ဓမ္မဓရ=== တပည့်တော် စာအုပ်တွေ တော်တော်မျာများ ဖတ်ခဲ့ပါပြီဘုရား။ ပဋိစ္စသမုပ္ပါဒ်ကို နယ်(၄)ပါး ၊နည်း (၄)ပါး နှင့်ရှင်းပြတာ မတွေ့ခဲ့ဘူးပါဘူး ။ အရှင်ဘုရား ရှင်းပြတာကို နာကြားရင်း တပည့်တော် တွေးမ်တာလေးကတော့ ( ငါတတ်ခဲ့သမျှ ၊ သိခဲ့သမျှ ၊မှတ်ခဲ့သမျှ ကျက်ခဲ့သမျှ ၊ ဘွဲ့တွေဟာ (မသိ ၊ကောင်း ၊ဆိုး ) ဟူသော အဝိဇ္ဇမာန ပညတ်နယ် အောက် ဆုံး အဆင့်မှာပဲရှိပါသေးတယ် ။) ဟုတွေးမိပါတယ်ဘုရား။ အစတုန်းက (တရားနာရတာ ပျင်းစရာကောင်းတယ်) ဟုထင်ခဲ့ပါတယ်။ အခုတော့ တရားနာရတာ နာပြီးရင်း နာချင်ရင်း (ဝတယ်) ကို မရှိပါဘူးဘုရား။ပဋိစ္စ သမုပ္ပါဒ် ကို ဆက်ပြီး ဟောကြားတော်မူပါဘုရား။

ဦးဝိဇယ=== တရားကို စိတ်ဝင်စား တဲ့ အရှင်ဘုရား လိုပုဂ္ဂိုလ်မျိုးကို တရားရှင်းပြရတာ ပြောပြီးရင်း ပြောချင် ရင်း ဝတယ် မရှိပါဘူး ဘုရား။ တပည့်တော် ဆက်ရှင်းပြပါ့မယ်။

ဝိဉာဏ် ပြီးတော့ နာမ်-ရုပ် ဖြစ်ပါတယ်။

နာမ်-ရုပ် ဟူသော စကား ကိုကြားရသော အခါ မသိခြင်း အထင် ၊ ဆိုးခြင်း အထင် ၊ကောင်းခြင်း အထင်များ စိတ်မှာ ပေါ်လာပါတယ်။ စိတ်မှာပေါ်လာသော အထင် အမျိုးမျိုး ကို အဝိဇ္ဇမာန ပညတ်နယ် လို့ ဟုခေါ်ပါတယ်။

ထို အဝိဇ္ဇမာနပညတ်နယ် မှာပင် ( ကိုယ်ထင်ရာ ကိုယ်ဟုတ်၊ သူများထင်တာမဟုတ် ) ဟုဘောင်ခတ်ပြီး စိတ်ကြပ်နေခြင်း ကို အဝိဇ္ဇာ = အဟုတ်ထင်ခြင်း ဟုခေါ်ပါတယ်။အဝိဇ္ဇမာနပညတ်နယ်ကို ( အထင်မျှသာ ၊ ဘာမှ မဟုတ်ဘူး) ဟုသိမြင်သော ဝိဇ္ဇာဉာဏ် မဖြစ်နိုင်သေးသမျှ အောက်ဆုံး အဆင့် အဝိဇ္ဇမာန ပညတ် နယ် မှာပင် ( အကောင်းထင်လိုက် ၊ အဆိုးထင်လိုက် ၊ အမှန်မသိလိုက်) များ လှည့်ပတ် ဖြစ်ကာ ၊ ဒုက္ခမျိုးစုံ ကြုံကြရမယ် ။ ဘာကြောင့် ဆင်းရဲတာလဲဆိုရင် ( အဟုတ်ထင်ခြင်း ၊ အဝိဇ္ဇာ ကြောင့် ဆင်းရဲ မျိုးစုံ ဖြစ်ပါတယ်။) ဟုဖြေလျှင် မမှားနိုင်ပါ။

ရုပ်တရား – ဟု နာမည် တပ်ခံရသော အရာမှာ ခန္ဓာကိုယ် ၏ မငြိမ်မသက် ဖောက်ပြန် ချက် အစဉ် ပင်ဖြစ်ပါတယ် ။ နာမ်တရား – ဟု နာမည် တပ်ခံရသော အရာ မှာ ခန္ဓာကိုယ် ၏ မငြိမ် မသက် ဖောက်ပြန်ချက် အစဉ် ကို နားလည်အောင် နာမ်- ဟု နာမည် တပ်ခေါ်ကြပါတယ်။ တရားကိုယ် မတွေ့ ၊ မသိပဲ ထင်သလို ပုံဖော်ပြီး ကိုယ်လိုသလို ဆွဲပြောနေခြင်းသည် အဝိဇ္ဇာ ပင်ဖြစ်နေပါတယ်။

ထိုဖောက်ပြန်မှု အစဉ် ၊ သိမှု အစဉ် ကို (ဒါပဲရှိတယ်၊ ကျန်တာတွေမရှိ) ဟုဘောင်ခတ်ထားပြီး လျှင်လည်း ၊ အဝိဇ္ဇာ ပင်ဖြစ်ပါတယ်။ အစဉ်သန္တန်သည် ဝိဇ္ဇမာနပညတ် နယ်ဖြစ်ပါတယ်။

ဝိဇ္ဇမာန ပညတ်နယ်က ဝိဇ္ဇာသမားက မိမိသည်ပင် အဝိဇ္ဇမာန ပညတ်နယ် က တက်ခဲ့ရသည် ကို သတိမရပဲ ဘဝမေ့ပြီး အဝိဇ္ဇမာနပညတ်နယ် က အဝိဇ္ဇာသမားနှင့် စိတ်ထဲမှာ ရန်ဖြစ်တတ်ပြန်ပါတယ်။

အဆင့်ဘယ်လောက် တက်တက် အဝိဇ္ဇာရှိသေးသရွေ့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

ဖောက်ပြန်ခြင်း အစဉ် တစ်စက္ကန့်ကို ကုဋေ ငါးထောင်စိတ်ရမည်။ ထို ကုဋေ ငါးထောင်ထဲမှ တစ်စိတ်သည် ရုပ်သက် အစစ်ဖြစ်ပါတယ်။

သိမှု အစဉ်၏ တစ်စက္ကန့်ကို ကုဋေ တစ်သိန်းစိတ်ရမည်။ ထို အစိတ် ကုဋေတစ်သိန်း ထဲမှာ တစ်ခုသော သိပျက် သဘောလေးသည် နာမ်တရား၏ အသက် အစစ် ဖြစ်ပါတယ်။

ဤ ရုပ်နာမ် နှစ်ပါး တို့၏ လောက ထဲမှာ ရပ်တည်နိုင်ခြင်း ၊ အသက် အစစ် တစ်ခဏလေးကို အသိဉာဏ်နှင့် သိလိုက်ခြင်းသည် ဝိဇ္ဇာဉာဏ် ဖြစ်ပါတယ်။

ထိုဝိဇ္ဇာ ဉာဏ်ပေါ်လာသော အခါ အစဉ် သန္တန်ကို အဟုတ်ထင်သော အဝိဇ္ဇာ ကင်းပျောက် သွား ပါတယ်။ ဒါပေမယ့် (တစ်ခဏလေးသည် တစ်ခဏလေး နေနိုင် သော စွမ်းရည် သတ္တိ လေးတော့ရှိသေးတယ်) ဟု အဝိဇ္ဇာဖြစ်ပြန်ပါတယ်။ သဘောနယ် မှာ ဖုံးသော အဝိဇ္ဇာဖြစ် ပါ တယ်။

(ဝိဉာဏ် မပါဘဲ နာမ်ရုပ် မဖြစ်နိုင်သောကြောင့် ကာလ သုံးပါးလုံးမှာ ကိုယ် ပိုင် အနှစ်သာ ရလုံးဝ မပါခြင်းကြောင့် မူလပျက် သဘောသာသာ ရှိသော နာမ်ရုပ်) ဟုနားလည် လျှင် သုည နယ် ကို ရောက်သွားပါတယ် ။

သုည နယ် အထိ ဉာဏ်ရောက်သွား လျှင် အဝိဇ္ဇာ လည်း အဟုတ်ထင်လို့ မရတော့ပါဘူး။ (ဘာမှ မဟုတ်ဘူး) ဟုသိသော ဝိဇ္ဇာဉာဏ်သာ ဖြစ်ပါတော့တယ်။ ယခုရှင်းပြခဲ့တာ ဟာ နာမ်ရုပ် ကို နယ် (၄)ပါး ဖြင့် ပိုင်းခြားခြင်း ပါပဲဘုရား။

နည်း (၄)ပါး ဖြင့်ပိုင်းခြားပုံကတော့ နာမ်ရုပ်(၂)ပါး ကို သဘောနယ် နှင့် သုည နယ် အထိ ပိုင်းခြားသိမြင်ခြင်း သည် ( အဗျာပါရ အနတ္တ နည်း) ဖြစ်ပါတယ်။ ဤနည်းဖြင့် သဘောသက္ကာယ မှာ ( အတ္တ-ရှိတယ်)ဟုထင်သော သက္ကာယဒိဋ္ဌိ နှင့် အတ္တဒိဋ္ဌိ ကိုပယ် ပါတယ်။

ဝိဉာဏ်နှင့် နာမ်ရုပ်တရား တို့ သည် ဆက်စပ်ပြီး ဖြစ်တယ် ။ ဟုသိမြင်ခြင်းသည် (ဧကတ္ထနည်း) ဖြစ်ပါတယ်။ ထို ဧကတ္ထနည်း က ( အဆက်အစပ်ပြတ်တယ်) ဟုထင်သော ဥစ္ဆေဒဒိဋ္ဌိ ကိုပယ်ပါတယ်။

ဝိဉာဏ် နှင့် နာမ်ရုပ် တရားတို့သည် (အနိမ့်အမြင့်ကွဲပြားပြီး ဖြစ်ကြတယ်) ဟုသိမြင်ခြင်းသည် (နာနတ္ထနည်း )ဖြစ်ပါတယ်။ ဤ နာနတ္ထနည်း က ( ဆက်စပ်ဖြစ်ရင် ပုံစံတူဖြစ်ရမယ် ) ဟုစွဲထင်သော သဿတဒိဋ္ဌိ ကိုပယ်ပါတယ်။

ဝိဉာဏ် နှင့်နာမ်ရုပ် တရားတို့သည် ( အကောင်းများ လျှင်အကောင်းဘက်၊ အဆိုးများလျှင် အဆိုးဘက်-ဖြစ်တတ်သောကြောင့် ပြုပြင်လို့ရတယ်) ဟုသိမြင်ခြင်း သည် (ဧဝံဓမ္မတာနည်း)ဖြစ်ပါတယ်။ ဤ ဧဝံဓမ္မတာ နည်းက

( အကြောင်းမရှိ၊ အကျိုးမရှိ။ ပြုပြီးနောင်မရှိ ) ဟုထင်သော အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ ကို ပယ်ပါတယ်ဘုရား။ ယခုရှင်းပြခြင်းသည် နည်း လေးပါးကို ရှင်းပြခြင်း ဖြစ်ပါတယ်ဘုရား။