* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, January 11, 2010

ကာလာမသုတ်ဖြစ်ပေါ်လာပုံသမိုင်း

အမေး။ ။အရှင်ဘုရား…ဘာသာခြားများအား ဗုဒ္ဓဘာသာဝင်ဖြစ်စေတဲ့ ဗုဒ္ဓဘာသာရဲ့လွတ်လပ်မှုကိုပြတဲ့ ကာလာမသုတ်ကိုဟောဖြစ်ပုံ သမိုင်း ကြောင်းသိချင်ပါတယ်။ ပါဠိ၊မြန်မာ၊အင်္ဂလိပ် သုံးဘာသာနဲ့ အပြည့်အစုံသိချင်ပါတယ်ဘုရား။
ရိုသေစွာဖြင့်
မင်းမောင်
ဖြူး

အဖြေ။ ။ အမေးတာက နဲနဲလေးပေမဲ့ ဖြေရမှာက သုံးဘာသာတောင်ဆိုတော့ များတယ်၊ ဒါပေမဲ့ အများအကျိုးအတွက်ငဲ့ပြီး ဖြေပါ့မယ်။
မြန်မာဘာသာ
ကေသမုတ္တိနိဂုံးသားများဖြစ်ကြတဲ့ ကာလာမမင်းများဟာ ဘုရားရှင်ထံ ချည်းကပ်ကြတယ် အချို့က တစ်နေရာမှာ ထိုင်နေကြ တယ်။ အချို့က ဘုရားရှင်နဲ့ ၀မ်းမြောက်ဝမ်းသာ ပြောဆိုနေကြတယ်။ အချို့က အမှတ်ရဖွယ်ပြောဆိုရင်း တစ်နေရာမှာ ထိုင် နေကြတယ်။ အချို့က ဘုရားရှင်ကို လက်အုပ်ချီပြီး တစ်နေရာမှာ ထိုင်နေကြတယ်။ အချို့က အမည်၊ အနွယ်တွေကိုပြောပြီး ထိုင်နေကြတယ်။ အချို့က ဘာမှမပြောဘဲ တိတ်ဆိပ်စွာထိုင်နေကြတယ်။
ကေသမုတ္တိနိဂုံးသားများဖြစ်ကြတဲ့ ကာလာမမင်းများဟာ ဘုရားရှင်အားအောက်ပါအတိုင်း လျှောက်ထားကြတယ်။ “အရှင်ဘုရား… အချို့ရဟန်းပုဏ္ဏားများဟာ ကေသမုတ္တိနိဂုံးကို ရောက်ရှိလာကြပါတယ်။ သူတို့ရဲ့ဘာသာအယူဝါဒသာ မှန်တယ်လို့ ပြောဆိုပြီး သူတစ်ပါးအယူ ၀ါဒကိုကျတော့ မရိုမသေ ထိပါးပုတ်ခတ်ပြောဆိုကြပါတယ်။ အခြားအခြားရဟန်း ပုဏ္ဏားတွေလဲ ကေသမုတ္တိနိဂုံးကိုရောက်လာကြတယ်။ သူတို့လဲပဲ ကိုယ့်အယူဝါဒကိုသာ မှန်တယ်လို့ပြောဆိုကြပြီး သူတစ်ပါး အယူဝါဒကိုကျတော့ မရိုမသေ ထိပါးပုတ်ခတ်ပြောဆိုနေကြပါတယ်။ အရှင်ဘုရား…ဘယ်ရဟန်းပုဏ္ဏားရဲ့ဝါဒက မှန်ပြီး ဘယ်ရဟန်းပုဏ္ဏားရဲ့ဝါဒက မှားပါသလဲဘုရား၊ တပည့်တော် ယုံမှားသံသယ ဖြစ်မိပါတယ် ဘုရား”
ထိုအခါ ဘုရားရှင်က “ကာလာမတို့…..သင်တို့ဟာ ယုံမှားသင့်တဲ့အတွက် ယုံမှားတာပဲ၊ သံသယဖြစ်သင့်တဲ့အတွက် သံသယဖြစ်ကြ တာပဲ” လို့ မိန့်တော်မူကာ ကာလာမသုတ်ကို ဟောတော်မူခဲ့ပါတယ်။

ပါဠိဘာသာ
အထေ ခေါ ကေသမုတ္တိယာ ကာလာမာ ယေန ဘဂ၀ါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အပ္ပေကစ္စေ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ဘဂ၀တာ သဒ္ဓိံ သမ္မောဒိံသု၊ သမ္မောဒနီယံ ကထံ သာရဏီယံ ၀ီတိသာရေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ယေန ဘဂ၀ါ တေနအဉ္ဇလိံ ပဏာမေတွာ ဧကမန္တံ နိသီဒိံသု၊ အပေကစ္စေ နာမဂေါတ္ထံ သာဝေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ တုဏှီဘူတာ ဧကမန္တံ နိသီဒိံသု၊ ဧကမန္တံ နိသိန္နော ခေါ တေ ကေသမုတ္တိယာ ကာလာမာ ဘဂ၀န္တံ ဧတဒဝေါစုံ-
သန္တိ ဘန္တေ ဧကေ သမဏဗြဟ္မဏာ ကေသမုတ္တံ အာဂစ္ဆန္တိ၊ တေ သကံယေ၀ ၀ါဒံ ဒီပေန္တိ ဇောတေန္တိ၊ ပရပ္ပ၀ါဒံ ပန ခုံသေန္တိ ၀မ္ဘေန္တိ ပရိဘ၀န္တိ၊ သြမက္ခိံ ကရောန္တိ၊ အပရေပိ ဘန္တေ ဧကေ သမဏဗြဟ္မဏာ ကေသမုတ္တံ အာဂစ္ဆန္တိ၊ တေ သကံယေ၀ ၀ါဒံ ဒီပေန္တိ ဇောတေန္တိ၊ ပရပ္ပ၀ါဒံ ပန ခုံသေန္တိ ၀မ္ဘေန္တိ ပရိဘ၀န္တိ၊ သြမက္ခိံ ကရောန္တိ၊ တေသံ နော ဘန္တေ အမှာကံ ဟောတေ၀ ကင်္ခါ၊ ဟောတိ ၀ိစိကိစ္ဆာ “ကော သု နာမ ဣမေသံ ဘ၀တံ သမဏဗြဟ္မဏာနံ သစ္စံ အာဟ၊ ကော မုသာ” တိ။ အလံ ဟိ ဝေါ ကာလာမာ ကင်္ခိတုံ အလံ ၀ိစိကိစ္ဆိတုံ၊ ကင်္ခနီယေ၀ ပန ဝေါ ဌာနေ ၀ိစိကိစ္ဆာ ဥပ္ပန္နာ။ (အင်္ဂုတ္ထရနိကာယ်၊ တိကနိပါတ၊ ကေသမုတ္တိသုတ်၊နှာ-၁၈၉)

အင်္ဂလိပ်
How Kalarma Thote( u need to ask u Kumara for the Buddhism literature over how they called Thote) has been delivered , OR .. The history of the Kalarma Thote .KayThaMoutTiNiGone kings has approached to the Lord Buddha .Some were having a conversation with Lord Buddha ,while others engaged themselves in their own topics, or were just stayed silently .
The conversations that they have had with Lord Buddha was as below,“Lord , some of the monks came to KayThaMoutTiNiGone and stated that their beliefs, teachings and ideologies of their own religion were the universal truth and been giving offensive critiques over those of other religions with impolite manners.”
“There were monks who also come from different places to us and they have conducted the same manner towards the other religion.”
“Lord, whose beliefs are the truth and whose are wrong. We are becoming so sceptical on these matters”
Lord Buddha replied “Dear my kings, you all are being sceptical because you should be, you are being doubtful because you should be” and has delivered the Kalama Thote.



Read more...

ထေရိကာ ထေရီ


ထေရိကာ အမည်ရှိသော ‘မဏ္ဍပဒါယီကာ’ ထေရ်မြတ်လှ အရှင်မ၏ အကြောင်းကား ဤသို့ ဖြစ်ပေသည်။

ဤအရှင်မသည် ရှေးရှေးသော မြတ်စွာဘုရားတို့၏ အထံတော်၌ ပြုဖူးသော ကုသိုလ်ပါရမီ သမ္ဘရ အဓိကာရပတ္ထနာ ဆုတောင်းရှိသည် ဖြစ်၍ ဤကမ္ဘာအတွင်း၌ ကောဏဂုံ မြတ်စွာဘုရား ပွင့်တော်မူသောအခါ သူကြွယ်သမီးဖြစ်၍ သာသနာတော်ကို ယုံကြည်သော စိတ်ဖြင့် သစ်ခက်မိုးကာသော မဏ္ဍာပ်ကို ဆောက်ပြီးလျှင် သဲဖြူတို့ကို မဏ္ဍပ်အမိုးအောက် မြေပြင်၌ ကြဲဖြန့်ခင်း၏။ အထက်မှာလည်း အဝတ်ပိတ်ဖျင်တို့ကို ဗိတာန် မျက်နှာကျက် မိုး၍ ပန်းဆိုင်းတို့ဖြင့် ကောင်းစွာ တန်ဆာဆင်၏။

ကောဏဂုံ မြတ်စွာဘုရားအား မဏ္ဍာပ်တွင်းသို့ ပင့်ကာ ဆွမ်းခဲဖွယ် ဘောဇဉ် ကပ်လှူပြီးနောက် တိစီဝရိတ် သင်္ကန်းကိုလည်း လှူ၏။ မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုတော်မူပေသည်။

သူကြွယ်သမီးသည် ထိုဘဝမှ စုတေသော် မြတ်စွာဘုရားအား ဆွမ်းလုပ်ကျွေးခြင်း၊ တိစီဝရိတ် သင်္ကန်း လှူခြင်းနှင့် မဏ္ဍာပ်ဆောက်လုပ် လှူဒါန်းခြင်း ကောင်းမှု ကုသိုလ်တို့ကြောင့် နတ်ပြည်၌ ဖြစ်၏။ မဏ္ဍာပ် ဒါယိကာ နတ်သမီးသည် ကဿပ မြတ်စွာဘုရား ပွင့်တော်မူသောအခါ နတ်ပြည်မှ စုတေ၍ လူ့ပြည်၌ ဖြစ်လာကာ သာသနာတော်ဝယ် ရဟန်းမိန်းမ ပြု၍ အနှစ်-နှစ်သောင်းပတ်လုံး ရဟန်းတရားကို အားထုတ်၍ စုတေပြန်သော် နတ်ပြည်၌ပင် ဖြစ်ပြန်၏။ ကဿပ မြတ်စွာဘုရားနှင့် ဂေါတမ မြတ်စွာဘုရား နှစ်ဆူတို့ ပွင့်တော်မူသော ကြားကာလ၌ နတ်စည်းစိမ်ကို ခံစားနေကာ ငါတို့ မြတ်စွာဘုရား ပွင့်တော်မူသောအခါ ဝေသာလီပြည် ခတ္တိယ မင်းမျိုး၌ မင်းသမီးဖြစ်၍ ထေရိကာဟု အမည်ရှိ၏။ အရွယ်ရောက်လျှင် အမျိုးတူသော မင်းသားနှင့် ထိမ်းမြားလက်ထပ်လေ၏။

(ထေရကာ ထေရီ အပိုင်း(၂) အားဆက်တင်ပါမည်)




Read more...

*လားပေါင်း များစွာနှင့်…*

ဒီတစ်ပတ် လပတ်စာမေးပွဲမှာ မြန်မာစာ အမှတ်အများဆုံး ရတဲ့သူကို ဆရာမ ဆုချမယ်…

ဆုချမတဲ့လား.. အမှတ်အများဆုံး ရတဲ့သူ.. လွယ်တော့ မလွယ်.. ကျောင်းသား ကျောင်းသူပေါင်း လေးဆယ်ကျော် ငါးဆယ်တွင်းမှာ အမှတ်အများဆုံး ရဖို့ဟူသည်.. ကျွန်တော့် ဘယ်ဘက်က ကပ်လျက် ထိုင်သည့် သူငယ်ချင်းကို လှည့်ကြည့်မိသည်.. သူသည် လူတော်.. သူတော်သလို ကျွန်တော်ကလည်း မညံ့.. စာမေးပွဲတိုင်းတွင် သူနှင့် ကျွန်တော်သည် သူမသာ ကိုယ်မသာ.. အနည်းငယ်မျှသော အမှတ် ကွာဟမှုများနဲ့ သူ အဆင့်တစ်ဖြစ်လိုက်.. ကျွန်တော် အဆင့်တစ် ဖြစ်လိုက်.. ဘာပဲပြောပြော ဆုရတာ မရတာ အသာထား.. အောင်ဖို့တော့ လုပ်ရမည်.. အောင်ရန်မှာ ပေးထားသော စာများကို ကျက်ရုံမှတစ်ပါး အခြားမရှိ..

**********************************

ဒီနေ့ မြန်မာစာ အဖြေလွှာ စာရွက်များ ပြန်ပေးသည်.. တစ်ဦးချင်းအလိုက် စာလုံးပေါင်း သတ်ပုံ အမှားများနှင့် ရရှိသည့် အမှတ်စာရင်းကို စာရွက်ပေါ်တွင် ဖော်ပြထား၏.. ဘေးနားက ကျွန်တော့် သူငယ်ချင်းက အဖြေလွှာစာရွက် အရင်ရ၏.. ၉၄-မှတ်.. အားပါး တယ်တော်တာပဲ.. ခဏနေတော့ ကျွန်တော့် အဖြေလွှာ စာရွက်ရ၏.. မ၀ံ့မရဲဖြင့် အမှတ်စာရင်း ကြည့်လိုက်တော့.. ၉၈-မှတ်တဲ့..

**********************************

ထို လပတ် စာမေးပွဲတွင် ကျွန်တော့် သူငယ်ချင်းက တစ်တန်းလုံးတွင် ဒုတိယ ရ၏.. ကျွန်တော်က ပထမ.. မြန်မာစာ အမှတ်စာရင်း မသိခင် အချိန်အထိ ကျန်သည့် ဘာသာများ၏ အမှတ်များ ပေါင်းလဒ်မှာ ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းသည် အတူတူ.. ယခု မြန်မာစာ အမှတ်သိရမှ ကျွန်တော်က ၄ မှတ်အသာဖြင့် ပထမ ရရှိသွားခြင်း ဖြစ်၏..

*********************************

မကြာခင် ပထမအစမ်း စာမေးပွဲ ဖြေရတော့မည်.. အချိန်ကား နီးလာ၏.. ကျွန်တော်လည်း ကိုယ့်စာနှင့်ကိုယ် အလုပ်ရှုပ်နေစဉ် ထိုသူငယ်ချင်း ကျွန်တော့် အနားရောက်လာ၍..

“ဒီ ပထမအစမ်း စာမေးပွဲမှာ မင်းနဲ့ငါ ဘယ်သူ ပထမရမလဲ ပြိုင်မလား ဟေ့ကောင်” တဲ့..

သူ ကျွန်တော့်ကို စိန်ခေါ်စကား စလေပြီ.. လပတ် စာမေးပွဲတုန်းက ကျွန်တော် ပထမရသည်ကို မကျေနပ်၍ ဖြစ်မည်.. ဖြစ်လည်း ဖြစ်ထိုက်ပါသည်.. ဒီကျောင်းတွင် သူ့အဖေက ကျောင်းအုပ်ကြီး.. သူ့အမေက ၇-တန်း အတန်းပိုင် ဆရာမ.. အဖေကော အမေကော ကျောင်းဆရာ ဆရာမများ ဖြစ်ပါလျက် ပထမ မရတော့ ကျွန်တော့် သူငယ်ချင်းဖြစ်သူ ပေါက်ကွဲပေမပေါ့..

ကျွန်တော် ဘာမှ ပြန်မပြောမိ.. အသာ ငြိမ်နေမိသည်.. ထိုစဉ်က ကျွန်တော့်စိတ်ထဲတွင် ပြိုင်ချင်စိတ်လည်း မရှိ၊ နိုင်ချင်စိတ်လည်း မရှိ.. စာမေးပွဲတွင် မေးလာသော မေးခွန်းများအား အကုန် ဖြေနိုင်လိုစိတ်သာ ရှိသည်.. နောက်ပြီး ထိုအချိန်က ကျွန်တော် လက်ခံ ကျင့်သုံးမိနေသည့် စကားပုံတစ်ခု ရှိနေသည်.. ဘယ်အကြောင်း အရာတွင် ပါရှိသည်ကို တပ်အပ် မမှတ်မိတော့သော်လည်း ထို စကားပုံကိုတော့ ယနေ့အချိန်ထိ မှတ်မိနေ၏.. *အချင်းချင်း ရန်ငြှိုးမထားရ*

ကံအရှိန်နှင့် ကျွန်တော့် ကြိုးစားမှု သဟဇာတ ဖြစ်သွား၍လား မသိ.. ထို ပထမအစမ်း စာမေးပွဲတွင်လည်း ကျွန်တော် ပထမ ရရှိခဲ့သည်..

ဤကား ကျွန်တော် လေးတန်းတုန်းက အဖြစ်အပျက်.. 1994 ခုနှစ်၏ နှောင်းပိုင်းကာလများ.. အသက်အရွယ် အားဖြင့် ၉-နှစ်သာသာ..

+++++++++++++++++++++++++++++++++++++

ယနေ့ ဒီအချိန် ကျွန်တော် အသက်နည်းနည်း ရလာတော့ ပထမအကြောင်း စဉ်းစားမိသည်.. ပထမ..တဲ့.. ငယ်ငယ်က ဆရာတွေကတော့ ဥပမာ ပေးဖူးသည်.. တြိဂံ နှင့်ခိုင်းနှိုင်း၍.. တြိဂံသည် အခြေတွင် အတိုင်းအတာ အားဖြင့် ပမာဏ များများ ရှိသော်လည်း တဖြည်းဖြည်း အထက်ပိုင်း ရောက်သည်နှင့် အတိုင်းအတာ ပမာဏ နည်းနည်းလာကာ နောက်ဆုံး အပေါ်ဆုံးတွင်တော့ ပွိုင့်တစ်ပွိုင့်သာ ရှိတော့သည်.. ယနေ့ခေတ်တွင် ပိရမစ်နှင့် နှိုင်းယှဉ်လျှင်လည်း ဒီ ဥပမာ ပို၍ ပေါ်လွင်ပါသည်.. မည်သို့ပင် ဆိုစေ ပထမဟူသည် အများထဲမှာမှ တစ်ယောက်.. အရေအတွက် များစွာထဲကမှ တစ်ဦး.. နယ်ပယ်တစ်ခု၏ level တူသည့် အရာများထဲတွင် ထိပ်ဆုံး level.. ဤသို့အားဖြင့် ကျွန်တော် နားလည်ထားသည်.. (ဤနေရာတွင် နယ်ပယ်ဟူသည် စီးပွားရေး ဆိုလျှင်လည်း စီးပွားရေး နယ်ပယ်၊ လူမှုရေးဆိုလျှင်လည်း လူမှုရေး နယ်ပယ်၊ ပညာရေး ဆိုလျှင်လည်း ပညာရေး..)

သို့သော် ကျွန်တော် နားခပ်ရှုပ်ရှုပ် ဖြစ်နေသည်မှာ ထို ပထမ၊ ဒုတိယ.. အစရှိသော အဆင့် သတ်မှတ်ချက်များကို မည်သူက သတ်မှတ်ပါသနည်း.. မိမိကိုယ်ကို မိမိကိုယ်တိုင် သတ်မှတ်သည်လား.. တစ်ခြားသူက သတ်မှတ် ပေးသွားတာလား.. နောက် တစ်ဆင့် ထို အဆင့်တို့ကို မည်သူကပဲ သတ်မှတ်သည် ဖြစ်စေ ကျွန်ုပ်တို့သည် သတ်မှတ်ချက် တွေကြားမှာ ပျော်ဝင်နေသူ တွေလား.. သတ်မှတ်ချက် ရေစီးကြောင်းမှာ မျောပါ စီးဝင်နေသူတွေလား..

မနေ့က မေးလ်ကလာသည့် ၀တ္ထုတို တစ်ပုဒ် ဖတ်မိသည်.. ဆရာမက အမှတ်ပေါင်းမှား၍ အဆင့် ၄- ရရှိသွားသည့် ကျောင်းသား တစ်ယောက် အကြောင်း.. အမှန်မှာ ဆရာမသာ အမှတ်ပေါင်း မမှားလျှင် ထိုကျောင်းသားသည် အဆင့်တစ် ရရှိမည့် ကျောင်းသား..

ထိုသို့ ဆရာမ အမှတ်ပေါင်းမှား၍ အဆင့် ၄-သာ ရရှိသည့် အကြောင်းကို ထိုကျောင်းသားက သူ့အမေအား ပြောပြတော့ ကျောင်းသား၏ အမေပြောသည့် စကားက အတွေးပွားစရာ.. “သားရယ် အဆင့်လိုချင်လို့ ကျောင်းတက် တာလား.. စာတတ်ဖို့ ကျောင်းတက် တာလား” တဲ့..

****************************

ကျွန်ုပ်တို့ ဖြတ်သန်းခဲ့ရာ ဘ၀တစ်လျှောက်တွင်လည်း ထိုကျောင်းသားကဲ့သို့ ဆရာမ အမှတ်ပေါင်းမှား၍ အဆင့်တစ်နှင့် လွဲခဲ့သော အခြေအနေများ မရှိခဲ့လေဘူးလား.. တစ်နည်း စဉ်းစားလျှင် အဆင့်သတ်မှတ်သူ ဆရာသမား၏ အမှတ်ပေါင်း မှားမှုကြောင့် အဆင့်တစ်နှင့် မတန်ဘဲ အဆင့်တစ်,နေရာ ရောက်ခဲ့သည် များလည်း မရှိနိုင်ဘူးလား.. ရှိခဲ့ပါသော် အရေအတွက် ဘယ်လောက် များခဲ့ပြီနည်း..

“သားရယ် အဆင့်လိုချင်လို့ ကျောင်းတက်တာလား.. စာတတ်ဖို့ ကျောင်းတက်တာလား” တဲ့.. ဤစာကြောင်းပါ *စာတတ်ဖို့* ဆိုသည့် အကြောင်းအရာ ကိုကော ကျွန်ုပ်တို့ သက်တမ်း တစ်လျှောက်တွင် ဘယ်အဆင့်အတန်းမှာ ထားခဲ့ကြပါသနည်း.. စာတတ်ဖို့သည် ပထမ နေရာတွင်လား.. သို့တည်းမဟုတ် ဘယ် အဆင့်အတန်းမှာလဲ.. ကျေးဇူးတော်အရှင် မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီးကတော့ စာတတ်ဖို့သည် ဒဿမတဲ့.. ပထမနေရာတွင် ရှိနေသည်ကား *စိတ်ကောင်းရှိဖို့*

ဆရာတော် ဘုရားကြီး၏ *စိတ်ကောင်းရှိဖို့ ပထမ* ဆိုသည်အား စာရှုသူသည် လက်ခံချင်လည်း လက်ခံမည်၊ လက်ခံချင်မှလည်း လက်ခံမည်.. သို့သော် လက်ခံပါက ဘာကြောင့် လက်ခံသည်၊ လက်မခံပါက ဘာကြောင့် လက်မခံပါ.. စသဖြင့် *ဘာကြောင့်* ဟူသည့် အမေးအား ဖြေဆိုနိုင် အောင်တော့ ကိုယ်တိုင် အမေးလုပ်၍ အဖြေထုတ်ထား သင့်သည်.. ထို့ပြင် ထိုအဖြေများသည် သတ်မှတ်ချက်တွေ ကြားမှာ မျောပါ စီးဝင်နေသော အဖြေ ဟုတ်မဟုတ်တော့ နောက်တစ်ဆင့် ဆန်းစစ်ထားဖို့ လိုဦးမည် ထင်သည်.. သို့ဆိုလျှင် စာရေးသူ အကျွန်ုပ် ကိုယ်တိုင်ကော လက်ခံသည်လား၊ လက်မခံဘူးလား.. ဘာကြောင့် လက်ခံသည် လက်မခံသည် ဆိုသည့် အဖြေကိုကော ဆန်းစစ်ပြီးပြီလား..

ပထမနှင့် ပတ်သတ်၍ နောက်တစ်နည်း စဉ်းစားကြည့်လျှင်.. လောကတွင် မိမိ လုပ်သော အလုပ်များ၌ ဦးစားပေး လုပ်သည့် အလုပ်များ ကိုယ်စီကိုယ်စီ ရှိကြပေမည်.. မိမိ ရောက်ရှိလိုသည့် ရည်ရွယ်ချက်ပေါ် မူတည်၍၊ မိမိဘ၀တွင် စံထား သတ်မှတ်သည်ပေါ် မူတည်၍ ပထမ ဦးစားပေးအလုပ်၊ ဒုတိယ ဦးစားပေးအလုပ် စသည်ဖြင့်လည်း ကွဲသွားကြပေမည်.. ထိုသို့ စံထား သတ်မှတ်မှုသည် လောကီပိုင်း တွင်လည်း ရှိမည်၊ လောကုတ္တရာ ပိုင်းတွင်လည်း ရှိမည်.. လောကီပိုင်းပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ ပိုင်းပဲ ဖြစ်ဖြစ် အရေးကြီး သည်ကား စံထား သတ်မှတ်မှု မလွဲဖို့ ဖြစ်သည်.. စံထား သတ်မှတ်မှု လွဲလျှင် ဦးစားပေး အလုပ် လွဲမည်.. ဦးစားပေး အလုပ်လွဲပါက နောက်ဆုံးရလဒ်ပါ လွဲပေတော့မည်.. လက်ရှိဘ၀တွင် ခွေးလို နွားလို ကျင့်၍ သေလွန်သော အခါ ခွေးဘ၀၊ နွားဘ၀ ရောက်သွားကြသည့် အဖြစ်အပျက်များ.. ကာမဂုဏ် အာရုံထဲမှာမှ ရသအာရုံကို စံထား.. သမင်တွေကို သတ် (ဦးစားပေး အလုပ်လွဲ) ၍ သမင်သား အစားကြူးသဖြင့် အရှင်လတ်လတ် အသားပြိတ္တာ ဖြစ်ရသော သာဓကများကိုလည်း တော်တော်များများ ကြားဖူးကြပေမည်..။

လောကုတ္တရာ ပိုင်းတွင် အကောင်းဆုံးထဲ မှာမှ အကောင်းဆုံး အလုပ်ကို စံထား လုပ်ဆောင်ရမည် ဟုလည်း မြစိမ်းတောင် ဆရာတော် ဘုရားက မိန့်သည်.. အားလုံး သိပြီးသားကိုပဲ ကျွန်တော် ထပ်ပြောပါမည်.. ဒါန၊ သီလ၊ ဘာဝနာတွင် အဘယ်အရာကို ပြုမူ ဆောင်ရွက်ခြင်းသည် အမြတ်ဆုံးလဲဟု မေးလျှင် ဘာဝနာ အလုပ်ဆိုတာ အားလုံး သိပြီးသား.. ထို ဘာဝနာထဲ တွင်ကော.. သမထ ဘာဝနာထက် ၀ိပဿနာ ဘာဝနာက သာ၍ မြတ်ပေသေးသည်.. ဆရာတော် ဘုရားများ၏ အလိုအရတော့ အကောင်းဆုံးကို ရွေးလုပ်မည် ဆိုလျှင် ၀ိပဿနာ ဘာဝနာ အလုပ်ကိုသာ အချိန်အားတိုင်း လုပ်ဖို့ တိုက်တွန်း ကြသည်သာ.. ဤတွင် သိထား သင့်သည်ကား ဆရာတော် ဘုရားများသည် ဒါန၊ သီလကို ပယ်ခြင်းမဟုတ်.. တာဝတိံသာ သက်တမ်းနှင့် တွက်လျှင် တစ်ရက်ပင် မပြည့်သည့် ယနေ့ခေတ် လူ့ဘ၀ သက်တမ်း တိုတိုတွင် အကောင်းဆုံး အလုပ်ကို ရွေးလုပ် စေချင်ကြခြင်းသာ.. ဆရာတော် ဘုရားများ၏ မေတ္တာ၊ ကရုဏာကား ကြီးမားပေစွ..

သို့သော် ကျွန်ုပ်တို့သည် အဘယ် အရာတွေကို ဦးစားပေး၍ စံထား သတ်မှတ်၍ လုပ်နေကြပါ သနည်း.. စီးပွားရေးလား၊ ကြီးပွားရေးလား၊ သားရေး သမီးရေးလား.. ဒါနလား.. သီလလား.. ဘာဝနာလား.. ဦးစားပေး သတ်မှတ်ချက်ကော ထားကြပါရဲ့လား.. ကိုယ် သတ်မှတ်သည့် နေရာကို ကိုယ်ကိုယ်တိုင်ကော ရောက်နေပြီလား.. ရောက်လျှင် ထိုရောက်ရှိသည့် နေရာသည် တကယ်ကော မှန်ကန်ရဲ့လား.. မှန် မမှန်ကော ကိုယ်တိုင် ဆုံးဖြတ်နိုင်ပြီလား.. ကိုယ့်အတ္တနှင့် ကိုယ် လုံးလည် ချာလည်လိုက်ရင်း သတ်မှတ်ချက်တွေ ကြားမှာ အမြင်မတူ အငြင်းပွားနေ ကြသလား.. အငြင်းပွားဖို့ ကြိုးစားနေ သလား.. မငြင်းနိုင်လို့ ငြိမ်နေသလား.. မငြင်းချင်လို့ ငြိမ်နေ သလား..

ဆရာတော် ဦးဇောတိက ကတော့ “အငြင်းအခုံ လုပ်နေရတာဟာ ထင်မြင်ချက်တွေပဲ၊ အမှန်တရားဟာ ငြင်းနေစရာ မလိုတဲ့ အရာဖြစ်တယ်” လို့ မိန့်ပြန်တယ်.. ဒါကိုလည်း စာရှုသူက သတ်မှတ်ချက် တစ်ခုပေပဲလို့ ဆိုဦးမလား..

စာရေးနေရင်းမှ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိသည်.. ကျွန်တော် အခု ရေးနေတဲ့ စာကကော ကျွန်တော်ဘာသာ ကျွန်တော် စံထား သတ်မှတ်သည့် အကြောင်း အရာတွေ၊ ပထမ ဦးစားပေးသည့် အတွေးစဉ် တွေနှင့် ရေးသား ဖွဲ့သီသည့် စာတစ်ပုဒ် မဖြစ်နိုင်ဘူးလား...


လေးစားစွာဖြင့်
ဖိုးသား

1/11/2010, MON:, 1:58:04 PM



Read more...

နိယာမတရား ၅ ပါး အပိုင်း ၂

၁။ ပထမအမျိုးက အမြီးဗားကောင်များလို တစ်ကောင်ထည်းက နှစ်ခြမ်းကွဲ နှစ်ကောင် ဖြစ်လာတာလဲ ရှိတယ်၊
၂။ ဒုတိယ မျိုးက ဆဲလ်ပေါင်းများစွာပါတဲ့ သက်ရှိအရာဝတ္ထုတခုဟာ မြေမှာ ကပ်ပြီး အမြစ်တွယ် တိုးပွားလေ့ရှိသော စတော်ဘယ်ရီပင်လို သက်ရှိ အပင်သစ်များပေါက်ဖွားရန် ကြီးထွားလာတာမျိုးလဲ ရှိတတ်ပါတယ်၊
၃။ တတိယ အမျိုးက ဘယ်လ်ဂျေပင် မှို နှင့် အဆင့်အတန်းမြင့်တဲ့ သစ်ပင်များမှာ အပင်သစ်တွေ အလိုလို ဖြစ်ပွားလာသလို သတ္တ၀ါတမျိုးကို မှီတွယ်ပြီး ဆင့်ပွားလာတဲ့ သတ္တ၀ါမျိုးလဲ ရှိပါတယ်၊
၎။ စတုတ္ထအမျိုးက ဖို နဲ့ မ စပ်ယှက် ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သတ္တ၀ါမျိုးလဲ ရှိပါတယ်၊
၅။ ပဉ္စမအမျိုးက အမ ဟာ အဖို နဲ့ ပေါင်းဖော်ခြင်း မရှိပဲ သားသမီးငယ်များကို ပေါက်ဖွားစေတဲ့ သတ္တ၀ါမျိုးလဲ ရှိတတ်ပါတယ်။

ဒီငါးမျိုးက တော့ သက်ရှိသတ္တ၀ါတွေ ပေါက်ဖွားလာပုံကို သိပ္ပံက သုတေသန တွေ့ရှိချက်ပါပဲ။ ဒီငါးမျိုးထဲမှာ တီကောင်တွေကတော့ စတုတ္ထ အမျိုး နဲ့ ပဉ္စမ အမျိုး ကြောင့် ဖြစ်တတ်ပါတယ် တဲ့။

လောက်ကောင် ကြီးရင့်လာရင် ယင်ဖြစ်သလို တီကောင်ကြီးရင့်လာရင် ပင့်ကူကောင်များ၊ အမျှင်ရှိအကောင်များ၊ ကျောက်စုန်းတောက်တဲ့ ဆက်ကော့တာ ရပ်ကြီးများ၊ အသားစားတဲ့ ပင်လယ်တီကောင်များ သို့မဟုတ် ကင်းခြေများ၊ ပင်လယ်ကမ်းခြေမှာရှိတဲ့ သဲပလုပ်ကောင်များ၊ မြင်းမြှော့များ၊ မြှော့နက်ကောင်များ၊ စတာတွေ ဖြစ်နိုင်တယ် ဆိုတာကိုတော့ လူထုသိပ္ပံကျမ်း အတွဲ ( ၅ ) တီကောင်မျိုးမှ ဆင်းသက်ပိုးမျိုးများအခန်းကို ကြည့်ရှု့နိုင်ပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် သက်ရှိသတ္တ၀ါအားလုံးဟာ နိယာမ တရား ငါးပါးကနေ ဘယ်လို အကြောင်းနှင့်မှ သွေဖယ်လို့ မရနိုင်ဘူး ဆိုတာမှတ်သားရပါတယ်။
ကျမ်းကိုး၊ ယနေ့ဗုဒ္ဓ၀ါဒ ဆိုင်ရာ အမေးအဖြေများ
တည်တော ဆရာတော်၊ ထီးချိုင့်မြို့ ။
| | 0 comments

Read more...

သုံးချက်သိမှာ တတိယာ


ယောဂီပုဂ္ဂိုလ်သည် မိမိရရှိခဲ့သော အလင်းနိမိတ်ကို ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့စေလျှက် ထွက်လေ၊ ၀င်လေကို ဖြစ်စေ၍ အားထုတ်ရခြင်းသည် တတိယအဆင့် အာနာပါနအားထုတ်နည်းပင် ဖြစ်ပါသည်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးကလည်း ဤအဆင့်ကို “လုံးစုံလင်းရာ တ-၌သာ”ဟု မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်ပါသည်။

ဖော်ပြပါ ရုပ်ပုံနံပါတ် ၁၇-ပုံတွင် ပြဆိုထားသည့်အတိုင်း ဗဟိဒ္ဓနည်းဖြင့် နိမိတ်စားရပုံကို ပြဆိုပါမည်။ ဤနည်းဖြင့် ခန္ဓာကိုယ်ကို မိမိရရှိခဲ့ပြီးသော အဿာသပဿာသပဋိဘာဂအလင်းနိမိတ်ဖြင့် ကျေသုံးပျောက်ပျက်ခြင်းဖြစ်အောင် စားရခြင်းသည် ငါးဆင့်မြောက်ဝိပဿနာအားထုတ်ရာတွင် အကျိုးကျေးဇူးအလွန်များသည်။ နိမိတ်စားခြင်းသည် ၀ိပဿနာသို့ဆိုက်အောင် အားထုတ်မည့်ယောဂီအတွက် အလွန်ကို အရေးကြီးပါသည်။ မိမိ၏ခန္ဓာကိုယ်တစ်ခုလုံး သုညတသဘောဆိုက်ကာ ကွယ်ပျောက်သွားသည့်တိုင်အောင် နိမိတ်နှင့်တိုက်ဖျက်ပစ်ခြင်းကို နိမိတ်စားသည်ဟု ဆိုရပါသည်။ ထိုနိမိတ်စားခြင်းမှာလည်း ဒေါင်လိုက်စားနည်း၊ အလျားလိုက်ကန့်လန့်စားနည်းဟု နှစ်မျိုးရှိသည်။

နံပါတ် ၁၇-ရုပ်ပုံသည် ဒေါင်လိုက်စားနည်းအစကို ပြသထားခြင်းဖြစ်သည်။ အားထုတ်ရမည့်အစီအစဉ်မှာ နိမိတ်ကို လက်ညှိုးခန့်အတုတ်ကိုဖြစ်စေပြီး မိမိ၏ ငယ်ထိပ်တည့်တည့်မှ အရှည် ၆-တောင်ခန့် မှုတ်လေနှင့်မှုတ်၍ ထုတ်လိုက်ရမည်။ ထွက်လေမဆုံးမီ မိမိ၏ငယ်ထိပ်တည့်တည့်မှ ဖန်မီးချောင်းကြီး ဒေါင်လိုက်စိုက်ထားသကဲ့သို့ တလက်လက်တထိန်ထိန် ထွန်းလင်းတောက်ပနေပေလိမ့်မည်။ အစွမ်းကုန် လင်းပြီး အရောင်များတောက်ပနေပါစေ။ စေ ၈-ချက်ပိုင်လျှင် အလွန်လွယ်ကူပါသည်။


နံပါတ် ၁၈-ရုပ်ပုံသည် နံပါတ် ၁၇-တွင်ပြခဲ့သော လက်ညှိုးခန့်နိမိတ်ကို ရာဝင်အိုးကြီးခန့် (ကြီးစေ အားထုတ်နည်းအတိုင်း) အကြီးချဲ့ရပုံကို ပြသထားခြင်း ဖြစ်ပါသည်။ အကြီးချဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ ခန္ဓာကိုယ်ကြီးကို အလင်းနိမိတ်ဖြင့် တိုက်ဖျက်ရာတွင် တစ်ကိုယ်လုံးကို လွယ်လွယ်နှင့် ငုံမိစေရန် ဖြစ်ပါသည်။ အရှည် ၆-တောင်ခန့်သာ ထားရခြင်းမှာလည်း အထက်အောက် ဆွဲချ၊ ဆွဲတင်ပြုလုပ်အားထုတ်သောအခါ ထုတ်လေ၊ မှုတ်လေတို့နှင့် မြန်မြန်ကိုက်မိစေရန် မပင်ပန်းစေရန်သာ ဖြစ်ပါသည်။

နံပါတ် ၁၈-ပုံအတိုင်း ချဲ့ပြီးသောအလင်းနိမိတ်ကြီးသည် မိမိ၏ဦးခေါင်းပေါ်တွင် အလွန်လင်းသောပြာသာဒ်ကြီးကို ရွက်ထားသကဲ့သို့လည်းကောင်း၊ မီးကြည်တိုင်ကြီးကို ရွက်နေရသကဲ့သို့လည်းကောင်း၊ ဦးခေါင်းပေါ်တွင် မီးတိုင်မီးတောင်ကြီး ရှိနေသကဲ့သို့လည်းကောင်း ထင်မြင်ပေလိမ့်မည်။

နံပါတ် ၁၇၊ ၁၈-ပုံများအတိုင်း နိမိတ်ထုတ်ရခြင်း၊ အကျယ်ချဲ့ပေးရခြင်းတို့မှာ ထုတ်လေတစ်မျိုးတည်းနှင့်သာ ထုတ်ရချဲ့ရပေသည်။ ထိုသို့ထုတ်၍ထားသောနိမိတ်ကို အကျယ်ချဲ့ရာ၌လည်း ရာဝင်အိုးခန့်ထုတ်သော နိမိတ်ကြီးတစ်ခုလုံးကို အရောင်အလင်းညီမျှအောင် သတိပြုအားထုတ်ရမည်။ မလင်းသေးလျှင်လည်း လင်းလာအောင် စိတ်ကပြုပြင်ဖန်တီး၍ အားထုတ်နိုင်သည်။ မှိန်မှိန်မှေးမှေးသာဖြစ်နေသေးသော အာရုံနိမိတ်များနှင့် မရှုမှတ်ရ။ လင်းအောင်အားထုတ်ပြီးမှသာ ညွှန်ကြားချက်အတိုင်း အားထုတ်ရမည်။ လိုအပ်သောအတိုင်းအတာရှိမှသာ အောက်ဖော်ပြပါ နံပါတ် ၁၉၊ ၂၀၊ ၂၁-ပုံများအတိုင်း အားထုတ်ရမည်။



အချို့ပရိယတ္တိသမား(စာပေသမား)များက ဤကဲ့သို့ နိမိတ်စားခြင်းသည် ဘုရားမဟော၊ ကျမ်းဂန်တွင် မပြ၊ အပိုအလုပ်များဟု ဆိုကြသည်။ သို့သော်လည်း ဘာဝေတဗ္ဗ၊ သမ္ဗန္ဓာဟာရ၊ ၀ိတက္ကာဟတဟု ကျယ်ဝန်းစွာ ဟောထားသောကြောင့် အပိုအလုပ်မဟုတ်၊ ၀ိပဿနာဉာဏ်အမြင် ကြည်လင်သန့်ရှင်းစေရန်နှင့် အထက်အထက်တက်နိုင်စေရန် ညွန်ပြအားထုတ်စေရခြင်း ဖြစ်ပါသည်။

ဤနိမိတ်စားရခြင်းနှင့် သုံးချက်ရှုရခြင်းတို့သည် သတောဒုက္ကရကာရီအဆင့်ဖြစ်သောကြောင့် သတိကို မြဲမြဲမြံမြံ ခိုင်ခိုင်မတ်မတ်ထားပြီး ငြိုငြင်စွာ အားထုတ်ရပါသည်။ အနီးကပ်ညွှန်ပြသူ ဆရာရှိမှသာ အဓိပ္ပာယ်ရှင်းလင်းလွယ်ကူပြီး အားထုတ်မှ ပို၍အဆင်ပြေနိုင်ပါသည်။ ဤကျမ်းတွင် ပြဆိုပြီး၊ ပြဆိုဆဲ၊ ပြဆိုလတံ့ဖြစ်သော ရုပ်ပုံများအရ လိုက်နာအားထုတ်နေခြင်းသည် ဘာဝနာပွားနေခြင်းပင် ဖြစ်ပါသည်။ အကြိမ်ကြိမ်အထပ်ထပ် အားထုတ်နိုင်လေလေ ဘာဝနာကုသိုလ်ရလေလေ ဖြစ်သည်။ တစ်နည်းအားဖြင့် အဓိစိတ္တမဂ္ဂင်၊ အဓိစိတ္တသိက္ခာအလုပ်ကို ကျင့်ဆောင်နေခြင်းလည်း ဖြစ်ပါသည်။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူသော မဂ္ဂင် ၆-ပါးကို ထူထောင်နေခြင်းဟုဆိုလည်း မမှားနိုင်ချေ။ ထိုအကျင့်ဖြင့် ယောဂီပုဂ္ဂိုလ်တို့၏သန္တာန်၌ ကုသိုလ်စိတ်တို့သည် လွန်ကြူးကုန်၏။ ထိုကဲ့သို့ လွန်ကဲသော ဘာဝနာကုသိုလ်ရှင်၊ သမာဓိရှင်ဖြစ်နေသော ယောဂီပုဂ္ဂိုလ်သည် စိတ်တန်ခိုးကြီးမားလှရကား မည်ကဲ့သို့ပွားများပွားများ ခဲခဲယဉ်းယဉ်း မရှိနိုင်တော့။ လွယ်လွယ်နှင့်သာ ပြီးမြောက်နိုင်ပေတော့သည်။

သို့ဖြစ်၍ ဖော်ပြပါ ၁၉၊ ၂၀၊ ၂၁-ရုပ်ပုံများအတိုင်း ရှိုက်လေနှင့်နိမိတ်ပါလာပုံ၊ အာရုံညွှတ်၍ရလာပုံများမှာ ၁၇၊ ၁၈-ပုံတို့တွင်ပြထားသည့်အတိုင်း အကြီးချဲ့ပြီးနောက်တစ်ဆက်တည်း ရှိုက်လေနှင့် မိမိအောက်သို့အရောက် ဆွဲပြီး သိမ်းလိုက်ရပုံများ ဖြစ်ပါသည်။ ဆွဲစ၊ ဆွဲလယ်၊ ဆွဲဆုံး၏နောက်တွင် နံပါတ် ၂၁-ပါပုံအတိုင်း အလင်းနိမိတ်က အောက်ကဖြစ်၍ နေပါလိမ့်မည်။

ထိုပုံများအတိုင်း ဆွဲချလိုက်ပြီးသောအခါ မီးလုံးကြီး မိမိ၏ကိုယ်ပေါ်သို့ ကျလာသကဲ့သို့လည်းကောင်း၊ သက်တံ့ကြီးကျလာသကဲ့သို့လည်းကောင်း။ ရေတံခွန်ကြီး ခန္ဓာကိုယ်ပေါ်သို့ ကျလာသကဲ့သို့လည်းကောင်း ထင်မြင်လာတတ်ပါသည်။ နံပါတ် ၂၁-ပုံပါအတိုင်း ဖန်ကြည်မှန်ကြည်တိုင်ကြီး၏အပေါ်တွင် ထိုင်နေရသကဲ့သို့ နိမိတ်၏အပေါ်တွင် ထိုင်နေရပုံကို ထင်မြင်လာပေလိမ့်မည်။

နံပါတ် ၁၈-ပုံအတိုင်း ချဲ့ပြီးသောနိမိတ်ကို ရှိုက်လေနှင့်တစ်ချက်တည်း နံပါတ် ၂၁-ပုံအတိုင်းပြီးသွားအောင် ဆွဲချလိုက်ရပါမည်။ အစတွင် ယောင်ဝါးဝါးဖြစ်နေတတ်ပါသည်။ သို့သော်လည်း သဘောပိုင်သောအခါ မုဆိုးစိုင်သင်ဆိုသကဲ့သို့ အကြိမ်များစွာအားထုတ်ဖန်များပြီး ကမ္မဋ္ဌာန်းပါးဝလာလျှင် အစဉ်ချောကာ အားထုတ်၍ အဆင်ပြေလာပါလိမ့်မည်။



Read more...

ဘေသဇ္ဖဒါန နိုးဆော်လွှာ

Sunday, January 10, 2010



မြန်မာနိုင်ငံမှ လာရောက်ပြီး ဘန်ကောက်မြို့ အုန်းယိုင် အထည်ချုပ် စက်ရုံတွင် အလုပ် လုပ်ကိုင်နေသော မဝါဝါ သည်၊ ၃-၁-၂၀၁၀၊ နေ့က မတော်တဆ ဆိုင်ကယ်တိုက်မိသဖြင့်၊ ပြင်းထန်စွာ ဒါဏ်ရာရှိကာ၊ မဟာချိုင်ရှိ စမူစခွန် ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသ လျှက်ရှိကြောင်းသိရှိရပါသဖြင့်၊ ဝပ်တလုမ်ကျောင်းတိုက်မှ မြန်မာ ရဟန်းတော်များနှင့် အခြားသော စေတနာရှင်များမှ ဘေသဇ္ဇဒါနအဖြစ် ဆေးဖိုးဝါးခ အလှူတော်ငွေ ၁၅၁၅၀ ဘတ်တိတိကို လူနာ၏ ခင်ပွန်းဖြစ်သူ မောင်ထွန်းထွန်းဝင်း နှင့် ဆက်သွယ်ကာ လှူဒါန်းလိုက်ကြကြောင်း သိရှိရပါသည်။

မှတ်ချက်။ ။ အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသခံယူနေသူ မဝါဝါသည် ဘတ်မရှိသေးသူဖြစ်၍ ဆေးရုံ၏ အခွင့်အရေးကိုမရရှိပါသဖြင့် ၄င်း၏ သူဌေးမှလည်း ကုန်ကျငွေ၏ ၂၅ ရာခိုင်နုန်းကို တာဝန်ယူသွားမည်ဖြစ်ကြောင်းနှင့်၊ သူ၏ စက်ရုံအမည်ကိုလည်း သတင်းများ၌ ဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံခဲ့ပါသည်၊ အသေးစိပ်အချက်အလက်များကို သိလိုပါက အောက်ပါ လူနာရှင်၏ ခင်ပွန်းဖြစ်သူ မောင်ထွန်းထွန်းဝင်း နှင့် ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း။

လူနာရှင်= မောင်ထွန်းထွန်းဝင်း။ ။ ဖုန်း=၀၈၃ ၆၂၈ ၅၃၉၆၊ခေတ္တ၊ စမူစခွန်ဆေးရုံကြီး မဟာချိုင်မြို့၊ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
စေတနာရှင်များအနေဖြင့် ဘေသဇ္ဇဒါန အဖြစ်လှူဒါန်းလိုပါက မောင်ထွန်းထွန်းဝင်း နှင့် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိုးဆော်လိုက်ပါသည်။

Read more...

ပညာတော်သင်ကြေးများ ထောက်ပံ့လှူဒါန်း


၁၀၊၁၊၂၀၁၀၊ မဟာချိုင် စက်ရုံအလုပ်ရုံမိသားစုများမှ ပညာတော်သင်ကြေးများ ဆက်ကပ်လှူဒါန်း။
ထို့သို့ဆက်ကပ်လှူဒါန်းရာ၊ မဟာချိုင် ဆပ်ချလိန် DD မိသားစုများ၏၊ ဆက်ကပ်လှူဒါန်းသော အလှူတော်ငွေ ၄၀၀၀ ဘတ်တိတိကို ဥက္ကဋ္ဌဆရာတော် ဦးဇောတိကမှ လက်ခံရယူပြီး။

မဟာချိုင် ဂျပန်ရုံ အဆောင်သူများဆက်ကပ်လှူဒါန်းသော အလှူတော်ငွေ ၂၀၆၀ ဘတ်တိတိကို အတွင်းရေးမှူးဆရာတော် ဦးတေဇ မှ လက်ခံရယူကာ။
အလှူတော်ငွေ ၆၀၆၀ ဘတ်တိတိကို ဘဏ္ဍာရေးမှူးများသို့လွဲအပ်လိုက်ကြောင်းသိရှိရပါသည်။

| | 0 comments



Read more...

Buddha FM မြန်မာပြည်ကို စတင်မိတ်ဆက်ပြီ

Posted by Ashin Mettacara Sunday, January 10, 2010


Buddha FM Online Radio ကို စတင်မိတ်ဆက်လိုက်ပါပြီ။ မြန်မာနိုင်ငံအပါအ၀င် မည်သည့် နေရာကိုပဲရောက်ရောက် ကွန်နက်ရှင်းရှိမယ်ဆိုရင် နားထောင်လို့ရပါပြီ။ Buddha FM ရဲ့ ထူးခြားချက်မှာ တရားတော်များ၊ ဓမ္မပူဇာတေးများရဲ့ ဗီဒီယိုတွေကိုပါ တစ်နေရာထဲက ကြည့်နိုင်ပါသည်။ Buddha FM ရဲ့ လတ်တလော ၀န်ဆောင်မှုကတော့ ကြုံရင် ကြုံသလို တိုက်ရိုက်အွန်လိုင်း တရားပွဲများ စီစဉ်ပေးခြင်း၊ တိုက်ရိုက် ဘာသာရေးအခြေခံစကားဝိုင်းများ၊ ၂၄ နာရီပတ်လုံး တရားတော်များ၊ ဓမ္မပူဇာတေးသီချင်းများကို အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ထုတ်လွှင့်ပေးလျက်ရှိပါသည်။ နားဆင်သူတွေအနေနဲ့ Buddha FM မှာ အသင်းဝင်နိုင်ပါသည်။ အသင်းဝင်ပြီးသူတွေအနေဖြင့် မြန်မာပြည်တွင်း၌ ကြည့်လို့ရသော ဖလက်ဗီဒီယိုဖိုင်းများကို တင်ပေးစေလိုပါသည်။ http://www.buddhafm.net/ နဲ့ www.buddhafm.com ဆိုပြီး ၀က်ဆိုက်လိပ်စာ နှစ်ခုရှိသည့်အနက် www.buddhafm.com ကိုသာလျှင် မြန်မာပြည်အတွက် အသုံးပြသွားမှာ ဖြစ်ပါသည်။


Read more...

လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေ့(၁၁-၀၁-၂၀၀၆)

မှတ်မှတ်ရရ သူဒီတစ်ခေါက်ပြန်လာတော့ ၂၀၀၆ ခုနှစ်ဒိုင်ယာရီအဟောင်းလေးတစ်အုပ်ပါလာသည်.။ ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်များမှာ ဒိုင်ယာရီမရေးဖြစ်တော့။ အိန္ဒိယနိုင်ငံတောင်ပိုင်း ချန်ဒရာပူရ်မြို့မှ ဗာရာဏသီမြို့အပြန် ရေးလက်စ ၂၀၀၇ ဒိုင်ယာရီစာအုပ်ပါသည့် အိပ်ကို အလစ်အငိုက်အလှူခံသွားကတည်းက မရေးဖြစ်တော့ခြင်းပင်။
ဒိုင်ယာရီစာအုပ်နှင့်အတူ မဟတ္တမဂန္ဓီကြီး၏ သစ္စာဂဟ( Satyagraha)လမ်းစဉ်နှင့် Aung San of Burma စာအုပ်များလည်း ပါသွားသည်။ ဆွဲချယူငင်သွားသည့် ပုဂ္ဂိုလ်အတွက်တော့ စိတ်မကောင်းလှ။ စာအုပ်မှလွဲ၍ သူ့မှာ တွက်ခြေကိုက်ဖွယ်မမြင်။
နံနက်ခင်းပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာသင်တန်းလေးပြီးသည်နှင့် သူ့အိပ်ရာဘေးတွင် အသင့်တွေ့ရသည့် ၂၀၀၆ ခုနှစ်ဒိုင်ယာရီအဟောင်းလေးကို လှန်လှောမိသည်။ လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေ့မှာ သူဘာတွေများလုပ်နေခဲ့ပါလိမ့်။


၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်
(၁၃၆၇ ခုနှစ်ပြာသိုလဆန်း ၁၃ ရက်) ဗုဒ္ဓဟူးနေ့

ထိုင်နေကျ သမိုင်းဂုံးကျော်တံတားအဆင်းက ဂျီအီးစီလက်ဘက်ရည်ဆိုင်လေးမှာ လူစုံထိုင်ဖြစ်ကြသည်။မထေရ်ကြီး( ဦးထေရိန္ဒ (မဟာဝိဇ္ဇာ သီရိလင်္ကာ) ယခု မြောက်ဒဂုံရွှေကျွန်းဆရာတော်)၊
ကိုဉာဏ်စိုး( အရှင်ဉာဏိန္ဒ(မဟာဝိဇ္ဖာ)တိပိဋကပါဠိမြန်မာအင်္ဂလိပ်အဘိဓါန်ပြုစုရေး)၊
ရှင်သကျ (အရှင်သကျ (၀ိဇ္ဇာနှစ်ထပ်ကွမ်း) ယခုပခုက္ကူ)နှင့် ကျိုင်းတုံမှ တပည့်များ။ အစ္စလာမ်အစ်နေ့၊ ထေရ၀ါဒတက္ကသိုလ်ပိတ်သည်ထင်၍ မသွားဖြစ်။ကျောင်းတက်ပျင်းတာလည်း ပါသည်။

ဖတ်လက်စ ၀တ္ထုကို ဆက်ဖတ်ဖြစ်သည်။ မောင်ထွန်းသူဘာသပြန်သည့် A.J. Cronin ၏ The Keys of The Kingdom ၀တ္ထုဖြစ်၏။ ခရစ်ယန်ဘုန်းတော်ကြီးတစ်ပါး၏ ပုံရိပ်ကောက်ကြောင်း၊ခရစ်ယန်ဘုန်းတော်ကြီး ဖရန်စစ်ချစ္စဟိုးလ်၏ ငယ်စဉ်ဘ၀မှ ကြီးရင့်အိုမင်းသည်အထိ ဘ၀..။ဗုဒ္ဓဘာသာရဟန်းအဖွဲ့အစည်းနှင့်တူလှသည့် ဖြစ်ရပ်များ။ ဖွဲ့စည်းတည်ဆောက်ပုံများ..။
ဘုရားသခင်၊ ကောင်းကင်ဘုံစသည် ခန့်ငြားသည့်စကားလုံးများကို သုံးစွဲနေကြသော်လည်း ဘုရားသခင်ကို ဆန့်ကျင်၊ကောင်းကင်ဘုံနှင့်ဝေးကွာနေကြသော ရဟန်းများ...။

ဖရန်စစ်ကတော့ ဘုရားသခင်အကြောင်းပြောချင်မှပြောမည်။ ကောင်းကင်ဘုံကို မျှော်လင့်ချင်မှ မျှော်လင့်မည်။ သို့သော် သူက လူသားအားလုံးအပေါ်မှာ ဗြဟ္မစိုရ်တရားထားသည်။ အမှန်တရားကို မြတ်နိုးသည်။ အကောင်းဆုံးဖြစ်အောင် နေထိုင်သည်။ ဖရန်စစ်ကို နားလည်ပေးနိုင်သည့် ကျောင်းအုပ်ဆရာဘုန်းတော်ကြီး ရပ်စတီးမက်၊ စိတ်ထားဖြူစင်စွာ အသက်စွန့်၍ သူတစ်ပါးကို ကူညီတတ်သော အရက်သမားဆရာဝန်ဒေါက်တာဝီလီတူးလော့၊ ဖရန်စစ်ကို အထင်သေးရာမှ လေးစားကြည်ညိုသွားသော သီလရှင်လေးမာရီယာ၊ ကျော်ကြားမှု၊ပကာသနနှင့် ကြွယ်ဝပြည့်စုံမှုနောက်သို့ တကောက်ကောက်လိုက်နေသော ဓမ္မကထိက အန်ဆယ်လ်မီလေး။

ဝတ္ထုဆရာ၏ “ အလွန်တရားဟောကောင်းသည့်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားကျော်ကြားလာသော မီလေးအား ကြောင်များနှင့် ဘုန်းကြီးများကို မွေးစားလေ့ရှိကြသော လူချမ်းသာအပျိုကြီးများက မွေးစားခဲ့ကြသည်” ဟူသော အတို့အထောင်လေးက ပြုံးချင်စရာကောင်းသည်။( စာ-၃၅၇)

ဖရန်စစ်နှင့် ဆရာဝန်ဝီလီတူးလော့တို့၏ နောက်ဆုံးဇာတ်ဝင်ခန်း...။
ပလိပ်ရောဂါ ကွယ်ပျောက်လုလု အချိန်လေးမှာမှ လူနာများနှင့် လုံးထွေးရစ်ပတ်ကိုယ်ကျိုးစွန့်ကုသခဲ့သဖြင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော ၀ီလီတူးလော့ထံ ပုလိပ်ရောဂါဆိုးကြီးက ကံဆိုးလွန်းစွာ ကျရောက်လာခဲ့လေသည်။ သူက အရက်ကြိုက်သော်လည်း လူကောင်း၊ စိတ်စေတနာဖြူစင်သူ၊ ပြီးတော့ ဘုရားသခင်ဆိုတာကို နောက်ဆုံးအချိန်ထိ ယုံကြည်မသွားခဲ့၊

ဖာသာဖရန်စစ်ကလည်း သူ့မိတ်ဆွေဆရာဝန်ကို ဘုရားသခင်နှင့် ကောင်းကင်ဘုံအကြောင်းမဖွင့်ဟခဲ့။ သူ့ရင်ခွင်ထဲမှာပင် ၀ီလိတူးလော့ သေဆုံးသွားခဲ့သည်။ ထိုကိစ္စကို မာသာမာရိယာက မကျေနပ်မနှစ်မြို့၊ ဘာသာမဲ့သူတစ်ယောက်ကို မကြည်ဖြူ။ သို့သော် ဖရန်စစ်ကိုတော့ တိတ်တိတ်လေးကြည်ညိုနေမိပြီ။ သူမ၏ မာနနှင့် အစဉ်အလာစွဲစိတ်က ကြည်ညိုခွင့်မပေး.။

မြို့တော်မှ ဘုရားကျောင်းများကို စစ်ဆေးရန် ၀င့်ကြွားလွန်းသည် ဖာသာမီလေးရောက်လာချိန်မှာတော့ နှိမ့်ချတတ်သည့်စိတ်၊ ဖြူသောနှလုံးသားနှင့် သိပ်သည်းလျှို့ဝှက်စွာ ခံစားမှုကို သည်းခံနိုင်စွမ်းရှိသည့် ဖရန်စစ်ကို အမှန်အတိုင်းသိမြင်သွားခဲ့သည်။ဘုရားသခင်အလိုတော်ကျနေထိုင်သူမှာ ဘယ်သူလဲ သူမတွေ့ရှိသွားခဲ့ခြင်းပင်။ ဖရန်စစ်ရှေ့မှောက်တွင် သူမဒူးထောက်လိုက်ပါသည်။
ဤ၀တ္ထုကို ဘာသာပြန်ဆိုသည့် မောင်ထွန်းသူအားကျေးဇူးတင်ပါ၏။ သူလည်း ရဟန်းတစ်ပါးပေပဲ။ တစ်ခုခု စွဲထင်ကျန်ခဲ့တာသေချာလှပါသည်။ ၀တ္ထုတစ်ပုဒ်နှင့် တစ်နေကုန်သွားသည်။

ညနေခင်း စနေ တနင်္ဂနွေ ဆွမ်းအမ ဒေါ်ခင်မျိုးသွယ်ပင့်ဖိတ်ချက်အရ တိုက်ခန်းသို့ကြွရသည်။ မနက်ဖြန် သူမခင်ပွန်းဦးခင်မောင်ချိုကွယ်လွန်တာ သုံးနှစ်ပြည့်အလှူလုပ်ရန်ဖြစ်သည်။ သူမခင်ပွန်းက မြန်မာလူမျိုးအမေရိကန်နိုင်ငံသား။ ဆရာမဒေါ်ခင်ထားဆွေနှင့်လည်း တွေ့ရသည်၊ စာအကြောင်းပေအကြောင်းပြောဖြစ်သေး၏။

အိမ်က အပြန်မှာတော့ မန္တလေးသာသနာ့တက္ကသိုလ်မှာ ကျွမ်းခဲ့သည့် မိတ်ဟောင်းဆွေဟောင်းရဟန်းတော်များ။ ၀ဏ္ဏကြီး(အရှင်ဝဏ္ဏဓဇ- စာရေးဆရာအညာမြေမောင်နွေမိုး)
ဒူးရှည်ကြီး( အရှင်ဝိစာရဏဉာဏ) ယုကို (အရှင်ယုဇန) တို့ဖြစ်သည်။ဝဏ္ဏကြီးနှင့် ဒူးရှည်ကြီးတို့က မြစ်ကြီးနားနှင့် ပူတာအိုသာသနာပြုဌာနများမှာ ဆက်လက်သာသနာပြုနေကြဆဲ။
ယုကိုကတော့ သင်္ကန်းကျွန်းဘက်ဆီက စာသင်တိုက်လေးတစ်တိုက်မှာ စာပေပို့ချလျက် ရှိချေသည်။
လွမ်းမောစရာ မန္တလေးညများဆီ ပြန်ရောက်သွားကြ၏။

Read more...

ရွှေဥမင် ဆရာတော်ကြီး

ရွှေဥမင် ဆရာတော်ကြီး ဘဒ္ဒန္တကောသလ္လ မဟာထေရ်သည် ၁၃၆၄-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက် (၂၀-၁၁-၂၀၀၂) နေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသည်။ ပျံလွန်တော်မူချိန်တွင် သက်တော် ၉၀-နှစ် သိက္ခာတော် ၇၀-ရှိပြီ။

ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က တရားနာပရိသတ်တို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးလေ့ရှိသည်။ ထိုထိုတိုက်ကျွေးခဲ့သော တရားများထဲက ကျွန်တော် အနှစ်သက်ဆုံးနှင့် ပီတိအဖြစ်ဆုံး တရားတပုဒ်ကို ဓမ္မဒါန ထပ်ဆင့်ပြုပါမည်။ နာကြည့်တော်မူပါ။


အများအားဖြင့် သူတော်မှ ကိုယ်ကကောင်းကြတာ၊
သူတော်မှ ကိုယ်ကကောင်းတာ သူတော်ကောင်း မဟုတ်ဘူး။
သူတော်ကောင်းဆိုတာ သူတော်တော် မတော်တော် ကိုယ်ကကောင်းမှ သူတော်ကောင်း ဖြစ်တာ။

သစ်ပင်ဟာ မလဲမချင်း သစ်ပင်ခုတ်တဲ့လူကို အရိပ်ပေးသွားတယ်။
အမွှေးနံ့သာတုံးဟာ မီးရှို့တဲ့သူကို မကျွမ်းမချင်း အမွှေးနံ့သာ ပေးသွားတယ်။
သူတော်ကောင်းဟာ မသေမချင်း ကိုယ့်ကို နှိပ်စက်တဲ့ရန်သူကိုတောင် အကျိုးဆောင်သွားတယ်။

ဘုရားလောင်း မျောက်မင်းဟာ မုဆိုးတဦး ချောက်ထဲကျနေတာ ကယ်ထုတ်ခဲ့တယ်။ သယ်ဆောင်ဖို့ နိုင်-မနိုင် စမ်းသပ်တဲ့အနေနဲ့ မုဆိုးရဲ့ ကိုယ်အလေးချိန်နဲ့အမျှ ကျောက်တုံးတတုံးကို ထမ်းပြီး ခုန်တက်ပြီးမှ မုဆိုးကို ချီပြီး ကယ်တင်တာ။ နှစ်ကြိမ်တောင် ခုန်လိုက်ရတော့ ပင်ပန်းလွန်းလို့ မုဆိုးရဲ့ ပေါင်ပေါ်မှာ ခေါင်းမှီပြီး နားနေရတယ်။

အဲဒီမှာ မုဆိုးက စဉ်းစားတယ်။ အိမ်ပြန်ရင် ဟင်းစား မပါဘူး။ မျောက်သားဟင်း စားရအောင်ဆိုပြီး မျောက်မင်းရဲ့ ဦးခေါင်းကို ခဲနဲ့ထုတယ်။ အသက်သခင်ကိုတောင် ယုတ်ယုတ်မာမာ ကြံစည်ရက်တယ်။ မျောက်မင်း ဦးခေါင်း ကွဲသွားတယ်။

မျောက်မင်းက စဉ်းစားတယ်-ဒီမုဆိုး သေတွင်းက လွတ်ပေမဲ့ တောထဲမှာ မျက်စိလည်ပြီး ကျားစာဖြစ်တော့မှာပဲ။ မသေအောင် လမ်းပြပေးဦးမှ-လို့တွေးပြီး မုဆိုး ငါ သစ်ပင်ပေါ်က လမ်းပြပေးသွားမယ်။ ငါ့သွေးစက်ကျတဲ့ လမ်းအတိုင်း လိုက်ခဲ့-ဆိုပြီး ရွာစပ်နားအထိ လိုက်ပို့ပေးလိုက်တယ်။

သူတော်ကောင်းဆိုတာ ကိုယ့်ကိုသတ်တဲ့ ရန်သူကိုတောင် သွေးနဲ့ ချွေးနဲ့ရင်းပြီး ကောင်းကျိုးဆောင်ရွက်ပေးတယ်။ အဲဒီလို ဆောင်ရွက်နိုင်အောင် မသေမချင်း သူတော်ကောင်းစိတ် မွေးရတယ်

လူကောင်း စိတ်ကောင်း ဉာဏ်ကောင်းဖြစ်အောင် တရားအားထုတ်ကြရတာ။ ဉာဏ်ကောင်းဖြစ်သွားရင် ယုတ်ညံ့တဲ့ တကိုယ်ကောင်းဆန်တဲ့ စိတ်၊ လစ်ရင် လစ်သလို၊ အခွင့်သာရင် သာသလို ထင်တိုင်းကြဲချင်တဲ့ စိတ် မရှိတော့ဘူး။

လောဘ ဒေါသ အယုတ်တမာတွေကို လက်မခံရဘူး။ မွေးမြူရေးမလုပ်ဘဲ ပယ်နိုင်အောင် ကြိုးစားကြရမယ်။ ဘုရားသာသနာနဲ့ အခွင့်ကြုံတဲ့အခါ သာသနာနဲ့စပ်တဲ့ ကုသိုလ်အထွတ်အမြတ်တွေကို လေးလေးစားစား တန်ဖိုးထားပြီး လက်လှုပ်တိုင်း ခေါင်းလှုပ်တိုင်း ပါးစပ်လှုပ်တိုင်း ကုသိုလ်ရအောင် တန်ဖိုးထားရမယ်။

လူကောင်း စိတ်ကောင်း ဉာဏ်ကောင်းဖြစ်အောင် အားထုတ်နိုင်ကြပြီး ဉာဏ်ကောင်းက ပို့ဆောင်သည့် နိဗ္ဗာန်သို့ အမြန်ဆုံး မျက်မှောက်ပြုနိုင်ကြပါစေ။


Read more...

အဘိဓမ္မာ အပိုင်း ၂၊ အခန်း ၇ (မောဟနှင့် ၀ိပဿနာ)

ဒီနေ့တင်ပြရမည့် အစဉ်ရောက်လာတဲ့ အဘိဓမ္မာစေတသိက် အုပ်စုက “အကုသိုလ် စေတသိက် အုပ်စု” ဖြစ်ပါတယ်။ အပေါ်မှာ ပြခဲ့တဲ့ အုပ်စု အစဉ်အတိုင်း ပြသွားပါမယ်။
အကုသိုလ်စေတသိက် အုပ်စုက (၁၄)ပါး ရှိပါတယ်။ စိတ်ပိုင်းမှာ ပြခဲ့တဲ့ အကုသိုလ်စိတ်(၁၂)ပါးကို အရောင်ဆိုးပေးတာသည် ဒီအကုသိုလ် စေတသိက် (၁၄)ပါးပဲ ဖြစ်ပါတယ်။ ဥပမာ= မောဟ=မသိမှုကို အဓိကထားပြီး ယှဉ်တွဲ ဖြစ်လာတဲ့ စိတ်ကို “မောဟမူစိတ်”၊ လောဘ=တပ်မက်မှုကို အဓိကထားကာ ယှဉ်တွဲ ဖြစ်လာတဲ့ စိတ်ကို “လောဘမူစိတ်”။ ဒေါသကို အဓိကမူတည်ထားလျှက် ယှဉ်တွဲ ဖြစ်လာတဲ့ စိတ်ကို “ဒေါသမူစိတ်”။
မိမိတို့ ပတ်ဝန်းကျင်မှာ “မောင်ဖြူ ဦးစီးတဲ့ အုပ်စုကို မောင်ဖြူရဲ့ အုပ်စု”။ “အစိမ်းရောင်များတဲ့ အရာဝတ္ထုတစ်ခုကို အစိမ်း အုပ်စု”စသည်လိုမျိုး ခေါ်ဝေါ်ကြသလိုပါပဲ။ ဒါက ဦးစီးဖြစ်တဲ့ ဒီစေတသိက် (အရောင်ဆိုးတတ်တဲ့) တရားများကို အစွဲပြ၍ စိတ်အမည်များ တပ်ခေါ်ပုံ သဘောကို ပြောပြတာပါ။
ဒီတော့ အကုသိုလ်စေတသိက် အုပ်စုရဲ့ ပထမဆုံးက “မောဟ=မြင်မှု၊ ကြားမှုစတဲ့ အာရုံသဘောတရားများကို အမှန်မမြင်အောင်၊ မသိအောင် ဖုံးကွယ်ခြင်း သဘော”။ ဖုံးကွယ်တယ်ဆိုတာ တကယ် မိမိတို့သန္တာန်မှာ ဖြစ်နေတဲ့ တရားမှန်သမျှအပေါ်မှာ “ဖြစ်နေ/ ပျက်နေ”တဲ့ သဘောအမှန်ကို မသိခြင်း။ ငါဒီအချိန်မှာ တရားနှလုံးသွင်းဖို့, အားထုတ်ဖို့ အချိန်မဟုတ်ပါဘူး၊ ငယ်သေးတာပဲ စသည်စသည်အားဖြင့် မိမိအရွယ်ကို ငယ်သေးတယ်၊ နေရအုန်းမယ်... ကြီးမှ တရားအလုပ် လုပ်မယ်စသည်ဖြင့် တဖြေးဖြေး အိုနေ၊ နာနေတဲ့ တကယ့် ရုပ်+နာမ်တရားအမှန်ကို မသိအောင် ဖုံးကွယ်ထားတာ၊ မသိအောင်၊ မိမိကိုယ်ကို မိမိလိမ်နေတဲ့ သဘောသည် ဒီ “မောဟ”တရား သဘောပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ တရားလုပ်ငန်းခွင်မှာ အများပြောသုံးနေကြတဲ့ “၀ိပဿနာ”နှင့် ပတ်သက်၍ နဲနဲလေး ပြောပြပါမယ်။ လူတော်တော်များများထင်နေကြတာက... “၀ိပဿနာဆိုတာ၊ သတိပဋ္ဌာန်တရားဆိုတာ” အသက်ကြီးမှ၊ ရိပ်သာသွားလုပ်မှ ရတယ်ထင်နေကြတာ များပါတယ်။ တချို့ကလည်း “၀ိပဿနာ”ဆိုတဲ့ စကားလုံးကြီးကို လန့်နေကြပါတယ်။ တကယ်“၀ိပဿနာဌာနသည်၊ သတိပဋ္ဌာန် အလုပ်လုပ်ရာ ဌာန”သည် မိမိခန္ဓာကိုယ်မှာပဲ ဖြစ်ပါတယ်။ ဒါဆို ဘာဖြစ်လို့ တရားရိပ်သာတွေကို သွားအားထုတ်နေကြသလဲဆိုတော့... ရိပ်သာသွား တရားအားထုတ်တာသည် “တရားအားထုတ်နည်း “နည်းစနစ်” သွားသင်တာပါ”။ တရားအားထုတ်နည်း “နည်းစနစ်”သိပြီး ဆိုရင် မိမိခန္ဓာကိုယ် တရားဌာနကြီးမှာပဲ လုပ်ရမှာ၊ အားထုတ်ရမှာပဲ ဖြစ်ပါတယ်။ “၀ိပဿနာ=ဆိုတာ အထူးအခြား မြင်အောင်လုပ်ခြင်း၊ ရှုမှတ်ခြင်း”လို့ ဆိုလိုပါတယ်။ မိမိတို့တစ်တွေ နေ့စဉ်ဘ၀မှာ သွားလာ လှုပ်ရှားနေတဲ့ အလုပ်ထဲမှာ “သတိထားကာ အသိပညာလေးနဲ့” နေပေးခြင်းသည် ၀ိပဿနာ (အထူးအခြား သိအောင်လုပ်နေခြင်း) တရားအလုပ် လုပ်နေတာပါ။ “သတိပဋ္ဌာန်ဆိုတာက “သတိ” အဓိကထားပြီး နေခြင်း”လို့ အဓိပ္ပါယ်ရပါတယ်။ သတိအဓိကထားရမည့် နေရာကလည်း တောထဲ၊ ရိပ်သာထဲ မဟုတ်ပါဘူး။ မိမိခန္ဓာကိုယ်မှာပါပဲ။ ဒါဆိုဘာဖြစ်လို့ တောထဲ၊ ရိပ်သာထဲ သွားကြသလဲဆိုတော့... ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်တဲ့သူတွေ... စိတ်အလွန်ပျံ့လွင့်နေတဲ့ သူတွေအတွက် ဆိတ်ငြိမ်ရာ အရပ်သည် သင့်လျော်တဲ့ နေရာဖြစ်လို့ ယင်းဌာနများသို့ သွားရောက် အားထုတ်ကြတာပါ။ မိမိစိတ် ထိန်းနိုင်တယ် ဆိုရင် နေရာတိုင်းသည် တရားအားထုတ်ရာ ဌာနဖြစ်ပါတယ်။ ဘုရားရှင်လက်ထက်က ထမင်းချက်ရင်း၊ ခြေဆေးရင်း၊ လမ်းလျောက်ရင်း တရားထူးရတယ်ဆိုတာ ဒီသဘောတွေပဲ ဖြစ်ပါတယ်။ လွှဲချစရာတစ်ခုရှိတာက “တပည့်တော်တို့က ပါရမီမပြည့်သေးလို့ မဖြစ်နိုင်လောက်သေးဘူး”ဆိုတဲ့ အချက်ပါပဲ။ ပါရမီပြည့် မပြည့်... ဉာဏ်စဉ် ရင့်ကျက် မရင့်ကျက်ဆိုတာကလည်း ကိုယ်တိုင် လုပ်ကြည့်မှ သိတဲ့ အရာပါ။ ပါရမီပြည့် မပြည့်ဆိုတာသည် တခြား ဘာပေတံနဲ့မှ တိုင်းတာလို့ မရပါဘူး။ ပျင်းတဲ့ ပေးတံနဲ့တော့ “ပါရမီ မရင့်ကျက်သေးဘူး”လို့ တိုင်းတာလို့ ရမယ်ထင်တယ်။
ပြောပြချင်တာက “၀ိပဿနာအလုပ်၊ သတိပဋ္ဌာန်အလုပ်”သည် တောထဲ၊ ရိပ်သာထဲ မဟုတ်ပဲ မိမိခန္ဓာကိုယ်ကမှ တကယ့် တရားအလုပ် လုပ်ရာ ကမ္မဋ္ဌာန်းရိပ်သာအစစ် “ကမ္မဋ္ဌာန်ဌာနကြီး” ဖြစ်တယ်ဆိုတာ ပြောပြချင်တာပါ။ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေထဲမှာ ကိုယ်တတ်နိုင်သလောက် “သတိ၊ အသိဉာဏ်”ထည့်ပေးပါ။ အဲဒါ “၀ိပဿနာ၊ သတိပဋ္ဌာန်” လုပ်နေတာပါပဲ။ တရားထူး ရတာ၊ မရတာနောက်ထား “မိမိစိတ် ငြိမ်းချမ်းမယ်၊ မိမိအလုပ်စဉ် အဆင်ပြေမယ်၊ အစဉ်ချောမွေ့မယ်၊ မေ့ကျန်ခြင်းမှလည်း ကင်းဝေးမယ်... စတဲ့ အကျိုးတွေကတော့ လက်တွေ့ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိအလုပ်စဉ်ထဲမှာ “သတိရှိနေတယ်၊ အသိဉာဏ်လေး” ထည့်ထားတယ်၊ ဒီအကြောင်းကြောင့်ပါ။ ပစ္စည်းမေ့ကျန်တယ်၊ အဆင်မပြေမှုတွေ ဖြစ်တယ်ဆိုတာ... သတိလက်လွတ် ဖြစ်ပြီး, အသိဉာဏ်က မလိုက်လို့ ဖြစ်ကြတာပါ။
အလေ့အကျင့်လေး ဖြစ်အောင်သာ (၁)လလောက် လုပ်ကြည့်လိုက်ပါ၊ နောက်နေ့တွေမှာ သူ့အလိုလို “သတိ၊ အသိဉာဏ်”လေးက အလုပ် လုပ်နေပါလိမ့်မယ်။
လပြည့်ဝန်းလေးကိုယ်တိုင် မနက်အိပ်ရာထထချင်း နှာသီးဝမှာ ထွက်လေ၊ ၀င်လေ ရှုပြီးသား ဖြစ်နေတတ်တဲ့ သဘော၊ နောက်မျက်နှာသစ်မယ်ဆိုရင် ရေကိုင်လိုက်တဲ့အခါ “ရေလေး အေးချမ်းသလို သတ္တ၀ါတွေ အေးချမ်းကြပါစေ”၊ တခါ ဘာအစား အစာမှ မစားခင် လပြည့်ဝန်းလေးက ရေတစ်ခွက်သောက်လေ့ရှိပါတယ်။ မနက်အိပ်ရာထ မျက်နှာသစ်ပြီး ရေသောက်မယ် လုပ်တိုင်း “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”လို့ ရွတ်ပြီးသား ဖြစ်နေပါတယ်။ အလေ့အကျင့်သဘောကို ပြောပြတာပါ။ ဘယ်တရားထူးမှ အခုအချိန်အထိ မရသေးပါဘူး။ “အစကောင်း/ အခုကောင်း နောင်ကောင်းပါလိမ့်မယ်”ဆိုတဲ့ ကျေးဇူးတော်ရှင် ပထမလယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစကားအတိုင်း တစ်နေ့တာရဲ့ အစကောင်းခြင်းနှင့် စလျှင် တစ်နေ့တာ အလုပ်လည်း အဆင်ပြေပါလိမ့်မယ်။
ကိုင်း ဒီနေ့ ဒီမျှနဲ့ နားပါအုန်းမယ်။ နောက်နေ့များမှာ ကျန်ရှိနေသေးတဲ့ မိမိတို့ ခန္ဓာကိုယ်မှာ ဖြစ်နေသော တရားများကို ဆက်လက်တင်ပြပေးပါမယ်။

Read more...

ကျောက်မြေ ရေပေါ်၌ ရေးသားသော အက္ခရာနှင့်တူသောသူများ...

ကျောက်၌ ရေးထားသော အက္ခရာနှင့်တူသော
'ပါသာဏလေခူပမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား ရှည်မြင့်စွာသော နေ့ညဥ့်ပတ်လုံး ကိန်း၏၊ ကျောက်၌ ရေးထားသော အက္ခရာသည် လေကြောင့် လည်းကောင်း၊ ရေကြောင့် လည်းကောင်း လျင်စွာ မပျက်စီးဘဲ ကြာမြင့်စွာ တည်သကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား
ရှည်မြင့်စွာသော နေ့ညဥ့်ပတ်လုံး ကိန်း၏၊ ဤပုဂ္ဂိုလ်ကို ကျောက်၌ ရေးထားသော အက္ခရာနှင့်တူသော 'ပါသာဏလေခူပမ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 113

မြေ၌ ရေးထားသော အက္ခရာနှင့်တူသော
'ပထဝိလေခူပမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား ကြာမြင့်စွာသော နေ့ညဥ့်ပတ်လုံး မကိန်း၊ မြေကြီး၌ ရေးထားသော အက္ခရာသည် လေကြောင့် လည်းကောင်း၊ ရေကြောင့် လည်းကောင်း လျင်စွာ ကျေပျက်၍ ကြာမြင့်စွာ မတည်သကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား ကြာမြင့်စွာသော နေ့ညဥ့်ပတ်လုံး မကိန်း၊ ဤပုဂ္ဂိုလ်ကို မြေ၌ ရေးထားသော အက္ခရာနှင့်တူသော 'ပထဝိ လေခူပမ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 114

ရေ၌ ရေးသားသော အက္ခရာနှင့်တူသော
'ဥဒကလေခူပမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလွန်ခက်ထန်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း၊ ကြမ်းကြုတ်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း၊ မနှစ်လိုဖွယ်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း ရောနှောသည်သာလျှင်တည်း၊ ဆက်စပ်သည်သာလျှင်တည်း၊ ညီညွတ်သည်သာ လျှင်တည်း၊ ရေပြင်၌ ရေးသားသော အက္ခရာသည် လျင်စွာ ပျက်စီး၍ မြဲမြံစွာ မတည်သကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလွန်ခက်ထန်သော စကားဖြင့်ပြောဆိုသော် လည်းကောင်း၊ ကြမ်းကြုတ်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း၊ မနှစ်လိုဖွယ်သော စကားဖြင့်ပြောဆိုသော် လည်းကောင်း ရောနှောသည်သာလျှင်တည်း၊ ဆက်စပ်သည်သာလျှင်တည်း၊ ညီညွတ်သည်သာလျှင်တည်း၊ ဤပုဂ္ဂိုလ်ကို ရေ၌ ရေးသားသော အက္ခရာနှင့် တူသော 'ဥဒကလေခူပမ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 115

တိကပုဂ္ဂလပညတ် - မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မာပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

၁၁-၁-၁၀ ဆွမ်းလောင်းအလှူ

နေ့ဆွမ်း - ဝက်သား+အာလူးဆီပြန်၊ မုန်လာဥချဉ်၊ ငရုတ်သီးကြော်
မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေးဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင် မောင်နှမများအဖွဲ့

ဆွမ်းထမင်း+ပဲနှပ် - ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး)

ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)
အရုဏ်ဆွမ်း - မုန့်ဟင်းခါး (................)


ဝေယျာဝစ္စဒါန
-ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)၊ ဦးဇဝန (သုံးခွကျောင်းတိုက်)။ ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးသုဇာတ (ရုက္ခမူကျောင်းတိုက်)၊ ဦးပညာဝံသ (မန္တလေး မြင်းဝန်မင်းကြီးတိုက်)၊ ဖျာပုံကျောင်းမှ အခြားဦးဇင်းတစ်ပါး။
-ဒေါ်ဧသိက၊ ဒေါ်ဝိလာသီ (အောင်မြေသာစံချောင်)၊ ဒေါ်စန္ဒာသိင်္ဂီ (သိဒ္ဓိမော်ချောင်)၊ ဒေါ်စရဏမဉ္စရီ (သိပ္ပမဉ္စရီချောင်)
-မန္တလေးမှ ဒကာသုံးဦး၊ ဒေါ်အေးသန်းနှင့် သမီး မဇင်မာထွေး၊ ဒေါ်ကြည်ဌေး၊ ကိုဆန်းထွန်း၊ ငြိမ်းအိထွေး

မနက် ၅ နာရီ ၃၀ မှာ အရုဏ်ဆွမ်း စကပ်ပါတယ်။ ကပ်ကပ်ချင်း သံဃာ အပါး ၈၀ ခန့် ဘုဉ်းပေးနေကြပြီး စောင့်ဆိုင်းနေဆဲ ကိုယ်တော်တွေလဲ စောင့်နေကြတယ်။ မနက် ၆ နာရီမှာ အပါး ၁၈၀ ခန့် ဘုဉ်းပေးပြီးပြီ။

''ကိုရင် ဟင်းရည်လား''
''ဒီမှာ ဟင်းရည် ချပေးပါ။ ဆရာလေး ဒီမှာ''
''ဘာလိုလဲ ကိုရင်။ မုန့်ဖတ်လား''
''ဟိုနားက ကိုရင်လေးက မုန့်ဖတ်တဲ့။ ဦးဇင်း .. ဟိုမှာ''

နေ့ဆွမ်းလဲ လောင်းရတော့မယ်။ သံဃာတစ်ပါးစီကို ဝက်သားနဲ့ အာလူးဟင်းတစ်ခွက်၊ ငရုတ်သီးကြော် တစ်ခွက်၊ မုန်လာချဉ်တစ်ခွက်၊ ပဲနှပ်တစ်ခွက်ကို ဆွမ်းထမင်းနဲ့အတူ လောင်းလှူပါမယ်။



Read more...

ဝိပဿနာဥာဏ်စဉ်များဖြစ်ပုံ (အပိုင်း-၃)

ဝိပဿနာဥာဏ်စဉ်များဖြစ်ပုံ (အပိုင်း-၁)
ဝိပဿနာဥာဏ်စဉ်များဖြစ်ပုံ (အပိုင်း-၂)
ဝိပဿနာဥာဏ်စဉ်များဖြစ်ပုံ (အပိုင်း-၃)
မှတ်တိုင်း မှတ်တိုင်း အာရုံနှင့် မှတ်စိတ်တို့ကို မကောင်းဘူးဟု အပြစ်မြင်သော အသိဥာဏ်သည် အာဒီန၀ဥာဏ် မည်၏။ ထိုအခါ၌ မကောင်းတာတွေနှင့် မပြတ်တွေ့နေရသည်ဟု ထင်ရ၏။ ဘယ်လိုပင် အမှတ်အသိကောင်းနေသော်လည်း မှတ်ရတာ အရသာမရှိသကဲ့သို့ ထင်ရ၏။

မှတ်တိုင်း မှတ်တိုင်း ခြောက်သွေ့သွေ့ဖြစ်လျက်၊ ပျင်းရိ ငြီးငွေ့ဘွယ်ဟု ထင်မြင်သော ဥာဏ်သည် နိဗ္ဗိဒါဥာဏ် မည်၏။ ထိုအခါ၌ ပျင်းရိသလိုလို၊ အားလျော့သလိုလို ဖြစ်နေတတ်၏။ သို့သော် မမှတ်ဘဲလဲ မနေနိုင်။ တကယ်ပျင်းရိသည်ကား မဟုတ်ပေ။

မှတ်ခိုက်မှာရော ဆင်ခြင်ခိုက်မှာရော ဒုက္ခလက္ခဏာ များစွာထင်လျက် ငြီးငွေ့ဘွယ်ကိုသာ တွေ့ရသောကြောင့် မှတ်ရသော အာရုံသင်္ခါရနှင့် မှတ်မှု ၀ိပဿနာ သင်္ခါရတို့ကို စွန့်လွှတ်လိုသော စိဖြစ်ပေါ်၏။ ထိုသင်္ခါရတို့မှ လွတ်မြောက်သာ လွတ်မြောက်လိုတော့၏။ မှတ်ခိုက် မှတ်ခိုက်မှာပင် အလိုလို ဖြစ်ပေါ်လာသော ဤစွန့်လိုမှု လွတ်မြောက်လိုမှုသည် မုဉ္စိတုမမျတာဥာဏ် မည်၏။ ထိုအခါ၌ တပျက်တည်း ပျက်နေသော အာရုံတွေနှင့် မှတ်သိမှုတွေ လုံးဝမရှိမှ ကောင်းမည် ဟူ၍လည်း ဆင်ခြင်မိတတ်၏။ သင်္ခါရ ငြိမ်းရာ နိဗ္ဗာန်ဆီသို့ ညွှတ်ကိုင်းခြင်းပေတည်း။

သင်္ခါရတို့မှ လွတ်မြောက်လိုသောကြောင့် မြန်မြန်ကြီး လွတ်မြောက်စေရန် အင်တိုက်အားတိုက် ကြိုးစား၍ မှတ်မြဲပင် တဖန် မှတ်ပြန်သော အခါ၌ တကိုယ်လုံးရှိ ရုပ်နာမ် အလုံးစုံကို အလွန်မခံသာသော ရောဂါ အစုအဝေးကြီးကဲ့သို့ လည်းကောင်း၊ ဒုက္ခတုံး ဒုက္ခခဲကြီးကဲ့သို့ လည်းကောင်း ထင်ရတတ်၏။ ကိုယ်လက်ခြေ က္ကရိယာပုထ်များကိုလည်း ကြာရှာစွာ ငြိမ်ငြိမ် မထားနိုင်ဘဲ ခဏခဏ ပြုပြင်လိုတတ်၏။ အမှတ်အသိမှာ တစ်ချက်မှတ် တစ်ခါပျောက်အားဖြင့် ကောင်းနေငြားသော်လည်း မကောင်းသေးဘူး ဟူ၍ ထင်လျက် အားမရနိုင်ဘဲ ရှိတတ်၏။ နောက်ပိုင်း၌ကား အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတို့ကို အထူးထင်ရှားစွာ တွေ့ရလျက် သွက်လက် လျင်မြန်စွာ အမှတ်ကောင်းနေတတ်၏။ ဤသို့ တဖန် ရှုမှတ်၍ အထူးသိမြင်သောဥာဏ်သည် ပဋိသင်္ခါဥာဏ်မည်၏။

ထင်ပေါ်သမျှ ရုပ်နာမ်တို့ကို အထူးကြောင့်ကြ မစိုက်ရတော့ဘဲ သူ့အလိုလိုပင် မှတ်သိပြီး ဖြစ်လျက် အာရုံနှင့် မှတ်စိတ်တို့၏ အပျက်ကို လွယ်ကူ သိမ်မွေ့စွာ တဆက်တည်း တစဉ်တည်း အရှိန်မပျက် သိနေသော ဥာဏ်သည် သင်္ခါရုပေက္ခာဥာဏ် မည်၏။ ထိုအခါ၌ အာရုံထင်ပေါ်စေရန်လည်း ကြောင့်ကြမစိုက်ရပြီ။ မှတ်မိစေရန်လည်း ကြောင့်ကြ မစိုက်ရပြီ။ တမှတ်တမှတ်ဆုံးသွားလျှင် တဖန်မှတ်စရာ အာရုံသည် အလိုလိုပင် ထင်ပေါ်လျက် ရှိ၏။ ထိုအာရုံကို အလိုလိုပင် မှတ်သိမိလျက်ရှိ၏။ ကုန်ပျက်မှုကို တွေ့နေရသော်လည်း အာရုံသည် အလိုလိုပင် ထင်ပေါ်လျက် ရှိ၏။ ထိုအာရုံကို အလိုလိုပင် မှတ်သိမိလျက်ရှိ၏။ ကုန်ပျက်မှုကို တွေ့နေရသော်လည်း ရှေးကလို ကြောက်ခြင်း အပြစ်မြင်ခြင်း၊ ငြီးငွေ့ခြင်း လွတ်လိုခြင်း အားမရခြင်းများ မဖြစ်လာပြီ။ မခံသာမှု ဒုက္ခ ဝေဒနာကို တွေ့ရသော်လည်း စိတ်မချမ်းသာခြင်း မဖြစ်ပြီ။ များသောအားဖြင့်ကား ထိုအခါ၌ ဒုက္ခဝေဒနာများ လုံးဝကင်းငြိမ်းလျက်သာ ရှိတတ်ပေသည်။အာရုံကောင်းများကို တွေ့ရသော်လည်း ရှေးကလို အလွန်အကဲဝမ်းသာခြင်း မဖြစ်ပြီ။ အမှတ်အသိမှာ အလွန်ငြိမ်သက် သိမ်မွေ့စွာ ကောင်းနေသော်လည်း၊ ထိုအတွက် ရှေးကလို အလွန်အကဲ ၀မ်းသာခြင်း အားတက်ခြင်းများ မဖြစ်လာပြီး အာရုံနှင့် မှတ်သိမှုများအပေါ်၌ မချစ်မမုန်း ညီမျှစွာ ဖြစ်လျက်၊ အမှတ်မှာ သူ့အရှိန်နှင့်သူ သွားလျက် ရှိ၏။ မပြုပြင်ဘဲ မှတ်နေမည် ဆိုလျှင် ၂ နာရီ၊ ၃ နာရီ ကြာသော်လည်း အခြေမပျက်၊ ကောင်းမြဲပင် ကောင်းနေ၏။ မပြုပြင်ဘဲ မှတ်နေမည်ဆိုလျှင် ၂ နာရီ၊ ၃ နာရီ ကြာသော်လည်း အခြေမပျက် ကောင်းမြဲပင် ကောင်းနေ၏။ တစ်နေ့လုံး တစ်ညလုံးသော်လည်း မှတ်နေနိုင်မည်ဟု ထင်ရတတ်၏။ စိတ်ကို တခြားသို့ ပို့သော်လည်း ကြာရှာစွာမသွား။ မှတ်မှုသို့သာလျှင် ပြန်ပြန်ရောက်လာ၏။ ဒွါရ ၆ ပါးသို့ ဖြန့်၍ အာရုံများစွာကို မှတ်ရန် အားထုတ်သော်လည်း ဖြန့်၍မရဘဲ သူမှတ်နေကျ အာရုံများတွင်သာလျှင် မှတ်သိလျက် ဖြစ်နေတတ်၏။

သင်္ခါရုပေက္ခာဥာဏ် အားပြည့်လျှင် အချို့ပုဂ္ဂိုလ်မှာ မှတ်အပ်သော အာရုံနှင့် မှတ်သိမှုတို့၏ လျင်မြန်စွာ ကုန်ဆုံးသွားသော အားဖြင့် အနိစ္စ လက္ခဏာ အထူးသန့်ရှင်းစွာ ထင်လျက်၊ မှတ်သိမှုသည် အဟုန်ဖြင့် ပြေးလာသကဲ့သို့ တစ်ကြိမ်ထက် တစ်ကြိမ် အထူးလျင်မြန်စွာ ဖြစ်ပေါ်၏။ အချို့ပုဂ္ဂိုလ်မှာ မခံသာသော သဘော၊ မကောင်းသော သဘောအားဖြင့် ဒုက္ခ လက္ခဏာ အထူးသန့်ရှင်းစွာ ထင်လျက် ထူးခြားသော မှတ်သိမှုများ ဖြစ်ပေါ်၏။။ အချို့ ပုဂ္ဂိုလ်မှာ ချစ်ဖွယ် မုန်းဖွယ် ကင်းမဲ့သည့် သဘောတရား အနေအားဖြင့် အနတ္တလက္ခဏာ အထူးသန့်ရှင်းစွာ ထင်လျက် ထူးခြားသော မှတ်သိမှုများ ဖြစ်ပေါ်၏။ ၀ုဋ္ဌနဂါမိနီ ၀ိပဿနာ၏ အစ ခေါင်ထိပ်သို့ ရောက်သော သင်္ခါရုပေက္ခာ ပေတည်း။

ဤထူးခြားသော အမှတ်အသိများ ၂ ကြိမ်၊ ၃ ကြိမ် စသည် ဖြစ်ပေါ်ပြီးလျှင် နောက်ဆုံး မှတ်သိမှု ပြီးဆုံးသွားသည်နှင့် တပြိုင်နက် အာရုံနှင့် မှတ်သိမှု အလုံးစုံ တိကနဲ ပြတ်သွားသကဲ့သို့လည်းကောင်း၊ အကုန်လုံး မြှုပ်ကွယ်သွားသကဲ့သို့လည်းကောင်း သင်္ခါရ ချုပ်ငြိမ်းရာ နိဗ္ဗာန်အာရုံသို့ ဆိုက်ရောက် ပြေးဝင်သွား၏။ ဤသို့ဖြစ်ရာတွင် ထူးခြားသော နောက်ဆုံး အမှတ်အသိသည် အနုလောမဥာဏ်မည်၏။ ဥပက္ကိလေသကင်းပြီးသော ဥဒယဗ္ဗယဥာဏ်မှစ၍ ဤအနုလောမဥာဏ်တိုင်အောင် ၀ိပဿနာဥာဏ် ၉ ပါးသည် ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိ မည်၏။

အာရုံနှင့် မှတ်သိမှု ဟူသော သင်္ခါရ အလုံးစုံ ကင်းပြတ်ချုပ်ငြိမ်းရာသို့ ရှေးဦးစွာ ကျရောက်သော အသိဥာဏ်သည် ဂေါတြဘူဥာဏ် မည်၏။ ထိုချုပ်ငြိမ်းမှုထဲ၌ ၀င်ရောက်နေရဘိသကဲ့သို့ မျက်မှောက်တွေ့လျက် တခဏမျှ တည်တံ့နေသော အလယ်ပိုင်းအသိဥာဏ်သည် မဂ်ဥာဏ်မည်၏။ ဥာဏဒဿန၀ိသုဒ္ဓိလည်း မည်၏။

ထိုချုပ်ငြိမ်းမှု၌ ဆက်လက်၍ တည်သော နောက်ဆုံးပိုင်း အသိဥာဏ်သည် ဖိုလ်ဥာဏ်မည်၏။ ဖိုလ်ဥာဏ်ပြီးဆုံးသွားလျှင် အိပ်ပျော်ရာမှ ဘွားကနဲ နိုးလာသကဲ့သို့လည်းကောင်း၊ ရေထဲ၌ ငုပ်နေရာမှ ဘွားကနဲ ရုတ်တရက်ပေါ်လာသကဲ့သို့လည်းကောင်း ရှုမှတ်ခဲ့ပုံနှင့် ချုပ်ငြိမ်းရာသို့ ရောက်သွားပုံများကို ပြန်လှည့်၍ ဆင်ခြင်မိ၏။ ဤဆင်ခြင်မှုသည် ပစ္စဝေက္ခဏာဥာဏ်ပေတည်း။

ထို့နောင် မှတ်မြဲတိုင်း ဆက်၍ မှတ်ပြန်လျှင် မှတ်သိရသော အာရုံများသည် ယခင် အမှတ်ကောင်းခါစကလိုပင် အထည်ဒြဗ်နှင့်တကွ ပီပီသသ ဖြစ်လျက် ထင်ပေါ်နေတတ်ကြ၏။ ဖြစ်မှုပျက်မှုများကို ယခင် မှတ်ကောင်းခါစကလိုပင် ထင်ရှားပီသစွာ သိရ၏။ ဥဒယဗ္ဗယဥာဏ်တစ်ပတ်ပြန်၍ ဖြစ်ပေါ်လာခြင်း ပေတည်း။ ဤအရာ၌ဖြစ်တတ်ပုံ အထူးများနှင့် နိုင်နင်းအောင် တိုးတက်အောင် အားထုတ်ပုံများကို အားထုတ်ပုံ အခန်း နံပါတ် ၈၅ စသည်၌ ပြဆိုထားအပ်ပြီ။

မည်မျှ အရာသာ ကောင်းသော စားဘွယ်ဖြစ်စေကာမူ စားကြည့်မှ ကောင်းကောင်း သိနိုင်သကဲ့သို့ ဤ၌ပြထားသော ဥာဏ်ဖြစ်ပုံ အလုံးစုံကိုလည်း ကိုယ်တိုင် မျက်မှောက်ဆိုက်ရောက်ပြီးမှ ကောင်းကောင်း နားလည်၍ ကောင်းကောင်းသဘောကျ တတ်ကြပေမည်။ ထို့ကြောင့် ယုံမှားမရှိ၊ သဘောကျနိုင်သော အဆင့်အတန်းသို့ တက်လှမ်း ဆိုက်ရောက်နိုင်ကြပါစေ။ (၀ိပဿနာရှုနည်းကျမ်းအကျဉ်းချုပ်၊ မဟာစည်ဆရာတော်)


Read more...

ချစ်ခြင်း မုန်းခြင်း ကင်းသည့် ခရီးသည်

Sunday, 10 January 2010 16:50 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

Dhamma_barisayadaw "မကောင်းမှု ဒုစရိုက်"ဆိုတာ "ချစ်ခြင်း၊ မုန်းခြင်း" ဆိုတဲ့ အစွန်း တစ်ခုခုနဲ့ ငြိသူတွေသာ ကျူးလွန်လေ့ရှိတဲ့ အမှုမျိုး ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ မဇ္ဈိမလမ်းစဉ် မပေါ်ခင်က လူတို့(သတ္တ၀ါတို့) လျှောက်လှမ်းနေတဲ့ လမ်းစဉ်ဟာ အမည်တွေ အမျိုးမျိုး ကွဲပြားကြပေမယ့် အမျိုး တူရာ ပေါင်းလိုက်တဲ့အခါ အာရုံကို အချစ်ကြီး လွန်းသူတို့ရဲ့ "ကာလသုခလ္လိက"လမ်းစဉ်နှင့် အာရုံကို အမုန်းကြီးလွန်း သူတို့ရဲ့ "အတ္တကိလမထ" လမ်းစဉ် ဆိုပြီး နှစ်မျိုးသာရှိကြောင်း တရားဦးအစမှာ မြတ်ဗုဒ္ဓက ထောက်ပြခဲ့ပါ တယ်။

ဒီခရီးသည် နှစ်မျိုးတို့ဟာ အချင်းချင်း ဖြောင့်ဖြောင့် ဆန့်ကျင်တဲ့ လမ်းနှစ်ခုကို လျှောက် လှမ်းနေကြတယ်လို့ ထင်ရပေမယ့် တကယ့်ပန်းတိုင် ရှိရာ ရှေ့တည့် တည့်ကို ကြည့်ရကောင်း မှန်း မသိကြတာချင်းကတော့ အတူတူပါပဲ။ ရှေ့တည့်တည့်ကို ကြည့်ရြကောင်းမှန်းမသိလို့ ဘေးကို ကြည်မိ နေကြပေမယ့် ဘေးကို လည်း တကယ် မမြင်ကြပါဘူး၊ ဘေးကို မမြင်ဘဲ ဘေးဘက်ကို ဦးတည် ဇွက်တိုးနေကြလို့ နောက်ဆုံးမှာ ဘေးစွန်းနဲ့ ငြိပြီး ဘေးတွေ့ကြတာ ချင်းလည်း အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြတ်ဗုဒ္ဓက အစွန်းတရား နှစ်ခုလုံးတို့ရဲ့ နိဂုံးကို "အနရိယော အနတ္ထသံဟိတော= သူမြတ်တို့ လက်မခံတဲ့ အကျိုးမဲ့လမ်း ဖြစ်တယ်" လို့ တစ်ပေါင်းတည်း မှတ်ချက်ချတော်မူတာပါ။

ကာလသုခလ္လိက ခရီးသည်များက အာရုံကို အချစ်ကြီးလွန်းတယ်၊ အတ္တကိလမထ ခရီး သည်တို့က အာရုံကို အမုန်းကြီးလွန်းတယ်။ သတ္တ၀ါတွေကို ဒုက္ခခရီးရှည်စေတဲ့ မကောင်းမှု ဒုစရိုက် ဆိုတာက ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ အစွန်းတစ်ခုခုနဲ့ ငြိသူတွေသာ ကျူးလွန်လေ့ရှိတဲ့ အမှုမျိုး ဖြစ်ပါတယ်။

ဘေးရောက်ရင် ဘေးတွေ့တတ်တဲ့အတွက် ဘေးဘက်ကို မလျှောက်ဘဲ ဘေးလွတ်ရာ ရောက်အောင် ရှေ့တည့်တည့် လျှောက်ရမယ့် မဇ္ဈိမခရီးသည်ဆိုတာ ချစ်ခြင်း၊ မုန်းခြင်း ကင်း သူ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မဇ္ဈိမ ချဉ်းကပ်လမ်းမှာ ဣန္ဒြိယသံဝရ= ဣနြေ္ဒကိုစောင့် စည်းမှုနဲ့ ပြည့်စုံဖို့ လမ်းညွန်ခဲ့တာပါ။ မျက်စိ၊ နား၊ နှာ စတဲ့ ဣနြေ္ဒများနဲ့ အပြင်အာရုံတို့ တိုက် ဆုံမိခြင်းကို အကြောင်းပြုပြီး ချစ်ခြင်း၊ မုန်းခြင်း ဆိုတဲ့ ဘက်တစ်ခုခုစီ ရောက်မသွားအောင် ထိန်းသိမ်း စောင့်ရှောက်နိုင်မှုနဲ့ ပြည့်စုံရမှာပါ။ ဣနြေ္ဒလုံခြုံရင် ဒုစရိုက်ကင်းပြီး ချမ်းသာခြင်းကို ဆောင်နိုင်ပါတယ်။

"စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ= စိတ်ကို လုံခြုံအောင် စောင့်ကြပါ။ စိတ်လုံခြုံရင် ချမ်းသာကို ဆောင်နိုင်ပါတယ်။(ဓမ္မပဒ၊၃၆)ဆိုတာ ဒီသဘောကို ရည်ညွန်းတာ ပါပဲ။ ဒုစရိုက်ကင်းပြီး သုစရိုက် သုံးပါးနဲ့ ပြည့်စုံတဲ့တွက် သီလသိက္ခာ ပြည့်စုံသူ လို့လည်း ဆိုနိုင်ပါပြီ။ သမာဓိသိက္ခာ၊ ပညာသိက္ခာ တိုးပွားရေးအတွက် အဆင့်မီသူလည်း ဖြစ်ပါပြီ။ ဒါကြောင့် "သုစရိုက်နဲ့ ပြည့်စုံရင် သတိပဋ္ဌာန်လေးပါး ပြည့်စုံစေတယ်"လို့ အ၀ိဇ္ဇာသုတ်မှာ ဆက်ပြီး ဟောတာပါ။ သတိပဋ္ဌာန်လေးပါး ပြည့်စုံစေတယ်ဆိုတာ မဂ္ဂင်ရှစ်ပါး(မဇ္ဈိမပဋိပဒါ) ကိုပြည့်စုံအောင် အားထုတ်ဖို့ လုံလောက်ပြီလို့ ဆိုတာနဲ့ အတူတူပါပဲ။

"မဇ္ဈိမ ချဉ်းကပ်လမ်း" လို့ ပြောခဲ့တဲ့ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်းကစပြီး သုစရိုက်သုံးပါး ပြည့်စုံလို့ သီလသိက္ခာကို မိမိသန္တာန်မှာ အိမ်ရှင်သဖွယ် တည်ရှိတဲ့အထိကို အသေအချာ ပြန်ပြီး စဉ်းစားသုံးသပ်ကြည့်မယ်ဆိုရင် စိတ်ရဲ့ စွမ်းအားစုဖြစ်တဲ့ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ ၊ ငါးပါးထဲမှာ "သဒ္ဓါ"တရားက ဦးဆောင်ခဲ့တာ ဖြစ်ပြီး ကျန်စွမ်းအား လေးခုက ကူညီ ထောက်ပံ့ပေးတဲ့ အဆင့်မှာပဲ ရှိတယ် ဆိုတာကိုလည်း သဘောပေါက်သင့် ပါတယ်။ သဒ္ဓါစွမ်းအား ကောင်းမှ ဒီအဆင့်ကို ရောက်မယ်လို့ ဆိုလိုတာပါ။

မှန်ပါတယ်။ ကျိုး ပေါက် ပြောက် ကြားခြင်းမရှိ၊ တဏှာကျွန် အဖြစ်က လွတ်အောင် ရုံးပြီး တဏှာဒိဋ္ဌိ တို့နဲ့ လည်းမှားမှားယွင်းယွင်း စွဲကပ်မထားဘဲ မသာဓိကို အထောက်အကူ ပေးနိုင်လောက်တဲ့ သီလသိက္ခာ ဆိုတာ အနည်းဆုံး သောတာပန် ဖြစ်နိုင်လောက်တဲ့ သောတာ ပတ္တိယင်္ဂ တရားလေးပါးထဲမှာ အဓိက အကျဆုံးလည်း ဖြစ်ပါယ်။ " စတူသု -သောတာပတ္တိ ယင်္ဂေသု ဧတ္ထ သဒ္ဓါဗလံ ဒဋ္ဌဗ္ဗံ= သောတာပတ္တ အင်္ဂါလေးပါးတို့မှာ သဒ္ဓါ တရားကို အဓိက ဦးဆောင်တဲ့ တရားလို့ မှတ်ရမယ်" (အံ၊၂။၁၀ ဒဋ္ဌဗ္ဗသုတ်) ဆိုတဲ့အတိုင်း သိလသိက္ခာမှာ သဒ္ဓါ စွမ်းအားက အဓိက ဦးဆောင်ဖြစ်ပါယတ်။

ဆက်လက် လျှောက်လှမ်းကျင့်သုံးရမယ့် မဇ္ဈိမ လမ်းမှာ ကျန်တဲ့ သိက္ခာ နှစ်ခုထဲက သမာဓိသိက္ခာဖြစ်တဲ့ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်သုံးပါးတို့ကို အဓိက ပွား များ အားထုတ်ကြရမှာပါ။ သမာဓိသက္ခာဟာ သီလနဲ့ ပညာတို့ကို တပေါင်းတည်း အပြည့်အ၀ ဖြစ်အောင် ပေါင်းစပ်ပေးပါတယ်။ မဂ်အဆင့် ရောက်တဲ့အခါ သီလဟာ စောင့်သီလ( သမာဒါန၀ိရတိ) ရှောင်သီလ (သမ္ပတ္တ၀ိရတီ) အဆင့်ကို ကျော်လွန်ပြီး မြဲသီလ (သမုစ္ဆေဒ၀ိရတီ) အဆင့် ရောက်သွားတဲ့အတွက် သီလနဲ့ ပညာ တစ်ပေါင်းတည်း ဖြစ်သွားပါ တယ်။ ဒါကြောင့် "သီလ ပညာနံ အဂ္ဂမက္ခာယတိ= သီလနဲ့ ပညာကို အမြတ်ဆုံးလို့ ဆိုရ မယ်"လို့ ဘုရားရှင် ဟောတော်တော်မူတာပါ။ (ဒီ၊၁။ ၁၁၇)။

သမာဓိမဂ္ဂင် သုံးမျိုးတို့ကို ပွားများရာမှာ ဈာန်လမ်းစဉ်အတွက် ဆိုရင်သာ သမာဓိက ဦးဆောင် ဖြစ်ပေမယ့် ဉာဏ်လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အကျင့်မှာတော့ ၀ိပဿနာ ၊ မဂ် ပညာ တို့ကို အထောက်အကူ ပေးရေးသာ အဓိက ရည်ရွယ်ပွားများရမှာ ဖြစ်လို့ သတိက ဦးဆောင်ပါတယ်။ ဒါကြောင့် "သတိပဋ္ဌာန်အလုပ်"လို့ ဆိုကြတာပါ။

ဒီနေရာမှာ သတိရဲ့ ဦးဆောင်နိုင်ပုံနဲ့ ပတ်သက်လို့ ပိဋကတော်မှာ လာတဲ့အတိုင်း တိပိဋကဓရ(ယော)ဆရာတော် ဟောကြားတော်မူတဲ့ "ဧမြရွှင်ပြုံး လူ့နှစ်လုံး"တရားတော်ကို အခြေခံပြီး ပြည့်ြုပည့်စုံစုံလေး ပြောချင်ပါတယ်။

သတိရဲ့ အဓိက တောင်းဆိုချက်ကတော့ ပစ္စုပ္ပန်ကို တန်ဖိုးထားဖို့ပါပဲ။ သတိ ဆိုတာ-

(၁) အာရုံကို ပုံဖော်ရမယ်၊ ဘာပဲဖြစ်ဖြစ် ဆောက်ရွက်လိုတဲ့ အာရုံဟာ အသိစိတ်ထဲ ပြတ်ပြတ် သားသား ပေါ်လာရမယ်။

(၂) အာရုံ၌ စိတ်ကင်းလွတ်မသွားအောင် ချပ်ချပ် ရပ်ရပ် ကပ်ပေးရမယ်။

(၃) မလုပ်မပြီးမီ အာရုံမပျောက်အောင် အသိစိတ်ကို အာရုံပေါ်မှာ မိမိရရ စွပ်ထားရမယ်။

(၄)အလုပ်တစ်ခု လုပ်နေတုန်း တစ်ခြားအာရုံကြားဖြတ်ဝင်မလာအောင် စောင့်ရှောက်ရတယ်။ အာရုံကို သတိရဲ့ အစီအစဉ်အတိုင်း လာစေရမယ်၊ အစီအစဉ်ကင်းမဲ့တဲ့ အာရုံတွေကို လက်ခံ ထားခြင်ဟာ ရှုတ်ထွေးတဲ့ အလုပ်ဖြစ်တယ်။ အာရုံရှုတ်တော့ အသိရှုတ်တယ်။ အသိရှုတ် တာ ကို အလုပ်တယ်လို့ ပြေနေကြတာ၊ အမှန်က အရှုပ်လုပ်နေကြတာပါ။ အရှုပ် လုပ်လို့ အသိ ရှုပ်ပြီး စိတ်ရှုတ်ရတာပါ။ ဘာအလုပ် လုပ်လုပ် ၊ ဘယ်လောက် အလုပ်များများ၊ သတိနဲ့ မပြတ် အောင် စောင့် ကြည့်တတ်ရင် အာရုံမရှုပ်အတွက် အသိလည်း မရှုတ်၊ စိတ်လည်း မရှုတ်ပါဘူး၊ အရပ်စကားမှာ အလုပ်များကိုပဲ အလုပ်ရှုတ်တယ်လို့ ပြောကြပါတယ်။

အဲဒီစကားအရ ပြောရရင်" အလုပ်ရှုပ်တာဟာ စိတ်ရှုပ်စရာလည်း မဟုတ်ဘူး၊ နောက်ဆက်တွဲ အကျိုးလည်း မရှုပ်ပါဘူး။ အရှုပ်လုပ်တာက စိတ်လည်း ရှုပ်ရ တယ်၊ နောက်ဆက်တွဲ အကျိုး တွေလည်း ရှုပ်လာမယ်"လို့ပဲ ပြောရပါလိမ့်မယ်။

(၅)ဘာပဲလုပ်လုပ် အလုပ်မပြီးမချင်း ရှေ့အသိနဲ့ နောက်အသိ စပ်ထားပါ။ အသိချင်း ကွာသွားရင် ပမာဒ ကြားဝင်လာတဲ့အတွက် မဓာနအလုပ် အာရုံမျက် ခြည် ပြတ်ပြီး ကြားဝင် လာတဲ့ အာရုံ အရှုပ်တွေနောက် လိုက်မိသွားမယ်။ အဲဒါဟာ အရှုပ်လုပ်တာပါ။ အသိရှုပ်၊ စိတ်ရှုပ်ရတာဟာ ဒါကြောင့်ပါ။ သမဓိပျက်ရတယ် ၊ စိတ်မတည်ငြိမ်ဘူး ဆိုတာလည်း ဒါကိုပဲ ပြောတာပါ။

အာရုံရှုပ်ရင် အသိရှုပ်၊ စိတ်ရှုပ်၊ အာရုံရှင်းရင် အသိရှင်း၊ စိတ်ရှင်ရပုံနဲ့ ပတ်သက်လို့ မြတ်စွာဘုရားရှင်ပေးတဲ့ ဥပမာနဲ့ မိုးပြီး ပြောရရင်တော့-

အောက်ခြေ၀န်းကျင်က စိမ့်ရေတွေ အမြဲထွက်ပြီး အလွန်နက်တဲ့ ရေအိုင်ကြီးတစ်အိုင်၊ လေးဖက်လေးတန်းကလည်း ရေတွေ စီးဝင်နေမယ်၊ အထက်ကလည်း မိုးတွေ တဝေါဝေါ ရွာချနေမယ်၊ အဲ ဒီလို "ရှေ့ နောက် ၀ဲ ယာ အထက်" ဆိုတဲ့ ငါးဖက်ငါးတန်က ရေတွေ ဒလဟော ၀င်နေမယ် ဆိုရင် အဲဒီ ရေအိုင်ကြီးဟာ ရေမျက်နှာပြင် လှုပ်ရှားနေမယ်၊ အဲဒီလို လှုပ်နေတဲ့ ရေပြင်မှာ မိမိမျက်နှာကို ငုံ့ပြီးကြည့်ကြည့် ပုံရိပ်မှန် မပေါ်နိုင်သလို ဘာမှ ရှင်းရှင်း လင်းလင်း မသိနိုင်ဘူး။

လေးဘက်လေးတန်ကလည်း ရေတွေစီးမ၀င်တော့၊ အပေါ်ကလည်း မိုးမရွာတော့ဘူး၊ အပြင်မှာရှိတဲ့ ငါးဖက်က ရေတွေ မ၀င်တော့ဘဲ အတွင်းက စိမ့်ရေလေး နဲ့သာ ပြည့်နေတဲ့ အိုင်ကြီးဆိုရင် ရေမျက်နှာပြင် ငြိမ်သက်နေတဲ့ အတွက် မိမိမျက်နှာကို ငုံ့ကြည့်လိုက်ရင် နဂို ပုံရိပ်မှန်ပေါ်ပြီး မှဲ့၊ ညှင်း၊ တင်းတပ်၊ ၀က်ခြံ အစက် အပြောက် ကလေးပါ မကျန် မြင်ရ နိုင် တယ်။

အပြင်က ရေတွေ၊ မိုးတွေ ၀င်နေတာက အပြင် အာရုံတွေ ကြားဝင်ရှုပ်တဲ့ သဘော၊ ရေမျက်နှာပြင် လှိုင်းလှုပ်နေတာက စိတ်ရှုပ်တဲ့သဘော( သမာဓိပျက်တဲ့ သဘော) ။ ဘာမှ ပီပီပြင်ပြင် မမြင်၊ မသိရတာက အသိရှုပ်တဲ့သဘောပါ။ အပြင်က ရေတွေ မ၀င်တော့ဘဲ စိမ့်ရေ လေးသာ ရှိတယ် ဆိုတာက အပြင်အာရုံတွေ မရှုပ်စေဘဲ "မနော"ဆိုတဲ့အတွင်းစိတ် ကလေး ကို သတိနဲ့ ကပ်ထားတဲ့ သဘော၊ ရေမျက်နှာပြင် ပြငိမသက်တာက စိတ်မရှုပ်တော့ဘဲ သမာဓိ ဖြစ်နေတဲ့ သ ဘော၊ မျက်နှာကို အသေးစိတ် သိမြင်ရတာက အမြင်ရှင်း၊ အသိရှင်း( ၀ိပဿနာ ပညာဖြစ်) တဲ့ သဘောပါ။

(၆) အလုပ်တိုင်း အရေးကြီးတယ်။ (အရေးပါစေပါတယ်)။

မဇ္ဈိမခရီးသည်တို့ရဲ့ လုပ်ခဆိုတာ ကုန်သွားသမျှ "အား"ဖြစ်ရတာါပဲ။ ကုန်ဆုံးခြင်းရဲ့ ရလာဒ်ဟာ စွမ်းအားဖြစ်စေရပါမယ်။ ဒါကြောင့် မဇ္ဈိမခရီးမှာ အရေးမကြီး တဲ့(အရေးမပါတဲ့) အလုပ်ဆိုတာ မရှိပါဘူး။ စားတာ၊ သွားတာ၊ ကျင်ကြီး ကျင်ငယ် စွန့်တာအထိ( မဟာသတိပဋ္ဌာနသုတ်မှာ ပါတဲ့အတိုင်း) လှုပ်ရှားမှု မှန်သမျှ အလုပ်တိုင်းရဲ့ နောက်မှာ "အသိ" ဆိုတဲ့ လုပ်ခတန်ဖိုး ပေးတာချည်းပါပဲ မိမိက ရယူနိုင်အောင် မပြတ်"သတိ"ထားနေရမှာပါ။

ထင်းကို အမှတ်မဲ့ မီးရှို့ထားရင် ထင်ကုန်တဲ့အခါ "ပြာ"ပဲ ကျန်မှာပါ။ ထင်းမှာ မီးလောင် နေတယ်ဆိုတာ သတိထားမိသူ အတွက်တော့ အိုးထဲမှာ ဆန်နဲ့ရေ အလောတော် ထည့်ပြီး တည်ထားလိုက်ရင် ထင်ကုန်သလောက် "ထမင်း" အမြတ် ကျန်ခဲ့တဲ့ သဘောပါပဲ။ "သတိထား အသိပွားနိုင်ကြပါစေ"ဆိုတာ ဒါကို ပြောတာပါ။

သတိ အမြဲရှိရေးအတွက် အခြေခံ ထားရှိရမယ့် မူသုံးချက် ရှိပါတယ်။

(၁) ဘာမဆို အေးအေးဆေးဆေး လုပ်ပါ။ သတိ သမာဓိရှိဖို့ ပြောတာပါ။ အောင်ပွဲရဖို့ဆိုတာ တာထွက်လိုက်တာနဲ့ ပန်းတိုင်ကို မျက်ခြည်မပြတ်ဖို့၊ သေချာဖို့ လိုပါတယ်။ အလုပ်မှာ စူးစိုက် တည်ငြိမ်အေးချမ်းဖို့ အရေးကြီးပါတယ်။ ဒါမှ ပစ္စုပ္ပန် သေချာမှာပါ။ ပစ္စုပ္ပန်ကို တန်ဖိုးထားဖို့ ဆိုတာလည်း ဒါကိုပဲ ပြောတာပါ။

(၂) "မအားဘူး"လို့ မပြောပါနဲ့၊ လူဆိုတာ နတ်များလို ကံဟောင်းကို ထိုင်စားနေတဲ့ ဘ၀မဟုတ်လို့ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတယ်။ ရှိတာကို သိအောင် လုပ်ပါ၊ သတိနဲံကပ်ပြီး ကြည့်တတ်ရင် အလုပ်များတာဟာ တရားဝင်ပေါက်တွေ များတာပဲလို့ အားရှိ စရာ ကို တွက်တတ်ဖို့ လိုပါတယ်။ အလုပ်နဲ့ တရား တွဲမိအောင် သတိက အမြဲ စေ့စပ် ပေးနေ ဖို့ လိုပါတယ်။

(၃) မဇ္ဈိမခရီးသည်တို့ရဲ့ အစွမ်းက ကုန်သွားတာဟာ "အား" ပဲ၊ ကုန်ဆုံးခြင်းရဲ့ နောက်မှာ စွမ်းအားရလာဒ် ကျန်နေခဲ့ရမယ်။ လူရဲ့ လက်ထဲမှာ ရှိနေတဲ့ သက်ရှိ သက်မဲ့ မှန်သမျှ ကိုယ်လိုချင်သလောက် ရှိနေကြမှာ မဟုတ်ဘဲ သူ ရှိ နိုင်သလောက်သာ ရှိနေပြီး ကန့်သတ်ချိန် ပြည့်ရင် ကုန်ဆုံးပျောက်ကွယ်မြဲ ဖြစ်တယ်။ "ထင်း"ကုန်ရင် "ထမင်း"ကျန် ရစ်စေရမယ်လို့ အမြဲ ခံယူချက်ထားပါ။ ဒီ အခြေခံမူ သုံးခုကိုတော့ လက်မလွှတ်မိပါစေနဲ့။

"ဟင်း"တိုင်းမှာ "ဆား" သင့်ဖို့ အရေးကြီးသလို မဇ္ဈိမခရီးသည်ဟာလည်း ကိုယ်၊ နှုတ်၊ စိတ် လှုပ်ရှားမှုတိုင်း သတိအမြဲရှိဖို့ လိုအပ်လှတဲ့အတွက် ဒီလောက် အပြည့်အစုံ ပြောနေရ တာပါ။ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဆိုရင် နေ့ခင်း ဆွမ်းဘုဉ်းပေးပြီးချိန်တိုင်း ရဟန်းတော်တို့ကို "အပ္ပမာဒေန သမ္ပာဒေထ= သတိနဲ့ ပြည့်စုံစေကြ"လို့ နေ့စဉ် ဆုံးမတော်မူပါ သတဲ့၊ နောက်ဆုံး ပရိနိဗ္ဗာန် စံခါနီး ဆဲဆဲ တဲတဲကလေးလိုတော့တဲ့ အချိန်မှာလည်း နောက်ဆုံး သြ၀ါဒ အနေနဲ့ ဒီစကားကိုပဲ မိန့်ကြားသွားပါတယ်။ နောက်ဆုံးစကား ဆိုတာ အလေးထားတတ်ကြမြဲ ဖြစ်တဲ့အတိုင်း အလွန်ကို အလေးအနက် ထားစေချင်တဲ့ မဟာ ကရုဏာတော်ရှင်ရဲ့ ကရုဏာ စကားတော်ဟာ တစ်သာသနာလုံးအတွက် အရေးပါဆုံး စကားပါပဲ။ ဒါကြောင့်လည်း အဋ္ဌကထာ ဆရာတော်က ဒီနောက်ဆုံး စကားတော်ဟာ ၄၅-၀ါပတ်လုံး ဟောကြားသမျှတို့ကို ခြုံငုံမိစေတဲ့ မှာတမ်းတော် ဖြစ်တယ်လို့ မှတ်ချက်ချပါတယ်။

ဘယ်အရာမဆို "အကျင့်ပါတယ်"ဆိုတာ အကြိမ်များမှ ဖြစ်လာတာပါ။ အကြိမ်များ တယ်ဆိုတာ ဟာလည်း တစ်ကြိမ်က စ ရတာချည်းပါပဲ။ အကြိမ်များလို့ အကျင့်ပါလာပြီ ဆိုရင်တော့ "သတိ"ဟာ ကိုယ်က ကြောင့်ကြစိုက်ပြီး ထားနေရတဲ့ "ထားသတိ"အဆင့်ကနေ အမြဲအသင့်ရှိနေတဲ့ "မြဲသတိ" အဆင့်ရောက်လာပါတယ်။ ဘယ်အချိန်မဆို ဘယ်လို အာရုံနဲ့ တွေ့တွေ့ အမြဲ သတိရှိနေရင် ပမာဒ ကြားမ၀င်နိုင်တော့တဲ့အတွက် သမာဓိသိက္ခာလည်း လုံခြုံ ပြီး ပညာသိက္ခာပါ ပြည့်စုံသွားပါတော့တယ်။

ပညာသိက္ခာ ပြည့်စုံပြီဆိုရင် ကိလောသာတွေဟာ ခွာရတဲ့ အခြေအနေတွေကနေ ကွာ ကျတဲ့ အခြေအနေ ရောက်သွားပါတယ်။ မဂ်ပညာနဲ့ ဖယ်ခွာပြီးတဲ့ ကိလေသာများတာ နောက်ထပ် ဘယ်တော့မှလည်း ဖြစ်ခွင့် မရတော့ပါဘူး။ ဒါဟာ မဇ္ဈိမခရီးသည်တို့ရဲ့ ပန်းတိုင် ရောက်ပြီး ပြည့်စုံမှုပဲ ဖြစ်ပါတယ်။

အေးအေးဆေးဆေး သတိ ထား၊ အသိ ပွားနိုင်ကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Read more...

နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေသော မြန်မာရဟန်းတော်များ

အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီးမှ ဒေါက်တာဘွဲ့ရ ရဟန်းတော်များ (၁၉၉၉-ခုနှစ် ၂၀၀၉-ခုနှစ်)ပညာသင်နှစ်အတွင်း(အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များအဖွဲ့)
(၁) ဒေါက်တာ အ၇ှင်ကောဝိဒ ၀မ်းတွင်းမြို့နယ် ၂၀၀၀-ခုနစ် ဆန်စခရစ်တက္ကသိုလ်
(၂)ဒေါက်တာ အရှင်ပညာဇောတ မှော်ဘီမြို့နယ် ၂၀၀၂- ။
(၃)ဒေါက်တာ အရှင်က၀ိန္ဒ ပဲခူးမြို့နယ် ၂၀၀၂- ။
(၄)ဒေါက်တာအရှင်ဝိလာသာလင်္ကာရ ခင်းဦးမြို့နယ် ၂၀၀၅- ။
(၅)ဒေါက်တာအရှင်ကစ္စာယန မိုးညှင်းမြို့နယ် ၂၀၀၅- ။
(၆)ဒေါက်တာအရှင်ဝါယမ နတ်မောက်မြို့ ၂၀၀၆ ။
(၇)ဒေါက်တာအရှင်ဝိစိတ္တ က၀မြို့နယ် ၂၀၀၆ ။
(၈)ဒေါက်တာအရှင်ပညာလင်္ကာရ မလှိုင်မြို့နယ် ၂၀၀၆ ။
(၉)ဒေါက်တာအရှင် ခေမာသိရီ ၀က်လက်မြို့ ၂၀၀၆ ။
(၁၀)ဒေါက်တာအရှင်ပညာနန္ဒ မလှိုင်မြို့နယ် ၂၀၀၆ ။
(၁၁)ဒေါက်တာအရှင်ကေ၀လာနန္ဒ မြင်းမူမြို့နယ် ၂၀၀၆ ။
(၁၂)ဒေါက်တာအရှင်ဝဏ္ဏသိရီ မြောက်ဥက္ကလာပမြို့-၂၀၀၃ B.H.U တက္ကသိုလ်
(၁၃) ဒေါက်တာအရှင် ကုန္ဒက (သီတဂူ) ဒီပဲရင်းမြို့ ၂၀၀၅ ။
(၁၄) ဒေါက်တာအရှင် ညဏောသာသ ပေါင်မြို့နယ် ၂၀၀၇ ။
(၁၅) ဒေါက်တာအရှင် အဂ္ဂဓမ္မ ပေါင်မြို့နယ် ၂၀၀၇ ။
(၁၆) ဒေါက်တာအရှင် သီရိန္ဒ မှော်ဘီမြို့နယ် ၂၀၀၂ နာလန္ဒာတက္ကသိုလ်
(၁၇) ဒေါက်တာအရှင် သုန္ဒရ ဝေါမြို့နယ် ၂၀၀၂ ။
(၁၈) ဒေါက်တာအရှင် ညဏဂ္ဂ ရေနံချောင်းမြို့ ၂၀၀၃ မဂဓတက္ကသိုလ်
(၁၉) ဒေါက်တာအရှင် ၀ိလာသဂ္ဂ သရက်ချောင်းမြို့-၂၀၀၃ ။
(၂၀) ဒေါက်တာအရှင် ရေ၀တ လှည်းကူးမြို့- ၂၀၀၄ ။
(၂၁) ဒေါက်တာအရှင် ပညာဝေဓ စဥ့်ကိုင်မြို့နယ် ၂၀၀၄ ။
(၂၂) ဒေါက်တာအရှင် သောပါက မော်ကျွန်းမြို့ ၂၀၀၄ ။
(၂၃) ဒေါက်တာအရှင် ကောဝိဒါစာရ ဘိုကလေးမြို့ ၂၀၀၅ ။
(၂၄) ဒေါက်တာအရှင် ကုန္ဒက မြင်းခြံမြို့နယ် ၂၀၀၇ ။
(၂၅) ဒေါက်တာအရှင် ဃောသိတ ချောင်းဆုံးမြို့- ၂၀၀၃ ပုနေးတက္ကသိုလ်
(၂၆) ဒေါက်တာအရှင် ကိတ္တိသာရ ချောင်းဦးမြို့ ၂၀၀၇ ။
(၂၇) ဒေါက်တာအရှင် ကိတ္တဗလ စဥ့်ကိုင်မြို့နယ် ၂၀၀၇ ။
(၂၈) ဒေါက်တာအရှင် ကေ၀လ အရာတော်မြို့ ၂၀၀၇ ။
(၂၉) ဒေါက်တာအရှင် ဝေဠုရိယ ၀က်လက်မြိုံ့ ၂၀၀၄ ဘုံဘေတက္ကသိုလ်
(၃၀) ဒေါက်တာအရှင် နန္ဒက တပ်ကုန်းမြို့ ၂၀၀၅ ။
(၃၁) ဒေါက်တာအရှင် ကုန္ဒက တပ်ကုန်းမြို့ ၂၀၀၆ ။
(၃၂) ဒေါက်တာအရှင် အဂ္ဂါစာရ ညောင်လေးပင်မြို့-၂၀၀၄ ဒေလီတက္ကသိုလ်
(၃၃) ဒေါက်တာအရှင် ဓမ္မိက မင်္ဂလာဒုံမြို့ ၂၀၀၆ ဂျာဒေးပူရ်၊ကာလကတ္တား
(၃၄) ဒေါက်တာအရှင် ဇနိတ ကျွန်းလှမြို့ ၂၀၀၆ ကာလကတ္တားတက္ကသိုလ်
(၃၅) ဒေါက်တာအရှင် အာစိဏ္ဏ ခရမ်းမြို့နယ် ၂၀၀၆ ။
(၃၆) ဒေါက်တာအရှင် သောဘိတ ပန်းတနော်မြို့- ၂၀၀၇ ။
(၃၇) ဒေါက်တာအရှင် ကုန္ဒာစာရ သံဖြူဇရပ်မြို့ ၂၀၀၈ ဆန်စခရစ်တက္ကသိုလ်
(၃၈) ဒေါက်တာအရှင် ၀ါသ၀(ထားဝယ်) သရက်ချောင်းမြို့-၂၀၀၈ ။
(၃၉) ဒေါက်တာအရှင် သဇ္ဖန ခင်းဦးမြို့နယ် ၂၀၀၈ B.H.U တက္ကသိုလ်
(၄၀) ဒေါက်တာအရှင် အာသဖ ကသာမြို့နယ် ၂၀၀၈ ဘုံဘေတက္ကသိုလ်
(၄၁) ဒေါက်တာအရှင် ခေမိန္ဒာစာရ သပိတ်ကျင်းမြို့ ၂၀၀၈ ။
(၄၂) ဒေါက်တာအရှင် ကိတ္တိသာရ နွားထိုးကြီးမြို့ ၂၀၀၈ ။
(၄၃) ဒေါက်တာအရှင် စန္ဒောဘာသ တောင်သာမြို့ ၂၀၀၈ ဂျာဒေးပူရ်တက္ကသိုလ်
(၄၄) ဒေါက်တာအရှင် ဥက္ကဌ ဝေါမြို့နယ် ၂၀၀၉ မဂဓတက္ကသိုလ်


နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေသော မြန်မာရဟန်းတော်များ
အိန္ဒိယနိုင်ငံ ။ ။ ဆန်စခရစ်တက္ကသိုလ်=၆၇-ပါး
နာလန္ဒာတက္ကသိုလ်=၄၆-ပါး
မဂဓတက္ကသိုလ်=၅၁-ပါး
ဒေလီတက္ကသိုလ်=၈-ပါး
ပုနေးတက္ကသိုလ် =၂၆-ပါး
ဘုံဘေတက္ကသိုလ်=၁၃-ပါး
ဟိန္ဒူတက္ကသိုလ်=၈-ပါး
ကာလကတ္တားတက္ကသိုလ်=၁-ပါး
ဟိုက်ဒရာဘတ်တက္ကသိုလ်=၆-ပါး
နာဂဇုနတက္ကသိုလ်=၂-ပါး
ပန်ဂျာဘီတက္ကသိုလ်=၇-ပါး
ဂျမူးတက္ကသိုလ်=၁-ပါး
စုစုပေါင်း= ၂၃၆-ပါး၊ (၂၀၀၈/ ၂၀၀၉)ခုနှစ် ပညာသင်နှစ်အတွင်း
သီရိလင်္ကာနိုင်ငံ။ ။ ကေလနိယတက္ကသိုလ်(University of Kelaniya)=၁၄၈-ပါး
ဗုဒ္ဓစာပေနှင့်ပါဠိတက္ကသိုလ်(Buddhist and Pali University of Srilanka)=၇၉-ပါး
ပေရာဒနိယတက္ကသိုလ်(University of Peradaniya)=၈-ပါး
ကန္ဒိတက္ကသိုလ်=၅-ပါး
အခြားသင်တန်းများ=၇-ပါး
စုစုပေါင်း=၂၄၇-ပါး(၂၀၀၈/၂၀၀၉)ခုနှစ်ပညာသင်နှစ်အတွင်း
ထိုင်းနိုင်ငံ။ ။
မလေးရှားနိုင်ငံ။ ။
ထိုင်ဝမ်းနိုင်ငံ။ ။
ကိုးရီးယားနိုင်ငံ။ ။
အင်္ဂလန်နိုင်ငံ။ ။
အမေရိကန်နိုင်ငံ။ ။
ဂျာမဏီနိုင်ငံ။ ။

http://maungtintyin.blogspot.com မှ ကူးယူတင်ပြသည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Read more...

စာမူများပို့ပေးကြပါရန်



Read more...

ပြည်ချစ်စိတ်ကလေးပါ

ပြည်ပမှာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံအတွင်းမှာပဲ ဖြစ်ဖြစ် သူများနိုင်ငံနှင့်ယှဉ်ရင် ကိုယ့်နိုင်ငံက သာစေချင်တာ နိုင်စေချင်တာ မြန်မာပြည်သူများတိုင်းရဲ့ ချစ်စရာကောင်းတဲ့ ပြည်ချစ်စိတ်ကလေးပါ။

စီးပွားရေးမှာပဲ ဖြစ်ဖြစ် ပညာရေးဘက်မှာပဲ ဖြစ်ဖြစ် သူများနိုင်ငံကို မသာနိုင်တောင် အမီလိုက်စေချင်တာ ပြည်ချစ်စိတ်ကလေးပါ။ သီတဂူစတားတို့တက်ရောက်သင်ကြားနေသော ပူနေးတက္ကသိုလ်ကြီးသည် နိုင်ငံခြားသားကျောင်းသား အများဆုံးရှိသော တက္ကသိုလ်ကြီးဖြစ်၍ နိုင်ငံခြားကျောင်းသားများစွာနှင့် နေရသည်။ အတူနေရပြီဆိုကထဲက အရာရာတိုင်းကို စိတ်ထဲမှ ကြိတ်ပြီးပြိုင်ကြသည်။ မြန်မာနိုင်ငံကလွဲရင် အများစုနိုင်ငံက ကျောင်းသား ကျောင်းသူတွေသည် လူဝတ်ကြောင်တွေပဲ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကသည်ပင် ကျောင်းသား ၃၀၀ ကျော် ပူနေးတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေကြသည်။ ရဟန်းတော် ၂၀ ခန့်ပါဝင်သည်။ မြန်မာပြည်မှ အများစုသော ကျောင်းသားများသည် ရဟန်းတော်များသာ ဖြစ်သည်၊ ၂၀ ကျော်ရှိပါသည်၊ လူဝတ်ကြောင် ကျောင်းသားများ အနည်းငယ်မျှသာရှိပါသည်။ ဆိုလိုသည်မှာ မြန်မာကျောင်းသားများသည် သူများထက် ဥာဏ်ပိုကောင်းကြသည်၊ စာလည်းပိုကြိုးစားကြသည်။ ကိုယ်နဲ့ယှဉ်ရင် (ဌာနအတူကို ဆိုလိုပါသည်) ကိုယ့်ဘက်က သာတာများပါသည်။ ဥပမာ- ဒဿနိကဗေဒဌာနမှာ သီတဂူစတားနှင့်အတူ တက်နေသော ထိုင်းကျောင်းသားသည် သီတဂူစတားတို့ မြန်မာကျောင်းသားကို လုံးဝမမီပါ။ သူတို့က သာနေသည်မှာက ငွေရေးကြေးရေးများစွာ သုံးနိုင်ကြခြင်းပင်ဖြစ်သည်။ ထိုင်းနိုင်ငံက ကျောင်းသားတွေသည် ပိုက်ဆံချမ်းသာကြသည်။ အနောက်ဥရောပ တက္ကသိုလ်ကြီးတွေမှာလည်း ထိုင်းနိုင်ငံက ကျောင်းသားများစွာရှိကြသည်။ အိန္ဒိယလိုနိုင်ငံမှာတောင် ထိုင်းကြောင်းသားတွေ များစွာရှိသည်၊ အထူးသဖြင့် ဈေးအရမ်းကြီးသည့်တက္ကသိုလ်တွေမှာပဲ တက်လေ့ရှိကြသည်။ သီတဂူစတားသည် ရဟန်းတော်တပါးဖြစ်၍ ရဟန်းတော်များ အချင်းချင်းကိုပဲ နိုင်ယှဉ်လိုပါသည်။ ထိုင်ငံက ရဟန်းတော်များသည် မြန်မာနိုင်ငံက ပထမကြီးတန်းအဆင့်လောက်တောင် အဆင့်မရှိတဲ့ စာမေးပွဲ(အဆင့်-၉) အောင်သော ရဟန်းတော်များကို ထိုင်းဘုရင်က ထောက်ပံ့သည်၊ ထိုအထောက်အပံ့ဖြင့် ပြည်ပမှာ ကျောင်းတက်နိုင်သည်။ ဘာသာရေးကို အားပေးသည်ဆိုတဲ့ ပြယုတ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ပူနေးတက္ကသိုလ်၏ ခန်းမဆောင်ကြီးထဲမှာ ထိုင်းနိုင်ငံက ကျောင်းသား ကျောင်းသူတွေ စုစည်းပြီးး ထိုင်းနိုင်ငံ၏ ဘာသာရေးကိုင်းရှိုင်းပုံနှင့် ရိုးရာယဉ်ကျေးမှုများကို သရုပ်ပြသွားသည် အားကျစရာပင်၊ ကိုယ့်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအတွက် ဂုဏ်ယူမိပါသည်။ ထိုအပွဲအတွက် ထိုင်းသံရုံးက ရူပီး တစ်သိန်း (မြန်မာကျပ် ၂၃ သိန်းခန့်) ထောက်ပံ့သည်၊ ပညာရေးကိုလည်းအားပေးသည့် သဘောပင်။ ထိုင်းသံရုံးက သူ့နိုင်ငံသားတွေကို ဘယ်လိုအကူအညီ ပေးရမလဲဆိုတာကိုပဲ စောင့်ကြည့်နေပုံရသည်လို့ ထင်ရသည်။ အဲဒီလောက်အရာရာ ပြည့်စုံနေတဲ့ ထိုင်းကျောင်းသားတွေ မြန်မာပြည်သား ကျောင်းသားတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို မမီနိုင်။ အဲဒီအတွက်လည်း ကြံဖန်ပြီးတော့ ဂုဏ်ယူရသည်၊ ဒါလဲပဲ ပြည်ချစ်စိတ်ကလေးပါ။

ပူနေးအားကစား

၂၀၁၀ ခုနှစ် နှစ်ဦးကာလမှာ ပူနေးတက္ကသိုလ် နိုင်ငံတကာကျောင်းသား အားကစားများထဲတွင် ဘောလုံးပြိုင်ပွဲကို ဇန်န၀ါရီလ ၅ ရက်နေ့က စပြီးကျင်းပလာခဲ့ရာ ယနေ့ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ ပူနေးကျောင်းသားများက ဗီယတ်နမ်နိုင်ငံ ပူနေးကျောင်းသားများ အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အပြတ်အသက်နိုင်ခဲ့သည်၊ ၂ရက်နေ့က အီသီရိုပီးယားနိုင်ငံအသင်းကို အချိန်ပြည့်သော်လည်း တဘက်၁ ဂိုးစီ သရေဖြစ်ရာမှ ပင်နယ်လ်တီး ၄-၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဤအားကစားပွဲကို ပူနေးတက္ကသိုလ်အောက်ရှိ စင်ဘို့စ်ကောလိပ် (symbiosiscollege)က တာဝန်ယူကျင်းပေးခဲ့သည်။ ဤကဲ့သို့ မြန်မာပြည်သားများ ပညာတွင်သာ တော်သည်မဟုတ် အာကစားဘက်မှာလည်း တော်နေသည်ကို တွေ့ရသဖြင့် ၀မ်းသာလွန်း၍ ဒီပို့စ်လေးကို တင်လိုက်ရပါသည်။ ဒါလည်းပဲ ပြည်ချစ်စိတ်လေးပါ။
နှစ်ပွဲဆက်တိုက် အနိုင်ရသော ပူနေးမြန်မာကျောင်းသားများအား ဂုဏ်ပြုပါသည်။

ပြည်ချစ်စိတ်ကလေးနှင့်
သီတဂူစတား
၉-၁-၂၀၁၀

Read more...

မေခလာ ဒါယိကာထေရီ


“အို အရှင်မတို့၊ မေခလာ အမည်ရှိသော တပည့်တော်မသည် ဤကမ္တာမှ ပြန်၍ ရေသည်ရှိသော် ကိုးဆယ့်လေး ကမ္ဘာထက်၌ ပွင့်တော်မူသော ‘သိဒ္ဓတ္တ မြတ်စွာဘုရား’ ပရိနိဗ္ဗာန် စံတော်မူသောအခါ၌ ဓာတ်တော်တို့ကို ဌာပနာရန် တည်လုပ်ကြသော စေတီတွင် အမှုကိစ္စ ဆောင်ရွက်လုပ်ကိုင်ရန် အလို့ငှာ တပည့်တော်မ၏ ခါးကြိုးတန်ဆာကို ရောင်းချ၍ လှူဒါန်းခဲ့ပေ၏။ စေတီတော်တည်၍ ပြီးစီးသောအခါ၌ ခါးကြိုးတန်ဆာ တစ်ခုကို ထပ်မံ၍ လှူပြန်သည်။

“ခါးကြိုး တန်ဆာကို လှူခဲ့သော ကုသိုလ် စေတနာကြောင့် ကိုးဆယ့်လေး ကမ္ဘာပတ်လုံး တစ်ကြိမ်တစ်ခါမျှ အပယ်ဘုံသို့ ကျရောက်ခဲ့ခြင်း မရှိချေ။ ယခုဘဝ၌ တပည့်တော်မသည် ခါးကြိုးတန်ဆာကို လှူဖူးသော ကုသိုလ် ပါရမီကို အကြောင်းအရင်းပြု၍ ကိလေသာ အာသဝေါတရားတို့မှ ကင်းလွတ်သော ရဟန္တာ မိန်းမ အဖြစ်သို့ ရောက်ပါသည်။ နောက်ဘဝ၌ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း၊ ဆင်းရဲခြင်း အပေါင်းမှ လွတ်ကင်းရပေပြီ။

“ကျပ်တည်းလှစွာ ဖွဲ့ချည်ထားသော ကြိုးလွန်ကို ရုန်းဖြတ်၍ လွတ်ကင်းချမ်းသာစွာ နေရသော ဆင်မကဲ့သို့ ကျွန်တော်မသည်လည်း ကိလေသာ တဏှာရာဂ တည်းဟူသော ကြိုးလွန်ကို ဝိပဿနာ တည်းဟူသော ပညာ သန်လျက် ဓားလက်နက်ဖြင့် ဖြတ်တောက်၍ နိဗ္ဗာန်တည်းဟူသော ချမ်းသာရာ အရပ်၌ အေးမြချမ်းသာစွာ နေရပါ၏။

ဤသို့လျှင် မေခလာဒါယိကာ ဘိက္ခုနီ အရှင်မသည် မိမိ၏ အပါဒါန်တရားတော်ကို တရားနာ လာရောက်ကြသော ပုဂ္ဂိုလ်တို့အား ဟောကြားတော်မူ၍ ‘ကိလေသာ ဈာပိတာမယှံ’ အစရှိသော ဂါထာဖြင့် ဥဒါန်းကျူးရင့်တော်မူသည်။

ဤမေခလာဒါယိကာထေရီ ဂါထာ ဒုက၌ မေတ္တိကာအမည်ရှိသော ရာဇဂြိုဟ်ပြည်သူ ဖြစ်ကာ ဂိဇ္ဈကုဋ် တောင်ထွတ်နေရာသို့ တက်၍ ရဟန္တာ ဖြစ်တော်မူ၏။




Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP