့ဂ်စာမျက်နှာကြီးကို နှစ်ဆန်းတစ်ရက်နေ့မှာပဲ မင်္ဂလာရှိစွာ ဖွင့်လှစ်လိုက်တဲ့ အရှင်တေဇောဘာသ(မြင်းခြံ)ဖြစ်ပါတယ်။ခင်ကြီးဇောနဲ့က ရန်ကုန်ထေရ၀ါဒတက္ကသိုလ်နေ့ရက်များမှာ မျက်မှန်ထူထူတပ်၊ သင်္ကန်းသပ်သပ်ခတ်ခတ်ရုံ၊ ထီးကြီးတစ်ချောင်းကိုထမ်း လွယ်အိပ်ကြီးတစ်လုံးလွယ်ပြီး သွားအဖွေးသား ပြုံးကာ ရောက်လာတတ်တဲ့ ရဟန်းတော်တစ်ပါးအဖြစ် ရင်းနှီးခဲ့ရပါတယ်။ ထေရ၀ါဒတက္ကသိုလ်မှာ ဗုဒ္ဓဓမ္မ၀ိဇ္ဇာဘွဲ့ယူပြီးတဲ့နောက်မှာတော့ ခင်ကြီးဇောက သီဟိုဠ်ကျွန်းညိုဆီ ပညာရေးကွန်းခိုဖို့ထွက်ခွာသွားခဲ့ပါတော့တယ်။
အဲဒီအချိန်ကတည်းက မတွေ့ဖြစ်ကြတော့တာပါ။ သူ မဇ္ဈိမကို ထွက်လာဖြစ်တဲ့အချိန်မှာမှ အွန်လိုင်းမှာ ဘွားကနဲ ဆုံကြရပြန်တာပါ။

နောက်မကြာမီ ခင်ကြီးဇောက သီဟိုဠ်ကို ဘုရားဖူးကြွလာတဲ့ ဂျာမန်ဘုန်းတော်ကြီးကို တရားဓမ္မအဟောအပြကောင်းလို့ မဟာဝိဇ္ဇာဘွဲ့ယူအပြီး တိုင်းဂျာမဏီ ရွှေပြည်ထုတ်ချောက် လမ်းမကောက်ဘဲ အရောက်ကြွဖို့ ပင့်ဆောင်သွားပြီလို့ သတင်းကောင်းကြားရပြန်ပါတယ်။ အဲဒီအချိန်မှာ သူကလည်း ဓမ္မဂင်္ဂါရေစီးကို ပရိသတ်ကျဉ်းကျဉ်းလေးထဲ သွန်းလောင်းချနေခဲ့ပါတယ်။ ခင်ကြီးဇောကတော့ ပင်တိုင်ကူးခတ်သူပါပဲ။ သူကတိုက်တွန်းဖြစ်ပါတယ်။ အနောက်နိုင်ငံကို ရောက်နေတဲ့ ရဟန်းတော်တစ်ပါးဆီက အသံကို ကြားချင်ပါတယ် လို့။ သူရဲ့ဝါသနာနဲ့ စာပေဓါတ်ခံတွေကိုလည်း မြင်နေမိသကိုး။
ဒီလိုနဲ့ “မြတ်ရောင်နီ” ဘလော့ဂ်တော်ကြီး ပေါ်လာတော့ သာဓုခေါ်မိပါတော့တယ်။

ခင်ကြီးဇောရဲ့ဘလော့ဂ်ဖွင့်ဦးစနေ့မှာပဲ သူက ဒီလို အဘိယာစကအမှုပြုခဲ့မိပါတယ်။

ဓမ္မဂင်္ဂါ said...

ဇာမဏီပြည်ကြီး၌ နေထိုင်ပျော်မွေ့ သာသနာအလေ့ကို ပြလျှက်ရှိပါသော မြတ်ရောင်နီအရှင်၏ ဒေသနာခရီးကို ရှာမှီးသိလိုပါသော ကျွန်ုပ်တို့ဝေနေယျတစ်စု ပုပုရွရွ ဟူသမျှတို့အား သနားလည်းဟော မသနားလည်းဟော တရားသဘောပေါက်ဖို့သာ လိုရင်းဟုမှတ်ကြပါမည်။
အတွဲပထမမှသည် နိဂမနိဂုံး အဆုံးမသတ် တုံးတိကြီးဖြတ်မပစ်လိုက်ပါနှင့်
မဇ္ဈိမဒေသ ဥတ္တရတိုင်း ဗာရာနဂရနေ ဓမ္မဂင်္ဂါမောင်ရှင်က နောင်အစဉ်နာလိုကြောင်းပါဘုရား။
ပုဒိအာနှင့် ပြည့်စုံရပါလို၏။

ခင်ကြီးဇောကလည်း စာရေးဖြစ်တဲ့အကြောင်းတွေကို “စာရေးဆရာနားနီး စာရေးဆရာ”ဆိုပြီး ပြန်ပြောင်းရေးပြပါသေးတယ်။

“အဲဒီထဲမှာ ကိုယ်နဲ့  နီးစပ်တာက တက္ကသိုလ်ဆရာများလည်းဖြစ်၊
အပ္ပမာဒ ပင်တိုင်စာရေးဆရာများဖြစ်တဲ့-ဒေါက်တာ အရှင်အာစာရ၊
ဒေါက်တာကျမ်းပြု အရှင်ပါရမီ၊ ပြီးတော့ ကိုယ့်ထက် စီနီယာဖြစ်တဲ့
မော်ဒန်-အရှင်ဝိစိတ္တသာရ ( ယခု ဓမ္မဂင်္ဂါ ) ဘလော့ အုန်နာ။
ပြီးတော့ ဆရာဖြစ်တဲ့ ကဗျာဆရာ မောင်သစ်ဝေ (မြင်းခြံ) ။ ကဲ ဒီလို
စာရေးဆရာတွေကြား ရောက်သွားတဲ့ ကိုယ်။
စာရေးချင်စိတ်က ကလိကလိ ဖြစ်လာတယ်။
ဒါနဲ့ ပဲ စာရေးချင်တဲ့ကြောင်း ပြောပြတော့လည်း ဒီအရှင်တွေက တွယ်စမ်းပါတဲ့။
ကိုယ်သိထားတာတွေ ရေးချလိုက်စမ်းပါ လို့  မြှောက်ပင့်ကြလို့ စာရေးဆရာ
ဖြစ်လာပါတယ်။”

တကယ်တော့ ဘယ်သူတွေ ဘယ်လောက်ပဲတွန်းတွန်း၊ဘယ်သူတွေနဲ့ ဘယ်လောက်ပဲနီးနီး ကိုယ့်မှာဝါသနာနဲ့ ဇလေးကလည်းရှိဦးမှဖြစ်မှာ ။ ဒီတော့ သူကလည်း ခင်ကြီးဇောရဲ့ ပို့စ်အောက်မှာ ဒီလိုလေးမှတ်ချက်ပေးမိပြန်ပါတယ်။ ခင်ကြီးတို့ သင်ကြီးတို့ဆိုတဲ့ ဝေါဟာရလေးတွေနှစ်ခြိုက်မိတော့လည်း ရေးမိတာကိုက ကုန်းဘောင်ဆန်သလိုလို၊ ဆုတောင်းစာလိုဖြစ်သွားခဲ့ပါသေးတယ်။ တတ်နိုင်ပေဘူး။ လက်ကကျူးမိပြီကိုး။

ဓမ္မဂင်္ဂါ said...

စာရေးဆရာ မဟာရောင်နီ ဇာမဏီကျော် လူတော်ဥက္ကဋ္ဌ် အတ္ထုပ္ပတ်ကို သိရပါမှ အော် ကောင်းလင့်တေး ကောင်းလင့်တေး ပီတိကို မွေးမိတော့သည်။ ငါသည်ကား အရတော်လေစွ အရတော်စွ ဟု စူဠဥဒါန်း အခါခါလွှမ်းတော့သည်။
စာရေးဆရာနီး စာရေးဆရာ ဖြစ်ထိုက်စွာသား စကားအရှိ ဆိုလေဘိသော်လည်း အသိဓါတ်ခံ အတွေးဥာဏ်ထွက်မှသာလျှင်
အချက်ကျကျ ဓမ္မအရေး မျှော်တွေးထောက်ဆ ဖော်ပြနိုင်ပေမကိုးဗျ။
ဟင်းအိုးနားနီးသော်ငြား ခါးခါးချိုချို အပိုမသိ ယောင်းမစကားပုံအရှိသား။
စိတ်အားမငယ် အတွေးကြွယ်သမျှ ရေးခြယ်ပြဖို့သာ မျှော်လင့်ရတော့သည်။
ဇာမဏီဘောင်အတွင်း သာသနာပြောင်ဝင်းအောင် အရောင်အဆင်းကိုသာ လင်းပါရော့ မြတ်ရောင်နီးအရှင်ကိုယ်တော်မြတ်ကြီးဘုရား။
(သာဓု သာဓု သာဓု)

ဘာပဲဖြစ်ဖြစ် အနောက်မှာ နေထွက်နေတဲ့ အရှင်တွေရဲ့ ခြေလှမ်း လက်လှမ်းတွေကိုတော့ မှီသလောက် သိချင်တာအမှန်ပါ။ ဘာလုပ်နေကြပါလိမ့်ပေါ့။ ခင်ကြီးဇောရဲ့ ဥရောပသာသနာစာမျက်နှာကိုတော့ လှမ်းလှမ်းမျှော်မိကြောင်းပါ။

နောက်တစ်ပါးကတော့ ဗာရာဏသီရေအတူသောက်နေတဲ့ ခင်ကြီးနောပါ။ ဘွဲ့အမည်အပြည့်အစုံကတော့ အရှင်ဉာနောဘာသာလင်္ကာရပါ။ နောက်မှာ ရွှေပြည်ကြီးတုန်းက ရတဲ့ဘွဲ့တွေလည်း မနည်းဘူးပ။ ခင်ကြီးနောကလည်း မျက်မှန်အ၀ိုင်းသားနဲ့ သင်္ကန်းတဖားဖားရုံကာ သူ့အခန်းကို ရောက်လာလေ့ရှိပါတယ်။များသောအားဖြင့် ဉာဏ်ကို ကိုယ်စားပြုတဲ့စကားလုံးတွေရေးတဲ့အခါ ဏကြီးအက္ခရာနဲ့ရေးလေ့ရှိပါတယ်။ ဒါပေမယ့် ရွှေကျင်ထိပ်ခေါင်တင်ဆရာတော်ကြီးတွေကတော့ နငယ်နဲ့ တခုတ်တရရေးလေ့ရှိပါတယ်။ သာသနာပိုင်မြောင်းမြဆရာတော် အရှင်ဉာနာဘိဝံသ၊ အင်္ဂလန်သာသနာပြုမြောင်းမြဆရာတော် အရှင်ဉာနိကဆိုတာမျိုးပါ။ခင်ကြီးနောကတော့ နငယ်နဲ့ရေးရတာက ပိုလွယ်သဟ လို့ပြောလေ့ရှိပါတယ်။
ခင်ကြီးနောကလည်း ကမ္ဘာကြီးတစ်ခုလုံး ဘလော့ဂ်ကုန်ကြပြီ။ ကျန်မနေသင့်တောဘူး ဆိုတဲ့အတွေးနဲ့ “ ကိုနော” ဆိုတဲ့ ဘလော့ဂ်တစ်ခုကို အပြင်းမောင်းနှင်ဖို့ စိုင်းပြင်းနေတော့တာပါ။

ကြိုဆိုရမှာတစ်ခုက ခင်ကြီးနောရဲ့ ဘလော့မှာ ဟိန္ဒီဘာသာပြန်လက်ရာသန့်သန့်တွေကို ဖတ်ကြရမှာပါ။
ခင်ကြီးနောရဲ့ အခန်းထဲမှာ ဟိန္ဒီအဘိဓါန်ကြီးတွေ၊ အမျိုးအမည်မသိတဲ့ ဘုတ်အုပ်ထူထူကြီးတွေနဲ့ ပွနေပါတယ်။ တမင်တကာဖွထားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကုပ်ကုပ်စိုက်စိုက် အားထုတ်နေတာပါ။
ပြီးတော့ ခင်ကြီးနောက အဘိဓါန်ထူထူကြီးတစ်အုပ်ပြုစုဖို့ ပြင်ဆင်နေပါသေးတယ်။ အဘိဓါန်ရဲ့အမည်သညာ ခေါ်စရာကား “လက်ယားအဘိဓါန်” ဟူလို၊( လက်ယားလို့ မနေနိုင်မထိုင်နိုင် ထရေးတဲ့အဘိဓါန် လို့ ခင်ကြီးနောက အနက်ဖွင့်ပြပါတယ်)

အိန္ဒိယရောက်မြန်မာရဟန်းတော်အများစုဟာ အင်္ဂလိပ်ဘာသာစာပေနဲ့ တက္ကသိုလ်ပညာရေးကိုပဲ အရယူပြီး ပြန်သွားကြတာများပါတယ်။ ရှေးခေတ်ဦးဆီက ပညာသင်ရဟန်းတော်တွေကတော့ အိန္ဒိယနိုင်ငံထဲက ရသမျှပညာတွေ ထုပ်ပိုးသယ်ဆောင်သွားတတ်ကြတာပါ။ အဘယာရာမဆရာတော်။ အရှင်အာဒိစ္စ၀ံသ၊ အသျှင်ဥက္ကဋ္ဌ၊ ပြည်ဗာရာဏသီဆရာတော်စတဲ့ ပါဠိသက္ကတ ပြာကတစွယ်စုံပညာရှင်ကြီးများ ရွှေပြည်ကြီးရဲ့ စာပေ၀မ်းစာကို ဖြည့်ပေးခဲ့ကြဖူးပါတယ်။

ဒီနေ့ခေတ်မှာတော့ အင်္ဂလန်နိုင်ငံ၊ဘာမင်ဂန်ဆရာတော်ဒေါက်တာအရှင်ရေ၀တဓမ္မ၊ စာရေးဆရာကြီးပါရဂူ။ ဆရာကြီးမာဃစတဲ့ပုဂ္ဂိုလ်ကြီးတွေဟာ ရွှေပြည်ကြီးရဲ့ စာပေအ၀န်းအ၀ိုင်းကို ဟိန္ဒီစာပေတွေနဲ့ ပေါင်းကူးပေးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟိန္ဒီစာပေပေါင်းကူးဖို့ မျိုးဆက်လိုလာတာတော့ အသေအချာပါပဲ။
ဆရာကြီးပါရဂူလည်း ပေးနိုင်သမျှ ပေးခဲ့ပြီ။ ချန်ထားနိုသမျှ ချန်ခဲ့ပြီ။ ဘယ်သူလက်ဆင့်ကမ်းမလဲ။
ကဲ ခင်ကြီးနောရေ တောင်ပံခတ်ပေရော။

ခင်ကြီးနောရဲ့ ဘလော့က မျက်နှာဖွင့်တုန်းမို့ ပြည့်စုံမှုတော့ မရှိသေးပေဘူး။ နည်းပညာနဲ့ပတ်သက်ရင် အကန်းလောက်နီးနီးဖြစ်တဲ့ဓမ္မဂင်္ဂါကို ဆရာတင်ထားရှာလေတော့ စာလုံးတွေ ပျောက်သွားလိုက်၊ပုံတွေပျောက်သွားလိုက်နဲ့ ခမျာမှာ ဒီရက်ပိုင်းအတွင်း အိပ်ကောင်းခြင်းမအိပ်ရှာချေဘူးဆိုပဲ။
လောလောဆယ်တော့ ခင်ကြီးနော ဟိန္ဒီဘာသာကနေ ရွှေပြည်ကြီးရဲ့ ဘာသာနဲ့တိုက်ရိုက်ပြန်ဆိုထားတဲ့ ကဗျာလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။

သမီးငယ်လေးရဲ့ ဒိုင်ယာရီ(ကဗျာ)


ဖေဖေကြီး...

သမီးဟာ
ငှက်ကလေးတစ်ကောင်ဖြစ်တယ် ၊
နောက်တော့ ..မြစ်တစ်စင်း ဖြစ်လာတယ် ၊
ကောင်းကင်ပြာလည်း ဖြစ်လာပြန်ရော ....
ဖေဖေကြီးကကော ဘာလဲဟင်....?

ဖေဖေကြီးဟာ
မိုးစိုစိုလည်း သွားရဦးမယ် ၊
နေပူပူလည်း သွားရဦးမယ် ၊
မုန်တိုင်းထန်လည်း သွားရဦးမယ် ၊

ဖေဖေ့အိပ်မက်က စာအုပ်ကြားမှာဆိုတော့
နူးညံ့တဲ့စကားလုံးတွေကြားမှာ သမီးလည်းရှိနေတယ် ၊
ဘာကြောင့် ပုန်းနေလဲ သိလား ဖေဖေ..?
ဖေဖေ့ဆီမှာ ထီးမှ မရှိတာ ။

ဖေဖေ...သမီးလေ
အရာရာကို နားလည်ချင်ပြီ ၊
အရာရာကို ပြောချင်နေပြီ ၊
သမီး ကိုယ်တိုင် ပျံသန်းကြည့်ရတော့မလား?


သမီးလေ..
လနဲ့အတူ သွားနေတယ် ၊
လေနဲ့အတူ ပြန်လာတယ် ၊
မိုးရွာတဲ့အရပ်မှာတော့
ရေးချိုးနေလိုက်တယ် လေ..။

ကိုနော
၁၃.၈.၂၀၀၈

(က၀ိတာ အဂ်ျကလ် ကဗျာစာအုပ်မှ ၀ိမလ် ကူးမား(ရ်)၏ ဧက် နန်ဟီးဆီ လရကီး ကီ ဒါယရီကို ပြန်ဆိုသည်။)

Read more...

ရွှေချိန်ခွင် ( ၁၂ - ၁၃ )

ရွှေချိန်ခွင် အဆို


၁၂-

(က) ဂေါတမရှိသည့်အခါမှခို၍ မလုံ၊ ငါမတတ်နိုင် ငါသော်မှ သေရဦးမည်ဖြစ်၍ “သဗ္ဗေသတ္တာ ကမ္မဿကာ” ဟုဆို၏၊ ဘုရားမရှိဟု ယူသောကြောင့် တစ်ချက် ဘုရား မတတ်နိုင်၊ ၀ဋ်ဆိုက်၍ သေရသေးသည်ဟု ယူသောကြောင့်တစ်ချက် ဤအချက်နှစ်ချက် အကြောင်းကြောင့် ဗုဒ္ဓဘာသာ၌ ဘုရားကို ကိုးကွယ် ဆုတောင်းဝတ်ပြုရန် မလို။

(ခ) ခရစ်ယာန်ဘာသာက ဘုရားမရှိခဲ့သော် သတ္တ၀ါတို့သည် အနတ္တ သက်သက်ဖြစ်၍ တစ်စုံတစ်ခုကို မိမိစွမ်းအားဖြင့် မတတ်နိုင်ဟု အယူရှိ၍ ဘုရားကို ရှိခိုးဆည်းကပ် ကိုးကွယ် ကြ၏ ။

ဆရာတော် ရှင်းလင်းချက်

“ ဂေါတမဘုရားရှိသည့်အခါမှ ခို၍မလုံ ” ဟူသော စကား၌--
၁။ ခို၍လုံသည့် အမှုလည်းရှိသည်။
၂။ မလုံသည့် အမှုလည်းရှိသည်။

ခို၍လုံသည့် အမှုအပြစ်ဟူသည်ကား။ ။
မသိသောအပြစ် မတတ်သောအပြစ် မလိမ္မာ သောအပြစ် မိုက်မဲသောအပြစ် မှားယွင်းတတ်သောအပြစ် ကြမ်းတမ်းယုတ်မာသော အပြစ် နောက်နောက်ဘ၀တို့၌ ကာလအရှည် အပါယ်ငရဲ၌ ခံရသောအပြစ်၊ ဤအပြစ်မျိုးသည် ဘုရားကိုဆည်းကပ်ကိုးကွယ်၍ ဘုရားဟောသော တရားကို နေရာကျ ကျင့်သောသူတို့အား ထိုနေ့ကစ၍ မနှိပ်သက်နိုင်ပြီ၊ လွတ်ငြိမ်းချမ်းသာ၏ ၊ ထိုမသိတတ်သောအပြစ် မလိမ္မာ တတ်သောအပြစ် မိုက်မဲမှောက်မှားတတ်သောအပြစ်များကို ဘုရားမှသာ ကယ်နိုင်၏ ။
ကယ်နိုင်သည်ဆိုသည်မှာ။ ။အမှန်ကို နေရာကျသိအောင်ဟော၍ပေးနိုင်သည်၊ လိမ္မာ အောင် မမှောက် မမှားရအောင် ဟော၍ ပေးနိုင်သည်၊ ဘုရားမှတစ်ပါး ကောင်းကောင်း ကြီးလိမ္မာအောင် ဟော၍ပေးနိုင်သောသူ တစ်ဦးတစ်ယောက်မျှမရှိ၊ အမိုက်ဘေးမှ လွတ်ကင်း လိုလျှင် ဘုရားကို ခိုမှလုံသည် ။

(အမိုက်ဘေးကင်းလွတ်၍ အလိမ္မာကို ရခြင်းသည် ဘယ်လောက်အဖိုးတန် သည်ဟု ဦးစောလှဖြူ မြင်၏လော။)

မေး။ ။
လူတစ်ယောက်သည် ပစ္စည်းဥစ္စာအလွန်မွဲ၍ အလွန်ဆင်းရဲ၏၊ အလိမ္မာမရှိ၍ အလွန်လည်း မိုက်မဲ၏၊ ထိုသူက်ု တစ်ဦးသောသူက ရွှေတစ်ကုဋေ ငွေတစ်ကုဋေပေး၍ ဆင်းရဲ ပျောက်အောင် ကယ်မ-ပေ၏၊ အမိုက်ကိုကား ပျောက်အောင်မတတ်နိုင်။
တစ်ဦးသောသူက အမိုက်အမဲကို ပျောက်အောင် ဟောပြော၍ အလိမ္မာကို ကောင်း ကောင်းပေးပေ၏၊ ဥစ္စာပစ္စည်းကိုကား မပေးနိုင် ၊ ထို လူနှစ်ယောက်မှာ ဘယ်သူသာ၍ ကျေးဇူး ကြီးသနည်း။

ဖြေ။ ။
အလိမ္မာကို ပေးပေသောသူ၏ ကျေးဇူးသာကြီးပါသည်၊ အလိမ္မာကိုရလျှင် ဥစ္စာပစ္စည်းလည်း တည်ထွန်း၍ လာတော့မည် ၊ ပစ္စည်းဥစ္စာတွေကိုသာ များများကြီးပေး၍ အမိုက်မပျောက်လျှင် ထိုဥစ္စာတို့သည် မိုက်၍ ကုန်ဦးမည်၊ ဆင်းရဲမြဲဆင်းရဲဦးမည်။
ထို့ကြောင့် ရွှေတစ်ကုဋေ ငွေတစ်ကုဋေထက် အလိမ္မာကြီးတစ်ခုသာ သာ၍အဖိုးတန်သည် သာ၍ မြတ်သည်ဟု သိသာပါသည် ။

ထိုအလိမ္မာကြီးကိုမူကား။ ။
ဘုရားသာ ဟော၍ ပေးနိုင်ပါသည်၊ အလိမ္မာကြီးတစ်ခုလုံးရလျှင် အပါယ် ငရဲမှလည်း လွတ်အောင်ကြံနိုင်ပါသည်၊ လူဆင်းရဲမဖြစ်ရအောင်လည်း ကြံနိုင်ပါသည်၊ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာကိုလည်း ရအောင်ကြံနိုင်ပါသည်၊ အကျွတ်တရားကိုလည်း ယူနိုင်ပါသည်၊ နိဗ္ဗာန်တည်းဟူသော သုခဘုံသို့လည်း ရောက်နိုင်ပါသည်။
(ဤကား ဘုရားကိုခို၍လုံသော အမှုအပြစ်တွေတည်း။)

ဘုရားကိုခိုသော်လည်း မလုံသောအမှုကား။ ။
ဘုရားကိုမခိုရသေးသောကြောင့် မလိမ္မာနိုင်သည်ဖြစ်၍ ရှေးရှေးကမ္ဘာက ရှေးရှေးဘ၀တို့က အမိုက်တရားတွေကိုများစွာလက်လွန်ခဲ့ပြီးသော သူတို့အား တစ်ခုတစ်ခု သော အမိုက်တရားက အကျိုးပေးချိန်ရေကြ်၍ မိမိမိုက်ခဲ့သောအပြစ်အားလျော်စွာ မကောင်းကျိုးကိုခံ နေရသောသူတို့ကို ဘုရားမကယ်နိုင်၊ ခို၍မလုံ။

ခို၍မလုံဆိုသော်လည်း။ ။ အနည်းငယ်သော အပြစ်မှန်လျှင် ခို၍လုံပါသေး၏၊ ရှေးကမိုက်ချက် အားကြီးလှသော အပြစ်မှန်လျှင် ခို၍မလုံ၊ ဘုရားကိုဖက်၍နေသော်လည်း မပျာက်၊ ရှေးရှေးက အမိုက်လက်လွန် အားကြီးလှ၍ အပါယ်ငရဲ၌ခံ၍နေရသောသူုကို ဘုရားမတတ်နိုင်။

(ငါတို့ဘုရားသာမတတ်နိုင်သည်မဟုတ်၊

ထာဝရဘုရားလည်း မတတ်နိုင် မကယ်နိုင်။)


“ အကျွတ်တရားကိုရ၍ လက်လွန်ခဲ့သောအပြစ်ကို ၀န်ချ၍ တောင်းပန်လာလျှင် ထာဝရဘုရားက ချမ်းသာခွင့်ပေးနိုင်၏ ” ဟူသော စကားသည်-
လားလားမဟုတ်၊
ထာဝရဘုရားကို ကိုးကွယ်သူ
အကန်းတွေ
အကျိုးတွေ
အနူတွေ
အရွဲတွေ
အမွဲအတိတွေ
မင်းပြစ် မင်းဒဏ်ခံနေရသောသူတွေ
အထောင်မက များသည်ကိုမြင်၍ ထိုစကား မဟုတ်ကြောင်းကို သိသာလှပါသည်။

ရှေးရှေးက အမိုက်လက်လွန်ပြီးဖြစ်သော်လည်း။ ။
ထိုအမိုက်မှုတို့ အကျိုးပေးချိန် မရောက်သေးမီ ဘုရားကို အခိုဦး၍ ဘုရားစကားကို ကောင်းကောင်းကြီး နားမထောင်နိုင်လျှင် လုံးလုံး ပျောက်အောင် ဘုရားမတတ်နိုင်။

(က)
၁- ရှေးရှေးသော ဘ၀တို့က လက်လွန်ခဲ့သော မိုက်ပြစ်တွေအားကြီးလှသောသူ၊
၂-ဘုရားကို အခိုနောက်ကျသောသူ၊
၃-ခိုရုံသာခို၍ ဘုရားစကားတော်ကို ကောင်းကောင်းကြီး နားမထောင်နိုင်သော သူတို့ကိုလည်း ငါးဘုရားမနိုင်ဟု ဟောတော်မူပေသည်။

(ခ)
၂- အသင်္ခတဓာတ်ခေါ်သော ဓာတ်နု၊ ဓာတ်မြတ်သို့ မကူးနိုင်သေး၍ ခန္ဓာ၊ နာမ်ဝိညာဏ်ဟူသော ဓာတ်ကြမ်း၊ ဓာတ်သုဉ်း၊ ဓာတ်သွံ၊ ဓာတ်ခွံတွေနှင့် ဖြစ်နေရသော သတ္တ၀ါတို့ကိုလည်း မနာရအောင် မအိုရအောင် မသေရအောင် ငါမတတ်နိုင်ဟု ဟောတော်မူပေသည်၊
မှန်ပေ၏-

(ဂ)
၃- ဘုရားကိုတော် မြတ်မှာလည်း သတ္တ၀ါအများကို လိမ္မာဖို့ရာ ပိဋကသုံးပုံကို စေ့စုံအောင် ဟော၍ မပြီးသေးသောကြောင့် ဓာတ်မပြောင်းသာသေးမီဖြစ်၍ ငါသော်မှ သေရဦးမည်ဟု ဟောတော်မူသည်။

(ဓာတ်ပြောင်း၍ သုခဘုံ၌ တည်မိသည့်နောက် အိုသည် နာသည် သေသည်ဟူ၍ မရှိပြီ၊ ထာဝရ ဘုရားဖြစ်ပါတော့သည်။)

ငါတို့ဗုဒ္ဓဘာသာ၌။ ။

ခန္ဓာတော် ၀ိညာဏ်တော်ဆိုသော ဓာတ်များသည် ဓာတ်ကျမ်း ဓာတ်သွံတွေ ဖြစ်သည်၊ မအို မသေ အမြဲနေသော ထာဝရဓာတ်မျိုးမဟုတ်၊ အတုမရှိမြတ်သော အနှစ်သာရဖြစ်သော အသင်္ခတဓာတ် တစ်ခုသာလျှင် မအို မသေ အမြဲနေသော ထာဝရဓာတ်ဖြစ်သည်။

(ခရစ်ယာန်ဘာသာဝင်တို့ ထိုဓာတ်ကို ရှိမှန်းမသိကြ။)

“ ယခုဘုရားမရှိပြီဟု ယူသောကြောင့် မရှိသောဘုရားကို ကိုးကွယ်ဆုတောင်းဝတ်ပြုရန်မလို ” ဟူသော စကားမှာ အဘယ့်ကြောင့် မလိုဘဲရှိရအံ့နည်း။
ငါတို့ဘုရားသည်း သုခဘုံသို့မပြောင်းမီ ပိဋကတ်သုံးပုံကို ဟောကြား၍ ငါတို့ကို အလိမ္မာပေးခဲ့သော ကျေးဇူးတော် ပိဋကတ်သုံးကို ထင်ရှားထားခါပေး၍ မိမိလုံ့လရှိသလောက် ယခုလည်း လိမ္မာကြရပေသည်၊ နောင်လည်း လိမ္မာကြလိမ့်ဦးမည်၊ ဘယ်အခါမှ ဗုဒ္ဓဘညသာဝင် ငါတို့အပေါ်၌ ကျေးဇူးတော်မြတ် မကွာ ပါတကား။

၁။ သို့-ကျေးဇူးတော် အနန္တကြီးရင်ဖြစ်ပေ၍ ကိုးကွယ်ဆုတောင်းဝတ်ပြုကြသည်ကို ဦးစောလှဖြူက အမှားဆိုမည်လား။

၂။ ဘုရား ကျေးဇူးတော်မြတ်ကြီးကို မဆိုထားဘိဦး၊ ဤလောက၌ ခံရပေသော ဆရာသမား မိဘဂုဏ် ကျေးဇူးများကိုပင် ထိုသူတို့မရှိသော်လည်း မမေ့ကောင်း မမေ့ထိုက်ဟူသော သူတော်ကောင်း တရားကြီးတစ်ပါး သည် လူမျိုးတိုင်းမှာပင် ရှိကြသည်ကို ဦးစောလှဖြူ မသိရှာသလား။

၃။ ချင်းရိုင်း ကရင်ရိုင်းတို့မှာပင် သည်တရားရှိပါသည်၊ ဦးစောလှဖြူသည် ချင်းရိုင်း ကရင်ရိုင်းထက်ပင် ရိုင်းသေးသလား။

( ငါတို့လိမ္မာဖို့ ပိဋကတ်သုံးပုံကို ဟောနိုင်အောင် ငါတို့အတွက်သက်သက်နှင့် ပါရမီဖြည့်တော်မူရ၍ ၄-သင်္ချေနှင့် ကမ္ဘာတစ်သိန်း အပင်ပန်းခံတော်မူသော ဘုရားကျေးဇူးတော်မြတ်ကို ရှေး၌ဆိုခဲ့ပြီ။)

“ ၀ဋ်ဆိုက်သေရဦးမည် ” ဟူသောစကားမှာ။ ။
ဘုရားတို့မည်သည် ၀ဋ်ဆိုက်သေရသည်ဟူ၍ မရှိ၊ ဦးစောလှဖြူ မသိ၍ ဆိုခြင်းဖြစ်သည်။

ခရစ်ယာန်ဘာသာဝင်လူတို့သည်။ ။
သူတို့ထာဝရဘုရား မတတ်နိုင် မမနိုင် မကယ်နိုင်သော အရာတွေများစွာရှိသည်ကို မသိရှာကြ၍ သူတို့ဘုရားကို ကိုးကွယ်လျှင်ပင် အပြစ်ခပ်သိမ်း အကုန်ငြိမ်းသည်ဟု အယူမှောက်မှားသဖြင့် တရားကို များစွာမကျင့်ကြပဲ ဘုရားကိုသာ အားကိုး၍ ရှိခိုးဆည်းကပ် ကိုးကွယ်ကြခြင်း သည် သူတို့ဘုရားကိုကပင် တရားကို စေ့စေ့စုံစုံ မဟောတတ်ရှာ၍ ငါ့ကိုကိုးကွယ်လျှင် အပြစ်ခပ်သိမ်း အကုန်ငြိမ်း၏ဟု အပြီးစလွယ် လိမ်လည်လှည့်ဖြား၍ ထားခဲ့သောတရားနှင့် ညီကြပေ၏။

( ထာဝရဘုရား မကယ်နိုင်သော အပြစ်တွေကို ရှေး၌ပြဆိုခဲ့ပြီ။)

(ဒွါဒသမရွှေချိန်ခွင် အဆို ရှင်းလင်းချက်ပြီး၏။)

ရွှေချိန်ခွင် အဆို


၁၃.
ဗုဒ္ဓဘာသာမှာ ဘုရားမရှိပဲလျက် မိမိကိုယ်ကျင့်တရားကို ကျင့်လျင်ပင် ဖြစ်နိုင်၏- ဆို၍
ဘုရားကို အားမကိုး၊ ဘုရားကို မခိုမှီးရာကျ၏။

ဆရာတော် ရှင်းလင်းချက်

ဤစကား၌........
မိမိကိုယ်ကျင့်တရားကို မိမိကျင့်မှ ဖြစ်နိုင်သည် မှန်ပါ၏။

မိမိကိုယ်ကျင့်တရားကိုမူကား..........
၁။ ဘုရားက ဟော၍ပေးမှ နေရာကျ ကျင့်တတ်သည်၊ ကျင့်တတ်အောင်
ဟော၍ထားခဲ့ပေသော ကျေးဇူးတော်တွေသည် အနန္တရှိပေသည်ဖြစ်၍ ဘုရားကို
အားလည်းကိုးရသည်၊ ခိုလည်း ခိုမှိးရသည်။

၂။ ဘုရား၏ ကျေးဇူးတော် ဂုဏ်တော်မြတ်ကို သိ၍ ယုံကြည်၍ အားကိုးခြင်း၊ ကိုးကွယ်ခြင်း၊
ဝတ်ပြုခြင်း၊ လှူဒါန်းပူဇော်ခြင်းများသည်လည်း မိမိကိုယ်ကျင့်တရားတွေပင် ဖြစ်သည်။

(ဦးစောလှဖြူ ဆိုခွင့်မရှိ)


(တေရသမရွှေချိန်ခွင် အဆို ရှင်းလင်းချက်ပြီး၏။)

ကျမ်းကိုး-
လယ်တီဆရာတော်
သာသန၀ိသောဓနီကျမ်း-ဒုတိယတွဲ
(နှာ-
၁၂၂, ၁၂၃, ၁၂၄, ၁၂၅, ၁၂၆, ၁၂၇, ၁၂၈)

Image Hosting by imagefra.me
http://www.sbay-student.org/

www.dhammaanalysis.multiply.com/



Prev: ရွှေချိန်ခွင် ( ၁၀ - ၁၁ )

Read more...

အဘိဓမ္မာ အပိုင်း ၂၊ အခန်း ၈၊ ကမ္ဘာဖျက် တရား ၂ပါး


ဒီနေ့ တင်ပြရမည့်.. အကုသိုလ်အုပ်စု စေတသိက်နာမည်က.. “အဟိရိက= မကောင်းမှုပြုရမှာကို မရှက်တာ”။ ဘယ်မကောင်းမှုပဲ ပြုရပြုရ မရှက်ခြင်း သဘောပါ။ သူတစ်ပါး အသက်သတ်ရမှာပဲ ဖြစ်စေ၊ သူတစ်ပါး ပစ္စည်းခိုးရမှာပဲ ဖြစ်စေ၊ သူ့တစ်ပါး သားမယားကို ပြစ်မှားရမှာပဲ ဖြစ်စေ၊ လိမ်ပြောရမှာပဲ ဖြစ်စေ၊ သေရည်သေရက် သောက်ရမှာပဲ ဖြစ်စေ... ဘယ်အကုသိုလ် မကောင်းမှုပဲ ဖြစ်ဖြစ် အကုသိုလ် မကောင်းမှုလုပ်ရမှာ မရှက်တဲ့ သဘောထားမှန်သမျှသည် ဤ“အဟိရိက”ရဲ့ သဘောတရားပါပဲ။ အခြေခံတာကတော့ “မောဟ=အကြောင်းအကျိုး၊ အကောင်းအဆိုး”ကို မသိမှုကို အခြေခံပါတယ်။ ဒီတရားရဲ့ ဆန့်ကျင်ဘက် မကောင်းမှုပြုရမှာ ရှက်တတ်တဲ့ သဘောတရားက.. နောက်လာမည့် “သောဘနစေတသိက်အုပ်စုမှာ ဟိရီ-ဆိုပြီး” လာပါလိမ့်မယ်။ ဒီတရားကို ထင်ရှားနားလည်အောင် ဥပမာတင်စား ပြောပြကြတာကတော့... “ရွာဝက်”ဥပမာ ဖြစ်ပါတယ်။ ရွာဝက်သည် မစင် (သို့မဟုတ်) ရွံ့ဗွတ်ထဲမှာ လူးလှိမ့်ရမှာ မရွံရှာ၊ မရှက်သလို ထို့အတူ ဒီ“အဟိရိက”တရားကိန်းနေသူမှာလည်း မကောင်းမှုတည်းဟူသော မစင်၊ ရွံ့ဗွတ်မှာ ပျော်မွေ့ရတာကို၊ ပြုရတာကို မရှက်၊ မရွံပါဘူး။ ဒါက “အဟိရိက” စေတသိက်တရား၏ သဘောထားအဓိပ္ပါယ် ဖြစ်ပါတယ်။

နောက်တစ်ပါးက “အနောတ္တပ္ပ=မကောင်းမှုပြုရမှာကို မကြောက်လန့်ခြင်း။ ((ဒီတရားကို အသံထွက် ဖတ်ရမှာက “အနွတ်တပ်ပ”လို့ အသံထွက် ဖတ်ရပါမယ်။ မဖတ်တတ်သူတို့အတွက် ပြောပြတာပါ။)) အဓိပ္ပါယ်သဘောကတော့ အထက်မှာ ပြောပြခဲ့တဲ့ “အဟိရိက”နဲ့ အတူတူပါပဲ။ ထူးတာက ဒီတရားက မကောင်းမှု ပြုရမှာ မကြောက်လန့်တာ၊ လူပြောပြောမယ်ဆိုရင် “လက်ရဲ ဇက်ရဲ” မကောင်းမှုကို ပြုလုပ်ခြင်း သဘောပါ။ သူ့ကို ဘာဥပမာနှင့် နားလည်လွယ်အောင် တင်စားပြောလေ့ရှိကြသလဲဆိုတော့... “ဖယောင်တိုင် မီးလေးထွန်းထားလို့... ယင်းဖယောင်တိုင်မီးကို ၀င်တိုးကြတဲ့ ပိုးကောင်လေးတွေ” မြင်ဘူးမယ် ထင်ပါတယ်။ ယင်းပိုးကောင်လေးတွေက ယင်းမီးတောက်မီးလေးကို အေးချမ်းတဲ့ ရွှေတောင်အလား ထင်မှတ်ကာ သေရမည့်ဘေးကို မသိပဲ အတင်းတိုးဝှေ့ကြသည့် ပမာ၊ ထိုနည်းမခြား ဒီ“အနေတ္တပ္ပ” တရား ကိန်းနေစဉ်မှာ ထိုသူသည် မကောင်းမှုပြုရမှာ လုံးဝ ကြောက်လန့်ခြင်း၊ ရွဲ့ခြင်း မရှိပါဘူး။ ဒီသဘောသည် “အနောတ္တပ္ပ”တရား၏ သတ္တိကြောင့် ဖြစ်ပါတယ်။
အထက်မှာပြောပြတဲ့ “အဟိရိကနဲ့ ဒီ အနောတ္တပ္ပ”တရား -၂-ပါးက တစ်စုံဖြစ်ပါတယ်။ ဒီတရားနှစ်ပါးကို ကမ္ဘာဖျက်တရားလို့လည်း ခေါ်ပါတယ်။ ကမ္ဘာ့လူသားတွေ တိရစ္ဆာန်နှင့်မခြား နေထိုင်၊ ၀တ်စားဆင်ယဉ်မှုတွေ လုပ်နေကြတာသည် ဒီတရား -၂-ပါး သူတို့သန္တာန်မှာ ကိန်းအောင်းနေလို့ ဖြစ်ပါတယ်။ ယနေ့ ခေတ်လူငယ်အများ အရှက်အကြောက်မရှိပဲ ၀တ်စားဆင်ယင်ပုံများကလည်း မောဟကို အခြေခံပြီး... ဒီတရား-၂-ပါး သူတို့သန္တာန်မှာ ကိန်းနေသောကြောင့် မဖွယ်မရာ ၀တ်စားဆင်ယင်မှုများ ၀တ်ဆင်နေကြတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဒီတရား-၂-ပါးကနေပြီး ကမ္ဘာကြီးဟာ ရှာက်ဖွယ်လိလိဖြစ်ကာ တိရစ္ဆာန်နှင့် မခြား လူနေမှုအဆင့်အတန်းတွေကျဆင်းကာ ပျက်သုံးသွားပါလိမ့်မယ်။ မြန်မာပြည်မှာ ပြောနေကြတဲ့ “မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းပါဆိုတာကလည်း အဓိကကဆိုလိုရင်းက ဒီတရား-၂-ပါးကို မချိုးဖောက်ပါနဲ့”လို့ ပြောတာပါပဲ။
ဒီတရား-၂-ပါးကို မထိန်းသိမ်းရင် မြန်မာပြည်က လူနေမှုသည်လည်း တဖြည်းဖြည်း နိမ့်ကျသွားကာ... “ယိုသူ၊ ၀တ်စားဆင်ယင်သူ မရှက်, မြင်သူ ယှက်” ဘ၀မျိုး မကြာခင် ရောက်သွားမှာပါ။ ဒါကြောင့် ဒီတရား -၂-ပါးကို လေ့လာခြင်းဖြင့် မိမိတို့ ပတ်ဝန်းကျင်မှာ လူနေမှုအဆင့်အတန်း တရားနှင့်အညီ တိုးတက်အောင် ကျင့်ဆောင်နိုင်ကြပါစေလို့ တိုက်တွန်းရင်း..
ဒီနေ့ လောကကြီးကို ဖျက်ဆီးတတ်တဲ့ ဒီအဘိဓမ္မာတရား -၂-ပါးနှင့်ပဲ ရပ်နားပါအုန်းမယ်။

Read more...

အတင်းပြောကောင်းသူ


တစ်ခါတုန်းက အတင်းအဖျင်းပြောတာ အလွန်ကိုဝါသနာာကြီးတဲ့ မိန်းမကြီးတစ်ယောက် ရှိပါတယ်၊ သူဟာ သူတစ်ပါးရဲ့မကောင်းကြောင်း အတင်းအဖျင်းတွေကို ပြောဖို့ဆိုရင် ထမင်းမစား ဟင်းမစားနဲ့ အိမ်တကာကို လျှောက်လည်ပြီး ပြောနိုင်တဲ့သူ တစ်ဦးဖြစ်ပါတယ်


တစ်နေ့တော့ အဲဒီ အတင်းပြောကောင်းတဲ့မိန်းမကြီးဟာ သူ့အိမ်နီးနားချင်း တစ်ယောက်ရဲ့ အတင်းတစ်ခုကို အိမ်ပေါက်စေ့အောင် လျှောက်ပြောထားပါတယ်။
သူရဲ့ သတင်းဖြန့်မှုကြောာင့် ထိုအကြောင်းမှာ တစ်မြို့လုံးနီးပါး ပျံ့နှံကုန်ပြီး ကာယကံရှင်ဖြစ်တဲ့ အိမ်နီးချင်းဟာလည်း လူတွေရှေ့ မျက်နှာမပြရဲအောင် အရှက်တကွဲ ဖြစ်ရပါတော့တယ်။
နောက်ရက်အနည်းငယ် ကြာတော့ အတင်းပြောတဲ့မိန်းမဟာ သူလျှောက်ပြောမိတဲ့ အကြောင်းတွေဟာ မှားနေတဲ့အတင်းအဖျင်းတွေသာ ဖြစ်ကြောင်း သူသိသွားခဲ့ပါတယ် အဲလိုလဲသိရော သူ့အမှားအတွက်ရော၊ သူ့အိမ်နီးချင်း အတွက်ပါ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်၊ ဒါနဲ့ သူမလည်း သူ့အမှားအတွက် အိမ်နီးချင်းရဲ့အရှက်တကွဲ ဖြစ်မှုကို
ဘယ်လို ပြန်ဖြေရှင်းပေးရင် ကောင်းမလဲလို့ စဉ်းစားမိတယ်။
အဖြေမထွက်ပါဘူး။ ဒါနဲ့ဘဲ ပညာဥာဏ် အမြော်အမြင်ရှိတဲ့လူတစ်ယောက်ဆီ သွားတယ်
ပြီးတော့ အကျိုးအကြောင်း ပြောပြပြီး သူမ ဘယ်လို လုပ်ပေးရင် ကောင်းမလဲလို့
အကြံ တောင်းခံပါတယ်..
အဲဒီ ပညာရှိတဲ့လူက သူမကိုပြောတယ်
ဈေးကိုသွားပါ၊ ဈေးထဲက ကြက်တစ်ကောင်ကိုဝယ်၊ ပြီးရင် အဲဒီ ကြက်ကို သတ်ခိုင်းလိုက်၊ ကြက်မွှေးတွေကို နှုတ်ပြီးရင် အိမ်ပြန်တဲ့လမ်းတလျှောက်လုံး
အဲဒီ ကြက်မွှေးတွေကို ပစ်ချထားခဲ့လို့အကြံပေးပါတယ်။
မိန်းမကြီးဟာ ပညာရှိရဲ့အကြံပေးချက်ကို အံ့သြမိပေမဲ့ ဘာမှပြန်မပြောဘဲ ပညာရှိ ပြောတဲ့အတိုင်း ဈေးထဲက ကြက်ကိုဝယ်.. အမွှေးနှုတ်ပြီး အပြန်လမ်း တစ်လျှောက်လုံး ချထား ခဲ့ပါတယ်။
နောက်တစ်နေ့ မနက်ကျတော့ ပညာရှိက မိန်းမကြီးကို
“ ကဲ အခု ခင်ဗျား မနေ့က ချထားခဲ့တဲ့အမွှေးတွေကို ရအောင် အကုန် ပြန်ကောက်လာပြီး ကျုပ်ဆီကို ယူလာခဲပါ” လို့ ပြောပါတယ်။
မိန်းမကြီးကလဲ မနေ့က အမွှေးတွေ ချထားခဲ့တဲ့လမ်းအတိုင်း ပြန်သွားပြီး ချထားခဲ့သမျှတွေကို ပြန်ကောက်ဖို့ ကြိုးစားပါသော်လည်း သူမ ထိတ်လန့်စွာ သိလိုက်ရတာက
အမွှေးတွေဟာ လေနဲ့ လွှင့်ပါသွားကုန်ပြီမို့ မတွေ့ရ တော့ပါဘူးတဲ့။
နာရီပေါင်း အတော်ကြာ ကြိုးစားပြီး ရှာဖွေပြီးတဲ့နောက် ကြက်မွှေးလေး ၃ မွှေးကိုသာ ရှာတွေ့နိုင် ခဲ့ပြီး ပညာရှိထံကို ပြန်လာ ခဲ့ပါတယ်။
ပညာရှိကို အကျိုးအကြောင်း ပြောပြတော့ ပညာရှိက မိန်းမကြီးကို ပြောပါတယ်။
“ကဲကြည့်၊ သင် တွေ့ပြီမဟုတ်လား၊
ကြက်မွှေးတွေဟာ ချထားခဲ့တုန်းက လွယ်သလောက် အခုပြန်ကောက်တဲ့အခါ အကုန်မပြောနဲ့ တစ်ဝက်တောင် ပြန်ရနိုင်သေးရဲ့လား၊
စကားပြောတဲ့နေရာမှာလည်း ဒီလိုဘဲ ကိုယ့်ပါးစပ်က လျှောက်ပြောရတာ ဘယ်လောက်လွယ်သလဲ၊ ပြီးတော့မကောင်းသတင်းဆိုတာ ပြန့်ပွါးဖို့ သိပ်ကို လွယ်ကူတယ် ခင်ဗျား လုပ်ပြီးသွားပေမဲ့ အခုမှ မှားမှန်းသိလို့ ပြန်ရုပ်သိမ်းဖို့ကျတော့ ဖြစ်နိုင်သေးရဲ့လား
လွယ်ကူ သေးရဲ့လား။
ဒါကို သင်ခန်းစာယူပြီး နောက်ကို ဘယ်လို ကိစ္စမျိုးမဆို မပြောခင်မှာ အတန်တန် စဉ်းစားပါ။ မသေချာတဲ့သတင်းစကားကို ဘယ်တော့မှ လွယ်လွယ် မပြောပါနဲ့ မဖြန့်ဝေမိပါစေနဲ့တဲ့”

(www.missgreenlady.com မှ ကူးယူသည်)

Read more...

ဒေါသကိုဘယ်လို ပယ်ရမလဲ

ဒေါသကို ဘယ်လိုပယ်မလဲ?

ဒီမေးခွန်းရဲ့ အဖြေကို စာရေးသူ ကိုယ်တိုင်လည်း သိပ်သိချင်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေ ဒေါသ ဖြစ်မိတဲ့အခါ ရင်ထဲက "ဒုတ်. ဒုတ်" ဒုတ် ဒုတ်"နဲ့ အိပ်မပျှော်တော့ပါ ဘူး။ ဒေါသဖြစ်တာထက် အိပ်မပျော်တာက ပိုတောင် စိတ်ဆင်းရဲရပါတယ်။ အဲဒီ အိပ်မပျော် တာ တစ်ချက်နဲ့တင် ဒေါသမဖြစ်ချင် တာပါ။ မဖြစ်ချင်ပေမယ့် ဖြစ်နရတုန်းပါ။ အနာဂါမ် မဖြစ် သရွေ့တော့ ဖြစ်နေရဦးမှာပါ။

ဒါကြောင့် ဒေါသကို ဘယ်လို ပယ်ရမလဲ ဆိုတာကို သိပ်သိချင်တာပါ။

မဟာစည်ဆရာတော်ဘုရားကြီးက ဒေါသနဲ့ ပတ်သက်လို့ ၀မ္မိကသုတ်တရားတော်မှာ မျက်မှောက်ခေတ် တကယ့်ဖြစ်စဉ် ဇာတ်လမ်းလေးတစ်ပုဒ်ကို ထည့်ဟော ထား ဖူးပါတယ်။ ဟောစဉ်တရားတော်က ဒီလိုပါ။

တစ်ခါက.. သုဓမ္မ၀တီပုံနှိပ်တိုက် တိုက်အုပ် ဦးပန်းမောင်ဆိုတဲ့ ဒကာကြီးက မှတ်ဖွယ် ၀တ္ထုကလေး တစ်ခုကို ပြောပါတယ်။ ဦးပန်းမောင်ဆိုတာ ဒကာလူ ကြားကောင်း ကြားဖူးပါ လိမ့် မယ်။ အဲဒီ ဦးပန်းမောင်က ရေဒီယိုထဲက နေပြီးတော့ "မဖြစ်စလောက်တရားတော်" ဟောမယ်ဆိုလို့ "ဘာများ ဟောမှာ ပါလိမ့်မတုန်း"လို့ ဘုန်းကြီးက နားထောင်နေတယ်။ သူ ပြောပုံက မဖြစ်စလောက်ကလေးနဲ့လည်း ဒုက္ခဖြစ်တတ်တယ်၊ မဖြစ်စလောက်ကလေးပဲ ဆို ပြီးတော့ မရိုမသေ မလုပ်လိုက်ပါနဲ့တဲ့။ ဒကာလူရော အဲဒီတုန်းက မကြားလိုက်ဘူးလား၊ မကြားဘူးတဲ့သူတွေကပဲ များပါလိမ့်မယ်။ မဖြစ်စလောက် တရားတော်တဲ့၊ သူ ဥစ္စာကောင်း တယ်၊ အမည်ပေးပုံကလေးကိုက သိပ်ကောင်းနေတယ်။ ဖြစ်ပုံကလည်း ဆန်းတယ်၊ ဘယ်လို လဲဆိုတော့ တစ်ခါက အင်မတန် ရင်းရင်းနှီးနှီး အတူနေကြတဲ့ ဦးပဉ္စင်း နှစ်ပါး ရှိပါသတဲ့ ။ တစ်ပါးက ရေချိုးနေတယ်။ အဲဒီလို ရေချိုးနေတုန်း သူ့ဖိနပ်ကို တစ်ပါးက ကျီစယ်လိုတဲ့အနေနဲ့ ၀ှက်ထားတယ်။ ဟိုရေချိုးနေတဲ့ ဦးပဉ္စင်းက ရေးချိုးပြီးတဲ့အခါ ဖိနပ် စီးမယ်လို့ ကြည့်လိုက် တော့ သူဖိနပ် ကို မတွေ့ရဘူး။

မတွေ့ရတော့ အဲဒီ ဦးပဉ္စင်းကလည်း သူ့ဖိနပ်ဝှက်ထားမှန်းသိလို့ ရယ်စရာအနေနဲ့ သူက ပြောတယ်။ ပေါ့ပေါ့ဆဆ ပြောလိုက်တာပါပဲ။

" ဟေ့… ငါ့ဖိနပ်ကို ဘယ်ခွေးချီသွားမှန်း မသိဘူး" လို့ ပြောလိုက်သတဲ့။ ဒီတော့ ဖိနပ် ၀ှက်ထားတဲ့ ဦးပဉ္စင်းက စိတ်နာလိုက်တာ မပြောပါနဲ့ကွာ။ " ငါကို ခွေးဖြစ်အောင် ဆိုတယ်"လို့ အတွေးခေါင်ပြီးတော့ စိတ်နာလိုက်တာတဲ့။ ဟို ဖိနပ်ရှင် ဥိးပဉ္စင်းကတော့ စေတနာ မပါပါဘူး၊ ခပ်ပေါ့ပေါ့ ပြောလိုက်တာပါပဲ၊ စိတ်နာလောက်အောင်လို့ ပြောလိုက်တာ မဟုတ်ပါဘူး။

သူ့ဖိနပ် ပျောက်သွားတော့ ဒီလိုပြောရမှာပဲ။ ဖိနပ် ခွေးချီတယ်လို့ ပြောတာဟာ ပြောရိုး ပြောစဉ်ပဲ။ အပြောခံရတဲ့ ဦးပဉ္စင်းကတော့"ငါ ကိုခွေးဖြစ်အောင် ပြောရမလား"ဆိုပြီး စိတ်ဆိုးတာနဲ့ အုတ်ခဲကြီးနဲ့ ဖိနပ်ရှင် ဦးပဉ္စင်းရဲ့ ခေါင်းကိုထုလိုက်တာ ပျံလွန်တော်မူရှာသတဲ့။



အောင်မယ် ပြောတာကတော့ သူ့ဥစ္စာ မဖြစ်စလောက်ပဲ။ ဒါပေမဲ့ ပြောတဲ့ ဦးပဉ္စင်းမှာ ပျံလွန်တော်မူရတယ်။ အုတ်ခဲနဲ့ ထူတဲ့ ပုဂ္ဂိုလ်လည်း ရာဇ၀တ်ပြစ်မှုကြီး ဖြစ်ရတယ်"။

ဝမ္မိကသုတ်တရားတော် - နှာ၁၃၉၊၁၄၀၊၁၄၁။

စာရေးသူတို့ မမီလိုက်တဲ့ တရားတစ်ပုဒ်ကို ဆရာတော်ဘုရားကြီး ပြန်ဟောပြလို့ သိခွင့် ရတာပါ။

ဇာတ်လမ်းလေးက စာကတစ်ဆင့် ဖတ်ရရုံနဲ့တင် ကြက်သီးထစရာပါ။ စိတ်သဘော မွန်မြတ်မှု လေးတွေကတော့ အတိုင်းအတာတစ်ခုအထိ ရှိနေမှာပါ။

ဒါပေမယ့် ဖြစ်လာတဲ့ဒေါသကို မထိန်းလိုက်နိုင်တဲ့ အတွက် ကာယကံမြောက် ကျူး လွန် မိသားဖြစ်သွားရတာပါ။ ဒါမျိုးလေးတွေက လူလောကမှလည်း အများကြီးပါပဲ။

ဒေါသအလျောက် ရာဇ၀တ်သင့်နေတဲ့ ထောင်ထဲက သူတွေကို လော့လာကြည့်ရင် ပင်ကိုယ် ဓာတ်ခံအားဖြင့် စိတ်ထားလေးတွေက ကောင်းကြပါတယ်။ ဒါပေမယ့် ဖျက်ခနဲ ဖြစ်လိုက်တဲ့ ဒေါသကို ဖျက်ခနဲ မထိန်းလိုက်နိုင်တဲ့အတွက် ဖျတ်ခနဲ ပြုမိသွားကြတာပါ။ သတိဝင်တဲ့အခါမှာ အားလုံးကျူးလွန် ပြီးသား ဖြစ်နေပါပြီ။ ဒီလို ကျူးလွန်မိလိုက်တာကို "ငါ ပြုမိလိုက်တာမှ ဟုတ်မှ ဟုတ်ပါမလား" ဆိုပြီး ကိုယ့်ကိုယ်ကိုတောင် မယုံပါဘူး။ ဒါပေမယ့် အရာအားလုံးက နောက်ကျ သွားခဲ့ပါပြီ။ နောက်ဆုံးတော့ လောကပြစ် ဓမ္မပြစ်တွေကို နင့်နင့် ကြီးခံစားသွား ရတော့တာပါ။

တကယ်လို့ ဒေါသမဖြစ်ဘဲ မနေနိုင်လို့ ဖြစ်မယ်ဆိုရင်လည်း မနောကံအဆင့် လောက် မှာပဲ ဖြစ်နေပြိး ၀စီကံ ၊ ကာယကံကို ကောင်းကောင်း စောင့်ထိန်း ထားလိုက်နိုင် ရင် အခုလို အဖြစ်ဆိုးကြီးနဲ့ ကြုံရမှာ မဟုတ်ပါဘူး။

အနာဂါမ်မဖြစ်သရွေတော့ ဒေါသက ရှိနေဥိးမှာပါ။ ဒါပေမယ့် ဖြစ်ဦးတော့ မနောကံ အဆင့်မှာပဲ ထိန်းထားလိုက်နိုင်အောင် ကြိုးစားရပါမယ်။ မနောကံ အဆင့် မှာပဲ ဖြစ်နေတာ ဆိုတော့ သူတစ်ပါး မသိပါဘူး။ ဒီတော့ ကိုယ့်ကိုလည်း သူတစ်ပါးက အထင်မသေးတော့ ပါဘူး။ တကယ်လို့ ပက်ကနဲ ပြန်ပြောမိလိုက်ရင် ကိုယ် ဒေါသ ထွက်တာ လူသိသွားပါပြီ ၊ ဒါဆို ကိုယ့်ကိုလည်း အထင်သေးသွားပါပြီ။



ဦးဇင်လေးနှစ်ပါးရဲ့ ဖြစ်စဉ်ကို အားလုံးကြားဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ နှိုင်း ယှဉ် ကြည့် ရအောင်ပါ။

တစ်ခါတုန်းက ရဟန်းတစ်ပါးဟာ ကျောင်းဆောက်ဖို့ သစ်ပင် ခုတ်ပါတယ်။ အဲဒီ သစ်ပင်မှာ သားငယ်တစ်ဥိးနဲ့ နေနေတဲ့ နတ်သမီးက သူနေနေတဲ့ ဗိမာန်ကို မဖျက်ဆီးဖို့ တောင်းပန်ပါတယ်။ ဒါပေမယ့် မရပါဘူး။ ရဟန်းက စိတ်လက်မာန်ပါနဲ့ ခုတ်ချလိုက်တာ နတ် သမီးရဲ့ သားငယ်လေးလက်ကို ထိခိုက်သွားပါတယ်။ ဒီတော့ နတ်သမီးက ဒေါသအကြီး အကျယ် ထွက်ပြီး ရဟန်းကို သတ်ပစ်မလို့ ကြံလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့ ဒေါသကို ထိန်းသိမ်းပြီး မြတ်စွာဘုရားရှင်ကို အကျိုးအကြောင်း သွားလျှောက်ပြပါတယ်။



ဒီတော့ မြတ်စွာဘုရားက "ချစ်သမီး..ကိုယ့်ရဲ့ ဒေါသကို သိမ်းဆည်းနိုင်ခဲ့တာ သိပ် ကောင်းတာပဲ။ တကယ်လို့ ချစ်သမီးက အဲဒီအရဟန်းရဲ့ အသက်ကို အန္တရယ်ပြုလိုက်ရင် ချစ်သမီးအတွက် အကုသိုလ်တွေ တိုးပွားသွားလိမ့်မယ်"လို့ အားပေးနှစ်သိမ့်စကား ပြောလိုက် ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင် ကျောင်းအနီးမှာရှိတဲ့ သစ်ပင်တစ်ပင်မှာ နေဖို့ ပေးလိုက် ပါတယ်။

ရဟန်းငယ်လေးကော၊ နတ်သမီးလေးကော ဒေါသတော့ ဖြစ်လိုက်ကြတာပါပဲ။ ဒါပေမဲ့ ရဟန်းငယ်လေးက ကာယကံနဲ့ ၀စီကံကို မထိန်းလိုက်နိုင်ပါဘူး။ နတ်သမီးလေးက ကာယကံ နဲ့ ၀စီကံကို ထိန်းလိုက်နိုင်ပါတယ်။ ဒေါသ ဖြစ်တာချင်းအတူတူ ကာယကံနဲ့ ၀စီကံကို ထိန်း နိုင်ခြင်းနဲ့ မထိန်းနိုင်ဖြင်း ကွာသါားပါတယ်။



ဖြစ်စဉ်လေးက စက္ကန့်ပိုင်း ၊ မိနစ်ပိုင်း အတွင်းလေးပါ။ ကိုယ်က ဒီစက္ကန့်ပိုင်း၊ မိနစ်ပိုင်း အတွင်းလေးကို ကောင်းကောင်း ထိန်းလိုက်နိုင်ဖို့ပါ။ မထိန်းလိုက်နိုင်ရင် ကြီးမားတဲ့ အပြစ်ဆိုး ကျိုးကြီးကို ရလိုက်တော့တာပါ။

ဒီနေရာမှာ နည်းယူဖို့ကောင်းတာက နတ်သမိးလေးရဲ့ အပြုအမူပါ။ နတ်သမီးလေးက ဖြစ်လာတဲ့ ဒေါသကို ထိန်းပြီး အားကိုးလေးစားရာ မြတ်စွာဘုရားကို သွားလျှောက်တာပါ။ သွား လျှောက်တာ အမှားမဖြစ်တော့ပါဘူ။

ကိုယ်က ဒါလေးကို နည်းယူပြီး ဒေါသဖြစ်လာတဲ့ အခါ ကိုယ်လေးစားရတဲ့ တရားအသိ အတော်အတန်ရှိတဲ့ ဆရာသမား၊ မိဘ မိတ်ကောင်းဆွေကောင်း တစ်ဥိးဥိးဆီ ပြောပြလိုက်ဖို့ ပါ။ ဆရာမိတ်ဆွေတွေရဲ့ တရားစကားလေး တစ်ခွန်းလောက် ကြားလိုက်ရရင် ဖြစ်နေတဲ့ ဒေါသ က ပြေသွားတာများပါတယ်။ ဒါလည်း နည်းယူရမယ့် ဒေါသဖြေနည်းတစ်ခုပါ။ ဒေါသ ဖြစ်လာတဲ့အခါ ကိုယ်တိုင် မဆုံးဖြတ်ဘဲ ကိုယ့်ထက်အသိဉာဏ် အတွေ့အကြုံရှိတဲ့သူကို တိုင် ပင်ပြီးမှ လုပ်တာက အကောင်းဆုံးပါ။ ဒေါသဖြစ်နေတုန်း ကိုယ့်သဘောနဲ့ ကိုယ် ဆုံဖြတ်ရင် မှား တာများပါတယ်။

ဒီတော့ ဒေါသဖြစ်လာပြိဆိုရင် ကိုယ်လေးစားရသူ တစ်ဥိးဦးကို ရင်ဖွင့် ပြောပြလိုက်ပါ။ ရင်ဖွင့်လိုက်၇င် စိတ်က ပေါ့သွားတာ များပါတယ်။

တစ်ခု သတိထားရမှာက ကိုယ်တိုင်ပင် နည်းခံတဲ့သူက တရားအသိ အားနည်းပြီး "ကိုယ့်ကို ဒီလို စောကားတာ ငြိမ်ခံမနေနဲ့၊ ပြန်သာ ဆော်ပစ်လိုက်ပါလား၊ ငါဘာကူညိရမလဲ" ဆိုပြီ မြှောက်ပေးတဲ့သူ မဖြစ်ဖို့ောတ့ လိုပါတယ်။ အဲဒီလို တရားအသိအားနည်းတဲ့ လူမျိုးများ သွားတိုင်ပင်မိရင် ကိုယ်က မကျူးလွန်ချင်ဥိးတော့ သူကြောင့် ကျူးလွန်ချင် စိတ်တောင် ဖြစ်သွား ဦးမှာပါ။

လူ သုံးမျိုးတွေ့ရပါတယ်။ ဒေါသမဖြစ်အောင်နေတဲ့သူရယ်၊ ဒေါသဖြစ်ပေမယ့် ကိုယ့်ဖြစ်တဲ့ ဒေါသကို သိပြီး ရတဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်တဲ့သူရယ်၊ ဒေါသဖြစ်ပေမယ့် ကိုယ် ဒေါသ ဖြစ်နေမှန်း မသိဘဲ ဆက်ကာ ဆက်ကာ ဖြစ်နေတဲ့သူ ရယ်ပါ။

တစ်ချို့က ဒေါသမဖြစ်အေင်ကို နေတာပါ။ သူ့ကို ကြည့်လိုက်ရင် ပြုံးပြုံးနဲ့ပါ။ မျက်မှာ ကလည်း ကြည်လင် နေတာပါ။ ဒေါသမဖြစ်တော့ စိတ်က ကြည်နေ၊ စိတ်ကြည်နေတော့ ရုပ် ကပါ လိုက် ကြည်လင်နေတာပါ။

တစ်ချို့ကျတော့ အလိုမရှိတဲ့ အာရုံ တစ်ခုခုကို တွေ့ပြီး ဒေါသတော့ ဖြစ် လိုက် တာ ပါပဲ။ ဒါပေမယ့် ကိုယ်ဒေါသဖြစနေမှန်းကို ချက်ချင်းသိလိုက်ပါတယ်။ သိတာနဲ့ ပယ်လို့ရ တဲ့ နည်း တစ် ခုခုနဲ့ ပယ်ပယ်ပစ်တာပါ။ ဒေါသဖြစ်ပေမယ့် ဖြစ်တဲ့ ဒေါသက အကြာကြီး တည် မနေ တော့ပါဘူး။

တချို့ကျတော့ ကိုယ်ဒေါသဖြစ်ပေမယ့် ဖြစ်မှန်းကို မသိတော့တာပါ။ ဒါကြောင့် ဒေါသကို ဆက်ကာ ဆက်ကာ ဖြစ်နေတော့တာပါ။ မနေနိုင်တော့တဲ့ အဆုံး မပြောသင့်တဲ့စကားတွေ ပြောချလိုက်မိရော။ မလုပ်သင့်တာတွေ လုပ်ချလိုက်မိရော၊ နောက်ဆုံးတော့ ကြီးမားတဲ့ လောကပြစ်၊ ဓမ္မပြစ်ကြီးတွေပါ ကျူးလွန်မိသူ ဖြစ်သွားတော့တာပါ။ ဒီအခြေနေမျိုး ရောက် သွား ရင် သိပ်ကြောက်ဖို့ ကောင်းတာပါ။



ကိုယ်က ပါရမီအားနည်းသေးလို့ ပထမ အမျိုးအစားမှာ မပါသေးရင်တောင် ဒုတိယ အမျိုးအစားတော့ ပါအောင် ကြိုးစားရမှာပါ။

ဒေါသဖြစ်လာပြီဆိုရင် ကိုယ်ဒေါသဖြစ်နေတာကို သိလိုက်ဖို့ပါ။ ကိုယ်ရှေ့မှာရှိတဲ့ ခွက် ကလေးကို ထိုင်ကြည့်နေသလို ဖြစ်နေတဲ့ ဒေါသလေးကို စိတ်ကလေးနဲ့ ထိုင်ကြည့်နေဖို့ပါ။ တတ်နိုင်သရွေ့ ဒေါသရဲ့ သဘောလေးကို မိနိုင်သမျှ မိအောင် ကြည့်နေလိုက်ဖို့ပါ။

ဒေါသလေးက ဘယ်လိုလေးလဲ။ ဘယ်လိုလေးဖြစ်နေတာလဲဆိုပြီး ဒေါသရဲ့ သဘော လေးကို သိနေလိုက်ဖို့ပါပဲ။

ဒီတော့ ဒေါသဖြစ်ဖြစ်လာပြီဆိုရင် နှုတ်က လည်း ပြောလိုက်ပါဦး။"ကိုင်း… ဒေါသရေ ကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကို စိုက်ကြည့်နေမှာပဲ" လို့ပြောပြီး ဒေါသကို သေချာသာစိုက်ကြည့်နေလိုက်ပါ။ မျက်စိနဲ့ကြည့်ရမှာတော့ မဟုတ်ပါဘူး။ စိတ်နဲ့ ကြည့်နေ ရမှာပါ။ ရှေ့မှာချထားတဲ့ ကော်ဖီခွက်ကလေးကို သေချာစိုက်ကြည့်နေရင် ခွက်ကလေးရဲ့ သဘောလေးကို သိရသလို ဖြစ်နေတဲ့ ဒေါသလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုသဘော လေး ဖြစ်နေတာလဲ ဆိုတာ သိအောင် ကြည့်ရမှာပါ။



သိစ ကြည့်စမှာတော့ ဒေါသကလေးက ပျောက်ဦးမှာ မဟုတ်သေးပါဘူး။ သိပါ၊ သိပါ၊ ကြည့်ပါ ကြည့်ပါ များလာရင် ဒေါသလေးက လျော့လျော့သွားတာ များပါတယ်။ လိုရင်းကတော့ ဒေါသဖြစ်လာရင် ဒေါသကို ပြန်ကြည့်နေလိုက်ဖို့ပါ။



အဲဒီလို ဒေါသဖြစ်တာလေးကို သိလိုက် တာဟာ အဆင့်မြင့် ၀ိပဿနာနဲ့ ပယ်လိုက် တာပါပဲ။

မဟာသတိပဋ္ဌာန်သုတ်မှာ ဒေါသဖြစ်ရင် ဖြစ်တယ်လို့ သိလိုက်ပါတဲ့ ၊ မြတ်စွာဘုရားက ရိုးရိုးလေးပဲ ပြထားတာပါ။

ကျင့်စမှာတော့ ခက်နေမှာပါ။ ကျင့်ပါများသွားရင် အလေ့အကျင့်ဖြစ်ပြီး လွယ်သွားလိမ့် မယ်။ မခက်လှတဲ့ ကျင့်စဉ်လေးကို လက်တွေ့ကျင့်သုံးကြည့်သင့်ပါတယ်။ ကျင့်နေတဲ့ အချိန် မှာ တစ်ဖက်ကလည်း "ငါ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာဘုရား ကို အကျင့်နဲ့ ပူဇော်နေတယ်"လို့ နှလုံးသွင်းနေလိုက်ပါ။ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော် နေတာဆိုတော့ မြတ်စွာဘုရားရဲ့ မျက်နှာတော်လေးကို မြင်ယောင်ပြီး မြတ်စွာ ဘုရားကို အားနာသွားပြီး ဒေါသကို ဆက်ပြီး မဖြစ်ရက်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုောတ့ ကိုယ်က မြတ်စွာဘုရားကို အနှို်င်းမဲ့ ကြည်ညိုထားလို့ပါ။



"ဒေါသ ဖြစ်လိုက်တာနဲ့ သိလိုက်ပြီး မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်လိုက်လိုက်"၊ "ဒေါ သဖြစ်လိုက်တာနဲ့ သိလိုက်ပြိး မြတ်စွာဘုရားကို အကျင့်နဲံပူဇော်လိုက်လိုက်"နဲ့ ကြာလောတော့

ဒုတိယ အမျိုးအစားထဲမှာ ပါသွားပါလိမ့်မယ်။ ဆက်လက်ပြီး ကျင့်သွားမယ်ဆိုရင်တော့ ပထမ အမျိုးအစားထဲမှာတောင် ပါသွားတော့မှာပါ။



အဲဒီလိုမှ မပျောက်ရင်" ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသဖြစ်နေတယ်"လို့ ထပ်ကာ ထပ်ကာ ဆိုနေလိုက်ပါ။ တကယ်လို့ ဒေါသက အင်အားသိပ်ကောင်းနေရင်လည်း "ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသ ဖြစ်နေတယ်"လို့ အသံကို မြှင့်ပြီး ခပ်ကျယ်ကျယ်လေးသာ အော်ဆိုနေလိုက်ပါ။ ရွတ်ဆိုရင်းနဲ့ အသိဉာဏ် ၀င်လာတဲ့အခါ ဒေါသက လျော့သွားတာ များပါတယ်။

အဓိကကတော့ ဒေါသကို ပယ်ချင်တဲ့ စိတ်ရှိဖို့ ပါပဲ။ ပုထုဇဉ်အလျှောက် ဒေါသကို မပယ်နိုင်သေးလို့ ဒေါသဖြစ်နေရသေးပေမယ့် ကိုယ်က ဒေါသကို ပယ်ချင်စိတ်ရှိဖို့ပါပဲ။ ပယ် ချင်စိတ်ကို အခြေခံပြီး ရွတ်နေရင် လျော့လျောသွားတာ များပါတယ်။



နောက်တစ်ခု သတိ ထားရမှာက ဒေါသဖြစ်နေတဲ့ အချိန်မှာ ကိုယ်ဒေါသ ဖြစ်ရ သူနဲ့ ဘာစကားမှ မပြောမိအောင်ရယ် ဘာမှ မလုပ်မိအောင်ရယ် အထူးသတိထားရပါမယ်။ ဒေါသထွက်နေတုန်း ပြောလိုက် ပြုလိုက်ရင် မှားသွားတာများလို့ပါ။

စာထဲမှာ ဘာဖြစ်လို့ ဒေါသဖြစ်ရသလဲလိုတော့ အနိဋ္ဌာရုံနဲ့ အယောနိသောမနသိကာရ ကြောင့်ပါတဲ့။ အနိဋ္ဌာရုံဆိုတာ ကိုယ်မနှစ်သက်တဲ့ အာရုံ ကိုယ်အလိုမရှိအပ်တဲ့ အာရုံပါ။

ကိုယ်မနှစ်သက်တဲ့အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ကိုယ်မနှစ်သက်တဲ့ အစား အစညာ ကိုယ်နှစ်သက်တဲ့ ပစ္စည်း၊ ကိုယ်မနှစ်သက် တဲ့လူ စသည် စသည်တွေကြောင့် ဒေါသဖြစ်ရပါတယ်။



နောက်တစ်ခုက အယောနိသောမနသိကာရ နှစ်လုံးသွင်းမှားမူကြောင့်လည်း ဖြစ်ရ ပါတယ်။

ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကြောင့်လည်း ဒေါသဖြစ်ရတာဆိုတော့ အနိဋ္ဌာရုံတွေကို မမြင်အောင် မကြားအောင် ကြိုရှောင်ထားလိုက်ရင်လည်း ဒေါသကို ကြိုတားပြီးသား ဖြစ်နေပါတယ်။

စာမှာတော့ ဒေါသဖြစ်ရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ အနိဋ္ဌာရုံနဲ့ အယောနိသော မနသိ ကာရ ကြောင့်လို့ ဆိုပေမယ့် အယောနိသောမနသိကာရ အဓိကကျပါတယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံနဲ့ တွေ့ဦးတော့ ယောနသောမနသိကာရနဲ့ နှစ်လုံးသွင်း လိုက်၇င် ဒေါသ မဖြစ်တော့ပါဘူးတဲ့။



ဒေါသကို ပယ်ချင်တဲ့သူက ဒီစာမှတ်ချက်ကလေးကို သေချာအာရုံပြုထားရမှာပါ။ ကြုံလာတဲ့ အာရုံတိုင်းကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းထားလိုက်၇င် ဒေါသဖြစ်နိုင် စရာ မရှိတော့ပါဘူး။

စာထဲမှာ ထပ်ပြထားတာကတော့ အနိဋ္ဌာရုံကို တားလို့မရပါဘူးတဲ့။ ဟုတ်လည်း ဟုတ် ပါတယ်။ ပတ်ဝန်းကျင်နဲ့ နေရတာဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကတော့ အရှေ့ အနောက် တောင် မြောက် ၀ဲ ယာကနေ ပေါ်ချင်သလို ပေါ်ပေါ်နေမှာပါ။ ဘယ်လိုမှ တားလို့ ရမှာ မဟုတ်ပါဘူး။

ယောနသောမနသိကာရကို လက်ကိုင်ထားနိုင်မှ ကိုယ်မဖြစ်ချင်တဲ့ ဒေါသက မဖြစ် မှာပါ။

ဒီတော့ ကိုယ်မနှစ်သက်တဲ့ အာရုံကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းတဲ့ အလေ့လေး ကို ထပ်ကာ ထပ်ကာ လျေ့ကင့်ထုံထားနိုင်ရပါမယ်။ လေ့ကျင့်စမှာတော့ ရချင်မှ ရမှာပါ။ လေ့ကျင့်ပါ များလာရင်တော့ အတိုင်းအတာ တစ်ခုအထိတော့ ရင့်ကျက် သွား တော့မှာပါ။

ဒါကြောင့် ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံတွေ့လိုက်တာနဲ့ "ငါ ယောနိသောမနသိကာရနဲ့ နေမယ်" "ငါ ယောနိသောမနသိကာရနဲ့ နေမယ်" လို့ ငါးခါခြောက်ခါလောက် ဆင်ခြင်ပစ် လိုက်ပါ။

ဆင်ခြင်မှုကို လျှော့မတွက်ပါနဲ့။ ဆင်ခြင်ပါများရင် အဲဒီဆင်ခြင်မှုကပဲ ယောနိသော မနသိကာရ ဖြစ်ဖို့ အတွက် ကူညီသွားပါလိမ့်မယ်။ ဇာတ်ဝတ္ထုတွေ ထဲမှာ ဆင်ခြင်ရင်းနဲ့ သံဝေဂဖြစ်၊ အဲဒီ သံဝေဂကိုပဲ အခြေခံပြီး ၀ိပဿနာ ဆက်ကူးသွားတာ တရားထူး တရား မြတ် ရဖို့အထိတောင် အထောက်အပံ့ ဖြစ်တာပါ။ ဒီတော့ ရတာ မရတာထား၊ ဆင်ခြင် စရာရှိတာ တင်းတင်းသာ ဆင်ခြင်နေလိုက်ပါ။ ဆင်ခြင်မှုရဲ့ အကျိုးကိုတော့ ခံစား ရပါလိမ့်မယ်။

ဒေါသ ပယ်နည်းတွေကတော့ စာထဲမှာ အများကြီးပါပဲ။ ဒီတော့ ဆင်ခြင် နှလုံးသွင်းပြီး ပယ်တာရယ်၊ ၀ိပဿနာနဲ့ ပယ်တာရယ်ပဲ ရေးပြလိုက်ပါတယ်။

ကဲ… စာဖတ်သူ၊ ဒေါသဖြစ်လာတဲ့အခါ "ကဲ… ဒေါသ ၊ မင်းကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကို သေချာထိုင်ကြေည့်နေမှာပဲ" ဆိုပြီး ဖြစ်လာတဲ့ ဒေါသကလေးကို စိုက်ကြည့် နေလိုက်ပါ။ ကြည့်ပါ ကြည့်ပါများလာရင် တစ်နေ့သောအခါမှာ ဒေါသနည်းသူ တစ်ယောက် ဖြစ်သွားပါလိမ့်မယ်။


ရဝေနွယ်(အင်းမ)

http://ashinsirinda.com/(မေတ္တာဥယျာဉ်ဘလော့ဂ်) ဘလော့ဂ်မှ ကူးယူပြီး ပြန်လည်မျှဝေပါတယ်ရှင်။

အားလုံးပဲ ဒေါသကင်းဝေးနိုင်ကြပါစေ.

မေတ္တာဖြင့်..

ဝါ၀ါခိုင်မင်း


Read more...

အရောင်အလင်း လေးမျိုး။

အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ ထိုအခါ ညဥ့်တညဥ့်၏ သန်းခေါင်ယံအချိန်လောက်တွင် နတ်သားတပါးသည် မြတ်စွာဘုရားထံ လာရောက်၍ ဤသို့မေးလျှောက်သည်။

မြတ်စွာဘုရား-
လောကကြီးကို တောက်ပြောင်ထွန်းလင်းစေတတ်ကုန်သော အရောင်အလင်းတို့ကား အဘယ်မျှရှိပါကုန်သနည်း ဘုရား။ ထိုအလင်းရောင်အကြောင်းကို သိလိုပါသဖြင့် ရှင်တော်ဘုရားထံ တပည့်တော်တို့သည် လာရောက်၍ မေးလျှောက်နေခြင်း ဖြစ်ပါသည်ဘုရား-ဟု လျှောက်ထားသည်။
မြတ်စွာဘုရားက-အို နတ်သား လောက၌ အရောင်အလင်း လေးမျိုး ရှိ၏။ ဤလေးမျိုးမှ တပါး ငါးခုမြောက် အရောင်အလင်းဟူ၍ကား မရှိ။

နေမင်းသည် နေ့အခါ၌ ထွန်းလင်းတောက်ပ၏။ လမင်းသည် ညဥ့်အခါ၌ ထွန်းလင်းတောက်ပ၏။
မီးသည် နေ့ရောညပါ ထွန်းလင်းတောက်ပ၏။ ထွန်းလင်းတောက်ပသော အရောင်တို့တွင် မြတ်စွာဘုရားတည်းဟူသော အရောင်အလင်းသည် အမြတ်ဆုံးဖြစ်၏။ အသာဆုံးအရောင်အလင်း ဖြစ်၏-ဟု ဟောတော်မူသည်။

မှတ်ချက်။
မြတ်စွာဘုရားတည်းဟူသော အရောင်အလင်း ဆိုသည်မှာ-
(၁) မဂ်ဉာဏ် ဖိုလ်ဉာဏ် သဗ္ဗညုတဉာဏ်ဟူသော ဉာဏာလောက။ (ဉာဏ်တော်အလင်း)
(၂) မြတ်စွာဘုရားတွင် ကောင်းစွာဖြစ်သော ကိုယ်တော်မှထွက်သော ပီတိအလင်းသည် ပီတိအာလောက။ (ပီတိအလင်း)
(၃) မျက်စိအကြည် အရောင်အလင်း ဟူသော ပသာဒါလောက။ (ပသာဒအလင်း)
(၄) သတ္တ၀ါတို့၏ စိတ်နှလုံးမှ မောဟ အမိုက်ကို ပယ်ခွါရန် တရားဒေသနာ ဟောကြားခြင်းဟူသော ဓမ္မာလောက။ (တရားအရောင်အလင်း) ဟု ၄-မျိုးရှိသည်။ (အဋ္ဌကထာ-ဋီကာ)

(သဂါထာဝဂ္ဂသံယုတ် ဒေ၀တာသံယုတ် သတ္တိဝဂ် ပဇ္ဇောတသုတ် ပါဠိတော် အဋ္ဌကထာနှင့် ဋီကာ)

( ဦးငွေအောင်မွန်)
(မြတ်မင်္ဂလာ ၂၀၀၃-ခု ဧပြီလ)

Read more...

သစ္စာ နဲ့ တာဝန်။

အို နာ သေမှု အစရှိတဲ့ လူသဘာဝ အတိုင်း ဖြစ်ပျက်နေတဲ့ သင်္ခါရဓမ္မတွေကို မကျေ နပ်စရာ(အပ္ပိယ) လို့ စွဲလမ်းနေသမျှ " မုန်း ဆုံ" ဒုက္ခနဲ့ Dhamma_barisayadawကြုံနေရမယ်။ ကျေနပ်စရာ (ပိယ) လို့ စွဲလမ်းနေရင်လည်း"ချစ်ကွဲ" ဒုက္ခနဲ့ ကြုံနေရမယ်။ မရနိုင်တာကို လိုချင် စွဲလမ်း နေသမျှ "လိုတာမရ"တဲ့ ဒုက္ခ နဲ့ ကြုံနေရမယ်။

သစ္စာလေးပါးလုံးမှာပဲ တစ်ပါး တစ်ပါးစီမှာ"သစ္စ၊ ကိစ္စ၊ ကတ" ဆိုပြီး အခြင်းအရာ သုံး မျိုးစိ ရှိပါတယ်။

သစ္စဉာဏ် ဆိုတာ အမှန်အတိုင်း နာယူသင်ကြားထားတဲ့ အသိပါ။

ကိစ္စဉာဏ်ဆိုတာ မဇ္ဈိမလမ်းအတိုင်း လျှောက်သူ တို့ရဲ့ လိုက်နာ ကျင့်သုံးရင်း သိလာမယ့် တာဝန်ပိုင်း အသိဖြစ်ပါတယ်။

ကတဉာဏ် ဆိုတာကတော့ တာဝန်ကျေပွန် ပြည့်စုံတဲ့ အတွက် ရရှိတဲ့ ရလာဒ် အသိပါပဲ၊

သာသနာသုံးပါးနဲ့ ပြောရရင် သစ္စဉာဏ် ဆိုတာ ပရိယတ္တိသာသနာ၊ ကိစ္စဉာဏ်ဆိုတာ ပဋိပတ္တိသာသနာ၊ ကတဉာဏ်ဆိုတာက ပဋိဝေဓသာသနာ လို့ ဆိုရပါလိမ့်မယ်။

နာယူသင်ကြားထားတဲ့ ပရိယတ္တိက မှန်ကန်မှ မှန်ကန်တဲ့ အသိ=သစ္စဉာဏ်ဖြစ်သလို ကျင့်သုံးတဲ့ ပဋိပတ္တိ(ကိစ္စဉာဏ်) တိုးပွားပြီး ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်သိနဲ့ ပြီးပြည့်စုံတဲ့ ပဋိဝေဓ (ကတဉာဏ်)ကို ဆိုက်ေ၇ာက်နိုင်ကြမှာပါ။

ဒုက္ခသစ္စာနဲ့ ပတ်သက်လို့ သာဝကတို့ရဲ့ တာဝန်ပိုင်း(ကိစ္စဉာဏ်)က ပရိညေယျ- ပိုင်းခြား သိရမယ့် တာဝန်ပဲ ရှိပါတယ်။ ပါးစပ်ဖျားမှာ နှုတ်ကျိုးနေတာက "ဒုက္ခ ချုပ်ငြိမ်းရေး"ဆိုတော့ ဒုက္ခချုပ်ငြိမ်းသွားအောင် ဒုက္ခကို ပယ်ရမယ်လို့ ထင်နေတတ်ကြပါတယ်။ ဒုက္ခ ဆိုတာ သူ့ အကြောင်း အပြည့်အစုံ သိဖို့ပဲ လိုအပ်တယ် ဆိုတာကို "ဒုက္ခကို တစ်လွှာခြင်း ခွာကြည့်ခြင်းမှာ ပြခဲ့ပြီးပါပြီ။ သူ့အကြောင်း သိပြီးရင် ကိုယ်က ခွာစရာ မလိုဘဲ သူ့အလိုလို ချုပ်ငြိမ်းသွားတာပါ။

ဟုတ်ပါတယ်။ အိုတယ်၊ နာတယ်၊ သေတယ် ဆိုတာ သက်၇ှိ သင်္ခါရတို့ရဲ့ ဖြစ်ပျက် ပြောင်းလဲ ဖောက်ပြန်မှုကို လူတွေက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်များပါ။ သက်မဲ့ သင်္ခါရ တို့ကိုကျတော့ အိုမင်း ဆွေးမြည့် ပျက်စီးတယ်လို့ ပြောနိုင်ပါတယ်။ အမှန်ကတော့ ဖြစ် ပျက် ဖောက်ပြန် သဘောချည်းပါပဲ။ အဲဒီ အို နာ သေမှု စတဲ့ င်္သါရတို့ရဲ့ ဖြစ် ပျက် ဖောက်ပြန်မှု တွေ ကိုပဲ မကျေနပ်စရာ (အပ္ပိယ) လို့ စွဲလမ်းနေတဲ့အတွက် "မှန် ဆုံ" (အပ္ပိယေ ဟိ သမ္ပယောဂ) ဒုက္ခနဲ့ ကြုံရတယ်။ ကျေနပ်စရာ (ပိယ)လို့ စွဲလမ်းပြန်တော့ ချစ်ကွဲ(ပိယော ဟိ ၀ိပ္ပယောဂ) ဒုက္ခနဲ့ ကြုံရမယ်။ ကိုယ့်အလိုကျ မရနိုင်တဲ့ အရာကို လိုချင်စွဲ လမ်းနေသမျှ လိုတာမရ (ယံ ပိစ္ဆံ န လဘတိ) ဒုက္ခနဲ့ ကြုံတွေ့ရမယ်။ အဲဒီ အစွဲအလမ်းတွေ ချုပ်သွားရင် အဲဒီ ဒုက္ခတွေဟာလည်း "အရင်း လဲရင် အဖျား ထင်းဖြစ်" ဆိုသလို ချုပ်သွား မှာပဲမို့လား။

"ငပြူး"မှန်းသိရင် မကြောက်ရတဲ့အပြင် ငေါက်ချလို့တောင် ရပါယတ်။ အနိစ္စ=မမြဲဘူး၊ ဒုက္ခ=သည်းခံကျေနပ်စရာ မရှိဘူး၊ အနတ္တ= အလို မဖြစ်ဘူး ဆိုတာတွေဟာ သင်္ခါရတရား တွေကို ငေါက်ငမ်းနေတဲ့ သဘောမျိုးပါပဲ။ အကြောင်းစုံ သိပြီး သူမျာသာ ဒီလို ငေါက်နိုင်တာ ပါ။ "ငပြူး"မှန်း မသိဘဲနဲ့တော့သွား မငေါက်လိုက်လေနဲ့၊ "မြို့ပိုင်မင်းကွ"ဆိုပြီး ထ ဟောက်လို့ ပြေးပေါက် မှားနေမယ်။

ဒုက္ခချုပ်ဖို့အတွက် တကယ်ပယ်ရမှာက သမုဒယ လို့ခေါ်တဲ့ တဏှာပါ။ ဒါကြောင့် သမုဒယသစ္စာနဲ့ ပတ်သက်လို့ သာဝကတို့ရဲ့ တာဝန်ပိုင်း(ကိစ္စဉာဏ်)ကိုတော့"ပဟာတဗ္ဗံ= ပယ်ရမယ်"လို့ ညွှန်ကြားပါတယ်။

တဏှာ သမုဒယကို ဘုရားရှင် ကြုံးဝါး ပယ် သတ်တော်မူပုံကတော့-

"ဟယ် ကာမ.. သင်ရဲ့ အရင်းမူလကို ငါ တွေ့မြင်ပြီ၊ အာရုံတွေ အပေါ်မှာ ဟိုဟို ဒီဒီ ကြံစည် စိတ်ကူးခြင်း (ကာမသင်္ကပ္ပ)ကြောင့် သင်ကာမ ဖြစ်ပေါ်ခွင့် ရနေတာ။ အဲဒီ အကြံတွေကို ငါ မကြံစည်တော့ဘူး၊ ဒါကြောင့် ငါ့ သန္တာန်မှာ သင်ကာမ ဖြစ်ခွင့် မရှိတော့ဘူး"တဲ့။

ကာမတဏှာ ဆိုတာ တရားကိုယ် သဘောအရ လောဘ စေတသိတ်ပါ၊ စေတသိက်ဆိုတာ သူ့ချည်းဖြစ်ပေါ် နေနိုင်စွမ်းမရှိပါဘူး၊ စိတ်ကို မှီပြီးမှ ဖြစ်နိုင်တာပါ။ ကြံစည်မှု(သင်္ကပ္ပ)ဆိုတာ လည်း အတူတူပါပဲ၊ သူတို့ရဲ့ ဆရာကြီးဖြစ်တဲ့ အ၀ိဇ္ဇာဆိုတာလည်း မောဟ စေတသိတ်ပါပဲ၊ အားလုံးဟာ စိတ်ကို မှီခိုကပ်ရပ်ပြီး ဖြစ်နေရတဲ့ တရားချည်းပါပဲ၊ ကိုယ်ပိုင် သီးခြား ဖြစ်တည် နေနိုင်တဲ့ တရားတွေ မဟုတ်ကြပါဘူး။

ဒေးဒရဲ နိကာယ်သင်တန်းမှာ ဆရာတော်ကြီးက "စဉ်းစားကြည့်လိုက်ရင် ကိုယ်ပိုင် ရပ်တည်နိုင်စွမ်းမရှိဘဲ စိတ်ကို မှီခိုကပ်ရပ်နေရတဲ့ အိုးခြေမဲ့ အိမ်ခြေမဲ့၊ ခြေသလုံးအိမ်ပါ၊ ရေမျောကမ်းတင်လိုဖြစ်တဲ့ ဒီတဏှာက ခြယ်လှယ်သမျှကို ခံပြီး အိုးနဲ့ အိမ်နဲ့၊ အခြေအနေနဲ့ နေနိုင်ကြတဲ့ တို့တစ်တွေ သံသရာမှာ ချာလပတ် ယမ်းနေကြရတယ် ဆိုတာ တကယ်တမ်း သိလာရင် ရှက်စရာတောင် ကောင်းတယ်။ ဒါပေမဲ့ ခုတော့ ဘယ်သူမှ ရှက်ရကောင်းမှန်း မသိကြသေးတာက ခက်တယ်" လို့ မိန့်ကြား ဖူးပါတယ်။

တဏှာကာမကို ပယ်ဖို့အတွက် သူတွယ်တာနေတဲ့ အာရုံတို့ရဲ့ သဘောအမှန်ကို သိလာအောင် သတိက ရှေ့ဆောင်ပြီး မပြတ်ကြည့်ပေးနေရတာပါ။ သတိနဲ့ မပြတ်စောင့်ကြည့်တာကိုပဲ အသိ တရား တိုးပွားအောင် အားထုတ်တာဖြစ်လို့" တရားအားထုတ်တယ်"လို့ ဆိုကြပါတယ်။ ထိုင်တာ၊ ရပ်တာ၊ လျောင်းတက စပြီးတော့ ဘယ်အလုပ်မျိုးမဆို အသိပွားအောင် သတိထား နေတာ မှန်သမျှ တရားအားထုတ်နေတာချည်းပါပဲ။

သဘောပေါက်ထား စေချင်တာကတော့ အသိတရား တိုးပွားဖို့ ဆိုတာ သူများ အသိကို ငှားပြီး ပွားလို့မရပါဘူး။ ကိုယ်ပိုင် အသိဖြစ်မှ ပွားလို့ ရပါတယ်။ ဒါကြောင့် စပြီး တရားအား ထုတ်ကတည်းက "အနိစ္စ အနိစ္စ "နဲ့ လုပ်နေတာဟာ ကိုယ်တိုင် သိတဲ့ "အနိစ္စ" မဟုတ်ဘဲ သူများ ပြောသံကြား အငှား အနိစ္စချည်း ဖြစ်တဲ့အတွက် ပွားလို့ မရပါဘူး။

ဘုရားရှင်ကတော့ စပြီး သတိထားချိန်မှာ "ဘူတံ ဘူတော ပဿတိ= ကိုယ့်အသိမှာ ထင်လာတာကို ထင်လာတဲ့အတိုင်း ရှုမှတ်ပါ" လို့ ညွန်ကြားပါတယ်။ ဒီအချိန်မှာ"ရှုမှတ်တယ်" ဆိုတာ ပညာမဟုတ်သေးပါဘူး၊ "သညာ"လို့ ခေါ်ပါတယ်၊ အမှတ်သညာ များပြီး ခိုင်မြဲ လာရင် သတိထင်ရှားလာပါတယ်။ ဒါကြောင့် "သတိ ထိရ သညာပဒဋ္ဌာနာ= သတိဖြစ်ရေးမျာ ခိုင်မြဲတဲ့ သညာဟာ အနီးကပ်ဆုံး အကြောင်းတရား ဖြစ်တယ်"လို့ ဟောတော်မူတာပါ။ သတိမြဲလာမှ အသိက ပွားလာတာပါ။

နောက်တစ်ခုက "အရှုခံ နဲ့ ရှုဉာဏ်" ဆိုတဲ့ စကားပါ၊ သမာဓိသိက္ခာ စတင်ထူထောင် တဲ့ တရားအားထုတ်စမှာ အရှုခံဆိုတာ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ဆိုတဲ့ အာရုံတစ်မျိုးမျိုးပါ။ အဲဒီအာရုံကို ရှုမှတ်နေတာကလည်း "ဉာဏ်"မဟုတ်သေးပါဘူး၊ "သတိ"သာ ဖြစ်ပါတယ်။ မဟာသတိပဋ္ဌာန သုတ်မှာ ဘုရားရှင် ဟောတော် မူတာကို သေသေ ချာချာ လေ့လာ ကြည့် ရင် သဘောပေါက်ပါလိမ့်မယ်။

သတိထားတဲ့အကျင့် အားကောင်းလာလို့ သတိထားတဲ့အဆင့် ရောက်လာတော့မှ မမြဲဘူးဆိုတဲ့ အနိစ္စသဘော၊ အလိုကျမဖြစ်ဘူး ဆိုတဲ့ အနတ္တသေဘာတို့ကို ကိုယ်တိုင် သိလာတာပါ။ အဲဒီအဆင့် ရောက်တဲ့အခါ အရှုခံ က သင်္ခါရ (ဒုက္ခသစ္စာ) ရှုတာက " ဉာဏ်"ဖြစ်လာပါပြီ။

သတိနဲ့ ရှုမှတ်စရာ ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆို တဲ့ သီးသန့် ၀ိသေသ သဘောတို့ကို ရှုမှတ်ရတာ ဖြစ်လို့ တွန်းတယ်၊ တိုးတယ်၊ ပူတယ်၊ အေးတယ် စတဲ့ ၀ိသေသ လက္ခဏာ များကိုပဲ သိနေပါတယ်။ "ဖြစ် ပျက်" သို့မဟုတ် "အနိစ္စ ဒုက္ခ အနတ္တ" လို့ မသိသေးပါဘူး။ ဘူတံ ဘူတတော ပဿတိ= မိမိ စိတ်အစဉ်မှာ ထင်လာတာကို ထင်လာတဲ့အတိုင်း ရှုမှတ်ရမယ်" ဆိုတဲ့ အတိုင်း မိမိ စိတ်မှာ သဘောများကို ထင်လာတဲ့ တွန်းတယ်၊ တိုးတယ်၊ ပူတယ်၊ အေးတယ် စတဲ့သဘောများကို ထင်လာတဲ့အတိုင်းသာ ရှုမှတ်ရမှာ ပါ။

ငါ့ကိုတွန်းတယ်၊ တိုးတယ်၊ ငါပူတယ်၊ ငါအေးတယ် ဆိုပြီး "ငါ"ဆိုတဲ့ အစွဲလည်း မပါဘူး၊ ပစ္စပ္ပန်ကျကျ ထင်လာတဲ့ အတိုင်းပဲ ရှုရမှာပါ။ မိမိစိတ်အစဉ်မှာ ထင်မြင်မလာသေးတဲ့ ဖြစ်ပျက် တို့၊ အနိစ္စ ဒုက္ခ အနတ္တတို့၊ ရုပ်တို့ နာမ်တို့ စတဲ့ သူတစ်ပါး ပြောသံကြားတွေ ကိုလည်း အငှားနဲ့ ရှုမှတ်လို့ မရပါဘူး။ "ပစ္စုပ္ပန်ကျကျ" ဆိုတာ မိမိစိတ်အစဉ်မှာ ထင်လာခိုက်မှာ ထင်လာတဲ့ အတိုင်း သာ ရှုမှတ်ရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီနေရာမှာ မြတ်စွာဘုရားရှင်ရဲ့ ပထမဆုံးတရားဦး ဒေသနာရယ်၊ ၀ိပဿနာလုပ်ငန်း အကျယ်ပြရာ ဖြစ်တဲ့ မဟာသတိပဋ္ဌာနသတ်ုရယ်၊ ပရိနိဗ္ဗာန်ပြုခါနီး နောက်ဆုံး မှာတမ်း စကား တော် နှစ်ခွန်းရယ်တို့ကို ခြုံငုံပြီး နည်းနည်း ပြောချင်ပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ နောက်ဆုံးမှာတမ်း စကားတော် ပထမ တစ်ခွန်းက "၀ယဓမ္မာ သင်္ခါရာ = သင်္ခါရ တရားတွေဟာ ပျက်ခြင်းသဘော ရှိကြတယ်" တဲ့။ ဒါဟာ ၀ိပဿနာနယ် ပယ် အနေနဲ့ ပြောရမယ်ဆိုရင် "အရှုခံ" တရားများကို ညွန်ပြလိုက်တာပါ။

ဒါဖြင့် အဲဒီ သင်္ခါရတရားတွေ အပေါ် ဘယ်လို သဘောထားကြရမှာလဲ ဆိုတော့- "အပ္ပမာဒေန သမ္ပာဒေထ= သတိနဲ့ ပြည့်စုံစေကြ"တဲ့။ သတိနဲ့ မပြတ်ကြည့်ရှု သုံးသပ်ကြလို့ တိုက်တွန်းမှာကြားတာပါ။

ဒီစကားနှစ်ခွန်းဟာ အရှုခံ တရားနဲ့ ရှုမှတ်ရမယ့် တရားတို့ကို အကျဉ်းချုပ် ဖော် ညွန်း ဆုံးမတော်မူလိုက်ခြင်း ဖြစ်ပါတယ်။

ဒီမှာတမ်းစကားတော်နဲ့ ပတ်သက်လို့ အဋ္ဌကထာ ဆရာက "ကိစ္စအားလုံးတို့ကို သတိနဲ့ မကင်းစေဘဲ ပြည့်စုံစေရမယ်"လို့ ဖွင့်ပြပါတယ်။ အဲဒီစကားကိုပဲ ဋီကာဆရာကတော့ "အပ္ပမာဒ ဆိုတဲ့ သတိတရားက အနက်အဓိပ္ပာယ် အားဖြင့် (၄၅)၀ါပတ်လုံး ဟောကြား တော်မူခဲ့တဲ့ ဘုရားရှင်စကားတော်အားလုံးကို သိမ်းယူနိုင်တဲ့တွက် ဒီစကားကို မိန့်မှာခဲ့ခြင်း ဖြစ်တယ်" လို့ ကောက်ချက်ချပြီးတော့မှ "သတိ´ဆိုတာ ဒီနေရာမှာ´ဉာဏ်နှင့်ယှဉ်တဲ့ သတိ´လို့ အနက်အားဖြင့် မှတ်ယူရမယ်၊ သတိက ဦးဆောင်မှုအရ လွန်ကဲတဲ့ အတွက် ကြောင့် ´သတိမကင်းစေဘဲ´လို့ ဆိုရတာ ဖြစ်တယ်"လို့ ရှင်းလင်း ဖွင့်ဆိုပြပါတယ်။

ပဓာနနည်းအားဖြင့်"သတိ"လို့ ဆိုပေမယ့် မကင်းကောင်းတဲ့ သဘောအရ သဒ္ဓါ´၀ီရိယ´ သမာဓိ´ ပညာ´တို့လည်း အကူအနေနဲ့ ပါရမယ်လို့ ဆိုလိုပါတယ်။

ဒါကြောင့်လည်း ရှေးဆရာတော်များက "အပ္ပမာဒေနကို မမေ့ မလျော့ မပေါ့ မဆတဲ့ သတိတရားနှင့်"လို့ မြန်မာပြန်ကြတာပါ။ " မမေ့" ဆိုတာ သတိတရားကို ပြောတာ၊ "မလျော့" ဆိုတာ ၀ီရိယတရားကို ဆိုလိုတာပါ၊ "မပေါ့"ဆိုတာ သမာဓိတရားကို ပြောတာပါ။ ဟုတ်ပါတယ်၊ စိတ်ကထားရမယ့် အာရုံအပေါ်မှာ မထားဘဲ ဟိုဟိုဒီဒီ ရောက်နေတာကို ပေါ့ဆယ်၊ ပေါ့လျော့တယ်လို့ ဆိုရတာ ဖြစ်လို့ "မပေါ့နဲ့" ဆိုတာ စိတ်က ဟိုအာရုံ ဒီအာရုံတွေ ဆီ ရောက်မနေဘဲ မိမိရှုမှတ်ရမယ့် အာရုံတစ်ခုတည်း အပေါ်မှာ ကျရောက်တဲ့ ဧကဂ္ဂတာ (သမာဓိ)နဲ့ လည်း ပြည့်စုံရမယ်လို့ ဆိုလိုတာပါပဲ။ "မဆ"ဆိုတာကတော့ လောကမှာ ယုံကြည် မှုအရ ဖြစ်စေ၊ သိမြင်မှုအရ ဖြစ်စေ တစ်စုံတစ်ရာ ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေတာကို "ချိန်ဆနေတယ်"လို့ ပြောကြပါတယ်၊ "မဆနဲ့"ဆိုတာက အဲဒီလို မဆုံးမဖြတ် ချိန်ဆမနေဘဲ ခိုင်မာတဲ့ ယုံကြည်မှု ပီပြင်တဲ့ သိမြင်မှုနဲ့ ပြည်စုံရမယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် "မဆနဲ့"ဆိုတဲ့ စကားက သဒ္ဓါတရား´ ပညာတရားတို့နဲ့တော့ "သဒ္ဓါ, ၀ီရိယ,သမာဓိ,ပညာ အခြံအရံပါတဲ့ သတိတရားနဲ့ ပြည့်စုံအောင်ထားပြိး ရှုမှတ်နေကြ"လို့ တိုက်တွန်းလိုရင်းပဲ ဖြစ်ပါတယ်။

ဒါဖြင့် ဒီမှာတမ်းတော်အရဆိုရင် သင်္ခါရအားလုံး ကိုပဲ ရှုမှတ်ရမှာလား ဆိုတော့ "ဘူတံ ဘူတတော ပဿတိ" ဆိုတဲ့ စကားအတိုင်း မိမိ စိတ်အာရုံထဲမှာ ထင်လာတဲ့ သင်္ခါရကိုသာ ရှုရမှာပါ။ ပစ္စပ္ပန်လည်းကျ ၊ မိမိ အဇ္ဈတ္တမှာလည်း ထင်မြင်မှသာ ရှုလို့ ရမှာပါ။

ဒါကို သဘောပေါက်ဖို့ အတွက် တရားကို ဘာဖြစ်လို့ ရှုမှတ်ပွားများရသလဲ ဆိုတာက စပြီး စိစစ်သင့်ပါတယ်။

တရားဦးမှာ ဟောတော်မူတာကို ခြုံငုံကြည့်မယ်ဆိုရင် ၀ိပဿနာ ရှုမှတ်ပွားများ ရတာဟာ ဒုက္ခသစ္စာဖြစ်တဲ့ သင်္ခါရ တရားတွေကို "ဒုက္ခသစ္စာပဲလို့"ကိုယ်တိုင် သိမြင် ဆုံးဖြတ်နိုင်အောင် ရှုမှတ်ရတာပါ။ သစ္စာအနေနဲ့ ပြောရရင် သင်္ခါရဆိုတာ ဒုက္ခသစ္စာ နောက်ဆုံးပိုဒ်မျာ " သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ"ဆိုတဲ့ စကားကို အထူးအလေးအနက် ထားရပါလိမ့်မယ်။

"ဥပါဒါန် စွဲကပ်နေတဲ့ ခန္ဓာငါးပါးဟာ ဒုက္ခဖြစ်တယ်" ဆိုတဲ့ စကားကို ထောက်ဆ ကြည့်ရင် "ဥပါဒါန် စွဲလမ်းခြင်း မရှိတဲ့ ခန္ဓာငါးပါးစာ ဒုက္ခကင်းလွတ်နေတယ်" ဆိုတဲ့ အဓိပ္ပယ်ရပါတယ်။

ဒီစကားရပ်ဟာ " ဥပါဒါန်စွဲကပ်ခြင်း မရှိတဲ့ ခန္ဓာငါးပါးကို ၀ိပဿနာ ရှုလို့ မရဘူး။ ဥပါဒါန် စွဲကပ်နေတဲ့ ခန္ဓာငါးပါးကိုသာ ၀ိပဿနာ ရှုရမယ်" လို့ ၇ှုကွက်ကို အတိအကျညွန်ပြတဲ့ သဘောလည်း ဖြစ်ပါတယ်။

ဝိပဿနာ ရှုရတာ အစွဲ ဥပါဒါန် ကင်းလွတ်ဖို့ ဖြစ်တယ်။ အစွဲ ဥပါဒါန်ဟာဘယ်ကနေ ကင်းလွတ်ရမှာလဲ ဆိုရင် ကိုယ် စွဲနေတဲ့ အာရုံ(ခန္ဓာ) က လွတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စွဲနေတဲ့ အာရုံ(ခန္ဓာ) ကိုသာ ၇ှုရမယ်။ မစွဲတဲ့ အာရုံ(ခန္ဓာ) ကိုတော့ စွဲမှ မစွဲဘဲ ဘာဖြစ်လို့ ရှုနေရမှာလဲ။ အဲဒီလို ရှင်းရှင်းလေး သဘောပေါက်ရမှာပါ။

ဒါကြောင့်မိမိစိတ်အစဉ်မှာ ပါမြင်တယ်၊ ငါကြားတယ်၊ ငါ့ကို တိုးတယ်၊ တွန်းတယ်၊ ငါ ထွက် ရှုထုတ်တယ်၊ ငါ ၀င်လေ ရှိုက်သွင်းတယ်၊ ငါပူတယ်၊ ငါအေးတယ်၊ ငါထုံတယ် စသည် စွဲထင်နေတဲ့ အာရုံကို ထင်လာတဲ့ အတိုင်း ရှုမှတ်ပွားများရမယ်။ ဘယ်အတွက် ရှုမှတ်ရမှာ လဲ ဆိုရင် အဲဒီ ငါ၊ ငါဥစ္စာလို့ ထင်မှတ်စွဲလမ်းနေမှုမှ ကင်းလွတ်သွားအောင် လို့ ၇ှုရမှာပါ။

ဘာနဲ့ ရှုမှတ်ရမှာလဲ ဆိုရင်တော့ သတိပဋ္ဌာန် အရာဖြစ်လို့ သတိက ဦးဆောင်ပြိး သဒ္ဓါ, ၀ီရိယ, သမာဓိ, ပညာတို့ရဲ့ အကူအညီနဲ့ ရှုရမှာ ဖြစ်ပါတယ်။

ဒီလို ရှုမှတ် ပွားများလို့ မိမိရှုမှတ်တဲ့ အာရုံပေါ်မှာ စိတ်တည်ကြည်မှု အား ကောင်းလာပြီ (စိတ္တ၀ိသုဒ္ဓိ ဖြစ်လာပြီ)ဆိုရင် ငါ, ငါ့ဥစ္စာလို့ ထင်နေတဲ့ အရာတွေက အသိခံ(သိစရာအာရုံ) တွေဖြစ်ပြီး ၊ အဆင်း အသံ စသည်တို့၊ ပူမှု၊ အေးမှု၊ တွန်းမှု၊ တိုးမှုတို့ ထွက်လေ ၀င်လေတို့ ဆိုရင် ဒီအာရုံတွေဟာ ရုပ်တွေဖြစ်တယ်။ အဲဒါကို သိသိနေတဲ့ သဘောက နာမ်တရားဖြစ် တယ်လို့ သဘောပေါက် လာမှာပါ။

အဲဒီ အခြေအနေ ရောက်လာပြီ ဆိုရင် သတိ ဦးဆောင်မှုနဲ့ နေရာကို ပညာက လွှဲ ပြောင်းယူပြီး ဦးဆောင်စ ပြုလာပါပြီ။ ဆက်ပြီး ရှုမှတ်ပွားများမယ်ဆိုရင် အရှုခံဖြစ်တဲ့ ရုပ်အာ ရုံ တွေ ဟာလည်း ခဏမစဲ ပြောင်းလဲ ဖောက်ပြန်နေတဲ့ အနိစ္စသဘော၊ အပျက်ဘေး မကင်းတဲ့ ဒုက္ခသဘော၊ ကိုယ့် အလိုကျ မဟုတ်ဘဲ သူ့သဘော သူဆောင်ပြီး ဖြစ်နေတယ်ဆိုတဲ့ အနတ္တ သဘော ရှိတယ်လိုံ သိလာရင် ၊ ရှုမှတ်သိမြင်နေတဲ့ သဘောကလည်း အာရုံက ဖော်ပြပေးတဲ့ အတိုင်းသာ လိုက်ပြိး သိနေတာဖြစ်လို့ အာရုံနည်းတူ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော ရှိတယ် လို့ပဲ သိမြင် လာမှာ ဖစ်ြပါတယ်။ ဒီလို အမြင် စင်ကြယ်လာတာကို ဒိဋ္ဌိဝိသုဒ္ဓိလို့ သတ်မှတ် ပါတယ်။

အရှုခံက မိမိ စွဲလမ်းရာ သင်္ခါရ ဒုက္ခသစ္စာတရား ဦးဆောင် ရှုမှတ်နေတာက သတိတရား။

သတိ ထိရသညာပဒဋ္ဌာနာ- ဆိုတဲ့ အတိုင်း မိမိ စိတ်မှာ စွဲထင်မှတ်သားထားတဲ့ အမည်သညာ အတိုင်း မြင်တယ်၊ ကြားတယ်၊ ပူတယ်၊ အေးတယ် စတဲ့ အမည်သညာနဲ့ စပြီး ရှုမှတ်ရ ပါ တယ်။ အမှတ်သညာ ခိုင်မြဲမှ သတိ ခိုင်မြဲပါတယ်။

သတိ ခိုင်မြဲလာမှ အာရုံကို စူးစိုက်တဲ့ သမာဓိ အားကောင်းလာပြီး ထိုးထွင်းသိမြင်တဲ့ ပညာ ဖြစ်ပေါ်လာပါတယ်။

ပညာတရားက ရုပ်ပဲ၊ နာမ်ပဲလို့ ခွဲခြား သိခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သဘော လကဏ္ခဏာကို ထိုးထွင်းသိခြင်း ကိစ္စများကို ဆောင်ရွက်ပါတယ်။

သတိ ဦးဆောင်ပြီး ရှုတယ်၊ ပညာ ဦးဆောင်ပြီး သိတယ်လို့ အတိုချုပ် သဘော ပေါက်နိုင်ပါတယ်။

အနိစ္စ ဒုက္ခ အနတ္တ ဆိုတာဟာ သင်္ခါရတို့ရဲ့ ဘုံလက္ခဏာ ဖြစ်ပါတယ်။ (သာမညလက္ခ ဏာလို့လည်း ခေါ်ပါတယ်) ဘုံလက္ခဏာကို သိမြင် လာချိန်မှာ အရှုခံတို့ ဟာလည်း ကာယ စိတ္တ စတဲ့ ကိုယ်ပိုင် သဘောမျိုး မဟုတ်တော့ပဲ သင်္ခါရ ဆိုတဲ့ ဘုံသဘော ဆောင်လာပါတယ်။ သင်္ခါရ ဆိုတဲ့ ဘုံသဘောဖြစ်လာတဲ့ အခါ " သဗ္ဗေ သင်္ခါရာ ဒုက္ခာ" အရ ဒုက္ခသစ္စာ အရှုခံ တရား ဖြစ်သွားပါပြီ။ ဒါဟာ အထွတ်အထိပ်ရောက်တဲ့ ၀ိပဿနာဉာဏ် ဖြစ်တာပါပဲ။ ဒါကြောင့် မဂ်ရဲ့ရှေ့ ပြေး အနီးကပ် ဖြစ်တဲ့ ၀ိပဿနာဉာဏ် မှာ ဒုက္ခသစ္စာက အရှုခံ ဖြစ်ပြီး၊ ရှုတာက ၀ိပဿနာဉာဏ် လို့ ဆိုရပါတယ်။ အရှုခံက ဒုက္ခသစ္စာ ဖြစ်သွားလို့ အနုပဿနာ အနေနဲ့ ပြောရရင် ဓမ္မာနုပဿနာလို့ ခေါ်ပါတယ်။ "မဂ်ဉာဏ်မှန်သမျှ ဓမ္မာနုပဿနာနဲ့ချည်း ရတာ ဖြစ်တယ်" လို့ ညောင်လ၊ွန့်နည်း ကမ္မဋ္ဌာန်းပြ ဖြစ်တဲ့ မော်လမြိုင် ရွှေပရိယတ္တိဆရာတော် မိန့်ကြားတာဟာ ဒိသဘောကို ပြောတာပါပဲ။

ထားပါတော့၊ အမည်အမျိုးတွေ ခွဲခြားတာက ပညာရှင်တွေရဲ့ အလုပ်ပါ။ တကယ် မဇ္ဈိမ လမ်း သွားနေ သူများ အနေနဲ့တော့ သတိထားပြီး မပြတ်ရှု၊ ရှုပါများတော့ မြင့်၊ မြင်ပါများတော့ ရိုးအီပြီး ငြီးငွေ့၊ ငြီးငွေ့တော့ အစွဲကွာ၊ အစွဲကွာတော့ လွတ်မြောက်၊ (ဧ၀ံ ပဿံ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ၀ိရဇ္ဇတိ၊ ၀ါရာဂါ ၀ိမုစ္စတိ) ဆိုတာ ဖြစ်အောင် မပြတ် ရှုမှတ် နေဖို့သာ အဓိကပါ။ အစွဲ(တဏှာ) ကွာကျသွားပြီဆိုရင် ဘယ်လို လောကီအာရုံ မျိုးကမှ လွှမ်းမိုးချုပ်ချယ်နိုင်စွမ်း မရှိတော့တွဲ အတွက် လွတ်မြောက်တယ်လို့ ဆိုတာပါ။ အာရုံလွှမ်းမိုးမှု ကင်းသွားရင် ဒုက္ခဆိုတာလည်း ချုပ် ငြိမ်းသွားတာပါပဲ၊ ဒီလို လွတ်လပ်ငြိမ်းအေးမှုကို သူပြောနဲ့ ယုံကြည်တာ မဟုတ်ဘဲ ကိုယ်ကြုံ ကိုယ်သိ ခံစားခွင့် ရရှိတာဟာ မျက်စိရှေ့မှောက် ရောက်နေတဲ့ အရာဝတ္ထုကို တွေမြင်ရသလို ထင်ထင်ရှားရှားကြီး တွေ့ကြုံနေရတာဖြစ်လို့ " မျက်မှောက်ပြုတယ်"လို့လည်း ဆိုကြပါတယ်။

ဒုက္ခခုပ်ငြိမ်းရာ နိရောဓသစ္စာနဲ့ ပတ်သက်လို့ သာဝကတို့ တာဝန်က လုပ်ဆောင်ရတဲ့ တာဝန် မဟတ်ုပါဘူး၊ အလုပ် တာဝန် ကျေပွန်တဲ့ လုပ်ခအကျိုး အဖြစ် မျက်မှောက်ြ့ပုရုံပါပဲ။

သစ္စာလေးခုမှာ တာဝန်လေးမျိုး ပြထားပေမယ့် တကယ်ဆောင်ရွက်ရမှာကတော့ မဇ္ဈိမ အကျင့်ဖြစ်တဲ့ မဂ္ဂင် ရှစ်ပါး(မဂ္ဂသစ္စာ)ကို ပွားများခြင်း တစ်ခုတည်းသာ ဖြစ်ပါတယ်။ မဂ္ဂသစ္စာကို ပွားများတဲ့ တာဝန် ကျေပွန်ပြည့်စုံတာနဲ့ တစ်ပြိုင်နက် ဒုက္ခသစ္စာကို ပိုင်းခြား သိခြင်း၊ သမုဒယသစ္စာကို ပယ်ခြင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း တာဝန်(ကိစ္စ) များ လည်း တစ်ပြိုင်နက် ပြီးပါတယ်။ သိ,ပယ်,ဆိုက်,ပွား ,လေးပါး ကိစ္စ တစ်ပြိုင် နက် ပြီးစေ နိုင်စွမ်း ရှိလို့ မဂ်ဉာဏ်ကို တစ်ချက်ခုတ် လေးချက်ပြတ်တဲ့ ဓားသန်လျက်နဲ့ ဥပမာ ပေးကြ ပါတယ်။

ဒီနေရာမှာ အဘိဓမ္မာသဘောနဲ့ သုတ္တန်သဘောတို့ နှီးနှောပြီး သိထိုက်တာလေးလည်း ရှိနေပါတယ်။ အဘိဓမ္မာ သဘောအရ "သိတယ်"ဆိုတာ မိမိအာရုံပြုတဲ့ အရာ ကိုသာ သိတာ ပါ၊ မဂ်ဉာဏ် ဆိုတာ နိဗ္ဗာန်ကိုသာ အာရုံပြုတဲ့အတွက် "နိဗ္ဗာန်"ကိုသာ သိသင့်တယ်၊ ဘာဖြစ်လို့ ဒုက္ခသစ္စာကို သိနိုင်သလဲ ဆိုတာပါပဲ။ မတွေမဝေ (ပိုင်ပိုင်နိုင်နိုင်) ထိုးထွင်း သိခြင်း ကိစ္စ ပြီးပြည့်စုံတဲ့အတွက် သင်္ခတဓမ္မ အားလုံးကို ထိုးထွင်း သိမြင်တယ်လို့ ဆိုတာပါ၊ "ကိစ္စ" အားဖြင့် ပိုင်းခြား သိတယ်လို့ ဆိုလိုပါတယ်။ (သီ၊ဋ္ဌ၊ ၂၄၈)

ဒီလို သိသွားတဲ့အတွက် အရင်က ကြားတောင် မကြားဘူးတဲ့ သစ္စာလေးပါး တရားတို့နဲ့ ပတ်သက်လို့ မျက်စိလည်မှုကင်းပြီး အမြင်ရှင်းပြီ( စက္ခုံ ဥဒပါဒိ) အမြင် ရှင်းတဲ့အတွက် အသိ လည်း မှန်ပြီ ( ဉာဏံ ဥဒပါဒိ)၊ ခွဲခြမ်းစိတ်ဖြာ သိစရာများကိုလည်း ပိုင်းပိုင်းခြားခြား သိမြင်ပြီ ( ပညာ ဥဒပါဒိ) အ၀ိဇ္ဇာမှောင်ခွင်းပြီး ထိုးထွင်း သိမြင်တဲ့ ၀ိဇ္ဇညဉာဏ် နဲ့ ပြည့်ုံပြီ။ ( (၀ိဇ္ဇာ ဥဒပါဒိ) အ၀ိဇ္ဇာအမှောင်ကင်းသွားတဲ့အတါက် ဉာဏ်အရောင် လင်းထိန်ခဲ့ပြီ၊ ( အာ လော ကော ဥဒပါဒိ) ဆိုတဲ့ ဂုဏ်ပုဒ်များဟာ မဇ္ဈိမ ခရိးဆုံးမှာ ရှိတဲ့ ပန်းတိုင်ရဲ့ သင်္ကေတ များပဲ ဖြစ်ပါတယ်။

သစ္စာတစ်ပါး တစ်ပါးမှာ သစ္စ၊ ကိစ္စ၊ ကတ ဆိုပြီး သုံးထပ် သုံးကျော့စီ ရှိတဲ့အတွက် သစ္စာ လေးပါးပေါင်းမှာ အထပ်အကျော့ (၁၂)ပါး ပြားပါတယ်။ " တိပရိဝဋ္ဋံ- သုံးပါးထပ်မံ သုံးကျော့ ပြန်ရှိသော "လို့ ပခုက္ကူ ဆရာတော် ပြန်ဆိုပါတယ်။ " ပထမ သစ္စဉာဏ် နဲ့ နာယူ ပြီး သိတယ်။ နောက် ကတဉာဏ်နဲ့ ကိုယ်တိုင် ကျင့်သုံးပြီး နာယူ သိကို တိုးပွားစေတယ်၊ နောက်ဆုံး ကတဉာဏ်နဲ့ ဆုံးဖြတ် သိပြီးတဲ့ အခါမှာတော့ ကိုယ်တိုင်သိ အဖြစ် တိုးတက် ပြောင်းလဲ ပြည့်စုံသွားပါတယ်။ အဲဒီလို အသိတွေ အထပ်ထပ် အကျော့ကျော့ ဖြစ်အောင် လုပ်ရတာကိုပဲ "ဘာဝနာ=ပွားများတယ်"လို့ ဆိုရတာ ဖြစ်ပါတယ်။

သုံးကျော့ သုံးလီ (၁၂)ပါးလုံး စင်ကြည်ပြည့်စုံ အောင် သိပြီးတဲ့အတွက် လောကသုံးပါး မှာ သဗ္ဗညူဘုရား အဖြစ် ၀န်ခံနိုင်ခြဲုံပီး ငါရဲ့ အရဟတ္တဖိုလ်ခေါ် ၀ိမုတ္တဉာဏ်ဟာလည်း ဆန့်ကျင် ဘက် တရားတို့ကြောင့် မလှုပ်မယိုင် မြဲခိုင်ခဲ့ပြီး၊ အခုဘ၀ ဖြစ်ရတဲ့ ဇာတိဟာလည်း နောက်ဆုံး လာဘိ နှစ်ခါမရှိတဲ့ ဇာတိပင် ဖြစ်တော့တယ် ဆိုတာ ကိုလည်း ဆင်ခြင် သိမြင်ပြီလို့ မိန့်ကြား ရင်း တရားကို နိဂုံးချုပ်တဲ့အခါမှာတော့ ပဉ္စ၀ဂ္ဂီ ငါးဦးတို့က နှစ်ခြိုက် အားရ၀မ်း မြောက် ၀မ်း သာ လက်ခံ သွားကြ ပါတော့တယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)



Read more...

အိပ်မက်ဆိုတာ (၂)


အိပ်မက် ၆ ။ ။ လူတွေက တစ်သိန်းတန်ရွှေခွက်ကို သန့်နေအောင်လုပ်ပြီး မျောက်ကို ကျင်ငယ်စွန့် (သေးပေါက်) ထည့်ခိုင်းတယ်။
နောင်အခါ ယုတ်မာကောက်ကျစ်တဲ့မင်းတွေ အုပ်ချုပ်လိမ့်မယ်။ အဲဒီအခါ ချမ်းသာကြွယ်ဝ သူများက မင်းလိုလိုက် မင်းကြိုက်ဆောင်ပြီး မတန်တဆ လာဘ်လာဘတွေ ထိုးရလိမ့်မယ် လို့ဆိုလိုတယ်။
အိပ်မက် ၇။ ။ လူတစ်ယောက်က ကွပ်ပျစ်မှာနေပြီး ကြိုးကျစ်နေတယ်။ ကြိုးအဆုံးပိုင်းကို အောက်ချတဲ့အခါ အောက်က ခွေးက သူ့ကြိုးကို စားနေတယ် လို့ မင်းကြီး အိပ်မက်ပြန်တယ်။
ဘုရားရှင်းပြတဲ့ ဒီအိပ်မက်ရဲ့ အဓိပ္ပါယ်က နောင်အခါ ယောကျာ်းတွေက ပင်ပင်ပန်းပန်း ရှာဖွေစုဆောင်းထားတာတွေကို မိန်းမတွေက shopping သွားပီး အဆင်တန်ဆာဝတ်ဆင်ဖို့ ကြွားဝါဖို့ အတွက် သုံးဖြုံးကြလိမ့်မယ်။ ယောကျာ်းရဲ့ နောက်ကွယ်မှာ လင်ငယ်နဲ့ ဖောက်ပြားလိမ့်မယ်။ လင်ကြီးရှာ သမျှ လင်ငယ်အတွက် ဖြစ်လိမ့်မယ် လို့ဆိုလိုတယ်။
အိပ်မက် ၈။ ။ "မင်းရင်ပြင်မှာ ရေမရှိတဲ့အိုးတွေက အများကြီး၊ ရေပြည့်နေတဲ့ အိုးက တစ်အိုးတည်း ရှိတယ်။ လူတွေက ပြည့်နေတဲ့အိုးထဲကိုပဲ ထပ်ဖြည့်နေကြတယ်တဲ့။
ဒါက "နောင်အခါ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေ ဆင်းရဲလိမ့်မယ်။ အဲဒီအခါ တိုင်းသူပြည်သား တွေကို နှိပ်စက်ပြီး လုပ်အားပေးခိုင်းလိမ့်မယ်" လို့ဆိုလိုတယ်။
အိပ်မက် ၉။ ။ ရေကန်တစ်ကန် ရှိတယ်။ လေးဘက်လေးတန်က သတ္တ၀ါတွေ အကုန်လုံး ရေ လာသောက်ပေမယ့် ရေက မနောက်ဘူးလို့ အိပ်မက်မက်ပြန်တယ်။
"နောင်အခါ မင်းတွေက တရားဥပဒေမရှိ အုပ်ချုပ်လိမ့်မယ်။ လာဘ် စားမယ်။ အခွန် မတရား ကောက်မယ်။ လူတွေကို နှိပ်စက်မယ်။ လူတွေကလည်း တရားမရှိဖြစ်လာမယ်။ လူတွေက နယ်စွန်နယ်ဖျား တွေမှာ ပိုပြီးသွားရောက်နေထိုင်လိမ့်မယ်" လို့ဆိုလိုပါတယ်။
အိပ်မက် ၁၀။ ။ ထမင်းအိုးက မာတစ်ဝက်။ တူးတစ်ဝက် ။ မနပ်တစ်ဝက် နပ်တစ်ဝက်ဖြစ်နေ တယ်။
ဘုရားရှင် ဒီအိပ်မက်အကြောင်းကို ရှင်းပြတာက နောင်အခါ တရားမရှိတဲ့ မင်းဆိုးမင်းညစ်တွေ အုပ်ချုပ်လိမ့်မယ်။ အဲဒီအခါ လက်အောက်ငယ်သားတွေကလည်း ယုတ်မာလာမယ်။ တိုင်းသူပြည်သားလူအများကလည်း တရားမဲ့လာလိမ့်မယ်။ မိုးကလည်း လိုအပ်တဲ့နေရာမှာ မရွာသွန်းပဲ မလိုအပ်တဲ့နေရာမှာ အလွန်အမင်း ရွာသွန်းပြီး လူတွေ အကြီးအကျယ်ဒုက္ခရောက်ကြလိမ့်မယ်။
အိပ်မက် ၁၁။ ။ နောက်ထပ် မင်းကြီးရဲ့အိပ်မက်က တစ်သိန်းတန် စန္ဒကူးအနှစ်ကို အရက်နဲ့ လဲသောက်တယ် တဲ့။
"နောင်အခါ ရဟန်းတွေဟာ တရားတော်ကို ငွေကြေးဖြတ်ပြီး ဟောကြားလိမ့်မယ် (မြတ်စွာဘုရားတရားတော်နဲ့ စီးပွါးရှာကြသလို ဖြစ်လိမ့်မယ်)" လို့ မြတ်စွာဘုရားက ရှင်းပြတယ်။ (ဒါကတော့ ကိုယ့်ကိစ္စမို့သိတယ်။ သွေးထွက်အောင် မှန်တယ်။ တချို့ဓမ္မကထိကဆရာတော်တွေ ပိုက်ဆံအရနည်းတဲ့ အရပ်ဒေသဆိုရင် မကြွချင်ကြတော့ဘူး၊ တရားမဟောချင်ကြတော့ဘူး)။
အိပ်မက် ၁၂။ ။ ကျောက်ဖျာတွေက ရေပေါ် ပေါလောပေါ်ပြီး သွားနေကြပါတယ်။
အဓိပ္ပါယ်က "အမျိုးကောင်းသားတွေ ပညာတတ်တွေ လူရာမ၀င်ဖြစ်လာလိမ့်မယ်။ သီလ စင်ကြယ်သူတွေ နာမည်ပျက်လိမ့်မယ်"တဲ့။
အိပ်မက် ၁၃။ ။ ဘူးခွံတွေက ရေထဲမြုပ်ကုန်တယ်။
ဒါက "ယုတ်မာတဲ့ အရှက်တရားမရှိသူတွေ ကြီးပွားချမ်းသာလာလိမ့်မယ်။ ယုတ်မာတဲ့သူတွေက အုပ်ချုပ်သူတွေ ဖြစ်လာလိမ့်မယ်။ လူယုတ်မာတွေ ကောင်းသတင်းကျော်ကြား တန်ခိုးထွားလိမ့်မယ်" လို့ဆိုလိုတယ်။
အိပ်မက် ၁၄။ ။ အလွန်ငယ်တဲ့ ဖားသတ္တ၀ါတွေက အလွန်ကြီးတဲ့ မြွေဟောက်တွေကို စားသောက် ၀ါးမျိုနေတယ် လို့ မင်းကြီး အိပ်မက်ထပ်မက်တယ်။
"နောင်သောအခါ အလွန်ကြီးတဲ့ ယောကျာ်းတွေက ရာဂအလိုကိုလိုက်ပြီး အလွန်ငယ်တဲ့ ကောင်မ လေးတွေကို ယူမိလို့ ဒုက္ခ ရောက်ရလိမ့်မယ်" လို့ မြတ်စွာဘုရားက ရှင်းပြတယ်။
အိပ်မက် ၁၅။ ။ ကျီးတွေကို ရွှေဟင်္သာတွေကို ၀ိုင်းရံခစားနေတယ် လို့ အိပ်မက်မက်တယ်။
"နောင်အခါ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေဟာ ပညာမတတ်လို့ သူတို့ရဲ့စည်းစိမ် ပျက်စီးမှာ ကြောက်ပြီး လူမိုက်တွေကို မွေးရလိမ့်မယ်။ ပြီးတော့ လူမိုက်ကို ဆရာတင်ထားရလိမ့်မယ်" လို့ဆိုလိုတယ်။
အိပ်မက် ၁၆။ ။ သိုးတွေက ကျားသစ်ကို ကျွတ်ကျွတ်မြည်အောင် ၀ါးစားနေတယ်။ ၀ံပုလွေ တွေက အဝေးကနေ သိုးကို ကြောက်လန့်နေရတယ် လို့ မင်းကြီး နောက်ဆုံးမြင်မက်တယ်။
ဒီအိပ်မက်အဓိပ္ပါယ်က "နောင်အခါ လူမိုက်တွေက တိုင်းနိုင်ငံကို အုပ်ချုပ်လိမ့်မယ်။ သူတို့ လိုချင်တာကို လက်ညှိုးထိုးပြီး မတရား သိမ်းပိုက်ကြလိမ့်မယ်" တဲ့။
ဒါတွေကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၅၀၀)ကျော်က ကောသလမင်းကြီးမက်ခဲ့တဲ့အိပ်မက်တွေကို မြတ်စွာဘုရားက ရှင်းပြထားတာပါ။ ဒီမင်းကြီးရဲ့ အိပ်မက်တွေ မှန် မမှန်ကိုတော့ ကိုယ်ကိုယ်တိုင်သာ ဆုံးဖြတ်ပါတော့။


Read more...

ကံကောင်းအောင်နေနည်း။

အရှင်ဇ၀န ဟောကြားတော်မူသော ကံကောင်းအောင်နေနည်း အမည်ရသော တရားတော် ဖြစ်ပါတယ်။ တရားတော်ကို နာယူကြည်ညိုနိုင်ကြ၍ တရားတော်အတိုင်း လိုက်နာ ကျင့်ဆောင်နိုင်ကြသဖြင့် ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…။

0 ရေးသားခဲ့ရန်

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP