* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, January 6, 2010

ကံသုံးပါး နှင့် အေးမြ၏ မေးမြန်းချက်။

မေး။ ။ အေးမြ: ကံသုံးပါးတို့တွင် မည်သည့်ကံကို ထိန်းရခက်ပါသလဲဘုရား။ ဘာကြောင့် ထိန်းရခက်တာပါလဲဘုရား။
ဖြေ။ ။ ကိုယ့်ဖြင့်ပြုလုပ်သော ကာယကံ၊ နုတ်ဖြင့်ပြောဆိုသော ဝစီကံ၊ စိတ်ဖြင့်ကြံစည်သော မနောကံ-ဟူ၍ ကံသုံးပါးတို့တွင်၊ မနောကံသည် ပြုလည်းပြုလွယ်၍ ထိန်းသိမ်းရလည်း အလွန်ပင်ခက်ခဲပါသည်။ အဘယ်ကြောင့်ဟူမူကား= စိတ်သည် လက်ဖျစ်တစ်ချက် အတွင်း မြောက်များစွားသော ကြံစည်းတွေးတိုးမှူများကိုလုပ်ဆောင်နိုင်သည်၊ ကမ္ဘာကိုလည်းပတ်နိုင်သည်၊ မည့်သည်အလုပ်ကိစ္စကိုမဆို စိတ်သည်သာလျှင် အရင်းခံဖြစ်သည်အားလျှော်စွာ၊ ထိန်းသိမ်းရ အခက်ဆုံးသော ကံတစ်ခုဖြစ်လေသည်။ ၄င်း မနောကံကို ထိန်းသိမ်းနိုင်လျှင်၊ ကာယကံနှင့် ဝစီကံကိုလည်း ထိန်းသိမ်းပြီးဖြစ်လေသည်။
စိတ္တေန နီယတေ လောကော- လောကကြီးကို စိတ်ကသာလျှင် ဦးဆောင်လေသည်။

SI SI ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်ပါသည်း

Tuesday, January 5, 2010

မေး။ ။ si si: ဘယ်လို အကြောင်းအရာမျိုးတွေ လုပ်မိပြောမိရင် ၀ဋ်လိုက်တတ်ပါသလဲ သူငယ်ချင်း တစ်ယောက်ဟာ သူ့ကောင်လေးနဲ့ လက်မထပ်ရသေးဘဲ တူတူသွားနေမလို့ လုပ်တာကို အမျိုးမျိုး ပြောဆို တားမြစ်မိပါတယ်။ ဒါပေမယ့်မရပါဘူး။ ပြောပြီးမှ လန့်သွားတာက တပည့်တော်မနဲ့ တပည့်တော်မ ကောင်လေးရဲ့ ကြားမှာ သွေးထိုး အနှောက်အယှက်တွေ ၀င်လာမှာစိုးမိတာပါ။ ဆိုလိုတာ သူ့လို သွားနေတာမျိုး မဟုတ်ပါဘူး သူများကို မနေဖြစ်အောင် ပြောမိတဲ့အတွက် ကိုယ်နဲ့ ကိုယ့်ချစ်သူကြားမှာလဲ အနှောက်အယှက် ၀င်ပြီး ၀ဋ်လိုက်တတ်ပါသလားလို့ ။

ဖြေ။ ။ လူတစ်ဦးတစ်ယောက်၏ ပျော့ကွက် ဟာကွက်ကို ထုတ်ဖော် ပြောဆိုပြီး အနိုင်ယူမိလျှင် ဝဋ်လိုက်တတ်သည် ဟူ၍ အလွယ်အားဖြင့် မှတ်ထားသင့်ပါသည်။ ပြုပြင်စေလိုသော စေတနာဖြင့် လမ်းညွန်ပြလျှင်ကား ဝဋ်လိုက်နိုင်စရာ အကြောင်းမရှိပေ။ မိမိ၏ ပြုပြင်စေလိုသော စေတနာဖြင့် တားမြစ်ပိတ်ပင် ခြင်းကို တစ်ဖက်လူက အထင်မှားပြီး၊ မိမိနှင့် မိမိ၏ ချစ်သူတို့ကြားမှာ မလိုလားအပ်သော ကြားစကားများ ဝင်လာနိုင်ပါသည်။ သို့သော် မိမိမှာမူ ကောင်းစေလိုသော စေတနာနှင့် ပြောဆိုသည်ဖြစ်၍၊ သံသရာအတွက် ဝဋ်မလိုက်နိုင်ပေ။

အေးမြ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်ပါသည်။

မေး။ ။ အေးမြ: ဘုန်းဘုန်းတို့ဘုရား-ရဟန်းဟု အဘယ်ကြောင့် ခေါ်ဆိုထိုက်ပါသနည်း။ ရဟန်းတရားတော်နဲ့ အညီ နေထိုင်ကျင့်ကြံနေနိုင်ပါလျှင်လည်း လူကိုရော ရဟန်းခေါ်ဆိုထိုက်သည်ဟု ကြားဖူးနားဝရှိပါသောကြောင့် မေးလျှောက်ထားရခြင်းဖြစ်ရပါသည်ဘုရား၊
သူတော်ကောင်းတရားတို့နင့်အညီ နေထိုင်ခြင်းကိုပါ ရှင်းပြပေးပါရန် လျှောက်ထားလိုက်ရပါတယ်ဘုရား။
ဘုန်းဘုန်းတို့အားလုံးကို လေးမြတ်စွာ ဦးချကန်တော့အပ်ပါတယ်ဘုရား။

ဖြေ။ ။ ကျင့်ဆဲဖြစ်သော ရဟန်း၊
ကျင့်ပြီးသော ရဟန်း၊
ကျင့်ဆဲကျင့်ပြီး မဟုတ်သော ရဟန်း၊ ဟူ၍ ရဟန်း အမျိုးမျိုးရှိလေသည်၊ တစ်ချို့သော ပါဠိတော်များ၌ကား ရဟန်းဟု ခေါ်ဝေါ် ပညတ်ခြင်းကြောင့် ရဟန်း၊ ဆွမ်းခံစားလေ့ရှိသော သဘောကြောင့် ရဟန်း၊ အကုသိုလ် အယုတ်တရားတို့ကို ဖျက်ဆီးတတ်သောကြောင့် ရဟန်း၊
အကုသိုလ် အယုတ်တရားတို့ကို ဖျက်ဆီးပြီးသောကြောင့် ရဟန်း၊ အဆင့်ဆင့်အားဖြင့် ကိလေသာတို့ကို ပယ်တတ်သောကြောင့် ရဟန်း၊
တစ်ပြိုင်နက်အားဖြင့် ကိလေသာတို့ကို ပယ်တတ်သောကြောင့် ရဟန်း၊ဟူ၍ အဓိပ္ပါယ် ဖွင့်ဆိုကြလေသည်။ မည်သို့ပင် ဖွင့်ဆိုသည်ဖြစ်စေ ရဟန်းဆိုသည်မှာ ‘‘ဉတ္တိစတုတ္တကမ္မဝါစာ” ဖြင့် မြတ်စွာဘုရား၏ အဆုံးအမနှင့်အညီး ညီညွတ်သော သံဃာထုက ဆုံဖြတ်၍သမုတ်ပေးလိုက်သော ပုဂ္ဂိုလ်ကို ရဟန်းဟုခေါ်လေသည်။
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် မည်မျှပင် ရဟန်းတရားနဲ့ ညီအောင်နေစေကာမူ အထက်က ဖော်ပြခဲ့သော‘‘ဉတ္တိစတုတ္တကမ္မဝါစာ” ဖြင့် ရဟန်းခံမပေးပါက ရဟန်းဟူ၍ မခေါ်နိုင်ဟု မှတ်ပါ။ သို့သော= လူဝတ်ကြောင်ဖြင့်ပင်လျှင် ကျင့်ကျန်အားထုတ်၍ ရဟန္တာဖြစ်နိုင်ပါသည်၊ မြတ်စွာဘုရား၏ ဖခမည်းတော်သည်လည်း လူဝတ်ကြောင်နဲ့ ပင် ရဟန္တာဖြစ်သွားလေသည်။ သို့သော် လူဝတ်ကြောင် သုဒ္ဓေါဓန မင်းကြီးအား ရဟန်းဟူ၍ မခေါ်နိုင်ပေ။
သဒ္ဓါ-သီလ-သုတ-စာဂ-ပညာ-ဟိရီ-သြတပ္ပ တည်းဟူုသော သူတော်ကောင်းတရားများနဲ့ ပြည့်စုံလျှင် သူတော်ကောင်းတရားတို့နှင့် အညီနေထိုင်ခြင်း ဖြစ်ပါသည်။
သဒ္ဓါ-ကံ ကံ၏ အကျိုးကိုယုံကြည်ခြင်း။ သီလ-ငါးပါးသီ ရှစ်ပါးသီလ တို့နှင့်ပြ့ည်စုံခြင်း။ သုတ-အကြားအမြင် ဗဟုသုတနှင့်ပြည့်စုံခြင်း။ စာဂ-စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းနှင့်ပြည့်စုံခြင်း။ ပညာ- အမြော်အမြင်ဥာဏ်ပညာနှင့်ပြည့်စုံခြင်း။ ဟိရီ-မကောင်းမှူများမှ ရှက်ခြင်း။ သြတပ္ပ-မကောင်းမှူမှ ကြောက်ခြင်း။

Read more...

သုမေဓာထေရီ အပိုင်း-၃ အဆက်


ဤသို့သော စကားဖြင့် ပြောပြ၍ အနိကရတ္တ မင်းသားအား သုမေဓာမင်းသမီးက ဆုံးမသြဝါဒပေး၍ စေလွှတ်လိုက်၏။ အနိကရတ္တမင်းသည် ပြာသာဒ်ပေါ်မှ ဆင်းသွားပြီးလျှင် တောင်းပန်၍ သုမေဓာ၏ ခမည်းတော် မယ်တော်တို့အား ပြောပြ၏။ ခမည်းတော် မယ်တော်တို့မှာ ကြံရာမရတော့၍ နန်းရင်ပြင် မြေအပြင်၌ ငိုကြွေးကြရာ အနိကရတ္တမင်းလည်း ရောနှော ငိုလေတော့သည်။ ထိုအခါ သုမေဓာမင်းသမီးသည် ရွှေနန်းတော် ပြာသာဒ်တံခါးကို ဖွင့်၍ ဤသို့ တရားဟောကြားပေ၏။

“အို မယ်တော် ခမည်းတော်၊ အကြိမ်ကြိမ် အခါခါ ငိုကြွေးကြကုန်၍ ဖြစ်ခြင်း ပျက်ခြင်းကို မသိမမြင် ကုန်သော ပုထုဇဉ်တို့အား ဖြစ်ပျက် ပြောင်းလဲ ဖောက်လှဲဖောက်ပြန် အဖန်ဖန် အခါခါ သံသရာ၌ ကျင်လည် ဖြစ်ပျက်ရခြင်းသည် အလွန် ရှည်ကြာလှ၏။ အစမထင်သော သံသရာ၌ အဖေသေ၍ ငိုရသော မျက်ရည်၊ မောင်သေ၍ ငိုရသော မျက်ရည်၊ အမိသေ၍ ငိုရသော မျက်ရည်၊ သမီးသေ၍ ငိုရသော မျက်ရည်တို့ မဟာသမုဒ္ဒရာ လေးစင်းမက များကြောင်းကို မြတ်စွာဘုရား ဟောတော်မူသော ‘အနမတဂ္ဂသုတ်’ တရားတော်ကို အောက်မေ့ကြပါကုန်လော့။

“ပဋိသန္ဓေနေ၍ မွေးလာတိုင်း စို့ရသော အမိ နို့ရည်သည် သံသရာရှည်ကြာစွာ ဘဝပေါင်းများစွာ ရှိ၍ လေးစင်းသော သမုဒ္ဒရာရေထက် များကြောင်းကို အောက်မေ့ကြလေကုန်။ တစ်ခုသော ကမ္ဘာ၏ အတွင်း၌ ဝေပုလ္လတောင်လောက် အရိုးစုများ များပြားအောင် သေရခြင်းကိုလည်း အောက်မေ့ကြပါကုန်။

“အို မယ်တော် ခမည်းတော်တို့၊ ဤ ဇမ္ဗူဒီပါကျွန်း ပထဝီမြေကြီးကို အလုံးစုံ ရွှံ့ဖြစ်အောင် ရေဖြင့်နယ်၍ ဆီးစေ့လောက် အလုံးကလေးတွေ လုံးကာ ထားပြီးလျှင် ရှေးရှေးဘဝ သံသရာက အမိဖြစ်ဖူးသော သူဟူသ၍ကို တစ်လုံးစီ ပေးပါက ဆီးစေ့မျှ လုံးထားသော ဇမ္ဗူဒီပါ မြေကြီးသည်သာ ကုန်၍ သွားရာ၏။ အမိဖြစ်ဖူးသူတို့ မကုန် မကုန်နိုင်ရာ။

“ဤသူသည် ရှေးဘဝ၌ အမိဖြစ်ဖူးသည် တစ်လုံးယူ၍ပေး၊ ဤသူသည် အမိဖြစ်ဖူးသည် ဟူ၍ တစ်လုံးယူ၍ပေး၊ ဤသို့ စသည်ဖြင့် ရှေးဘဝသံသရာ အဆက်ဆက် အမိဖြစ်ဖူးသူတို့ကို စေ့ငအောင် တစ်လုံးစီ ပေးလျှင် ပထဝီ မြေကြီးကုန်၍ သွားရာ၏။ ရှေးရှေးဘဝ သံသရာဝယ် အမိ မဖြစ်ဖူးသော သူကို ရှာ၍ ရခဲကြောင်း မရနိုင်ကြောင်းကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုတရားကို အောက်မေ့ကြဘိလော့။

“ဇမ္ဗူဒီပါ တစ်ကျွန်းလုံး၌ ရှိသော မြက်နွယ် သစ်ပင်ငယ် သစ်ပင်ကြီး ဟူသမျှတို့ကို အကုန်လုံးခုတ်၌ လေးသစ်ခန့် အတိုအစ အပိုင်းကလေးတွေ ပြုလုပ်၍ ထားပြီးလျှင် ရှေးရှေးဘဝသံသရာက အဖဖြစ်ဖူးသူ ဟူသမျှကို တစ်ခုစီပေးပါက လက်လေးသစ်ရွယ် ဖြတ်ထားသော သစ်ပင်တို့သာ ကုန်သွားရာ၏။ ရှေးရှေးဘဝ သံသရာက အဖ မဖြစ်ဖူးသောသူသည် မရှိနိုင်။ ဤသို့ ဘုရား ဟောတော်မူသည်ကို အောက်မေ့ကြပါကုန်။

“အို မယ်တော် ခမည်းတော်တို့၊ မြတ်စွာဘုရား ဟောတော်မူသော လိပ်ကန်းကြီး ဥပမာကိုလည်း ဆင်ခြင်ကြည့်ပါဦးလော့။ မဟာသမုဒ္ဒရာ၏ အရှေ့ဘက်ကမ်းအရပ်မှ လိပ်ကန်းကြီးတစ်ကောင်ကို လွှတ်၍ထား၊ မဟာသမုဒ္ဒရာ အနောက်ဘက်ကမ်း အရပ်မှ လည်ပင်း တပ်စရာ အပေါက် တစ်ပေါက်သာရှိသော ထမ်းပိုးကို ချ၍ထား။ အနှစ်တစ်ရာပြည့်မှ တစ်ခါတစ်ခါ ရေပေါ်သို့ ပေါ်၍လာသော လိပ်ကန်းကြီး၏ လည်ပင်း၌ ထမ်းပိုးပေါက်သည် စွပ်မိရာ၏။ လူ၏အဖြစ် လူ၏ဘဝကို အလွန်ရခဲ၏။ လူ၏ဘဝ၌ တရားကို အားထုတ်မှ အိုခြင်း သေခြင်း လွတ်ရာ နိဗ္ဗာန်တရားကို ရနိုင်၏။ တိရစ္ဆာန်ဘဝ၌ တရားအားထုတ်၌ နိဗ္ဗာန်ကို မရနိုင်ချေ။

“ရေမြှုပ်လုံးနှင့် တူသော ရုပ်တရားကိုလည်း အောက်မေ့ကြပါကုန်လော့။ ဤကိုယ်သည် အနှစ်သာရ ဘာမျှ မရှိ။ ရေမြှုပ်ခဲ ရေမြှုပ်လုံးကြီး၌ ခိုင်မာသော အနှစ်သာရကို ရှာ၍ မရနိုင် သကဲ့သို့ ဤကိုယ်၌ ခိုင်မာ၍ အမြဲတည်သော ရုပ်တရားကို ရှာ၍ မရနိုင်ပေ။ ဖြစ်မမြဲ ပျက်မမြဲ ပြောင်းလဲ ဖြစ်ပျက်သော ခန္ဓာငါးပါး အနိစ္စတရားကို အောက်မေ့ကြပါဘိ။ အနမတဂ္ဂ သံသရာ၌ ဆင်းရဲစွာ ငရဲခံရခြင်းတို့ကိုလည်း အောက်မေ့ကြပါကုန်လော့။

“သံသရာကာလ ထိုထိုဘဝ၌ အခါခါသေ၍ သင်္ချိုင်းမြေ တိုးပွားမြားမြောက်သည်ကိုလည်း အောက်မေ့ကြပါကုန်လော့”

သုမေဓာမင်းသမီးသည် မယ်တော် ခမည်းတော်တို့အား မြတ်စွာဘုရား ဟောတော်မူသော အနမတဂ္ဂသုတ် တရားတော်ကို အကျဉ်းချုံး၍ ဟောပြပြီးနောက် တိုင်းပြည်အလုံးစုံကို အပ်နှင်း၍ မိဖုရားကြီးအရာ၌ ထားခြင်းဖြင့် ကာမဂုဏ် စည်းစိမ်ကို ပေးအပ်သော အနိကရတ္တမင်းကိုလည်း ဤသို့ ဟောပြန်၏။

(သုမေဓာထေရီ အပိုင်း-၃ အဆက်အား တင်ပါမည်)

☺ပြီးပါပြီရှင်...။


Read more...

လု…လူ…လူး…

“မနုဿ”ဟူသော ပါဠိစကားလုံးကို “လူ“ဟု မြန်မာပြန်ဆိုကြ၏။ လူသည် ရုပ်နာမ်နှစ်ပါးဖြင့် ဖွဲ့စည်းထားသည့် သတ္တ၀ါများတွင် ပါဝင်သည့် သတ္တ၀ါတစ်မျိုး ဖြစ်၏။ သို့သော် သာမန်သတ္တ၀ါကား မဟုတ်။ ဘုန်းကံကြီးမားသည့် သတ္တ၀ါ၊ တန်ဘိုးရှိသည့် သတ္တ၀ါ၊ အသိဉာဏ်ရှိသည့် သတ္တ၀ါ၊ အရာရာကို ရအောင်လုပ်နိုင်သည့် သတ္တ၀ါ ဖြစ်၏။ ထို့ကြောင့် ရုပ်နာမ်နှစ်ပါး ပိုင်ဆိုင်ထားသော သတ္တ၀ါချင်းတူသော်လည်း လူဟူသော သတ္တ၀ါ၏ ဘ၀သည် အမြင့်မြတ်ဆုံးဘ၀၊ ရခဲသည့်ဘ၀၊ ကိုယ်ပိုင်အစွမ်းဖြင့် အစစအရာရာကို ရယူနိုင်သည့်ဘ၀၊ အမြင့်ဆုံးသို့ တတ်လှမ်းနိုင်သည့်ဘ၀ဟု ဆိုကြခြင်းဖြစ်၏။ ဗုဒ္ဓစာပေတွင် လူ့ဘ၀သည် ရခဲ့သည့် ဒုလ္လဘတစ်ခု ဖြစ်ကြောင်း၊ အကောင်းဆုံး သုဂတိဘ၀တစ်ခု ဖြစ်ကြောင်း၊ စကြာဝတေးမင်း အဖြစ်မှသည် အနှိုင်းမဲ့ သဗ္ဗညုတ ဘုရားအဖြစ်အထိ လူဘ၀ဖြင့် ရယူနိုင်ကြောင်း၊ ကံ ဉာဏ် ၀ီရိယ သုံးမျိုးလုံး ညီညွတ်စွာဖြင့် ကြိုးစားနိုင်ပါက လူသည် မဖြစ်နိုင်သည့်အရာ မရှိကြောင်း စသည်ဖြင့် ဖော်ပြထားချက်များ ရှိ၏။ ဆိုလိုသည်မှာ လူသည် သတ္တ၀ါများထဲတွင် အမြင့်မြတ်ဆုံးနှင့် စွမ်းအားအရှိဆုံး သတ္တ၀ါဖြစ်ပြီး လူ့ဘ၀သည်လည်း အဖိုးတန်ဆုံး ဘ၀တစ်ခု ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်၏။

မှန်၏။ လူ့ဘ၀ကို ရလာကြသည့် လူများသည့် ကံကောင်းသည့် သူများဖြစ်၏။ မိမိဘ၀ကို ကြိုးစားမှု၊ စူးစမ်းဆင်ခြင်မှုနှင့် လုပ်ဆောင်မှုတို့ကို အရင်းတည်၍ မိမိလိုသလို ဖန်တီးတည်ဆောက် နိုင်သဖြင့်လည်း လူ့ဘ၀သည် တန်ဘိုးရှိသည့် ဘ၀၊ မြင့်မြတ်သည့် ဘ၀ဟု ဆိုခြင်းဖြစ်၏။ လူနှင့် တိရိစ္ဆာန်တို့သည် သတ္တ၀ါဟူသော အခေါ်အဝေါ်ချင်းတူသော်လည်း အကျိုးပေးချင်း ကွာခြား၏။ ဘ၀တည်ဆောက်ပုံချင်း ကွာခြား၏။ လူနှင့် တိရိစ္ဆာန်တို့ကို မဆိုထားလင့်၊ လူလူချင်းပင်လျှင် အကျိုးပေးချင်း ကွာခြား၏။ ဘ၀ရရှိလာကြပုံချင်း ကွာခြား၏။ အတိတ်ကံ၏ အကျိုးပေးကြောင့် အချို့လူများသည် ချမ်းသာသည့် နိုင်ငံ၊ ချမ်းသာသည့် မိသားစု၊ ချမ်းသာသည့် မိဘညီအစ်ကို မောင်နှစ်မ ဆွေမျိုးမိတ်သင်္ဂဟ အသိုင်းအ၀ိုင်းတွင် လူလာဖြစ်ကြ၏။ သို့သော် လူနှင့်မတူသည့် လူ၊ အသိဉာဏ် မရှိသည့်လူ အဖြစ် မွေးဖွားလာခဲ့ရ၏။ အချို့ကား ဆင်းရဲသည့် နိုင်ငံ၊ မိသားစု၊ မိဘဆွေမျိုး ညီအစ်ကို မိတ်ဆွေအပေါင်းအသင်းများတွင် လူလာဖြစ်ကြ၏။ သို့သော် လူပီသသည့်လူ၊ အသိဉာဏ်ရှိသည့် လူအဖြစ် မွေးဖွားလာခဲ့၏။ အချို့ကား ချမ်းသာသည့် နိုင်ငံ၊ မိသားစု အသိုင်းအ၀ိုင်းစသည်တို့နှင့် ပြည့်စုံသည့်အပြင် အသိပညာနှင့် ပြည့်စုံသည့် လူအဖြစ် မွေးဖွားခဲ့ကြ၏။ နှစ်ဘက်စုံသည့် လူအဖြစ် မွေးဖွားလာခဲ့၏။ အချို့သည်ကား နှစ်ဘက်လုံး ချို့သည့်လူအဖြစ် မွေးဖွားခဲ့ကြ၏။ ဤသည်မှာ လူချင်းတူသော်လည်း အကျိုးပေးချင်း ကွားခြားမှု၏ သက်သေပင်ဖြစ်၏။ တစ်နည်းဆိုရသော် အတိတ်ကံ ဖန်တီးပေးမှု၏ ရလာဘ်ပင်ဖြစ်၏။ အတိတ်အကျိုးသည် ထိုမျှလောက်သာ ဖြစ်၏။ အတိတ်ကံ၏ အကျိုးပေးမှုသည် လူတစ်ဦး မွေးဖွားလာသည့် ရုပ်လက္ခဏာအသွင်အပြင်၊ အသိုင်းအ၀ိုင်း၊ နေရာဒေသ ကောင်း မကောင်းမျှလောက်သာ ဖြစ်၏။ ထိုသူ၏ ဘ၀အဆင့်အတန်းမြင့်မှု၊ အသိပညာတိုးပွားမှု၊ ပစ္စုပ္ပန် သံသရာ ကြီးပွားမှုတို့အတွက်ကား ထိုသူ၏ ယခုဘ၀ လုပ်ဆောက်နေသည့် အလုပ်၊ အသိဉာဏ်ပညာနှင့် ကြိုးစားအားထုတ်မှု အပေါ်တွင် မူတည်သွားတော့၏။ ဆိုလိုသည်မှာ လူ့ဘ၀ကို ရရှိလာခြင်းသည် အတိတ်ကံ၏ အကျိုးပေးမှုနှင့် သက်ဆိုင်သွားပြီး ရရှိလာသည့် လူ့ဘ၀တွင် လူပီသစေရန်နှင့် ပစ္စုပ္ပန် သံသရာကောင်းစေရန်၊ ဘ၀တိုးတက်မှု ရစေရန်တို့အတွက်ကား ထိုသူ၏ လက်ရှိကံ ဉာဏ် ၀ီရိယ သုံးမျိုးအပေါ်တွင်သာ ပဓာနဖြစ်ကြောင်း ဆိုလို၏။ ရရှိလာသည့် လူ့ဘ၀ကို ဉာဏ်၊ ၀ီရိယတို့နှင့် ပေါင်းစပ်ပြီး စေတနာကောင်းဖြင့် အလုပ်လုပ်မှုသည်သာ လူပီသသည့် လူဖြစ်ရန် အဓိကကျကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

လူသည် ဘုန်းကံကြီးမားပြီး အရာရာကို ဖန်တီးနိုင်သည့် သူဖြစ်သော်လည်း ကံ ဉာဏ် ၀ီရိယတို့ကို အသုံးပြုပြီး ရရှိလာသည့် ဘ၀ကို တန်ဘိုးရှိအောင် အသုံးမပြုနိုင်လျှင် လူပီသသည့် လူဟု မဆိုနိုင်ပေ။ အချို့ လူ့ဘ၀ကို ရလာသော်လည်း ရရှိလာသည့် ဘ၀ကို ဖြစ်သလို နေပစ်လိုက်ကြ၏။ အရာရာကို ဖန်တီးနိုင်သည့် လူ့ဘ၀တွင် မိမိလိုချင်သည့် ပုံစံမဖန်တီးဘဲ တန်ဘိုးမဲ့သည့် လူအဖြစ် ဖြုန်းတီးပစ်လိုက်ကြ၏။ ကြိုးစားလျှင် ဖြစ်နိုင်သည့် ဘ၀ကို မကြိုးစားဘဲ ကံကိုသာ အပြစ်ပုံချလိုက်ကြ၏။ ကံ မကောင်းပါဘူးဟုဆိုကာ မိမိ၏ ပစ္စုပ္ပန် အစွမ်းကို မေ့ထားလိုက်ကြ၏။ ဉာဏ်နှင့် ၀ီရိယကိုပယ်ကာ အတိတ်ကံ မကောင်းလို့သာ ဒီလိုဘ၀မျိုး ဖြစ်နေရတာဟု ဘာမှမလုပ်ဘဲ မခိုင်လုံသည့် အကြောင်းပြများကိုသာ အဖော်ပြုနေကြတော့၏။ စင်စစ် လူအဖြစ် မွေးဖွားပေးလိုက်မှုသည်ပင် အတိတ်ကံ၏ အကျိုးပေးမှု ပြီးဆုံးသွား၏။ ပစ္စုပ္ပန် တိုးတက်ရန်အတွက်ကား ပစ္စုပ္ပန်မှာ လုပ်ရမည့် လူ၏ တာဝန်သာ ဖြစ်၏။ အမှန်အားဖြင့် ကံဟူသည်မှာ အလုပ်ကိုပင် ဆိုခြင်းဖြစ်၏။ အလုပ်ကောင်းလျှင် ကံကောင်းမည်ဖြစ်ပြီး အလုပ်ဆိုးလျှင်ကား ကံဆိုးမည်သာ ဖြစ်၏။ ထို့ကြောင့် ကံ၏အကျိုးပေးကောင်းကို လိုချင်လျှင် ဉာဏ်ဝီရိယနှင့်သာ ကြိုးစားရယူရန် လိုအပ်ပေ၏။ ဉာဏ်ဝီရိယ ရှိပါမှ ကံကကူညီမည်ဟု ဆိုသည့်အတိုင်း စေတနာကောင်းပါသည့် ဉာဏ်ဝီရိယနှင့် ကြိုးစားလျှင် ကံလည်းကောင်းလာမည်သာ ဖြစ်ပါ၏။ ထိုသဘောကို မေ့နေကြသဖြင့် အချို့လူများသည် လူဖြစ်လာသော်လည်း လူနှင့်မတူသည့်အပြင် ရရှိလာသည့် ဘ၀တွင်လည်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အစစအရာရာ လုနေကြရတော့၏။ ထို့ကြောင့် ထိုသူများကို လူဟုမခေါ်ကြဘဲ “လု”ဟုသာ ခေါ်ကြလေ၏။ ဘ၀မှာ “လု“နေရသည့် အရာများဖြင့်သာ အချိန်ကုန်နေကြရသောကြောင့် လူဖြစ်သော်လည်း လူမပီသသည့် လူ၊ တစ်နည်းအားဖြင့် လုနေရသည့် လူဟုခေါ်ကြခြင်း ဖြစ်၏။

သို့ဆိုလျှင် ထိုသူများသည် ပစ္စုပ္ပန်ဘ၀မှာပင် ထိုသို့ဘ၀ကို လုနေကြရလျှင် သံသရာအတွက်ကား မည်သို့ဖန်တီးကြမည်နည်း။ ယခုဘ၀မှာပင် ဘ၀ကို ဖြစ်သလိုနေကာ အချည်းနှီးကုန်ဆုံး သွားသူများသည် သေပြီးနောက်ဘ၀များတွင်လည်း ဘ၀ကူး ကောင်းမည်မဟုတ်လှပေ။ အစစအရာရာ လုနေကြရသည့် ဘ၀တွင် ကုသိုလ်ကောင်းမှုအတွက်လည်း လုနေကြရမည်သာ ဖြစ်၏။ ဉာဏ်နှင့်ယှဉ်သည့် ကြိုးစားအားထုတ်မှု အလုပ်မပါသည့် သူများသည် စားဝတ်နေရေးများတွင်လည်း အဆင်ပြေမှုမရှိနိုင်သည့်အပြင် မည်သူနှင့်ယှဉ်ယှဉ် အမြဲနောက်ကျနေတတ်ကာ အရာအားလုံးအတွက် လု၍သာ နေကြရတတ်၏။ ထိုသို့ ဘုန်းကံကြီးမားသည့် လူ့ဘ၀တွင် လုနေကြရသည့် သူများသည် ကုသိုလ်ကောင်းမှုအတွက်လည်း လုနေကြရသဖြင့် နောင်ဘ၀သံသရာတွင်လည်း လူးနေရတတ်ပေ၏။ လူးသည်ဟူသည် ဘ၀တွင် မည်သည့်အရာမျှ အတည်တကျ မရှိဘဲ ဟိုရောက်ဒီရောက်၊ ဟိုဖြစ်ဒီဖြစ်၊ ဟိုကျဒီကျ ဘ၀များဖြင့် ဘ၀သံသရာ အောက်အောက်ဘုံများတွင်သာ လူးလွင့်နေတတ်သည်ကို ဆိုခြင်းဖြစ်၏။ ထို့ကြောင့် လူဖြစ်သော်လည်း ကံဉာဏ်ဝီရိယကို အရင်းတည်ကာ လူပီသအောင် မလုပ်နိုင်သဖြင့် စားဝတ်နေရေး ကုသိုလ်ရေးများတွင် လုနေကြရသည့် သူများသည် နောင်ဘ၀သံသရာတွင်လည်း အောက်အောက်ဘုံဘ၀များတွင်သာ လူးလွင့်နေတတ်သဖြင့် ထိုသူများကို လူပီသသည့် လူဟုမခေါ်နိုင်ဘဲ “လူး”ဟုသာ ခေါ်ကြခြင်း ဖြစ်၏။

စင်စစ်လူဟူသည် ကံဉာဏ်ဝီရိယကို အရင်းတည်ကာ အကြောင်းအကျိုး အကောင်းအဆိုးကို ပိုင်းခြားဝေဖန် စိစစ်နိုင်သူကိုသာ လူဟုခေါ်၏။ တစ်နည်းအားဖြင့် ကုသိုလ်အကုသိုလ်ကို သိသူကိုသာ လူဟု ခေါ်ဆိုနိုင်၏။ ကုသိုလ်အကုသိုလ် အကျိုးအကြောင်းကို သိရန်မှာလည်း အသိပညာ ရှိမှသာဖြစ်၏။ အသိဉာဏ်ပညာ မရှိလျှင် စူးစမ်းဆင်ခြင်နိုင်မှုလည်း မရှိနိုင်သည့်အပြင် အကောင်းအဆိုးကိုလည်း ခွဲခြားနိုင်စွမ်း မရှိနိုင်ပေ။ ထို့သို့ လူဖြစ်လာပြီး အသိဉာဏ်မရှိပါလျှင် လူသည်လည်း တိရစ္ဆာန်များအတိုင်းပင် ဖြစ်နေတတ်ပေသည်။ တိရစ္ဆာန်များသည်လည်း အိပ်ကြ၊ စားကြ၊ ကာမဂုဏ် မှီဝဲကြသည်များကို ပြုလုပ်ကြသကဲ့သို့ အသိဉာဏ်ပညာ မရှိသည့် လူများသည်လည်း ထိုသုံးမျိုးနှင့်သာ အချိန်ကုန်နေတတ်သဖြင့် လူဖြစ်နေသော်လည်း လူမပီသသည့်သူ၊ တစ်နည်းအားဖြင့် “လူ့တိရစ္ဆာန်” ဟု ခေါ်ဆိုကြ၏။ ဤသဘောကို လယ်တီဆရာတော်ဘုရားကြီးက “မေထုန်မှီ အိပ်စားလို့၊ ယောက်ျားနှင့် နွားမှာ၊ ပြည့်စုံကုံလုံရှိပါ၏။ သိပညာ တတ်တပါး၊ နွားထက်ပိုသာ၊ တတ်ပညာ ချို့ရှာချေက၊ လူမိုက်ခေါင် ထိုယောက်ျားကို၊ နွားဟုဆိုရ“ဟု စပ်ဆိုကာ သတိပေးတော်မူခဲ့၏။ မှန်၏။ မေထုန်မှီဝဲခြင်း၊ အိပ်ခြင်း၊ စားခြင်းများကို လူများလည်း လုပ်ကြသကဲ့သို့ တိရစ္ဆာန်များလည်း လုပ်ကြ၏။ လူသည်ကား အသိပညာရှိခြင်း တစ်ခုသာ တိရစ္ဆာန်နှင့် သာသည့် အချက်ဖြစ်၏။ ထိုသာသည့် အသိပညာပါ မရှိလျှင်ကား ထိုလူသည် အထည်ကိုယ်အားဖြင့် လူဟုဆိုနိုင်သော်လည်း လူမပီသသည့် လူ၊ တစ်နည်းအားဖြင့် အသိဉာဏ်မရှိသည့် သတ္တ၀ါ၊ တစ်နည်းအားဖြင့် လူ့တိရစ္ဆာန်ပင် ဖြစ်လေတော့၏။ ထို့ကြောင့် အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်သည့် လူ့ဘ၀ကို ရရှိနေကြသည့် လူများသည် လူပီသသည့် လူများဖြစ်စေရန် ဉာဏ်နှင့်ယှဉ်သည့် ကြိုးစားအားထုတ်မှုဖြင့် စေတနာကောင်းပါသည့် အလုပ်များကိုသာ လုပ်ဆောင်နေထိုင်ရန်လိုကြောင်း ဆိုခြင်းဖြစ်၏။ ဆိုလိုသည်မှာ ကံဉာဏ်ဝီရိယကို လက်ကိုင်ထားသည့် လူဖြစ်ရန် နေထိုင်မှသာ လူဟုဆိုကြောင်း ဆိုလိုရင်းဖြစ်ပါ၏။

အချုပ်အားဖြင့် လူ့ဘ၀သည် အရာရာကို ဖန်တီးနိုင်စွမ်းရှိသည့် ဘ၀၊ အမြင့်မြတ်ဆုံးသော ဘ၀၊ တန်ဘိုးအရှိဆုံးသော ဘ၀ဖြစ်သော်လည်း ထိုဘ၀ကို အချည်းနှီးသောဘ၀၊ ပစ္စုပ္ပန် သံသရာ အစစအရာရာတွင် လု့နေရသည့် ဘ၀၊ မကောင်းသည့် လုပ်ရပ်များကြောင့် မကောင်းသည့် ဘုံဘ၀များတွင်သာ လူးနေရသည့် ဘ၀များအဖြစ် ပြောင်းလဲပစ်နိုင်သည်မှာလည်း လူသာလျှင် ဖြစ်သဖြင့် လူသားများသည် လူပီသသည့် လူများဖြစ်စေရန်၊ လုနေရသည့် လူများမဖြစ်စေရန်နှင့် လူးနေရသည့် လူများမဖြစ်စေရန် အသိဉာဏ်ပညာပါသည့် ကြိုးစားအားထုတ်မှုကို လက်ကိုင်ထားကာ စေတနာကောင်းဖြင့် မိမိလိုချင်သည့်အရာကို ရအောင်ကြိုးစားရန်သာ ဖြစ်သည်ဟူသည့် အချက်ပင်ဖြစ်၏။ ထို့ကြောင့် ရရှိလာသည့် တန်ဘိုးရှိသည့် လူအဖြစ်ကို လုရင်း၊ လူးရင်းဖြင့် အချိန်မကုန်ကြစေဘဲ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ ကုသိုလ် အကုသိုလ်ကို သိရှိကာ လိုက်နာကျင့်သုံးပြီး စေတနာကောင်းပါရှိသည့် လုပ်ရပ်များဖြင့် လူပီသသည့် လူများဖြစ်အောင်သာ ကြိုးစားကြရန် ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် အသိပေးတိုက်တွန်း လိုက်ရပါသည်။ အားလုံး လူပီသသည့် လူများ ဖြစ်ကြပါစေ…



Read more...

မဟာစည်ဆရာတော်နှင့်ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၃) - စာရေးသူ (အရှင်) သာမဏေကျော်

မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၃) -
စာရေးသူ (အရှင်) သာမဏေကျော်



၈ ။ ။မေး။ ။သရုပ်သချာင်္ဖြင့် ဆင်ခြင်၍ သိရုံမျှဖြင့် နာမရူပပရိစ္ဆေဒဥာဏ်အစစ် ဖြစ်ပါသလား။

ဖြေ။ ။ သရုပ်သချာင်္ဖြင့် ဆင်ခြင်၍ သိရုံမျှဖြင့် နာမရူပပရိစ္ဆေဒ ဥာဏ်အစစ်မဖြစ်။ တကယ်ဖြစ်ပေါ်နေသော ရုပ်နာမ်တို့ကို ရှုမှတ်နေစဉ် သိစရာရုပ်နှင့် အသိစိတ်နာမ် တခြားစီ ခွဲခြား၍ သိမှသာ နာမရူပပရိစ္ဆေဒဥာဏ်အစစ် ဖြစ်ကြောင်း မှတ်သားကြရမယ်။ (ဓမ္မစကြာတရားတော်ကြီး)

ကိုယ်ပိုင်အသိဥာဏ်က ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်မှ ဖြစ်တယ်။ ကြံတွေး ကြည့်ရုံနဲ့တော့ မဖြစ်ဘူး။ လောကီစိတ်က ၈၁ ခုနဲ့ စေတိသိက် ၅၂ ခုက နာမ်၊ ရုပ် ၂၈ ခုက ရုပ်၊ ဒီနာမ်ရုပ် ၂ ပါးမျှသာ ရှိတယ် လို့ ဒီလိုဆင်ခြင်ကြံတွေးကြည့်တာကတော့ သညာသိပဲ။ ကိုယ်ပိုင်ဥာဏ်ပညာသိမဟုတ်ဘူး။ စဉ်းစားကြည့်ပါ။ လောကီစိတ် ၈၁ ခုဆိုတာ ဘယ်ကစိတ်တွေလဲ။ မိမိသန္တန်မှာ အကုန်လုံးဖြစ်ဖူးရဲ့လား။ မဟဂ္ဂုတ်ကုသိုလ် ကြိယာစိတ်တွေဟာ ဈာန်ရပုဂ္ဂိုလ်တွေ သန္တန်မှာသာ ရှိတယ်။ ကာမာဝစရ ကြိယာဇောစိတ်တွေတောင်မှ ရဟန္တာပုဂ္ဂိုလ်၏ သန္တန်မှာသာ ရှိတယ်။ မိမိသန္တန်မှာ မရှိတဲ့ အဲဒီစိတ်တွေကို အမှန်တကယ်သိနုင်ပါ့မလား။ ရုပ် ၂၈ ခုထဲမှာလည်း ဣထိဘာဝရုပ်ဆိုတာ မိန်းမတို့သန္တန်မှာသာ ရှိတယ်။ အဲဒီရုပ်ကို ယောကျာ်းတွေ ကိုယ်တိုင်တွေ့အားဖြင့် သိနိုင်ပါ့မလား။

အဲဒီလိုမသိနိုင်တာတွေကို ဆင်ခြင်ပြီး သိတာဟာ ပရမတ်အစစ်ကို သိတာ ဟုတ်ပါ့မလား။ အမည်ပညတ်လောက် သိနေတာ မဖြစ်ပေဘူးလား။ "ပရမတ်တရားတို့၏ အမည်ပညတ်မျှကိုသာ သိခြင်းဖြစ်ပါတယ်"လို့ ရိုးသားစွာ ဖြေရပေလိမ့်မယ်။ အဲဒီလို ပညတ်ကိုသိရုံနဲ့ နာမရူပပရိစ္ဆေဒဥာဏ်အစစ် မဖြစ်ဘူးဆိုတာကတော့ ရှင်းနေပါပြီ။ ဒါကြောင့် ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမှတ်တဲ့သူတွေမှာ အောက်ဆုံးအခြခံ ၀ိပဿနာပညာဖြစ်တဲ့ နာမရူပပရိစ္ဆေဒဥာဏ်တောင် မရှိနိုင်ဘူး။ ၀ိပဿနာပညာ ကင်းမဲ့နေကြတယ်။ (သလ္လေခသုတ်တရားတော်ကြီး)


၁၁။ ။ မေး။ ။ပထမစပြီး ၀ိပဿနာရှုကတည်းက အနိစ္စ စသည်ကို သိမြင်ပါသလား။

ဖြေ။ ။ ၀ိပဿနာ ယာနိက၏ ရှုပုံကိုတော့ ဣဓ၊ ဤသာသနာတော်၌၊ ဧကစ္စော ပန၊ အချို့ယောဂီသည်ကား။ ၀ုတ္တပကာရံ၊ ဆိုခဲ့သော အပြားရှိသော။ သမထံ၊ ဥပစာရသမာဓိနှင့် ဈာန်သမာဓိဟူသော သမထကို။ အနုပ္ပါဒေတွာဝ၊ မဖြစ်စေမူ၍သာလျှင်။ ပဉ္စုပါဒါနက္ခန္ဓေ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို။ အနိစ္စာဒီဟိ။ အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့်။ ၀ိပဿတိ၊ ရှု၏။ အယံ၊ ဤရှုခြင်းသည်။ ၀ိပဿနာ၊ ၀ိပဿနာပေတည်းလို ပြဆိုထားတယ်။

ဒီမှာလည်း ဥပစာရသမာဓိ၊ ဈာန်အပ္ပနာသမာဓိကို မဖြစ်စေတော့ဘဲ ဥပါဒါနက္ခန္ဓာငါးပါးကို ပထမစပြီး ရှုကတည်းက အနိစ္စစသည်ကို သိမြင်တယ်လို့တော့ မယူရဘူး။ နီဝရဏ ကိလေသာ စိတ်ကူးတွေ မကင်းသေးရင် ရုပ်နာမ်တို့၏ သဘာဝလက္ခဏာတောင် ကောင်းကောင်း မသိနိုင်သေးပါဘူး။ နီဝရဏကိလေသာ စိတ်ကူးတွေကို ကင်းစေနိုင်တဲ့ ၀ိပဿနာ ခဏိက သမာဓိ ကောင်းကောင်းဖြစ်ဖို့ လိုပါတယ်။ အဲဒီခဏိက သမာဓိ ဖြစ်တဲ့အခါကျမှ နီဝရဏ ကိလေသာစိတ်ကူးတွေ ကင်းပြီး စိတ္တ၀ိသုဒ္ဓိဖြစ်တယ်။

စိတ္တ၀ိသုဒ္ဓိဖြစ်တဲ့အခါကျမှ ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကို ကောင်းကောင်းကြီးသိပြီး နာမရူပပရိစ္ဆေဒဥာဏ်ဖြစ်တယ်။ အဲဒီကနောက် အကြောင်းအကျိုးကို သိတဲ့ ပစ္စယပရိဂ္ဂဟ ဥာဏ်ဖြစ်ပြီးတော့ အနိစ္စစသည်ကို သိတဲ့ သမ္မသနဥာဏ် စသည်ဖြစ်တယ်။ အဲဒီလို ဖြစ်ပုံက ၀ိသုဒ္ဓိမဂ်မှာ အကျယ်ပြထားပြီး ရှိနေတဲ့အတွက် ဒီအဋ္ဌကထာမှာတော့ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စစသည်တို့ဖြင့် ရှုတယ်လို့ အကျဉ်းချုပ်ပြထားတယ်လို့ မှတ်ရမယ်။

အဲဒီလိုမယူဘဲနဲ့ စပြီးရှုကတည်းက အနိစ္စစသည်ကို သိမြင်တဲ့ဥာဏ်ဖြစ်တယ်လို့ ယူရင် ၀ိသုဒ္ဓိမဂ်နဲ့ဆန့်ကျင်တယ်။ ၀ိသုဒ္ဓိ ၇ ပါး ဖြစ်စဉ်နဲ့လည်း ဆန့်ကျင်တယ်။

ဆန့်ကျင်ရင် အစစ်အမှန်မဟုတ်ဘူး။ အတုအယောင် အမှားပေါ့။ (ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်)


၁၂။ ။ မေး။ ။တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲ ဖြစ်ပျက်ဖြစ်ပျက် ဆိုရုံမျှဖြင့် တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဥာဏ်အစစ် ဖြစ်နိုင်ပါသလား။

ဖြေ။ ။ ရုပ်နာမ် အစစ်ရဲ့ သဘော အထည်ကိုယ်ကို မတွေ့ရသေးဘဲနဲ့ အဲဒီအဖြစ်အပျက်ကို မသိမြင်နိုင်ဘူး။ ဥပမာ လျှပ်ရောင် လက်နေတုန်း မကြည့်မိ မမြင်မိပါဘဲနဲ့ အဲဒီလျှပ်ရောင်ရဲ့ ပေါ်လာပုံ ဖြစ်ပုံကို သိနိုင်ပါ့မလား။ မသိနိုင်ပါဘူး။ အဲဒါလိုပဲ ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမသိပါဘဲ အဲဒီရုပ်နာမ်၏ အဖြစ်အပျက်ကို မသိနိုင်ဘူးဆိုတာ သိနားလည်ထားကြရမယ်။ ဒါကြောင့် တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲနဲ့ ဖြစ်ပျက်ဖြစ်ပျက်ဆိုနေရုံမျှဖြင့် တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဥာဏ်အစစ် မဖြစ်ဘူး။ ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်ပြီး တကယ်ဖြစ်ပျက်သွားပုံကို တွေ့ပါမှ တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဥာဏ်အစစ်ဖြစ်တယ်ဆိုတာကိုလည်း ကိန်းသေမှတ်ထားကြရမယ်။ (ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်)


စာရေးသူ-(အရှင်)သာမဏေကျော်



Read more...

နတ်သဘင် အစည်းအဝေးသို့

နတ်သဘင် အစည်းအဝေးသို့ သွားနေသော ဘုမ္မစိုးနတ် မောင်နှမသုံးဦးအား ရှင်သံကိစ္စမထေရ်သည် သူ၏ တန်ခိုးတော်ဖြင့် လူထွက်ချင်သော ရဟန်းတော်လေးအား မြင်စေသည်။

ရှေ့ဆုံးမှ ဘုမ္မစိုးနတ်မင်းသည် ကိုယ်ရောင်ကိုယ်ဝါ ထည်ဝါစွာဖြင့် ဆင်ယာဉ် ကို စီး၍ ကြွပါတယ်။ ဒုတိယ ဘုမ္မစိုးနတ်မင်းလည်း တောက်ပသော ကိုယ်ရောင်ကိုယ်ဝါဖြင့် အဿတိုရ်မြင်း ကိုစီး၍ ကြွပါတယ်။ နောက်ဆုံးမှ နတ်သမီးသည် ရွှေထမ်းစင် ပေါ်တွင်စံမြန်းလျက် နတ်သဘင်အစီးအဝေးသို အသီးသီးကြွမြန်း ကြလေ တယ်။ထိုနတ်သုံးပါးကိုမြင်တွေ့ရသည်မှာ လွန်ကျက်သရေရှိပါတယ်။

ထို နတ်သုံးပါးနောက်တွင်တော့ ပြိတ္တာနှစ်ဦး သည် တစ်ဦးနှင့် တစ်ဦး တင်းပုတ်နှင့် ရိုက်နှက် နေကြသည်။ ထိုသို့ တင်းပုတ်နှင့် ရိုက်နှက်နေကြသဖြင့် ဖြစ်ပေါ်လာသော အဖုအပိန့်များကို ထိုးဖောက်၍ ယိုစီးကျလာသော သွေးများ၊ပြည်ဖုများ ကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လုယက်စားသောက် ကြရသည်။ ပြီးလျှင် ရှေ့မှသွားနေသော နတ် ၃ပါးနောက်မှ အပြေးအလွှားလိုက်ကြသွားကြလေသည်။

ရဟန်းတော်ကလေးဟာ နတ်သုံးပါးနှင့် ပြိတ္တာနှစ်ဦးကို မြင်တွေ့သောအခါ လွန်စွာ အံ့သြ ထိတ်လန့်သွားပါတယ်။ အဲဒီအခါ ရှင်သံကိစ္စမထေရ်က ငါ့ရှင်.....မြင်သလား..။ မြင်ပါတယ်....ဘုရား။ ဒါဆို ဒီ ငါးဦး ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်တွေကို သင်မေးမြန်းပါ လို့ပြောပါတယ်။

ရဟန်းတော်လေးလည်း အသင် ရုက္ခစိုး၊ ဘုမ္မစိုးနတ်မင်းတို့....သင်တို့ဟာ တင်တယ်လှပပြီး ဆင်မြင်း ရွှေဝေါတွေရဲ့ အပေါ်မှာ စီးခွင့်ရတယ်။ နောက်က ပြိတ္တာနှစ်ဦးကတော့ တစ်ဦးနဲ့ တစ်ဦး ရိုက်နှက်ပြီး ထွက်လာတဲ့သွေးပြည်တွေကို စားနေရတယ်။ အဲဒါ ဘယ်လို အကုသိုလ်ကြောင့်လဲ ပြောပြပါဦး လို့မေးပါတယ်။

နတ်သုံးပါးက...
အရှင်ဘုရား၊ ဘာကြောင့်ဆိုဆာ အနောက်မှာပါလာတဲ့ ပြိတ္တာနှစ်ဦး ကိုသာမေးပါတော့ဘုရား။ ဒီအခါ ရဟန်ငယ်လည်း ပြိတ္တာနှစ်ဦးထံချဉ်းကပ်ပြီး မေးမြန်းပါတယ်။

အသင်တို့ သင်တို့ဟာ ရုပ်ရည် ရှုပကာယလည်း ကြောက်စရာကောင်းလှပါတယ်။ သင်တို့ကိုကြည့်ရတာလည်း ဆာလောင်မွတ်သိပ်နေပုံရတယ်။ တင်းပုတ်နဲ့ ရိုက်နှက်ပြီး သွေးပြည်ပုပ်တွေကို စားကြရင်း အရှေ့ကသွားနေတဲ့ ဘုမ္မစိုးနတ် သုံးပါးနောက်က အပြေးအလွှားလိုက်နေရတယ်။ သင်တို့ရဲ့ အကုသိုလ်ဟာ ကြီးမားလိုက်တာ၊ ဘယ်လိုအကုသိုလ်တွေများလုပ်ခဲ့သလဲ...။ ရှေ့က နတ်သုံးပါးကတော့ သင်တို့နဲ့ဆန်ကျင်ဘက်ပါပဲ။ ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာနဲ့ ဆင်ယာဉ်၊ မြင်းယာဉ်၊ ရွှေထမ်းစင်တို့နဲ့ သွားခွင့်ရကြတယ်။ အဘယ်သို့သော ကုသိုလ်တွေပြုခဲ့ပါသလဲ....။

ပြိတ္တာတစ်ဦးက
အရှင်ဘုရား တပည့်တော်တို့ဟာ အရှင်ဘုရားရဲ့ ဦးလေး နဲ့ အဒေါ် တော်စပ်ပါတယ်။ အရှေ့က သွားနေတဲ့ ဘုမ္မစိုးနတ်သုံးပါဟာ တပည့်တော်ရဲ့သားသမီးတွေပါ။ အကျွန်ပ်တို့ အိမ်ပြိုကျတဲ့အတွက် မိသားစုအားလုံး သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။

အကျွန်ုပ်တို့ရဲ့သားကြီးဟာ မိတ်ဆွေဖြစ်သူ ဥပါသကာရဲ့ကျေးဇူးကြောင့် ဗုဒ္ဓဘုရားနဲ့သံဃာတော်များကို ဆွမ်းလောင်းလှူခဲ့တယ်၊ တရားတော်ကို မပြတ်နာကြားပြီး တရားရဲ့အဆုံးအမမှာပျော်မွေ့နေခဲ့တယ်။ သားငယ်သမီးငယ်တို့ဟာလည်း အစ်ကိုကြီးရဲ့ ကျေးဇူးနဲ့ အလှူဒါန ကောင်းမှုကုသိုလ်တွေပြုခဲ့တယ်။ ဒါကြောင့် ဘုမ္မစိုးနတ်ဘ၀ကို ရပြီးစည်းစိမ်ချမ်းသာ ကိုခံစားရတယ်။

အကျွန်ုပ်တို့ လင်မယားကတော့ မိစ္ဆာဒိဋ္ဌိ အယူဝါဒရှိတဲ့အတွက် အလှူဒါနမရှိ၊ ကောင်းမှုကုသိုလ် မရှိတဲ့အတွက် ပြိတ္တာ ဘ၀သို့ ရောက်ခဲ့ရပါတယ်ဘုရား...။

ရဟန်းတော်လေးလည်း ပြိတ္တာတို့စကားကို ကြားရသောအခါ လွန်စွာ ထိတ်လန့် သံဝေဂရ သွားသည်။ ရေပွက်ပမာ ခဏတာ လူဘ၀လေးမှာ ငါဟာ လူထွက်ဖို့ကြိုးစားခဲ့တယ်။ ငါမှားခဲ့တယ်။ တရားကိုကြိုးစားအားထုတ် တော့မယ် ဟုဆုံးဖြတ်ကာ အရှင် သံကိစ္စမထေရ်ကို ရှိခိုးတောင်းပန်ပြီး မြတ်သော အကျင့်ကို ကျင့်ပါတော့မယ်ဘုရား ကမ္မဌာန်းတရားပေးသနားတော်မူပါဘုရား ဟု လျောက်ထားပါတယ်။ ရဟန်းတော်လေးဟာ တရားကို ကြိုးစားအားထုတ်ရာ ရဟန္တာအရှင်မြတ်ဘ၀သို့ရခဲ့ပါတယ်။

ထိုပုံဝတ္တုလေးကိုဖတ်ရခြင်းအားဖြင့်.... ဗုဒ္ဓဘာသာဝင် တစ်ဦးသည် ဗုဒ္ဓအဆုံးအမတော်များကို လက်တွေ့လိုက်နာ ကျင့်သုံးရပေမည်။ ရခဲလှ သော လူ့ဘ၀တွင် ဒါန သီလ ဘာဝနာ တို့ကို ဖြည့်ကျင့် ဆည်းပူးပြီး သံသရာမှ လွတ်မြောက်အောင် ကြိုးပမ်းအားထုတ် ရပါမည်။ ဘုရားရှင်၏ သာသနာတော်နှင့်လည်း ကြုံတွေ့နေခိုက်...တရားတော်များကိုလည်း နာကြားကြရသည့် ရခဲလှသော ရေပွက်ပမာဘ၀ အခိုက်အတန့် လေး တွင် ဘုရားရှင်၏ အဆုံးအမနည်းလမ်းများကို အမြဲမပြတ် လိုက်နာသင့်သည်။

အနှစ်သုံးပါး
ပစ္စည်းဥစ္စာ၊ အနှစ်ရှာ၊ ပြုပါ ဒါန မှတ်
မိမိခန္ဓာ၊ အနှစ်ရှာ၊ စောင့်ပါ သီလ မှတ်
အသက်ဇီဝါ၊ အနှစ်ရှာ၊ ဘာဝနာ ဟုမှတ်
လှူပါ၊ စောင့်ပါ၊ ပွားများပါ သုံးဖြာ အနှစ်မှတ်
(တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး)

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


Read more...

အလှူစင်ကြယ် ၊ မစင်ကြယ်

ကြည်ညိုဖွယ်ကောင်းတဲ့ အလှူခံပုဂ္ဂိုလ်ဆိုတာ ရခဲတယ်။ အလှူခံပုဂ္ဂိုလ်ရှိပင်ရှိသော်လည်း ကိုယ့်မှာလှူဖွယ်ပစ္စည်းမရှိလို့ မလှူဖြစ်တာလဲရှိတယ်။ လှူဖွယ်ပစ္စည်းတော့ရှိပါ၏၊ ကြည်ညိုဖွယ်ကောင်းတဲ့ အလှူခံပုဂ္ဂိုလ်နဲ့ မဆုံလို့ မလှူဖြစ်တာလဲရှိတယ်နော်။ လှူဖွယ်ပစ္စည်းကလဲမရှိဘူး၊ အလှူခံပုဂ္ဂိုလ်နဲ့လဲ မကြုံလို့ မလှူဖြစ်တာလဲရှိတယ်နော်၊ မရှိဘူးလား။

အလှူဒါနမှာ အလှူဒကာ သီလရှိရင် အလှူခံက ဒုဿီလဖြစ်နေပေမယ့် ထိုအလှူသည် အလှူဒကာကြောင့် စင်ကြယ်လို့ အကျိုးကြီးနိုင်ပါတယ်။ နောက်တစ်ခါ အလှူဒကာက ဒုဿီလဖြစ်ပေမယ့် အလှူခံက သီလနဲ့ ပြည့်စုံပါက ထိုအလှူသည် အလှူခံပုဂ္ဂိုလ်ကြောင့်စင်ကြယ်လို့ အကျိုးကြီးဖြစ်နိုင်ပါတယ်။ နောက်တစ်ခါ အလှူဒကာကလဲ ဒုဿီလ၊ အလှူခံပုဂ္ဂိုလ်ကလဲ ဒုဿီလဖြစ်ခဲ့လျှင် ထိုအလှူသည် နှစ်ဦးစလုံးမစင်ကြယ်လို့ အကျိုးမကြီးနိုင်ဘူး၊ ဟုတ်ပြီလား၊ နောင်တစ်ခါ အလှူဒကာကလည်း သီလရှိ၊ အလှူခံပုဂ္ဂိုလ်ကလဲ သီလရှိခဲ့လျှင် ထိုအလှူသည်နှစ်ဦးစလုံး အထူးစင်ကြယ်လို့ ပို၍အကျိုးကြီးနိုင်တယ်နော်။

ဓမ္မဒူတ-အရှင်ပညာဇောတ ၏ ထာဝရ ဓမ္မဒိုင်ရာရီ မှကောက်နှုတ်ချက်

Read more...

စေတီ တန်ခိုး ပြခြင်း

မိလိန္ဒမင်းကြီး အမေး ၊ အရှင်နာဂသိန် အဖြေဖြစ်ပါသည်…

“ဘန္တေ နာဂသေန- အလုံးစုံသော ဘုရားရှင်တို့၏ စေတီ၌ တန်ခိုးပြာဋိဟာ ပြပါသလော”

“မဟာရာဇာ- အချို့သော စေတီ၌ ပြ၍ အချို့သော စေတီ၌ မပြပါ”

“ဘန္တေ – ဘယ်ကဲ့သို့ စေတီ၌ပြ၍ ဘယ်ကဲ့သို့ စေတီ၌ မပြသနည်း”

“မဟာရာဇ – ရဟန္တာ , နတ်ဒေ၀ါနှင့် သဒ္ဓါတရား ထက်သန်သူ ဤသုံးဦးတို့ အဓိဋ္ဌာန်ပြုသောကြောင့် ဘုရားရှင်တို့၏ စေတီ၌ တန်ခိုးပြာဋိဟာ ပြသည်။ ရဟန္တာသည် နတ်လူတို့အား အစဉ်သနားသဖြင့် ရပ်တည်တော်မူလျက် ” ဤမည်သော တန်ခိုးပြာဋိဟာသည် ဤစေတီ၌ ဖြစ်စေသတည်း ” ဟု အဓိဋ္ဌာန်ပြုသည်။ နတ်တို့သည် လူတို့အား အစဉ်သနားသဖြင့် စေတီ၌ ဤတန်ခိုးပြာဋိဟာဖြင့် သူတော်ကောင်းတရားတည်းဟူသော သာသနာသည် အမြဲချီးမြှောက်အပ်သည် ဖြစ်လိမ့်မည် ။ လူတို့ ကြည်ညို၍ ကုသိုလ်တိုးပွားလိမ့်မည်ဟု အဓိဋ္ဌာန်ပြု တန်ခိုးပြာဋိဟာ ပြသည်။ နောက်တစ်မျိုးမှာ မိန်းမဖြစ်စေ ၊ ယောက်ျားဖြစ်စေ ရတနာသုံးပါး၌ ကြည်ညိုသော ပညာရှိသည် ပန်းနံ့သာ ၊ အ၀တ်ပုဆိုးစသော လှုဖွယ်ဝတ္ထုကို တင်မြှောက်၍ ဤသို့သော တန်ခိုးပြာဋိဟာ ပြပါစေ သတည်းဟု အဓိဋ္ဌာန်သည် ။ မင်းကြီး – ဤသုံးဦး၏ ထိုသို့ အဓိဋ္ဌာန်ပြုခြင်းမရှိက တန်ခိုးမပြနိုင်ပါ။ ထို့ပြင် ရဟန္တာတို့၏ စေတီ၌လည်း တန်ခိုးပြခြင်းမရှိပါ”

ကျမ်းကိုး။ ။ မိလိန္ဒပဉှာ ၊ ရေးသားပြုစုသူ —> ဦးသော်ဇင်

မိလိန္ဒပဉှာသည် အမှန်တကယ်ပင် မိလိန္ဒအမည်ရှိသော မင်းကြီးက မေး၍ အရှင်နာဂသေန အမည်ရှိသော ရဟန်းတပါးက ဖြေဆိုသော အမေးအဖြေကျမ်းဖြစ်သည်ဟု ယူဆရန် ခက်လှပါသည် ဟု ရေးသားပြုစုသူ ဦးသော်ဇင်က ဆိုပါသည် ။ သို့သော် ငါတို့ထံသို့ စားသောက်ဖွယ်ရာများ အဆင်သင့်ရောက်ရှိနေပါသည် ။ ယင်းတို့သည် ပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်ပြီး အမွှေးအကြိုင်တို့ဖြင့် လှိုင်နေ၏ ။ ငါတို့လည်း ဆာလောင်မွတ်သိပ်၍ စားသောက်ချင်ကြပါသည် ။ အိမ်ရှင်ကလည်း သဒ္ဒါကြည်ဖြူ ပေးလှုနေသည် ။ သို့သော်လည်း ငါတို့သည် မစားမသောက်ကြသေးပါ ။ ဤအကြောင်းကား ထိုစားသောက်ဖွယ်တို့ကို စီရင်ပြုလုပ်သူ၏ သမိုင်း အတ္ထုပတ္တိကို မသိရသေးသောကြောင့်ဖြစ်သည် ။ ယင်းသို့ မဖြစ်သင့်ပါ ။ အသင့်ဖြစ်နေပါသော မိလိန္ဒပဉှာ၏ အနှစ်သာရကို အပြည့်အ၀ ခံစားသင့်ကြပါသည် ။ ထိုတွင် အရိုးအရင်းတွေ့ပါက ဖယ်ပစ်လိုက်ရုံသာ ဟုလည်း ဆိုထားပါသည် ။

Read more...

တန်ဖိုးမ့ဖတ်နိုင်သော မွေးနေ့လက်ဆောင်

လွန်ခဲ့သော ၂-နှစ်အချိန်က တပေါင်းလဆန်း နံနက်ခင်း တရက်တွင် ဖြစ်သည်။ ကျွန်မတို့ ညီအမသည် ညီမဖြစ်သူ၏ မွေးနေ့ဖြစ်၍ ဟင်္သာတမြို့ လယ်တီကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ခမာဝုဓကို နံနက်ဆွမ်းအမီ အချိုပွဲကပ်လှူရန်အတွက် သွားရောက်ဖူးတွေ့ခဲ့ကြပါသည်။

ကျွန်မတို့ရောက်ရှိချိန်တွင် ဆရာတော်ကြီးသည် တပါးတည်း ကုလားထိုင်ပေါ်၌ သီတင်းသုံးနေသည်ကို ဖူးတွေ့ရသည်။ တကျောင်းလုံးမှာလည်း ဘာသံမှမကြားရ။ တိတ်ဆိတ်ငြိမ်သက်နေသည်။ မလှမ်းမကမ်းတွင် ဦးပဉ္ဇင်းလေးတပါးကသာ ဆရာတော်ကြီးအတွက် လိုရာဆောင်ရွက်ပေးရန် ရှိနေသည်ကို တွေ့ရသည်။

ဆရာတော်ကြီးအား ရှိခိုးကန်တော့ပြီးသည်နှင့်-တပည့်တော် ဒကာကြီး ဦးမြင့်ရဲ့ သမီးပါဘုရား၊ တပည့်တော်ရဲ့ ညီမမွေးနေ့မို့ ဆရာတော်ဘုရားနဲ့ စာချသံဃာတော်များအတွက် ဆနွင်းမကင်းဖုတ်ပြီး အချိုပွဲ လာကပ်တာ ပါဘုရား-ဟု လျှောက်ထားလိုက်ပါသည်။
ဆရာတော်ကြီးက ကျွန်မတို့ကို မှတ်မိသည့်ပုံဖြင့် ပြုံး၍ ခေါင်းညိတ်တော်မူပါသည်။

ဆရာတော်ဘုရား အုန်းနို့နဲ့မှ တည့်ပါ့မလားလို့ တပည့်တော် တွေးမိပြီး စိုးရိမ်နေပါတယ်ဘုရား-ဟု ကျွန်မက ထပ်လျှောက်လိုက်သောအခါတွင်-
ငါ အကုန်စားတယ်။ မတည့်တာ ဘာမှ မရှိဘူး-ဟု ပြန်ပြီး မိန့်တော်မူသဖြင့် ကျွန်မမှာ စိတ်အေးသွားပါသည်။ ၄င်းနောက် ဆရာတော်ကြီးက-

မွေးနေ့အတွက် လာလှူတာဆိုတော့ မွေးနေ့လက်ဆောင် ပေးရမှာပေါ့။ သားသမီးရဲ့ ၀တ္တရားငါးပါးထဲမှာ လှုမျှဝေ၍ ဆိုတာ ပါတယ်မဟုတ်လား။
ပါပါတယ် ဘုရား။
အေး-နင်တို့မှာ အခုဆိုရင် မိဘနှစ်ပါးလုံး မရှိကြတော့ဘူး။ ဒါကြောင့် နင်တို့ရဲ့ မိဘတွေအတွက် ရည်စူးပြီး အလှူဒါန လုပ်ပြီးတိုင်း အမျှအတန်းပေးဝေရမယ်။ ငွေကုန်ကြေးကျခံပြီး အလှူကြီး အတန်းကြီး လုပ်နိုင်မှ မဟုတ်ဘူး။ နေ့စဉ် နံနက် ဘုရားရှိခိုးတိုင်း သောက်တော်ရေလေး တခွက်၊ ပန်းလေးတပွင့်၊ ဖယောင်းတိုင်လေး တတိုင်၊ ဆွမ်းလေး တပွဲ၊ ကပ်လှူပြီးတိုင်း ကိုယ်ပြုသမျှ ဒါန သီလကုသိုလ်ကို မိဘတွေအတွက် မမေ့မလျော့ဘဲ အမျှအတန်း ပေးဝေရမယ်။

ပုထုဇဉ်တွေဖြစ်တဲ့အတွက် ဘုန်းကြီး ရဟန်းတောင်မှ လားရာဂတိက မမြဲဘူး။ ပြောလို့မရဘူး။ ဒါကြောင့် အလှူဒါန နည်းတာ များတာက အဓိက မဟုတ်ဘူး။ ကိုယ်လှူသမျှ ဒါနလေးကို မိဘအတွက် အမြဲသတိရပြီး အမျှဝေဖို့က အဓိကပဲ။ မိဘတွေ သက်ရှိထင်ရှားရှိစဉ်တုန်းမှာ ပြုစုလုပ်ကျွေးရုံနဲ့တင် မလုံလောက်သေးဘူး။ သေပြီးတဲ့နောက်မှာလည်း တတ်နိုင်သလောက် ကိုယ်နေ့စဉ်လှူသမျှကို အမျှပေးဝေနေရတယ်။

ပန်းတပွင့်၊ ရေတခွက်၊ ဆွမ်းတပွဲဟာ ဘာမှ မတတ်နိုင်စရာ မရှိဘူး။ မလုပ်နိုင်စရာ မရှိဘူး။ အကယ်၍ နင်တို့ရဲ့ မိဘတွေဟာ လားရာဂတိ မမြဲတဲ့အတွက် မကျွတ်မလွတ်သေးတဲ့ဘ၀ တခုခုမှာများ ရောက်ရှိနေခဲ့မယ်ဆိုရင် နင်တို့လှူဒါန်း အမျှဝေတဲ့အတွက် ကြုံကြိုက်ခဲ့ရင် သာဓုခေါ်ဆိုနိုင်ပြီး ကောင်းရာသုဂတိ ရောက်သွားမယ်။ သိပ်ပြီး အကျိုးများမယ်။

ဘယ်လောက်ကြာအောင် လှူဒါန်းပြီး အမျှဝေရမလဲဆိုရင်တော့ နင်တို့ မသေမချင်း လုပ်ရမယ်။ ဒါမှ သားသမီးဝတ္တရား ကျေမယ်။ ကဲ ဒါဟာ ငါ့ရဲ့ မွေးနေ့ လက်ဆောင်ပဲ။

ဆရာတော်ဘုရား ချီးမြှင့်တော်မူသော မွေးနေ့လက်ဆောင် တရားတော်-ကို မမျှော်လင့်ဘဲ ကြားနာလိုက်ရ သဖြင့် ကျွန်မတို့ ညီအမမှာ ကြက်သီးမွှေးညင်းများထလောက်အောင်ပင် ၀မ်းသာပီတိ ဖြစ်ရပါသည်။
ဆရာဘုရားကြီး၏တပည့်ရင်း ဒကာရင်း ဖြစ်သော ကွယ်လွန်သူ မိဘများကိုလည်း သတိရပြီး မျက်ရည်လည်မိပါသည်။

ကျွန်မတို့ ညီအမအား-တန်ဖိုးမဖြတ်နိုင်သည့် မွေးနေ့လက်ဆောင်-ချီးမြှင့်တော်မူခဲ့သော ကျေးဇူးတော်ရှင် ဓမ္မာနုဓမ္မ မဟာဒွါရ နိကာယဂိုဏ်း သာသနာပိုင်ဆရာတော်ကြီး ဘဒ္ဒန္တခမာဝုဓသည် သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် ၉၂-နှစ်၊ သိက္ခာတော် ၇၂-၀ါအရ၊ ၁၃၆၄-ခု တော်သလင်း လပြည့်ကျော် ၇-ရက် (၂၀၀၂-ခုနှစ် စက်တင်ဘာလ ၂၈-ရက်) စနေနေ့ ညနေ ၆-နာရီ ၃၁-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါပြီ။

သို့ပါသော်လည်း ဆရာတော်ဘုရားကြီး ဟောကြားချီးမြင့်တော်မူခဲ့သည့်-တန်ဖိုးမဖြတ်နိုင်သည့် မွေးနေ့လက်ဆောင်-တရားတော်မှာ ကျွန်မတို့ရင်ထဲတွင် တသက်လုံး မမေ့နိုင်အောင် စွဲငြိခိုဝင်လျက် ရှိနေပါတော့သည်။

( မြနှင်းအေး-ဟင်္သာတ)


Read more...

ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၃)

ရေးသားသူ ထူးပ ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၆၊ ၂၀၁၀

မဟာဆွေတော်စဉ်သည်ကား ကပိလဝတ်ပြည့်ရှင် ဇယသေန မင်းကြီး၏သား သီဟ ဟနုမင်း နှင့် ဒေဝဒဟ ပြည့်ရှင် သြက္ကာကရာဇ်မင်း၏ သမီး ဘဒ္ဒကဉ္စနာ တို့ကို စုံဖက်ရာမှ သားတော် သုဒ္ဓေါဒန မင်းကြီးကို ဖွားမြင်သည်။ ကပိလဝတ် ထီးနန်းကို သီရိမဟာ မာယာဒေဝီ တို့ စုံဖက်ရာတွင် သားတော် သိဒ္ဓတ္ထ မင်းသားကို ဖွားမြင်သည်။

အလောင်းတော် သေတကေတု နတ်သားသည် စုတေ၍ မယ်တော်မာယာ၏ ဝမ်းတိုက်၌ ပဋိသန္ဓေ တည်သောနေ့ သည်ကား မဟာသက္ကရာဇ် ၆၇ ခု၊ ဝါဆိုလပြည့်- ကြာသပတေးနေ့ ဖြစ်၍ ဖွားမြင်တော်မူသောနေ့ သည်ကား မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။ (ခရစ်တော် မပေါ်မီ သက္ကရာဇ် ၅၆၇-ခုနှစ် ဖြစ်သည်။) မဟာသက္ကရာဇ်သည်ကား သိဒ္ဓတ္ထမင်းသား၏ ဘိုးတော် (သီရိမဟာမာယာ၏ ခမည်းတော်) အဉ္စနမင်းကြီးနှင့် ဒေဝီလရသေ့တို့ တိုင်ပင်၍ ဖြိုးခွင်းလိုက်သော သက္ကရာဇ် ၆၄၅ ခုမှ ၂-ခုကို အကြွင်းထား၍ တိုးတက်လာသော သက္ကရာဇ် ဖြစ်သည်။

ဥတ္တရာသဠ်နက္ခတ်နှင့်စန်းယှဉ်ခိုက် ဘုရားအလောင်းတော် ပဋိသန္ဓေယူချိန် မယ်တော်မာယာသည်လည်း အိမ်မက်မြင်မက်သည်။ စတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့သည် မယ်တော်မာယာ၏ အိပ်ရာသလွန်ကို ဟိမဝန္တာသို့ ယူဆောင်လျက် ဆေးဒါန်း၊ မြင်းသီလာ ကျောက်ဖျာအပြင် အင်ကြင်းပင်ကြီး၏ အောက်၌ချထားရာ နတ်မိဖုရား လေးယောက်တို့က ရေမိုးချိုးကာ ပန်းနံ့သာတို့ဖြင့် ဆင်ယင်လျက် ငွေတောင်ထိပ်၌ရှိသော ရွှေဗိမ္မာန်သို့ ဆောင်၍ အိပ်စေ၏။ ထိုအခါ ငွေသားကဲ့သို့ ဖြူစင်သော ဆင်ပြောင်ရတနာသည် မြောက်အရပ်မှ လာလတ်၍ မယ်တော်မာယာ၏ လက်ယာနံပါးမှ လှစ်၍ဝင်သည်ကို အိမ်မက်လေသည်။ ၃၂ ပါးသော ပုဗ္ဗနိမိတ်တို့သည်လည်း ထင်ကုန်လျက် စကြဝဠာတိုက်တစ်ထောင်အတွင်း၌ မြေတုန်လှုပ်လေသည်။

ပဋိသန္ဓေ ယူပြီးနောက် ဆယ်လစေ့သောအခါ မယ်တော်မဟာမာယာသည် ဆွေတော်မျိုးတော် မယ်တော်နှင့် ခမည်းတော်တို့၏ နေရာဖြစ်သော ဒေဝဒဟပြည် သို့ သွားလိုသော စိတ်ဆန္ဒဖြစ်ပေါ်လာသည်။ သုဒ္ဓေါဒန မင်းကြီးထံ လျှောက်ကြား၍ သွားခွင့်ပြုသောအခါ စစ်အင်္ဂါလေးပါး ဝန်းရံလျက် ရွှေထမ်းစင်ကို စီးကာ ထွက်ခွာလာသည်။

ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် အကြားရှိ လုမ္ဗိနီ အင်ကြင်းဥယျာဉ်သို့ ရောက်သောအခါ ဝင်ရောက်ကစားလိုသဖြင့် ရွှေထမ်းစင်မှ ဆင်းကာ အင်ကြင်းပင်အောက်သို့ ဝင်ရောက်ခဲ့သည်။ ထိုနေရာ၌် မတ်တပ်ရပ်လျက် အင်ကြင်းကိုင်းကို လှမ်းကိုင်နေစဉ်မှာပင် ကမ္မဇလေ လှုပ်ရှား၍ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ သိဟ်လဂ်, ဗြိစ္ဆာစန်း, ဝိသာခါနက္ခတ်စန်း နှင့်ယှဉ်ခိုက် ဘုရားလောင်း သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူသည်။ ထိုခဏ၌ပင် မြေကြီး တုန်လှုပ်လျက် အံ့ဖွယ်သရဲ အတိတ်နမိတ်တို့ ထင်ကုန်သည်။

မြတ်စွာဘုရားဖွားမြင်သည့်နေ့ တစ်ချိန်တည်းတွင် ဖွားဖက်တော် (ရ) မျိုးရှိသည်။

၁) ယသော်ဓရာ ကို မဟာမာယာဒေဝီ မောင်တော်သုပ္ပဗုဒ္ဓ၏မိဖုရား အမိတ္တာမှ ဖွားမြင်သည်။
၂) အာနန္ဒာ မင်းသားကို ဘထွေးတော် အမိတောဒနတွင် ဖွားမြင်သည်။
၃) ဆန္န အမတ်
၎) ကာဠုဒါယီ
၅) ကဏ္ဍကမြင်း ဖွားမြင်သည်။
၆) မဇ္ဈိမဒေသတွင် ပင်စည်လုံးပတ် ၃၂ တောင်, အမြင့်အတောင် ၁၀၀, ခက်မ ၅ဖြာ ရှိသည့် ဗောဓိညောင်ပင်လည်း ပေါ်ပေါက်သည်။
၇) နန်းတော်အတွင်း သင်္ခ-ဇလ-ဥပ္ပလ-ပဏ္ဍရီက မည်သော ရွှေအိုးကြီး ၄ လုံးလည်း ပေါ်ပေါက်သည်။

ဖွားမြင်ပြီးလျှင်ပြီးချင်း ဘုရားလောင်းကလေးသည် အရှေ့အရပ်သို့မျက်နှာမူကာရပ်ပြီးနောက် မြောက်အရပ်ဘက်သို့ လှည့်တော်မူလျက် ခုနှစ်ဖဝါးသွား၍ ခြေစုံရပ်တန့်ပြီးသော် အဂ္ဂေါဟမသ္မိ လောကဿ = “ငါသည် လောကြီးတွင် အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်၏” စသည်ဖြင့် ရဲရင့်စွာ ကြုံးဝါးတော်မူလေသည်။
ထို့နောက် ဒေဝဒဟ နှင့် ကပ္ပိလဝတ် ပြည်သူပြည်သားတို့သည် ဘုရားအလောင်းတော်ကလေးကို့ မယ်တော်နှင့်အတူ ကပ္ပိလဝတ် ပြည်သို့ ပြန်လည်ပင့်ဆောင်ကြလေ၏။

ဘုရားအလောင်းတော် ကပ္ပိလဝတ်ပြည်သို့ရောက်သောနေ့မှာပင် သုဒ္ဓေါဒနမင်းကြီး ဆည်းကပ်ကိုးကွယ်သော ကာဠဒေဝီလ ရသေ့သည် နတ်တို့ထံမှ ဘုရားလောင်းဖွားမြင်ကြောင်း သတင်းကြားရ၍ နန်းတော်သို့ ကြွလာပြီးလျှင် သားတော်လေးကို ကြည့်ရှုလိုကြောင်း ပြောကြားလေ၏။ သုဒ္ဓေါဒနမင်းကြီးသည် သားတော်လေးကို ပွေ့ချီ၍ ရသေ့ကြီးအား ရှိခိုးစေရန် ရသေ့ကြီးထံသို့ ရှေးရှုဆောင်ထားစဉ် ဘုရားအလောင်းတော်၏ ခြေအစုံသည်မြောက်တက်၍ ရသေ့ကြီး၏ခေါင်းထက်၌ တည်နေလေ၏။ ဘုရားအလောင်း၏ နောက်ဆုံးဘဝ၌ ဘုရားလောင်းက ရှိခိုးထိုက်သူ တစ်စုံ တစ်ယောက်မျှ မရှိချေ။ အကယ်၌ ဤအချက်ကိုမသိသောသူတို့က ဘုရားလောင်း၏ ဦးခေါင်းတော်ကို ရသေ့ကြီး၏ ခြေရင်းမှာထားလျှင် ရသေ့ကြီးဦးခေါင်းသည် ခုနှစ်စိတ် ကွဲလေရာ၏။ ရသေ့ကြီးကမူ ချက်ချင်းပင် နေရာမှထ၍ လက်အုပ်ချီလျက် နေလေ၏။ သုဒ္ဓေါဒန ဘုရင်ကြီးသည် ထူးခြားဆန်ကြယ် အံ့ဖွယ်သော ထိုအချင်းအရာကို မြင်၍ မိမိ၏သား ဘုရားလောင်းကလေးကို ပထမအကြိမ် ရှိခိုးလေ၏။

ကာဠဒေဝီလ ရသေ့ကြီးသည် သမာပတ် ရှစ်ပါးကို ရရှိနေသောကြောင့် အတိတ်ကမ္ဗာ လေးဆယ်၊ အနာဂတ်ကမ္ဗာ လေးဆယ်ကို ဆင်ခြင်သိမြင်နိုင်သော တန်ခိုးရှိသူဖြစ်၏။ ဘုရားလောင်းကလေး၏ အင်္ဂါလက္ခဏာကို ကြည့်ရှု့သောအခါ မုချဧကန် ဘုရားဖြစ်မည့်သူဟု သိ၍ “ဤကလေးကာ အံ့သြဖွယ်ရာ ယောက်ျားမြတ်ပေတကား” ဟု ဆင်ခြင်မိသဖြင့် ပြုံးတော်မူသည်။ ထို့နောက် မိမိသည် ဤကလေးဘုရားဖြစ်သောအခါ ဘုရားကို ဖူမြော်ခွင့်ရပါမည်လောဟု တန်ခိုးဖြင့် ဆင်ခြင်ကြည့်လေ၏။ ထိုအခါ ဤကလေး ဘုရားမဖြစ်မီပင် မိမိကွယ်လွန်ပြီးလျှင် အရူပဘုံ၍ အရူပဗြဟ္မာ ဖြစ်ရမည်ကို မြင်သဖြင့် ဘုရားကို မဖူးမြင်ရဘဲ အဆုံးရှုံးကြီး ဆုံးရှုံးရတော့မည်ဟု သိရ၍ ငိုကျွေးလေ၏။

ထိုအခါ မင်းကြီးနှင့်တကွ နန်းတွင်းသူ နန်းတွင်းသားတို့သည် ရသေ့ကြီး ပြုံရယ်ခြင်း၊ ငိုခြင်း၏ အကြောင်းကို မေးကြ၍ ရသေ့ကြီးက ဖြစ်ပျက်ပုံ အကြောင်းစုံကို ရှင်းလင်းပြောပြလိုက်၏။

ဖွားမြင်ပြီး ၅-ရက်မြောက်၌ ဘုရားလောင်းကို သိဒ္ဓတ္ထ ဟုအမည်ပေးကြ၏။ “အကျိုးစီးပွားကို ပြီးစီးစေနိုင်သူ” ဟု အဓိပ္ပါယ်ရ၏။ သိဒ္ဓတ္ထ ကလေး၏ အင်္ဂါလက္ခဏာတို့ကို ပုဏ္ဏားတော်များကို ကြည့်ရှုစစ်ဆေးစေရာ ပုဏ္ဏား ရ-ယောက်က စကြဝတေးမင်း သော်လည်း ဖြစ်လိမ့်မည်။ ဘုရားသော်လည်း ဖြစ်လိမ့်မည် ဟု ဟောကြ၏။ အငယ်ဆုံးဖြစ်သော ကောဏ္ဍညအနွယ် ဖြစ်သည့် သုဒတ္ထ ပုဏ္ဏားကလေးကမူ မုချဘုရား ဖြစ်မည်ဟု တစ်ခွန်းတည်း အတပ် ဟောလိုက်၏။

ဘုရားလောင်းဖွားမြင်ပြီးနောက် ခုနှစ်ရက် မြောက်သောအခါ မယ်တော် မဟာမာယာဒေဝီ နတ်ရွှာစံလေသည်။ ယင်းသို့နတ်ရွာစံခြင်းမှာ ဘုရားလောင်းကို ဖွားမြင်ခြင်းကြောင့် နတ်ရွာစံခြင်းမဟုတ်၊ သက်တမ်းစေ့ခြင်းကြောင့် နတ်ရွာစံခြင်းသာဖြစ်သည်။ ဘုရား၏ မယ်တော်တို့၏ ဖြစ်ရာ တုသိတာနတပြည်၏ သန္ဒုသိတ နတ်မင်း ဖြစ်လေသည်။

မိဖုရားကြီး မဟာမာယာဒေဝီနတ်ရွာစံသောအခါ သုဒ္ဓေါဒန မင်းကြီးသည် မိဖုရားကြီး၏ ညီမတော် ဖြစ်သော မိထွေးတော် ဂေါတမီကို မိဖုရားကြီးမြှောက်လိုက်သည်။ မိထွေးတော် ဂေါတမီသည် မိမိ၏သားတော်ရင်း နန္ဒမင်းသားကလေးကို အထိန်းတော်များထံ အပ်နှံ၍ မိမိကမူ သိဒ္ဓတ္ထမင်းသားကလေးကို ကိုယ်တိုင်ပင် နို့ချိုတိုက်ကျွေး မွေးမြူပြုစုလေ၏။

နောက်ထပ်ဖတ်ရန်မှာ.....
ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၄)


Read more...

ဆွဲအားပြင်းလွန်းတဲ့အလှ


တစ်ချိန်မျာ အရှင်အနုရုဒ္ဓါက ရဟန်း ၅၀၀ နဲ့အတူ ကပိလ၀တ်ကို သွားပါတယ်။ အဲဒီအခါ သူ့ဆွေမျိုးတွေက"မထေရ် ကြွလာပြီ" လို့ ကြားပြီး မထေရ်ထံ လာကြတယ်။ မထေရ်ရဲ့ နှမ ရောဟိနီကတော့ မလာပါ။ မထေရ်က ဆွေမျိုးတွေကို မေးပါတယ်။
" ရောဟိနိ၊ ဘယ်မှာလဲ" " အိမ်ထဲမှာပါဘုရား " ဘာကြောင့်ဒီကို မလာတာလဲ" "သူမရဲ့ ခန္ဓာကိုယ်မှာ ကိုယ်ရေပြားရောဂါ ဖြစ်ပေါ်နေလို့ ရှက်တဲ့ အတွက် မလာတာပါဘုရား"
" သူမကို ခေါ်လိုက်ကြပါ" မထေရ်က အခေါ်ခိုင်းပြီး အ၀တ်သင်တိုင်းကို စွပ်ကာ လာတဲ့ ရောဟိနီကို မေးပါတယ်။
" ရောဟိနီ ဘာလို့မလာတာလဲ"
"တပည့်တော်မရဲ့ ခန္ဓာကိုယ်မှာ အရေပြားရောဂါဖြစ်ပေါ်နေလို့ ရှက်တဲ့အတွက် မလာတာပါ ဘုရား"
" သင်ဟာ ကောင်းမှုကို မလုပ်သင့်ဘူးလား "

" ဘာကို လုပ်ရပါမလဲ ဘုရား " " နေစရာ ဇရပ် ဆောက်လုပ်ပါ "
" ဘာကိုယူပြီး လုပ်ရပါမလဲ" " သင့်မှာ တန်ဆာဆင်စရာ ဘဏ္ဍာ မရှိဘူးလား"
" ရှိပါတယ် ဘုရား " " ဘယ်လောက် တန်ဖိုး ရှိသလဲ" " တစ်သောင်း တန်ဖိုး ရှိပါလိမ့်မယ်"
" ဒီလို ဆိုရင် အဲဒါကို စွန့်လွှတ်ပြီး နေစရာဇရပ် ဆောင်လုပ်ပါ"
"အရှင်ဘုရား တပည့်တော်အတွက် ဘယ်သူက ဆောက်လုပ်ပေးမှာပါလဲ"
မထေရ်က အနီးမှာတည်ရှိနေတဲ့ ဆွေမျိုးတွေကို ကြည့်ကာ " သင်တို့ရဲ့ တာဝန်ဖြစ်ပါစေ" လို့ ပြောတယ်။
"အရှင်ဘုရား အရှင်ဘုရားကကော ဘာကိုလုပ်မျာပါလဲ"
"ငါလည်း ဒီနေရာမှာပဲ ရှိမယ်။ ဒီလိုဆိုရင် သင်တို့ဟာ သူမ အတွက် သစ်သားအဆောက် အဦး တွေကို သယ်ဆောင်ကြပါ" " မှန်ပါ၊ ကောင်းပါပြီ"လို့ လျှောက်ထားကာ အဲဒီဆွေမျိုး တွေက သယ်ဆောင်လာကြပါတယ်။

မထေရ်က နေရာဇရပ်ကို စီမံရင်း ရောဟိနီကိုပြောတယ်။ " ရောဟိနီ၊ သင်ဟာ ၂ ထပ်ရှိတဲ့ နေရာဇရပ်ကို ဆောက်လုပ်စေပြီး အပေါ်ထပ်မျာ ပျဉ်ချပ်တွေကို ခင်းပြီးတဲ့အချိန် ကစပြီး ဇရပ်အောက်ထပ်မှာ အမြဲတံမြက်လှည်းပြီး နေရာတွေ ခင်းပါ။ အမြဲသောက်ရေအိုး တွေကို တည်ထားပါ"
ရောဟိနီက " ကောင်းပါပြီဘုရား"လို့ လျောက်ကာ တန်ဆာဆင်စရာ ဘဏ္ဍာကို စွန့် လွှတ်ပြီး နှစ်ထပ်ရှိနေရာဇရပ်ကို ဆောက်လုပ်စေပါတယ်။ အပေါ်ထပ်မှာ ပျဉ်ချပ်တွေကို ခင်းပြီးတဲ့ အချိန်ကစပြီး ဇရပ်အောက်ထပ် တံမြက်လှည်းခြင်း စတဲ့ အမှုတွေကို ပြုလုပ်တယ်။ အမြဲတမ်း ရဟန်းတွေက ထိုင်ကြတယ်။ အဲဒီအခါ နေရာဇရပ်ကို တံမြက်လှည်းနေစဉ်မှာပဲ သူမရဲ့ ကိုယ်ရေပြားရောဂါဟာ ညိုးနွမ်းသွားတယ်။ ရောဟိနီက နေရာဇရပ် ပြီးစီးသွားတဲ့ အခါ ဘုရားအမှုးရှိတဲ့ ရဟန်းအပေါင်းကို ပင့်ပြီး နေရာ ဇရပ်ကို ပြည့်စေကာ ထိုင်နေတဲ့ ဘုရားအမှုး ရှိတဲ့ ရဟန်းအပေါင်းအား မွန်မြတ်တဲ့စားဖွယ်၊ ခဲဖွယ်ကို လှူတယ်။ ဘုရားရှင်က ဆွမ်းကိစ္စပြီး တဲ့အခါ မေးတယ်း

" ဒီအလှူက ဘယ်သူရဲ့အလှူလဲ"
" မြတ်စွာဘုရား ၊ တပည့်တော်နှမ ရောဟိနီရဲ့ အလှူပါဘုရား"
" သူမက ဘယ်မှာလဲ" " အိမ်ထဲမှာပါ ဘုရား" " သူမကို ခေါ်လိုက်ကြပါ" လောဟိနီ မလာချင်ပါ။ မလာချင်ပေမယ့် ရောဟိနီကို ဘုရားရှင်က ခေါ်ခိုင်းလိုက်တာပါပဲ။ လာပြီးတော့ ရှိခိုးကာ ထိုင်နေတဲ့ ရောဟိနီကို မေးပါတယ်။
"ရောဟိနီ ဘာဖြစ်လို့ မလာတာလဲ"
"မြတ်စွာဘုရား၊ တပည့်တော်မရဲ့ ခန္ဓာကိုယ်မှာ အရေပြားရောဂါ ရှိလို့ ရှက်တဲ့တွက် မလာတာပါ"
" သင့်မှာ အဲဒီရောဂါ ဘာကိုမှီပြီး ဖြစ်တယ်ဆိုတာ သိလား" "မသိပါဘုရား"
"သင့်ရဲ့ဒေါသကို မှီပြီးဖြစ်တယ်"

"မြတ်စွာဘုရား၊ တပည့်တော်က ဘာကိုလုပ်ခဲ့ပါသလဲ" " ရောဟိနီ ဒီလိုဆိုရင် နားထောင်ပါ"
အဲဒီအခါ ဟောဟိနီအား ဘုရားရှင်က အတိတ်အကြောင်းအရာကို ပြောပြပါတယ်။

"ရှေးအခါက ဗာရာဏသီးမင်းရဲ့ မိဖုရားခေါင်ကြီးဟာ မင်းရဲ့ ကချေသည်မ တစ်ယောက် အပေါ် ရန်ငြိုးဖွဲ့ပြီး " အဲသည် ကချေသည်မအပေါ် ဒုက္ခဖြစ်စေမယ် "လို့ တွေးကာ ခွေးလေး ယားသီးတွေကို ဆောင်ယူခိုင်းတယ်။ အဲဒီကချေသည်မကို သူ့ထံအခေါ်ခိုင်းပြီး ကချေသည် မ မသိအောင် ကချေသည်မရဲ့ အိပ်ရာမှာရော၊ ကော်ဇောစသည်တွေရဲ့ အကြားမှာ ခွေးလှေးယား သီးအမှုန့်တွေကို ထားခိုင်းတယ်။ ပြက်ရယ်ပြောင်လှောင်မှုကို ပြုသလိုနဲ့ ကချေသည်မရဲ့ ကိုယ်ပေါ် မှာလည်း ဖြန့်ကြဲတယ်။ အဲဒီခဏမှာပဲ ကချေသည်မက ယားလို့ သွားပြီး အိပ်ယာ ပေါ်လဲလျောင်းတယ်။ အဲဒိမှာလည်း ခွေးလှေးယားအမှုန့်တွေက ခဲစားခံရလို့ ပြင်းထန်တဲ့ ဆင်းရဲ ဖြစ်ပေါ်လာတယ်။ အဲဒီအခါမှာ မိဖုရားခေါင်ကြီးက ရောဟိနီဖြစ်ခဲ့တယ်။

ဘုရားရှင်က အဲဒီအတိတ်အကြောင်းအရာကို ပြောပြပြီး " ရောဟိနီ၊ အဲဒီအခါက သင်ဟာ အဲဒီအမှုကို ပြုခဲ့တယ်။ ဒေါသ၊ ဣဿာကို အနည်းငယ်လေးတောင် မပြုလုပ်သင့် သည်သာ"လို့ မိန့်ကာ အောက်ပါတရားစကားကို မိန့်ပါတယ်။

" ဒေါသ၊ မာနကိုပယ်စွန့်ရတယ်။ သံယောဇဉ်အားလုံးကို လွန်မြောက်ရပါတယ်။ နာမ်ရုပ်မှာ မငြိကပ်ဘဲ ကိလေသာကြောင့်ကြမှု မရှိသူထံ ဆင်းရဲတွေက မကျရောက်ကြပါ"
တရားဒေသနာအဆုံးမှာ တရားနာ ပရိသတ်များစွာဟာ သေတာပန် စသည် ဖြစ်ကြပါတယ်။ ရောဟိနီလည်း သောတာပန်ဖြစ်ပါတယ်။ အဲဒီခဏမှာ ရောဟိနီရဲ့ ခန္ဓာ ကိုယ်ဟာ ရွှေအဆင်းလို အဆင်းရှိသွားပါတယ်။ ရောဟိနီဟာ လူ့ပြည်ကသေပြီး
တာဝတိံသာ နတ်ပြည်မှာ နတ်သား ၄ ယောက်ရဲ့ နယ်ပယ်အကြားမှာ ဖြစ်ပါတယ်။

သူမရဲ့ ရုပ်ရည်က စိတ်ကို ကြည်လင်စေပါတယ်။ အလွန်တင့်တယ်ပါတယ်။ နတ်သား လေးလောက်လုံးကလည်း အဲဒီ နတ်သမီးကို မြင်ပြီး ချစ်ခင်သွားကြလို့ " ငါ့နယ်ပယ်အတွင်း မှာ ဖြစ်တယ်၊ ငါ့နယ့်ပယ်အတွင်းမှာ ဖြစ်တယ်" လို့ ငြင်းခုံကာ သိကြားမင်းထံ ရောက်သွားပြီး ပြောကြတယ်။
"အရှင်သိကြားမင်း၊ ဒီနတ်သမီးကို အမှီပြုပြီး အကျွန်ုပ်တို့မှာ အငြင်းအခုံ ဖြစ်နေ ပါတယ်။ အဲဒါကို ဆုံးဖြတ်ပေးပါ"
သိကြားမင်းကလည်း အဲဒီနတ်သမီးကို မြင်မြင်ချင်းပဲ ချစ်ခင်သွားလို့ ဒီလို ပြောပါတယ်။

" ဒီနတ်သမီးကို မြင်ရတဲ့အချိန်ကစပြီး သင်တို့ရဲ့ စိတ်တွေ ဘယ်လို ဖြစ်ကြပါသလဲ"
အဲဒီအခါ နတ်သားတစ်ယာက်ပြီးတစ်ယောက် ဒီလိုပြောကြပါတယ်။
"အကျွနိုပ်မှာ ဖြစ်တဲ့ စိတ်က စစ်မြေပြင်က စည်ကြီးလိုပါပဲ။ ကောင်းကောင်းငြိမ်ဝပ် မနေနိုင်ပါ"
"အကျွန်ုပ်ရဲ့စိတ်က တောင်ကျမြစ်ရေလို အလျင်အမြန် သူမဆီပဲ တစ်စီးတည်း စီးနေ ပါတယ်"
" အကျွန်ုပ် ဒီနတ်သမီးကို မြင်ရတဲ့ အချိန်ကစပြီး ပုစွန်ရဲ့ မျက်လုံးတွေလိုပဲ ထွက်နေ ကြပါတယ်"
"အကျွန်ုပ်ရဲ့စိတ်က စေတီမှာ စိုက်ထူထားတဲ့ တံခွန်လိုပဲ မတုန်လှုပ်အောင် မရပ်တည် နိုင်ပါ။
အဲဒီအခါ အဲဒီနတ်သား ၄ ယောက်ကို သိကြားမင်းက ပြောပါတယ်။
"မိတ်ဆွေတို့၊ သင်တို့ရဲ့ စိတ်တွေကတော့ နှိပ်ကွပ်လို့ရတဲ့သဘော ရှိကြသေးတယ်။ ငါကတော့ ဒီနတ်သမီးကိုရရင် အသက်ရှင်ပါလိမ့်မယ်။ မရရင် ငါသေရပါလိမ့်မယ်"
နတ်သားတွေက " သိကြားမင်း၊ သင် သေရတာ အကျိုးမရှိပါ။ သင့်ကို မသေစေလိုပါ" လို့ ပြောကာ အဲဒီနတ်သမီးကို သိကြာမင်းအား စွန့်လွှတ်ကာ ဖဲခွာသွားကြပါတယ်။ ရောဟိနီ ဟာ သိကြားမင်းရဲ့ ချစ်ခင်မြတ်နိုးရသူလေး ဖြစ်သွားပါတယ်။ " ဘယ်ပျှော်ပွဲသဘင်ကို ငါတို့ သွားကြမယ်"လို့ ရောဟိနီက ပြောရင် သိကြားမင်းဟာ ရောဟိနီရဲ့ စကားကို မပယ်ရှား နိုင်ခဲ့ ပါ။ ( ဓမ္မပဒ၊ ဋ္ဌ၊ ဒု၊၁၉၂)

သိကြားမင်းရော အဲဒိနတ်သား ၄ယောက်ပါ ကာမဂုဏ်အာရုံတွေကို သာယာ တပ် မက်တဲ့ ကာမရာဂ မကင်းကြသေးတာမို့ ချစ်စရာလေးတွေ့တော့ ချစ်ကြပါတယ်။ အချစ်စိတ် မကုန်သေးရင် လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် ချစ်စရာတွေ့က ချစ်ကြ တာဟာ ကာမဘုံသားတွေရဲ့ ဓမ္မတာပါပဲ။ နတ်တို့ရဲ့ အချစ်အင်အားကလည်း မသေးကြပါ။ သိကြားမင်းရဲ့ အချစ်အင်အားက အကြီးမားဆုံး ဖြစ်နေပါတယ်။ နတ်သား ၄ ယောက်ရဲ့ အချစ်စကားလေးတွေကလည်း ကဗျာ ဆန်နေပါတယ်။ ရောဟိနီ အလှကလည်း မြင်ရသူ နတ်သားတွေရဲ့ ရင်ကို အကြီးအကျယ် ကိုင်လှုပ် နိုင်ပါပေတယ်။ ရောဟိနီရဲ့ အလှဟာ နတ်သားတွေကိုတောင် ဒီလောက်ဖမ်းစားညှို့ ယူနိုင်ရင် လူယောင်္ကျားတွေကိုတော့ ဘယ်လောက်များ ဖမ်းညှို့ယူဖမ်းစားလေမလဲ။ ဥမ္မာဒန္တီ ရဲ့ အလှကတောင် မြင်၇သူ လူယောင်္ကျားတွေကို အရူးအမူး ဖြစ်သွားစေသေးတော့ ရောဟိနီ ရဲ့ အလှကတော့ ဥမ္မာဒန္တီရဲ့ အလှထက် အဆပေါင်း ရာ ထောင် သိန်း သန်းမက ညှို့ယူနိုင်အား ဖမ်းစား နိုင်အား ပို၍ ကြီးမားပါလိမ့်မယ်။

သာမဏေကျော်

Read more...

ဒုမှာ တိုရှည်သိ (၂)


အလင်းနိမိတ်ရသည်အထိ အားထုတ်ပြီးသောအခါ ရှေ့ဆက်၍ အားထုတ်ဖွယ်များ ရှိပါသေးသည်။ မည်သည့်အရာမဆို ရအောင်အားထုတ်ဖို့ လိုအပ်သကဲ့သို့ ရပြီးသည်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့လည်း လိုအပ်ပါသည်။ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ဖို့အတွက် နည်းတစ်နည်းသာ ရှိပါသည်။ ၎င်းမှာ အခြားမဟုတ် ဆက်လက်ပြီး ကြိုးစားအားထုတ်ခြင်းပင် ဖြစ်သည်။ အကြိမ်ကြိမ်အထပ်ထပ် အားထုတ်မှု (ဘာဝနာ၊ ဘာဝေတဗ္ဗ၊ ဗဟုလီကတ၊ အနုယုဉ္ဖန္တ)သည်ပင် ရှေ့အမှတ်သတိက နောက်အမှတ်သတိအား (အာသေ၀န၊ ဥပနိဿယ၊ အနန္တရ၊ သမနန္တရ စသောပစ္စည်းများဖြင့်) အဆင့်ဆင့် ကျေးဇူးပြုအားပေးပေလိမ့်မည်။ သို့မှသာ ဘာဝနာသည် (ဗလ၀တရ) အရှိန်ပြင်းပြစွာ အားရှိလာလေတော့သည်။

ထိုသို့ အာနာပါနဘာဝနာအားရှိသည်ထက် အားရှိလာသောအခါ နေတစ်ရာ၊ လတစ်ရာတို့ထက် ပို၍လင်းသော အလင်းနိမိတ်များကို ရလာတတ်ပါသည်။ ထွက်လေ၀င်လေပဋိဘာဂနိမိတ်သို့ သိသိသာသာ သက်ရောက်လာတတ်သည်။ အာရုံနိမိတ်ထင်ရှားစွာ ထင်လာမြင်လာပြီဖြစ်၍ သုံးဆယ့်တစ်ဘုံအတွင်း ထွင်းဖောက်ခါ မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုတန်ခိုးကို ရရှိနိုင်ပေသည်။

ထိုအခါ မိမိဖူးမြော်လိုသော ဘုရားစေတီအဆူဆူကို စိတ်က ရည်ရွယ်ပြီး နံပါတ် (၁၃)ပုံအတိုင်း ဖူးမြော်နိုင်စွမ်း ရှိလာပေလိမ့်မည်။ လေအာရုံအလင်း ပဋိဘာဂနိမိတ်တန်းကြီးသည် မြင်လိုရာ ဘုရားစသော အရာဝတ္ထုတို့အထိ သွယ်တန်းလျှက် ဆလိုက်မီးမိ၍နေသောလေယာဉ်ပျံကဲ့သို့ အရောင်အလင်းတန်း၏အဆုံးမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာပြီး ဖူးတွေ့ရပေလိမ့်မည်။ အထက်ပါပုံသည် ကျိုက်ထီးရိုးဘုရားကို ဖူးမြော်နေပုံဖြစ်ပါသည်။ အခြားသော စေတီပုထိုးများကိုလည်း ရရှိထားသောအလင်းနိမိတ်ဖြင့် သွားရောက်ဖူးမြော်နိုင်ကြလေသည်။ မြန်မာပြည်ရှိ တန်ခိုးကြီးဘုရားစေတီများ၊ အိန္ဒိယရှိ သံဝေဇနိယလေးဌာနစသော အထွတ်အမြတ်နေရာများနှင့် စေတီပုထိုးများ၊ သီရိလင်္ကာရှိ ဗုဒ္ဓမြတ်စွယ်တော်၊ ဗောဓိညောင်ပင်စသော ပူဇော်ထိုက်သောနေရာများ၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ရှိ စူဠာမဏိစေတီ၊ ဒုဿစေတီစသော လူ့ပြည်၊ နတ်ပြည်ဘုရားများကိုလည်း အထက်ပါအတိုင်း ပကတိမျက်စိဖြင့် တွေ့မြင်နေရသကဲ့သို့ ပို့လွှတ်ဖူးမြော်နိုင်စွမ်းရှိလာပေလိမ့်မည်။

ထိုထက်ပို၍ ဘာဝနာအစွမ်းများ ပြည့်စုံလာသောအခါ ရှေးရှေးကမ္ဘာက ပွင့်တော်မူကြကုန်သော ဒီပင်္ကရာ၊ မေဓင်္ကရာ၊ ပဒုမုတ္တရ၊ ၀ိပဿီစသော ဘုရားရှင်များ၏ ဇာတိ၊ စုတိစသော အဖြစ်အပျက်များကိုပင် မြင်လာနိုင်ကြောင်း အဋ္ဌကထာကျမ်းကြီးများ၌ ပြဆိုထားသည်။
နံပါတ် ၁၄-တွင် ပြဆိုထားသည့်အတိုင်းလည်း ခရေပွင့်ပြထားရာ ငယ်ထိပ်၊ ပုခုံးစသော ဌာနများမှလည်းကောင်း၊ ကြွင်းကျန်သောခန္ဓာကိုယ်အစိတ်အပိုင်းများမှလည်းကောင်း အလင်းပဋိဘာဂနိမိတ်တန်းကြီး ပြေးစေပြန်စေရအောင် အားထုတ်ရပါမည်။ အမှန်တကယ် ကြိုးစားမှုရှိပါက အခက်အခဲ များစွာ မတွေ့နိုင်တော့ပေ။ ပါရမီအထူးရှိ၍ ထူးကဲစွာ ကြိုးပမ်းအားထုတ်သောသူတို့မှာ ဗြဟ္မာမင်း၏လက်ညှိုးကဲ့သို့ တစ်ကိုယ်လုံးမှ စကြာဝဠာအနန္တကို ထွင်းဖောက်ပြေးသွားစေနိုင်ပေလိမ့်မည်။



နံပါတ် ၁၄-ရုပ်ပုံ၏ သဘောတရားအထူးမှာ အားထုတ်သူယောဂီသည် “ငါ၏ အလင်းနိမိတ်ကို အကြင်အရပ်သို့ ပြေးစေရောက်စေမည်၊ ထိုအရပ်မှတစ်ဖန်ပြန်လာစေမည်”ဟု ပို့လွှတ်အရပ်ကို သက်မှတ်ပြီး ပို့လွှတ်တိုင်း ပို့လွှတ်တိုင်း ထွက်လေနှင့် တစ်ပြိုင်တည်းဖြစ်စေရသကဲ့သို့ ပြန်လာတိုင်းပြန်လာတိုင်း ၀င်လေနှင့်တစ်ပြိုင်တည်း ဖြစ်စေရမည်။ မိမိစိတ်က မြန်မြန်အာရုံပြုပေးရသည်။

လေထုတ်လေသွင်းကိုလည်း လွှတ်လိုရာအရပ်သို့ စိတ်က ပြောင်းရွှေ့ပြီး ရှူစေ၊ ထုတ်စေရမည်။ ဥပမာအားဖြင့် အလင်းနိမိတ်သည် ဗြဟ္မာ့ပြည်သို့တိုင်အောင် ထုတ်လိုက ထွက်လေသည် ငယ်ထိပ်မှ ထွက်သည်။ ထိုထွက်လေမကုန်ဆုံးမီ ဗြဟ္မာ့ပြည်ကို ကျော်တက်၍သွားသည်ဟု ထွက်လေကို ပြောင်းပေးရမည်။ ၀င်လေနှင့်ပြန်၍ အလင်းတန်းကြီးကို ဆွဲချလိုက်သောအခါမှာလည်း ၀င်လေသည် ငယ်ထိပ်အတိုင်း ပြန်ဝင်သွားသည်၊ ရှူသည်၊ ရှိုက်သည်ဟု ပကတိလေကို စိတ်အမှတ်ကပြောင်းရွှေ့ပေးရမည်။ သို့မှသာ ဘာဝနာပွား၍ ရပေလိမ့်မည်။ ဤအရာ၌ မိဂဇာတ်တော်တွင် ပဲခင်းရှင်၏ ပိုက်ကွန်အတွင်းမှ လွတ်မြောက်၍ လျင်မြန်စွာထပြေးသော သမင်းငယ်ကဲ့သို့ လေရှူ၊ လေမှုတ်၊ လေသွင်း၊ လေထုတ်ကို နားလည်နိုင်ပါသည်။ (အကျယ်ကို ၀ဋ္ဋပါရဂူကျမ်း၊ အာနာပါနပါရဂူကျမ်းများတွင် ကြည့်ရှူနိုင်ပါသည်)။

ဒုတိယအဆင့်ကို အားထုတ်ကြရာတွင် အဿာသပဿာသဟူ၍ ဟောတော်မူသော်လည်း မိမိနှာသီးဝမှ ပကတိနေ့စဉ်ဝင်ထွက်နေသော လေရိုးရိုးကို ဟောတော်မူလိုရင်း မဟုတ်ပေ။ ပဋိဘာဂနိမိတ်ကို ဟောတော်မူသည်ဟု မှတ်ရပါမည်။ (အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမေတ္ထ အဿာသပဿာသသမညမေ၀ ၀ုတ္တံ)။

အထူးသတိပြုရန်မှာ ပထမအဆင့် အားထုတ်စဉ်က ခိုင်ခိုင်မြဲမြဲ စွဲတည်ခဲ့သော နိမိတ်ရှိသောကြောင့် ဤဒုတိယအဆင့်သို့ တိုး၍ လွယ်လွယ်ကူကူ အားထုတ်နိုင်ခြင်းဖြစ်သည်။ အခိုက်အတန့်ပေါ်သော နိမိတ်မျိုးဖြင့် ဤအဆင့်အထိရောက်အောင် အားထုတ်နိုင်လိမ့်မည် မဟုတ်ပေ။ အမျိုးအစားသုံးမျိုးကို မှတ်သားသင့်ပေသည်။ ၎င်းတို့မှာ

၁။ အခိုက်အတန့်သာ နိမိတ်ရတတ်သော ဥပဋ္ဌာနသား၊

၂။ အခိုက်အတန့် နိမိတ် ဥပဋ္ဌာနအဖြစ်မှ စွဲစွဲမြဲမြဲတည်သော အခြေအနေရောက်လျှင် ဥဂ္ဂဟသား၊

၃။ ပထမအဆင့်တွင် ကြိုးစားအားထုတ်သော်လည်း နိမိတ်ကား မရခဲ့။ သို့ရာတွင် မှတ်တိုင်းမှတ်တိုင်း အမှားမရှိ ရေတွက်အားထုတ်နိုင်လျှင် မဏ္ဍလသားတို့ ဖြစ်ပေသည်။

နိမိတ်မရရှိသေးသော်လည်း မဏ္ဍလသားအဆင့်ဖြစ်သောသူကိုလည်း ဒုတိယအဆင့်သို့ ကူးပြောင်းအားထုတ်စေသင့်သည်ဟု ကျေးဇူးရှင်ဆရာတော် မိန့်တော်မူသည်။ ရှေ့တိုးထိုင်၊ နောက်ဆုတ်ထိုင်၊ ငုတ်တုတ်ထိုင် ပုဂ္ဂိုလ်သုံးယောက်စလုံး အပြီးအဆုံးသို့ ရောက်နိုင်ကြမည် မဟုတ်ပေ။ ရှေ့တိုးထိုင်မဏ္ဍလသားသာလျှင် ခရီးလမ်းဆုံး သွားနိုင်ပေမည်။ ငုတ်တုတ်ထိုင်၊ နောက်ဆုတ်ထိုင်တို့ကား ဆက်လက်အားထုတ်နိုင်ကြလိမ့်မည် မဟုတ်ပေ။

(မှတ်ချက်။ ။ အထက်ပါ ရှေ့တိုးထိုင်စသော ပုဂ္ဂိုလ်သုံးမျိုးအကြောင်းကို ဤတွင် ဖတ်ရှုနိုင်သည်။ အထူးပြုရှင်းလင်းထားချက်ကား မဟုတ်ပေ။ အထိုက်အလျှောက် သဘောပေါက်စေပါလိမ့်မည်။)

ထို့အပြင်

၁။ အဿာသပုဂ္ဂိုလ် (ထွက်လေကိုသာ မှတ်နိုင်ပြီး ၀င်လေကို မမှတ်နိုင်သူ)

၂။ ပဿာသပုဂ္ဂိုလ် (၀င်လေကိုသာ မှတ်နိုင်ပြီး ထွက်လေကို မမှတ်နိုင်သူ)

၃။ အဿာသပဿာသပုဂ္ဂိုလ် (ထွက်လေ၊ ၀င်လေနှစ်မျိုးလုံးကို ထင်ရှားပြတ်သားစွာ မှတ်နိုင်သူ)ဟုလည်း သုံးမျိုးသုံးစားရှိလေသည်။ ထိုသုံးမျိုးလုံး အာနာပါနဘာဝနာကို ရနိုင်သည်ဖြစ်၍ ကြိုးစားအားထုတ်ကြရန် တိုက်တွန်းလိုက်ရပါသည်။


Read more...

စိတ်၌ဖြစ်သော တရား။

၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၂ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဆယ်ပတ်မြောက်ဖြစ်သော ‘ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ သင်တန်း’ကို ဆက်လက် ပြုလုပ်ပါသည်။

ယခင် အပတ်များတွင် အကျဉ်းအားဖြင့် ၈၉ ပါး၊ အကျယ် ၁၂၁ ပါးသော စိတ်အကြောင်း အကျယ်ကို လေ့လာပြီးဖြစ်ရာ ယခုအပတ်တွင် စေတသိက်အကြောင်းကို သင်ယူကြရ၏။

+++++

ပထမဦးစွာ ‘စေတသိက်’ဆိုတာ ဘာလဲ?

ဟို အစတုန်းကလည်း ပြောခဲ့ပါတယ်။ စေတသိက်ဆိုတာ စိတ်ကို မှီပြီးတော့ ဖြစ်တဲ့တရား။ ဒါကိုပဲ စိတ်၌ ဖြစ်သောတရားလို့ ကျမ်းဂန်တွေမှာ သုံးတယ်။

ပရမတ္ထတရား ၄ ပါး - ‘စိတ်’၊ ‘စေတသိက်’၊ ‘ရုပ်’၊ ‘နိဗ္ဗာန်’ ဆိုပြီးတော့ ရှိတယ်။

‘စိတ်’ဆိုတာ အာရုံသိမှု သက်သက်ကလေးကို စိတ်လို့ ခေါ်တယ်။
စိတ်က ဘာနဲ့တူသလဲဆိုတော့ အရောင်မရှိတဲ့ ရေလိုပေါ့။

အဲဒီ အရောင်မရှိတဲ့ ရေထဲ အနီရောင်ထည့်လိုက်တဲ့အခါ ရေက အနီရောင်၊ အစိမ်းရောင်ထည့်လိုက်တဲ့အခါ ရေက အစိမ်းရောင် ဖြစ်သွားသလို စိတ်ကို မှီပြီး ဖြစ်တဲ့တရား၊ စိတ်ကို ခြယ်လှယ်တဲ့တရားကို စေတသိက်လို့ ခေါ်တယ်။ ခြယ်လှယ်တယ်ဆိုတာ ကောင်းတဲ့ စေတသိက်တွေနဲ့ တွဲမိတဲ့အခါ ဒီစိတ်ကို ကောင်းတဲ့စိတ်လို့ ခေါ်လိုက်တယ်။ မကောင်းတဲ့ စေတသိက်တွေနဲ့ တွဲမိတဲ့အခါ ဒီစိတ်ကို မကောင်းတဲ့စိတ်လို့ ခေါ်တယ်။

ဒါကြောင့်မို့ လယ်တီဆရာတော်ဘုရားကြီးက -
“စိတ်ကို မှီတွယ်၊ စိတ်ကိုခြယ်
ငါးဆယ်နှင့်ဒွိတ်၊ စေတသိက်”လို့ ဒီလို လင်္ကာလေး ရေးထားတယ်။

ဒွိတ်ဆိုတာ ၂ ပေါ့။ ငါးဆယ်နှင့်ဒွိတ်ဆိုတာ ၅၂ ပေါ့။

စိတ်ကို မှီပြီးတော့ စိတ်ကို ခြယ်လှယ်တဲ့ တရားတွေ ၅၂ ပါး ရှိတယ် တဲ့။

+++++

အဲဒီ စေတသိက် မှာ ဘယ်လို လက္ခဏာရှိသလဲ?

စေတသိက်မှာ လက္ခဏာ ၄ ပါး ရှိတယ်။

(၁) စိတ်နဲ့ အတူဖြစ်ခြင်း
စိတ်နဲ့ တပြိုင်နက် ဖြစ်တယ်။ အတူ ဖြစ်တယ်။ စိတ်ဖြစ်တဲ့ အခိုက်အတန့်မှာပဲ စေတသိက် လိုက်ဖြစ်တယ်။ စိတ်က အရင် ဖြစ်သွားပြီး စေတသိက်က နောက်က လိုက်ဖြစ်တာမျိုး မဟုတ်ဘူး။ တပြိုင်နက်သော ခဏမှာ ဖြစ်တယ်။

(၂) စိတ်နဲ့ အတူချုပ်ခြင်း

ပျောက်သွားတဲ့အခါမှာလည်း စိတ်နဲ့ အတူတူ ပျောက်သွားမယ်။ စိတ်က အရင်ပျောက်သွားပြီးတော့ စေတသိက်က နောက်မှ ပျောက်တာမျိုး မဟုတ်ဘူး။ စေတသိက်က အရင်ပျောက်ပြီးတော့ စိတ်က နောက်မှ ပျောက်တာမျိုးလဲ မဟုတ်ဘူး။
စိတ်ပျောက်တာနဲ့ တပြိုက်နက် စေတသိက်လည်း ပျောက်၊ စိတ်နဲ့ စေတသိက်ဟာ ပြိုင်တူ ချုပ်ရမယ်၊ ပြိုင်တူ ပျောက်ရမယ်။

(၃) စိတ်နဲ့ တူသော အာရုံ ရှိခြင်း

အာရုံဆိုတာ မြင်စရာ၊ ကြားစရာ၊ နံစရာ ဒါတွေကို အာရုံလို့ ခေါ်တယ်။ အခု ကြည့်လိုက်တဲ့အခါ တစ်စုံတစ်ခုကို မြင်တယ်ဆိုရင် ဒါဟာ မြင်စရာ အာရုံ၊ ပြောလို့ ကြားတဲ့ အသံဟာ ကြားစရာ အာရုံ။ အဲဒီလို အာရုံတွေရှိတော့ စိတ်က မြင်စရာတွေကို အာရုံပြုရင် စေတသိက်ကလည်း မြင်စရာကိုပဲ အာရုံပြုရမယ်။ စိတ်က အသံကို အာရုံပြုရင် စေတသိက်ကလည်း အသံကိုပဲ အာရုံပြုရမယ်။
စိတ်က အာရုံပြုတာ တစ်ခု၊ စေတသိက်က မတူတဲ့ တခြားအာရုံကို အာရုံပြုတာမျိုး မရှိရဘူး။ ဒါကြောင့်မို့ စေတသိက်ဟာ စိတ်ယူတဲ့ အာရုံကိုပဲ ယူရမယ်။

(၄) စိတ်နဲ့တူသော မှီရာ ရှိခြင်း

စိတ်ဆိုတာက အဘိဓမ္မာသဘောအရ မှီရာ မရှိဘဲ မဖြစ်ဘူး။ မှီရာဆိုတာ ရှိရတယ်။ မှီရာကို ပါဠိလို ဝတ္ထုလို့ ခေါ်တယ်။
အဲဒီ မှီရာဆိုတာက … ဆိုပါတော့၊ မျက်လုံးအကြည်ဓာတ်ကို မှီရာလို့ ခေါ်တယ်။ နားကို မှီရာလို့ ခေါ်တယ်။ နှာခေါင်းကို မှီရာလို့ ခေါ်တယ်။

မျက်လုံးကို အမှီပြုပြီး မြင်တဲ့စိတ် ဖြစ်ပေါ်တယ်။ မြင်တဲ့စိတ်ဟာ မျက်လုံး မရှိရင် မဖြစ်ပေါ်နိုင်ဘူး။
ကြားတဲ့စိတ်ဟာ နား(အကြည်ဓာတ်) မရှိရင် မဖြစ်ပေါ်နိုင်ဘူး။

အဲဒါကြောင့် စိတ်ဟာ ထိုထိုဝတ္ထုလို့ ခေါ်တဲ့ မျက်စိတ်အကြည်ဓာတ်၊ နားအကြည်ဓာတ် စသည်တို့ကို အမှီပြုရတယ်။

စိတ်က မျက်စိကို အမှီပြုတယ်ဆိုရင် စေတသိက်ကလည်း မျက်စိကိုပဲ အမှီပြုရတယ်။ အဲဒီလို အမှီပြုတာချင်းလည်း တူရမယ်။

စေတသိက်လက္ခဏာ ၄ ပါးက စိတ်နှင့်အတူဖြစ်ခြင်း၊ စိတ်နှင့်အတူ ချုပ်ခြင်း၊ စိတ်နှင့်တူသော အာရုံရှိခြင်း၊ စိတ်နှင့်တူသော မှီရာရှိခြင်း။ ဒီအင်္ဂါလက္ခဏာ ၄ ပါးနဲ့ ပြည့်စုံတဲ့ တရားကို စေတသိက်လို့ ခေါ်တယ်။

ဒါကြောင့် လယ်တီဆရာတော်ကြီးက -
“ဖြစ်, ပျက်, မှီ, အာ၊ တူလေးဖြာ၊ အင်္ဂါယှဉ်နိမိတ်” တဲ့။ ဒီအင်္ဂါ လေးဖြာနဲ့ ပြည့်စုံတာပေါ့။

+++++

အဲဒီတော့ စေတသိက်ဟာ စိတ်မှ သီးခြားဖြစ်တဲ့ သဘာဝတရား တစ်ခု။ ပရမတ္ထတရားတစ်ခု အမှန်တရားတစ်ခုလို့ ဆိုလိုတယ်။

အဲဒီ စေတသိက်ပေါင်း ၅၂ ပါး ရှိတယ်။ ဒီနေ့ အဲဒီ ၅၂ ပါးကို တစ်ခုချင်း လေ့လာသွားရမယ်။

အဲဒီ စေတသိက် ၅၂ ပါးကို စိတ်မှာတုန်းကလိုပဲ အုပ်စု ခွဲထားတယ်။ စိတ်မှာတုန်းက လောကီစိတ်၊ လောကုတ္တရာစိတ်၊ ကာမာဝစရစိတ်၊ ရူပါဝစရစိတ်၊ အရူပါဝစရစိတ် စသည်ဖြင့် အုပ်စုခွဲထားသလို ဒီမှာလည်း အုပ်စုခွဲထားလိမ့်မယ်။

ပထမအုပ်စု အညသမန်း စေတသိက် ၁၃ ပါး။

အဲဒီ အညသမန်းစေတသိက် ၁၃ ပါးမှာမှ သဗ္ဗစိတ္တ သာဓာရဏ စေတသိက်က ၇ ပါး၊ ပကိဏ်းစေတသိက်က ၆ ပါး။ အဲသလို ခွဲတယ်။

အညသမန်းဆိုတာက ဘာလဲ?

ပါဠိလို ‘အညသမာန’၊ ‘အည’ဆိုတာက ‘တစ်ပါး’ ‘တခြား’၊ ‘သမာန’ ဆိုတာက ‘တူတာ’ ‘ဆက်ဆံတာ’။
ဒါကြောင့်မို့ ‘အညသမာန’ဆိုတာ ‘သူများနဲ့ တခြားတစ်ပါးနဲ့ ဆက်ဆံတာ’။ ဆိုလိုတာက ဒီစေတသိက်တွေဟာ ကောင်းတဲ့စိတ်နဲ့ရော မကောင်းတဲ့စိတ်နဲ့ရော ဆက်ဆံတယ်။

သူက စိတ်အားလုံးနဲ့ ယှဉ်မှာ။ စိတ်အားလုံးဖြစ်တိုင်း သူက ပါမှာဆိုတော့ ကောင်းတဲ့ စိတ်နဲ့လည်း သူက လိုက်လျောလို့ ရတယ်။ မကောင်းတဲ့စိတ်နဲ့လည်း လိုက်လျောလို့ ရတယ်။

အဲဒီ အညသမန်းစေတသိက် ၁၃ ပါးမှာမှ ‘သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး’နဲ့ ‘ပကိဏ်းစေတသိက် ၆ ပါး’ ဆိုပြီး ၂-မျိုး ထပ်ခွဲတယ်။

+++++

သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး

‘သဗ္ဗ’ဆိုတာက ‘အလုံးစုံ’၊ ‘စိတ္တ’ဆိုတာက ‘စိတ်’၊ ‘သာဓာရဏ’ဆိုတာက ‘ဆက်ဆံတာ’။

စိတ်အားလုံးနဲ့ ဆက်ဆံတာ၊ အလုံးစုံသောစိတ်တို့နှင့် ဆက်ဆံတာ။ ဆက်ဆံတယ်ဆိုတာ အတူတူဖြစ်တာ၊ ယှဉ်တာကို ပြောတာ။ အဲဒီတော့ စိတ်အားလုံးနဲ့ ဆက်ဆံတဲ့စေတသိက်ဆိုတာ စိတ်အားလုံးနဲ့ အတူတူဖြစ်တဲ့ စေတသိက်။

အဲဒီတော့ စိတ်ဖြစ်တိုင်း ဒီစေတသိက် ၇ ခုဟာ အမြဲတမ်း ပါရတယ်လို့ ဆိုလိုတယ်။ စိတ်တိုင်း စိတ်တိုင်းနဲ့ သူက ယှဉ်တယ်။
စိတ်ပေါင်း ၈၉ သို့မဟုတ် ၁၂၁ မှာ တစ်ခုတစ်ခုသော စိတ်နဲ့ ဒီ ၇ ခုလုံးက ယှဉ်လိမ့်မယ်။ အဲဒီစိတ် တစ်ခုတစ်ခုဖြစ်တိုင်း ဒီ ၇ ခုက ပါပြီးသားပဲ။ ဒီ ၇ ခုအပြင် တခြားဟာတွေလည်း ပါဦးမယ်။ သူကတော့ မပါမနေ, ပါပြီးသားပဲ။


ဖဿ

ကောင်းပြီ။ ပထမဆုံးစေတသိက်က ဖဿစေတသိက်တဲ့။ ဒါကိုတော့ ပါဠိလို မှတ်မိအောင် ကျက်ရမယ်။ မြန်မာလို နားလည်အောင် လုပ်ရမယ်။

ဖဿဆိုတာ အာရုံကို တွေ့ထိခြင်းသဘောတဲ့။ ဒီနေရာမျာ တွေ့ထိခြင်းဆိုတာ နာမ်ချင်း တွေ့ထိတာ။ Physical contact မဟုတ်ဘူး။ မြင်လိုက်တယ်ဆိုပါတော့ မြင်စရာအာရုံနဲ့ မြင်တတ်တဲ့မျက်စိ ဆုံသွားတာ။ ဆုံသွားတဲ့အခါမှာ ဖဿစိတ်ကလေး ပေါ်လာတယ်။

အဲဒီလို နာမ်တွေ့ထိမှုကို ဖဿလို့ ခေါ်တယ်။ ရုပ်တွေ့ထိမှုကို ဆဋ္ဌမပိုင်းကျတော့ လာလိမ့်မယ်။ ဖောဋ္ဌပ္ဖလို့ ခေါ်တယ်။

ဖဿသဘောဟာ ဘယ်လိုနေရာတွေမှာ ထင်ရှားသလဲ?

ကျမ်းဂန်ထဲမှာလာတဲ့အတိုင်း ပြောရရင် တစ်စုံတစ်ယောက်က အချဉ်စားနေရင် ကိုယ်က သွားရည်ကျနေတယ်။ အဲဒါ ဖဿပဲ။ အာရုံချင်း ထိခိုက်တာ၊ အာရုံချင်း တွေ့သွားတာ။
အဲဒီလို နာမ်တရားချင်း တွေ့ထိမှုသဘောကို ဖဿလို့ ခေါ်တယ်။

ဒီနေရာမှာ သဘောလို့ ဆိုရတာက အဘိဓမ္မာတရား ပရမတ္ထတရားကို လေ့လာတဲ့အခါ ဒီလိုပုဒ်တွေကို အဓိပ္ပာယ်ဖွင့်ပြတဲ့အခါ အသုံးပြုရတာ ဖြစ်တယ်။

သူ့ကို “ပြုတတ်တဲ့ တရားအနေနဲ့”၊ “ပြုကြောင်းဖြစ်တဲ့ တရားအနေနဲ့”၊ “ပြုခြင်းအနေနဲ့” ၃ မျိုး အဓိပ္ပာယ်ဖွင့်လို့ရတယ်။

‘ဖဿ’ဆိုတာ ‘အာရုံကို တွေ့တတ်တဲ့ သဘောတရား’ပဲလို့ ဒီလို ပြောလို့ ရတယ်။ (သူဟာ ဒါလုပ်တတ်တယ်ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။)

တစ်နည်း ‘အာရုံကို တွေ့ကြောင်းဖြစ်တဲ့တရား’လို့ ဒီလိုလည်း ပြောလို့ ရတယ်။ (အာရုံကို တွေ့တဲ့အခါ သူမပါရင် မပြီးဘူးဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ အာရုံကို တွေ့ကြောင်းဖြစ်တဲ့ တရားဆိုတာ အာရုံကို တွေ့တဲ့အခါမှာ စိတ်လည်း ပါတယ်၊ တခြား စေတသိက်တွေလည်း ရှိသေးတယ်။ အဲဒီ စိတ်တွေနဲ့ တခြား စေတသိက်တွေ အာရုံကို တွေ့တဲ့အခါမှာ သူမပါရင် မဖြစ်ဘူး။ သူပါမှ ဖြစ်တယ်။ အဲဒါကိုပဲ ပါဠိလို ဘုန်းကြီးစကားနဲ့ ပြောရင် တွေ့ကြောင်းတရားလို့ သုံးတယ်။ အဲဒါကြောင့် ဘုန်းကြီးတွေ တရားဟောရင် လူဝတ်ကြောင်တွေ ပြည့်ပြည့်စုံစုံ နားလည်ဖို့ မလွယ်ဘူးဆိုတာ အဲဒါ ပြောတာ။ ဘုန်းကြီးကတော့ သူနားလည်သလို လူတွေ နားလည်မယ် ထင်ပြီး ပြောသွားတာ။ တကယ်ကျတော့ လူဝတ်ကြောင်တွေက နားမလည်ဘူး။)

ဒါမှမဟုတ် ‘အာရုံကို တွေ့ခြင်းမျှလေးပဲ’၊ ‘အာရုံကို တွေ့ခြင်းသဘောပဲ’။ ဒီလိုလည်း ပြောလို့ ရတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ တကယ်ကို သဘောထိမိတဲ့ ဖွင့်ဆိုချက် ဖြစ်တယ်။

တခြား ၂-ခုကတော့ အတ္တစွဲရှိတဲ့သူတွေကို ကန့်ကွက်ဖို့ ချေပဖို့ဆိုတဲ့ အနေနဲ့ အဓိပ္ပာယ်ပေးတာ။ တကယ့်တကယ်ကတော့ သဘောအထိမိဆုံး အဓိပ္ပာယ်ကတော့ တွေ့ခြင်းသဘောမျှပဲလို့ဆိုတဲ့ ‘ခြင်း’ပါတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

ဒါဟာ ဘာလဲဆိုတော့ ဗုဒ္ဓဘာသာအပြင်ဘက်က လူတွေက မြင်တယ်ဆိုတာ ဒီထဲမှာ အတ္တဆိုတာလေး ရှိတယ်။ ဝိညာဉ်လေး လိပ်ပြာလေး စသည်ဖြင့်ပေါ့ … မြန်မာမှာလည်း အယူအဆ ရှိတယ်။ အဲဒီ အတ္တဆိုတာလေးက မြင်တယ်။ အာရုံကို တွေ့တယ်ဆိုတာ အတ္တလေးက တွေ့တာ … ဒီလို သူတို့က ထင်ထားတယ်။

ဒီလိုထင်ထားတဲ့ ပုဂ္ဂိုလ်တွေကို “မင်းတို့ ထင်ထားတာ မဟုတ်ဘူး။ ဒါဟာ ဖဿကွ။ တွေ့လား” အဲသလို အဓိပ္ပာယ်မျိုးနဲ့ ဖဿဟာ ‘တွေ့တတ်တဲ့သဘောတရား’။ ဒီလို ဆိုတယ်။ ရှေးတုန်းက ဒီဝါဒတွေက ရှိတော့ ဒါတွေနဲ့ အမြဲတမ်း တိုက်နေရတာ။

တချို့ကျတော့လည်း “အာရုံကို တွေ့ထိတဲ့အခါမှာ မရှိမဖြစ်တဲ့ အတ္တက ဒို့သန္တာန်တိုင်းမှာ ရှိတယ်။ အဲဒီအတ္တလေးကြောင့် ဒို့တွေက တွေ့နေတာ” ဒီလို ယူဆတဲ့ ပုဂ္ဂိုလ်တွေကို “မဟုတ်ဘူး။ တွေ့ကြောင်းဆိုတာ ဟောဒီ ဖဿပဲ။ မင်းတို့ ထင်တဲ့ အတ္တမဟုတ်ဘူး။ အတ္တဆိုတာ ရှိကို မရှိဘူး။ ဖဿကြောင့် ဒို့က တွေ့ရတာ” အဲသလို ပြောဖို့ရာ အဲဒီလို သူတို့ရဲ့ ဝါဒကို ပယ်ဖို့ရာ ဒုတိယအဓိပ္ပာယ်မျိုးလဲ သုံးရတယ်။

တတိယအဓိပ္ပာယ်ကတော့ ပြုတတ်တယ်ဆိုတာလည်း မရှိဘူး၊ ပြုကြောင်းဆိုတာလည်း မရှိဘူး၊ ပြုခြင်းမျှပဲဆိုတဲ့ အဓိပ္ပာယ်။ သဘော အထိမိဆုံးပဲ။ အဲဒါကြောင့်မို့ အာရုံကို တွေ့ခြင်းသဘောဆိုရင် ဒါဟာ အကောင်းဆုံး အဓိပ္ပာယ်ပဲ။

ဒီလိုပဲ တခြား စေတသိက်တွေကျရင်လဲ ၃-မျိုး ၃-မျိုး အဓိပ္ပာယ် ဖွင့်သွားနိုင်တယ်။


ဝေဒနာ

ဝေဒနာဆိုတာ အာရု့၏ အရသာကို ခံစားခြင်းသဘော။ အာရုံကို အရသာခံတယ်၊ ကောင်းတဲ့ အာရုံပဲ၊ မကောင်းတဲ့ အာရုံပဲ။ ဒါဟာ ဝေဒနာက ခံစားသွားတာ။

ဒီမှာလည်း ခံစားတတ်တဲ့သဘော၊ ခံစားကြောင်းဖြစ်တဲ့ သဘော၊ ခံစားခြင်းသဘော သုံးမျိုး ဖွင့်ဆိုနိုင်တယ်။

ဒီနေရာမှာ နားလည်ရမှာက ဝေဒနာဆိုတာ စိတ်ထဲမှာ ဖြစ်တာ။ အခုခေတ်က ခန္ဓာကိုယ်ထဲမှာ နာကျင်ခံစားရတာကို ဝေဒနာလို့ ပြော,ပြောနေတယ်။ အမှန်ကတော့ နာတဲ့ ရုပ်က ဝေဒနာ မဟုတ်ဘူး။ နာတဲ့ ရုပ်ကို စိတ်က ခံစားမှုလုပ်တယ်။ စိတ်မှာ ဖြစ်တာကို ဝေဒနာ ခေါ်တယ်။ အဲဒီ ဝေဒနာစေတသိက်က အာရုံရဲ့ အရသာကို ခံစားခြင်းသဘော ရှိတယ်။

သူ့ကို ဘာနဲ့နှိုင်းသလဲဆိုတော့ ပွဲတော်တည်တဲ့ ရှင်ဘုရင်နဲ့ နှိုင်းတယ်။

ထမင်းရဲ့ အရသာကို တကယ်ခံစားတာက ရှင်ဘုရင်၊ ချက်တဲ့ ပြုတ်တဲ့ စားတော်ကဲက ချက်ပြုတ် … နည်းနည်းပါးပါး မြည်းပြီး ဘုရင်ကို သွားဆက်ရတာ။ တကယ် ကျကျနန ထိုင်စားတာက ရှင်ဘုရင်က စားတာ။

ဒီနည်းတူ တခြားတရားတွေ အာရုံခံစားတာက မစို့မပို့လေး နည်းနည်းလေးဆိုပါတော့။ ဝေဒနာစေတသိက်ကသာ ပိုင်ပိုင်နိုင်နိုင် အာရုံကို ခံစားတယ်။

စိတ်ပိုင်းတုန်းက ဝေဒနာ ဘယ်နှမျိုး တွေ့ခဲ့သလဲ?
၅-မျိုးတောင် တွေ့ခဲ့ပြီ။ သောမနဿဝေဒနာ-ဝမ်းမြောက်တဲ့ ဝေဒနာပေါ့။ ဒေါမနဿဝေဒနာ-စိတ်ဆိုးတဲ့ ဝေဒနာပေါ့။ ဥပေက္ခာဝေဒနာ-အလယ်အလတ်ဝေဒနာ။ ပြီးတော့ သုခဝေဒနာ-ဒါက ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အတွေ့ကောင်းတဲ့အခါမှာ ချမ်းသာတာ။ ပြီးတော့ ဒုက္ခဝေဒနာ-ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး နာကျင်တဲ့အခါမှာ ဖြစ်တဲ့ ဝေဒနာ။ အဲဒီ ဝေဒနာ ၅-မျိုး ရှိတယ်။ ဝေဒနာရဲ့သဘောက အာရုံရဲ့ အရသာကို ခံစားခြင်းသဘော။


သညာ

သညာဆိုတာ အာရုံကို မှတ်ခြင်းသဘော။ အမှတ်ပြုပြီး သိခြင်းသဘောကို သညာလို့ ခေါ်တယ်။

အာရုံတစ်ခုနဲ့ တွေ့လိုက်ပြီဆိုရင် သညာလေးက မှတ်တော့တာပဲ။ အဲဒီသညာရဲ့အမှတ် အမှန်အမှားပေါ် မူတည်ပြီး နောက်ပိုင်းမှာ ကိုယ့်ရဲ့ အယူအဆတွေ အမှန်အမှားဖြစ်ကုန်တာပဲ။ တစ်ခါတလေ အမှားမှတ်ထားမိရင် တော်တော်နဲ့ ဖျောက်လို့ မရဘူး။ ဒါကြောင့်မို့ သညာဟာ အလွန်ကြောက်စရာကောင်းတယ်။

အာရုံတစ်ခုကို တွေ့တဲ့အခါမှာ ဒီသညာက မှတ်သားထားတဲ့အတွက်ကြောင့် နောက်တစ်ခါ ထပ်ပြီး ဒီအာရုံမျိုး တွေ့တဲ့အခါကျတော့ ဒါပဲဆိုတာ ဆုံးဖြတ်ပြီး သိနိုင်တယ်။

ဒါကြောင့် သညာကို ဘာနဲ့ ဥပမာ ပေးသလဲဆိုတော့ လက်သမားတွေ မျဉ်းသား အမှတ်အသားပြုတဲ့အခါ ဒီနေရာက ဆက်စပ်ဖို့၊ ဒီနေရာက ပယ်ပစ်ဖို့ ဖြတ်ပစ်ဖို့ ဒါကယူဖို့ စသည်ဖြင့် အဲဒီအမှတ်အသားလေး၊ နောက် ပြန်မြင်တဲ့အခါကျတော့ သိတယ်။ အဲသလို သိအောင် မှတ်တာမျိုးကို သညာလို့ ခေါ်တယ်။

သညာဟာ အမှန်လည်း မှတ်တတ်တယ်။ အမှားလည်း မှတ်တတ်တယ်။ စာခြောက်ရုပ်ကို တိရစ္ဆာန်တွေက တကယ့်လူ ထင်ပြီး ကြောက်နေကြတာ သညာဝိပ္ပလာသ ခေါ်တယ်။ သညာအမှတ်မှားထားတာ။ သူက တကယ်လူ ထင်ပြီး မြင်လိုက်တာနဲ့ ကြောက်လန့်ပြီး ပြေးတော့တာပဲ။


စေတနာ

စေတနာဆိုတာ အာရုံ၌ သမ္ပယုတ်တရား (အတူတူဖြစ်တဲ့ တရား၊ ယှဉ်ဘက်တရား)တို့ကို စေ့ဆော်ခြင်းသဘောတဲ့။
အဲဒီစေတနာကို တပည့်ကြီး၊ ကျောင်းမှာ အတန်းခေါင်းဆောင် မော်နီတာလိုပေါ့ … နဲ့ ဥပမာပေးတယ်။

တပည့်ကြီးဟာ သူကိုယ်တိုင်လဲ စာကို ကြိုးစား အားထုတ်တယ်။ တခြား သူ့အောက်ငယ်တဲ့ တပည့်တွေကိုလည်း စာကြိုးစားအောင် လုပ်သလိုပဲ စေတနာက သူကိုယ်တိုင်လည်း အားထုတ်တယ်။ သူများကိုလည်း အားထုတ်ဖို့ တိုက်တွန်း နှိုးဆော်တယ်။ အဲဒီတရားမျိုးကို စေတနာလို့ ခေါ်တယ်။

မြန်မာစကားမှာ စေတနာဆိုရင် ကောင်းတဲ့ဘက်မှာပဲ သုံးတယ်။ အမှန်အတိုင်းကတော့ ကောင်းတဲ့ စေတနာ ရှိတယ်၊ မကောင်းတဲ့ စေတနာ ရှိတယ်။

အဲဒီ စေတနာဟာ ဦးဇင်းတို့ နားလည်နေတဲ့ ကံဆိုတာပါပဲ။ ကုသိုလ်ကံ၊ အကုသိုလ်ကံ၊ ကံကောင်းတယ်၊ ကံမကောင်းဘူး ဆိုတာတွေ။ စေတနာကို ကံလို့ မြတ်စွာဘုရားဟောခဲ့တယ်။ တိုက်ရိုက်ပါဠိစကားက “စေတနာ ဟံ ဘိက္ခဝေ ကမ္မာဝဒါမိ”။


ဧကဂ္ဂတာ

ဧကဂ္ဂတာရဲ့ အဓိပ္ပာယ်က အာရုံ၌ တည်တံ့ခြင်းသဘော။

ဧက=တစ်၊ အဂ္ဂ=အာရုံ။ တစ်ခုတည်းသော အာရုံမှာ တည်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

သမာဓိဆိုတာလည်း ဧကဂ္ဂတာကို ခေါ်တာပဲ။

ဧကဂ္ဂတာမှာလည်း ကောင်းတာရော မကောင်းတာရော နှစ်မျိုးလုံး ရှိတယ်။ တရားအားထုတ်တဲ့အခါ သမာဓိတည်နေတာက ကောင်းတဲ့ ဧကဂ္ဂတာ၊ ငါးမျှားတဲ့အခါ စိတ်တည်တံ့မှုက မကောင်းတဲ့ မိစ္ဆာဧကဂ္ဂတာပေါ့။


ဇီဝိတိနြေ္ဒ

မြန်မာလိုက သဟဇာတ်တရား (အတူဖြစ်တဲ့တရား) တို့ကို စောင့်ထိန်းခြင်းသဘောတဲ့။

စောင့်ထိန်းတယ်ဆိုတာ ပျက်မသွားအောင်၊ သေမသွားအောင်၊ တည်နေအောင် စောင့်ထိန်းတဲ့သဘောကို ဒီမှာ ဇီဝိတိနြေ္ဒလို့ ခေါ်တယ်။

ဘာနဲ့ဥပမာပေးသလဲဆိုတော့ ကြာရိုးထဲမှာ ရှိတဲ့ရေနဲ့ ဥပမာပေးတယ်။ ကြာရိုးထဲမှာ ရေလေး ရှိနေလို့ ရေကစောင့်ရှောက်ထားလို့ ကြာတွေ လန်းဆန်းနေတယ်။ ညှိုးမသွားဘူး။

ထို့အတူပဲ ဇီဝိတဆိုတဲ့ နာမ်သဘောတရားက ဖြစ်တဲ့နာမ်တွေ အားလုံးကို သူက စောင့်ရှောက်တယ်။ ရုပ်တွေထဲမှာလည်း ဇီဝိတတစ်ခု ရှိတယ်။ နာမ်မှာလည်း ဇီဝိတတစ်ခု ရှိတယ်။ နာမ်ဇီဝိတက နာမ်တရားတွေကို စောင့်ရှောက်တယ်။ ရုပ်ဇီဝိတက ရုပ်တရားတွေကို စောင့်ရှောက်တယ်။

ဒီနေရာမှာ ဇီဝိတိနြေ္ဒက သဟဇာတ်တရားတွေကို စောင့်ထိန်းတယ်။ သဟဇာတ်တရားတွေကို ပျောက်ပျက်မသွားအောင် ထောက်ပံ့ထားတယ်။ ထိန်းထားတယ်။ ဒါဖြင့် သူ့(ဇီဝိတိနြေ္ဒ)ကိုကော ဘယ်သူက စောင့်ရှောက်လို့ ဘယ်သူက ထိန်းသလဲ?
ဒါတွေက ကျမ်းဂန်လာတွေချည်းပဲ။ သူများထိန်းရင်း သူ့ကိုသူလည်း ထိန်းသွားတာတဲ့။ လှေသမားနဲ့ ဥပမာပေးတယ်။ ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်း သူများကို လှော်ပို့ရင်းနဲ့ သူပါရောက်သွားသလိုပဲတဲ့။


မနသိကာရ

မနသိကာရဆိုတာ အာရုံ၌ နှလုံးသွင်းခြင်း သဘော။

မနသိ=စိတ်၌၊ ကာရ=ပြုခြင်း။ စိတ်၌ ပြုခြင်းဆိုတာ စိတ်ထဲကို အာရုံရောက်နေအောင် ဒါမှမဟုတ် အာရုံထဲ စိတ်ရောက်နေအောင် ပြုလုပ်ပေးတဲ့ သဘောတရားမျိုး။

ဒီမနသိကာရ ရှိမှ အာရုံကို တကယ်သိတာ။ မနသိကာရ မရှိရင် အာရုံကို မသိဘူး။ ဝီထိပိုင်းကျတော့ လေ့လာရလိမ့်မယ်။
မြင်တဲ့စိတ် ဖြစ်ဖို့ရာ အကြောင်း ၄-မျိုး ရှိတယ်။ မြင်စရာ အာရုံ၊ မျက်လုံး၊ အရောင်အလင်း၊ နှလုံးသွင်းမှု။ တစ်ခါတလေ ကိုယ်က နှလုံးမသွင်းရင် ဂရုမစိုက်လိုက်ရင် မမြင်လိုက်ဘူး မကြားလိုက်ဘူး မဟုတ်လား။

ဒီမနသိကာရကို ရှေးတုန်းက ဘုရင်တွေ စီးတဲ့ မြင်း လေး ငါး ခြောက်ကောင်ဆွဲတဲ့ ရထားမှာ မြင်းတွေကို အညီအမျှသွားအောင် ထိန်းပေးတဲ့ ရထားထိန်းနဲ့ ဥပမာပေးတယ်။

ကောင်းပြီ … ဒီစေတသိက် ၇-ပါးက သဗ္ဗစိတ္တသာဓာရဏစေတသိက်။ စိတ်အားလုံးနဲ့ ဆက်ဆံတဲ့ စေတသိက်။ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ဒီ ၇-ခုကတော့ ပါမှာချည်းပဲ။ မပါလို့ မရဘူး။


+++++

ပကိဏ်းစေတသိက် ၆-ပါး

ပကိဏ်းဆိုတာ ရောရောနှောနှော ယှဉ်တာ၊ ပြိုးပြွမ်းယှဉ်တာကို ခေါ်တယ်။ ဆိုလိုတာက သူတို့ဟာ ကောင်းတဲ့စိတ်နဲ့လည်း ယှဉ်မယ်။ မကောင်းတဲ့စိတ်နဲ့လည်း ယှဉ်မယ်။ သို့သော် အကုန်လုံးနဲ့ မယှဉ်ဘူး။ တချို့နဲ့ ယှဉ်မယ်။ တချို့နဲ့ မယှဉ်ဘူး။ အဲဒီလို စေတသိက်ကို ပကိဏ်းစေတသိက်လို့ ခေါ်တယ်။ ပါဠိလိုကျတော့ ပကိဏ္ဏက လို့ ရှိတယ်။


ဝိတက်

ဝိတက်ဆိုတာ သမ္ပယုတ်တရားတို့ကို အာရုံသို့ တင်ပေးခြင်း သဘော။
စိတ်ကို အာရုံရောက်အောင် ဒီဝိတက်က ခေါ်,ခေါ်သွားတာ။

ကျမ်းဂန်ထဲမှာ ပါတဲ့ ဥပမာက ရှင်ဘုရင်ဆီ မရောက်ဖူးတဲ့ တောသားကို ရောက်ဖူးတဲ့ မြို့သားက ခေါ်သွားမှ တောသားက ရှင်ဘုရင်ဆီ ရောက်ရတယ်။ အဲဒီ မြို့သားကို ဝိတက်ရဲ့ ဥပမာအဖြစ် ပေးတယ်။


ဝိစာရ

အာရုံ၌ သမ္ပယုတ်တရားတို့ကို သုံးသပ်စေခြင်း သဘော။ သုံးသပ်စေခြင်းသဘောဆိုတာ အဲဒီအာရုံပေါ်မှာပဲ ထပ်ကာ ထပ်ကာ ဖြစ်စေခြင်းသဘောလို့ ဆိုလိုတယ်။

ဝိတက်က အဲဒီစိတ်ကို အာရုံပေါ်မှာ ရစ်ဝဲနေအောင် တင်ပေးလိုက်တယ်။ အာရုံနဲ့ စပ်ဟပ်နေအောင် ဝိစာရက လုပ်ပေးတယ်။
ဝိတက်နဲ့ ဝိစာရဟာ တစ်ပြိုင်နက် ဖြစ်တယ်။

သူတို့ဖြစ်ပုံ အထူးကို နားလည်အောင် ပေးတဲ့ ဥပမာတွေက -

ခေါင်းလောင်းတစ်ခုကို တီးလိုက်တဲ့အခါ ပထမတီးလို့ ဒေါင်ကနဲ ထွက်လာတဲ့ မြည်သံက ဝိတက်၊ နောက်ကလိုက်ညည်းတဲ့အသံက ဝိစာရ။

တစ်နည်းအားဖြင့် - ငှက်ဟာ ကောင်းကင်ကို ပျံတက်ချင်တဲ့အခါ အတောင်ခတ်ပြီး ထပျံတာက ဝိတက်၊ ကောင်းကင်မှာ ဝဲနေတာက ဝိစာရ။

နောက်တစ်နည်းအားဖြင့် - ပျားပိတုန်းဟာ ပဒုမ္မာကြာဆီ စိုက်ထိုးသွားတာက ဝိတက်၊ ကြာပွင့်ပေါ်မှာ ရစ်ဝဲနေတာက ဝိစာရ။

နောက်တစ်နည်းအားဖြင့် - ခွက်တစ်ခု မည်းနေလို့ ပွတ်တိုက် ဆေးကြောချင်တာ ခွက်ကို ကျကျနန ဆုပ်ကိုင်တဲ့ လက်က ဝိတက်၊ ပွတ်တိုက်ဆေးကြောတဲ့ နောက်လက်တစ်ဖက်က ဝိစာရ။

ဝိတက်ဟာ ပကိဏ်းစေတသိက်ဖြစ်တော့ တချို့စိတ်တွေမှာ မယှဉ်ဘူး။ အဟိတ်စိတ်ထဲက မြင်စိတ် ကြားစိတ်တွေ စသည်ဟာ အာရုံနဲ့ အခံ ထိခိုက်မှု အားကြီးလို့ အာရုံပေါ်တင်ပေးစရာ မလိုဘူး။ ဒါကြောင့် ဝိတက်က အဲဒီမှာ မယှဉ်ဘူး။ ဒုတိယဈာန်၊ တတိယဈာန်စိတ်တွေကျတော့ ဘာဝနာရဲ့အစွမ်းကြောင့် ဝိတက် မယှဉ်ဘူး။


အဓိမောက္ခ

အဓိမောက္ခဆိုတာ အာရုံကို ဆုံးဖြတ်ခြင်း သဘော။ အာရုံကို ဒီအာရုံပဲလို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ခြင်းသဘောကို အဓိမောက္ခလို့ ခေါ်တယ်။

ရှေးတုန်းက မြို့တံခါးကို ခိုင်ခိုင်မာမာ ခပ်ကြီးကြီး လုပ်ရတယ်။ အဲဒီလို တံခါးတိုင်ကြီး ခိုင်မြဲသလို အဓိမောက္ခကို တံခါးတိုင်ကြီးနဲ့ ဥပမာပေးတယ်။


ဝီရိယ

သမ္ပယုတ်တရားတို့ကို ထောက်ပံ့ခိုင်စေခြင်းသဘော။ ဝီရိယရှိလို့ သမ္ပယုတ်တရားတွေက တည်တည်တံ့တံ့ ဖြစ်နေတာ။ ဝီရိယလျော့သွားတာနဲ့ တစ်ပြိုင်နက် အလုပ်မလုပ်ချင်တော့ဘူး။

ဒီဝီရိယမပါရင် ဘာမှ လုပ်လို့ မဖြစ်ဘူး။ တရားထိုင်တဲ့အခါ ဝီရိယလေးနဲ့ လုပ်မှ စိတ်ဟာ အာရုံပေါ် ရှိတာ။ ဒီလို မဟုတ်ရင် စိတ်က ဟိုရောက် ဒီရောက် ရောက်နေတာ။ နည်းနည်းလေး ဂရုစိုက်လိုက်မှ စိတ်က အာရုံပေါ် ပြန်ရောက်လာတာ။ ဝီရိယလေး လျော့ရင် သွားပြန်ရော၊ အဲဒီလိုပေါ့။


ပီတိ

ပီတိဆိုတာ အာရုံကို နှစ်သက်ခြင်းသဘော။ သူက အာရုံကို မခံစားဘူးနော်။ ခံစားတာက ဝေဒနာ။ ပီတိက နှစ်သက်တာ။

ပီတိနဲ့ သုခဆိုတာ မတူဘူး။ ထူးခြား ကွဲပြားတယ်။
စိတ်ပိုင်းတုန်းက ပြောခဲ့ဖူးတယ်။ သဲကန္တာရခရီးသွား ဥပမာ။ မောပန်းနေတဲ့ သဲကန္တာရခရီးသွားဟာ လူတစ်ယောက်နဲ့ တွေ့လို့ မေးမြန်းတဲ့အခါ ရှေ့တစ်မိုင်လောက်မှာ အိုအေစစ်ရှိတယ်ဆိုတာ ကြားသိရတဲ့အချိန်က စပြီး အိုအေစစ်ဆီ ရောက်သည်တိုင်အောင် နှစ်သက်မှု ဖြစ်တာက ပီတိ။ ရေတွေသောက် ချိုးသုံးပြီး သစ်ပင်အောက်မှာ အေးအေးလူလူ အနားယူတာက သုခ ခံစားမှု။

ခံစားမှု မရောက်သေးခင်ဟာ ပီတိ၊ ခံစားတဲ့အခါကျတော့ သုခ။ ဒါပေမယ့် ပီတိနဲ့ သုခဟာ တစ်ပြိုင်နက်ထဲ ဖြစ်တဲ့ စိတ်တွေ အများကြီး ရှိတယ်။

အဲဒီ ပီတိဟာ ၅-မျိုး ရှိတယ်။

ပထမပီတိက အသေးစားပီတိ၊ တရားထိုင်တဲ့အခါ တွေ့တတ်တယ်။ တစ်ခါတလေ သိမ့်ကနဲ သိမ့်ကနဲ ဖြစ်တယ်။ ကြက်သီးမွေးညင်း ထသလို ဟိုနားကဖြစ် ဒီနားကဖြစ်။ ကြက်သီးမွေးညင်းထရုံလောက်ဖြစ်တဲ့ ပီတိ (ခုဒ္ဒကာပီတိ)။

ပြီးတော့ နောက်တစ်ခု သူ့ထက် နည်းနည်း ပိုအားကြီးတဲ့ ပီတိ။ တစ်ခဏမျှ သိမ့်ကနဲ သိမ့်ကနဲ ဖြစ်သွားတာမျိုးရှိတယ်။ (ခဏိကာပီတိ)

နောက်ပီတိတစ်ခုက လှိုင်းကြီးများ ဝုန်းကနဲ ဝုန်းကနဲ ရိုက်နေတာမျိုးဖြစ်နေတဲ့ ပီတိ (သြက္ကန္တိကာပီတိ)။

နောက်ပီတိတစ်ခုကတော့ ထပျံနိုင်တဲ့ ပီတိမျိုး။ အဲဒီပီတိဖြစ်ရင် လူထခုန်နိုင်တယ်။ ရွေ့သွားနိုင်တယ်။ ဥဗ္ဗေဂါပီတိလို့ ခေါ်တယ်။

နောက်တစ်ခုကတော့ ဝါဂွမ်းဆီထိသလို တစ်ကိုယ်လုံး ပျံ့နှံ့သွားတဲ့ ပီတိမျိုး။ ဖရဏာပီတိလို့ ခေါ်တယ်။

ပီတိ ၅-မျိုး။ ဒီ ၅ မျိုးစလုံးလိုပဲ တရားထိုင်ရင် တွေ့ရမယ်။ အစပိုင်းတော့ မရသေးဘူးပေါ့။ ကြာလာတော့ တွေ့လာမယ်။


ဆန္ဒ

ဆန္ဒဆိုတာ ပါဠိစကား။ လိုလားခြင်းသဘော၊ ပြုလိုကာမျှသဘောလေးပဲ။ သူက လောဘနဲ့ နီးစပ်တယ်။ သို့သော် မတူဘူး။
လောဘကျတော့ တွယ်တာ ငြိကပ်မှု ပါသွားပြီ။ လိုချင်သွားပြီ။

ဆန္ဒကို ဥပမာပေးတာက လေးသမား လေးပစ်တဲ့အခါကျတော့ မြားကောက်ဆွဲယူတယ်။ မြားယူတာဟာ ယူချင်ရုံမျှပဲ။ မြားအပေါ်မှာ ဘာမှ တွယ်တာမှု မရှိဘူး။ ပစ်တော့ ပစ်မှာပဲ။ အဲဒါလိုဟာမျိုးကို ဆန္ဒလို့ ခေါ်တယ်။

ဆန္ဒဟာ ကုသိုလ်ဆန္ဒလည်း ဖြစ်နိုင်တယ်။ အကုသိုလ်ဆန္ဒလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူက အကုသိုလ်စိတ်မှာလည်း ယှဉ်နိုင်တယ်။

ပါဠိမှာ ဆန္ဒဆိုတဲ့ စကားလုံးဟာ တစ်ခါတလေ ဒီဆန္ဒကိုပဲ ဆိုလိုတယ်။ တစ်ခါတလေ ကာမစ္ဆန္ဒလို့ ခေါ်တာ ရှိတယ်။ ကာမဆန္ဒကို ကာမစ္ဆန္ဒလို့ ခေါ်တဲ့အခါကျတော့ လောဘ။

တရားလိုလားတာမျိုး၊ တရားကို အလိုရှိတယ်ဆိုရင်တော့ ဓမ္မစ္ဆန္ဒပေါ့။ ဓမ္မဆန္ဒ သို့မဟုတ် ကုသလဆန္ဒ။

ကုသိုလ်ဘက်ကဆို ကောင်းတဲ့ အလို၊ ကာမဂုဏ်ဘက်က ပြောရင် ကာမစ္ဆန္ဒ။

ကောင်းပြီ … ဒီ ‘ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ’ စေတသိက် ၆-ပါးကို ပကိဏ်းစေတသိက် ၆ ပါးလို့ ခေါ်တယ်။

သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ပါးနဲ့ ပကိဏ်းစေတသိက် ၆ ပါး နှစ်ခုပေါင်းလိုက်တဲ့ ၁၃ ပါးကို အညသမာန်းစေတသိက်လို့ ခေါ်တယ်။


+++++


အဘိဓမ္မာသင်တန်း ပြီး၍ ခေတ္တ အနားယူချိန်ပေးသောအခါ နောက်တစ်ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် အေဘီဘီအေ နှစ်သစ်ပွဲတော်၏ အလှူရှင်မိသားစုက မုန့်ဟင်းခါးဖြင့် ကျွေးမွေး ဒါနပြုသဖြင့် သင်တန်းသူ သင်တန်းသားများ အဆာပြေ စားသောက်ကြရ၏။

လောကချမ်းသာ စနေနေ့ တရားပွဲကို ရှေးဦး ပြုမြဲဖြစ်သော ဘုရားကန်တော့ခြင်း၊ သီလယူခြင်း၊ မေတ္တာဘာဝနာပွားများခြင်းများ ပြုလုပ်ပြီး အရှင်ဝဏ္ဏိတက အထူးတရားပွဲအဖြစ် “အမေသေလျှင်”ဟူသော တရားတော်ကို ဓမ္မဒါန ပြုသွားလေသည်။







အရှင်ဝဏ္ဏိတ၏ မယ်တော်ဖြစ်သူ ဒေါ်တင်အေး (အသက် ၇၆ နှစ်)သည် ၂၀၀၉ ခု ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာပြည် ရန်ကုန်မြို့၌ ကွယ်လွန် အနိစ္စရောက်သွားခဲ့ရာ အရှင်ဝဏ္ဏိတက အထူးတလည် ဓမ္မဒါန ပြုခြင်း ဖြစ်၏။

နံနက်ပိုင်းတွင်လည်း အရှင်ဝဏ္ဏိတသည် ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ခြင်း၊



နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာရှိ လောကချမ်းသာစေတီတော်နှင့် ဆောက်လုပ်မည့် လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးအတွက် ဝတ္ထုငွေများ လှူဒါန်းခြင်း၊ သံဃာတော်များအား သင်္ကန်းနှင့် နဝကမ္မများ လှူဒါန်းခြင်း၊ ဧည့်ပရိသတ်များအား နေ့လယ်စာ ကျွေးမွေးခြင်း စသည့် ဒါနကောင်းမှု အစုစုတို့ကိုလည်း ဆည်းပူး ပြုလုပ်ခဲ့၏။

စိန်စီဆရာတော်မှ အနုမောဒနာတရား ချီးမြှင့်ပြီး အရှင်ဝဏ္ဏိတက ရေစက်သွန်းချကာ ကုသိုလ်အစုစုတို့ကို အထူးအားဖြင့် မယ်တော်ကြီးအား ရည်ညွှန်း၍ အားလုံးသော သတွာတို့ကို အမျှပေးဝေခဲ့လေသည်။



“အမေသေလျှင်တရားတော်”တွင် အလောင်းလှဖို့ထက် ဘဝလှရန် မအို မနာ မသေမီ ဒါန သီလ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့ကို စုဆောင်း ရယူထားရန်နှင့် သင်္ဂြိုဟ်လာ အာစိဏ္ဏကံနှင့် အာသန္နကံ အကြောင်းများ ရှင်းလင်း ဟောကြားသွားပြီး လောကဝတ် ဓမ္မဝတ် ကျေပွန်အောင် ထမ်းဆောင်သော သားကောင်း သမီးမွန်များ ဖြစ်ကြစေရန် အထူး တိုက်တွန်းသွား၏။

တရားပွဲပြီးသောအခါ ဆယ်မိနစ်ခန့် ဝိပဿနာ ဘာဝနာ ပွားများကြပြီး ကောင်းမှုအစုစုတို့ကို သတ္တဝါအားလုံးတို့အား အမျှပေးဝေကြပြန်လေသည်။

သာဓု … သာဓု … သာဓု။ 0 comments

Read more...

တမ်းတမ်းစွဲဖို့ လမ်းခွဲစို့... ပေးစာ (၂၀)

ဒီစာမှာတော့ ပညာရေး အောင်မြင်မှု ပန်းတိုင်တွေကို တက်လှမ်းနေကြတဲ့ သားတို့၊ သမီးတို့ အတွက် ရည်ရွယ်ပြီး ဘုန်းဘုန်းက ပြောပြချင်တယ်။
တမ်းတမ်းစွဲ ဖြစ်နေတာလေးကို အရင်ပြောပြမယ်။ တချို့  ကလေးတွေက ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေကို သိပ်စိတ်ဝင်စားကြတယ်။ တချို့ကျတာ့လည်း ၀တ္ထုပေါ့။ တချို့ကျတော့လည်း တေးဂီတ။ အမျိုးအမျိုးပေါ့။
ဘာကိုပဲ ဖြစ်ဖြစ် စိတ်ဝင်စားလွန်သွားတော့ အစွဲအလန်းဖြစ်သွားတယ်။ ဗီဒီယို ဆိုရင်လည်း မကြည့်ရရင် မနေနိုင်တော့ဘူး။ တမ်းတမ်းစွဲ ဖြစ်နေတာပေါ့။ အဲဒါကို ဥပါဒါန် လို့ ခေါ်တယ်။
တမ်းတမ်းစွဲ ဖြစ်သွားတဲ့ ဥပါဒါန် ဆိုတာ ဥပမာပြောရရင် မြွေက ဖားကို ကိုက်ထားသ လိုပဲ လုံးဝကို မလွှတ်တော့ဘူး။ မိမိကြိုက်တဲ့ ဇာတ်လမ်းတွေ၊ မိမိကြိုက်တဲ့ မင်းသား၊ မင်းသမီးတွေ ဆိုရင် ထမင်းမေ့၊ ဟင်းမေ့ ကြည့်တတ်ကြတယ်။ အားပေးတတ်ကြတယ်။
ဇာတ်လမ်းတွေ ကြည့်ရင်းနဲ့ တစ်ခါတစ်လေ ကိုယ့်ရဲ့စိတ်က အဲဒီဇာတ်လမ်း အထဲမှာ နစ်မျောသွားပြီဆိုရင် ဒေါသထွက်စရာတွေ့ရင် ဒေါသထွက်မိတယ်။ ၀မ်းသာစရာ တွေ့ရင်လည်း ၀မ်းသာမိတယ်။ တစ်ခါတစ်လေ ကျပြန်တော့လည်း ၀မ်းနည်းမိပြန်ရော။ တစ်ခါတစ်လေ ဆိုရင် ဇာတ်လမ်းကြည့်ရင်း သားတို့၊ သမီးတို့ ငိုတောင် ငိုကြတယ်သေးတယ် မဟုတ်လား။
ဇာတ်လမ်းတွေ ကြည့်ရင်းနဲ့ ကိုယ့်ရဲ့ စိတ်က ဘာတွေဖြစ်နေတယ် ဆိုတာ ကိုယ်က မသိဘူး ဖြစ်နေတယ်။ ဘယ်သိပါလိမ့်မလဲ။ ကိုယ့်စိတ်က ဇာတ်လမ်းထဲမှာပဲ တမ်းတမ်းစွဲ ဖြစ်နေတာကိုး။ အဲဒီလို ကိုယ့်စိတ်ထဲမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာကို မသိတာက မောဟ စိတ်ပဲလေ။ မောဟစိတ်တွေ ရှိနေတဲ့ အချိန်ဆိုရင် လောဘတက်လို့ တက်နေမှန်းလည်း မသိ။ ဒေါသထွက်လို့ ထွက်နေမှန်းလည်း မသိတော့ဘူးလေ။
သားတို့၊ သမီးတို့ ငယ်ရွယ်တဲ့ အချိန်ရဲ့  အဓိက တမ်းတမ်းစွဲ ဖြစ်ရမှာက ပညာရေးပဲ။ တစ်ခြား သာမည ကိစ္စတွေမှာ တမ်းတမ်းစွဲ ဖြစ်သွားပြီ ဆိုရင် အဓိက ဖြစ်တဲ့ ပညာရေးအတွက် အနှောက်အယှက်တွေ ဖြစ်သွားပြီ။
မိမိလုပ်တဲ့ အလုပ်တိုင်းကို အဓိကနဲ့ သာမည ခွဲခြားတတ်ဖို့တော့ လိုအပ်တယ်။ သားတို့၊ သမီးတို့ တမ်းတမ်းစွဲ ဖြစ်ရမှာက အဓိက ဖြစ်တဲ့ ပညာရေးကို ပါပဲ။ သာမညကို တမ်းတမ်းစွဲ ဖြစ်နေရင် မိမိလုပ်ရမယ့် အလုပ်ကို မပြီးစီးနိုင်တော့ဘူး။ မအောင်မြင်တော့ဘူး။
သားတို့၊ သမီးတို့ဟာ အခုအချိန် အခုအရွယ်မှာ အဓိက က ပညာရေးအောင်မြင်မှု ပန်းတိုင်ကို ထူးထူး ချွန်ချွန်နဲ့ လျှောက်လှမ်းရမှာ မဟုတ်လား? တခြား အပျော်အရွှင် ဆိုတာ သာမည အဆင့်မှာပဲ ရှိသင့်တယ်လေ။ အပျော်အရွှင် မရှိရဘူးလို့ ဘုန်းဘုန်းက မဆိုလိုပါဘူး။
ခရီးရှည်ကြီးကို သွားနေတဲ့ လှေကြီးတစ်စင်းမှာ လှေဝမ်းက အပေါက်ရှိနေပြီ ဆိုရင် အချိန်တိုင်း ရေစိမ့်ဝင်နေတော့မှာပေါ့။ လှေကြီး မမြုပ်သွား အောင် စိမ့်ဝင်လာတဲ့ ရေတွေကို အချိန်တိုင်း ခပ်ထုတ်ဖို့ လိုအပ်လာပြီ။ ဒီလိုမှ မဟုတ်ရင် လှေကြီးက ရေထဲမှာ မြုပ်သွားတော့ မှာပဲ။ ခရီးလမ်းဆုံးကို ရောက်မှာ မဟုတ်တော့ဘူး။
ပညာရေးခရီး လမ်းဆုံးကို သွားနေကြတဲ့ သားတို့၊ သမီးတို့ဟာ တခြားကိစ္စတွေကို စိတ်ဝင်စားသွားမယ်၊ ပညာရေးနဲ့ မဆိုင်တဲ့ အကြောင်းအရာတွေ အပေါ်မှာ တမ်းတမ်းစွဲ ဖြစ်သွားပြီ ဆိုရင် လှေကြီးထဲကို ရေတွေ စိမ့်ဝင် နေတာနဲ့ တူသွားပြီ။ လမ်းမဆုံးခင် မြုပ်သွားတော့မယ့် လှေကြီးတစ်စင်းနဲ့ တူသွားပြီ။
အဓိကဖြစ်တဲ့ ပညာရေးကိုပဲ တမ်းတမ်းစွဲ ဖြစ်မှ လိုရာခရီးကို ရောက်အောင် သွားနိုင် လိမ့်မယ်။ ဒါဆိုရင် ပညာရေးကို အောင်မြင်အောင် တမ်းတမ်းစွဲ ဖြစ်ဖို့ ကျန်တာတွေကို လမ်းခွဲလိုက်ကြစို့နော်…

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP