မွေးနေ့မှာ ပေးဖြစ်တဲ့ ကံလက်ဆောင်
Friday, 01 January 2010 03:49 | Written by Administrator | PDF | | Print | | E-mail
အရှင်ဉာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)
ခုချိန်က ခရစ်စမတ်နဲ့ နှစ်သစ်ကူးချိန်ဆိုတော့ ကျောင်းတွေပိတ်ထားချိန်။ ဒါကြောင့် အဝေးကိုသွားရောက်ကာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေလည်း မိဘရပ်ထံပြန်ပြီး မိဘမောင်ဘွား ညီအကိုမောင်နှမများနဲ့ ဆုံတွေ့ ချိန်ပေါ့။ ဒီနေ့ UC San Diego ၊ UC Berkeley နဲ့ Cal Poly ဆိုတဲ့ နာမည်ကြီး တက္ကသိုလ်အသီးသီးမှာ တက်နေကြတဲ့ အကြီးသုံးယောက်နဲ့ ဟိုက်စကူးအရွယ် ညီမငယ် တစ်ယောက်ရှိတဲ့ မိသားစုအိမ်ကို ယူစီ ဆန် ဒီယေဂိုမှာ ကျောင်းတက်နေတဲ့ အမကြီးရဲ့ မွေးနေ့အဖြစ် ကပ်လှူတဲ့ နေ့ဆွမ်းစား ကြွဖြစ်တယ်။ ကျောင်းကိုကြွ ရောက်ကာ သီတင်းသုံးနေတဲ့ အခြားဆရာတော်လေးနှစ်ပါးနဲ့အတူ ကြွကြပါတယ်။ သုံးပါးထဲမှာ ကိုယ်က အကြီးဆုံးဆိုတော့ ဆွမ်းအနုမောဒနာတရား ဟောဖို တာဝန်ကြတယ်။အစဉ်သဖြင့် ကိုယ်နေထိုင်ရာကျောင်းမှာ အမြဲသီတင်းသုံးတဲ့သံဃာ သုံးပါးရှိရာမှာ ကိုယ်က အငယ်ဆုံး။ ခုလို ဆွမ်းစားကွမ်းစားများမှာ ကိုယ့်ထက်ကြီးတဲ့ နောင်တော်ဆရာတော်များကပဲ တာဝန်ယူဟောပြောနေကြမို့ ကိုယ် က အေးအေးဆေးဆေးပဲ နေနေကြ။ ဒီတော့ သူတို့တွေ မရှိလို့ ကိုယ်ချည်း ကြွရ တဲ့အခါမျိုးမှသာ တခါခါ တရား ဟောဖြစ်တယ်။ တခါတခါဆိုရာမှာလည်း တစ်နှစ်လုံးမှာမှ တစ်ကြိမ်နှစ်ကြိမ်လောက်ပါပဲ။ တရားဟောဖြစ်တယ် ဆိုတာထက် တရားစကားပြောဖြစ်တယ်ဆိုက ပိုမှန်မလားပါ။
ခုလိုတခါခါမှသာ ပြောဖြစ်တော့ အရေးကြုံလို့ ပြောရဆိုရပြီဆိုလျင် ကိုယ့်မှာ အခက်ဖြစ်တတ်ပါတယ်။ ဘာပြောရလျင် ကောင်းမလဲလို့ ဦးနှောက်ပူအောင် စဉ်းစားကာမှ ၁၅ မိနစ် မိနစ် ၂ဝ စာလောက် ထွက်လာပါတယ်။ မန္တလေးက မိတ်ဆွေတစ်ဦးကတော့ ကိုယ်ရေး တဲ့စာအချို့ကို သူတရားအဖြစ် ဟောနေတယ်တဲ့။ တော်တော်စွမ်းတဲ့ပုဂ္ဂိုလ်။ ကိုယ်ရေးတဲ့စာ ကိုယ်ကိုယ်တိုင် တရားပြန်ဟောဖို့ ကိုယ့်မှာတော့ အခက်။ ရေးထားတဲ့စာ ကြည့်ဖတ်လျင်ဖြင့် ဖြစ်ကောင်းဖြစ်နိုင်မလားပါပဲ။
တရားဟောတာက ဟောပြောနေကြသူအတွက် အခက်မဟုတ်နိုင်ပေမယ့် ခုလိုတခါခါမှသာ ပြောတဲ့ကိုယ့်အဖို့ တော့ သိပ်ပြီးလွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ အံဝင်ခွင်ကျ အဆီအငေါ်တည့်တည့်ဖြစ်ဖို့က မလွယ်လှပါဘူး။ စကားလုံးကြွယ်ကြွယ် အတွေးအသွယ်သွယ် စာတွေကိုရေးလေ့ရှိတဲ့ကိုယ့်ကိုယ် အများကတော့ တရားဟောဖို့ လည်း အခက်အခဲရှိနိုင်မယ် မဟုတ်ဘူးလို့ ထင်ကြဟန်တူပါရဲ့။အရှင်ဘုရား တရားမဟောဘူးလား၊ တရားဟော ပါဦးရယ်လို့ မကြာခဏဆိုသလိုပဲ အဘိယာစက ပြုတတ်ကြပါတယ်။ အရေးသန်တဲ့သူတိုင်း အပြောသန်သူ မဖြစ်နိုင်ဘူးဆိုတာကို ထည့်တွက်ဖို့ မေ့နေကြဟန်ပါပဲ။တကယ်တော့ ဒီအချက်ကို မေ့လို့မို့သာ မေ့နေကြတာပါ။ ဒီရဲ့အပြန် အပြောသန်တဲ့သူတွေ တော်တော်များများ(များများလည်းပြော၊မနားတမ်းပဲလည်းပြောတတ်တဲ့ အချို့ သူတွေ) လုံးဝ ဘာစာကိုမှ မရေးကြတာကို သူသူကိုယ်ကိုယ် အလွယ်တကူ တွေ့မြင်နေကြတာပဲ မဟုတ်လား။
ဆွမ်းစာကြွရောက်ဖို့ ကားလာကြိုတဲ့ ဖခင်ကြီးက သူ့သားတစ်ယောက်က ဘာသာရေးမှာ နည်းနည်းပေါ့တယ် ဘုရား။ အဲဒါ သူ့အတွက်လည်း အထူးပြုပြောပေးပါဦးလို့ လမ်းမှာလျှောက်ထားပါတယ်။ ဟောပြောမှုအတွေ့ အကြုံများတဲ့ ဆရာတော်တွေအတွက်ဆိုလျင်တော့ ဒီအခါမျိုးမှာ ဘာကိုဘယ်လိုပြောရမယ်ဆိုတာ လွယ်လွယ် ပဲ စဉ်းစားမိနိုင်မှာပါ။ အခက်အခဲရှိနိုင်မယ် မဟုတ်ဘူးပေါ့။ ကိုယ့်လို ဟောပြောလေ့ များများမရှိတဲ့သူအတွက် တော့ သူကဒီလိုအထူးတလည် လျှောက်ထားတော့ ဘာများပြောရလျင် သင့်တော်ပါ့မလဲလို့ အပြေးအလွှား စဉ်းစားရပါတယ်။ အချိန်တိုအတွင်း စဉ်းစားရတာဆိုတော့လည်း ဘယ်မှာ ပြည့်ပြည့်စုံစုံတော့လည်း ဖြစ်နိုင်ပါ့ မလဲ။ သို့ပေမယ့် သားသမီးတွေအတွက် ဘာသာရေးနဲ့စပ်ပြီး ပူပင်နေတဲ့ ဒီဖခင်ဆွမ်းဒကာလို အခြားသော မိခင်ဖခင်တွေနဲ့ သားသမီးတွေလည်း ရှိနေမယ်ထင်ပါတယ်။ ဒါကြောင့် ပြောခဲ့တဲ့စကားထဲက မှတ်မိသလောက် ပြန်ပြောရလျင်ဖြင့် သူတို့အတွက် တစုံတရာ အကျိုးရှိမှာပဲရယ်လို့ ယုံကြည်မိလို့ ရေးလိုက်တာပါ။ ဖတ်ကြည့်ပါ ဦး။
ဒီနေ့ သမီးကြီးချိုချိုဝင်းရဲ့မွေးနေ့ကို အကြောင်းပြုလို့ အဖိုးအဖွားတွေကို အမှူးထားကာ မိသားစုဝင်များက သံ ဃာတော်တွေကို ပင့်ဖိတ်ပြီး နေ့ဆွမ်းဆက်ကပ်တယ်။ အဲဒီမှာ ဦးဇင်းတို့ကလည်း မွေးနေ့ရှင်နဲ့ မိသားစုဝင်များ အတွက် ဓမ္မလက်ဆောင် ပြန်ပေးပါမယ်။ မွေးနေ့ရှင်အတွက်တော့ မွေးနေ့လက်ဆောင်ပေါ့။
ဓမ္မပဒဆိုတဲ့ ကျမ်းစာထဲမှာ ဗုဒ္ဓမိန့်ကြားထားခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။အဲဒါက-
ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာနံ သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ။ -တဲ့
‘ဒီဃာ ဇာဂရတော့ ရတ္တိ’-ဆိုတဲ့ ပထမ စကားစုရဲ့ မြန်မာလိုအဓိပ္ပါယ်က အိပ်မပျော်သောသူအတွက် ညတာဟာ ရှည်လျားတယ် လို့ဆိုလိုပါတယ်။ ဒီဃံ သန္တဿ ယောဇနံ-ကတော့ ပင်ပန်းနွမ်းနယ်သူအတွက် တစ်ယူဇနာခရီးဟာ အလွန်ရှည်လျားပါတယ်တဲ့။ နောက်ဆုံးအချက်ဖြစ်တဲ့ ဒီဃော ဗာလာနံ သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ- ဆိုတာကတော့ သူတော်ကောင်းတရားကို မသိတဲ့သူတွေအတွက် သံသရာခရီးဟာ အတိုင်း အတာမရှိ အလွန်ပင် ရှည်လျားတယ်လို့ မိန့်တာပါ်။
ဒီမှာ ဗုဒ္ဓက လူတိုင်းသိလွယ်မြင်လွယ်ဖြစ်တဲ့ စကားလေးနဲ့ စပါတယ်။ အိပ်မပျော်တဲ့သူအတွက် ညတာဟာ ရှည်လျားတယ်တဲ့။ ဒါ လူတိုင်းသိလွယ်ပါတယ်။ တခါခါ အကြောင်းတစ်ခုခုကြောင့် စားမဝင် အိပ်မပျော်ဖြစ် တတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသူအားလုံးက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလို့။ ကိုယ်တစ်ယောက်တည်းသာ ဟိုတွေးဒီတွေး လူးလိုက်လှိမ့်လိုက်နဲ့ အိပ်မပျော်နိုင်ဖြစ်နေခဲ့ပြီဆိုလျင် အဲဒီညမျိုး ဟာ အလွန်မှကိုပဲ မကုန်နိုင် မဆုံးနိုင် ရှည်လျားလွန်းပါတယ်။ မိုးမြန်မြန်လင်းဖို့ ဆုတောင်းကာမှ မိုးကလည်း လင်းနိုင်ခဲလွန်းလှပါတယ်။ အိပ်မပျော်နိုင်တော့ ဟိုတွေးဒီတွေး။ ဟိုတွေးဒီတွေးတော့ ပိုပြီးအိပ်မပျော်ဖြစ်။ ဂျာ အေး သူ့အမေရိုက် ဆိုသလိုပါပဲ။ တခါခါမှာတော့ ကိုယ်အ့အကြောင်းနဲ့ကိုယ် အိပ်မပျော်နိုင်ဖြစ်ရတာကိုပဲ ဟိုလူ့ အပြစ်တင်၊ ဒီလူ့အပြစ်တင်၊ ဟိုအရာ စိတ်ဆိုး၊ ဒီအရာသဘောမကျနဲ့ ဒေါသလည်း အပိုပွားတတ်ပါသေးတယ်။ ဒါကလည်း သာမန်အိပ်မပျော်နိုင်သူတွေမှာ ဖြစ်တတ်တဲ့အခြေအနေကိုသာ ရည်ရွယ်ပြီး ပြောထားတဲ့စကားပါ။
မင်းတို့လိုလူငယ်တွေအတွက်တော့ အိပ်မပျော်တဲ့ညပေမယ့် အဲဒီညတာမျိုးက ရှည်ချင်မှ ရှည်မှာပါ။ တိုလွန်း တယ်လို့တောင် ထင်နေမလားပါ။ ဒါနဲ့ပတ်သက်ပြီး တွေ့ကြုံဖူးတဲ့ အဖြစ်ကလေးတစ်ခုကို ပြောပြချင်ပါတယ်။
တော်တော်ကြာကြာ နှစ်များဆီက ဝါရှင်တန်ဖက်မှာ လူငယ်တစ်ယောက်နဲ့ တွေ့ခဲ့ဘူးတယ်။ သူက သူ့မိတ်ဆွေ သူငယ်ချင်းမနဲ့ ညက ဖုန်းပြောတယ်တဲ့။ အဲဒါကို သူ့မိခင်က သားဖုန်းပြောတာကြာလို့ သတိပေးတယ်။ သူ့ကို ကြာတယ်ပြောလို့ မိခင်ဖြစ်သူကို သဘောမကျတဲ့အကြောင်း မနက်လင်းတော့ ဘုန်းတော်ကြီးတွေကို အာရုံ ဆွမ်းကပ်ရောက်လာရင်း ပြန်ပြောတယ်။ ဒီတော့ မင်းက ဘယ်လောက်ကြာကြာ ပြောနေလို့တုန်းလို့ ဆရာ တော်တစ်ပါးကမေးတော့ သိပ်မကြာပါဘူးဘုရား။ ည ၁ဝ နာရီကမှ စပြောတာပါတဲ့။ ဟုတ်ပါပြီလေ။ ၁ဝ နာရီက နေ ဘယ်အချိန်ထိပြောတာလဲလို့ ဆက်မေးတော့ နံနက် ၄ နာရီ ကျောင်းကို ဆွမ်းကပ်လာဖို့ ထွက်လာခါနီး အထိပါဘုရားတဲ့။ ဒီတော့ ည ၁ဝ နာရီကနေ မနက် ၄ နာရီအထိ မိတ်ဆွေသူငယ်ချင်းမနဲ့ ဖုန်းပြောတာ မကြာ ဘူးလို့ ထင်တဲ့သူတွေလိုအဖို့တော့ အိပ်မပျော်တဲ့ ညပေမယ့် ညတာက ရှည်ချင်မှလည်း ရှည်မှာပေါ့။
မင်းတို့လူငယ်တွေလည်းပဲ မိတ်ဆွေတွေနဲ့ ချက်တင်လုပ်ရလျင် အိပ်မပျော်တဲ့ ညတာကပေမယ့် တိုကောင်း တောင် တိုနေမလားပဲပေါ့။ ဒါကြောင့် ဒီစကားက အဲဒီလိုသူတွေကို ပြောလိုတာ မဟုတ်ဘူး။ အိပ်မပျော်တဲ့သူ တွေအဖို့ ညတာရှည်တယ်ဆိုတာက အိပ်လိုပါလျက် အကြောင်းတစ်ခုခုကြောင့် အိပ်မပျော်နိုင် ဖြစ်တတ်သူ တွေကိုသာ ပြောလိုတာပါ။ ချက်တင်လုပ်ချင်သူတွေအတွက် ပြောတဲ့စကား မဟုတ်ပါဘူး။
တကယ်တော့ ဒီစကားကိုက နောက်မှာအဓိကပြောချင်တဲ့ လေးနက်တဲ့အရာအတွက် အခြေခံနိဒါန်းသဘော ပြောလိုက်တာပါ။ အဲဒီလို နိဒါန်းသွယ်လိုက်တော့ နောက်မှာလိုက်လာတဲ့ အကြောင်းအရာလည်း ဒီနဲ့အလားတူ ရှည်လျားမှုအကြောင်းကို ပြောမှာပဲလို့ ကြိုသိထားလိုက်တော့ ပိုမိုသဘောပေါက်လွယ်သွားတာပေါ့။ နောက်ပြီး သိလွယ်တဲ့အရာနဲ့ သိဖို့ခက်ခဲတဲ့အရာကို ယှဉ်ပြလိုက်ခြင်းက ရှည်လျားမှုသဘောကိုလည်း မှန်းဆလွယ်ကူ သွားစေနိုင်ပါတယ်။ တဖက်မှာလည်း သာမန် တစ်ညတာ အိပ်မပျော်တာတောင် ဒီလောက် စိတ်ကသိ က အောက်ဖြစ်စေနိုင်သေးလျင် အဆုံးအစ မထင်နိုင်တဲ့ သံသရာကြီးထဲမှာ ကျင်လည်ရပြီး ကြီးမားပြင်းထန်လှတဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုးကို ခံစားနေရခြင်းဆိုလျင်ဖြင့် ပိုပြီးအခံရခက်စေမှာပဲဆိုတဲ့ မှန်းဆအတွေးမျိုးကိုလည်း ရစေနိုင်ပါတယ်။ သမုဒ္ဒရာရေပြင်ထဲဆင်းတဲ့အခါ တစစတိမ်ရာကနေ နက်ရာဆီရောက်သွားသလိုမျိုး လွယ်ကူ ရာကနေ တစစနက်ရှိုင်းရာဆီရောက်သွားတဲ့ ဟောနည်းပါပဲ။ ဗုဒ္ဓရဲ့ ဟောပြောမှုမှာ ကျွမ်းကျင်လိမ္မာပုံ ပြယုဂ် တစ်ခုလို့လည်း ပြောရမှာပေါ့။
နောက်တခုက ပင်ပန်းနွမ်းနယ်သူအတွက် တစ်ယူဇနာခရီးဟာ အလွန်ရှည်လျားတယ်တဲ့။ တစ်ယူဇနာကို ရှစ် မိုင်ခန့်လို့ တချို့ကဆိုတယ်။ တချို့ကတော့ တစ်ဆယ့်သုံးမိုင်ခန့်လို့လည်း ပြောကြပါတယ်။ ဒါက စကားချောဖို့ တစ်ယူဇနာလို့ ပြောတာပါ။ တကယ်တော့ ပြောချင်တာက အလွန်ပင်ပန်းနေသူအတွက် သာမန်ခရီးတာ အဝေး လေးပေမယ့် သွားဖို့ရန် ပင်ပန်းလွန်းတယ်လို့ ထင်ရှားတာကို ပြောလိုရင်းပါ။ ဒါလည်း လွယ်လွယ်နဲ့ သိနိုင်တဲ့ စကားပါပဲ။ ခရီးရှည်သွားပြီးရလို့ပဲဖြစ်ဖြစ်။ ပင်ပင်ပမ်းပမ်း တခုခုကို လုပ်ပြီးရလို့ပဲဖြစ်ဖြစ် အလွန်မောပမ်း နွမ်း နယ်နေသူအဖို့ ခြေတစ်လှမ်းလေး လှမ်းရမှာ၊ လက်ကလေးတစ်ဖက် မ ရမှာ၊ မြှောက်ရမှာကိုပင် အလွန်ပင်ပမ်း လှပါတယ်။ ကျန်းမာရေးမကောင်းလို့ အားအင်ကုန်ခမ်းနေတဲ့သူတွေကို ဆရာဝန်တွေက လမ်းလျှောက်ဖို့ ပြောတဲ့အခါမှာ လူနာအနေနဲ့ ဆရာဝန်တိုက်တွန်းမှုကြောင့် လမ်းလျှောက်လိုက်ရပေမယ့် သူ့မှာ အလွန်ပင်ပမ်း ရတာကို တွေ့ဖူးကောင်းလည်း တွေ့ဖူးမှာပါ။ ကိုယ်ကိုယ်တိုင်လည်း ပင်ပမ်းနွမ်းနွယ်မှုကြောင့် ကိုယ့်ခြေကိုယ့် လက်လေးကိုပင် မသယ် မမချင်လောက်အောင် ဖြစ်ရတာကို ခံစားဖူးချင်လည်း ခံစားဖူးမှာပါ။
ဗုဒ္ဓက အဲဒီလို ထင်ရှားတဲ့ သာမန်သူတွေ လက်ခံနားလည်နိုင်လောက်တဲ့ စကားလေးတွေကို ပြောပြီးတော့ ဒီဃော ဗာလာနံ သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ - သူတော်ကောင်းတရားတွေကို မသိမကျင့်တဲ့ လူမိုက်တွေ အဖို့ သံသရာကြီးဟာ အလွန်ရှည်လျားတယ်လို့ ဆက်မိန့်လိုက်ပါတယ်။ ဒီစကားက ဒီမှာ အဓိက ပြောလိုရင်း စကားဖြစ်သလို အရေးအကြီးဆုံးလည်း ဖြစ်ပါတယ်။ ဗုဒ္ဓတရားတော်များရဲ့ လမ်းညွှန်ချက် အဆုံးပန်းတိုင်က ဒုက္ခဆင်းရဲပေါင်းစုံတွေနဲ့ လွှမ်းခြုံယှက်နွယ်ထားတဲ့ ဒီသံသရာ ဝဋ်နှောင်တွင်းကနေ သတ္တဝါတွေ ထွက်မြောက် နိုင်ရေးပဲဖြစ်ပါတယ်။ ဒီတော့ ဒီသံသရာထဲက ထွက်မြောက်နိုင်စေဖို့ဆိုလျင် ထွက်မြောက်နိုင်ရာ ထွက်မြောက် နိုင်ကြောင်းဖြစ်တဲ့ တရားတွေကို သိဖို့လိုပါတယ်။ ဒီတရားတွေကတော့ ဗောဓိပက္ခိယ ကျင့်စဉ်ဆိုင်ရာ တရား တွေပါပဲ။
ဒီနေရာမှာတော့ သဒ္ဓမ္မံ အဝိဇာနတံ သူတော်ကောင်းတရားကို မသိတဲ့သူအဖို့ သံသရာက ရှည်လျားတယ်လို့ဆို တော့ အများတကာ အသိအကြားများတဲ့ "သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ သြတ္တပ္ပ" ဆိုတဲ့ သူတော်ကောင်း တရား ခုနစ်ပါးအကြောင်းကိုပဲ အနည်းငယ် ပြောပြပါမယ်။ ဒီမှာ သဒ္ဓါဆိုတာက ယုံကြည်ခြင်းကို ဆိုလိုတယ်။ ယုံကြည်သင့်တဲ့အရာကို ယုံကြည်ရမယ်။ ဗုဒ္ဓအဆုံးအမမှာတော့ ဘုရားတရားသံဃာ ရတနာသုံးပါးနဲ့ ကံ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်လို့ ဆိုလိုပါတယ်။
ဒီလိုယုံကြည်ဖို့ဆိုရာမှာလည်း အရမ်းကာရော အတင်းယုံကြည်ခိုင်းတာမျိုးတော့ မဟုတ်ပါဘူး။ လက်ခံနိုင် လောက်တဲ့ အကြောင်းယုတ္တိ၊ ခိုင်လုံတဲ့ ကောင်းကျိုးရလဒ်တွေရှိတဲ့အတွက်သာ ဒီအရာတွေကို ယုံကြည်ရမယ် လို့ ဆိုတာပါ။
ဒီနေရာမှာ လူငယ်အချို့အနေနဲ့ ကိုယ်တွေ့မှ ကိုယ်တိုင်မြင်ရမှ ယုံကြည်နိုင်မယ်လို့ ဆင်ခြေပေးကောင်းပေးနိုင် တယ်။ ကိုယ်မတွေ့ရပေမယ့် အခြားဖြစ်နိုင်ခြေရှိတဲ့အကြောင်းတွေကို ထောက်ဆပြီးတော့ ယုံကြည်ရတာတွေ လည်း လောကထဲမှာ အမြောက်အများရှိပါတယ်။ မင်းတို့တွေလည်း ခုကျောင်းသားတွေပဲ။ မင်းတို့သင်ယူ လေ့ လာနေတဲ့ ဘာသာရပ်တွေဟာ မင်းတို့ကိုယ်တိုင် စမ်းသပ်တီထွင်ထားတာ ဘာတစ်ခုမှ ရှိဦးမယ် မဟုတ်သေးပါ ဘူး။ ဒါပေမယ့် ဒီအရာတွေဟာ ကိုယ်လက်တွေ့စမ်းသပ်ထားတာ မဟုတ်လို့ ကိုယ်တီထွင်ထားတာ မဟုတ်လို့ မသင်ယူရတော့ဘူးလားလို့ဆိုတော့ ဒီလိုမဟုတ်ပါဘူး။ ကိုယ့်ရှေ့ကသူတွေက ဒီပညာရပ်တွေ သင်ယူခြင်းဖြင့် အသိပညာ အတတ်ပညာတွေနဲ့ ပြည့်စုံသွားကြတယ်။ ဒီအသိပညာတွေကို အရင်းပြုပြီး ထိုက်တန်တဲ့ ကောင်း ကျိုးရလဒ်တွေ သူတို့ခံစားနေနိုင်ကြတယ်။ လူသားကောင်းကျိုး ကမ္ဘာလောကကြီး ကောင်းကျိုးကို ဆောင်နိုင် ကြတယ်ဆိုတဲ့ သာဓကတွေကို ထောက်ဆပြီး သင်ယူနေကြရခြင်းဖြစ်တယ်။
တကယ်တော့ ဒို့တွေလေ့လာသင်ယူနေခိုက်မှာ ဒို့သင်နေတဲ့ ပညာရပ်တွေက ဒို့အတွက် လက်တွေ့အသုံးဝင် တဲ့အရာမျိုးတွေ ဟုတ်ကောင်းမှ ဟုတ်ပါလိမ့်ဦးမယ်။ တချို့အရာတွေဆိုလျင် လုံးဝနားမလည်တာတွေတောင် ပါပါတယ်။ ဒီလိုဒီလိုမှတ်ပြီး ဒီလိုဒီလိုကျက်ဆိုလို့သာ ကျက်မှတ်ပြီး စာမေးပွဲမှာ ဖြေခဲ့ရတာတွေလည်း မနည်း လှပါဘူး။ သို့ပေမယ့် ဒီအရာတွေပေါ်မှာ ဒို့တွေအနေနဲ့ သိပ်ပြီးတော့တော့ သံသယ မပွားမိကြပါဘူး။ ကိုယ်မမှီ တဲ့အရာတွေဖြစ်ပေမယ့် ဒီအရာတွေပေါ်မှာ ဟုတ်နိုင်ပါ့မလားရယ်လို့ မေးခွန်းထုတ်ဖို့ကိုတောင် သတိမရမိကြပါ ဘူး။ ဘာကြောင့်လဲဆိုတော့ အခြားအခြား အလားတူအရာတွေကို ယုံကြည်နေတာရယ်၊ ဒီအရာတွေက ဒို့တွေ လက်လှန်းမီလောက်တဲ့ အနေအထားရဲ့ အထက်အနီးအနားမှာပဲ ရှိနေတယ်လို့ ယုံကြည်နေတာရယ်ကြောင့် ဖြစ်ပါတယ်။ နောက်ပြီး လက်ခံယုံကြည်မှုကို တိုင်းတာရာမှာလည်း ကိုယ့်လက်တွေ့မျှလောက်နဲ့၊ ကိုယ့်ဉာဏ် လေး မှီရာလောက်နဲ့လည်းပဲ တိုင်းတာတတ်တယ်။ ဒါဟာလည်း မှန်ကန်တယ်လို့ မဆိုနိုင်ဘူး။ ဥပမာ အနေနဲ့ မင်းတို့တွေ မူလတန်းအရွယ် အလယ်တန်းအရွယ်လောက်မှာတုန်းက ခုမင်းတို့ တက္ကသိုလ်မှာ သင်ယူလေ့လာ နေတဲ့ ပညာတွေကို သင်ယူရမယ်ဆိုလျင် နားလည်နိုင်ပါ့မလား။
ခုမင်းတို့သင်ယူနေတဲ့ဘာသာရပ်တွေဆိုလျင် မင်းတို့ရဲ့ မူလတန်းအရွယ်မှာတုန်းကဆိုလျင် လုံးဝအဓိပ္ပါယ်မဲ့တဲ့၊ လက်လှန်းမမ်ီနိုင်တဲ့ ဘာသာရပ်တွေ ဖြစ်နေမှာပါ။ ဘယ်လိုမှ နားလည်နိုင်မယ်လည်း မဟုတ်ပါဘူး။ လက် သင့်ခံနိုင်ဖို့လည်း ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် မင်းတို့တွေ အရွယ်တွေလည်းရလာ။ အောက်အောက်က အခြေ ခံအနေနဲ့ တဆင့်ပြီးတဆင့်သင်ယူလာတဲ့ ပညာရပ်တွေရဲ့ အထောက်အပံ့လည်းပါတော့ ခုမင်းတို့တွေ မူလ တန်းအရွယ်က လုံးဝနားမလည်နိုင်တဲ့ ဘာသာရပ်တွေကို နားလည်လာနိုင်ကြပြီ။ ဒါတောင် အားလုံးကို နား လည်တာတော့ မဟုတ်သေးပါဘူး။ သေချာတာကတော့ အရွယ်ကြီးလာပေမယ့် အောက်ကအခြေခံ အသိ ဉာဏ်ပညာတွေကို မလေ့လာခဲ့ဘူးဆိုလျင် ခုတက္ကသိုလ်မှာ သင်ယူနေရတဲ့ ဘာသာရပ်ကို လုံးဝသိနိုင်မယ် မဟုတ်ပါဘူး။ ဒီတော့ ကိုယ်မူလတန်းအရွယ်က မသိနားမလည်နိုင်တဲ့အတွက် တက္ကသိုလ်အဆင့်မှာ သင်ယူ နေကြတဲ့ ပညာရပ်ဆိုင်ရာတွေ၊ ဘာသာရပ်တွေကို ဘာမှအဓိပ္ပါယ်မရှိဘူးလို့ ဆိုခဲ့မယ်ဆိုလျင် ပညာရပ်တွေရဲ့ မှားယွင်းမှုလား၊ ဒီပညာတွေကို ခံယူနိုင်စွမ်း မရှိသေးတဲ့ ကိုယ့်အသိဉာဏ်ရဲ့ အားနည်းမှုလားဆိုတာ ခွဲခြားနား လည်နိုင်မယ် ထင်ပါတယ်။
ဟုတ်မဟုတ်၊ မှန်မမှန်ကို ဆုံးဖြတ်တော့မယ်ဆိုလျင် လေးလေးနက်နက် စဉ်းစားပြီးမှ ဆုံးဖြတ်ဖို့လိုပါတယ်။ တကယ်လက်တွေ့ကျကျ ကိုယ်တွေ့စူးစမ်းလေ့လာပြီးမှ ဆုံးဖြတ်ဖို့လိုပါတယ်။ သိပ္ပံပညာရပ်တွေကို လက် တွေ့ လေ့လာနေတဲ့သူတွေအဖို့ ပိုပြီးလက်တွေ့ဆန်ဆန် ပြုမူတတ်ဖို့လိုပါတယ်။ ဘယ်အရာကိုမှ အလျင်အမြန် ကောက်ချက်ချကာ အရမ်းကာရော လွယ်လွယ်ကူကူ ဆုံးဖြတ်လို့ မသင့်ပါဘူး။ ဗုဒ္ဓကတော့ သူဟောကြားခဲ့တဲ့ ဓမ္မတွေနဲ့စပ်ပြီး ဧဟိပဿိကော-လာခဲ့ပါ၊ လက်တွေ့စမ်းသပ် လုပ်ကြည့်လိုက်ပါ၊ လက်တွေ့လုပ်ကြည့်လို့ ကောင်းကျိုးရလဒ်ရှိတယ်ဆိုတာကို ကိုယ်ကိုယ်တိုင်ခံစားရမှ လက်ခံယုံကြည်လိုက်ပါလို့ အတိအလင်း ပြော ထားပါတယ်။ လက်တွေ့စမ်းကြည့်ပြီးမှ လက်သင့်ခံဖို့ တိုက်တွန်းခြင်းမှာ ဘာလက်တွေ့မှ စမ်းသပ်မလုပ်မကိုင် ကြည့်ပဲ အရမ်းကာရော လွယ်လွယ်ကူကူ မှားတယ် မှန်တယ်ဆုံးဖြတ်တာမျိုးကိုလည်း အားပေးတော်မမူဘူး ဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်စေပါတယ်။
ပြောခဲ့သလို ကိုယ်ကိုယ်တိုင် လက်တွေ့မစမ်းသပ်နိုင်သေးပေမယ့် ယုံကြည်လောက်ခန့်ရှိသူတွေ လက်တွေ့ စမ်းသပ်လုပ်ကိုင်ကြည့်ခဲ့ကြလို့ အကျိုးရလဒ်ကောင်းတွေ ရရှိနေတာကို မြင်ရကြားရရှိလျင်ဖြင့် အတိုင်းအတာ အထိ လက်သင့်ခံလိုက်ခြင်းဟာ သိပ္ပံနယ်ပယ်မှာ ရှောင်လွှဲလို့ မရနိုင်တဲ့ အစဉ်အလာတစ်ခုပါ။ ယုံကြည်မှုတစ်ခု တည်းကို အခြေခံပြီး ကိုယ်ထင်ရာ ကောက်ချက်ဆွဲခြင်း၊ မှန်မမှန် ဆုံးဖြတ်မှုပြုခြင်းဟာ လက်တွေ့မဆန်သလို မယုံကြည်မှုတစ်ခုတည်းသာ အခြေခံပြီး ကောက်ချက်ချတာတွေ၊ ဆုံးဖြတ်ချက်ချတွေတာဟာလည်း လက် တွေ့မကျပါဘူး။ သိပ္ပံမဆန်ပါဘူး။ ဒါဟာ အကြီးမားဆုံး အန္တရာယ်ပါ။
ဗုဒ္ဓကို ဘာကြောင့်ယုံကြည်ရတဲ့အချက်ထဲမှာ ထည့်ထားသလဲ။ ဗုဒ္ဓက သူ့သန္တာန်မှာ အခြားသူတွေနဲ့ မတူတဲ့ ဂုဏ်ရည်တွေရှိတယ်။ အဲဒီဂုဏ်ရည်တွေထဲမှာ ဘယ်သောအခါမှ အမှားလုပ်တော်မမူ၊ ပြောတော်မမူတော့ခြင်း ဆိုတဲ့ ဂုဏ်လည်းပါတယ်။ လူတိုင်းအမှားမကင်းဘူးဆိုပေမယ့် ဗုဒ္ဓကတော့ အဲဒီလူတိုင်းနဲ့ မတူတဲ့ ထူးခြားတဲ့ မဟာလူသားတစ်ဦးဖြစ်တယ်။ တကယ်တော့ လူတွေမှားကြတယ်ဆိုတာက အဲဒီလူတွေသန္တာန်မှာ အဲဒီအမှား တွေကို ပြုလုပ်မိအောင် ဖန်တီးတတ်တဲ့ အခြေခံတရားတွေ ရှိနေသေးလို့ပဲဖြစ်တယ်။ အဲဒီတရားတွေကတော့ လောဘ ဒေါသ မောဟ အတ္တ မာန ဣဿာ မစ္ဆရိယစတဲ့ မကောင်းတဲ့ တရားတွေပဲဖြစ်တယ်။
ဗုဒ္ဓသန္တာန်မှာတော့ အဲဒီလို အမှားလုပ်နိုင် ပြောနိုင်ဖို့အကြောင်းရင်းဖြစ်တဲ့ မကောင်းတရားတွေကို ပယ်ပြီးဖြစ် တော်မူတဲ့အတွက် ဗုဒ္ဓလုပ်ကိုင်သမျှ ပြောဆိုသမျှ စဉ်းစားစိတ်ကူးကြံစည်သမျှမှာ ဘာအမှားမှ မရှိနိုင်တော့ဘူး။ နောက်ပြီး ဗုဒ္ဓမှာက သူတစ်ပါးနဲ့ မတူတဲ့ ထူးခြားတဲ့ အသိဉာဏ်ပညာ၊ သနားကြင်နာတတ်တဲ့ ကြီးမြတ်တဲ့ ကရု ဏာတရား၊ စာနာထောက်ထားပြီး ‘အစွဲမဲ့ချစ်တတ်’တဲ့ နှလုံးသားကိုလည်း ပိုင်ဆိုင်တော်မူတယ်။ ဒီလိုအမှား ကင်းပြီး ချစ်ခြင်းအားကြီးတဲ့ ဗုဒ္ဓထံကနေ ထွက်ပေါ်လာတဲ့ သွန်သင်ချက်တွေကလည်း အလွန်ထူးကဲကာ လိုက် နာချင်စရာ ကောင်းပါတယ်။ အဲဒီလို အမှားကင်းကင်း အစွဲမဲ့ချစ်ခြင်းကြီးကြီးနဲ့ ဗုဒ္ဓက ဒို့လူသားတွေအပါအဝင် အခြားခြားသော သတ္တဝါတွေအတွက် ဓမ္မဆိုတဲ့ တရားတော်များစွာကို နေ့ညမနား ပင်ပမ်းဆင်းရဲမှုကို ပဓာန မထားပဲ ဟောတော်မူခဲ့တယ်။ အစွဲမဲ့ချစ်ခြင်းတရားနဲ့ အပြစ်ကင်းစကားကိုသာ ပြောဆိုတတ်တဲ့ ဗုဒ္ဓရဲ့နှုတ်ဖျား က ဘယ်သောအခါမှ နှစ်မျိုးသောစကား ထွက်ပေါ်လေ့မရှိပါဘူး။ အမှန်စကားတစ်မျိုးတည်းကိုသာ အစဉ် ထာဝရဆိုတော်မူလေ့ရှိတာပါ။ အဒွေဇ္ဈဝစနာ ဗုဒ္ဓါ- စကားနှစ်မျိုး ဆိုတော်မမူတတ်တာ မြတ်ဗုဒ္ဓရဲ့ ဂုဏ်ရည် တစ်ပါးပါ။
ဒီလိုဟောပြောနိုင်တဲ့ အနေရောက်အောင်လည်း ဗုဒ္ဓမှာ ဘဝပေါင်းများစွာ ပါရမီဆိုတဲ့ အလွန်ပြုလုပ်ဖို့ ခက်ခဲတဲ့ အလုပ်တွေကို လုပ်ခဲ့ရတယ်။ ဒီလိုဒီလို ကျေးဇူးတရားတွေကြောင့် ဒို့တွေက ဗုဒ္ဓကို ပူဇော်ထိုက်သူအဖြစ်၊ ယုံ ကြည်ကိုးစားထိုက်သူအဖြစ် ယုံကြည်ကြခြင်းဖြစ်တယ်။ ဗုဒ္ဓဟောကြားတော်မူတဲ့ အတွက်သာ ဘယ်အရာဖြင့် ကုသိုလ်ဖြစ်တဲ့ ကောင်းတဲ့တရား၊ ဘယ်အရာကဖြင့် အကုသိုလ်ဖြစ်မည့် မကောင်းတရားဆိုတာကို ခွဲခွဲခြားခြား နားလည်သဘောပေါက်ပြီး ကောင်းတာတွေကို လိုက်နာပြုလုပ်၊ မကောင်းတာတွေကို ရှောင်ကြဉ်ကြခြင်းဖြင့် ဒီလက်ရှိဘဝအတွက်ရော၊ နောင်အနာဂတ်ဘဝများအတွက်ပါ အခြေခံကောင်းတွေကို ခိုင်ခိုင်ခန့်ခန့် တည် ဆောက်နိုင်ကြတယ်။ အလောင်းတော်ဘ၀ကတည်းကစလို့ အများအတွက်ပဲ ဦးစားပေးစဉ်းစားကာ အမြဲပေးဖို့ လုပ်ဆောင်ခဲ့တဲ့ဗုဒ္ဓဟာ ကိုယ့်အတွက်ပဲ အမြဲစဉ်းစားပြီး အမြတ်ရဖို့အတွက်သာ လုပ်ဆောင်တတ်တဲ့ သူတွေနဲ့ တော့ နှိုင်းမရအောင် အလွန်မှလည်း ကွာခြားပါတယ်။ ဗုဒ္ဓရဲ့ ဂုဏ်တွေကတော့ အများကြီးပါ။ ခုပြောပြတာက တော့ အရိပ်အမြွက်မျှ အမြည်းသဘောမျှသာပါပဲ။
ကံ ကံရဲ့အကျိုးကို ယုံကြည်ရမယ်ဆိုရာမှာ ကောင်းတာကိုလုပ်လျင် ကောင်းကျိုးကို ခံစားရမယ်၊ မကောင်းတာ ကိုလုပ်လျင် မကောင်းကျိုးကို ခံစားရမယ်လို့ ဆိုလိုရင်းဖြစ်တယ်။ ဒီနေရာမှာ နားလည်ထားရမှာက ကံတိုင်းကံ တိုင်းမှာ သူ့ရဲ့ဆိုင်ဆိုင်ရာ အကျိုးပေးကာလဆိုတာရှိတယ်။ အကျိုးပေးဖို့ အချိန်မကျရောက်သေးဖူးဆိုလျင် ဒီ ကံတွေရဲ့အကျိုးက ထင်ထင်ရှားရှား မပြတတ်ပါဘူး။ ဒါကို နားမလည်တော့ တချို့က တပည့်တော်တို့ ကောင်း တာတွေလုပ်နေတာပဲ။ ကောင်းကျိုးကိုလည်း မခံစားရပါလား။ အချို့သူတွေကြတော့ မကောင်းတာတွေလုပ်နေ ပါလျက် ကောင်းကျိုးတွေခံစားနေကြရတယ်ဆိုပြီး လောလောလတ်လတ်ကံနဲ့ လောလောဆယ် မြင်နေရတဲ့ အကျိုးတွေလောက်ကိုသာကြည့်ပြီး ကံနဲ့စပ်လို့ မေးခွန်းထုတ်တတ်ကြတယ်။ ကံအပေါ်မှာ မယုံသင်္ကာစကား ဆိုတတ်ကြတယ်။ ကံတွေရဲ့ အကျိုးပေးမှုဆိုတာကို သာမန်သူတွေအနေနဲ့က ခွဲခြားသိနိုင်ဖို့ ခက်ခဲပါတယ်။ ခုကောင်းကျိုးဆိုးကျိုးကို ခံစံနေရတာတွေဟာ ခုလောလောဆယ် ပြုလုပ်တဲ့ကောင်းကံ မကောင်းကံတွေရဲ့ အကျိုးတွေရယ်လို့ ပုံသေကားကျ ပြောလို့မဖြစ်နိုင်ပါဘူး။ ဗုဒ္ဓက လူသားတစ်ဦးရဲ့ ဖြစ်တည်မှုမှာ ဒီတစ်ဘဝ ဒီ တစ်ခန္ဓာ ဒီပစ္စုပ္ပန် ကံသက်သက်ချည်းနဲ့သာ ဆိုင်တယ်လို့ ဟောခဲ့တာ မဟုတ်ပါဘူး။ ရှေ့နောက်ဘဝဖြစ်စဉ်တွေ ကံတွေရဲ့ အခန်းကိုလည်း ထည့်သွင်းဟောကြားတော်မူခဲ့တာပါ။ ဒါဟာ မမြင်မတွေ့နိုင်တဲ့ အတိတ်ဆိုတာတွေနဲ့ ပစ္စုပ္ပန်ပြဿနာရပ်တွေကို ဖုံးကာပစ်လိုက်တာလည်း မဟုတ်ပါဘူး။
နောက်ပြီး ကံဆိုတာ အကျိုးရလဒ်တစ်ခု ၊ အပြုလုပ်ခံ တရားတစ်ခု မဟုတ်ဘူး။ ကံဆိုတာ အလုပ်မို့ မင်းကံ ကောင်းမှု မကောင်းမှု၊ မင်းကံရဲ့ စွမ်းအား ထက်မှု မထက်မှုဟာ မင်းအလုပ်ပေါ်မှာ မူတည်ပါတယ်။ ကံသတ္တိ အပေါ်မှာ အမှန်သိမြင်တတ်မှု ဉာဏ်စွမ်းအားနဲ့ ဇွဲသန်သန် ကြိုးစားအားထုတ်လုပ်ကိုင်မှု ၀ီရိယစွမ်းအားတွေကို လည်း အချိုးကျ ထည့်ပေးဖို့လိုပါတယ်။ ဒါကိုနားလည်စေချင်ပါတယ်။
အရာအားလုံးမှာ အကြောင်းအကျိုးဆက်သွယ်မှု ရှိနေတယ်ဆိုတာကို လက်ခံခြင်းကပင်လျင် ဗုဒ္ဓသွန်သင်မှုရဲ့ အသည်းအသက်ပါ။ မမြင်မတွေ့နိုင်တဲ့ ရှေးနောက်ဘဝတွေအတွက်တော့ မင်းမမြင်မတွေ့လိုက်ရတဲ့ မင်းအဖိုး အဖွားတွေရှိခဲ့လို့ မင်းတို့တွေလည်း ခုလိုရှိနိုင်တယ်။ နောက်ပြီး မင်းကိုယ်တိုင် မမြင်မတွေရပေမယ့် အခြားသူ များရဲ့ လက်တွေ့ဆိုတာတွေကိုပဲ အခြေခံလို့ သင်ယူလေ့လာနေရတဲ့ အချို့စာသင်ခန်းထဲက ပညာရပ်တွေနဲ့ပဲ နှိုင်းဆပြီး လက်ခံသင့် မခံသင့်ဆိုတာကို မှန်းဆကြည့်ကာ ဆုံးဖြတ်ဖို့ အကြံပြုချင်ပါတယ်။
ကျိုးမဲ့ပြုလွယ် ကျိုးရှိပြုခက်ဆိုတဲ့ စကားတစ်ခွန်းရှိတယ်။ အကျိုးရှိတဲ့အရာတွေကို လုပ်ဖို့ခဲယဉ်းပေမယ့် အကျိုး မဲ့တဲ့အရာတွေကိုတော့ လွယ်လွယ်နဲ့ လုပ်ဖြစ်ကြတယ်၊ လုပ်ဖို့လည်း လွယ်ကူတယ်လို့ဆိုလိုတာပါ။ အကျိုးမဲ့ တဲ့အရာတွေဆိုတာက လုပ်ဖို့သာ လွယ်တာမဟုတ်ပါဘူး။ အကျိုးပေးလည်း လွယ်တတ်ပါတယ်။ ထင်ရှားတဲ့ ဥပမာပြောရရင် ခုမင်းတို့ ဒီဖရီးမောင့်မြို့က ကင်မရာတပ်ထားတဲ့ မီးပွိုင့်က မီးနီကိုဖြတ်ပါပြီတဲ့။ မင်းလွယ်လွယ် နဲ့ပဲ ဒေါ်လာ လေးရာလောက် ဒဏ်ရိုက်ခံရပါလိမ့်မယ်။ တကယ်တော့ မင်းတို့အနေနဲ့ အဲဒီမီးနီဖြတ်ဖို့ ကိစ္စကို စက္ကန့်ပိုင်းအတွင်းမှာပဲ ဆုံးဖြတ်လုပ်ဆောင်လို့ရသလို ဒေါ်လာလေးရာလောက်ကိုလည်း စက္ကန့်ပိုင်းအတွင်းမှာပဲ ကုန်အောင် လုပ်ပစ်လို့ရနိုင်ပါတယ်။ ဒါပေမယ့် မင်းအဲဒီလောက်ငွေကို ပြန်ရဖို့ ရုတ်တရက်စက္ကန့်ပိုင်းအတွင်းမှာ ဘာလုပ်ရင် ရနိုင်မလဲလို့ စဉ်းစားမိဖို့ ဆုံးဖြစ်ဖို့လွယ်ကူမှာ မဟုတ်ပါဘူး။ အကြံကောင်းဉာဏ်ကောင်းရှိလို့ ဆုံး ဖြတ်နိုင်တယ်ထားဦး။ ဒေါ်လာ လေးရာလောက်ရဖို့တော့ လွယ်မယ် မဟုတ်ပါဘူး။
The flowers depart while we hate to loose them, the weeds arrive while we hate to watch them, grow ဆိုတဲ့ စကားလေးတစ်ခွန်းရှိတယ်။"ပန်းပွင့်လေးတွေကတော့ သူတို့ကို မျက်စေ့အောက်က ပျောက်ကွယ် သွားမှာကို စိုးရွံ့နေစဉ်မှာပဲ ဒို့ကို စွန့်ခွါသွားကြတယ်။ ပေါင်းမြက်ပင်တွေကြတော့ သူတို့ကို မမြင်မတွေ့ချင်ပေ မယ့် သူ့အလိုလို ဒို့မျက်စေ့အောက်ကိုရောက်လာပြီး ရှင်သန်ကြီးထွားလို့နေကြတယ်"တဲ့။ ပြောချင်တာကတော့ ကောင်းတဲ့အရာတွေက ရဖို့ခက်ခဲသလို ရလာပြန်တော့လည်း ကြာကြာတည်တန့်အောင် ထိန်းသိမ်းဖို့ ခက်ခဲ ပေမယ့် မကောင်းတဲ့အရာတွေကြ အရလွယ်ပြီး တမင်ထိန်းသိမ်းစောင့်ရှောက်နေစရာ မလိုပဲ အရှည်တည်တန့် တတ်တယ်လို့ ဆိုလိုတာပါ။ မင်းတို့တွေ ခုသင်ယူနေတဲ့ကျောင်းစာတွေလည်း ဒီလိုပဲပေါ့။ တမင်လေ့လာသင် ယူဖို့လိုတဲ့အရာတွေပဲလေ။ လွယ်လွယ်နဲ့ မရနိုင်တဲ့အရာတွေပဲလေ။ ဒါကြောင့် မင်းတိုရဲ့အချိန်တွေ၊ ငွေကြေး တွေကို အများကြီး ရင်းနှီးရတာပေါ့။
ကုသိုလ်နဲ့စပ်လျင်တော့ ကိုယ့်အနေနဲ့ လုပ်ဖို့လိုတာက တတ်နိုင်သမျှကောင်းရာတွေကို စဉ်ဆက်မပြတ် လုပ် ဆောင်နေဖို့သာပါ။ ဓမ္မဆိုတာက သူ့လုပ်ငန်းသဘော သူဆောင်ပါတယ်။ ကောင်းတဲ့ကံကို ပြုလုပ်သူဟာ ကောင်းကျိုးကို ရရှိလိမ့်မယ်၊ မကောင်းတဲ့ကံကို ပြုလုပ်သူဟာလည်း မကောင်းကျိုးကို ပြန်လည်ခံစားရမှာပါ။ ကံဆိုတာ မျက်နှာကြီးငယ် လိုက်တတ်တဲ့ သဘောမျိုးမရှိပါဘူး။ ဘယ်သူတွေရဲ့ သာစေနာစေ စေတနာ အထွေ ထွေကြောင့်လည်း ကံတရားက သူ့အရှိန်ကို လမ်းကြောင်းပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး။
ကုသိုလ်ကံရဲ့ အကျိုးပေးမှုကိုတော့ မင်းတို့တက်ရောက်နေကြတဲ့ ကျောင်းစာနဲ့ နှို်င်းယှဉ်စဉ်းစားနိုင်ပါတယ်။ မင်း တို့ငယ်ငယ်ကတည်းက စာတွေသင်လာကြတယ်။ ဒါပေမယ့် မင်းတို့သင်လာတဲ့ အဲဒီစာတွေနဲ့ ခုချိန်ထိ မင်းတို့ ဘာဝင်ငွေကိုမှ ရအောင် မရှာနိုင်သေးပါဘူး။ ဒါပေမယ့် သင်လာတဲ့ပညာတွေကြောင့်တော့ မင်းတို့တတွေ ထိုက်သင့်တဲ့ အသိဉာဏ်တွေကို အသီးသီးရရှိနေကြပြီ။ ဒီပညာနဲ့ ဝင်ငွေရတဲ့အလုပ်တစ်ခုခုကို မလုပ်နိုင်သေး၊ အများအကျိုးဆောင်လုပ်ငန်းတစ်ခုခုကိုလည်း ထိထိရောက်ရောက် မလုပ်နိုင်သေးတော့ မင်းတို့သင်ထားတဲ့၊ သင်နေတဲ့ပညာတွေက တိုက်ရိုက်အကျိုးမရှိသေးသလို ဖြစ်နေတယ်။နောက်ပြီးလည်း မင်းတို့အခု (semester) စာသင်ရာသီတစ်ခုပြီးလို့ ကျောင်းကပြန်လာကြပြီ။ ဒီစာသင်ရာသီမှာ အချိန်ပြည့်ကျောင်းသားတွေအဖြစ် တစ် ဆယ့်နှစ်ယူနစ်၊ ဒါမှမဟုတ် ဒီထက်ပိုပြီးတော့လည်း ယူကောင်းယူခဲ့ကြလိမ့်မယ်။ ဘာသာရပ်တိုင်းမှာ A တွေ ချည်းရလို့မို့ မင်းတို့ဟာ ဂျီပီအေ 4s ကျောင်းသားတွေဖြစ်ကောင်းဖြစ်ကြလိမ့်မယ်။ ဒါပေမယ့် ဒီစာသင်ရာသီ တစ်ခုမှာ အမှတ်ပြည့်ရရုံနဲ့၊ ဒီဆီမီစတာတစ်ခုစာ သင်္ခန်းစာတွေကို ကျေကျေညက်ညက် လေ့လာသင်ယူရုံမျှနဲ့ မင်းတို့တွေ မင်းတို့လိုချင်တဲ့ ဘွဲ့ဒီဂရီတစ်ခုခုကို ရနိုင်ကြပြီလား။ မရနိုင်ပါဘူး။ ဘွဲ့တစ်ခုခုရဖို့ ထိုက်သင့်တဲ့ ယူ နစ်ပြည့်ဖို့လိုပါတယ်။ အကြမ်းစားအားဖြင့် ယူနစ်တစ်ရာ့နှစ်ဆယ်လိုတယ်ဆိုပါစို့။ မင်းတို့ အဲဒီယူနစ်တစ်ရာ့ နှစ်ဆယ် မပြည့်လျင် ဘယ်လောက်ပဲတော်နေနေ၊ ဘယ်လောက်ပဲ ကြိုးစားနေနေ၊ ဘွဲ့မရနိုင်သေးပါဘူး။ ဘွဲ့ရ ဖို့အတွက် အချိန်လည်း ပေးရသလို အချိန်တိုင်းမှာလည်း မင်းတို့လေ့လာနေဖို့ လိုပါတယ်။
ကံရဲ့သဘောတရားလည်း အလားတူပါပဲ။ မင်းတို့ပြုမူပြောဆိုခဲ့တဲ့ ကံတွေရဲ့အကျိုးတရား အရာထင်လာစေဖို့ ကံတွေရဲ့ အရည်အသွေးတွေ ပြည့်ဝအောင် လုပ်ပေးဖို့လိုသလို ကံတရားရဲ့ ရင့်မှည့်ချိန်၊ အကျိုးပေးကျရောက် ချိန်ကိုလည်း စောင့်ရပါတယ်။ ဘွဲ့ဒီဂရီအတွက် အရည်အသွေးမမှီသေးတဲ့သူအတွက် ဘွဲ့တစ်ခုရရှိဖို့ မဖြစ်နိုင် သလို ကံတရားရဲ့အကျိုးပေးဖို့ အချိန်မကျရောက်သေးပဲနဲ့လည်း ဒီကံတရားက အကျိုးပေးဦးမယ် မဟုတ်ပါဘူး။ ကိုယ့်ဘက်က ကိုယ့်ကံတွေ အမြန်ရင့်မှည့်စေချင်တယ်၊ အမြန်အကျိုးဖြစ်ထွန်းစေချင်တယ်ဆိုလျင် ကံတွေ အရည်အသွေးပြည့်ဝလာအောင် ဖြည့်ဆည်းပေးနေဖို့၊ ထပ်လောင်းလုပ်ဆောင်ပေးနေဖို့လိုပါတယ်။ အရန်းကာ ရော ကံကိုယုံပါလို့ မတိုက်တွန်းလိုပေမယ့် အရမ်းကာရော ကံကိုမပစ်ပါယ်ဖို့ကိုတော့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေဖြစ်တဲ့ မင်းတို့တွေလည်း ဒီလောက်ပြောပြလျင် မှန်းဆနိုင်မယ်ထင်ပါတယ်။ ခုဒို့ပြောပြတာက တကယ့်ကိုမှ အရိပ်အမြွက်မျှသာပါ။ ဒီထက်ပိုပြီး ကိုယ်တိုင်လက်တွေ့ကျကျ လေ့လာဖို့ လက်ခံကျင့်သုံးကြည့်ဖို့ လိုပါလိမ့်မယ်။ ဗုဒ္ဓကလည်း လာလှည့်ပါ။ စမ်းသပ်လုပ်ဆောင်ကြည့်ပါလို့ ဖိတ်မံထားပါတယ်။
သီလဆိုတဲ့ကိုယ်ကျင့်တရားကောင်းအောင်ထိန်းသိမ်းမှု၊ သုတဆိုတဲ့ အကြားအမြင်ဗဟုသုတတိုးပွားအောင် လေ့လာသင်ယူရမှု၊ စာဂဆိုတဲ့ ကိုယ်ပိုင်ဆိုင်တဲ့အရာကို အများတကာနဲ့ ခွဲဝေမျှတကာ သုံးစွဲတတ်မှု။ အသိ အလိမ္မာ အဆင်ခြင်ဉာဏ်ပညာနဲ့ ပြည့်စုံစေအောင်လည်း အားထုတ်ကြဖို့လိုပါတယ်။ မကောင်းမှုတွေလုပ်ရမှာ ရှက်တတ်ကြောက်တတ်ဖို့လည်း လိုပါတယ်။ တခါခါမှာ လူငယ်တွေက မရှက်ရမှာကို ရှက်ပြီး ရှက်ရမှာကိုကြ မရှက်တတ်လည်း ဖြစ်တတ်ပါတယ်။ ဒါလည်း ကောင်းတဲ့လက္ခဏာတစ်ရပ် မဟုတ်ပါဘူး။ ကုသိုလ်ဖြစ်ဖွယ်၊ ကောင်းကျိုးဖြစ်ဖွယ် အလုပ်တွေ အပြောတွေမှာ ရဲရင့်ပြီး အကုသိုလ်ဖြစ်ဖွယ်၊ အပြစ်ဖြစ်ဖွယ် အလုပ်အပြောမျိုး မှာ ရှက်စိတ်ကြောက်စိတ်ရှိဖို့လိုပါတယ်။
အဲမွေးနေ့ရှင်အတွက် အနည်းငယ်သီးသန့်ပြောရမယ်ဆိုလျင် ဆရာတော်ကြီးတွေက မိန့်ထားတာရှိပါတယ်။ ‘ကုသိုလ် ဥစ္စာ ကျန်းခံ့သာနှင့် ပညာတန်ခိုး တမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့တွက် သက်သက်ဝမ်းနည်းဖွယ်’ တဲ့။ လူတစ်ယောက်မှာ တစ်နေ့တာအတွင်းမှာ ကုသိုလ်ရဖို့။ ဒါမှမဟုတ် စီးပွားဥစ္စာရဖို့၊ သို့မဟုတ်လည်း ကျန်း မာရေး၊ ပညာရေး၊ ရာထူးဂုဏ်သိန်၊ အဲဒီလို လူသားတစ်ဦးအနေနဲ့ တိုးတက်ကြီးပွားရေးကိုဖြစ်စေနိုင်တဲ့ အရာ တွေထဲက တစ်ခုခုအတွက်မှ မလုပ်ဖြစ်ခဲ့ပဲ အချိန်တွေကုန်လွန်သွားမယ်ဆိုလျင် အဲဒီကုန်လွန်သွားတဲ့အချိန်ဟာ ဝမ်းနည်းဖွယ် ကုန်လွန်သွားခြင်း၊ အချီးနှီးကုန်လွန်သွားခြင်းလို့ ဆိုရပါတယ်တဲ့။ ဒါကြောင့် ခုမွေးနေ့ဆိုတော့ အသက်တစ်နှစ်ကြီးလာလို့ နှစ်သစ်တစ်ခုထဲကိုရောက်တော့မယ်။ ဒီတော့ နောက်နှစ်များဆီက ကိုယ့်အတွက် ထိထိရောရောက် အကျိုးရှိမယ့်အလုပ်တစ်ခုခု မလုပ်ဖြစ်ခဲ့ဘူးဆိုလျင်ဖြင့် ရှေ့လာမည့်နှစ်ထဲမှာတော့ ကိုယ့် အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ပဲဖြစ်ဖြစ် အကျိုးဖြစ်ထွန်းနိုင်ရာ တစ်ခုခုကိုတော့ လုပ်ဖြစ်အောင် လုပ်မယ်လို့ သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်ဖို့လိုပါတယ်။ နောက်နှစ်ထဲမှာဆိုတဲ့အတွက် နောင်နေ့မှ တစ်လနေမှ နှစ်လနေမှ စတင်လုပ်ဆောင်ရမှာလား။ ဒီလိုမဟုတ်ပါဘူး။ ခုကစလို့ လုပ်ဆောင်ရမှာပါ။
ဒီနေရာမှာ မာသာထရီဇာပြောထားဘူးတဲ့စကားလေးကို ပြောချင်ပါတယ်။ ဗုဒ္ဓလည်း အလားတူစကားကို မိန့် ကြားဖူးပါတယ်။ ဒါပေမယ့် မင်းတို့လို လူငယ်တွေက ဘာသာရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ ပြောတာထက် တခါခါ မှာ လောကထဲမှာ ထင်ရှားကျော်ကြားတဲ့သူတွေ ပြောတဲ့စကားဆိုလျင် ပိုပြီးလေးစားတတ်လို့ ဒီစကားပြောရ တာပါ။ မာသာထရီဇာက ပြောထားပါတယ်။ Yesterday is gone. Tomorrow has not yet come. We have only today. Let us begin တဲ့။ မနေ့တွေဆိုတာလည်း ကုန်လွန်သွားခဲ့ပြီ။ ဒီမနေ့တွေနဲ့စပ်ပြီး ဒို့တွေ ဘာမှ မတတ်နိုင် မလုပ်နိုင်တော့ဘူး။ မနက်ဖန်တွေဆိုတာလည်း ရောက်မလာသေးဘူး။ ဘာတွေဖြစ်လာမယ်၊ ဘာ တွေ လုပ်နိုင်မယ်လို့ တတ်အပ်သေချာ မပြောနိုင်ဖူး။ ဒို့ပိုင်တာက ဒီနေ့ ဒီအချိန်ပဲဖြစ်တယ်။ ခုကစပြီး လုပ်စရာရှိ တာ လုပ်ကြစို့တဲ့။
ကိုင်းဒီတော့ နောက်နောက်က မလုပ်ဖြစ်ခဲ့တဲ့ ကောင်းတာတွေ၊ လုပ်ဖြစ်ခဲ့တဲ့ မကောင်းတာတွေအတွက် ပူပင် သောက ဖြစ်မနေပဲ၊ နောင်မှာဖြစ်လာနိုင်မည့် အချိန်တွေ၊ မသေချာတဲ့အရာတွေကိုလည်း စောင့်စားမနေပဲ လုပ် သင့်တဲ့ ကောင်းရာမွန်ရာ အကျိုးများဖွယ်ရာ အလုပ်တွေကို ခုကပဲ စပြီးလုပ်ကြပါစို့။ ။
ကောင်းမှုကောင်းရာ အလုပ်တွေကို အချိန်မဆိုင်း နေ့ညမဆိုင်းပဲ လုပ်ဆောင်နိုင်ကြတဲ့သူတွေဖြစ်ပါစေလို့ ပြော ရင်း နိဂုမ်းချုပ်ပါတယ်။ ။
မေတ္တာဖြင့်
Read more...